Showing posts with label ရွှေဝယ်ဧ. Show all posts
Showing posts with label ရွှေဝယ်ဧ. Show all posts

Sunday, July 27, 2025

စေတနာရှင်

 

❝ စေတနာရှင် ❞
      ( ပုံပြင် )

ရှေးအခါက တိုင်းပြည် တစ်ပြည်၌ အလွန် ပညာနှင့်ပြည့်စုံသော ဘုရင်ကြီးတစ်ပါး ထီးနန်းစိုးစံ အုပ်ချုပ်တော်မူသတဲ့ ။ ထိုဘုရင်ကြီး၌ ထူးဆန်းသော အပြုအမူ တစ်ခုရှိလေသည် ။ ယင်းထူးဆန်းချက်ကား နံနက်စာပွဲတော် တည်တိုင်းတည်တိုင်း အနီးအနားတွင် သူ့ကျွန်ယုံ တစ်ယောက်မှ တစ်ပါး အခြား မည်သူ တစ်စုံတစ်ယောက်မျှ မနေစေလေ ။ နံနက်စာပွဲတော်တည်ပြီးသည့်အခါတိုင်း ကျွန်ယုံကလေးအား ထူးဆန်းသည့်ပွဲတော်အုပ်တစ်အုပ်ကို အဆက်ခိုင်းစေလေ၏ ။

ယင်းပွဲတော်အုပ်ကိုကား သူတစ်ပါးတည်း ရှိသည့် အခါမှာသာ နေ့စဉ် မှာယူစား သောက်တော်မူလေ့ရှိ၏ ။

ထိုပွဲတော်အုပ်ကို ကျွန်ယုံကလေးသည် ဖွင့်ကြည့်ရန် ဆန္ဒ ပြင်းစွာပေါ်လာသော် လည်း ဘုရင်ကြီးအား ကြောက်ရွံ့သဖြင့် ဖွင့်ကြည့်ရန် မဝံ့ချေ ။

တစ်နေ့သ၌ ကျွန်ယုံကလေးသည် မိမိဆန္ဒကို မလွန်ဆန်နိုင်တော့သဖြင့် ဖြစ်လိုရာ ဖြစ်စေတော့ဟု ဆိုကာ ထူးဆန်းသည့်ပွဲတော်အုပ်ကိုဖွင့်ကြည့်လေရာပွဲတော်အုပ်အတွင်းတွင် ချက်ပြီးသား မြွေဖြူလေးတစ်ကောင်ကို မြင်လျှင် ထူးဆန်းသည့် အစာဟု ထင်၍ မြွေဖြူသား အနည်းငယ်ကို မြည်းစမ်းလေ၏ ။

ယင်းသို့ မြွေဖြူသားကို စားမိသည်နှင့်တစ်ပြိုင်နက် ကျွန်ယုံကလေးမှာ ကျေးငှက်တိရစ္ဆာန် အချင်းချင်း ဆက်သွယ် ပြောဆိုကြသည့် မာဂဓစကားကို နားလည်သွားလေ၏ ။ အချိန်ကျရောက်လတ်သော် ထူးဆန်းသည့် ပွဲတော်အုပ်ကို သွားရောက် ဆက်သရာ မြွေဖြူကလေးအသားမှာ အနည်းငယ်မျှ လက်ရာပျက်လျက် ချွတ်ယွင်းနေသည်ကို မြင်သဖြင့် ဘုရင်ကြီးသည် ကျွန်ယုံကလေး ခိုးစားကြောင်း မိမိ၏ အတတ်ပညာဖြင့် ချက်ချင်းပင် သိရှိတော် မူသဖြင့် ကျွန်ယုံကလေးအား မည်ကဲ့သို့သော အပြစ်ဒဏ်ကိုပေးရန် တော်မည်ကို စဉ်းစားနေ လေ၏ ။

ယင်းနေ့တွင်ပင် မိဖုရားမှာ အလွန် နှစ်သက်မြတ်နိုးလှသော လက်စွပ်တစ်ကွင်း ပျောက်ဆုံးသွားကြောင်းဘုရင်ကြီးထံ လျှောက်လာ၍ဘုရင်ကြီး သိရှိတော်မူလေလျှင်ကျွန်ယုံ အားခေါ်၍ ..

“ အသင်သည် မိဖုရားကြီး၏ လက်စွပ်ကို ပြန်ရအောင် ရှာဖွေပေးဆပ်ရမည် ၊ ရှာဖွေ၍ မတွေ့က ကြီးလေးစွာသော ရာဇဒဏ်ကို ပေးမည် ” ဟု အမိန့်ရှိလေ၏ ။

ကျွန်ယုံကလေး မှာ သောကကြီးစွာနှင့် နန်းတော်အနီးရှိ စမ်းချောင်းကလေး တစ်ခု၏ ကမ်းပါး၌ သွားရောက်ကာ ကြံမှိုင်နေလေ၏ ။

ယင်းအခါ စမ်းချောင်းကလေးတွင်ရှိ ဘဲအုပ်ကို မြင်ရလေ၏ ။ သူတို့အချင်းချင်း ဘာသာဘာဝ “ ဂပ် ... ဂပ် ... ဂပ် ” နှင့် ဆူညံစွာ ပြောဆိုနေကြသည်ကို ကျွန်ယုံသည် စူးစိုက်နားထောင်နေလေ၏ ။

“ ငါ့မှာ ဒီကနေ့ မိဖုရားကြီးရဲ့လက်စွပ်ကို မျိုထားတာနဲ့ ဗိုက်နာ နေတယ်ကွာ ၊ ပြန် တော့မယ် ” ဟူ၍ ဘဲငန်းတစ်ကောင်ပြောသံကို ကြားမိသဖြင့် ကျွန်ယုံသည် ဝမ်းသာအားရ ဖြစ်ကာ ၎င်းဘဲငန်းကို ဖမ်းယူပြီး ရင်ကို ခွဲလိုက်ရာ မိဖုရားကြီး၏ လက်စွပ်ကို ပြန်ရသဖြင့် ဘုရင်ကြီးထံ ဆက်သလေ၏ ။

ဘုရင်ကြီးလည်း အလွန် အားရတော်မူသဖြင့် ကျွန်ယုံအား ... “ လိုသည့်ဆုကိုတောင်းလော့ ” ဟု မိန့်တော်မူလေ၏ ။

“ ကျွန်တော်မျိုးအား ကကြိုးတန်ဆာ တပ်ဆင်ပြီးသည့် မြင်းတစ်ကောင် နှင့် ငွေအချို့ကို သနားတော်မူပြီး တိုင်းပြည် အသီးသီးသို့ ခရီးလှည့်လည်သွားရန် အခွင့်အမိန့်ပေးတော်မူပါဘုရား ” ဟု လျှောက်ထားခွင့်တောင်းလေရော ဘုရင်ကြီးသည် အလိုရှိသည့်အတိုင်း ချီးမြှင့် ပေးအပ်ခွင့်ပြုတော်မူလေ၏ ။

ဤကျွန်ယုံကလေးသည်အလွန်စိတ်စေတနာကောင်းရှိသူတစ်ဦး ဖြစ်သဖြင့် တစ်ပါး သူများနှင့် တိရစ္ဆာန်များအား မိမိ စွမ်းနိုင်သရွေ့အမြဲကူညီလေ့ရှိပေသည် ။

ဘုရင်ကြီး ခွင့်ပြုတော်မူသည့်အတိုင်း ကျွန်ယုံကလေးသည် မြင်းကို စီးကာ တစ်ကိုယ်ချင်း ခရီးထွက်လေတော့၏ ။

မကြာမီ မြစ်ဆိပ်ကမ်းပါး တစ်ခုသို့ ရောက်သွား၍ အမောပြေ နားနေခိုက် မြစ်ကမ်း လှိုင်းပုတ်ခတ်သဖြင့် တင်နေသော ငါးကလေး သုံးကောင်ကို တွေ့ရာ ယင်းငါးကလေးများသည် ကမ်းပါး၌ သေလုမျောပါး ဖြစ်နေကြသည်ကို သိမြင်ရ၍ မြစ်ထဲသို့ ပြန်ချပေးလေ၏ ။

ငါးကလေးများလည်း ဝမ်းသာစွာနှင့် ...

“ ခင်ဗျားရဲ့ကျေးဇူးကို ကျွန်တော် တစ်နေ့နေ့တော့ ပြန်ဆပ်ပါမယ် ” ဟု ပြောပြီး ပျော်ရွှင်စွာ ကူးသွားကြလေ၏ ။

ယင်းနောက် ခရီးဆက်နှင်ပြန်ရာ လမ်းတွင် ပုရွက်ဆိတ်ကလေးများ စီတန်းဖြတ်ကူး နေကြသည်ကို မြင်သဖြင့် ...

“ ငါ ဒီနေရာကို ဖြတ်သွားရင် မြင်းနင်းမိ၍ ပုရွက်ဆိတ်ကလေးတွေ အသက်ဆုံးရှုံး ကြရမယ် ” ဟုဆိုပြီး ပုရွတ်ဆိတ်များ လွတ်အောင် ကွင်း၍ သွားလေ၏ ။

ဤကဲ့သို့ကျွန်ယုံကလေး၏ညှာတာမှုကို သိသဖြင့် ပုရွက်ဆိတ်ဘုရင်မကြီးက ... “ ကျေးဇူးတင်ပါတယ် ၊ ကျွန်မတို့ တစ်နေ့နေ့တော့ ကျေးဇူးကို ပြန်ဆပ်ပါ့မယ် ” ဟု ပြောလေ၏ ။

တတိယအကြိမ် ခရီးဆက်နှင်ပြန်သော် လမ်းခရီးတစ်ခု၌ မွေးကာစ ကျီးကန်းကလေး များကို တွေ့သဖြင့် ကျီးကန်းကလေးများမှာ အစာဆာ၍ကား အတောင်မစုံသေးသဖြင့် အစာ ရှာသွားရန် မပျံနိုင်ကြသေး ။ “ အာ့ အာ့ အာ့ ” နှင့် သနားစရာ မြည်နေကြသည်ကိုမြင်၍ မိမိမှာပါသည့်အစာအနည်းငယ်ကို ကျွေးလေ၏ ။

“ နောင်ကြီးရဲ့ကျေးဇူးကို ကျွန်တော်တို့ ပြန်ဆပ်ပါ့မယ် ” ဟု ကျီးကန်းကလေးများက ပြောလေ၏ ။

နောက်ဆုံး စတုတ္ထအကြိမ် ခရီးဆက်နှင်ရာ မြို့ကြီးတစ်မြို့သို့ ရောက်ရှိသွားလေသည် ။ မြို့ကြီး၏ လမ်းမကြီး တစ်ခုတွင် လူထုအများစုဝေးနေကြသည်ကို တွေ့ရသဖြင့် အနီးသို့ ချဉ်းကပ်ကာ စုံစမ်းမေးမြန်းလေ၏ ။

ဤမြို့ကြီး၌ အုပ်ချုပ်သည့် ဘုရင်က “ သူစေခိုင်း စမ်းသပ်သည့် ခက်ခဲနက်နဲလှသော အလုပ်များကို ချောမောစွာ ဆောင်ရွက်နိုင်ရန် အရွယ်ကောင်း အရွယ်သန့် မင်းညီမင်းသား ၊ မှူးသား ၊ မတ်သား ၊ အမှုထမ်းအရာထမ်းများ ဝင်ရောက်နိုင်ကြသည် ။ ဝင်ရောက်ဆောင်ရွက်နိုင်သူ အား သမီးတော်နှင့် ထိမ်းမြား၍ အိမ်ရှေ့အရာ ခန့်ထားမည် ” ဟု ကြေညာလျက် ကျင်းပသည့် ပွဲကြီးဖြစ်ကြောင်း ။

ယင်းပွဲကြီးသို့ ဝင်ရောက်ဆောင်ရွက်ကြသူများ တစ်ဦးတစ်ယောက်မျှ မအောင်မြင် ကြောင်း ၊ ပွဲကြီးပိတ်ရက် အနည်းငယ်မျှလိုသေးကြောင်းကို သိရှိရသဖြင့် ဘုရင့်အမှုထမ်း ကျွန်ယုံကလေးမှာ ဝင်ရောက်ဆောင်ရွက်ရန်စာရင်းသွင်းလေတော့၏ ။

စာရင်းသွင်းပြီး အချိန်အနည်းငယ်အတွင်းမှာပင် ကျွန်ယုံကလေးအား ဘုရင့်ရှေ့တော်သို့ သွင်းလေတော့၏ ။

ဘုရင် စီစဉ်ထားသော ဆောင်ရွက်ရန်ကိစ္စများမှာ ...

( ၁ ) လက်စွပ်ရှာ

( ၂ ) စပါးစေ့ထည့်

( ၃ ) ရွှေသစ်တော်သီးအရှာ

ယင်းသုံးချက် ဖြစ်ပေသည် ။

( ၁ ) လက်စွပ်ရှာ

ဘုရင်သည် ကျွန်ယုံကလေးအား မြစ်ကမ်းပါးသို့ ခေါ်သွားပြီး မိမိ ဝတ်ဆင်ထားသည့် လက်စွပ်ကို မြစ်ရေထဲသို့ လွှင့်ပစ်လိုက်လေ၏ ။

“ ၎င်းလက်စွပ်ကို ရအောင် ပြန်ယူ၍ ငါ့ထံ လာရောက် ပို့ဆက်ရမည် ” ဟု အမိန့်ပေးခဲ့ ပြီး ဘုရင်သည် ပြန်လည် ထွက်ခွာသွားလေ၏ ။

( ယင်းမြစ်ကား ကျွန်ယုံကလေး နေသော တိုင်းပြည်ရှိမြစ်နှင့် တစ်ဆက်တည်းပင် ။ )

ကျွန်ယုံကလေးသည် ကြံမှိုင်ကာ မြစ်ရေပြင် ကို ကြည့်ပြီး ရပ်နေစဉ် ယခင်က သူ ကယ်ဆယ်ခဲ့ဖူးသည့် ငါးကလေးသုံးကောင်တို့သည် ကမ်းပါးရေစပ်မှ ဘွားခနဲပေါ်ပေါက်လာ ပြီးလျှင် ။

“ ဗျို့ ... အစ်ကိုကြီး ၊ ဘာကြောင့် မှိုင်နေရပါသလဲ ” ဟု မေးလျှင် ကျွန်ယုံကလေးက အကြောင်းကို ပြောပြလေ၏ ။ ယင်းအခါ ငါးကလေး သုံးကောင်တို့သည် ရေထဲသို့ ငုပ်သွားပြီး ဘုရင့်လက်စွပ်ကို သူ့ထံ လာရောက်ပေးအပ်လိုက်လေ၏ ။

ကျွန်ယုံကလေးလည်း ဝမ်းမြောက်ရွှင်လန်းစွာနှင့် ရရှိသည့် လက်စွပ်တော်ကို ဘုရင်ကြီးထံ ဆက်သနိုင်လေတော့၏ ။

( ၂ ) စပါးစေ့ထည့်

“ တစ်ခုတော့ အောင်မြင်သွားပြီ ၊ နောက်တစ်ခု စမ်းသပ်ရဦးမည် ” ဟု ဘုရင်ကြီးက ပြောပြီးလျှင် ဥယျာဉ်တော် ထဲသို့ စပါး ( ၁၀ ) အိတ်ကို ဖြန့်ကြဲပစ်လိုက်ပြီး ...

“ နောက်တစ်နေ့ မိုးမသောက်မီ ဒီစပါးစေ့တွေကို တစ်စေ့မကျန် အိတ်ထဲသို့ ပြန်ထည့်ရမည် ” ဟု အမိန့်ပေးခဲ့လေ၏ ။

ကျွန်ယုံကလေးသည် ဥယျာဉ်တော်အတွင်း စပါးစေ့များကို ကြည့်ရှုပြီး ကြံမှိုင်နေခိုက် သူ ကျေးဇူးပြုခဲ့ဖူးသည့် ပုရွက်ဆိတ်ဘုရင်မနှင့် ပုရွက်ဆိတ်များ အားလုံး လာရောက်ကာ စပါးစေ့များကို တစ်စေ့မကျန် အိတ် ( ၁၀ ) အိတ်အတွင်းသို့ ပြန်ထည့်ပေးကြလေ၏ ။

( ပုရွက်ဆိတ်များသည် ရေမြေနှင့် ရာသီဥတု အခြေအနေကို လိုက်၍ ဒေသပြောင်း လေ့ရှိတတ်ကြရာ မိုင်ပေါင်းများစွာဝေးသော ဒေသသို့လည်း ရောက်ရှိတတ်ကြလေသည် ။ ယင်း ပုရွက်ဆိတ်များသည်လည်း ကျွန်ယုံကလေး နေသည့် တိုင်းပြည်မှ ကျန်တိုင်းပြည်သို့ ပြောင်းရွှေ့လာကြပြီး ဘုရင့်ဥယျာဉ်တော်အတွင်း၌ နေကြလေသည် ။ )

နောက်တစ်နေ့နံနက် ဘုရင်ကြီး ရောက်လာ၍ ကြည့်ရှုလျှင် စပါး ( ၁၀ ) အိတ်စလုံး ပြန်လည် ပြည့်နေသည်ကို မြင်ရလေ၏ ။

( ၃ ) ရွှေသစ်တော်သီး

“ နောက်ဆုံးတစ်ခု ကတော့ ငါ့အား ရွှေသစ်တော်သီး တစ်လုံးကို ရှာ၍ဆက်ရမည် ” ဟု အမိန့်ပေးတော်မူပြန်လေ၏ ။

ကျွန်ယုံကလေးသည် ရွှေသစ်တော်သီးရှာရန် တောထဲသို့ တစ်ကိုယ်တည်း သွားလေရာ မောပန်းသဖြင့် သစ်ပင်ကြီးတစ်ပင်၏ အရိပ်တွင် ခိုနားနေသည်ကို ကျွန်ယုံကလေး ကယ်ဆယ်ခဲ့ဖူးသည့် ကျီးကန်း ( ၃ ) ကောင်က မြင်သဖြင့် အကြောင်းကို မေးမြန်းရာ “ ရွှေသစ်တော်သီးတစ်လုံးလိုချင်ကြောင်း ” ပြောပြလေ၏ ။ ကျီးကန်းများကလည်း မကြာခဏပင် ရွှေသစ်တော်သီးတစ်လုံးကို ရှာ၍ပေးပြီး ပျံသွားကြလေ၏ ။

ကျွန်ယုံကလေးလည်း ရွှေသစ်တော်သီးကို ဝမ်းမြောက်စွာနှင့် ဆောင်ယူခဲ့ပြီးလျှင် ဘုရင်ကြီးအား ဆက်သလေ၏ ။

ဘုရင်ကြီးလည်း နှစ်သက်အားရတော်မူသဖြင့် မိမိ၏ ကတိအတိုင်း သမီးတော်နှင့် ထိမ်းမြားလက်ထပ်ပြီး အိမ်ရှေ့အရာ ပေးသနားတော်မူလေ၏ ။

ယင်းလက်ထပ်ပွဲတွင် ကျွန်ယုံကလေးနှင့် မင်းသမီးတို့သည် ရွှေသစ်တော်သီးကို မင်္ဂလာဦးအာဟာရ အဖြစ် တစ်ခြမ်းစီ စားသုံးကြစေလေသတည်း ။

“ စေတနာ သဒ္ဓါမှတ်
ကောင်းမြတ်တဲ့သူမှာ ။

လူကိုပင် မဆိုထားဘိ သတ္တဝါတိရစ္ဆာန်များသော်မှ တတ်အားစွာ တုန့်ပြန်လှည့်တယ်
ပွားပြည့်ထင်စွာ ။

သူ့ကျေးဇူး တင်ဖူးလို့ရှိပေလာ
ဘယ်ခါမျှမမေ့ ။

ခွင့်ရေးငယ်ကြုံ ချင့်တွေးကာ ဉာဏ်အအုံနှင့်
မှန်တစ်ပုံတုန့်ပြန်ဆပ်လျှင်ဖြင့်
ကာယကံရှင် စိတ်ကျေနပ်တဲ့ပြင်
လိုအပ်ရာကြံစည်မှုငယ်
ပြီးမြောက်လွယ်ပေ့ ။

⎕ ရွှေဝယ်ဧ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၆ ၊ စက်တင်ဘာ

Wednesday, August 28, 2024

ထူးဆန်းသော ဆီးစေ့


 

❝ ထူးဆန်းသော ဆီးစေ့ ❞

ရှေးရှေးတုန်း က ရွာ တစ်ရွာ မှာ မောင်ရွှေရ ဆိုတဲ့ လူပျိုကလေး တစ်ယောက် ရှိသတဲ့ ။ မောင်ရွှေရ ဟာ သူတစ်ပါး တိတ်တဆိတ် လုပ်ကိုင် နေတဲ့အခါ ချောင်း ကြည့်တတ်တဲ့ အလေ့ ရှိသကွဲ့ ။

တစ်နေ့တော့ သူ နေတဲ့ ရွာ နဲ့ မနီးမဝေး မှော်ဆရာကြီး တစ်ယောက် ရဲ့ တဲအိမ်ကလေး အနီး ရောက် သွားတော့ တဲ အတွင်း ကို အသာ ချောင်း ကြည့်သတဲ့ ။

အဲဒီအခါမှာ မှော်ဆရာကြီး ဟာ ဆီးစေ့တွေ ကို တစ်လုံးစီ ယူကာ ပန်းကန်ပြား တစ်ချပ် စီ မှာ ထည့်ထားပြီး လက်ခုပ် တီးကာ...

“ အို အမောင် ဆီးစေ့များ ၊
မုန့်လုံး ဖြစ်ပါစေသား ”

လို့ ရွတ်ဆို လိုက်တာ နဲ့ ဆီးစေ့များ ဟာ အားလုံး တဖြည်းဖြည်း ကြီးကြီး လာပြီး နောက်ဆုံး မှာ မုန့်လုံးတွေ ဖြစ်လာသတဲ့ ။

မောင်ရွှေရ ဟာ အံ့ဩပြီး “ နေရာကျလိုက်လေ ... ဒီလို ဆီးစေ့မျိုး တစ်စေ့ လောက် ရရင် မုန့်လုံးလေးတွေ အများကြီး စားရမှာပဲ ” လို့ အောက်မေ့သတဲ့ ။

ဒီလို အောက်မေ့ နေတုန်း မှော်ဆရာကြီး က ကျန်တဲ့ ဆီးစေ့များ ထဲ မှ ဆီးစေ့ တစ်စေ့ ကို ရွေးထုတ်ပြီး ပြတင်းပေါက် မှ ပစ်ချလိုက်တာ နဲ့ မောင်ရွှေရ ဟာ ဆီးစေ့ ကို ယူပြီး အိမ် ကို ပြေးလာခဲ့ပါရော ။

အိမ် ကို ရောက်တော့ ... ငါ့ သူငယ်ချင်းတွေ လက်ဖက်ရည် သောက် ဖိတ်ခေါ်ပြီး သူတို့ အံ့ဩ သွားအောင် ငါ လုပ်ပြရ ဦးမှာပေါ့ ဆိုပြီး မောင်ရွှေရ ဟာ သူငယ်ချင်းတွေ အိမ် ကို သွားပါရော ။

သူငယ်ချင်း လေးယောက် ကို လက်ဖက်ရည် သောက် ဖိတ်ကြားပြီး “ မင်းတို့ မမြင်ဘူး တဲ့ မုန့်လုပ်နည်းမျိုး ကို ငါ ကိုယ်တိုင်လုပ်ပြီး လက်ဖက်ရည် တိုက်မယ် ။ ညနေ ကျရင် လာဖြစ် အောင်လာကြလို့ ”  မှာခဲ့တယ် ။

ဖိတ်ကြားထားတဲ့ အချိန် မှာ သူငယ်ချင်း လေးယောက် ရောက်လာကြတော့ စားပွဲ ပေါ်မှာ မုန့်ကို မမြင် ၊ နို့ နဲ့ သကြား ကိုသာ မြင်ရတော့ စိတ်ပျက် နေကြတာပေါ့ ။ စားပွဲ အလယ် မှာ ပန်းကန်ပြားကြီး နဲ့ ထည့်ထားတဲ့ ဆီးစေ့ မှာ ဘာသဘောနဲ့ ထည့်ထားသလဲ ဆိုတာ မတွေးတော နိုင်ကြ ။ လှောင်ဖို့ ပြောင်ဖို့ ၊ သရော်ဖို့ ထည့်တာ ဖြစ်လိမ့်မယ်လို့ ထင်ကြတာပေါ့ ။

မောင်ရွှေရ က “ ကိုင်း ... သူငယ်ချင်းတို့ နွားနို့ နဲ့ သကြား ကို ဖျော်ပြီး အရင် သောက် ကြ ။ နောက်မှ ထူးဆန်းတဲ့ မုန့် ကို ကျွေးပါ့မယ် ” လို့ ဆိုပြီး နွားနို့ နဲ့ သကြား ကို အရင် ကျွေးတာပေါ့ ။ သူငယ်ချင်းများ ကလည်း ဟုတ်မှ ဟုတ်ပမလားလို့ တွေးတောပြီး စိတ်ပါလက်ပါ မရှိ ဘဲ စားသောက်ကြရတာပေါ့ ။

အဲဒီအခါ မောင်ရွှေရ က ထိုင်ရာ မှ ထကာ လက်ခုပ် တီးပြီး...

“ ကိုင်း ... မောင်ဆီးစေ့ မုန့်လုံးဖြစ်ဟေ့ ” လို့ ရွတ်လိုက်တာ နဲ့ တစ်ပြိုင်နက် ပန်းကန်ပြား ထဲ မှာ ထည့်ထားတဲ့ ဆီးစေ့ကလေး ဟာ တဖြည်းဖြည်း ကြီးကြီး လာပြီး မုန့်လုံးကြီး ဖြစ်သွားတာပေါ့ ။

အဲဒီအခါမှာ သူငယ်ချင်းများ က များစွာ အံ့ဩပြီး “ မောင်ရွှေရ ဟာ မှော်အတတ် ကို ရနေပါကလား ” လို့ အားရပါးရ ချီးမွမ်း ကြတာပေါ့ ။

မောင်ရွှေရ လည်း ဓားတစ်ချောင်း ကို ယူပြီး မုန့်လုံးကို လှီး လိုက်တာနဲ့ ဖောင်ခနဲ ပေါက်ကွဲ သွားပြီး အစွယ်ပြူးပြူး နဲ့ နတ်ဘီလူးကလေး တစ်ကောင် ပေါ်ထွက် လာပြီး ဧည့်သည် လေးယောက် ကို လက်သည်းများ နဲ့ လိုက် ဆိတ်ပါလေရော ။

ဧည့်သည် လေးယောက် တို့ လည်း အော်ဟစ်ပြီး နတ်ဘီလူးကလေး ကို နှင်ထုတ်ပေး ဖို့ မောင်ရွှေရ ကို တောင်းပန်ကြတာပေါ့ ။

မောင်ရွှေရ ကလည်း နတ်ဘီလူးကလေး ကို ချော့ချည် တစ်ခါ ၊ ငေါက်ချည် တစ်လှည့် ၊ ထွက်သွားဖို့ ပြောပါ သော်လည်း နားမထောင်ဘဲ ဆိတ်မြဲတိုင်း လိုက် ဆိတ်နေပါရော ။ဧည့်သည် များလည်း နာကျင်လှလို့ မခံမရပ် နိုင်တာနဲ့ အော်ဟစ်ငိုယိုပြီး အိမ်သို့ ပြန်ပြေးကြပါရော ။

မောင်ရွှေရ လည်း မီးဖိုချောင် ထဲ မှာ ဝင်ပုန်း နေတုန်း နတ်ဘီလူးကလေး ဟာ မောင်ရွှေရ ထံ လာပြီး ဆိတ် ပြန်ပါရော့ ။ မောင်ရွှေရ ဟာ ဟိုဟိုဒီဒီ ရှောင်တိမ်းပါ သော်လည်း မရ နတ်ဘီလူးကလေး ဟာ မောင်ရွှေရ နောက်သို့ တကောက်ကောက် လိုက်ကာ ဆိတ်ဆွ လေတော့ မောင်ရွှေရ ရဲ့ တစ်ကိုယ်လုံးမှာ အညိုအမဲ တွေ ထင်နေတာပေါ့ ။

မောင်ရွှေရ လည်း ဒေါသ ထွက်ပြီး ထင်းချောင်း တစ်ချောင်း နဲ့ နတ်ဘီလူးကလေး ကို ရိုက်လိုက်ပါရော ။ နတ်ဘီလူးကလေး ကို မထိဘဲ ပန်းကန်လုံး ၊ ပန်းကန်ပြားတွေ ကိုသာ ထိမှန် ပြီး ကွဲကုန်ပါလေရော ။ နောက်တစ်ခါ ထပ်မံ ပစ်ခတ်ပြန် တော့လည်း နတ်ဘီလူးကလေး ကို မမှန် အိုးခွက်တွေ ကို သာ ထိမှန်ပြီး ကွဲကုန်ပြန်ပါရော့ ။ ပစ်သမျှ ထင်းချောင်းတွေ လည်း အိမ်ထောင် ပစ္စည်းတွေ ကို သာ ကွဲကြေပျက်စီးစေတာပေါ့ ။

နောက်ဆုံးမှာ မောင်ရွှေရ ဟာ မော လည်း မော ၊ နာ လည်း နာကျင်တာနဲ့ ဟစ်အော် ငိုကြွေး နေရာမှာ သတိရကာ မှော်ဆရာကြီး ထံ ပြေးသွားတာပေါ့ ။

မှော်ဆရာကြီး က “ ဘာကိစ္စနဲ့ လာသလဲ ” လို့ ခပ်ဆတ်ဆတ် နဲ့ မေး လိုက်ပါရော့ ။

“ ဒီလိုပါ ဆရာကြီး ခင်ဗျား ။ ကျွန်တော် ဟာ ဆရာကြီး ရဲ့ ခြံ ထဲ က ဆီးစေ့ကလေး တစ်စေ့ တွေ့တာ နဲ့ အိမ် ကို ယူသွားပြီး မုန့် ဖြစ်အောင် လုပ်ပါတယ် ခင်ဗျား ။ မုန့်တော့ ဖြစ်ပါရဲ့ စားမယ်လို့ ဓား နဲ့ လှီး လိုက်တာနဲ့ နတ်ဘီလူးကလေး တစ်ကောင် ထွက်လာပြီး ကျွန်တော့် ကို မနားမနေ လိုက် ဆိတ် နေပါတယ် ခင်ဗျား ၊ အဲဒါ ဆရာကြီး တတ်နိုင်ရင် ကျွန်တော့် ကို ကယ် တော်မူပါ ခင်ဗျား ” လို့ တောင်းပန်ပါရော့ ။

ဆရာကြီး က “ ဆီးစေ့ မှ မုန့် ဖြစ်အောင်လုပ်နိုင်တယ် ဆိုတာ မင်း ဘယ့်နှယ့် သိသလဲ ” လို့ မေးတော့ မောင်ရွှေရ က “ အိမ်ခန်း ထဲ မှာ ဆရာကြီး လုပ်နေတာ ကို ချောင်းကြည့်မိလို့ သိရ ပါတယ်ခင်ဗျား ” လို့ ပြောပါရော ။

ဆရာကြီး က “ ဟင် ... ခွေးမသား ။ ငါ လုပ်တာကို မင်း ချောင်းကြည့်တယ် ။ တယ် ဟုတ်တဲ့ ကောင်ပါကလား ။ ကောင်း တဲ့ ဆီးစေ့ မှ မုန့် ဖြစ်တာကွ ။ မကောင်း တဲ့ ဆီးစေ့ က နတ်ဘီလူး ဖြစ်တယ် ။ ဒါကြောင့် ငါရွေးပြီး လွှင့်ပစ် လိုက်တာ ။ အဲဒါကို မင်း က ကောက်ယူ သွားတယ် ဟုတ်လား ။ ကိုင်း ... ဒါဖြင့် သူတစ်ပါး လုပ်တာကိုင်တာ ကို ချောင်းကြည့် တတ်တဲ့ အကောင် ။ မင်း အပြစ် နဲ့ မင်း ခံပေတော့ ။ မင်း ကို ငါ မကယ်နိုင်ဘူး ” လို့ ဆိုပါရော့ ။

မောင်ရွှေရ က “ ရှိခိုးပါရဲ့ ဆရာကြီး ခင်ဗျား ။ နောင်ကို ကျွန်တော် ဘယ်တော့မှ ချောင်း မကြည့်တော့ပါဘူး ခင်ဗျား ။ ဒီတစ်ခါတော့ ကျွန်တော့် အပြစ် ကို ချမ်းသာပေးပြီး ကယ်တော်မူပါ ခင်ဗျား ” လို့ တောင်းပန်ပါရော ။

ဆရာကြီး က “ ဒီကနေ့ ငါ့ မှာ အလုပ် များတယ် သွားဦး နက်ဖြန် မှ လာခဲ့ ” လို့ ဆိုပြီး မောင်ရွှေရ ကို တွန်းထုတ် လိုက်ပြီး တံခါးကို ပိတ်ထား လိုက်ပါရော ။

မောင်ရွှေရ လည်း အိမ်သို့ ပြန်လာတာ ကို လမ်း မှာ စောင့်နေတဲ့ နတ်ဘီလူး က နောက် မှ တကောက်ကောက် လိုက်ပြီး လည်ပင်း ကို ဆိတ် ၊ ပါး ကို ရိုက် ၊ နားရွက် ကို ဆွဲ ၊ ဆံပင် ကို ဆွဲ အမျိုးမျိုး အဖုံဖုံ နှိပ်စက် ပြန်တာပေါ့ ။

မောင်ရွှေရ ဟာ ငိုယို အော်ဟစ်ကာ နောက်ဆုံးမှာ အိမ် ထဲ မှထွက်လာပြီး အိမ်နောက် ဖေး နွားတင်းကုတ် ထဲ ဝင် အိပ်ရတာပေါ့ ။

နံနက်လင်းတော့ မောင်ရွှေရ က အိမ် ထဲ သို့ ချောင်းကြည့် လိုက်တော့ နတ်ဘီလူးကလေး ဟာ သူ့ အိပ်ရာ ပေါ်မှာ အိပ်ပျော် နေတာ တွေ့ရပါရော ။ အိမ် ပေါ် မှာ ကျန်ရှိသေးတဲ့ အိုး ၊ အင် ၊ ခွက် ၊ ယောက် ၊ လင်ပန်း ၊ ပန်းကန် တွေ လည်း ကွဲကုန်တာကို မြင်ရတော့ ဒေါသ ထွက်ပြီး တုတ်တစ်ချောင်း နဲ့ နတ်ဘီလူးကလေး ကို ရိုက်သ,တ်မယ် လို့ အိပ်ရာသို့ လာခဲ့တော့ နတ်ဘီလူးကလေး က အိပ်ရာ မှ ထပြီး မောင်ရွှေရ ကို ယခင်က လို မနားမနေ နှိပ်စက်ပြန်ပါလေရော ။

မောင်ရွှေရ လည်း တုတ် ကို ပစ်ချပြီး မှော်ဆရာကြီး ထံ ဖဝါး နှင့် တင်ပါး တစ်သားတည်း ကျအောင် ပြေးသွားတော့ မှော်ဆရာကြီး က မောင်ရွှေရ ကို မြင်တာနဲ့ ဟက်ဟက်ပက်ပက် ရယ် မောပါလေရော့ ။

“ ဘယ့်နှယ့်လဲ ကွ ...လာပြန်ပြီလား ။ ချောင်းကြည့်မှု အတွက် နတ်ဘီလူးကလေး က မင်း ကို အတော်ပဲ ဆုံးမ လိုက်တယ် ထင်တယ် ” လို့ မေးတော့ ။

“ ချမ်းသာ ပေးတော်မူပါ ခင်ဗျား ။ နောက်ကို ဘယ်တော့မှ ကျွန်တော် ချောင်း မကြည့်တော့ပါဘူး ။ တစ်အိမ်လုံး လည်း စိစိညက်ညက် ကြေကုန်ပါပြီ ။ ဒီလောက် ဆုံးမရင် တော် လောက်ပါပြီ ခင်ဗျား ” လို့ မောင်ရွှေရ က တောင်းပန်ပါရော ။

မှော်ဆရာကြီး က “ အေး ... တော်လောက်ပါပြီ ။ နတ်ဘီလူးကလေး မနှောင့်ယှက် ရအောင် လုပ်ပေးရမှာပေါ့ ” လို့ ပြောပြီး မှော်ဆရာကြီး က လက်ခုပ် နှစ်ချက် တီးကာ မန္တာန် ရွတ် လိုက်ရင်ပဲ နတ်ဘီလူးကလေး ဟာ ဆရာကြီး ရှေ့မှာ ဘွားကနဲ ပေါ်ပေါက်လာပြီး ဦးညွတ် နေပါ ရော ။

မှော်ဆရာကြီး က ဆီးစေ့ တစ်စေ့ ကို အိတ် ထဲ က ထုတ်ယူကာ မြေပေါ်မှာ ချ ထားပြီး နတ်ဘီလူးကလေး ကို “ ဆီးစေ့ ပေါ် မှာ ရပ်လိုက် ” လို့ အမိန်ပေးတာ နဲ့ ဆီးစေ့ ပေါ်မှာ ရပ်နေလိုက်ပါ ရော ။

အဲဒီအခါမှာ မှော်ဆရာကြီး က နတ်ဘီလူးကလေး ရဲ့ ဦးခေါင်း ပေါ် ကို လက် နဲ့ ရမ်း လိုက်တာနဲ့ နတ်ဘီလူးလေး ဟာ တဖြည်းဖြည်း ငယ်ငယ် သွားပြီး နောက်ဆုံး မှာ ဆီးစေ့ ထက် တောင် ငယ်သွားပါရော ။ အဲဒီ အခါမှာ ဆီးစေ့ ဟာ နှစ်ခြမ်း ကွဲ သွားပြီး နတ်ဘီလူးကလေး ကို မျို လိုက်တာနဲ့ ပိတ်သွားပါရော ။ ဒီနောက် မှော်ဆရာကြီး က “ ဒီ အကောင် အတွက် ကိစ္စ ပြီးသွားပြီ ” လို့ ပြောဆိုပြီး ဆီးစေ့ ကို ကောက်ယူကာ တောင်ကမ်းပါးယံ သို့ ပစ်လိုက်ပါရော ။ မောင်ရွှေရ လည်း အားရဝမ်းသာစွာ နဲ့ ဆရာကြီး ကို ကန်တော့ပြီး အိမ်သို့ပြန်လာခဲ့ပါရော ။

အဲဒီ မောင်ရွှေရ ဆိုတဲ့ သူငယ် ဟာ သူတစ်ပါး အလုပ် ကို တိတ်တဆိတ် သွားရောက် ချောင်းကြည့်ပြီး လုပ်မိတဲ့ အတွက် ဆုံးပါး ပျက်စီးချွတ်ယွင်း သွားတဲ့ အိမ်သုံးပစ္စည်းတွေ နောက်ထပ် ဝယ်ဖို့ သူတစ်ပါး ထံ မှာ အစေခံ အလုပ် နဲ့ ရက်ပေါင်း အတော်ကြာကြာ လုပ်ကိုင်ရ သတဲ့ ။ အဲဒီ ကတည်း က မောင်ရွှေရ ဟာ သူတစ်ပါး လုပ်တာကိုင်တာ တွေကို ဘယ်တော့မှ ချောင်း မကြည့်ရဲ တော့ဘူးတဲ့ ။

⎕ ရွှေဝယ်ဧ

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆ဝ ၊ ဇွန်

#ကိုအောင်နိုင်ဦး

.