Monday, June 30, 2025

သု‌မောင် နှင့် တွေ့ဆုံခြင်း


 

❝ အချစ် ၏ ကိုကို ❞
( သု‌မောင် နှင့် တွေ့ဆုံခြင်း )

သိတယ် မဟုတ်လား ။

ဒီလ ကျွန်‌တော် ‌တွေ့ဆုံ‌ပေးမယ့်သူက စာ‌ပေ ၊ ရုပ်ရှင် နဲ့ ဂီတ အနုပညာသုံး‌လောက မှာ ကျင်လည်‌နေတဲ့ စာ‌ရေးဆရာ ၊ ရုပ်ရှင်မင်းသား ၊ အဆို‌ကျော် “ သု‌မောင် ” ‌လေ ။

“ အချစ် ” ဝတ္ထု နဲ့ စာ‌ပေ‌လောက မှာ ‌အောင်မြင်မှု ရခဲ့ပြီး “ အချစ်နဲ့ သူ၏ ကိုကို ” ရုပ်ရှင်ကား မှာ ပရိသတ်တွေ သူ့ ကို လက်ခံအား‌ပေးခဲ့ကြတယ် ။ ဒါ‌ကြောင့် ကျွန်‌တော် နဲ့ ဆရာသု‌မောင် ‌တွေ့ဆုံ‌ပေးမယ့် ကဏ္ဍကို “ အချစ် ၏ ကိုကို ” လို့ပဲ ‌ခေါင်းစီးတပ်‌ ပေးလိုက်ပါတယ် ။

••••• ••••• •••••

“ ဆရာ က စာ‌ရေးဆရာကြီး ဦးသာဓု ရဲ့ သား ၊ စာ‌ရေးဆရာ ‌မောင်ဝဏ္ဏ ရဲ့ ညီ ဆို‌တော့ စာ‌ပေ‌လောကထဲ ဝင်ရာမှာ သူတို့ တစ်‌တွေရဲ့ အကူအညီ ရခဲ့ပါသလား ၊ စာ‌ပေ‌လောကထဲ စ ဝင်လာပုံ က စပြီး ‌ပြောကြရ‌အောင် ”

“ စာ‌ပေ‌လောကထဲကို ကျွန်‌တော် စ‌ ရောက်လာတာက ၁၉၆ဝ ပြည့်နှစ် ၊ ဟုတ်တယ် ။ ၁၉၆ဝ ပြည့်နှစ် စစချင်း ဘာလုပ်ရသလဲ ဆို‌တော့ ယုဝတီဂျာနယ် မှာ စာပြင်ဆရာ လုပ်ရတယ် ။ အဲဒီ ယုဝတီဂျာနယ် မှာ ပဲ ကဗျာ အတိုအထွာက‌လေး‌တွေ စ‌ ရေးဖြစ်တယ် ။ ယုဝတီဂျာနယ် ရဲ့ ထုံးစံ က ကဗျာ နဲ့ ‌ဆောင်းပါး‌ လောက်ပဲ အမျိုးသား စာ‌ရေးဆရာ‌တွေ သုံးတယ် ။ ကျန်တာက အမျိုးသမီး‌တွေ ချည်း ‌ရေးကြတယ် ။ ယုဝတီဂျာနယ် ဆို‌တော့ လည်း ယုဝတီ‌တွေ ချည်း‌ပေါ့ဗျာ ။

ကျွန်‌တော့် အ‌ဖေ က‌တော့ ဘယ်လိုမှ အားမ‌ပေးဘူး ။ ကိုယ့် ဘဝ ကိုယ် ဖန်တီးဖို့ပဲ အား‌ပေးတယ် ။ စာ‌ရေးပါ ၊ ရုပ်ရှင်ရိုက်ပါ ၊ သီချင်းဆိုပါ ဆိုတာ‌တွေ မ‌ပြောဘူး ။ ကိုယ့် ဘဝ ကိုယ် ရုန်းကန်တတ်ဖို့ အား‌ပေးတယ် ၊ ဒါ‌လောက်ပဲ ”

“ ဆရာ က ဝတ္ထုတို လည်း ‌ရေးတယ် ၊ လုံးချင်းဝတ္ထုရှည်‌တွေ လည်း ‌ရေးတယ်ဆို‌တော့ ဝတ္ထုတို နဲ့ ဝတ္ထုရှည် ဘယ်လို ကွာခြားပါသလဲ ”

“ ကျွန်‌တော် မြင်တာ ‌ပြောရရင်‌တော့ ဝတ္ထုတို က မိုးကြိုးပစ်သလို ခံစားရတယ် ၊ ‌ရေးရင်လည်း မိုးကြိုးပစ် သလိုပဲ ‌ရေးရတယ် ။ ဝတ္ထုရှည် က‌တော့ မိုး‌တွေ တစိမ့်စိမ့် ရွာ‌နေသလို ‌ရေးရတယ် ။ အဲသလိုပဲ ခံစား ရပါတယ် ”

“ ဝတ္ထုတို တစ်ပုဒ် ဖန်တီးဖို့ အတွက် ဘယ်လို ခံစားရှာ‌ဖွေယူပါသလဲ ၊ ဆရာ့ဝတ္ထု‌တွေ က အများအားဖြင့် ဆရာ့ အ‌မေ ၊ ဆရာ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်တာ‌တွေချည်းပဲလို့ ‌ပြောကြတယ် ”

“ ကျွန်‌တော် ဝတ္ထုတို တစ်ပုဒ် ရဖို့ရာ သိပ်မခက်ပါဘူး ။ သိပ်မခက်ဘူး ဆိုလို့ ကြီးကြီးကျယ်ကျယ် ‌ပြောတာ မဟုတ်ပါဘူး ။ ‌နောက်တစ်ခု က ‌ပေါ့‌ပေါ့တန်တန် ‌ပြောတာလည်း မဟုတ်ပါဘူး ။ ဝတ္ထုတို တစ်ပုဒ် ရဖို့ ကျွန်‌တော့် အတွက် သိပ်မခက်သလို သိပ်ခက်တာ‌တွေလည်း ရှိပါတယ် ။

သိပ်မခက်ဘူး ဆိုတာက ဘာ‌ကြောင့်လဲ ဆို‌တော့ ကျွန်‌တော် က ကျွန်‌တော့် မိသားစု ၊ ကျွန်‌တော့် အသိုင်းအဝိုင်း အ‌ကြောင်း ၊ မိသားစု ဆိုတဲ့ ‌နေရာ မှာ ကျွန်‌တော့် ရဲ့ တကယ့် အရင်းအချာ မိသားစု အပြင် ၊ အစွယ်အပွား မိသားစု‌တွေ အပြင် ကျွန်‌တော်တို့ ပတ်ဝန်းကျင် မှာ ရှိ‌နေတဲ့ မိသားစု‌တွေ ပါ ပါတယ် ။

ဒီမိသားစု‌တွေ အ‌ကြောင်း ‌ရေးလို့ ကျဉ်းတယ်လို့ ထင်ရ‌ပေမယ့် ( ဒါ ကျွန်‌တော် ကိုယ်တိုင် လည်း ထင်ပါတယ် ။ ငါ ‌ရေးတာ ကျဉ်းတယ်လို့ ) သို့‌သော် မဟုတ်ဘူးဗျ ။ ‌သေ‌သေချာချာ ပြန်စဉ်းစား‌တော့ အဲဒီ လူတွေ ဟာလည်း လူ‌တွေပဲ ဆိုတာ သွား‌တွေ့တယ် ။ သူတို့ က ‌ခွေး‌တွေ ၊ နွား‌တွေ မှ မဟုတ်ဘဲ ။

လူ‌တွေဗျ ... လူ‌တွေ ဆိုတဲ့ အတွက်‌ကြောင့် ကျွန်‌တော့် အသိုင်းအဝိုင်း ၊ ကျွန်‌တော့် မိသားစု ထဲမှာ ရှိတဲ့ ချမ်းသာတဲ့ လူ‌တွေ ၊ ကား ၁၃ - ၄ စီး ပိုင်တဲ့ လူ‌တွေ ရှိသလို လုံးဝ စုတ်ပြတ်သတ်ပြီး တဲကုပ် မှာ ‌နေရတဲ့ လူ‌တွေ လည်း ရှိတာပဲ ။ သူတို့ အ‌ကြောင်း ကို ‌ရေးတဲ့ အတွက် ဝတ္ထု‌တွေ ရလာတယ် ။ အဲဒါ လူ‌တွေ အ‌ကြောင်း ကို ‌ရေးတာပဲ ။ အဲဒါ တစ်ကမ္ဘာလုံး အ‌ကြောင်း ‌ရေးတာပဲလို့ ကျွန်‌တော် ထင်တယ် ။

ကျွန်‌တော့် ကို တချို့က ‌ဝေဖန်တယ် ။ သူ့ အ‌မေ အ‌ကြောင်းချဉ်း ‌ရေး‌နေတာပဲတဲ့ ။ သူ့ အ‌မေ အ‌ကြောင်း ‌ရေး ‌နေတယ် လာ‌ပြောတယ် ၊ မဟုတ်ဘူးဗျ ။ ကျွန်‌တော် ‌ရေး‌ နေတာ ကျွန်‌တော့် အ‌မေအ‌ကြောင်း‌တွေ မဟုတ်ဘူး ။ “ အ‌မေ‌တွေ ” အ‌ကြောင်း‌တွေ ‌ရေး‌နေတာ ။ လူတိုင်းမှာ အ‌မေ ရှိတယ် ။ လူ ဖြစ်လာရင် အ‌မေ ရှိရ မယ် ။ ဒါ‌ကြောင့် ကျွန်‌တော် ‌ရေး‌နေတာဟာ ကျွန်‌တော့် အ‌မေ အ‌ကြောင်းသာ မဟုတ်ပါဘူး ။ အ‌မေ‌တွေ အားလုံး အ‌ကြောင်း ပါလို့ ‌ပြောချင်တယ် ။

ဝတ္ထုတို တစ်ပုဒ် ကို ဘယ်လို ဖန်တီးယူပါသလဲ ဆိုတာကို ‌ပြောရရင် ဥပမာ - ကိုဝင်းငြိမ်း တို့ ‌ပေဖူးလွှာ မှာ ပါခဲ့တဲ့ “ အသက်ကြီးတတ်ကြပါ‌စေ ” ကို ပြန်‌ပြောပြမယ် ။

ဟိုတစ်‌လောက ကျွန်‌တော့် ဝတ္ထုတို စုပြီး ထုတ်တဲ့ “ ဍရင်‌ကောက် ” ဆိုတဲ့ စာအုပ်ထွက်တယ် ။ အဲဒီ စာအုပ်မှာလည်း အများအားဖြင့် အ‌မေ့ အ‌ကြောင်း ၊ အ‌ဖေ့အ‌ကြောင်း ၊ ဦး‌လေး အ‌ကြောင်း ၊ အ‌ဒေါ် အ‌ကြောင်း ၊ ကျွန်‌တော့် အလုပ်သမား‌တွေ အ‌ကြောင်း စသဖြင့် ပါတယ် ။ အဲဒီ စာအုပ်ကို ကျွန်‌တော် ဆရာကြီး မင်းသုဝဏ် ဆီ သွားပို့တယ် ။ ဆရာကြီး မင်းသုဝဏ် မဟုတ်ပါဘူး‌လေ ။ ထုတ်‌ဝေသူက လက်‌ဆောင်ပေးတဲ့ အုပ်သုံးဆယ်စလုံး လူကြီး‌တွေ ကျွန်‌တော် အကုန်‌လျှောက်ပို့တယ် ။

ဆရာကြီး မင်းသုဝဏ်ဆီ ‌ရောက်‌တော့ ဆရာကြီး က ‌ကော်ဖီခွက်က‌လေး ကိုင်ပြီး လာပို့ရင်း ဧည့်ခံတယ် ။ “ ကိုသု‌မောင် ... တဲ့ ၊ စာအုပ် လာပို့တာ ‌ကျေးဇူးတင်ပါတယ် ခင်ဗျာ ” တဲ့ ။ ကျွန်‌တော် နည်းနည်း‌တော့ ဖျားသွားတယ် ။ ‌ကြောက်သွားတယ် ။ ဆရာကြီး မင်းသုဝဏ် က ကျွန်‌တော့် အ‌ဖေ ရဲ့ ဆရာ ။ ကျွန်‌တော် နဲ့ ဆိုရင် ဆရာ့ဆရာ ။ အသက်အရွယ် အားဖြင့် ဆိုရင်လည်း ကျွန်‌တော့် အဘိုး‌ လောက် ရှိတယ် ဆို‌တော့ ဂုဏဝုဍ္ဎိ ၊ ဝယဝုဍ္ဎိ အရ ကျွန်‌တော် က ‌ကြောက်ရမယ် ။ ရို‌သေရမယ် ။ ချစ်ရမယ် ။ အဲဒီနည်းတူ သူ က လည်း ချစ်ရမယ် ။

သို့‌သော်လည်း ပြဿနာ က “ ကိုသု‌မောင် ” လို့ ‌ခေါ်လိုက်တာ ။ ပြီး‌တော့ “ ဟုတ်ကဲ့ခင်ဗျာ ” လို့ ‌ပြောလိုက်တာ ။ ကျွန်‌တော့် ရင်ထဲမှာ တစ်မျိုး ဖြစ်သွားတယ် ။ ‌နောက် သူ့ ဇနီး ဆရာမကြီး ‌ဒေါ်ကြည်ကြည် ထွက်လာတယ် ။ ထွက်လာ‌တော့ ဆရာမကြီး က လည်း “‌ ဪ ကိုသု‌မောင် ‌ရောက်‌နေပါလား ” တဲ့ ။ ဆရာမကြီး ‌ဒေါ်ကြည်ကြည် ဆိုတာ ကျွန်‌တော်တို့ ‌ကျောင်း မှာတုန်းက နံရံကပ်စာ‌စောင် မှာ ကဗျာ‌လေး‌တွေ ၊ စာ‌လေး‌တွေ ‌ရေးတုန်း မြန်မာစာဌာန မှာ သူ က အကြီးအကဲ ။ အဲဒီတုန်းက နာမည် မတပ်တတ်လို့ “ ဆရာမကြီး နာမည် ဘယ်လို တပ်ရင် ‌ကောင်းမလဲ ” လို့ သွား‌ မေးလို့ဗျ ။

“ ဟဲ့ ... စာဆိုသား ဖြစ်ပြီး‌တော့ ဒါ‌လောက်မှ မလုပ်တတ်ဘူးလား ၊ မကိုင်တတ်ဘူးလား ” လို့ ‌ပြောတယ် ။ ဆရာမကြီး က စာဆိုသား လို့ ‌ပြောတယ် ၊ စာ‌ရေးဆရာ သား လို့ မ‌ပြောဘူး ဆို‌တော့ အခုအချိန် ကျမှ ကျွန်‌တော့် ကို လာပြီး “ ကိုသု‌မောင် ၊ ကြွပါရှင် ” ဘာညာ လာ လုပ်‌တော့ ဆရာကြီး နဲ့ ဆရာမကြီး ကို ကြည့်ပြီး ကျွန်‌တော် ‌တော်‌တော် ဒုက္ခ‌ ရောက်တယ် ။ ဘာပြန်လုပ်လို့ လုပ်ရမှန်း မသိဘူး ။ မ‌နေနိုင်တဲ့ အဆုံးမှာ ကျွန်‌တော် ပြန်‌ ပြောလိုက်တယ် ။

“ ဆရာကြီး ၊ ဆရာမကြီး ကျွန်‌တော် ဟာ သား‌လောက် ၊ ‌မြေး‌လောက် ရှိပါတယ် ။ ဘာ‌ကြောင့် ကျွန်‌တော့် ကို အဲဒီလို ဆက်ဆံ‌နေကြတာလဲ ၊ ဟဲ့‌ကောင် ဘာဖြစ်တယ် ၊ ညာဖြစ်တယ် ဆိုပြီး ကျွန်‌တော့်ကို ‌ပြောကြပါလား ။ ဘာဖြစ်လို့ အဲဒီလို မ‌ပြောကြတာတုံး ” လို့ ဆို‌တော့ ဆရာကြီး တို့ က အရင် နဲ့ မတူ‌တော့ဘူး‌လေကွယ်တဲ့ ။ အသက်အရွယ် ကြီးတာ ၊ မကြီးတာ နဲ့ မဆိုင်ဘူး ၊ ဂုဏ် က ကြီးလာ‌လေပြီကွယ်တဲ့ ။ တကယ် ကို လူကြီးဆန်ဆန် ‌ပြောတယ် ။

ဆို‌တော့ လူကြီး‌တွေ ရဲ့ “ ကာရိုက်တာ ” ကို လိုက် ဖမ်းရင် တချို့က တစ်မျိုး ၊ တချို့က တစ်မျိုး ‌တွေ့ရတယ် ။ အဲဒီမှာ ကျွန်‌တော် ဝတ္ထုတို တစ်ပုဒ် ရလိုက်တာပဲ ။ အဲဒါဟာ “ အင်တာ‌နေရှင်နယ် ” ဝတ္ထုတိုလိုင်း ထဲ ဝင်တယ်လို့ ကျွန်‌တော် ထင်တယ် ။ တချို့ လူကြီး‌တွေ ကျ‌တော့ တူအရွယ် ၊ သားအရွယ် မို့ ဆဲဆိုပြီး နှုတ်ဆက်တယ် ၊ စကား‌ပြောတယ် ။ ဒီ ကွာခြားချက် ကို ကျွန်‌တော် ‌တွေ့လိုက်ရာက ဝတ္ထုတို ရလိုက်တာပဲ ။

အဲဒီ‌တော့ ခု ‌ရေးလိုက်တာလည်း ကျွန်‌တော့် အ‌ဖေ ၊ ကျွန်‌တော့် အ‌မေ ပတ်ဝန်းကျင် နဲ့ ပတ်သက်ပြီး ‌ရေးလိုက်တာပဲ မဟုတ်လား ။ ကျွန်‌တော့် အ‌မေ ရဲ့ မျက်နှာ‌ ပေါ်မှာ က ဒီ အ‌ရေးအ‌ကြောင်း‌တွေ အားလုံး ‌ပေါ်‌နေတယ် ။ ဒါ‌ကြောင့်လည်း အ‌မေ့ ဝတ္ထု‌တွေ အများဆုံး ကျွန်‌တော် ‌ရေးဖြစ်တာပဲ ”

“ စာ‌ပေ လောက ထဲ ‌ခြေချဖို့ ကြိုးပမ်း‌နေတဲ့ သူ‌တွေ ကို ဆရာ ဘယ်လိုများ အကြံ‌ပေးချင်သလဲ “

“ အဲဒါနဲ့ ပတ်သက်လို့က‌တော့ ဒီလို ရှိတယ်ဗျ ။ ရိုးရိုးသားသား ကိစ္စ ရှာကြံတတ်ဖို့ အ‌ရေးကြီးတယ် လို့ ကျွန်‌တော် ထင်တယ် ။ ဘာဖြစ်လို့လဲဆို‌တော့ တချို့က ‌ပြောတယ်ဗျ ။ ဝတ္ထု ဆိုတာ ချစ်ကြိုက်ကွဲညား ပြီးရင် ဒါပဲတဲ့ ။ ချစ်ကြိုက်ကွဲညား က ချစ်ကြိုက်ကွဲညား ပဲ‌ပေါ့ ။ အဲဒါကို ပရိသတ် က ကြိုက်တယ် ။ အဲဒါ သိထား ဖို့က တစ် အချက် ။

နှစ် က ဘာလဲ ဆို‌တော့ အဲဒီ ချစ်ကြိုက်ကွဲညား‌ တွေ ကို ‌ဝေဖန်ဖို့ အချက် ။ သုံး က ဘာလဲ ဆို‌တော့ ချစ်ကြိုက် ကွဲညား ပြီး‌တော့ မင်းသား နဲ့ မင်းသမီး မ‌ပေးစားလို့ လူကြမ်း နဲ့ ‌ပေးစားရမလား ။ ဒါကို စဉ်းစားတတ်ရမယ် ။ အဲဒီလို တစ်ပတ်လည်ပြီး ရိုးရိုးသားသား ‌တွေးတတ်တဲ့ အ‌လေ့အကျင့် ရှိရမယ် ။

အဲ ... ပြီး‌တော့ စာများများ ဖတ် ၊ များများ ‌ရေး နိုင်‌အောင် ကြိုးစားရမယ် ။ ဒီလို များများ‌ တွေး ၊ များများ‌ ရေးနိုင်တဲ့ အချိန်ကျမှ တိုင်းပြုပြည်ပြု စာ‌ပေကို ကိုယ့်ဦး‌နှောက် နဲ့ ကိုယ် စဉ်းစားရမယ် ။ ‌ရေးရမယ် ။ ဒါ‌လောက်ပဲ အကြံ‌ပေးချင်ပါတယ်  ”

“ ဆရာ ခုတစ်‌လော ကဗျာ‌တွေ ‌ရေး‌နေတာ ‌တွေ့ရတယ် ။ ဝတ္ထု မ‌ရေးခင် က‌ကော ကဗျာ ‌ရေးခဲ့‌သေး သလား ”

“ ‌ရေးပါတယ် ။ ကျွန်‌တော် ပထမဦးဆုံး ‌ရေးခဲ့တဲ့ ကဗျာ က “ မိုး‌သောက်‌တော်လှန်‌ရေး ” ဆိုတဲ့ ကဗျာပဲ ။ ယုဝတီ ဂျာနယ် မှာ ပထမဆုံး ‌ရေးခဲ့တဲ့ ကဗျာပဲ ။

ခုတစ်‌လော ကဗျာ‌တွေ ‌ရေးတာက‌တော့ ဖျတ်ခနဲ ဖျတ်ခနဲ ‌ပေါ်လာတာ‌တွေ ကို ဖျတ်ခနဲ ဖျတ်ခနဲ အခြားသူ‌တွေ ကို တင်ပြတဲ့ ‌နေရာမှာ ကဗျာ ဟာ ဝတ္ထု ( ဝတ္ထု မှာ‌တော့ ဝတ္ထုတို ၊ ဝတ္ထုရှည် လို့ ရှိရာမှာ ဝတ္ထုတို ) က မိုးကြိုးပစ်သလို ဒိုင်းခနဲ တစ်ချက် ပစ်လိုက်ရုံ နဲ့ အများကြီး ထိ‌ရောက်တယ် ”

“ ဆရာ ကဗျာ‌ ရေးတဲ့‌ နေရာမှာ ကာရန် နဲ့ ပဲ ‌ရေးသလား ၊ ကာရန်မဲ့ကဗျာ ‌ရေးသလား ”

“ ကျွန်‌တော် ကာရန် နဲ့ ပဲ ‌ရေးပါတယ် ။ ဒါက ရိုးရာယဉ်‌ကျေးမှု ကို လက်ခံထားပါတယ် ”

“ ရှင်‌နေမင်း သို့ ‌ပေးစာ ဆိုတဲ့ ဘာသာပြန်ဝတ္ထု ‌ရေးပြီးတဲ့‌ နောက် ‌နောက်ထပ် ဘာသာပြန် ဝတ္ထု မ‌ရေးဖြစ် ‌တော့ဘူးလား ။ ‌ရေးဖို့‌ကော အစီအစဉ် ရှိလား ”

“ ကျွန်‌တော်တို့ ဝတ္ထု ဖတ်တဲ့‌ နေရာမျာ ပြဿနာရှိတယ် ။ ဘာလဲဆို‌တော့ အင်္ဂလိပ် ဝတ္ထု ဆိုတာက‌တော့တာပြီး ‌ပြောလိုက်တာပါ ။ အ‌နောက်တိုင်း ဝတ္ထု အားလုံး ပါတာ‌ပေါ့ ။

ကျွန်‌တော်တို့ မြန်မာဝတ္ထု‌တွေ မှာ ယဉ်‌ကျေးမှုကိစ္စ‌တွေ ပါတယ် ။ ပြီး‌တော့ စာ‌ပေ စိစစ်‌ရေး လို အထိန်းအကွပ် လုပ်‌ပေးတဲ့ ဌာန‌တွေ ရှိတယ် ။ ဟိုဘက်က လာတဲ့ စာ‌ပေ‌တွေ က‌တော့ လွတ်လွတ်လပ်လပ် ရှိတယ် ။ အဲဒီ‌တော့ ဖတ်တဲ့‌ နေရာမှာ လူ ဆိုတာ သဘာဝအ‌လျောက် ယိမ်းတတ် ယိုင်တတ်တဲ့ သ‌ဘောရှိတယ် ။ အဲဒီလို ယိမ်းယိုင်သွား‌စေမယ့် စာမျိုး ကျွန်‌တော်တို့ ဘာသာပြန်ရင် မဖြစ်နိုင်တာ‌တွေ ရှိတယ် ဆို‌တော့ တတ်နိုင်ရင် ဘာသာ မပြန်ဘဲနေတာ ‌ကောင်းမယ်လို့ ကျွန်‌တော် ထင်တယ် ။

‌ရှေ့‌လျှောက်‌တော့ လုပ်မယ်လို့ ကျွန်‌တော် စိတ်ကူးထားတယ် ။ ဒါ‌ပေမဲ့ ကျွန်‌တော်တို့ နိုင်ငံနဲ့ မသင့်‌တော်တဲ့ ကိစ္စ‌တွေ ပါရင်‌တော့ ပယ်ရမှာပဲ ”

“ ဆရာ ‌ရေးခဲ့ တဲ့ “ အချစ်သစ်ပင် ” က နိုင်ငံခြားရုပ်ရှင် ကို မှီးခဲ့တာလား ”

“ အချစ်သစ်ပင် နဲ့ ပတ်သက်လို့က‌တော့ ပထမဦးဆုံး မင်းမင်းလတ် ဆိုတာကို စပြီး ကြားဖူးတာပဲ ။ Yellow Ribbon ‌ပေါ့ဗျာ ။ အင်္ဂလိပ်သီချင်း က တကယ် ခံစားကြည့်‌တော့ ပို‌ကောင်းတယ် ။ အဲဒီအခါမှာ ဝတ္ထု‌ ရေးချင်စိတ်‌ ပေါ်လာလို့ ဝတ္ထုအတိုက‌လေး တစ်ပုဒ် ကျွန်‌တော် ‌ရေးလိုက်တယ် ။ ပြီး‌တော့မှ ဒီ‌ ကျောရိုး ကိုပဲ ပြန် ယူပြီး ကျွန်‌တော့် စိတ်ကူး ကို ကျွန်‌တော် ဝတ္ထုရှည် ပြန်‌ ရေးခဲ့တာပါ ။ ဒါပါပဲ ”

“ အချစ်ဝတ္ထု က ဆရာ့ ပထမဆုံး ဝတ္ထု‌နော် ”

“ ဟုတ်ပါတယ် ”

“ အဲဒီ ဝတ္ထု အ‌ရေးအသား နဲ့ ပတ်သက်ပြီး အခု ပြန်ဖတ်ကြည့်‌တော့ ဘယ်လို ခံစားမိသလဲ ”

“ အချစ်ဝတ္ထု မှာ ကျွန်‌တော့် ဘာသာ ‌ရေးခဲ့တဲ့ အမှာစာ မှာ ကျွန်‌တော် ‌ရေးထားပါတယ် ။ ဆရာဗန်း‌မော်တင်အောင် က သူ့ ပထမဆုံး ‌ရေးတဲ့ “ ဖုန်း‌မောင့် တစ်‌ယောက်တည်းရယ် ” ဝတ္ထု မှာ ‌တော့ကာပဲရယ် နဲ့ ၊ ‌တော့ကာပဲရယ် နဲ့ လို့ ‌ရေးခဲ့တာကို ‌နောက် ဆယ်နှစ် ကြာ‌တော့ ဒီ စာအုပ်ကို ပြန် ရိုက်ရာမှာ သူ ရှက်‌နေတယ်တဲ့ ။ ငယ်ငယ်တုန်းက သူ ‌ရေးခဲ့တဲ့ အ‌ရေးအသား‌တွေ နဲ့ ပတ်သက်ပြီး သူ ပြုံးမိတယ်တဲ့ ။ ကျွန်‌တော် က‌တော့ ကျွန်‌တော့် အ‌ရေးအသား နဲ့ ပတ်သက်ပြီး ခုချိန်ထိ ပြုံးမိတယ် မဟုတ်ဘူးလို့ ။ ဒုတိယအကြိမ် ထုတ်‌ဝေစဉ်က အမှာစာ ထပ်ထည့်တယ် ။

ဘာဖြစ်လို့လဲ ဆို‌တော့ ကျွန်‌တော့် အ‌ဖေ ဟာ ဒီ‌နေ့ ထက် ထိ ခုံဖိနပ် ပဲ စီးတယ် ။ အဲဒီ အတွက် ခုံဖိနပ်ကြီး ‌အောက်‌နေပြီလို့ ‌ပြောလို့ မရဘူး ။ ခုံဖိနပ်ကြီး က ‌ခေတ်မစားတော့ဘူး ။ သား‌ရေဖိနပ် စီးပါလားလို့ ‌ပြောလို့ မရဘူး ။ လူ ဆိုတာ သူ့စိတ်ကူး နဲ့ သူပဲ ။ ဆို‌တော့ “ အချစ် ” ဝတ္ထု နဲ့ ပတ်သက်ပြီး အ‌ရေးအသား ကို ဒီ‌နေ့ ထက်ထိ ကျွန်‌တော် ကြိုက်‌နေတုန်းပဲ ။ ကြိုက်တဲ့‌ နေရာမှာ ကွာတာ တစ်ခုက‌တော့ ရှိတယ် ။ စာ‌ရေးဆရာ တစ်‌ယောက် အ‌နေနဲ့ ကြိုက်တာနဲ့ ၊ ပရိသတ် တစ်‌ယောက် အ‌နေနဲ့ ကြိုက်တာ ... ။

ဆိုပါစို့ဗျာ ၊ ခု‌ခေတ် မှာ ဘာ ကား‌တွေ ‌ခေတ်စားတယ် ‌ပြော‌ပြော ဂျစ်ကား ကို လက်လွှတ်လို့ မရဘူး ။ အဲဒီနည်းတူပဲ ။ ကျွန်‌တော် ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့ အလုပ် တစ်ခု ကိုလည်း ကျွန်‌တော် လက်မလွှတ်နိုင်ပါဘူး ။ သို့‌သော်လည်း ကျွန်‌တော် လုပ်ဦးမလား ဆို‌တော့ မလုပ်‌တော့ဘူး ။ ဒါကို ‌နောက်လူငယ်‌တွေ လုပ် လိမ့်မယ် ၊ ချာတိတ်‌တွေ ၊ ‌နောက် တက်လာမယ့် လူငယ်‌တွေ လုပ်လိုက်မယ် ။ သို့‌သော် မကြိုက်ဘူးလား ဆို‌တော့ ကြိုက်တယ် ။

ကိုယ့် သားသမီးပဲဗျာ ။ အသက် ဘယ်‌လောက် ကြီးသွား ကြီးသွား မချစ်ရဘူးလို့ မှ မရှိဘဲ ။ ဒါက ရှင်းရှင်း ‌လေးပါ ”

“ အချစ်ဝတ္ထု‌တွေ ‌ရေးတဲ့ စာ‌ရေးဆရာ ၊ အိမ်‌ထောင်သည် တစ်‌ယောက် အ‌နေနဲ့ “ အချစ် ” နဲ့ ပတ်သက်ပြီး ဘယ်လို ခံစားမိပါသလဲ ။ သိတယ် မဟုတ်လား ၊ ကျွန်‌တော် ‌မေးချင်တာ ”

“ ကိုဝင်းငြိမ်း‌ ရေ ... ခင်ဗျား ‌မေးတဲ့ အချစ် ကို ကျွန်‌တော် စိတ်မဝင်စားဘူး ။ ကျွန်‌တော့် မိန်းမ ‌ဈေး က ဘယ်အချိန် ပြန်လာမလဲ ဆိုတာကို စိတ်ဝင်စားတယ် ။ ကျွန်‌တော့် သား‌လေး နဲ့ သမီး‌လေး ‌ဈေး က အပြန် ကား‌ပေါ် က လိမ့်ကျမလား ၊ ဘာလား ဆိုတာကိုပဲ စိတ်ဝင်စား‌နေပါတယ် ”

“ ဆရာ့ က‌လောင်နာမည် ယူတာနဲ့ ပတ်သက်လို့ နည်းနည်း‌ ပြောပြပါဦး ။ က‌လောင်နာမည်တူ ခပ်ဆင်ဆင် ‌ပေါ့ ‌လေ ၊ ကြားဖူးသလားလို့ ”

“ က‌လောင်နာမည် ယူခဲ့တာက‌တော့ ကျွန်‌တော့် အ‌ဖေ ခပ်ငယ်ငယ်က သု‌မောင် ဆိုတဲ့ က‌လောင်နာမည် နဲ့ ဝတ္ထုအတိုအစက‌လေး‌တွေ ‌ရေးခဲ့ဖူးပါတယ် ။ ဒါ‌ပေမဲ့ မ‌အောင်မြင်ခဲ့ပါဘူး ။ ကြံကြံဖန်ဖန် “ သာဓု ” နဲ့ ကျမှ ‌အောင်မြင်တယ် ။ ‌ကောင်းပါတယ် ။ တစ်သက်လုံး ဘုရားရှိခိုးတိုင်း ဒီနာမည်က ပါ‌နေမှာကိုး ။

ကျွန်‌တော့် အလှည့်ကျမှ ဒီ က‌လောင်နာမည် က ‌အောင်မြင်လာတယ် ။ ကျွန်‌တော် ကလည်း မြတ်မြတ်နိုးနိုး ဒီနာမည် ကို အ‌ဖေ့ ဆီက အ‌မွေ အဖြစ် ယူလိုက်တယ် ။ ကျွန်‌တော်တို့ အ‌မေ့ ဆီက အ‌မွေယူစရာ ဆိုလို့ ဦး‌နှောက် ပဲ ရှိပါတယ် ။

ဆို‌တော့ ဒီနာမည် နဲ့ ပတ်သက်လို့ ကျွန်‌တော့် အ‌ဖေ နဲ့ တန်းတူ အချိန်‌လောက်တုန်းက “ တက္ကသိုလ် သု‌မောင် ” ဆိုပြီး တစ်‌ယောက် ‌ပေါ်ဖူးပါတယ် ။ ဆရာတက္ကသိုလ်သု‌မောင်‌ ပေါ့ ။ အမည်ရင်း က ဦးတင်ကိုကို လို့ ကြားပါတယ် ။ ဒုဗိုလ်မှူးကြီး လား ၊ ဗိုလ်မှူးကြီး လား‌ တော့ မ‌ပြောတတ်ဘူး ။

‌နောက်ပြီး‌တော့ လည်း ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် မှာ ကျွန်‌တော် စာအုပ်‌တွေ ‌မွှေတဲ့‌နှောက်တဲ့ ‌နေရာမှာ “ တက္ကသိုလ်သု‌မောင် ” ဆိုပြီး သ‌ရော်စာ ‌ရေးတဲ့ ဆရာ တစ်‌ယောက် ရှိခဲ့ဖူးတယ် ဆိုတာ ‌တွေ့ခဲ့ရဖူးပါတယ် ”

“ ‌ကျေးဇူးပဲ ဆရာ ၊ ရုပ်ရှင် နဲ့ ပတ်သက်ပြီး ကျွန်‌တော် ‌မေးချင်ပါတယ် ။ ‌နှောင်းတ‌မြေ့‌မြေ့ က စပြီး ဒီ‌နေ့ အထိ သရုပ်‌ဆောင် ခဲ့ရာမှာ ဘယ်လို အခန်းမျိုး သရုပ်‌ဆောင်ရတာ ပိုပြီး အားရပါသလဲ ”

“ သဘာဝကျကျ နဲ့ ရယ်ရတဲ့ ကားမျိုး ကို သ‌ဘောကျတယ် ။ အရင်တုန်းက‌တော့ အလွမ်း‌တွေ ရိုက်ချင်တယ် ။ လွမ်းပြရမှာလည်း ကျုပ် ရုပ်ကြီး နဲ့ လွမ်းပြရ‌တော့ တစ်မျိုးကြီးပဲဗျ ။ အဲဒီ‌တော့ ‌လောင်တာ ‌ကောင်းတယ်ဗျ ။ လူ‌တွေ ‌ပျော်‌နေရင် ‌ကောင်းတာပဲ‌ပေါ့ ။ လူ‌တွေ စိတ်ညစ်ရရင် မ‌ကောင်းဘူး ။ ဒါ‌ကြောင့် ‌ပျော်စရာ ‌ကောင်းတဲ့ ကား‌တွေပဲ ရိုက်ချင်တယ် ”

“ ငယ်သူငယ်ချင်း သုံး‌ယောက် ရှိ‌လေသည် ” ကား မှာ ဒါရိုက်တာ လုပ်ပြီး‌ နောက် ဒါရိုက်တာ မလုပ်‌တော့ဘူးလား ၊ လုပ်ဖို့‌ကော အစီအစဉ် ရှိလား ”

“ ငယ်သူငယ်ချင်း က ကျွန်‌တော် ပထမဆုံး ဒါရိုက်တာ လုပ်တဲ့ ကားပါပဲ ။ ပထမဦးဆုံး ဆိုလို့ ‌နောက်ထပ် ရှိသေးလား ဆို‌တော့ မရှိဘူးဗျ ။ မရှိဘူး ဆိုတာက နှစ်မျိုးဗျ ။ ကိုယ်တိုင် ဒါရိုက်တာ မလုပ်တာလည်းပါတယ် ။ ပိုက်ဆံ မရှိတာလည်းပါတယ် ။ ပိုက်ဆံ ရှိမှ ဒါရိုက်တာ လုပ်လို့ ရတာကိုး ။ သူများ‌တွေ လာ ငှားရင် ရိုက်ရ‌အောင်ကလည်း ခက်တာက ကျွန်‌တော်တို့ အ‌ဖေ က စပြီး အစဉ်အဆက် ကို က ကျွန်‌တော့် ညီ အငယ်ဆုံး မင်းလူ အထိ သူများ ခိုင်းရင် မလုပ်ချင်ဘူး ။

ဆိုပါစို့ဗျာ ... ဟိုတစ်‌လောတုန်းက ကျွန်‌တော့် ဝတ္ထု “‌ ကြွေး ” ကို “ အ‌ကြွေး ” အဖြစ်နဲ့ ရုပ်ရှင် ရိုက်ဖို့ လာ ငှားတယ် ။ အဲဒါ မန္တ‌လေး က မယူဘူး ။ ‌အောက်မြန်မာပြည် ကလည်း မယူဘူးတဲ့ ။ ဘာဖြစ်လို့လဲ ဆို‌တော့ နာမည်က “ အ‌ကြွေး ” ဖြစ်‌နေမှာ စိုးလို့ နာမည်‌ပြောင်း‌ပေးပါ ဆိုလို့ ကျွန်‌တော့် မှာ နာမည်‌ပြောင်း ‌ပေးလိုက်ရတယ် ။ အဲဒီ ပြဿနာမျိုး‌တွေ တစ်ပုံကြီး ရှိ‌တော့ ဒါရိုက်တာ လုပ်ဖို့ ‌တော်‌တော်ခက်‌နေတယ် ။

လုပ်‌တော့ လုပ်မှာပါပဲ ။ မလုပ်လို့ မဖြစ်ဘူး ။ ဘာဖြစ်လို့လဲ ဆို‌တော့ ကျွန်‌တော့် အ‌ဖေ က ဒါရိုက်တာ ၊ ကျွန်‌တော့် အစ်ကို က ဒါရိုက်တာ ဆို‌တော့ ကျွန်‌တော် ဒါရိုက်တာ မလုပ်လို့ မရ‌တော့ဘူး ၊ လုပ်ရမယ် ။ ဒါ ကျွန်‌တော် တို့ရဲ့ မိရိုးဖလာပဲ ”

“ ငယ်သူငယ်ချင်း သုံး‌ယောက် ရှိ‌လေသည် ” ‌ကြော်ငြာပိုစတာ မှာ ဘာဖြစ်လို့ လက်‌လေး‌ချောင်း ‌ထောင်ပြထားတာလဲ ”

“ ရှင်းရှင်း‌လေးပါ ။ တချို့က ‌ပြောတယ် ။ မင်းသား မင်းသမီး ‌လေး‌ယောက် ပါလို့တဲ့ ။ သုံး‌ချောင်း ‌ထောင်‌တော့ ဘာညာ‌ပေါ့ဗျာ ‌ပြောကြတယ် ၊ တစ်‌ချောင်း‌ ထောင်ရင် သတိထားလို့ ‌ပြောရာ ‌ရောက်တယ် ။ နှစ်‌ချောင်း ‌ထောင်‌တော့ ခု‌ခေတ် က‌လေးစကား နဲ့ ‌ပြောရင် “ ပိစ် ”‌ ပေါ့ ။ ‌အေးချမ်း‌စေ‌ပေါ့ ။ သုံး‌ချောင်း ‌ထောင်ရင် ငယ်သူငယ်ချင်း သုံး‌ယောက် အဓိပ္ပာယ်‌ပေါ့ ။ ‌လေး‌ချောင်း ‌ထောင်‌တော့ ဘာလဲလို့ လာ‌ မေးကြတယ် ။ အဲဒါ ‌ကြော်ငြာပဲ‌ပေါ့ ။ ကျွန်‌တော် ‌ကြော်ငြာစာရွက် သက်သာသွားတာ‌ပေါ့ ”

“ ဆရာ ဝတ္ထု‌ရေး တဲ့ ‌နေရာမှာ ရုပ်ရှင်ရိုက်ဖို့ ရည်ရွယ်ပြီး ‌ရေးတဲ့ ဝတ္ထု ရှိပါသလား  ”

“ ဝတ္ထု‌ ရေးတဲ့‌ နေရာမှာ ရုပ်ရှင် ရိုက်ဖို့ စိတ်မကူးပါဘူး ၊ ဒါ‌ပေမဲ့ တစ်ခါတ‌လေမှာ ကျွန်‌တော်တို့ ရုပ်ရှင်နယ် က ရုပ်ရှင်ရိုက်ဖို့ ဝတ္ထုက‌လေး ‌ရေး‌ပေးပါ ဆိုပြီး လာတတ်တယ် ။ အဲဒါမျိုးကျ‌တော့ ‌ရေးရတယ် ။ သို့‌သော် တစ်ခါ တ‌လေ ကိုယ့်ဟာ ကိုယ် ဝတ္ထု‌ ရေးတာပဲ ၊ ရုပ်ရှင် ရိုက်ရ‌ကောင်းမလားလို့ ဆိုတဲ့ အ‌တွေးက‌လေး ဝင်လာ လိုက် ရင် အဲဒီဘက် ကို ယိုင်ယိုင်သွားတတ်တာမျိုး ရှိတယ် ။ ဥပမာ - “ အကယ်ဒမီ ” ဝတ္ထု ... ”

“ ရုပ်ရှင် ရိုက်ရင်း‌ကော ဝတ္ထု‌ ရေးဖြစ်တာမျိုး ရှိသလား ”

“ ‌ရေးဖြစ်ပါတယ် ။ ‌ရေးဖြစ်တဲ့‌ နေရာမှာ နှစ်မျိုး ရှိတယ် ။ တစ်မျိုးက ဒီ‌ကောင်မ‌တွေ ယိုးဒယား က ပြီး ‌တော်‌တော် နဲ့ ‌ရောက်မလာ‌သေးလို့ ပျင်းတဲ့ အချိန်မှာ ‌ရေးဖြစ်တာ ရှိတယ် ။ ယိုးဒယား က‌နေတယ် ဆိုတာ ကိုဝင်းငြိမ်း သိရဲ့လား ။ လက်သီး နဲ့ ထိုးမယ့် အ‌ရေးကို မထိုး‌သေးဘဲ ဟန်ပြင်‌နေတာကို ‌ပြောတာဗျ ။

‌နောက်တစ်မျိုးက အဲဒီ ရိုက်ကွင်း ထဲ က လူ‌တွေရဲ့ ဘဝ ကို ကြည့်ပြီး ‌ရေးဖြစ်တာမျိုး ၊ ဆိုပါ‌တော့ဗျာ ၊ ကျွန်‌တော် ‌ရောက်သွားရင် မင်းသား ၊ မင်းသား ၊ မင်းသား ဆိုပြီး ဘာစားမလဲ ၊ ဘာလုပ်မလဲ ‌မေးကြတယ် ၊ ‌နေရာ ‌ပေးကြတယ် ။ မင်းသမီး လာရင်လည်း ဒီလိုပဲ ။ ဒါ‌ပေမဲ့ ဟို ... လူကြမ်းကျ‌တော့ တစ်မျိုး ၊ အဲဒီထက်ဆိုးတဲ့ မီးထိုး ၊ မှန်ထိုး က‌လေး‌တွေ ကျ‌တော့ ပစ်ထားကြတယ် ။ အဲဒီ ဘဝ‌တွေ ‌တွေ့ရ‌တော့ ဝတ္ထု ‌ရေးဖြစ်သွားတယ် ”

“ သရုပ်‌ဆောင် ရှားပါးတဲ့ ပြဿနာ နဲ့ ပတ်သက်ပြီး ဘယ်လို ‌ဖြေရှင်းရင် ‌ကောင်းမယ်လို့ မြင်ပါသလဲ ”

“ ဒီ‌ မေးခွန်းကို ‌ဖြေရရင်‌တော့ ကျွန်‌တော်တို့ အပါအဝင် နာမည် ရှိတဲ့ မင်းသား‌တွေ ၊ နာမည် ရှိတဲ့ မင်းသမီး‌တွေ တဖြည်းဖြည်း နာမည် မကျ ကျသွား‌အောင် ဒါရိုက်တာ‌တွေ က ရိုက်‌ပေးလိုက်ရင် ‌နောက်ထပ် သရုပ်‌ဆောင်သစ်‌တွေ တက်လာမှာပါပဲ ။ ရှင်းပါတယ်‌နော် ”

“ ဂီတ ဘက် ဆက်ကြရ‌အောင် ၊ ‌ခေတ်‌ဟောင်း‌တေး‌တွေ ပြန်ဆိုတဲ့‌ နေရာမှာ မူရင်း ကို နား‌ထောင်‌လေ့ရှိပါ သလား ”

“ အထူးသဖြင့် ‌ခေတ်‌ဟောင်း က မူရင်း ကို မြန်မာ့အသံ မှာ သွား နား‌ထောင်ပါတယ် ။ ပြီး‌တော့လည်း ကျွန်‌တော့် အရင် ပြန်ဆိုသွားကြတဲ့ ကိုဝင်းဦး တို့ ၊ ကိုမင်း‌နောင် ၊ ကို‌မောင်‌မောင်ကြီး ၊ ‌ဇော်မင်း‌လေး စသူ တို့ရဲ့ သီချင်း ‌တွေ ကို လည်း ပြန် နား‌ထောင်ပါတယ် ။

မူရင်းသီချင်း ကို ‌ရေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီး‌တွေ ရှိ‌သေးရင် ဒီ ပုဂ္ဂိုလ်ကြီး‌တွေ ဆီမှာ သွား‌ လေ့လာပါတယ် ။ မရှိ‌တော့ ရင် ပါဝင် တီးခတ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဆီ မှာ ချဉ်းကပ်‌လေ့လာပါတယ် ”

“ ဥဩဘ‌သောင် ရဲ့ သီချင်း‌တွေ ကို ဆိုရာမှာ ဘာဖြစ်လို့ ကိုယ်ပိုင် အသံ နဲ့ မဆိုဘဲ သူ့ အသံနဲ့ တူ‌အောင် လုပ် ဆိုပါသလဲ ”

“ သူ ဆိုတဲ့ သီချင်းမို့ သူ့ အသံ နဲ့ တူ‌အောင် လုပ်ဆိုတာပါ ။ ဥဩဘ‌သောင် ဆိုတဲ့ သီချင်း ကို ကျွန်‌တော် က ကိုဝင်းဦး အသံ နဲ့ ဆိုမယ် ၊ သု‌မောင် အသံ နဲ့ ဆိုမယ် ဆိုရင် ပျက်သွားမှာ စိုးလို့ပါ ။ တချို့ သီချင်း‌တွေမှာ ကျွန်‌တော့် မူ နဲ့ ဆိုတာ‌တွေ ရှိပါတယ် ။ ဒါ‌ပေမဲ့ ဥဩဘ‌သောင် က‌တော့ ကျွန်‌တော် သိပ်ပြီး ‌လေးစားကြည်ညို တဲ့ ပုဂ္ဂိုလ်မို့ သူ့ အသံ နဲ့ မတူ တူ‌အောင် လုပ်ဆိုခဲ့တာပါ ”

“ သီချင်း ဆိုတဲ့‌ နေရာမှာ တချို့က လျှာဖျား နဲ့ ၊ တချို့က လည်‌ချောင်း က ၊ တချို့က ရင်ထဲ က ဆိုကြတယ် ။ ကိုသု‌မောင် က ဘယ်လို ဆိုပါသလဲ ”

“ ကျွန်‌တော် က‌ တော့ ရင်ဘတ် နဲ့ ဆိုပါတယ် ။ ရင် ထဲက လာတဲ့ အသံဟာ အသက်အဝင်ဆုံး လို့လည်း ယုံကြည်လို့ပါ ”

“ ဒီ‌နေ့ ဂီတ‌လောက အ‌ပေါ် ဘယ်လို မြင်ပါသလဲ ”

“ လူဆိုး ဖြစ်ဖြစ် ၊ လူ‌ကောင်း ဖြစ်ဖြစ် သူ့ဟာနဲ့ သူ‌တော့ ‌ကောင်း‌နေကြတာပါပဲ  ”

“ ‌ခေတ်‌ပေါ်ဂီတ အ‌ပေါ်မှာ‌ကော “

“ ဟဲ ဟဲ ... ဟဲ ဟဲ ... ”

“ ဘယ်လိုလဲ ... နှာ‌စေး‌ နေလိုက်တာလား ။ ဒါဆို ဒီ‌နေ့ ‌ရေး‌နေကြတဲ့ ‌တေးစာသား‌တွေ အ‌ပေါ်မှာ‌ကော ဘယ်လို မြင်ပါသလဲ ”

“ ဒီ‌မေးခွန်း မှာ‌တော့ နှစ်ခု ‌ပြောပါရ‌စေ ။ တစ်ခုက အများအားဖြင့် လူငယ်‌တွေ ကို ဘက်လိုက်ပြီး‌တော့ ‌ကောင်းတဲ့ အ‌တွေးအ‌ခေါ်‌တွေ ‌ပေးတာ ‌တွေ့ပါတယ် ။ ‌နောက်တစ်ခု က‌တော့ အရမ်း လွမ်းပြီး ၊ အရမ်း‌ဒေါသ ‌တွေ ကြီး‌နေကြတာ ‌တွေ့ပါတယ် ”

“ ကိုသု‌မောင် အခု ကက်ဆက်ဇာတ်လမ်း ‌တော်‌တော်များများ မှာ သရုပ်‌ဆောင်တာ ‌တွေ့ရပါတယ် ။ ကက်ဆက်ဇာတ်လမ်း ‌တော်‌တော်များများ ဟာ ဗရုတ်သုတ်ခ နဲ့ ‌တော်‌တော် ဒုက္ခ‌ပေး‌နေကြပါတယ် ။ ဒီလို ဇာတ်လမ်း ‌တွေ မှာ‌ ကော သရုပ်‌ဆောင်‌ ပေး‌နေတာပဲလား ”

“ အဲဒါနဲ့ ပတ်သက်လို့ နိုင်ငံ‌တော်အစိုးရကို ကျွန်‌တော် ‌တော်‌တော် ‌ကျေးဇူးတင်‌နေပါတယ် ။ ဘာ‌ကြောင့်လဲဆို‌တော့ အခု တစ်နိုင်ငံလုံး စာတတ်‌မြောက်‌ရေးကိစ္စ လုပ်‌နေတယ် ။ အဲဒီလို လုပ်‌နေတဲ့ အတွက်‌ကြောင့် ‌နောင် လာမယ့် ဘယ်နှနှစ်လဲ‌တော့ မသိဘူး‌ပေါ့ဗျာ အဲဒီကျရင် တစ်နိုင်ငံလုံး စာတတ် သွားမယ်ဆိုရင် အခု ကိုဝင်းငြိမ်း ‌ပြောတဲ့ ဗရုတ်သုတ်ခ အားလုံး ပ‌ပျောက်သွားပါလိမ့်မယ် ။

‌လော‌လောဆယ် မှာ‌တော့ မရ‌သေးဘူး ။ သူတို့ အသိဉာဏ်ဟာ နည်းနည်း နိမ့်‌နေ‌သေးတယ် ။ တစ်နိုင်ငံလုံး စာတတ်လာရင်‌တော့ အသိဉာဏ်‌တွေ မြင့်မားလာပြီး‌တော့ တိုင်းပြည် အတွက် ဘာလုပ်မယ် ၊ ဘာကိုင်မယ် ဆိုတာတွေ ‌ပေါ်လာမယ် ။ အဲဒီအခါမှာ အလိုလို‌နေရင်း အခုနက ကိစ္စ‌တွေ ‌ပျောက်သွားပြီး အကျိုးပြု စာ‌ပေ ၊ အကျိုးပြု ဇာတ်လမ်း ၊ အကျိုးပြု ‌တေးသရုပ်‌ဖော် ၊ အကျိုးပြုရုပ်ရှင် ၊ အကျိုးပြု သီချင်း စသည်ဖြင့် ‌ပေါ်‌ပေါက်လာပါလိမ့်မယ် ။ အဲဒီလို ကျွန်‌တော် ယုံကြည်ထားပါတယ် ။

အခု အချိန်မှာ ဒီ ဗရုတ်သုတ်ခ‌တွေ မှာလည်း ကျွန်‌တော် သရုပ်‌ဆောင်‌ နေရတယ် ။ ဘာ‌ကြောင့်လဲ ဆို‌တော့ ကျွန်‌တော် ‌ကျွေး‌မွေးထားရတဲ့ သူ ‌မြောက်မြားစွာ ရှိပါတယ် ။ ကျွန်‌တော့် အ‌ဖေ လက်ထက် ကတည်းက စခဲ့တဲ့ အလုပ်သမား‌တွေ‌ရော ၊ ‌ဆွေမျိုးအသိုင်းအဝိုင်း‌တွေ‌ ရော ကျွန်‌တော့် အ‌ပေါ် မှာ တာဝန် အများကြီးရှိပါတယ် ။ ကျွန်‌တော်တို့ ခြံ ထဲမှာ က‌လေးချည်း ပဲ ၈၇ ‌ယောက် ရှိတယ် ။ အဲဒီက‌လေး‌တွေ ကို ‌ကျွေးနိုင်ဖို့ အတွက် တစ်ခါတစ်ရံ မှာ မတတ်သာတဲ့ အဆုံး မှာ ဒီကိစ္စကို လုပ်‌နေရပါတယ် ။

မနက် မိုးလင်းရင် “ ဦးဦးသု‌မောင် ၊ ပိုက်ဆံတစ်မတ် ‌ပေးပါ ” ဆိုတဲ့ က‌လေး ၈၇ ‌ယောက် အတွက် ကျွန်‌တော် သရုပ်‌ဆောင်‌ နေရပါတယ်လို့ပဲ ‌ပြောပါရ‌စေ ”

“ စာ‌ပေဟော‌ပြောပွဲတွေ ကို ကျင်းပတဲ့‌ နေရာမှာ ဝင်‌ကြေး ၊ အခ‌ကြေး‌ငွေ ယူ‌နေကြတာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ ”

“ အစဉ်အလာ အရက‌တော့ စာ‌ပေ‌ဟော‌ပြောပွဲ ကို ‌ငွေ‌ကြေး‌ ပေးပြီး နား‌ထောင်ရတယ်ဆိုတာ မရှိခဲ့ပါဘူး ။ ဒါ‌ပေမဲ့ အခု‌ နောက်ပိုင်းမှာ ကြိုးကြားကြိုးကြား ‌ငွေ‌ကြေး လက်ခံပြီး‌တော့ လုပ်လာကြတာ ‌တွေ့ရပါတယ် ။

အဲဒီ အတွက် ‌ကောင်းတာ လည်း ရှိသလို ၊ မ‌ကောင်းတာ လည်း ရှိပါတယ် ။ ဘာ‌ကောင်းလာသလဲ ဆို‌တော့ အခ‌ကြေး‌ငွေ မယူဘဲ အ‌ပေါစားဆန်ဆန် လုပ်‌တော့ အ‌ပေါစား ‌ဟေးလားဝါးလား လုပ်တဲ့ သူ‌တွေ ရှိခဲ့ဖူးတာ သန့်သွားတယ် ။ မ‌ကောင်းတာ က‌တော့ တကယ် နား‌ထောင်ချင်ပါလျက် နဲ့ ‌ငွေ‌ကြေး မတတ်နိုင်လို့ နားမ‌ထောင်ရတဲ့ သူ‌တွေ ရှိတဲ့အတွက် ‌ဟော‌ပြောရတဲ့ စာ‌ရေးဆရာ‌တွေ ဘက်က နစ်နာပါတယ် ။ ဘာ‌ကြောင့်လဲ ဆို‌တော့ တကယ့် စာဖတ်ပရိသတ် ‌လျော့သွားသလိုပါပဲ ”

“ ‌ကျေးဇူးပါပဲ ဆရာ ... အချိန်တို အတွင်း မှာ ဆရာနဲ့ ပတ်သက်ပြီး ‌ဆွေး‌နွေးရတာ မပြည့်စုံ‌သေး‌ပေမယ့် စာဖတ်ပရိသတ် သိချင်တာ‌တွေ ‌တော်‌တော်များများ‌တော့ ‌ဆွေး‌နွေးခွင့် ရလိုက်ပါတယ် ။ ‌ပေဖူးလွှာ အတွက် အချိန်‌ပေးခဲ့တဲ့ အတွက် အများကြီး ‌ကျေးဇူးတင်ပါတယ် ။ ဆရာ ကျင်လည်‌နေရတဲ့ အနုပညာ အားလုံးမှာ ‌အောင်မြင်ပါ‌စေလို့ ဆန္ဒပြုခဲ့ပါတယ် ”

  ▢ ဝင်းငြိမ်း
‌📖 ပေဖူးလွှာ မဂ္ဂဇင်း
      အမှတ် - ၃၂
      ဇန်နဝါရီလ ၊ ၁၉၈၄

ဈေးချိုထမင်းဆိုင်


 

❝ ဈေးချိုထမင်းဆိုင် ❞

မန္တလေး ဈေးချိုတော် အလယ်ပေါက်ထိပ် က စန်းစန်းဝေ ၊ မြန်မာထမင်းဆိုင် ကို ကျွန်တော် ရောက်သွားတာက လူတွေ နေ့လယ်စာ စားချိန်ဖြစ်နေတယ် ။

ဆိုင်ထဲမှာ စားပွဲဝိုင်းတိုင်း ထမင်း ထိုင်စားသူ အပြည့် ။ ဆိုင်ရှေ့ပိုင်း က ထမင်းဟင်း ထည့်တဲ့ မှန်ကောင်တာ ဘေးမှာ လည်း ပါဆယ်ဆွဲသူ အပြည့် ။ ပါဆယ် လာဆွဲသူ အများစုက အမျိုးသမီးငယ်လေးတွေ ဖြစ်ပြီး လုပ်ငန်းခွင် ဝတ်စုံတွေ ဝတ်ထားတာ တွေ့ရတယ် ။ တစ်ရာဖိုး ၊ နှစ်ရာဖိုး ၊ သုံးလေးရာဖိုး ဟင်းထုပ်ကလေးတွေ ဆွဲပြီး ပြန်ထွက်သူက ထွက်ခွာသွား ၊ နောက်ထပ် ရောက်လာသူက မှန်ကောင်တာ ထဲက ဟင်းခွက်တွေကို ကြည့်ရှု ရွေးချယ်ပြီး ဝယ် ။

ဒေါ်စန်းစန်းဝေ က ဇယ်ဆက်သလို ဟင်းတွေကို ပလတ်စတစ်အိတ်ထဲ ခပ်ထည့်ပေးနေတယ် ။ သူ့ နောက်က စားပွဲ မှာတော့ ဒေါ်စန်းစန်းဝေ ရဲ့ ခင်ပွန်း ဦးကြွယ်တင် က ငွေကိုင် လုပ်တယ် ။ သူတို့ ဇနီးမောင်နှံ က မောင်တစ်ထမ်း မယ် တစ်ရွက် အလုပ်လုပ်တဲ့ ပုံစံ ပေါ်လွင်နေတယ် ။

ထမင်းဆိုင်မှာ ငါးဟင်း ၊ ပဲကြီးနှပ် ၊ ခရမ်းချဉ်သီး ပန်ထွေဖျော် နဲ့ ကျွန်တော် နေ့လယ်စာ စားတယ် ။ ဧည့်သည်ပါးမယ့် အချိန်တစ်ချိန် မှာ ကျွန်တော် နောက်တစ်ခေါက် ထပ်လာပြီး စကားစမြည် ပြောဖို့ခွင့်တောင်းတယ် ။

ညနေ ၃းဝဝ နာရီ ကျွန်တော် နောက် တစ်ခေါက် ထပ် ရောက်တော့ ဆိုင်ထဲမှာ ဧည့်သည် မရှိတော့ဘူး ။ ဈေး ထဲ မှာ ထမင်းဆိုင် ဖွင့်တဲ့ သူ့ ဘဝကို ကျွန်တော် စိတ်ဝင်စား လို့ ပြောပြဖို့ မေတ္တာရပ်ခံတော့ ဒေါ်စန်းစန်းဝေ  ( ယခု အသက် ၄၉ နှစ် ) က လက်ခံတယ် ။ သူ့ခင်ပွန်း လည်း အတူ ဝင်ထိုင်ပါတယ် ။ စကားဝိုင်း အစ မှာတော့ သူ့ရဲ့ ငယ်ဘဝပေါ့ ။

ဒေါ်စန်းစန်းဝေ က မန္တလေးသူ မို့ စကားပြောတဲ့ အခါ သူ့ ကိုယ်သူ ကျွန်တော် ဆိုတဲ့ နာမ်စားနဲ့ သုံးနှုန်းတယ် ။

“ ကျွန်တော့်ကို မန္တလေးဈေးချို ဒီဆိုင်မှာ ပဲ မွေးတယ် ။ အဖေတို့ က လူသုံးကုန် ပစ္စည်းတွေ ၊ ဆီတို့ ၊ ဘာတို့ ရောင်းတာ ။ ဒီနေရာ က အရင်က မိဘတွေ ရဲ့ဘိုးဘွားပိုင် ။ ကျွန်တော်တို့ ဆယ်တန်းနှစ် အရောက်မှာ ဈေးဧရိယာအဖြစ် သတ်မှတ် လိုက်တာ ”

သူတို့ဆိုင် နေရာက တစ်ခေတ်တစ်ခါ မန္တလေးဈေးချိုတော် ပြင် မဆောက် ခင်က ဈေးချိုတော် အလယ်ပေါက် နေရာ နဲ့ ခဲတစ်ပစ်စာပဲ ဝေးတယ် ။ ဈေးရုံ အနောက်ဘက် ကပ်လျက် ။

“ ညနေ ဈေးပိတ်လို့ ဈေးသည်တွေ ပြန် သွားပြီ ဆိုရင် ဈေးဝန်ထောက် အိမ်ရယ် ၊ ကျွန်တော်တို့ အိမ်ရယ်ပဲ ရှိတယ် ၊ ဈေးပိတ်ချိန်ဆိုရင် ဈေးချို အလယ်ပေါက်ကြီး ဘေး မှာ ကျွန်တော်တို့ ကလေးတွေ ကစားကြတာ ”

“ ကျောင်းနေတော့ကော ”

“ အမှတ် - ၁၇ အထက်တန်း မှာ နေတယ် ။ ကျောင်းက ယခု မျက်စိနားနှာခေါင်း လည်ချောင်းဆေးရုံ နေရာပေါ့ ။ ဆေးရုံလုပ်ဖို့ ကျွန်တော်တို့ ကျောင်းကို နန်းရှေ့ ရွှေ့လိုက်တယ် ။ ကျောင်းက နန်းရှေ့ ပြောင်း သွားတော့ သုံးတန်း မှာ အမှတ် - ၈ အထက်တန်းကျောင်း ကို ပြောင်းနေတယ် ။ အိမ် နဲ့ကျောင်း က နီးတော့ ခြေကျင်ပဲ ကျောင်းတက် ခဲ့တာ ”

“ ဒေါ်စန်းစန်းဝေ နေထိုင် ကြီးပြင်းခဲ့တာ က ဈေးပတ်ဝန်းကျင် ၊ မိဘ ကလည်း ဈေးသမားတွေ ၊ ငယ်ငယ်က မုန့်ဖိုး ကို သတ်သတ် ပေးသလား ၊ မိဘဆိုင် ပိုက်ဆံ သေတ္တာ ထဲ က နှိုက်သုံးရတာပဲလား ”

“ မိဘတွေ က စည်းကမ်း ကောင်းတယ် ။ မုန့်ဖိုး ကို သတ်သတ်ပေးတာ ။ ပြားခေတ်ကို မီသေးတယ် ။ တစ်တန်း ၊ နှစ်တန်းတုန်းက ကိုယ်တိုင် ပိုက်ဆံကိုင် မသုံး ရဘူး ။ အစ်မတွေ က နေ့လယ်ပိုင်း မှာ မုန့်ဝယ်ကျွေးတယ် ။ သုံးတန်း ရောက်တော့ တစ်နေ့ တစ်မတ် ( ၂၅ ပြား ) လောက်ရတယ် ”

“ ဘယ်နှတန်း အထိ ကျောင်း နေခဲ့သလဲ ”

“ ကျောင်းက ဆယ်တန်း နဲ့ထွက်တာ ။ အမျိုးသား က ဆရာဦးသန်းညွန့် ကျူရှင် မှာ အလုပ်လုပ် နေတာ ။ ကျွန်တော် က ကျူရှင် တက်ရင်း သူ နဲ့ တွေ့ပြီး အိမ်ထောင်ကျတာ ”

“ အိမ်ထောင်ကျတော့ စီးပွားခွဲသလား ၊ မိဘ အလုပ်ပဲ တွဲလုပ်သလား ”

“ အိမ်ထောင်ကျပြီး တစ်လ ၊ နှစ်လလောက် အတွင်းမှာပဲ မိဘ က ဆိုင်ခန်း ခွဲပေးတယ် ။ မိဘတွေ မှာ ဆိုင်ခန်း သုံးခန်းရှိတယ် ။ ဟိုတစ်ဖက် က အခန်းကို အစ်မ ကို ပေးတယ် ။ အလယ်ခန်းကို ကျွန်တော့် ပေးတယ် ။ နောက် တစ်ခန်းကို အစ်ကို့ ကို ပေးတယ် ။ အစ်ကို နဲ့ အစ်မ တို့ ဆုံးသွားပြီ ။ အဖေ ဆုံး တာလည်း ခြောက်နှစ်ရှိပြီ ။ အဖေ က ၉၄ နှစ် အရွယ် မှာ ဆုံးတယ် ။ အမေ က လွန်ခဲ့တဲ့ နှစ်၂၀ ကျော် က ၆၂ နှစ် မှာ ဆုံးတယ် ”

“ မွေးချင်း ဘယ်နှယောက် ရှိသလဲ ”

“ မွေးချင်း ရှစ်ယောက် မှာ ကျွန်တော် က အငယ်ဆုံး ။ အစ်ကို သုံးယောက် ၊ အစ်မ လေးယောက် ရှိတာ ။ ယခုတော့ ကျွန်တော် အပါအဝင် မောင်နှမ လေးယောက် ပဲ ကျန်တော့တယ် ။ အစ်ကို တစ်ယောက် က ဆရာဝန် ၊ လန်ဒန် မှာ နေတယ် ။ အစ်မ တစ်ယောက် က လည်း လန်ဒန် မှာ ပဲ နေတယ် ။ သူ့ အမျိုးသား က ဆရာဝန် ။ အစ်ကို တစ်ယောက် ကတော့ ရန်ကုန် မှာ ။ ကျွန်တော်တို့ မှာ သမီး တစ်ယောက် ၊ သား တစ်ယောက် ရှိတယ် ။ သမီးလေး က လန်ဒန် မှာ ဆေးကျောင်းတက်နေတယ် ။ သားလေး က စင်ကာပူ မှာ အင်ဖော်မက်တစ် တက်နေတယ် ။ အစ်ကိုတွေ က ထား ပေးတာပါ ”

ဆိုင်ခန်းလေး ထဲ ကနေ ကမ္ဘာထဲ ဖြန့်ကြက် ထွက်သွားတဲ့ မိသားစုကို ကျွန်တော် သဘောကျ နေမိပါတယ် ။

“ အိမ်ထောင်ကျခါစက ဆိုင် မှာ ဘာတွေ ရောင်းသလဲ ”

“ အိမ်ထောင်ကျပြီး ပထမ စ ရောင်းတာက မိဘ လက်ငုတ်လက်ရင်း ဆီ နဲ့ ပဲမျိုးစုံ ရောင်းတယ် ။ ဆီရောင်းရတာက ကိုင်ရပြုရတာ သန့်ရှင်းမှုမရှိဘူး ။ အရင်က ဆီပီပါ ကို လက်တွန်းလှည်း နဲ့ ကိုယ့်ဆိုင် ရှေ့ မှာ ကပ် ချလို့ရတယ် ။ နောက်ပိုင်း မှာ ဈေး က စည်းကမ်းသစ်တွေ ထုတ် လိုက်တော့ အဝင်အထွက် တွေ ခက်လာတယ် ။ ဆီပီပါ ချတော့မယ်ဆိုရင် ဟိုအဝေး မှာ ချ ပြီးမှ သယ်ရတာမျိုး အခက်အခဲ ဖြစ်လာတယ် ။ ကိုယ့် ဆီက ဝယ်တဲ့ ဖောက်သည်တွေ အတွက် လည်း ဆိုင်ရှေ့မှာ ကားမရပ်ရ ၊ မပြုရ နဲ့ အခက်အခဲ ဖြစ်လာတာ နဲ့ ကုန်ပြောင်း ရောင်းတယ် ”

“ ဘာတွေ ပြောင်းရောင်းသလဲ ”

“ ဓာတ်ခဲ တို့ ၊ စာရေးကိရိယာ တို့ ပြောင်းတယ် ။ နောက်တော့ အရောင်းအဝယ် ကလည်း ပါးလာတယ် ။ ကိုယ် ကလည်း အချက်အပြုတ် ဝါသနာပါတယ် ။ သမီး သူငယ်ချင်း တော်တော်များများ က ခေါက်ဆွဲဆိုင် ဖွင့်တဲ့သူ ။ ဘယ်လို ရောင်းရတယ်ဆို တာတွေ ပြောပြီး တိုက်တွန်းကြတယ် ။ ကိုယ်တိုင် ကလည်း တရုတ် နဲ့ ထိုင်း အချက်အပြုတ် သင်တန်းလည်း တက်ထားတော့ ရှမ်းခေါက်ဆွဲဆိုင် စဖွင့်တယ် ။ အဲဒီမှာ ရောင်းရတယ် ။ တအားကို ရောင်းရတာ ”

“ ထမင်းဆိုင် ဖြစ်သွားတာကကော ”

“ ဆိုင်နေရာ က ကျယ်တယ် ၊ ဈေးထဲမှာ ထမင်းဆိုင် ကောင်းကောင်းမရှိဘူး ။ ကိုယ် က ချက်တတ်နေပြီပဲ ။ ထမင်းဆိုင် ပြောင်းပါလား ။ အကြံပေးကြတာ နဲ့ ထမင်းဆိုင် ပြောင်းကြည့်တာ ပို အဆင်ပြေတယ် ”

သူတို့ ထမင်းဆိုင်ရှေ့ သံပြား ပေါ်မှာ “ စန်းစန်းဝေ ၊ မြန်မာ ထမင်းဟင်း မျိုးစုံ ” လို့ ရေးထားတဲ့ ဆိုင်းဘုတ် တစ်ခုရှိတယ် ။ ဆိုင်ထဲမှာလည်း နာမည်စာလုံးကြီးကြီး တွေ ဗီနိုင်း ပေါ် ရိုက်ပြီး နံရံ မှာ ချိတ် ထားတယ် ။ လုပ်ငန်းနာမည် ၊ ဆိုင်နာမည် ပေးတဲ့ အခါ ကိုယ့် နာမည်ကို ပြန် ပေးတာ စွန့်စားမှု တစ်ခုပဲ ။ နာမည် ပေးတဲ့ အကြောင်း ကျွန်တော် မေးတယ် ။

“ စ ဖွင့်ပြီး နှစ်လ ၊ သုံးလလောက် တော့ စိတ်ထဲမှာ တကယ်လို့ အလုပ်မဖြစ်ခဲ့ရင် ကိုယ့်နာမည် ကိုယ် ပြန်သတ်သလိုဖြစ်မှာ ။ ပိုပြီး ကြိုးစားချင်စိတ် ပေါ်လာတယ် ။ လုပ်ငန်း ကို ကိုယ့် နာမည်ရင်းအတိုင်း နာမည်ပေး ပြီးတော့ ကိုယ့် နာမည် ကို အဆုံးရှုံးအပျက်စီး မခံနိုင်ဘူး ။ ခုတော့ ဘယ်လောက်အထိ ရင်ဆိုင်နိုင်ပြီလဲ ဆိုရင် စန်းစန်းဝေ ဆိုတဲ့ ကိုယ့် နာမည် နဲ့ ဘယ်နေရာမှာ ပဲ ရောင်းရ ရောင်းရ ရောင်းနိုင်တယ် ။ သတ္တိ ရှိသွားပြီ ”

ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှု အပြည့်နဲ့ ဒေါ်စန်းစန်းဝေ က ပြောပြနေတယ် ။

“ အဓိက စေတနာ ။ စေတနာ ကောင်းကောင်း နဲ့ ပါဝင်တဲ့ ပစ္စည်းကို မခိုမကပ် ဘဲ ရောင်းရင် ထမင်းဆိုင် က ဘယ်နေရာမှာ မဆို ရောင်းကို ရောင်းရတယ် ”

သူ နဲ့ ကျွန်တော် စကားပြော နေချိန် မှာ ဆိုင်ဝန်ထမ်း အမျိုးသမီးတွေ က ကျွန်တော်တို့ ရှေ့က ဖြတ်ပြီး ဝင်ချည် ထွက်ချည် ။ နောက်ရက် ရောင်းဖို့ ပြင်ဆင်နေကြပုံ ရပါတယ် ။

“ ဒီနေ့ လို ညနေပိုင်း ကတည်း က နောက်နေ့ ရောင်းဖို့ အတွက် ချင်း ၊ ကြက်သွန်ဖြူ ပြင်ဆင်တယ် ၊ ကျန်တဲ့ သီးနှံ အသားငါးတွေ ကိုတော့ နောက် မနက်ကျမှ လုပ်တာ ၊ မနက်ဆို ၃း၃ဝ နာရီ လောက် အိပ်ရာက ထပြီး ဈေး ကို လာရတယ် ။ မနက် အစောကြီး ဈေးဝယ်တာ ပိုပြီး ဈေး သက်သာတယ် ။ ဥပမာ - လောလောဆယ် အနေအထား မှာ ချဉ်ပေါင်ရွက် အစည်း အစိတ် ( ၂၅ စည်း ) မှ နှစ်ရာ ( ကျပ် ၂ဝဝ ) ပဲ ပေးရတယ် ”

ပြောပြရင်း ဒေါ်စန်းစန်းဝေ  ရယ်ပါတယ် ။

“ အဲဒီ နှစ်ရာ မှာ သုံးစည်း က အပို ရတော့ ၂၈ စည်း မှ ငွေ နှစ်ရာ ရယ် ။ နောက် မနက် ၄း၃ဝ နာရီ ၊ ၅းဝဝ နာရီ လောက်ဆို တစ်ဆင့်ခံ ရောင်းမယ့် အသည်တွေ လက် ထဲ ရောက်သွားပြီ ။ အခုလို ညနေပိုင်း မှ ဝယ်ရင် ချဉ်ပေါင်ရွက် တစ်ရာ ( ကျပ် ၁၀၀ ) ဖိုး မှ သုံးစည်းတို့ ၊ ငါးစည်း တို့ပဲရတယ် ၊ မနက် အစောကြီး ဈေး ထ ဝယ်ရင် အသီးအနှံ အားလုံး လတ်လတ်ဆတ်ဆတ် ဈေးပေါပေါ နဲ့ ရတယ် ။ ဒါကြောင့်လည်း ဟင်းတွေ ကို ဈေး သက်သက်သာသာ နဲ့ ရောင်းနိုင်တာ ”

“ ဟင်းတွေ ရဲ့ဈေး က ဘယ်လိုလဲ ”

“ ခု ရောင်းတာက အရံဟင်း တစ်မျိုး ဆို အနည်းဆုံး တစ်ရာ ဖိုး ၊ အသားဟင်း ဆို ကျပ် ၃ဝဝ ဖိုး အနည်းဆုံး ၊ ဈေး က အများ စားနိုင်တဲ့ အနေအထားပေါ့ ။ အသား ဟင်း အမည်ပေါင်း က ၄၅ မျိုး လောက်ရှိတယ် ။ ဆိတ်သားဟင်း ကို အသားရိုးရိုးဟင်း ၊ ဆိတ်ကလီစာ ၊ ဆိတ်ခါးပတ်လုံး ၊ ဆိတ်သားခြောက်အချက် ၊ ဆိတ်သားခြောက် ကြော် ၊ ဆိတ်သားထောင်း အမျိုးမျိုး လုပ်ထားတာ ။ အရံဟင်း က ၁၅ မျိုးလောက် ရှိတယ် ။ ဟင်းရံ မှာ ရာသီပေါ် အင်ဥ ၊ မန်ကျည်းသီးစိမ်း ၊ မရန်းသီး ၊ ပဲကြီး လိုဟာ တွေလည်း ထည့်သွားတယ် ၊ ဈေးသက်သာတော့ လူတိုင်းစားနိုင်တယ် ”

“ ဘယ်အချိန် က စ ရောင်းရတာလဲ ”

“ ဧည့်သည် ဟင်းဝယ်သူ က မနက် ၇းဝဝ နာရီ လောက်ဆို ရောက်နေကြပြီ ။ ဈေးဆိုင်ဝန်ထမ်း ၊ ကုမ္ပဏီဝန်ထမ်း တွေ က တစ်နေကုန် အပြင် ပြန် မထွက်နိုင်တော့ အလုပ် မဝင်ခင် လာဝယ်ပြီ ၊ ဆိုင်စား ဧည့်သည်က ၈းဝဝ နာရီ လောက်က စပြီး တဖွဲဖွဲ ဝင်လာတာ ”

ဒေါ်စန်းစန်းဝေ ရဲ့ ထမင်းဆိုင် ထဲမှာ ကြည့်မှန်တွေ အများကြီး ချိတ်ထားတာ သတိထား မိတယ် ။ ဆိုင် ဈေးရောင်း ကောင်းအောင် ဖုန်းရွှေနည်းတွေ ၊ လာဘ်ခေါ်တာ မျိုးတွေ သူ့ မှာ အယူအဆ ရှိသလား မေးတော့ ဒေါ်စန်းစန်းဝေ က ဟက်ဟက်ပက်ပက် ရယ်ပါတယ် ။

“ ဟင်းထုပ်ဆွဲ လာဝယ်တာ က မိန်းကလေးငယ်ငယ်တွေ များတယ် ။ သူတို့ က ဈေးလာဝယ်ရင်း ကြည့်ချင်ကြလို့ ထားပေးတာပါ ။ တခြား ရည်ရွယ်ချက် မရှိပါဘူး ”

“ အစားအသောက် ရောင်းတာ ဆိုတော့ သန့်ရှင်းမှု လည်း ဂရုစိုက်ရမှာပေါ့ ”

“ ဆိုင်က အလုပ်လုပ်တဲ့ ကလေးမတွေ ကို ပြောထားတယ် ။ ကိုယ့် အစားအသောက် က ဘုရားဆွမ်းတော် တင် သူ တင် ၊ ဘုန်းကြီး ကပ် သူ ကပ် ၊ ကိုယ့် ထက် အသက်ကြီးတဲ့ သူ စားတာလည်း စား မို့ သန့်သန့်ပြန့်ပြန့် လုပ်ဖို့ မှာထားရတယ် ။ စိတ်ထား တတ်ရင် ကုသိုလ်ရတယ်လို့ ။ ဆိုင်က မိန်းကလေးတွေရဲ့ ဆံပင်ကို ခေါက်တင်ပြီး စည်းထားခိုင်းတယ် ၊ ဈေးဝယ်လာတဲ့ မိန်းကလေးတွေ ခေါင်းလျှော် ၊ ဆံပင် ဖားလျားချပြီး လာဝယ်ရင် တအား ဂရုစိုက်ရတယ် ။

◾ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

လာလော့ မုတ်သုန်


 

❝ လာလော့ မုတ်သုန် ❞
      ( မောင်နေဝင်း )

( ၁ )

ကမ္ဘာလောကကြီး တစ်ခုလုံး အိပ်မောကျနေဆဲ အချိန်မျိုး ဖြစ်သော်လည်း ရန်ကုန်ဆိပ်ကမ်း တစ်ဝိုက် မှာ မူ အသက်ဝင်လှုပ်ရှား နိုးကြားလျက် ရှိနေလေပြီ ။

အနောက်တောင် ဘက်ဆီမှ တိုးဝင် တိုက်ခတ်လျက် ရှိသော လေ သည် မိုးသက်မိုးနံ့များ ကို ယူဆောင်သယ်ပိုး ကာ မအိပ်စက်နိုင်လောက်အောင် အလုပ်ရှုပ် နေဟန် တူသော ရန်ကုန်ဆိပ်ကမ်း ဆီ သို့ အမောတကော ဆိုက်ရောက်လာသည် ။ လေ သည် အေးမြနေပါသေး၏ ။ ဆောင်းတု၏ အေးမြသော အငွေ့အသက်များသည် တပေါင်း ၊ တန်ခူးလ များ ၏ ပူပြင်းခြောက်သွေ့လှသည့် နေရောင်ခြည်အောက်၌ ကြေလွင့် ပျောက်ကွယ်သွားသည်မှာ မှန်လှပါ၏ ။ သို့သော် ယခု အနောက်တောင် ဘက်ဆီ မှ တိုက်ခိုက်လာသော လေ မှာလည်း အေးမြသော အတွေ့ ကို ပေးဆဲပင်တည်း ။

အချိန် မှာ နံနက်မိုးသောက်ယံ အချိန် ဖြစ်၏ ။ မိုးသောက်ယံ ဟူသော အချိန် မှာ ကမ္ဘာလောကကြီး တစ်ခုလုံး အိပ်စက်၍ ကောင်းတုန်း အချိန်မျိုးဖြစ်၏ ။ ယခုကဲ့သို့ မိုးသက်မိုးနံ့ သင်းပျံ့သော အခါသမယမျိုးတွင် ပို၍ပင် အိပ်စက် နေကြမည်သာဖြစ်၏ ။ သို့သော် ရန်ကုန်ဆိပ်ကမ်း ကား နိုးကြားလှုပ်ရှားလျက် ရှိလေပြီ ။

နံနက် ၅ နာရီ ခွဲ သည်နှင့် တစ်ပြိုင်နက် မြစ်ဝကျွန်းပေါ် သွား သင်္ဘော တို့ အစီအရီ ထွက်ကြပေတော့မည် ။ ကျိုက်လတ် ၊ ဒေးဒရဲ ၊ ဖျာပုံ ၊ ဘိုကလေး ၊ လပွတ္တာ ၊ ဓနုဖြူ ၊ စသော မြို့များသို့ ထွက်ခွာသွားကြမည့် မီးသင်္ဘောများ မှ အင်ဂျင်စက် နှိုးသံတွေ ကြားရပြီး ၊ လျှပ်စစ်မီးပွင့်များ တောက်လင်းလာကြသည် ။ ယင်းသို့ လျှပ်စစ် မီးပွင့်များ တောက်လင်းလာသည်နှင့် တစ်ပြိုင်နက် ခရီးသည်များက နေရာယူကြ သည် ။ ဆိပ်ကမ်း အလုပ်သမားများ ကလည်း ကုန်ပစ္စည်း မျိုးစုံ ကို သယ်ကြပိုးကြ ၊ နေရာချကြ နှင့် အလုပ် ရှုပ်ကြလေတော့သည် ။ ရန်ကုန် နှင့် မအူပင် အကြား ရှိ ရွာစဉ် များ မှ ငါးဒိုင်များ အတွက် တင်ပို့ရမည့် ရေခဲ အချိန်ပေါင်းများစွာကို သယ်ချကြသည် ။ ငါးစည်အလွတ်များ ဆားနယ်ငါး နှင့် ရေခဲရိုက်ငါးသေတ္တာ အလွတ်များ ကိုလည်း သက်ဆိုင်ရာ သင်္ဘောများ ဆီသို့ ချပေးကြရသည် ။

ဤသို့အားဖြင့် မော်တင် ဆိပ်ကမ်း ၊ လှည်းတန်း ဆိပ်ကမ်း ၊ ဘုန်းကြီးလမ်း ဆိပ်ကမ်း တစ်ဝိုက်တွင် ညအချိန် ပင် ဖြစ်လင့်ကစား ခရီးသည်များ အလုပ်သမား များ ၊ နေ့လုပ်နေ့စား ပျံကျသမားများ ၏ လှုပ်ရှားမှု ဖြင့် အသက် ဝင်နေခြင်းဖြစ်သည် ။

“ ဟေ့ကောင် တင်ညွန့် ထကွ .. မိုးတောင် လင်းတော့မယ် ”

ဝင်းမောင် ၏ အိပ်ချင်မူးတူး အသံကြောင့် တင်ညွန့် မှာ အလန့်တကြား နိုးလာ၏ ။ စောစော က မက်နေလိုက်သော အိပ်မက်ပင်လျှင် အမျှင် ပြတ် သွားလေ၏ ။ မှန်သည် ။ ည နာရီပြန် ၂ ချက်ကျော်မှ အိပ် လိုက်သော တင်ညွန့် သည် မနိုးမီ အချိန်ကလေးမှာပင် အိပ်မက်တွေ မက်နေလေသည် ။ အိပ်မက် ထဲ မှာ သူ သည် အရက်မူး နေ၏ ။ အလုံကမ်းနား ဘက် အရောက် တွင် သစ်စက်များ ဘက်၌ ဆိုက်ကား ဆွဲရင်း ပျင်းပျင်း ရှိသည် နှင့် အရက် ဝင် သောက်သည် ။ အသောက် လွန်သွားသည့် အတွက် အတော် မူးလိုက်သည် ။ သို့ကလို မူးမူး နှင့် ပြန် လာသောအခါ အေးစိန် နှင့် ပက်ပင်း သွားတိုးနေသည် ။ အေးစိန် က အရက် မူး နေသော တင်ညွန့် ကို ကြည့်ကာ မျက်နှာ မကောင်း ...  ။ 

အိပ်မက် ထဲ မှာ တွေ့ရသော အေးစိန် ၏ ညှိုးလျသည့် မျက်နှာ မှာ သနားဖွယ်အတိ ပြီးသော မျက်နှာမျိုး ဟု တင်ညွန့် ထင်မိလေသည် ။ အေးစိန် ၏ နားထင်တွင် ဆံစကလေး တွေ ပလူ ပျံနေ၏ ။ သွယ်လျလျ မျက်နှာ မှာ နားထင် နားရင်းများ ပို ကျနေ သလားထင်ရ၏ ။ “ အရက် မူးနေသော ငါ့ကြောင့် ” ဟု တင်ညွန့် အထင် ရောက်လေ သည် ။ အေးစိန် ကို ချော့မော့ ဖျောင်းဖျ ဖို့ အတွက် လူသူလေးပါး အတန်ငယ် ကင်းရှင်း သော ဆန်ဂိုဒေါင်နံဘေး သို့ ခေါ် အသွား ဗြုန်း ဆို ရဲသား တစ်ယောက် နှင့် သွား တိုးနေလေသည် ။ ရဲသား သည် သူတို့ နှစ်ယောက် ကို သင်္ကာမကင်း သော မျက်စိအစုံဖြင့် စူးစမ်း၏ ။ သူ့ ကိုလည်း တစ်စုံတစ်ရာ မေးခွန်း ထုတ်မည် ကဲ့သို့ အပါး သို့ ကပ်လာ၏ ။ ယင်းအခိုက် နံဘေး မှ ဝင်းမောင် က နှိုးသည့် အတွက် ထိတ်လန့်တကြား နိုး လာခြင်း ဖြစ်လေသည် ။

“ မင်း ကလည်း အလန့်တကြား ကွာ ...”

“ ဗျို့ အဘ ဘယ်နှနာရီ ထိုးသွားပြီလဲ ” ဟု ဝင်းမောင် က မလှမ်းမကမ်း ရှိ ဘော့တံတားထိပ် ရေခဲသေတ္တာ လွတ်ကြီး ပေါ် တွင် စကား ကောင်းနေသည့် ဆိပ်ကမ်း အလုပ်သမားကြီး အဘကျော် ထံသို့ လှမ်းမေးလိုက်သည် ။

“ ၅ နာရီထိုးပြီဟ ၊ ကု,လားစုတ်ရ ”

အဘကျော် က ပြန်အော်၍ ဖြေ လိုက်သည် ။ ဝင်းမောင် မှာ ကု,လားရှုံးလောက် အောင် အသားမည်းသည့် အတွက် ပေါင်းသင်းနေကျ မိတ်ဆွေအသိအကျွမ်းများ က “ ကု,လားစုတ် ” ဟု တင်စား ခေါ်ဝေါ်ခြင်း ခံရသူ ဖြစ်သည် ။

“ အဘနော် .. ခင်ဗျားကြီး စောစောစီးစီး လက်သီးစာ မိချင်တယ် ထင်တယ် ။ အလကား တစ်ညလုံး ဒီနား လာ ထိုင်ပြီး မဟုတ်တန်းတရား တွေ ပြော လူငယ်တွေ ကို ပျက်အောင်ဖျက် ၊ နောက်ပြီး သူများ သားသမီး ကို ကု,လားစုတ်လေး ဘာလေး နဲ့ ၊ ကောင်းကောင်း သတိထား ” ဟု ဝင်းမောင် က လှမ်းပြောလိုက်သော်လည်း ဖုတ်လေသည့် ငါးပိ ၊ ရှိ လေသည်ပင် ထင်ဟန်မတူဘဲ သူ နှင့် ပေါင်းသင်း ခဲ့ရသည့် မယားတွေ ၏ ဇာတ်ထုပ် ကို ပြန်ခင်းနေလေ၏ ။

သူတို့ နှစ်ယောက် သည် လှည်းတန်းဆိပ်ကမ်း ဘော့တံတား ထိပ်နားရှိ ရေနံပီပါကြီးများ အကြားတွင် အိပ်နေကြခြင်းဖြစ်၏ ။ လွန်ခဲ့သော သုံးလေးရက် လောက် က စ၍ ရေနံပီပါကြီးများ ချထားသဖြင့် ယင်းနေရာ တစ်ဝိုက်မှာ ရေနံနံ့ များ ရောပြွမ်းလျက် ရှိလေသည် ။ ညှီစို့စို့ ရေနံနံ့ နှင့် စိမ်းရွှေရွှေ သံချေးနံ့ အပြင် ဓာတ်ဆီ နံ့ ၊ ရွှံ့ပုပ်နံ့ တို့မှာ လုံးထွေးဖက်ပြိုင်လျက် ရှိလေသည် ။ အနံ့အသက်က ဆိုးဝါးရသည့် အထဲတွင် အိပ်ရသော အခိုက်အတန့်ကလေး ၌ လည်း ဆိုက်ကား ပေါ် တွင် ကိုယ်ခန္ဓာ ကို ခေါက်ကာ ကွေးကာ တွန့်လိမ်ကာ ဖြင့် ဖြစ်သလို အိပ်ရသည့် အတွက် တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲနေသည် ကိုပါ သတိထားမိသည် ။

တင်ညွန့် က ကျိန်းစပ်နေသော မျက်စိနှစ်လုံးကို ပွတ်သပ်ကာ အိပ်ချင်ဇောကို မဖြေဖျောက်နိုင်သေးသည့် လေသံ နှင့် ပြောလိုက်၏ ။

“ ဖြည်းဖြည်းပဲ နှိုး တာပါပဲကွ ၊ မင်း ဘာသာ မင်း လန့် တာတော့ မတတ်နိုင်ဘူး ၊ မိုးတောင် လင်းနေပြီလား မသိဘူး ”

“ မိုးလင်းပြီလား ” ဟု တင်ညွန့် က ထပ်မေးရင်း အိပ်ရာ မှ ထလိုက်လေ၏ ။ ပြေနေသော လုံချည် ကို ပြန် ဝတ်ရင်း အဆီပြန်နေသည့် မျက်နှာ ကို ယင်းလုံချည်စ ဖြင့် သုတ် နေလေ၏ ။

“ ကဲပါကွာ ... ကု,လားစုတ်ရယ် ။ အခုမှ ၅ နာရီ ရှိပါသေးတယ် ။ ကောင်းကောင်း မီပါတယ် သွားစို့ ”

တင်ညွန့်က သို့ကလို ပြန် ဖြေလိုက်သောအခါ ဝင်းမောင် မှာ တစ်စုံတစ်ရာ ဆက်လက် ပြောဆိုခြင်း မရှိတော့ဘဲ ငြိမ် ကျသွားလေ၏ ။ သူတို့ နှစ်ယောက် သည် အနီး ရှိ ရေဘုံဘိုင် သို့ ထ သွားကာ ကမန်းကတန်း မျက်နှာ ကို ဆေး၏ ။ အာလုပ်ကျင်းရုံ မျှ ကျင်း၏ ။ နောက်ပြီး ဆိုက်ကား ကူရှင်တွေ ကို နေရာတကျ ပြုကာ ရေနံပါကြီးများ အကြားမှ ခက်ခက်ခဲခဲ လမ်းပေါ် သို့ ဆွဲ ထုတ်ကြသည် ။ 

ဤသို့အားဖြင့် တင်ညွန့် နှင့် ဝမ်းမောင် တည်း ဟူသော ဆိပ်ကမ်း ဆိုက်ကားသမား နှစ်ယောက် သည် တစ်နေ့တာ ၏ တစ်ဝမ်းတစ်ခါး ကို ဖြည့်တင်း ရှာဖွေရန် အလို့ငှာ ကမ်းနားလမ်း အတိုင်း အပြေးကလေး နင်းလျက် အလုံအမှတ် ( ၁ ) သစ်စက် များ ဘက်သို့ ထွက်ခွာ လာခဲ့ကြလေ၏ ။

ရန်ကုန်မြို့ ၏ အနောက်ပိုင်း တစ်ဝိုက် သည် မာကျူရီ မီးရောင်များ အောက် တွင် တိတ်ဆိတ် ငြိမ်သက်နေဆဲသာတည်း ။

( ၂ )

“ ဒီ ညတော့ အေးစိန် ဆီတောင် မရောက်ဘူး ”

တင်ညွန့် က ဆိုက်ကား ကို ဝှီးဝှီးစမြည်အောင် နင်းရင်း လှမ်းပြောသည် ။ ဝင်းမောင် သည် တင်ညွန့် ၏ အေးစိန် အကြောင်း ကို အထူးတလည် စိတ်ဝင်းစာဟန် မတူ ၊ အဘယ့်ကြောင့် ဆိုသော် တင်ညွန့် နှင့် အေးစိန် တို့ ၏ ဇာတ်လမ်း ကို အပြည့်အစုံ သိထားပြီးသည့် အတွက် ဖြစ်၏ ။

တင်ညွန့်သည် တာတပေါ နယ်သား ဖြစ်ပြီး ဝင်းမောင် ကား ဝါးခယ်မ ဘက် မှ ရန်ကုန် သို့ တက်လာသူဖြစ်သည် ။ သူတို့သည် ရန်ကုန်ဆိပ်ကမ်း တစ်ဝိုက်တွင် ဆိုက်ကား နင်းရင်း အတူတကွ ဂိတ်ထိုး အတူတကွ ပြိုင်ဆွဲ အတူတကွ မြောက်ပန်း လှန်ရင်း ၊ အရက် သောက်ရင်း ကျွမ်းဝင်လာကြသူများ ဖြစ်၏ ။ နှစ်ယောက်စလုံး တစ်ကိုယ်ရည် တစ်ကာယ သမားများ ဖြစ်ကြသည့် အလျောက် သူတို့ တွင် နေစရာ အတည်တကျ အိမ် ဟူ၍ မရှိသော်လည်း အထူးတလည် ပူပန်ခြင်း မဖြစ် ။ သူတို့ နင်းနေသော ဆိုက်ကား သည် သူတို့ ၏ အိမ်ရာ ၊ သူတို့ ၏ လုပ်ငန်း ၊ သူတို့၏ဘုံဗိမာန် သာဖြစ်နေ၏ ။ 

ဆိုက်ကား နင်း စားရသော အလုပ် မှာ လည်း ရေရာလှသည့် အလုပ်မျိုးမဟုတ် ။ တစ်ခါတစ်ရံ သုံးလေးကျပ် မျှသော ငွေရဖို့အတွက် လျှာ အလျားသား ထွက်မတတ် ဆွဲ နင်းရသော်လည်း တစ်ခါတစ်ရံ ၉ ကျပ် ၁၀ ကို လွယ်လွယ်ကလေး ရတတ်သည်လည်းရှိ၏ ။ တလောကမူ ဆိုက်ကား တာယာ နှင့် ကျွတ်တွေ အပြင်ဘက် မှာ ဈေးကောင်းသည် ဆိုကာ ဆိုက်ကားတွေ ကို မော်တင်ဆိပ်ကမ်း မှာ အဒူလမြားကွမ်းယာဆိုင် တွင် အပ်ထားလျက် တာယာ နှင့် ကျွတ် ရောင်းသော ပြည်သူ့ဆိုင်များ ၌ လိုက် တိုးကာ ပြန် ရောင်းသော အလုပ်ကို လုပ်ကိုင်ကြသေးသည် ။

ထိုအချိန်က ဆိုလျှင် သူတို့ နှစ်ယောက် အတွက် မှန်းခြေ တော်တော် ကိုက်ကာ ငွေ ရွှင်ကြသေးသည် ။ တစ်နေ့လျှင် တာယာကျွတ် တစ်စုံလောက် ထုတ်ရ၍ အပြင်ဘက်၌ ပြန် လက်လှည့် ရောင်းရုံမျှဖြင့် ကိုယ့် အတွက် ၁ဝ ၊ ၁၅ ကျပ် ကျန် လေရာ ဆိုက်ကား နင်းရသည်မှာ နေ က ပူသလောက် ကျောပူ ခေါင်းပူခံရသည် သာမက ညောင်းညာ ပင်ပန်းလွန်း လှသည် ။ ဤ အလုပ် က တွက်သားကိုက်သည် ဆိုကာ ရက်အတန်ကြာမျှ လုပ် နေကြသေးသော်လည်း နောက်ဆုံးတွင် အခြေအနေ မပေးသည့် အလျောက် ဓားမဦးချ လုပ်ငန်း ဖြစ်သော ဆိုက်ကား ပေါ်သို့ ပြန်တက်ကြရသည်တော့၏ ။

“ မင်းတို့ ကလည်း ယူရင် ယူ လိုက်ကြပေါ့ကွာ ” ဟု ဝင်းမောင် က တိတ်ဆိတ်စွာ နင်း လာရာမှ လှမ်းပြောလေသည် ။

“ ဘာဖြစ်လို့လဲ ”

တင်ညွန့် က အာခြောက်နေသော အသံကွဲများဖြင့် မေးသည် ။

“ ဆိပ်ကမ်း တစ်ခုလုံးလည်း သိ နေကြပြီ ဟာ မထူးတော့ဘူး လေ ။ သူ့ လည်း လင် ရှိတာမဟုတ် ။ မင်း လည်း မယား ရှိတာ မဟုတ်ဆိုတော့ ယူ လိုက်ပေါ့ကွာ ။ ယူ လိုက်ရင် ပြီး တာပဲ မင်း အတွက်ပါ အခြေတကျ ဖြစ်သွားမှာပေါ့ ”

“ အင်း ... ဒါလည်း စဉ်းစားစရာပေါ့လေ ”

တင်ညွန့် က သို့ကလို ပြော ပြီးနောက် နှုတ်ဆိတ် သွားပြန်သည် ။ တကယ်ဆို တော့ အေးစိန် ၏ အကြောင်း မှာ သူ့ ခေါင်းထဲသို့ အပြေးအလွှား ရောက်လာခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည် ။ 

အမှန်အားဖြင့် ဝင်းမောင် ပြော သလိုပင် ယူ လိုက်ဖို့သာ ကောင်းတော့ သော သူ နှင့် အေးစိန် ၏ ဇာတ်လမ်း မှာ စိတ်ဝင်စားဖွယ်ရာလည်း ဖြစ် လေသည် ။ တွေး လိုက်တိုင်း အေးစိန် အပေါ် သူ ထား ရှိသည့် သံယောဇဉ်မှာ ကြီးမား သည် ထက် ကြီးမား လာ နေသည်ကိုလည်း သဘော ပေါက်မိသည် ။ 

အေးစိန် သည် မုဆိုးမ ဖြစ်၏ ။ အသက် ၂၂ နှစ် သာ ရှိသေးသည် ။ ကလေး နှစ်ယောက် ကို တစ်ပြိုင်နက် တည်း အမွှာ မွေး ထားသော အေးစိန် သည် ဒပ်ဖရင်ဆေးရုံ ၏ ကုသိုလ်ဖြစ် အခန်း၌ သားသမီး မွေးရခြင်း ဒဏ်ရာဒဏ်ချက်များ ကြောင့် လူးလွန့် ညည်းတွား နေစဉ် သူ့ ယောက်ျား ဖြစ်သူ မောင်ပွ မှာ ကီလီဆိပ်ကမ်း ၌ ဆန်အိတ် အတင်အချ တွင် ဆန်အိတ် ပိကာ ပွဲချင်းပြီး သေဆုံး ခဲ့ရလေသည် ။

အေးစိန် သည် မောင်ပွ နှင့် အတူ ယှဉ်တွဲလျက် ဆင်းရဲပင်ပန်းခြင်း ဒဏ် ဟူ သမျှ ကို ခါးစည်း ၍ ခံခဲ့ရသော မိန်းမသား တစ်ယောက် ဖြစ်၏ ။ စာ ဆို၍ တစ်လုံးမျှ မတတ်သော သူ တို့ လင်မယား မှာ ရန်ကုန်ဆိပ်ကမ်း နယ်မြေများတွင် ရေကြည်ရာ မြက်နုရာ ဆိုသလို လှည့်လည်ရင်း ထမ်းရွက် သယ်ပိုးရင်း အသက်မွေး လာကြသူများ ဖြစ်လေ၏ ။ တွံတေး တစ်ဖက်ကမ်း ညောင်နှစ်ပင်ရွာ မှ ထွက်လာစဉ် က မောင်ပွ သည် ရာပါသမ္ဗန် တစ်စင်း ကို ရန်ကုန် အထိ ယူလာနိုင်သေးသည့်အလျောက် ဤ ရာပါ သမ္ဗန် ကို ဆိပ်ကမ်း တွင် ထိုးဆိုက်ကာ အေးစိန် နှင့် တစ်အိုးတစ်အိမ် ထူထောင်ခဲ့သူ ဖြစ်၏ ။

မောင်ပွ ဆန်အိတ် ပိ၍ သေဆုံးကြောင်း ကို ဘဝတူ ပခုံးထမ်း ကူလီတွေ က ဖုံး ထားခဲ့ကြသည် ။ သို့မို့ကြောင့်လည်း အေးစိန် သည် စိတ် တထင့်ထင့် ရှိလှသည် နှင့် မီးနေရက် မှ မပြည့်သေးမီ ဒပ်ဖရင်ဆေးရုံ ၏ ကုသိုလ်ဖြစ် ဆေးခန်း မှ ဆင်းလာ ခဲ့မိသည် ။

သူတို့ ၏ ဂေဟာ ဖြစ်သော သမ္ဗန်သို့ သမီးလေး နှစ်ယောက်ကို ပွေ့ချီ ကာ ပြန် လာခဲ့သော အချိန်၌ကား မောင်ပွဲ အတွက် ဖန်တီး ပေးလိုက်သော ကံကြမ္မာ ၏ ဇာတ်လမ်း ကို အေးစိန် သိခွင့် ရလေတော့သည် ။ လင် တစ်ယောက် လုံး ခွေးသေ ဝက်သေ သေလေခြင်း ဟု အေးစိန် မှာ ယူကျုံးမရ ဖြစ်မိသည်မှန်၏ ။ သို့သော် အလောင်း ကို မတွေ့ရ ၊ သပိတ် ပင် မသွတ်လိုက် ရသော လင်သား အတွက် ပူဆွေး တမ်းတနေခြင်း အားဖြင့် အေးစိန် ၏ ဘဝ ၊ အေးစိန် ၏ တစ်ဝမ်းတစ်ခါး မှာ ဝ လာမည်မဟုတ် ။ သို့မို့ကြောင့် အေးစိန် သည် နေ့လယ်နေ့ခင်း သမီးကလေးများ အိပ်ချိန်တွင် ကျောက်မီးသွေး သွားရွက်ရသည် ။ ညဘက်များ ၌ သမီးကလေး နှစ်ယောက် ကို သမ္ဗန် ဝမ်းတွင်း ၌ သိပ်ကာ ခေါင်းရွက် ကုန်ချလိုက်ရသည် ။ တစ်နေ့လျှင် သူ့ အတွက် အရနိုင်ဆုံးသော ငွေကလေး နှစ်ကျပ် သုံးကျပ် ဖြင့် ဗိုက် သုံး ဗိုက် ၏ တောင့်တမှုတွေ ကို ကြိုးစား ဖြည့်တင်း နေခဲ့ရသည် ။

ယင်းသို့သော ရေဆန်လေဆန် အခိုက်အတန့် တွင် တင်ညွန့် သည် အေးစိန် ကို သွား တွေ့ရခြင်းဖြစ်၏ ။

အေးစိန် နှင့် သမီးကလေးများ အတွက် မောင်ပွ က အမွေပေးခဲ့သော သမ္ဗန်သည် လှည်းတန်း အောက် ဘောတံတား နှင့် လှည်းတန်း အထက် ဘောတံတား အကြား တွင် ထာဝစဉ် ဆိုက်ထား၏ ။ ဒီရေ တက်လျှင် သမ္ဗန် မှာ ရေပေါ် ၌ ပေါ် နေ လျက် ၊ ရေကျလျှင် နုန်းများ ပေါ်၌ တင်နေတတ်၏ ။ နှစ်တွေ လတွေ ရာသီတွေသာ ပြောင်း သော်လည်း အေးစိန် ၏ ဘဝ ၊ အေးစိန် ၏ ဂေဟာ ကား မပြောင်း ။

ထို သမ္ဗန် အနီးရှိ ဆိပ်ကမ်း ကတ္တရာလမ်း နံဘေး တွင် လာ ၍ ဂိတ်ထိုး စခန်းချသော တင်ညွန့် သည် အေးစိန် ၏ ဖြစ်အင် ကို မမြင်ချင်၍ မရ ၊ မတွေ့ချင်၍ မရ မြင်ရ တွေ့ရ၏ ။ သို့ကလို မြင်ရတွေ့ရဖန်များလာသော အခါ အေးစိန် အတွက် ကြင်နာတတ်သော သူ့ နှလုံးသားမှ အမျိုးအမည် မခွဲခြားနိုင်သည့် စကားလုံးတွေ ကို ပြော ချင်လာ၏ ။ သည်လိုနှင့်ပင် အေးစိန် ကို ကြိုက်လေရာ ၊ တွယ်တာစရာ ကို ရှာ နေသော ငယ်ရွယ်နုပျိုသေးသော အေးစိန် ကလည်း သူ့ ချစ်စကား ကြိုက်စကား တွေ ကို ငြင်းဆိုခြင်း မရှိ ။

တင်ညွန့် နှင့် အေးစိန် သည် တစ်စတစ်စ သံယောဇဉ် ငြိတွယ်လာရာ ယခု ဆိုလျှင် သမီးရည်စား မက လင်မယား လည်း မကျသော အဖြစ်မျိုး သို့ ဆိုက်ရောက် နေလေပြီ ။

“ မင်း က ယူမယ်ဆိုလည်း ဘယ်သူ ကမှ သဘောမတူ မှာ ကန့်ကွက်မှာ မဟုတ်ပါဘူး ။ မင်းတို့ နှစ်ယောက် စလုံး အတွက်လည်းကောင်း တာပဲ ။ ဒါ ငါ့ အထင်လေကွာ ။ နောက်ပြီး အခု အတိုင်း မင်း က အိပ်ချင် မှ အတူ သွား အိပ်တာမျိုး လုပ်နေတော့ အရပ် က ဝိုင်းပြောလာရင် ကောင်မလေး လည်း ရှက်မှာပေါ့ ။ မင်း စဉ်းစား ကြည့် ။ ဒါ ငါ က နှမချင်း စာလို့ပြောတာ ”

“ အေး ... ဟုတ်တယ် မင်း ပြောတာ မှန်တယ် ”

“ ဒါပေမဲ့ သေသေချာချာ လည်း စဉ်းစားဦးနော် ၊ သူ က ကလေး နှစ်ယောက် ပါမှာ ၊ နောက်ကျမှ ဒီ ဘုရား ပေးတဲ့ ကလေးတွေ ကို မင်း မလိုချင်လို့ မဖြစ်ဘူး ”

ဝင်းမောင် က ထပ် ပြောနေသည် ။ သူ ပြောသော စကားလုံးတွေ မှာ ရိုင်း သော်လည်း အမှန်တွေချည်း ဖြစ်သည့်အတွက် တင်ညွန့် မှာ အထူးအထွေ တွေးတောနေခြင်း မရှိ ။

တင်ညွန့် က တစ်စုံတစ်ရာ သော စကားကို ဆက်လက် ပြောဆိုခြင်း မပြုမီ ဝင်းမောင် ကပင် ဆက်ပြောပြန်သည် ။

“ တစ်ကိုယ်ရည် တစ်ကာယ နေတယ် ဆိုတာကတော့ ကောင်းတယ်ဟေ့ ၊ အခု ကြည့်စမ်း ၊ မင်း နဲ့ ငါ နေတာ ဆိုက်ကား နင်းချင် နင်းလိုက် ။ မနင်းချင်ရင် အိပ်နေလိုက် ။ ဘာမှ ကိစ္စမရှိဘူး ။ လွတ်လပ်တယ် ။ ဒါပေမဲ့ သိပ် လွတ်အားကြီးတော့လည်း မကောင်းဘူးကွ ၊ နောက်ပြီး ဒီ ကောင်မလေး ကို ငါ သနားလို့ ပြောတာ မင်း အတွက်လည်း အိမ်ထောင်ရက်သား ဆိုလို့ မိန်းမ နဲ့ ဘာ နဲ့ ဆိုရင် အတည်တကျ ဖြစ်သွား မလားလို့ ကျန်တာကတော့ မင်း သဘောပေါ့လေ ”

“ အေးစိန် ကတော့ သနားစရာလေးပါ ကွာ ”

“ အေး ... သနားစရာ ကောင်းတာ အမှန်ပဲ ။ ကလေး နှစ်ယောက် နဲ့ ၊ လင်သား က လည်း မရှိ အရွယ် ကလည်း ကောင်းတုန်းဆို ပျက်စီးဖို့က သိပ် မြန်တာ တစ်ဝမ်းတစ်ခါး အတွက် ဖြစ် သလို ရှာကြံ စားသောက်နေတာ ကိစ္စ မရှိဘူး ၊ တော်ကြာ ဒီ ဒုက္ခတွေ မခံနိုင်လို့ ပျက်သွားရင် ခက်မယ် ။ မင်း စဉ်းစားကြည့် လေ ။ ကြက်တွေ ဒါလောက် ပေါ နေတဲ့ အချိန်မှာ ကြက် ဖြစ်သွားရင် ဘယ့်နှယ် လုပ်မလဲ ”

ဝင်းမောင် ပြောသော စကား ကို တင်ညွန့် က တစ်လုံးတလေမျှ ပြန်လည် ပြောခြင်း မရှိသော်လည်း ခေါင်းတညိတ်ညိတ် လုပ်၍သာ ထောက်ခံနေမိလေ၏ ။

“ ကြက် ဖြစ် သွားရင် ဘယ့်နှယ့် လုပ်မလဲ ” ဟူသော ဝင်းမောင် ၏ စကားလုံးများ မှာ သူ့ ရင်တွင်း ၌ ဘောင်ခတ် လှုပ်ရှားနေလေ၏ ။

သူတို့ နှစ်ယောက် သည် အအေးဓာတ်ပါသော လေကို ဖောက်ထွင်းကာ အပြင်း နင်းလာလိုက်ကြရာ အတန်ကြာသည့် အခါ ၌ အလုံသစ်စက်ဝင်း ဆီသို့ ရောက်လာကြသည် ။ ယနေ့ မနက် သင်္ဘောဆင်းမည့် ခရီးသည်များ က အော်ဒါ ခေါ် ထားသည် မဟုတ်လော ။

“ စောင့်တောင် နေကြပြီ ၊ ကဲ ... သူတို့ မြန်မြန် တင်ပြီး သင်္ဘောဆိပ် ပြန် ပို့ကြ ဦးစို့ ” ဟု ဝင်းမောင် က လှမ်း ပြောလိုက်ရာ တင်ညွန့် က မူ “ အေး ” ဟု သာ လေးတွဲ့ စွာ ပြန် ပြောရင်း အေးစိန် ၏ ပါးပါးလျလျ မျက်နှာကလေး ကိုသာ ပြန်လည် မြင်ယောင် နေမိလေသည် ။ ရှည်လျား သော သက်ပြင်း ကိုလည်း တိတ်တခိုး ချ လိုက်မိလေသည် ။

( ၃ )

“ အဲဒီ ဆိပ် က လပွတ္တာဆိပ် ပဲ ။ ဟောဟို ညာဘက် အစွန် က ကပ်ထားတာ လပွတ္တာ သင်္ဘော ”

လှည်းတန်း အထက် ဘော့တံတား ထိပ်နားတွင် ဆိုက်ကား ထိုး ရပ်ပေးရင်း စီး လာသည့် ခရီးသည် မိန်းမကြီး နှစ်ဦးအား တင်ညွန့် က ပြောလိုက်ခြင်း ဖြစ်သည် ။ အလုံသစ်စက်ဝင်း မှ တစ်ဖန် ပြန်နင်းလာရသည့် အတွက် သူ့ နဖူး ပြင်တွင် ချွေးစက် ချွေးပေါက်များ ပင် စို့သီး လာကြသည် ။ ဝင်းမောင် ၏ ဆိုက်ကား တွင် ပါလာ သည့် ခရီးသည်များ က ပြည်ဆိပ် သို့ ဆင်းကြမည် ဖြစ်သဖြင့် ပြည်သင်္ဘော ဆိုက်ကပ် ရာ ဆိပ်ခံတံတား ဆီသို့ လိုက်ပို့ရသဖြင့် လူချင်း တကွဲစီ ဖြစ်သွားကြသော်လည်း တင်ညွန့် ၏ ခရီးသည်များ ဆင်းသွား၍ မှ မကြာမီ ဝင်းမောင် သည် သူ့ ဆိုက်ကား နှင့် ပြန် ရောက်လာလေ၏ ။

“ ကီလီဘက် က ငါးဈေး မှာ သွား ဆွဲကြဦးစို့ ကွာ ။ အချိန် ရှိသေးတာပဲ ။ ဟင်းရွက်သည်တွေ လည်း ရောက် ရောပေါ့ ။ မင်း လိုက်ဦးမလား ”

“ မင်းပဲ သွားတော့ကွာ ငါ မလိုက်သေးဘူး ၊ ပုသိမ် အမြန် ဆိုက်ချိန် ကျမှ ပုသိမ်ဆိပ် ကို လာ ခဲ့မယ် ”

ဝင်းမောင် သည် လေအဟုန် ကို ဖောက်ထွင်းကာ ကီလီလမ်းဘက် သို့ နင်းထွက်သွားလေရာ လှည်းတန်းဆိပ်ကမ်း နံဘေး တွင် တင်ညွန့် တစ်ယောက် တည်း သာ ယောင်ချာချာ နှင့် ကျန်ရစ် ခဲ့လေ၏ ။

ထိုအခိုက် လေ သည် ပို၍ ပြင်းသည် ထက် ပြင်း လာ၏ ။ အနောက်တောင် ဘက် မှ တိုက်ခတ်လာသော လေ မို့ မိုးသက်ရနံ့ ကို သယ်ဆောင်လာသည် သာ မက မိုးရိပ်မိုးငွေ့ကလေး တွေ ပင် ပါလာသည် ထင်ရ၏ ။ သေးသေးမှုန်မှုန် မိုးစက်မိုးဖွဲ ကလေးများ လည်း လေပြင်း နှင့် အတူ ရောနှော လိုက်ပါလာလေ၏ ။ မုတ်သုန်လေ သည် လောကဝန်းကျင် ကို အငြိုးတကြီး လွှမ်းခြုံ တိုက်ခတ်တော့မည့် အလား ပြင်းသည်ထက် ပြင်း လာ၏ ။ 

“ ဟေ .. သောက်ကျိုးနည်း ၊ မိုးတောင် ပါလာပါလား ” ဟူသော အသံ “ တောင်လေ သာသဟေ့ ” ဟူသော ဆိပ်ကမ်းအလုပ်သမားများ ၏ အသံဘလံများ ကို လည်း ကြားရသည် ။

ယင်းအခိုက် မှာပင် လေ သည် ပိုလို့သာ ထန်လာ၏ ။ ကျယ်ပြောလှစွာသော ရန်ကုန်မြစ် တစ်ရိုး ရှိ ရေပြင် သည် လှိုင်းဘောင်ဘင်ခတ်လာ၏ ။ ဘော့တံတား သွပ်မိုး များ အဆောက်အဦများ နှင့် သင်္ဘောတာပတ်များ မှာ လေ ၏ တိုးဝင် ရိုက်ခတ်မှုကြောင့် ဆောက်တည်ရာ မရလောက်အောင် လှုပ်ရှားမြည်ဟည်း နေကြ၏ ။ ကမ်းနားလမ်း တစ်လျှောက် တွင် ကား လေ အဝှေ့ တွင် တက်လာသည့် မြူမှုန်တွေ စက္ကူစုတ် နှင့် အမှိုက်သရိုက်တွေ မှာ ပလူ ပျံနေကြလေ၏ ။

ထိုအခိုက် မိုး သည် ဝုန်းဝုန်းဒိုင်းဒိုင်း ရွာ ချလိုက်ပြန်သည် ။ မိုးဦးလေဦး မို့ ထင် သည် ။ လေ က ရမ်းသလို မိုး ကလည်း ကြမ်းလှပေ၏ ။ ခရီးသည် တွေ နှင့် ဆိပ်ကမ်း အလုပ်သမားတွေ မှာ နီးရာ အမိုးအကာများ အောက် သို့ ပြေးဝင် ခိုအောင်းကြလေသည် ။

တင်ညွန့်သည် ရုတ်ခြည်း ပြောင်းလဲသွားသော လောက ဓလေ့ ကို မင်သက်မိသလို ကြည့် နေမိရာက တစ်စုံတစ်ရာ ကို သတိ ရသည့် အလား သူ့ ဆိုက်ကား အား ရေနံပီပါကြီးများ အကြား သို့ ထိုးသွင်း လိုက်ပြီး နောက် မလှမ်းမကမ်း ရှိ ရေစပ် သို့ ပြေးဆင်းသွားကာ သမ္ဗန် တစ်စင်း ပေါ်သို့ လှမ်း တက်လိုက်လေ၏ ။

“ အေးစိန် ... အေးစိန် ” 

တင်ညွန့် သည် ကြယ်မြင်လမြင် ဖြစ်နေသော သမ္ဗန် ခေါင်မိုး အတွင်း သို့ ခေါင်းလျှိုး ဝင်ကာ အသံပြုလိုက်၏ ။

“ ရှင် ... ကိုတင်ညွန့် လား ”

အေးစိန် ပြန် မေးသံ ကို ကြား လိုက်ရသည် ။ အေးစိန် ၏ အသံမှာ ချည့် နဲ့ အားနည်း လှ သော အသံ ဖြစ်ကြောင်း တင်ညွန့် သတိထားလိုက်မိသည် ။

“ ကလေးတွေ ရော .. စို ကုန်ပြီလား ။ နင် ရော နင် ဘာ ဖြစ်လို့လဲ ”

ကဗျာကသီ မေးရင်း တင်ညွန့် သည် အေးစိန် တို့ သားအမိ နေသည့် သမ္ဗန်ခေါင်မိုးအတွင်း သို့ ဝင်လာခဲ့ပြီး နောက် အေးစိန် အပါး တွင် ထိုင်ချလိုက်သည် ။

“ ကျွန်မ နေ မကောင်းဘူး ၊ ကလေးတွေ တော့ စိုကုန်ပြီလား မသိဘူး ကျွန်မ ထလို့ မရဘူး ”

“ ဟင် နင် ကိုယ်တွေ သိပ် ပူ ပါလား ၊ အေး စောင်လေး ခြုံထား ကလေးတွေ အတွက် ငါ လုပ်ပေးမယ် ” ဟု ဆိုကာ တင်ညွန့် က ခေါင်းရင်း ဘက် ရှိ တာလပတ် အစုတ် ကြီး ကို ဆွဲယူ လိုက်ပြီးနောက် ခြင်ထောင် အမိုး ပေါ် တွင် ဖြန့် တင်လိုက်သည် ။ အေးစိန် ၏ သမီး လူမမယ်ကလေး နှစ်ယောက် မှာမူ မုတ်သုန်လေ ထန်နေသော အပြင်လောက ၏ အဖြစ်သနစ် ကို မသိနိုင်လောက်အောင် အိပ်မောကျနေဆဲ ဖြစ်၏ ။

တင်ညွန့် သည် အေးစိန် ၏ နဖူးပြင် ကို သူ့ လက်ဖဝါးကြမ်းဖြင့် တင်၍ စမ်း ပြန် ၏ ။ အေးစိန် ၏ နဖူးပြင် မှာ ခြစ်ခြစ်တောက် ပူပြင်း နေလေသည် ။

“ မနေ့ နေ့လယ် က ကျောက်မီးသွေး သွား ရွက်ပြီး ပြန်လာတည်း က ဖျားတာ တစ်ကိုယ်လုံး ကို ရိုက် ထားသလိုပဲ ။ ထ လည်း မထ နိုင်ဘူး ”

“ ငါ .. မသိလို့ပါ ဟာ မနက် ကျတော့ ဆေး ရှာပေးမယ် ။ နေကောင်းသွားမှာပေါ့ ”

တင်ညွန့် က ပြော လိုက်သော်လည်း အေးစိန် ကား ဘာမှ ပြန်မပြောဘဲ တစ်ဖက် သို့ လှည့်နေလေ၏ ။

“ ဘာဖြစ်သလဲ အေးစိန် ...”

တင်ညွန့် က အေးစိန် ၏ ပါးပြင် ကို လက်ဖဝါး ဖြင့် ပွတ်လိုက်သောအခါ ပါးပြင် တစ်ခုလုံး စိုရွှဲ နေသည့် မျက်ရည်စ များကို စမ်းမိသည် ။

“ အေးစိန် ဘာဖြစ်သလဲ ငါ့ ကို ပြောစမ်း ၊ ငိုမနေနဲ့ ၊ ငို နေရင် ပို ခေါင်းကိုက်မယ် ။ ဖြစ်တာကိုသာ ပြော ”

သည်အခါ၌ အေးစိန် သည် တရှုတ်ရှုတ် ငိုနေပြန်၏ ။

“ မိုးကလည်း ကျလာပြီ သမ္ဗန် ကိုလည်း မိုး ရဦးမယ် ။ အလုပ် လုပ်ရတာက ဒီ ကလေးတွေ ကလည်း တစ်ဖက် နဲ့ ခက်ပါတယ် ကိုတင်ညွန့် ရယ် ” ဟု အသံတိမ်ကလေး နှင့် မပွင့်တပွင့် ပြော ရင်း ထပ်ငိုသည် ။

“ အိုကွာ ... အေးစိန် ကလည်း ငါ့ စိတ်ပိုင်းဖြတ်ပြီးပါပြီ ဟ ။ နင့် ရှေ့ရေး အတွက် မပူနဲ့ ။ ငါ တစ်ယောက်လုံး ရှိသေးတဲ့ ဥစ္စာ ။ သမ္ဗန်ခေါင်မိုး လည်း မိုး ပေးမယ် သိလား ။ ဒီမှာ ကြည့်စမ်း အေးစိန် ငါ နင့် ကို ယူမယ် ။ နင် က ပါတဲ့ သမီးကလေးတွေ ဟာလည်း ငါ့ သမီးလေး တွေ ပေါ့ ။ မဟုတ်ဘူးလား ၊ နင် ကျောက်မီးသွေး ရွက်ရတာလည်း ပင်ပန်းလှတယ် ဟာ ... ငါ ဆိုက်ကား နင်း ကျွေးပါ့မယ် ၊ တို့ သမီးလေး တွေ ကို ပါ လူတန်းစေ့အောင် တော့ ကျွေးထား နိုင်မှာပါ ။ မဟုတ်ဘူးလား ၊ ငို မနေပါနဲ့ ။ မနက်ကျရင် လူမှုဖူလုံရေး ဆေးရုံ သွား ၊ ဆိုက်ကား နဲ့ လိုက် ပို့ပေးမယ် ။ တိတ်တိတ်  ... ”  ဟု တင်ညွန့် ကရားရေလွှတ် သလို တတွတ်တွတ် ပြောရင်း အေးစိန် ကို အားပေး လိုက်၏ ။ ဒယ်အိုးကင်း ပမာ ပူလောင်နေသော အေးစိန် ၏ ခန္ဓာကိုယ် ကိုလည်း တယုတယ ပွေ့ဖက်ထား လိုက်မိလေ၏ ။

တင်ညွန့် နှင့် အေးစိန် တည်း ဟူသော လူသား နှစ်ဦး ၏ ရင်မှ ဖြစ်သော ကြင်နာခြင်း မေတ္တာတေး သည် ကြမ်းချင် တိုင်း ကြမ်း၍ ရမ်းချင်တိုင်း ရမ်းနေသော အပြင် လောက မှ မုတ်သုန်မိုး နှင့် မုတ်သုန်လေ တို့ကို အံတု ပြိုင်နေသည့် သဖွယ်ပင် ဖြစ်နေ၏ ။

ထိုအချိန် တွင် ရန်ကုန်ဆိပ်ကမ်း တစ်ဝိုက်သည် ပင်ပန်းနွမ်းနယ်ရအံ့သော အားခဲ ရုန်းကန်အံ့သော တစ်နေ့တာ ကို စောင့်စား ကြိုဆိုလျက် ရှိနေပြီးသား ဖြစ်ပါသတည်း ။

◾မောင်နေဝင်း

📖မြဝတီ မဂ္ဂဇင်း
      မေ ၊ ၁၉၆၆

Sunday, June 29, 2025

ပုရွက်ဆိတ်ညို


 

❝ ပုရွက်ဆိတ်ညို ❞
   ( ကြပ်ကလေး )

မောင်သံမဏိ သည် ချောင်းကလေး ဘေးက ကျောက်တုံးပေါ် ထိုင်၍ မှိုင်နေသည် ။ သူ၏ အလို ပြည့်စုံဖို့ရန် လမ်းမရှိချေ ။ လောကတွင် သူ့ အလိုလိုက်ဆုံးသော သူမှာ သူ့ မိခင်ကြီးသာဖြစ်၏ ။ ယခု ဖြစ်ပေါ်နေသော အလိုကိုကား ၊ သည် မိခင်ကြီးပင် မလိုက်နိုင်သည်မှာ သေချာ၏ ။ ထို့ကြောင့် သူ့အလို ကို မိခင်ကြီးအား ဖွင့်မပြောဘဲ ဤချောင်း ကလေးနံဘေး တွင် တစ်ယောက်တည်း လာထိုင် မှိုင်နေခြင်း ဖြစ်ပါ၏ ။

သူ့ အလိုဆန္ဒသည် နံနက်ခင်း ကမှ ဖြစ်ပေါ်လာသည် ။

“ သွား မကြည့်မိရင် အကောင်းသား ငါ သွားကြည့်မိ လို့သာ အခု လို စိတ်ဒုက္ခ ရောက်နေရတာပေါ့ ”

တစ်ကိုယ်တည်းပင် ညည်းညူနေမိသည် ။ ထိုခဏတွင် သူ့ အသံ မဟုတ်သော အသံတစ်သံ ထွက်ပေါ်လာ၏ ။

“ ဘယ်လို ဖြစ်နေတာလဲ ၊ လောကမှာ မျောက်တွေရဲ့ မျက်နှာထက် ဆိုးဝါးတဲ့ မျက်နှာ မရှိနိုင်တော့ဘူး မှတ်နေ တာ ၊ မင့်မျက်နှာ ကို မြင်မှ မျောက်တွေ တောင် ကျက်သရေ ရှိလာသလိုလို ”

မောင်သံမဏိ သည် ဘေးဘီသို့ ဦးခေါင်းလှည့် လည်ကြည့်မိ၏ ။ မည်သူမျှ မရှိချေ ။ ထို့ကြောင့်ပင် တစ် ကိုယ်တည်း ပြောလိုက်မိသည် ။

“ ဟယ် .. ထူးဆန်းလှချည်လား ၊ အကောင် မရှိဘဲ အသံချည်း ထွက်နေတယ် ”

“ ဖွတ် .. ကြံကြံဖန်ဖန် ၊ အကောင် မရှိဘဲ အသံထွက်ပါ့မလား ၊ ဟေ့ ငါ ဒီမှာကွ ”

မောင်သံမဏိ သည် တစ်ကြိမ် ထပ်ကျော့၍ ရှာဖွေသော်လည်း ဘာသတ္တဝါ ကိုမျှ မတွေ့ချေ ။

“ ငါဒီမှာကွ ... ဒီမှာကွနဲ့ ၊ ဘယ်နေရာမှာ သွားကွ နေမှန်းမသိဘူး ။ ဟေ့ .. ဒီမှာ ယီးတီးယားတားတော့ မလုပ်နဲ့နော် ။ စိတ်ညစ်နေတာ ၊ ဖနောင့်နဲ့ ထပေါက်မိမယ် "

“ ဟဲ .. ဟဲ .. လေလုံးကတော့ အတော် ထွားတာပဲ ၊ အကောင်က ဘယ်နေမှန်းမသိဘဲ ဖနောင့်နဲ့ ထပေါက် ရင်လေကိုပဲ ပေါက်ရမှာပေါ့ကွ ။ ဟေ့ ငါ ဒီမှာ မင်းထိုင် နေတဲ့ ကျောက်တုံး ကြီးပေါ်မှာပဲ မင်းရဲ့ညာဘက်တင်ပါး ဘေး ၊ တစ်ထွာလောက် ဝေးတဲ့ နေရာကို ကြည့်လိုက်စမ်း ”

မောင်သံမဏိ က ကြည့်လိုက်ပါသည် ။ သေးငယ် သော ပုရွက်ဆိတ်ကလေး တစ်ကောင်ကိုသာ တွေ့ ရ၏ ။

“ ပုရွက်ဆိတ်ပဲ တွေ့ တယ်ဟေ့ ”

“ အဲဒါ ငါပေါ့ကွ ”

“ ဟောဗျ ... ”

မောင်သံမဏိ တော်တော် အံ့ဩပစ်လိုက်မိသည် ။

“ ဟယ် .. ဒါလေးဆီက ထွက်တဲ့ အသံကလည်း အသက် ငါးဆယ်ကျော် လူကြီး ကျနေတာပဲ ”

“ ဘာပဲဖြစ်ဖြစ် မင်းထက် ငါက အသက်ကြီးတယ် ”

“ ဒါတော့ ဖြစ်ချင်လည်း ဖြစ်မှာပေါ့ ပုရွက်ဆိတ်ရယ် ”

“ ဟေ့ ... ငါ့ကို ပုရွက်ဆိတ် ... ပုရွက်ဆိတ်နဲ့ မခေါ်နဲ့ကွ ”

“ ဟာ ... ပုရွက်ဆိတ် ကို ပုရွက်ဆိတ်လို့ မခေါ်ရင် ဆဒ္ဒန်ဆင်မင်း လို့ ခေါ်ရမလား ”

“ မရွဲ့ပါနဲ့ ၊ ငါက မင်းမျက်နှာကြီး ကြည့်ပြီး ကူညီ မလို့ လာတာပါ ၊ ငါ့ကို ခေါ်ရင် ကိုကိုညို လို့ခေါ်ကွ ”

“ အကောင်ကသာ သေးတယ် ၊ မာနကတော့ အကြီးသား ”

“ မာနတွင် မကဘူး ၊ ပညာလည်း ကြီးတယ်ကွ ”

“ ကျွန်တော် ထင်တာတော့ ဒေါသလည်း ကြီးတယ် ထင်တယ် ”

“ ဒေါသ မကြီးဘူး ၊ အမြော်အမြင်ကြီး တာကွ ”

“ လောဘလည်း ကြီးတယ် ထင်တယ် ”

“ တော်တော့ကွာ ၊ ငါ အချိန်ဖြုန်းတာ ဝါသနာမပါဘူး ။ ကဲ မင်း ဘာစိတ်ညစ်နေသလဲပြော ငါ ကူညီမယ် ။ မင်း ဒီမှာလာထိုင် မှိုင်မနေနဲ့  ၊ မျောက်တွေ လူတောတိုးကုန် လိမ့်မယ် ”

မောင်သံမဏိ သည် သက်ပြင်းချလိုက်၏ ။

“ ဒီလိုဗျာ ... မနက်က ကျွန်တော်မြို့ တံခါးပေါက် ရောက်ခဲ့တယ် ”

“ ဟေ့ နေဦး ၊ တိုတိုပြောကွ ၊ ငါက အချိန်ဖြုန်းတာ မကြိုက်ဘူး ၊ ဒါထက် မင့် နာမည်က ဘယ်သူကွ ”

“ မောင်သံမဏိလို့ ခေါ်ပါတယ် ”

“ မောင်သံမဏိ သာဆိုတယ် ပျော့လှချည်လားကွ ၊ ပျော်နေတုန်း ဆင်နင်းခံရတဲ့ ငှက်ပျောသီးကျနေတာပဲ ။ ကဲ ... ဆက်ပြောကွာ ”

“ မနက်က ကျွန်တော် မြို့တံခါး ရောက် ၊ မင်းသမီး ထွက်လာ ၊ တွေ့  ၊ ကြိုက် ၊ စိတ်မချမ်းမသာ ဖြစ် ၊ ဒီလာ ထိုင် ၊ ခင်ဗျားနဲ့ တွေ့  ၊ ပြီးရော ”

“ တိုလွန်းသကွ ၊ ငါ နားလည်အောင်တော့ ပြောလေ ”

“ ဒီလိုပါ ၊ မနက် က ကျွန်တော် မြို့တံခါး ရောက်တော့ ဘုရင့်သမီးတော် မြစန္ဒာမင်းသမီးကလေး က ထွက်တော်မူလာတာ ၊ ကျွန်တော့် နားရောက်တော့ သူ ကလည်း တင်းတိမ်လှပ် အကြည့်လိုက်မှာ ကျွန်တော့်ကို တွေ့သွား တယ် ။ သူတော့ ဘယ်လို နေသလဲ မသိဘူး ။ ကျွန်တော် တော့ သူ့ကို သိပ်ချစ်ခင်သွားတယ် ။ ဒါပေမဲ့ ရနိုင်ဖို့ လမ်း မရှိတာနဲ့ ဒီမှာ လာ ထိုင်မှိုင်နေတာပါ ”

“ ပျစ်စ ... ပျစ်စ .. ပျစ်စ ”

“ ဒါက ဘာဖြစ်တာလဲဗျာ ”

“ ရယ်တာလကွာ ”

“ ရယ်တာကလည်း ဒီလိုပဲလား ”

“ ပုရွက်ဆိတ်များ ရယ်ရင် ဒီလိုချည်းပဲလို့မှတ်လိုက် ၊ မင်းသမီး လေးတော့ ဘယ်လိုမှ ဖြစ်မနေပါဘူး ”

“ ခင်ဗျား ဘယ့်နှယ် သိသလဲ ”

“ သူလည်း မင်းလို ဖြစ်ရင် ဒီလာ ထိုင်မှိုင်နေမှာပေါ့ ... ပျစ်စ ပျစ်စ ... ပျစ်စ ”

“ ဪ ... ရယ်နေပြန်ပြီကိုး ။ မင်းသမီးပဲဗျာ ၊ သူ့ တပင်တိုင်မြနန်း မှာ ထိုင်မှိုင်စရာ အခန်းတွေ ပေါပါ တယ် ”

“ ကဲပါကွာ ... အချိန်မဖြုန်းနဲ့ ၊ မင်းကို ငါ ကူညီမယ် ၊ မင်းက ဘုရင့်ရှေ့တော်မှောက် ကို ဝင် ၊ ဝင်ပြီးတော့ သမီးတော်နဲ့ ပေးစားပါ လို့ပြော ၊ မင့်မှာ ဘာအစွမ်းရှိသလဲ ဆိုရင် မယုံကြည်နေ ၊ ညဉ့်နက်သန်းခေါင် မှာ သမီးတော် ထအော်စေရမယ်လို့ ပြောခဲ့ ၊ ကျန်တာ ငါ့တာဝန်ထား ”

“ ပျစ်စ .. ပျစ်စ .. ပျစ်စ ”

“ ဒါက ဘာဖြစ်တာလဲ ”

“ လူတွေ အံ့သြရင် ဒီလိုချည်းပဲ ဖြစ်တယ်မှတ်လိုက် ”

“ မဟုတ်တာကွာ ၊ ငါက လူတွေအကြောင်း အားလုံး သိတယ် ။ မင်းက ပုရွက်ဆိတ်တွေ အကြောင်း ဘာမှမသိ ဘူး ။ ကဲ .. သွား ။ မင့်အတွက် ငါ ကူညီတာကိုမှ မင်း လက်မခံရင် မင့်ထိုက်နဲ့ မင်းကံပဲ ။ ဒီမှာတော့ လာထိုင် မှိုင်မနေနဲ့ ဂနိုင့်ကျက်သရေတုံးတယ် ။ မင်းဟာ ငါ့စကား ကို နားမထောင်ရင် ငါ မကူညီဘူးဒါပဲ ။ ငါ့ကိုတွေ့ ချင်ရင် ကိုကိုညို လို့ သာခေါ်လိုက် ၊ ငါသွားမယ် ”

ပုရွက်ဆိတ်ညို သည် သူ့စကားအတိုင်း အချိန် မဖြုန်းဘဲ ထွက်ခွာသွားလေ၏ ။

မောင်သံမဏိ သည် အစတော့ ချီတုံချတုံ ဖြစ်မိသေး ၏ ။ နောက်ဆုံးတွင်ကား မင်းသမီးကလေး ကို လိုချင်လှသည့် အာသာက ပြင်းပြလှသဖြင့် ဘုရင်ကြီး၏ ရှေ့ တော်မှောက်သို့ ရောက်ခဲ့ရတော့သည် ။

ဘုရင်ကြီးသည် အမတ်ကြီး လေးငါးယောက် နှင့် အတူ သူ့ကို လက်ခံတွေ့ဆုံ၏ ။

“ မောင်မင်းနာမည်က ဘာခေါ်သတုံး ”

“ သံမဏိပါဘုရား ”

ဤတွင် ဘေးနားက အမတ်ကြီး တစ်ပါးက ဝင်ပြော၏ ။

“ ဧကန္တဒီကောင်လေးဟာ သူတစ်ပါး လေလည် တာကို သိတာတောင် မနံဘူးထင်တယ် ။ ဒါကြောင့် သံမဏိ လို့ခေါ်တာ ”

“ နံတော့ နံတာပါပဲ ဘုရား ။ ဒါပေမဲ့ သံမဏိပဲ ခေါ်ပါတယ် ”

“ ကဲ .. ရှိပါစေတော့လေ ။ ဘာကိစ္စရှိလို့ ငါ့ထံ မှောက် အခစားရောက်တာလဲ ”

“ အရှင်မင်းကြီးရဲ့ သမီးတော် မြစန္ဒာ ကို အလိုရှိလို့ပါဘုရား ”

ရှင်ဘုရင်ကြီး သည် “ ဂစ် ” ခနဲ မြည်ကာ တက်သွား လေ၏ ။ ဘေးနားက မှူးမတ်များ ပျာယာခတ် သွားကြ၏ ။ အမတ်ကြီး တစ်ယောက်က မောင်သံမဏိ ဘက် လှည့်၍ ပြော၏ ။

“ မင်း တော်တော် အသက်တိုချင်တဲ့ ကောင်ပါလား ။ ဘုရင့်သမီးတော် ကို လိုချင်တာ ဒီလို မပြောရဘူး ”

“ ဘယ်လို ပြောရသလဲ ”

“ စိတ်ထဲက ပြောရတယ်ကွ ”

“ စိတ်ထဲက ပြောရင် ရရောလား ”

“ သေတောင်မရဘူး ၊ ဒါပေမဲ့ ပြောဖြစ်သွားတာပေါ့ကွ ”

ထိုအခိုက် ရှင်ဘုရင်ကြီး သည် ပြန်၍ သတိရလာ လေ၏ ။

“ ဘုရား ... ဘုရား ။ ဒီကောင်ကများ ငါ့သမီးတော် ကို လိုချင်သတဲ့ ။ ရှိစေလေ ။ ဆုံးခန်းတိုင်အောင်တော့ မေးမြန်းရတော့မှာပဲ ။ မင့်မှာ ဘယ်လို အစွမ်းရှိလို့ ငါ့ သမီး ကို ရည်မှန်းတာလဲ ”

“ ကျွန်တော်မျိုးမှာ ဘာအစွမ်း ရှိသလဲဆိုတာ သိချင် ရင် ဒီညဉ့် စောင့်ကြည့်ပါဘုရား ။ ညဉ့်နက်သန်းခေါင် မှာ သမီးတော် မြစန္ဒာ ထ အော်ရစေ့မယ်ဘုရား ”

ဘေးနားက အမတ်ကြီး သည် ရှုံ့မဲ့သွား၏ ။

“ သူ့လက် သူ ယောင်ပြီး ကိုက်မိရင် မင့် အစွမ်းလို့ ဆိုရမှာလားကွ ”

“ သမီးတော်ဟာ ညဉ့်တိုင်း ဒီလိုယောင်ပြီး ကိုက်မိတတ်လို့လား ”

“ မကိုက်မိတတ်ပါဘူးလေ ။ ငါက ဥပမာပြောတာပါ ”

“ ကျွန်တော်က လက်တွေ့ ကို ပြောနေတာပါ ”

သူတို့ ကြားတွင် ဘုရင်ကြီး က ဝင်ပြော၏ ။

“ ကောင်းပြီ ၊ ဒီညဉ့် ငါကြည့်မယ် ။ မောင်မင်း နက်ဖြန်ကျရင် ငါ့ ရှေ့တော်မှောက်ဝင်စေ ”

မောင်သံမဏိသည် တော်တော် ဝမ်းသာသွား၏ ။ မည်သို့ပင် ဖြစ်စေ ၊ ရွှေနန်းတော်သို့ ဝင်ခွင့်တော့ ရပေပြီ ။ သူသည် ဝမ်းမြောက်ရွှင်လန်းစွာ ပြန်လာခဲ့လေတော့သည် ။

သူကသာ ဝမ်းမြောက်ရွှင်လန်းစွာ ပြန်ခဲ့သည် ။ ကျန်ရစ်ခဲ့သော မှူးမတ်ကြီးများ နှင့် ရှင်ဘုရင်ကြီးတို့မှာ ခေါင်း ချင်းရိုက်နေကြ၏ ။

အမတ်ကြီး တစ်ပါးက အခြားအမတ်ကြီး ဘက်သို့ လှည့်၍ ပြော၏ ။

“ ဒီကောင် မှော်ဆရာလား မှ မသိတာ ”

“ သူ့ အိမ်နားမှာ ရေကန် ရှိလို့လား ”

“ ဘာဆိုင်လို့လဲ အမတ်ကြီးရဲ့ ”

“ ရေကန်မှာမှ မှော်ပင်တွေ ပေါက်မှပေါ့ ”

“ အဲဒီမှော် မဟုတ်ပါဘူးဗျ ၊ ဥုံဖွဆိုပြီး ဟောဒီလို လုပ်လိုက်ရင် လူစင်စစ်က ကြောင်ကြီးဖြစ်သွားတာမျိုး ကိုပြောတာ ”

“ ဒါဆိုရင်လည်း သူက သမီးတော် ဟာ ကြောင်ဖြစ် စေရမယ်လို့ ပြောမှာပေါ့ ။ ခုတော့ ညဉ့်နက်သန်းခေါင် ထအော်ရမယ်တဲ့ဗျာ ။ တော်တော်လည်း ကတ်သီး ကတ်သတ်မှော်တဲ့ ဆရာပဲ ”

“ ဟာ .. ကျုပ်က ဥပမာ ပြောတာဗျ ၊ သမီးတော် ညဉ့်နက် သန်းခေါင်မှာ ထ အော်အောင် သူက ဘီလူး ယောင်ဆောင်လာလို့ ဖြစ်မှာပေါ့ ”

ဤတွင် ရှင်ဘုရင်ကြီးက ဦးခေါင်းကို စိတ်ပျက်စွာ ခါယမ်းရင်း ဝင်၍ မိန့်ကြား၏ ။

“ ငါ့သမီးတော် က ဘီလူးတွေ ဘာတွေ မကြောက်တတ်ဘူးကွ ”

အမတ်ကြီး တစ်ပါးက လျှောက်တင်ပြန်၏ ။

“ လူမှန်ရင် ကြောက်တတ်တာ တစ်မျိုးတော့ ရှိစမြဲ ပါဘုရား ၊ ကျွန်တော်မျိုး ဆိုရင် ရဲယိုသီးအမှည့် ကို မြင်ရင် ကြောက်တယ် ဘုရား ”

အခြားအမတ်ကြီးက လျှောက်တင်ပြန်၏ ။ အခြား အမတ်တွေ ကလည်း ဝင်လျှောက်ကြပြန်၏ ။

“ မှန်ပါဘုရား ။ ကျွန်တော်မျိုး ကတော့ ဆံပင်ချည်ထွေး ကို ကြောက်တယ် ”

“ ကျွန်တော်မျိုးက ကြက်မွေးကို ကြောက်တယ် ”

“ ကျွန်တော်မျိုးက မှိုပွင့်ကို ကြောက်တယ်ဘုရာ့ ”

ရှင်ဘုရင်ကြီး က ဝင်ဖြတ်၍ မာန်မဲလေတော့၏ ။

“ တော်ကြစမ်းပါ ၊ မောင်မင်းတို့ကို အကြောက်တရား ကြေညာခိုင်းနေတာ မဟုတ်ပါဘူး ။ ငါ့သမီးတော် အရေး ကို ဆွေးနွေးကြစမ်းပါ ”

စောစောက အမတ်ကြီး က လျှောက်တင်ပြန်သည် ။

“ သမီးတော် အကြောင်းပဲ ဆွေးနွေးနေကြတာပဲ ဘုရား ။ လူတွေဟာ ကြောက်တတ်တာ တစ်ခု ရှိစမြဲဆို တော့ သမီးတော် မှာလည်း ကြောက်တာ တစ်ခုခုတော့ ရှိရမှာပဲဘုရာ့ ။ အဲဒီ ကြောက်တာကို ဒီကောင်လေး သိပြီး သူ့ မှော်ပင် အတတ်ပညာနဲ့ ”

“ မှော်ပညာနဲ့လို့ ဆိုပါဟဲ့ ”

“ မှန်ပါ ၊ မျှော်ပင်ပညာ .. အဲ ... ညှော်ပညာ ”

“ နေမကောင်းတာမှ မဟုတ်တာ ။ အညှော်တိုက်တဲ့ ပညာ မလိုပါဘူး ။ မှော်ပညာပါကွ ”

“ မှန်ပါ ၊ မှော်ပညာနဲ့ပါကွ အဲလေ မှော်အတတ် နဲ့ သမီးတော် ကြောက်တတ်တာ တစ်ခုခုကို ဖန်တီးပြီး အော် အောင်လုပ်မယ်လို့ တွေးမိလို့ပါဘုရား ၊ သမီးတော် ဘာ ကိုကြောက်တတ်သလဲ ဆိုတော့ စဉ်းစားကြည့်ပါဦး ”

ဘုရင်ကြီး သည် မေးစေ့ကို ပွတ်၍ စဉ်းစား၏ ။

“ အဲ ... ဟုတ်တာပေါ့ ။ ငါ့ သမီးတော် ဟာ ကြွက်ကို တော့ ကြောက်တတ်တယ် ဟုတ်တယ် ။ ကြွက်ကြောက်တယ် ”

“ အဲ .. အနာသိတော့ ဆေး ရှိတာပေါ့ ”

ဤအမတ်ကြီး ၏ စကား ကို ဘေးက အမတ်ကြီး က ဘဝင်မကျပါ ။

“ ကြွက် ကြောက်တတ်တာ ဟာ အနာ တစ်မျိုးလားဗျ ”

“ မဟုတ်ပါဘူးလေ .. စကား ဥပမာပြောတာပါ ”

“ ဟာ ... တကယ်လက်တွေ့ လုပ်ရမယ့် နေရာမှာ ဥပမာတွေ ချည်း ထိုးနေတာကိုး ၊ လိုရင်း မရောက်ဘဲ နေမှာပေါ့ ”

“ ရောက်ရမှာပါ ၊ သမီးတော် က ကြွက်ကို ကြောက်တယ် ။ ဒီကောင်လေး က ညဉ့် နက်သန်းခေါင်မှာ ကြွက် ယောင်ဆောင်လို့ပဲ ဖြစ်ဖြစ် ၊ သူ့ ညှော်မျှင်ညှာ ဟာ နှာပိတ် သလို ဖြစ်နေပါလား ။ သူ့ မှော်အတတ်နဲ့ ကြွက်တစ်ကောင်ကောင်ကို စေလွှတ်လို့ပဲဖြစ်ဖြစ် ၊ ပြုလုပ်ရင် သမီး တော် လန့်အော်တော့မှာလေ ”

ယင်းဝိုင်းဝန်းဆွေးနွေးကြပြီးသည့်နောက် တွင်ကား သမီးတော် ၏ အခန်း တစ်ဝိုက်တွင် ညဉ့်ဦးဘက်၌ ကြွက်ထောင်ချောက်များကို တိတ်တဆိတ်ချထားရန် ဆုံးဖြတ် လိုက်ကြလေ၏ ။ သမီးတော် စိတ်စွဲ၍ လန့်အော်မည်စိုး သဖြင့် ဤကိစ္စများကို သမီးတော် မြစန္ဒာ အား လုံးဝ အသိမပေးချေ ။ အိပ်ခန်း ပတ်ဝန်းကျင်တွင်လည်း အစောင့် ရဲမက်တော်များ ပို၍ချထားကာ ရဲမက်တော်များ ကိုလည်း အသိမပေးဘဲ ထားလေသည် ။

ယင်းသို့ဖြင့် ညဉ့် သို့ ရောက်ခဲ့လေ၏ ။ ဘုရင်ကြီး သည်လည်း သူ့ အဆောင်တော်မှ တော်တော်နှင့် အိပ် မပျော်နိုင်ဘဲ သမီးတော်၏ တပင်တိုင်မြနန်းဆီသို့ နား တစွင့်စွင့်နှင့် ဖြစ်နေလေသည် ။

တပင်တိုင်မြနန်း ထက်မှ စင်္ကြံလမ်းကလေးတစ်ခု တွင် ရဲမက်ကလေး တစ်ဦးသည် သတိနှင့် လျှောက်လာ နေ၏ ။ ယနေ့ညဉ့် အရေးကြီး၍ သမီးတော်၏ အခန်း သို့ ဘယ်လိုရန်သူမျိုးမျှ မဝင်နိုင်အောင် စောင့်ရှောက်ရမည် ဟူ၍သာ သိထားသည် ။ အကျိုးအကြောင်း အသေးစိတ် ကို သူ ဘာမျှမသိချေ ။ ဘယ်လို ရန်သူများ လာစရာရှိနေလို့ပါလိမ့်ဟု တွေးတောရင်း လျှောက်လာသည် ။ မီးတိုင်နှင့် ဝေးဝေး တစ်နေရာတွင် အဆောင်နှင့် ကပ်နေသော သစ်ပင်တစ်ပင်ရှိ၏ ။ ထိုသစ်ပင် မှ သစ် ကိုင်းသည် ငြိမ့်ခနဲ ဖြစ်သွားသည် ။

ရဲမက်တော်ကလေးလည်း သစ်ကိုင်းကို ပို၍ နီးကပ်စွာ မြင်နိုင်ရန် စင်္ကြံလမ်းကလေး ဘေး က ရင်တား သို့ ပြေးကပ်၏ ။ အောက်ခြေ မှောင်ရိပ်တွင် ထောင်ထားသော ကြွက်ထောင်ချောက် ထဲသို့ ခြေတစ်ဖက်ရောက်သွားသည် ။

“ အောင်မယ်လေး ... သေပါပြီဗျို့ ”

ရှင်ဘုရင်ကြီးသည် စူးရှသော အော်သံကြောင့် ခေါင်းထောင်ထသည် ။ အနားတွင် အဆင်သင့် ရှိနေသော မင်းလုလင် တစ်ဦးကို ချက်ခြင်း စေလွှတ်လိုက်၏ ။ လုလင်ကလေး ပြန်ရောက်လာသောအခါတွင် ရဲမက်တော် ပါ ပါလာသည် ။

“ သမီးတော် အဆောင်မှာ သတိမလစ် စောင့်ကြပ် ရင်း ကြွက်ထောင်ချောက် မှာ ခြေညပ်သွားလို့ သူ အော် ဟစ်တာပါဘုရား ”

“ တယ် ... ငါ့မှာ နဂိုကမှ တထိတ်ထိတ်တလန့် လန့်နဲ့ဖြစ်နေရတဲ့အထဲ နင်က ငါ့ကို ဝင်ပြီး သွေးပျက် အောင် လုပ်ဦးကွာ လုပ်ဦးကွာ .. ”

ပြောပြောဆိုဆိုနှင့် ဘုရင်ကြီး သည် ရဲမက်ကလေး အား ဇက်ပိုးကို ရိုက်လေတော့သည် ။

ပုရွက်ဆိတ်ညို ကား မြင့်မားသော ပင်တိုင်ထံသို့ တရွေ့ရွေ့နှင့် တက်ရောက် နေသည် ။ သူ့အချိန် ကို သူ တွက်ထားသည်ဖြစ်သောကြောင့် သန်းခေါင်ယံ အချိန်သို့ ရောက်သောအခါ သူ သည် သမီးတော်ကလေး ၏ အဆောင်တွင်း သို့ ရောက်လာ၏ ။ သမီးတော် ၏ အဆောင်ထဲတွင် အထိန်းတော်များမှာ စောင့်ကြပ်၍ အိပ်နေကြသည် ဖြစ်သောကြောင့် ပုရွက်ဆိတ်ညို မှာ သမီးတော် မည်သူမှန်း မသိချေ ။ သို့ဖြင့် ခပ်ဝဝ အပျိုတော်ကြီး တစ်ဦး၏ နားထဲသို့ အသာ ဝင်၍ ကိုက်ထည့် လိုက်သည် ။

“ အမယ်လေးတော် ... သေပါပြီ ”

ဘုရင်ကြီးသည် ခေါင်းထောင်ထ၏ ။ အပါးမှ မင်း လုလင်ကလေး ကို ချက်ချင်းစေလွှတ်သည် ။ လုလင်ကလေး အပြန်တွင်ကား အပျိုတော်ဝ၀ကြီး ပါလာလေ၏ ။

“ နားထဲက စစ်ခနဲနာတာနဲ့ အိပ်ရာက လန့်နိုးပြီး အော်တာ ”

လုလင်ကလေး က ရှင်းပြလျှောက်ထား၏ ။

“ နင်တို့ လုပ်တာနဲ့ ငါ နတ်ရွာစံတော့မယ် ။ ငါ နတ်ရွာစံရင် ပွဲတွေ့ မယ် ။ တယ် .. နင်က ပွဲမြန်မြန် ကြည့်ချင်ဦး ကြည့်ချင်ဦး ”

ရှင်ဘုရင်ကြီး သည် ပြောပြောဆိုဆိုနှင့် အပျိုတော် မသေးသေး ကို ဇက်ပိုးရိုက်လေတော့သည် ။

သို့သော် .. နောက်ပိုင်းတွင် မည်သူ့ အော်သံမျှ ထွက်ပေါ်မလာတော့ချေ ။ အဘယ်ကြောင့်ဆိုသော် ပုရွက်ဆိတ်ညို သည် သူ့ တွင်းထဲသို့ ပြန်၍ အိပ်နေပြီ ဖြစ် သောကြောင့်တည်း ။

ရှင်ဘုရင်ကြီး သာလျှင် နားတစွင့်စွင့်နှင့် လုပ်နေရ သောကြောင့် မိုးလင်းခါနီးမှ အိပ်ပျော် သွားရသည် ။ နောက်တစ်နေ့ ရောက်သောအခါတွင် မောင်သံမဏိ ကို ရှေ့တော်သွင်းလာလေ၏ ။

“ အရှင်မင်းကြီး ညဉ့် ကအော်သံ မကြားဘူးလား ”

“ ကြားပါတယ်ကွာ ... ကြားသမျှ နှစ်ခါတောင် ”

မောင်သံမဏိသည် ပြုံးရွှင်သွားလေ၏ ။

“ ဟော .. သိပြီမဟုတ်လား ။ အော်သံက တပင်တိုင် မြနန်း ဆီက မဟုတ်လား ”

“ ဟုတ်ပါသဗျာ .. ဟုတ်လိုက်တာမှ ဟုတ်ဟုတ် .. ဟုတ်ဟုတ်နဲ့ မြည်နေသေးတယ် ”

မောင်သံမဏိသည် ပြုံးရွှင်သွားပြန်လေ၏ ။

“ သမီးတော်ကလေး ထပြီးအော်တာ မဟုတ်လား ”

ဘုရင်ကြီး၏ နှုတ်ခမ်းမွေး မှာ နှစ်စ စလုံး ကော့ထောင်သွားကြ ၏ ။

“ ထွတ် ... မဟုတ်လိုက်သမှ လွဲလွဲနဲ့ မြည်သဟ ။ မှူးကြီး ၊ မတ်ကြီးများ ဒီလူလိမ်လူညာ ကို ထောင်သွင်း အကျဉ်းချစေ ”

မောင်သံမဏိ သည် ရှုံ့မဲ့သွားလေတော့၏ ။ ဤသို့ဖြင့် မောင်သံမဏိ သည် အကျဉ်းထောင် ထဲတွင် ငုတ်တုတ်ကလေး ဖြစ်နေရတော့သည် ။ သူ သည် စိတ်ညစ်ညစ်နှင့် ပုရွက်ဆိတ် ကို သတိရ၏ ။

“ ကိုကိုညို ... ကိုကိုညို တဆိတ်ကြွခဲ့ပါဦး ”

မယုံတဝက် ယုံတဝက်နှင့် အသံကလေး ထွက်ရုံ ခေါ်လိုက်၏ ။

သိပ်မကြာမြင့် မီမှာပင် သူ့ ခြေထောက်နားက အသံ ထွက်လာသည် ။

“ ဟောဗျ .. မောင်ရင်က ဒါလောက် ပျင်းစရာ ကောင်းတဲ့ နေရာမှာ ဘာလာထိုင် လုပ်နေတာလဲ ။ အော် .. ငါသိပြီ ဒီနား တစ်ဝိုက်မှာ မျောက်တွေ မရှိလို့ လွတ် လွတ်လပ်လပ် လာထိုင်မှိုင် နေတယ်ဆိုပါတော့ ။ ဟေ့ နေပါဦး ၊ ခုလောက်ဆိုရင် မင်းဟာ မင်းသမီးလေး နဲ့ ရွှေလက်တွဲပြီး လက်ထပ်ပွဲ ကျင်းပနေရမယ် မဟုတ် လား ။ ဒီမှာ ဘာလာ လုပ်နေတာလဲ လူမိုက်ရ ”

“ ဒီမှာက လက်ထိပ်ခြေထိပ်ခတ်ပွဲကြီး ကျင်းပနေ တာ မမြင်ဘူးလားဗျ ။ ညဉ့်က မင်းသမီးလေး မြစန္ဒာကို အော်အောင် လုပ်ပါဆိုမှ ဘယ့်နှယ်ကြောင့် အပျိုတော် ဝဝကြီး ကို အော်အောင် သွားလုပ်ရတာလဲ ”

“ ဟ ... အဆောင်တော်ထဲ ဝင်သွားတော့ အမျိုးသမီးတွေက အများကြီးကိုး ၊ ငါလည်း ဘယ်ဟာ သမီး တော်မှန်း မသိတာနဲ့ အော်နိုင် ဟစ်နိုင် ကိုယ်ခန္ဓာကြီး ရှိတဲ့ အမျိုးသမီးကြီး ကို ကိုက်ထည့်လိုက်တာပဲ ... ”

“ ကောင်းပါ့ဗျာ ၊ အဲဒီတော့ ကျုပ် ဒီမှာ အချုပ် ခံနေရပြီပေါ့ ”

“ မပူပါနဲ့လေ ၊ ဒီနေ့ညဉ့် ရှင်ဘုရင်ကြီး ကိုယ်တော် တိုင် ထအော်ရစေမယ်လို့ ပြောပါ ”

မောင်သံမဏိ သည်လည်း ပုရွက်ဆိတ်ညိုကို အား ကိုးစွာနှင့်ပင် သူပြောသည့် အတိုင်း ရှင်ဘုရင်ကြီး လျှောက်တင်လေ၏ ။

ထိုညဉ့် အဖို့ မောင်သံမဏိ သည် အချုပ်ခန်းတွင် အိပ်ရ၏ ။ ရှင်ဘုရင်ကြီး ကား မောင်သံမဏိ၏ စကားကို မယုံတော့သဖြင့် စိတ်ချလက်ချ အိပ်လေသည် ။ သန်းခေါင်ယံ အချိန်နားသို့ ရောက်သောအခါတွင် ပုရွက်ဆိတ်ညို သည် နန်းတော် ထဲသို့ ရောက်လာလေ၏ ။ ရှင်ဘုရင်ကြီး ၏ အခန်းထဲသို့ ဦးတည်၍ သွား သည် ။ အခန်းထဲသို့ ရောက်သောအခါ အချိန်အနည်း ငယ်စောနေသေးသည် ဖြစ်၍ သူသည် အိပ်ရာဘေး နား က ခုံကလေးပေါ် တက်ကြည့်၏ ။

ရှင်ဘုရင်ကြီး မှီဝဲသော ပျားရည်ခွက် ကို တွေ့ရသည် ။ အဖုံး ဖုံးထား သော်လည်း ဘေးနှုတ်ခမ်းနား တွင် ပျားရည် တွေပေနေသည် ။ ပုရွက်ဆိတ်ညို သည် သွားရည်တများ များကျလာကာ ပျားရည်များ ကို မှီဝဲနေလေရာ မိုးစင်စင် လင်းသွားလေတော့သည် ။

ဘုရင်ကြီး လည်း အိပ်ရာမှ ထသွားလေ၏ ။ များမကြာမီပင် မောင်သံမဏိ ကို ရှေ့တော်သို့သွင်းစေ၏ ။

“ ကဲ မောင်သံမဏိ ၊ သိလို့ပဲ မနံမနံ ၊ မသိလို့ပဲနံနံ ၊ နင်တော့ ဒီနေ့သေရမယ် ။ လူပုံပန်းက မလောက်လေး မလောက်စားနဲ့ ငါ့ကို လာစော်ကားတဲ့ အကောင် ။ ဒီနေ့ နင့်ကိုသုတ်သင်မယ် ”

မောင်သံမဏိ မှိုင်ကျသွား၏ ။ မြစန္ဒာကလေး ကို ချစ်မိသည့် အာရုံကြောင့် သေဘေး ကြုံရလေပြီ ။ သို့သော် သူ့ ကံသည် ဆန်းကျယ်လှ၏ ။ ထိုခဏ တွင်ပင် စစ်သူကြီးနှင့် ရဲမက်တော်အချို့ ပျာယီးပျာယာ ဝင်ရောက်လာကြ၏ ။

အင်အားကြီးမားသော တိုင်းပြည် တစ်ပြည် မှ စစ်မက်အင်္ဂါ ရောက်လာပြီး မြို့ကို ဝန်းရံထားပြီ ဟု လျှောက် တင်ကြ၏ ။

“ ရော .. ခက်ပြီ ။ သင်းတို့ ကို ငါတို့ နိုင်အောင် တိုက် ခိုက်နိုင်ဖို့ စစ်သည်ရဲမက် မလုံလောက်ဘူး ”

ရှင်ဘုရင်ကြီး မှိုင်သွားရ၏ ။ သို့သော် စစ်သူကြီး က ရှင်းပြသည် ။ သူတို့ ဘက်က စစ်သူကြီး အောင်ပွဲ ဖန်တရာက ပြောပါတယ်ဘုရား ။ သူနဲ့ ဒီမှာ ရှိတဲ့ သူရဲကောင်းတွေ တစ်ယောက်ချင်း ယှဉ်ပြိုင်မယ် ၊ ဒီက နိုင်ရင် သူတို့တပ် ပြန်မယ်တဲ့ ဘုရား ။ ဒီမှာ သူ့ကို ယှဉ်လို့နိုင်တဲ့ သူ မပေါ်ပေါက်ရင် တိုင်းပြည် ကို သိမ်းမယ်တဲ့ဘုရား ”

ရှင်ဘုရင်ကြီး အသက်ရှူ ချောင်သွား၏ ။ သို့သော် ကြာရှည် မချောင်ရပါ ၊ မြို့ပြင် ကွင်းကျယ်ကြီး ထဲတွင် တစ်ဖက်က စစ်သူကြီး အောင်ပွဲဖန်တရာ နှင့် သည်ဘက် က စစ်သူကြီးတို့ ယှဉ်ပြိုင် တိုက်ခိုက်၏ ။ သည်ဘက်က စစ်သူကြီး ကျဆုံးသွားသည် ။ ထို့နောက် သူရဲကောင်း ရှိသမျှ လေးဆယ့်ငါးယောက်စလုံး တစ်ယောက် ပြီး တစ်ယောက် ယှဉ်ပြိုင်ကြ၏ ။ အားလုံး သေကုန်သည် ။ ညနေစောင်းသို့ ရောက်သောအခါတွင်ကား တစ်ဖက်က စစ်သူကြီး အောင်ပွဲဖန်တရာ နှင့် ယှဉ်ဝံ့သူ တစ်ယောက်မျှ မရှိတော့ချေ ။

“ ကိုင်း ... ဘယ်လိုလဲ မင်းကြီး ၊ တိုင်းပြည်ကို အပ် တော့မလား ” 

အောင်ပွဲဖန်တရာ က ရှင်ဘုရင်ကြီး ကို မေး၏ ။ ရှင် ဘုရင်ကြီး ခမျာမှာ ကြံရာမရ ဖြစ်နေသည် ။ သူများစွာ မှိုင်တွေသွား၏ ။

သူကဲ့သို့ပင်မှိုင်တွေခဲ့ရသူကား မောင်သံမဏိ ပင် ဖြစ်သည် ။ ဘုရင်ကြီး ဘက်က နိုင်လျှင်လည်း သမီးတော် မြစန္ဒာ ကို ဆောင်ကြဉ်းသွားမည် ။ သူ့ အတွက်တော့ ဘယ်ဘက်ကမှ မသက်သာပါတကား ။

“ မှိုင်လှချည်လား မျောက်မဏိရယ် မင်းက ပျော့လွန်း လို့ သံမဏိ လို့ မှည့်ဖို့ မကောင်းဘူး ။ ညဉ့် က ငါ ပျားရည် နဲ့ တွေ့သွားလို့ပါကွာ ။ ကဲ ... အခုသွား ။ ရှင်ဘုရင်ကြီး ဆီမှ ခွင့်တောင်းပြီး အောင်ပွဲ ဖန်တရာ နဲ့ တိုက် ။ ကျန်တာ ငါ့တာဝန်ထား ”

“ တော်ပါတော့ ကိုကိုညိုရယ် ။ ခံခဲ့ရတာ နှစ်ခါရှိပါပြီ ”

“ ဒီတစ်ခါတော့ စိတ်ချပါကွ ။ အောင်ပွဲဖန်တရာ ဟာ မင်းနဲ့ တွေ့ ရင် အောင်ပွဲပြန်မလာဖြစ်ရစေ့မယ် ။ တစ်ခု တော့ရှိတယ် ။ မင်းက သူနဲ့ တိုက်ခါနီးမှ တစ် ကနေ သုံးရာ အထိ အော်ပြီး ရေတွက်ပြီးမှ တိုက်မယ်လို့ ပြော ”

မောင်သံမဏိ ကား မတတ်သာတော့ပြီ ။ သည်အတိုင်း နေလျှင်လည်း သူ့ အတွက် သက်သာဖွယ်ရာ လမ်း မရှိတော့သဖြင့် ပုရွက်ဆိတ်ညို ပြောသည့် အတိုင်းပင် လုပ်ရချေတော့သည် ။

ရှင်ဘုရင်ကြီး ကား မောင်သံမဏိ ၏ အစွမ်းသတ္တိကို လုံးဝ မယုံကြည်ပါ ။ သို့သော် သည်ဘက်က တိုက်ခိုက် မည့်သူ မရှိတော့သဖြင့် မောင်သံမဏိ ကိုပင် တိုက်ခိုက် ခွင့်ပြုလိုက်၏ ။

“ မောင်မင်း ဘာလက်နက် ယူမလဲ ”

“ ဓားရှည် တစ်လက် ပဲယူပါ့မယ်ဘုရား ”

“ လက်နက်များများ ယူပါလားကွ ၊ နည်းနည်းကလေး ကြာကြာ ခံတာပေါ့ ”

“ ရှိပါစေတော့ဘုရား ။ ဓားတစ်လက်တည်း နဲ့ပဲ ခပ်မြန်မြန် အသက်ထွက်ပါ့မယ်ပြီ ”

“ ဟင် .. နင့်ဟာက နိမိတ်မရှိ ၊ နမာမရှိ ”

“ ခပ်မြန်မြန် ဟိုလူကြီး ကို အသက်ထွက်ပါစေ့မယ် လို့ ပြောချင်တာပါဘုရား ”

“ အဲဒီလိုလုပ်ပါကွာ ... ငါက နဂိုကမှ ရင်ထဲမှာ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေရတဲ့အထဲ ။ နင့်စကား ကြားရတာ အားပြတ်ပြီး မတ်တတ်က လဲရတော့ မလို ဖြစ်သွားရတယ် ”

စစ်သူကြီး အောင်ပွဲဖန်တရာ နှင့် မောင်သံမဏိ တို့ သည် တစ်ယောက်နှင့်တစ်ယောက် ကိုက်နှစ်ဆယ် လောက် အကွာအဝေးတွင် ရင်ဆိုင်မိကြလေပြီ ။

“ ကိုကိုညိုရေ .. ဟုတ်မှလည်း လုပ်ပါနော် ” ဟု မောင်သံမဏိသည် တစ်ကိုယ်ကြား ပြောလိုက်ပြီး မှ အောင်ပွဲဖန်တရာ သို့ အော်၍ ပြောသည် ။

“ ကျွန်တော်က သူများတွေ ကို တစ်နှစ်သုံးလောက် နဲ့ မတိုက်ခိုက်တတ်ဘူးဗျ ။ တစ် ကနေ သုံးရာ အထိ ရေတွက် ပြီးမှ တိုက်တတ်တယ်ဗျ ”

“ လုပ်ပါကွာ မင်း ကြိုက်သလို လုပ်ပါ ၊ မင်း ကြည့် ရတာ ဖြုတ်ကောင် ကို ဆင် နဲ့ နင်းရမယ့်ပုံမျိုး ဖြစ်နေတာ တော့ ငါ စိတ်မချမ်းသာဘူး ”

မောင်သံမဏိ သည် စစ်သူကြီးအောင်ပွဲဖန်တရာ ၏ စကား ကို နားမစိုက်တော့ဘဲ သူ့ ကိစ္စသာ သူ လုပ်လေ တော့၏ ။

“ တစ် ... နှစ် ... သုံး ... လေး ... ငါး .. ခြောက်.. ခုနှစ် ... ရှစ် .. ကိုး တစ်ဆယ်ပြီ ”

ပုရွက်ဆိတ်ညို သည် အောင်ပွဲဖန်တရာ ၏ ခြေထောက် ကို ဖက်၍ တက်နေလေပြီ ။ တက်သည် ။ ခြေမျက်စိ ဆက်တက်သည် ။ ခြေသလုံး ဆက်တက်သည် ။ ဒူးကောက်ကွေးနားရောက်ခါနီးပြီ ။

အောင်ပွဲဖန်တရာ သည် ယားကျိကျိ ဖြစ်လာသဖြင့် မြေကြီး ကို ခြေဖြင့် ဆောင့်လိုက်သည် ။ ပုရွက်ဆိတ်ညို သည် မြေကြီး ပေါ်သို့ ဖုတ်ခနဲ ကျွမ်းပျံကျလေ၏ ။

“ ဆယ့်ငါး ... ဆယ့်ခြောက် ... ဆယ့်ခုနစ် ... ဆယ့်ရှစ် ”

ပုရွက်ဆိတ်ညို သည် တစ်ဖန် ပြန်၍ တက်ပြန်၏ ။ ဤတချီတွင်တော့ အောင်ပွဲဖန်တရာ ၏ အသားပေါ်မှ မတက်တော့ပါ ။ ခြေသလုံးမွေး တစ်ပင် မှ တစ်ပင်သို့ လွှားခနဲ လွှားခနဲ ခုန်ကူး၏ ။ ဟော .. ခြေသလုံးအလယ် သို့ ရောက်လာ၏ ။

“ နှစ်ဆယ့်တစ် နှစ်ဆယ့်နှစ် နှစ်ဆယ့်သုံး ”

တက်သည် .. တက်သည် ။ ပေါင်မှ ပုဆိုးဆီသို့ ရောက်လာ၏ ။ အရေးထဲ ပုဆိုးခါးတောင်းကျိုက်က အခေါက်တွေ များလွန်း သဖြင့် ၊ ပုရွက်ဆိတ်ညို မျက်စိ လည်နေသည် ။ ဘယ်အခေါက်ကြားထဲက ပြန်ထွက် ထွက် ခါးပုံစနား သို့ပင်ရောက်နေရ၏ ။ အချိန်နှင့် ဒီရေ သည် လူကို မစောင့် ။ ပုရွက်ဆိတ်ညို သည် အချိန်ကို လု ၍ လုပ်နေရသည် ။

“ တစ်ရာ့ကိုး ... တစ်ရာ့တစ်ဆယ် .. တစ်ရာ့ဆယ့်တစ် ”

တက်နေဆဲ တက်နေဆဲ ။ ခါးပုံစတစ်ဝိုက် မှ လွတ် ၍တော့ လာပါပြီ ။ ချိုင်းဘက် သို့ ဦးတည်သွားရ၏ ။

“ တစ်ရာ့သုံးဆယ် ... တစ်ရာ့ သုံးဆယ်တစ် ”

ဟော ... ပုရွက်ဆိတ်ညို မျက်စိလည် သွားပြန်၏ ။ ဓားအိမ်ကြီးပေါ် တက်မိ၍ ဆက်လျှောက်ရာ ဓားအိမ် အဖျားသို့ရောက်မှ လမ်းမှားကြောင်း သိရ၍ ပြန်ကွေ့ရ ပြန်သည် ။ အချိန်ကား အကုန် မြန်လှ၏ ။

“ နှစ်ရာ့ခုနှစ်ဆယ် ... နှစ်ရာခုနှစ်ဆယ့်တစ် ”

ပုရွက်ဆိတ်ညို ပြာလောင်ခတ်လာပေပြီ ။ ကျောဘက်မှ ဝိုက်ပတ်၍ လည်ကုတ်ဆီသို့ သုတ်ခြေတင်နေရ၏ ။ အောင်ပွဲဖန်တရာ ၏ ကျောပြင်ကြီးကား ရှည်လျား လှချေ၏ ။ စစ်မတိုက်သည့် အခါများတွင် လူပျင်းကြီး နှင့် တူ၏ ။

“ နှစ်ရာရှစ်ဆယ့်ရှစ် ... နှစ်ရာရှစ်ဆယ့်ကိုး ”

တက်ဟ .. တက်ဟ တော်တော်လည်း အရပ်ရှည် သော အောင်ပွဲဖန်တရာပါပေတည်း ။ ပုရွက်ဆိတ်ညို ၏ ရှိသမျှခြေထောက်တွေထဲမှ နှစ်ချောင်းမှ အပ အားလုံး ညောင်းလာကြပါပြီ ။

လည်ကုတ်ပေါ်က ဆံပင်တွေ ဆီ ရောက်လာ၏ ။ နောက်စိဘက် မှလှည့်ကာ နားသယ်သို့ ပြေးရပေဦးမည် ။

“ နှစ်ရာကိုးဆယ့်တစ် ... နှစ်ရာကိုးဆယ့်နှစ် ”

နားသယ်စပ်မှသည် နားရွက်ဖျားသို့ လွှားခနဲခုန်ကူး လိုက်၏ ။ တည့်မတ်စွာပင်ရောက်သည် ။ နားရွက် အတွန့်အလိပ်တွေ ကြားထဲသို့ နိမ့်ချည်မြင့်ချည် ပြေးရသည် ။

“ နှစ်ရာ့ကိုယ့်ရှစ် နှစ်ရာကိုးဆယ့်ကိုး ... သုံးရာ ”

စစ်ခနဲ နားတွင်းမှ နားစည်ကို ကိုက်ထည့်လိုက်၏ ။

“ အောင်မယ်လေးဗျ ”

အောင်ပွဲဖန်တရာသည် ရုတ်တရက် အော်၍ ဇက်ကို စောင်းလိုက်မိသည် ။ မောင်သံမဏိ ခုန်ဝင်၍ ခုတ်လိုက်သော ဓားသွား သည် တည့်တည့် ကျလာတော့၏ ။

အားလုံး အဆင်ပြေ သွားလေပြီ ။

ရှင်ဘုရင်ကြီး နှင့်တကွ တိုင်းသူပြည်သားများ ပျော်ပွဲ ကြီး ဆင်ယင်ကြ၏ ။ ဘုရင်ကြီး သည် မောင်သံမဏိ နှင့် သမီးတော် မြစန္ဒာ ကို ထိမ်းမြားပေးသည် ။

မောင်သံမဏိ သည် မြစန္ဒာ နှင့် အတူ ထိုင်ရင်းက ပြော၏ ။

“ နှမတော် နှင့် မောင်မောင်တို့ ဖူးစာ ဆုံရတာ ပုရွက်ဆိတ်ညို ရဲ့ကျေးဇူးပဲ နှမတော်ရဲ့ ”

“ ဟေ့ ... ကိုကိုညိုပါကွ .. ကိုကိုညို ”

သူတို့ လှည့် ကြည့်လိုက်သောအခါ ခုံကလေး ပေါ်မှ ထန်းလျက်ခဲ ပေါ်တွင် ခွ၍ ထိုင်နေသော ပုရွက်ဆိတ်ညို ကိုတွေ့ကြရသည် ။

“ ဟင် .. သူက ဘယ်သူလဲ ၊ မောင်တော် ” ဟု မြစန္ဒာ ကမေးသည် ။ မောင်သံမဏိ သည် ရယ်ပြုံးရင်း ပြန်ဖြေ၏ ။

“ လူ့ဘဝမှာ သူများ အတင်းတွေ ပြောလွန်းလို့ တော့ ပုရွက်ဆိတ်ကလေး ဖြစ်ရှာရတဲ့ သူတစ်ယောက် ပေါ့ နှမတော်ရယ် ”

▢ ကြပ်ကလေး
📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များပေါင်းချုပ် ( ဒုတိယတွဲ )

အနောက်မှားသော နွားကလေး

 

❝ အနောက်မှားသော နွားကလေး ❞
            ( ပုံပြင် )
         
ကလေးတို့ ရေ ဟို ရှေးရှေးတုန်းက တောအုပ် တစ်အုပ်မှာ နွားမကြီး နဲ့ ကျားမကြီးတို့ နေကြသတဲ့ ။ သူတို့ ဟာ ကိုယ်ဝန် အရင့်အမာ ဖြစ်လာကြတော့ နွားကလေး နဲ့ ကျားကလေး တို့ မွေးသတဲ့ကွယ် ။ ကျားမကြီး ဟာ နွားမ ကို စားချင်တော့ ရှင် ဘယ် မြက်ခင်း စားမလဲလို့ မေးသတဲ့ကွယ် ။

အဲဒီတော့ နွားမကြီး ဟာ သူ့ကို စားချင်မှန်း သိတော့ အရှေ့ဘက် မြက်ခင်း စားမယ် လို့ ပြောပြီး အနောက်ဘက် မြက်ခင်း သွားစားသတဲ့ကွယ် ။

အဲဒီလို နွားမကြီး လိမ်မှန်း သိတော့ ကျားမကြီး က အပိုင် စောင့်ပြီး နွားမကြီး ကို ကိုက် စားပစ် သတဲ့ကွယ် ။

နွားကလေး က လည်း မိခင်ကို ကျားကြီး စားမှန်း သိတော့ သူ နဲ့ ကစားဖော် ကျား ကလေး ကို ဒီလို ပြောသတဲ့ကွယ် ။

ကျားကလေး ကလည်း သနားပြီး မင်း ဘာမှ မပူနဲ့ ။ ငါ့ အမေ ကို ပြန်ကလဲ့စား ချေပေးမယ် လို့ ကတိ ပေးပြီး နွားကလေး ကို နှစ်သိမ့်စေသတဲ့ကွယ် ။

ကျားလေး နဲ့ နွားလေး တို့ ဟာ ကြီးပြင်းလာတော့ ကျားကလေး ဟာ ကတိအတိုင်း သူ့ ရဲ့ မိခင် ကျားမကြီး ကို သ,တ်လိုက်သတဲ့ကွယ် ။

ကျားလေး နဲ့ နွားလေး ဟာ ပျော်ရွှင်စွာ နေကြရာမှာ တစ်နေ့ကျတော့ ကျားလေး ဟာ နွားလေး ကို ဘေးရန် မကင်းမှန်း သိလို့ လည်ဆွဲ ခလောက်လေး ပေးပြီး မင်း မှာ ဘေးရန် ကြုံလာ ရင် ဒီခလောက် ကို လှုပ်ပြီး အချက်ပေးလိုက်ပါ ။ အဲဒီအသံ ကြားကြားချင်း ငါ လာခဲ့မယ်လို့ မှာကြားပြီး ခလောက် ပေးပြီး ထွက်သွား သတဲ့ကွယ် ။

နွားကလေး က သူ့ ရဲ့သူငယ်ချင်း ကျားလေး ကို စိတ်စမ်းချင်လို့ ခလောက်လေး ကို လှုပ်ပြီး အချက်ပေး လိုက်သတဲ့ကွယ် ။ ကျားလေး ဟာ စိုးရိမ်သွားပြီး လာတော့ နွားကလေး နောက်ကစားမှန်း သိရသတဲ့ကွယ် ။ တစ်နေ့ကျတော့ ရွာသားတွေ ဟာ တောလိုက်ကြတော့ နွားကလေး ကို ဝိုင်းမိပြီး နွားကလေး ဟာ မပြေးနိုင်တော့ဘူးပေါ့ ။

ခလောက်ကလေး ကို အချက်ပေးတော့ ကျားလေး ဟာ သူ့ ကို ယခင် က လို နောက်တယ် ထင်ပြီး အေးအေးဆေးဆေး နေသတဲ့ကွယ် ။ နောက်မှ နွားကလေး ကို သူ ရှာ ကြည့် တော့ မတွေ့ရတော့ဘူးတဲ့ကွယ် ။ အဲဒီ အခါမှာ ရွာသားတွေ ဟာ တော ထဲ မှာပဲ အဲဒီ နွားကလေး ကို ကင်ပြီး စားကြသတဲ့ကွယ် ။ ရွာသား ထဲက တစ်ယောက်သော သူ ဟာ အဲဒီ နွားကလေး ရဲ့ ခလောက်ကလေး ကို ကိုင်ယူ လာတာ ကို ကျားကလေး မြင်တဲ့ အခါ သူ့ သူငယ်ချင်း နွားလေး ရဲ့ ခလောက်မှန်း သိတော့ သူ ဟာ အရင်က နွားကလေး ခလောက်သံ ပေးတာကို နောက်တယ် ထင်ပြီး မသွားတာကိုလည်း သူ့ ကိုယ် သူ ယူကျုံးမရ ဖြစ်ပြီး အမြင်မှန်ရသတဲ့ကွယ် ။ ဒါကြောင့် ရွာသားတွေ ကို လည်း ကျားလေး ဟာ စိတ်ဆိုးပြန်တော့ ... အဲဒီ နွားလေး ကင်နေတဲ့ ရွာသား တွေ ကို ကိုက်စား လိုက်ပြန်သတဲ့ကွယ် ။

အဲဒီ အတွက်ကြောင့် ကလေးတို့ ဟာ အရာရာ မှာ နောက်ပြောင်လျှင် တကယ့် အရေးကျတော့ ဘေးလူ မကယ်နိုင်အောင် ဖြစ်ရတဲ့ အဖြစ်မျိုး ကို ရောက်ကြမှာ ဖြစ်လို့ ကလေး တို့ ဟာ နောက်ပြောင်ခြင်း ကို မပြုကြပါလေနဲ့တော့ပေါ့ကွယ် ။

☐ ဝင်းသီတာ - ပျဉ်းမနား
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၅ ၊ နိုဝင်ဘာ

ကြိုးရှုပ်တဲ့ ပစ်တိုင်းထောင်


 

❝ ကြိုးရှုပ်တဲ့ ပစ်တိုင်းထောင် ❞
          ( စုသဲမွန် )

မြစ်ဧရာ ကို ဖြတ်သန်း တိုက်ခတ်လာတဲ့ လေပြည် သွေးနော့နော့ က ပါးပြင် ကို ညင်ညင်သာသာ တို့ထိ ကျီစယ်လိုက်တယ် ဆိုရင်ပဲ တစ်စုံတစ်ယောက် က ကျွန်မ နားနား ကပ်ကပ်လို့ ခပ်တိုးတိုးလေး အသံပြု ခေါ်လိုက် သလားလို့ သံသယ အတွေးလေးနဲ့ ဘေးဘီ ကို အကဲခတ် ကြည့်လိုက်မိပါတယ် ။ ကျွန်မ နား မှာ ရေချိုးဆိပ် က တက်လာတဲ့ အမျိုးသမီး နဲ့ ကလေးငယ်လေးတွေ ၊ နောက် ... အမှိုက်ခြင်းတောင်း ခပ်ကြီးကြီး တစ်ခု နဲ့ မြစ်ထဲ အမှိုက်တွေ ပစ်ပြီး လှေကား အတိုင်း တက်လာတဲ့ အဘိုးကြီး တစ်ယောက်ပဲ တွေ့ ရတယ် ။ ဒါဆို ခါတိုင်းလိုပဲ ကျွန်မ ဒီနေရာမှာ ဒီလို ရပ်ပြီး ထင်ယောင်ထင်မှား အတွေးတွေ နဲ့ သမီးလေး ကို မျှော်နေမိတုန်းပဲပေါ့ ။

“ အမေ့ ”

ရုတ်တရက် ကြားလိုက်တဲ့အသံ ဆီ ကျွန်မ အာရုံ တွေ ရွေ့သွားတယ် ။ ကမ်းကပ်လာပြီ ဖြစ်တဲ့ လှေပေါ် မှ မိန်းကလေး က လက်လှမ်းကြိုနေတဲ့ သူ့ အမေ ရင်ခွင်ထဲ လှမ်းဝင်ပြီး နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်တဲ့ အသံလေးပါ ။ ဒီလို အသံလေးမျိုး က ကျွန်မ နဲ့ အကျွမ်းတဝင် ရှိလှတယ် ။ ဆည်းဆာအလှ ကို ဧရာဝတီကမ်းပါး မှာ ရပ်ငေးရင်း သမီးလေး ရွာအလှူတွေ အလှလိုက် ပြင်ပြီး ပြန်အလာကို စောင့်ကြိုခဲ့ရတဲ့ ညနေခင်းတွေမှာပေါ့ ။

လှေပေါ် က ခရီးသည်တွေ ထဲမှာ ဖျတ်ခနဲ မြင်လာရတဲ့ သမီးမျက်နှာလေး ကို အပြုံးနဲ့ ကြိုရင်း လက်ပြ နှုတ်ဆက်တော့ သမီး ကလည်း လက်ဝှေ့ယမ်း နှုတ်ဆက်တယ် ။ လှေကမ်းကပ်လာပြီ ဆို သမီးလေး က ကမ်းစပ် ကို လှေကား အတိုင်း မတက်ဘဲ မညီမညာ တောင်ကမူ တွေ ကနေ ဖြည်းဖြည်းလေး တက်လာတတ်တယ် ။ ဒီတော့ ခရီးသည်တွေ ထဲ သူ့ ကို ဟိုဟိုဒီဒီ ရှာနေတတ်တဲ့ ကျွန်မ က ရုတ်တရက် သူ့ ကို မမြင်ပြန်ဘူး ။ နောက်တော့ မှ ကျွန်မ နောက်ကျောကို ရုတ်တရက် သိုင်းဖက် ၊ ကျွန်မ ပါးနား ကပ်ပြီး အမေ့ လို့ နှုတ်ဆက် ပျော်မြူးနေကျလေ ။

အဲ့ဒီ နေ့ က သမီး တော်တော် ပျော်နေတယ် ဆိုတာ ပြန်သတိရမိတယ် ။ ပျော်ဆို ပွဲကြိုက်ခင်မို့ ပွဲခင်း ထဲ သွားဖို့ အလှပြင်ရင်း တက်ကြွ နေတာပဲလို့ ရိုးရိုး တွေးခဲ့ မိတာပါပဲ ။ အရောင် ဆိုးစရာ မလိုတဲ့ သူ့ပင်ကို ရွှေညိုရောင် ဆံနွယ်တွေကို ဘီး နဲ့ ဖြီးသင်ရင်း သူငယ်ချင်းတွေ လာ အကြိုကို စောင့်နေရာ က မကြာပါဘူး ၊ နီနီမာ ရဲ့ အသံခပ်စာစာ က အမှောင်ရိပ် ထဲကနေ အိမ်ဘက် ကို ပျံ့လွင့် လာတယ် ။

“ မြန်မြန်လာဟဲ့ ။ နင် တို့ ပွဲဈေး လည်း လျှောက်ချင် သေးတယ်ဆို ။ တော်ကြာ အချိန်မရဘဲ နေဦးမယ် ”

သူ နဲ့ အတူ ကပ်ပါလာတဲ့ အရပ်ပုပု မိန်းကလေး က ဆိုင်မှာ ဆံပင် လာလာ ကောက်တတ်တဲ့ သမီး ရဲ့ သူငယ်ချင်းမလေးလေ ။ သူ့ နာမည် ဘယ်သူပါလိမ့် ။ ဩော် သိပြီ ။ သော်တာအေး ။ နောက် တစ်ယောက် ကတော့ ဈေးထဲကုန်စုံဆိုင် က မကြင်လှ ရဲ့ သမီး စမ်းဌေး လေ ။ သူတို့ စကားပြောသံတွေ နဲ့ ခြေသံတွေ က ရွာလမ်း တစ်ခုလုံး စီစီညံနေတာပါပဲ ။

အမှောင် ထဲ မှ အိမ်ဘက် ကို တရွေ့ရွေ့ လာနေတဲ့ မိန်းကလေး သုံးဦး ရဲ့ ပုံသဏ္ဌာန် က တဖြည်းဖြည်းနဲ့ ထင်ရှားလာတယ် ။ ထူးသစ်ဇော် ရဲ့ ဇာတ် သာ ကပြီ ဆို ဒီမှာတင်မက အနီးနား ရွာတွေထိ လိုက်ကြည့်တတ်တဲ့ သမီးရဲ့ ဝါသနာတူ သူငယ်ချင်းတွေလေ ။ မိန်းကလေး တွေ နှုတ်ဖျား မှာ အမြဲ ရေပန်းစားနေတဲ့ ထူးသစ်ဇော် ဇာတ် ကို ဒီနှစ် ကျွန်မတို့ ရဲ့ အင်းရွာဘုရားပွဲဈေး မှာ သုံးည တိတိ ငှားထားတာမို့ ပွဲဈေး မခင်းခင် ကတည်းက သမီးတို့ အပျိုတစ်သိုက် တက်ကြွနေကြတယ် ။ ဟိုး တစ်ခါကတော့ ကျွန်မ လည်း သူတို့ နဲ့ လိုက်ကြည့်ဖူးသား ။ ဇာတ်မင်းသား ကလည်း ကျွန်မတို့ ငယ်ငယ် က မင်းသားတွေ လို ထောင်ထောင်မောင်းမောင်း ချောချောခန့်ခန့် လည်း မဟုတ်ဘူး ။ ပိုးဟပ်ဖြူလေး လို ဖြူဖြူဆွတ်ဆွတ် နဲ့ သေးသေးကွေးကွေး ၊ အင်း အရပ်လေး ကတော့ ရှည်ပါရဲ့ ။ ကတာ ကလည်း ခြေချိုးလက်ချိုး မလှ ။ နှစ်ပါးခွင်လည်း မကောင်း ။ ပြဇာတ် နဲ့ စတိတ်ရှိုးလောက်လေး နဲ့ပဲ နာမည်ကြီး တဲ့ မင်းသား ကို သူတို့ ပဲ သဲသဲလှုပ် အားပေးကြတယ်လို့ ကျွန်မ တွေးမိသေး တယ် ။

ကျွန်မတို့ ငယ်ငယ် ကလို ကိုယ့် ဆီ လာမှတောင် မဟုတ်ဘူး ၊ ကျွန်မတို့ နေတဲ့ အင်းရွာ ကနေ အောက်ဘက် မြစ်ရိုး တစ်လျှောက် ကြက်တစ်ကောင် ၊ ကမ်းနီ ကနေ တစ်ခါများဆို မန္တလေး အထိ တောင် သွားကြည့်ချင်ကြတာ ။ အင်းရွာ ဆိုတာက ဧရာဝတီမြစ် ထဲကို ရွှေလီမြစ် စီးဝင်တဲ့ နေရာမို့ မန္တလေး နဲ့ ဘယ်လောက် ဝေးတယ် ဆိုတာ စဉ်းစားကြည့်ကြပေါ့ ။ အဲ့ဒီ မင်းသားကလည်း သူ့ ပွဲတွေ ဒီလောက် တမ်းတမ်းစွဲ လိုက်ကြည့်နေမှတော့ သမီးတို့တွေ ကို မျက်မှန်းတန်းမိပုံ ပေါ်တယ် ။ သူ့ ဇာတ် ဘယ်မြို့ မှာ ကတော့မဟေ့ ဆိုရင် သမီးတို့ဆီ သတင်း က အရင်ဆုံးရောက်လာပြီ ။ ကျွန်မ ကတော့ သမီး မိန်းကလေး မို့ စိတ်ပူတာပေါ့ ။ ဒီကြားထဲ ပွဲကြည့်ဖော် က လည်း မရှိ ၊ သူ ကလည်း မသွားရ မနေနိုင် ပြောရဆိုရ ခက်လာရင်တော့ နီးနီးနားနား ရွာ ဆိုရင် ကိုယ်ပါ အပင်ပန်းခံ ၊ အလုပ်ပျက် ခံပြီး လိုက်ပို့ရတတ်ပါသေးတယ် ။

အလုပ်ပျက်တယ် ပြောရတာက ကျွန်မတို့ သား အဓိက အင်းရွာ တင်မက ပတ်ဝန်းကျင် နယ်တစ်ခွင် မှာ ပါ နာမည်ကြီး တဲ့ ဝင့်လွှာဖြူ ဆိုတဲ့ အလှပြင်ဆိုင် မှာ အလုပ် လုပ်ကြတာမို့ပါ ။ ဒီတော့ ညဘက် အိပ်ရေး ပျက်ရင် နေ့ခင်းဘက် မှာ ရက်ဆက် ဘယ် အလုပ်လုပ် နိုင်ပါ့မလဲ ။ ဆိုင်ရှင် က နားလည်မှု နဲ့ ဘယ်လောက်ပဲ သဘော ကောင်းကောင်း ၊ ကိုယ်တွေ က သူများ ပိုက်ဆံ ယူထားရင် အလုပ် ကို အလုပ် နဲ့ တူအောင် လုပ်တတ်ရတယ် မဟုတ်လား ။ ပြီးတော့ ဖောက်သည်တွေ လည်း ပျက်မှာ စိုးရတယ်လေ ။ အခုလည်း သမီး က ပွဲကို သုံးရက်လုံး ဆက်တိုက် ကြည့်ဦးမှာ ဆိုတော့ အိပ်ရေး ပျက်ပြီး အလုပ် ဝင်နိုင်မှာ မဟုတ်မယ့် အတူတူ သမီးလေး နေသိပ်မကောင်းလို့ ဆိုပြီး ဆိုင်ရှင် ဆီမှာ ခွင့်တောင်းပြီး နားဖို့ ကျွန်မ စဉ်းစားထားပါတယ် ။ ထူးသစ်ဇော် ဇာတ်ဆို သမီး က ရှေ့ဆုံးက ဖျာနေရာ ဦးပြီး မိုးလင်းပေါက် ကြည့်မှာ ဆိုင်ရှင် လည်း သိထားပြီးသားပေမယ့် ကျွန်မ ဆိုင်ကို စောစော သွားပြီး သမီးအတွက် ပါ နှစ်ယောက်စာလောက် ကြိုးကြိုးစားစား လုပ်ပြလိုက်ရင် သမီး ကို မကျေနပ်တောင် ကျွန်မ ကို အားနာလို့ ဘာမှ ပြောမှာ မဟုတ်ပါဘူး ။ သမီး ကတော့ ဒါတွေကို တွေး လည်း မတွေး ၊ သိလည်း သိမှာ မဟုတ်ဘူး ။ ပွဲကြည့်ဖို့ ဆို ကြော့နေအောင် အလှပြင် ပြီးတာနဲ့ ဘာမှ သူ သတိရတော့တာမှ မဟုတ်တာ ။

ကျွန်မ ခါး ကို ဖက်ပြီး “ အမေ ၊ သမီး က မိုးလင်း မှ ပြန်လာမှာနော် ။ အမေ စိတ်ပူမနေနဲ့ဦး ” ဆိုပြီး သူ့ သူငယ်ချင်းတွေ နဲ့ ပါသွားပါတော့တယ် ။ တရွေ့ရွေ့ ထွက်သွား တဲ့ သမီးကျောပြင် ကို ငေးကြည့်ရင်း ဘာရယ်မှန်း မသိ ၊ စိတ်ထဲ လေးလံနေမိတယ် ။ မိန်းကလေးရှင် ဆိုတာမျိုး က မဖြစ်ခင် ကတည်းက ကြိုတင်တွေးပူရတာမျိုး မဟုတ်လား ။ အာရုံ ထဲ မှာလည်း သမီးတို့ သဘောကျ စွဲလမ်း နေကြတဲ့ ထူးသစ်ဇော် ဆိုတဲ့ မင်းသားလေး ကိုပဲ မြင်ယောင်နေမိတယ် ။ အဲ့ဒီ ညက ကျွန်မ လုံးလုံး အိပ်မပျော်ခဲ့ဘူး ။ အသက် လေးဆယ် ကျော် တာတောင် မင်းသားလေး မျက်နှာ ကို မြင်ယောင်ရင်း ရင်တုန်ပန်းတုန် နဲ့ အိပ် မရခဲ့ဘူး ဆိုလို့တော့ ကျွန်မ ကို သူငယ်ပြန်တယ် လို့ မထင် လိုက်ပါနဲ့ ။ ကျွန်မ ရဲ့တစ်ဦးတည်းသော ချစ်သမီးလေး
နွဲ့နှောင်း အတွက် ဟိုတွေး ဒီတွေ ၊ စိတ်ပူရင်း မိုးစင်စင် လင်းသွားလို့ပါပဲ ။

ကျွန်မ က မျက်စိပျက် ၊ မျက်နှာပျက် ဖြစ်နေတဲ့ စမ်းဌေး ရော ၊ သူ သိသမျှ အိတ်သွန်ဖာမှောက် ပြောပြ နေတဲ့ နီနီမာ ရဲ့ မျက်နှာတွေ ကိုရော မလွတ်တမ်း လိုက် ဖတ်ရင်း ၊ တရားခံ ရှာ မရတဲ့ ဒေါသ က သူတို့ နဲ့မှ တကယ့် ယမ်းပုံမီးကျ ဖြစ်လာတော့တယ် ။

“ ညည်းတို့ ငါ့ ကို ဇာတ်လမ်း ဆင်ပြီး လာ လှိမ့်နေတာတော့ မဟုတ်ပါဘူးနော် ။ ညည်းတို့ ပြောပုံက ညည်း တို့ မင်းသားက မိန်းမ ရှုပ်ရုံတင် မကဘူး ။ ငွေ လည်း မက်သေး ။ အလောင်းအစား လည်း လုပ်တတ်သေးဆို တော့ ... ဟယ် ။ ဒီလို လူမျိုး ကို ညည်းတို့သူငယ်ချင်း နဲ့ မပတ်သက်ခဲ့အောင် ဝိုင်းတားရမှာပေါ့ ။ အခု ညည်းတို့ ကပါ မြှောက်ထိုးပင့်ကော် လုပ်ခဲ့လို့သာ အခုလို ငါ့သမီးလေး မျက်ရည် နဲ့ မျက်ခွက် ဖြစ်ရတာပေါ့ ”

ကျွန်မ လည်း ဒေါသ နဲ့ သောက ရောပြီး ပြောမိ ပြောရာ ပြောပြီးတဲ့ နောက် စိတ်ပျက်လက်ပျက် ထိုင်ခုံ မှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ချိန်မှာ သူတို့တွေ ဆီ မှ သက်ပြင်းရှိုက်သံ သဲ့သဲ့ ကြားရတယ် ။

“ ခြောက်လ ဆိုတာ နည်းသလားအေ ။ နှစ်ဝက် လောက် သူ မင်းသား နဲ့ ရည်းစား ဖြစ်နေတာ နင်တို့ ငါ့ ကို ဖုံးထားရက်တာ တွေးတိုင်း အစ်မ တကယ် ရင်နာ ရတယ် ။ နင်တို့ သူငယ်ချင်း က ရည်းစားသနံ ကိစ္စတွေ မှာ အတွေ့အကြုံ မရှိတာ သိကြလျက်သားနဲ့ ”

ကျွန်မ က သူတို့ ကိုပဲ ဖိပြီး အပြစ်တင် နေမိတော့ ကလေးတွေ မျက်နှာ မကောင်းကြတော့ ။ နံရံ တစ်ဖက် သာ ခြားတဲ့ အတွင်းခန်း ထဲ မှာ သမီး က မျက်ရည် စိုစွတ်နေ တဲ့ မျက်ဝန်းလေးတွေ မှိတ်ပြီး တိတ်ဆိတ်ငြိမ်သက်လို့ ရှိနေမှာ သေချာပါတယ် ။ သမီး ရဲ့ ရောဂါဟောင်း အစာအိမ် ပြန်ထချိန် နဲ့ သူ့ မင်းသား သူ့ ကို ပစ်သွားချိန် နဲ့ တိုက်ဆိုင်နေတော့ အိပ်ရာ ထဲ လဲသွားတာ ဘာဆန်းမလဲ ။ စိတ်ရော ၊ လူရော ၊ နှလုံးသားရော တစ်ပြိုင်တည်း အတိုက်အခံရချိန်မှာ သမီး ကို အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင် ထားချင်ပေမယ့် နီနီမာ တို့ သူငယ်ချင်းတွေ ကို မြင်ရတော့ ကျွန်မ စိတ် က ထိန်းမရပြန်ဘူး ။ သမီး ကို သတင်းမေးဖို့ လာတဲ့ နီနီမာ က သူ့ လက် ထဲက တောကြက်ဥခြင်းလေး နဲ့ နွားနို့ပုလင်း ကို လက်ကမ်း ပေးရင်း ကျွန်မ ကို တောင်းပန်စကား ဆိုတယ် ။

“ သူ အဲ့ဒီ မင်းသား ကို ဒီလောက် စွဲလမ်းလိမ့်မယ်လို့ မထင်ဘူး အစ်မ ။ ကျွန်မတို့လည်း မင်းသား ကို သဘော ကျတယ် ။ ခင်မင်ချင်တယ် ။ သူ လည်း ဒီလောက်ပဲ ထင် တာပေါ့ ။ ဒီလိုမျိုး ထဲထဲဝင်ဝင် ပတ်ပတ်သက်သက် ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိပါဘူး ။ တကယ်ပါ ။ မင်းသား နဲ့ သူ နဲ့ စင်နောက်မှာ နှစ်ယောက်တည်း တွေ့ ကြတယ် ။ သူ့ ကို ဖွင့်ပြောတယ် ဆိုတော့ ကျွန်မတို့ လည်း အမှန်အတိုင်း ပြောရရင် အံ့လည်း အံ့သြ ၊ ဝမ်း လည်း ဝမ်းသာမိတယ် ။ ကိုယ့်သူငယ်ချင်း ကို ပျော်စေချင် ၊ စိတ်ချမ်းသာစေချင်တာကိုး ။ ဒါပေမဲ့ မင်းသား က သူ့ ကို ချစ်ရေးဆိုခဲ့ရင်တောင် သူ အချိန် အတော်ယူ စဉ်းစားဦးမယ်လို့ ကျွန်မတို့ က ထင်နေတာ ”

နီနီမာ့ စကားကို သော်တာအေး ကလည်း ထောက်ခံတယ် ။

“ ဟုတ်တယ် အစ်မ ။ နွဲ့နှောင်း က အဲ့ဒီလောက် အယုံလွယ်မယ် မထင်မိဘူး ။ ပြီးတော့ သူ ကလည်း နွဲ့နှောင်း လို မိန်းကလေး ကို ခုလောက်ကြီး မြန်မြန် သစ်စိမ်းချိုး ချိုးပြီး ထွက်သွားလိမ့်မယ်လို့လည်း ကျွန်မ တို့က ဘယ် ထင်ပါ့မလဲ အစ်မရယ် ”

ထိုနောက် စမ်းဌေး က ကျွန်မ လက်ကလေး ကို ကိုင်ဆွဲရင်း

“ ကျွန်မတို့ ကို ပွဲကန်ထရိုက် မရီလှ က ပြောတယ် ။ ထူးသစ်ဇော် ကို မန္တလေး က သူဌေးလင်မယား က မွေးစားထားတာတဲ့ ၊ တကယ်တမ်းတော့ မင်းသား က တစ်ကောင်ကြွက် တဲ့လေ ။ ပြီးတော့ နဂိုတည်းက ခြေရှုပ်တတ်တဲ့ ဗီဇရယ် ၊ ရုပ်ခံလေး ကလည်း ရှိတော့ သူ ပွဲကတဲ့ နေရာတွေတိုင်း မှာလည်း ရည်းစားတွေ ဟော တစ်ယောက် ၊ ဟော တစ်ယောက် ပဲတဲ့ ။ မိန်းမကျမ်း သိပ်ကြေတာတဲ့ အစ်မ ။ သူ ပွဲကတဲ့ မြို့တိုင်း မှာ သူ့ ကို ကြိုက်လို့ မိတ်ဆက် လာတဲ့ မိန်းကလေးတွေ ဆို အလွတ် မပေးတတ်ဘူးတဲ့ ။ ဒီကြားထဲ သူ့ရည်းစား ဆိုတဲ့ ဟာတွေက လိုက်လိုက် လာတတ်ကြတယ်တဲ့ ။ ရည်းစား ဆိုပေမယ့် ဘယ်အဆင့်မှန်း မသိဘူးလေ အစ်မ ။ အခုတောင် နွဲ့နှောင်း ကံကောင်းလို့ ရေတိမ် မနစ်တာလို့ ပြောရမှာ ။ စောစော လမ်းခွဲ လိုက်တာပဲ ကံကောင်းတယ် ပြောရမှာ ပါ အစ်မရယ် ”

ကျွန်မ ရင်ထဲ မှာတော့ မီးတောင်တွေ ဆင့်ကာ ဆင့်ကာ ပေါက်ကွဲသလို ခံစားနေရပြီး မီးတောင်ချော်ရည် ပူတွေဟာ တင်းကျပ်နေတဲ့ ကျွန်မရင် ထဲ ကနေ ရုန်းထွက် ပြီး မျက်ရည်ပူတွေ အဖြစ် ယူကျုံးမရ ၊ နှမြောတသ ခံစား ရရင်း စီးဆင်းလာတော့တယ် ။ ကျွန်မ အပူကို နားလည် နိုင်ရင်တောင် ကျွန်မ ရဲ့ နာကျင်ခံစားမှုတွေ နဲ့ ထပ်တူ မကျနိုင်တဲ့ သမီး သူငယ်ချင်းတွေ က နှုတ်ဆက် ပြန် အသွားမှာ ကျွန်မ အဖြေ တစ်ခု ရလိုက်တယ် ။ အဲ့ဒီ အဖြေ ကတော့ ကျွန်မ ရဲ့ ရှိစုမဲ့စု ခွန်အားတွေနဲ့ သမီးလေး ရဲ့ ရုပ်ရော ၊ စိတ်ရော ၊ နှလုံးသားပါ ပြန်ပြီး နာလန်ထူ လာအောင် လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ။

ပထမဆုံး အိမ်နံရံ ပေါ်က မင်းသား ရဲ့ ပွဲကြော်ငြာ ပုံတွေ ၊ အိမ်ရှေ့ ဗီရိုမှန် မှာ ကပ်ထားတဲ့ မင်းသားဓာတ်ပုံ တွေ စတဲ့ သဲလွန်စတွေ ကို ပထမဦးဆုံး ဖျောက်ပစ်လိုက်တယ် ။ အစာအိမ်နာ ကို အကြောင်းပြုပြီး အသည်းကွဲ လို့ အစားအသောက် မဝင်တဲ့ သမီး ကို ကျွန်မ အလုပ် ကလဲ အနားယူပြီး အသေအချာ ပြုစုစောင့်ရှောက်တယ် ။

ညသန်းခေါင်ကျော် အထိ အိပ်မပျော်သေးတဲ့ သမီး ကို ကျွန်မ ဘာသာ ဖတ်ချင်လို့ ဖတ်ပုံမျိုး နဲ့ ဆရာတော် ဦးဇောတိက ရဲ့ စာအုပ်တွေ ဖတ်ပြပြီး စိတ်ခွန်အားတွေ တိုးမြှင့်ပေးတယ် ။ အချစ် နဲ့ ပြိုလဲကျသူတွေ ကို အကောင်းဆုံး ပြန်တည်ဆောက်နိုင်အောင် ဘဝဒဿနတွေ ၊ အတွေးအခေါ်တွေ ၊ ပုံပြင်သာဓကတွေ နဲ့ ဖေးမတွဲကူ တတ်တဲ့ ဆရာတော်အရှင်ဆန္ဓာဓိက နဲ့ ၊ ဆရာတော် ရဝေနွယ် ( အင်းမ ) တို့ရဲ့ စာအုပ်တွေ ကို “ သမီးရယ် အမေ့ ကို ဖတ်ပြပါဦး ” ဆိုပြီး တစ်လှည့် ဖတ်ခိုင်းတာမျိုး နဲ့လည်း သမီး စိတ်ကို ပြန်ထူထောင်ပေးခဲ့တယ် ။ ကျွန်မ စေတနာ မေတ္တာတွေ ကို နားလည်လာပုံ ရတဲ့ သမီး က ကျွန်မ အပေါ် ဟိုးအရင်ထက် တောင် ပိုသံယောဇဉ် တွယ်လာ သလိုပါပဲ ။ ဒီ အမေ ဒီ သမီး နှစ်ယောက်ပေါင်း မှ ကူရာမဲ့ တစ်ဘဝတည်း မှာ သူ နေမကောင်း ဖြစ်တော့ ဒီကမ္ဘာကြီး မှာ အားအကိုးထိုက်ဆုံး လူက ဘယ်သူလဲ ဆိုတာ သမီး ပိုသိလာသလိုပါပဲ ။ အိမ်လေးထဲမှာ ဟိုးအရင် ကလို သမီး ရဲ့ ဆည်လည်းသံလေးနဲ့ ပြန်ပြီး ဝေစည်လာတယ် ။

တစ်ရက်တော့ ဈေး နဲ့ မနီးမဝေး မှာ အခွေဆိုင် ဖွင့် တဲ့ မကျင်လှ က သူ့ ဆိုင်လေး ငှားချင်လို့ စပ်ပေးပါဆိုတာနဲ့ ကြိုစဉ်းစားထားတာမျိုး မဟုတ်ဘဲ ၊ ရုတ်တရက် စိတ်ကူးပေါ်လာလို့ သမီး နဲ့ တိုင်ပင်ဖြစ်တယ် ။ အဲဒီ နေရာမှာ အမေတို့ ကိုယ်ပိုင် ဆိုင်လေး ဖွင့်ကြမလားလို့ မေးလိုက်တော့ သမီး ရဲ့ မျက်ဝန်းလေးတွေ က သောက်ရှူးကြယ်တွေ လို တဖျပ်ဖျပ် လက်လာတယ် ။ ကျွန်မ က ဆယ်ကျော်သက် ကတည်းက ဒီ အလှပြင် အလုပ် ကို လုပ် လာခဲ့သလို ၊ သမီး ကလည်း ကျွန်မ လိုပဲ ဒီအလုပ်မှာ စိတ်ရောလူပါ နစ်ပြီး ဝါသနာ ပါလှတာ ကျွန်မ သိလို့ ဒီစိတ်ကူး ကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ ဆုံးဖြတ် မိတာပါပဲ ။

နှောင်း လို့ သမီး ကို ကျွန်မ ခေါ်နေကျ နာမည်လေး နဲ့ပဲ ကျွန်မတို့ ဆိုင်လေး ကို စဖွင့်လိုက်ပါတယ် ။

တစ်ခါတလေတော့လည်း ဆိုင် ကို တစ်ရက်လုံး နေမှ ဆံပင် လာညှပ်တဲ့သူ တစ်ယောက် လောက်ပဲ လာတာမျိုးလည်း ရှိတယ် ။ ဒီလိုနေ့မျိုး ဆိုရင်တော့ ဆိုင် ကို သမီး နဲ့ပဲ စိတ်ချလက်ချ ထားခဲ့ပြီး ကျွန်မ က အိမ်ပြန် ပြီး ညစာအတွက် ထမင်းဟင်း ချက်ပြီး အိမ်သန့်ရှင်းရေး လုပ်ရင်း ဆိုင်ပိတ်ပြီး ပြန်လာမယ့် သမီး အိမ်အပြန် ကို စောင့်ရတယ် ။ သမီး ကို ဆိုင်မှာ ရှိစေချင်တယ် ဆိုတာ ကလည်း ကျွန်မနဲ့  ပြင်ချင် ၊ ညှပ်ချင်ကြတဲ့ ဖောက်သည်ဟောင်းတွေ လာရင် သမီး လက်ရာကို မြည်းစမ်းကြည့် စေချင်လို့ ၊ သမီး ကို ရှေ့ကို တွန်းပို့ရတဲ့ သဘောပါပဲ ။ တစ်ခါတလေ ကျွန်မ ဆိုင်မှာ ရှိနေရင်တောင် ဖောက်သည်ဟောင်းတွေ က ကျွန်မ နဲ့ အလှပြင်မယ် ၊ ဆံပင်ညှပ်မယ် ဆိုတိုင်း ၊ သမီး က ကျွန်မ ထက် ပိုပြီး အမြင် ရှိတယ် ။ သမီး နဲ့  ပြင်ကြည့်ပါ ဆိုပြီး ကျွန်မ ဘေးက ကူပေးရုံ လောက်နဲ့ တစ်ခါတည်း မိတ်ဆက် ပေးထားလိုက်တယ် ။

“ သမီး ဒီမှာ တွေ့လား ၊ အလှဆုံးသစ်ခွတွေကို ဖယ်ထားတာ ။ အားလုံး ပြင်ပြီး ၊ နောက်ဆုံးမှ ပန်ရမှာ ။ ပန်ရင်လည်း ပန်း ကို ခပ်စိုက်စိုက်လေး ပန်ပေး ။ အသေးဆုံး အပွင့်ကို ဆံထုံးရဲ့ နောက်ဘက်နားမှာ ပန်နော် သိလား ”

ကျွန်မ က ပြောလည်း ပြော လက်တွေ့ လည်း လုပ်ပြရင်း သမီး ကို သင်ပေးရတာပါပဲ ။ သမီး ကလည်း ဉာဏ်ကောင်းတာမို့ ကျွန်မ သင်သမျှ တတ်လွယ်ပါ တယ် ။ တစ်ခါတလေ အနီးအနား ရွာတွေ မှာ အလှူတို့ ၊ မင်္ဂလာဆောင်တို့တွေ ဖိတ်ရင် ဆိုင်မှာ က ကျွန်မ မဖြစ် မနေ နေရမှာမို့ သမီးတစ်ယောက်တည်း ပဲ လွှတ်လိုက်ရတယ် ။ အဲ့ဒီနေ့မျိုးဆို သမီး က မိတ်ကပ်ဘူးလေး ဆွဲပြီး ထွက်သွားလိုက်တာ ညနေစောင်း လို့မှ ပြန်မရောက်သေး ရင် မြစ်ဆိပ် မှာ သမီး ကို စောင့်ရင်း မျှော်တော်ယောင် ဘဝ နဲ့ အချိန်ကုန်ရသူဟာ ကျွန်မ ပေါ့ ။ ကျွန်မ သူ့ ကို စိတ်ပူ နေတာ သူ သိလျက် ၊ မြင်လျက် တစ်ခါတလေလည်း မြစ်ဆိပ်လှေကား အတိုင်း တက်မလာဘဲ တောင်ကမူ လေးတွေကနေ ပုန်းလျှိုးကွယ်လျှိုး တက်လာပြီးမှ ကျွန်မ ခါး ကို အနောက်ကနေ သိုင်းဖက်ပြီး နှုတ်ဆက်တတ်တဲ့ သမီး အမူအရာလေးတွေက အရမ်း ချစ်စရာ ကောင်းပါတယ် ။ ကျွန်မ ကို “ မေ့ ” ဆိုပြီး ချွဲချွဲနွဲ့နွဲ့ ခေါ်တတ်သေး တဲ့ သမီး ရဲ့ အသံလေးတွေ က ကျွန်မ ဘဝရဲ့ ရုန်းကန် လှုပ်ရှားရာမှာ ခွန်အားတွေ ဖြစ်စေပါတယ် ။ ကျွန်မ ဘဝ မှာလည်း သံယောဇဉ် တွယ်စရာ ဆိုလို့ လက်ညှိုးထိုး ပြစရာ ရှားရှားပါးပါး ဒီ သမီးလေး တစ်ယောက်တည်း ရှိတာ မဟုတ်လား ။

သမီး က အလှအပ မက်ပြီး အားချိန်ဆို သူငယ်ချင်းတွေ နဲ့ ဆိုင်တကာ လှည့် ဈေးဝယ် ထွက်ကြတာတွေ ရှိပေမယ့် ကျွန်မ အပေါ်လည်း သိတတ်လိမ္မာ သလို ကြင်ကြင်နာနာ ဆက်ဆံတတ်ပါတယ် ။ ဆိုင်မှာ စားဖို့ ကျွန်မ ကြိုက်တတ်တဲ့ ဟင်းတွေကို သူ ဦးစားပေး ချက်တတ်သလို ၊ ထမင်းစားပြီး အချိုတည်းဖို့ လက်ဖက်သုပ် ၊ ဒါမှမဟုတ်လည်း ပေါ့ဆိမ့်လက်ဖက်ရည် နဲ့ ရွှေကျီးမုန့်ကြွပ်လေးတွေ မျိုးလည်း အလိုက်တသိ နဲ့ ယူလာတတ် သေးတယ် ။ ညဘက် ဆိုလည်း အိမ်စရိတ်တွေ ၊ စာရင်းတွေ အတူ လုပ်ကြရင်း သူ့ အသိ ဈေးသည်တွေ အကြောင်း ပြောပြတော့ သမီးလေး လူမှုဆက်ဆံရေး ကောင်းပုံ ၊ ပတ်ဝန်းကျင် လေ့လာအား ကောင်းပုံတွေ ကို ကျွန်မ တအံ့တသြ ဖြစ်ရသေးတယ် ။ ဆိုင်မှာ ကျွန်မ နဲ့ ဆံပင်ညှပ်ချင်သူတွေ ၊ အလှပြင်ချင်သူတွေ လာတိုင်း သမီးလေး နဲ့ပဲ မိတ်ဆက်ပေးပြီး ၊ သမီး ရဲ့ အရည်အချင်း ကို အသိအမှတ် ပြုလာအောင် အလုပ် နဲ့ သက်သေပြခိုင်းရတယ် ။ ဒီလိုနဲ့ ကျွန်မ ဖောက်သည်တွေ ကလည်းတဖြည်းဖြည်းနဲ့ နွဲ့နှောင်း မှ နွဲ့နှောင်း ဖြစ်လာကြပြန်တယ် ။

တစ်ရက်တော့ သမီး က ကျွန်မ အနား ကပ်ပြီး ထူးထူးခြားခြား ပူဆာလာတယ် ။ ကျွန်မတို့ အရင် အလုပ် လုပ်ဖူးတဲ့ ‘ ဝင့်လွှာဖြူ ’ ဆိုင်ရှင် ရဲ့သမီး နေခြည် က မန္တလေး မှာ အလှပြင်သင်တန်း သွားတက်မှာမို့ သူ ပါ လိုက်ချင်သတဲ့ ။ အခုဆို ဆိုင် က ဖောက်သည်တွေ ပိုရ သလို သူ က ရွာအလှူတွေ အထိ တာဝန်ယူလိုက်ရတာမို့ နောက်ဆုံးပေါ် ဆံပင်ပုံစံတွေ ကို လေ့လာချင်တယ် ဆိုတာ ကို ကျွန်မ လက်ခံ အလိုလိုက်ချင်မိတယ် ။ ရေအိုင် ထဲ က ဖားသူငယ်လေးဘဝ နဲ့ သူ့ ရဲ့ ဝါသနာ ကို ကျွန်မ ရပ်တန့် မနေစေချင်ပါဘူး ။ ဒါကြောင့် ကျွန်မ လက်ထဲ ငွေအပိုအလျှံ အများကြီးမရှိပေမယ့် လူရိုသေ ၊ ရှင်ရိုသေ ဝတ်ထားတဲ့ ရွှေဆွဲကြိုးလေး ကို အပေါင်ဆိုင် မှာ ပေါင်ပြီး သမီး ဆန္ဒတွေ ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားခဲ့တယ် ။ သမီး လက်ထဲ ကျွန်မ တတ်နိုင်သလောက် ပိုက်ဆံလေး တွေ ထည့်ပေးတဲ့အခါ သမီး က မျက်ရည်ကြည့်လဲ့ မျက်ဝန်းလေး နဲ့ လက်အုပ်လေး ချီပြီး ကျေးဇူးတင်စကား ဆိုရှာတယ် ။ ဒီလိုနဲ့ သမီး နဲ့ နေခြည် တို့ ကို မန္တလေး သွား ကားဂိတ် ကို ကျွန်မ နဲ့ သူ့ သူငယ်ချင်းတွေ လိုက်ပို့ ဖြစ်ကြတယ် ။

“ အမေ ကျန်းမာရေး ဂရုစိုက်နော် ။ လွန်ရော ကျွံရော နှစ်လပါပဲ ။ သမီး မရှိတုန်း ညရေးညတာ အဖော် လိုရင် နီနီမာ တို့ကို ခေါ်အိပ်နော် ”

သမီး က မှာတမ်းချွေ စကားတွေ တဖွဖွ မှာလွန်း
တော့ ကျွန်မ သူ့ ကို ဘာစကားမှ မဆိုနိုင် ။ ဘာ နှုတ်ဆက်စကား မှလည်း မပြောနိုင်ဘဲ သူ့ လက်ကလေး ဆုပ်ကိုင်ပြီး ဂျုံရိုးခမောက် အကြီးကြီး အောက်မှာ မြင်နေရတဲ့ မျက်နှာနုနုလေး ကိုသာ အငမ်းမရ ငေးမောရင်း သူပြောသမျှ ခေါင်းညိတ် နေမိတော့တာ ။ ဪ ... ပညာ သွားသင်တာပဲ ၊ အပျော်သွားတာမှ မဟုတ်တာ ။ ခရီးထွက်ခါနီး ကလေး စိတ်မကောင်း ဖြစ်နေမယ် ။ မငိုမိစေနဲ့ ၊ စိတ်တင်းထား လို့ ကိုယ့် ဘာသာ အားပေးရင်း သမီး ကိုပဲ ကျန်းမာရေး ဂရုစိုက်ဖို့ တဖွဖွ မှာရတယ် ။ အမေ အလုပ်ပါးရင် သမီး ကို လာကြိုမယ် ဆိုတဲ့ နှစ်သိမ့်စကားလေး နဲ့ သမီး ကို နှုတ်ဆက် လမ်းခွဲလိုက်ရတယ် ။

တကယ်တမ်း နှစ်လပြည့် တော့ ကျွန်မ က ဆိုင် ကို ပစ်မရတာကြောင့် သူ့ ကို လိုက်မကြိုနိုင်ဘူး ။ သင်္ဘော နဲ့ဖြစ်ဖြစ် ကား နဲ့ ဖြစ်ဖြစ် ပြန်လာနိုင်တဲ့ သမီး ကို ကားဂိတ် မှာ ဒါမဟုတ် မြစ်ဆိပ် မှာ သွားကြိုဖို့ စိတ်ကူးနဲ့ သူ့ ဖုန်း ကိုပဲ မျှော်နေမိပေမဲ့ တကယ်တမ်း ရောက်လာတာက သူ့ လက်ရေး နဲ့ စာတစ်စောင်ရယ်ပါ ။ နေခြည် အပြန် မှာ ပါးလိုက်တဲ့ အဲ့ဒီ စာ ကို ဖတ်ပြီး ၊ ကျွန်မ အံ့သြလွန်းလို့ မယုံကြည်နိုင်ဘဲ ကြက်သေသေနေမိတယ် ။ ပြီးမှ နေခြည် လက် ကို ဆွဲကိုင်လှုပ်ယမ်းရင်း သွေးရူးသွေးတန်း နဲ့ ငိုယို မေးမိတော့ ခပ်တိုတို နဲ့ ရှင်းရှင်းလေး ပြောလာတဲ့ သူ့ စကားတွေ က ကျွန်မ နားစည် ကို သံချွန် နဲ့ ထုရိုက်နေ သလိုပါပဲ ။

“ အန်တီရယ် သူ က မန္တလေး ကို လိုက်ခဲ့တာ ကို က သူ့ မင်းသား နဲ့ ပြန်ဆက်ချင်လို့ နေမှာပါ ။ မပြောချင်တော့ပါဘူး ။ သမီး တားနေတဲ့ ကြားက ဟိုကောင့် နောက် ကို တစ်ချိုးတည်း ပါသွားတော့တာပဲ ။ ဒါပေမဲ့ အန်တီ အရမ်းကြီး တော့ စိတ်မပူပါနဲ့ ။ သူတို့ ဒီပဲ ပြန်လာမှာပါ ။ သူတို့ မှာ သွားစရာ နေရာ မရှိဘူး ။ အခု ဗြုန်းစိုင်းကြီး ခိုးပြေးဖြစ်တာလည်း မင်းသား ကို မွေးစားမိဘတွေ က မိန်းမ ပေးစားဖို့ စီစဉ်နေကြတယ်လေ ။ တကယ်တော့ သူတို့ က မင်းသား နဲ့ ငွေရှာ နေကြရတာကိုး ။ နွဲ့နှောင်း ကိုတော့ သူတို့ က သဘော မတူဘူးတဲ့ ။ ဒီတော့ မန္တလေး မှာ ဆက်နေကြမှာ မဟုတ်ဘူး ။ ဒီပဲ ပြန်လာကြမှာ ဒါကြောင့် သူ ပြန်လာကြမှာ ဒါကြောင့် သူ ပြန်လာမှာကို ပဲ အန်တီ စောင့်နေလိုက်ပါ ”

နေခြည် ပြောစကားတွေ နားထောင်ရင်း ၊ မမြင်ရတဲ့ မီးစ တစ်စက ကျွန်မ ရင် ကို တဖြည်းဖြည်း လောင်မြိုက် နေတယ် ။ ကျွန်မ ဘာဆက်လုပ်ရမလဲ ။ လိုက်သွား ရမလား ၊ နေခြည် ပြောသလိုပဲ ဒီမှာပဲ စောင့်နေရမလား ။ ကျွန်မ မျက်လုံး ထဲတော့ အပြစ် ကင်းစင်တဲ့ ကျွန်မ ရဲ့ သမီးလေး လင်ဆိုးဆိုး လက်ထဲ မှာ တစ်သက်လုံး စိတ် ဆင်းရဲရတော့မယ့် အဖြစ် ။ သူ ယုံကြည်တဲ့ သူစိမ်းတစ် ယောက် ရဲ့ ရင်ခွင် က သူ့ အတွက် လုံခြုံနိုင်ပါ့မလား ။

ဟင့်အင်း ... ဟင့်အင်း .. ၊ ကျွန်မ ဒီအတိုင်း သမီး ကို လက်လွတ် အဆုံးရှုံး မခံနိုင်ဘူး ။ သမီး ရှိရာကို လိုက်သွားမှပဲ ဖြစ်မှာပါ ။ ဟုတ်တယ် ။ သမီး တက်တဲ့ သင်တန်းလိပ်စာ ယူသွားရင် သဲလွန်စ တစ်ခုခုတော့ ရနိုင်မှာပဲ ။

တကယ်လို့ သမီး ကို ရှာဖို့ ခက်ရင်တောင် ပွဲငှား တွေ ကတစ်ဆင့် မင်းသား ကို ဆက်သွယ်နိုင်မယ့် လိပ်စာ တစ်ခုခုတော့ ရနိုင်မှာပဲ ။

ဒီဆုံးဖြတ်ချက်တွေ နဲ့ ကျွန်မဆိုင် ကို ပိတ်ပြီး မန္တလေး လိုက်ဖို့ ပြင်နေစဉ်မှာပဲ ကသာမှာ နေတဲ့ ကျွန်မ ဝမ်းကွဲအစ်မ မမထား ဆီက ဖုန်းဆက်လာတယ် ။ ကျွန်မ တို့ နေတဲ့ အင်းရွာ က ကသာ နဲ့ ထီးချိုင့်မြို့ ထဲ မှာ ရှိတော့ ဈေးဝယ် ၊ ဈေးသည်တွေ အပြန်အလှန် ကူးလူးယှက်သွယ် နေကြတဲ့ မြို့တွေပေါ့ ။ ပြီးတော့ ထူးသစ်ဇော် ဆိုတာ ကလည်း ဒီတစ်ကြော မှာ နာမည် ရှိသူလေ ။ ကောင်းသတင်းသာ လူချင်းဆောင်ယူဖို့ ခက်တတ်ကြတာ ။ မကောင်းသတင်းမျိုး ဆို လူတွေ စိတ်ဝင်စား တကူးတက ပြောတတ်ကြတယ် မဟုတ်လား ။ ဒီတော့ မမထား ဆီ ရောက်အောင် သတင်းပို့ပေးသူတွေ ကို ကျွန်မ မအံ့သြ ပါဘူး ။ စိတ်လည်း မဆိုးမိဘူး ။ ဒါပေမဲ့ မမထား ကတော့ နွဲ့နှောင်း နောက် ချက်ချင်း လိုက်ချင်တဲ့ ကျွန်မ ကို စိတ်ဆိုး အပြစ်တင်တယ် ။ နွဲ့နှောင်း ပြန်လာတဲ့ အချိန်အထိ စောင့်ဖို့နဲ့ ၊ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေ ကို သူ ပြောနေကျ အတိုင်း တရားသဘော နဲ့သာ ဖြေသိမ့်ဖို့ နှစ်သိမ့်အားပေးပါတယ် ။ ဒါပေမဲ့ ကျွန်မ အတွက်တော့ မလွယ်ကူနိုင်ဘူး ။ နေ့နေ့ညည နွဲ့နှောင်း အကြောင်း တွေးလိုက်တာ နဲ့ ကန္တာရ ထဲ လမ်းပျောက်နေသူ လို ဆောက်တည်ရာ မရ အရူးတစ်ပိုင်း ဖြစ်ချင်လာတယ် ။ နောက်ဆုံး ခေါင်းမာ လွန်းတဲ့ ကျွန်မ ကို မမထား လည်း အရှုံးပေး လိုက်ရတယ် ။

မန္တလေး လိုက်ဖို့ အားလုံး ပြင်ဆင်ပြီးတဲ့ ကျွန်မ ကို တစ်ယောက်တည်း သူ စိတ်မချတော့ ခရီးထွက်ခဲ့တဲ့ သူ က ပါ မန္တလေး အထိ အဖော်လိုက်ဖို့ အစီအစဉ် ဖြစ်လာတယ် ။

ဘာပဲဖြစ်ဖြစ် ကျွန်မ လည်း ငါးနှစ် လောက် မရောက်တာ ကြာပြီ ဖြစ်တဲ့ မန္တလေး ကို တစ်ယောက် တည်း အူလည်လည် သွားတာထက် စာရင် မမထား လို အားကိုးဖော် ပါတာ ပိုကောင်းတယ်လို့ ထင်မိတယ် ။ ဒါကြောင့်ပဲ မမ ထား ရှိရာ ကသာ ကို လိုက်သွားပြီး ၊ အဲ့ဒီ ကနေ တစ်ဆင့် မန္တလေး ကို ကား နဲ့ တက်ဖို့ စီစဉ်လိုက်ကြတယ် ။ သမီး သွားတုန်းက ပေါင်ထားတဲ့ ဆွဲကြိုးလေး ကို အပြတ်ရောင်းတော့ ခရီးစရိတ်လေးလည်း လုံလုံလောက်လောက်ပါလာတယ် ။ လိုအပ်တဲ့ ပစ္စည်းတွေ ထည့်ပြီး ၊ အိမ် ကို ခဏအပ် ၊ ဆိုင် ကို ပိတ်ပြီးတာနဲ့ မမထား ရှိရာ ထွက်လာတော့တယ် ။

လမ်း မှာ စက်လှေ စီးရင်း တောင်တွေးမြောက်တွေး ဝမ်းနည်းပူဆွေးမှုတွေ က မမထား ကို တွေ့လိုက်ရတော့ အတော်လေး စိတ်ဖြေသာ သွားမိတာတော့ အမှန်ပါပဲ ။ မမထား ဆီ ရောက်တော့ မနီးမဝေး ဘုန်းကြီးကျောင်း က ပရိတ်ရွတ်သံ ၊ ပဋ္ဌာန်းစီးဖြန်းသံတွေ ကြားမှ ဘုရားဝေး ၊ တရားဝေး နဲ့ အပူမီးတွေ တောက်လောင် နေတဲ့ ကျွန်မ ခုမှပဲ ဒီနေ့ ဥပုသ်နေ့ ဆိုတာ သတိရမိတော့တယ် ။

မျက်ကွင်းဟောက်ပက် နဲ့ နှစ်ရက် သုံးရက် လောက် အစားပျက် ၊ အအိပ်ပျက် နေတဲ့ ကျွန်မ ရဲ့ အပူရုပ် ကို ကြည့်ပြီး မမထား က တစ်ပတ် လောက် နားပြီးမှ သွားရင် လည်း နောက်မကျကြောင်း ပြောတာကို ကျွန်မ လက်မခံလိုဘူး ။ ကျွန်မ က အားချင်းပဲ မန္တလေး လိုက်ဖို့ ခေါင်းမာမာနဲ့ တောင်းဆိုမိတယ် ။ ဒါပေမဲ့လည်း နောက်ဆုံး တော့ လူကြီး တစ်ယောက် လည်း ဖြစ်ပြန် ၊ ငယ်ငယ် ကတည်းက ချစ်ကြောက်ရိုသေရသူလည်းဖြစ်တော့ သုံးရက် လောက် ကသာ မှာ နားပြီး မှ မန္တလေး တက်ဖို့ ပြောတဲ့ မမထား အစီအစဉ် ကို လက်ခံလိုက်ရတယ် ။

မမထား ရဲ့ ဆုံးဖြတ်ချက်တွေ မှန်သွားတယ်လို့ပဲ ဆိုရလိမ့်မယ် ။ ကားလက်မှတ် ဖြတ်ပြီး ၊ နောက်တစ်နေ့ မနက်မှာပဲ ကျွန်မတို့ ရွာက ကျောင်းဆရာမ တစ်ယောက် နဲ့ ညနေ ဈေးထဲ တွေ့ တော့ နွဲ့နှောင်း အင်းရွာ ပြန်ရောက် နေမှန်း သိလိုက်ရတယ် ။ ကျွန်မ မှာ အံ့သြလိုက်တာ ၊ ဝမ်းနည်းဝမ်းသာပဲ ။ သူနဲ့ အတူ သူ့ ရဲ့မင်းသား လည်း ပါလာတယ် ဆိုတော့ ကလေးသာသာ ရှိတဲ့ နေခြည် ပြောတဲ့ စကားတွေ မှန်နေပါရောလားလို့ ကျွန်မ မှာ အံ့အားသင့်ရပါတယ် ။ နွဲ့နှောင်း ကိုလည်း ကျွန်မ ဘယ်လောက် စိတ်ပူနေကြောင်း ၊ မန္တလေး အထိ သူ့ကို လိုက်ခေါ်ဖို့ ထွက်သွားကြောင်း အရပ် ပြောကြတယ်လို့လည်း သိခွင့်ရတယ် ။ ကျွန်မ ကတော့ သမီးလေးနှောင်း နေကောင်းရဲ့လား ၊ ကျန်းမာရဲ့လား ဆိုပြီး တဖွဖွ မေးနေမိချိန် ၊ မမထား ကတော့ ကျောင်းဆရာမ အမျိုးသမီး နဲ့ အတူ နှောင်း ကို ပြောဖို့ စကားတွေ ပါးလိုက်လေရဲ့ ။

“ မိနှောင်း ကို ပြောလိုက်ပါ ဆရာမ ရယ် ။ သူ့ စိတ်နဲ့ သူ့ အမေ တော့ အိပ်ရာထဲ လဲပြီလို့ ၊ ဒေါ်ဒေါ် ကလည်း သူ့ ကို သိပ်စိတ်ဆိုး နေတယ်လို့ ၊ သူ့ အမေ ကို ပြန်လိုချင်တယ် ။ ပြန်ခေါ်ချင်တယ် ဆိုရင် သူ့ အမေ ခွင့်လွှတ်တဲ့  အထိ ဒေါ်ဒေါ် ရှေ့မှာ လာ တောင်းပန်ရမယ်လို့ ပြော လိုက်စမ်းပါ ။ သူ ဘယ်လို မျက်နှာ နဲ့ ပြန်လာခေါ်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ ”

မမထား ပြောစကားကို နားထောင်ရင်း ကျွန်မ သက်ပြင်းခပ်ဖွဖွ ရှိုက်မိတယ် ။ သမီး လာရင် ဟိုတစ်ယောက်က ပါရင် ပါလာဦးမှာ ။ ကျွန်မ ဘယ်လို လုပ်ရ မှာပါလိမ့် ။ ကျွန်မ ကတော့ သမီး ကို သူ့လက် ထဲ ကနေ အပိုင် ပြန်သိမ်းထားချင်တာ ။ သမီး ဘဝ ကို လူရှုပ်လူပွေ တစ်ယောက်ရဲ့ လက်ထဲမှာ အဆုံးရှုံး မခံနိုင်ပါဘူး ။ ဒါပေမဲ့ သမီး က ကျွန်မ သဘောကို လိုက်ရောနိုင်ပါ့ မလား ။ ကျွန်မ ဖြစ်စေချင် သလို ဖြည့်ဆည်းပေးနိုင်ပါ့ မလား ။ သမီး နဲ့ ကျွန်မ နှစ်ယောက်တည်း ကမ္ဘာတည်ခဲ့ ဖူးတဲ့ အရင် နေ့ရက်တွေ ဆီကို ရော ပြန် အရောက်သွားနိုင်ပါ့မလား ။ ကျွန်မ ကို လာခေါ်မယ့် သမီး ကို ချော့တစ်မျိုး ၊ ခြောက်တစ်ဖုံ စကားတွေ ပြောဖို့ ခေါင်းထဲ စကားလုံးတွေ စီနေမိတယ် ။ ဒီလိုနဲ့ပဲ မမျှော်လင့်ဘဲ ကျွန်မ ရဲ့ ညတွေ ဟာ စိတ္တဇအတွေးတွေ နဲ့ အိပ်ပျက်ညတွေ ဖြစ်ဖြစ်လာပြန်တယ် ။

ညနေခင်းတွေ မှာ ကျွန်မ မမထား ကို ခွင့်တောင်း ပြီး မြစ်ဆိပ် ဘက် ကို လမ်းလျှောက် ထွက်ခဲ့တယ် ။ အင်းရွာ ဘက် က လာတဲ့ စက်လှေတွေ ရှိရာကို မျှော်ငေး ရင်း ၊ သမီး ရဲ့ ပုံရိပ်ကလေး ကို ဝိုးတိုးဝါးတား ပုံဖော်ရင်း တမ်းတငေးမောတတ်လာတယ် ။ ဧရာဝတီ ရဲ့ မြစ်ရေစီးသံ တလွင်လွင်က ကျွန်မနှလုံးသား ကို အလွမ်း တေးသံအဖြစ် ပုံဖော်သီကျူးစေတယ် ။ လေပြည်လေညင်း တသော့သော့က ကျွန်မ ရဲ့ အနာဂတ်စိတ်ကူး တချို့ကို အသက်သွင်း ဖမ်းစားစေခဲ့တယ် ။ ကျွန်မ စိတ်ရဲ့ မွန်းကျပ် ပူလောင်မှုတွေ ကို ဒီမြစ်ဆိပ်မှာ ကမ်းကပ်လာတဲ့ လှေလေးတွေ ကြည့်ရင်း ၊ တစ်စုံတစ်ရာ ကို တမ်းတ မျှော်ကိုးရင်း အချိန်တွေ ကုန်မှန်း မသိ ကုန်လာခဲ့ပြန်တယ် ။ ဒီလိုနဲ့ နာရီတွေ ရွှေ့လာတယ် ။ နေ့ရက်တွေ ကူးပြောင်းသွားတယ် ။ ခါတိုင်းလိုပဲ ထမင်းစားဖို့ လာ ခေါ်တဲ့ မမထား ဆီက သက်ပြင်းရှိုက်သံသဲ့သဲ့နဲ့ အတူ ၊ ကြားနေကြ စကား တချို့က ကျွန်မ နားထဲ နာကျင်ခါးသီးစွာ စီးဆင်းသွားတယ် ။

“ မျှော်မနေပါနဲ့တော့ အေ ။ ကိုယ့် ဝမ်း နဲ့ လွယ်ပြီး မွေးခဲ့တာ မှ မဟုတ်တာ ။ ငါးနှစ် လောက် ကိုယ် နဲ့ အလုပ် တွဲလုပ်ခဲ့တဲ့ မိဘမဲ့လေး ဆိုပေမယ့် ”

မမထား အသံက တိုးလျတိမ်ဝင် သွားတယ် ။

“ သူ က အမေ သာ ခေါ်တာပါ ။ အမေ လို သဘောထားတာ မှ မဟုတ်တာ ... ။ ညည်း သာ ပစ်တိုင်းထောင် အရုပ်ကြိုး မရှုပ်ချင်စမ်းပါနဲ့ ။ မေ့လိုက်တာပဲ ကောင်းပါတယ် ။ ကဲ .. ကဲ မမထား ထမင်း ပြင်ထားနှင့်မယ် ။ လိုက်လာခဲ့နော် ”

မမထား ကို ခပ်လေးလေး ခေါင်းညိတ် ပြလိုက်မိတယ် ။ ဟိုတစ်နေ့ က လည်း မမထား က သူ ဖတ်ဖူးတဲ့ ဆရာတော်အရှင်ဆန္ဓာဓိက ရဲ့ တရားစာလေး တစ်ပုဒ် ကို ရွတ်ပြသား ။ ခုထိ နားထဲ စွဲနေပေမယ့် ၊ ကျင့်ဖို့ ခက်ခဲနေဆဲ ။ ဘာတဲ့ ... ကြခတ်ဝါးရုံ လို မကျင့်နဲ့ ၊ မျှစ်စို့ လို ကျင့် ၊ သမင်ချို လို မကျင့်နဲ့ ၊ ကြံ့ချို လို ကျင့် ကိုယ် အဖော် လည်း မငြိတွယ်နဲ့ ၊ စိတ် အဖော် လည်း မကပ်ငြိနဲ့တဲ့ ။ ကျွန်မ အိမ်ဘက် ကို ပြန်ဖို့ ခြေဦးလှည့်လိုက်တယ် ။

အဲ့ဒီ အချိန်မှာပဲ ကြားနေကျ မော်တော်သံ ကို ကြားလိုက်မိသလိုပဲ ။ မြစ်ဧရာ ရဲ့ နေဝင်ချိန်အလှ ကို နောက်ခံထားပြီး ကသာ ဆိပ်ကမ်း ကို ကပ်လာတဲ့ မော်တော်တစ်စီး ကို ဝိုးတဝါး လှမ်းမြင်လိုက်ရတယ် ဆိုရင်ပဲ အိမ် ဘက် လှည့်နေတဲ့ ကျွန်မ ရဲ့ ခြေလှမ်းတွေ နေရာမှာပဲ တုံ့ဆိုင်းသွားတယ် ။ လေအဝှေ့ မှာ ကျွန်မ ရဲ့ စိတ်တွေ က ဆံနွယ်တွေ နဲ့ အတူ တဖျပ်ဖျပ် လှုပ်ရှားသွားတယ် ။ တိုးတိုးလေး ကြားနေရတဲ့ ရေစီးသံသဲ့သဲ့ ဟာ ကျွန်မ နှလုံးသား ကို လှောင်ပြောင် နေသလိုပါပဲ ။ ဟုတ်ပါတယ်လေ … ကျီစယ်လှောင်ပြောင်နေသလိုပါပဲ ။  ။

⎕ စုသဲမွန်
📖ကလျာ မဂ္ဂဇင်း
     ၂ဝ၁၅ ၊ ဧပြီလ