Showing posts with label ရွှေဓါး. Show all posts
Showing posts with label ရွှေဓါး. Show all posts

Tuesday, July 8, 2025

နှောင်ကြိုး


 

❝ နှောင်ကြိုး ❞
    ( ရွှေဓား )

မမမူ ရေ  ...

အတင့် အစက ပြောသား မဟုတ်လား ၊ အတင့် အပူ မရှာပါရစေနဲ့ လို့ ... ကိုင်း ၊ ခုတော့ ဘယ့်နှယ့် ရှိစ မမမူ ၊ မမမူ ရဲ့ သနားတတ်တဲ့ စိတ် ဟာ တစ်ခါကလည်း မမမူ ကို ဒုက္ခပေးခဲ့ပြီ မဟုတ်လား ။ ခုလဲ ပတ်ချွဲနှပ်ချွဲ နဲ့ မမမူ ဆီမှာ လာပြီး အသနားခံတဲ့ လူကို မမမူ က သိပ် အထင်ကြီးပြီးတော့ -

“ ညီမလေး ရယ် မောင်ကျော်မင်း ဖြင့် သာမန် ယောက်ျားကလေး တစ်ယောက် မဟုတ်ပါဘူး ။ အတင့် နဲ့လည်း စိတ်ထားတွေ တိုက်ဆိုင်တယ် ၊ မမမူ အကြံပေးတာတွေ ကို မငြင်းပယ်ပါနဲ့ ”

စတဲ့ စကားတွေ နဲ့ အတင့် ကို မမမူ ဇာတ်သွင်းခဲ့တယ် ။ မမမူ တော့ဖြင့် သူကိုယ်တိုင် ကလည်း အချစ် သင်ခန်းစာ ကို ရရှိပြီးတဲ့ သူ မို့ သူ့ ရဲ့ ရွေးချယ်ချက် ကတော့ ရာခိုင်နှုန်းအားဖြင့် အမှား နည်းပါလိမ့်မယ်လို့ အတင့် အားတက်ခဲ့မိတယ် ။ ဒါတင်လား ဆိုတော့ မဟုတ်သေးဘူး ၊ ကိုကျော်မင်း ရဲ့ လှည့်ပတ်မှုဟာလည်း အတင့် ကို အချစ်ဂုဏ် မောက် အောင် သိပ်ပြီး သွေးဆောင်ခဲ့ လို့ ဟိုစဉ်အခါတုန်းက အတင့် ဖြင့် ငါ့လိုလူ ဇမ္ဗူ မှာ ရှိရဲ့လားလို့တောင် ကြိမ်းဝါးမိ ပါရဲ့ ။ တယ် ရယ်စရာ ́ကောင်းတာပဲနော် မမမူ ၊ လောက ပေါ် မှာ လူတွေဟာ လူလို မနေကြဘူး ၊ လူလို မကျင့်ကြဘူး ။ အတင့် ဒီ စကားတွေကို ပြောလိုက်တော့ မမမူ စိတ်ထဲမှာ အတော်ပဲ ထိခိုက် သွားမလား ။ ဒါမှ မဟုတ်ရင် လည်း ‘ တယ်ကြီးကျယ်တဲ့ ကောင်မကလေးပဲ ’ လို့ အတင့် ကို ဆိုမလား ... ။

မမမူ ပဲ စဉ်းစားဦးလေ ၊ ကိုတင်စိုး နဲ့ မမမူ တို့ အချစ် ဇာတ်လမ်းဖွင့်ခဲ့တုန်းက မမမူ ကိုတင်စိုး ကို တကယ် အသည်းစွဲ ချစ်ခဲ့တယ် မဟုတ်လား ။

မမမူ ရဲ့အချစ်သင်္ချိုင်း ... ၊ မမမူ ရဲ့ ဝင်းပကြည်လင်တဲ့ စိတ်ကို နောက်ကျိအောင် ဖန်တီးတဲ့ မင်္ဂလာ အမဲ့ဆုံး ကိုတင်စိုး ရဲ့ ရင်ခွင်ဟာ မမမူ ရဲ့ ဘဝကို ဆုံးရှုံးစေပြီးတော့ မမမူ ကိုယ်တိုင် ဘာဖြစ်နေပြီလဲ ။ ဒါတွေဟာ မမမူ ရဲ့ ယုံကြည်လွယ်တဲ့ စိတ် ၊ သနားတတ်တဲ့ စိတ်ကြောင့် မဟုတ်ဘူးလား ။ ပြောသမျှ ၊ ဆိုသမျှ စကားတွေ ကို မှတ်ကျောက်မတင်ဘဲ နဲ့ အစစ်အမှန် ပဲလို့ ယူဆ ခဲ့သမျှ မမမူ နစ်နာသလို ။ ခု အတင့် လည်း ဒီအဖြစ်မျိုး ကြုံရပြီလေ ။ ခုလောက်ဆိုရင် မမမူ လည်း သတင်းစာတွေထဲ တွေ့ရောပေါ့ ။ ဟဲ ... ဟဲ ။

မောင်ကျော်မင်း နဲ့ ညွန့် ...

တဲ့ ။ မင်္ဂလာသတင်းကလေး ၊ ဒါ တွေ့တွေ့ချင်း မမမူ ကိုယ်ချင်းစာပြီး အတင့် ကို သနားဦးမယ် ဟုတ်ကဲ့လား ။

ဒါပေမဲ့ မမမူ ရယ် ။ အရင်က မမမူ တစ်ယောက်တည်း ဆွေးပူနေရတာပဲ ။ ခု မမမူ အဖော်ရပြီလေ ။ အတင့် ကို အဖော် ရပြီ ။ ဟဲ - ဟဲ အချစ်ဆိပ် ၊ အချစ်သွေးတွေ တက်ပြီး အတင့် တော့ ကမူးရှူးထိုးများ ဖြစ်ဦးမှာလားလို့ ကိုယ့် ကိုယ်ကို သံသယ ဖြစ်မိသေးတယ် ။

မဖြစ်ပါဘူး ၊ မဖြစ်ပါဘူး ။

တစ်ခါတလေတော့ တွေး မိရင် အသည်းနာတယ် ။ ယောက်ျားဆိုတဲ့ သတ္တဝါတွေဟာ မိန်းမတွေ ကိုတော့ ပြော လိုက်ကြတဲ့ဖြစ်ခြင်း ။ နိပါတ်တွေ ၊ ရာဇဝင်တွေ ကိုးကားပြီး ရှုတ်ချလိုက်ကြတဲ့ ဖြစ်ခြင်း ။ သူတို့ ကတော့ ... ။

ဘုရားဆုပန် မင်းယောက်ျားကြီးတွေမို့ မြင့်မြတ်ကြပါတယ် ၊ တော်ကြပါတယ် ။ သူ တစ်ပါး သမီးပျိုကလေး တွေ ကို ပန်းပွင့်ကလေး တစ်ပွင့် လောက်မှ တန်ဖိုးမထားကြဘူး ။

မမြင်ရတဲ့ မြင်းမိုရ်တောင်ကြီးတွေ ၊ မတိုင်းဆနိုင်တဲ့ သမုဒ္ဒရာကြီးတွေ ၊ ‘ ကြူ - ယုံ - ငွေလ ’ ဆိုတဲ့ ဥပမာကြီးတွေ နဲ့ ချစ်ပါသတဲ့ ။ အသားတော် ဝါနုနုကလေးနဲ့ တစ်ခါ ရှူလိုက်ရင် တစ်သိန်းမက တန်သတဲ့ ။ စကားတွေက ဖြင့် သိပ်လှပြီး သိပ်ချစ်စရာ ကောင်းတာပဲ ။ အတင့် ဒါတွေကို ကြိုတင်ပြီး စဉ်းစား ထားတဲ့သူမို့ အတင့် အမျိုးမျိုး ရှောင်ကွင်းခဲ့တယ် မမမူ ။ ကိုကျော်မင်း ကဖြင့် အတင့် ကို နွားပိန်တွယ်တွယ် ပြီး ‘ ပြောပါရစေတော့ ’ ခြယ်လှယ်ချင်သလို ခြယ်လှယ်နိုင်ခွင့်ကို အမျိုးမျိုး ရှာကြံ ခဲ့တယ် ။ အတင့် လည်း အလွတ်ရုန်းပြီး ရှောင်ကွင်း နိုင်သမျှ ရှောင်ကွင်းခဲ့တယ် ။

ဒါပေမဲ့ မှားတဲ့ အခါ မှားခဲ့လို့ အတင့် ရှောင်ကွင်းသမျှ ဟာ သဲထဲ ရေသွန် ၊ တိမ်တံခွန် အရုပ်လို အရာမရောက် ဖြစ်ခဲ့တယ် ။ အဲသလို အရာမရောက်ခဲ့ပုံကို စဉ်းစားပြီး တော့ ... ။

စာရိတ္တ ပျက်ပြားနေတဲ့ အချိန် ၊ စောင့်စည်းမှု သဘော မသက်ဝင်သေးတဲ့ အချိန်တွေ မှာ ရည်းစားထား ပြီးတော့ အချစ်ကို ရှာတာဟာ ‘ ရာသက်ပန် လင်လောင်းလျာ ’ ကို ရှာတာ ဟာ ‘ မဟန်ဘူး - မဟန်ဘူး ’ လို့ အတင့် ထင်စားလိုက်မိတယ် ။

ယောကျာ်းတွေ ဟာ သူတို့ ရည်စားထားတာ ကို သူတို့ အပျော်အပါး လောက် ၊ ဒါမှမဟုတ် သင်ခန်းစာ ယူဖို့ လောက်ပဲ ပြုမူကြဟန် တူတယ် ။ ဒါကြောင့်မို့ လည်း မညှာမတာ ပြုမူရက်ကြတာပေါ့ ။

မမမူ ရေ -

အတင့် တော့ သင်ခန်းစာ လှလှကြီးရပြီမို့ ‘ အာရိဂတော ’ ဘဲ ရှင့် ။ ကိုကျော်မင်း ကို ‘ အာရိဂတော ’  ဘဲ ။ တော် ပါပြီ မမမူ ၊ မမမူ လည်း ဒီ သတင်းတွေ ကြောင့် စိတ်မကောင်း မဖြစ်ပါနဲ့ နော် ။ အတင့် တော့ ဒီနေ့ က စပြီး သူ့ အပေါ် စွဲလမ်းတဲ့ စိတ်တွေ ကို ခဝါချလိုက်တော့မယ် ။ နောင်ကို အသစ်အလွင်လည်း စိတ်မကူးရဲတော့ဘူး ။

ကိုကျော်မင်း ရေ ရှင့် ကောင်းမှု အတွက် အမျှ ရှင့် ... အမျှ ... အမျှ ။

          ညီမလေးအတင့်
                         မုံရွာ
              ၁၃ - ၆ - ၄၉

     မောင်လေး ..

မင်း သိပ် မညှာတာတဲ့ လူပဲ ၊ အမှန်အတိုင်း ဆိုရင် ‘ မမမူ ရေ ၊ ကျွန်တော်တော့ ဒီလိုပဲ လုပ်တော့မယ် ’ လို့ မင်း မမမူ ကို တိုင်ပင်ဖို့ ကောင်းတယ် ။ မင်း လုပ်ပုံတွေဟာ မမမူ ရဲ့ ဇာတ်လမ်းထဲ က သစ္စာ မရှိတဲ့ ‘ ကိုတင်စိုး ’ နဲ့ သိပ် တူ တာပဲ ။ အစကတည်းက မမမူ မင်းကို ပြောခဲ့တယ် မဟုတ်လား ။ မင်း ရာသက်ပန် ပေါင်းမဲ့ စိတ် ဆန္ဒရှိမှ အတင့် ကို ကြံစည်ပါ လို့ .. ။

မင်းတို့ ယောက်ျားတွေ ဟာ သိပ် ခက်တာပဲ ။ မင်းတို့ နှမချင်းလည်း မစာနာကြဘူး ။ မင်း လုပ်လိုက်ပုံတွေ ဟာ မမမူ သိပ် မျက်နှာပျက်စရာ ဖြစ်နေပြီ ။ မင်းကို မမမူက  သိပ်အထင်ကြီးခဲ့တယ် ။ ကျောင်းသားဘဝက မင်း ဉာဏ်ထက်ပုံတွေ ၊ ရိုးသားပုံတွေ ၊ နောက်ပြီး ‘ ဟိုက်စကူး ’ မှာ မင်း သပိတ်ခေါင်းဆောင် လုပ်ခဲ့ပုံတွေ ၊ ကောလိပ်က နေပြီး ဗိုလ်ချုပ် နဲ့တူတူ ဂျပန်ပြည် လိုက်သွား ပုံတွေ ၊ ဒါတွေဟာ တကယ် မြင့်မြတ်တဲ့ သူရဲကောင်း အာဇာနည်စိတ် ကိန်းဝပ်တဲ့ လူ မှသာ လုပ်နိုင်တဲ့ အလုပ်တွေမို့လို့ ဒီ လုပ်ငန်းတွေ အပေါ် ကြည့် ပြီး မင်းကို မမမူ အထင်ကြီးခဲ့တယ် ။

မင်းကလေး ဟာဖြင့် ‘ မြန်မာပြည်ရဲ့ ပန်းတစ်ပွင့် ’  ပဲ ရယ် လို့ မမမူ တင်စားခဲ့တယ် ။ ဒါပေမဲ့ ဒါတွေဟာ ခု မမမူ စိတ်ထဲမှာ တစ်ခုမှ မရှိတော့ဘူး ။

မင်း ရဲ့ မညှာတာတဲ့ စိတ် ၊ တစ်ပတ်ကြော ကြံလိုတဲ့ စိတ် ၊ မဖြောင့်မတန်းတဲ့ စိတ်တွေ ဟာ ခု ရှင်းရှင်းလင်းလင်း ပေါ် လာတာ သိပ်ကျေးဇူး တင်စရာပဲ ။

တော်ပြီကွာ ။

မင်း ရှေ့ဆက်ပြီး မမမူ ကို လည်း ဘယ်လိုနည်း နဲ့ မှ မဆက်သွယ်နဲ့ တော့ ။ မင်း ရဲ့ ခြေမွသွားတဲ့ ဒဏ်ကို ခံစားနေရတဲ့ အတင့် ကိုလည်း မင်း အာရုံမပြုနဲ့တော့ ။ အကျိုးပေး တူတဲ့ တို့ ညီအစ်မ ၊ ကနေ့က စပြီး မင်းတို့ ယောက်ျားတွေကို ကျောခိုင်းလိုက်တော့မယ် ။ တစ်ကိုယ်ရေ တစ်ကာယ ပဲ အေးအေး နေကြတော့မယ် ”

အတင့်ကလေး ရဲ့ စာကို ဖတ်ပြီး မင်းရဲ့ စာရိတ္တကို မင်း ပြန်ပြီး သတိရှိစေတော့ ။

စာပြန်ဖို့မလိုဘူး မောင်ကျော်မင်း ။

               မမမူ
             မြင်းခြံ
    ၁၉ - ၆ - ၄၉

မမမူ ...

စာ ပြန်ဖို့ မလိုဘူး ဆိုပေမဲ့ ပြန်လိုက်ပါရစေနော် ။

လူ့လောကတစ်ခွင်မှာ လူတွေဟာ ထင်သလို မဟုတ်ဘူး ၊ မြင်သလို မဖြစ်ဘူးဆိုတာကို မမမူ တို့လည်း ဉာဏ်ကြီးရှင်တွေမို့ သိကောင်းပါတယ် ၊ သိကောင်းကြ ပါလိမ့်မယ် ။ အမြင် သာမည နဲ့ ဆိုရင်တော့ ဟုတ်တယ် မမမူ ၊ ဟုတ်တယ် ။ ကျွန်တော်ဟာ သစ္စာဖောက် တစ်ယောက်ပါပဲ ။ ဒါ ပထမ ကျွန်တော် ဝန်ခံပါတယ်လေ ။

နို့ပေမဲ့ - ကျွန်တော့် ကို မမမူ ရော ၊ အတင့် ပါ စွပ်စွဲ ကြတာတွေဟာဖြင့် တစ်ခုမှ မဟုတ်ဘူးလို့ ကျွန်တော် ရဲရဲ ဝံ့ဝံ့ ပြောရဲပါတယ် မမမူ ရယ် ။ ကျွန်တော့် လို လူ တစ်ယောက် အဖို့တော့ လောကကြီး ဟာ မဆန်းကြယ်ဘူး ။ ဆန်းကြယ်တဲ့ လောကကြီး ထဲ မှာ လူတွေ ဟာ ဆန်းကြယ်သလို ဟန်ဆောင် နေကြတယ် ။ ဒီ ဟန်ဆောင်မှုတွေ ဖြည်းဖြည်း ဂယက်ရိုက်လာတဲ့ အခါမယ် အထင်အမြင် လွဲမှားတာတွေ ဟာ ဇာတ် မတိုက်ဘဲ အလိုလို ပေါ်လာရတော့တာပေါ့ ။

ကျွန်တော်လေ မမမူ ၊ အတင့် ကို ဘယ်လောက် ချစ် ခဲ့တယ် ဆိုတာ မဖြစ်နိုင်တဲ့ နည်းတစ်ခု ဖြစ်တဲ့ ရင် ခွဲပြီးလည်း မပြချင်ဘူး ၊ ဟို ရှေးတုန်း က သစ္စာတိုင် ပတ်ပျိုးကြီး တွေ ကိုလည်း ဆိုမပြချင်ဘူး ။ ဒါပေမဲ့ ကျွန်တော် အတင့် အပေါ် ချစ်ခဲ့တဲ့ အချစ် ဟာ ‘ အစိုင်အခဲကြီးမားတဲ့ နေရာ ’ မှာ သာတဲ့ လူမရှိသေးဘူးလို့ ကျွန်တော် ထင်တယ် မမမူ ၊ ကျွန်တော် ထင်တယ် ။

‘ ကောင်းပြီကွာ မင်း ဒါလောက်တောင် ချစ်ရက်နဲ့ မင်း ချစ်မှန်းကို သိလို့ မင်း ပြုချင် သလို ပြုခွင့်ပြုထားပြီ ဖြစ်ရက်နဲ့ မင်း ဘာပြုလို့ သစ္စာဖောက်သလဲဟင် ’

လို့ မမမူ မေးချင် မေးလေ မေးမလား ။ မမမူ လောက ပေါ် မှာ ရှိတဲ့ အချစ်သတ္တဝါတွေ ဟာ ချစ်တိုင်း ညား သလား ၊ ညား သတဲ့လား ညားတိုင်း ကော ချစ်သတဲ့လား ။

ကျွန်တော် ဆိုခဲ့ပြီးပကော ၊ ကျွန်တော် ချစ်မိတဲ့ အတင့် ကို ကျွန်တော့် တစ်သက် နဲ့ တစ်ကိုယ် မေ့နိုင်တော့မှာ မဟုတ်ဘူးလို့ ။ မမေ့နိုင်လို့ လည်း ခုလို ‘ စာရှည်ရှည် ရှင်းတမ်း ’ နဲ့ ကျွန်တော် ဖြေရှင်းနေတာပေါ့ ။

လုံးဝဖောက်ပြန်မှု နောက်ကိုသာ ကျွန်တော် လိုက်သွားပြီ ဆိုရင်လေ ‘ အမယ်လေး မမမူရယ် ’  ကျွန်တော် သတိ တောင်ရနိုင်မှာ မဟုတ်ဘူးတဲ့ ၊ သိလား ။

ခုလိုဆိုတော့ မမမူ ကဖြင့် ‘ လျှာ အရိုး မရှိတဲ့ အတိုင်း ’ လို့ ပြောချင်ပြောဦးမှာပဲ ။ ကျွန်တော် ပွင့်ပွင့်လင်းလင်း အစီရင်ခံပါ့မယ် မမမူ ။ ကျွန်တော် ပွင့်ပွင့်လင်းလင်း အစီရင်ခံပါ့မယ် ။ သတင်းစာထဲမှာ ပါတဲ့ အတိုင်း ။

‘ မြန်မာ့တပ်မတော် ကပ္ပတိန်ဟောင်း ရဲခေါင်စာပေ ဖြန့်ချိရေး ပိုင်ရှင် မောင်ကျော်မင်း နှင့် ညွန့် တို့ သည် ရန်ကုန်မြို့တရားသူကြီး (  ... ) ၏ ရုံး ၌ နှစ်ဦး သဘောတူ လက်ထပ်ပြီးစီးကြောင်း ’

ဆိုတဲ့ မင်္ဂလာသတင်းကလေး ကို မမမူ သတိပြုမိရဲ့လား ။ ကြည့်စမ်း မမမူ ၊ ညွန့် ဆိုတဲ့ မိန်းကလေးရဲ့ ‘ မိဘ ’  ၊ ‘ ဂုဏ်ထူး ’ ၊ ‘ နေရပ် ’ ဆိုတာတွေ ဘာမှမပါဘူး မဟုတ်လား ။ အမှန်အတိုင်းသာ ထည့်လိုက်ရမယ် ဆိုရင် ...

‘ တင်တင်ညွန့် ( ညွန့် ) ၊ ရှမ်းပြည်နယ် ၊ ကလောမြို့ ၊ မိုးလွတ်ရွှေဖီလက်ဖက်ကုန်တိုက် ၊ စာရေးကြီး ဦးစောဝင်း နှင့် ဒေါ်တင်ထွေး တို့ ၏ တစ်ဦးတည်းသော သမီး ... ’

လို့ ထည့်လိုက်ရမှာပေါ့ ။ ဒါတွင်လား ဆိုတော့ မဟုတ်သေး ဘူး ၊ နောက်ဆွယ် က ဝန်ကြီးဟောင်း တို့ ၊ မြို့တော်ဝန်ဟောင်း တို့ ၊ အတွင်းဝန်ဟောင်း တို့ ဆိုသလို ခုခေတ် လူတွေ ပကာသန ပြုနေကြတဲ့ အတိုင်း ညွန့် မှာရှိတဲ့ အတိတ်ဂုဏ်ဟောင်းကလေး တစ်ခု ကို ထည့်လိုက်ရရင် ( ပြည့်တန်ဆာဟောင်း) ဆိုတာကိုပါ ပူးတွဲပြီး တွေ့ ရမှာပဲ ။ သတို့သမီးက မဆန်းလား မမမူ ။

ဒါကိုတွေ့တော့ မမမူ သိပ်ယူကျုံးမရ ဖြစ်မှာလား ၊ အံ့သြ သွားမလား ၊ ဟင် - အကျင့်ယုတ်လှချည်လား ဆိုပြီး မောင်လေး ကို ရေတိမ်နစ်ပြီ ရယ် လို့ လည်း မမမူ ပြောလေ မလား ၊ စွပ်စွဲလေမလား ။

အေးလေ ၊ ‘ ပြည့်တန်ဆာဟောင်း ’ ဆိုတဲ့ ညွန့် ရဲ့ ရာဇဝင်ကိုလည်း မမမူ ကို ကျွန်တော် ပြောပြပါရစေဦး ။

ဒီနေရာမှာ မဖတ်ချင်တော့ဘူး ဆိုပြီး ဒီ စာရွက်ကို ဆုတ် မပစ်လိုက်ပါနဲ့ဦးလို့ ကျွန်တော် တောင်းပန်လိုက်ပါတယ် ။

ကျွန်တော် ဟာ နိုင်ငံချစ်တဲ့ လူတစ်ယောက် ၊ စင်မြင့် မရှိတဲ့ နိုင်ငံရေးသမား တစ်ယောက်ဆိုတာတော့ မမမူ သိ နှင့် ပြီပဲလေ ။ ကျွန်တော်တို့ နိုင်ငံကြီးမှာ လွတ်လပ်လာတယ် ဆိုရင်ပဲ မကြာခင် ပြည်တွင်းစစ်ကြီး ခင်းနေလိုက်တာ ဖွတ်ဖွတ်ညက်ဆဲ ဖြစ်နေပြီ ။ လွတ်လပ်တဲ့ ပြည်ထောင်စု အလံတော် အောက်က မရေမရာ မသေချာတဲ့ ကိစ္စပေါင်း များစွာ ကို ထူထောင်ဖို့ ၊ အင်တိုက်အားတိုက် ကြိုးပမ်းဖို့ နေရာမှာ ဘာမှ မစဉ်းစားနိုင်တော့ဘူး ။ ဘဝတည်မြဲမှု နဲ့ အခွင့်အရေး လက်မလွှတ်ချင်မှု ဉာဉ်ဆိုးကလေးတွေ နဲ့ ဆိုးပေ လေလွင့် နေတဲ့ ‘ ပါတီဆရာကြီး ’ တွေကလည်း သူတို့ရဲ့ အကြောင်းကြောင်း တွေကြောင့် ပြည်ထောင်စုရဲ့ ဖြစ်ထွေကို မေ့များနေကြပလား ။

တာဝန်သိတဲ့ လူတစ်ယောက် အနေနဲ့ နိုင်ငံတော်ကြီးရဲ့ မြေပုံကို မျက်စိ ရှေ့ ချပြီး ကြည့်လိုက်ရင် ရင်လေးစရာတွေဟာ တောင်လို ပုံနေတယ် ။ ဒါကို နိုင်ငံရေးသမား တွေ လက်တွေ့ မလုပ်နိုင်ကြသေးဘူး ။ ကြည့်စမ်း မမမူ ၊ သွေးတွေ ၊ အပျက်အစီးတွေ ၊ ကွေကွင်းမှုတွေ ။

ဘယ်လောက်များ တာဝန်မဲ့ နေပုံ ပေါက်သလဲ ။ ကျွန်တစ်ခေတ်က ရလိုက်တဲ့ အမြတ်တွေပေါ့ ။ စည်းမဲ့ကမ်းမဲ့ ရမ်းတဲ့ ကြမ်းတဲ့ပြီး နေလိုက်ကြတာ ။

တကယ် လက်တွေ့သဘော ကို လိုက်တဲ့ လူတွေအဖို့ တော့ ပြည်ထောင်စုစိတ် မရှိရင် မပြီးနိုင်ဘူးလို့ ယူဆနိုင် လောက်အောင်ပဲ စိတ်ပျက်စရာ ဖြစ်နေတော့တယ် ။ ဒါ တွေ ၊ ဒါတွေကြောင့်မို့ ...

မောင်လေး ‘ အဇ္ဇတဂ္ဂေ ’ ဆိုပြီး နိုင်ငံရေးနယ်ပယ်က ထွက်ခဲ့တယ် ။ ပျက်စီးနေတဲ့ အမျိုး ရဲ့ ၊ စာရိတ္တအမျိုးရဲ့ ဉာဏဗလကို ပြုစုပျိုးထောင်ရမဲ့ နေရာမှာ စာပေဟာ ပဓာန ပဲ လို့ ကျွန်တော် ယူဆမိတဲ့အတွက် ခု လုပ်နေတဲ့လုပ်ငန်း ကို စတင် တည်ထောင်ဖွင့်လှစ်ခဲ့တာပေါ့ ။

စကားကြော ရှည်လှရန်ကော လို့ မထင်လိုက်ပါနဲ့ မမမူ ။ ဒါတွေဟာ ပြည့်တန်ဆာဟောင်း ဆိုတဲ့  ‘ ညွန့် ’  ကလေးရဲ့ ပဏာမနိဒါန်းပါပဲ ။ တကယ်လို့ ကျွန်တော် သာ ဒီ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို မတည်ထောင်ခဲ့ရင် သူ နဲ့ တွေ့ချင်မှလည်း တွေ့မှာပါပဲ ။ နောက်ပြီး အမျိုးသမီးကလေး တစ်စု ရဲ့ ဘဝဆုံးချက် နစ်နာလှပုံကို လည်း မြင်ချင်မှလည်း မြင်မှာ မမမူ ရဲ့ ။

အရင်တုန်းက ဆိုရင် ကျွန်တော်က ပြည့်တန်ဆာ ဆိုတဲ့ မိန်းမကလေးတွေကို အတော် ရွံမုန်းခဲ့တယ် ။ မိန်းမပေါ့ ၊ မိန်းမလေ ၊ ကလေးကလား အညံ့စားကလေးတွေလို့ အထင်သေးခဲ့တယ် ။ ကျွန်တော် ကိုယ်တိုင် ပျက်စီးလေလွင့် နေတဲ့ အမျိုးသမီးကလေးတွေရဲ့ ဂေဟာတွေကို ရောက်ခဲ့ မြင်ခဲ့ရတော့မှ စုတ်သပ်မိခဲ့တယ် ။ ယူကျုံးမရ ဖြစ်လာခဲ့မိတယ် ။

မိန်းမပေါ့ ၊ မိန်းမလေ ၊ ကလေးကလားအညံ့စား တွေလို့ ကျွန်တော် ဝါးလုံးကြီး နဲ့ ယမ်းခဲ့တာဟာ ရာခိုင်နှုန်း အပြည့် မဟုတ်ဘူးဆိုတာ လည်း သိခဲ့ရတယ် မမမူ ။

မမမူတို့ မိန်းမချင်းသာ ဆိုရင် ဘယ်လောက် စိတ် ထိခိုက်ကြမလဲဆိုတာ ကျွန်တော် မမှန်းဆနိုင်ဘူး ။ တချို့ အမျိုးသမီးကလေးတွေဟာ မတည်ကြည်တဲ့ လူ တစ်စုရဲ့ ညာဝါးဖြန်းသန်းမှု ကို ယုံကြည်ရှာပြီး ဘဝ ရေတိမ်မှာ နစ်ခဲ့ရတယ် ။ တချို့ကတော့ ဘာရယ်ညာရယ် မဟုတ်ပေဘူး ၊ လင် ဆိုတဲ့ သတ္တဝါမှာ ဝင်ငွေ နည်းပါးပြီး စားမလောက် သုံးမလောက် ဖြစ်ရတော့ တကယ် အသုံးလိုတဲ့ အခါမှာ နောက်ဆုံး ဂဠုန်ဆားချက် စီမံကိန်း ဆရာကြီး ‘ သူ့လင် ’ ရဲ့ စီမံကိန်း အရ ‘ တစ်ခါတစ်ရံပါပဲ ရှင့် ’ ဆိုပြီး ကိုယ် နဲ့ ရင်းကြရာက ပြည့်တန်ဆာ ဖြစ်လာရတာတွေလည်း ရှိကြပါရဲ့ ။

တချို့ကတော့ဖြင့် အလွန့်အလွန် သနားစရာ ကောင်းပါရဲ့ မမမူ ။ ကျွန်တော်တို့ ပြည်ထောင်စု နယ်စွန်နယ်ဖျားက ပစ္စည်းမဲ့ ၊ ပညာမဲ့ အမျိုးသမီးကလေးတွေ ပေါ့ ။ စာပေလည်း မတတ်ရှာကြဘူး ၊ အကျိုးအကြောင်း လည်း ဆင်ခြင်ဖို့ဆိုတာဖြင့် ဝေးပါလေရဲ့ဗျာ ၊ ဝေးပါလေရဲ့ ။

အဲ သူတို့ကလေးတွေမှ တကယ့် ညစ်ပတ်စုတ်ပဲ့တဲ့ လူမသမာတွေ ရဲ့ ခြယ်လှယ်မှုကို အရုပ်ကလေးတွေ လို ငုံး တိတိ နဲ့ ခံစားနေရတာပဲ ။ ဆွေမျိုးညာတိ မရှိ ၊ ပတ်ဝန်းကျင် အပေါင်းအသင်းကောင်း ရယ်လို့ မရှိ ။ မှီခိုနိုင်မယ့် ‘ သတ္တိခဲ ’  တွေကလည်း မရှိ ၊ တောရွာဒေသမှာ တောဓလေ့အတိုင်း လုပ်ကိုင်စားသောက်လို့ မဝမငနဲ့ ဖြစ်ကြရ ပြန်တယ် ။ ပြည်တွင်းစစ် ရန်တွေ အသွယ်သွယ် က လည်း မွှေလို့ ၊ ကေ - အင် - ဒီ - အိုက တစ်မျိုး ။

ဒါနဲ့ မြို့ က ဆိုတဲ့ လူရဲ့ သွေးဆောင်ဖြားယောင်းမှုကို အထင်ကြီး ပြီး ‘ ငါ ဖြင့် အားကိုးရတန် ကောင်းပါလေရဲ့ ’ ဆိုတဲ့ အတွေးနဲ့ လိုက်ခဲ့ကြတယ် ။ ရန်ကုန် ပတ်ဝန်းကျင်မှာ သူတို့ နဲ့ သက်ဆိုင်တဲ့ လူတန်းစားက လည်း ‘ ပြည့်တန်ဆာ ’ တွေ ဆိုတော့ ရေစက်မချရ ဘဲ ကာယကံမြောက် လှူဒါန်းပြီး ဖြစ်ကုန်တာပေါ့ မမမူ ရယ် ။

စဉ်းစား ကြည့်လိုက်ရင် ကျွန်တော်တို့ အမျိုးသမီးငယ်ကလေးတွေ ရဲ့ ပြဿနာ သိပ် မလွယ်လှဘူး မမမူ ။ ရန်ကုန် ဆိုတာက မမမူ သိတဲ့အတိုင်း အစစအရာရာ အချုပ်အခြာ ဖြစ်တဲ့ နေရပ် ဆိုတော့ မျက်နှာဖြူတွေက အစ ဂေါ်ရင်ဂျီကု,လား အဆုံး နိုင်ငံခြားသားတွေဟာ ပလူပျံ ပေါများနေတာပဲ ။ အဲဒီ့ လူမျိုးခြားတွေ အတွက်ကော ၊ ဗမာတွေ ရဲ့ ‘ ကြာခြည်သံ ’  ပေးဖို့ အတွက်ကော ၊ ‘ ဖြေဖျော်မယ် ’ အဖြစ် ရေတိမ်နစ်နေရသူကလေးတွေဟာ ၁၉၄၇ ခုနှစ်လောက်က ရန်ကုန် မြို့ မှာ ( ၃၀၀၀ ) ကျော်ရှိသတဲ့ ။ ဒီ စာရင်းက တိုးပွားလာတာဟာ ၂ နှစ် အတွင်းမှာ သုံးဆ အနည်းဆုံး ရှိလိမ့်မတဲ့ ။ တလောက သက်ဆိုင်ရာဌာနက အစီရင်ခံစာကလေး တွေ့ လိုက်တယ် ။

အဲဒီ အမျိုးသမီးကလေးတွေ ဟာ နန်းရင်းဝန်ကြီး မိန့်မြွက်ခဲ့တဲ့ ‘ ရွှေမိုး - ငွေမိုး ’ မရွာသွန်းခင်မှာ လူမျိုးစုံရဲ့ ‘ ရွှေမိုး - ငွေမိုး ’ နဲ့ သူတို့ ရဲ့ ပြဿနာတွေကို သူတို့ ဖြေရှင်းနေကြရရှာတယ် ။ ပြည့်တန်ဆာ ဆိုတဲ့ ဘဝကို လူရာမဝင်တော့တဲ့ ဘဝနဲ့ မခြားဘဲ မျက်မှောက် လူထု က တစ်ခါ အသိအမှတ် မပြုဘဲထားပြန်တော့ ခမျာများ မယ် တစ်ချီ နှစ်ချီ လောက် မှားယွင်းမိတယ်ဆိုရင်ပဲ ‘ ဟယ် ... မထူးတော့ပါ ဘူး ’ ဆိုပြီး ‘ ရေစုံမျှော’ သူတွေ လည်းမရှားဘူး မမ ရယ် ။

ပြည့်တန်ဆာဥပဒေ ဆိုတာ ကတော့ အစိုးရဆီမှာ ရှိပါလေရဲ့ ။ ဒါပေမဲ့ ဒုစရိုက်ပပျောက်ရေးအဖွဲ့က ဦးအေး ကိုယ်တိုင်ကပဲ ဥပဒေဟာ အစွန်းအငြိတွေ များပြား လို့ သိပ် မကောင်းဘူးတဲ့ ။ ဘာမှ အရာ မရောက်ဘူးလို့ တစ်ခါ က ပြောပြသံ ကြားလိုက်ဖူးတယ် ။ အမျိုးသမီးတွေရဲ့ မျက်နှာစုံညီ ညီလာခံ တစ်ခု မှာ ... ။

အဲဒီ ညီလာခံမှာပေါ့ မမမူ ၊ ကျွန်တော်တို့ အမျိုးသမီး ပေါင်းစုံရဲ့ ရှေ့မှာ အမျိုးသမီးကြီးတွေ ကိုယ်တိုင် ဖွင့်ဟဝန်ခံသွားတဲ့ အချက်အလက်တွေကဖြင့် အတော်ပဲ ဝမ်းနည်းကြေကွဲ ဖို့ အချက်တွေ အများအပြား ပါဝင်တာ မို့ မမမူ ရယ် ပြန်ပြီး မပြောပြရက်နိုင်အောင်ဘဲ ဆိုပါတော့ ။ အမျိုးသမီးကလေးတွေ ရဲ့ ဂေဟာထဲကို ဝင်လိုက်တာ နဲ့ တစ်ပြိုင်နက် ဖိစီးထားတဲ့ ရောဂါကြောင့် အချို့ အချို့ ကြောင်တောင်ကန်းကလေးများ ဖြစ်နေတာတွေ ၊ အချို့ အချို့ ဦးနှောက်တွေ ပျက်ပြီး ကယောင်ချောက်ချား ဖြစ်နေတာတွေ ။

ဒါတွေကို မြင်ရကြားရတော့ ‘ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးရေး ’ ဆိုတဲ့ စကားလုံးကို ‘ ခေတ်သုံး ’ တစ်ခု လက်ကိုင် ပြု နေတဲ့ အဖွဲ့အသင်းတွေ ကို ကျွန်တော် ချက်ချင်း သတိရ မိတယ် ။ အမျိုးသမီးတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ နေရာမှာ အမျိုးသမီးတွေ သာ ပဓာနဖြစ်ရမှာပဲ ။ သူတို့ ကြမ္မာကို သူတို့ မဖန်တီးရင် ဘယ်သူကမှ ဖန်တီးပေးမှာ လည်း မဟုတ်ဘူးတဲ့ ။

အကျင့်စာရိတ္တ နဲ့ ပတ်သက်ပြီး ပြုပြင်ပေးရမယ့် အချက်တွေ ၊ အစစ အဆင့်အတန်း မြင့်လာရေးတွေ ၊ ဒုစရိုက် ပပျောက်ရေးတွေ ၊ အို ... အများကြီးပါပဲ ဆိုပါတော့ ။ အဲ့ဒီ အဲ့ဒီ လုပ်ငန်းတွေ အတွက် ရှေ့ဆောင်လမ်းပြ မီးရှူးကြီး သဖွယ် အားထားရမယ့် အမျိုးသမီးအဖွဲ့ကြီး တစ်ဖွဲ့ တော့ ရှိဖို့ကောင်းပါပြီ ။ ရှိကြသားပဲလို့ လက်ရှိ အမျိုးသမီးအဖွဲ့တွေကို လက်ညှိုး ညွှန်ပြပေမဲ့ ကျွန်တော့် သဘောကဖြင့် အထူးသဖြင့် ပါတီရေးအမျိုးသမီးတွေ များပြားနေတာ မို့ သိပ်အားမရဘူး ၊ ပါတီရေး မပါရှိ ပြန်တော့လည်း ဂုဏ်တု ဂုဏ်ယောင်တို့ ၊ ပကာသနတို့ လောက် ကို သာ မျှော်မှန်း ၊ ဂုဏ်ရှိ - ဂုဏ်မဲ့ ကျင့်ကြံနေကြ ပြန်တော့ ဘယ်မှာ ဟန်နိုင်မယ့် လုပ်ငန်း ထမြောက်ခြင်း ဖြစ်နိုင်ပါ့မလဲ ၊ ဟင် မမမူ ။

အေးလေ ဒါတွေ ထားဦးတော့ ။

ကျွန်တော် နဲ့ ဆိုင်တာကလေး ကိုပဲ မမမူကို ပြောပြရရင် အစမူလက ကျွန်တော် ပြောခဲ့သလို ညွန့် ဟာ ပြည့်တန်ဆာဟောင်းကလေး ပဲ ။

ဘုံးဘုံးလဲ နေတဲ့ လင်တော်မောင် ဟာ သနားစဖွယ် မျက်နှာကလေးငယ်ငယ် နဲ့ မအိပ်မနေပြုစု နေတဲ့ မယား ကို ကြည့်ပြီး သူ့ဘဝကို သူ အသည်းနာခဲ့ဟန် တူပါရဲ့ ။

‘ သေပစေလေ ညွန့် ရယ် ၊ ကိုယ် သေတော့မှ ပဲ ညွန့် ဒုက္ခအေးမယ် ၊ ကိုယ့်ကို မကုနဲ့ ကွဲ့  ၊ မကုနဲ့ ’  လို့ အားယူပြီး ပြောသတဲ့ ။ ဆွေမျိုး မောင်နှမသားချင်းတွေ မရှိတဲ့ ရန်ကုန် ၊ ရပ်ဆွေရပ်မျိုးရယ် လို့ ရှာလို့ မရတဲ့ ရန်ကုန် ။ တစ်နေ့ ငွေမရှိရင် တစ်နေ့ နေဖို့ မကောင်းတဲ့ ရန်ကုန် ။ ပြေးကြည့် လိုက် မှ ‘ ဒီလင် - ဒီမယား ’ ရယ်လို့ နှစ်ယောက်တည်း ရှိတဲ့ ရန်ကုန်မှာ ဒီ လင်တော်မောင် ရဲ့ စကားကို ညွန့် လက်ခံမှာ မဟုတ်ဘူး ။ ကရုဏာဒေါသောကလေးတွေ နဲ့ ပြောလိုက်တဲ့ လင်တော်မောင် ရဲ့ မျက်နှာ ကို ကြည့်ပြီး ညွန့် လည်း တော်တော်ပဲ မချိတင်ကဲ ဖြစ်ခဲ့ရသတဲ့ မမမူ ရယ် ။

တစ်ရက် တစ်ရက် နဲ့ ရက်တွေလည်း လွန်လို့ ညွန့် ပြုစုချက်ကို လှိုက်လှိုက်လှဲလှဲ ခံစားနေရတဲ့ လင်တော်မောင် ဟာ ညွန့် ကို ဒုက္ခ ဆက်ပြီး မပေးလိုတော့လို့လား မဆိုတတ်ဘူး ။ ညွန့် လက်ထဲမှာ ငွေကလေး ငါးဆယ် လက်အကျန် မှာ ညွန့် လင်တော်မောင် ဟာ ညွန့် ရှာခဲ့တဲ့ အရင်းအနှီး ကို စီးပွားရေးအုတ်မြစ် မချရဘဲ မသာအုတ်မြစ် ချပါတော့လို့ ဆိုချင်တဲ့ အဓိပ္ပာယ်မျိုး ဆောင်ပြီး မချိတင်ကဲ မျက်ရည် ကလေးဝဲဝဲ နဲ့ လောက ပေါ် က ထွက်ခွာသွားသတဲ့ ။ အမျိုးမျိုး ကျပ်တည်းမှုဒဏ်တွေ ကို မခံစား လိုတော့ဘဲ တစ်နှစ်အတွင်း ရမဲ့ ငြိမ်းချမ်းရေး ကို မစောင့်တော့ဘဲ နဲ့ သူ့ ငြိမ်းချမ်းရေး ကို သူ ဖန်တီးသွားသတဲ့ ။

တိုတိုပဲပြောရရင် ညွန့် ရဲ့ ပြည့်တန်ဆာ ဖြစ်ခဲ့ရတဲ့ ရာဇဝင် ရဲ့ အစဟာ ဒါပဲ ။ အတုအပ ပကာသန ၊ မာန - ဂုဏ်တွေ ဖုံးလွှမ်းနေတဲ့ မြို့တော်ကြီး ရဲ့ အလယ မှာ ညှိုးညှိုးငယ်ငယ်နဲ့ နေထိုင်ပြီး အလုပ်ကလေး တောင်တောင်မြောက်မြောက် လုပ်ရာက ဆေးလိပ်ရုံ တစ်ခုမှာ ဆေးလိပ် လိပ်ရပြန်တယ် ။ ဆေးလိပ်ရုံပိုင် ဟာလည်း ပြဇာတ်ပိုင်ရှင် တစ်ယောက် ဖြစ်နေတော့ မကြာခင်မှာ ညွန့် ကို ပြဇာတ်ဘက် ဆွဲသွင်းလိုက်သတဲ့ ။ ပြဇာတ်ကလေး တစ်ထုပ် ၊ နှစ်ထုပ် လောက် နဲ့ စင်မြင့်ပေါ် ရောက်ပြီးတဲ့ ညွန့် ဟာ ... ။

ဆေးလိပ်ရုံ အစ .. ။

ဇာတ်သမ အလယ် ... ၊ ဆိုတဲ့ ဘဝက နေပြီး မကောင်းမှု လမ်းကြောင်းတွေနဲ့ အသက်မွေးတဲ့ လူတွေရဲ့ စက်ကွင်းထဲ ရောက်ပြီး ... ပြောလိုက်ပရစေတော့ မမမူ ။

ပြည့်တန်ဆာဘဝ ကို ခြောက်လလောက် အစုံအဆန်မျောလိုက်ရ သတဲ့ ။

ဝါသနာမပါရင် ဘယ်အလုပ်မှ မမြဲတဲ့ အတိုင်းပဲ ၊ ဘဝကို ငြီးငွေ့ ပြီး မပျော် တစ်ချက် ၊ မရွှင် တစ်ချက် နဲ့ စခန်းသွား နေရာက ဒုစရိုက်ပပျောက်ရေးအဖွဲ့ ရဲ့ အကြီးအမှူး တစ်ဦး ထံမှာ သူ့ ကိုယ်သူ အပ်နှံလိုက်သတဲ့ ။

ဒါပေမဲ့ ဘဝဆိုးအမှောင် က လွတ်မြောက်လာပြီ စ သူ့လို အမျိုးသမီးပေါင်း များစွာ ကို နေ့စဉ် နဲ့အမျှ နေရေး ၊ ထိုင်ရေး ၊ စားသောက်ဝတ်ဆင်ရေးတွေ ကို ရော ၊ ပညာရေးတွေ ပါ မလစ်ဟင်းရ အောင် ပြုစုစောင့်ရှောက်ထားရတဲ့ ‘ အမျိုးသမီးကယ်တင်စောင့်ရှောက်ရေးအဖွဲ့ ’ တွေရဲ့ တာဝန်က လည်း မသေးငယ်လှပေဘူး ။

ရန်ပုံငွေ လုံလုံလောက်လောက် မရှိတော့ အဲ့ဒီ အခက်မှ တကယ့် အခက်ကြီး ဖြစ်နေတာပေါ့ မမမူ ။ ကသီလင်တ မဖြစ်ဘဲ ဣန္ဒြေရရကလေး နေနိုင်ဖို့ရာ က အသက်မွေးဝမ်းကျောင်းလုံလောက်တဲ့ ပညာကလေး တစ်ခု ရှိမှပဲ ဖြစ်နိုင်မယ့် ခေတ်ကာလ ထဲမှာ ဒီလို အသက်မွေးဝမ်းကျောင်းပညာကလေး မရှိရင် ခု ကယ်တင်စောင့်ရှောက် ထား ပေမဲ့ မကြာခင်မှာပဲ ဒီဘဝဆိုး ဝဲသြဃ ထဲကို ကျရောက်သွားဦးမှာပဲ ဆိုတာတော့ မြေခတ် မလွဲပါဘူး ။ ဒီတော့ ကြည့်ရှုစောင့်ရှောက်ထားရတဲ့ လူတွေ ရဲ့ ဖြစ်ရပုံ အကျပ်အတည်း ဟာ ‘ ရင်ဆို့ ’ စရာကြီးပေါ့ ... ။ ‘ ကျွန်မတို့ မွေးစားပါရ စေရှင် ’  ‘ အိမ်မှာ ကလေးထိန်းကလေးလိုလို့  ’ ဆိုပြီး အဖွဲ့ ကို ငွေကလေး လှူဒါန်းပြီး တောင်းယူသွားတဲ့ လူတွေ မှာ လည်း ရိုးရိုးသားသား ရှိတဲ့ လူက ခပ်နည်းနည်း ၊ သူတို့ က မှ တကယ့် လှောင်အိမ်ကြီးတွေ ဖြစ်နေတာက များတယ် ။ တစ်ဆင့် ‘ ဖြေဖျော်မယ်တို့ရဲ့ဗိုလ်ကြီး ’ တွေ လက်ထဲ ပြန်ပို့ကြတာက လည်း အနန္တ ... ။

အေးလေ ... တိုတိုပဲ ဆိုကြပါစို့ ။

တစ်နေ့ မှာ မမျှော်လင့်ဘဲ အဲဒီ ‘ အမျိုးသမီးကလေး တွေ ရဲ့ ဂေဟာ ’ ကို ကျွန်တော် ရောက်သွားရာက အဖွဲ့အကြီးအကဲ ဆိုတဲ့ ပုဂ္ဂိုလ်တွေ နဲ့ တွေ့လို့ အဖွဲ့ကြီးရဲ့ လက်ရှိ အခက်အခဲတွေ ကို တသီတတန်းကြီး ပြောပြတယ် ။ ဒီလို ပြောပြနေရာကပဲ ... ။

‘ မောင်ကျော်မင်း ၊ မင်းတို့ရဲ့ ယောက်ျားကလေးတွေ ကို ‘ အန်တီ ’ တာဝန် တစ်ခု ပေးချင်တယ် ။ ခုနက ‘ အန်တီ ’ ပြောခဲ့သလို အန်တီ တို့မှာ သူတို့ကလေးတွေ ရဲ့ ဘဝဆိုး က ကယ်တင်ထားနိုင်လောက်တဲ့ အရည်အချင်း သာရှိတယ်ကွဲ့ ။ တာရှည် သဖြင့် ကျွေးမွေးစောင့်ရှောက်ထားဖို့ ဆိုတာ ကတော့ တိုင်းပြည် ပေါ် မှာ တည်နေတာပဲ ၊ တိုင်းပြည် က ရံပုံငွေ များများစားစား လှူထားရင် တော့ ဝန်မလေးပါဘူး ။ ခု ကျွေးမွေးထားရတဲ့ အင်အားကလည်း မသေးလှဘူးကွဲ့ ၊ နောက်ပြီး ဘဝဆိုးရဲ့ အပြစ်ကို သတိရလာစ ပြုတဲ့ ‘ ကလေးမ ’ တွေ အဖို့ ဒီ ဌာနဟာ အင်မတန် အရေးပါ အရာရောက်တဲ့ ဌာန ဖြစ်နေတော့ ပြုစုစောင့်ရှောက်ရမယ့် ဦးရေ ဟာ တစ်နေ့ထက် တစ်နေ့ တိုးသထက် တိုးနေတာပဲ ။ ခု ကယ်တင်ထားတဲ့ အမျိုးသမီးကလေးတွေမှာ ဆိုရင် တချို့ဟာ မှီခို အားထားစရာ လုံးဝ မရှိရှာကြဘူး ။ တချို့ ဒီနေရာ ထွက်သွားရင် ဘယ်ဆီ ဘယ်လမ်း ရယ်လို့ မျှော်မှန်းစရာ ကွက်ကွက်ကလေးမှ မရှိရှာ ကြဘူး ။ ဒီလို ဒုက္ခ ပတ်ဝန်းကျင် ဝိုင်းလည်ပြီး နေတဲ့ အမျိုးသမီးကလေးတွေ အတွက် မောင်တို့ တကယ်သနားညှာတာကြတယ် ဆိုရင် သင့်တော် တဲ့ အမျိုးသမီးကလေးတွေ ကို သင့်တော်ရာ အမျိုးသားကလေးတွေ က အိမ်ထောင်ကလေး အတည်တကျ နေရာချထား ပေးဖို့ နဲ့ ကိုယ်တိုင်ကပဲ သိမ်းပိုက် နိုင်ကြမယ် ဆိုရင် လည်း သိမ်းပိုက်ကြစမ်းပါ လို့ တောင်းပန်ချင်ပါတယ် မောင်ကျော်မင်း ။

တချို့ခမျာကလေးတွေ ဟာ အဆင့်အတန်း မညံ့လှပါဘူး ။ လိမ္မာရေးခြား ရှိကြပါတယ် ။ မင်းတို့ ယောက်ျားတွေက သူတို့ကို ပြည့်တန်ဆာ ပဲ ၊ ပြည့်တန်ဆာဟောင်းပဲ အစွဲ ကြီး စွဲလမ်းပြီး လျစ်လျူရှု ထားသမျှ ကာလပတ်လုံး သူတို့ကလေးတွေ မှာ သူတို့ နစ်မြုပ် နေတဲ့ ဘဝက ဘယ်တော့မှ ထွက်ရပ်လမ်း တွေ့ကြမှာ မဟုတ်ဘူးပေါ့ ။ ရှင်းရှင်းပြောရရင် သူတို့ကလေးတွေ ကို မောင်တို့ လူရာသွင်းကြပါ ၊ အသိအမှတ်ပြုကြပါ ၊ ချစ်ကြ ၊ ကြိုက်ကြဖို့ စိတ်ကူးစမ်းပါကွာ ၊ ဘယ့်နှယ်လဲ ။

ဆိုတဲ့ စကားတစ်ခွန်းကို ပြောလာတယ် မမမူ ။ ကြည့်စမ်း ၊ ဒီကိစ္စက သာမညလို့ ယူဆရင်တော့ မဖြစ်နိုင် ပါဘူး လို့ ငြင်းဆန်ဖို့ရာမှာ ခဲယဉ်းမှာတဲ့ လား ၊ မခဲယဉ်းပါ ဘူး တဲ့ ၊ မမမူ ရေ မခဲယဉ်းပါဘူးတဲ့ ။

ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာတွေထဲမှာ သူတို့ ( ကံခေမ ) ကလေးတွေရဲ့ ပြဿနာ မပါဘူးလား လို့ စဉ်းစားရဦးမှာ ပေါ့ မမမူ ရယ် ။

“ နိုင်ငံရေးသမား ၊ လူထုရှေ့နေ အမည်ခံပြီး နိုင်ငံ နဲ့ လူထုကို တာဝန်မဲ့ ကျင့်ကြံ နေကြတဲ့ နိုင်ငံရေးသမားတွေ ထက် တော့ဖြင့် ကျွန်တော် ရဲ့ ‘ ညွန့် ’ ကို ပြည့်တန်ဆာဟောင်းကလေး ဘဝက ကယ်တင်လိုက်တဲ့ အဖြစ်က သာတယ် လို့ ကျွန်တော် ရဲရဲကြီး ပြောနိုင်ပါတယ် မမ ရယ် ။

‘ မင်း က ကြီးကျယ်လို့ကွာ ။ ဖာဟောင်း တစ်ယောက်ကို မင်း သိမ်းပိုက်လိုက်တာနဲ့ ပဲ မင်း ကိုယ် မင်း တချို့ နိုင်ငံရေးသမားတွေ ထက် သာတယ်လို့ .. ’  

ပြောရမှာလားဆိုပြီး မမမူ ‘ ရယ် ’ လေမလားဟင် ၊ မရယ်ပါ နဲ့ မမမူ ။ ကျွန်တော် ဒီလို သိမ်းပိုက်လိုက်ခြင်းဟာ နိုင်ငံတော်ရဲ့ လူဦးရေကို ထိခိုက်စေမဲ့ လူညွန့်ကို တုံးစေမဲ့ ရောဂါဆိုးကြီးတွေ ၊ အကျင့်ဆိုးကြီးတွေ တိုးပွား စေတဲ့ နယ်ပယ် တစ်ခုကို လက်တွေ့ တိုက်ခိုက်လိုက်တာပဲ မဟုတ်လား ။ အဲဒီ အဆိုးအဝါးတွေ ရဲ့ တပ်သား ဦးရေ ယုတ်လျော့သွားအောင် ကျွန်တော် ကြံဆောင် လိုက်တာပဲ မဟုတ်လား ၊ ကျွန်တော် ဒီကိစ္စမှာ ဒီလို ဆောင်ရွက်လိုက်တာဟာ နိုင်ငံတော်ရဲ့ အကျိုးမဲ့ကို ပြုတယ်လို့ ၊ တာဝန်မဲ့ ကျင့်ကြံတယ် လို့ ယူဆနိုင်မလား မမမူ ။

တကယ်လို့ မယူဆနိုင်ဘူးလို့ ထင်ရင် စောစောက ကျွန်တော် ပြောခဲ့တဲ့ နိုင်ငံ အကျိုးမဲ့ရေးသမားတွေ ထက် ဘာပြုလို့ ကျွန်တော် မသာနိုင်ရမတဲ့ တုံး ။ ဟင် - မသာနိုင်ဘူးလား ။

ကျွန်တော် ညွန့် ကို မသိမ်းပိုက်ခင် တစ်လလောက် လည်း ကြိုတင်စဉ်းစားပါတယ် မမမူ ။ ညွန့် ကို ကျွန်တော် လက်ထပ်လို့ ဖြစ်နိုင် မဖြစ်နိုင် ။ ‘ အတင့် ’ ကိစ္စ တစ်ချက် အတွက်လည်း ကျွန်တော် စွန့်နိုင် - မစွန့်နိုင် ၊ မမေ့မလျော့ စဉ်းစားပါတယ် ။

မေ့လည်း မမေ့ပါဘူးတဲ့ ။ နောက်ပြီး ကျွန်တော့် အချစ် ဟာ အတင့် အပေါ် အစိုင်အခဲကြီးမားတဲ့ နေရာမှာ လည်း သာတဲ့ လူ မရှိသေးပါဘူးတဲ့ ။ ဒီ စကားတွေကို ကျွန်တော်ပြောပြီး ကျွန်တော် လုပ်တာ က တစ်မျိုး လို့ မမမူ ထင်မှာလား .. ဟင် ။

တကယ်ဆိုတော့ ကျွန်တော့် ကို အရူး လို့ပဲ စွပ်စွဲချင် စွပ်စွဲပါတော့ ။

အတင့် ကို ကျွန်တော် ချစ်ပါတယ် ။ ခုလည်း ချစ်တာပဲ ။ နောင်လည်း မသေမီကာလ အတွင်းမှာ ချစ်နေမှာပဲ ။ အတင့် ဆိုတာက  ရုပ်ကလေး ကလည်း တင့်တယ်ပါတယ် ၊ အပြောအဆို အမူအရာကလေး ကလည်း တင့်တယ်ပါတယ် ။ ဒီလို တင့်ရုံတင် မကဘူး မမမူ  ၊ တကယ်လို့ ပေါ့လေ ကျွန်တော် သစ္စာဖောက်ပြီး ကြောရရုံ ကြံစည်ခဲ့သည် တိုင်အောင် အဆုံးတိုင် ကာလမှာ အတင့် ဟာ တင့်တင့်တယ်တယ်နဲ့ ချစ်လင်သည် တစ်ဦးကို ရနိုင်ဦးမှာ ပေါ့ မဟုတ်လား ။ စဉ်းစားစရာ မဟုတ်လား မမ ရဲ့ .. ။

ဒီနေရာမှာ မမမူ ရယ် ၊ ကံခေလှတဲ့ ဇာတ်တူ အမျိုးသမီးကလေး ညွန့် ကို အတင့်နဲ့  ယှဉ်လိုက်စမ်းပါ ။ အတင့် မှာ ရှိတဲ့ အခွင့်အရေးမျိုးဟာ ညွန့် ဆီမှာ မရှိတဲ့အပြင် ခမျာမှာ လူလားမြောက်တဲ့ ဘဝကို ရောက်နိုင်ဖို့မှာက လုံးဝ မရှိတော့တဲ့ ဘဝမှာမို့ ကျွန်တော် ဒီလို အတင့် ကို ချစ်ရက် နဲ့ လက်လွှတ်ခဲ့ရတာပဲ ။ ကျွန်တော် စောစောက ပြောခဲ့သလို ကျွန်တော်  အတင့် ကို သစ္စာမဖောက်ဘူး ဆိုတာတော့ ဘုရားပေးပေး ၊ ကျမ်းပေးပေး ပါ မမရယ် ... ယုံပါ ။

“ အရူး လို့ပဲ ဆိုချင်ဆိုတော့ ၊ အမိုက် လို့ပဲ ဆိုချင်ဆိုတော့ ။ ကျွန်တော် ရူးတာ ၊ ကျွန်တော် မိုက်တာတွေဟာ မှားတယ်လို့ ပဲ ဆိုချင် ဆိုတော့ အို .. ချစ်မိရင် အသည်းစွဲပြီ ၊ မခွဲမခွာ နေရေးကို အစဉ်သဖြင့် တောင့်တတယ် ဆိုတဲ့ အချစ် သတ္တဝါတွေထဲမှာ ကျွန်တော် မပါဘူးရယ် လို့ ဆိုချင် ဆိုတော့ ၊ ဒီ အယူဆန်မှု ( နှောင်ကြိုး ) ကလေး က အတင့် နဲ့ ခန္ဓာ ကိုယ်ချင်း ခွဲခွာပြီးထားပေမဲ့ ဝိညာဉ်ချင်းမှာ တော့ အမြဲ ဆက်စပ်ပြီး သက်ဆုံးတိုင်အောင်ပဲ ယှဉ်တွဲသွားမယ်လို့ ကျွန်တော် ယုံကြည်လျက်ပါပဲ မမမူရယ် .. ။

အကြောင်း မသိရှာတဲ့ အတင့်ကလေးကဖြင့် ကျွန်တော့်ကို သစ္စာဖောက် တစ်ယောက်ဆိုပြီး အသည်းနာ ရှာမှာပဲ ၊ မုန်း ရှာမှာပဲ ။ ဒီကိစ္စ ဒီ အရေး မှာ ကျွန်တော် ဒီလို ဆုံးဖြတ်တာမှားသလား မမမူ ၊ ကျွန်တော် မှားသလား ။

မမမူ တို့လို ဘဝအဆင်ပြေမှု မရှိဘဲ နစ်မွန်းနေရတဲ့ မမမူ တို့ရဲ့ သွေးချင်း ညီမလေးတွေရဲ့ ဘဝတော်လှန်မှုမှာ အောင်မြင်ခြင်း တစ်ရပ်ဖြစ်ပါစေတော့ လို့ ကျွန်တော် အနစ်နာခံပြီး ချစ်သူရဲ့အမုန်းကို ခံပြီး သင်ခန်းစာ ပြလိုက်ပြီလေ ။

ဒီ သူမကလေးတွေ ရဲ့ မညီမျှ တဲ့ လူတန်းစားတိုက်ပွဲမှာ ရှေ့တန်းက မားမားမတ်မတ် ဝင်ရပ်လိုက်ပြီလေ ။

ကျွန်တော့် လို တာဝန်သိ ရဲဘော်တွေ ကို ကျွန်တော် ဒီ သူမကလေးတွေ နဲ့အတူတူ ‘ အောင်လံနီ ’ ကို ကိုင်ပြီး စောင့်မျှော်နေပြီလေ ။

     မောင်ကျော်မင်း နှင့် ညွန့်

ဒီ မင်္ဂလာဒွန်တွဲမှုဟာဖြင့် မမမူ တို့ ဇာတ်တူချင်း ဖြစ်တဲ့ တစ်ဘဝစံကလေးတွေ အဖို့ တဝင့်ဝင့် တလွှင့်လွှင့် ကြွား မော်နေမယ့် တော်လှန်ရေး အလံ ပါပဲလို့ ကျွန်တော် ယူဆမိသလို မမမူ လည်း အဖြစ်သနစ် အကုန်လုံးကို ပြန်ကြည့် ပြီးတော့ တကယ်လို့ ဒီ မယ်ကလေးများအပေါ် သနား ကြင်နာပါဘိတယ် ဆိုရင်ဖြင့် ကျွန်တော် ဟာ မမမူ ရေးပေးလိုက်တဲ့ စာအတိုင်း -

     ‘ အဖနိုင်ငံတော်ရဲ့ ပန်းတစ်ပွင့် ’  ဆိုတဲ့နေရာမှာ လန်းလန်းဆန်းဆန်းပဲ ရှိပါသေးတယ်လို့ .. ထပ်မံပြီး အတည်ပြုဦးမယ် ဆိုတာ ကို ဖြင့် ကျွန်တော်လေ ယုံကြည်ပြီးသားပါတဲ့ မမမူ .. ယုံကြည်ပြီးသားပါတဲ့ ... ။

     နို့ပေမင့် လူတွေဟာ ကိုယ့် ဆန္ဒ ကို ကိုယ့်အယူအဆ အတိုင်းပဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ရှိကြတာမို့ ဒီ နေရာ ဒီ ကိစ္စမယ်တော့ ကျွန်တော် ဆွယ်တရား မဟောပါ ဘူး မမမူ ရယ် ။

အတင့် ကိုလည်း ပြောပြစေချင်ရဲ့ ...

        သစ္စာရှိရှိ နှင့်
             ကျော်မင်း
           ရန်ကုန် ၃ - ၇ - ၄၉ ။

မမမူ

ပေးပို့လိုက်တဲ့ စာရှည်ကြီး နှင့်တကွ မမမူ ရဲ့ နှစ်သိမ့်သံ စာကလေးပါ အတင့် ဖတ်ရတယ် ။ စာရှည်ကြီး ကတော့ စကား ကြွယ်တဲ့ လူတစ်ယောက် ရဲ့ စာပီပီ ပဲ ဖတ်လို့ ကောင်းလိုက်တာ ၊ ဝတ္ထုကလေး ခပ်ဆန်ဆန် ပဲ ဆိုပါတော့ ။

အတင့် ဘယ်လိုလုပ်ရမှာလဲ ဟင် ၊ ဝမ်းသာရမှာလား ၊ ဝမ်းနည်းရမှာလား ။ ဒါမှ မဟုတ်ရင် အတင့် ကိုယ် အတင့် ဘုရားလောင်း ပါရမီဖြည့် တဲ့ ကြင်ရာလို သူ့ ပါရမီ ကို ဖြည့်ရမှာလား ။ ကိုကျော်မင်း ဟာ ဘုရားဆုပန် − မပန် မသိရပေမဲ့ အတင့် ဒီကိစ္စမှာ ပါရမီဖြည့်ရဖို့က အတင့် ဟာ ပုထုဇဉ်ငယ်ရွယ်သူကလေး မို့ စိတ်မနိုင်ဘူး ထင်တယ် ။ စာ ရှည်ကြီး ကို ဖတ်ပြီးတော့ ပထမ အတင့် ကရုဏာသက်မိ တာ က ညွန့် နဲ့ သူ့ အပေါင်းအပါကလေးတွေ ပဲ ။ ဖတ်ပြီးတော့ ရင် တထိတ်ထိတ် ဖြစ်မိတယ် ။ သူ့ စာထဲကအတိုင်း သူ ဟာ တကယ် စွန့်လိုက်တဲ့ လူတစ်ယောက် ဆိုရင် မုချ ချီးမွမ်းထိုက်ပေရဲ့ ။ အတင့် ရဲ့ ဆက်သွယ် ရင်းနှီးတဲ့ လူတစ်ယောက် မဟုတ်ဘဲ ကိုကျော်မင်း ဟာ တခြား သူစိမ်းတစ်ရံဆံ ယောက်ျား တစ်ယောက်သာ ဆိုရင် အို ... အတင့် တော့ ခြေပစ်လက်ပစ် ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်း လိုက်မိမှာပဲ ။

ခုတော့ ... ခုတော့ ဘယ်လို လုပ်ရမှာလဲ ။ ဒီစာကို အတင့် ရေးနေတာ လက်တွေ တုန်နေတယ် ။ အချစ် ကို အချစ် လို့ မစွဲလမ်းတဲ့ လူ မြင့်မြတ်ကြီးကို အတင့် စွန့် ၊ စွန့် ၊ စွန့်ပယ်လိုက်ရတော့မှာလား ။ အတင့် သူ့ အပေါ် အထင်အမြင် လွဲမှားခဲ့တာတွေ ကို အတင့် သူ့ကို ဘယ်လို တောင်းပန်ရမှာလဲ ၊ ဘယ်လို ပြောရမှာလဲ ။

အတင့် က ရုပ်ကလေးက လည်း တင့်ပါတယ် ၊ အပြောအဆိုမူရာကလေးကလည်း တင့်ပါတယ် ... တဲ့ ။ သူ့ ချီးမွမ်းစာကလေး က ၂ ဖက် အစွန်းထွက်ပြီးတော့ အသံ ‘ သာ ’ တယ် ။ ဒါပေမဲ့ သူ့ စွဲလမ်းမှု ‘ နှောင်ကြိုး ’  ဘက်က အသံကတော့ ‘ မာ ’ တယ် မမမူ - နော် ။

အေးလေ ၊ ဖြစ်သမျှ အကြောင်း အကောင်းချည်း ပဲ လို့ ဆိုကြပါစို့ ။ ( ညွန့် နဲ့ သူ့ အပေါင်းပါ ) ကလေးတွေ ချမ်းသာပျော်ရွှင်တဲ့ လူတန်းစေ့ နေနိုင်ရေးကို ရှေးရှုပြီး အတင့် အနစ်နာခံလိုက်တော့မယ်လေ ။ ကိုကျော်မင်း ပြောတဲ့ “ ချစ်တိုင်း မညား ၊ ညားတိုင်း မချစ် ” ဆိုတဲ့ သဘောတရားကလေးကို အတင့် ရင်ခွင်ပိုက် ပြီးတော့ အတင့် ပျော်ရွှင်မှုကို မရှာတော့ပါဘူးတဲ့ ။ နောက်ပြီး သက်ဆုံးတိုင် ရည်မှန်းထားတဲ့ အချက်ကြီး တစ်ခု ပျက်ခဲ့ရတဲ့ အကြောင်းမှာ ဘယ်သူ့ ပယောဂမှ မပါဘူးလို့ မမမူ ကို အတင့် တောင်းပန်လိုက်ပါရစေတော့ ။

အချစ် ကို အချစ် နဲ့ ဖလှယ်နိုင်ခွင့်ဆိုတာဟာ လူတိုင်း လူတိုင်းရဲ့အဖို့ မဟုတ်ဘူး ဆိုတာ အတင့် နားလည် လိုက်ပြီ ။ အချစ်ကို ရင်း ပြီးတော့ အချစ်ကို ရှာပေမဲ့ အချစ်ကိုချည်း တန်ဖိုးမပေးဘဲ နဲ့ သက်ဆိုင်ရာ တာဝန်တွေကိုပါ ရောထွေး ဆက်စပ်လာတဲ့ လူတွေအဖို့ မှာ အချစ်ဟာ သူ တစ်ပါးတွေလို တန်ဖိုးရှိတဲ့ အမြတ် မထွက်နိုင်ဘူးဆိုတာ အတင့် ရိပ်မိပြီ ။

လူတွေ က အမျိုးမျိုး ပြောင်လှောင်ပြီး လူတန်းစား ခွဲ ထားတဲ့ ‘ ညွန့် တို့ လို ဘဝတူ ’  အမျိုးသမီးကလေးတွေ အတွက်ကို ရှာလေ ရှားလေ ဆိုသလို တော်ရုံတန်ရုံ မတွေးဝံ့တဲ့ စွန့်ကြီးမျိုး နဲ့ စွန့် သွားတဲ့ အတင့် ရဲ့ ဆရာကြီး ကိုကျော်မင်း ကိုတော့ အတင့် က ‘ သာဓု ... သာဓု ’ လို့ ဝမ်းနည်းဝမ်းသာ နဲ့ပဲ ခေါ်လိုက်တယ်ဆိုတဲ့ အကြောင်း မမမူ ဆုံစည်းတဲ့အခါ ပြောပြလိုက်တော့နော် ။

အရူးလို့ပဲ ဆိုချင်ဆိုတော့ ၊ အမိုက်လို့ပဲ ဆိုချင်ဆိုတော့ ကျွန်တော် ရူးတာ ကျွန်တော် မိုက်တာတွေဟာ မှားတယ် လို့ပဲ ဆိုချင်ဆိုတော့ ။ အို .. ချစ်မိရင် အသည်းစွဲပြီး ၊ မခွဲမခွာ နေရေးကို အစဉ်သဖြင့် တောင့်တတယ်ဆိုတဲ့ အချစ်သတ္တဝါတွေ ထဲမှာ ကျွန်တော် မပါဘူးရယ်လို့  ဆိုချင်ဆိုတော့ ။ ဒီ အယူသန်မှု ( နှောင်ကြိုး ) ကလေးက အတင့် နဲ့ ခန္ဓာ ကိုယ်ချင်းခွဲပြီး ထားပေမဲ့ ဝိညာဉ်တွင်းမှာတော့ အမြဲ ဆက်စပ်ပြီး သက်ဆုံးတိုင် အောင် ယှဉ်တွဲ သွားမယ်လို့ ကျွန်တော် ယုံကြည်လျက်ပါပဲ မမမူ ရယ် ... တဲ့ ။

ဒီ စကားလေးကိုသာ အခေါက်ခေါက် အခါခါ ဖတ် လိုက်ပါတော့ မမမူ ရယ် ။ သူ့ နှောင်ကြိုး ၊ သူ့ နှောင်ကြိုး ။

တော်ပါပြီ ။

ကိုကျော်မင်း ရေ ရှင့် ကောင်းမှုအတွက် သာဓု ရှင့် ... သာဓု ... သာဓု ။

      ညီမလေး
      အတင့် - မုံ ရွာ
      ၈ - ၈ - ၄၉

◾ ရွှေဓား

📖 ပဒေသာရုပ်စုံ မဂ္ဂဇင်း
      အတွဲ - ၃ ၊ အမှတ် - ၃
      ၁၉၅၀ ၊ မေ

Monday, September 30, 2024

အသည်းကျော်မကလေး အတွက်


 

❝ အသည်းကျော်မကလေး အတွက် ❞

သောင်းကျန်းနေသော အချိန် ။ ပဲခူးခရိုင် ၊ ကွင်းရွာများ ဖြစ်သော မိုးခိုင်ကြီး ၊ မိုးခိုင်ကလေး စသည့် ရွာများ မီးရှို့ခံရသည့် ဒဏ်ကြောင့် ရှေ့လျှောက်ပြီး နေရင်း ဇာတိတွင် မနေရဲတော့ သဖြင့် ရန်ကုန် သို့ ရှိစုမဲ့စု ပစ္စည်းကလေးများ သယ်ပိုးပြီး ပြောင်းရွှေ့ နေထိုင် မှ ပင် အမှားကြီး မှားသည် ။

အစက သည်လို ဖြစ်လာလိမ့်မည် မထင် ။

ယခု ဖြစ်လာသည် ဟု ကြားရသောကြောင့် ရင်ခုန်လေသည် ။

တွေးလေလေ ဟုတ်မှာပဲဟု သံသယဖြစ်လေရှိခဲ့သည် ။ ဘုရားလောင်း က သူ့ တပည့်အား “ မိန်းမပညာ ” သင်ပေးလေရာ တွင် ဘုရားလောင်း ၏ မိခင် နှင့် တပည့် အား အလိုစမ်းစေခဲ့ပုံ  ။ ဆိတ်ကွယ်ရာ၌ မိန်းမတို့ သည် ကာမဂုဏ် ၏ အလို ကို လိုက်တတ်၏ ဟူသော ပညာရှိ စကား ကို ကြားမှတ်ခဲ့ရပုံ ၊ သည့်နောက် မိန်းမ သည် လင်ယောက်ျား နှင့် ကင်းကွာက ဖောက်ပြန်တတ်ပုံ ၊ ဝတ္ထုနိပါတ် အသွယ်သွယ် စသည် တို့ကို အပြန်အလှန် တွေးတောလေသောအခါ သက်ပြင်းကြီး ကို ထုတ် ခဲ့ရ၏ ။

“ အေးမျှင် ရေ .. ဒီမှာ အလုပ် လုပ်ရတာကလည်း နေ့တွက် မကိုက်ဘူး ။ တော ပြန်ပြီး စပါးကလေး ၊ ငါးပိကလေးများ မိုးတွင်းအတွက် ရှာဦးမှထင်ရဲ့ ” ဟု ဇနီး ထံ ခွင့်ပန်စဉ်က ကြည်ကြည်လင်လင်နှင့် ခွင့်ပြုလိုက်ပုံမှာ “ ဒါကြောင့်ကိုး ” ဟု နားလည်လာပြန်၏ ။

အိပ်ရာပေါ် ပက်လက်လှန်ပြီး ခြင်ထောင်အမိုး ကို မမှိတ်မသုန် ကြည့်နေ၏ ။ ထို ခြင်ထောင် ၏ အမိုးတွင် ဇနီးသည် ၏ အရိပ် သည် ပေါ်၍ ပေါ်၍ နေလေသည် ။

လူမမည် ကလေးငယ်ကလေး တိုးလိုးတွဲလောင်း နှင့် အသက် ၄ဝ ခန့်ရှိ အသားဖြူဖြူ ၊ မျက်လုံးမျက်ဖန်ကောင်းကောင်း ကိုယ်လုံး ကိုယ်ပေါက် ထွားထွားကျိုင်းကျိုင်းရှိသော မုဆိုးမလေး မအေးမျှင် ဘဝ ၌ ရှိသေးသော ဇနီးသည် နှင့် စပါးပွဲစား မောင်အောင်ထွန်း တို့ ၏ နှောင်းကာလ အဖြစ်အပျက်များသည် ခြင်ထောင် ၏ အမိုးတွင် ထင်၍ ထင်၍ နေသည် ။

ထိုအခါ က မုဆိုးမလေး မအေးမျှင် မှာ လင်ကြီး ကွယ်လွန်ပြီး နောက် ကျန်ရစ်ခဲ့သော လယ် ၊ ကျွဲ ၊ နွားများဖြင့် မိုးခိုင်ကြီးရွာ တစ်ဝိုက် တွင် စန်းပွင့်နေရာ ပွဲစားကိုအောင်ထွန်း မှာ ထို ကျေးရွာများ တစ်ဝိုက် တွင် နာမည်ကြီး လူဆိုးဓားပြဗိုလ် ဖြစ်သော ကိုတင့် နှင့် အပြိုင်အဆိုင် အကြိတ်အနယ် ပင် ပိုးပန်းခဲ့ရ၏ ။ မအေးမျှင် ၏ တစ်ပတ်နွမ်း အချစ်ပန်း အာအာကလေး သည် ထိုစဉ်သမယ ၌ ကိုအောင်ထွန်း ထက် ရုပ်ရည်သာ သော ဓားပြဗိုလ် ကိုတင့် ကို ဝတ်ရည်များ ယိုစီး၍ ဝတ်မှုန်များ ပြန့်ကျဲသွား သယောင်ယောင် သတင်းများထွက်ပေါ်လာပြီး မှ ပွဲစား ကိုအောင်ထွန်း ထံ သို့ ကြွေကျ လာခဲ့၏ ။

အပြိုင်အဆိုင် ပိုးပန်းစဉ်က အတော်ကလေး အနှောင့်အယှက်ပေး သော ဓားပြဗိုလ် ကိုတင့်  သည် မိုးခိုင်ကြီးရွာ နှင့် မလှမ်းမကမ်းတွင် ရှိသော ‘ အင်း’ ၏ နံဘေး တွင် စပါးအရောင်းအဝယ် မှ ပြန်လာသော ကိုအောင်ထွန်း ကို မအေးမျှင် နှင့် ပတ်သက်၍ သူ က မည်သို့မျှ ဆက်လက်ပြီး အနှောင့်အယှက်မပေးတော့ကြောင်း ဝန်ခံသွား၏ ။ ထိုနေ့မှ အစပြုပြီး ကိုတင့် သည် မိုးခိုင်ကြီးရွာမှ အစပျောက်သွားလေသည် ။ ထိုအကြောင်းနှင့် ပတ်သက်၍ အချို့ ရွာသူရွာသားများ က မအေးမျှင် သည် ဖောက်ပြန်တတ်သော အလေ့အကျင့်ရှိသဖြင့် ဓားပြဗိုလ်ကြီး က ပင် စွန့်ခွာသွားလေ သယောင်ယောင် ပြောဆိုကြ၏ ။ ကိုအောင်ထွန်း ကမူ သူ နှင့် မအေးမျှင် တို့၏ အချစ်ဇာတ်လမ်း တွင်

‘ အင်တီသတ္တဘာဂများ ’  ဟု ထို ရွာသားများ ကို တင်စားကာ ထိုစဉ်အခါက ထိုစကားများ ကို မယုံမကြည် ရှိလိုက်၏ ။ မအေးမျှင် ၏ အပြုံးကလေးများကြား ထဲ တွင် လေ ၏ အဖြတ်အသန်း ကိုပင် မခံခဲ့ချေ ။

ယခု ကား ကြား၏ ။ သတင်းပေး လာ၏ ။

ဒါကြောင့်မို့ မအေးမျှင် နှင့် သူ ပေါင်းသင်းလာသော နှစ်ကာလ များ အတွင်း ၏ မအေးမျှင် ကို သူ ပြန် တွေးလေသည် ။ ယခု ဒေါ်အေးမျှင် ဟူသော အသက် ၅၅ နှစ် ဘဝ သို့ တိုင်အောင် ကိုအောင်ထွန်း ( ဘကြီး အောင်ထွန်း ) က အပြစ် ဟူ၍ စွန်းစ မှ မတွေ့ ခဲ့ချေ ။ ခက်၏ ။ တိမ် မယောင် နှင့် နက်၏ ။ အသက်ပေးလျက် ချစ်ထားခဲ့ ပြီးသော ဇနီး က သည်ပုံ သည်လို ဟု သတင်း ကို တော မှ ကြားသောအခါ တော တွင် ဆက်လက်ပြီး နေထိုင်ရှာဖွေရန် ကိုအောင်ထွန်း မစဉ်းစားတော့ချေ ။

•••••   •••••   •••••

မှောင်နေလေသည် ။

ဓာတ်မီးတိုင်များ မရှိသဖြင့် အမှောင်ပေါ် က အမည်း က လွှမ်းခြုံ နေ၏ ။ သည်မျှမက ကွက်သစ် ဖြစ်သဖြင့် လည်းကောင်း ၊ ည ၁၂ နာရီခန့် ရှိသဖြင့်လည်းကောင်း ၊ လဆုတ်ရက် ဖြစ်သဖြင့် လည်းကောင်း အမှောင် နှင့် အမည်း ကို နက်သည် ထက် နက်သည့် အနက်ရောင် က စိုးမိုး ထားလေရာ ရည်မှန်းချက် အောင်မြင်ရပေမည် ။

မိုးသက်လေကလေးများ က ဝှေ့ယမ်းနေရာ အခါကာလ အားလျော် စွာ အေးစိမ့်စိမ့် ရှိလှပေသည် ။

ချွေးစိမ့်စိမ့် ရှိသော နဖူးပြင် တစ်လျှောက်မှာ တွန့်လျက်အကြောင်း ကြီးများ ထင်နေ၏ ။ ခြေတစ်လှမ်း ၊ တစ်လှမ်း ၊ နောက်တစ်လှမ်း .. ။ သည်လိုနှင့် အိမ်နှင့် နီး၍ နီး၍ လာ၏ ။ ကပ်၍ ကပ်၍ လာ၏ ။ ရင် သည် တဒိတ်ဒိတ် ဖြစ်နေ၏ ။ သူတို့ ကြာခြည်သံ ပေးနေသည် ကို တွေ့လျှင် ဟု ဇော က စောနေ၏ ။

တဲအိမ် ၏ အတွင်းမှ ခိ - အိ - ဓိ နှင့် ရယ်သံများ ထွက်ပေါ်လာမည် လား ။

စက္ခုအာရုံ သည် တဲ ဆီသို့ ရောက်နေ သကဲ့သို့ သောတ အာရုံ သည် တဲ ဆီသို့ တစွင့်စွင့် ရှိနေသည် ။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း တွင် မြေကြီး ကို နင်းမိပါလေစဟု သံသယ ဖြစ်လောက်အောင် ပေါ့ပါး စွာ ဖော့ဖော့ကလေး နင်းလာသည် ။

အိုင် .. အိုင် ... ။

ဘကြီး ထွန်းအောင် သည် ကပျာကယာခုန်မိလေသည် ။ ရှေ့ လောကြီးသော ဇောကြောင့် အိပ်နေသော ခွေး ကိုပင် မမြင်မိ ။ ခွေး သည် လန့်ကာအော် ပြီးနောက် ခပ်လှမ်းလှမ်း မှ ဘကြီးအောင် ကို ကြည့်ကာ တဝုတ်ဝုတ် နှင့် ဟောင်၏ ။

ကျားဘို .. ကျားဘို .. ။

ဘကြီး သည် တိုးတိုးကလေး ခေါ်၏ ။ ထိုနောက် ကျွတ် .. ကျွတ် ဟု စုတ်သပ်၏ ။ ကျားဘို သည် ဘကြီး ကို ဘကြီး မှန်း သိသောအခါ သူ့ အိမ်သား ဟု နားလည်၍ အမြီးကလေး လှုပ်ရင်း ဘကြီး နား ကပ် လာလေသည် ။

ဘကြီး သည် တဒိတ်ဒိတ် ခုန်နေသော ရင်ကို ဖိထားသော လက် များနှင့် ကျားဘို ၏ ကျော ကို သပ်ပေး၏ ။ ထိုနောက် အိမ် ၏ ခေါင်းရင်း ဘက်ဆီသို့ကပ်လျက် ဝင်သွားပြီး နောက် မတ်မတ်ကြီး ရပ်ကာ နားစွင့် လေသည် ။

တိတ်ဆိတ်လှသော ညလယ် ၏ သဘာဝဝယ် အမှောင် ၏ အတွင်း မှ ဘကြီး သည် အိမ်ပေါ် မှ အိမ်မြှောင်စုတ်ထိုးသံ ကို ကျယ်ကျယ်ကြီး ကြားရ လေသည် ။ ဝါးကြမ်းခင်း မှ တကျွတ်ကျွတ် နှင့် မြည်သံကား တစ်ခါတစ်ရံ ပေါ်ပေါက်လာ၏ ။ လူ ၏ အသံဗလံ ကို ကား နည်းနည်းမျှ မကြား ။

ထို့ကြောင့် ဘကြီး မှာ အကြံရ ကျပ်နေလေသည် ။ လက်ဆုပ်လက် ကိုင် သိချင်တွေ့ချင်လှသဖြင့် ညနေ ကတည်းက ရန်ကုန် ရောက် လာ သော်လည်း အခြား အသိ အိမ် တွင် အချိန်ဖြုန်းကာ ယခုမှ တကူးတကန့် လာခဲ့၏ ။ လာခဲ့ကျိုး မနပ်သလိုဖြစ်တော့မည်လား ဟု တွေးလေသည် ။

ကျားဘို သည် ဘကြီးအောင် နားသို့ လာရပ်၏ ။ ဘကြီး ကို မော် ကြည့်၏ ။ ထိုနောက် အမြီးကလေး နှန့် ကာ အီ .. အီ .. အီ .. အီ .. နှင့် မျက်နှာချိုသွေးလာသည် ။ ဘကြီး သည် ကျားဘို ကို ကန်ပစ်လိုက်ချင်၏ ။ သည်အချိန် မှာ ဒေါ်အေးမျှင် နှင့် ကိုဖိုးထူး တို့ ကျားဘို ကြောင့် သူ လာမှန်း သိလျှင် ခွကျကုန်မည် ဟု တွေးလေသည် ။ ရေမြောင်းကလေး ကို အသာ ကျော် ကာ အိမ်ခေါင်းရင်း ထရံ အနီးမှ ခွာခဲ့၏ ။ ကျားဘို က သူ့ နောက်မှ လိုက်လာ၏ ။

ထိုအတွင်း ဂျွမ်း .. ဂလွမ်း ... နှင့် အိမ်ပေါ်မှ အသံ တစ်ခု ထွက်ပေါ် လာသည် ။ ထို အသံနောက် မရှေးမနှောင်းမှာ ပင် ရှဲခနဲ မီးခြစ် ခြစ်သံ  ။ ဟဲ့ .. ပူစီ ဟူသော ဒေါ်အေးမျှင် အသံတို့ ကို ဆက်တိုက်ကြားရ၏ ။

ဒေါ်အေးမျှင်  နိုးလေပြီ ။

အိမ်ပေါ်မှ မီးလင်းလာသည် နှင့် တစ်ပြိုင်နက် ကျားဘို သည် အိမ်ပေါ် သို့ အပြေးအလွှား တက်သွား၏ ။ တံခါး မပိတ်ဘဲ ဟာလာဟင်းလင်း ဖွင့်ထားသဖြင့် အိမ်ပေါ် မှ မီးရောင် သည် အိမ်ရှေ့ လမ်းမဆီသို့ ‘ ဟပ် ’ လာ လေသည် ။ ဘကြီး ကား သူ့ ကို ဒေါ်အေးမျှင် မမြင်စေရန် အနီးရှိ ရေတိုင်ကီ ပုံးကြီးဘေးတွင် ဆောင့်ကြောင့် ထိုင်ချလိုက်လေသည် ။

ဒေါ်အေးမျှင် သည် မီးခွက် ကို ကိုင်ကာ အိပ်ခန်းမှ ထွက်လာ၏ ။ သည့်နောက် အိမ်ရှေ့ဧည့်ခန်း တွင် စစ်ခြင်ထောင်ကလေး နှင့် အိပ်နေ သော ကိုဖိုးထူး ကို လှမ်း ကြည့်လေသည် ။ ပြီးသောအခါ နောက်ဖေး မီးဖိုချောင်ဘက် တွင် ပူစီလှန်လှော သွားသော အိုးခွက်ပန်းကန်များ ကို သိမ်းဆည်း လေသည် ။ သို့ သိမ်းဆည်းနေဆဲတွင် ကျားဘို သည် ဒေါ်အေးမျှင် အနီးသို့ လာရပ်၏ ။

အမြီးကလေး နှန့်ကာ အီ .. အီ .. နှင့် မြည်ကာ အိမ်၏ အောက် ဘက်သို့ ငုံ့၍ငုံ့၍ ကြည့်လေသည် ။

“ ဟဲ့ .. ကျားဘို ၊ နင် ဘာဖြစ်နေသလဲ ”

ကျားဘို ကို မြည်တွန်တောက်တီးပြီး နောက် ဒေါ်အေးမျှင် သည် အိမ်သာ သို့ဝင်ကာ အပေါ့ သွားလေသည် ။ ထိုအချိန်မှာ ပင် အိမ် အောက်ဘက် ဆီ မှ တစ်ခု နှင့် တစ်ခု ဆင့်ထားသော အမှိုက်ခြင်းတောင်းများ လဲကျသံကြားရသည် ။

အချိန်မဲ့ ၊ အခါမဲ့ ဖြစ်သဖြင့် ဒေါ်အေးမျှင် သည် သူခိုးများလား ဟု စိတ်ဇဝေဇဝါ ဖြစ်လေသည် ။ ကွက်သစ်တွင် နေ၍ မချမ်းသာသော သူတို့ လို အိမ်မျိုးများကို သူခိုး က ကပ်မည် မဟုတ်ဟု သံသယဒွိဟ ကို ဖြေဖျောက်၏ ။ မကြာသေးမီက ခေါင်းရင်းအိမ် မှ အိမ်အပြ င်တွင် လှမ်းထားသော ရေလဲထဘီ နှစ်ထည် ပျောက်သွားဖူးကြောင်း ကို သတိ ရလိုက်ရာတွင်ကား ဒွိဟစိတ် သည် ပြန်၍ပေါ်လာလေသည် ။

သို့အတွက် အဟမ်း .. အဟမ်း .. ဟု ချောင်းသံ ပေးလေသည် ။ ထိုနောက် ကျားဘို .. ကျားဘို ... ဟုခေါ်လေသည် ။ ကျားဘို ကား အိမ်အောက်မှ နေ၍ အီအီ .. အီအီ .. ဟု ညည်းတွားကား ဒေါ်အေးမျှင်  ခေါ်လိုက်သံ ကို ပြန်လည်ခွန်းတုံ့၏ ။

ကျားဘို အိမ်အောက်တွင် ရှိသည့် အတွက် သူခိုး အတွက် ဘာမျှ စိတ်ပူစရာမလိုဟု ဒေါ်အေးမျှင် သည် တွေးကာ အိမ်ရှေ့ဘက် ဆီ သို့ အထွက် ရိပ်ခနဲဖြင့် လမ်းမဆီ မှ လူတစ်ယောက် လျှောက်သွားသလို တွေ့လေသည် ။ ရိုးရိုးလမ်းလျှောက်မည့် အချိန်အခါလည်း မဟုတ် သဖြင့် အသာ မျက်မှောင်ကြုတ်ကာ မီးခွက် ကို မြှောက်လျက် အပြင် ဘက် ဆီသို့ မျှော်၍ ကြည့်လေသည် ။

ဘာမျှ မတွေ့ ။

စိတ် ထင်လို့ ထင်ပါရဲ့လေ .. ဟုဒေါ်အေးမျှင် သည် တွေးကာ တံခါးဝ ဆီ မှလှည့်၍ အိပ်ခန်းတွင်း ဝင်မည် ပြုလေသည် ။ သို့ အိပ်ခန်း ဆီသို့ အဝင်တွင် ကိုဖိုးထူး နိုး လာလေသည် ။

“ ဘာလဲ .. ကြီးကြီး .. ”

“ ဘာမှ မဟုတ်ပါဘူးကွယ့်  ။ အိမ်ရှေ့ မှာ လူရိပ်လိုလို တွေ့ လို့ ”

“ ဟာ .. မဟုတ်တာ .. ”

“ ဟုတ်တယ်ကွယ့်  ။ ဒါထက် မောင်ဖိုးထူး  ။ မော်တော်ကား ရောင်း ထားတဲ့ ငွေတွေ ဘယ်မှာထားသလဲ ”

“ ကျွန်တော် တခြားမှာ ထားတယ် ကြီးကြီး  ။ ကျွန်တော့် ဆီ မှာ ၅ဝိ ပဲ ရှိတယ် ။ ကြီးကြီး ယူထားလေ ”

ဖိုးထူး သည် ခြင်ထောင် ကို မ,ပြီး အပြင်သို့ ထွက်လေသည် ။ ထို့နောက် ကြီးကြီးအေးမျှင် အား ငွေ ၅ဝိ ထုပ်ထားသော စက္ကူထုပ် ကို ပေးလေသည် ။ ကိုင်ထားသော မီးခွက် သည် ဖျတ်ခနဲ ငြိမ်းသွား ၏ ။ ကြီးကြီး က ၎င်း နေရာအခန်းတွင်း ဆီသို့ စမ်းပြီး ဝင်သွားရာ ဝါးကြမ်းပြင် တွင် ခြေနင်းသံ ကျိုးကျိုးကျိကျိသည် ပေါ်လာ၏ ။ ကိုဖိုးထူး က ချောင်းဟန့်၏ ။

သည်အဖြစ်များ ကို မူမှန်အတိုင်း မတွေ့ ရသော ဘကြီး အောင်ထွန်း သည် အမှောင် ထဲ ၌ မျက်မှောင် ကြုတ်နေ၏ ။ မတုန်မလှုပ် ရပ်နေ ၏ ။ ကိုဖိုးထူးသည် တောင်ငူ မှ ရေနံဆီဒီဇယ် ( မက် ) အမျိုးအစား ကုန်တင်ဆယ်ဘီးကားတစ်စီး နှင့် ရန်ကုန်တွင် သောင်တင် နေသူဖြစ် ၏ ။ သောင်းကျန်းမှုဒဏ်ကြောင့် အဆက်အသွယ် အားလုံးပြတ်ပြီး အဝေးပြေး ၊ အနီးပြေး ဘယ်လိုမှ မပြေးရသော ဘဝ တွင် မက်ဒီဇယ် ကားကြီး ကို လမ်းဘေး ဆိုက်ထားကာ ကားဘီးများ ကို ဖြုတ်ပြီး ရောင်း ချလျက် ထိုင်စားနေ၏ ။ ထိုမှ တစ်ဆင့် ကားကြီး ကို သုံးထောင်သော အသပြာ နှင့် အရှုံးခံ ရောင်းချလိုက်ကာ ဤကွက်သစ်ရှိ ဘကြီး အောင်ထွန်း နှင့် အကြီးအေးမျှင် တို့ထံ ထမင်းလခပေးစားရင်း ငြိမ်းချမ်းရေး ကို မျှော်လင့်နေသူဖြစ်သည် ။ သူ့ လက်ထဲ တွင် ငွေတွေရှိလေသည် ။ လူတို့ ၏ သည်းခြေကြိုက် အသပြာတွေ ရှိလေသည် ။

သည်အသပြာများ နှင့် သည် ကိုဖိုးထူး သည် ဘကြီး ၏ မိန်းမ အကြီး အေးမျှင် ကို ထဘီများ ဝယ်ပေးသည် ဟု ဘကြီး က ရွာမှ ကြားရလေ သည် ။ သည်မျှမက ဘကြီး ရွာ သို့ အရှာအဖွေ သွားချိန်တွင် တစ်လ ခန့် အကြီး ကို ကျွေးမွေးနေသည် ။ သည်လိုဆိုလျှင် သည် ကားသမား ဖိုးထူး သည် ကားသမားတို့ ထုံးစံအတိုင်း သစ္စာစောင့်သိနိုင်ပါမည်လော ။

ဘကြီး သည် အိမ်မှာ ရှိ ကတည်းက အကြီးအေးမျှင် သည် ကိုဖိုးထူး ကို အတော်ပဲ ဂရုစိုက်သည် ။ ဖော်ရွေသည် ကို ဘကြီး အသိ ။

ခု .. ဘကြီး မျက်မှောက်တွင် အကြီး ကို ကိုဖိုးထူး က သူပိုင် ငွေ များ အပ်နှင်းသည် ။ သည်အချိန်မှာ ပင် မီးခွက် က ငြိမ်းသွား၍ ကျိုးကျိုးကျွိကျွိ နှင့် ကြမ်းပြင် က မြည်ဟည်းသဟေ ။

မဖြစ်ချေပြီ ။

ဧကန်စင်စစ် မှန်ပြီ ။ မလွဲမသွေ ဟုတ်ပြီ ။

မဖောက်မပြန် ထင်ရှားပြီ ။

သို့ဖြစ်လျှင် ဘကြီး  ဘာလုပ်ရမည်နည်း ။

ဘကြီး သည် အသာကလေး နှင့် အိမ် ဆီသို့ ကပ် ပြန်လေသည် ။ ကိုဖိုးထူး အိပ်နေသော နေရာခေါင်းရင်းဘက် ဆီတွင် ရပ်ရပြန်၏ ။ မယား ဟူသည် သေလွန်ပြီးသော အခါမှ အကောင်းအဆိုး ကို ဝေဖန်နိုင်စွမ်း ရှိ၏ ။ မသေလွန်မီ ကာလ၌ အကောင်း ကို လည်းကောင်း ၊ အဆိုး ကို လည်းကောင်း ကြိုတင်၍ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ဟူသော စကား သည် မှန်လေ၏ တကား ဟု ဘကြီး အောင်ထွန်း သည် စဉ်းစားမိ၏ ။

“ ဟေ့ .. ဖိုးထူး ”

“ ဟေ့ .. ဖိုးထူး ”

“ ဟေ့ .. ဖိုးထူး

ဆက်ကာဆက်ကာ တိုးတိုး တိုးတိုး နှင့် ခေါ်၏ ။ ခေါ်၍ မရသောအခါ အသံသည် ကျယ်လျက် ကျယ်လျက် လာလေသည် ။

“ ဗျာ .. ဘယ်သူလဲ ”

“ ဟဲ့ .. ဖိုးထူး  ။ ဘယ်သူလဲ ”

အသံ နှစ်ခုစလုံး ပေါ်လာ၏ ။ ဇောစော နေသဖြင့် အသံကျယ် သွားသည် ကို သတိ မပြုမိသော ဘကြီး အောင်ထွန်း သည် ရုတ်တရက် မျက်လုံး ပြူးသွားလေသည် ။ အေးမျှင် နိုးလာပြီ ။ သူ့ ကို ဘယ်လိုများ မျက်နှာချင်းဆိုင်ရပါ့ ဟု ဘကြီး တွေး၏ ။ မီးခြစ် ကို ရှဲခနဲ ခြစ်လိုက်သော ကိုဖိုးထူး က ဘကြီး ကို ထရံ မှ ကျော်၍ မြင်ရသောအခါ အံ့အားသင့်စွာ နှင့် “ ဟင် .. ဘကြီး ” ဟုမြည်တမ်းလိုက်၏ ။ မရှေးမနှောင်း ဆိုသလို “ အကြီး ရေ .. ဘကြီး ၊ ဘကြီး ” ဟု ကိုဖိုးထူးက အားရဝမ်းသာ ပြောလိုက်၏ ။ ဘကြီး  မူလ က စီစဉ်ထားသည်မှာ သည် စီမံကိန်းမျိုးမဟုတ် ။ ကိုဖိုးထူး ကို တိုးတိုးကလေးနှင့် အကြီး မနိုးအောင်ခေါ်၍ “ မင်း နဲ့ ငါ့ မိန်းမ ကို ငါ မသင်္ကာဘူးကွ ” ဟု ပြောပြ လိုက်ရန်ဖြစ်၏ ။ ကိုဖိုးထူး က စောဒက တက်လျှင် စောစောက ရောက်ရှိကာ တွေ့မြင်ကြားသိရသမျှ ကို ဖွင့်ချမည် ဖြစ်လေသည် ။ ထိုအခါ ဘာမျှ ပြန်မပြောနိုင်တော့မည့် ငဖိုးထူး လူယုတ်မာ ကြာခိုငနဲ လောကကုမ္ဘီ ငရဲသွား ၊ မျောက်မသား ခွေးကောင် ရူးကြောင်ကြောင် မောင်တဏှာ ကို ပြောင်ပြောင်သာ ပါးချိတ်ရိုးမှာ ပိတ်ထိုးလိုက် မည်ဖြစ်၏ ။

ယခုကား အကြီး သည် အပြင်ခန်း ဘက် သို့ ထွက်လာသည် ။ “ ကိုအောင်ထွန်း အချိန်မတော်ကြီးမှ ရောက်လာသလားတော် .. ” ဟု ဘကြီး ကို မတွေ့ သေးဘဲ ပြောဆို အပြစ်တင်လေသည် ။

ဘကြီး က ဘာ ပြန်ပြောရမည် ရုတ်တရက် မသိ ။ အိမ်ရှေ့ ရေမြောင်း ကို ခွထားသော ရေတိုင်ကီ မှ ရေကို ခပ်ကာ ခြေထောက် ကို ဆေးသည် ။ အကြီး က တံခါးဝ မှာ ရပ်ပြီး တောမှ ဆွေမျိုးသားချင်းများ အကြောင်းကို မေးသည် ။ ရပ်ရွာ အခြေအနေကို မေးသည် ။ ဘကြီး က အလိုက်အထိုက် ဖြေ၏ ။ စိတ်မဝင်စား ။

ကိုဖိုးထူး က လည်း ဘကြီး ကို သတိရကြောင်း  ။ အကြီး က ပင် ဘကြီး  နောက် လိုက်တော့မည့် အကြောင်း ဟာသဆန်ဆန် ပြောပြ၏ ။ ဘကြီး ကား “ ခွေးမသား နင်တို့ အကြောင်းတွေ ငါ မသိဘူး မှတ်သလားကွ ” ဟု အစာအိမ် ထဲ မှ နေ၍ ကြိမ်းလေသည် ။

အိပ်ရာ ထဲ သို့ ရောက်သောအခါ မီးခွက်ရောင် ၏ အောက်၌ သနပ်ဖက်ဆေးပေါ့လိပ်ကြီး ကို ထိုင်ဖွာ နေသော အကြီးအေးမျှင် ၏ ခန္ဓာကိုယ် တစ်ခုလုံး ကို ဘကြီး က အကဲခတ် လေသည် ။ ရင့်ရော်ရာဘက် သို့ ယိမ်းယိုင်နေသော အကြီး ၏ ရူပါသည် သူဇာယောင် လွှမ်းလာသလိုလို ။

ရှေ့သွား နှစ်ချောင်း ကျိုးနေသော ပါးစပ်တွင်း မှ ဆေးငွေ့ များ ကို မှုတ်ထုတ်ပြီး အကြီး က ပက်လက်ဆန့် အိပ်နေသော ဘကြီး အား ...

“ ဘယ့်နှယ်လဲ ... တော က အလုပ်တွေ ” ဟု မေးသည်ကို ဘကြီး သည် ဘာမျှ ပြန်မဖြေဘဲ အကြီး ကို သာ တွေတွေကြီး စိုက်ကြည့်နေ လေသည် ။

ရယ်ရမှာ အခက်  ။ ငိုရမှာ အခက် ။

ငိုအား ထက် ရယ်အား က ထွားကျိုင်း နေသဖြင့် စိတ်ရှိ လက်ရှိ အားရပါးရရယ်လိုက်ရလျှင် အဆင်ပြေမည်လား အောက်မေ့မိ၏ ။ ရစ်သိုင်း နေသော ဦးထွန်းအောင် ၏ လည်ပင်းမှ မျက်နှာသုတ်ပဝါ ကို ကြည့်ပြီး တစ်ဆို့နေသော အမည် မဖော်နိုင်သော အလုံးကြီး ကို ဂွိ ခနဲ နေအောင်ပင် မျိုချမိသည် ။

ပြီးတော့မှ တစ်ဖန် “ ကျွန်တော့် ကို ဦးလေးက ဒီလိုပဲထင်လို့ လား ” ဟု အသံတုန်တုန်နှင့် မေးလိုက်သည် ကို ဦးထွန်းအောင် က အတွင်းသို့ ဟောက်ပက်ကြီးဝင်နေသော မျက်လုံးပြူးကြီးများ နှင့် ပြူးတူးပြဲတဲ ကြည့်ကာ သူ ၏ ဆံပင်ဖြူငုတ်တိုကလေး တွေ ထောင် နေ သော ဦးပြည်း ကို အကြောပြိုင်းပြိုင်း ထနေသော လက်ချောင်းများ နှင့် ပွတ်သပ်လိုက်ပြီး နောက် ..

“ မင့် အမေ ... ဘာထင်လို့လားလဲ  ။ ဘာထင်လို့လားလဲ ” ဟု တိုးတိုး ကလေး အော်လေသည် ။ ဖိုးထူး ကား ထိုအခါတွင် နှုတ်ပိတ် သွားပြီး တုဏှိဘာဝေ ဖြစ်သွားရလေသည် ။ မျက်လုံး အစုံတွင် မျက်ရည်များ ရစ် ဝဲလာကာ အဝေးသို့ ငေးလိုက်၏ ။ ဦးထွန်းအောင် ကား ဆန့်တငံ့ငံ့ နှင့် မျိုသိပ်ထားရသော ဇဝေဇဝါဒွိဟ ကို ဖွင့်ချလိုက်ရ သဖြင့် အနည်းငယ် ပေါ့သွားသလို မျက်မှောင်ကြီးကြုတ်ပြီး ထိုင်ရာ မှ ထသွားသည် ။

တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ဖိုးထူး ကား တွေးနေလေသည် ။ ငေးနေလေသည် ။ ပတ်ဝန်းကျင် မှ အိမ်များ က ဤ ဦးထွန်းအောင် စွပ်စွဲသောအဖြစ်ကို သိလျှင် ( ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် ) သူ့ ကို ကဲ့ရဲ့စကားတင်း ဆိုကြတော့မည် ။ ဟင် .. ဖြစ်ရလေ ဖိုးထူး ။ အပျိုကလေးတွေ ၊ ရွယ်တူတန်းတူတွေ ရှားသမို့လား ဟု နှာခေါင်းရှုံ့ ကြတော့မည် ။ ဘယ်နေရာ ၊ ဘယ်အချက်တွေများ မသင်္ကာစရာ ဖြစ်နေပါလိမ့် ။ မျက်တောင်ပင် မခတ်နိုင်အောင် ဦးနှောက် ကို အလုပ်ပေး သော်လည်း ရေးရေး မထင် ။

နောက်ဖေး မီးဖိုချောင်ဘက် မှ ထမင်းချက် နေရာ က ထွက်လာသော ဒေါ်အေးမျှင် သည် ဝါးထရံ တွင် တွယ်ချိတ် ထားသော လုံခြည်စုတ်သုတ်ပဝါ တွင် လက်နှစ်ဖက် ကို သုတ်ကာ ကိုဖိုးထူး ကို ကြည့်လေသည် ။

“ ဟဲ့ .. ဖိုးထူး  ။ ထမင်း စားတော့မလား ။ အားလုံး ကျက်နေပြီ ”

ကိုဖိုးထူး သည် စကား မပြန်နိုင်ချေ ။

အမှတ်တမဲ့ ပင် မီးဖိုဘက် ပြန်ဝင်သွားပြီး မှ သတိရ သလို ကပျာကယာ ပြန်ထွက်လာသော ဒေါ်အေးမျှင် သည် ပါးစပ် တွင် ဝါးထားသော ကွမ်း ကို ထွေးထုတ်ပြီးနောက် ကိုဖိုးထူး နား တွင် ဆောင့်ကြောင့် သွားထိုင်၏ ။

“ နင့် ဦးလေး ဘယ်သွားသလဲ ”

“ မသိဘူး ဒေါ်ကြီး ၊ ခုပဲ အောက်ဆင်း သွားတယ် ”

ဒေါ်အေးမျှင် သည် ကိုဖိုးထူး ကို အကဲခတ်မိဟန် ရှိပေသည် ။ ပါးရေ တွန့်၍ အို၍ နေသော မျက်နှာ ပိုမို အိုသွားပြီးနောက် ...

“ ဟဲ့ .. ဖိုးထူး နင် ဘာဖြစ်နေတာလဲ ”

ကိုဖိုးထူး သည် ဒေါ်အေးမျှင် ၏ ထို အမေးကြောင့် အတော်စိတ် ထိခိုက်သွားသည်ထင်၏ ။ နဂိုက ရစ်ဝဲလု စ မျက်ရည်တို့ သည် နီထွေး နေသော မျက်လုံးအစုံ မှ နက်ကျောမည်းမှောင်သော အသားအရောင် ကို ဆောင်သည့် ပါးပြင် ပေါ် သို့ တလိမ့်လိမ့် ကျဆင်းလာ၏ ။ ယောက်ျား တန်မဲ့ ငို၏ ။

ထို ကိုဖိုးထူး ၏ မျက်ရည် ကို ဒေါ်အေးမျှင် သည် နားလည်သွား ပေပြီ ။ ချက်ချင်း ဆိုသလို “ ဒီ လူ့တိရစ္ဆာန်ကြီး ဘယ်သွားသလဲဟင် ။ ငါ့ ပြောစမ်း ၊ပြောစမ်း .. ” ဟု ခပ်ကျယ်ကျယ် ပြောလေသည် ။ ကိုဖိုးထူး သည် ရုတ်ခြည်းပင် ဒေါ်အေးမျှင် ကို လှည့်ကြည့်၏ ။ မျက်တောင် ကို တဖျတ်ဖျတ် ခတ်လိုက်ပြီးနောက်...

“ တိုးတိုး ပြောပါ  ။ ဒေါ်ကြီး ရယ် ။ လူတွေ ကြားရင် ရှက်စရာကြီး ။ ဒေါ်ကြီး လည်း သိတဲ့အတိုင်းပဲ ။ ကျွန်တော် ဒေါ်ကြီး ကို မိဘ လို သဘောထားပြီး ကြည့်ရှုခဲ့တာ ဒေါ်ကြီး .. ၊ ခုတော့ ဦးလေး က .. ”

ကိုဖိုးထူး စကား ကို အဆုံး ထိ အောင် မပြောရဲသဖြင့် ရပ် နေလိုက် ရာ ကိုဖိုးထူး ၏ မပေါ်လာသေးသော စကားများ ကို ဒေါ်အေးမျှင်  နားလည်သွားလေပြီ ။

“ နင် ဟာ ငါ့ သားကလေး လောက် ရှိပါသေးတယ် ဖိုးထူး ရယ် ။ ငါ့ သားကလေး လောက် ရှိပါသေးတယ် ။ တောက် .. ဒီကောင်ကြီး ဖြစ်ပုံကို ငါ တော့ မပြောချင်တော့ပါဘူးကွယ့် ၊ မပြောချင်တော့ဘူး ”

ဒေါ်အေးမျှင် သည် ရှက်သွေးဖြန်းကာ မျက်နှာသည် လည်း ထူအမ်းအမ်းဖြစ်နေ၏ ။ သွား မရှိတော့သော ပါးစပ် ကို တလှုပ်လှုပ် နှင့် ဖွင့်ပိတ် နေရသဖြင့် မော၏ ။ သည့်ထက် အသက်အရွယ် ကြီးရင့် သည့် အထဲ ဒေါသစိတ် ကို ချုပ်တည်း ထားရသဖြင့် ပိုပြီး အသက်ရှူ ကျပ်နေ၏ ။

“ ရှိကြီးခိုးပါရဲ့ ကိုအောင်ထွန်း ရယ် ... ။ ရှင် ဒီလို မပြောပါနဲ့ ။ ကောင်လေးတွေ ကြားသွားရင် စိတ်မကောင်း ဖြစ်နေဦးမယ် ။ ရှင့် မယားအေးမျှင် လို ရွတ်တွကြီး ကို ဒီကောင်လေး က ဒီလို လုပ်မလား ။ ရှင် စဉ်းစားနိုင်တယ် ။ ရှင် ပညာရှိတယ် မဟုတ်လား ။ ဘုန်းကြီး တောင် လုပ်ခဲ့သေးတယ် ဟင် ... ”

“ အေး .. ငါ ပညာရှိလို့ ခက်တာပေါ့ အေးမျှင် ရယ် ။ နင့် ကို ငါ ဘယ်လောက် ချစ်တယ် ဆိုတာ နင် သိတယ် မဟုတ်လား ။ ခု သူများ တွေ က ဒီလိုပြောနေတာ ငါ မကြားချင်ဘူး ။ မဟုတ်ရင် မကျော်ဘူး ကွယ့် ”

“ ဒီကောင် အိမ် ပေါ် မှာ နေတာ ငါ မကြည့်ချင်ဘူး ”

“ အို .. ဒါကတော့ မကြည့်ချင်ရင် ကောင်းအောင် ကြည့် ပြော လိုက်  ။ ရှင့်ဟာ က အရှက်မရှိ အရှက် ရှာပြီး ပြောတော့ ကျုပ် မခံနိုင်ဘူး ”

“ မခံနိုင်တာ ဟုတ်လို့ပေါ့ကွယ် ”

“ ရှင် ... ဒီလို မပြောနဲ့နော် ”

ဒေါ်အေးမျှင် သည် ဦးထွန်းအောင် ၏ ရင်ခွင်ကို တဗုန်းဗုန်း ထုလေ သည် ။ ဦးထွန်းအောင် သည် ဒေါ်အေးမျှင် ၏ လက်နှစ်ဖက် ကို ဆွဲပြီး ရင်ခွင် တွင် သိမ်းပိုက် ထားရာက ပါးကလေး ချိုင့်ချိုင့် ၊ နားထင်ကလေး ကျကျ  ။ ကေသာကလေး ဖြူဖြူ နှင့် ဒေါ်အေးမျှင် ကို စူးစိုက်ကြည့်ပြီး နောက် မချင့်မ ရဲဖြစ်နေ၏ ။

ကာမဂုဏ်စိတ် သည် ဖွဲတစ်ဆုပ် ကို မွမွကလေး ကိုင်နိုင်သည် အထိ ကျယ်ပြန့်သည်ဆိုရာ ရေတစ်ထမ်း ကို ပင် ကျကျနနကြီး ထမ်းပိုးနိုင်သေး သော အသက် ၆ဝ ကျော် ဦးထွန်းအောင် အဖို့ကား ပြောစရာ မရှိတော့ပေ ။ ဟုတ်ပေသည် ။ ယခု ဦးထွန်းအောင် သည် ကာမဂယက် ရိုက်နေပြီ ။

“ ဒီလိုပြောတာ ငါ တစ်ယောက်တည်း မှ မဟုတ်ဘဲ အေးမျှင် ရဲ့ ”

ဒေါ်အေးမျှင် သည် မျက်ရည်များ တွေတွေ ကျဆင်းနေရာ က မျက်နှာ ချင်းဆိုင် အိပ်နေသည် ကို အလိုမရှိ သလို ကျောခိုင်းလိုက်၏ ။ ထိုအခါ ဦးထွန်းအောင် သည် ဒေါ်အေးမျှင်  ၏နောက်ကျောဆီ သို့ ကပ်သွားပြီး နောက် “ သူများတွေလည်း ပြောနေကြတယ် .. ” ဟု စကား ကို ဆက်ပြန်၏ ။

“ သူများတွေ ပြောတိုင်း တော် က ယုံရအောင် တော့် မှာ စဉ်းစားနိုင်တဲ့ စိတ်မရှိဘူးလား ။ တော်ရှင် .. တော် .. တော် .. ”

စိတ်ညစ်၏ ။ မဟုတ်ပါဟု ဘူးခံသော်လည်း မရ ။ ညဦး ၉ နာရီ အိပ်ရာဝင်ကတည်း က တတွတ်တွတ် နှင့် သည် ကိုဖိုးထူး နှင့် ရပ်ရွာ က သမုတ်လိုက်သော အကြောင်းများ ကို သာ ပြောပေသည် ။

အပြင် ဧည့်ခန်းတွင် အိပ်နေသော ကိုဖိုးထူး ကား အချိန်မတော် ပြန်ရောက်လာပြီး နောက် တစ်ည နောက် တစ်ညများ တွင် အိပ်ခန်း တွင်လည်းကောင်း ၊ အခြား မျက်ကွယ် တစ်နေရာတွင်လည်းကောင်း လင်မယား နှစ်ယောက် မျက်နှာချင်းဆိုင် လိုက်တိုင်း တတွတ်တွတ် ‘ ရိ ’ နေပုံကို တွေ့မြင်ရသောအခါ ဘကြီး နှင့်အကြီး တို့ ငယ်မူပြန်နေ ကြသလား ဟု ထင်လိုက်မိလေသည် ။ ဟုတ်ပေသည် ။ ဘကြီး နှင့် အကြီးတို့ သည် ရိုးရိုး ငယ်မူပြန်နေသည် မဟုတ်ဘဲ ကာမကိစ္စ နှင့် ငယ်မူပြန် နေသည် ကိုကား ကိုဖိုးထူး မသိ ။

အေးပါလေ ၊ ရိုးရိုး နှင့် အပြစ်ကင်းစွာ အကြီးအေးမျှင် ကို အမေ လိုသဘောထားကာ ဘကြီး ထွန်းအောင် မရှိစဉ် စောင့်ရှောက်ကျွေးမွေး ခဲ့သည်ကို ဖိုးထူး က အခြား ‘ နသားပါယား ’ သော အထင်များကို မထင် မြင်နိုင်ပါ ။

အကြီး သည် ညစဉ်ပင် ဖျောင်းဖျခဲ့ရပြီ ဖြစ်သဖြင့် အကျိုးအကြောင်း လိမ့်ပတ်လည်အောင် ပြောဆိုခဲ့ရပြီ ဖြစ်သဖြင့် သည့်ထက် ပိုပြီး မစွမ်း နိုင်တော့ပါ ။ ဘကြီး ကမူ အကြီး က ငြင်းကွယ်လေတိုင်း သံသယ ကြီးထွားပြီး ကိုဖိုးထူး အား မျက်မုန်းကျိုးလာသည် ။

သူ့ ဘာသာ သူ တွေးနေ ငေး နေသော ကိုဖိုးထူး ကို သူ က သူ့ ကို အန္တရာယ်ပြုဖို့ စဉ်းစားနေသည် ထင်မှတ်၏ ။ နောက် သာမန် ရယ်စရာ တစ်ခုကြောင့် ကိုဖိုးထူး နှင့် အကြီး တို့ ရယ်မောကြသည်ကိုပ င် ‘ သူ့ ရှေ့မှာတောင် မျက်နှာပြောင်တိုက်ကြသည် ’ ထင်၏ ။

ယနေ့တွင်ကား ဘကြီး ၏ ‘ အုံ့ပုန်းမျိုသိပ်မှု ’  ပေါက်ကွဲသော နေ့ ဖြစ်၏ ။ ဘကြီး က ကိုဖိုးထူး ကို ဒေါသသံကလေးပါပါ နှင့် ဖွင့်ပြော လိုက်ပြီဖြစ်ရာ ဘကြီး နှင့် အကြီး တို့ လွန်ခဲ့သည့် နှစ်ရက်က တိုးတိုး တိုးတိုးနှင့် ‘ ရိ ’ နေပုံကို ပြန်လည် ထင်ယောင်လာသည် ။

အကြီး သည် ကိုဖိုးထူး အနီးမှ ထ သွားပြီး အခန်းတွင်း သို့ဝင် လေသည် ။ တရှုံ့ရှုံ့ နှင့် ရှိုက်ကြီးတငင် ငိုကြွေးလေသည် ။ ဘုရားပေးပေး ကျမ်းပေးပေး ၊ မဟုတ်ပါ ဟု အကြိမ်ကြိမ် ရှိခိုးတောင်းပန်ကာ ကျေးဇူးရှင် ကို မပြစ်မှားပါနှင့် ဟု ပြောဆိုခဲ့သော်လည်း မရဘဲ အရှက်ကြီး ရှက်စရာ ဖြစ်အောင် လုပ်လိုက်သည်ဟု ညည်းတွားပြောဆိုကာ ငို နေလေသည် ။ ကိုဖိုးထူး သည် အိမ်ပေါ်မှ ဆင်းသွား၏ ။

ကိုဖိုးထူး ၏ အဖြစ်ကို ကြည့်ပြီး ကြီးဒေါ်အေးမျှင် က ရင်ထုမနာဖြစ်၏ ။ ဘကြီး ကို တမြုံ့မြို့ ဒေါပွ၏ ။ ကျိတ်မနိုင် ခဲမရဖြစ်၏ ။

သည်အချိန် တွင် ဘကြီး သည် ရွှေတိဂုံစေတီရင်ပြင် ချောင် ကျသော တစ်နေရာ တွင် ကုပ်ပြီး ထိုင်နေလေသည် ။ အိုနေသော မျက်နှာ နှင့် မမြင်ရ သေးသော အနာဂတ် ကို လှမ်းကြည့်နေလေသည် ။ ဘကြီး သည် ဘုန်းကြီးလူထွက် ဖြစ်၏ ။ ဓမ္မအကြောင်း သဘောသကန်များ ကို ဘကြီး သည် သရုပ်ပေါ်အောင် ဖော်ထုတ်လေတိုင်း အကြီး အေးမျှင် အပါအဝင် မိန်းမများ ကို အပြစ် ဖော်ထုတ်၏ ။ သစ္စာ မရှိသော ယောက်ျားများ နံပါတ် ကို စဉ်းစား၏ ။

ဘကြီး သည် သူ ၏ မဏ္ဍိုင်ဖြစ်သော ပညာစိတ် ကို တစ်ဖက်သို့ ယိမ်း နေသော သူ ၏ ကာမဂုဏ် စိတ် နှင့် ရောမွှေထားလေသည် ။ ဒါကြောင့် မို့ ဘကြီး သည် အတွေး ခေါင်နေခြင်းလည်းဖြစ်ပေသည် ။ “ လေးညှင်း ရှိ လျှင် ငါး ညှင်း ရှိရမည် ” ဟူသောအဖြစ်မျိုး ဖြစ်နေသည် ။ ဇာတိပ္ဖိုလ် ရှိ က ဇာတိပ္မ ရှိရမည်ဟု စွဲလမ်းနေသည် ။

ဘာကို ဘယ်လို တွေးတွေး ၊ အကြီးအေးမျှင် ဆီသာ သံသရာလည် လာသည် ။ သစ္စာ ရှိသော ဖိုးထူး ကိုသာ မြင်လာသည် ။ ကိုဖိုးထူး ကို စိတ်ထဲ ရှိသမျှ ဖွင့်ချခဲ့ပြီးနောက် အကြီးအေးမျှင် ကို မျက်နှာချင်း မဆိုင်ရဲ သဖြင့် ဘုရား ဆီသို့ ချဉ်းကပ်လာ မှ ဘကြီး အဖြစ် က ပိုဆိုးနေရာ ဘုရားကြီး ကို ကြည့်ပြီး ဘုရားဟော လိုက်သော ဘုရား ၏ တရားဓမ္မ ကို ဘကြီး သည် မေ့လျော့နေလေသည် ။

•••••   •••••   •••••

ည ...

ဘကြီး သည် အိမ်ရှေ့ ဝါးတံခါးကလေး အနီးတွင် တစ်တီတူး ကဲ့သို့ ခြေနှစ်ချောင်း ထောင်ကာ အိပ်၏ ။ သက်ပြင်းရှည်ကြီး ကို မကြာခဏ မှုတ်ထုတ်၏ ။

လင်ငယ် နေသော အကြောင်းကို လင်ကြီး က သိလျှင် ထို မိန်းမ သည် လင်ငယ် နောက် သို့ လိုက်တတ်သည် ။ သို့တည်းမဟုတ် လင်ငယ် က လင်ကြီး ကို အန္တရာယ် ပြုတတ်သည် ။

ဒါကြောင့် ဘကြီး သည် အိမ် အတက်အဆင်း တံခါးဝ တွင် အိပ် နေခြင်းဖြစ်သည် ။ အကြီးအေးမျှင် ကို စိတ်မချ သဖြင့် ဘကြီး အိပ်မပျော် ။ ဒါတင်လားဆိုတော့ မဟုတ်သေး ။ လင်ငယ်ကောင်ဖိုးထူး က သူ အိပ်ပျော်နေဆဲ သူ့ ကို ဓား နှင့် လာခုတ်လျှင် သို့မဟုတ် တုတ် နှင့် လာ ရိုက်လျှင် သူ့ မှာ ခံရမည် ။ တောင်ငူသား မယားခိုး ဖိုးထူး ခိုးကြောင် ခိုးဝှက်နှင့်များ သည်ကို လာသော် ဓားမ နှင့် ပိုင်းလိုက်မည် ဟူသော စိတ်ကူး နှင့် ဘကြီး အနားတွင် ဓားမတိုကြီး တစ်ချောင်း ။

သည့်နောက် ပုဆိန် တစ်လက် ။

ပြီးတော့ ကု,လားထိုင် တစ်လုံးပေါ်သို့ ခြေထောက်များ ကို တစ်တီတူး လို တင်ထားရာမှ ရုပ်သိမ်းလိုက်ပြီးနောက် ဘကြီး သည် ဓားမတိုကို ကိုင်လေသည် ။ ထိုနောက် မီးဖိုဘက်သို့ ဝင်ပြီး တကျုတ်ကျုတ် နှင့် ထက် သည် ထက် ထက်အောင် သွေးနေသည် ။

တစ်နေ့လုံး ဘကြီး ၏ ပြဿနာ ကို ဖြေရှင်းနေရ သဖြင့် မှေးခနဲ အိပ်ပျော်သွားသော အကြီး သည် ဓားသွေးသံ ကြောင့် နိုး၏ ။ ညဉ့်နက် သန်းခေါင် ဓားသွေး နေပုံကို လန့်၏ ။ သူ့ ကို များ လာခုတ်လေမလား ။

မဆိုင်ဘူးလေ ။ ဘကြီး က ဒိန်းဒလိန်းနတ် ဖမ်းထားသူ မဟုတ်လော ။

အရောင် တလက်လက်ထွက်နေသော ဓားသွား ကို လက် နှင့် စမ်းပြီး ထိုင်ရာမှ ထ၏ ။ ထို့နောက် မီးခွက် ကို ကိုင်၏ ။ အကြီးအေးမျှင် အိပ်နေရာ သို့ သွား၏ ။ အကြီးအေးမျှင် က တထိတ်ထိတ် နှင့် မျက်စိမှိတ်ပြီး အိပ်နေဟန် ဆောင်ထားရ၏ ။ ဘကြီး က မီးခွက် ကို ကိုင်မြှောက် ပြီး အကြီး အေးမျှင် ကို ကြည့်၏ ။ နေ့ခင်းက တစ်နေ့လုံး ငိုယိုထား သဖြင့် အကြီး အေးမျှင် ၏ စက္ခုအစုံမှာ မို့မောက်နေရာ ကရုဏာ သက်စရာ ။

သည်လိုသည်ပုံကြောင့် ဘကြီး သည် တောင်ငူသား ဖိုးထူး ကို သတိရ၏ ။ ‘ တောက် ’ ခနဲ တောက် တစ်ချက် ခေါက်လိုက်၏ ။ အကြီး အေးမျှင် ကား မျက်စိကိုမှိတ်ထားသဖြင့် မမြင်ရသော ဘကြီး ကို မျှော် မှန်းကာ ...

“ သမ္ဗုဒ္ဓေ အဋ္ဌဝိသဉ္စ ဒွာဒသဉ္စ သဟဿကေ ” စသော အန္တရာယ် ကင်း သမ္ဗုဒ္ဓေဂါထာ ကို အသည်းနှလုံး ထဲ မှ ရွတ်နေလေသည် ။ ဘကြီး သည် အိပ်ရာ သို့ ပြန်လာပြီး ထိုင်၏ ။ အပြင်လောက ကို စူးစိုက်ပြီး ကြည့်၏ ။ ရွာမှ နေ၍ အကြီး နှင့် ကိုဖိုးထူး တို့ သတင်းကြား ရပုံ အတွက် တွေးပြန်၏ ။

ဖိုးထူး ဆိုသော လူ ၏ အိပ်ရာအဝတ်အစားများ ကို ဘကြီး သည် စုရုံးထုပ်စည်းလိုက်လေသည် ။ ကနေ့ က အစ မတွေ့ ၊ မမြင်ချင်တော့ ဟု စိတ်ကူးလေသည် ။ ဖိုးထူး ၏ အဝတ်ထုပ် ကို သယ်ယူပြီးနောက် အိမ်ရှေ့လမ်းမ သို့ ပစ်ချလိုက်၏ ။ ဖိုးထူး ကား ဘကြီး က စွပ်စွဲချက် ကြေညာပြီး ကတည်းက လစ်ထွက်သွားရာ မပေါ်လာတော့ချေ ။

သည်လိုနှင့် ပဲ မိုးစင်စင် လင်းခဲ့သည် ။

တစ်ဖန် နောက် တစ်နေ့ ည ။

ပြီးတော့ တစ်ဖန် နောက် တစ်ည ။

ဘကြီး ကို အကြီး က စကားမပြောရဲလောက်အောင် ဘကြီး က မှုန်တေနေသည် ။ အရိပ်အရောင် မှ မပေါ်လာသော ဖိုးထူး ကို မကျေ မနပ်ဖြစ်နေသော ဘကြီး က “ ဒီကောင် အကြံ တစ်ခု ခု ယူနေလို့ မလာ တာ  ။ ကနေ့ ည သတိထားရမယ် ” ဟုတွေး၏ ။ ဖျတ်ခနဲ အသံ ကြား လျှင် ဘကြီး က ဓားကိုင်သည် ။ ရိပ်ခနဲ အရိပ်အရောင် တစ်ခုခု တွေ့လိုက်လျှင် ပုဆိန် ဆွဲသည် ။

အိမ်အောက် မှ ရှပ် .. ရှပ် .. နှင့် ခြေသံလိုလို ကြောင့် ဘကြီး က သံတူးရွင်း နှင့် ဆင်းကြည့်ရပြန်၏ ။

အကြီးကား သူ့ ကို စိတ်မချသဖြင့် မအိပ်နိုင် ဖြစ်နေသော ဘကြီး ကို သူကလည်း စိတ်မချသဖြင့် မအိပ်ရဲ ။ အကြီး သည် မီးခိုးကြွက်လျှောက် တွေး၏ ။

ရှေ့လျှောက်ပြီး သည်လို နေလို့ မဖြစ်တော့ဟု ဆုံးဖြတ်၏ ။

•••••   •••••   •••••

“ အေးမျှင် ... အေးမျှင်  ”

ဘကြီး သည် အော်ခေါ်လေသည် ။ အပြေးကလေး ခပ်သုတ် သုတ်လိုက်လေသည် ။ အကြီးအေးမျှင် သည် ဘကြီး လိုက်လာသည် ကို သိသောအခါ ခြေလှမ်း ကို ပိုပြီးသွက်လက်စေ၏ ။

“ အေးမျှင် .. ဟေ့ .. နေပါဦး ”

“ မနေဘူး ... တော် ကျုပ် နောက်မလိုက်နဲ့ ၊ တော့်ကို ကျုပ် မပေါင်း ရဲတော့ဘူး ”

ဘကြီး သည် ပြေး၏ ။ အကြီး သည် ပြေး၏ ။ အထုပ်ပိုက်ပြီး အဘွားကြီး တစ်ယောက် ရှေ့ က နေ ပြေး၍ နောက် က အဘိုးကြီး တစ်ယောက် ပြေးလိုက်နေသည် ကို တွေ့ ရသော ကန်တော်ကြီးစောင်း မှ လူအချို့ က ငေးကြည့်နေကြ၏ ။

အကြီး ကို ဘကြီး က မီလေသည် ။ လက် ကို ဖမ်းဆွဲပြီးနောက် ဘကြီး သည် မောနေသော အကြီးအေးမျှင် ကို ကြည့်ကာ ...

“ နင် ဒီလိုပဲ ရက်စက်တော့မလား အေးမျှင် ရဲ့ .... ” ဟု မေး၏ ။ အကြီး က ဘာမျှ ပြန်မပြောသေးဘဲ အမောဖြေ နေသည် ။ ထို့နောက် ..

“ မဖြစ်ဘူး ကိုအောင်ထွန်း  ။ မဖြစ်ဘူး ။ ကျုပ်တို့ ဘာမှ မဖြစ်ပါဘူး ဆိုတာ ရှင် မှ မယုံဘဲ ။ ဘယ်လိုမှ ရှိခိုးတောင်းပန်ပြီး ပြောလို့ မှမရဘဲ ။ ကျုပ် နဲ့ ဖိုးထူး နဲ့ ဖြစ်တယ် ။ ဟုတ်တယ် .. ခု ကျုပ် ဖိုးထူး ဆီသွားမယ် ”

“ အာ .... ”

ဘကြီး သည် ဘာမှ မပြောဘဲနေရာမှ ‘ အာ ’ ဟု အသံ ထွက်၏ ။ ထို့နောက် ...

“ ဖိုးထူးမှ အိမ်မှာ မရှိတော့ဘဲ ၊ ငါ စိတ်ချပြီ ၊ လာ ပြန်မယ် ”

“ ဟင်အင်း .. နောက်ကို ရှင် ဒီလိုပဲ ဖြစ်လာဦးမယ် ”

“ မဖြစ်ပါဘူး ။ ငါ နင့် စကား ကို နားထောင်တော့မယ် ။ နင် က မဟုတ်ဘူးဆိုရင် ပြီးရော ... ”

“ မရဘူး မရဘူး  ။ ရှင် နဲ့ လည်း မအိပ်ရဲဘူး ”

“ ငါ မကိုက်စားပါဘူး အေးမျှင် ရဲ့ ။ နင့် ကို ငါ ဘယ်လောက် ချစ်တယ် ဆိုတာ နင် လည်း အသိပါကွယ်  ။ လာ .. လာ .. ”

“ ဟင့်အင်း .. ဟင့်အင်း .. ”

“ လာပါကွယ့်  ။ လူတွေ ကြည့်နေတယ် ရှက်စရာ .. ”

“ မရှက်ပေါင်တော် ၊ ကျုပ်တို့ က ဘာမှ ‘ ငန်း ’ ဖမ်းနေတာမှ မဟုတ် တာပဲ ။ ကျုပ် သွားမယ် ”

“ မသွားရဘူး ”

“ သွားမယ် ”

“ ဟေ့ .. အေးမျှင် ၊ ငါ ပြောနေတာ မရဘူးလား ”

“ မရဘူး ”

“ အေး .. ငါ ကန်တော်ကြီး ထဲ ခုန်ချလိုက်မယ် ”

“ ခုန်ချ ၊ ခုန်ချ ၊ ရှင့် သဘော ”

အကြီး သည် အထုပ်ကလေး ပိုက်ပြီး ထွက်သွားဟန် ပြုလေရာ ဘကြီး သည် တွေပြီး ရပ်နေ၏ ။ ထို့နောက် ရှေ့နောက် လူတွေ ရှိ သလား ဟု လှည့်ကြည့်၏ ။

“ အေးမျှင် ... ဒီမှာ ကြည့်ကွ ” ဟု အော်ပြီး ကန်တော်ကြီး ထဲ သို့ ခုန်ချလေရာ ဝုန်းခနဲ မြည်ဟည်းသံ နှင့်အ တူ ရေပန်းများ ဖွာတက်လာသည် ။

အကြီးအေးမျှင် သည် မျက်လုံး ပြူးသွား၏ ။ ကပျာကယာ လှည့် ကြည့်ပြီး ကြက်သေသေသွား၏ ။

“ ထွန်းအောင် က တကယ် လုပ်လိုက်ပါကလား ... ” ဟု တွေး၏ ။ ဟယ် .. ဘာဖြစ်ဖြစ် ဟု စိတ် ကို တင်းကာ သုတ်ခြေတင်လေတော့၏ ။

ငါးမိနစ်ခန့် ငြိမ်သက် နေသော ရေပြင် အောက် မှ ဘကြီး သည် အသာ ကလေး ပေါ်လာသည် ။ သူ့ မအေးမျှင် ကို မျက်လုံးပြူးကြီး နှင့် ရှာဖွေသည် ။ သူ က ရေထဲ ခုန်ချလိုက်လျှင် အကြီးအေးမျှင် သည် ကမန်းကတန်း ပြေး လာကာ သူ့ ကို ဆယ်လိမ့်မည်ထင်၏ ။ ယခုတော့ အကြီးအေးမျှင် မှာ သူ့ ကို လှည့်၍ မျှ မကြည့် ၊ သွားမြဲတိုင်း သွားနေသည်ကို တွေ့ ရသော ကြောင့် ဘကြီး သည် ရေထဲ မှ အူယားဖားယား ပြေးတက် ကာ ခပ်လှမ်း လှမ်း သို့ ရောက်နေပြီ ဖြစ်သော အကြီးအေးမျှင် နောက် သို့ ဒုန်းပေါက် ပြေးလိုက်သွားလေ သတည်း ။

▢ ရွှေဓါး

📖 မြဝတီ မဂ္ဂဇင်း
     အောက်တိုဘာ ၊ ၁၉၆ဝ

#ကိုအောင်နိုင်ဦး

.

Thursday, July 4, 2024

ဇရပ် ဇာတ်လမ်း မှတ်တမ်းတင်


 

❝ ဇရပ် ဇာတ်လမ်း မှတ်တမ်းတင် ❞
             ( ရွှေဓါး )

စတင် ၍ လူ့ ဘဝ သို့ ရောက်ရှိ လာသော အချိန်ကာလ က ပင် အမေ့ အား မျက်ရည်များ ကျဆင်း စေခဲ့သော ကျွန်တော် သည် ယခု တစ်ဖန် ထပ်မံ၍ အမေ ၏ မျက်ရည်များ ကို တွေ့ရ ပြန်ပြီ ဖြစ်လေ သည် ။ ယ္ခု အခါ တွင် အမေ ၏ ပါးပြင် များ ဆီ ၌ မျက်ရည် တို့ သည် စီးဆင်း နေလိမ့်မည် ထင် ပေသည် ။

အမေ သည် ကျွန်တော့် အား ပွေ့ဖက် ထား၏ ။ အမေ ၏ ရင်ခွင် မှ ပူနွေးသော အငွေ့များ သည် ကရုဏာလှိုင်းများ တဖျတ်ဖျတ် ရိုက်ခတ် ကာ ကျွန်တော် ၏ ထံ သို့ ကူးလူး လျက် ရှိ နေ လေသည် ။

“ အမေ့ သား က ဘာဖြစ်လို့ ဒေါသ ထွက်ရတာလဲကွယ် ”

အမေ က အသံများ တုန်စွာ ဖြင့် ဤ စကား ကို ဆို လေသည် ။

ကျွန်တော် သည် အမေ ၏ အမေးပုစ္ဆာ ကို ပြန်၍ မဖြေ လိုတော့ ။ လူ ဆိုသော သတ္တဝါ ထဲ တွင် ကျွန်တော် သည် တစ်ယောက် အပါအဝင် ပင် ဖြစ်ပေသည် ။ ကျွန်တော် သည် သာမန် ပုထုစဉ် တစ်ယောက် ပင် ဖြစ် လေသည် ။ သာမည ပုထုဇဉ် လူသား တစ်ယောက် ၌ လောဘစိတ် ၊ ဒေါသစိတ် ၊ မောဟစိတ် တို့ သည် ရှိပါလိမ့်မည် ။

အမေ သည် ဤသို့ ခွဲခြမ်း စိတ်ဖြာ ၍ သိချင် မှ လည်း သိပါလိမ့်မည် ။ သိလေ သည့် တိုင်အောင် သတိ မူမိ ချင် မှ လည်း သတိ မူမိ လိမ့်မည် ။ အမေ သည် အင်မတန် ပင် ရိုးသားသော စိတ် ရှိ သူ ဖြစ်လေသည် ။ ဤသို့ ရိုးသားခြင်း ၊ အေးအေးဆေးဆေး နှင့် နှုတ်နည်းနည်း နေတတ်ခြင်း တို့ ကို အကြောင်း ပြု ၍ ပင် ကျွန်တော် ၏ အဖေ သည် အမေ့ အား စွန့်ပယ်၍ တစ်ရပ်တစ်ကျေး တွင် တစ်အိုးတစ်အိမ်ထောင် သွားရောက် တည်ထောင် လျက် ရှိနေသည် မှာ ကြာမြင့်လေပြီ မဟုတ် လော ။

အဖေ သည် ကျွန်တော် နှင့် အမေ့ အား စွန့်ပယ်၍ သွားလေပြီး ကတည်း က အမေ သည် ကျွန်တော့် အား လူလား မြောက် အောင် ပြုစုပျိုးထောင် ခဲ့၏ ။ အမေ သည် ကောက်ညှင်းပေါင်း နှင့် မုန့်ပျားသလက်များ ကို ရောင်းချ၍ လည်းကောင်း ၊ ဆေးပြင်းလိပ်ရုံ မှ ဆေးလုံးများ ကို လုံး ၍ ပေးခြင်း ဖြင့် လည်းကောင်း ၊ ကောက်စိုက် ၊ ပျိုးနုတ်ခြင်း များ ဖြင့် လည်းကောင်း မိန်းမသား တစ်ယောက်  ၏ အင်အား နှင့် မျှတသော အသက်မွေးမှု များ ကို လုပ်ကိုင်ကျွေးမွေး စောင့်ရှောက်ခဲ့သည် ဟု လည်း ကြားဖူး၏ ။ ကျွန်တော် သည် ကျွန်တော် နှင့် သက်ဆိုင်သော စာပေ များ ကို သင်ကြား တတ်မြောက် ပြီးသည့် အခါ တွင် ကား အမေ့ အား တစ်ဖန် ပြန်လည် ၍ လုပ်ကိုင် ကျွေးမွေးရန် အလှည့် သို့ ကျ ရောက် လာ လေသည် ။

ကျွန်တော် နှင့် သက်ဆိုင် သော စာသင်ကျောင်း မှ ထွက် ပြီးသော အခါ ကျွန်တော် သည် အသက် ( ၁၈ ) နှစ် သို့ တိုင်ပေသည် ။

အရောင်အဆင်း နှင့် အလင်းအမှောင် အမူအရာများ ကို ဒက်ထိ တွေ့ကြုံ ခံစားနိုင်စွမ်း မရှိသော ကျွန်တော် ၏ အသက်မွေးဝမ်းကျောင်း ပညာ မှာ အသံ အား စေစား တီးခတ် သီဆိုခြင်း ဖြစ် ပေသည် ။

အသက် ၁၀ နှစ် မှ စ၍ ကျွန်တော် တို့ ၏ စာပေ သင်ကြား ပြသပေး သူ ဆရာ သည် ကျွန်တော့် အား တေးသီချင်းများ သီဆို တီးခတ်ခြင်း အလေ့အထ ကို သင်ကြား ပေးခဲ့၏ ။ စတင် ၍ သင်ကြား စဉ် ကာလ က ဤ ပညာ အားဖြင့် အသက်မွေး ဝမ်းကျောင်း ပြုရတော့မည် ကို သိန္နိဋ္ဌာန် ချမှတ်ပြီးသည့် အတိုင်း ပညာ အား ကျွန်တော် သည် ရိုသေကိုင်းရှိုင်း ခဲ့လေသည် ။ မြတ်နိုး ယုယ ခဲ့လေသည် ။

ဆရာ သည် အသံ ခုနစ်မျိုး အကြောင်း မှ စတင် ကာ စည်း နှင့် ဝါး တို့ ၏ ရသ အဓိပ္ပာယ် တန်ဖိုး ကို ဖွင့်ဟ မိန့်ဆို ခဲ့လေသည် ။

စည်းလွတ် ဝါးလွတ် ဖြစ်ခြင်း အတွက် ဂီတ ၏ ရသဂုဏ် မှာ ပျက်စီး ရ၏ ။ စည်းသံ ဝါးသံ ကို မှီ ၍ ဂီတ ၏ ရသဂုဏ် သည် ပိုမို ပြောင်လက်၏ ။ လောကီပညာ အရပ်ရပ် ၌ စည်းဝါး ရှိ၏ ။ ဂီတ ၌ စည်း နှင့် ဝါး က ချုပ် သကဲ့သို့ အခြား သော ပညာရပ်များ ၌ လည်း စည်းကမ်း ကလနား များ က ချုပ်ကိုင် သည် ဟု လည်း ဆရာ က ဆိုလေသည် ။

ထံတျာ မှ စ၍ ' သီတာ ... သီတာ ... မြသား ' စသော ကြိုးများ ကို စတင်ပြီး လေ့လာသင် ကြား ရပြီး ဘွဲ့ ယိုးဒယား ပတ်ပျိုး များ ကို နိုင်နင်းစွာ တီးခတ်နိုင်သည့် အခြေ သို့ ရောက်ရှိလာသော အခါ ကျွန်တော် သည် ဂီတ ၏ ပုဒ်ဖြတ် ပုဒ်စပ်များ ကို အနက် ထင် လာ၏ ။ သဘင်ပညာ ၏ ( မှင် - မောင်း ) စသော ရသဂုဏ် မြောက်စေသည့် “ ဟန် ” ကို မတွေ့မြင် နိုင်ခဲ့သော်လည်း ထို ( မှင် - မောင်း ) ၏ ဟန် မှာ ဂီတ ၏ အဖြတ်အတောက် အရပ်အဆိုင်း များ ကဲ့သို့ပင် ဖြစ်ပေလိမ့်မည် ဟု ထင်မိ၏ ။

ဆရာ သည် အသက်မွေးရန် ခွင့်ပြု လာ၏ ။ ဆရာ ၏ အထံ မှ ကျွန်တော် ထွက်ခွာ လာသော အခါ တွင် စာသင်ကျောင်း ၏ အတွင်း မှ ပင် အမေ သည် ကျွန်တော့် အား ခေါ်ငင် လာ လေသည် ။

“ မောင်ချစ် ... လာ ... လာ ”

“ အမေ ၊ ဒီ ကနေ့ က စပြီး အမေ့ ကို ကျွန်တော် ပြုစုနိုင်ပါပြီ အမေ ”

အမေ သည် ကျွန်တော့် အား ဘာမှ ပြန်၍ မပြောပေ ။ အမေ စကား မပြန်ခြင်း ၊ ခပ်မဆိတ် နှင့် တုဏှိဘာဝေ နေခြင်း ကို ကျွန်တော် နားလည်ပါ၏ ။ ကျွန်တော် ကဲ့သို့ လူ့ လောက အလယ် ၌ ပြည့်စုံသော အဖြစ် မရှိသည့် သားငယ် သည် ဘဝခရီး ကို ကူးခပ် နိုင်သော ပညာ ရသည် ဆိုလျှင် ပင် အမေ ဝမ်းသာ ပေလိမ့်မည် ။

“ အမေ့ အတွက် ကိစ္စ မရှိပါဘူးသား ရယ် ၊ သား အတွက် အမေ စိတ်ချ ရရင် တော်ပါပြီ ”

ဤ စကား ကို အမေ က ခပ်ဖြည်းဖြည်း ပြောလာ၏ ။ အမေ ၏ တွဲယူ ခေါ်ဆောင်ခြင်း ကို ခံယူ လာရသော ကျွန်တော် သည် အမေ ၏ မေတ္တာ လှိုင်းတံပိုး အပေါ် တွင် ကရုဏာ သက်မိ၏ ။ ထို့ကြောင့် ပင် ကျွန်တော် သည် အမေ ၏ ဦးခေါင်း မှ နဖူးပြင် အား ယုယစွာ နှင့် စမ်းသပ် မိလေသည် ။

ဤအခါ တွင် ကျွန်တော် သည် ကြီးစွာသော ထိတ်လန့်ခြင်း နှင့် ရင်ဆိုင်ရ လေသည် ။

“ အမေ ... ”

“ သား မောင်ချစ် ”

“ ဒီ အမေ့ နဖူးပြင် မှာ ဘာ အဝတ်တွေ လဲ အမေ ရယ် ”

အမေ သည် ဘာမှ ပြန် မပြောချေ ။ ကျွန်တော် သည် ဤသို့ အမေက စကား မပြန်ခြင်း အတွက် များစွာပင် စိတ် မကောင်း ဖြစ်ခဲ့ရ၏ ။

“ တစ်လော က ပြောင်းဖူး လည် ရောင်းရင်း ချော်လဲ လို့ ပါကွယ် ”

အမေ့ ထံ မှ ဤ အသံများ ပေါ်လာ၏ ။ ဟုတ်ချင် မှ လည်း ဟုတ်ပေမည် ။ ကျွန်တော် သည် အသွားအပြန် ဟူ၍ အလယ်လမ်းမကြီး တစ်လမ်း တည်း သာ ရှိသော ဤ ရွာငယ် ၌ အမေ ချော်လဲခြင်း ဆိုသည် ကို မယုံမကြည် ရှိခဲ့၏ ။ အမေ့ နဖူးပြင် မှ ပတ်တီး ခေါ် အနာဖုံး အဝတ် စသည် ထူထဲ သိပ်သည်းစွာ နှင့် တည်ရှိ နေသည် ကို စမ်းသပ် တွေ့ရှိရသည့် အချိန် ၏ နောက်ပိုင်း တွင် အမေ မရှိ သည့် အခါ၌ ကျွန်တော် သည် အိမ်နီးချင်း တို့ ထံ မှ အမေ့ အကြောင်း ကို မေးမြန်းရ၏ ။

အိမ်နီးချင်း တို့ သည် ပထမ က အမေ ပြောဆိုသည့် အတိုင်းပင် ပြောကြဆိုကြ လေသည် ။ ကျွန်တော် ၏ မယုံကြည်ခြင်း သံသယ ၏ အထွတ်အထိပ် ကို မဖြိုခွင်းနိုင်ကြသည့် အခါ အိမ်နီးချင်း တို့ သည် အမေ ၏ အကြောင်း ကို ပြန်ပြောင်း ပြောဆို လာကြ၏ ။

ဤအခါ တွင် ကျွန်တော် သည် မျက်ရည် များ ကျမိသည် အထိ ဖြစ်လာ၏ ။

“ အမေ ဈေး ရောင်းဖို့ ဟိုဘက် ရွာ ကို အသွား လမ်းထဲ မှာ အတင်း ဗလက္ကာယ ပြု တဲ့ လူတစ်စု နဲ့ တွေ့တယ် ။ အဲဒီ လူ တွေက အမေ့ ကို သေနတ် နဲ့ ပစ်လို့ ” ဟူသော စကားများ သည် ကျွန်တော် တို့ ရွာငယ် ၏ မလုံခြုံသော ဘဝ ကို ပြသ နေပုံ ရလေသည် ။ အမေ ကဲ့သို့ အသက် “ ၄၀ ” ကျော် လျက် ရှိသော မိန်းမသား တစ်ဦး ၌ ပင် ဤ အဖြစ်မျိုး ကြုံပါလေ လျှင် အခြား သော မိန်းမသား ငယ်ရွယ်သူ တို့ မှာ မူ ပြောဆိုဖွယ်ရာ ပင် ရှိပေမည် မဟုတ်ပါချေ ။

ကျွန်တော် သည် ကျွန်တော် ၏ ဘဝ ကို ယူကျုံးမရ ဖြစ်မိ၏ ။ စတင်၍ အမိ ဝမ်းတွင်း မှ လူ့ ပြည်လူ့ရွာ သို့ ရောက်ခဲ့ပြီး ကတည်း က စက္ခုနှစ်ကွင်း အလင်း မရခြင်း ၏ ဒဏ် ကို ခံယူရ၏ ။

ရှိပါစေတော့ ။

ကျွန်တော် သည် ငြိမ်ဝပ်ပိပြားရေး ကင်းသော ရွာငယ် အား စွန့်ခွာရမည် သာ ဖြစ်ပေသည် ။

ကျွန်တော် သည် အမေ့ အား ဤ အတိုင်း ပင် ဖွင့်ဟ ပြောဆို ခဲ့ပေသည် ။ အမေ သည် ပထမ ၌ ငြင်းဆို ပေသည် ။ မွေးရပ်ဇာတိမြေ အား အမေ သည် မစွန့်ခွာ လိုပေ ။

“ မနေအပ်တဲ့ အရပ် ရယ်လို့ ဖြစ်လာတဲ့ အခါမှာ မွေးဇာတိ ဆိုပြီး အစွဲအလမ်း ကြီး မနေစမ်းပါနဲ့ အမေ ရယ် ၊ အမေ တစ်နေ့ သေကွဲ ကွဲ ရမယ့် ဇာတိမြေ ပါ ”

“ ဟုတ်ပါတယ် သား ရဲ့ ၊ တို့ ဒီ က နေပြီး ဘယ်ကို သွားမလဲ ”

“ ရန်ကုန် ကို လေ အမေ ၊ ရန်ကုန် မှာ ကျွန်တော် အမေ့ ကို လုပ်ကိုင် ကျွေးမွေး ပါ့မယ် ”

“ ဖြစ်ပါ့မလား သား ၊ ရန်ကုန် ဆိုတာ က တို့ ရောက်ဖူးတဲ့ အရပ် မဟုတ်ဘူး ၊ အသိ လည်း မရှိဘူး ”

“ မရောက်ဖူး တဲ့ အရပ် ၊ အသိ မရှိတဲ့ အရပ် မှာ နောက်ဆုံး တောင်း စားရ လည်း ရှက်စရာ လူ မရှိဘူး အမေ ”

အမေ သည် ကျွန်တော် ၏ စကား ကို သဘော ပေါက် လေသည် ထင်ရ၏ ။ ဘာမှ ဆက် လက်၍ မပြောတော့ ။

ကျွန်တော် သည် အမေ ၏ တွဲယူ လမ်းပြခြင်း နှင့် ပင် ရန်ကုန် မြေ ကို နင်း ခဲ့ရသည် ။ ဒေသ မှ ထွက်ခွာ လာပြီး နောက် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း အား အမှီသဟဲ ပြု ကာ ကျွန်တော် နှင့် အမေ တို့ သည် ဝမ်းစာ ကို ရှာ ရ၏ ။

ဦးပဉ္စင်း တစ်ပါး ၏ ဆက်သွယ်ပေးမှု နှင့် အမေ သည် ရွှေတိဂုံစေတီတော် ရှိ ပန်းဆိုင် တစ်ဆိုင် တွင် ပန်းများ ကို ရွေးရသည့် အလုပ် ကို ရ လေသည် ။ ကုန်းတော် ပေါ် မှ လူအများ တင်ရှိ ထားသည့် ပန်းများ ကို သုတ်သင်ပယ်ရှား ၍ အကောင်းများ ကို ပြန်လည် ရွေးချယ်ပြီး သပ္ပာယ ဖြစ်အောင် လည်း ပြုလုပ် ပေးရ၏ ။

ကျွန်တော် က မူ ကျွန်တော့် အား လမ်းပြ အဖြစ် သူငယ်ကလေး တစ်ဦး ကို ခေါ်ဆောင် ကာ လမ်းဆုံ လေးခွ တွင် ကျွန်တော် ၏ အတတ်ပညာ ကို တီးမှုတ် ပြသခြင်း ဖြင့် သဒ္ဒါကြေးများ ကို ခံယူရ၏ ။

ကျွန်တော် နှင့် အမေ တို့ သည် ညအချိန် ၌ ဘုန်းတော်ကြီးကျောင်း ၌ ပြန်၍ ဆုံကြ၏ ။ အစပထမ ၌ ဘုန်းတော်ကြီးကျောင်း ဆိုသည် မှာ ကျွန်တော် တို့ ကျေးရွာ မှာ ကဲ့သို့ မှီခို ကပ်ရပ်နေထိုင် သူ မှာ ကျွန်တော် တို့ မှ တစ်ပါး အခြားသော ပုဂ္ဂိုလ် တို့ သည် ရှိလိမ့်မည် မဟုတ် ဟု ထင်ခဲ့၏ ။ ထိုသို့ မဟုတ်ပါချေ ။

များစွာသော တောနယ်ဒေသ မှ လူ များ ၊ အိုးမဲ့အိမ်မဲ့ များ သည် ဘုန်းတော်ကြီး များ ၏ ဇရပ် တို့ တွင် ပြည့်နှက် လျက် ရှိပေသည် ။ ည အချိန် တွင် စုရုံး တွေ့ဆုံ ကြ၍ နေ့ အခါ တွင် အသီးသီး အသက အသက အသက်မွေး ဝမ်းကျောင်းရေး အတွက် မြို့တွင်း သို့ ဝင်ရောက် သွားလာ လုပ်ကိုင်ကြ လေသည် ။

ကျွန်တော် တို့ နေထိုင်သော ဇရပ် တွင် ဆိုက္ကားသမား ၊ ဝမ်းဆွဲသည် နှင့် ရေခဲခြစ် ရောင်းသူ တို့ ရှိကြ၏ ။ ကျွန်တော့် အား လမ်းပြ သော သူငယ်ကလေး မှာ ရေခဲခြစ် ရောင်းသူ ၏ သားငယ် ပင် ဖြစ်လေသည် ။

ကျွန်တော် သည် တစ်ခါတစ်ရံ ဇရပ် တွင် နား နေရ၏ ။ အမေ က ပင်ပန်းလှသည် ဟု ဆိုကာ ၊ ကျွန်တော့် အား နားနေ စေခဲ့၏ ။ ဤသို့ နားနေသည့် အခါများ တွင် ကျွန်တော် သည် ကျွန်တော် ၏ အသက်မွေးမှုပညာ အား ပိုမို ပြောင်လက် လာစေရန် ဟူ၍ ပြန်လည် သီဆို တီးမှုတ် ခြင်း ကို ပြုရ လေသည် ။

ဤအခါ တွင် မှ ပင် ကျွန်တော် နေထိုင်သော ဤ ဇရပ် ၌ ကျွန်တော် ကဲ့သို့ ဘဝ တူ သော ပုဂ္ဂိုလ် တစ်ဦး ရှိကြောင်း ကို သိရ လေသည် ။

ထို ပုဂ္ဂိုလ် သည် မင်းကတော်ကျ တစ်ဦး ဖြစ်သည် ဟု သိရ၏ ။ မင်းကြီး သည် သူ ၏ စက္ခု အလင်းများ ကွယ်ခြင်း အချိန် က စ၍ သူမ အား ပစ်ပယ် သွားသည် ဟု ဆိုလေသည် ။

ကျွန်တော် ၏ လမ်းပြ သူငယ်ကလေး ပြောပြချက် အရ မင်းကတော် သည် အသက် ၃၀ ကျော် အသားညိုညို နှင့် ငါးရံ့ကိုယ် ရှိသည် ဟု သိရ၏ ။ မင်းကတော် မျက်စိများ ကွယ်လွန်ခြင်း မှာ အတွင်း အဇ္ဈတ္တ ရောဂါ ၊ မင်းကြီး ၏ ရောဂါများ နှင့် ယှဉ် သည် ဟုလည်း သိရ၏ ။ မင်းကတော် သည် ကျွန်တော့် အား တစ်ခါတစ်ရံ တေးဂီတများ ကို ရွတ်ဆို တီးမှုတ် ခိုင်းတတ် လေသည် ။

ပြီးလျှင် သူ့ စက္ခုအလင်း ရှိစဉ် ကာလ က အကြောင်း များ ၊ သူ ၏ မင်းကြီး အကြောင်း များ ကို ပြောလေသည် ။

ကျွန်တော် သည် မျိုး မတူသော ရနံ့များ ကို ရှူရှိုက် ရသည့် အခါတိုင်း မင်းကတော် တစ်ယောက် ကျွန်တော် ၏ အနီး သို့ ရောက်ပြီ ဖြစ်ကြောင်း ကို သိရ၏ ။ မင်းကတော် သည် တရွေ့ရွေ့ နှင့် စမ်းသပ် ပြီး လျှင် ကျွန်တော် ၏ လက် ကို ကိုင် လေသည် ။

ကျွန်တော် သည် ဂုဏ်ဒြပ် အား ဖြင့် ကွာခြားသူ အား ကြောက်ရွံ့၏ ။ အမေ က “ မင်းကတော် ကို သတိထား ” ဟု လည်း သတိ ပေး ဖူး၏ ။ ကျွန်တော် သည် သတိ ထားပါ၏ ။

သို့တိုင်အောင် ကျွန်တော် သည် အသက် ၂၀ ကျော် သို့ တိုင်အောင် မပွင့်လန်း ခဲ့သော ကျွန်တော် ၏ ကာမဂုဏ် စိတ် ၏ အလို သို့ လိုက်ပါမိ လေသည် ။

ဤသို့ လိုက်ပါမိခြင်း အတွက် ယခု အခါ တွင် ကျွန်တော် ၏ အမေ သည် ငို၍ နေရခြင်း ဖြစ်ပေသည် ။

မင်းကတော် ၏ ချိန်းဆိုချက် အရ ကျွန်တော် သည် မင်းကတော် ၏ ဇရပ်ခန်းမဆောင် သို့ အဖော် သူငယ်ကလေး နှင့် သွားရောက် မိ၏ ။

ဤအခါ တွင် မင်းကတော် အား သိမ်းပိုက်ထားသူ ဟု ဆိုသော ဆိုက္ကားသမား သည် ကျွန်တော့် အား မင်းကတော် ၏ အခန်းတွင်း မှ နာရီ နှင့် ရွှေလက်ကောက်များ ကို ဝင်ရောက် ခိုးယူ ပါသည် ဟု ရဲများ ထံ သို့ အကြောင်း ကြား လေသည် ။

ရဲများ သည် ကျွန်တော် ၏ ထံ သို့ လာရောက် ရှာဖွေကြ၏ ။ ခိုးရာပါ ပစ္စည်း များ ကို ကျွန်တော် ၏ အိပ်ရာ ခေါင်းအုံး တွင်း မှ တွေ့ရှိပါသည် ဟု ဆို၏ ။ ကျွန်တော် မည်သို့မျှ ငြင်းချက် မထုတ်နိုင် ပါချေ ။

စက္ခုအလင်း မရသော ကျွန်တော် သည် ခိုးမှု ဖြင့် အချုပ်ထောင် သို့ ဝင် ရမည်လော ။ ကျွန်တော် သည် ကျွန်တော့် အား အချုပ်ထောင် သို့ မတရား ပို့ဆောင်မည့် ဆိုက္ကားသမား အား မှန်းဆ ၍ ကျွန်တော် ၏ လက်ဝယ် တွင် ရှိသော ကျွန်တော့် အသက်မွေးမှု အတွက် တယုတယ သိမ်းဆည်း ထားခဲ့သည့် “ ဟွန်း ” တယော နှင့် အားပါးတရ ရိုက်နှက် လိုက်မိသည် အထိ လည်း ဖြစ် လာရလေသည် ။

ဆိုက္ကားသမား၏ အော်ဟစ်သံ ကို ကြား ရ၏ ။ ပြီးလျှင် ကျွန်တော့် အား ရိုက်နှက် ကြ သည့် အသံဗလံများ ကို ကြား ရ၏ ။ ကျွန်တော် သည် ကျွန်တော့် အား ဝိုင်းအုံ ရိုက်နှက် ကြသည့် သူများ ကို မည်သို့မျှ မကာကွယ် နိုင်ပါပေ ။

စတင်၍ လူ့ဘဝ သို့ ရောက်ရှိ လာသော အခါ က ပင် “ မျက်ကန်းကလေး ဟဲ့ ” ဟူသော ကရုဏာစိတ် နှင့် အမေ သည် ကျွန်တော့် အတွက် မျက်ရည်များ ကျဆင်းခဲ့ ဖူး၏ ။ ယခု တစ်ဖန် ထပ်မံ၍ အမေ့ မျက်ရည် များ ကို တွေ့ရ ပြန်ပေပြီ ။ အမေ ၏ ပါးပြင် များ ဆီ ၌ မျက်ရည် တို့ သည် စီးဆင်း နေလိမ့်မည် ဟု ထင်ရ ပေသည် ။

အမေ သည် ကျွန်တော့် အား ပွေ့ဖက် ထား၏ ။ အမေ ၏ ရင်ခွင် မှ ပူနွေးသော အငွေ့ တို့ သည် ကရုဏာလှိုင်းများ တဖျတ်ဖျတ် ရိုက်ခတ်ကာ ကျွန်တော် ၏ ထံ သို့ ကူးလူးလျက် ရှိ နေပေ သည် ။

“ အမေ့သား က ဘာဖြစ်လို့ ဒေါသ ဖြစ်ရတာလဲကွယ် ”

အမေ က အသံများ တုန်စွာဖြင့် ဤ စကား ကို ဆို လေသည် ။ ကျွန်တော် သည် အမေ ၏ အမေးပုစ္ဆာ ကို ပြန်၍ မဖြေလိုတော့ပေ ။ လူ ဆိုသော သတ္တဝါ ထဲ တွင် တစ်ယောက် အပါအဝင် ဖြစ်သော ကျွန်တော် သည် သာမည ပုထုဇဉ် တစ်ယောက် ၌ ရှိအပ်သော လောဘစိတ် ၊ ဒေါသစိတ် တို့ ရှိခဲ့ပါ၏ ။

ကျွန်တော် တတ်သောပညာ မှ စည်းဝါးများ ၏ ကန့်သတ်ခြင်း ကို လွန် ၍ ကျွန်တော် သည် ကာမဂုဏ်စိတ် ၌ စည်းလွတ် ဝါးလွတ် ဖြစ်ခဲ့၏ ။

ထိုသို့သော အကြောင်း ကို အမှီ ပြု၍ ကျွန်တော် ၏ ချစ်မြတ်နိုးသော မိခင် သည် ငိုယို ရ၏ ။ “ ဟွန်း ” တယော သည် ပျက်စီးခဲ့၏ ။ ကျွန်တော် သည် ပင် လျှင် အကျဉ်းထောင် အတွင်း သို့ ရောက်ခဲ့၏ ။

အမေ သည် မွေးဇာတိရပ်ရွာ ၌ ဆိုးသွမ်းသော လူပေါက်ပန်း တို့ ၏ အန္တရာယ် ကို ရင်ဆိုင် ခဲ့ ရ၏ ။ အမေ့ အား ဤ အဖြစ်မျိုး ထပ်မံ၍ မကြုံကြိုက် စေရန် ရွှေမြို့တော် သို့ ခိုလှုံ လာရသည့် အခါ မှ အမေ့ သား ဖြစ်သော ကျွန်တော် သည် ရွှေမြို့တော် ၏ မှောက်မှား သော တံခါး တစ်ချပ် ကို ဖွင့် မိ၏ ။

ကျွန်တော် သိလေပြီ ။

စက္ခုအလင်း မရသော ကျွန်တော်  သည် ခိုးမှု ၊ ရိုက်မှု စသည် တို့ နှင့် ရင်ဆိုင် ပြီး သော အခါ တွင် စည်းဝါး မှ လွတ်ထွက်ခြင်း ကို ထိန်းသိမ်းရ ပေတော့မည် ဖြစ်ပါ သတည်း ။

◾ရွှေဓါး ( ၁၉၅၉ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀

#ကိုအောင်နိုင်ဦး

.

Tuesday, October 3, 2023

တဖုံလေ တနှုံးလေ တထုံးလေ တအင်လေ


 ❝ တဖုံလေ တနှုံးလေ တထုံးလေ တအင်လေ ❞ 


ကျွန်ုပ် မှားယွင်းခဲ့ပြီ ဖြစ်၏ ။ ဤသို့ ဖြစ်ပျက် လာလိမ့်မည် ဟု အစဦး ကာလ က ကျွန်ုပ် မှန်းမျှော် တွေးခေါ်ခဲ့ခြင်း မရှိသည့် အတွက် လည်း ကျွန်ုပ် မှာ သင်း ၏ ဒဏ် ကို ခံ နေရသည် ။ ယခုကဲ့သို့သော ရာသီမျိုး ၊ ကာလခရီးမျိုး နှင့် နောင် ကြုံတွေ့ ရမည် ဆိုလျှင်လည်း ကျွန်ုပ် သည် အလွန်ဆုံး ငါးနှစ် ထက် ပိုမို၍ ခံစား တွေ့ကြုံရ တော့မည် မဟုတ်ခြင်း ကြောင့် အောင့်အည်း သည်းခံကာ နေထိုင် သွားရပေတော့မည် ။


သင်း သည် အစ ပထမ က ဆရာရင်း တစ်ဦး ဖြစ်ရုံမျှ မက သူ့ အား အစစအရာရာ တွင် အလို လိုက် အကြိုက် ကို ဆောင်ရွက် ပေးနိုင်သော ကျွန်ုပ် အပေါ် တွင် အကြီးမားဆုံးသော ပြုစုနည်း ၊ ယုယနည်းများ နှင့် နည်းမျိုးစုံ ပင် ပြုစုယုယ နေထိုင်ခဲ့ဖူးသည် ။ ထိုရော ကာလ က ကျွန်ုပ် ၏ နှစ်သိမ့် ကြည်နူးခြင်း သည် အတိုင်းအဆ မရှိခဲ့ပါပေ ။ လူ ဆိုသည် မှာ နုစဉ် ကာလ ၊ အသက် ငယ်ရွယ်ချိန် ကာလ ၊ အတွေ့အကြုံ နည်းပါးချိန် ကာလ ၌ မိမိ ကိုယ် ကိုယ် ပိုမို တွက်ဆ အထင်ကြီး ထား တတ်၏ ။ သူ တစ်ပါး က လည်း မိမိ ကို အထင်ကြီး စေလိုသော သဘော ရှိ၏ ။ အရေအတွက် သည် အရည်အချင်း ကို ဖုံးလွှမ်း နေသော ကာလပိုင်း တွင် မိမိ ကိုယ် ကိုယ် မိမိ ဝန်ခံရမည့် လုပ်ငန်း အပေါ် ၌ ဝန်လေး လှဆုံးပင် ဖြစ်ပေသည် ။


အသက်အရွယ် ထောက် လာပြီး နောက် အမှားပေါင်း များစွာ ၊ အမှန်ပေါင်းများစွာ နှင့် ရင်ဆိုင်ပြီးသော အခါတွင် မူ တောက်ပြောင် လာသော အရည်အချင်း ၏ ကာလပိုင်း သို့ ရောက်ရှိလာသည် ဟု ပင် ယူဆရပေ လိမ့်မည် ထင်ရ၏ ။ ဤ စာရေးစားပွဲ ပေါ် တွင် ထိုင်ကာ ကျွန်ုပ် ၏ အကောင်း အဆိုးများ ကို ဖွင့်ဟ ဝန်ခံ၍ ရေးသား နေထိုင်ခြင်း ကို ပင် ကျွန်ုပ် သည် ပီတိ ဖြစ်လျက် ရှိ နေပေပြီ ။


ဤသို့ ရေးသား တင်ပြနိုင်သည့် ကျွန်ုပ် ၏ အကြောင်း သို့မဟုတ် ကျွန်ုပ် ပတ်ဝန်းကျင် ၏ အကြောင်းချင်းတများ ကား အခြား မဟုတ် ။ ရုပ်ရှင် ပြဇာတ် သဘင် နယ်ပယ် ပင် ဖြစ်သည် ။


ကျွန်ုပ် သည် အောင်မြင် ပြီးသော ရုပ်ရှင် ဒါရိုက်တာ တစ်ဦး ဖြစ် လေသည် ။ ကျွန်ုပ် ငယ်ရွယ်စဉ် ကာလ ရိုက်ထုတ်ခဲ့သော ရုပ်ရှင်ကားများ ၊ ဆက်ဆံခဲ့ဖူးသော ရုပ်ရှင်ကုမ္ပဏီများ ၊ မင်းသား မင်းသမီးများ အစရှိသည့် သူတို့ သည် ကွယ်လွန်ပြီးသူများ များပြား လျက် အနည်းငယ် မျှ သာ ကျန်ရှိ နေကြ၏ ။ ထို အနည်းငယ်မျှ ကျန်ရှိ နေသည့် အထဲ တွင် ခင်မင်ရင်းနှီးသူလည်းဖြစ် ၊ ယောက်ဖ တစ်ယောက် လည်း ဖြစ်ခဲ့သော မင်းသား ဌေးမောင် တစ်ယောက် သာ ကျွန်ုပ် တို့ ထံ ဝင်ထွက် သွားလာ နေသည် ။


ဌေးမောင် သည် ကျွန်ုပ် ၏ ဖြစ်အင် ကို ကြည့် ကာ “ ခင်ဗျား .. လေး ကြည် ရဲ့ ဒဏ် ကို ခံရတာ ” ဟု မကြာခဏ ပြောတတ်၏ ။ ဌေးမောင် က


ဤသို့ ပြော လိုက်သော အခါတိုင်း ကျွန်ုပ်သည် ဌေးမောင် အား အံ့သြခဲ့ ရ လေသည် ။ လေးကြည် သည် ဌေးမောင် ၏ နှမ ဖြစ်၏ ။ ဌေးမောင် သည် ကျွန်ုပ် လုပ်ကိုင်သော ရုပ်ရှင်ကုမ္ပဏီ တွင် ဇာတ်လိုက် အလုပ် ကို လာရောက် လုပ်ကိုင်ရန် ဆက်သွယ်ခဲ့စဉ် က ခေတ်ပညာတတ် သူဌေးသား တစ်ယောက် ပင် ဖြစ်သည် ။ မိဘများ ကွယ်လွန်ပြီး နောက် နှမငယ် နှင့်အတူ အမွေပစ္စည်းများ ကို ထိုင် ဖြုန်းကာ တေပေ နေသူ ဖြစ်၏ ။ ရုပ်ရှင် ဇာတ်လိုက် လုပ်ချင် လွန်း နေသော သူ့ အား ကျွန်ုပ် သည် ( အောက်ဒိုး ) ရှုတင်များ သို့ ခေါ်ဆောင် သွားလေ့ရှိ၏ ။ ( ရီဟာဇယ် ) လုပ်သည် ဟု ဆိုကာ သူ့ အား တောင်ကမူကလေး တစ်ခု ပေါ် သို့ ပြေးတက် ပြေးဆင်း လုပ်ခိုင်း ဖူး၏ ။ ရေငုပ်ခိုင်း ဖူး၏ ။ ထန်းပင် ပေါ် မှ ခုန်ချခိုင်း ဖူး၏ ။ များစွာသော ကျွဲနွားများ အလယ် သို့ ပြေးလွှားခိုင်း ဖူး၏ ။ ဌေးမောင် တစ်ယောက် ကျွဲ နှင့် နွားများ အလယ် တွင် ပြေးလွှား နေသည့် အချိန်၌ ကျွန်ုပ် က နွားများ ကို ဝှေ့လိုက်ပါစေ ဟု အကြိမ်ကြိမ် ဆုတောင်း နေလေသည် ။ ဤသို့ ဆုတောင်းရသည် မှာ လည်း အကြောင်း ရှိ၏ ။ ကျွန်ုပ် သည် ဌေးမောင် ထံ မှ ငွေပေါင်း များစွာ ကို ချေးငှား သုံးစွဲထား၏ ။ ဤမျှသာ မက ဌေးမောင် အား ( အက်တင် အမူအရာ ) များ သင်ကြားပေးရန် ဟု ဆိုကာ ဌေးမောင် တို့ ၏ နေအိမ် သို့ လိုက်၍ နေထိုင် စားသောက်ရင်း ကျောင်းပိတ်ရက်များ တွင် နေအိမ် သို့ ပြန်လာ သော သူ့ နှမ လေးကြည် အား ပင် ဗလက္ကာရ ပြု ထားပြီး ဖြစ်၏ ။


မှတ်မိပါသေး၏ ။ လေးကြည် နှင့် တွေ့ဆုံ ကြသော ည က ဌေးမောင် အား ကျွန်ုပ် က နောင် ရိုက်မည့် ရာဇဝင်ကား တွင် ဒုတိယ ဇာတ်လိုက် အဖြစ် ပါဝင်စေရန် အတွက် စကား ကမ်းလှမ်း လိုက်၏ ။ ဌေးမောင် က ဝမ်းသာလွန်းသည် ဟု ဆိုကာ ကျွန်ုပ် နှင့် အတူ ဟိုတယ်သို့ သွား ရောက်ခဲ့ သည် ။ ကျွန်ုပ် သည် အကြံသမား တစ်ယောက် ဖြစ် သဖြင့် ဌေးမောင် အား ဟိုတယ် တွင် အချိန် ကုန်ဆုံးစေသည် ။ ဟိုတယ်မယ် တစ်ဦး ဖြစ်သော ဘရန်ဒီ မယ်မြ အား လည်း ကျွန်ုပ် က မျက်စ ပစ် ထား၏ ။ မယ်မြ သည် ဌေးမောင် အား ဟိုတယ်ချိန် ကုန်သည့် တိုင်အောင် တစ်နေရာ ကို ခေါ်ဆောင် သွားမည် ဖြစ်လေသည် ။ လူမှန်း မသိအောင် မူးနေပြီ ဖြစ်သော ဌေးမောင် သည် ကျွန်ုပ် မည်သည့် အချိန် တွင် ပြန်သွား လိမ့်မည် ကို သိမည် မဟုတ်ပေ ။


ကျွန်ုပ် သည် ဌေးမောင် ၏ နေအိမ်သို့ ပြန်လာ၏ ။ နေအိမ် သို့ ရောက် လျှင် ဌေးမောင် တစ်ယောက် လူသတ်မှု ဖြစ်နေကြောင်း ၊ အမြန် ဆုံး လိုက်ဖို့ လိုကြောင်းများ ကို ပြောပြသောအခါ လေးကြည် သည် မျက်လုံးများ ပြူး ကာ သူ့ အိမ် မှ အစေခံ ကို ခေါ်လျက် ကျွန်ုပ် နှင့်အတူ လိုက်ပါ လာ၏ ။ ကမာရွတ် ဘက် သို့ ရောက်သောအခါ ခြံ တစ်ခြံ အတွင်း သို့ ဝင်ရောက် ပြီး နောက် ကျွန်ုပ် က သင်ကြား ထားပြီး ဖြစ်သော ဘရန်ဒီ မယ်မြ နှင့် လေးကြည် တို့ အား တွေ့ဆုံ ပေးရလေသည် ။


“ ညီမလေး ရဲ့ အစ်မ တော့ လူဖြစ် ရှုံး ပြီ ကွယ့် ။ မင်း အစ်ကို က အစ်မ ကို ဗလက္ကာရ ပြုပြီး အစ်မ ယောက်ျား ကို လည်း သ,တ်ပစ်တယ် ညီမရယ် ” စသည့် မယ်မြ ၏ လုပ်ကြံ ငိုယိုခန်း မှာ သရုပ်ပါ လှ၏ ။ မယ်မြ တစ်ယောက် မှာ ဤမျှ အက်တင် ကောင်းမည် ပင် မထင်ခဲ့ဖူးချေ ။ မယ်မြ က ငိုယို ပြောဆို သောအခါ လေးကြည် သည် မျက်ရည်များ ရစ်ဝဲ ကာ “ အစ်ကို ဘယ်မှာ လဲ ၊ ဟင် .. အစ်ကိုကြီး ဘယ်မှာလဲ ” ဟု မေး လာ၏ ။ ကျွန်ုပ် က “ ထွက်ပြေး သွားပြီကွယ် ... ရာဇဝတ်မှု မဟုတ်လားကွယ့် ” ဟု ဝင် ပြောရ၏ ။ ဤအခါ တွင် လေးကြည် သည် ချုံးပွဲချ ငိုကြွေး လေသည် ။ ကျွန်ုပ် သည် ငိုကြွေး လျက် ရှိသော လေးကြည် အား နှစ်သိမ့် ရ၏ ။ အစစ အားပေးရ၏ ။ ပြီးလျှင် လေးကြည် ၏ ပခုံး ကို ကိုင်ကာ အားကိုး တစ်ခု ပြုပါဟု ဖိတ်မန္တ က ပြု လေသည် ။ ထိုကာလ တွင် ဘရန်ဒီ မယ်မြ သည် လေးကြည် အဖော် ခေါ်လာ သော အစေခံ ယောကျ်ား အား ခေါ်ဆောင် သွားပြီ ဖြစ်လေသည် ။


လေးကြည် သည် ပထမဦးစွာ ငိုကြွေးခြင်း ကို ရပ်တန့် လိုက်လေ သည် ။ ပြီးလျှင် ရုပ်ရှင် ဒါရိုက်တာကြီး ဖြစ်သော ကျွန်ုပ် အား မော် ကြည့် လာ၏ ။ ဤ ဟန်ပန် အမူအရာမျိုး အား ကျွန်ုပ် နားလည် ပါ၏ ။ ကျွန်ုပ် ကိုယ်တိုင် က ပင် မကြာခဏ ရုပ်ရှင် မင်းသမီးများ အား ပြသခဲ့သော ဟန်မူရာမျိုး ပင် ဖြစ်၏ ။


လေးကြည် ကျွန်ုပ် မယား ဖြစ်ချေပြီ ။  ။


 •••••   •••••   •••••


လေးကြည် ကဲ့သို့ ချောမွေ့ လှပသော ရုပ်ရည် ရှိ ပြီး နောက် ဥစ္စာ ပစ္စည်းများ ပါ ပေါကြွယ်သော ဇနီး အလိမ္မာ ကို ရရှိပြီးသော ကျွန်ုပ် ကား ရုပ်ရှင် ဒါရိုက်တာများ အလယ် ၌ မော်မဆုံး ရှိလာသည် ။ လေးကြည် သည် ကျွန်ုပ် အား စိတ်ဆိုးလျက် ရှိ၏ ။ စကား မပြောဘဲ နေ၏ ။ သူ့ အစ်ကို ဌေးမောင် တစ်ယောက် ဘာမျှ မဖြစ်ဘဲ နောက် တစ်နေ့ မနက် နေအိမ် သို့ ပြန်လာသော အခါ ကျွန်ုပ် ၏ လိမ်လည်ခြင်းများ မှာ ပေါ်ပေါက် လာ လေသည် ။


ကျွန်ုပ် က “ လေးကြည် ရယ် ... ၊ မင်း ကို ဒီက ဘယ်လောက် ချစ်တယ် ဆိုတာ အဲဒါကို သာ စဉ်းစား ကြည့်ပါတော့ကွယ် ၊ ချစ်လွန်း လို့ ကြံမိကြံရာ ကြံတာပါကွယ် ” ဟု မျက်ရည်ခံကလေး ထိုး လိုက်သော အခါ မိန်းမသား ဖြစ်သော လေးကြည် သည် ‘ ပျော့ကျ ’ ခဲ့လေသည် ။ သည့်နောက် တွင် ကား ကျွန်ုပ် ၏ ဒဏ် ကို အများဆုံး ခံယူရသည့် ဇနီး တစ်ယောက် ဖြစ်လာတော့၏ ။


ကျွန်ုပ် သည် ဒေါင်ဒေါင်မြည် ကာ ပြေးလွှား နေသည့် မြင်းကောင်း တစ်ကောင် ကဲ့သို့ ရှိလှသည် ။ ကျွန်ုပ်တို့ လုပ်ငန်းကား များစွာသော ဆက်ဆံရေး ရှိ၏ ။ ဆိုက်ပတ် ၊ နေ့စားများ ၊ ဇာတ်ကောင်များ တို့သည် ၎င်းတို့၏ အကျိုး အတွက် ကျွန်ုပ် အား လာရောက် ပေါင်းသင်း၏ ။ ထို့အတူပင် သူဌေး ၊ မန်နေဂျာ ၊ နယ် ရုပ်ရှင် ကန်ထရိုက်တာ စသည် တို့ က လည်း ၎င်းတို့ အကျိုး အတွက် ကျွန်ုပ် အား လာရောက် ပေါင်းသင်း ကြရရာ ၎င်းတို့ နည်းတူပင် ကျွန်ုပ် ကလည်း ကျွန်ုပ် အကျိုး အတွက် ၎င်းတို့ အား ပြန်လည် အသုံးချ ရသည် ။ လူ့ လောက ၌ ဦးစွာ လိုသည် မှာ ငွေ ဖြစ်၏ ။ ဆိုက်ပတ် ၊ နေ့စား ၊ ဇာတ်ကောင်များ ၊ နယ်ကန် ထရိုက်တာများ ထံ မှ ငွေ ကို ရ၏ ။ သူဌေး အတွက် ဝင်ငွေ ကောင်းသော ရုပ်ရှင်ဇာတ်လမ်း တစ်ခုကို ရိုက်လျှင် သူဌေး က ကျွန်ုပ် ၏ ဂုဏ် ကို တိုးမြှင့် တင် ပေးလာ၏ ။ များစွာသော ကုမ္ပဏီများ က လည်း ကျွန်ုပ် အား လက်လှမ်း လာကြ၏ ။


ငွေ လည်း ရှိ ၊ သင့်တင့်သော ဂုဏ်လည်း ရှိ ၊ ချောမွေ့ လှပသော ဇနီးသည် လည်း ရှိပြီး ဖြစ်သော ကျွန်ုပ် မှာ ပေါင်းသင်းဆက်ဆံရေး က မူလ အခြေအနေ ထက် ပိုမို ကျယ်ပြန့်လာ၏ ။ ထိုစဉ် ကာလ က မျက်နှာဖြူများ ၏ ပဲခူးကလပ် ဘုတ်ကလပ် စသည့် နေရာများ သို့ ပင် ကျွန်ုပ် ရောက်ခဲ့ရ၏ ။ ဤအခါ တွင် ရင်ဆိုင် တွေ့ရသော ပြဿနာ မှာ အရက် ဖြစ်လေသည် ။ အထက်တန်းကျကျ နေလို ပါ က အရက် ကို လက်လွှတ် ၍ မဖြစ်ပေ ။ အရက် သောက်ခြင်း ဖြင့် မသိသေးသူ ကို သိရပြီး လျှင် သိပြီးသူ များ အားလည်း ပိုမို ရင်းနှီး လာစေတတ်သောသဘော ရှိ၏ ။ ကျွန်ုပ် အရက် သောက်ခြင်း အတွက် လေးကြည် သည် စိတ် ကောင်း ဟန် မတူပါပေ ။ ယောက်ဖတော် ရွှေမင်းသား ဌေးမောင် က မူ ကောင်း ချီးသြဘာ ပေးခဲ့၏ ။ ဌေးမောင် နှင့် တွဲလျက် ဂုဏ် ရှိမည့် လုပ်ငန်းများ ကို လုပ်ရ၏ ။ နယ်များ သို့ ရုပ်ရှင်ကား ရိုက် ထွက်သည့် အခါများ ဆိုပါက ပါလာသော မင်းသမီး သည် ကျွန်ုပ် ၏ မင်းသမီး ပင် ဖြစ်နေတော့သည် ။ နယ်များ ၌ ရုပ်ရှင် ရူး ရူး နေသော မိန်းကလေးများ ကား ကျွန်ုပ် ၏ အနီး တွင် ဝိုင်းဝိုင်းလည် ရှိနေပေသည် ။


အထက်တန်းကျကျ နေတတ် ၊ ပေါင်းသင်း ဆက်ဆံတတ်ခြင်း သဘောကြောင့် ကျွန်ုပ် တည်းခိုရာ နေရာ မှ မြို့ပိုင်မင်းကတော် သည် ပင် ကျွန်ုပ် အား ဆရာ တစ်ဆူ ကဲ့သို့ ကိုးကွယ်လာ လေသည် ။ ကျွန်ုပ် သည် ဉာဏလေခ ကောင်းသော လက္ခဏာရှင် တစ်ယောက် ဖြစ်၏ ။ သောကြာဂြိုဟ် ကသစ် ရ သော သူ ဖြစ်၏ ။ မိန်းမမှု ပွေတတ်သော သဘော က ရှိ၏ ။ ဆေးကျမ်း ၊ ဗေဒင်ကျမ်းများ ကို လည်း မတောက်တခေါက် သိစွမ်းသည့် ပြင် တေးဂီတ အရာ ၌ ဦးပြုံးချို ၏ မဟာဂီတ အား သုံးပုံ တစ်ပုံ ကျိုး မျှ နှုတ်ငုံ ရ ဖူး၏ ။ ဤ ဒါရိုက်တာ လုပ်ငန်း မလုပ်ဆောင် မီ က နာမည်ကျော် အငြိမ့် မင်းသမီး ပထမ ပလိုတီယာ ၏ သီချင်းရေး ဆရာ ပင် လုပ်ကိုင် ခဲ့ဖူးသူ ဖြစ်လေသည် ။ မြို့ပိုင် ၏ နေအိမ် တွင် နေထိုင်လျက် ရုပ်ရှင်ကား ရိုက် နေသော ကျွန်ုပ် အတွက် ဟု အတည့် အလင်း ပင် ပြောကာ မြို့ပိုင်ကတော် က သူ ၏ တူမ အရင်း ခေါက်ခေါက် ကို ပုံအပ် လာသည် ။ ထို တူမငယ် ၏ အမည် မှာ ‘ မရင်ဌေး ’ ဟု ခေါ် ၏ ။ ပုံအပ်ခြင်း ခံရသော သူ့ အကြောင်း မှာ လည်း ကြေကွဲစရာပင် ဖြစ် ၏ ။ မရင်ဌေး သည် မိဘများ မရှိရှာချေ ။ တစ်ဦးတည်း သော သမီး ငယ် ၁၂ နှစ် အရွယ် တွင် မိဘများ က ကွယ်လွန်ခဲ့ကြ၏ ။ အားလုံး သော အမွေအနှစ်များ ငါးသောင်းဖိုး မျှ ကျန်ရစ် ခဲ့၏ ။ အဒေါ် ဖြစ်သူ မြို့ပိုင်ကတော် သည် ထို ငွေ ငါးသောင်း နှင့် လယ်ယာ ၊ ချောင်း ၊ မြောင်းများ အား အပိုင်စီး လို၏ ။ ထို ကိစ္စ ဖြစ်လာပါက ကျွန်ုပ်တို့ အား ငွေ သုံးသောင်း ပေးပါမည် ဟု လည်း ကတိ ပေး လာခဲ့၏ ။ ကျွန်ုပ် သည် မရင်ဌေး အား ကြည့်ပြီး သနားခြင်းစိတ်များ မဝင်ခဲ့ပေ ။


ငွေများ ရမည် ဟု ဆို ကတည်း က ပင် မရင်ဌေး အား အရေး ဆိုလာ ရ လေသည် ။ ဤသို့ အရေးဆို မှ ပင် မရင်ဌေး ၏ သဘော ကို သိလာ ရ၏ ။ သူ က ကျွန်ုပ် ထက် မင်းသား ဌေးမောင် အား အလိုရှိသည် ဟု ခပ်ပြောင်ပြောင် ဖွင့် ပြော လာသည် ။ ဌေးမောင် က မူ ဦးခေါင်း ကို အမြန်ဆုံး ညိတ်လာ၏ ။ သူတို့ မင်္ဂလာ ကိစ္စ ကို ဆောင်ရွက်ပေး ပြီး နောက် ငွေ နှင့် မယား တစ်ယောက် ကို ပါ ဌေးမောင် က ပြည်တော်ပြန် ယူဆောင်ခဲ့၏ ။


နေအိမ် တွင် လေးကြည် တစ်ယောက် အဖို့ အဖော် တိုး လေပြီ ။ သူ တို့ မိန်းမသား နှစ်ယောက် အား နေအိမ် တွင် ထားရစ်ခဲ့ကာ ကျွန်ုပ် နှင့် ဌေးမောင် တို့ သည် ရုပ်ရှင်ခြံ ၊ ကလပ်နှင့် ဘားများ တွင် သာ အချိန် ဖြုန်း နေကြလေသည် ။ ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိ လာသော အခါတွင် မြို့ပိုင် ထံ မှ စာ တစ်စောင် ရောက်ရှိ လာ၏ ။ စာ မှာ မရင်ဌေး အား ပြန်ပို့ ပေးရန် ဖြစ်၏ ။ မရင်ဌေး နှင့် သူတို့ အလွန်အကျွံ ဖြစ်နေကြောင်း ၊ မရင်ဌေး ၌ ကိုယ်ဝန် တစ်လ ပါ သွားကြောင်း ၊ သူ မရှိမီ သူ့ မိန်းမ က ဤကဲ့သို့ တစ်ဖက် လှည့် ၍ ထုတ်လိုက်ကြောင်း ၊ ငွေများ ကို မူ ယူထား နိုင်ကြောင်းများ ပါဝင်၏ ။ ဌေးမောင် က ဒေါသများ ဖြစ် ကာ မြို့ပိုင်ကတော် ကို သ,တ်ပစ်မည် ဟု ပြော လေသည် ။ မရင်ဌေး အား လည်း ဆူပူကြိမ်းမောင်း လေသည် ။


ဤအခါ တွင် မရင်ဌေး က မြို့ပိုင် ရေးသား သကဲ့သို့ မဟုတ်ပါ ကြောင်း ၊ ၎င်း အား မြို့ပိုင် က ဗလက္ကာရ ပြုကြောင်းများ ကို ပြော၏ ။ ကျွန်ုပ် က အနည်းငယ် သနား လာ လေသည် ။

သို့ကြောင့်ပင် ဌေးမောင် အား ခပ်ပြတ်ပြတ် မေးရ၏ ။ ဌေးမောင် က ‘ မရင်ဌေး ’ အပေါ်၌ ခေါင်းခါ လေသော အခါ ကျွန်ုပ် က အတိအလင်း ပင် ခပ်ပြောင်ပြောင် ယူထား လိုက်၏ ။ မြို့ပိုင် ထံ သို့ မူ ပြန်လည် ၍ မပို့ လိုက်ပေ ။ ဌေးမောင် သည် ဤအချိန် တွင် နေအိမ် မှ ပြောင်းရွှေ့ သွား၏ ။ သူ ၏ နှမ လေးကြည် အပေါ်၌ မျက်နှာ ပူဟန် ရှိပေသည် ။


ကျွန်ုပ် ၏ ဇာတ်လမ်း ကား ဤမှ စ လေသည် ။ မယား နှစ်ယောက် စလုံး မှာ ကျွန်ုပ် ၏ ရှေ့ ၌ ပျော်ပျော်ပါးပါး နေ ရ၏ ။ မနေ လျှင် ကျွန်ုပ် က ရိုက်၏ ။ ရန် မဖြစ်ရ ၊ အတူတူ မအိပ်ဘဲ မနေရ ။ ကျွန်ုပ် သည် ဤသို့ ဥပဒေများ ထုတ်ပြန် ထား၏ ။


ကျွန်ုပ် ၏ စကား ကို နှစ်ဦးစလုံး က နားထောင် ကြလေသည် ။ ကျွန်ုပ် သည် အောင်သေ အောင်သား စား ရသော ခြင်္သေ့မင်း ပင် ဖြစ်လေသည် ။ အရာရာ အား အောင်နိုင်သူ တစ်ယောက် မဟုတ်ပါလား ။


ဟုတ်ပေသည် ။ ရုပ်ရှင် ကုမ္ပဏီ သည် ပင် သိန်းချီ ၍ ချမ်းသာ လာ ပေပြီ ။ သူဌေး လက်စွဲ ဖြစ်သော ကျွန်ုပ် လည်း ခေါင်းမော် လာ နိုင်ပေပြီ ။


  •••••   •••••   •••••


      ကိုအံ့ကြွယ် 

   အမြန် လာခဲ့ပါ ။ 

                 ဦးကွန့်

     အင်ဒိုဘားမားဖလင်း


သုံးရက်ခန့် နေအိမ် သို့ မပြန်ဘဲ ဇာတ်ရံ မင်းသမီးကြီး တစ်ဦး ၏ အိမ် တွင် ဆိုက်ပတ် ဘဝ မှ မင်းသမီး ဖြစ်ချင်နေသည့် ကောင်မကလေး တစ်ကောင် အား မင်းသမီး တို့ ၌ ရှိအပ်သော အရည်အချင်း တစ်ရပ် ကို သင်ကြား ပေး နေခိုက် မှာ ဌေးမောင် ကိုယ်တိုင် ဤ ဖော်ပြပါ စာ ကို ယူဆောင် ခဲ့သည် ။ ကျွန်ုပ် သည် စာ ကို ဖတ်ပြီး အံ့အားသင့် သွား၏ ။ 


သူဌေး ဦးကွန့် သည် ဘာများ အရေးတကြီး ကိစ္စ နှင့် ရင်ဆိုင် နေရ သနည်း ။ ကျွန်ုပ် သည် ချက်ချင်းပင် ဌေးမောင် နှင့် အတူ လိုက် သွား၏ ။


ဦးကွန့် ၏ အခန်း တွင်း သို့ ရောက်သော အခါ ဦးကွန့် က မျက်နှာကြီးများ နီမြန်းကာ အနီးတွင် ထိုင်နေသော စတန့်မင်းသား ‘ ခင်ဖေ ’ အား ကြည့် နေ၏ ။ ခင်ဖေ သည် ကျွန်ုပ် တို့ ဝင်ရောက် လာသောအခါ နေရာ မှ ထ သွား လေသည် ။


“ ထိုင်ပါဦး ၊ ခင်ဗျား လည်း ပွေလှချည်လား ။ ခြံ ထဲ ကို မှန်မှန် လာပါဗျ ။ ဒီမှာ စတန့်မင်းသားတွေ ဘာဖြစ် နေသလဲ မသိဘူးလား ” 


“ ဆိုပါဦး ၊ ခင်ဗျား လူတွေ က ဘာ ပြောသတုံး ”


“ အဲဒါကို သာ ဖတ်ကြည့်ပါ ”


ဦးကွန့် က ပြောပြောဆိုဆို နှင့် စာ တစ်စောင် ထုတ်ပေး၏ ။


သူဌေးမင်း ခင်ဗျား


     ကျွန်တော်တို့ အောက်တွင် လက်မှတ် ရေးထိုးသူများ ဖြစ်ကြသော စတန့်မင်းသား ခင်ဖေ ၊ လှမောင် ၊ အေးလှိုင် တို့ က ကုမ္ပဏီ ၏ ငွေကြေး ဆက်ဆံမှု အပေါ် တွင် မကျေနပ်ကြပါ ။ တစ် ကား လျှင် ၃ဝဝိ နှင့် အပြီးအပိုင် လုပ်ကိုင်ကြ သော်လည်း ကား ၏ ဝင်ငွေ အပေါ်တွင် ကြည့်၍ ဆုငွေ ပေးရာ၌ နည်းလွန်းသည် ဟု ထင်ပါသည် ။ ယခု ကျွန်တော်တို့ အတွက် စတန့်ကား တစ်ကား လျှင် ၅ဝဝိ နှင့် ဆုငွေ အဖြစ် အမြတ်ငွေ ၁ဝဝိ လျှင် ၂၅ိ ခန့် တိုးပေး စေလိုပါသည် ။ ဤသို့ တိုး၍ မပေးနိုင်ပါ က နက်ဖြန် မှ စ၍ အလုပ် မှ နုတ်ထွက်ကြပါကြောင်း ။

         လက်မှတ်ရေးထိုးသူများ

        ခင်ဖေ ၊ လှမောင် ၊ အေးလှိုင် ။


ကျွန်ုပ် က ပြုံး လိုက်၏ ။ ဦးကွန့် သည် ကျွန်ုပ် အား မော်ကြည့် လျက် ရှိနေသည် ။


“ ကျွန်တော် စီစဉ် ပေးပါ့မယ် ။ ဒါပေမဲ့လို့ ကုမ္ပဏီ က ကားတွေ ကို ပြောင်း ပစ်ရမယ် ”


“ ဘယ်လိုလဲ ”


“ စတန့်ခေတ် ကို တိမ် သွားအောင် လုပ်ပေါ့ ။ မင်းသားနုနုတွေ ရွေး ခန့်ပြီး ဇာတ်နုတွေ လှည့် ရိုက်မယ် ”


“ ဖြစ်ပါ့မလား ”


“ ဖြစ်ပါတယ် ၊ ဒီ ကိစ္စ အောင်မြင်ဖို့ အတွက် ကျွန်တော့် တာဝန် ထားပါ ။ ဒီကောင်တွေ ကို ဖြုတ် ပစ်လိုက်ပါ ”


ဦးကွန့် က ပြုံးလျက် ကျွန်ုပ် အား ငွေ ၅ဝဝိ ထုတ် ပေးကာ လုပ်ငန်း တာဝန် ကို လွှဲ လာ၏ ။ ကျွန်ုပ် သည် အင်ဒိုဘားမား ကုမ္ပဏီ ၏ ကြိုးကိုင် တစ်ယောက် ဖြစ် နေပေပြီ ။ ဤအခါ တွင် ဌေးမောင် အား မြှင့် တင်ရန် ဌေးမောင် နှင့် လိုက်မည့် ရုပ်ရှင်ဇာတ်လမ်းများ ကို ရှာဖွေကာ အသံထွက် ကားများ ကို ဆက်တိုက် ရိုက် နေ လိုက်ရသည် ။


ကား တစ်ကား ပြီးလျှင် စွံ လေသည် ။ စွံ သဖြင့် ဆက်လက် ပြီး ဆက်တိုက် ရိုက်ကူးရ လေသည် ။ ဤအချိန် တွင် ကျွန်ုပ်သည် ပျက်စီးခြင်း မက ပျက်စီး လျက် ရှိနေပေပြီ ။


နှစ်ယောက် သော မယား အပြင် လေးယောက် သော တိတ်တိတ်ပုန်းမကလေးများ ကို ခြံ ထဲ မှာ မွေး ထား၏ ။ လက်ထောက် မင်းသမီး ကလေး ‘ သင်း ’ တစ်ယောက် ကား ကျွန်ုပ် ၏ အချစ်ဆုံးပင် ဖြစ်သည် ။ သင်း သည် ညိုပြာညက်မကလေး ဖြစ်၏ ။ သဘော ကောင်း၏ ။ သင်း နှင့် အတူ ဟိုတယ် တစ်ခု ၌ ထမင်း စားလျက် ရှိနေစဉ် မှာ ပင် ရန်ကုန်မြို့ ပေါ် သို့ ဗုံးများ ကြဲချ လာသည် ။ ကျွန်ုပ် သည် သင်း ၏ လက် ကို ဆွဲကာ ပြေးလွှား ကြရ၏ ။


စစ် ဖြစ်ချေပြီ ။ ဤ စစ် ဖြစ်လာသော ကြောင့် ပင် ကျွန်ုပ် သည် နှစ်ဦး သော မိန်းမများ သေဆုံးခြင်း ကို ယူလိုက်ရ၏ ။ တော သို့ ဆင်းပြေး လာစဉ်၌ ချစ်ဆွေကြီး တစ်ယောက် သေရှာပြီ ဟု ကြားရ၏ ။


စစ် ပြီး ၍ ရန်ကုန် သို့ ပြန် တက်လာသော အခါ ရုပ်ရှင်ကားများ ကို ချက်ချင်း မရိုက်ထုတ် နိုင်သည့် အဖြစ် နှင့် ရင်ဆိုင် ရ၏ ။ ဂျပန်ခေတ် က ပဲလှော် နှင့် ထင်းများ ကို ကုန်သည်လုပ်ဖူး၍ လည်းကောင်း ၊ ဂျပန်များ ထံ သို့ ဟင်းသီးဟင်းရွက်များ ကို ကန်ထရိုက် သွင်း၍ လည်းကောင်း လုပ်ကိုင် စားသောက် လာသော ကျွန်ုပ် မှာ ရန်ကုန် ၌ သင်းကလေး နှင့် အတူ ကုန်စုံဆိုင် တစ်ခု ကို ပါ ဖွင့်ရင်း ရုပ်ရှင် ရိုက်ရမည့် အချိန် ကို စောင့်မျှော် ရသည် ။ 


ကျွန်ုပ် ၏ အရက်ဖိုး နှင့် ပင် ကုန်စုံဆိုင် မှာ လည်း များမကြာ မီ ပင် ပြုတ် ချေသည် ။ အင်ဒိုဘားမား ဖလင်း သူဌေး ဦးကွန့် ကွယ်လွန်သွားသည့် အတွက် ကျွန်ုပ် မှာ ခက်ခဲ နွမ်းပါးသော သဘော ရှိ လာသည် ။ ထိုကြောင့် ပင် သင်း အား ဆရာခန့် ထံ သို့ ပို့ ပေးကာ ပြဇာတ်မင်းသမီး သင်း အဖြစ် အသက်မွေး ရ၏ ။


သင်း သည် ကျွန်ုပ် ၏ သင်ကြားခြင်း ၊ ဆရာခန့် ၏ သင်ကြားခြင်း များ ကြောင့် နာမည်ကျော် လာ၏ ။ ဝင်ငွေ ဖြောင့် လာ၏ ။ သင်း သည် ရသမျှ ငွေများ အား ကျွန်ုပ် ထံ သို့ အပ်နှံကာ အလုပ် ကို ကြိုးစား ရှာ၏ ။ ပြဇာတ် လုပ်ငန်း ကောင်းသဖြင့် သင်း ဝင်ငွေ ကောင်း၏ ။ နာမည် ကျော် ၏ ။ ငွေ နှင့် ဂုဏ် ရှိလာသော အခါ သင်း တစ်ယောက် မှာ ကျွန်ုပ် ကဲ့သို့ပင် ခြေပျက် လာ လေသည် ။


အိမ် သို့ ပြန်ချင် မှ ပြန်၏ ။ သွားလိုသော သူများ နှင့် ခပ်ပြောင်ပြောင် တွဲ သွား၏ ။ ဤ သတင်းများ ကို ကြားရသော အခါ ကျွန်ုပ် သည် အိပ်ရာ ထက် တွင် လဲသော လူမမာ ကဲ့သို့ ဖြစ်လျက် ရှိနေပေပြီ ။


အိမ် သို့ မပြန်သည် ဖြစ်စေ ၊ တွဲလိုသူ နှင့် တွဲနေသည် ပင် ဖြစ်စေ သင်း သည် ကျွန်ုပ် အား တွေ့ သော အခါ ဣန္ဒြေ မပျက် ပင် ရှိ၏ ။ ဆေးဆရာဝန် နှင့် အရက်ပုလင်း ကို မူ အမြဲတမ်း ကျွန်ုပ် အနီး မှာ ရှိစေ၏ ။ 


ဆရာသမား တစ်ယောက် ၊ ကျေးဇူးရှင် တစ်ယောက် ၊ လင်သား တစ်ယောက် ဟူ၍ အသိအမှတ် ပြုခြင်း ရှိသေး သမျှ ကာလပတ်လုံး ကျွန်ုပ် သည် ဤမျှသော အရက် တစ်ပုလင်း နှင့် တစ်ဦးသော ဆရာဝန် အား တွေ့ နေရဦးမည် ဖြစ်၏ ။


လေးကြည် နှင့် မရင်ဌေး တို့ သည် ကျွန်ုပ် ၏ ဒဏ်များ ကို အများ ဆုံး ခံယူ သွားကြ လေသည် ။ ကာလဝိပါတ် သည် နောက်ကျော မှ ပိုး ၍ တက်လာသည် ဟု ဆိုချင် ပါ က ဆိုနိုင်ပါ၏ ။ လေးကြည် နှင့် မရင်ဌေး တို့ အား ကျွန်ုပ် ပြုမူခဲ့သမျှ နှင့် တစ်ထပ်တည်း ပင် ယခု အခါ၌ သင်း တစ်ယောက် က ပြုမူလျက် ရှိ၏ ။


ရှိပါစေတော့ ။


ကျွန်ုပ် သည် သင်း ၏ ဒဏ်ကို ခံယူရမည် ဆိုလျှင် အလွန်ဆုံး ငါးနှစ် ခရီးသာ ရှိပေချိမ့်မည် ။ ကျွန်ုပ် သည် သင်း အား စတင် ချိတ်ဆက် ခဲ့စဉ် က သီဆိုခဲ့သော ပပဝင်းဝင်း သီချင်း ကို ကား ကြားယောင်၏ ။ ထို သီချင်း စာသား မှာ “ တဖုံလေ .. တနှုံးလေ .. တထုံးလေ .. တအင်လေ .. ” ဟူသော အပိုဒ် ကို မကြာခဏ ပြန်လည် ရွတ်ဆို မိ၏ ။


ဟုတ်ပေသည် ။ ယခု ဖြစ်ပျက် နေသည် ကား တဖုံ .. တနှုံး .. တထုံး .. တအင် ... ပင် ဖြစ်ပါသတည်း ။

 

◾ရွှေဓါး


📖 မြဝတီ မဂ္ဂဇင်း

      အောက်တိုဘာ ၊ ၁၉၆၁ 


#ကိုအောင်နိုင်ဦး


.

Sunday, February 12, 2023

မဟူရာပညတ် နှင့် ပရမတ် မီးသွေး ( ၃ )


 လျှပ်တစ်ပြက် အတွင်း ၌ မမျှော်လင့် သူ ကို တွေ့ ရ၏ ။ တွေ့ ရသော တဒင်္ဂ ကာလ မှာ လည်း အိပ်မက် ကဲ့သို့ ရှိ၏ ။ ပြီးလျှင် လည်း တွေ့ဆုံ သော သူ သည် ရင့်ကျက်သော ဣန္ဒြေကို ဆောင်သည့် စစ်သားကြီး ဖြစ် နေ၏ ။ စစ်သားကြီး သည် စစ်သား နှင့် ဆိုင်သော စကားတစ်ခွန်း နှစ်ခွန်း ကို သာ ပြောပြီး ပျောက်ကွယ် သွားလေပြန်ပြီ ။ 


မြ သည် နေအိမ် သို့ ရောက်လာသည့် တိုင်အောင် စိတ် အတွင်း ၌ ခံစား လာရသည့် ဝေဒနာ ကို အမည် မပေးတတ်နိုင်အောင် ရှိနေသည် ။ ရင်များ သည် တလှပ်လှပ် တုန်လျက် ရှိနေ၏ ။ ထိုမျှ မကသေး မခံချင်သော စိတ် ဒေါမနဿ ဝေဒနာကိုပါ ခံစား နေရလေသည် ။


မျှော်လင့်ချက် ကြီးမားစွာ နှင့် ပင် စောင့်ဆိုင်း နေခဲ့သည် ။ ယခု အကြိမ် ပြန်လည် တွေ့ဆုံသည့် အခါတွင် ဘာပဲ ဖြစ်ဖြစ် သည် ကိစ္စ တစ်ခု ကို အပြီးအပိုင် ဆုံးဖြတ်ချက် ချတော့မည် ဟု ဆုံးဖြတ် ထားပြီးခါမှ စစ်သားလူထွက် သည် စစ်သားကြီး ပြန် ဖြစ်ကာ စစ်မြေပြင် သို့ ထွက်ခွာ သွားနေ သည့် အဖြစ် နှင့် ကြုံ နေရ၏ ။


တကယ်တော့ လည်း မိမိ မှာ မိန်းမသား ဖြစ် လေသည် ။ မိန်းမသား ၏ အထံ မှ လိုအပ်သော မေတ္တာပန်းလွှာ ကို တောင်းဆို ခဲ့ပြီး နောက်ပိုင်း ၌ မိမိ ၏ သဘောထား ပြောင်းလဲ ခဲ့သည့် အဖြစ် ကို ပင် စူးစမ်းရန် အချိန် မရ သော စစ်သားကြီး အား မြ သည် ရန် တွေ့ချင် နေ လေသည် ။


ထို့ကြောင့်ပင် မြ သည် တစ်ထိုင်တည်း နှင့် စာရှည်ကြီး တစ်စောင် ကို ရေး၏ ။ ပြီးတော့ကာ စာ ကို ဆုတ် ပစ်၏ ။ ပြီးတော့ ကာ ခုတင် မှာ မှောက် ပြီး ငိုလေသည် ။


“ ဒါ သူ့ အပြစ် ၊ ဒါ သူ့ အပြစ် ... ” ဟု လည်း ဗိုလ်သိန်းဒန် အား အပြစ် တင် လေသည် ။ အနီး မှာ ရှိသော မဉ္ဇူ သည် မြ ၏ အဖြစ် ကို တစ်ချက် မျှ ငိုင် ၍ ကြည့်၏ ။ ပြီးလျှင် ကိုဘထွန်း နှင့် အတူ တစ်ဖက် မှာ ရှိသော ဧည့်သည်ခန်းဆောင် သို့ ဝင်သွား လေသည် ။ 


၁၉၅၁ - ၅၂ - ၅၃ ခုနှစ် ။


•••••   •••••   •••••   •••••


ကြာပဒုံ သည် မငုံပါတကား... ။


အဝေးသို့ မျှော်၍ မြင်ရသော ရှုခင်း ကို ပင် ဗိုလ်သိန်းဒန် သည် ငေး၍ နေလေသည် ။ ပြည်ပ မှ ဝင်ရောက် ကျူးကျော်ခြင်း ကို ဗမာ့မြေ အပြင် ပေါ် သို့ တစ်လက်မ မျှ မရောက်စေ လိုသော ဆန္ဒ ၏ ပြင်းပြခြင်း နှင့် အတူ ဗိုလ်သိန်းဒန် သည် မိုင်းဆတ် ၊ ကျိုင်းတုံနယ်ပယ်ဒေသ များ သို့ ရောက်ခဲ့သည် ။ ရန်သူ နှင့် စစ်သား တို့တွေ့ကြသော အခါ စစ်သား သည် စစ်မြေအပြင် ကို ဖျာသင်ဖြူး ကဲ့သို့ မှတ်ထင်လျက် အချိန် ကို ကုန်လင့်၏ ။ ဤအတွင်း မှာ ပင် ယိုးဒယားနယ်မြေ အတွင်း ၌ ကျူးကျော် သူ တို့ က စေ့စပ်ပြေငြိမ်းပွဲ ပြုလုပ် လေသည် ။ သည့်နောက် တော့ ကာ ဗမာ့မြေ အပြင် မှ ထွက်ခွာ ပေးကြလေသည် ။


ဤအခါ တွင် ဗိုလ်သိန်းဒန် သည် စစ်မြေ ၏ ကြမ်းတမ်းခက်မာ သော ခရီး မှ စွဲကပ်လာသော ငှက်ဖျားဝေဒနာ ကို ခံယူ ထားရ ပေပြီ ။ ဗိုလ်မှူး သည် မည်သည့် အချိန် က မင်္ဂလာဒုံစစ်ဆေးရုံ သို့ ရောက်လာ သည် ကို ပင် မသိခဲ့ပေ ။


“ တပ်မတော် အထူးလေယာဉ် နဲ့ ဗိုလ်မှူး ကို ပို့ခဲ့တယ် ” ဟူသော အသံ ကို သာ ကြား လိုက်ရ၏ ။ စစ်ဆေးရုံ တွင် ပင် ကုသနေဆဲ ၌ မင်္ဂလာသတင်း ဟူသော သတင်း အပိုင်းအစ ကို သတင်းစာ တွင် တွေ့  လိုက် ရ၏ ။


“ မောင်သက်ခိုင် နှင့် မြ ”


စစ်ဆေးရုံ သို့ ရောက်၍ တစ်လမျှ အကြာ ဝေဒနာ သက်သာသော အရိပ်အငွေ့  ကို တွေ့ပြီး နောက် မကြာမီ မှာ ပင် ဤသတင်း ကို တွေ့ ရ သည် ။ ' မြ ' ဟူသော စာလုံး မှာ ဗိုလ်မှူး အား စိတ်ပါဝင်စား စေခဲ့၏ ။ အဘယ် မြ နည်း ။


ဗိုလ်မှူး သည် မင်္ဂလာသတင်း ကို သေချာစွာ ဖတ်လေသည် ။


“ တောင်ကြီးမြို့ ကျောင်းဆရာမ မြ ” ဟူသော စာလုံးများ ကို လည်း တစ်လုံးစီ တစ်လုံးစီ ကြည့် မိလေသည် ။ ပြီးနောက် အဝေး သို့ မျှော်၍ မြင်ရသော ရှုခင်း ဝေရီရီ ကို ကြည့် နေ လိုက်၏ ။


တပေါင်းလ ဖြစ် သဖြင့် အပူရှိန်သည် တရိပ်ရိပ် တက် နေလေ သည် ။


“ ဗိုလ်မှူး ဧည့်သည်များ လာ ပါတယ် ” 


အသံ ကြား လေ မှ ဗိုလ်မှူး သည် လှည့်၍ ကြည့်လေသည် ။ တပ်သား ၏ နောက် မှ ကပ်၍ ပါလာ သူ မှာ ကိုဘထွန်း နှင့် မဉ္ဇူ ဖြစ်ကြ လေသည် ။ 


“ အား .. ပူလိုက်တာ ၊ ဘယ့်နှယ်လဲ ကိုယ့် လူ နေထိုင် ကောင်းရဲ့ လား ၊ မဉ္ဇူ ကတော့ အပြစ် တင် နေတယ် ”


“ ဗိုလ်မှူး ကို အပြစ် တင်ရုံတင် မကဘူး ”


မဉ္ဇူ က ဤသို့သာ ပြောသည် ။ ထိုနောက် အနီး မှ ရဲဘော် လာ ရောက် ချထားပေးသော ကုလားထိုင် တွင် ဝင်ရောက် ထိုင် ကာ တရုတ်ပြည် ဖြစ် ယပ်တောင်အဝိုင်းကလေး ကို ဖြန့်ပြီး ယပ်ခတ် နေ လိုက် သည် ။ 


ဗိုလ်မှူး သည် ကိုဘထွန်း နှင့် မဉ္စူ ကို တစ်လှည့်စီ ကြည့်လိုက် လေသည် ။ ဘာမျှ မပြောသေးဘဲ နေရာ မှ ...


“ ဆိုပါဦး သက်ဆိုင်ရာ ရဲဘော် သိဖို့ ကိစ္စကို... ” 


“ ဗိုလ်သိန်းဒန် ဟာ အရင် စတွေ့  ကတည်း က ဉာဉ် ကို ခုထက် ထိ မဖျောက်ဘူး ။ အင်္ဂလိပ်တွေ ပြေး တုန်းက တွေ့ တယ် ။ နောက်ပြီး အစ ပျောက် သွားတယ် ။ တစ်ခါ ပင်လုံကွန်ဖရင့် မှာ တွေ့ တယ် ။ အစ ပျောက် သွားတယ် ။ နောက် တစ်ခါ စစ်သား အဖြစ်နဲ့ တစ်ခါ ပြန်တွေ့ တယ် ။ အစ ပျောက် သွားတယ် ။ စာကလေး ပေကလေးတွေ ကို တစ်ခါ တလေ ရေးဖော် မရဘူး ။ ဒါကြောင့်မို့လို့ ' မြ ’ က ဗိုလ်မှူး ကို အပြစ် တင် တယ် ”


“ မြ က အပြစ် တင်သလား ၊ ကျွန်တော် ဒါတွေ ကို မသိဘူး ၊ ကျိုင်းတုံ ကို ရောက်ပြီးစ က စာ ရေးဖို့ သတိ ရပါသေးတယ် ။ ဒါပေမဲ့ မရေး ဖြစ်ခဲ့ဘူး ။ ရေး လည်းပဲ သိပ်ပြီး အကြောင်း ထူး လိမ့်မယ် မထင် ဘူး မဉ္ဇူ  ”


“ ဘယ်လို အကြောင်း မထူးဘူး  ထင်တာလဲ ၊ ဗိုလ်သိန်းဒန် ” 


“ မြ တစ်ယောက် ကို ပြောတာပါ ။ ခုတော့ လမ်း က အဆုံး ကို ရောက် နေပါပြီလေ ”


ဗိုလ်သိန်းဒန် သည် ထို စကား ကို ပြောဆို ပြီးလျှင် သတင်းစာ ကို အသာ လက် မှ ချလိုက်လေသည် ။ မင်္ဂလာသတင်း သည် အထင်း သား ပေါ် နေ၏ ။


“ ဟာ ”


ကိုဘထွန်း သည် မင်္ဂလာသတင်း ကို တွေ့ရသော အခါ ဤသို့ အသံ ထွက်လာ၏ ။ မဉ္ဇူ သည် ထို သတင်း ကို မျက်မှောင် ကြုတ်ပြီး ကြည့် လေသည် ။


“ ဒါ ဗိုလ်သိန်းဒန် အပြစ် ပဲ ”


“ ဆိုပါဦး .. ကျွန်တော် ဟာ လူပျိုစစ်သား တစ်ယောက် ပါ ။ စစ်သား ပီပီ ပဲ ကျွန်တော် က ပွင့်လင်း စေချင်တယ် ။ မြ ဟာ ကျွန်တော့် ဆန္ဒ ကို နား မလည်ဘူး ။ ပြီးတော့လည်း ပဲ မုဆိုးမ တစ်ယောက် ပါ ” 


“ အဲဒါ အပြောရ ခက်တယ် ”


ကိုဘထွန်း က ပြုံးပြီး ပြော လာ၏ ။ မဉ္ဇူ က လည်း ပြုံး၏ ။ 


“ မဉ္စူ နားလည်ပြီ ဗိုလ်သိန်းဒန် ။ အစက ဒီလို နားလည် လိုက်ရင် အကောင်းသား ပဲ ။ မြ ဟာ မုဆိုးမ ပဲ ၊ ဘာဖြစ်လို့ ဟန်ဆောင် နေရသလဲ ဆိုပြီး ဗိုလ်မှူး က စိတ်ဆိုး နေတယ် ဆိုပါတော့ ”


“ ဒီလို တွေး ရင်လည်း တွေး နိုင်ပါတယ် ။ ဒါဟာ တစ်သက်လုံး အတွက် ကိစ္စကြီး တစ်ရပ်ပါ မဉ္ဇူ ၊ ကျွန်တော် ဟာ စစ်သားဘဝ က ထွက်ပြီး စီးပွားရေး ဘက် ကို လိုက်မယ် ဆိုပြီး ရည်ရွယ် ထားတာ လည်း ကိုဘထွန်း အသိဆုံး ပါ ။ စီးပွား ရှာရမယ် ဆိုရင် စီးပွားဘက် ကောင်း ကောင်း လိုပါ တယ် ။ ကျွန်တော် တို့ နိုင်ငံ အတွက် စီးပွားရေးသမား ကောင်း တွေ အများ ကြီး လိုတယ် ။ နိုင်ငံရေးသမား တွေ အထူးသဖြင့် ပေါများ နေတယ် ။ ဒီတော့ကာ နိုင်ငံ ရဲ့ စီးပွားရေး ကို ပြန်လည် ထူထောင် ချင်တဲ့ လူ တစ်ယောက် ဟာ သူ့ ဘဝ ရဲ့တည်ငြိမ် ဖို့ ကို ပထမ စဉ်းစားတယ် ။ ဒီ စဉ်းစားချက် ဟာ ဟန်ဆောင်မှု အောက် မှာ မြုပ်သွား ရမှာလား ”


“ မြ ကို ဗိုလ်သိန်းဒန် အထင် လွဲ နေတယ် ” 


“ မလွဲပါဘူး ၊ မှန်တာ ပြော တာပါ ” 


“ လွဲပါတယ် ၊ လွဲတာမှ နှစ်ဆင့် တိတိ ” 


မဉ္ဇူ နှင့် ဗိုလ်သိန်းဒန် တို့ ပြော နေသော စကားများ အကြား သို့ ကိုဘထွန်း က ဝင်ရောက် ပြောဆို လိုက်လေသည် ။ ကိုဘထွန်း သည် မဉ္ဇူ ကို လှည့် ကြည့်၏ ။


“ ကဲ .. ရှင်းပြပါဦး မဉ္ဇူ ” 


“ ဒီမှာ ဗိုလ်သိန်းဒန် ၊ မဉ္ဇူ ကို ယုံသလား ”


“ ဘာကို အကြောင်းပြုပြီး မေးတာလဲ မဉ္ဇူ ” 


“ ဪ … မဉ္ဇူ ဟာ မြ နဲ့ အသက်အရွယ် ချင်း မတိမ်းမယိမ်း ရှိပေမဲ့ မြ ရဲ့ ယောက်ျား စဝ်ဆိုင်ထွန်း ကို အကြောင်း ပြုပြီး မြ ရဲ့အဒေါ် တော်စပ် နေ တာလေ ။ ပြီးတော့လည်း မြ နဲ့ မိန်းကလေး ချင်း ဆိုတဲ့ ဘဝ တူညီမှု ရှိတယ် လေ ။ မြ အကြောင်း ကို ဗိုလ်သိန်းဒန် ထက် မဉ္ဇူ က ပိုပြီး သိတာ ကို ဗိုလ်သိန်းဒန် ယုံပါသလား လို့ မေးတာ ... ”


“ ဒါဖြင့်ရင် ယုံပါတယ် ”


“ မြ ဟာ မုဆိုးမကလေး တော့ မှန်တယ် ။ ဒါပေမဲ့ အပျိုစင် ပါ ဗိုလ်သိန်းဒန် ... ”


ဗိုလ်သိန်းဒန် သည် ထို စကား ကြောင့် ဦးခေါင်း ကို ဆတ်ခနဲ လှုပ် လိုက် လေသည် ။


“ မဉ္ဇူ သိသမျှ ပြောရရင် မြ ဟာ အင်မတန် အရှက် ကြီးတယ် ။ ဖုံးဖုံး ဖိဖိ နေ တတ်တယ် ။ အဲဒါကြောင့်ပဲ သူ့ ကို အင်မတန် ချစ်တဲ့ စဝ်ဆိုင်ထွန်း ဟာ အလို လိုက် ထားတယ် ။ မြ က သူ အသက် ၂၁ ပြည့် မှ အိမ်ထောင် နဲ့ နေမယ် ဆိုလို့ ဒီကြား ထဲ မှာ အဆီးအတား အကာအရံ သဘော လောက် နဲ့ သာ သူ တို့ မင်္ဂလာ ဆောင် ခဲ့ ကြတယ် ”


“ ဒီ စကားတွေ ကြား ရတာ ယုံတမ်းစကား လို ဖြစ် မနေဘူးလား ဗိုလ်သိန်းဒန် ”


ကိုဘထွန်း က ဝင်၍ ထောက် လိုက်လေသည် ။ တကယ်တော့ လည်း ယုံတမ်းစကား ကဲ့သို့ ပင်ဖြစ်၍ နေလေသည် ။ ဗိုလ်သိန်းဒန် သည် မေမြို့ တွင် တွေ့ဆုံခဲ့စဉ် ကာလက တွေ့ ရသည့် အတွေ့အကြုံများ ကို ပြန် လည်၍ ဆန်းစစ် နေမိ၏ ။ ထိုစဉ် အခါ က မြ အား တွေ့ရသည် မှာ အပျိုစင် တစ်ဦး ကဲ့သို့ ပင် ရှိ လေသည် ။ စဝ်ဆိုင်ထွန်း ကိုယ်တိုင် က လည်း မေမြို့ တွင် တွေ့ဆုံကြလေ မှ သူ့ တွင် ဟော်သိမ်းပွဲ အတွက် မြ အား မင်္ဂလာဆောင် ရသည်ဟု ဖွင့်ဟ ပြောဆို လာ ဖူးသည် ။ သည်မျှ မက မင်္ဂလာ ဆောင်ပြီးနောက် မြ ကို ကောလိပ် သို့ ဆက်လက် ပို့ ထားသည် ဟု လည်း ဆို ဖူး လေသည် ။


ဗိုလ်သိန်းဒန် သည် ဘာမျှ မပြောဘဲ မဉ္ဇူ ကို သာ ကြည့် နေလိုက် လေသည် ။


“ ဒီ အကြောင်းတွေ ကို သိတဲ့ လူ ဟာ စဝ်သန္တာ ရယ် ၊ မဉ္ဇူ ရယ် ၊ ကာယကံရှင် နှစ်ဦး ရယ် ပဲ ရှိတယ် ။ ဒီက ကိုဘထွန်း တောင် အစ က ဒီ အကြောင်း ကို မယုံဘူး ။ မြ ဟာ သူ အင်မတန် ချစ်တဲ့ လူ လို့ စဝ်ဆိုင်ထွန်း ကို အသိအမှတ် ပြုချင် မှ ပြုမယ် ။ မြ ဟာ အင်္ဂလိပ်သွေး ပါတယ် ။ သူ့ အဖေ က နယ်ပိုင်ဝန်ထောက် တစ်ယောက် ပဲ ဆိုပါ တော့ ။ သူ့ အမေ နဲ့ သူ့ ကို ရှမ်းပြည် မှာ ထားခဲ့ပြီး ဘိလပ် ကို ပြန် သွားတာ စစ် မဖြစ် ခင်ကလေး က ပဲ မြ ရဲ့အမေ ဟာ မဉ္ဇူ ရဲ့ အဒေါ် တစ်ယောက် ပါ ။ ဒီလောက် အထိ ဗိုလ်သိန်းဒန် ကို ပြောပြ နေတာ ဟာ မြ အပေါ်  မှာ အထင် မလွဲ ဖို့ပါ ”


“ ဒါပေမဲ့ အခုတော့ ဘာမှ မတတ်နိုင်တော့ပါဘူး ” 


ဗိုလ်သိန်းဒန် သည် ဤ စကား ကို ခပ်လေးလေး ပြော လိုက် လေသည် ။


“ ဟုတ်ပါတယ် ၊ ဒီ မင်္ဂလာသတင်း အရ ဆိုရင်တော့ မတတ်နိုင် တော့ပါဘူး ။ မြ ဟာ ဗိုလ်သိန်းဒန် ကို တော်တော် ချစ်တယ် ။ ဗိုလ်သိန်းဒန် က သူ့ ကို မက်မက်မောမော မလိုက်လာတဲ့ အခါ မှာ သူ က လည်း ဗိုလ်သိန်းဒန် ကို နောက်ဆုံး မျှော်လင့်ချက် မထားနိုင်တော့ ဘူး လို့ ယူဆ သွားပုံ ရတယ် ”


“ ဒါဖြင့် အားလုံး အလွဲလွဲပဲ ”


“ ဟုတ်ပါတယ် ၊ ပညတ် နဲ့ ပရမတ် မကွဲဘူး ” 


“ ဘယ်လိုလဲ ကိုဘထွန်း ”


“ ဪ ... မဟူရာ ၊ မဟူရာ ဆိုပြီး ပညတ် တယ် ။ မဟူရာ ဆိုပေ မယ့် အမည်း အနက်ရောင် က သာ လွှမ်း တယ် ။ ဒီလိုပဲ မီးသွေးမီးသွေး ဆိုပြီး ပညတ် တယ် ။ အရောင် က တော့ အမည်းအနက် ပါ ပဲ ။ အဲဒီ အထဲမှာ ( မဟူရာ ပညတ် ပရမတ် မီးသွေး ) ဆိုပြီး ငြင်း နေလို့ မရဘူး ... အတူတူပဲ .. ” 


ဗိုလ်သိန်းဒန် က ပြုံးလေသည် ။


“ ကျွန်တော် ဒီ ကိစ္စ ကို ရှင်းချင်တယ် ” 


ဟု လည်း စကား ကို ဆက် ပြီး သွက်လက်စွာ ပြော လိုက် လေသည် ။


“ ပွင့်ပြီးတဲ့ ကြာပဒုမ္မာ တွေ ဟာ ပြန်ပြီးတော့ ဖြင့် မငုံဘူး ဗိုလ်သိန်းဒန် ”


မဉ္ဇူ သည် ဗိုလ်သိန်းဒန် ၏ အကဲ ကို စမ်း လိုက်လေသည် ။ 


“ နှစ်ယောက် စလုံး ဟာ တစ်ယောက် ကို တစ်ယောက် တန်းတန်း မတ်မတ်ကြီး ချစ်ကြ ပြီး မှ ဘာ ထူးသလဲ ၊ အတူတူပဲ ”


ကိုဘထွန်း သည် သူ ၏ စကား ကို ပြန် ဆက် လာ လေသည် ။


“ ခင်ဗျား ကို ကျုပ် တစ်ခု ပြော ချင်တယ် ။ စီးပွားရေးနယ် ထဲ ကို ပြန် ဝင်ဦးမလား ”


“ ဒါကိုတော့ မပြောနိုင်သေးဘူး ၊ ကိုဘထွန်း ”


“ ဒီမှာ ဗိုလ်သိန်းဒန် ၊ ကျိုင်းတုံ ဘက် က နေပြီး ဒီ ရန်ကုန် ကို ပြန် ရောက်လာတာ တောင် ဘာဖြစ်လို့ အကြောင်း မကြားသလဲ ”


“ ကျွန်တော့် အပြစ် ပါ မဉ္ဇူ ”


ဗိုလ်သိန်းဒန် သည် ဦးခေါင်း ကို ငုံ့၍ နေ လိုက်လေသည် ။


“ သွားရင်း လာရင်း ကျွန်တော် သတင်း ကြားလို့ မဉ္စူ ကို ခေါ်ပြီး ဒီမှာ လာ ကြည့်တာပဲ ဗိုလ်သိန်းဒန် ၊ မြ သာ သိရင် ဘယ်လောက် များ ဝမ်းသာ ဦးမလဲ ”


မဉ္ဇူ က အားရပါးရ ပြော နေသော ကိုဘထွန်း အား စကား ကို ရပ်တန့် စေ လိုက်လေသည် ။


•••••   •••••   •••••   •••••


ထွက်သွားသော ကားငယ် ၏ အသံ ကို ကြားရ၏ ။ အသံ သည် တဖြည်းဖြည်း နှင့် ဝေး၍ ဝေး၍ သွား လေသည် ။ ဗိုလ်သိန်းဒန် သည် စောစောက မဉ္ဇူ ပြော သွားသော စကားများ ကို ကြား နေ သကဲ့ သို့ လည်း ရှိလေသည် ။ ပြီးတော့ကာ ကိုဘထွန်း ၏ မဟူရာ နှင့် မီးသွေး ၏ တူ သော အရောင်အဆင်း ကို လည်း တွေး မိ၏ ။


ဇာတ်လမ်း သည် ဤအတိုင်းသာ ဆိုပါက တစ်ခန်း ရပ်ပေပြီ လော ... ။ 


မဉ္ဇူ သည် ကားငယ် ၏ တံခါး ကို ဂျိုင်းခနဲ နေအောင် ပင် ပိတ် လိုက်သည် ။ ပြီးတော့ကာ အိမ် ပေါ် သို့ ခပ်သွက်သွက်ကလေး ပြေး ပြီး တက်သွား၏ ။ ပါးစပ်မှ “ မြရေ .. မြ .. မြ ... ” စသည် ဖြင့် တတွတ်တွတ် ဟစ်အော် လာ လေသည် ။


မြ ၏ အခန်းတွင်း သို့ လည်း တောက်လျှောက် ပင် ဝင်ရောက် ကြည့် ရှု လိုက်လေသည် ။ မြ သည် သတင်းစာ ကိုကိုင်ပြီး ဧည့်ခန်းဆောင် ဘက် ဆီ မှ ထွက် လာကာ “ အန်တီ ... မြ ဒီမှာ ... ” ဟု အသံ ပေး လိုက် ၏ ။ မြ ၏ အသံ ကို ကြား မှပင် မဉ္ဇူ သည် ကပျာကယာ ဧည့်ခန်းဆောင် ဘက် ဆီ သို့ လှည့် လာလေသည် ။


“ ဒါတွေ ရိုစီ ဉာဏ် တွေ ပဲပေါ့ ၊ မဟုတ်ဘူးလား ဟင် ” 


ဟု ငုံးတိတိ နှင့် မေးလေသည် ။


မြ သည် ရုတ်တရက် သော် ခပ်ကြောင်ကြောင် ဖြစ်သွား၏ ။ မဉ္ဇူ သည် တယ်လီဖုန်း ရှိရာ သို့ တန်းတန်းမတ်မတ် သွားပြန် လေသည် ။


“ ဒီမှာ .. ဒီမှာ .. ဟယ်လို .. ဟယ်လို ၊ ဆောက် ( သ် ) ကို ပေးပါ ။ ဒီမှာ စကား ပြော နေတာ ဘယ်သူလဲ ၊ ဪ .. ရိုစီ ကို ခေါ်ပေးပါ ။ မဉ္စူ ပါ ၊ ရိုစီ အား သလား ၊ ခဏ အိမ် ကို လာခဲ့ပါ ။ ဟုတ်ပါတယ် ။ အဲဒီ ကိစ္စပါ ။ ဒီမှာ အခု လာပါ ”


ကျယ်ကျယ်လောင်လောင် နှင့် စကားများ ကို ပြော ပြီးလျှင် မဉ္ဇူ သည် တယ်လီဖုန်း ကို ဂျောက်ခနဲ မြည်အောင် ချ လိုက်လေသည် ။ ပြီးတော့ ကာ အနီး တွင် ရပ် နေသော မြ ကို လှမ်း ကြည့်၏ ။ 


“ ဒီ မင်္ဂလာ သတင်း ကို ဖတ် ပြီးပလား မြ ” 


“ ပြီးပြီ မဉ္ဇူ ၊ မြ ဘာမှ မသိဘူး ”


“ သက်ခိုင် ကို မဉ္ဇူ သိပါတယ် ။ ကိုဘထွန်း လည်း သိပါတယ် ။ သူ မြ ကို ကြိုက် နေတယ် မဟုတ်လား ”


“ ဒါတော့ မြ မသိဘူး ။ ရိုစီ တော့ တစ်ခါ နှစ်ခါ ပြော ဖူးတယ် ။ သက်ခိုင် နဲ့ မြ ဆိုရင် မကောင်းဘူးလား တဲ့ ။ ဗိုလ်သိန်းဒန် လည်း မျှော်လင့် ချက် မရှိဘူးတဲ့ ”


“ မြ က ဘာ ပြန်ပြော မိ သေးသလဲ ”


“ ဘာမှ ပြန် မပြောခဲ့ဘူး ။ မြ  အေးအေးပဲ နေချင်တယ် မဉ္ဇူ ” 


“ ခုမှ ခက်တယ် ၊ ဗိုလ်သိန်းဒန် မင်္ဂလာဒုံဆေးရုံ မှာ ရှိတယ် ”


“ တကယ်လား မဉ္ဇူ ၊ သူ ဘာရောဂါ နဲ့ လဲ ” 


“ ရောဂါ က ငှက်ဖျားရောဂါ ပါ ။ ခု သက်သာ နေပါပြီ ” 


“ ဘုရား ... ဘုရား ... ”


မြ သည် အသံများ ထွက်လာလေအောင်ပင် ဘုရား တ မိလေသည် ။ မင်္ဂလာသတင်း သည် သတင်းစာ တွင် ပါရှိပြီး ဖြစ်လေသည် ။ ဤ သတင်း ကို ဗိုလ်သိန်းဒန် ဖတ်မိ လျှင် ...


မြ သည် ရှေ့သို့ ဆက်ပြီး မတွေးရဲပေ ။ ဤအချိန် မှာ ပင် နေအိမ် ၏ ဝင်းအတွင်း သို့ ဝင်ရောက်လာ သည့် ကားငယ် ၏ အသံ ကို ကြား ရ၏ ။ ကားငယ် ၏ အပေါ် မှ ရိုစီ နှင့် မောင်သက်ခိုင် တို့ သည် ဆင်းသက် လာ ကြ၏ ။


“ ဒီမှာ ကိုသက်ခိုင် ၊ ဒီ ကိစ္စ ကို ရှင် က အင်ပို့လိုင်စင် လျှောက်သလို လွယ်တယ် အောက်မေ့ နေသလား ”


သက်ခိုင် ကို တွေ့ တွေ့ချင်း မဉ္ဇူ က မေး လေသည် ။ သက်ခိုင် သည် ဘာမျှ ပြန် မပြောနိုင်ဘဲ ရှိ၏ ။ တကယ်တော့လည်း ဤ ကိစ္စ သည် သက်ခိုင် ထက် ရိုစီ နှင့် သာ ပိုမို သက်ဆိုင်လေသည် ။


ရိုစီ သည် ရုတ်တရက် စကား မပြောသေးဘဲ အားလုံး ကို လှည့် ပတ် ကြည့် လိုက်၏ ။ ပြီးမှ “ မြ အတွက် ကောင်းမယ် ထင်လို့  ကိုယ် လုပ်တာပဲ ” ဟု ပြော လေသည် ။ ဤစကား ကို ကြားရသော မဉ္ဇူ သည် အသားများ ဆတ်ဆတ် တုန် ၍ နေလေသည် ။


“ ကောင်းမယ် ထင်လို့ လုပ်ရင်လည်း မြ ဆိုတဲ့ မိန်းကလေး မှာ အဒေါ် တွေ ၊ အစ်မတွေ ရှိသေးတာ ပဲ ရိုစီ ရယ် ၊ တိုင်ပင်ဦးမှပေါ့ ” 


“ ရိုစီ လည်း အင်မတန် ချစ်တဲ့ သူငယ်ချင်း တစ်ယောက် အတွက် မို့ လုပ် ရတာပါ ၊ အပြစ် ရှိ သလား မဉ္ဇူ ” 


“ အပြစ် ရှိတယ် ၊ ကာယကံရှင် ခွင့်ပြုချက် မရှိဘူး ”


အားလုံး သည် ကာယကံရှင် ဆိုသော မြ အား လှမ်း ကြည့် ကြ လေသည် ။ မြ သည် မျက်နှာ ကို နှစ်ဖက်သော လက်များ နှင့် အုပ်၍ ထား လေသည် ။ ပြီးတော့ ကာ ငို လေသည် ။


“ ကိုသက်ခိုင် အတွက် ရိုစီ တာဝန် ယူပါတယ် မဉ္ဇူ ”


ရိုစီ သည် ထိုင်ရာမှ ထ၍ သွားသော မြ အား တစ်ချက် ကြည့်ပြီး ထို စကား ကို ပြော လိုက်လေသည် ။


“ ရိုစီ ရယ် ၊ ဒီ ခေတ် မှာ ဝင်ကုန်ထွက်ကုန် ဆိုင်းဘုတ် ချိတ်တိုင်း အဓိပတိ ကုန်သည်တွေ မဟုတ်ဘူး ဆိုတာ မဉ္ဇူ သိပါတယ် ”


ဤ စကား ကို သက်ခိုင် သည် ကြားနိုင်မည် မဟုတ်ပေ ။ မြ နှင့် မရှေးမနှောင်း ပင် သူ သည်လည်း ဤ ဧည့်ခန်းဆောင် မှ ထွက်ခွာ သွား ပြီ ဖြစ်၏ ။


“ စေ့စပ်ကြောင်းလမ်းခြင်း ဆိုပြီး မြ ရဲ့စိတ် ကို သိရအောင်  စမ်း လိုက် တာပါကွယ် ၊ ဒီ ကိစ္စမှာ ကိုယ် မှားတယ် ၊ ပြန်ရုပ်သိမ်း ပေးပါ့မယ် ” 


“ မှားတယ် ၊ ဟုတ်လား ရိုစီ ၊ ခံရတဲ့ လူ အတွက် အစ ကတည်း  က အဲသလို သိရင် မြ မနစ်နာဘူး ။ ခု ဗိုလ်သိန်းဒန် ကို တောင် ဘယ်လို လုပ်ပြီး ရှင်း ပြရမယ် မသိတော့ဘူး ”


မဉ္ဇူ သည် ပြောရင်း ပြောရင်း က ပင် မျက်ရည်များ ရစ်ဝဲ လာ၏ ။ သည်အချိန် သို့ တိုင်အောင်ပင် ဧည့်ခန်းဆောင် သည် တိတ်ဆိတ် ခြင်း ကို အဖော်ပြု လာလေသည် ။ ရိုစီ သည် မြ ၏ အိပ်ခန်းတွင်း သို့ လှမ်းငဲ့ ကာ ကြည့် လိုက်၏ ။


မြ တစ်ယောက် မှာ အိပ်ရာ ထက် တွင် မှောက်ကာ ငိုလျက် ရှိနေ လေသည် ။


ကျား ရဲရာ ၌ ကြမ္မာ ကို မယိုးသာချေ ။ ဖြစ်ခဲ့သမျှ သော အကြောင်း များ သည် အကောင်း ဟူ၍ ကား မရှိ ။


ထိုကြောင့်ပင် မြ သည် ငိုလျက် ရှိ နေလေသည် ။ ခန်းမသဉ္ဇာ မှ ပင်တိုင်စံ သည် ဝဋ်ကြွေး မပြေ ရှိလေအံ့ ထင်ရ၏ ။


တစ်ရက် ၊ နှစ်ရက် ၊ သုံးရက် ။


ဖြစ်ခဲ့သမျှ သည် အသစ်များ သာ ချည်း ဟု ဆိုပါချေ လျှင် ထို အသစ် များ သည် ပျက်၍ ပျက်၍ ကွဲ၍ ကွဲ၍ ပြိုအိ ကျဆင်း သွားသော ထုထည် ဒြပ်ကြီး တစ်ခု နှင့် တူ ပေမည် ။


ခြောက်သွေ့ လျက် ရှိသော နေအိမ် ၏ သဉ္ဇာခန်းမ အတွင်း မှာ ဖြစ် လေသည် ။ အချိန် သည် တိတ်ဆိတ် သည် ဟု ဆိုသော အကာလ ည အခါ မှာဖြစ်၏ ။ ယခင့် ယခင် သော ညများ ထက် ယနေ့ ည သည် ပိုမို တိတ်ဆိတ် ပေလိမ့်မည် ။


ဗိုလ်သိန်းဒန် သည် ဦးခေါင်း ကိုမော့ပြီး ကုလားထိုင် ၏ နောက်မှီ ပေါ် သို့ တင် ထား လိုက်လေသည် ။ လှိုက်လှဲစွာ နှင့် လှုပ်ရှားနေသော ရင်ခုန်သံများ သည် တဒက်ဒက် တဒိတ်ဒိတ် မြည်ဟည်း နေ သကဲ့သို့ ရှိ လေသည် ။ မျက်နှာပြင် မှာ မူ ဖွာရှိုက် ထားသော စီးကရက် မီးခိုးမီးငွေ့များ ၏ နောက်ဘက် တွင် နီကြင်ကြင် နှင့် ရှိ နေသည် ။


အန်တီမဉ္ဇူ


ရှက်လှစွာ ဖြင့် ဗိုလ်မှူး ကို မတွေ့ချင်တော့ပါ ။

                               မြ


စာငယ် သည် ဗိုလ်မှူး ၏ လက်ထဲ ၌ ကြေမွလျက် ရှိလေသည် ။ ဆေးရုံ မှ ဆင်း လာ ပြီး နောက် အထင် လွဲမိ သမျှ ရှင်းလင်းပါရန် ဟူ၍ မဉ္ဇူ တို့ ၏ နေအိမ် သို့ အရောက် လာခဲ့ကာ မှ မြ နှင့် လွဲ ရ လေသည် ။ မြ ၏ အကြောင်းများ ကို ကြားသိ ရသော အခါ ရင် မှာ ဆို့နင့် ၍ လည်း သွား ခဲ့၏ ။


စိတ်ပြေလက်ပျောက် ရှိလေမည် လား ဟု မြ နေထိုင်ရာ အခန်းငယ် ၏ အတွင်း သို့ ဝင်ရောက်ခဲ့ လေ ရာ ယခု မှ ပင် ဝီထိ မကျသေးသော စိတ် ၏ အကြောင်း ကို သိ ရသည် ။


ဗိုလ်သိန်းတန် သည် မြ ၏ ခန်းမဆောင် မှ စိန်ကရာသီ ၏ အဆောင် သို့ ဝင်ရောက် လာသော ဣန္ဒာဝံသ မင်းသားငယ် အား စူးစိုက်၍ ကြည့် နေလိုက်၏ ။


ပြီးလျှင် တစ်စုံတစ်ခု ကို ယတိပြတ် ဆုံးဖြတ်ချက် ချလိုက် သကဲ့ သို့ ထိုင်ရာ မှ ဆတ်ခနဲ ထ လိုက်လေသည် ။


ပျောက်သော သူ အား ရှာဖွေရာ တွင် တွေ့ စကောင်း၏ ။ မဟူရာ  လည်း မဟုတ် ၊ မီးသွေး လည်း မဟုတ် ၊ နက်ကျောသော အရောင်အဆင်း သည် သာ ပရမတ် ဖြစ်သည် ဆိုလျှင် .. 


ဗိုလ်သိန်းဒန် တစ်ယောက် ရွှေမန်းအမြန်သွား ဒီဇယ်ရထားကြီး ၏ အပေါ် သို့ ရောက်လျက် ရှိသည် ကို အဆန်း ဟု မဆိုသာတော့ ။ သွက် လက်ဖျတ်လတ်ခြင်း က စိုးမိုးလျက် ရှိနေ၏ ။ မန္တလေး ၊ ထိုမှ တစ်ဆင့် လားရှိုး ၊ တောင်ကြီး စသည့် ဒေသများ တွင် ဗိုလ်သိန်းဒန် အား အမှတ်မထင် တွေ့ ရ၏ ။


၅၄ - ၅၅ - ၅၆ ခုနှစ် ။


•••••   •••••   •••••   •••••


မမဉ္ဇူ


ကျွန်တော်တို့ တပ်မတော် ရောက်သည့် ဒေသတိုင်း ၊ သို့မဟုတ် ကျွန်တော် ခွင့်ရက်များ ရသည့် အခါတိုင်း ကျွန်တော် ၏ ပျောက်ဆုံး နေသူကို ရှာဖွေလျက်ပင် ရှိပါသည် ။ သောင်းကျန်းသူများ ၏ ကျေးရွာ တစ်ရွာ ကို ကျွန်တော် တို့ တပ်မတော် ဝင်ရောက် သိမ်းပိုက် မိသော အခါ ကျွန်တော် မေ့၍ မရသော မြ နှင့် သွားရောက် တွေ့ဆုံ ပါသည် ။


ကျွန်တော် ၏ မူလ မြ နှင့် တစ်ထေရာတည်း တူ လှသဖြင့် ကျွန်တော် က ပင် စတင်ပြီး အသိမိတ်ဆွေ ဖွဲ့ ရသည် ။ မြ ၏ အရှက်အကြောက် ကို နားလည်ပြီး ဖြစ်သည့် အတိုင်း ကျွန်တော် မည်သူ ဖြစ်ကြောင်းကို ပြောပြသည့် အခါ ရင်းနှီးစွာ စကား ပြန် ခြင်း မရှိပါ ။


ကွဲကွာနေကြသည့် နေ့ရက်လတာ ကြာညောင်း ခဲ့သဖြင့် ခပ်စိမ်းစိမ်း ဖြစ်လျက် ရှိပါသည် ။ မြ အား ကျွန်တော် က ဖြစ်ခဲ့ သမျှ အကြောင်းများ ကို ရေးသား ဖော်ပြပြီး နောက် ယခုအချိန် တွင် ကျွန်တော် တို့ သည် ငယ်ရွယ်ကြသည့် သူ များ မဟုတ် တော့လေသည့် အတွက် ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေး လိုကြောင်း ပြောပြသောအခါ မြ သည် အတန်တန် ငြင်းပယ် ပါသည် ။


သူ ၏ အကြောင်းပြ ချက် မှာ အေးအေးဆေးဆေး နေထိုင် လိုကြောင်း ပင် ဖြစ်ပါသည် ။


သို့တိုင်အောင် ကျွန်တော် ၏ ဆက်လက် တောင်းပန်ချက် ကြောင့် မြ သည် ကျွန်တော် ၏ အလိုဆန္ဒ သို့ လိုက်လျောခဲ့ သဖြင့် လွန်ခဲ့သော လဆန်း ကပင် ကျေးရွာလူကြီးများ ၏ ရှေ့မှောက် တွင် လက်ထပ် ခဲ့ပါသည် ။


ကျွန်တော်တို့ မကြာမီ ရန်ကုန်သို့ ပြန် ရောက်ရှိ လိမ့်မည် ဟု ယူဆ ပါသည် ။


ကိုဘထွန်း တစ်ယောက် အား လည်း အစဉ် သတိရရှိ ကြောင်း ပြောပြ စေလိုပါသည် ။


မမဉ္ဇူ


ကျွန်တော် ၏ မြ သည် ကျွန်တော် ၏ မူလ မြ မဟုတ်ပါ ။ အံ့အား မသင့် စေ လိုကြောင်း တောင်းပန်ပါသည် ။ တူလွန်းသော မြ ကိုယ်စား တစ်ယောက် ပင် ဖြစ်ပါသည် ။ 


သို့သော် အံ့အား သင့် ဖွယ်ရာ မင်္ဂလာ လက်ဆောင်များ ကို ကျွန်တော် လက်ခံ ရရှိ ခဲ့ပါသည် ။ ထို လက်ဆောင်များ မှာ စိန်ကရာသီ မင်းသမီး နှင့် ဣန္ဒာဝံသ မင်းသား ၊ အယ်လီဇဘက် မင်းသမီး တို့ ၏ ပုံ များ ဖြစ်ပါသည် ။ ထို ပုံများ ကို လက်ဖွဲ့ သူ မည်သူ ဖြစ်ကြောင်း ကို လိုက်လံ စုံစမ်းသောအခါ များမကြာမီ က ပင် ဤ ကျေးရွာ သို့ ရောက်ရှိ လာသည့် ကျောင်းဆရာမကြီး တစ်ဦး ဖြစ်ကြောင်း သိ ရပါသည် ။


သို့နှင့် ကျွန်တော် ကိုယ်တိုင် ထို ကျောင်းဆရာမကြီး အား တွေ့ဆုံရန် ကြိုးစား ရာ မင်္ဂလာ ဆောင် သည့် ရက် အတွင်း က ပင် ဤ ကျေးရွာ မှ ထွက်ခွာ သွားကြောင်း ကို သိရှိ ရ ပါသည် ။ 


အကယ်၍ ဆရာမကြီး မြ ၏ သတင်းများ ကို ရရှိပါက အကြောင်း ပြန်စေလိုပါသည် ။


                        သိန်းဒန်


မှတ်ချက် ။  ။ မဟူရာ နှင့် မီးသွေး တို့ မှာ အသွေးအရောင် တူ သော်လည်း ဓာတ်သဘာဝ ၌ မတူကြောင်း ကို ကိုဘထွန်း သို့ ပြောပြ စေလိုပါသည်ခင်ဗျား ။


◾ရွှေဓါး


📖 မြဝတီ မဂ္ဂဇင်း

      ဇွန် ၊ ၁၉၆ဝ


#ကိုအောင်နိုင်ဦး


.