Showing posts with label သိန်းဖေမြင့်. Show all posts
Showing posts with label သိန်းဖေမြင့်. Show all posts

Friday, April 3, 2026

မင်းတိုင်ပင်


 ❝ မင်းတိုင်ပင် ❞

 ( သိန်းဖေမြင့် )


အခန်း ၁


▢ အမတ်ကြီးဖြစ်၍ ရန်ကုန်မြို့သို့ ထွက်ခန်း


“ ဪ …  လောကကြီး တယ်ပြောင်းလွဲလွယ်ပါကလား ။ တစ်လအတွင်းမှာပဲ ငါဟာ ရှေးကလို တောသား အနုပ်စုတ်ကုပ်စုတ် ဖိုးကူး မဟုတ်တော့ဘူး ။ မင်းတိုင်ပင်အမတ်ကြီး ဦးဖိုးကူး ဖြစ်နေပါပကောနော် ။ ငွေသုံးလေးထောင် အကုန်ခံလိုက်တော့ ချက်ချင်း အရေးပိုင် ထက်တောင် ကြီးတဲ့ မင်းတိုင်ပင်အမတ်ကြီး ရာထူး ရလာတာပဲ ။ ခု ငါဟာ အာဂ အာဇာနည် ပုဂ္ဂိုလ်ကြီးဖြစ်ပေါ့ ” ဟု တွေးတောရင်း အမတ်လက်သစ် ဦးဖိုးကူးသည် နောက်လိုက်များနှင့် ရထားစောင့်နေလေ၏ ။ လက်ထဲ၌ရှိသော ပထမတန်းရထားလက်မှတ်ကို ကြည့်လျက် ပီတိ သောမနဿ ဖြစ်နေလေ၏ ။


မိမိကိုယ်ကို ပြန်ကြည့်ပြန်လေ၏ ။ မန္တလေးပိုးရင်ဖုံး ဝါကြင့်ကြင့် ဘန်ကောက် ဖက်ဖူးရောင် တောင်ရှည်ပုဆိုး ၊ ကတ္တီပါပုံတော်ဖိနပ် တို့ဖြင့် မွမ်းမံအပ်သော မိမိသည် ဧရာမ လူချောလူလှ လူမြတ်ကြီး ဖြစ်နေပြီဟု အောက်မေ့မိလေ၏ ။


တင်ဖေ ဆိုသော ( B.A., B.L. ) ဘီအေ ဘီအယ် ရှေ့နေပေါက်စ တစ်ယောက်သည် အနီးသို့ ကပ်ပြီး “ ဘကြီးက ဒီလိုဆိုတော့ အရင်နဲ့ လုံးလုံးမတူတော့ဘူး ။ သိသိသာသာကြီးကို မင်းတိုင်ပင်အမတ်ကြီး ဦးဖိုးကူးပဲဗျာ ” ဟု ချီးကျူးလိုက်သောကြောင့် အသည်းသို့ခိုက် ဘဝင်သို့ဆိုက်၍ နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးပြီးမှ -


“ အိမ်း ဟုတ်မှဟုတ်ရဲ့လားကွယ် ။ ဒူးနေရာဒူး တော်နေရာတော် ဆိုတာလို ကြည့်ပြီး ဂိုက်ထုတ်ရတာကိုးကွယ့် ။ အမတ်တွေ စုံညီညာနဲ့ မင်းပွဲဝင်ရမှာဆိုတော့ ခုလို ပြောင်ပြောင်လက်လက်မှပဲ တင့်တယ်တာကိုးကွယ့် ” ဟု ပြောလိုက်လေ၏ ။ ထိုအခိုက် ဦးဖိုးကူးအား အမတ် ဖြစ်အောင် ဆောင်ရွက်ပေးလိုက်သော နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်ကြီး ဥက္ကဋ္ဌ ဆရာတော် ဦးသုမန ရောက်လာသဖြင့် ဦးဖိုးကူးသည် ပျာပျာသလဲ ဖိနပ်ချွတ်ကာ လက်အုပ် မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရလေ၏ ။ ဆရာတော်လည်း မင်းတိုင်ပင် အမတ်ကြီး တောသူဌေးဦးဖိုးကူးက ရိုညွှတ်ခယသည်ကို ခံရသည်မှာ အရသာရှိသလိုလို ဖြစ်ပြီး ခေါင်းကို မော့လျက်


“ အဲ အဲ … ဒကာကြီး ၊ ဟိုကျတော့သာ ကျုပ်တို့နယ် အတွက် ကြိုးစားပေတော့ ။ ကျုပ်တို့ ဝတ္တကမြေအကြောင်း မေးခွန်းထုတ်ဖို့လည်း မမေ့လေနဲ့နော် ” 


“ အရှင်ဘုရား ခိုင်းစေတာတော့ မေ့ရိုးလားဘုရား ။ ဒီ့ပြင် မှာချင်တာရှိ မှာလိုက်ပါဘုရား ”


“ တခြားတော့ မှာစရာ မရှိပါဘူးဗျာ ။ ဟိုရောက်တော့ ကျုပ်တို့သမ္မတကြီး ကိုသာ ဘုန်းတော်ကြီးက မေတ္တာပို့ကြောင်း ပြောလိုက်ပါတော့လေ ။ ဒါထက် ဒကာကြီး ၊ ခုတော့ တစ်သွေးတစ်မွေးပြောင်းပြီး မင်းဟန်စိုးဟန် ရနေတာပဲ ။ ဟိုအရင်တုန်းကတော့ ဒကာကြီးမှာ တောသူဌေးပစ္စည်းရှင် ဆိုတာက လွဲလို့ ဘာမှ ဂုဏ်မရှိခဲ့ဘူး ။ အဲဒီတုန်းက နေတာကလည်း စုတ်စုတ်ချာချာနဲ့ ။ ခုလို မင်းတိုင်ပင် အမတ်ကြီး ဖြစ်နေတော့ တစ်သွေးတစ်မွေးပဲ ဒကာကြီးရဲ့ ”


“ တင်ပါ့ဘုရား ” ဟု သွက်သွက်ပြောပြီး မှိုရသောသူကဲ့သို့ ဦးဖိုးကူးသည် ဇောတဖိန်ဖိန့် ပီတိစိမ့်၍ ခေါင်းညိတ် နေလေ၏ ။ ထို့နောက် ဘီအေဘီအယ်တင်ဖေ ဘက်သို့ လှည့်၍ “ တင်ဖေရေ ၊ အိမ်ကြည့်ရစ်ပါကွယ် ။ အစစ အရာရာ စိတ်ချပရစေဟေ့နော် ” ဟု စကားပြောဆို မှာထားလေ၏ ။ အမတ်ကြီးကတော် မရွှေတုတ်ကို ငဲ့ကြည့်၍ ခေါင်းညိတ်ကာ ခေါ်လေ၏ ။ အနီးသို့ ရောက်လေလျှင်


“ ကောင်းကောင်း နေရစ်နော် ၊ ကြားလား ။ အိမ်မှာ ရောင်းစရာ ချစရာတွေ အားလုံးပဲ ကြည့်ရှု ရောင်းရစ်ပေတော့ ။ ဟ ... ဟိုဗေဒင်ဆရာကြီး အိမ်လာသေးသလား ။ ငါ မင်းတိုင်ပင် ရွေးကောက်ပွဲနိုင်မယ်လို့ ဟောတဲ့ ဗေဒင်ဆရာ ဟာလကွယ် ။ သူ လာရင် ငွေသုံးကျပ်လောက် ကန်တော့လိုက်ဟေ့ ။ အရှေ့ကျောင်းကိုလည်း ဆွမ်းအုပ်နေ့တိုင်း မှန်မှန်ပို့ရစ်ပါဟေ့ ” ဟု ပြောသည်တွင် ဝဝတုတ်တုတ် ၊ ဖဲကြီးလုံချည် ပန်းပွင့်ထိုးကြီးဝတ်ထားသူ အမတ်ကြီးကတော် ဒေါ်ရွှေတုတ်က စိန်နားကပ်ကို ယမ်း၍ “ စိတ်ချသာ သွားပါတော် ” ဟု ပြန်ပြောလိုက်လေ၏ ။ တစ်ဖန် မောင်ဒေါင်းကို လက်ယပ်ခေါ်ပြီး


“ ဟေ့ ဖိုးဒေါင်း ၊ ရေတစ်ခွက် ခပ်ခဲ့စမ်းပါကွာ ” ဟု အမိန့်ပေးလေ၏ ။ နောက် ဒေါ်ရွှေတုတ်ဘက်သို့ တစ်ဖန်လှည့်ပြီး “ ရွှေတုတ်ရေ ၊ ငါ့ဆေးပေါ့လိပ် မီးညှိယူခဲ့စမ်းပါဟေ့ ” ဟု ပြောသည်တွင် တင်ဖေက အနီးသို့ ကပ်ပြီး


“ ဘကြီးကလည်း တောလေတွေ ဖျောက်ပါဦးဗျာ ။ ဒီအဝတ်ဒီအစားနဲ့ ပထမတန်း ရထားစီးမယ့် မင်းတိုင်ပင်ကြီးက ပြောင်းဖူးဖက်ဆေးလိပ်ကြီး သောက်နေလို့ ဖြစ်တာ မဟုတ်ဘူး ဘကြီးရဲ့ ၊ ရော့ ဟောဒီက စီးကရက်သောက် ” ဟု ဆေးဖြူလိပ်ကလေးများကို ပေးလေ၏ ။ 


သို့နှင့် မင်းတိုင်ပင်အမတ်ကြီး ဦးဖိုးကူးသည် မိမိသဏ္ဌာန်တွင် မှီခိုနေသော တောလေများကို တောအရပ်၌ မှုတ်ထုတ်စွန့် ခွာခဲ့ပြီးလျှင် မြို့လေများကို ရှူရှိုက်စပြုလာလေ၏ ။ များမကြာမီ မီးရထားသည် ဝူးရှဲဝူးရှဲနှင့် ဘူတာဝင်းထဲသို့ ပြေးဝင်လာလေ၏ ။ ဦးဖိုးကူးသည် ဆရာတော်ဦးသုမနအား နှုတ်ခွန်းဆက် ကန်တော့ပန်း ဆင်ပြန်လေ၏ ။ နောက် ပထမတန်း တွဲပေါ်သို့ တက်၍ အပေါက်ဝက မတ်တတ်ရပ်လျက် အားလုံးကို နှုတ်ဆက်နေလေ၏ ။ ခရီးသည် အပေါင်းတို့သည် ဦးဖိုးကူးအား ဂရုပြု၍ ကြည့်ကြလေ၏ ။ လူအများတို့၏ ဂရုပြုခြင်းကို ခံရသောအခါ အငြိမ့်မင်းသမီးသည် ပွဲကြည့်သူ ကာလသားကိုကိုနှင့် နောက်ပိုး သားသည်အဖေများတို့၏ ပိုးပန်းခြင်းကို ခံရရာ၌ ဘဝင်ကြွ၍ သွေးမြောက်မိသလို ဦးဖိုးကူးသည် ဘဝင်ကြွ၍ သွေးမြောက်မိ၏ ။ “ ငါဟ ယောက်ျား ၊ ဖိုးကူးတဲ့ ။ ဘ ဗို ပုံ့ ထိ ” ခနဲ ဆို၍ လက်ပန်းပေါက်ခတ်ချင်လေ၏ ။


‘ အူ ဂျိတ် ’ ဟု ရထားထွက်စပြုသောအခါ နိုင်ငံကြီးခေါင်းဆောင် ဒေါက်တာသာကျော်၏ ထုံးကို နှလုံးပိုက်၍ မတ်တတ်ရပ်ရင်း လက်အုပ်ချီကာ “ အရှင်ဘုရား ၊ သွားပါသေးပြီ ဘုရား ။ ဦးတင်ပါသေး ဘုရား ” ဟု ပါးစပ်က ရေရွတ်ကာ ဆရာတော်ဦးသုမနကို နှုတ်ဆက်နေလေ၏ ။


ဆရာတော်ဦးသုမနသည်လည်း “ အင်း တယ်ရိုသေ ဂါရဝတရားရှိတဲ့ သူပဲ ။ ငါ့ဒကာကြီး တန်ခိုးတက်ပြီး ကျော်ကြားပါစေ ” ဟု ဆုတောင်းလေ၏ ။ ဦးဖိုးကူးသည် အတန်ကြာမှ တံခါးပိတ်ပြီး ဆိုဖာကုလားထိုင်ကြီးများပေါ်တွင် ထိုင်လိုက်လေ၏ ။


အခန်းတို့၏ ပြောင်လက်ပုံ ၊ တံခါးတို့၏ သပ်ရပ်ပုံ ၊ ထိုင်ခုံများ၏ သာယာပုံ ၊ ထိုင်ခုံခင်းကတ္တီပါ၏ နူးညံ့ပုံ ၊ အောက်မှမွေ့ရာ၏ အိစက်ပုံတို့ကို တွေ့ထိပြီး အရသာခံစား နေလေ၏ ။ “ ဒါတွေကြောင့်လည်း ပိုက်ဆံပိုပေးရတာကိုး ” ဟု အဓိပ္ပာယ်ပေါက်နေလေ၏ ။ နူးညံ့သော ကတ္တီပါကလေးများကို လက်နှင့် ပွတ်၍ နေလေ၏ ။


၎င်းနောက် ပိုးအင်္ကျီရင်ဖုံးကို ချွတ်မည် ကြံသော်လည်း အထက်က တဟူးဟူးလည် နေသော လေနတ်သား အငယ်စားကလေး မောင်ပန်ကာကြောင့် အေးတေးတေးရှိသည်က တစ်ကြောင်း ၊ ပိုးရင်ဖုံးအင်္ကျီကို ပန်ကာလေတိုက်သောအခါ မြစ်ရေပြင်တွင် လေချိုကလေး ရှပ်၍ တိုက်ခတ်လိုက်သော အခါကဲ့သို့ လှိုင်းကလေးတွေ ထနေသည်မှာ တစ်မျိုးလှပသည်ဟု ထင်မိသည်က တစ်ကြောင်းကြောင့် မချွတ်ဘဲ ထားလေ၏ ။ အခါတိုင်းကဲ့သို့ ရထားပေါ်၌ လုံချည်လဲရန် လုံချည်တစ်ထည် ထုတ်ပြီးမှ တွေဝေငေးမောနေပြန်လေ၏ ။ “ ဒီ ပိုးအင်္ကျီဝါလဲ့လဲ့ကလေးနဲ့ ဒီဘန်ကောက်ပုဆိုးနဲ့ သိပ်လိုက်တာပဲ ။ ဒီလို ပထမတန်းတွဲပေါ်မှာ လုံချည် ညစ်ဖို့လည်း မကြောက်ရဘူး ။ ပထမတန်း စီးရင်လည်း ပထမတန်း အဝတ်အစားနဲ့မှ တော်တာပဲလေ ” ဟု စဉ်းစားပြီး လဲမည့် လုံချည်ကို ပြန်ခေါက်ထားလေ၏ ။ နောက် ခေါင်းပေါင်းချွတ်မည် ရွယ်ပြီးမှ ပန်ကာကြောင့် တလွှားလွှား တလွင့်လွင့်နေသော ခေါင်းပေါင်းမြိတ်စကလေးသည် အပျိုကလေးဆံမြိတ်စကဲ့သို့ ကြည့်လှနေသည်ဟု အောက်မေ့ အနက်ထင်မိသောကြောင့် ခေါင်းပေါင်းကိုလည်း မချွတ်ဘဲ ထားလိုက်လေ၏ ။


••••• ••••• •••••


အခန်း ၂


▢ မင်းတိုင်ပင်အမတ်ကြီး လွှတ်တော်တက်ခန်း


ခိုင်ခံ့မြင့်မားသော စက္ကရီတေရီ ရိတ်တိုက်တန်းကြီးများ ဝန်းဝိုင်းလျက်ရှိသဖြင့် ပုကွသေးနုံ့သော မြန်မာပြည် လွှတ်တော်အဆောက်အအုံသည် ပိုပု ၊ ပိုကွ ၊ ပိုသေး ၊ ပိုနုံ သည်ဟု ထင်ရလေသည် ။ ဘုတ်အိုင့်အိုင့် အစည်းအဝေးခန်းမသည် ဘုတ်အိုင့်အိုင့် ဧည့်ခန်း ၊ ဘုတ်အိုင့်အိုင့်စားပွဲရုံတို့ဖြင့် ဆက်သွယ်နေသဖြင့် လွှတ်တော်တို့၏ ဓမ္မတာ မောက်မောက်မားမား ထူထူထောင်ထောင် မဟုတ်တော့ဘဲ အလုပ်ရုံကလေးနှင့်သာ တူနေတော့၏ ။ ထူထောင်ထားသော လွှတ်တော်အလံသည်လည်း ကြောက်တတ်သော သတ္တဝါကုပ်ကုပ်နေသလို မလှုပ်မလွင့် ကုပ်ကုပ်ကလေး ရှိနေလေသည် ။


သို့သော် ဥပဒေပြုလွှတ်တော်သည် ပိန္နဲသီးနှင့်တူစွာ အပြင်ဘက်၌ မခံ့မညားသော်လည်း အတွင်းမှာ အတော်အသင့် သပ်ရပ်ခံ့ညားသည်ဟု ဆိုရပေမည် ။ အထက်အမိုးမှ ပန်ကာများသည် အမတ်ကြီးများ ကိုယ်ကို အေးမြစေသည် ။ အသည်းနှလုံး ချမ်းမြေ့စေသည် ။ ခေါင်းပေါင်းစ တလူလူ လွင့်စေသည် ။ နေ့ကြောင်တောင် တစ်ခါတစ်ခါ မှောင်နေသဖြင့် ဓာတ်မီးများ ထွန်းညှိထားလေ့ရှိရာ အခန်းတစ်ခုလုံး ပြောင်လက်၍နေလေသည် ။ အမတ်ကြီးများ ထိုင်ခုံမှာလည်း ချိပ်ဆေးအရောင်ဖြင့် တောက်ပြောင်၍နေသည် ။ စားပွဲများသည်လည်း ချောမောသပ်ရပ်ပေသည် ။


ဆယ့်တစ်နာရီ ထိုးလေပြီ ။ အမတ်ကြီးတို့ကား လက်ဖက်ရည်ဆိုင် တချို့ ၊ ပြင်ဘက် တချို့ ၊ ဧည့်ခန်း တချို့ဖြင့် အစည်းအဝေးခန်းမတွင်းသို့ မရောက်ကြသေးချေ ။ ခေါင်းလောင်း ထိုးလိုက်ရလေသည် ။ မကြာမီ အစည်းအဝေးခန်းမကြီး ပြည့်လာလေပြီ ။ ဥက္ကဋ္ဌ၏ ရှေ့တော်ပြေးသည် ငွေလှံတံကို ထမ်းလျက် ဝင်လာလေပြီ ။ ဥက္ကဋ္ဌကြီးလည်း မည်းနက်သော အင်္ကျီရှည်ကြီးကို ဝတ်ဆင်လျက် နောက်မှ ပါလာလေပြီ ။ အမတ်အပေါင်းတို့သည် ထ၍ အရိုအသေ ပေးကြရသည် ။ ဥက္ကဋ္ဌကြီးသည် စင်ခပ်မြင့်မြင့်ပေါ် တက်၍ ဥက္ကဋ္ဌကုလားထိုင်တွင် ထိုင်မှ အားလုံးသော အမတ်များ ထိုင်ကြရသည် ။ ထိုသို့ ထ၍ အရိုအသေပြုရသော သူထဲတွင် သစ်တောရေးဝန်ကြီးချုပ် လည်း ပါသည် ။ ပညာရေးဝန်ကြီးချုပ် ၊ ဘဏ္ဍာရေးဝန်ကြီးချုပ် ၊ ဟုမ်းမင်းဘား ခေါ်သော အတွင်းဝန်ကြီးတို့ ပါဝင်လေသည် ။ ထို့ကြောင့် “ ငါဟာ တကယ့်လူ ၊ အဓိပတိကြီးပဲ ။ ဒီဝန်ကြီးတွေကပဲ ထပြီး အရိုအသေပြုကြရကား ငါ ငါ ပထမတန်း ငါ ” ဟု စဉ်းစား၍ ဥက္ကဋ္ဌကြီး သဘောတွေ့ မနောမွေ့နေမည်လောဟု တွေးတောဖွယ် ရှိလေသည် ။


များမကြာမီ အမတ်အသီးသီးတို့က မေးခွန်းများမေး၍ ဆိုင်ရာအတွင်းဝန်တွေက ဖြေကြရသည် ။ “ မြန်မာပြည်အစိုးရသည် ဘယ်နေရာ ဘာဖြစ်နေသည်ကို သိပါသလား ၊ သိလျှင်ဘာကြောင့် လမ်းမှန်ရောက်အောင် မပြုပြင်ပါသလဲ ” စသော မေးခွန်းကို ထုတ်လေသည် ။ အစိုးရအမတ်များက “ အဲဒါကို သိပါ၏ ။ ငွေမရှိသောကြောင့် မပြုပြင်နိုင်သေးပါ ။ အဲဒါကို မသိရသေးပါ ။ နောင် စုံစမ်းပါအံ့ ” “ မြန်မာပြည်အစိုးရသည် ခရိုင်ဝန်ကြီးများရာထူးကို မြန်မာများအား ဘာကြောင့် မပေးအပ်ပါသနည်း ။ “ မြန်မာများသည် လုံလောက်သော အရည်အချင်း မရှိသောကြောင့် ဖြစ်ပါသည် ” စသော မေးခွန်းနှင့် အဖြေမျိုးကို မေး၍ ဖြေကြလေသည် ။


ဆာ အေ ဂျေ မောင်ထီး၏ ဂိုဏ်းမှ ဦးဖေထွန်းက အဆိုတစ်ခု တင်သွင်းလေသည် ။ အဆိုသွင်း မပြီးခင် စကားထွေရာ ပြောလေသည် ။ အမတ်မင်းတို့က ကြားညှပ်၍ ‘ နိုး နိုး ’ အော်သူအော် ၊ ‘ အိုင်း အိုင်း ’ အော်သူအော် ဆူညံ၍ နေလေသည် ။ တစ်ခါတစ်ခါ ဆာ အေ ဂျေ မောင်ထီးသည် ‘ ဟီးယား ဟီးယား ’ ဟု အော်ပြီး ရှေ့စားပွဲကို လက်နှင့် ပုတ်ကာ သြဘာပေးလေသည် ။ ဦးဖေထွန်း ပြီးသောအခါ ဆာ အေ ဂျေ ကိုယ်တိုင် အဆိုကို အကျယ်တဝင့် ရှင်းပြ၍ ထောက်ခံလေသည် ။ နောက်သို့ ပြောနေခိုက် ပြည်သူဘက် အမတ်တို့သည် တစ်ယောက်ပြီး တစ်ယောက် ဥက္ကဋ္ဌကို မတ်တတ်ရပ်လျက် အရိုအသေ ပေးပြီး အစည်းအဝေး ပြင်ဘက်သို့ ထွက်သွားလေ၏ ။ အချို့သော အမတ်တို့လည်း တစ်ဦးနှင့်တစ်ဦး စကား စစ်ထိုးနေကြလေသည် ။ အချို့လည်း စာရေးခြင်းဖြင့် အလုပ်ပွေနေလေသည် ။ နောက်တစ်ကျိပ် နှစ်ဦးအဖွဲ့ဝင် ဇီးကွက်ဦးပေါက လက်သီးလက်ရုံးတန်း၍ အဆိုကို ကန့်ကွက်လေသည် ။ ဇီးကွက်ဦးပေါ ပြောနေခိုက် အစိုးရဘက် အမတ်များသည် ဥက္ကဋ္ဌကို ခေါင်းညွှတ်၍ အစည်းအဝေး ပြင်ဘက်သို့ ထွက်သွားပြန်လေသည် ။ ဘဏ္ဍာရေးဝန်ကြီးလည်း ထွက်သွားလေသည် ။ ဟုန်းမင်းဘားလည်း ထွက်သွားပြန်လေသည် ။ ဒေါက်တာသာကျော် အဖွဲ့ဝင်ဆော်သြသူ ဦးလှသည် ထပ်မံ ကန့်ကွက်ပြန်လေသည် ။ ဤအဆိုသည် တိုင်းပြည်ကို အကျိုးနစ်နာစေသဖြင့် အကြိမ်ကြိမ် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်းဟု အဆုံးသတ်လိုက်သောအခါ ကျန်ရစ်သူ အမတ်အပေါင်းက သောင်းသောင်းဖြဖြ သြဘာပေးကြလေသည် ။


မင်းတိုင်ပင်အမတ်ကြီး ဦးဖိုးကူး သည်ကား တစ်ကျိပ်နှစ်ဦးအဖွဲ့ကို လည်းကောင်း ၊ ဒေါက်တာသာကျော်အဖွဲ့ ကိုလည်းကောင်း တူးတူးခါးခါး မုန်းထားရွံရှာသူ ဖြစ်သဖြင့် ဆာ အေ ဂျေ အဖွဲ့ကို မကြည်ညိုသည့် တိုင်အောင် ၎င်းတို့အား ကိုးလိုးကန့်လန့်လုပ်ရလျှင် တော်ပြီဟူသောသဘောဖြင့် ဆာ အေ ဂျေ ကို ထောက်ခံလေသည် ။ အမတ်ဦးဖိုးကူး ကား တိုင်းပြည်အကျိုး ရှိ ၊ မရှိ စုံစမ်းဖို့ မရှိ ။ သူ့ရန်သူကို လက်စားချေရ ပြီးရောဟု ဇွတ်ထောက်ခံသူ ဖြစ်လေသည် ။


သည်တွင် တစ်ကျိပ်နှစ်ဦးအဖွဲ့ဝင် မိမိကိုယ်ကို မိမိ ရှေးက ဖိုးရာဇာအမတ်ကြီး ၊ ဦးပေါ်ဦး တို့ ကဲ့သို့ ပညာရှိကြီးဟု ထင်နေသော ဦးဘစိန် ထပြီး ‘ ကျွန်တော်တို မိတ်ဆွေကြီး ဦးဖိုးကူးဟာ လူထူးပဲဗျ ။ ဟိုအရင် တစ်နေ့ကတော့ ဆာ အေ ဂျေ ဟာ လူမသမာ ၊ လူယုတ်မာကြီးတဲ့ ။ ခုတော့ စိတ်တစ်မျိုး ပြောင်းပြီး ဘယ်နတ်များ ဝင်ပူးနေလို့ ဆာ အေ ဂျေ ကို ကြည်ညိုနေသလဲဆိုတာ မပြောတတ်ပါဘူးဗျာ ’ ဟု ထေ့တေ့တေ့နှင့် ပြောလိုက်လျှင် ဦးဖိုးကူးက -


“ ကျွန်တော် ဘယ်တုံးကများ ဆာ အေ ဂျေ ဟာ လူယုတ် လူမသမာလို့ ပြောဖူးလို့လဲ ။ ခင်ဗျားတို့ တစ်ကျိပ်နှစ်ဦးတွေဟာ သူခိုးက လူပါ အော်တာလိုကိုး ” ဟု ဒေါသလွှမ်းစွာဖြင့် မေးလေလျှင် -


“ အင်း ဟုတ်မှာပေါ့ဗျာ ၊ မေ့နေရောပေါ့ ။ ဒီတုန်းက ခင်ဗျားက အရက်မူးနေတုန်း ပြောတာကိုး ။ မေ့ရောပေါ့လေ ။ အသက်ကလည်း ကြီးမှကိုး ” ဟု ချေပလိုက်သောအခါ ဥပဒေပြုလွှတ်တော် တစ်ခုလုံး ရယ်မောသံ ၊ သြဘာသံတို့ဖြင့် ပဲ့တင်သွားလေ၏ ။ သို့ဖြင့် မဲခွဲကြသောအခါ ဆာ အေ ဂျေ အဆို ရှုံးသွားလေ၏ ။


နေ့လယ် အနားပေးသောအခါ ဦးဖိုးကူးသည် စားပွဲရုံ၌ ထမင်းစားလေ၏ ။ တစ်သက်လုံး မကိုင်ဖူးသော ဇွန်းခက်ရင်းကို တောက်တက် ၊ တောက်တက်နှင့် ကိုင်၍ ပွဲတော်တည်နေလေ၏ ။ ကြက်ဥ ဟပ်ဖရိုင်ကိုလည်း မှာစားလေ၏ ။ ထမင်းစားပြီးလျှင် လင်မနစ်နှင့် ချောကလက်များ မှာစားလေသေး၏ ။ ထမင်းဝရုံ တစ်ခါစားကာမျှနှင့် ငွေတစ်ကျပ်လေးပဲ ကျနေသည်ကို အံ့သြနေလေ၏ ။ “ အင်း .. အမတ်ထမင်း ၊ အမတ်ဟင်း ၊ အမတ်မုန့်တွေ စားရတာ တယ် အဖိုးကြီးသာကိုး ။ ဒီလိုပေါ့ ၊ ချစ်တီးပေါင်းမိမှ ကြွေးတင်တာ မကြောက်ရသလိုပေါ့လေ ” ဟု စဉ်းစားနေခိုက် ဆာ အေ ဂျေ တို့ လူစု ရောက်လာပြီး ဦးဖိုးကူး မဲထည့်ခြင်း ၊ ထောက်ပံ့ ကူညီခြင်းအတွက် ကျေးဇူးတင်စကား ပြောနေလေ၏ ။ မိမိကလည်း နောင်အခါ ၊ အခွင့်သင့်သောအခါ ဦးဖိုးကူးအား ကူညီပါမည်ဟု ကတိထားလေ၏ ။ ဦးဖိုးကူးလည်း ဆာ အေ ဂျေ လို ဆာဘွဲ့ရ ဝတ်လုံတော်ရကြီးက ကျေးဇူးတင်ခြင်းခံရသောအခါ ဆာ အေ ဂျေ အား နောက်နောင်လည်း ကူညီရန် သဘောပေါက်လာလေ၏ ။


ဒေါက်တာသာကျော် ရောက်လာလေ၏ ။ ဒေါက်တာသာကျော်သည် မိမိဖေးဘရိတ် မြင်းကြီး ပန်းတိုင်ပထမဦးဆုံးဝင်ခါနီး ပြုံးသကဲ့သို့ ပြုံးပြီး –


“ ဟလို ၊ သူဌေးမင်း ဦးဖိုးကူးပါကလား ။ ကျွန်တော့် ထမင်းမကျွေးတော့ဘူးလား သူဌေးမင်းရဲ့ ” ဟု အရောတဝင် နှုတ်ဆက်လေ၏ ။


“ အို ... ကြွပါဗျာ ၊ ကြွပါ ။ သုံးဆောင်ပါ ဝတ်လုံတော်ရမင်း ။ ဟေ့ ... ဘွိုင် ၊ အောင်း ” ဟု အမိန့် ပေးလိုက်လေ၏ ။ ဒေါက်တာသာကျော်သည် ဦးဖိုးကူး၏ ညာဘက်က ထိုင်ခုံတွင် ထိုင်ပြီး “ ကျွန်တော် ထမင်းစားပြီးခဲ့ပါပြီ ။ လင်မနစ် တစ်ခွက်လောက်သာ ” ဟု ပြောလေသည် ။ နောက် ငွေစီးကရက်ဘူးမှ စီးကရက်တစ်လိပ်ထုတ်သောက်ပြီး ဦးဖိုးကူးအား စီးကရက် တည်လေ၏ ။


“ ဘယ့်နှယ် သူဌေးမင်း ၊ ရန်ကုန် ဘယ်မှာ တည်းသလဲ ။ ကျွန်တော့် အိမ်မှာ မတည်းဘဲ ကိုး ” ဟု ဖော်ဖော်ရွေရွေပြောသည်တွင်


“ အင်း ... တယ်ဟန်တဲ့ ငါပဲကိုး ။ ဒေါက်တာဆိုတာ အင်္ဂလိပ်ပညာဘွဲ့ထူးရ ပုဂ္ဂိုလ်တွေ ၊ ဝတ်လုံတွေကလည်းပဲ ဖူးဖူးမှုတ်ပြီးနေကြ ၊ အရိုအသေပြုနေကြရပါကလား ။ ခုဆို သူတို့နဲ့ ပခုံးချင်းယှဉ်ပြီး စားသောက်နေကြရ ၊ ငါရှေးရှေးတုန်းက ဖိုးကူးနဲ့ တယ်ကွာပါကလား ” စသဖြင့် စဉ်းစားရင်း -


“ ကိစ္စမရှိပါဘူး ဝတ်လုံတော်ရမင်းရယ် ။ ကျွန်တော့်မှာ ဆွေမျိုးများရှိလို့ သူတို့ အိမ်မှာပဲ တည်းနေရပါတယ် ” ဟု ထပ်ပြောပြန်၏ ။


“ ဟီး ၊ ဒေါက်တာသာကျော်ဟာ သူများ ပြောသလို မရိုင်းပါဘူး ။ သဘောကောင်းရှာ သားပဲ ။ ငါက သူ့ရန်သူ ထင်ပြီး နေရာတကာ ကိုးလိုးကန့်လန့် လုပ်ခဲ့တယ် ။ ဒါတွေ သူအပြစ် မယူတဲ့အပြင် ခုတော့ ငါ့ကိုပဲ မိတ်ဖွဲ့နေပါကလား ။ မွန်မြတ်တဲ့ ၊ သူတော်ကောင်း စိတ်ရှိတဲ့ လူတွေပဲ ။ အကျင့်စာရိတ္တဆိုတာ လူရုပ်လိုက်တာ ထင်ပါရဲ့ ။ ရုပ်ကလေးကလည်း ချောရန်ကော ။ ပေါင်ဒါကလည်း ရိုက်ထားတော့ ပြုံးတာများ မိန်းကလေးထက်တောင် ကြည့် ကောင်းသေးတယ်နော် ။ အင်း … ခေါင်းပေါင်းကလေးကလည်း တစ်မျိုးပဲ ။ ဒေါင်းအမြီး ဖြန့်သလို တကားကား လွင့်ပြီး နေတာပဲ ။ တောင်ရှည်ပုဆိုးနဲ့ အပေါ်အင်္ကျီနဲ့ ရွှေနဲ့မြ ၊ နေနဲ့လလို တယ်လို့လည်း ပနံရပေတယ် ။ အတွင်းချော ၊ အပြင်ချော ခေါင်းဆောင်ပဲထင်ပါရဲ့ ” ဟု တွေးတောရင်း ဒေါက်တာသာကျော်အား မုန်းစိတ်တွေ ဖျောက်၍ ချစ်စိတ်တွေ သွင်းနေလေ၏ ။


“ သူဌေးမင်းတို့ နယ်မှာ အေးအေးချမ်းချမ်းပဲလား ”


စီးကရက်ကို ပြင်းပြင်းဖွာပြီး မီးခိုးများကို မျက်နှာမော့၍ ထုတ်ရင်း မေး၏ ။ 


“ အေးအေးချမ်းချမ်းပါပဲဗျာ ။ ရောဂါဘယလည်း ကင်းပါရဲ့ ”


“ အသီးအနှံများကော ကောင်းပါရဲ့လား ။ အို … ဒါထက် သူဌေးမင်းတို့နယ်မှာ တန်ခိုးကြီးဘုရားများ ရှိရဲ့လား ။ ကျွန်တော် ဘုရားဖူးလာချင်တယ် ”


“ ရှိပါတယ်ဗျာ ။ ဘုရားဖူးလာရင် ကျွန်တော့်သာ အကြောင်းကြားလိုက်ပါ ။ ကျွန်တော့် အိမ်မှာပဲ တည်းတာပေါ့ ”


“ ကျေးဇူးအထူးတင်လှပါပြီဗျာ ။ တကယ်ပဲ အားကိုးရမှာလား ”


“ ဘယ်နေရာမျိုးမဆို အားကိုးတာပေါ့ ”


“ ဟား ဟား ” ရယ်ပြီး ( လက်ညှိုးကလေးကို ထောင်၍ ထောင်ပြရင်း ) “ တကယ် ပြောတာလား သူဌေးမင်း ။ ယုံရမှာလား ”


“ ဪ … ဝတ်လုံတော်မင်းနှယ် ၊ ကျွန်တော်တို့ တောအမတ်တွေ မလိမ်တတ်ပါဘူး ”


“ ကဲ … ဒါဖြင့် ကျွန်တော်အားကိုးရတဲ့ အမတ်ကြီး ဖြစ်မယ်ဆိုပါတော့ ” စသည်ဖြင့် စကားသွယ် ၊ စကားနွယ် ၊ စကားဆွယ်၍ ကြွယ်ကြွယ်ကလေး ဆက်ပြောသည်တွင် ဦးဖိုးကူးသည် ဒေါက်တာသာကျော်အဖွဲ့ဝင်အမတ် ဖြစ်သွားလေသတည်း ။


••••• ••••• •••••


အခန်း ၃


▢ အမတ်ကြီး ရန်ကုန်မြို့ အရသာကို ရှာဖွေခြင်း


အမတ်ကြီးဦးဖိုးကူးသည် ထမင်းစားပြီးသောအခါ ပက်လက်ကုလားထိုင်တွင် ထိုင်နေစဉ် မောင်ဘတင် ရောက်လာလေ၏ ။ မောင်ဘတင်သည် ရန်ကုန်ကြမ်းပိုး ဖြစ်၍ ရှေးအခါက ဟိုတယ်များတွင် မန်နေဂျာ အဖြစ်ဖြင့် လည်းကောင်း ၊ မိန်းမထိန်း အဖြစ်ဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ဖူးသူဖြစ်လေသည် ။ ၎င်းသည် မင်းတိုင်ပင်အမတ်များ မြို့သို့ လာလျှင် မြို့ရည်လည်အောင် သင်ပြရသော ကထိကတစ်ယောက် ဖြစ်လေသည် ။ အခြားသော မင်းတိုင်ပင် တစ်ဦးက မိတ်ဆက်ပေးသဖြင့် မောင်ဘတင်နှင့် ဦးဖိုးကူးသည် အသိအကျွမ်းများ ဖြစ်လာကြလေသည် ။ 


ဦးဖိုးကူး အနီးသို့ ရောက်လျှင်


“ အမတ်မင်း ပျင်းသလားခင်ဗျာ ” ဟု မေးလေ၏ ။


“ အေးကွယ့် ၊ ထမင်းစားပြီး ပျင်းပျင်းရှိတာနဲ့ ထိုင်နေတယ် ။ ဘုရားလည်း ခဏခဏ ရောက်တာနဲ့ ခုတော့ ပျင်းလာပါပြီကွယ် ။ ရန်ကုန် ဆိုတာ ပျော်ဖို့ ကောင်းတယ် ဆိုပေမဲ့ ဦးတို့တော့ ပျင်းတာပဲ ”


“ ဒါကတော့ ရန်ကုန်အကြောင်း သိတဲ့လူများ ဆိုရင် ပျော်စရာတွေ တွေ့ရတာပေါ့ ။ ရန်ကုန် ဆိုတာ ဘယ်လိုပါလိမ့်ဆိုတာ မသိသူတွေကတော့ ရန်ကုန်မှာ မပျော်ဘဲ အိမ်က အမတ်ကတော်ကြီး လွမ်းနေရတာပေါ့ ” ဟု ပြောပြီး အနီးက ထိုင်ခုံပေါ်တွင် ထိုင်နေလေ၏ ။


“ အေးကွယ့် ၊ ဦးတို့တော့ အတယ် ဆိုဆို ၊ နတယ် ဆိုဆို အိမ်ကိုသာ လွမ်းလွမ်းနေတော့တာပဲ ။ ဘယ်လိုဘယ်ပုံ ရန်ကုန်မှာ ပျော်ပျော်နေရမယ် ဆိုတာကို နားမလည်ဘူးကွယ် ” 


“ မသိမေး မစင်ဆေးတဲ့ ၊ မေးပါများ စကားရသတဲ့ ၊ အမတ်မင်းလည်း အသိသားနဲ့ ။ သိတဲ့လူ ၊ နားလည်တဲ့လူကို မေးရင် ပါဠိကြည့် အနက်မထင်တော့ နိသျ ရှာသလို ထင်းခနဲသွား မှာပေါ့ ”


“ အေး ... ဟုတ်ပါရဲ့ ၊ မေးဖို့က ရှက်တက်တက် ဖြစ်နေလို့ ငါ့တူတော့ လူယုံမို့ မေးရဦးမယ် ။ ပျော်ဖို့ စနစ်ကလေးများ ပြောပါဦးလေ ”


“ ပြောတော့ လွမ်းရုံပဲ ရှိမယ် ။ အပြောနဲ့ မလွမ်းဘဲ အတွေ့နဲ့ လွမ်းရအောင် ။ ကဲ .. ကျွန်တော်တို့ မြို့ထဲ လှည့်ပြီး မော်တော်ကားစီးကြမယ် ” ဟု ပြောပြီး “ ကဲပါ ... အမတ်မင်းရယ် ၊ ရှက်စရာမရှိပါဘူး ” ဟု ခေါ်လေ၏ ။


မကြာမီ အိမ်ပေါက်သို့ ပရိုက်ဗိတ် တက္ကစီကလေး တစ်ခု ဆိုက်လာလေ၏ ။ ဘတင် က နောက်က နေပြီး အမတ်ကြီးအား ခေါ်လေလျှင် အမတ်ကြီးသည် ရန်ကုန် လာခဲ့စဉ်က ရထားပေါ် ၌ မချွတ်ရက် မလဲရက်သော ပိုးအင်္ကျီ ၊ ဘန်ကောက်ပုဆိုးကို ဝတ်ဆင်၍ ဆင်းခဲ့လေ၏ ။ ကားအနီးသို့ ရောက်သောအခါ မောင်ဘတင် အား -


“ ဒီကားငှားခက ဘယ်လောက်ပေးရမှာလဲကွယ့် ” ဟု မေးမှ ဘတင်က -


“ အောင်မယ်လေး စီးသာစီးပါ ၊ ကားခ အရေးမကြီးပါဘူး ။ နောက်ကြည့်ပေးပေါ့ ။ ကိုင်း ကိုင်း ... တက် တက် ” ဟု ပြောပြီး တံခါးဖွင့်ပေးလေ၏ ။


အမတ်ကြီးဦးဖိုးကူးသည် ကားပေါ်၌ အခန့်သား ထိုင်ပြီး ‘ ငါ ပျော်ရတော့မည် ’ ဟု တွေးရင်း ရင်ခုန်နေသည်ကို သတိပြုလေ၏ ။ မီးတထိန်ထိန် ၊ ဓာတ်ရထားသံက တညံညံ ၊ မော်တော်ကားသံက တကွီကွီဖြင့် ဆူပွက်နေသော လမ်းများပေါ်တွင် မော်တော်ကားကလေးသည် မနှေးလွန်း မမြန်လွန်း မှန်မှန်ကလေး သွားနေလေ၏ ။


မကြာမီ လမ်းကြား တစ်ခုထဲသို့ ထိုးဝင်ပြီး ဘတင်က “ ကဲ ... အမတ်ကြီး တိုက်ပေါ် ခဏ တက်ပါဦး ” ဟု ပြော၏ ။


“ ဘာလုပ်လဲကွ ”


“ ကဲဗျာ ၊ ကိစ္စ အပေါ်ကျတော့ သိရောပေါ့ ။ တက်သာတက်ပါ ” ဟု ပြောမှ ဖားသံကြားရာ၌ ရေရှိသည် အထင်နှင့် နားစွင့်၍ သွားမိသော ဆင်ကန်းကြီးလို ဘတင် ပြောရာ၌ ပျော်စရာရှိသည်ဟု ယုံကြည်ကာ ဘတင် နောက်မှ လိုက်သွားလေ၏ ။ အထက်ထပ်သို့ရောက်သောအခါ ဦးဖိုးကူးအား ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်စေ၍ ဘတင်သည် ဗိုလ်ကေစုတ်ဖွားနှင့် ခပ်ဝဝလူတစ်ယောက်နှင့် စကားပြောနေလေ၏ ။ ဦးဖိုးကူး၏ မျက်လုံးများက နံရံတွင် ချိတ်ထားသော မိန်းမပုံများတွင် ကျက်စားနေလေ၏ ။ မကြာမီ သနပ်ခါးထူထူ လိမ်း၍ ၊ နှုတ်ခမ်းနှင့် ပါးကို ဆေးနီဆိုး၍ ဆံမြိတ်ဖားဖား ၊ ဆံထုံးကားကားနှင့် မိန်းမတစ်ယောက်သည် ကာလပေါ် ချစ်ရေစင်လုံချည်ကို ဝတ်ဆင်လျက် ဦးဖိုးကူး ရှေ့၌ ထိုင်လာလေ၏ ။ အသက်မှာ နှစ်ဆယ့်ငါးနှစ်ခန့် မျှ ရှိပေဦးမည် ။ နောက် ပိုးတွန့်ပြောင် အစိမ်းလုံချည်နှင့် အင်္ကျီပါးပါး ၊ ဇာနားမြိုင်မြိုင်ကို ဝတ်ဆင်လျက် ဝဝတုတ်တုတ် ဖြူဖြူ မိန်းမတစ်ယောက်သည်လည်း ဦးဖိုးကူး ရှေ့တွင် ထိုင်လာပြန်၏ ။ ဦးဖိုးကူးသည် ထိုမိန်းမကို စိုက်၍ ကြည့်ပြီး ‘ အီး ၊ သာလည်း အနိပ်သားကပဲ ။ တုပ်တုပ်စက်စက်ကြီး ’ ဟု သက်ပြင်းချလေ၏ ။ ထိုမှတစ်ပါး ဆံပင်ကို ဖားလျားထားလျက် တလွင့်လွင့် တထောင်ထောင် နေသော ဖဲပွင့်ကို တပ်ထိုးထားသော ရယ်တာပေါ့ လုံချည်ကလေးကို ဝတ်ဆင်ထားသူကလေးသည်လည်း ရှေ့တော်သို့ ရောက်လာပြန်လေ၏ ။ ထိုသူငယ်မကလေး အသက်မှာ ဆယ့်ရှစ်နှစ်မျှ ရှိပေဦးမည် ။ ဦးဖိုးကူးသည် အံ့သြသောအမူအရာဖြင့် စေ့ငစွာကြည့်ပြီး ‘ အင်း … တယ်ချော ၊ တယ်လှ ၊ တယ်နိပ်ပါကလား ။ ပါးအို့ကလေးတွေကလည်း မို့မို့ ၊ အသွေးနီစို့စို့ ၊ နှာတံ ကလေးကသွယ်သွယ် ၊ မျက်တောင်ကလေးက ကော့ကော့ ။ ကြည့်ပ ၊ ပါးစပ်ကလေးကလည်း ရေးထားသလို ၊ ကိုယ်ပေါက်ကလေးက ယဉ်ယဉ် ၊ ခါးအင်က ပြည့်ပြည့် ၊ တင်နေက ဖောင်းဖောင်း ၊ အကောင်းတကာ့ အဆီခဲ ရွှဲလို့သာစိုဆိုသာလိုပဲ ’ ဟု တွေးရင်း တံတွေးမျိုနေလေ၏ ။


ဘတင်က “ ကဲ … အမတ်ကြီး ၊ ဘယ်သင်း ကြိုက်သလဲ ။ ပန်းကုံးစွပ်ချင်ရာ စွပ်ပေတော့ ။ အပျိုတွေ စုံညီညာ ခေါင်းခေါက်လို့သာ ယူပေတော့ ” ဟု စပ်ဖြီးဖြီး ပြောသည်တွင် မိန်းမတွေထဲမှ ကြိုက်ရာကို ခေါင်းခေါက်၍ ယူရမည် ဖြစ်သဖြင့် ‘ ငါဟာ ရှေးမင်းသားများလို ဖြစ်နေပါ ပေါ့လား ’ ဟု မိမိကို ရှေးမင်းသားများနှင့် နှိုင်းဖက်မိလေ၏ ။


“ ကွယ် ... ဟိုဘက်က ကြီးကြီးတွေတော့ တို့ ဘယ်မှာ မဆို တွေ့နိုင်သားပဲ ။ မြေးအရွယ် ဟောဒီက ဖဲပွင့်ထိုးကလေးမှ နွားအိုမြက်နုကြိုက် ဆိုတာနဲ့ ညီမှာပေါ့ ။ ဟဲ ဟဲ ... သူငယ်မ လာစမ်း ။ မြေးအရွယ် အဆွယ်အရံတွေနဲ့ သူငယ်ပြန်ကာ တူတူပုန်းကြရအောင် ” ဟု အာဝဇ္ဇန်းဉာဏ်အပွေသားနှင့် လေထွား၍ နေလေ၏ ။


“ ဟင့်အင်း ၊ လူကြီးကလည်း ကြောက်စရာကြီး ” ဟု ချွဲ၍ ခေါင်းငုံ့ကာ ထားပြီး ပေါ်နေသော ခြေဖျားများကို ထဘီနှင့်ဆွဲဖုံးရင်း ပြုံးစစနှင့် ပြောလေ၏ ။ အမတ်ကြီး ဆရာကူးလည်း တဏှာရူး ဖြစ်သွားလေပြီ ။


“ ဟဲ့ ... လာလေ ၊ နာမည်က ဘယ်လို ခေါ်သလဲ ”


“ လူစီခင်ခင်တဲ့ဗျား ” ဟု ဘတင်က ပြောလေ၏ ။


“ အောင်မယ် ၊ ကပြားမလေးပေါ့ ။ ကပြားမနဲ့ ငါ ညားရမကွယ့် ” ဟု ဥပဒေပြုအစည်း အဝေးတွင် ထစ်အအနှင့် ပြောနေကျ အမတ်ကြီးသည် နဘေထပ်နှင့် ကျေနပ်စွာပြောနေလေ၏ ။


“ လူစီခင်ခင်ရေ ၊ သွားကြစို့ကွယ် ” ဟုခေါ်ပြီး ကားပေါ်သို့ တက်ကြလေ၏ ။ ကားသည်လည်း ဖြည်းညင်းစွာ မောင်းသွားလေသည် ။ ကားပေါ်၌ ထိုင်မိ၍ အသားကျလျှင်ကျချင်း အမတ်ကြီးသည် လူစီခင်ခင်အား အတင်းဖက်ထားပြီး ‘ လူစီ လူစီ လူစီ ’ ဟု မြည်တမ်းနေလေ၏ ။ ပွေ့ရင်း မြူရင်း အပျော်ကြီးပျော်နေလေ၏ ။ လေပြည်ကလေးက တဟူးဟူး ၊ ရင်ကို တိုးဝှေ့တိုက်လိုက် ၊ လူစီခင်ခင် ထံမှ သနပ်ခါးနံ့ သင်းကြူကြူကလေးက နှာဝသို့ တိုးဝင်လိုက် ၊ လူစီခင်ခင်က ‘ ဟင့်အင်း ၊ ဟင့်အင်း ’ ဟု မူလိုက် ၊ မော်တော်ကားထိုင်ခုံက အိပက်အိပက်နှင့် စည်းစိမ်တစ်မျိုးကို တိုးတက်စေလိုက်သဖြင့် ဦးဖိုးကူးသည် လူ့လောကကြီးကို မေ့သလိုလို ဖြစ်လာလေ၏ ။ လက်ကလည်း ထူးမြတ်သော ထိတွေ့ခြင်းကို ခံစားနေရသဖြင့် အပျော်တကာတွင် ဘယ်အပျော်နှင့်မျှ မတူအောင် အပျော်ကြူးနေလေ၏ ။ ‘ အမေရေ ၊ အို အမေ ။ ခင်ဗျားသားကြီး ဖိုးကူးကို ကြည့်လှည့်ပါဦးဗျာ ’ ဟု အောက်မေ့နေလေ၏ ။ လမ်းနံဘေးရှိ တိုက်တာများ ၊ သစ်ပင်များ ၊ အားလုံးသော အရာများကို မမြင်ရတော့ဘဲ လူစီခင်ခင် ကိုသာ ကွက်ကွက်ကွင်းကွင်း မြင်ရလေသတည်း ။


••••• ••••• •••••


အခန်း ၄


▢ လူစီခင်ခင်အား ချစ်လာခန်း


ရန်ကုန်မြို့ကြီးသည် ဆောင်းဘက်မှ ခြေတစ်လှမ်း ခွာ၍ နွေဘက်သို့ ခြေတစ်လှမ်း ဝင်ခါစ ဖြစ်သောကြောင့် မပူလွန်း မအေးလွန်း ။ ကောင်းကင်ကြီးသည်လည်း စိန်မြ ပတ္တမြား တို့ဖြင့် သီကုံးထားသော ကတ္တီပါပြာကြီးကဲ့သို့ လမင်းကြယ်တာရာတို့ဖြင့် လှပတင့်တယ်နေလေသည် ။ အမတ်ကြီးဦးဖိုးကူးတို့ ကားကလေးသည် ငွေရည်ပက်ဖျန်းထားသော လမ်း ကလေးပေါ်တွင် ပြေးနေသည်မှာ ကြည့်၍ သာယာလှသည် ။ ကန်တော်ကြီး တစ်ပတ်ပတ်ပြီးနောက် ည ၁ဝ နာရီခွဲလောက်ရှိသောအခါ သိမ်နီဟိုတယ်ထဲသို့ ကားထိုးဝင်သွားသည် ။ ဂွီခနဲ ဟွန်းပေးလိုက်လျှင် လူတစ်ယောက် ထွက်လာသဖြင့် ဘတင်က “ အခန်းရှိသေးသလား ” ဟု မေး၏ ။


“ ဆောရီးဗျာ ၊ အခန်းမအားဘူး ။ တော်တော်နေမှ အားမှာပဲ ” ဟု ဝမ်းနည်းစွာနှင့် ထိုလူက ဖြေလိုက်လေ၏ ။


“ နဲဗားမိုင်း ” ဟု ရေရွတ်ကာ ကားကို လှည့်မောင်းပြီး အတန်ကြာလျှင် ပလေးဟိုတယ်သို့ ရောက်ခဲ့လေ၏ ။ ဦးဖိုးကူးက -


“ ဒီမှာလည်း အခန်း မအားရင် ခက်တာပဲ ။ ရန်ကုန် တယ်ပေါတာပဲနော် ။ ဟိုတယ်တွေ အခန်းပြည့်ချည်းပဲ ” ဟု မှတ်တမ်းတင်လိုက်၏ ။


“ ဘာခက်ရမလဲ ။ ဒီ့ပြင်နေရာတွေ ပြည့်နေတာပဲ ” ဟု ဘတင်က ပြောလျှင် ကားသမားက “ ယုတ်စွ အဆုံးဗျာ ၊ အင်းလျားကန်စောင်းပေါ့ ” ဟု နောက်လိုက်လေ၏ ။ သို့သော် ကံအားလျော်စွာ အခန်းတစ်ခုရရှိလေ၏ ။


ဘတင်နှင့် ကားသမားတို့သည် ပြင်ဘက်ဧည့်ခန်းတွင် နေခဲ့ကြ၍ ဘီယာ ၊ ခေါက်ဆွဲ ၊ ဝက်သားသုပ်တို့ဖြင့် စားပွဲထိုင်ကြလေ၏ ။ ဘတင်၏ သွန်သင်ချက်အရ ဦးဖိုးကူးသည် လူစီခင်ခင်ကို အခန်းထဲ ခေါ်သွားပြီး


“ ပုစွန်ဆိတ်ဆိတ် ၊ ခင်ခင်လာ တံခါးပိတ် ၊ ဂျိတ် ” ဟု ဆိုကာ တံခါးကို ပိတ်လိုက်လေ၏ ။ လူစီသည် ခုတင်ပေါ်တွင် တင်ပါးလွှဲထိုင်ကာ ခြင်ထောင်ကို ဆွဲ၍ လက်ဆော့နေလေ၏ ။ ဦးဖိုးကူးသည် တော်သလင်းလ၌ လက်ဖြူ ဆိုသော ခွေးကြီးသည် နီမအနီးသို့ ကပ်သောအခါ အမြီးနှန့်သလို စပ်ဖြီးဖြီးကြီး လုပ်၍ တံတွေးမျိုပြီးမှ “ ဟဲ ဟဲ လူစီခင်ခင်ရဲ့ ၊ သီချင်းကလေးများ မရဘူးလား ” ဟု မေးလေ၏ ။


“ အို … ဘဘကြီးရဲ့ မရပါဘူး ” ဆိုပြီး ခေါင်းယမ်းနေလေ၏ ။


“ အို … ဘဘကြီး ခေါ်မယ့်အစားလေ ခွေးဝဲစား သေခါနီးကြီးရဲ့လို့ ခေါ်ပါတော့လား ။ သလိုခေါ်ပါနဲ့ ခင်ခင်ရယ် ၊ ကိုကိုလို့ ခေါ်စမ်းပါ ” ဟု ပြောသည်တွင် လူစီက ပြုံးပြီး – 


“ အမယ် … ခေါ်နိုင်ပေါင်ရှင် ။ ခေါ်တော့ ဘာပေးမှာလဲ ” ဟု မေးလေ၏ ။


“ ဒါပေးမှာပေါ့ ” ဟု ပြောပြောဆိုဆို အနီးသို့ တိုး၍ လူစီကို ဖက်လိုက်သည်တွင် ပေါင်တွင်းကြော လိမ်ကာ


“ ကိုကို ၊ ကိုကိုလို့ ခေါ်ရမှာလား ”


“ အိုင်း ၊ ကိုကိုလို့ ခေါ်ကွယ် ။ ကဲပါ ... တေးချင်းများ တစ်ပုဒ်လောက် ဆိုပြစမ်းပါဦး ” 


“ အို ... ကြံကြံစည်စည် ရှက်ပါတယ် ၊ ဆိုတတ်ပေါင် ။ ခင့်ကို ကိုကိုက အဆိုသမ မှတ်လို့လား ” ဟု လူစီက ဆယ့်သုံးနှစ်သမီးကလေး ၊ အပျိုစစ်စစ်ကလေး ရှက်ပုံမူ၍ ပြောသည်ကိုပင် တကယ်ထင်သော ဦးဖိုးကူးသည် ‘ အင်မတန် ချစ်ဖို့ ကောင်းပါကလား ။ တယ်သနားဖို့ ကောင်းပါကလားနော် ။ တေးချင်း ဆိုရမှာကိုပဲ ရှက်တယ်ဆိုတော့ ဘတင် ပြောတဲ့အတိုင်းပဲ အသစ်ဆိုတာ ဟုတ်ရှာမှာပဲ ’ ဟု တွေးနေလေ၏ ။


“ အိုင်း အိုင်း ဒါဖြင့် ကိုကိုကပဲ ဆိုပြရတာပေါ့ ”


“ ကလေးလို ဘူတုံးဟေ့လို ၊ မြှူပြုံး၍နေစဉ် ၊ ယူကျုံးလို့ ပွေ့ချင်တယ် ၊ ငွေ့ရွှေရင် လှုံလို့ ။ နုပါးတော် မွှေးအဆီကို ၊ သွေးနီအောင် နမ်းချင်ရဲ့ကို ။ ရွှေရင်လှပ် ပြီ့တပြီကို ၊ မှီ့ တမှီ ပိုခိုမို့ ။ သီကရီ အိုမပို့ပါနဲ့ ၊ ညိုတိုတို့မျက်နှာ ၊ သေသတ်တာ အိုမဟုတ်ပါဘူး ၊ အို ဆုတ်ဆုတ် ဘာပြုဆိုလာ ၊ လိမ့်ကော့လို့ ရွံ့တဲ့ခါငယ် ၊ တုံ့လှဲ့ကာ ကိုယ်မရုန်းပါနဲ့ ၊ စံပယ်ကုံး မုန်းဘူးနော် ၊ ဖုန်းနဲ့ ပျော်ပျော် ။ ယနေ့ဖြင့် အချက်ပေါ်ပြီ ၊ အို ရှက်တော်မူစမ်းပါနဲ့ လေး ။ တဒူနဲ့တဲ့ ၊ တူနက်တယ်တယ် ၊ တူတဲ့တယ် တဒူတဲ့တယ်တဲ့ ၊ တဒူနဲ့ တဲ့တဲ့ တဲ့တိမ်း ” ဟူသော တေးထပ်ကို နွေရာသီ နေပူကြီး ခိုညည်းသော အသံမျိုးဖြင့် ချွဲငင်ကာ ဆိုပြလေ၏ ။


နောက် မိနှစ် ၂ဝ မျှကြာလေသော် ဦးဖိုးကူးသည် စကားပြောဖို့ သတိရပြီး - 


“ ကိုကို့ကို ချစ်တဲ့လား လူစီခင်ခင်ရဲ့ ” ဟု အသည်းနှလုံးထဲမှ ထွက်လာသော လေသံဖြင့် မေးလေ၏ ။


“ ချစ်တာပေါ့ ” ဟု ကြာကြည့် ကြည့်ပြီး ပြန်ပြောလေ၏ ။


“ ဟားဟား ၊ ဘယ်လောက်များ ချစ်သလဲ ခင်ခင်ရဲ့ ”


“ အို ပြောမပြနိုင်အောင် ချစ်တာပေါ့ ” ဟု ပြောရင်း ဦးဖိုးကူး၏ နှုတ်ခမ်းမွေးကလေး ကို လက်နှင့် ဆွဲလိမ်နေလေ၏ ။


“ လူစီ ဒီလိုဖြစ်တာ ဘယ်လောက် ကြာပြီလဲ ”


“ အို … ဘာကြာသေးသလဲ ။ ဟိုဒင်းလေ ၊ ဟို မတ်လဆန်းစကမှပေါ့ ။ လူတိုင်းနဲ့လည်း မလိုက်ပါဘူး ။ ကိုကိုတို့လို အမတ်ကြီးတို့ ၊ အရေးပိုင်တို့ ၊ ဝတ်လုံတို့နဲ့မှ လိုက်တာပဲ ။ ကောလိပ်ကျောင်းသားတွေတောင် မလိုက်ဘူး ။ ကောလိပ်ကျောင်းသားတွေက လူဆန်း လူရမ်းတွေ ”


“ ဪ …  တွေ့ကရာ မလိုက်ဘဲကိုး ။ ဒါကြောင့် ထင်ပါရဲ့ ၊ အင်း ” ဟု ဝါကျ အဆုံးမသတ်ဘဲ “ တွေ့ခဲ့တဲ့အထဲ ကိုကို့ကို အချစ်ဆုံး မဟုတ်လား ” ဟု မေးပြန်လေ၏ ။ 


“ ဟုတ်တာပေါ့ ကိုကို ”


“ ချစ်ရင် ” ဟု ဆိုပြီး ဦးဖိုးကူးက ပါးပုတ်ပြလေ၏ ။ ပါးနပ်သော လူစီသည် ‘ ကဲ ကဲ ’ ဟုဆိုပြီး ဘကြီးကူး အလို ဖြည့်လိုက်လေ၏ ။


နောက်တစ်နာရီခန့် ကြာသော် လူစီသည် အရက်သောက်သဖြင့် မူးနေလေ၏ ။ ဦးဖိုးကူး သည်လည်း အနည်းငယ်လောက်သာ သောက်သဖြင့် ပျော်ရုံကလေးသာ ရှိလေ၏ ။ 


“ လူစီခင်ခင် ၊ ဘာလို့ ဒီအလုပ်မျိုး လုပ်တာလဲ ။ ရုပ်ကလေးက ချောပါဘိသနဲ့ ။ ယောက်ျားတစ်ယောက် ကောင်းကောင်းရနိုင်သားနဲ့ ”


“ ကိုကို့ ကြိုက်လို့ လုပ်တာပေါ့ ”


“ ကိုကို့ ကြိုက်ရင် တောပြန်တော့ လိုက်ခဲ့ပါလား ”


“ တကယ် ခေါ်မှာလား ကိုကို ”


“ နှစ်ကယ်ပါ ခင်ဗျ ”


“ အို ... အိမ်က အမတ်ကတော်က ရိုက်ထုတ်မှာပေါ့ ။ ရိုက်မထုတ်လည်း သိပ်နှိပ်စက်မှာပေါ့ ။ ကြောက်ပါတယ် ကိုကိုရယ် ”


“ အို ... အိမ်က ဟာကြီးက ကိုကို ကြိုးဆွဲသလို ခံနေရတာပါ ။ ကိုကိုက သေဆိုသေ ၊ ရှင်ဆိုရှင်ပါဗျ ”


“ အဟုတ်နော် ၊ ဒါဖြင့် ခင်ခင် လိုက်ခဲ့မယ် ။ ခင်ခင် နေတဲ့အိမ်က ခင်ခင့်ကို သိပ် နှိပ်စက်တာပဲ ”


“ ဘယ်လို နှိပ်စက်သလဲ ပြောစမ်း ၊ မင်းတိုင်ပင်အစည်းအဝေးမှာ မေးခွန်းထုတ်လိုက်မယ် ” 


“ အို …  သိပ်ခိုင်းတာပဲ ၊ ခင်ခင် လိုက်ချင်ပြီ ”


“ လိုက်သာ လိုက်ခဲ့ပါကွယ် ”


“ ဘုရားစူး ”


“ ဘုရားအဆူဆူ စူးပါစေရဲ့ ” 


“ ရှင့် မိုးကြိုးပစ် ” 


“ ပစ်ချစေဗျ ”


“ ကဲ ၊ ဒါဖြင့် ” ဟု ဆိုပြီး ဦးဖိုးကူး၏ လည်ပင်းကို အတင်းဖက်ထားလေ၏ ။ 


သို့ဖြင့် နံနက်လင်းမှ ပလေးဟိုတယ်မှ ပြန်ခဲ့ကြပြီး လူစီခင်ခင်ကို ပြန်ပို့ရလေ၏ ။ ကားမှ ဆင်းခါနီးတွင် လူစီခင်ခင် က -


“ ကိုကို ၊ ဒါကော ” ဟု လက်ကွင်းပြမှ


“ ဪ ဟုတ်သားကလား ” ဟု အမှတ်ရပြီး ညစ်ပေသော လက်ကိုင်ပဝါနှင့် ထုပ်ထားအပ်သော ငွေပြားရေ တစ်ဆယ့်ငါးတိတိကို ထုတ်ပေးလိုက်လေ၏ ။


လူစီက “ ခင်ခင်လေ ၊ ပင်မင်း အပ်ထားတာ ရွေးချင်လို့ ငါးမူးလောက် ပေးပါဦး ” ဟု လက်ဝါးဖြန့် ပြန်သောကြောင့် ငါးမူး ပေးလိုက်ရပြန်သေး၏ ။


••••• ••••• •••••


အခန်း ၅


▢ အမတ်ကြီး လူစီခင်ခင်ကို ခိုးပြေးခြင်း


အပျက်အပျက်နှင့် နှာခေါင်းသွေးထွက် ဆိုသော စကားသည် ဦးဖိုးကူး အတွက် အလွန်မှန်နေလေ၏ ။ အစသော် စိတ်လက် ပျော်ရွှင်အောင် လူစီခင်ခင်ကို ခေါ်၍ ကားစီးခြင်း ဖြစ်၏ ။ ဒုတိယအဆင့်မှာမူ “ တွေ့တုန်းပဲ နောက်မေ့မှာပေါ့ ” ဟု သဘောထားပြီး “ ခင်ခင့်ကို ခေါ်မယ် ။ ခင်ခင့်ကို မယားလုပ်ပြီး စံစားမယ် ” ဟု အာမဝန္တာခံခဲ့၏ ။ တတိယအဆင့်ကား “ ဒီရုပ်ဒီရည်ကလေးနဲ့ ဒီလို ဖြစ်နေရှာ ၊ သနားစရာကြီးပဲ ။ သူ့ခမျာမှာလည်း သိပ်အနှိပ်စက်ခံရသတဲ့ ။ ဖြစ်မှ ဖြစ်ရလေနော် ” ဟု သနားလာ၏ ။


နောက်တစ်ရက်ညတွင် ထမင်းစားပြီး ထိုင်နေသောအခါ မနေတတ် မထိုင်တတ် ဖြစ်နေလေ၏ ။ လက်ဖက် စား၍လည်း မတင်းတိမ် ။ စီးကရက် သောက်၍လည်း အားမရ ။ လက်ဖက်ရည် သောက်၍လည်း စိတ်မငြိမ် ။ ၎င်း၏ စိတ်သည် ရပ်တည်ရာမရ ဖြစ်နေလေသည် ။ ၎င်း၏ စိတ်တွင် ကြီးကျယ်ထင်ရှားသော အရာ တစ်ခုသည် လိုနေလေ၏ ။ ပွဲကြီး တညံညံ စည်ကားခိုက် ပျော်ပါးပြီးနောက်တစ်နေ့၌ စိတ်ဟာတာတာ နေသလို ဦးဖိုးကူးသည် စိတ်ဟာတာတာနှင့် ကန္တာရသဲလမ်းတွင် ခရီးပြင်းသွားနေရလေ၏ ။


အပေါင်းအဖော်များ လာလည်ပတ်ကြ၏ ။ စကားထွေရာ ပြောကြ၏ ။ ဦးဖိုးကူးမှာ မေးတစ်ခွန်း ပြောတစ်ခွန်းသာ ရှိလေ၏ ။ စကားပြောရာ၌ စိတ်မဝင်စားဘဲ ငေးမောတွေဝေနေလေ၏ ။ တစ်ခါတစ်ရံ မိမိအား မိတ်ဆွေများက မေးခွန်းထုတ်သည်ကိုပင် မကြားဘဲ ရှိနေလေ၏ ။ ယမန်နေ့ညက ခင်ခင်နှင့် ပျော်ခဲ့ပုံသည် လည်းကောင်း ၊ မြူးခဲ့ပုံသည် လည်းကောင်း ကွက်ကွက်ကွင်းကွင်း ရုပ်ရှင်ပြသလို ပေါ်နေလေ၏ ။ လူစီခင်ခင်၏ မျက်နှာကလေးနှင့် ဖဲပွင့်ထိုး ဆံပင်ဖားဖားကလေးကိုသာ မြင်ယောင်ယောင် ရှိရှာလေ၏ ။ လူစီခင်ခင်က “ ချစ်ပါ တယ် ” ဆိုသံကလေးကို ကြားနေမိလေ၏ ။


လူစီခင်ခင်ကို ထပ်မံတွေ့ လို၏ ။ ထပ်မံ အတူတူ ကားစီးလို၏ ။ ထပ်မံ၍ ဟိုတယ် တက်လို၏ ။ သောက်လေသောက်လေ မက်မပြေသည့် ဆားငန်ရည် ဆိုသော တဏှာရာဂကား ရောင့်ရဲခြင်း ၊ ကျေနပ်ခြင်းကို မိတ်မဖွဲ့ ၊ အသိမလုပ် ။ ပုထုဇဉ် စိတ်ကား တဏှာရာဂ၌သာ မွေ့ဘိ၏ ။


ဦးဖိုးကူးသည် စိတ်ဆောက်တည်ရာ မရသဖြင့် ထိုင်မနေဘဲ လမ်းလျှောက်နေလေ၏ ။ “ အင်း ၊ ငါထပ်သွားရင်ကောင်းမလား ” ဟု သူ့စိတ်တွင် မေးခွန်းပေါ်လာလေ၏ ။ “ ဪ …  တန်ဆေး ၊ လွန်ဘေး ဆိုတဲ့စကား ရှိသေးတယ်လေ ။ တော်တော်ကြာ ခက်နေဦးမယ် ” ဟူသော အဖြေလည်း ပေါ်လာပြန်၏ ။ သို့ဖြင့် အနည်းနည်း ဖြေဖျော်နေရှာလေ၏ ။ စိတ်ပြေလက်ပြေ အိမ်နားက ၎င်း၏ အသိ ရုပ်ရည်ချောချော ရေခဲလက်သုပ်သည် မသစ်နှင့် စကားခဏ သွား၍ ပြောနေပြန်၏ ။ သို့သော် မသစ်ကို လူစီခင်ခင့် နေရာ၌ ထား၍ စဉ်းစားမိပြန်လေ၏ ။ “ ကြာရင် ခက်ချေရဲ့ ” ဟု တွေးပြီး ပြန်လာခဲ့ရလေ၏ ။ အိမ်သို့ရောက်သောအခါ အိပ်ရာပေါ်တွင် အိပ်ပြန်လေ၏ ။ အိပ်၍ကား မပျော် ။ “ အမယ်လေး ဘေးစောင်းအိပ်ပြန်တော့လည်း သူက ကျုပ် ဘေးက ။ ပက်လက်အိပ်ပြန်တော့ သူက အထက်က ပေါ်နေပြန် ။ မှောက်လျက် အိပ်ပြန်တော့ အမယ်လေးရဲ့ ” ဟု အော်သော ရုပ်သေးစင်ပေါ်က မင်းသားရူးကြီး အခြေသို့ ဆိုက်ရောက်နေလေ၏ ။


နောက်တစ်နေ့ကျသောအခါ ပြုမြဲအတိုင်း ထမင်းစား ၊ ရေချိုး ၊ လွှတ်တော်သွား ၊ ကုလားထိုင်ပေါ် ထိုင်၍ အချိန်ဖြုန်းလေ၏ ။ အခြားအမတ်တွေ ပြောသမျှ ဘာမျှမကြား ၊ ကြားသည့်တိုင် နားမလည် ၊ စိတ်မဝင် ။ လူစီခင်ခင် ပြောသံသည် ဓာတ်စက်ဖွင့်သလို ကြားနေရလေ၏ ။ လွှတ်တော်ဥက္ကဋ္ဌ ထိုင်ရာ နေရာတို့သည် ဦးဖိုးကူး မျက်စိတွင် ပျောက်သွားပြီး ရုပ်ရှင်ကား ပေါ်လာလေ၏ ။ ထိုရုပ်ရှင်ဇာတ်ကားတွင် ဦးဖိုးကူးကား ဇာတ်လိုက်မင်းသား ၊ လူစီခင်ခင်ကား ဇာတ်လိုက်မင်းသမီး ဖြစ်လေ၏ ။ သို့ဖြင့် အချိန်ကုန် ၊ အိမ်ပြန် ၊ ထမင်းစား၍ ပက်လက်ကုလားထိုင်ဖြင့် ထိုင်နေပြန်၏ ။ ယနေ့အဖို့မှာမူ စိတ်ကို ထိန်းမရတော့ချေ ။ လူစီ ထံသို့ သွားမှ ဖြစ်တော့မည် ။ မသွားလျှင် အပျင်းစခန်း သိမ်းတော့မည် မဟုတ်ပေ ။ 


ထို့ကြောင့် ပရိုက်ဗိတ်တက္ကစီကို ငှားလျက် လူစီခင်ခင်ကို ခေါ်၍ ပလေးဟိုတယ်သို့ သွားရပြန်၏ ။


“ မနေ့ညက ကိုကို ဘာလို့ မလာသလဲ ” ဟု လူစီခင်ခင်က မေးသဖြင့် 


“ ကွယ် .. အလုပ်ကလေး နည်းနည်းရှုပ်နေလို့ပါ ” ဟု ပြောရသေး၏ ။


“ မင်းကော ကိုကို မလာတော့ ဘယ်သွားရသေးသလဲ ” ဟု မေးလေ၏ ။ 


“ ဝတ်လုံ ဆိုလား ၊ ရှေ့နေ ဆိုလား ကိုကိုရယ် ။ လာခေါ်လို့ လိုက်သွားရသေးတယ် ” ဟု ပြန်ပြောလျှင် ဦးဖိုးကူးသည် ထိတ်လန့်သွားလေ၏ ။ အသည်းကို လှံနှင့် ဆွသလို နာလာလေ၏ ။ “ တောက် ၊ ဘာလို့ ဒီဝတ်လုံနောက် လိုက်ရပါလိမ့်မလဲ ” ဟု တွေး၍ ဒေါပွမိလေ၏ ။ ဝတ်လုံ ဆိုသော သတ္တဝါအား မုန်းမိ၏ ။ မနာလိုမိ၏ ။ အစိမ်းလိုက် ဝါးစားလို၏ ။ လောကကြီးတွင် မိန်းမသည် အူတိုမျိုးဟု ဆိုရိုးရှိ၏ ။ ယောက်ျားသည်လည်း မိန်းမထက် ပို၍ အူမတိုသည့် တိုင်အောင် ညီတူညီမျှ အူတိုကြောင်း ဦးဖိုးကူးက သက်သေပြလျက်ရှိ၏ ။ ဦးဖိုးကူးသည် စိတ်မသက်သာဘဲ များစွာ မနာလိုမိ၏ ။


“ ဘယ်တတ်နိုင်မလဲ ကိုကိုရယ် ။ အိမ်က အတင်းထည့်တာကိုး ” ဟု လူစီက ချွဲလိုက်မှ စိတ်သက်သာရာရလေ၏ ။


••••• ••••• ••••• 


နောက် စနေနေ့တွင် ဦးဖိုးကူးသည် မင်းတိုင်ပင်အမတ်များကို အခမဲ့ဖိတ်သော မြင်းပွဲ တစ်ဆယ်တန်လက်မှတ်တစ်ခု ရလေ၏ ။ တစ်ဆယ်တန် လက်မှတ်တစ်စောင်ကို မင်းတိုင်ပင်အမတ်ကြီးမို့ ရရသည် ။ ငွေတစ်ဆယ် ဆိုသည်မှာ နည်းသောငွေ မဟုတ် ။ မြင်း မလောင်းသည့်တိုင် အလကားရသောကြောင့် ကြည့်ရုံမျှဖြစ်စေ ကြည့်ထိုက်ပါသည် ။ ထိုသို တွက်ကိန်းချသော ဦးဖိုးကူးသည် မြင်းပွဲသို့ သွားကြည့်လေ၏ ။ သို့ရာတွင် ဘေးက လူတွေ လောင်းကြသည်ကို အားကျသဖြင့် လည်းကောင်း ၊ မြင်းပြေးသည်ကို အားကျသဖြင့် လည်းကောင်း မြင်းလောင်းလေ၏ ။ ‘ ဩော် ၊ ဒါ နတ်တင်ပွဲပေါ့ ’ ဟု တွက်ခြေချ၍ စိတ်သက်သာရာ ရစေတော့၏ ။


တနင်္ဂနွေနေ့ တွင်ကား လွှတ်တော်လည်း မတက်ရ ၊ လည်စရာလည်း မရှိသောကြောင့် ပျင်းနေပြန်လေ၏ ။ လူစီခင်ခင်ကို အောက်မေ့လွမ်းဆွတ်နေပြန်လေ၏ ။ ယနေ့မူ လူစီကို သုံးနာရီကပင် သွားခေါ်ပြီး ရုပ်ရှင်ရုံသို့ သွားပြန်လေ၏ ။ လူစီ့ တိုက်တွန်းချက်အရ တဏှာရာဂ အားပေးရာတွင် မည်သူနှင့်မျှ မတူသော အင်္ဂလိပ်ဇာတ်ထုပ်ကို ဝင်ကြည့်လေ၏ ။ ရုံထဲ ထိုင်မိသည်နှင့်တစ်ပြိုင်နက် လူစီခင်ခင် က -


“ ကိုကို မနေ့ညက ဘယ်သွားနေသလဲ ။ သိပါတယ် ၊ ကိုကိုတို့ကတော့ အသစ်တစ်ယောက် တွေ့နေပြီဟာပဲ ”


“ အို ... မဟုတ်ပါဘူးကွယ် ။ မိတ်ဆွေတွေ လာလည်နေကြလို့ ဘယ်မှ မထွက်ရဘူး ” 


ယမန်နေ့ညက ခေါ်သူကို စောင့်ပါသော်လည်း တစ်ယောက်မျှ မပေါ်လာသဖြင့် မလိုက်ရသော လူစီ က -


“ ခင်ခင် ကတော့ ဟိုသီချင်းလို ကျနေပြီ ။ ‘ စိန်ခြူးကြာညောင် ၊ လရောင်တွေ လင်းပါလို့ ၊ မှန်ရွှေဖြူ ပြတင်းရယ်က မယ်ခုမျှော် ။ သုံးချက်စည်တော် ၊ ရိုက်ဆော်ကာ ညင်းတယ်လေး ၊ လင်းရွှေကြက်ဆော် ’ ဆိုတဲ့ သီချင်းကလေးနဲ့ စောင့်လိုက်ရတာ ” 


“ ခင်ခင့် ဘုရားစူး ”


“ စူးပါစေရဲ့ ”


“ ဟဲ ဟဲ ၊ ဒါမှ ငါ့မယားကွ ” ဟု ပြောပြီး ဝမ်းသာလုံးဆို့နေလေ၏ ။ နောက်မှ “ ငါဟဲ့ … ယောက်ျား ၊ ငါဟဲ့ … ဖိုးကူး ၊ ငါဟဲ့ ... ယောက်ျား ၊ ပေါင်း ... ပေါင်း ... ပေါင်း ... ထိ ” ဟု လက်ခမောင်းခတ်လိုသောစိတ်များ ပေါ်လာလေ၏ ။


ထိုအတောအတွင်း ရုပ်ရှင်စပြလေ၏ ။ လူစီခင်ခင်သည် အင်္ဂလိပ်စာ အတော်အတန် တတ်သည့်ပြင် ရုပ်ရှင်ကို ခဏခဏ ကြည့်သောကြောင့် အင်္ဂလိပ်ရုပ်ရှင်ကို သာမန်ကောလိပ်ကျောင်းသားတစ်ယောက်ထက် နားလည်လေ၏ ။ ဦးဖိုးကူးအား ဘာသာပြန် ပြောရသေး၏ ။ ဦးဖိုးကူးလည်း ‘ အိုင်း အိုင်း ’ နှင့် လွန်စွာသဘောကျလေ၏ ။


“ ကိုကို ၊ ဒါက မောရစ် ရှိတ်ဘယ်လီရား ဆိုတဲ့လူပေါ့ ။ မြာမြှူများ သူ့ မီတဲ့လူ အရှားသား ။ ခင်ခင်ဖြင့် ကိုကို တစ်ယောက်ပဲ တွေ့ဖူးသေးတယ် ”


“ အိုင်း .. ဟုတ်ပေသားပဲ ”


“ အိုင်း ... အိုင်းနဲ့ ကိုကိုဟာ အမြဲပြောလေ့ရှိတယ် ။ ကိုကိုတို့ ဆီမှာ ဒီလိုပဲ ပြောသလား ” 


“ အိုင်း ... ဆိုတာက မင်းတိုင်ပင်အစည်းအဝေး ရောက်မှ တတ်တဲ့ စကားပေါ့ ခင်ခင်ရဲ့ ။ ကိုကိုတို့တော့ ဟုတ်ကဲ့ ၊ ဟုတ်တယ် ၊ အင်းလို့ ပြောလေ့ရှိတယ် ။ မင်းတိုင်ပင်ကောင်စီမှာတော့ ဒီအဆိုကို သဘောမတူရင် ‘ နိုး ’ အော်ပါ ၊ ဒီအဆိုကို သဘောတူရင် ‘ အိုင်း ’ လို အော်ပါတဲ့ ။ ဒီတော့ သဘောတူလို့ ‘ အိုင်း ’ ပြောတာပေါ့ ”


“ ဪ ... ဪ ၊ အိုင်း ဆိုတာ မင်းတိုင်ပင်တွေ ပြောတဲ့ စကားကိုး ။ အဓိပ္ပာယ်ကတော့ ရက်စ်ပေါ့လေ ”


“ အိုင်း အိုင်း ၊ မှန်တယ် ” ဟုပြောရင်း ရန်ကုန်မြို့ကြီး၏ အရသာကို ခံစားနေလေ၏ ။ သို့ဖြင့် ဦးဖိုးကူးသည် ငွေကုန်စရာလမ်း များနေလေ၏ ။ အိမ်က ငွေမှာ၍ သုံးနေရ လေ၏ ။ ထိုအတောအတွင်း လူစီခင်ခင်ကို အ,အ အမဲသားကျွေးဆိုတာလို စွဲနေလေ၏ ။ လူစီခင်ခင်နှင့် နေရမှ ပျော်၏ ။ ၎င်းနှင့် ကင်းသောနေ့တွင် ပျင်း၏ ။ လူစီခင်ခင်က ၎င်းအထိန်းများ နှိပ်စက်ပုံကို ပြောလျှင် သနား၍ လူစီကို ကယ်ချင်လာလေ၏ ။ လူစီခင်ခင် တစ်ပါးသော ယောက်ျားနှင့် လိုက်ပါသွားသည်ကိုပင် မခံနိုင် ။ မကြည့်ရက် ။ တစ်ပါးသော ယောက်ျားများကို မနာလိုလာလေ၏ ။


အတိုပြောရသော် လူစီခင်ခင်ကို အတည်ကြံ၍ ယူထားလို၏ ။ ချစ်မိ၏ ။ ၎င်းပြင် “ ငါ ခုလို သွားနေရတာက သိပ်ပိုက်ဆံကုန်တယ် ။ သူ့ကို အပိုင် ယူထားရင် ငွေလည်းဒီလောက် ကုန်မှာ မဟုတ်ဘူး ။ ငါတစ်ယောက်တည်း ရီဇပ်ဖြစ်နေမှာပဲ ။ သူ့ကျွေးမွေးထား ၊ ဆင်ထားရင် ငွေကုန်သက်သာမယ် ။ ဟိုတယ်အခန်းခ ၊ ကားခ အကုန်ငြိမ်းမယ် ” ဟူသော ဆင်ခြေက ထောက်ခံလိုက်သဖြင့် အတည်ယူရန် စိတ်ဆုံးဖြတ်မိလေ၏ ။ လူစီခင်ခင်လည်း “ ဒီလို အဘိုးကြီး ၊ ပိုက်ဆံပေါ တောသူဌေးကြီး ချိုင်လိုက်ရရင် ငါလည်း ဒီလောက် ဆင်းရဲမှာမဟုတ်ဘူး ။ သူကလည်း လူကြီးမို့ သိပ်အလိုလိုက်မှာ ။ တင့်တောင့်တင့်တယ် ဝတ်စားပြီး နေရမှာပဲ ။ သူ တကယ်ယူရင် တကယ် ငါကြိုက်မယ် ။ ဟိုကျတော့ အမတ်ကတော် အခေါ်ခံ ၊ သနပ်ခါး ခြေဆုံး ခေါင်းဆုံးလိမ်းပြီး စည်းစိမ်နဲ့နေမယ် ” စသည်ဖြင့် သဘောကိုက်ညီနေသောကြောင့် အမတ်ကြီး ဦးဖိုးကူး၏ “ တောပြန်တော့ ခိုးပြေးရန် ” ဟူသော အဆိုသည် ကန့်ကွက်ချက် မရှိ ၊ ဖြည့်စွက်ချက် မရှိဘဲ လူစီခင်ခင်ကောင်စီရုံးတွင် နိုင်သွားလေ၏ ။


••••• ••••• •••••


အခန်း ၆


▢ မယားကြီး မယားငယ်နှင့် စံစားခန်း


တောသို့ ရောက်သောအခါ အမတ်ကြီးဦးဖိုးကူး၏ အိမ်သည် အခါတိုင်းနှင့် မတူတော့ပေ ။ အိမ်မှာ ထန်းပလပ်ပြား ကုလားထိုင်များသည် အမတ်ကြီးတစ်ယောက်အိမ်နှင့် မတော်ဟု ယူဆပြီး အခြားသို့ ပို့ထားလိုက်လေ၏ ။ ဆိုဖာကုလားထိုင်ကြီးများ ဝယ်ယူထားလေ၏ ။ ဧည့်ခံရန် ဥယျာဉ်ထဲတွင် မဏ္ဍပ်တစ်ခု ဆောက်လုပ်ထားလေ၏ ။ ရှေးက လက်ဖက်ရည် အကြမ်းဖြင့် တင်းတိမ်ခဲ့သော အိမ်သည် ယခုအခါ လက်ဖက်ရည်အချိုကလေးနှင့်မှ တင်းတိမ်တော့၏ ။ ဦးဖိုးကူး ထမင်းစားသောအခါ ချောက်ဂျက် ချောက်ဂျက် ဟူသော ဇွန်းခက်ရင်းသံများကို ကြားရလေ၏ ။ ဟိုအရင်က ဘုရားတရားသံ ၊ ကြေးစည်သံဖြင့် သာယာခဲ့သော အိမ်သည် ယခုအခါ ဓာတ်စက်သီချင်းသံဖြင့် ဆူညံနေလေ၏ ။ ကိုလန်ဘတ်သည် အမေရိကန် ကမ္ဘာသစ်ကြီး တွေ့သောအခါ ကမ္ဘာဟောင်းကြီး ပြောင်းလဲသလို ဦးဖိုးကူး ရန်ကုန်ကို တွေ့ မှ ဦးဖိုးကူးအိမ်သည် ပြောင်းလဲလာလေ၏ ။ ဦးဖိုးကူး ကိုယ်တိုင်ကလည်း များစွာ ပြောင်းလဲလာလေ၏ ။ ဟိုအရင်ကထက် ဂိုက်ထွားလာလေ၏ ။ အဝတ်သစ် ၊ အစားသစ်ကလေးနှင့်သာ နေလေ၏ ။ ရှေးကလို အိမ်နားနီးချင်းအိမ်သို့ သွားရောက် မလည်ပတ်တော့ဘဲ အိမ်မှာ လူစီခင်ခင်နှင့် တခင်တည်း ခင်နေလေ၏ ။


“ အမတ်ကြီး ဦးဖိုးကူးက မယားကလေး ခိုးပြေးလာတယ် ” ဟူသော သတင်းသည်လည်း လျင်မြန်ပျံ့နှံ့သွားလေ၏ ။ အချို့သော သူတို့သည် အိမ်နားသို့ လာရောက်ကာ ဦးဖိုးကူးမိန်းမကို ချောင်းမြောင်းကြည့်ကြလေ၏ ။ “ ဟင်ကွာ ၊ မြေးလောက်ကလေး ယူလာတယ်ဟေ့ ” ဟု အချို့က ပြောကြ၏ ။ အချို့ကမူ “ တို့အမတ်ကြီး ဘယ်လို လုံးလုံး တာဝန်ကျေပွန်အောင် ထမ်းနိုင်မလဲကွယ် ” ဟု သောလုံးထိုးကြလေ၏ ။ တချို့က “ ငတိကြီး သေရင် တို့တော့ မုဆိုးမကလေး ယူဦးမယ် ” ဟု ပြောပြီး လက်နှစ်ဖက် အထက်မြှောက်၍ ဟူးဝါးခနဲ မသမ်းချင်ဘဲ သမ်းလိုက်သေး၏ ။


အမတ်ကြီးကတော် ဒေါ်ရွှေတုတ်သည် သူ့လင်တော်မောင် ကိုသာ ထောင်ဆဲလို၏ ။ သို့သော် ငယ်ရွယ်သူ မဟုတ်ကြ၍ ရန်ထောင်ဖို့မှာ ရှက်ဖွယ် အလုပ်တစ်ခုဟု အောက်မေ့နေ၏ ။ လူစီခင်ခင်ကို စောင်းမြောင်းနှိပ်စက်ရန်မှာလည်း ဒေါ်ရွှေတုတ်သည် သဘောရင်းက ကောင်း ၊ စိတ်ရင်းက အေးအေး ဖြစ်သည့်ပြင် လင်ကိုလည်း ကြောက်ရသေးသောကြောင့် ဘာမျှမလုပ်ဝံ့ အောင် ရှိနေလေ၏ ။ “ မယားခိုးလာတာ တော်တော်ကြာ တရားစွဲ ခံနေရပါလိမ့်မယ် ” ဟုသာ လင်ရတနာကြီး အတွက် စိုးရိမ်မိလေ၏ ။ သို့သော် ကမ္ဘာ့ဓမ္မတာကြီးအတိုင်း ကြည်ကြည်ဖြူဖြူ မနေနိုင်ရှာပေ ။


လူစီခင်ခင် မှာကား လင်နှင့်သားနှင့် နေရာတကျ ဖြစ်ပြီဟု စိတ်တိုင်းကျကာ ဖဲပွင့် ကလေးကို ဖြုတ်၍ အုပ်လုံးသိမ်းပြီး ဆံထုံးထုံးကျင့်လေ၏ ။ ဆံထုံး ထုံးတတ်သောအခါ ဆံထုံး ကားကားထုံး ၊ နံနက်လင်းလင်းချင်း ရေချိုး ၊ သနပ်ခါး ခြေဖျားခေါင်းဖျားလိမ်း ၊ ဘီအေလုံချည် ၊ အမ်အေလုံချည် ၊ အိုင်စီအက်လုံချည် ၊ ယုဇနလုံချည် ၊ မဟာညွန့်လုံချည် ၊ ဘာလုံချည် ၊ ညာလုံချည် အမျိုးမျိုးတို့ကို ပြောင်းလဲ ဝတ်ဆင်၍ နေလေ၏ ။ နေ့လယ် ထမင်းစားပြီး အင်္ကျီပန်းထိုး ၊ ၎င်းနောက် ဝတ္ထုဖတ် ၊ အိပ် ၊ ရေချိုး ၊ သနပ်ခါးလိမ်းဖြင့် တစ်နေ့လုံးမအားအောင် ရှိလေ၏ ။ ဘုန်းကြီးလူထွက်များ ဂိုက်ထွားသလို မိန်းမရွှင်လူထွက် လူစီခင်ခင်သည် ဟောတစ်မျိုး ၊ ဟောတစ်မျိုးဖြင့် ဂိုက်ထုတ်ပညာတွင် ဝိဇ္ဇာမဖြစ်နေလေ၏ ။


လက်ဖက်ရည်ကို ခဏခဏသောက် ၊ ဘီစကွတ်မုန့်ကို ပုံးလိုက်ဝယ်စား ၊ ကတ်ဗာရီ ချောကလက်ကိုစား ၊ တော်တော်ကြာ အစုံသုပ် သုပ်စား ၊ တော်တော်ကြာ ထောပတ်ထမင်းချက် ပြီး ကြက်သားဟင်းနှင့် ပွဲတော်တည် ၊ တော်တော်ကြာ ထပ်တစ်ရာ ( ဝါ ) ပလာတာလုပ်၍ ဆိတ်သားဟင်းနှင့် စားပွဲထိုင်ကာ မြိုင်မြိုင်ကြီး ထမင်းစားနေလေ၏ ။ ငွေကို ရေလို သုံးနေလေ၏ ။


ဦးဖိုးကူး ကလည်း နေရာတကာ အလိုလိုက်ထားလေ၏ ။ အများက “ ခင်ဗျားမိန်းမ ဘယ်ကလဲ ” မေးသောအခါ “ ဟာ ... မပြောပါရစေနဲ့ဗျာ ၊ သူ့မိဘများက လိုက်ရှာနေလို့ ” ဟု ခပ်တည်တည် ကြွားလေ၏ ။ “ ဪ … ပြောသာ ပြောပါ ၊ ကျုပ်တို့ မပေါက်ကြားစေရပါဘူး ”


“ လူရင်းချင်းမို့ ယုံလို့ ပြောတာနော် ၊ ဘယ်သူ့မှ ပြောမနေနဲ့ဦး ။ သူက ကွန်ဗင့်ဆိုတဲ့ အင်္ဂလိပ်ကျောင်းသူကလေးဗျ ။ မင်းတိုင်ပင် ဆိုတော့ တယ်ဂုဏ်ရှိတာကို ။ ရန်ကုန်မှာ မင်းတိုင်ပင် ဆိုရင် အလွန်အရေးပေးကြတာကလား ။ ဒါနဲ့ ကျုပ် ဒီက ကွန်ဗင့်ကျောင်းသူကလေး အရချူနိုင်တာပေါ့ ဟား ဟား ” ဟု ပိပိကြီး ကြွားနေလေ၏ ။


••••• ••••• •••••


အခန်း ၇


▢ ထူးဆန်းသောရောဂါရပုံ


သို့ဖြင့် နေခဲ့ကြရာ နှစ်လမျှကြာလာလေ၏ ။ တစ်နေ့ညနေသော် ပန်းခြံတွင်း၌ အမတ်ကြီးသည် ပက်လက်ကုလားထိုင်နှင့် ခွေခွေကလေး ထိုင်နေလေ၏ ။ ၎င်းသည် တစ်ကိုယ်လုံးကိုက်ပြီး တုတ်ဖြင့် အရိုက်ခံရသလို နေလေ၏ ။ နေရသည်မှာလည်း မအီမသာ ရှိလေ၏ ။ လူစီခင်ခင်က အနီးရှိ ခုံပေါ်တွင် ထိုင်၍ ဝတ္ထု ဖတ်နေလေ၏ ။


“ ခင်ခင်ရယ် ၊ ကိုကိုတော့ သိပ်ညောင်းတာပဲ ။ တစ်ကိုယ်လုံး ကိုက်လိုက်တာလည်း ရစရာ ဘာမှမရှိဘူး ။ အရိုးတွေက အောင့်တာပဲ ” ဟု ရှုတ်မဲ့၍ ပြောလေရာ -


“ ဒါဖြင့် အနှိပ်သည်တို့ ၊ ဆေးဆရာတို့ ခေါ်ပေးမယ်လေ ” ဟု ပြောလေ၏ ။ 


“ ဟေ့ … ဖိုးဒေါင်း ၊ ဖိုးဒေါင်း ။ ဆေးဆရာ ဦးကျောက်တန် ပင့်ချည်ကွာ ။ လမ်းအနှိပ် သည် မောင်ဖိုးမှင်လည်း ခေါ်ခဲ့ဟေ့ ” ဟု ပန်းပင် ရေလောင်းနေသော ဖိုးဒေါင်းအား အမိန့်ပေးလေ၏ ။ ဖိုးဒေါင်းလည်း မကြာမီ ပြေးသွားလေ၏ ။


“ ခင်ခင်ရေ ၊ အလားလား ၊ အလားလား ။ ကိုက်လှချေကွယ် ။ ဟင်း ဟိုဟာက ယားလိုက်တာကွယ် ။ အမယ်လေး ပူလိုက်တာ ။ အမယ်လေးဗျ ၊ ကိုက် လိုက်တာကွယ် ။ ဖွားဖက်တော်ထဲ ခြင်ကောင်များ ခဲနေရော့လား ။ ကယ်ပါဦး လူစီခင်ခင်ရဲ့ ။ ကျွတ် ကျွတ် ” ဟု စုတ်သပ်ကာ “ ဪ … သိပ်ခက်တာပဲ ။ ခင်ကလည်း ဘာမှ မလုပ်တတ်ဖူးလား ” 


“ ယားပြီး ကိုက်တာလား ”


“ အေးကွယ် ၊ ကျွတ် ကျွတ် ” ဟု စုတ်သပ်၍ အမြီးပြတ်သော အိမ်မြှောင်လို တရွရွ ဖြစ်နေလေ၏ ။


“ ကဲ ကဲ ... သိပြီ ။ ဒီလိုနဲ့ မပြီးသေးဘူး ။ ဆေးကုလားမ ရှာပြီး ရေစိမ်သောက်မှ ဟန်မှာပဲ ။ ဆေးကုလားမ မရခင် ဒု ဆော်ဒါသောက်တာပေါ့ ။ နွားနို့နဲ့ ဘိလပ်ရည်ခါးလေ ” ဟု ပြောပြောဆိုဆို ထသွားပြီး ကာကာဆိုင်သို့ ဆော်ဒါအဝယ် လွှတ်လိုက်လေ၏ ။


ဤအတောအတွင်း ဆေးဆရာဦးကျောက်တန် ရောက်လာလေ၏ ။ သွေးလေများကို စမ်းသပ်လေ၏ ။


“ ခုနေခါ နေက သိပ်ပူတော့ တေဇောလွန်လို့ ဝါယောကြွတာကိုး အမတ်ကြီးရဲ့ ။ ဝါယောကြွတော့ အဆစ်တွေ အရိုးတွေ ကိုက်လာရောပေါ့ ”


“ ဟုတ်ပါလိမ့်မယ် ဆရာရယ် ၊ ကြည့်ရှု ကုသပါခင်ဗျာ ။ ဟာ ... ဒါထက် ခါးကိုက်တာက ခက်တယ်ဗျ ။ အလေးရဲ့လေး ၊ လေးလေးဗျ ။ လူစီရေ ”


“ ဪ အမတ်ကြီး ၊ ငရုတ်သီးတွေ သိပ်စားတယ် ထင်တယ် ။ ဒုက္ခပဲဗျာ ၊ ဥဏှာလွန်တဲ့ ကာလကြီး ငရုတ်သီး စားတယ် ဆိုတော့ ခက်တာပေါ့ အမတ်ကြီးရဲ့ ” ဟု ဆေးဆရာကြီးသည် ရောဂါမှန်ကို မသိဘဲ မြေစမ်း ခရမ်းပျိုး နေလေ၏ ။


ထိုအခိုက် လူစီလည်း ရောက်နေပြီ ဖြစ်၍


“ ဘယ်ဆရာကလည်း မဟုတ်တဟုတ်တွေ ပြောနေပါပြီ ။ ခုတ်ရာတခြား ရှရာတခြား ။ သူ ဖြစ်တာက ... .... ဆရာရဲ့ ” ဟု ဆရာကြီးအား တိုးတိုးကလေး ပြောလိုက်မှ သဘောပေါက်သွားပြီး


“ ဪ .. ဟုတ်သားပဲ ။ ဒါဖြင့် မှိုင်းခံကြည့်ပါလား ” ဟု အားရပါးရ ပြောလျှင် 


“ နောက်ကျမှ မှိုင်းခံတန်ခံတာပေါ့ ဆရာရယ် ။ ခုတော့ ဆေးကုလားမပဲ ရေစိမ် တိုက်သေးတာပေါ့ ။ ဒါထက် ဒီမှာ တရုတ်မျက်စဉ်းမှုန့် ဆိုတာ မရနိုင်ဘူးလား ”


“ ခင်ဗျာ ၊ တရုတ်မျက်စဉ်း မကြားဖူးဘူးခင်ဗျ ။ မရနိုင်ဘူးထင်တယ် ” 


“ ဒါဖြင့် ချောက်ပဲ ဆရာရေ ၊ မှိုင်းခံဖို့ ရှိတော့တာပဲ ”


သို့ဖြင့် ခေါင်းချင်းရိုက်၍ ဆေးကုကြသော်လည်း ဦးဖိုးကူး ရောဂါမှာ မပျောက်ဘဲ ဆိုးသည်ထက် ဆိုးရွားလာလေ၏ ။


••••• ••••• •••••


အခန်း ၈


▢ တောက်ထွန်း၏ ရှာပုံတော်


လူစီခင်ခင်ကို ထိန်းသော မောင်တောက်ထွန်းသည် နာမည်ကျော် လူမိုက်ခေါင်းဆောင်ကြီး ဖြစ်လေသည် ။ လူစီခင်ခင် ပျောက်ခြင်းကြီးမလှ ပျောက်ရသည်ကို အခဲမကျေနိုင်ဘဲ ရှိလေသည် ။ ‘ မြွေပွေး ပိုးထိ ’ ဆိုသော စကားကဲ့သို့ ရှိနေသောကြောင့် သာမန်လူ ဒေါသထွက်သည်ထက် ပိုထွက်နေလေ၏ ။ မိုက်သည် ၊ လည်သည် ဟူသော နာမည်ကြီးကို လက်ကိုင်ထား ပြီးမှ ယခုကဲ့သို့ ခေါင်းတုံးပေါ် ထိပ်ကွက်ခံရသည်မှာ လောကတွင် ရှက်ဖွယ် အကောင်းဆုံးသော အရာဖြစ်သည်ဟု အောက်မေ့မိလေ၏ ။ ဤကိစ္စသည် တောက်ထွန်း၏ ဂုဏ်ကို အထိခိုက်ဆုံး ဖြစ်ပေသည် ။ သူခိုးလက် သူဝှက်လု ဆိုသကဲ့သို့ ၎င်းကဲ့သို့ မိန်းမထိန်း၍ အသက်မွေးသောသူများပင် ခိုးတန်ရာ၏ဟု ရန်ကုန်မြို့ပေါ်တွင် အမျိုးမျိုး စုံစမ်းလေ၏ ။ အထိန်းချင်း ခိုက်ရန်ဖြစ်သည်မှာလည်း မကြာခဏ ဖြစ်လေ၏ ။ တစ်လလောက် ကြာအောင် စနည်းနာ၍ ရှာပါသော်လည်း မတွေ့သဖြင့် တောသို့ လိုက်လံ ရှာဖွေပြန်လေ၏ ။ အထူးသဖြင့် လူစီခင်ခင် သည် နာမည်နှင့် လိုက်အောင် လူစီပြီး ပိုက်ဆံ အဝင်ဆုံး ဖြစ်သောကြောင့် တောက်ထွန်းသည် တွေးလေ နှမြောလေ ဖြစ်လေသည် ။


••••• ••••• •••••


အခန်း ၉


▢ အမတ်ကြီး လဲရာတွင် သူခိုးထောင်းခြင်း


ဦးဖိုးကူးသည် မင်းတိုင်ပင်လုပ်သည့် နေ့က စ၍ ဝင်ငွေ မရှိ ၊ ကုန်ငွေသာ ရှိလေ၏ ။ စတင် လျှောက်ကတည်းက ငွေကုန်ရ၍ ရွေးကောက်ပွဲတွင်လည်း စုစုပေါင်း ခြောက်ထောင်လောက် ကုန်လေ၏ ။ နောက် ရန်ကုန်သို့ သွားသောအခါ ယူသွားသော ငွေသားငါးရာကျပ် ၊ ကြေးနန်းဖြင့် မှာသော ငွေတစ်ထောင့်ငါးရာ ၊ မြင်းရှုံးသဖြင့် တည်းအိမ်၌ ကြွေးတင်ခဲ့သောငွေ ၊ နောက်မှ ဆပ်ရသော ငွေတစ်ထောင်ကျပ် စသည်ဖြင့် မြောက်မြားစွာ ကုန်လေသည် ။ လူစီခင်ခင် ကို လက်ဝတ်လက်စား ဆင်ရသည်မှာလည်း ငွေရှစ်ရာဖိုးလောက် ကုန်လေသည် ။ တစ်ဖန် အိမ်ပြန်ရောက်သောအခါ ကုန်စည်ကူးသန်းမှုကို ရပ်ဆိုင်းထား၍ ဝင်ငွေ မရှိဘဲ စားနေရာ လူစီခင်ခင်က ဖြုန်းနေသဖြင့် ငွေတစ်ထောင်ကျော်ကျော် ကုန်ပြန်လေ၏ ။ သို့ဖြင့် ခြောက်လ အတွင်း ငွေတစ်သောင်းကျော် ကုန်သွားလေ၏ ။ သို့ကြောင့် လက်ထဲ၌ ငွေသားမကျန်ရစ်လောက်အောင် ဖြစ်နေလေ၏ ။ မိမိအလုပ်ကို ပြန်လုပ်မည်စိတ်ကူးသော်လည်း လူစီခင်ခင်နှင့် ပျော်နေရသဖြင့် ရက်ရွှေ့ဆိုင်းလာခဲ့သည်မှာ ရောဂါဖြစ်သည့်တိုင်အောင် ဆိုက်ခဲ့၏ ။ သို့ဖြင့် တစ်အိမ်လုံး ငွေသုံးကျပ်နေလေ၏ ။


ဦးဖိုးကူးသည် ပြန်၍ မကျန်းမာတော့ဘဲ တစ်ခါတစ်ရံ အိပ်ရာ၌ နေရလေ၏ ။ တစ်ခါတစ်ခါ လူက ဖျား ၊ တစ်ခါတစ်ခါ ညီကလေးက ဖျားသဖြင့် အနားမရဘဲ ရှိနေလေ၏ ။ လည်ပင်း၌ လည်းကောင်း ၊ ပေါင်ခြံ၌ လည်းကောင်း အကျိတ်များ ထွက်နေသဖြင့် ခွဲ၍ ကုသရလေ၏ ။ ၎င်းအရာများကား တော်တော်နှင့်မပျောက်အောင် ရှိလေ၏ ။ တစ်ခါတစ်ရံ လောက်သာ တောင်ဝှေးကိုင်၍ ပန်းခြံထဲ၌ လမ်းလျှောက်နိုင်လေ၏ ။ ၎င်းရောဂါကြောင့် စိတ်ဒုက္ခရောက်ရ၏ ။ ရောဂါမှ ခံစားမှုဝေဒနာသည် ကြီးကျယ်ပြင်းထန်လာလေ၏ ။ ထို့ပြင် ပျော်ခဲ့မိစဉ်က အရှက် မဖက်မိသော်လည်း ယခုကား အရှက်ရနေလေ၏ ။ နယ်သားတွေက မိမိအကြောင်း သိသည်ကို တွေး၍ ရှက်နေလေ၏ ။ မိမိ တစ်သက်လုံး ဖုံးသမျှ ခုမှ ပေါ်တော့ သဖြင့် များစွာ ရင်ထုမနာ ရှိလေ၏ ။ ရှေးက မိမိ မယားကို အမွှမ်းတင်၍ မိမိ ကြွားခဲ့သမျှသည် ယခုမှ အမှန်တွေ ပေါ်နေလေ၏ ။ မိမိမယားကား မိန်းမရွှင် ၊ မိမိမယားကား ရောဂါတောင် မကင်းသည့် မိန်းမရွှင် ။ ထိုသို့သော အကြောင်းတို့သည် ဦးဖိုးကူး၏ စိတ်ကို အပေါ်ယံ ရောဂါထက် ထိခိုက်စေလေ၏ ။ ရှက်ခြင်းတည်း ဟူသော မြွေပွေးသည် ဦးဖိုးကူးအား အမြဲ ပေါက်၍ နေလေသည် ။ သည်အတောအတွင်း ဒေါ်ရွှေတုတ်၏ ငွေကျပ်ကြောင်း ညည်းညူသံ ၊ လူစီခင်ခင်၏ ဘာမသုံးရဘူး ၊ ညာမသုံးရဘူး စသော အောင့်သက်သက် အသံတို့ကို ကြားရလျှင် သေမင်းပြည်က သေမင်းခေါ်သံကို ကြားရသကဲ့သို့ မှတ်ထင်မိရှာလေ၏ ။ ခုနေအခါ မည်သူ့မျက်နှာကိုမျှ ရဲရဲ မကြည့်ဝံ့အောင် ရှိနေလေ၏ ။ ဆရာတော်ဦးသုမနသည် ဒကာကြီး ဖျားကြောင်းကြား၍ လာရောက်မေးမြန်းသည်ကိုပင် အတွေ့ မခံဝံ့ဘဲ ရှိနေလေ၏ ။


သို့သော် ထိုရောဂါ ထိုအရှက်ကို ပေးသော ၊ ထိုရောဂါ ထိုအရှက်ကို ဖြစ်စေသော လူစီခင်ခင်ကို ဦးဖိုးကူး မုန်းလေသလောဟု မေးဖွယ် ရှိချေသည် ။ ဦးဖိုးကူးသည် ရုတ်တရက်သော် လူစီ အပေါ်၌ အမျက်မာန် ပွားမိ၏ ။ လူစီကို “ ဒါ မင့်ကြောင့် ” ဟု ပြောကာ အိမ်မှ နှင်ထုတ်လို၏ ။ သို့သော် သေသေချာချာ စဉ်းစားလျှင် မည်သူမပြု မိမိမှု ဆိုသော စကားပုံ ကိုသာ သတိရလာလေ၏ ။ သည့်အပြင် လူစီခင်ခင် ကို မမုန်းနိုင်သောအချက် ရှိချေသေး၏ ။ ထိုမျှ ကြာရှည်စွာ ပေါင်းသင်းခဲ့သော မိန်းကလေးအချောအလှကလေးတစ်ယောက်အား စွန့်ပစ်ရန်မှာ ခဲယဉ်းသောကိစ္စတစ်ခု ဖြစ်နေလေ၏ ။


ဦးဖိုးကူး၏ စိတ်ထဲတွင် လူစီအား ချစ်စိတ်သည် မြဲမြံစွာ အမြစ်တွယ်၍ နေချေပြီ ။ ရှေးက ပျော်ပျော်ပါးပါး နေခဲ့ကြသည်ကိုသာ မြင်ယောင်ယောင် ထင်ယောင်ယောင်ဖြင့် တွေးကာ စားမြုံ့ ပြန်နေလေ၏ ။ ‘ ငါ ဒီရောဂါပျောက်ရင် ထပ်ပြီးပျော်ပျော်ကလေး နေရဦးမှာပဲ ’ ဆိုသော မျှော်လင့်ချက်လည်း ပေါ်ပေါက်လာတတ်သေး၏ ။ သည်တွင်မကသေး ။ ‘ တကယ်လို့ ငါက နှင်ထုတ်လိုက်ရင် ဒင်းကလေး ဘယ်လိုနေလို့ ဘယ်လိုစားရှာမလဲ ။ ငါမှတစ်ပါး အားထားရာ မရှိပါကလား ။ ရန်ကုန်ပြန်သွားရရင်လည်း ဒင်းကလေး အရင်ကလို ထပ်ပြီး ဖြစ်နေဦးမယ် ’  စသည်ဖြင့် သနားစိတ်ပေါက်နေပြန်လေ၏ ။ သို့ဖြင့် လူစီခင်ခင် ကို မခွဲနိုင်ဘဲ စွဲခိုင်မြဲသော မေတ္တာပေါက်နေလေ၏ ။


••••• ••••• •••••


အခန်း ၁၀


▢ အသွင်မတူ အိမ်သူမဖြစ် 


လူစီ မှာမူ တွက်ခြေ တစ်မျိုး ချနေပြန်၏ ။ သူသည် အစက အဘိုးကြီးနောက် လိုက်ခဲ့ခြင်းမှာ အသက်မွေးရသည်ကို ငြီးငွေ့သည်က အရေးမကြီးလှ ။ အဘိုးကြီး၏ ပိုက်ဆံကို များများဖောဖော သုံးပြီး ခပ်ခန့်ခန့် နေချင်၍သာ လိုက်လာခြင်း ဖြစ်သည် ။ ယခုမူ အဘိုးကြီးမှာ ငွေကြေးလည်း ကျပ်နေလေပြီ ။ မိမိမှာ ရောက်စကလို သုံးချင်တိုင်း မသုံးရ ၊ စားချင်တိုင်း မစားရတော့ပြီ ။ ငွေကိုလည်း မိမိ သော့ကိုင်၍ မသုံးရဘဲ အဘိုးကြီးထံက တောင်းသုံးရခြင်း ဖြစ်ရာ ၊ ယခု အဘိုးကြီး ဖျားနေခိုက် ဒေါ်ရွှေတုတ် ထံမှ တောင်းသုံးရလေ၏ ။ ဒေါ်ရွှေတုတ်မှာ နှမြောတတ်သဖြင့် ရှိသည့်တိုင်အောင် မရှိဘူးဟု လိမ်လည် ပြောတတ်လေ၏ ။ လူစီခင်ခင် သည် မယားကြီး ထံမှ မယားငယ်က ခယ တောင်းနေရသည်ကို မခံနိုင်အောင် ရှိလေ၏ ။ ထို့ပြင် ရန်ကုန်မြို့၌ ရုပ်ရှင် ခဏခဏ ကြည့် ၊ အငြိမ့် ခဏခဏ သွား ၊ လမ်း ခဏခဏ သလားခဲ့ သော ဝသီသည် ခေတ္တခဏသာ ငြိမ်ဝပ် နေသော်လည်း ကြာလျှင် ပေါ်လာပြန်သောကြောင့် တော၌ နေရခြင်းကို မခံမရပ်နိုင် ရှိနေလေ၏ ။ မြို့၌သာ ပျော်လို၏ ။ တစ်ခါတစ်ရံ ပျင်းရိလှ သဖြင့် စက်သီချင်း ဖွင့်လျှင် ဒေါ်ရွှေတုတ်လည်း သည်းမခံနိုင်တော့ဘဲ “ မိန်းမရွှင်ပီပီ အလိုက် မသိလိုက်တာ ။ ဟိုမှာ ဖျားနေလျက်ကြီး ၊ သူက ဓာတ်စက် ဖွင့်နေပြန်ပြီ ” ဟု ဆောင့်အောင့်ပြော သောကြောင့် နာကြည်း၍ မဆုံးနိုင်အောင် ရှိနေလေ၏ ။ သည်ထက် လွန်ကဲသော အရာ တစ်ခု ရှိသေး၏ ။ လူစီခင်ခင်သည် မိန်းမတို့ တစ်သက်တွင် အပျော်ဆုံး ၊ အရွှင်ဆုံး အရွယ်သို့ ရောက်စ ရှိသေး၏ ။ ထိုအချိန်သည် တဏှာရာဂ အဆူဆုံး ဖြစ်၏ ။ ထိုကဲ့သို့သော လူစီခင်ခင် မှာ ရောဂါသည် လူအိုကြီးနှင့် အဘယ်သို့ ပျော်မွေ့နိုင်အံ့နည်း ။ အမတ်ကတော် ၊ သူဌေးကတော်၏ စည်းစိမ် ခံစား နေရသဖြင့် ပြာဖုံးထားသော မီးခဲကဲ့သို့ ခေတ္တမျှ နစ်မြုပ်နေသော စိတ်ဆန္ဒတို့သည် ယခုအခါ တဖွားဖွား ပေါ်ပေါက်လျက် ရှိလေ၏ ။ စိန်နှင့် သံပုရာ မတည့်သလို ၊ ဦးဖိုးကူးနှင့် လူစီခင်ခင်သည် ဓာတ်မတည့်တော့ချေ ။ လူစီခင်ခင်၏ ဆန္ဒသည် ဦးဖိုးကူးနှင့် နေသမျှ ကာလပတ်လုံး ပြည့်မည် မဟုတ် ။ သို့ကြောင့် လူစီခင်ခင်သည် ဦးဖိုးကူး ထံမှ ခွာလိုလေပြီ ။


တစ်နေ့ညနေ၌ ဦးဖိုးကူးသည် ခြံထဲ၌ တစ်ယောက်တည်း လမ်းလျှောက် နေလေသည် ။ တောင်ဝှေးဖြင့် ဒေါက်ထောက်၍ လျှောက်နေလေ၏ ။ ဦးဖိုးကူး၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ရှိချေပြီ ။ သွားပုံလာပုံမှာလည်း လွန်စွာ ချည့်နဲ့ နေလေသည် ။ ၎င်းသည် ဖြည်းဖြည်းကလေး လျှောက်နေလေ၏ ။ လူစီခင်ခင် သည်လည်း မနီးမဝေး သစ်ပင်အောက်၌ ထိုင်၍ မှိုင်နေလေသည် ။ တစ်ခါတစ်ခါ ဦးဖိုးကူး လမ်းလျှောက်နေသည်ကို ညှိုးငယ်စွာ ကြည့်မိလေ၏ ။


ထိုအခိုက် တောက်ထွန်းသည် သစ်ပင်ကြားထဲမှ ဘွားခနဲ ပေါ်လာ၏ ။ သူ၏ လက်ထဲ၌ တုတ်တို တစ်ချောင်း ပါလေသည် ။ ဦးဖိုးကူး နောက်မှ တိတ်တိတ်ကလေး လိုက်သွားပြီး လက်ထဲရှိ တုတ်နှင့် တအားကုန် ခေါင်းကို ရိုက်လိုက်လေ၏ ။ ဦးဖိုးကူး သည်လည်း ဗုန်းခနဲ အရုပ်ကြိုးပြတ်လို လဲသွားလေ၏ ။ လူစီ သည် လူသံများ ဘက်သို့ ကြည့်လိုက်လျှင် ဆံပင်စုတ်ဖွားနှင့် တောက်ထွန်း ကို မြင်ရာ အံ့အားသင့်သွားလေ၏ ။ ပထမ၌ အော်မည် ကြံသော်လည်း မအော်ဘဲ “ ကိုကို ဘယ်တုံးက လိုက်လာသလဲ ” ဟု မေး၏ ။


“ မိရွှေခင် ၊ စကား များမနေနဲ့ ။ လိုက်ခဲ့ ” ဟု ပြောသည်တွင် ဖိုးဒေါင်း ပြေးလာလေ၏ ။ လူစီခင်ခင်က ကြောက်လန်သော အမူအရာဖြင့် “ ကျွန်မ လက်ဝတ်လက်စားတွေ ယူပြီး ည စောင့်နေမယ် ။ ကိုကိုပြေး ၊ ပုလိပ်တွေ ဖမ်းနေဦးမယ် ” ဟု ပြောလေ၏ ။ “ အေး ၊ ညသာ စောင့်နေနော် ။ မစောင့်ရင်တော့ မရွှေခင် သေဖို့သာ ပြင်ပေရော့ ” ဟု ဆိုကာ အတင်း ထွက်ပြေးလေ၏ ။ လူစီ သည် မာယာ ဆည်ကာ


“ ကိုဖိုးဒေါင်း ကိုဖိုးဒေါင်း ၊ လာ ... လာ ၊ ဟိုလူက ရိုက်သွားတယ် ။ အမယ်လေး ကယ်ကြပါဦး ” ဟု အော်ကာ ဦးဖိုးကူးကို ပွေ့ထားလေ၏ ။ ဦးဖိုးကူးသည် မေ့မြောနေလေပြီ ။ ပါးစပ်ကြီး ဟောင်းလောင်းနှင့် လူစီ၏ လက်ထဲ၌ ခွေခွေကလေး ဖြစ်နေလေ၏ ။ ဖိုးဒေါင်းသည် တောက်ထွန်း နောက်သို့ လိုက်သော်လည်း မျက်ခြည်ပြတ် သွားသဖြင့် ပြန်ပြေးလာလေ၏ ။ နောက် အမတ်ကြီးကတော် ပေါက်လာလေ၏ ။ ပျာပျာသလဲ ဖြစ်နေလေ၏ ။ မျက်ရည်များလည်း ကျနေလေ၏ ။ လူစီခင်ခင်သည်လည်း မျက်ရည်များ ညှစ်ထုတ်ကာ တရှုပ်ရှုပ် ငိုလေ၏ ။ ဦးဖိုးကူးကို အိမ်ပေါ်သို့ ပွေ့တင်ထားကြလေ၏ ။


နောက်တစ်နေ့နံနက် ခုနစ်နာရီ လောက်မှ သတိရ လာလေ၏ ။ သတိရသည်နှင့် တစ်ပြိုင်နက်


“ လူစီရေ ၊ ကိုကို့ကို ကူပါဦးကွယ့် ” ဟု အော်နေလေ၏ ။ ဒေါ်ရွှေတုတ် သည်လည်း ကရုဏာဒေါသော ဖြစ်ပြီး -


“ တောက် ... ဒီတဏှာရူးကြီး ၊ တဏှာရူးချင်လို ဒီလို ဖြစ်ရတာ ။ အမှတ် မရသေးဘူး ” ဟု ဟစ်လေ၏ ။


“ ရွှေတုတ်ရေ ၊ ခင်ခင်ကောကွ ”


“ တော့်ခင်ခင် လင့်နောက် လိုက်ပြေးသွားပြီတော့ ” ဟု အော်ပြောလိုက်လေ၏ ။ ဦးဖိုးကူးသည် မိမိ နားကို မယုံ သလိုလို ဖြစ်နေလေ၏ ။ သို့သော် ဒေါ်ရွှေတုတ်သည် သည်စကားကိုပင် ကျယ်ကျယ်ပြောသောကြောင့် နားကြား မလွဲတန်ရာ ။ ဒေါ်ရွှေတုတ် ကသာ မလိုတမာ ပြောလိုက်သည် ထင်သဖြင့် -


“ အကောင်း မေးတာပါကွယ့် ၊ ခင်ခင်ကော ”


“ ရှင့်မယားကလေး လင့်နောက် လိုက်ပြေးပြီ ဆိုတာ မယုံဘူးလား ။ လက်ဝတ်လက်စားတွေ အားလုံးကိုတောင် ယူသွားတယ် ” ဟု ပြောလိုက်ရာ ဦးဖိုးကူးသည် မျက်လုံးများ ပြူးသွား၍ “ ဟင့် ဟုတ်ပေ့ကွာ ” ဟု ညည်းကာ မေ့မြော သွားပြန်လေ၏ ။ ထိုသို့ မေ့ရာမှ ပြန်မလူတော့ဘဲ နောက်ဆုံး၌ “ အမယ်လေး …  ဦးဖိုးကူးရဲ့ ၊ သွားတော့မလားကွယ် ” ဟူသော ဒေါ်ရွှေတုတ်၏ ငိုသံကြီးနှင့် ခွေးကြီးအူသံကို ကြားရလေသတည်း ။


••••• ••••• •••••


ဦးဖိုးကူး ကွယ်လွန်ပြီး နောက် ဘိုင်အီလက်ရှင်း ခေါ်  ကြားရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြော်ငြာလေသည် ။ နယ်သူနယ်သားတို့လည်း ဦးဖိုးကူး ထက် သာသော မင်းတိုင်ပင် အမတ်များကို ရှာကြလေသည် ။ ၎င်းတို့သည် တွေ့မည် မတွေ့မည်ကို ရွေးကောက်ပွဲ ပြီးမှသာ သိရလေတော့မည်ဖြစ်ကြောင်း ။


 ▢  သိန်းနေနွယ် 

📖 ဒီးဒုတ် သတင်းစာ

      အတွဲ - ၁၁ ၊ အမှတ် -၂၉

      ၄ မေ ၊ ၁၉၃၅ 

Monday, March 2, 2026

မရေးဖြစ်ခဲ့သော ထူးဆန်းသည့် အချစ်ဇာတ်လမ်း တစ်ပုဒ်


 

❝ မရေးဖြစ်ခဲ့သော ထူးဆန်းသည့် အချစ်ဇာတ်လမ်း တစ်ပုဒ် ❞
           ( သိန်းဖေမြင့် )

၁၉၃၇ ခုနှစ်နောက်ပိုင်း ဖြစ်ပါသည် ။ ကျွန်တော်သည် မြန်မာ့အလင်း သတင်းစာ၏ နိုင်ငံခြား သတင်းထောက်အဖြစ် အလုပ်လုပ်ရင်း ကာလကတ္တားတက္ကသိုလ်တွင် အမ်အေ နှင့် ဘီအယ်တန်း နှစ်တန်းကို တစ်ပြိုင်တည်း တက်နေချိန် ဖြစ်သည် ။ ကျွန်တော်နှင့် အတူ နေသူမှာ သခင်လှဖေ ( ဗိုလ်လက်ျာ ) ဖြစ်သည် ။

သခင်လှဖေနှင့် ကျွန်တော်တို့သည် အိမ်ပြောင်း နေထိုင်ကြရလေသည် ။ အဓိက အကြောင်းမှာ ကျွန်တော်တို့နှင့် အတူ နေမည့်သူ များလာခြင်းကြောင့် ဖြစ်သည် ။

ကိုသီဟန်သည် ကာလကတ္တားမှာ စာဆက်သင်ချင်သည် ဆိုပြီး လိုက်လာသည် ။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် လှန်ပြီးနောက် သခင်လှဖေလည်း ထိုရည်ရွယ်ချက်ဖြင့်ပင် ကာလကတ္တားသို့ ရောက်လာခဲ့ခြင်းဖြစ်၏ ။ အစက ကျွန်တော်တို့ နှစ်ယောက်သည် ချစ်တရန်ဂျန်အဲဗင်းနျူး နှင့် ဘိုဘဇားလမ်းထောင့် အဆောက်အအုံကြီးတစ်ခုတွင် အခန်း တစ်ခန်းထဲမှာ အတူ နေကြ၏ ။ ယခု ကိုသီဟန် လိုက်လာတော့ သုံးယောက် မနေလောက် တော့ချေ ။ ထို့ကြောင့် အိမ်ရှာကြရ၏ ။

ကံအားလျော်စွာ တိုက်အိမ် တစ်အိမ်၏ အောက်ထပ် တစ်ခုလုံးကို ဈေးပေါပေါနှင့် ရကြလေသည် ။ ယင်း အောက်ထပ်မှာ အခန်းဖွဲ့ မထားဘဲ ကျယ်ပြန့် ရှင်းလင်းသည် ။ ဈေးပေါခြင်း၏ အကြောင်းရင်းမှာ အိမ်ဝိုင်းထဲတွင် ထိုအိမ်က အတွင်းပိုင်းမှာဖြစ်ပြီး ၊ အပြင်ပိုင်း မျက်နှာစာက တိုက်အိမ်မှာ အသုဘရထား ငှားစားသော ပိုင်ရှင်ကိုယ်တိုင် နေခြင်းကြောင့် ဖြစ်သည် ။ ထိုပိုင်ရှင်သည် အသုဘကိစ္စဖြင့် စီးပွား အတော်အတန် ဖြောင့်နေသော အင်္ဂလိပ် ကု,လားကပြား ဖြစ်သည် ။ သူတို့ မိသားစုတွင် သမီးပျိုကလေးများလည်း ရှိသည် ။

အခြားသူများ ကတော့ မျက်နှာစာက အသုဘရထားလုပ်ငန်းကြောင့် အမင်္ဂလာ ဟု ထင်ကောင်း ထင်ကြပေမည် ။ သို့မဟုတ် အသုဘကိစ္စဖြင့် စီးပွားဖြောင့်နေသော လူက ပိုင်သည့် အိမ်မှာ နေရခြင်းသည် ဂုဏ်သိက္ခာ နိမ့်ကျစရာ ဖြစ်သည်ဟု ယူဆကောင်း ယူဆပေမည် ။ ကျွန်တော်တို့ကား ထိုအချက်ကို ထည့်သွင်း မစဉ်းစားကြ ။ အိမ်အထပ် သီးခြား ရခြင်းနှင့် ကျယ်ပြန့် ရှင်းလင်းခြင်းကိုသာ တန်ဖိုးထားသည် ။

အသုဘရထားလုပ်ငန်းပိုင်ရှင် မိသားစုနှင့်မူ အိမ်လခ ပေးရသည့်ကိစ္စနှင့် သူတို့ တယ်လီဖုန်းကို အသုံးပြုသည့် ကိစ္စမှ တစ်ပါး မဆက်ဆံဘဲ နေလိုက နေနိုင်သည် ။ ကျွန်တော်တို့ သုံးယောက် ကတော့ ကင်းကင်းရှင်းရှင်း နေကြပါသည် ။ သို့သော် ကာလကတ္တားမှာ ပညာ သင်ရန် မန္တလေးမှ ရောက်လာသူ တစ်ဦးကတော့ ကင်းကင်းရှင်းရှင်း မနေပါ ။ သူ့နာမည်ကို ‘ မောင်စိန် ’ ဟု ခေါ်ကြပါစို့  ။ မောင်စိန်သည် ကျွန်တော်တို့ ထက် ၄ ၊ ၅ ၊ ၆ နှစ်ငယ်သည် ။ သူလည်း အချိုးကျ အိမ်လခပေးပြီး နေပါရစေဟု တောင်းပန်သောကြောင့် ကျွန်တော်တို့က နေခွင့်ပြုလိုက်သည် ။ သွက်လက်ဖျတ်လတ်ပြီး စကားတတ်သောကြောင့် သူ့ကို ကျွန်တော်တို့က ခင်မင်ရင်းနှီးသလို အသုဘလုပ်ငန်းရှင် မိသားစုကလည်း ခင်မင်ရင်းနှီးကြသည် ။ မောင်စိန်သည် မျက်နှာ မချောသော်လည်း ဂိုက်ဆိုက်ကောင်းသော လူချောလည်း ဖြစ်သည် ။ မကြာပါချေ ။ အသုဘလုပ်ငန်းပိုင်ရှင် မိသားစုမှ သမီးပျိုကလေး တစ်ယောက်နှင့် ရည်းစားဖြစ် ပါလေသည် ။ ပေါင်းသင်းဆက်ဆံရေးတွင် သဘောထားကြီးပြီး လွတ်လပ်သော ကပြားများ ဖြစ်သဖြင့် သူတို့ ချစ်ကိစ္စကြောင့် ဘာပြဿနာမှ မပေါ်ခဲ့ပါ ။

ထိုအိမ် တည်နေရာ လိပ်စာတွင် နာလန္ဒာဥယျာဉ် ( Nalanda Park ) ဟူသောအမည် ပါပါသည် ။ နာလန္ဒာဥယျာဉ် အိမ်အမှတ် မည်ရွေ့မည်မျှ ၊ ဘိုးဘဇာစာတိုက် ၊ ကာလကတ္တား ဟူ၍ ဖြစ်ပါ၏ ။

နာလန္ဒာဥယျာဉ် ဆိုသည်မှာ လွန်စွာ ခမ်းနားသော သမိုင်းဝင်အမည် ဖြစ်သည် ။ အိန္ဒိယ ဗုဒ္ဓသာသနာ သမိုင်းတွင် နာလန္ဒာတက္ကသိုလ်၏ အခန်းကဏ္ဍသည် ခမ်းနားထင်ရှားလှသည် မဟုတ်ပါလော ။ သို့သော် ကာလကတ္တားမှ ထို နာလန္ဒာဥယျာဉ်မှာ မခမ်းနား မကြီးကျယ်ပါ ။ မြေကွက်လပ် ခပ်ငယ်ငယ်ကို သံတိုင်ချွန်ချွန်များနှင့် ဝင်းခြံခတ်ထားသည်မှ အပ ဥယျာဉ် ဟု ခေါ်စရာ သစ်ပင်ပန်းမန် ဖြစ်မြောက်အောင် စိုက်မထားပါ ။ မြက်ခင်းကိုပင် ရေကောင်းစွာ လောင်းမထားသောကြောင့် မွဲခြောက်ခြောက် ဖြစ်နေပါသည် ။

နာလန္ဒာဥယျာဉ်၏ အခြားတစ်ဖက် ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်တွင် ဘင်္ဂါလီ ဗုဒ္ဓဘာသာဝင်တို့ ဆောက်လုပ်ထားသော အသင်းတိုက် အဆောက်အအုံကြီး တစ်ခုရှိသည် ။ နာလန္ဒာပန်းခြံ ဟူသော နာလန္ဒာဗုဒ္ဓတက္ကသိုလ်ကို သတိရစရာနာမည်ကို ကြိုက်၍ ဘင်္ဂါလီ ဗုဒ္ဓဘာသာဝင်တို့က သူတို့ အသင်းတိုက်ကို ဤနေရာတွင် ဆောက်လုပ်ခဲ့သလော ။ အသင်းတိုက်ကို ဤနေရာ လာပြီး တည်ဆောက်ပြီးခါမှ နာလန္ဒာဗုဒ္ဓတက္ကသိုလ်ကို ဂုဏ်ပြုသောအားဖြင့် ဘင်္ဂါလီဗုဒ္ဓဘာသာဝင်တို့က အသင်းတိုက်ရှေ့မှ မြေကွက်လပ်ကို နာလန္ဒာပန်းခြံ ဟူ၍ အမည်မှည့်ထားခဲ့လေသလော ၊ ကျွန်တော် မပြောတတ်ပါ ။

ကျွန်တော့်ပါမောက္ခ ဒေါက်တာဘရူးဝါး က ဆက်သွယ်ပေးသဖြင့် ဘင်္ဂါလီ ဗုဒ္ဓဘာသာအသင်း လူကြီးများနှင့် သိကျွမ်းရပြီး အသင်းတိုက်သို့ အခေါက်ခေါက် ရောက်ရသည် ။

မောင်စိန် အပါအဝင် လူလေးယောက် နေကြသော်လည်း အိမ်ခန်းကြီးက ကျယ်နေသေးသည် ။ အိမ်မှာ ထမင်း ချက်ပြုတ်စားသည် မဟုတ်သောကြောင့်လည်း နေရာလွတ် ရှိသင့်သည် ထက် ပို ရှိလာပြန်လေသည် ။

ကာလကတ္တားတွင် စာသင်ရန် ရောက်လာသော ဦးပဉ္စင်းလေးတစ်ပါး ရှိ၏ ။ ပါဠိ ပညာ ကောင်းစွာ တတ်ပြီးဖြစ်သည် ။ သင်္သကရိုက် အနည်းအကျဉ်း တတ်ပြီး အိန္ဒိယပြည်မှာ ထူးခွန်စွာ တတ်မြောက်အောင် သင်ကြားမည် ။ အင်္ဂလိပ်စာလည်း သင်ဦးမည် ။ ဦးပဉ္စင်းလေးသည် အီဒင်ဆေးရုံလမ်း ၊ အမှတ် ၁ဝ အေ ရှိ ဗုဒ္ဓဓမ္မသာလာ မှာလည်း မနေလို ၊ နေရင်းစွဲ သံဃာ ကပင် မနည်းလှသည့် အပြင် ဘုရာဖူး ဧည့်သည်တွေကလည်း မကြာခဏ လာသည် ။ အခြား နေရာများမှာ နေနေသော မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးများနှင့်လည်း အတူ မနေချင်ဟု ဆိုပါသည် ။ သူ့ရုပ်သူ့ရည် သူ့အမူအရာများကို ကျွန်တော်က အကဲခတ်ပြီး ဖြစ်ပါသည် ။ စကားနည်းပြီး ဣန္ဒြေကြီးလှ၏ ။ ဗုဒ္ဓဘာသာ မဟုတ်သော နိုင်ငံခြားသား သူစိမ်းတစ်ရံဆံများ ကြားမှာ နေသော်လည်း ဘုန်းကြီးပီပီနေသည်ကိုလည်း တွေ့ ရသည် ။ ထို့ကြောင့် ကျွန်တော် တို့သည် ဦးပဉ္စင်းလေးကို ကျွန်တော်တို့ အိမ်မှာ တစ်နေရာ ပေးလိုက်သည် ။

ကျွန်တော်တို့ အိမ်ကို ပြောင်းလာ၍ ဦးပဉ္စင်းလေးသည် ကောင်းမွန်စွာ နေပြီး စာပေ ပညာကို လုံ့လတကြီး လိုက်စားသည် ။

ဦးပဉ္စင်းကလေးသည် လူထုသုံး ဟင်ဒီစကား ကိုလည်း အတော် ပြောတတ်နေလေပြီ ။

သူသည် နံနက်စောစော ထပြီး လမ်းလျှောက်လေ့ ရှိ၏ ။ အထူးသဖြင့် နံနက် နေထွက်၍ ပထမဆုံး နေရောင်ခြည်များ သစ်ရွက်သစ်ခက်များ အပေါ်သို့ ပက်ဖျန်းလိုက်ချိန်တွင် သူသည် လမ်းလျှောက်လျက်သား ရှိနေတတ်သည် ။

ရက်လအတော် ကြာသွားပြီး နောက်တစ်နေ့သော် ဦးပဉ္စင်းလေးက ကျွန်တော့်အား ယုံကြည်နိုင်စရာ မရှိသော စကားတစ်ခွန်းကို ပြောလေသည် ။ ‘ ဦးပဉ္စင်းသည် မာရဝါရီ သူဌေးကြီးတစ်ဦး၏ သမီးကလေး တစ်ယောက်နှင့် ချစ်နေကြပြီ ’ တဲ့ ။

တကယ့်ကို ကောင်းကင်ပြာ ထဲမှာ ထွက်ပေါ်လာသော မိုးကြိုးထစ်ချုန်းသံပါပဲ ။

ကျွန်တော်က သူ့ ကို ဘယ်အိမ်က ၊ ဘယ်သူဌေးရဲ့ ဘယ်သမီးလဲ ဟု အထပ်ထပ် စစ်မေးရသည် ။ မယုံနိုင်သဖြင့် ကိုယ်တိုင် လိုက်ကြည့်လေ့လာရသည် ။

ကျွန်တော်တို့ လမ်းသွယ်မှ အထွက် ၊ ဘိုးဘဇာလမ်းမကြီးသို့ မရောက်မီ တစ်အိမ် အလိုတွင် အုတ်တံတိုင်းများ ကာထားသော အိမ်ဝင်းကြီး တစ်ခုရှိသည် ။ ထိုဝင်းကြီး ထဲတွင် တိုက်နီကြီးတစ်လုံး ရှိပြီး သူဌေးအိမ်မှန်း အလွန် သိသာသည် ။ ဝင်းတံခါးပေါက်ကြီး၏ တံခါးချပ်ကြီးများတွင် သံတိုင်ချွန်ချွန်များ စိုက်ထားသည် ။ အနီးတွင် ဒရဝမ်တဲကလေး ရှိပြီး ဒရဝမ်က အမြဲမပြတ် စောင့်နေသည် ။

ကျွန်တော်တို့သည် ထိုအိမ်ရှေ့မှ မကြာခဏ ဖြတ်သွားရ၏ ။ ထိုအိမ်မှာ အလုပ်ဌာန တစ်ခုခု ၊ ကူးသန်းရောင်းဝယ်ရေး ၊ ဆရာဝန်ဆေးတိုက် ၊ သို့မဟုတ် ရှေ့နေရုံးခန်း တစ်ခုခု မဟုတ်ကြောင်း ၊ လူနေအိမ်သက်သက် ဖြစ်ကြောင်း အကဲခတ်လို့ ရပါသည် ။ မိသားစုတစ်စု မက နေမည် ဖြစ်သော်လည်း အိမ်သူအိမ်သားဦးရေ များလှဟန်လည်း မတူပါ ။

အိမ်ဝင်းထဲမှာ လှုပ်ရှား သွားလာနေ၍ လည်းကောင်း ၊ အိမ်တွင်း အိမ်ရှေ့ တံခါးဝနှင့် ပြတင်းပေါက်ဝများတွင် ရပ်နေ ထိုင်နေ၍ လည်းကောင်း ၊ အိမ်သူအိမ်သား အချို့ကို အခါကာလ အားလျော်စွာ အိမ်ရှေ့မှ ကျွန်တော်တို့ ဖြတ်သွားရင်း လှမ်းမြင်ရတတ်ပါ၏ ။ ထိုအခါ ဤသူကြီးကား အဘိုး ဖြစ်တန်ရာ၏ ။ ဤသူမကြီးကား အဘွား ဖြစ်တန်ရာ၏ ။ ဤသူကား အဖေ ဖြစ်တန်ရာ၏ ။ ဤသူမကား  အမေ ဖြစ်တန်ရာ၏ ။ ထိုသူတို့ကား သားသမီး ဖြစ်တန် ရာ၏ စသည်ဖြင့် ခန့်မှန်းကြရပါသည် ။ တစ်ခါတစ်ရံ ကြုံတောင့်ကြုံခဲ ဆာရီကို ပျံဝဲစွာ ဝတ်ဆင်ထားသော မိန်းမပျို တစ်ယောက် နှစ်ယောက်ကို တွေ့မြင်ရသည် ။ အသက် ၂ဝ ကျော်တွေသာ ဖြစ်သော ကျွန်တော်တို့ ထက် နှစ်အနည်းငယ်သာ ငယ်ပေလိမ့်မည် ။ ရုပ်အဆင်း သဏ္ဌာန်ကို သဲသဲကွဲကွဲ မမြင်လိုက်ရ သော်လည်း ဝင်းခနဲ လက်ခနဲဖြစ်သော အလှကိုဖျတ်ခနဲ မြင်လိုက်ကြရပါသည် ။ ငေးမောကြည့်လိုက်ရခြင်းမဟုတ်ဘဲ ရုတ်ခြည်း တစ်ခဏ ကြည့်မြင်လိုက်ရရုံဖြင့် ရင်ဖိုကြရပါသည် ။ သို့သော် ကျွန်တော်တို့သည် ရုတ်ခြည်းတစ်ခဏ ရင်ဖိုခြင်းတွင် ချစ်ကိစ္စကို အဆုံးသတ်ခဲ့ကြ၏ ။

ဦးပဉ္စင်းကလေး၏ ချစ်ကိစ္စမှာမူကား ထိုတွင် အဆုံးမသတ်ခဲ့ဟု ဆိုပါသည် ။ ထူးခြားလေစွ ။ အံ့သြဖွယ် ကောင်းလေစွ ။

ဦးပဉ္စင်းကလေးသည် နံနက်တိုင်း စောစောထ၍ လမ်းလျှောက်ရာ ထိုအိမ်ရှေ့မှ ဖြတ်ရသည် ။ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးပီပီ ဣန္ဒြေရရ ၊ သိက္ခာရှိရှိ လမ်းလျှောက်သည် ။ ဖြတ်လျှောက်သွားသော ရဟန်းကို မြင်လျှင် အိမ်ရှေ့ဝင်းတံခါးမှ ဒရဝမ်ကြီးက ‘ ရမ်းရမ်း ’ ဟု ဘုရား ‘ တ ’ ကာ နှုတ်ဆက်မင်္ဂလာ ပြုသည် ။ ဦးပဉ္စင်းက ပြန်ပြီး တစ်နည်းနည်းဖြင့် နှုတ်ဆက် မင်္ဂလာ မပြုလျှင်လည်း ဒရဝမ်ကြီး ကတော့ ထိုသို့ပြုမြဲ ။

ထိုအခိုက် အိမ်အပေါ်ထပ် ပြတင်းဝမှ နေ၍ နံနက်ခင်း ကျက်သရေကို ရပ်ကြည့်နေ သော မိန်းမပျို တစ်ယောက်သည် နေခြည်ရောင်ပျိုနုနှင့် လိုက်ဖက်သော အဝါရောင်သင်္ကန်းကို ဝတ်ထားသည့် ရဟန်းပျိုကို ကြည်ညိုစွာ ဖူးမြင်လိုက်ရသည် ။ ရဟန်းပျိုက ဣန္ဒြေရရ မျက်လွှာချကာ လမ်းလျှောက်သွားပြီး သူမကို ဘယ်လိုမှ အသိအမှတ် မပြုဘဲ ပျောက်ကွယ် သွားသော်လည်း သူမ ကတော့ နေ့စဉ် ဤပြတင်းဝမှ နေ၍ ရဟန်းပျိုကို ကြည်ညိုစွာ ဖူးမြော်မြဲ ဖြစ်သည် ။

တစ်နေ့ တစ်နေ့နှင့် ရက်တွေ ကြာညောင်းလာသည် ။

နံနက်တိုင်း ထိုအိမ်ရှေ့မှ ဖြတ် လမ်းလျှောက် နေသော ဦးပဉ္စင်းကလေးသည် တစ်နေ့တော့ အိမ်ကြီးပေါ်က ပြတင်းဝ ဆီသို့ လှမ်းမကြည့်ဘဲ မနေနိုင်တော့ချေ ။ သံလိုက်ဓာတ်နှင့် တူသော တစ်စုံတစ်ရာက ဆွဲငင်နေသလို ဖြစ်၏ ။ ထို့ကြောင့် လှမ်း ကြည့်လိုက်လေရာ သူ့ကို စူးစိုက် ကြည့်နေသော မိန်းမပျိုကို မြင်လိုက်ရသည် ။ ရုတ်ခြည်းခဏ မြင်လိုက်ရသော ဝင်းလက်သွားသည့် အလှကို အာရုံ ခံစားလိုက်သည်နှင့် တစ်ပြိုင်နက် ရင်တုန်ရုံမက ရင်ကွဲမလို ဖြစ်ရသည် ။

‘ စက္ခုရူပေန သံဝါသာ ၊ ရာဂပုတ္တံ ၊ ဝိဇာရတိ ’ ဟု ဆိုသည်မှာ ဤသို့ပင် ဖြစ်ဟန် ရှိချေသည်တကား ။

ဦးပဉ္စင်းကလေး ဘုရားတရားတော်ကို သတိရပြီး မိမိကိုယ်ကိုယ် မိမိ ထိန်းသိမ်းသည် ။ နောက်နေ့ နောက်နေ့များ၌ ဒရဝမ်ကြီး၏ ‘ ရမ်းရမ်း ’ နှုတ်ဆက် မင်္ဂလာသံကို တုံ့ပြန်သော်လည်း အိမ်ကြီးပေါ် ပြတင်းဝမှ မိန်းမပျိုသည် သူ့ကို ကြည်ညိုစွာ စူးစိုက် ကြည့်နေကြောင်း ( လူမပြောဘဲ နတ်ပြော၍ ) သိရသော်လည်း ၊ သူမ ဘက်သို့ လှမ်းမကြည့် မိအောင် ကိုယ့်ကိုယ် ကိုယ် ထိန်းသိမ်းထားကာ ၊ ရှေ့သို့သာ လျှောက်မြဲ လျှောက်သည် ။ နောက်တစ်ရက် တစ်မနက် ခင်းမှာတော့ မိန်းမပျိုက မ,သံပေးလိုက်သည် ။ ချိုသာ၍ စူးရှသော မ,သံ ။ အိမ်အတွင်းပိုင်း အိပ်ခန်းထဲမှလား ၊ မီးဖိုဆောင်ထဲမှလား မသိ ၊ မိခင်လား ၊ အစေခံလား မသိ ၊ တစ်ဦးဦးက လှမ်းခေါ်လိုက်ခြင်းကို မိန်းမပျိုက ထူးလိုက်သံမျိုးဖြစ်၏ ။ ထိုအသံကြောင့် ရဟန်းပျိုသည် မိန်းမပျိုကို မကြည့်ဘဲ ၊ အာရုံမစိုက်ဘဲ မနေနိုင် ဖြစ်ရလေသည် ။ မိန်းမပျိုကား ခေါ်သည်ကို ထူးရုံသာထူးပြီး ခေါ်ရာသို့ မသွား ၊ လှည့်၍ပင် မကြည့် ၊ ရဟန်းပျိုကိုသာ စူးစိုက်ကြည့်နေ သည်ဖြစ်ရာ အကြည့်ချင်း ဆုံရပြန်လေပြီ ။ ရဟန်းပျိုသည် ခြေလှမ်းပင် တုံ့သွား၏ ။

ချစ်ကိစ္စကြီး စလေပြီ ။

ဦးပဉ္စင်းကလေးသည် နံနက်တိုင်း နေခြည်နုချိန်မှာ ထိုတိုက်အိမ်ကြီး ရှေ့မှ ဖြတ်၍ လမ်းလျှောက်၏ ။ မိန်းမပျို ရှိရာဆီသို့ လှမ်းမျှော်ကြည့်၏ ။ တိုက်ကြီးပေါ် ပြတင်းဝမှ မိန်းမပျိုက သူ့ကို စိုက်ကြည့်နေသည်ကိုသာ တွေ့ ရ၏ ။ အကြည့်ချင်း ဆုံပြီး ရင်ခုန်ကြရ၏ ။ ရဟန်းပျိုသည် မိမိကိုယ်ကိုယ် ထိန်းသိမ်းသတိထား နေသည့်ကြားမှာ ရာဂပုတ္တများ များလာရ၏ ။ မိန်းမပျိုသည် ရဟန်းပျိုကို ကြည်ညို နေရာမှ တဏှာရမ္မက်အလိုများ ဖြစ်လာရ၏ ။ ဦးပဉ္စင်းလေးသည် ဒရဝမ်ကု,လားကြီးနှင့် အသိအကျွမ်း ဖြစ်လာ၏ ။ သူတို့အချင်းချင်း တွေ့လျှင် ဆုံလျှင် အာလာပသလ္လာပ စကား ဆိုမြဲဖြစ်ကြ၏ ။

နောက်တော့ ဦးပဉ္စင်းလေးသည် ညနေဘက်တွင်ပါ လမ်းလျှောက်သည်ကို နေ့စဉ် တွေ့ရပြန်၏ ။ ဘိုးဘဇာလမ်း တစ်လျှောက် အတွင်းဝန်များရုံး အထိ ၊ ထိုမှနေပြီး ပန်းခြံထဲဝင် လမ်းလျှောက်သည် ။ ပန်းခြံထဲတွင်ကား မိန်းမပျိုသည် ရောက်နေနှင့်ပြီ ဖြစ်သည် ။ သူမ တစ်ဦးတည်းတော့ မဟုတ် ၊ အဖော်မိန်းမကြီး တစ်ယောက် ၊ သို့မဟုတ် နှစ်ယောက် ပါလာတတ်သည် ။ ရဟန်းပျိုနှင့် မိန်းမပျို တို့သည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ကြည့်ကာ စိတ်ဓာတ်ချင်း ကူးယှက်တွေ့ ဆုံကြသည် ။ စကား တစ်ခွန်းတစ်ပါဒမျှ မပါဘဲ မေတ္တာမျှကြသည် ။ ပြီးတော့ ရဟန်းပျိုကလေးသည် ပန်းခြံမှ ထွက်ခွာခဲ့လေသည် ။

ဤနည်းဖြင့် မိန်းကလေးနှင့် အကြိမ်ကြိမ် ချိန်းပြီး တွေ့ ဆုံခဲ့ပါသည်ဟု ဦးပဉ္စင်းကလေးက ဆိုသောကြောင့် တစ်နေ့သော် ကျွန်တော် ခပ်လှမ်းလှမ်းက ချောင်းကြည့်သည် ။ ရန်ကုန်မှ မဟာဗန္ဓုလပန်းခြံကြီးလို လှပစည်ကားသော ပန်းခြံကြီး ဖြစ်လေတော့ တစ်နေရာက နေပြီး ချောင်းကြည့်ရန် မခဲယဉ်းပါ ။ တကယ်ပင် ထူးဆန်းသော အချစ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်နေပြီဟု ကျွန်တော် အာမခံနိုင်သွားပါလေပြီ ။

ထိုမျှသာမကသေး ရဟန်းပျိုနှင့် မိန်းမပျိုလေးတို့သည် ဤနည်းမျိုးဖြင့်ပင် ဟိန္ဒူ ဘုရားရှိခိုးကျောင်း တစ်ကျောင်းမှာ တစ်ခါတစ်ခါ တွေ့ဆုံကြလေသည် ။ ယင်း ဟိန္ဒူဘုရား ရှိခိုးကျောင်း၏ အမည်နှင့် နေရပ်လိပ်စာကို ဦးပဉ္ဇင်းလေးက ပြောပြပါ၏ ။ ကျွန်တော်လည်း ထိုကျောင်းကို တွေ့ မြင်ဖူးပါသည် ။ အထဲသို့ကား မဝင်ရောက်ဖူးပါ ။

ရဟန်းပျိုနှင့် မိန်းမပျိုတို့သည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ကြည့်ကြ၏ ။ စိတ်ဓာတ်ချင်း ကူးယှက်တွေ့ဆုံကြ၏ ။ ပါးစပ်မှ စကား တစ်ခွန်းတစ်ပါဒမှ မမြွက်ကြားရဘဲ ၊ ဘုရားရှေ့မှာ သစ္စာဆိုကြလေသည် ။

နေမြင့်လေ အရူးရင့်လေ ဆိုသလို အချိန်ကြာလေလေ ဦးပဉ္စင်း၏ အချစ်သည် အရူး အမူး ဖြစ်လာလေသည် ။ စာကို အပတ်တကုတ် ကြိုးစားအားထုတ်လေ့ရှိသော ဦးပဉ္စင်းလေးသည် စာကို ဘေးချ ထားလေသည် ။ အစားမှန် အနေမှန်သော ဦးပဉ္စင်းလေးသည် အစားပျက် အနေပျက် ဖြစ်လာလေပြီ ။ ဣန္ဒြေရလှသော ဦးပဉ္စင်းကလေးသည် ဣန္ဒြေ ပျက်လာလေပြီ ။

ထိုအခါ ဦးပဉ္စင်းကလေး ကိုရော ၊ ကိုသီဟန် ၊ ကိုလှဖေတို့ ကိုပါ ကျွန်တော်က ပြောမိသည် ။

“ အမယ်လေးဟဲ့ ... ကု,လားမလေးရယ် … ဦးပဉ္စင်းကို မကြိုက်ဘဲ သိန်းဖေ ကိုသာ ကြိုက်လိုက်ပါတော့ ” ဟု ။

ဦးပဉ္စင်းကလေးက ကျွန်တော့်ကို တိုင်ပင်လေသည် ။ မေတ္တာစာ ရေးမည် ။ လူချင်း နှစ်ယောက်တည်း ဆိတ်ကွယ်ရာမှာ တွေ့မည် ။ လူထွက်ပြီး ကု,လားမလေးနှင့် အကြင် လင်မယားအဖြစ် ပေါင်းသင်း နေထိုင်မည် စသော စိတ်ကူးများကို ဖွင့်ဟတိုင်ပင်ခြင်းဖြစ်၏ ။

ကျွန်တော်သည် ဤကိစ္စမှာ မဖြစ်နိုင်သော ကိစ္စတစ်ရပ်ဖြစ်သည်ဟု သေချာစွာ သိ၏ ။ သူတို့ နှစ်ဦးကြားတွင် တိုက်အိမ်ကြီး၏ အုတ်တံတိုင်းကြီး သာမက ၊ လူမျိုးရေး ၊ ဘာသာရေး ၊ စကားရေး ၊ လူမှုရေး စသော အခြား တံတိုင်းကြီးတွေ အများကြီးခြားနားနေသည် မဟုတ်ပါလား ။ ထိုတံတိုင်းများကို စိတ်အခြေအနေအရ ကျော်လွှားနိုင်သော်လည်း ရုပ်အခြေအနေအရ လုံးဝကျော်လွှားနိုင်မည် မဟုတ် ။ ကျော်လွှားဖို့ ကြိုးစားလျှင် ဒုက္ခရောက်ကြရမည်သာ ဖြစ်၏ ။ ထို့ကြောင့် သူတို့၏ အချစ်ကိစ္စကို ကျွန်တော် မရ,ရအောင် ဖျက်ရမည် ။ ကျွန်တော် -

“ နေစမ်းပါဦး ကိုယ်တော် ... အခုလို ပန်းခြံမှာ ချိန်းတွေ့ တာ ... ဘုရား ရှိခိုးကျောင်းမှာ ချိန်းတွေ့ တာတွေဟာ .... ဘယ်လို ချိန်းသလဲ ... ဘယ်သူက ချိန်းပေးသလဲ ”

ဦးပဉ္စင်းကလေး -

“ ကျုပ်မိတ်တွေ ... ဒရဝမ်ကြီးပေါ့ဗျ ”

“ အခု စာပေးရင်လည်း .. သူက ပေးပေးမှာပဲပေါ့နော် ”

“ ဟုတ်တယ် … ကျုပ်က စာပေးခိုင်းရင် ပေးပေးမှာပဲ ” 

ဟု ဦးပဉ္ဇင်းလေးက စိတ်အားထက်သန်စွာနှင့် ဖြေလေသည် ။

ကျွန်တော်က မေးခွန်းများကို ဆက်တိုက် မေးလိုက်သည် ။

“ စာကို ဘယ်လိုရေးမှာလဲ … မာရဝါရီကု,လားတွေ သုံးတဲ့ စာနဲ့ လား … ဟင်ဒီစာနဲ့လား ... အင်္ဂလိပ်စာနဲ့လား ကိုယ်တိုင် မရေးတတ်ရင် ... ဘယ်သူ့ကို ရေးခိုင်းမှာလဲ ”

ဦးပဉ္စင်းလေး၏ စိတ်အားထက်သန်မှုသည် အတော်လေး လျော့သွားလေသည် ။

သို့သော် “ လိုလျှင်ကြံဆ နည်းလမ်းရပေါ့ဗျ ... မခက်ပါဘူး ” ဟု ဆိုလိုက်လေသည် ။

ကျွန်တော် -

“ ကဲ ... စာတစ်စောင် ဖြစ်အောင်ပဲ လုပ်ကြည့်ပါဦး ... ပြီးတော့ ဒရဝမ်ကု,လားကြီးက တကယ် ပေးပေးမှာတဲ့လား … တပည့်တော်တော့ မယုံပေါင် ... ခုအထိ ကိုယ်တော်တို့ အချင်းချင်း တွေ့ခွင့်ရအောင် ချိန်းချိန်းပေးတာ ကတော့ သိပ်ခက်တာ မဟုတ်ဘူး ... ကောင်မကလေး ဘယ်တော့ ဘယ်သွားလိမ့်မယ်လို့ သူ သိထားတယ် သူ သိသလောက် ... ကိုယ်တော့်ကို ဖောက်သည်ချတယ် .. ကောင်မကလေးကို ကိုယ်တော် လာတွေ့လိမ့်မယ်လို့ ပြောပြထားဖို့ လိုတာ မဟုတ်ဘူး … ခု စာပေးပေးရမယ် ဆိုတာကတော့ ... သည်လို မဟုတ်ဘူး ”

ဦးပဉ္စင်းကလေး၏ စိတ်အားထက်သန်မှုမှာ လုံးဝ ပျောက်ကွယ်သွားပြီး ခပ်ငိုင်ငိုင် ဖြစ်သွားပါသည် ။ ကျွန်တော်က သူ၏ စိတ်ဓာတ်ကျခြင်းကို ဘီးတပ်ပေးပြန်ပါသည် ။

“ ကိုယ်တော်တို့ နှစ်ယောက်ကို ဒရဝမ်ကြီးက ကလေးတွေလို့ မြင်မယ် ကလေးတွေ မျက်လုံးချင်း ကစားတာကို မြှောက်ပင့်ပေးပြီး … သူက ကိုယ်တော်တို့ နှစ်ယောက်ကို ကစားနေတာကော မဖြစ်နိုင်ဘူးလား ... ဒရဝမ်ကု,လားကြီးက ကိုယ်တော်တို့ကို ရိုးရိုး ကစားရုံဆို … တော်ပါသေးရဲ့… ကိုယ်တော့်ကို ဘာသာရေးအရ သ,တ်တာကော မဖြစ်နိုင်ဘူးလား … သူက ဟိန္ဒူစစ်ကြီး ဘာသာရေးသမားကြီး .. ကိုယ်တော်က ဗုဒ္ဓဘာသာဘုန်းကြီး မာတုဂါမတွေနှင့် ထွေးလုံးရစ်ပတ် မဖြစ်စေဘဲ နေရမယ် ... ကာမဂုဏ် အာရုံ တွေ ရှောင်ရှားရမယ့် … ဗုဒ္ဓဘာသာဘုန်းကြီးကို ဟိန္ဒူဘာသာခြား ဒရဝမ်ကြီးက သိက္ခာချဖို့ ... အကျင့်သီလဖျက်ဖို့ လုပ်တာကော မဖြစ်နိုင်ဘူးလား ... ဒါက ကစားတာထက် ပိုဆိုးတယ် ... ပြီးတော့ ကိုယ်တော် စဉ်းစားကြည့်စမ်း ... ဒရဝမ်ကြီးမှာ ကိုးကွယ်နေကျ ဟိန္ဒူဘုန်းကြီး တစ်ပါးပါး မရှိပေ ဘူးလား ... အဲဒီ ဟိန္ဒူဘုန်းကြီးက ဒရဝမ်ကု,လားကြီးရဲ့ နောက်ကနေပြီး ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး ချောက်ကျအောင် ထောင်ချောက်လုပ်ပေး နေတာကော မဖြစ်နိုင်ဘူး လား ... ကိုယ်တော် ... ကိုယ်တော်ရဲ့ ကိစ္စကို ... ရပ်တန်းက ရပ်လိုက်ပါ ”

ဦးပဉ္စင်းကလေးသည် သက်ပြင်းကြီးချကာ ချုံးပွဲချ၍ ငိုတော့မတတ် မျက်နှာပျက် မှိုင်ကျသွားပါတော့သည် ။

နောက်တော့ ဦးပဉ္စင်းကလေးသည် ကျွန်တော်တို့နှင့် အတူမနေ ၊ ဘယ်ကို သွားမည် ဟုလည်း မပြောဘဲ ပြောင်းရွှေ့ သွားပါတော့သည် ။ နောက်ဆုံးမှာတော့ ကာလကတ္တား မှ သီဟိုဠ် ( သီရိလင်္ကာ ) သို့ ထွက်ခွာသွားပါလေတော့သည် ။

ကျွန်တော်သည် ဤထူးဆန်းသော အချစ်ဇာတ်လမ်း ဖြစ်ရပ်အမှန်ကို အခြေခံပြီး ဝတ္ထုရှည် တစ်ပုဒ် ရေးရန် စိတ်ကူးမိလေသည် ။

ထိုဝတ္ထု၏ အဓိက ဦးတည်ချက်မှာ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ တူညီချက်နှင့် ခြားနားချက်တို့ကို အခြေခံလျက် ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ ၊ တစ်ဖက်တွင် သမဂ္ဂသဟဇ ဖြစ်ကြပုံနှင့် အခြားတစ်ဖက်တွင် ပဋိပက္ခ ဖြစ်ကြပုံကို ဖွင့်ဆိုတင်ပြရန် ဖြစ်သည် ။ ပစ္စုပ္ပန်အားဖြင့် ကျွန်တော်တို့နှင့် အတူနေ ရဟန်းပျိုနှင့် ကျွန်တော်တို့ လမ်းထိပ်က မာရဝါရီသူဌေးသမီး မိန်းမပျိုတို့၏ အချစ်ဇာတ်လမ်းကို ဖော်ပြရင်း ဟိန္ဒူဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းခဲ့ကြသော ဘုရင် အဇာတသတ် နှင့် ဘုရင် အသောက အကြောင်းကို လည်းကောင်း ၊ တစ်ခါက အိန္ဒိယ၌ ဗုဒ္ဓသာသနာ လွှမ်းမိုး ထွန်းကားခဲ့ပုံကို  လည်းကောင်း ၊ ဆန်ကာရာချာရိယ ဥသင်္ကာရာစာရိယ ဟူသော ဟိန္ဒူဆရာ အရှင်မြတ် လက်ထက်တွင် ဗုဒ္ဓဘာသာကို ဟိန္ဒူဘာသာဂိုဏ်းကြီးများ အနက် ဂိုဏ်းတစ်ဂိုဏ်း နေရာမှာ ထားပြီး တပေါင်းတစည်း တစ်လုံးတစ်ခဲတည်းသော ဟိန္ဒူဘာသာ ၊ ဟိန္ဒူသာသနာ အဖြစ်သို့ သွတ်သွင်းစည်းရုံးလိုက်၍ ဗုဒ္ဓသာသနာ အိန္ဒိယပြည်မှ ပျောက်ကွယ်သလောက် ဖြစ်သွားရပုံများကို လည်းကောင်း တစေ့တစောင်း အတိတ်ဆောင်ရန် ဖြစ်သည် ။

ယနေ့ အိန္ဒိယနိုင်ငံ၏ ကာလကတ္တားတက္ကသိုလ် ပါဠိနှင့် ရှေးဟောင်း အိန္ဒိယ သမိုင်းဌာန ၊ နာလန္ဒာပန်းခြံ ၊ ဘိုးဘဇာလမ်း ၊ အတွင်းဝန်ရုံးပန်းခြံ ၊ ချောင်ရင်ဂီ ရှိ အိန္ဒိယသမိုင်း ပြတိုက်ကြီး ၊ ဗာရာဏသီ ရှိ ဟိန္ဒူဘုရားကျောင်းများ ၊ ဆာရနပ်သ် ဗုဒ္ဓဘာသာ ကျောင်းကန် ၊ ဘုရားအဟောင်းသစ်များ ၊ ဗုဒ္ဓဂါယာ ရှိ မဟာဗောဓိ ညောင်ပင် ၊ မဟာဗောဓိစေတီနှင့် ပိုင်ရှင် ဟိန္ဒူဘုန်းကြီး မဟန့်တ် ၏ ကျောင်းတော်ကြီး စသော အရပ်ဌာနများတွင် ဇာတ်လမ်းကို တည်ဆောက်ရင်း ယနေ့ ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ၏ ဘဝနှင့် အချင်းချင်း ဆက်ဆံရေး အခြေအနေများကို ခြယ်မှုန်းတင်ပြရန် ရည်ရွယ်ခဲ့ပါသည် ။ ဟိန္ဒူဘာသာကို အလေးအမြတ် ပြုသလို ဗုဒ္ဓဘာသာကို ယုံကြည်မြတ်နိုးသော ပန်ဒစ်ဂျဝါဟလာနေရူး ၊ ဒေါက်တာရာဒါခရစ်ရှ်နန် စသော ခေါင်းဆောင်များ ၊ ဗုဒ္ဓဘာသာကိုသာ ဆည်းကပ်ကိုးကွယ်သော ဒေါက်တာဘရူးဝါး ( ကျွန်တော့်ပါမောက္ခ ) ၊ ဒေါက်တာအမ်ဘတ်ဒ်ကား ( ဟိန္ဒူဇာတ် နိမ့်တို့၏ ခေါင်းဆောင် ) စသော ပုဂ္ဂိုလ်ကြီးများ၏ အကြောင်းကိုလည်း အလျဉ်းသင့်သလို ပြောပြသွားရန် ရည်ရွယ်ခဲ့ပေသည် ။

သို့သော် ယင်းသည် မရေးဖြစ်ခဲ့သော ထူးဆန်းသည့် အချစ်ဇာတ်လမ်း တစ်ပုဒ်သာ ဖြစ်နေခဲ့ပါ၏ ။

အကြောင်းမူကား ကျွန်တော့်တွင် အပူတပြင်း ရေးစရာ အကြောင်းအရာ တစ်ခုက ရှိနေ၍ဖြစ်သည် ။ ထိုအကြောင်းအရာမှာ ကျွန်တော်နှင့်တကွ မြန်မာလူငယ်များ မနေ့တစ်နေ ကမှ ပူပူနွေးနွေး တွေ့ကြုံခဲ့ရ ၊ လတ်လတ်ဆတ်ဆတ် သိခဲ့ရ ၊ စူးစူးရှရှ ခံစားခဲ့ရသော အကြောင်းအရာ ဖြစ်သည် ။ ယင်းမှာ ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ်နှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ကျောင်းသားများ၏ သပိတ်ကြီးဖြစ်သည် ။

ရဟန်းပျိုနှင့် မာရဝါရီသူဌေးသမီး မိန်းမပျိုတို့၏ အချစ်ဇာတ်လမ်းနှင့် ဟိန္ဒူ ၊ ဗုဒ္ဓဘာသာ အကြောင်းအရာကား မျက်မြင်ကိုယ်တွေ့ပင် ဖြစ်လင့်ကစား ၊ သိစရာ ၊ နားလည်စရာ ၊ ခံစားစရာတွေ အများကြီး ကျန်သေးသည် ။ အိန္ဒိယ ဗုဒ္ဓသာသနာဝင်များနှင့် အိန္ဒိယ ဟိန္ဒူ သာသနာဝင်တို့ကို ပို၍ လေးလေးနက်နက် အသေးစိတ် လေ့လာရန် လိုသေးသည် ။

ယခုမူ ထိုဝတ္ထုကို မရေးဖြစ်ခဲ့လေသောကြောင့် ဘဝတွင် တစ်စုံတစ်ရာ ဆုံးရှုံးခဲ့သလို ကျွန်တော် နှမြောတသ နေမိပါ၏ ။

⎕ သိန်းဖေမြင့်
📖ဝတ္ထုတို ပေါင်းချုပ်

Saturday, July 12, 2025

မိန်းမကြောက်


 

❝ မိန်းမကြောက် ❞
   ( သိန်းဖေမြင့် )

မောင်ဘိုးထွန်း သည် မြန်မာလို ခုနစ်တန်းနှင့် အယ်လီမန်ထရီ ဆရာဖြစ် စာမေးပွဲကို အောင်ပြီးနောက် မင်းဝန်ရပ် ဦးဘိုးဉာဏ်ကျောင်း၌ လက်ထောက်ဆရာ လုပ်နေလေသည် ။ သူသည် တင်မေနှင့် ညားသည်မှာ နှစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ကလေး တစ်ယောက်မျှ မရသေးချေ ။ တင်မေသည် ကလေး လိုချင်လှသည် ။ ဘိုးထွန်းကား တင်မေ၏ တင်သား ၊ ရင်သားတို့သည် ကလေးမွေးလာက ဖောင်းအိ စိုပြည်ခြင်းဂုဏ် ကင်းသွားမည်ကို စိုးသဖြင့် ကလေး မလိုချင်ပေ ။

သူသည် ထိုနေ့၌ အိမ်ပြန် နောက်ကျလေသည် ။ ရုံးမှ လခငွေ ၂၅ကျပ် ထုတ်လာပြီးနောက် လစဉ်ဆရာများ၏ အစည်းအဝေးသို့ သွားတက်လေသည် ။ ထိုအစည်းအဝေးတွင် ပညာအုပ်အသစ်က တရားဟော နေရာ အတော်ပင် အချိန်ညောင်းသွားသည် ။ ဆရာမ မမိုးစိန် ကလည်း သင်ခန်းစာတစ်ခု ပြရာ လေအတော်ရှည်နေသည် ။ နောက် ဆရာများ စကားအချေအတင် ပြောပွဲကလည်း စကားလက်စ မသိမ်းနိုင်အောင် ရှိနေသည် ။

အိမ်အဝင်ဝသို့ ရောက်လျှင်ရောက်ချင်း အိမ်တွင်းသို့ ရှာဖွေသော မျက်လုံးဖြင့် ကြည့်လေသည် ။ “ အို … မတင်မေ ဘယ်သွား နေပါလိမ့်မလဲ ” အပေါ်ထပ် တက်ကြည့် မတွေ့ ၊ အခန်းတွင်း ဝင်ကြည့် မတွေ့  ၊ အိမ်နောက်ဖေး ကြည့် မတွေ့ ။

“ မတင်မေရေ ဘာလုပ်နေသလဲ ” ဟု ဘိုးထွန်းက နှုတ်ဆက်၏ ။

“ တကတဲ ကိုဘိုးထွန်းရယ် လာမှ လာပေသေး ၊ ကျွန်မ တစ်ညနေလုံး စောင့်နေရတာ ” ဟု ဆီး၍ ရန်တွေ့၏ ။

“ အို .. လခထုတ် နေလို့ပါကွယ် ၊ ရော ... ရော့ ယူလှည့် ” ဟုပြောကာ လက်ကိုင်ပဝါ ဖြင့် ထုပ်ထားသော ငွေကို လှမ်းပေး၏ ။

တင်မေသည် ငွေကို မယူသေး ၊ ရေကို ဖန်ခွက်ဖြင့် ထည့်ယူခဲ့၏ ။ မျက်နှာ သုတ်ပဝါလည်း ပြေး ယူလိုက်သေး၏ ။ “ ကိုင်း မျက်နှာများ သုတ်ပါဦး ၊ ပြီးတော့ ရေသောက်ပါ ” ဟု လောကွတ် ကောင်းနေသည် ။

“ ရော့ကွာ ဒါယူပါဦး ” ဟု ငွေပေးပြီး ချွေးအရွှဲရွှဲ စိုနေသော မျက်နှာကို သုတ်ပြီး နောက် ရေသောက်လေ၏ ။ တင်မေသည် လက်ကိုင်ပဝါ ငွေထုပ်ကလေးဖြင့် မိမိ ကျောကို ထုနေလေ၏ ။ မျက်နှာသုတ်ပဝါနှင့် ဖန်ခွက်ကို ၎င်းတို့၏ အသီးသီးသော နေရာတို့၌ နေကြ စေပြီးနောက် ငွေထုပ်ကို ဖြေလေ၏ ။

“ ကိုဘိုးထွန်း ဘယ့်နှယ်လဲ ၊ ငွေ ၁၄ ကျပ် သုံးမူးထဲပါကလား ၊ သည့်ပြင် ငွေတွေကော ” ဟု မေး၏ ။

“ ကွာ ... စိတ်ညစ်ပါရော ၊ တစ်လတစ်လ ဆို တယ်ကုန်တာကိုး ။ အသင်းကြေးပေးရ ၊ မြေပုံဖိုးပေးရ ၊ စာအုပ်ဖိုးပေးရ ” ဟု ညည်း၏ ။

“ အို … ဘာပဲ ပေးရပေးရ ၊ သည်လောက် ကုန်ရသလား ၊ မှန်မှန်ပြောပါ ။ ရှင် ဘယ်သူ့များ ပေးရသေးသလဲ ၊ ရှင့်အမေကို ဘယ်လောက် ပူဇော်တော်မူခဲ့သေး သလဲရှင့် ”

“ တစ်ပြားမှ မပေးရရိုး အမှန်ပါဗျာ ၊ ဟို ဦးလေးညွန့်ကိုတောင် ၂ ကျပ်လောက် ကြည့်ချင်တာ ပေး , မပေးခဲ့ရဘူးကွာ ”

“ မဟုတ်ဘူး ရှင်ပေးတယ် ၊ ဘယ်မယားငယ် ပေးခဲ့သလဲ ၊ ပြော ”

“ အို .. ဘယ်က မယားငယ်လဲ ၊ ငါ့မယားငယ် မရှိပါဘူး ၊ အဟုတ်ကိုပဲ ကျောင်းမှာပဲ ကုန်တာပါကွ ”

“ မယုံဘူး မယုံဘူး ၊ ဘယ်မှာ သည်ငွေ ၁၄ ကျပ် သုံးမူးနှင့် လောက်မလဲ ။ အမေတို့ ဆီက ဆန်တွေ ယူထားပြီး တစ်ပြားမှ ပြန်မပေးရသေးဘူး ၊ သည်လ ဆန်ဖိုး နည်းနည်းဖဲ့ဆပ် မယ်လို့ဟာ ၊ ဘယ်မှာလဲ ဘယ်လိုလုပ် ပေးရမလဲ ”

“ ဟား ဟား ၊ သူများကြွေး မှတ်လို့ကွာ ၊ မပေးဘဲ ထားလိုက်တာပေါ့ကွာ ”

“ မနေနိုင်ဘူးရှင့် မနေနိုင်ဘူး ၊ ကျွန်မတို့က မကျွေးရတဲ့အပြင် အမေဆီက ယူယူ စားနေရတာ ကောင်းသေးရဲ့လား ”

“ ကောင်းတာပေါ့ကွ ၊ တို့အမေကလည်း လစဉ် ဆီပေးတယ် ။ ပဲပေးတယ် ။ မင့်လိုသာ အကြွေးဆပ် နေရရင် မခက်သေးဘူးလား ” ဟု ပက်လက် ကုလားထိုင်ပေါ်သို့ လှဲထိုင်လိုက်ရင်း ပြောလေ၏ ။

“ ခက်ပစေ ကျွန်မ အမေရဲ့ကြွေးကိုတော့ ပေးရမယ် ၊ ရှင့်လခ မပြည့်တာက ရှင်ပေး ချင်ရာပေးထားခဲ့လို့ဟာပဲ ”

“ တောက် ... မဟုတ်ပါဘူး ဆိုတာ မယုံဘူးလားဟေ့ ”

“ ယုံဘူး ယုံဘူး ဘာလို့ ယုံရမှာလဲ ၊ သူတို့ယောက်ျားတွေ သည်လိုချည်းပဲ ။ ပြီးတော့ ရှေ့လက ကြက်သွန် ၊ ငါးရံ့ခြောက် ၊ ငါးပိ ၊ ပုစွန်ခြောက် ဝယ်တဲ့ ကြွေး ၅ ကျပ်ကလည်း မလှရွှေတို့ဆိုင် ပေးရဦးမယ် ။ ကိုဘထူးတို့ ဆိုင်က လုံချည်ဖိုးရယ် ၊ အင်္ကျီဖိုးရယ် ၊ ပေါင်းကြွေး ၆ ကျပ် ။ ရှင် ကော်ဖီဆိုင်မှာ ယူထားတဲ့ ကြွေးက ၂ ကျပ်ခွဲ ။ ကဲ ... ဘာတွေ ဘယ်လိုလုပ် ဆပ်ရမလဲ ၊ အမေ့ဆီလည်း ဆန်ဖိုး ငွေ ၇ ကျပ်လောက် ဆပ်ရမယ် ” ဟု အကြောင်းပြ ပြန်၏ ။

“ အို ဘယ်ဖြစ်နိုင်မလဲကွာ ၊ မင့်အမေဆီ မပေးပါနှင့် ဆိုနေတာ ။ မလှရွှေတို့ကို ၂ ကျပ်ပဲ ပေးလိုက် ၊ ကိုဘထူးကို ၃ ကျပ် ပေးလိုက် ၊ ကာကာကို တစ်ကျပ်ခွဲ ပေးလိုက် ၊ တော်ရောပေါ့ ။ သည်လ အကုန်အကျ များလို့ မပေးနိုင်သေးဘူး ပြောတာပေါ့ ”

“ အို … မဖြစ်နိုင်ဘူးရှင့် ၊ အမေ့ငွေလည်း ပေးရမှာပဲ ၊ အကုန်အကျ ရှင့် ဘာသာရှင် များနေတာ ဘယ်သူက ယုံမတဲ့လဲ ”

“ အို မင်း မယုံချင် မယုံနဲ့ ပေါ့ ၊ ဟော ...

နှစ်ရက် နေမကောင်းလို့ ကျောင်းပျက်တွက် နုတ်တာက ၁ိ - ၁ဝ ပဲ

အာစရိယ သမဂ္ဂအသင်း ‌ေအတွက်  - ၈ ပဲ

တို့အသင်းက ဆရာ တစ်ယောက် ကျန်းမာရေးပညာသင် သွားတာက ၂ိ -

စာအုပ်သစ် ၊ မဂ္ဂဇင်းပါရော ၂ိ - ၈ ပဲ

အတန်းသင်ဖို့ မြေပုံဝယ်ရတာက ၂ိ - ၄ ပဲ

ဝတ္ထုပစ္စည်း သင်ခန်းစာအတွက် - ၁ိ - ၈ ပဲ

နေ့လယ်က လက်ဖက်ရည်သောက်တာက - ၄ပဲ

အားလုံးပေါင်း ငွေတစ်ဆယ့်နှင့်ခြောက်မူး ဗျား ၊ မင်းယုံချင်ယုံ မယုံချင်နေတော့ ”

“ မယုံဘူး ၊ ရှင် ယိုးမယ်ဖွဲ့ပြောတာ ၊ ရမယ်ရှာပြောတာ ။ ဘယ်မှာ စာအုပ်ဖိုးတွေ ၊ ဝတ္ထုပစ္စည်းဖိုးတွေ ၊ မြေပုံဖိုးတွေ ကုန်မလဲ ။ အလကား သူပေးချင်ရာလူ ပေးခဲ့ပြီး ညာ ညာ ပလီပြောတယ် ” ဟု မဲ့ရွဲ့ကာ ပြောလေ၏ ။

“ အို …. ငါမပြောတော့ဘူး ၊ မင်း ငါ့ပဲ မယုံသင်္ကာ ရှိနေသေးတယ် ”

နဂိုကပင် ညစ်နေသော ဘိုးထွန်း၏ စိတ်သည် မည်းသွားလေ၏ ။ ငွေအပို ကုန်တာတွေ များသဖြင့် မိမိ ကိုယ်တိုင် စိတ်မချမ်းမြေ့ ဖြစ်ခဲ့၏ ။ မိန်းမကို အကျိုးအကြောင်း ပြောပြ ရလျှင် ဘာမျှ စိတ်မရှိတန်ကောင်းဟု အောက်မေ့ခဲ့၏ ။ ယခုမူ မိမိပြောပြရသမျှအကြောင်းကို လက်မခံသော မိန်းမသည် မိမိအား သက်သက်မဲ့ ဒုက္ခပေးနေပြန်၏ ။ မိမိ ကိုပင် မယုံဘဲ မယားငယ်ထားနေသည်ဟု ထင်နေပြန်ချေ၏ ။ သူသည် မိမိ မယားကို အလွန်ချစ်သူဖြစ်၏ ။ မိမိ မယားမှ တစ်ပါး မိန်းမ မရှိဟု အယူရှိသူ ဖြစ်၏ ။ မိမိ မယားမှ တစ်ပါး အခြားမိန်းမကို တပ်မက်သူ မဟုတ်ချေ ။ ထိုမျှသမာဓိခိုင်ခိုင်ဖြင့် ချစ်ခဲ့သူကို သက်သက်မဲ့ စွပ်စွဲလေသည်ဟု ဒေါသဖြစ်၏ ။ ဘာကြောင့် စွပ်စွဲရသလဲ ဟုမေး၏ ။ မိမိမယားသည် အကြောင်း လုံလောက်အောင် ပြပါလျက်နှင့်ပင် မယုံကြည် ၊ အသုံးစရိတ်ကို တွက်ပြပါလျက် နားမထောင် ၊ အဘယ်ကြောင့် ထိုမျှ အဆင်ခြင် အနှိုင်းဆ နည်းရလေသနည်း ။ သက်သက်ပင် ရန်ရှာလို၍ မိမိအား မယုံခြင်း မဟုတ်ပါလော ၊ မိမိက ချစ်ပါလျက် သူကမချစ်၍ မိမိအား တစ်ပါးသော မိန်းမနှင့် ယုတ်ပတ်သည် မဟုတ်ပါလော ။ ဘိုးထွန်းသည် စိတ်နာသွား၏ ။

“ မသင်္ကာတယ် ဘာဖြစ်သလဲ ၊ ရှင်ကမှ မူမမှန်ဘဲ ။ ကျွန်မတော့ ကြွေးအကုန်ပေးပစ်မယ် ၊ အမေ့ ကိုလည်း ဆန်ဖိုးငွေ ခုနစ်ကျပ် ပေးရမယ် ”

“ ပေးချင်ပေး ၊ မပေးချင်နေ ငါ့မပြောနှင့် ။ မင်းဘာသာမင်း ငွေရှာပေး ၊ မင်း ဘယ်ကရှာရှာ ” ဟု အော်ငေါက်လေ၏ ။

“ ကျွန်မ မရှာနိုင်ဘူး ၊ ဒီငွေကိုပဲ ပေးရမယ် ။ ရှင် ယောက်ျား တစ်ယောက် လုပ်နေပြီး ငွေရှာ မရဘူးလား ၊ ရှင်ယောက်ျား ဆိုပြီး မိန်းမတောင် လုပ်ကျွေးနိုင်တာ မဟုတ်ဘူး ”

“ အကန်းမ အယုတ်မ ၊ နင့် ငါကျွေးနေတာ ဘယ်လောက်ကြာပြီလဲ ”

“ အောင်မာ သူက ငါ့အကန်းဆိုရသေး ၊ ရှင်သာ အကန်း ၊ ရှင်သာ အယုတ် ” ဟု ပြောရင်း ငိုလေ၏ ။

“ ကျွန်မ သွားမယ် ၊ ရှင့်လို မယားငယ် ထားတဲ့လူ ၊ ရတဲ့ငွေ မိန်းမငယ် ပေးပစ်တဲ့ လူ ၊ ကျွန်မကို မိန်းမယုတ် ဆိုတဲ့လူနဲ့ မနေချင်ဘူး ၊ ကျွန်မသွားမယ် ၊ အမေ့အိမ်သွားမယ် ” ဟုပြောကာ ငွေဆယ့်လေးကျပ်လုံးကိုယူ၍ ထွက်သွားလေ၏ ။

တင်မေသည် ငဲ့ညှာရန် ကလေး မရှိသောကြောင့် လင်နှင့် ပြတ်စဲဖို့အရေး တာဝန် လေးသည် မဟုတ် ။ တင်မေသည် အဆင်ခြင်နည်း၏ ။ သူ၏ရုပ်အတွက် အတော်ပင် မာန်တက် လျက်ရှိသေး၏ ။ အပျိုဘဝတွင် ပိုးပန်းသူ ၊ ချစ်ကြိုက်သူ ၊ ရည်းစား အလွန် များခဲ့၏ ။ ထိုအကြောင်းကြောင့် ဒီလင်က မချစ်လျှင် နောက်ထပ် လင်ရရန် မခဲယဉ်းဟု ထင်မြင် ယူဆလျက်ရှိ၏ ။ ယခု အပျိုမဟုတ်တော့ပြီ ။ အပျိုတုန်းကလို ချစ်စရာတွေ မက်စရာတွေ မရှိတော့သည်ကို တင်မေ မသိ ဖြစ်ခဲ့၏ ။ တစ်ခုလပ် ခြံကျော်ကလေး ဖြစ်က လင်ကောင်းမရ နိုင်တော့သည်ကို မတွက်မိသောသူ ဖြစ်၏ ။ ထို့ပြင် မိဘအတွက် တော်တော် မာနတက်၏ ။ လင်နှင့် ပြတ်စဲနေက မည်သူကမျှ မကျွေးမမွေးဦးတော့ မိဘက ကျွေးမွေးမည် အယူရှိ၏ ။ ထို့ကြောင့်လည်း အမေ့အိမ်သို့ ထွက်လာခဲ့ခြင်း ဖြစ်လေသည် ။

ဘိုးထွန်းသည် အလွန် မောလှသဖြင့် ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်၍ မျက်စိ မှိန်းနေလေ၏ ။ သူ၏ စိတ်သည် မိုးလင်း၍ ဇာတ်သိမ်း သွားသော ဇာတ်ခုံနှင့် တူလေသည် ။ ညအချိန်က ဓာတ်မီးရောင်ဖြင့် တောက်ပြောင်ခမ်းနားခဲ့သော်လည်း နံနက်နေရောင်တွင် အလွန်စိတ်ပျက်ဖွယ်ကောင်းသော ဇာတ်ခုံဖြစ်နေလေသည် ။ ညအခါက ပျော်ဖွယ်ကောင်း သလောက် နံနက်အခါတွင် ပျင်းဖွယ်ငြီးငွေ့ဖွယ် ကောင်းလေသည် ။ ရှေးက တင်မေတည်း ဟူသော ဓာတ်မီးရောင်က သူ့စိတ်ကို တောက်ပြောင်ခမ်းနားစေခဲ့သည် ။ တင်မေ၏ စကား ပြောသံ ရယ်သံတည်း ဟူသော ဆိုင်းသံဗုံသံက သူ၏ စိတ်ဇာတ်ခုံကို သာယာပျော်မြူးဖွယ် ကောင်းစေခဲ့သည် ။ သူ၏ စိတ်သည်လည်း ဟာ၏ ။ ဝမ်းသည်လည်း ဟာ၏ ။

ဘိုးထွန်းသည် မီးဖိုချောင်သို့ ဝင်သွား၏ ။ ထမင်းအိုး တစ်လုံးမှ တစ်ပါး ဘာမျှ မချက်ရသေးသည်ကို တွေ့လေ၏ ။ ဟင်းမရှိသည်နှင့် ဘဲဥတစ်လုံးကို ထမင်းအိုးတွင် အုံးထား လေ၏ ။ ဘဲဥ ၊ ဆီ ၊ ဆား ၊ ထမင်း အားလုံးနယ်ပြီး ပွဲတော်တည်ရလေ၏ ။ “ ဪ ... တင်မေသာ ရှိရင် ဟင်းကလေး ဖွယ်ဖွယ်ရာရာနှင့် စားရမှာပဲ ၊ သူကလေးဟာလေ စနေသမီးမို့ စိတ်ဆိုးတတ်တာ တစ်ခုပဲ ၊ အင်မတန် အချက်အပြုတ် ကောင်းတယ် ၊ အပြုအစုလည်း ပထမတန်း ၊ နောက် တကယ်လို့ သူ ပြန်မလာရင် ဖွဟဲ့ လွဲစေဖယ်စေ ၊ ငါထမင်း အစားရ မကျပ်ပေ ဘူးလား ၊ ငါဘယ်လို လုပ်ပြီး စားနေရပါ့မလဲနော် ” ဟု ပူပန်လေ၏ ။

မိမိ စားပြီးသော ပန်းကန်ကို ဆေး၏ ။ “ ဪ သူကလေးရှိရင် ငါ့ပန်းကန်ကို ဆေးမှာပဲ ၊ ခုတော့ ” ဟု တွေးပြီး ယူကျုံးမရ ရှိပြန်လေ၏ ။ ထမင်းစားပြီး မြီးကောက်ဆိုသော ခွေးကြီးကို အစာကျွေးရပြန်၏ ။ ထမင်းရည်က ကျဲနေသဖြင့် အပေါ်ရည်ကို သွန်ပစ်ရင်း “ တောက် .. ဒါ တင်မေ့ အလုပ်တွေပေါ့ နော် ” ဟု စဉ်းစားမိပြန်၏ ။ ဘုန်းကြီးကျောင်းမှ လောကဓာတ်ကျောင်းသို့ပြောင်း၍ စာသင်နေရသော ကျောင်းသားကလေးသည် ခေါင်းလောင်း ထိုးတိုင်း ဘုန်းတော်ကြီးကျောင်း၏ ဂုဏ်ဂုဏေးတွေကို အမှတ်ရတမ်းတသလို ဘိုးထွန်းသည် ထမင်းစားချိန်၌ တင်မေ၏ ဂုဏ်ဒြပ်အဝဝကို အကုန်အမှတ်ရလေ၏ ။

ထမင်းစားပြီးနောက် ပက်လက်ကုလားထိုင်တွင်ထိုင်၍ ငေးနေပြန်လေ၏ ။ တင်မေ အကြောင်း မစဉ်းစားတော့ပါဘူးဟု အခြားအကြောင်းတွေ ကြံစည်မိ၏ ။ ညနေက ပညာအုပ် ပြောသွားသော စကားများကို ပြန်ဖော်၏ ။ ပညာအုပ်စကားကြားမှ တင်မေ ပေါ်လာပြန်၏ ။ စကား အချေအတင် ပြောပွဲကို ဆင်ခြင်သုံးသပ်ပြန်၏ ။ အခြေဘက်မှ စကားများ ကြားတွင် တင်မေ ပေါက်လာပြန်၏ ။ နံနက်ခင်းက သူ့အတန်းသားများကို ဂဏန်းသင်္ချာ သင်ခဲ့သည်ကို သုံးသပ်ပြန်၏ ။ တပည့်မကလေး လှမြင့်ကို မြင်မိလေ၏ ။ လှမြင့်သည် ဇနီးတင်မေ နှင့် အတော်တူသည်ဟု အောက်မေ့မိလေ၏ ။ ငါးထောင်စားရာထူးကို လိုချင်သော တိုင်းပြည် ခေါင်းဆောင်သည် မဲဆန္ဒစကားကို နေရာတကာတွင် ကြားညှပ်၍ ပြောသကဲ့သို့ တင်မေကို အလိုရှိသော ဘိုးထွန်းသည် နေရာတကာတွင် တင်မေကို ကြားညှပ်၍ စိတ်ကူးလေသည် ။

နေမင်းကြီးသည် သူ၏ အလင်းရောင်များကို သိမ်းဆည်းလျက် ဤကမ္ဘာလောကကြီးကို ပစ်ခွာ၍သွားလေ၏ ။ လောကဓာတ်ကြီးသည် မှောင်အတိ ဖုံးလွှမ်းနေလေ၏ ။

ဘိုးထွန်းသည် ခွေခွေကလေး အိပ်ရာမှ ထ၍ မီးထွန်း၏ ။ မီးထွန်းခြင်းသည် တင်မေ၏ အလုပ်ဖြစ်၏ ။ တင်မေကို တ,မိပြန်၏ ။ နောက် စိတ်ပြေလက်ပျောက် စာဖတ်လေ၏ ။ စာဖတ်၍လည်း စိတ်မဝင် ၊ သူ၏ စိတ်သည် ပြေးလွှားလျက် တင်မေ့ ဆီကိုသာ သွားနေ၏ ။ “ ဪ … တင်မေ တင်မေ ၊ မင်းဂုဏ်တွေ ၊ မင့်အရည်အချင်းတွေဟာ တယ်များပါကလား ၊ မင်းမရှိရင် ဘယ်လိုလုပ် နေနိုင်မလဲကွ ၊ မင်းထွက်သွားတာ ငါအစကတော့ မင့်အပြစ်လို့ ဆိုတယ် ၊ မင့်အပြစ် မဟုတ်ဘူးကွ ၊ ငါ့အပြစ်နော် ၊ ငါသည်လောက် ဂုဏ်နှင့် ကျေးဇူးနှင့် ပြည့်စုံသူကို လိုဘပြည့်အောင် ပျော်နိုင်အောင် ထားဖို့ရှိတယ် ။ ခုတော့ ငါက မင့် လိုဘပြည့်အောင် မထားနိုင်ဘူးကွနော် ။ ငါလိုတယ် ၊ ငါ့အပြစ်ကွာ ”

ဘုရားဝတ်တက် ဆင်းသော ခေါင်းလောင်းသံကို ကြားရလေ၏ ။ ‘ ဟီး အိပ်ဦးမှပဲ ’ ဟု ညည်း၍ အိပ်ရာသို့ဝင်၏ ။ ခါတိုင်း အိပ်ရာဝင်မည် ရှိလျှင် ‘ ကိုဘိုးထွန်း ၊ ခြေဆေးပြီးပြီလား ’ ဟု တင်မေက မေးလေ့ရှိ၏ ။ ယနေ့ အသူက မေးလေမည်နည်း ။ ‘ ပေး - ရော့ - အင့် ’ ဟုပြောပြီး စောင်လှမ်းယူလေ့ရှိ၏ ။ ယခုမူ စောင်ကို ကိုယ့်ဘာသာကိုယ် ယူရပြီ ။ ယခင် ညများညများက မအိပ်ခင် စကားတတွတ်တွတ် ပြောကြ၏ ။ ပြောသမျှ စကားတွေထဲတွင် ဤအချိန်အခါ ဤနေရာ၌ ပြောသော စကားသည် နားဝင်အချိုဆုံးဖြစ်ခဲ့၏ ။ အပြေပြစ်ဆုံးဖြစ်ခဲ့၏ ။ မယားက ပြောသည် ၊ လင်က ဆင်ခြေမတက် ၊ တစ်ယောက် စကား တစ်ယောက်က နားထောင်၍ အင်းလိုက်ခဲ့ကြ၏ ။ သည်နေ့ ညမှ ဘိုးထွန်း တစ်ယောက်တည်း ။ ဘိုးထွန်းသည် ယခင့် ယခင်ညများက တတွတ်တွတ် ပြောသလို ယခုညလည်း ပြောဆိုလို၏ ။ သူသည် အပြင်းပြဆုံးသော ဆန္ဒအာလျဖြင့် တင်မေနှင့် စကားပြောရရန် တောင့်တ၏ ။

ထို့နောက် ဘိုးထွန်းသည် တင်မေ၏ ခေါင်းအုံးကို ကြည့်ပြန်၏ ။ ခေါင်းအုံးပျောက် သွား၍ တင်မေ၏ မျက်နှာကလေး ရောက်လာ၏ ။ မျက်ဆန်ကလေး ကလယ်ကလယ် ၊ မျက်တောင်ကလေး ကော့တော့တော့ဖြင့် မိမိအားကြည့်နေ၏ ။ နောက် နှုတ်ခမ်းကလေးများ ဟပြီး ပြုံးလေ၏ ။ ဘိုးထွန်းသည် တင်မေ၏ခေါင်းအုံးကို လက်ဖြင့် ပွတ်သပ်လေ၏ ။ သက်ပြင်းရှူလေ၏ ။ တင်မေအိပ်သောနေရာတွင် ပက်လက်ကလေး အိပ်နေသော တင်မေကို မြင်ယောင်ယောင် ရှိလေ၏ ။ တင်မေ၏ ရင်မှာခုန်နေ၏ ။ တက်လိုက်ကျလိုက် လှုပ်နေသော ရင်ကလေးကို မြင်မိယောင်ယောင် ထင်လေ၏ ။ ထိုနေရာသို့ ဘိုးထွန်းသည် လက်တင်ထား လိုက်ပြန်၏ ။ ဘိုးထွန်း၏ရင်သည် ပူနေလေ၏ ။ ရင်က အပူသည် အထက်သို့ တက်၍လာ သဖြင့် အာခေါင် ခြောက်လှလေ၏ ။

ဘိုးထွန်းသည် အိပ်မပျော် ၊ မျက်လုံးကြောင်နေ၏ ။ တင်မေသာ ရှိရင် လေဟူသော ကြိမ်းဝါးချက်ကိုသာ ခဏခဏ ထုတ်နေလေ၏ ။ စိတ်ညစ်သဖြင့် ဖြုန်းခနဲ မှောက်အိပ်သော်လည်း အိပ်မပျော်ချေ ။

“ မဖြစ်ဘူး တင်မေ မရှိရင် ငါသေမယ် ၊ တင်မေဟာ ငါ့အသက်ပဲ ၊ ငါ့ အပြစ်တွေကို ဖျောက်ပြီး တင်မေကို ခေါ်မှပဲ ။ တင်မေ သဘောကျသလို ငါနေမှ ဖြစ်မယ် ။ ခု ငွေနည်း နေရင် ငါ တခြားက ငွေရှာရမယ် ။ ငွေမလောက်ရင် လောက်အောင်ရှာပေးဖို့ဟာ ငါ့တာဝန်ပဲ ။ ဘာမျှ မပြောနှင့်တော့ ၊ ငါ့ အမေဆီက လယ်တစ်ဧကတော့ သွားပြီး ပေါင်ဦးမှ ဖြစ်မယ် ၊ ငွေရရင် တင်မေနှင့် အတူတူ နေဖို့ပဲ ။ ငွေသာပြည့်စုံရင် တင်မေ ငါနှင့်ပျော်မယ် ၊ ဘယ်မှ သွားမှာ မဟုတ်ဘူး ။ နက်ဖြန် သွားခေါ်မှပဲ ၊ မဖြစ်ဘူး ၊ သည်လိုသာ နေရင် ငါသေမယ် ”

တင်မေ သွားစက ထမင်းစားရာတွင် အောက်မေ့ခြင်း ၊ ခွေးကျွေးရာတွင် တမ်းတခြင်း ၊ တင်မေကို အလိုရှိခြင်းတို့သည် ယခု အိပ်ရာဝင်ရာ၌ တင်မေကို တမ်းတခြင်းနှင့် စာသော် ငွေတစ်ကျပ် လိုချင်ခြင်းနှင့် အိုင်ယာလန် ထီပေါက်ချင်ခြင်းမျှလောက် ကွာခြား၏ ။ ဤအိပ်ရာ၌ တင်မေကို အောက်မေ့ခြင်းမှာ ဖိုဖြင့်ထိုးသော မီးနှင့်တူ၏ ။ ထိုဆန္ဒသည် တစ်ကိုယ်လုံးကို လောင်စေလေသည် ။

ထိုနေ့ည နာရီပြန် ၂ ချက်တီးမှ အိပ်ပျော်လေသည် ။ နံနက် ၅ နာရီတွင် ဘိုးထွန်းသည် အိပ်ရာမှ နိုး၏ ။ ငါးနာရီခွဲတွင် တင်မေ၏ အမေ့အိမ်သို့ သွား၏ ။ တင်မေ၏ မိခင်ကြီး မျက်နှာသစ်နေသည်ကို တွေ့၏ ။ ဘိုးထွန်းသည် ရှက်တက်တက်မျက်နှာနှင့် ယောက္ခမကြီးကို ကြည့်၏ ။ ယောက္ခမကြီးကား စကားမပြောသေး ၊ မျက်နှာတော် သန့်စင်မြဲ သန့်စင်နေလေ၏ ။

နောက် အိမ်ပေါ် တက်၍ မျက်နှာသုတ်ပဝါ ယူလေ၏ ။ မျက်နှာသုတ် ပြီးသော် သူ့ကို စကား ပြောလိမ့်မည်ဟု ဘိုးထွန်း ထင်လေ၏ ။ ယောက္ခမကြီးကား ဆင်းမလာသေး ။ ဆေးလိပ် ရှာသေး၏ ၊ မီးခြစ်ရှာသေး၏ ၊ ဆေးလိပ်မီးညှိပြီးမှ အောက်သို့ဆင်းလာ၏ ။

“ မင်းတို့ ဘာဖြစ်ကြတာတုံး ” ဟု မေးလေ၏ ။

“ ဗျာ ... ကျွန်တော် ကလည်း ကျောင်းမှာ အပိုတွေ ကုန်လွန်းလို့ စိတ်ကောက်နေဆဲ မတင်မေက ဆူတော့ ဘောက်ပြောမိလို့ ” ဟုပြောပြီး ခုတင်ပေါ်တွင် ကျုံ့ကျုံ့ကလေး ထိုင်လေ၏ ။

“ ဒါတင် ဘာကမလဲကွယ် ၊ မင်းကလည်း သိပ်ယောက်ျားမပီတာဘဲ ။ မိန်းမတစ် ယောက်မှ ဝအောင်မကျွေးနိုင်ဘူး ” ဟုပြောပြီး ဆေးလိပ်ကို ရှိုက်နေပြန်လေ၏ ။

“ ဟုတ်ကဲ့ လခ နည်းနေတာကိုးဗျ ၊ သို့ပေမဲ့ ခုတော့ ကိစ္စမရှိပါဘူး ၊ အမေ့ လယ် တစ်ဧကကို သွားပြီးရောင်းရတော့မှာပဲ ”

“ အေးလေ ... ဒါတော့ မင်းအစွမ်းနှင့် မင်း ဘယ်လိုရှာရှာ မိန်းမကို ဝအောင်ကျွေးဖို့က အရေးကြီးတာပဲ ”

“ အခု မတင်မေ ဘယ်မှာလဲ ခင်ဗျာ ”

“ အိမ်ပေါ်မှာ အိပ်တုန်းပဲ ၊ သွားနှိုးပြီး ချော့မော့ ခေါ်သွားပေရော့ ၊ ငါတော့ ပြောမနေ ချင်ဘူး ” ဟု ဆိုကာ ရေအိုးကို ရွက်၍ ထွက်သွားလေ၏ ။

ဘိုးထွန်းသည် ခြေဖျားထောက်ပြီး အိမ်ထဲသို့ ဝင်သွားလေ၏ ။ တင်မေသည် တစောင်း အိပ်နေလေ၏ ။ “ လန့်ပြီး အော်ထုတ်လေမည်လား ” ဟု ဘိုးထွန်းသည် ကြောက်မိ၏ ။ စိတ်ကိုတင်းကာ -

“ မတင်မေ မတင်မေ ” ဟု ခေါ်၏ ။

“ ဘာလဲ ၊ ဘယ်သူလဲ ” ဟု မျက်စိ မဖွင့်ဘဲ ထူး၏ ။

“ ငါပါကွ ၊ ထပါဦး ” ဟု ချွဲ၏ ။

“ အို .. ကိုဘိုးထွန်းလား ၊ မလာခဲ့နဲ့ ” ဟု ငေါက်၏ ။

“ အို .. ပြောတာ နားထောင်ပါဦးကွာ ”

“ နားမထောင်ဘူး ” ဟု ပြောပြီး မျက်စောင်းထိုး ကြည့်၏ ။

ဘိုးထွန်းသည် တင်မေ့ အနား၌ ထိုင်၏ ။

“ ငါ မှားပါတယ် မတင်မေရယ် ၊ ငါ့အပြစ်ပါပဲ ။ အခု ငါ ငွေရှာထား ပြီးပါပြီ ၊ မင်း ဖောဖောသီသီ သုံးနိုင်အောင် ငါလုပ်ပါ့မယ် ၊ ငါ့အမေ လယ်တောကို ပေါင်ပြီး မင်းလိုသလောက် ငွေကို ပေးပါ့မယ် ။ ပြီးတော့ နောင်လည်းပဲ ဖောဖောသီသီ သုံးရအောင် ငါ ကိုးတန်းစာမေးပွဲ ဝင်ပါ့မယ် ။ စကင်ဒရီစာမေးပွဲလည်း ဝင်မယ် ၊ သည်တော့ လခလည်း ငါးဆယ်ရမှာ ကွဲ့ ။ အို မတင်မေ လိုက်ခဲ့ပါနော် ”

“ လိုက်ဘူး ”

“ အဟုတ်လား ” ဆိုသံ ကြားပြီးနောက် တင်မေ၏ တစ်ကိုယ်လုံးသည် ဘိုးထွန်း၏ လက်မောင်းတွင်းသို့ ရောက်သွားလေ၏ ။

“ လိုက်မှာ မဟုတ်လား ”

တင်မေ က ပြုံးလေသည် ။

အနာဂတ် အဖို့၌ ဘိုးထွန်းသည် တင်မေ ထွက်သွားမည်ကို စိုးလှ၍ တင်မေ့ အကြိုက် ကိုသာ လုပ် ၊ တင်မေ့ စကားကိုသာ နားထောင်သဖြင့် “ မိန်းမကြောက် ” ဟု အခေါ်ခံရလေသတည်း ။

〇 သိန်းနေနွယ်
📖ဒီးဒုတ်သတင်းစာ
     အတွဲ - ၁၂ ၊ အမှတ် - ၁၆
     ၄ ဇန်နဝါရီ ၁၉၃၆ ။

Tuesday, March 11, 2025

အနိဋ္ဌာရုံတွေပါ တကား


 

❝ အနိဋ္ဌာရုံတွေပါ တကား ❞
        ( သိန်းဖေမြင့် )
   
သူ သည် ယခု အလုပ် ကို မရခင် က အလုပ်မျိုးစုံ လုပ်ခဲ့ဖူးပြီ ။ နောက်ဆုံး အလုပ် မှာ သူ နေသော လမ်းဘေး တဲကလေး တွင် ဆံပင်ညှပ်ခုံတစ်ခုံ ထားပြီး ကိုယ်တိုင် ဆံပင်ညှပ်ခြင်း ဖြစ်လေသည် ။ သူ့ ဆံပင်ညှပ်ဆိုင် လမ်းဘေးတဲ နှင့် အခြား လမ်းဘေးတဲများ သည် ရာဇဌာနီ မင်းနေပြည်ကြီး ၏ မျက်နှာ ကို အိုးမည်း သုတ် သလို ဖြစ်ခဲ့၏ ။ မြို့တော်၏ ညစ်ပတ်ခြင်း ၊ နံစော်ခြင်း နှင့် ခြင် ပေါများ၏ အကြောင်းရင်း အဖြစ်ဖြင့် အပြစ်ပုံချ လက်ညှိုးထိုး ပြစရာ ဖြစ်ခဲ့၏ ။

ထို့ကြောင့် သာယာသော နံနက်ခင်း တစ်ခု တွင် သူ တို့၏ လမ်းဘေး တဲကလေး ကို ဖျက်သိမ်း ခဲ့ရ၏ ။ လမ်းဘေး တဲကလေး ပေါ် မှ ဓနိမိုး နှင့် အတူ သူ့ဆံပင်ညှပ်ဆိုင် ပြိုကျခဲ့၏ ။ လမ်းဘေးတဲ ၏ မဒမတိုင်များနှင့် အတူ သူ့ အသက်မွေး ဝမ်းကျောင်းမှု ယိုင်လဲခဲ့ရ၏ ။ အမိုးအကာ ဗလာ ဖြစ်သော အိမ်ထောင်စု ဘဝ မှ အလုပ်လက်မဲ့ ဘဝ သို့ ပြိုင်တူ ရောက်ရရှာ လေသည် ။

ရာဇဌာနီ မင်းနေပြည်တော်ကြီး သို့ ကြွရောက်လာသော မင်းပရိသတ်တို့ သည် အမြင် မတော်သည့် ရှုခင်းများ ကို ခဏတစ်ဖြုတ် ရင်မဆိုင်ဘဲ မျက်နှာ လွှဲနိုင်မည် ဖြစ်သော် လည်း သူ နှင့် သူ့ အိမ်ထောင်စု ကား အမိုးအကာမဲ့ ၊ အလုပ်လက်မဲ့ ဘဝ ကို ခဏကလေးမျှ ရင်မဆိုင်ဘဲ မျက်နှာလွှဲ မထားနိုင် ။ သူ သည် ချက်ချင်းပင် နေစရာရှာရ၏ ။ ချက်ချင်းပင် အလုပ် ရှာရ၏ ။ အစိုးရ က ချိုသာစွာ ငှားမည် ဆိုသော အမိုးအကာ နှင့် အိမ်တန်းလျားများ တွင် ခိုလှုံချင်ပါ သော်လည်း အလုပ်အကိုင် နှင့် အပေါက်အလမ်း မတည့်သဖြင့် ထိုအရပ် သို့ မပြောင်းနိုင် ။

သူ သည် ရရာ လုပ်မည် ဟူသော ဇွဲဖြင့် ရှာ သဖြင့်သာ ယခု အလုပ် ကို ရလေသည် ။ အလုပ် ရပြီးသောအခါ လည်း ဖြစ်သလို နေမည် ဟူသော ဇွဲဖြင့် တဲထိုးရန် နေရာ လိုက်ရှာသည် ။ မင်းပရိသတ် မဖြတ်မသန်းသည့် လမ်းကြီး တစ်ခု ဖြစ်သော ကုက္ကိုင်းရပ်ကွက် လမ်းကြား တစ်ခုမှာ တဲဝင်ထိုးခဲ့လေသည် ။

ယခု အလုပ်မှာ ဆံပင်ညှပ်ခြင်း နှင့် လုံးဝ မပတ်သက်သော အလုပ် ဖြစ်သည် ။ လက် ၏ ကျွမ်းကျင်မှု မလို ။ ဦးနှောက် ၏ တီထွင် ထိုးထွင်းမှု မလို ။ အလုပ်အထူးသင်ဖို့ မလိုသော မာလီ လိုလို ၊ ပြာတာ လိုလို ၊ ကူလီ လိုလို အလုပ် ဖြစ်လေသည် ။ ‘ ဥရောပတိုက်သားများ အတွက်သာ ’ ဟူသော ကုက္ကိုင်းရေကူးကန် တွင် အဆင်သင့် အလုပ် ရခဲ့လေသည် ။

ဂွတ္တလစ်လမ်း ( ဆရာစံလမ်း ) နှင့် ဟာမစ်တိတ်လမ်း ( သာသနာ့ရိပ်သာလမ်း ) ကြားရှိ ကုက္ကိုင်းရေကူးကန် သည် ပတ်ဝန်းကျင် မှ သီးသန့် ခြားနားနေပြီး အထူး သာယာပေသည် ။ ထူထပ်မြင့်မားသော ကြခတ်ဝါးရုံ ခြံစည်းရိုးသည် အပြင် က မမြင်နိုင်အောင် ကာဆီး ထား သဖြင့် အတွင်း မှာ ရေချိုးသူ တို့သည် လွတ်လပ်စွာ ကစားမြူးထူး နိုင်ကြသည် ။ အလှစိုက် ထားသော ရာဘာပင်ကြီးများ က ထီးမိုး၍ ပေးထားသည် ။ ယုယ ပြုပြင်ထားသော မြက်ခင်း များမှာ ကော်ဇောစိမ်းကြီးများ ဖြန့်ခင်း ထားသလို နေသည် ။ သူ သည် ရေကူးကန် ၏ ရှုခင်းသာယာ တွင် စိတ်ချမ်းမြေ့ခြင်း ဖြစ်မိ၏ ။ ဝါးရွက်စိမ်း နှင့် ဖက်နံ့ သင်းသင်း ကို အားရ ပါးရ ရှူရှိုက် နေမိ၏ ။ ကြည်လင်သော ရေတွင် ကိုယ်တိုင် မကူးရသည့် တိုင်အောင် ရေ ကို မြင်ရုံဖြင့် အေးမြခြင်း ကို ခံစား နေရလေသည် ။ အသက်ရှူကျပ်သော ဆံတိုဆံစ ဟိုကပ် ဒီဝင် ဖြစ်နေသော ဆံပင်ညှပ်ဆိုင် အလုပ်ခွင် နှင့် ဤ ရေချိုးကန် အလုပ်ခွင် ကို ယှဉ်ကြည့်ပြီး ယခု အလုပ် ကို ပို၍ နှစ်သက်မိ သလို ဖြစ်နေသည် ။ သန့်ရှင်းသော ရေချိုးကန် အရိပ် တွင် ခိုလှုံမိပြီ ဖြစ်ရကား ဆံပင်ညှပ် ဆိုင် ထောင်ခဲ့သော လမ်းဘေး တဲတန်း ၏ ညစ်ပတ်ရှုပ်ထွေး သော ရှုခင်း တွင် အပြစ် မြင်တတ်လေပြီ ။

ခု အလုပ်မှာ ဆံပင် ညှပ်ရသလောက် မပင်ပန်း ဟု လည်း သူ ထင်သည် ။ သစ်ရွက် ခြောက် ကောက်ရသည် ။ မြက်နုတ်ရသည် ။ တစ်ခါတစ်ရံ မြက်ခုတ်စက် ဆွဲရသည် ။ ရေကန် မှ ရေဖောက် ချသည့် အခါ ဖောက်ရ၍ ရေ သွင်းသည့် အခါ သွင်းရသည် ။ ရေဖောက် ရေသွင်း အလုပ်မှာ ပင်ပန်းသော အလုပ် မဟုတ် ။ ပိုက်ခေါင်း က ခလုတ် ကို လှည့်ရုံ ဖြင့် ပြီးနိုင်သော အလုပ် ဖြစ်သည် ။ ပန်းပင်စိုက်စရာ ၊ မြေတူးစရာ ၊ မြက်ခုတ်စရာ ရှိလျှင် မာလီကု,လားတွေ လုပ်ကြသည် ။ သူ  လုပ်ဖို့ မလို ။

သို့သော် ခဏကြာသော် ဤအလုပ် တွင် အပြစ် တစ်ခု မြင်လာသည် ။ ပြောပလောက် သော အပြစ်တော့ မဟုတ်ပါ ။ ဆံပင်ညှပ်သမား လုပ်စဉ် က အကျင့်ပါ နေ၍သာ ဤဟာကို အပြစ်ဟု မြင်နေခြင်း ဖြစ်သည် ။ ဆံပင်ညှပ်စဉ် ဆံပင်ညှပ်ခံသူ နှင့် စကားမျိုးစုံ ပြောနိုင် သည် ။ အရပ် ထဲက မင်္ဂလာဆောင် အကြောင်း ကနေပြီး ကြီးငါးကြီး တွေ့ ဆုံရေး အကြောင်း သို့လည်းကောင်း ၊ ပြဆဲ ရုပ်ရှင်ကားများ အကြောင်းမှ နေပြီး ဖဆပလ နှင့် ကွန်မြူနစ် အကြောင်းများ သို့ လည်းကောင်း ကူးပြောင်းပြောဆို နိုင်သည် ။ ဆံပင်ညှပ်ခံသူ သည် စကားနည်း သူ ဖြစ်လျှင် သူ့ မိန်းမ အား လည်းကောင်း ၊ သူ့ သားသမီးကလေးများ နှင့် လည်းကောင်း လှမ်း၍ စကားပြောနိုင်သည် ။ ယခုမူ လုပ်ဖော်ကိုင်ဖက် နှင့် လည်း စကား မပြောနိုင် ။ ဟိုနား တစ်ယောက် ဒီနား တစ်ယောက် ခွဲ လုပ်ကြရသည် ။ သူ့ မိန်းမ နှင့် သားသမီး တို့မှာ လည်း အနီးတွင် မရှိ ။ ရေကူးလာသူ  မျက်နှာဖြူတို့ နှင့်ကား ဘာစကားမျှ ပြောနိုင်စရာ အကြောင်း မရှိ ။ အခွင့်အရေး မရှိ ။ သူ့အား ၎င်းတို့က အဖက် လုပ်ဖို့ နေနေသာသာ စေ့စေ့စပ်စပ်မျှ မကြည့် ။ အမှန်စင်စစ် သူ တည်း ဟူသော လူသား တစ်ယောက် သူတို့ အနီးမှာ လှုပ်ရှား သွားလာနေသည် ဟူ၍ပင် အသိအမှတ် ပြုဟန် မရှိချေ ။ ဆံပင်ညှပ် အလုပ်ခွင် တုန်းက ဖောက်သည်များ က သူ့ အား အဖက်လုပ်၍ ဆက်ဆံကြသည် ။ ဤ အလုပ်ခွင် တွင် မျက်နှာဖြူ ဖောက်သည် တို့သည် သူ့ အား အဖက် မလုပ်ကြချေ ။ သို့ကလို စကား မပြောရခြင်းကြောင့် ဟာတာတာနိုင် သည် ဟု သူ ထင်သည် ။ သို့ကလို ဖောက်သည် တို့က အဖက် မလုပ်ခြင်းကြောင့် ကိုယ့် ကိုယ် ကိုယ် နုံ သလိုလို ၊ အောက်ကျ သလိုလို ထင်မိလေသည် ။

ရေကူး လာသော မျက်နှာဖြူများ သည် ကန်ဘေး တွင် သစ်ရွက်ခြောက် ကောက်နေ သော သူ့ အား စကား မပြောရုံ ၊ စေ့စေ့ မကြည့်ရုံ ၊ အဖက် မလုပ်ရုံ ၊ သူ တို့ အနီးမှာ သူ တစ်ယောက် ရှိနေသည် ဟု အသိအမှတ် မပြုရုံမက သူ့အား မျက်စိ မပါသူ ၊ နားမကြားသူ ပမာ သဘောထားကြဟန် တူသည် ။ အကြောင်းမူ ကား သူ့ အနီးတွင် ထင်ရာပြောပြီး ထင်ရာ လုပ်ကြသည် ။ မျက်နှာဖြူ မိန်းမတို့သည် ခန္ဓာကိုယ် အလယ်ပိုင်း ဗိုက်သားကွက်ကွက် မှ တစ်ပါး ဝတ်လစ်စားလစ် ထားလျက် သူ့ ရှေ့မှာ ပြေးလွှားခုန်ပေါက် ကြသည် ။ ဒိုင်ဗင်ထိုး ကြသည် ။ ဖက်ကြသည် ။ ယမ်းကြသည် ။ မြူးထူးကြသည် ။ ‘ ဟီး ’ တိုက်ကြသည် ။ အစက တော့ သူ မျက်စိ နှင့် နား ရှက်သည် ။ သို့သော် တဖြည်းဖြည်း မျက်စိ နှင့်နား သည် ထို အာရုံ များတွင် ကျင့်သား ရလာလေသည် ။ နောက်တော့ သူ့ မျက်စိ နှင့် နား တို့သည် ထို ဝတ်လစ်စားလစ် အာရုံများ တွင် သာယာ တပ်မက်၍ လာလေတော့သည် ။

ခန္ဓာကိုယ် အလယ်ပိုင်း ကွက်ကွက် မှ တစ်ပါး ဝတ်လစ်စားလစ် ဖြစ်သော အကြင် မျက်နှာဖြူမ ၏ ပေါင်တံ ကို လည်းကောင်း ၊ တင်ပါးဆုံ ကို လည်းကောင်း ကြည့်ရှု စစ်ဆေး၍ အပျို လော ၊ အအို လော ၊ အပျိုရည်စစ် လော ၊ အပျိုရည်ပျက် လော ၊ ကလေးအမေ နို့ပျဉ်းရှည်  လော ၊ ပွဲတိုင်းကျော်သည့် မုဆိုးမ လော ၊ ပဒုမ္မနီ လော ၊ ဟတ္ထနီ လော စသည်ဖြင့် ဝေဖန် ပိုင်းခြားကာ အတွေးနယ်ချဲ့ နေတတ်ပေသည် ။

အကြင် မျက်နှာဖြူမ နှင့် မျက်နှာဖြူထီး တို့သည် ရေမကူးခင် ဖြစ်စေ ၊ ရေကူးရင်း ဖြစ်စေ ၊ ရေကူးပြီး မှ ဖြစ်စေ ပြေးတမ်းလိုက်တမ်း ကစား၍ ဖမ်းပွေ့ ဖက်ယမ်း လုပ်ကြသည် ကို မြင်လျှင် သူ လည်း မြူးထူးမိ၏ ။ သူ့ ရင်တွင်း မှာ အေးခနဲ ၊ နွေးခနဲ လှိုင်းထမိ၏ ။

တစ်နေ့သော ညနေစောစော တွင် နေမင်း က ထိန်ဝင်းလျက်ရှိသည် ။ တစ်လောက လုံး ပူပြင်းနေဟန် ရှိသော်လည်း ရေကူးကန်ရိပ်သာ ကား အေးမြလျက် ရှိသည် ။ လူရှင်း နေ သဖြင့် တိတ်ဆိတ် နေပေရာ ပိုလို့ ပင် အေးမြနေသည် ဟု ထင်ရသည် ။ သူ သည် ကန်ဘေး က မြက်ခင်း ပေါ်တွင် ဆောင့်ကြောင့် ထိုင် ကာ မြက်နုတ်ဟန် ပြု၍ အနားယူ နေလေသည် ။ သူ သည် ရေကူးကန် ၏ သာယာသော ပတ်ဝန်းကျင် တွင် ခေါင်းမဖော်နိုင်အောင် နစ်မြုပ်နေလေသည် ။ သူ့ ရှေ့သို့ ရွှေရောင် ဝါနေသော သစ်ရွက်ကလေး တစ်ရွက်သည် ဝေ့ကာ ဝိုက်ကာ ပျံဆင်း လာသည် ။ သစ်ပင်ပေါ်မှ ချိုးဖြူ ကူသံ ကို ကြားရလေသည် ။

ထိုအခိုက် သူ သည် နောက်မှ ခြေသံရွရွ ကို ကြားသဖြင့် လှည့်ကြည့် လိုက်သည် ။ ရေကူးဝတ် နှင့် မျက်နှာဖြူမကလေး တစ်ယောက် က သူ့ အား ပြုံးကြည့်နေသည်ကို တွေ့ ရ လေသည် ။ သူ မ ၏ အပြုံးမှာ တစ်လောကလုံး အတွက် အပြုံးပင် ဖြစ်သော်လည်း သူ့ အတွက် သီးသန့် ပြုံးသည်ဟု သူ က ထင်လိုက်သည် ။ သူ တည်းဟူသော လူတစ်ယောက် အနား မှာ ရှိနေသည် ဟုပင် အသိအမှတ် မပြုသော အခြား မျက်နှာဖြူ ရေကူးသူ တွေနှင့် ကွာခြားလှ ဘိခြင်း ။ သူမ ၏ အကြည့်သည် ဘုရင်မကြီး က ဒူးတုပ်ဦးတိုက် နေသော ကျေးတော်မျိုး ၊ ကျွန်တော်မျိုး အား ကြည့်လိုက်သော အကြည့်မျိုး ဖြစ်သည် ။ သို့သော် သူ့ အား အဖက် လုပ်၍ ကြည့်လိုက်သည် ဟု သူ က ထင်သည် ။ သူ့ အား အဖက် မလုပ်သော အခြား မျက်နှာဖြူ ရေကူး လာသူ  တွေနှင့် လုံးဝ မတူချေတကား ။

သူမ သည် ကိုယ်အလှ ပြိုင်ပွဲဝင် မယ်လောင်း တစ်ဦးသည် အကဲဖြတ် လူကြီးများ ရှေ့မှာ လျှောက်ပြသလို မြက်ခင်း ပေါ်မှာ လျှောက်နေ၏ ။ မျက်နှာ ကို ခပ်မော့မော့ ထားပြီး ပတ်ဝန်းကျင် ၏ အလှနှင့် လန်းဆတ်ခြင်းကို တအား ရှူရှိုက် နေဟန်တူသည် ။ သူ သည် ခပ်မော့မော့ ထားသော သူမ ၏ မျက်နှာ ကို ဘေးတိုက် မြင်လိုက်ရသောအခါ သူ့ ဆံပင်ညှပ်ဆိုင်တွင် အမြတ်တနိုး ချိတ်ဆွဲ ထားခဲ့သော ရေမွှေးကြော်ငြာ ဘိုမရုပ်ပုံကလေး ကို ပြေးသတိ ရမိလေသည် ။

သူမ သည် နွဲ့ဟန်ယိမ်းဟန် ဖြင့် လက်လှုပ်ရှား၏ ။ သူမ ကတော့ သွေးပူ လာအောင် လှုပ်ရှားခြင်း ပြုဟန် တူသော်လည်း သူ့ အား သူမ ၏ ဖောင်းကြွမို့မောက်သည့် ရင်သား ကို တမင် ပြသည်နှင့် တူ တော့သည် ။ သူမ သည် သူ့ အား ကျောပေးပြီး လျှောက်နေသောအခါ ပြည့်ဖြိုးအိစက်သော တင်သား တို့သည် နိမ့်တုံမြင့်တုံ ဖြစ်နေသည် ကို မြင်ရရာ သူ ၏ နှလုံးသား တို့သည် နိမ့်တုံမြင့်တုံ ဖြစ်နေသည်ဟု ထင်မှတ်မိသည် ။

သူ သည် သာယာအေးမြ၍ ငြိမ်သက်သော ဤအခါမျိုးတွင် ဤလို ယောက်ျား တကာ တို့၏ အာရုံ ကို ဆွဲယူ ညွှတ်နူး စေနိုင်သော အနိဋ္ဌာရုံ တွင် တပ်မက် တွယ်တာကာ အကြိမ်ကြိမ်အခါခါ ကြည့်မဝ ရှုမဝ ဖြစ်နေမိသည် မှာ သဘာဝ အလိုကျ ဖြစ်ပေသည် ။ သူ က စာကြီးပေကြီး နှင့် အကျွမ်းဝင်သူ ဖြစ်ပါက တောကြီးမျက်မည်း ဆိတ်ငြိမ်ရာဝယ် အာရုံငါးပါး ဖြင့် ဖမ်းစားနေသော မိုးကျနတ်မယ် နှင့် တွေ့ရသည့် မင်းသားကလေး နေရာတွင် သူ့ ကိုယ် သူ  ထား၍ တွေးတော ငေးမော နေမိပေလိမ့်မည် ။

သူမ သည် အတန်ကြာ ကိုယ်နေလှဟန် ပုံသဏ္ဌာန် အမျိုးမျိုး ကို ပြရင်း ကိုယ်လက် လှုပ်ရှား ပြီးနောက် ရေကို ကသိုဏ်း ရှုလိုက်သည် ။ ထို့နောက် သူ့ ဘက် တစ်ချက် လှည့် ကြည့်ရင်း ပြုံးပြီး ကြက်သီးထ သွားဟန်ဖြင့် ပခုံး ကို တွန့် လိုက်သည် ။ သူ့ဘမှာ မရိုးမရွ ဖြစ်လျက် ထိုင်ရာ မှ ဖင်တကြွကြွလုပ်နေစဉ် သူမ သည် ရေ ထဲသို့ အပြေး ဆင်းသွား လေသည် ။ သူ လည်း နောက်ကလိုက်ပြီး ရေထဲဆင်းကာ ပြေးတမ်းလိုက်တမ်း ကစားချင်လှပေတော့သည် ။

သူမ သည် ရေထဲမှာ ငါးရံ့ကိုယ်ကလေး ကို ကော့ကာ ထိုးကာ မြူးထူးပျော်ပါး ကစားလျက် နေသည် ။

အတန်ကြာသော် သူမ သည် ကမ်းပေါ် တက်လာသည် ။ ကိုယ်ပေါ် တွင် တင်နေသော ရေများ ကို တဘက်ဖြင့် မသုတ်ဘဲ လှုပ်ရှား ခုန်ပေါက်၍ လွင့်စဉ် သွားစေပြီး နောက် မြက်ခင်း ပေါ် တွင် လှဲအိပ် လိုက်လေသည် ။

သူ သည် လက် က မြက်နုတ်ဟန် ဆောင်ရင်း မျက်လုံးများက ပက်လက် လှဲနေသော သူမ ၏ တစ်ကိုယ်လုံး ပေါ်တွင် ကစား နေကြသည် ။ သူမ ၏ လက်မောင်းများက ပွတ်တိုင် များလို ချောမောလှပသည် ။ သူ သာ ပဉ္စသီခနတ်သား ဖြစ်လျှင် သူမ ၏ သားမြတ်အစုံ တွင်လည်း ခေါင်းအုံးအိပ်လို၏ ဟု ကျူးရင့်သီဆိုမည်ပင် ဖြစ်သည် ။ အလိုက်သင့် ဆန့်ခင်း ထားသော ပေါင်တံများသည် ဆင်နှာမောင်း လို သွယ်တန်းအိစက်လေသည် တကားဟု ထင်စားမိ ပေသည် ။ ပြည့်ဖြိုး တင်းကားသော တင်ပါးဆုံ သို့ ကြည့်ပြီး ဟင်းချမိသည် ။ ကား သော တင်ပါးဆုံ နှင့် ချီသော ရင်ကြား တံတားကူး ထားသည့် သေးသွယ်ကျစ်လျစ်သည့် ခါး ကို ကြည့်ပြီး ဆံပင်ညှပ်ဆုံလည်ကု,လားထိုင်ကို ဆွဲလှည့် သလို လှည့်ပစ်လိုက်ချင်သည် ။ ယင်းသို့ စိတ်ကစားပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထ နေသည် ။ ခန္ဓကိုယ် ၏ သွေးသား အကြောအခြင်များတွင် ကိလေသာ ဒီရေ တက်နေပေတော့သည် ။

ထိုအခိုက် ချိုးဖြူကလေးက ကူ နေပြန်လေသည် ။ ခပ်ဝေးဝေး ရှိ သပြေပင် မှာ ချိုးဖြူ နားနေဟန်ရှိသည် ။

သူမ သည် သူ့ ဘက် လှည့်ကြည့်ပြီး တစ်နေရာ သို့ လက်ညှိုး ထိုးပြသည် ။ ဒီတစ်ခါ တော့ သူမ ၏ အကြည့် တွင် အပြုံး မပါ ။ သို့သော် ခက်ထန်သော အကြည့် ကား မဟုတ်ပါပေ ။

သူ သည် သူမ ညွှန်ပြရာသို့ ကြည့်လိုက်၏ ။ ငွေပန်း တို့သည် ဖွေးနေအောင် ပွင့် နေကြသည် ။ သူ သည် ငွေပန်းတို့ မှ သူမ ဆီသို့ ကြည့်လိုက်သည် ။ သူမ က ပြုံးပြီး လက်တစ်ဖက် ဖြင့် ပန်းပွင့်ခူးဟန် ပြလိုက် လေရာ သူ သည် အဓိပ္ပာယ် နားလည်ကြောင်း ကျေနပ်အားရစွာ ပြုံးပြပြီး သွက်လက်စွာ ငွေပန်းများ ဆီသို့ ထသွားလေသည် ။

သူ သည် ငွေပန်း ကို ဆွတ်ယူပြီး သူမ ဆီ သို့ အသော့ပြန်ခဲ့သည် ။ သူမ သည် ပက်လက် လှဲ၍ ဇိမ်ခံ နေရာမှ ပုံမပျက်ဘဲ ပြုံးရွှင်စွာ ကြိုဆို နေလေသည် ။ သူ သည် ရည်ရွယ်ပြင်ဆင်ခြင်း မရှိဘဲ သူမ ဘေး မှာ ရိုသေစွာ ဒူးထောက်လိုက်ပြီး ငွေပန်း ဖြူဖြူဖွေးဖွေး ကို ဆက်သ လိုက်လေ၏ ။

သူမ သည် ငွေပန်းကို နှစ်ခြိုက်အားရစွာ နမ်းရှုပ် နေလေသည် ။ အကယ်၍ သာ သူ သည် ဤ ရေကူးကန် သည် မျက်နှာဖြူများ အတွက်သာ ဖြစ်သည် ဟူသော အလုပ်ခွင် မှ ပေးထား သော အသိ မရှိ ခဲ့လျှင်သော် လည်းကောင်း ၊ မျက်နှာဖြူမ နုနုထွတ်ထွတ်ကလေး သည် သူ လို အသားညိုသော အောက်တန်းစား အတွက် မဟုတ် ဟူသော ဘဝပေးအသိ မရှိခဲ့လျှင် သော် လည်းကောင်း ၊ တရားဥပဒေ ထောင်တန်း ကို ကြောက်ရပေမည် ဟူသော အညှဉ်းဆဲခံ လမ်းဘေး တဲအိမ်ရှင်တို့ ၏ လက်တွေ့ အသိ မရှိခဲ့လျှင်သော် လည်းကောင်း အကြင် ငွေပန်း ကို နမ်းနေသူ  အပျိုဖြူ နုနုထွတ်ထွတ်ကလေး အား ဆံပင်ညှပ် ဆုံလည်ကု,လားထိုင်ကို ဆွဲလှည့်သလို သေးသွယ်ကျစ်လျစ်သည့် ခါးကလေးမှ ဆွဲလှည့်ကာ မွှေ့ယမ်း နမ်းရှုပ် မိပေလိမ့်မည် မှာ အမှန်ပင် ဖြစ်တော့၏ ။ ခုတော့ ဘာမျှ မလုပ်ဘဲ ရိုသေဒူးတုပ် နေရာမှ မလှုပ် မယှက် ငုတ်တုတ် ထိုင်ကာ ငေးကြည့် နေမိလေ၏ ။ ကိုယ်ခန္ဓာ က မတုန်မလှုပ် ငုတ်တုတ် ထိုင် ဖြစ်နေ သော်လည်း စိတ် ကမူ သက်သာရာ ရှာဘိသည့်အလား ဤ အပျိုဖြူ နုထွတ်ထွတ်ကလေး နေရာတွင် အိမ်သူ ကလေးအမေ ကို ထား၍ ကစား ကြည့်မိသည် ။ ဆွဲလှည့်မွှေ့ ယမ်း နမ်းရှုပ်မိသည် ။ သူ့ မျက်လုံးမှ လျှံထွက် နေသော ကိလေသာ မီးရောင်သည် သူမ အား ခြောက်လှန့် လိုက်ဟန် ရှိသည် ။ သူမ ၏ မျက်နှာတွင် အပြုံးသည် လုံးလုံး ကွယ်ပျောက်၍ ခက်ထန်မာကျောလာသည် ။ ဖြူနုသော မျက်နှာ တစ်ခုလုံး မှာ သွေးခြည် ဖြာလာသည် ။ သူမ သည် ဆတ်ခနဲ ထိုင်လိုက်ပြီး တစ်နေရာ သို့ လက်ညှိုး ထိုးပြလိုက်သည် ။

သူ သည် သူမ ညွှန်ပြရာသို့ ကြည့်လိုက်ပြန်သည် ။ ထိုင်ခုံတန်းလျား တစ်ခု နှင့် အောက်မှာ ချွတ်ထားသော ခုံဖြင့်ဖိနပ်ဖြူ ။ သူ ၏ မျက်စိများ သည် ခုံမြင့် ဖိနပ်ဖြူ ထံမှ သူမ ထံသို့ ၊ သူမ ထံ မှ ခုံမြင့်ဖိနပ်ဖြူ သို့ ခေါက်တုံ့ခေါက်ပြန် ကူးနေသည် ။ သူမ က လက်ဟန် ခြေဟန် ဖြင့် ခုံမြင့်ဖိနပ်ဖြူ ကို သူမ ထံ ယူခဲ့ရန် ခိုင်းသည် ။ သူ သည် လိုက်နာရအံ့လော ၊ ငြင်းဆန်ရအံ့လော မဆုံးဖြတ်တတ်သဖြင့် တွေဝေ နေသည် ။ ဤ အလုပ်ခွင် တွင် ဤလို နိမ့် ကျသည့် အလုပ် တာဝန်ပါသလော ၊ မပါ သလော ။ သူ များ ခေါင်းကို ကိုင်ချင်တိုင်း ကိုင်၍ အသက်မွေး ခဲ့သော သူ ၏ မွန်မြတ်သော လက်သည် ခုံမြင့်ဖိနပ် ကို ကိုင်ခြင်းဖြင့် နိမ့်ကျရတော့မည်လော ။ ဤ အလုပ် ကို မလုပ် ဟု ငြင်းဆန်ပါလျှင် ရနေသော အခကြေးငွေ အလျှော့ ခံရမည်လော ၊ အလုပ် ပင် ပြုတ်မည်လော ။

သူ သည် ဤသို့ တွေဝေ နေစဉ် သူမ က သူ့ အား နှုတ်ခမ်း ပေါ်တွင်သာ ရေးရေး ထင်သော အပြုံး ဖြင့် သိမ်းသွင်း ဖျောင်းဖျလိုက်ပြန်သည် ။ ခြေဖျား ကို လက်နှင့် ဆုပ်ကိုင်ပြီး ဖိနပ် စီးချင်လှပြီ ဖြစ်ကြောင်း လက္ခဏာ ဟန် အမူအရာ ဖြင့် တောင်းပန် လိုက်လေသည် ။ သူ သည် အခကြေးငွေ အတွက် ၊ အလုပ်အတွက် မဟုတ်စေကာမူ သူမ ၏ အပြုံး နှင့် ကညဝယ ဟန်အမူအရာများ အတွက် ငဲ့ကွက်ပြီး ခုံမြင့်ဖိနပ်ဖြူ ကို သွားယူလေတော့သည် ။

သူ က ဖိနပ် ကို သွားယူစဉ် သူမ သည် ရေကန် ထဲသို့ ခုန်ဆင်းကာ ငါးရံ့ ကိုယ်ကို ကော့လိုက်ထိုးလိုက် လုပ်ပြန်သည် ။ သူ သည် သူမ ရေပေါ် တက်လာ သည့်တိုင်အောင် ဖိနပ် ကို ကိုင်၍ စောင့်နေမိသည် ။

သူမ တက်လာလျှင် သူ က ဆီးပြီး ဖိနပ်ခင်း ပေးရာ သူ မက လှိုက်လှဲသော အပြုံး ဖြင့် ကျေးဇူးဆပ်လေသည် ။ ပါးစပ် က လည်း ဟိုပြောဒီပြော ပြောသေးသည် ။ သူ ကမူ ဘာမျှ မပြော ။ သူမ ၏ မည်သို့သော အမှုတော်ကို မဆို ထမ်းရွက်ရန် အဆင်သင့် ဖြစ်ကြောင်း ဖော်ပြ သောအမူအရာမျိုး နှင့် ငံ့လင့်ကြည့်ရှုကာ နေလေသည် ။ သူမ သည် ကုန်း၍ ဖိနပ်စီးနေသော အခါ သူမ ၏ ချောမွတ်သော ကျောပြင် တွင် လက်တင်၍ စမ်းကြည့်လိုသော ဆန္ဒ ကို ကား ချုပ်တည်း၍ မရချေ ။ သူ မ သည် ဖိနပ် စီးပြီးနောက် သူ့အား ကျောပေးကာ ထွက်သွားသော အခါ ပြည့်ဖြိုးအိစက်သော တင်သားတို့သည် နိမ့်တုံမြင့်တုံ ဖြစ်နေသည်ကို မြင်ရပြန်ရာ သူ ၏ နှလုံးသားတို့ သည်လည်း နိမ့်တုံမြင့်တုံ ဖြစ်ရပြန် လေသည် ။

ဂနာ မငြိမ်သော စိတ်ကို ထိန်းကျောင်းနိုင်ရန် သူမ နောက်သို့ တကောက်ကောက် လိုက်နေသော မျက်စိအစုံ ကို လွှဲယူလိုက်သောအခါ ငွေပန်းတွေ ဗရပွ ကြဲနေသော သူမ ပက်လက်လှဲသွားခဲ့သည့် နေရာသို့ ရောက်သွား လေသည် ။ ပက်လက်လှဲ ဇိမ်ယူ နေရာမှ ငွေပန်း တွေ ကို လှမ်းယူပြီး တအားကုန် နမ်းရှုပ်နေပုံ အလုံးစုံနှင့် အပျိုဖြူနုထွတ်ထွတ်ကလေး အား သေးသွယ်ကျစ်လျစ်သည့် ခါးကလေး မှ ဆွဲလှည့်ကာ မွှေ့ယမ်းနမ်းရှုပ်ပုံများသည် သူ့ စိတ်မှာ အသစ်အသစ် ဖြစ်လာ ပြန်လေ၏ ။ အပျိုဖြူ နုထွတ်ထွတ်ကလေးနေရာ တွင် သူ့ အိမ်သူ  ကလေးအမေ အား ထားလျက် စိတ်ကစား နေပြန်သည် ။ ဆွဲလှည့် မွှေ့ယမ်းနမ်းရှုပ် နေမိသည် ။ ခုချက်ချင်း သာ အိမ် ပြန်ရလျှင် နွားသိုးကြိုးပြတ် လို “  ဝတ်ထရိမ်း ” ခနဲ မြည် ဟည်းကာ ဦးချိုတမြမြ ခြေတကြွကြွ နေမိပေလိမ့်မည် ။ သူ သည် ထိုနေ့ည အဖို့ အလုပ် အမြန် ပြီး၍ အိမ်အမြန် ပြန် ရောက်ဖို့သာ စိတ်စော နေလေတော့သည် ။

••••• ••••• •••••

ဦးချိုတမြမြ ခြေတကြွကြွ ဖြင့် အိမ်ပြန် ရောက်သော အခါတွင်မူ ချိုကုပ် သွားစရာ ၊ ခြေတုံ့ သွားစရာတွေနှင့် ဦးစွာပထမ ရင်ဆိုင်ရ လေသည် ။ ခေါင်း မှာ ပြာ အလိမ်းလိမ်း ကပ်၍ မျက်နှာ အဆီပြန် နေသော ကလေးအမေ သည် မီးဖို မှာ ငါးပိရည်ကျိုအိုး ကို ကြိုထားပြီး ငရုတ်သီး ထောင်းလျက် ရှိသည် ။ ငါးပိရည်ကျို အငွေ့စူးစူး နှင့် မီးကင် ထားသော ငရုတ်သီး အနံ့သင်းသင်း တို့သည် သူ့ အား ရေကူးမယ် အပျိုနုထွတ်ထွတ် ၏ အငွေ့ အသက်ထက် ပိုမို အားကောင်းစွာ ဆွဲဆောင် နေကြပေသည် ။ ထမင်းမြိန်မြိန် အရင် စားလိုက်ဖို့ နှိုးဆော်ပေး သကဲ့သို့ ရှိပေသည် ။ အကယ်၍ ယင်းသို့သော နှိုးကြားချက် သာ မရှိပါက ကလေးအမေ ၏ ဆံပင် မှာ ပြာအလိမ်းလိမ်း ကပ်သည် ကို လည်းကောင်း ၊ မျက်နှာတွင် ဆီဝေ့နေသည် ကို လည်း ကောင်း ၊ ကိုယ်ခန္ဓာတွင် ချွေးစော် နံနေသည် ကို လည်းကောင်း အပြစ် တင်မိပေလိမ့်မည် ။ ညစ်တီးညစ်ပတ် နေရကောင်းလား ၊ ရေမိုးချိုးပြီး သနပ်ခါး လိမ်း၍ လင် ကို ကြိုမနေရ ကောင်းလား စသည်ဖြင့် မောင်းမဲမိလိမ့်မည် ။ အခန့် မသင့်လျှင် ကတောက်ကဆ ဖြစ်ကာ ကလေးအမေ အား ရိုက်မောင်းပုတ်မောင်း လုပ်မိပေလိမ့်မည် ။ ယခုမူ ထိုသို့ မဟုတ် ။ “ ငါ့ မိန်းမ ကလေးတစ်ဖက် နဲ့ ထမင်း ချက်ရတာ အတော် မောရှာပေလိမ့်မည် ။ ဈေးဖိုး ဖူဖူလုံလုံ မရှိဘဲ ဖွယ်ဖွယ်ရာရာ ဖြစ်အောင် ကြံစည် ချက်ပြုတ်ရသော ငါ့ မိန်းမ သည် ဗျာများ ရှာပေ လိမ့်မည် ။ ငရုတ်သီးထောင်းရတာ လက်မောင်း အောင့်ရှာ ပေလိမ့်မည် ”

သူ သည် ငရုတ်သီး ကူ ထောင်း၏ ။ တို့စရာ ကောင်းကောင်း မရှိသည် နှင့် အိမ်နီး နားချင်းထံ အခွင့် တောင်းပြီး ပေါက်ပန်းဖြူရွက် ခူးရ သေး၏ ။ ကလေးငယ် သေးစို နေသဖြင့် အော်နေရာ အနှီး လဲပေး လိုက်ရသေး၏ ။

ထမင်းပွဲ အဆင်သင့် ဖြစ်လေပြီ ။ သူ က သာ ဖြောင့်ဖြောင့် စားနိုင်၍ ကလေးအမေ မှာ ဖြောင့်ဖြောင့် မစားနိုင် ။ ကလေးအမေ သည် သမီးအကြီး ရှစ်နှစ် အရွယ် နှင့် သား ငါးနှစ်အရွယ် ကို ခူးခပ် ကျွေးမွေး နေရသေး၏ ။

ထမင်းစားကြချိန် အမှောင်ထု လွှမ်းမိုးလာ၏ ။ ဆောင်းတွင်း ဖြစ်သဖြင့် အအေးဓာတ် ကလည်း ဝင်လာသည် ။ မှောင် ပင် မှောင် ၊ အေး ပင် အေး သော်လည်း သူ သည် ကိုယ်တိုင် ရေချိုးပြီး ကလေးအမေ  အားလည်း မရမက ရေချိုးခိုင်း၏ ။

“ မင့် မျက်နှာမှာ အဆီတွေ ဝင်းလို့ ။ မင်း ကိုယ် ကလည်း ချွေးတွေ နံလို့ ။ ရေမချိုး လို့ ဘယ်ဖြစ်မှာလဲ ”

သူ တို့ အဖို့ ရေချိုးသည် မှာ မလွယ်လှ ။ သူ တို့ နေသော လမ်းပေါ် မှာ ရေဘုံပိုင် မရှိ သဖြင့် သူများ အိမ်ဝင်းခြံ ထဲက ဘုံပိုင်မှာ သွား ချိုး ရလေရာ အားနာစရာ ကောင်းသည် ။

ကလေးအမေ  ရေချိုး ပြီးသောအခါ သူ က ကလေးအမေ အား သနပ်ခါး လိမ်းဖို့ ပြောပြန်လေသည် ။

ကလေးအမေ က ထဘီရင်ရှား ကို ပြင် ဝတ်ရင်း မျက်စောင်း ထိုးလိုက်ကာ

“ ကို ကလည်း ကြံကြံဖန်ဖန် ”

သူ က ဣန္ဒြေကြီး ထားလျက် အသံလေးကြီး ဖြင့် -

“ သနပ်ခါးလိမ်းတာ ကောင်းတာပေါ့ကွ ။ မွှေးမွှေးကြိုင်ကြိုင် ဆိုတော့ စိတ်ကြည် လင်တာပေါ့ ”

သူ သည် အင်တင်တင် လုပ်နေသော ကလေးအမေ အား ခြေဆုံးခေါင်းဆုံး ကြည့်နေ လေသည် ။ ကလေးအမေ က ခစ်ခနဲ ရယ်လိုက်ပြီး

“ ကို ဒီနေ့ ဘာဖြစ်လာသလဲ ၊ ထူးကို ထူးတယ် ။ ချမ်းက ချမ်းသနဲ့ သနပ်ခါးလိမ်း ရမှာလား ”

“ ဟေ့ .. မေးမနေနဲ့ကွာ ၊ လိမ်းမှာ လိမ်းစမ်း ”

သို့ကလို ပြောပြီး သူ သည် ဒူးနှန့်၍ ဆေးလိပ် မှိန်း နေလိုက်သည် ။ ကလေးအမေ  သည် အဓိပ္ပာယ် ရှိစွာ ပြုံးပြီး သနပ်ခါး သွေး နေလေသည် ။ သူ သည် အိမ်ပြင် မှောင်ထဲသို့ ငေးကြည့် ပြီး ယနေ့ ညနေ စောစောက မျက်နှာဖြူ ရေကူးမယ်ကလေး ကို အာရုံဝင်စား နေ လေသည် ။ သူမ ၏ ဖောင်းကြွမို့ မောက်သော သားမြတ်စုံ ၊ ပြည့်ဖြိုးအိစက်သော တင်ပါး နှင့် သေးသွယ်ကျစ်လျစ်သော ခါးတို့ဖြင့် သူ့ ရှေ့ မှောင်ကြီးမည်းမည်း ထဲမှာ ကိုယ်ထင်ပြ နေဘိသကဲ့သို့ ရှိလေသည် ။

သမီး က ပထမတန်း ဖတ်စာအုပ် ကို တစာစာ ဖတ်နေသည် ။ သား က ကြွက်တွေ ထွက်ပြေးအောင် ဆိုပြီး တုတ် နှင့် ဟိုလျှောက်ထိုး သည်လျှောက်ထိုး လုပ်နေသည် ။ သူ သည် ကလေးတွေ ကို အိပ်စေချင်လှပြီ ။

“ ဟဲ့ … ကလေးတွေ အိပ်ပါတော့လား ၊ ချမ်းလှပြီ ။ အိပ်ရာထဲ ဝင်ကြတော့ ”

သမီး နှင့် သား က မကြားသလို နေကြသည် ။ သမီးသည် ဖတ်စာ စာအုပ် တစ်ခုလုံး ကို အစအဆုံး အံလျက်ရှိ၏ ။ သား က တုတ်တစ်ချောင်း နှင့် ကြွက်ထိုး ကောင်းတုန်းပင် ဖြစ်သည် ။

ယနေ့ မှ သား နှင့် သမီး သည် အိပ်ရာဝင် အထူး နောက်ကျနေသည် ဟု သူ ထင်သည် ။

ကလေးအမေ ကား သနပ်ခါးရေကြဲကလေး ဖြင့် မျက်နှာ ကို သာ မက တစ်ကိုယ်လုံး ကိုပင် ပက်ဖျန်း မှုန်းခြယ်လေပြီ ။ အိပ်ရာများ ခင်းကျင်းပြီး နောက် ထုပ်တန်း မှာ ချိတ်ဆွဲထား သော စောင်ပုခက် အတွင်း မှ ကလေးငယ် ကို အိပ်ရာ ရွှေ့ပေး နေလေသည် ။

သူ သည် ကလေးများ အပေါ်တွင် စိတ်မရှည် နိုင်တော့ချေ ။

“ ဟဲ့ .. ကလေးတွေ ၊ အိပ်ကြတော့ ဆိုနေမှပဲ ။ ငါ ထရိုက်လိုက်ရရင် မကောင်းတော့ဘူး ”

ထိုအခါ သမီး သည် မင်္ဂလသုတ် ကို ကောက် ရွတ်လိုက်၏ ။

“ ယံမင်္ဂလံ ဒွာဒဿဟိ စိန္တယိံသု သဒေဝကာ ”

သမီး သည် မင်္ဂလာစာမေးပွဲ ကို ဖြေဆိုမည့် သမီး ဖြစ်သည် ။ မင်္ဂလာစာမေးပွဲကို ဖြေဆိုမည် ဆိုသည့် အခါက သူ သည် သမီး အား ချီးကျူး၍။အားမရ ဖြစ်ခဲ့ရသည် ။ ပထမ ရလျှင် ဆုပေးမည် ဟုပင် ပြုံးရွှင်သော မျက်နှာဖြင့် ပြောခဲ့သေးသည် ။ ထို့ကြောင့် မင်္ဂလသုတ် ရွတ်ဖတ်သံကို ဆုံးခန်း တိုင်အောင် နာခံရဦးမည်သာ ဖြစ်၏ ။ သူ သည် အကယ်၍ ဘုရား တရား နှင့် နားဝေးသူ ဖြစ်ခဲ့လျှင် အိပ်ရာ မဝင်သေးသော သမီး အား ထ၍ ဗြောတီးပေလိမ့်မည် ။ ခုတော့ သူ ကပင် ကြွက်ထိုး နေသော သားအား -

“ ဟဲ့ … ကောင်လေး ၊ ငြိမ်ငြိမ်နေ ။ အစ်မ စာအံနေတာ နားထောင်စမ်း ” ဟု ငေါက်ငမ်းပြီး မင်္ဂလာစာအံပွဲ တွင် ပါရမီ ဖြည့်လိုက်လေသည် ။

သား သည် ကြွက်ထိုး၍ မောသွားဟန် တူသည် ။ ခဏငြိမ်ငြိမ် နေပြီး နောက် အမေ့ထံ သွားပြီး ထန်းလျက် တောင်းလေသည် ။ အမေ ယူပေးသော ထန်းလျက် ကို စုပ်ရင်း ငြိမ်နေပေသည် ။

မင်္ဂလသုတ် ကုန်ဆုံးသော အခါ သမီး သည် ဘုရားရှိခိုးသည် ။ သူ ကပင် သမီး အား အိပ်ရာ မဝင်မီ ဘုရားရှိခိုးရမည် ဟု ပညတ် ထားသည် မဟုတ်ပါလား ။ ဘုရားရှိခိုး ပြီးသော အခါ သမီး သည် အဖေ နှင့် အမေ ကို ကန်တော့၏ ။ သူ သည် လိမ္မာသော သမီး အား စိတ်ထဲ က ချီးကျူးပြီး ပါးစပ် က သာဓု သုံးကြိမ် ခေါ်လေ၏ ။

အမှုကိစ္စ အားလုံး ပြီးတော့မှ သမီး သည် အိပ်ရာ ဝင်၏ ။ သား သည်လည်း အမေ့ ဘေးက ဝင်ပြီး လှဲနေ၏ ။ သူတို့ မောင်နှမ သည် အဖေ နှင့် အမေ တို့၏ ခြေရင်းမှာ အိပ်ရသည် ။ ကလေးငယ် ကို အမေ့ ဘေးမှာ သိပ်သည် ။

ကလေးတွေ ဖြင့် အိပ်ရာဝင်ကြပြီ ။ သူ လည်း အိပ်ရာဝင်တော့မည် ဟု ဆေးပေါ့လိပ်ကြီး ကို ချလိုက်ခါရှိသေး ၊ သားတော်မောင် က အီးအီးပါချင်သည် ဟု ဆိုလိုက်ရာ သူ့ မှာ ဒေါသ ထောင်းခနဲ ထွက်သွား လေသည် ။ သို့သော် မုန်ယိုနေသော သူ့ ဒေါသ ကို ဉာဏ်ချွန်း ဖြင့် အုပ်ရမည်သာဖြစ်သည် ။ အီးအီး ပါချင် ရပါမည်လော ဟု ရိုက်လျှင် ရာဇဝင် ရိုင်းလှပေမည် ။ ၎င်းပြင် အီးအီး တကယ်ပါချင်၍ မထိန်းနိုင်ဘဲ တွေ့ကရာ ပါချသော် ပို၍ မခက်ပါ ချေလော ။

ကလေးအမေ က ကလေး အနီး တွင် စောင်းခွေ နေရာမှ ထ ထိုင်ပြီး

“ လူလေး ... ထ ထ ။ အမေ အီးအီး တည်မယ် ” ဟု ဆိုလိုက်သည် ။

ထိုခဏ၌ပင် ကလေးငယ် က အဟင့် အသံ ပေးပြီး လွန့် လိုက်ရာ ကလေးအမေ သည် ကလေးငယ် အား စုပ်သပ် တင်ပါး ပုတ်ပြီး ချော့ရ ပြန်သည် ။

သူ သည် ထိုင်ရာမှ ထပြီး -

“ နေပါစေကွာ ၊ ငါ သွားပြီး တည်ပါ့မယ် ။ ဟဲ့ ... ကောင်လေး ... ထ ”

သား သည် ကတိုက်ကရိုက် ထပြီး သူ့ အဖေ နောက်သို့ လိုက်သွားလေသည် ။ သူတို့ သည် ညဘက် ဆိုလျှင် လမ်းပေါ် မှာပင် ကလေး ရော လူကြီး ပါ ကျင်ကြီးကျင်ငယ် စွန့်ကြ သည် ။ သူတို့ တဲထိုးထားသော လမ်း သည် တစ်သီးပုဂ္ဂလလမ်း ဖြစ်သည် ။ အများပြည်သူ တို့ အတွက် မီး ၊ ရေ မရသော လမ်းဖြစ်သည် ။ သို့သော် ဓာတ်မီးတိုင် နှင့် ရေပိုက်များ ကားရှိ၏ ။ ထို့ကြောင့် ရေပိုက် ခိုးဖောက်ပြီး ရေယူသူ က ယူ၏ ။ ဓာတ်မီးကြိုးများ တွင် ဓာတ်မီးခိုးထွန်း သူ က ထွန်းကြ၏ ။ သူတို့ အိမ်ရှေ့ တွင် ဓာတ်မီး ခိုးထွန်း ထား သဖြင့် လင်းလင်းကျင်းကျင်း ရှိပေသည် ။

သားတော်မောင် ကား အီးအီးပါမည် ဆိုလျက် ထိုင် နေလေသည် ။ သူ က အနီး မှ ထိုင်စောင့် နေရသည် ။ အတော် ကြာ သော်လည်း သားတော်မောင် သည် အီးအီး မပါ ။

“ ဟ … ခွေးကောင်လေး ၊ အီးအီးပါမယ်ဆို ... ပါလေ ”

“ အီးအီးတွေ က အထဲ ပြန် ဝင်သွားတယ် အဖေ ”

“ တောက် … သောက်ကျိုးနည်း ဒုက္ခ ပေးတဲ့ကောင် ။ ကဲ .. ဒါဖြင့် ထ ”

သားတော်မောင် သည် ထိုင်ရာမှ မထသေးဘဲ တအင်းအင်း နေအောင် ညှစ် နေပြန်လေသည် ။

သား ကို ရိုက်ချင် သဖြင့် သူ့လက် မှာ ယားနေသည် ။ သို့သော် ငိုအား ထက် ရယ်အား သန် ဆိုသလို ဟန်နှင့် ပန်နှင့် ၊ မူရာနှင့် မာယာနှင့် အားကုန်ညှစ် နေသော သားကို ကြည့်ပြီး ရယ်မိပေတော့သည် ။

“ ကဲ ... ထ ၊ မင့်ချေးက အိပ်ချင်လို့ ပြန်ဝင်သွားတာ ။ မနက်ကျမှ ထွက်တော့မယ် ။ ထ ထ ... အအေးမိ နေဦးမယ် ”

သို့ကလို ချော့မော့ နေစဉ် ခပ်လှမ်းလှမ်းမှ ဖိနပ်ခွာသံပြင်းပြင်း နှင့် လူတစ်ယောက် လျှောက်လာသံ ကို ကြားရလေသည် ။ ထိုအခါ ကျမှ သားတော်မောင် က ထလေတော့၏ ။

သားအဖ တဲပေါ် သို့ ရောက်သောအခါ ကလေးအမေ သည် လွန့်၍ လွန့်၍ နေသော သားငယ် ကို စုပ်သပ် တင်ပါးပုတ်၍ ချော့နေသည်ကို တွေ့ ရလေသည် ။

သား သည် အမေ့ ဘေးမှာ ဝင်ပြီး အိပ် လိုက်၏ ။ သူ သည် သား အား ဝမ်းသာအားရ စောင်ခြုံ၍ ပေးလိုက်လေသည် ။ ပြီးနောက် ကလေးအမေ ဘေး မှာ ဝင်လှဲ လိုက်လေသည် ။ ကလေးအမေ ၏ ကိုယ်ငွေ့ သည် သူ့ အား နွေးထွေး စေသည် ။ ပက်လက် လှန် နေသော ရေကူးမယ် အပျိုနုထွတ်ထွတ်ကလေး ၏ ဘေးတွင် ဒူးတုပ်ကာ ကြောင်တက်တက် ငေးကာ နေခဲ့သည် ကို ပြေး၍ သတိရလေသည် ။ ဖောင်းကြွ မောက်မို့သည့် ရင်သားအစုံ ၊ အိစက် တင်းကား သည့် တင်ပါးဆုံ နှင့် သေးသွယ် ကျစ်လျစ်သည့် ခါး တို့သည် သူ့ အား ပြုစားနေကြပြန်လေပြီ ။ ဆံပင်ညှပ်ဆုံလည်ကု,လားထိုင် ကို ဆွဲလှည့် သလို သေးသွယ် ကျစ်လျစ်သည့် ခါးမှ ဆွဲလှည့် ရန် စိတ်ကူး နေဆဲ “ အူဝဲ ... အူဝဲ ” ဟု ကလေးငယ် က သည်းထန်စွာ ငိုကြွေး လိုက်လေ၏ ။ သူ သည် ကလေး နှင့် အတူ ဟစ်၍ ငိုကြွေးလိုက်ချင်တော့၏ ။

ကလေးသည် ကော့၍ ကော့၍ ထိုးကာ ငို၏ ။ ကလေးအမေ သည် ပျာပျာသလဲ ကလေး ကို ကောက်ချီ ၍ ချော့၏ ။ ကလေး ကား အငို မတိတ် ။ နို့ဆာ၍ ငိုလေသလား အောက်မေ့ ကာ နို့တိုက်စမ်း၏ ။ ကလေးသည် ပါးစပ်ဝ တွင် နို့သီးခေါင်း ကိုပင် အဝင် မခံဘဲ ကော့ထိုးကာ ဆူညံစွာ ငိုရှာပြန်၏ ။ ကလေးအမေ သည် နို့လုံးကြီးများ ကို မှ ပြန် မဖုံးနိုင်ဘဲ မတ်တတ် ရပ်ကာ ကလေး အား ပခုံး ပေါ်မှောက်တင် ၍ ချော့၏ ။ ကလေး ကား ကော့ကာ ထိုး၍ ထိုး၍ သာ ငိုနေရာ ပက်လက်လန် ကျသွားမည် ကိုပင် စိုးရိမ်စရာ ဖြစ်၏ ။

သူ သည် စိတ်ညစ်ညစ် နှင့် ထထိုင်ပြီး ငိုင် နေလေသည် ။ ကလေး ဝေဒနာ ပျောက်
ကင်းအောင် လုပ်ဖို့မှ တစ်ပါး ဘာမျှ မတွေးတောနိုင်ပါတော့ပြီ ။

“ လေထိုးလို့ ထင်ပါရဲ့ကွာ ”

“ ဟုတ်မယ် ထင်တာပဲ ”

“ ကလေး ကို ငါ့ ပေးစမ်း ”

ကလေးအမေ သည် သူ့ ထံ ကလေး ကို လှမ်း ပေးလိုက်သည် ။ သူ သည် ကလေး ကို ပခုံး ပေါ် မှာ မှောက်တင်ပြီး သာသာကလေး ကျောပုတ်ပေးသည် ။ ခဏမျှ ကလေးသည် ငြိမ်သလို ရှိသွားပြီး ထပ်ကျော့ ငိုပြန်လေသည် ။

“ ထုံးနဲ့ အုန်းဆီ ဖျော်ပြီး ယူခဲ့စမ်းကွာ ”

“ ရေနံချေး ပဲ လိမ်းပါလား အစ်ကိုရယ် ”

“ ထုံး နဲ့ အုန်းဆီ ပဲ ကောင်းတယ် ”

“ ထုံးတောင် မရှိပြန်ဘူး ”

“ ငါ လမ်းထိပ်ကု,လားဆိုင် ပြေးဝယ်လိုက်ဦးမယ် ၊ ရော့ ”

သူ သည် ကလေးအမေ ရင်ခွင်ပေါ် သို့ ကလေး ကို ချပေးပြီး လမ်းထိပ် သို့ ပြေးခဲ့သည် ။

လမ်းထိပ် မှ ထုံး ငါးပြားဖိုး ဝယ်ခဲ့ပြီး အသော့ပင် အိမ်သို့ ပြန်ခဲ့သည် ။

အိမ်သို့ ရောက်သောအခါ ကလေးအမေ သည် ကလေးကို ပခုံး ပေါ်မှာ ပွေ့ကာ စုပ် သပ်ပြီး တင်ပါးပုတ် ချော့နေတုန်းပင် ဖြစ်သည် ။

သူ သည် ထုံး နှင့် အုန်းဆီ ဖြင့် ဗိုက် ကို လိမ်း ပေးသည် ။ ကလေး ကား ကျွက်ကျွက် ညံအောင် ငိုပြန်လေသည် ။

“ ဒီလောက်ဆို တော်ပါပြီကွာ ၊ ပခုံး ပေါ် မှောက်တင်ထားလိုက်ဦး ”

ကလေးအမေ သည် သူ ပြောသည့် အတိုင်း လိုက်လုပ်၏ ။ အတန်ကြာသော် ကလေး က တိတ်သွားသည် ။ ရှိုက်၍ ရှိုက်၍ ကား နေသေး၏ ။

သူ သည် သက်ပြင်းကြီး ချလိုက်ပြီး အိပ်ရာ မှာ လှဲလိုက်ပြန်သည် ။ အကြီး နှစ်ယောက် ဘက် ကြည့်လိုက်သော အခါ အိပ်မောကျ နေကြသည်ကို တွေ့ ရလေသည် ။ ကလေးအမေ ကား ပြင်းထန်စွာ သမ်း လိုက်သည် ။

“ အောက်ချပြီး သိပ်လိုက်ပါတော့လားကွာ ”

“ အိပ်ရာခင်းကလေး ပြင် ခင်းလိုက်ပါဦး ”

သူ သည် ကိုယ်တစ်ပိုင်း ထောင်၍ ကလေးအိပ်ရာခင်း ကို ပြင် ခင်းပေးပြီး သူ့ အိပ်ရာ မှာ သူ  ပြန်လှဲပြန်လေသည် ။

ကလေးအမေ သည် ကလေး ကို ချသိပ်ပြီး ကလေး ဘေးတွင် ခွေစောင်းကာ ရင်ငွေ့ ပေးလျက် ရှိလေသည် ။

သူ သည် ပက်လက်လှန် လျက် နဖူးပေါ် လက်တင်ကာ စဉ်းစားခန်း ဝင်လိုက်ပြန် လေသည် ။ ဒီတစ်ခါတော့ ပက်လက်လှဲ ကာ ဇိမ်ယူရင်း ငွေပန်းများ ကို နမ်းနေသော ရေကူးမယ် ၏ ရုပ်ပုံလွှာသည် မပေါ်လာတော့ဘဲ ခုံမြင့်ဖိနပ် အယူ ခိုင်းနေသည့် မျက်နှာဖြူသခင်မ ၏ ရုပ်ပုံလွှာ သာ ပေါ်လာလေတော့သည် ။

လောကကြီး တစ်ခုလုံး တိတ်ဆိတ် နေလေပြီ ။ ကလေးတွေ လည်း အိပ်ပျော် ကုန်ကြပြီ ။

သူ သည် တစ်ညနေလုံး ဤအချိန်ကလေး ကို စောင့်မျှော် နေခဲ့သည် မဟုတ်ပါလော ။

သူ့ မျက်စိတွင် ထင်မြင် လာသော ခုံမြင့်ဖိနပ် အယူ ခိုင်းသည့် မျက်နှာဖြူ သခင်မ ၏ ရုပ်ပုံလွှာ မှာ ကဗျာ မဆန်လှချေ ။ ထို့ကြောင့် သူ သည် ထိုရုပ်ပုံလွှာ မှ ပဉ္စသီခနတ်သား ဖြစ်လျှင် ခေါင်းအုံး အိပ်ချင်သည် ဟု ကျူးရင့်သီဆို မည်ဖြစ်သော သူမ ၏ သားမြတ်အစုံ သို့ အတင်း အာရုံ လွှဲပြောင်း ကြည့်လိုက်၏ ။ နောက်ပြီးတော့ လောကကြီး တကယ် တိတ်ဆိတ် နေပြီလော ဟု နားစွင့် လိုက်၏ ။ ကလေးတွေ တကယ် အိပ်ပျော် ကုန်ပြီလော ဟု စောင့်ကြည့် လိုက်၏ ။

အိပ်ပျော်မည့် ပျော်တော့ ကလေး သာ မက ကလေးအမေ ပါ အိပ်ပျော်၍ သွားလေပြီ ။

သူ့ ဘယ်ဘက်တွင် ကလေးအမေ သည် သူ့ အား ကျောပေးပြီး ကလေး ဘက်သို့ ခေါင်း ခွေကာ အိပ်ပျော်လျက် နေသည် ။ သူတို့ ခြေရင်း ညာဘက်စွန်း တွင် မုန့်သေတ္တာပုံး မှာ ထည့်ထွန်းထားသော ရေနံဆီမီးခွက် မှ မီးရောင်သည် သူတို့ အိပ်ရာကို ဓားလွယ်ခုတ် ဖြတ်၍ လင်းနေသည် ။ ထို မီးရောင်သည် ကလေးအမေ ၏ တင်ပါးဆုံကြီး ကို ကျော်ပြီး ကလေး ၏ မျက်နှာ ပေါ် သို့ ကျဆင်းလျက်ရှိ၏ ။ သူ သည် ပက်လက်လှန် ၍ လဲနေရာ မှ ကလေးအမေ  ဘက် သို့ စောင်း လိုက်ပြန်ပြီး မွတ်သိပ်သော မျက်လုံးများဖြင့် ကြည့် လိုက်သည် ။ လုံးချော ညက်ညောသည့် လက်မောင်း ကို ဆုပ်နယ်လှုပ်ရှား၍ နှိုးလိုက်ရမည်လော ။ ဖောင်းကြွ အိစက်သော တင်ပါး ကို ထိတို့ ပုတ်ခတ်ပြီး နှိုးလိုက်ရမည်လော ။ သို့သော် ထိုခဏ၌ ဤဆန္ဒ ထက် နူးညံ့သိမ်မွေ့ သော သနားကရုဏာ မေတ္တာစိတ် တို့သည် ဝင်ရောက် လာလေသည် ။

“ ဪ …. သူ့ခမျာ ပင်ပန်းရှာတယ် ။ လင် လည်း ပြုစုရ ၊ ကလေးတွေ ကိုလည်း ကျွေးမွေး သုတ်သင်ရ ။ ခုလို နေမကောင်း ထိုင်မကောင်းဖြစ်တော့ ပိုဆိုးတယ် ။ ကလေး အိပ်ပျော်တုန်း သူ လည်း အိပ်ပါစေတော့ ”

သူ သည် ခေါင်း ကို လက်ဖြင့် ထောက်ပြီး ကလေး ၏ မျက်နှာ ကို ကြည့်လိုက်သည် ။ ကလေးမျက်နှာ မှာ ခါတိုင်း လို မတည်ငြိမ် ။ ဝေဒနာ ၏ အရိပ်အငွေ့များကို မြင်နေသေးသည် ။ တစ်ခါတစ်ခါ နှုတ်ခမ်းကလေး နှင့် ပါးပြင်နုကလေး တွင် အမဲ့လှိုင်းကလေးများ ထလာတတ်သည် ။ တစ်ခါတစ်ခါ အိပ်ပျော် နေရင်း အသက်ရှူ မှန် နေရင်းမှပင် ရှိုက်သံငင်သံ ပေါက်လာတတ် သေးသည် ။ သူ သည် အနှီး ဖြစ်နေပြီ ဖြစ်သော သူ့ ပုဆိုးစုတ် တစ်ထည် ဖြင့် ကလေး ရင်ဝယ် အုပ်လွှမ်း ပေးလိုက်၏ ။ ပြီးနောက် ကလေးအမေ  အား ယုယစွာ စောင်ခြုံ ပေးလိုက်လေ၏ ။

သူ သည် ခြေရင်း မှ ရေနံဆီမီးခွက် ကို မှုတ် လိုက်လေ၏ ။ ထို့နောက် ဖြည်းဖြည်း သာသာကလေး ကလေးအမေ ဘေးမှာ ပက်လက်လှဲချလိုက်၏ ။ ကလေးအမေ ၏ ကိုယ်ငွေ့  မှာ ရင်ငွေ့  မဟုတ် ၊ ကျောငွေ့ သာ ဖြစ်သည့် တိုင်အောင် နွေးနွေးထွေးထွေး ရှိလှပေသည် ။

သူ သည် မျက်စိ ကို မှိတ် ပစ်လိုက်၏ ။ ရေကူးမယ် အပျိုဖြူနုထွတ်ထွတ် သည် သူ့ အား ကျောခိုင်း၍ ထွက်သွားရာ ပြည့်ဖြိုး အိစက်သော တင်သား တို့သည် နိမ့်တုံမြင့်တုံ ဖြစ်နေသည် ကို သူ မြင်နေလေသည် ။ သို့သော် သူ ၏ အသည်းနှလုံးကား ညနေစောစော က လို နိမ့်တုံမြင့်တုံ မဖြစ်တော့ချေ ။ သူ သည် တည်ငြိမ်သော စိတ်နှလုံး ၊ ကြီးစွာသော စွန့်လွှတ်ခြင်း အဓိဋ္ဌာန် တို့ဖြင့် -

“ အင်း … နေပလေစေဦး ။ တစ်ရေးနိုးတော့ ဖြစ်ဖြစ် ၊ မနက် မိုးလင်းတော့ ဖြစ်ဖြစ် ” ဟု တိုးတိုးဖြည်းဖြည်း ရေရွတ်ပြီး နောက် စိတ်တုံးတုံး ချ၍ အိပ်ပစ်လိုက်လေတော့သည် ။

••••• ••••• •••••

သူ သည် တစ်ညလုံး တစ်ရေးမျှ မနိုးဘဲ မိုးထိန်ထိန်လင်း မှ နိုးလေတော့သည် ။ ကလေးအမေ နှင့် သမီးတို့ ကား နိုးနေနှင့်ပြီး ဖြစ်သည် ။

ကလေးအမေ နှင့် သမီးတို့ သည် မီးဖို အနီး မှာ ရှိကြ၏ ။ ကလေးအမေ ကား ဟင်းအိုး ပြင်နေသည် ။ သမီး ကား ထမင်းရည် ကို သောက်လျက်ရှိ၏ ။ မီးဖို ပေါ်တွင် ရေနွေးအိုး ကျိုက်ကျိုက်ဆူနေ၏ ။

သူ သည် စိတ်ရွှင်ပျ လန်းဆတ်စွာ ပင် နိုး၏ ။ မနေ့ ညနေ က အဖြစ်အပျက်များနှင့် အိပ်ရေးဝသော တစ်ည ခြားခဲ့ပြီ ။ သို့သော် ဝေးသည် မထင်ရ ။ ခုတင်က မှ ဖြစ်ပျက်သည် ဟု ထင်ရသော်လည်း ခေါင်းအေးအေး ၊ စိတ်အေးအေး ၊ သွေးအေးအေးဖြင့် ပြန်လည် စဉ်းစား နိုင်လေပြီ ။

ရေကူးမယ် အပျိုဖြူနုထွတ်ထွတ် ၏ ငါးရံ့ကိုယ်ကလေးသည် သူ့ မျက်စိ ထဲမှ မထွက် ။ သားမြတ်အစုံ တင်ပါးဆုံ နှင့် သေးသွယ် ကျစ်လျစ်သည့် ခါးကလေး တို့သည် သူ့ မျက်စိ ထဲ မှာ တဝဲလည်လည် ဖြစ်နေသည် ။ သို့ရာတွင် ၎င်းတို့ သည် သူ့ အား တုန်လှုပ် ချောက်ချားစေခြင်း ငှာ မစွမ်းတော့ပြီ ။ ထို ဣဋ္ဌာရုံသည် သူ့ အား လှည့်ဖြားခြင်းငှာ မတတ် နိုင်တော့ပြီ ။

အကယ်၍ သူ သည် အိပ်ပျော်ခြင်း မှ နိုးပါလျက် အိပ်ရာ ထဲတွင် ခေါင်းမြီးမှောင်ချကာ အကြင် ဣဋ္ဌာရုံတို့ကို စားမြုံ့ပြန်နေမည် ဆိုလျှင် တစ်ကိုယ်လုံး တွင် ကိလေသာ ဒီလှိုင်း သည် တဝုန်းဝုန်း တက်လာကောင်း လာပေမည် ။ သွေးလေ ချောက်ချားလာကာ ဣဋ္ဌာရုံတို့ ၏ လှည့်ဖြားခြင်း ကို ခံရပေဦးမည် ။ သို့တစေ ယခုမူ သူ့ တွင် ခေါင်းမြီးခြုံ ၍ စားမြုံ့ ပြန်ရန် အချိန် မရှိ ။ အိပ်ရာ မှ ချက်ချင်း ထမှ တော်ကာ ကျမည် ။ အလုပ်ချိန် မီမည် ။

သူ သည် အိပ်ရာ မှ ထပြီး ကပျာကယာ မျက်နှာ သစ်သည် ။ ကိုယ်လက် သန့်စင်သည် ။ ပြီးတော့ အိမ်သုံး ဖူလုံအောင် ရေခပ် ပေးလိုက်သည် ။

ကလေးအမေ က သူ့ အတွက် လက်ဖက်ရည်ကြမ်းအိုး နှင့် ပဲပြုတ် ထမင်းကြော် ကို အဆင်သင့် ပြင်ထားသည် ။

သူ သည် ထမင်းကြော် ကို စားနေဆဲ ၊ သား က နိုးလာပြီး အမေ လာခေါ် ရမည် ဟု ငိုသံပါ နှင့် ပူဆာလိုက်သည် ။ အမေ သည် သား ကို ပွေ့ချီပြီး သေးတည် ပေးသည် ။ နောက် မျက်နှာသစ် ပေးမည် ရှိသောအခါ မသစ်ချင်ဘူး ဟု ချေးများ နေလေသည် ။

သူ သည် ချေးများသော သား ကို ကြည့် မနေတော့ဘဲ ထမင်းကြော် ကို စားနေလေ သည် ။ အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်ကြမ်း ပူပူ ကလည်း ထမင်းကြမ်းကြော် ၏ ကူဖော်လောင်ဖက် ဖြစ်လှသည် ။ လက်ဖက်ရည်ကြမ်း သည် သူ့ ရင် ကို နွေးသွား စေပြီး လက်ဖက်ရည်ကြမ်း အငွေ့ တထောင်းထောင်းသည် သူ့အား စိတ်ကူးဉာဏ် ကွန့် စေ လေသည် ။ ရေကူးမယ် အပျိုဖြူ နုထွတ်ကလေးကြောင့် ကိလေသာ ဖြင့် ပူပန်ခဲ့ရသည် ။ မချင့်မရဲ စိတ်ဆင်းရဲခြင်း ဖြစ်ခဲ့ရသည် ။

ထိုကဲ့သို့သော လှည့်ဖြားတတ်သည့် အာရုံတို့ နှင့် မတွေ့အောင် ရှောင်လိုစိတ် ဖြစ်ပေါ်လာလေသည် ။ ရေကူးမောင်မယ်တို့ ဝတ်လစ်စားလစ် တစ်ပိုင်းဖြင့် ပျော်ပါးမြူးထူး ရာ ထို ရေကန်သာယာ ကား ဘီလူးတို့ နတ်သမီး ယောင်ဆောင်၍ လူကို ဖမ်းစားရာ ကန်မင်္ဂလာ နှင့် တူလေပြီ ။

သူ သည် အလုပ် ဆင်းရမှာ ဝန်လေး လာလေသည် ။ ဤအလုပ်ခွင် တွင် မနေ့ က ရေကူးမယ် လို တပ်မက်ဖွယ် ကောင်းလှသော ဣဋ္ဌာရုံတို့နှင့် ထပ်၍ ထပ်၍ တွေ့နေရ ပါလျှင် ဒုက္ခ မများပေဘူးလား ။ မထိန်းနိုင် မသိမ်းနိုင် ဖြစ်သွားပြီး ထောင်တန်းစက်တိုင် မရောက်နိုင် ပေဘူးလား ။

ယင်းသို့ လက်ဖက်ရည်ကြမ်း အငွေ့ တထောင်းထောင်း တွင် စိတ်ကူး၍ ကောင်း နေတုန်း ကလေးအမေ က ထမင်းချိုင့် ကို သူ့ ရှေ့မှာ ချလာသည် ။ အလုပ် သွားပါတော့လား ဟု ပါးစပ် က မပြောဘဲ သတိ ပေးလိုက်ခြင်းပင် ဖြစ်ပေသည် ။

သူ သည် အလုပ် သွားရမှာ ဝန်လေး နေ၏ ။ သို့သော် ယနေ့ အလုပ် မလုပ်ရင် နက်ဖြန် ဘာဖြစ်သွား မည်နည်း ။ သူ ရော ၊ သူ့ မိန်းမ ရော ၊ ကလေးသုံးယောက် ရော ။

သူ သည် ဖြည်းလေးစွာ ထပြီး ထမင်းချိုင့် ကို ဆွဲ၏ ။ လောကဓာတ်ကြီး ကို အားတင်း ၍ ကြည့်လိုက်၏ ။

နေရောင်ခြည်တို့ သည် ကနစိုပင်ကြီး ထိပ်ဖျားတွင် ဆွတ်လိမ်း ကျရောက် လာလေပြီ ။ ရောင်ခြည်နုနု တွင် ဗျိုင်းအုပ်ကြီး ပျံသန်း သွားသည်မှာ တပ်ဖြန့်ခင်းသလို ခမ်းနားလှပေသည် ။ နံနက်ခင်း အစာရှာ ထွက်ရင်း ကျူးသီကြသော ငှက်တို့၏ သီချင်းသံများ ကလည်း သာယာလှပေ၏ ။

သူ သည် ထမင်းချိုင့် ကို ဆွဲ၍ အလုပ်ခွင်ဆီ သို့ စိတ်မပါ့တပါ ရုန်းသွား နေလေသည် ။ အလုပ်ခွင် ကို စိတ်ကူး လိုက်တိုင်း စိတ်လေး နေပေသည် ။ မနေ့ က တိုင်အောင် ဤ အလုပ်ခွင် ကို ယခင်က ဆံပင်ညှပ်ဆိုင် အလုပ်ခွင် ထက် ပို၍ ကျေနပ်ခဲ့၏ ။ ဤ အလုပ်ခွင် ၏ သာယာ သန့်ရှင်းမှု တွင် မွေ့လျော် ပျော်မြူးခဲ့၏ ။ ယခုမူ မွေ့လျော် ပျော်မြူးရန် ကြောက်နေ၏ ။ ရေကူးမယ်ပျိုဖြူ နုထွတ်ထွတ်ကလေး သည် ဥစ္စာစောင့် ပမာ ဝတ်လစ်စားလစ်အလှ ကို ပလွှား ပြစားကာ သူ့ ရှေ့မှ ခြေမလှမ်းဘဲ ရွေ့လျားနေသည် ဟု သူ ထင်၏ ။ ထို ဥစ္စာစောင့်မကလေး မျိုးနှင့် ရင်ဆိုင်ရမည် ကိုပင် ကြောက်ရွံ့ နောက်တွန့် နေရှာသည် ။

သို့ဖြင့် သူ သည် သူ့ သွားလမ်းတွင် တည်ရှိသော ဓမ္မာရုံဝတ်ကျောင်း သို့ ရောက်ခဲ့ လေသည် ။ ဓမ္မာရုံဝတ်ကျောင်း ၏ ရှုခင်းသည် ကိလေသာ ကာမဂုဏ် ၌ အာရုံကွန်မြူး အရူးထ နေသော သူ့ အား ယဉ်ကျေးနူးညံ့စေဟန် တူသည် ။ လိမ္မာစေဟန် တူသည် ။

သူ သည် ဓမ္မာရုံဝတ်ကျောင်း ၏ ပြာသာဒ်ဆောင်ကြီး ကို ကြည်ညိုလိုက်၏ ။ သိမ် တန်ဆောင်း ကျောင်းကန်တို့ ကို မြတ်နိုးလိုက်၏ ။ ပြီးနောက် သူ သွားရောက်ရမည့် ရေကူး ကန်သာယာ ကို ဘီလူးမတွေ လူယောင် ဖန်ဆင်းပြီး လူသားတို့ အား ဖမ်းစားသည့် ကန်မင်္ဂလာ အနေဖြင့် ကြောက်ရွံ့စွာ မတွေးတောတော့ဘဲ သူ လို ဟို လမ်းဘေး မှ ဤ လမ်းဘေး သို့ ခဏ ရွှေ့ပြောင်း ပြေးရှောင် နေရသည့် ဆင်းရဲသား ဆံပင်ညှပ်ဆုံလည်ကု,လားထိုင် ပိုင် ဆံပင်ညှပ်သမား အဖြစ် မှ သည် တစ်နေ့ မလုပ် ၊ တစ်နေ့ မစားရသည့် အလုပ်နှင့် လက် မကင်းကွာ စကောင်းသည့် ကူလီအလုပ်သမား ဘဝသို့ ကူးပြောင်း ရောက်ခဲ့ရသူ  တစ်ယောက် အဖို့ မလွှဲမရှောင်သာ သွားရမည့် နေရာ အဖြစ်ဖြင့် ရဲဝံ့စွာ တွေးတော ကြည့်ရှုလိုက်ပေသည် ။ သူ့ရှေ့ မှ ခြေ မလှမ်းဘဲ ရွေ့လျား နေသော ဥစ္စာစောင့်ပမာ သူ ထင်စား နေသော ရေကူးမယ်ပျိုဖြူ နုထွတ်ထွတ်ကလေး ၏ သားမြတ်စုံတွင် ခေါင်းအုံးဖို့ စိတ်မကူး တော့ဘဲ ပန်းခူးပေးပါ ဆို လျှင် ခူးပေးရမည့် ၊ ခုံမြင့်ဖိနပ် ကို ယူပေးပါ ဆိုလျှင် ယူပေးရမည့် ၊ ဖိနပ်စီးပေး ဆိုလျှင် စီးပေး ရမည့် သခင်မ အဖြစ် ဖြင့် ကြည့်လိုက်ပေတော့သည် ။

သူ သည် ဓမ္မာရုံဝတ်ကျောင်း ကို ကျော်လွန်၍ ရေကူးကန် ဆီသို့ ခြေလှမ်း မှန်မှန် ဖြင့် လှမ်းနေပေတော့သည် ။ ငှက်တွေ က အစာရှာရန် ပျံသန်း သွားလာ နေကြသည် ကို ကြည့် ပြီး သူ့ အဖော်အလှော်တွေ ပါကလား ဟု မှတ်သားလိုက်၏ ။ သူ့ ရှေ့မှာကား ရေကူးမယ် ပျိုဖြူနု ထွတ်ထွတ်ကလေး သည် ရင်ကော့ တင်ကော့ကာ ဝတ်လစ်စားလစ် အလှကို ပြစားရင်း ခြေလှမ်း ဖျတ်လတ်စွာ လျှောက်သွား နေပြန်လေပြီ ။ အိစက်ပြည့်ဖြိုးသည့် တင်သားများ မြင့်တုံနိမ့်တုံ ဖြစ်နေပြန်၏ ။

သို့သော် သူ့ အသည်းနှလုံး ကား မြင့်တုံနိမ့်တုံ မဖြစ်တော့ပြီ ။ သူ သည် ပါးစပ် မှ ကရားရေလွှတ် တတွတ်တွတ်

“ ဪ အနိဋ္ဌာရုံတွေပါ တကား ” ဟု ရေရွတ်ပြီး ရေကူးကန် သို့ အရောက် မှန်မှန်ကြီး ချီတက် နေလေတော့သည် ။

⎕  သိန်းဖေမြင့်
📖 မြဝတီ မဂ္ဂဇင်း
      အတွဲ - ၃ ၊ အမှတ် - ၉
      ဇူလိုင် ၊ ၁၉၅၅