Showing posts with label ဝင်းဝင်းမြင့် ( နန်းတော်ရှေ့ ). Show all posts
Showing posts with label ဝင်းဝင်းမြင့် ( နန်းတော်ရှေ့ ). Show all posts

Monday, July 7, 2025

မလွမ်းချင်တဲ့သူ


 

❝ မလွမ်းချင်တဲ့သူ ❞
( ဝင်းဝင်းမြင့် - နန်းတော်ရှေ့ )

အမှန်တကယ်တော့ ကျွန်မက မလွမ်းတတ်သူ ဖြစ်ပါသည် ။ ကုစားရန် မလွယ်သော ၊ ရောဂါလည်း မဟုတ်သော ဝေဒနာတစ်မျိုး ဖြစ်သည့် အလွမ်းက လူကို နှိပ်စက်တတ်မှန်း သိ၍ ကျွန်မ မလွမ်းချင်တာလည်း ဖြစ်ပါသည် ။ လွမ်းချင်းအပူတို့ လောင်မြိုက်တာကို မခံစားရလေအောင် ကျွန်မ ကိုယ် ကျွန်မ မနေတတ်ခဲ့သူဟု တစ်ခါ တစ်ခါမှာတော့ အနည်းငယ် ဘဝင်မြင့်ချင် သလိုလိုတောင် ဖြစ်မိပါရဲ့ .. ။ ကိုယ့်ကိုယ်ကိုယ် မကျေနပ်ကြည်နူး လို့ပေါ့လေ ။

ခုတော့ ထိုသို့မဟုတ် ... ။ ကျွန်မ လွမ်းခဲ့ရပြီ ... ။ ကျွန်မ လွမ်းနေရသူက တစ်ယောက်လည်း မဟုတ် ... ။ နှစ်ယောက်လည်း မဟုတ် ... ။ အရေးကြီးသော ကလေး တစ်စုနှင့် မျှော်လင့်ချက်များ .. ။ ဒီ့ထက်ပို၍ ဆိုရလျှင် လှပသော အနာဂတ် တစ်ခု .. ။ ထိုအရာတွေကို လွမ်းရမှာတော့ ကျွန်မ နေလို့ ကောင်းနိုင်ပါတော့မလား ... ။

ကျွန်မ၏ အလွမ်းဝေဒနာ စတင်ရာကဘော့ ရိုးရိုးစင်းစင်း ကိုယ်ရေးကိုယ်တာ မိသားစု သာမန်ကိစ္စကလေးမှ အတွေးစခဲ့ခြင်းဖြစ်ပါသည် ။ အသက် ( ၈၆ ) နှစ်ရှိပြီဖြစ်သော ကျွန်မ၏ ဖေဖေသည် ကျန်းမာရွှင်လန်း နေရာမှ ရုတ်တရက်ကြီး နေမကောင်း ဖြစ်သွားသည် ။ သွေးအားနည်းသည်ဟု စတင်သိရာမှ ရောဂါကို သေသေချာချာ ရှာဖွေစစ်ဆေးသောအခါ အူမကြီးကင်ဆာ ဖြစ်နေပြီဟု အဖြေ ထွက်လာသည် ။ ဖေဖေ့ကို ဘာမှ မသိစေဘဲ ရောဂါကို သက်သာရန် ကြိုးစားရပါသည် ။ စက်မှ ထွက်သော အဖြေနှင့် ဆရာဝန်ကြီးများ၏ အဖြေ အရတော့ ဖေဖေ၏ သက်တမ်းသည် သုံးလမျှသာ ကျန်တော့သည် ။ ထိုအချိန်မှာ အကြီးဆုံးသမီး ဖြစ်သော ကျွန်မ ဆုံးဖြတ်ရပါသည် ။ ဘာလုပ်မလဲ .. ။

ကျွန်မ ဗျာမများခဲ့ပါ ။ ဆေးနည်းတိုနှင့် အခြား ဆေးဝါးများကို လုံးဝ မသုံးခဲ့ပါ ။ ကျွန်မ ယုံကြည်ကိုးစားရာ သမားတော်ဆရာဝန်ကြီး တစ်ဦးတည်း ကိုသာ ပုံအပ်၍ ညွှန်ကြားသမျှ တိတိကျကျ လိုက်နာကာ ပြုစုကုသပါသည် ။ ဖေဖေ့ကို နေ့စဉ်နှင့်အမျှ စောင့်ရှောက်ပြုစု ပေးနေသော သူနာပြု ဆရာမလေးများကလည်း ဆရာကြီးနှင့် ညတိုင်း တွေ့၍ ဖေဖေ၏ တစ်နေ့တာ စားသောက် နေထိုင်ပုံများကို အသေးစိတ် သတင်းပို့ရပါသည် ။ သည်လိုနှင့် သုံးလကျော်လာခဲ့ .. ။ လေးလ .... ငါးလ .. ခြောက်လ ဖေဖေ၏ အသက်ကို မချိမဆံ့ ဆွဲဆန့်သလို မဟုတ်ဘဲ သက်သောင့်သက်သာ အေးအေးချမ်းချမ်းပင် လူမမာနှင့် မတူအောင် နေနိုင်ခဲ့ပါသည် ။

ဖေဖေ၏ ရောဂါ အတိမ်အနက်ကို သိသော ဆွေ မျိုးများ မိတ်ဆွေများကပင် .... “ အူမကြီးကင်ဆာ ” ဟုတ်ရောဟုတ်ရဲ့လားဟုပင် သံသယ ဝင်ခဲ့ကြသည် ။ ဖေဖေ ကတော့ မသိရှာ ။ တစ်ခုခုတော့ တစ်ခုခုပဲကွ ” ဟု ခဏခဏ ပြောပေမဲ့ မသိချင်သော စိတ်ကြောင့်လား ။ သမီးများ အဖြေရခက်မည် စိုးသောကြောင့်လားမသိ ။

ဖေဖေသည် ဆုံးသွားသည့် အချိန်အထိ “ ဘာရောဂါ ဖြစ်နေတာလဲ ” ဟု သမီးများကိုရော ဆရာဝန်ကြီး ကိုပါ တစ်ခွန်းမျှ မမေးခဲ့ပါ ။ သက်သောင့်သက်သာနှင့် နောက်ဆုံးထွက်သက်အထိ နေသွားခဲ့ပါသည် ။

ဖေဖေ၏ ထူးခြားမှု တစ်ခုက ဦးဆောင်ကုသပေးသော သမားတော် ဆရာဝန်ကြီး ကို ယုံယုံကြည်ကြည်နှင့် လေးစားချစ်ခင်ခြင်း ဖြစ်ပါသည် ။ ဖေဖေ့ကို ခွဲစိတ်ဆရာဝန်ကြီးများကလည်း ကြည့်ရှု စောင့်ရှောက်ပေးရပါသည် ။ ဘယ် ဆရာဝန်ကြီးများက ဘာဆေးလေးပေး ချက်ချင်း မသောက် ။ “ ဆရာ့ကို ပြကြဦး ဆရာ့ကို ပြော ပြီးပြီးလား ” နှင့် ဘယ်သူက ဆေးအသစ် ပေးပေး ဆရာ့ ကို ပြပြီးမှ အကြောင်းကြားပြီးမှ သောက်လေသည် ။ နောက်ပိုင်းမှာတော့ ဆေးသာမက အစားတစ်ခုခု စား မည်ဆိုတောင် “ ဆရာ့ကို မေးပါဦး ” ဟု ဖြစ်လာတော့သည် ။ ဖေဖေ၏ သမားတော် ဆရာဝန်ကြီးသည် ဖေဖေ့ အတွက် နေ့လွဲညဉ့်ခါများအထိ စိတ်ရှည်သည်းခံကာ မေတ္တာ ၊ ကရုဏာ အပြည့်ဖြင့် စောင့်ရှောက်ပါသည် ။

ထိုထိုသော အကြောင်းအရာများကြောင့် ဖေဖေ သည် သုံးလမျှသာ နေရန် ရှိသော အချိန်ကာလကို တစ်နှစ်ကျော်သည်အထိ သက်သောင့်သက်သာ နေထိုင်ပြီး ဒါနထုပ် ၊ သီလထုပ်ကလေးများကို နိုင်သလောက် ထုပ်ယူသွားနိုင်သည်ဟု ကျွန်မတို့ စိတ်ဖြေနိုင်ခဲ့ကြပါ သည် ။ ထိုဖြစ်စဉ်သည် ကျွန်မ၏ အတွေးများကို အစဉ် စိုးမိုးလျက် ရှိပါသည် ။

ကျွန်မ၏ အတွေးထဲ၌ လူတစ်ယောက်၏ သေရေးက သိပ်အရေးတကြီး ရှိမနေခဲ့ပါ ။ ကျွန်မ သိသလောက် တွေးကြည့်သောအခါ သေပြီးလျှင် ဘာဆက် ဖြစ်မလဲဆိုသော ဖြစ်စဉ်ကို ကျွန်မ နားမလည်နိုင်ပါ ။ ထိုကြောင့် စဉ်းလည်း မစဉ်းစားတော့ပါ ။ ကျွန်မစဉ်းစား သည်က လူတစ်ယောက်၏ “ နာမကျန်းသောအခါ ” အတွက် ဖြစ်ပါသည် ။ ဖေဖေ၏ နာမကျန်းသော အချိန် ကာလကလေးကို ကျွန်မလွန်စွာ အားကျမိပါသည် ။ ယုံ ကြည်မှုနှင့် ငြိမ်းချမ်းစွာ ဖြတ်သန်းသွားလေသော ဖေဖေ့ ကို အားလုံးက ကံကောင်းသည်ဟု ဆိုကြပါရဲ့ .. ။ ကျွန်မ ကတော့ ကံတရားကို အနည်းငယ်မျှ ဘေးဖယ် ထားပြီး နောက်တစ်နည်းနှင့် တွေးကြည့်မိခဲ့တာဖြစ်ပါသည် ။

ကျွန်မ၏ အတွေးက ဤသို့ဖြစ်ပါသည် ။ အသက် ရှစ်ဆယ်ကျော်သော လူအိုလူနာ ဖေဖေ့ အတွက် နှစ်ပေါင်း သုံးဆယ်မျှ ငယ်ရွယ်သည့် သမားတော် ဆရာဝန်ကြီး ဟူသည် ဖေဖေ၏ အနာဂတ် ... ။ ဖေဖေက အနာဂတ်ကို ယုံကြည်ခွင့်ရှိခဲ့သူ .. ။ ထို့ကြောင့် ကံ ကောင်းခဲ့လေသူ ... ။ ကျွန်မ တွေးမိပါသည် ။ ဖေဖေ့ အတွက် နောင်လာနောက်သားသည် ယုံကြည်စိတ်ချရသူ ဖြစ်ခဲ့သည် ။ ထို့ကြောင့် ဖေဖေ၏ အနာဂတ် လှပခဲ့သည် ။ ဒါဆို .... ကျွန်မတို့၏ အနာဂတ်ရော ... လှပမှာ လား .. ။ ဒါလည်း ကံတရား ကို ခဏ ဖယ်ထားချင်မိပါ သေးရဲ့ ... ။ ထိုကိစ္စသည် ယနေ့ကလေးတွေ ကို ကိုင်တွယ်နေသော ကျွန်မတို့ လက်တွေမှာ တာဝန်အပြည့် ရှိနေပါသလား ။ အတွေးတစ်စက ကျွန်မကို ပြင်းပြင်းထန်ထန် နှိပ်စက်တော့သည် ။ ကျွန်မက ဒီကနေ့ခေတ် ၏ ဆရာမ တစ်ယောက် ဆိုတော့ တွေး ကို တွေး ရပေတော့မည် ။ ကျွန်မ၏ အလုပ်ကို နှစ်စဉ်နှင့်အမျှ စိန်ခေါ်သူက လူသား မဟုတ် ။ တစ်နှစ်ထက် တစ်နှစ် ပြောင်းလွဲနေသော အောင်ချက်နှင့် ကလေးများ၏ ရမှတ်များ ဖြစ်ပါသည် ။ အခြေအနေအရ မိဘများရော ၊ ကလေးရော ကျွန်မတို့ ဆရာဆရာမများရော ကလေးတစ်ယောက် တက္ကသိုလ်ဝင်တန်း ကို ရောက်ပြီဆိုသည်နှင့် ရင်မောကြ ရပြီ .. ။ ကလေးတစ်ယောက်၏ဘဝကို ‘ ရမှတ် ’  နှင့် အဆုံးအဖြတ် ပေးသည်ဆိုတော့ စာမေးပွဲ ဆိုသည်နှင့် ဦးဆုံး နားလည်လိုက်ရသည်မှာ အမှတ်ပေါင်းအများဆုံး ရရှိရေး .. ။

“ ဟဲ့ .. သေချာလုပ် ။ အမှတ်ပေါင်း ငါးရာကျော် မှ ဖြစ်မှာ ဘယ်ဘာသာမှ လျော့လို့ မဖြစ်ဘူး ။ အမှတ်ကို အများဆုံး ရဖို့ ဦးတည်ထား ။ ပြီးမှ မင်း လုပ်ချင်တာလုပ် ”

ကလေးတိုင်းကို အမှတ်ပေါင်းပေတံနှင့် တိုင်းတာကာ ခြောက်လှန့်မြှောက်ပင့်ပြီး သူတို့၏ အရည်အချင်းကို ရင်နာနာနှင့် ဖွတ်ညှစ်ထုတ်ရသည်ကိုပင် စာသင်သည်ဟု အဓိပ္ပာယ်ဖွင့်ရတော့မလို ရင်ထဲမှာ တွေးထားသော စာ သင်ခြင်းဆိုသည့် အဓိပ္ပာယ်နှင့်ကတော့ အတော်လေးကို ကွာခြားပါသည် ။ သို့ပါသော်လည်း ကိုယ်တိုင်သည်ပင်လျှင် ဘယ်အသက်ဘယ်အရွယ်ကတည်းက ထိုစာမေးပွဲစီးကြောင်းကြီးထဲမှာ နစ်တုံပေါ်တုံနှင့် မျောလို့ချောပါ ခဲ့မှန်းမသိ ။ မည်သို့ပင်ဖြစ်စေ အဆိုးထဲက အကောင်း ကို ရွေးချယ်သော အားဖြင့် ကလေးများ ကိုယ့်လက်ထဲ ရောက်လာသမျှ အကောင်းဆုံးဖြစ်ဖို့ အဓိက ။

အောင်စာရင်း ထွက်ပြီး၍ ဂုဏ်ထူးပါသည့် အခြေအနေမှာ တစ်မျိုး ရင်ခုန်ရ ။ အမှတ်စာရင်းတွေ ရပြီး ကလေးများ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတင်ရခါနီး ပြန်တော့ တစ်မျိုး ရင်ခုန်ရ ။ နောက်ဆုံးမှာတော့ ။

“ ဟယ် ကြည့်စမ်း အမှတ်ပေါင်းတွေ အများကြီး ပါလား တော်လိုက်တာကွယ်  ၊ ဘယ်မေဂျာ လျှောက်ဖို့ စိတ်ကူးသလဲ ။ ဒါလောက် အမှတ်တွေ ကောင်းနေမှတော့ စဉ်းစားမနေနဲ့ ဆေးတက္ကသိုလ်သာလျှောက် ” ဟု ဝမ်း သာအားရ ပြောကြခြင်းဖြင့် မိဘဆရာသမားများကိုယ်တိုင် ပုံစံခွက်ကြီးကြီးများကို အလိုလို ဖန်တီးမိမှန်း မသိ ဖန်တီးဖြစ်ခဲ့ကြလေရဲ့ ။ ရှေ့ဆောင်ဦးရွက်ပြုသူများ ကိုယ်တိုင်ပင်လျှင် ပုံစံခွက်ကြီးတွေ ထဲမှာ ယက်ကန်ယက်ကန် ။

ရှေ့ပိုင်းနှစ်တွေမှာ ကလေးအချို့က ဘာမှ ပြန်ပြောလေ့ မရှိ ။ အမှတ်ပေါင်း၏ ဦးဆောင်မှု နောက်သို့သာ ကောက်ကောက်ပါအောင် လိုက်ကြစမြဲ ။ သူတို့ ရည်ရွယ်သည်ကိုက အမြင့်ဆုံးတက္ကသိုလ် တက် အထူးချွန်ဆုံး လူဖြစ်ဖို့ ရောက်သည့် နေရာမှာ တစိုက်မတ်မတ် ကြိုးစားခြင်းကိုသာ သူတို့ လုပ်ရမည့် အလုပ်ဟု ခံယူလျက် သူတို့ သတင်းတွေကို ကြားရရုံဖြင့် ဝမ်းသာခဲ့ရ သည်သာ ။ ကျွန်မ၏ လွမ်းခန်းသည် သူတို့ကြောင့် မဟုတ်ပါလေ ။ နောက်တော့ တဖြည်းဖြည်းနှင့် ပြောင်းလွဲမှုများက နေရာ ယူလာသည် ။ ထိုအကြောင်းကို သိသော နေ့က ကျွန်မ၏ အလွမ်း စတင်ပါလေသည် ။

အဖြစ်က ဒီလိုပါ ။

ကျွန်မ စားနေကျ အသုပ်ဆိုင်ကလေးမှာပေါ့ ။ ကျွန်မ ထိုဆိုင်ကလေးသို့ သွားဖြစ်တာ အကြောင်း နှစ်ခု ရှိပါသည် ။ တစ်ခုက အသုပ် အလွန်ကြိုက်သော ကျွန်မ အတွက် အစပ်တည့်သော လက်ရာကို စားရခြင်း ဖြစ်ပြီး နောက်တစ်ခု ကတော့ ကျွန်မ၏ တပည့်ကလေးများနှင့် ဆုံခွင့်ရခြင်းကြောင့် ဖြစ်ပါသည် ။ တကယ်တော့ ထို အသုပ်ဆိုင်ကလေးမှ သားအကြီးဆုံးကလေးသည် ကျွန်မ၏ တပည့်ကလေး ဖြစ်ပြီး ဆေးတက္ကသိုလ် အမှတ် ဝင်သည့် လူတော်ကလေးလည်း ဖြစ်ပါသည် ။ ကလေး၏ အမေသည် ကလေးဆယ်တန်း အထိ ဝန်ထမ်းငယ်ကလေးသာ ဖြစ်ပါသည် ။ ကလေးဆယ်တန်း အောင်ပြီးသွားသောအခါ ကလေး၏ ကျောင်းစရိတ် အတွက် အလုပ် ထွက်လိုက်ပြီး အသုပ်ဆိုင်ကလေး ဖွင့်လိုက်သည် ။ လူရှင်းသော နေ့တွေမှာ ကလေးအမေ က ကျွန်မကို အသုပ်လက်ရာကောင်းကောင်းလေး ပြင်ပေးပြီး ရေနွေးကြမ်းအိုး ကို ထိုင်ငှဲ့ပေးကာ သား အကြောင်း ရောက်တတ်ရာရာ ၊ သား၏ သူငယ်ချင်းများ အကြောင်း ရောက်တတ်ရာရာများ ပြော၍ ကျွန်မကို ဧည့်ခံလေ့ရှိပါသည် ။ ကျွန်မကလည်း ကျွန်မ၏ လက်ထဲမှ ငှက်ကလေးများ ထက်ကောင်းကင် မိုးယံဆီသို့ စိုက်စိုက်မတ်မတ် တက်ရောက်ပျံသန်းကြပါလေရဲ့လား ဟု အလွန်သိချင်သူ ။ တစ်ပတ်မှာ အနည်းဆုံး တစ်ရက်တော့ ထိုဆိုင်လေးဆီသို့ သွားဖြစ်ပါသည် ။

ရှေ့ပိုင်းရက်တွေတုန်းက ကျွန်မ မှရောက်လာလျှင် ဆိုင်ရှင်၏သားကြီးကလေးက ဦးဆောင်လျက် သူငယ်ချင်းများ စုံညီစွာဖြင့် စကားဝိုင်း ဖွဲ့ရစမြဲ ။ သူတို့လေးတွေ က တက္ကသိုလ်တက်ခါစ ဆိုတော့ သူတို့ကိုယ် သူတို့ လူကြီး ဖြစ်ပြီ ။ လူရာဝင်ပြီ ဟု ထင်သော အတွေးလေးတွေလည်း ရှိလေရဲ့... ။ ပြောရင်းပြောရင်းကလည်း ကလေးစကားတွေ ဖြစ်ပြန်လေရဲ့ ။ သူတို့နှင့် စကားပြောရတာလောက် မြိန်ရှက်သောရသ ဘယ်မှာရှာရလိမ့်မလဲဟု ကျွန်မ ခဏခဏ ခံစားမိပါသည် ။ ထို့ကြောင့်ပင် သူကလေးတို့ကို လွမ်းမိလေတိုင်း စိတ်အပန်းဖြေလိုတိုင်း အသုပ်ဆိုင်ကလေးဆီသို့ ကျွန်မ ပြေးရပါသည် ။

နောက်တော့ တဖြည်းဖြည်းနှင့် ဆိုင်ကလေးက စားနေကျ ကျောင်းသားကျောင်းသူကလေးများ ရှင်းစပြု လာသည် ။ သူတို့တွေ၏ ဆေးကျောင်းနှင့် နီးနီးနားနား မို့ ၊ အစားအသောက်ကလည်း ဈေးနည်းနည်းနှင့် ကောင်းကောင်းကလေးမို့ လူစည်ခဲ့သော နေရာသည် အတော်လေးကို ငြိမ်စ ပြုလာသည် ။ ကျွန်မ သွားတိုင်း တစ်ယောက် မဟုတ် တစ်ယောက် တွေ့နေကျ ကလေးများ ကိုလည်း မတွေ့ရတာ များလာသည် ။

“ ဟောတော် ကလေးတွေ ဘာဖြစ်ကြတာပါလိမ့် ”

ကျွန်မ ဆိုင်ရှင်ညီမလေး ကို စပ်စုရပါတော့သည် ။ သူကလေး မျက်နှာ မကောင်းတာတော့ သတိထားမိပါသည် ။

“ ဆရာမရယ် ... ကလေးတော်တော်များများက တစ်လမ်းကျော်က ဟို ဆိုင်ကြီးထဲ ရောက်နေကြတာ ။ ထမင်းမေ့ ဟင်းမေ့ပဲ ” ဟု ဆိုပြီး အရောင်တောက်တောက် အရောင်စုံစုံ ဆိုးထားသော သုံးထပ်တိုက်ကြီး ကို မျက်စောင်းထိုးပြပါသည် ။

“ ဪ ... ။ အင်း သတိထားမိတယ် ။ အရင် အဲဒီနေရာက တဲလေးပါ ။ တိုက်ကြီးတွေ ကြားထဲမို့လေ ဒီလိုနေရာမှာ ဒါလူသစ်တွေလား ဘာလုပ်တာလဲ ”

“ လူသစ်တွေ ရောက်လာတာပေါ့ ဆရာမရယ် ။ ရောက်လာကတည်းက ဂိမ်းဆိုင် ဖွင့်တာ ။ ဆရာမရယ် ဘာကြာလိုက်လို့လဲ နှစ်ထပ်တိုက် ဖြစ်သွားကာ ဟော ခု သုံးထပ်တိုက်ကြီး ဖြစ်သွားပြီ ။ ကလေးတွေလည်း အားအားရှိ အဲဒီ ဆိုင်မှာချည်းပဲ ” 

မေးတုန်းက မေးမိပေမယ့် သူ့ အဖြေကို ကြားရပြန်တော့ စိတ်ထဲမှာ မကောင်း ။ ကလေးတွေ ခုတစ်လော ဂိမ်းကစားရောဂါ သည်းနေပြီဖြစ်ကြောင်း ကြားတော့ ကြားမိပါရဲ့ ဒါလောက် စိုးရိမ်ဖွယ် ဖြစ်နေမှန်း ကျွန်မ မသိခဲ့သေး ။ စိတ်မကောင်းသော ခံစားချက်ကြောင့် ကျွန်မသည် အသုပ်ဆိုင်ကလေး ထံသို့ သွားရန် တုံ့ဆိုင်းနေမိသည် ။ ဒါပေမဲ့ ကြာကြာလည်း မနေနိုင် ။ ရောက်သွားရပြန်ပါသည် ။ ဆိုင်ကလေး ရှေ့သို့ ရောက်သည်နှင့် ကျွန်မ လွန်စွာအံ့သြရတော့သည် ။ အသုပ်ဆိုင်ကလေး ပိတ်ထားလေပြီ ။ လာနေကျမို့ အိမ်ထဲကို ခေါင်းကိုးဝင်ပြီး အိမ်ရှင်ကို ရှာရသည် ။

“ အယ် ... ဆရာမ လာပါရှင့် လာပါရှင့် ဆရာမတော့ အသက်တွေ ရှည်ဦးတော့မယ် ။ ဒီမနက်ဘဲ ပြောမိကြသေးတာ ။ ဆရာမ လည်း မလာဘူးလို့ နေကောင်းလားရှင့် ဆရာမ ”

“ နည်းနည်း မအားတာနဲ့ မလာဖြစ်တာ ၊ အသုပ်ဆိုင် သိမ်းလိုက်ပြီလား ”

"ဖျက်လိုက်ရတာ ဆရာမရဲ့ ။ ကျွန်မ အစာအိမ် ဖြစ်လို့လေ ။ တစ်ပတ်လောက်ဟာ အန်လို့ချည်း နေတော့တာပဲ ။ ဒါနဲ့ သားက မေမေရယ် နောက်တော့မှ တစ်မျိုး ပေါ့ ။ ဆိုင်မရောင်းပါနဲ့ ဆိုလို့ ”

“ အင်း .... သားက ဆရာဝန် ဖြစ်တော့မှာ ဆိုတော့ ကျန်းမာရေး အတွက်ရော ၊ မိသားစု အတွက် စီးပွားရေးပါ အားကိုးနိုင်ပြီပေါ့ ”

ကျွန်မက ဝမ်းသာစိတ် နှင့် အားပါးတရ ပြောမိပါရဲ့ ။ ထို အမေက ပျာပျာသလဲ ငြင်းပါလေရော ။

“ အာ မဟုတ်ဘူး ဆရာမရဲ့ ၊ ဆရာမသား က တတိယနှစ်ကို ကျနေသေးကာ ၊ ပြီးတော့ သူက ဆရာဝန်လည်း မဖြစ်ချင်ပြန်ဘူးတဲ့ ”

“ ဟောတော် ဖြစ်ရလေ ဘာကြောင့်တုန်း ၊ အရင် သိပ်တော်တဲ့ ကလေးပါ ။ အမေကိုယ်တိုင် ပြောတာ မဟုတ်ရင် ကျွန်မ ယုံမှာတောင် မဟုတ်ဘူး ”

ကျွန်မမှာ ထိုအမေ၏ စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပေမယ့် မိခင်ဖြစ်သူ ကတော့ အေးအေးဆေးဆေး နိုင်လွန်းနေသလိုပင် ။ ထိုအမေကို ကျွန်မ အားမရ ။ ဆရာဝန် ဖြစ်ချင်သူတွေ ဖြစ်ခွင့်မရလို့ တငိုငို တရယ်ရယ်တောင် ဖြစ်နေတဲ့ အခါမျိုးမှာ ၊ သူက အမှတ် ကောင်းကောင်းကြီးများနှင့်တောင် ဆေးကျောင်းကို ဝင်ခဲ့သူ ။ ဒီလိုကလေး တတိယနှစ် မှာ စာမေးပွဲ ကျတာ အေးဆေးစရာကိစ္စ မဟုတ်ဟု ကျွန်မ မြင်ပါသည် ။

“ ဆရာမရယ် ပြောရတော့လည်း မကောင်းပါဘူး ။ ဆရာမတပည့်က သင်္ချာသာ အရမ်းတော်တာ ။ လူက ခပ်အေးအေး ဆိုတော့ စကားကလည်း နည်းတယ် ။ ဒီနှစ် မှာ လူနာတွေကို ရောဂါ နဲ့ပတ်သက်ပြီး မေးခွန်းတွေ မေးရသတဲ့ ။ သူက အဲဒါတွေ မလုပ်ချင်ဘူးတဲ့လေ ။ သိတဲ့ အတိုင်း ဆရာမသားက ဉာဏ်ကောင်းတဲ့သူ ဆိုတော့ စာကျက်က ပျင်းသေးတယ် ။ ကျောင်းကို လွှတ်လို့ မရပါဘူး ဆရာမရယ် ” တဲ့ ။

ကျွန်မ ရင်တွေနောက်ပြီး မွန်းကျပ် လာသလိုပဲ ။

“ ညီမက ဘာမှ မပြောတော့ဘူးလားကွယ် ”

ဆိုတော့ ...

“ ပြောတော့ ပြောတာပဲ ဆရာမရဲ့ ။ ကလေးတွေ က ကြီးလာတော့ ပြောမကောင်းတော့ဘူး ၊ နားမထောင်ဘူးဆရာမရဲ့ ။ စကားပြောလည်း ဘုနဲ့ဘောက် ။ ခုလည်း အိမ်မှ မကပ်တာ ... ”

“ ဟင် နေပါဦး သူက အိမ်မကပ်တော့ ဘယ်သွား နေလို့တုန်း ”

မျက်စောင်းထိုးကဆိုင်ကြီးကို မေးငေါ့ပြ လျက်

“ အဲဒီဆိုင်မှာ တစ်နေကုန် ” တဲ့ ။

“ ဟောတော် ဂိမ်းဆိုင်မှာ ထမင်းမေ့ဟင်းမေ့ကိုပဲ လား ”

ကျွန်မ အံ့အံ့သြသြ မေးမိတော့ ...

“ ဆရာမရယ် အဲဒီဆိုင်က သူ့ကို အစားအသောက်လည်း ကျွေးသတဲ့ မုန့်ဖိုးတောင် ပြန်ရနေပြီ ပြောတာပဲ ။ သူက အဲဒီ ဆိုင်မှာ ဂိမ်းဘုရင်တဲ့ ”

ကျွန်မ ထိုအမေ၏ မျက်နှာကို ထိတ်လန့်စွာ ငေးကြည့်နေမိပါသည် ။ ဒီအမေ သူ့သားကို ဆုံးမနိုင်ပါတော့မလား ။

“ ကျွန်မလည်း ကျောင်းတော့ ပြန်တက်ဖို့ ပြောရတာပါပဲ ဆရာမရယ် ၊ ဆရာဝန်တော့ဖြစ်အောင်လုပ်ဦး ။ ပြီးမှ ကြိုက်တာ လုပ်လို့ ”

ထိုအမေ၏ လျော့ရိလျော့ရဲ ဆုံးမစကားကို ဂိမ်းစွဲနေသော သားက အလေးထားပါ့မလား ။ အတော်လေးတော့ နောက်ကျခဲ့ပြီ ထင်ပါရဲ့ ။ အလွန် တော်ခဲ့သော ကလေးပါ ။ ငယ်ငယ်က သူ တန်ဖိုးထားခဲ့သော သူ့မျှော်လင့်ချက်တွေ ၊ သူ့ရည်မှန်းချက်တွေ ဘယ်ဆီ ဘယ်ငယ်များ ရောက်သွားလေသလဲ ။ မည်သို့ပင်ဖြစ်စေ ကလေးကို ကျွန်မ တွေ့ရန် ကြိုးစားရပါတော့မည် ။ ဒီကလေး ကိုတော့ တိုက်ရိုက်ဆက်သွယ်၍ မရ ။ သူ့ သူငယ်ချင်း ကလေးများကို ခေါ်ရသည် ။

“ ဆရာမ ခေါ်တယ်ဆိုလို့ စိတ်ပူပြီး ပြေးလာကြတာ ၊ လူတောင်စုံအောင် မစောင့်နိုင်ဘူး ။ ဆရာမ နေမှ ကောင်းရဲ့လား ဆိုပြီး ”

“ တော်ပါသေးရဲ့ တော်ပါသေးရဲ့ တို့ဆရာမ လန်းနေလို့ ”

“ ဆရာမ ဆေးကုတာက လွဲပြီး ကျန်တာ အကုန် ခိုင်းနိုင်ပါတယ် ”

ကလေးတွေ က ကျွန်မကို တွေ့သည်နှင့် ကဲကြလေပြီ ။ ကျွန်မ သူတို့ကို ပထမဆုံး မေးခွန်းတစ်ခု နှင့် နှုတ်ဆက်ရပါသည် ။

“ ဒီအဖွဲ့ထဲမှာ ဂိမ်းမကစားဖူးတဲ့ သူ ပါရင် လက်ညှိုးထောင် ”

ထိုအချိန်မှာ ကျွန်မ အတွက် သူတို့ ထဲမှ လက်ညှိုးလေး တစ်ချောင်းတောင် မရခဲ့ ။ ကလေးတွေ က မျက်လုံး ပြူးကြောင်ကလေးများ ဖြင့် တစ်ယောက် ကို တစ်ယောက်
ကြည့်နေကြသည် ။ သူတို့ ထဲမှ အသွက်ဆုံး တစ်ယောက် က ...

“ ဆရာမရယ် ဒီခေတ်ကြီးထဲမှာ ” တဲ့ ။ ကျွန်မ သူတို့ကို ဘာမှ မပြောသေးပါ ပြောချင်တာ ပြောထားနှင့် ကြလေဦး .... ။

“ ကဲ နောက်မေးခွန်း တစ်ခု လာပြန်ပြီ ကျောင်းတစ်ခါမှ မလစ်သေးပါဘူး ဆိုတဲ့လူ လက်ထောင် ”

သည်တစ်ခါလည်း ကျွန်မ မျှော်လင့်သည့် လက်ညှိုးလေးတစ်ချောင်းကိုပင် မရလိုက် ။ ဒါပေမဲ့ ကျွန်မ စိတ်ရှည်ရပါသည် ။

“ ဟဲ့ ... မင်းတို့တွေ ရဲမင်းဦး နဲ့ သက်လွင် ကို တွေ့ကြလား ”

“ ဟာ ဆရာမ ဘုတ်အုပ်တွေ ကို ကျောင်းတက်တဲ့ နေ့ တွေ့တယ်လေ ... ။ သူတို့ကတော့ ဂုဏ်ထူး အတွက် စာအုပ်ထဲ ခေါင်းမြှုပ် ထားကြဆဲပါပဲ ”

သည်ကလေး နှစ်ယောက် က မန္တလေးသားစစ်စစ်ကလေးတွေ ။ ရဲမင်းဦး ကို သူ့ အိမ်က အကြိုအပို့ နှင့် ဂရုစိုက်သောကြောင့် တမင် နာမည်ပြောင်တွေ ပေးပြီး “ ခေတ်လူ ” မဟုတ်ဟု ဆိုချင်ကြသေးသည် ။ သက်လွင် တစ်ယောက် ကတော့ ငယ်ကတည်းက စာမှစာမို့ သူ့ကို တော့ “ ခေတ်လွန် ” ဟု ပြောချင်နေကြသည် ။ ကျန် ကလေးများက နယ်မှ လာကြသူတွေမို့ စုငှားထားသော အဆောင် မှာ နေ ၊ ထမင်းချိုင့် ဆွဲစား ၊ ကိုယ့်အတန်း ကိုယ်တက် ။ အဲဒါ “ ကိုယ့်အားကိုယ်ကိုး ” သမားတဲ့ ။ သူတို့ ကသာ ကိုယ့်အားကိုယ်ကိုးသမား ဟု ဆိုသည် ။ ကျွန်မ ကတော့ ထိုသို့ မမြင် ။ တက္ကသိုလ်ရောက်စဆိုတာ စိတ်ကြီးဝင်၍ အကောင်းဆုံး အရွယ် .. ။ ကလေး က လူကြီး ကူးသည့် မနူးမနပ်ဆုံး ကာလ ။ ထို့ကြောင့်ပေလားမသိ ။ ကျွန်မတို့ ပထမနှစ်မှာ အိမ်က အမေ ထက် ကြောက်ရသော အဆောင်မှူး ၏ စည်းကမ်းအောက်မှာ ပြားပြားဝပ် ခဲ့ရသည် ။ အတန်းလည်း လစ်ခွင့် မရှိ ။ ကလေးများကို ကြည့်ရင်း ကျွန်မ ကရုဏာသက်မိပြန်သည်နှင့် လေသံက အလိုလို ပျော့ပျောင်းမိသည် ။

“ ဟဲ့ .. သူတို့ နှစ်ယောက်က မင်းတို့လို ကိုယ့်အားကိုယ်ကိုးသမားဖြစ်မယ် ဆိုရင်လည်း စာအုပ်ထဲ ခေါင်း မြှုပ်ထားမှာပဲ မဟုတ်ဘူးလား ” ဟု ကျွန်မက သူတို့ကို သွေးတိုးစမ်းပါသည် ။

“ ဆရာမ ပြောသလိုလည်း ဖြစ်နိုင်ပါတယ် ။ သေချာတာတစ်ခုကတော့ သူတို့တွေဟာ ဂိမ်းဆိုင်ကို ပထမဆုံးအကြိမ် အဖြစ် မရောက်ဖူးခဲ့ကြဖူးတဲ့ အတွက် ကျွန်တော်တို့လို ဖြစ်မသွားတာပဲ ” ဟု ဆိုပါသည် ။

“ နင်တို့ကလည်းဟယ် တစ်ခါလေး သွားရုံနဲ့ အဲဒီ လောက်စွဲသလား ။ ဘာသဘောတုန်း မင်းတို့ ဂိမ်းဆိုတာ က ငါ့ကို နားလည်အောင် ရှင်းပြကြစမ်းပါ ”

“ အဲဒီလောက် စွဲသလား ဆိုတော့ ၊ စွဲနိုင်ခြေ ရှိတယ် ဆိုပါတော့ ဆရာမရာ ။ ဆော့ရတာ ဘယ်လိုပြောမလဲ စိန်ခေါ်တဲ့ ဆွဲဆောင်မှုတွေပေါ့ ။ တစ်ယောက်တည်း ဆော့ရတာရှိတယ် ။ ဟိုဘက် ငါးယောက် ဒီဘက် ငါးယောက် အပြိုင်စစ်ခင်းရတာရှိတယ် ။ ကစားပွဲမှာ “ ဟီးရိုး ” တွေပါတယ် ။ သူ့ နောက်မှာ “ ခရိ ” ဆိုတဲ့ တပ်သားတွေပေါ့ ဆရာမရာ ၊ ဆော့ရင်းဆော့ရင်း ကိုယ်က နိုင်ချင်တော့ ကြိုးစားရတယ် ။ လက်မြန်ရတယ် ။ ဆုံးဖြတ်ချက်မှန်ရတယ် ။ လုပ်ရင်းနဲ့ စွဲသွားတာပဲ ။ မဟုတ်လည်း အချိန် ဖြုန်းရင်းပေါ့ ဆရာမရယ် ” တဲ့ ။

“ ဖြစ်ရလေဟယ် .. နင်တို့မှာ ဖြုန်းစရာအချိန် ဆိုတာ ရှိသေးလို့လား ”

ဆေးကျောင်းသားကြီးများကို အံ့အံ့သြသြ မေးပါရဲ့ ။ ထိုအခါ ငေးငေးငိုင်ငိုင် တွေးတွေးဆဆ ဖြေသူတချို့ ပေါ်လာသည် ။

“ ပရက်တီကယ် ချိန်တွေမှာ အထူးသဖြင့် စိတ်ဓာတ်ကျတယ် ဆရာမ ။ ရှေ့နားက လူတွေကတော့ ဆရာမကြီးတွေ ရှင်းပြတာ ကြားရတော့ နားလည်တယ် ။ စိတ်ဝင်စားတယ် ။ လူတွေက အရမ်း များတယ်လေ ။ နောက်နား ရောက်ရင် ဘာမှလည်း မမြင်ရဘူး ။ အသံတောင် မကြားရဘူး ။ ဘယ်လို လုပ်မလဲ ။ အပြင်ရောက်ကုန်တာ ဒီလိုမျိုး အကြောင်းအရာတွေလည်း ပါတယ် ”

ကလေးများက ရိုးလည်း ရိုးသားသလို ၊ ပွင့်လည်း ပွင့်လင်းကြပါသည် ။ သူတို့အသံ သူတို့ခံစားချက်ကို ကျွန်မက အားလုံးအမှန်ဟု မယူလိုသော်လည်း ထို တစ်ချက်သည် လျစ်လျူပြုရမည့်အချက်တော့လည်း မဟုတ်ဟု ကျွန်မ သတိပြုမိပါသည် ။ မည်သို့ပင်ဖြစ်စေ ကျွန်မသည် သူတို့ကို တစ်ကြိမ်တစ်ခါနှင့်တော့ ဂိမ်းနွံအိုင် ထဲမှ ဆွဲထုတ်ရန် မဖြစ်နိုင်သေး ။ ဒါပေမဲ့ ကျွန်မ၏ လက်ထဲမှာ နေ့ညမဟူ စာမှစာ ကျက်ခဲ့မှတ်ခဲ့ ကြိုးစားခဲ့ သည်များကို ပြန်၍ အစဖော်ပေးပြီး လွမ်းစေလိုက်ပါသည် ။ ပြီးတော့ သူတို့ကိုယ်တိုင် ရေးခဲ့ဖူးသော “ အကျွန့် ရည်မှန်းချက် ” စာစီစာကုံးများ အကြောင်းကိုလည်း အစ ဖော်ပေးရပါသည် ။

“ မင်းတို့အားလုံး ဆရာဝန်ကောင်း တစ်ယောက် ဖြစ်ဖို့ဆိုတဲ့ အကြောင်းတွေပဲ ရေးခဲ့ကြတာ ၊ မှတ်မိသေးလား ၊ ဆရာမတောင် ပြောသေးတယ်လေ ။ ဒီနှစ်တော့
ရည်မှန်းချက်က ဆရာဝန်တွေ များတယ် ၊ ဆရာမတော့ နေမကောင်းဖြစ်မှာ မကြောက်တော့ဘူးလို့ ”

ကျွန်မ၏ ရင် ထဲမှ သောကကို ပွင့်ပွင့်ကြီး လှစ်မပြရဲသေး ။ အရိပ်အယောင်လေးတွေသာ ပြလျက် ဦးတည်ချက်ကလေး ကို ထည့်ပေးရန် ကြိုးစားကြည့်ပါသည် ။ ကလေးတွေက မလုံပြုံးကလေးကိုယ်စီနှင့် ငြိမ်နေကြသည် ။ သူတို့ဘက်က ကြည့်တော့ လက်ဝါး ။ ကျွန်မဘက်က ကြည့်တော့ လက်ဖမိုး ဟူသော အတွေး ကြောင့် သူတို့ကို ကျွန်မ ဇွတ်အတင်း အပြစ်မတင်ရဲပါ ။ ကျွန်မတို့ တက္ကသိုလ်ကျောင်းသားဘဝ ဖြတ်သန်းခဲ့ရပုံ နှင့် သူတို့ ဖြတ်သန်းနေရပုံ ကွာခြားမှုတော့ရှိနေသည်ကိုး ။ အပြင်ဆောင်မှာ အငှားနေရင်း ကိုယ့်မြင်းကိုယ်စိုင်းနေကြ သူတွေ ။ မိဘနှင့် အတူ နေရသော်လည်း ဝါသနာအရင်း မခံသောကြောင့် နှစ်ရင့်လာသောအခါ လမ်းပျောက်ရသူတွေ ။ သူကလေးတို့၏ အနာတရများကို ကျွန်မ စာနာမိခြင်းကြောင့် သူတို့ အမှားကို ထောက်ပြရန် ကျွန်မ ဝန်လေးနေမိရင်း အသုပ်ဆိုင် မဟုတ်တော့သော ထိုအိမ်ကလေးနှင့် ကျွန်မ ဝေးကွာခဲ့ပါသည် ။

သံယောဇဉ် အနှောင်အဖွဲ့ကို မကြိုက်တတ်သော်လည်း ကလေးများကို ငြိတွယ်တတ်လေသော ကျွန်မ၏ ခြေဦးသည် ရောင်စုံခြယ်သော ဂိမ်းဆိုင်ရှိရာ အရပ်သို့ လှည့်မိပြန်ပါသည် ။ ဟောတော့ ။ အသုပ်ဆိုင် မရှိတော့သော အိမ်ကလေးကို ဖျက်စပြုနေပါရောလား ။ ဘာပြုလို့ပါလိမ့် ။ ကျွန်မ စပ်စုလိုစိတ်ကို မထိန်းနိုင် ။ ဘယ်သူ့ မေးရပါ့ ။ ဟိုဟိုသည်သည် လှမ်းမျှော်ကြည့်စဉ် ။

“ ဆရာမ ... ဆရာမ ကျွန်မ ဒီမှာ ”

အသံကြားရာကို လှည့်ကြည့်လိုက်သောအခါ အသုပ်မရောင်းတော့သည့် ကလေးအမေ ။ ကျွန်မက ဝမ်းသာအားရ နှင့် “ ညီမလေး အိမ်ပြင် မလို့လား ” မေးတော့ ။

“ လာလာ ... ဆရာမ ခု ဒီအိမ်လေးမှာ ကျွန်မတို့ ခဏငှားနေတယ် ၊ လာပါဆရာမ ” ဆိုလို့ ကျွန်မ လိုက်သွားရပါသည် ။

“ ဆရာမရေ ဆရာမ ကတော့ ကိုယ့် အစ်မလို ဖြစ်နေလို့ ဝမ်းသာရအောင် ပြောပြချင်လို့ မျှော်နေတာ ။ ကျွန်မတို့ အိမ်ကိုလေ ဟို တိုက်ကြီးက သူဌေးက လာငှားတာ ဆရာမရဲ့ ။ ဆယ်နှစ် နှစ်ချုပ်နဲ့ရယ် ။ ပြီး သူတို့ကပဲ သုံးထပ်တိုက် ဆောက်ပေးတာ ။ တိုက်ကြီးပြီးရင် ကျွန်မတို့ကို အပေါ်ဆုံးထပ် မှာ တစ်ခန်း ပေးမှာတဲ့ ။ ဒီနေရာမှာ သူတို့ စီးပွားဖြစ်လို့တဲ့ ။ ဆရာမ သားလည်း ဆိုင်မန်နေဂျာ ဖြစ်သွားပြီလေ ။ သူ ကြိုက်တဲ့ အလုပ်လုပ်နေရတော့ ပျော်ရွှင်နေပြီး အရင်ကလို ဘုကန့်လန့်လေးတောင် မဟုတ်တော့ဘူး ။ မွန်ရည်သွားပြီ ဆရာမ ” တဲ့ .. ။

ထိုအမေ ထင်သလို ကျွန်မ ဝမ်းမသာနိုင်ခဲ့သည်မှာ အမှန် ။ ဆရာဝန် အလုပ်ကို စွန့်သွားရက်သူကလေးကို ကျွန်မ လွမ်းသည် ။ ကလေးများ၏ ဦးနှောက်ကို နယ်ချဲ့သည့် အဖြစ်ကို ခါးသီးမိသည် ။ ဟို သူဌေးဆိုသော လူ သိမ်းပိုက်သွားသည့် အသုပ်ဆိုင်ကလေးကို လွမ်းသည် ။ ကျွန်မ ချစ်သောကလေးများ စိတ်အနာပေါင်းများစွာနှင့် ဖြုန်းတီးပစ်နေကြသော အချိန်များကို တမ်းတမ်းတတ လွမ်းဆွတ်မိပါသည် ။

ကျွန်မ အသက်ထက် နှစ်ပေါင်းသုံးဆယ်ခန့် ငယ်သော ကျွန်မ ချစ်သည့် ကျွန်မ ကိုလည်း ချစ်ကြသည့် ကျွန်မ ၏ ကလေးတပည့် ဆရာဝန်များသည် ကျွန်မ နာမကျန်း ဖြစ်သောအခါ ငိုရုံမျှသာပဲ ငိုနေကြတော့မှာလား ။ ထိုအကြောင်းအရာကိုလည်း ကျွန်မ လွမ်းရပြန်ပါသည် ။ တကယ်တော့ ကျွန်မက မလွမ်းချင်တဲ့သူပါ ။

▢ ဝင်းဝင်းမြင့် ( နန်းတော်ရှေ့ )
📖စုံနံ့သာ မဂ္ဂဇင်း
     ဇန်နဝါရီလ ၊ ၂၀၁၅

Thursday, October 10, 2024

မြွေ


 

❝ မြွေ ❞
━━━━━━━━━━━━━━━
ဝင်းဝင်းမြင့် ( နန်းတော်ရှေ့ )
━━━━━━━━━━━━━━━
အချိန် နာရီ နှင့် အတိအကျ လိုက်နာဆောင်ရွက် ရသော စာမေးပွဲ ဖြေနေသည့် အချိန်မှာ မှ ထိုအဖြစ် အပျက်ကို တိုက်ဆိုင် လွန်းစွာ ကြုံတွေ့ ခဲ့ရခြင်း ဖြစ်လေသည် ။

စာမေးပွဲ စစ်ရန် အတွက် အချက်ပေး ခေါင်းလောင်းသံ ကို ကြားသည် နှင့် ဆရာမလေး သည် မေးခွန်းစာရွက် များကို စ၍ ဝေတော့သည် ။ အင်္ဂလိပ်စာ ဖြေသောနေ့ ဖြစ်၍ အဖြေလွှာ နှင့် မေးခွန်းသည် တစ်ရွက်တည်း ပင် ဖြစ်သည် ။

“ လေးတန်း မတ်တတ်ရပ်ပါ ”

စာမေးပွဲ ဖြေရန် သုံးတန်း နှင့် လေးတန်း တစ်ယောက် ကျော်စီ အစီအစဉ်တကျ ထိုင် နေကြသည့် ကလေးများ ထဲ မှ စတုတ္ထတန်းကလေးများ မတ်တတ်ရပ် ကြသည် ။ ဆရာမလေး ၏ လက်ကြား ထဲတွင် တတိယတန်း မေးခွန်း ဆယ့်သုံးရွက် နှင့် စတုတ္ထတန်း မေးခွန်း ဆယ့်ခြောက်ရွက်ကို တစ်ကန့် စီ ကိုင်ထားပြီး အတန်း နှင့် မေးခွန်းစာရွက် မှား၍ မပေးမိစေရန် ဂရုတစိုက် ဝေနေ သည် ။ ထိုအချိန်တွင် ...

“ ဆရာမ မြွေ…မြွေ ”

“ ဟဲ့ ... ဘယ်မှာလဲ ဘယ်မှာလဲ ”

ဆရာမလေး က အလန့်တကြား နှင့် ကလေးများ ညွှန်ပြရာကို ကြည့်လိုက်တော့ မြွေငယ်ကလေး သည် အခန်း ၏ အရှေ့ဘက် ပျဉ်ချပ်အကာ ပေါ်သို့ တွန့်လိမ်ကောက်ကွေးလျက် တက်နေသည်ကို တွေ့လိုက်ရသည် ။ ဆရာမကလေး က ကြီးကြီးမားမား မဟုတ်သော မြွေငယ်ကလေး ကို ကြည့်ပြီး စိတ်အေး သွားဟန်ဖြင့် ...

“ ဪ … မြွေလေး က သူ့ ဟာ သူ နေတာပါ ။ ဘာမှ မဖြစ်ပါဘူးနော် ၊ ပြီးတော့ ဆရာမ မောင်းထုတ်ပေးမယ် ၊ စာမေးပွဲ ဆက် ဖြေရအောင် လုပ် လုပ် ၊ ကိုယ့် အဖြေလွှာ ပေါ်မှာ ခုံနံပါတ် ကို မှန်မှန်ကန်ကန် ရေးကြ ”

ဟု ပြောပြီး အတန်းကို ထိန်းလိုက်သည် ။ ကလေး များ ငြိမ်သွားပြီး မေးခွန်း ထဲမှာ စိတ်ဝင်စား သွားကြ သည် ။ ထိုအချိန်မှ စ၍ ဆရာမ မှာ စိတ်လှုပ်ရှား ရတော့သည် ။ မြွေ ကို ဘယ်လို မောင်းထုတ်ရမလဲ ။

အမြင့်သို့ တက်နိုင်သော မြွေသည် မြွေဆိုး မဟုတ် ဟု ဆိုကြသော်လည်း မြွေ မှန်လျှင် အဆိပ် ကတော့ ရှိမှာ ပါပဲ ။ အမြင့်သို့ တက် နေသော အဆိပ်ကောင် ကို အောက် ရောက်အောင် ဘယ်လိုလုပ်ရမလဲ ။ ကလေးများ သည် ထို အဆိပ်ကောင် နှင့်ပတ်သက်ရန် အတော်ငယ်ရွယ်ကြ သေးသည် ။ ပြီးတော့ စာမေးပွဲ ဖြေချိန် ဆိုတာ အချိန်ပြည့် ကလေး အတွက် ပဲ ဖြစ်သင့်သည် ။ ကလေးများ ကို အနှောင့်အယှက် ကင်းစွာ စာမေးပွဲ ဖြေစေချင်သည် ။ နောက်ပြီး ခုချိန်မှာ ဆရာမလေး သည် သက်သတ်လွတ် စားပြီး မေတ္တသုတ် ရွတ်ကာ အေးချမ်းစွာ နေရန် ဓိဋ္ဌာန် ပြုထားသော အချိန်လည်း ဖြစ်နေသည် ။ သူ့ အသက် သ,တ်ဖို့ လွယ်လျက် သူ့ အသက် ကယ်ရန် ခက်ခဲစွာ စဉ်းစားနေရသော အဖြစ် ကို ကျဉ်းကျပ်စွာသော ကန့်သတ်ချက် အတွေးများ အတွင်းမှ အကောင်းဆုံး ဖြစ်စေရန် စိတ်ကူးဖြင့် အပြင်းအထန် လှုပ်ရှားနေလေသည် ။

ဆရာမလေး သည် မြွေကလေး တက် နေသော နံရံကို ကြည့်ရင်း ပထမဦးစွာ ကျောင်း အဆောက်အအုံ ကို အပြစ် တင်မိတော့သည် ။ ပတ်ကြားအက်ရာတွေ ထပ်ထပ်ကြမ်း နေသော အုတ်အခင်း ။ ပျဉ်ချပ်များ ကို အလျားလိုက် စီထပ် ထားသော အကာအရံ ( ထို့ကြောင့် ပင် ပျဉ်ချပ်များ ကြား၌ ပိုးကောင် ၊ မွှားကောင် ဝင်နိုင်တာ ပေါ့ ။ ) ဟောင်နွမ်းဆွေးမြည့်နေပြီဖြစ်သော သွပ်မိုးများ ကြားမှ ဆွေးမြည့်ပေါက်ပဲ့နေသော ဝါးမျက်နှာကြက် ။ ( ထို မျက်နှာကြက် ထဲမှာ တစ်ခါတလေ တောက်တဲ့များ လည်း ထွက်လာတတ်သေးသည် ။ )

ပြီးတော့ ပတ်ဝန်းကျင် အခြေအနေ ကို အပြစ်တင် မိပြန်သည် ။ ကျောင်းဆောင်ကလေး ၏ နောက်ဘက် မျက်နှာစာမှ မြက်ပင်များသည် စပါးပင်များ သာ ဖြစ်ခဲ့မည် ဆိုလျှင် ဤကျောင်းမှ ကျောင်းသားများ ကို ဘာ စရိတ် မှ တောင်းစရာမလိုဘဲ စာသင် ပေးနိုင်မည် ။ အလွန် အမင်း ကျယ်ဝန်းလှသော ကျောင်းကြီး ထဲမှ မူလတန်း စာသင်ဆောင်ကလေး ၏ ကျန်းမာရေး မှာ မကောင်းလှ ပါ ။ စိုးရိမ်ဖွယ် နာတာရှည် လူမမာ ကဲ့သို့ ဖြစ်နေသည် ။ လေပြင်းတိုက် မှာ စိုးရ ၊ မိုးကြီး ရွာ မှာ စိုးရ ၊ သည်ကြား မှာ သက်ပြင်း ယဲ့ယဲ့ ရှူ နေသော ကျောင်းဆောင်ကလေး ကို မူလတန်း မှ သင်သော ဆရာမလေး များ နှင့် ကလေး များက အားကိုးတကြီး မှီခို နေရသည် ။

ဆရာမလေး သည် မေးခွန်းစာရွက်များ ဝေပြီးသော အခါ မြွေလေး ရှိရာသို့ လှမ်းကြည့် လိုက်သည် ။ သစ်သားတန်းကလေး ပေါ်မှ ခေါင်းတင်၍ ငြိမ်ငြိမ်ကလေး ။ ဒီအတိုင်းဆို အခြေအနေ မဆိုးပါဘူး ။ နေပါစေဦးလေ ဟု စိတ်အေးသွားသည် ။

ကလေးများ ကလည်း မြွေကလေး ကို မေ့ နေကြသည် ။ အင်္ဂလိပ်စာလုံးပေါင်းတွေ ကို တတွတ်တွတ် ရွတ် ရင်း စာမေးပွဲ ကို စိတ်ပါလက်ပါ ဖြေနေကြသည် ။ ဆရာမ က ကလေးများကို ကြည့်ရင်း ကျေနပ်သွား၏ ။

“ ဒီအရွယ် ကလေးတွေပဲ ချစ်စရာ ကောင်းတယ် ”

“ ဆရာမ ပြုတ်ကျလာပြီ ၊ ပြုတ်ကျလာပြီ ”

ရှေ့ခုံတန်းမှ ကလေးများ၏ အလန့်တကြား အော်သံ ကြောင့် ဆရာမလေး သည် ရှေ့ခုံသို့ အမြန်ပြေး လာခဲ့သည် ။ မြွေကလေး သည် နံရံကပ် သင်ပုန်းကြီး ၏ အောက်ခြေ မှာ လမ်းရှာ နေသည် ။ အရွယ် က မိန်းကလေး လက်မ လောက်ရှိသည် ။ အရှည် ကတော့ တစ်တောင်ခန့် ဖြစ်မည် ။ အရောင် မှာ အဝါရစ်သန်းသော စိမ်းပြေပြေ မှာ မည်းညို့ညို့ အကွက်များ ကြားထားသည် ။ ထူးခြား နေတာကတော့ မြွေ ၏ ဝမ်းဗိုက်ပိုင်း ဖြစ်သည် ။ အတော် ကလေး စူဖောင်း နေသည် ။ သေချာ ကြည့်သော အခါ အစာ တစ်ခုခု ကို မျိုထားသည် လား ၊ ဒါမှမဟုတ် သူ့ ဗိုက် ထဲမှာ မြွေသေးသေးလေးတွေ လား မသိ ။ ခေါင်းကလေး ကတော့ လုံးလုံးချွန်ချွန်ကလေး ဖြစ်သည် ။ မဟောသဓာ သာဆိုလျှင် မြွေဖို ၊ မြွေမ ချက်ချင်း ခွဲပြနိုင်လိမ့်မည် ။ စာမေးပွဲ ဖြေနေသော ကလေးများ ကလည်း ငြိမ်နေပြီး ဆရာမလေး ကလည်း ငြိမ်နေသဖြင့် မြွေကလေးသည် ခုံတန်းများ ရှိရာသို့ ဦးလှည့်လာသည် ။ ဒီလို လှည့်ဖို့တော့ ခွင့်မပြုနိုင် ။ ဆရာမလေး က သစ်သား ပေတံကလေး နှင့် ဝေးဝေးမှနေ၍ စားပွဲကို ခေါက်ပြီး အသံ ပေးကာ ခြောက် လှန့်လိုက်သည် ။ မြွေကလေးသည် နံရံဘက် သို့ ပြန် လှည့် သွားသည် ။ ပြီးတော့ သစ်သားပေါင် ပေါ်သို့ ပြန် တက်သွားသည် ။ ကလေးများ ၏ အာရုံ က မြွေကလေး ဆီသို့ ရောက်နေကြ၏ ။

“ ကဲ .. ကဲ ဖြေကြပါကွယ် ၊ ဘာမှ မဖြစ်ပါဘူး ။ ဆရာမ ရှိပါတယ် ”

“ ဆရာမ ဒီကောင် ရှုပ်တယ် ၊ အုတ်ခဲ နဲ့ ထုထည့် လိုက်မယ် ”

“ အမယ်လေး …. မလုပ်ပါနဲ့ သားရယ် ၊ သူ့ ခမျာ ရေတွေနစ်နေလို့ ဒီပေါ်ကို လာခိုနေရှာတာပါ ။ စာမေးပွဲ ဖြေနေရင်း သူများ အသက် မသ,တ်ရဘူးနော် ။ ကဲ ... ဖြေဖြေ ”

ဆရာမ သည် ကလေးများ ကို အားပေး နေရသော် လည်း ကိုယ်တိုင်ကတော့ ဘဝင် မကျလှပါ ။ ကလေးတွေ ကို အားနာနေသည် ။ ကလေးများ စိတ်အေးချမ်းသာ စာမေးပွဲ ဖြေခွင့်မရခြင်း အတွက် ဆရာမ မှာ တာဝန် အရှိဆုံး ဟု ယူဆမိပြီး မြွေကလေး ကို အဝေးဆုံး နေရာသို့ ပို့ရန် ဘေးပတ်ဝန်းကျင် သို့ အာရုံဖြန့်လိုက်သည် ။

ရေတွေ ။ ကျောင်း ပတ်ဝန်းကျင် ၏ အရပ် လေးမျက်နှာ မှာ ရေတွေ ဖွေး နေသည် ။ ‘ မိုးရေတက်ရေ တဖွေးဖွေး ၊ ကွင်းကျယ်အဝေးဝေး ၊ စာသင်ကျောင်းကလေး ’ ဖြစ်နေသည် ။ အခါမဟုတ် မိုး၏ ညှဉ်းပန်းနှိပ်စက်မှု ဒဏ် ကြောင့် ရေပတ်လည် ဝိုင်းနေသည် ။ မြွေကလေးသည် ရေဘေးဒုက္ခသည် ဖြစ်သည် ။ ဆရာမ နှင့် ကလေးများ သည် လည်း ရေဘေး နှင့် မကင်းလွတ်သူများ ဖြစ်ကြ၏ ။ ရေ သာ ရှိမနေခဲ့လျှင် စာသင်ခန်း အပြင်ဘက်သို့ အမြန် ပြေး ထွက်ပြီး တုတ်ရှည်ရှည် တစ်ချောင်းရှာ ၊ ကလေးတွေ ကို အခန်း နောက်နား ခဏ ပို့ထားပြီး မြွေ ကို ကော်ပစ် လိုက်နိုင်သည် ။ အကြာဆုံး ဆယ်မိနစ်ပေါ့ ။ ဆယ်မိနစ် လောက် ဆုံးရှုံးလိုက်ရုံဖြင့် ကလေးများ သည် စိတ်လုံခြုံမှု ပြည့်ဝစွာဖြင့် ဆက်ဖြေနိုင်လိမ့်မည် ။ ခုတော့ အခြေ အနေက ပြတ်သားစွာ လုပ်ဆောင်ရန် အခွင့်မသာနိုင် သေးပေ ။

သူ ဘယ်အချိန်က ရောက်လာခဲ့သလဲ ။ သူ့ ကို နံနက်ပိုင်း က မတွေ့ ခဲ့ရ ။ နေ့လယ်ပိုင်း မှပင် တွေ့ရခြင်း ဖြစ်သည် ။ ဆရာမ နှင့် ကလေးများ သည် နံနက်ပိုင်းတုန်း ကလည်း ဒီ အခန်း မှာပင် မြန်မာစာဘာသာ ကို စာမေးပွဲ ဖြေခဲ့ကြသည် ။ ဒီ ကျောင်းမှာ အခြေအနေ အရ ကလေး များ ကို တစ်နေ့ နှစ်ဘာသာ ဖြေခိုင်း နေရခြင်းကြောင့် ဖြစ်သည် ။ လေးတန်း ကလေးတွေ ကျောင်းစစ် ဖြစ်သွား သော အချိန်မှ စပြီး တစ်နေ့ တစ်ဘာသာ ဖြေကြရသော် လည်း အထက်တန်း ကျောင်းကြီးမှ ဆရာ မလုံလောက် သော အခက်အခဲကြောင့် အထက်တန်း ၊ အလယ်တန်း များ စာမေးပွဲ စစ်သော အချိန်တွင် အဆင်ပြေ စေရန် မူလတန်းကို ကြို၍ စစ်ထားခြင်း ဖြစ်သည် ။

လူသူ အရောက်အပေါက် နည်းသော အရပ်ဒေသ မှ ကျောင်း ဖြစ်၍ ကျောင်း မှာရှိသော ဆရာ ဦးရေသည် ကျောင်းသား နှင့် မမျှမတ ဖြစ်နေသော အချိန်မှာပင် ကျောင်းအုပ်ဆရာကြီး က သက်ပြည့်ပင်စင် ယူရန် ခွင့်ယူ သွားပြီ ဖြစ်သည် ။ ကျောင်း မှာတော့ စီစဉ်သူများ အဖွဲ့ ဖွဲ့၍ ကောင်းနိုးရာရာ စီမံကွပ်ကဲ နေကြသည် ။ ထို အဖွဲ့  ထဲမှာ မကျွမ်းကျင်သူ လည်း ပါ၏ ။ ကျွမ်းကျင်သူ လည်း ပါ၏ ။ ငါ ပြောသလို လုပ် ငါ လို မနေနဲ့ ဆိုသည့် လူ လည်း ပါ၏ ။ မျက်စိ စုံမှိတ်၍ တောရမ်း တောင်ရမ်း လုပ်နေသူ လည်း ပါ၏ ။ စေတနာ တကယ် ရှိပြီး မလွန်ဆန်နိုင်သူ လည်း ပါ၏ ။ တကယ် တတ်၍ လမ်းကောင်းပြနိုင်သူ ကတော့ ဘာကြောင့်မှန်း မသိ ။ အားလုံး ၏ နောက်မှ ခပ်သုတ်သုတ် လိုက်နေရ၏ ။ ထိုသူများ ကို ဖယ်လိုက် လျှင် လူနာမည် သာ ရှိပြီး လူမရှိ သည့် ခွင့်သမားများ
ကျန်၏ ။ နောက်ဆုံးမှ တကယ် အလုပ် လုပ်နေကြ သူတွေပေါ့ ။ ဒါပေမဲ့ စိတ်မပျက်ကြပါ ။ အားလုံးမှာ သံယောဇဉ် ကိုယ်စီ နှင့် ဖြစ်သည် ။

ကျောင်း သို့ ရောက်သက် အနည်းဆုံး ငါးနှစ် ရှိသူ တွေချည်း ဆိုတော့ ကျောင်းပေါ် မှာရော လုပ်ဖော်ကိုင်ဖက် တွေ ပေါ်မှာပါ သံယောဇဉ် ငြိနေကြပြီ ဖြစ်သည် ။ အများ ၏ စိတ်ဆန္ဒမှာ သာတူညီမျှ နှင့် ဝိုင်းဝန်း ကူညီရင်း ရုန်းကန် လှုပ်ရှားကြရန် ဖြစ်သော်လည်း အနည်းငယ် တော့ ခက်ခဲနေသေးသည် ။ “ ကျောင်း အတွက် ကျောင်း အတွက် ” ပါးစပ် က အော်ပြီး “ ကိုယ့် အတွက် ” လှုပ်ရှား နေသူများ ကို အပြစ် မြင်လျက် အပြစ် မတင်ရက်ခဲ့ကြ ။ ဆရာကြီး မရှိသည့် နောက် ပုဂ္ဂိုလ်ရေးရာ အမျက်သိုမှုများ နှင့် အတန်းကြီး သင်သော ဝါရင့် ဆရာမ တစ်ယောက် ကို မူလတန်း သို့ ချောင်ထိုး ပစ်ခဲ့တာတွေကိုလည်း ဘေး က နေပြီး အမြင်မတော် ဖြစ်ခဲ့ကြရုံသာ ။ ထို ဆရာမ ကတော့ အပြုံး မပျက်ဘဲ မူလတန်းကလေးများ တရုန်းရုန်း နှင့် ပျော်ရွှင် နေသည် ။

“ ဆရာမ ဆိုတာ ဘယ်အတန်း ပဲ သင်ရ သင်ရ သင် ကြားမှု အောင်မြင်ရင် အမြဲတမ်း ဂုဏ် ရှိနေတာပဲ ၊ ငါစွဲ မရှိပါဘူး ။ ရောက်တဲ့ အတန်း ကိုယ့် အတန်းပဲ ”

ဟု ပြောပြီး အောင်မြင်စွာ သင်နေသည် ။ သူ့ တပည့် အတန်းကြီးသမားတွေ က စာ နားမလည်တာတွေ ကို မူလတန်း အထိ လိုက် မေးကြတော့ ထို ဆရာမ မှာ တပည့် အကြီးအသေး မြောက်မြားစွာဖြင့် ပရိသတ် အင်အား ပို၍ တောင့်တင်းလာခဲ့သည် ။ ထို ဆရာမ သည် စာမေးပွဲ အပြင်စောင့်အဖြစ် စာရွက်တွေ ကို ရေထဲ မှာ တစွတ်စွတ် ဆင်း၍ အခန်းစဉ် အတိုင်း လိုက်၍ ဝေပေးနေသည် ။ ဆရာမလေး သည် မြွေ ကို ကြည့်ရင်း ထို ဆရာမ ကို မြင် တော့ အားတက် သွားသည် ။

“ မမ ရေ တုတ်ရှည်ရှည် တစ်ချောင်း လောက် တွေ့ ရင် ဆွဲခဲ့စမ်းပါ ”

“ ဘာလုပ်ဖို့လဲ ”

“ ဒီ အခန်း ထဲ မှာ မြွေ ရှိတယ် ”

“ ဟယ် .. ဟုတ်လား ၊ ဘယ်မှာလဲ ”

“ နံရံ ပေါ်မှာပါ ၊ လိုလိုမည်မည် တုတ်ကလေး ဘာလေး ဆောင်ထားမလို့ ”

“ အေး … အေး ယူခဲ့မယ် ၊ ဒါလေး ဝေပြီးရင် ပြေးလာခဲ့မယ် ”

သူ့ လက် ထဲ မှ စာရွက်ပိုများ နှင့် လာလူ စာရင်း ကိစ္စ များကို အမြန် ပေးပို့ပြီး တုတ်ရှည်ရှည် တစ်ချောင်း နှင့် ပြန် ရောက်လာသည် ။ ကလေးများ ကလည်း စာမေးပွဲ ဖြေ၍ ပြီး နေကြပြီ ။ အဖြေလွှာတွေ ပြန် စစ်ကြရန် မှာ ထားပြီး မြွေကလေးကို ထို ဆရာမလေး နှင့် အတူ စောင့် ကြည့် နေကြသည် ။ ကြည့်နေစဉ် တွင် မြွေ သည် သင်ပုန်း ရိုက် ထားသော တန်း ပေါ် သို့ တွယ်တက် နေရာ မှ ပြုတ်ကျ လာသည် ။ လက် ထဲ မှာ တုတ်ကြီးကြီး တစ်ချောင်း ကိုင် ထားသော ဆရာမ က ထို တုတ် နှင့် မြွေ ကို သွား တို့ လိုက်၏ ။

“ ဟယ် ... ပေါက်တယ် ပေါက်တယ် ”

စာမေးပွဲ ဖြေပြီး အဖြေလွှာ လာ အပ်သော ကလေး များက ဆရာမ လက် ထဲ မှ တုတ် ကို အတင်း တောင်းနေ ကြ၏ ။

“ ပေး … ဆရာမ ၊ သား ရိုက်မယ် ”

“ မလုပ်ပါနဲ့ကွယ် ၊ မင်းတို့ အားလုံး ဖြေပြီးကြပြီ ။ မကြာခင်ပဲ ဒီ အခန်း ထဲ က ထွက်သွားကြတော့မှာ အန္တရာယ် ကင်းပါပြီ ။ သူ့ ကို မသ,တ်ပါနဲ့ ”

ဆရာမ က ဖျောင်းဖျ ပြောသောအခါ ကလေးများ က မြွေ ကို မသ,တ်တော့ပေမယ့် သူတို့ အတွေးနှင့် အထွန့် တက် လာကြပြန်သည် ။

“ ကျွန်တော်တို့ မရှိတုန်းမှာ မျက်နှာကြက် ပေါ် အထိ တက် သွားပြီး နောက်နေ့ စာမေးပွဲ ဖြေတုန်း ပြုတ်ကျရင် ဘယ်လို လုပ်မလဲ ”

“ မတက်နိုင်ဘူး သားရဲ့ ၊ စိတ်ချ ... ဒီကောင် က မြွေစိမ်း မဟုတ်ဘူး ။ မြွေစိမ်း က မှ အမြင့် တက်နိုင်မှာ ၊ ဒီကောင့် ကြည့်ရတာ အဆိုး စပ်ပုံ ပေါ်တယ် ။ အရောင် ကလည်း အဆိုးရောင် ၊ ပေါက် လည်း ပေါက်တယ် ဆိုတော့ အမြင့် တက်လည်း ဘယ်သူမှ ဘာမှလုပ်စရာ မလိုဘူး ။ လိမ့်ကျလာမှာပဲ ။ သူ က မြေကြီး ပေါ် မှာပဲ အမြဲ နေရတာပါ ။ တစ်ခါတလေ အဆင်မသင့် လို့ နံရံပေါ် တက်ရတာ ။ ခဏနေ ဆရာမတို့ ထွက်သွားရင် သူ လည်း မြေကြီး ရှာပြီး ထွက်သွားမှာပဲ ”

တုတ်ကိုင် ထားသော ဆရာမက ကလေးများ ကို စိတ်ရှည်လက်ရှည် ရှင်းပြ နေသည် ။ ပြီးတော့ ...

“ ကဲ ... တွေ့ တယ် မဟုတ်လား ၊ မင်းတို့ နေတဲ့ နေရာမှာ အန္တရာယ် ကတော့ ရှိနေတာ အမှန်ပဲ ။ ဒါပေမဲ့ ကိုယ့်ကို ရန် မမူနိုင်အောင် ကာကွယ်တတ်ရင် ရပါတယ် ။ ကိုယ် နေတဲ့ နေရာကို ပြောင်ရှင်း နေအောင် လုပ်ထား ရမယ် ။ ဒါဆို သူ မလာဘူး ။ လာခဲ့ရင် တောင် အလွယ် တကူ မြင်နိုင်တာပေါ့ ”

ဆရာမလေး က အခွင့်ကြုံခိုက် မှာ အခန်း သန့်ရှင်းရေး လုပ်ချင်စိတ် ပေါက်အောင် ဆွယ်တရား ဟောလိုက် သေးသည် ။

တုတ်ကိုင် ထားသော ဆရာမက လက် ထဲ မှ တုတ် ကို ရေပြင် ဆီသို့ လှမ်း ပစ်လိုက်ပြီး မေတ္တသုတ် ရွတ် နေသည် ။ မြွေကလေး ကလည်း အနီရဲရဲ လျှာကလေး နှစ်ခွ ကို ထုတ်၍ လတ်လျားလတ်လျား နှင့် ဟန်ရေး ပြနေ သည် ။ ခဏနေသောအခါ ကျောင်းဆင်းခေါင်းလောင်းသံ ကို ကြားရသည် ။ ကလေးများ က ပျော်ရွှင်စွာ ပြေးထွက်သွားကြသည် ။ ဆရာမ နှစ်ယောက် က အဖြေ လွှာများကို စစ်ဆေးသိမ်းဆည်း ပြီး တံခါး ကို သော့ပိတ် လိုက်ကြသည် ။ ပြီးတော့ ထိုအခန်း မှ ဝေးရာသို့ အမြန် ထွက်လာခဲ့ကြသည် ။

ထိုအချိန်မှာ မြွေကလေး သည် စာသင်ခုံများ ကြားမှ အုတ်ပေါက် ထဲ သို့ ဝင်ရန် ဟန်ပြင် လိုက်သည် ။ အခန်း သည် မှောင်နေသည် ။ မြွေ သည် လွတ်လပ်စွာ သွားလာ နေ၏ ။ ထို အခန်း သည် သော့ခတ် ထားသော လူ မရှိ သည့် အခန်း ဖြစ်နေ၍ မြွေဆိုး ၏ အဆိပ်သည် အန္တရာယ် မဟုတ်တော့ပါ ။

▢ ဝင်းဝင်းမြင့် ( နန်းတော်ရှေ့ )

📖 စာပေဂျာနယ်
      ၁၉၉၅ ၊ မေလ

#ကိုအောင်နိုင်ဦး

.

Sunday, April 7, 2024

အန္တိမ


 ❝  အန္တိမ  ❞ 


နေ့ တစ်နေ့ ရဲ့ “ နောက်ဆုံး ” အချိန် မှာ လူ တစ်ယောက် “ နိဂုံးချုပ် ” တဲ့ ကိစ္စ ကို “ နိဒါန်းပျိုး ” ပေးဖို့ ကျွန်တော် က စောင့်စား နေရတာပါ ။


နေဝင် သွားခဲ့ပြီ ..... ။


တဖြည်းဖြည်း နဲ့ အမှောင်ထု က ကြီးစိုး လာလေရဲ့ ။ ကျွန်တော့် ရင် ထဲ က သောက ထုထည် က လည်း အဆမတန် ကြီးမား လာတော့တာပေါ့ ။ ဘယ့်နှယ် လုပ်မလဲ ..... ။ တကယ်လို့ များ ကျွန်တော့် ကို လာ ကြိုတဲ့ ကား တစ်စီး လောက် မရှိခဲ့ရင် ဟောဒီ “ အရိုးအိုး ” ကြီး နဲ့ ကျွန်တော် ဘယ်လို ခရီး ဆက် ရမှလဲ ။ အဲဒီ အရိုးအိုး ( အဲလေ ...အရိုးအိုး ဆိုပေမယ့် လူရိုးတွေ ထည့် ထားတဲ့ သံပုံးကြီးပါ ) ။ အဲဒီ အရိုးပုံးကြီး ကို ဆွဲပြီး ပြန်ဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ ။


ကြားဖူးတယ် မဟုတ်လား ။ လူတွေ အရွယ် ရောက် လာရင် ခန္ဓာကိုယ် တစ်ခုလုံး မှာ အရိုးပေါင်း “ နှစ်ရာ့ခြောက် ချောင်း ရှိ သတဲ့ ။ အသက် ငါးဆယ်ကျော် ယောက်ျား တစ်ယောက် ရဲ့ အရိုးစု ဆိုတော့ နှစ်ရာ့ခြောက် ချောင်း ပဲ ရှိမှာပေါ့  ။ မဟုတ်ဘူးလား ။ လူ တစ်ယောက် သက်ရှိ ထင်ရှား ရှိနေတဲ့ အချိန် မှာ အဲဒီအ ရိုးတွေ ဟာ ခိုင်ခိုင်မာမာ ရပ်တည် နေနိုင်အောင် ထောက်မ ကူညီခဲ့တယ်လေ ။ နောက်ပြီး အရေးကြီးတဲ့ ကိုယ်တွင်း အင်္ဂါတွေ ကို လည်း အရိုးတွေ က ပဲ ထိမိ ခိုက်မိတဲ့ အခါ ပျက်စီးယိုယွင်းမှု အလွယ်တကူ မဖြစ်ရ လေအောင် အကာအကွယ် ပေးသေးတယ် ။ အဲဒီလောက် အရေးပါတဲ့ “ အရိုး ”  ဗျာ ..... ။ မလေးဘဲ ရှိမလား ။ ဒါလောက် လေးတဲ့ အရိုးပုံးကြီး ကို ကျွန်တော် က ဆွဲပြီး ပြန်ရမလား ။ မဖြစ်နိုင်တာ ။


ကျွန်တော် စိတ်ရှုပ်ရှုပ် နဲ့ မီးသင်္ဂြိုဟ်စက် ရှေ့ မှာ ရှိတဲ့ ဇရပ်ကြီး ပေါ် မှာ ထိုင် နေလိုက်တယ် ။ မှိန်တိန်တိန်ကလေး လင်းတဲ့ မီးရောင် အောက် မှာ လူ သုံးလေးယောက် ကတော့ အလုပ် လုပ် နေကြတုန်းပါပဲ ။ တစ်ချက် တစ်ချက် သူတို့ ဆီ က ခေါက်ဆွဲကြော်နံ့ လည်း ရတယ် ။ အရက်နံ့ လည်း ရတယ် ။ ဗိုက် ထဲ မှာ ဆာ သလိုလို တော့ ဖြစ်မိသား ။ သူတို့ကလည်း ကျွန်တော့် ကို လှမ်း ခေါ် ပါတယ် ။


“ ညီလေး ... လာလေ ၊ ကြောက် နေသလား ။ ဒီမှာ “ သတ္တိ ” တဲ့ ”  


ပုလင်း တစ်လုံး ကို လှမ်း ပြီး ထောင် ပြတော့ စိတ် ထဲ မှာ တစ်ခု ခု ကို တောင့်တ မိသလို တောင် ဖြစ်လာမိတယ် ။ ဒါပေမယ့် တစ်မျိုးကြီး ပဲ ။ ကျွန်တော် က ပြုံးပြီး ခေါင်းယမ်း ပြ လိုက်တယ် ။ သူတို့ တစ်တွေ က တော့ ဘာမှ မထူးခြား သလိုဘဲ စားကြ ၊ သောက်ကြ ၊ ငြင်းကြ ၊ ခုန်ကြ ၊ သီချင်းတွေ များ တောင် ဆိုကြ လို့ ။ နောက်ပြီး ခေါင်းဆောင် နဲ့ တူတဲ့ လူ က သူ့ ငယ်သားတွေ ကို ပိုက်ဆံတွေ ခွဲဝေ ပေး နေတာလည်း တွေ့ ရ ရဲ့ ။ အို .... သူတို့ ဘာပဲ လုပ်ကြ လုပ်ကြ ၊ အဲဒါ ကျွန်တော့် ကိစ္စ မဟုတ်ပါဘူး ။ ကျွန်တော့် ကိစ္စ က ဟောဒီ အရိုးပုံးကြီး နဲ့ လိုရာ ခရီး ကို အမြန်ဆုံး ရောက် ဖို့ .... ။


တွေးပြီး ကြောက်တတ်မယ် ဆိုရင်တော့ ကျောချမ်းချင်စရာကြီး ။ နေရာ ကို က သုဿန် မဟုတ်လား ။ မှောင်ရီဝိုးဝါး အလင်းရောင် ထဲ မှာ မြင်နိုင် သမျှ ဝေးဝေးကို  လှမ်း ကြည့်တယ် ဆိုရင် ဖြူတူတူ စိမ်းတိမ်းတိမ်း အုတ်ဂူ တွေ ရယ် ၊ မြေပုံမို့မို့ အနည်းငယ် နဲ့ သစ်ပင်ငုတ်တိုကလေး တွေ ၊ စိမ်းအုပ် ဝေမှိုင်း နေတဲ့ သစ်ပင်ကြီးရယ် ..... ။ စိတ်ခံ အင်အား နည်းပါးတဲ့ သူ တစ်ယောက် သာ ဖြစ်မယ် ဆိုရင် အနီးဆုံး မှာ ရှိ နေတဲ့ အရိုးပုံးကြီး ကို က တုန်လှုပ် ချင်စရာကြီး ။ ဒါပေမယ့် ကျွန်တော် က အဲဒီလို မခံစားရဘူး ။ မခံစားရခြင်း ရဲ့ အကြောင်း က လည်း ရှိတယ်လေ ။ ကျွန်တော် ရဲ့ အာရုံများ ဟာ ကြောက်စရာ ကောင်းတယ် ဆိုတဲ့ ပစ်မှတ် မှာ စိုက် မနေလို့ဘဲ ။ ဘယ် ပစ်မှတ် မှာ စိုက်နေ သလဲ ဆိုတော့ .... ။


“ အရိုးကမ္မဝါ ” လုပ်မယ့် အရိုးပိုင်ရှင် နဲ့ ပတ်သက်ပြီး .... ။ အင်း ..... ဒီလို ပြောလို့ လည်း မှန်မယ် မထင်ပါဘူးဗျာ .... ။ တွေး ကြည့်လေ တွေးကြည့် ..... ။ ခု ... ကျွန်တော့် ဘေး က သံပုံး တစ်လုံး ထဲ မှာ စု ထည့် ထားတဲ့ “ အရိုးစု ”  တွေ ရဲ့ ပိုင်ရှင် ဟာ ..... ဘယ်သူလဲ .... ။


တကယ်တော့ အဲဒီ အရိုးတွေ မှာ သူ့ ပိုင်ရှင် လို့ လက်ညှိုး ညွှန်ပြစရာ “ လူ ” မရှိဘူး ။ဒါ ဘယ်သူ့ “ အရိုး ” လဲ ... ။အဲဒီလို မေးရင် သေသွားတဲ့ လူကြီး ရဲ့ နာမည် ကို ပြောရမှာပေါ့နော် ..... ။ ဒါဆိုရင် အဲဒီ လူ ဘယ်မလဲ ..... ။ သေပြီ လေ ... ။ ပြီးပြီပေါ့ ဒါဆိုရင် ....ဒီ အရိုးတွေ ကို ပိုင်ဆိုင်တဲ့ သူ မရှိတော့ ဘူးပေါ့ ..... ။ အင်း .... အဲဒီလိုလည်း မဟုတ်သေးဘူး ထင်ပါရဲ့ဗျာ .... ။


နေ့လယ် နှစ်နာရီ လောက် က တော့ သူ့ ကို အဆောင်အယောင်တွေ နဲ့ မွမ်းမံ ချယ်သ ဖုံးအုပ် ပြီး ပန်းခွေတွေ ၊ ပန်းခြင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ သူ့ အသိုင်းအဝိုင်း က လာ ပို့သွားကြတယ် ။ နောက်ပြီး “ သူ ” ဆိုတဲ့ အထိမ်းအမှတ် နဲ့ သစ်ခက်ကလေး ကို ပြန်ခေါ် သွားကြလေရဲ့ ။ သူ့ အသိုင်းအဝိုင်း က လူတွေ ဟာ မီးသင်္ဂြိုဟ်စက် ရဲ့ ခေါင်းတိုင် က ထွက် လာတဲ့ မီးခိုးမည်းမည်း တွေ ကို ကြည့် ပြီး ငို လိုက်ကြတာ ။ သူတို့ လူ တော့ မီးခိုးဖြစ်သွားပြီပေါ့ လေ .... ။


ဟင်း ... ။ဘယ် ဟုတ်လိမ့်မလဲ ။ အဲဒီ မီးခိုး ဟာ အဲဒီ လူ မဟုတ်ဘူး ... ။ ဒဿန တွေး တွေးနေတာ မဟုတ်ရပါဘူး ဗျာ ။ အဲဒီ လူ ကို ရှို့ တဲ့ မီးခိုး မဟုတ်ဘူးလို့ ပြောတာပါ ။ဒီလိုလေ .... ။


ပြောကြစို့ ဆို ရင် ကျွန်တော့် ကို ဒုက္ခ ပေးနေတဲ့ “ အရိုးစု ”  ကြီး ဟာ လူ့ ဘဝ မှာ တော့ “ ရှယ် ” ထဲ က ဆိုပါစို့ ။ သိတယ် မဟုတ်လား ။ လက်ဖက်ရည် ဆိုင်မှာ “ ရှယ် ” လို့ မှာလိုက်ရင် ဘယ်လို အရသာမျိုး ဖျော်ပေးမလဲ ... ။ အေး ... အဲဒီလိုမျိုး ... ။ ကံကောင်း အကြောင်း လှ ခဲ့တဲ့ အဲဒီ ပုဂ္ဂိုလ်ကြီး ဟာ .... သေသွားပြီး တဲ့ နောက် သူ့ အသိုင်းဝိုင်း က သူ နောက် ဘဝ အထိ ကံ ဆက် ကောင်းနေစေဖို့ ရည်ရွယ်ပြီး သူ့ အရိုး ကို ကမ္မဝါ လုပ် လှူကြမယ် လို့ စီစဉ်ကြတယ် ။သူ့ အရိုး ကို ပြန် ယူမယ်ပေါ့ ။ အေး ... အဲဒါဆိုရင် သာမန် လူတွေ နဲ့ အတူ ရောပြီး မီး ရှို့လို့ မရတော့ဘူး ( သာမန်လူတွေ ကို တော့ ဆီ ရှားပါး တဲ့အတွက် သုံးလေးလောင်း ပေါင်း ပြီးမှ တစ်ခါ တည်း မီးရှို့တယ် လို့ သိရပါတယ် ) ။ သူ့ကိုတော့ “ ရှယ် ” ပေါ့ဗျာ ။ တင်တင်ကြိုကြို ပြောပြီး “ ရှယ် ” ကြေးတွေ ဘာတွေ လည်း ကြို ပေး ထားရတာ ။


အမယ် ... ။ ဒီ အကြောင်း ကို လူ တစ်ရာ မှာ တစ်ယောက် သိဖို့ မလွယ် ဘူးနော ။ ဒါမျိုးဆိုတာက အတွေ့ အကြုံ ရှိမှ လုပ်တတ် ကိုင်တတ် တာ ။ မဆိုး ပါဘူး ။ ဒီအတိုင်း ဆို ကျွန်တော် အရိုးကောက် ပွဲစား လုပ် စားရင် ရနိုင် ကောင်းတယ် ။


တကယ်တော့ ကျွန်တော် က အဲဒီ အရိုးစုကြီး နဲ့ ဘယ် သွေး မှ မတော် စပ်ဘူး တဲ့ သူပါ ( သူ့ကို “ အရိုးစုကြီး ” လို့ ခေါ်တော့မယ် နော် ) ။ အဲဒီလို ခေါ်ချင် ခဲ့တာ အဓိပ္ပာယ် ရှိပါတယ် ။ သူ ဟာ သူ နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်း အတွက် လူ ရဲ့ အရိုးအဖွဲ့ လို ထူမတ် ရပ်တည် ခဲ့တဲ့ လူ မို့ပါပဲ ။ ကျွန်တော် တောင် မှ သူ့ ရဲ့ တိုက်စောင့် ၊ ခြံစောင့် ဖြစ် ခဲ့ရသေး သမို့လေ ..... ။


သူတို့ က အရမ်း ချမ်းသာ ကြတယ် ။ ဒီတော့ ထုံးစံအတိုင်း အိမ်တွေ ၊ မြေတွေ ၊ ခြံတွေ ဝယ်တာပေါ့ ။ နောက်ပြီး ပိုတဲ့ လျှံတဲ့ ငွေတွေ နဲ့ တိုက်တွေ ဆောက်ကြတာပေါ့ ။ လူ က မနေနိုင်သေးဘူး ။ အိမ်ငှား က လည်း မယုံ ရ ရင် မထားရဲသေးဘူး ။ ဒီတော့ သူတို့ တိုက် ကို စောင့်ဖို့ လူ လိုလာတယ် ။ အဲဒီ အချိန် မှာ သူတို့ ကျွန်တော့် ကို တွေ့ သွားတာပဲ ။


ကျွန်တော် က တော့ အရိုးစုကြီး ကို ကိုးကွယ်တဲ့ ဘုန်းတော်ကြီး ရဲ့ တူ အရင်း ခေါက်ခေါက်ပါ ။ ဟို့ ..... တောကျ လှ တဲ့ ရွာကလေး က ။ ဆယ်တန်း အောင် မှ ပဲ မြို့ ကို ကောင်းကောင်း ရောက်ဖူးခဲ့ပါတယ် ။ ရွာကျောင်း က တွဲဘက် အထက်တန်းကျောင်း လေ ..... ။ ကျွန်တော် ဆယ်တန်း အောင်တော့ ဂုဏ်ထူး လေးခု ပါတယ် ။ သူ့ ဟာ သူ ဉာဏ် ကောင်းပြီး စာ ကျက်နိုင် လို့ အောင် လာခဲ့ပြီး တဲ့ နောက် ကျွန်တော် တကယ် လုပ်ချင်တာ က ရွာ မှာ ယာ လုပ်ချင် ခဲ့တာ ။ ဒါပေမယ့် ကျွန်တော့် မိဘတွေ နဲ့ လူကြီးတွေ က တစ်မိ ပေါက် တစ်ယောက် ထွန်း ဆိုပြီး ဇွတ် ပို့ လို့ မြို့ ကို ရောက် လာတာ ။ မြို့ အနေအထိုင် နဲ့ ကျွန်တော် အံ့ဝင်ခွင်ကျ မရှိဘူး ။ ကျွန်တော် မြို့ မှာ မပျော်ပါဘူး ။ နောက်ပြီး တခြား ကျောင်းသားတွေ လို ပိုက်ဆံ ပေါပေါ နဲ့ ကျောင်း တက်ရတာ မဟုတ် တော့ အဆောင် လည်း မနေနိုင်ဘူး ။ ဘကြီး ဘုန်းကြီး ရဲ့ ကျောင်း မှာ ကပ် နေ ရင်း ကျောင်း တက်ရတာ ။ ဒါပေမယ့် စာ သင်ရင်း ကျွန်တော် ပျော် လာတယ် ။ မြို့ လူနေမှု ကို နားမလည်နိုင် တဲ့ အတွက် ကိုယ့် ဟာ ကိုယ် ပဲ အေးအေးဆေးဆေး နေပြီး စာ ကြိုးစားတယ် ။ ဒီ အချိန်မှာ ရိုးရိုးသားသား နဲ့ သစ္စာ ရှိရှိ လူငယ် တစ်ယောက် ကို လိုတယ် ဆိုတော့ ဘုန်းဘုန်း က သူတို့ လက် ထဲ ကို ကျွန်တော့် ထိုး အပ် လိုက်တာပဲ ။ ကျွန်တော့် ဒုက္ခ အဲဒီက စတာ ... ။


ဒါပေမယ့် ကျွန်တော် သူတို့ ကို မလွန်ဆန်နိုင်ခဲ့ဘူး ။ စဉ်းစားကြည့် ဗျာ ..... ။ အဖေ့ ချွေးနည်းစာ ၊ ရပ်ရွာ က ကူညီစာ ၊ ဘုန်းကြီး ရဲ့ ကျွေးမွေးစာ ကို ကပ် စားပြီး ကျောင်း တက် နေရတဲ့ လူ တစ်ယောက် ဟာ ။ ချက်ချင်းကြီး တစ်လ နှစ်ထောင် ၊ ထမင်း နှစ်နှပ် အလကား စား ရပြီး သိန်းပေါင်း များစွာ တန်တဲ့ တိုက်ကြီး ပေါ် မှာ တက် နေရတဲ့ အလုပ် ..... ။ဘယ်သူ လွန်ဆန် မလဲ ... ။ နောက်ပြီး တံမြက်စည်း လှည်း တာ လောက်ပဲ လုပ် ရတာ ။ ဘာ တာဝန် မှ လည်း ရှိတာ မဟုတ်ဘူး ။ အဲဒီ အိမ်ကြီး ကို လည်း ဘယ်သူ မှ လာ ကြည့်နေ တာ မဟုတ်ပါဘူး ။ တစ်လ တစ်ခါ သာ အရိုးစုကြီး ရဲ့ မိသားစုတွေ နေ တဲ့ အိမ် ကို သွားပြီး လခ ထုတ်ရတာ ။ဒီတော့ ကျွန်တော် အဲဒီ အိမ် မှာ မြဲ နေ တာပေါ့ ။ ကိုယ့် စားရိတ် နဲ့ ကိုယ် ကျောင်း တက်နိုင်တယ် ဆိုတာ နည်းတဲ့ ဂုဏ်လား ။


“ အရိုးစုကြီး ရဲ့ အလုပ် က တော့ ရန်ကုန် မှာ ရှိတယ် လို့ ပြောတာပဲ ။ ကျွန်တော် က လည်း သူများ အကြောင်း ကို စပ်စပ်စုစု သိပ်ပြီး သိချင်တာ မဟုတ်တော့ သူ့ ဟာ သူ ဘယ် နေနေ ဘာ လုပ်လုပ် စိတ် မဝင်စားမိဘူး ။ တစ်ခုတော့ ရှိတယ် အဲဒီ လူ ဟာ တန်ခိုး တစ်ခု ခု တော့ ရှိနေ သလားပဲ ။ သူ ပြောတယ်လေ ။ ကျွန်တော့် ကို -


“ မင်း ကြိုးစား ” တဲ့ ။ “ ဘီအီးဘွဲ့ ရ ပြီးရင် မင်း နိုင်ငံခြားသင်္ဘော လိုက် မလား ။ ဟို နိုင်ငံ မှာ အလုပ် လုပ် မလား ။ ငါ အကုန် စီစဉ်ပေးမယ် ” တဲ့ ... ။ အဲဒီလို လူ ... ။ အဲဒီ ကိစ္စလည်း ကျွန်တော် က သိပ် စိတ်ဝင်စားလှတာ မဟုတ်သေးဘူး ။ မြို့ တက် နေရ တာ တောင် ကျဉ်းကျပ် လှပြီ ။ သူများ နိုင်ငံ သွား နေဖို့ ဆိုတာ စဉ်းစားရဦးမယ့် ကိစ္စ .... ။ ကျွန်တော် က မထုံ တထုံ လုပ် နေတော့ သူ က ကျွန်တော့် ကို အံ့သြ နေသေးတယ် ။ ဒါပေမယ့် အရိုးစုကြီး က ကျွန်တော် လို ကောင် ပေါ် မှာ တောင် အတော် ဂရုစိုက်ခဲ့တာပဲ ။ ကျွန်တော် လိုအပ်တယ် ထင်တာ ကို ဖြည့်ဆည်း ပေးခဲ့တယ် ။ ဒါပေမယ့် ကျွန်တော် နဲ့ သူ ခဏ ခဏ လည်း မတွေ့ရပါဘူး ။ အဲဒီ အိမ်ကြီး မှာ အစောင့် လုပ်ခဲ့ ရ တဲ့ နှစ်နှစ် နဲ့ ခုနစ်လ လောက် အတွင်း သူ နဲ့ ဆုံ ဖြစ်တာ ဆယ်ခါ ထက် မပိုပါဘူး ။ ဒါပေမယ့် ဆုံရပုံ က ခပ်ဆန်းဆန်း ..... ။


ည မှ သူ က ရောက် လာတာ ။ သူ ရောက်ပြီး ခဏ နေရင် အမျိုးသမီး တစ်ယောက် ရောက် လာ ရော ။ ဒီလိုပဲ သုံးလေးရက် ဘယ်မှ မထွက်ကြဘဲ နေ တယ် ။ ပြန် သွားကြတယ် ။အဲဒီ အခါမျိုး မှာ ကျွန်တော် က စားစရာ ဘာညာ လိုအပ်တာတွေ ဝယ် ပေးရတယ် ။ သူတို့ ရောက်နေတဲ့ အကြောင်း သူ့ မိသားစု မသိစေ နဲ့ တဲ့ ။ ဘာ သိစရာ ရှိလဲလေ ။ ကျွန်တော် က ဘယ်သူ နဲ့ မှ အဆက်အဆံ ရှိတာမှ မဟုတ်တာ ။ အဲဒီ အခါမျိုး မှာ ကျွန်တော့် ကို မုန့်ဖိုးတွေ အများ ကြီး ပေး သွားလေ့ ရှိတယ် ။ ကျွန်တော် ဆိုတဲ့ ကောင် ကလည်း မကောင်းပုံများ ၊ မုန့်ဖိုး ပြတ်ရင် အဲဒီ ပုဂ္ဂိုလ် ကို မျှော်တတ် နေသေးရဲ့ .... ။ ခုတော့ ပြီး ရှာပြီ ပေါ့ဗျာ ..... ။ ဇာတ်သိမ်း သွားပြီ ..... ။


သူ သေသွား မှ သူ့ အကြောင်း ကို ကျွန်တော် သိတာ ။ ဘုန်းဘုန်း ကို ပင့်တော့ ကျွန်တော် ပါ သွားခဲ့တယ် ။ အဲဒီ အိမ် မှာ ရက်လည် တဲ့ အထိ ကျွန်တော် နေ ပေးရမယ် တဲ့ ။ လူရင်း အဖြစ် ကူညီဖို့ပေါ့ ဗျာ ။ ကျွန်တော် ကျောင်းသား ဆိုတာ မေ့နေကြပုံ ပေါ်ပါရဲ့ ။ ကျွန်တော့် မှာ တော့ ကျောင်းပျက် ၊ ပရက်တီကယ် ( လ် ) ပျက် ၊ ထားပါလေ ..... ။ နာရေး ဆိုတာ ကူညီ ကောင်းပါတယ် ။


သူတို့ မိသားစု အသိုင်းအဝိုင်းကြီး ဟာ အတော့် ကို လူ များပြီး ကြီးကျယ် ခမ်းနားတာပဲကိုး ။ ဘယ်သူ့ သား ၊ ဘယ်သူ့ မြေး ၊ ဘယ်သူ့ တူမ ၊ ဘယ်သူ့ တူ စုံ နေတဲ့ ဆွေဆက် မျိုးဆက် ကို ကျွန်တော် ဘယ် မှတ်မိနိုင်မလဲ ။ “ ရွှေတောင်ကြီး ပြိုပြီ .... ။ ရွှေတောင်ကြီး ပြိုပြီ ”  ဆိုတဲ့ အသံ ပဲ ညံ နေအောင် ကြား ရတယ် ။ ပြီး အဲဒီ အုပ်စု ဟာ လူမှုရေး ရပ်ရေး ရွာရေး ဘာမှ မသိကြဘူး ။ ဘာမှ နားမလည်ကြဘူး ။ အရပ် ထဲ က လူတွေ နဲ့ လည်း သိပ်ပြီး အခေါ်အပြော အဆက်အဆံ မရှိလှဘူး ထင်ပါရဲ့ ။ တကယ့် လူ ကြောက်လို့ ကိုယ့်ကို ကိုယ် ထင် မိခဲ့တဲ့ ကျွန်တော် က သူတို့ ထဲ မှာ အရေးပါ အရာရောက် နေသေး တော့တယ် ။ တပည့်တပန်း တွေ လည်း အများကြီး ရှိတယ် လို့ တော့ ပြောပါရဲ့  ။ ခဏ ပဲ .... ။ ဖင် ပူအောင် ထိုင်ဖော် မရဘူး ။ ပြန်ပြန် သွား ကြတာ ။


ကျွန်တော် နဲ့ အတူ တွဲပြီး အလုပ် လု ပ်ရတဲ့ သူ က တော့ သူ့ ရဲ့ လူယုံ ဒရိုင်ဘာ ပဲ ။ အဲဒီ လူ ကတော့ စကား လည်း အလွန် များတယ် ။ လည် လည်း အလွန် လည်တယ် ။အသောက်အစား လည်း ရှိတယ် ။ ဘာမဆို မလုပ်သေး တာပဲ ရှိတယ် ။ မဖြစ်နိုင်ဘူး ဆိုတာ မရှိစေရ ဆိုတဲ့ အမျိုးအစား ထဲ က လူ ။ အဲဒါ သူ့ ဆရာ ရဲ့ ခံယူချက် တဲ့ လေ ... ။ အဲဒီ လူ မူးမူး နဲ့ လျှောက် ပြောတာ ။ တစ်ညလုံး တစ်ညလုံး အိပ်ပျက်ခဲ့တဲ့ ည သုံးညတိတိ ရှိခဲ့ပြီ ။ အလောင်း ပြင်ပြီး ကတည်း က ကျွန်တော်တို့ နှစ်ယောက် ကို စောင့်ခိုင်း တာ ။ ပြီး “ ဝိုင်း ” လည်း ရှိတာ မဟုတ်ဘူး ။ ဘယ်လောက် ပျင်းစရာ ကောင်းသလဲ ။ ကျွန်တော် က ကစား တတ် လို့ တော့ မဟုတ်ဘူး လေ ။ ဘေး က ငါးကျပ် တစ်ဆယ် ဝင် ထိုးရင် အလုပ်များ ဖြစ်လေမလား လို့ ။ အသုဘ အိမ် ဆိုတာ “ ဝိုင်း ” ကလေး ဘာလေး နဲ့ မှ စည်တာ မဟုတ်လား ။


“ ငါ့ လူ က လည်း တက္ကသိုလ် ကျောင်းသား ဖြစ်ပြီး ညံ့ လိုက်တာ ။ ဂုဏ် သရေရှိ လူကြီးလူကောင်း ရဲ့ အသုဘ ဆိုတာ ဝိုင်း မလုပ်ရဘူး ” တဲ့ ။ ဒရိုင်ဘာ က ကျွန်တော့် ကို အဲဒီလို လှည့် ဟောက် သေးတယ် ။ အဲဒီ ဒရိုင်ဘာ ဆိုး တော့ မဆိုးဘူး  ။ နှစ်ယောက် ထဲ ရှိတဲ့ စကားဝိုင်း ကို အမြဲ ‘ စို ’ နေအောင် သူ ထိန်းနိုင်တယ် ။ များသောအားဖြင့် သူ့ ဆရာအကြောင်းတွေ ပြောတာပါ ပဲ ။ စိတ်ဝင်စရာ ကောင်းသားပဲ .... ။


“ အရိုးစုကြီး ” သေပုံ ဆန်းတာ က အစ ပေါ့ ။ မသေခင် လေးလ လောက် ခရီး ထွက်မယ် ဆိုပြီး ပျောက်သွားပါ ရောလား ။ အဲဒါ တိတ်တိတ်ပုန်း ပြီး ဆေး ကုတာ တဲ့ ။ သူ့ကို တော့ ‘  စကင်းအလာ့ဂျစ်’ ( အရေပြား အနာ ပေါက်တာ ၊ ဆေး နဲ့ မတည့်လို့ ) ပြောတာပါပဲ တဲ့ ။ နောက်တော့ ရောဂါတွေ တစ်မျိုး ပြီး တစ်မျိုး တိုး လာတာတဲ့ ။ အဲဒါ ကို သူ့ မိသားစု တောင် မသိစေရဘူး တဲ့ ။ မိန်းမ လည်း မသိစေရဘူး တဲ့ ။ တခြား အမျိုသမီး နှစ်ယောက် လောက် တော့ သိတယ် တဲ့ ။ သူ့ မှာ မိန်းမတွေ က အများကြီး ပဲ ဆိုတော့ ဆေးကုသမှု နဲ့ ကူညီ နိုင်တဲ့ အမျိုးသမီး နဲ့ ပဲ အတူ နေတော့တာ တဲ့ ။ နောက်ဆုံး တော့ သူ့ အရေပြား ပေါ် က အနာတွေ ပျောက် သလောက် သက်သာတော့ ရန်ကု န်ကို ပြန်လာခဲ့တယ် တဲ့ ။ တစ်နေ့ မှာ တော့ ချက်ချင်း မန္တလေး ပြန်မယ်လို့ ပြောတယ် တဲ့ ။ မန္တလေး အိမ် ကို ရောက်တော့ သူ့ မှာ သိပ် စိုးရိမ်ရတဲ့ နှလုံးရောဂါ ရှိနေပြီ လို့ အားလုံး ကို အသိပေးတယ် တဲ့ ။ နောက် တစ်နေ့ မှာ မူးတယ် မူးတယ် ဆိုပြီး အိပ်ရာ ထဲ ကို ပို့ ခိုင်းတယ် ။ ခဏ နေ တော့ ဆုံးသွား တာ တဲ့ ။


“ ဟင် .... ဒါဆို ခင်ဗျား လူကြီး က နှလုံးရောဂါ အတုကြီး နေမှာပါ ဗျာ ။ ဒီလောက် မိန်းမတွေ များတာ မဟုတ်မှ လွဲရော .... ”  


“ ဟိတ်ကောင် ... ဆက် မပြောနဲ့ ” 


ဒရိုင်ဘာ က ကျွန်တော့် ပါးစ ပ်ကို အတင်း ပိတ်တယ် ။ 


“ ခင်ဗျား က ဘာလဲဗျ ၊ နှစ်ယောက် ထဲ ရှိ နေတဲ့ အချိန် ပြောတာပဲ ။ လွတ်လွတ်လပ်လပ် ပေါ့ ။ ဘယ်သူမှ မကြားပါဘူး ” 


“ မပြောနဲ့ ကွာ ၊ ကြားကြား မကြားကြား ။ ဆရာ မကြိုက်ဘူး ” တဲ့ ။ 


“ လဲသေပါ့လား ၊ ခင်ဗျား က တော့ အကုန် လျှောက် ပြောပြပြီး ”  


“ ဟ .... ငါ ပြောတာ ဆရာ့ လွမ်း လို့ ပြောတာ ၊ အဖြစ် ကို ပြောတာ ၊ မင်း လို ဝေဖန်တာ မဟုတ်ဘူး ။ ဆရာ က သိပ် တော်တဲ့ လူ ကွ ။ ဘယ် အလုပ် ကို လုပ်လုပ် ဘေးလူ ပြောစရာ ဝေဖန်စရာ မရှိအောင် လုပ်တတ်တဲ့ ပုဂ္ဂိုလ်မျိုး ။ မင်း ဘာမှ မပြောနဲ့ ။ ခု သူ သေတဲ့ ကိစ္စ တောင် ဘယ်နှစ်ရက် ထားရမယ် ၊ ဘုန်းတော်ကြီး ဘယ်နှစ်ပါး ပင့်ရမယ် ၊ ဘာတွေ လှူရမယ် ၊ သူ့ ကို ဘယ်လို သင်္ဂြိုဟ် ရမယ် ၊ သူ့ အရိုး က အစ ဘာ ကမ္မဝါ လုပ်ရမယ် ၊ ဘယ်လို လှူရမယ် ဆိုတဲ့ အထိ စီစဉ်ခဲ့တဲ့လူ ” တဲ့ ။ ( Plan ) ပလင် ( န် ) သမား တဲ့ ။


ဟင် ကောင်းကြ ရော ။ ဒရိုင်ဘာ အဲဒီလို လေကြီး မိုးကြီး ဝုန်းဒိုင်း လုပ် နေတုန်း က သာ တစ်ချိန် ချိန် မှာ ဒီလို အရိုးသံပုံးကြီး တစ်ပုံး နဲ့ တစ်ယောက် တည်း ဖြစ် နေရမှန်း သိခဲ့ရင် မေးလိုက်ဦး မှာ.....


“ ခင်ဗျား ဆရာ ရဲ့ ( Plan ) ထဲ မှာ အရိုးကောက် တဲ့ လူ ကို အကြိုအပို့ လုပ်ဖို့ မပါဘူးလား ။ အဲဒီလို အသေးမစိတ် ရင် တော့ ညံ့သေးတာပဲ ”  အဲဒီလို မေးလိုက်ရမှာ ။ ခုတော့ ကျွန်တော့် တစ်ယောက်တည်း ပေါ့ ။ သုသာန် နဲ့ မြို့ က လည်း အလှမ်း ဝေးတယ် ။ ဘတ် ( စ် ) ကားချိန် ဆိုလည်း မဆိုးပါဘူး ။ အရိုးတွေ ကို ပုဆိုးလေး ဘာလေး နဲ့ အုပ်ဆိုင်းပြီး ကိုယ့် ဟာ ကိုယ် ပြန်ပါတယ် ။ ခုတော့ စောင့် ရုံပေါ့ ... ။


ခပ်လှမ်းလှမ်း မှာ မီးရောင် လက်လက် ကို မြင် ရတော့ ကျွန်တော် ဝမ်းသာ သွားတယ် ။ ကားမီး တော့ ဟုတ်မယ် မထင်ဘူး ။ ဆိုင်ကယ် တစ်စီး .... ။ ရင် ထဲ မှာ ဟာ သွားတယ် ။ ဒါ ကျွန်တော့် အတွက် မဟုတ်နိုင်ဘူး ဆို ပြီးတော့ .... ။ တဖြည်းဖြည်း နဲ့ နီး လာတယ် ။ အနား ကို ရောက် တော့ ချိုးကွေ့ပြီး ဝင် လာတယ် ။ ဇရပ် ရှေ့ မှာ ရပ်ပြီး ဆိုင်ကယ်ဦးထုပ် ကို ချွတ်လိုက်တော့ မှ .... ။ ဟာ .... ဝမ်းသာလိုက်တာ မပြောပါနဲ့တော့ ... ။ဒရိုင်ဘာ ကိုလူလည် ... ။ ဘွာ .... ဘွာ ခုချိန် မှာ တော့ ဒရိုင်ဘာ ကယ်တင်ရှင် .... ။


“ ဝှီး .... မောလိုက်တာကွာ .... ။ လူ ကို သေချင်စော် နံရော ”  သူ က အလျင် စပြီး ညည်းတယ် ။


“ ကျွန်တော့် ဖြင့် လာ မခေါ်ကြတော့ဘူးလား လို့ စိတ်ဓာတ်တွေ ကို ကျ နေရောဗျာ ” 


“ ဘွားတော် ပေါ့ ကွာ .... ။ အိမ် က ကား နဲ့ အရိုးတွေ မတင်ရဘူး တဲ့ ၊ ငါ့ မှာ ဟို သွားပြီး ကား ဆွဲ ၊ ဒီ သွားပြီး ကား ငှား ၊ ဘယ်မှ မရဘူး ။အရိုး တင်မယ် ဆိုတာ သိတာ နဲ့ ရှောင်ကြ ၊ ငြင်းကြ ၊ တရား ကျသဟေ့ ”  


“ ဒုက္ခပါပဲ ဗျာ .... ။ဒါ ဘယ်သူ့ ဆိုင်ကယ်ကြီးလဲ ”  


“ မေး မနေနဲ့ ဟေ့ ၊ အဖြစ်က ဘယ်လောက်အထိ ဆိုးသလဲ ဆို ဟိုတယ် မှာ ထိုး တဲ့ ကား တောင် ငှား မရဘူး ။ လေးဘီး လည်း မရဘူး ။ သုံးဘီး လည်း မရဘူး ။ မင်း ကံကောင်းတာ ၊ ဘုန်းဘုန်း က အချိန် လွန် လို့ မင်း ရောက် မလာ တော့ ဖုန်း တဂွမ်ဂွမ် လှမ်း ဆက်နေလို့ ငါ့ မှာ မနေသာတော့ ဘဲ သူငယ်ချင်း တစ်ယောက် ဆီ က ဆိုင်ကယ် ဇွတ်ဆွဲ လာ ရတယ် ။ ဒါတောင် ဘယ် သွားမယ် မပြောရဲဘူး ။ ကဲ လာ သွားစို့ ” 


အရိုးသံပုံးကြီး ကို အလယ် က ထားပြီး ဆိုင်ကယ် စီးလာရင်း ကျွန်တော် လုပ် ကြည့်ချင်တဲ့ အတွေးတွေ တသီကြီး ပေါ် လာတယ် ။ အရိုး ပေါင်း နှစ်ရာ့ခြောက်ချောင်း ကို အရိုးစုကြီး ရဲ့ ဝေနေယျ ပရိသတ် တစ်ဦး စီ ကို လိုက် ဝေ ပေးချင်တဲ့ ဆန္ဒ ပေါ့ ။ ကျေးဇူး ရှိလိုက်တာ လို့ ငို ခဲ့တဲ့ သူတွေ ၊ ချစ်လွန်း လို့ မခွဲနိုင် မခွာရက်ပါဘူး လို့ ငို ခဲ့တဲ့ သူတွေ ... ။ တ .... တ .... ပြီး ငိုခဲ့ကြတဲ့ သူတွေ ဆီ ကို တစ်အိမ် တက် ဆင်း လိုက်ပြီး အရိုးတွေ ဝေငှ ပစ် လိုက်ချင်တယ် .... ။


“ ဟေ့ကောင် ... သိလား ။ တကယ်တန်း ကျ လူတွေ ဟာ သာပေါင်း ညာစား တွေ ကွ ။ ငါတို့ လောက် စိတ်ရင်း နဲ့ မေတ္တာ ထားခဲ့တာ မဟုတ်ဘူး ။ မင်းကွာ .... ။ နေ့လည် က အသုဘ မှာ ပြော နေ လိုက်ကြတာ ဆရာ့ အတင်း ကို ပိုးစိုးပက်စက် သိလား ။ တစ်ဖက်ပိတ်ဂူ လို လူ တဲ့ ။ သူ့ မှာ “ ပါးစပ် ” ရှိပြီး သူများ မှာ “ နား ” ရှိ ဖို့ သာ လိုတဲ့ လူ တဲ့ ။သူ့ ကို ဘယ်သူ မှ မလွန်ဆန် နိုင်အောင် အကုန် ပိတ်ဆို့ ထားတာ ။ ခုတော့  ရင် ထဲ က ဆန္ဒ နဲ့ လိုက် ပို့တဲ့ လူ ဘယ်မှာ ရှိသလဲ တဲ့ ။ ငါ ကွာ စိတ်ရှိ လက်ရှိ ထိုး ပစ်ချင်တာ ” 


ဒရိုင်ဘာ က နည်းနည်း လည်း ထွေ လာဟန် တူပါ ရဲ့ ။ သူ့ စိတ် ထဲ မှာ မကျေနပ်တာတွေ ရင်ဖွင့် လာတယ် ။


“ ဆရာ့ အကြောင်း ကို ငါ့ လောက် သိတဲ့ လူ ငါ ပဲ ရှိတာ ။ မင်း ... ယုံချင် မှ ယုံမယ် ။ ဆရာ က တကယ် ကောင်းတာပါကွ ။ ငွေတွေ အများကြီး ရအောင် ရှာ နိုင်တယ်ကွာ ။ လူရိုသေ ရှင်ရိုသေ ဖြစ်အောင် အနေ တတ်တယ်ကွာ ။ အလှူ အတန်း အပေးအကမ်း ရက်ရောတယ် ကွာ ။ ကဲ တော်ပြီပေါ့ ကွ ။ လူ တစ်ယောက် ဒီလောက် တော် နေရင် ပြီးရောပေါ့ ။ ဟေ့ကောင် ..... မင်း မို့ ငါ ပြောတာ ။ ငါ တို့ က လုပ်ဖော်ကိုင်ဖက်ချင်း မို့ ။ ဆရာ က သေ သာ သွားတာ ၊ သူ့ မိသားစု တစ်သက် စား မကုန်အောင် ရှာပေး ထားနိုင်ခဲ့တယ် ။အဲဒါ မပြောနဲ့ကွာ ... ။ ငါ့ လို လူမျိုး တောင် ချမ်းတောင့် ချမ်းသာ ဖြစ်အောင် စီမံ ပေးသွားတဲ့ ( Plan ) သမား ကွ ” 


တစ်လမ်းလုံး ဆရာ့ ချီးမွမ်းခန်း ဖွင့် လာတဲ့ သူ့ တပည့် ကို သံပုံး ထဲ က အရိုးစု က ဘယ်လောက် တောင် အားရကျေနပ်မှု တွေ နဲ့ သာဓု ခေါ်လာ လိုက်မလဲ နော် .... ။


ကျွန်တော် တို့ ဘုန်းဘုန်း ကျောင်း ကို ရောက်တော့ အလင်းရောင် ပျောက်လု နီးပါး မှောင် နေပါပြီ ။ ဘုန်းဘုန်း က ကျောင်း ပေါ် က စောင့်ရတာ စိတ်မချလို့လား မသိဘူး ။ ကျောင်းဝင်း တံခါး အထိ ထွက် ပြီး စောင့် နေလေရဲ့ ။


“ အဲဒီ အရိုးတွေ ကို ကျောင်း ပေါ် မတင်ခဲ့ နဲ့ ။ဟို အနောက်မြောက် ထောင့် က ခြံစပ် မှာ သွား ထား ။ မနက် မိုး လင်းတာ နဲ့ ကမ္မဝါတန်း ပို့ ဖို့ ခု ကတည်း က မင်းတို့ ချင်း ချိန်း ထား လိုက်ကြပေါ့ ။ မနက် လင်းတာ နဲ့ လာယူ ။ ကြား လား ” 


ဘုန်းဘုန်း က အဲဒီလို မိန့် ပြီး ကျောင်း ပေါ် ကို ပြန် ကြွ သွားတယ် ။ ဝတ် တောင် မဖြည့် လိုက်ရဘူး ။ ဘုန်းဘုန်း ညွှန် လိုက်တဲ့ နေရာ ကို သွား ထားပြီး ကျောင်း ပေါ် မတက် ဘဲ လှည့် ပြန်ခဲ့ကြတယ် ။ အရိုးစုကြီး ဟာ သူ ကိုယ်တိုင် ကဗျည်း ထိုး ပြီး လှူ ထားတဲ့ ကျောင်း ပေါ် မှာ တောင် တစ်ညတလေ နား ခွင့် မရရှာဘူး ။ ဘာ အကြောင်း ကြောင့် ဆိုတာတော့ ကျွန်တော် မတွေးတတ်ဘူး ။ လောလောဆယ် ဗိုက်ဆာ တာ ပဲ သိတယ် ။ အိုး လူ တစ်ယောက် ရဲ့ နိဂုံး ကိစ္စ ဟာ အန္တိမ ကို မရောက်နိုင်သေးပါလား  ။သူ့ တပည့်ကျော် က တော့ ကျေးဇူးရှင် ဆရာသမား ရဲ့ ‘  အန္တိမ ’ ကိစ္စ အတွက် တတွတ်တွတ် စီမံလို့ ဆုံး .... မဆုံးနိုင်တော့ဘူး ။


◾ဝင်းဝင်းမြင့် ( နန်းတော်ရှေ့ )


📖 ပိတောက်ပွင့်သစ် မဂ္ဂဇင်း

      ဇွန် ၊ ၁၉၉၆ 


#ကိုအောင်နိုင်ဦး


.