Showing posts with label မေမောင်. Show all posts
Showing posts with label မေမောင်. Show all posts

Saturday, July 26, 2025

ကိန်းအသေများ


 

❝ ကိန်းအသေများ ❞
       ( မေမောင် )

ဒီဇာတ်လမ်းမှာ ကိုယ်ဟာ ပွဲကြည့်ပရိသတ် တစ်ဦးပဲ ဖြစ်ပါသည် ။ အဓိကသရုပ်ဆောင်တွေကတော့ အသက်အရွယ်အားဖြင့် ၁၅ နှစ်ခန့် ကွာတဲ့ မိန်းကလေး နှစ်ဦးပဲပေါ့ ။ ဇာတ်ပို့တစ်ဦး ဖြစ်တဲ့ ကိုယ့်ညီမလေး ကြောင့်ပဲ ဒီဇာတ်လမ်းကို ကြည့်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည် ။

စက်ဘီးပေါ် လွှားခနဲ ခုန်တက်ရင်း နေပူကျဲကျဲမှာ ထွက်ခွာသွားတဲ့ ကောင်မလေးရဲ့ ကျောပြင်ကို ကြည့်ကာ ကိုယ့်ညီမလေး စိတ်မကောင်းဖြစ် ကျန်ခဲ့မယ် ဆိုတာ သေချာပါသည် ။ တက္ကသိုလ်ဝင်တန်း တစ်နှစ်တည်း အောင်ကြတာချင်း အတူတူ လုံးဝ ကျောင်းဆက် မတက်တော့ဘူးဆိုတဲ့ သူငယ်ချင်းအတွက် ဘယ်သူငယ် ချင်းကများ ဝမ်းသာပျော်ရွှင်နိုင်ဦးမှာလဲ ။ မူလတန်း ကတည်းက တောက်လျှောက် အတူနေလာခဲ့ကြပြီးမှ ဆိုတော့လည်း ။

လောကကြီးမှာ အရွယ်ရောက်သူတိုင်း ငွေရှာရတာ အထူးအဆန်း ကိစ္စတော့လည်း မဟုတ်ပါ ။ အရွယ်မတိုင်ခင် ငွေရှာတယ် ဆိုတာကတော့ ကုသိုလ်ကံ အကျိုးပေး နည်းတယ်လို့ပဲ လွှဲချရတော့မည် ။ တကယ်တော့ အဲဒီ ကောင်မလေးကို အရွယ်မရောက်သေးဟု ပြောလျှင် ရနိုင်သလို အရွယ်ရောက်ပြီ ဟုလည်း ပြောလို့ ရသော အသက် အပိုင်းအခြားပဲဖြစ်ပါသည် ။ ဆယ်တန်း အောင်ပြီးသွားတဲ့ ကျောင်းသူ တစ်ဦးဟာ ငွေကိုသာ စောစီးစွာ ရှာဖွေဖို့ မလိုအပ်တဲ့ အသိုင်းအဝိုးထဲက ဆိုရင် ပညာကို ဆုံးခန်းတိုင်အောင် ဆက်သင်ဖို့ပဲ စိတ်ကူးပါလိမ့်မည် ။ ဘယ်သူကမှ ပညာရေး တစ်ပိုင်းတစ်စနှင့် အလုပ်လုပ်ဖို့ စိတ်ကူးမိမှာ မဟုတ်ဘူး ။ ခုတော့ ကောင်မလေးဟာ ငွေရှာဖို့ပဲ သဲကြီးမဲကြီး ဇွဲသန်နေတာမို့ သူငယ်ချင်းတွေက ဘယ်လိုပဲ ကူညီမယ် ပြောပြော တက္ကသိုလ် အတူ တက်ကြဖို့ ဘယ်လိုပဲ ဖျောင်းဖျနားချချ နားမဝင်တော့ပါ ။ အေးပေါ့လေ ကိုယ့်ဝမ်းနာ ကိုယ်သာ အသိဆုံးလို့ ပြောထားကြတာပဲ မဟုတ်လား ။ အိမ်တစ် အိမ်ရဲ့ အကြီးဆုံးသမီး တစ်ဦးဟာလည်း သူတို့အိမ် အခြေအနေကို သူသာ အသိဆုံး ဖြစ်ပါလိမ့်မည် ။

သူငယ်ချင်းတွေ ကတောင် စိတ်မကောင်းဖြစ်နေ ကြတာ ၊ ကောင်မလေးကတော့ ကျောင်းဆက် မတက်ရတော့လို့လည်း ဝမ်းနည်းမှု အရိပ်ယောင် မပေါ် ။ အသေအချာ ဆုံးဖြတ်ပြီးသော ကိစ္စတစ်ခု အတွက် ဖျတ်လတ် သွက်လက် နေသည် ။ တက်ကြွရွှင်လန်းနေသည် ။ တွန့်ဆုတ်တွေဝေခြင်း လုံးဝ မရှိ ။ အဲဒီ ကောင်မလေးရဲ့ သူ့သူငယ်ချင်းများကို မာန်ပါပါ ပြောနေတဲ့ ဟန်နဲ့ စကား သံက ကိုယ့်နားထဲက မထွက်တော့ပါ ။

“ ဘွဲ့တစ်ခုရအောင် စောင့်ယူနေဖို့ ငါ့မှာ အချိန် မရှိဘူး ။ အဲဒီအချိန်တွေကို အသုံးချပြီး ငါ့ရဲ့ မိသားစုကို တိုးတက်ဖို့ ဖန်တီးရမယ် ”

ဒါဟာ လွန်ခဲ့သော ဆယ်နှစ်ကျော်ကျော်က ဇာတ်ဝင်ခန်းတစ်ခန်းပဲ ဖြစ်ပါသည် ။

အဲဒီအချိန်မှာ ကျိကျိတက် ချမ်းသာနေသူက မမပဲ ဖြစ်သည် ။ မမဟာ အူဝဲဆိုကတည်းက ငွေပုံ ကြားမှာ မွေးဖွားလာခဲ့သည် ။ ဟိုး ... ဘိုးဘွားဘီဘင် လက် ထက်ကတည်းက မျိုးရိုးနဲ့ချီ ချမ်းသာလာတဲ့ သူတွေမို့ မမတို့ ဘယ်လောက် ချမ်းသာသလဲ အတိအကျ မသိနိုင်ပေမယ့် တော်တော်ကြီးကို ချမ်းသာမယ် ဆိုတာကတော့ ခန့်မှန်းလို့ရပါသည် ။ မမရဲ့ မွေးချင်း အရင်းတွေကိုပဲ ကြည့် တကယ့်ကို Down Town area တွေမှာ အဆောက်အဦကြီးတွေ ၊ အကောင်းစားကားကြီးတွေ အပျံစားနဲ့ ။ ဝမ်းကွဲတွေ ထဲမှာတောင် နွမ်းပါးတဲ့ ဆွေမျိုး ဆိုတာ ပြစရာမရှိအောင် မမတို့က ချမ်းသာသည် ။

ငွေကို ငွေနှင့်ရင်းပြီး ရှာရတာ ပြောတော့သာ လွယ်လွယ်လေး ။ မလုပ်တတ် ၊ မကိုင်တတ်လျှင် ရှိထားသမျှ စည်းစိမ်လေး ပြုတ်ပြုတ်ပြုန်းတတ်သည့်ကိန်းပဲမို့ ဒီအလုပ်ဟာ တော်တော်ကြီးကို ကျွမ်းကျင်ဖို့တော့ လိုသည် ။ ကိုယ်နှင့် ဆက်ဆံရမည့် သူဟာ ဘယ်လို လူမျိုးလဲ ၊ ရိုးသားရဲ့လား ။ ဂုဏ်သိက္ခာကို တန်ဖိုး ထားတတ်ရဲ့လား ။ လုပ်ငန်းတစ်ခုကို အမှန်တကယ် တိုးတက်အောင် လုပ်ကိုင်နိုင်တဲ့ အရည်အချင်းရော ရှိရဲ့လား ။ သူ့စီးပွားရေး အခြေအနေကကော အတော်အသင့် ခိုင်နေပြီလား ။ ငွေရေးကြေးရေးနှင့် ဆက်ဆံရပြီဆိုလျှင် အဲဒီလို ရာဇဝင်ကို သိထားဖို့လည်းလိုသည် ။ ပြီးတော့ အားမနာတတ်ဖို့လည်း လိုသေးသည် ။

လူချင်း ခင်မင်ရင်းနှီးတာက တခြား ၊ ငွေရေး ကြေးရေးကိစ္စက တခြားပဲလေ ။ လောကကြီးမှာ လိမ်တယ်ဆိုတာ ကိုယ်နဲ့ အဆမတန်ရင်းနှီးတဲ့ လူတွေကပဲ လုပ်တတ်ကြတာပဲ မဟုတ်လား ။ ဒါကြောင့်လည်း မမတို့က အလုပ်ကို အလုပ်နှင့်ပဲ တူအောင် လုပ်သည် ။ သူ့ဆီလာသော လူတွေရဲ့ မျက်နှာကို ကြည့်စရာမလို ။ ပစ္စည်းကိုသာ ကြည့်သည် ။ မမဆီ ရောက်လာတဲ့ ပစ္စည်း ဟာ ရွှေစစ်ရဲ့လား ၊ မှတ်တိုက်ကြည့်နေစရာမလို ။ ၁၆ ပဲရည်လား ၊ ၁၄ ပဲရည်လားကအစ တန်းခနဲ သိသည် ။ အလေးချိန်ကိုတောင် မမ ခန့်မှန်းလိုက်ရင် မလွဲ ။ စိန်ဆိုရင်ရော ငါးမူးကိုက်လား ၊ လေးလုံးစီးလား ၊ ရှစ်လုံး စီးလား ၊ ရှေးစိန်လား ၊ ယခုခေတ် စိန်လား ၊ ဓာတုဗေဒ စိန်လား ၊ ရုရှားစိန်လား ၊ အနာအဆာ ကင်းရဲ့လား ၊ အပြစ်ပါလား ။ အလုပ်သဘောမို့သာ မှန်ဘီလူး ကိုင်ရသည် ။ အဲလို ရတနာပစ္စည်းတွေ မဟုတ်တဲ့ အဆောက်အဦ ဆိုရင်ရော ဘယ်နေရာ ၊ ဘယ်အဆောက်အဦဟာ ကာလတန်ကြေး ဘယ်လောက်အထိ တန်ကြေးရှိ သလဲ ။ စက်ပစ္စည်း ဆိုရင်လည်း စက်ပစ္စည်းအလျောက် ပေါ့လေ ။

အဲဒီလို ကျွမ်းကျင်အောင်လည်း မမဘဝနဲ့ ရင်းခဲ့ ရတာပဲ မဟုတ်လား ။ ဘယ်သူကဖြင့် ဘာဘွဲ့နှင့် ကျောင်းပြီးထားတာလဲဟု ပြောသံကြားလျှင် မမမှာ အလိုလို သိမ်ငယ်မိသည် ။ ဘွဲ့ရပညာတတ် တစ်ယောက် မဖြစ်ခဲ့ရသော ဘဝကို တစိမ့်စိမ့် ကြေကွဲမိသည် ။ ကြေကွဲမိမယ် ဆိုရင်လည်း ကြေကွဲလောက်ပါသည် ။

မောင်နှမတွေ အားလုံးထဲမှာ မမ တစ်ယောက်ပဲ ပညာ တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့ရတာလေ ။ စာမလိုက် နိုင်လို့လည်း မဟုတ် ၊ ပိုက်ဆံ မတတ်နိုင်လို့လည်း မဟုတ် ။ ပညာပါရမီကိုက နည်းခဲ့လေသလား ။

စီးပွားရေးမှာတော့ မမကို ပါရဂူဘွဲ့ ပေးရလိမ့်မည် ။ အဘိုးအဘွား ကတည်းက စခဲ့သော လုပ်ငန်းမှာ မိဘလက်ထက်မှ မမသို့ တိုင် တစ်ဟုန်ထိုး တိုးတက်ခဲ့တာဟာ မမရဲ့ ကြိုးစားမှုကြောင့်ဟု ပြောလျှင် မမရဲ့ မွေးချင်းတွေက လွဲလို့ ကျန်လူများကတော့ ကန့်ကွက် ကြမှာ မဟုတ်ပါ ။ တကယ်ဆို မမဟာ ပညာရေးကို စိတ်မဝင်စားခဲ့လို့မှ မဟုတ်ဘဲ ။ ဒါပေမဲ့ အတန်းပညာ နဲ့ စာရင် ငယ်စဉ်ကတည်းက လက်ပွန်းတတီးဖြစ်ခဲ့သော စီးပွားရေးလုပ်ငန်းကို ပိုပြီး စိတ်ဝင်စားခဲ့သည် ။ ပြီးတော့ သားကြီး ၊ သမီးကြီးတွေဟာ မိဘရဲ့ လက်ငုတ်လက်ရင်း လုပ်ငန်းကို မလွဲမသွေ ဆက်ခံကြတာကလည်း တစ်ကြောင်း ၊ မမကိုယ်တိုင် စိတ်ပါဝင်စားမှုမှာ မိဘ နှစ်ပါးက သမီးကြီးကို စိတ်ချယုံကြည်အားကိုးတာ လည်း တစ်ကြောင်း ၊ အဲဒီ အကြောင်းတွေကြောင့်ပဲ မမဟာ တကယ့်ကို ငယ်ငယ်ရွယ်ရွယ်နှင့် စီးပွားရေး ပါရဂူ ဖြစ်ခဲ့တော့သည် ။

ပစ္စည်းတစ်ခု၏ အမှန်တကယ် တန်ဖိုးသည် မမရဲ့ ဦးနှောက်ထဲမှာ ဒိုင်းခနဲ မမရဲ့နှုတ်ဖျားက ထွက်လာတဲ့ တန်ဖိုးကတော့ ဘယ်တော့မှ တစ်ခု မကျော်စေရ ။ သိပ်ပြီး မျက်နှာ နာရင်တော့လည်း နည်းနည်းပါးပါး ပိုပေးလိုက်သည် ။ ငွေလိုသူတွေဟာ ပေးမည့် မမရဲ့ အဆုံးအဖြတ်ကို နာခံကြသည် ။ မမကို သိပ်မလွန်ဆန်ရဲ ၊ မမကို ကလန်ကဆန် လုပ်လို့ မမက ငွေမရှိသေးဟု ငြင်းလျှင် သူတို့ လိုနေတဲ့ ငွေကို ဘယ်မှာ သွားရှာရမှာလဲ ၊ ငွေရဖို့ကိစ္စ အသစ်တစ်ဖန် ပြန်စနေရင် လွယ်တဲ့ ကိစ္စမှ မဟုတ်တာ ။ အဲဒီတော့ မမသဘောပဲပေါ့ ။ မမ ပေးချင် သလောက်သာ ပေးပါတော့ ။

မမက အလုပ်လုပ်တဲ့ နေရာမှာလည်း တိကျ ပြတ်သားသည် ။ ငွေသုံးချင်သူတွေက သုံးလလောက်ပါ ဟု ဆိုလျှင် ငါးလထက်တော့ မကြာစေနှင့် ။ ဒီထက် ပိုကြာသွားလျှင် မမ မကြိုက်တော့ ။ မမ မကြိုက်လျှင် နောက်တစ်ခါ ငွေရဖို့ ကိစ္စက သိပ်မသေချာတော့ပါ ။ အဲဒါကြောင့်လည်း မမပြောတဲ့အတိုင်း အတိအကျ လိုက်နာကြရသည် ။

မမဘက်က ကြည့်တော့ရော ငွေကို ငွေနှင့် ရင်းရတာမို့ နည်းနည်းမှ အလွဲမခံနိုင် ။ လွဲသွားသည့်တိုင်အောင် အရှုံးမရှိပါ ။ အရှုံးမရှိအောင်လည်း စေ့စပ်သေချာစွာ လုပ်ထားရတာပေါ့ ။ ဘယ်လိုပဲတွက်တွက် အမြတ်ချည်းပဲရလို့ မမက မာတာတော့လည်း မဟုတ် ပါ ။ ဘာအလုပ်ပဲ လုပ်လုပ် အလုပ်ကို အလုပ်နှင့် တူအောင် လုပ်သူတွေသာ တိုးတက်ကြီးပွားသွားကြတာပဲ မဟုတ်လား ။

မမတို့လုပ်ငန်းက ဆိုင်းဘုတ်တပ်စရာ မလိုတာမို့ ဝင်သမျှဟာ အားလုံး သပိတ်ဝင် ၊ အိတ်ဝင်ချည်းပဲလေ ။ အဲဒီတော့ မမတို့မှ မချမ်းသာလျှင် ဘယ်သူတွေ ချမ်းသာကြတော့မှာလဲ ။ ဒါပေမဲ့ မမတို့က ခေတ်ဟောင်း သူဌေးပီပီ အနေအထိုင် ကျစ်လျစ်သည် ။ စည်းစနစ် ကျသည် ။ ဟော့ဟော့ရမ်းရမ်း မသုံးမဖြုန်း ၊ စားသင့် သလောက်စား ၊ လှူသင့်သလောက်လှူ ။ ပြည့်တဲ့အိုး ဘောင်ဘင် မခတ်သလိုပေါ့ ။

အဲဒီ မမဟာ ကိုယ့်ညီမလေးနဲ့ ဘယ်လိုများ ရေစက်ပါခဲ့သလဲမသိ ။ အသက်အရွယ် ကွာပေမယ့် သူတို့ တော်တော်ကြီး ရင်းနှီးခင်မင်ကြသည် ။ ဘယ်လောက်တောင်လဲ ဆိုတော့ ။

“ မမရာ ဒီအဝတ်စကြီးတွေ ချုပ်ပြီး ဘာလုပ်ရမှာလဲ ။ အပျိုကြီးဖြစ်ပြီး မတန်လိုက်တာ ။ ဝတ်စမ်းပါ Ready Made တွေ ။ ခင်ဗျား ပိုက်ဆံတွေ ဘာလုပ်ဖို့တုံး ”

အရင်က ဝိုင်စနဲ့ ပါတိတ်ကြမ်းသာ ဝတ်ရကောင်း မှန်းသိခဲ့တဲ့ မမရဲ့ ကိုယ်ပေါ်မှာ တန်ဖိုးကြီး အဝတ်အစားတွေ ရောက်လာအောင် တော်တော်ကြီးကို စည်းရုံးခဲ့ရသည် ။

“ စိန်တွေက တစ်သက်လုံး သိမ်းထားတော့မှာလား ။ ဟုတ်လား ။ ဒီအရွယ်မှာမှ မဝတ် ၊ ဘယ်အရွယ်မှာ ဝတ်မယ် စိတ်ကူးထားလို့လဲ ”

ကျစ်ကျစ်ပါအောင် သိမ်းထားတဲ့ စိန်ထုပ်ကြီးကို ဖြေလိုက်တော့ မမရဲ့ တစ်ကိုယ်လုံးဟာ ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်ဖက်စွာ တစ်မျိုးပြီး တစ်မျိုး ဖိတ်ဖိတ်လက် နေတော့သည် ။

ဟုတ်ပြီ ။ ဘာကျန်သေးလဲ ။ အခုစီးနေတဲ့ Van ကားကို Mark II ကားနဲ့ လဲစီးဖို့ ၊ ပြီးတော့ လက် ကိုင်ဖုန်း ကိုင်ဖို့ ။

ဝါသနာ မပါတာလား ၊ ဟော့ဟော့ရမ်းရမ်း မလုပ်ချင်တာလား ။ လုံးဝ ပြောလို့မရပါ ။

“ ဘာလုပ်မှာလဲ ။ အိမ်မှာလည်း ဖုန်းနှစ်လုံး ရှိနေတဲ့ဟာ ”

“ ဂိုက်ပေါ့ မမရ ။ ဂိုက်ပေါ့ ”

“ တော်ပါပြီအေ ။ မဂိုက်ချင်ပါဘူး ”

“ ကျွန်တော်နဲ့ နေရာချင်း လဲလိုက်ချင်တယ် ”

ကျောင်းပြီးကတည်းက အိမ်က ကုန်စုံဆိုင်မှာပဲ ထိုင်ခဲ့ရတဲ့ ကိုယ့်ညီမဟာ သူမလုပ်နိုင်တာတွေကို  မမကိုပဲ ဇွတ်လုပ်ခိုင်းရင်း မချင့်မရဲ ဖြစ်နေတော့သည် ။ လုပ်နိုင်ရက်သားနဲ့ မလုပ်တာကိုလည်း အရွယ်ကြောင့်လို့ ပြောရအောင် ကားနဲ့ ဖုန်းဆိုတာ အရွယ်မရွေး သုံးလို့ ရတဲ့ ပစ္စည်းတွေပဲ မဟုတ်လား ။

မမတို့ ရှေးသူဌေးတွေ ချမ်းသာတယ်ဆိုတာ အဲဒီလိုမျိုး တကယ့်ကို အငြိမ် ၊ ဣန္ဒြေရရ ။

ခေတ်ပေါ်သူဌေးကတော့ နောက်ဆုံးပေါ် ကား အကောင်းစားကြီးပေါ်မှာ Hand Phone ပြောရင်း ။

ဟုတ်ပါတယ် ။ အဲဒီ ကောင်မလေးပါပဲ ။ ကိုယ့် ညီမလေးရဲ့ သူငယ်ချင်းလေ ။

ငွေအရင်းအနှီး မရှိသူရဲ့ ပထမဆုံးလုပ်ငန်းဟာ ဘာနဲ့ အဆင်ပြေဆုံးဖြစ်မလဲ ။ ပါးစပ်ပေါက် တစ် ပေါက် ရှိလျှင် လုံလောက်တဲ့ ( စကားတော့ ပြောတတ် ရမှာပေါ့နော် ) ပွဲစားအလုပ်ဟာ အဆင်ပြေဆုံးပဲ ဖြစ်ပါလိမ့်မည် ။ ပထမတော့ လက်ဝတ်ရတနာပစ္စည်းလေး တွေနဲ့ စခဲ့တာပေါ့ ။ သိပ်တန်ဖိုးမကြီးတဲ့ လုပ်ပြီးသား အထည်လေးတွေနဲ့လေ ။ နောက်တော့ အမျိုးသားတွေနဲ့ အပြိုင် ကားတွေ ၊ ဆိုင်ကယ်တွေပါ ပါလာတော့သည် ။ သိပ်မကြာခင်မှာပဲ အပေါင်းအသင်း ဆန့်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ကောင်မလေးဟာ အိမ်ခြံမြေ ဈေးကွက်ထဲအထိ ဝင်ဆန့်ခဲ့သည် ။

ဆယ်စုနှစ်တစ်ခုစာလောက် မကြာလိုက် ၊ သူငယ်ချင်းတွေ ဘွဲ့ယူပြီးလို့ တချို့ မိဘ လက်ငုတ်လက်ရင်း ဝင်လုပ်ကြ ၊ တချို့လည်း ဝန်ထမ်းတွေ ဝင်လုပ်ကြနဲ့ အသီးသီး လုပ်ငန်းခွင်ဝင်ကြချိန်မှာ ကောင်မလေးက အိမ်ခြံမြေ ဝယ်ရောင်း လုပ်ငန်းတစ်ခုကို အပီအပြင် ထူထောင်နိုင်ခဲ့ပြီ ။ ပွဲစားမလေးအဆင့် မဟုတ်တော့ ။ ကြိုက်တာ တွေ့လျှင် ဝယ်ထားသည် ။ သင့်တော်သော ကြိုက်ဈေးရလျှင် ပြန်ရောင်း ။ အချိန်တိုအတွင်းမှာ ကောင်မလေးရဲ့ ကြီးပွားတိုးတက်မှုဟာ ယုံနိုင်စရာ တောင်မရှိ ။ မျက်စိရှေ့မို့သာ ယုံရတော့သည် ။ အကျိုး ပေးပြီးဆိုတော့လည်း အကြောင်းက ထင်တော့တာပေါ့ ။ ကောင်မလေးရဲ့ လက်နဲ့ ထိသမျှအားလုံး ရွှေဖြစ်တဲ့ အချိန် ၊ အရွယ်ကလည်း ငယ်သည် ။ ငယ်တော့ ရဲသည် ။ ရဲတော့ လုပ်သမျှ ရွှေဖြစ်တော့တာပေါ့လေ ။ ရွှေဖြစ်တဲ့ လုပ်ငန်းမှန်သမျှကိုလည်း ရေကုန်ရေခန်းလိုက်သည် ။ ဒီတစ်ခုက ဟိုတစ်ခုကို ရက်ရက်ရောရော စွန့်တတ် သူတွေ ။ ကြီးပွားကြချိန်မှာ ကောင်မလေးဟာလည်း ဘာလို့ နောက်ကျ ကျန်ခဲ့မှာလဲ ။ ဘွဲ့တစ်ခုနဲ့ လဲခဲ့ရတဲ့ ဘဝကို ဘယ်တော့မှ နောင်တမရ ။ နောင်တရစရာမလို အောင်လည်း ဖြစ်လာခဲ့တာဆိုတော့ ဘွဲ့တစ်ခု ရအောင် ယူခဲ့ရင်တောင် ဒီလို ဘဝမျိုး ရနိုင်ပါ့မလား ။ ဘွဲ့မရသည့် အတွက်တော့ ကောင်မလေးက နည်းနည်းမှ စိတ်မကောင်း မဖြစ်မိပါ ။ ဘွဲ့ ရသူငယ်ချင်းတွေ ကတောင် ပါးစပ်အဟောင်းသားနဲ့ ငေးမောအားကျခဲ့ရတဲ့ ဘဝကို ရောက်နေပြီ မဟုတ်လား ။

ကောင်မလေးကို ဘယ်တော့ပဲ တွေ့လိုက်တွေ့လိုက် ခေတ်ပေါ်သူဌေးတွေရဲ့ စတိုင်လ်အပြည့် ရှိတယ် ။ တစ်ကိုယ်လုံးဟာ နောက်ဆုံးပေါ် ၊ တန်ဖိုးကြီး အဆင် တန်ဆာများဖြင့် လှုပ်ခတ်ယမ်းခါ ဖျတ်လတ် သွက်လက် နေတော့သည် ။ ကောင်မလေးကို အကြော်သည် တစ်ဦးက မသိလျှင်သာရှိမည် ။ ဆိုက်ကားသမား တစ်ဦးကတော့ သိချင်မှသိမည် ။ သူတို့ အသိုင်းအဝိုင်း ၊ သူတို့ လောကမှာတော့ တကယ့်ကို စူပါစတားပဲ ။ အရွယ်နဲ့မလိုက် ကြွယ်ဝချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာလေ ။ ကျားကြီးတော့ ခြေရာကြီးတယ်တဲ့ ၊ လုပ်ငန်း ကြီးကျယ်တာနဲ့ အမျှ အရင်းအနှီးက ထည့်မလောက် ဖြစ်လာသည် ။ ရင်းနှီးမြှုပ်နှံမှုများလေ အကျိုးအမြတ်ကလည်း များလေမို့ ကြိုက်သလောက် ငွေလိုစမ်း ၊ ရအောင် ရှာထည့်ရမှာက ကောင်မလေးရဲ့ တာဝန်ပဲလေ ။

ကောင်မလေးက ကံကောင်းလွန်းပါသည် ။ ငွေကို အမောတကော ရှာနေစရာ မလိုတော့ ။ ငွေတွင်း တစ်ခုပေါ် ထိုင်မိရက် ဖြစ်သွားသည် ။

ဒီလောက် ဆိုရင်ကိုပဲ ခေတ်ဟောင်းသူဌေးနှင့် ခေတ်ပေါ်သူဌေးတို့ ကိုယ့်ညီမလေးကြောင့်ပဲ တစ်ယောက်နဲ့ တစ်ယောက် ချိတ်မိသွားကြတယ်ဆိုတာ ကိုယ်တောင် ဝင်ပြောပြနေစရာ မလိုတော့ဘူးလေ ။ ဟုတ်တယ်မို့လား ။

မမရယ် ၊ ကောင်မလေးရယ် ၊ ကိုယ့်ညီမရယ် သုံးဦးသုံးဖလှယ်ဟာ လုံးလားထွေးလား စားသောက်ဆိုင်တွေ လှည့်စားလိုက်ကြ ၊ စတိုးဆိုင်တွေ လျှောက်သွားလိုက်ကြ ၊ အပန်းဖြေခရီးတွေ ထွက်လိုက်ကြ ၊ ဘုရားတွေ လှည့်ဖူးလိုက်ကြ ။ နှုတ်ထွက်စကားလုံး တိုင်းဟာလည်း စိန်ပြီးရင်းစိန် ။ စိန်ပြီးရင်း စိန်ပဲလေ ။ စိန်တိုက်ပိုင်ရှင်ကြီးတွေ အချင်းချင်း တွေ့ကြရင်တောင် သူတို့လောက် စိန်အကြောင်း ပြောနိုင်ပါ့မလား မသိဘူး ။

အဲဒီ “ လုံးလားထွေးလား ” ဟာ ပြဿနာ တစ်စုံတစ်ရာ မဖြစ်ခင်အထိဟု ကိုယ်ပြောလျှင် ပြဿနာ တစ်ခုခု ဖြစ်တော့မှာပဲဆိုတာ ကြိုတွေးကြည့်လို့ ရသွား တာပေါ့နော် ၊ ဟုတ်ပါသည် ။ သူတို့ ပြဿနာတစ်ခုခု ဖြစ်သွားတာ သေချာပါသည် ။

တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ရေရှည်ခိုင်မြဲဖို့ ဆိုတာ တစ်ယောက်နှင့် တစ်ယောက် သည်းခံနိုင်ဖို့လိုသည် ။ သာတယ် ၊ နာတယ် ။ တွက်ကပ်မှု မရှိသော အပေါင်းအသင်း သူငယ်ချင်းများသာ ရေရှည် လက်တွဲလို့ ရသည် ။ ပြီးတော့ ငွေရေးကြေးရေး လုံးဝ ပတ်သက်မှု မရှိသော သူငယ်ချင်းများသာ တစ်သက်လုံး ခိုင်မြဲတတ်ပါသည် ။

မမနဲ့ ကောင်မလေးဟာ ...

သက်တူရွယ်တူ ငယ်သူငယ်ချင်း မဟုတ်တော့ပါ ။ ငွေရေးကြေးရေးအရ ပတ်သက်နေကြသည် ။

အဲဒီအချက် နှစ်ချက်တည်းနှင့်ပင် သူတို့နှစ်ဦး ရေရှည် ပေါင်းသင်းလို့ မဖြစ်နိုင်ဘူးဆိုတာ လုံလောက်နေပါပြီ ။

အစပိုင်းမှာတော့ ကိုယ်လည်း သိပ်သတိမထား မိသေးပါ ။ မမအိမ်ကို အလာကျဲသွားတာကိုတော့ ရိပ်မိခဲ့သည် ။ ကောင်မလေးကတော့ ခါတိုင်းလိုပဲ အဝင်အထွက်မပျက် ။ ပိုပြီး သိသာတာက ဘယ်ကိုမှ သုံးဦးအတူ မသွားကြတော့ခြင်းပင် ။ မင်းသမီးကတော့ ပြောင်းသွားပါရဲ့ ၊ ဇာတ်ပို့ကတော့ တစ်ဦးတည်းဟူပဲ ပြောရမလား ။ ကိုယ့်ညီမလေးဟာ မမ ကားနဲ့ ပါသွား လိုက် ၊ ကောင်မလေး ကားပေါ် ပါသွားလိုက် ။ ခေါက်ရေ ပိုတာကတော့ ကောင်မလေးနဲ့ပဲ ဖြစ်ပါသည် ။ ငယ်သူငယ်ချင်းတွေမို့လား ၊ မျက်စိအောက် မှာပဲ အရမ်း ချမ်းသာပြီး ဘဝပြောင်းသွားတဲ့ သူငယ်ချင်းကို လေးစား အားကျတာလည်း ပါမှာပေါ့ ။ မမ ချမ်းသာတာကို အတိတ်ကံ ကောင်းလိုက်တာဟု တဖွဖွ သွားရေကျသလို သူ့ သူငယ်ချင်းကောင်မလေး ချမ်းသာ သွားတာကိုလည်း ငယ်ငယ်ရွယ်ရွယ်နှင့်မို့ အရမ်း ဂုဏ်တက်နေသည် ။ သူကိုယ်တိုင်ကတော့ သူ့ အစွမ်းအစနှင့်သူ ဒါ့ထက် ကြီးပွားချမ်းသာအောင်လုပ်ဖို့ စိတ်ကူးရှိပုံမရ ။ သူတို့နောက် တကောက်ကောက် လိုက်နေရတာကိုပဲ သူ့မှာ အတော် ချမ်းသာနေပုံရသည် ။

ကိုယ်ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း ရောက်နေတဲ့ အနေအထားမှာပဲ ချမ်းသာအောင် နေတော့သည် ။ စပ်စပ်စုစု မလုပ်တတ်တာ တစ်ကြောင်း ၊ ကိုယ့်အပေါင်းအသင်း မဟုတ်တာတစ်ကြောင်းမို့ ဘာဖြစ်ကြဟာလဲလို့တော့ တစ်ခါမှ မေးမကြည့်မိပါ ။ နားတော့စွင့်မိသည် ။

“ ငါကဖြင့် သူ ငွေလိုတယ်ဆိုတိုင်း နှစ်ရာဆိုလည်း ပက်ခနဲ ၊ သုံးရာဆိုလည်း ပက်ခနဲ ။ ပြန်ပေးတော့ကျတော့ မှန်မှန်မပေးချင်ဘူး ။ ပေးတော့လည်း နည်းနည်းချင်း ရေစက်ချသလိုပဲ ။

“ သူကျတော့ စိန်နားကပ်လည်း ပန်လိုပန် ၊ နာရေးအသင်းကို ကားလှူတာလည်း ငါ့ပေးရမည့် ပိုက်ဆံတွေနဲ့လှူတာ ငါ သိတာပေါ့ ”

“ သူ့ ပိုက်ဆံများ ငါက အလကားသုံးနေတာကျ လို့ ၊ တစ်လတစ်လ သူ့ လုပ်ကျွေးနေရတာကိုက မနည်းဘူး ”

“ အမလေး ၊ ငါ့များ ပိုက်ဆံသုံးခိုင်းတဲ့ လူတွေမှ ပေါမှပေါ ။ ငါးရာ ယူဦးမလား ။ တစ်ထောင်ယူဦးမလား ”

ခေတ်ဟောင်းသူဌေးနဲ့ ခေတ်ပေါ်သူဌေးတို့ရဲ့ အားစမ်းပွဲ ၊ ဒါမှမဟုတ် မာနပြိုင်ပွဲလား ၊ ပွဲက ကြည့်လို့တော့ ကောင်းနေပြီ ။ ဖြုတ်ချထားတဲ့ လက်တွေကို ဘယ်တော့ ပြန်တွဲကြမှာလဲ ။ အခိုက်အတန့်လား ၊ တစ်သက်လုံးလား ။ ဇာတ်ပို့က လိမ္မာပါးနပ်စွာနဲ့ စေ့စပ်ဖျန်ဖြေပေးဖို့တော့ လိုအပ်တာပေါ့ ။ မလိုအပ်ဘဲ တစ်ယောက်ယောက်ကများ ခေါင်းမာနေမယ် ဆိုရင်တော့ လည်း ဇာတ်ပို့ ဘာမှ တတ်နိုင်မှာ မဟုတ်တာ သေချာပါသည် ။ ကိုယ်ကရော ပွဲကြည့်ပရိသတ်ပဲ ။ ဘာတတ်နိုင် တာမှတ်လို့ ။ အရင်လို ပြန်ဖြစ်စေချင်တာကတော့ အသေအချာပဲ ။

ခုဆိုရင် မမဟာ ကားအကောင်းစားကြီးကို စီးလို့ ။ လက်ကိုင်ဖုန်းလေးကို ကိုင်လို့ ။ ကောင်မလေး ကတော့ ခေတ်ပေါ် သူဌေးပဲလေ ။ သူဌေး မဖြစ်ခင်ကတည်းက သူဌေး လုပ်လာခဲ့တဲ့ သူဌေးပါဆို ။

☐ မေမောင်
📖ရုပ်ရှင်အမြုတေမဂ္ဂဇင်း
     ၂၀၀၆ ၊ ဇူလိုင်လ

Thursday, April 24, 2025

ရက်ရောသူများ


 ❝ ရက်ရောသူများ ❞

       ( မေမောင် )


ကိုယ် ကပဲ အရမ်းကြီး နောက်ကျ ကျန် ခဲ့တာလား ၊ သူတို့တွေ ကပဲ အရေးကြီး အဲ .. ဘယ်လို ပြောရမှန်းတောင် မသိတော့ ။ လွန်လွန်း အားကြီးတာ ကတော့ တကယ့်ကို သေချာ ပါသည် ။


အဓိက တရားခံ ကတော့ ကိုယ် နှင့် ရင်းနှီး သော ဂျာနယ်လစ် ကောင်လေးပဲ ဖြစ်ပါလိမ့်မည် ။ သူ့ ဆီ ကသာ ဓာတ်ပုံလေး နှစ်ပုံကို မကြည့်ရဘူး ဆိုရင် ဘာမှ ဖြစ်စရာ အကြောင်း မရှိ ဘူးမို့လား ။ ခုတော့ ဓာတ်ပုံလေး နှစ်ပုံကို ကြည့်လိုက်မိပါရဲ့ ။ ရင်ထဲ မှာ ဘလောင်ဆူ သွား တာဟာ ကြည့်ရတာနဲ့တောင် တန်ရဲ့လား မသိ ။ မျက်နှာ တစ်ပြင်လုံး ရှိန်းတိန်း ဖိန်းတိန်း ဖြစ်ကာ မျက်နှာ ကို ဘယ်နား သွား ထားရမှန်း မသိ ဖြစ်နေ ချိန် မှာ ဓာတ်ပုံ ထဲက ကောင်မလေးတွေ က တော့ မရယ်၏ သို့ ရယ်၏ သို့ ။ 


သေချာ ပြန် စဉ်းစား ရင်တော့ တရားခံ က ကိုယ်တိုင်ပဲ ဖြစ်ဖို့ များပါတယ် ။ ကြည့်ရှုရန် မသင့်လို့ သတ်မှတ်ပြီး မပြတဲ့ ဓာတ်ပုံတွေ ကို ဇွတ်အတင်း ယူကြည့်လိုက်မိတာကိုး ။ အဲဒီ ကောင်လေး က ဂျာနယ်လစ် တစ်ဦး ပီပီ ကင်မရာ တစ်လုံး ၊ ကက်ဆက် တစ်လုံး နှင့် ပွဲတိုင်း တက်ကာ သတင်း ယူပြီး မဂ္ဂဇင်း ၊ ဂျာနယ်များ သို့ သတင်း ပို့သည် ။ ကဗျာလေးတွေ ၊ ဝတ္ထုလေးတွေ လည်း ကြိုကြားကြိုကြား ရေး နေတဲ့ အဲဒီ ကောင်လေး ကို ကိုယ့် ဝန်းကျင် ကတော့ စာရေးဆရာ လို့ပဲ သတ်မှတ် ထားကြပါတယ် ။ ပြီးတော့ ပွဲတွေ မှာ ရိုက်လာတဲ့ သူ့ လက်ရာ ဓာတ်ပုံများ ကို လည်း အမြဲလိုလို ကြည့်နေရသည် ။ လုပ်ငန်းရှင် စီးပွားရေးသမားတွေ ရဲ့ ဓာတ်ပုံတွေ ကို သိပ် စိတ် မဝင်စားပေမဲ့ မင်းသား ၊ မင်းသမီးတွေ ၊ အဆိုတော်တွေ ၊ မော်ဒယ်တွေ ရဲ့ ဓာတ်ပုံတွေ ကိုတော့ စိတ်မဝင်စားသည့်တိုင် အပျင်းပြေ ယူကြည့် ဖြစ်သည် ။ ခုလည်း ရှိုးပွဲ တစ်ပွဲက ပုံတွေ အရမ်းမိုက်လို့ ပြဦးမတဲ့ ။ ကိုယ် ကလည်း ယူခဲ့ပေါ့ ။ တစ်ရက် လည်း မပါ ၊ နှစ်ရက်လည်း မပါ ၊ သုံးရက် လည်း မပါ ၊ ကိုယ် ကလည်း မေ့မေ့ပျောက်ပျောက်ပါပဲ ။ ရှိုးပွဲ က မော်ဒယ်တွေရဲ့ ဓာတ်ပုံ ကြည့်ဖို့ ကိစ္စက အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာလေ ။ 


နောက်တော့မှ တမင် မပြဘဲ ထားမှန်း သိ ခဲ့ရသည် ။ အဲဒီ နေ့က ကိုယ် ဈေးရောင်း နေတုန်း ရောက်လာတဲ့ ဂျာနယ်လစ် ကောင်လေး ဟာ မျက်နှာချင်းဆိုင်ဆိုင် က ကောင်လေး နဲ့ ခေါင်း ချင်းဆိုင်ကာ တွတ်ထိုး နေကြသည် ။ ကိုယ့် ဘက်မှာ ဈေးဝယ် လည်း ရှင်းရော သူတို့ လည်း လူချင်း ခွဲလိုက်ရော ။ ကိုယ် လည်း အမှတ်တမဲ့ ပဲပေါ့ ။ နောက် တစ်ခါ သုံး ၊ လေးရက်လောက် ကြာတော့ မျက်နှာချင်းဆိုင် မှာ ဆိုင်နီးချင်း ကောင်လေးတွေ ရယ် ၊ ဂျာနယ်လစ် ကောင်လေး ရယ် ခေါင်းချင်းရိုက် နေကြပြန်သည် ။ 


ဒါဟာ တစ်ခုခုတော့ တစ်ခုခုပဲ ။ ကောင်လေးတွေ အခုလို တိုးတိုးတိတ်တိတ် လုပ်နေ ကြပြီ ဆိုရင် မဟုတ်တော့ဘူးသာ မှတ်လိုက် တော့ ။ ခု ကြည့်လေ ... အသံ မထွက်စေရဘဲ တစ်ခုခု ကို ခိုးကြောင်ခိုးဝှက် ကြည့်နေကြပုံ ဟာ သိသာလွန်း နေသည် ။ ဘာရမလဲ ၊ ကိုယ် လည်း ချက်ချင်း သတိရကာ သူတို့ ဘက်ကို ဖျတ်ခနဲ ကူး လိုက်တော့ ဂျာနယ်လစ် ကောင်လေး က ကိုယ့် ထက်တောင် လျင်သေးသည် ။ ဒါပေမဲ့ မြင်လိုက်ပါသည် ။ လွယ်အိတ် ထဲ ကို တစ်ခုခု ထည့် လိုက်တာကိုလေ ။ သူ့ ကိုယ် သူ တော့ ဟန်မပျက်ပေါ့ ။ ဟန်ပျက် နေတာ အသိသာကြီးကို ။


“ ပြပါ ... အခု ချက်ချင်းပြပါ ”


“ ဘာမှ မဟုတ်ပါဘူး ၊ စကား ပြောနေကြတာ ”


တခြား ကောင်လေးတွေ ပြုံးစေ့ စပ်ဖြဲ မျက်နှာလေးများဖြင့် အလျှိုလျှို ဆင်းချသွားကြ သည် ။ ဘာမှ မဟုတ်ဘူး ဆိုတာ လုံးဝ မဖြစ်နိုင် ။ ဒါဟာ ရှိုးပွဲ က ပုံတွေ ပဲ ဖြစ်ရမယ် ။


“ ပြစမ်းပါဟာ ... မင်းတို့ကျ ကြည့်ပြီး ” 


ဂျာနယ်လစ်ကောင်လေး က လွယ်အိတ် ကို တင်းတင်းဆုပ်ရင်း အသက်သာ အသေခံ မယ် ၊ မပြဘူး ဆိုတဲ့ မျက်နှာပေးနဲ့ ။ မျက်နှာချင်းဆိုင် က ကောင်လေး ကတော့ ကိုယ့် အသက်အရွယ် အရရယ် ၊ ကိုယ့်ကို လေးစားယုံကြည်မှု အရရယ် ပြသင့်တယ်လို့ ယူဆတယ် ထင်ပါရဲ့ ။


"ပြလိုက်ပါ အစ်ကိုရာ ။ ဘာမှ မဖြစ်ပါဘူး ” 


“ မကောင်းပါဘူးကွာ ”


“ မင်းတို့ ကြည့်နေ ကတည်း က ကောင်းလို့ ကြည့်နေကြတာပေါ့ ၊ မရဘူး ... ပြ ”


ကိုယ် က မိန်းကလေး ဆိုတော့ အားနာ လို့ပါတဲ့ ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဓာတ်ပုံလေး နှစ်ပုံ ကို ကြည့်ခွင့် ရခဲ့ပါသည် ။ ကြည့် စမ်း .. ဒီကောင် ကိုယ့်ကို အားနာတယ် ဆိုတာ တကယ်ကို ဟုတ်မှာပဲ ။


မော်ဒယ်ကောင်မလေး ကို အပြင် မှာ မမြင်ဖူးပေမယ့် မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေ ထဲမှာ အမြဲပဲ တွေ့နေရတာမို့ ကြည့်လိုက်တာ နဲ့ ဘယ်သူ ဆိုတာ တန်းခနဲ သိသည် ။ နောက်ပိုင်းတော့ တော်တော်ကြီး ကို မှတ်မိအောင် လုပ်ထား ရသည် ။ များပြားလိုက်တဲ့ အဆိုတော်တွေ ၊ မော်ဒယ်တွေ ဆိုတာကလည်း တစ်ယောက် လာ တစ်မျိုး ၊ နောက် တစ်ယောက် လာ တစ်မျိုး နဲ့ ခပ်ညံ့ညံ့တော့ တစ်ယောက် မှ မပါကြပါ ။ အား လုံးဟာ အနု ၊ အလှ ၊ အရွလေးတွေ ချည်း ။ လူ သိ များအောင် ထင်ပေါ် ကျော်ကြားအောင် လုပ်တဲ့ နေရာ မှာ အနုပညာ အဓိက မကျဘူးလား ။ မဂ္ဂဇင်းစုံ ၊ ဂျာနယ်စုံ ဖတ်လေ့ရှိသူ ဆိုတော့ သူတို့ အကြောင်းတွေ ဖတ်ရတိုင်း ၊ သူတို့ ပုံတွေ မြင်ရတိုင်း ဘဝင် မကျတာ က ခပ်များများ ပါပဲ ။ 


တစ်ယောက် က နာမည်ကြီး မင်းသမီး ၊ တစ်ယောက် ကတော့ ဒီနှစ် ထဲ မှာမှ နာမည်ရ လာတဲ့ မော်ဒယ် ကောင်မလေး ။ ဓာတ်ပုံတွေ ကို ကြည့်ရင်း လက်ဖျားပါ မက ခြေဖျားပါ ခါ မိပါသည် ။ မိန်းကလေးချင်း တောင် တအံ့တဩ ရင်သပ်ရှုမော ဖြစ်ရတာ မဟုတ်လား ။ 


နိုင်ငံခြားမင်းသမီးတွေ ၊ ပြည်တွင်းမင်း သမီးတွေ အဆိုတော်တွေ လုပ်ပြသမျှ အဟုတ်ကြီး မှတ်ကာ ဒီက ကောင်မလေးတွေ အကုန် လိုက် လုပ်ပြီး တခြား ပွဲလမ်းသဘင် တွေ မှာ လတ်လျားလတ်လျား လုပ်ကြတာ ထားလိုက် ပါတော့ ။ မဟာမုနိဘုရားကြီး ထဲကို လာတဲ့အခါ မတော်တရော် ဝတ်စားဆင်ယင်မှု ကိုတော့ ရှောင်ကြဖို့ ကောင်းပါသည် ။ 


ကိုယ်တို့ ကရော ကြည့်နေရုံ က လွဲလို့ ဘာ တတ်နိုင်မှာတဲ့လဲ ။ သူတို့ ကလည်း သူတို့ ရဲ့ အပြ အသ ကို လူ ကြည့်လေ ဂုဏ်ယူဝင့်ကြွားလေ ထင်ပါရဲ့ ။ အိမ် က မိဘတွေ က လည်း “ ဟဲ့ ငါ့ သမီး ၊ ဒါနဲ့တော့ မသင့်တော်ဘူး ” လို့ မပြော မဆို မဆုံးမ ကြတော့ဘူးလား ။ ကောင်မလေး တွေကတော့ ဟီရိဩတပ္ပ ဆိုတဲ့ အရှက် အကြောက်တရား ကို တကယ်ပဲ မသိကြတော့ ဘူး ထင်ပါသည် ။


ရင်ညွန့် အပေါ်ပိုင်းဗလာနဲ့ အောက်ပိုင်း ပေါ်နိုင်သမျှ ပေါ်အောင် ဝတ်စားဆင်ယင်မှု ကို အထူး အသားပေး အရေးထား နေကြသူတွေ ကြားထဲမှာ လုံခြုံတာ ရှက်စရာ လို့များ ထင်နေ ကြပြီလား ။ လုံခြုံတာ မပေါ်လွင် မထင်ရှားဘူး ။ လုံခြုံတာ တက်လမ်း မရှိဘူး ။ လုံခြုံတာ အဆင့် အတန်း မရှိဘူး ၊ လုံခြုံတာ အောက်တယ်လို့ များ သတ်မှတ်လိုက်ကြပြီလား ။ ပြလို့ မရတဲ့ နေရာတွေကို တောင် ပြဖို့ နည်းမျိုးစုံနဲ့ ကြိုးစား နေကြပြီ ။ စင်ပေါ် က တောင် မလုံမခြုံတွေ ဝတ်စား ပြနေမှတော့ စင်အောက် က ဆိုတာ တော့ ပြော မနေနဲ့တော့ ။


မဖြစ်သေးပါဘူးလေ ။ ကိုယ် တစ်ယောက် တည်း ခံစားနေလို့ မဖြစ်သေးဘူး ။ မျှဝေ ခံစား ဖို့ ဆိုင်နီးနားချင်း ကောင်မလေးတွေ ကို လက်လှမ်းမီ သလောက် စုလိုက်သည် ။ ခုနက ကောင်လေးတွေ က ကြည့်ပြီးပြီ ဆိုတော့ ဒီတစ်ခါ တို့ အလှည့် ။


အဲဒီနေ့ က ကိုယ့် ဘဝ မှာ လူပေါင်းလေး ငါးခြောက်ဦး လောက် ရဲ့ မတူညီတဲ့ အာမေဍိတ် သံတွေ ကို ကြားခဲ့ရသော နေ့လေး တစ်နေ့ပဲ ဖြစ်ပါသည် ။ တကယ်တော့ အာမေဍိတ် ဆို တာ အထူးအဆန်း တစ်စုံတစ်ရာ ကို တွေ့လိုက် မြင်လိုက်ရတဲ့ အခါ အံ့သြခြင်း ကြီးစွာနဲ့ နှုတ်ဖျားက အလိုအလျောက် ထွက်ကျ လာတဲ့ စာလုံးလေးတွေပဲ မဟုတ်လား ။ အံ့ဩ ၊ ထိတ်လန့် ၊ ကြောက်ရွံ့ ၊ ချောက်ချား ၊ တုန်လှုပ် ၊ ရွံ့ရှာတဲ့ အခါတွေ မှာလည်း ပါးစပ်ဖျား က စကားလုံး လေးတွေ အလိုလို ထွက်ကျ လာတတ်တယ် လေ ။ အခုလည်း ဓာတ်ပုံ နှစ်ပုံ ကို မြင်လိုက်ရတာနဲ့ ထွက်ပေါ်လာတဲ့ အာမေဍိတ် စကားသံ လေးတွေကို နားထောင် ကြည့်ရအောင် ။ 


“ ဘုရား ဘုရား သံဗုဒ္ဓေ ”


ပထဝီ နဲ့ ရော ဂျာမန် နဲ့ ရော ကျောင်းပြီး ထားသူ ကောင်မလေး ရဲ့ လန့်ဖျပ်ပြီး ဘုရား တသံ ။


“ ဟင် .. သမီး စိတ်ညစ်လိုက်တာ ” 


ဒါကတော့ မြန်မာစာ နဲ့ ကျောင်းပြီး ထားတာ မကြာသေးတဲ့ ကောင်မလေး တစ်ယောက် ရဲ့ တကယ့်ကို စိတ်ပျက်လက်ပျက် မျက်နှာ လေးနဲ့ ပြောလိုက်တဲ့ စကားသံ တိုးတိုးတိမ်တိမ်လေ ။


“ အားလားလားလား ရက်စက်တယ်ဗျာ ၊ တကယ်ပဲ ”


ဒီကောင်မလေး ကတော့ ဒီနားမှာ ဝါရင့်သမ္ဘာရင့် လို့ ပြောရမည် ။ နောက်ဆုံးနှစ် ကျောင်းသူ ဘဝ မှာ ကတည်းက အိမ်ထောင်ကျ ကာ ခုနေခါ ကလေး သုံးယောက် ရဲ့ မိခင်ဘဝ ကို ရောက်နေသူပေါ့ ။ သူ့ အာမေဍိတ် က အား ပါးတရ ပွင့်ပွင့်လင်းလင်း ရှိလှသည် ။ ဟုတ်တယ် ... သူ ပြောသလိုပဲ .. ဓာတ်ပုံတွေ က တကယ့်ကို ရက်ရက်စက်စက် ပက်စက် နေတာကိုး ။


“ ဟား ... ဒါကြီးကတော့ အလွန်ကြီး ”


ဓာတ်ပုံ က နှစ်ပုံလို့ ပြောထား ပြီးပါပြီ ။ အခု ဓာတ်ပုံ ကြည့်ဖို့ အလှည့် ကျတဲ့ ကောင်မလေး က လည်း ဘွဲ့ရ ထားပြီးသား ။ ဘွဲ့ရတာ ကို ထည့်ထည့် ပြောရတာက ဒီနား က ကောင်မလေးတွေ အားလုံး အမြင် မကျဉ်းတဲ့ လူငယ် တွေ ဆိုတာ သိစေချင်လို့ပါ ။ ခါတိုင်း စကားပြော ရင် အားပါးတရ ကျယ်လောင်စွာ ပြောတတ်တဲ့ ကောင်မလေး ဟာ ဒီတစ်ခါတော့ လုံးဝ အငြိမ် ။ အကယ်ဒမီ မင်းသမီးပုံ ကို အရင် ကြည့်ပြီး “ ဒါလောက် ကတော့ ဖြစ်တတ်ပါတယ် ။ လည်ပင်း က ဟိုက်ရတဲ့ အထဲ ပိတ်စ က အသားပျော့ ဆိုတော့ .. ” သဘော ကတော့ ခွင့်လွှတ်လို့ ရပါတယ်ပေါ့လေ ။ 


“ သမီးတို့ တော့ ကျောင်း တုန်းကလည်း ဒါမျိုး မဝတ်ဘူး ။ အခု ဈေး ရောင်း နေရတော့ ပိုတောင် မဝတ်သေး ” 


ဟုတ် တာပေါ့ ။ ဒီလို ဒီဇိုင်း ကို ဘယ်လို လုပ်ပြီး မိကောင်းဖခင် သားသမီး က ဝတ်ရဲမှာလဲ ။ မော်ဒယ် ကောင်မလေး ရဲ့ ဓာတ်ပုံ ကို လည်း မြင်လိုက်ရော သူ့ ခမျာ ငြိမ် မနေနိုင်တော့ပါ ။ ဟား .. ဒါကြီး တော့ အလွန်ကြီးလို့ အော်ရုံ သာ မက “ ဒါ သက်သက် ပြထားတာ အသိသာကြီး ” တဲ့ ။ 


ဓာတ်ပုံ တစ်ပုံ ကို ကြည့်ပြီး အလိုလို ထွက်ကျလာတဲ့ စကားလေးတွေ ပဲ ဆိုတာ သေချာပါသည် ။ ကိုယ် ချဲ့ထွင် လုပ်ကြံ ပြောသော စကား တစ်ခွန်း မှ မပါဘူး ဆိုတာ ယုံလိုက်ပါ ။ ပြောတဲ့ လူ လွန်လား ၊ မလွန်လား ဆိုတာ ဆက် ပြီး ပြောမည် ။ အဲဒီ မော်ဒယ်မလေး ဝတ်ထား တဲ့ အင်္ကျီ က ပခုံးအစွန်း နှစ်ဖက်လောက် အထိ လျောကျ နေတဲ့ ကျားပါးစပ်ပုံ လည်ပင်း အဟိုက် အင်္ကျီ ၊ ပခုံး နှစ်ဖက် ကို ကျုံ့ကာ ရှေ့ကို ခပ် ကိုင်းကိုင်း ထိုင် နေတော့ လက်နှစ်ဖက် နှင့် စု ညှစ် ထားသလို ပြူးပြဲ ရုန်းကန်ထွက် နေပုံက ညှာတံလေးတွေ မပေါ်ရုံကလေး ၊ တကယ်ကို အဲဒါလေး နှစ်ခု အုပ်မိတယ် ဆိုရုံကလေး ကာယဗလမောင်တွေ ရင်အုပ်ကြွက်သား အစွမ်း ကုန် ညှစ်ထုတ် ပြနေတဲ့ ပုံတွေ မြင်ဖူးကြမှာပါ ။ အခုဟာက မောင်တွေ လို ဆီ တော့ သုတ် မထားဘူးပေါ့ ။ မိန်းကလေးချင်း ကိုယ်ချင်း မစာ ပြောတာ မဟုတ်ပါ ။ ဖြစ်နိုင်ရင် ဓာတ်ပုံ ကို သာ ပြလိုက်ချင်ပါသည် ။


“ အမလေး ... ဒုက္ခပါပဲ ”


အဲဒီလို အလန့်တကြား အော်သူ ကတော့ အသက် ငါးဆယ်ကျော် အစ်မကြီး တစ်ယောက် ပဲ ဖြစ်ပါသည် ။ သမီးပျို နှစ်ယောက် ရဲ့ မိခင် ဆို တော့လည်း မြင်ရတဲ့ အနေအထား ကို ရင်လေး မှာပေါ့လေ ။ ဒါတောင် သူ့ သမီးတွေ က ဟော့ဟော့ရမ်းရမ်း မဟုတ်ကြပါ ။ ခေတ်မီ တာ နဲ့ လော်မာ တာ ကို ခွဲခြား သိကြပါသည် ။


“ ဟား ဟား ဟား ... မိုက်တယ် ဟေ့ ”


အဲဒီလို လှောင်ရယ် ရယ်ပြီးတာနဲ့ “ ဒီပုံ နဲ့ အရှက်မရှိ ဓာတ်ပုံ အရိုက်ခံရဲတာများ အံ့ရော ” လို့ ရှုတ်ချ ပြစ်တင် လိုက်သူ ကတော့ လေးဆယ်ကျော် ဘွဲ့ရ အပျိုကြီး ပဲ ဖြစ်ပါသည် ။ 


အခြေအနေ ကတော့ မြင်သူတွေ က ရှက် ပြီး မျက်နှာလွှဲရတဲ့ အနေအထား ကို ရောက်နေ ပါပြီ ။ ယိုသူ မရှက် ဆိုတာက ကျန်းမာရေး ကိစ္စ ခွင့်လွှတ်လို့ ရသေးသည် ။ အောင့်ထား လို့မှ မရတာ ။ ဟုတ်တယ်မို့လား ။ အခုဟာက ဘာကိစ္စလဲ ... ဘာကိစ္စနဲ့ ဒါလောက်တောင် သောင်းကျန်း နေကြတာလဲ ။ မော်ဒယ်တွေ ကလည်း မော်ဒယ်တွေ မို့ ၊ အဆိုတော်တွေ ကလည်း အဆိုတော်တွေ မို့ ၊ မင်းသမီးတွေ က လည်း မင်းသမီးတွေ မို့ အတော်အသင့် ဆို လက်ခံလို့ ရပါသည် ။ အခုဟာ က ကျောက်ခေတ် ကို ပြန် ရောက်လုနီးပါး ရိုင်းစိုင်းနေကြတာ မို့ ပြောရတာပါ ။


“ ကဲ .. ကဲ .. ဘယ်သူတွေ ဘာပဲပြောပြော တို့ အဖို့တော့ ရှေ့လျှောက် ကောင်းဖို့ ချည်းပဲ မောင် ဟုတ်တယ်မို့လား ”


“ ဟုတ်တာပေါ့ဗျာ ၊ ဒါက ကျွန်တော်တို့ အတွက်ပဲ ဥစ္စာ ၊ သူတို့ က မဆိုင်ဘဲ ဝိုင်း ပြောနေကြတယ် ”


ဂျာနယ်လစ် ကောင်လေး ရဲ့ အပြောကို မျက်နှာချင်းဆိုင် က ကောင်လေး က ထောက်ခံလို့ ။


ကိုယ်တို့ ကလည်း ဘယ် အလျော့ပေးမလဲ ၊ နောင်ထပ် ဒါမျိုးတွေ ရှိရင် ယူခဲ့ဦး ဆိုတော့ အများကြီး ကျန်သေးတယ် တဲ့ ။ တကယ် က ဒီ ဓာတ်ပုံတွေ က သူ ရိုက်တာ မဟုတ် ၊ သူ မရောက်ဖြစ်သော ရှိုးပွဲ တစ်ခု မှာ တခြား ဂျာနယ်လစ် ကောင်လေး တစ်ဦး ရိုက်လာသော ဓာတ်ပုံများ ပဲ ဖြစ်ပါသည် ။ ဒီ ဓာတ်ပုံ နှစ်ပုံ ကတော့ ကူးမလောက် ဆိုပဲ ။ ပျိုပျိုအိုအို ကြီးငယ်မရွေး ပုရိသ အပေါင်း က တောင်းကြလို့တဲ့ လေ ။ ကောင်းကြသေးရဲ့လား ။


“ ဒီ ပုံတွေ ကို သူတို့ မိဘတွေ ဆီ ပို့ချင်တယ် ”


“ မလုပ်နဲ့ .. လူ မှားပြီး .. အိတ်ကပ် ထဲ ဆောင်ထားမှ ဒုက္ခ ”


မင်းသမီး က ဆို ငှက်ပျောသီး တောင် စား ပြ နေသေးသည် ။ ဖိးကြမ်းလား ၊ သီးမွှေးလား မခွဲခြား နိုင်အောင် ဓာတ်ပုံ က ဆွဲအားကောင်း လှသည် ။ ဒီအချိန် မှာ သူ ဟာ ပရိသတ် ကို ဒီ နည်းနဲ့ မမြူဆွယ်သင့်တော့ဘူး ။ ပရိသတ် အခိုင်အမာ ရထားတဲ့ မင်းသမီး တစ်ဦး ဟာ ကိုယ့် ဂုဏ်သိက္ခာလေး ကိုတော့ နည်းနည်းပါးပါး ထိန်းသိမ်းသင့်ပါသည် ။ ဒါပေမဲ့ ရင်ညွန့် အပေါ်ပိုင်း ဗလာကျင်း ထားတဲ့ သူ့ ပုံ တွေဟာ စာမျက်နှာတွေ ပေါ်မှာ ပလူပျံ နေတာပဲလေ ။ 


ဒီဇိုင်နာ ဆိုသူတွေ ကလည်း သူများ နိုင်ငံ က အဝတ်အစားတွေ ကို ပုံတူ ကူးကာ ကိုယ်တိုင် ဒီဇိုင်း ထွင်ပါတယ် အော် နေကြတော့ ဘာ ပြောရမှန်း တောင် မသိတော့ ။ ကျောက်မျက် ရတနာတွေ ကို ကြော်ငြာတာလား ၊ မော်ဒယ် တွေရဲ့ အတွင်း ပစ္စည်းတွေ ကို ထုတ်ပြတာလား ။ မြန်မာပြည် မှာ မကြီးကျယ်တဲ့ ရှိုးပွဲ ဆိုတာ မရှိ တော့ပါ ။ သူ့ ထက် သူ လူစွမ်းကောင်းတွေချည်းပါပဲ ။


“ ဒီမင်းသမီး ကို အစက အရမ်းကြိုက် တာ ၊ ခုတော့ တော်ပြီ ၊ မကြည့်ချင်တော့ဘူး ” 


“ မော်ဒယ်မ က ပို ရိုင်းပါတယ်ဟယ် ၊ ဘာလို့များ ဒါလောက် အရှက် နည်းကြတာလဲ ။ စဉ်းစားလို့ ကို မရဘူး ”


“ ဒီပုံ တွေ ကို ဗီနိုင်း နဲ့ ပုံကြီး ချဲ့ပြီး လမ်းဆုံတွေ မှာ ထောင်ထားရရင် ကောင်းမယ် ” 


အဲဒီလို တစ်ယောက် တစ်ခွန်း ဆူညံနေ ချိန်မှာ “ ဘာတွေတုန်းဟေ့ ” ဆိုတဲ့ အသံနဲ့ အတူ နောက်ဆုံး ရောက်လာသူ ဟာ ဒီနား မှာတော့ ဩဇာကိတ္တမ ကြီးမားတဲ့ ဝါအရင့်ဆုံး အပျိုကြီး မမ တစ်ဦး ပဲ ဖြစ်သည် ။ ပွဲ ကတော့ မြိုင်ပြီ ။ စကား ပြောရင် ပျစ်ပျစ်နှစ်နှစ် ၊ ပယ်ပယ်နယ်နယ် ၊ တစ်တစ်ခွခွ နံဘေး ပိဿလေး နဲ့ ပစ်သလို ပြောလေ့ ရှိသူ အပျိုကြီးမမ B.E ဘွဲ့ရ မို့လည်း အားလုံး ပျာ သွားကြသည် ။ ဘယ်လို စကားလုံးတွေများ ကြားရဦးမှာလဲ ဆိုတဲ့ အတွေး နဲ့ ဓာတ်ပုံတွေ ကို အမြန်ဆုံး ပြလိုက်တာပေါ့ ။


အစ်မကြီး ဟာ ဓာတ်ပုံတွေ ကို စိမ်ပြေနပြေ ကြည့်တာမှ အသေအချာ ကို စူးစူးစိုက်စိုက် ဟိုပုံ ကြည့်လိုက် သည်ပုံ ကြည့်လိုက် ။ ကိုယ်တို့ အားလုံးဟာ လည်း သူ့ ပါးစပ်ဖျား က ခုန်ထွက် လာမယ့် စကားလုံးလေး တွေ ကို စိတ်ဝင်တစား ၊ မကြားဝံ့ ၊ မနာသာတွေ ဆိုရင်တော့ မျက်နှာချင်းဆိုင် မှာ ရှိနေတဲ့ ကောင်လေး နှစ်ယောက် ကြား ရင် အားနာစရာကြီး ။


“ အင်း .. ဒီ ကောင်မလေးတွေ တော်တော် သဘော ကောင်းတာပဲ ။ ကိုယ့် ရဲ့အလှ အပကို ရက်ရက်ရောရော ပြ ထားကြတာ ၊ ဒါ တစ်ဦး တစ်ယောက် ပဲ မြင်ခွင့်ရရမယ့် အလှအပ ၊ ခုတော့ အများပြည်သူ ကြည့်ရှု ခံစားရန် သူတို့ ခမျာ အစွမ်းကုန် ကြိုးစား ထားကြတာ ။ တော်တော်ကို စေတနာ သဒ္ဓါအား ကောင်းတဲ့ ကောင်မလေးတွေ ”


ကဲ .. ဘာ ပြောချင်သေး သလဲ ။ အားလုံး ဟာ ခေါင်းညိတ်ပြီး သာဓု ပဲ ခေါ်ရတော့ မှာ လိုလို ။ သူ ပြောတော့ လည်း ဟုတ်တုတ်တုတ် ။ 


 ⎕ မေမောင်

📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

     အောက်တိုဘာ ၊ ၂၀၁၃

Friday, July 1, 2022

မှာချင်တယ် မောင် မလွမ်းနဲ့


 

❝ မှာချင်တယ် မောင် မလွမ်းနဲ့ ❞

ယောက်ျားတွေ ကို ကြည့်တဲ့ ကိုယ့် ရဲ့ အကြည့်တွေ ဝါးတားတား ဖြစ် ဖြစ်နေတော့လည်း အပြစ် မပြောနဲ့ ကောင်လေး ။ တွေ့ကြုံ ၊ ကြားရ သမျှဟာ အထင်ကြီး လေးစားစရာ တစ်ကွက် မှ မရှိတာလေ ။ အလျင် တုန်းက လူတော်ရယ် လို့ ကိုယ့် ကိုယ် ကိုယ် သတ်မှတ်ခဲ့တဲ့ ယောက်ျား တစ်ယောက်ဟာ ကိုယ့် မျက်စိ အောက် မှာပဲ လူညံ့ ဖြစ်ချင် ဖြစ် သွားတတ် တာ ။ အဲဒီတော့ အမြင်မကြည်လင်သူ ရဲ့ အပြစ်လား ၊ မင်းတို့ ကောင်တွေ ရဲ့ အပြစ်လား ၊ ပျော့ညံ့လျော့ရဲ တဲ့ ကိုယ် တို့ မိန်းကလေးတွေ ရဲ့ အပြစ် လား ။ မင်း ဖြေ ။

ဘာပဲ ဖြစ်ဖြစ်လေ ၊ အသာစီး ရနေတဲ့ ယောက်ျားတွေ ကို အမြင် ရှင်းရှင်း နဲ့ ကြည့် လို့ မရတာတော့ ကိုယ် လည်း ဘာမှ မတတ်နိုင်ဘူး ။ ယောက်ျား တစ်ယောက်ကြောင့် ဘဝ စတေး သွားတဲ့ ( ကိုယ့် ရဲ့ သေချာ ပေါက် ယိုးစွပ်မှု ) ကိုယ့် အချစ်ဆုံး သူငယ်ချင်း တစ်ဦး ကို လည်း ကိုယ် တစ်သက်လုံး မေ့ မှာ မဟုတ်တော့ ။

မင်း ကိုလည်း ကိုယ် တစ်ခုတော့ ပြောစရာရှိသေးတယ် ကောင်လေးရေ ။

•••••   •••••   •••••

မေမိုးတို့ ရဲ့ ရုံးကားကြီး ရင်ခွဲရုံ နောက်ကျောဘက် ရှိ လမ်းမ ပေါ် ရောက်တော့ ဆယ့်တစ်နာရီ ထိုးပြီးလို့ မိနစ်နှစ်ဆယ် ခန့် သာ ရှိသေး သည် ။ အဲဒီမှာ ကားလေး လေးစီး သာ ရောက်နှင့်သေး၏ ။ တင်တင်နီ ရဲ့ မိဘဆွေမျိုး အသိုင်းအဝိုင်း လည်း ရောက်နှင့်ဦး မှာပေါ့ လေ ။ ရပ်ကွက် ထဲ က လူတွေ နဲ့ မိတ်ဆွေတွေ ကတော့ ထုံးစံအတိုင်း ဆယ့်တစ်နာရီခွဲ ပြီး လောက် မှပဲ မကင်းရာ မကင်းကြောင်း ကိုယ်ပိုင်ကားတွေ နဲ့ တစ်သွယ် ၊ နာရေးရှင် စီစဉ်ပေးတဲ့ ကားတွေ နဲ့ တစ်ဖုံ ၊ စုပြုံ ရောက်လာကြမှာပေါ့ ။ သုသာန် ကို ပို့ မှာက ဆယ့်နှစ်နာရီတိတိ မှ ဆိုတော့ နည်းနည်း စောနေသေး တယ် ။

အရိပ်ကောင်းတဲ့ သစ်ပင်ကြီး တစ်ပင် အောက်မှာ ကား ရပ်လိုက် တော့ ရုံးသူရုံးသား တချို့ ကတော့ ကားပေါ်မှာပဲ ဆက် ထိုင်နေကြသည် ။ တချို့လည်း အောက် ဆင်း ကာ မိုးတိုးမတ်တတ် ။

မနု ရယ် ၊ ချို ရယ် ၊ မေမိုး ရယ် ကတော့ တစ်ရုံးလုံးမှာ တင်တင်နီ ၏ အချစ်ဆုံး သူငယ်ချင်းများ မို့ ရင်ခွဲရုံ ဆီ သို့ လျှောက်လာခဲ့ကြသည် ။ ရင်ခွဲ ရုံ ဝင်းထဲ ဝင်မိကာမှ မနု က ...  ။

“ ငါ ကတော့ တင်တင်နီ ရဲ့ မျက်နှာလေး ကို မကြည့်ရက်တော့ဘူး ဟာ ။ သွား မနေနဲ့တော့ ”

ကြောက်တတ်သော ချိုကလည်း အင်တင်တင် မျက်နှာလေးနှင့် ။

ဘယ်ရမလဲ ၊ အချစ်ဆုံး သူငယ်ချင်း ရဲ့ နောက်ဆုံး ခရီးမှာ သူ့ မျက်နှာလေး ဘယ်လို နေလဲ ဆိုတာတော့ မေမိုး ကြည့် ချင်သေးသည် ။ လောက ရေစီးကြောင်း မှာ အဆန်လိုက် ပင်ပန်းတကြီး ကူးခတ်ရင်း ခြေကုန် လက်ပန်းကျပြီး စုံးစုံး မြုပ်သွားရှာတဲ့ တင်တင်နီ ဟာ သူ့ရဲ့ နောက်ဆုံး အချိန် မှာ သူ အမြဲပဲ ပြုံး တတ်တဲ့ မဲ့ပြုံးလေး ပဲ ပြုံး နေမလား ။ မဲ့ပြုံး ဆိုတာ တကယ်တော့ အပြုံး တစ်မျိုးပဲဟာ ။ အေးပေါ့လေ ။ ဘဝ ရဲ့ သောကဖိစီး မှု ဝေဒနာတွေ နဲ့ မိန်းကလေး တစ်ဦး ဟာ ဘယ်က လာပြီး သူ့ မျက်နှာပေါ် မှာ ရွှန်းလက်တဲ့ အမှန်အကန် အပြုံးစစ်စစ် တစ်ခု ကို ဖန်တီး နိုင်မှာလဲ ။

လောက ရဲ့ နိယာမ အရပဲ ။ လူ ဆိုတာ မပြုံး ချင် လည်း ပြုံး ပြုံး ချင် လည်း ပြုံး ။ ခဏခဏ ပြုံး နေရတယ် ဆိုတော့လည်း မပြုံးချင်တဲ့ အချိန် မှာ ပြုံး လို့သာ ပြုံး လိုက်ရ ။ ရင် ထဲ က အမဲ့နဲ့ ရော နေတာမို့ မဲ့ပြုံး ပဲ ဖြစ် တော့မှာပေါ့ ။ အဲဒီ မဲ့ ပြုံးမျိုး တင်တင်နီ ပြုံး နေတတ်တာ ကြာပြီ ဆိုတာ သိ ခဲ့ပေမဲ့လည်း မေမိုး တို့ ဘာ တစ်ခု များ သူ့အတွက် လုပ် ပေးနိုင်ခဲ့လို့လဲ ။ ခံစားချက် ပြင်းထန် ပြီး ပြုံးစိစိ တင်တင်နီ ကို မေမိုး တို့ ဟာ ဝေဒနာ ပြေ ရာပြေကြောင်း နှစ်သိမ့်စကားလေး တစ်ခွန်းလောက် တောင် ပြော နိုင်ခဲ့ လို့လား ။

အခု တို့ လာခဲ့ပြီ တင်တင်နီ ၊ လောကကြီး က လွတ်ပြီ ကျွတ်ပြီ ဆိုတဲ့ အချိုး နဲ့ နှင် ကျေနပ်စွာပဲ ပြုံး နေမလား ။ ကျန်းမာရေး ဂရုစိုက်ဖို့ မေမိုး က ပြောတိုင်း ကံ ပါသလောက်ပဲပေါ့ မေမိုး ရယ် လို့ အမြဲ ပြန်ပြော ရင်း ပြုံးတတ်တဲ့ နွမ်းဖတ်လျော့ရဲ အပြုံးလေး ပဲ ပြုံး နေမလား ။

“ ဘာပဲဖြစ်ဖြစ် နင့် နား ကို မရောက် ရောက်အောင် လာခဲ့မယ် တင် တင်နီ ။ ရုံး က ဘယ်သူတွေ နင့် နား ကို လာလာ ၊ မလာလာ ငါတို့ သုံး ယောက် သာ နင့် အနား ကို မရောက်လာဘူး ဆိုရင်တော့ နင် စိတ် မကောင်း ဖြစ်နေမှာပဲ မဟုတ်လား ။ နင် ခရီးရှည် တစ်ခု ကို ဆက်လက် ထွက်ခွာ ခါနီးမှာ စိတ် အနှောင့်အယှက် ဖြစ်အောင် ငါ တို့ မလုပ်ဘူးနော် ”

“ မကြောင်စမ်းပါ နဲ့ မေမိုး ရာ ။ ငါတို့ မသွားလည်း အရေး မကြီးပါဘူး ။ ခုချိန် မှာ တင်တင်နီ က သူ့ သားလေး ရယ် ၊ သမီးလေး ရယ် ၊ သူ့ ယောက်ျား ရယ် ကိုတောင် နှုတ်ဆက် လို့ ဝ မှာ မဟုတ်ဘူး ”

ချို က မျက်နှာ အင်ဖက်လောက်ကြီး ( ချို့ မျက်နှာ က ပြည့်ပြည့် ဝိုင်းဝိုင်းကြီး လေ ) ဖြင့် အကြောက်အကန် ငြင်း နေတော့ မေမိုး ချဉ် သွား ရသည် ။ အဲဒီ ချို ဆိုတာ လူကောင် ကြီး ထွား သလောက် သိပ်ကြောက် တတ်တဲ့ မိန်းမ ။ အသည်း ငယ်ပုံ က လည်း ခန္ဓာကိုယ် နဲ့ လုံးဝ မအပ်မရာ ။ သူ့ အိမ် ရှေ့က နာရေး တစ်ခု ဖြတ် သွားတာ တွေ့ ရ ရင်တောင် သူ က ညကျ အိပ်လို့ ရတော့တာ မဟုတ်ဘူးတဲ့ လေ ။ အဲဒီ ညမျိုး မှာ ဆိုရင် သူ့ ယောက်ျားကြီး ပါ အချောင် အိပ်ရေး ပျက်ပြီ သာ မှတ် ။

“ ဟုတ်တယ် ။ ငါ လည်း မလိုက်ချင်တော့ဘူး ။ ငါ မျက်ရည် လွယ် တတ် တာလည်း နင် သိသားနဲ့ ။ လာပါ မေမိုးရာ ။ ငါ တို့ ကား ပေါ် ကပဲ စောင့် ရအောင် ”

“ ဘယ်ဖြစ်မလဲ မနု နဲ့ ချို ရယ် ”

ဒါပေမဲ့ မလိုက်လိုသော လူများ ကိုလည်း မေမိုး ဇွတ် အတင်း ခေါ် မနေတော့ပါ ။ လူ တစ်ဦး တစ်ယောက် ဟာ သူ့ ဆန္ဒ အတိုင်း စိတ်လက် ချမ်းသာစွာ နေပါစေ ။ လူ တစ်ယောက် ရဲ့ ဆန္ဒ ကို ဇွတ်အတင်း ချိုးနှိမ် လွှမ်းမိုးဖို့ ကြိုးစားရင်လည်း ကြိုးစားသူ ရဲ့ အမှားပဲ ။ သူတစ်ပါး ကို စိတ် ဆင်းရဲစေရင် အဲဒါ နဲ့ ညီမျှတဲ့ စိတ် ဆင်းရဲမှုမျိုး ကိုယ့် ဆီ ပြန် ရစေတယ် ဆိုတာလည်း ငယ်ငယ် ကတည်း က စွဲ လာခဲ့တဲ့ အစွဲ တစ်ခုပဲ ။

မေမိုး တစ်ယောက်တည်း ပဲ ရင်ခွဲရုံ ထဲ ဝင် လာခဲ့တော့သည် ။ ညှီ စို့စို့ အနံ့တစ်မျိုး ရ လိုက်ချိန်မှာ ကျောထဲ စိမ့် သွားသလိုလို ။ “ ဟေ့ အေး ၊ မေမိုး မကြောက်ပါဘူး ။ အခုဟာက အနွေးထည် ဝတ် မလာခဲ့လို့ ။ ဘာ ကြောက်စရာ ရှိလဲ ။ တင်တင်နီ့ ဘေးပတ်လည်မှာ မျက်ရည်စ ကိုယ်စီနဲ့ ဆွေမျိုးသားချင်းတွေ မှ ပြည့်လို့ အားလုံးဟာ ကိုယ့် အပူ နဲ့ ကိုယ် မို့ မေမိုး ကို သတိ မထားမိကြပါ ။ မေမိုး လည်း သူတို့ နောက်မှ တင်တင်နီ့ မျက်နှာလေးကို မြင်သာသော နေရာလေး မှာ ပဲ အသာ ဝင် ရပ်လိုက်မိသည် ။ ရှိုက်သံများ ကြားမှ မေမိုး တစ်ဆို့ဆို့ကြီး ဖြစ် လာသည် ။ မနု သာ ပါ လာ ခဲ့ရင်တော့ မျက်ရည်များ ဒလဟော ကျ နေမှာဖြစ်ပေမဲ့ မေမိုး ကတော့ နဂိုကမှ မျက်ရည် ခိုင် သူ ပီပီ ဝေ့ရုံသာ ဝေ့လာသော မျက်ရည်များ ကို ချက်ချင်းပဲ ပြန် သွင်းလိုက်နိုင်ပါသည် ။

မျက်ဝန်း မှာ ဟို အရင် က ပုံရိပ်များ ပြည့်နှက်လာ၏ ။

တကယ်ဆို မနု ရယ် ၊ ချို ရယ် ၊ တင်တင်နီ ရယ် ၊ မေမိုး ရယ် က ငယ်ပေါင်း သူငယ်ချင်းများ မဟုတ်ကြပါ ။ လုပ်ငန်းခွင် မှာ ဆုံစည်းခဲ့ကြသော သူငယ်ချင်းများ သာ ဖြစ်ခဲ့သည် ။ မေမိုး ဓာတုဗေဒ အဓိက နှင့် ကျောင်း ပြီးတော့ ရန်ကုန်ရုံးချုပ် ဘူမိဗေဒ နှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ( ဘဓရ ) ဓာတ်ခွဲခန်း မှာ အလုပ် ဝင်ခဲ့ရသည် ။ ရုံးချုပ် မှာ အမြဲ နေခွင့် မရသော မေမိုး တို့ သည် နယ်အနှံ့ ရှိ သတ္တုတွင်းများ သို့ အလှည့် ကျ သွား ရောက် တာဝန် ထမ်းဆောင်ခဲ့ကြရသည် ။ အဲဒီမှာ မနု ရယ် ၊ ချို ရယ် ၊ တင်တင်နီ ရယ် ၊ မေမိုး ရယ် က မုံရွာ တစ်ဖက်ကမ်း မှာ ရှိသော ကြေးစင်တောင် ၊ လက်ပံတောင်းတောင် မှာ တုန်း ကလည်း အတူတူ ၊ ကောလင်းမြို့အနီး ဗန့်ဗူးကုန်း စခန်း မှာ လည်း အတူတူ တွဲဖက် တာဝန် ကျဖူးတာမို့ ရင်းနှီး ချစ်ခင်မှုများ က တစ်ရစ်ပြီး တစ်ရစ် တိုး ခဲ့ရသည် ။

အဲဒီတုန်းက တင်တင်နီ ဟာ ကိုတိုးဝင်း နဲ့ တောင် မယူရသေးပါဘူး ။ ကိုတိုးဝင်း က ဘူမိဗေဒသမား ၊ မန္တလေးသား ။ ဒါပေမဲ့ မေမိုး တို့ မန္တလေး မှာ တုန်းက မတွေ့ဖူးကြပါ ။ မန္တလေးသူ ပင် ဖြစ်သော မနု နှင့် တောင် အရင်က သိ မှ မသိကြတာ ။ မေမိုး တို့ အဖွဲ့ထဲမှာ ချို တစ်ယောက်ပဲ ရန်ကုန် သူ ။ တင်တင်နီ ကတော့ မြစ်ဝကျွန်းပေါ် သူ ၊ မြောင်းမြ သူ ။

တင်တင်နီ့ ကို ကိုတိုးဝင်း က ဗန့်ဗူးကုန်း မှာ အတူ တာဝန် ကျစဉ် သဘော ကျတယ် ဆိုတော့တောင် မေမိုး က ကဖျက်ယဖျက် လုပ် ခဲ့သေး တာပဲလေ ။ တကယ်ဆို တင်တင်နီ ဟာ ဘယ် ယောက်ျား တစ်စုံတစ်ဦး ရဲ့ အချစ် ကို မှ လက်ခံသင့်တာ မဟုတ်ဘူး ။ သူ့ မှာ မွေးရာပါ နှလုံးရောဂါ ရှိနေတာ တစ်ရုံး လုံး အသိ ။ သိပ်ပြီး စိုးရိမ်ရတာ မဟုတ်ပေမဲ့ အိမ်ထောင် မပြုဘဲ နေမယ် ဆိုရင်တော့ အကောင်းဆုံး ပဲ ဆိုတာ တင်တင်နီ အသိဆုံး ။ အဲဒီ အခြေအနေ ကတည်း က တင်တင်နီ ယောက်ျား တစ်ယောက် ရဲ့ သွေးဆောင် ဖြားယောင်းမှု နောက်ကို ကောက်ကောက် ပါအောင် လိုက်သွား တော့ မေမိုး ဘာ တတ်နိုင်မှာလဲ ။ စိတ် တိုရုံပဲ ရှိတော့တာပေါ့  ။ ဆရာဝန် က ခွင့်ပြုတယ် ဆိုမှတော့လည်း ဘေးလူ က အနေသားကြီးလေ ။ မနု နဲ့ မေမိုး ဘဝင် မကျပေမဲ့လည်း ကိုတိုးဝင်း ရဲ့ အကြောင်း ကိုတောင် ဝိုင်းကူ စုံစမ်း ပေးရသေးတယ် ။ ယောက်ျား တစ်ယောက် အကြောင်း စိတ်ပါဝင်စားစွာ လေ့လာစူးစမ်းဖူးတာ တစ်သက် မှာ မှတ်မှတ်ရရ ဒီ တစ်ခါ ပဲ လို့ မေမိုး က ပြောတော့ မနု က လည်း ..

“ အေးလေ ၊ ဟုတ်ပါရဲ့ ။ ကိုယ် ယူမယ့် ယောက်ျား ကို တောင် ဒီလို စုံစမ်းဖြစ်မှာ မဟုတ်ဘူး ။ ဒီလို စုံစမ်း ပြီးမှ သာ ယောက်ျား တစ်ယောက် ကို ယူ ရမယ် ဆိုရင်တော့လည်း တော်ပါပြီ ဟယ် ၊ နေပါစေတော့ ” တဲ့ ။

မနု က ထစ်ခနဲ ရှိ မျက်ရည် လွယ်တာ ၊ အေးအေး နေတတ်တာက လွဲလျှင် မေမိုး နှင့် စရိုက် တူသည် ။ ယောက်ျား မကောင်းမြင်တတ်တာ ချင်း တူသည် ။ တင်တင်နီ့ ကိစ္စ မှာ မနု နှင့် မေမိုး က တစ်ဖက် ။ အလုပ် မဝင်ခင် ကတည်း က အိမ်ထောင် ကျတဲ့ ချို က တစ်ဖက် ။ တစ်ခါတစ်ခါ စကားနိုင် လုရင်း ရန်ဖြစ်ရတာ ပျော်ဖို့ ကောင်းသည် ။ 

ဒီခေတ် ထဲ မှာတော့ အသောက်အစား ၊ ကစား ၊ အပျော်အပါး မလုပ်တတ်တဲ့ ယောက်ျား ဆိုရင် ယောက်ျားကောင်း လို့ ယေဘုယျ သတ်မှတ် ရတာပဲ မဟုတ်လား ။ တကယ်လည်း ကိုတိုးဝင်း ဟာ အဲဒါတွေ မလုပ်တတ်တဲ့ လူအေး တစ်ယောက် ။ မိဘအသိုက်အဝန်း ကလည်း လူ လတ်တန်းစား ထဲ ကမို့ တင်တင်နီ ကံကောင်းခဲ့ပါသည် ။ မင်္ဂလာဧည့်ခံပွဲ ကို မြောင်းမြ မှာ တစ်ခါ ၊ မန္တလေး မှာ တစ်ခါ ကျင်းပခဲ့သည် ။ ရန်ကုန် ရုံးချုပ် မှာ ပဲ ရှိနေကြတဲ့ မေမိုး တို့ မြောင်းမြ ကို လိုက်ချသွားကြသလို ၊ နှစ်ပတ်သာ ကွာသော မန္တလေး မင်္ဂလာဧည့်ခံပွဲ မှာလည်း တင်တင်နီ က လိုက်ခဲ့ရမယ် ဆိုတာ နှင့် လိုက်ခဲ့ကြရပြန်သည် ။ 

ဒီ လူ ကြောင့် အခုလို အ,မင်္ဂလာ အခမ်းအနား လည်း စောစီးစွာ ဖြစ် ရလိမ့်မယ် ဆိုတာသာ အဲဒီတုန်းက အသေအချာ သိ ကြည့်စမ်းပါ ။ အဲဒီ မင်္ဂလာအခမ်းအနား နှစ်ခု စလုံး ဟာ ဖြစ်လာစရာ အကြောင်း မရှိပါဘူး ။ အဲဒီတုန်းက မြူးနေ ၊ ကြွနေ ၊ လှနေတဲ့ တင်တင်နီ ။ အခု ဝင်းစက် သော အသားအရေ သည် ပြာလဲ့လဲ့တောင် ဖြစ်ချင်နေပြီ ။ အေးပေါ့ လေ ။ နင် မှ ငါ့ စကား ကို နား မထောင်ခဲ့တာဘဲ လို့ အခုအချိန်မှာ ငါ အပြစ်တင် မနေတော့ပါဘူး ။ နင် ပြောသလို နင့် ကံ ကို က ဒီအတိုင်း ပါ လာတာပဲလို့ တွေး ရတော့မှာပေါ့  ။

ဆရာဝန် က ကလေး နှစ်ဦး သာ ယူ ခိုင်းသော တင်တင်နီ မှာ သား လေး တစ်ယောက် ၊ သမီးလေး တစ်ယောက် ရ လာသည်အထိ အဆင်ပြေ နေသေးသည် ။ ကလေး တစ်ခါ မွေးတိုင်း သေလုမြောပါး ခံစားရသော ဝေဒနာတွေ ကို မေမိုး တို့ ကို ပြော ပြတော့ မနု က စုတ်သပ်ပေမဲ့ မေမိုး က တော့ နှာခေါင်း ကို ပြားကပ်နေအောင် ရှုံ့ ပစ်ခဲ့သည် ။

“ ခံပေါ့ နင့် အပြစ်နဲ့ နင် ။ ယောက်ျား တစ်ယောက် ကို ကြိုက်လွန်း ၊ နှစ်သက်လွန်း လို့ ဖြစ် လာတဲ့ ကိစ္စပဲ ။ ဒါ သနားစရာ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး ”

အဲလို မေမိုး ကလည်း ပြော ၊ ချို က ဆဲ ပေမဲ့ တင်တင်နီ ကတော့ ရှက်ရယ် ရယ်လို့သာ နေခဲ့သည် ။

အဲဒီတုန်း ကတောင် ဝေဒနာ ကို သားသမီး ဇော နဲ့ လက်မြှောက် အရှုံး မပေးဘဲ ရှင်သန် လွတ်မြောက်ခဲ့ပြီးခါမှ ..

“ တောက် ... ကိုတိုးဝင်း ဆိုတဲ့ အစုတ်ပလုတ်ကောင်ကြီး ၊ ဒီလူ ဘယ် ရောက်နေပြီလဲ ။ တင်တင်နီ ဆေးရုံ တက် တုန်းကလည်း မေမိုး ရောက်တဲ့ သုံးခေါက် စလုံးမှာ ဒင်းကြီး ကို မတွေ့ခဲ့ဘူး ။ အခု သူ့ မိန်းမ ကို မကြည့်ရက်ဘူး ဆိုပြီးတော့များ အပြင် မှာ ထွက် နေတာလား ။ အဲဒီ လူ က ယောက်ျား တန်မယ့် အင်မတန် မူရာမာယာ များ တဲ့လူ ။ အေးလေ ၊ အဲဒါကြောင့်ပဲ ၊ ဒေါ်မာမာအေး ဆိုတဲ့ ယုံတမ်းစကား သီချင်း ဟာ ပေါ် လာခဲ့တာပဲ ။ သီချင်းရေး ဆရာ တကယ် တော်တယ် ။ တင်တင်နီ ဟာ ပထမ တော့ ဖျာလိပ်လေးလို ထိပ်ပေါ် တင်ထား ခံခဲ့ရပြီး နောက်တော့မှ ဖျာလေး တစ်ချပ် လို တကယ်ပဲ နင်းခြေ ခံခဲ့ရတာ ။ လူအများ ရှေ့မှာ ကိုတိုးဝင်း ဆိုတဲ့ လူဟာ တင်တင်နီ့  ကို သိပ် ချစ်ပုံ ၊ သိပ် ယုယပုံနဲ့ ”

လူရိုးလူအေး ဟု အများ လက်ခံထားသော ကိုတိုးဝင်း ။ ဘယ်အချိန် က ပြောင်းလဲသွားမှန်း မေမိုး တို့ လည်း မသိလိုက်ပါ ။ ကံကြမ္မာ မျက် လှည့်ဆရာ ရဲ့ လျင်မြန်ဖျတ်လတ်ပုံ ဟာ အံ့သြစရာ ကောင်းလိုက်ပါရဲ့ ။ ပြော မကောင်းတဲ့ ကိစ္စ မဟုတ်ဘူး လို့ များ တင်တင်နီ က ယူဆ ခဲ့လို့လား ။ တကယ်လည်း ပြောလို့ ကောင်းတဲ့ ကိစ္စတွေ မှ မဟုတ်ခဲ့တာလေ ။ သူငယ်ချင်း ရယ် လို့ ဖွင့်ဟ ညည်း မိရင်လည်း “  နင့် အပြစ် နဲ့ နင် ခံလို့ ” လို့ မေမိုး က စာနာမှု ကင်းမဲ့စွာ ပြော မှာကို မခံချင်လို့လား ။ ကိုတိုးဝင်း ရဲ့ ပြောင်းလဲမှု များ ကို မေမိုး တို့ အပေါင်းအသင်း သူငယ်ချင်းများ အား တင်တင်နီ ဘာ တစ်ခွန်း မှ မဟခဲ့ပါ ။ ကိုတိုးဝင်း တစ်ယောက် သောက်တတ်စား တတ်လာ တာ ၊ ကစား တတ်လာ တာ ၊ ပွေတတ်ရှုပ် တတ် လာတာ မျက်မြင်သမားများ က သေချာပေါက် ပြော ပြမှပဲ မေမိုး တို့ သိခဲ့ရသည် ။ ကိုတိုးဝင်း နှင့် မေမိုး တို့ ကလည်း အတွေ့ရ ကျဲ သွားတာကိုး ။ တင်တင်နီ နဲ့ တောင် လင် မယား အတူ နေရချိန်က သိပ် ရှိတာမှ မဟုတ်တာ ။

နယ်အနှံ့ သတ္တုတွင်းများ သို့ လှည့်ပတ် တာဝန် ထမ်းနေရတဲ့ ကို တိုးဝင်း အကြောင်း တင်တင်နီ တောင် တော်တော်ကြီး လွန်မှ သိပုံ ရသည် ။ မန္တလေးသူ တစ်ပိုင်း ဖြစ်နေသော တင်တင်နီ နှင့် မေမိုး တို့ ကလည်း ခု နောက်ပိုင်း မန္တလေး ရုံး ခွဲ မှာပဲ အနေ များတော့ တော်ရုံတန်ရုံ ကိစ္စဆို ဘယ် သိနိုင်တော့မှာလဲ ။ ကလေး နှစ်ဦး ဝေယျာဝစ္စ တစ်ဖက် နှင့် မြို့စွန် ရှိ ရုံး ကို ကား နှစ်ဆင့် ပြောင်း စီး ပြီး မှ ဖတ်သီဖတ်သီ ရောက် လာရတဲ့ တင်တင်နီ ။ သူ့ ယောက်ျား လူရိုးလူအေးကြီး အလွန်အကျွံ ဖြစ်မှာ မဟုတ်ဘူး ဟု အပိုင် တွက်ကာ စိတ်ချလက်ချပဲ နေ ခဲ့မှာပေါ့ လေ ။ သံဖြူဇရပ် ဘက် မှာ ကိုတိုးဝင်း တာဝန် ကျစဉ် မိန်းကလေး ငယ်ငယ်လေး တစ်ဦးနှင့် ယူ တော့ မည်ဟု သတင်း အခိုင်အမာ ရမှ တင်တင်နီ မျက်ကလဲဆန်ပျာ ဖြစ် ကာ လိုက် ချသွားရသည် ။ 

စဉ်းစား ကြည့်စမ်းပါ ။ နဂို က မှ ရောဂါ အခံ ရှိရသည့် အထဲ ဒီလို ယောက်ျား တစ်ယောက် ကို လင် တော် ထားရတဲ့ မိန်းမတစ်ယောက် ရဲ့ နှလုံးသား ဟာ အလကား ပြန် ကောင်း လာနိုင်ဦးတော့မလား ။

ရုံး ကို ရောက်တာ နှင့် ခြင်းတောင်း ကို ပစ် ချကာ စားပွဲခုံ ပေါ် မှာ မှောက်ခုံကြီး ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတဲ့ တင်တင်နီ ကို မြင် ရတာ မသက်သာလိုက်တာ ။ မွေးရာပါ နှလုံးရောဂါ ထက် ကိုတိုးဝင်း ကြောင့် ဖြစ်တဲ့ နှလုံးကွဲ ရောဂါ ကို ကြိတ်မှိတ် ခံစားရင်း မေမိုး တို့ နဲ့ တောင် ဟို တုန်းကလို ဟက်ဟက်ပက်ပက် မနေနိုင်တော့ဘဲ တင်တင်နီ ကို မေမိုး ကတော့ စာနာမှု ကင်းခဲ့ပါသည် ။

“ ရောက်တဲ့ အရပ် မှာ အိမ်ထောင် ပြု ချင်တဲ့ ယောက်ျား တစ်ယောက် အတွက် နဲ့ များ စိတ်ဆင်းရဲ ခံလို့ ။ မေမိုး နဲ့ များ နေရာ ချင်း လဲ ချင်တယ် ”

အဲလို ပြောတော့ ချို က “ နင် က ကာယကံရှင် မှ မဟုတ်တာ ။ နင် သာ တင်တင်နီ့ နေရာ မှာ သာဆို နင် အဲဒီလို မပြောနိုင်ဘူး ” တဲ့ ။

“ လောင်း မလား ။ ယောက်ျား တစ်ယောက် ကို ကောက် ယူပြမယ် ။ မကောင်းဘူး ဆိုတဲ့ နေ့ မေမိုး တို့ က အဲဒီ ယောက်ျား ကို လွင့် နေအောင် ကန် ထုတ်လိုက်မယ် ။ ဘာကြေး လောင်း မလဲ ။ ဘဝ ကို စတေး ပစ် ရမှာ ဆိုတော့ လောင်းကြေး နည်း လို့တော့ မဖြစ်ဘူးနော် ”

ချို ကလည်း နည်းနည်းလေး မှ မလျှော့ ။

“ အဲဒီ ကတည်း က နင့် မှာ အချစ် မှ မပါဘဲ ။ အချစ် နဲ့ စ တည်ဆောက် ပြီး မှ အဆင် မပြေဖြစ်ရတဲ့ အိမ်ထောင်ရှင်မ တိုင်း နှလုံး ကွဲ ၊ အသည်း အက် ကြ တာချည်းပဲ ”

အပြန်အလှန် ငြင်းရင်းခုံရင်း နောက်ဆုံးတော့ လည်း ဒါတွေ နင် နားမလည်ပါဘူး မေမိုးရာ ဆိုပြီး စကား ကို အနိုင် ပိုင်းကာ ဖြတ် ချသွား တတ်သည် ။

တင်တင်နီ့ အပေါ် မှာ မေမိုး တကယ်ပဲ မစာနာတတ်ခဲ့တာလား ။ မဟုတ်သေးပါဘူး ။ ညီမရင်းချာ တစ်ယောက် လို ချစ်ခင်ပြီး စာနာခဲ့လို့ ပဲ “ လစာမဲ့ ခွင့် ယူပြီး မြောင်းမြ ပြန် အနားယူချည် ” လို့ ခဏခဏ ပြော ခဲ့ ဖူးတာပဲ ။ တင်တင်နီ ကတောင် ပြန် အော်ခဲ့ဖူးသည်လေ ။

“ ဘေး က ပြောတော့ လွယ်လွယ်လေး ။ ငါ့ ကိစ္စ ငါ သိတယ် ။ လို အပ်ရင် ပြန်မယ် ” တဲ့ ။ မေမိုး စိတ် မဆိုးရက်ပါ ။ အဲဒါ စာနာ တတ် လို့ပေါ့ ။

တစ်ခါတစ်ခါ တော့လည်း မျက်ဝန်း မှာ မျက်ရည် စ တွေ   အပြည့်နဲ့  ။ “ မေမိုး ရယ် နင့် စကားအတိုင်း အိမ်ထောင် မပြုဘဲ နေ ခဲ့ရင် အခု လောက် ဆို ငါ့ ရောဂါ ပျောက်ချင် ပျောက် နေလောက်ပြီနော် ” တဲ့ ။ အဲလို ပြောချင် ပြော နေပြန်ရော ။ မေမိုး ကလည်း “ ကိုတိုးဝင်း သာ ယုတ်မာ ရိုင်းစိုင်း မသွားဘူး ဆိုရင် နင့် ရောဂါ တိုး လာစရာ အကြောင်း မရှိပါဘူး ” လို့ ပြန် ပြော မနေခဲ့တော့ပါဘူး ။

တဖြည်းဖြည်း ဖြင့် တင်တင်နီ ကို ကြည့် ရတာ လုံးဝ အခြေအနေ မဟန်တော့ပါ ။ နောက်ဆုံး ဆေးရုံ တင် လိုက်ရသည် ။ ခွဲစိတ် ကုသဖို့ မလို တော့ လောက်အောင်ပင် ရောဂါ က ကျွမ်းခဲ့လေပြီ ။ တင်တင်နီ က သူ့ နှလုံးရောဂါ အကြောင်း သူ့ ဆွေမျိုးသားချင်များ အား လုံးဝ မသိ စေခဲ့ရ ။ အိမ်ထောင် ပြုတာကို သဘော မကျသော မိဘများ အား စိတ် မဆင်းရဲစေရ ။

ယောက်ျား တစ်ယောက် ကို ရင်ကွဲ ပက်လက် ရေငုံ နှုတ်ပိတ် ချစ် ပြသွားတဲ့ တင်တင်နီလို မိန်းကလေးမျိုး လောကကြီး မှာ ဘယ်နှဦး တောင် ရှိ နေပြီလဲ ။ ဒါ ချီးကျူးစရာ ကိစ္စ မဟုတ်ဘူးလေ ။ မေမိုး သာ ဆိုရင် ...

“ ဘေး က ပြောတော့ လွယ်လွယ်လေးရယ် လို့ ငါ့ ကို ပြန် ပြောပါဦး တင်တင်နီ ရယ် ။ ငါ့ ကိစ္စ ငါသိတယ် ” လို့လေ ။

စက်သံ ခပ်ကြမ်းကြမ်း ကား တစ်စီး ထိုး ဆိုက်သံနှင့် အတူ အော်ဟစ် ငိုသံများ ဆူညံ သွားသည် ။ ဒါ တင်တင်နီ ကို တင်ဆောင်သွားမယ့် ကား ပဲ ။ ကိုတိုးဝင်း ကို အခုထိ အရိပ်အယောင် မမြင်ရသေး ။ လက် မှ နာရီ လေး ကို ကြည့် လိုက်တော့ သတ်မှတ်ချိန် ရောက်ရန် ဆယ်မိနစ် ခန့် သာ လို တော့သည် ။

“ တိုးဝင်း ရော မလာသေးဘူးလား ”

မေးသံ နှင့် ဝင် လာတဲ့ ကိုတိုးဝင်း ရဲ့ အဖေ ကြောင့် ပဲ ငိုသံများ ရပ် သွား၏ ။ ကိုတိုးဝင်း ၏ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းများ ပွစိ ပွစိ ဖြစ် ကုန်ကြသည် ။ တင်တင်နီ့ ဘက်က ဆွေမျိုးတွေ ကတော့ တစ်ပူ ပေါ် နှစ်ပူဆင့် မျက်နှာ ငယ်ငယ်ကလေး များ နှင့် ။

“ ယပ်တောင်တွေ သွား ယူမယ် ဆိုပြီး ထွက် သွားတာ ။ အခု ယပ် တောင်တွေ ကို ငါ ယူခဲ့ရတယ် ။ ဒီကောင် .. တောက် ”

တင်တင်နီ နဲ့ ပတ်သက်သူ အားလုံး မငို နိုင်ကြပါ ။ ကလေး နှစ် ယောက် တောင် မျက်လုံးကလေးတွေ ကလယ်ကလယ် နှင့် သူ့ အမေ ကို လှမ်း ကြည့်လိုက် ၊ လူကြီးတွေ ကို ကြည့်လိုက် ။ တစ်စတစ်စ ချဉ်းကပ်လာ တဲ့ အချိန် ကြောင့် ကိုတိုးဝင်း ကို စောင့် ချင်သူတွေ ၊ မစောင့် ချင်သူတွေ ကွဲပြားကုန်သည် ။ တင်တင်နီ့ ဘက်ကတော့ ဧည့်သည်တွေ မို့ ဘာမှ အလွန်အကျွံ ဝင် မပြောကြပေမဲ့ သူတို့ ကိုတိုးဝင်း ကို မကျေနပ်ကြပါ ။ တမလွန် က တင်တင်နီ ရဲ့ သဘောထား ကရော ဘယ်လို ရှိနေမှာပါလိမ့် ။ နောက်ဆုံး အချိန်မှာ သူ့ အနား မှာ ရှိ မနေတဲ့ သူ့ရဲ့ ချစ်လှစွာသော ယောက်ျားကြီး ကို စောင့် ချင်ရှာမှာပဲ ။ စောင့်ပါဦး လို့ ပြော နေသလိုလို ။

လုပ်မနေနဲ့ တင်တင်နီ ။ နင် ဖြောင့်ဖြောင့်ကြီး နဲ့ ပျော်ပျော်ကြီး သွား ပြလိုက်စမ်း ။ ဇနီးသည် ရဲ့ နောက်ဆုံး ခရီး မှာ ၊ နောက်ဆုံး အချိန်လေး မှာတောင် အနီးအနား မှာ မနေနိုင်ရလောက်အောင် အဲဒီ ယောက်ျား မှာ အခြား အရေးတကြီးကိစ္စ ဘာ ရှိနိုင်သေးလို့လဲ ။

ရုတ်တရက် မီး ပျက်သွားတဲ့ မှောင်ကြီးမည်းကြီး ထဲ အဆံ မပါတဲ့ မီးခြစ်ဘူး ကို စမ်း မိလိုက်သလိုမျိုး မေမိုး ရင် ထဲ မှာ ဒေါသတွေ ထွက် လာ သလို ၊ အခု ချက်ချင်း ကိုတိုးဝင်း ကို ရောက်လာစေချင်သော ဆန္ဒများ က လည်း တဖွားဖွား ။ အသက် အောင့်ကာ ဖနောင့် နှင့် ခုနစ်ချက် ပေါက် ရင်း သာ ကိုတိုးဝင်း ကို အော် ခေါ်လိုက်ချင်တော့သည် ။ စိတ် တွေ အိုက်ကာ ချွေးတွေတောင် စို့လာသည် ။ တင်တင်နီ ရဲ့ ဘေးနား မှာ ရှိနေတဲ့ လူတွေ အားလုံး ရဲ့ ရင်ထဲမှာလည်း မေမိုး လို ပဲ ဖြစ် နေကြမယ် ဆိုတာ မေမိုး သေ ချာပေါက် ပြောရဲပါသည် ။  ။

“ လုပ်စရာ ရှိတာ လုပ် မယ်ဟေ့ ။ ဟိုကောင့် ကို စောင့် မနေနဲ့တော့ ”

ကိုတိုးဝင်း အဖေ ၏ ခပ်ပြတ်ပြတ် အသံ နှင့် အတူ ခုနက ကား ပေါ် မှာ ပါ လာတဲ့ သေတ္တာရှည်လေး ထဲ တင်တင်နီ့ ကို ထည့်ရန် ပြင်ဆင်ကြ ချိန်မှာတော့ ငိုသံများ က တစ်ဖန် ပွက်ခနဲ ညံ သွားပြန်သည် ။

ငါးမိနစ် တောင် လိုသေးတာ ဥစ္စာ ။ အဲဒီ ငါးမိနစ် ဆိုတဲ့ အချိန် အတွင်း မှာ ကိုတိုးဝင်း ပြန် ရောက် လာနိုင်တာပဲ ။ ဒါပေမဲ့ အဲဒီ အချိန်လေး ဟာ တင်တင်နီ့ ကို သေတ္တာရှည်လေး ထဲ ထည့် မှာ နဲ့ ၊ ကား ပေါ် တင် မှာ နဲ့ ၊ ဒီ က ထွက်ခွာဖို့ ပြင်ဆင်ရမှာ နဲ့ ဆိုရင် သိပ်တောင် လုံလောက်တဲ့ အချိန် မဟုတ်တော့ဘူးလေ ။

တင်တင်နီ့ မျက်နှာလေး အား နောက်ဆုံး ကြည့် မိတော့ မျက်ဝန်း ထဲ မှာ ဝါး သွားရသည် ။ လူ့ သက်တမ်း ကို ခြောက်ဆယ် ပဲ ထား ။ နောက်ထပ် အနှစ် သုံးဆယ်လောက် နေ နိုင်သေးတဲ့ ကောင်မလေး တစ်ဦး ရဲ့ နောက်ဆုံး ခရီး ပါ လား ။ ကျန် နေသေးတဲ့ ဘဝတွေ မှာ ဒါမျိုး ဘယ်တော့မှ မကြုံပါ စေနဲ့ တော့ တင်တင်နီ ။

အရေးထဲမှာ နှစ်ပူ ပေါ် သုံးပူ ဆင့် ၊ တင်တင်နီ့ ကို သယ်ဆောင်မယ့် ကားကြီး က တော်တော် နဲ့ စက် နှိုးလို့ မရပြန် ။ အားလုံး မျက်စိ မျက်နှာ ပျက် ကုန်ကြပြန်သည် ။ တိုက်ဆိုင်မှုပဲလား ။ သူတို့တွေ အယူသည်းစွာ ပြောကြသလို တင်တင်နီ က ကိုတိုးဝင်း ကို စောင့် နေတာလား ။ သိပ်မကြာ ခင် ဝူးခနဲ ကား စက် နိုးသွားတော့မှ အားလုံး ရင် ထဲ မှာ ဟင်းခနဲ သက်ပြင်း ချ နိုင်ကြတော့သည် ။

ကြည့်ဦး ။ ကားတွေ တောင် အသင့် စီပြီးလို့ စက်တောင် နှိုး ထား ကြပြီ ။ ဟို ကားကြီး ထွက် လာတာနဲ့ နောက် က တန်းပြီး ထွက် ကြရုံပဲ ။ ကိုတိုးဝင်း ကတော့ ရောက် မလာသေး ။

စိတ်ဆိုးမာန်ဆိုး ကားပေါ် ပြန် ရောက်လာတဲ့ မေမိုး ကို နု နှင့် ချို တို့ က အံ့သြ နေကြသည် ။ ထင် မှာပဲလေ ။ တင်တင်နီ့ ဆီ မေမိုး တစ်ယောက် တည်း သွားရလို့ ဆိုပြီး ။ ဘယ်လိုပဲ ထင်ကြထင်ကြ ၊ မေမိုး ရှင်း မပြအား သေးပါဘူး ။ လောလောဆယ် တော့ ယောက်ျားတွေ ကို ဒေါသတွေ မတရား သဖြင့် ထွက်နေတာပဲ မေမိုး သိသည် ။

အိမ် ပြန် ရောက်လို့ ညီမလေးတွေ ကို ပြောပြရင်တော့ ထုံးစံ အတိုင်း အစာ မကြေခြင်း အတွက် အဝေရာ ရှိတယ် ၊ အဝေရာ ရှိတယ် ဆိုပြီး တီဗီ ထဲ ကလို သံနေသံထား နှင့် အော် ကြလိမ့်ဦးမည် ။

   •••••   •••••   •••••   •••••

အဲဒါပဲ ကောင်လေး ရေ ။ အဲဒီ နေ့ က တင်တင်နီ့ နား ကို တကယ် ကိုတိုးဝင်း ရောက် မလာခဲ့ဘူး ။ တင်တင်နီ့ ကို သယ်ဆောင်သွားတဲ့ ကားကြီး ကလည်း ဆီ ပိတ် တာလိုလို ၊ ဆီ မလိုက်တာလိုလို တုံ့နှေး တုံ့နှေး နဲ့ ။ နှစ်ပြ ခရီးလောက် ရောက် မှ ဆိုင်ကယ်တစ်စီး က ကိုယ်တို့ ကားတွေ ကို ဝေါခနဲ ကျော် တက်သွားတယ် ။ နောက်မှာတော့ ခေါင်း ငိုက်စိုက်နဲ့ မူး နေ တဲ့ ကိုတိုးဝင်း ။ သူ့ ကို တင်တင်နီ့ နောက် က ကပ်လျက် ကားပေါ် ပြောင်း တင်ပေးရသေးတယ်လေ ။ မင်း စဉ်းစားကြည့်စမ်း ။ အရက် ကို ကြိုက်လို့ သောက် တဲ့ အဆင့် မှာ ရောက် နေတဲ့ ယောက်ျား တစ်ဦး ရဲ့ ရင် ထဲ က ပူ လောင်မှု ဟာ သေဆုံးသွားတဲ့ ဇနီးမယား ကြောင့်တော့ လုံးဝ မဟုတ်နိုင် ဘူး ဆိုတာ ကိုယ် ပြော ရဲတယ် ။ လောင်းမလား ကောင်လေး ။ ဒါပေမဲ့ ယောက်ျား တစ်ယောက် ဟာ သိက္ခာ ကို ဆယ်ဖို့ အတွက် အမှန်တရား ကို ဘယ်တော့မှ ပြော ရဲ မှာ မဟုတ်ဘူး ။ သိက္ခာ မရှိတဲ့ ယောက်ျားတွေ ဟာ မဟုတ်တမ်းတရမ်းတွေ ပြောပြီး သိက္ခာ ဆည်နေကြတာ ။ လောကကြီး တစ်ခုလုံး နဲ့ တောင် အဲဒီလို မဟုတ်တမ်းတရမ်းတွေ မဆံ့ ချင်တော့ဘူး ။ ခပ်ပျော့ပျော့ ခပ်ထုံထုံ မိန်းမတွေ ကတော့ အဲဒီ မဟုတ်တမ်းတရမ်း တွေ ကြား မှာ မြုပ်ချည်ပေါ်ချည် နဲ့ပေါ့ ။

မင်း ကို ကိုယ် တစ်ခု ပြောစရာရှိတယ် ဆိုတာလေ ။ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ ကိုယ်တို့နှစ်ယောက် တကယ်လို့ ချစ်သူတွေ ဖြစ် သွားကြပြီ ဆိုပါတော့ ။ ပြီးတော့ အိမ်ထောင် ပြုကြပြီ ဆိုပါတော့ ။ ကိုယ့် မှာ နှလုံးရောဂါ တော့ ရှိ မနေပါဘူး ။ ဒါပေမဲ့ မပြောကောင်း ပြော ကောင်း ကိုယ်များ မင်း ထက် အလျင် လောကကြီး ထဲ က ထွက် ခွာခဲ့ရရင် လေ ။ ကိုယ် အသက် မဲ့ တဲ့ အချိန် က စပြီး တစ်သက်လုံး ကိုယ့် ကို မင်း မလွမ်းချင်နေ ။ ကိုယ့် ရဲ့ နောက်ဆုံး အချိန်လေး မှာတော့ မင်း ဟာ ယပ်တောင်လေး တစ်ထုပ် ရယ် ၊ ပန်းခွေလေး တစ်ခွေ ရယ် ၊ ဝမ်းနည်းကြေကွဲ နေတဲ့ မျက်နှာလေး ရယ် နဲ့ အနည်းဆုံး နာရီဝက် လောက်တော့ ကိုယ့် နား မှာ နေပေး ရမှာနော် ။

ဘယ့်နှယ်လဲ မောင် ။ နေပေးမယ် မဟုတ်လား ။ ကိုယ် တို့ နှစ်ယောက် ချစ်သူတွေ ဖြစ်ပြီး ၊ အိမ်ထောင် ကျပြီး ၊ ကိုယ် က အလျင် ဘဝ တစ်ပါး ကို ပြောင်း သွားခဲ့နှင့် ရင် လေ ။

◾ မေမောင်

📖  ရုပ်ရှင်အမြူတေ မဂ္ဂဇင်း
       ဇန်နဝါရီ ၊ ၁၉၉၂

www.facebook.com/aung.naingoo.3726613

.