Showing posts with label သန်းမြင့်အောင်. Show all posts
Showing posts with label သန်းမြင့်အောင်. Show all posts

Saturday, May 30, 2026

သည်နှင့်အမျှ


❝ သည်နှင့်အမျှ ❞
( သန်းမြင့်အောင် )

“ ယနေ့ပြုရသော ဒါနကုသိုလ် ၊ သီလကုသိုလ် ၊ ဘာဝနာ ကုသိုလ် အစုစုတို့ကြောင့် တပည့်တော်မ၏ သားကြီး အသက်ရှည် အနာကင်းပြီး ဘေးမသီ ရန်မခ ၊ ကြံတိုင်းအောင် ဆောင်တိုင်း မြောက်ပြီး စီးပွား လာဘ်လာဘများ တစ်နေ့တခြား တိုးတက်ပါစေ ဘုရား ”

“ ဒူ ... ”

သိပ်များ လောဘကြီးသွားသလားတော့ မသိဘူး ။ ဒါပေမဲ့ အဲဒါ သားကြီးအတွက် တစ်နေ့မှ မပြတ်တဲ့ အမေ့ဆုတောင်းလေ ။ လွမ်းလိုက်တာ ၊ သည်နှစ်ထဲမှာ သားကြီးကို ဘယ်လိုလွမ်းမှန်း မသိဘူး ။ အရင်တုန်းက သားကြီးဆီက ငွေပို့ရင် စာလေးတစ်စောင်တလေ ပါလာသေးသည် ။ ခုနောက်ပိုင်း သားကြီး စာမရေးတော့ဘူး ။ တစ်လတစ်ခါ ငွေမှန်မှန် လာပို့တဲ့ သူ့တပည့်စံခင်ကတော့ ဆရာ အလုပ်တွေ တအားများ နေတယ် ။ အမေ နေကောင်းရဲ့လား ကြည့်ခဲ့ ၊ အမေ ဘာလိုသေးလဲ မေးခဲ့ဖို့ တဖွဖွ မှာတယ်လို့ ပြန်ပြောပါတယ် ။

ဘာမှ မလိုပါဘူး သားရယ် ၊ သားကြီးက အမေ့ကို လိုလေသေး မရှိအောင် ပို့နေမှ အမေ ဘာလိုတော့မှာလဲ ၊ အမေ လိုတာတစ်ခုက ငါ့သားကြီးရဲ့ မေတ္တာအငွေ့အသက်လေ ။ ခုဆိုရင် ဆယ်နှစ် ကျော်ပြီလေ ။ သားကြီး အမေ့ကို ချစ်တာ ၊ ဂရုစိုက်တာ အမေ ကျေနပ်ပါတယ် ။ အမေ့ဆီ လာမတွေ့ နိုင်တာကတော့ သားကြီးက အလုပ်တာဝန်တွေ သိပ်များတဲ့ သူကိုး ။ ငါ့သားလို ဆရာဝန်ကြီး တစ်ယောက်ကို မွေးထားရတာ အမေ ဘယ်လောက် ဂုဏ်ရှိတယ် မှတ်သလဲ ။

သည် ရွာကလေးမှာ ဆရာဝန် ဖြစ်အောင် မွေးနိုင်တဲ့ မိန်းမဆိုလို့ တစ်ယောက်ပဲ ရှိတာ သားရဲ့ ၊ အခု ငါ့သားကြီး အသက်လေးဆယ်ကျော်တဲ့ အထိ ငါ့သားလို သားမျိုး ဘယ်မိန်းမကမှ မမွေးနိုင်သေးဘူးလေ ။ သည်တော့ သားကြီး အရှိန်နဲ့ အမေ့မှာ မျက်နှာကို ပွင့်လို့ပေါ့ ။

ဒါပေမဲ့ အမေ မွေးလိုက်တဲ့ သားက သိပ်အတော် လွန်သွားတော့ တဖြည်းဖြည်း အမေနဲ့ ဝေးကွာနေပြီပေါ့ ။ အမေ မသေခင် ခဏတစ်ဖြုတ်လောက်ပဲဖြစ်ဖြစ် ငါ့သားနဲ့ နီးနီးကပ်ကပ် နေချင်သေးတယ် သားရယ် ။

တစ်နေ့တခြား အလုပ်တွေ ပိနေတဲ့ သားကြီးက အမေ့ဆီ ဘယ်လာနိုင်ပါတော့မလဲ ။ မနေနိုင်တော့တဲ့ အမေကပဲ သားကြီးဆီ လိုက်ရတော့မှာပေါ့ ။ ဒါကြောင့် သည် တစ်ခေါက် စံခင် အလာကို အမေ မျှော်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေရတယ် ။

ဟိုးအရင်နှစ်တွေက သားကြီး ရန်ကုန်က ပြန်လာတိုင်း အမေကိုယ်တိုင် ထည့်ကျွေးတဲ့ လှော်စာကို မြိန်ရေရှက်ရေ စားနေကျ ။ အမေ မေ့နေရင်တောင် အမေ လှော်စာထည့်ဦးလေလို့ သတိပေးတတ်တဲ့ သားကြီးအတွက် ရန်ကုန်ကျရင် ထည့်ကျွေးဖို့ လှော်စာဆေးနဲ့ ကောက်ညှင်းဆန် ကောင်းကောင်းကို အရင်ဆုံး စုဆောင်းထားလိုက်ရတယ် ။

မျှော်တုန်းမျှော်ဆဲမှာပဲ စံခင် တစ်ယောက် ပေါက်ချလာပါရောလား ။ လက်ထဲက အထုပ်အပိုးမှ ချလို့ မပြီးခင် အမေက -

“ မင်းပြန်ရင် ငါ လိုက်မလို့ စံခင်ရေ ၊ ငါ့သားကို အောက်မေ့လွန်းလို့ ”

ဆိုတော့ သူက ပါးစပ်အဟောင်းသားနဲ့ အမေ့ကို မော့ကြည့်နေတယ် ။ အမေ သည်လို တစ်နေ့မှာ လိုက်လာလိမ့်မယ်လို့ သူ မျှော်လင့်ထားပုံ မရဘူး ။

“ ဆရာက မမှာလိုက်ဘူး အမေရဲ့ ”

“ ဘာရယ် .. သူ မှာမှ ငါက လိုက်ရမှာ လားဟဲ့ ”

“ မဟုတ်ဘူးလေ ၊ အမေ လိုက်လည်ချင်ရင် ကျွန်တော် အခု ပြန်သွားရင် ဆရာ့ကို ပြောလိုက်မှာပေါ့ ၊ ဆရာက နောက်တစ်ခေါက် ခေါ်ခဲ့ဆို ကျွန်တော် လာခေါ်မှာပေါ့ ။ ဒါမှ ဆရာလည်း အမေ့အတွက် ကြိုတင်ပြင်ဆင်ထားစရာရှိတာ ပြင်ဆင်ထားမှာပေါ့ ”

“ အမယ် အမယ် ... ကိုယ့်သားဆီ ... ကိုယ်သွားတာများ ခွင့်တောင်းနေရဦးမှာလား စံခင်ရဲ့ ၊ ငါက ဘယ်လိုဖြစ်ဖြစ် နေတတ် ၊ စားတတ်တဲ့ တောသူပါဟဲ့ ငါ့အတွက် သူက ဘာမှ ပြင်ဆင်နေစရာ မလိုဘူး ၊ ငါကသာ သူ့အတွက် ပြင်ဆင်လာမှာ  ၊ မင်း ဘာမှ ဆင်ခြေဆင်လက်တွေ ပေးမနေနဲ့ ၊ ငါ လိုက်ကို လိုက်မယ် ဒါပဲ ”

ကျိန်းသေလက်သေ စီမံထားတဲ့ အမေ့ကြောင့် စံခင် အတော်အကျပ်ရိုက်သွားပုံပဲ ။

••••• ••••• •••••
  
အို ... ကြီးကျယ် ခမ်းနားပါပေ့တော် ၊ ကျယ်လိုက်တဲ့ တိုက်ကြီး ။ ကော်ဇောကြီးနဲ့ အဖိုးတန် ပစ္စည်းတွေကလည်း ခန်းလုံးပြည့် လက်လက်ကို ထလို့ ။

အမေ့အကြိုက်ဆုံးက ဆိုဖာလို့ ခေါ်တဲ့ ကုလားထိုင် အိအိကြီးတွေ ၊ ထိုင်လိုက်ရတာ အရသာကို ရှိလို့ ။

ငါ့သားကြီး တယ်ဟုတ်နေပါလား ၊ ချွေးမနဲ့ မြေးတွေကလည်း အမေ့ အနားမှာ ဝိုင်းလို့ ၊ သူတို့လေးတွေ ငယ်ငယ်နဲ့ အမေ့ဆီ တစ်ခေါက် ရောက်လာကြပြီးကတည်းက ခုမှပဲ တွေ့ကြရတော့တာ ။ မြေးတွေက အပျိုကြီးဖားဖား ၊ လူပျိုကြီးဖားဖားတွေ ဖြစ်လို့ ။ လမ်းတွေ့ရင် ဘယ်မှတ်မိနိုင်ပါ့မတုံး ။ ချွေးမကလည်း စိန်နားကပ်ကြီး တဖျပ်ဖျပ်နဲ့ ဝလို့ ဖီးလို့ ။ အဲ အမေ့ သားကြီးကတော့ မရှိဘူးလေ ။ ဆေးခန်းမှာ တဲ့ ။ အမေ ရောက်နေမှန်း သိရင် ကဆုန်ပေါက်ချလာမှာ မြင်ယောင်သေး ။

အဲဒီနေ့ ညနေမှာ သားအပြန်ကို မျှော်ရင်းနဲ့ပဲ မိုးသာ စုံးစုံးချုပ်သွားတော့တယ် ။ သားကြီးက ပြန်ရောက်မလာဘူး ။ အလုပ်တွေ သိပ်များနေလို့တဲ့ ။

အေးလေ ... မနက်ဖြန်တော့ တွေ့ရမှာပေါ့ ၊ အလုပ်များ တယ်ဆိုတာ ကျေနပ်စရာပဲ မဟုတ်လား ။ ကိုယ်ပိုင်ဆေးခန်းဆိုတော့ ရသလောက် ကိုယ့်အတွက်ချည်းပဲ မဟုတ်လား ။ ဒါကြောင့်လည်း သားကြီးတို့ ဒီလို နေနိုင်ကြတာပေါ့ ။

မနက်ကျတော့ သားကြီး ပြန်လာရင် ထမင်းလက်ဆုံ မြိန်မြိန်လေး စားစေချင်လို့ သူ ကြိုက်တာကလေးတွေ ရွေးချက်ချင်တာနဲ့ အိမ်ဖော်ကောင်မလေးကို အဖော်ခေါ်ပြီး ဈေးထဲ လိုက်ပို့ ခိုင်းရတယ် ။

ရန်ကုန်မြို့ကြီးက ဈေးဝယ်ရတာကစ တယ်ခေတ်မီနေပါလား ။ ကြက်သွန်ဖြူဆို ခွာပြီးသား ၊ အစိမ်းကြော်အတွက် အသီးအရွက်ဆို လှီးပြီးသား ၊ မဆလာ အစုံဆို ထောင်းပြီးသား ။

ဒါပေမဲ့ အမေကတော့ ကိုယ်တိုင်ထောင်းရ ၊ ထုရမှ အရသာ ပိုရှိတယ် ထင်တာ ။ ဈေးရောင်းကြတာလည်း စိတ်မရှည်သလိုပဲ ။ ဘူးသီးနဲ့ ကြက်သားကို ကာလသားဟင်းလေး ချက်ချင်တာနဲ့ ဘူးသီးသည် ရှေ့ရပ်ပြီး -

“ ဘူးသီးက နုရဲ့လား ”

လို့ မေးလိုက်မိလို့ ဘူးသီးသည်က မျက်နှာထားတင်းတင်းနဲ့ -

“ အပျို့ ပါးထက်တောင် နုသေး ” ဆိုပဲ ။

အမေကတော့ စွန့်စွန့်စားစား ကိုယ်တိုင် ထွက်ဝယ် ချက်ပြုတ်ပြီး စောင့်နေလိုက်ရတာ ၊ ကိုယ်တော်မြတ်က ဒီမနက်လည်း ပြန်ရောက်မလာပြန်ပါလား ။ လွန်လွန်းပြီ ထင်တယ်နော် ။

ချွေးမနဲ့ စံခင် ကလည်း ဘာဖြစ်နေရတာလဲ ။ တော်ကြာ တိုးတိုးတိုးတိုး ပြောလိုက် ၊ အပြင်ထွက် သွားလိုက် ၊ တယ်လီဖုန်းနား သွားပြီး ဟိုလှည့် သည်လှည့် လုပ်လိုက် ၊ ပွစိပွစိ ပြောလိုက် ၊ စံခင်ကလည်း ဝင်လိုက် ထွက်လိုက် ။ အမေ ရှိရင် မပြောကြပြန်ဘူး ။ သူတို့ နှစ်ယောက် ဘာတွေ ကိစ္စများ နေကြပါလိမ့် ၊ လိုက်ကာကြားကနေ နားစွန်နားဖျား ကြားလိုက်ရတာတွေက -

ဟိုတစ်ယောက် ဆိုတာရယ် ၊ မနေ့က ပိတ်ရက် အဆက်အသွယ်ပြတ် ၊ ဒီနေ့တော့ ဆေးခန်းမှာ သေချာ ဆိုတာတွေ ကြားလိုက်မိတာပဲ ။ အဲဒါတွေ တွတ်တွတ်တွတ်တွတ် ပြောပြီး စံခင် ပြန်ထွက် သွားပြန်ရော ။

ဘာတွေ ဖြစ်နေမှန်း မသိတော့ အမေလည်း စောင့်မနေချင်တော့ဘူး ။

“ သမီး ၊ အမေ ဆေးခန်းလိုက်သွားချင်တယ် ”

ဆိုတော့ ချွေးမက တွေသွားတယ် ။

မြေးအလတ်မက -

“ ကောင်းသားပဲ ၊ မေမေ အပြင် သွားမလို့ဆို ဘွားဘွားကို ဆေးခန်း ဝင်ပို့ပေးလိုက်ပါလား ၊ ဒါမှ ဖေဖေလည်း ဆေးခန်းပိတ်ရက် အိမ်ပြန်ပါလာမှာ ”

လို့ ပြောတော့ သူ့အမေက -

“ ဟဲ့ ... ” လို့ တစ်ခွန်း ဝင်ဟန့်တယ် ။

အင်း ... ရေးရေးတော့ သဘောပေါက်မိသလိုပဲ ။

••••• ••••• •••••

အလုပ်ခန်းဆိုတဲ့ နေရာကလည်း တိတ်ဆိတ်ငြိမ်သက်တဲ့ အရပ်က သီးသန့်ကျယ်ဝန်းတဲ့ ခြံကြီးတစ်ခုအတွင်းမှာပဲ ။ အမေက ချွေးမကို ကားပေါ်က မဆင်းခိုင်းတော့ဘဲ စိတ်ချလက်ချ ထားခဲ့ဖို့ မှာပြီး ပြန်လွှတ်လိုက်တယ် ။

သားကြီးကို အရင် သွားမတွေ့သေးဘဲ သိပ်ပြီး များပြား ပြည့်သိပ်နေတဲ့ သူ့အလုပ်တွေကို စောင့်ကြည့် အကဲခတ်ချင်လို့ ကိုယ့်ကိုယ် မသိတဲ့ အပြင်ခန်းက လူနာတွေ ကြားမှာ ဝင်ပြီး အသာလေး ထိုင်စောင့်နေလိုက်တယ် ။

ဝေဒနာသည် လို့ ထင်ရတဲ့ အမျိုးသမီးတွေ အကုန်လုံးဟာ သာမန်လူကောင်းနဲ့ သိပ်ပြီး ခြားနားမနေတာကိုတော့ အရင်ဆုံး သတိပြုမိတယ် ။

ကိုယ့်အလှည့်ကို စောင့်ဆိုင်းရင်း မိန်းမသဘာဝ ရောက်တတ်ရာရာတွေ ပြောကြတဲ့ အထဲက ဒီဆရာဝန်ကြီးက ငွေယူ ဘယ်လို ရက်စက်တဲ့ အကြောင်း ၊ မိန်းမက ဘယ်နှယောက် ၊ သားသမီးတွေက ဘယ်လို ၊ တိုက်က ဘယ်နှလုံး ၊ ကားက ဘယ်နှစီးတဲ့ ၊ တိုးတိုးကြိတ်ကြိတ်  စကားသံတွေဟာ အမေ့နှလုံးသားကို တုန်ခါလှုပ်ယမ်းစေတယ် ။

အမေ့သားကြီး တစ်ယောက် ပျော်မလားလို့ ပြက်ကြည့်ရင်းနဲ့ အပျက်ထဲမှာ ပျော်နေပြီ ထင်ပါရဲ့ ။ ငွေမက်တယ် ဆိုတာ အတိုင်းအတာတော့ ရှိရမှာ ပေါ့ကွယ် ။

“ ဆရာ စကိုင်ပြီ ဆိုရင် ဒီမှာ တစ်ရက်တော့ ထားရလိမ့်မယ် ၊ အားလုံးပြီးစီးမှ ပြန်လွှတ်မှာ ၊ အစောင့်တစ်ယောက်က လွဲရင်တော့ ဘယ်သူမှ အဝင်အထွက် မလုပ်ပါစေနဲ့ ”

စားပွဲတစ်လုံးနဲ့ လူနာစာရင်း ယူနေတဲ့ စာရေးက လူနာရှင်တစ်ယောက်ကို ပြောနေတဲ့ အသံ ။

စမ်းသပ်ခန်းလို့ ရေးထားတဲ့ အခန်းထဲက သားကြီးကို လူဝင်လူထွက် ခန်းဆီးစကို လှပ်လိုက်တဲ့ အချိန်တိုင်းမှာ တစ်စွန်းတစ်စ လှမ်းမြင်လိုက်ရလို့ အခန်းနံရံကို ကျောကပ်ပြီး ကုပ်ကုပ် ကလေး ထိုင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ ဘေးမှာ ဝင်ထိုင်ပြီး အခန်းထဲက သားကြီးရဲ့ စကားပြောသံကို နားထောင်နေမိပြန်တယ် ။

“ ခင်ဗျား ညာပြောလို့ မရဘူး ၊ ကျွန်တော်က စမ်းကြည့်တာနဲ့ သိတယ် ၊ အဲသလောက် ရင့်နေရင် မလွယ်ဘူး ၊ သက်စွန့်ဆံဖျား လုပ်ရမှာ ၊ ငွေကို ကြည့်မနေနဲ့ ၊ ကျန်းမာရေးအတွက် လုံးဝ တာဝန်ယူတယ် ၊ စိတ်ချ ”

အဲဒီအချိန်မှာပဲ မျက်နှာချင်းဆိုင် အခန်းထဲက လက်အိတ်စွပ်ပြီး ပြောင်လက်နေတဲ့ စတီးခွက် ကောက်ကောက်ကြီး တစ်ခုကို ကိုင်ပြီး ထွက်လာတဲ့ လူတစ်ယောက်က အမေ့ဘေးက လူနာရှင် မိန်းမဘေး ကပ်လာပြီး -

“ ပြီးသွားပြီ ဒီမှာ ”

ဆိုတော့ မိန်းမကြီးမျက်နှာ ဝင်းလက်သွားတာပဲ ။ အဲဒီခွက်ထဲကို လှမ်းကြည့်လိုက်တော့ ...

အလို ... ဘုရား ... ဘုရား ။

••••• ••••• •••••

မိုက်လိုက်တဲ့ သားကြီးရယ် ၊ အမေ့သားဟာ အင်မတန်မှ သီလ ၊ သမာဓိနဲ့ ပြည့်စုံတဲ့ ရွာဦးကျောင်းဆရာတော်ဘုရားရဲ့ တပည့်ရင်း ဖြစ်ခဲ့ဖူးသူပါ ။

မင်းအသက် ၊ မင်းအရွယ် ၊ မင်းပညာ ၊ မင်းရဲ့ ဂုဏ်သိက္ခာနဲ့ အနည်းဆုံး ငါးပါးသီလတော့ မြဲသင့်တာပေါ့ ။

“ ဒီဘဝမှာ ဒီခန္ဓာနဲ့ စံပြီး နောက်ဘဝမှာ နောက်ခန္ဓာနဲ့ ခံကြတော့မယ် ” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ များ ငရဲကြီး ရှစ်ထပ်ကို အုံနဲ့ကျင်းနဲ့ ကြိုးစားနေကြတာလားကွယ် ။

အမေ  ရင်နာလိုက်ပါဘိတော့ ။ မင်းကတော့ ကာမဂုဏ် စည်းစိမ်တွေ ခံစားပြီး သားသမီးတွေကို ဟိုတစ်ယောက် သည်တစ်ယောက် စိတ်ရှိတိုင်း မွေးပြီး သူတစ်ပါး မျိုးဆက်တွေကိုတော့ -

မင်း သိပ်ရက်စက်ပါလား ။

လောကမှာ အမေ အကြောက်ဆုံးသူဟာ မင်း ဖြစ်သွားပြီ ။

အမေ မင်းကို မတွေ့ရဲတော့ဘူး ။

အလင်း ရှိရင် အမှောင်ရှိတယ် ။

အဖြစ် ရှိရင် အပျက်ရှိတယ် ။

မင်း တစ်နေ့နေ့တော့ လောကကျိန်စာ သင့်လိမ့်မယ် ။

မကောင်းတာကို မကောင်းမှန်း သိပါလျက်နဲ့ ရည်ရွယ်ချက်နဲ့ မိုက်နေကြတဲ့ သတ္တဝါတွေဟာ အဖြစ်မှာ သာယာသလောက် အပျက်ကျရင် သူမတူအောင် တုန်လှုပ်တတ်ကြတဲ့ သဘာဝ ရှိတယ် ။

ဒါကြောင့် မင်းကို အမေ သနားတယ် ။

အကယ်၍များ အမေ နေ့စဉ် ပို့သတဲ့ မေတ္တာတွေကြောင့် မင်းဘဝမှာ ပြီးပြည့်စုံတဲ့ ရှင်သန် ရပ်တည်ခွင့် ရနေတယ် ဆိုရင် -

ဒီကနေ့က စပြီး မင်းကို အမေ မေတ္တာ မပို့တော့ဘူး ။

မင်း ဘေးမသီ ရန်မခ သမျှ ... ။

▢  သန်းမြင့်အောင်
📖 ပန်းဝေသီ မဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၁၉၉၃ ခုနှစ်

Tuesday, March 31, 2026

အချစ် စမ်းချင်စမ်း မစမ်းချင်နေ


 

❝ အချစ် စမ်းချင်စမ်း မစမ်းချင်နေ ❞
        ( သန်းမြင့်အောင် )

“ ကျုပ် အသက် ၁၉ နှစ် သမီးကတည်းက လင်ယူလာတာ ။ အခု အသက်ငါးဆယ် ပြည့်တော့မယ် ။ တစ်ချက်ကလေးမှ အလုပ်နဲ့ လက် မပြတ်ရသေးဘူး ။ အဲဒီလောက် လင်ကို ညှာတဲ့ ကောင်မ ၊ ရှာလည်း ကြည့်ကြဦး ”

ဒေါ်လှမေက အိမ်ဘေး ရေစင်တွင် ဟင်းရွက်တွေ ဆိတ်ဆွ ဆေးကြောရင်းက မကျေမနပ်နှင့် တရစပ် ပြောနေသည် ။

“ ကလေးသုံးယောက် ဗိုက်ကြီးလွယ်ထားတဲ့ အချိန်တောင် ကျုပ်က နားတာ မဟုတ်ဘူး ။ မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတာ သူများတွေ ပြောတဲ့ စကား ၊ ကျုပ်ကတော့ သူတစ်ထမ်း ကိုယ်တစ်ထမ်းကို ထမ်းလာခဲ့တာ ။ သင်းက ခုမှ ကိုယ့်အသက်ကို အားမနာ ၊ သမီးနဲ့ သမက်နဲ့ ၊ မြေးနဲ့ ဖြစ်မှ ဖောက်လှဲဖောက်ပြန်တဲ့ လူတော့ လာပါစေ ၊ လှမေ အကြောင်း ကောင်းကောင်း သိသွားမယ် ”

တဖြည်းဖြည်း အရှိန်မြင့်လာတော့ ဆိုင်ကလေးထဲ စားပွဲထိုးပေးနေသော သမက်လုပ်သူ ကျော်အောင် က သူ့မိန်းမ အေးနွယ် ကို လှမ်းပြီး မျက်စပစ်ပြလိုက်သည် ။

‘ အဘွားကြီး ကြမ်းနေပြီ ’ ဟူသော အဓိပ္ပာယ်ကို အေးနွယ် ကလည်း သတိပြုမိကာ ပြုံးယောင်ယောင် ဖြစ်သွားသည် ။

“ ဟင်း ပြောရင်း ... ပြောရင်း ဒေါသဖြစ်တယ် ။ အဲဒီ ကုန်ကားမောင်းတဲ့ အလုပ်ကို ဖြတ်ရင် ဖြတ် ၊ မဖြတ်ရင် ကားပါ မီးနဲ့ ရှို့ပစ်မယ် ။ ဒရိုင်ဘာ ငှားပြီး ခိုင်းပါ ဆိုတော့လည်း ပြောမရတာ ဒါကြောင့်ကိုး ၊ သူ့ကိုယ်သူ လည်လှပြီ မှတ်နေတာ ”

“ ဟာ အမေကလည်း တိုးတိုးပြောပါ ၊ အမေ့အသံက ပြောရင်း ပြောရင်း ကျယ်လာပြီ ။ အိမ်ရှေ့မှာ ထမင်းစားတဲ့ လူတွေ ကြားကုန်ပါဦးမယ် ”

မနေနိုင်တော့တဲ့ အလတ်မ မိသွယ်က အမေ့ကို လှမ်းပြောလိုက်သည် ။

“ ကြား .... ကြားအေ ၊ ကိုယ့်အကြောင်း ကိုယ် ပြောတာ သူများ အကြောင်း ပြောတာ မဟုတ်ဘူး ”

“ ရှက်စရာကြီး အမေရာ ၊ မပြောပါနဲ့  ၊ အမေ မရှက်ဘူးလား ” 

“ ရှက်နိုင်ပေါင် ”

“ အမေ မကျေနပ်တာ အဖေ့ကို မဟုတ်လား ။ အဖေ လာမှ ပြောပေါ့ အမေရာ ။ အခု အမေ ပြောနေတာတွေ အဖေ ကြားတာမှ မဟုတ်တာ ”

“ သူ မကြားလည်း သူ့သမီးတွေ ကြားတယ်လေ ၊ ညည်းတို့ ကြားတယ် မဟုတ်လား ။ ပြန်ပြောလိုက်ကြပေါ့ ”

“ အဲဒီလိုဆိုလည်း အိမ်သားတွေချည်း ရှိတဲ့ အချိန် ပြောပါ အမေရာ ၊ အ မေ့ဆို င်မှာ ထမင်းစားတဲ့ လူတွေ ၊ အလုပ်ကြမ်းသမားတွေ ၊ ဆိုက်ကားသမား ၊ ကားသမားတွေနဲ့ အမေရဲ့ ”

“ အဲဒါ ဘာဖြစ်တုံး ”

“ သူတို့ ခမျာ ဒီအချိန်လေး နားရတာ ။ စားတုန်း သောက်တုန်း နားအေးပါအေး နေပါစေ အမေရာ ၊ ကိုယ့် ကိုယ့်ရေးကိုယ်တာကြောင့် သူများ အနှောင့်အယှက် မဖြစ်ပါစေနဲ့ ၊ အမေ ဆူပူနေရင် စိတ်ညစ်ပြီး နောက် ဘယ်လာအားပေးချင်ပါ့မလဲ ”

“ ညည်းတို့ .. ရှက် ရှက်တယ် ပြောစမ်းပါအေ ”

အငယ်မကပါ ဝင်တားတော့ ဒေါ်လှမေ လေသံပျော့သည် ။ ဒါတောင် “ ညည်းတို့ကို တကယ် အရှက်ခွဲမှာက ကျုပ် မဟုတ်ဘူးအေ့ ၊ ညည်းအဖေ ၊ ညည်းတို့ ကြပ်ကြပ် သတိထားကြတော့ ” ဟု ဆိုကာ နေရာမှ ဆောင့်အောင့်ပြီး ထွက်သွား၏ ။

“ အဖေက မမိုက်ဘူးဟာ ”

ညနေဆိုင်သိမ်းချိန် အမေနှင့် သမက်ဖြစ်သူ ကျော်အောင်တို့ သီရိမင်္ဂလာဈေး သွားတုန်းမှာ ညီအစ်မသုံးယောက် ခေါင်းချင်းဆိုင်မိကြချိန်တွင် မိသွယ်က စပြော၏ ။ အကြီးမ အေးနွယ်က နှစ်နှစ်သာသာ အရွယ်ရှိ သားငယ် ရွှေတိုး ကို ပွေ့ထားရင်းက ...

“ ယောက်ျားတွေက အဲဒီလိုပဲဟဲ့ ၊ မိန်းမနဲ့ မျက်ခြည်ပြတ်သွားတာနဲ့ ဖောက်ပြန်ချင်တာ ။ ကြီးကြီးငယ်ငယ် လွှတ်ထာလားလို့ မရဘူး ”

ဆိုတော့ အဖေ့အသည်းကျော် အငယ်မ ...

“ အမယ် ၊ မနွယ်က အဲဒီလိုတော့ မပြောပါနဲ့ပနော် ။ မနွယ် ယောက်ျားနဲ့ နှိုင်းပြီး မပြောပါနဲ့ ။ အဖေကြီးက အဲဒီလို မဟုတ်ပါဘူး ။ ခုလည်း ဘကြီးအေးမောင် မူးမူးနဲ့ ပြောတဲ့အတိုင်း ဟုတ်ချင်မှ မဟုတ်မှာပါ ။ သူများ ပြောတိုင်း စွတ်ယုံမနေကြနဲ့ ဦး ”

“ ငါ့ယောက်ျားလည်း အဲဒီလို မဟုတ်ပါဘူးနော် ။ ငါက တွေ့ဖူးတာတွေကို ပြောတာ ”

အကြီးမက လျှောချသွား၏ ။

“ မနွယ် ကျတော့လည်း လွန်လွန်းပါတယ် ။ ဟိုလူနဲ့ စကားပြော ပြောနေပြန်ပြီ ။ ဒီလူ ပြုံးပြ ပြပြန်ပြီနဲ့ မျက်စိအောက်က အပျောက်မှ မခံတာ ။ မနွယ်ယောက်ျားက ဘယ်လှုပ်ရဲမလဲ ”

“ နေစမ်းပါဦးဟာ ၊ အဲဒါတွေ အရေးမကြီးပါဘူး ။ ဖေကြီးကိစ္စ တကယ်ဟုတ် ၊ မဟုတ် သိချင်တယ် ။ ဟုတ်နေရင်တော့ ဒုက္ခပဲ ”

“ သိဘူးလေဟာ ၊ သူတို့ ကားသမားအချင်းချင်း ပြောတာပဲ ။ ဟုတ်မှာပေါ့ ”

“ ဒါဆို ဖေကြီး လာရင် အမေ သောင်းကျန်းတော့မှာ သေချာတယ် ”  

“ သောင်းကျန်းပါစေ ၊ ဝင်မဆွဲကြေး သိလား ”

“  အေး ”

ညီအစ်မတွေ စိတ်တူ သဘောတူ တိုင်ပင်ထားကြ၏ ။ သမီးတွေက အဖေ့ကို သည်းသည်းလှုပ် ချစ်သလို အမေ့ကိုတော့ အသနားပါ ထပ်၍ ပိုနေကြသေး၏ ။ သူတို့ အမေသည် အခြား အမေတွေထက် မိသားစုအပေါ် အနစ်နာခံသည်ဟု သူတို့ ယူဆ၏ ။ မိသားစုအပေါ်တွင်သာမက အမေသည် သူ့ဆိုင်မှာ စားသောက်သူတွေ အတွက်လည်း စေတနာထားရှာသည် ။ အမေ့ဆိုင်ကလေးက လက်လုပ်လက်စားများ၏ စားမြိန်ဝိုင်းဖြစ်သည် ။

“ ဆင်းရဲသား ဆိုတာ ငါးပိ ၊ တို့ စရာတို့ကို ဦးစားပေးရတာ ။ အာဟာရလည်း ရှိတယ် ။ အကုန်လည်း သက်သာတယ် ။ ငါးပိ ၊ တို့စရာ ကောင်းရင် ဟင်းကောင်းမလိုပါဘူး ။ ပိုက်ဆံ ရှာရတာ လွယ်တာ မဟုတ်ဘူး ” ဟု ဆိုတာ ဖောဖောသီသီ ဝဝလင်လင် ကျွေးနိုင်ရေးအတွက် အပင်ပန်းခံကာ အချိန်မရလျှင် ညဘက် ဆိုင်ပိတ်ချိန်မှ ဖြစ်စေ ညလုံးပေါက် သီရိမင်္ဂလာဈေးသို့ သွား၍ ခြင်းကြီး ခြင်းငယ်ဖြင့် ဟင်းသီးဟင်းရွက်များ ကျုံးဝယ်လေ့ ရှိ၏ ။ ထို့ကြောင့် အမေ့ဆိုင်တွင် ထမင်းစားသူတို့က ငါးပိရည် ကောင်းကောင်း ၊ တို့စရာ စုံစုံ ၊ ဟင်းသီးဟင်းရွက်ကြော်များများ ၊ ချဉ်ရည်ဟင်း ပျစ်ပျစ်တို့ ဖြင့် ထမင်းမြိန်လေ့ရှိ၏ ။

••••• ••••• •••••

“ အမေ ထမင်းမစားရသေးဘူး မဟုတ်လား ။ ခူးလိုက်မယ်နော် ” 

သီရိမင်္ဂလာဈေးမှ ပြန်လာပြီး ဆေးလိပ်တစ်တိုနှင့် ငိုင်နေသော အမေ့အနားကို မိသွယ် ရောက်သွား၏ ။

“ မခူးနဲ့ ... မခူးနဲ့  ၊ မစားချင်ဘူး ”

“ အမေ အမောပြေရင် စားလိုက်တော့လေ ၊ ဈေးသွားခါနီး ကျွန်တော် စားတုန်းကလည်း အမေ ဝင်မစားဘူး ”

ကျော်အောင်ကပါ အမေ့ကို လှမ်းပြော၏ ။

“ ငါမှ မဆာသေးတာ ၊ ဆာရင် စားမှာပေါ့ ၊ မင်းတို့ လင်မယား ပြီးရင် ပြန်ကြတော့လေ ၊ ကလေးအိပ်ချင်နေရောပေါ့ ”

အကြီးမ လင်မယားက သူတို့ နှစ်အိမ်ကျော်တွင် နေသည် ။ အိမ်ထောင်ကျပြီး ကတည်းက ကျော်အောင့်ကို နဂိုအလုပ်က ထွက်ခိုင်းပြီး အမေက ဆိုင်တွင် ကူခိုင်းတာ စားစရိတ်ငြိမ်းပြီး လခကို သက်သက်ပေးသည် ။ သူစိမ်း ခေါ်မည့်အစား သားသမီးကို ထားတော့ အမေလည်း အဆင်ပြေ ၊ သူတို့လည်း စုမိဆောင်းမိ ရှိသည် ။

“ အမေက ဘာလို့ မစားသေးတာလဲ ”

မိသွယ်က ပြောမရတော့ အငယ်မကပါ ထပ်ကာ အမေ့အနား ကပ်ထိုင်ရင်း မေးပြန်၏ ။

“ မစားချင်လို့ပေါ့ဟဲ့ ”

“ ဘာလို့ မစားချင်ရတာလဲ ”

“ မဆာလို့ .. မဆာလို့ ”

မိငယ်က မချိုမချဉ် မျက်နှာဖြင့် အမေ့ကို ဖက်ကာ ..

“ အမေ အသည်းကွဲနေတာ မဟုတ်လား ”

“ တယ် ... ဒီကောင်မ ”

မိငယ်က စတော့ ဒေါ်လှမေ မျက်နှာကြီးရဲကာ လှမ်းခေါက်မည်ပြု၏ ။

“ ဟုတ်ပါတယ် ။ တို့ အမေကြီးကလည်း ဖေကြီးကို အောက်မေ့ပြီး အသည်းကွဲနေတာ ။ ထမင်းတောင် မစားနိုင်ဘူးဟေ့ ၊ ရယ်ရတယ် ” 

“ အောင်မယ် ၊ သင်းအတွက်များ ငါက အစားပျက် အသောက်ပျက် ဖြစ်ရအောင် သင်းက ဘာမို့လို့လဲ ၊ ညည်းတို့က အဲဒီလို ထင်နေရင် ယူလာခဲ့ ကျုပ် စားပြမယ် ။ ထမင်းနဲ့ ဟင်း ပုံခဲ့ ”

ဒေါ်လှမေက စိတ်မရှည်သလို ပြောတော့ ...

“ အဖေနဲ့ အမေ့ကိုတော့ မိငယ်မှ ပဲ နိုင်တယ် ” ဟု ပြောကာ မိသွယ်က ထမင်းပြေးထည့်၏ ။

••••• ••••• ••••• 

“ အဟုတ် ပြောတာလား ဒေါ်ကြီးရာ ၊ ဒေါ်ကြီးယောက်ျားကိုယ်တိုင် တွေ့ခဲ့တာလား ”

“ အေးလေ ၊ သူပြောလို့ ငါသိတာပေါ့ ၊ ညည်းအမေကိုလည်း သူပဲ ပြောတာ မဟုတ်လား ”

“ အခု အမေက တအား ခံစားနေရတာ ။ အဖေလာရင် ပြဿနာတက်မှာ သေချာတယ် ”

“ ဒုက္ခပါပဲအေ ၊ ကျုပ်တို့ လင်မယားတော့ တရားခံဖြစ်တော့မယ် ထင်တယ် ”

“ မဖြစ်ပါဘူး ဒေါ်ကြီးရာ ၊ ပြန်ပြောပြတာ ကျေးဇူးတောင် တင်ပါသေးတယ် ။ ဒေါ်ကြီးတို့သာ မပြောရင် အဖေ နယ်မှာ မိန်းမယူထားရင်တောင် မိငယ်တို့ သိမှာ မဟုတ်ဘူး ”

“ အဲဒီလောက်လည်း မဟုတ်ပါဘူးအေ ၊ ညည်းအဖေက လူရိုးပါ ။ အခုဟာက မိန်းမက ကပ်နေတဲ့ ပုံပါ ။ ငါ့အိမ်က လူကမှ ခပ်ရှုပ်ရှုပ်ရယ် ။ အဲဒီမိန်းမက ညည်းအဖေ လာရင် ကွမ်းယာ ဆီးကျွေး ၊ ဆေးလိပ် ဆီးတိုက်နဲ့တဲ့  ။ ပြီးတော့ သူတို့ နှစ်ယောက် ထမင်းဆိုင်မှာ အတူမှာ စားကြတာလည်း သုံးလေးခါလောက် မြင်တယ်ဆိုတော့ မရိုးတော့ဘူး ထင်လို့ ပြောတာပါ ။ ကျုပ်လည်း မသိဘူး ။ သူ ပြောသမျှ သိတာ ”

“ အခုတောင် သူတို့ ညားနေပြီလား မသိဘူးနော် ဒေါ်ကြီး ”

“ ခဏတစ်ဖြုတ် အပျော်သဘော နေ့မှာ ပါအေ ၊ သမီးတွေ မြေးတွေကို တုန်နေအောင် ချစ်တာ ၊ ကိုထွန်းအောင် ဒီလိုတော့ မလုပ်တန်ကောင်းပါဘူး ”

“ အပျော်သဘောလည်း ဘယ်ကောင်းမလဲ ဒေါ်ကြီးရာ ၊ ရှက်စရာကြီး ”

မိငယ် အိမ်ပြန်ရောက်တော့ အစ်မနှစ်ယောက်ကို အတွင်းခန်းမှာ အိပ်နေသော အမေ မကြားအောင် သူ သိခဲ့သမျှကို ပြန်ပြီး ဖောက်သည်ချနေတော့၏ ။ အဒေါ်နှစ်ယောက်နှင့် အမေ ကြားတွင် ရွှေတိုးကလေးက မျက်လုံးကလယ်ကလယ်နှင့် ရှိနေရှာ၏ ။

ကနေ့ည ဒေါ်လှမေ တစ်ညလုံး အိပ်မပျော် ။ အတွေးတွေက လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ဆီ ရောက်နေ၏ ။

အဲဒီတုန်းက အုပ်လုံးသိမ်းစ အလှသွေးကြွယ်ကာ ကြောက်တတ်သော လှမေ ၊ ကာလသား တစ်ယောက်ယောက်ကများ ခပ်စိုက်စိုက် ကြည့်လိုက်လျှင် ခြေလှမ်းတွေ ဟိုယိုင် သည်ယိုင်နှင့် အယောင်အယောင် အမှားမှား ဖြစ်တတ်သော လှမေ ၊ ထို လှမေသည် ညီအစ်မဝမ်းကွဲ တော်သူ မြချစ် အောင်သွယ် ကောင်းသဖြင့် ဆွေမျိုးမိသားစုထံတွင် လာနေရင်း ပလတ်စတစ်စက်ရုံ ညဆိုင်း လုပ်သား ထွန်းမောင် နှင့် ရည်းစားဖြစ်ခဲ့သည် ။ သမီးရည်းစားသာ ဖြစ်သွားသည် ။ လှမေနှင့် ထွန်းမောင် နှစ်ယောက်တည်း တစ်ကြိမ်မှ မဆုံဖူး ။ ထွန်းမောင်က လှမေကို ကာလ အတော်ကြာအောင်ပင် နှစ်ယောက်အတူ တွေ့ခွင့်ပေးရန် စာဖြင့်တစ်မျိုး ၊ မြချစ် နှင့် စကားပါး၍ တစ်မျိုး တောင်းပန်၏ ။ လှမေ က တွေ့လည်း တွေ့ချင်၏ ။ တွေ့လည်း မတွေ့ရဲ ။ အိမ်ကို ဘယ်လို ပြောပြီး ထွက်ရမှန်းလည်း မသိ ။ လှမေတို့ အိမ်က ဆေးလိပ်ခုံ ဖြစ်၏ ။ အိမ်မှာ တစ်နေကုန် ဆေးလိပ်လိပ်ရသော လှမေက ရံဖန်ရံခါ ဈေးသွားဝယ်ရတာက လွဲ၍ အပြင်ထွက်စရာ အခွင့်အရေး မရှိ ။ အချိန်ရှိ သ၍ ဆေးလိပ်ခုံတွင်သာ အချိန်ကုန်ရသည်  ။ ဆေးလိပ် လာလိပ်သော ဆေးလိပ်သမများ၏ နှုတ်ဖျားတွင် တစ်နယ်သား ကာလသား ထွန်းမောင်၏ ရိုးသားကြောင်း ၊ သဘောကောင်းကြောင်း ၊ ယောက်ျားပီသကြောင်း ကောင်းသတင်းကိုတော့ အဆက်မပြတ် ကြားနေရ၏ ။ တစ်နေ့တွင်တော့ သူ့ချိန်းဆိုမှုကို အရဲစွန့်၍ လှမေ လက်ခံလိုက်သည် ။ ချိန်းသည့်နေရာကား ဆေးလိပ်ခုံနှင့် အတော်အတန် လှမ်းသော ဘုရားဝိုင်းထဲမှာ ဖြစ်၏ ။ မြချစ် မှ တစ်ဆင့် ထွန်းမောင် က နံနက် ဂျူတီ ထွက်ကတည်းက ဘုရားဝိုင်းထဲတွင် မလာမချင်း စောင့်နေမည် ။ ထွန်းမောင်ကို ထမင်းစားချိန် ၁၁ နာရီ လောက်မှ လာ၍ ရမည်ဖြစ်ကြောင်း အကြောင်းပြန်လိုက်၏ ။

အိမ်မှ ထွက်ရန် အတွက်တော့ မြချစ် ကို ဘုရားမှာ ယတြာသွားချေချင်လို့ ဆိုပြီး အမေ့ကို လာပြောပြီး အဖော်ခေါ်ရန် ဇာတ်တိုက်ထား၏ ။ မတော်တဆ အသိမိတ်ဆွေများ ဘုရားပေါ် တွေ့လျှင်လည်း ရှင်းရလွယ်အောင်ဖြစ်သည် ။

စီစဉ်ထားသည့်အတိုင်း မြချစ် လာခေါ်သည် ။ အမေက တော်တော်နှင့်မလွှတ် ။ ဆေးစပ်ခိုင်း နေသေးသည် ။ ဖင်စီခံ ဖြတ်ခိုင်းနေသေးသည် ။ အချိန်က မျှော်မှန်းထားသည်ထက် အတော်လေး လင့်သွား၏ ။ နေ့လယ် တစ်နာရီကျော်သွားမှ “ မြန်မြန် ပြန်လာနော် ၊ အိမ်မှာ လုပ်စရာတွေ တစ်ပုံကြီး ” ဟု ပြောပြီး လွှတ်လိုက်၏ ။ လှမေတို့ ညီအစ်မ ဘုရားစောင်းတန်းဘက်သို့ ကမန်းကတန်း သုတ်ခြေတင်ခဲ့၏ ။ ဘုရားဝိုင်းနှင့် နီးလာလေ လှမေ ရင်တွေ ခုန်လာလေ ... ။ မြချစ်ကို ဆုပ်ကိုင်ထားသော သူ့လက်ဖဝါးတွေက ဇောချွေးတွေနှင့် နစ်နေသည် ။ ဘုရားကုန်းတော်ပေါ် လှမ်းတက်ချိန် တွင် သူ့ခြေထောက်တွေက မြေကြီးနှင့် ထိသည် မထင်ရဘဲနှင့် ခလုတ်တွေ ခဏခဏ တိုက်နေပြန်သည် ။ သူတစ်ယောက်တော့ လည်ပင်း ညောင်ရေအိုး ဖြစ်နေရှာတော့မည်ဟု သနားကရုဏာကြီးကာ ရင်တွေ ဖိုနေမိသည် ။

သူ့ကို မြင်ရင် လှမ်းပြုံးပြလိုက်ရမလား ။ ရှက်ရှက်နှင့် ခေါင်းကြီးငုံ့ပြီး အသံတွေတုန်ကာ စကားမှ ပြောလို့ ရပါ့မလား ။ ဘုရားပေါ်ရှိ ချိန်းဆိုထားရာ နေရာအနီး အရောက် မျက်လုံးတွေက ပြာပြီး ဘာကိုမှ မမြင် ။

မမြချစ်က ဟိုကြည့် သည်ကြည့်နှင့် ...

“ ဟယ်တော့ အစ်ကိုထွန်းမောင်ရယ် ဟိုမှာ ” ဆိုပြီး တအံ့တဩနှင့် ရေရွတ်လိုက်တော့ သူ မရဲတရဲနှင့် လှမ်းအကြည့် ‘ ဟင် ’ ခနဲ ဖြစ်သွားသည်  ။

ထွန်းမောင်ကား ကျောက်တုံးတစ်တုံးကို ခေါင်းအုံးကာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်လျက်ရှိသည် ။ ထွန်းမောင် အိပ်ပျော်နေပုံကြီးကို ကြည့်ကာ သူ တအားရှက်သွား၏ ။

“ ကျွန်မတို့ တော်တော်နဲ့ မလာနိုင်လို့ စောင့်ရင်းက အိပ်ပျော်သွားတာ ဖြစ်မယ် ”

မြချစ် ကလည်း ဘယ်လောက်ပဲ ရဲရဲ လူပျိုတစ်ယောက် အိပ်ပျော်နေတာကိုတော့ သွားမနှိုးရဲ ။ လှမေ က ပိုဆိုးတော့သည် ။ ညီအစ်မနှစ်ယောက်သား သူ့ရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှ ထိုင်ကာ ဘုရားရှိခိုးရင်း စောင့်နေကြသည် ။ ရှိသမျှ ဘုရားရှိခိုးနှင့် ဂါထာတွေသာ အကုန်ရွတ်ဖတ်၍ ကုန်သွားသည် ။ ထွန်းမောင်က နိုးမလာ ။ ဘုရားကို လက်ဝဲရစ် လက်ယာရစ် အကြိမ်ကြိမ်ပတ်ရင်း သူ့နားမှာ ရစ်ဝဲရစ်ဝဲနှင့် ကြည့်ရင်း ခြေသလုံးသာ တောင့်လာသည် ။ သူကတော့ ဟောက်များပင် ဟောက်နေ ချေသေးသည် ။

နောက်ဆုံး ဘုရားပေါ်ကသာ ပြန်ဆင်းလာသည် ။ သူက မနိုး ။ လှမေ အကြာကြီး သူ့ကို စိတ်ကောက်ပစ်လိုက်သည်  ။ မြချစ် စကားအရ အဲဒီနေ့က ညနေသုံးနာရီခွဲပြီး၍ မျက်နှာပေါ် ကျနေ ထိုးမှ နိုးလာပြီး လန့်ဖျပ် ထူပူသွားတော့သည် ဆို၏ ။

“ ဟင် .. အဲဒီကတည်းက လူကို ဒုက္ခပေးတဲ့ လူ ၊ အူတူတူ အတတနဲ့ ”

ဒေါ်လှမေ နှုတ်ခမ်းက မသိမသာ ပြုံးယောင်သန်းကာ တစ်ဖက်သို့ စောင်းအိပ်ရင်း ရင်ထဲမှ ကြုံးဝါးလိုက်၏ ။

“ အဲဒီတုန်းက ဒုက္ခမျိုးသာ ကျုပ်က ခံချင်ခံမယ် ။ အခု ပေးတဲ့ ဒုက္ခကိုတော့ ခံနေလိမ့်မယ် မထင်နဲ့ ၊ တော့် ခေါင်းနဲ့ ကိုယ် အိုးစားမကွဲလို့ ကတော့ ကျုပ်ကို ပြောချင်တိုင်း ပြော ”

••••• ••••• •••••

“ ဘုရား ဘုရား ငါမှားသွားပြီ ထင်တယ် ။ မြရီက ငါ့ကို တကယ်အားကိုးပုံပေါ်နေပြီ ”

ဦးထွန်းမောင် ရင်ထဲ လှုပ်လှုပ်ခတ်ခတ်နှင့် ကတုန်ကယင် ဖြစ်လာသည်  ။

“ ကိုကြီးထွန်း ရော့ ၊ ဟောဒါက ကွမ်းယာဘူး ၊ ဒီမှာ ဆေးလိပ် ”

“ အေး .. အေး ရပါတယ်ဟာ ၊ နင်ကလည်း ဒုက္ခရှာလို့  ”

သူ မြရီကို မကြည့်ဘဲ ကားပေါ်တက်ဟန် ပြင်နေသည် ။ စပယ်ရာ မောင်အေးကို ရှေ့ခန်း တံခါးချက် လှမ်းဖွင့်ပေးရင်းမှ ပြောလိုက်သည် ။

“ အမယ် ... ဒါ ဒုက္ခမှ မဟုတ် ၊ မြရီ ယာတဲ့ ကွမ်းယာက အစပ်တည့်တယ် ဆိုလို့ လမ်းစားရအောင် ထည့်ပေးလိုက်တာ ”

“ အေးဟာ ... ကျေးဇူးပဲ ”

“ ကိုကြီးထွန်း ၊ ဘယ်နေ့ ကားပြန်ထွက်လာမှာလဲ ”

“ အခြေအနေရပဲဟ ”

“ ဟင် ကိုကြီးထွန်းကလည်း အကြာကြီးနေမှာလား ၊ ပြန်မလာတော့ဘူးလား ”

“ သိသေးဘူးလေဟာ ၊ အဆင်သင့်သလိုပေါ့ ”

“ ပြန်လာခဲ့ပါ ကိုကြီးထွန်းရာ ၊ မြရီက ကိုကြီးထွန်းကို အားကိုးနေရတာ ၊ ဒီကားဂိတ်က လူတွေက သိတဲ့ အတိုင်းပဲ ။ မြရီကို မထီတရီနဲ့ ”

မြရီက သနားစဖွယ် မျက်နှာငယ်နဲ့ သူ့ကို ငေးပြီး ပြောတော့ ဘေးနားမှာ ရှိသည့် မောင်အေး ကို သူ မလုံမလဲ ဖြစ်သွားသည် ။

“ နင် အိမ်ထောင်ပြုလိုက်ပါလားဟ ၊ ဒါမှမဟုတ် ဒီနေရာမှာ ရောင်းမယ့်အစား နံနက်ဈေး ဖြစ်ဖြစ် ပြောင်းရောင်းပါလား ” 

“ ဟင် .. ကိုကြီးထွန်းကလည်း မြရီမှာ အားကိုးရမယ့်လူမှ မရှိတာ ။ ကိုကြီးထွန်း ရှာပေးမလား ”

“ အမယ်လေး မလုပ်ပါနဲ့  ၊ ငါ့မှာလည်း ပြဿနာနဲ့ ဟ ၊ အေးမောင်ကြီးကား ညက ပြန်ဝင်လာတယ် ။ ငါ့အိမ်က လူတွေ ငါ့ကို မျှော်နေကြပြီ ။ ဒီကောင်ကြီး ဘာတွေ သွားချွန်ထားမှန်း မသိဘူး ဟာ ” 

အေးမောင် ညက သူ့ကို မူးမူးနှင့် ပြောသွားသည့် စကားတွေကိုတော့ သူ မြရီကို အားနာ၍ ပြန်မပြောဖြစ် ။

“ အဲဒီလူကြီးက အားကြီး မဟုတ်ကဟုတ်က ပြောတတ်တာ ၊ ဂရုမစိုက်စမ်းပါနဲ့ ကိုကြီးထွန်းရာ ။ ကျွန်မကိုလည်း အမျိုးမျိုး ပြောနေတာပဲ ”

“ အေးပါဟာ ၊ ငါက အကြောင်း မဟုတ်ပါဘူး ။ နင်သာ သတိဝီရိယနဲ့ နေ ၊ ညဘက်လည်း သိပ်မိုးချုပ်အောင် မရောင်းနဲ့ပေါ့ ၊ သွားမယ်နော် ”

ပြောပြောဆိုဆို ကားစက်နှိုးပြီး ထွက်ခဲ့စဉ် နောက်ကြည့်မှန်မှ သူ့ကားကို ငေးပြီး ကျန်ရစ်သော မြရီကို သူ မြင်ပြီး သနားနေသည် ။ ဒီကောင်မလေးဟာ ကလေးတစ်ယောက်အမေ ၊ မုဆိုးမ ၊ အမေအိုကြီးကို လုပ်ကျွေးနေသူ ၊ ဘဝမှာ လုံခြုံမှု သိပ်မရှိလှ ။ သူ့ ကိုတော့ အတော်အားကိုး ခင်မင် ယုံကြည်မှု ရှိသည်  ။ သူမှ သူ ဖြစ်နေတော့ ဂိတ်က ကောင်တွေက သိပ်မကြည် ။ မူးလာပြီဆို အမနာပ ပြောကြသည် ။ ထိုသတင်းက အိမ်ပင် ပြန်ရောက်နေပြီဖြစ်ကြောင်း မနေ့က သိလိုက်ရတော့ သူ ရင်ပူသွားသည် ။

မြရီ အပေါ် သူ တိတ်တခိုး သာယာခဲ့မိတာ မှန်ရင်တောင် လှမေ နှင့် သမီးတွေကိုတော့ သူ ဘာနှင့်မှ မလဲနိုင် ။ လှမေ က သူ့အတွက် အဖိုးတန်လှသော မိန်းမတစ်ယောက် ၊ အုပ်လုံးသိမ်းစ ၊ ရွှေရင်သိမ်းစ အရွယ်ကတည်းက စွဲနစ်ခဲ့ရသည့် ငယ်ချစ် ၊ ပြီးတော့ သူ အသည်းခိုက်အောင် ချစ်ရသည့် သမီးတွေကိုလည်း သူ့အတွက် မွေးပေးခဲ့ရသေးသည် ။ မြေးကလေး ရွှေတိုး ကလည်း ဘိုးအေရဲ့ အသက် ။

သူ့ရဲ့ သံယောဇဉ်အသိုက်အမြုံကို သူ ဘယ်နည်းနှင့်မျှ ပြိုကွဲမခံနိုင် ။ လှမေ မကြိုက်လျှင် ဒီကားကို သူ မမောင်းရုံသာ ရှိတော့သည် ။ အေးမောင်ကြီးက သူ့နေရာမှာ ကားမောင်းချင်လို့ အုံနာစစ်စစ် ဖြစ်တဲ့ လှမေကို ပိုပိုသာသာ တွန်းခဲ့တာလည်း ဖြစ်ချင်ဖြစ်မည် ။ အတော်ဆိုးတဲ့ ကောင် ။

“ ဟော ... အစ်ကိုရေ အချိန်အခါမဟုတ် ပိတောက်ပန်း ပွင့်နေပါလား ။ ညက မိုးရွာလို့ ထင်တယ် ”

မောင်အေး က လှမ်းပြောသည် ။

ရှားရှားပါးပါး ကားလမ်းဘေးက ပိတောက်ပန်းအချို့ကို မြင်တော့ ဘယ်တော့မှ မမေ့နိုင်သော မြင်ကွင်းတစ်ခုကို သူ သွားသတိရကာ အသံမထွက်ဘဲ ရယ်လိုက်မိသည် ။

“ ဘာရယ်တာလဲ အစ်ကိုရ ”

ဟု အေးမောင်က သူ့ကို နားမလည်ဟန်နှင့် မေးသည် ။

“ ငါ လူပျိုတုန်းကအကြောင်း သွားသတိရလို့ပါကွာ ”

“ အဲဒီတုန်းက မရယ်ရဘူးကွ ၊ ရင်နာတယ် ။ ဒေါသဖြစ်ရတယ် ။ စိတ်ကောက်ရတယ် ။ အခုမှ တွေးရင်း ရယ်ချင်တာ ”

“ ဘယ်သူ့ကိုလဲ ”

“ မင်းအစ်မကိုပေါ့ ၊ လှမေကိုပေါ့ ”

“ ဟုတ်လား ၊ ဘာဖြစ်လို့ လဲ ”

“ အပျိုတုန်းက သူက သိပ်ရှက်တတ်တာ ၊ လူရှေ့ဆို မနေတတ်အောင် ရှက်တာ ။ တစ်နေ့မှာ တို့ စက်ရုံက ပိတောက်ပင်မှာ ပိတောက်ပန်း ပွင့်ရော ၊ ငါက နံနက်အစောကြီးကတည်းက သူ့ကို ပေးချင်လို့ တစ်ခါမှ သစ်ပင် မတက်ဖူးဘဲနဲ့ ပိတောက်ပင်ပေါ်ကို ခဲရာခဲဆစ် တက်ခူးတာ ။ ပြန် အဆင်းကျတော့ လိမ့်ကျပါလေရော ”

“ ဟုတ်လား ၊ ဘာဖြစ်သွားသေးတုံး ”

“ ဒူးခေါင်းတွေ စုတ်ပြတ်သတ်သွားတာပေါ့ကွ ။ ငါက လူနာရင် နာပါစေ ဆိုပြီး ပိတောက်ပန်းကို အထိမခံတော့ ပိုအီတာပေါ့ ”

“ အဲဒါနဲ့ ... ”

“ အဲဒါနဲ့ သူ့ကို ပေးပန်ချင်လို့ ဘုရားတပြီး ဈေးမှာ သွားစောင့်ရတာ ။ ကံကောင်းလို့ တွေ့တော့တွေ့ပါရဲ့ ။ ဘေးမှာ အဖော်ပါလာလို့ အပြန်ကို တစ်ခါ စောင့်ရသေးတယ် ။ အပြန်ကျတော့မှ တစ်ယောက်တည်း တွေ့တုံး ... ‘ ရော့ ... အလှအတွက် ပိတောက်ပန်း ’ ဆိုပြီး ကမ်းပေးလိုက်တာ မချောက ဖျတ်ခနဲ ဆွဲယူပြီး ရှက်ရှက်နဲ့ သုတ်ခြေတင်သွားတာ စကားတစ်ခွန်းတောင်မှ မပြောလိုက်ရဘူး ”

“ အဲဒါ အစ်ကိုက စိတ်ဆိုးကောလား ”

“ အဲဒီလောက်နဲ့တော့ ဘယ်စိတ်ဆိုးဦးမလဲကွ ၊ သူက ခြေထောက်ကတင် ရှက်တာ မဟုတ်ဘူး ။ လက်ပါ ရှက်ပြီး ပိတောက်ပန်း ကိုင်သွားတဲ့ လက်ကို ဘယ်လို ယမ်းသွားတယ် မသိဘူး ။ ငါ့ပန်းတွေ တစ်လမ်းလုံးကြွေကျပြီး သူ့ လက်ထဲမှာ အရိုးချည်း ကျန်တော့တယ် ။ ငါ့မှာ ဒူးပြဲရကျိုးတောင် မနပ်တော့ဘူး ”

••••• ••••• •••••

“ အဖေတို့ ကား ဝင်လာပြီတဲ့ ဟေ့ ”

အလတ်မ မိသွယ်က အရင်ဦးဆုံး သတင်းပို့တော့ ညနေ ဆိုင်သိမ်းပြီးပြီမို့ အိမ်မှာ မိသားစုတွေချည်း ရှိနေ၏ ။ ညီအစ်မတစ်တွေက တစ်ယောက်မျက်နှာ တစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည် ။ ဒေါ်လှမေက ရေချိုးပြီးစ မျက်နှာသုတ်ရင်း ...

“ ညည်း ဘယ်သူပြောတုံး ”  ဟု မေး၏ ။

“ ကားသိမ်းတဲ့ ဂိတ်ဝင်းဘက်က လာတဲ့ လူတွေ ပြောတာ ။ အဖေ ကားဝင်ထားနေတယ်တဲ့  ။ ခုလောက်ဆို လာနေရောပေါ့ ”

“ ဟင်း ... ငါမကြည့်ချင်ဘူး ”  ဟု ဆိုကာ ဒေါ်လှမေ သနပ်ခါးလိမ်းပြီး ညဈေးဘက် ဆင်းသွား၏ ။

“ အဖေ့ကို တစ်ယောက်မှ စကားမပြောနဲ့ဟေ့ ၊ ခပ်တည်တည်နေ ” 

“ ရွှေတိုး ကိုလည်း အဖေ့နား မကပ်စေနဲ့ ”

အမေ ထွက်သွားပြီး ညီအစ်မတစ်တွေ တစ်ယောက်ကို တစ်ယောက် သတိပေး၍ မဆုံးခင်မှာပင် ပခုံးတွင် အိတ်တစ်လုံး ချိတ်ထားသော အဖေသည် ကြိမ်ခြင်းကြီး တစ်လုံးကို ဆွဲကာ အိမ်ပေါ် တက်လာ၏ ။ အဖေ့ ကြည့်ရတာ သူ့ကိုယ်သူ မလုံမလဲ ဖြစ်လာပုံရ၏ ။

မျက်လုံးက ဟိုကြည့် သည်ကြည့်နှင့်မျက်နှာပိုးသတ်ထားကြသော သူတို့ကို ဝှေ့ယမ်းကြည့်ကာ ...

“ ဟေ့ ... အိမ်က တိတ်လှချည်လားကွ ”

ဟု မေးသော အသံက ခြောက်ကပ်ကပ် ။ သူ့ကို ဘယ်သူမျှ ပြန်ဖြေမည့်သူ မရှိ ။ အဖေ အငယ်မဆီ လျှောက်သွား၏ ။

“ သမီးငယ် ညည်းအမေရော ”

“ ညဈေးဘက် ဆင်းသွားတယ် ”

“ ခြင်းထဲမှာ မင်းကွတ်သီးတွေ ဝယ်လာတယ် ။ သမီး ကြိုက်မှန်းသိလို့ အဖေ ဝယ်လာတာ ထုတ်စားကြ ”

“ ဟင့်အင်း ... မစားချင်ဘူး ”

မေး တစ်ခွန်း ၊ ပြော တစ်ခွန်းနှင့် အငယ်မ အဖေ့နားက ခွာလာ၏ ။

“ ရွှေတိုးကော ... သားလေး ဘယ်သွားလဲ ၊ လာပါဦးကွ ၊ ဘိုးဘိုး ပြန်လာပြီ ၊ သားဖို့ မုန့်တွေ ပါလာတယ် ”

အဖေက မြေးကို အော်ခေါ်နေတုန်းမှာ ပဲ အေးနွယ်က မကြားဟန်ဆောင်ကာ ကလေးကို ကောက်ချီ၍ အိမ်ပေါ်မှ ဆင်းသွား၏ ။ အေးနွယ် ယောက်ျားက ခေါင်းငုံ့ကာ နောက်မှ ပါသွား၏ ။ အဖေ မျက်မှောင်တွန့်ကာ မိသွယ်ကို ခေါ်၏ ။

“ မိသွယ် ... မိသွယ် ”

“ ရှင် ”

“ အိမ်ကို အေးမောင် လာသေးလား ”

“ လာတယ် ”

“ ဘာတွေ ပြောလဲ ”

“ အစုံပဲ ”
“ ဘာအစုံလဲ ပြောစမ်း ၊ အဲဒီအကောင် ဘာမဟုတ်က ဟုတ်ကတွေ ပြောလဲ ”

“ ပြောမပြချင်ဘူး ရှက်တယ် ”

အဖေ သက်ပြင်းတစ်ချက် ချလိုက်ပြီး အိမ်ပေါ်မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏ ။ ခဏနေတော့ ...

“ အငယ်မ ၊ အငယ်မ လာဦး ... အဖေ့ဆီကို ”

“ မလာဘူး ၊ သမီး အိပ်တော့မလို့ ”

အဖေ့အပေါ် ဆိုးနေကျ အငယ်မက အိမ်ခန်းထဲမှ လှမ်းအော်လိုက်၏ ။ အဖေ အဝတ်အစားပင် မလဲနိုင်တော့ဘဲ အိမ်ရှေ့ကွပ်ပျစ်က မှောင်ရိပ်ထဲတွင် တိတ်တိတ်ကလေး သွားထိုင်နေတော့၏ ။ ထိုအခါတွင်တော့ မိသွယ်နှင့် အငယ်မ အဖေ မမြင်နိုင်သည့် အိမ်အတွင်း တစ်နေရာမှ နေ၍ အဖေ့ကို တိတ်တိတ်ကလေး ချောင်းကြည့်နေလိုက်ကြ၏ ။ အဖေ စိတ်ထိခိုက်လျှင် ထိုသို့ ငြိမ်နေတတ်သည် ။ အဖေ့ကို သနားမိပေမဲ့ သူတို့ စိတ်ကောက် မပြေချင်သေး ။ အမေ လာလျှင် ပေါက်ကွဲမှာ ကိုလည်း တစ်ဖက်က စိုရိမ်နေပြန်သည် ။ အမေ အိမ်ပြန်လာမည့်အချိန်ကို သူတို့ ရင်တထိတ်ထိတ်ဖြင့် စောင့်နေကြရသည် ။ အခြေအနေ မကောင်းလျှင် ဆွဲရန်အသင့် ဖြစ်နေကြသည် ။ အေးနွယ် ကလည်း သူ့အိမ်ကလေးကနေ စိတ်ပူပြီးနေမှာ သေချာသည် ။

“ ဟော ... အမေပြန်လာပြီ ”

အမေသည် အိမ်ထဲ အဝင်တွင် လမ်းမီးရောင်ဖြင့် မြင်ရသော အဖေ့မျက်နှာကို ဖျတ်ခနဲ တစ်ချက် ကြည့်၍ ချက်ချင်း မျက်နှာလွှဲကာ အိမ်ပေါ်သို့ တက်ရန် ပြင်၏ ။

အဖေက နေရာမှ ထကာ အမေ့လက်ကို ဆွဲပြီး ...

“ ငါ ... မင်းကို စောင့်နေတာ ။ လာပါဦး အလှရာ ” ဟု ခေါ်၏ ။

အမေ အဖေ့ကို ဘာများ လုပ်ထည့်လိုက်လေမလဲ ။ ညီအစ်မနှစ်ယောက် အသက်ပင် မရှူဝံ့ဘဲ စိုးရိမ်တကြီးနှင့် မျက်တောင် မခတ်တမ်း စောင့်ကြည့်နေမိ၏ ။ အမေ့ဆီက ဘာသံမျှ ထွက်မလာ ။ အဖေ့ မျက်နှာကို မီးရောင်အောက်တွင် စေ့စေ့ကြည့်နေ၏ ။ အတန်ကြာမှ -

“ ရှင်က ဘာဖြစ်နေလဲ ၊ မျက်ရည်တွေနဲ့ ”

ဟု ဆိုတော့ ညီအစ်မနှစ်ယောက် အံ့ဩသွားကြသည် ။

အဖေက အသံတုန်တုန်ဖြင့် ...

“ မင်းသမီးတွေပေါ့ ၊ ငါ့ကို တစ်ယောက်မှ စကား မပြောကြဘူးကွာ ။ အကြီးမကလည်း ငါ့ဆီကို လာမယ့် ကလေးကို ခေါ်ပြီး ဆင်းသွားတယ် ။ ဘုရားစူးရပါကွာ ၊ ငါ မင်းတို့ သားအမိထက် ဘယ်သူ့ကိုမှ သံယောဇဉ် ပိုမရှိပါဘူး ။ ငါ့သားသမီးတွေက ငါ့ကို အဲဒီလို စိမ်းကားတော့ ငါ တအားခံစားရတယ်ကွာ ၊ အားလည်း ငယ်တယ် ။ ဝမ်းနည်းနည်းတယ် ”

“ ဟင် ... အဖေ ”

ဟု အဖေ့ကို အံ့ဩလို့မှ မဆုံးခင် အမေ ပြာလိုက်သော စကားက သူတို့ ညီအစ်မတစ်တွေ အတွက် ပိုပြီး အံ့ဩထိတ်လန့်စရာ ဖြစ်သွားလေတော့သည်  ။

“ ဟင် .. ကိုထွန်းမောင် ၊ ရှင် ယောက်ျား မဟုတ်ဘူးလား ။ သူတို့ မခေါ်တာများ ဝမ်းနည်းစရာလား ။ အားငယ်စရာလား ၊ ဘယ်သူမှ မခေါ်ခေါ် ကျုပ် ခေါ်ရင် ပြီးရော မဟုတ်လား ။ အချိန်တန်ကျ တော်နဲ့ ကျုပ်နဲ့ နှစ်ယောက်တည်း ကျန်ခဲ့မှာ ။ သူတို့က လင်ယူပြီး ထွက်ကုန်ကြမယ့်ဟာတွေ ကျုပ် တစ်ယောက်လုံး ရှိတယ် ။ တော် ဘာမှ အားမငယ်နဲ့ ”

▢  သန်းမြင့်အောင်
📖 ဝတ္ထုတိုပေါင်းချုပ်

Tuesday, February 3, 2026

ကျွန်မရဲ့ ပွင့်ဖတ်လေး


 

❝ ကျွန်မရဲ့ ပွင့်ဖတ်လေး ❞       
       ( သန်းမြင့်အောင် )

ဒီလိုနဲ့ပဲ မေမေတို့ကို ခွဲထွက်သွားတာ သမီးဟာ တတိယမြောက်ပေါ့ ... ။ သမီးနဲ့ မေမေ ပထမဦးဆုံး စတွေ့ကြတာ ပြင်ဦးလွင် မှာနော် ။ မဟာအံ့ထူးကံသာဘုရားကြီးရဲ့ ခြေတော်ရင်းက ဆရာတော်ဦးညေးယျရဲ့ မျက်မမြင်ကျောင်းမှာပေါ့ ။ အဲဒီ ကျောင်းက မေမေနဲ့ ဆွေရင်းမျိုးရင်းလို ဖြစ်နေပြီလေ ။ မေမေတို့ရဲ့ စာပေညီအစ်မ တစ်ယောက် ဖြစ်တဲ့ သီတဂူ ( ကျောက်ဆည် ) ရဲ့ စည်းရုံးမှုနဲ့ပေါ့ ။ မမြင်သော်လည်း အင်မတန် စွမ်းနိုင်ကြတဲ့ ဆရာတော် ဦးညေးယျ ရဲ့ တပည့်ပီသတဲ့ ဆရာ အောင်တို့ ၊ မကြည်ကြည်မာတို့ အပါအဝင် တစ်ကျောင်းလုံးက သူတို့ ဆရာမ သီတဂူ နဲ့ ပတ်သက်ပြီး မေမေ့ အပေါ်မှာ တလေးတစား ချစ်ခင်ကြတယ် ။

အဲဒီနေ့က အကြောင်း သမီး မှတ်မိသေးလား ။ မေမေ ကတော့ အသည်းထဲမှာ စွဲနေအောင်ကို မှတ်မိနေတယ် ။ ဓာတ်ပုံရိုက်ထားတဲ့ အတိုင်းပါပဲ သမီးရယ် ၊ သမီး အကြောင်း စဉ်းစားလိုက်တိုင်း အဲဒီ ပုံရိပ်ကလေးကို ပြန် ပြန်မြင်နေတော့တယ် ။

အဲဒီနေ့တုန်းက မေမေနဲ့ အတူ မန္တလေးက အန်တီချိတ်ချိတ် နဲ့ ကျောက်ဆည်က ဆရာမ သီတဂူ လည်း ရှိနေကြတယ်လေ ။ ဖေဖော်ဝါရီ နှစ်ဆယ့်နှစ်ရက် နေ့မှာ မေမေ ပြင်ဦးလွင် ရောက်မယ်ဆိုလို့ ဆရာမ သီတဂူ ကလည်း ကျောက်ဆည် ကနေ လာပြီး အန်တီ ချိတ်ချိတ် က မန္တလေးကနေ မေမေနဲ့ အတူ ကျောင်းမှာ ဆုံကြတယ် ။ အစ်မဖို့ သမီးလေး တစ်ယောက်လည်း လာပြီး လက်ဆောင်ပေးဦးမှာ ၊ ဒီကျောင်းမှာပဲ ချိန်းထားတယ်လို့ ကြိုပြောထားကြလို့ အန်တီချိတ်ချိတ် ကလည်း မေမေနဲ့ အတူ သမီးကို မျှော်နေတာ သမီးရဲ့ ။

သမီးရေ ... မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးဟာ အလွန်အံ့သြစရာကောင်းတာပဲနော် ။ ကျောင်းဝင်းထဲကို ကားအဖြူလေး တစ်စင်း ထိုးဆိုက်လာတယ် ။ ကားပေါ်က လူရည်သန့် တစ်ယောက် အရင် ဆင်းလာပြီး မေမေ့ကို ပြုံးပြုံးရွှင်ရွှင် ရည်ရည်မွန်မွန်နဲ့

“ ဆရာမ ဒေါ်သန်းမြင့်အောင်ပါလား ခင်ဗျာ ” တဲ့ ။

“ ဟုတ်ပါတယ်ရှင့် ” လို့ မေမေကလည်း ဖြေလိုက်ရော သူက ကားခေါင်းကို ပတ်သွားပြီး တစ်ဖက်က တံခါးကို ဖွင့်ပေးရင်း

“ ဟောဟို ဆရာမက သမီးရဲ့မေမေပဲ ”

လို့လည်း ပြောလိုက်ရော သမီးဟာ ကားပေါ် ကနေ ဆင်းပြီး မေမေ့ဆီကို တန်းတန်းမတ်မတ် ပြေးလာပြီး အနားလည်း ရောက်ရော “ မေမေ ” လို့ ခေါ်ပြီး ဖက်ထားလိုက်တာ ။ မေမေလည်း သမီးကို ပြန်ဖက်ထားရင်း ရင်ထဲမှာ ကျင်ခနဲတောင် ဖြစ်သွားတယ် ။ တစ်ယောက်ရဲ့ နှလုံးခုန်သံကို တစ်ယောက်က ကြားနေရသလိုပဲ ။ ဆယ်နှစ်သမီး ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် သမီးဟာ မေတ္တာကို မွတ်သိပ်တတ်လွန်းနေတာ ဘယ်လိုခံစားမှုကြောင့်ပါလိမ့်ကွယ် ။ မေမေ သနားလိုက်တာ ။ မေမေတို့ ဆီက မေတ္တာအကြင်နာ နွေးထွေးမှုတွေရဖို့ အတွက် သမီးက စပြီး ရင်းနှီးလိုက်ရတာလား ။ အဖြူပေါ်မှာ အစက်အပြောက်ကလေးတွေ ပါတဲ့ ဖလန်ထည်အင်္ကျီလက်ရှည် ၊ ဘောင်းဘီရှည်နဲ့ သမီးရဲ့အသား ဝါဝါဝင်းဝင်းကလေးက လိုက်ဖက်လိုက်တာ ။ ပိန်ပိန်ပါးပါးကလေး ဖြစ်နေတာက လွဲရင် သမီးရဲ့ နှာတံပေါ်ပေါ်နဲ့ ရယ်မောနေတဲ့ အခါ သွားတက်ကလေးပေါ်သွားတာဟာလည်း ချစ်စရာ ကောင်းလိုက်တာ ။ သမီးရဲ့ ပါးနှစ်ဘက်ကို ဘယ်ပြန်ညာပြန် နမ်းလိုက်တော့ သမီးရဲ့ မျက်လုံးတွေဟာ ဝင်းလက်သွားတာပဲ ။ သမီးနဲ့ မေမေရဲ့ သံယောဇဉ်ကြိုးဟာ အဲဒီ အချိန်ကလေးမှာတင် တော်တော် ခိုင်မာသွားတာဟာ ရေစက်ကြောင့်ပဲ ထင်ပါရဲ့နော် ။

“ သမီးနာမည်က ” 

“ ရွှေစင်ဝင်း ”

“ နာမည်နဲ့ လူနဲ့ သိပ်လိုက်တာပဲ ၊ မေမေ ရန်ကုန်ပြန်ရင် သမီးကို ခေါ်သွားမယ်နော် ” 

“ လိုက်မှာ ”

မေမေက သမီးကို ခေါ်လာပေးတဲ့ လူမှုရေး အကျိုးဆောင်သူကို “ ဘယ်လိုလဲ တစ်ခါတည်း ခေါ် သွားရမလား ” ဆိုတဲ့ အဓိပ္ပာယ်နဲ့ လှမ်းကြည့်လိုက်တော့ သူက

“ ဆရာမရဲ့ ၊ ကလေးက ဆေးရုံက ဆင်းလာတာ မကြာသေးဘူး ၊ အခုတစ်ပတ်ထဲမှာ ခဏပြန် တက်ရဦးမယ် ။ ပြီးတော့ ရွာဘက်မှာ ရှိတဲ့ သူ့ဆွေမျိုး နီးစပ်တွေကိုလည်း စုံအောင်ပြောချင်သေးတယ် ။ ကျွန်တော်နဲ့ ကျွန်တော့်အစ်မက ကြားက လုပ်ပေးရတာလေ ။ အစ်မက ကလေးကို သနားလွန်းလို့ ဖုန်းကို မရအရ ရှာဆက်ပြီး အကူအညီတောင်းတာ ၊ အခု သူက အရေးကြီးတဲ့ကိစ္စနဲ့ ရန်ကုန်ဆင်းသွားရတယ် ။ ဒီတစ်ခေါက် ဆေးရုံဆင်းတာနဲ့ ရန်ကုန်အရောက် လာပို့ပေးပါ့မယ် ”

“ သူ့ဆွေမျိုးသားချင်တွေများ စောင့်ရှောက်နိုင်ကြရင်တော့ အကောင်းဆုံးပေါ့ ။ သမီးလေးက ချစ်စရာကောင်းပါတယ် ”

“ မစောင့်ရှောက်နိုင်ဘူး ဆရာမ ၊ သူတို့မှာ ကျန်းမာရေးဗဟုသုတလည်း မရှိကြဘူး ။ ပြီးတော့ ဆင်းလည်း ဆင်းရဲကြတယ် ။ ဘယ်သူမှလည်း ဒုက္ခ ခံမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့က ဝတ္တရားအရသာ ပြောရမှာ ”

“ ပြောရမှာပေါ့ ၊ ဆေးရုံလည်း ရက်ချိန်းအတိုင်းသာ ပြန်တက်ပါ ။ ကလေး လာပို့ရင်တော့ ဆေးရုံက ဖြစ်ဖြစ် ၊ ဆွေမျိုးသားချင်းတစ်ယောက်ယောက် ဆီက ဖြစ်ဖြစ် လွှဲအပ်တဲ့ စာကလေးနဲ့ ကလေးရဲ့ ဆေးမှတ်တမ်းအစုံတော့ ယူခဲ့ပေးပါနော် ”

မေမေတို့ စကားပြောနေတဲ့ အချိန်မှာ သမီးရဲ့ မျက်လုံးကလေးတွေဟာ ချက်ချင်း မလိုက်ရတဲ့ အတွက် မှုံမှိုင်းသွားသလိုပဲ ။ မေမေ့ အထင်လည်း ဖြစ်ချင် ဖြစ်မှာပေါ့နော် ။

ကားအဖြူလေး ကျောင်းဝင်းထဲက ပြန်ထွက်သွားတဲ့ အထိ သမီးဟာ ကားပေါ်ကနေ သမင်လည်ပြန် ကြည့်ရင်းက မေမေတို့ကို လက်ပြသွားလိုက်တာ မျက်စေ့ တစ်ဆုံးပဲ ။

“ ကလေးက ချောချောလေးနော် ၊ ချစ်စရာကောင်းလိုက်တာ ”

“ သနားပါတယ် ”

ချိတ်ချိတ် နဲ့ သီတဂူ ကလည်း တစ်ယောက် တစ်မျိုး မှတ်ချက်ချရင်းက မေမေနဲ့ အတူ စိတ်မကောင်းစွာနဲ့ သမီး ပါသွားတဲ့ ကားကလေးကို ငေးလို့ပေါ့ ။

••••• ••••• •••••

မေမေ ပြန်လာပြီး တစ်လကျော်ကျော် ကြာတော့မှ မေမေတို့ ‘ သုခရိပ်မြုံ ’ က အတွင်းရေးမှူး ဖြစ်တဲ့ ဒေါက်တာထားထားလို့ သူ့ လူနာတွေက ခေါ်တဲ့ အန်တီစုထားက မေမေ့ကို

“ အစ်မရေ မန္တလေးက ချိတ်ချိတ် ဖုန်းဆက်တယ် ။ ပြင်ဦးလွင် က ကလေးတစ်ယောက် လာပို့နေပြီတဲ့ ။ မနက်ဖြန်ဆို ရောက်လိမ့်မယ် ၊ လိုအပ်တဲ့ ဆေးမှတ်တမ်းနဲ့ အခြားစာရွက်စာတမ်းတွေ အစုံပါဖို့လည်း သူ သတိပေးလိုက်တယ်တဲ့ ”

သမီး ရွှေစင်နဲ့ တွေ့ရတော့မယ် ဆိုပြီး မေမေ ဝမ်းသာသွားတယ် ။ မေမေ့ ထက်ကို သမီးက ပိုပြီး ဝမ်းသာနေမယ်လို့ မေမေ ထင်တယ် ။ ဒီရောက်ရင် ညီအစ်ကိုမောင်နှမတွေ အများကြီးနဲ့ သမီး ပိုပျော်ဦးမှာ ။

ဒါပေမဲ့ သမီးရယ် ။ နောက်တစ်နေ့မှာ မေမေတို့ ဆီကို တကယ်ရောက်လာတာက ရွှေစင်ဝင်း မဟုတ်တဲ့ သားကလေး တစ်ယောက် ဖြစ်နေတယ် ။ ဘာပဲဖြစ်ဖြစ်လေ မေမေတို့ မှာတော့ သမီးပဲ ဖြစ်ဖြစ် သားပဲ ဖြစ်ဖြစ် ချစ်ရတာပါပဲ ။ မန္တလေးက အန်တီ ချိတ်ချိတ် ဆီကို ဖုန်းဆက်မေးတော့ သမီးနဲ့ အဆက်အသွယ် မရကြောင်းနဲ့ အခု ပို့လိုက်တဲ့ ကလေးက ဒိုးပင် ကျောင်းက ဆိုတာပဲ သိရတယ် ။

အဲဒီ သားကလေးဟာလည်း အတော်လေး ပိန်လှီပြီး အရိုးပြိုင်းပြိုင်းထနေတယ် ။ ခုနစ်နှစ်သား အရွယ်ဟာ ပေါင်ချိန် ၂ဝ ပဲ ရှိတော့ မေမေ တော့ အားလုံးဝိုင်းပြီး ဂရုတစိုက်နဲ့ ပြုစုလိုက်ကြရတာ ။ အဲဒီ သားကလေးဟာ အခုချိန်မှာ အတော်လေးကို အသားအရေ ပြည့်လာပြီ ။ သမီးမောင်လေးရဲ့နာမည်က လင်းကိုကိုအောင် တဲ့ ။ သူနေတဲ့ အိမ်ကလေးက အနီးကပ် ပြုစုတဲ့ ဆရာမလေး မဉ္ဇူ ကလည်း သုခရိပ်မြုံ ဆိုတဲ့ မေတ္တာဥယျာဉ်ရဲ့ ထုံးစံအတိုင်းပဲ ကလေးတွေ ကို သိပ်ချစ်တတ်တယ် ။ သူတို့ အိမ်ကို ကလေးတစ်ယောက် ထပ်ရောက်လာရင်လည်း အဲဒီ တစ်ယောက် အပေါ် မေတ္တာထပ်ပွားနိုင်တယ် ။

“ ဟေ့ ... သားလေး လင်းကိုကိုအောင် ထမင်း စားရအောင် အမေမဉ္စူ ခွန့်ကျွေးမယ် ” 

“ လင်းကိုကိုအောင်ရေ ... ဆေးသောက်ရအောင်နော် ”

ဆိုတဲ့ စကားသံချိုချိုသာသာတွေ ကြားကပဲ သားက

“ ကို ... လို့ပဲ တစ်လုံးတည်းခေါ်ပါ ၊ နာမည် အရှည်ကြီးမခေါ်ပါနဲ့ ” လို့ အသံသေးသေးလေးနဲ့ ပြောတော့ မေမေတို့မှာ ရယ်လိုက်ရတာ ။

တကယ်တမ်း သမီး မေမေတို့ဆီ ရောက်လာတဲ့အချိန်ကျတော့ မေမေ သမီးကို မှတ်တောင် မမှတ်မိတော့ပါလား သမီးရယ် ။ မေမေ့ကို မြင်လို့ ဝမ်းသာသွားတဲ့ မျက်လုံးကလေး ဝင်းသွားပုံနဲ့ ယဲ့ယဲ့ကလေး ပြုံးလိုက်တဲ့အခါ လှစ်ခနဲ မြင်ရတဲ့ သွားတက်ချွန်ချွန်ကလေးကိုသာ မတွေ့ရရင် ဝါဝင်းနေတဲ့ သမီးရဲ့ အသားအရေ တစ်ပြင်လုံးကို ဖုံးအုပ်ပြီး အလွှားလိုက် ကွာလုလုဖြစ်နေတဲ့ ညိုညိုခြောက်ခြောက် အနာစက်တွေနဲ့ ထိုင်တောင် မထိုင်နိုင်တော့လို့ ခွေခွေလေးချ ထားရတဲ့ သမီးလေးကို ကြည့်ပြီး မေမေ ဘယ်လိုလုပ်ပြီး ရွှေစင်ဝင်း လို့ မှတ်ချက်ချနိုင်တော့မှာလဲ ။ စိတ်မကောင်းလိုက်တာ သမီးရယ် ။ အုပ်ချုပ်ရေးမှူးက မေမေ့ကို ရုံးခန်းဘက်ကို ခေါ်သွားပြီး

“ ကလေးက တော်တော့်ကို အခြေအနေဆိုးတယ် ဆရာမ ။ တစ်နေရာက တစ်နေရာကို တွဲပြီးတော့တောင် သွားလို့ မရတော့ဘူး ။ ပွေ့ပြီး ရွှေ့ရတယ် ၊ ပွေ့လိုက်ရင်တော့ လက်နဲ့ ထိတဲ့ နေရာတွေက နာလို့တဲ့ ဖြည်းဖြည်းလေး ထိရတယ် ”

“ ဒုက္ခပါပဲ ၊ ဘယ်လိုလုပ် ဖြည်းဖြည်း ချီချီ ၊ ပွေ့ပွေ့ အသားနဲ့ ထိရမှာပဲ ။ အင်အားတော့ သုံးရမှာပဲ ။ ဆရာဝန်တွေကရော ဘာပြောလဲ ”

“ အမြန်ဆုံး ဆေးရုံတင်ရမယ်တဲ့ ”

“ ဟုတ်တယ် ကျွန်မလည်း အဲဒါ ပြောမလို့ပါ ။ ကလေးက လမ်းမှာတင် ဒုက္ခ မရောက်ခဲ့တာ ကံကောင်း ”

“ ထမင်းလည်း မစားနိုင်ဘူး ၊ မြိုချလို့ မရဘူး ။ ကြက်စွပ်ပြုတ်တို့ ၊ နွားနို့တို့ပဲ တိုက်ရတယ် ”

သမီးကို ဆေးရုံတင်ပြီးတဲ့ နောက်မှာ မေမေ ပြည်မြို့က ရတနာမဉ္ဇူရီ ပရဟိတကျောင်းမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း သွားသင်ပေးရတယ် ။ မှတ်မှတ်ရရ မေလ ၂၂ ရက် နဲ့ ၂၃ ရက်နေ့မှာပေါ့ ။

သမီးကို ဆေးရုံ တင်ထားပြီး ဆေးရုံကို သွားမတွေ့ ရသေးတဲ့အတွက် မေမေ ၂၃ ရက်နေ့ ညမှာပဲ သင်တန်းပြီးပြီးချင်း ည ဆယ်နာရီခွဲကားနဲ့ ပြန်ခဲ့တယ် ။ ၂၄ ရက်နေ့ မနက် ရန်ကုန်အိမ် ရောက်ပြီးတာ နဲ့ ရေမိုးချိုးပြီး သမီး ရှိနေမဲ့ ဝေဘာဂီဆေးရုံကို သွားမယ်ပေါ့ ။ ကားဂိတ်ကနေ အိမ်ပြန်ရောက်လို့ အထုပ်ကလေးချရုံပဲ ရှိသေးတယ် စုထား ဆီက ဖုန်းဝင်လာတယ် ။

“ မနက် ၆ နာရီ ၃၅ မိနစ်က ရွှေစင်ဝင်း ဆုံးသွားပါပြီ ” တဲ့ .... ။ ဖြစ်ရလေ သမီးရယ် ။

သမီးကို နေ့ချင်းပဲ သင်္ဂြိုဟ်ဖို့ ပြင်ရတယ် ။ အဲဒီမှာ မေမေ စိတ်မကောင်းစရာ တစ်ခု တွေ့ ရပြန်ရော ... ။

သမီးကို စောင့်ရှောက်တဲ့ ဆရာမမျိုးမျိုး က သမီးရဲ့မျက်ခွံကလေးတွေကို ကြိုးစား ပိတ်ပေးရင်း ရွတ်ဖတ်အမျှအတမ်းဝေနေတဲ့ မေမေ့ကို “ မျက်လုံးက ဆုံးခါစမှာ တစ်ခါပိတ်ပေးသေးတယ် ၊ မရဘူး အန်တီရဲ့ ။ ကလေးက ဆုံးသာသွားရော ။ အန်တီကို တစ်မေးတည်း မေးနေတာ ။ မေမေကြီးက သမီးကို မချစ်တော့ဘူးလား မသိဘူးတဲ့ ။ ဆေးရုံက ဆင်းရင် မေမေနဲ့ အတူ နေမှာနော်တဲ့ ”

“ အန်တီ ခရီးသွားတာ သူ့ကို ပြောသွားတယ်လေ ။ သမီးတို့ကရော ပြောမပြဘူးလား ” 

“ ပြောပါတယ် အန်တီရဲ့ ။ တစ်ခါတလေလည်း သူက ကယောင်ကတမ်းတွေ ပြောနေတာ ၊ သူ့လည်ပင်းက ကြိုးကို ဖြုတ်ဖို့ လုပ်တော့ သမီး လည်ပင်းက ကြိုးက အလာလ် ပေးထားတာနော် ၊ မဖြုတ်နဲ့ အလာလ်ရိုက်လိမ့်မယ်တဲ့ ။ သမီးတို့လည်း မဖြုတ်တော့ဘူး အန်တီ ၊ အဲဒီတော့မှ သူ့ကို ဗုဒ္ဓဘာသာ မဟုတ်မှန်း သိတယ် ”

“ ဟောတော် ဒါဆို ငါ့သမီးက အစ္စလာမ်ဘာသာဝင်လေးပေါ့ ”

မေမေ တော်တော်ပဲ အံ့သြသွားတယ် သမီးရယ် ။ မေမေ ဘာလုပ်ရမလဲ ၊ သမီးအတွက် မေမေ ဘာလုပ်ပေးလို့ ရမလဲ ။ အနည်းဆုံးတော့ သမီးတို့ ဘာသာဝင်တွေ အနေနဲ့ ဆုတောင်းပေးတာလေး ဖြစ်ဖြစ် မေမေ လုပ်ပေးချင်ပါတယ် ။ သမီးရဲ့နာရေးကိစ္စ ပြီးတာနဲ့ မေမေ အိမ်ပြန်ပြေးပြီး မေမေ့သူငယ်ချင်းတွေထဲက ဘာသာရေးကိုင်းရှိုင်းကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကို စဉ်းစားပြီး တစ်ယောက်ပြီး တစ်ယောက် ဖုန်းဆက်ရတော့တာပါပဲ ။

“ ၁ဝ နှစ်အရွယ် ရွှေစင်ဝင်း လို့ ခေါ်တဲ့ ကျွန်မ သမီးလေး ဒီနေ့မနက် ၆ နာရီ ၃၅ မိနစ်မှာ ကွယ်လွန် သွားပါတယ် ။ အစ္စလာမ်ဘာသာဝင်ကလေးပါ ။ သမီး အတွက် အကောင်းဆုံး ဆုတောင်းမေတ္တာပို့ပေးကြပါ နော် ”

မေမေ ဒါပဲ တတ်နိုင်တော့တယ် သမီးရယ် ။

 ▢  သန်းမြင့်အောင်
📖 Real ife Rearl Style
      ပထမဆုံးထုတ် မဂ္ဂဇင်း ၊ ၂ဝ၁ဝ

Saturday, November 29, 2025

ဒဿဂီရိအချစ်


 

❝ ဒဿဂီရိအချစ် ❞
( သန်းမြင့်အောင် )

အချစ်ဟာ စွန့်လွှတ်ခြင်း အနစ်နာခံခြင်း ဆိုတာ တကယ် မချစ်တတ်တဲ့ လူတွေ ပြောတဲ့ စကား ။

တို့ အတွက်တော့ အချစ်ဆိုတာဟာ ရယူခြင်း ၊ ပိုင်ဆိုင်ခြင်းပဲ .. ။ ဒဿဂီရိလို စွန့်စားတဲ့ သတ္တိရှိတဲ့ အချစ်မျိုးကို တို့ ကြိုက်တယ် ။

••••• ••••• •••••

စကော့ဈေးရှေ့မှာ ... ။

မိုနာလီဇာ ပန်းချီကားလေး ကိုယ့်ရှေ့ကို ဖုတ်ခနဲ ပြုတ်ကျလာတယ် ။

“ ကျေးဇူးတင်ပါတယ် ” 

“ ဘယ်သူ့ကိုလဲ ”

“ ယူကိုပေါ့ ”

“ တို့ ကို ၊ ဘာလို့ ”

“ ယူ့ ကားပေါ် ခဏ တက်ခွင့်ပြုပါလား ၊ တို့ အခက်အခဲကို ကူညီပါနော် ” 

နားဝေတိမ်တောင်နဲ့ ကားတံခါးကို ဖွင့်ပေးလိုက်တယ် ။ မိုနာလီဇာလေး ကိုယ့်အပါးမှာ အယိုင်လိုက် ။

ပဲရစ်နံ့လေး သင်းသွားတယ် ။

“ မောင်းလေ ယူရဲ့ ” 

ဒီတစ်ခါ တို့ မကြောင်တော့ ၊ အခြေအနေကို နားလည်လိုက်ပြီမို့ ကားကို အသာလေး မောင်းထွက်လိုက်တယ် ။

စကော့ဈေး ရှေ့မှာ ဘဲနှစ်ပွေ ပေကတ်ကတ် ရပ်လို့ ၊ ဘီးလှိမ့်ပြီး ညက်ညက်ညောညောလေး ထွက်သွားတဲ့ ကိုရိုလာလေးကို ကြည့်ပြီး ကျန်ခဲ့တယ် ။

“ ကျေးဇူးတင်လိုက်တာ ယူရယ် ၊ ဈေးလာဝယ်ရင်းနဲ့ လေ ဟို ”  

“ တို့ သိပါတယ် ဘဲလိုက်ခံရတယ်ပေါ့ ”

“ သိပ်ဣန္ဒြေပျက်တာပဲ ၊ တို့ လည်း ကြံမိကြံရာ ယူ့ ကားဆီ ပြေးလာတာ ”

“ အဲသလို အလိုက်မခံရချင်ရင် နောက်ကို တစ်ယောက်တည်း မလာနဲ့ ”

“ သူငယ်ချင်းတွေကလည်း ဒီနေ့မှ ”

“ သူငယ်ချင်းပါလည်း လိုက်မှာပဲ ”

“ ဒါဖြင့် ဘယ်သူနဲ့ လာရမလဲ ”

“ အတွဲနဲ့ ပေါ့ ”

“ သူ အခု ဩစတြေးလျ ရောက်နေတယ် ”

“ ဪ ”

ဝေဒနာလေးတစ်ခု ခြွေချပေးတယ် ။

“ ယူ့ နာမည် ဘယ်လို ခေါ်သလဲဟင် ”

“ အောင်ခိုင်လတ် ”

“ ယူ့ကို တို့ သူငယ်ချင်း တော်လိုက်ပြီနော် ၊ ယူ့ကို လတ်လို့ပဲ ခေါ်မယ် ”

“ သူငယ်ချင်း လတ်ပေါ့ ”  

“ ကြိုက်သလိုခေါ် ”

“ တို့ နာမည် နီမာ ”

“ မိုနာလီဇာ မဟုတ်ဘူးလား“ ”

“ ယူကလည်း ပေါက်ပြန်ပြီ ”

“ မိုနာလို့ ခေါ်ချင်တယ် ၊ ခေါ်ရမလား ”

“ ယူ့ သဘော ”

“ မိုနာကို ဘယ်အထိ ပို့ရမလဲ ”

“ လတ် အချိန်ရရင် အဆောင်ထိ ပို့လေ ”

••••• ••••• •••••

“ လတ်ရေ လတ် ”

“ ဪ .. မိုနာ ” 

“ လတ်က ဒိုင်လျှိုတယ်ကွာ ”  

“ ဘယ်လို ”

“ လတ် ၊ အခု လာလည်တဲ့ လီလီထွန်းက တို့ သူငယ်ချင်း သိလား ။ လီလီ့ ဘဲကို ကြည့်ချင်လို့ လာချောင်းတာ ၊ လက်စသတ်တော့ သူကိုး ”

“ ဪ မိုနာရယ် ”

••••• ••••• ••••• 

ရဲရင့်ရုံ .. ။

“ ကိုကို ”

“ ဟင် ”

“ ဂျူးလီးယက် နေရာမှာ သဲမာ ဆိုရင် ကိုကို ရိုမီယို လို လိုက်သေရဲပါ့မလား ”

“ ဒါက ရုပ်ရှင်ပဲ ”

“ ဟင့်အင်း ရုပ်ရှင်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝကို ပြတာပဲ ၊ ကိုကို့ အတွက် ဆိုရင် သဲမာတော့ လိုက်သေမှာ ပဲ ”

“ အလကား ရူးနေတယ် ”

••••• ••••• •••••

အင်းလျားကန်စောင်း ... ။

“ မောင် ခုတစ်လော သိပ်မှိုင်တာပဲ ”

“ ထင်လို့ ပါ ”

“ မောင် မမအေးကို စိတ်ဆိုးနေလားဟင် ”

“ ဆိုးစရာ ဘာအကြောင်း ရှိလို့လဲ ”

“ မောင် ဘာကို အလိုမကျ ဖြစ်နေလဲ ၊ ဘာလိုချင်လဲကွယ် ပြောပါ ”

“ ဘာမှ မဖြစ်ပါဘူး မမရဲ့ ၊ မမ မောင့်ကို ဘယ်လောက် ချစ်သလဲလို့ မူကြည့်တာ ”

“ သွား လူဆိုးလေး ၊ သိပ်ဆိုး ”

“ ဟော ... မိုနာ ”

“ ဟင် လတ်တို့ ပါလား ”

“ မိုနာတို့ လမ်းလျှောက်ထွက်သလား ”

“ ဟုတ်တယ် လတ်ရေ ၊ တို့ တစ်တွေ ဘူးသီးကြော် သွားစားကြမလို့ ၊ လီလီတော့ မပါဘူး ၊ သွားမယ်နော် ”

“ မောင် သူက ဘယ်သူလဲဟင် ”

“ နီမာတဲ့ ၊ မောင့်သူငယ်ချင်းလေ ”

“ မိုနာလို့ ကြားလိုက်မိလားလို့ ”

“ ဒါက မောင်တစ်ယောက်တည်း ခေါ်တဲ့ နာမည် ”

••••• ••••• •••••

“ လတ်က ချောတယ်နော် ”

“ မိုနာလည်း လှပါတယ် ”

“ ဒါပေမဲ့ လတ်က မျက်နှာများတယ် ”

“ မိုနာ သိတယ်လား ”

“ တို့ က တို့ သူငယ်ချင်းကို သစ္စာရှိစေချင်တယ် ”

“ တို့လည်း ဘယ်သူ့ကိုမှ သစ္စာမမဲ့ရသေးပါလား ”

“ မဟုတ်ဘူးလေ ၊ လတ် လက်ထပ်နိုင်မယ့် မိန်းကလေး တစ်ယောက်ကို ရွေးလိုက်ပါလား ”

“ ရွေးပြီးပြီ ”

“ ဒါဆိုလည်း တခြား မိန်းကလေးတွေကို ဒုက္ခမပေးနဲ့ တော့ပေါ့ ”

“ တို့ ကြိုးစားနေပါတယ် ”

“ ဟွန်းဖြေပုံက အားမရစရာ တို့များလို တစ်ပြည်တစ်ရွာဆီ ခွဲနေရရင် ခက်မယ် ”

“ မိုနာရယ် မကြွားပါနဲ့ “  ”

“ သူများလို ကြွားပြစရာတွေ အများကြီး မထားပါဘူး ၊ မိုနာတို့ က တစ်ယောက်ဆို တစ်ယောက်တည်း ၊ နှစ်ယောက် မတွဲဘူးဆိုတဲ့ အကြောင်း ပြောတာပါ ”

“ တော်ပါတော့ မိုနာရယ် ”

••••• ••••• •••••

“ ဟဲလို - အမိန့်ရှိပါ ”

“ လတ်လား ၊ မိုနာပါ ” 

“ ဘာကိတ် ”

“ ဝမ်းသာစရာသတင်း လတ်ရေ ဩစတြေးလျက မိုနာရဲ့ ကိုလေ ”

“ ဘာလဲ ဟိုမှာပဲ အပြီးအပိုင် နေတော့မယ်တဲ့လား ”

“ လတ်ကလည်းကွာ မဦးမချွတ် ၊ မနက်ဖြန် ပြန်ရောက်မယ်တဲ့  ၊ တို့ သွားကြရမှာ ပေါ့ ၊ မိုနာ့ကို အဆောင်မှာ လာခေါ်ပြီး လေဆိပ်ကို ပို့ပေးဦးနော် ”

“ ......... ..........”

“ လတ် ... ဟေ့ ... လတ် ”

“ ပြောပါ မိုနာ ၊ ကိုယ် နားထောင်နေပါတယ် ”

“ မိုနာ့ကို ပို့ပေးနိုင်မယ်လားဟင် ၊ တို့နှစ်ယောက် သွားကြိုရအောင်ပါနော် ”

“ လတ် လာခေါ်ပါ့မယ် ၊ မနက်ဖြန်နော် ”

“ အေး .. မနက်ဖြန် ဆက်ဆက်နော် ၊ ဒါပဲ ”

“ ဪ .. မိုနာ ”

“ လတ် ဘာလဲ ”

“ မိုနာ သိပ်ပျော်နေလားလို့ ”

“ ဟာ ... လတ်ကလည်း ”

••••• ••••• •••••

“ ဟေ့ကောင် အောင်ခိုင်လတ် သောက်လှချေလားကွ ”

“ ငါ မူးချင်တယ် ”

“ မင်း ဘာဖြစ်နေလဲ ၊ ပြောစမ်း ”

“ အချစ်အတွက် ဆိုပါတော့ကွာ ”

“ မင်းလိုကောင်က ဆိုသေးလား ”

“ တကယ်ပါ ၊ ငါ အခု တကယ်ချစ်တတ် လာပြီ ၊ သူ့ကို ဆုံးရှုံးရမှာ ကြောက်တယ်ကွာ ”

“ ဘယ်သူလဲ လီလီထွန်းလား ”

“ ဟင့်အင်း ”

“ ဟို ပညာရေးက အစ်မကြီးလား ၊ ဘာတဲ့ မမအေး ဆိုလား ”

“ ဟုတ်ပါဘူးကွာ ”

“ ဒါဖြင့် သဲမာ ”

“ နိုးနိုး ”

“ ဒါဆို မေသူပေါ့ ”

“ မေသူက မိဘချင်း သဘောတူတာ ၊ သူနဲ့ ငါ ဘာမှ မဖြစ်ဘူး ” 

“ မင်းဟာကလည်းကွာ ၊ ဒါဆို မင်းချစ်သူက ဘယ်သူလဲ ”

“ သူက ငါ့ကို မချစ်ပါဘူး ၊ သူ့မှာ ချစ်သူ ရှိတယ် ”

“ မင်းကလည်းကွာ ၊ မိန်းမရှားသလား ”

“ ဝင်းအောင်ကို ”

“ ဟေ ... ”

“ ဆဒ္ဒန်ဆင်မင်းဇာတ်မှာ စူဠသုဘဒ္ဒါကို မင်း ဘယ်လို မြင်သလဲ ” 

“ အချစ်ကြီးလွန်းသူ ၊ အချစ်ရဲ့ ကျေးကျွန်လို့ မြင်တယ် ”

“ အေး ... မင်းနဲ့ ငါ အမြင်ချင်းတူတယ် ၊ ရာမဇာတ်မှာရော ”

“ လက္ခဏာ ကိုလား ”

“ ဟင့်အင်း ... ဒဿဂီရိ ကို ”

“ သူများ အချစ်ကို ဝင်ခိုးတဲ့ ဘီလူးပဲ ၊ အဲဒါ ကြာကူလီပေါ့ ”

“ ဟေ့ကောင် ဝင်းအောင်ကို ”

“ ဘာလဲကွ ၊ မင်းပဲ မေးပြီးတော့ ”

“ ဒဿဂီရိက မယ်သီတာကို တကယ် ချစ်တာကွ ၊ လက်လွတ်ဆုံးရှုံးရမှာ ကြောက်လွန်းလို့ အခက်အခဲ အမျိုးမျိုးကြားမှာ စွန့်စွန့်စားစား ခိုးယူရတာ ၊ အဲဒါ အထွတ်အမြတ် ထားပြီး ချစ်လွန်းလို့ကွ ၊ အပျော်လုပ်တာ မဟုတ်ဘူး ”

“ ဒါက မင်းအမြင်ကိုး ၊ မတရားတာလည်း ထည့်ပြောဦးမှ ပေါ့ ” 

“ အချစ်နဲ့ စစ်မှ တရားတယ် မတရားဘူး မရှိပါဘူးကွာ ”

“ နောက်ဆုံး သူ ရှုံးတယ်လေကွာ ”

“ မင်း ငါ့ကို ရန်စတာလား ”

“ အောင်ခိုင်လတ် မူးရင် ပြန်စို့ ”

“ ငါမှ သိပ်မသောက်ရသေးတာ ”

“ ဘာလဲ ၊ မင်းက စည်ပိုင်း ကိုင်းတပ်ပြီး သောက်ချင်လို့လား ”

“ အရက်ချက်စက်ရုံကြီးပါ မျိုပစ်လိုက်ချင်တယ်ကွာ ”

“ သောက်ရူး ”

••••• ••••• ••••• 

“ ဟယ် ... လတ် စောလှချည်လား ”

“ မိုနာ့စိတ်က ပိုစောနေမှာ ပေါ့ ၊ ဟုတ်ဖူးလား ”

“ လတ်နော် မစနဲ့ ”

“ တို့ နှစ်ယောက်တည်း သွားမှာလား ”

“ ဒါပေါ့ မိုနာ့ကိုက သဝန်မတိုတတ်ပါဘူး လတ်ရဲ့ ”

“ တို့ ဘယ်လောက် ချောတယ် ဆိုတာ သူ မသိသေးလို့ နေမှာပါ ” 

“ သိပါတယ်ရှင် ၊ မိုနာက အမြဲတမ်း စာထဲ ထည့်ရေးတာ ၊ လတ်က ချောသလောက် ပွေတယ် ၊ မိုနာ့ကိုလည်း တကယ်ခင်တယ် ၊ သူငယ်ချင်းကောင်း ပီသတယ် ဆိုတာ ”

“ ဘာလို့ ဒီလို ရေးရတာတုံး ”

“ မိုနာက ချစ်သူ မသိဘဲ ဘာမှ မလုပ်တတ်ဘူးလေ ၊ နောက်ပြီး မိုနာ့သူငယ်ချင်းကို သူကလည်း ခင်စေချင်လို့ပေါ့ ”

“ သူက မိုနာ့ကို လတ်နဲ့ မပေါင်းရဘူးလို့ မပြောဘူးလား ”

“ မပြောတဲ့ အပြင် သူ့ကို လာကြိုရင် လတ်ကိုပါ ခေါ်ခဲ့ပါတဲ့ ”

“ တကယ် သဘောထားကြီးတဲ့ လူပဲ ”

“ လက်လည်း အတုခိုးထား ”

“ သူက လွဲရင် မိုနာ ဘယ်သူ့ကိုမှ မချစ်တော့ဘူးလားဟင် ” 

“ လတ်တို့လို ဟောတစ်ယောက် ဟောတစ်ယောက် မချစ်တတ်ဘူး ” 

“ လတ်က အခု တစ်ယောက်တည်းကိုပဲ ချစ်တတ်နေပြီ ”

“ တကယ် ”

“ အကယ် တစ်သိန်း ”

“ ဝမ်းသာပါတယ်တဲ့ရှင် ၊ ဟင် ... လတ်တို့ ကား ဘယ်ဘက် ရောက်လာတာတုံး ”

“ ............ ”

“ ဟေ့ ... လတ် ၊ မေးနေတာ မကြားဘူးလား ၊ ဘာတွေ လုပ်နေလဲ ၊ ဘယ်သွားမလို့လဲ ”

“ လတ် မိန်းမ ခိုးလာတာ ”

“ ဘာ ... ဘယ်သူ့ကိုလဲ ” 

“ မိုနာ့ကိုပေါ့ ”

“ လတ် မနောက်နဲ့နော် ၊ တကယ် ပြောနေတာလား ”

“ အကယ်တစ်သန်း ”

မိုင်ခွက်ပြ အိမ်မြှောင်လေးက မိုင်နှုန်း ၄၅ နဲ့ ၅ဝ ကြား ကစားနေတယ် ၊ လမ်းလေး ရှုခင်းလေးတွေ ရိပ်ခနဲ ရိပ်ခနဲနဲ့ ကျန်ခဲ့တယ် ။

“ ကြည့်စမ်း ... လတ် မကောင်းဘူး ၊ သစ္စာမဲ့တယ် ၊ ယုတ်မာတယ် ” 

“ ချစ်တာကိုး ”

“ ဘာချစ်တာလဲ ၊ မိုနာ့ကို ဒီလို လုပ်လို့ မရဘူး ၊ ရပ်ပေး ၊ ခုရပ်ပေး ” 

“ လတ်ကို မချစ်ဘူးလား ”

“ မချစ်ဘူး ၊ ဘာလို့ ချစ်ရမှာလဲ ၊ ကားရပ်ပေး ”

“ မရပ်ပေးဘူး ၊ မိုနာ့ကို လက် ချစ်နေတာ ကြာပြီ ၊ မခွဲနိုင်ဘူး ” 

“ လတ် အရမ်းမမောင်းနဲ့  ၊ ရှေ့မှာ ကား ... အား .. အမယ်လေး ”

••••• ••••• ••••• 

မြင်ကွင်းက ဝိုးတဝါး ။

မိုနာလီဇာ ပန်းချီကားလေး သွေးပင်လယ်မှာ နစ်နေတယ် ။

လတ် အတင်းပြေးပြီး ရင်ခွင်ထဲမှာ ပွေ့လိုက်တယ် ။

ကားချပ်ကလေး အသက်ဝင်မလာဘူး ၊ လက်ထဲက ဖုတ်ခနဲ ပြန်ပြီး ပြုတ်ကျသွားတယ် ။ လတ် မျက်စိထဲ ကြယ်ကလေးတွေ လင်းခနဲ လက်ခနဲ ပြေးဝင်လာပြီး ကားချပ်ကလေးပေါ် ယိုင်နဲ့ ပြီး ကျသွားတယ် ။

••••• ••••• ••••• 

ရာမမင်းက လေးစကြာကြီး ချိန်ပြီး ကိုယ့်ဆီ လာနေတယ် ။ ကြောက်တော့ မကြောက်ဘူး ။ တစ်မျိုးပဲ ။

ပုံပြင်ထဲက ဒဿဂီရိက မယ်သီတာကို မသတ်ဘူး ။

တို့ရဲ့ မယ်သီတာက ဘာလို့ သေရတာလဲ ။

ရာမက မကျေဘူးပေါ့ ၊ တအား ကျုံးအော်ပစ်လိုက်တယ် ။

“ မယ်သီတာကို ငါမသတ်ဘူး ၊ ချစ်လို့ ခိုးတာ ”

အခန်းထဲမှာ အနီတွေ အပြာတွေ ရှုပ်ယှက်ခတ်နေတာပဲ ၊ ကိုယ့် ဘေးမှာလည်း လူတွေက တအားများတာပဲ ၊ ဘယ်သူတွေမှန်းလည်း မသိဘူး ၊ သူတို့ကို ကြည့်ရတာလည်း ပီပီပြင်ပြင် မရှိဘူး ၊ ရှည်သွားလိုက် ၊ လုံးသွားလိုက် ၊ ချွန်းသွားလိုက်နဲ့ အိုလေ စုံနေတာပဲ ။

ဒီကြားထဲ ဝတ်ရုံဖြူ ဖားဖားကြီးနဲ့ လူက တို့ ဘေးက အဘိုးကြီးကို လာပြောပြနေတယ် ။

“ စိုးရိမ်စရာတော့ မရှိဘူး ၊ သူ့ကို နေကောင်းရင် စိတ္တဇဆေးရုံကို ပို့ထားရမယ် ၊ အခုတော့ သူ ဘာကိုမှ မသိဘူး ဖြစ်နေတယ် ”

အောင်မယ် ... လာလာချေသေး ၊ သူကများ ငါ့ကို ၊ ဘာလို့ မသိရမှာလဲ ၊ သိလွန်းလို့ မှ အဲ .. အခုလို မျက်စိလေး မှိတ်ထားကြည့်စမ်း ၊ မျက်စိထဲလည်း မြင်နေရတယ် ၊ နားကလည်း ကြားနေရတယ် ။

“ လတ်လို့ ခေါ်မယ်နော် ၊ သူငယ်ချင်း လတ်ပေါ့ ”

“ လတ်က ချောတယ် ”

“ ဒါပေမဲ့ လတ်က မျက်နှာများတယ် ”

“ သူများ အချစ်ကို ဝင်ခိုးတဲ့ ဘီလူးပဲ ၊ အဲဒါ ကြာကူလီ ”

“ နောက်ဆုံး သူ ရှုံးတယ်လေကွာ ”

“ မိုနာက တစ်ယောက်ဆို တစ်ယောက် ၊ နှစ်ယောက် မတွဲဘူး ”

“ လတ် လက်ထပ်နိုင်မယ့် တစ်ယောက်ကို ရွေးလိုက်ပါလား ”

“ လတ် သစ္စာမဲ့တယ် ၊ ယုတ်မာတယ် ” 

“ လတ် အရမ်းမမောင်းနဲ့  ၊ ရှေ့မှာ ကား ... အား ... အမယ်လေး ”

“ အား ... ”

“ သား ကိုလတ် .. ကိုလတ် ”

ပန်းပွင့်ကလေးတွေပေါ်မှာ ယင်တွေ အုံနေတယ် ။

စမ်းချောင်းလေးထဲမှာ လည်း မီးတောက်တွေနဲ့ ။

အနိဋ္ဌာရုံတွေကို မျက်နှာလွှဲလိုက်တယ် ။

မကြည့်ချင်ဘူး ။

မမြင်ချင်ဘူး ။

မလိုချင်ဘူး ။

ကိုယ် လိုချင်တာက မိုနာ တစ်ယောက်တည်း ။

▢  သန်းမြင့်အောင်
📖 ဝတ္ထုတိုပေါင်းချုပ်

Tuesday, September 16, 2025

အရိပ်


 ❝ အရိပ် ❞ 

( သန်းမြင့်အောင် )


“ အမေရေ၊ ဟိုမှာ အမေ့သမီးတော့ လုပ်လာပြန်ပြီ ” 


လမ်းမပေါ်သို့ မျှော်ကြည့်ရင်းမှ လှည့်အော်လိုက်သော မေစမ်း အသံကြောင့် ဒေါ်မြကြည်မှာ သမီးဖြစ်သူ အနီးသို့ လာ၍ အပြင်ဘက် လမ်းမပေါ်သို့ ကြည့်လိုက်မိသည် တွင် အိမ်ရှေ့မှာ သုံးဘီးရပ်ကာ အိပ်ရာလိပ်တွေ ၊ ကားပေါ်မှ သေတ္တာတွေနှင့် ကလေး တစ်ယောက်ပြီး တစ်ယောက် ဆွဲချနေသော မေနွဲ့ ကို ဖိုသီဖတ်သီ မြင်လိုက်ရသဖြင့် စိတ်မသက်မသာနှင့် အောက်သို့ ဆင်းကာ ဝိုင်းကူသယ်ခဲ့ရသည် ။ မေစမ်းကတော့ ဘာတစ်ခုမှ မကူဘဲ ခပ်တည်တည်သာ ကြည့်နေလိုက်သည် ။


အားလုံး အိမ်ပေါ်ရောက်တော့ မေနွဲ့ က ကုလားထိုင်ပေါ်မှာ နွမ်းနယ်စွာ ထိုင်၍ ယပ်ခတ်နေသည် ။ ကလေး လေးယာက်က မအေ့မျက်နှာကို ညှိုးငယ်စွာ ငေးကြည့်နေကြသည် ။ အမေက သူ့မြေးအငယ်ကို ပေါင်ပေါ်ဆွဲတင်ရင်း -


“ ဘယ်လိုဖြစ်လာပြန်တာတုံး မေနွဲ့ ရယ် ” 


မေးမည့်သာ မေးရသည် ထုံးစံအတိုင်း လင်မယား ရန်ဖြစ်ပြီး ဆင်းလာမှန်း အမေရော မေစမ်းပါ သိပြီးသားပင် ။


“ ရန်ဖြစ်လာတာပဲပေါ့ အမေ ၊ ဒီတစ်ခါတော့ တကယ့်ကို အကွဲပဲ အမေရေ ၊ ဒီကောင်ကို သမီး ဘယ်နည်းနဲ့ မှ ပြန်မပေါင်းနိုင်တော့ဘူး ”   


မအေ့စကားကြောင့် ကလေးတွေ ငိုမဲ့မဲ့ ဖြစ်ကုန်ကြသည် ။ 


“ တော်ရုံတန်ရုံလည်း သည်းခံမှ ပေါ့ သမီးရယ် ” 


“ တော်ရုံတန်ရုံ မဟုတ်ဘူး အမေ ၊ သိပ်ကို တရားလွန်တာ ၊ သူ မမူးတဲ့ နေ့ကို တစ်နေ့မှ မရှိဘူး ၊ မူးရင်လည်း အေးအေးမနေဘူး ၊ ဟိုရမ်း သည်ရမ်းနဲ့ ဟာ နောက်ဆုံး လင်မယားချင်း ထသတ်တဲ့ အထိကို ဖြစ်တာပဲ၊ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်၊ ကြာတော့လည်း သည်းမခံနိုင်တော့ဘူး ” 


“ ကဲပါလေ၊ ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့ ၊ မောင်ဇော်လာရင် သမီး ဘာမှ မပြောနဲ့ ၊ အမေ ကြည့်ဆုံးမပါဦးမယ် ။ မောင်ဇော် က အမေ့ကိုတော့ ရိုသေပါတယ် ၊ ကလေးတွေ မျက်နှာက ရှိသေးတယ် မဟုတ်လား ၊ ခေါင်းအေးအေးထားပြီး စဉ်းစားဦး သမီးရဲ့ ” 


သည်တော့လည်း မေနွဲ့ ဘာမှ မပြောတော့ ၊ ခေါင်းတွင်တွင် ငုံ့ပြီး မျက်ရည်ပေါက်ပေါက်ကျနေသည် ။ သည်ပုံစံကို မေစမ်း အမုန်းဆုံးဖြစ်သည် ။ အလကား ဟန်လုပ်နေတာ ၊ စိတ်ပေါက်ပေါက်နှင့် ပြောပစ်လိုက်သည် ။


“ နေပါဦး။ မမေနွဲ့ကို ဘယ်သူက ရိုက်နှက်ပြီး လင်ပေးစားလို့ လဲ၊ သဘောမတူလို့ ငိုယိုပြီး ဖျက်တာတောင် အမေနဲ့ မောင်နှမတွေကို ပစ်ပြီး လင်နောက်လိုက်ပြေးတာ ဘယ်သူလဲ၊ ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး ခုမှ ဟိုလူ မနေရ၊ ဒီလူ မနေရနဲ့ ” 


ညီမလုပ်သူက ပက်ခနဲ ပြောထည့်လိုက်တော့ မေနွဲ့ မျက်နှာလေး ငယ်သွားသည် ။ အကြီးနဲ့ အငယ်ပေမဲ့ မိမိက မှားသည် ကိုး၊ ခံပေါ့။


“ တော်ပါအေ၊ ပြီးတာတွေ ပြောမနေပါနဲ့ တော့ ၊ ကဲ ... မေနွဲ့ သွားသွား ၊ ရေမိုးချိုးလိုက်ချေဦး ၊ ကလေးတွေကော ထမင်း စားပြီးပြီလား၊ မကျွေးရသေးရင် ထမင်းဟင်းကအဆင်သင့်ရှိတယ်၊ ကြည့်ပြုကျွေး ” 


အမေတို့ က ဒီလို ၊ အမေ့ကြောင့် ခက်တာ၊ အမေက သားသမီးတွေ၊ မြေးတွေ တမြုံတမကြီး နှင့် ဝရုန်းသုန်းကား နေတတ်ပေမဲ့ မေစမ်းက မနေတတ် ။ ရုံးအလုပ် တစ်ဖက်နှင့်ပေမင့် ကိုယ့်အိမ်ကိုတော့ ရသည့်အချိန်လေးမှာ ပြောင်လက်နေအောင် တိုက်ချွတ်ထားသည် ။ အိမ်အသုံးအဆောင်နှင့် အလှအပပစ္စည်းကလေးများကို နေရာတကျ သေသေသပ်သပ် ထားတတ်သည် ။ ပြောင်ပြောင်လက်လက် လှလှပပနှင့် နေချင်စဖွယ် ရှိနေပါမှ မေစမ်း စိတ်ကြည်နူးသည် ။


သည် ကလေးတွေမို့ အိမ်ရောက်လာလျှင် ဟိုဟာကိုင်၊ သည်ဟာဆွဲနှင့် ကြမ်းပြင်ပေါ်မှာလည်း ခြေရာချင်း ထပ်ပြီး အကွက်မပေါ်တော့၊ မေနွဲ့ တို့ လင်မယားမို့ စိတ်ဆိုးပြီး ဆင်းလာလျှင် တစ်လ ကိုးသီတင်း ကြာတတ်သည် ။ မယားကလည်း အမူလွန်သည် ။ လင်ကလည်း အကြာကြီး ဟန်လုပ်နေပြီးမှ လာခေါ်တတ်သည် ။ တကယ်တမ်း ပြတ်နိုင်ကြသည်လည်း မဟုတ်။ သည် အတောအတွင်းမှာ စိတ်ညစ်ရသည် က မေစမ်းပင် ဖြစ်သည် ။


ညနေ ရုံးကအပြန် အိမ်ဝရောက်သည် နှင့် ကလေးတွေက ပြေးကြိုကြသည် ။


“ အန်တီလေး ပြန်လာပြီဟေ့၊ တို့ အန်တီလေး ပြန်လာပြီ ”   


အကြီးမ စုစုက မေစမ်းလက်ထဲမှ ရုံးဆွဲခြင်းကို ပြေးလုသည် ။ 


“ ဟဲ့ ... နေ ... နေ ... ဓာတ်ဘူး ကွဲသွားမယ် ” 


မေစမ်းက ခြင်းကို မပေးဘဲ မျက်နှာမှုန်ကုပ်ပြီး တန်းဝင်လာသောအခါ ကလေးတွေ အနားက ရှဲကုန်ကြသည် ။ တစ်နေရာတွင် ခြေထောက်က တစ်စုံတစ်ခုကို တိုက်မိသဖြင့် ငုံ့ကြည့် လိုက်ရာ စင်ပေါ်တွင် အလှထားသည့် ပလာစတာလောင်းထားသော ကြောင်ရုပ်ကလေး တစ်ရုပ် ။


“ ဟေ့ ဒီအရုပ်က ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ ” 


“ ဟို ... မောင်လေး ယူဆော့တာလား မသိဘူး အန်တီလေး ” 

 

စုစုက အပြေးကလေး လာကောက်ကာ နေရာတကျ ပြန်ထားရင်းမှ ကြောက်ကြောက်ရွံ့ရွံ့ ပြောရှာသည် ။


“ ဒါကစားစရာ မဟုတ်ဘူး ဟဲ့ ၊ အလှထားတဲ့ အရုပ် ၊ နင်တို့ကလည်း အကြီးတွေ ဖြစ်ပြီးတော့ နည်းနည်းပါးပါး ကြည့်မပြောကြဘူး။ ငါ ပြောတော့လည်း ငါ့အလွန်ပဲ ဖြစ်မယ် ၊ စည်းကမ်းကို မရှိဘူး ” 


ကလေးတွေကို ဆူပြီး အိမ်ထဲ ဝင်လာတော့ ထမင်းစားခန်းထဲတွင် စကားထိုင်ပြောနေကြသောအမေ နှင့် မေနွဲ့တို့ ကို တွေ့ရသည် ။ မေစမ်းကို မြင်တော့ အမေ ခေါင်းညိတ်ခေါ်ပြီး -


“ ပဲခူးက စာလာတယ် သမီးရေ၊ မေဝင်း တိုက်ဖွိုက် ဖြစ်နေတယ်တဲ့ ” 


“ ဟုတ်လား၊ စာက ဘယ်သူထည့်လိုက်တာတုံး ” 

 

“ သူ့ယောက်ျား မောင်တင်အောင် ရေးထည့်လိုက်တာ ” 


“ တိုက်ဖွိုက်က ကြာတာ တစ်ခုပါပဲ အမေ၊ ဂရုစိုက်ကုရင်ပျောက်ပါတယ် ” 

 

“ အခု အမေနဲ့ မေနွဲ့လည်း အဲဒါကို တိုင်ပင်နေကြတာပေါ့ သမီးရဲ့ ၊ မေဝင်း ခမျာ ယောက္ခမ တွေ၊ ယောက်မတွေ နဲ့ နေရတာ မဟုတ်လား ၊ ကလေးတွေကလည်း ရှိသေးတယ်၊ မောင်တင်အောင် ကလည်း ရုံးတစ်ဖက်နဲ့ ဆိုတော့ သူ့ကို အချိန်ပြည့် ပြုစုနိုင်မှာ မဟုတ်ဘူး လေ ၊ သူ့ယောက္ခမများမှာ အိမ်အလုပ်လည်း လုပ်ရ ၊ ကလေးလည်း ထိန်းရ၊ လူနာလည်း တစ်ဖက်ပြုစုရနဲ့ အတော် ကသီလင်တနိုင်နေကြမှာ ပဲ၊ အမေတို့ အနေနဲ့ ပစ်ထားလို့ မဖြစ်ဘူး ထင်တယ် သမီး ” 


“ ဒီတော့ အမေက ဘာလုပ်ချင်လို့ တုံး ” 


“ အိမ် မှာ မေနွဲ့ လည်း ရှိတုန်း သွားကြိုခဲ့ချင်တယ် သမီး၊ ဒါမှ မေဝင်းကို အမေတို့ ကောင်းကောင်း ပြုစုနိုင်မယ်၊ သူ့ယောက္ခမများ လည်း တာဝန်ပေါ့သွားတာပေါ့ ” 


“ ဟုတ်တယ်၊ ညီမလေး မေဝင်းကို ပြုစုဖို့ ငါ့တာဝန်ထားပါ၊ အမေနဲ့ နေရရင် သူလည်း အားရှိမှာ ပါဟာ ” 


မေနွဲ့ကပါ အမေ့စကားကို ထောက်ခံရင်း သူ့ကို အဖော်ညှိတော့ မေစမ်း သက်ပြင်းကို မသိမသာ ချလိုက်မိသည် ။


“ အမေတို့ ၊ မမေနွဲ့တို့ သဘောလေ၊ သွားကြိုကြတာပေါ့ ” 


သည်လိုနှင့် မေဝင်းကို အိမ်သို့ ကြိုလာကြသည် ။ အမေ က သူ့သမီးအတွက် အိမ်မှာ ဆရာဝန် ပင့်၍ ဂရုတစိုက် ကုသသည် ။ မေနွဲ့ ကလည်း အစွမ်းကုန် ပြုစုသည် ။ မေစမ်း ကတော့ မေဝင်း အခန်း နေ့စဉ်ဝင်၍ သတင်းမေးသည် မှ အပ အခြားဘာမှ ထွေလီကာလီ မလုပ်တတ် ၊ ရန်ကုန်မှာ ရှိသည့် အခြား မောင်နှမတွေကလည်း တစ်ရက်ခြား နှစ်ရက်ခြား ဆိုသလို လာ၍ ပြုစုကြ၊ အားပေးကြသဖြင့် မေဝင်း အခြေအနေ အတော်တိုးတက်ကောင်းမွန်လာသည် ။


အမေ မွေးသည့် သားသမီး ( ၆ ) ယောက်အနက် မေစမ်း က စတုတ္ထသမီးဖြစ်သည် ။ အကြီးဆုံး က ကိုအောင်ခိုင်၊ နောက် မေနွဲ့၊ မေသန်း ၊ မေစမ်း ပြီးတော့ မေဝင်း ၊ မေချစ် တို့ ဖြစ်သည် ။ မေစမ်း တစ်ယောက်မှ လွဲလျှင် အားလုံး အိမ်ထောင်သည် ချည်းပင် ၊ မေချစ် ၊ မေသန်း နှင့် မေနွဲ့ တို့ က ရန်ကုန် မှာ နေ၍ အကြီးဆုံး ကိုအောင်ခိုင် က ပြည်မြို့သူ ခင်မိမိ နှင့် အကြောင်းပါကာ အလုပ်အကိုင်ရော နေအိမ်ပါ ပြည် မှာ ဖြစ်သည် ။ အိမ်ထောင်သည်တွေ အားလုံး စီးပွားရေးအရ သိပ်ပြီး ချို့ချို့ငဲ့ငဲ့ မရှိကြ ခြင်းကိုတော့ အမေ စိတ်ချမ်းသာရသည် ။ အကြောင်းကြီးငယ် ရှိလာလျှင်လည်း အမေက လက်မနှေး တတ်။ အမေနှင့် မေစမ်း နှစ်ယောက်တည်း ရှိသည့်အိမ်မှာ အဖေ ရှိစဉ်က ထားခဲ့သည့် အထုပ်အထည်ကလေးကလည်း အရာမယွင်းသေး ၊ အမေ့အစ်မများ ၏ စီးပွားရေးလုပ်ငန်းတွင် အစု ရှယ်ယာဝင်ထားသည့် ငွေ အချို့ မှာ လည်း အမြတ်အစွန်းကလေးများက တရိပ်ရိပ် တက်နေသည် ။ မေစမ်း၏ လခကလည်း အိမ်စရိတ်ကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုသေးသည် မို့ အမေ့ မှာ မကြာခဏ အလှူအတန်း လုပ်ချင်စိတ် ၊ မိသားစု ပျော်ပျော်ရွှင်ရွှင် စုရုံးပြီး ချက်ပြုတ်စားသောက် ချင်စိတ်ပေါ်မိသော်လည်း အိမ်လူရှုပ်လျှင် မကြိုက်သော အတူနေ သမီးကြောင့် စိတ်ထင်တိုင်း မပေါက် ဖြစ်ရရှာသည် ။


 ••••• ••••• ••••• 


မေစမ်းတစ်ယောက် ခုတစ်လော အမြဲလိုလို အိမ်မှာ မျက်မှောင်ကုတ်ထားတတ်သော အကျင့်သည် ရုံးသို့တိုင် ပါလာတတ်သည် ။ စားပွဲမှာ ငုံ့၍ အလုပ်လုပ်နေဆဲ တယ်လီဖုန်းသံက မြည်လာသဖြင့် ကောက်ကိုင်လိုက်ရသည် ။


“ ဟလို ... အမိန့်ရှိပါ ” 


“ မေစမ်းလား ” 


“ ဟုတ်ပါတယ်၊ ဘယ်သူပါလဲ ” 


“ ဟ ... မေစမ်း၊ နင့်အသံတောင် ငါမှတ်မိတယ်၊ ငါ့အသံကို နင် မမှတ်မိဘူးလား၊ ကိုခိုင် လေ ” 


“ ဟင်၊ ကိုကိုခိုင်၊ ဘယ်က ဆက်တာလဲ ” 


“ ငါပြည်မှာ နေတာ၊ ပြည်က ဆက်တာပေါ့ဟ ” 


“ ပြည်က အထူးကိစ္စရှိလို့ လား ကိုကိုခိုင် ” 


“ ဆိုပါတော့၊ ငါရန်ကုန်က ဌာနချုပ်ကို ပြောင်းမယ် ၊ ပရိုမိုးရှင်းနဲ့လေ ၊  နင့်အစ်မနဲ့ကလေး တွေလည်း တစ်ခါတည်း အပြီးလိုက်ပြောင်းခဲ့ကြမယ် ၊ အဲဒါ လောလောဆယ် အိမ်ရှာနေတုန်း အမေ နဲ့ ပဲ ခဏ လာနေရဦးမှာ ပဲ၊ တို့ လကုန်ရင် ရန်ကုန်ရောက်မယ် ၊ နင်အမေ့ကို ပြောပြလိုက်နော် ” 


မေစမ်း တစ်ကိုယ်လုံး နုံးခွေသွားသည် ။ ရင်ထဲမှာ မကျေနပ်မှုတွေ ဆူဝေသွားပေမင့် ကိုကိုခိုင်က အကြီးဆုံး အကြောက်ရဆုံးမို့ မေနွဲ့တို့လို ဒိုးဒိုးဒေါက်ဒေါက် ပြန်မပြောရဲ ။


“ ဟေ့ ... မေစမ်း၊ ငါ ပြောတာ ကြားရဲ့လား ” 


“ ဟုတ်ကဲ့ ကြားပါတယ် ”   


“ အမေကော နေကောင်းရဲ့လား ” 


“ အင်း ကောင်းပါတယ်၊ မေဝင်း တော့ ... တိုက်ဖွိုက်ဖြစ်နေလို့ အိမ်ကိုခေါ်ပြီး ဆေးကုနေရတယ် ” 


“ ဟုတ်လား၊ အခု ဘယ်လိုနေသေးလဲ ” 


“ သက်သာပါတယ်၊ နောက်ပြီး မမေနွဲ့ လည်း သူ့ယောက်ျားနဲ့ စိတ်ဆိုးပြီး အိမ်ကို ရောက်နေ တယ်၊ ကလေးတွေရောပဲ ” 

 

“ ဖြစ်ကြပြန်ပြီလား၊ ဒီကောင်မလေးတွေလည်း ဒုက္ခပဲ၊ အေးလေ မောင်နှမတွေ စုံစုံညီညီ တွေ့ရတာပေါ့၊ ငါတို့ လကုန်ရင် ရောက်မယ်၊ အေး ဒါပဲ၊ ဒါပဲ ” 


မေစမ်း ငိုချင်သွားသည် ။ သူတို့ ကို မလာစေချင်၍ အိမ်မှာ လူရှုပ်ကြောင်း ပြောတာတောင်မှ နည်းနည်းလေးမှ စိတ်ပျက်ပုံမရ။


ရုံး မှာ ချုပ်တည်းထားခဲ့လေသမျှ အိမ်ရောက်၍ အမေနှင့် နှစ်ယောက်ချင်းတွေ့မှ မေစမ်း ရင်ပွင့်လေတော့သည် ။ ကိုကိုခိုင် ဖုန်းဆက်ကြောင်း အမေ့ကို ပြောပြပြီးသည် နှင့် တဆက်တည်း -


“ ထစ်ခနဲရှိ ဒီဘူတာပဲ လာလာဆိုက်နေကြတာပဲ၊  ဒီအိမ်ကို ဘာများမှတ်နေကြသလဲ မသိဘူး၊ လင်ယူ မယားယူနဲ့ ၊ ယူတုန်းက အလျှိုအလျှို ယူကြပြီး ဖြစ်လာရင် ကိုယ့်ပြဿနာ ကိုယ်မရှင်းကြဘူး ၊ ဒီမှာပဲ လာလာပြီး ဒုက္ခပေးကြတယ် ” 


အမေက ထုံးစံအတိုင်း မေစမ်း ကို လေပျော့ကလေးနှင့် ချော့သည် ။ 


“ ဒီလိုလည်းဘယ်ဟုတ်မလဲ သမီးရယ်၊ ခမျာများမှာ ဒီမအေ တစ်ယောက်ပဲ ရှိတာ၊ အကြောင်းရယ်လို့ ဖြစ်လာရင် မအေဆီ မလာလို့ ဘယ်သွားကြမတုံး ၊ အခိုက်အတန့်တော့ သည်းခံမှ ပေါ့ သမီးရယ် ၊ မေမေတို့ မှာ လည်း ပါးရှားတာမှ မဟုတ်တာ ” 


“ ပိုက်ဆံကုန်လို့ ပြောတာ မဟုတ်ဘူး အမေ ၊ အိမ်လူရှုပ်လို့ ပြောနေတာ ၊ အေးအေး ဆေးဆေး နေချင်လို့ ကိုယ့်ဟာကိုယ်တောင် အပူမရှာဘဲ နေတာ အခုမှ အလကားပူ အငှားပူတွေနဲ့ လာတွေ့နေရတယ် ” 


 ••••• ••••• ••••• 


သည်လိုနှင့် ကိုကိုခိုင်တို့ မိသားစု ရောက်လာကြပြန်သည် ။ ကလေး ၅ ယောက် ပါလာသည် ။ ရောက်ရောက်ချင်းနေ့မှာ မေနွဲ့ ကလေးတွေနှင့် ကိုကိုခိုင် ကလေးတွေ မောင်နှမချင်း တွေ့ကြတော့ အားရဝမ်းသာ ရုတ်စုရုတ်စု ဖြစ်နေတာကို မေစမ်း အတော်သည်းခံပြီး ကြည့်နေရသည် ။ လူကြီးတွေအားလုံးက မေဝင်း အခန်းမှာ စုပြီး အာလာပ သလ္လာပ ပြောကြသည် ။ မိသားစုအားလုံး၏ မျက်နှာများက အားတက်သရောနှင့် ရွှင်လန်းတက်ကြွနေကြသော်လည်း မေစမ်း တစ်ယောက် ကတော့ ဟန်ဆောင်ပြုံးကို အနိုင်နိုင် ပြုံးနေရသည် ။


နောက်နေ့ နောက်နေ့များမှာတော့ မေစမ်း မျက်နှာထားက ထုံးစံအတိုင်း ပြန်ပြီး တည်တည်တင်တင်း ပြန်ဖြစ်သွားသည် ။ အိမ်မှာ လူပိုများပြီး စားအိုး ပိုကြီးလာသဖြင့် အတော့်ကို ညစ်ညစ်ပတ်ပတ် ဖြ စ်ဦး မှာ ပဲဟု မေစမ်း တွေးပြီး စိတ်ဓာတ်ကျခဲ့ရသော်လည်း တကယ်တမ်းကျတော့ မေစမ်း ထင်သလောက် အခြေအနေက မဆိုးသဖြင့် နည်းနည်း ဖြေသာရသည် ။


သည် နေရာမှာ ကိုအောင်ခိုင့်မိန်းမ ခင်မိမိက မေနွဲ့တို့ နှင့် အပုံကြီး ကွာသည် ။ စည်းကမ်း စနစ်ရှိ၍ သန့်ပြန့်သည် ။ ကလေးတွေကိုလည်း နိုင်ရာကို စီမံခိုင်းစေတတ်သည် ။ ဧည့်ခန်း ၊ အိပ်ခန်း များမှ ကြမ်းပြင်များမှ အမေနှင့် မေစမ်း နှစ်ယောက်တည်း နေတုန်းကလို ပြန်လည်သန့်ပြန့်လာသည် ။


လျှော်ရာ၊ ဖွပ်ရာ၊ ချက်ရာပြုတ်ရာမှ အစ သူ မပါလျှင် မပြီး ၊ စနစ်တကျနှင့် သေသေသပ်သပ် ဖြင့် နေရာတကာ သူ့လက် သူ့ခြေချည်း ဖြစ်နေသည် ။


မေနွဲ့ ကတော့ သူ့အပူနှင့်သူ လုံးလည်လိုက်နေပြီး သူ့ကလေးတွေ ကိုပင် ခင်မိမိက လိုက်ပြီး သင်ကြားနေရသည် ။


မေနွဲ့ သမီး အကြီးမ စုစု ဆိုလျှင် ကြမ်းတိုက်၊ အဝတ်လျှော်၊ ဘုရားပန်း လဲရာတွင် မျက်နှာလွှဲ ၍ ပင် ရနေချေပြီ။ သို့သော်လည်း တကယ် ပင်ပန်းသည်မှာ တော့ ခင်မိမိပင် ဖြစ်သည် ။ အချိန်တန် လျှင် ကလေးတွေအားလုံးက အစ ရေမိုးချိုးပြီး သန့်ပြန့်လှပနေအောင်ပင် စီစဉ်နိုင်စွမ်း ရှိသည် ။


မေစမ်း မျက်နှာ ကြည်သာအောင် လိုက်လုပ်နေခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။ မေနွဲ့တို့ က ညီအစ်မချင်းမို့ မေစမ်း မျက်နှာ မသာလည်း နေမြဲနေရတတ်ပေမင့် သူကတော့ သူစိမ်းမို့ အစစ အရာရာ ဂရုတစိုက် ဆောင်ရွက်နေဟန် တူသည် ။ သည့်အတွက် မေစမ်း စိတ်ကျေနပ်မှု ရှိပေမင့် ထမင်းစားခန်းထဲမှာ လူများ နေတာမျိုး ၊ ညဘက် ဧည့်ခန်းမှာ လူစုနေတာမျိုးကိုတော့ မေစမ်း မျက်စိ ရှုပ်တာ အမှန်ပင် ။


 ••••• ••••• ••••• 


တနင်္ဂနွေ တစ်ရက်တွင် ရုံးမှ အရာရှိတစ်ယောက်က အလှူလုပ်သဖြင့် မေစမ်း ရုံးမှ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်များ ဖြစ်သော သီတာ၊ ထားထား တို့ နှင့်အတူ သင်္ဃန်းကျွန်းရှိ အလှူအိမ်သို့ သွားကြသည် ။


အလှူမှ ပြန်သောအခါ ထားထားက


“ တို့ သင်္ဃန်းကျွန်းဘက် ရောက်တုန်း ကျိုက္ကဆံဘုရား ဝင်ဖူးကြရအောင်လား ” 


“ မိထားတို့ ကတော့ ခြေရှည်ပြီ၊ နေပူရတဲ့ အထဲ ” 


သီတာက ပွစိပွစိ လုပ်တော့ -


“ မဟုတ်ဘူး လေကွာ၊ မြို့ထဲဘက်က ဘုရားတွေဆို တို့ အမြဲ ဖူးနေရတာပဲ ၊ ဒီဘုရားက ရောက်ခဲတယ်လေ ၊ ဒါကြောင့် ကြုံတုန်း ဝင်ဖူးချင်လို့ပါ ၊ မေစမ်းကော ဘယ်လိုသဘောရသလဲ ” 


ထားထား က မေစ မ်းကို စစ်ကူတောင်းသည် ။


“ ဘုရားဖူးတာပဲကွာ၊ မဖျက်ကောင်းပါဘူး ” 


“ ငါက ထီးမပါကြလို့ ပြောတာပါ ။ ဘုရားပဲ ငါလည်း ဖူးချင်တာပေါ့ ၊ မေစမ်းက တော်ကြာ ခေါင်းကိုက်တယ် ၊ ဇက်ထိုးတယ်နဲ့ ချူချာတတ်လွန်းလို့ ပြောရတာ ၊ ဒါဆိုရင်လည်း သွားကြမယ်လေ ” 


သို့နှင့် ကားစီးပြီး ကျိုက္ကဆံဘုရား ဝင်ဖူးကြသည် ။ ဘုရားဖူးပြီး ဘုရားရင်ပြင်တော်ကို တစ်ပတ်ပတ်သောအခါ သုံးယောက်လုံး ကိုယ်မှ ချွေးတွေ ရွှဲနစ်လာကြသည် ။ 


နွေတစ်နေ့၏ နေ့လယ်ခင်းကား ချစ်ချစ်တောက် ပူလောင်ပြင်းပြနေသည် ။ ရင်ပြင်တော်ပေါ်ဝယ် ဖိနပ်ချွတ်ပြီး လျှောက်ရသဖြင့် အထက်ပူ အောက်ပူဖြင့် နားနေနိုင်မည့် အရိပ်အာဝါသကို ရှာဖွေရင်း သုတ်သုတ်၊ သုတ်သုတ် လျှောက်ကြရသည် ။


“ ဟေ့ ... ဟိုရှေ့မှာ ခရေပင်ကြီး တစ်ပင်ဟေ့ ၊ အဲဒီအရိပ်ကို သွားကြရအောင် ”


သီတာ ညွှန်ပြသည့် ခပ်လှမ်းလှမ်းမှာ မြင်နေရသော ခရေပင်ရိပ်သို့ အပြေးလေး ခိုဝင်မိကြသည် ။


“ အား ခုမှ ပဲ နေသာထိုင်သာ ရှိသွားတော့တယ် ” 


မေစမ်း နှုတ်မှ အသံထွက်အောင် ရေရွတ်ရင်း ခရေပင်ရိပ်တွင် အားရပါးရ ထိုင်ချလိုက်သည် ။ စောစောက အပူဓာတ်များ ရုတ်ခြည်း ပျောက်ပျက်ကာ ခရေနံ့သင်းသင်းကလေးကြောင့် လန်းဆန်းလာကြသည် ။


ခရေပင်၏ လုံးပတ်သည် လူနှစ်ယောက် လက်ချင်းဆက်၍ ရစ်ပတ်ဖက်တွယ်ပါမှ ပတ်မိရုံ ရှိမည်ထင်သည် ။ အုံ့ဆိုင်းနေသော အကိုင်း ၊ အခက် ၊ အရွက်တို့ သည် နေခြည်တစ်ပြောက်ပင် မတိုး သာအောင် ထူထပ် သိပ်သည်းလျက်ရှိသဖြင့် အရိပ်အာဝါသကား အေးမြလှသည် ။ ပင်စည်၏ အခြား တစ်ဖက်တွင် သတင်းစာအဟောင်းနှင့် ဒန်အိုးဒန်ခွက် လိုက်ဝယ်ဟန်တူသော ကလေးတစ်ယောက်သည် တောင်းနှစ်လုံးနှင့် ထမ်းပိုးကို ချကာ ခြေပစ်လက်ပစ် ထိုင်နေသည် ။


ထိုနေရာနှင့် ခပ်လှမ်းလှမ်းမှာတော့ ဘုရားဖူးလာဟ န်တူသော အသက် ( ၄၀ ) ပတ်ဝန်းကျင်ခန့် အမျိုးသားကြီးနှင့် အမျိုးသမီးကြီးတို့ နှစ် ဦး မှာ စေတီတော်ဘက်သို့ ရှေးရှု၍ ထိုင်ကာ ဘုရားအာရုံပြုနေကြသည် ။ ထိုစဉ် ယောဂီရောင်ဝတ်စုံ ဝတ်ထားသော အဘိုးအိုတစ်ယောက် ရေပုံးတစ်ပုံး ကို ဆွဲ၍ ခရေပင်အောက်သို့ ဝင်လာသဖြင့် မေစမ်းတို့ ထိုအဘိုးအို၏ လှုပ်ရှားမှုကို အမှတ်မထင် လိုက်ကြည့်နေမိသည် ။


အဘိုးအိုက ရေချမ်းစင် ရှိရာသို့ တန်းတန်းမတ်မတ် ဝင်လာပြီး သောက်ရေဖြည့်သည် ။ သည်တော့မှ မေစမ်းတို့ သုံးယောက် ရေဆာသော ဆန္ဒပြင်းပြလာကြသည် ။ အဘိုးအိုက ရေချမ်းစင် ကို ငေးကြည့်နေကြသော သူတို့ သုံးယောက်ကို သတိပြုမိသွားသဖြင့် ...


“ သမီးတို့ ... အမောပြေ ရေသောက်ကြပါလား ၊ ရေလေးက အေးကအေးနဲ့ ” 


မေစမ်းတို့ ဟန်မဆောင်နိုင်ဘဲ ရေတစ်ခွက်စီ သောက်လိုက်ကြသည် ။ ရေအေးအေးလေးက လည်ချောင်းမှ တစ်ဆင့် စီးမျောပြီး ရင်ထဲတွင် လန်းဆန်းကာ အင်အားတွေ ပြည့်ဖြိုးလာရသည် ။


“ ရင်ထဲကို အေးသွားတာပဲ၊ ကျေးဇူးတင်လိုက်တာ အဘရယ် ” 


မေစမ်း လှိုက်လှိုက်လှဲလှဲ ပြောလိုက်မိသည် ။


“ ရပါတယ် သမီးရယ်၊ နေပူထဲက လာရတဲ့ သူအဖို့ အရိပ်အောက်မှာ အမောဖြေပြီး ရေအေးအေးလေးများ သောက်လိုက်ရရင် ပင်ပန်းလာသမျှတွေ အကုန်ပြေပျောက်ပြီး သိပ်ကို စိတ်ချမ်းသာဖို့ ကောင်းတာ ၊ အဲဒါကို ကိုယ်ချင်းစာပြီး အဘ ဒီရေအိုးလေးကို ရေမပြတ် ဖြည့်ပေး နေတာပေါ့ ၊ ကလေးတို့ လည်း နားနားနေနေ အမောဖြေကြဦးနော် ၊ နေပြင်းနေသေးတယ် ၊ ဒီနေရာ ကနေ ဘုရားကို အာရုံပြုလို့ လည်း ရတယ်ကွဲ့ ” 


အဘိုးအိုက ရေပုံးကို ဆွဲလျက် ပြန်ထွက်ခွာသွားသည် ။


ထိုစဉ် ဘုရားဖူးလာသော မိသားစုတစ်စုနှင့် ကလေးသုံးလေးယောက် ဖိနပ်ကလေးတွေ ကိုင်၍ ခုန်ဆွ ခုန်ဆွနှင့် ခရေပင်အောက်သို့ ပြေးဝင်လာကြသည် ။


မေစမ်း ပင်စည်ကို မှီ၍ ပတ်ဝန်းကျင် ဝဲယာကို ငေးငိုင်တွေဝေစွာ ကြည့်နေမိရင်း ရင်ထဲမှာ အသိတစ်ခု ဝင်လာသည် ။


“ တကယ်တော့ အပူဒဏ်တွေ ခံနေရတုန်းမို့ အေးမြတဲ့ အရိပ်အောက်ကို ပြေးဝင်ခိုလှုံမိကြတာပါပဲ ၊ နေရိပ်တော့လည်း သူ့ခရီးသူ ဆက်သွားကြမယ့် သူတွေချည်းပါပဲ ၊ အားလုံးဟာ ဒီအရိပ်အောက် မှာ ပင်စည်ကြီးကို ဖက်တွယ်ပြီး တစ်နေ့လုံး တစ်ညလုံး နေကြမယ့် လူတစ်ယောက်မှ မရှိပါဘူး ၊ ဒီအထဲမှာ အခိုက်အတန့် လာခိုနားကြတဲ့ ခရီးသွားတွေကို စိတ်ချမ်းသာမှု ပေးနေတဲ့ ရေအလှူ ရှင်တွေကတော့ ထာဝရ ကုသိုလ်ရနေမှာ ပါပဲ ” 


အတွေးနှင့်အတူ တစ်ဆက်တည်း အမေ့အိမ်နှင့် သွေးသားရင်းချာ မောင်နှမများကို မြင်ယောင်မိရင်း မေစမ်း၏ မျက်ဝန်းများမှာ တစ်စတစ်စ ရွှန်းလက်ကာ ပြုံးယောင်သန်းလာပေတော့သည် ။


 ▢  သန်းမြင့်အောင်

📖 ဝတ္ထုတိုပေါင်းချုပ်

Wednesday, July 2, 2025

မနက်သော အဖြူ


 

❝ မနက်သော အဖြူ ❞
   ( သန်းမြင့်အောင် )

“ ဟဲ့ အမယ်လေး ၊ ငါ့သားကြီးတို့ပါလား ၊ သမီးနဲ့ မြေးပါ လိုက်လာကြတယ်နော် ၊ လာမယ်ဆို ကြိုတင်ပြောရောပေါ့ သားရယ် ၊ အမေတို့ သင်္ဘောဆိပ် လာကြိုမှာပေါ့ ၊ သမီးနဲ့ မြေးလည်း ခုမှ ပဲ တွေ့ရတော့တယ် ။ အမေ ဝမ်းသာလိုက်တာကွယ် ၊ ငါ့သားကြီးက အသားတွေ မည်းသွားပါလား ၊ ပိန်လည်း ပိန်သွားတယ် ထင်တယ် ၊ မတွေ့တာ ကြာသွားလို့ လား မသိဘူး။ ဒါမှမဟုတ် အလုပ်တွေများ သိပ်ပင်ပန်းလို့ လား ”

ကိုမျိုးအောင်တို့ လင်မယား ရောက်လာတော့ တစ်အိမ်လုံး လှုပ်လှုပ်ရှားရှား ဖြစ်ပြီး ဝမ်းပန်းတသာ ကြိုဆိုကြသည် ။ သက်က မျက်နှာကို အစွမ်းကုန် ပြုံးထားလိုက်ပေမဲ့ ရင်ထဲကတော့ -

“ တော်တော် အဖြစ်သည်းတဲ့ အဘွားကြီး ၊ သူ့သားကိုပဲ ငါက အသေအလဲ ခိုင်းစားနေတဲ့ ပုံစံ မျိုးနဲ့ ”

ဟု ရင်ထဲတွင် မျက်ခနဲ ဖြစ်သွားရသည် ။

ကိုမျိုးအောင်တို့ က မောင်နှမ သုံးယောက်ရှိသည် ။ ကိုမျိုးအောင် တစ်ယောက်သာ ရန်ကုန်မြို့ မှာ အခြေကျနေခြင်း ဖြစ်ပြီး ကိုမျိုးအောင် အောက် ကိုတိုးအောင် မှာ တစ်မြို့တည်းနေ ခင်လေးနှင့် အိမ်ထောင်ကျပြီး ကလေးနှစ်ယောက် ရသည့်တိုင် အမေနှင့် အတူနေသည် ။ အငယ်ဆုံးညီမ နုထွေး ကို ရင်အုပ်မကွာ ရှိနေရသည့် အမေ့အိမ်သည် ကိုတိုးအောင်တို့ မိသားစုနှင့် ဥမကွဲ သိုက်မပျက် နေရသည်ကိုက အမေ စိတ်ချမ်းသာနေသည် ။

သက်တို့ ရောက်သွားချိန်က မွန်းတည့်နေပေပြီ ။ သင်္ဘောပေါ်မှာ တစ်ညလုံး လိုက်ပါလာရ သဖြင့်လည်း ဆာလောင်လာကြသည် ။ သူ့မြေးကို ချီထားလျက်မှ သားနှင့် ချွေးမအတွက် အမေက အစားအသောက် စီမံရသည် ။

“ ခင်လေးရေ ထမင်းပွဲပြင်ပါ ၊ သမီး အစ်ကိုနဲ့ အစ်မ ဆာလှရောပေါ့ ၊ သမီးရေ ဒီမနက် တော့ ရှိတာနဲ့ ပဲ စားကြပေတော့ကွယ် ၊ ညစာကျမှ ထမင်းမြိန်အောင် အမေ စီစဉ်ပေးမယ် ”

ချွေးမအငယ် ခင်လေး နှင့် နုထွေး တို့ က ပျာပျာသလဲ ထမင်းပွဲပြင်ကြသည် ။

ပဲကြီးနှင့် ဆူးပုပ်ရွက်ဟင်း ၊ ဆတ်သားခြောက်ဖုတ် ဆီဆမ်း ၊ ပုစွန်ကြော် ၊ သုံးဦးစပ် ငါးပိရည် ကျိုနှင့် စိုင်သရက်သီးကလေးများ နှင့် ဖွယ်ရာစွာ ပြင်ထားသည့် ထမင်းဝိုင်းကို ကြည့်ကာ မစားခင် မြိန်နှင့်နေသည် ။ သက်က ဆတ်သားခြောက်ကို အသေအလဲ ကြိုက်သည် ။ ပိုက်ဆံ နှမြောတတ် သော်လည်း ရန်ကုန်မှာ တစ်ခါတစ်ရံမှ ရတတ်သော ဆတ်သားခြောက်စစ်စစ် ကိုတော့ ဈေးကြီးပေး ဝယ်၍ မီးဖုတ်ပြီး မွနေအောင် ထုကာ ဆီရွှဲရွှဲဆမ်း၍ ဇိမ်ခံစားတတ်သည် ။ ယခုလည်း အကြိုက်တွေ့ နေပြီ ဆိုတော့ သက် လက် က ဆတ်သားခြောက်ပန်းကန် ထဲမှ မထွက်တော့။

“ ဟဲ့ သမီး မသက် ၊ ပုစွန်ကြော်တွေ ထည့်စားလေ ၊ ကိုမျိုး ... မသက်ထဲ ဟင်းထည့်ပေးစမ်း ”

“ နေပါစေ အမေ ၊ အမေ့သမီးက ဆတ်သားခြောက် သိပ်ကြိုက်တာ အမေရဲ့ ၊ သူ ဒီမှာ အကြိုက် တွေ့နေတာ ”

ထိုနေ့ မနက်က ထမင်းစားကောင်းပုံများတော့ မသက်တို့ တစ်သက်မှာ မေ့နိုင်တော့မည် မထင်။ ထမင်းစား ပြီးတော့ ခရီးကလည်း ပန်းလာသဖြင့် နုထွေး လာခင်းပေးသော ဖျာ နှင့် ခေါင်းအုံး ပေါ် အညောင်းဆန့်ရင်း မှေးခနဲ အိပ်ပျော်သွားတော့သည် ။

••••• ••••• •••••

“ အမေ ၊ ညနေစာအတွက် ဆတ်သား ထပ် ဖုတ်ဦးမလား ”

“ မဖုတ်နဲ့တော့ ခင်လေး ၊ ဆတ်သားခြောက်တွေ သိမ်းထားလိုက် ၊ ကိုတိုး ကို ရွာအလယ်ပိုင်း မှာ ပုစွန်တုပ်ကြီးကြီး သွားရှာခိုင်းထားတယ် ၊ ပြန်လာရင် မီးဖုတ်ပြီး သံပရာရည် ညှစ်ပြီး သုပ်စမ်း ၊ ကိုမျိုး သိပ်ကြိုက်တာ ”

မှေးခနဲ အိပ်ပျော်သွားရာမှ ပြန်လည်နိုးစ အာရုံထဲတွင် မီးဖိုဘက်မှ သဲ့သဲ့ကြားရသော အဘွားကြီး နှင့် ခင်လေးတို့ ၏ အသံကြောင့် ရင်ထဲတွင် အောင့်သွားရသည် ။

“ ကြည့်စမ်း ၊ ယောက္ခမ ပီသလိုက်တာ ၊ ဆတ်သားခြောက် ကို ငါကြိုက်မှန်း သိလို့ တမင် မထည့်ပေးတာ ၊ သူ့ သားကျတော့ တကူးတက ရှာဖွေ လုပ်ကျွေးတယ် ၊ မမစိုး ပြောတဲ့ သူတို့ ဥ မှ သူတို့ ဥ ဆိုတဲ့ စကား မှန်လိုက်တာနော် ”

ထိုအချိန်မှ စ၍ သက် ရင်ထဲတွင် မကြည်လင်တော့ ။ ညနေစာ ထမင်းဝိုင်းကြီး ကား ဟီးထ နေသည် ။ ကြက်သားဆီပြန် ၊ ငါးသလောက်ကြော်နှပ် ၊ ပုစွန်တုပ်မီးဖုတ်သုပ် ၊ ကြာဆံဟင်းခါး ၊ ငံပြာရည်ချက် စသည် ဖြင် ထမင်းမြိန်ချင်စရာ ကောင်းလှသော်လည်း သက် က တို့ ကနန်း ဆိတ်ကနန်းသာ စားဖြစ်သည် ။ ထမင်းစားရတာ စိတ်မပါရသည့် ကြားထဲ ခင်လေး နှင့် နုထွေးတို့ ၏ လက်ထဲမှ ပြိုးခနဲ ပြက်ခနဲ  တွေ့လိုက်ရသော
တစ်တန်းသွား စိန်လက်စွပ်ကလေးများကြောင့် ရင်ထဲတွင် ဝေဒနာ အသစ်တစ်ရပ်
ထပ်မံတိုးရပြန်သည် ။ ရင် ထဲမှာ အားငယ် သလိုလို ၊ ဝမ်းနည်း သလိုလို ၊ သဝန်တို သလိုလို ၊ ဘာလိုလိုကြီးမှန်း မသိ။

“သူတို့ တောင် တောမှာ နေပြီး စိန်လက်စွပ်တွေ ၊ ဘာတွေ ဝတ်နိုင်ကြသေးတယ် ၊ ငါ့မှာ တော့ ရန်ကုန်မြို့ က အပြိုင်အဆို င် တွေ ကြားထဲ မှာ ကျောက်နီလက်စွပ်ကလေး
တစ်ကွင်းတောင် အနိုင်နိုင်ရယ် ၊ ဒါမျိုးတော့ ထီပေါက်မှ ပဲ ဝတ်နိုင်တော့မယ် ထင်ပါရဲ့ ”

ဟု အားငယ်စိတ်နှင့် တွေးပြီး ထမင်း ပင် မျိုမကျတော့။

“ မသက် ၊ ထမင်းစား နည်းလှချည်လား ၊ စားမကောင်းဘူးလား ”

နုထွေး ၏ အမေးကို ရင်ထဲက မဲ့ပြုံး ပြုံးလိုက်သော်လည်း အပြင်ပန်း မှာတော့ ကြည်လင်သော မျက်နှာထားဖြင့် -

“ ကောင်းပါတယ် ညီမလေးရဲ့ ၊ မနက်က စားထားတာ များသွားလို့ပါ ”

ဟု တိုတိုပြတ်ပြတ် ပြောလိုက်သည် ။

“ ကိုယ်ကတော့ မနက်ကလည်း ကောင်း ၊ ခုညနေလည်း ကောင်း ၊ ကောင်းလွန်းလို့ ထတောင် မထနိုင်တော့ဘူး ၊ အမေ့ အိမ်မှာ သာ တစ်လလောက် နေလိုက်ရင် ပေါင်ချိန်နှစ်ဆ တိုးပြီး ရန်ကုန် က လူတွေ မမှတ်မိတော့မှာ သေချာတယ် ”

ကိုမျိုးအောင် ၏ အပြောကို အားလုံးက သဘောကျစွာ ရယ်မောကြသည် ။

ညဘက် လက်ဖက် တစ်အုပ် ၊ ရေနွေးတစ်အိုး နှင့် မိသားစု စကားဝိုင်းဖွဲ့ကြသော အခါတွင်လည်း သက်က ခဏတစ်ဖြုတ်သာ စကားဝိုင်း ထိုင်ပြီး ခရီးပန်းလာသည် ကို အကြောင်းပြကာ ကလေး နှင့် အိပ်ရာထဲ စောစောဝင်ခဲ့သည် ။ သက် စိတ်ထဲ မရှေးမနှောင်း မှာ မောင်ပါ လိုက်ဝင်ခဲ့မည် ထင်သော်လည်း သက် တစ်ရေးနိုးသည် အထိ
မောင် ရောက်မလာတော့ မောင်တို့ မိသားစုအပေါ် သဝန်တို ငြူစူမိသည် ။

“ ပြောလို့ ဆိုလို့ ကို အားမရနိုင်ကြဘူး ၊ တစ်သက်လုံးပဲ ခေါ်ထားလိုက်ကြပါတော့ ။ ဘာတွေ များ ဒီလောက် ပြောနေကြတယ် မသိဘူး ။ ဟိုတစ်ယောက်ကလည်း ကိုယ့်မယား တစ်ယောက်တည်း ရပ်ရွာမှာ ဘယ်လောက် အားငယ်နေမယ် ဆိုတာ
မတွေးမိဘူးလား မသိဘူ။ အလိုက်ကန်းဆိုး မသိကြတဲ့ လူတွေနဲ့ နေရတာ စိတ်ကုန်တယ်။ ပြန်မယ့်ရက်သာ မြန်မြန်ရောက်စမ်းပါတော့ ”

ဟု ငြူစူတမ်းတမိရင်း ပြန်လည်အိပ်ပျော်သွားသည် ။

••••• ••••• •••••

သည် လိုနှင့် သက် ရင်ထဲမှာ အလိုမကျမှုတွေ ၊ သဝန်တိုငြူစူမှုတွေကို ဟန်ဆောင်ပြုံးနှင့် ဖုံးကွယ်ရင်း ပြန်မည့်ရက်သို့ ရောက်လာသည် ။

မနက်ဖြန် သင်္ဘောဆင်းရမည် ဆိုတော့ ဝန်စည်စလယ်များကို ထုပ်ပိုးပြင်ဆင်ပြီး ညဘက် အမေ့ ကို ကန်တော့ကြသည် ။ အမေ က ဆုတွေကို မျိုးစုံအောင် အရှည်ကြီး ပေးသည် ။ ဆုပေးနေရင်းမှ အမေ့လက်က ချွေးခံအင်္ကျီအိတ်အတွင်းမှ အဝတ်အိတ်ရှုံ့ သေးသေးကလေး တစ်ခုကို နှိုက်ထုတ်လိုက်သည် ။ ပြီးတော့ သူ့ ကြိုး နှင့် သူ ပြန်ပတ်ထားသော အိတ်ရှုံ့မှ ကြိုးစ ကို ဖြည်းဖြည်းချင်း ဖြေပြီး အထဲမှ စက္ကူထုပ်သေးသေးလေး တစ်ခုကို နှိုက်ယူလိုက်သည် ။ တစ်ဖန် စက္ကူထုပ်ကို ဖွင့်ပြီး အထဲမှ ဖုံးအုပ်ထားသော ဂွမ်းစကလေးကို အသာလှပ်လိုက်တော့ တစ်တန်းသွား စိန်လက်စွပ်ကလေး တစ်ကွင်းက လက်ခနဲ ပေါ်ထွက်လာသည် ။ သက် တစ်ယောက် အသက်ရှူရန်ပင် မေ့သွားသည် ။

“ သမီး သက် ”

“ ရှင် အမေ ”

“ ဒါလေးဟာ အမေ အပျိုဘဝက ဝတ်ခဲ့တဲ့ လက်စွပ်ကလေးပေါ့ကွယ် ၊ ဒီလို တစ်တန်းသွားကလေးတွေချည်း သုံးကွင်း ရှိတယ်။ အခု အမေက သမီးတို့ ကို ပြန်ပြီး အညီအမျှ ခွဲပေးတာ ၊ ခင်လေး က တစ်ကွင်း ၊ နုထွေး က တစ်ကွင်း ၊ ဒီတစ်ကွင်းက ရန်ကုန်မှာ ရှိတဲ့ ငါ့သားကြီး နဲ့ ချွေးမကြီး အတွက် ဆိုပြီး ရည်စူးပြီး သိမ်းထားခဲ့တာ ၊ အခု သမီးတို့ ရောက်လာတော့ အတော်ပဲ ၊ ဒါ သမီး အတွက် ၊ ရော့ ဝတ်ထားလိုက် ”

အမေ လှမ်းပေးသော စိန်လက်စွပ်ကလေးကို လှမ်းယူပြီး ဝတ်နေသော မသက် လက်ကလေး တွေ တဆတ်ဆတ် တုန်နေသည် ။

“ သမီးရေ ၊ ခင်လေး ”

“ ရှင် ၊ လာပြီ အမေ ”

ချွေးမငယ် ခင်လေး အမေ့ နားသို့ အပြေးအလွှား ရောက်လာသည် ။

“ အမေ ဟိုနေ့က သိမ်းခိုင်းထားတဲ့ အထုပ်ယူပြီး နင့်အစ်မ စားစရာခြင်းထဲ တစ်ခါတည်း ထည့် လိုက်လေ သမီး ၊ တော်ကြာ မေ့သွားဦးမယ် ”

“ ဟုတ်ကဲ့ အမေ ”

ခင်လေး အခန်းထဲ ဝင်သွားပြီး ပြန်ထွက်လာသောအခါ အထုပ်ကြီး တစ်ထုပ် ပါလာသည် ။

“ ဘာတွေလဲ အမေ ၊ စားစရာတွေ ထည့်ပေးတာလည်း စုံနေပြီပဲ ၊ ပုစွန်တုပ်ကြီးတွေရော ၊ ငါးကြော်တွေရော ၊ ငံပြာရည် ၊ ငါးပိပါ မကျန်ဘူး ကြိမ်ခြင်းကြီးနဲ့ အပြည့်ပဲ ၊ ကျွန်တော်တို့ တောင် မနည်းသယ်ရမှာ  ၊ တော်ပါပြီ အမေရာ ”

ကိုမျိုးအောင် က ခေါင်းယမ်းရင်း ပြောသည် ။

“ အဲဒါတွေက မင်းတို့ သားအဖတွေ စားမှာ ၊ ဒါက မသက် ကြိုက်တဲ့ ဆတ်သားခြောက်ကွဲ့ ၊ ဆတ်သားစစ်စစ် က ရခဲဘိခြင်း ၊ အမေတောင် သူများ လက်ဆောင်ပေးလို့ နှစ်ပိဿာလောက် ရထားတာ ၊ မသက် ကြိုက်တယ်ဆိုလို့ အိမ်မှာ တောင် ထုတ်မစားနိုင်တော့ဘူး။ ရန်ကုန်ကျမှ သူ့ဟာ သူ စိတ်တိုင်းကျ စားပါစေ ဆိုပြီး အမေ အားလုံး
သိမ်းခိုင်းထားတာ ”

“ အို .. အမေရယ် ”

မသက် ရင်ထဲ များ စွာ ထိခိုက်ကြေကွဲသွားသည် ။ ရင်မှာ နာကျင်မှု နောင်တများစွာနှင့် ဝိုးတဝါး ယှက်သန်းလာသော မျက်ရည်စတွေကို မောင် နှင့် အမေ မမြင်အောင် လျင်မြန်စွာ ပုတ်ခတ် ထိန်းသိမ်းရသည် ။

အမေ့မျက်နှာပြင် ပေါ်က အကြင်နာရိပ် ၊ မေတ္တာရိပ် ၊ ကရုဏာရိပ်တွေ ကို ရှာဖွေ တွေ့ရှိရသည် ။ ခဏမှာ အမေ နှင့် ဝေးရမှာ အကြောက်ကြီး ကြောက်လာသည် ။ ကုန်လွန်ခဲ့သော ရက်ပိုင်းများ ကို နှမြောလှစွာနှင့် နောင်တတရား ကို ရင်မှာ ပိုက်မိရသည် ။ နောင်အခါ အခွင့်သင့်၍ အမေ့ ထံ တစ်ကျော့ ပြန်ရောက်ရမည့် ကာလကိုသာ
တောင့်တမျှော်လင့်ရပေတော့မည်။

တကယ်တော့ ယောက်မ ၊ ယောက္ခမ မှန်လျှင် မကောင်းတတ်ဘူး ဟူသည့် ပတ်ဝန်းကျင် သွေးခွဲစကား နှင့် လွဲမှားသည့် ခံယူချက်ကို ယုံကြည်မိသော ငယ်ရွယ်သူ ပီပီ သက်သက် သည် အမေတို့ မိသားစု အပေါ် မျက်မှန်စိမ်း တပ်၍ ကြည့်မိခြင်းသာ ဖြစ်ပါသည် ။

အမှန်တော့ လူနှင့်လူချင်း ဆက်နွှယ်ပေါင်းသင်းကြရာတွင် ယောက်မ ၊ ယောက္ခမ ၊ ချွေးမ ဟူသော တော်စပ်မှု အခေါ်အဝေါ် ၊ အမည်နာမ ၊ ပညတ်များ နှင့် ဘာမှ မဆိုင် ။ အဓိကကျသည် မှာ မေတ္တာတရား ၊ ကရုဏာတရား နှင့် ကိုယ်ချင်းစာနာမှု စိတ်ထားများ သာ အရေးကြီးကြောင်း မသက် ကောင်းကောင်း သဘောပေါက် နားလည်ခဲ့သည် နှင့်အမျှ ရင်တွင်းမှ နေ၍ အမေ့ အား ခွင့်လွှတ်ပါမည့် အကြောင်း အကြိမ်ကြိမ် ဆုတောင်း၍ ဦးခိုက်ကန်တော့ရပါတော့သည် ။

  ▢ သန်းမြင့်အောင်
📖 ဝတ္ထုတိုပေါင်းချုပ်

Friday, May 16, 2025

ပန်းနုရောင်နှင်းဆီ


 

❝ ပန်းနုရောင်နှင်းဆီ ❞
   ( သန်းမြင့်အောင် )

ခြေလှမ်းတွေ က ရှေ့ကို သွက်သွက် လှမ်းနေသည့် တိုင် ခရီး က မတွင်ချင် ... ။

မနေ့တုန်း က သူ့ ရဲ့ နွမ်းလျတွယ်တာမှုတွေ ကို ခုချိန်ထိ မျက်လုံး ထဲ က မထွက် .... ။ ပန်းနုရောင် ပွင့်ဖတ်ကလေး လို ဖျော့တော့ နွမ်းလျတဲ့ ခန္ဓာကိုယ် ပါးလှပ်လှပ် ကို လူနာ ခုတင် ထက် မှာ ကျွန်မ ရင်ခွင် ကို မှီပြီး အကြာကြီး ထိုင်နေနိုင်တာ ကို စာပေ ညီအစ်မတွေ အားလုံးက ဝမ်းသာကြသည် ။ တစ်ယောက် နှင့် တစ်ယောက် အပျော်တွေ ကူးစက်ပြီး မျှော်လင့်ချက် ရောင်ခြည်တွေ လင်းလက်ခဲ့ကြသည် ။ ပြီးခဲ့တဲ့ ရက်တွေတုန်း ကတော့ ဒီလောက်တောင် မလန်းဆန်းနိုင်ဘဲ အိပ်ရာ ထဲ မှာ သွေးပိုက်တွေ ၊ ဆေးပိုက်တွေ တန်းလန်း နဲ့ ပက်လက်ကလေး မှေးမှိတ်လို့ ။

လူတစ်ယောက် လာ ရပ်ရင် လည်း အသံ ကြားမှ မျက်လုံးကလေး ခဏ ဖွင့် ကြည့်ပြီး စကား မပြောနိုင်ဘဲ ပြန် မှိတ်သွား ရှာတယ် ။ မိန်းမူးရီဝေ နေတဲ့ လက္ခဏာမျိုး နဲ့ မသိ တစ်ချက် သိ တစ်ချက် ပုံသဏ္ဌာန် ၊ သူ့ ကို ချစ်ကြတဲ့ အနုပညာသွေးနှောသူ စာပေ ညီအစ်မတွေ က အဲဒီ အခြေအနေ ကို မြင်လေတိုင်း ရင် မှာ စိုးထိတ်အားငယ်စိတ်တွေ နဲ့ ။

ကျွန်မတို့ မှာ ပွင့်ဖတ် ကြွေမယ့် နေ့ ကို ရင်မဆိုင်နိုင်လို့ သောက လေညင်း သက်ပြင်း တောင် ရဲရဲ မခြွေဝံ့ကြတော့တဲ့ သူတွေပါ ။

ရှေးဦးအစ ဝေဒနာတွေ တုန်း က အလွန် ဝတ္တရား ပျက်ကွက်ခဲ့တဲ့ မမဝင်း က သာ အချိန်ပြည့် ကျွန်မတို့ ညီမငယ်တွေ အစား ဝတ္တရား မပျက် အနီးကပ် စောင့်ကြည့် နေခဲ့တာ ။

“ မမစု ရဲ့ ရောဂါက ကင်ဆာ .. နောက်ဆုံး အချိန်ကို ရောက်နေပြီ ”

ဆိုတော့မှ ညီမငယ်တွေ ပျာပျာသလဲ ဖြစ်ပြီး အပြေးအလွှား ရောက်လာကာ ပျာပျာသလဲ ပြုစုကြရတယ် ။ ဒါပေမဲ့ သူ ဟာ အရင်တုန်း က လို အားမာန် အပြည့်နဲ့ ။

“ ခုမှ ပဲ ပေါ်လာကြရသလား မဖုရားတို့ ရယ် ” လို့ ဆီးကြို မနှုတ်ဆက် နိုင်ရှာတော့ဘူး ။

ထူးထူးခြားခြား မနေ့တုန်း က ကျွန်မတို့ မနက် ၁၁ နာရီ ကနေ ည ၇ နာရီခွဲ လောက် အထိ မမစု နား မှာ အချိန် ကြာရှည် နေဖြစ်ခဲ့သည် ။ အစ်မကြီး မမဝင်း က မနက် ၈ နာရီ ကတည်း က ရောက်နေပြီး မမစု ရဲ့ လျှော်ဖွပ်စရာ ဆေးရုံ က အဝတ်အထည်တွေ တစ်ထုပ်ကြီး နဲ့ မို့ ကျွန်မ လူချင်း လဲ ပြီး ပြန် လွှတ်လိုက်တယ် ။ နေ့လယ်ကျရင် အခြား စာပေ ညီအစ်မတွေ လည်း လာကြဦး မှာ မနက် စောစော မမဝင်း ရှိတဲ့ အချိန် က စပြီး နေ့လယ် ၁၂ နာရီခွဲ လောက် ခင် ( တိုင်းရင်းမေ ) နဲ့ ပြုံး ( ပြုံးစာပေ ) တို့ ရောက်လာပြီး ထိုင်စောင့် နေကြတဲ့ အထိ မျက်လုံး မဖွင့်ဘူး ။

ကျွန်မတို့ စာပေညီအစ်မ သုံးယောက် သူ နိုးသွားမှာ စိုးလို့ စကားသံ ချွေတာပြီး ခြေဟန် လက်ဟန် နဲ့ ဆက်ဆံနေကြဆဲ မမစု ရဲ့ ချစ်လှစွာသော ကိုကိုကြီး က မွေးတဲ့ တူမချော မခင်နှင်းဆီ ရောက်လာတယ် ။ လက် ထဲမှာ ပန်းနုရောင် ရေမွှေးနှင်းဆီတွေ တစ်ပွေ့ကြီး နဲ့ ရောက်လာသူ ကို ကျွန်မတို့ ညီအစ်မ သုံးယောက် က  ဆီးကြိုပြီး နှင်းဆီရိုးတံတွေ ဝိုင်းညှိ ၊ ရွက်စိမ်းရင့်တွေ ဖယ် ၊ ဆူးတွေ ထွင်ပေး နဲ့ ချက်ချင်းပဲ ဆေးရုံခန်းလေး ရဲ့ စားပွဲ ပေါ်က ပန်းအိုးမှာ ပန်းနုရောင် နှင်းဆီတွေ ဝေဆာ ပြီး တစ်ခန်းလုံး နှင်းဆီရနံ့တွေ သင်းပျံ့သွားတယ် ။

“ ရေ ... ရေလေး နည်းနည်း သောက်ချင်တယ် ”

နှင်းဆီရနံ့တွေ ကို ရှူရှိုက်လိုက်ရလို့ လန်းဆန်း သွားတယ် ထင်ရဲ့ ၊ သူ့ မျက်ခွံတွေ ပွင့်ပြီး လေသံ သဲ့သဲ့ ထွက်လာတယ် ။

“ ဟယ် .. ကြီးကြီး နိုးပြီ ၊ ရေသောက်ချင်တယ် ဟုတ်လား ရမယ် ... ရမယ် ”

သူ့ ရဲ့ အထူး သူနာပြုမလေး မချို က ချက်ချင်းပဲ ရေခွက် ထဲ က ရေ ကို ဇွန်းနဲ့ ခပ်ပြီး ဖြည်းဖြည်း တိုက်နေရာက -

“ တစ်ခါတည်း ကယ်စီလန် သောက်ရအောင်နော် ၊ အန်တီတို့ ရောက်နေတာ ကြာပြီ ”

ဆိုတော့ -

“ သိပါတယ်နော် ၊ အကုန် သိတယ် ”

လို့ ပြောတဲ့ သူ့ အသံ ဟာ ဖျော့တော့ပေမဲ့ အရင်လိုပဲ ချို နေတယ် ။ ဆရာမလေး က ကယ်စီလန် ဖျော် နေတုန်း ကျွန်မတို့ ထဲ ညီမငယ် ‘ ဝိုင်း ’ ရောက် လာတယ် ။ မကြာခင် ဆရာမ မရီဝေ ။

“ မနက်က တစ်ချိန်လုံး အဝင်း ထိုင် နေတာလည်း သိတယ် ။ ပြန်သွားတာပဲ မသိလိုက်တာ ၊ မေ့ခနဲ အိပ်ပျော်သွားလို့ ”

ဆိုတော့ တစ်ယောက် က -

“ ဟယ် ... မမစု စကားပြော အရင်လိုပဲတော့ ”

“ အရင်လို မပြောလို့ ဘယ်လို ပြောရမလဲ ”

ကျွန်မတို့ ကို သူ က လေသံတိုးတိုး နဲ့ ချိုချိုသာသာပင်  ပြန် နောက်နေသေးတယ် ။

မနက် စောစော ကတည်း က အားဆေးပိုက်တွေ ၊ သွေးပိုက်တွေ ဘာမှ မကျန်တော့ဘဲ ဖြုတ်ထား ပြီးပြီမို့ ဆရာမလေး က -

“ ကြီးကြီး ထိုင် ကြည့်မလား ... ”

ဆိုတော့ ခေါင်းညိတ်ပြီး နောက် က ဆရာမလေး ခု ပေးတဲ့ ခေါင်းအုံးတွေကို ကျောမှီ ထိုင်ပြီး ကယ်စီလန် သောက်တယ် ။ ခဏနေတော့ ကျွန်မ ကို -

“ ညောင်းတယ် ၊ နောက်က လာထိုင် ” လို့ ခေါ်တော့ ကျွန်မ သူ့ နောက် မှာ ကပ်ထိုင်ပြီး သူ့ ပခုံးကလေးတွေ ကို ဖေးမ ထားလိုက်တယ် ။ ကျွန်မရဲ့ ရင်ခွင် နဲ့ ကပ်နေတဲ့ သူ့ ကျောပြင်ကလေး က နွေးလို့ ... ။

“ ရေခဲ .....စားချင်တယ် ”

ဝိုင်း က ဆရာမလေးချို ယူခဲ့ပေးတဲ့ ရေခဲတုံး သေးသေးလေးတွေ ကို တစ်ခုစီ ဇွန်းကလေး နဲ့ တယုတယ ခွံ့ပေးတော့ သူ တစ်ခါ ငုံပြီးတိုင်း ကျွန်မ ပခုံး မှာ ခေါင်းမှီ လို့ ကလေး တစ်ယောက် လို ပြုံးပြီး ကျေနပ်ဟန် ပြနေတော့ -

ဆရာမလေး က ...

“ အမယ် အမယ် ... သူ့ ညီမတွေ ၊ သူ့ သမီးတွေ လာလို့ ချွဲနေတာ ... ချွဲနေတာ ”

လို့ ပြောတာကို သူ က အားကျမခံ ပိုပြီး လုပ်ပြလိုက်သေး ။

အဲဒီလိုနဲ့ အချိန်တွေ ဘယ်လို ကုန်သွားတယ် မသိဘူး ။ ည ခုနစ်နာရီ ကျော်သွားမှ မမစု နဲ့ ဆရာမလေး ကို ထားခဲ့ပြီး ကျွန်မတို့ အားလုံး ပြန်ခဲ့ကြတယ် ။

လမ်းပေါ် ရောက်တော့ -

“ စုမေ က ဒီနေ့ တော်တော် လန်းတယ် ။ အန်တီဝင်း သိရင် ဝမ်းသာမှာ ။ ဟုတ်တယ် ၊ မမဝင်း က သူ နည်းနည်း ပြန် ထောင်လာရင် သူ့ မိသားစု နဲ့ တိုင်ပင်ပြီး အိမ် ကို ပြန် ခေါ်ချင်တယ်လို့ ပြောနေ တာ ”

“ မမစု က သူ့ အိမ်ကလေး ကို လွမ်းလှပြီ ၊ အိမ် ပဲ ပြန်ချင်တယ်လို့ မမဝင်း ကို ပူဆာ နေတာတဲ့ ”

“ မမစု အတွက် အချိန်က ရက်ပိုင်းကလေး ပဲ ရှိတော့တာ ။ သူ့ ရဲ့ အိမ်ကလေး မှာ ပဲ စိတ်ချလက်ချ နောက်ဆုံး ထွက်သက် အထိ နေသွားချင်ပုံရတယ် ”

“ ဟုတ်ပါတယ်လေ ၊ ဒီ ညနေ လို သာ ပြန်ပြီး လန်းဆန်းလာမယ် ဆိုရင် သူ့ ဆန္ဒတွေ ပြည့်ဝ သွားမှာ ပါ ”

“ မနက်ဖြန်ခါ ကျရင်လည်း မမစု ဒီအတိုင်းပဲ လန်းလန်းဆန်းဆန်း ရှိပါစေ ၊ သူ့ အိမ်ကလေး ဆီ ရောက်ပြီးတဲ့ အထိ စိတ်ကျေနပ်မှု ရပါစေ ၊ မမစု ရဲ့ နောက်ဆုံး အချိန်မှာ စိတ်ချမ်းသာပါစေ ”

လို့ ညီအစ်မတွေ တစ်ယောက် တစ်ပေါက် ဝိုင်းပြီး ဆုတောင်း မိကြတယ် ။

အချိန်တိုတိုကလေး ပဲ ကျွန်မတို့ နဲ့ အတူ ရှင်သန် နေထိုင်ခွင့် ပေးတော့မယ့် သူ့ ရဲ့ ကင်ဆာ ရောဂါဆိုးကြီး ကို ကျွန်မတို့ က ချော့မော့ပြီး မျက်နှာချို သွေး နေကြရတာလေ ။

စိတ်တူ သဘောတူ ဝါသနာတူ ပြီး အချိန်တိုတိုလေး အတွင်း မှာ တစ်ဦး ပေါ် တစ်ဦး ချစ်ခင် တွယ်တာ စိတ်ဓာတ်တွေ နဲ့ ရစ်ပတ်နှောင်ဖွဲ့မိကြတဲ့ ကျွန်မတို့ လူငယ် လူလတ်ပိုင်း စာရေးဆရာမ တွေ အတွက် ဂန္ထဝင် စာပေတွေ ရေးဖွဲ့နိုင်ခဲ့ကြတဲ့ သူတွေ နဲ့ ရင်းနှီး ကျွမ်းဝင်ခွင့် ရခဲ့တာ ဟာ ကျွန်မတို့ အတွက် မင်္ဂလာ တစ်ပါးပါ ။

အခု အချိန်မှာ တော့ -

စာပေအဝန်းအဝိုင်း ထဲက ညီမတစ် ယောက်ယောက် ကို မတွေ့ရတာ ကြာလေတိုင်း မြင်မြင်ချင်း -

“ ခုမှ ပဲ ပေါ်လာတော် မူရသလား မဖုရားရယ် ”  လို့ အသံချိုချို နဲ့ ဆီးကြို ပြောတတ်လေတဲ့ သူ့ အနားမှာ ကျွန်မတို့ နေ့စဉ်ရက်ဆက် ရောက်လို့ နေကြရလေပြီ ။

မိသားစု သွေးသားရင်းချာတွေ နဲ့ တစ်နယ်စီ ခြားနေတာမို့ သူ့ ဘဝ မှာ အားအကိုးဆုံး က ကျွန်မတို့ ရဲ့ တတိယ အစ်မကြီး ဖြစ်တဲ့ မမဝင်း ပေါ့ ။ “ အဝင်း တစ်ယောက် ရှိပေလို့ သာပေါ့ ” လို့ သူ့ နှုတ် က တဖွဖွ ပြောတတ်လေတဲ့ အတိုင်းပဲ အိမ်ချင်း ၊ လူချင်း ၊ နှလုံးသားချင်း အနီးဆုံး ရိုင်းပင်း ပြီး မကွဲမကွာ ရှိတဲ့ မမဝင်း ကို သူ တစ်ယောက် သာ မဟုတ်ဘဲ ကျွန်မတို့ အားလုံး ကလည်း အားကိုး အားထား ပြုမြဲပင် ။

ကျွန်မတို့ စာပေညီအစ်မ တစ်စု ရဲ့ အစ်မ အကြီးဆုံး က မမစု ( ခင်နှင်းယု ) ၊ နောက် ဒုတိယ အစ်မကြီး မမဦ ( ခင်ဆွေဦး ) ၊ အဲဒီ ခင်ဆွေဦး ဆိုတဲ့ ညီမ က မမစု ကို “ ခင်ဦး ကလေ ... ခင်ဦး ကလေ ... ” လို့ ကလေး တစ်ယောက်လို ပြောတတ်ပြီး မမစု က ထုံးစံအတိုင်း -

“ နေစမ်းပါဦး မဖုရားရဲ့ ” လို့ အစချီပြီး သိချင်တာတွေ ကို မေးစမ်းတတ်တာ ။

ကျွန်မတို့ အထဲ က တတိယ အစ်မကြီး ကတော့ မမဝင်း ( ကလျာ - ဝိဇ္ဇာ / သိပ္ပံ ) ပေါ့ ။ ကျွန်မတို့ လို ပေါက်စနေး ... ပေါက်စန ညီမတွေ ရဲ့ မှီခိုရာ နဲ့ အစ်မကြီးတွေ ရဲ့ ယုံကြည်စိတ်ချ အားကိုးရာ စာပေညီအစ်မ မိသားစု အားလုံး ရဲ့ ဒဏ် ကို အခံနိုင်ဆုံး ၊ အကြမ်းခံ ၊ ရေစိမ်ခံ ၊ အနစ်နာခံ နှလုံးသားပိုင်ရှင်ကြီးပေါ့ ။ ဒါပေမဲ့ လူ ကသာ အကြမ်း ခံနိုင်ပေမဲ့ သူ့ မှာ အလွန် စိုးရိမ်စရာ ကောင်းတဲ့ နှလုံးရောဂါ အခံ ရှိတာကို သူ ကိုယ်တိုင် တစ်ခါခါ မေ့လျော့ ထားပုံရတယ် ။

နောက် စတုတ္ထမြောက် အစ်မ တစ်ယောက် က -

ခင် ( တိုင်းရင်းမေ ) ..

သူ က အစ်မကြီး သုံးယောက် နဲ့ ကျွန်မတို့ ညီအစ်မတွေ ကြားမှာ ထားရမယ့် ဂါရဝတရား ကို အစဉ်အမြဲ ဦးဆောင် လမ်းညွှန်သူ ။ သူ့ ရဲ့ အစီအစဉ် နဲ့ နှစ်တိုင်း အစဦးဆုံး ရက် မှာ ကျွန်မ တို့ လူငယ်တွေ စုပြီး အစ်မ သုံးယောက် ရဲ့ သီလ ၊ သမာဓိ ၊ ပညာဂုဏ် ကို စုပေါင်း ကန်တော့ခဲ့ကြတယ် ။ ဆေးရုံ မရောက်ခင် အိမ် မှာ မမဦး နဲ့ မမဝင်း တို့ ကို ကန်တော့ခဲ့ကြပြီး ကျွန်မတို့ ညီအစ်မ အားလုံး ရဲ့ စုဆောင်း ငွေ နဲ့ မမစု အတွက် အခု အချိန် မှာ အသုံးဝင်ဆုံး ဖြစ်တဲ့ ကယ်စီလန်ဘူးတွေ ဝယ်ပြီး -

“ ဒီနေ့ ဇန်နဝါရီလ ၁ ရက်နေ့ လေ ၊ ကျွန်မတို့ အစဉ်အလာ မပျက် ဆေးရုံ အထိ လာကြတာ ”

ဆိုတော့ မမစု က ပြုံးလို့ -

“ ဒါကြောင့် မဖုရားတွေ လူအစုံ ပါလာတာကိုး ”

လို့ ပြောပြီး ဝိုင်း ၊ မမွှေး ၊ ပုလဲ ၊ မိုးမိုးစန်း ၊ မဦး ၊ မပြုံး ( ပြုံးစာပေ ) ၊ မသက်ဆွေ ၊ မြသက်ခိုင် ၊ မမခင် ၊ မမဝင်း ၊ မဦး ၊ ကျွန်မ အပါအဝင် သူ့ အနား မှာ ဝိုင်းအုံ နေတဲ့ စာပေ ညီအစ်မတွေ သမီးတွေ ကို ကြည့်ပြီး ကျေနပ် နေရှာတယ် ။

မနေ့တုန်း က ကျွန်မတို့ အားလုံး တွေ့ဆုံပြီးတဲ့ ရက် နှစ်ဆယ်မြောက်နေ့ မမစု က ထူးထူးခြားခြား လန်းဆန်းလာလို့ ... သူ့ ကို အသက်ရှည်ရှည် နေစေချင်တာ က ကျွန်မတို့ စာပေညီအစ်မ တွေတင် မှ မဟုတ် ။ သူ့ ကို ချစ်သော ၊ သူ့ အနုပညာ ကို ချစ်သော သူ့ စာဖတ်ပရိသတ်တွေ ၊ သူ့ အပေါ် မြတ်နိုး တွယ်တာသူတွေ အများအပြားပါ ။ သူ ကိုယ်တိုင် ကလည်း စာပေ အဝန်းအဝိုင်း ကို အလွန်အမင်း တွယ်သူ ။ မန္တလေး က အမေ လူထုဒေါ်အမာ မွေးနေ့ပွဲ ကို နှစ်စဉ် မမဝင်း နဲ့ အတူ သွားနေကျ ။ ဒီနှစ် တော့ ကျန်းမာရေး ချို့ယွင်းမှု က သူ့ ကို ခရီးသွားဖို့ ခွင့် မပြုတော့ ။ မမဝင်း နှင့် ကျွန်မ သာ မန္တလေး သို့ ရောက်ခဲ့ရသည် ။

ကျွန်မတို့ မန္တလေး ရောက်နေတုန်း မှာ သူ့ ကို ရန်ကုန် ဗဟိုစည် ဆေးရုံ ကို တင်လိုက်ရတယ်လို့ သတင်း ကြားတော့ မမဝင်း က နှလုံး ထိခိုက်ပြီး ရောဂါအခံ ကြွလာလို့ ကျွန်မတို့ မျက်လုံးပြူး မျက်ဆန်ပြူး နှင့် မမဝင်း ကို မန္တလေး မှာ ဆေးရုံ ပြေး ပို့ကြရသေးသည် ။ ရန်ကုန် ပြန် ရောက်တော့ ကျွန်မ ရယ် ၊ မိချမ်းဝေ ရယ် ဘူတာကြီး ကနေ ဗဟိုစည်ဆေးရုံ ကို တန်းပြီး သွားကြတော့ သက်သာ နေပြီ ၊ သူကတောင် ဆီးပြီး -

“ မမမာ မွေးနေ့ပွဲ လုပ်တဲ့ ရက် တုန်းက မမစု လေ ဆေးရုံ မှာ အိပ်မက်တွေ မက်နေတာ ။ မစု တစ်ယောက်တည်း မန္တလေး ကို ရောက်ပြီး ဝါးခယ်မ မုန့်ဟင်းခါးတွေ အချိန် ၁ဝဝ တောင် ချက်နေတာတဲ့ ”

လို့ ပြောရှာတယ် ။ ကျွန်မ မမစု နဲ့ မမဝင်းတို့ ရဲ့ မျက်နှာတွေ ကို တစ်ယောက် တစ်လှည့်စီ ကြည့်ပြီး သူတို့ နှစ်ယောက် ရဲ့ သံယောဇဉ် ကွန်ရက်တွေ ကို တွက်ဆ နေဖြစ်တယ် ။ တစ်ဆက်တည်း မှာ ပဲ မနှစ်တုန်း က အဖြစ်အပျက် တစ်ခု ကို လည်း ပြေး မြင်ယောင် လိုက်တယ် ။ အမြဲ တတွဲတွဲ သွားနေကျ ဖြစ်တဲ့ နှစ် မှာပေါ့ ။

တည်းခိုရိပ်သာ ရဲ့ နှစ်ယောက်ခန်း တစ်ခု စီ မှာ မမစု နဲ့ မမဝင်း က တစ်ခန်း ၊ ကျွန်မ နဲ့ မရီဝေ က တစ်ခန်း ။

ည အိပ်ရာဝင်တိုင်း နှလုံးဆေးတွေ သောက်ရပြီး သူ့ အလိုလို နိုးလာမှ ကြည်ကြည်လင်လင် ရှိနိုင်တဲ့ မမဝင်း နဲ့ မမစု ရဲ့ အခန်း ကို မနက် အိပ်ရာနိုး ပြီးတာနဲ့ ကျွန်မ အခန်းတံခါး ကို သွား ဖွင့်ပြီး ချောင်း ကြည့် ဖြစ်တယ် ။

အခန်းတံခါးကလေး ဟ သွားတာ နဲ့ တစ်ဖက် ခုတင် မှာ တုန်ရီမိန်းမော နေတဲ့ မမဝင်း နဲ့ ဖြူဖွေး ပျော့ဖပ် နေတဲ့ နှုတ်ခမ်းအစုံ နဲ့ မျက်နှာလေး ငယ်ပြီး ရင်ဘတ် ပေါ် ကို လက်ကလေး ဖိပြီး အကြောက်ကြီး ကြောက် နေတဲ့ မမစု ကို မြင် လိုက်တော့ ကျွန်မ လန့် သွားတယ် ။

“ မမ ... မမစု ... ဘာဖြစ်လို့ လဲ ”

“ အဝင်း အဝင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေတုန်း မစု မနက် စောစောကြီး ကြွပ်ကြွပ်အိတ် ထဲက အဝတ်တွေ ရွေးတာ အဝင်း လန့် နိုးသွားပြီး နှလုံးခုန်တွေ မြန်နေလို့ လုပ်ပါဦး ၊ အဝင်း သာ တစ်ခုခု ဖြစ်ရင် မမစု ... မမစု ကြောင့် လုပ်ပါဦး ” 

“ ရ ... ရပါတယ် ...... ခဏလေး ငြိမ်ငြိမ် မှိန်း နေလိုက်ရင် ပျောက်သွားမှာ ပါ ၊ ဆေး လည်း သောက်ပြီးပါပြီ ၊ မမစု ... စိတ်မပူနဲ့ ”

တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် စိတ်ပူနေ အားပေး နေကြတဲ့ သူတို့ စာပေ ညီအစ်မ ကို ကြည့်ပြီး ကျွန်မ ... ။

•••••   •••••   •••••

ဆေးရုံကြီး ဆင်ဝင်အောက် ကို ရောက်မှ ပဲ ကျွန်မ စိတ်တွေ က ပို မြန်လာတော့တယ် ။ လှေကားထစ်တွေ ပေါ် ခြေချ လိုက် မိပြီး မကြာခင် အဆောင် ၁၂ ကို ဖြတ်လို့ ဆေးရုံကြီး ရဲ့ သီးသန့်ခန်းကလေး ဆီ ကျွန်မ ဦးတည်လိုက်ရင်း -

မနေ့ က ထက် ပို နေကောင်းပါစေ ... မမဝင်း လည်း ရှိပါစေ .. အခြေအနေ ပေးရင် အိမ် ကို ပြန် ခေါ်သွားလို့ ရပါစေ .. လို့ ရင် ထဲက ထပ်တလဲလဲ ရေရွတ် နေမိပါတယ် ။

သီးသန့်ခန်းကလေး ရှေ့ အရောက် မှာ တော့ ကျွန်မ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားတာ နဲ့ အတူ ရင်မှာ ထိတ်ခနဲ ဖြစ်ပြီး ဝေခွဲ မရတဲ့ ကြောင်စီစီ မျက်ဝန်းတွေ နဲ့ ပိတ်ထားတဲ့ တံခါးချပ်တွေ နဲ့ သော့ ခလောက်ကြီး ကို ငေးကြည့် နေမိတယ် ။

အဲဒီ အချိန်မှာ ဆေးရုံ က မျက်မှန်းတန်းမိတဲ့ သူနာပြုဆရာမလေး ရောက် လာပြီး

“ မနက် ၈ နာရီခွဲ ကပဲ ဆုံးသွားလို့ အအေးတိုက် ပို့လိုက်ပါပြီ ”

ကျွန်မ ရဲ့ ခေါင်း တစ်ခုလုံး အိုးထိန်းစက် လို ချာချာလည် ပြီး ဆေးရုံကြီး တစ်ခုလုံး မြေကြီး ထဲ ခွဲဝင် သွားသလို ခံစားလိုက်ရတယ် ။ ရင်ထဲ မှာ လည်း “ ဟာ ” ခနဲ ဒါဆိုရင် ... ဒါဆိုရင် ... မနေ့က အသွင်သဏ္ဌာန် ဟာ ညီမတွေ အပေါ် လှည့်စားရက်ခဲ့တာလား ၊ မျှော်လင့်ထားခဲ့တာ မှန်ပေမဲ့ ဒါလောက် မြန်မြန် မယုံချင်သေးဘူး ။

“ ဘယ် ... ဘယ်လို ဖြစ်သွားတာလဲ ဟင် ၊ ညတုန်းက အခြေအနေက ... ”

“ သန်းခေါင်ကျော် ပြီးလောက်မှာ Bleeding ရ လာပြီး ဆက်တိုက် ပင်ပန်းတော့တာ ၊ မနက် စောစောကြီး မှာ အတော် အားလျော့သွားလို့ ခြေထောက် ကို ခွဲပြီး အကြော ထဲ ကို သွေးတွေ သွင်းပေမဲ့ မရတော့ဘူး ၊ သူ့ ညီမ ရယ် ၊ သူ့ သမက် ရယ် ၊ ဆရာမကြီး ဒေါ်ကလျာရယ် ကို အကြောင်းကြားပြီး သူတို့ ရှေ့မှာ ပဲ ဆုံးသွားတယ် ”

ဪ ... မမဝင်း ရှေ့ မှာ တင် ဆုံးသွားတာတဲ့ လား ။ ဆရာမလေး လှည့်ထွက် သွားချိန် အထိ ကျွန်မ နေရာ က မခွာနိုင်သေး ။

အတန်ကြာမှ လေးလံတဲ့ ခြေလှမ်းတွေ နဲ့ လှည့် အထွက် ကြမ်းပြင်ထက် မှာ ....

“ ဟင် ... ”

နှင်းဆီပွင့်လေး တစ်ပွင့် ...

မနေ့တုန်းက လန်းဆန်း လှပနေတဲ့ပ န်းနုရောင် နှင်းဆီကလေး တစ်ပွင့် ...

တံခါး အောက်ခြေ မှာ ကျကျန်ခဲ့ပြီး ညှိုးဖျော့နွမ်းဖပ်လို့ ပါလား ...

▢  သန်းမြင့်အောင်
📖 ဝတ္ထုတိုပေါင်းချုပ်

Saturday, May 3, 2025

ကာလဝိပါက်


 

❝ ကာလဝိပါက် ❞
( သန်းမြင့်အောင် )

“ အလိုလေး ၊ ကျွတ် ... ကျွတ် .. ကျွတ် ဖြည်းဖြည်း လုပ်ကြပါဗျာ ၊ နာလွန်းလို့ ပါ ကျွတ် ... ကျွတ် ”

ယောက်ျားကြီး တန်မဲ့ မျက်ရည်များ ဝိုင်းပြီး တဆတ်ဆတ် တုန်နေရှာသော ဦးကျော် ကို ကြည့်ကာ ကျွန်မ ရင်ထဲ များ စွာ ထိခိုက်နာကျင် သွားမိပါသည် ။ သန်သန်မာမာ ယောက်ျား နှစ်ယောက် တစ်ဖက် တစ်ချက်စီ ချိုင်း မှ ထူကာ ဟီးလေးခို သလို ခြေထောက် တွဲလောင်း နှင့် တရွတ်တိုက် လိုက်ပါရင်းမှ တစ်ချက်တစ်ချက် အသည်းခိုက် သွားသော နာကျင်မှုကြောင့် မအောင့်အည်း နိုင်ဘဲ မျက်ရည် ပေါက်ပေါက် ကျရရှာသော ဦးကျော် မှာ ဒူးဆစ် နာကျင်သော ဝေဒနာကြောင့် တောရွာ တစ်ရွာ မှ ဆေးလာ ကုသည့် ဖေဖေ့ သူငယ်ချင်း တစ်ယောက် ဖြစ်ပါသည် ။

ကျွန်မတို့ မောင်နှမများ မှာ ခံစားလွယ်သော ကလေးသာသာ အရွယ်များ မို့ ဦးကျော်ကြီး ဆေးခန်း သွားချိန် ၊ ပြန်ချိန် ၊ အညစ်အကြေး စွန့်ရန် လှုပ်ရှားချိန်များ တွင် တညည်းတညူ နှင့် နာကျင်ပုံ ၊ ငိုယိုပုံများ ကို မကြည့်ဘဲ နှင့် လည်း မနေနိုင် ။ လူကြီးများ က အနားကပ် မခံလျှင်လည်း ခပ်ဝေးဝေး ကနေ ချောင်း ကြည့်ကြ ။ ဦးကျော်ကြီး တစ်ယောက် မျက်နှာကြီး နီရဲပြီး မျက်ရည် ပေါက်ပေါက် ကျ ကာ ဝေဒနာဒဏ် ကို အပြင်းအထန် ခံစားနေရပုံ ကို မြင်ပြန်လျှင် လည်း ကျွန်မတို့ တစ်တွေ ပါ မျက်ရည် တဝဲဝဲ ၊ နှာရည် တရှုပ်ရှုပ် နှင့် ကိုယ်တိုင် ခံစားနေရသလို ကိုယ်ချင်းစာ သနားမိကြ ပြန်ပါသည် ။

တစ်ခါတစ်ရံလည်း ကလေးအတွေး ကလေးအသိ နှင့် “ ဒီ အဘိုးကြီး လို လူမမာမျိုး ဒီတစ်ခါပဲ တွေ့ဖူးသေးတယ် ။ သူ့ရောဂါ ကလည်း ကြောက်စရာကြီး ။ အချိန် နဲ့ အမျှ ငိုနေရတာပဲ ။ အခင်းကြီး တစ်ခါ တစ်ခါ သွားခါနီးတိုင်း လည်း ဒီ ဒူးကြီး ကြောင့် ညည်းသံရော ငိုသံရော အသံစုံ ထွက်နေတာပဲ ။ ဒီစိတ်ညစ်စရာ ရောဂါကြီး ကို ခံစားနေရတာ ထက် စာရင် သေလိုက်တာကမှ အေးသွားဦးမယ် ” ဟု တွေးမိကာ သူ့အပေါ် သနားစိတ်နှင့် အတူ သူ့ ဘဝ ကို စိတ်ဝင်စားမိ သဖြင့် တစ်နေ့သော ညနေခင်း တွင် ကျွန်မတို့ မိသားစု စကားဝိုင်း ဖွဲ့ကြခိုက် ကျွန်မ က စ၍ ဖေဖေ့ကို မေးကြည့်မိပါသည် ။

“ ဖေဖေ ဦးကျော်ကြီး က ဆွေမျိုး မရှိဘူးလားဟင် ၊ မိန်းမတွေ သားသမီးတွေ ကော မရှိဘူး လား ၊ သမီးတို့ အိမ် ကို သူနဲ့ အတူ ပါလာတာက သူ့ တပည့်တွေ ဆို ၊ သူ က ဘာလုပ်လို့ လဲဟင် ”

“ အိမ်ထောင်တော့ ကျဖူးတယ်ကွဲ့ ၊ သားသမီး လည်း မထွန်းကားဘူး ။ ခုတော့ အိမ်ထောင်နဲ့ ကွဲသွားတာလည်း ကြာပါပြီ ။ သူ့ အလုပ် က မုဆိုး အလုပ်လေ သမီး ရဲ့ ”

“ မုဆိုး ၊ ဟုတ်လား အဖေ ၊ မုဆိုး ဆိုတာ အမဲလိုက်တဲ့ မုဆိုးပေါ့နော် ၊ ဒါဆို ကျားတွေ ၊ ဆင်တွေ ကို သူ ပစ်ခဲ့တာပေါ့ အဖေ နော် ”

မောင်လေး က ယောက်ျားလေး ပီပီ မုဆိုး ဆိုသည် နှင့် စိတ်ဝင်တစား နှင့် မေးကာ လူ ကလည်း ရှေ့တိုး လာသည် ။

“ အေးပေါ့ကွ ၊ အဲဒီ မုဆိုးပေါ့ ” 

“ သူ့ ရောဂါ ဘာတဲ့ လဲ ဖေဖေ ၊ ဘယ်က စ ဖြစ်တာလဲဟင် ”  

“ အင်း ပြောရတာတော့ ခပ်ခက်ခက်ပဲ သမီး ရယ် ၊ အခု အဖေတို့ ပြနေတဲ့ ဆေးခန်း ကလည်း သူ့ ကို ဓာတ်မှန်တွေ ဘာတွေ ရိုက်ပြီး ရောဂါ ရှာနေကြတုန်းပဲ ၊ သမီး နားလည်အောင် ပြောရရင်တော့ တံကောက်ကွေး ထဲ မှာ တစ်စုံတစ်ခု ချွတ်ယွင်းချက် ရှိနေတာ သေချာတယ်လို့ ပဲ ဆိုပါတော့ ” 

“ အဲဒါ ကုရင် ပျောက်တယ် မဟုတ်လား ဖေဖေ ဟင် ”

“ ပျောက်ပါစေလို့ ဆုတောင်းရတာပဲ သမီး ရယ် ၊ ဝဋ်နာ ၊ ကံနာ မဟုတ်ရင်တော့ ပျောက်ကောင်း ပျောက်မှာ ပါ ။ ဒါပေမဲ့ သူ အရင် က ပြုခဲ့မိတဲ့ အပြစ်တွေ ကြောင့်များ ဒီလောက် ဝေဒနာဒဏ် ကို ပြင်းပြင်းထန်ထန် ခံနေရရှာတာလားလို့ တစ်ခါတစ်ခါ တွေးမိတော့ လည်း ဖေဖေ စိတ်မကောင်းဘူး ” 

“ အပြစ်တွေ ဟုတ်လား ၊ ဘာ အပြစ်တွေ ကို ဦးကျော်ကြီး က လုပ်ခဲ့မိလို့ လဲ ဖေဖေ ”

“ ဖေဖေတို့ ဗုဒ္ဓဘာသာတွေ မှာ ကိုယ် လုပ်သမျှ ကောင်းမှု မကောင်းမှု ဟာ ကိုယ့် နောက် ကို အရိပ်ပမာ လိုက်ပါလာတတ်ကြတယ် ဆိုတာ သမီးတို့ ၊ သားတို့ ကို ဖေဖေ ခဏခဏ ဆုံးမဖူးတယ် နော် ၊ အခုလည်း ဖေဖေ တော့ မောင်ကျော် ကို မြင်ပြီး ပို သံဝေဂ ရတယ် ။ သမီးတို့ သားတို့ လည်း နောင် ဆင်ခြင်နိုင်အောင် ပြောပြမယ်နော် ”

•••••   •••••   •••••

ဖိုးကျော်တို့ နေသော မွန်ပြည်နယ် အတွင်းရှိ ရွာကလေး မှာ မြို့ နှင့် အတန် အလှမ်းကွာ ဝေးလံ လှသဖြင့် မူလတန်းကျောင်း ပင် မရှိသေးချေ ။

ဖိုးကျော်တို့ သူငယ်ချင်း တစ်သိုက် မှာ ထိုရွာ မှ ဆယ်မိုင်ခန့် ဝေးသော ရွာကြီး တစ်ရွာသို့ ကျောင်းသွား တက် ကြရသည် ။ ထိုစဉ်က လမ်းပန်းဆက်သွယ်ရေး ကလည်း မကောင်းသေးသော ကြောင့် ရွာနှစ်ရွာအကြား၌ တောအထပ်ထပ် ကို ဖြတ်ကာ ခြေကျင်ခရီး နှင်ကြရသည် ။ သို့သော် ကျန်းမာသန်စွမ်းသည့် လူငယ်များ မို့ ထို ခရီးလောက်ကို မောပန်းရမှန်း မသိကြဘဲ နေ့စဉ် အသွား အပြန် လျှောက်နိုင်ကြသည် ။

ထို အထဲတွင် အပျော်ရွှင်ဆုံး အတက်ကြွဆုံး သူမှာ ဖိုးကျော် ပင်ဖြစ်သည် ။ ဖိုးကျော် သည် အလွန် တောပျော်၏ ။ တောအထပ်ထပ် ကို ဖြတ်ကျော်လာတိုင်း လက် ထဲရှိ လောက်လေးခွ ကို တယမ်းယမ်းနှင့် တွေ့သမျှ ကြက် ၊ ငှက်များ ကို အပျော် ပစ်ခတ်လေ့ ရှိသည် ။ သူငယ်ချင်းများ က ထိုသို့ မပြုလုပ်ရန် တားသော်လည်း မရ ။ နောက်ပိုင်းများ တွင် ဖိုးကျော် တစ်ယောက် မှာ ဝါသနာဗီဇ ကို တားမရ ဖြစ်လာရကာ ကျောင်း ပင် မှန်အောင် မတက်တော့ချေ ။ သူငယ်ချင်းတွေ နှင့် ရွာ မှ ကျောင်းသွားမည် ဆိုကာ အတူ ထွက်လာကြပြီး တော ထဲ ရောက်ပါ က တစ်ယောက်တည်း လောက်လေးခွ တစ်လက် နှင့် နေရစ်ကာ ညနေ သူငယ်ချင်းတွေ ပြန် မှ ပစ်ခတ်ထားသော ကြက် ၊ ငှက် များ ကို လက်တစ်ဖက် က ဆွဲ ကာ အတူ ပြန်လိုက်ပါ လာလေ့ ရှိသည် ။

သို့နှင့် အခြား သူငယ်ချင်းတွေ သာ ကျေးရွာ မူလတန်းကျောင်း မှ တစ်ဆင့် မြို့ကျောင်း သို့ အလယ်တန်း ၊ အထက်တန်း ပညာများ သွားရောက်၍ သင်ကြရသည့် အဆင့် ရောက်ကာ ဖိုးကျော် နှင့် လမ်းခွဲခဲ့ကြရ သော်လည်း ဖိုးကျော် တစ်ယောက် မှာ မူ တောပျော်ဘဝ နှင့် တောထဲ တွင် ပင် တဝဲလည်လည် နှင့် ကျန်ရစ်နေဆဲပင် ။

•••••   •••••   •••••

“ စားကြစမ်း ဟေ့ကောင်တွေ ၊ အရသာ မရှိဘူးလား ၊ အဲဒါ ယုန်သားကွ ၊ ဟို ပန်းကန်ထဲမှာ ဆီစိမ် ထားတာက ဆတ်သားကွ ၊ အဲဒါအားလုံး ငါ ပစ်ထားတာတွေချည်းပဲ ”

“ ဟ ... တယ် ဟုတ်ပါလား ၊ ဖိုးကျော် က တအားကို တိုးတက်နေပါလားကွ ”

မြို့ကျောင်း မှ စာမေးပွဲ ဖြေ အပြီး ပြန်လာကြသော သူငယ်ချင်းများ အား ဖိုးကျော် က သူ့ အိမ်သို့ ခေါ်၍ အကြမ်းဝိုင်း နှင့် ဧည့်ခံနေခြင်း ဖြစ်သည် ။ ဖိုးကျော် ကို ကြည့်ကာ သူငယ်ချင်းတွေ မှာ အံ့ဩ နေကြ၏ ။

ညိုမောင်းမြင့်မားသော အရပ် ၊ ကျစ်လျစ်သန်မာ၍ အဖုအထစ်တွေ ထ နေသော ရင်အုပ် နှင့် လက်မောင်းကြွက်သားများ စူးရှပြောင်လက်သော မျက်ဝန်းတစ်စုံ ၊ မေးရိုးကားကားကြီး နှင့် အတူ အမြဲတမ်း တင်းတင်းစေ့ထားသော နှုတ်ခမ်းများ က မာန်အပြည့် နှင့် ပီဘိ မုဆိုးပျို တစ်ဦး နှယ် ။

သူ့ အိမ်ပေါ်တွင် လည်း ကျားသားရေ ၊ ဆင်စွယ် ၊ သမင်ချိုစသည့် တောတွင်း အမွေပစ္စည်းများ က ဟိုနေရာ ချိတ်လျက် ၊ ဒီနေရာ ဆွဲလျက် နှင့် နေရာ အနှံ့ ။

“ ဖိုးကျော် ၊ မင်း တကယ်ပဲ မုဆိုး လုပ်စားနေပြီလား သူငယ်ချင်း ”

သူငယ်ချင်းများ က တအံ့တဩ မေးကြသည် တွင် ဖိုးကျော် က ဝမ်းသာဂုဏ်ယူစွာဖြင့် -

“ဒါပေါ့ကွ ၊ မင်းတို့ က မင်းတို့ အလုပ် အတွက် ခေတ်ပညာ တတ်ခဲ့သလို ငါ ကလည်း ငါ့ အတွေ့ အကြုံ က ငါ့ ကို သင်သွားလို့ မုဆိုးပညာ ကို တတ်မြောက်နေပြီ ဆိုပါတော့ကွာ ၊ ဒီ ပညာ နဲ့ ငါ တစ်သက်လုံး စားလို့ ရတယ်ကွ ၊ ကျား လို ၊ ဝက် လို ၊ ဆင် လို အကောင်မျိုး တစ်ကောင် လောက် မိလိုက် တယ်ဆို အပွ ပဲ မောင် ၊ အကြိုက်သာ သုံးပေတော့ ”

“ နေ့ ရှိသ၍ တောကောင်တွေ နဲ့ လုံးပန်း နေရတာ မင်း အလုပ်ကြီး က အန္တရာယ် ကြီးလှပါ တယ်ကွာ ”

ထိုအပြော ကို ဖိုးကျော် က အားပါးတရ ရယ် ကာ ...

“ ဟား ဟား ဟား ဟား မင်းတို့ က ရွာပြန် ရောက်တာ နှစ်ရက် ပဲ ရှိသေးတော့ တောင်လုံးကျော် အကြောင်း ကို မကြားရသေးဘူး နဲ့ တူတယ် ”

“ တောင်လုံးကျော် ဟုတ်လား ၊ ဘယ်သူလဲကွ တောင်လုံးကျော် ဆိုတာ ”

“ ငါ လေကွာ ၊ ဟောဒီ နယ် တစ်ဝိုက် က တောတွေ တောင်တွေမှာ အမဲလိုက် ကောင်းလို့ ဟိုးလေး တကျော်ကျော် နာမည်ကြီး ပြီး အားလုံးက ဝိုင်းခေါ်ကြတဲ့ နာမည်ပေါ့ကွ ၊ မင်းတို့ တစ်နေ့ လောက် ငါ နဲ့ တောပစ်လိုက်ခဲ့ကြပါလား ”

ဖိုးကျော် ၏ ဖိတ်ခေါ်ချက် ကို အားလုံးက လက်ခံ လိုက်ကြသည် ။

•••••   •••••   •••••

ငယ်ငယ်က လောက်လေးခွ တစ်လက် ဖြင့် တော မှာ ပျော်ခဲ့သော ဖိုးကျော် မှာ ခုတော့ ယခင် က ထက် အဆများ စွာ ဝေးသီ လွင်ခေါင်သော တောနက် ထဲ ဝယ် ရိုင်ဖယ်သေနတ် တစ်လက် ဖြင့် အခန့်သား ကြွားကြွားဝင့်ဝင့် တောနင်း လာပုံမှာ ...

“ တောင်လုံးကျော်တဲ့ ဟေ့ ” ဟု ကြွေးကြော် နေသယောင် ။

သူငယ်ချင်းများ အပြင် သူ့ နောက်သို့ တပည့်ခံ ရင်း လိုက်ခဲ့ကြသော မုဆိုး လက်သင် သုံးလေးယောက် ခန့်လည်း ပါသေးသည် ။

“ ဒိုင်း .. ”

သေနတ်သံ တစ်ချက် နှင့် အတူ ကျားသစ်ပေါက်ကလေး တစ်ကောင် နာကျင်စွာ အော်ဟစ်သံ နှင့် အတူ မြေပေါ် တုံးခနဲ လဲကျသွားသည် ကြိုးစားပြီး အထ မှာ နောက်ထပ် သေနတ်သံ တစ်ချက် ထပ်ပေါ်လာ၍ နေရာတွင် နှစ်ပတ်သုံးပတ် လည်ပြီး ပြန်ကျသွားသည် ။

“ တွေ့လား မင်းတို့ ၊ ပစ်မှတ် ကို သေသေချာချာ ချိန်ပြီးမှ အဲဒီလို တစ်ချက်တည်း နဲ့ မှန်အောင် ပစ်ရတယ် မှတ်ထား ၊ ထိချင်တဲ့ နေရာ ထိ ထိရင် ပြီးရောဆိုပြီး ပစ်လို့ကတော့ မသက်သာဘူး ။ သူတို့ ပြေးနိုင်သလောက် လိုက် ပစ်နေရမှာ ။ ခါးတို့ နံဘေးတို့ ကို ထိသွားလို့ သူတို့ က တော်ရုံတန်ရုံ လဲတာ မဟုတ်ဘူး ။ ဆက် ပြေးမှာ ပဲ ။ တတ်နိုင်လို့ မျက်လုံးတည့်တည့် မှန်အောင် ပစ်လည်း သွေးရူးသွေးတန်း နဲ့ ပြေးပြီး ပက်လိမ့်မယ် ။ အခု ငါ ပစ်တဲ့ နည်းက ဘယ်လောက် ကြီး တဲ့ တောကောင်ကြီး ဖြစ်ဖြစ် တံကောက်ကွေး နှစ်ဖက် ကို သာ ပထမဦးဆုံး မှန်အောင် ပစ်ထား ၊ နေရာမှာ ပင် တုံးခနဲပဲ ။ ဘယ်မှ ဆက် မပြေးနိုင်တော့ဘူး ။ ပြီးမှ သေစေလောက်တဲ့ နေရာ ကို အနီးကပ် ပစ် ၊ ချက်ချင်း မပေါ်ချင်တဲ့ သားကောင် ဆို ဒူးနှစ်ဖက် ကို ပစ်ထားပြီး ဒီအတိုင်း ကြိုးနဲ့ ဆွဲ ခဲ့ပြီး အိမ်တိုင် မှာ ချည် ထားလိုက် ၊ ရောင်းခါနီး မှ သ,တ်ရောင်းလို့ ရတယ် ။ ငါ ပစ်သမျှ သားကောင် ဆို ငါ ဒီလိုပဲ လုပ်တာပဲ ” 

သားကောင် တစ်ကောင် ချောင်း ပစ်လိုက် ၊ တပည့်တွေ ကို ရှင်းပြလိုက် နှင့် တောထဲ လည်ခဲ့ သည် မှာ ညနေ မှောင်ရီပျိုး ၍ ရွာထဲ ပြန် ဝင်ချိန်တွင် သူ့ နောက်မှ တပည့်များ ပခုံး ပေါ် ၌ ဝါးလုံး နှင့် လျှို၍ ကျားသစ်ပျို တစ်ကောင် ၊ ယုန် နှစ်ကောင် နှင့် တောဆိတ် တစ်ကောင် တို့ က ကံဆိုးစွာ လိုက်ပါလာကြသည် ကို သူငယ်ချင်း တစ်သိုက် မှာ နောက်ကနေ ကြည့်ရင်းမှ အားကျရ မလို ၊ ဝမ်းနည်းရ မလို နှင့် ဖိုးကျော် ၏ ပြည့်တင်း တောင့်မတ်သော ကျောပြင်ကျယ်ကြီး ကို ငေးပြီး -

“ ဪ ... တောင်လုံးကျော် ၊ တောင်လုံးကျော် တဲ့ ၊ တောတွင်း ဘုရင်တစ်ဆူ တောင် ဖြစ်နေပါ ပေါ့လား ”

ဟု အသိအမှတ် ပြု ဖြစ်လိုက်ကြသည် ။

•••••   •••••   •••••

“ ဖေဖေ နဲ့ တွေ့ခဲ့တာ အဲဒီ တစ်ခါ နောက်ဆုံးပဲ ၊ ဖေဖေ လည်း အိမ်ထောင်ရက်သားကျ ၊ အလုပ် တာဝန်တွေ နဲ့ နယ်အနှံ့ ရောက် ဆိုတော့ သူ နဲ့ မဆုံဖြစ်တော့ဘူးပေါ့ကွယ် ၊ ဒါပေမဲ့ သူ့ သတင်းတွေ တော့ ကြားကြား နေရပါတယ် ။ မုဆိုး အလုပ်နဲ့ ကြီးပွား နေတာတွေ ကို အခြား တွေ့ကြတဲ့ သူငယ်ချင်း တွေ ကနေ တစ်ဆင့် ပြန်ပြန် ကြားရပါတယ် ”

“ ခုကျတော့ ဘယ်လို လုပ်ပြီး ဒီ အိမ် ရောက်လာတာလဲ ဖေဖေ ”

“ ပြီးခဲ့တဲ့ နှစ်လလောက် တုန်းက ဖေဖေ ရွာ ပြန်ပါလေရောလား ၊ အဲဒီတုန်း က သူ့ သတင်း ကို ကြားလာတာ ၊ ဖိုးကျော် တစ်ယောက် တစ်နေ့ အိပ်ရာ အထ မှာ ဒူးဆစ် ထဲ က နာကျင်ပြီးတော့ မလှုပ်ရှား နိုင်တော့ဘူး ။ ဘာ ရောဂါမှန်း လဲ မသိ ။ ဆေးမြီးတိုတွေ နဲ့ ကုနေရတယ် ။ အခု ဟိုဘက် ရွာ က တပည့် တစ်ယောက် က ခေါ်သွားပြီး ပြုစုနေရတယ်လို့ ကြားတာနဲ့ ဖေဖေ လည်း စိတ်မကောင်း လို့ သွား ကြည့်မလို့ ပါပဲ ။ ဒါပေမဲ့ အလုပ်တွေ က လည်း မပြတ်တာ နဲ့ သူ့ ဆီ မရောက်ဖြစ်ခဲ့ဘူး ။ အဲဒါနဲ့ စာတစ်စောင် ရေးပြီး ပေးခိုင်းတယ် ။ တော မှာ စမ်းတဝါးဝါး ဆေးမြီးတိုတွေ နဲ့ လုပ်နေမယ့် အစား ရန်ကုန် မှာ ထိထိရောက်ရောက် လာ ကုဖို့ ရယ် ၊ ဆေးလာ ကုရင် တည်းဖို့ ဖေဖေ့ အိမ်လိပ်စာ ရယ် ပေးခဲ့တယ် ။ အခု အခြေအနေ ပို ဆိုးလာလို့ ဖေဖေ တို့ ဆီ ရောက်လာတာပေါ့ သမီး ရယ် ”

“ သနားပါတယ် ဖေဖေရယ် ၊ သူ လည်း နောင်တ ရမှာ ပဲနော် ၊ တိရစ္ဆာန်တွေ ကို သူ လုပ်ခဲ့သလို အခု သူ ပြန် ခံစားနေရတာပေါ့နော် ”  

“ ဒါပေါ့ သမီး ရယ် ၊ မနေ့ က တောင် အဖေ့ ကို ပြောသေးတယ် ”  

“ ငါ ဒီ ရောဂါ မဖြစ်ခင်လေး က တင် တောဆိတ် တစ်ကောင် ကို ဒူးနှစ်ဖက် စလုံး ချိုးပြီး မသ,တ်သေးဘဲ အိမ်ဘေး က အုန်းပင် မှာ တစ်ပတ် လောက် ချည်ထားတုန်းက အဲဒီ ဆိတ်ကြီး ဒူး နာလို့ အော် နေတဲ့ အသံ ကို ကြားယောင် နေတယ်ကွာ ၊ အခု ငါ့ မှာ သုံးလ ပြည့်တော့မယ် ။ ဒီ ဝေဒနာကြီး ကလည်း သေ လည်း မသေနိုင်ပါလား လို့ ပြောပြီး မျက်ရည် ကျရှာတယ် သမီးရယ် ” 

ဖေဖေ့ အသံ က ဝမ်းနည်းသံ ပါလာ သလို ကျွန်မတို့ မောင်နှမ တစ်တွေ မှာ လည်း မျက်ရည်များ ပင် ဝဲတက် လာမိပါတော့သည် ။

“ အား ... လား .... လား ”

ထိုအခိုက် ဦးကျော်ကြီး ၏ နာကျင်စွာ ညည်းညူသံ ကို ကျွန်မတို့ ရှိရာ အိမ်ရှေ့ ဝရန်တာ သို့ စိတ်မချမ်းသာစရာ ပျံ့လွင့် ၍ လာနေပါတော့သည် ။

⎕  သန်းမြင့်အောင်
📖 စံပယ်ဦး မြန်မာဝတ္ထုတို မဂ္ဂဇင်း
      ၁၉၈၈ ခုနှစ်