Showing posts with label မင်းခိုက်စိုးစန်. Show all posts
Showing posts with label မင်းခိုက်စိုးစန်. Show all posts

Wednesday, July 2, 2025

ရောဂါပိုးမွှားများ


 

❝ ရောဂါပိုးမွှားများ ❞
    ( မင်းခိုက်စိုးစန် )

( ၁ )

နေရောင်ခြည်က အပျိုဘော်ဝင်စပဲ ရှိသေးရဲ့ ။ ပင်လယ်ကတော့ ရှိုးဝိုင်းမှာ ခပ်တည်တည် လုပ်ထားတဲ့ လူတစ်ယောက်ရဲ့ မျက်နှာကို အတင်းကြီး ခပ်တည်တည် လုပ်ထားတယ် ။ အုန်းပင်တွေ ၊ ကျောက်ဆောင်တွေ ခပ်ကျဲကျဲရှိတဲ့ ကျွန်းရဲ့ အရှေ့ဘက်ခြမ်းမှာတော့ သက်ရှိသဏ္ဌာန်တချို့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေရဲ့ ။

ကျွန်းပေါ်နေကြသူတွေလေ ... ။

ပင်လယ်ဆီကို မျှော်နေကြတာ ... ဟင့်အင်း .. မဟုတ်ဘူး ၊ ကျွန်းနဲ့မနီး မဝေးက ပင်လယ်ရေပြင်မှာ ကျောက်ချထားတဲ့ သင်္ဘောကြီးတစ်စင်းဆီ ကို မျှော်ငေးနေကြတာ ။ မျှော်နေကြသူတွေထဲက တချို့တလေကလည်း ပင်လယ်ဘက် တစ်ချက်ကြည့်လိုက် ၊ ကျွန်းပေါ်ကို တစ်ချက်ကြည့်လိုက် နဲ့ တစ်ခုခုကို စိတ်မရှည်လက်မရှည် အောင့်အည်းသည်းခံ စောင့်ဆိုင်း နေရပုံမျိုး ။

ဒါပေါ့ ၊ ကျွန်းပေါ်နေသူတွေ အားလုံးနီးပါး ဟောဒီကမ်းခြေမှာ လာ စုဝေးနေကြရတာ နေရောင်ခြည် မတ်တတ်ပြေးတတ်စကတည်းက ။

ကိုင်း ... ကြာလှပြီကော ။

ဟော ... ပြောရင်းဆိုရင်း လာပြီ ။ သူတို့ စောင့်ဆိုင်းနေရတဲ့သူ လာပြီ ။ လက်ထဲမှာ တစ်လံကျော်ရှည်လျားပြီး အပြောက်အမွမ်းတွေနဲ့ တန်ဆာ ဆင်ထားတဲ့ ကျိုင်းလိုလို တုတ်ရှည်ကြီးကို ကိုင်လို့ ။ ဝဲ ၊ ယာ ၊ ရှေ့ ၊ နောက်မှလည်း အခြံအရံ အစုံအလင်နဲ့ ။ လာနေပြီ ။ ဟောဒီကျွန်းကို ပိုင်ဆိုင်အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ကြွချီလာနေပြီ ။ ကမ်းစပ်မှာရှိကြတဲ့ လူတွေ အားလုံးရဲ့ ဦးခေါင်းတွေ တညီတညာတည်း ရွေ့လျားသွား ကြ တယ် ။ သူတို့ရဲ့ လည်ပင်းရှည်ရှည်ကြီးတွေ ယိမ်းနွဲ့ညွတ် ကိုင်းကျသွား လိုက်တာများ စပါးခင်းကို လေပြည်ဝှေ့လို့ လှိုင်းတအိအိ ထသွားပုံမျိုး ။ ကြည့်လို့ သိပ်ကောင်းတယ် ။ မိဘတစ်ယောက်ကို သားသမီးတွေက ချစ်မြတ်ကြည်ညိုပုံမျိုးနဲ့ ကျွန်းပိုင်ကြီးကို အားလုံးက အရိုအသေ ပေးလိုက် ကြလေရဲ့ ။

ကျွန်းပိုင်ကြီးက အားလုံးကို ပြုံးပြနှုတ်ဆက်တယ် ။ နောက် ကမ်းစပ်မှာ သွားရပ်ပြီး ဟိုးကသင်္ဘောကြီး ဆီကို ငေးကြည့်နေတယ် ။ ကြာကြီးပဲ နောက်တော့မှ တစ်ခုခုကို ဆုံးဖြတ်လိုက်တဲ့ပုံမျိုး ဦးခေါင်းကို တဆတ်ဆတ်ညိတ်လိုက်ပြီး သူ့လက်ထဲက ကျိုင်းကို မြောက်မ ၊ ဝှေ့ယမ်း ပြလိုက်တော့တယ် ။ သင်္ဘောကြီးဟာလည်း ဒီတော့မှ အသက်ဝင် လှုပ်ရှား လာတာကလား ။ လှေတွေကို ချကြတယ် ။ ဝန်စည်စလယ်တွေ ကို ချတယ် ။ အများကြီးပဲ ။

ဒီက စောင့်နေရသူတွေ ကတော့ တလှုပ်လှုပ်တရွရွကို ဖြစ်နေတော့တာ ။ အာမေဍိတ်သံတွေ ၊ တီးတိုးပြောသံတွေ .. ရယ်သံတွေ ... ။

ဟော ... လာနေကြပြီ ။

ရှေ့ဆုံးက လှေပေါ်မှာတော့ သင်္ဘောရဲ့ဦးစီး ကပ္ပတိန် ကိုယ်တိုင် လိုက်လာပုံရတယ် ။ အလံတွေဘာတွေ လွှင့်လို့ ။ ဟုတ်တယ် ။ ထင်တဲ့ အတိုင်းပဲ ။ ကမ်းစပ်မှာ လှေတွေဆိုက်တော့ အဲဒီရှေ့ဆုံးလှေပေါ်က ကပ္ပတိန်ဆင်းလာပြီး ကျွန်းပိုင်ကြီးကို ဒူးထောက်အရိုအသေပေးတယ် ။ ဒါပေမယ့် ကျွန်းပိုင်ကြီးက ပြုံးပြီး ...

“ အို .... နေပါ ... နေပါ ၊ သက်သောင့်သက်သာ နေပါ ၊ ဒူးထောက်စရာ မလိုပါဘူး ၊ ကျုပ်တို့ ဆီမှာတော့ တစ်ယောက် နဲ့ တစ်ယောက် ဒူးထောက်ရတဲ့ ဓလေ့ထုံးစံ မရှိဘူးခင်ဗျ ၊ စိတ်ထဲက တကယ်လေးစားတယ် ဆိုရင် ပြီးတာပါပဲ ”

သင်္ဘောကပ္ပတိန်က ထရပ်ပြီး ကျေးဇူးတင် စကားပြောတယ် ။ ဟင့်အင်း ... ပြောရိုးပြောစဉ် ပုံစံမျိုး ဘယ်ဟုတ်မလဲ ။ ကျွန်းပိုင်ကြီးကို ' အရှင်ကြီး ' တွေ ဘာတွေ တပ်ခေါ် တာ ။ ကျွန်းပိုင်ကြီး ကတော့ ဒီငတိ အနေမကျုံ့ စေချင်လို့ ထင်ပါရဲ့ ။ ဘာမှ ထွေထွေထူးထူး ပြောမနေတော့ဘူး ။ ပြုံးရုံ ပြုံးနေတယ် ။

နောက်တော့ သူတို့မှာ ပါလာတဲ့ ဝန်စည်စလယ်တွေ ကိုချ ၊ ဝိုင်းသယ် တဲ့ လူကသယ်နဲ့ ကျွန်းပေါ်ကို ပြန်တက်ခဲ့ကြ တော့တယ် ။ ကျွန်းပိုင်ကြီး က ကပ္ပတိန်ရဲ့ပခုံးကို ဖက်ပြီး သူ နေတဲ့ ဂေဟာဆီ ခေါ်သွားရဲ့ ။ လမ်းလျှောက်ရင်း အာလာပ သလ္လာပ ပြောသွားကြတာပေါ့လေ ။

“ ခင်ဗျားတို့ ဘယ်က လာခဲ့တာတုံး ”

“ ကျွန်တော်တို့နေထိုင်တဲ့ ဂြိုဟ်ရဲ့ အမည်က လေးဘာ့စ်ဂြိုဟ် လို့ ခေါ် ပါတယ် အရှင်ကြီး ၊ အရှင်ကြီးတို့ ရဲ့ ကမ္ဘာ ဂြိုဟ် နဲ့ နေစကြ၀ဠာ မိသားစု တစ်စုတည်းမှာ အတူအပါအဝင်ပါပဲ ”

ကျွန်းပိုင်ကြီး က ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ...

“ ဪ .... အခု လာရင်းကိစ္စကကော အလည်သက်သက်ပဲလား ”

“ ဟုတ်ကဲ့ ခင်ဗျ ၊ အလည်အပတ် ဆိုတာထက် မိတ်ဆွေဖွဲ့ဖို့ ၊ စူးစမ်း လေ့လာဖို့ဆိုရင် ပိုမှန်ပါလိမ့်မယ် ၊ အဆင်ပြေရင် အချင်းချင်း ကုန်စည်ဖလှယ်ပြီး အရှည်သဖြင့် နှီးနှော ဆက်ဆံသွားဖို့ပါ ခင်ဗျ ”

ကျွန်းပိုင်ကြီးရဲ့ အိမ်ဂေဟာရှေ့မှာ အားလုံး ဝိုင်းဖွဲ့ထိုင် လိုက်ကြတယ် ။ သင်္ဘောကပ္ပတိန်က သူ့လူတွေကို ဘာသာစကား တစ်မျိုး နဲ့ အမိန့် ပေးလိုက်တော့ သင်္ဘောသားတွေက သူတို့ထမ်းယူလာတဲ့ သေတ္တာကြီး တွေဖွင့်ပြီး အထဲက ပစ္စည်းတွေကို ထုတ် ၊ မြက်ခင်းပေါ် စီတန်းချပြပါလေရော ... ။

အားပါး .. ကောင်းလိုက်တဲ့ ပစ္စည်းတွေ ။ ဒီကျွန်းက ဟာတွေနဲ့တော့ ဘာမှမဆိုင်ဘဲကိုး ။ အထည်အလိပ်တွေ ၊ ကျောက်သံပတ္တမြားတွေ ၊ ဆန်းဆန်းပြားပြား အသုံးအဆောင်တွေ ၊ အမွှေးနံ့သာတွေ .... ။ ဪ ... ကော်ဇောလို ၊ ထိုင်ခုံလို အိမ်သုံးပစ္စည်းတွေတောင်မှ ပါသေးရဲ့ ။

ကျွန်းသူကျွန်းသားတွေကတော့ အသက်ရှူဖို့ မေ့နေ ကြတဲ့ပုံမျိုး ။ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်လို့ .. ။ ပစ္စည်းတစ်ခုခုကို ဆွဲထုတ်လိုက်ပလား ဆိုရင် တန်ခိုးဣတ္ထိပါဒ် ပြနေတဲ့ မှော်ဆရာတစ်ယောက် ရဲ့ စွမ်းပကား ကို ကလေးတွေ က တအံ့တသြ ငေးကြည့်သလိုမျိုး .. ။

ကျွန်းပိုင်ကြီး ကိုယ်တိုင်လည်း အမည် ဖော်ရခက်တဲ့ ခံစားမှု တစ်ခုနဲ့ ။ တည်ငြိမ်သယောင် ဟန်ဆောင်နေပုံက မပိရိလိုက်တာ ၊ ခေါင်းတဆတ်ဆတ်ညိတ်လို့ ။ ဘာမှတော့ မပြောဘူး ။ အဲ .. နောက်ဆုံးသေတ္တာ ကို လည်း ဖွင့်လိုက်ရော ဘာမှ နှိုက်မထုတ်ရ သေးခင်မှာ အထဲကနေ သတ္တဝါ ငါးကောင် ဗြုန်းခနဲ ခုန်ထွက်လာလေရဲ့ ။ သေးသေးလေးတွေပါ ။ အမြီးက ရှည်သွယ်သွယ် ၊ မည်းနက်တောက်ပြောင်နေတဲ့ မျက်လုံး အစုံက ပြူးထွက်လို့ ။

လေ့ကျင့်ထားသလား အောက်မေ့ရတယ် ၊ တကယ်ပဲ အဲဒီ အကောင်လေးတွေဟာ မြေပေါ် ကို ဖုတ်ခနဲ ကျတာနဲ့ တစ်ပြိုင်နက် လှစ်ခနဲ လှစ်ခနဲ လူတွေကြားထဲက ထိုးထွက်ပြီး အိမ်တွေဆီ ပြေးဝင်သွားတယ် ။

စက္ကန့်ပိုင်းလောက်ပဲ ကြာတယ် ထင်လိုက်ရရဲ့ ။ ဟော ... ခုန်ထွက်လာ မြင်လိုက်ရတယ် ။ ဟော ... ပျောက်သွားပြီ ။ ဒါပဲ ။

ဒါပေမယ့် ကျွန်းပိုင်ကြီး ကတော့ အဲဒါကို သေသေချာချာ သတိထား လိုက်တာဆိုတော့ ရင်ထဲမှာ ထင့်ခနဲ ၊ ဟုတ်တယ် .. တစ်မျိုးကြီးပဲ ခံစားရတယ် ။

မကြိုက်ဘူး .. မကြိုက်ဘူး ၊ အဲဒီသတ္တဝါရဲ့ သွားတွေ ကို မကြိုက်ဘူး ။

“ ဟေ့ ... ဟေ့ အဲဒါ ဘာကောင်လဲ ၊ ဟော ပြေးသွားပြီ ၊ လိုက်ဖမ်းလေကွာ ” 

ကပ္ပတိန် က နားမလည်သလို ကြောင်တောင်တောင် အမူအရာနဲ့. ..

“ ခင်ဗျာ .. ဗျာ ၊ ဪ .... မစိုးရိမ်ပါနဲ့ အရှင်ကြီး ၊ အဲဒါ ကြွက်လို့ ခေါ်ပါ တယ် ၊ ကျွန်တော်တို့ ဂြိုဟ်ပေါ်မှာ နေတဲ့ ကြွက်လို့ ခေါ်ပါတယ် ။ အင်း ... ဒီလိုပဲလေ ၊ ဒီကောင်တွေ က ဟိုနားဒီနား ကပ်ခိုနေတတ်တာမျိုး ၊ အခုလည်း ဒီသေတ္တာထဲ ဘယ့်နှယ်လုပ် ပါလာသလဲ မသိဘူး ၊ ထားပါတော့လေ ၊ ကဲ ... အရှင်ကြီး ရှုစားပါဦး ၊ ဟောဒီ အထည်တွေကိုကော နှစ်သက် ပါရဲ့လား ”

အားလုံးရဲ့အာရုံဟာ သေတ္တာတွေထဲက အထည်အလိပ်တွေဆီကို ပြန်ရောက်သွားပြန်ရော ။ စကားဝိုင်းက ပြန်ပြီး စိုပြည်လာတယ် ။

ကပ္ပတိန်က သူ့မှာပါလာတဲ့ ပစ္စည်းတွေအားလုံး ကျွန်းပိုင်ကြီးနဲ့ တကွ ကျွန်းပေါ်က လူတွေအတွက် လက်ဆောင် ပေးပါတယ်လို့လည်း ဆိုလိုက်ရော လက်ခုပ်တီးလိုက်ကြတာ ဆိုတာလေ ။ ဘာပြောကောင်းမလဲ ... ။ လှိုင်းတွေ ကွဲကြေသွားသလိုမျိုး ။ ဟုတ်တယ် ။ ပြန်ကာနီးမှာတော့ ကပ္ပတိန် က မေးသွားသေးရဲ့ ။

“ အရှင်ကြီးတို့ ကျွန်းပေါ်မှာရော .. ဘာပစ္စည်းတွေများ ပေါပါသလဲ ခင်ဗျာ ”  တဲ့ ။

ကျွန်းပိုင်ကြီး က ပြုံးတယ် ။ ဖြေတော့လည်း တစ်ခွန်းတည်း ၊ တိုတိုပဲ ။

“ မေတ္တာ ... ”

သူတို့ ပြန်သွားတော့ ကျွန်းသားတွေ ပျော်ပြီး ကျန်ရစ်တယ် ။

••••• ••••• •••••

( ၂ )

မိကောင်းဖခင်မိုးတိမ်တွေ ပင်လယ်ပေါ်မှာ မရှိကြတော့ဘူး ။ မကြာခင် မုန်တိုင်း ကျတော့မယ် ။ အင်း ... ဘယ်လို ပြောရမလဲ ၊ သိပ်လှတယ် ။ ဟုတ်တယ် ၊ သိပ်လှတယ် ။

••••• ••••• •••••

“ ကြွက် ”

အစကတော့ အကြောင်း မသိသေးခင်မို့ ချစ်စရာ အကောင်ကလေးလို့ အောက်မေ့မိပါတယ် ။

အခုမှ ... ခက်တော့တာပဲ ။

စားစရာသောက်စရာ မှန်သမျှကို ကိုက်ဖဲ့ဖျက်ဆီး ၊ အဝတ်အစားတွေ ဆိုတာ တကတဲ စုတ်ပြတ်မွရရာကြေရော ၊ အိမ်တွေမှာ ဆိုလည်း ထရံ တစ်ချပ်မှ အကောင်း မရှိတော့ဘူး ။ ကိုင်း .. ဘာကျန်သေးသလဲ ။ ပြီး ရော ။

တစ်ကျွန်းလုံး ပွက်ပွက်ဆူလိုက်သမျှ ၊ ဒီနေရာမှာ ကျွန်းပိုင်ကြီး ကလည်း ဘာတတ်နိုင်မှာတဲ့တုံး ။ ကြာလေ ခက်လေတော့ ဖြစ်ရော့မယ် ။ ကြွက်ဦးရေ တိုးပွားနှုန်းကလည်း ကြောက်ခမန်းလိလိကိုး ။

“ ဟိုကောင်တွေ ဆီက ပါလာတဲ့ ပြဿနာ ဟိုကောင်တွေ ထပ်လာမှပဲ ရှင်းခိုင်းရတော့မယ် ”

ကျွန်းပိုင်ကြီးကတော့ ခပ်တိုးတိုး ညည်းရှာသား ။

အင်း ... ဒါပေမယ့် ဟိုကောင်တွေက ဘယ်တော့မှ လာမှာတဲ့တုံး ။

ကဲ ... ။

••••• ••••• •••••

( ၃ )

ထဘီရင်ရှား နဲ့ အပျိုမလေးတွေ လို လှပနေလိုက်ပုံများ သဲမြေထဲ တစ်ဝက် မြုပ်ဝင်နေတဲ့ ကျောက်ဆောင်တွေလေ ။

လှိုင်းတွေ .. လှိုင်းတွေ ကော့ခွက်ဝင်သွားလိုက် ၊ ကုန်းရုန်းထလာ လိုက်နဲ့ ၊ ကချေသည် ဆန်နေပြန်သေးရဲ့ ။ ဒါပေမယ့် ကျွန်းသူကျွန်းသား တွေ အားလုံးရော ၊ ကျွန်းပိုင်ကြီးရော အဲဒါ တွေအားလုံးကို အရသာ မခံ နိုင်ကြပါဘူး ။ ဟိုး ... ရေပြင်မှာ ကျောက်ချထားတဲ့ သင်္ဘောကြီး နဲ့ အဲဒီကနေ ကျွန်းဆီကို တရွေ့ရွေ့ လှော်ခတ်လာနေတဲ့ လှေငယ်တွေဆီကိုပဲ ကြည့်တွေနဲ့ တအားလွှဲလွှဲပြီး ပစ်ပေါက်နေတော့တယ် ။ သူတို့ ဒုတိယ အကြိမ် လာကြပြန်ပြီကော ။

••••• ••••• •••••

ဒီတစ်ခါတော့ ပဋိသန္ဓာရစကားတွေ ဘာတွေ ဆိုမနေတော့ဘူး ။ ကမ်းပေါ်တက်တက်ချင်းပဲ ကျွန်းပိုင်ကြီးက ဆီးပြောတယ် ။

“ ကိုင်း .. မိတ်ဆွေတို့ရေ ၊ ခင်ဗျားတို့ပဲ ရှင်းပေတော့ ”

ကပ္ပတိန် ငိုင်သွားတယ် ။ ဘာများဖြစ်လို့ပါလိမ့်ပေါ့လေ ။ နောက်တော့မှ ကြွက်ပြဿနာမှန်းလည်း သိရော တဟားဟား ရယ်တော့တာပဲ ။ ပြီး ...

“ အခုမှတော့ တစ်ကောင်ချင်းစီ လိုက်ဖမ်းလို့လည်း မရတော့ဘူး ၊ အကောင်ပေါင်း ထောင်သောင်းချီပြီး ပွားနေရောပေါ့ ၊ ဒါပေမယ့် စိတ်မပူပါနဲ့ အရှင်ကြီး ၊ အဲဒီကြွက်တွေကို နှိမ်နင်းနိုင်တဲ့ အကောင်တစ်မျိုး ကျွန်တော်တို့ ဆီမှာ ပါလာပါတယ် ” 

ကပ္ပတိန် က သူ့သားငယ် တစ်ယောက်ကို သင်္ဘောဆီ ပြန်လွှတ်ပြီး အဲဒီအကောင် ကို ကျွန်းပေါ် ယူလာခဲ့ဖို့ ခိုင်းလိုက်တယ် ။ ပြန်လာတော့ အဲဒီ သင်္ဘောသား ဆီမှာ ခပ်ရွယ်ရွယ် သတ္တဝါလေး ဆယ်ကောင် ဆယ့်ငါးကောင်လောက် ပါလာလေရဲ့ ။ ဟို ကြွက်ဆိုတဲ့ အကောင်လိုပဲ ။ ဒီ သတ္တဝါတွေလည်း ခြေလေးချောင်းနဲ့ပဲ ။ ဒါပေမယ့် ဒီအကောင်တွေက ပိုကြီးတယ် ။ အမြီး ကလည်း လုံးလုံးတုတ်တုတ်နဲ့ ။ ခြေသည်းတွေ ဆိုတာ ချွန်မြနေတာပဲ ။

“ ဒါ ' ကြောင် ' ဆိုတဲ့ အကောင်တွေပါ အရှင်ကြီး ၊ ဒီကောင်တွေ ကိုသာ ကျွန်းပေါ်မှာ မွေးထားလိုက်ပါ ၊ ကြွက်တွေ အကုန် ရှင်းသွားပါလိမ့်မယ် ” 

ကျွန်းပိုင်ကြီး ကတော့ မှုန်ကုပ်ကုပ်မျက်နှာထားကြီး နဲ့ စကားလည်း တစ်လုံးမှ မဟတော့ဘူး ။ စိတ်ထဲမှာ အတော် အောင့်သီးအောင့်သက် ဖြစ်နေတာ အသိသာကြီး ။

မကြိုက်ဘူး ... မကြိုက်ဘူး ။ အဲဒီ သတ္တဝါတွေရဲ့ ခြေသည်းတွေ ကို လုံးဝ မကြိုက်ဘူး ။

ဟိုဂြိုဟ်ဆိုးကောင် ကပ္ပတိန် က ပြန်ခါနီးမှာ ပြောသွားသေးရဲ့ ။

“ ကျွန်တော်တို့ နောက်တစ်ခေါက် ထပ်လာပြီး အခြေအနေ ကြည့်ပါဦးမယ် အရှင်ကြီး ” 

••••• ••••• •••••

( ၄ )

မုန်တိုင်းက သီချင်း ဆိုတတ်တယ် ။

သီချင်း ဆိုတာမျိုး ကလည်း သိတဲ့ အတိုင်းပဲလေ ။ အပျိုး တီးလုံး ( Intro ) တွေ ၊ ခြေဆင်းတွေ မှာ ဆို နှလုံးသား ထဲကို အပ်ဖျာ ကလေး ရွရွဖိမြှုပ်လိုက် သလိုမျိုး တစိမ့်စိမ့် နဲ့ တိုးဝင်စူးနစ်စေ သလောက် ဟော chorus ခေါ် ရပ်စ် လို့ ခေါ်တဲ့ သံပြိုင်ပုဒ်လည်း ရောက်ရော ဝုန်းခနဲ ထိုးဆောင့်သွင်းပစ်လိုက်တာ ... အား !!!  

ဒါတင် ဘယ်ကဦးမှာလဲ ။

မုန်တိုင်းက ဘောလုံးလည်း ကန်တတ်တယ် ။

အခုတော့ မုန်တိုင်းဘက်က ပယ်နယ်တီတစ်လုံး ကန်သွင်းခွင့်ရသွားပြီ ။

••••• ••••• •••••

( ၅ )

ဟောဒီ တတိယအခေါက် မှာတော့ ပွဲက ကြမ်းပြီ ။

ကပ္ပတိန် ကတော့ ခြေခါခါလက်ခါခါ နဲ့ အကြောက်အကန် တောင်းပန်ရှာရဲ့ ။ ဪ ... ကျွန်းပိုင်ကြီးလား ။ ဘယ့်နှယ်ပြောနေပါလိမ့် ။ ရှုးရှုးရှားရှားနဲ့ ဒေါသထွက်နေလိုက်တာဗျာ ။ ကြိမ်းမောင်းတဲ့ စကားသံတွေဟာ ငလျင်ဆန်နေတော့တာပဲ ။

“ ဟေ့ကောင် .... သွား .. သွား ၊ မင်း အကောင်တွေ အကုန် ပြန်ဖမ်းသွားတော့ ၊ ပထမတစ်ကောင် ကို ဆိုးလှပြီ မှတ်နေတာ ။ ဟင်း ... နောက်အကောင်ရော ဘာထူးလို့လဲ ၊ ရောက်ခါစက ကြွက် ကို သ,တ်တော့ သ,တ်စားပါရဲ့ ။ ဒါပေမယ့် မီးဖိုချော ထဲက အစားအသောက်လည်း တွေ့ ရော ကြွက်ကို အပင်ပန်းခံ သ,တ်မစားတော့ဘူး ၊ မီးဖိုချောင် ထဲက ဟာကို ပဲ ခိုးစားဖို့ ချောင်းနေတော့တယ် ၊ တောက်! ဟင်း ' ကြောင် ' ဟုတ်လား ၊ နာမည် ကို က ကျက်သရေ မရှိဘူး ၊ ကြောင်ချေးစော်ကလည်း နံလိုက်တာ မပြောပါနဲ့တော့ ၊ ဒီကြားထဲ ကြွက်ဖမ်းရင်း ဝုန်းဝုန်းဒိုင်းဒိုင်း ပြေးလွှားတိုက်မိလို့ ငါတို့ အိုးခွက် ပန်းကန်တွေ ပစ္စည်းပစ္စယတွေ ကျ ကွဲ ၊ ပျက်စီး ၊ ဟင်း .. တစ်ခုမှ ရစရာမရှိတော့ဘူး ၊ ဒီမယ် ဟေ့ကောင် ... ”  

“ ဗျာ ... ခင်ဗျာ .. အရှင်ကြီး ”

“ မင်း ခေါ်လာတဲ့ အကောင်တွေ မင်း အကုန် လိုက်ဖမ်း ၊ အကုန် အကုန် ၊ ကြွက်တွေရော ကြောင်တွေရော ၊ တစ်ကောင်မှ မကျန်စေနဲ့ ၊ ပြီး ရင် မင်းတို့လည်း ပြန်ကြ ၊ နောက်ဘယ်တော့မှ ကမ္ဘာမြေ ကို မလာကြနဲ့ တော့ .. သွား ”

ကပ္ပတိန် ကတော့ အရမ်းကို တုန်လှုပ်ချောက်ချားနေလေရဲ့ ။

“ မဖြစ်နိုင် ... မဖြစ်နိုင်ပါ အရှင်ကြီး ၊ ငဲ့ညှာပါဦး ”

ဟုတ်တော့လည်း .. ဟုတ်တယ် ။ မျိုးပွားချင်တိုင်း ပွားပြီး ဘယ်နှကောင် ရှိနေပြီမှန်းတောင် ခန့်မှန်းလို့ မရနိုင်တော့တဲ့ သတ္တဝါတွေ ၊ နောက်ပြီး တစ်ကျွန်းလုံး က ကြပ်ကြပ်မတ်မတ် ဝိုင်း နှိမ်နင်းနေတာ တောင်မှ မနိုင်တာ ၊ ဒီကပ္ပတိန် နဲ့ သင်္ဘောသားလေး အယောက်ငါးဆယ် လောက်က ဘာတတ်နိုင်မှာတဲ့လဲ ။

အဲဒီမှာ ကပ္ပတိန် က ...

“ နောက်ဆုံးအကြိ မ်အဖြစ် ကြိုးစားကြည့်ပါရစေဦး ... အရှင်ကြီး ၊ ကျွန်တော်မျိုး တို့မှာ နောက်ထပ် သတ္တဝါ တစ်မျိုး ပါလာပါသေးတယ် ၊ အဲ ... အဲဒီအကောင် ကတော့ ကြွက်ရော ကြောင်ရော နှစ်မျိုးလုံး ကို အပြတ်အသတ် နှိမ်နင်းနိုင်ပါလိမ့်မယ် အရှင်ကြီး ”

သက်ပြင်းချသံ ထွက်လာတယ် ။ ကျွန်းပိုင်ကြီး ဆီကပေါ့ ။ ဟုတ်တယ် ။ ဘယ်လိုမှ ဣန္ဒြေ မဆယ်နိုင်တော့ဘူးလေ ။ အင်း ... ဒါပေမယ့် ဒါ ပေမယ့် ဘာတတ်နိုင်မှာတဲ့လဲ ။ ကဲ .. ပြော ဘာတတ်နိုင်မှာတဲ့လဲ ။

ဒီအခြေအနေ ရောက်မှတော့ ခွင့်ပြုလိုက်ဖို့ပဲ ရှိတော့တာပေါ့ ။ ကပ္ပတိ န်က သင်္ဘောပေါ်က သတ္တဝါ နှစ်ကောင်ကို ခေါ်လာပြီး ကျွန်းပိုင်ကြီး ရှေ့မှာ ကြိုးဖြေ လွှတ်ပေးလိုက်တယ် ။ အဖို နဲ့ အမ ဖြစ်ပုံရရဲ့ ။ အဲ ထူးခြားတာက ဒီသတ္တဝါ နှစ်ကောင် ဟာ ကြွက်တွေ ကြောင်တွေလို လှစ်ခနဲ လှစ်ခနဲ ခုန်ပေါက် ပြေးလွှား မနေပါဘူး ။ ခပ်ငြိမ်ငြိမ် ၊ ခပ်တည် တည်ပဲ ။ ကျွန်းပိုင်ကြီး ကို စိုက်ကြည့်နေတယ် ။ ပြီးမှ တောအုပ် ထဲကို တဖြည်းဖြည်းချင်း ဝင်သွားတယ် ။ အင်း .. လမ်းသွားတော့လည်း ဟို အကောင်တွေလို ခြေလေးဘက်စလုံးနဲ့ မသွားဘူး ။ ရှေ့ခြေ နှစ်ချောင်း ကို မြှောက်ထားပြီး နောက်ခြေနှစ်ချောင်းနဲ့ပဲ လမ်းလျှောက်တာ ။ ဟင်း !!! ကျွန်းပိုင်ကြီး ရင်ထဲမှာ အော်ဂလီဆန်သလိုမျိုး ပျို့တက်လာလေရဲ့ ။

မကြိုက်ဘူး ... မကြိုက်ဘူး ။ ဒီသတ္တဝါတွေ ရဲ့ မျက်လုံးအကြည့် ကို မကြိုက်ဘူး ။

ကပ္ပတိန် ဝင်ပြောလိုက်တဲ့ စကား က ...

“ အရှင်ကြီး ၊ ဒီသတ္တဝါတွေ ရဲ့ အမည် ကိုတော့ ' လူ ' လို့ ခေါ်ပါတယ် ” 

••••• ••••• •••••

( ၆ )

အဲဒီည မှာ ကမ္ဘာမြေ ဟာ စုန်းမအိုကြီး တစ်ယောက်ရဲ့ ကျောကုန်း မွဲခြောက်ခြောက်နဲ့ တူနေတယ် ။ စုန်းမကြီး ရဲ့ အဝတ်တွေ ကို လေတိုးသံလိုမျိုး ၊ ပင်လယ်လေ ကလည်း တဖျပ်ဖျပ် လှုပ်ခါလို့ ။ ညီစို့စို့အနံ့တွေ ပွက်ပွက်ထနေတယ် ။

ဟော ... ဟိုမှာ ကြည့်စမ်း ၊ တလက်လက် နဲ့ ကမ္ဘာမြေဆီ ကို ချဉ်းကပ်လာတာ ဘာလဲ ?

ဟုတ်တယ် ၊ အဲဒါ မုန်တိုင်း ရဲ့ မျက်စိ ဖြစ်တယ် ။ တစ်ညလုံး ကျွန်းပိုင်ကြီး အိပ်မပျော်ပါဘူး ။ သက်ပြင်းမောကြီးတွေ ကို တဟည်းဟည်းချလို့ ၊ ရှည်လျားလှတဲ့ သူ့ ရဲ့လည်ပင်းကြီး ကို တဆတ်ဆတ် ညိတ်လို့ ၊ သူ တွေး ရင်း အသက်ရှူ ကျပ်သထက် ကျပ်လာလေရဲ့ ။

မနက် မိုးစင်စင်လင်းတော့ တစ်ရေး မှမအိပ်ရသေးတဲ့ ကျွန်းပိုင်ကြီး ဟာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ် ။

ပြီးတော့ ကျွန်းသူကျွန်းသားတွေ အားလုံး ကို ခေါ် ၊ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ အားလုံးကို သင်္ဘောတွေ ပေါ် တင်ခိုင်းပြီး နေထိုင်စရာ တခြား ဂြိုဟ်သစ် တစ်ခုခု ကိုရှာဖို့ ရွက်လွှင့်ထွက်ခွာသွားကြပါတော့တယ် ။

ကိုင်း ..နေရစ်ခဲ့တော့ ကမ္ဘာမြေ ရေ ။ ( အင်းပေါ့ လည်ပင်းရှည်ရှည် နဲ့ ဂြိုဟ်သားတွေ စွန့်ခွာထားရစ်ခဲ့တဲ့ ကမ္ဘာမြေ မှာတော့ ကြွက်တွေ ရယ် ၊ ကြောင်တွေ ရယ် ၊ ပြီးတော့ လူရယ် ပဲ ကျန်ရစ်ခဲ့လေရဲ့ )

••••• ••••• •••••

( ၇ )

ဒီဇာတ်လမ်းဟာ သမိုင်းစာအုပ်တွေ ၊ ဒဏ္ဍာရီစာအုပ်တွေ မှာ မပါ သေးတဲ့ “ ကမ္ဘာမြေပေါ် လူတွေ ဘယ်လိုဘယ်ပုံ စတင်ရောက်ရှိလာရတယ် ” ဆိုတဲ့ အကြောင်းပါပဲလို့ ကျွန်တော် ပြောရင် ခင်ဗျားတို့ အနေနဲ့ ရယ်စရာ တစ်ခု သက်သက်လို့ပဲ သဘောထားစေချင်ပါတယ် ။

▢  မင်းခိုက်စိုးစန်
📖 ဝတ္ထုတိုပေါင်းချုပ်

Friday, January 24, 2025

ကျွန်တော့် ကို ခိုးယူ သွားသော အစောင့်

 

❝ ကျွန်တော့် ကို ခိုးယူ သွားသော အစောင့် ❞
        ( မင်းခိုက်စိုးစန် )

( ၁ )

သည်လို နှင့် ...

စိတ်ချောက်ချားစရာ အမှောင်များ ၊ လျှို့ဝှက်ကွယ်ဖုံးထားသော အရောင်အဆင်းများ ၊ မသတီစရာ အနံ့အသက်များ ဖြင့် တည်ဆောက် ထားသည် ဟု အောက်မေ့ချင်စရာ ကောင်းသော မြို့စွန် မှ ဂိုဒေါင်ဟောင်းကြီး ရှေ့သို့ ကျွန်တော် ရောက်လာခဲ့ရတော့သည် ။

•••••   •••••   •••••

( ၂ )

သည် မြို့ကလေး သို့ ရောက်စ ကတည်း က ထို ဂိုဒေါင်ဟောင်းကြီး နှင့် ပတ်သက်၍ ကျွန်တော့် အာရုံကြောမျှင်များ ကို တစ်စုံတစ်ခု က ကြိုး လို အဖုအထုံး ဖြစ်အောင် ချည်နှောင်လိုက်သည် ဟု ခံစားရ၏ ။ ဂိုဒေါင် က ဟောင်းနွမ်းအိုမင်းလှပြီ ။ ကာရံ ထားသော သွပ်ပြားတိုင်း လိုလိုတွင် အရိ အဆွေးများ ၊ သံချေး အကွက်အဖတ်များ ၊ အပေါက်များ ကို မြင်ရ၏ ။ နှစ်ပရိစ္ဆေဒပေါင်း များစွာ ကြာမြင့်လှပြီ ဖြစ်ကြောင်း မွဲတေကွဲကြေ နေ သော အရောင်အဆင်း ကို ကြည့်ရုံဖြင့် သိနိုင်၏ ။

သည်လောက် ဟောင်းနွမ်းအိုမင်း နေတဲ့ ဂိုဒေါင်ကြီး ထဲမှာ ဘာတွေ ကို သိုလှောင် သိမ်းဝှက် ထားသလဲ ။

ဂိုဒေါင်တံခါးဝ ကို ခတ် ထားသော သော့ခလောက်ကြီး ကတော့ ခန့်ညား ပြောင်လက် လှသည် ။ ( ကျွန်တော် စ တွေ့တွေ့ချင်း တုန်းက ထို သော့ခလောက်ကြီး သည် မင်းကွန်း ခေါင်းလောင်းကြီး နီးနီးများ ရှိလေမလား ဟု တွေးဖြစ်သေး၏ ။ ) သော့ခတ် ပိတ်ထားသော ဂိုဒေါင် တံခါးရှေ့ တွင် ကု,လားထိုင် တစ်လုံး ချကာ ခန့်ခန့်ညားညား ထိုင် နေတတ်သော အစောင့် ကလည်း ကျွန်တော့် စိတ်ဝင်စားမှု ကို သိမ်းပိုက် ထားနိုင်စွမ်း ရှိသည် ။ ပခုံးသားကျယ်ကျယ်ဖြောင့်ဖြောင့် ၊ ရင်အုပ် နှင့် လက် မောင်း တို့ တွင် ကြွက်သားများ အဖုဖု အထစ်ထစ် ၊ မျက်နှာ ပေါက် ဆိုးဆိုး ၊ နှုတ်ခမ်း ထူထူတွဲတွဲနှင့် လက် ထဲတွင် ဝါးရင်းတုတ်ကြီး တစ်ချောင်း ကိုင် ကာ မတ်မတ်ကြီး ထိုင်နေသော ဂိုဒေါင်အစောင့် သည် ကျွန်တော့် မျက်စိ ထဲ တွင် ( ငယ်ငယ်တုန်းက တောမြို့ကလေးများ၌ ပြသတတ်သည့် ခပ် ညံ့ညံ့ ရုပ်ရှင် ကားအဟောင်း ထဲမှ လူကြမ်းကြီး နှင့် တူနေလေသည် ) ထို့ ကြောင့် သည် မြို့ကလေး တွင် ဆယ့်လေးငါးရက် ခန့် နေပြီးသည့် နောက် ထို ဂိုဒေါင်အစောင့် နှင့် ရင်းနှီးသွားသော အခါ သူ့ နာမည် ကို ‘ ဘဒင်ကြီး ’ ဟု သိရသည့် တိုင် ကျွန်တော် တအံ့တဩ မဖြစ်မိတော့ပါ ။ သူ့ နာမည် ကလည်း ရုပ်ရှင်လူကြမ်းဆန်ဆန်ပင်ဖြစ်ရာ လိုက်ဖက်ညီသည် ဟု ကျွန်တော် တွေးမိပြီး သဘောကျ သွား၏ ။

ကျွန်တော် က သူ့ ကို ထို အကြောင်း ပြောပြပြီး ...

“ ခင်ဗျား ... ဒီ ဂိုဒေါင်အစောင့် မလုပ်ခင် က ဘာအလုပ် လုပ်ခဲ့သလဲ ၊ ရုပ်ရှင်လူကြမ်းလား ”

ဟု မေးသောအခါ သူ က ပြန် မဖြေဘဲ တဟဲဟဲ ရယ်နေပါသည် ။

( ကျွန်တော် ပြောလိုက်ခါမှ သူ က ရုပ်ရှင်လူကြမ်း အသံ နှင့် မတူ တူအောင် တမင် ကြိုးစား လုပ်ယူပြီး ရယ်နေသောကြောင့် ကျွန်တော် အမြင်ကတ် သွား၏ ) နောက် ကျွန်တော် က သူ့ ကို ...

“ ခင်ဗျား ဘာတွေကို စောင့်ရှောက်နေတာလဲ ၊ ဂိုဒေါင် ထဲ မှာ ဘာတွေ ရှိလို့လဲ ” 

ဟု မေးကြည့်သော အခါတွင် လည်း သူ က ဘာမှ ပြန်မပြော တဟဲဟဲ သာ ရယ်နေတတ်ပါသည် ။ ထို ကိစ္စသည် လုံးဝ ပဟေဠိ တစ်ရပ် ဖြစ်၏ ။

ဂိုဒေါင် ထဲ မှာ ဘာတွေ ရှိသလဲ ။

ဘာဖြစ်လို့ သော့ခလောက် အကြီးကြီး ခတ် ထားရတာလဲ ။ ဂိုဒေါင်အစောင့် က ဘာတွေ ကို စောင့်ရှောက် နေရတာလဲ ။

•••••   •••••   •••••

( ၃ )

တစ်ရက် တွင် ဂိုဒေါင်စောင့် ဘဒင်ကြီး ကို အရက်တွေ မူးအောင် တိုက်ပြီး ကျွန်တော် မေးဖူးသည် ။ ဘဒင်ကြီး က ...

“ ဂိုဒေါင် ထဲမှာလား ... ဘာမှ မရှိဘူးကွ ၊ တကယ် ပဲ .. ဘာမှ မရှိဘူး ”

ကျွန်တော် မယုံပါ ။ သူ က အာလေးလျှာလေးသံကြီး ဖြင့် တမင် လုပ် ပြော နေ သော်လည်း လက်ထဲ မှ ဝါးရင်းတုတ် ကို ကျစ်ကျစ်ပါအောင် ဆုပ် ထားဆဲ ဖြစ်သည်ကို ကြည့်ရုံဖြင့် ( သူ့ အမူအရာများ က ဖော်ပြ သလောက် ) တကယ် မမူးသေးကြောင်း ကျွန်တော် သိလိုက်၏ ။

ထို့ကြောင့် ကျွန်တော် က ...

“ ဘာမှ မရှိဘူး ဆိုရင် ခင်ဗျား က ဘာကို စောင့်ရှောက် နေရတာလဲ ”

ဟု မေးလိုက်သည် ။ ဘဒင်ကြီး က ကျွန်တော့် ကို အနီရောင် ခပ်မှိုင်း မှိုင်း အကြည့် တစ်ချက် ဖြင့် လှမ်း ကြည့်ရင်း ...

“ ဒီမြို့ကလေး မှာ သူခိုးတွေ များတယ်ကွ ”

ဟု ပြန်ဖြေပါသည် ။ လိုချင်သည့် အဖြေ ကို မရသော်လည်း ကျွန်တော် ဆက် မမေးတော့ပါ ။

နောက်ပြီး သူ ပြောသလို ဒီ မြို့ကလေးမှာ သူခိုးတွေ များ သည် ဆိုခြင်း မှာလည်း အမှန်ပင် ဖြစ်၏ ။ သည် မြို့ကို ကျွန်တော် ရောက်ပြီး ရက်သတ္တပတ် နှစ်ပတ် အတွင်း မှာ ပင် ‘ သူခိုး ဟု အခေါ်ခံရသူ ’ ချာတိတ် ဆယ့်လေးယောက် ထက် မနည်း တွေ့ခဲ့ရဖူးပြီ ။ ( သူတို့ ကို ‘ သူခိုး ’ အဖြစ် ‘ အမည် တပ် ’ ရ လောက်အောင် အားလုံး က ပေါ်ပေါ်ထင်ထင် သိနေကြ သည် မှာ လည်း ဆန်းကြယ်ခြင်း တစ်မျိုး ဖြစ်၏ ။ ဘာကြောင့်ပါလိမ့် ... ) ကျွန်တော် ဘာကို ယုံကြည်ရမလဲ ။

ကျွန်တော် ဘာတွေ ထင်မြင် ပစ်လိုက်ရမှာလဲ ။

•••••   •••••   •••••

( ၄ )

တစ်ခုခု ကို သိလို ယုံကြည်လိုသော စိတ် ဆိုသည်မှာ ကွမ်းယာဝါး သူများ ၏ စိတ် နှင့် ခပ်ဆင်ဆင် တူလိမ့်မည် ဟု ကျွန်တော် ထင်သည် ။ ဘာမှတော့ မဟုတ်ပါ ။ ဝါး ရင်း နှင့် အရည်တွေ ထွက်လာသော အခါ ထွေးထုတ် ပစ်လိုက်သည် ။ နောက် အရည်တွေ မထွက်တော့သည့် အခါ အဖတ်တွေ ကိုပါ ထွေးထုတ် ပစ်လိုက်သည် ။ ကိစ္စ ပြီးပြီ ။ ဒါပါပဲ ။ သို့သော် ဝါးနေကျ ကွမ်းယာ ပါးစပ် ထဲတွင် မရှိသည့် အခါ တစ်ခုခု လိုအပ် နေ သလို ကသိကအောက် ဖြစ်တတ်၏ ။

လူတွေ ... ယုံကြည်စိတ် ကို ကွမ်းယာ လို ဝါး နေကျ အကျင့် ရနေကြသည် ။ ကျွန်တော် လည်း ပါသည် ။ ကောင်းပါတယ်လေ ဟု ကျွန်တော် တွေးမိ၏ ။ လူ ဆိုတာ တစ်ခု ခု ကို ယုံကြည် နေမှပေါ့ .... ။ လူ ဆိုတာ ပါးစပ် ထဲ မှာ တစ်ခု ခု ကို ဝါး နေမှပေါ့ .. ။ လူစွမ်းကောင်း ဗျတ်ဝိ က သူ အသ,တ်ခံ ရခါနီး မှာ ကွမ်းတစ်ယာ နှင့် ရေတစ်မှုတ် တောင်းသည့် ကိစ္စကို ကျွန်တော် လုံးဝ ထောက်ခံပါသည် ။ သူ သေမည့် အကြောင်း ကို ယုံကြည် ပြီးပြီပဲ ။ တခြား ဘာမှလည်း လုပ်စရာ မရှိတော့ပါ ။ ပျင်းစရာကြီး .. တစ်ခု ခု ကို ဝါး နေတာပဲ ကောင်းလိမ့်မည် ။

“ ကြာကြာ နဲ့ မာမာကလေး ဝါးချင်ရင် ငါ့ ဖိနပ် ကို ကိုက်နေပါလား ” ဟု ပြောဖူးသော သူငယ်ချင်း တစ်ယောက် ကို သတိရမိ၏ ။ အကယ်၍ သူ သာ ဗျတ်ဝိ လို အကွပ်မျက် ခံရခါ နီးလျှင် ဘာလုပ်နေမည် နည်း ။ ဖိနပ်တွေများ လိုက် ဝါး နေမလား ။ အင်း .. မဟုတ်ရင် တောင် တစ်ခု ခု တော့ လုပ်နေမှာပေါ့လေ ။

လူ ဆိုသည်မှာ တစ်ခုခု ကို လုပ်နေဖို့ တကယ်ပင် လိုအပ်ပါသည် ။ တစ်ခု ခု ကို သိနေဖို့ လိုအပ်ပါသည် ။ ( သို့မဟုတ် သိသည် ဟု ထင် နေဖို့ လိုအပ်ပါသည် ) ကျွန်တော် အခု အချိန်ထိ သည် မြို့အစွန် မှ ဂိုဒေါင်ကြီး နှ င့် ပတ်သက်၍ ဘာမှ မသိသေးပါ ။ ဘာကို ယုံကြည်ရမည်နည်း ။ ဂိုဒေါင် ထဲ မှာ ဘာမှ မရှိဘူး ဆိုတာကို ယုံကြည်လိုက်ရမှာလား ၊ တစ်ခု ခု တော့ ရှိရမည် ဟူသော အသိ ကို သိသည် ဟု ထင်ပစ်လိုက်ရမှာလား .. ။ ကျွန်တော့် စိတ်အာရုံ ပါးစပ် ထဲမှာ ဝါးစရာ တစ်ခု ခုတော့ လို နေပြီ ။ ( ကျေးဇူးပြု၍ ကွမ်းယာ သော် လည်းကောင်း ၊ ရော်ဘာ ဖိနပ်များ ကို သော် လည်းကောင်း လာ မပေးပါနှင့် ။ ထိုအရာ နှစ်ခုစလုံး ကို ကျွန်တော် မနှစ်သက်ပါ )

•••••   •••••   •••••

လျှို့ဝှက်မှု တစ်ခု ထဲတွင် အရာ အားလုံး ရှိနိုင်ပါသည် ။ အမည်နာမ တစ်ခု ရှိမည် ။ နာရီ တစ်လုံး ရှိမည် ။ အပြုံးယောင် ဆောင်နေသော နားလည်မှု တစ်ခု ရှိမည် ။ နားလည်သည် ဟု ထင်မှတ် ထားသော လွဲချော် ခြင်းများလည်း ရှိမည် ။ တိကျအောင် ဖန်ဆင်း ထားသော ပျောက်ဆုံးနေ မှုများ လည်း ရှိ မည် ( လူ့ ပါးစပ် ထဲ တွင် သွား ( ၃၂ ) ချောင်း ရှိဖို့ အတွက် ထို ‘ သုံးဆယ့်နှစ် ’ ဟူသော ဂဏန်း အရေအတွက် ကို မည်သူ သတ်မှတ် ပေးခဲ့ ပါသလဲ ) အဆုံးသတ်သွားပြီ ဟု ထင်မှတ်ထားသော ‘ အစ ’ များ လည်း ရှိ နေပါလိမ့်ဦးမည် ။

တကယ်တော့ ‘ သိမှု ’ အားလုံးသည် ‘ ပြန်လည်သိမှု ’ တွေ ချည်းသာ ဖြစ်၏ ။ ဂိုဒေါင်ဟောင်းကြီး ထဲတွင် ကျွန်တော် သိထားသော အရာတွေ ထဲ က တစ်ခု ခုများ ရှိနေမလား ဟု ကျွန်တော် သိချင်နေသည် ။ ( ကိုယ် မသိထားသော အရာ တစ်ခု ၏ အမည်နာမ ကို မည်သူ က မျှ ယောင်လို့ တောင် စဉ်းစားကြည့်မည် မဟုတ်ပါ ။ ဥပမာ .. ထောင့် လေးထောင့် ပါရှိ သော တြိဂံ တစ်ခု ၏ ပုံသဏ္ဌာန် မည်သူ တွေးပြီး ပုံဖော် ကြည့်ဖူးပါသလဲ ) ကဲ .. အဟောင်းတွေ ထဲ ကိုပဲ ပြန် လှည့် တွေးရအောင်... ။ ‘ အလျင်လို လမ်း အိုလိုက် ’ ဟူသော စကားပုံ ကို ကြားဖူးကြသည် မဟုတ်လား ။ တကယ် လက်တွေ့ တွင် ကျွန်တော်တို့ သည် အလျင်လိုသည် ဖြစ်စေ ၊ မလိုသည် ဖြစ်စေ လမ်းအို ကို သာ ခပ်လွယ်လွယ် လိုက်ပစ်လိုက်တတ်ကြသည် က များပါသည် ။ လမ်းသစ် ကို ဘယ်သူ ဖောက်မှာလဲ ... ။

တကယ် ဆိုလျှင် လူ့ ဘဝ တွင် အလျင် လိုစရာ ဘာကိစ္စ မှ မရှိပါ ။

•••••   •••••   •••••

( ၅ )

ကျွန်တော် တစ်မြို့လုံးကို လိုက် မေးကြည့်ပြီးပြီ ။ တိကျသော အဖြေ ကို မရ ။ တချို့ကလည်း ဂိုဒေါင် ထဲတွင် အဖိုးတန်သော ပစ္စည်း တစ်ခု ခု ရှိလိမ့်မည် ဟုသာ ထင်မြင်ချက် ပေးကြသည် ။ တချို့ကလည်း လူတွေ ကို အန္တရာယ် ပေးနိုင်တဲ့ လက်နက် ( သို့မဟုတ် ၊ အလားတူ ပစ္စည်း တစ်ခု ခု ) ရှိလိမ့်မည် ဟု ခန့်မှန်း၏ ။ မသမာသူတွေ လက်ထဲ ထို ပစ္စည်းရောက် သွားလျှင် ဒုက္ခ များကုန်လိမ့်မည် ဖြစ်သောကြောင့် ဘဒင်ကြီး က စောင့် ရှောက်နေရသည် ဟု လည်း ပြော၏ ။ တချို့ ကလည်း ဂိုဒေါင် ထဲတွင် ရှိ သော ပစ္စည်း သည် အခြားသူများ နှင့်မဆိုင် ၊ ဘဒင်ကြီး ၏ ဘိုးဘွားပိုင် ပစ္စည်းသာ ဖြစ်သောကြောင့် အမြတ်တနိုး စောင့်ရှောက် နေရခြင်း ဖြစ်လိမ့်မည် ဟု ထင်ကြေး ပေးကြသည် ။

မည်သည့် အဖြေ ကိုမှ ကျွန်တော် စိတ်တိုင်းမကျ ။

ဟောင်းနွမ်းဆွေးမြည့်နေသော သွပ်ပြားများဖြင့် ကာ ထားသည့် ဂိုဒေါင်စုတ်ကြီး ။ ခိုင်ခန့်ကြီးမားလှသည့် သော့ခလောက် ။ ဝါးရင်းတုတ် တစ်ချောင်း ကိုင်ကာ နေ့ညမပြတ် စောင့်ကြပ်နေသည့် ဘဒင်ကြီး ... ၊ အား ! ! ! ဘာလဲ .. ၊ တစ်ခု ခု တော့ တစ်ခု ခု ပါပဲ ။

•••••   •••••   •••••

ကျွန်တော် နောက်ဆုံး ဆုံးဖြတ်ချက် ကို ချလိုက်ပြီး မြို့စွန်ဂိုဒေါင် ပျက်ကြီး ဆီသို့ ထွက်ခဲ့၏ ။ ဘဒင်ကြီး နှင့် တွေ့သည့် အခါ ကျွန်တော် က ...

“ ကိုဘဒင်ကြီး ... ကျွန်တော် နောက်ဆုံး မေးမယ်ဗျာ ၊ ခင်ဗျား ကိုလည်း ဘာမှ မထိခိုက် မနစ်နာစေရပါဘူး ။ ကျေးဇူးပြု၍ ဖြေစမ်းပါ ။ ဟောဒီ ဂိုဒေါင် ထဲမှာ ဘာ ရှိသလဲ ”

ဘဒင်ကြီး က ကျွန်တော့် ကို အေးစက်စက် ကြည့် လိုက်ပြီး ...

“ ဘာမှ ... မရှိဘူးကွ ”

ဟု ဖြေသည် ။

ကျွန်တော် သူ့ ရှေ့မှ လှည့် ထွက်ခဲ့၏ ။

သည် ည ဂိုဒေါင် ထဲ ကို ကျွန်တော် ခိုး ဝင်ရလိမ့်မည် ။

•••••   •••••   •••••

( ၆ )

သည်လိုနှင့် ..

စိတ် ချောက်ချားစရာ အမှောင်များ ၊ လျှို့ဝှက်ကွယ်ဖုံးထားသော အရောင်အဆင်းများ ၊ မသတီစရာ အနံ့အသက်များ ဖြင့် တည်ဆောက် ထားသည့် ဂိုဒေါင်ဟောင်းကြီး ရှေ့သို့ ကျွန်တော် ရောက်လာခဲ့ရ တော့သည် ။

ဂိုဒေါင် ရှေ့တွင် လင်းနေကျ မီးသီး က မလင်းသည့် အတွက် မှောင်မိုက်ခြင်းသည် ည အစစ် ထက်ပင် - ည နှင့် ပို တူ နေလေသည် ။ ဂိုဒေါင်ရှေ့ ပလက်ကု,လားထိုင် တွင် ထိုင်နေကျ ဘဒင်ကြီး ကိုလည်း မတွေ့ရ ။ ( ဘဒင်ကြီး က မီးလုံး ကို တမင် မှိတ်ထားပြီး တစ်နေရာ ရာမှ ပုန်းကွယ်ကာ ကျွန်တော့် လှုပ်ရှားမှုများ ကို စောင့်ကြည့် နေလိမ့်မည် ဟု မတွေးတောမိခဲ့ခြင်း က ကျွန်တော့် ညံ့ဖျင်းချက် သက်သက် သာလျှင် ဖြစ် ပါသည် ) ဂိုဒေါင် အနီး သို့ ဖွဖွကလေး တိုးကပ် သွားပြီး သော့ခလောက်ကြီး ကို ကျွန်တော် ကိုင် ကြည့်လိုက်သည် ။ ဖွင့်ရန် သော့တံ ရှိသည့်တိုင် ထို သော့ခလောက်ကြီး ကို ကျွန်တော် တစ်ယောက် တည်း အားဖြင့် ချွတ် ရွှေ့ ယူရန် မဖြစ်နိုင် လောက်အောင်ပင် ကြီးမား လေးလံလှ၏ ။

ကိစ္စ မရှိပါ ။

ဂိုဒေါင် ခြေရင်းဘက် ရှိ ရိဆွေး ပြုတ်ကွာ နေသော သွပ်ပြားတစ်ချပ် ကို လူ တစ်ကိုယ်စာ ဝင်ပေါက် ရလောက်သည် အထိ ကျွန်တော် ဆွဲခွာ လိုက်သည် ။ နောက် ထို အပေါက် ထဲသို့ ကိုယ် ကို ကျုံ့၍ တိုးကာ ဂိုဒေါင် ထဲ သို့ ဝင်လိုက်၏ ။

•••••   •••••   •••••

ကျွန်တော် အံ့သြ သွားသည် ။ ဂိုဒေါင် တစ်ခုလုံး ကို လက်နှိပ်ဓာတ်မီး ဖြင့် ထိုးကာ နောက် တစ်ခါ သေသေချာချာ ထပ် ကြည့်လိုက်သည် ။

တကယ်ပင် ... ဘာမှ မရှိ ။ အခန်း သည် ဟာလာဟင်းလင်း ။ ဖုံမှုန့်များ ၊ ပင့်ကူမျှင်များ ၊ ကြွက်နို့ ၊ ပိုးဟပ်ချေးနံ့များ နှင့် သင်္ချိုင်းဂူ အပျက် တစ်ခု ဆန် နေလေသည် ။

သိချင်သည် ကို သိလိုက်ရပြီ ဖြစ် သောကြောင့် ကျွန်တော် ကျေနပ် သွား၏ ။ ဂိုဒေါင် ထဲ မှ ပြန် ထွက်ရန် စောစောက ဝင်ပေါက် ဆီ သွားပြီး ငုံ့လျှိုး တိုး လိုက်၏ ။ ထိုအချိန် မှာ ပင် ကျွမ်း နေသည် ဟု ကျွန်တော် ထင် ထားခဲ့သော ဂိုဒေါင်မီး သီး သည် ဖျတ်ခနဲ လင်း လာသည် ။ ကျွန်တော့် ကို ဘယ်အချိန် ထဲ က စောင့်ကြည့် နေမှန်း မသိရသော ဘဒင်ကြီး ၏ အသံ ဩဩ ဖြင့်...

“ သူခိုး ဗျို့ ... သူခိုး .. ဂိုဒေါင် ထဲ သူခိုး ဝင်နေလို့ပါ ”

ဘဒင်ကြီး က ကျွန်တော့် နာမည် ကို ပိုင်ပိုင်နိုင်နိုင်ကြီး ခေါ်ကာ ‘ သူခိုး ’ ဟု အော်ဟစ်တော့သည် ။

အနီးအနား တွင် ရှိသော အိမ်များ မှ မီး လင်းလာသည် ကို မြင်ရ၏ ။ တချို့က ဝရန်တာ မှ ထွက် ကြည့်ကြသည် ။ ကျွန်တော် ဘာမှ မတတ်နိုင် တော့ ။ မီးရောင် အောက် မှာ ပင် လမ်းမ ပေါ်သို့ မြင်မြင်ထင်ထင် ပြေး ထွက်ခဲ့ရတော့သည် ။

ကျွန်တော့် အမည် ကို အော်ကာအော်ကာ ဖြင့် သူခိုး .. သူခိုး ဟု ဟစ် နေသော ဘဒင်ကြီး ၏ အသံ က လမ်းမကြီး ၏ ည ထဲတွင် အလင်းတန်း တစ်ခု လို ကျွန်တော့် နောက်မှ ပျံသန်း လိုက်ပါလာ၏ ။

•••••   •••••   •••••

( ၇ )

မနေ့ည က အဖြစ်အပျက် ကို တစ်မြို့လုံး သိ သွားကြသည် ။ မီးရောင် အောက် တွင် ကျွန်တော့် မျက်နှာ ကို သေသေချာချာ မြင်လိုက်ရသူများ ရှိ သည့် အပြင် ဘဒင်ကြီး က ကျွန်တော့် နာမည် ကို တစ်မြို့လုံး ကြား လောက်အောင် အော်ဟစ်ခဲ့ ပြီးပြီ ဖြစ်သောကြောင့် ဘာမှ ဖုံးဖိထားစရာ မကျန်တော့ ။

ကျွန်တော် လက်ဖက်ရည်ဆိုင် ထဲသို့ ဝင်သွားသည့် အခါမျိုးတွင် ဆိုင် ထဲ မှာ ထိုင် နေကြသူများ အားလုံး က ကျွန်တော့် ကို ‘ သူခိုး ’ တစ်ယောက် ကို ကြည့်သည့် မျက်လုံး ဖြင့် ဆီးကြို ကြသည် ။ လမ်း သွားရင်း ဆုံရသည့် အခါ သူတို့ အချင်းချင်း ကပ်၍ ...

“ အဲဒါ ဟိုနေ့ည က ဂိုဒေါင် ထဲ ဝင် ခိုးတဲ့ လူပေါ့ ၊ ဘာတွေ ရသွားသလဲ မသိဘူး ”

ဟု တီးတိုးတီးတိုး ပြောကြ၏ ။ တချို့ ခပ်ရဲရဲ လူငယ်များ က မူ ကျွန်တော့် ဆီ တိုက်ရိုက် လာပြီး ...

“ အစ်ကိုကြီး .. ဟိုနေ့ ည က ဘာတွေ ရလာသလဲ ”

ဟု ပြောင်ပြောင်တင်းတင်း ပင် မေးကြသည် ။

ကျွန်တော် က ...

“ ဘာမှ မရပါဘူးကွာ ... ဂိုဒေါင် ထဲ မှာ ဘာမှ မရှိဘူးကွ ”

ဟု ပြန် ဖြေသောအခါ သူတို့ က ... ‘ မယုံပါဘူးဗျာ ၊ ခင်ဗျား ရလာတာ တစ်ခု ခုတော့ ရှိရမယ် ၊ လျှို မနေပါနဲ့ ’ ဟု အဓိပ္ပာယ် ရသော မျက်လုံးများဖြင့် ကြည့်ကြ၏ ။ ကျွန်တော် မည်သို့ ဖြေရှင်းရမည် မသိ ။ အားလုံးက ကျွန်တော် ဂိုဒေါင် ထဲမှ ပစ္စည်း တစ်ခု ခု ရလာပြီ ဟု သာ အခိုင်အမာ ယုံကြည် နေကြပြီ ။

ဂိုဒေါင် ထဲတွင် လူ ကို အန္တရာယ် ပေးနိုင်သော လက်နက်ပစ္စည်း လို အရာမျိုး ရှိလိမ့်မည် ဟု ယူဆထားကြသူများ က ပို ဆိုး၏ ။ ကျွန်တော် က ထို ပစ္စည်း ကို ယူလာခဲ့ပြီး တစ်နေ့ နေ့တွင် သူတို့ မြို့ကလေး ကို ဒုက္ခပေး တော့မည် ... ၊ အကွက်ကောင်း ချောင်းနေသည် ဟု စကား ဖြန့်ကြ၏ ။

ကျွန်တော် မတ်တပ် ရပ်နေရာ မြေသားပြင် သည် တစ်စ ထက် တစ်စ ကျုံ့ဝင်နိမ့်ကျ သွားနေသည် ဟု အောက်မေ့ ရလေသည် ။

•••••   •••••   •••••

ကျွန်တော့် အတွက် သည် မြို့ကလေးမှာ ‘ နေရာ ’ မရှိ တော့မှန်း တစ်နေ့ ထက် တစ်နေ့ သေချာလာသည် ။ ကျွန်တော့်ကို အားလုံး က ‘ ကြွက် ’ တစ်ကောင် လို ရှောင်ကြဉ် သွားကြ၏ ။ ( ကံမကောင်း အကြောင်းမလှ လျှင် ကျွန်တော့် နှာခေါင်းကို သံညှပ် ဖြင့် ဖိညှပ်ဖမ်းကာ သ,တ်ဖြတ်ချင်သူများပင် ရှိနေပေလိမ့်ဦးမည် ) ထင်မယ့် အတူတူ မထူး တော့ဘူး ဟု ... သဘောထားကာ ကျွန်တော် တကယ်ပင် ‘ သူခိုး ’ အဖြစ် နှင့် လုပ်ကိုင် စားသောက်ရမလား ၊ သို့မဟုတ် သည် မြို့ကလေး မှ စွန့်ခွာထွက်သွားရမလား ။

ထင်မြင်ချက် ‘ လေမှုန်လေမွှား ’ ကလေးတွေ ကို ကြံ့ကြံ့ခံ ဖို့ရာ ကျွန်တော်တို့တွေ ဘာကြောင့် မသန်မာ ရသလဲ ဟု စဉ်းစား နေမိပါသည် ။ ကျွန်တော်တို့ သည် အစ ကတည်း က မတ်တပ်ရပ် နေကြသူများ ဟုတ်ချင် မှ ဟုတ်ပေလိမ့်မည် ။

အမည်နာမ မသိခဲ့ရသော အလင်းတန်း တစ်ခုကို အကန်းများ က လိုက်လံ ဖမ်းဆီး နေသည် မှာ သည်နေ့ ထိ တိုင်ပင် ဖြစ်၏ ။ ခွေးများ က ကျင်ငယ်ရည် ဖြင့် ပန်းခဲ့သော အပင်ပေါင်း များစွာ ရှိသော်လည်း ခွေးသေးပန်းပင် သည် သာလျှင် ခွေးသေးပန်းပင် ဖြစ်နေရခြင်း ကို ဘယ် သူ မှ မငြင်းဆန်နိုင်ပါ ။ ကျွန်တော်သည် ‘ သူခိုး ’ ဟု အခေါ် ခံရသောအခါ ကျွန်တော် သည် သူခိုး ဖြစ်သွား၏ ။

သည် မြို့ကလေး မှ တိတ်တဆိတ် ထွက်ခွာ သွားရန် ဆုံးဖြတ် လိုက် သော နောက်ဆုံးနေ့ တွင် ကျွန်တော် သည် ဘဒင်ကြီး နှင့် တွေ့ဆုံရန် ဂိုဒေါင်ဆီ တစ်ခါ ထပ် ရောက်ပါသေးသည် ။ ကျွန်တော့် ရင်ဘတ် ထဲမှာ သူ့ ကို ပြောရန် စကား တစ်ခွန်း တွဲလောင်း ပါလာ၏ ။

သို့သော် တကယ်တမ်း ဆုံဖြစ်သည့် အခါ သူ က ကျွန်တော့် ကို စကား စ ပြောပါသည် ။

“ မင်း .. ဒီ မြို့က ထွက်သွားတော့မယ်ပေါ့ ”

ကျွန်တော် က ခေါင်းညိတ် ပြလိုက်သည် ။

သူ က

“ ဘာလဲ ၊ ငါ့ ကို လာ နှုတ်ဆက်တာလား ”

ဟု မေး၏ ။

ကျွန်တော် က

“ မဟုတ်ဘူး .. ခင်ဗျား ကို စကား တစ်ခွန်း ပြောခဲ့ချင် လို့ လာတာ ”

“ ဘာ စကားလဲ ”

“ တစ်ခါတလေမှာ အစောင့်တွေ က နေ သူခိုးတွေ ကို မွေးထုတ်ပေး နိုင်တယ် ... ဆိုတဲ့ စကား ပေါ့ ”

သူ့ မျက်နှာ ပေါ်တွင် ညစ်ပတ်ပေကျံ နေသော အပြုံး တစ်ခု ကို မြင် လိုက်ရသည် ။ သူ က ခေါင်း ကို ဖြည်းဖြည်းချင်း ယမ်းခါ၏ ။ အတော်ကြာ မှ ...

“ မင်း နဲ့ ငါ စ သိကာစ တုန်းက ငါ့ ကို ဂိုဒေါင်အစောင့် မလုပ်ခင် အရင် က ဘာအလုပ် လုပ်သလဲ ... လို့ မေးခဲ့တာ မှတ်မိသေးလား ”

သူ က ဘာကို ရည်ရွယ်မှန်း မသိသောကြောင့် ကျွန်တော် ငြိမ်နေ မိသည် ။ သူ က ကျွန်တော့် မျက်လုံးများ ကို အသေအချာ ဖတ် ကြည့် နေ၏ ။ ပြီး မှ ..

“ ငါ က ... အရင်တုန်း က ‘ သူခိုး ’ ကွ ”

ဟု သူ တစ်ခွန်း တည်း ပြောသည် ။

ကျွန်တော် လှည့် ထွက်ခဲ့တော့၏ ။

•••••   •••••   •••••

( ၈ )

အမှောင် တစ်ခု တည်း သာ လျှင် တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည် ။

    ( ၂၀၀၀ )

▢ မင်းခိုက်စိုးစန်

📖 ဝတ္ထုတိုပေါင်းချုပ်

.

Wednesday, November 13, 2024

ရယ်စရာများ နှင့် အလွမ်း


 ရယ်စရာများ နှင့် အလွမ်း

    ( မင်းခိုက်စိုးစန် )


ဘေဘီလုံနတ်ဘုရားများအကြောင်း ဖွဲ့ဆိုထားသည့် ကျမ်းတစ် စောင်ထဲတွင် အစ် ( ရှ် ) တာ ( Ishter)  အမည်ရှိ နတ်သမီးနှင့် သေမင်း တို့သည် ချစ်သူများဖြစ်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ပေါင်းစည်းကာ နတ်တစ်ပါးတည်း ဖြစ်သွားကြသည်ဟု ဖတ်ခဲ့ရဖူး၏ ။


oooooooooo


( ၁ )


ကျွန်တော် နှင့် ကောင်မလေးတို့ ပေါင်းစည်းကာ တစ်ဦးတည်း ဖြစ် သွားကြဖို့ ကောင်းလွန်းနေသည့်တိုင် ကျွန်တော်တို့ နှစ်ယောက်အကြား တွင် သော့ခတ်ထားသည့် တံခါးတစ်ချပ် ကန့်လန့်ခံနေသည့်အကြောင်း သင့်ကို ရယ်မောစရာအဖြစ် ပြောပြချင်ပါသေးသည် ။


အဆိုးရွားဆုံးဟာသတစ်ခုမှာ ထိုတံခါးဖွင့်ဖို့ သော့ တံကို ကျွန်တော် တို့နှစ်ဦးစလုံးက လွန်ခဲ့သည့်ဆယ်နှစ်က ကုတ်အင်္ကျီအဟောင်းတစ် ထည်ထဲတွင် မေ့လျော့ထားရစ်ခဲ့ ကြခြင်းဖြစ်ပါသည် ။


oooooooooo


ယောက်ျားတစ်ယောက် နှင့် မိန်းမတစ်ယောက် ပေါင်းစည်းဖြစ်ကြဖို့ ကိစ္စမှာ ဘာတွေလိုအပ်သလဲဟု ကျွန်တော့် မိတ်ဆွေတစ်ယောက်ကို မေးကြည့်ခဲ့ဖူးပါသည် ။ ထို မိတ်ဆွေ က ..


“ ငါကတော့ ငါနဲ့ အကျင့်စရိုက်ဝါသနာချင်းတူတဲ့ မိန်းမမျိုးကိုပဲရှာ ပြီး လက်ထပ်ချင်တယ်ကွာ ” 


ဟု ဖြေ၏ ။


ကျွန်တော် သိသလောက် ထိုမိတ်ဆွေ၏ ထူးခြားသော အကျင့်စရိုက် မှာ ချိုင်းမွေးမရိတ်ခြင်းပင် ဖြစ်ပါသည် ။ သူ ပြောပုံအရ ဆိုလျှင် သူ့လို ချိုင်းမွေးရိတ်လေ့ မရှိသည့် မိန်းမတစ်ယောက်ကိုများ ရှာယူနေမည်လား မသိပါ ။


ကျွန်တော့်ဘာသာ ကျွန်တော်တွေးရင်း တစ်ယောက်တည်း ကျိတ် ပြုံးနေမိသည် ။ မိတ်ဆွေကိုတော့ ဘာမှပြော မပြဖြစ်ပါ ။ ပြောပြလျှင် လည်း ကျွန်တော့် ဟာသကို သူ ရယ်မောရကောင်းမှန်း သိလိမ့်မည် မဟုတ်ကြောင်း သေချာလွန်းနေသောကြောင့် ဖြစ်၏ ။


ဟာသတစ်ခုကို ပြောသူနှင့် ထိုဟာသကို နားထောင်ပြီး ရယ်မော ပေးရမည့် သူတို့နှစ်ဦးကြားတွင် သက်တံဆန်ဆန် နားလည်မှုတစ်မျိုး ရှိ နှင့်ထားရန် လိုအပ်သည်ဟု ကျွန်တော် ထင်ပါသည် ။ မမြင်နိုင်သော ရေမှုန်ရေစက်ကလေးတွေထဲရှိ ဝိညာဉ်အချင်းချင်း လက်ဆင့်ကမ်း သွယ်တန်းမိကြရာမှ အလင်းကြိုးမျှင်တစ်မျှင် ဖြစ်ပေါ်လာသလိုမျိုး ဟာသပြောသူနှင့် ထိုဟာသကို နားထောင်ရယ်မောမည့်သူတို့၏ နှလုံးသားနှစ်ခု ကြားတွင် နက်ရှိုင်းလှပသော ဆက်သွယ်ချက်တစ်စုံ တစ်ရာရှိမှသာ ထိုဟာသ၏ပြီးပြည့်စုံမှုကို ရရှိနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည် ။


ကျွန်တော့်မိတ်ဆွေ၏ နှလုံးသားမှာ ဟာသများကို ဖမ်းချည်ရယ်မော နိုင်ဖို့ ဝိညာဉ်အလင်းကြိုးမျှင်ကလေး ပါမလာရှာပါ ။


ထိုငတိသည် ခွေးသူခိုးတစ်ကောင်သာလျှင် ဖြစ်ပါသည် ။


oooooooooo


လောကတွင် ...


ကျွန်တော် ပြောလေ့ရှိသည့် ဟာသများကို ကောင်းစွာ ရယ်မောတတ် သူဟူ၍ “ ကောင်မလေး ”  တစ်ဦးတည်းသာ ရှိသည်ဟု ကျွန်တော် အောက်မေ့မိ၏ ။ ထို့အတူ ကောင်မလေး ပြောတတ်သော ရယ်စရာ အတွေးစများကို ပြီးပြည့်စုံစွာ နားလည်ခံစားတတ်သူမှာလည်း “ ကျွန်တော် ”  တစ်ယောက် တည်းသာ ရှိပါသည် ။


သည်လောက်ဆိုလျှင် ကျွန်တော်တို့နှစ်ဦး၏ နှလုံးသားတွေအကြား မှာ လင်းလက်တောက်ပနေသော သက်တံတစ်ခုရှိမှန်း သင်ရိပ်မိ လောက်ပြီထင်သည် ။


ooooooooooo


( ၂ )


ဆိုကြပါစို့ ...


ဟာသကို သဘာဝလွန်ဟာသ ၊ သဘာဝကျသော ဘောင်အတွင်းမှ လွဲချော်မှုများကို ဖော်ပြသည့်ဟာသနှင့် သဘာဝကို နက်နက်ရှိုင်းရှိုင်း စေ့စေ့စပ်စပ်တူးဖော်ရာမှ ဟန်ဆောင်ဖုံးကွယ်ထားသည့် လူ့စရိုက်လူ့ သဘာဝကို မျက်နှာဖုံး ချွတ်ပြသလို ဖြစ်သွားသည့် ဟာသဟု သုံးမျိုးသုံး စားခွဲခြား၍ ရမည်ထင်ပါသည် ။ ( ကျွန်တော့်ခွဲခြမ်းစိတ်ဖြာပုံသည် ပညာရှင်တို့ ဖွင့်ဆိုပိုင်းခြားပြသည့် ဟာသအမျိုးအစား သတ်မှတ်ချက် များနှင့်တော့ ကိုက်ညီလိမ့်မည်မဟုတ်ပါ )


သဘာဝကို နက်နက်ရှိုင်းရှိုင်းတူးဆွပြီး လူ့စရိုက်ကို မျက်နှာဖုံးချွတ် ပြသည့် ဟာသမျိုးသည် ဂျော့ဘားနဒ်ရှောလို ပါရမီရှင်များထံမှ ထွက် ပေါ်လာတတ်ပုံရပါသည် ။


လူကုံထံအသိုင်းအဝိုင်းက ကျင်းပသည့် ပါတီပွဲတစ်ခုတွင် ဂျော့ဘား နဒ်ရှော က ငွေကြေးချမ်းသာပုံရသော ပညာတတ်အမျိုးသမီးတစ်ဦးကို မေး၏ ။


“ ငွေတစ်သိန်း ရမယ် ဆိုရင် ကိုယ် မချစ်တဲ့ ယောက်ျား တစ်ယောက်နဲ့ အတူ အိပ်နိုင်ပါ့မလား ” 


“ အိပ်မှာပေါ့ရှင် ” 


“ ကိုင်းဗျာ ... ခင်ဗျားကို ကျွန်တော် တစ်ကျပ် ပေးမယ် ၊ ဘယ့်နှယ်လဲ ၊ ကျွန်တော်နဲ့ ကော အိပ်နိုင်မလား ” 


“ ဘာရှင့် ကျွန်မ ကို ဘယ်လို မိန်းမ အတန်းအစားထဲကများ အောက်မေ့နေသလဲ ” 


ဂျော့ဘားနဒ်ရှော က ပြန်ပြောလိုက်သည် ။


“ ခင်ဗျား ဘယ်လို မိန်းမအတန်းအစား ဆိုတာ ကျွန်တော် သိပါတယ် ၊ စိတ်မရှိပါနဲ့ ၊ ကျွန်တော် က ခင်ဗျားရဲ့ အနိမ့်ဆုံးဈေးနှုန်း ကို သိချင်လို့ မေးတာပါ ”  


oooooooooo


သဘာဝလွန် ဟာသများကမူ တစ်စုံတစ်ရာကို သရော် ဖို့ ၊ ကလိ ဖို့ တမင်ဇာတ်လမ်းဆင်ထားသည့် လုပ်ဇာတ်များသာ ဖြစ်ကြ၏ ။ ယုတ္တိ မရှိမှန်း အားလုံးက သိကြသည် ။ သို့သော် နားထောင်သူတို့ မျှော်လင့်ထား ကြသည်က ယုတ္တိ မဟုတ်ပါ ။ ဇာတ်လမ်း ၏ ဘယ်လိုနေရာ ဘယ်လို အချိန်မျိုးအရောက်မှာ မိမိရရ ' တွယ် ' လိုက်လေမလဲဟူသည့် စောင့်စား စိတ်ဖြင့် ရယ်မောရန် အသင့်ပြင်ထားကြသည် ။ အဲသည်လို အကွက်မိမိ သရော်နိုင်ဖို့  ၊ ( ထို ယုတ္တိမရှိသည့် ) ဇာတ်လမ်းကို ဖန်တီးဆင်ယူနိုင်သော စွမ်းရည် ကိုပင် ချီးကျူးကြသေးသည် ။


ဆိုဗီယက်ပြည်ထောင်စု ကွန်မြူနစ်ခေတ်တွင် ပါတီ ခေါင်းဆောင် များ ၊ အခွင့်ထူးစည်းစိမ်ခံစားကြပုံကို သရော်ထားသည့် ဟာသတစ်ပုဒ် အကြောင်း သင် နားထောင်မည် ဆိုလျှင် ပြောပြချင်ပါသေးသည် ။


ပါတီကွန်ဂရက်သို့ တက်ရောက်လာသော ကိုယ်စားလှယ်များ ကို သဘာပတိအဖွဲ့က အုပ်စုနှစ်ခု ခွဲခိုင်းသည် ။ အရင်းရှင်စနစ် ကို ကြိုက် သူများ က တစ်ဖက် ၊ ကွန်မြူနစ်စနစ် ကို ကြိုက်သူများက တစ်ဖက် ဖြစ်၏ ။


ကိုယ်စားလှယ် တစ်ယောက်က ဘယ်အုပ်စုဘက်ကိုမှ ပါမသွားဘဲ အလယ်တွင် ယောင်တောင်တောင်လုပ်နေ၏ ။


ပြီးနောက် ... 


ထိုသူ က ...


“ ကျွန်တော် ကွန်မြူနစ်စနစ် ကို ကြိုက်ပါတယ် ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ အရင်းရှင်စနစ်မှာ လို ဇိမ်ကျကျ နေချင် တယ် ၊ ဘယ်ဘက်ကို သွားရမလဲ ” 

 

သဘာပတိအဖွဲ့ က ....


“ အဲဒါဆိုရင် ကျွန်တော်တို့ သဘာပတိအဖွဲ့ မှာ လာထိုင်ပါ ” 


oooooooooo


သဘာဝနယ်ပယ်အတွင်း မှ ဟာသများမှာမူ ခပ်ရိုးရိုးပင် ဖြစ်လေ့ရှိ ကြပြီး မျှော်လင့်မထားသော အဆုံးသ,တ် တစ်ခုခု ၊ လွဲချော်မှု တစ်ခုခု ဖြင့် အဆုံးသ,တ်တတ်ကြပါသည် ။


များသောအားဖြင့် အဲသည်လို ရယ်စရာကောင်း လောက်အောင် လွဲချော်တတ်သူများအဖြစ် စိတ်ဝေဒနာရှင်များ ၊ လူနုံလူအများနှင့် ကလေးငယ်များကို ဇာတ်ကောင်ထား ဖန်တီးတတ်သည့်အကြောင်း သင်တို့လည်း သတိထားမိကြလိမ့်မည်ထင်သည် ။


ဥပမာ ပြောရလျှင် ...


ဖဲဝိုင်းတွင် ဖဲရိုက် နေသော ကျောင်းသားတစ်ယောက် ကို ဆရာ က ဆွဲခေါ်လာပြီး ရိုက်နှက်ဆုံးမ၏ ။


နောက် ဆရာ က မေးလိုက်သည် ။


“ မင်းကို ငါ ဘာဖြစ်လို့ အပြစ်ပေးရသလဲ သိလား ” 


“ ဟုတ်ကဲ့ ... သိပါတယ် .. ဆရာ ၊ ဒိုင်းမွန်းတစ် ကို ပစ်ရမယ့် အစား ကု,လားဖဲချပ် ကို ပစ်လိုက်မိလို့ပါ ” 


ooooooooo


( ၃ )


ဟာသများထဲတွင် ပါးစပ်ဖြင့် ပြောပြ၍ မရသော တစ်စုံတစ်ရာ ကို ရယ်မောရသည့် ဟာသသည် တစိမ့်စိမ့် တွေးဖို့ အရသာ အရှိဆုံးဖြစ်သည် ဟု ကျွန်တော် ထင်၏ ။ အဲသည်လို ဟာမျိုးကို လူအများကြီး ခံစား၍ မရ နိုင်ပါ ။ နှလုံးသားချင်း ချုပ်နှောင်ဆက်နွယ်ထားပြီးသား လူနှစ်ယောက် သုံးယောက်အကြား မှာ သာ တည်ရှိနိုင်ပါသည် ။


ကျွန်တော် နှင့် ကောင်မလေးတို့ ကြားမှာ နှစ်ယောက်တည်း ကြားနိုင် သော ရယ်သံတိုးတိုးကလေးတွေ ရှိခဲ့ဖူးပါသည် ။


ကျွန်တော်နှင့် မိတ်ဆွေ ဆယ့်လေးငါးယောက် ( စောစောက ပြောခဲ့သ ည့် မရယ်မောတတ်သော မိတ်ဆွေ လည်း ပါသည် ။ ကောင်မလေး ကို လည်း ' မိတ်ဆွေ' စာရင်းထဲတွင် ထည့်ရပါလိမ့်မည် ) တို့သည် နှင်းမှုန် တွေ ပျပျဆိုင်းသော အဝေးတောင်တန်းကြီးတွေ ဆီ ခရီးထွက်ခဲ့ကြဖူး ပါသည် ။


မြောက်ပြန်လေ ထဲတွင် အပြာရောင်အိပ်မက်တွေ ဝေ့ဝဲ လွင့်ပျံ လာ၏ ။ နူးညံ့အေးစက်သည့် ရနံ့တစ်ခုဖြင့် တိမ်မျှင်ခိုး ငွေ့ငွေ့ တွေ မှုန် မှိုင်းရီဝေနေကြသည် ။ ဆောင်းဥတုသည် တောင်တန်းတွေနှင့် ပါးချင်း ကပ်မှီနေလေသည် ။


တောင်တက်လမ်းတလျှောက်မှာ ကျွန်တော်နှင့် သူမ နှစ်ယောက် တည်း စကားတွေ တတွတ်တွတ် ပြောဖြစ်ကြသည် ။ မောလျှင် ကျောက် တုံးကြီးတွေပေါ်မှာ နှစ်ယောက်သား အတူ ထိုင်ကာ နားကြသည် ။ အတက်ရခက်သော လမ်းကျဉ်းများ ၊ မတ်စောက်သော အချိုးအကွေ့များ ရောက်လျှင် သူ့ကို ကျွန်တော် လက်တွဲဖေးမှီခေါ်ငင်ခဲ့ရပါသည် ။ တောင်ထိပ်သို့ရောက်သောအခါ ကျွန်တော်တို့ နှစ်ယောက်၏ ရယ်သံ များသည် သစ်ရွက်စိမ်းစိမ်းကလေးများ နောက်တွင် ပုန်းခိုလျက် ကျန်ရစ်ခဲ့ကြပြီဖြစ်၏ ။

သူက တောင်ထိပ်ကမူအစွန်းတွင် ရပ်လျက် မိုးကုတ်စက်ဝိုင်းဆီ လှမ်းမျှော်ကြည့်လိုက်ရင်း ..


“ အရုဏ်တက် နေထွက်လာတာကို ဒီနေရာ က နေပြီး စောင့်ကြည့်ခွင့် ရရင် ကောင်းမှာပဲ ၊ သိပ်လှတဲ့ ရှုခင်း ဖြစ်မှာပဲလို့ ကျွန်မ စိတ်ထဲက ထင် နေတယ် ” 

 

အံ့ဩစရာ ကောင်းလောက်အောင်ပင် သူ နှင့် ကျွန်တော် အတွေးချင်း တူနေလေသည် ။ ကျွန်တော် က ...


“ ဟုတ်တယ် ၊ မနက်ဖြန်မနက် အရုဏ်တက်တဲ့အချိန် ကိုယ်တို့နှစ် ယောက် ဒီနေရာက စောင့်ပြီး နေထွက်လာတာ ကို ကြည့်ရရင် ကောင်း မယ်ကွ ” 


သူက ကျွန်တော့် ကို တစ်ချက် လှမ်းကြည့်သည် ။ နောက် ရေအိုင် မျက်နှာပြင်ပေါ် လရောင်ကျကာ လက်နေသည့် အလင်းကွက်ကလေး တစ်ကွက်လို ပြုံးလိုက်၏ ။ ပြီးတော့ သူ ခေါင်းညိတ် ပြပါသည် ။


ooooooooooo


တည်းခိုခန်းသို့ သူများတွေ ထက် နောက်ကျပြီးမှ ကျွန်တော်တို့ ရောက်သွားကြသည် ။ ကျွန်တော့် မိတ်ဆွေများ က ယောက်ျားလေးများ အတွက် အခန်းတစ်ခန်း နှင့် မိန်းကလေး များအတွက် အခန်းတို့ ကို ကပ်လျက် ရအောင် ငှားထားနိုင်သောကြောင့် အဆင်ပြေသွား၏ ။


ကျွန်တော်က သည်ဘက်အခန်းနံရံ နှင့် ကပ်လျက် လက်ယာဘက် အစွန်ဆုံးနေရာကို ယူလိုက်ပါသည် ။ ကောင်မလေး က တစ်ဖက်မှာ နံရံ နှင့် ကပ်လျက် လက်ဝဲဘက်အစွန်ဆုံး နေရာကို ယူထားသောကြောင့် ဖြစ်၏ ။ ကျွန်တော်တို့ နှစ်ယောက် ကြားတွင် သစ်သားနံရံပါးပါးကလေး တစ်ချပ်သာ ခြားနေသည့် အကြောင်း တွေးမိပြီး ညဉ့်နက်သည်အထိ အိပ်မပျော် ။ အလွန်ကြောင်စီစီနိုင်လှသော စိတ်ကယောင် ချောက်ချား ဖြစ်မှုတစ်ခုမှန်း နောက်မှ ကိုယ့်ဘာသာကိုယ်တွေးပြီး ရှက်သလိုလို အောက်မေ့မိ၏ ။


' ယောက်ျားတစ်ယောက် ၏ အလွမ်း ' ဆိုသည်မှာ ရေခိုးရေငွေ့များနှင့် တူပါသည် ။ အပူကြောင့် လွင့်ပျံ့ပြန့်ကျဲနေခိုက်တွင် ပေါ့ပေါ့းလွန်းလှသည့်တိုင် အအေးဖြင့် ငွေ့ရည် ဖွဲ့ကာ မိုးရွာချလိုက်သည့် အခါ ပင်လယ် တစ်ခု ဖြစ်သွားတတ်ပါသည် ။


ပြတင်းပေါက် အပြင်အ၀တွင် တောင်ပေါ်ဆောင်းည သည် အေးစက်တိတ်ဆိတ်နေ၏ ။


ooooooooo


( ၄ )


ကျွန်တော် ဖျတ်ခနဲလန့်နိုးလာသောအခါ နံနက်လေး နာရီ ထိုးရန် ဆယ့်ငါးမိနစ်ခန့်သာ လိုတော့သည် ။ တစ်ဖက်ခန်းမှ ကောင်မလေး နိုး အောင် နံရံကို လက်ဖြင့် တဒေါက်ဒေါက် ခေါက်ရင်း ကျွန်တော် အိပ်ရာ ထဲမှ လူးလဲထလိုက်သည် ။


နံရံ၏ အခြား တစ်ဖက်မှ ကောင်မလေး၏ လူးလွန့်သံ ၊ ညည်းညူ သမ်းဝေသံတို့ကို ခပ်တိုးတိုးကြားရသည် ။ တော်တော် အပျင်းကြီးတဲ့ ကောင်မလေး ဟု ကျွန်တော် တွေးမိသေး၏ ။ ကျွန်တော် ကမန်းကတန်း မျက်နှာသစ်ပြီး အဝတ်အစား လဲသည် ။ အခန်းတံခါး ကို ဖွင့်ထွက်မည်ပြု ပြီးမှ အပြင်မှာ အတော်အေးနေမှာပဲဟု တွေးမိကာ ပြန်ဝင်ပြီး ကုတ်အင်္ကျီ တစ်ထည် ထပ်ဝတ်သည် ။ အခန်း ထဲမှာ ကျွန်တော့် သူငယ်ချင်းများ က အိပ်မောကျနေဆဲ ။


တည်းခိုခန်းစင်္ကြံ ရှည်မျောမျော တလျှောက် ကျွန်တော် ဖြည်းဖြည်း ပင် လျှောက်လာခဲ့သည် ။ ကျွန်တော့် နောက်မှ ခြေသံဖွဖွ တိုးတိုးကလေး တစ်စုံ ကပ်ပါလာသည်ကိုကြားရ၏ ။


လာပါ ...ကောင်မလေးရေ ။


အရုဏ်ကို ကြိုဆိုဖို့ တို့နှစ်ယောက် အတူတူ သွားကြရအောင် ။


oooooooooo


တောင်ကမူလေး ပေါ်တွင် လေက တဝှီးဝှီး တိုက်နေသည် ။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေဆဲပင်ရှိသေး၏ ။ အနက်ရောင် တောက်ပသော ဆောင်းဥတုအရုဏ်ဦးထဲမှာ ကျွန်တော်နှင့်သူ တိတ်ဆိတ်စွာ ထိုင်နေဖြစ်ကြလေသည် ။ ရင်ထဲမှာ နှင်းစက်တွေ ဥနေ၏ ။


“ သိပ်ချမ်းနေလား ” 

 

ကျွန်တော် က မေးလိုက်သည် ။ ကောင်မလေးက ခေါင်းညိတ်ပြ၏ ။ 


ကျွန်တော်ယူလာသော ကုတ်အင်္ကျီကို ချွတ်ပြီး သူ့ကို ခြုံပေးလိုက် သည် ။ တည်ငြိမ်သောရေပြင်ပေါ် လက်သွားသည့် လရောင်အလင်း ကွက်ကို တစ်ကြိမ် ထပ်၍မြင်ရပြန်လေသည် ။


နောက်တော့ သူက ဆောင်းဝတ်ရည်များဖြင့် သိပ်သည်းနေသည့် ကောင်းကင်ကြီးကို မော့ကြည့်ရင်း အိုင်းစတိုင်း ၏ စကြဝဠာသီဝရီ နှင့် ဟိုက်ဇင်းဘတ် ၏ မရေရာခြင်းနိယာမ အကြောင်း ပြောပြသည် ။


ဘဝ ဆိုသည်မှာ တကယ်ပင် မရေရာမှု တစ်ခုဖြစ်၏ ။ အဲသည် နေ့က မြူတွေ ထူထပ်အုံ့ဆိုင်းနေခြင်းကြောင့် မနက် ခြောက်နာရီ ထိုးသည် အထိ နေထွက်လာသည်ကို မမြင်ရပါ ။


ကျွန်တော်တို့ နှစ်ယောက် ကိုယ့်ကိုယ်ကို ရယ်မောမိကြရင်း တောင်ကုန်းကလေးပေါ်မှ ပြန်ဆင်းလာခဲ့ကြသည် ။ မျှော်လင့်ချက် ဆိုသည်မှာ တစ်ခါတရံ ဟာသတစ်ခု ဖြစ်သွား တတ်ပါသည် ။


ooooooooo


အဲသည်နေ့ ညနေထမင်းဝိုင်းတွင် ကျွန်တော့် မိတ်ဆွေ မရယ်မော တတ်သော ငတိ က မေးသည် ။


“ မနက်က မင်း စောစောစီးစီး ဘယ်ပျောက်သွားတာလဲ ၊ နိုးလာလို့ ကြည့်လိုက်တော့ မင်းမရှိတော့ဘူး ” 


ကျွန်တော် က ...


“ မနက်က နေထွက်တာကို သွားကြည့်တာကွ ” 


ကျွန်တော့် စကားကို ကြားရသောအခါ မိတ်ဆွေ ဖြစ်သူက ပျာပျာသလဲ ဖြစ်သွားပြီး...


“ ဘာဖြစ်လို့ သွားကြည့်ရတာလဲဟင် ၊ ဒီနေ့ နေ က ဘယ်ဘက်က ထွက်မှာမို့လို့လဲ ” 


ကျွန်တော် အသက်ရှူကျပ်သွားသည် အထိ ရယ်မောပစ်လိုက်မိသည် ။ ကောင်မလေး ကို လှမ်း ကြည့်လိုက်သောအခါ သူ လည်း ကျိတ်၍ ရယ်နေသည်ကို မြင်ရ၏ ။ ကျွန်တော့် မိတ်ဆွေကတော့ နားမ လည်နိုင်စွာ ကြောင်တောင်တောင် ငေးကြည့်နေဆဲရှိသေး၏ ။ ထို့ကြောင့် ကျွန်တော် က ...


“ ထုံးစံ အတိုင်းပေါ့ကွာ ၊ အရှေ့ဘက် ကပဲ ထွက်တာပေါ့ ” 


“ ဒါနဲ့များ သွားကြည့်နေရသေးတယ် ” 


မိတ်ဆွေဖြစ်သူက ကျွန်တော့် ကို အလကားသက်သက် အလုပ်ပိုတွေ အပင်ပန်းခံ လျှောက်လုပ်နေတဲ့ကောင် ဟု မြည်တွန်ရေရွတ်၏ ။


ကျွန်တော် ဘာမှ ပြန်မပြောဘဲ ရယ်၍သာ နေလိုက်ပါသည် ။


ooooooooo


( ၅ )


နောက်ဆုံး အနေဖြင့် ...


ဘာသာပြန်စာအုပ်တစ်အုပ်ထဲတွင် ကျွန်တော် ဖတ်ခဲ့ရဖူးသော “ နောက်ဆုံးဟာသ ”  ဟု ခေါင်းစဉ်ပေးထားသည့် ရယ်စရာ အဖြစ်အပျက် တစ်ခုအကြောင်း ပြန်ပြောပြချင်ပါသည် ။


ဟိုတယ်တစ်ခု အတွင်းသို့ လူသုံးယောက် ဝင်လာကြသည် ။ ဧည့်ခန်း ထဲအရောက်တွင် သူတို့ ၏ ကုတ်အင်္ကျီကြီးများ ကို ချွတ်ပြီး ချိတ်တွင် ချိတ်ထားလိုက်ကြ၏ ။ သူတို့၏ အခန်း က အထပ် ( ၂၀ ) မှာ ဖြစ်သည် ။ ဟိုတယ်ဧည့်ကြို စာရေးက ဓာတ်လှေကား ပျက်နေသောကြောင့် ရိုးရိုး လှေကား မှပင် တက်သွားကြပါ ဟု တောင်းပန်သည် ။


ခြေလျင် တက်ရမည် ဖြစ်သည့်အတွက် အမောအပန်း ပြေစေရန် အထပ်တစ်ထပ်ရောက်တိုင်း တစ်ယောက် တစ်လှည့်စီ ဟာသ တစ်ခုပြီး တစ်ခု ပြောသွားကြရန် ဆုံးဖြတ်လိုက်ကြ၏ ။ ထိုသို့ဖြင့် တစ်ထပ်တက် လိုက် မောပြီး ခဏနားလိုက် ၊ ရယ်စရာပြောကာ ရယ်လိုက်ဖြင့် တဖြည်းဖြည်း အထပ် ( ၂ဝ ) သို့ ရောက်လာသည် ။


သည်တစ်ခါ ဟာသ ပြောရန် အလှည့်ကျသူ က ..


“ ကဲ ... မင်းတို့ကို ငါ နောက် ဆုံးဟာသ ပြောပြ မယ် ” 

 

ကျန် နှစ်ယောက်က မောဟိုက်စွာဖြင့် ထိုသူ ကို ကြည့်လိုက်၏ ။ သူက ...


“ ငါတို့ အခန်းဖွင့်ဖို့ သော့ကို ချွတ်ထားပစ်ခဲ့တဲ့ ကုတ်အင်္ကျီ ထဲမှာ မေ့ကျန်ရစ်ခဲ့တယ် ” 

 

ooooooooooo


ကျွန်တော်သည် မိန်းမ တစ်ယောက်ကို “ ချစ်တယ် ” ဟု ဖွင့်ပြောပြဖို့ ရန်အတွက် သတ္တိနည်းပါးလွန်းသူ တစ်ဦး ဖြစ်သည့်အကြောင်း သင်တို့ ကို စောစောကတည်းက ဝန်ခံဖြစ်ခဲ့ဖို့ ကောင်းပါသည် ။


လွန်ခဲ့သည့် တစ်နှစ်ကပင် ကျွန်တော့် ကောင်မလေး အိမ်ထောင်ပြု သွားခဲ့ပြီဖြစ်ပါသည် ။ သူ နှင့် ( မတော်တဆ ) ခင်ပွန်း ဖြစ်ခွင့်ရလိုက်သူ မှာ လည်း ကျွန်တော့် မိတ်ဆွေ တစ်ဦးပင် ဖြစ်၏ ။


သင့် အထင် မှန်ပါသည် ။ ထိုသူ မှာ ကျွန်တော် စောစောက ပြောလာခဲ့ ပြီးသော ' မရယ်မောတတ်သည့် မိတ်ဆွေ ' ဖြစ်ပါသည် ။ ကျွန်တော် က ကိုးနှစ်နီးပါး အဝေးတစ်နေရာ သို့ ရောက်နေခဲ့သောကြောင့် သူတို့ နှစ်ယောက် မည်သို့ ဖြစ်သွားခဲ့သည်ကို မသိပါ ။ ( ဘဝ ဆိုသည်မှာ ယုတ္တိဗေဒ နယ်အတွင်း မှ မျှော်လင့်မထားသော ဟာသ တစ်ခု ဖြစ်ပုံရပါသည် )


မည်သို့ပင် ဆိုစေကာမူ သည်လို အခြေအနေမျိုးတွင် ကျွန်တော့် အနေ ဖြင့် ... မင်းတို့ အိမ်ထောင်ရေး အဆင်ပြေလား ဟု သာ မေးရန်ရှိပါ တော့သည် ။


မိတ်ဆွေ ဖြစ်သူ က ..


“ အဆင်ပြေပါတယ်ကွာ .. ဒါပေမယ့် ငါ့ မိန်းမက တစ်ချက် တစ်ချက် ခပ်ကြောင်ကြောင်ရယ် ၊ တစ်ခါတလေ မနက် မိုးမလင်းသေးခင် မှောင်မိုက်ကြီး ထဲ ထပြီး ခြံထဲ ဆင်း ထိုင်နေတတ်တယ် ၊ ကုတ်အင်္ကျီ အဟောင်းကြီး ဝတ်ပြီးတော့ ။ သူ မို့လို့ မချမ်းမစီးကွာ ။ ပြောတော့ အရုဏ်တက်တာ ကို စောင့်ကြည့်ချင်လို့တဲ့ ။ ကဲ ... လုပ်ပုံက ဘယ်လောက် ကြောင်သလဲ ” 

 

ကျွန်တော် ကောင်မလေး ကို မတွေ့တော့ဖို့ ဆုံးဖြတ်လိုက်သည် ။ ပြန်ဖို့ အချိန်တော်ပြီ ဟု ကိုယ့်ကိုယ် ကို သတိပေးရင်း ထိုင်နေရာ မှ ထရပ် လိုက်၏ ။ 

ကျွန်တော့်မိတ်ဆွေ က ...


“ မိန်းမတွေ က နားလည်ရခက်တယ်ကွ ၊ အင်းလေ .. များသောအားဖြင့် မိန်းမတွေက ခပ်ညံ့ညံ့တွေပါကွာ ” 


မိန်းမများ သည် သူ ထင်သလောက် မညံ့ကြသည့် အကြောင်း ရှင်းပြဖို့ စိတ်ကူးမိသည့်တိုင် ကျွန်တော့် မှာ စကားသံ ထွက်လာနိုင်လောက် အောင် အင်အား မရှိတော့ပါ ။


ကျွန်တော် လှည့်ပြန်လာခဲ့သည် ။


နေရစ်ခဲ့တော့ ... ကောင်မလေး ရေ ... ။


ယောက်ျား တစ်ယောက်ရဲ့ တည်ငြိမ်အေးစက်တဲ့ အလွမ်းတွေ ငါ့ ရင် ထဲ မှာ မိုး လို သည်းသည်းမည်းမည်း ရွာ နေတယ် ။ ဟောဒီ သံမဏိမျက်ဝန်းတွေ ထဲ မှာ ပင်လယ် ... ။


ooooooooo


အဆိုးရွားဆုံး ဟာသမှာ တံခါးဖွင့်ဖို့ သော့တံ ကို လွန်ခဲ့သည့် ဆယ်နှစ် ကုတ်အင်္ကျီအဟောင်း တစ်ထည် ထဲတွင် ကျွန်တော်တို့ နှစ်ဦးစလုံး က

မေ့လျော့ထားရစ်ခဲ့ကြခြင်း ဖြစ်ပါသည် ။


( ၁၉၉၇ )


မင်းခိုက်စိုးစန် 


ဝတ္ထုတိုပေါင်းချုပ် 

Tuesday, October 22, 2024

သူငယ်တန်း ဖတ်စာ


 

❝ သူငယ်တန်း ဖတ်စာ ❞
     ( မင်းခိုက်စိုးစန် )

( ၁ )

နီးစပ်တိုင်း သာ ' သိ ' ကြစတမ်း ဆိုလျှင် ရေ ထဲ တွင် ဟိုက်ဒရိုဂျင် နှစ်ဆ နှင့် အောက်ဆီဂျင် တစ်ဆ ပါဝင်ကြောင်း ပထမဦးဆုံး ရှာဖွေတွေ့ရှိ သူ မှာ ' ငါး ' များ ဖြစ်သင့်ပါသည် ။

•••••   •••••   •••••

( ၂ )

ကျွန်တော် သည် ကြောက်စိတ် ကို ' အရိပ် ' မှန်း မသိ သေးခင်က ကြောက်စိတ် ဆီမှ လွတ်မြောက်အောင် ထွက်ပြေးခဲ့ဖူး၏ ။ ကျွန်တော် ဘယ်လောက် ပြေးပြေး ကြောက်စိတ် က ကျွန်တော့် နောက်မှ အမြဲတမ်း ကပ်ပါလာသည် ။

' အရိပ် ' ကို အရိပ် မှန်း သိသွားသောအခါ ထွက်ပြေးဖို့ မလိုတော့ပါ ။ ကျွန်တော် ခြေစုံ ရပ် လိုက်သည် ။ ယခု .. အရိပ် သည် ကျွန်တော့် ခြေထောက် အောက် တွင် ရှိ၏ ။

•••••   •••••   •••••

( ၃ )

' အမှန်တရား ' ဆိုတာ ဘာလဲ ။ ' အမှန် ' တိုင်း ' တရား ' ဖြစ်သလား ။ ကျီးကန်းများ သည် အမည်းရောင် ရှိကြောင်း ကျွန်တော် သိသည် ။ ဗျိုင်း များ သည် အဖြူရောင် ရှိကြောင်း ကျွန်တော် သိသည် ။ နေ သည် အရှေ့ အရပ် မှ ထွက် ၍ အနောက်အရပ် သို့ ဝင်ကြောင်း ကျွန်တော် သိသည် ။ စ သဖြင့် ...

ကျွန်တော် သည် ' အမှန် ' များစွာ ကို သိ၏ ။ သို့သော် ကျွန်တော် ' အမှန် တရား ' ကိုတော့ မသိပါ ။ ' တရား ' ဆိုသည် မှာ ပညာ ဖြင့် တည့်မတ်ပေး သော လုပ်ရပ် ဖြစ်၏ ။

•••••   •••••   •••••

( ၄ )

သေမင်း က လိုက် သ,တ်သောအခါ လူတွေ ထွက်ပြေးကြ၏ ။ ကျွန်တော် က တော့ သေမင်း ကို လိုက် သ,တ်ချင်ပါသည် ။ သူ ထွက်ပြေးမလား .. မသိပါ ။ ကြုံကြိုက်၍ သူ နှင့် ဆုံလျှင် မေးကြည့်ပေးကြစေလို ပါသည် ။

•••••   •••••   •••••

( ၅ )

' အမေ ' က သားသမီး ကို မွေးဖွား ပေးသည် ။ ထို့ကြောင့် သားသမီး က မိန်းမ တစ်ယောက် ကို ' အမေ ' ဖြစ်သွားအောင် မွေးဖွား ပေး၏ ။

•••••   •••••   •••••

( ၆ )

သူတစ်ပါး ကို ပြုံးပြသော ကိုယ့် အပြုံး စစ်စစ် ကို  ကိုယ် ပြန် မြင်ချင် သည် ။ ( မဖြစ်နိုင်မှန်း သိသောအခါ ဝမ်းနည်းမိ၏ ။ ကျွန်တော့် အဖို့ တစ်သက်လုံး
ဝမ်းနည်း နေရ လောက်အောင် လုံလောက်သော အကြောင်း တစ်ခု ပင် ဖြစ်တော့သည် )

•••••   •••••   •••••

( ၇ )

အရာရာတိုင်း ကို စနစ်တကျ လုပ်ကိုင်တတ်သူ တစ်ယောက် သည် အမှိုက်များ ကို အမှိုက်ပုံး ထဲ သို့ မပစ်မီ စနစ်တကျ စာရင်း ပြုစုရေးသား နေသည် ။

•••••   •••••   •••••

( ၈ )

' လွယ်လွယ် ရသော အရာ ' နှင့် ' ခက်ခက်ခဲခဲ လုပ် ယူပြီး မှ ရသော အရာ ' တို့ အနက် မည်သည့် အရာ ကို ပိုပြီး သင် တန်ဖိုး ထားပါသနည်း ။

ကျွန်တော် က တော့ အလွယ် ကြိုက်သူ ဖြစ်သည် ။ အလွယ်လမ်း လိုက်သူ ဖြစ်သည် ။ လူတွေ က ဘာကြောင့် ခက်ခက်ခဲခဲ လုပ်ရသော ကိစ္စ ကို မှ အလေးအနက် အရေးတကြီး သဘော ထား ကြသလဲ ။ ကျွန်တော် မသိပါ ။

အသက်ရှူခြင်း သည် အလွယ်ကူဆုံး အလုပ် ဖြစ်၏ ။ သင် စရာပင် မလိုပါ ။ သို့သော် ... အရေး အကြီးဆုံး အလုပ် လည်း ဖြစ်၏ ။ ကမ္ဘာကြီး ကို ခဲရာခဲဆစ် ကယ်တင်ဖို့ ကြိုးစားရင်း အသက်ရှူ မဝ ဖြစ်နေကြသူများ ကျွန်တော့် ထံ တွင် သင်တန်း လာ တက်နိုင်ပါသည် ။

•••••   •••••   •••••

( ၉ )

အချိန် ( ကာလ ) ၏ အခြယ်အလှယ်ခံ မဖြစ်ချင် လျှင် မိမိ ကိုယ်တိုင် အချိန် ( ကာလ ) ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏ ။

•••••   •••••   •••••

( ၁၀ )

လူသား ( MAN ) ဆိုသည် မှာ ' မြေသား ဖြင့် ထုလုပ် သောအရာ ' ဟု အဓိပ္ပာယ် ရ၏ ။ ကျွန်တော် သည် MAN ပီသပုံ ရပါသည် ။ အခြား သူများ က ကျွန်တော့် ကို ' မြေကြီး ' ဟု ထင်ကာ အပေါ် စီး မှ တက် နင်းပြီး လမ်းလျှောက် သွားခဲ့ကြ၏ ။

•••••   •••••   •••••

( ၁၁ )

ခရီး ဆိုသည် မှာ သွားမှ ရောက်ပါသတဲ့လား ။ ကျွန်တော် မသွားဘဲ ရောက်ခဲ့သော ခရီး တစ်ခု ရှိပါသည် ။ ကျွန်တော့် ဘဝ ပင် ဖြစ်၏ ။

•••••   •••••   •••••

( ၁၂ )

သရဖူ ဆိုသည့် အရာမှာ ကလေးများ အတွက် ဆော့ကစားရန် သာ ဖြစ်ပါသည် ။

•••••   •••••   •••••

( ၁၃ )

' အလင်း ' ကို အနက်ရောင် ဖြစ်အောင် ပုံစံ ပြောင်း လိုက်လျှင် ' အရိပ် ' ဟာ အဖြူရောင် ဖြစ်သွားနိုင် သလား ။ နည်းနည်းလောက် ဝိုင်း ပြီး စဉ်းစားပေးကြပါ ။

•••••   •••••   •••••

( ၁၄ )

အကြားရဖန် များလွန်း သောကြောင့် ရိုးအီ ငြီးငွေ့ နေပြီ ဖြစ်သော စကား ( အသိုး ) တစ်ခွန်း ကို ပင် နပိုလီယန် က လာပြောသည် ။

" ငါ့ အဘိဓာန် မှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး "

" ဒါဆိုရင် ခင်ဗျား ရဲ့ မျက်စိတွေ ကို မပိတ်သွားစေဘဲ ' ဟတ်ချိုး ' လို့ နှာချေကြည့်စမ်းပါ ၊ ဖြစ်နိုင်မလားလို့ "

ဟု ကျွန်တော် က စိန်ခေါ် လိုက်၏ ။

သူ့ ကိုယ် သူ ဧကရာဇ် ဟု ဆိုကာ ဘဝင် မြင့်နေသော ထို ငနဲကြီး သည် ဟတ်ချိုး ပင် ကျယ်ကျယ် မချေရဲတော့ဘဲ ကုပ်ချောင်းချောင်း နှင့် ပြန်သွားသည် ။ သင် ကော ... ( သူ့ စကား ကို ) ဘယ်လို သဘောရပါသလဲ ?

•••••   •••••   •••••

( ၁၅ )

ဘတ်စ်ကား အတက်အဆင်း ပေါက်ဝ အထက် တွင် ' ဂေါင်းငုံ့ဆင်း ပါ ' ဟု ရေးထားသော စာ ကို သင်တို့ တွေ့ဖူးကြပါသလား ။ ထို စာတန်း တွင် စာလုံးပေါင်း တစ်လုံး မှားယွင်း နေကြောင်း သတိပြုမိကြလိမ့်မည် ထင်ပါသည် ။ အမှန် မှာ ' ဂေါင်း ' ဟု မရေးရ ။ သတ်ပုံ အရ ဦးခေါင်း ကို ' ခေါင်း ' ဟုသာ ရေးရိုး ထုံးစံ ရှိသောကြောင့် ' ခေါင်းငုံ့ ဆင်းပါ ' ဟု ရေးရမည် ဖြစ်၏ ။

သို့ရာတွင် သတ်ပုံ မှား နေခြင်းကြောင့် မထီမဲ့မြင် ပြုပြီး ခေါင်း မငုံ့ဘဲ ဆင်း လျှင် ကား သင် သာလျှင် အထိ နာမည် ဖြစ် ကြောင်း သတိပြုပါ ။

( ဆရာကြီး မင်းသုဝဏ် အမှတ်တရ )

မှတ်ချက် ။  ။ ဆရာကြီး ၏ အမည် ကို စာပေစိစစ်ရေး က ပိတ်ပင်ထား သော အချိန်ကာလ ဖြစ်သောကြောင့် ဝတ္ထုခေါင်းစဉ် ဖြင့် ဖုံးတစ်ဝက် ဖော် တစ်ဝက် ရည်ညွှန်းခဲ့ရသည် ။

▢ မင်းခိုက်စိုးစန်

📖 ဝတ္ထုတိုပေါင်းချုပ်

.

Thursday, October 17, 2024

ကျွန်းမျောစိတ်

 

❝ ကျွန်းမျောစိတ် ❞
━━━━━━━━━━━━
    မင်းခိုက်စိုးစန်
━━━━━━━━━━━━
( ၁ )

နွားကွဲ လျှင် ကျားဆွဲ တတ်သည် ဟူသည့် စကားပုံ ၏ အဓိပ္ပါယ်သည် နွားများ စုစုစည်းစည်း နေထိုင်ရန် လိုအပ်ကြောင်း နားလည် သလိုလို ရှိ သော်လည်း ခြံ ထဲ တွင် တစ်စုတစ်ဝေး တည်း လှောင် ထားသော နွားများ အဘယ်ကြောင့် သားသ,တ်ရုံ သို့ ရောက်သွားရသနည်း ဆိုသည့် ကိစ္စ ကိုမူ ကျွန်တော် စဉ်းစား၍ မရပါ ။ အချို့ကိစ္စများတွင် စုစည်းခြင်း ၊ မစုစည်းခြင်း သည် အမဲသား ဖြစ်ခြင်း မဖြစ်ခြင်းနှင့် သိပ် မဆိုင်လှ ဟု ကျွန်တော် ထင်သည် ။

•••••   •••••   •••••

သင်ကော ... ။ သင့် ကိုယ် သင် သားသ,တ်ရုံသို့ ပို့ရန် ခြံထဲ တွင် အလှောင် ခံထားရသည့် နွားတစ်ကောင် အဖြစ် စိတ်ကူးယဉ် ကြည့်ခဲ့ဖူးပါ သလား ။ ကျွန်တော် ကတော့ စိတ်ကူးယဉ် ကြည့်ခဲ့ဖူးသည့် အကြောင်း ( အကယ်၍ သင်ခွင့်ပြုမည် ဆိုလျှင် ) ပြောပြချင်သည် ။

ကံကြမ္မာ ဆိုသည်မှာ အမဲသားဆိုင် တစ်ဆိုင် ဖြစ်နေနိုင် သလို ‘ ကံကြမ္မာ၏ အရှင်သခင် ’ ဆိုသူမှာ လည်း အမဲအူ အသည်းနှလုံး ပြုတ် ရောင်းသည့် ငတိ တစ်ယောက် မဟုတ်ကြောင်း ဘယ်သူ က မှ အာမခံ ထားခြင်း မရှိဘူး မဟုတ်လား!!

•••••   •••••   •••••

( ၂ )

‘ ကံကြမ္မာ ၏ အရှင်သခင် ’  ဖွင့်ထားသော ဆိုင်ရှေ့တွင် ကျွန်တော် အပါအဝင် နွားအတော်များများ စုရုံး နေကြသည် ။ ထို ဆိုင်က ကျွန်တော် တို့ အတွက် ‘ မြက် ’ ရောင်းပေးမည် ဟု သတင်း ကြားထား သောကြောင့် ဖြစ်၏ ။

နေ မြင့်လာသည် နှင့် အမျှ ဆိုင် ရှေ့မှ နွားအုပ် က တစ်စ ထက် တစ်စ ပို များလာသည် ။ အတော်ကြီး နောက်ကျ ပြီးမှ မြက်ရောင်း ပေးမည့် သူ ရောက်လာ၏ ။ ( ‘ ကံကြမ္မာ ၏ အရှင်သခင် ’ က ကိုယ်စားလှယ် လွှတ်လိုက်သူ ဟု ဆိုသည် ) ထို သူ က ...

“ အခုအချိန် က စပြီး မြက်များ ကို ရောင်းချ ပါတော့မယ် ၊ တန်းစီကြပါ ၊ အားလုံး တန်းစီကြပါ ”

နွားများ အားလုံး ရုတ်ရုတ်သဲသဲ တိုးတိုးဝှေ့ဝှေ့ ဖြစ် သွားကြသည် ။ နောက် .. ဆိုင်ရှေ့ တွင် တန်းစီ လိုက်ကြ၏ ။ နွားတန်းကြီး က အတော် ရှည်လျားသည် ။ ကျွန်တော် နှင့် ကျွန်တော့် မိတ်ဆွေ နွားတစ်ကောင် တို့ က နောက်ဘက် ခပ်ကျကျ တွင် နေရာရ၏ ။ ကိုယ့် အလှည့် ရောက်ဖို့ရန် ကြာမြင့်စွာ စောင့်ဆိုင်းရ ပေဦးတော့မည် ။

တဖြည်းဖြည်း မွန်းတည့်စ ပြုလာသည် ။ ပူရဲသော နေရောင် အောက် တွင် နွားများ ၏ ကျောကုန်း ပြောင်ပြောင် မှ ရောင်ပြန် ဟပ်ကာ တံလျှပ် များ ထ နေပုံသည် သဲကန္တာရ ဆန် လှသည် ။ နွားတန်းကြီး က ရွေ့လျား သည် ဆိုရုံသာ ရွေ့လျားကာ ရှေ့သို့ တအိအိ တိုး နေ၏ ။

ကျွန်တော်တို့ စိတ် မရှည်တော့ ။

...  ....  .....

အချိန် က မွန်းလွဲ သွားပြီ ။ နွားတန်းကြီး က နဂိုနေရာ မှ သိပ် မရွေ့ လှသေး ။ နေပူရှိန် က လောင်မြိုက် လိုက်သောကြောင့် နွားများ ၏ ကျောကုန်း ပေါ်မှ အမွေးများ မီးကျွမ်း သွားသလို ညှော်နံ့မျိုး ထွက်လာသည် ဟုပင် အောက်မေ့ရ၏ ။ ကျွန်တော့် သူငယ်ချင်း နွား က တောက် တစ်ချက် ခေါက်လိုက်ပြီး ...

“ ဒီလိုသာ သွား နေရင် ဒီနေ့ တစ်နေ့လုံး အဖို့ မြက် စားရတော့မှာ မဟုတ်ဘူး ”

“ စိတ်ရှည်ရှည် ထားပါကွာ ၊ ငါတို့ အလှည့် ရောက်လာပါလိမ့်မယ် ”  

ကျွန်တော် က ဖြေသိမ့် လိုက်၏ ။

•••••   •••••   •••••

ထိုအချိန်တွင် မြက်ရောင်းသူ က ဆိုင်ရှေ့ သို့ ထွက်လာပြီး ဆိုင်းဘုတ် တစ်ခု ချိတ်ဆွဲ လိုက်၏ ။

“ မြက်များ ကို ဒေါ်လာ ဖြင့်သာ ရောင်းမည် ” 

ဟာ .. ဘယ်လို ဖြစ် သွားရတာလဲ ၊ ဒါ ... အဓိပ္ပါယ် မှ မရှိတာ ၊ ဘာလဲ ... ဒေါ်လာ ... မကြားဖူးဘူး ၊ ဒီကောင် လူတွေ ရဲ့ အတု ခိုးနေပြန်ပြီ ။ သော,က်ရူး ...  ၊ ဒီကောင့် မြက် က ဘာမှ ပို ထူးလာတာ မဟုတ်ဘဲနဲ့ ၊ သက်သက် ကြီးကျယ်တာ ၊ ဟေ့ ဦးနှောက် မရှိတဲ့ ကောင်ရဲ့ ... ဆိုင်းဘုတ် ပြန် ဖြုတ် ၊ အ,ရူး .. ၊ ဟေ့ကောင် ငပေါ ၊ ဒေါ်လာ နဲ့ ရောင်းတဲ့ ဟာ အလိုမရှိ ၊ လူတွေ ရဲ့ အကျင့် အလိုမရှိ ... ။

နွားများ ဝရုန်းသုန်းကား ဖြစ်သွားကြ၏ ။ တိုးတိုး တစ်မျိုး ၊ ကျယ်ကျယ် တစ်မျိုး ပြောနေသော အသံများ ရောနှော ရှုပ်ထွေးကာ တဝူးဝူး တဝုန်းဝုန်း မြည်ဟိန်း နေသည် ကို လည်း ကြားရ၏ ။ ကျွန်တော့် သူငယ်ချင်း နွား က ဗြုန်းခနဲ တန်းစီ နေရာ မှ ထွက် လိုက်ကာ မြက် ရောင်းသူ ကို လှမ်း အော်ပြောလိုက်သည် ။

“ ဟေ့ကောင် ... ငါတို့ တန်းစီ နေတာ ကြာလှပြီကွ ၊ အခုထက် ထိ လည်း မြက် မစားရသေးဘူး ၊ ဒီကြားထဲ မင်း ဆိုင်းဘုတ်ကြီး က ဘာ ဝင် ရှုပ်တာ လဲ ၊ အဓိပ္ပါယ် မရှိတာ .. အခု ပြန်ဖြုတ် ”

မြက်ရောင်းသူ က အေးအေးဆေးဆေးပင် ...

“ သည်းခံပါခင်ဗျာ ... လိုချင်တဲ့ သူ များလာပြီ ဆိုရင် ပစ္စည်း ကို ဈေး တင်ရတာ ထုံးစံပါပဲ ” 

ကျွန်တော့် သူငယ်ချင်း နွား က ဒေါသတကြီး ဖြင့် ...

“ အေး .. ဒီကိစ္စ ကို မင်း ကို မြက်ရောင်း ခိုင်းတဲ့ ‘ ကံကြမ္မာ ရဲ့ အရှင်သခင် ’  ဆိုတဲ့ကောင် နဲ့ ရှင်းရမယ် ”

ပြောပြောဆိုဆို ဖြင့် လက်သီးလက်မောင်း တန်း ကာ ကျွန်တော်တို့ ဘက် သို့ လှည့်ပြီး ...

“ မင်းတို့ ခဏ နေနှင့်ဦး ၊ ငါ ... အဲဒီ ‘ ကံကြမ္မာရဲ့ အရှင်သခင် ’ ဆိုတဲ့ ငတိ ကို ပါးနှစ်ချက် လောက် သွားရိုက်ပစ်လိုက်ဦးမယ် ”

ဟု ပြောကာ ထွက်သွား၏ ။

...  ...   ...

အတော်ကြာသော အခါ သူ ပြန်လာသည် ။ ကျွန်တော်တို့ က ...

“ မင်း အဲဒီကောင် ကို ပါးရိုက်ပစ်ခဲ့ပြီလား ”

ဟု ဝိုင်းမေးကြ၏ ။ သူ က ...

“ ဟိုမှာ လည်း တန်းစီတာ များလွန်းလို့ ဈေးတက် သွားပြီ ... ‘ ပါး တစ်ခါရိုက် နှစ်ဒေါ်လာ ’ .. လို့ ဆိုင်းဘုတ်တင်ထားတယ် ”

•••••   •••••   •••••

( ၃ )

တောင်ပေါ် တက်နေစဉ် ခြေဖဝါး သံစူးခံရ၍ လဲ နေသူ တစ်ယောက် က ‘ တောင်ကြီး ဖဝါးအောက် ’ ဟူသော စကား ကို မယုံကြည်ကြောင်း ပြောလျှင် ခွင့်လွှတ်ကြ စေချင်ပါသည် ။ ( ကား ဝယ်နိုင်သူ က တောင်ပေါ် သို့ ကားဖြင့် တက်သွားပြီး ‘ တောင်ကြီး ကား အောက် ’  ဟု ပြောလျှင် သူတို့ မျက်နှာများ မည်သို့ ရှိမည်နည်း ဟု လည်း ကျွန်တော် သိချင်နေ ပါသည် ) ဇွဲရှိခြင်း ကို ကျွန်တော် မသရော်ချင် သော်လည်း ‘ လှိုင်းကြီး လှေ အောက် ’ ဆိုသော စကား ကို ကြားရတိုင်း ကျွန်တော် ပြုံးဖြစ်ကြောင်း ကို မူ ပြောပြချင်ပါသေးသည် ။ တချို့ သော လှေများ သည် ကမ်းစပ် မှ မခွာမီ ကတည်း က ပင် ဝမ်းဗိုက် ပေါက် နေခဲ့ရာ လှိုင်း ကြီးသော အခါ လှေ နစ် သွားပါတော့သည် ။

•••••   •••••   •••••

ကျွန်တော်တို့ ၏ ဘဝများ ကမ်းစပ် မှ မခွာမီက ဝမ်းပေါက် နေခဲ့ သလား ၊ မနေခဲ့သလား ဆိုသည်ကို စစ်ဆေးကြည့်ခွင့် မရခဲ့ခြင်း မှာ တကယ်တမ်း တွေး ကြည့်လျှင် အတော် ဝမ်းနည်းဖို့ ကောင်းပါသည် ။

ဂေါ်လီ တစ်လုံး နှင့် တစ်လုံး ထိမိ ရိုက်မိ ရာ မှ မြောင်းထဲ လွင့်ကျသွား သလိုမျိုး ကျွန်တော်တို့ သည် ဘာမှ ရွေးချယ်ခွင့် ၊ ကြိုတင် ပြင်ဆင်ခွင့် ၊ ငြင်းဆန်ခွင့် မရှိတဲ့ လူ့ဘဝ ထဲ သို့ ပြုတ် ကျလာခဲ့ခြင်း ဖြစ်၏ ။ ( အနည်းဆုံး နောင် တစ်ချိန် တွင် မိမိ ၏ အဖေ နှင့် အမေ ဖြစ်လာမည့် သူစိမ်းယောက်ျား တစ်ယောက် နှင့် မိန်းမ တစ်ယောက် တို့ ကို ပင်လျှင် ကျွန်တော်တို့ ရွေးချယ်ခွင့် မရခဲ့ပါ ) ဘုရားသခင် သည် ကျွန်တော်တို့ ကို ဂေါ်လီ ရိုက်တမ်း ကစား နေပုံ ရပါသည် ။

...   ...  ...

အသက်ရှင် နေစဉ် ကာလ အတွင်း တွင် လွတ်လပ်ခြင်း သည် ကျွန်တော်တို့ ၏ ရွေးချယ်ခွင့် ဖြစ်သော်လည်း လူအတော် များများ ကမူ ကံကြမ္မာ ကို အသားပို တစ်တုံး လို သဘော ထားရင်း ဘဝ ကို ဆော့ကစား ပစ် လိုက်ကြသည် က များပါသည် ။

•••••   •••••   •••••

အခု အချိန် အခိုက်အတန့်တွင် ကမ္ဘာမြေ ၏ တစ်နေရာရာ တွင် လူ တစ်ယောက်သည် သီချင်း ဆိုနေပေလိမ့်မည် ။ လူ တစ်ယောက် သည် တီဗွီ ထိုင်ကြည့် နေပေလိမ့်မည် ။ လူတစ်ယောက် သည် ချစ်တင်းနှီးနှော နေ ပေလိမ့်မည် ။ လူ တစ်ယောက် သည် ငိုကြွေး နေပေလိမ့်မည် ။ လူတစ်ယောက် သည် ဘုရား တွင် ဆုတောင်း နေပေလိမ့်မည် ။ လူ တစ်ယောက် သည် ပေါင်မုန့် တစ်လုံး ဖြင့် သူ့ ဆာလောင်မှု ကို မေ့လျော့ပစ်ရန် ကြိုးစား နေပေလိမ့်မည် ။ လူတစ်ယောက် သည် ရယ်မော နေ ပေလိမ့်မည် ။ လူ တစ်ယောက် သည် ဒေါသ ထွက်နေပေလိမ့်မည် ။ လူ တစ်ယောက် သည် တွေးတော နေပေလိမ့်မည် ။ လူ တစ်ယောက် သည် အရက်သောက် နေ ပေလိမ့်မည် ။ လူ တစ်ယောက် သည် သူ့ မိသားစု အတွက် ညနေစာဖိုး ကို တစ်နေရာရာ မှ ခိုးဝှက်ယူရန် ကြံစည် နေပေလိမ့်မည် ။ လူ တစ်ယောက် သည် ကိုယ်ဟန်ပြမယ်ကလေး ၏ ခါး ကို ဖက်ရင်း ဘီယာ စုပ် နေပေလိမ့်မည် ။

•••••   •••••   •••••

သူတို့ အားလုံးသည် တစ်စုံတစ်ရာ ကို ကြိုးကြိုးစားစား မေ့လျော့ ပစ်လိုက်နိုင်ရန်အတွက် ‘ ကစား ’ နေကြပုံမျိုး နှင့် တူသည် ဟု ကျွန်တော် တွေးမိပါသည် ။ ( ဘဝ ဆိုသည် မှာ ဘေးမှ ရပ်ကြည့်နေရမည့် ကစားဝိုင်း တစ်ခု မဟုတ်ခဲ့ပါ ) တစ်ချိန်တည်း မှာ ပင် ကျွန်တော်တို့ ငယ်စဉ်တုန်း က ကစားပွဲများ တွင် ခပ်ညစ်ညစ် ၊ အငြင်းသန်သန် ကလေးများ နှင့် ကစားခဲ့ ရဖူးသည်များ ကို ပြန်လည် သတိရ နေဖြစ်၏ ။ ဖြစ်နိုင်လျှင် ငယ်ငယ် တုန်းက ထုပ်ဆီးတိုးပွဲများ တွင် ထမင်းရည်ပူစည်း တား ထား သလို ယခု လူကြီးကစားဝိုင်းများ တွင် လည်း ထမင်းရည်ပူစည်း တားထားပေးချင်သည် ။

( သိပ် အငြင်းထူသော လူကြီးများ အတွက်တော့ သူတို့ မျက်နှာ ကို တကယ့် ထမင်းရည်ပူပူ ဖြင့် ပက်ချင်ပါသည် )

•••••   •••••   •••••

အဝါရောင် ညနေခင်းတွင် အလင်းတွေ သီးပွင့်နေ ကြ၏ ။ အသင့် ပြင်ဆင် ထားပြီးသား အပြုံး တစ်ခု ဖြင့် ဧည့်ခံရန် အချက်ပေးသံ ကြားရ သည် ။ သနပ်ခါး ပါးပါး လိမ်းကျံထားသော လေပြည် တချို့ကို စုဆောင်း သိမ်းဆည်း ပေးထား ကြပါ ။ နောင် တစ်ချိန်တွင် အသုံး လိုကောင်း လို လာပါလိမ့် မည် ။ ရီဝေမှုန်ပျသော အကြည့် ဖြင့် လောက က လှမ်း နှုတ်ဆက်နေ၏ ။ ဝမ်းဗိုက် ကွဲအက်နေသော လှေ တစ်စင်း နစ်မြုပ်သွား ပြန်ပြီ ။

•••••   •••••   •••••

( ၄ )

ဆူးလေစေတီတော် ရှေ့ လမ်းမ ကို ကျွန်တော် ဖြတ်ကူး လာခဲ့သည် ။ စေတီ နှင့် မြို့တော်ခန်းမ တို့ နှစ်ခုရှေ့ ကြား ကွက်လပ် ပလက်ဖောင်း ပေါ် တွင် အိမ် ပြန်ရန် ဘတ်စ်ကား စောင့်နေကြသူများ တန်းစီ နေ၏ ။ ညကြီးပိုင်း ဆွဲပေးသော နံပါတ် အဖြူတပ် ၃၆ ဒတ်ဆန်းကားများ ၊ ၃၁ ဒတ် ဆန်းကားများအပြင် အခြား လိုင်းများ လည်း ရှိသောကြောင့် ရုံးပြန် ၊ အလုပ်ပြန်သူ အတော်များများ စုဝေးသော နေရာ ဖြစ်၏ ။ မြို့တော်ခန်းမ တစ်ဖက် အစွန် ပလက်ဖောင်း အစပ် တွင် သတ်မှတ် ထားသော ကားရပ် ရန် နေရာ ရှိသည့် အတွက် တန်းစီသူများ က ဆူးလေစေတီတော် ကို ကျော ပေး၍ စီရသည် ။

၃၆ ဒတ်ဆန်းကား အလာ ကို စောင့်နေသော လူတန်းကြီး ၏ နောက်တွင် ကျွန်တော် ဝင် စီ လိုက်သည် ။ ဘာရယ် မဟုတ်ဘဲ နောက်ကျောဘက် ဆီ သို့ ခေါင်း လှည့်၍ ဆူးလေ စေတီတော်ကြီး ကို လှမ်းကြည့်ဖြစ်သေးသည် ။ မိုးစက်မှုန်မှုန်တွေ တဖွဲဖွဲ ကျ နေသည် ။ မီးခိုးရောင် ကောင်းကင် မှိုင်းမှိုင်း ရှေ့တွင် ဆူးလေစေတီတော် သည် ရွှေရောင်လင်းပ သပ္ပာယ် နေ၏ ။ ကျွန်တော့် စိတ် ထဲ က အာရုံပြု ကြည့် လိုက်သည် ။ ရင် ထဲ တွင် အေးမြစွာ လင်းလက် သွားသည် ။

•••••   •••••   •••••

ကျွန်တော် ရှေ့ဘက် သို့ ပြန်လှည့်ဖြစ်သော အခါ လူတန်းကြီး ၏ နဘေး တွင် ယောင်လည်လည် ရပ် နေသည့် ကလေးငယ် တစ်ယောက် ကို မြင်ရ၏ ။ ကလေးငယ်လေး က ရပ်နေသူများ ထံ မှ ပိုက်ဆံ တောင်းနေ ခြင်း ဖြစ်သည် ။ ကြည့်ရင်း နှင့် စိတ် ထဲ တွင် တစ်မျိုး ဖြစ်လာသည် ။ ကျွန်တော် ခေါင်း ကို တစ်ချက် ခပ်ဆတ်ဆတ် ခါယမ်း လိုက်၏ ။ ဒါ ... ကျောင်း စာသင်ခန်း ထဲ ရောက်နေရမယ့် အရွယ် မဟုတ်ဘူးလား ...

•••••   •••••   •••••

အစ်ကိုကြီး ရယ် ... အစ်မကြီး ရယ် .. ထမင်းဖိုးလေးများ သနားခဲ့ပါ ၊ ရှိ ကြီးခိုးပါတယ် ။ ကျွန်တော့် နား ထဲ တွင် ပိုးကောင် တစ်ကောင် ဝင်ကာ တ ဝီဝီ ပျံနေ၏ ။ အဲဒီ ပိုးကောင် က နား က နေ တစ်ဆင့် ဦးနှောက် ထဲ ဖောက် ဝင်ပြီး စားပစ် လိုက်တော့မှာ ပဲ ဟု အလိုလို ထင်မြင်ပြီး ကြောက်လန့်လာ
သည် ။

အစ်ကိုကြီးရယ် ... ထမင်းဖိုးလေး ... ရှိကြီးခိုးပါရဲ့ .. ရှိကြီးခိုးပါရဲ့ ... ရှိကြီးခိုးပါရဲ့ .. ပိုးကောင် က တဝီဝီ ပျံနေဆဲ ။ ပိုးသတ်ဆေး ဖျန်းရင် မကောင်းဘူးလား ။ နှင်းရည် ဖျန်းထားသော ပန်းတစ်ခင်း ပေါ်သို့ ပိုးကောင်မွှားကောင်များ ရွာ ချနေ၏ ။ ကဲ ... ပိုးတွေ ကို သ,တ်ဖို့ပဲ ဖြစ်ဖြစ် အပင်တွေ ကို ခုတ်ဖို့ပဲ ဖြစ်ဖြစ် စ တော့လေ ... ။

အစ်ကိုကြီးရယ် ... ရှိကြီးခိုးပါရဲ့ ..

တန်းစီ နေသူများ ထဲ မှ အရက်သမား တစ်ယောက် က အိတ်ကပ် ထဲ မှ ပိုက်ဆံ ကို ထုတ်ရန် ဟန်ပြင် နေသည် ။ ကလေးငယ် က သူ့ ရှေ့ တွင် ရပ် ပြီး လက်အုပ် ချီကာ ပိုက်ဆံ တောင်း လိုက်၏ ။ အရက်သမား က ပိုက်ဆံ ကို သူ့ အိတ်ကပ် ထဲ သို့ ပြန်ထည့် သလိုလို လုပ်သည် ။

ကလေးငယ် က မျက်နှာ ပျက် သွားပြီး ချက်ချင်း ကားလမ်းမ ပေါ် ထိုင် ချကာ အရက်သမား ကို ဦးသုံးကြိမ် ချ လိုက်သည် ။ လူတန်း ကို မျက်နှာမူ ထားသောကြောင့် ကောင်လေး က ဆူးလေစေတီတော် ကို ကျောခိုင်းမိ လျက်သား ။

အရက်သမား က ရယ်မောကာ အိတ် ထဲ မှ ကျပ်တန် နှစ်ရွက် ချ ပေးလိုက်သည် ။

•••••   •••••   •••••

( ၅ )

ကျွန်တော့် သူငယ်ချင်း နွားတစ်ကောင် က တစ်စုံ တစ်ယောက် ကို ပါးရိုက်ဖို့ အကြီးအကျယ် လိုအပ်သည် ဟု ပြော၏ ။ ကျွန်တော့် မျက်လုံး ထဲ တွင် လက်အုပ်ချီ ထားသော ကောင်လေး ကို မြင်လာသည် ။ ခြေဖဝါး သံ စူးထားသူများ တောင် အောက် သို့ ပြုတ်ကျ သွားကြပြီ ။ လှေ သည် ကမ်း မှ မခွာမီ ကတည်း က တစ်စုံတစ်ယောက် က ဝမ်းဗိုက် ကို ထိုးဖောက် သွားပုံရ၏ ။ ကစား နေသူများ ရယ်မောလိုက် သံကို ကြားရသည် ။ ကျွန်တော်တို့ အားလုံး ရေအောက် သို့ နစ်မြုပ် ဝင် နေကြ၏ ။

သင် ရေ မကူးတတ်သေးဘူး ဆိုလျှင် ခပ်မြန်မြန် ရေကူး သွား သင် ထားလိုက်ဖို့ရန် ကျွန်တော် အကြံပေး ချင်ပါသည် ။ မနက်ဖြန် က စ၍ ‘ နွား များ ရေကူးသင်တန်း ’ ကို ကျွန်တော် ဖွင့်လှစ် ပါတော့မည် ။

...  ...   ...

ပြောရန် မေ့ကျန်နေခဲ့သည့် အချက် တစ်ချက် ရှိပါသေးသည် ။

နွား ( Bull ) ဆိုသော ဝေါဟာရ သည် ဥရောပ အလယ်ခေတ် လက်တင် ဘာသာစကား ( Bulla ) မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ‘ လောကကြီး တွင် ရွှေမိုးငွေမိုး ရွာနေသည် ဟု အထင်ရောက် နေသူများ ’ ဟု လည်း အဓိပ္ပါယ် ရပါသည် ။

( ၁၉၉၇ )

•••••   •••••   •••••

◾ ဝန်ခံချက်

အခန်း ( ၂ ) သည် ရူမေးနီးယား ဝတ္ထု တစ်ပုဒ် ကို ဖတ်မိရာ မှ ဆင့်ပွား ထားသော စိတ်ကူး ဖြစ်ပါသည် ။

▢ မင်းခိုက်စိုးစန်

📖 မြားနတ်မောင် မဂ္ဂဇင်း

📖 ဝတ္ထုတိုပေါင်းချုပ်

.

Thursday, September 26, 2024

သတိမေ့ရွာ

❝ သတိမေ့ရွာ ❞
━━━━━━━━━━
   မင်းခိုက်စိုးစန်
━━━━━━━━━━
အဲဒီ ညက တော်တော် လသာခဲ့သည် ။ ကျွန်တော် အပေါ်ထပ် ဝရန်တာ က လှမ်းကြည့်လိုက် တော့ ခြံတံခါးပွင့်နေသည် ကို မြင်ရ၏ ။ ကျွန်တော့် တပည့်တွေ ခြံတံခါးပိတ်ဖို့ မေ့နေပြီး အိပ်ပျော်နေကြပြီ ထင်သည် ။

အချိန်ကလည်း ည ဆယ့်တစ်နာရီခွဲနေပြီ ။ ကျွန်တော် က အောက်ထပ်ကို ဆင်းလာပြီး ခြံတံခါး ပိတ်ဖို့ အပြင်ထွက်လိုက်တော့ ခြံပေါက်ဝတည့်တည့် ကွန်ကရစ်သား တလင်းပြင်ပြောင်ပြောင် မှာ လက်မှတ် လိုလို ... ဖြတ်ပိုင်းလိုလို ... စာရွက်လေး တစ်ရွက်ကို လရောင် အလင်းဖြင့် မြင်တွေ့ လိုက်ရ၏ ။

ကျွန်တော် ကောက်ယူ ကြည့်လိုက်သောအခါ တကယ်ပင် အဝေးပြေး ကားလက်မှတ်တစ်စောင် ဖြစ် နေသည်ကို တွေ့လိုက်ရ၏ ။

ဘယ်ကို သွားတဲ့ ကားလက်မှတ်ပါလိမ့် ... ။

နေပြည်တော် .... မန္တလေး ... မုံရွာ ဘက်ဆီ တွေကိုလား ... ။

ဒါမှမဟုတ် ... မော်လမြိုင် ဘက်ကိုလား  ။

ကျွန်တော် က ကားလက်မှတ် ပေါ်တွင် ရိုက်နှိပ်ထားသော ခရီးဆုံး နေရာ ကို ဖတ်ကြည့် လိုက်တော့ ...

“ သတိမေ့ ရွာ ”

•••••   •••••   •••••

“ ဟင် ... ဘယ်လိုပါလိမ့် ” ဟု ကျွန်တော် တွေး လိုက်မိ၏ ။ ‘ သတိမေ့ ရွာ ’ ဟူသော အမည်ဖြင့် နေရာ ဒေသတစ်ခု ဘယ်နေရာတွင် ရှိနေမှန်း ကျွန်တော် မသိပါ ။ ငယ်ငယ်ကလေးဘဝ ကတည်းက ကြား လည်း မကြားဖူးပါ ။

သို့သော် အဲဒီ ရွာ ကို သွားဖို့ ကားလက်မှတ် က တော့ တကယ်ကို ရှိနေခဲ့လေပြီ ။

“ ဒါ တစ်ယောက်ယောက် ကျပျောက်ခဲ့တဲ့ ကားလက်မှတ်ပဲ ဖြစ်မယ် ”

ကျွန်တော့် စိတ်ထဲတွင် ထိုအတွေးက ဖျတ်ခနဲ ပေါ်လာသည် ။ လက်မှတ်ပိုင်ရှင်ကို အမြန်ဆုံး လိုက်ရှာ ပြီး ပြန်ပေးမှပဲ ။ သူ့ခမျာ သွားဖို့ ၊ လာဖို့ ရှိခါမှ ကသိ ကအောက် ဖြစ်နေရတော့မှာပဲ ။

ကျွန်တော် က လက်မှတ်ကို ဆုပ်ကိုင်ရင်း အိမ်ရှေ့ ကားလမ်းမ ပေါ်သို့ ထွက်လိုက်သည် ။ လမ်းပေါ်တွင် လူသူ ကင်းရှင်းနေ၏ ။ ကားအသွားအလာ ပင် ရှိမနေ ။ လက်မှတ်ပိုင်ရှင် ကို ဘယ်လိုများ လိုက် ရှာရမှာပါလိမ့် ။

ကျွန်တော့် စိတ်ထဲတွင် ယောင်ဝါးဝါးဖြင့် ဘာကိုမှ ယတိပြတ် မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေသည် ။ ညဉ့်နက်သန်းခေါင် လရောင်အောက်က လူသူကင်းမဲ့ သော ကားလမ်းမ ပေါ်တွင် ကျွန်တော် တစ်ယောက် တည်းသာ ။

ဘယ်သူမှန်း မသိသော တစ်စုံတစ်ယောက် ကို လိုက်လံ ရှာဖွေရင်း ဘယ်ဦးတည်ရာ အရပ်ကိုမှန်း မသိ ဘဲ လျှောက်သွား နေမိ၏ ။

ထိုသို့လျှောက်သွားရင်း ခြေထောက် ညောင်းညာ လာသဖြင့် ကားလမ်းဘေး ပလက်ဖောင်း ပေါ်ရှိ ခုံတန်းလေးတစ်ခု ကို တွေ့ သောအခါ ဝင်ထိုင်လိုက် သည် ။ ထိုခုံတန်းလေး အပေါ်ဘက်မှာ အမိုး လည်း မိုးထားသည် ။ နောက်ကျောဘက်တွင် လည်း ကုန်ပစ္စည်းကြော်ငြာ ဆိုင်းဘုတ် တစ်ခုဖြင့် ကာရံထားသည် ။

ဪ ... လက်စသတ်တော့ ဒါဟာ ကားမှတ်တိုင် တစ်ခုပဲ ။

ထိုအချိန်မှာပင် ညဆယ့်နှစ်နာရီ ထိုးသည့် သံချောင်းခေါက်သံ ကို ကြားလိုက်ရသည် ။

“ ဒေါင် ... ဒေါင် ... ၊ ဒေါင် ... ဒေါင် ၊ ဒေါင်ဒေါင် ”

အဲသည့် အခိုက်အတန့် မှာပင် ကားမီးရောင် အလင်းတန်းနှစ်ခုကို ကျွန်တော် သတိထား လိုက်မိ ခြင်းဖြစ်၏ ။ အဝေးပြေးကား တစ်စင်းသည် ကတ္တရာ လမ်းအတိုင်း အရှိန်ပြင်းပြင်း မောင်းနှင်းလာရာမှ ကျွန်တော် ထိုင်နေသည့် မှတ်တိုင်ရှေ့ တည့်တည့်တွင် ...

“ ကျွီ ”

ခနဲ ထိုးရပ်လိုက်သည် ။ ထိုနောက် ... ဒရိုင်ဘာ က ကားပြတင်းပေါက်မှ ခေါင်းပြူလာပြီး ..

“ ဟေ့လူ တက်လေဗျာ ၊ ဘာကြောင်တောင်တောင် လုပ်နေတာလဲ ”

ကျွန်တော်က ငေးကြောင် နေရာမှ လန့်ဖျပ်သွားပြီး ...

“ ဗျာ  ၊ ကျွန်တော် ကျွန်တော့်ကို ပြောတာလား ။ နေပါဦး ... ဒီ ကားက ဘယ်ကိုသွားမှာလဲ ”

“ ဟာ ... ဒီလူနှယ် ၊ ဒုံးဝေးလိုက်တာ ။ ခင်ဗျား လက်ထဲမှာ ကိုင်ထားတဲ့ လက်မှတ် ကိုလည်း ပြန် ကြည့်စမ်းပါဦး ”

“ ဗျာ ... ဒါဆို ၊ သတိမေ့ရွာ ကို သွားဖို့ ကျွန်တော် .... ကျွန်တော် ”

ကျွန်တော် ပြောချင်သည့် စကား မဆုံးခင်မှာပင် ဒရိုင်ဘာ မှ စိတ်မရှည်ဟန် ဖြင့် ...

“ ဟေ့လူ ၊ ပြောစရာ ရှိတာ ကားပေါ်ရောက်မှ ပြော ၊ မြန်မြန်တက် ... အချိန် မရှိတော့ဘူး ။ ဆယ့်နှစ်နာရီ ထိုးနေပြီ ”

ဘဝ ဆိုသည်မှာ ဘာမှန်း မသိရသော အလောသုံးဆယ် နိုင်မှု တစ်ခု ဖြစ်သည် ။

ကျွန်တော် အတွက် အစကတည်းက ဘာမှန်း မသိခဲ့ရသော ကိစ္စတစ်ခု ၊ ဒေသတစ်နေရာ ၊ ပြီးတော့ ရေရေရာရာမရှိသည့် ရှင်းပြနိုင်ခွင့် ၊ နားမလည်နိုင်သော အရပ် ... အားလုံးသော ဝိုးတိုးဝါးတား ၊ ကစဉ့်ကလျား စိတ်ခံစားချက်များဖြင့် ရွေ့လျားစပြုနေသော ကားပေါ် သို့ ကမန်းကတန်း တက်လိုက်ရသည် ။

ဘာဖြစ်လို့ လော နေရတာပါလိမ့် ။

ဒါကိုလည်း ငြင်းဆန်နိုင်ခွင့် မရှိသလို ဖြစ်နေ သည် ။ ကြည့်စမ်း ... ငါဟာ ခရီးသည်တစ်ယောက် ပါလား ။

ကိုယ်ဘာသာ ကိုယ်တောင်မသိ ။

ကား က ဂီယာပြောင်းပြီး အရှိန်မြှင့်လိုက်သော ကြောင့် ကျွန်တော့် တစ်ကိုယ်လုံး ယိုင်သွား၏ ။ နီးရာ တန်းကို လှမ်းဆွဲပြီး ဟန်ချက်ကို ထိန်း လိုက်ရသည် ။

တစ်နေရာရာမှာတော့ ဝင်ဘထိုင်မှဖြစ်မယ် ... ဟု တွေးကာ ထိုင်ခုံများဆီသို့ ဝေ့ဝဲကြည့်လိုက်၏ ။ အဝေး ပြေးကားကြီး တစ်စီးလုံးတွင် ခရီးသည် ရှစ်ယောက် ၊ ကိုးယောက် မျှသာ ပါသောကြောင့် ထိုင်ခုံလွတ်တွေက များလှသည် ။

ကျွန်တော်က ဒုတိယမြောက် အတန်းက ခုံတွင် ဝင်ထိုင် လိုက်သည် ။ အလယ် လူသွားလမ်းနှင့် ကပ် လျက်မှာ ဖြစ်၏ ။

ထို့နောက် .... ပြတင်းပေါက် ဘေးကခုံတွင် စီးနင်းလိုက်ပါလာသော ဝဝဖိုင့်ဖိုင့် ဂုတ်ပိုးသား အစ်အစ် နှင့်ခရီးသည်ကို ကျွန်တော်က လက်တို့ပြီး မေးလိုက်မိ၏ ။

“ ဦးလေး ... ဦးလေး က ဘယ်ကို သွားမှာလဲ ဟင် ”

ထို လူဝကြီး က ပျင်းရိပျင်းတွဲ ဆင်အိုကြီး တစ်ကောင် လို ကျွန်တော့် ဘက် ကို တအိအိ ၊ တရွေ့ရွေ့ လှည့်ကြည့်ရင်း ...

“ ငါ က နတ်ပြည် ကို သွားနေတာကွ ” ဟု ကျယ်လောင်ပြီး နားခါးဖွယ် ကောင်းသော အသံဆိုးကြီး ဖြင့် ပြန်ဖြေ၏ ။ အနားက ထိုင်ခုံများတွင် စီးနင်းလိုက်ပါ လာသူများ ကလည်း ထိုသူ့ စကားကို သဘောကျ နှစ်ခြိုက်ဟန် ဖြင့် ဝါကြင့်ကြင့် သွားကြီးများကို ဖြဲကာ တဟီးဟီး လုပ်ရင်း ခေါင်းညိတ် ပြကြ၏ ။

အခုမှပင် သူတို့ မျက်နှာတွေကို ကျွန်တော် ကောင်းကောင်း အကဲခတ်ခွင့် ရတော့သည် ။ အဝေးပြေး ကား အတွင်းမှာ ဖွင့်ထားသော ညအိပ်မီးလုံး ပြာလဲ့လဲ့ ၏ အောက်တွင် သူတို့ အားလုံး၏ မျက်နှာများ သည် အလိုရမ္မက်ဖြင့် အဆီပြန် နေကြ၏ ။

သူတို့ ကို ကျွန်တော် ကောင်းကောင်းသိသည် ။ သည့်ထက်ပိုပြီး တိတိကျကျ ပြောရလျှင် သူတို့ နှလုံးအိမ် အကန့် အခန်းငယ်များ အတွင်းမှာ စီးဆင်းနေသော သွေးဆိုး ၊ သွေးညစ် ၊ သွေးပုပ်တွေ အကြောင်း ကောင်းကောင်းသိသည် ။

သူတို့ ၏ ဘဝအတ္ထုပတ္တိ ကို ရေးသားဖို့ အကြောင်းရေ များများစားစား မလိုပါ ။

“ သူတို့သည် လူယုတ်မာများ ဖြစ်ကြသည် ” ဟု တစ်ကြောင်းတည်း ရေးသားလျှင် ပြည့်စုံလုံလောက်ပြီ ဖြစ်သည် ။ သူတို့ သည် တစ်လျှောက်လုံး လောဘကြီး ခဲ့ကြတယ် ။ သူတို့ ကိုယ်ကျိုး အတ္တအတွက် လူအများစုကြီး ကို ဖိနှိပ် ညှဉ်းပန်း သွေးစုပ်ခဲ့ကြသည် ။

ဟော ... သူတို့ သေခါနီးဆဲဆဲကျတော့မှ အမြင်မှန် ရသလိုလို တရားသံဝေဂ ရသလိုလို အိုက်တင် များဖြင့် ကမန်းကတန်း ဘုရား ထ တည်ကြသည် ။ ရေတွင်းတွေ အပြေးအလွှား တူးလှူ ၊ တံတားတွေ ဝုန်း ဝုန်းဒိုင်းဒိုင်း ဆောက်လှူကြပြီး ( လိုင်စင်တွေ ပါမစ် တွေ ရနေကျ လူတန်းစားများ ဖြစ်သောကြောင့် ) ကုသိုလ် ကို လည်း လိုင်စင်လို ၊ ပါမစ်လို အမြန်ဆုံး မဟားတရား ရယူလိုက်ကြ၏ ။

အခုတော့ ... ဒီ လူတွေ က နတ်ပြည် သွားကြမလို့ ... တဲ့  ။

တော်ပါပြီ ... ။ ဒီလို လူစားတွေနဲ့ အတူတူ ဆို လျှင်တော့ နတ်ပြည် ကို လည်း မသွားချင်ပါဘူး ။

ထိုကြောင့် .... ကျွန်တော်က ..

“ ဟိုးထား ... ဟိုးထား ၊ ကျွန်တော် ဆင်းမယ် ”

အသံကုန် ထပ်ခါတလဲလဲ အော်ပြောနေသော် လည်း ဒရိုင်ဘာ က ကားကို ရပ်မပေးပါ ။ အမှောင်ဆုံး အတွင်း သို့ သာ တစ်ဟုန်ထိုး မောင်းနှင် ဝင်ရောက်သွား လေတော့သည် ။

•••••   •••••   •••••

“ ကျွန်တော်တို့ ခရီးစဉ် ဒီမှာ အဆုံးသတ်ပါပြီ ။ ခရီးသည်အားလုံး ဆင်းနိုင်ကြပါပြီ ... ခင်ဗျား ”

ကားရပ်သွားပြီး ဒရိုင်ဘာ၏ ကြေငြာသံစကား အဆုံးတွင် ကျွန်တော် အပါအဝင် ခရီးသည်များ အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရတော့သည် ။

“ သတိမေ့ ရွာ ” ကားလက်မှတ် ကို ကိုင်ဆောင် သူ ကျွန်တော် နှင့် နတ်ပြည် ကိုလာသော လူယုတ်မာ များသည် ဘာကြောင့် တစ်နေရာ ထဲမှာ အတူတူဆင်း ကြရမှန်းတော့ ကျွန်တော် နားမလည်ပါ ။

ကားဂိတ် ၏ ရှေ့တည့်တည့် မှာတော့ ရွာလေး တစ်ရွာ ကို လှမ်းမြင်နေရ၏ ။ မြက်ခင်းစိမ်းစိမ်းလေး တွေကို တစ်ကန့်စီ ခြံခတ်ထားသည့် စည်းရိုးဖြူဖြူများ ရှိ၏ ။

အရုပ်အိမ်ကလေးတွေ နှင့်တူသော ရောင်စုံသစ်သားအိမ်ငယ်လေးများ က စီတန်း နေသည် ။ အိမ် ရှေ့တိုင်းမှာ နှင်းဆီပန်းပင်တွေ ကို စိုက်ပျိုးထားကြ သည် ။ ထူးဆန်းသည် ကတော့ ရွာအဝင်လမ်း တစ်လျှောက်လုံး မှာ အရိပ်ကောင်းသော သစ်ပင်တွေ ရှိ နေပြီး ပိတောက်ပင်နှင့် စံပယ်ပန်းရုံများသည် တစ်ပြိုင်တည်း ဖူးပွင့်နေကြခြင်း ဖြစ်၏ ။

ရွာအဝင် လမ်း အတိုင်း ကျွန်တော် ဖြည်းဖြည်း ချင်းလျှောက်ပြီး ဝင်သွား လိုက်သည် ။ ရောင်စုံအိမ်တွေ ပေါ်မှာ ဟန်ကျပန်ကျ နေထိုင်နေကြသော လူဝကြီး များကိုလည်း တွေ့ရသည် ။ ( ကျွန်တော် နှင့် ဘတ်စ်ကား တစ်စီးတည်း စီးလာသော လူစားမျိုးတွေပင် ဖြစ်၏ )

“ ဪ ဒီနေရာ က သူတို့ အတွက်တော့ နတ်ပြည်ပေါ့လေ ” ဟု ကျွန်တော့် စိတ်ထဲက ရေရွတ်လိုက် သည် ။ ပြီးနောက် .. အမှတ်တမဲ့ဖြင့် လမ်းဘေးမြေ ကွက်လပ် ထဲ ကို လှမ်း ကြည့်လိုက်မိတော့ လူနှစ်ယောက် လေးဖက် ထောက် ပြီး ခေါင်းချင်းဆိုင်ကာ ဆောင့်ကြောင့် ထိုင်နေသည်ကို မြင်ရ၏ ။

“ ခွပ် ” ခနဲ ဆောင့် တိုက်လိုက် မိတိုင်း သူတို့ နှစ်ယောက်စလုံး ၏ ဦးခေါင်း မှ သွေးများ ဖြာ ခနဲ စီးကျလာကြသည် ။ သူတို့ မျက်နှာတွေ ကလည်း နာကျင်လွန်းသဖြင့် ရှုံ့မဲ့ နေကြ၏ ။

သို့သော် ... နောက် မဆုတ်စတမ်း အံကြိတ် တင်းခံနေကြသည် ။

“ ဒီလို ဇွဲမျိုး .. ဒီလို သတ္တိမျိုးရှိတဲ့ လူတွေကို ငါရင်းရင်းနှီးနှီး သိခဲ့ဖူးပါတယ် ။ ဘယ်သူတွေပါလိမ့် ” ဟု ကျွန်တော့် စိတ်ထဲ ဖျတ်ခနဲ အာရုံနိုးလာသည် ။ ထိုအခါကျမှပင် သူတို့ မျက်နှာတွေကို ကျွန်တော် မှတ်မိသွားလေတော့သည် ။ သို့သော် သူတို့က လုံးဝ လှည့် မကြည့်ကြပါ ။ တစ်ယောက် ကို တစ်ယောက် သာ သဲသဲမဲမဲ ခေါင်းချင်းဆောင့်နေကြ၏ ။

ကျွန်တော်က သူတို့ဆီ ပြေးသွားပြီး ပခုံးမှ ကိုင် ကာ ဆွဲခွာ ထားရင်း “ အစ်ကိုတို့ ကလည်း ဗျာ အချင်းချင်းတွေ ဘာဖြစ်နေကြတာလဲ ”

သူတို့က ဗလာဟင်းလင်း ဖြစ်နေသော မျက်ဝန်း များဖြင့် ကျွန်တော့် ကို လေးဖက်ထောက် ထားရာမှ ပြန် မော့ကြည့်နေ၏ ။ သွေးတွေ က နဖူး ထက် မှာ စီးကျလို့ ။ ကျွန်တော့် ရင် ထဲ မှာ နာကျင်သွားသည် ။

သူတို့ က ပြူးကျယ်ကြောင်စီသော မျက်လုံး များဖြင့် ကြည့်နေရာမှ ကျွန်တော့်ဘကို ပြန်ပြီး မေး၏ ။

“ မင်း က ဘယ်သူတွေ ကို အော်ခေါ်နေတာလဲ ”

သူတို့ နာမည်တွေကို သူတို့ကိုယ်တိုင် သတိရကြပုံ မပေါ်တော့ ။ ဟိုးတစ်ချိန်တုန်းက သူတို့ချင်း အတူ လက်တွဲပြီး လူတွေ အားလုံး အတွက် အနစ်နာခံ ဖူးသော ရာဇဝင် ကို လည်း သူတို့ မေ့သွားကြလေပြီ ။

ကျွန်တော်က အကျိုးအကြောင်း ရှင်းပြသည့် တိုင်အောင် သူတို့က “ မဖြစ်နိုင်တာတွေ လာပြောမနေ စမ်းနဲ့ကွာ ။ ငါတို့ အခုရောက်နေတာ .. ငရဲပြည် ကွ ။ ငါတို့ က နွားတွေ ။ ဒါကြောင့်မို့ အချင်းချင်း ချို နဲ့ ဝှေ့ နေကြတာပေါ့ ။ မမြင်ဘူးလား ”

ကျွန်တော် မြင်နေရသည် ကတော့ အချင်းချင်း ဆောင့်တိုက် ထားသောကြောင့် သွေး တစ်စက်စက် စီး ကျနေသည့် ဦးခေါင်းများသာ ။

ဟိုး .. ခပ်လှမ်းလှမ်းကို လှမ်းကြည့်လိုက် တော့လည်း လူတွေ ... လူတွေ ။ တချို့က ခြေထောက် မှာ ဓားတွေ ၊ ဝါးချွန်တွေ တပ်ကာ အချင်းချင်း တိုက်ကြက်တွေလို အသေအကျေ ခွပ်နေကြသည် ။

သူတို့ ကိုယ် သူတို့ “ လူ ” ဆိုသည် ကို မေ့နေကြ၏ ။

ဒါဟာ သူတို့ အတွက် ငရဲပြည် တဲ့ လား ။ တကယ်တော့ ဒီနေရာ သည် “ နတ်ပြည် ” မဟုတ်သလို “ ငရဲပြည် ” လည်း မဟုတ်ပါ ။

ဒီနေရာသည် သတိမေ့ရွာ သာလျှင် ဖြစ်၏ ။ တစ်သက်လုံး ကိုယ်ကျိုးစွန့် ကာ လူ ပီသခဲ့သူ များက သူတို့ ကိုယ် သူတို့ လူ ဖြစ်နေကြောင်း မေ့လျော့ သွားကြသည် ။

‘ လူ ’ ဖြစ်နေသည် ကို မေ့လျော့သွားခြင်း သည် ငရဲ ပင် ဖြစ်သည် ။

တချို့ကတော့ မိမိတို့ တစ်သက်လုံး ယုတ်မာ ခဲ့သည်များ ကို လွယ်ကူစွာ မေ့လျော့သွားကြ၏ ။

မိမိ ၏ ဖောက်ပြန်မှု ကို မိမိ ဘာသာ မသိကျိုးကျွန် ပြုနိုင်သူတွေ ကတော့ ဒီနေရာ ကို နတ်ပြည် ဟု အမည် တပ်ကာ နေရာ ကောင်းကောင်း ယူလိုက်ကြပြီ ဖြစ်သည် ။

“ ထွီ ”

ကျွန်တော် စက်ဆုပ်ရွံ့ရှာစွာဖြင့် ဒီနေ ရာကို ကျောခိုင်းစွန့်ခွာရန် လှည့်ထွက်လိုက်သည် ။ သို့သော် ကျွန်တော့် ခြေလှမ်းတွေ က အလိုလို ရပ်တန့် သွားကြ၏ ။

ကျွန်တော် ... ဘယ်သူလဲ ။

ကျွန်တော် ... ဘယ်က လာခဲ့သလဲ ။

ကျွန်တော် သတိမေ့လျော့ သွားခဲ့ပြီ ဖြစ်သည် ။

•••••   •••••   •••••

သင်တို့ အိမ်ရှေ့ မှာ ကော ...

“ သတိမေ့ ရွာ ” ကို သွားသည့် ကားလက်မှတ်လေး ရောက်နေလေပြီလား ။

ရောက်နေပြီ ဆိုလျှင်တော့ ကောက်ယူ မကြည့်ကြဖို့ ကျွန်တော် အကြံပေး ချင်ပါသည် ။

ကိုယ့် သမိုင်း ကိုယ် မေ့ မသွားကြဖို့ အရေးကြီးသည် မဟုတ်ဘူးလား ။

◾မင်းခိုက်စိုးစန်

📖 idea မဂ္ဂဇင်း
      စက်တင်ဘာလ ၊ ၂၀၁၂

#ကိုအောင်နိုင်ဦး

.

 

Friday, April 5, 2024

ဧည့်သည်

❝ ဧည့်သည် ❞  


လေးလံသိပ်သည်းသော ကျောက်သားထု အထပ်ထပ် ဖြင့် ဖွဲ့စည်းထားသည့် “ မဟာသေလာ ” တောင် ၏ မြင့်မားမတ်စောက်သော ပါးပျဉ်း သည် ကောင်းကင် သို့ ထိုးတက်ကာ လမင်း ကို ရိုက်ချရန် ကြိုးစား နေသည် ။


ခပ်ပြေပြေ ဆင်း လာသော တောင်ခြေပတ်လမ်းကလေး သည် ကျောက်မှုန် အစအန နှင့် ကျောက်ခဲငယ် တို့ အကြား တွင် တစ်ကိုယ်လုံး မြုပ်အောင် ဝပ်ကာ ငြိမ် နေ၏ ။ အမှောင်ထဲ တွင် သစ်ပင်တို့ တီးတိုး စကား ဆိုနေကြသံ ကို ကြား ရသည် ။


တောင်ခြေပတ်လမ်း အဆုံး တွင် ဥရောပဆန်ဆန် သစ်လုံးအိမ်ကလေး တစ်လုံး ရှိ၏ ။လရောင် နှင့် သစ်ပင် တို့ ၏ အရိပ် သည် အိမ်ကလေး ၏ နံရံ ကို ခွေခေါက် မှေးမှီ လျက်သား ရှိကြသည် ။


အနက်ရောင် အဝတ်အစား နှင့် ဧည့်သည် တစ်ယောက် ။ အိမ် တံခါး ရှေ့ တွင် လာ ရပ်သည် ။ စေ့ရုံ စေ့ ထားသော တံခါး ကို အသာအယာ ခေါက် သည် ။ အိမ် ထဲ မှ တစ်စုံတစ်ယောက် ၏ ခြေသံရှပ်ရှပ် ကို ကြားရပြီး နောက် ဝင်ပေါက်တံခါး သည် ညင်သာစွာ ပွင့်ဟ သွား၏ ။


အတွင်းဘက် မီးလင်းဖို မှ ဝေါခနဲ စီးကျလာသည့် နီရဲရဲ အလင်းရောင် သည် သူ ၏ လက်တံရှည်ကြီးများ ဖြင့် ဧည့်သည် ကို အိမ် ထဲ သို့ တရွတ် ဆွဲသွင်း လိုက်လေသည် ။


“ ကျွန်တော် ဟာ ခရီးသွား ဧည့်သည် တစ်ယောက် ပါ ခင်ဗျာ ။ ဒီ အိမ် မှာ တစ်ည လောက် တည်းခိုပါရစေ ”


အိမ်အတွင်း မီးလင်းဖို ကို ဝိုင်းပတ်၍ ထိုင် နေကြသူ အားလုံးက ဧည့်သည် ကို လှမ်းကြည့် လိုက်ကြသည် ။


အဘိုးအို တစ်ယောက် ၊ အဘွားအို တစ်ယောက် ၊ သူတို့၏ သား နှင့် ချွေးမ ဖြစ်ဟန်တူသော အသက် ၄၀ အရွယ် လင်မယား စုံတွဲ ။ 


နောက် ထို လင်မယား နှင့် မျက်နှာချင်း ခပ်ဆင်ဆင် တူသည့် အသက် ၂ဝ အရွယ် မိန်းကလေး တစ်ယောက် ။ ၈ နှစ် ၊ ၉ နှစ် အရွယ် ယောက်ျားလေး တစ်ဦး ။ စုစုပေါင်း မိသားစု ၆ ယောက် ။


အဘိုးအို က သူ့ မိသားစု ၏ မျက်နှာများ ကို တစ်ချက် ဝေ့ကြည့် လိုက်ပြီး ...


“ ဝင်ခဲ့ပါကွယ့် ။ အပြင်မှာ သိပ် အေးတယ် ” 


ဟု ပြော လိုက်၏ ။


ဧည့်သည် က “ ကျေးဇူးပါပဲ ခင်ဗျာ ” ဟု ယဉ်ကျေးချိုသာစွာ ပြန်လည် ပြောရင်း မီးလင်းဖို အနီး သို့ လျှောက်လာသည် ။ ထို့နောက် အပေါ်အင်္ကျီ နှင့် ဦးထုပ် ကို ဖြေးညင်းစွာ ချွတ် လိုက်ပြီး အင်္ကျီ ထားရာ စင် တစ်ခု တွင် ချိတ် လိုက်၏ ။ ထိုအခါမှ ဧည့်သည် ၏ မျက်နှာ ကို အားလုံးက ပီပီပြင်ပြင် စတင် မြင်တွေ့ ကြရတော့သည် ။


ဧည့်သည် ၏ မျက်နှာ သည် နုနယ်သည် လည်း မဟုတ် ၊ ရင့်ရော် သည် လည်း မဟုတ် ၊ ချောမောသည် လည်း မဟုတ် ၊ ရုပ်ဆိုးသည် လည်း မဟုတ် ၊ နူးညံ့သည် လည်း မဟုတ် ၊ ကြမ်းတမ်းသည်လ ည်း မဟုတ် ။ သူ့ အသက်အရွယ် ကို ခန့်မှန်း သိရှိနိုင်ရန်ပင် ခဲယဉ်းလှသည် ။


“ ကျွန်တော့် ကို မီးလင်းဖို ဘေး မှာ ထိုင်ခွင့် ပြုပါ ခင်ဗျာ ” 


သူ့ အသံ က အက်ကွဲကွဲ ရှတတ ။ ကျောက်သားချင်း ပွတ်တိုက် ကြိတ်ချေ ရာ မှ ထွက်ပေါ်လာသော အသံမျိုး ။


အိမ်သား အားလုံးက ဧည့်သည် ကို ရွှင်ပျတက်ကြွသော အပြုံး တစ်ခု စီ အသီးသီး ကမ်း ပေးရင်း ဖိတ်ခေါ် လိုက်ကြ၏ ။ အဘိုးအို က .... 


“ လာပါ ၊ ထိုင်ပါကွယ့် ။ ကိုယ့် အိမ် လို သဘောထားပါ ။အင်း .... ဒါပေမယ့် တည်းမယ် ၊ ခိုမယ် ဆိုတဲ့ ကိစ္စ ကိုတော့ အဘ နည်းနည်း ရှင်းပြချင် တယ် ။ ပြီးမှပဲ တည်းသင့် မတည်းသင့် ၊ ကိုယ့် ဘာသာ ဆုံးဖြတ်ပေတော့ ”


ဧည့်သည် က ကြောင်စီစီ ဖြင့် ကြည့်ရင်း အဘိုးအို ၏ ဘေးတွင် ဝင် ထိုင် လိုက်သည် ။ သူ ၏ ညာဘက် တွင် အသက် ၄ဝ အရွယ် လင်မယား စုံတွဲ ရှိ၏ ။ မိန်းမပျို နှင့် သူမ ၏ မောင်လေး က ဧည့်သည် နှင့် မျက်နှာချင်းဆိုင် မီးဖို ၏ တစ်ဖက် တွင် ထိုင်ကြသည် ။


မီးလင်းဖို မှ အလင်းရောင် သည် လွှားခနဲ လွှားခနဲ ခုန် ၍ သူတို့ ၏ မျက်နှာများ ကို လှမ်းပုတ် နေ၏ ။ အိမ်သူအိမ်သား အားလုံးတို့ ၏ ပျော်ရွှင်မှု ဖြင့် တောက်ပနေသော မျက်နှာများ သည် ဟုန်းဟုန်းထ နေသည့် မီးရှိန် ရဲရဲ ထဲ တွင် ကြွပ်ရွ လျက်သား ရှိကြသည် ။


သူတို့ ဘာလို့ ဒီလောက်တောင် ပျော် နေကြတာလဲ ဟု ဧည့်သည် က စိတ် ထဲ မှ နေ၍ မေးခွန်း ထုတ် ကြည့်နေဖြစ်သည် ။


ထိုအချိန် တွင်  .... 


“ ဝုန်း ” ခနဲ ဟူသော မြည်သံ ဟိန်းထွက် လာပြီး တစ်စုံတစ်ရာ က အရှိန်အဟုန် ပြင်းစွာ ဝင် ဆောင့် လိုက်သည့် အလား သစ်လုံးအိမ်ကလေး သည် သွက်သွက်ခါ လှုပ်ယမ်း သွား၏ ။


တစ်အိမ်သားလုံး ၏ နှုတ်မှ “ ဟေး ” ခနဲ ဝမ်းသာ ရွှင်မြူးသည့် အသံ လွင့်တက်လာသည် ။ အသက် ၄ဝ အရွယ် လင်မယားစုံတွဲ မှ ခင်ပွန်းသည် ဖြစ်သူ က ကျယ်လောင်စွာ ရေရွတ် ကြူးရင့် လိုက်သည် ။


“ ဒါဟာ မကြာခင် ရောက်လာတော့မယ့် မဟာနိဂုံး ရဲ့ ရှေ့တော်ပြေး ပဲ ”


နားမလည်နိုင်စွာ ငေးကြည့် နေသော ဧည့်သည် ၏ ပခုံး ကို တရင်းတနှီး ပုတ် လိုက်ရင်း အဘိုးအို က  .... 


“ ဒီက ဧည့်သည်မိတ်ဆွေလေး က တော့ ကျုပ်တို့ တစ်တွေ ပျော်ရွှင် နေကြတာ ကို ကြည့်ပြီး ဘာများလဲ လို့ တွေးချင် တွေး နေမှာပဲ နော် ။ကျုပ် ရှင်းပြပါ့မယ် ။ ဒီလိုပါ ။ ပျော်ရတဲ့ အကြောင်းက တော့ ဒီ ည ကျုပ်တို့ တစ်အိမ်သားလုံး သေဆုံးကြရတော့မှာ မို့လို့ပါပဲ ”


“ ဗျာ .... ဘယ်လို ”


“ ဟုတ်တယ် မိတ်ဆွေလေး ရဲ့ ။ ကျုပ်တို့ မိသားစု က သေခြင်းတရား ရောက် အလာ ကို စောင့်ဆိုင်း နေကြတာပဲ ။ ကျုပ်တို့ အိမ် ဟာ ဟောဒီ “ မဟာ သေလာ ”  တောင်ခြေရင်း တည့်တည့် မှာ ဆောက်ထားတာ ကို မိတ်ဆွေလေး သတိထား မိမှာပေါ့ ။ ဒါဟာ အကြောင်းမဲ့ မဟုတ်ဘူး ။တစ်နေ့ နေ့ မှာ ဟောဒီ ကျောက်တောင်ကြီး ပြိုကျလာမယ်လို့ ကျုပ်တို့ အလေးအနက် ယူဆ မျှော်လင့် ထားကြတယ် ။ တိတိကျကျ ပြောရရင် “ မျှော်လင့်တယ် ” ဆိုတာထက် “ ယုံကြည်တယ် ” ဆိုရင် ပိုမှန် လိမ့်ဦးမကွယ့် ... ” 


“ ကျုပ်တို့ ရဲ့ အလေးနက် အပြင်းထန်ဆုံး မျှော်လင့်ခြင်း က တော့ ဒီ ကျောက်တောင်ကြီး ပြိုကျလာတဲ့ အခါမှာ သေဆုံး ပစ်လိုက်ဖို့ပါပဲ ။ ဒါကြောင့်ပဲ ဟောဒီ တောင်ခြေ တည့်တည့် မှာ အိမ်ဆောက် အခြေချ ပြီး သေခြင်းတရား နဲ့ မိတ်ဆက် စားပွဲထိုင် ဖို့ စောင့်မျှော်နေခဲ့ကြတာ ကြာလှပေါ့ ။ ဒီ မြေး အငယ်ဆုံးကလေး တစ်သက် ရှိနေပြီ ကွယ့် ။ ၉ နှစ် ဆိုပါတော့ ကွယ် ”


အဘိုးအို က စကား ကို ဆိုင်းငံ့ကာ တစ်ဖက် သို့ လှည့်၍ ရေနွေးကြမ်း တစ်ခွက်စာ ငှဲ့သည် ။ နောက် အငွေ့ပြယ်ရုံမျှ ဖွဖွ မှုတ်ရင်း ဖြည်းဖြည်းချင်း ငုံ၍ ငုံ၍ သောက် နေလေသည် ။


ဧည့်သည် က တစ်စုံတစ်ခု မေးရန် နှုတ်ခမ်းများ ကို အားယူ လိုက် သည် ။ ထိုအခိုက် အတန့်တွင်ပင် အဘွားအို ၏ အသံ က ထွက်ပေါ်လာ၏ ။


“ မောင်ရင်လေး ဘာ မေးချင်နေသလဲ ဆိုတာ အဘွား သိနေနှင့် သလို ပဲကွယ့် ။ “ ဒီလောက်တောင် သေချင်နေကြတာဖြင့် ရင် လည်း ကိုယ့် ကို ယ်ကို သ,တ်မသေပစ်လိုက်ကြဘဲနဲ့ ဘာဖြစ်လို့ ဒီ ကျောက်တောင်ကြီး ပြိုအကျ ကို စောင့်နေရသလဲ လို့ များ မေးချင်တာလား ။ ဒီလိုကွယ့် ၊ .... အဘွားတို့ က သေခြင်းတရား ရောက် အလာကို စောင့်ဆိုင်းနေဖို့ပဲ ရည်ရွယ်တာ ။ သေခြင်းတရား ကို ကိုယ့်ဆီ အရောက် အတင်းအဓမ္မ လက်ဆွဲ ခေါ်ဖို့ အထိ တော့ အလောတကြီး မနိုင်သင့်ဘူးလို့ ယူဆတယ် ။ ဒါဟာ တရားမျှတမှု ကင်းမဲ့တဲ့ အပြုအမူ ပဲ လေ ။ လောကကြီး မှာ အလှည့် ဆိုတဲ့ သဘောတရား ဟာ ရှိတယ် ။ ကိုယ့် အလှည့် မှာ ကိုယ့် နေရာ မှန် ဖို့ပဲ လိုတယ် ။ ပေးချင် မှန်း မသိ ၊ မပေးချင် မှန်း မသိ ။ကိုယ် နေရာ ရဖို့ ကိုယ့် ဆန္ဒ တစ်ခု ကိုပဲ ဦးစားပေး လိုက်မယ် ဆိုရင် လောကကြီး ရဲ့ “ အလှည့် ” သဘောတရား ဟာ ပျက်စီး သွားမှာပေါ့ ။အဘွား က တော့ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက် ကတည်း က နေရာမှန် အတွက် အသင့်ပြင် ဆင်ထားပြီးသားပါ ။ ဟော ....  အခု ည မှာ “ အလှည့် ” ရောက်လာပြီလေ ... ။


“ ဒီလိုကွယ့် ၊ ... မနေ့ည က အဘွားတို့ အိမ်သား ၆ ယောက်စလုံး က အိပ်မက် တစ်ခုတည်း ကို ထပ်တူထပ်မျှ မက် ကြတယ် ။ ဟောဒီ ကျောက်တောင်ကြီး ပြိုကျသွားတယ် ။ အဘွားတို့ အားလုံး သေဆုံး ကုန်ကြတယ်ဆိုတဲ့ အိပ်မက်ပေါ့ ။ ဒါဟာ ဒီ ည မှာ အမှန်တကယ် ဖြစ်လာမှာ သေချာသကွယ့် ။ အဲဒီတော့ မောင်ရင်လေး စဉ်းစားပါ ။ မောင်ရင်လေး ရဲ့ ဘဝ အတွက် “  အလှည့် ” ရောက်ပြီ လို့ ယူဆ ရင် ဒီ ည ဒီမှာပဲ တည်းခို အိပ်စက်ပြီး ထာဝရ အနားယူ လိုက်ပေရော့ ။ ဒါမှမဟုတ် မောင်ရင်လေး အနေနဲ့ “ အလှည့် ” မရောက်သေးဘူး လို့ ကိုယ့် ဘာသာ ယူဆ ရင် လည်း ဒီ ပတ်ဝန်းကျင် နဲ့ လွတ်ရာ ကင်းရာ ကို အမြန်ဆုံး သွားမှ တော်လိမ့်မယ်ကွယ့် ”


အခန်းတွင်း ၌ ပြန်လည် တိတ်ဆိတ် သွားလေသည် ။


မြွေဆိုး တစ်ကောင် နှယ် စိုစွတ်ချောကျိ ၍ မသတီစရာ ညီစို့စို့ ဖြစ် နေသော သေမင်း ၏ လက်တံရှည်များ သည် သစ်လုံးအိမ်ကလေး ကို တစ်ပတ် ချင်း ရစ်ပတ် နေကြပြီ ဟု ပင် အောက်မေ့စရာ ကောင်း နေ၏ ။ ဝန်းကျင်၌ လေတိုးသံ မျှ ပင် မကြားရ ။ ချောက်ချားစရာ ကောင်း လောက်အောင်ပင် အေးစက်တင်းမာ ၍ နေလေသည် ။


အသက် ၄၀ အရွယ် လင်မယား က စကား ပြောရန် လည်ချောင်း ရှင်း သည့် အနေဖြင့် ချောင်းဟန့် လိုက်ကြရာ မတိုင်ပင်ထားဘဲ နှင့် ပြိုင်တူ လိုလို ဖြစ် သွားသောကြောင့် နှစ်ယောက်သား တစ်ဦးကိုတစ်ဦး လှည့်ကြည့်ပြီး ရယ်မောလိုက် ကြသေး၏ ။နောက် ခင်ပွန်းဖြစ်သူ က .... 


“ ကိုဧည့်သည် အတွက်တော့ ထူးဆန်းချင် လည်း ထူးဆန်းနေပေ လိမ့်မပေါ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ .... ဘဝ တည်ဆောက်မှု နဲ့ ပတ်သက်လို့ တစ်ဦး နဲ့ တစ်ဦး အမြင်ချင်း တူနိုင်ဖို့ ဆိုတာ ခဲယဉ်းသားပဲ ။ သေခြင်းတရား နဲ့ ပတ်သက်လို့ လည်း ဒီလိုပဲပေါ့ ။ ခံယူပုံချင်း ကွဲလွဲ နိုင်ပါတယ် ။အခု သေခြင်း တရား ကို တပြေးတည်း ရင်ဆိုင်ဖို့ အသင့် ရှိနေကြတဲ့ ဒီမိသားစု တစ်စု တည်း မှာ တောင်မှ တစ်ဦးချင်း စီ ရဲ့ ဘဝ နဲ့ သေဆုံးခြင်း အပေါ် ထားတဲ့ ပင်မ သဘောတရား သီဝရီတွေ က ကွဲလွဲ နေကြသေးတယ် ”


ဧည်သည့် ၏ စိတ် ထဲ တွင် “ ခင်ဗျား က ကော ဘယ်လို သဘောထား လို့လဲ ” ဟု မေးလိုက်ချင် စိတ် ဖျတ်ခနဲ ဖြစ်မိသည် ။ ပြောသူ က ဧည့်သည် ၏ စိတ်ကူး ကို သိမြင်လိုက်သည့်နှယ် တစ်ချက် ပြုံးရယ်ရင်း ဆိုင်း ထားသော စကား ကို ဆက်၏ ။


“ ဒီလိုဗျ .... ကိုရွှေဧည့်သည် ရဲ့ ။ ဘဝ ဆိုတာ အန်စာတုံး တစ်တုံး နဲ့ တူတယ် ။ အန်စာတစ်တုံး မှာ မျက်နှာပြင် ၆ ခု ရှိတယ် မဟုတ်လား ။ ခင်ဗျား က ၃ ဂဏန်း ကို ကြိုက်တယ် ဆိုပါစို့ ။ ခင်ဗျား ဟာ အန်စာတုံး တစ်တုံး ကို ပစ်လှိမ့် လိုက်ပြီး ၃ ဂဏန်း ကျပါစေ လို့ ဆုတောင်း ကြည့် ၊ အန်စာ ပစ်ကြည့် ။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား အန်စာတုံး တစ်တုံး မှာ ခင်ဗျား ကြိုက်တဲ့ ဂဏန်း ကျ ဖို့ အခွင့်အရေး ဟာ ၆ ပုံ ၁ ပုံ ပဲ ရှိတယ် ။ နည်းလွန်းတယ်ပေါ့ဗျာ ။ ဒါတောင်မှ အန်စာတုံး မှာ မျက်နှာပြင် ၆ ဖက် ရှိ လို့ ... ” 


“ ဘဝ မှာ ဆိုရင်ကော .... အား .... မျက်နှာပြင်တွေ အများကြီး ၊ အများ ကြီး ။ ကျုပ်တို့ လှုပ်ရှား နေကြတာတွေက ကော .. ဘာလဲ ။ ဘဝကို ထိုးဖောက် ဖို့ ဆိုပြီး လမ်းတွေ ဖောက် နေတာ ။ ဒါဟာ မျက်နှာပြင် အသစ် အသစ်တွေ ဖန်တီး နေတာပဲ ။ မျက်နှာပြင် များ လေလေ ကိုယ် ကြိုက်ရာ ဂဏန်းရဖို့ အခွင့် အရေး နည်း လေလေပဲ ။ ဒါပေမယ့် အန်စာပွဲ ပြီး သွားတော့ ကော ... ဘာဖြစ် သွားသလဲ ။ မျက်နှာပြင်တွေ ဟာ အရေး မပါတော့ဘူး  ။ကိုယ် ကြိုက်တဲ့ ဂဏန်း လည်း အရေး မပါတော့ဘူး ။ အားလုံး ပြီးဆုံးသွားပြီလေ ။ ကျုပ် သဘော က တော့ ဘ ဝဟာ မျက်နှာပြင် မဲ့ သင့်တယ် ဆိုတာပဲ ” 


စကား အဆုံး တွင် ဧည့်သည် ၏ မျက်နှာ သည် ရုတ်ခြည်း အိုမင်းရင့် ရော်သွားသည် ဟု ပင် မှတ်ထ င်ရသည် ။ ဘာမှ ပြန် မပြောနိုင် ။ ဟုန်းဟုန်း တောက်လောင် နေသော မီးခက် မီးလက် တို့ ကို သာ ငေးစိုက် ကြည့်နေမိ လျက်သား ။


ခင်ပွန်းသည် ၏ စကား အဆုံး တွင် ဇနီး ဖြစ်သူ က ဧည့်သည် ကို မျက်နှာရိပ် မျက်နှာကဲ ခတ် သလို တစ်ချက် ကြည့် လိုက်ပြီး  ....  


“ ဒီလိုပါ ရှင် ၊ .... ကိုဧည့်သည် အနေနဲ့ တော့ နားရှုပ် သွားမလား မသိ ဘူး ။ကျွန်မ က လည်း ကျွန် မရဲ့ အမြင် ကို နည်းနည်းလောက် ပြောပြချင်သေး တယ် ။ ကျွန်မ က ငယ်ငယ်တုန်း က အဘိုး နဲ့ နေရတာ ရှင့် ။ အဘိုး က မုဆိုး ဆို တော့ ကျွန်မ က လည်း သေနတ် ပစ် တာ ၊လေး , မြား , ဓား , လှံ ပစ်တာ ခတ် တာတွေ နဲ့ ရင်းနှီး ခဲ့ရတာပေါ့ရှင် ။ ကျွန်မ စိတ် အထင်တော့ ဘဝ ဆိုတာ သေနတ် တစ်လက် နဲ့ တူတယ် ရှင့် ။ ကျွန်မတို့ မွေးဖွား လာတာနဲ့ တပြိုင်နက် သေနတ် ကို ကျည်ထိုး မောင်းတင် လိုက်ပြီးသား ဖြစ်သွားပြီ ။ ကိုင်း ... ဒါဖြင့် ရင် ဒီ သေနတ် ရဲ့ အဓိပ္ပာယ် ဟာ ဘာလဲ ။ သူ အဓိပ္ပာယ် ဟာ သူ့ တာဝန် ပဲ ။ သူ့ တာဝန် ဟာ ကျည်ဆံ ကို ပစ်ခတ်ထုတ်ပစ်လိုက်ဖို့ပဲ မဟုတ်လား ။ ကျည်ဆံ ထည့် မောင်းတင် ထားတဲ့ သေနတ် တစ်လက် ဟာ မပစ်ခတ်သေး သမျှ ဘာ အဓိပ္ပာယ် မှ မရှိဘူး ။ ပစ်လိုက်ရမယ် ။ ဒါမှ နိဂုံး ကို ရောက်မယ် ။ ဘဝ ဟာ လည်း မပစ်ရသေးတဲ့ သေနတ် တစ်လက် လို မဖြစ်သင့်ဘူး ။ သေပစ် လိုက်ရမယ် ။ သေလိုက် မှ သာ အဓိပ္ပာယ် ရှိသွားမယ် ။ ဟုတ်တယ် မဟုတ်လား ကိုဧည့်သည် ” 


စကား အတုံ့အပြန် မရ ။ ဧည့်သည် ငိုင် နေသည် ။ သူ ၏ သွင်ပြင် သည် ပို၍ ပို၍ ပင် အိုစာ သွား သယောင် ရှိ၏ ။ မိန်းမပျိုကလေး ၏ မျက်နှာ ကို သူ လှမ်း ကြည့်လိုက်သည် ။ မိန်းမပျို က တက်ကြွသော လေသံ ဖြင့် ....  


“ ကျွန်မ အတွက် တော့ ဘဝ ဆိုတာ ရေကူးသင်တန်း တစ်ခုပဲ ။ သင်ကြားရုံ နဲ့ တင် ပြည့်စုံတဲ့ အရာ မဟုတ်ဘူး ။ အတွေ့ အကြုံ သာ အဓိက ကျတဲ့ ရင်းမြစ် ဖြစ်တယ် လို့ ထင် တယ်လေ ။ ကျွန်မ က ငယ်ပါသေးတယ် ။ဒီတော့ အတွေ့ အကြုံတွေ အများကြီး လို နေသေးတာပေါ့  ။ကျွန်မ စဉ်းစား ကြည့်မိ တယ် ။ ရေကူးကန်တွေ အများကြီး ကို ကူး ကြည့်ရင်း အတွေ့ အကြုံတွေ ရှာ သွား မလား ။ ပင်လယ်ကြီး တစ်ခု ကို ဖြတ်ကူးပြီး အမြင့်မားဆုံး နဲ့ အကြီးကျယ် အခမ်းနားဆုံး အတွေ့အကြုံ ကို ပဲ အမိအရ ယူမလား လို့ ပေါ့လေ ။ နောက် တော့ ကျွန်မ ဆုံးဖြတ် လိုက်တယ် ။ ဘ ဝမှာ အလေးနက်ဆုံး နဲ့ အဓိက အကျဆုံး ဖြစ်တဲ့ သေခြင်းတရား ဆိုတဲ့ ပင်လယ်ကြီး ရဲ့ အတွေ့အကြုံ ကို ပဲ တစ်ချီ တည်း နဲ့ အပြည့်အဝ ယူလိုက်တော့မယ်လို့ .... ” 

 

“ ဟုတ်တယ် .... သိပ် အရေး မပါတဲ့ အခြား အတွေ့အကြုံတွေ ကို ရှာဖို့ သမားရိုးကျ ဘဝ ဖြစ်စဉ် ထဲ မှာ ကျွန်မ နစ်မျောပြီး အချိန်ဖြုန်း မနေချင်တော့ ဘူး  ။ဒီနေ့ ည သင်ကြားရမယ့် မဟာအ တွေ့အကြုံသစ် အတွက် ကျွန်မ အခု ရင်ခုန် နေတယ် ၊ ပျော် နေတယ် ။ ရှင် ရော မပျော်ဘူးလား ဧည့်သည်ကြီး ”


မိန်းမပျိုကလေး ၏ စကား အဆုံးတွင် အသံသြကြီး ဖြင့် တဟားဟား အော်ရယ် လိုက်သော အဘိုးအို ၏ အသံ ကို ကြားလိုက်ရသည်  ။ဧည့်သည်က  အံ့သြ ထိတ်လန့်မှုဖြင့် လှည့် ကြည့်၏ ။ အဘိုးအို က ...


“ အင်းပေါ့ကွယ် ... မောင်ရင် ဧည့်သည်လေး နားရှုပ်မယ် ဆိုလည်း ရှုပ်စရာပေါ့ ။ ကျုပ် ချွေးမ နဲ့ ကျုပ် မြေး က တာဝန်တွေ ၊ အတွေ့ အကြုံတွေ နဲ့ ကြီးကြီးကျယ်ကျယ် သုံးသပ်ပြီး ခမ်းခမ်းနားနားကြီးတွေ ပြောပစ်လိုက် တာကိုး .... ” 

 

“ ဒီမှာကွယ့် .... မောင်ဧည့်သည် ရဲ့  ။ တကယ်တော့ ဘဝ ဆိုတာ ဘာ တာဝန် မှ ယူဖို့ ရောက်လာတာ မဟုတ်ဘူး ။ ယုံပါ ။ ကျုပ် အသက်အရွယ် နဲ့ ကျု ပ်အတွေ့အကြုံတွေ အများကြီး ရခဲ့ပြီးပါပြီ ။ ရင်ဆိုင် နေရစဉ်မှာ ကြီးမား ခံ့ထည်လှပါပေ့ လို့ အောက်မေ့ ရတဲ့ ကိစ္စတွေ ဟာ ပြီးဆုံး သွားတော့လည်း ဘာမှ မဟုတ်တဲ့ သာမန် ကိစ္စလေး တစ်ခု အဆင့်အတန်း ကို လျှောကျ သွား တာမျိုး လည်း ဘဝ တစ်လျှောက်လုံး ကြိမ်ဖန်များစွာ ကြုံခဲ့ဖူးပြီ ဆိုတာ မောင်ရင်လေး သံသယ ဖြစ်မယ် မထင်ဘူး .... ”  


“ တကယ်တော့ ဘဝ ဆိုတာ မှန်ပြောင်း တစ်ခုနဲ့ တူတယ် ။ ကြီးခြင်း ၊ သေးခြင်း ၊ နီးခြင်း ၊ ဝေးခြင်း မြင်တွေ့ နေမှ အားလုံး ဟာ ကြည့်သူ နဲ့ ပဲ သက်ဆိုင် တယ် ။ မှန်ပြောင်း ကွဲသွားတဲ့ အခါကျ တော့ မှ စောစောက ကိုယ့် လက် တစ်ကမ်း အကွာ မှာ ရှိနေတဲ့ မြင်တွေ့ နေရမှုတွေ ဟာ အရိပ်အယောင်တွေ ပါလားရယ် လို့ သိစိတ် ပေါ် တော့တယ် ။ မှန်ပြောင်း ကို အသုံးချ နေသရွေ့ တော့ ဒီ အသိစိတ် ပေါ်ဦးမှာ မဟုတ်ဘူးလေ ။ ကျုပ် က တော့ ဘဝ တစ်လျှောက် လုံး ကျင်လည်ခဲ့ပြီးပြီ ။ ဒီ မှန်ပြောင်း ကို အရေး လုပ်ပြီး ကြည့် မနေချင်တော့ ဘူး ။ အဲဒီ မှန်ပြောင်း ကွဲ သွားမယ့် အချိန် ကို ပဲ စောင့် နေပစ်လိုက်တော့မယ် ” 


ဧည့်သည် က ထိုင်နေရာ မှ ဝုန်းခနဲ ထ ရပ်လိုက်၏ ။ သူ ၏ မျက်နှာ သည် တစ်နာရီ အတွင်း မှာ ပင် သိသိသာသာ ရင့်ရော် ညှိုးချုံး ကျ သွားသည် ။ 


ဧည့်သည် သည် သူ ၏ လက်များ ကို ဆန့်တန်း ခါယမ်း လိုက်ပြီး ....  


“ နားမလည်ဘူး ။ကျွန်တော် လုံးဝ နားမလည်ဘူး ။ သေခြင်းတရား အတွက်တဲ့ လား .... ဟုတ်လား ။ ခင်ဗျားတို့ ဟာ အလျားအနံ မဲ့ တွေးခေါ်မှု ထဲ က မှ အစိတ်အပိုင်းငယ်လေး တစ်ခု ရဲ့ အစေခံတွေ ဖြစ်နေကြတာပဲ ”


ဧည့်သည် ၏ အမူအရာ သည် သွေးရူးသွေးတမ်း ဖြစ်နေ၏ ။ အားလုံး က သူ့ ကို ကရုဏာသက်စွာ ကြည့်ရင်း ခေါင်း များ ကို ဖြည်းညင်းအေးဆေးစွာ ယမ်းခါ ပြ ကြသည် ။ ဧည့်သည် သည် မိန်းမပျိုလေး ထိုင် နေရာ နောက်ဘက် တည့်တည့် သို့ ခြေလှမ်းကျဲကြီးများ ဖြင့် ဗြုန်းခနဲ လျှောက် သွားသည် ။ မိန်းမပျိုကလေး က သူ့ ကို မော့ ကြည့်၏ ။မျက်ဝန်းချင်း ဆုံကြ သည် ။သူ တုံ့ခနဲ ရပ်လိုက်၏ ။ ပြီး ...


“ မင်း ကိုယ့် ကို လက်ထပ်ပါလား ။ ပြီးတော့ မင်း နဲ့ ကိုယ် နဲ့ လူတွေ ၊ ယဉ်ကျေးမှုတွေ ၊ချစ်ခြင်း ၊ မုန်းခြင်းတွေ ရှိတဲ့ လောကကြီး ထဲ ကို သွားကြမယ် ။ အနိမ့် အမြင့် အကောင်းအဆိုးတွေ ကြား မှာ လှိုင်းစီး ပျော်ရွှင်ကြမယ်လေ ။ အဲဒါဟာ မင်း အတွက် ရော ကိုယ့် အတွက် ပါ အဓိပ္ပာယ် ရှိလာစေလိမ့်မယ် လို့ ကိုယ် အလေးအနက် ယုံကြည်တယ် ။ကဲ .... ဘယ်လိုလဲ မိန်းကလေး ” 


မိန်းမပျို က ပြုံးလိုက်သည် ။ ထို့နောက် .... 


“ ရှင် က လက်ထပ်ချင်တယ် ဆိုရင်လည်း လက်ထပ် လိုက်ရုံပေါ့ ဧည့်သည်ကြီး ရယ် ။ဒီ ကိစ္စ က အရေးမကြီးပါဘူး ။ စောစောက ပြောခဲ့သလို အတွေ့အကြုံတွေ ထဲ က အတွေ့အကြုံ တစ်ခု ပဲ ဖြစ်သွားမှာပေါ့ .... ” 

 

“ ရတယ်လေ .... ကျွန်မ မသေခင် လောလောဆယ် ၂ နာရီ ၃နာရီ လောက် အတွင်းမှာ လက်ထပ် လိုက်လို့ ရသေးတာပဲ ။ လက် မထပ်ဘဲ ဖို မ သဘာဝ ဆန္ဒအလျောက် ဆောင်ရွက်ချင်တယ် ဆိုလည်း ဖြစ်ပါတယ် ။ သေ သွားပြီးတဲ့ နောက်ကျတော့ ဒါတွေ ဟာ ဘာမှ မဟုတ်တော့ပါဘူး ။ အချစ် ပဲ ဖြစ်ဖြစ် ၊ တဏှာရာဂ ပဲ ဖြစ်ဖြစ် သေဆုံးခြင်း ရဲ့ တံတိုင်းထက် ဘာက မှ ပိုပြီး မမြင့်မားနိုင်တာ သေချာတယ် ။ ရှင့် နောက် လိုက်ပြီး လောကကြီး ထဲ မပျော် မွေ့ နိုင်တော့တဲ့ အတွက် ကို တော့ ခွင့်လွှတ်ပါ ”


ဧည့်သည် သည် ကယောင်ကတမ်း ဖြင့် အဘိုးအို ဘက် သို့ လှည့် လိုက်ပြီး .... 


“ ကျွန်တော်ဟာ အဖေ အမေ မဲ့ ၊ ဆွေမျိုးသားချင်း မဲ့ အထီးကျန် တစ်ကောင်ကြွက်ပါ  အဘိုး ။ ကျွန်တော့် အနေ နဲ့ ဘယ် သွားလို့ ဘယ် လာရမှန်း လည်း မသိပါဘူး ။ အဘိုးအနေနဲ့ ကျွန်တော့် ဘဝ အတွက် တစ်ခု ခု များ လုပ် ပေးနိုင်မလား ။ကူညီပါဦး အဘိုး ရယ် ”


အဘိုးအို က ခေါင်းကို ဖြည်းညင်းစွာ ယမ်းခါ လိုက်ပြီး ....  


“ ဝမ်းနည်းပါတယ် .... မောင်ရင်လေး ရယ် ။အဘိုး အနေနဲ့ ဒီ ည သေဖို့ ဆုံးဖြတ် ပြီးပါပြီ ”


သွေးပျက်လုခမန်း ချောက်ချား နေသော ဧည့်သည် က လင်မယား စုံတွဲ ဘက် သို့ လှည့် လိုက်ပြန်သည် ။ သို့သော် သူ ဘာ တစ်ခွန်းမျှ ပြန် မပြော နိုင်မီမှာ ပင် ခင်ပွန်း ဖြစ်သူ က .... 


“ တို့တွေ ဟာ ဘဝ အန်စာတုံးကြီး ကို ထုခွဲ ချေပစ်ခဲ့ ပြီးပါပြီကွယ် ။ ဘယ်လို အကြောင်းကြောင့် နဲ့ မှ ဒီ လောက ကျင်လည်မှု ဘဝ ကို ပြန် မတည် ဆောက်ချင်တော့တာ မို့ ခင်ဗျား ကို မကူညီနိုင်တာ အလေးအနက် တောင်း ပန်ပါတယ် ။ .... ခွင့်လွှတ်ပါ ”


“ အား ”


စူးရှလေးပင်သည့် အသံနက်ကြီး ဖြင့် ဧည့်သည် က အော်ဟစ်လိုက်သည် ။


ထို အခိုက်အတန့် တွင် ပင် တစ်စ ထက် တစ်စ အိုမင်းရင့်ရော် လာနေသော ဧည့်သည် ၏ ရုပ်သွင် သည် ဇရာ ဖိစီးမှုကြောင့် ထောင်းထောင်းကြေ နေသည့် အဘိုးအိုကြီး တစ်ဦး ၏ ပုံသဏ္ဌာန် အဖြစ် သို့ လုံးဝ ပြောင်းလဲ သွားပြီ ဖြစ်၏ ။


အရေပြားများ တွန့်လိပ် ၊ ဆံပင်များ ဖြူဖွေး ၊ မျက်တွင်း ပိန်ချိုင့် ၊ ပါးရိုး ငေါငေါ ။


သူ က ဆက်လက် အော်ဟစ် လိုက်သည် ။ ကျောက်ခဲ အချင်းချင်း ထုချေ လိုက်သည့် အသံမျိုး ။


“ အရူးတွေ ... အရူးတွေ ။ မင်းတို့ အားလုံး အရူးတွေပဲ ” 


အားလုံး က ထိုင်နေရာ မှ ဝုန်းခနဲ ထ ရပ်လိုက်မိကြ၏ ။ အဘွားအို က ကတုန်ကယင် ဖြင့် မေးလိုက်သည် ။


“ ဟင် .... မင်း .... မင်း ဘယ်သူလဲ ”


ထိုအချိန် တွင် .... ဧည့်သည် ၏ ခြေထောက် နှင့် လက်ချောင်းများ သည် ကျောက်တုံးကျောက်သား ဘဝ သို့ တဖြည်းဖြည်း အသွင် ပြောင်းလာ နေပြီ ဖြစ်သည် ။ သူ က အက်ကွဲ သော အသံနက်ကြီး ဖြင့် .... 


“ ငါ ဟာ “ မဟာသေလာ ”  တောင်ကြီး ပဲ ။ ပြိုပျက်ကျမယ့် အချိန် ကို မင်းတို့ ရဲ့ မျှော်လင့် စောင့်စားခြင်း ခံနေရတဲ့ “ မဟာသေလာ ” တောင်ကြီး ဟာ ငါ ပါ ပဲ .... ” 


“ ငါ ဟာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့တဲ့ ၊ ဖန်တီးနိုင်စွမ်းအား ကင်းမဲ့တဲ့ ဘဝ တစ်ခု ကို ပိုင်ဆိုင် နေရသူပါ ။ ငါ့ ဘဝ ဟာ ဖြစ်တည်လာခဲ့ ကတည်း က ပြိုပျက် ကျဖို့ အခွင့်အရေး တစ်ခု သာ ရခဲ့တယ် ။ ဒါကို ငါ ပြောင်းလဲပစ် လိုက်ချင်ပါရဲ့  .... ”  


“ ငါ ပြောင်းလဲ ပစ်လိုက်ချင်ပါရဲ့  .... ”  


“ ဒါပေမယ့် ငါ မတတ်နိုင်ခဲ့ဘူးလေ ။ ငါ့ ဘဝ ကို ကူညီ ပြောင်းလဲပေးဖို့ မင်းတို့ ဆီ မှာ အနူးအညွတ် တောင်းခံခဲ့ပြီးပြီ ။ ဒါဟာ ရှင်သန်လှုပ်ရှား နိုးထတဲ့ ဘဝ ကို မြတ်နိုးစုံမက်လွန်းမိတဲ့ ၊ ငါ့ ရဲ့ အစွမ်းကုန် ကြိုးစား အားထုတ်မှုပါပဲ ... ” 


“ ဒါပေမယ့် မင်းတို့ မဟာလူသားတွေ က မကူညီခဲ့ကြဘူး ။ ကူညီ ချင်စိတ် မရှိကြဘူးလေ ။ မင်းတို့ ဟာ “ လူ ” တွေ ဖြစ်ကြပြီးတော့ လှုပ်ရှား နိုင်စွမ်း လည်း ရှိ ၊ ဖန်တီးနိုင် စွမ်းလည်း ရှိလျက် နဲ့ သေဆုံးဖို့ ကို အကြီး အကျယ် လိုအပ် နေကြတယ် ။ တစ်ကိုယ်ကောင်း ဆန်စွာ သေဆုံးချင်နေ ကြတယ် .... ” 


“ အခုတော့ အားလုံး ပြီးဆုံး သွားပါပြီ ။ ငါ .... ငါ  .... စွန့် ... လွှတ် .... လိုက် .... ပါ .... ပြီ ” 


စကား အဆုံး တွင် သူ့ ခန္ဓာကိုယ် ကို ဖွဲ့စည်း ထားသော ကျောက်တုံး ကျောက်ခဲ တို့ အက်ကွဲ ပဲ့ကျ လာသည် ။ လက်တွေ ပဲ့ရွဲ့ ကျိုးပြုတ် ကျသည် ။ ခြေထောက်တွေ အက်ကွဲပြိုကျ ကုန်သည် ။ နောက်ဆုံးတွင် အထိန်းအကွပ် မဲ့ သွားသော ကျောက်သားခန္ဓာကိုယ်ကြီး သည် ကြမ်းပြင် ပေါ်သို့ ပစ်ကျကာ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်၍ ကျောက်ခဲ အစုအပုံ ဘဝ သို့ ရောက်သွား လေတော့၏ ။


ထိုအချိန်၌ လရောင် အောက် တွင် ခံ့ညားစွာ ရပ်တည် နေသည့် “ မဟာ သေလာ ” ကျောက်တောင်ကြီး သည် တဝုန်းဝုန်း မြည်ဟည်း လျက် အမြင့်မား ဆုံး အပိုင်း မှ နေ၍ အောက်ခြေ အထိ တိုင်အောင် လျင်မြန်စွာ အက်ကွဲ လာ နေသည် ။


ဟိုး .... တောင်ပေါ် မှ အရှိန် ပြင်းစွာ လိမ့်ဆင်း လာသော ဧရာမ ကျောက်တုံးကြီးများ သည် သစ်လုံး အိမ်ကလေး ကို .... ။


◾ မင်းခိုက်စိုးစန်


📖 မဟေသီ မဂ္ဂဇင်း 

      ဇွန် ၊ ၁၉၉၆ 


#ကိုအောင်နိုင်ဦး


.