Showing posts with label မင်းဝေဟင်. Show all posts
Showing posts with label မင်းဝေဟင်. Show all posts

Wednesday, April 22, 2026

နွေလယ်နေ မွန်းတည့်တည့်


 

❝ နွေလယ်နေ မွန်းတည့်တည့် ❞
          ( မင်းဝေဟင် )

၁ ။

နွေနေ့လယ်ခင်း တစ်ခုသည် အပူငွေ့ တရှိန်ရှိန်ဖြင့် ချစ်ချစ်တောက်နေသည် ။ ရွာကလေး၏ ခြံဝိုင်း တစ်ဝိုင်းထဲတွင် အပင်တို့ အမည်စုံရှိနေ၏ ။ တစ်ပင်နှင့် တစ်ပင် ပင်ခြေချင်း ဆက်နေလောက်အောင် ပြွတ်သိပ်နေသော်ငြား နွေနေပူကို အန်မတုနိုင်ရှာကြ ။ တစ်နှစ် တစ်ကြိမ် အရွက်ဟောင်း ခြွေချတတ်ကြသည့် ကုက္ကိုပင်တို့၏ ဆယ်ပြားစေ့သာသာ အရွက်ကလေးများ မှာလည်း နွေနေပူ အောက်တွင် ရိုးတံမှာ တချို့ ၊ မြေပြင်မှာ တချို့ ။ မိုးကလေး တစ်ပြိုက်လောက် ဖျန်းဆွတ်လေမှ အရွက်နု ထွက်လာတတ်ကြသည့် မန်ကျည်းပင်တို့မှာ နေပူကျဲကျဲ အောက်တွင် ရိုးတံပြိုင်းပြိုင်း ရှိနေပုံက အထီးကျန်ပင် ဆန်လွန်းလှသေး ။

“ ဟေး .. ဒီနေ့ တို့ ဘာတမ်း ကစားကြမလဲဟေ့ ။ ကုက္ကိုချိတ် ချိတ်တမ်း ကစားကြမလား ၊ ဘောလုံး ပေါက်တမ်း ကစားကြမလား ”

“ ဟင့်အင်း ၊ ငါက ထုပ်ဆီးတိုးတမ်း ကစားချင်တာ ”

“ ........ ”

ကလေးတစ်သိုက် အသံတို့ ဆူညံစွာ ထွက်လာ၏ ။ ကလေးတို့ ထုံးစံ တစ် ယောက် အဆိုတင်သွင်းသည့် ကစားနည်းကို နောက်ထပ် တစ်ယောက်က နောက် ကစားနည်း တစ်ခု အမည်ဖြင့် ထပ်မံ အဆိုတင်သွင်းကာ ပထမကစားနည်းကို ပယ်ချ၏ ။ ဟင့်အင်း ဟေ့ ဟင့်အင်း ဆိုသော အသံတို့ ဆူညံစွာ ထွက်လာကြပြန်သည် ။ ဗိုလ် ၊ ကျား ၊ သေနတ် ရွေးကာ ကစားနည်းတစ်ခု စတင် ကစားတော့မည့် အချိန်ထိပင် ကလေးတို့ တစ်သိုက် သူတို့ ကစားမည့် ကစားနည်း တစ်ခုကို အတည် မပြုနိုင်ကြသေး ။

ကလေးတစ်အုပ်မှာ သိပ်မများလှ ။ အရွယ် အားဖြင့်လည်း သိပ်တော့ မစုံလှ ။ စိန်ပန်းနီနီတို့ ပွင့်အာမည့် သဏ္ဌာန်ဖြင့် အဖူးအညွန့်တို့ အပြွတ်လိုက် ၊ အခိုင်လိုက် ရှိနေသည့် စိန်ပန်းနီပင် အောက်မှာ ဝါးကုလားထိုင် တစ်ခုဖြင့် ထိုင်နေသည့် သူက ကလေးတစ်အုပ်ကို လှမ်း၍ အကဲခတ်၏ ။ ကလေးတစ်အုပ်တွင် ခြောက်နှစ်အရွယ် ၊ ခုနစ်နှစ် အရွယ်တွေသာ များ၏ ။ စုစုပေါင်း ၆ ယောက် ရှိ၏ ။ မိန်းကလေး လေးယောက် ၊ ယောက်ျားလေး နှစ်ယောက် ။ သူက ကလေးတစ်အုပ်ကို သေသေချာချာ မသိလှ ။ ကလေးတစ်အုပ် ကလည်း သူ့ကိုတော့ သေချာ သိလှသည် မဟုတ် ။ သူက ကလေးတစ်အုပ် ထဲမှာ ရှိနေသည့် သည်ခြံထဲက အိမ်မှာ နေသော သူ့တူမလေး မနှင်းစက် မှ လွဲ၍ ကျန်သည့် ကလေးများအား ရွာထဲမှ မည်သူမည်ဝါ၏ ကလေးတွေမှန်း မသိ ။

သည် ရွာကလေးကို သူ အရောက်အပေါက် နည်းလွန်းလှသည် ။ ရွာကလေးမှာ သူက ၆ တန်း အထိသာ ကျောင်းနေဖူးပြီး ၊ ၆ တန်း အောင် ကတည်းက သူက ရန်ကုန်က ဘကြီးတွေ ရှိရာ ကျောင်းသွားနေရင်း ဆယ်တန်းအောင် ၊ ရေကြောင်းသိပ္ပံ ဆက်တက် ၊ သည်လိုနှင့် သူက သင်္ဘောသားလုံးလုံး ဖြစ်နေခဲ့သည်မှာပင် ကြာလှ ရှိပြီ ။ သူ့အသက်ပင် ၂၈ နှစ် ထဲသို့ ရောက်နေပြီ ။ သင်္ဘော ပင် အခေါက်ခေါက် အခါခါ လိုက်ဖူးခဲ့ပြီ ။

၁၀ တန်း မပြီးခင် အထိ သည်ရွာကလေးကို သူ တစ် နှစ် တစ်ခေါက် ရောက်၏ ။ ၁ဝ တန်း ပြီးသည့် နောက်ပိုင်းတွင် ရေကြောင်းသိပ္ပံ တက်ရင်း ၊ သင်္ဘောသား တစ်ယောက် ဖြစ်ဖို့ လိုအပ်သည့် သင်တန်းပေါင်း များစွာ တက်ရင်း ၊ နောက်ဆုံး သင်္ဘောပေါ် ရောက်ရင်း ရွာကလေးသည် သူနှင့် စိမ်းစိမ်းပြတ်ပြတ် ဖြစ်ခဲ့၏ ။ တစ်နှစ် တစ်ခေါက်မှသည် နှစ်နှစ် တစ်ခေါက် ၊ သည်လိုနှင့် သုံးနှစ် တစ်ခေါက် ဖြစ်လာခဲ့သည် ။ ထို့ကြောင့် ရွာကလေးမှ နောက်ပေါက် ကလေးငယ်တို့ကို သူ မသိတော့ ။ သူသည်ပင် သည်ရွာကလေး၏ ဧည့်သည် တစ်ယောက် ဖြစ်နေခဲ့ပြီ ။

သည်နှစ်တော့ သင်္ကြန် နားနီး နွေတစ်ရက်မှာ သင်္ဘော ပေါ်က သူ ဆင်းဖြစ်ရင်း အားနေသည့် အချိန် အခိုက်အတန့်ကြား ရန်ကုန်နွေကို ရှောင်ရင်းတိမ်းရင်းဖြင့် သည် နွေမှာ သည်ရွာကလေးသို့ သူရောက်ခဲ့ပြီ ။ သည်ရွာ ကလေး၏ သည်ခြံဝိုင်းလေး ထဲတွင် သူ့အဖေ ရှိ၏ ။ အိမ်ထောင် မကျသည့် သူ့ အစ်မ အပျိုကြီး တစ်ယောက် ရှိ၏ ။ သူ့အစ်ကို မိသားစု ရှိ၏ ။ ကလေးများထဲမှ မနှင်းစက်မှာ သူ့အစ်ကို၏ သမီး ဖြစ်၏ ။

“ ဟဲ့ … ငါက ဒီမှာ ရှစ်ကျနေတာကို ၊ ညည်းက ဖဲခိုးရိုက်တော့ ညည်းက ဘူ မဖြစ်ဘဲ ကိုး ဖြစ်သွားတာပေါ့ အေ ။ ညည်းက ညစ်တယ် ။ ညည်းကို ပိုက်ဆံ မလျော်ဘူး ”

မနှင်းစက် အသံစာစာလေးကို ကြားရ၏ ။ အရွက် ကျဲပါးနေသည့် စိန်ပန်းပင် အောက်ကနေ မလှမ်းမကမ်းမှာ ရှိသည့် ငှက်ပျောတော လေးသို့ သွားမည့်ဟန်ဖြင့် သူက ဝါးကုလားထိုင်ကို မ , ရင်း ကလေးတွေ ဘက်ကို အမှတ်မထင် အာရုံ ရောက်၏ ။ နေပြောက်တို့ ဟိုတစ်ကွက် သည်တစ်ကွက် ကွက်ကျားထ , နေသည့် ကုက္ကိုပင်၏ အရိပ် အောက်တွင် ထိုင်စရာ အခင်း တစ်ခု ခင်းရင်း ကလေးတို့ ဖဲရိုက်တမ်း ကစားနေကြ၏ ။ ဖဲထုပ်မှာ အနည်းငယ် ဟောင်းနေပြီ ဖြစ်သော်လည်း လူကြီးတွေ ကစားသည့် ဖဲထုပ်အစစ်ဖြစ်သည် ။ ကလေးတို့ ပြောသည့် ပိုက်ဆံ ဆိုသည်မှာတော့ လေတိုက်တိုင်း တလွင့်လွင့် ဝဲပျံကျလာသည့် ကုက္ကိုရွက်ခြောက်များသာ ဖြစ်သည် ။

“ ကလေးဆိုတာ လူကြီးတွေရဲ့ ကိုယ်ပွားပါပဲ ။ ခေတ် တစ်ခေတ်ရဲ့ ပုံရိပ်ပါပဲ ။ အဲဒီ ကလေးမိဘတွေ ဘာလုပ်နေလဲ ။ အဲဒီခေတ် တစ်ခေတ် ဘာဖြစ်နေလဲ ဆိုတာကို အလွယ်တကူ သိချင်ရင် ဘယ်မှ လျှောက်ကြည့်မနေနဲ့ ။ ကလေးတွေ ဘယ်လို ကစားနည်းမျိုး ကစားနေ သလဲသာ ကြည့်လိုက် ၊ အဖြေက ရှင်းရှင်းလေး ”

အမေ မဆုံးခင်က ပြောခဲ့ဖူးသည့် စကား ၊ တစ်နည်းအားဖြင့် သူ ငယ်ငယ်က ရွာမှာ ရှိစဉ် သူတို့ ကစားသည့် ကစားနည်းကို ကြည့်ရင်း အမေ့နှုတ်မှ ရေရွတ်နေသည့် စကားသံတို့ကို သူ့ အာရုံက ပြန်ကြား၏ ။ ကလေးတွေကို သူ စိတ်ဝင်စားသွားသည် ။ ကလေးတို့သည် အမှန် တကယ် ဖဲရိုက်တတ်ကြ၍ တော့ မဟုတ် ။ သို့သော် ဖဲချပ်လေးတို့သည် ကလေးတို့ လက်ထဲ၌ ဖြောင်းခနဲ ၊ ဖြောင်းခနဲ မြည်အောင်ပင် ကလေးတို့က အထာကျကျ ရိုက် နေကြသေးသည် ။ ကလေးတစ်ယောက်မှာ ဖဲချပ်များကို တစ်ဝက်စီ ခွဲကိုင်ကာ ဖလပ်ဖလပ်နှင့် တဖျပ်ဖျပ် မြည်အောင်ပင် ကုလားဖန် ထိုးနေသေးတော့သည် ။

တူမလေး မနှင်းစက်ကို ကြည့်ကာ သူ ပြုံးလိုက် သည် ။ သူ့အစ်ကိုကို တွေ့ လျှင် အမေ ပြောခဲ့ဖူးသည့် စကားအချို့ကို သက်သေပြုကာ “ မင်းရဲ့သမီးတော့ ဖဲသမလေး ဖြစ်နေပြီ ” ဟု ရယ်ရယ်မောမော သတိပေးဖြစ်ဦးမည် ။ စင်စစ် ကလေးတို့သည် ကလေးသာ ဖြစ်သည် ။ ပတ်ဝန်းကျင်မှ မြင်တွေ့ကြားသိ သမျှသည် ကလေးတို့ အတွက် ကလေးတို့ မသိစိတ်မှ အစဉ်မပြတ် သင်ယူနေသည့် သင်ခန်းစာများသာ ဖြစ်သည် ။

ကလေးတစ်အုပ် ထဲမှ ကလေးတစ်ယောက်၏ မျက်နှာကို အမှတ်မထင် ကြည့်မိတော့ ရင်းရင်းနှီးနှီး မျက်နှာ တစ်ခု ဖြစ်နေသည် ။ ကျန်သည့် ကလေးများကိုမူ သူ မသိ ။ ထိုအချိန် သူ ထိုင်နေရာ အပင်ရိပ်ဆီ အစ်မက ကော်ဖီတစ်ခွက်နှင့် လက်ဖက်သုပ်တစ်ပွဲ လာချ၏ ။ သူ့ စိတ်ထဲ သိသလိုလို ရှိနေသည့် မျက်နှာပိုင်ရှင်လေးကို လက်ညှိုးထိုးကာ ဘယ်သူ့ သမီးလဲဟု အစ်မအား မေးတော့ “ ဟဲ့ .. အဲဒါ နင်နဲ့ ငယ်ငယ်က ဆော့ဖော်ဆော့ဖက် ကြည်ပြာ့ သမီးလေ ” ဟု အစ်မက ပြော၏ ။ အစ်မ အပြော အောက်တွင် သူ့စိတ်ထဲ တရိပ်ရိပ် ပြန်မှတ်မိလာသော ကြည်ပြာ့ပုံရိပ်တို့ကို အမိအရ ပြန်လည် ဖမ်းဆုပ်ရင်း “ ဟေ .. ဟုတ်လား ။ အခု ကြည်ပြာ ဘာတွေ လုပ်နေလဲ ” ဟု သူက မေးစဉ် အစ်မက ကလေး တစ်အုပ်ဘက်သို့ အကြည့် ရွှေ့၏ ။ ပြီးမှ ... ။

“ ကြည်ပြာက သူ့ ယောက်ျားနဲ့ ကွဲနေတာ ကြာပြီ ။ ရွာတောင်ပိုင်းမှာပဲ နေတာလေ ။ အိမ်က မနှင်းစက်နဲ့ သူ့သမီးက အရွယ်တူ ဆိုတော့ နေ့လယ်နေ့ခင်းအချိန် ဒီလိုပဲ အရိပ်ရှိတဲ့ ငါတို့ ခြံထဲ လာ ကစားနေကြတာပဲ ။ ဘာတွေ လုပ်နေလဲ ဆိုတော့ ... အဲ ... ငါလည်း သိပ်တော့ မပြောတတ်ဘူး ။ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ လုပ်နေတဲ့ အလုပ်ပေါ့ဟယ် ။ ကြည်ပြာ က ရွာမှာတော့ သိပ်မရှိဘူး ဟဲ့ ။ သူ့အလုပ်က အားအားရှိ ရန်ကုန်ပဲ တက်နေရတာ ”

“ ဘာအလုပ်လဲ ” ဟု သူ ထပ်၍ မေးခွန်းထုတ်မည် ပြုစဉ် အစ်မက သူ့အနားမှာ မရှိတော့ ။ သူ့အာရုံထဲသို့ ကြည်ပြာက ဖျတ်ခနဲ ရောက်၏ ။ ကြည်ပြာ နှင့်အတူ သူ ငယ်ငယ်က ရွာမှာ ကစားနေကျ ကစားဖော်တို့က အာရုံထဲ ဝင်လာကြပြီ ။ ယုယုဝင်း ပါ၏ ၊ အေးမင်း ပါ၏ ၊ စန္ဒာချို ပါ၏ ။ မျိုးထက် ပါ၏ ။ သူ ဆက်၍ စဉ်းစားနေစရာ မလိုဘဲ ငယ် ဘဝပုံရိပ်သည် အာရုံမှာ တစ်ကန့်စီ ပေါ်၏ ။

••••• ••••• •••••

၂ ။

“ ဟေ့ကောင်တွေ  ၊ ပိ တောက်ရွက်တွေနဲ့ ဒီလောက် ရိုက်နေတာ မင်းတို့ သေတော့လေ ။ ဟေ့ကောင် အေးမင်း မင်းသေတော့လေကွာ ”

ပိတောက်ခက်တွေကို လက်မှ စုကိုင်ရင်း မျက်နှာ လွှဲကာ အေးမင်းကို တဘုန်းဘုန်း တဖျန်းဖျန်း ရိုက်ရင်း သူက ပြောပေမဲ့ အေးမင်းက သေပြီ ဆိုကာ အရှုံးပေးမည့်ပုံ တစ်စက်မှ မပေါ် ။ သူရိုက် ကိုယ်ရိုက်ဖြင့် သူနှင့် အေး မင်း လုံးထွေးသ,တ်ပုတ်နေကြစဉ်  ”ရွှစ် ရွှစ် ရွှစ် …. ” ဆိုသည့် ပါးစပ်မှ အသံနှင့် အတူ ကြည်ပြာက သူတို့ အနား ရောက်လာ၏ ။

“ ဟဲ့ ၊ နင်တို့ နှစ်ယောက်လုံး သေပြီ ။ သေကြလေ သေကြလေ ” ဟုပင် ပါးစပ်က အော်ပြောနေသည် ။ လက်ကလည်း ၆ လက်မလောက် ရှိသည် ပိတောက်ကိုင်းလေးတွေကို ကိုင်ထားလိုက် သေးသည် ။

“ နေဦး ကြည်ပြာ ၊ ဘာတုံး ရွှစ်ရွှစ်ရွှစ် က ”

“ ဟဲ့ … ရွှစ် ရွှစ် ရွှစ် ဆိုတာ ဂျင်ကလိနဲ့ နင်တို့ကို ပစ်နေတာလေ ။ ပိတောက်ရွက်နဲ့ ရိုက်လို့ မသေဘူး ၊ ဂျင်ကလိနဲ့ ပစ်မှသေတာ ။ ငါ့အဖေ ပြောတယ် ။ ငါတို့ မမွေးခင်က လူတွေအများ ကြီး သေတဲ့ အရေးအခင်းမှာ အဲဒီလိုပဲ ဂျင်ကလိတွေနဲ့ တရွှစ်ရွှစ် ပစ်ကြတာတဲ့ ။ မသေတဲ့ လူတွေကိုလည်း ဂွိခနဲ ဂွိခနဲ ခေါင်းဖြတ်တာတဲ့ ။ ခေါင်းဖြတ်တာတောင်မှ ဓားထက်ထက်နဲ့ ရွှမ်းခနဲ ၊ ရွှမ်းခနဲ ဖြတ်တာတဲ့ ”

“ ဟဲ့ .. ဟဲ့ .. ဟဲ့ .. ဒီကလေးတွေ ဘယ်လို ကစားနည်းတွေ ကစားနေကြပြန်တာတုံး ။ မနက်ကပဲ အိမ်ရှေ့မှာ ရွှံ့ရုပ်တွေနဲ့ စစ်တိုက်တမ်း ကစားနေကြလို့ အော်ထုတ်ပြီးပြီ ။ အခုလည်း ဘာတွေ ခေါင်းဖြတ်နေကြ ပြန်တာလဲ ။ နိမိတ်မရှိ နမာမရှိတွေဟယ် ။ ဒုက္ခပါပဲ ။ တခြားနည်းနဲ့ ဝေးဝေးမှာ သွားကစားကြစမ်းပါဟယ် ”

သူတို့ ပြောကြသည့် စကားကို အမေက ကြားရင်း သူတို့ကို အော်ထုတ်တော့ ကစားနည်း ပျက်ရပြန်၏ ။ အမေကတော့ ခေတ်တွေ ၊ နိမိတ်တွေ တတွတ်တွတ် ရေရွတ်ရင်း နောက်မှာ ကျန် ခဲ့ပြီ ။ ကြည်ပြာ ၊ ယုယုဝင်း ၊ စန္ဒာချို တို့က မိန်းကလေးများပီပီ အငြိမ့်က,တမ်း ကစားကြမည်ဟု ဆိုကာ သူတို့ ခြံထဲသို့ ကစားဖို့ လာကြစဉ် ခေါင်းဆောင်း အဖြစ် ဆောင်းလာကြသည့် ပုဆိုးတွေကိုပင် ဆံပင် အဖြစ် ခေါင်းမှာ စုချည်လိုက်ကြပြီ ။ အဲသည်တော့ သူရယ် ၊ အေးမင်းရယ် ၊ မျိုးထက်ရယ်လည်း ထုံးစံအတိုင်း ထန်းလက်ခြောက်တွေ ၊ သွပ်ပြားစတွေကို ရှာရပြီ ။ ရှာလို့ရသည့် ထန်းလက်ခြောက်တွေ ၊ သွပ်ပြားစတွေ က ယုယုဝင်းတို့ အငြိမ့်က, စဉ် သူတို့ က,သည့် အကတို့ မြိုင်ဆိုင်အောင် ဆိုင်းအဖြစ် တဗြန်းဗြန်း ၊ တဂျမ်းဂျမ်း တီးပေးကြရဦးမည်လေ ။

ရွာမှာ ရှိနေသည့် ကလေးက အနည်းစုမို့ ကစားနည်းမှာ မိန်းကလေး ယောက်ျားလေး အမျိုးအစား ခွဲခြားထား၍ မရ ။ သူတို့ ဘောလုံးကန် ကြလျှင် ကြည်ပြာတို့ ၊ ယုယုဝင်းတို့က လိုက်ကန်ကြသလို မိန်းကလေးများ ထုပ်ဆီးတိုးတမ်း ၊ ဖန်ခုန်တမ်း ကစားကြ လျှင်လည်း သူတို့က ပါရသည်ပင် ။ ထိုစဉ်အခါ ကြည်ပြာ တို့ ၊ ယုယုဝင်း တို့ ဝတ်ထားကြသည့် စကတ်များသည် လည်း သူတို့ ယောက်ျားလေးတွေ ခေါင်းပေါ် ဝဲခနဲ ... ဝဲခနဲ ။

“ တော်ပြီဟာ ၊ အငြိမ့် က,တမ်း မကစားတော့ဘူး ။ ယုယုဝင်း နင်က သောက် ကျင့်ယုတ်တယ် ၊ အငြိမ့် ကတမ်း ကစားရင် နင်ချည်းပဲ ခေါင်းဆောင်မင်းသမီး လုပ်ချင်တယ် ။ နင်ချည်း က,နေတာပဲ ။ ငါတို့မှာ နင်ကဖို့ တက်ဂျေးဂျေး ၊ တက်ဂျေးဂျေး အော်ပေးနေရတာ ပါးစပ် ညောင်းတယ် ။ တော်ပြီ ၊ တော်ပြီ ။ လူကြီးတွေ လစ်မှ ဂျင်ကလိ ပစ်တမ်း ၊ ခေါင်းဖြတ်တမ်းပဲ ပြန်ကစားတော့မယ် ”

ကြည်ပြာက ယခင် နည်းတူ ခပ်စွာစွာဖြင့် ကစားနည်းကို သိမ်းမည်ပြု၏ ။ ခေါင်း၌ ဆံပင်အဖြစ် စည်းနှောင်ထားသော ပုဆိုးစကို ဆောင့်၍ ဆောင့်၍ ဆွဲဖြုတ်၏ ။ ယုယုဝင်း နှင့် စန္ဒာချို တို့လည်း ပွစိပွစိဖြင့် အငြိမ့် ကခြင်းကို ရပ်လိုက်ရသလို ယောက်ျားလေးတွေ ဖြစ်သည့် သူတို့လည်း တဂျမ်းဂျမ်း ၊ တဂျောင်းဂျောင်း တီးနေရာမှ အတီး ရပ်လိုက်ရပြီ ။

••••• ••••• •••••

၃ ။

ငယ်စဉ်က သူတို့ သူငယ်ချင်း တစ်စု ကစားကြလျှင် အမြဲတမ်း စိတ်ဆိုးကာ ကစားပွဲကို ဦးစွာ သိမ်းပစ်တတ်သည့် ၊ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ကစားနည်းများ ကိုသာ နှစ်သက်လေ့ရှိသည့် ကြည်ပြာ ။ သူ ရန်ကုန်မှာ ကျောင်းတက်ရသည့် အချိန်မှ စ၍ သည်နေ့ အထိလည်း ကြားမှာ နှစ်ကြိမ်လား ၊ သုံး ကြိမ်လား ရွာလယ်လမ်းမှာ ဖြတ်သွားဖြတ်လာ ဆုံမိသည်မှ လွဲ၍ ကြည်ပြာ့ အကြောင်းက သူ့အတွက် အစိမ်း သက်သက် ဖြစ်နေခဲ့သည် ။

ယခု ကြည်ပြာ၏ သမီး လေးပင် သည်အရွယ်လေး ရောက်နေပြီ ။ အိမ်ထောင် ကွဲသွားပြီဟုလည်း အစ်မက ပြောသေးသည် ။ ငယ်စဉ်က ကစားဖော် တစ်ယောက်၏ အကြောင်းက ယခုမှပင် သူ့ အာရုံ၌ စိုက်ဝင်၏ ။ ကြည်ပြာ့ သမီးလေး ဆိုသူကို သူလှမ်း ကြည့်လိုက်သည် ။ ကြည်ပြာ့ သမီးလေးသည် အခြား ကလေးတို့နှင့် ရောနှော ကစားနေလျက် ။ မျက်ဝန်းနက်နက်လေးတို့သည် ကြည်ပြာ ငယ်ငယ်က အတိုင်း ။ ဆံပင်တို့သည် မည်းနက်ဖြောင့်စင်း လျက် ။ သူ့အတွေးတို့ ကစဉ့်ကလျား ရှည်လျား နေချိန်အတွင်း ကလေးတွေလည်း ကစားနည်း ပြောင်းကုန်ကြပြီ ထင်၏ ။ စောစောကလို ဖျာ ကြမ်းတစ်ချပ် ပေါ်တွင် ထိုင်ကာ ဖဲရိုက်တမ်း ကစားနည်း မဟုတ်ကြတော့ ။

သူ ထိုင်နေရာ ငှက်ပျောပင် အရိပ်အောက်မှသည် သူ့အာရုံကို ကလေးတို့ ဆီသို့ သိသိသာသာ ပို့ထားလိုက်သည် ။ ကလေးတို့သည် စောစောကလို ထိုင်မနေကြတော့ ။ ကလေး ၆ ယောက် အနက် ယောက်ျားလေး နှစ်ယောက်မှ လွဲ၍ မိန်းကလေး လေးယောက်၏ ခေါင်းပေါ်တွင် ဘယ်အချိန် ကတည်းက ရောက်နေသည် မသိသော နီညိုရောင် ဗေဒါမြစ်ခြောက် ရှည်မျောမျော ရှုပ်ပွပွတို့က နေရာယူထားသည် ။ ဆံပင် အဖြစ် ကလေးတို့ အသုံးပြု ထားခြင်း ဖြစ်လိမ့်မည် ။ ကြည်ပြာ့ သမီးလေး ဖြစ်သည့် ကလေးက ဗေဒါမြစ်ခြောက် ပေါ်တွင် ကြက်မောက်ပန်း အနီရဲရဲ တစ်ပွင့်ကို ပန်ထား သေးသည် ။

လှုပ်လှုပ်ရွရွ ရှိနေကြသည့် ကလေးတို့ကို ကြည့်ရင်း ကလေးတို့ ဘယ်လို ကစားနည်းမျိုးကို ကစားနေကြသလဲဟု သူ သိချင်လာသည် ။ ကလေးတို့နှင့် နီးရာသို့ သူ မယောင်မလည် ရွှေ့သည် ။ ကလေးတို့သည် ဝါးရုံပင် အရိပ်တွင် ကျဲကျဲပြန့်ပြန့် နေရာယူလျက် ။ တစ်ယောက်ကို တစ်ယောက် ဘာစကား ပြောနေကြသည် မသိသော်လည်း ကျီစယ်ဟန်ဖြင့် တဖြန်းဖြန်း ထုရိုက်လျက် ။ ကြည်ပြာ့ သမီးလေးက အခြား ကလေး တစ်ယောက်ကို မျက်စောင်းလေး ဝင့်ကာ ဝင့်ကာဖြင့် စကားဆိုလျက် ။ ကလေးတို့ အနီးသို့ သူ တိုးသည်ထက် တိုးလိုက်သည် ။ သူ့အာရုံနှင့် သူ ရှိနေသည့် ကလေးတို့သည် သူ့ အား ဂရုမထားကြ ။

“ မောင်လေးက အင်တာနက်မှာ ညက စကား ပြောထားတဲ့ တစ်ယောက် မဟုတ်လား ။ အဟင်း ဟင်း ဟင်း ။ ဈေးကတော့ အင်တာနက်မှာ ပြောထားပြီးတဲ့ အတိုင်း တစ်ပြားမှ မလျှော့နိုင်ဘူးလေကွယ် ။ ဒီဈေးနဲ့တောင် မမမှာ ဖောက်သည်တွေ အပြည့် ဆိုတာ မောင်လေးလည်း သိနေတာပဲဥစ္စာ ။ အဟိ ဟိ ဟိ ... ဟီ ဟီ ”

ကြည်ပြာ့သမီးလေး ပြောလိုက်သည့် စကားက သူ့ အာရုံသို့ ပြင်းပြင်းထန်ထန် ဝင်ဆောင့်၏ ။ ခေါင်း တခါခါ ၊ ဆံပင် တယမ်းယမ်းဖြင့် အထက်ပါ စကားကို ဆက် ကာဆက်ကာ ပြောနေသည့် ကြည်ပြာ့ သမီးလေးကို သူ ဆက်ပြီး မကြည့်နိုင်တော့ ။ တစ်ချိန်က အမေ ပြောဖူးသည့် “ ကလေး ဆိုတာ ခေတ်ရဲ့ပုံရိပ် ၊ မိဘတွေရဲ့ ကိုယ်ပွား ” ဆိုသည့် အသံကို ပြန်ကြားယောင်မိသည် ။ ငယ်ငယ်တုန်းက ကစားဖော် ကြည်ပြာ့ ကို ပြေးမြင်မိသည် ။

ကလေးတို့ ကစားရာ ဆီမှ ခပ်လှမ်းလှမ်း နေရာကို သူ ခွာခဲ့သည် ။ ကလေးတို့သည် ကစားမြဲ ကစားနေဆဲ ။ နွေလယ် နေ့တစ်နေ့သည် ပူမြဲ ပူနေဆဲ ... ။

⎕ မင်းဝေဟင်
📖ရွှေအမြုတေ ရုပ်စုံ   မဂ္ဂဇင်း
      ဇန်နဝါရီ  ၊ ၂၀၁၉

Friday, March 13, 2026

ချစ်သူတို့အတွက် အချစ်ဝတ္ထု


 

❝ ချစ်သူတို့အတွက် အချစ်ဝတ္ထု ❞ 
           ( မင်းဝေဟင် )

၁ ။

ကျွန်တော် စာရေးဖို့ ကြိုးစားနေတာ တော်တော် ကြာပါပြီ ။ တော်တော့်ကို ကြာခဲ့ပါပြီ ။ စာအမျိုးမျိုး ရှိကြတဲ့အထဲ ကျွန်တော်က ဝတ္ထုတိုပဲ ရေးတတ်တဲ့ ဝတ္ထုတိုရေးသူ ဆိုတော့ ဝတ္ထုတိုတစ်ပုဒ် ဖြစ်ဖြစ်မြောက်မြောက် ဖြစ်အောင် အားထုတ်နေခဲ့တာ အချိန် တော်တော့်ကို ကြာပြီ ။ တစ်နှစ်တောင် ပြည့်တော့မလား မသိ ။ ပီပီပြင်ပြင် ဝတ္ထု တစ်ပုဒ်ရယ်လို့ ဖြစ်မလာဘဲ စာတွေက ဟိုတစ်စ ဒီတစ်စ ၊ အပိုင်းပိုင်း အစစများနဲ့ ဟိုမရောက် ဒီမရောက် ရောက်တတ်ရာရာ စာတွေသာ ပြန့်ကျဲပေပွလို့ ဘာမှ အားရစရာရယ်လို့ မရှိခဲ့ ။

“ စာမရေးဖြစ်ရင် မနေနိုင် ” လို့ အချို့ စာရေးဆရာတွေက ဆိုကြပါတယ် ။ ကျွန်တော်ကတော့ ဝတ္ထုတို တစ်ပုဒ်နဲ့ တစ်ပုဒ် ရေးဖို့ အလှမ်းကွာနေရင် မကျေနပ် ။ ကိုယ့်ကိုယ်ကို မကျေနပ် ။ စာရေးခဲ့တဲ့ စာရေးသက်ကသာ များလာတယ် ။ စာကတော့ တစ်နှစ်ထက် တစ်နှစ် လောက်လောက်လားလား များမလာ ။  စာရေးချင်တဲ့ စိတ်ပျောက်ပြီဟေ့ဆိုရင် မသိစိတ်က အကြောင်းပြချက်တွေ ကိုယ့်ဘာသာကိုယ် ပေးနေသေး တာ ။ “ ငါက သူများတွေလို မဟုတ်ဘူး ။ ရန်ကုန်တစ်မြို့လုံးကို တစ်နေကုန် ဟိုပြေးဒီပြေး ပတ်ပြေးပြီး အလုပ်လုပ်နေရတာ ၊ ပါးစပ်လှုပ်မှ ပါးစပ်လှုပ်နိုင်မှာ ။ စာသင်မှ ထမင်းစားရမှာ ” 

ဘယ်လိုပဲ အကြောင်းပြချက်တွေပေးပေး ၊ တကယ်တော့ အကြောင်းပြချက်ဆိုတာ ဆင်ခြေပါပဲ ။ အကြောင်းပြချက် မျိုးစုံတို့ရဲ့ အောက်မှာ ကြာလာလေလေ ကိုယ့်ပုံရိပ်တွေ အတုံးအရုံးကျလာလေလေပါပဲ ။ အချိန်ဆိုတာ ရပ်ဖို့ ဘယ်တုန်းကမှ မကြိုးစားစဖူး ။ အချိန်တွေ တစ်နေ့တစ် နေ့နဲ့ ရွေ့လာခြင်းရဲ့အောက်မှာ တိုးလာတာဆိုလို့ ဘဝမှာ အသက်တစ်ခုပဲ ရှိလာတယ် ။ “ အရွယ်ဆိုတာ ရလာတာ မဟုတ် ။ ကျလာတာ ”ဆိုတဲ့ ကိုညီမင်းညို ကဗျာတစ်ပုဒ်ရဲ့ စာသားကိုလည်း အကြိမ်ကြိမ် တွေးမိပါရဲ့ ။ မဖြစ် ။ မဖြစ် ။ ဒီအတိုင်း နေလို့တော့ လုံးလုံး မဖြစ် ။

“ ကျွန်တော်က ဝတ္ထုတိုသမားမို့ ဝတ္ထုတိုလောကကို ကျွန်တော် တတ်နိုင်တဲ့ဘက်က စောင့်ရှောက်မှာပါ ။ သေချာပါတယ် ။ ကျွန်တော် ဝတ္ထု တိုတွေ အများကြီး ဆက်ရေးမှာပါ ”

အောင်မယ် ။ ပြီးခဲ့တဲ့နှစ် အမျိုးသားစာပေဆုရတုန်းက အဲဒီအပေါ်က စကားကို စင်ပေါ်မှာ ခပ်တည်တည်နဲ့ ပြောချလိုက်တာ ဘယ်သူရှိရမလဲ ။ ကျွန်တော်လေ ။ ဟိုက ဒီက အင်တာဗျူးတွေကို ဝတ္ထုတိုနဲ့ ပတ်သက်ပြီး ဖြေထည့်လိုက်တာများ ဖြောင့်လို့ ၊ ဖြူးလို့ ။ ကိုယ်ကပဲ ဝတ္ထုတိုလောကကြီးကို ပခုံးနှစ်ဖက်နဲ့ ထမ်းထားသလိုလို ၊ ထမ်းပဲ ထမ်းဦးမှာလိုလို ၊ တစ်သက်လုံးပဲ ထမ်းသွားဦးမှာလိုလို ။ လုပ်ပုံ ၊ လုပ်ပုံ ။ အခုများတော့ အဲဒီ အင်တာဗျူးတွေ ပြန်တွေ့ရင်တောင် ကြည့်ရဲတော့မှာ မဟုတ် ။ မကျေနပ် ၊ မကျေ နပ် ။ လုံးလုံးကို မကျေနပ် ။ ဒီအတိုင်းနေလို့ကတော့ မဖြစ် ။ စဉ်းစား ၊ စဉ်းစား ။ ဘယ်လို ရေးရင် ကောင်းမလဲ စဉ်းစား ။

••••• ••••• •••••

၂ ။

စံပယ်ဖြူနု ရယ်ကတော့ လုံးချင်းတစ်အုပ် ရေးခါနီးတိုင်း ဖေ့စ်ဘုတ်ခ်အကောင့်ကို ခဏ ပိတ်ပါသတဲ့ ။ သူ စာရေးနေတဲ့ အချိန်အတွင်း သူ့ ဆီလာတဲ့ ဖုန်းတွေကိုတောင် စာရေးပျက်မှာ စိုးလို့ စိစစ်ပြီးမှ ကိုင်ပါသတဲ့ ။ ကျွန်တော်က ဝတ္ထုတိုတစ်ပုဒ် ရေးဖို့အရေး ဖေ့စ်ဘုတ်အကောင့် ပိတ်ရတယ် ဆိုရင်လည်း လူကြားလို့မှ မကောင်း ။ အဲဒီထက် ပိုပြီး ဖေ့စ်ဘုတ်ခ်စကားနဲ့ ပြောရရင် “ သောက်ပို ” လုပ်တယ် ပြောကြဦးမယ် ။ ခေတ်ကာလကြီးက ကောင်းတာ မဟုတ် ။ ဖေ့စ်ဘုတ်ခ် တစ်ခွင် ဆိုတာက အားအားရှိ ဆဲချင် ဆိုချင်နေကြတာ ။ ကိုယ်တောင် တစ်ခါတလေ အမြင် မတော်တာ တွေ့ရင် ဟိုပေ့ချ် ဒီပေ့ချ်အောက်မှာ လက်အရှိန် မသတ်နိုင်ဘဲ ဝင်ဝင်ဆဲတတ်သေးတာ မဟုတ်လား ။ သူများကို ကိုယ်က ဆဲတာ ကောင်းပေမဲ့ ကိုယ့်ကို သူများက ဆဲတာကျ ခံချင်မှာ မဟုတ် ။ အဲဒီတော့ ဖေ့စ်ဘုတ်ခ် အကောင့် ပိတ်ပြီး စာရေးဖို့ကလည်း မဖြစ်သေး ။ စဉ်းစား ၊ စဉ်းစား ။

“ ဟဲ့ .. ကိုမင်း ရဲ့ ၊ ဝတ္ထု ရေးဖို့ ဖီလင် မလာတာများ လွယ်ပါ့ဟယ် ။ ဝိုင်လေးတစ်ခွက်လောက်သာ သောက်လိုက် ။ စာရေးချင်တဲ့ ဖီလင်တွေဆိုတာများ ဝေါခနဲ ကျလာလို့ အရှိန်မထိန်းနိုင်ဘဲတောင် ဖြစ်သွားဦးမယ် ။ အစ်မတော့ အဲဒီလိုပဲ လုပ်တာ ၊ ခစ်ခစ် ”

ကျွန်တော် စာရေးလို့ မရဘူးလို့ သွားပြောမိလို့ ဒီစကားကို ပြန်ပြောတာက မန္တလေးက မချောအိမာန် လေ ။ သူ ပြောတာကို မယုံကြည်တာရယ် ၊ ဟုတ်များ ဟုတ်လေမလား ဆိုပြီး စမ်းကြည့်ချင်တာရယ် နှစ်မျိုးပေါင်းပြီး သကာလ သောက်ဖော်သောက်ဖက် ချမ်းထက်ဟန် နဲ့ မြစ်ကျိုးအင်း ကို လှမ်းခေါ် ၊ “ ငါတော့ စာရေးမရလို့ ဒီလို ၊ ဒီအကြောင်းတွေ ဖြစ်နေတယ် ။ မချော ကတော့ ငါ့ကို ဒီအကြံ ပေးတယ် ။ မင်းတို့ ငါ့ကို ဝိုင်းကူကြဦး ” ဆိုတော့ ဒီလို သောက်ဖို့စားဖို့ ကိစ္စတွေနဲ့ ပတ်သက်ရင် အရင်ကတည်းက သိပ်မကူညီချင်ရှာတဲ့ နှစ်ယောက် ဆိုတော့ ဘာပြောကောင်း မတုံး မချော ပြောတဲ့ ဝိုင် ကနေ ဘီယာဘက်ကို ပြောင်း ရောက်သွားသလို စာရေးဖို့ ဖီလင် ရှာရင်း ကျွန်တော်တို့ ဆုံတဲ့ အခြားအချိန်တွေရဲ့ ထုံးစံအတိုင်း ဘောလုံးပွဲတွေအကြောင်း ၊ နိုင်ငံရေးတွေ အကြောင်းဘက် ရောက်သွားလိုက်တာ မူရင်းကိစ္စလည်း စုံးစုံးမြုပ်ကရော ဖြစ်သွားရောလေ ။ အိမ်ပြန်မိုးချုပ်ကြလို့ သူတို့ ချစ်ချစ်တွေ နဲ့တောင် ပြဿနာတက်ကုန်ကြတယ် ဆိုလား ။ အဲဒါတွေကတော့ ကျွန်တော်နဲ့ မဆိုင်ပါဘူး ။ ကိုယ်က ဒီလိုကိစ္စတွေမှာ သူတို့လို စွံတာ မဟုတ်တော့ တိတ်တိတ်လေးပဲ မဆိုင်သလို နေလိုက်ရတာပဲ ၊ ဟုတ်ဘူးလား ။

••••• ••••• •••••

၃ ။

“ ဝတ္ထုဆိုတာ ရေးဖြစ်ဖို့ထက် တွေးဖြစ်ဖို့က အဓိကပဲ ။ များများတွေးထားတဲ့ ဝတ္ထုဆို ချရေးကြည့်လိုက်ရင် နားကင်းပိတ်နေတဲ့ မြွေတစ်ကောင် တွားသွားသလို လျှောခနဲပဲ ။ မိုး ကတော့ ရေးဖို့ထက် တွေးဖို့ပဲ အမြဲစဉ်းစား နေတာ ။ မှော်ဘီ လောက်နဲ့ ရန်ကုန်မြို့ထဲ လောက်ကတော့ မိုး အတွက် တစ်တွေးစာပဲ ၊ ဟင်းဟင်း ”

ကိုယ်ကို သိမ့်သိမ့်တုန်အောင် ၊ နဂိုကတည်းက မကျယ်ရှာတဲ့ မျက်လုံးတွေ မှေးစင်းသည်ထက် မှေးစင်းသွားအောင် တခစ်ခစ်ရယ်ရင်း ဒီစကားကို ခဏခဏ ပြောတတ်တာကတော့ ဆရာ မီမိုး လေ ။ သူကတော့ ဝတ္ထုတို တစ်ပုဒ် အတွက်ဆိုရင် ရေးဖို့ထက် တွေးဖို့က ပိုပြီး လိုအပ်ပါသတဲ့ ။ မမိုး ပြောသလို မရေးဘဲ လျှောက်တွေး ကြည့်လိုက်တော့ ဟုတ် တော့ ဟုတ်သား ။ တစ်နေကုန် တစ်နေခန်း ဟိုသွားဒီသွား ၊ စာသင်ခန်းထဲပါ မချန် ဝတ္ထုတို အကြောင်းတွေ လျှောက်တွေးနေတာ ။ တွေး နေတဲ့ အချိန်မှာတော့ တကယ့်ကို အဟုတ် ။ မမိုး ပြောသလို တစ်တွေးစာတောင် မဟုတ် ၊ နှစ်တွေးစာ ၊ သုံးတွေးစာလောက်ကို တွေးပစ်တာ ။ ညဘက် အိမ်ပြန်ရောက်လို့ တစ်နေကုန် တွေးထားတဲ့ စာတွေ ချရေးကြည့်မယ်လုပ်တော့ တွေးထားတဲ့ အတွေးတွေက လေထဲမှာ ဆပ်ပြာပူ ဖောင်း ပေါက်ထွက်ကုန် သလို တဖောက်ဖောက်နဲ့ အစအနတောင် ရှာမရတော့ ။

ကြာလာရင် အတွေးများပြီး ဆံပင်ဖြူလာတာပဲ အဖတ်တင်မယ် ။ ဝတ္ထု ကောင်းကောင်းရယ်ကတော့ ကျွန်တော့် အတွက် ဖြစ်လာမှာ မဟုတ် ။ ဆံပင်ဖြူမယ် ဆိုလို့ ဟိုတလောက သင်္ဘောသား စာရေးဆရာ နေ ( ပင်လယ်ပြာ ) လေးနဲ့ ဆုံတုန်းက သူက ပြောသေးတာ ။ နေ ( ပင်လယ်ပြာ ) တို့ ၊ သံလွင်ကို ( မော်လမြိုင် ) တို့ ၊ အေထူးအောင် ( အဏ္ဏဝါ ) တို့ ဆိုတာ သင်္ဘောသား ၊ စာရေးဆရာလေးတွေ ဆိုတော့ တော်ကြာ သင်္ဘောတက်သွားလိုက်ကြ ၊ တော်ကြာ ပြန်ရောက်လာကြနဲ့ ။ သူတို့နဲ့က တွေ့လိုက် ၊ မတွေ့လိုက် ဖြစ်နေတာကိုး ။ အဲဒီတုန်းက နေ ( ပင်လယ်ပြာ ) က ပြောသေးတာ ။

“ ဒီတစ်ခေါက် သင်္ဘောပေါ်မှာ တစ်နှစ်နီးပါး ကြာပြီး ကုန်းပေါ်ပြန်တက်တုန်း ကိုမင်း ကို တွေ့ရတာ တော်တော် ထူးခြားတယ် သိလား ။ ကိုမင်းရဲ့ ဝတ္ထုတွေ ဟိုးအရင်လို ဟော တစ်ပုဒ် ၊ ဟော တစ်ပုဒ် ဖတ်ရ တာမျိုး ထူးခြားတာတော့ မဟုတ်ဘူး ။ ဒီတစ်ခေါက် ပြန်အတွေ့မှာ ကိုမင်း သိသိသာသာ အိုစာသွားတာပဲ ထူးခြားတာ ”

နေ ( ပင်လယ်ပြာ ) ဆိုတဲ့ သူကောင်းသားလေးက အဲသလိုကို ပြောတာ ။ သူ ပြောသလို လူက အိုစာသွားတာ ပြဿနာ မရှိ ။ စာတွေ အရင်လို မရေးနိုင်တော့တာသာ ပြဿနာ ။ အဲဒီလို အပြောခံရလို့ကတော့ သူတို့ကို ကျွန် တော် ပြန်ပက်နေကျ စကားကတော့ ရှိရဲ့ ။ သူတို့ ဆိုတာက အရွယ်မတူ ၊ ရုပ်မတူ ၊ အသက်မတူ ၊ ရေးတဲ့ ဝတ္ထုတွေရဲ့ ဟန် ကလည်း မတူပေမဲ့ ရွှေအမြုတေ မဂ္ဂဇင်းက မွေးဖွားပေး လိုက်လို့ ရွှေစာမျက်နှာထက်မှာ အတူတူ ရေးကြရင်း တကယ့် ညီအစ်ကိုအရင်း ၊ မောင်နှမအရင်းတွေလို ဖြစ်နေ ကြတဲ့ မြစ်ကျိုးအင်း တို့ ၊ နေ ( ပင်လယ်ပြာ ) တို့ ၊ သံလွင်ကို ( မော်လမြိုင် ) တို့ ၊ ဆေးဆေ တို့ ၊ ရွှေသင် တို့ ၊ ယုယ တို့ ၊ စုသဲမွန် တို့ကို ပြောတာ ။

“ ငါကနော် ... မရေးနိုင်တော့တာ မဟုတ်ဘူး ၊ မင်းတို့ကို နေရာပေးချင်လို့ကို တမင် မရေးတာ ။ မင်းတို့ အရွယ်တုန်းကများဆို မင်းတို့လို ဘယ်ဟုတ်လိမ့်မလဲ ။ ဟောတစ်ပုဒ် ၊ ဟောတစ်ပုဒ် စက်နဲ့ လှိမ့်ထုတ်ပစ်သလိုကို ရေးပစ်တာ ၊ ဘာမှတ် ”

ဟုတ်သော်ရှိ ၊ မဟုတ်သော်ရှိ ဆိုတာတောင် မဟုတ်သော်ရှိက တော်တော်များများပါ ။ မတတ်နိုင်ဘူးလေ ။ ဝတ္ထုတွေ ရေးပြီး အနိုင်မယူ နိုင်တော့ ဒီလိုပဲ စကားနဲ့ အနိုင်ယူရတာပါပဲ ။ ဒါတောင် မခင်သန္တာ တို့ ၊ စံပယ်ဖြူနု တို့ ရှေ့ရောက်ရင် အဲဒီ စကား မပြောရဲပါဘူး ။ သူတို့က ဝတ္ထုတိုတောင် မဟုတ် ၊ လုံးချင်းတွေတောင် ဟောတစ်အုပ် ၊ ဟောတစ်အုပ် ရေးထုတ်နေကြတာ ။ မိကျောင်းမင်းတွေကို ရေခင်းသွားပြလို့က မလုပ် စကောင်းဘူး မဟုတ်လား ။

••••• ••••• •••••

၄ ။

ဟို တလောလေးကတော့ ဆေးဆေ တို့ ၊ ရွှေသင် တို့ ၊ ယုယ တို့က “ ကိုကြည် ” လို့ ချစ်စနိုး ခေါ်ကြတဲ့ ဇေဦးယျာ နဲ့ စကား ပြောဖြစ်တယ် ။ ဇေဦးယျာ ကို ဆေးဆေ တို့က ကိုကြည် လို့ခေါ်တာကို ကျွန်တော်က အစကတော့ သဘော မပေါက်ပါဘူး ။ ဇေဦးယျာ ရေးတဲ့ ဝတ္ထုနာမည်တွေက ‘ မသန်းကြည် ’ တို့ ‘ အခါကြည် ’ တို့ ဆိုတော့ ဝတ္ထုနာမည်တွေကို လိုက်ပြီး ကိုကြည် လို့ ခေါ်သလားပေါ့ ။ အဲဒီလို တွေးမိတာ ။ တကယ်တမ်းကျတော့ အဲဒီလို မဟုတ် ။ ဇေဦးယျာ ရေးတဲ့ ဝတ္ထုထဲက ဇာတ်ကောင်လေးတွေရဲ့ အတွေး ၊ အမြင် ၊ သရုပ်သဏ္ဌာန်လေးတွေက အမြဲတမ်း ချစ်စဖွယ်အကြည်ဓာတ်လေးတွေနဲ့မို့ ဇေဦးယျာ ကို ကိုကြည် လို့ ခေါ်ကြတာပါတဲ့ ။ ဆေးဆေ တို့ ပြောတော့လည်း ဟုတ်သား ။ ဇေဦးယျာ ရဲ့ ဇာတ်ကောင်လေးတွေက ချစ်စဖွယ် အကြည်ဓာတ်ကလေးတွေ အပြည့်နဲ့ကိုး ။

စာရေးရင် အဓိကလို အပ်ချက်က အကြည်ဓာတ်လို့ ပဲ ကျွန်တော်က ထင်တာ ။ စိတ်ကလေးများ ကြည်ကြည်လင်လင် ဖြစ်နေရင် တွေးသမျှဟာ ဝတ္ထု ဖြစ်နေတော့တာမျိုး ။ အဲဒါကလည်း ဟိုတုန်းကပြောတာ ဟိုးတုန်းက ။ အခုတော့ အကြည်ဓာတ် က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အစရှာမရသလိုမျိုး ။ အကြည်ဓာတ်ရယ်က ဘယ်ဆီရောက်လို့ ပျောက်နေမှန်း မသိ ။ ကျွန်တော် လုပ်ရတဲ့ အလုပ်က ဆယ်တန်းကျောင်းသားတွေကို ကျူရှင်သင်တာမို့ တစ်နေ့တစ်နေ့ ကျောင်းသားမိဘတွေ ၊ ကျောင်းသားတွေနဲ့ ရှည်လိုက်ရတဲ့ စိတ် ။ ညီအစ်ကိုတွေ တူတွေနဲ့ ကျရင် ဖုန်းပြောရင်တောင် စိတ်မရှည်ဘူးလို့ကို သတင်းကြီးတာ ။ အဲဒီလို အလုပ်မှာ အတင်းကာရော ဆွဲဆန့်ပြီး မရှည်ချင့်ရှည်ချင် မဖြစ်မနေ ရှည်ထားရတဲ့ စိတ်ဟာ မိသားစုနဲ့ စကားပြောတဲ့အခါကျရင် တိုင်းလို့ ၊ ထွာလို့ မရ အောင်ကို တိုပြီလေ ။ ကဲ ... အဲဒီတော့ စာရေးဖို့ အကြည်ဓာတ် ဆိုတာ ဘယ်မတုံး ။

အဲဒီတုန်းကလည်း စာရေးဖို့ အကြည်ဓာတ် လုံးလုံး မရှိလို့ အကြည်ဓာတ်လေး များရလေနိုးနဲ့ ကိုကြည် ခေါ် ဇေဦးယျာ နဲ့ စကားပြောမိခါမှ သူ့အလုပ်နဲ့ ပတ်သက် ပြီး ၃၆ နာရီ ဆိုလား ၊ ၄၈ နာရီဆိုလား တစ်စက်ကလေးမှ မအိပ်ရသေးလို့ ညည်း လိုက် ၊ ညူလိုက်တာ ဆိုတာများ ခိုတွေ ကတောင် အဘိုး လို့ ခေါ်ရဦးမယ့်ပုံပဲ ။ ဇေဦးယျာ ရယ်က သားဖွားမီးယပ် ဆရာဝန် ဆိုတော့ ကလေးမွေးတဲ့ အကြောင်းတွေ အပြင် ၊ ကျွန်တော်လည်း ဘယ်လိုမှ မသိနိုင်တဲ့ ကျွန်တော်နဲ့လည်း ဘယ်လိုမှ မသက်ဆိုင်တဲ့ အမျိုးသမီးကိစ္စတွေ ပြောလို ပြော ။ အဲဒီ ကတည်းက ဒင်း ( သင်း ) ၄၈ နာရီ မအိပ်ရသေးဘူး ဆိုတာ ဟုတ်လောက်တယ် ။ ဒါကြောင့် ကြောင်တောင်တောင် ဖြစ်နေပြီလို့ စိတ်ထဲကနေ ကောက် ချက် အမြန်ချ ၊ “ မင်းတို့ ဆရာဝန်တွေကလည်း ညည်းကို ညည်းနိုင်လွန်းတယ် ။ ကိုယ် ရွေးချယ်ထားတဲ့ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်ဆိုတာ ဘလာ ဘလာ ၊ ဘာညာ ဘာညာဆိုပြီး ကျူရှင်ဆရာ အသံနဲ့ ဖိဟောက်ပစ်ပြီး ဖုန်းကို အမြန်ချပစ်လိုက်ရတော့ တာ ။ ကဲ ... ဘယ်မှာတုံး ကိုကြည့် ဆီက အကြည်ဓာတ် ဆိုတာ ။

••••• ••••• •••••

၅ ။

“ တောင် တောင် တောင် ”

ဖုန်းလိုင်းလေးများ မဖွင့်လိုက်နဲ့ ဖွင့်လိုက်တာနဲ့ Group Chat က တတောင်တောင်နဲ့ စာတွေ အဆက်မပြတ် တက်လာတော့တာလေ ။ Group Chat နာမည်ကလည်း အဆန်းသား ။ “ ပျင်းလို့ပါခွာ ” တဲ့ ။ ဖေ့ဘုတ်စ်စကားနဲ့ ကွာ ကို ခွာ လုပ်ထားတာ ပေါ့ ။ ဒီဂရုကို လိုင်းပေါ်မှာ စ,ဖွဲ့တာက မဖြူ ဆိုတဲ့ အဖြူရောင် ( ရွှေ ) လေ ။ ဂရု ထဲမှာက တစ်နိုင်ငံလုံးရဲ့ အနှံ့အပြားမှာ ရှိတဲ့ ရွှေအမြုတေ က မွေးထုတ်ထားတဲ့ ကလောင်ရှင်တွေက မနည်းမနော ။ ဘယ်နှယောက် ရှိနေမှန်းတောင် မသိ ။ ဂရု ဖွဲ့ခါစကတော့ ဒီလောက် မများပါဘူး ။ နောက်ပိုင်း ဟိုလူက ဟိုလူ့ ဆွဲထည့် ၊ ဒီလူက ဒီလူ့ဆွဲထည့်နဲ့ ဂရုထဲမှာ စာရေးသူ သောင်းခြောက်ထောင်နဲ့ စည်ကားနေတော့တာ ။

စာရေးဆရာတွေ တော်တော် စာရိုက်နိုင်တယ် ဆိုတာကို ဒီ ဂရု ကမှ တကယ်ကို သက်သေပြတာ ။ ဝတ္ထုတို တစ်ပုဒ်အကြောင်း ငြင်းကြပြီဆို မပြီးနိုင် မစီးနိုင် အရီးကြိုင် ။ ရွှေအမြုတေ တစ်လတစ်ခါ ထွက်ပြီ ဆိုရင်လည်း တစ်ယောက် အမြင် တစ်ယောက် ဝင် ရေးကြတာက ရွှေအသစ်တွေရဲ့ ဝတ္ထုတွေ ကနေ ရွှေပဲ့ကိုင်ရှင် ဆရာ ဦးဝင်းငြိမ်း ရဲ့ အကြောင်း အထိ ။

ဒီဂရုမှာ အမြဲတမ်း ဝုန်းဒိုင်းကြဲနိုင်သူတွေက ကိုညီမင်းညို ၊ ကိုသတိုး ၊ ကိုခန့်ညီဖေ ၊ ယုယ ၊ မခင်သန္တာ ၊ မြစ်ကျိုးအင်း ၊ စံပယ်ဖြူနု ၊ ရွှေသင် ၊ မချော ၊ မှူးဆက်ပိုင် ( ရွှေတောင် ) ၊ ဥသြ ( ချယ်ရီမြေ ) အစရှိသဖြင့် ဆက်ရေးမယ် ဆိုရင် စာမျက်နှာတောင် ဆံ့မှာ မဟုတ် ။ ရွှေအမြုတေ က မွေးထုတ်ထားတဲ့ တစ်နိုင်ငံလုံးက စာရေးသူတွေ တကယ့်ကို အများကြီး ရှိနေတာ ။ ပြီးတော့ ဂရုထဲမှာ အမြဲဝုန်းဒိုင်း ကြဲနေကြသူတွေထဲက “ ဝမ်းဆွဲမတွေ ” လို့ ကျွန်တော် နာမည်ပေးထားတဲ့ ဆရာဝန် တစ်အုပ်လေ ။ ဇေဦးယျာ ၊ ရေအေး ၊ ကောင်းမြတ် ၊ ရဲရင့်လုံ ( ဆေး - မန်း ) ၊ ဟမ်စိုင်း ( ဆေး - မန်း ) အစရှိသူတို့ပေါ့ ။ သူတို့က အားအားရှိ ကလေးမွေးတဲ့အကြောင်းတွေ ၊ ဘယ် ကလေးကို ဘယ်လို မွေးတုန်းက သူတို့မျက်နှာတွေကို ရေမြွာရည်တွေ ဘယ်လို စဉ်တဲ့ အကြောင်းပဲ ပြောနေကြ တော့ ကျွန်တော်က “ ဝမ်းဆွဲမတွေ ” လို့ နာမည်ပေးထားတာ ။

ဒီဂရုကို စဖွဲ့တုန်းက စာအကြောင်း ပေအကြောင်းတွေ ဖလှယ်ကြရင်း ၊ ဝေဖန် သုံးသပ်ကြရင်း စာရေးချင် စိတ်တွေ နှိုးဆွလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက် ခပ်ပါးပါးလေးလည်း ဂရုစဖွဲ့သူ မဖြူ မှာ ရှိခဲ့မယ် ထင်ပါရဲ့ ။ ဒါပေသိ ဂရုဖွဲ့ပြီး နောက်ပိုင်းများမှာတော့ တစ်နိုင်ငံလုံးက ရှိရှိသမျှ သတင်းတွေ ငြင်းခုံဝေဖန်နေရတာနဲ့တင် စာရေးဖို့ ဆိုတဲ့ အင်စပီရေးရှင်း ကူးလူးယှက်ယူဖို့ ဘယ်မှာတုံး ။ စာရေးဆရာ ဆိုတဲ့ သူတွေကလည်း ငြင်းစရာ မရှိရင်တောင် တစ်ယောက်တည်း မှန်ထောင် ငြင်းနေတတ်တဲ့ အမျိုးအစားလေ ။ ရင်းနှီးခင်မင်မှုတွေ တစ်ရစ်တစ်ရစ် ထပ်တိုးလာခဲ့ပေမဲ့ ဂရု ထဲကို ဝင်ပြီး ငြင်းခုံနေရတာနဲ့ စာရေးဖို့အကြောင်း အရာရယ် ကတော့ စိတ်ထဲ ရှိနေခဲ့တဲ့ အတွေးမျှင်မျှင် လေးတွေတောင် ဘဲဥအစ ရှာမရတော့ သလိုလေ ။ ကဲ ... ။

••••• ••••• •••••

၆ ။

“ ဟေး - ဘုတ်ဆုံ ”

“ ရှန်ဘာတုံး ”

“ ညတစ်နာရီ ကျော်နေပြီ မအိပ်သေးဘူးလား ။ လိုင်းပေါ်မှာ ဘာလုပ်နေတာတုံး ။ ငါက စာရေးမလို့ မအိပ်သေးတာ ”

“ အောင်မယ် ... သူများကို လာပြောနေသေး ။ သူလည်း စာရေးမယ်ဆိုသေး ၊ လူက လိုင်းပေါ်မှာ ”

“ ဪ ... စာရေးမလို့ပါ ဆိုဟာ ... ငါ့ဇာတ်လမ်းတစ်ခု အတွက် အချက်အလက်တွေ လိုင်းပေါ်တက် ရှာနေတာ ၊ ဘာမှတ် ”

ရွှေအမြုတေက ရေးဖော်ရေးဖက် ငွေဇင်ယော်ဦး ( မိုးကုတ် ) ကို ကျွန်တော်တို့ ရင်းနှီးသူတွေက သူ့နာမည်အရင်းလေးး ဘုတ်ဆုံ လို့ပဲ ခေါ်ကြတာ ။ ငွေဇင်ယော်ဦး က ကျွန်တော်နဲ့ သက်တူရွယ်တူ မဟုတ်ပေမဲ့ ရွှေအမြုတေ မှာ စာစရေးကြတဲ့ နှစ်က အတူတူမို့ ကျွန်တော့်ရဲ့ စာရေး ဖော်ရေးဖက် အစစ် ။ ၂ဝဝ၅ မှာ ရွှေအမြုတေရဲ့စာမျက်နှာကို အတူတူ စပြီး ဖြတ်ကြတော့ မှတ်မိသေးတယ် ။

ကျွန်တော် ရယ် ၊ ကိုမိုးကျော်ဇင် ရယ် ၊ မှူးဆက်ပိုင် ( ရွှေတောင် ) ရယ် ၊ မဖြူ ရယ် ၊ ငွေဇင်ယော်ဦး ( မိုးကုတ် ) ရယ် ။ ဆရာ ဦးဝင်းငြိမ်း ရဲ့ ရွှေအမြုတေ ကနေ မွေးထုတ်ထားတဲ့ စာရေးသူတွေ အားလုံးက ညီအစ်ကို မောင်နှမတွေ ဆိုလို့ ရှိရင် ဒီလေးယောက်ကတော့ ကျွန်တော့် အတွက် အမြွှာညီအစ်ကို ၊ မောင်နှမတွေပေါ့ ။ တစ်နှစ်တည်းမှာ ရွှေအသစ် ဖြစ်ရင်း စာပေလောက ထဲကို အတူရောက်လာခဲ့ကြသူတွေ ဆိုတော့လေ ။

“ ကိုမင်း စာရေးမယ် ဆိုမှ သတိရတယ် ။ သူများလည်း စာရေးဦးမလို့ ။ ဘာလိုလိုနဲ့ ရွှေအမြုတေနှစ် ၃ဝ ပြည့်တော့မှာနော် ။ သူများတို့လည်း စာရေးသက် ၁၅ နှစ် ဖြစ်လာပြီ ။ ရွှေမှာ စာရေးသက် ၁၅ နှစ်မှာ ဝတ္ထုအပုဒ် အရေအတွက် ၃ဝ မှ မပါ လိုက်ရရင် မနိပ်သေးဘူး ”

“ အဲဒါ ပြောတာ ဘုတ်ဆုံရေ ... ။ ညည်းကမှ ပြောအား ရှိသေး ။ ငါ့မှာ အပုဒ် ၃ဝ မပြည့်ခင် လူက ဂိနေပြီ ။ အခုတောင် စာရေးမလို့ ။ ဘာအကြောင်းကို ဘယ်ကစ ရေးရမှန်း မသိတာ နဲ့ ဟိုစာ ဒီစာ ရှာရင်း နောက်ဆုံး ညည်းကို စကားလာ ပြောကြည့်တာ ”

“ ဒါများ ကိုမင်းရယ် ... လွယ်လွယ်လေး ။ ရွှေ မှာ ခေတ်အဆက်ဆက် ရေးခဲ့တဲ့ ရွှေအသစ်တွေရဲ့ အကြောင်း ကိုမင်း မှာ မှတ်တမ်းမှတ်ရာနဲ့ အပြည့်အစုံ ရှိနေတာပဲ ။ အဲဒီအကြောင်းတွေ ဝတ္ထု လုပ်ပြီး ရေးပါလား ။ ရွှေ မှာ ဝင်ရေးပြီးမှ ပျောက်ကုန်ကြတဲ့ ရွှေ အသစ်တွေ အကြောင်းလေ ။ ပျောက်ကုန်ကြတယ် ဆိုလို့ မဝေ တောင် ရွှေ မှာ မရေးတာ ကြာပြီနော် ။ စာတွေ ပြန်ရေးဖို့ လိုင်းပေါ် တွေ့မှ တိုက်တွန်းဦးမှ ”

“  .............. ”

“  .............. ”

“ ဟေး .. ကိုမင်း ၊ ဆရာ အခုချိန်ထိ လိုင်းပေါ်မှာ ရှိနေတယ်တော့ ။ အခု ည ၂ နာရီ တောင်ကျော်နေပြီ ”

ကျွန်တော် ကလည်း ဘုတ်ဆုံ နဲ့ ပြောရင်း ပြောလက်စ ပြတ်သွားလို့ လိုင်းပေါ်မှာ အခြား စာတွေ လျှောက်ဖတ် ၊ ဝတ္ထုတစ်ပုဒ်များ ရလိုရငြား အချက်အလက်တွေ လျှောက်ရှာနေတာနဲ့ အချိန်အတော်လေး ကြာသွားတယ် ။ အဲဒီ အချိန်ကျမှ ဘုတ်ဆုံ ဆီက မက်ဆေ့ချ်တွေ အလန့်တကြား ဝင်လာတာ ။

“ မေးကြည့်လိုက်လေ ၊ ဆရာ ဘာလုပ်နေတာလဲလို့ ”

“ ဟာ .. မမေးရဲပါဘူး ။ ဆရာ့ကို သွားမေးကြည့်မှ နင်ရော ဒီအချိန်ကြီး လိုင်းပေါ် ဘာလုပ်နေတာလဲဆိုမှ ဒုက္ခတော့ ။ သူများက လိုင်းပေါ်မှာ အလုပ်လုပ်နေတာ ဆရာ့ကိုလည်း ရှင်းမပြချင်ပါဘူး ။ ကိုမင်း မေးပေးပါလား ၊ ဆရာ နေကောင်းရဲ့လား မသိ ”

ဘုတ်ဆုံ ကတော့ ဒီလိုပါပဲ ။ ဆရာ့ကို လိုင်းပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အမြဲမပြတ် အရိပ်အကဲ ကြည့်နေတတ်ပေမဲ့ စကားစမြည်အနေနဲ့တော့ ဘယ်တော့မှ မပြောတတ် ။ ဘုတ်ဆုံ မှ မဟုတ် ၊ ကျွန်တော်လည်း လိုင်းပေါ်မှာ ဆရာ့ကို ထွေလီကာလီ ပြောမနေတတ် ။ တိုက်ခန်းတစ်ခန်းမှာ တစ်ယောက်တည်း နေရတဲ့ ဆရာ့ကို နေကောင်းကျန်းမာရေး အတွက် စိုးရိမ်စိတ် အပြည့်ရှိတတ်ပေမဲ့ ထွေထွေထူးထူးတော့ ပြောမနေတတ် ။ နေကောင်းလားဆရာ လို့ ရံဖန်ရံခါ သွားမေးကြည့်လို့ အေး ကောင်းတယ် ဆိုရင် ပြီးပြီ ။ ဒီလောက်ပဲ ။

“ မေးကြည့်ပေးပါ ကိုမင်း ရဲ့ ၊ ဆရာ နေများ မကောင်းသလား ”

“ ဆရာက ပြီးခဲ့တဲ့လ မှ ကိုခန့်ညီဖေ တို့နဲ့ ဘန်ကောက်မှာ ဆေးစစ်ပြန်လာပြီး ဘာသံမှ မကြားရပါဘူး ။ နေကောင်းနေလို့ ဖြစ်မှာပါ ။ ဟိုတစ်ပတ်ထဲကတောင် မြစ်ကျိုးအင်း တို့ ၊ ရွှေသင် တို့နဲ့ ငါ ဆရာ့ ဆီ ရောက်သေးတာပဲ ။ အခုက ဟိုကောင် မြေမှုန်လွင် နှိပ်စက်ထားလို့ မြေမှုန်လွင် ဘာသာပြန် ခိုင်းထားတဲ့ စာအုပ်ကို ဘာသာပြန် နေရင်း လိုင်းဖွင့်ထားတာနေမှာပေါ့ ”

ကျွန်တော် ပြန်ပြောလိုက်တော့ ဘုတ်ဆုံ ဘက်က ခဏတော့ တိတ်သွားတယ် ။ ဒါပေမဲ့ လိုင်းပေါ်မှာ ရှိနေတုန်းပဲ ။ မီးလေးက စိမ်းလို့ ။ ဆရာ့အကောင့် မှာလည်း မီးလေးက စိမ်းလို့ ။ ဒီဆရာ တပည့်နှစ်ယောက်နဲ့တော့ ခက်ပြီ ။ ကိုယ့်ဘာသာကိုယ်လည်းသွားမမေး ။ ကျွန်တော်လည်း ဝတ္ထုရေးဖို့ ရှာနေတဲ့ အချက်အလက်တွေ ဆီမှာလည်း စိတ်က မရောက်တော့ ။ လျှောက်ဖတ်နေတဲ့ စာတွေကိုလည်း စိတ်က မမှတ်နိုင်တော့ ။

“ ဟေး .... ကိုမင်း ”

“ အေးဟေ့ ... ခဏလေးစောင့် ”

ဘုတ်ဆုံဆီ စာပြန်ပို့ရင်း ကျွန်တော်က ဆရာ့ကို စကားသွားပြောတယ် ။ မီးလေးသာ စိမ်းနေတယ် ။ ဆရာ့ဆီက ပြန်စာက တော်တော်နဲ့ မလာ ။ “ ဒီအချိန်ကြီး ငါ့ဆရာလည်း ဘယ်သူနဲ့များ ချက်နေလဲမသိ ” လို့ စိတ်က ခပ်ဆောင့်ဆောင့် တွေးလိုက်သေးတယ် ။ အတော်ကြီးကို ကြာမှ ဆရာ့ဆီက ပြန်စာရတယ် ။

“ ကဲ ... ဘုတ်ဆုံရေ ... ဆရာ့တိုက်ခန်း မီးပြတ်နေလို့တဲ့ ။ သူ့ရဲ့ အောက်ဆီဂျင်စက်ကြီး မီးပြတ်လို့ ဖွင့်မရတာနဲ့ မအိပ်ဘဲ ထ,ထိုင် ၊ လိုင်းသုံးနေတာပါတဲ့ ။ မီးပြတ်လို့ အိပ်ရေးပျက်တာ ရန်ကုန်မှာတော့ မဆန်းတော့ပါဘူး ။ ကြိုးစားအိပ်ကြည့်ဦး ဆရာ လို့တော့ ငါ ပြောထားတယ် ။ မိုးလည်း လင်းတော့မယ် ။ ညည်းလည်း အိပ်တော့သိလား ။ ငါလည်း ဝတ္ထုရေးဖို့ ဘာအချက်အလက်မှလည်း မရှာနိုင်တော့ဘူး ။ အိပ်ပြီ ၊ ဒါပဲ ။ ဂွတ်မောနင်း ဘုတ်ဆုံ ”

▢  မင်းဝေဟင်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      နိုဝင်ဘာ ၊ ၂၀၁၉

Monday, July 14, 2025

အဖြူရောင် ကြက်ခြေခတ်များ


 

❝ အဖြူရောင် ကြက်ခြေခတ်များ ❞
          ( မင်းဝေဟင် )

( ၁ )

ကျုပ်ကို “ ဘုကန့်လန့်ကောင် ” တဲ့ ။

ကျုပ်ရဲ့ ယောက္ခမတွေ ကိုယ်တိုင်က ခေါ်ဝေါ်သတ်မှတ်ကြတာ ။ ကောင်းရော ။ ဖြစ်ပုံက ဒီလို ။ ကျုပ်နဲ့ သူတို့ သမီး “ ခင်ထား ”   အကြင်လင်မယား စပြီး ဖြစ်ကာစကပေါ့ ။ ကျုပ်ရဲ့ ယောက္ခမတွေ အိမ်မှာ ပွဲတစ်ပွဲ ကျင်းပတယ် ။ သူတို့ ပြောတာတော့ မင်္ဂလာနတ်မြှောက်တာဆိုလားပဲဗျာ ။ အိမ်ရဲ့ ခေါင်းရင်းခန်းမှာ အုန်းပွဲ ၊ ငှက်ပျောပွဲတွေ ဆိုတာ မြင်မကောင်း ဘူးဗျို့ ။ ငါးကြော်တွေ ၊ ကြက်ကောင်လုံးကြော်တွေတောင်ပါသေး ။

နတ်ကတော် ဆိုတဲ့ လူကလည်း ပါးစပ်က ပွစိ ၊ ပွစိ ၊ လူက ရွစိ ၊ ရွစိနဲ့ အုန်းပွဲတွေ နားမှာ ခြေရှုပ်နေတာ မျက်စေ့တောင် နောက်စရာ ။ နတ်ကတော် ဆိုလို့ နားမရှုပ်သွားနဲ့ ဦး ။ နတ်ကတော် ဆိုတာ သူတို့ ပြောတဲ့ မမြင်နိုင်တဲ့ နတ် ဆိုတာကို “ ဟိုဟာလေး စားပါ ၊ ဒီဟာလေး သုံးဆောင်ပါ ” နဲ့ ပါးစပ်က အမြှုပ်ထွက်မတက် ပြောရတဲ့ သူပဲဗျို့ ။ တစ်နည်းအားဖြင့် ပါးစပ် အငှားလိုက် နေရတဲ့ သူပေါ့ဗျာ ။ အံ့ပါရဲ့ဗျာ ။ ဒီခေတ်ထဲမှာ သူများကိ စ္စတွေကိုများ ပါးစပ် အငှားလိုက်နေရတယ်လို့  ။ ထားတော့ ။ ဒါကလည်း သူ့ရဲ့ ဝမ်းရေး အတွက်ကိုး ။

ခဏကြာတော့ အဲဒီ နတ်ကတော်က ကျုပ်နဲ့ ကျုပ်ဇနီးကို လက်အုပ်ချီခိုင်းတယ် ။ ကျုပ်လည်း ဘာမသိ ၊ ညာမသိ လက်အုပ်ချီရတယ်ပေါ့ ။

ကျုပ် ဒီလောက်ထိ ခွင့်လွှတ်ပါသေးတယ် ။ ကျုပ် စိတ်တိုသွားတာက ဒီလို  ၊ နတ်ကတော် ဆိုတဲ့ လူက သူ့ ပါးစပ်က ပွစိ ၊ ပွစိ ၊ ပြောလို့ အားမရဘူး ။ ကျုပ်တို့ ကိုပါ လိုက်ဆိုခိုင်းတယ် ။ အဲဒီမှာတင် ကျုပ် သည်းမခံနိုင်တော့ဘူး ။

ဘယ့်နှယ်ဗျာ ။ ဘုန်းကြီးလည်း မဟုတ် ၊ သက်ကြီးရွယ်အိုလည်း မဟုတ် ။ ဘာမှလည်း မမြင်ရတဲ့ သူတို့ ပြောတဲ့ နတ် ဆိုတာကို လက်အုပ် ချီပေးထားတာပဲ တော်လှပြီ ။ ပါးစပ်က ပွစိ ၊ ပွစိနဲ့ တော့ လိုက်မဆိုနိုင်ပေါင်ဗျာ ။ အဲဒီမှာတင် ကျုပ်လည်း “ လိုက်မဆိုနိုင်ဘူး ” လို့ တစ်ခွန်းတည်း ငြင်းလိုက်ရော နတ်ကတော် သာမက ၊ ကျုပ် ရဲ့ ယောက္ခမတွေပါ ပြူးပြူးပျာပျာတွေဖြစ်လို့ ။

“ သားတော်လေးက နားမလည်လို့ပါ ၊ သားတော်လေး ကို ခွင့်လွှတ်ပါ ” ဆိုပြီး အဲဒီ မမြင်ရတဲ့ နတ်ကို ကုန်းပြီး ကန်တော့လိုက်ကြတာများဗျာ ။ ကျုပ်ဖြင့် ရယ်ချင်ရော ။ အဲဒီမှာတင် ပွဲရှိန်က ပိုမြင့်လာတာဗျို့ ။ သူတို့ ကုန်းကန်တော့ကြလို့ အားမရကြသေးဘဲ ကျုပ် ကိုပါ ကန်တော့တောင်းပန်ဖို့ ပြောလာကြတာ ။ အဲဒီမှာ ကျုပ်လည်း “ အဲဒီ နတ်ဆိုတာကြီးက ကျုပ်ကို ကိုယ်ထင်ပြရင် ကျုပ်လည်း ကန်တော့မယ် ” လို့လည်း ပြောလိုက်ရော သူတို့တွေရဲ့ စိုးရိမ်တဲ့ ပုံစံ တွေ ကနေ ထိတ်ထိတ်ပျာပျာ အလန့်တကြား ဖြစ်ကုန်ကြတယ် ။ အဲဒီမှာတင် ကျုပ်လည်း ဆက်ပြီး “ အဲဒီနတ် ဆိုတာကြီးက ကျုပ်ကို တစ်လအတွင်း ချမ်းသာအောင် မ,နိုင်မယ် ဆိုရင်တော့ ကျုပ် ကိုးကွယ်ဖို့ စဉ်းစားမယ် ။ မဟုတ်လို့ ကတော့ အချိန်ကုန် ၊ ငွေကုန် မခံနိုင်ဘူးဗျို့ ။ ကျုပ် စီးပွားရေး လုပ်ရဦးမယ် ” လို့လည်း ပြောလိုက်ရော ကျုပ်ရဲ့ ယောက္ခမတွေ ပါးစပ်တွေ ပိတ်မရအောင် ဟောင်းလောင်းကြီး ဖြစ်သွားကြတယ် ။ အကြောက်လွန်ပြီး မင်တက်သွားတာထင်ပါ့ဗျာ ။

အဲဒီအချိန်က စပြီး ကျုပ် နာမည် “ ဘမှန် ” ကနေ “ ဘုကန့်လန့် ” ဆိုတဲ့ နာမည်ကို ဘာ ကင်ပွန်းတပ်ခြင်းမှ မပါဘဲ အလိုလို ရောက်သွားတော့တယ် ။ ကဲပါဗျာ .. ။ ဒီအကြောင်းက ကြာခဲ့ပြီပဲ ။ ထားလိုက်ပါတော့ ။

••••• ••••• •••••

( ၂ )

ကျုပ်သား အလတ်ကောင် ဆယ်တန်း အရောက်မှာ ကျုပ်နာမည်က ပြန်ပေါ်လာတာ ။ အဲဒီတုန်းက ကျုပ်လည်း အလုပ်က ပြန်လာ ၊ အိမ်မှာ ရေချိုး ၊ ထမင်းစား ပြီးလို့ ဧည့်ခန်းမှာ အေးအေးဆေးဆေး သတင်းစာ ဖတ်နေတုန်း ပြဿနာက စတာ ။ ကျုပ် အလုပ်က ပြန်လာတုန်းက ကျုပ်သား အလတ်ကောင်နဲ့ သူငယ်ချင်းတစ်စု ၊ ခြံထောင့်မှာ ဂစ်တာတစ်လက်နဲ့ အလုပ်ရှုပ် နေကြတာတော့ မြင်ခဲ့သား ။ ခဏကြာတော့ သူတို့ရဲ့ ဂစ်တာ ဝိုင်းလေးကနေ တစ်ယောက်တစ်မျိုးစီ သီချင်းတွေ အော်ဆို နေလိုက်ကြ တာ ။ သံစုံတီးဝိုင်းကို ဖြစ်လို့  ။ ဒီလောက်ထိ ကျုပ် ခွင့်လွှတ်နိုင်ပါတယ် ။ ကျုပ်လည်း ငယ်ရာက ကြီးလာတာပဲဗျာ ။

အခုတော့ အဲဒီလောက်နဲ့ မဟုတ်တော့ဘူးဗျို့ ။ သံပြိုင်သီဆိုနေကြ ရာက တစ်ယောက် က ထ က ၊ ဟော နောက်တစ်ယောက် ကပါ ထ ကနဲ့  ၊ တစ်ဖွဲ့လုံး ထ ကလိုက်ကြတာ နိုင်ငံခြားစတေ့ရှိုး မှတ်ရလောက်အောင် ဆူညံရှုပ်ထွေးနေကြလို့ ပေါ့ ။ ကျုပ် လည်း သည်းမခံနိုင်တော့ဘူး ။ အဲဒီမှာ တင်ကျုပ်လည်း “ မင်းတို့ ဒါဘာလုပ်နေကြ တာလဲကွ .. ဟေ ” လို့ လည်း ဆိုလိုက်ရော အားလုံးကတော့ ရပ်သွားပါရဲ့ ။ ကျုပ် ကို ကြည့် နေလိုက်ကြတဲ့ပုံတွေများ သွေးလန့်တတ်တဲ့ သူ ဆိုရင် ပွဲချင်းပြီးတောင် လဲသေသွားနိုင်တယ် ။

“ မင်းတို့ ပုံတွေလည်း ပြန်ကြည့်ကြဦး ၊ လမ်းသွားလမ်းလာ မြင်လို့မှ မကောင်း ။ ဒါတွေက ဆယ်တန်းဖြေကြမယ့်ပုံတွေတဲ့ လား ။  ဒီပုံစံအတိုင်း ဆိုလို့ ကတော့ အောင်ဖို့ ရာ ဝေးသေး ......ဟေးဟေးပဲ ”

ကျုပ် ပြောလည်း ပြောစရာလေ ။ ကျုပ်သား ရဲ့ သူငယ်ချင်းတွေ ဆိုတာများ တစ်ယောက်မှ အချိုးပြေပြေ ထဲကမရှိဘူး ။ ဘောင်းဘီဖင်ကျပ် ၊ ဒူးခေါင်းအနားဖွာလန်ကျဲနဲ့  ၊ ဂုတ်ထောက်ဆံပင်နဲ့  ။ တစ်ကောင်ဆို သူ့ဆံပင်ကို ကျစ်ဆံမြည်းသေးသေးလေးတွေတောင် ခွဲပြီး ကျစ်ထားလိုက် သေးတယ် ။ ကောင်းရော ။ “ မိကောင်း ၊ ဖခင်သား သမီး တွေဆိုတာ ဒီလို နေကြရသတဲ့ လား ” လို့ ကျုပ် လည်း မေးလိုက်ရော မျက်နှာလွှဲတဲ့ သူက လွှဲ ၊ “ ကျွတ် ” လို့ ကျုပ် မကြားတကြား စုတ်သပ်တဲ့ သူက သပ်လို့ မကြာခင်ပဲ အလျှိုလျှို ထွက်သွားကြတယ်လေ ။

အဲဒီမှာတင် ကျုပ်က “ ဒီပုံစံတွေ မပြင်နိုင်ကြလို့ ကတော့ မင်းတို့ ငါ့အိမ်ကို ဘယ်တော့မှ မလာခဲ့ကြနဲ့တော့ ” လို့ လည်း နောက်ကနေ အော်ပြောလိုက်ရော ပြီးပြီလို့ ထင်ထားရတဲ့ ပြဿနာ က ပိုပြီးတော့ ကြီးလာမှန်း သိလိုက်ရတယ် ။ အသံတွေ ကြားလို့ အိမ်ထဲက ဆင်းလာတဲ့ ကျုပ်ဇနီးကို ကျုပ်သား အလတ်ကောင်က ဖက်ပြီး ငိုလိုက်တာများ ဗျာ ။ ကျုကျုကို ပါလို့  ။ အဲဒီမှာတင် ကျုပ်လည်း ကျုပ်ဇနီး အပါအဝင် ကျုပ်သား သမီးတွေ ရဲ့ ကင်ပွန်းတပ်ခြင်းကို ခံလိုက်ရတာပဲလေ ။

ကျုပ်က လူငယ်တွေ ကို နားမလည်ဘူးပေါ့ ။ လူငယ်တွေ ဘက်ကို မကြည့်ဘူးပေါ့ ။ လူ့ဂွစာကြီးပေါ့ ။ လူ့ကန့်လန့်ကြီးပေါ့ ။ ပေးလိုက်ကြတဲ့ နာမည်တွေဗျာ ။ စုံလို့ ပဲ ။ အံမယ် ။ ဒီတစ်ခေါက် ဘုကန့်လန့် ဆိုတဲ့ နာမည်ရှေ့မှာ “ ကြက်ခြေခတ် ” ဆိုတာတောင် မေတ္တာလက်ဆောင် အဖြစ် အဆစ်ပါလိုက်သေးတယ် ။

••••• ••••• •••••

( ၃ )

ကျုပ်သမီး အကြီးမ မင်္ဂလာဆောင်ခါနီးမှာ ပြဿနာ က ပြန်တက်လာပြန်တယ်လေ ။ အဲဒီတုန်းက မင်္ဂလာဆောင်ကိစ္စ အတွက် စီစဉ်ဆောင်ရွက် နေလိုက်ကြတာ ကျုပ်ဇနီး ခင်ထား အပါအဝင် ၊ အိမ်မှာ ကျုပ် ကလွဲလို့ အားလုံး ပဲဗျို့ ။ မင်္ဂလာဆောင် ဖိတ်စာ လိုက်ဝေကြ ၊ သတင်းစာတိုက် ပြေးလိုက်ကြ ၊ ဟိုဟာဝယ် ဒီဟာစုနဲ့ မျက်စိ ကို နောက်လို့
။ ကဲပါ ။ ဒါက ပြောစရာမ ဟုတ်သေးပါဘူး ။

ဟောကြည့် ။ ကျုပ် နားကြားပျင်းကပ်စရာ က ပေါ်လာပြီ ။ ကျုပ်သား အလတ်ကောင်နဲ့ အငယ်ကောင်လေ ။ သူတို့ အစ်မ ယူမယ့် ယောက်ဖလောင်း ကို ခေါ်ပုံကြည့် ။ ယောက်ဖကြီး တဲ့  ။ ယောက်ဖ ဖြစ်ဖို့ ပါမစ်တောင် အပြည့်အဝ မကျသေးဘူး ။ ခေါ်နေကြတာကို ပြောပါတယ် ။ ယောက်ဖ ဖြစ်မယ့် ကျုပ် သမက်လောင်းကလည်း အင်မတန့် အင်မတန် အခေါ်ခံ ချင်နေပုံလည်း ရပါ့ ။ သွားကို ဖြီးလို့ ။ ဒါကလည်း ခေတ်ပဲလေ ဆိုပြီး ကျုပ်လည်း ခေတ်ဆိုတဲ့ ကန့်လန့်ကာ ကမန်းကတမ်း မျက်နှာပေါ် ဆွဲချ တော့ ထူပူပူဖြစ်နေတဲ့ မျက်နှာ အနေရ နည်းနည်းတော့ သက်သာသွားသား ။

ဘာကြာလိမ့်မလဲ ။ ငနဲသား ရွှေသမက်လောင်းက ကျုပ် အခက်အခဲကိုမှ နားမလည် ။ အားလုံးကို လျစ်လျူရှုပြီး ဧည့်ခန်းကုလားထိုင်မှာ ထိုင်နေတဲ့ ကျုပ် ရှေ့ကို လာထိုင်လို့ စာစောင်တောင် လှန်လှော ဖတ်နေလိုက်သေး ။ အဲဒီမှာ တင်ပဲ ပြဿနာက စတက်တာ ။

“ အဖေ ”

“ ဟေ ”

“ ဟေ ” ဆိုတာက ကျုပ် ထူးလိုက်တဲ့ အသံ မဟုတ်ပါဘူး ။ အံ့ဩမှုမျာစွာနဲ့ ကျုပ်ရဲ့ ပါးစပ်က ထွက်သွားတဲ့ အာမေဋိတ်သံပါ ။ ကျုပ် မျက်နှာကြီး ထူပူသွားပုံများ မျက်နှာပေါ် ရေခဲ လာတင်ရင်တောင် ချက်ချင်း အရည်ပျော် သွားနိုင်ရဲ့ ။ အောင်မယ် ။ ဒါကို ဘာမှ မသိသလိုနဲ့ ရွှေသမက် က စကားတောင် ဆက်ပြီး ပြောနေလိုက်သေး ။

“ အဖေ့ ကို တွေ့ရခဲတယ်နော် ။ အမေ နဲ့ အခြား အိမ်သားတွေတော့ တော်တော်ရင်းနှီးနေပါပြီ ”

ကျုပ် စကားပြောစရာ မလိုသေးတဲ့အတွက် ဆိတ်ဆိတ်ပဲ နေပါသေးတယ် ။

“ သားတို့ မင်္ဂလာပစ္စည်းတွေကလည်း အများ ရယ်စရာတောင် ကောင်းနေပြီ ။ မင်္ဂလာဝတ်စုံ ကျတော့ အဖေ့သမီးက အဝါရောင် ကြိုက်တယ်တဲ့ ။ ဒါပေမဲ့ ခန်းဝင်ပစ္စည်း ကျတော့ ပန်းရောင် ဖြစ်နေတယ် ။ နှစ်ခုစလုံးက မင်္ဂလာရောင် ဆိုပေမယ့် အများအမြင်မှာ ရယ်စရာကြီး ဖြစ်နေတာပေါ့ ”

ဟောဗျာ ။ ကောင်းရော ။ ဒီလောက်တောင် အလိုက်ကန်းဆိုး မသိတဲ့ သမက်ဗျာ ။ ယောက္ခမအိမ်တက် သမက် မို့ အနေရ ၊ အထိုင်ရ ခက်မယ် ဆိုတာ ကျုပ် လည်း သိပါတယ် ။ ဒါပေမဲ့ဗျာ ။ ဒီလောက် အထိတောင် ဆိုးရွားနေဖို့ တော့ မသင့်ဘူးပေါ့ ။ ဒီခန်းဝင်ပစ္စည်းတွေနဲ့ အတူ နေရမယ့် သူဟာ ကျုပ်သမီးပါလား ဆိုတဲ့ အတွေး ဒီကောင့်မှာ ရှိမနေတာကို ကျုပ် အံ့သြတာပါ ။

“ မင်း ငါ့ကို အဖေလို့ ခေါ်တာ မစောလွန်းဘူးလားကွ ဟေ ”

ကျုပ်လည်း အဲဒီလို ပြောလိုက်ရော ကျုပ်သမက်လောင်း ရော ၊ အနားကို ရောက်လာတဲ့ အခြား အိမ်သားတွေရော ကျုပ် ကို စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ် သွားကြရော ။ အဲဒီ ကတည်းက ကျုပ် သမက်လောင်းလည်း မင်္ဂလာဆောင်တဲ့နေ့ အထိ မတွေ့ရတော့ပါဘူး ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျုပ်ကို အိမ်သားတွေ ဘာမှ မပြောကြဘူး ဆိုပေမယ့် ကျုပ်ကို မကျေနပ်ကြဘူး ဆိုတာတော့ သေချာပါတယ် ။ ကျုပ် အိပ်နေတဲ့ အချိန်မှာ “ ဟဲ့တိုးတိုး ပြောကြ ၊ နင်တို့ အဖေ ဘုကန့်လန့်ကြီး အိပ်နေတယ် ” ဆိုတာတို့  ။ “ ဦးကြက်ခြေခတ်ကြီး ကြားသွားဦးမယ် ” ဆိုတာတို့ ကျုပ် ကြားနေရတာပဲလေ ။ ကဲပါ ။ ဒီကိစ္စက ကြာလှပါပြီ ။

••••• ••••• •••••

( ၅ )

ကျုပ်အသက် ခုနစ်ဆယ့်ငါး ပြည့်လို့ “ ဘုကန့်လန့် ” ဆိုတဲ့ နာမည် ချုပ်ငြိမ်းလောက်ပြီ ထင်မှ ပြန်ပေါ်လာရ ပြန်တယ်လေ ။ ဒီတုန်းက ကျုပ်ဇနီး ခင်ထား ဆုံးစဉ်ကာလပေါ့ ။ ကျုပ်နဲ့ ကျုပ်သားသမီးတွေ သဘောထား ကွဲလွဲပုံများ ပြောပါတယ် ။ ကျုပ် သဘောက အိမ်မှာ ဆုံးတဲ့ ကျုပ်ဇနီး ကို ဆေးရုံရေခဲတိုက်တွေ ဘာတွေ သွားထားမနေတော့ဘဲ ၊ သုဿန် သွားလို့ တစ်ခါတည်း နေ့ချင်း သင်္ဂြိုလ်မယ်ပေါ့ ။ အဲဒီမှာတင် ပြဿနာ ကတက်တာ ။

သူတို့ သဘောက အိမ်က သေဆုံးသူရဲ့ ရုပ်ကလာပ်ကို ဆေးရုံ ကို သယ် ၊ ရေခဲတိုက် မှာ သုံးရက် ထား ၊ ပြီးမှ  ၊ လှလှပပ ပြင်လို့ ဆင်လို့ သုဿန်ကို သယ် ၊ သင်္ဂြိုလ်မယ်ပေါ့ ။ ရှုပ်လိုက်တဲ့ အလုပ်ဗျာ ။ သေတဲ့ သူက သေသွားပြီပဲ ။ အဲဒါကို ကျုပ်သမီး အလတ်မ “ သမီးတို့ တော့ နောက်ဆုံးအနေနဲ့ အမေ့ကို ရေခဲတိုက်မှာ သုံးရက် ထားချင်တယ် အဖေ ” တဲ့  ။ ဒါ ကို ကျုပ်သမီး အငယ်တွေ က ထောက်ခံရုံမက ငါးဆယ် ထဲ ချဉ်းနင်း ဝင်ရောက်နေတဲ့ ကျုပ်သမီး အကြီးမတို့  ၊ လေးဆယ့်ငါးကျော် လာပြီဖြစ်တဲ့ ကျုပ်သား အကြီးကောင်တို့က ကပါ ထောက်ခံကြတော့ ကျုပ်ဖြင့် အံ့သြ ရော ။ ငါးဆယ်ပဲ ပြည့်တော့မယ်ဗျာ ။ တရားထူး မရတောင် တရားသဘောလောက်တော့ သိသင့်ပြီပေါ့ ။
အဲဒီမှာတင် ကျုပ်လည်း ကျုပ်ရဲ့ သဘောကို လုံးဝ မပြင်နိုင်ဘူးလည်း ပြောရော သားသမီးတွေ ငိုလိုက်ကြတာ များဗျာ ။ ပြီးတော့ သူတို့ ပြောတာတွေလည်း ကြည့်ဦး ။ “ အဖေက အသက်သာ ကြီးပြီ ၊ လူတွေကို အခုထိ ကန့်လန့် လုပ်နေတုန်း ” တဲ့  ။ သားသမီးတွေ ဘက်ကို ကိုယ်ချင်း မစာတတ်ဘူးတဲ့ ။ ပြောတာမှ စုံလို့ ။

တစ်ကယ်တမ်း ကိုယ်ချင်း မစာတာက ဘယ်သူတွေ လည်း  ။ နှစ်ငါးဆယ်လောက် ကျုပ်က ပေါင်းလာခဲ့တဲ့ သူပါဗျ ။ ကျုပ် မခံစားရဘဲနေပါ့မလား ။ ဒါပေမဲ့ သတိ ဆိုတာလေး စိတ်မှာ ယှဉ်လို့ ကျုပ် ဆိတ်ဆိတ် နေရတာပေါ့ ။ ကျုပ်လို အရွယ်ကြီး မျက်ရည် ကျနေလည်း ဘယ်လို သင့်မလဲ ။ ဒါကိုဗျာ ။ ကျုပ်ကို မစာမနာ ပြောကြတယ် ။ အဲဒီမှာ တင် ကျုပ် လည်း -

“ အမေကို ချစ်လို့ မခွဲနိုင်ပါဘူး ” ဆိုတဲ့ ကျုပ်သမီး အငယ်မရော ။ “ ရေခဲတိုက်မှာ ထားရမှာ စိတ်မချဘူး ”  ဆိုတဲ့ သမီးအလတ်မရော ။ “ ဒီလောက် ဖြစ်နေကြရင် နင်တို့ပါ တစ်ခါတည်း လိုက်သွားကြ ” လို့လည်း ပြောလိုက်ရော သားသမီးခြောက်ယောက်စလုံးက ကျုပ်ကို ဝိုင်းပြောကြတော့တာပဲလေ ။

စကားတွေ အများကြီးပြောကြခြင်းရဲ့ နောက်ဆုံး အချုပ်ကတော့ “  ကျုပ်က ဘုကန့်လန့်ကြီးပေါ့ ။ လူ့ဂွစာကြီး ပေါ့ ။ အရာရာတိုင်းကို ကြက်ခြေလိုက်ခတ် နေတဲ့ ဦးကြက်ခြေခတ်ကြီးပေါ့ ။ သေသွားတဲ့ သူတို့ အမေကို ရည်းစူး အမှူးထားလို့ ကျုပ်ကို နာမည်တွေ ပေးကြတာလေ ။ စုံလို့ ။ ကဲပါလေ ဒါကလည်း ပြီးခဲ့ပြီပဲ ။ ထားတော့ ။

••••• ••••• •••••

( ၆ )

ဟော ။ အခု ကျုပ်လည်း သေဖို့နီးပြီ နှလုံးပိုက်လို့ အရာအားလုံးကို စွန့်ခွာ ၊ ရှိတဲ့ ပစ္စည်းတွေ တစ်ချို့ကို သားသမီးတွေ ပေးမယ် စဉ်းစား ။ တစ်ချို့ကို လူအိုရုံမှာ လှူလို့ ကျုပ်လည်း တစ်ခါတည်း လူအိုရုံမှာပဲ အရိုးထုတ်တော့မယ် စိတ်ကူးကာမှ ပြဿနာက ပေါ်လာရ ပြန်တယ်လေ ။ အသက်ငါးဆယ် ပြည့်ပြီးသွားတဲ့ ကျုပ် သမီးအကြီးမရဲ့ စကားကို ကြည့် ။ “ အဖေ က သားသမီးတွေ ရှိလျှက်နဲ့ လူအိုရုံကို သွားမယ် ဆိုတော့ ပတ်ဝန်းကျင်က ဘယ်လို ပြောမလဲ အဖေ ၊ သားသမီးတွေ က မစောင့်ရှောက်နိုင်လို့ ဆိုတဲ့ ပုံစံကြီးဖြစ်မနေဘူးလား ” တဲ့ ။ အံမယ် ။ အသက်သာ ငါးဆယ်ကျော်တယ် ။ ငါ့ သမီးက ပတ်ဝန်းကျင်ရဲ့ အပြောကြောင့် ဂုဏ်ငယ်သွားမှာကို ကြောက်နေသေးတဲ့ ပုံပဲ ။ ကျုပ်စိတ်ထဲက တွေးပြီးနေတုန်း -

“ သားသမီး ခြောက်ယောက်တောင်ရှိတာပဲ အဖေရာ ၊ တစ်အိမ်စီ လိုက်ပြီး ပျော်သလောက်နေပေါ့ ။ အဖေ့မြေးတွေနဲ့ ဆိုရင် အဖေ ပျော်မှာပါ ”

ဆိုတဲ့ သားကြီးရဲ့ စကားကို ကြားတော့ သေခါနီးပြီဖြစ်တဲ့ အဖေကို ရှုပ်ထွေးလှတဲ့ လောကီရေးတွေ ကြားမှာ ရှိနေစေချင်သေးတဲ့ သားကြီးရဲ့ စိတ်ထားကို ကျုပ် ပြုံးမိပြန်တယ် ။ ကျုပ်တို့ အရွယ်ရဲ့ ပျော်ရာနေရာကို အသက်ငါးဆယ်အရွယ် သားကြီးက မသိသေးပဲကိုး ။

စဉ်းစားနေတုန်း ကျုပ်သမီး အလတ်မက စကားပြောဖို့ ဟန်ပြင်လိုက်တာကြောင့် “ ဟ လာပြန်ပြီ နောက်တစ်ယောက် ” လို့ တွက်ထားတုန်း

“ အဖေ တရားအလုပ် လုပ်ချင်တယ်ဆိုလည်း သမီးတို့ အိမ်မှာ လုပ်ပေါ့ ။ လူအိုရုံကြီးတော့ မသွားပါနဲ့ အဖေရာ ရှက်စရာကြီး ၊ သမီးတို့ကိုလည်း ထည့်တွက်ပါဦး ”

ဆိုတဲ့ သမီးငယ် ရဲ့ ကြားဖြတ် ပြောလိုက်တဲ့ စကားကြောင့် ကျုပ် မပြုံးဘဲ မနေနိုင်တော့ဘူး ။ အဖေ တစ်ယောက်ရဲ့ ဆန္ဒ နဲ့ သမီး ရဲ့ ဆန္ဒကြား လောကီ ၊ လောကုတ္တရာ အကြောင်းတွေ ခပ်ပါးပါး ပါလာပြီမို့ မသိမသာပဲ ကျုပ် သက်ပြင်းချလိုက်ရတယ် ။

“ အဖေ သွားချင်တယ် ဆိုတော့ ကန့်ကွက်လို့လည်း မကောင်းဘူးပေါ့ ။ အဖေ က အသက်ကြီးပြီ ၊ လူအိုရုံ အတွက် ဆရာဝန်တွေ ရှိတော့ ရှိတာပေါ့ အဖေရာ ။ ဒါပေမဲ့ အဖေ့ ကျန်းမာရေးအတွက် သား စိတ်မချဘူး အဖေ ”

ဒါက ကျုပ်ရဲ့ သားအငယ်ဆုံးကောင် ပြောတဲ့ စကားလေ ။ သူ့စကားလေးက သံယောဇဉ် လက်ကျန်လေးတွေတောင် တင်းသွားချင်သား ။ ဒါပေမဲ့ မပြီးနိုင်သေးတဲ့ စကားဝိုင်းတစ်ခု ကနေ ကျုပ် ရှောင်တိမ်းဖို့ ကုန်းထလိုက်တယ် ။ ကျုပ် သားသမီးတွေရဲ့ ဆန္ဒကို ကြက်ခြေခတ်ဖို့ ကျုပ် ခြေတစ်လှမ်း အားယူလိုက်တယ် ။ ဒီအတွက် ကျုပ် တစ်ကယ်ပဲ မတတ်နိုင်ဘူး ။ သားသမီးတွေကတော့ အံ့သြတကြီး ကြည့်ရင်း စိတ်ထဲကနေ ကျုပ်ကို နာမည်တွေပေးနေကြဦးမလားပဲ ။

▢  မင်းဝေဟင်
📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဇွန် ၊ ၂၀၀၅

Tuesday, May 20, 2025

ဝပ်ကျင်း


 

❝ ဝပ်ကျင်း ❞
( မင်းဝေဟင် )

( ၁ )

ဆိုင် ထဲ မှာ လူ က ရှင်းနေတယ် ။

ဆိုင်ရှင် လင်မယား နှစ်ယောက် နဲ့ သူတို့ ရဲ့ ဘာညာသာရကာ ပစ္စည်း ပစ္စယ တိုလီမိုလီတွေ စုထည့်ထားတဲ့ လက်ဆွဲအိတ် တစ်လုံး ကို ကိုင်ထား ရတဲ့ ကောင်လေး တစ်ယောက် တို့ ရဲ့ ဝင်လာတဲ့ ခြေသံတွေ ဟာ “ တဒုန်းဒုန်း ” နဲ့ လိုတာ ထက် ပိုပြီး ကျယ်နေတာမို့ ဆိုင် ရဲ့ နောက်ဖေးဘက် မှာ ပန်းကန်ဆေး ၊ အသားလှီး ၊ ငါးလှီး ၊ ဟင်းရွက်သင် နေ ကြတဲ့ စိုးစိုး တို့ မျက်နှာပိုး သတ်ထားရပြီ ။ စိုးစိုး တို့ ပြောနေကြတဲ့ ည က TV က လွှင့်သွားတဲ့ ကိုရီးယားကား အကြောင်း ကို အခန်းဆက် အနေနဲ့ နောက်မှ ပြောကြရတော့မည် မို့ စိုးစိုး တို့ ပါးစပ်ကလေးတွေ ကို အပြီးသတ် ပိတ် လိုက်ကြရပြီ ။ လက်ရှိ လုပ်နေတဲ့ အလုပ်တွေ ကို စိတ်ဝင်စားချင်ဟန် မဖြစ်မနေ ဆောင် လိုက်ကြရပြီ ။

“ ငါ မပြောချင်ဘူး ... ဒီ ဆိုင် ကို ဝင်လာ ကတည်း က ကျက်သရေ ကို မရှိဘူး ။ ဆိုင်ရှေ့ မှာ ဧည့်သည် လာရင် ထွက်ခေါ်မယ့် သူ မရှိဘူး ။ ဆိုင် နဲ့ မတူဘဲ မသာအိမ် နဲ့ တူနေပြီ ။ စားပွဲတွေ ပေါ် က မီနူးကဒ်တွေ ၊ တစ်သျှူး ဘောက် ( စ် ) တွေ က အလဲလဲ အပြိုပြို ၊ ကြမ်းပြင် က လည်း အမှိုက်ပုံ နဲ့ မှားလောက်တယ် ။ ကြည့်စမ်း ။ ဒီ ဆိုင်ထဲ မုန်တိုင်း ဝင် မွှေထား သလားဟဲ့ ... ငါ မပြောချင်ဘူး ”

“ ငါ မပြောချင်ဘူး ” နဲ့ စပြီး ၊ “ ငါ မပြောချင်ဘူး ” နဲ့ ဆုံးသွားတဲ့ ဒီ ဆိုင်ကြီးရဲ့ ပိုင်ရှင် ၊ ဒေါ်မိမိမြိုင် ရဲ့ အသံ အဆုံး မှာ ဒီ ဆိုင် က မန်နေဂျာ ကိုထူးအောင် တို့ မကြေးမုံ တို့ အသံတိတ် ကုန်ကြပြီ ။ စောစောတုန်း က ကိုထူးအောင် က ညက လာတဲ့ မန်ယူ နဲ့ ချယ်လ်ဆီးဘောလုံးပွဲ အကြောင်း ၊ မကြေးမုံ က စင်းဖြောင့်ထားတဲ့ ဆံပင်တွေ ကို ကောက်ပြီး ၊ ဆံပင်အတု လေးတွေ ဆက်မယ် ဆိုတဲ့ အကြောင်း အလုအယက် ပြောနေကြတဲ့ အသံစာစာတွေ ဟာ ဒေါ်မိမိမြိုင် ရဲ့ စကားလုံး မြားတံတွေ အောက်မှာ အလဲလဲ အပြိုပြို ကျဆုံးကုန်ပြီ ။

ဒီ ဆိုင်က သင်္ဃန်းကျွန်း လေးထောင့်ကန် လမ်းမကြီး ပေါ် မှာ ရှိတဲ့ ဆိုင်ကြီး တစ်ဆိုင် ပါပဲ ။ ဆိုင် မှာ က ရှမ်းခေါက်ဆွဲ ၊ တို့ဟူး ၊ မြီးရှည် ၊ ဆီချက် ၊ လက်ဖက်သုပ် ၊ ဂျင်းသုပ် ၊ ထမင်းသုပ် ၊ အသုပ်ပေါင်းစုံ အလယ် ။ လက်ဖက်ရည် ၊ ကော်ဖီ ၊ အအေးမျိုးစုံ ရောင်းချတဲ့ စားသောက်ဆိုင်ကြီး တစ်ဆိုင် ပါ ။ မြေညီထပ် တိုက်ခန်းကျယ် မှာ ဖွင့်ထားတဲ့ ဆိုင်ကြီး ဖြစ်ပြီး ဒီ ဆိုင်မှာက အခုလို ဆိုင်ပိုင်ရှင်တွေ လာတယ် ဆိုတာ တစ်ပတ် တစ်ခါ ၊ ဆယ်ရက် တစ်ခါ ။ ဒီဆိုင် မှာ အမြဲတမ်း အုပ်ချုပ်သူ ဆိုတာက ကိုထူးအောင် နဲ့ မကြေးမုံ တို့ ဇနီးမောင်နှံ ၊ ပြီးတော့ ... အဝယ်အခြမ်း ၊ အချက်အပြုတ် ( ၄ ) ယောက် ၊ စားပွဲထိုး ( ၈ ) ယောက် ၊ နောက်ဆုံးမှာ စိုးစိုး တို့လို အသက် ( ၁၅ ) နှစ် အရွယ် အဆေးအကြော ၊ အလျှော်အဖွတ် ( ၃ ) ယောက် တို့ နဲ့ ဖွဲ့စည်းထားတဲ့ ဆိုင်လေ ။

“ မန်နေဂျာတွေ ဘာလုပ် နေကြလဲဟင် ။ ရှင်တို့ ကို ဒီအတိုင်း ထိုင် နေကြဖို့ ငှားထားတာ မဟုတ်ဘူး ။ တန်ရာ တန်ကြေး ပေးထားတာ ၊ တန်ရာတန်ကြေး လုပ်ဖို့  ။ ရှင်တို့ ပါးစပ်တွေ မပါကြဘူးလား ။ ဒါက ရှင်တို့ ပါးစပ်ပေါက် နဲ့ ခိုင်းရုံ နဲ့ ပြီးသွားကြမယ့် ကိစ္စလေ ။ ပါးစပ်ပေါက်လေး ဟ ရမှာ တောင် ဒီလောက် ခဲယဉ်းနေကြလား ။ ငါတို့ နေတိုင်း လာ မထိုင်နိုင် လို့ ငှားထားတာ ။ ရှင်တို့ ကိုယ့် တာဝန်ကို ယ် ကျေကြစမ်း ”

ဒေါ်မိမိမြိုင် အသံ က သေးပေမယ့် စူးပြီး ထွက်နေတယ် ။ ပြောရင်း လက် မှာ ကိုင်ထားတဲ့ ပိုက်ဆံအိတ် ကို လည်း ခုံ တစ်ခုံ ပေါ် ဘုန်းကနဲ ပစ်တင် လိုက်သေးတယ် ။ ဂငယ်ပုံသဏ္ဍာန် ခုံးနေတဲ့ သူမ ရဲ့ နှုတ်ခမ်းနှစ်လွှာ ကို နောက်ဖေးခန်း က စိုးစိုး တို့ ချောင်း ကြည့်ရင်း ကြက်သီးတောင် ထသွားပြီ ။ မန်နေဂျာ လင်မယား ကတော့ ခေါင်း ငုံ့လျှ က် ။ မျက်နှာ ကို အောက်ငုံ့ နေပြီး ဆံပင် စင်းစင်းဖြောင့်ဖြောင့်လေးတွေ နဲ့ ကာ ထားလို့ မကြေးမုံ ရဲ့ မျက်နှာပြင် တစ်ခုလုံး ကို စိုးစိုး တို့ မမြင်ရပေမယ့် ၊ ဘေးတိုက် အနေနဲ့ မြင်နေရတဲ့ မကြေးမုံ ရဲ့ ပါးစပ် ကတော့ တတွတ်တွတ် နဲ့ မို့ ဘုရားစာ ရွတ်နေတာလား ။ တိတ်တဆိတ် ပြန်ပြော နေတာ လား ။ စိုးစိုးတို့ မဝေကွဲတတ် ။

“ အေး ... ငါ မပြောချင်ဘူး ။ ငါတို့ ဒီနေ့ လာခဲ့မယ် ဆိုပြီး ဖုန်း ကြိုဆက်ထားလို့ ကတော့ တစ်ဆိုင်လုံး ကတာဝတိံသာ နတ်ပြည်လား အောင့်မေ့ရတယ် ။ ရှင်းလို့  ၊ ပြောင်လို့  ။ စားပွဲခုံတွေ ကအစ တစ်လက်မ အစွန်း ထွက်မနေဘူး ။ စီလို့ ၊ ရီလို့  ။ အေး ... အခုလို ဆိုင်းမဆင့် ဗုံမပါ ခရီးသွားဟန်လွှဲ ဝင်လိုက်လို့ ကတော့ ငါ့ ဆိုင် က အရက်ဆိုင်လား အောင့်မေ့ရတယ် ။ လူတကာ မြင်လို့ ရယ်မှ မကောင်း ။ ဒါက ဆိုင် အခြေအနေမှန် ။ ဟုတ်လား ”

ဒေါ်မိမိမြိုင် က လက်ညှိုးငေါက်ငေါက် မထိုးရုံ တမယ် ပြော နေပေမယ့် ကိုထူးအောင် တို့ ကတော့ တုပ်တုပ် မှ မလှုပ် ။ ခေါင်းငုံ့ ၊ ဇက်ချိုး နေမြဲ နေလျှက်ပါပဲ ။ တစ်ကယ်တော့ ခေါင်းငုံ့ မနေလို့ လည်း ရတာမှ မဟုတ်တာလေ ။ မှားသည် ဖြစ်စေ ၊ မှန်သည် ဖြစ်စေ ကန့်ကွက်ခြင်း မရှိဘဲ ခေါင်းငုံ့ ထောက်ခံရတာ ကို က သူဌေး နဲ့ မန်နေဂျာတို့ ရဲ့ ယနေ့ခေတ် ဆက်ဆံရေး တစ်ခုပဲ မဟုတ်လား ။

ဒေါ်မိမိမြိုင် ပြောတာ လည်း ဟုတ်တယ် ။ တစ်ခါတစ်ရံ “ ဘယ်နေ့ လာမယ်ဟေ့ ” ဆိုပြီး ဖုန်းဆက် ထားလို့ ကတော့ စားပွဲထိုးတွေ ၊ စိုးစိုးတို့ သန့်ရှင်းရေးတွေ ကို နေ့မနား ညမနား ရှင်းခိုင်းထားလို့ ဆိုင် ဆိုတာက တောက်ပြောင် နေတာ ။ တစ်ကယ်ဆိုရင် အခြေအနေမှန် ဆိုတာ လည်း နောက်ကွယ်မှာ ပဲ လူမသိ သူမသိ တိတ်တဆိတ် ရှိ နေတတ်တဲ့ အရာလေ ။ ဆိုင်ရှင် ဆိုတဲ့ လူတန်းစားတွေ သိနိုင်တဲ့ အဖြစ်အပျက်မှ မဟုတ်တာ ။

ဆိုင် က အခုလို အမြဲတမ်း ညစ်ပတ် နေတာလည်း မဟုတ်ပါဘူး ။ ဆိုင် က အစုံ ရောင်းတဲ့ စားသောက်ဆိုင် မဟုတ်လား ။ ပြီးတော့ မတစ်ထောင်သား စားသောက်သူတွေ အချိန်တိုင်း ဝင်ထွက် နေကြတာလေ ။ အမြဲတမ်း လည်း ဘယ်လိုလုပ် သန့်ရှင်း နေနိုင်ပါ့မလဲ ။ အမြဲ သန့်ရှင်းနေစေ ချင်ရင်လည်း ဒီလို ဆိုင်မျိုး မဖွင့်နဲ့ ပေါ့ ။ ကိုထူးအောင် တို့ ဘက်က လိုက် ပြောတာတော့ မဟုတ်ပါဘူး ။ ဖြစ်သင့်တာ ကို ပြောတာ ။

“ ရောင်းပြီးသား အအေးပုလင်းတွေ က သူ့ အကဒ် နဲ့ သူ မရှိဘူး ။ ဟို နား ထောင် ၊ ဒီ နား ထောင် နဲ့ ဘိုးလိန်းကွင်း ရောက်နေရသလိုပဲ ။ ငါ နော် ဘောလုံးကန် သလိုသာ လှိမ့် ကန်ပစ်လိုက်ချင်တော့တယ် ။ နင်တို့ ကို ပိုက်ဆံ ပေးပြီး ခိုင်းထားရတာ မတန်ဘူးဟဲ့ ”

ဟော ... တဖြည်းဖြည်း ဒေါ်မိမိမြိုင် ပါးစပ် က ငွေစကားတွေ ပါ လာပြီ ။ တော်ကြာ “ မလုပ်ချင်ရင် ထွက်သွားကြ ” ဆိုတဲ့ စကားတွေ ပါတော့မယ် ။ အဆီတွေ တစ်ထပ် ပြီး တစ်ထပ် တက်နေလို့ စူပို့ပို့ ဖြစ်နေတဲ့ ဗိုက်ပူပူ ခန္ဓာကိုယ် ကို မှ အားမနာ ဝတ်စားဆင်ယင် ထားတဲ့ စကဒ်တိုတို နဲ့ ၊ ဒေါ က်မြင့်ဖိနပ် နဲ့ ကြွေပြားတွေ ခင်းထားတဲ့ ကြမ်းပြင် ပေါ် တဂွပ်ဂွပ် လျှောက်လို့ ဟိုကြည့် သည်ကြည့် အပြစ် ရှာနေသေးတယ် ။ ဝတ်ထားတဲ့ အင်္ကျီ ကလည်း ကျပ်ကျပ်ထုပ်ထုပ် ဆိုတော့ ဒေါ်မိမိမြိုင် ကို ဗြုန်းကနဲ လှမ်း ကြည့် လိုက်ရင် ကောက်ညှင်းထုပ်ကြီး ကို နှီး နဲ့ တင်းတင်း စည်း ထားသလိုပါပဲ ။ ကြည့်ရတာ တကယ် ကို မသက်သာလှ ။

အဲ .... ဒီလောက်ထိ ဒေါ်မိမိမြိုင် ပွစိ ၊ ပွစိ လုပ်နေပေမယ့် သူ နဲ့ အတူ ပါလာတဲ့ သူ့ ယောက်ျား ဦးထက်အောင်ကြီး ဘာလုပ်နေလဲ ။ စိုးစိုး တို့ မသိမသာ ချောင်းကြည့်တဲ့ နေရာ က မမြင်ပေမယ့် ဒီ လူကြီး ကတော့ သူ တပ်ထားတဲ့ ပါဝါလား ၊ နေကာလား ၊ ပဲများ ပြီး တပ်ထားတာလား မသိတဲ့ မျက်မှန်ကြီး တပ်လို့ နှာဖူးကြောတွေ ရှုံ့ ထားမှာ ပဲဆိုတာ စိုးစိုးတို့ သိနေတာပဲ ။ ဒီ လူကြီး က ဒီလိုပါပဲ ။ တစ်ခုခု ဆိုရင် ပွစိ ၊ ပွစိ ပြောနေတတ်တာ ကတော့ မဟုတ် ။ ဒါပေမဲ့ ကြောက်ဖို့ တော့ အကောင်းသား ။ သူ မထင်ရင် မထင်သလို ဘာမှ ပြောနေတာ မဟုတ်ဘဲ အလုပ် ဖြုတ်ပစ် တတ်တာမျိုးလေ ။ စိုးစိုး တို့ သက်တမ်း တစ်လျှောက် မှာ ပဲ ထုတ်ပစ်လိုက်တဲ့ မန်နေဂျာတွေ ဆိုတာ ဟော နှစ်ယောက် ၊ ဟော နှစ်ယောက် ၊ အပြုံး လိုက် ၊ အတွဲလိုက် ။

စိုးစိုး တို့ ကတော့ ဆိုင်ရှင်တွေ ကို ကြောက်စရာ မရှိပါဘူး ။ သူတို့ က ဒီ ဆိုင်ကို ရောက်ရင် စိုးစိုး တို့ လို အလုပ်သမလေးတွေ ရှိတဲ့ နောက်ဖေးခန်းတွေ ဘက်ကို ဘယ်တုန်းက ရောက်လာဖူးတာလို့ လည်း ။ ဆိုင် ကို လာ ။ ငွေဝင် ငွေထက် စာရင်းယူ ။ ငွေသိမ်း ။ ပြီးတော့ ဆူစရာရှိတာ ဆူလို့ ပြန် သွားနေကြပဲ ဥစ္စာ ။ စိုးစိုး တို့ ကြောက်ရတာက ဟို မန်နေဂျာ နှစ်ယောက် ပေါ့ ။

“ အေး ... ဒီတစ်ခါ နောက်ဆုံး ရှိပစေ ။ နောက်တစ်ခါ လာလို့ ဒီပုံစံ အတိုင်းပဲ ဆိုလို့ ကတော့ နင်တို့ လင်မယား အထုပ် ပြင်ပြီးသာ စောင့်နေကြ ။ အားလုံးကို ပြောလိုက်မယ် ။ ငါ့ ဆိုင် မှာ နေ ၊ ငါပေးတဲ့ လခ ယူပြီး ၊ ငါ ခိုင်းတဲ့ တာဝန် မကျေလို့ ကတော့ ကိုယ့် သမိုင်း ကိုယ်ရေးကြ  ။ ငါ့ အဆိုး မဆိုနဲ့ ”

အင်း .. နောက်ဆုံးတော့ လည်း ဒေါ်မိမိမြိုင် တို့ ထုံးစံအတိုင်း ငါစွဲ တွေ စွဲလို့ ပြောချင်တာတွေ ပြောပြီး ပြန်ဖို့ လုပ်ပြီ ။ ဪ ... ဟိုလူကြီး ဘာလုပ်နေလဲ မှတ်တယ် ။ ဖုန်း ပြောနေတာကိုး ။ စိုးစိုး တို့ ချောင်း ကြည့် နေစဉ်မှာ ပဲ ဖုန်း ပြောလို့ ပြီးသွားတော့ ဟို လူကြီး ဖုန်း ကို သူတို့ နဲ့ ပါ လာတဲ့ ဟို ကောင်လေး အိတ်ထဲ ပြန် ထည့်လိုက်တာ စိုးစိုးတို့ တွေ့လိုက်တယ် ။

ဒီဆိုင် မန်နေဂျာ ကိုထူးအောင် ပြောတာတော့ ကြားဖူးသား ။ လက်ကိုင်ဖုန်းတွေ မှာ ရေဒီယိုလှိုင်း ဆိုလား ။ သံလိုက်လှိုင်း ဆိုလား ဝင် နေတတ် လို့ ဟန်းဆက် ကို ရင်ဘတ် ပေါ် က အင်္ကျီအိတ်ကပ် ထဲ ထည့်ရင် နှလုံး ကို ထိခိုက် နိုင်ပြီး ဘောင်းဘီအိတ် ထဲ ထည့်ထားရင် မျိုးပွားနှုန်း ကို ထိခိုက်နိုင် သတဲ့ ။ ဖုန်း ပြောရင်တောင် ဦးနှောင့် ကို ထိခိုက်နိုင်လို့ နားကြပ် နဲ့ ပြောကြတာတဲ့ ။ ဒါကြောင့် မို့ ဒီ လူကြီး က သူ့ ဟမ်းဖုန်း ကို နောက် က ကောင်လေး ကို ပေးကိုင် ထားပြီး သူ ပြောချင်တဲ့ အချိန် ရောက်မှ ယူပြီး အသုံးပြုတာ နေမှာ  ။

ဟုတ်မှာ ပေါ့လေ ။

သူ က သူဌေးကြီး ဆိုတော့ နှလုံး ကို လည်း ဘယ် ထိခိုက်ခံနိုင်ပါ့မလဲ ။ မျိုးပွားနှုန်း ကို လည်း ဘယ် ထိခိုက်ခံ နိုင်ပါ့မလဲ ။ ဒါကြောင့် နောက်က ပါ လာတဲ့ ကောင်လေး ကို ပေးကိုင်ထားတာ ဖြစ်မှာပေါ့ ။ ဟင် ... ဒီလိုဆိုရင် နောက်က ကောင်လေး ကျတော့ ဖြစ်ချင်တာ ဖြစ် ဆိုတဲ့ သဘောလား ။ “ အလုပ် တစ်ခု ” ၊ “ တန်ရာတန်ကြေး ” ဆိုတဲ့ စကားတွေ ရဲ့ နောက်မှာ ကြိုမသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ ၊ အန္တရာယ်တွေ ကပ်ညိ ပါလာကြစမြဲလား ။ ကောင်လေး ကတော့ ဘာမှ သိရှာ မှာ မဟုတ်ပါဘူး ။ စိုးစိုး တို့ တောင် မထင်မှတ်ဘဲ ကြားလိုက်ရလို့ မှတ်ထားတာ ။

“ ကဲ ... အားလုံး နားထောင်ကြစမ်း ”

ဆိုင်ရှင် နှစ်ယောက် ပြန်သွားတာနဲ့ စောစောက ဇက်ကျိုး မတက် ခေါင်းငုံ့ နေတဲ့ ဆိုင် ရဲ့ မန်နေဂျာ ကိုထူးအောင် ရဲ့ အသံ က ဟိန်းထွက် လာတာ စိုးစိုး တောင် ကိုင် ထားတဲ့ ပန်းကန်တွေ လွတ်ကျမတက် ။

•••••   •••••   •••••

( ၂ )

စောစောက အချိန်ပိုင်း လောက် အထိ စိုးစိုးတို့ က အေးအေးဆေး ဆေး ။ ဒါပေမဲ့ စိုးစိုး တို့ သိနေပါတယ် ။ ဆိုင်ရှင်တွေ ပြန်ရင် စိုးစိုး တို့ လှည့်ဆိုတာ ။

“ အားလုံး ကြားကြတယ် မဟုတ်လား ။ မင်းတို့ ရဲ့ ပထွေးတွေ ၊ မိထွေးတွေ လာ သောင်းကျန်းသွားတာ ၊ ဟင်း .. လခစားချင်း တူတူ တကယ်တမ်း အပြော ခံရတာ ဘယ်သူတွေတုန်း ။ စိုးစိုး ၊ မာမာ ၊ ဖြူဖြူ နင် တို့ တွေ ပါ အပြင် ထွက်ခဲ့ကြစမ်း ”

ကိုထူးအောင် ရဲ့ စကား အဆုံး စိုးစိုး တို့ လည်း အရှေ့ ကို ခပ်ကုတ်ကုတ် ထွက်လာကြရပြီ ။ ကိုထူးအောင် တို့ ရှေ့မှာ မက်တပ်စုံရပ် ၊ လက် နောက်ပစ်ပြီး နေရင်း ငယ်ငယ်တုန်း က ရွာ ရဲ့ မူလတန်းကျောင်းသူ ဘ ဝ ကို စိုးစိုး ပြေးပြီး သတိရတယ် ။ ရွာကျောင်း ကို မြို့နယ်ပညာရေးမှူး တို့ စစ်ဆေးရေးအဖွဲ့ တို့ လာတဲ့ နေ့များ ဆိုလို့ ကတော့ သူတို့ ပြန် ရင် အပြစ် ရှိရှိ မရှိရှိ စိုးစိုးတို့ တစ်ကျောင်းလုံး ဗြောတီး ခံရပြီသာ မှတ် ။ ကျောင်းအုပ်ဆရာမကြီး ကို အထက် က လူတွေ ဆူသွားတာ ၊ ပြောသွားတာ များ ရင် စိုးစိုး တို့ ပိုပြီး နာပြီသာ မှတ် ။ အရိုက် ခံရတဲ့ ခေါင်းစဉ် ကတော့ လူကြီးတွေ ရောက်နေတဲ့ အချိန် စကားများ လို့ ပေါ့ ။ အခုလည်း အဲဒီလိုပါပဲ ။ မန်နေဂျာ ကိုထူးအောင် တို့ ကတော့ ဘာခေါင်း စဉ်တွေ တပ်ဦးမည် မသိ ။

“ နင်တို့ လည်း နောက်ဖေး မှာ ပဲ ကပ်နေကြ ။ နည်းနည်းပါးပါး ဆို င်ရှေ့ ကို ထွက်ဖို့ မစဉ်းစားဘူး ။ နင်တို့ အဘတွေ က နင်တို့ နဲ့ ပတ်သက်ပြီး တာဝန် အားလုံး ကို ငါ့ ကို ယူခိုင်းထားတာ ။ ငါ မကျေနပ်ရင် အားလုံး အလုပ် ဖြုတ်ပစ်မယ် ။ ဘာမှတ်နေလဲ ”

ကဲ ကြည့် ။ စိုးစိုး တို့ အလုပ်ဖြုတ်မယ် ဖြစ်နေပြီ ။ “ သူ့ဆန်စား ရဲမှ ” ဆိုပေမယ့် စိုးစိုး တို့ က သူ့ဆန်စား နေရ တာလည်း မဟုတ် ။ ပြီးတော့ စိုးစိုး တို့ ကို အလုပ်ဖြုတ်ပစ်မယ် ပြောပြီး သူတို့ သာ ပြုတ်ပြုတ် သွားတဲ့ မန်နေဂျာတွေ ဆိုတာ ရှေ့မှာ အပုံအပင်လေ ။ သိခြင်း ၊ မသိခြင်း ၊ ဒုက္ခ ၊ သုခ တွေ နဲ့ ဘောင်ခတ် ခံထားရတဲ့ အခြေခံ ဝပ်ကျင်း တစ်ခု ထဲ က ဘဝလေး တွေ ဟာ စိုးစိုး တို့ ပါပဲ ။ ဒီလို ဝပ်ကျင်းလေး တစ်ခု ခြစ်ကုတ် ဖက်တွယ် ထားဖို့ ကို တောင် အခြေအနေ တွေ က အများကြီး ရင်းနှီးခဲ့ကြရတာလေ ။ ဒီ ဝပ်ကျင်းလေး ထဲ ကို ဒုက္ခထုပ်တွေ ပျစ်ချလည်း ခံရုံပေါ့ ။ ဘာများ တ တ်နိုင်မှာ လဲ ။ ရွေးချယ်ခွင့် စကားလုံး ဆိုတာ စိုးစိုးတို့ အမြဲတမ်း သူစိမ်း သက်သက်ပဲလေ ။

“ တော်သေးတယ် ။ နင်တို့ နေတဲ့ အခန်းတွေ ဘက် ဖြတ်လျှောက်မ သွားလို့ ဖြတ်များ လျှောက်လို့ ကတော့ နင်တို့ ရဲ့ ပထွေး နဲ့ မိထွေး က ငါ့ ခေါင်းကို ဆင်နင်း သလို နင်းကြဦးမယ် ”

ဪ .. ခံစစ်ပါ ဆိုမှ စိုးစိုး တို့ ခေါင်းငုံ့ ထားရုံက လွဲလို့ ဘာများ တတ်နိုင်မှာလဲ ။ ဒီ ဆိုင်ရှင်တွေ က ကိုထူးအောင် ပြောသလို စိုးစိုး တို့ နေတဲ့ နောက်ဖေး မီးဖိုခန်း နဲ့ ကပ်လျှက် အခန်းကျဉ်းလေး ဆီ ကို ဘယ်တုန်း ကများ လာခဲ့ဘူးလို့လဲ ။ ရှစ်ပေပတ်လည် အခန်းကျဉ်းလေး ထဲ မိန်းကလေး ငါးယောက် စုပြုံ အိပ်နေကြရတဲ့ နေရာ တစ်ခု ဟာ ဒီဆိုင် ပိုင်ရှင် လို လူမျိုးတွေ ရဲ့ ချောင်းကြည့်စရာ နေရာ တစ်ခု မှ မဟုတ်တာ ။

ကိုထူးအောင် ဆက်ပြီး ပြောနေတာ အစုံအလင် ။ အဓိက ရည်ရွယ်ချက် ကတော့ ဟို နှစ်ယောက် ရှေ့မှာ ငုံ့ခံခဲ့ရ သမျှ ၊ ပေါက်ကွဲ လွင့်ထွက်လာ တဲ့ စကားလုံးတွေပဲပေါ့ ။ စိုးစိုး တို့ လည်း မျက်နှာပိုးတွေ သေအောင် အကုန်သတ် ။ မျက်လွှာချ ၊ ခေါင်းငုံ့ နေပေမယ့် ရှေ့ မှာ ပြောနေတဲ့ အသံတွေ ကို မကြားရတာ အံ့သြစရာပဲ ။ ရိုးနေပြီလေ ။ ပြောလာတဲ့ အပြစ်တင် စကား ကို ရင်ဘတ် ထဲ ထည့်ပြီး ခံစားကြည့် တော့လည်း ရလဒ် က ဘယ်တုန်းက ချိုမြိန်ခဲ့ဖူး လို့လဲ ။ သူတို့ ပြောချင်သလောက် ပြော ။ နားထောင်ရတဲ့ ကိစ္စတွေ ပြီးသွားတော့ နောက်ကွယ် မှာ တိတ်တိတ် “ ဟား ” ပစ် ။ ပြီးရင် နဂိုအတိုင်း နေ ။ ကိုယ် တစ်ယောက်တည်း ကောင်းနေရုံ နဲ့ အရာရာ လှပသွားမှာ မဟုတ်တဲ့ အခြေအနေ တစ်ခု ၊ ပြီးတော့ မလွှဲသာ မရှောင်သာ နေရတဲ့ ဝပ်ကျင်းလေး တစ်ခု မှာ ဒီနည်းက လွဲလို့ အခြား ဘာများ ရှိနိုင်ဦးမည်နည်း ။

•••••   •••••   •••••

( ၃ )

“ ငါ တော့ သိပ် စိတ်ညစ်တာပဲ စိုးစိုး ရယ် ။ တစ်ခါတစ်ရံ ကျ သည်းမခံချင်ဘူး ။ ပြန် ပြောပစ်ချင်တယ် ။ ဒါပေမဲ့ ... ”

“ ဒါပေမဲ့ နဲ့ ဆက်မယ့် ဝါကျ ဆိုရင်လည်း အစ ကတည်း က မတည် ဆောက် နဲ့တော့ ဖြူ ရေ .. အားလုံးက နင့် လို ချည်းပဲ ”

စိုးစိုး က ပန်းကန် ဆေးရင်း ၊ မာမာ နဲ့ ဖြူ က အရွက်တွေ ချွေရင်း ပေါ က်ကွဲမှု တစ်ချို့ကို ဖွင့်အံထုတ်ဖြစ်တယ် ။ နောက်ဖေးချောင် အလုပ်သမား တွေ အားလုံး ထဲ မှာ ဖြူ က စိတ်ဓာတ် နည်းနည်း ပျော့ညံ့သူ ။ အဲဒီတော့ စိတ်ဓာတ် ပျော့ညံ့သူတို့ ထုံးစံ အတိုင်း ပြဿနာ ကို အကြိမ်ကြိမ် စားမြုံ့ပြ န် ၊ အကြိမ်ကြိမ် ပြန် ခံစား နေပေမယ့် ထွက်ပေါက် တစ်ခု ရှာဖို့ကျ ဘယ်တော့မှ မကြံစည်တတ်သူ ။

“ မဟုတ်ဘူး လေဟယ် ၊ အခု နင်တို့ ကြည့် ... ။ မန်နေဂျာတွေ က ထစ်ကနဲ ရှိ ငါတို့ ကို ဖိဖို့ပဲ စဉ်းစားနေတာ ။ သူတို့ ရဲ့ စိတ်ထွက်ပေါက် ဟာ ငါတို့ ကျောခုံး ပေါ်မှာ ချည်းပဲ ။ သူတို့ ကျတော့ ရော ဘယ်လောက်တောင် မှန် နေလို့ လဲ ။ ဆိုင်ရှင် ဆိုတဲ့ လူတန်းစားကလည်း ဝတ္ထုတွေ ရုပ်ရှင်တွေ ထဲ ကလို ဆိုင် ရဲ့ လိုအပ်ချက် ၊ ဆိုင်အလုပ်သမား တွေ ရဲ့ လိုအပ်ချက်ကို အပြုံးများစွာ နဲ့ ရက်ရောစွာ ဖြည့်ဆည်း ။ ဒီလိုမျိုး အောင့်မေ့တာ ။ နောက်ဆုံးတော့ ... ဆိုင်ရှင်တွေ မလာပါစေနဲ့ လို့ တောင် ဆုတောင်းရ မလို ဖြစ်နေပြီ ”

“ ဟဲ့ ... နင် ပြောတဲ့ ဆိုင်ရှင် ဆိုတဲ့ လူတန်းစား က လူ ဖြစ်ဖို့ ထင်းစား နေရတာ ။ ငါတို့ ကျတော့ ထမင်းစားဖို့ သက်သက် လူ ဖြစ်နေရတာ ဟဲ့ ။ ဒါနဲ့ နင် က ဘာဖြစ်ချင်လို့ လဲ ”

“ ဘာဖြစ်ချင်ရမှာ လဲ စိုးစိုး ရဲ့ ။ ဒီ အခြေအနေ က လွတ်မြောက်ချင် တာပေါ့ ။ အပြောင်းအလဲ တစ်ခု အမြန်ဆုံး ကြုံခွင့်ရချင်တာပေါ့ ။ ဟဲ့ ... ပြောရင်းဆိုရင် ကောင်မနော် နင် သင်ရမယ့် ကန်စွန်းရွက်စည်း ကို ဘာလို့ ငါ ရှေ့ လာ ချရတာလဲ ... ”

“ ဟီး ”

မာမာ က စကား ပြောရင်း သူ လုပ်ရမယ့် အလုပ် ကို ဖြူ့ ရှေ့သွား ချတယ် ။ ဒါမျိုးကတော့ ဖြူ က မခံ ။ မန်နေဂျာ ရှေ့ မှာ မဖြစ်မနေ ခေါင်းငုံ့ ခံခဲ့ရ သမျှ ဒီ ကန်စွန်းရွက် သင်ရမယ့် ကိစ္စလေး ကို တောင် နပန်း ထသ,တ်ကြတော့မယ့် ပုံစံနဲ့ အပ် , ကို ဦးပဲ့ ထမ်း နေကြတယ် ။

“ နင်တို့ နှစ်ယောက် ကို စိတ်ညစ်တာအဲဒါပဲ မာမာ နဲ့ ဖြူ ရဲ့ ။ နင်တို့ က အဝေး တစ်နေရာ ကနေ မိသားစု နဲ့ ခွဲပြီး အလုပ် လာ လုပ်ကြရတဲ့ ဘဝတူ အချင်းချင်း စာနာရ ကောင်းမှန်း မသိဘူး ။ မာမာ ... တစ်ကယ် ဆိုရင် ကန်စွန်းရွက်တစ်စီး ပို သင်လိုက်ရလို့ ဘာဖြစ်သွားမှာ လဲ ။ ဘာလို့ ဒီလို လုပ်ရတာလဲ ။ ကန်စွန်းရွက် တစ်စည်း ကို သူများ ရှေ့ ပစ်ချလိုက်ရုံ နဲ့ နင် လည်း အခု ဒီ ဘဝ က ကျွတ် မသွားပါဘူး ။ ဒီ ဆိုင်ရှင် ဆီ မှာ ရှိတဲ့ နင့် ရဲ့ အကြွေးတွေ မကျေပါဘူး ။ ဒီ ဝပ်ကျင်း ထဲ က နင် လွတ်မြောက် မသွားပါဘူးဟယ် ... ”

စိုးစိုး ရဲ့ စကားကြောင့် မာမာ က မကျေနပ် သွားပေမယ့် ဘာစကား မှ ပြန်မပြောဘဲ တိတ် သွားတယ် ။ ဒါပေမဲ့ သူ့ ရဲ့ စိတ် ကို ထွက်ပေါက် ပေးချ င်နေတဲ့ ပုံတွေ က မျက်နှာ မှာ အထင်းသား ။ မျက်မှောင်ကြုတ် ထားတာ မျက်ခုံး နှစ်ခု ပေါင်းကူး မတက် ။ ပါးစပ် က ပွစိ ၊ ပွစိ ပြောနေပေမယ့် အသံ က မထွက် ။ အဲဒီ အချိန်မှာ နောက်ဖေး လမ်းကြား က ခွေးတစ်ကောင် က စားကြွင်းစားကျန် ရှာဖို့ စိုးစိုး ပန်းကန်ဆေး တဲ့ နေရာ နဲ့ မလှမ်းမကမ်း မှ ဟိုချောင်း ၊ သည်ချောင်း လုပ်နေတယ် ။ ခွေး ကို ကြည့်လိုက်တဲ့ မာမာ ရဲ့ မျက်ဝန်းတွေ က စူးရှ သွားတာကို စိုးစိုး မြင်လိုက်တယ် ။ မာမာ တစ်ခုခု လုပ်တော့မှာ ကို စိုးစိုး သိလိုက်ပေမယ့် တားချိန် မရလိုက်ဘူး ။ စိုးစိုး ရှေ့ ရေဇလုံ ထဲ က ပန်းကန် တစ်ချပ် ကို မာမာ က လှမ်းယူတယ် ။ ပြီးတော့ စိုးစိုး တစ်ခုခုလှမ်းပြောလိုက်တဲ့ ကြားထဲ ကနေ လုပ်ဖြစ် အောင် လုပ်လိုက်တယ် ။

နောက်ဆုံးမှာ တော့ ... ။

ဝပ်ကျင်းလေး ထဲ က သတ္တဝါ တစ်ကောင် ရဲ့ ထွက်ပေါက် ဖွင့်လိုက်တဲ့ အသံ ဟာ ၊ အခြား ဝပ်ကျင်း ထဲ က သတ္တဝါ တစ်ကောင် ရဲ့ အပေါ် မတန်တဆ ကျရောက် သွားတော့တယ် ။

“ ဂိန် ”

▢ မင်းဝေဟင်
📖 မုခ မဂ္ဂဇင်း
      ဇန်နဝါရီ - ၂၀၁၀

Sunday, March 16, 2025

ကိတ္တိမသား


 

❝ ကိတ္တိမသား ❞
  ( မင်းဝေဟင် )

( ၁ )

ပေါက်ပွင့်တွေ ၊ စိန်ပန်းနီပွင့်တွေ နဲ့ တန်ဆာဆင်ထားတဲ့ ရွာကလေး ရဲ့ နွေ တစ်နေ့ဟာ အနီရောင် ကန့်လန့်ကာကြီး တစ်ချပ်ဖြန့်ခင်းထားသလို အဆုံးအစမဲ့ နီမြန်းနေတယ် ။ ဝန်းကျင် တစ်ခုလုံး အပူဓာတ်တွေ ကူးစက်နေပုံ ကလည်း ရေကန် ထဲက ရေတွေတောင် အခု ချက်ချင်းကြီး ဆူပွက် လာတော့မယ့် အတိုင်း ။ သဲတရှပ်ရှပ် ဖြစ်နေတဲ့ ရွာလယ်လမ်းလေး ကို နေသာထိုင်သာ ရှိသွားအောင် တော့ နွေလေရူး က လည်း ဘယ် လာပြီးတတ်နိုင်ပါမလဲလေ ။ အထက်က  ပူ ၊ အောက် က ပူနဲ့  ဘိန်းမုန့် ဖုတ်ခံ ထားရသလို ရွာကလေး ရဲ့ အလယ်ခေါင်တည့်တည့်မှာ တော့ ရာသီဥတု နဲ့ သဟဇာတ မဖြစ်လှစွာ အလှူဗြောသံလေး က ငြိမ့်ငြိမ့်ညောင်းညောင်း သံရှည် ဆွဲလို့  ။

အဲဒီ အလှူဗြောသံ နောက်မှာ ထပ်ကြပ်မကွာ ကပ်ပြီးပါလာတဲ့ အသံ တွေ က တစ်ချီ ၊ တစ်ချီ ဆိုရင် ဗြောသံ ကို တောင် ဖုံးလွှမ်း လောက်အောင် စူးရှနေတယ် ။ ပြေးသူ က ပြေး ၊ အော်သူ က အော် ၊ အသံမျိုးစုံ နောက်ခံ နဲ့ ရွာကလေး ဟာ ရုပ်လုံးကြွ နေတယ် ။ ဘယ်လိုပဲ ခေါ်ခေါ် သူတို့ ခေါ် နေတဲ့ သူ ကတော့ အစအန တောင် မတွေ့ရပါဘူး ။

“ ကိုဆယ်ပြား ရေ ... ကိုဆယ်ပြား ” 

“ ဦးဆယ်ပြား ရေ ... ဗျို့ ဦးဆယ်ပြား ”

အရွယ်မျိုးစုံတို့ ရဲ့ ခေါ်သံမျိုးစုံဟာ ဟိုမှ သည် မှ ပဲ့တင်ထပ် နေတယ်  ။ ခေါ်သူပေါင်း များစွာ ဆီက ထွက်နေတဲ့ အသံမျိုးစုံ ဟာ ရောထွေး နေတဲ့ အတွက် ပီပီပြင်ပြင် မဟုတ်လှ သလို ၊ ပြေးလွှားနေတဲ့ လူအုပ် ကြောင့် ရွာလယ် လမ်းမကြီး ဟာ လည်း မြင်ကွင်းတွေ မသဲကွဲတော့ဘဲ တစ်ကယ့် လှည်းလမ်းမကြီးအတိုင်း ဖုန်တထောင်းထောင်း ကို ထ လို့  ။

“ ဪ ... ဒုက္ခပါပဲ ။ ဒီအလှူရှင် ဆယ်ပြား နှယ် အလှူတရား နာခါနီးမှ ” 

အရီးမြ က သူ့ စကား ကို အဆုံးမသ,တ်ဘဲ ၊ ဟိုသည် အကြည့်တွေ ရွှေ့ လို့ ပျောက်နေတဲ့ ဆယ်ပြား ဆိုတဲ့ လူ ကို တတပ်တအား ကူပြီး ရှာကြည့်တယ် ။

“ ဘယ်လို ဖြစ်တာပါလိမ့် ” ဆိုတဲ့ အတွေး ကို အရီးမြ က ဆက်ပြီး တွေး ကြည့်တော့ အဖြေ ဟာ အရီးမြ ခေါင်းထဲ မှာ အဆင်သင့်ဖြစ်လာတယ် ။

“ ဒီကိစ္စ သာခင့် ကို မေးရင် ပြတ်ပြီပေါ့ ”

အရီးမြ က ဒီလို တွေးရင်း ပျောက်နေတဲ့ အလှူရှင် ကိုဆယ်ပြား ကိုလည်း ကူပြီး ရှာဖို့ အစီအစဉ် မရှိတော့ပါဘူး ။ နဂိုမူလ ရည်ရွယ်ချက် ဖြစ်တဲ့ အလှူအိမ် ကို သွားလို့ တရားနာ ဖို့ ပဲ ပြင် လိုက်တယ် ။ ခြေလှမ်းတွေ ကို ခပ်သုတ်သုတ် ပြင်ရင်း အလှူအိမ် ရောက်မှ သူ့ ရဲ့ မောင် ဖြစ်တဲ့ “ သာခင် ” ကို တိုးတိုးတိတ်တိတ် ကျိတ် မေးလို့ ဆယ်ပြား အကြောင်း စုံစမ်းမယ် လို့ လည်း တွေး လိုက်သေးတယ် ။ သာခင် ဆိုတာက အခြားသူ မှ မဟုတ်တာ ။ အလှူရှင် ဆယ်ပြား ရဲ့ ယောက္ခမ ကိုး ။

မနက်ကြီး က အလှူအိမ် ကို အရီးမြ တစ်ခေါက် ရောက်တယ် ။ ဒီ ကတည်း က အလှူရှင် ဆယ်ပြား ရဲ့ မျက်နှာ သုန်သုန်မှုန်မှုန် နဲ့ မကြည်လင် တဲ့ မျက်ဝန်းတွေ ကို အကဲတော့ ခတ်မိသား ။ အလှူရှင် ကိုဆယ်ပြား ရယ် က အရင်နေ့ ညနေ က မှ သင်္ကန်းစည်း လိုက်တဲ့ သူ့ သား ကိုရင် ကို တွေ တွေကြီး ကြည့်လို့ သက်ပြင်းတွေ ၊ သက်မတွေ တစ်လှေကြီး ခိုးချနေတာ တွေ့ခဲ့ လိုက်တယ်လေ ။

ဒီကတည်း က အရီးမြ က “ ဟဲ့ သာခင် နင့် သမက်ကို ကြည့်ထိန်းဦး ၊ အလှူက ပြီးသေးတာ မဟုတ်ဘူး ။ နေ့လည်မွန်းလွဲ တစ်ချက်တီး ကို တရားနာရေ စက်ချရဦးမှာ ” လို့ မောင် ဖြစ်တဲ့ သာခင် ကို တိတ်တိတ် ကြိတ်မှာ ရသလို ။

“ ဟဲ့ ဆယ်ပြား ရဲ့ ... ဒီ အလှူ က နင့် ရဲ့ အလှူ ဟဲ့ ၊ ထန်းရည်စော် ကလည်း နံလိုက်တာ ၊ ထန်းရည် က သောက် ထားရသေးလား ။ နေ့လည်ကျ အလှူရေစက် ချရမှာ နော် ။ အလှူ ကို ထန်းရည် နဲ့ ရေစက်ချ လို့ မရဘူးဟဲ့ ... ” ဆိုပြီး အခြား အလှူ လာတဲ့ လူတွေ မသိအောင် ပါးစပ် က လည်း ခပ်အုပ်အုပ် ပြောလို့ ၊ ပတ်ဝန်းကျင် ကို ဝေ့ကနဲ တစ်ချက်ကြည့် ။ လူ လစ်လောက်ပြီ ထင်တော့ ဆယ်ပြား ရဲ့ ခေါင်း ကို ဒေါက်ကနဲ တစ်ချက် ခေါက်ချခဲ့သေး တာ ။

အလှူရှင် မို့ လို့ ရှိန် နေစရာ လည်း မလိုဘူးလေ ။ ဆယ်ပြား ဆိုတာက ငယ်ငယ်လေး ကတည်းက ငယ်မွေး ခြံပေါက် ကိုး ။ အဲလို ငယ်မွေးခြံပေါက် မို့လို့ လည်း ဆယ်ပြား အကြောင်း ကို အရီးမြ က ခရေစေ့တွင်းကျ သိ ထားတယ် ။ ကုန်ကုန် ပြောရရင် ဆယ်ပြား ရဲ့ စိတ်ထဲ ဘာတွေ ရှိနေပြီ ဆို တာက အစ ၊ အရီးမြ နဲ့ သူ့ မောင် ဦးသာခင် က သိနေကြ တာလေ ။ ဒါကြောင့် ဒီနေ့ မနက် ဖြစ်နေတဲ့ အလှူရှင် ကိုဆယ်ပြား ရဲ့ မျက်ဝန်းနက်နက်တွေ ၊ အကြည့်စူးစူးတွေ ။

“ အို... ဆယ်ပြား ဖြစ်နေတဲ့ မျက်ဝန်းတွေ က ဒီနေ့ရယ် မှ မဟုတ်ပါ ဘူး ။ ကြာနေပြီ ။ အတော်လေး ကို ကြာနေခဲ့ပါပြီ ... ”

အရီးမြ ရဲ့ နောက်ဆက်တွဲ အတွေးတွေ က ဘာကို စိတ်ပူရမှန်း မသိအောင် တစ်ခုခု ကို စိတ်ပူ လာစေတယ် ။ အလှူတရား နာခါနီးမှ ဆယ်ပြား ရယ် က ပျောက်ရတယ်လို့ ။

“ အို ... နောက်မှ ဖြစ်လာမယ့် ဟာတွေ အသာထား ၊ ဒီနေ့လည် တရားနာ ၊ ရေစက်ချ ပြီးလို့ အလှူလေး ဖြစ်မြောက် သွားရင်ပဲ တော်လှပါပြီ ”

အတွေးစ ကို ဖြတ်လို့ ၊ သဘက်ကလေး ခေါင်းပေါ် တင်ပြီး အလှူအိမ် ဘက် ကို အရီးမြ ခပ်သုတ်သုတ် နှင် တယ် ။ ရှေ့ တူရှူ က ဗြောသံ နဲ့ အနော က်ဘက် ဆီက လူသံတွေ ကတော့ အရီးမြ ရဲ့ အာရုံ နဲ့ အပြိုင် အသံမျိုးစုံ ထွက် နေဆဲပဲ ။

oooooooooooo

( ၂ )

ဒီ အလှူပွဲ ကို လုပ်မယ်လို့ စပြီး ပြောခဲ့တာကလည်း အလှူရှင် ဆယ်ပြား ပါပဲ ။ ဒီတုန်းက အရီးမြ နဲ့ အလှူရှင် ဖြစ်လာမယ့် ဆယ်ပြား ရဲ့ ယောက္ခမ ဦးသာခင် က ပဲ အလှူ အတွက် စီစဉ်စရာ ရှိတာတွေ စီစဉ်လို့ အစစ အရာရာ ဦးဆောင် ပေးခဲ့ရတာ ။ ဦးသာခင် ရဲ့ သမီး ၊ ဆယ်ပြား ရဲ့ မိန်းမ အေးရီ က ငယ်ငယ် ကတည်းက ဘာ တစ်ခု ဖြစ်မြောက်အောင် စီစဉ် တတ်တာမှ မဟုတ်တာ ။ ဦးသာခင် ရဲ့ ဇနီး ဆုံးတော့ ဦးသာခင် ရဲ့ အစ်မ အပျိုကြီး အရီးမြ ကပဲ နှစ်အိမ့်တစ်အိမ် ကူးလို့ အေးရီ ကို စောင့်ရှောက် လာခဲ့ရတာ ။ ဒီနေ့ အထိပဲ ဆိုပါတော့ ။

ဆယ်ပြား ဆိုတာ ကတော့ အေးရီ ထက်တောင် ပိုလို့ ဆိုးပေါ့ ။ ဆယ်ပြား ဆိုတဲ့ နာမည် ရလာတာကို ပဲ ကြည့် ။ အစက သူ့ နာမည် က ဆယ်ပြား မဟုတ်ပါဘူး ။ ငယ်ငယ် ကတည်းက သူများ တွေ လို ဦးနှောက်ဉာဏ်ရည် က မဖွံ့ဖြိုးလေတော့ ကလေးတွေ ကြားထဲ “ ဆယ်ပြား ၊ ဆယ်ပြား ” နဲ့ နောက်ပြောင် ခေါ်လို့ ဘာ ကြာမတုန်း ။ နာမည်အရင်း လှမောင် ဆို က စုန်းစုန်းမြုပ်ကရော ။

ဆယ်ပြား ရဲ့ အဖေ က ဦးသာခင် တို့ အိမ် မှာ သူရင်းငှား လာ လုပ်တော့ ဆယ်ပြား အသက် ရှိလှ ခြောက်နှစ် ၊ ခုနစ်နှစ် ပေါ့ ။ အဲဒီ ကတည်း က ဦးသာခင် တို့ အိမ် ကို ဆယ်ပြား ရောက် လာလိုက်တာ ဆယ်ပြား အဖေ လည်း ဆုံးရော ၊ ပြန်စရာ နေရာ မရှိတဲ့ ဆယ်ပြား ၊ ဆယ်ကျော်သက် အရွယ် မှာ ပဲ ဦးသာခင် အိမ် သောင်တင်ကရော ဆိုပါတော့ ။

အစပိုင်း အရွယ်ကလေးတွေ ရောက်လာတော့ ဆယ်ပြား နဲ့ အေးရီ တစ်ခုခု ဖြစ်သွားမှာ ကို ဦးသာခင် တို့ စိုးရိမ်လိုက်ပုံများ ပြော မနေပါနဲ့ တော့ ။ အရီးမြ ဆိုတာ က ပိုလို့ တောင် ဆိုးပေါ့ ။ အေးရီ က အူတူတူ ၊ အတတ ဆို ပေမယ့် လယ် နဲ့ ချောင်း နဲ့ ဆိုသလို မဟုတ်လား ။ ဆယ်ပြား လို တစ်ကောင်ကြွက် ၊ တစ်မျက်နှာ အပြင် ရူးနှမ်းနှမ်း ကျပ်မပြည့်ကောင် နဲ့ ဘယ် လာ သဘောတူလိမ့်မတုန်း ။ သူတို့ က သာ စွေ့စွေ့ခုန် သဘော မတူကြ ၊ တစ်ခုခု ဖြစ်မှာ ကိုစိုး ရိမ်ကြ ဖြစ်နေကြပေမယ့် ဆယ်ပြား နဲ့ အေးရီ က တော့ အေးဆေးပါပဲ ။

ဆယ်ကျော်သက်တွေ သာ ဖြစ်လာတယ် ။ ဆယ်ပြား က ရွာရိုးကိုးပေါက် မှာ ကလေး တစ်အုပ်နဲ့ လောက်စာလုံး ခေါင်ပုံကဲ ၊ သားရေကွင်းပစ်တမ်း ကစားလို့ အားမရသေး သလို ၊ အေးရီ က လည်း ဟင်းတစ်မယ် မပြော နဲ့ ထမင်းအိုးတ စ်လုံး တောင် ဖြောင့်အောင် မတည်နိုင်သေးပါဘူး ။ ထမင်းအိုး တင် မဟုတ်ပါဘူး ။ အေးရီ တို့ က ဘာ တစ်ခုမှ ကို ဖြောင့်အောင် မလုပ် တတ်တာ ။ တစ်ခုခု လုပ်ခိုင်း ကြည့် ။ ဘာ တစ်ခု မှ ကို ရေရာတယ် မရှိပါ ဘူး ။ “ နေ့ မမြင် ၊ ည ကန်း ၊ မနက် စမ်းတဝါးဝါး ” ဆို သလိုကိုး အေးရီ တို့ က ထူးချွန်တာ ။ ပညာရေး ဘက် တော်သလား ဆိုတော့လည်း ခုနစ်တန်း သုံးခါကျ ဆိုတဲ့ အစား ထဲ မှာ အေးရီ တို့ က ထိပ်ဆုံး က ဖြစ်နေပြန်ရော ။

အဲဒီလို အူတူတူ အတတ အေးရီ နဲ့ ၊ ရူးနှမ်းနှမ်း ဆယ်ပြားတို့ အခြေအနေ က ဘာမှ မထူးခြားပေမယ့် လူကြီး နှစ်ယောက် ကတော့ စိတ် ပူမြဲ ပူ နေကြတုန်းပါပဲ ။ တကယ် လည်း သူတို့ နှစ်ယောက် ကြို တွေးသလို ဆယ်ပြား နဲ့ အေးရီ က တစ်ယောက် နဲ့ တစ်ယောက် ဘာမှ မဖြစ်ခဲ့ကြပါဘူး  ။ ဒါပေမဲ့ ... ။

ooooooooooo

( ၃ )

တဖြည်းဖြည်း နဲ့ အလှူပွဲ က နီး လာလေ ၊ ဆယ်ပြား ရဲ့ မျက်ဝန်းတွေ က ပြောင်း ၊ ပြောင်း လာ သလို ၊ စကား ပြောတာတွေ ကလည်း ရှေ့နောက် အစီအငေါ် မတည့်တော့ပါဘူး ။ ဒီ ကတည်းက တစ်ခုခု ဖြစ်ပြီ ဆိုတာ ကို ဦးသာခင် နဲ့ အရီးမြ က ရိပ်စား မိပြီ ။ လူကြီး နှစ်ယောက် က ဘယ်လိုပဲ ရိပ် စားမိ လည်း အလှူအစ်မ ဒေါ်အေးရီ တို့ ကတော့ ပုံ မပျက်ပါပဲ ။ ဘာကိုမှ မတွေးတတ်သလို ၊ ဘာကို မှ လည်း မတွေးပါဘူး ။

“ ကျုပ် က အလှူဒါယိကာ လုပ်ချင်တာဗျ ။ အခုဟာ က .. ဟင်း ” ဆိုပြီး ဆယ်ပြား တို့ အဆုံး မရှိတဲ့ စကားတွေ ပြော လို ပြော ။ တောရောက် တောင်ရောက် စကားတွေ လည်း ပြောလား ပြောနဲ့ ။ ထန်းရည် မူးလာ တဲ့ နေ့ ဆို ပိုလို့ တောင် ဆိုးသေး ။ အဆိုးဆုံးကတော့ တစ်သက်လုံး ကြောက် လာရတဲ့ အရီးမြ ကို တောင်

“ အရီးမြ မိန်းမ တစ်ယောက် က ငါးလ လောက် ဗိုက်ကြီးရင် မွေး ရောလားဗျ ”

ဒီလို မေးခွန်းမျိုး ကို ကျတော့ ဆယ်ပြား တို့ က မေးလိုက်တာ မှ ဖြောင့် လို့  ။ “ ကျုပ် မသိလို့ မေးတာနော် ” ဆိုတဲ့ စကားပုလ္လင်လေး တောင် ပါလိုက်သေး ။ အရီးမြ တို့ ကတော့ ဒီ မေးခွန်းမျိုး ကို ဘယ် လာပြီး ဖြေလိမ့်မလဲ ။ မျက်လုံး ကို ပြူးသထက် ပြူးအောင် လုပ်လို့ “ ငါ့ ကို ဒါတွေ လာ မေးစရာ လားဟဲ့ ” ဆိုတဲ့ တန်ပြန် မေးခွန်း ကို မေး ၊ လက် တစ်ဘက် က လည်း လေ ထဲမှာ ဝဲလို့ ဒေါက်ကနဲ ဆို ဆယ်ပြား ခေါင်း ကို ပူ သွားအောင် ခေါက် ချပြီး မေးခွန်း ကို အစဖျောက် ပစ်လိုက်တာပေါ့ ။

ဒီ ကတည်း က ဘာမှ ပြန်မဖြေပေမယ့် “ တစ်ခုခု ကို ဆယ်ပြား သိနေ သလား ” ဆိုပြီး လွန်ခဲ့တဲ့ ဆယ်နှစ် ဆီကို အရီးမြ ပြေး ပြီး မြင်ယောင် တော့လည်း ၊ အဲဒီ အချိန် က နေ ၊ အခု အချိန် ထိ ဆယ်ပြား တို့ က အရိုးခံ လေ ။ အခု သားလေး ဆယ်နှစ် ပြည့်လို့ သင်္ကန်းစည်း အလှူ လုပ်တော့မယ် ဆိုကာမှ ဆယ်ပြား တို့ ဖောက်လာတဲ့ ရောဂါ ။ ဒီအကြောင်းတွေ ကို ကြိုပြီး မြင်လို့ လွန်ခဲ့တဲ့ ရှစ်နှစ် ၊ သားလေး နှစ်နှစ်သား လောက် အရွယ် က အေးရီ ကို အရီးမြ ပြောခဲ့သေး တာ ။

“ ဟဲ့ ... အေးရီ ၊ ကလေး နောက် တစ်ယောက် လောက် ထပ်ပြီး မွေးပါ ဦးအေ ... ဆယ်ပြား လည်း သမီးလေး တစ်ယောက် လောက်တော့ ထပ်ပြီး လိုချင်ရှာမပေါ့ ” လို့ ပြောတော့ အေးရီ တို့ က ဘာ ပြန် ပြောတယ် မှတ်လဲ ။

“ ကလေး တစ်ယောက် မွေးတယ် ဆိုတာ လွယ်တာ မဟုတ်ဘူး အရီးမြ ရဲ့ ။ ဗိုက် ကြီးရတာ ကို က လွယ်တဲ့ ကိစ္စ မှ မဟုတ်တာ ။ မယုံရင် အရီးမြ ဗိုက်ကြီး ကြည့်ပါလား ” တဲ့  ။

အဲဒီလို ကို ခံပြောတာ ။ အခြား ကိစ္စတွေမှာ သာ အေးရီ တို့ အ,ချင် အ, မယ် ။ ဆေးထိုးဆေးသောက် ကျတော့ အချိန် ကို မှန်လို့ ။ အခု အချိန်ထိ နောက်ထပ်ကလေး ထပ် မရတာပဲ ကြည့် ။ ဒီတော့ အရီးမြ လည်း ဘာ ဆက် ပြောလို့ ရမတုန်း ။ အခုလိုမျိုး လည်း ဆယ်ပြား တို့ က ဖြစ်လာသေး တာ မှ မဟုတ်တာ ။ အရီးမြ ပါးစပ် ပဲ ပိတ် ထားလိုက်တာ ပေါ့ ။ အခု ကျမှ သာ ဘယ်က ဘယ်လို ဖြစ်လာတယ် မသိဘူး ။ ဆယ်ပြား ရယ် လေ .... ။

“ ငါးလ နဲ့ ကလေး မွေးလို့ ရလား ” ပြော လို့ ပြော ။ အဆိုးဆုံး ကတော့ တစ်ခုခု ကို သိနေတဲ့ ပုံကြီး ။

oooooooooooooo

( ၄ )

ဒီလိုနဲ့ ရေစက်ချ တရားနာ ဖို့ အချိန် က နီးကပ် လာတယ် ။ အလှူရှင် ကိုဆယ်ပြား ကို လိုက်ရှာ တဲ့ ရွာ ထဲ က အဖွဲ့ လည်း စိတ်လျှော့မောပန်းစွာ တပ်ခေါက် လာကြတယ် ။ သူတို့ သဘော က ဆယ်ပြား ကို လည်း ရှာ မနေ တော့ဘဲ ၊ ဦးသာခင် ပဲ ရေစက်ခွက် ကိုင်ပေါ့ ။ ဒီလို သဘော ထား လိုက်ကြ တာ ။ အလှူအစ်မ အေးရီ က တောင် အဲဒီလို လွယ်လွယ် သဘောထားလိုက် နိုင်ပေမယ့် မျက်ဝန်းနှစ်စုံ က တော့ အပြင်းအထန် အလုပ် လုပ် နေဆဲပဲ ။

အလှူမဏ္ဍပ် ဆီ ကို ကြွ လာတဲ့ ရွာဦးကျောင်း က ဘုန်းကြီးတွေ တဖြည်းဖြည်း မဏ္ဍပ် ဆီ ကို နီးကပ် လာပေမယ့် ဆယ်ပြား တို့ ကတော့ အရိပ်အယောင်တောင် မတွေ့သေးဘူး ။ ဘုန်းတော်ကြီးတွေ အလှူအိမ် ရောက်ဖို့ ခြံဝိုင်း ထဲ ဝင်တော့မှ ဆယ်ပြား တို့ က ဘွားကနဲ ကို ပေါ် လာခဲ့တာ ။ မိုးကျရွှေကိုယ် သက်တောင့်သက်သာ ပေါ်လာ တာ တော့ ဘယ် ဟုတ်လိမ့်မလဲ ။

ဝိုင်း ထဲ ကို အဝင်လမ်း မန်ကျည်းပင်ကြီး အောက်မှာ ကောက်ရိုးပုံကြီး တစ်ပုံ ရှိတယ် ။ ဘယ် အချိန် ကတည်း က ထန်းရည် မူးပြီး ကောက်ရိုးပုံ ပေါ် တက် အိပ် နေမှန်း မသိတဲ့ အလှူရှင် ဆယ်ပြား က ဘုန်းကြီးတွေ ကြွလာတာ လည်း မြင်ရော ကောက်ရိုးပုံ ပေါ် က လျှောပြီး ဆင်း လိုက်တာ ။ ကျောင်းထိုင်ဘုန်းကြီး ခြေစုံရင်း မှာ ခွေခေါက်ခေါက်လေး ပေါ့ ။ ပြုတ်ကျ လာတယ် ။ လက်အုပ်ကလေး တောင် ချီ ထားလိုက် သေးရဲ့ ။ ထန်းရည် မူးတဲ့ အရှိန် ၊ ကောက်ရိုးပုံ ပေါ် က ပြုတ်ကျလာတဲ့ အ ရှိန် နဲ့ အလှူရှင် ကိုဆယ်ပြား တို့ တော်တော် နဲ့ တောင် ထ , မလာနိုင်ပါဘူး ။ ရွာသား နှစ်ယောက် တွဲ ထူ ပြီး ခေါ်လာ မှ မဏ္ဍပ် ထဲ ကို ဒယီးဒယိုင် ပေါ့ ။ ဝင်လာကြတယ် ။

နဂို က ရေစက်ခွက် ကိုင်ဖို့ ပြင် နေတဲ့ ဦးသာခင် က အလှူရှင် ဆယ်ပြား ရှေ့ ကို ရေစက်ခွက် ထိုးပေးတယ် ။ တရား နာနေတဲ့ အချိန် ထိ ဆယ်ပြား တို့ ကတော့ မဏ္ဍပ် ထဲ မှာ ခွေခွေခေါက်ခေါက် ပေါ့ ။ ကျောင်းထိုင်ဘုန်းကြီး က လည်း အလှူရှင် ရဲ့ အခြေအနေ ကို ရိပ်စားမိ တော့ တရား ကို ခပ်တိုတို ဟောလို့ ရေစက်ချ ဖို့ လုပ်တယ် ။ အဲဒီမှာ တင် ဘယ်သူမှ မထင်မှတ် ထားတဲ့ အလှူရှင် ကိုဆယ်ပြား ရဲ့ မေးမြန်း လျှောက်တင်ခန်း က ပေါ်လာခဲ့တာ ။ နဂို ကတည်း က ဆယ်ပြား ဖြစ်နေရတဲ့ ကြားထဲ ထန်းရည် က ပါ မူးနေလိုက်သေး တော့ ဆယ်ပြား တို့ အသံ က အထစ်ထစ် အငေါ့ငေါ့ ။ အမှားမှား အယွင်းယွင်း ပေါ့ ။ ဒါပေမဲ့ ဆယ်ပြား လျှောက်လိုက်တဲ့ -

“ ဘယ်လိုသော ပုဂ္ဂိုလ် ဟာ အလှူဒါယိကာ မြောက်ပါသလဲ ဘုရား ”

ဆိုတဲ့ လျှောက်ထားချက် ကို ဘုန်းတော်ကြီး က သဘော ပေါက်ပြီး အနှစ်ချုပ် ဟောတယ် ။

ဘုန်းတော်ကြီး ဟောနေတာတွေ ထဲ က တစ်ချို့ က တော့ ဆယ်ပြား နားထဲ ကြား နေရတယ် ။ မဝင်ပါဘူး ။ ဒါပေမဲ့ ဘုန်းတော်ကြီး နောက်ဆုံး ဟောလိုက်တဲ့ စကားလေး ဟာ ငိုက် နေတဲ့ ဆယ်ပြား ရဲ့ ခေါင်း ကို ဆတ်ကနဲ ထောင်သွား စေခဲ့တယ် ။ မှေးနေတဲ့ ဆယ်ပြား ရဲ့ မျက်ဝန်းတွေ ကို ပြူးကျယ် သွားစေခဲ့တယ် ။

“ ကိုယ့် ရဲ့ သား ပဲ ဖြစ်စေ ၊ ကိတ္တိမ သား ပဲ ဖြစ်စေ ရှစ်ဖြာပရိက္ခရာ စုံလင်စွာနဲ့ သင်္ကန်း စည်းလို့ သာသနာ့ ဘောင် ကို သွတ်သွင်း ပေးနိုင်ခဲ့ရင် ဒကာ ဆိုလိုချင်တဲ့ အလှူဒါယိကာ မြောက်ပါပြီ ။ ဒကာဆယ်ပြား လို ကိုယ့် ရဲ့ သား ကို သင်္ကန်းစည်း အလှူပြု ပေးတာ မဟုတ်ရင် တောင်မှ ၊ ကိ တ္တိမသား ဆိုတဲ့ သူတစ်ပါး ရဲ့ သား ကို သင်္ကန်း စည်း ပေး နိုင်ခဲ့ရင် အလှူဒါယိကာ မြောက်ပါပြီ ” 

ဘုန်းတော်ကြီး က ဆယ်ပြား နားလည်နိုင် လောက်တဲ့ စကားတွေ သုံးပြီး ၊ အရိုးရှင်းဆုံး ဟောကြားတယ် ။ ဘုန်းကြီး ရဲ့ စကား အဆုံးမှာ ဆယ်ပြားဆ တ်ကနဲ ခေါင်းထောင် လို့ ရေစက်ခွက် ကို ကိုင်တယ် ။ “ ရေစက် ချလို့ ရပါပြီ ဘုရား ” လို့ လည်း ပြောလိုက်တယ် ။ ပြီးတော့ -

“ ကိတ္တိမသား .... ကိတ္တိမသား ” လို့ လည်း ဆယ်ပြား ပါးစပ် ကနေ ခပ် တိုးတိုး နဲ့ အကြိမ်ကြိမ် ရွတ်နေ သေးတယ် ။

ရေစက်ခွက် ကိုင်ထားတဲ့ ဆယ်ပြား ရဲ့ လက်တွေ တဆတ်ဆတ် တုန် နေတာ ကို ဦးသာခင် နဲ့ အရီးမြ က ပြိုင်တူ သတိထား မိကြတယ် ။ ရေစက် ချနေရင်း ဆယ်ပြား က တစ်ချက် ၊ တစ်ချက် သူတို့ နှစ်ယောက် ကို လှမ်းပြီး ကြည့်တယ် ။ တစ်ခု ခု ကို သဘောပေါက် နေတဲ့ မျက်ဝန်းတွေ နဲ့ လေ ။

ဦးသာခင် နဲ့ အရီးမြ ရဲ့ နား ထဲ ဘုန်းတော်ကြီး ရဲ့ ရေစက်ချ တရားတိုင် ပေးတဲ့ အသံ ကို မကြားရ သလို ၊ ရေစက်ချတရား လိုက် ဆိုနေတဲ့ ဆယ်ပြား ရဲ့ အသံ ကို လည်း မကြားရဘူး ။

ဟိုး ... လွန်ခဲ့တဲ့ ဆယ်နှစ် ဆီက နွေတစ်ည ရဲ့ မြင်းခွာသံတွေ ၊ အိမ် ပေါ်ပြေးတက် လာတဲ့ ဓားမြတွေ ။ ပစ္စည်းတွေ ယူပြီး သမီးလေး အေးရီ ကို ဓားစာခံ ခေါ်သွားတဲ့ မြင်ကွင်း ။ ပြီးတော့ .. အဲဒီ ဖြစ်ရပ်တွေ ရဲ့ နောက်ထပ် လေးလ လောက် မှာ ဆယ်ပြား နဲ့ အေးရီ ကို မင်္ဂလာဆောင် ပေးခဲ့တဲ့ မြင်ကွင်း ။ မြင်ကွင်းတွေ က ဦးသာခင် နဲ့ အရီးမြ ရဲ့ အာရုံ မှာ အစီအရီ တစ်ကန့်စီ ၊ တစ်ကန့်စီ ။

အဲဒီ နောက်ဆုံးမှာ သူတို့ နှစ်ယောက် ထပ်တူ ကြားနေရတဲ့ အသံ က တော့ စောစောက ဆယ်ပြား ပါးစပ် က အကြိမ်ကြိမ် ရွတ်နေခဲ့တဲ့ “ ကိတ္တိမသား ” ဆိုတဲ့ ပဲ့တင်သံ တစ်ခု ပဲ ။

ဒီလိုနဲ့ ပဲ ရေစက်ချတရား ပြီးဆုံးသွားတယ် ။ သင်္ကန်းစည်း အလှူကြီး တစ်ခု ဟာ လည်း အောင်မြင်စွာ ပြီးဆုံး သွားပြီ ။ ဦးသာခင် နဲ့ အရီးမြ တို့ နှစ်ယောက် က တော့ ကြောင်စီစီ အကြည့် နဲ့ ဆယ်ပြား ကို ပြိုင်တူ လှမ်း ကြည့်နေ ကြတယ် ။ ဆယ်ပြား ရဲ့ မျက်ဝန်း အစုံက တစ်ခုခု ကို ကျေနပ် နေတဲ့ ပုံ နဲ့ ထူးခြားစွာ ပြုံးယောင်သန်း နေတယ် ။ ဒါပေမဲ့ ... ရေစက်ချတရားဆုံး သွား ကတည်းက ငိုက်ကျ သွားတဲ့ ဆယ်ပြား ရဲ့ ဦးခေါင်း က တော့ ဘယ် တော့ မှ ပြန်ပြီး ထောင် မလာနိုင်တော့ဘူး ။

◾မင်းဝေဟင်
📖 ရွှေအမြုတေ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၂၀၀၇

Wednesday, January 29, 2025

မိုးခါးရေ ... ချိုပါနဲ့ လား


 

❝ မိုးခါးရေ ... ချိုပါနဲ့ လား ❞
          ( မင်းဝေဟင် )

( ၁ )

“ အမျိုးသမီး ဘော်ဒါဆောင် က နေ တည်းခိုခန်း လုပ်ဖို့ က အားလုံး အဆင်ပြေပြီ ပဲ ထားပါဦး မောင် ရာ ... ။ အဝေးပြေးကားဂိတ် လည်း မနီး ၊ ဘူတာ လည်း မရှိ ၊ သင်္ဘောဆိပ် ဆိုတာ ဝေးစွ ဆိုသလို ဖြစ်နေတဲ့ သက် တို့ မြောက်ဒဂုံ မှာ ဘယ်လို ဧည့်သည် က လာ တည်းမှာ မို့လဲ ... ။ သက် ကတော့ ရှိနေတဲ့ ဘော်ဒါဆောင်လေး ကိုပဲ တစ်နှစ် တန်သည် ၊ နှစ်နှစ် တန်သည် ကျားကန် ကြည့်ချင်သေးတယ် ”

ဇနီး ဖြစ်သူ သက် ၏ စကား က သူ့ နား ထဲ ကို မဝင် ။ တစ်ဝက်တစ်ပျက် ထွက် တချို့ ၊ ဝင် တချို့သာ ။ သူ ကတော့ ဇနီးသည် စကား ကို မသိဟန် ဆောင်သည် လည်း မဟုတ် ၊ မကြားဟန် ဆောင်သည် လည်း မဟုတ်လေဘဲ လုပ်စရာ ရှိများ ကို သာ ဆက်၍ လုပ်နေလေသည်  ။

အမှန်တကယ် တွင် လည်း ဇနီးသည် ပြော သကဲ့သို့ ယခု လက်ရှိ ဖြစ်တည် နေသော ဘော်ဒါဆောင် အား ဆက်ပြီး ဖွင့်ရ ကောင်းနိုးနိုး ၊ သူငယ်ချင်း ဖြစ်သူ ညိုကြီး ၏ စကား အတိုင်း တည်းခိုခန်း လုပ်ပစ်ရ ကောင်းနိုးနိုး သူ ကိုယ်တိုင် ဝိဝါဒတွေ များ ခဲ့သေးသည် ပဲ ။ ဘော်ဒါဆောင် တစ်ခု မှ တည်းခိုခန်း တစ်ခု ဖြစ်ဖို့ ဆိုသည် မှာ လည်း လွယ်ကူလှသော အလုပ် တစ်ခုတော့ မဟုတ်ခဲ့ပါချေ ။ အဆင့်ဆင့် လုပ်ဆောင်စရာများ က အပုံအပင် ။ ဘော်ဒါဆောင် အဆောက်အဦး ကို ပြန်လည် မွမ်းမံစရာ ရှိသည့် ကိစ္စတွေ ပြီးခဲ့လျှင် တောင် တည်းခိုခန်း ဖွင့်ရန် ခွင့်ပြုချက် လိုက်လုပ် ဖို့ ကိစ္စတွေ က ရှိနေသေးသည် ။ သို့သော် သူ့ လိုပင် လွန်ခဲ့သည့် တစ်နှစ် ကမှ ဘော်ဒါဆောင် မှ တည်းခိုခန်း အဖြစ် သို့ ပြောင်းထားလေသော သူငယ်ချင်း ညိုကြီး တစ်ယောက်လုံး က လည်း ရှိနေလေသည် ။ သည် အတွက် သိပ်ပြီး ပူစရာတော့ မလိုနိုင်ပါ ။

“ ဟေ့ကောင် ကိုထွဋ် ရဲ့ ။ မင်း လည်း စဉ်းစား ကြည့်ဦး ။ ငါတို့ ဒီ နေရာမှာ ဘော်ဒါဆောင် ဖွင့်ပြီး ငုတ်တုတ်မေ့ နေခဲ့ရတာ ဘယ်လောက် ကြာခဲ့ပြီလဲ ။ ငါတို့ ကျောင်းပြီး ကတည်း က ဆိုတော့ ဆယ်နှစ် တောင် ရှိနေပြီ ။ ငါတို့ တွေ လည်း အိမ်ထောင်တွေ ကျကုန်ပြီ ။ ဘော်ဒါဆောင် နဲ့ တော့ ရပ် နေလို့ မဖြစ်တော့ဘူးဟေ့ကောင်ရေ .. နောင်ရေး တွေ က ရှိသေးတယ် ။ ဒါတောင် မင်း က မိန်းကလေး ဘော်ဒါဆောင်မို့လို့ တော်သေးတာ ။ ငါ က မင်း သိတဲ့ အတိုင်း ယောက်ျားလေး ဘော်ဒါဆောင် ဆိုတော့ မလန်းချင်ဘူး ။ အခုခေတ် ဟိုနယ် ဒီနယ်က နေ ဒီ ဒဂုံတက္ကသိုလ် ကို လာ တက်တဲ့ ကျောင်းသားတွေ ဆိုတာ ကလည်း မင်း သိတဲ့ အတိုင်း ၊ တိုက်ခန်း စုပြီး ငှားနေတာတို့ ၊ ဟို ဘုန်းကြီးကျောင်း ၊ ဒီ ဘုန်းကြီးကျောင်း မှာ ကပ် နေကြတာတို့ ဆို တော့ ငါ့ ဘော်ဒါဆောင် က ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေပြီ ”

လွန်ခဲ့သည့် တစ်နှစ် ကျော်က သူငယ်ချင်း ဖြစ်သူ ညိုကြီး ပြောသော စကား က သူ့ အာရုံမှာ လာကပ် လာသည် ။ ညိုကြီး ကတော့ ပြောသည့် အတိုင်းပင် သူ့ စကား သူ အကောင်အထည် ဖော် ပစ်လိုက်သည် မှာ မျက်စေ့များ ပင် မှားလောက် သွားလေသည် ။ လွန်ခဲ့သည့် နှစ်လ လောက် က သူ လည်း အမှတ်မထင် ညိုကြီး ၏ တည်းခိုခန်း သို့ နေ့ခင်းဘက် အရောက်မှာ သူ့ ရဲ့ အံ့သြမှုများ စတင်ခဲ့ခြင်းလည်း ဖြစ်လေသည် ။

“ အောက်ထပ် အပေါ်ထပ် ဆယ်ခန်း ဆီ ရှိတဲ့ ငါ့ရဲ့ တည်းခိုခန်း က အခု အပေါ်ထပ်က နှစ်ခန်းပဲ အလွတ် ရှိတော့တယ် ကိုထွဋ်ရေ ... နေ့လည်ပိုင်း ဆိုရင်များကွာ ။ အားရတယ် ကို မရှိပါဘူး ။ မင်း သိတဲ့ အတိုင်း ငါ့ မိန်းမ က တောင်ဥက္ကလာ မှာ နေပြီး ၊ ဒီ တည်းခိုခန်း အကြောင်း ဘာ သိတာ မှ မဟုတ်တာကွာ ။ ငါပဲ ဒီတည်းခိုခန်း ကို ဦးစီးပြီး လုပ်နေရတာ ။ ပင်ပန်းပေမဲ့ သာသာယာယာပဲ ဟေ့ကောင်ရေ ... ။ လူ လည်း ညကျမှ ပဲ ကိုယ်ပိုင် အချိန် ယူပြီး နားရတော့တယ် လို့ ပြောရတော့မှာ ”

သည် တုန်းက ညိုကြီး ပြောသော စကား အောက် မှာ နားမလည်မှု တွေ တစ်ချို့တစ်ဝက် နှင့် မို့ သူ ကိုယ်တိုင် ညိုကြီး ကို မေးခွန်း ထုတ်ဖြစ်ခဲ့ သေးသည် ။

“ ဟ ... မင်းက ညပိုင်း မှ နားရတယ် ဆိုတော့ ညဘက် ကျတော့ မင်း က ဒီ တည်းခိုခန်း ကို လူလွှဲ ထားခဲ့လို့ ရတယ်လား ”

“ မင်း ကလည်း ကွာ ။ ဒီ မြောက်ဒဂုံ မပြောနဲ့ ။ ရန်ကုန်မြို့ပတ်ဝန်းကျင် မှာ ရှိတဲ့ တည်းခိုခန်း ပေါက်စနလေးတွေ တော်တော်များများက ညဘက် ဘယ်မှာ အလုပ် ဖြစ်လို့ လဲ ။ နေ့လည်ပိုင်း တောင် သူ့ Section နဲ့ သူ ကွ ။ အချိန်ပိုင်း နှစ်နာရီ ၊ သုံးနာရီ ငှားရတာတွေက များတာ ။ သန်လျင် ဘက်မှာ တည်းခိုခန်း ဖွင့်ထားတဲ့ ငါ့ သူငယ်ချင်း ဆိုရင်လည်း ငါ့ လိုပဲဟေ့ ကောင်ရေ ။ ညဘက်ကျ မှ ပဲ နားရတယ်ပြောတယ် ”

“ ဒါဆို ... စုံတွဲတွေ ခဏတာ တည်းခိုဖို့ အတွက် အဓိက ထားရ သလို ဖြစ်နေတာပေါ့ ”

“ အေးပေါ့ ... ကိုထွဋ် ရ ... စုံတွဲတွေ ဆိုတာတောင် ကွာ မြို့ထဲဘက် က လာတဲ့ စုံတွဲတွေ ဆိုတာက မျက်စေ့လည် လမ်းမှားပြီး တစ်ခါတစ်ရံ ရောက်လာတတ် တာလို့ ဆိုရမှာ ။ ငါတို့ ဆီ ကို အဓိက လာတဲ့ ကတ်စတန်မာလေးတွေ က ငါတို့ ရဲ့ ကျောင်းတော်ကြီး က ကလေးတွေ ဟေ့ ကောင်ရေ ... ရှင်းပြီလား ။ ဟား ဟား ဟား ”

သည် တုန်းက သူငယ်ချင်း ဖြစ်သူ ညိုကြီး ၏ စကားအောက် ၌ ပြောစရာ မရှိသလို သူ စွံ့အ သွားခဲ့ဖူးသေးသည် ။ ညိုကြီး ကဲ့သို့ ဘော်ဒါဆောင် ကနေ တည်းခိုခန်း တစ်ခု လုပ်ဖို့ ရာ အတွက်တော့ အဲဒီ အချိန်မှာ သူ မဝံ့ရဲ နိုင် ခဲ့သေးပါ ။

သို့သော် ... ။ ညိုကြီး၏ တည်းခိုခန်း အား တစ်ခေါက် မှ နှစ်ခေါက် အရောက် ။ ညိုကြီး ၏ သာသာယာယာ ဖြစ်လာသော စီးပွားရေး အနေအထား အား တစ်စ ပြီး တစ်စ အမြင် ။ ငါတို့ ရော ဒီလို လုပ်ပစ်လို့ မရဘူးလား ဟူသော အတွေးသည် သူ ၏ ပိန်ချိချိ ဘော်ဒါဆောင်လေး မှ ဝင်တစ်ချို့ ထွက်တစ်ချို့ ကျောင်းသူလေးတွေ နှင့် ဇနီးသည် သက် တို့ ၏ အခြေအနေ ကို မြင်တွေ့ရလေတိုင်း သူ စိတ်ကူးခဲ့ဖူးသည်သာ ဖြစ်သည် ။

တစ်ခါတစ်ရံ တော့ သူ ကိုယ်တိုင် ပိုင်ဆိုင်ဖို့ ကြိုးစားနေပါလျက် နှင့် သူ မပိုင်ဆိုင်နိုင်သေးသော အရာမှာ သူ ၏ အနာဂတ် ဖြစ်လေသည် ။ ဘော်ဒါဆောင် အတူတူ ဖွင့်ခဲ့လေသူ သူငယ်ချင်း ညိုကြီး အား မြင်ရဖန် များ သော အခါ၌ ရပ်တန့် ရောင့်ရဲ နေ၍ မရသော လူ့ဘဝ အချိုးအကွေ့ ကို သူ ထင်ထင်ရှားရှား တွေ့ခဲ့ရလေသည် ။ ထိုထို အချိုးအကွေ့ ၏ နောက်၌ တစ်စုံတစ်ခုသော အတိုင်းအတာများအား သူ့ ဘက်မှ ပေးဆပ် ပစ်ရမည်ဟု တော့ သူ မဖြစ်မနေ တွေးနိုင်ခဲ့ပါသည် ။

သို့သော် ... ဇနီး ဖြစ်သူ သက် ၏ အမေးစကား တစ် ခုဖြစ်သော ကားဂိတ် လည်း မနီး ၊ ဘူတာ လည်း မရှိ ၊ သင်္ဘောဆိပ် ဆိုသည် မှာ ဝေလာဝေး သော သူတို့ ၏ မြောက်ဒဂုံ ၌ တည်းခိုခန်း ဖွင့်လျှင် မည်သူ လာ တည်းမည် နည်း ဟူသော မေးခွန်း ၏ အဖြေ ကို မူ ... ဇနီး ဖြစ်သူ အရှင်းဆုံး မြင်သာ
စေရန် သူ့ အနေနှင့် ဟိုး ... ခပ်လှမ်းလှမ်း က ဒဂုံတက္ကသိုလ်ကြီး ကို လက် ညှိုးထိုး ပြရန် အတွက် တော့ အခု အချိန် မှာ သူ မဝံ့ရဲ နိုင်ခဲ့သေးပါချေ ။

•••••   •••••   •••••

( ၂ )

ညိုကြီး တို့ ဇနီးမောင်နှံ နှင့် သူတို့ ဇနီးမောင်နှံ က အမှန်တော့ သူငယ်ချင်းတွေ သာ ဖြစ်လေသည် ။ ဒဂုံတက္ကသိုလ် မှာ ကျောင်း တက်ကြတော့ အတူတူ ။ ကျောင်းတွေ ပြီးကြတော့ မိဘများ ၏ ပံ့ပိုးပေးမှုဖြင့် မြောက်ဒဂုံမှာ ရှိသော ကျောင်း နှင့် မနီးမဝေး မြေကွက်တွေ မှာ အဆောက်အဦး ဆောက်ရင်း ဘော်ဒါဆောင်များ ဖွင့်ကြသည့် အခါတွင် လည်း အတူတူ ပင်ဖြစ်သည် ။

ဘော်ဒါဆောင် တစ်ခု နှင့် တစ်ခု က အလှမ်း ကွာဝေးလှသည် မဟုတ် သကဲ့သို့ သူ နှင့် ညိုကြီးတို့ အိမ်ထောင် ကိုယ်စီ ပြုလိုက်ကြတော့လည်း တစ်နှစ် ထဲမှာ ပင်ဖြစ်သည် ။ ပထမပိုင်းနှစ်များ တွင် အမျိုးသမီးဘော်ဒါဆော င်ဖွင့် သောသူတို့ လင်မယား လည်း အဆင်ပြေ နေသေး သကဲ့သို့ ၊ အမျိုးသား ဘော်ဒါဆောင် ဖွင့်သော ညိုကြီးတို့ လင် မယား လည်း အဆင်ပြေ နေသေးသည် ။

“ ကိုထွဋ်ရေ ... ငါတော့ ဘော်ဒါဆောင် ဖွင့်ရတာ တော်တော်ကို စိတ်ကုန် လာပြီ ။ မင်း က မိန်းကလေး တွေ ကို မင်း မိန်းမ နဲ့ အတူ အုပ်ချုပ် ရတာ ပြဿနာ မရှိဘူး ။ ငါ ကျတော့ ငါ့ ကောင်တွေကို မင်းတို့ လို ည ၇ နာရီ နောက်ပိုင်း အဆောင်တံခါး မဖွင့်ဘူး ဆိုရင်လည်း ၊ အဆောင်မှာ နေမယ့် သူ ရှိမှာ တောင် မဟုတ်ဘူး  ။ တစ်ချို့ ဆိုရင် ညဘက် မူးတောင် လာလိုက်သေး ... ကောင်းရော ”

ပထမပိုင်း မှာ ညိုကြီး ဆီမှ စိတ်ညစ်မှုစကားသံလေးတွေ ၊ တစ်စွန်းတစ်စ ကြားရလေပြီး မကြာမီပင် ညိုကြီး က ဘော်ဒါဆောင် ကို တည်းခိုခန်း လုပ်မည် ဟု ပြောလာခဲ့ခြင်း ဖြစ်လေသည် ။

“ ဟေ့ကောင် ... ကိုထွဋ် ရ ... မိုးခါးရေ ဆိုတာလည်း သောက်သင့် သောက်ရမှာပဲ ၊ မတတ်နိုင်တော့ဘူး ။ မင်း ပြောသလို ဒီ ဒဂုံတက္ကသိုလ်ကြီး ကို အမှီ ပြုပြီးမှ တည်းခိုခန်း ဖွင့်ရမယ် ဆိုတာက တော့ ကြားလို့ လည်း မကောင်း သလို ဖြစ်လည်း မဖြစ်သင့်ဘူးပေါ့ ။ ဒါပေမဲ့ ... နယ်ကျောင်းသားတွေ ပါးသွားတဲ့ အခုလို အချိန်မျိုးမှာ ဘော်ဒါဆောင် ဖွင့်ပြီး ငုတ်တုတ် မေ့ နေမဲ့ အစား ၊ ငါတော့ အချိုးအကွေ့ တစ်ခု ကို ချိုးချလိုက်ချင်ပြီ ”

ပြော လည်း ပြော ၊ လုပ် လည်း လုပ် လိုက်လေသော ညိုကြီး ၏ တည်းခိုခန်း က မလှမ်းမကမ်း ဟိုမှာဘက် ဆီ မှာ ဟီးထလို့  ။ “ ငါ့ ခြံလေး ကြည့်ပြန်တော့ ... မချိပူဗျာပွေ ခဲ့ ” ဆို သကဲ့သို့ပင် ကျောင်းသူ အယောက် ငါးဆယ်ခန့် နေ၍ ရမည့် သူတို့ ၏ ဘော်ဒါဆောင်လေး သည် ဆယ်ယောက် ၊ တစ်ဆယ့်နှစ်ယောက် ထက် မပိုသော ကျောင်းသူ အရေအတွက် ဖြင့် ကျားကန် ၊ မာန်တင်း ချီတက်ခဲ့ရသည် မှာ အမှန်တကယ်တော့ မလွယ်လှပါချေ ။

“ မမရေ ... သမီးတို့ အခ န်းရဲ့ ဟိုဘက်ခန်း က ဘယ်သူမှ မရှိဘဲ ပိတ်ထားတာ ကြာတော့ ကြွက်တွေ ဘာတွေ ရှိတယ်နဲ့ တူပါတယ် မမ ရယ် ... ညဘက် ဆိုရင် ဝုန်းဒိုင်းကြဲနေလို့ ၊ ဟိုဘက် အခန်း က ကျောင်းသူ နှစ်ယောက်က သူရဲခြောက်ပါတယ် ဆိုပြီး ည က ထပြီး အော်နေလို့ လေ ”

ကျောင်းသူ တစ်ယောက် မှ ဇနီးသည် ထံ တင်ပြ လာသော အခန်းလွတ် တစ်ခန်း ၏ အခက်အခဲ ပေါ် ဇနီးသည် က ဘယ်လို ဖြေရှင်းမည် မသိ သော်လည်း သူ ကတော့ ထိုစဉ် ကတည်း က အဆိုပါ အခန်းလေး ၏ နေရာ၌ ညိုကြီး ၏ တည်းခိုခန်း မှ အခန်းများ ၏ အပြင်အဆင် ကို မြင်ယောင်နေပြီး သား ဖြစ်လေသည် ။

“ ကိုထွဋ် ရ ... အခုခေတ် တက္ကသိုလ်ကျောင်းသားတွေ ဆိုတာကလည်း အဝေးကြီး ကို မကြည့်နဲ့ ဦး လွန်ခဲ့တဲ့ ဆယ်နှစ်က ငါတို့ တက္ကသိုလ်ကျောင်းသားဘဝ နဲ့ တောင် တူတော့လို့ လား ။ ငါတို့ ကျောင်းသား ဘဝ က သူငယ်ချင်းတွေ ညနေပိုင်း အိမ် ကို လာရင် ၊ လမ်းထိပ် လက်ဖက်ရည်ဆိုင် ထွက် ထိုင်တာလောက်ရှိတာ ။ အခုကျတော့ လက်ဖက်ရည်ဆိုင်တွေ အစား ဘီယာဆိုင်တွေ က အစားထိုး လာကြပြီလေ ။ အဲဒီတော့ ဘော်ဒါဆောင် အစား တည်းခိုခန်းတွေ အစားထိုး ကုန်တာ ဆန်းတာမှ မဟုတ်တော့တာ ဟား .. ဟား ... ” 

သည် တုန်းက စကားတွေ တစ်သီတစ်တန်းကြီး ပြော အပြီးမှာ ညိုကြီး တစ်ယောက် ဘာကြောင့် ထ ရယ် သည် ဆိုခြင်းကို သူ ကောင်းစွာ သဘောမပေါက်နိုင်ခဲ့သော်ငြား ။ ညိုကြီး တစ်ယောက် တော့ မိုးခါးရေ သောက်လေ ပြီဟု သူ တွေးထင်ခဲ့ဖြစ်သေးသည် ။

အမှန်အတိုင်း ဝန်ခံရ ပါလျှင် ထိုအချိန်ထိ သူ ကိုယ်တိုင် မိုးခါးရေ မသောက်ချင်ခဲ့သေးပါ ။ အဆောင်သူ ဆယ်ယောက် ကျော် နှင့် အသားကျ နေသော ဘော်ဒါဆောင် ကို တည်းခိုခန်း အဖြစ် ဖွင့်ပစ်ဖို့ ရာ အတွက် ဆုံးဖြတ်ချက် ကိုမူ တစ်ထိုင်တည်း ချပစ်ဖို့ရန် အတွက်တော့ ညိုကြီး ၏ စကားများ က မစွမ်းဆောင်နိုင်ခဲ့ပါ ။ သို့သော် ညိုကြီး ၏ နောက်ဆက်တွဲ စကား တစ်ခွန်း ၏ အောက်တွင် သူ ၏ ယိုင်နဲ့နဲ့ အတွေးများ နှင့် မှုန်ဝါးဝါး ဆုံးဖြတ်ချက် က တွန်းအား တစ်ခု အဖြစ် သူ၏ စိတ်အာရုံ ကို တွန်းထိုး တိုက်စား သွားခဲ့လေသည် ။

“ မင်း မိန်းမ က လည်း အရင်လို မဟုတ်တော့ဘူးလေ ... ကိုထွဋ် ရဲ့ ။ မင်း က ငါ့ ထက် အရင်တောင် ကလေး အဖေ ဖြစ်တော့မယ့် ဥစ္စာ ၊ တကယ်ဆို ဒီကိစ္စ ကို မင်း က ငါ့ ထက် အရင် အကောင်အထည် ဖော်သင့်ခဲ့တာ ”

( ၃ )

တည်းခိုခန်း အဖြစ် အတည်ပြုဖို့ ရာ သေသေချာချာ ပြင်ဆင်တော့ မှ ပင် အခက်အခဲများက သူ့ အတွက် အစီအရီပင် ။ များလိုက်သည့် တည်းခိုခန်းတွေ ဆိုတာ ကလည်း သူတို့ ရဲ့ မြို့ကလေး နှင့် လိုက်ပင် မလိုက် ။ တချို့ ဆိုလျှင် တည်းခိုခန်း အဆင့်ပင် မကလေဘဲ မိုတယ် အဆင့် အထိပင် ဖြစ်နေ လိုက်သေးသည် ။ သို့သော် ... သူ ၏ သူငယ်ချင်း ညိုကြီး ပြော သကဲ့သို့ပင် ရှိရှိလေသမျှ တည်းခိုခန်းများ ၊ မိုတယ်များ အားလုံးသည် သူ့ ဟာ နှင့် သူ ပုံစံ အမျိုးမျိုး ဖြင့် အဆင်ပြေ နေကြလေသည် ။ ညဘက် ရောက်လျှင်တော့ တည်းခိုခန်းများ အားလုံး လိုလို မှာ သူရဲခြောက် နိုင်အောင်ပင် တိတ်ဆိတ် ငြိမ်သက်လျက် ။ နှစ်ခြိုက်စွာ အိပ်မောကျလျက် ။ ငုတ်တုတ်မေ့ နေလျက် ။

“ ဟို အရင်လ က ဆိုရင် အဝေးသင်ကျောင်းသားတွေ ကျောင်းတက် ရက်မို့ တည်းခိုခန်း အားလုံး အလုပ် ဖြစ် လိုက်ကြတာ ဝက်ဝက်ကွဲပဲ ။ နွေ နှစ်လ ၊ အဝေးသင်တွေ ရော Day တွေ ရော ပိတ်လို့ ကတော့ ဂွမ်း တယ် ကိုထွဋ် ရေ ” 

“ အင်း ... မင်း ပြောဖူးတယ်လေ ။ ရန်ကုန်ဘက် က အတွဲတွေ လည်း လာတတ်တယ် ဆိုတာ ”

“ လာတော့ လာတယ်လေ ။ အဲဒါက ရံဖန်ရံခါပါကွာ ။ တစ်ချို့ကျတော့လည်း ရန်ကုန်ဘက် က အမျိုးသမီးလေးတွေ ဈေးကွက် ချဲ့ထွင် တဲ့ သဘောနဲ့ ပရိုမိုးရှင်း ဆင်းတာပေါ့ ၊ ဒီမှာ က ကျောင်းသားတွေ များတာကိုး သဘော ပေါက်တယ် ဟုတ် ”

“ အေးကွာ ... အဲဒါကြီး ကျတော့ ကျောင်းသားလေးတွေ ဘက်က မတရားပါဘူးကွာ ”

ဟု ... ထိုစဉ်အချိန်က ညိုကြီး ကို သူ ပြန်ပြောခဲ့သေးသည် ။ မဝံ့မရဲမှုများ ၊ ပြတ်သားစွာ ချပစ်နိုင်သော ဆုံးဖြတ်ချက်များ သူ့ ၌ အလွယ်တကူ ရှိ မနေစေကာမူ ၊ ထို အလုပ်ကို လျစ်လျူရှု ပစ်ဖို့ ရန်တော့ သူ့ စိတ်ဓာတ်က မရိုးသား နိုင်ခဲ့ပါ ။ ယခု အချိန်တွင် တော့ ဘော်ဒါဆောင်လေး သည် လည်း  ၊ တည်းခိုခန်း တစ်ခု အသွင် ခမ်းနား ဆန်းပြားစွာ ရုပ်လုံးကြွ နေလေပြီ ။ ဖွင့်ရမည့် အချိန် ၊ ဖွင့်ရမည့် ရက် တစ်ခု အတွက် ခွင့်ပြုချက် တစ်ခု ကို စောင့်နေရခြင်း သာ ဖြစ်လေသည် ။

“ ဒီက အဆောင်သူလေး တွေ လည်း ဘယ်ဆီ ကို ရောက်သွားကြပြီ လည်း မသိဘူးနော် မောင် ။ သူတို့ ဖုန်းနံပါတ်တွေ ရှိနေပေမဲ့ သူတို့ ကလည်း သက် ဆီ ကို ဆက် မလာ ၊ သက် က လည်း သူတို့ ဆီ ကို မဆက်ရဲနဲ့ လေ ။ သူတို့ ဒီမှာ နေသွားကြတာလည်း  ၊ အတိုင်းအတာ တစ်ခုထိ ကြာ ခဲ့တော့ တစ်ခါတရံ တော့ သတိရသား ”

ဇနီးဖြစ်သူ သက် ၏ စကားတွေ ထဲမှ “ သက် ကလည်း သူတို့ ဆီကို မ ဆက်ရဲ ” ဆိုသည့် စကား က သူ့ အာရုံ တွင် ရိုက်ခတ် နေသည် ။ အဆောင် မှာ နေလာကြသော အဆောင်သူများ က လည်း တချို့ဆိုလျှင် နှစ်ရှည် လများ နေထိုင် လာကြသူတွေ မို့ သူ ၏ ဇနီးသည် သက် နှင့် က ညီအစ်မများ နှင့် မခြား ရှိနေကြလေသည် ။

“ ခေတ် ကို လည်း အပြစ်ဖို့ ပြီး ပုံ မချချင်ပါဘူး ။ စီးပွားရေး လုပ်တဲ့ နေရာမှာ အများတကာ မိုးခါးရေ သောက် နေကြတာ ကြာပြီပဲလေ ။ မမသက် တို့ က အခုမှ မိုးခါးရေ သောက်ဖို့ ကြံရုံရှိသေးတာ ။ ဒါကလည်း ဖြစ်သင့်ပါတယ် ”

ဘော်ဒါဆောင် မှ ခွဲခွာခါနီး ပြောလာသော အဆောင်သူ တစ်ယောက် ၏ စကား အောက်၌ သူ ၏ ဇနီးသည် သက် မှာ ထိုစဉ် အချိန် က ဆွံ့အတိတ်ဆိတ်သွားခဲ့ဖူးသည် လေ ။ ဖုန်း မဆက်ရဲ ဆိုသော စကားလုံးသည် ဇနီးသည် သက် ၏ လိပ်ပြာ အတွက် ကာကွယ် ပေးဖို့ မဝံ့ရဲစွာ ဖြင့် ထွက်လာဖြစ်ခဲ့သော စကားလုံးတွေ မှန်း သူ ကောင်းစွာ သဘောပေါက်ခဲ့လေသည် ။ သူ ကိုယ်တိုင် က ရော ။ အမေး လှလှ ၊ အတွေး လှလှများ ၏ နောက်ကွယ် က ခါးသီးသော အရသာ တစ်ခုကို ကောင်းစွာ သဘောပေါက် နေခဲ့ပြီးသော သူ ကတော့ ... ထိုစဉ် အချိန်မှာ ဟိုး ... ရှေ့ က ရောင်နီ တစ်ခု ကိုသာ လှမ်းမျှော် ကြည့်ဖြစ်ခဲ့ လေသည် ။

•••••   •••••   •••••

( ၄ )

“ အေး ... ညိုကြီး ၊ ငါတို့ အခု ဆေးခန်း တစ်ခုကို ရောက်နေတယ်ကွ ။ သက် အတွက် အာထရာဆောင်း လာ ရိုက်တာကွာ ။ အခု ရိုက်ပြီး ကလေးက ယောက်ကျားလေး လား ၊ မိန်းကလေးလား ဆိုတဲ့ အဖြေ ကို စောင့်နေ တာကွ ။ အေး ... ငါတို့ တည်းခိုခန်း ကိစ္စ ကတော့ အားလုံး ပြီးပြီ လေ ။ ဗေဒင်လေး ဘာလေး ကြည့်ပြီး ဖွင့်မယ့်ရက် ကို စောင့်နေတာလေကွာ ... ဟား ဟား ”

“ ...... ....... ..... ..... ”

“ ဘယ်လို ဟေ့ကောင် ညိုကြီး ၊ ငါ နားမရှင်းဘူး ”

“ ...... ....... ..... ..... ”

“ ဪ ... အဲဒါဆိုရင် မင်း ဘယ်လို ဖြေရှင်းလိုက်ရလဲ ညိုကြီး ။ ပြဿနာတွေ တက်ကုန်ပြီလား ”

“ ...... ....... ..... ..... ”

“ ဪ ... အေးကွာ ။ ငါ အိမ်ပြန် ရောက်မှ မင်း ဆီ ကို ဖုန်း ပြန် ဆက် လိုက်မယ် ညိုကြီး ”

ညိုကြီး နှင့် ဖုန်းပြော အပြီး ဖြစ်သွားခဲ့သော သူ ၏ တဒင်္ဂ အခြေအနေ အောက်တွင် ဘေး က ဇနီး ဖြစ်သူ သက် ကတော့ နားမလည်နိုင်ရှာဘဲ ရှိ လေသည် ။ “ ဘာဖြစ်တာလဲ မောင် ... ညိုကြီး က ဘာပြောလာလို့ လဲ ” ဟူသော သက် ၏ အမေး ကို ပြန် ဖြေဖို့ ရန် ရုတ်တရက် အခြေအနေ ၌ သူ့ တွင် အဖြေ တစ်ခု အဆင်သင့် ရှိမနေခဲ့ပါ ။

“ ညိုကြီးတို့ တည်းခိုခန်း ကို အရွယ်မရောက်သေးတဲ့ ကျောင်းသား ၊ ကျောင်းသူ စုံတွဲလေး ရောက်လာလို့ တဲ့ ။ အဲဒါ ကျောင်းသူ ရဲ့ မိဘတွေ က သိသွားလို့ တည်းခိုခန်းမှာ ပြဿနာ လာရှာလို့ တဲ့ ။ အဲဒါ အခု ညိုကြီး တို့ ပြဿနာ တက်နေတယ်တဲ့ ”

“ ကိုစည်သူထွဋ် နဲ့ မသက်ထားမေ တို့ ရှိပါသလား ” 

သူ ၏ ရှင်းပြမှု ကို တွေဝေစွာ နားထောင် နေသော သက် နှင့် တစ်စုံတစ်ခု အတွက် ပြင်းထန်စွာ တွေးနေမိသော သူ ၏ အနား သို့ အပြာရောင်ဝတ် ဆရာမလေး က ဖိုင်တစ်ချို့ ကိုင်ပြီး ရောက်လာလေသည် ။

“ စောစောက ရိုက်ထားတဲ့ အာထရာဆောင်း အဖြေ ရပါပြီရှင် ... သမီးကလေး ပါရှင် ”

“ ဗျာ ”

သူ ၏ နှုတ် က သာ “ ဗျာ ”   ဟု ထွက်သွားသော်လည်း ဇနီးသည် သက် ရဲ့ နှုတ်ဖျားကတော့ ဘာ စကားမှ ထွက်ကျမလာခဲ့ ။ သားလေး ဖြစ်စေ ၊ သမီးလေး ဖြစ်စေ ရတနာပါပဲ ဟု ပင် သက် က မကြာမီလေး က ပြောနေ ခဲ့ သေးတာလေ ။ “ မောင် ... သွားစို့ ” ဟု ပြောလာသော သက် ၏ စကား အတိုင်း သူ လည်း သက် နှင့် အတူ လိုက်ပါ လာရသော်ငြား ၊ အဖြေ မရှိသ ည့် မေးခွန်းပေါင်း ကုဋေကုဋာ နှင့် သူ့ စိတ်တွေ လေးလံ မွန်းကျပ်နေလေသည် ။ မိုးခါးရေ ဆိုမှ တော့ အမှန်တကယ် မှာ ချိုမြိန်မှု ရော ရှိနိုင်ပါဦးမည်တဲ့လား ။ ညိုကြီး တို့ သောက် ခဲ့သော မိုးခါးရေ ။ မကြာမီပင် သူတို့ ကိုယ်တိုင် သောက်ကြရဦးမည့် မိုးခါးရေ .. ။

မိုးခါးရေ ... မိုးခါးရေ ... မိုးခါးရေ ... ။

“ သက် ... မောင်တို့ ဘော်ဒါဆောင် မှာ နေသွားခဲ့တဲ့ ကောင်မလေးတွေ ကို ဖုန်းဆက် လို့ ရမလား ”

“ ရတယ်လေ မောင် ရဲ့ ဘာဖြစ်လို့ လဲ ”

“ မောင်တို့ အိမ် ပြန် ရောက်ရင် တစ်ယောက်ချင်း ဆီကို ဖုန်းပြန် ဆက်ကြရ အောင်ကွာ ... ပြီးတော့ မောင်တို့ ဆီ မှာ ပြန် နေရအောင် လည်း သူတို့ ကို သက် က ပဲ ပြန် ပြောလိုက်တော့ကွာ ... နော် ... ”

▢  မင်းဝေဟင်
📖 ရတီမဂ္ဂဇင်း
      ဒီဇင်ဘာ ၂၀၁၂

Monday, December 16, 2024

သွာနုတ္တသားများ

 

❝ သွာနုတ္တသားများ ❞
     ( မင်းဝေဟင် )

( ၁ )

ကျုပ် ရဲ့ ယောက္ခမကြီး မှာ သမီး သုံးယောက် ရှိတယ် ။ ပဒုမ္မာ တဲ့ ။ မှုန်နံ့သာ တဲ့  ။ ယမုန်နာ တဲ့ ။ ဒီ သုံးယောက် ထဲ မှာ ကျုပ် ရဲ့ မိန်းမ က အလယ် လူ မှုန်နံ့သာ ။ သမီး တစ်ကောင် နွား တစ်ထောင်နှုန်း နဲ့ တွက်မယ် ဆိုရင် တော့ ကျုပ် ယောက္ခမကြီး မှာ နွားအကောင် သုံးထောင် ပိုင်တာပေါ့ ။ ဒီ စကား က သာမန်လူတွေ ပြောတဲ့ စကား ။ ကျုပ် ယောက္ခမ ကျတော့ အဲလိုမျိုး မဟုတ်ဘူး ။ “ သမက် တစ်ကောင် နွား တစ်ထောင် ” ဆိုပဲ ။

ဒါက ကျုပ် တို့ နောက်ကွယ် မှာ ပြောတဲ့ စကား မဟုတ်ဘူး နော် ။ ကျုပ်တို့ ကြားလောက်တဲ့ နေရာ က ကို ပြောနေတာ ။ ဒါပေမဲ့ ဒီ စကား က လောလောဆယ် မှာ ပြော နေတဲ့ စကား မဟုတ်ဘူး ။ လောလောဆယ် မှာ မပြော ဆိုရင်လည်း ကျုပ် အပါအဝင် သမက် သုံးယောက် ထဲ ။ မကြာခင် ရက်ပိုင်း အတွင်း အိမ်ပေါ် ရောက်တော့မယ့် လောလောလတ်လတ် ပူပူနွေးနွေး သမက်ကလေး ကျတော့ သူ က နွားတစ် ထောင် ရယ် လို့ သတ်မှတ်ထားတာ မှ မဟုတ်တာက လား ။ သူ့ စိတ် ထဲ မှာ သတ်မှတ် ထားတာ က ကျုပ် တို့ သမက်အကြီး နှစ်ယောက် အတွက် နွားနှစ်ထောင် ရယ် လေ ။

ခတ်တော့ လည်း ခက်သား ။

တစ်အိမ် တည်း နေ ၊ တစ်အိုး တည်း စားတဲ့ အနန္တဂိုဏ်းဝင်ကြီး အကြောင်း ကျုပ် ပြော နေရင် လည်း ဘယ် ရှုထောင့် က ကြည့်ကြည့် ကျုပ် အလွန်ပေါ့ ။ ယောက္ခမ နဲ့ သမက် ရာဇဝင် အစုံအလင် ကြား ၊ ထော်လော်ကန့်လန့် ကိစ္စတွေ အပုံအပင် ကြား ကျုပ် က ယောက္ခ မကြီး အကြောင်း ဋီကာချဲ့ နေရင်လည်း မဟုတ်သေးပြန်ဘူး ။

ဒါပေမဲ့ကား ကျုပ် ယောက္ခမကြီး သမက်တွေ ကို အကောင်း မမြင်တာ ကျတော့ ပေါက္ခရဝဿမိုး ရွာတယ် ခေါ်မလား ။ ကွက်ကြား မိုးရွာတယ် ပြောမလား ။ အဲဒီလို မျိုးကြီး ။ ကျုပ် တို့ သမက် အကြီး နှစ်ယောက် နေရာ က ဝင်ကြည့် ။ ဘယ်လိုမှ ကို အဆင် မပြေတာ ။

ကျုပ် တို့ ကို ခေါ်ပုံ ကြည့် ။ ငထူး တဲ့ ။ ငလင်း တဲ့ ။ အံမယ် သူ့ သမက် ဖြစ်ဖို့ ပါမစ် အပြည့်အဝ မရသေးတဲ့ သမက် ကို ကျတော့ ခေါ် နေလိုက်တာ ။ “ ထွန်း ” ဆိုပဲ ။

ကြည့်ဦးလေ ။ လုပ်ပုံကို ။

•••••   •••••   •••••

( ၂ )

သမီး သုံးယောက် နဲ့ သမက် သုံးယောက် တိတိကို ပိုင်ဆိုင်ထားတဲ့ ကျုပ် ရဲ့ ယောက္ခမကြီး နာမည် က ဗိုလ်ကြည် တဲ့ ။ ဗိုလ်ကြည် ဆိုလို့ ဘာ ဗိုလ်ကြီး လဲ ဆိုပြီး ရင်ဘတ် တွေ ၊ ပုခုံး တွေ က အပွင့် တွေ ၊ အခက် တွေ ကို ပြေး မြင်ကြည့် မနေနဲ့ ။ လွဲဦးမယ် ။ ဒီ နာမည် ရတာ အတိအကျ မပြော နိုင်ပေမယ့် ကျုပ် မိန်းမ ဆီ က တစ်စွန်းတစ်စ ကြား ရတာတော့ ငယ်ငယ် ကတည်း က နေရာတကာ ဗိုလ်ကျတတ်လွန်း ၊ လူတွင်ကျယ် လုပ်လွန်း လို့ တွင် လာတဲ့ နာမည် လို့ ပြောတာပဲ ။

ဦးဗိုလ်ကြည် က အခုတော့ အငြိမ်းစားကြီး ။ အရင်တုန်း ကတော့ အစိုးရဌာန တစ်ခု ရဲ့ ရုံးအုပ် ပေါ့ ။ သူ့ ရဲ့ မိန်းမ ၊ ကျုပ် ရဲ့ ယောက္ခမကြီး က တော့ ဆုံးတာ ကြာပေါ့ ။ ကျုပ် နဲ့ မှုန်နံ့သာ မယူခင် ကတည်းက ဆိုပါတော့ ။ အဲဒီ အချိန် ကတည်း က သူ့ မိန်းမ ရဲ့ ပါးစပ် တစ်ပေါက် ကိုယ်စား ပါ သူ့ မှာ အလုပ် လုပ်ခဲ့ရတယ် ထင်ပါ့ ။ မိုးလင်းမိုးချုပ် ပြောလည်း ပြောနိုင် လွန်းတဲ့ အဖိုးကြီး ။ သူ့ ပါးစပ် က ရုံး မှာ ပင်စင် ယူ လိုက်ရပေမယ့် အိမ် မှာ ကျ ပင်စင် မယူ ။ ယူ ဖို့ လည်း ဘယ်တော့မှ စဉ်းစားတော့ မှာ မဟုတ်တဲ့ ပါးစပ်ပေါက်ကြီး တစ်ပေါက် နဲ့ မျက်စေ့ က တွေ့တာ ကို ဦးနှောက် က ချက်ချင်း အလုပ် လုပ်လို့ လော်စပီကာ မလိုတဲ့ အသံကြီး နဲ့ အော်ပြီး ပြောနေတာ ။

မနက် ၇ နာရီ ထိုးလို့ မှ မနိုး မရှိလိုက်နဲ့ ။ သမီး နဲ့ သမက် အခန်းဆို တာတွေ ထည့် မစဉ်းစား ။ သင့်တော်၏ မသင့်တော်၏ တွေ လည်း ထည့် မတွက် ။ ကျုပ် တို့ အခန်း ရှေ့ ကို လာ ၊ သူ့ ရဲ့ မွေးရာပါ အသံကြီး နဲ့ ။

“ ဟေ့ ... အခု အချိန်ထိ ထရကောင်းမှန်း မသိကြသေးဘူးလား ။ တော်တော် တိုးတက် ကြီးပွားကြဦးမယ့် ဟာတွေ ၊ လူ ဆိုတာ တစ်ခါ စား ရုံနဲ့ တစ်လလောက် ဗိုက်မှောက် နေလို့ ရတဲ့ မြွေ မဟုတ်ဘူး ။ နေတိုင်း စားဖို့ နေ့တိုင်း အလုပ် လုပ်နိုင်မှ တန်ကာကျမှာ ”

အဲဒီလောက် နဲ့ သူ့ စကား က ဆုံးသေးတာ မဟုတ်ဘူး ။ ကြားချင် စွမ်း မရှိတဲ့ ကျုပ် ရဲ့ အာရုံက နှိုးဆော်လို့ နားနှစ်ဘက် ကို လက်ညှိုး နှစ်ဘက် နဲ့ ထိုးပိတ် ။ ခေါင်းအုံးတွေ ၊ စောင်တွေ ကြား ခေါင်း ထိုးလို့ ဖင်မူးတောင်း ထောင် နေလိုက်တာ တောင် သူ့ အသံ က ပအဲ့ ၊ ပအဲ့ နဲ့ ခပ်ယဲ့ယဲ့ ကြားနေရသေးတာ ။

သူ့ ရဲ့ ပြောပုံ ၊ ဆိုပုံတွေ ကို ကြည့်ဦး ။ ကျုပ် ကပဲ အလုပ် မရှိ ၊ အကိုင် မရှိ ၊ နိစ္စဓူဝ သူ့ လုပ်စာ ကို ထိုင်ခုံ ခြေကန် ၊ ပြဲလန်အောင် စားနေတဲ့ ပုံ ။ ကျုပ် အလုပ် ကျုပ် သိသပေါ့ ။ ကျုပ် သွားရမယ့် အချိန် ကျုပ် သိသပေါ့ ။ ကျုပ် အ လုပ် က ကားပွဲစား ပဲ ။ ကားဝယ်ရောင်း ပဲ ။ ကျုပ် လူတွေ ရှိတဲ့ အချိန် အ ရောင်းအဝယ် ရှိတဲ့ အချိန် ကျုပ် သွားရမယ့် နေရာ မသိဘဲ နေမလား ။

ဝယ်သူ မရှိ ၊ ရောင်းသူ မရှိတဲ့ အချိန် ကျုပ် က ကား ကို ဟင်းရွက် ၊ ကန်စွန်း ဝယ်ရောင်း လုပ် သလို “ ဒီ အပိုင်း က ကား ယူကြဦးမလားဗျို့ ” ဆိုလို့ ရ မလား ။ ဒါကို နေရာတကာ ပါတာလေ သူ က ။ ကျုပ် ရဲ့ မိန်းမ ကတော့ သူ့  အဖေကြီး ကို ကြောက်ရတယ် ခေါ်မလား ။ စကားနည်း ရန်စဲ လို့ ပဲ ခေါ်မ လား ။ ခေါင်းကုတ် ၊ လက်ကုတ် ၊ ကုတ်စရာရာ ရှိတာ အကုန် ကုတ်လို့ အိပ်မှုန်စုံမွှား နဲ့ ထ သွားရော ။ ပြောသာ ပြောတာ ။ သူ့ အသံ အာပြဲကြီး ကြောင့် နိုး သွားတဲ့ ကျုပ် ကျ တော့ရော ဘယ်လို ဆက်ပြီး အိပ်လို့ ရပါတော့မလဲ ။ အဲဒီလို အဘိုးကြီး ။

•••••   •••••   •••••

( ၃ )

ဦးဗိုလ်ကြည် ရဲ့ သမီး အကြီးဆုံး ပဒုမ္မာကြည် ရဲ့ အမျိုးသား နာမည် က ထူးအောင် တဲ့ ။ ကျုပ် ရဲ့ စီနီယာမယား ညီအစ်ကို ပေါ့ ။ ဦးဗိုလ်ကြည် ချစ် စနိုးလေး နဲ့ ခေါ်တော့ ငထူး တဲ့ ။ ကိုထူး က ရူပဗေဒ နဲ့ သိပ္ပံဘွဲ့ တစ်ခု ရပြီး သား ။ ကျုပ် ထက် ဒီအိမ်ကြီး ဆီ နှစ်နှစ် နီးပါး စောစီးစွာ ရောက်လာတဲ့ သူ ပေါ့ ။ တကယ်တော့ ကိုထူး က လူအေး ၊ စိတ်အေး ။ အတွင်းသဘော လေးက ... တကယ် ကို ကောင်းရှာတာ ။ ကျုပ် ယောက္ခမကြီး နဲ့ တော့ ပြောင်းပြန်ပေါ့ ။ ပဒုမ္မာ နဲ့ မရခင် ကိုထူး က ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခု မှာ လုပ်တယ် ။

ပဒုမ္မာ နဲ့ ကိုထူး ယူပြီးတော့ ကိုထူး အလုပ် ထွက် လိုက်တယ် ။ ဘာကြောင့် ဆိုတဲ့ အဖြေ ကို ဒီနေ့ အထိ ကျုပ် ရေရေရာရာ မသိပေမဲ့ ဦးဗိုလ်ကြည် နဲ့ တိုက်ရိုက် ပတ်သက်မယ် လို့ တော့ ကျုပ် က တွက်ပြီးသား ။ သမီးတွေ ကို မျက်စေ့ အောက် က အပျောက် မခံနိုင်တာနဲ့ သမက် တွေ ကို ပါ အောင့်ကာ နမ်း လိုက်ရတဲ့ ပုံ ။ မည်သို့ ဆိုစေပေါ့ ။ နောက်ဆုံးမှာ တော့ ကိုထူးကြီး လည်း ဒရိုင်ဘာ သာသာ ရာထူး ကို ပိုက်လို့ ဦး ဗိုလ်ကြည် ရဲ့ အိမ် မှာ အမှုတော်ထမ်း နေတာ ဒီနေ့ ထိပဲ ဆိုပါတော့ ။

ကိုထူး က တကယ့် ကို လူအေး ။ ကျုပ် နဲ့ ပြောင်းပြန်လို့ တောင် ပြော လို့ ရတယ် ။ ယောက္ခမကြီး ရဲ့ ပွစိ ၊ ပွစိ တိုက်ပွဲတွေ ကြားထဲ မှာ လည်း နားကင်းပိတ် နေတဲ့ မြွေတစ်ကောင် လိုပဲ ။ ဘာမှ မကြားဟန် နဲ့ သူ့ အလုပ် သူ လျှောခနဲ ၊ လျှောခနဲ ဆက် လုပ်နေတာ ။

“ ငါ့ စကား ကို မကြားချင် ယောင် ဆောင်တဲ့ လူတွေ အခုချက်ချင်း ထိုင်ရာမထ ကြီးပွားကြပါစေ ။ ချမ်းသာကြပါစေ ”

ဟော ။ ကိုထူး တို့ လို လူအေးမျိုး ကို တောင် သူ က အလွတ် ပေးတာ မဟုတ်ဘူးလေ ။ အချိန်အခါ မဟုတ် ၊ ဘာကောင်းမှု ကုသိုလ် မှ လည်း မလုပ်နဲ့ မေတ္တာ ပို့ နေတတ်တာမျိုး ။ “ သတ္တဝါတွေ အားလုံး ကျန်းမာ ၊ ချမ်းသာကြ ပါစေ ။ မှတ်ချက် - ငါ့ သမက်များ မပါ ” ဆိုသလိုမျိုး တောင် ဖြစ်နိုင်ရင် သူ က မေတ္တာ ပို့နေ ချင်သေးတာ ။

ခက် လည်း ခက်တဲ့ အဘိုးကြီး ။

သူ ပွစိ ၊ ပွစိ ပြောတာ ကို ကိုထူး လို မကြားချင် ယောင် မဆောင်ဘဲ ကျုပ်လို ရောက်တတ်ရာရာ သီချင်း အပိုင်းအစ တစ်ခုခု ။ ဥပမာ - “ ကြာပါတယ်ကွာ ၊ မြန်မြန်လာ သိပ် စိတ်ညစ်တယ် ၊ ကြာပါတယ်ကွာ တော်တော်ကြာ မုန်းမိလိမ့်မယ် ” ဆိုတာမျိုး ကို သူ့ အသံ ထက် သိပ်ပြီး မတိုးလှတဲ့ အသံ နဲ့ ရွတ်ကြည့်တဲ့ အခါကျ ...။

“ အလဲ့ ... တယ်လည်း အသံ ကောင်းတဲ့ ငါ့ သမက် ပဲ ။ မင်း က ငါ့ သမီး နဲ့ မညားသင့်ဘူး ။ အဆိုတော် လုပ်ပြီး အဆိုတော်မ တစ်ယောက် ယောက်နဲ့ ညားသင့်တာ ” တဲ့ ။ အဲသလို ရွဲ့စောင်းတဲ့ နေရာ မှာ လည်း မိန်းမကြီး တစ်ယောက် က အရှုံးပေး ရလောက်အောင် ပြောင်မြောက်တာ ။

“ ငါ လည်း ... လူပျို လို မနေမိ လို့ သမီးလေး တွေ မွေးထားမိပါတယ် ။ ဘယ်လို သမက်တွေ နဲ့ ရေစက် ဆုံရမှန်း ကို မသိဘူး ။ တစ်ယောက် က လည်း မိုးလင်း ငုတ်တုပ် ၊ မိုးချုပ် ငုတ်တုပ် ။ တုံဏှိဘာဝေ ။ တေမိမင်း လေမိထားသလို ။ နောက် တစ်ယောက် ကျတော့ လတ်လျား ၊ လတ်လျား ၊ လူ့ဘော်ကြော့ ။ လူ့ငဖျင်း ။ ကိုယ် စားမယ့် ထမင်းလုပ် မ,ရ မှာ တောင် လက်ကြော တင်း မှာ စိုးလို့ ပါးစပ် နဲ့ လိုက် ဟပ်တယ် ဆိုတဲ့ လူစားမျိုး ။ ဒီလို သမက်တွေ ကို ထိန်းရမယ့် အစား နွား အကောင် နှစ်ထောင် လောက် ကို ထိန်းပစ် လိုက်ချင်တော့တယ် ”

အဘိုးကြီး ဒီလို စကားတွေ ပြောတဲ့ အခါကျ ကိုထူး ရဲ့ စိတ် ထဲ ဘယ်လို ရှိမယ် မသိပေမဲ့ ကျုပ် စိတ် ထဲ ဒေါသ မထွက်ဘဲ နေမလား ။ အဘိုးကြီး နဲ့ ထိပ်တိုက် တွေ့ဖို့ လက်သီး လက်မောင်း တန်းမိတာ အကြိမ်ကြိမ်လေ ။ ဒီ အိမ်မှာ မနေဘူး ။ အိမ် ခွဲမယ် ပေါ့ ။ ဒီလောက်တောင် စဉ်းစားမိတာ ။

နောက်ဆုံးတော့ ။ ကျုပ် ရဲ့ မဟေသီ မှုန့်နံ့သာကြည် ရယ် က စကားလုံးပေါင်း မြောက်များ စွာ နဲ့ ကျုပ် ကို ဖျောင်းဖျ ။ သီချင်းထဲ က လို “ ခဏလေး တော့ စောင့်ပါဦး ” ဆိုတာမျိုးတွေ နဲ့ နှစ်သိမ့် ။ တစ်ကယ်တန်းကျ သူ့ ရဲ့ သမီးသုံးယောက် ဆိုတာက အဘိုးကြီး နဲ့ နည်းနည်းမှ တူကြတာတွေ မဟုတ် ။ ဒါပေမဲ့ သူတို့ အဖေ အဘိုးကြီး ကိုကျ သူတို့ က ချစ်ရှာသား ။ ဘယ် သမီး က မှ ပစ်ပြီး မသွားချင်ကြ ။ အဘိုးကြီး က တော့ ကျုပ် တို့ ကို သာ ကြည့် မရတာပါ ။ သူ့ သမီး တွေနဲ့ ကျတော့ ဟုတ်လို့  ။

•••••   •••••   •••••

( ၄ )

ကျုပ် တို့ သမက် အကြီး နှစ်ယောက် ကို ဘယ်လိုမှ အမြင် မကြည်နိုင် တဲ့ အဘိုးကြီး ။ သူ့ သမီး အငယ်လေး ကျရင် တော့ ယောက်ျား ပေးစား တော့မှာ မဟုတ်ဘူး လို့ ကျုပ် တို့ တွက်ထားတာ ဘာ ကြာတုန်း ။ သူ့ သမီး အငယ် ယမုန်နာကြည် ရဲ့ မင်္ဂလာကိစ္စ က ဝုန်းဆို ပေါ်လာတာ ။

တကယ်ဆို ကျုပ် တို့ အကြီး နှစ်ယောက် တုန်းက သူက သဘော မတူ ခဲ့တဲ့ အပြင် ငါးရန့် ကို ပြာလူး ၊ ဆားပက် ထားသလို ဆွေ့ဆွေ့ခုန် နေသေး တာ မဟုတ်လား ။ သူ့ သမီးတွေ က ကျုပ်တို့ ကို ကြိုက်လွန်းလို့ သာ ကျုပ်တို့ မှာ သူ့ သမက် ဖြစ်ခွင့်ရခဲ့တာ ။ ခက်တော့ လည်း ခက်သား ။ မျက်စေ့ အောက်က လည်း အပျောက် မခံနိုင် ။ အကောင်း ကျတော့ လည်း တစ်စက်ကလေး မှ မမြင် ။ အဆိုးဆုံး က တော့ “ ငါ့နှယ် ကွာ ။ ဘယ်လို သမက်တွေ ရထားလဲ မသိဘူး ” ဆိုတဲ့ နှုတ်ထွက် စကားပဲ ။

ဒီလောက်ကြီး သမက်တွေ နဲ့ အဆင် မပြေ နိုင်တဲ့ အဘိုးကြီး က သူ့ သမီးအငယ်လေး ကို ယောက်ျား ပေးစားပြီး သမက် နောက် တစ်ယောက် ကို အိမ်ပေါ် တင် လက်ခံဦးမယ် ဆိုတော့ ကိုထူး နဲ့ ကျုပ် အံ့သြမှုတွေ နဲ့ အတူ မတိုင်ပင်ဘဲ ပြုံးမိတယ် ။ ဒီအတောအတွင်းတုန်း က အဘိုးကြီး ရဲ့ မျက်နှာ ဆို တာများ အီတလီပေါ်လစ် တိုက်ထား သလို ဝင်းလို့  ၊ ပြောင်လို့ ။ သူ့ မျက် နှာပေါ် ကို လာ နားတဲ့ ခြင်တွေ တောင် တဗုန်းဗုန်း နဲ့ ချော်လဲချင်စရာ ။ ကျ ပ်တို့ နှစ်ယောက် ရှေ့ ရောက်ရင်တောင် အသံ ကျယ်ကျယ် နဲ့ ။

“ ဒီ အိမ် မှာ နောက် တစ်ယောက် ထပ်ပြီး ရောက်မှာ ဆိုတော့ အားလုံး ကိုယ့်စည်း ၊ ကိုယ့်ကမ်း နဲ့ နေကြမယ် ။ အုတ် အရောရော ၊ ကျောက် အရောရောတွေ လုပ် မနေကြနဲ့ ။ အုတ် က အုတ် ၊ ကျောက် က ကျောက် ပဲ ။ ဒီလောက် ဆိုရင် သဘောပေါက် ကြလိမ့်မယ် ထင်တယ် ”

အဘိုးကြီး ရဲ့ အဲဒီ စကား ကို ကြားရတော့ မမြင်ဖူးသေးတဲ့ ကျုပ် တို့ ရဲ့ မယား ညီအစ်ကိုလောင်းလျာလေး ကို တောင် မဆီမဆိုင် ယောက်ျား တန် မဲ့ အမြင်ကတ် သွားချင်သေး ။ စိတ်မဝင်စားပေမယ့် ကြားနေရတာ တော့ စုံလို့ ။ ယိုးဒယား က အလှကုန်ပစ္စည်းကုမ္ပဏီ တစ်ခုမှာ ရှယ်ယာဝင် တဲ့  ။ ဘွဲ့ရပြီးကတည်း က ယိုးဒယား မှာ အခြေချ နေတာ ငါးနှစ် ရှိပြီတဲ့ ။ မိန်းမ ယူပြီး လက်ရှိ လောလောဆယ် မြန်မာပြည် မှာ နေမှာ ဆိုပေမယ့် နောက်ဆို ယိုးဒယား မှာ ပဲ အခြေချ မှာ ဆိုတာလည်း ပါရဲ့ ။ ယမုန်နာလေး ပါ ထိုင်းမှာ သွားနေရမယ် ဆိုတာ လည်း ပါရဲ့ ။ အဘိုးကြီး ဇာတ်ပို့ ကောင်း လို့ အာရုံ မပါဘဲ နား ထဲ ဝင် နေတဲ့ မယားညီအစ်ကိုလေး အကြောင်းတွေလေ ။

အဘိုးကြီး တစ်ထွန်း တည်း ထွန်း နေတဲ့ “ ထင်အောင်ထွန်း ”  ဆိုတဲ့ မ ယားညီအစ်ကိုလောင်းလေး ကို စပြီး မြင်ဖူးတဲ့ နေ့ က ။ လား ... လား ။ အ လှကုန် ကုမ္ပဏီပိုင်ရှင် ဆိုတာ ရုပ် ကြည့်သိလောက်အောင် ဖြူနုဝင်းဖန့် နေတဲ့ အသားအရည် နဲ့  ။ မင်းသား ရှုံးရ လောက်အောင် ကြွရွ ၊ လှပနေတဲ့ ရုပ် နဲ့ ။ ထောင်ထောင်မောင်းမောင်း - ဗလကောင်းကောင်း နဲ့ ယောက်ျားချင်း တောင် ငေးချင်စရာ ။

ကျုပ် လို အသားအရည် မဲပြောင်ပြောင် ၊ နှုတ်ခမ်းမွှေးစစ ၊ အရပ် ကလန်ကလား နဲ့ လူ ကတော့ ပြော မနေနဲ့  ။ ကိုထူး တို့ လို ရူပဗေဒ နဲ့ တက္ကသိုလ် တက်တုန်း King ဖြစ်ခဲ့ဖူးတဲ့ လူ တောင် ထင်အောင်ထွန်း ဆိုတဲ့ ကောင် နဲ့ ကျ အကွာကြီး ကွာနေပါ ရော့လား ။ အပြုံးချိုချို အပြောချိုချို တွေ နဲ့ တင်အောင်ထွန်း ကတော့ ယမုန်နာ တင် မက ဦးဗိုလ်ကြည် ပါ ကြွေသွားလောက် ရဲ့ ။ ပြုံးနေလိုက်တာများ ပါးချိုင့်လေးများ တောင် ခွက်လို့ ။ မျက်လုံး အိမ် ထဲ က အရည်ကြည်လေးတွေ တောင် လက်လို့ ။ စိုလို့ ။

•••••   •••••   •••••

( ၅ )

ဒါပေမဲ့ မကြာပါဘူး ။ မကြာပါဘူး ဆိုတာက ထင်အောင်ထွန်း နဲ့ ယမုန်နာကြည် တို့ ရဲ့ မင်္ဂလာဦးည မှာ ပဲ ပြဿနာတွေ က စ ဖြစ်တာ ။ ပြောရ ရင်တော့ အိမ်ပေါ် ကို ထင်အောင်ထွန်း စ ရောက်တဲ့ ပထမဆုံး နေ့ပေါ့ ။

အဲဒီ ည က ကျုပ် တို့ လည်း အိပ်ယာ စောစော ဝင်တယ် ။ ဘာရယ်လို့ တော့ မဟုတ်ပါဘူး ။ အိမ် မှာ အိမ်သား တစ်ယောက် တိုးလာပေမယ့် လောလောဆယ်မှာ ပြောစရာ စကား က လည်း ရှာကြံပြီး ပြောနေရတာ ဆိုတော့ မထူးတဲ့ အဆုံး အပေါ်ထပ် ကို တက်လို့ အိပ်ယာပဲ စောစောဝင် လိုက်တယ် ။ ကျုပ် တို့ စုံတွဲ အိပ်ယာဝင် တော့ ကိုထူး တို့ လင်မယား တော့ ကျန်သေးတယ် ။ ဒါပေမဲ့ သူတို့ လည်း သိပ်တော့ မကြာဘူး ထင်ပါရဲ့ ။ အပေါ်ထပ် ကို တက် လာတဲ့ အသံတွေ ကြားရတယ် ။

ဒီလိုနဲ့ အောက်ထပ် ဧည့်ခန်း ဘက် က အသံတွေ တိတ်သွားပြီး ဘာ ကြာတုန်း ။ အောက်ထပ် ထင်အောင်ထွန်း နဲ့ ယမုန်နာ တို့ ရဲ့ အခန်း ဘက် က ဆူညံသံတွေ ရုတ်ချည်း ထွက်လာတာ ။ အသံ ကြားကြားချင်း ကျုပ် လည်း “ ဟ ဘာလဲဟ ” ဆိုပြီး ခေါင်း ထောင် မိရုံမက ခြေလှမ်း ပါ ပြင် ဖို့ စဉ်းစားပြီ ။ ဒါကို ကျုပ် ဇနီး က ကျုပ် လက် ကို လှမ်း ဆွဲတယ် ။ ဘာဖြစ်တာလဲ ။ အခြေအနေ ကို စောင့်ကြည့်ဦး ဆိုတဲ့ သဘောပေါ့ ။

ခဏ ကြာတော့ အသံတွေ က ဧည့်ခန်း ဘက် ကို ရောက် လာတယ် ။ ယမုန်နာ ရဲ့ အသံ က အတော် ကျယ်ပေမယ့် ငိုသံတွေ စွက် နေတဲ့ အတွက် ဘာမှ မသဲကွဲဘူး ။ အဲဒီ အသံတွေ နောက်မှာ တိုးတိုးအုပ်အုပ် နဲ့ အသံ တစ်သံ ကို ကြားရတော့ အစပိုင်း မှာ ထင်အောင်ထွန်း ရဲ့ အသံ ပဲ လို့ ကျုပ် ထင် ပေမယ့် သေချာ နားထောင် ကြည့်တော့ ကျုပ်  ယောက္ခမကြီး ရဲ့ အသံ ဖြစ်နေတယ် ။ ကျုပ် တို့ လည်း တံခါးလော့ ကို အသာ ဖွင့်လို့ အောက်ထပ် ဧည့်ခန်းဘက် ကို ချောင်း တော့ အောက်ထပ် ဧည့်ခန်း ဆိုဖာ ပေါ်မှာ ထင်အောင်ထွန်း ကို လည်း တွေ့ရတယ် ။ မီးတွေ ဖွင့်ထားတာမို့ အားလုံး ကို သဲကွဲစွာ မြင်နေရတယ် ။ အဘိုးကြီး နဲ့ ယမုန်နာ က တော့ မတ်တပ် ။

“ သမီး ဒီ လူ့ ကို လုံးဝ မပေါင်းနိုင်ဘူး ဖေဖေ ။ မိုးလင်းတာ နဲ့ သမီးတို့ ကို
ကွာရှင်းဖို့ လုပ်ပေးပါ ။ သမီး ဒီ လူ့ မျက်နှာ ကို မကြည့်ချင်ဘူး ” 

ယမုန်နာ ရဲ့ စကားတွေ ထဲ က နောက်ဆုံး စကား ဖြစ်တဲ့ “ မကြည့်ချင်ဘူး ” ဆိုတဲ့ စကား က အကျယ်ကြီး ကို ထွက်လာတာ ။ ပြဿနာ အတော် ကြီးပြီ ဆိုတာ သိပေမယ့် ကျုပ် တို့ လည်း ထွက်ရ အခက် ၊ မထွက်ရ အခက် နဲ့ အခန်းဝ မှာ တစ်လစ်ကြီးတွေ ဖြစ်နေတယ် ။ ကိုထူး တို့ အခန်း ဘက် ကလည်း ကျွီ ဆိုတဲ့ အသံ ကို ကြားရတယ် ။ ထူးဆန်း တာ က ထင်အောင်ထွန်း ပဲ ။ တစ်ဘက် ကို  မျက်နှာ လှည့် လို့ အတော် စိတ်ရှုပ် နေတဲ့ ပုံစံ ရှိနေပေမယ့် ဘာ စကား မှ မပြောဘူး ။

အဘိုးကြီး က တိုးတိုးကျိတ်ကျိတ် နဲ့ ယမုန်နာလေး ကို စကားတွေ ပြောနေပေမယ့် ကျုပ် တို့ ကတော့ ဘာမှ သဲသဲကွဲကွဲ မကြား ရဘူး ။ အပေါ်ထပ် က ကျုပ် တို့ မကြားနိုင်လောက်တဲ့ လေသံ နဲ့ အဘိုးကြီး က ပြောနေတာ လည်း ဖြစ်နိုင်တယ် ။ ကျုပ် ကတော့ “ ဘာဖြစ် တာလဲ ”  ဆိုပြီး ပြဿနာ ရဲ့ အရင်းအမြစ် ကို စဉ်းစားကြည့်တယ် ။

ဝတ္ထုတွေ ၊ ရုပ်ရှင်တွေ ထဲ ကလို ထင်အောင်ထွန်း ဟာ ယောက်ျားစစ်စစ် မဟုတ်ဘဲ မိန်းမလျာ ၊ အပုန်းမကြီး များ ဖြစ်နေလို့ လား ။ ဒါကို ယမုန်နာ က များ တနည်းနည်း နဲ့ သိ သွားသလား ။ သိပ်တော့ မသေချာ ။ အလှကုန် ကုမ္ပဏီ ရှယ်ယာဝင် ဆိုတော့ ဖြစ်နိုင်ချေတော့ အများ သား ။

“ ဂွမ်း ”

ယမုန်နာ က လက်ထဲ မှာ ရှိတဲ့ ဟမ်းဖုန်း ကို နံရံ နဲ့ ပစ်ပေါက်လိုက်တဲ့ အသံကြောင့် အပေါ် မှာ ရှိတဲ့ ကျုပ် တို့ လန့် ကုန်တယ် ။ ယမုန်နာ ဒီလောက်ပေါက်ကွဲ နေပေမဲ့ အပေါ်ထပ် က သူ့ အစ်မတွေ ကတော့ ကြောင်စီစီ နဲ့ တုပ်တုပ် မှ မလှုပ်ကြဘူး ။

“ ရှင် အခု အိမ် ထဲ က ထွက်သွား ၊ ထွက်သွား ၊ ဒီ ယောကျာ်း ကို ဖေဖေ ပေးစားတာ ၊ အခု သမီး ဘယ်လိုလုပ် ရမလဲ ”

ယမုန်နာ ရဲ့ အဲဒီ အသံ အောက် မှာ ထင်အောင်ထွန်း က တုပ်တုပ် မှ မလှုပ်ပေမဲ့ တုပ်တုပ်လှုပ် သွားတာက အဘိုးကြီး ။ အဘိုးကြီး က အုတ်နံရံ ကို လက်သီး နဲ့ ထိုးတယ် ။ ခေါင်း နဲ့ ဆောင့်တယ် ။ ပြီးတော့ သော့ ဖွင့်ပြီး မိုးချုပ်ချုပ် မှာ အိမ် အပြင်ဘက်ကို ပြေးထွက် သွားတယ် ။ ဒီ တစ်ကြိမ်တော့
အပေါ်ထပ် က ကျုပ်တို့ လေးယောက် လည်း မနေသာ တော့ဘူး ။ မတိုင် ပင်ဘဲ အပြေးပြိုင် သလို အောက်ထပ် ကို ဝရုန်းသုန်းကား ရောက် လာတယ် ။ ဘာပြဿနာ ဖြစ်လဲ ဆိုတာ အသာထား ။ အဓိက က အဘိုးကြီး ရဲ့ နောက်ကို လိုက်ဖို့ စဉ်းစားပြီး ခြံ ထဲ ကို ပြေးထွက်တော့ အဘိုးကြီး က အပြင် တောင် ရောက်ပြီ ။ ကိုထူး က လည်း ကျုပ် ရဲ့ နောက် က လိုက်လာတယ် ။

ကျုပ် တို့ ခြံဝ ကို ရောက် တော့ လမ်းထဲ ကို ဝင်လာတဲ့ Taxi ပေါ် အဘိုးကြီး က တက် သွားပြီ ။ ကျုပ် နဲ့ ကိုထူး လည်း ကားတစ်စီး နဲ့ အဘိုးကြီး ရဲ့ Taxi နောက် ကို လိုက်တယ် ။ ကျုပ် တို့ နေတဲ့ ခုနှစ်မိုင် ကနေ Taxi ကား က ပြည်လမ်း အတိုင်း တည့်တည့် သွားပြီး အင်းယားကန် ဘေး မှာ ထိုးရပ် သွားတော့ ကျုပ် တို့ ကား လည်း ရပ်လိုက်တယ် ။ အဲဒီ အချိန် မှာ အဘိုးကြီး က မီးရောင်မှုန်ပျပျ အောက်က အင်းယား ကန်ဘောင်ပေါ် ရောက် သွားပြီ ။

“ ဘုရား ဘုရား ”

ကျုပ် နဲ့ ကိုထူး လည်း လှေကားထစ် တွေ အတိုင်း ကန်ဘောင် ပေါ်  ကို အပြေး လိုက် တက်တယ် ။

အဲဒီမှာ ခက်ပြီ ။

အဘိုးကြီး ကို နောက်က လှမ်းပြီး ခေါ်ဖို့ ကျုပ် နာမ်စား ရှာ မရဘူး ဖြစ်နေတယ် ။ “ ဟေ့ ဟေ့ ” လို့ လှမ်း ခေါ်ရအောင် လည်း မဖြစ်သေး ။ စဉ်းစား ။ စဉ်းစား ။

ဟိုစဉ်က “ အဖေ ” လို့ မခေါ်ခဲ့တာ တောင် ဦးလေး ၊ အန်ကယ် စသည် ဖြင့်ပေါ့ ။ ကျုပ် တို့ တစ်ခု ခု ခေါ်ခဲ့ရင် ကောင်းသား ။ သူ့ သမက် ဖြစ်ခဲ့တဲ့ တစ်လျှောက်လုံး ဘာ နာမ်စား မှ မသုံးဘဲ တိုက်ရိုက် ပြောဆိုခဲ့တဲ့ ကျုပ် တို့ အ ခုမှ နာမ်စား လည်း ရှာလို့ မရတော့ပြီ ။ အဲဒီတော့ အားကိုသာ မီးကုန်ယ မ်းကုန် သုံးပြီး အဘိုးကြီး နောက်ကို လိုက်တယ် ။

အဘိုးကြီး က ရေ ထဲ ကို ခုန်ချဖို့ ပြင်လိုက်ပေမယ့် နောက်က လိုက် လာတဲ့ ကျုပ် တို့ နှစ်ယောက် အချိန်မီ ဖမ်း ဆွဲထား နိုင်ခဲ့တယ် ။ ကျုပ် တို့ နှစ်ယောက် ရဲ့ လက် ထဲ မှာ အဘိုးကြီး မောနေပုံများ ။ ဟောဟဲ ၊ ဟောဟဲ မြည် နေတာ ရင်ခေါင်းသံကြီး တောင် ပါတယ် ။ ကျုပ် တို့ က အဘိုးကြီး ကို တစ်ဘက်စီ ကိုင်ထားပေမဲ့ ဘာ စကား မှ မပြောဖြစ်ဘူး ။

“ ငထူး နဲ့ ငလင်း ရာ ငါ မှား သွားပြီကွာ ။ ငါ ‌ေ သချင်တယ် ”

အစပိုင်း ကျုပ် တို့ လက်ထဲ မှာ အဘိုးကြီး က အားကုန် သုံးပြီး ရုန်းကန်ချင် နေသေးပေမယ့် အခု စကား ကို ပြောပြီး အဘိုးကြီး ဟာ ကိုထူး ရင်ခွင် ထဲမှာ အရုပ်ကျိုးပြတ် လဲကျ သွားတယ် ။

“ အလို ... အဘိုးကြီး ငိုနေပါလား ”

ကန်ဘောင် ပေါ် ၊ မီးရောင်မှုန်ပျပျ အောက် အဘိုးကြီး မျက်နှာ ပေါ်မှာ တွေ့ရတာက မျက်ရည်တွေ ပါလား ။ ကျုပ် အံ့သြ သွားတယ် ။ တုန် လည်း တုန်လှုပ်သွားတယ် ။ တကယ်ပါ ။ ကျုပ် တစ်သက် ယောက်ျားကြီး တွေ မျက်ရည် ကျတာ မမြင်ဖူးတော့ ကျုပ် ရဲ့ ရင်ထဲ ဘယ်လို ဖြစ်သွားမှန်း ကို မ သိဘူး ။ မှတ်မှတ်ရရ ကျုပ် အမေ ‌ေသ တုန်းကတောင် ကျုပ် အဖေ က မျက်ရည် ကျတာ မဟုတ်ဘူး ။

“ အခု ... ယမုန်နာလေး ရဲ့ ယောက်ျား မှာ အရင် အိမ်ထောင် ရှိသတဲ့ ကွာ ။ ဒီည ထိုင်း မှာ ရှိတဲ့ သူ့ ရဲ့ အရင် အိမ်ထောင် က ဖုန်းဆက် လာလို့ အခုလို ဖြစ်ကြတာ ။ အဲဒါ ငါ ရွေးချယ်ပေးခဲ့တဲ့ လမ်း ကွ ။ ငါ ‌ေသ ချင်တယ်ကွာ ”

‌ေသ ချင်တယ် ဆိုတာကိုပဲ အဘိုးကြီး က ထပ်ကာ ၊ ထပ်ကာ ပြောနေ တယ် ။ ထပ်ကာ ၊ ထပ်ကာ ငိုနေတယ် ။ ကျုပ်တို့ ကို တစ်သက်လုံး အကောင်း မမြင်ခဲ့တဲ့ အဘိုးကြီး ။ ဘယ်တုန်းက မှ ကြည့်လို့ မရခဲ့တဲ့ အဘိုးကြီး ။ ကျုပ်တို့ ကို ဘယ်တုန်းက မှ အထင် မကြီးခဲ့တဲ့ အဘိုးကြီး ။ အခုတော့ ကျုပ်တို့ လက် ထဲ မှာ တစ်ကယ့် ကို အရုပ် ကြိုးပြတ် ။

“ အခုမှ နွား တစ်ထောင် စစ်စစ် ကို ငါ တကယ် တွေ့ခဲ့ပြီကွာ ” 

ကိုထူး စိတ် ထဲ ဘာ ရှိသလဲ ဆိုတာ မသိပေမဲ့ ကျုပ် စိတ် ထဲ မှာ အဘိုးကြီး ကို နှစ်သိမ့်ဖို့ စကားလုံးတွေ ရွေး နေတယ် ။ တကယ်ပါ ။ ယမုန်နာ ရဲ့ ကိစ္စ ကို တောင် သတိ မရနိုင် လောက်အောင် လတ်တလော အနေအထား မှာ အဘိုးကြီး ကို ကျုပ် သနား နေတာ ။ ခဏကြာတော့ အဘိုးကြီး ရဲ့ ပျော့ဖတ်ဖတ် ခန္ဓာကိုယ် ကို ကျုပ် တို့ ကား ပေါ် ပွေ့ တင်လိုက်တယ် ။

ကား ပေါ် ရောက်တဲ့ အထိ ကျုပ်တို့ နှစ်ယောက် အဘိုးကြီး ကို ဘာ စကား မှ မပြောဖြစ်ကြသေးဘူး ။ အဘိုးကြီး ရဲ့ ခပ်အက်အက် စကားသံ တွေ နားထောင်ရင်း “ နွားတစ်ထောင် ” ဆိုတဲ့ စကား ကို သာ အကြိမ်ကြိမ် ကြားယောင်လို့ ၊ အချိန် အတော်ကြီး ကြာတဲ့ အထိ အဘိုးကြီး ကို နှစ်သိမ့် ဖို့ စိတ် ထဲ မှာ စကားလုံးတွေ ကို ကျုပ် ပုံဖော် ကြည့်ဖြစ် နေတုန်းပဲ ။ ဒါပေမဲ့ .....။

▢ မင်းဝေဟင်

📖 မဟေသီ မဂ္ဂဇင်း
      နိုဝင်ဘာ  ၊ ၂၀ဝ၉
.