Showing posts with label ကြယ်နီ. Show all posts
Showing posts with label ကြယ်နီ. Show all posts

Wednesday, June 4, 2025

ပုထုဇ္ဇနော ဥမ္မတ္တကော


 

❝ ပုထုဇ္ဇနော ဥမ္မတ္တကော ❞
          ( ကြယ်နီ )

( ၁ )

အထက်အညာ ဒေသ ရှိ မြို့ကလေး တစ်မြို့ မှ ပွဲရုံ တစ်ရုံ အတွင်း ဧည့်ခန်း အဖြစ် သတ်မှတ် ဖွဲ့စည်း ထားသော စားပွဲရှည် တစ်လုံး နံဘေး မှ ကုလားထိုင် တစ်ခု ထက် တွင် ထိုင်ကာ ကျွန်တော် သည် လက်ဖက်ရည်ကြမ်း ကို သောက်နေသည် ။ ပွဲရုံ ရှေ့ရှိ မြေကွက်လပ် တွင်မူ ကွမ်းရွာဆေးပို အလုံး သုံး ဆယ်ခန့် သည် စီရရီဖြင့် ညီညာစွာ ရှိနေကြသည် ။ ပွဲစားကြီး သည် သူ့ လက်အောက် လုပ်သားများ ဖြင့် ထို ဆေးပိုများ ကို ပြုပြင် နေသည် ။ ပွဲကတော် က မူ အိပ်ခန်းတွင်း မှ ထွက် မလာသေး ။

ကျွန်တော် ထိုင် နေသော စားပွဲ နှင့် မနီးမဝေး တွင် ပွဲစားကြီး ၏ စာရေးစားပွဲ ရှိသည် ။ ပွဲစားကြီး သည် စာရင်းကိုင် မထားဘဲ ထို စားပွဲ တွင် သူ ကိုယ်တိုင် စာရင်းများ ကို ရေးမှတ်သည် ။ ထို စားပွဲ နံဘေး ရှိ နံရံတွင် အကွက်အသား ကောင်းလှသော ဆေးရွက်ကြီး တစ်ရွက် ကို မှန်ပေါင် သွင်းကာ အမြတ်တနိုး ဆွဲချိတ် ထားသည် ။ ထို ဆေးရွက်ကြီး ၏ နံဘေးတွင် ရေဒီယို တစ်လုံး ကို တပ်ဆင် ထားသည် ။

အချိန်မှာ နံနက်ခင်း ဖြစ်၍ အရောင်းအဝယ် မဖွင့်သေးသည့် အတွက် ပွဲရုံ တွင် ခြောက်ကပ် တိတ် ဆိတ် နေသည် ။ ကျွန်တော် သည် ပျင်းပျင်း ရှိလှ သဖြင့် ဆေးပိုများ ကို စဉ်းစား နေမိသည် ။ ကျွန်တော် ဤ မြို့ကလေး သို့ ကုန်ရောင်း ရောက်ခဲ့သည် မှာ ၁၀ ရက်ခန့် ကြာရှိပြီ ဖြစ်၍ ၊ ပွဲစားကြီး ၏ အကြောင်း ကို အတော် အတန် ပင် စုံစမ်း သိရှိပြီးလေပြီ ။

သူ ကား “ ဆေးဝိဇ္ဖာ ” ဟု နာမည်ကျော်ကြား နေသော ပွဲစားကြီး တစ်ဦး ပင် ဖြစ်ပါသည် ။ ဆေးဝိဇ္ဖာ ဟု ဆိုလိုက် ၍ ပြဒါးဝိဇ္ဖာ ၊ သံဝိဇ္ဖာ ၊ အင်းဝိဇ္ဖာ အစရှိ ကုန်သော ဝိဇ္ဖာအပေါင်း နှင့် ဆက်စပ်စဉ်းစားယူ လိုက်လျှင်တော့ တက်တက်စင် အောင်ပင် လွဲမှား သွားပေမည် ။ သူ့ အား ဆေးဝိဇ္ဖာ ဟု ဘွဲ့ထူး ပေး ထားကြခြင်း မှာ သူသည် ကွမ်းရာဆေး ၊ သစ်ထောင့်ဆေး စသော ဆေးများနှင့် ပတ်သက်၍ တစ်ဖက်ကမ်းခပ်အောင် ကျွမ်းကျင် တတ်မြောက် ထားသောကြောင့် ဟု ဆိုကြပါသည် ။

ဤအတွက် နှင့် ပတ်သက်၍ လည်း သူ က မကြာခဏ ဂုဏ်ယူဝင့်ဝါ တတ်ပါသည် ။ အကယ်၍ ကုန်သည် တစ်ဦး သည် သူ က ဝယ်ယူရန် တိုက်တွန်း နေသော ဆေးပို ကို “ မှားများ သွားမလား ” ဟူသော သံသယ ဖြင့် ဝယ်ယူရန် မဝံ့မရဲ ဖြစ်နေလျှင် သူက “  အို ... ကျုပ် ပြောတဲ့ အတိုင်း ဝယ်သာ ဝယ်လိုက်စမ်းပါဗျ ၊ ဒီလို ဆေးအစမျိုး နဲ့ ဒီဈေးမျိုး ဆိုရင် ဘယ်တော့မှ မမှား နိုင်ပါဘူးဗျ ။ ကျုပ် ပြောရင် ယုံပါ ၊ ကျုပ် က ဆေး နဲ့ ပတ်သက်လာရင် အရည်ကျို သောက်လာတဲ့ အကောင်ပါဗျ ” ဟု ပြောဆို တိုက်တွန်း တတ်ပါသည် ။

သို့သော် ကုန်သည်များ အဖို့ ဆိုလျှင်လည်း သူ ၏ ဤသို့ အရည်ကျို သောက်လာသည် အထိ ကျွမ်းကျင် နေမှုကြောင့်ပင် ပို၍ မဝယ်ယူရဲဘဲ ရှိနေတတ်ပါသည် ။ အကြောင်းမူကား အရောင်းအဝယ် ဖြစ်မှ သာလျှင် ဝယ်သူ့ ဘက်ကရော ရောင်းသူ ထံမှ ပါ နှစ်ဖက် ပွဲခ ကို ရရှိမည် ဖြစ်၍ ၊ အရောင်းအဝယ် ဖြစ်နိုင်ရန် အတွက် သူ တတ်ကျွမ်း နားလည်ထားသော ဆေး နှင့် ပတ်သက်သမျှ အထွေထွေ ဗဟုသုတ ကို အသုံးပြုကာ ၊ မကောင်း ကို အကောင်းလုပ် ပြောရာ၌ လည်း ပါရဂူ မြောက်လှပေသောကြောင့်တည်း ။

အကယ်၍ ဝယ်ယူမည့် သူ က မဝယ်ယူ လိုသောကြောင့် ဖြစ်စေ ၊ တတ်ယောင်ကား လုပ်လို၍ ဖြစ်စေ ၊ သူ ဝယ်ယူရန် တိုက်တွန်းသော ဆေးကို အပြစ်အနာကလေးများ ဖော်ပြ ပြောဆိုမိပါက သူ သည် ပြင်းထန်စွာ ချေပ ပြောဆိုတတ်ပါသည် ။

“ အောင်မာ ... ခင်ဗျားတို့ က ခုမှ ဆေး အရောင်းအဝယ် လုပ်မယ် ကြံတာပါဗျ ၊ ကျုပ် က ငယ်စဉ် ထဲ က ဆေးကြား ထဲမှာ ကြီးလာတဲ့ ကောင်ပါ ။ ဆေး ကောင်းမကောင်း ဆေးပို ကို ဖြဲခွဲပြီး ကြည့် မနေရဘဲ ဆေးပို နံဘေးက လက်တစ်ဝါး သာသာလောက် လှပ် ပစ်ပြီး ဆေးခေါင်း ကို ကြည့် လိုက်တာနဲ့ ဒီဆေး ရဲ့ အကြီးအသေး ၊ အညံ့ အကောင်း အမျိုးအစား နဲ့ ဘယ်နယ် က ထွက်တဲ့ဆေး ဆိုတာ တပ်အပ် ပြောပြနိုင်တဲ့ အကောင်ဗျ ” ဟု တုံ့ပြန် ပြောဆို တတ်ပါသည် ။ မှန်သည် ၊ သူ ကား ဆေး နှင့် ပတ်သက် လာလျှင် “ နိုးတူး ” ဟု စွဲမှတ်ထားသူ ဖြစ်ရာ ၊ သူ့ ထက် တတ်သိ သလိုလိုနှင့် ဆင်ခြေတက် လာသော အကြောင်းပြချက်များ ကို သူ လုံး၀ လက်မခံနိုင်ပါ ။

ဤသို့ ဆေးဝိဇ္ဖာ ဟူသော ဘွဲ့ထူး ကို ခံယူထား သော်လည်း သူ့ ပွဲရုံမှာ ဆေးတစ်မျိုးတည်း ကိုသာ လက်ခံ ရောင်းဝယ်ခြင်း ပြုသည် ဟူသော အဓိပ္ပာယ် ကိုတော့ မသက်ရောက်ပါ ။ ထန်းလျက် ၊ မန်ကျည်း ၊ ဆီ စသော အညာကုန်များ နှင့် ဆန် ၊ ဆား ၊ ငါးပိ ၊ ငါးခြောိက် စသော အောက်ကုန်များ ကိုလည်း လက်ခံ ရောင်းဝယ် ပေးပါသည် ။ သို့သော် ဆေး ကို သာလျှင် အဓိက ထား၍ ရောင်းဝယ်ခြင်း ပြုကာ ၊ အခြား ကုန်များ ကို အရံ သဘောဖြင့် သာမည မျှသာ ရောင်းဝယ်ခြင်း ပြုပါသည် ။

သူ ကား ဤသို့ ပွဲစား အလုပ်မျှ သာမက ကုန်သည် လည်း လုပ်လိုက်ပါသေးသည် ။ သူ ကား တောနယ် မှ ကိုင်းသမားမိတ်ဆွေ ပေါများသူ ဖြစ်ရာ ၊ ထို ကိုင်းသမားများထံ မှ ရောင်းချပေးရန် ပွဲရုံသို့ တင်ပို့ အပ်နှံထားသော ဆေးပိုများ ကို ငွေ မချေရဘဲ အကြွေး သဘောဖြင့် ဈေးဖြတ် သိမ်းယူ၍ ရန်ကုန် သို့ တင်ပို့ ရောင်းချ တတ်ပါသည် ။ ရောင်း၍ ရသမျှ ငွေများ ကို အပြန် တွင် ကုန်ဝယ် လာခဲ့ပြီး သူ့ ပွဲရုံ၌ တင်ကာ ရောင်းချ ပြန်ပါသည် ။ ဤနည်းအားဖြင့် ဤ ငွေများ ကို အသုံးပြုကာ အတန်ကြာ အောင်ပင် ရင်းနှီးရောင်းဝယ် ပြီးမှ ကိုင်းသမားများ သို့ ပြန်လည် ပေးဆပ် တတ်သည် ။ ဤသို့ လူရည် လည်မှု ကြောင့်လည်း တစ်နှစ် တစ်နှစ် သူ့ ဝင်ငွေ မှာ မနည်းလှပါ ။

ဤသို့ ကိုင်းသမားများ ထံ မှ ဆေးပိုများ ကို ရန်ကုန် သို့ တင်ပို့ ရောင်းချရာ၌ သူ တတ်ကျွမ်းသော ဝိဇ္ဖာ ပညာ ကို အသုံးပြုနိုင်သည့် အတွက် သူ့ အမြတ်ငွေ မှာ ပို၍ ပို၍သာ ရလာပြန်ပါသည် ။ ကိုင်းသမား လက်ထွက် ဆေးများ မှာ ဆေးမျိုးကောင်း ဆိုလျှင် ဆေးမျိုးကောင်းသန့်သန့် ၊ ဆေးလက် ဆိုလျှင် ဆေးလတ် သန့်သန့်ဖြင့် သူ့ အမျိုးအစားနှင့် သူ ၊ သူ့ အရွယ်အစားနှင့် သူ ရိုးသားသန့်စင်စွာဖြင့် တစ်ပိုစီ ခွဲခြား ထည့်သို ထားသည် ။ ဈေး မှာလည်း ဆေး ကိုလိုက်၍ သူ့ ဈေးနှင့်  သူ ခွဲခြား ရောင်းချလိုက်သည် ။ ဒါကို သူ က ဆေးလတ် နှင့် ဆေးမျိုးညံ့များ ပျောက်ကွယ် သွား၍ ၊ အားလုံး ဆေးကြီး နှင့် ဆေးမျိုးကောင်း ချည်း အဖြစ် ပြောင်းလဲ လာအောင် သူ ၏ ဝိဇ္ဖာပညာ ဖြင့် ရောစပ် မွှေနှောက်ပစ်လိုက်နိုင်သောကြောင့် အမြတ် မှာ ပိုလာရခြင်းဖြစ်သည် ။

ရောစပ်ပုံ မှာ ပိုလွတ် တစ်လုံး ထဲတွင် ဆေးမျိုးညံ့ တစ်ကိုင် ထည့်ပြီးလျှင် အပေါ် မှ ဆေးမျိုးကောင်း တစ်ကိုင် ဖြင့် သိုသိပ် ပိပြားစွာ ဖုံးအုပ် လိုက်သည် ။ ဆေးလတ် တစ်ကိုင် ထည့် လျှင်လည်း အပေါ်မှ ဆေးကြီး တစ်ကိုင် ဖြင့် သိုသိပ်ပိပြားစွာ ဖုံးအုပ် လိုက်ပြန်ပါသည် ။ ပို ပြည့်သွားသော အခါတွင် ဆေးမျိုးညံ့ နှင့် ဆေးလတ် မှာ ပျောက်ကွယ် သွား၍ အားလုံး ဆေးမျိုးကောင်း နှင့် ဆေးကြီး အဖြစ်သာ အမြင်လှ နေတော့သည် ။ လွန်စွာ ကျွမ်းကျင်သော ကုန်သည် မဟုတ်လျှင် ရောစပ်ထားမှန်း မသိဘဲ မျက်စိမှား ကာ ဆေးမျိုးကောင်း နှင့် ဆေးကြီး ဈေးပေး၍ ဝယ်သွားရတတ်သည် ။

ဤနည်းအားဖြင့် သူ သည် ဝယ်ရာ၌ ဆေးမျိုးညံ့ နှင့် ဆေးလတ် ကို ဈေးချိုချို ဖြင့် ဝယ်ရသော်လည်း ၊ ရောင်းရာတွင် မူကား အားလုံး ဆေးမျိုးကောင်း နှင့် ဆေးကြီး အဖြစ် ဈေးကောင်း ရောင်းလိုက် ရသည်ဖြစ်ရာ ၊ သူ ၏ အမြတ်ငွေ မှာလည်း အဆမတန် ပိုလာ တော့သည် ။ ဤသည်ပင် လျှင် ဆေးဝိဇ္ဖာ အဖြစ် သူ ဂုဏ်ယူ နေသော ပဉ္စလက် အတတ်နှင့် အောက်လမ်းပညာ ဖြစ်သည် ။ သို့သော် ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် ကိုယ် အမြတ် ရဖို့သာ အဓိက မဟုတ်လား ။

ကျွန်တော်တို့ ပွဲစားကြီး မှာ ဤသို့သော ပွဲစားကြီးမျိုး ဖြစ်ပါသည် ။ သူ သည် ဤသို့သော ဉာဏ်နီ ဉာဏ်နက် ၊ ဉာဏ်ကလိမ်ချုံ ၊ တစ်နပ်စားဉာဏ် ၊ ပေါ်ကြော့ဉာဏ်မျိုး ကို နေရာတကာ ၌ လွှာ၍ အသုံး ပြုတတ်သည် ဖြစ်ရာ ကျွန်တော့် မှာ သူ့ အား မလစ်သော မျက်စိ ဖြင့် အကဲခတ် လေ့လာ နေရပါသည် ။ ကျွန်တော် တို့ လို တစ်ရပ်တစ်နယ် မှ ကုန်ရောင်း ရောက်သူများ အဖို့ မြို့ခံပွဲ စား က မကောင်း၍ ပွဲစား သ,တ်လျှင် သေတတ်သည် ဖြစ်ရာ ၊ ကျွန်တော့် မှာ သူ့ ကို မျက်ခြည်ပြတ် မခံဘဲ စောင့်ကြပ် လေ့လာ နေရ ပါသည် ။

( ၂ )

ပွဲကတော် သည် ခရီးဝေး သွားမည့် ဟန်ဖြင့် ဖြီးလိမ်း ဝတ်စားကာ ထွက်လာပေပြီ ။ သူ ၏ အသက် မှာ သုံးဆယ် ကျော် ၍ လေးဆယ် နား သို့ ပင် ချဉ်းကပ် နေပေပြီ ။ နဖူးရေ နှင့် ပါးရေကလေးများ ပင် တွန့်စ ပြုနေပါပြီ ။ သူ ၏ မျက်လုံးအစုံ မှာလည်း တောက်ပ ပူနွေးသော ရောင်ခြည်မျှင်များ ယှက်သန်း ကွန့်မြူးခြင်း မရှိဘဲ ၊ လူသေ့ မျက်လုံး လို အေးတိအေးစက် နှင့် ထိုင်းမှိုင်းငြိမ်ဝပ်သည့်အသွင် ကို ဆောင်နေသည် ။ ဆွဲငင်မြှူညှို့သော မျက်လုံးမျိုး မဟုတ် ၊ တွန်းကန် မောင်းနှင်သော မျက်လုံး ။ သည် မျက်လုံး က သူ ၏ အလှသည် ကုန်ခန်းခဲ့ပြီ ဖြစ်၍ သူ့ ၌ တောက်ပသော မျှော်လင့်ချက်များ လည်း ခြေက်ခန်း ကုန်ပြီ ဖြစ်ကြောင်း ဖော်ပြ နေသည် ။

တစ်ခါတစ်ရံ တွင် ပွဲကတော် ၏ မျက်လုံးအရောင် သည် ပြောင်းလဲ သွားတတ်သည် ကို ကျွန်တော် သတိပြု မိသည် ။ ဆွေးရိပ် သန်းနေသည့် မှိုင်းညို့ရီဝေ နေသော မျက်လုံး အရောင်မျိုး သို့ ပြောင်းလဲ သွားတတ်ခြင်း ပင်ဖြစ်ပါသည် ။ ထိုအချိန်တွင် သူ ၏ မျက်နှာ မှာ လည်း ပူပုံပန်း ဟန်မူရာမျိုးသို့ ပြောင်းလဲ သွားတတ်သည် ။ တစ်နေရာရာ ကို ငေးစိုက်ကာ တွေးကွက် တစ်ခုတွင် နစ်မျော နေသလို ငြိမ်သက် နေတတ်သည် ။

ထို့ကြောင့် ကျွန်တော် သည် ပွဲစားကြီး ကို စိတ်ဝင်စားစွာ လေ့လာ နေသလို ပွဲကတော် ကိုလည်း မသိ မသာ လေ့လာနေခဲ့ပါသည် ။ သို့သော် ကျွန်တော် လေ့လာနေဆဲ မှာပင် တစ်နေ့ ပွဲစားကြီး မရှိခိုက် ပွဲကတော် သည် ငိုကြီးချက်မ နှင့် သူ ၏ ရင်တွင်း၌ ခံစားနေရသော ဝေဒနာ ကို ကျွန်တေ့်အား ဖွင့်အန် ပါတော့သည် ။ ဤတွင်မှ ကျွန်တော် သိလိုသော အဖြေများ လည်း ဘွားခနဲ ပေါ်လာပါတော့သည် ။

ပွဲစားကြီး မှာ အပျော်အပါး အားကြီးသည် ဟု ဆို၏ ။

အထူးသဖြင့် မိန်းမ လိုက်စားရန် ဝါသနာ ထုံသည် ဟု ဆိုပါသည် ။ ဈေးသူများ ၊ အောက်အရပ် မှ ကုန်ရောင်း ရောက်လာ တတ်သည့် မိန်းမများ ထဲတွင် သူ့ အပျော်မယားများ မှာ လက်ညှိုးထိုး မလွဲ ဟု လည်း ဆိုသည် ။ ပွဲကတော် ၏ မိဘ ဘက်မှ ရရှိသော အမွေပစ္စည်း နှင့် ပွဲရုံ မှ အမြတ်ငွေ များ မှာလည်း ဤမှာ ဘက် တွင်သာ သုံးဖြုန်း ပစ်လိုက် သဖြင့် နှစ်ချုပ် စာရင်း ရှင်းလိုက်သော အခါတွင် လက်ကျန်ငွေ ဟူ၍ မရှိတော့ဘဲ ကြွေးပတ်လည် ဝိုင်း နေတော့ကြောင်း ၊ ပြောမရ ဆိုမရ ၍ လက်ပိုက်ပြီး ကြည့်နေရကြောင်း စုံတကာ့ ကို စေ့သွား ပါတော့သည် ။

ဈေးသူများ မှာ သူ့ ပွဲရုံမှ ကုန်စည်များ ကို “ ခေါက်ပြန်ချေ ” သဘောမျိုး ဖြင့် အကြွေးယူ ရောင်းကြရ သည် ။ သူ သည် ဤ ဈေးသူများ အား အကြွေး ပေးရာ၌ များစွာ ရက်ရော၏ ။ အကယ်၍ သူ မျက်စိကျသော မိန်းကလေး ဆိုလျှင် ပို၍ပင် ရက်ရော၏ ။ အနှမြော မရှိ ၊ မတွန့်တို ၊ မငြိုငြင် ။

“ ယူရောင်းပါ ၊ ရောင်းပြီးမှ ပေးတာပေါ့ ၊ အို ... မချောင်လယ်သေးရင်လည်း နေဦးလေ ။ သြ ... ဈေး ရောင်းလို့ ကလည်း မကောင်း ၊ ကုန် ကလည်း ရှုံးတာ နဲ့ ငွေရင်းကလေးပါ ပြုတ်သွားပါသလား ။ ကိစ္စ မရှိပါ ၊ ပွဲစားကြီး က ငွေစိုက်ပြီး ရှင်းလိုက်ပါမယ် ။ ထပ် ယူပြီး ထပ်သာ ရောင်းပါ ၊ ဒီကြားထဲ တခြား ဗာဟီရ အသုံး အတွက် ငွေ လိုရင်လည်း ပြောတာပေါ့ ။ မယ်ညို ပဒုမ္မာ နဲ့ နိုင်လွန်အင်္ကျီကလေးများ ကော မဝတ်ချင်ဘူးလား ။ ဘာ ... ဝတ်တော့ ဝတ်ချင်ပါရဲ့ ၊ ငွေအတွက် ကြောင့် မို့သာပါ ၊ ဟုတ်လား ။ အို ... ငွေ ဘာအရေး လဲ ၊ ငွေ ဆိုတာ ပွဲစားကြီး က ဖြစ်တာပါ ၊ ဝယ်သာ ဝတ် ၊ ဝယ်သာ ဝတ် ”

ကြာတော့ ပွဲစားကြီး ၏ စေတနာ ကွန်ရက် အတွင်း ဝယ် ကံဆိုးလှသော ဤ ဈေးသူခမျာ မလူးသာ မလွန့်သာအောင် အမိ ခံရမည်မှာ ဓမ္မတာပင် ဖြစ်ပါသည် ။ ဤကား ဆင်းရဲသော ဈေးသူ အချို့အား သူ ၏ အပျော်မယား အဖြစ် သိမ်းသွင်းရာ၌ ပွဲစားကြီး ကျင့်သုံးသော နည်းပရိယာယ် ပင် ဖြစ်သည်ဟု ဆိုပါသည် ။

သူ့ ပွဲရုံသို့ တစ်ရပ်တစ်နယ် မှ ကုန်ရောင်း လာတတ် သော မိန်းမကုန်သည် တစ်ဦး ဆိုလျှင်တော့ သူ သည် အချိန် အတော် ကြာအောင် အကဲခတ် ကြည့်ရတတ်သည် ဟု ဆိုပါသည် ။ အနေအထိုင် ၊ အပြုအမူ ၊ အပြောအဆိုများ တွင် ဖောက်ပြန်သော အရိပ်အယောင်ကလေးများ အစွန်းအစ ထွက်ပေါ် လာမည် မကြံလေ နှင့် ။ ၃၇ မင်း ကို ပန်း မကိုင်ဘဲ ကျပြီး ဖြစ်နေသော ပွဲစားကြီး က ထိုအချက် ကို အခွင့်ကောင်း ယူ၍ ပါးနပ် လိမ္မာစွာ စခန်းသွားပြ လိုက်လိမ့်မည် ။ ကုန်ရှုံးလွန်း ၍ စိတ်ပျက် လက်ပျက် ဖြစ်ပြီး စိတ်လေ နေသော အမူအရာ များ ကိုလည်း ဖော်မပြလိုက်ပါလေနှင့် ။ ပွဲစားကြီး ၏ ပရိယာယ် ကွန်ရက်အတွင်းဝယ် “ ဒက် ” ခနဲ နေအောင် အမိ ခံရလိမ့်မည် ။

သို့သော် တကယ့် ဣန္ဒြေ ရှင် မိန်းမကုန်သည် အစစ် ဆိုလျှင်တော့ ပွဲစားကြီး သည် လူကြီးလူကောင်း ပီသ စွာဖြင့် ရိုးဖြောင့်စွာ ဆက်ဆံတတ်သည် ဟု ဆိုပါသည် ။

ကျွန်တော် သည် ပွဲကတော် ၏ စကား ကို ကြားနာရပြီး နောက် ပွဲကတော် ပေါ် တွင် သက်ညှာ သနားမိ သော်လည်း ကျွန်တော် လည်း မည်သို့မျှ တတ်နိုင်သော ကိစ္စမျိုး မဟုတ်သဖြင့် ဆိတ်ဆိတ်ပင် နေလိုက်ရပါသည် ။ ပွဲကတော် မှာလည်း သူ့ ရင်တွင်း ၌ ခံစားနေရသော အကျိတ်အခဲများ ကို ကျွန်တော့် အား ဖွင့်အန်ချပြ လိုက်ရပြီး ဖြစ်၍ ရင် ထဲ မှာ ရှင်းပြီး ပေါ့ပါး သွားဟန်ဖြင့် ကြည်ကြည်လင်လင် ရွှင်ရွှင် လန်းလန်း ပြန်ဖြစ် သွားပါတော့သည် ။

စင်စစ် ပွဲကတော် ပြောပြသော အကြောင်းအချက်များ သည် ယုံမှားသံသယ ရှိစရာ မလိုအောင် မှန်ကန်သည့် အကြောင်းအချက်များ သာ ဖြစ်သည် ဟု ကျွန်တော် ယုံကြည်ပါသည် ။ ကျွန်တော် သည် ပွဲစားကြီး ၏ စားပွဲ အံဆွဲ အတွင်းမှ စရင်းစာအုပ်များ အောက်တွင် လျှို့ဝှက်စွာ ဖုံးဝှက်ထားသော “ လူကြီး ချိုချိုစို့နည်း ” ၊ “ ဃရာဝါသ နိဿရည်း ”  ၊ “ ကာလီဒါသ ၏ ကြာခြည် သဘာဝ ” ဟူသော စာအုပ် သုံးအုပ် ကို အမှတ်မထင် တွေ့လိုက်ရပြီး ကတည်း က ပွဲစားကြီး ၏ ဝါသနာ ကို ကျွန်တော် သည် ရိပ်စား မိပြီး ဖြစ်နေပါသည် ။

ပွဲစားကြီး သည် လူ့ဘဝ ကို လေးလေးနက်နက် အဓိပ္ပာယ် ပေးလိုသူ မဟုတ်ပါ ။ သူ ၏ လူ့ဘ၀ အဘိဓမ္မာ မှာ ပျော်ပျော်နေ သေခဲဖြစ်သည် ။ ဘဝ တွင် နေရသည့် အခိုက် ပျော်ပျော်ကြီး နေမည် ။ ပျော်စရာများ နောက်သို့ သာ တကောက်ကောက် လိုက်မည် ။ ပျော်စရာများ နောက်သို့ တကောက်ကောက် လိုက်ရင်း ကာမဂုဏ်တရား သည်သာ ပျော်စရာ ဖြစ်သည် ။ လူ့ဘဝ ဆိုတာ ကာမဂုဏ်တရား ကို နည်း အမျိုးမျိုးဖြင့် လိုက်စားခြင်း ဖြစ်သည် ဟူသော အချက် တွင် သွား၍ နိဂုံး ချုပ်သည် ။

( ၃ )

ပွဲကတော် သည် ကျွန်တော့် အနီးရှိ ကုလားထိုင် တစ်လုံး တွင် ဝင်ထိုင်ကာ ပွဲစားကြီးအား စောင့်ဆိုင်းနေသည် ။ ကျွန်တော် က သူ့ အား “ ဖြီးလို့လိမ်းလို့ ပါလားဗျ ၊ ဘယ်သွား မလို့လဲ” ဟု မေးကြည့်ရာ ၊ ချောက်မြို့ တွင် ကုန်ဖိုးငွေ ရစရာ ရှိနေ၍ ထို ကုန်ဖိုးငွေ ကို သွားရောက် တောင်းခံရမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည် ။

ပွဲရုံ ရှေ့တွင် ဆေးပိုများ နှင့် အလုပ်များနေဟန် ရှိသော ပွဲစားကြီး သည် ဖြီးလိမ်းဝတ်စားပြီး သူ့ ကို စောင့်ဆိုင်း နေသော ပွဲကတော် ကို မြင်လိုက် သဖြင့် ပွဲရုံတွင်း သို့ ဝင်လာကာ ကျွန်တော်တို့ အနီးတွင် လာ ထိုင်၏ ။ နောက် ပွဲကတော် ကို စူးစမ်းသလို တစ်ချက်မျှ ကြည့်ရှု လိုက်ပြီးနောက် “ သြ ... မင်း သွားဖို့ အသင့် ဖြစ်နေပြီကိုး ” ဟု ရွတ်လိုက်၏ ။

“ ဟုတ်လယ်လေ ၊ သွားဖို့ အသင့်ပဲ ဖြစ်နေရမှာပေါ့ ။ ရှင် ကပဲ ဒီနေ့ မသွားရင် မဖြစ်ဘူး ၊ ဒီ ငွေ ကို ဒီနေ့ ရဖို့ အရေးကြီး တယ်လို့ ဆိုထားတာကိုး ”

“ ဟုတ်တယ် ၊ ဒီငွေ ကို ဒီနေ့ ရဖို့ အရေးကြီးတယ် ”

ပွဲစားကြီး သည် ပွဲကတော် ၏ စကား ကို သံယောင် လိုက်ကာ ပဲ့တင်ထပ် လိုက်ပြီး နောက် ရုတ်တရက် ကျွန်တော့် ဘက်သို့ လှည့်၍ -

“ ကဲ ... ခင်ဗျား စဉ်းစား ကြည့်စားပါဦးဗျ ၊ ကျုပ် အောက် အရပ်ကို ဆေးသွား ရောင်းပြီး အပြန် မှာ ပါလာတဲ့ ဆန် နဲ့ ဆားအိတ်တွေ ဟာ ကျုပ်တို့ မြို့နဲ့ ဆိုရင် နည်းနည်း များနေလို့ ချောက်မြို့ က သူ့ ပွဲရုံ မှာ ခွဲပြီး ရောင်းဖို့ အပ်ထားခဲ့တာ ခြောက်လ လောက် ရှိသွားပြီဗျ ။ အဲဒီ ဆန် နဲ့ ဆား ရောင်းလို့ ရတဲ့ ငွေ ကို ကျုပ် ကို ခုအထိ ရှင်းမပေးသေးဘဲ တစ်ဖက်လှည့် နဲ့ သူ့ လုပ်ငန်း ထဲမှာ ထည့်ပြီး ရင်းနှီး ရောင်းဝယ် နေတယ်ဗျ ။ ပွဲစား အချင်းချင်း ဒီလို လုပ်တာ ဘာကောင်းသလဲ ၊ ကျုပ် တော့ သည်းမခံ နိုင်လောက်အောင် ဒေါသ ထွက်ပြီဗျို့ ”

အမှန်ပင် သူ သည် သည်းမခံနိုင်လောက်အောင် ဒေါသ ထွက်နေဟန် တူပါသည် ။ အကြောင်းကို ဆိုသော် သူ့မျက်နှာ သည် ချက်ချင်းပင် တင်းမာလာပြီး နောက် အံကိုလည်း တအား ကြိတ်ထားကာ ၊ မျက်ထောင့်ကြီး မှာလည်း နီရဲ နေသောကြောင့် ဖြစ်ပါသည် ။ ဒါကို ပွဲကတော် က ဖျောင်းဖျသော လေသံ ဖြင့် -

“ အို ... ဒီလိုလည်း ဒေါသ ရှေ့မထားနဲ့လေ ၊ ကိုယ် ယုံကြည် လို့ သူ့ ကို ရောင်းခိုင်းမိမှ ကိုး ၊ ဒီတော့ သာယာ ညင်းပျောင်း နဲ့ ဖျောင်းဖျောင်းဖျဖျ ပြော တောင်းရတော့မှာပေါ့ ။ ကဲလေ ... ဟို ရောက်ရင် ကျုပ် ဘယ်လို ပြော တောင်းရမယ်ဆိုတာသာ မှာလိုက်ပါ ၊ ကျုပ် ရအောင် ကို တောင်းခဲ့မပေါ့ ”

“ ဆန်အိတ် နဲ့ ဆားအိတ်ဖိုး ငွေဟာ ရက်ကြာလှပြီမို့ အခု အပြေ ရှင်းပေးပါလို့ ပြော ။ နေပါဦး ... ဘာ ညာ ဆိုရင် မနေနိုင်ဘူး ၊ ကျွန်မတို့ မှာ ငွေအသုံး လိုနေလို့ ဒီနေ့ ရမှ ဖြစ်မယ် ၊ အဲဒီလို ပြောတောင်း ၊ လေအေးကလေးနဲ့ လုပ်မနေနဲ့ ၊ ခပ်မာမာသာ ပြော ။ ဒီကောင်တွေ က မတောင်းဘဲနဲ့ ပေးချင်တဲ့ ကောင်တွေ မဟုတ်ဘူး “

ပွဲစားကြီး သည် လက်သီးလက်မောင်း တန်းကာ ဒေါနှင့် မာန်နှင့် ပြောပြနေသည် ။ အကယ်၍ သူ့ ငွေ ရစရာ ရှိသော သူ သာ ယခု မျက်မှောက် တွင် ရှိနေခဲ့ပါ လျှင် သူ သည် မှုန့်မှုန့်ညက်ညက် ဖြစ်အောင် ချေမှုန်း ပစ်လိုက်မည် မလွဲ ဟု ထင်မှတ်ရပါသည် ။

ပွဲကတော် ထွက်ခွာ သွားသည် နှင့် တစ်ပြိုင်နက် ပွဲစားကြီး သည် လုပ်စရာ ရှိသော အလုပ်များ ကို သူ့ လက်ထောက် သို့ လွှဲအပ်ကာ ရေချိုး နေတော့၏ ။ ပြီးနောက်တော့ တောက်ပ သစ်လွင်သော ဝတ်စားတန်ဆာများဖြင့် ဆင်ယင် ပြုပြင်ထားသော ပွဲစားကြီး အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပါ ပြီ ။

ပွဲစားကြီး သည် သူ့ စားပွဲ မှ ကုလားထိုင်တွင် ထိုင် နေရာမှ တစ်စုံတစ်ရာ ကို မျှော်လင့်နေ သလို ပွဲရုံ ရှေ့သို့ မကြာခဏ လှမ်း ကြည့်တတ်၏ ။ သို့ ကြည့်ပုံ မှာ လည်း အမှတ်မထင် ကြည့်ပုံမျိုး မဟုတ်ဘဲ သူ မျှော်လင့် နေသော တစ်စုံတစ်ယောက် သည် ရောက်ရှိလာပြီလော ဟု ဂရုတစိုက် စူးစမ်း ကြည့်ရှုပုံမျိုး ဖြစ်၏ ။

ပွဲကတော် ထွက်ခွာသွားသည့် အချိန် မှ စ၍ ဂနာမငြိမ် ဖြစ် နေသော ပွဲစားကြီး ၏ အမူအရာ မှာ တစ်မျိုးပင် ထူးခြားနေသောကြောင့် ၊ ကျွန်တော် သည် ပွဲစားကြီး အား မသိမသာ အကဲခတ် နေမိသည် ။ နောက်တစ်ကြိမ် ပွဲစားကြီး သည် ပွဲရုံ ရှေ့သို့ မျှော် အကြည့် တွင် ကျွန်တော် လည်း သူ ကြည့်ရာသို့ လိုက်ကြည့်မိသည် ။ အသက် ၂၀ ခန့် အသားဖြူဖြူ မိန်းမရွယ် တစ်ဦး သည် ပွဲရုံ အတွင်းသို့ ဝင်လာ နေသည်ကို ကျွန်တော် မြင်တွေ့ရသည် ။ သူ ၏ ခြေလှမ်းများ ကား သွက်လက်ခြင်း မရှိဘဲ ပြစ်မှု ကျူးလွန်ထားသော တရားခံ တစ်ဦး သည် တရားသူကြီး နှင့် ဂျူရီလူကြီးများ ၏ ရှေ့မှောက် သို့ လျှောက်လာ နေရသလို လေးလံ တွန့်ဆုတ် နေ၏ ။

“  သြော် ... မလှခင် လာလာ ၊ နင့် ကုန်တွေတော့ ရောင်းပြီးပါပြီ ၊ မျှင်ငါးပိ နှစ်ပုံး သုံးပုံးလောက် ပဲ ကျန်တော့တယ် “

ပွဲစားကြီး သည် ဝမ်းသာအယ်လဲ ဖြစ်သွားသည့် အမူအရာ ကို မူ ဟန်ဆောင် ဖုံးဖိ၍ မထားနိုင်ဘဲ ၊ အရေးတကြီး မူရာဖြင့် ပွဲရုံဝ သို့ ကိုယ်တိုင် ထွက်ကြို၏ ။ မိန်းမပျို ကား ဘေးဘီ ကို ကြည့်ရှုခြင်း မရှိဘဲ ရှက်သွေးရောင် လျှမ်း နေသော မျက်နှာကလေး ကို အောက်သို့ ငုံ့ထားကာ မူမမှန်သော ခြေလှမ်းများ ဖြင့် ပွဲရုံ ထဲ သို့ ဝင်ရောက်လာသည် ။

“ နင့် ... မျှင်ငါးပိ က နည်းနည်း ကြမ်းနေလို့ တစ်ရာ့နှစ်ဆယ် ဈေး နဲ့ ရောင်းထုတ် ပစ်လိုက်တယ်လေ ။ တစ်ရာ့ သုံးဆယ်ဈေး ရအောင် ဆွဲ ရောင်းပါသေးရဲ့ ၊ ဒါပေမဲ့ အဝယ် က မလိုက်တော့ တစ်ရာ့နှစ်ဆယ်ဈေး နဲ့ပဲ ရောင်းပစ်လိုက်ရတယ် “

ပွဲစားကြီး က ရွှန်းရွှန်းဝေအောင် ပြောဆို နေသော်လည်း မိန်းမပျို ကား တစ်ခွန်း တစ်ပါဒ မျှ ပြန်ကြားခြင်း မရှိဘဲ ရှက်သွေးရောင် လျှမ်း နေသောမျက်နှာ ၊ မလုံမလဲ ဖြစ်နေသော အမူအရာဖြင့် ခေါင်းကလေး ကို သာ အောက်သို့ ငုံ့ထားရှာသည် ။

ပွဲစားကြီး ကား လူပရိသတ် ရှေ့၌ မိန်းမပျို အား ကုန်သည် တစ်ဦး အဖြစ် နာမဝိသေသန တပ်ဆင်ကာ သရုပ်ဖော် ပေးနေသော်လည်း သရုပ်မှန် မဟုတ်ဘဲ သရုပ်ပျက်သာ ဖြစ်ကြောင်း မိန်းမပျို ၏ အမူအရာ အားဖြင့် ဝန်ခံ နေသည် ။ တကယ့် သရုပ်မှန် မိန်းမ တစ်ဦး ဆိုလျှင် အမူအရာ အားဖြင့် ဖျပ်လတ် သွက်လက် ၍ စကားလည်း ကြွယ်ရမည် ။ ပွဲစား တစ်ခွန်း ကို သူ က နှစ်ခွန်း ၊ သုံးခွန်း ရအောင် အလုအယက် ပြောနိုင် ရမည် ။ အသံ မှာလည်း စာစာညံညံနှင့် နားမခံသာ အောင် ရှိရမည် ။

စကားပြောပုံ ဆိုပုံ မှာ လည်း ခေါင်းညိတ် ၊ လက်ကာ ၊ ရင်ကလေး ကို လှုပ်တဲ့ကာ မျက်စကလေး ကို ချီ ၊ မျက်လုံးကလေးများ ကို တော့ စွေချည် တစ်ခါ ၊ စောင်းချည် တစ်လှည့် ၊ နှုတ်ခမ်း ကို ရွဲ့၍ မဲ့သည့် အခါ မဲ့ ၊ မေးကလေး ကို ရှေ့ထိုး ၊ အမျိုးမျိုး ဖြင့် သုံးဆယ့်နှစ်ကောဌသလုံး လှုပ်ရှားခြင်း ရှိရမည် ။ ယခုတော့ တကယ့် သရုပ်မှန် နှင့် ကိုက်ညီခြင်း မရှိဘဲ တေမိဇာတ် ခင်းနေခြင်း က ပွဲစားကြီး ၏ သရုပ်ဖော်ချက်သည် သရုပ်ပျက် သာ ဖြစ်ကြောင်း ထင်ရှား နေသည် ။

ကျွန်တော် ကား ပွဲကတော် ထွက်ခွာသွားပြီး နောက်မှ ဂနာမငြိမ် ဖြစ်နေသော ပွဲစားကြီး နှင့် ၊ ပွဲကတော် မရှိခိုက်မှ ရောက်ရှိ လာသည့် သရုပ်ပျက် နေသော မိန်းမပျိုတို့ ကို ဆက်စပ်ကာ ဤသူ နှစ်ဦး အပေါ်တွင် ထူးထူးခြားခြား စိတ်ဝင်စား မိပေပြီ ။

( ၄ )

မွန်းတည့် နေသည် သဲ ဆန်သော အညာမြေလေး သို့ ပူပြင်းသော ရောင်ခြည် ကို သွန်းလောင်းပေး နေရာ သဲပွင့်ကလေးများ မှာ နေရောင်ဟပ်၍ ဝင်းဝင်းတောက် နေသည် ။ တမာပင် နှင့် မန်ကျည်းပင် များ အပေါ်ဝယ် အိပ်ငိုက် နေကြသော ကျီး အချို့ ၏ “ အား ... အား ... အား ” ဟူ၍ ပျင်းရိ လေးတွဲ့စွာ အော်မြည် နေသံသည် တိတ်ဆိတ် ခြောက်သွေ့သော ရှုခင်း ကို အသက်သွင်း ပေးနေသည် ။

ဆေးပိုများ ကို ပြုပြင်လျက် ရှိသော ဆေးအလုပ်သမားများကား မောမော နှင့် ထန်းတောသို့ သွားသူ က သွား ၊ ထမင်းစား ပြန်သူ က ပြန်ကုန်ကြသောကြောင့် ပွဲရုံ ရှေ့တွင် ခြောက်ကပ် တိတ်ဆိတ်နေ၏ ။ နေ့လယ်နေ့ခင်း ဖြစ်၍လည်း အရောင်းအဝယ် မရှိသောကြောင့် ပွဲရုံ တွင်း၌ လူသူ ကင်းရှင်းကာ ဆိတ်ငြိမ်နေ၏ ။

ကျွန်တော်သည် ဧည့်ခန်း ရှိ တန်းလျား ထက်တွင် တုံးလုံးလျောင်း ကာ “ ချားလ်စ်ဒစ်ကင်း ” ၏ “ အိုလီဗာတွစ်စ် ” ဝတ္ထု ကို ဖတ်နေသည် ။ ဝတ္ထု ထဲ တွင် ပါဝင်သော “ အိုလီဗာတွစ်စ် ” ၏ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသော သနားစဖွယ် ဘဝ ။ ခိုကိုးရာ ကင်းမဲ့သော မိဘမဲ့ ကလေးသူငယ်များ အား ပြုစုစောင့်ရှောက်ရာ ဌာန ဟု အဆိုရှိသော ဘုံအိမ် ကို ကြီးကြပ် အုပ်ချုပ်ရသည့် ဘုတ်အဖွဲ့ဝင် လူကြီးမင်း ဘုရားများ ၏ အပြင်ပန်း လှသလောက် အတွင်း သဘော ပုပ်ဟောင်လှပုံ ကို ခြယ်ရေးရာတွင် များစွာ ထိလှ မိလှသည့် အတွက် ကျွန်တော် ၏ စိတ်အာရုံ တစ်ခုလုံး စာအုပ် ထဲ တွင် သာ စုံးစုံးနစ်မြုပ်နေ၏ ။

“ ဗျို့ ဆရာကြီး ရဲ့ ... စာအုပ် ကို စိုက်ကြည့် နေလိုက်တာ မျက်လုံး ကို ကျွတ်ကျတော့မယ့် အတိုင်း ပါပဲကလားဗျာ ... လက်ဖက်ရည်ဆိုင် သွားပြီး လက်ဖက်ရည် သောက်ချည်ရအောင် “

စာအုပ် ထဲ တွင်သာ ဝင်စားလျက် ရှိသော ကျွန်တော် ၏ စိတ်အာရုံတို့သည် အသံ က ဆွဲဆောင်လိုက် သဖြင့် ၊ ကျွန်တော် သည် စာအုပ် မှ မျက်လုံး ကို ခွာကာ အသံရှင် ကို မော် ကြည့်မိ၏ ။ အခြားသူ တော့ မဟုတ် ၊ ပွဲစားကြီး ၏ လူယုံတော် တစ်ဦး ပင် ဖြစ်သည် ။

ကျွန်တော် ဤ မြို့ကလေး သို့ ကုန်ရောင်း ရောက်ရှိခဲ့သည် မှာ ၁၀ ရက် ခန့်ပင် ကြာရှိလေပြီ ။ ဤ ရက်များ အတွင်း သူ သည် ကျွန်တော့် အား တစ်ခါဖူးမျှ လက်ဖက်ရည် သောက်ရန် ဖိတ်ကြားခြင်း မရှိခဲ့ ။ ယခုမှ လက်ဖက်ရည် တိုက်ရန် စေတနာ ပေါ်ပေါက်လာခြင်း မှာ အတော်ပင် ဆန်းနေသည် ။

“ နေပါဦးဗျ ... ကျွန်တော် ဒီ မြို့ကလေး ကို ကုန်ရောင်း ရောက်နေတာ ၁၀ ရက် လောက် ရှိနေပြီ ။ အဲဒီ ရက် အတွင်း ခင်ဗျား ကျွန်တော့် ကို တစ်ခါမှ လက်ဖက်ရည် မတိုက်ဖူးဘဲ နဲ့ အခုမှ လက်ဖက်ရည် တိုက်ချင်တဲ့ စေတနာ ပေါ်ပေါက် လာတာ က အတေ့်ကို ထူးဆန်းနေသဗျ ”

သူ သည် ကျွန်တော့် အား မျက်စိ တစ်ဖက် မှိတ် ပြလိုက်ပြီးနောက် လေသံ ခပ်တိုးတိုးဖြင့် “ လက်ဖက် ရည်ဆိုင် ကိုသာ လိုက်ခဲ့ပါဗျာ ၊ ဟို ရောက်တော့ ပြောပြပါ့မယ် ” ဟု ဆိုသဖြင့် ကျွန်တော် ကလည်း ငြင်း ဆန်ခြင်း ပြု မနေဘဲ ခပ်အေးအေး ပင် ထ လိုက်ခဲ့သည် ။ လက်ဖက်ရည်ဆိုင် သို့ ရောက်သော အခါ သူသည် ငါးကျပ်တန် တစ်ချပ် ကို စားပွဲ ပေါ် သို့ တင်လိုက်ရင်း “ အဟီး ... ပွဲစားကြီး ရဲ့ ကောင်းမှုတော်ပေါ့ဗျ ... ” ဟု ရွတ်ဆိုလိုက်၏ ။

ထို့နောက် သူ သည် လက်ဖက်ရည် နှစ်ပွဲ နှင့် မုန့်များပါ ယူလာခဲ့ရန် ဆိုင်ရှင် အား မှာကြား လိုက်ပြီး နောက် ကျွန်တော့် အား အကျိုးအကြောင်း ကို ရှင်းပြနေသည် ။

နံနက် က ရောက်လာသော မိန်းမပျို မှာ ပွဲစားကြီး သရုပ်ဖော် ပေးသလို မိန်းမကုန်သည် တစ်ဦး မဟုတ်ဘဲ ပွဲစားကြီး ၏ အပျော်မယား သာလျှင် ဖြစ်ကြောင်း ၊ ဤ အပျော်မယား နှင့် ပျော်ပါးလို၍ ပွဲကတော် အား ကုန်ဖိုး တောင်းခံရန် ဟု ဆိုကာ ချောက်မြို့ သို့ ဉာဏ်ဆင်ပြီး လွှတ်လိုက်ခြင်း ဖြစ် ကြောင်း ၊ ယခု ပျော်ပါးသည့် အချိန်တွင် လည်း ကျွန်တော် ရှိနေ ပြန်၍ သူ့ အား ငွေငါးကျပ် ထုတ်ပေးကာ ကျွန်တော့် အား လက်ဖက်ရည်ဆိုင် သို့ ခေါ်ဆောင် သွားရန် စေခိုင်းသည့် အတွက် ယခုလို ခေါ်လာရခြင်း ဖြစ်ကြောင်း ရှင်းပြပါသည် ။

လက်ဖက်ရည် နှင့် မုန့်များ ရောက်လာပြီ ဖြစ်၍ စားသောက်ကြရင်း မှ သူ က ဆက်ရန် ရှိနေသေး
သော နောက်ဆက်တွဲ ကို ထပ်မံ၍ ပြောပြ နေပြန်၏ ။ ယခုလို ပွဲကတော် အား ချောက်မြို့ သို့ ဉာဏ်ဆင် လွှတ်ပြီး သူ့ အပျော်မယားကလေး နှင့် ချိန်းတွေ့ကြခြင်းမှာ ၊ ရိုးရိုးတန်းတန်း ပျော်ပါးရုံမျှ မဟုတ်ဘဲ နည်းသစ် တစ်မျိုး ကို စမ်းသပ် ကြည့်ရန် အတွက် လည်း ဖြစ်သည် ဟု ဆို၏ ။

ပွဲစားကြီး ၏ ဝါသနာ ကို အတွင်းသိ အပြင်သိ ဖြစ်နေသော ရန်ကုန် မှ ကုန်သည်တစ်ဦး က ကုန်ရောင်း လာရောက်ရင်း မဖွယ်မရာ စာအုပ် တစ်အုပ် ကို လက်ဆောင် ပေးသွားသည် ဟု ဆို၏ ။ သူ သည် ထိုစာအုပ် ကို လူမြင်ကွင်း ၌ မဖတ်ဝံ့ သော်လည်း ကွယ်ရာတွင် စေ့စေ့စပ်စပ် ဖတ်ရှုလေ့လာပြီး နောက် ၊ ထို စာအုပ် ထဲ မှ သဘောတရားများ ကို လက်တွေ့ ကျင့်သုံးလိုသော ဆန္ဒ မှာ ချုပ်တည်း မနိုင်အောင် ပြင်းထန် ကြွမောက်လာသည် ဟု ဆိုပါသည် ။

ထို့ကြောင့် ပွဲကတော် ကို ချောက်မြို့သို့ ကြွေးတောင်း လွှတ်ကာ သူ့ အပျော်မယားကလေး ကို ချိန်းတွေ့ခြင်းပင် ဟု နိဂုံးချုပ်ပါလေတော့သည် ။

ကျွန်တော် ကတော့ ပြုံး လို့သာ နေမိပါသည် ။ “  ပုထုဇ္ဇနော ဥမ္မတ္တကော ” - ပုထုဇဉ် မှန်သမျှ အရူး ချည်း သာ ဟု စာဆို ရှိသော်လည်း ၊ ဤလို ပွဲစားကြီးမျိုး နှင့် ထို့ထက် အဆင့်အတန်း မြင့်သော အထက်တန်းစားများ သာ အားလပ်ချိန် များများ ရသဖြင့် ကြံကြံဖန်ဖန် အရူးထ နိုင်ကြပါသည် ။ ဆင်းရဲသားများ မှာမူ ဝမ်းရေး အတွက် နေ့မနား ညမနား အပြေးအလွှား ရှာဖွေကြိုးပမ်း နေကြရ သဖြင့် ဤသို့ အရူး မထနိုင်အားကြပါ ။ အရူး ထ တတ်သော အလေ့အလာများ လည်း မရှိကြဖူးပါ ။

ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် တွင် စကား ပြောလိုက် ၊ လက်ဖက်ရည် သောက် လိုက်ဖြင့် တစ်နာရီ ခန့် အချိန် ကြာမြင့်သွားမှ ပွဲစားကြီး လက်ဖက်ရည်ဆိုင် သို့ ရောက်ရှိလာသည် ။ သူ့ မျက်နှာ တွင် ချွေးသီး ချွေးပေါက်များ စိုရွှဲနေကာ အတော်ပင် နွမ်းနယ်မောပန်း လာပုံ ရပေသည် ။

သူ သည် လက်ဖက်ရည် ဆိုင်ရှင် အား “ အိုဗာတင်း ”  တစ်ခွက် မှာ လိုက်ပြီး နောက် သူ့ လက် ထဲတွင် အသင့် ပါလာသော ကြက်ဥ နှစ်လုံး ကိုပါ ပေးအပ် လိုက်ကာ ၊ ထို ကြက်ဥ ကို ပါ ထည့်၍ ဖျော်ခဲ့ရန် အမိန့် ပေးလိုက်သည် ။ ကျွန်တော် ကတော့ သူ လုပ်နေပုံ ကို သာ တည်ငြိမ်စွာ ကြည့်နေ မိသည် ။ ကျွန်တော် ၏ အကြည့် တွင် စက်ဆုပ်မုန်းတီးခြင်း နှင့် ရှုတ်ချကဲ့ရဲ့ခြင်း အရိပ်အယောင်များ ပါရှိ သွားဟန် တူ၏ ။ သူ သည် ကျွန်တော် ၏ အကြည့် တွင် မနေတတ် မထိုင်တတ် နှင့် ရှိုးတိုးရှန့်တန့် ဖြစ်သွား ပုံရပါသည် ။

ကျွန်တော် သည် သူတို့ နှင့် စကား ဆက်လက် ပြောဆိုရန် ဆန္ဒ မရှိတော့ သဖြင့် သူတို့ ကို ခွဲခွာကာ ပွဲရုံ သို့ ပြန်လာခဲ့၏ ။ ပွဲရုံ တွင် သူ ၏ အပျော်မယားကလေး မှာ မရှိတော့ပေ ။ ကျွန်တော် ၏ မျက်စိ ထဲ ၌ နေပူကျဲကျဲ တွင် အဓိပ္ပာယ် မရှိသော ခရီး ကို သွား နေရရှာသော ပွဲကတော် ၏ သနားစရာ့ ရုပ်သွင် ကို သာ ထင်မြင် နေသည် ။

( ၅ )

ချစ်စဖွယ့် ဆည်းဆာ သည် အညာမြေ ၏ သရုပ်ဖော် ရှုခင်း ကို သူ ၏ နီရောင်လွင်သော စုတ်ချက်ဖြင့် လှပစွာ မှုန်းခြယ်၍ နေပေပြီ ။ ဆည်းဆာ ၏ အလှ နှင့် မဟပ်မိသော အညာလေ ကတော့ တဟူးဟူး တဝီဝီ ဖြင့် သောင်းကျန်း တိုက်ခတ် နေပေရာ ၊ သဲဆန်သော အညာမြေ မှ သဲပွင့်ကလေးများသည် တည်ငြိမ်ရာ မရရှာဘဲ လှုပ်ရှားပျံဝဲ၍ နေကြသည် ။ လမ်းသွားလမ်းလာ လူ အပေါင်းသည် မျက်စိ ထဲ သဲ ဝင်မည် စိုး၍ မျက်နှာ ရှေ့ တွင် လက်ဝါး ကာပြီး လျှောက် နေကြရ၏ ။

ချောက်မြို့ သို့ ကုန်ဖိုး သွား တောင်းသော ပွဲကတော် ကား ပြန်လာလေပြီ ။ ပွဲရုံဝင်း ထဲသို့ ဝင်လာသော ပွဲကတော် ၏ မျက်နှာ တွင်ကား ဒေါသရောင် သမ်းနေ၍ ၊ သူ ၏ နှုတ်ခမ်း မှာ လည်း စူတူတူကလေး ဖြစ်နေ၏ ။ ပူပြင်းလှသော ရာသီဥတု ဝယ် ခရီး အတော် ပန်းလာခဲ့ ဟန် ဖြင့် သူ ၏ မျက်နှာ မှာ နွမ်းလျနေ၏ ။ သို့သော် ဒေါသ က ဆောင်ထား၍ နွမ်းလျခြင်း မှာ မသိမသာ ညိူးမှိန် နေ၏ ။

အလိုက် သိတတ်၍ ပါးနပ်လှသော ပွဲစားကြီး က လည်း ပွဲရုံဝ သို့ ကိုယ်တိုင် ထွက်ကြိုကာ -

“ သြော် ... မင်း ပြန်လာမှ ကိုး ၊ ဘယ့်နှယ် ... ခရီး အတော် ပန်းလာ မှတ်တယ် ၊ ကုန်ဖိုး ငွေ ကော တောင်းလို့ ရခဲ့ရဲ့လား ” ဟု စကား အဆက် မပြတ်အောင် လေပြေ ထိုးနေ၏ ။

“ ရှင် ကျုပ် ကို မြန်မြန် သေအောင်လို့ ညှဉ်းစရာ မရှိ ကြံဖန်ပြီး ညှဉ်းဆဲ နေတာ မဟုတ်လား ဟင် ၊ ပေးစရာ ရှိတဲ့ ကုန်ဖိုးငွေ တွေ ကို လွန်ခဲ့တဲ့ တစ်လ လောက် ထဲ က ရှင့် ကို အပြေ ရှင်းပေးပြီးပြီ ဆိုပါ ကလား ။ ဒါနဲ့များ ကျုပ် ကို သက်သက် ထပ် လွှတ်တာက ဘာသဘောလဲ ဟင် ၊ ပြောစမ်းပါဦး ”

ပွဲကတော် ကား ခရီး ရောက်မဆိုက် ပင် ကောက်ကာ ငင်ကာ နှင့် ရန်တွေ့ နေလေပြီ ။ သို့သော် ဤ အဖြစ် ကို ကြိုတင် မျှော်လင့်ထား၍ အသင့် ပြင်ဆင်ထားပြီး ဖြစ်နေသော ပွဲစားကြီး လည်း မှင်သေသေ နှင့် ပင် -

“ နေစမ်းပါဦးဟာ ... ငါ စဉ်းစားပါရစေဦး ” ဟု ဆိုလိုက်ကာ စူးစိုက်စွာ စဉ်းစားနေဟန်ဖြင့် မျက်နှာ ကို အပေါ် မော့၍ မျက်မှောင် ကိုကြုတ်ကာ မျက်လုံး ကိုလည်း မှေးထား လိုက်ပါသည် ။ အတန်ကြာ မှ ဗြုန်းခနဲ သတိရလာ သလို ဟန်မူရာမျိုး ဖြင့် ပါးစပ် ကို ဟ ကာ မျက်ခုံး နှစ်ဖက် ကို အပေါ်သို့ မြှင့်ချီ လိုက်ပြီး နောက် ၊ မျက်နှာ ကို လည်း ကြည်ကြည်လင်လင် ဖြစ် သွားအောင် ပြောင်းလဲ ပစ်လိုက်ရင်း -

“ အေး ... ဟုတ်သားပဲဟ ၊ ကြည့်စမ်း ... ငါ မေ့တောင် နေတယ် ။ အင်း ... အလုပ် ကလည်း များ ၊ အသက်ကလေး ကလည်း နည်းနည်း ထောက်လာပြီ ဆိုမှဖြင့် တယ်ပြီး မေ့တတ် လျော့တတ်သကိုး ”

သူ့ အမူအရာ မှာ မှင်သေသေ နှင့် သဘာဝ ကျလွန်းလှ၍ ပွဲကတော် ၏ ဒေါသကလေး မှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ရရှာပါပြီ ။ ဤတွင် ဒေါသ ကွယ်ပသွားသော ပွဲကတော် ၏ မျက်နှာပြင် ကို ခရီးပန်း ၍ နွမ်းလျသော အသွင် က လုံးဝ ပင် လွှမ်းမိုး လိုက်ပါသည် ။

“ ငါ့ မလည်း လွှတ်ပြီးမှ နောင်တ ရမိတယ် ၊ နေပူ ထဲ သွားရလို့ ခရီးပန်းပြီး ဖျားများ နေမလားဟဲ့ ၊ ကားလမ်း ဓားပြတွေ နဲ့ များ သွားတိုး နေမလားဟဲ့ နဲ့ တစ်နေ့လုံး ပူလိုက်ရတာ ၊ အခုမှ ပဲ စိတ်အေး ရတော့တယ် ။ ကဲ ... ကဲ ... အေးအေးဆေးဆေး သွား ထိုင်ပြီး အနားယူ လိုက်ဦး ၊ အနားယူလိုက်ဦး ။ ဟေ့ ... ဖိုးတုတ် ၊ ဈေးနား က ဖျော်ရည်ဆိုင် မှာ လိုင်းမကြူး တစ်ခွက် လောက် အမြန် သွား ဝယ်စမ်း ... မြန်မြန်ဟေ့ နော် ... မြန်မြန် ”

ဒေါသ ကွယ်ပ သွား၍ အထီးတည်း ကျန်ရစ် ခဲ့သော ပွဲကတော် ၏ မျက်နှာပြင် မှ ခရီးပန်း ၍ နွမ်းလျသော အသွင် ကို လည်း ပွဲစားကြီး သည် ဤ စကားလုံးများဖြင့် အောင်မြင်စွာ ဖယ်ရှား ပစ်လိုက် နိုင်ခဲ့ပါပြီ ။ ယခု အချိန်တွင် ပွဲကတော် သည် သူ ၏ ချစ်လင် က ချောက်မြို့ သို့ ထပ် လွှတ်ရုံမျှ မက “ ဧဝရက် ” တောင်ထိပ် ကို တက်ခိုင်းစေကာမူ အပြေး တက်ရန် အသင့် ရှိနေပါပြီ ။ သနားစရာ့ ပွဲကတော် ။

ကျွန်တော် သည် ပွဲကတော် ကို စူးစိုက် ကြည့်ရင်း “  ပွဲကတော် မရှိခိုက် တွင် ပွဲစားကြီး သည် သူ ၏ အပျော်မယားကလေး တစ်ဦး နှင့် ကမြင်းထ နေပါသည် ” ဟု ထုတ် ပြောလိုသော ဆန္ဒ ကို မနည်းပင် မျိုသိပ် ထားလိုက်ရပါသတည်း ။

☐ ကြယ်နီ
📖ဝတ္ထုတို ပေါင်းချုပ်

Wednesday, November 20, 2024

ဟိုချုံ ဒီချုံ မန်ကျည်းချုံ


 ❝ ဟိုချုံ ဒီချုံ မန်ကျည်းချုံ ❞


( ၁ )


ညနေချမ်းဖြစ်၍ နေညိုညိုတွင် လေချိုသွေးနေသည် ။ သစ်ပင်များထက်တွင် ကျေးငှက်များသည် ဘာသာဘာ၀ အော်မြည် ရင့်ကျူးကာ အိပ်တန်းတက် ကုန်ကြပြီ ။ သစ်ပင်ထက်တွင် အချင်းချင်း နေရာလုဟန်ဖြင့် တစ်ကောင်နှင့် တစ်ကောင် ထိုးဆိတ်ရင်း ဆူညံ နေကုန်သည် ။


ကိုဒေါင်းစိန် သည် ဖွဲနုတောင်းကို ထမ်းကာ လျှောက်လာ၏ ။ သူသည် ရွာကို ကျော်လွန်သည် အထိ မရပ်မနား ဆက်လက်၍ သွားနေ၏ ။ ရွာနှင့် အတော်လှမ်းလှမ်း နေရာသို့ ရောက်မှ ကမ်းထိပ်တွင် ထိုင်ကာ ဖွဲနုတောင်းကို ချလိုက်၏ ။ သူ့မျက်စိရှေ့မှာတော့ ရှည်လျား ကောက်ကွေ့သော ချောင်းရိုးကြီး သည် စင်းစင်းကြီး ရှိနေသည် ။ ဤချောင်းရိုးကြီး အတွင်း ကမ်းစပ်တစ်လျှောက်မှာမူ ငါးများ ခိုအောင်းရန် ပြုလုပ်ထားသော ချုံများသည် တစ်ခုနှင့် တစ်ခု ဆက်ကာ ဆက်ကာ ရှိနေသည် ။ ဟိုချုံဒီချုံ အားလုံးသော ချုံများမှာ မန်ကျည်းချုံများ သာ ဖြစ်သည် ။


ကိုဒေါင်းစိန် သည် သူ့ရှေ့ တည့်တည့်ရှိ ကမ်းစပ်မှ ရေလယ်သို့ ထိုးထွက် နေသော သူ့ ချုံကိုသာ စိုက်ကြည့်နေ၏ ။ သူ့ ချုံမှာလည်း အများသော ချုံများနည်းတူ မန်ကျည်းချုံပင် ဖြစ်ပါသည် ။ မန်ကျည်းပင် အကိုင်းအခက် နှင့် မကျည်းတုံးများကို ရေထဲ နှစ်မြှုပ်ထားပြီး အပေါ်မှ ဗေဒါပင်များနှင့် ဖုံးအုပ်ထားသော မန်ကျည်းချုံပင်ဖြစ်ပါသည် ။ အနံအလျား စတုရန်းလေးထောင့် ပတ်လည်အငန်းလေးဆယ် လယ်တစ်ကွက်ခန့်ရှိမည်ထင်၏ ။


သူသည် ဖွဲနုတောင်းကို ခါးစောင်းတင်ကာ ကမ်းစပ်သို့ ဆင်းသွား၏ ။ ဖွဲနုတောင်းထဲမှ ဖွဲနု လက်တစ်ဆုပ် နှိုက်ယူပြီးနောက် ချုံ၏ အလယ်တွင် ဗေဒါပင်များ မရှိသဖြင့် ရေပြောင် ဖြစ်နေသော နေရာသို့ လှမ်းပက် ကြဲဖြန့်လိုက်၏ ။ နောက်ထပ်လည်း တစ်ဆုပ်ပြီး တစ်ဆုပ် နှိုက်ယူကာ ထိုနေရာ သို့ပင် လှမ်းပက် ကြဲဖြန့်နေ၏ ။ ဖွဲနုမှုန်ကလေးများမှာ ချုံ၏ အလယ် ရေပြောင်တွင် ပျံဝဲကျလာပြီးနောက် ပေါလောမျောနေ၏ ။


သူ့တောင်းထဲတွင် ဖွဲနုများကုန်မှ သူ ကမ်းထိပ်သို့ ပြန်တက် လာကာ ရပ်ကြည့်နေ၏ ။ ရေပေါ်တွင် ပေါလောမျော နေသော ဖွဲနုများအား ငါးကလေးများ ထိုးဟပ်စားနေသည် ကိုမြင်၍ သူ့ရင်တွင်း၌ ပီတိ ဖြစ်နေ၏ ။ တစ်နေရာတည်းတွင် မဟုတ်ဘဲ နေရာ အနှံ့အပြားမှ ငါးအမြောက်အများ ထပွက်ကာ ဖွဲနုကလေးများကို ထိုးဟပ် စားနေသည်ကို မြင်ရ၍လည်း ကျေနပ် နေမိ၏ ။ တစ်ချီတစ် ချီတွင် ငါးကြီးများက ဖွဲ့နု စားနေသော ငါးကလေးများအား ဝုန်းခနဲ ထိုးဟပ် လိုက်သည့်အခါတွင်မူ သူ့မျက်နှာသည် ပြုံးပြုံးကြီး ဖြစ်သွားတတ်၏ ။ အား... ငါ့ချုံထဲမှာတော့ ငါးကြီးရော ငါးလေးရော အတော်များများ ရောက်နေ ပါပေါ့ကလား ။


ပင်ပန်းကျိုးဖြင့် နပ်တော့မည် ။ ဝမ်းမြောက်ခြင်းဖြင့် ပြုံးမိသည် ။ ကမ်းစပ် တစ်လျှောက် ချုံတွေက ပေါများလှသည်ဖြစ်ရာ ငါးတွေမှာလည်း အပျံ့ပျံ့အနှံ့နှံ့ ဖြစ်နေသည် ။ သို့သော် သူ့ချုံမှာ အစာ မှန်မှန် ကျွေးနေသော ချုံဖြစ်၍ အခြားချုံမှ ငါးများပင် သူ့ချုံတွင်းသို့ ကူးပြောင်းကာ ပျော်ပိုက်စွာ ခိုအောင်း နေခြင်းဖြစ်ရမည် ။ ပြီးတော့ သူ့ ချုံနေရာမှာ ငါးများ နှစ်ခြိုက်စွာ ခိုအောင်းနေတတ်သော အိုင်ရှိသည့် ကမ်းစပ်တွင် ဖြစ်၍လည်း ချောင်းရိုး တစ်ခုလုံးမှ ငါးများအားလုံးသူ့ချုံထဲ၌သာ ခိုအောင်း နေရမည် ဟုပင် လောဘတကြီး တွေး မိသည် ။ ပင်ပန်းကျိုးဖြင့် နပ်တော့မည် ။ ဝမ်းမြောက်ခြင်းဖြင့် ပြုံးမိသည် ။


“ ဝုန်း ... ဝုန်း ... ဖွမ်း ” 


ငါးပတ်ကြီး တစ်ကောင်က ဖွဲနုစားနေသော ငါးကလေးများ ကို ထိုးဟပ်လိုက်ရာ ရေပေါ်သို့ တစ်တောင်ခန့် မြောက်တက် လာသဖြင့် ငါးပတ်ကြီးကို သူ မြင်လိုက်ရ၏ ။ ချစ်သူ ရည်းစားကလေး အား ပထမဆုံးအကြိမ် နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံလိုက်ရသလို သူ့ရင်ထဲ၌ ဒိတ်ခနဲ ဖိုခနဲ နေအောင် ပီတိတွေ ထသွား၏ ။ မယ်စိန်ရေ တို့ ချုံထဲ ခုလို ငါးပေါပုံမျိုးနဲ့ ဆိုရင် ဒီနှစ် တို့တော့ ကြွေးကြီး ဆပ်ပေါ့ ကွယ် ။


အတွေးဖြင့် ကျေနပ် နေစဉ်မှာပင် ငါးရံ့ကြီး တစ်ကောင်က ရေထဲမှ ဝုန်းခနဲနေအောင် ထခုန်လိုက် ပြန်၏ ။ ထိုငါးရံ့ထခုန်လိုက်သော အရှိန်ဖြင့် ငွေရောင် ဖွေးနေသော ငါးဖယ်အောင်း သုံးလေးကောင် က လန့်ဖျပ်ပြီး ခုန်လိုက်ပြန်ရာ ရေမျက်နှာပြင်ပေါ်မှ ဖွဲနုကလေးများကို စားနေသော ငါးကလေးများ မှာလည်း ကြောက်လန့် တကြား ကူးသန်းတိမ်းရှောင်သွားကြရာ ရေမျက်နှာပြင်မှာ တည်ငြိမ်ရာ မရရှာဘဲ တသဲသဲ လှုပ်ရှား သွား၏ ။


သူ့ ချုံထဲ၌ ငါး အနည်းအများကို သည်မျှ လောက် အကဲခတ်လျှင် လုံလောက်ပေပြီ ။ ယခု သူ့ ချုံတွင်း၌ ငါးအတော် ကလေး များနေပြီကို ဒိဋ္ဌ သိရပြီဖြစ်ရာ နက်ဖြန်ကို ပိတ်ဆို့ဖမ်းဖို့ အချိန် တော်ပေပြီ ။


သူသည် ကျေနပ်သော စိတ်ထားဖြင့် နေအိမ်သို့ လမ်းလျှောက်ပြန်လာ၏ ။ ရင်ကိုကော့၍ ခေါင်းကို မော့ကာ ခြေလှမ်း မှန်မှန်နင်းပြီး ခပ်ကြွားကြွား လျှောက် ပြန်ခဲ့၏ ။ ကိုလေးဖိုးကွန့် တို့ အခါတိုင်းနှင့် မတူ တစ်မူ ထူးနေသော သူ့ အား ကိုလေးဖိုးကွန့် က ခပ်ပြုံးပြုံး လှမ်းကြည့် နေရင်းမှ “ ဒေါင်းစိန် တစ်ယောက်တော့ သူ့ ချုံထဲ ငါး တော်တော် တွေ့လာတယ် ထင်တယ်ဟေ့ ”  ဟု အိမ်နီးချင်းများအား ခပ်ကျယ်ကျယ် ပြောလိုက်သံ ကို သူ ကြားလိုက်ရသော်လည်း မကြားသလို မသိသလို ဟန်မပျက် လျှောက် လာခဲ့၏ ။ သူ့အိမ်ရှေ့ အရောက် တွင် အိမ်တွင်းသို့ ရုတ်တရက် မဝင်ဘဲ လမ်းမ၌ပင် စုံရပ် ကာ အိမ်နီးချင်းများ ကြားလောက်သော အသံဖြင့် မယ်စိန် အား အော်ဟစ် ပြော လိုက်လေသည် ။


“ ဟေ့ မယ်စိန် ၊ ရွာလယ်က ကိုပေါက်တူးရဲ့ ဂုံနီပိုက်ကို သွားငှားစမ်း ၊ နက်ဖြန်ကို ချုံဆို့ ဖို့ သေချာပြီ လို့ ။ ဂုန်နီပိုက်ကို ဘယ်သူ့မှ လက်မကူးပါနဲ့လို့ ။ နက်ဖြန်ကို မငှားနိုင်သေးဘူး ၊ စောင့်ပါဦး ၊ ဘာညာ ဆိုရင် မစောင့်နိုင်ဘူး ၊ ချုံထဲမှာ ငါးအတော်များနေတုန်း အမိဖမ်းရမှာမို့ နက်ဖြန်ဆက်ဆက်ရမှ ဖြစ်မယ်လို့ ပြော ။ ဒါနဲ့မှ ချေးများနေသေးရင် ပိုက်ခကို ငွေတစ်ဆယ် မဟုတ်ဘူး ၊ တစ်ဆယ့်ငါးကျပ် အထိ ပေးမယ်လို့ ပြောကွာ ။ ရေငုပ်သမားနှစ်ဦးနဲ့ ပိုက်ရှင်ကိုလည်း အရက် အဝ တိုက်မယ်လို့ ပြော ၊ ကြားလား ၊ နက်ဖြန်ဆိုရင် နက်ဖြန် နော် ၊ သန်ဘက်ဖိန်းနွဲ့ မဖြစ်ဘူး ” 


( ၂ )


ဘုန်းကြီးကျောင်း မှ အရုဏ်တက် ဝတ်တက် အုန်းမောင်းခေါက်သံ ကြားရသောအခါ ကိုဒေါင်းစိန်  လန့်နိုး လာ၏ ။ ခါတိုင်းခါတိုင်း ဆိုလျှင် ဒီအချိန် အိပ်ကောင်းတုန်း အချိန်ဖြစ်၍ အိပ်ရာမှ ထဖို့ စိတ် ကူးပင်မထည့်ခဲ့ ။ သို့သော် ယခုတစ်ကြိမ် တွင်မူ သူသည် အိပ်ရာထဲ၌ အပျင်းမဆန့်ဘဲ ချက်ချင်းပင် ထ လိုက်၏ ။ ယနေ့ကား သူ့ ချုံကို ပိတ်ဆို့၍ ငါးများ ကို ဖမ်းယူရမည့်နေ့ဖြစ်၏ ။ သူ့ ချုံအတွင်း၌ ငါး အတော်များများ မြင်ခဲ့ရသည် ဖြစ်သော ကြောင့်လည်း ချုံဆို့မည့် နေ့နှင့် ဤချုံဆိုမည့် အချိန်ကို သူ စိတ်စော နေခြင်းဖြစ်သည် ။ ထို့ကြောင့်ပင် တစ်ခါမျှ မနိုးဖူးသော အချိန်တွင် နိုး၍ တစ်ခါမှ မထဖူး သောအချိန် သူ ထလိုက်ခြင်း ဖြစ်၏ ။


သူ့ ချုံကို ပိတ်ဆို့ဖို့မှာ အားလုံးအသင့်ဖြစ်နေလေပြီ ။ ညဦး ကတည်းကပင် အသပြာငွေ တစ်ဆယ်နှင့် ငှားလေ့ရှိသော ကိုပေါက်တူး ၏ ဂုန်နီပိုက်ကို တစ်ဆယ့်ငါးကျပ်အထိ တိုးပေးကာ မရမနေ ငှားရမ်းခဲ့ ပြီး သူ့ချုံရှိရာ ကမ်းစပ်သို့ အရောက် ပို့ထားပြီးခဲ့ပြီ ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် ကိုလည်း သူ့ချုံ ဆို့ သည့် အခါတွင် ကူညီညာ လုပ်ကိုင်ရန် ဖိတ်ကြားထားပြီးပြီ ။ ယခုဆိုလျှင် ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် ကို နှိုးကာ သူ့ ချုံကို သွားရောက် ပိတ်ဆို့ရန် အချိန်တန်ပြီ ။


အမှတ်မထင်ပင် ညတုန်းက ကိုလူမောင် နှင့် သူ အငြင်းပွားခဲ့ရသော ကိစ္စတစ်ခု ကို သွား၍ သတိရ မိ၏ ။ ကိုလူမောင် က သူ့ချုံကို မိုးစင်စင်လင်းမှ ပိတ်ဆို့ဖို့ အကြံပေး၏ ။ သူက ထို အကြံပေးချက်ကို လက်မခံဘဲ မိုးမလင်းမီ ဝေလီဝေလင်း အချိန်ကစ၍ ပိတ်ဆို့မည် ဟု တစ်ထစ်ချ ဆုံးဖြတ်ထားသော အသံဖြင့် ပြောခဲ့၏ ။ သူ ခွပြောခြင်း မဟုတ် ။ သူ့၌ လုံလောက်သော အကြောင်းရှိသည် ။ တကယ်ဆို တော့ သူ့ချုံ အကြောင်း သူ ပိုသိသည် ။ သူ့ ချုံတွင်း၌ ငါးမျိုးစုံ ရှိရုံသာမက ငါးဖယ် ကလည်း အတော် များသည် ။ ဤ ငါးဖယ်များမှာ မိုးလင်းသည်နှင့် တစ်ပြိုင်နက် ချုံထဲ၌ မနေတော့ဘဲ အပြင်သို့ အစာရှာ ထွက်တတ်ပြီး မိုးချုပ်မှ ချုံထဲသို့ ပြန်ဝင်သည် ။ အကယ်၍ မိုးစင်စင်လင်းမှ သူ့ချုံကို ပိတ်ဆို့ ပါက ဤ ငါးဖယ်များကို မိလိုက်တော့မည် မဟုတ် ။ မိုးမလင်းမီ ဝေလီဝေလင်း အချိန်ကစ၍ ပိတ်ဆို့မှသာ ဤငါးဖယ်များပါ တစ်ပါတည်း မိနိုင်မည် ။ ဤအချက် ကို မသိသော ကိုလူမောင် ကပင် သူ့ ကို ငေါ့လိုက်သေးသည် ။ “ အေး မင်း ချုံမို့ မင်းဟာ မင်း ဘယ်အချိန်ပိတ် တို့က အကြံပေးရုံ အပြင် က ဘာတတ်နိုင်ဦးမှာလဲ ” တဲ့ ။ သူ က ဘာနားလည်လို့လဲ ။


သူသည် တစ်ချက်မျှ သမ်းဝေလိုက်ပြီးနောက် သူ့ အနီး၌ အိပ်မောကျ နေသော မယ်စိန် ကို ပုတ်နိုး လိုက်၏ ။ မယ်စိန် နိုးလာသော အခါတွင် ထမင်းဟင်းကို စောစောချက်ပြီး ပို့ရန် မှာထားခဲ့ပြီး နောက် အိမ်ပေါ်မှ ဆင်းကာ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် ကို သွားနှိုး၏ ။ ကိုလေးဖိုးကွန့် မှာ အလွယ်တကူ နှင့် နိုး၍ ချက်ချင်း ပင် ထလိုက်လာခဲ့သော်လည်း ကိုလူမောင် ကိုမူကား အချိန် အတော်ကြာအောင် နှိုးယူရသည် ။ ထလာ ပြန်တော့လည်း ပျင်းရိရိနှင့် အီလေးကြီး ဆွဲလို့ ၊ စိတ်မရှည်စရာ ။


ပြာသိုလမို့ ခိုက်ခိုက်တုန်အောင် ချမ်းလှ သဖြင့် သုံးယောက်သား စကား မပြောအားဘဲ ခပ် ကုပ်ကုပ် ကလေး လျှောက်လာ၏ ။ ကိုဒေါင်းစိန် ၏ ချုံရှိရာ ကမ်းစပ်သို့ ရောက်သောအခါ မိုးစင်စင် လင်းလုပါပြီ ။


ကိုဒေါင်းစိန် ကား အချိန်ကို အနည်းငယ်ကလေးမျှ မဖြုန်းဝံ့တော့ဘဲ ချက်ချင်းပင် ပိတ်ဆို့ရန် ပြင်ဆင်ရ၏ ။ မိုးလင်း သွားပါက သူ့ ချုံထဲမှ ငါးဖယ်များ ထွက်သွားတော့မည် ဖြစ်ရာ နှောင့်နှေးနေ၍ မဖြစ်တော့ ။


သူသည် ကိုလေး ဖိုးကွန်း နှင့် ကိုလူမောင် အား ယခုချက်ချင်း ပိတ်ဆို့တော့မည် ဖြစ်ကြောင်း ကြေ ညာလိုက်ပြီးနောက် ချုံအနီးတွင် ဆိုက်ကပ် ထားသော လှေကြီးတစ်စင်း ပေါ်သို့ လှမ်းတက်လိုက် သဖြင့် ၊ ကိုလေး ဖိုးကွန့်နှ င့် ကိုလူမောင် လည်း ထိုလှေကြီးပေါ်သို့ တက် လိုက်လာရ၏ ။ ထိုလှေကြီး ပေါ်တွင်ကား ကိုပေါက်တူး ထံမှ တစ်ဆယ့်ငါးကျပ် ပေး၍ ငှားထားရသော ဂုန်နီပိုက်ကြီး ကို အသင့်တင် ထားပြီးရှိနေသည် ။


ကိုလူမောင် သည် ပဲ့ကိုင်ပေး၍ ကိုဒေါင်းစိန် နှင့် ကိုလေးဖိုးကွန့် က လေးလံလှသော ဂုန်နီပိုက်ကြီး ကို ချုံပတ်လည် တစ်လျှောက်ရှိ ရေထဲသို့ ဆွဲချကာ ပိတ်ဆို့ ဝန်းဝိုင်းလိုက်သည် ။ ဂုန်နီပိုက်ကြီးမှာ ချုံ၏ အနံအလျားနှင့် တိုင်းထွာ ပြုလုပ်ထားသည်ဖြစ်ရာ ချုံပတ်လည်တစ်လျှောက်ကို ဝိုင်းပတ် ပိတ်ဆို့နိုင်အောင် ကိုက် ၆၀ ခန့်ရှည်လျား၏ ။ ထိုဂုန်နီပိုက်၏ အောက်ခြေတွင် ခြေမခန့် အလုံးအထည်ရှိ၍ ကိုက် ၆၀ ခန့်ပင် ရှည်လျားသော သံကြိုးကြီးကို အောက်နားအဖြစ် တပ်ချည်ထားသည်ဖြစ်ရာ ၊ ရေအောက်ရှိ မြေကြီးနှင့် ထိုသံကြိုး တပ်ချီထားသော ဂုန်နီပိုက်အောက်ခြေမှာ စရွေးကိုက်အောင် မြဲမြဲ ထိကပ်လျက် ရှိသဖြင့် ငါး များသည် ရေအောက်မှ တိုးထွက်နိုင်တော့မည် မဟုတ် ။


ပြီးတော့ ဂုန်နီပိုက်၏ အစောက် ( အမြင့် ) မှာလည်း ငါးတောင် ငါးတောင်စီ အနံရှိသော ဂုန်နီချောနှစ်ခုကို စပ်ချုပ်ထားရုံမျှ မက အပေါ်မှ ၆ တောင်ခန့် အစောက်ရှိသော ကျင်သီကြိုး ပိုက်ကွက်ကို တပ်ဆင် ထားသေးသည် ဖြစ်ရာ အားလုံး ဂုန်နီပိုက်၏ အစောက်မှာ ၁၆ တောင်ခန့် မြင့်မားနေ၏ ။


ရေ၏ အစောက်မှာ ၈ တောင် ခန့်ထား၍ ဂုန်နီပိုက် တင်းတင်းရင်းရင်းမရှိဘဲ အိုက်ကျနေသည့် အတွက် ၂ တောင်ခန့် ထားလျှင် ကျန်ရှိသည့် ဂုန်နီပိုက်၏ အစောက် ၆ တောင်ခန့်မှာ ရေမျက်နှာပြင်ပေါ်သို့ မြင့်တက်လျက် ရှိရမည် ဖြစ်သဖြင့် ၊ ချုံထဲမှ ငါးများသည် ပိုက်ကို လွတ်အောင် ခုန်တက်နိုင်တော့မည် မဟုတ် ။ သည်နည်းဖြင့် ချုံထဲမှ ငါးများသည် ဝန်းပတ်ထားသော ဂုန်နီပိုက် အတွင်းမှ လွတ်ကင်းအောင် မည်သည့် နည်းနှင့်မျှ ဖောက်ထွင်းထွက် နိုင်လိမ့်မည် မဟုတ်တော့ ။


ကိုဒေါင်းစိန် သည် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ကာ ပိုက်နံဘေး တွင် လက်နားတိုင်များကို ခိုင်ခိုင် မြဲမြဲဖြစ်အောင် လိုက်၍ စိုက်ထူနေ၏ ။ ဤလက်နားတိုင်များကို စိုက်ထူ၍ ဂုန်နီပိုက် အထက်ဖျားနှင့် လက်နားတိုင်ကို ပူးတွဲ ချည်နှောင်ထားမှသာလျှင် ပိုက်သည် အောက်သို့ လျှောကျမလာဘဲ ခပ်တင်းတင်းခပ်ဆန့်ဆန့်နှင့် ခပ်မတ်မတ် ရှိနေမည်ဖြစ်သည် ။ ဒိုက် နံဘေး တစ်လျှောက် လက်နား တိုင် ၁၀ တိုင်ခန့် စိုက်ထူ၍ ပိုက်အထက်ဖျား နှင့် လက်နားတိုင်ကို ပူးတွဲချည်နှောင်ပြီးမှသာလျှင် သူ ကျေနပ် ရပ်နားလိုက်၏ ။


အသည်နောက်၌ကား သူတို့ အဖို့ ခေတ္တ အားလပ်ခွင့် ရသွားတော့သည် ။ ချုံကို ဂုန်နီပိုက် ဖြင့် ပိတ်ဆို့ ဝန်းဝိုင်းပြီး လျှင် ပိုက်တွင်းရှိ ချုံထဲမှ ဗေဒါပင်များ ၊ မန်ကျည်းပင် အကိုင်းအခက်များနှင့် မန်ကျည်းတုံးများ ကို ကမ်းစပ်ကုန်းပေါ်သို့ သယ်တင်ရမည်ဖြစ်သည် ။ သို့သော် ဤလို စောစော စီးစီး အချိန်တွင် ဤဟာများကို ရေထဲ ဆင်းပြီး သယ်တင်ရမည်မှာ လွန်စွာပင် ချမ်းလိမ့်မည် ။ နေထွက်ချိန်အထိ သူတို့ စောင့်ဆိုင်း နေရဦးမည် ။ သည်ကြားထဲ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် တို့ လုပ်အား ရှိသွားအောင် အရက်ဝိုင်း ဖွဲ့လိုက်ကာ မကောင်းပါလော ၊ အချမ်းပြေလေးပေါ့လေ ။


သူတို့သည် ပျော်ရွှင်ရယ်မောစွာပင် အရက်ဝိုင်းဖွဲ့ရန် ကုန်းပေါ်သို့ ပြန်တက်လာကြသည် ။


( ၃ )


ဆောင်းလေသည် တဝှီးဝှီးနှင့် အပြင်းတိုက်ခတ် နေသည် ။ ချောင်းထဲ၌ လှိုင်းတံပိုးတို့သည် ထကြွ သောင်းကျန်းနေသည် ။ မြူနှင်းကလေးများလည်း ဆောင်းလေကို ခိုစီးကာ ပျံဝဲနေသည် ။ ချမ်းအေး လှသည့် ဆောင်းလပြာသို ။


ကိုဒေါင်းစိန် ၏ ချုံရှိရာ ကမ်းထိပ်၌ ကြီးမားသော ကုက္ကိုပင်ကြီးတစ်ပင်ရှိသည် ။ အကိုင်းအခက်များမှာ ဝေဆာစည်ကားလှသဖြင့် သဘာဝက ဖန်တီးထားသော ထီးကြီး ပမာ အရိပ်အာဝါသ ကောင်းလှသည် ။ တဝှီးဝှီး တိုက်ခတ်နေသော ဆောင်းလေကြောင့် သစ်ရွက်ကလေးများက တေးဂီတကို သီကျူး၍ နွဲ့လျသော အကိုင်း အခက်များက ယိမ်းက နေကြသည် ။ သို့သော် ကြီးမားတုတ်ခိုင်လှ သောပင်စည် ပင်မကြီးမှာမူ ရင့်ကျက် သော ဣန္ဒြေဖြင့် တည်ငြိမ်စွာ ရပ်တည် ရှုစားနေသည် ။


ကိုဒေါင်းစိန် တို့ လူစုကား ချမ်းလွန်းလှသဖြင့် လေကွယ်ရာ ကုက္ကိုပင်ကြီး ၏ နံဘေးသို့ ပြေးကပ်ကြ ရ၏ ။ နောက် သစ်ကိုင်း အခြောက်များဖြင့် ကောက်ရိုးများကို စုပေါင်းကာ မီးဖိုပြီး မီးထိုင်လှုံကြ၏ ။


“ ဟေ့ ဒေါင်းစိန်ရဲ့ ၊ တကယ် ချမ်းပြီလို့ ဆိုရင် စောင်ခြုံလို့လည်း မလုံဘူး ၊ မီးလှုံ လို့လည်း မလှုံဘူး ၊ ဒါတွေက အပြင်အပ က အအေးကိုသာ နွေးအောင် တတ်နိုင်ပေမဲ့ အတွင်းက စိမ့်ပြီး ချမ်းလာတဲ့ အချမ်းကိုတော့ ဒါတွေနဲ့ မရဘူးကွ ဒီတော့ ထုံးစံအတိုင်း အလုပ် ရှိတာကို ခပ်မြန်မြန် လုပ်ပေါ့ကွာ ” 


ကိုလေးဖိုးကွန့် က အေးစက်လျက်ရှိသော သူ့လက်ဖဝါးနှစ်ဖက်ကို မီးတောက်ဝယ် ကင်မြိုက်ရင်း ကိုဒေါင်းစိန် သို့ လှမ်းပြောလိုက်၏ ။ ကိုလေးဖိုးကွန့် ၏ စကားများထဲမှ “ ထုံးစံအတိုင်း ” ဟူသော စကားမှာ အင်မတန် အဓိပ္ပာယ် လေးနက်သည် ။ မည်သူ၏ ချုံကိုပင် ပိတ်ဆို့ ပိတ်ဆို့ ၊ ထိုပိတ်ဆို့ သောနေ့တွင် ချုံရှင်က ကူညီညာ လုပ်ကိုင်သူများ နှင့် ရေငုပ်သမားနှစ်ဦးကို အရက်အဝ တိုက်ရသော ထုံးစံရှိသည် ။ ကိုလေးဖိုးကွန့် ၏ ထုံးစံအတိုင်းကား ဤထုံးစံကို ရည်ရွယ်၍ ပြောခြင်း ဖြစ်သည် ။ ကိုဒေါင်းစိန် ကလည်း ချက်ဆိုလျှင် နားခွက် က မီးတောက်သူဖြစ်ပါသည် ။


“ ဟုတ်ကဲ့ စိတ်ချပါ ၊ ရပါစေ့မယ် ၊ ဒီနေ့ဒီရက် ချုံဆို့တော့မယ်ဆိုတာ သေချာနေလို့ ညတုန်းက အမှိုင် ရဲ့ ဘုံဆိုင်မှာ အရက်ခြောက်ပုလင်းကို ချုံပေါ်ပေးနဲ့ အကြွေးယူပြီး လုံခြုံတဲ့ နေရာမှာ ဝှက်ထား ပြီးသားပါ ၊ အခုပဲ သွားယူပေးပါ့မယ် ” 


ပြောပြောဆိုဆိုပင် ကိုဒေါင်းစိန် သည် ပေါ့ပါးစွာ ထရပ်လိုက်ကာ အနီးရှိ ချုံနွယ် ပိတ်ပေါင်းများ အကြားတွင် သူ ဝှက်ထားသော အရက် ၆ ပုလင်း အနက်မှ အရက် တစ်ပုလင်း နှင့် ဟင်းသောက်ပန်းကန်လုံး တစ်လုံးကို သွားယူလာ၏ ။


“ ဒါမျိုးကျတော့ ကျွန်တော် လည်း လက်နှေးတဲ့လူ မဟုတ်ပါဘူးဗျာ ၊ အရက် သောက်ချင်တာ ကြာလှ ပြီဗျ ၊ ဒါပေမဲ့ အလွတ်မဲ့ သွားသောက်ရင် မယ်စိန် ဆူမှာစိုးလို့ ဒီချုံ ဆို့မယ့်နေ့ကို စောင့်ရတာ ကြာပြီ ကောဗျာ ။ ခုလို အလုပ်ကလေးအကိုင်ကလေးနဲ့ ငွေဝင်လမ်းလေး ရှိတုန်းအခါမျိုး ၊ အလုပ်ကို ပင်ပင် ပန်းပန်းလုပ်ရမယ့် အခါမျိုးမှာ သောက်ရင်တော့ မယ်စိန် မဆူပါဘူး ” 


သူ သည် အရက်ပုလင်းနှင့် ဟင်းသောက်ပန်းကန်လုံးကို ကိုလေးဖိုးကွန့် နှင့် ကိုလူမောင်တို့ အကြားတွင် ချပေးရင်း ပြောလိုက်၏ ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင်လည်း “ မင်း အကြောင်း သိပါတယ်ကွာ ” ဟူသော သဘောမျိုးဖြင့် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ပြုံးဖြဲဖြဲသာ လုပ်နေကြ၏ ။


တစ်ယောက်တစ်ခွက်ဖြင့် ခွက်လှည့်သောက်ချလိုက်ရာ တစ်ခဏအတွင်းမှာပင် အရက်တစ်ပုလင်း လုံး တက်တက်ပြောင်တော့၏ ။ ကိုလူမောင် က အာသာ မပြေသေးသလို ကိုဒေါင်းစိန် ကို လှမ်းကြည့်ကာ လွတ်နေသော ပုလင်းခွံကို မျက်စ ပစ်ပြလိုက်၏ ။ သို့သော် ကိုဒေါင်းစိန် က ခပ်အင်အင် ။


“ အခုတော့ အမြည်းမရှိ ဘာမရှိနဲ့ မို့ အချမ်းပြေ ဒါလောက် တဲလိုက်ရရင် တော်ရောပေါ့ဗျာ ၊ နောက် ရေငုပ်သမားတွေ ရောက်လာတဲ့ အခါမှ အမြီးနဲ့ အကျအန တစ်ချီထပ်ပြီး လှည့်ကြသေးတာပေါ့ ”  


ကိုဒေါင်းစိန် ကား အင်မတန် ဝေါဟာရ ကြွယ်သူ ဖြစ်သည် ။ အရက်သောက်သည်ဟူသော ဝေါဟာရ ကိုပင် “ အရက်ကလေး တဲလိုက်ရအောင် ”  ဟူ၍ လည်းကောင်း ၊ “ အရက်ကလေး လှည့်လိုက်ရအောင် ”  ဟူ၍ လည်းကောင်း အမျိုးမျိုး လှည့်ပတ်ပြီး သုံးစွဲနိုင်သူ ဖြစ်သည် ။


မိုးစင်စင် လင်းပေပြီ ။ သို့သော် လေထန်နေ၍ လည်းကောင်း ၊ နှင်းကလေးများ တဖွဲဖွဲ ကျနေ၍လည်း ကောင်း ချမ်းလွန်း လှသဖြင့် သူတို့ မီးပုံအနီးမှ မခွာနိုင်ကြသေး ။ နေအထွက် ကိုသာစောင့်နေကြ၏ ။ ကိုလေးဖိုးကွန့် က မီးရှိန် လျော့သွားသော မီးပုံကို ထိုးဆွကာ သစ်ကိုင်းခြောက်များ ထပ်ထည့်ပေး နေရင်းမှ ကိုဒေါင်းစိန် သို့ လှမ်း၍ “ ဟေ့ ဒေါင်းစိန် ၊ မင်း ချုံသုံးချုံကို အားလုံး အရင်း ဘယ်လောက် ဝင်သလဲ ” ဟု မေးလိုက်၏ ။


“ ရွာဖျားက ကိုသာဂိ ရဲ့ မန်းကျည်းပင်ကြီးကို ငွေအစိတ် ပေးဝယ်ပြီး ချုံချတာ ၊ အဲဒီချုံ သုံးချုံရတယ် ၊ အဲဒီ မန်ကျည်းပင်ကြီး ကို လှဲပြီး အကိုင်းအခက်တွေ ကို ဖြတ် ၊ မန်ကျည်းတုံးတွေ ကို လွှနဲ့ဖြတ်ပြီး ဒီအရောက် သယ်ယူရာမှာ ကူညီပြီး လုပ်ဖို့ လူတစ်ယောက်ကို ငါးကျပ်ပေး ငှားရတော့ အားလုံးသုံး ဆယ်လောက်ပဲ အရင်းဝင်ပါတယ် ။ ဒါပေမဲ့ တောင်သူလယ်သမားတွေက ကျွန်တော်တို့ ချုံသမား တွေဟာ ဗေဒါပင်တွေကို မွေးထားလို့ ဗေဒါပင်တွေ တစ်နေ့တခြား ပွားများလာပြီး တစ်နေ့ကျရင် ဒီ ဗေဒါပင်တွေဟာ သူတို့ လယ်ယာတွေကို ဖျက်ဆီးပစ်ပါလိမ့်မယ် ဆိုပြီး လယ်သမား အစည်းအရုံး က တစ်ဆင့် ရုံးမှာ တရားစွဲလိုက်လို့ ကျွန်တော်တို့ ချုံသမားတွေ ကို ရုံးက ဆင့်ခေါ်ပြီး တစ်ချုံကို ဒဏ် ငွေတစ်ဆယ် တပ်လိုက်တယ်လေ ။ ကျွန်တော်က သုံးချုံကို ငွေသုံးဆယ် ဆောင်လိုက်ရတော့ အားလုံး ငွေခြောက်ဆယ် အရင်းဝင် သွားတာပေါ့ဗျာ ” 


“ အေး တို့ချုံသမားတွေ ကလည်း စည်းကမ်း မရှိဘူးကွ ၊ ကိုယ့် ချုံကိစ္စ ပြီးတယ်ဆိုရင် ဗေဒါပင်တွေ ကို ကုန်းပေါ်ဆွဲတင် ၊ အခြောက်ခံ ၊ မီးပုံရှို့ပြီး အစတုံးလုပ်ပစ်လိုက်ပါလား ။ အခုတော့ ဒီလို မဟုတ်ပေါင် ကွာ ၊ ကိုယ့် ကိစ္စပြီးရင် ပြီးရော ၊ ဘယ်သူ ဘာဖြစ်ဖြစ် ဆိုပြီး ဗေဒါပင်တွေကို ချောင်းရိုးထဲ မျှောလွှတ် လိုက်တော့ အဆမတန် ပွားကုန်တာပေါ့ကွ ၊ မိုးတွင်းလည်း ရောက်ရော ဒီ ဗေဒါပင်တွေဟာ လယ်ကွင်း ထဲဝင်ပြီး ကောက်ပင်တွေကို ဖျက်ဆီးပစ်ရော ၊ ဒီတော့ လယ်သမားမျက်နှာကို ကြည့်ပြီး အလုပ် လုပ်နေရတဲ့ အစိုးရကလည်း လယ်သမား ကို ထိတော့ တို့ကို မညှာဘဲ တွယ်တော့မှာပေါ့ကွ ၊ ဘယ်သူမပြု မိမိမှုလို့ အိမ်က ငါ့မိန်းမ မပြားကြီး ခဏခဏ ပြောတဲ့ အတိုင်းပေါ့ကွာ ” 


မိုးစင်စင်လင်းရုံ မျှမက နေကလေးပင် ထွက်ပြူစ ပြုပြီဖြစ်သောကြောင့် သူတို့ စကားလက်စဖြတ် လိုက်ကြကာ အလုပ်လုပ်ရန် ပြင်ဆင်ကြသည် ။


( ၄ )


နေကား ထွက်ပြူ၍ လာပေပြီ ။ ထွက်ပြူစ ဖြစ်ရုံမျှမက ဆောင်းနေမို့ နေခြည်မှာ နုလှပါသေးသည် ။ ဤနေခြည်နုကလေးမျှဖြင့် ကိုဒေါင်းစိန် တို့အား အအေးဓာတ်မှ ကာကွယ်နိုင်စွမ်းမရှိပါ ။ သို့သော် ကိုဒေါင်းစိန် တို့မှာ မီးလှုံလိုက်ရသဖြင့် အချမ်းများ ပြေပျောက် သွားပါပြီ ။ မီးတောက်အရက်ကလေး ကို သောက်လိုက်ရ ၍လည်း ရင်ထဲ ဝမ်းထဲ၌ ပူနွေးနေပါပြီ ။ ထို့ကြောင့် သူတို့ကား အအေးဒဏ်ကို ဖြင့်ဘာမထီ ။ အချမ်းကို လည်း ခံနိုင်ပါပြီ ။


သုံးယောက်သား ဂုန်နီပိုက် ဝိုင်းထားသော ချုံအတွင်း ရေထဲသို့ ဆင်းကာ ဗေဒါပင်များ ကို ကုန်းပေါ် ပစ်တင်ကြ၏ ။ မူလက သစ်ကိုင်းသစ်ခတ်နှင့် သစ်တုံးများအကြားတွင် ငြိမ်သက်စွာ ခိုအောင်းနေ ကြသော ငါးများမှာလည်း ဤကဲ့သို့ လူဆင်း၍ မွှေလိုက်သော အခါတွင် ခိုအောင်းနေရာမှ ထွက်ကာ တဝုန်းဝန်း ထ ခုန်နေ ကြသဖြင့် ဆူညံနေသည် ။


“ ဟ ဒေါင်းစိန်ရဲ့ ၊ မင်း ချုံထဲက တကယ် များတာပါလား ၊ မနေ့တုန်းကတော့ မင်း ကြွားနေတာ မှတ် လို့ ၊ အခုမှ ငါး တကယ်များမှန်း လက်တွေ့ သိရတယ် ၊ မင်းတော့ ကော်ပြီ ” 


ကိုလေးဖိုးကွန့်က တဝုန်းဝုန်း ထ ခုန်နေသော ငါးများကို ကြည့်ကာ ပြောလိုက်သဖြင့် ကိုဒေါင်းစိန်  က ခပ်ကြွားကြွားလေး ပြုံးလိုက်ကာ “ ငါး များမှာပေါ့ဗျ ၊ ကျွန်တော့် ချုံက သူများချုံတွေလို သစ်ကိုင်း လေး တစ်ခက်နှစ်ခက် ၊ သစ်တုံးလေး တစ်တုံး နှစ်တုံးလောက်နဲ့ ဖြစ်ကတတ်ဆန်း ချထားတဲ့ ချုံ မဟုတ်ဘူးဗျ ၊ သစ်ကိုင်းသစ်ခတ် အလုံအလောက်နဲ့ ချထားတဲ့ချုံမို့ ငါးများများ ခိုအောင်းနေနိုင်တာပေါ့ဗျ ။ ပြီးတော့ ကျွန်တော်က ချုံကို အစာမှန်မှန် လည်းကျွေးတယ် ၊ ကျွန်တော် ချုံချတဲ့ နေရာက လည်း ငါးမကြိုက်တဲ့ ပြန့်မှ မဟုတ်ဘဲ ၊ ငါးတွေ သဘောကျတဲ့ အိုင်ရှိတဲ့ ကျင်းစပ်မှာ ဆိုတော့ ငါးမ များဘဲ နေနိုင်ရောလားဗျ ” 


ဗေဒါပင်များ အကုန်အစင် ကုန်းပေါ်သို့ ပစ်တင် ပြီးသောအခါ မန်ကျည်းကိုင်း နဲ့ မန်ကျည်းတုံးများကို ရေထဲ၌ စမ်းသပ်ရှာဖွေကာ ကုန်းပေါ်သို့ သယ်တင် ကြပြန်၏ ။ မန်ကျည်းကိုင်းနှင့် မန်ကျည်းတုံးများ အားလုံး သယ်တင်၍ ပြီးစီးသွားသည့် အခါတွင်မူကား ငါးများမှာ ခိုအောင်းရန် နေရာ မကျန်ရှိတော့ သဖြင့် ဣန္ဒြေရရ မနေနိုင်တော့ ၊ တဖြောင်းဖြောင်းနေအောင် ထ ခုန်နေကြ၏ ။ အချို့ မခုန်နိုင်သော ငါးများကား ပွစိပွစိဖြင့် ရေမျက်နှာပြင်ပေါ်၌ ထ ပွက်နြေကြရာ ဤငါးပွက်များကို ကြည့်ရင်း ကိုဒေါင်း စိန်၏ ရင်ထဲ၌ ဖိုးကြိုင်းတုတ် ဖြစ်နေတော့၏ ။


ချုံထဲ၌ရှိသော ဗေဒါပင်များနှင့် သစ်ကိုင်း သစ်တုံးများ အားလုံး အကုန်သယ်တင်ပြီးဖြစ်၍ သူတို့ ကုန်းပေါ်သို့ ပြန်တက်လာကြ၏ ။ သူတို့ တစ်ကိုယ်လုံး ရေစို နေရုံမျှမက နွံနှစ်များ ပေကျံလျက်ရှိသ ဖြင့် ရှုမကောင်းအောင် အရုပ်ဆိုး နေသည် ။ ချမ်းလွန်း၍လည်း ခိုက်ခိုက်တုန်နေကြ၏ ။ သူတို့သည် နောက်ထပ် အရက်တစ်ပုလင်းကို ဆွဲ၍ မီးပုံ အနီးတွင် ထိုင်ကြပြန်သည် ။


ကိုဒေါင်းစိန်  သည် သူ့ ခါးပိုက်ထောင် အိတ်ထဲမှ ပုဇွန်တုပ်ကြီး ၅ ကောင် ကိုထုတ်လိုက်သည် ။ ဤပုဇွန်တုပ်ကြီး ၅ ကောင်မှာ ချုံထဲမှ သစ်ကိုင်း သစ်ခက်များကို စမ်းသပ် ရှာဖွေရင်းမှ ဖမ်းမိထား သော ပုဇွန်တုပ်ကြီး များ ဖြစ်သည် ။ ပုဇွန်တုပ်ကြီးများ ကို မီးဖုတ်ပြီး အရက်နဲ့ မြီးလိုက်ရရင် ဇိမ်ပေါ့ ။


သူ သည် ပုဇွန်တုပ်ကြီးများ ကို မီးပုံထဲ ပစ်ထည့်ကာ မီးဖုတ်နေသည် ။ ထိုအချိန်တွင် ပိုက်ရှင် ကိုပေါက်တူး နှင့် ရေငုပ်သမား နှစ်ဦး ရောက်လာကြရာ သူတို့၏ အရက်ဝိုင်းမှာ စည်ကား သွားသည် ။


မီးဖုတ်ထားသော ပုဇွန်တုပ်ကြီးများမှာ နီရောင် သမ်းလာ၍ အနံ့ကလေးလည်း သင်းပျံ့လာသည် ။ ခပ်စန့်စန့် ရှိနေသော ပုဇွန်တုပ်ကြီးများ ၏ ကိုယ်ကာယများမှာလည်း ကွေးညွတ်လာသည် ။ ဤကား ကျက်ပြီ ဟူသော အထိမ်းအမှတ်ကို ပြသလိုက်ခြင်းပင် ဖြစ်သည် ။ မှန်သည် ။ “ ပုဇွန် အကွေး ငါး အနွေး ”  ဟု စာဆို ရှိသည် မဟုတ်လော ။


ကိုဒေါင်းစိန် သည် ပုဇွန်တုပ်ကြီးများ ကို မီးပုံထဲမှ ဆယ်ယူ၍ တစ်ယောက် တစ်ကောင်စီ လိုက်ဝေ၏ ။ ကိုလေးဖိုးကွန့် ၊ ကိုလူမောင် ၊ ပိုက်ရှင် ကိုပေါက်တူး နှင့် ရေငုပ်သမား ( ၂ ) ဦး ၊ ပေါင်း ( ၅ ) ယောက်ကို တစ်ယောက် တစ်ကောင်စီ ဝေလိုက်ရာ သူ့ အတွက်ပင် မကျန်တော့ပေ ။ သို့သော် ရှိပါစေတော့ ၊ သူ့မှာ ကာယကံရှင် ဖြစ်၍ နေရာတကာတွင် အနာခံရမည် ။


အရက်တစ်ပုလင်း နှင့် သည် လူ ခြောက်ယောက် ဆိုလျှင် ဆင့်ပါးစပ်ထဲ နှမ်းပက်သလောက်သာ ရှိမည် ဖြစ်၍ ၊ ကိုဒေါင်းစိန် သည် ကျန်နေသော အရက်လေးပုလင်းကိုပါ ယူထုတ်လာရ၏ ။ သူက ကာယကံရှင် ဖြစ်နေ၍ တစ်ယောက်တစ်ခွက်စီ လိုက် ငှဲ့ပေးနေရ၏ ။ ရေငုပ်သမား နှစ်ဦးမှာ ပို၍ အရေးကြီးသည် ဖြစ်၍ အရက် ကို ပိုတိုက်ရ၏ ။ ပို၍လည်း မျက်နှာချို သွေးနေရ၏ ။


“ သောက်နိုင်သလောက် အဝ သောက်ကြနော် ၊ ဘာမှ အားမနာကြနဲ့ ၊ ကုန်ရင် အမှိုင့် ဆိုင်မှာ ထပ်ပြီး သွားယူ ပေးဦးမယ် ၊ အဲ ကျွန်တော့် ချုံကို သိမ်းရာမှာသာ စေ့စေ့စပ်စပ်နဲ့ ငါးတစ်ကောင် တစ်မြီးမှ မလေမလွင့်ရအောင် သိမ်းပေးပါနော် ” 


ကိုဒေါင်းစိန် က ရေငုပ်သမား ၂ ဦး အား တစ်ယောက် တစ်လှည့်စီ ငှဲ့ပေးနေရင်းမှ ပြောလိုက်၏ ။ ရေငုပ် သမား ၂ ဦး ကလည်း ကိုယ့်ကိုယ် ကို ယုံကြည်စိတ်ချသော မျက်နှာထားဖြင့် ကိုဒေါင်းစိန်  အား ပြန်ကြား လိုက်၏ ။


“ ဒီအတွက်တော့ မပူစမ်းပါနဲ့ ဒေါင်းစိန်ရယ် ၊ တို့ရဲ့ သတင်းကို မင်းလည်း အကြားသား မဟုတ်လား ၊ အင်မတန် အသိမ်းရ ခက်တဲ့ ငါးကျည်း ၊ ငါးခူ ပေါတဲ့ ချုံ ကိုတောင် တစ်ကောင်မှ မလွတ်အောင် သိမ်း လာခဲ့တဲ့ သူတွေပါကွ ။ ဟေ့ ရေငုပ်တဲ့ နေရာမှာ ၊ ပိုက်သိမ်းတဲ့နေရာမှာဆိုရင် ဗိုလ်မထားဘူးကွ ၊ တစ်မိုးအောက်တစ်ယောက်လို့သာ မှတ်ထင် ထားလိုက်ကြပါ ” 


သူတို့၏ စကားမှာ အားရစရာ ကောင်း သလောက် သူတို့ ရုပ်သဏ္ဍာန်မှာလည်း အားရစရာ ကောင်း လှပါသည် ။ တစ်ကိုယ်လုံး မည်းနက်၍ တုတ်ခိုင်သန်စွမ်းလှပုံမှာ ကျွဲပေါက်လေးတစ်ရှဉ်းလားဟုပင် ထင်မှား လောက်ည် ။ ဘဝတွင် ခပ်ကြမ်းကြမ်း စားသောက် နေထိုင်လာခဲ့ရ၍ ထုသားပေသားရနေကြ ပုံရှိသည် ။ ကျန်းမာသန်စွမ်းလှပသော သူတို့ အဖို့ သက်လုံ ကောင်းပုံလည်း ရှိကြသည် ။ ပါရမီပေစွ ။


ဤ ရေငုပ်ပိုက် သိမ်းသော အလုပ်မှာ အင်မတန် ခဲယဉ်းပင်ပန်းသော အလုပ်ဖြစ်ရာ ခြင်္သေ့လို ခွန် အားမျိုးနှင့် ကျန်းမာသန်စွမ်းပြီး သက်လုံကောင်းနိုင်မှလည်းဖြစ်မည် ။ ရေတစ်ခါ ငုပ်လျှင် ၁၅ မိနစ် ၊ မိနစ် ၂၀ ခန့်ကြာအောင် ရေအောက်၌ ငုပ်လျှိုး နေနိုင်မည်ဖြစ်ရာ သက်လုံ မကောင်းသူအဖို့ စိတ်ကူး ပင်မထည့် ရဲသော အလုပ်မျိုး ဖြစ်သည် ။


ပြီးတော့ တစ်ခါတစ်ရံ ငုပ်ရခြင်းမျိုး မဟုတ်ဘဲ ပိုက်သိမ်း၍ မပြီးမချင်း တစ်နေ့လုံး လိုလို ရေထဲ ဆင်းပြီး ငုပ်နေရသည် ဖြစ်ရာ တော်ရုံတန်ရုံ လူဆိုလျှင် ခံနိုင်ဖွယ် အကြောင်းမရှိ ။ ရေငုပ်ပြီး နောက်လည်း ဂုန်နီပိုက်အောက်ခြေရှိ သံကြိုးကို ငါးများကို လွတ်မထွက် နိုင်အောင် မြေကြီးနှင့် ထိကပ်ပြီး ကမ်းစပ်သို့ တဖြည်းဖြည်း ဆွဲကာ ပိုက်ကို ကျဉ်းလာရသည် ။ ဤလို အခါမျိုးတွင် ငါးကျည်း ၊ ငါးခူ စသော အောက်ငါး များကလည်း သူတို့ အနီးတွင် ဝန်းရံကာ သံကြိုး အောက်မှ တိုးထွက်နိုင်ရန် အပြင်းအထန် ကြိုးစားတတ်ကြသည် ဖြစ်၍ ဤငါးများ ကို လက် နှင့် ဖယ်ရှားပြီး အလုအယက် သိမ်း လာကြရသည် ။ ထို့ကြောင့်လည်း သူတို့ တစ်ကိုယ်လုံး ငါးကျည်း များ စူးထားသော ဒဏ်ရာများ မွမွကျဲ နေတတ်ကြသည် ။ ဤဟာများ ကိုလည်း ခံနိုင်ရည် ရှိရမည် ။ ဆောင်းတွင်းဖြစ်၍ တစ်နေ့လုံး ရေထဲ ဆင်းနေရသော အအေးဒဏ် ကိုလည်း ကြံ့ကြံ့ခံနိုင်ရသည် ။ အား... တကယ်ပင် မလွယ်သော အလုပ်ပါတကား ။


( ၅ )


နေကား တဖြည်းဖြည်း မြင့်တက်လာပြီ ဖြစ်ရာ နေခြည် မှာလည်း ရင့်သည်ထက် ရင့်လာသည် ။ တဖွဲဖွဲနှင့် ထူထပ်စွာ ကျလာနေသော မြူနှင်းများသည် ဖရိုဖရဲ နှင့် ပြိုကွဲပျောက်လွင့် ရချေပြီ ။ အအေးဒီဂရီမှာ တဖြည်းဖြည်း ကျဆင်း နေ၍ အပူဒီဂရီက တဖြည်းဖြည်း မြင့်တက်လာနေသည် ။


ကိုဒေါင်းစိန်  ချုံပေါ်ပေး ဖြင့် အကြွေး ယူထားသော အရက် ၆ ပုလင်း ကား တက်တက်ပြောင်လေပြီ ။


ထို့ကြောင့် သူတို့ လုပ်ငန်းကို စရန် ပြင်ဆင်ကြ၏ ။ လုပ်ငန်းတာဝန် ကိုလည်း ခွဲဝေကြ၏ ။ ရေငုပ်သမား နှစ်ဦးက ရေငုပ်ကာ ပိုက်ကို ကျဉ်းလာချိန်တွင် ပိုက်ရှင် ကိုပေါက်တူးနှင့် ကိုဒေါင်းစိန် က ပိုက် လက်နား တိုင်များကို လိုက်ပေးရမည် ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် တို့ ကတော့ အတိုအထွာ လိုအပ်သော နေရာများ၌ ဖြည့်စွက် ကူညီပေးကြရမည် ။ ဤသို့ လုပ်ငန်းတာဝန်ကို ခွဲဝေ သတ်မှတ် ထားကြ၏ ။


ချမ်းအေးလှသည့် ဆောင်းကာလ နံနက်ခင်း ၌ပင် အင်္ကျီမဝတ်ဘဲ ကျောပြောင်ကြီးများနှင့်ဖြစ်နေကြ သော ရေငုပ်သမား နှစ်ဦးသည် ခါးတောင်းကို မြှောင်လှအောင် ကျိုက်၍ ပိုက်ဝိုင်းထားသော ချုံအတွင်း ရေထဲသို့ ခုန်ဆင်းလိုက်ကြ၏ ။ နောက် ရေလယ်ဘက်ဆီ၌ ရှိနေသော ဂုန်နီပိုက် အစပ်သို့ ကူးယက်သွားကာ ရေအောက်သို့ စုပ်ခနဲ ငုပ်သွားကြ၏ ။ ချက်ချင်းပင် ရေလယ် ဘက်မှ ဂုန်နီပိုက်အစပ်မှာ တဆတ်ဆတ် ယိမ်းထိုး လှုပ်ရှား နေပြီးနောက် ကမ်းစပ်ဘက်သို့ တဖြည်းဖြည်း ရွေ့မှန်းမသိ ရွေ့လာ၏ ။ ပိုက်ဝိုင်း ထားသော ချုံအပြင်ဘက် ရေထဲတွင်ကား လှေကြီး တစ်စင်းပေါ်တွင် ကိုဒေါင်းစိန် က ပဲ့ကိုင် ပေး၍ ၊ ပိုက်ရှင် ကိုပေါက်တူး က လှေဦး၌ရပ်ကာ ရွေ့လျားသွားသော ဂုန်နီပိုက်အနီးမှ လက်နားတိုင် ကို နုတ်ပြီး ဂုန်နီပိုက် ရွေ့လျား သွားသလောက် လက်နားတိုင်ကို အလိုက်သင့် ရွှေ့ပြောင်းစိုက်ထူပေးနေရ၏ ။


၁၅ မိနစ်ခန့်ကြာမှ ရေငုပ်သမား နှစ်ဦးမှာ တစ်ကြိမ် ပြန်ပေါ်လာ၏ ။ သူတို့ သည် အောင့်ထားရသော ဝင်သက် ကို အဝ ရှူသွင်းလိုက်ပြီးနောက်မှ ဂုန်နီပိုက် အပြင်ဘက်၌ ရှိနေသော ကိုဒေါင်းစိန် အား အော်ဟစ် ပြောလိုက်၏ ။


“ ဟေ့ ဒေါင်းစိန် ရဲ့ ၊ မင်း ချုံထဲ ငါးမျိုးကို စုံလို့ပါကလားကွယ့် ၊ ခါတိုင်း ပါနေကျ ငါးပတ် ၊ ငါးရံ့ ၊ ဒိုး ၊ ခေါင်းပြတ် နဲ့ ကောင်သေးငါးတွေ ကိုတော့ ဖယ်ထား လိုက်ပါဦး ၊ ငါးဖယ်တွေ ကလည်း အောတိုက်နေ တာပဲကွ ၊ ငါးကျည်းတွေ ဆိုတာလည်း ပိုက်အောက်ခြေက သံကြိုးနား မှာ ပိုစုနေလို့ ပိုက်သိမ်းရတာ တယ်မလွယ် ဘူးကွာ ၊ အခုပဲ တို့လက်ကို ငါးကျည်း နှစ်ချက်စီလောက် အစူး ခံလိုက်ရပြီကွ ၊ မင်း ကော်သလောက် တို့ ရေငုပ် သမား နှစ်ယောက်တော့ ခိုက်မှာပါပဲကွာ ” 


သူတို့သည် စကား အဆုံးတွင် “ ဒီမှာ ကြည့်စမ်းပါဦး ” ဟု နောက်ဘက် တွယ်ကပ်တက်ကာ ငါးကျည်း စူးထား သဖြင့် သွေးရဲရဲ ဖြစ်နေသော သူတို့ လက်များကို မြှောက်ပြလိုက်၏ ။ ကိုဒေါင်းစိန်  ကား ရေငုပ်သမား နှစ်ဦး အတွက် စိတ်မကောင်း ဖြစ်သွားသော်လည်း သူ့ ချုံထဲ ငါးမျိုးစုံ ရှိရုံမက ငါး ပေါများကြောင်း သိရ၍ ဝမ်းသာ သွားမိ၏ ။ ဝမ်းသာရာမှပင် ငါးကျည်းစူး၍ ပိုက်ကို ပြီးစလွယ် သိမ်းလိုက်မည် ကိုလည်း တစ်ဖက်မှ စိုးရိမ် မကင်းဖြစ်လာ ပြန်သောကြေင့် အရေးတကြီး တောင်းပန် လိုက်ရ၏ ။


“ ငါးကျည်းစူးလို့ ဆိုပြီး အဲဒီ ငါးကျည်းတွေကို မလွှတ်ပစ်ခဲ့ပါနဲ့ဗျာ နော် အဲဒီ ငါးကျည်းတွေပါ ပါအောင် တစ်ဆိတ်ကလေး စေ့စေ့စပ်စပ် သိမ်းပေးပါလားဗျာ ၊ ခင်ဗျားတို့ အတွက်လည်း မနည်းစေ ရပါဘူး ။ ခါတိုင်း ချုံတစ်ချုံ ကို ခင်ဗျားတို့ ရေငုပ်ခ ပိုက်သိမ်းခ ငွေနှစ်ကျပ် ရတယ် မဟုတ်လား ၊ အခု ကျွန်တော်က တစ်ဦးကို ငါးကျပ် အထိ တိုးပေးပါ့မယ် ၊ အရက် ကိုလည်း အဝ တိုက်ပါ့မယ်ဗျာ ” 


ရေငုပ်သမား နှစ်ဦးက သူ့ စကားကို သဘောကျ သွားသလို ဟက်ဟက်ပက်ပက် ရယ်လိုက်ကြ၏ ။


သူ ၏ စိုးရိမ်စိတ်ကလေး ပျောက်ကင်းသွားအောင်လည်း ချက်ချင်းပင် စကား ပြန်ကြားလိုက်၏ ။


“ ဟေ့ ဒေါင်းစိန်ရဲ့ ၊ တို့နှစ်ယောက်ရဲ့ နာမည်ကို မင်း မေ့သွားပြီ ထင်တယ် ၊ မှတ်ထားကွ ၊ တစ်ယောက် က “ တင်ကျီး ”  တဲ့ ၊ တစ်ယောက် က “ နံကရိုင်း ”  တဲ့ ။ တင်ကျီး ငှက်များ ဟာ ရေငုပ်သန် ပြီး ငါးဖမ်းကျင်လည်သလို ၊ နံကရိုင်း အမည်ရှိတဲ့ ကျွဲသတ္တဝါများ ဟာလည်း အင်မတန် ရေကြိုက်တဲ့ အကောင်မျိုးဆိုတဲ့ သဘော နဲ့ ဒီ နာမည်တွေကို တို့နှစ်ယောက် ယူထားကြတာပဲကွ ။ ငါးကျည်းစူး လို့ ငါးကျည်း ကို အရှုံးပေးရမယ် ဆိုရင် ရာဇဝင် ရိုင်းတော့မပေါ့ကွာ ၊ မြွေဆေးထိုးတဲ့ နေရာမှာ နာမည်ကျော်တဲ့ ဦးသြဘာသ ရဲ့ တပည့်အစစ်တွေမို့ ငါးကျည်း အဆိပ် လောက်တော့ အပျော့ထားတယ်ကွ ။ ဒါကြောင့်မို့ မင်း စိတ်အေးအေးသာ ထားနေ ၊ တစ်ကောင်တစ်မြီးမှ မကျန်အောင် သိမ်းပေးမယ် ၊ ရေငုပ် ပိုက်သိမ်းခ ကိုလည်း တိုးပေးဖို့ မလိုပါဘူး ၊ ခါတိုင်း ပေးနေကျ တစ်ယောက် နှစ်ကျပ်ပဲ ပေးပါ ၊ ဒါပေမဲ့ အရက် ကိုတော့ အဝ တိုက်ရလိမ့်မယ်ကွ ၊ ခုလို အေးပုံမျိုး ၊ ခုလို ငါးကျည်း စူးပုံမျိုးနဲ့ ဆိုရင် အရက် မကူဘဲ မဖြစ်ဘူး ဆိုတာ မင်း သိတဲ့အတိုင်းပဲ ဟေ့ ” 


“ အို စိတ်ချ ၊ အရက် ဆိုတာ ဆန်းတာ မဟုတ်ပါဘူး ၊ ခင်ဗျားတို့ လိုသလောက် ရပါစေ့မယ် ၊ ပြောနေရင် ကြာတယ်ဗျာ ၊ ဗျို့ ကိုလူမောင် ၊ အမှိုင့် ဆိုင်မှာ ကျွန်တော်ကလို့ ဆိုပြီး အရက် ငါးပုလင်း လောက်ထပ်ပြီး သွား ယူထားလိုက်စမ်းပါဗျာ“


ကိုဒေါင်းစိန် က သူတို့အား ကတိ ပေးရုံမျှမက လက်တွေ့ပင် လုပ်ပြ လိုက်သဖြင့် ရေငုပ်သမား နှစ်ဦး မှာ ကျေနပ်သွားကာ ရေအောက်သို့ စုပ်ခနဲ ငုပ်သွားကြပြန်၏ ။ သူတို့ တစ်ကြိမ်ငုပ်လျှင် ပိုက်မှာလည်း ကမ်းစပ်သို့ အနည်းငယ် ရွေ့လျားလာသည် ဖြစ်ရာ ပိုက်လက်နားတိုင် ကို လည်း တစ်ကြိမ် ထပ်လိုက် ပေးရ၏ ။ သည်လိုနှင့် ရေငုပ်လိုက် ၊ ပိုက် အနည်းငယ် ရွှေ့လိုက် ၊ လက်နားတိုင်ကို လိုက်ပေးလိုက် နှင့် ပိုက်အဝိုင်း မှာ တဖြည်းဖြည်း နှင့် ကျဉ်းမြောင်း လာသည် ။


ပိုက်အဝန်းအဝိုင်း ကျဉ်းမြောင်း လာလေလေ ငါးများ က လန့်ဖျပ်ပြီး ခုန်လေလေ ဖြစ်နေရာ တဖြောင်း ဖြောင်းနှင့် ဆူညံ နေသည် ။ အထူးသဖြင့် ငါးပေါ်ငါးလွင့်များ ဖြစ်ကြသော ငါးပတ် ၊ ငါးဖယ် အောင်း ၊ ငါးမြစ်ချင်း ၊ ငါးဒိန်းလုံးက ပို၍ ခုန်သည် ။ တန်းမြင့်ခုန် ပြိုင်ပွဲတွင် ဗိုလ်ဆွဲ နေသော ငါးပတ် များမှာ တစ်ခါတစ်ရံ ပိုက်ကို ကျော်လွန်အောင် ခုန်နိုင်စွမ်း သဖြင့် ပိုက်အပြင်ဘက် ရေထဲသို့ ကျကာ လွတ်မြောက် သွား၏ ။ ထို့ကြောင့် ကိုလေးဖိုးကွန့် က ပိုက်ပတ်လည် တစ်လျှောက် လှေကြီးများ ဆိုက်ကပ်ထားကာ ခုန်စင် အဖြစ် ခံထားရ၏ ။ ပိုက်ကို ကျော်လွန်ပြီး ကျလာသော ငါးပတ်များမှာ ထိုလှေကြီးများ ထဲသို့ ရောက်ကာ ရိုက်နှက်ဖမ်းဆီးခြင်း ခံရတော့၏ ။`


ဤနည်းဖြင့် ငါးပတ် ဆယ်ကောင်ခန့် ရမိထားသည် ။ ဤငါးပတ်များ ထဲမှ အကြီးဆုံး တစ်ကောင်ကို ရွေးချယ်၍ ကိုဒေါင်းစိန် က သူ့သား ဒီလုံးနှင့် မယ်စိန် ထံ အပို့ လွှတ်လိုက်သည် ။ ဤငါးပတ် ကို ဟင်းကောင်းကောင်း ချက်ပြီး ယူလာရန်လည်း အမိန့်ပေးလိုက်သည် ။


( ၆ )


နေကား အတော် မြင့်တက်လာပေပြီ ။ ခန့်မှန်းခြေ အားဖြင့် နံနက် ၁၀ နာရီလောက် ရှိပြီဟု သူတို့ ခန့်မှန်း ကြသည် ။ ရေငုပ်သမားနှစ်ဦးကား ပန်းလှချေပြီ ။ နံနက် ၇ နာရီလောက်က စ၍ ယခု ၁၀ နာရီခန့် အထိ ၃ နာရီ လုံးလုံး အေးမြလှသော ရေထဲသို့ ဆင်းကာ တငုပ်တည်း ငုပ်နေကြရသည် ဖြစ်ရာ ၊ သူတို့ တစ်ကိုယ်လုံး အေးစက် ၍ သူတို့နားမှာ မခံမရပ်နိုင်အောင် ကိုက်ခဲ လျက်ရှိချေပြီ ။ ငါးကျည်း စူးတာလောက်တော့ အပျော့ ဟု ဆိုသော်လည်း ငါးကျည်း အထပ်ထပ် အကြိမ်ကြိမ် စူးထားသဖြင့် သူတို့ တစ်ကိုယ်လုံး ထုံကျဉ် ကိုက်ခဲ စေသည် ။ သူတို့ကား ပန်းလှပါပြီ ။ သူတို့ ၏ ကြိုးစား လုပ်ဆောင်မှုကြောင့် ပိုက်အဝန်းအဝိုင်းမှာ အတော်ပင် ကျဉ်းမြောင်း လာပြီဖြစ်၍ သူတို့အဖို့ အနားယူရန် အချိန်တန်နေပါပြီ ။


ရေငုပ်သမားနှစ်ဦးနှင့် ပိုက်လက်နားတိုင် လိုက်နေသော ကိုပေါက်တူး နှင့် ကိုဒေါင်းစိန်  ၊ ငါးပတ်ခုန် စင်ခံနေကြသော ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် တို့ပါ အနားယူကြရန် ကုန်းပေါ် တက်လာကြ၏ ။ ရေငုပ် သမားနှစ်ဦး မှာ မီးပုံ အနီးသု့ ပြေးကာ မီးထိုင်လှုံရင်း “ အရက် ပေးပါ ... အရက် ပေးပါ ”  ဟု အော် ဟစ်နေကြ၏ ။ ကိုဒေါင်းစိန် ကလည်း အလိုက်သိစွာပင် ကိုလူမောင် ယူလာသော အရက်ငါးပုလင်း ထဲမှ နှစ်ပုလင်း ကို ချက်ချင်း ယူပေးလိုက်၏ ။


နှစ်ယောက်သား စကား တစ်ခွန်းမှ မပြောနိုင်ဘဲ တဆတ်ဆတ် တုန်နေသော လက်များဖြင့် အရက် ပုလင်း ကိုကိုင်က ပုလင်းလိုက် မော့ချကြ၏ ။ ဤမျှ ပြင်းလှသော မီးတောက်အရက် ကိုပင် အရပ် အနားမရှိဘဲ တစ်ရှိန်တည်း တစ်ပုလင်းလုံး ပြောင်အောင် ပုလင်းလိုက် မော့ချနိုင်ခြင်းမှာ အံ့ဖွယ် ကောင်းလေစွ ။ မော့ပြီး၍ လွတ်သွားသော ပုလင်းခွံ ကို ပစ်ချလိုက်ပြီးနောက် မေးဖျားမှ ယိုစီးကျ လာသော အရက် အနည်းငယ်ကို လက်နှင့် သုတ်ပစ်ရင်း “ ဟား ”  ဟု ပြိုင်တူ သက်မကြီး ချလိုက်ကြ၏ ။


သည်တော့မှ သူတို့ နှစ်ဦးမှာ နေသာထိုင်သာ ရှိသွားပုံရကြ၏ ။ သူတို့ တစ်ကိုယ်လုံး နွံနှစ်များ ပေကျံ လျက် ရှိသဖြင့် နွံလူးထားသော ကျွဲကြီးများလားဟု ထင်မှားလောက်သည် ။


ကိုဒေါင်းစိန် ကတော့ ယခုထက်တိုင် ထမင်းပို့ မရောက်သေးသော မယ်စိန်အား မျှော်တော်ဇောနှင့် မောနေရ၏ ။ ထမင်းဆာလှ၍ မယ်စိန် အား မျှော်ခြင်းမဟုတ် ။ တဖြောင်းဖြောင်း တဝုန်းဝုန်းဖြင့် ဆူညံ နေအောင် ငါးပေါများလှသော သူ့ ချုံကို မယ်စိန်အား ပြကာ ကြွားချင်လှ၍ ဖြစ်သည် ။


သူ မျှော်နေခိုက်မှာပင် မယ်စိန် သည် ထမင်းတောင်း ကို ခေါင်းတွင် ရွက်ကာ သုတ်သီးသုတ်ပျာ ရောက်ရှိလာသည် ။ သူက မယ်စိန် ခေါင်းပေါ်မှ ထမင်းတောင်းကို အောက်သို့ ချပေး ပြီးသည်နှင့် တစ်ပြိုင်နက် ၊ မယ်စိန် သည် ပိုက်ဝိုင်းထားသော ချုံ ရှိရာသို့ အပြေး သွားကြည့်ပြီးနောက် ကျေနပ်သွား သလို မျက်နှာ မှာ ပြုံးပြုံးကြီး ဖြစ်သွား၏ ။


ထမင်းပွဲကို ပြင်ဆင်ကာ ဝိုင်းဖွဲ့၍ စားကြ၏ ။ မယ်စိန် ပန်းကန်ပြား မရှိသဖြင့် ငှက်ပျောရွက်များ ကို ခင်းကာ ထမင်းပုံပြီး စားကြ၏ ။ မယ်စိန် က ငါးပတ်ချဉ်ရည်ဟင်းကလေး ချက်လာသည် ။ သူတို့သည် ဟင်းရည်ကို လက်ကြားမှ ယိုကျသည့် တိုင်အောင် ခပ်များများ ဆမ်းကာ ကြီးစွာသော အလုပ်အလွေးဖြင့် မြိန်ရှက်စွာ စားသောက်ကြသည် ။


ထမင်း စားသောက်ပြီးကြသောအခါ ခေတ္တမျှ ထမင်းလုံးစီရင်း အနားယူ ကြပြီးနောက် လုပ်ငန်းကို ဆက်ကြပြန်၏ ။ ရေငုပ်သမား နှစ်ဦးက ရေထဲခုန်ဆင်းကာ ရေငုပ်၍ ပိုက်ကိုသိမ်း၏ ။ ကိုဒေါင်းစိန် နဲ့ ကိုပေါက်တူး က ပိုက်လက်နားတိုင် လိုက်ဖော်၏ ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် က ခုန်ထွက်လာ သော ငါးပတ်ကြီး များကို ဖမ်းရန် ခုန်စင်ခံကြ၏ ။


ထိုအချိန်တွင် ဂုန်နီပိုက် အနီးသို့ ကွန်လှေနှစ်စင်း ရောက်လာသည် ။ ဤ ကွန်လှေနှစ်စင်းကား ပိုက် သိမ်းရာ တွင် ပါမသွားဘဲ လွတ်ကျန်ရစ်သော ငါးများကို ပိုက်အပြင်ဘက်မှ နေ၍ ကွန်ဖြင့် ပစ်ဖမ်းရန် ရောက်ရှိ လာခြင်း ဖြစ်သည် ။


ကွန်လှေ နှစ်စင်းမှ ကွန်သမား နှစ်ဦးသည် သူတို့၏ ကွန်များကို ဝင့်၍ ဂုန်နီပိုက် အနီးသို့ ကပ်ကျသွား အောင် ပစ်ကြဲလိုက်ကြသည် ။ သူတို့၏ ကွန်များကို အတန်ကြာအောင် ရေထဲ၌စိမ် ထားပြီးနောက်မှ တဖြည်းဖြည်း ဆွဲဖော် လိုက်ကြသည် ။ သို့သော် သူတို့၏ မျှော်မှန်းချက် နှင့်ကား ကွာ ဝေးလှသည် ။ သူတို့၏ ကွန်ထဲတွင် ငါးကျည်း သုံးလေးကောင် နှင့် အခြားငါး အနည်းအကျဉ်းမှ တစ်ပါး ဟုတ်ဟုတ်ညားညား မမိကြ ။ သူတို့သည် မကျေနပ်၍ နောက်တစ်ကြိမ် ပစ်ကြဲလိုက်ကြ ပြန်သည် ။ သို့သော် သူတို့၏ ကွန်ထဲတွင် ငါး အလျှင်းပင် မပါတော့ ။


ဤအဖြစ်ကို သိလိုက်သော ရေငုပ်သမား နှစ်ဦးက ပိုက်အတွင်းမှ နေ၍ တဟားဟား အော်ရယ်လိုက် ပြီးနောက် “ ဟေ့ ကွန်သမားတွေရဲ့ ၊ တင်ကျီး နဲ့ နံကရိုင်း နှစ်ယောက် ရေငုပ်ပြီး ပိုက် သိမ်းတဲ့ ချုံမှာ မင်းတို့ ကွန် လာ ပစ်လို့ ဘယ် ငါး မိနိုင်မလဲကွ ၊ တို့က တစ်ကောင်တစ်မြီးမှ မကျန်အောင် ဂရုတစိုက် သိမ်းလာတာမို့ မင်းတို့ ကွန်သမားတွေအဖို့ ဘာငါးမှ ကျန်ရစ်မှာ မဟုတ် ဘူးကွ ။ ဒါကြောင့် ဒီမှာ အလကားအချိန်ကုန် ခံ မနေဘဲ တခြား ချုံတွေမှာသာ သွားပစ်ကြပါကွာ ”  ဟု အော်ပြောလိုက်၏ ။


ဤတွင် ကွန်သမား နှစ်ဦးမှာ စိတ်ပျက် သွားကြတာ “ သြ ... ဒီချုံမှာ ရေငုပ်ပိုက် သိမ်းတဲ့ လူက “ တင်းကျီးနဲ့ နံကရိုင်း ”  ကိုး ၊ ကျုပ်တို့က ဒီလိုမှန်း မသိလို့ပါဗျာ ၊ ခင်ဗျားတို့ နှစ်ယောက် ပိုက်သိမ်းတဲ့ ချုံ ဆိုရင် ကျုပ်တို့ ကွန်သမားတွေ တစ်ခါမှ ငါးမမိဖူးဘူး ၊ အင်မတန် ပိုက်သိမ်းစေ့စပ်တဲ့ လူတွေပဲ ” ဟု ပြော၍ ထွက်ခွာသွားကြ၏ ။


ကိုဒေါင်းစိန် ကတော့ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်၏ ။ ရေငုပ်သမား နှစ်ဦးအားလည်း ပြေမပြနိုင်အောင်ပင် ကျေးဇူးတင်သွားမိ၏ ။ ဤ ရေငုပ်သမားနှစ်ဦး ပိုက်ကို စေ့စေ့စပ်စပ် သိမ်းသလား ၊ ပြီးစလွယ် သိမ်းသလားဆိုတာ ဤဂုန်နီပိုက် အပြင်ဘက်၌ လာ၍ ပစ်ကြဲကြသော ကွန်သမားများ၏ ကွန်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည် ။ သူတို့ ၏ ကွန်ထဲ ငါးများများ မိလျှင် ရေငုပ်သမား နှစ်ဦးသည် ပိုက်ကို ပြီးစလွယ် သိမ်းသောကြောင့် ငါးများ ပိုက်တွင်းမှ ထွက်ပြီး သူတို့ ၏ ကွန်ထဲ၌ လာမိကြောင်း ခန့်မှန်းသိရှိနိုင်သည် ။ အကယ်၍ သူတို့၏ ကွန်ထဲ၌ ငါး ပြောပလောက် အောင် မပါရှိလျှင်ကား ရေငုပ်သမား နှစ်ဦးသည် ပိုက်ကို စေ့စေ့စပ်စပ် သိမ်းသွားသောကြောင့် ငါး များပိုက်တွင်း၌ တလုံးတစည်းတည်း ပါသွားသည့်အတက် သူတို့၏ ကွန်ထဲ၌ ငါး မပါမရှိကြောင်း ရိပ်မိ သိရှိနိုင်သည် ။ ယခု လာ၍ ပစ်ကြဲကြသော ကွန်သမားများ၏ ကွန်ထဲ၌ ငါး မပါရှိပုံကို ထောက် လိုက်လျှင် ပိုက်ကို စေ့စေ့စပ်စပ် သိမ်းသွားကြောင်း ထင်ရှား နေသည် ။ ထို့ကြောင့် ရေငုပ်သမား နှစ်ဦးအား သူက ကျေးဇူး တင်လိုက်ရသည် ။


ဤရေငုပ်သမား နှစ်ဦးသည် ကိုယ့်ပစ္စည်း ကိုယ့်လုပ်ငန်း မဟုတ်သောကြောင့် အပင်ပန်း မခံဘဲ ပိုက်ကို ပြီးစလွယ် သိမ်းသွားသည် ဆိုလျှင်လည်း သူ ဘာမျှ တတ်နိုင်မည်မဟုတ် ။ သို့သော် သူတို့ နှစ်ဦးကား ဤသို့ မဟုတ်ကြ ။ ကိုယ့်ပစ္စည်း ၊ ကိုယ့်လုပ်ငန်းလို သဘောထားပြီး ငါးကျည်း အစူးခံကာ ဇွဲနပဲနှင့် စေ့စေ့စပ်စပ် သိမ်းပေးကြသည် ။ သူက ဤအတွက် ရေငုပ်ခ တိုးပေးမည် ဆိုသည်ကိုပင် လက်မခံဘဲ ငြင်းပယ်ကြသည် ။ သူတို့ကား အခွင့်အရေး ကို မကြည့်ဘဲ သူတို့ အလုပ် ကိုသာ တန်ဖိုး ထားကြသည် ။ သူတို့ လုပ်လိုက်သော လုပ်ငန်းသည် သေချာစေ့စပ်စွာ ပြီးစီးသွားသည် ဟူသော အလုပ်ဂုဏ် ကိုသာ မြတ်နိုးလိုလားကြသည် ။ ကြည်ညို လေးစားဖွယ် ကောင်းပေစွ ။


( ၇ )


ညနေ ၃ နာရီခန့် အချိန်တွင် ဂုန်နီပိုက်အောက်ခြေရှိ သံကြိုးကို ကမ်းစပ်ကုန်း ပေါ်သို့ ဆွဲတင်နိုင် သည့်အထိ ပိုက်အဝန်းကို ကျဉ်းမိကြ၏ ။ ငါးများမှာ အကျဉ်းအကျပ်ထဲ ရောက်နေ သဖြင့် တစ်ကောင် နှင့်တစ်ကောင် တိုးဝှေ့ကာ ပွက်လောရိုက် နေသည် ။ ယခု ထို ငါးများကို ခြင်းတောင်း နှင့် ခပ်ယူကာ ပိုက်သိမ်းရုံသာ ရှိတော့သဖြင့် ရေငုပ်သမား နှစ်ဦး၏ တာဝန်မှာ ပြီးဆုံးသွားပေပြီ ။


ရေငုပ်သမား နှစ်ဦးသည် ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် ကုန်းပေါ်သို့ တက်လာကြကာ မီးပုံအနီး တွင် ခြေပစ်လက်ပစ် လဲလျောင်း နေကြ၏ ။ သူတို့ တစ်ကိုယ်လုံး နွံနှစ်များ ဖုံး၍ ငါးကျည်းစူးထား သော ဒဏ်ရာ ဒဏ်ချက် များမှာလည်း မွမွကြဲ နေသည် ။ သူတို့ နှစ်ဦးကား အတော်ပင် ဖားသွားချေပြီ ။


ကိုဒေါင်းစိန် သည် အလိုက်သိစွာပင် ကျန်ရှိသော အရက်သုံးပုလင်းကို သူတို့ အနီး၌ ချထား ပေးလိုက်သည် ။


ကိုဒေါင်းစိန် ၊ ကိုလူမောင် နှင့် ကိုလေးဖိုးကွန့် တို့သည် ကျဉ်းမြောင်းလှသော ပိုက်ဝိုင်း အတွင်း၌ မိနေ သော ငါးများအား ခြင်းတောင်းနှင့် ခပ်ကာ လှေကြီး တစ်စင်း ထဲသို့ လောင်းထည့်ကြ၏ ။ ငါးဖယ်များ ကိုမူ ဖောက်သည်ငါး ( ငါးစိမ်းငါး ) အဖြစ်ဖြင့် ငါးစိမ်းသည်မကြီး မမယ်ရင် အား ချိန်ရောင်းရန် သီးခြား ရွေးထုတ်ကာ ရေထဲ တွင် ချထားသော “ ဗုံလုံ ”  ထဲ သို့ ထည့်၍ လှောင် ထားသည် ။ ငါးရံ့နှင့် ငါးပတ်များ ကိုမူ တဝုန်းဝုန်း ထခုန် နေကြသဖြင့် လွတ်မြောက်သွားမည်စိုးသောကြောင့် ခေါင်းကို တုတ်ဖြင့် ရိုက်ကာ လှေကန့် တစ်နေရာ တွင် သီးခြားပုံထား၏ ။


ပိုက်ဝိုင်းထဲမှ ငါးများကို ခြင်းတောင်းဖြင့် အကြိမ်ပေါင်း များစွာ ခပ်ယူလိုက်သောအခါ ပိုက်ဝိုင်းထဲတွင် ငါးအနည်းငယ်မျှသာ ကျန်ရစ်တော့သည် ။ ထိုအခါ သူတို့သည် ပိုက်ကို မ ယူကာ ကျန်ရှိနေသော ငါးများအား လှေထဲသို့ လောင်းထည့်လိုက်ကြသည် ။ ကြီးမားလှသော လှေကြီးမှာ ငါးများ မောက် နေအောင် ပြည့်သိပ်သွားတော့သည် ။ ကိုဒေါင်းစိန် ကား ငါးများများ ရမိလိုက် သဖြင့် အူမြူးနေသည် ။ မယ်စိန် ၏ မျက်နှာ မှာလည်း တပြုံးပြုံး ဖြစ်နေသည် ။ ကိုဒေါင်းစိန် သည် ရေငုပ်သမား နှစ်ယောက် မသောက်နိုင်သဖြင့် ချန်ထား ခဲ့သော အရက် တစ်ပုလင်းကို ကိုလေးဖိုးကွန့် ၊ ကိုလူမောင် တို့နှင့်အတူ ခွဲဝေ၍ သောက်လိုက် ပြီးနောက် ငါးလှေ ပေါ်သို့ တက်ကာ လှော်ပြန် လာသည် ။


သူ က လှေပဲ့ မှ လှော်၍ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် က ဦးမှနေ လှော်ကာ ၊ မယ်စိန် ကတော့ လှေလယ်တွင် ထိုင်လိုက်လာသည် ။


ကိုဒေါင်းစိန် သည် ငါးများများ ရ၍ အူမြူးနေသည့် ကြားထဲ အရက်ကလေး ကိုလည်း သောက်ထား ပြန်သောကြောင့် အနည်းငယ်ကလေးမျှ ဂနာမငြိမ်ဘဲ တစ်ကိုယ်လုံး ကြွကြွရွရွ ဖြစ်နေသည့်တိုင် မြူးနေ တော့၏ ။ သူ သည် လှော်တက်ကို ရေထဲ နှစ်ကာ အားစိုက်၍ လှော်ယက်ရင်းမှ လှေဦး မှ ကိုလေးဖိုးကွန့် သို့ လှမ်းကာ “ ဗျို့ ကိုလေးဖိုးကွန့် ၊ ကျွန်တော့် ချုံထဲ ငါးမျိုးစုံပြီး ငါးအတော်များများ ရှိ တယ်လို့ ကျွန်တော် ပြောတုန်းက ခင်ဗျားတို့ ကြွားတယ်လို့ ထင်တယ် မဟုတ်လား ။ အခုတော့ ဘယ့် နှယ်ရှိစ ၊ ဒါကြောင့်မို့ “ ဟိုချုံ ဒီချုံ ကင်ပွန်းချုံ ၊ တိုက်စောင်ခြုံတဲ့ အမေ့ ချွေးမ ” ဆိုတဲ့ သံချပ်ကို တောင် ကျွန်တော်က တစ်မျိုး ပြင်လိုက် ချင်သေးတယ် ” 


“ ဆိုစမ်းပါဦးကွ ၊ မင်းက ဘယ်လိုများ ပြင်ချင်လို့လဲ ” 


“ ဟိုချုံ ဒီချုံ မန်ကျည်းချုံ ၊ ငါးမျိုးစုံတဲ့ ဒေါင်းစိန်ချုံ ဗျ ” လို့ ပြင်လိုက်ချင်တာပေါ့ ၊ အနို့ မဟုတ်ဘူးလားလို့ ” 


“ ဟုတ်ပါသဗျား ၊ မှန်ပါသဗျား ”  ဟု ကိုလေးဖိုးကွန့် က သဘောကျ သွားသလို ဟက်ဟက်ပက်ပက် ရယ်ရင်းက ပြောလိုက်ရာ ၊ မယ်စိန် က “ ကာလနာ ကတော့ လုပ်ပြီ ”  ဟု ရေရွတ်ရင်း မျက်စောင်း ချိတ်လိုက်သည် ။


“ ကဲဟေ့ ဒေါင်းစိန် ၊ မင်း သံချပ်ကို မင်းက တိုင်ပေး ၊ တို့က လိုက်မယ် ”  ဟု ကိုလေးဖိုးကွန့် က ပြောလိုက်ရာ ကိုဒေါင်းစိန် က “ အဟီး ” ဟု အူကြောင်ကြောင် တစ်ချက် ရယ်လိုက်ပြီး နောက် “ ဟိုချုံ ဒီချုံ မန်ကျည်းချုံဟေ့ ”  ဟု တိုင်ပေးလိုက်ရာ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် က “ ငါးမျိုးစုံတဲ့ ဒေါင်းစိန် ချုံဗျ ” ဟု သံပြိုင် လိုက်ပေးကြ၏ ။ သို့ဖြင့် အတိုင်အဖောက် ညီစွာ အော်ဟစ် ဆူညံသွားကြရာ ကိုဒေါင်းစိန် တို့ အိမ်ဆိပ် ရောက်မှ ရပ်လိုက်ကြ၏ ။


သူတို့သည် ကိုဒေါင်းစိန် ၏ အိမ်အနီး မြေကွက်လပ် တွင် ယင်းများကို ခင်းပြီးနောက် လှေ ထဲမှ ငါးများကို ခြင်းများနှင့် သယ်တင်ကာ ထို ယင်းပေါ်သို့ လောင်းချကြ၏ ။ ကိုလေးဖိုးကွန့် ၏ မိန်းမ မပြားကြီး နှင့် ကိုလူမောင် ၏ မိန်းမ မဖွားသက် တို့လည်း ရောက်လာကြကာ မယ်စိန် နှင့် အတူ ယင်း ပေါ်မှ ငါးများကို သူ့ အမျိုးအစား နှင့်သူ သီးသန့်ခွဲခြား ရွေးထုတ်နေကြ၏ ။ ကူညီလုပ်ကိုင်သူ များလှ သဖြင့် မမှောင်မီပင် လှေဝမ်း ထဲမှ ငါးများအားလုံး သယ်တင်ပြီး ဖြစ်ရုံမျှမက သူ့အမျိုးအစား နှင့်သူ လည်း ခွဲခြား ရွေးထုတ်ပြီး ဖြစ်နေ၏ ။


ဤအချိန်တွင် ငါးများ ကို ကုန်လုပ်ပြီး ရောင်းချကြမည့် ကုန်သည်ကလေး နှစ်ဦး ရောက်လာကြကာ ဤ ငါးများကို ရောင်းမည်လော ဟု လာမေးကြ၏ ။ မယ်စိန် က ငါးကျည်းများ ကို သူ့ ဟာ သူ ကျပ်တိုက် ပြီး ငါးကျည်းခြောက် ဖြစ်မှ ရောင်းမည် ။ ကောင်သေးငါးများ ကိုလည်း သူ့ ဟာသူ ငါးပိ လုပ်၍ ငါးပိ ဖြစ် မှ ရောင်းမည် ။ ကျန်ရှိသည့် ငါးပတ် ၊ ဒိုး ၊ ခေါင်းဖြတ် နှင့် ချောမီးနီများကိုမူ ငါးစိမ်း အတိုင်း ရောင်း မည်ဟု ကြေညာ လိုက်၏ ။


ဤအချိန်တွင် ကုန်သည်ကလေး နှစ်ဦးသည် အပြိုင်အတိုင် ဈေးပိုတင်ပြီး သူ့ ထက်ငါ ကောင်းလုဝယ် ကြရ မယ်စိန် တို့ ခန့်မှန်းသည့် ဈေးထက် ပို၍ ရ၏ ။ ငါးပတ် မှာ ၇၅ိ ဈေး ။ ဒိုးခေါင်းဖြတ် ချောမီးနီများ မှာ ၆၅ိ ဈေး အထိ ရရှိလိုက်၏ ။ ပေါက်ဈေး ၇၀ ကျပ်နှင့် ၆၀ ကျပ် ဈေးသာရှိရာ အချိန် တစ်ရာကို ငါးကျပ် ပို၍ ရလိုက်၏ ။ သူတို့သည် ရာဇူကို ဆင်ကာ ချိန်ပေးပြီး ငွေ ရှင်း ယူလိုက်ကြသည် ။ ငါးဖယ်များ ကိုမူ ငါးစိမ်းသည်မကြီး မမယ်ရင် အား ချိန် ရောင်းလိုက်ကြသည် ။


မယ်စိန် ကား ကိုဒေါင်းစိန် တစ်နေ့လုံး ပင်ပန်းထားသည် ကို သိ၍ ကျန်ရှိနေသော ငါးရံ့ ၊ ငါးကျည်း နှင့် ကေင်သေးငါးများကို သူ့ ဟာသူ လုပ်တော့မည် ။ ကိုဒေါင်းစိန်  အနားယူ လိုက ယူ ဟု ခွင့်ပြု လိုက်၏ ။ ထို့ကြောင့် ကိုဒေါင်းစိန် သည် အိမ်ပေါ်သို့ တက်လာကာ အိပ်ရာထဲ ထိုးလှဲလိုက်၏ ။ အိပ်ရာထဲတွင် လှဲနေရင်းမှ သူ့ လုပ်ငန်း၏ အကျိုးအမြတ်ကို တွက်ကြည့်၏ ။ သူ ချုံချရန် မန်ကျည်းပင်ငယ် ငွေအစိတ် ၊ မန်ကျည်းပင် ကို လှည်းရ ၊ ဖြတ်ရ ၊ ချုံချမည့် နေရာသို့ သယ်ရသည့် အတွက် လူငှားခ က ငွေငါးကျပ် ၊ ပေါင်းသုံးဆယ် ။


လယ်သမားတွေက တရားစွဲလို့ အစိုးရကို ဒဏ်ငွေ ဆောင်ရတာက သုံးဆယ်ဆိုတော့ ပေါင်း ခြောက်ဆယ် ။ ကိုပေါက်တူး ရဲ့ ဂုန်နီပိုက်ငှားခ တစ်ဆယ့်ငါးကျပ် ထပ် ထည့်လိုက်တေ့ ၊ ခုနစ်ဆယ့်ငါးကျပ် ဖြစ်ရော ။ ရေငုပ်သမား နှစ်ဦးအား ပေးရသည့် ငွေလေးကျပ် နှင့် အရက်ဖိုး ကုန်ကျငွေများပါ ထည့်လိုက်ဦး ၊ အားလုံး အရင်းငွေ တစ်ရာ ထက် ပိုမကုန်နိုင် ။ ယခု သူ့ချုံမှ ငွေနှစ်ရာခန့် ရရှိမည်ဟု ခန့်မှန်းနိုင်ပြီ ဖြစ်ရာ ငွေတစ်ရာ အသားတင် မြတ်မည် ။ ပြီးတော့ မပိတ်ဆို့ရသေးသော ချုံ နှစ်ချုံ ကျန်ရှိနေသေးရာ ဤချုံနှစ်ချုံ မှာလည်း အနည်းဆုံး အသားတင် ငွေတစ်ရာ့ငါးဆယ်တော့ ရဦးမည် ။ နောက်ပြီး ထင်းဆိုက်ရန် မန်ကျည်း တုံးများ ၊ မန်ကျည်းကိုင်းများ လည်း ရှိနေသေးရာ ဤဟာများလည်း မြတ်ကျန်ရစ်ဦးမည် ။ ပင်ပန်းရ ကျိုးတော့ဖြင့် နပ်တော့မည် ။ ဝမ်းမြောက်ခြင်းဖြင့် ပြုံးမိသည် ။

သူ့ အကျိုးအမြတ်ကို တိတိကျကျ ခန့်မှန်းနိုင်ပြီးသည် ၏ အခြားမဲ့၌ လူ့ စိတ်နှလုံးမှာ တည်ငြိမ်သွား၍ သူ့ အတွေးများလည်း ရပ်ဆိုင်းသွားကာ သူ့ မျက်လုံးများမှာလည်း မှေးငိုက်လာတော့၏ ။ အိမ် အပြင်မှ မယ်စိန် ၊ မဖွားသက် ၊ မပြားကြီး တို့၏ ငါးခုတ်သံ ၊ စကားပြောသံများကို ကြားရ တစ်ချက် ၊ မကြားရ တစ်ချက်ဖြင့် မျောက်မျဉ်း အိပ်ပျော် နေရာမှ နောက်ဆုံး လုံး၀ မကြားရတော့သည့် တိုင် အိပ်မောကျသွားလေတော့သည် ။


ကိုဒေါင်းစိန် ကား အိပ်မက် ထဲတွင် ဟက်ဟက်ပက်ပက် ရယ်မောကာ ပျော်ရွှင် မြူးထူးနေရှာလေသတည်း ဟု နိဂုံးချုပ် ကာ အဆုံးသ,တ်လိုက်က လွဲမှားနိုင်ပါမည်လော ။


◾ကြယ်နီ

📖 ဝတ္ထုတိုပေါင်းချုပ်

Nov 20, 2024 15:34

Thursday, July 11, 2024

မိုးဦးကျ


 

❝ မိုးဦးကျ ❞

ဝါဆိုလဆန်း ၁၃ ရက် ၏ နေ့လယ် အချိန် ဖြစ်သည် ။

မိုး က အုံ့ ၍ လေ က ထန်နေသည် ။ ရေဖွေးဖွေး ကွင်းပြင်ကြီး ထဲဝယ် လေသံ လှိုင်းသံ တို့ဖြင့် ဆူညံ နေသည် ။ စည်းလုံးမှုမရှိ၍ အထီးကျန် ဖြစ်နေသော ဗေဒါပင်ကလေးများ နှင့် အတွယ်အတာ ကင်းမဲ့နေသော ဒိုက်ဖောင်ကလေးများ မှာ လေနှင့် လှိုင်း ခေါ်ဆောင်ရာ နောက်သို့ ကောက်ကောက် ပါအောင် လိုက်နေသည် ။ မြေကြီးကို အမြစ်တွယ် လျက် ရှိသော ဒိုက်ပင်ကလေးများ နှင့် ဗေဒါပင်အုပ်ကြီးများ မှာ မူ ယိမ်းယိုင် လှုပ်ရှားလျက် ရှိသော်လည်း အနိုင်မခံ အရှုံးမပေးဘဲ ကြံ့ကြံ့ခိုင်ခိုင် တည်နေကြ၏ ။

ကိုဒေါင်းစိန် ၊ ကိုလူမောင် နှင့် ငါးထိုးသမား တစ်စု တို့သည် ဗေဒါပင်အုပ်ကြီးများ ကို အကာအကွယ် ယူ၍ လေ အငြိမ်ကို စောင့် နေကြ၏ ။ တစ်ခူးလပြည့်ကျော် တစ်ရက်နေ့ မှ စ၍ တော်သလင်းလပြည့်နေ့ အထိ ကွင်း ကို အစိုးရ ပိုင်သည် ဖြစ်ရာ “ အစိုးရ ပိုင်သည့် ရက်တွင် ဆင်းရဲသား များ သည် ဆောင်း တစ်လုံး ၊ မှိန်း တစ်လက် ၊ ငါးမျှားတံ တစ်ချောင်း ဖြင့် ကွင်းထဲ၌ ရှာဖွေ စားသောက် နိုင်၏ ” ဟူသော အစိုးရမင်းများ ၏ ကြီးမားသော မဟာကရုဏာ နှင့် ခွင့်ပြုပေးသနားတော်မူသော ခြွင်းချက် အရ သူတို့ သည် မှိန်းတစ်လက် ဖြင့် ငါး ထိုးရန် ကွင်းထဲ သို့ ရောက်ရှိ လာကြရာ လေထန်သည် နှင့် ကြုံနေ၍ ဗေဒါပင်အုပ် ကို အကာအကွယ်ယူကာ လေအငြိမ် ကို စောင့်နေကြခြင်း ဖြစ်သည် ။

သူတို့ သည် ငါး ကို မျက်မြင် ထိုးရသည် မဟုတ်ဘဲ ရေအောက် ၌ လှုပ်ရှားသွားလာလျက် ရှိသော ငါးများ ၏ အရိပ်အခြည် ကို ရေပေါ်တွင် တစ်ထွာခန့် ၊ တစ်တောင်ခန့်မြင့်တက်နေသော ဒိုက်ပင်များ ၏ လှုပ်ရှားခြင်းဖြင့် စူးစမ်း ကြည့်ရှုကာ ထိုးရသည်ဖြစ်၍ လေရော ရေပါ ငြိမ်သက်ပါမှ ဖြစ်နိုင်ပေမည် ။

ငါး ထိုးရာ၌ “ မြက်တိုး ” ၊ “ မြက်ကိုက် ” ဟူ၍ နှစ်မျိုးရှိ၏ ။ ကမ်းဘက် နီး၍ ရေတိမ်သော နေရာ၌ မြက်တိုးငါး ကို ထိုး ရ၍ ၊ ကွင်းလယ် ကျပြီး ရေနက်သော နေရာတွင်မူ မြက်ကိုက်ငါး ကို ထိုးရ၏ ။ မြက်တိုးငါး ဆိုသည်မှာ မြက်ပင်များ စု၍ ပေါက်ပွား နေသော ရေ ၏ အောက်ခြေ မှ ငါး သည် တိုးဝှေ့ ဖြတ်ကျော် သွားလျှင် ရေပေါ်မြင့်တက် နေသော မြက်ပင်များ မှာ လှုပ်လှုပ်ရှားရှားဖြစ်သွား၍ ၊ ငါး တိုးဝှေ့ ဖြတ်ကျော်သွား ရာ လမ်းကြောင်းတစ်လျှောက် တစ်ဖက် တစ်ချက် ကွဲကွာ သွားသည် ။ ဒါကို ကြည့်ပြီး ရေအောက် ရှိ ငါး သည် မြက်ပင်များ ထဲ တွင် တိုးဝှေ့ နေကြောင်း သိ ရကာ မှန်းဆ ထိုးရသည် ။ ကွင်းလယ် ၌ မူ ငါး သည် ဒိုက်ပင်ကလေးများ ၊ ကန်စွန်းဖောင်များ ၊ ကညွတ်ပင်များ ကို လိုက် ကိုက်စားသောက်တတ်သည် ဖြစ်ရာ ဤသို့ ကိုက်သည့် အတွက် လှုပ်ယမ်းနေသော ဒိုက်ပင် များ ၊ ကန်စွန်းဖောင်များ ၊ ကညွတ်ပင်များ ကို ကြည့်ကာ မှန်းဆ ထိုးရသည် ။ ဒါကိုတော့ မြက်ကိုက်ငါး ဟု ခေါ်ကြ၏ ။

ယခု သူတို့ သည် မြက်ကိုက်ငါး ကို ထိုးရန် ရေနက်သော ကွင်းလယ် သို့ ထွက်ခဲ့ရာ လေထန်နေသည် နှင့် ကြုံ နေ၍ ဗေဒါပင်အုပ် အကွယ် ၌ ရပ်နားကာ လေအငြိမ် ကို စောင့်ရင်း စကားဝိုင်း ဖွဲ့နေကြ၏ ။

“ တောက် .... ငါးရစ် က ရလိုက်တဲ့ ငွေသုံးရာ နဲ့ ဖွားသက် ကို တင့်တင့်တယ်တယ် ယူနိုင်ပြီဟေ့ ဆိုပြီး စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံး ၊ ဖျာက စပြီး အိုးခွက်ပန်းကန် ပါ မကျန် အသစ် ထူထောင် လိုက်ရတာ ငွေ တစ်ရာကျော် လောက် ကုန်သွားတယ်ကွ ၊ ဒါနဲ့တောင် တင့်တင့် တယ်တယ်မဖြစ်ဘဲ ခိုးယူရတဲ့ ဘဝ ရောက်ခဲ့ရတယ် ၊ တို့ ချစ်ကံ ဟာ အဲဒီ အထိ ခေတာကွ ”

ကိုလူမောင် က ဆူညံလျက် ရှိသော လှိုင်းသံလေသံ ကို လွှမ်းမိုးသွားအောင် အသံ ခပ်ကျယ် ကျယ် ဖြင့် ပြောဆိုလိုက်၏ ။ ကိုလူမောင် ၏ လှေပဲ့ကိုင် အဖြစ် လိုက်ပါလာသော မဖွားသက် က မူ ဤအတွက် မည်သို့မျှ ဝမ်းမနည်း သလို မျက်နှာပေး ဖြင့် ကိုလူမောင် အား လှမ်းကြည့်လိုက်ကာ

“ အို ... တော် ၊ ဘယ်လိုပဲ ယူရယူရ ပေါင်းရတာသာ ပဓာန ပါ ၊ တစ်ခုတော့ ရှိသပေါ့လေ ၊ ကလေး မဟုတ် သူငယ် မဟုတ် နဲ့ ခိုးရာလိုက် ပြေးရတယ် ဆိုတဲ့ အဖြစ်မျိုး က တော့ ဘယ်ကောင်းမလဲ ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲလေ ၊ ကိုယ်ရေးကြုံတော့ သက်လုံကောင်းရမှာကိုး ၊ နို့မဟုတ်ရင် ဝါဝင်သွားမှာ တော့် ”

ကိုဒေါင်းစိန် နှင့် ငါးထိုးသမားများ ကား ကိုယ့် ဘဝ ကိုယ် ကျေနပ် ကြည်နူး နေသော ညားခါစ ဇနီးမောင်နှံ အား သာ ပြုံး ကြည့်နေကြ၏ ။ ကိုဒေါင်းစိန် ကတော့ ငဲ့ကွက်စရာ သံယောဇဉ် မရှိ၍ ထင်တိုင်းကြဲနေသော ကိုလူမောင် တစ်ယောက် ယခု ကဲ့သို့ သား နှင့်မယား နှင့် အတည်တကျ ဖြစ်သွားသည့် အတွက် အတော်ပင် ဝမ်းမြောက်နေ၏ ။ သို့သော် တင့်တင့်တယ်တယ် ဖြစ်အောင် စီမံထားသမျှ အလဟဿ ဖြစ်ရသည့် အတွက်လည်း တစ်ဖက် မှ စိတ်မကောင်း ဖြစ်လိုက်ရသေး၏ ။

မယ်စိန် ဓနုဖြူ သို့ အဝယ်အခြမ်းထွက်စဉ် က ကိုလူမောင် သည် သူတို့ မင်္ဂလာ ကိစ္စ အတွက် ရည်မှန်း၍ စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံး စသော ပစ္စည်းများတစ်ပါတည်း မှာကြားလိုက်၏ ။ မယ်စိန် ဓနုဖြူ မှ ပစ္စည်းများဝယ်ခြမ်း ပြီး ၍ ပြန် ရောက်လာသောအခါ လိုလူမောင် သည် မပြားကြီး နှင့် တကွ အခြားသူ နှင့်ရင်းနှီးသော မိန်းမကြီး အချို့ ကို မဖွားသက် ၏ အစ်မကြီး ဖြစ်သူ မဖွားခက် ထံ သို့ စေလွှတ်ကြောင်းလမ်း ခိုင်း၏ ။ မဖွားသက် ၌ မိဘ မရှိသောကြောင့် အစ်မကြီး ကို အမိအရာ ထား၍ ကြောင်းလမ်း ခိုင်းရခြင်းဖြစ်သည် ။

သို့သော် မဖွားသက် ၏ အစ်မကြီး မဖွားခက် မှာ မာနကြီးသလောက် ဇီဇာကြောင် သော သဝန်တို အပျိုကြီး တစ်ဦး ဖြစ်၍ ကြောင်းလမ်းချက် ကို လက်မခံရုံသာမက မဖွားသက် ကို လည်း လင်သေတာ မကြာသေးဘဲ နှင့် ဤမျှလောက် နန့်ရမည်လော ဟု ဆူပူကြိမ်မောင်း ကာ ကော့ကော် ကံကား လုပ်လိုက် သဖြင့် မပြားကြီး တို့ မှာ ဆက် မပြောသာဘဲ အောင်မြင်စွာ ဆုတ်ခွာ ခဲ့ကြရ၏ ။

မဖွားသက် ကား အပျိုကြီး မဖွားခက် ၏ ဩဇာ ကို ငယ်စဉ် က ပင် နာခံခဲ့ရသူ ဖြစ်သောကြောင့် သူမ ၏ သြဇာအာဏာ ကို အတိအလင်း တော်လှန်ရဲသူ မဟုတ်ပေ ။

ဝါဝင် သွားမည် ကို စိုးရိမ်နေသော ကိုလူမောင် ကား ကြာရှည်စွာ ဆိုင်းငံ့ မနေတော့ဘဲ  ထိုညတွင် ပင် သွား ခိုး၏ ။ မဖွားသက်  က လည်း အလွယ်တကူ ပင် လိုက်လာခဲ့သည် ။ သို့သော် တစ်အိမ်စီ နေသော အပျိုကြီး မဖွားခက် သိသွားသည့် အခါ၌ကား ကိုလူမောင် အိမ်ရှေ့ သို့ လာရောက် ကာ ရုန့်ရင်း ကြမ်းတမ်းသော စကားလုံးများ ဖြင့် ခုနစ်သံ ချီ ၍ ဆဲဆိုရေရွတ် နေတော့၏ ။ ကိုလူမောင် နှင့် မဖွားသက် တို့ကား မကြားသလို တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်သက် နေကြ၏ ။

အရပ်လူကြီးများ တောင်းပန် ၍ လည်း မရ ၊ မပြီးနိုင် မဆုံးနိုင်အောင် လေရှည် ဆွဲ၍ ဆဲဆိုနေသဖြင့် နောက်ဆုံးတွင် ကိုလူမောင် က အိမ် ပေါ် မှ ဆင်း၍ “ ခင်ဗျား သူတစ်ပါး အချစ် ကို ကဖျက် ယဖျက် လုပ်တတ် လို့ ခင်ဗျား လည်း အခုထိ လင် မရနိုင်ဘဲ အပျိုကြီး ဖြစ်နေရတာပဲ ။ ခင်ဗျား ဟာ ဟို ဖတ်စာအုပ် ထဲ မှာပါတဲ့ အမြီးပြတ် တဲ့ မြေခွေး လို ခင်ဗျား လင် မရနိုင်တာ နဲ့ တခြား လူတွေ ကို ပါ မနာလိုမရှုဆိတ် ဖြစ်ပြီး လင် မရအောင် လိုက် ရှုပ်နေတယ် ။ စိတ်ချပါ ၊ ခင်ဗျားလို ဇီဇာကြောင် တဲ့ အပျိုကြီး မျိုးတော့ သေတဲ့ အထိ လင် မရဘဲ ငှက်ပျောတုံး ဖက်သေရမှာပါ ” ဟု ဝင် ပြောလိုက်ရာ အိမ် အနီးအနား မှ လူငယ်များ ပွဲကျ သွားသလောက် သနားစရာ ကောင်းလှသော မဖွားခက် မှာ မင်းသမီး ကင်း ကိုက်လိုက်သလို ၊ သို့မဟုတ် အိမ်မြှောင် အမြီး ပြတ်သလို ၊ ဒါမှမဟုတ် သူတို့ အင်းသူအင်းသားများ ဥပမာပေးသလို ဆိုလျှင် ငါးပြေမ ဆားနှင့် ပက်သလို  ထိုးထိုးထွန့်ထွန့်ဖြစ် သွားပြီး သူမ ၏ နှုတ် မှ ဖရုဿဝါစာများ မှာ လည်း စက်သေနတ်နှင့် ပစ်လိုက် သလို အဆက်မပြတ် ထွက် လာတော့၏ ။

နောက်ဆုံး တွင် သူကြီးမင်း ကိုယ်တိုင် လာရောက်၍ အာဏာ နှင့် တားမြစ် မှ သူမ ရပ်နား တော့၏ ။ ကိုလူမောင် ကား သူ့ချစ်သူ မဖွားသက် အား ခန်းဝင်ပစ္စည်း အသင့်အတင့် နှင့် တင့်တင့် တယ်တယ် တင်တောင်းနိုင်ပါလျက် မဖွားခက် ဝင်ရှုပ်သည့် အတွက် ကျော် မကောင်း ကြား မကောင်း ဖြစ်ခဲ့ရ၏ ။ သို့သော် ဘာပဲဖြစ်ဖြစ် ကိုလူမောင် ကား သား နှင့် မယား နှင့် အတည်တကျ ဖြစ်နေ လေပြီ ။ ဟုတ်သည် ၊ မဖွားသက် ၌ ခြောက်နှစ်သား ကလေး တစ်ယောက် အဆစ် ပါလာသေးသည် မဟုတ်လော ။

ကိုဒေါင်းစိန် သည် ကိုလူမောင်တို့ အတွဲ ကို ကြည့်ရင်း ပြုံးလိုက်ပြန်၏ ။ နောက် သူသည် သူနှင့် အတော်ဝေးဝေးရှိ တစ်ဖက်ကွင်းပြင်ဆီသို့ မျှော်မှန်း၍ ကြည့်လိုက်၏ ။ သို့သော် မယ်စိန်တို့ ငါးသံချိတ်များသူတစ်စုအား အရိပ်အယောင် မျှပင် မတွေ့ရပေ ။ လေပြင်း၍ လှိုင်းထန် နေ သဖြင့် တစ်နေရာရာ၌ တွယ်ကပ်ရပ်နား နေပြီဟု ယူဆလိုက်၏ ။ ကိုလူမောင် ကား သူ့ မိန်းမ မဖွားသက် ကို လှေပဲ့ကိုင် အဖြစ် ခေါ်လာနိုင်သော်လည်း သူ့ မှာတော့ မယ်စိန် ကို ခေါ်မလာနိုင် ။ သူလည်း တစ်ဖက်တစ်လမ်းမှ ငါးသံချိတ်များမည် ဟု ဆိုသောကြောင့် သူ့ သား ဒီလုံး ကိုသာ လှေပဲ့ကိုင် အဖြစ် ခေါ်ခဲ့ရ၏ ။

“ ဗျိုး ....ကိုလူမောင် ၊ အခု ဒီက မြော့ ကွင်း ထဲက ငါး ဟာ ဘယ်က ပြောင်းလာတာ မှတ်သလဲ ။ သံလွင်ငုပ်တိုကွင်း က ပြောင်းလာတာဗျ ၊ ပထမ ကျုပ်တို့ စ ထိုးတုန်းက စံကပင်ကွင်း မှာ ၊ နောက် မှိန်း ပူတော့ ( ငါးထိုးသမားများ က အဆက်မပြတ် လိုက် ထိုးနေသည့် အတွက် ဟု ဆိုလို သည် ) ငါးအုပ် ဟာ ပေါက်ဒိန်းကွင်း ကို ပြောင်းသွားတယ် ၊ တစ်ခါ ပေါက်ဒိန်းကွင်း မှာ နှစ်ရက် လောက် လည်း ထိုးပြီး ရော သံလွင်ငုပ်တိုကွင်း ကို ရောက်သွားပြန်ရောဗျ ၊ သံလွင်ငုပ်တို မှာ သုံးရက်လောက် ကြာပြီး ပျောက်သွား ပြန်ရော ၊ ပထမတော့ ကျုပ်တို့ လည်း ဟိုလိုက် ဒီလိုက်နဲ့ နောက်ယောင်ခံပြီး လိုက်တာ ဘယ်မှာ မှ မတွေ့ဘဲ မျက်ခြည်ပြတ် သွားတယ် ၊ အင့်ဟင်း ဒီ ငါးတွေ ဘယ်ရောက်ကုန်ပါလိမ့်လို့ အတွေးရ ကျပ် နေတာ လက်စသတ်တော့ ကိုယ်တော် မြတ်တွေ က ဒီ ကမော့ကွင်း ထဲ ရောက်နေတာကိုး ၊ ကျုပ် လည်း မနေ့က မှ သိရတယ် ”

ကွင်းမြုပ် ကတည်း က ပင် ငါးလိုက်ထိုး နေသော လူငယ်တစ်ဦးက ယနေ့မှ ငါး စထိုးမည် ဖြစ်သော ကိုလူမောင် နှင့် ကိုဒေါင်းစိန် အား ရှင်းပြလိုက်ခြင်းဖြစ်သည် ။ ဟုတ်သည် ၊ ငါးများကား ငါးထိုးသူ မှိန်းသမားများ၏ ရန်ကို ကြောက် ၍ တစ်ကွင်းတစ်ကွင်း ၌ ကြာရှည် မနေဘဲ ခဏခဏ ကွင်းပြောင်းတတ်သည် ။ ငါးထိုးသူ မှိန်းသမားများ ကလည်း သားကောင်ကို ခြေရာခံ လိုက်နေသော မုဆိုးကဲ့သို့ ရေ၏ အနေအထား ၊ ဒိုက်ပင်များ ၏ အနေအထား ကို ကြည့်ရှုမှတ်သား ကာ မတွေ့ တွေ့အောင် နောက်ယောင်ခံ လိုက်သည် ။ ဤကဲ့သို့ ခဲရာခဲဆစ် လိုက် ထိုးရသည့် အချက် ကိုပင် သူတို့အား ငါးထိုးခြင်း၌ ပို၍ စိတ်ဝင်စား စေသည် ။ တစ်ခါတစ်ရံ ငါးအုပ်များ သည် သူတို့နှင့် အလှမ်းဝေးဝေး နေရာသို့ ပြောင်းပြေးတတ်သည် ဖြစ်ရာ ၊ သူတို့ မျက်ခြည်ပြတ် ကျန်ရစ်ခဲ့သည့် အခါနှင့် လည်း ကြုံရလေသည် ။ သို့သော် နောက်ဆုံးတွင် သူတို့ ၏ စိတ် ၊ ဇွဲနှင့် သူတို့ ၏ ကျွမ်းကျင်မှုကြောင့် ငါးအုပ် ရှိသည့်ကွင်း ကို ရှာဖွေတွေ့ ရှိသည် ချည်း ဖြစ်၏ ။

နောက် တစ်ယောက် တစ်ပေါက်ဖြင့် ငါးများ မြက်ကိုက်ပုံကို ပြောဆို နေကြပြန်၏ ။ ဒိုက်ပင် ကို ငါးကိုက်ရာ၌ ငါးမြစ်ချင်း က ဘယ်လိုကိုက်သည် ၊ ငါးကြင်း က ဘယ်လိုကိုက်သည် ။ ငါးသိုင်း က ဘယ်လိုကိုက်သည် ၊ ဘယ်ငါး ဘယ်ငါး က အကိုက်ကြမ်း၍ ၊ ဘယ်ငါး ဘယ်ငါး က အကိုက်ယဉ်သည် စသည်ဖြင့် ပြောဆို နေကြရာမှ တစ်ချီ တစ်ချီတွင်လည်း တစ်ယောက် နှင့် တစ်ယောက် အငြင်းပွား နေလိုက်ကြသေး၏ ။

အတော်ကလေး ကြာသောအခါ လေငြိမ် သွားပြီ ဖြစ်သဖြင့် လှေအုပ်ကို လည်း ခွဲထွက် ခဲ့ကြတော့၏ ။ ကိုဒေါင်းစိန်သည် ပဲ့ကိုင်ဒီလုံး အား သူတို့ နှင့် မနီးမဝေးရှိ ဒိုက်ပင်များ ထူထပ်ပေါများ သော နေရာသို့ လှော်ရန် ညွှန်ကြားလိုက်ပြီး သူ ကိုယ်တိုင်လည်း လှေဦး မှ မတ်တတ်ရပ်ကာ လှော်လေ၏ ။ ဒိုက်ပင်များအနီးသို့ ရောက်သောအခါ လှေကို ရေသံ မကြားအောင် တဖြည်းဖြည်းနှင့် ကျိတ်၍ လှော်ရန် အချက်ပေး လိုက်ပြီးနောက် သူကိုယ်တိုင်ကတော့ ရေပေါ်၌ တစ်ထွာခန့် မြင့်တက်နေသော ဒိုက်ပင်ကလေးများ အား လျင်မြန်ဖျတ်လတ်သော မျက်လုံးအစုံ ဖြင့် လွှမ်းခြုံ ကြည့်ရှုနေ၏ ။

လှေကား ရေသံ မကြားရအောင်ပင် ညင်သာစွာ ရွေ့လျားနေ၏ ။ လေငြိမ် နေသဖြင့် ပတ်ဝန်းကျင် မှ ဒိုက်ပင်ကလေးများမှာ လည်း လုံးဝ လှုပ်ရှားခြင်း မရှိဘဲ ပကတိ ငြိမ်သက်နေ၏ ။ ကိုဒေါင်းစိန် ၏ စူးရှသော မျက်လုံးအစုံ မှာ ဤ ငြိမ်သက်နေသော ဒိုက်ပင်များအပေါ်ဝယ် လွှမ်းခြုံ ကျက်စားကာ လှုပ်ရှားလျက် ရှိသော ဒိုက်ပင်ကို ရှာဖွေနေ၏ ။ အရှေ့မှသည် အနောက်သို့ အစုန်အဆန် အပြန်အလှန် ၊ တစ်နေရာတွင် သူ့မျက်လုံးသည် တန့်သွား၍ သူ့ ရင်ထဲ၌လည်း ဖိုခနဲ ဖြစ်သွား၏ ။ အလို ... အို ... သည်မှာ ဟောလေဗျာ ကြည့်စမ်းပါ ။ သူ့ ရှေ့ ၁၀ ကိုက်ခန့် အကွာရှိ ဒိုက်ပင် တစ်ပင်မှာ လှုပ်ယမ်း နေသည် မဟုတ်လား ။

ကိုဒေါင်းစိန် ၏ ပျံ့လွင့်နေသော စိတ်အာရုံ မှာ လည်း တန့်ခနဲ ရပ်သွားကာ သူ့ မျက်စိ စူးစိုက်ရာ ဒိုက်ပင် ၌ သာ တစ်ချက်တည်း တည်ငြိမ်သွား၏ ။ သူ့ နှလုံးမှာလည်း အခုန်ရပ်ဆိုင်း သွား၏ ။ အသက်ကိုပင် မရှူမိဘဲ အောင့်ထားလိုက်မိသည် ဖြစ်၍ အသက်ရှူပင် မှားသွား၏ ။ တကယ်ဆိုတော့ လှုပ်ယမ်းလျက်ရှိသော ဒိုက်ပင်ကလေး ဝယ် ပြင်းထန်သော ဇောဖြင့် စူးစူးစိုက်စိုက် အာရုံဝင်စားလိုက်ခြင်း၏ လက္ခဏာရပ်များသာ ဖြစ်သည် ။

နောက် သူသည် ဒိုက်ပင် မှ မျက်လုံးကို မခွာဘဲ “ ကျွတ် ... ကျွတ် ” ဟူ၍ စုတ်သပ်ကာ ဒီလုံး အား လက်ဝါးကာ ပြလိုက်၏ ။ သဘော မှာ ဒိုက်ပင် ကို ကိုက်နေသော ငါး ကို တွေ့ပြီ ၊ လှေလှော် ရပ်လိုက်တဲ့ အချက်ပေးလိုက်ခြင်းဖြစ်သည် ။ အရိပ် ပြလျှင် အကောင် ထင်အောင် လျင်ပြီးသား ဖြစ်နေ သော ဒီလုံး ကလည်း လှေ ကို ရေသံ မကြားအောင် အရှိန်သတ်၍ ရပ်လိုက်၏ ။ ကိုဒေါင်းစိန် သည် လှေကန့် ပေါ် တွင် တက်ချလျှင် အသံမမြည်အောင် ခံထားသော ကန်စွန်းစည်းပေါ်သို့ တက်ကို အသာအယာ ချလိုက်၏ ။ တစ်ဆက်တည်း လှေကန့်ပေါ်မှ ကန်စွန်းစည်း ပေါ် တွင်ပင် တင်ထား သော “ ဆောင်ပုံ ” ကို လှမ်း ယူလိုက်၏ ။ “ ဆောင်ပုံ ” ဆိုသည်ကား အရင်း သိမ်၍ အဖျားတွင် ကားတက်သွားသော မှိန်းသွား ၆ ချောင်း ၊ တချို့လည်း ၇ ချောင်း ကို ခွ၍ တပ်ထားသော ငါးထိုးသည့် လက်နက်ကိရိယာပင် ဖြစ်သည် ။

ဒိုက်ပင် လှုပ်ယမ်းပုံ မှာ တစ်ဖက်စောင်းလှုပ်ယမ်းခြင်း ၊ သို့မဟုတ် ရှေ့တိုးနောက်ငင် လှုပ်ယမ်းခြင်းမျိုး မဟုတ်ဘဲ ဆန်ကောဝိုင်း ဝှေ့ယမ်းနေခြင်း ဖြစ်၍ ဒိုက်ပင်ပတ်လည်ရှိ ရေမှာလည်း ဝဲကတော့ ထိုးနေ၏ ။ ဒါကို ထောက်၍ ရေအောက်ရှိ ငါးသည် “ ငါးအုံတုံ ” ဖြစ်ကြောင်း သူသိနိုင်သည် ။ အကြောင်းကတော့ သည်လို ငါးမျိုးသည် အမြီး ကို အပေါ် ထောင်ကာ ခေါင်းအောက် စိုက်ပြီး ဒိုက်ပင် ကို ဇောက်ထိုး တွယ်ကပ်၍ ဒိုက်ပင်ပတ်လည်တစ်လျှောက် လှည့်လည် ကိုက်ဖြတ် စားသောက် တတ်သည် ။ ထို့ကြောင့်ပင် ဒိုက်ပင် ကို ပတ်လည်လှည့်ရာ၌ သူ့အမြီးဖြင့် ယက်လိုက် သော ရေသည် ရေမျက်နှာပြင်ပေါ် ၌ ဝဲကတော့ ထိုး နေပြီး ဒိုက်ပင်မှာ လည်း ဆန်ကောဝိုင်း ဝှေ့ယမ်း နေခြင်းဖြစ်သည် ။

သူ သည် ငါးကို ထိုးရန် အနည်းငယ် ဝေးနေသေးသဖြင့် “ ဆောင်ပုံ ” ဖြင့် ရှေ့သို့ ဆတ်ခနဲ ဆတ်ခနဲ နှစ်ချက်သုံးချက်လောက် ပြလိုက်၏ ။ ဒါက အနည်းငယ် ဝေးနေသေးသည် ၊ ရှေ့ကို နည်းနည်း ဆက်လှော်ဟု ပဲ့ကိုင်ဒီလုံး အား အချက်ပေးလိုက်သော သဘောဖြစ်သည် ။ သည်လို အချိန်အခါမျိုး ၌ နှုတ်မှ ထုတ်ဖော် ပြောကြားလျှင် ငါးလန့်ပြီး ပြေးမည် ဖြစ်၍ အချက်ပေး ပြောဆိုရ၏ ။

ကိုဒေါင်းစိန် ၏ အရိပ်အကဲ ကိုသာ မျက်ခြည်မပြတ် စောင့်ကြည့်နေသော ဒီလုံး ကလည်း ဆိုလိုရင်း အနက်အဓိပ္ပာယ် ကို နားလည်သည် ဖြစ်၍ ရေသံမကြားအောင် ရှေ့သို့ အနည်းငယ် လှော်ပေး လိုက်၏ ။ လက်လှမ်းမီလောက်သည့် နေရာသို့ ရောက်သောအခါ ကိုဒေါင်းစိန် သည် “ ဆောင်ပုံ ” ကို သေချာစွာ ချိန်၍ လက်လွှတ် ထိုးချလိုက်၏ ။

ကိုဒေါင်းစိန် ၏ နားသောတအာရုံ၌ “ ခွပ် ” ခနဲ မြည်သွားသော အသံ ကို ကြားလိုက်ရသည် ဟု ထင်မိ၏ ။ စင်စစ်အားဖြင့် ဝုန်းခနဲ ရေသံမှ တစ်ပါး အခြား မည်သည့် အသံမှ ထွက်ပေါ်လာခြင်း ကား မရှိပါ ။ သို့သော် စူးရှသော သူတို့ ၏ အာရုံဝယ် ငါး ကို ထိသည် မထိသည် ဟု ခွဲခြား နိုင်လောက်အောင် အသံ တစ်စုံတစ်ခု ကိုတော့ ကြားရမြဲဖြစ်သည် ။ ဤကဲ့သို့ “ ခွပ် ” ခနဲ မြည်သွား သော အသံကို ကြားရသလိုလို ရှိသည့်အခါတိုင်း ချက်ကောင်းဖြစ်သော ငါး ၏ ခေါင်းကို ထိတတ်သည် နှင့် ချည်းကြုံရသည် ဖြစ်၍ ယခုလည်း ခေါင်း ကို ပင် ထိမည်ဟု ယုံကြည်ထား၏ ။

ဟုတ်ပါသည် ၊ ရေပေါ်တွင် ပေါ်လျက်ရှိသော “ ဆောင်ပုံ ” လက်ကိုင်ရိုး ကိုကြည့်ပါ ။ အနည်းငယ်မျှ လှုပ်ယမ်းခြင်း မရှိဘဲ ငြိမ်နေ၏ ။ တကယ်လို့ အမြီးဖျားကလေး ခတ်ထိသွားသည် ဖြစ်စေ ၊ ဝမ်းပိုက်ဖျားကလေး ရှပ်ထိသွားသည် ဖြစ်စေ ၊ ပါးဟက်ဖျားကလေး ကို ကပ်ထိသွားသည် ဖြစ်စေ အထိ မနာသည့်အခါမျိုး၌ ငါးသည် ရုန်းကန်သည် ဖြစ်၍ “ ဆောင်ပုံ ” လက်ကိုင်ရိုး မှာလည်း လှုပ်ယမ်းနေတတ်သည် ။ ယခုတော့ ဆောင်ပုံလက်ကိုင်ရိုး မှာ အနည်းငယ်မျှပင် လှုပ်ယမ်းခြင်းမရှိပါ ။ သို့မဟုတ် လုံးဝ မထိ၍ လှုပ်ယမ်းခြင်း မရှိဟုလည်း ယူဆနိုင်ပါသည် ။ ဤယူဆချက်ကိုတော့ ကိုဒေါင်းစိန် လက်မခံနိုင်ပါ ။ သူ့ လက် ကို သူ ယုံပြီးဖြစ်သည် ။ သူ့ နားသောတ အာရုံ၌ လာ၍ ကြားသော “ ခွပ် ” ခနဲ အသံ ကို သူ သံသယကင်းသည် ။

သူ ငါးကို ထိုးပြီးသည်နှင့်တစ်ပြိုင်နက် ဒီလုံး က လှေ ကို “ ဆောင်ပုံ ” ရှိရာသို့ ခပ်သွက်သွက် လှော်ပို့ လိုက်သဖြင့် သူ သည် “ ဆောင်ပုံ ” လက်ကိုင်ရိုး ကို လက်နှင့် လှမ်းကိုင်ကာ အနည်းငယ် မ၍ ဆကြည့်၏ ။ ဟုတ်သည် ။ “ ဆောင်ပုံ ” သည် မူလအလေးချိန်ထက် ပို၍ လေးနေသဖြင့် မှိန်းသွား ခြောက်ချောင်းတွင် တစ်ချောင်းချောင်း၌ ငါး ကို မလှုပ်နိုင်အောင် ထိုးမိထားသည်မှာ သေချာပေပြီ ။

သူ “ ဆောင်ပုံ ” ကို ဆွဲဖော်လိုက်သောအခါ သူ ကြိုတင်တွက်ဆ ထား သလို ငါးအုံတုံ ပင် ဖြစ်၍ ခေါင်းကိုပင် ထိုးမိထားပါသည် ။ သူ သည် “ ဆောင်ပုံ ” မှ ငါး ကို ဖြုတ်၍ ဒီလုံး အား ရှေ့သို့ လှော်စေပြန်၏ ။ သူ ကိုယ်တိုင်ကတော့ မတ်တတ်ရပ်၍ ပတ်ဝန်းကျင် ရှိ ဒိုက်ပင်များ ကို လွှမ်းခြုံ စူးစမ်းရင်း လိုက်ပါလာ၏ ။ ၁၅ မိနစ် ၊ ဟော ... တွေ့ပြန်ပြီ ၊ လှုပ်ယမ်းနေသော ဒိုက်ပင်တစ်ပင် ။ သူ သည် ထုံးစံအတိုင်း “ ကျွတ် .. ကျွတ် ” ဟု စုတ်သပ်၍ လက်ဝါးကာပြလိုက်သဖြင့် ဒီလုံး ကလည်း လှေကို အရှိန်သတ်၍ ရပ်လိုက်၏ ။ သည်တစ်ခါတော့ ဒိုက်ပင် သည် တစ်ဖက်စောင်း လှုပ်ယမ်းခြင်းမျိုး ဖြစ်ပါသည် ။ ဒိုက်ပင်တစ်ဖက်သို့ ကိုင်းညွတ် သွားလိုက် ၊ မူလအတိုင်း ပြန် မတ်လာလိုက်ဖြင့် တစ်ဖက်စောင်း လှုပ်ယမ်း နေပါသည် ။ ဒါကိုထောက်၍ ရေအောက်ရှိ ငါးသည် ငါးမြစ်ချင်း နှင့် ငါးကြင်း တစ်ကောင်ကောင် ဖြစ်ရမည်ဟု သူ သိနိုင်ကာ ၊ ငါး သည် မှိန်းသမားများနှင့် တွေ့ကြုံဖူး၍ ပါးနပ်နေသော ငါး ဖြစ်ကြောင်းလည်း သူခွဲခြားသိရှိနိုင်ပါသည် ။ အကြောင်းမူကား သည်ငါးမြစ်ချင်း နှင့် ငါးကြင်း သည် ဒိုက်ပင် ကို တွယ်ကပ် တက်စီး၍ ဒိုက်ဖတ်ကလေးများ နှင့် ဒိုက်ပင်၌ တွယ်ကပ်နေသော ရေညှိကလေးများကို စားသောက်တတ်သည် ဖြစ်ရာ ၊ သူတို့ စီးလိုက်သော အရှိန်ကြောင့် ဒိုက်ပင်မှာလည်း တစ်ဖက်သို့ ယိုင်ဆင်းသွားရပြီး ပြန်ခွာလိုက်သောအခါ မူလအတိုင်း ပြန်မတ်လာခြင်းဖြင့် တစ်ဖက်စောင်း လှုပ်ယမ်းနေရခြင်း ဖြစ်သည် ။ မှိန်းသမား နှင့် မတွေ့ဖူးသော ငါး မှာ အရိုင်းဖြစ်၍ ဒိုက်ပင် ကို တစ်ရှိန်တည်း တွယ်ကပ်တက်စီး၍ ဒိုက်ပင် အောက်မှ အထက်တစ်လျှောက် တွယ်ကပ် နေသော ရေညှိများ ကို တစ်ဆက်တည်း စားတက်လာခြင်းဖြင့် ရေမျက်နှာပြင် အထက်နားသို့ ရောက်လေ အလေးချိန် အားကောင်းလေဖြစ်ပြီး ဒိုက်ပင်များ အလေးချိန်ကို မခံနိုင်ဘဲ ရေထဲသို့ နှစ်မြုပ်သွားရသည့်တိုင် ကိုင်းညွတ်သွားတတ်သော်လည်း ၊ မှိန်းသမား နှင့် ကြုံဖူး၍ ပါးနပ်သွားသော ငါး မှာကား ဒိုက်ပင် ကို စီး၍ စားလိုက် ၊ ပြန်ခွာလိုက်ဖြင့် အခြေအနေကို အကဲခတ်ရင်း စားသောက်တတ်သည်ဖြစ်ရာ ဒိုက်ပင် မှာလည်း ကိုင်းညွတ်သွားလိုက် ၊ ပြန်မတ်လာလိုက် ဖြစ်နေရသည် ။ ဒါကြောင့် သူ ခွဲခြား သိရှိနိုင်ခြင်းဖြစ်သည် ။

တစ်ချီတစ်ချီ တွင် ဒိုက်ပင် ဘေး၌ ရေပလုံစီကလေးများ တက်လာကာ ဒိုက်ဖတ် အစအနုကလေးများ လည်း ထို ရေပလုံစီကလေးများနှင့်အတူ ရေမျက်နှာပြင် ပေါ်သို့ ပေါ်တက် လာသည် ။ ဒါက ငါး သည် သူ့ပါးစပ်ဖြင့် ကိုက်ဖြတ်ပြီးသော ဒိုက်ဖတ် အစအနကလေးများအနက် သူ မနှစ်သက်သော ဒိုက်ဖတ်ကလေးများ ကိုပါ ပါးဟက် မှ ပြန်ထုတ်လိုက်ရာ ထိုထုတ်လိုက်သော လေ အရှိန်ဖြင့် ရေပလုံစီကလေးများ ဖြစ်သွားကာ ဒိုက်ဖတ်အစအနကလေးများနှင့်အတူ ရေပေါ်သို့ တက်လာရခြင်းဖြစ်သည် ။

သူ သည် ကျေနပ်စွာ ပြုံးလိုက်ကာ ငါးမြစ်ချင်း နှင့် ငါးကြင်း ခွဲခြားနိုင်ရန် အတွက် ဒိုက်ပင်ကို သေချာစွာ ကြည့်နေပြန်၏ ။ အရှိန်နှင့် စီးလိုက်၍ တစ်ဖက်သို့ ကိုင်းညွတ်သွားသော ဒိုက်ပင် မှာ လေးလေးနှင့်မှန်မှန်သာ လှုပ်ယမ်း၍ အချိန်အတော်ကြာသည့် တိုင်အောင် ငါး သည် ဤ ဒိုက်ပင် မှ မခွာသေးဘဲ ရှိသည့်အတွက် မုချ ငါးမြစ်ချင်း ဖြစ်ရမည်ဟု တွက်ဆလိုက်၏ ။ အကြောင်းမူကား ငါးမြစ်ချင်း မှာ ဤသို့ပင် လေးလေး နှင့် မှန်မှန်သာ ကိုက်လေ့ရှိ၍ ဒိုက်ပင် တစ်ပင်တည်း ၌လည်း အချိန်အတော်ကြာအောင် နေတတ်သည် ။ ငါးကြင်း မှာမူကား အရှိန် နှင့် စီးလိုက်၍ တစ်ဖက်သို့ ကိုင်းညွတ်သွားသော ဒိုက်ပင်သည် တဆတ်ဆတ် ယိမ်းထိုးလှုပ်ရှားနေ အောင် ခပ်ပျော့ပျော့ ခပ်သွက်သွက် ကိုက်တတ်၍ ဒိုက်ပင် တစ်ပင် တည်း၌ လည်း ကြာရှည် မနေဘဲ အခြားတစ်ပင်သို့ ကူးပြောင်း သွားတတ်သည် ။

ကိုဒေါင်းစိန် ကား ချက်ကောင်း ကို ထိုးနိုင်ရန် အခွင့်ကောင်း ကို ချောင်းနေ၏ ။ ယခု အချိန်တွင် ငါး သည် သူ့ဘေး ကို သူ စိုးရွံ့သဖြင့် ရေမျက်နှာပြင် အထက်နားသို့ ရောက်အောင် တက်မစားဘဲ ဒိုက်ပင်အောက်ခြေတွင် သာ တွယ်ကပ်၍ စားလိုက် ၊ ပြန်ခွာလိုက်ဖြင့် သွေးတိုးစမ်း နေသော်လည်း အတန်ကြာသောအခါ စိတ်ချလက်ချ ဖြစ်သွားပြီး ရေအောက်မှ တစ်ဆင့် ရေမျက်နှာ ပြင်အထက်နား အထိ တက်စားပေလိမ့်မည် ။ ရေနှင့် တစ်ထွာကွာလောက် ရောက်လာလျှင် သူ ထိုးဖို့ အချက်ကောင်းဖြစ်၍ ကိုင်းညွတ်လှုပ်ယမ်းနေသော ဒိုက်ပင်ကလေး ကိုသာ မျက်ခြည်မပြတ် ကြည့်နေရ၏ ။ ငါး သည် ရေမျက်နှာပြင်အထက် ဒိုက်ပင် အဖျားပိုင်းသို့ နီးကပ်လာလေလေ ၊ သူ တွယ်ကပ်တက်စီးထားသော အလေးချိန်မှာ ပိုလာလေလေ ဖြစ်သဖြင့် ဒိုက်ပင်အဖျားမှာလည်း တစ်ဖက်သို့ ပို၍ပို၍သာ ကျလာလေလေ ဖြစ်လာလိမ့်မည် ။ ထို့ကြောင့် ဒိုက်ပင် ကိုင်းညွတ်ခြင်း ၏ အနည်းအများ ကို ကြည့်၍ ရေအောက်ရှိ ငါး၏ ရေမျက်နှာပြင်နှင့် အကွာအဝေးကို သူ ခန့်မှန်းချင့်တွက်နိုင်သည် ဖြစ်ရာ ဒိုက်ပင် အဘယ်မျှလောက် အထိ ကိုင်းညွတ် မှ ငါး သည် သူ အလိုရှိသော ရေမျက်နှာပြင် နှင့် တစ်ထွာကွာခန့် ရောက်မည်ဆိုတာကိုလည်း သူ သေချာစွာ တိုင်းထွာတွက်ချက်နိုင်ပါသည် ။ လက်တွေ့မှ တတ်သိထားသော သင်္ချာပညာ ။

သိပ်မကြာပါ ၊ ငါး သည် စိတ်ချလက်ချ ဖြစ်သွားဟန်ဖြင့် ဒိုက်ပင်အောက်ခြေမှသည် ။ ဒိုက်ပင် အဖျားပိုင်းတစ်လျှောက် တွယ်ကပ်နေသော ရေညှိကလေးများ ကို စားတက်လာပြီ ဖြစ်ရာ  ဒိုက်ပင်အဖျား မှာလည်း ညိတ်ခနဲ ညိတ်ခနဲ ဖြင့် ပို၍ပို၍သာ ကိုင်းညွတ်ကျလာ၏ ။

လျှပ်တစ်ပြက် အချိန်အတွင်း သူ သည် သတိ အနေအထားဖြင့် “ ဆောင်ပုံ ” ကို အသင့် ချိန်ရွယ်ကာ ငါးသည် သူနှင့် “ ရင်ဆိုင် ” လား ၊ “ ကုပ်ပိုး ” လား ဟုလည်း လျင်မြန်စွာ စူးစမ်းလိုက် သေး၏ ။ ဒိုက်ပင် သည် သူ့ ဘက်သို့ ကိုင်းညွတ် ကျလာခြင်းဖြစ်ရာ ငါး သည် သူ့ကို မျက်နှာမူ၍ ရင်ဆိုင်တွယ်ကပ် တက်စီးကိုက်ဖြတ်ခြင်းကြောင့်သာ ဒိုက်ပင်သည် သူ့ ဘက်သို့ ကိုင်းညွတ်လာခြင်း ဖြစ်ကြောင်း သူ သိရသည် ။ အကယ်၍ သူ့ ကို ကျောပေး၍ ( ဝါ ) နောက်ခိုင်း (ဝါ) ကုပ်ပိုး တွယ်ကပ် စားသောက်လျှင် ဒိုက်ပင်သည် သူ့ဘက်သို့ မညွတ်ဘဲ အခြားတစ်ဖက်သို့သာ ညွတ်ကျသွားပေမည် ။

ရင်ဆိုင် ထိုးရမည်ဖြစ်ကြောင်း ကွဲပြားပြီး မရှေးမနှောင်းပင် တဖြည်းဖြည်း နှင့် တိုး၍ တိုး၍ ညွတ်ကျလာသော ဒိုက်ပင်၌ စူးစိုက်ထားသော သူ့ အာရုံဝယ် ငါး သည် ရေနှင့် တစ်ထွာ ကွာခန့် ရောက်လာပြီ ဟု ထင်လာသည်နှင့် တစ်ပြိုင်နက် ငါး ၏ ဝမ်းဗိုက်တည့်တည့်လောက်ဆီသို့ မှန်းဆကာ လက်လွှတ်ထိုးချလိုက်၏ ။ သို့သော် ထိုးခါနီးမှ လှေ အနည်းငယ် လှုပ်သွားသဖြင့် ဝမ်းဗိုက်တည့်တည့် ၌ မဟုတ်ဘဲ အနည်းငယ်စောင်းသွားကာ ဝမ်းဗိုက် ကိုရှပ်၍ ထိမည်ဟု သူ့ အာရုံက ချက်ချင်းသိလိုက်၏ ။ မမှားပါ ၊ “ ဆောင်ပုံ ” လက်ကိုင်ရိုးသည် အထိ မနာသော ငါး၏ ရုန်းကန်မှုကြောင့် သွက်သွက်ခါအောင် လှုပ်ယမ်းနေသည် မဟုတ်လား ။ 

ပဲ့ကိုင်ဒီလုံး တအားကျုံး လှော်၍ “ ဆောင်ပုံ ” လက်ကိုင်ရိုး ကို လက်လှမ်းမီသည်နှင့် တစ်ပြိုင်နက် လှမ်းကိုင်ကာ ရေအောက်မြေကြီး ဆီသို့ တအား ထိုးစိုက် ဖိကပ်ထား၏ ။ သည်ငါး ကိုတော့ ချက်ကောင်း ထိသည့် ငါးကဲ့သို့ အပေါ်မှ ဆောင်ပုံကို ဆွဲဖော်ယူ၍ ဖြစ်လိမ့်မည် မဟုတ် ၊ လွတ်သွားလိမ့်မည် ။ သူ သည် ဒီလုံးကို ခေါ်ကာ ဆောင်ပုံလက်ကိုင်ရိုးကို ကိုင်ဖိထားစေပြီး သူ က ရေထဲ ဆင်းငုပ်ကာ ရုန်းကန်နေသော ငါး၏ ဇက်ကို ကိုင်ဖမ်းပြီး ငါးရော ၊ “ ဆောင်ပုံ ” ပါ ဖော်တင်လာ၏ ။ တစ်ပိဿာခန့်ရှိ ငါးမြစ်ချင်းကြီးတစ်ကောင် ... ။

နောက်ထပ် နာရီဝက်ခန့် အကြာတွင် လှုပ်ယမ်း နေသော ဒိုက်ပင် ကို တစ်ချီတွေ့ပြန်၏ ။ သည်တစ်ကြိမ် လှုပ်ယမ်းခြင်း မှာတော့ ရှေ့တိုး နောက်ငင် လှုပ်ယမ်းခြင်းမျိုး ဖြစ်ပါသည် ။ ပြီးတော့လေးလေးမှန်မှန် မဟုတ်ဘဲ သွက်သွက်ခါအောင် လှုပ်ယမ်းနေသည် ။ ဒါကို ထောက်၍ ငါးသိုင်းအုပ် ဖြစ်ကြောင်း သူသိရသည် ။ ငါးသိုင်းများ မှာ အုပ်လိုက် ချီတတ်သည်ဖြစ်၍ ဒိုက်ပင် ကိုလည်း ငါးသိုင်းအုပ် က ဝိုင်း၍ တောင် က ကိုက် ၊ မြောက်က ကိုက် ဖြင့် ဝိုင်းကိုက်သောကြောင့် ဒိုက်ပင်မှာ တောင်ယိမ်း မြောက်ယိမ်း ရှေ့တိုးနောက်ငင် နှင့် ဂနာမငြိမ်ဘဲ သွက်သွက်ခါနေရခြင်း ဖြစ်သည် ။ သည် ငါးသိုင်းအုပ်ထဲမှ လည်း ငါးသိုင်းတစ်ကောင် ကို သူ ရမိလိုက်သည် ။

ဤသည့်နောက်၌ ကား ငါးများသည် မှိန်းလန့် သွားကြပြီဖြစ်၍ မြက်ကိုက်ခြင်း မရှိတော့ဘဲ ပျောက်ကွယ်ကုန်၏ ။ ကိုဒေါင်းစိန် သည် မြက်ကိုက်ငါးထိုးဖို့ လမ်းကုန် နေပြီ ဖြစ်သဖြင့် မြက်တိုးငါး ထိုးရန် ဒီလုံး အား ကမ်းစပ်ရေတိမ်ရာ ဘက်ဆီသို့ လှော်စေ၏ ။ ရေတိမ်ရာ ကမ်းစပ်ဘက် တွင် အတန်ကြာ လူးလာခေါက်ပြန် ရှာဖွေကြည့်ရှုနေရာမှ တစ်နေရာ တွင် မြက်ပင်လှုပ်ယမ်း နေသည်ကို တွေ့၍ လှေကို တန့်ရပ်လိုက်၏ ။

ဆန်းသည် ၊ အတော့်ကိုဆန်းသည် ။ မြက်တိုးငါးများ မှာ မြက်တော ကို ဖြတ်ကျော် | တိုးဝှေ့သွားသည့် အခါ၌ မြက်သည် တစ်ဖက်တစ်ချက် ကွဲကွာသွားကာ ငါးသွားရာလမ်းကြောင်း တစ်လျှောက်လုံး လှုပ်ရှား သွားရမည်ဖြစ်သော်လည်း ယခုတော့ တစ်နေရာတည်း ကွက်၍ လေးလေးနှင့် မှန်မှန် လှုပ်ရှားနေ၏ ။ ပြီးတော့ မြက်ပင်တစ်ပင်တည်း လှုပ်ရှားခြင်း ၊ သို့မဟုတ်  ၊ မြက်ပင် လေးငါးဆယ်ပင် တကွဲတပြား လှုပ်ရှားနေခြင်းမျိုး မဟုတ်ဘဲ မြက်ပင်ဆယ်ပင်ခန့်ကို ကြိုးနှင့် စုစည်းထား သကဲ့သို့ အစည်းလိုက် ထူးဆန်းစွာ လှုပ်ရှားနေသည် ။

ဒါကိုကြည့်ပြီး ကိုဒေါင်းစိန် သည် ဟစ်၍ဟစ်၍ ရယ်လိုက်၏ ။ အားရပါးရ ရယ်လိုက်၏ ။ အူလှိုက်သည်းလှိုက် ရယ်လိုက်၏ ။ လှေပဲ့ မှ ဒီလုံး ပင် သူ့အမူအရာကို နားမလည်သလို ငေးကြည့်နေ၏ ။ အမှန်ကတော့ ကိုဒေါင်းစိန်သည် သူ့ လို ငါးထိုးဝိဇ္ဇာတစ်ယောက်ကို လှည့်စားရန် ကြံနေသော ရေအောက် မှ သက်ရှိသတ္တဝါ တစ်ကောင်အား သရော် ၍ ရယ်လိုက်ခြင်းသာ ဖြစ်သည် ။

တကယ်ဆိုတော့ မြက်ပင်များ ကို အစည်း ပြု၍ လှုပ်ယမ်းနေသော ရေအောက်မှ သတ္တဝါ သည် ငါးသတ္တဝါ မဟုတ်ဘဲ မြွေတစ်ကောင် သာလျှင် ဖြစ်သည်ကို သူ့အတွေ့အကြုံများ မှ သူ က သိထားပြီး ဖြစ်နေပါသည် ။ ထို့ကြောင့် မဟုတ်လော ၊ ရေအောက်ရှိ မြွေ သည် မည်သည့်အရာဝတ္ထု ကို မဆို လှည့်လည်ပတ်ရစ်ထားတတ်သော သူ့ဝါသနာ အတိုင်း မြက်ပင်ဆယ်ပင်ခန့် ကို စုစည်း ပတ်ရစ်ထားခြင်း အားဖြင့် မြက်ပင်များ မှာ အစည်းလိုက် လှုပ်ယမ်း နေပြီး လှုပ်ယမ်းပုံ မှာလည်း လေးလေးနှင့်မှန်မှန်သာ လှုပ်ယမ်းနေခြင်းဖြစ်သည် ။

“ ဟေ့ မင်း ကိုဖိုးငွေ ကို သာ လှည့်စားလို့ ရမယ်ကွ ။ ငါ့ ကိုတော့ မရဘူး ”

သူ က မာန လျှမ်းသော အသံဖြင့် ဝင့်ကြွားစွာ ဆိုလိုက်၏ ။ ဟုတ်သည် ။ တစ်ခါက ကိုဖိုးငွေ ဆိုသူသည် ဤအချက် ကို သတိမထားဘဲ ငါး အမှတ်ဖြင့် ထိုးလိုက်၍ ရေထဲ ငုပ်ပြီး ဆင်း ဖမ်းရာ မြွေကိုက် ၍ သေဆုံးခဲ့ရဖူး၏ ။ သို့သော် ယနေ့ သူ မာနသံ ဖြင့် ကြားနိုင်လောက်အောင် ဘေးအန္တရာယ် မှ ရှောင်ကွင်းနိုင်ခဲ့ခြင်းမှာ ကိုဖိုးငွေ အသက် ပေး၍ ပြသ သွားသော လက်တွေ့ သင်ခန်းစာ မှ ထုတ်နုတ်ယူထားလိုက်ရသော အသိတရားကြောင့်သာ ဖြစ်သည် ဆိုတာကိုတော့ သူ ရိုးသားစွာ ဝန်ခံပါမည် ။

နောက် သူ သည် ဒီလုံး ဘက်သို့လှည့်၍ သူ သဘောပေါက်သမျှ ရှင်းပြနေ၏ ။ ဘာ့ကြောင့် မြက်ပင်ကလေးများ သည် အစည်းလိုက် ဖြစ်နေရသည် ၊ ဘာ့ကြောင့် လေးလေးနှင့်မှန်မှန်သာ လှုပ်ယမ်းနေရသည် စသော အချက်များ ကို တစ်ခုစီ တစ်သတ်စီ ကျကျနန ရှင်းပြ၏ ။ အရွယ် ရောက်၍ ကိုယ့်ဝမ်း ကိုယ်ကျောင်းရသည့်အခါ အသုံးပြုနိုင်ရန် အတွက် မမေ့အောင် မှတ်သား ထားဖို့လည်း သတိပေးလိုက်သေး၏ ။

မြက်တိုးငါး ကို တစ်ကောင်မျှ မထိုးရသဖြင့် သူ နှင့် ဒီလုံးတို့သည် မယ်စိန် တို့ ငါးသံချိတ်မျှား နေရာ ဆီသို့ လှော် ထွက်ခဲ့၏ ။ မယ်စိန် တို့ မိန်းမ တစ်စု ကား ဗေဒါပင်အုပ်ကြီးများ ၏ နံဘေး၌ လှေကလေးများ ကို တွယ်ကပ်ကာ ရေပြောင် တွင် ငါးသံချိတ်မျှား နေကြ၏ ။ မယ်စိန်ကား သူ့ အလုပ်၌ သာ လုံးဝ စိတ်ဝင်စား နေသဖြင့် ကိုဒေါင်းစိန်နှင့် ဒီလုံးကိုပင် မမြင်မိဘဲ အပ် ကို ကွေး၍ ပြုလုပ်ထားသော အပ်ငါးများတွင် အစေးပေါက်အောင် နယ်ထားသော ထမင်း ၊ နုပ်နုပ်ပါအောင် စဉ်းထားသော ငါးပိ နှင့် ဖွဲနုတို့ ကို ရောပြွမ်းသမ ထားသည့် ငါးစာ ကို ချိတ်နေ၏ ။ နောက် ရေထဲ ပစ်ချလိုက်ရာငါးမျှားအထက်နားရှိ ကြိုး၌ တပ်ဆင်ထားသော ခဲသီးကလေးကြောင့် ငါးများ သည် ရေ ထဲ သို့ စုပ်ခနဲ မြုပ်သွား၏ ။ ငါးမျှားကြိုး အလယ်လောက်ဆီရှိ တပ်ထားသော ဖော့ကလေး ဆီသို့ ရောက်သောအခါ တန့်ခနဲ ရပ်သွား၍ ဖော့ကလေး သာလျှင် ပေါလောပေါ်နေ၏ ။ နောက် ဖော့ကလေး သည် ရေအောက်သို့ ညိတ်ခနဲ ညိတ်ခန် နှစ်ချက်သုံးချက် အမြုပ်တွင် မယ်စိန်သည် ငါးမျှားတံကို ဆွဲထုတ်လိုက်၏ ။ ကြိုးအဆုံးမှ အပ်ငါးမျှား ဝယ် ချိတ်လျက် ပါလာသော ငါးသံချိတ် တစ်ကောင် ။

မယ်စိန် သည် ငါးသံချိတ် ကို ဖြုတ်ပြီးသောအခါ အာရုံစူးစိုက်ရလွန်း၍ အနည်းငယ် ငြီးငွေ့ လာဟန်ဖြင့် ခေါင်းကို ဘယ်ညာ ဆတ်ခနဲ ဆတ်ခနဲ ခါလိုက်ရင်း ပတ်ဝန်းကျင် ကို အာရုံ ပြောင်းလိုက်ရာ ဤတွင်မှ ကိုဒေါင်းစိန်နှင့် ဒီလုံး ကို သွားတွေ့၏ ။

“ ဟင် ... တော်တို့ သားအဖ ဘယ်တုန်းက ဒီအနား ရောက်နေသလဲ ၊ ငါးကော ဘယ်နှကောင် ထိုးလို့ရပြီလဲ ”

မယ်စိန် ၏ အမေးကို ကိုဒေါင်းစိန် က နှုတ်ဖြင့် ပြန်မဖြေဘဲ ထိုး၍ရလာသော ငါးသုံးကောင် ကိုသာ ကိုင်မြှောက်ပြလိုက်၏ ။ နောက် သူသည် မယ်စိန်၏ လှေဝမ်းထဲမှ ငါးသံချိတ်များ ကို လှမ်းကြည့်ပြီး မယ်စိန် ၏ မျက်နှာ ကို တစ်ဖန် ပြန်ကြည့်လိုက်ကာ ..

“ ပြန်ကြစို့ မယ်စိန် ၊ နေလည်း အတော်ကျသွားပြီ ၊ ငါး လည်း အတော်ကလေး ရနေမှပဲ ”

“ အို ... ပြန်နိုင်သေးပါဘူးတော် ၊ အခုမှ ငါးမျှား လို့ ကောင်းတုန်း ရှိသေးတယ် ”

ပြောပြောဆိုဆိုနှင့် ပင် မယ်စိန် သည် ငါးမျှား ၌ ငါးစာကောက်ချိတ်ပြီး ငါးဆက်မျှား နေ သဖြင့် ကိုဒေါင်းစိန် လည်း သူ၏ အလျှော့ပေး နေကျ ထုံးစံ အတိုင်း “ အေး ဒါဖြင့်လည်း မျှားပေါ့ ကွာ ၊ တို့ စောင့်နေမယ် ၊ ကွင်း ထဲ က ထိုးငါးတွေ တော့ လန့်ဖျပ်ပြီး ပြေးကုန်လို့ တို့ အလုပ်တော့ မရှိတော့ဘူး ” ဟု ပြောကြားလိုက်၏ ။

လေငြိမ် နေသဖြင့် ကွင်းရေ မှာ လှိုင်းကြက်ခွပ်ကလေး ပင် မထဘဲ ရေသင်ဖြူး ခင်းကာ ပကတိ ငြိမ်သက် နေ၏ ။ ငါးမျှား နေသော မိန်းမ တစ်စု ၏ တစ်ယောက် နှင့် တစ်ယောက် ရောက် တတ်ရာရာ ပြောဆို နေကြသော အသံနှင့် အချို့မိန်းမများ ၏ သီချင်းဆိုသံ တို့ သည်သာ လျှင် ပတ်ဝန်းကျင် ကို လွှမ်းမိုး နေသည် ။

ကိုဒေါင်းစိန် သည် တောင်ဘက် ကောင်းကင်ဆီ သို့ မော်ကြည့်လိုက်၏ ။ ညိုမှိုင်းညစ်ကျ သော မိုးသား အစိုင်အခဲများသည် အလိပ်လိပ် ကြွတက် လာကာ မကြာမီ လေရောမိုးပါ ရွာချမည် ဟူသော အဓိပ္ပာယ်ကို ဆောင်နေ၏ ။ 

“ မယ်စိန်ရေ တောင်ထောင့် က မိုးသက်မုန်တိုင်း ဆင်လာပြီဟေ့ ... ပြန်ကြပါစို့ကွယ် ”

မယ်စိန် သည် တောင်ထောင့် ဆီ သို့ မျှော်ကြည့် လိုက်ပြီး နောက် ကိုဒေါင်းစိန် ၏ စကား ကို လက်ခံ အတည်ပြုကာ ငါးမျှား သော ကိရိယာ တန်ဆာပလာများ ကို အလျင်အမြန် ပြင်ဆင် သိမ်းဆည်း နေ၏ ။ ပြီးသောအခါ လှေ နှစ်စင်း သည် ယှဉ်၍ ရွာဘက် သို့ ဦးတည် လှော်ထွက်ခဲ့ကြ၏ ။

⎕ ကြယ်နီ ( ၁၉၅၁ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀

#ကိုအောင်နိုင်ဦး

.