Showing posts with label နော် ( ကျောက်တိုင် ). Show all posts
Showing posts with label နော် ( ကျောက်တိုင် ). Show all posts

Saturday, June 13, 2026

အိမ်အပြန်


❝ အိမ်အပြန် ❞
( နော် - ကျောက်တိုင် )

မနက်ဖြန် ပြန်ရမယ်ဆိုတဲ့ အတွေးနဲ့ ညကတည်းက အိပ်မပျော်ခဲ့ဘူး ။ မနက်ရောက်တော့ စောစောထ ၊ မျက်နှာသစ် ၊ သွားတိုက်ပြီး အဝတ်အစားတွေကျောပိုးအိတ်ထဲ ထည့်လိုက်တယ် ။ ထမင်းအိုး ၊ ဟင်းအိုးတွေ တိုက်ချွတ်ဆေးကြောပြီး စင်လေးပေါ် တင်ရတယ် ။ ဆီပုံးကို ကြောင်အိမ်ထဲ ထည့် သော့ခတ်ရတယ် ။ ပြီးမှ ခြုံစောင်တွေ ခေါက်သိမ်း ၊သေတ္တာထဲ ထည့်ပေါ့ ။ မိဘအိမ် ပြန်ရမှာ ဆိုတော့ ဘယ်အချိန် ရောက်ရောက် အဆင်ပြေတယ် ။ ဒါကြောင့် အေးဆေးပဲ သိမ်းနေဖြစ်တယ်လေ ။

အားလုံးပြီးတော့ မနက် ခြောက်နာရီခွဲ ။ ဒါပေမဲ့ ရိုးမတောင်ခြေရွာလေးမှာ မြူတွေနဲ့ လင်းအား မကောင်းသေးဘူး ။ မြူနှင်းတွေ ကြားကပဲ ကျွန် တော် လှမ်းထွက်လာခဲ့တယ် ။ အိမ်အပြန် ဆိုတော့ ခြေလှမ်းတွေ ပေါ့တယ်ပေါ့  ။

တောင်တန်းလေးပေါ် ရောက်တော့ ရွာလေးကို သမင်လည်ပြန် ကြည့်ဖြစ် တယ် ။ မြူနှင်းတွေအောက် မှာ မီးခိုးတလူလူနဲ့ ငွေ့ရည်ဖွဲ့ လှနေတဲ့ ရွာလေးက လက် ရာမြောက် ပန်းချီကားတစ် ချပ်လို လှလို့ ။ ဒီရွာလေးက ကျောင်းလေးမှာ တိမ်တွေကို အကသင်ရင်း ဘဝကို နေ သားကျဖို့ ကျွန်တော် ကြိုး စားခဲ့ရတယ် ။ ကျွန်တော် စိုက်ပျိုးခဲ့ရတဲ့ မျိုးစေ့တွေက အမျိုးမျိုး ။ တချို့က နှစ်ချို့ ၊ တချို့က မစုံမမာ ။ ဒါတွေကို ပဲ ကျွန်တော့်မှာ စိုက်ပျိုးပြီး ရေလောင်း ပေါင်းသင် ၊ ပေါင်းလိုက် နေခဲ့ရတာလေ ။

ရိုးမတက် မျှစ်ချိုး ၊ ဖားရိုက် ၊ ကြွက်လိုက် ၊ ကျွဲအုပ်ကြီးတစ်သိုက်နဲ့ စရိုက်ကတော့ ခပ်ကြမ်းကြမ်းတွေချည်းပဲ ။

အမှန်ပြောရရင် ဒီလို အရပ် ၊ ဒီလို ဒေသကို ရောက်ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့ပါဘူး ။ ဒါပေမဲ့ ရှေးရေစက်တွေ ဆုံလာတဲ့ အခါ ရောက်ခဲ့ရတယ်ပေါ့  ။ မှတ်မိသေးတယ် ။ အော်ဒါ စာရွက်ကလေး ကိုင်ပြီး အမေ့ ကို ပြောတော့ အမေ့မျက်ဝန်းမှာ မျက်ရည်တွေဝေ့လို့ ။ အဖေကတော့ ယောက်ျားပဲကွာတဲ့ ၊ အားပေးရှာတယ် ။

အဲဒီကတည်းက ကျွန်တော့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အမေ ထည့်ပေးခဲ့တယ် ။ အိပ်ရာလိပ် ၊ နေရာထိုင်ခင်းက အစ ၊ သွားတိုက်ဆေး ၊ သွားတိုက်တံ ၊ ခေါင်းလိမ်းဆီ အဆုံး အပြည့်အစုံ စီစဉ်ပေးတယ် ။ ကြာကြာ စားခံမယ့် ဟင်းတွေလည်း ကြော်လို့ ။ နေပါစေ ပြောလည်း မရ ။ သားသမီးအပေါ် ထားတဲ့ မိဘမေတ္တာ ဆိုတော့ ကျွန်တော့်ကို ကလေးလေးလို့ အမေ ထင်နေပုံရတယ် ။

လူပေါင်း မမှားဖို့ ၊ ကျန်းမာရေး ဂရုစိုက်ဖို့ ၊ ဘုရား ၊ တရား မမေ့ဖို့ ၊ အိမ်နားက ဖုန်းကို မကြာမကြာ ဆက်ဖို့ တတွတ်တွတ် မှာရှာတယ် ။

အဆင်သင့်ဖြစ်လို့ မိဘ နှစ်ပါးကို ကန်တော့ , တော့ ဆို့ဆို့နှင့်နှင့် ။ ဆုပေးတဲ့ အမေ့ အသံက အဖျားဆွတ် တုန်နေတယ် ။ ကျွန်တော် လှမ်း ထွက်လာတဲ့အခါ ခြံဝမှာ အမေ ငေးကျန်ခဲ့တာပဲ ။

ကျွန်တော့်စိတ်ထဲ အမေ့ ရင်ခွင်ရိပ်က အပြီး လွင့်စဉ် သွားသလို ခံစားခဲ့ရတယ် ။ ဒါဟာ ကိုယ် မွေးဖွားရှင်သန် ကြီးပြင်းခဲ့ရတဲ့ အမေ့အိမ်ကို အပြီး ခွဲခွာခဲ့ခြင်းလားလို့ တွေးမိတယ် ။ မိဘ အရိပ်ထဲ ထာဝရနေဖို့ ဆိုပြန်တော့ လည်း မဖြစ်ပြန်ဘူး ။ အတောင်စုံရင် ပျံထွက်သွားရတာကိုက လောကသဘာဝပဲလေလို့ တွေးရင်း ဖြေခဲ့ရတယ် ။

တာဝန်ကျ ရွာမှာ ရှိနေပေမဲ့ အမေ့ထံ အမြဲလိုလို ဖုန်း ဆက်ပြီး စကားပြောရတယ် ။ တစ်ခါတလေ အလုပ်တွေရှုပ်လို့ တစ်ရက်နှစ်ရက် မဆက် ဖြစ်မိတဲ့အခါ အမေ့မှာ နေမထိ ထိုင်မသာ ဖြစ်ရတယ်တဲ့ ။ ကျွန်တော်က မေ့နေပေမဲ့ ဖုန်းဆက်ချိန် ရောက်ရင် အမေ မျှော်နေတတ်တယ်တဲ့ ။ ကျွန်တော့် အသံဟာ အမေ့အလွမ်းကို တစ်ဝက် သက်သာစေတယ်တဲ့လေ ။

တွေးရင်း လှမ်းနေဖြစ်တယ် ။ ဘဝမှာ နှစ်သက်စရာ များစွာရှိတဲ့အထဲ တစ်ယောက်တည်း အတွေးနဲ့ ခရီးသွားရတာကို သဘောကျတယ် ။ ဒါကြောင့်လည်း ဒီအရပ်ဒီဒေသ ရောက်လာသလား မပြောတတ်ဘူး ။ သစ်ပင် အမြင့်ကြီးတွေ ကြည့်ပြီးလည်း သဘောကျတယ် ။ လေအသုတ်မှာ ယိမ်းနွဲ့နေကြတဲ့ ဝါးရုံပင်ကြီးတွေ မြင်လည်း သဘောကျတယ် ။ တောပန်းလေးတွေ ကြည့်ပြီး မြတ်နိုးတယ် ။ ကျေးငှက်သံတွေကို သာယာတယ် ။ ဒါကြောင့် ခရီးကြမ်းပေမဲ့ မောရမှန်း မသိဘူး ။ ချောင်းတွေကို ဖြတ်ပြီး လျှိုကြီးတွေထဲ လျှောက်ရတဲ့အခါ တစ် ယောက်တည်း ခရီးမသွား စေချင်တဲ့ အမေ့ကို တွေးမိပြန်ရော ။ ကျွန်တော့် အဖြစ်ကို အမေ သိရင် ဘယ်လောက် စိုးရိမ်သောက ဖြစ်လိုက်လေမလဲ ။

မွေးချင်းထဲ တစ်ဦးတည်းသောသား ၊ ကျွန်တော့်ကို ကျန် သမီးတွေထက် အမေ ပိုချစ်ခဲ့တယ် ။ ဒါကြောင့် ရွှံ့ဗွက်တွေထဲလည်း မနင်းစေချင်ခဲ့ဘူး ။ ပင်ပန်းတာမှန်သမျှ အမေ မခိုင်းရက်ခဲ့ဘူး ။ အခုတော့ ခရီးက ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ။

ကျွန်တော်နဲ့ ပတ်သက်လာရင် တစ်လောကလုံးကို ရင်ဆိုင်ရဲတဲ့ သတ္တိ အမေ့မှာ ရှိတယ် ။ မှတ်မိသေးတယ် ။ ကျွန်တော် လူငယ်ဘဝ တစ်ခုသော သင်္ကြန်မှာ ကျွန်တော့် ညီဝမ်းကွဲတစ်ယောက်က သူ့ ကောင်မလေးနဲ့ ပတ်သက်ပြီး ကျွန်တော့်အပေါ် အမြင်လွဲခဲ့ဖူးတယ် ။ ကြီးမေတို့ကပါ ဘာလိုလို ဖြစ်ခဲ့တယ်ပေါ့ ။ အဲဒီအခါ အမေ ဘာပြောတယ် ထင်လဲ ။ ကြီးမေတို့ဆီ သွားပြီး ရန်တွေ့တာလေ ။ ကျွန်တော့်ညီကိုလည်း “ မ ” အတွက်နဲ့ ပတ်သက်ပြီး ဒီလို ဖြစ်ရပါ့မလားလို့ ဆိုပြောလိုက်တာ မပြောနဲ့ ။ အဲဒီ ကတည်းက စိတ်ဆိုးပြီး အစ်မအရင်းကို မခေါ်ဘဲနေတာ အတော်ကြာတယ် ။ ကြီးမေတို့က လိုက်လိုက်လျောလျော ရှိတာတောင် အမေ စိမ်းပြီး နေပစ်ခဲ့တာလေ ။ မမ ( ကြီးမေ့သမီး ) မွေးလို့ ဆေးရုံ တက်ရမှ စိတ်လျှော့ပြီး လိုက် ပြုစုပေးဖြစ်တာလေ ။ ကျွန်တော့်အတွက်ဆို အမေ ရှေ့က အမြဲရပ်ပေးခဲ့တာပဲ ။

အန္တရာယ် အခက်အခဲတွေအတွက် ရှေ့က အမြဲ ရပ်ပေးခဲ့တဲ့ အမေက ဝမ်းသာဂုဏ်ယူစရာ တွေ့ပြန်တော့လည်း ကျွန်တော့်ထက် နှစ် ဆမက ဝမ်းသာဂုဏ်ယူနေ တတ်သေးတယ် ။

နာမည်ရ မဂ္ဂဇင်းကြီး တစ်စောင်မှာ ကျွန်တော့်ဝတ္ထုတိုလေး ပါလာတော့ အိမ်လာတဲ့ သူတိုင်း အမေ ကြွားခဲ့ တယ် ။ ကျွန်တော့်ဝတ္ထု စာမျက်နှာမှာ သစ်သားစလေး ညှပ်ပြီး အလွယ်တကူ ရှာပြီး ကြွားခဲ့တယ် ။ အဖေကတော့ ပြုံးလို့ ။

အဲဒီလို နွေးထွေးတဲ့ မိသားစုရှိရာ ကျွန်တော် ပြန်ခဲ့တယ် ။ ကျွန်တော် ပြန်လာတာကို သိရင် အဖေနဲ့ အမေ ဘယ်လောက် ဝမ်းသာကြလေလဲ ။ အစ်မ ၊ ညီမနဲ့ တူမ လေးတွေ ဘယ်လောက် ပျော်ရွှင်ကြလေမလဲ ။ သူတို့ဝမ်းသာပျော်ရွှင်စေဖို့အတွက် ကျွန်တော် ကြိုပြောမထားခဲ့ဘူး ။ ကျွန်တော့်ကို မြင်ပြီး ဝမ်းသာသွားမယ့် အမေ့ မျက်နှာကို ကြည့်ချင်တယ် ။ ပြုံးနေမယ့် အမေ့မျက်နှာကို မြင်ချင်တယ် ။ ပျော်ရွှင်သွားမယ့် တူမလေးတွေရဲ့ မျက်နှာကို တွေ့ချင်တယ် ။ ဒါကြောင့် ကျွန်တော်တစ်ယောက်တည်း မိသားစုရှိရာ တိတ်တဆိတ် ပြန်ဖြစ်ခဲ့တယ်ပေါ့ ။

ခြေလျင်ဆုံးတော့ ကားလေးပေါ်တက်ရတယ် ။ ပြေးနေတဲ့ ကားလေးလိုပဲ ကျွန်တော့်စိတ်တွေ လွင့်နေတယ် ။ အဲဒီအချိန် မဆီမဆိုင် အတွေးတစ်ခုက ခေါင်းထဲ ဖျတ်ခနဲ ရောက်လာတယ်လေ ။ ယုံကြည်ချက်ကြောင့် အမေ့အိမ်နဲ့ ဝေးခဲ့ရသူတွေရဲ့အကြောင်း ဆိုပါတော့ ။

လူ့ဘဝရဖို့ ဆိုတာ ဗြဟ္မာ့ ပြည်က ကျလာတဲ့ အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ် စင်း ထိဖို့ထက် ပိုခက်တယ် တဲ့ ။ ခက်ခက်ခဲခဲ ရလာတဲ့ လူ့ဘဝတိုတိုလေးကို တန်ဖိုး ရှိရှိ အသုံးချသွားချင်ကြတာ မြင့်မြတ်သူတွေရဲ့ လုပ်ရပ်ဖြစ်မယ် ထင်တယ် ။

ကျွန်တော်တို့ နိုင်ငံရဲ့ အခင်းအကျင်း တစ်ခုမှာ ယုံ ကြည်ရာ အမှန်တရား အတွက် စွမ်းဆောင်ခဲ့တဲ့ အဲဒီလို သူမျိုးတွေ အမေ့အိမ်နဲ့ ဝေးခဲ့ရဖူးတယ် ။ အမိမြေနဲ့ ဝေးခဲ့ကြရတယ် ။ အဲဒီတုန်းက ကျွန်တော့်ရင်မှာ ခံစားမှု သိပ်မပြင်းခဲ့ဘူး ။

ရှင်းရှင်းပြောရရင် အမေ့အိမ်နဲ့ ဝေးခဲ့ရတဲ့ သူတို့ ဘဝတွေအတွက် ကိုယ်ချင်းစာစိတ် မထက်မြက်ခဲ့ဘူးပေါ့ ။ အခုချိန် ပြန်တွေးကြည့်မှ ရင်ထဲ နင့်လာရတယ် ။ အမေ့အိမ်နဲ့ ဝေးနေရတဲ့ သား တစ်ယောက်ရဲ့ ခံစားချက်ကို စာနာမိလာတယ်ပေါ့ ။

အတွေး ကောင်းနေတုန်း ကားက ရွာရိပ် နင်းလာတယ် ။ ရေကန်ကြီးနဲ့ သရက်ပင်တွေမြင်တော့ ငယ်စဉ်က တည်းက သူငယ်ချင်းတွေနဲ့ သရက်သီးတွေ တက်ဆွတ်ပြီး ကန်ထဲ ကစားခဲ့တာတွေ သတိရနေသေးတယ် ။

ရွာရိပ်ကို ခိုပြီး ရွာလေကို ရှူလိုက်ရတာနဲ့ ကိုယ့်ကိုယ်ကို ပြန်ငယ်သွားသလို ခံစားရတယ် ။ ရွာထိပ်မှာ ဆင်းပြီး ရွာထဲ လှမ်းဝင်ခဲ့တယ် ။ လမ်းတစ်လျှောက် နှုတ်ဆက်သံတွေ ညံလို့ ။

အိမ်လေးကို လှမ်းကြည့်တော့ ခြံတံခါးအနီး ကျောက်ရုပ် တစ်ရုပ်လို ရပ်နေတဲ့ အမေ့ကို တွေ့ရတယ် ။

“ အမေ ” လို့ ကျွန်တော် လှမ်းခေါ်တော့ အမေ့အသံ ချက်ချင်း ထွက်မလာဘူး ။ ဝမ်းသာလုံးဆို့တယ် ဆိုတာ ဒါပါလားလို့ အမေ့ကို ကြည့် ရင်း သိလိုက်တယ် ။ ကျွန် တော့်ကို လာကိုင်တဲ့ အမေ့ လက်ချောင်းလေးတွေ တုန် လို့ ။ ပြီးမှ အဖေ့ကို လှမ်းပြောနိုင်တယ် ။ အားရဝမ်းသာ အဖေက ရယ်လို့ ။ မမကြီး ၊ ညီမလေး ၊ ပြီးတော့ တူမလေးတွေ ။ ကျွန်တော့်ဘေးမှာ ဝိုင်းအုံသွားတယ် ။ ဆူညံသွားကြတယ် ။ မိဘအိမ် ဆိုတဲ့  အသိနဲ့ မိသားစု မေတ္တာတရားက နှလုံးသားမှာ တသိမ့်သိမ့် ။

ဘဝမှာ ပျော်ရွှင်ကြည်နူးစရာ များစွာ ကြုံခဲ့ရပေမဲ့ အဖေ ၊ အမေ အစုံရှိတဲ့ မိသားစုရိပ်မြုံလေးထဲ ပြန်လာရတာလောက် ကြည်နူးချမ်းမြေ့ စရာ မရှိခဲ့ဘူး ။ မိဘနှစ်ပါးရဲ့ မေတ္တာနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ချစ်ခြင်းတွေ ကြားမှာ နှလုံးသားက ပီတိတွေနဲ့ တစိမ့်စိမ့် ၊ ပျော်ရွှင်ခြင်းတွေနဲ့ တသိမ့်သိမ့် ။ အဲဒီအချိန် -

မဆီမဆိုင် အတွေးတစ်ခုက ခေါင်းထဲ ဖျတ်ခနဲ ရောက်လာပြန်တယ် ။ ယုံကြည်ရာ အမှန်တရား အတွက် ရဲဝံ့ကြိုးစားခဲ့သူတွေ အမေ့အိမ်ဆီ ပြန်ခွင့်မှ ရကြပါလေစ ။ ပြန်ခွင့်ရသူ တွေလည်း မိဘနှစ်ပါးရဲ့ အပြုံးမျက်နှာတွေကို မြင်ခွင့်လေးမှ ရှိပါလေစ ။

နှလုံးသားက စာနာခြင်းနှင့် တနင့်နင့် ။

⎕ နော် ၊ ကျောက်တိုင် ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၆ ၊ ဩဂုတ်

Friday, February 27, 2026

မပစ်ပါနဲ့ မယ်ရင်ရယ် ကြက်တက်စူးပါ့မယ်


 ❝ မပစ်ပါနဲ့ မယ်ရင်ရယ် ကြက်တက်စူးပါ့မယ် ❞ 

    ( နော် - ကျောက်တိုင် )


မနက်လင်းသည်နှင့် သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် လှုပ်ရှားနေကြသူတို့၏ အသံမျိုးစုံကို ကြားရ၏ ။ မျက်နှာသစ် ၊ သွားတိုက်ပြီး ဇနီးသည် ပြင်ပေးသော ထမင်းကြော်ကို စားသည် ။ ရေနွေးကြမ်းသည် ငှက်တို့၏ တေးနှင့် တွဲဖက်ညီ၏ ။ နေဆာလှုံရင်း သူငယ်ချင်း ပေးခဲ့သော ဂျာနယ်ကို ကြည့်သည် ။ မှုခင်းဂျာနယ် ဖြစ်သည်နှင့်အညီ မျက်နှာဖုံး ကြည့်လိုက်သည်နှင့် ဒုစရိုက် အမျိုးမျိုး ၊ ပြစ်မှု အသွယ်သွယ် ၊ မှုခင်း အစုံစုံကို မြင်ရဖတ်ရ၏ ။ ရင်သည် စိုးရိမ်စိတ်နှင့် တင်းခနဲ ။ တရားခံပုံ များကို ကြည့်တော့ အများစုက လူငယ်တွေချည်း ။ လုယက်မှု ၊ လူသ,တ်မှု ၊ ခိုးမှု ၊ မုဒိမ်းမှု စသဖြင့် ပြစ်မှုတို့ကို တစ်ဦးချင်း ကျူးလွန်သည်လည်း ရှိ၏ ။ အဖွဲ့လိုက် ကျူးလွန်ကြသည်လည်းရှိ၏ ။ ၉ တန်း ကျောင်းသားလေးက ၈ တန်း ကျောင်းသားကို ဓားနှင့်ထို း သည် တဲ့ ။ ၉ တန်း ၊ ၁၀ တန်း ကျောင်းသားလေးတွေ အဖွဲ့လိုက် ချိန်းရိုက်ကြသည်တဲ့ ။ ဆက်၍ မဖတ်နိုင်တော့သည် ထိ ရင်မှာ ခံစားရ၏ ။ သည်ကလေးတွေ အဘယ်မျှ ကြမ်းကြုတ်နေပြီလဲ ။ လူတစ်ယောက်ကို သ,တ်ချင်သည် အထိ ဒေါသဖြစ်လောက်အောင် သူတို့ နှလုံးသားတွေ ရိုင်းနေကြပြီလား ။ ဘာကြောင့်လဲ ။ ဆက်၍ တွေးမိသည် ။


“ အလိမ္မာ စာမှာရှိ ” ဟု ဆို၏ ။ ကျောင်းနေကြသည် ဆိုတော့သည် ကလေးတွေ စာသင်ကြမည်ပေါ့ ။ သို့သော် သူတို့ သင်သော စာတွေ၌ အလိမ္မာတွေ မရှိ၍လား ။ မဖြစ်နိုင် ။ အလယ်တန်းအဆင့်၌ပင် ရှင်မဟာရဋ္ဌသာရ၏ လင်္ကာတွေ ပြဋ္ဌာန်း ထားသည်ပဲ ။ 


“ ကိုယ်နှင့်လည်းစာ ၊ သတ္တဝါကို ၊ ကြင်နာလှစေ ၊ သူ့အသက်ကို ချစ်ပါလေ ” ။


“ သေနှင့်အရက် စီးပွားပျက်ကို ၊ တစ်စက်ကယ်မျှ ၊ မသောက်ကြနှင့် ၊ ရှောင်ကြပါလေ ၊ ရှင်တော်ဟောသည့် အဆိပ်ရည် ” စသည်ဖြင့် အလိမ္မာတွေ ရှိပြီးသားပဲ ။ သူတို့ ရင်ထဲ မရောက်၍ ဖြစ်မည် ။


ရင်ထဲ အရောက် ပို့ပေးရမည့် မျက်မှောက်ခေတ် ဆရာတွေ၏ အရည်အသွေးကရော ။


အများစုက စာမဖတ် ။ ဖုန်းပွတ်၍ အချိန်ကုန်သည် ။ ကလေးတွေ၏ စံပြ ဖြစ်ရမည့် ဆရာတွေက ကွမ်းသွေး တရဲရဲ ၊ ဘီယာတမြမြ ၊ ဆေးလိပ် တဖွာဖွာ ။ဆရာမတွေကျ ဒေါက်ဖိနပ် တခွပ်ခွပ် ၊ စကတ်ထဘီ အသွယ်သွယ် ၊ လက်သည်းနီ အဖုံဖုံနှင့် ဆံပင်တွေပင် နီလိုက်သေး ။ 


အဆိုးဆုံးက ကိုယ့်တပည့်ကို ကျူရှင် ပြန်ပေးသည့်ကိစ္စ ။ အမိန့်တွေ ဥပဒေတွေနှင့် မည်သို့ပင် တားမြစ်စေကာမူ ကင်းရှင်းသည်ဟူ၍ မရှိ ။ တပည့်မွေး ဆရာမွေးနှင့် ဆရာမ အချင်းချင်းလည်း မတည့် ။


ကျူရှင်မှာ သင် သလောက် ကျောင်းမှာ မသင် ။ ထိုအခါ မိဘတိုင်း ကျူရှင်ထားပေးရ၏ ။ အမှတ်ကောင်းဖို့ ၊ အဆင့်ကောင်းဖို့ ကြိုးစားရ၏ ။ ဆရာများ ကလည်း ကလေး၏ သိခြင်း တတ်ခြင်းထက် အမှတ်ကောင်းဖို့ ဦးစားပေးကြ၏ ။ အမှတ်ကောင်း ၊ အဆင့်ကောင်း မှလည်း မိဘတွေက ကြိုက်သည်ကိုး ။ မိဘတွေ ကြိုက်မှလည်း မိမိ ကျူရှင် ၊ မိမိ ဘော်ဒါ လူပိုရသည်ကိုး ။ ဤသို့ဖြင့် မြန်မာ့ပညာရေးက ကြာအေး ဖြစ်နေသည် ။


* ကြက်ဖတိန်ညင် တောကိုဝင် ။ 


“ ကြက်ဖတိန်ညင်သည် တောသို့ ဝင်သွားပါသည် ” 


* မောင်ရင်လာ ၊ လေးနှင့်ပစ် ။ 


“ မောင်ရင် လာသောအခါ လေးနှင့် ပစ်ပါသည် ” 


* မပစ်ပါနှင့် မောင်ရင်ရယ် ၊ ကြက်တက်စူးပါ့မယ် ။


“ မပစ်ပါနှင့် မောင်ရင်ရယ် ကြက်တက်စူးနေပါ့မည်ဟု ကြက်ဖတိန်ညင်ကြီးက ပြောပါသည် ” 


* ဘယ်ဘက်က စူးစူး ၊ ညာဘက်က စူးစူး ၊ ခွပ်လိုက်ကြစို့ သူငယ်ချင်း ၊ အောက်အီအီအွတ် ။


“ ဘယ်ဘက်က စူးစူး ၊ ညာဘက်က စူးစူးရပါသည် ။ ခွပ်လိုက်ကြစို့ သူငယ်ချင်းရယ် ။ အောက်အီအီအွတ် ဟု တွန်ပါသည် ” 


ရုတ်တရက် တိုးဝင်လာသော အသံကြောင့် အတွေးတို့ လွင့်၏ ။ သားငယ် နိုးပြီး စာကျက်နေသည်ပဲ ။ ခပ်မြန်မြန် ဆိုနေသဖြင့် ဘာတွေ ဖတ်နေမှန်း မသိ ။ သေချာ နားထောင်မှ “ ကြက်ဖတိန်ညင် ” ကဗျာမှန်း သိသည် ။ သို့သော် ကဗျာ သက်သက်ချည်း မဟုတ် ။ စကားပြေနှင့် တွဲ၍ ဆိုနေသည် ။


“ သားရေ ၊ ဖေကြီးဆီ ခဏ လာပါဦးကွ ” 


ခေါင်းလေးပွတ်၍ လာသည် ။ စာဖတ်ချိန် ပျက်၍ မရမှာ စိုးပုံရ၏ ။


“ ဘာတွေ ဖတ်နေတာလဲ ” 


“ ကြက်ဖတိန်ညင်လေ ဖေဖေရဲ့ ”  


“ မောင်ရင်လာသောအခါ လေးနှင့် ပစ်ပါသည် ဆိုတာရော ” 


“ ဖေဖေကလည်း ဒါလေးတောင် မသိဘူးလား ။ မောင်ရင်လာ လေးနှင့်ပစ်ကို ဆိုတာလေ ” 


“ ဟာ ၊ တယ်ဟုတ်ပါလား သားရဲ့ ။ အဲဒါ သားဘာသာ ရေးထားတာလား ” 


“ မဟုတ်ဘူးလေ ဖေဖေရဲ့ ၊ ဆရာမ ရေးပေးတာကို သားတို့ လိုက်ရေးရတာ ”  


နံနက်ခင်းသည် အကျည်းတန် သွား၏ ။ သားကို လွှတ်လိုက်သော်လည်း အာရုံသည် အတွေးနှင့် နစ်ပြန်၏ ။ 


တတိယတန်း ရောက်လာသော သားသည် အလွန်တော်၏ ၊ ကြိုးစား၏ ၊ လိုချင်စိတ်လည်း ရှိ၏ ၊ ဆရာမ ပြောသမျှ တစ်သဝေမတိမ်း လိုက်နာတတ်သူ ဖြစ်၏ ။ ယခုလည်း ကြက်ဖတိန်ညင် ကဗျာကို အော်အော်ပြီး ဖတ်နေ၏ ။ ကဗျာကိုချည်း ဖတ်သည် မဟုတ် ။ အကျည်းတန်လွန်းသော ကဗျာစကားပြေကိုပင် ဖတ်နေ၏ ။


ရင်သည် သောကနှင့် ဆို့၏ ။ အမှန်က ထိုကဗျာသည် ကဗျာသက်သက် မဟုတ် ။ တေးကဗျာ အမျိုးအစား ဖြစ်၏ ။ ရည်ရွယ်ချက် အဓိပ္ပာယ် ဆိုသည်ထက် ကလေးများ ပျော်ရွှင်စွာ ကစားရင်း သီဆိုရသော ကဗျာမျိုးဖြစ်၏ ။ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ထိုကဗျာမျိုးတို့ များစွာ ရှိကြ၏ ။ ‘ ရွှေစွန်ညို ’ ၊ ‘ ကြာအေး ’ ၊ ‘ ညောင်ပင်တစ္ဆေ ’ စသဖြင့်ရှိကြသည် ။ ထိုကဲ့သို့ လှပြီးသား တေးကဗျာများကို စကားပြေ ဓားနှင့် ခုတ်လျှင် အလှပျက်၏ ။ ရသပျက်၏ ။


ထိုသို့ မဖြစ်သင့်ဟု ထင်သည် ။ ထို့ကြောင့် သား ကျောင်းသွားသောအခါ ဆရာမကြီးနှင့် တွေ့ရန် လိုက်လာဖြစ်ခဲ့သည် ။


ကျောင်း ရောက်သောအခါ ဆရာမကြီး မလာသေးသဖြင့် စောင့်နေရ၏ ။ ကျောင်းတက်ချိန်လွန်မှ ဆိုင်ကယ်လေးနှင့် ရောက်၍လာသည် ။ 


ဆရာမကြီး ဆိုသော်လည်း သိပ်မကြီးသေး ။ ၃ဝ ကျော်လောက် ရှိမည်ထင်သည် ။


ဝင်ခွင့်တောင်းပြီး ရုံးခန်း၌ ထိုင်ရ၏ ။ ထို့နောက် သား၏ ဖခင်ဖြစ်ကြောင်း မိတ်ဆက်ရသည် ။ ပြုံးရွှင်စွာပဲ စကားလမ်းကြောင်း ဖွင့်ပေးသဖြင့် ဝမ်းသာရ၏ ။


“ တခြားတော့ မဟုတ်ပါဘူး ဆရာမရယ် ။ သိလိုတာလေး ရှိလို့ လာခဲ့တာပါ ။ ဆရာမတို့ သင်ကြားရေးကို ဝင်စွက်ဖက်သလို ဖြစ်မှာလည်း စိုးတယ် ။ အဲဒီလို ဖြစ်သွားရင်လည်း ကြိုပြီး တောင်းပန်ထားချင်ပါတယ် ”  


“ ဟုတ် ရပါတယ် ၊ ပြောပါ ရှင့် ”  


“ ဟိုလေ ၊ တတိယတန်း မြန်မာစာမှာ ပါတဲ့ ကြက်ဖတိန်ညင် ကဗျာမျိုးက စကားပြေ ပြန်စရာ မလိုဘူးလားလို့ ။ ဒီကဗျာမျိုးက .. ” 


“ ဟင်းဟင်း ။ ဘာများလဲလို့ ဦးရယ် ။ မြန်မာဖတ်စာမှာ ပါတဲ့ ကဗျာတိုင်း စကားပြေ ပြန်ဖို့ လိုတယ်လေ ။ ဘာကြောင့်ဆို စတုတ္ထတန်း မေးခွန်းကို ကြည့်ပါလား ။ အဲဒီမှာ ကဗျာ စကားပြေ ပြန်ခြင်းကို ၁၅ မှတ်ထိ ပေးထားတာ ဦးရဲ့ ။ တတိယတန်း မေးခွန်းပုံစံမှာလည်း စကားပြေပါတယ် ။ ကျွန်မဆို ဒုတိယတန်း ကဗျာတွေက အစ စကားပြေ ပြန်ပေးတာလေ ၊ ဟင်းဟင်း ... ” 


သူ့အပြုံးက ပို၍ နင့်၏ ။ 


“ စကားပြေ ပြန်တာတော့ ပြန်တာပေါ့ ဆရာမရယ် ။ ဒီလို တေးကဗျာမျိုးတွေ ဆိုတာက စကားပြေ ပြန်လိုက်ရင် အလှပျက်ပြီး အဓိပ္ပာယ်မဲ့တာလေ ဆရာမရဲ့ ။ ကြာအေး တို့ဆို ... ”  


“ အဲဒီ ကြာအေး ပဲ ပြီးခဲ့တဲ့ မြန်မာစာထူးချွန်မှာ မေးတာ ။ ကြာအေး ဘယ်မှာ ငိုနေသနည်းတဲ့ ။ ကြာအေး အမှောင်မှာ ငိုနေသည်လို့ သင်ထားလို့ တော်သေးတယ် ။ မဟုတ်ရင် ဖြေနိုင်မှာ မဟုတ်ဘူး ။ အခုတော့ အဆင်ပြေသွားတယ်လေ ။ ဒါကြောင့် ကျွန်မကျောင်းက မြန်မာစာထူးချွန် တိုင်းအထိ ပါတယ် ဦးရဲ့ ။ ငှင်း ... ငှင်း ... ငှင်း ” 


လာမိသည့် ကိုယ့် ကိုယ်ကိုပင် အပြစ်တင်ချင်၏ ။ ဘာသာနေလိုက်သည်က တော်သေးသည် ။ ယခုမူ ပို၍ ဆိုး၏ ။ အရာရာ သိနေတတ်နေသော ဆရာမ နှင့် ဆွေးနွေးနိုင်စွမ်း မရှိသော အခါ ခေါင်းငုံ့၍ ပြန်ခဲ့ရ၏ ။


ခြေလှမ်းတိုင်း၌ ဆရာ ငြိမ်းမင်း၏ အသံကို ကြားမိသည် ။ 


“ မြန်မာနိုင်ငံက ဆရာတွေကို ကဗျာ ဘယ်လိုသင်လဲ မေးတော့ စကားပြေ ပြန်တတ်အောင် သင်တယ်တဲ့ ”  


ကဗျာ၏ အနုအလှ ရသတွေကို ခံစားစုပ်ယူနိုင်စွမ်း ရှိဖို့ထက် ရေးပေးသော စကားပြေကို အလွတ် ကျက်မှတ်ကြသည့် ပညာရေးစနစ်မှာ ရသ ပျက်ပြီပေါ့ ။ ရသ ပျက်လျှင် အလိမ္မာ မဲ့ပြီပေါ့ ။ ထိုအခါ လူငယ့်နှလုံးသားတွေ ရိုင်းစိုင်းကြမ်းကြုတ်ကြပြီပေါ့ ။


ထို့ကြောင့် လူသ,တ် ၊ မုဒိ မ်းတွေ ပိုများလာလေသလား တွေးမိသည် ။


* မပစ်ပါနှင့် မောင်ရင်ရယ် ၊ ကြက်တက်စူးပါ့မယ် ။


“ မပစ်ပါနှင့် မောင်ရင်ရယ် ကြက်တက်စူးနေပါ့မည် ဟု ကြက်ဖတိန်ညင် ကြီးက ပြောပါသည် ”  


ကလေးများ၏ အော်ကျက်သံက နားထဲ စူး၍စူး၍ ပါလာသည် ။ 


အတွေး၌ ဆရာမကြီး၏ မျက်နှာကို ကြည့်ပြီး -


“ မပစ်ပါနဲ့ မယ်ရင်ရယ် ကြက်တက်စူးပါမယ် ။ မပစ်လိုက်ပါနဲ့ မယ်ရင်ရယ် ကြက်တက်စူးနေပါ့မယ် ” ဟု တိုးတိုးလေး ပြောနေမိသည် ။ သို့သော် ရင်သည် ပေါ့၍ မသွား ။ ခြေလှမ်းတို့သည် အလာထက် ပို၍ ပို၍ လေးနေမိတော့သည်လေ ။


 ▢  နော် ၊ ကျောက်တိုင် ၊

📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     အောက်တိုဘာ  ၊ ၂၀၁၈

Friday, February 13, 2026

ကြာအေး


 ❝ ကြာအေး ❞

⎕ နော် ၊ ကျောက်တိုင် ၊


မုန့်လုံးစက္ကူကပ်ပါလို့ ကြာကလပ်နှင့် ဆွမ်းတော်တင် ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး

ကြာအေး ။


ကြာအေးကို သူ့အမေ ရိုက်လို့ မှောင်မိုက်မှာငို ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ

တွဲလဲ ။ 


တွဲလဲနေပါဦး မိုးတောင်ကချုန်း 

မုန့်လုံး ။ 


ကျွန်တော်တို့ ငယ်ငယ် ကလေးဘဝက အော်ဆိုခဲ့တဲ့ ကဗျာလေးကို အမှတ်ရနေမိတယ် ။


“ မိုးတောင်ကချုန်း မုန့်လုံး ” ပြီးတော့ “ မုန့်လုံး စက္ကူကပ်ပါလို့ ” ပြန်စ ။ နောက် “ မိုးတောင်ကချုန်း မုန့်လုံး ” ဖြစ် ။ မုန့်လုံးစက္ကူပြန်ကပ်နဲ့ အဆုံးမရှိတဲ့ ကဗျာကို မမောတမ်း အော်ဆိုခဲ့ဖူးတယ် ။ 


တကယ်တော့ ဟောဒီ လောကကြီးထဲက အရာအားလုံးတို့သည်လည်း ကြာအေး ပဲ ထင်ပါရဲ့ ။


 ••••• ••••• •••••


“ ဆရာဆိုတာ ဒုတိယ ဘုန်းကြီးပဲ ။ သာသနာပြု ပုဂ္ဂိုလ်လိုကျင့်ပြီး အားလုံးရဲ့ စံပြဖြစ်ရမယ် ” ဆိုတဲ့ ခံယူချက်နဲ့ အဖြူအစိမ်းကို ယုံယုံကြည်ကြည် ဝတ်ဆင်ခဲ့တာပါ ။


ဘဝတစ်လျှောက် ကိုယ်ပျိုးထောင်ပေးလိုက်တဲ့ ပန်းကလေးတွေ လောကထဲ ဝင့်ကြွား တောက်ပနေခဲ့ရင် လူမသိ သူမသိ ဂုဏ်ယူရသလို ၊ ဘဝခရီးလမ်းမှာ ကိုယ့်ပျိုးပန်းကလေးတွေ ပိုးကိုက် ခြစား နွမ်းလျသွားရင်လည်း တနင့်နင့် ခံစားရတာပါပဲ ။ ဒါကိုက ဆရာ့စိတ် ၊ ဆရာ့နှလုံးသား ဖြစ်မယ်ထင်တယ် ။


ဒီကလေး ကျွန်တော့်ထံ ရောက်လာ ကတည်းက သာမန် မဟုတ်တာကို သတိထားမိခဲ့တယ် ။ “ မအောင်မရှိ ငါ့တပည့် ” နဲ့ “ နေအောင် ပညာရေးစနစ် ” ကြောင့်သာ ပဉ္စမတန်း ရောက်လာတာလေ ။ ကိုယ့်အမည်က လွဲရင် ဘယ် စာမှ မဖတ်တတ်ဘူး ။ အင်္ဂလိပ် ၊ သင်္ချာတွေ အသာထား မြန်မာစာတောင် မဖတ်တတ်တော့ စိတ်မတတ်တဲ့ ဆရာမတွေ အကုသိုလ်ဖြစ်ရုံပေါ့ ။


နေ့စဉ်နဲ့အမျှ ဆို ၊ ပြော ၊ ကြိမ်းမောင်း ၊ ရိုက်နှက် ။ ဘယ်စနစ်ပဲသုံးသုံး သူကတော့ ပုံမှန်ပဲ ။ အဆုံးစွန် စာမရလို့ သ,တ်ရင် သေရုံပဲရှိမယ် ။ ထူး လာစရာ အကြောင်း မရှိဘူး ။ နောက်ဆုံး ဆရာမတွေပဲ လက်လျှော့ သွားကြတယ် ။ ကျွန်တော် တစ်ယောက်က လွဲရင်ပေါ့ ။


ကျွန်တော်က စာတစ်ခုတည်း သင်တာ မဟုတ်တော့ ကလေးတိုင်းကို စိတ်ဝင်စားတယ် ။ ကလေးတိုင်းက ကျွန်တော့် အတွက် စိတ်ဝင်စားစရာ သက်ရှိပန်းကလေးတွေပဲ ။ ရနံ့အမျိုးမျိုး ၊ အဆင်း အသွယ်သွယ် ရှိတယ်လို့ ယုံတယ် ။ 


စာသင်လို့ မရတဲ့သူကို သင်လို့ရတာ မှန်သမျှ ကျွန်တော် သင်ပေးတယ် ။ ပေါင်းသင်းဆက်ဆံရေး ၊ တာဝန်ကျေမှု ၊ တာဝန်ယူတတ်မှု ၊ ယဉ်ကျေးခြင်း ၊ စာရိတ္တ စသဖြင့်ပေါ့ ။ ဒီအရာတွေမှာတော့ ဒီကလေးက တော်တယ် ။ စာတစ်ခုကလွဲရင် အားလုံး တော်တယ်လို့ ပြောရမယ် ။ ဒါပေမဲ့ စိတ်က ပုံမှန် မဟုတ်ဘူး ။ တစ်ခါတစ်ခါ စိတ်ပါလက်ပါ ရှိသလောက် တစ်ခါတစ်ခါ ငူငူငိုင်ငိုင်ကြီး နေတတ်တယ် ။ ခေါ်လည်း ထူးချင်မှ ထူးတယ် ။ ဘာမှ ပြန်မပြောဘဲ ကြောင်တက်တက်ကြီး လုပ်နေတတ်တယ် ။ များသောအားဖြင့်တော့ ကျောင်းလုပ်ငန်း မှန်သမျှ မခိုမကပ် လုပ်တတ်ကြောင်း ကျွန်တော် သတိပြုမိခဲ့တယ် ။


ဒီလိုနဲ့ အတန်းစဉ်တွေ တက်လာပြီး အဋ္ဌမတန်း ပြီးသွားတယ် ။ အရွယ်လေး ရောက်လာတော့ လူကောင်လည်း ထွားလာတယ် ။ သူ့ ကိုယ်သူ သိတာမို့ ကျောင်း ဆက် မနေဘူး ။ မိဘတွေကို ရန်ကုန် သွားချင်တဲ့အကြောင်း ပူဆာတယ်တဲ့ ။ ငယ်ကတည်းက ဖိနှိပ်ခဲ့တဲ့ မိဘတွေ မနိုင်တော့ ခွင့်ပြုကြရတယ် ။ မသွားခင် ကျွန်တော့်ကို လာပြီး ကန်တော့သေးတယ် ။ ဒါကြောင့် လိမ်လိမ်မာမာ နေဖို့ ၊ အပေါင်းအသင်း မမှားဖို့ ၊ အလုပ်ကြိုးစားဖို့ စသဖြင့် မှာဖြစ်တယ် ။


ဒါပေမဲ့ ဘဝဆိုတာ လောကသမုဒ်ပြင်ထဲ ကိုယ့် ကိုယ်ကို ပဲ့ကိုင်ထိန်းကျောင်းရင်း ချီတက်ရတာဆိုတော့ ကျွန်တော့် စကားတွေ လက်တွေ့ မကျင့်သုံးနိုင်တဲ့အခါ သူ့ အတွက် မထိရောက်ဘူးပေါ့ ။


ရန်ကုန်မှာ နှစ်နှစ်လောက် နေပြီး သူ ရွာပြန်ရောက်လာတယ် ။ တိုးတက်မှုအဖြစ် ကားမောင်းတတ်လာတယ် ။ စက်ပစ္စည်း အကြောင်း တီးမိခေါက်မိ ရှိလာတယ် ။ ကွမ်းစားတတ်လာတယ် ။ အရက်သောက်တတ်ပြီး လူတွေနဲ့ တဝေါဝေါ အဖွဲ့ကျတတ်လာတယ် ။


သူ့ကို ဘယ်အချိန် ကြည့်ကြည့် ပါးစပ်ထဲမှာ ကွမ်းအပြည့်ပဲ ။ တစ်ခါတစ်ခါ အရက်နံ့ပင် ရနေတတ်တယ် ။ အလုပ်တော့ အတည် မရှိဘူး ။ ဟိုလူ့ကား တက်မောင်းလိုက် ၊ ဒီလူ့နောက် စပယ်ယာလိုက်လိုက်နဲ့ အချိန်တန် မိဘအိမ်ပေါ် တက်စားတာပဲ ။ ဒီကြားထဲ မိဘတွေကို ရန်လုပ်ချင်သေးတယ် ။ အကြောက်တရား တစ်ခုနဲ့ ထိန်းကျောင်းခဲ့တဲ့ မိဘတွေလည်း ခြေရာချင်း တူလာတော့ မတတ်နိုင်တော့ဘူး ။ လက်လျှော့ပြီး ရှောင်ပေးကြရတယ် ။


ပတ်ဝန်းကျင် ဆိုတာကလည်း လူတစ်ယောက်ကို လမ်းကောင်းပေါ် ဆွဲတင်ဖို့ မစွမ်းနိုင်ပေမဲ့ ဆွဲချဖို့တော့ အသင့်ရှိနေကြတယ် ။ အရက်ကြိုက်သွားတဲ့ သူ့ကို အရက်ပေး ခိုင်းဖို့ အဆင်သင့် ။ အလုပ်လေး ခိုင်းလိုက် ၊ အရက် ပေးလိုက် ။


ဒီလိုနဲ့ သူ့ဘဝ ရေစုန်မျောတာပဲ ။


သူ့မိဘတွေ ဆိုတာ တစ်နေ့မှ စိတ်မချမ်းသာရဘူး ။ တစ်ခါတစ်ခါ ကျွန်တော့်ဆီ လာပြီး ပြောတတ်တယ် ။


“ ဆရာရေ ၊ ဟောဒီ လောကကြီးမှာ အရက်ဆိုင်နဲ့ ကွမ်းဆိုင်တွေ မရှိရင် လူတွေ ဒီလောက် အရက် ၊ ကွမ်း စွဲမယ် မထင်ဘူး ။ အခုတော့ အလွယ်တကူ ဝယ်လို့ရတဲ့ အရက်ဆိုင်ကြီးတွေ ၊ ကွမ်းဆိုင်တွေ မှိုလိုပေါက်နေတော့ အရက်သမား ကွမ်းသမားတွေ များတာပေါ့ ။ ဆရာ့ တပည့်လည်း အရက်သမား ၊ ကွမ်းသမား လုံးလုံး ဖြစ်သွားပြီ ဆရာရေ ” တဲ့ ။


အရက်ဆိုင် ၊ ကွမ်းဆိုင်တွေကို ကြည့်ပြီး သူ့အဖေ ဦးခင်မောင်ထွန်း ကိုယ်တိုင် မသက်မသာ ပြောခဲ့ဖူးတယ် ။ ဟုတ် တော့လည်း ဟုတ်တယ် ။ ကျွန်တော်တို့ နိုင်ငံမှာ အရက်သမား ၊ ကွမ်းသမားတွေ သိပ်များတယ် ။


အရက်ဆိုင် ၊ ကွမ်းဆိုင်တွေလည်း များတယ် ။ အရက်သမား ၊ ကွမ်းသမားတွေ များလို့ အရက်ဆိုင် ၊ ကွမ်းဆိုင်တွေ များတာလား ၊ အရက်ဆိုင် ကွမ်းဆိုင်တွေ များလို့ အရက်သမား ၊ ကွမ်းသမားတွေ များတာလား ။ မစဉ်းစားတတ်ခဲ့ဘူး ။ သေချာတာက လောကကို အကျိုးမပြုတဲ့ ဒီအရာတွေ ဒီနိုင်ငံမှာ မရှိရင် ကောင်းမှာပဲလို့ တွေးဖြစ်ခဲ့တယ် ။


လွယ်လွယ်ဝယ်လို့ ရနေတော့ လွယ်လွယ် သောက်ကြတယ် ။ လွယ်လွယ် သောက်တော့လည်း လွယ်လွယ်ပဲ ဘဝတွေ ပျက်ကြတယ်ပေါ့ ။


တကယ်ဆို အသက် ၂၅ နှစ်ဆိုတာ လောကကြီးထဲ ခြေချစ , အရွယ်လို့တောင် ပြောနိုင်တယ် ။ အခုတော့ ပန်းကောင်းအညွန့်ကျိုး ။ အစ နဲ့ ကြွေခဲ့ရတယ် ။


သူ့ အသုဘမှာ ငိုသူ မရှိဘူး ။ ပန်းခွေ မရှိဘူး ။ တိတ်တဆိတ် ဝင်လာပြီး တိတ်တဆိတ် ထွက်သွားရသူ အတွက် လောကကြီးက ဝမ်းနည်းပုံ မပေါ်ဘူး ။ အဆိုးဆုံးက သူ့ သေဆုံးမှုအတွက် လောကကြီး ဝမ်းသာနေအောင် ရှင်စဉ်က သူပြုခဲ့တဲ့ မကောင်းမှုတွေပဲ ။


သူ့မိဘတွေ လာပြီး ကျွန်တော့်ကို ပြောနေသေးတယ် ။ “ ဆရာရေ ၊ အရက်သမား ဝဋ်ကျွတ်ပြီ ” တဲ့ ။


အဲဒီနောက်တော့ သူ့ အကြောင်းက မေ့မေ့ပျောက် ပျောက် ဖြစ်သွားတယ် ။ မြား မြောင်လှတဲ့ လူ့ဘဝတာဝန် တွေကြားမှာ အသစ်သစ် သော ဖြစ်ရပ်တွေနဲ့ တပည့်အသစ်တွေရဲ့ ကြား အားလုံး ကို မေ့သွားခဲ့ရတယ် ။


အလုပ်တာဝန်နဲ့ တစ်ရပ်တစ်ရွာ ပြောင်းရတယ် ။ အနေကျဖို့ ကြိုးစားရတယ် ။ ဖြစ်ရပ်အသစ် ၊ ဝန်းကျင်အသစ်တွေနဲ့ ဆုံရတယ်ပေါ့ ။ ဒီကြားထဲ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန် ဖြစ်ခဲ့ဘူး ။ ၃ နှစ်ပြည့်လို့ ပြောင်းခွင့်ရမှ ကိုယ့်ရပ်ကိုယ့်ရွာကို ကျွန်တော် ပြန်လာခဲ့ရ တယ် ။


ကျွန်တော် မရှိတဲ့ ကာလ အတွင်း ရွာမှာ ပြောင်းလဲမှု တွေ ရှိခဲ့တယ် ။ လူတချို့သေတယ် ၊ ကျွန်တော် မသိတဲ့ လူ တချို့ ရွာထဲ ထပ်ရောက်နေကြတယ် ။ ရွာလယ်လမ်းတွေ အားလုံး ကျောက်ခင်းလမ်းတွေ ဖြစ်ကုန်တယ် ။ ရွာထိပ်မှာ ကျောင်းဆောင်အသစ် ကြီးက ဟည်းလို့ ။


ကိုယ့်ရပ်ကိုယ့်ရွာ ဆိုပေမဲ့ ရောက်စမို့ အစိမ်းသက်သက်လို ခံစားရတယ် ။ ဒါကြောင့် ကိုယ့်ရွာ ကိုယ့်လမ်းတွေကို လျှောက်ကြည့်နေဖြစ်တယ် ။


ရွာရှေ့ ထနောင်းပင်ရိပ် ရောက်တော့ အံ့သြစရာ မြင်ကွင်းတစ်ခုနဲ့ ကြုံရတယ် ။ တကယ့်ကို သပ်သပ်ရပ်ရပ် ၊ အဆင့်မီမီ ဆိုင်ကြီးတစ်ဆိုင်ပါပဲ ။ ဆိုင်ရှေ့မှာ ပန်းအလှ စိုက်ခင်းလေးတွေနဲ့ မျက်စိပသာဒလည်း တင့်တယ် ။ အနားရောက်တော့ ဦးခင်မောင်ထွန်း ကို တွေ့တယ် ။


“ ဟာ ဆရာ ဘယ်တော့ ပြန်ရောက်လဲ ။ နေကောင်းတယ်နော် ” 


ဝမ်းသာအားရ နှုတ်ဆက်ရှာတယ် ။ ကျွန်တော့်မှာ ဆွံ့အ,လို့ ။


ဆိုင်ထဲ ဝင်ထိုင်ဖို့ ဖိတ်ခေါ်တယ် ။ အတွင်းကို ငဲ့ကြည့်မိတော့ သူ့ဇနီးရဲ့အပြုံးကို မြင်တယ် ။


ဆရာတော်ဆီ ဝင်ဦးမှာမို့ မထိုင်တော့ဘူး ပြောပြီး နှုတ်ဆက်ခဲ့ရတယ် ။ ရင်မှာတော့ ဝေဒနာတွေက အပြည့် ။


••••• ••••• •••••


မုန့်လုံးစက္ကူကပ်ပါလို့ 

ကြာကလပ်နှင့် 

ဆွမ်းတော်တင် 

ပလ္လင်ပေါ်က 

မျောက်ကလေး 

ဆင်းတယ်လို့ပြေး 

ကြာအေး ။ 


ကြာအေးကို 

သူ့အမေ ရိုက်လို့ 

မှောင်မိုက်မှာ ငို ၊ 

ကိုလူပျိုထရံပေါက်က 

ခြေထောက်ကိုဆွဲ 

တွဲလဲ ။ 


တွဲလဲနေပါဦး ၊ 

မိုးတောင်ကချုန်း 

မုန့်လုံး ။


ကျွန်တော်တို့ ငယ်ငယ် ကလေးဘဝက အော်ဆိုခဲ့တဲ့ ကဗျာလေးကို အမှတ်ရနေမိတယ် ။ “ မိုးတောင်ကချုန်း မုန့်လုံး ” ပြီးတော့ မုန့်လုံးစက္ကူ ကပ်ပါလို့ ” ပြန်စ ၊ နောက် “ မိုးတောင်ကချုန်း မုန့်လုံး ” ဖြစ် ။ မုန့်လုံးစက္ကူပြန်ကပ်နဲ့ အဆုံး မရှိတဲ့ ကဗျာကို မမောတမ်း အော်ဆိုခဲ့ဖူးတယ် ။


တကယ်တော့ ဟောဒီ လောကကြီးထဲက အရာအားလုံးတို့သည်လည်း ကြာအေး ပဲ ထင်ပါရဲ့ ။


အရက်သမားတွေ မရှိအောင် အရက်ဆိုင်တွေ မရှိရင် ကောင်းမှာပဲလို့ တောင့်တခဲ့တဲ့ သူက ဧရာမ အရက်ဆိုင်ကြီး တည်လို့ ။ စာတန်းကြီးကလည်း ကြည့်ဦး ။


“ ရေခဲစိမ် ဘီယာ အစုံ ရပြီ ” တဲ့ ။


 ⎕ နော် ၊ ကျောက်တိုင် ၊

📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း        

     စက်တင်ဘာ ၂၀၁၇

Wednesday, September 10, 2025

မတွက်တတ်သော ပုစ္ဆာ


 

❝ မတွက်တတ်သော ပုစ္ဆာ ❞ 
     ( နော် - ကျောက်တိုင် )

“ ဆရာ ၊ ကျွန်တော့်မုန့်ထုပ် ပျောက်ပါတယ် ”

ပထမတန်းမှာ စာသင်နေတုန်း ဒုတိယတန်းက ကလေးလေး လာတိုင်တယ် ။ စိတ်က တွန့်ခနဲ ဖြစ်ပြန်ရော ။ ဆရာမ ရွာပြန်သွားလို့ တစ်ယောက်တည်း လုံး သင်နေရချိန် ဒါမျိုးဖြစ်ရင် သိပ်စိတ်ပျက်တယ် ။ ကျောင်းသား ၂ဝ သာ ရှိတဲ့ အ.မ.က ( ခွဲ ) ကျောင်းလေး ဆိုပေမဲ့ အတန်းစုံတစ်ယောက်တည်းသင်ပေးရတဲ့အခါ ပိတယ် ။ တော်ရုံတန်ရုံ စိတ်မရှည်ချင်ဘူး ။ ဒီကြားထဲ အခုလို မုန့်ပျောက်တာ ၊ ပေတံပျောက်တာ ၊ ခဲတံ ၊ ခဲဖျက် ပျောက်တာမျိုးဆို ပိုဆိုးရော ။ ဒီကျောင်းလေးမှာ ကျွန်တော် ရောက်ပြီးကတည်းက ဒါမျိုး မဖြစ်တာကြာပြီ ။ ရောက်စ တစ်ခါ ၊ နှစ်ခါ ဖြစ်သေးတယ် ။ လွယ်အိတ်တွေ အနှံ့ရှာပြီး တွေ့လို့ ခြောက်ထားကတည်းက အပျောက်အရှ မရှိခဲ့ဘူး ။ အရင်က ခဲတံ ၊ ခဲဖျက် ခဏခဏ ပျောက်ကြတယ်တဲ့ ။ တချို့ကလေးမိဘတွေ ပြန်ပြောပြလို့ သိရတယ် ။ ပြောင်းသွားတဲ့ ဆရာက တစ်ခါမှ စစ်တာမေးတာ မရှိဘူးတဲ့ ။ ကျွန်တော့်ကိုလည်း အဲဒီလို ထင်ပြီး လုပ်နေကျ လုပ်တာ ရှိမှာပေါ့ ။ အားလုံးကို တန်းစီပြီး တစ်ယောက်ချင်း လွယ်အိတ်တွေ လိုက်စစ်တယ် ။ တွေ့တယ်ပေါ့ ။ ခဲတံခဲဖျက်တွေက တန်ဖိုးမရှိပေမဲ့ ၊ မုန့်ချပ်တွေက မပြောပလောက် ပေမဲ့ သူတစ်ပါးပစ္စည်းကို အလွယ်တကူ နှိုက်ယူတတ်တဲ့ အကျင့်က ကလေးတစ်ယောက် အတွက် သိပ်အရေးကြီးတယ် ။ ဒါကြောင့် ဘာလေးပဲ ပျောက်ပျောက် ကျွန်တော် စစ်တယ် ။ ( ပျောက်ရင် နောက်တစ်ခု ထပ်ဝယ်ဆိုပြီး ဘာသာ နေတတ်တဲ့ ဆရာတွေကိုလည်း တွေ့ဖူးတယ် ၊ မဖြစ်သင့်ဘူးပေါ့ )

တစ်ခါတစ်ခါတော့လည်း တွေးမိတယ် ။ ကိုယ့်မှာ မရှိတဲ့ ခဲတံ ၊ ခဲဖျက် ၊ ပေတံလေးတွေကို ကလေးသဘာဝ နှိုက်ယူချင်စိတ် ရှိချင် ရှိမယ်ပေါ့လို့ ။ ဘာကြောင့်ဆို ဒီအရပ် ဒီဒေသ ဆိုတာက ခဲတံတစ်ချောင်း ၊ ခဲဖျက်တစ်ခု ၊ စာအုပ်တစ်အုပ် ရဖို့ မလွယ်တဲ့အရပ်လေ ။ ဝေးလံခေါင် ဖျားတဲ့ တောင်နှစ်လုံးကြားက ရွာလေးမှာ ဝယ်စရာဆိုင် မရှိဘူး ။ ဆား ၊ ငါးပိကအစ လူသုံးကုန်မှန်သမျှ ငါးမိုင် လောက် ဝေးတဲ့ ရွာကြီးကို သွားဝယ်ကြရတယ် ။ အဲဒီ ငါးမိုင်ခရီး ဆိုတာကလည်း လမ်းချော မဟုတ်ဘူး ။ တောအထပ်ထပ် ၊ တောင်အသွယ်သွယ် ၊ လျှိုအဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ ရောက်ရတဲ့ခရီး ။ ဒါကြောင့် အရာတိုင်းက ဒီမှာရှားတယ် ။ ပေါတာဆိုလို့ ကလေးရယ် ၊ ခွေးရယ် ၊ ချောင်းကျောက်တွေရယ်ပဲ ရှိတယ် ။

ကျွန်တော်ရောက်စ ဒီရွာ ၊ ဒီကျောင်း ၊ ဒီအထာ မသိခင် အတော်စိတ်ညစ်ခဲ့ရတယ် ။ ကသီခဲ့တယ် ။

ကလေးတွေကို အားကြိုးမာန်တက် စိတ်ပါလက် ပါ ရှင်းလင်းသင်ကြားပြီး “ ကဲ ... ရေး ” ဆိုတော့ “ ခဲတံ မရှိပါဘူး ” တဲ့ ။ “ စာအုပ်မရှိပါဘူး ”တဲ့ ။ မရှိခြင်းတွေ စုံနေတယ် ။ ကြိုးစားပြီး သင်ထားရတဲ့စိတ်က တော်တော် တိုသွားတယ် ။ ဒါကြောင့် မျက်လုံးဝိုင်းဝိုင်းလေးတွေကို ဒေါသနဲ့ကြည့်ပြီး “ ခဲတံ မရှိရင် မင်းတို့အမေကို ပြောလေကွာ ။ စာအုပ် မရှိရင် မင်းတို့မိဘကို ဝယ်ခိုင်းပေါ့ ” လို့ ပြောမိတယ် ။ ဒီတော့ “ ပြောပါတယ် ” တဲ့ ။ ဘာပြောလဲ ထပ်မေးတော့ “ မရှိရင် မရေးနဲ့လို့ ပြောပါတယ် ” တဲ့ ။ ကျွန်တော် ထပ်မပြောတတ်တော့ဘူး ။

နေထွက်က နေဝင် တောင်ပေါ်တက် ၊ စူးထိုး ၊ ကိုင်းထောက်နေကြရတဲ့ သူတို့ ဘဝတွေမှာ သားသမီးရဲ့ ပညာရေးကို အာရုံစိုက်ဖို့ အချိန်မရှိဘူး ။ ခဲတံလေးတစ်ချောင်း ၊ စာအုပ်လေးတစ်အုပ်အတွက် သွားဝယ်ပေးတဲ့ မိဘ ဆိုတာ ရွာလေးမှာ လက်ချိုးရေလို့ရတယ် ။ အများစုက မရှိရင် မရေးနဲ့ပဲ ။ ကြုံမှ ဝယ်ပေးမယ်လို့ တွေးကြတယ် ။ အဲဒီအတွေးက ကျွန်တော့်ကိုလောင်တယ်ပေါ့ ။ အလုပ် မှာ ခက်ရော ။

ကလေးလေးတွေက မျက်ရည်ကြည်လေးတွေ တလက်လက် ။ ရိုက်ရင် နာရုံ ၊ သ,တ်ရင် သေရုံရှိမယ့် ဘဝမျိုး ။

နောက်တော့ ကျွန်တော်ကိုယ်တိုင် သဘောပေါက်ပြီး ခဲတံ ၊ ပေတံ ၊ ခဲဖျက် ၊ စာအုပ် အားလုံး အဆင်သင့် ဝယ်ပြီး ထားရတယ် ။ ဒီနှစ်က နိုင်ငံတော်ပံ့ပိုးတဲ့ စာအုပ် တစ်ဒါဇင်နဲ့ ဆိုတော့ ပိုအဆင်ပြေတယ် ။ ကျောင်း ထောက်ပံ့ကြေးကိုလည်း ခဲတံ ၊ ခဲဖျက် ၊ ပေတံ ၊ စာအုပ် ဝယ်လို့ရတဲ့ ခေါင်းစဉ်အောက်မှာ များများ သုံးရတယ် ။ ပြီးတော့ ကျွန်တော့်မိတ်ဆွေတွေ ၊ ပရဟိတအသင်းတွေ ၊ အလှူရှင်တွေ ရှာပြီး ကလေးလေးတွေ အတွက် ကျောင်းသုံးပစ္စည်းလေးတွေ အပြည့်အစုံ ထားပေးရတယ် ။ “ ခဲတံ ၊ ခဲဖျက် ၊ စာအုပ် ကုန်တဲ့အချိန် ပြော ၊ ပေးမယ် ။ သူများပစ္စည်းတော့ မနှိုက်နဲ့ ၊ ဆရာမကြိုက်ဘူး ” ဆိုပြီး တင်းတင်းကျပ်ကျပ် ပြောထားခဲ့တယ် ။

ဒါကြောင့် ဒီကျောင်းလေးမှာ ပစ္စည်း အပျောက်မတိုင်တာ ကြာပြီ ။ အခုမှ မုန့်ပျောက်တယ်တဲ့ ။

“ ဖျန်း ၊ ဖျန်း ”

စားပွဲကို နှစ်ချက် ဆင့်ရိုက်လိုက်တော့ ဆူနေတဲ့ အသံတွေ တိတ်ခနဲ ဖြစ်သွားတယ် ။

“ ဒီမှာ ၊ မောင်ကျော်ကြားရဲ့ မုန့် ပျောက်လို့တဲ့ ။ အဲဒါ တွေ့မိတဲ့သူ ပြန်ပေးလိုက်ပါ ”

“ မတွေ့ပါဘူး .. ”

“ မတွေ့ ပါဘူး .... ”

“ ဖျန်းဖျန်း .... ”

ဝါးတော မီးဝင်တဲ့ အသံတွေ ငြိမ်ကျသွားတယ် ။

“ အေး .. ဆရာက လိမ်တာ မကြိုက်ဘူး ။ နှိုက်ယူတာ မဟုတ်ပေမဲ့ ကောက်တွေ့တယ်ဆို အခုပြန်ပေးလိုက် ။ စစ်ကြည့်မှာနော် ၊ စစ်လို့ တွေ့ ရင်တော့ မလွယ်ဘူးမှတ် ”

“ မတွေ့ပါဘူး ... ”

“ မတွေ့ပါဘူး .. ”

တစ်ယောက်တစ်ပေါက် ဝုန်းဒိုင်းကြဲသွားတယ် ။

“ ဖျန်းဖျန်း ”

“ မောင်ကျော်ကြား ၊ လာဦး ”

လက်ကလေးပိုက်လို့ ထွက်လာတယ် ။

“ မင်း မုန့်ပါတာ သေချာတယ်နော် ”

“ ဟုတ်ကဲ့ ”

“ ဘယ်သူမြင်လဲ ”

“ မောင်ကို မြင်ပါတယ် ”

“ ဟုတ်ပါတယ် ဆရာကြီး ၊ သူ့လွယ်အိတ်ထဲ ထားတာ ကျွန်တော် မြင်ပါတယ် ”

တကယ့်ကို ခိုင်ခိုင်မာမာ တရားခံကို ဖော်ထုတ်နိုင်ဖို့ တက်တက်ကြွကြွ ယုံယုံကြည်ကြည်နဲ့ သက်သေခံပေးတယ် ။

“ ကဲ ဒါဖြင့် အားလုံး တန်းစီ ”

မျက်လုံး ကြည်ကြည်ဝိုင်းဝိုင်းလေးတွေက လက်လို့ ၊ တောက်လို့ ။

ကလေးတစ်ယောက်မှာ ချစ်စရာအကောင်းဆုံးက မျက်လုံးလို့ ထင်တယ် ။ မျက်ဝန်းလေးတွေမှာ ရိုးသားမှုတွေ ရှိတယ် ၊ လန်းဆန်းမှုတွေ ရှိတယ် ၊ ဖျတ်လတ်မှုတွေ ရှိတယ် ၊ တက်ကြွမှုတွေ ရှိတယ် ၊ ဖြူစင်ခြင်းတွေ ရှိတယ် ၊ အဲဒီ မျက်ဝန်းလေးတွေကို ကျွန်တော် တစ်ယောက်ချင်း လိုက်ဖတ်တယ် ။

တစ်နေရာရောက်တော့ စိုးရွံ့နေတဲ့ အရောင်မဲ့ မျက်ဝန်းတစ်စုံကိုတွေ့ တယ် ။

“ မောင်ညှက် ၊ မင်းယူသလား ”

“ ကျွန်တော် မစားပါဘူး ”

ဟိန်းထွက်သွားတဲ့ ကျွန်တော့်အသံမှာ သူ့အသံ တုန်တုန်လေးက ကပ်ပါတယ် ။

ဘာကြောင့် ညာချင်ရတာလဲ ကလေးရယ် ။

သူ ဝန်မခံတော့ တစ်ယောက်ချင်းရဲ့ လွယ်အိတ်တွေ ယူစစ်လိုက်တယ် ။ တာဝန်အရ အားလုံးကို စစ်ရပေမဲ့ တရားခံ မိထားသူအတွက် အေးဆေးပေါ့ ။ သူ့လွယ်အိတ်လေးထဲ မုန့်ထုပ်ရှိမှာ သေချာတယ်လေ ။

“ မောင်ညှက် ”

ကျွန်တော် ခေါ်တော့ လွယ်အိတ်စုတ်လေး ယူပြီး စားပွဲပေါ် လာတင်တယ် ။ စမ်းကြည့်တော့ မတွေ့ဘူး ။ တစ်အုပ်ချင်း ထုတ်ရှာတယ် ၊ မရှိ ။ ဘယ်လိုပါလိမ့် ။

“ မောင်ညှက် ၊ မောင်ကျော်ကြားရဲ့မုန့် မင်းနှိုက်ယူတယ် မဟုတ်လား ”

လေသံကိုနှိမ့်ရင်း ကျွန်တော် အေးဆေးပဲ မေးလိုက်တယ် ။

“ မယူပါဘူး ”

မျက်ဝန်းဝိုင်းလေးမှာ မျက်ရည်ကြည်တွေ လဲ့လာတယ် ။

“ မဟုတ်ဘူး ၊ မင်း အမှန်အတိုင်းပြော ၊ ဆရာ မင်း ကို ဘာမှမလုပ်ဘူး ။ မောင်ကျော်ကြား ရဲ့မုန့်ကို မင်း နှိုက်ယူပြီး စားလိုက်တယ်မဟုတ်လား ”

ချော့ပြီး မေးလိုက်တယ် ။

“ မဟုတ်ပါဘူး ”

ခေါင်းငုံ့ရင်း တိုးတိုးလေး သူဖြေတယ် ။

“ မင်း အမှန်အတိုင်းပြော ”

“ ဖျန်း ဖျန်း ”

စားပွဲပေါ် ရိုက်လိုက်တဲ့ တုတ်အဖျား ကျိုးသွားတယ် ။ မျက်ရည်သွယ်သွယ် စီးပြီး ကလေးငိုတယ် ။ ကျွန်တော် က ဆို့ဆို့နင့်နင့် ။

ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ ကျွန်တော် ထင်တာ မလွဲဘူး ။ ဒါပေမဲ့ လက်ဆုပ်လက်ကိုင် မပြနိုင်တာမို့ “ ငါထင်လို့လား ” ဆိုတဲ့အတွေး ဝင်မိတယ် ။ တစ်ဆက်တည်း သူတကယ်မဟုတ်ရင် ဆိုတဲ့ အသိဝင်တော့ အနိုင်ကျင့်သလို ဖြစ်မှာ စိုးသွားတယ် ။ ဒါကြောင့် “ အေး အေး ၊ မင်း မယူဘူးဆိုရင်လည်း ပြီးတာပဲကွာ ၊ မငိုနဲ့ တိတ် တိတ် ”

ပြောပြီး နေရာ ပြန်လွှတ်လိုက်တယ် ။

ဒီနေ့အဖို့ သွားပြီ ။

သူတကာတွေ အတွက် ဒီကိစ္စမျိုးက မပြောပလောက်ပေမဲ့ အရာရာကို လေးလေးနက်နက် တွေးတတ်တဲ့ ကျွန်တော့် အတွက် အရေးကြီးကိစ္စ တစ်ခု ဖြစ်နေတယ် ။ ပြဿနာရဲ့ အဖြေကို မဖော်ထုတ်နိုင်လို့လည်း ခံစားရတယ် ။

စားပွဲမှာ ကျွန်တော် ငုတ်တုတ် ။ ကလေးလေးတွေ က ကျောင်းလေးပေါ်မှာ ပြေးရင်းလွှားရင်း ကစားရင်း ဆူညံ ။ မောင်ကျော်ကြား လည်း ဆော့တယ် ။ ဖိုးညှက် လည်း ဆော့တယ် ။ စဉ်းစားရင်း ခေါင်းထဲမှာ အတွေးတစ်ခု ရောက်လာတယ် ။ ဒါကြောင့် ဆူညံနေတဲ့ ကလေးလေးတွေကို ထားခဲ့ပြီး အိမ်ကလေးဆီ ခဏ ဆင်းလာခဲ့တယ် ။ ကျောင်းဝင်း အတွင်းဆိုတော့ နီးနီးလေးပါပဲ ။

အိမ်ပေါ် ရောက်ပြီး ကျောင်းဘက် ထရံ ကနေ အားလုံးကို စိုက်ကြည့်နေဖြစ်တယ် ။ ကလေးလေးတွေက ကျွန်တော် မရှိမှန်းသိတော့ ဝုန်းဒိုင်းကြဲသွားတယ် ။ အဲဒီလို ဆူညံနေတုန်းမှာပဲ ဖိုးညှက်တို့ မောင်နှမ ရှေ့ထွက် လာတာ မြင်တယ် ။ ရင်က လှိုက်ခနဲ ။

ကျွန်တော့်အိမ်ဘက် လှမ်းကြည့်ပြီး ကျောင်းအနောက်ဘက် မန်ကျည်းပင်ကြီးဆီ သူတို့သွားကြတယ် ။ ကျွန်တော်လည်း ချက်ချင်း အိမ်ပေါ်က ဆင်းလိုက်တယ် ။ ကျောင်းကို ကွေ့တယ် ။ မန်ကျည်းပင်ခြေရင်းနား အသာ တိုးကပ်လိုက်ပြီး ငဲ့ကြည့်လိုက်တယ် ။ မြင်ကွင်းက နင့်ခနဲ ။ မန်ကျည်းပင်ကြီး အခေါင်းထဲ ဝှက်ထားတဲ့ မုန့်ကို ဖိုးညှက် ထုတ်တယ် ။ ပြီးတော့ နှမလေးကို စားခိုင်းတယ် ။ ပြီးမှ သူစားတယ် ။

ကျွန်တော် ထွက်လိုက်ရမလား ၊ မဟုတ်သေးပါဘူးလေ ။ စားလက်စနဲ့ ကုန်တဲ့အထိ စားကြပါစေ ။

ကျွန်တော် စောင့်နေလိုက်တယ် ။ မုန့်ကုန်သွားတော့မှ ...

“ မောင်ဖိုးညှက် ”

ကလေးလေးတွေရဲ့ ကြောက်လန့်မှုကို ဖော်ပြဖို့ စကားလုံးတွေ မပြည့်စုံနိုင်ဘူး ။ နှမလေးက သူ့နောက်မှာ ကွယ်လို့ ။

“ မင်း ဘာကြောင့် ဒီလို လုပ်ရတာလဲ ”

အနူးညံ့ဆုံး လေသံနဲ့ မေးဖြစ်လိုက်တယ် ။

ကလေးလေးတွေ မဖြေဘူး ။ ရှိုက်ရှိုက်ပြီး ငိုနေကြတယ် ။

အမိုး မရှိတဲ့ ကောင်းကင်မှာ ခေါင်ပါ မဲ့နေတော့ ဒုက္ခ မိုးတွေ စိုပြီပေါ့ ။

မုဆိုးမလက်မှတ်နဲ့ အရက်သောက်များနေတဲ့ သူတို့ အမေကို ကျွန်တော်ရွံတယ် ။ ထမင်းစားခြင်းတစ်ခုသာ လူနဲ့ တူပြီး အားလုံးက တိရစ္ဆာန်ထက် ဆိုးသူ ဆိုတော့ ကလေးလေးတွေနဲ့ ပတ်သက်ပြီး တစ်ခါတစ်ရံ ဆက်ဆံရတာတောင် မစင်တွင်းနှိုက်သလို ခံစားရတယ် ။

လိင်စိတ်တစ်ခုနဲ့ မျိုးကျခဲ့တဲ့ သားသမီးတွေ အပေါ် ငှက်မတစ်ကောင်ရဲ့ စောင့်ရှောက်မှုလောက် ရှိရင်တောင် ကျွန်တော် ကျေးဇူးတင်ချင်တယ် ။ အခုတော့ မိုးလင်းက မိုးချုပ် သူသောက်ရဖို့ အရေးပဲ တွေးနေတယ် ။

“ မင်း ဘာကြောင့် ဒီလို လုပ်ရတာလဲ ”

“ ဗိုက် ... ဗိုက်ဆာလို့ပါဆရာ ”

“ မင်းအမေ ထမင်းမချက်ပြန်ဘူးလား ၊ ဆန် မရှိလို့လား ။ ရှိလျက်နဲ့ အရက်သောက် အိပ်နေတာလား ”

မေးခွန်းတွေ ဆက်တိုက် မေးပစ်လိုက်တယ် ။ ကလေးတွေရဲ့ ရှိုက်သံက ပိုကျယ်လာတယ် ။ အချိန် ကြာကြာ ရှိုက်ပြီးမှ ...

“ မဟုတ်ပါဘူးဆရာကြီး ၊ အမေ ထွက်သွားလို့ပါ ”

“ ဟေ ၊ ဘယ်ကို ထွက်သွားတာလဲ ”

“ စိန်ဒူးကိုပါ ”

“ ဘာကြောင့်လဲကွ ”

“ ကျွန်တော်တို့ မောင်နှမသုံးယောက်ကို မကျွေးနိုင်လို့ပါ ။ နင်တို့လည်း နေချင်သလို နေ ၊ ငါလည်း ရှာမကျွေးနိုင်တော့ဘူး ဆိုပြီး စိန်ဒူးကို ထွက်သွားပါတယ် ”

ကျွန်တော် ဘာပြောရမလဲ ။ ဘယ်လိုပြောရမလဲ ။

ကလေးလေးတွေ ထမင်းငတ်ပြီ ။ ဒါကြောင့် သူများ မုန့်အလစ်သုတ် ခိုးစားတယ် ။ ငတ်တိုင်းသာ သူများ ပစ္စည်း ခိုးစားနေရင် အခက် ။ ဒီလို မဖြစ်အောင် ကျွန်တော် ဘာလုပ်ရမလဲ ။ ဘာလုပ်ပေးနိုင်လဲ ။ ကိုယ်တိုင် ကျွေးမွေးထားရမလား ၊ စဉ်းစားမိတော့ မိသားစုနဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝကို သတိပြုမိသွားတယ် ။ ကျွန်တော့်မှာ ငေါင်စင်းစင်း ။ ကလေးနှစ်ယောက်ကတော့ မန်ကျည်းပင်ကြီး အောက်မှာ ရှိုက်၍ ရှိုက်၍ ငိုနေဆဲ ။

▢ နော် ( ကျောက်တိုင် )
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇွန် ၊ ၂၀၁၇ ။

Friday, June 20, 2025

ကံကြမ္မာရေ ကျေးဇူး


 

❝ ကံကြမ္မာရေ ကျေးဇူး ❞
   ( နော် - ကျောက်တိုင် )

ဘဝ မှာ အသက် တစ်ရာ မနေရ ၊ အမှုတစ်ရာ တွေ့ရ ဆိုတာ ကျုပ် အတွက် ဖြစ်နေမလားဘဲ ။ ကျုပ် အသက် က ၈ဝ ကျော်ရုံ ရှိသေးတယ် ။ ဒါပေမဲ့ ကျုပ် ဖြတ်သန်းရတဲ့ အပူတွေ က မနည်းဘူး ။ ဒီ နေ့ ၊ ဒီ အရွယ် ၊ ဒီ အချိန် အထိ အကုသိုလ်ကံတွေ အကျိုးပေး ကောင်းနေတုန်း ။ အရေးရယ် ၊ အကြောင်းရယ် ဆို ဘယ်သူ့မှ အားကိုးစရာ မရှိဘူး ။ ညကြီးမင်းကြီး ကသီလိုက်တာ မပြောနဲ့ ။

မြင့်မောင် နဲ့ လှခင်လေး အလွယ်တကူ နှိုးရလို့ တော်သေးတယ် ။ မဟုတ်ရင် မလွယ်ဘူး ။ ကျုပ် ကလည်း အိုမင်းမစွမ်း ။

ဒီလိုပေါ့လေ ။ လောကကြီး က အားလုံးတော့လည်း ဘယ် ဆိုးနိုင်မလဲ ။ အကောင်းလေးတွေ လည်း ရှိရဦးမှာပေါ့ ။ လိုက်ပို့ပေးတဲ့ သူတို့ ညီအစ်ကို ကလည်း တော်ရှာတယ် ။ ပိုက်ဆံလေး ၅ဝဝ ပေးတာ တောင် မယူကြဘူး ။ မနက် အလုပ်ဆင်းရမှာမို့သာ သူတို့ ပြန်ရတာ ။ စောင့်တောင် နေ ပေးချင်တာတဲ့ ။ ကိစ္စ မရှိဘူး ပေါ့ ။ ဒီ ရောက်ရင်ပဲ ဝမ်းသာလှပြီ ။ ကျန်တာ ဆရာဝန်တွေ လုပ်ကြလိမ့်မယ်ပေါ့ ။ လက်လှုပ်မှ ပါးစပ်လှုပ် ရသူတွေချင်း စာနာလို့ ပြန် လွှတ်လိုက်တယ် ။ ဒါကြောင့် အခန်းဝ မှာ ကျုပ် တစ်ယောက်တည်း ။ နာရီစက်သံ တချောက်ချောက် က လွဲရင် အားလုံးက ငြိမ်လို့ ။ ၁၂ နဲ့ ၆ မှာ တန်းနေတဲ့ လက်တံတွေ ကို ကြည့်ရင်း ကျုပ် သက်မမောတွေ ခဏခဏ မှုတ်ထုတ် နေဖြစ်တယ် ။

မွေးခန်း ထဲ သူတို့ ဝင် သွားကြပေမဲ့ ကျုပ် ရင်က မပူဘူး ။ ဖြစ်ချင်ရာ ဖြစ် ၊ ကံ လို့ပဲ တွေးလိုက်တယ် ။ ဒီလောက် ဆိုးတဲ့ ကံဟာ ဒီထက်ဆိုးလည်း မပူတော့ဘူး ။ အဆုံးစွန် သေရုံပေါ့ ။ အဲဒီလို ပစ်ပစ်နှစ်နှစ်ကြီး ပဲ ကျုပ် တွေးပစ် လိုက်ချင်တယ် ။ ဒါကြောင့် အင်္ဂုလိမာလသုတ် လည်း မရွတ်ဘူး ။ ဘာ ဆုတောင်း မှလည်း မပြုဘူး ။ စိတ် က သင်း ( ဒင်း ) အကြောင်း တွေး လိုက်ရုံနဲ့ ဒေါသ ဖြစ်လာတယ် ။

သမီးလေး တစ်ယောက် ရှိပါတယ် ။ သိမ်သိမ်မွေ့မွေ့ ပိပိပြားပြား မဟုတ်ဘူး ။ ကျုပ် အထိန်း မတတ်တာ လည်း ပါမှာပေါ့လေ ။ ဖတဆိုးလေး ဆိုပြီး အလိုလိုက် ခဲ့လို့ ပို ဆိုးတာပေါ့ ။ အရွယ် ရောက် ကတည်းက ဟိုလူ နဲ့ ဘာလိုလို ၊ ဒီလူ နဲ့ ဘာလိုလို ။ ငယ်ငယ် ကတည်းက ခြေ မငြိမ်ဘူး ။ ကျုပ် လည်း စိုးရိမ်တာ နဲ့ တည်တည်တံ့တံ့ ဆိုပြီး ငအေး နဲ့ ပေးစားလိုက်တယ် ။ တဒင်္ဂတော့ အေးရောပဲ ။

ငအေး ဆိုတာက ပါးစပ် ထဲ လက် ထည့်ရင်တောင် ကိုက်တတ်တဲ့ သူစားမျိုး မဟုတ်ဘူး ။ တစ်နေ့လုံး နေတာတောင် စကားကို လေး , ငါးခွန်း ပြောချင်မှ ပြောတာ ။ အဲဒီလောက် အေးတယ် ။ သူ့ လယ် သူ့ ယာ နဲ့ ဆိုတော့ ဘာမှ ပြန် ကြည့်စရာမလိုဘူး ။ ကျုပ် စိတ်အေးပြီပေါ့ ။ ထင်ခဲ့တာလေ ။ အခုတော့ ခဏပဲ ။ သားလေး တစ်ယောက် ရတာ နဲ့ ကျုပ် သမီး စ , ဖောက် တော့တယ် ။

ဒီ လယ် ဒီ ယာတွေ ကို ဘိုးစဉ်ဘောင်ဆက် လုပ်ပြီး ကြီးခဲ့ ရတာ ကို သူ့ ကျမှ မလုပ်ချင်ပါဘူးတဲ့ ။ ပင်ပန်း လွန်းတယ်တဲ့ ။ သူများတွေ လို တစ်ဖက် ကူးမယ်တဲ့ ။ ကျုပ် ရင်ဘတ် ဖိပြီး ဘုရားတ,ရ တယ် ။ သူများတွေ သွားကြတယ် ဆိုတာက ယောက်ျားသား တွေ ၊ အမျိုးသမီး ဆို လူလွတ် တွေ ၊ လယ် တစ်ကွက် ၊ ယာ တစ်ကွက် မရှိကြတဲ့ အခြေခံ လူတန်းစားတွေ ။ ဒီ လူတွေ သွားတာက ဘာအကြောင်းလဲ ။ ဒီမှာ နေလည်း သူရင်းငှား ၊ ဟို သွားလည်း သူရင်းငှား ။ ဒီတော့ ပိုက်ဆံ ပိုရတဲ့ နေရာ သွားကြတာ မဆန်းဘူး ။

အခု သူ့ မှာက လယ် နဲ့ ယာ နဲ့ ၊ လင် နဲ့ သား နဲ့ ။ ဘာ သွားစရာ လိုလဲ ။ ကျုပ် ပြော တယ် ၊ မရဘူး ။ ဒါနဲ့ ငအေး ကို ပြောခိုင်းပါတယ် ။ ပိုဆိုး တာပဲ ။ ငအေး ဆိုတာက သူ တစ်ချက် မွှေ့ မှ မရှိတာကိုး ။ ဒီလိုနဲ့ ကျုပ် သမီး တစ်ဖက် ကူးသွားတယ် ။ ကျုပ် အိမ်ပေါ် မြေးတစ်ယောက် ရောက်လာတယ်ပေါ့ ။ သူ သွားတော့ ကျုပ် မြေး ဘာရှိ ဦးမလဲ ၊ နှစ်ခါလည် ပဲ ရှိသေးတယ် ။ ကျုပ် မှာ ကသီလိုက်တာ မပြောနဲ့ ။ ကလေး တစ်ယောက် မွေးရတာ လွယ်မှတ်လို့ ။ ချေး , သေး ကအစ ကိုယ်တိုင် လုပ်ရတာ ။ ဖအေ ကလည်း ပြန် မကြည့်ဘူး ။ နို့မှုန့် ကုန်လို့ သွား ပြောမှ စပါး ထိုးချိန် ပေးတာရယ် ။ ကြာတော့ ကျုပ် လည်း မပြော တော့ဘူး ။ ကိုယ် ပဲ ကြိုးစား ပြီး ရုန်းလိုက်တယ် ။ အလုပ် ပေါ်ရင် ကလေး ကျောပိုး လုပ်တာပဲ ။ သူ သွားစ သားလေး အတွက် ဆိုပြီး ပိုက်ဆံ နှစ်သိန်း ပို့တယ် ။ ဒီနောက် မလာတော့ဘူး ။

ကျုပ် အင် ကျုပ် အား ဆိုတော့ မူလတန်း ပြီးတာနဲ့ မြေးလေး ကို ကျောင်းထုတ် လိုက်ရတယ် ။ စာတော်ပေမဲ့ ဆက် မရုန်းနိုင်တော့ဘူး ။ မြို့ ကျောင်းစရိတ် ဆိုတာကြီး ကို ဒီ အမယ်ကြီး ဘယ် တတ်နိုင်မလဲ ။

အဲဒီလိုနဲ့ ကျုပ်တို့ဆီ သတင်း တစ်ခု ရောက်လာတယ် ။ သင်း ( ဒင်း ) နောက် ယောက်ျား ယူတယ်တဲ့ ။ အမျိုးထဲ ဒါမျိုး တစ်ယောက် မှ မရှိဘူး ။ ကြားစ ကျုပ် ရှက်လိုက်တာ မပြောနဲ့ ။ ယူတဲ့ ယောက်ျား က လူလွတ် ဆို တော်သေးတယ် ။ အခု ဟာက ကလေး နှစ်ယောက် ၊ မယားကြီး ငုတ်တုတ် ။ အဲဒီဘက်မှာ လူလွတ် ဖြစ် ဒီဘက် မှာ ငုတ်တုတ်ကြီးတွေ ရှိတာပဲ ။ ကြားတဲ့ နေ့ က မြေးလေး ငိုတယ် ၊ ကျုပ် လည်း ငိုတယ် ။

ငအေး ကတော့ ဘာမှ မဖြစ်သလိုဘဲ ။ နောက် တစ်လ အကြာ သူ လည်း နောက် မိန်းမ ယူတယ် ။

မြေးလေး အတွက် သနားမိတာ က လွဲရင် ငအေး အပေါ် ကျုပ် အပြစ် မမြင်ဘူး ။ ကိုယ့် သမီး က စ ဖောက်ထားတာ ဆိုတော့ သူ ယူတာ မဆန်းဘူးပေါ့ ။

ဘာပြောပြော ကံဆိုးလှတဲ့ မြေးလေး အတွက် ကျုပ် သနားတယ် ။ အဖေ ကြည့် တော့ မိထွေး နဲ့ ၊ အမေ ကြည့် တော့ ပထွေး နဲ့ ။ ကျုပ် ရှိလို့ပေါ့ ။ ကျုပ် သေသွားရင် ဆိုတဲ့ အတွေး ဝင်လာတိုင်း မြေးလေး ကို ပို ချစ်ရတယ် ။ ပိုပြီးလည်း အားကိုးလာတယ် ။

တဖြည်းဖြည်း အိုမင်းမစွမ်း ဖြစ်လာတဲ့ ကျုပ် အတွက် မြေးလေး က လက်ကသုံး တောင်ဝှေး လို့ ကျုပ် ယုံတယ် ။ ဘဝ မှာ မြေးလေး အတွက် ကျုပ် အသက်ရှင်ဖို့ လိုသလို ကျုပ် အတွက် မြေးလေး အသက်ရှင်ရမယ်ပေါ့ ။

အဲဒီလို မြေးအဘွား နှစ်ယောက် ရဲ့ ဘဝ က သာယာနေတုန်း သင်း ( ဒင်း ) ပြန် ရောက်လာတယ် ။ ဒါပေမဲ့ ရိုးရိုး မဟုတ်ဘူး ။ ဗိုက်ကြီး တငေါ့ငေါ့ နဲ့ ။ ပတ်ဝန်းကျင် ရဲ့ တံတွေးခွက် ဆိုတာ ကျုပ် ကူးနေကျ ကန်ကြီး လိုပဲ ။ မြေးလေး က ငို ၊ ကျုပ် က လည်း ငိုပေါ့ ။

ဒင်း ကတော့ မျက်နှာပြောင် လွန်းတယ် ။ သူ့ ယောက်ျား ပြန်လာလို့ လိုက် လာတာတဲ့ ။ ဒီ ရောက်တော့ ယောက်ျား က အရင် မိန်းမကြီး နဲ့ ပြန်ပေါင်း ၊ ငအေး ကလည်း နောက် မိန်းမ ယူထားတာမို့ ကျုပ် ဆီ တက်လာတာတဲ့ ။ တောင်းဆိုးပလုံးဆိုး မဟုတ်တော့ လည်း ကြည့်နေရတာပေါ့ ။

လက်တွေ ဆိုတာ ရိုက်ချင်လွန်းလို့ ယားနေတာပဲ ။ ဒါပေမဲ့ သူ့ ဗိုက်ကြီး ကြည့်ပြီး မရိုက်ရက်ပါဘူး ။ တကယ်ဆို နောက် ယောက်ျား ယူတယ် ထားဦး လွတ်လွတ်လပ်လပ် ယူပါလား ။ နောက် တစ်ချက် မလွတ်မလပ် ဖြစ်စေ ထားလိုက်ဦး ၊ ဘာကြောင့် ဒီ ဗိုက်ကြီး ပေါ်ခံရတာလဲ ။ အခု တော့ ကိုယ် ပဲ ဒုက္ခ ။ ယောက်ျား ကတော့ မိန်းမကြီး နဲ့ ပြန်ပေါင်းထုပ်ပြီး ဖြောင့် လို့ ။ ဒင်း မှာ သာ ကားကားနဲ့ ။

အခုတော့ မွေးခန်း ထဲ ရောက်ရပြီ ။ ဒင်းထို က်နဲ့ ဒင်း ကံလို့ တွေး နေတုန်း အခန်းတံခါး ပွင့်လာတယ် ။ ကျုပ် မတ်တတ်ရပ် လိုက်တယ် ။ ဒါပေမဲ့ ရုပ်ရှင်တွေ ထဲ ကလို အပြေး တစ်ပိုင်းနဲ့ လှုပ်လှုပ်ရှားရှားကြီးတော့ မလုပ်ဖြစ်ဘူး ။ လုပ်ချင်စိတ် လည်း မရှိဘူး ။

“ လူနာ့ အဘွားလား ” ဆရာဝန်လေး မေးတော့ “ အမေပါ ” လို့ ဖြေရတယ် ။

“ စိတ်တော့ မကောင်းဘူး အဘွားရေ ”

ဆရာဝန် စကားကြောင့် ကျုပ် ထိတ်ခနဲ ဖြစ်သွားရတယ် ။ အမိုက်မ ဆိုပေမဲ့ သမီး မို့ ချစ်တော့ ချစ်ရတာပဲ ။ ဆရာဝန် ဖွင့်ပြောလာမယ့် တဒင်္ဂ အချိန် ဟာ ကျုပ် အတွက် သိပ် ကြာလွန်းတယ် ။

“ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားတာပဲ အဘွား ရေ ၊ ဒါပေမဲ့ ကလေး က ကန့်လန့်ကြီး ဆိုတော့ အတော်ခက် ခဲ့တယ် ။ အားလုံး ကြိုးစားကြ တာတောင် အပြင် ရောက်ပြီး မကြာခင် ကလေး ဆုံးသွားတယ် ။ လူကြီး တော့ ကျန်းကျန်းမာမာပါပဲ ”

ဆရာဝန် ရဲ့ လက်ချောင်း သွယ်သွယ်လေးတွေ ကို ကျုပ် ဆုပ်ဖြစ်သွားတယ် ။ ရင် ထဲ မှာလည်း ဝမ်းသာလုံး က ဆို့လို့ ။ တော်တော် နဲ့ စကား မပြောနိုင်ဘူး ။ ခဏကြာ မှ စကား တစ်ခွန်း ကို ရင်ခတ်သံကြီး နဲ့ လှိုက်လှိုက်လှဲလှဲကြီး ပြောဖြစ်လိုက်တယ် ။

“ ကျေးဇူး တင်ပါတယ် ဆရာ ၊ ကျေးဇူး တင်ပါတယ် ဆရာ ။ တကယ့်ကို ကျေးဇူး တင်ပါတယ် ဆရာ ” 

▭ နော် ( ကျောက်တိုင် )
📖 ရွှေအမြုတ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၅ ၊ ဩဂုတ်