Showing posts with label နတ်ရဲ ( ရူပဗေဒ ). Show all posts
Showing posts with label နတ်ရဲ ( ရူပဗေဒ ). Show all posts

Friday, April 24, 2026

နွေအပူမှာ လေပူကဆင့်


 

❝ နွေအပူမှာ လေပူကဆင့် ❞
       ( နတ်ရဲ - ရူပဗေဒ )

“ ဖေကြီး ခဝဲလေး မရှိတော့ဘူး ၊ သား ညက သေချာ ထည့်ထားခဲ့တာ ၊ အခု မရှိတော့ဘူး ဖေကြီးရဲ့ ”

မျက်နှာသစ်ဖို့ အတွက် ရေခွက်ကို လှမ်းယူလိုက်တဲ့ ကျုပ် လက်တွေ ရပ်တန့် သွားရတယ် ။ သားငယ်လေးရဲ့ မျက်နှာက ပြိုတော့မယ့် မိုးလို အုံ့မှိုင်းလို့ ။ ကျုပ်လည်း ဆတ်ခနဲ တုန်သွားတာပဲ ။ ခဝဲ ဆိုတာ ကျုပ်တို့သားအဖ ချစ်စနိုး ခေါ်တာလေ ။

ခဝဲလေးက တိုက်ကြက်ကောင်း ။ နှစ်ပွဲတောင် နိုင်ပြီးသွားပြီ ။ ကြက်တိုက်သမားတွေလည်း ဝယ်ဖို့ အမြဲ လာလာ မေးနေကြတာ ။ ခဝဲလေးကို သုံးသောင်း အထိ ပေးထားကြတာ ။ ဒါတောင် ကျုပ်တို့ မရောင်းဘူး ။

ကျုပ် သူငယ်ချင်းက ပြော တယ် ။ ငါးပွဲ နိုင်လို့ ရှိရင် ကြက်တိုက်သမားတွေက သိန်းချီပေးပြီး ဝယ်ကြတာတဲ့ ။ အခု ခဝဲလေးကို မတွေ့တော့ဘူး ဆိုတော့ ကျုပ် တုန်လှုပ်သွားရတယ် ။

“ သေချာရဲ့လား သားရဲ့ ၊ ညက သေချာ ထည့်ထားတာ ဖေကြီးလည်း တွေ့တာပဲ ၊ ရှိရမှာပေါ့ ”

“ သေချာကြည့်ပြီးပြီ ၊ မရှိဘူး ဖေကြီးရဲ့ ၊ ခဝဲလေး အခိုးခံရပြီ ထင်တယ် ၊ ဟိုဘက် ရပ်ကွက်ထဲက ကြက် တွေတောင် မကြာမကြာ အခိုးခံရတယ်တဲ့ ဖေကြီးရဲ့ ”

သားငယ်လေးက ပြောပြီး မျက်ရည်ကျလာတော့တယ် ။ သားငယ်ကို ကြည့်ပြီး ကျုပ်ရင်ထဲ နင့်နေအောင် ခံစားရတယ် ။ ခဝဲလေးကို သားငယ်လေး ဘယ်လောက် အထိ သံယောဇဉ် တွယ်နေလဲ ဆိုတာ ကျုပ် အသိဆုံး ။

“ မဖြစ်နိုင်ပါဘူး သားရယ် ၊ လာ ... ဖေကြီးတို့ သွားရှာရအောင်နော် ၊ ဖေကြီး တွေ့အောင် ရှာပေးမယ် ၊ ကြား လား ”

သားငယ်လေးက မျက်ရည်ကြားကနေ ခေါင်းညိတ် ပြတယ် ။ ကျုပ် ခြေလှမ်းကျဲ ကျဲနဲ့ ကြက်ခြံဆီကို လျှောက်လာခဲ့တယ် ။ ကြက်ခြံထဲ ဝင်ပြီး ကြက်တွေကို သေချာ ရှာကြည့်တယ် ။ မတွေ့ဘူး ။ ခဝဲ လေးကို ရှာလို့တောင် မတွေ့ ဘူး ။ သားငယ်လေး ပြောတာ မှန်ပြီ ။ ခဝဲလေး အခိုး ခံလိုက်ရပြီ ။

“ တောက် ၊ တော်တော် အတင့်ရဲတဲ့ သူခိုး ၊ ခြံထဲ ဝင်ပြီးတော့တောင် ခိုးရတယ်လို့ ၊ မိရင်တော့လားကွာ .. ”

ကျုပ် ဒေါသတကြီး အော်ဟစ်လိုက်မိတယ် ။ ကျုပ်တို့ တန်ဖိုးထားတဲ့ ကြက်ကို ဒီလို အလွယ် ခိုးသွားတာ ဘယ်လောက် ခံပြင်းဖို့ကောင်းလဲ ။ ကျုပ် သားငယ်လေး ကတော့ မြေကြီးပေါ် ထိုင်ပြီး တရှုပ်ရှုပ် ငိုကြွေးလို့ ။ သားငယ်လေး အနားမှာ ကျုပ် လည်း ထိုင်ချလိုက်တယ် ။ သားငယ်လေးရဲ့ ဆံပင်ကို ဖွဖွလေး ပွတ်သပ်လိုက်ပြီး ...

“ မငိုနဲ့ သားငယ်ရ ၊ အဲဒီ သူခိုးကို တွေ့ရင် မှတ်လောက် သားလောက်အောင်ကို ထိုးပစ်လိုက်မယ်ကွ ”

ကျုပ် ပြောလိုက်မှ သားငယ်လေးက မျက်ရည်တွေ ကြားကနေ ကျေနပ်သလို ကြည့်လာတယ် ။ မခြောက်သေးတဲ့ မျက်ရည်စတွေကို ကျုပ် လှမ်းသုတ်ပေးလိုက်တယ် ။ ဒါတောင် သားငယ်လေးက တရှုပ်ရှုပ်နဲ့ ငိုရှိုက်နေတုန်း ။ ကျုပ်တို့က ကိုယ် မွေးထားတဲ့ တိရစ္ဆာန်တွေကို အရမ်း သံယောဇဉ်ကြီးတာ ။ အရင်ကတော့ ကြက်မွေးတာကို ဝါသနာ ပါလှတာ မဟုတ် ဘူး ။ ကိုယ့်ဘာသာ ဆိုင်ကယ်တက္ကစီလေး ဆွဲပြီး ဘဝကို ဖြတ်သန်းလာတာ ။ ကျုပ်ဆီ ဒီပိုး ရောက်လာတာ သားငယ်လေးကြောင့် ။

သားငယ်လေးက တိရစ္ဆာန်တွေကို အရမ်းချစ်တာ ။ သူများ ရိုက်လွှတ်လိုက်တဲ့ ခွေးကလေးတွေ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ပြီဆို အရက်ပြန်လေး ထည့်ပေးပြီး ခေါ်ထားလိုက်ရော ။ အနာတွေ ပုပ်ပွပြီး နံစော်နေတဲ့ ခွေးကလေးတွေ ကိုတောင် ဒီကောင် မရွံရှာဘူး ။ အနာထဲကို အရက်ပြန်တွေ လောင်း ထည့်လိုထည့် ၊ မီးဖိုထဲက ပြာတွေ ယူပြီး ထည့်လို ထည့်နဲ့ သူ့ဦးနှောက် တစ်ထွာတစ်မိုက်လေးက ထွက်တဲ့အတိုင်း ဒေါက်တာရမ်းကု လုပ်တတ်တာ ။ ဟိုတစ်ခါကလည်း ခွေးလေးတစ်ကောင် ခြေထောက် နာနေတာကို သူ့ အမေရဲ့ ပရုတ်ဆီတွေ ယူလိမ်းပေးတာ တစ်ဘူးလုံး ကုန်ရောလေ ။ သူ့အမေ လက်ချက်နဲ့ အရိုက် ခံရတာတောင် ဒီကောင် အပြုံးမပျက်ဘူး ။

သားငယ်လေးကတော့ ပေပေတေတေလေး ဆိုပေမဲ့ စိတ်ထား နူးညံ့တယ် ။ တစ်ခုခုဆို ကူညီချင်လိုက် တာလည်း လွန်ရော ။ တစ်ခါက ခြံဝမှာ လာတောင်းတဲ့ မိန်းမတစ်ယောက်ကို သူ့ အမေရဲ့ ထဘီ အသစ်စက်စက်ကြီးကို ယူပြီး ပေးလိုက်တာများ ရက်ရက်ရောရောပဲ ။  အဲဒီ ထဘီက သူ့အမေ လပေးနဲ့ ယူထားတာလေ ။ အကြွေးတောင် မကျေသေးတော့ ဒီကောင် အဆော် ခံရရောပေါ့ ။ သူ့အမေ ရိုက်လို့ တံမြက်စည်း တစ်ချောင်း ကုန်တာတောင် အသံ တစ်ချက်မှ မထွက်ဘူး ။ မနေနိုင်လို့ ကျုပ် ဝင်ဆွဲတော့ ဘာပြောတယ် မှတ်လဲ ။

“ ထဘီလေးတစ်ထည် ပေးလိုက်တာများ အကုန် ပေးလိုက်တာကျနေတာပဲ ။ ခုတော့ တံမြက်စည်း တစ်ချောင်း ဆုံးသွားပြီ မဟုတ်လား ၊ ဘုန်းကြီးကျောင်းမှာ သွားလှူရင် ကုသိုလ်တောင် ရဦးမယ် ”

တဲ့လေ ။ သူ့အမေဆို ဒေါသထွက်လွန်းလို့ တဆတ်ဆတ် တုန်နေရော ။

အရိုက်ခံရလို့ အသံတချက် မထွက်တဲ့ ကောင်က သူ ကုပေးထားတဲ့ ခွေးကလေး တစ်ကောင် သေသွားတော့ ငိုလိုက်တာများဗျာ ။ ပြီးတော့ တစ်နေ့လုံး ထမင်းလုံးဝ မစားဘဲ ငိုင်တိငိုင်တိုင်သော နေတော့တာ ။ အဲဒီလောက် အထိကို တိရစ္ဆာန်တွေ ချစ်တတ်တာ ။

ရပ်ကွက်ထဲမှာလည်း သားငယ်လေးနဲ့ မသိတဲ့သူ မရှိဘူး ။ ဒီကောင်က ကူညီတတ်တော့ အားလုံးချစ်ကြတယ် ။ အဲဒီလို လူချစ်လူခင် ပေါလို့လည်း ကြက်ကလေး နှစ်ကောင် ပါလာခဲ့တာပေါ့ ။ ဘယ်သူ ပေးလိုက်လဲတော့ မသိဘူး ။ ကြက်က အထီးနဲ့ အမ တစ်စုံ ။ မမွေးပါနဲ့လို့ ပြောတော့ သူ့ကြက်က ရိုးရိုး ကြက် မဟုတ်ဘူး ၊ တိုက် ကြက်တဲ့လေ ။ သူ့အမေကတော့ ခါးခါးသီးသီးပဲ ။ ဒီ တော့ ဒီကောင် ထမင်းမစား ဘဲ ဆန္ဒပြတော့တယ် ။ ကျုပ် ကတော့ သားအမိ နှစ်ယောက်ရဲ့ လွန်ဆွဲပွဲကို ဒီအတိုင်းပဲ ကြည့်နေလိုက်တော့တယ် ။ ဒီကောင် နေနိုင်ပေမဲ့ သူ့အမေက မနေနိုင်ဘူး ။ နောက်ဆုံးတော့ ခွင့်ပြုလိုက်ရောပေါ့ ။

အစကတော့ ဒီဝါသနာ က သားငယ်တစ်ယောက် တည်း ပါလာသလားလို့ပေါ့ ။ တဖြည်းဖြည်းနဲ့ ကျုပ်လည်း ဝါသနာ ပါလာတယ် ။ တက္ကစီဆွဲပြီး အပြန်ဆို ဒီကြက်ကလေးတွေဆီပဲ ပြေးကြည့်မိတယ် ။ ကြက်ကလေး နှစ်ကောင်ကလည်း ကြီးလာလိုက်တာ အရောင်သွေးစုံစုံနဲ့ ။ သူ့အမေ ဆိုလည်း ဆန်လေး လက်တစ်ဆုပ်လောက် အမြဲ ကြဲပေးနေတာပဲ ။ ဒီကြက် လေးနှစ်ကောင်ကို ကျုပ်တို့ မိသားစု သံယောဇဉ်တွယ် လာရော ။ ကြက်မက ဥတွေ စ,ဥတော့ သားငယ်လေး အရမ်း ပျော်နေတာ ။ ကြက် ကလေးတွေ ရတော့မယ်ဆို ပြီး ပျော်နေလိုက်တာ ကြည် နူးစရာ အတိ ။

ဒီလိုနဲ့ ကြက်နှစ်ကောင်ကို အစပြုပြီး ပွားလာလိုက်တာ ကျုပ်တို့ အိမ်ဘေး မြေ ကွက်လပ်မှာ ကြက်ခြံသေးသေးလေး ဆောက်ထားရတဲ့ အထိ ။ သားငယ်လေး ပြောတဲ့ အတိုင်း ကြက်တွေက တိုက်ကြက်မျိုးဗျ ။ အမျိုးက ကောင်းသလား မမေးနဲ့ ။ တကယ့် ကြေးနဲ့ တိုက်စားတဲ့ ကြက်တိုက်သမားတွေတောင် မျက်စိ ကျလာကြတာ ။ ဈေးကောင်း ပေးပြီးလည်း လာဝယ်တယ် ။ တိုက်ကြက် ဆိုတော့ တခြား ကြက်တွေနဲ့ စာရင် ဈေးကောင်းရတာပေါ့ ။

တိုက်ကြက် ဈေးကောင်းတော့ အရင်က ခွင့်မပြုခဲ့တဲ့ သူ့အမေက စိတ်ဝင်စားလာတယ် ။ ဒါလည်း မိန်းမတွေရဲ့ သဘာဝလားတော့ မသိဘူး ။ ငွေရမယ့် အကွက်ဆို မျက်ခုံးအသာ ပင့်ပြီး ကြည့်ပြီးသားပဲ ။ အဲ သူ့အမေက ရောင်းချင်ပေမဲ့ ဒီကောင်က မရောင်းဘူး ။ သူ့ကြက်ကလေးတွေကို ရောင်းမယ်လို့ ပြောရင် တစ် နေ့လုံး ထမင်းမစား ၊ စကား မပြောဘဲ ဆန္ဒပြတာလေ ။

ကျုပ်သူငယ်ချင်း တစ် ယောက် အိမ်ကို ရောက်လာ တာကစပြီး ဒီပိုးက သားငယ်လေးနဲ့ ကျုပ်ဆီ ကူးစက် သွားတော့တာပဲ ။ ကျုပ် သူငယ်ချင်းက ပြောတယ် ။ တိုက်ကြက်ကို ဒီအတိုင်း ထားရင် ကြက်တုံးသွားတတ်တယ်တဲ့ ။ ဒီတော့ ခွပ်လက် ပေးရတယ်တဲ့ ။ ကျုပ်ကလည်း အခုမှ တိုက်ကြက် မွေးဖူးတော့ မသိဘူး ။ ခွပ်လက် ပေးပြီး တိုက်ကြည့်လို့ တစ်ပွဲတက် နှစ်ပွဲတက်ဆို တိုက်ကြက်ဈေးက ကိုယ့် ပါးစပ်ထဲမှာ ဆိုပဲ ။ တကယ့် ကြက်တိုက်သမားတွေက ကိုယ် ခေါ်သမျှဈေး ပေးဝယ်သတဲ့ဗျ ။ ဒီတော့ တိုက်ကြက် အပေါ် ထားတဲ့ ကျုပ် သဘောထားတွေ ပြောင်းလာတယ် ။

ကျုပ်သူငယ်ချင်းက သူ့ ကြက်ကို ယူလာပြီး ကျုပ် ကြက်နဲ့ ခွပ်လက်ပေးတယ် ။ နှစ်ချက်လောက်ပဲ ခွပ်ရသေးတယ် သူ့ကြက် ပြေးသွားရောဗျာ ။ ကျုပ်ကြက်ရဲ့ ခွပ်ချက်က ပြင်းလိုက်တာ လွန်ရော ။ ကျုပ်သားငယ်လေးဆို သူ့ကြက် နိုင်လို့ ပျော်နေလိုက်တာ ။ ကြက်ခွပ်လက် ပေးပြီး ဒီအတိုင်း မထားဘူးဗျ ။ ရေထိုး လက်ပူတိုက် လုပ်ပေးတယ် ။ ပြီးတော့ ကြက်ကို ချွဲထုတ်ပေးတယ် ။ ကျုပ် သူငယ်ချင်း လုပ်ပေးနေသမျှ ကျုပ်သားနဲ့ ကျုပ် ထိုင်ကြည့်နေမိတယ် ။ တစ်ခါ မှတ်မိသွားရင် နောက်တစ်ခါဆို သူများကို လုပ်ခိုင်းစရာ မလိုတော့ဘူးလေ ။ ကိုယ်တိုင် လုပ်ရုံပေါ့ ။

ဒီလိုနဲ့ တိုက်ကြက်ပိုးက ကျုပ်တို့ သားအဖဆီ ချင်းနင်း ဝင်ရောက်လာတော့တယ် ။ ကြက်ဖလေးတွေကို ကျတော့ ကောင်းကောင်း ပြုစုရတယ် ။ ညရောက်လို့ အိပ်တန်းတက်ပြီဆို ကြက်ဖတွေကို တစ်ကောင်ချင်းစီ အစာ ထပ်ကျွေးတယ် ။ ကျွေးတာက ကျတော့ စပါးနဲ့ ဆန်ကို ရောကျွေးတယ် ။ ဒီအတိုင်း မြေမှာ ချကျွေးရင် ကြက်နှုတ်သီး နာမှာ စိုးလို့ ဘူးခွံအလွတ် တစ်ခုမှာ အဝတ်ဟောင်းကို ပတ်ပြီး အစာ တင်ကျွေးရတယ် ။ ကြက်အတောင်တွေ ခြေထောက်တွေကို နှိပ်နယ်ပေးရတယ် ။

ကျုပ်မိန်းမကတော့ သိပ်မကြည်ချင်ဘူး ။ ကြက်တွေနဲ့ပဲ အလုပ်ရှုပ်နေတဲ့ ကျုပ်တို့ သားအဖကို မျက်စောင်း တချီချီနဲ့ပေါ့ ။ ကျုပ် သားကြီးကတော့ ကြက်ကို ယောင်လို့တောင် မလှည့်ကြည့်ဘူး ။ ကျုပ်တို့ သားအဖ နှစ်ယောက်သာပဲ ဒီတိုက်ကြက်တွေနဲ့ လုံးချာလိုက် နေလေတော့တယ် ။

••••• ••••• •••••

၂ ။

အခုတလော တက္ကစီ ဆွဲရ သိပ်အဆင်မပြေဘူး ။ မြို့ သေးသေးလေးမှာ တိုးလာ လိုက်တဲ့ ဆိုင်ကယ်တွေက အများကြီး ။ တစ်အိမ်ကို တောင် နှစ်စီး ၊ သုံးစီး ရှိလာ ကြပြီ ။ ကျုပ်မှာတော့ ရှိနေတဲ့ ဆိုင်ကယ်အစုတ်လေးနဲ့ပဲ ရလိုရငြား တက္ကစီ ဆွဲရတယ် ။ တက္ကစီ ဆွဲတဲ့ ဆိုင်ကယ် သမားတွေလည်း အများ သား ။ ကိုယ့်ဖောက်သည်နဲ့ ကိုယ်မို့သာ တစ်နေ့ လေးငါးထောင် ရအောင် မနည်းဟဲနေ ရတာ ။ အများဆုံးရတဲ့နေ့ဆို ခုနစ်ထောင် ရှစ်ထောင် လောက်ပေါ့ ။ နယ်ဝေးကို အော်ဒါ ပါသွားရင် တစ် သောင်းလောက်တော့ ရတယ် ။

ဒါပေမဲ့ ရတဲ့ ငွေက ဆိုင်ကယ်ပြင်လို့ ကုန်တာနဲ့ပဲ သိပ်အဖတ် မတင်မိဘူး ။ ဆိုင်ကယ်က ကြာပြီ ဆိုတော့ အမြဲတမ်း ပြင်နေရတယ် ။ ပျက်အစဉ် ၊ ပြင်ခဏ ဆိုတဲ့ စကား လိုပဲ ။ အမြဲ ပျက်ပျက်နေပြီး ပြင်လိုက်တော့လည်း ခဏလေးပဲ ခံတယ် ။ ဆိုင်ရောက်ပြန်ရော ။ ဆိုင်ကယ်လေးလည်း ထုတ်ချင်ပေမဲ့ လက်ထဲမှာလည်း ငွေပိုငွေလျှံ မရှိတော့ ခက်သား ။

အခုတလော ကျုပ် မိန်းမကတော့ တော်တော်လေး တွက်ခြေ ကိုက်နေတယ် ။ ကျုပ် တက္ကစီဆွဲတာ သိပ်မရပေမဲ့ ကြက်ရောင်းရတဲ့ ငွေနဲ့ ကာမိနေလို့သာပဲ ။ တိုက်ကြက်မျိုးမို့ လာဝယ်ကြတာ ။ ကြက်မတမ်း တစ် ကောင်ကို ငါးထောင် ခြောက်ထောင် ရတယ် ။ ကြက်ဖကျတော့ မရောင်းဘူး ။ ကြက်မ ဆိုတော့ မျိုးပွား လာပြီး အများကြီး ဖြစ်လာရင် အစာဖိုးနဲ့ အကုန်အကျ များမှာ စိုးတယ် ။ ကိုယ်က စီးပွားဖြစ် မွေးတာ မဟုတ်တော့ အများကြီးလည်း မမွေးနိုင်ဘူး ။ ဒါ တောင် စုစုပေါင်း အကောင် သုံးဆယ်လောက် ရှိသေးတယ် ။ ကြက်မက များတယ် ။ ကြက်ဖကျတော့ ဆယ်ကောင် လောက်ပဲပါတယ် ။ ခွေးဆွဲတာတွေလည်း ရှိတော့ သိပ်အဖတ်မတင်ဘူး ။

ကြက်ဖကကျတော့ ဈေးကောင်းရတယ် ။ အလတ်စား တစ်ကောင်ကို တစ်သောင်း ပေးနေပြီ ။ ဒါတောင် ခွပ်လက် တစ်ခါပေးပဲ ရှိသေးတာ ။ ခွပ်လက် သုံးခါ ပေးပြီးလို့ တစ်ပွဲနိုင်ရင် နှစ်သောင်း ။ ဒါတောင် ကျုပ် မရောင်းဘူး ။ ကျုပ်က ကြက်မွေးပြီးရင် သံယောဇဉ်ကြီးတယ်ဗျ ။ ကျုပ်တို့ သားအဖက ကြက်ကို ယုယုယယနဲ့ ပြုစုတာ ။ မျက်စိအောက် အပျောက် မခံနိုင် အောင် ချစ်တာ ။

ဟို သားအမိ ကကျတော့ ဒီလို မဟုတ်ဘူး ။ ကြက်ကို အစာတစ်ခါ ကျွေးရင် ကံကောင်း ။ အိမ်ထဲ ကြက်ဝင်ရင် နီးတာနဲ့ ဆွဲပြီး ပစ်တာ ။ ကြက်လာဝယ်တဲ့ အသံများ ကြားလို့ကတော့ အချိုးကို ပြောင်းသွားရော ။ ကြက်ဖတွေ ဈေးကောင်းရပြီဆို ရောင်းချင်ကြတာပဲ ။ ကျုပ်က ကျုပ်လက်နဲ့ ပြုစုထားတဲ့ ကြက်ကို သူများကို မရောင်းချင်ဘူး ။ ဒါကြောင့် ကြက်မကို ရောင်းခိုင်းပြီး ကြက်ဖကို ချမ်းသာပေးလို့ ပြောထားရတယ် ။ ဒါတောင် သိပ်မကြည်ချင်သေးဘူး ။ ဈေးကောင်းရတော့ ကြက်ဖ ကို မျက်စောင်းထိုးချင်သေး တယ် ။ တကယ် မလွယ်တဲ့ မိန်းမ ။

အဲ ပြောမယ့်သာ ပြောရ တယ် ။ ကျုပ်မိန်းမ ကိုလည်း သနားသားဗျ ။ အရင်က ပြည့်ပြည့်စုံစုံ နေလာခဲ့သမျှ အခု အကျဉ်းထဲ အကျပ်ထဲ ရောက်လာတော့ သူလည်း ငွေရနိုင်မယ့် နည်းလမ်းတွေကို ကြံဖန် တွေးမိတယ်ထင်ပါ့ ။ ခြံထဲက ထွက်တဲ့ အသီးအနှံလေးတွေ ဆိုလည်း ဟင်းရွက် ရောင်းတဲ့ သူတွေကို ဖောက်သည်သွင်း ။ ကြက်လာဝယ်ရင် ကြက်ရောင်း လို့ ။ ရလာတဲ့ ငွေကလည်း လက်ထဲမှာ ကြာရှည်ခံတာ မှတ်လို့ ။ နေ့မြင် ညပျောက် ဆိုသလိုပဲ ။ အိမ်ရဲ့ဝေယျာဝစ္စ မှန်သမျှ ကျုပ်မိန်းမပဲ ဖြေရှင်းနေခဲ့ရတာ ။

အခုတလော မိန်းမလည်း မျက်နှာ မကောင်းလှဘူး ။ ငွေရေးကြေးရေး ကျပ် တည်းမှုက ကျုပ်တို့ဆီ ရွေ့လျားလာတော့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး ။ ဒီ ကြားထဲ တက္ကစီကလည်း သိပ်ဆွဲလို့ မကောင်း ။ ဟိုဘက် လမ်းထိပ်က မရွှေကြည်ကလည်း အိမ်ကို ခပ်စိပ်စိပ်လေး ဝင်ထွက်လာတော့ ကျုပ် သိလိုက်ပြီ ။ ကျုပ်မိန်းမ အကြွေး ယူထားမိပြီ ။ မရွှေကြည်က ငွေမျက်နှာက လွဲပြီး ဘာကိုမှ ကြည့်တတ်တာ မဟုတ်ဘူး ။ ဒီတော့ အကြွေးဘယ်လောက် ရှိလဲလို့ ကျုပ် မိန်းမကို မေးကြည့်မိတယ် ။ ငါးသောင်း တဲ့ ။ အတိုး မပါဘဲ အကြွေးက ငါးသောင်းတောင် တဲ့  ။ တက္ကစီ ဆွဲလို့မှ တစ်နေ့ ငါးထောင်ရရင် ကံကောင်း ။ အခု ဒီငွေငါးသောင်းကို ကျုပ် ဘယ်လို ရှာရမလဲ ။ ကျုပ်တို့မှာ ပိုလျှံလို့ စုမိဆောင်းမိတယ် ဆိုတာလည်း မရှိဘူး ။ အကျဉ်းအကျပ်တွေက ဘေးတိုက်နံတိုက် ရွေ့လျားလာတော့ ကျုပ်တို့ လင်မယား နှစ်ယောက် ခေါင်းခဲရပြီ ။

မရွှေကြည်က တစ်ပတ် ရက်ဆိုင်း ပေးထားသတဲ့ ။ တစ်ပတ် ပြည့်လို့မှ မပေးနိုင်ရင် မရွှေကြည်ကို ကျုပ်တို့ ဘယ်လို ရင်ဆိုင်ရမလဲ ။ စဉ်းစားမိတိုင်း ကျုပ် ခေါင်းမှာ ဆံပင်ဖြူတွေ များလာသလိုပဲ ။ ကျုပ်မိန်းမလည်း ဘယ်လောက်တောင် သောက ဖြစ်နေလိုက်မလဲ ။ ကျုပ်မိန်းမကို သနားစိတ်တွေ တရိပ်ရိပ် တိုးလာရတယ် ။

ကျုပ်က ဆိုင်ကယ် တက္ကစီလေးဆွဲ ။ အပြန်ကျရင် ရလာတဲ့ ငွေကို မိန်းမဆီ အပ်ပြီးရင် ကျုပ်တို့ သားအဖ ကြက်တွေနဲ့ပဲ အချိန် ကုန်သွားကြတာ ။ ကျုပ်မိန်းမကျတော့ လက်ထဲ ရောက်လာတဲ့ ငွေလေးနဲ့ သင့်တင့်မျှတအောင် ဘယ်လို ခြိုးခြံ သုံးနေရလဲ ဆိုတာ ကျုပ် မတွေးမိဘူး ။ ပြီးတော့ ကျုပ်မိန်းမကို လေးစားရတဲ့ အချက် တစ်ချက်က ကြက်တွေကို လာဝယ်တိုင်း မရောင်းတာကိုပဲ ။ ဟိုနေ့က ကြက်မတမ်းလေး တစ်ကောင်ကို လာဝယ်တော့ ကျုပ်မိန်းမ ဝမ်းသာအားရနဲ့ကို ထရောင်းရှာတာ ။ လက်ထဲမှာလည်း ငွေ လိုနေတယ် မဟုတ်လား ။ နောက်မှ လာဝယ်တဲ့သူ ဆီကနေ ကြက်စွပ်ပြုတ်လေး သောက်ချင်လို့ လာဝယ်တာ ဆိုတဲ့ စကားကိုလည်း ကြားရော မရောင်းတော့ဘူးလို့ ငြင်းလိုက်တော့တယ် ။

ကျုပ် ရင်ထဲ ပီတိ ဖြစ်မိတယ် ။ ငွေဘယ်လောက် လိုလို ကိုယ် မွေးထားတဲ့ ကြက် လေး သေတွင်းထဲ ရောက်မယ့် ကိစ္စကို တားလိုက်နိုင်တာ ဘယ်လောက် ကြည်နူးဖို့ ကောင်းလိမ့်သလဲ ။ ကျုပ်တို့က တိရစ္ဆာန်တွေကို မွေးပြီးရင် သံယောဇဉ် တွယ်လွယ် တယ် ။ ကျုပ်သားငယ်လေးလည်း ဒီအတိုင်းပဲ ။ သူ့ကြက်ကလေးတွေကို တုန်နေအောင် ချစ်ရှာတာ ။ ကြက်မတွေ ရောင်းတာတောင် သူ့မျက်နှာ မကြည်ချင်ဘူး ။ ဒါပေမဲ့လည်း ကြက်မတွေက မရောင်းလို့မှ မရ ။ ကြက်တွေ ပွားလာရင် ထားစရာ မရှိ ကျွေးစရာ မရှိ ဖြစ်ကုန်မှာလေ ။

“ ဟူး ...”

ကျုပ် အတွေးတောင် မဆုံးသေးဘူး ၊ မိန်းမဆီက ထွက်ပေါ်လာတဲ့ သက်ပြင်းချသံ သဲ့သဲ့က ကျုပ်ရင်ကို အပူလှိုင်း တစ်ခုလို ဖြတ်စီးသွားတော့တယ် ။

••••• ••••• •••••

၃ ။

“ ဖေကြီးရေ ဖေကြီး ”

ဟိုတွေးဒီတွေးနဲ့ ကျုပ် ဘယ်လို အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပါဘူး ။ သားငယ်လေးရဲ့ ခေါ်သံကြားမှ ကျုပ် လန့်နိုးလာခဲ့တယ် ။ ပထမဆုံး ရင်ဆိုင်လိုက်ရတာက သားငယ်လေးရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းနှစ်စုံ ကိုပါပဲ ။ ကျုပ် ထိတ်ခနဲ ဖြစ်သွားတယ် ။ သားငယ်လေးက ကျုပ်လက်ကို ကိုင်ပြီး တုန်တုန်ယင်ယင် ပြောရှာ တယ် ။

“ ဖေကြီး ငညိုလေး မရှိတော့ဘူးပြန်ဘူး ဖေကြီးရဲ့ ”

“ ဘယ်လို ၊ သေချာလို့ လားသားရဲ့ ၊ ငညိုလေးကို ညက အစာကျွေးပြီး သားနဲ့ အဖေပဲ ကြက်ခြံထဲ ပြန်ထည့်ခဲ့တာလေ ”

“ အခု မရှိတော့ဘူး ဖေကြီးရဲ့ ၊ သားရဲ့ငညိုလေး ပျောက်သွားပြန်ပြီ ၊ အီးဟီး ။ သားကြက်လေး ခိုးသွားပြန်ပြီ ဖေကြီးရဲ့ ”

ကျုပ်ရှေ့မှာ သားငယ်လေးက ချုံးပွဲချ ငိုတော့တယ် ။ ကျုပ်လည်း သားငယ်လေးကို ကြည့်ပြီး ဘာ ပြောရမလဲတောင် မသိတော့ဘူး ။ အခုတလော ဟိုဘက် အိမ်တွေမှာလည်း ကြက်တွေ ပျောက်နေတယ်လို့ ပြောသံကြားတာပဲ ။ အခုက သူခိုးက လျင်ကို လျင်လွန်းတယ် ။ ကြက်ခြံကို သေချာ ကြိုးချည်ထားတာတောင်မှ ရအောင် ခိုးသွားသေးတယ် ။ ခိုးတဲ့ ကြက်တွေကလည်း တကယ့် တိုက်ကြက်တွေချည်း ။ ဈေးကောင်း ပေးထားတာတောင် မရောင်းတဲ့ ကြက်တွေကို ရွေးခိုးသွားတာ ။

“ တိတ် တိတ် မငိုနဲ့ သားငယ်ရ ၊ ယောက်ျားဆိုတာ မငိုရဘူးကွ ”

“ ဟိုနေ့ကလည်း သားရဲ့ ခဝဲလေး အခိုး ခံရပြီးပြီ ၊ အဲဒီ သူခိုးကိုလည်း မိတာ မဟုတ် ဘူး အီးဟီး ”

သားငယ်လေးက ပြော လည်းပြော ငိုလည်း ငိုတယ် ။ ငိုတာမှ ရှိုက်ကြီးတငင် ငိုတာ ။ ကျုပ်လည်း ပြောမယ့်သာ ပြောရတယ် ။ ရင်ထဲမှာ ဝမ်းနည်းလွန်းလှပြီ ။ ဒါပေမဲ့ ကြက်တွေ ပျောက်နေတာက ကျုပ်တို့ တစ်အိမ်တည်း မဟုတ်တာ ။ တခြား အိမ်တွေမှာလည်း ကြက်ပျောက်တဲ့ သတင်း ကြားနေရတာဆိုတော့ ကျုပ်မှာ မလူးသာ မလွန့်သာ ။

“ ဘာဖြစ်နေပြန်ပြီလဲ ဒီ သားအဖ ၊ မနက်လင်းတာနဲ့ အသံ ကြားနေရပြီ ”

ကျုပ်မိန်းမက အိမ်ထဲက ထွက်လာပြီး လှမ်းပြောတယ် ။ မိန်းမကို ကျုပ် အားကိုးတကြီး ကြည့်မိတယ် ။ သားငယ်လေးက ဒီအတိုင်း ချော့လို့ကတော့ အငိုတိတ်မှာ မဟုတ်ဘူး ။ ဒါကြောင့် မိန်းမကို စစ်ကူ တောင်းသလို လှမ်းပြောလိုက်ရတယ် ။

“ ငညိုလေး ပျောက်သွားလို့ မိန်းမရဲ့ ”

“ ဘာ ပျောက်ပြန်ပြီလား ၊ ဒီသူခိုးတွေကလည်း တော် သူများအိမ်က ကြက် ကိုမှ ခိုးရတယ်လို့ ၊ သားငယ်လေးလည်း တိတ်တော့ ၊ အဲဒီ သူခိုးကို မိရင် သားဖေကြီးက ထောင်ထဲ ထည့်လိုက်မယ် ၊ မငိုနဲ့တော့နော် ”

ကျုပ်မိန်းမက ဒေါသတကြီး အော်ပြောပြီး သားငယ်လေးကို ချော့တယ် ။ ဒီတော့မှ သားငယ်လေးက ငိုရှိုက်ရင်း ခေါင်းညိတ်ရှာတယ် ။ ဒါပေမဲ့ ဝမ်းနည်းတကြီး ရှိုက်နေတုန်း ။ ပြီးမှ ရှိုက်သံ သဲ့သဲ့လေးနဲ့ ကျုပ်ကို လှမ်းခေါ်တယ် ။

“ ဖေကြီး ”

“ ပြောလေ သား ၊ ငါ့ သားလေးလည်း ငိုရလွန်းလို့ ပင်ပန်းနေပြီ ၊ ဖေကြီးနားကို လာပါဦး သားရဲ့”

သားငယ်လေးကို ပွေ့ချီ ပြီး ကျုပ် ပေါင်ပေါ်မှာ ထိုင် ခိုင်းလိုက်တယ် ။ ပြီးတော့ ပါးပြင်ပေါ်က မခြောက်သေးတဲ့ မျက်ရည်စလေးတွေကို လှမ်းသုတ်ပေးလိုက်တယ် ။

“ မေကြီး ပြောသလို သူခိုးကို ထောင်ထဲ ထည့်ရင် ဘာဖြစ်လဲဟင် ဖေကြီး ”

“ ထောင်ကျရင် လွတ် လွတ်လပ်လပ် မနေရဘူးပေါ့ သားရဲ့ ၊ ထောင်ဆိုတာ လူဆိုးတွေကို ဖမ်းပြီး ထည့်တာပေါ့ ၊ ဒီကြက်ခြံလေးလို အခန်းကျဉ်းလေးထဲမှာ နေရတာ ”

“ ဒါဆို ခဝဲလေးနဲ့ ငညိုလေးကို ခိုးသွားတဲ့ သူခိုးကို ထောင်ချပစ်နော် ဖေကြီး ၊ ဒါမှ သားကြက်လေးတွေကို နောက်ထပ် မခိုးမှာ ”

“ အင်းပေါ့ သားရဲ့ ၊ နောက်တစ်ခါ မခိုးအောင် ဖေကြီး ထောင်ချ ပစ်မယ်နော် ”

ကျုပ် ပြောလိုက်တော့ မှ သားငယ်လေးက မျက်ရည်တွေ ကြားကနေ ပြုံးလာ တယ် ။ ဒီတော့မှ ကျုပ်လည်း သက်ပြင်းချနိုင်တော့တယ် ။ သားငယ်လေးက သူ့ကြက်ကလေးတွေကို အဲဒီလောက် အထိကို သံယောဇဉ်ကြီးရှာတာ ။ မဖြစ်တော့ဘူး ။ နောက်ဆို ကြက်ခြံကို သေချာစောင့် ကြပ်မှ ဖြစ်တော့မယ် ။ မဟုတ်ရင် လျင်လွန်းတဲ့ သူခိုးတွေကြောင့် ကြက်ခြံလေး လုံးပါး ပါးရချည်ရဲ့ ။

••••• ••••• •••••

၄ ။

ဒီနေ့ နိုးထလာတဲ့ မနက်ခင်းက ပိုခြောက်သွေ့ နေသလိုပဲ ။ မီးဖိုထဲမှာ ချက်ပြုတ်နေတဲ့ ကျုပ်မိန်းမ အသံလည်း မကြားရဘူး ။ စကား များလွန်းတဲ့ သားငယ်လေးရဲ့ အသံလည်း မကြားရဘူး ။ အိပ်ရာထဲကနေ ကျုပ် ထလာခဲ့တယ် ။ မျက်နှာသစ်ဖို့အတွက် ခြံထောင့်နားက ရေတွင်းနားကို လျှောက်ခဲ့တယ် ။ အဲဒီမှာ တရှုပ်ရှုပ်နဲ့ ငိုနေတဲ့ ကျုပ် သားငယ်လေးကို တွေ့ လိုက်ရတာပဲ ။

သားငယ်လေးက ရေတွင်းအနားမှာ ကျုံ့ကျုံ့လေး ထိုင်လို့ ။ နှပ်တွေတောင် ထွက်ပြီး တရှုပ်ရှုပ် ငိုနေရှာတယ် ။ ကျုပ် ရင်ထဲ ထိတ်ခနဲ ဖြစ် သွားရပြန်တယ် ။ သားငယ်လေး ဘာဖြစ်ပြန်တာလဲ ။ သူ့ အမေ ရိုက်လိုက်လို့ များလား ။ သူ့အမေ ရိုက်တိုင်း သားငယ်က ဒီနေရာလေးမှာ လာ ငိုတတ်တာ ။ ဒီမိန်းမတော့ မနက်စောစောကြီး ကလေးကို ရိုက်ရတယ်လို့ ။ ကျုပ် မိန်းမကို ဒေါသ ဖြစ်သွားပြီး သားငယ်လေး ဆီကို လျှောက်လာခဲ့တယ် ။

“ သားငယ် ဘာဖြစ်လို့လဲကွ ၊ မေကြီး ရိုက်လိုက်ပြန်ပြီလား ”

ကျုပ်မေးတော့ သားငယ်လေးက ခေါင်းခါပြတယ် ။ ဒါပေမဲ့ ငိုနေတာကိုတော့ တစ်ချက်မှ မရပ်ဘူး ။ သားငယ်လေးကို ကြည့်ပြီး ကျုပ်တောင် ဝမ်းနည်းလာမိတယ် ။ သားငယ်လေးက ကျုပ်ကို မြင်တော့မှ ပိုလို့ကို ရှိုက်ကြီးတငင်နဲ့ ငိုလာရော ။

“ ဒါဆို ဘာဖြစ်လို့လဲ သားရဲ့ ၊ ဖေကြီးကို ပြောလေ ၊ မငိုပါနဲ့တော့ကွ ”

ကျုပ် သားငယ်လေးရဲ့ မျက်ရည်တွေကို သုတ်ပေး လိုက်တယ် ။ သားငယ်လေး က ကျုပ်ကို ကြည့်ပြီး လှမ်း ပြောတယ် ။

“ ငနီလေး မရှိတော့ဘူး ဖေကြီးရဲ့ ”

သားငယ်လေးရဲ စကားကို ကြားတော့ ကျုပ် ထိုင်ချမိလျက်သား ဖြစ်သွားတယ် ။ ခဝဲလေး နဲ့ ငညိုလေး ပျောက်သွားတာမှ မကြာသေးဘူး ။ ဒီနေ့ ငနီလေး မရှိတော့ပြန်ဘူးတဲ့ ။

“ သေချာရဲ့လား သားရဲ့ ၊ သေသေချာချာ ရှာကြည့်ပြီးပြီလား ”

သားငယ်လေးက မျက်ရည်ကြားက ခေါင်းညိတ်ပြတယ် ။ ကျုပ် ဒေါသတွေ ဆူ ဝေသွားတယ် ။ ကျုပ် ကြက်တွေက တိုက်ကြက်မှန်း သိလို့ တမင်ခိုးသွားတာ ။ ခဝဲလေး ကိုဆို သုံးသောင်း ပေးထားတာ ။ ငနီလေးကျတော့ တစ်ပွဲပဲ နိုင်သေးလို့ နှစ်သောင်း ရနေပြီ ။ ဒါသိလို့ကို တမင် ခိုးသွားတာ ။ ကျုပ်တို့ အိမ်က တိုက်ကြက်တွေကိုမှ ရွေးခိုးတာ အကြောင်းသိ ဓာတ်သိတွေထဲက ဖြစ်ရမယ် ။ ဥစ္စာ တစ်ခါပျောက် ငရဲဆယ်ခါ ရောက်တဲ့ ။ ကျုပ်မှာ ခဝဲလေး ပျောက်ကတည်းက ငရဲကို အကြိမ်ကြိမ် ရောက်နေခဲ့ ရတာ အခုထိ မပြီးနိုင် ။

“ တောက် ဒီသူခိုးတော့ကွာ ၊ တွေ့ရင်တော့ မှတ်လောက်သားလောက်အောင်ကို ဆုံးမပြီး ထောင်ထဲပို့ရမယ် ”

“ ဟင့်အင်း ထောင်ထဲ မပို့ပါနဲ့ ဖေကြီးရဲ့”

ကျုပ် စကားအဆုံး သားငယ်လေး ဆီကနေ အလန့် တကြားနဲ့ အသံထွက်လာတယ် ။ ကျုပ် အံ့ဩသွား တယ် ။ သူ့ကြက်လေး အခိုးခံရလို့ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့တာ ။ အခုကျပြန်တော့ ကြက်ခိုးတဲ့ သူခိုးကို ထောင် မချပါနဲ့တဲ့ ။ သားငယ်လေးကို ကြည့်ပြီး ကျုပ် နားမလည်နိုင်အောင် ဖြစ်သွားတယ် ။

“ ဘာဖြစ်လို့လဲ သားရဲ့ ၊ အဲဒီ သူခိုးကို မတွေ့တွေ့ အောင်ရှာပြီး ထောင်ချပစ်ရမှာ ပေါ့ ၊ ဒါမှ နောက်ထပ် ကြက်တွေ လာမခိုးမှာ ”

“ ဟင့်အင်း ထောင်မချပါနဲ့နော် ဖေကြီး ၊ သားမငိုတော့ပါဘူး ဖေကြီးရဲ့ ”

ကျုပ် ပြောလိုက်တော့ သားငယ်က အလန့်တကြား ခေါင်းခါ ပြတယ် ။ ပြီးတော့ မျက်နှာပေါ် စီးကျလာတဲ့ မျက်ရည်တွေကို ကမန်းကတန်း သုတ်ပစ်ပြန်တယ် ။ သားငယ်လေးကို ကြည့်ပြီး ကျုပ် နားမလည်နိုင်အောင် ဖြစ်သွားမိတယ် ။

“ ထောင်မချရင် သားရဲ့ ကြက်ကလေးတွေကို လာခိုး ဦးမှာပေါ့ သားရဲ့ ၊ အဲဒီ သူခိုးကို ထောင်ချပစ်ရမယ် ”

“ ဒါဆို ဖေကြီး ထောင်ကျသွားမှာပေါ့ ဖေကြီးရဲ့ အီးဟီး ”

တိုးလျလျ စကားတစ်ခွန်းနဲ့ အတူ ရှိုက်ကြီးတငင် ငိုချလိုက်တဲ့ သားငယ်လေးကို ကြည့်ပြီး ကျုပ် သွေးပျက် သွားမိတော့တယ် ။ ကျုပ် ပါးစပ်အဟောင်းသားနဲ့ တိတ်ဆိတ်သွားမိတာ အကြာကြီး ။ ကျုပ်မှာ ပြောစရာ စကားလုံးတွေ ဆွံ့အနေမိပြီး ရင်ထဲမှာ ဆို့နင့်နာကျင်လာတယ် ။

“ ညက ကြက်ခြံထဲမှာ အသံကြားလို့ သား ထကြည့် တော့ ငနီလေးကို ဖေကြီး ဖမ်းသွားတာ မြင်လိုက်တယ် ၊ ဒါဆို ဖေကြီး ထောင်ကျမှာလားဟင် ၊ ဖေကြီး ထောင်ကျရင် သား အရမ်း လွမ်းနေမှာ ၊ ထောင်မကျပါနဲ့နော် ဖေကြီး သား မငိုတော့ပါဘူး ဖေကြီးရဲ့ ”

နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ချလိုက်သလို ကျုပ် ခေါင်းထဲ နာကျင်မူးမိုက် သွားရတယ် ။ အကြွေးတွေ ဆပ်ချင်လို့ မိန်းမနဲ့ ကျုပ် တိုင်ပင်ပြီး ကြက်တွေ ယူရောင်းခဲ့ မိတာ ။ သားငယ်လေး သိရင် ဝမ်းနည်းမှာ စိုးလို့ သူခိုးခိုး တယ်လို့ ပြောမိနေပေမဲ့ ကျုပ် ရင်ထဲ ဘယ်လောက် နာကျင် အောင့်မျက်ခဲ့ရသလဲ ။ အခုတော့ သားငယ်လေးက သူ့ ကြက်ပျောက်သွားတာထက် ကျုပ် ထောင်ကျမှာကို တွေး ကြောက်နေရှာသတဲ့လား ။ ကျုပ် ရင်တွေ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်ကုန်ပြီ ထင်ပါရဲ့ ။

“ ဖေကြီး ထောင်ကျရင် သား အရမ်း လွမ်းနေမှာ ထောင်မကျပါနဲ့နော် ၊ သား မငိုတော့ပါဘူး ဖေကြီးရဲ့ ”

သားငယ်လေး စကားတစ်ခွန်းကို ငိုပြီး အထပ်ထပ် အခါခါ ပြောနေခဲ့တယ် ။ သားငယ်လေးရဲ့ အရှေ့မှာ ကျုပ်ဟာ အပြစ်ရှိသူလို ငူငူငိုင်ငိုင်နဲ့ ။ နွေက အခုမှ ပိုပြီး ပူလာသလိုပါပဲလား ။ ထပ်ဆင့် တိုက်ခတ်လိုက်တဲ့ လေတွေကလည်း ခါတိုင်းထက် ပူပြင်းလို့ ။ ကျုပ် ရင်တွေလည်း တစစ်စစ် နာကျင်နေခဲ့ပြီ ။ အခုနေများ မဟာပထဝီ မြေကြီးက ထွက်လာပြီး ကျုပ်ကို စုပ်ယူဝါးမျို သွားစေချင်ပါရဲ့ ။

⎕ နတ်ရဲ ၊ ရူပဗေဒ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၁၅

Sunday, March 29, 2026

မျက်နှာဖုံးများ


 ❝ မျက်နှာဖုံးများ ❞

( နတ်ရဲ - ရူပဗေဒ )


၁ ။


“ ဟဲ့ မိအေးဘုံ ညည်း အခု ချက်ချင်း ထွက်လာခဲ့စမ်း ” 


အိမ်ထဲမှာ ဟင်းရွက် စည်းနေတုန်း ဒေါ်ဘုမရဲ့ အော်သံကို ကြားလိုက်ရတယ် ။ ဒီတော့ အေးဘုံ ခြေတွေလက်တွေ အပြင် ရင်ပါ တုန်လာတယ် ။ စည်းလက်စ ဟင်းရွက်တွေကို ချထားလိုက်ရင်း ထိုင်ချည်ထချည် ဖြစ်နေမိတယ် ။ 


“ ဟဲ့ မိအေးဘုံ ၊ ညည်း နားမပင်းပါဘူးနော် ၊ ညည်း အိမ်ထဲမှာ ရှိနေတာ ငါသိတယ် အခုချက်ချင်း ထွက်လာခဲ့ ”


ဒေါ်ဘုမရဲ့အသံက ဒုတိယတစ်ကျော့ ထွက်လာပြန်တယ် ။ ဒီတစ်ခါ အေးဘုံ မနေသာတော့ဘူး ။ ဒေါ်ဘုမရဲ့အကြောင်းကို အေးဘုံ အသိဆုံး ။ ဒီတော့ အိမ်ပြင်ကို ခပ်သွက်သွက် ထွက်လာခဲ့လိုက်တယ် ။


“ ကဲ ပြော ၊ ညည်း ကျုပ်ဆီက ယူထားတဲ့ အကြွေးတွေ ဘယ်တော့ ဆပ်မှာလဲ ”


အေးဘုံကို တွေ့တာနဲ့ ဒေါ်ဘုမက ဇယ်စက်သလို လှမ်းပြောတော့တာပဲ ။ အေးဘုံလည်း အကြွေးတွေ ကျေအောင် ဆပ်ချင်လှပါပြီ ။ ဒါပေမဲ့ ဈေးကလည်း ရောင်းမကောင်း အမေ့ရောဂါလည်း တစ်နေ့တခြား ဆိုးရွားလာလေတော့ ဝင်ငွေထက် ထွက်ငွေက ပိုများလာရော ။ 


“ တစ်ရက် နှစ်ရက် တော့ စောင့်ပေးပါဦး ဒေါ်ဘုမ ရယ် ၊ ဈေးက ရောင်းမကောင်းတော့ လက်ထဲမှာ ငွေပြတ် နေလို့ပါ ”


“ အမယ်လေး ငွေလေး တစ်ပဲခြောက်ပြားကို နေ့ရွှေ့လိုက် ညရွှေ့လိုက်နဲ့ ၊ အတိုး တွေက အလုံးအရင်းနဲ့ တက်လာပြီ ”


“ သိပါတယ် ဒေါ်ဘုမရယ် ၊ နောက်နေ့ဆို မဖြစ်ဖြစ်အောင် ရှာပေးပါ့မယ် ။ အခု အမေ့ရောဂါ ကလည်း ပိုဆိုးလာတော့ ”


“ တော်ပါတော့အေ တကတည်း ညည်းပြ နေလိုက်တာ ခိုတွေတောင် အရှုံး ပေးရမယ် ၊ နောက်နေ့ကျ ဆပ်ရင်ဆပ် ၊ အေး မဆပ်လို့ကတော့ ညည်း ငါ့အကြောင်း သိပါတယ် ”


 “ အင်းပါ ဒေါ်ဘုမရယ် ”


ဒေါ်ဘုမ ထွက်သွားတော့ အေးဘုံ အားပြတ်သလို ထိုင်ချလိုက်မိတယ် ။ ပြောသာ ပြောလိုက်ရပေမဲ့ ရင်ထဲက လေးနေမိတယ် ။ မနက်ဖြန် ဒေါ်ဘုမကို အကြွေးဆပ်နိုင်ဖို့ ဆိုတာ မသေချာ ။ အေးဘုံ တစ်ကိုယ်လုံးလည်း အပူလုံး ဆို့ပြီး နေမကောင်းချင် သလိုလို ဖြစ်လာတယ် ။


ခဏနေတော့ နှေးဖင့်တဲ့ ခြေလှမ်းတွေနဲ့ အိမ်ပေါ် တက်လာခဲ့လိုက်တယ် ။ အမေ ကတော့ ဆေးအရှိန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ် ။ ဒေါ်ဘုမရဲ့ အသံကို အမေ မကြားလိုက်လို့ တော်သေးတယ် ။ နာတာ ရှည်ရောဂါသည် အမေ့ကို သောကတွေ မဖြစ်စေချင် တော့ဘူး ။


စည်းထားတဲ့ ဟင်းရွက်တွေကို ဗန်းပေါ် တင်လိုက်တယ် ။ ပြီးတော့ ဟင်းရွက်ဗန်းကို ရွက်ပြီး ထွက်လာခဲ့လိုက်တယ် ။ မနက်ပိုင်းထက် စာရင် ညပိုင်းက ပိုပြီး အရောင်းသွက်သလိုပဲ ။ မနက်ပိုင်း ဈေးမသွားတဲ့ သူတွေ အေးဘုံကို စောင့်ပြီး ဝယ်ကြတယ် ။


“ ဟင်းရွက်စုံ ရမယ်နော် ဟင်းရွက်စုံ လတ်လတ်ဆတ် ဆတ်တွေနော် ”


လမ်းတစ်လျှောက်လုံး အေးဘုံရဲ့ ဟင်းရွက်စုံအော် သံလေးက ပြန့်ကျဲသွားတယ် ။ အေးဘုံ အလာကို စောင့်နေ ကြတဲ့ ဖောက်သည်တွေလည်း ရှိတယ် ။


“ စောင့်လိုက်ရတာ အေးဘုံရယ် ၊ ဒီနေ့ နောက်ကျသလိုပဲ ”


“ ဟုတ်တယ် ဒေါ်ကြီးလှရေ ၊ ဒီနေ့ ဟင်းရွက် လိုက်ခူးနေရလို့ ကြာသွားတာ ၊ ဒီကန်စွန်းရွက်က ရေကန်စွန်းတွေနော် ၊ ချိုမှ ချိုပဲ ၊ အခုမှ ခူးလာတာ ”


“ အမယ်လေး အေးဘုံရယ် ၊ ညည်း ရောင်းတိုင်း မကောင်းတဲ့အခါများ ရှိလို့လားဟဲ့ ”


ဒေါ်ကြီးလှရဲ့ စကားကြောင့် အေးဘုံ သွားလေး ပေါ်အောင် ရယ်လိုက်မိတယ် ။ တကယ်လည်း အေးဘုံရဲ့ ဟင်းရွက်တွေက လတ်လတ်ဆတ်ဆတ်တွေ ။ အခုခူး အခုရောင်းပဲ ။ မနက်က လက်ကျန်တွေ မပါဘူး ။


“ ကဲ ကဲ ချဉ်ပေါင်ရွက် နှစ်စည်းပေး ၊ ရုံးပတီသီးနဲ့ ခရမ်းသီးလည်း ယူမယ် ၊ သီးစုံချဉ်ရည်ဟင်းလေး ချက်ချင်လို့ ”


“ ရော့ ဒေါ်ကြီးလှ ၊ ခရမ်းသီး တစ်လုံး ပိုပေးခဲ့တယ်နော် ”


ရောင်းပြီးတာနဲ့ အေးဘုံ ဆက်လျှောက်လာခဲ့တယ် ။ ဒီနေ့ ရောင်းတာ မဆိုးဘူးလို့ ပြောရမယ် ။ ဗန်းထဲမှာ ဟင်းရွက် နည်းနည်းပဲ ကျန်တော့တယ် ။ ဒီဟင်းရွက်လေး ကုန်ရင် အမေ့အတွက် ဆေးနည်းနည်း ဝယ်သွားရမယ် ။


“ ဟင်းရွက်စုံ ရမယ်နော် ဟင်းရွက်စုံ ”


“ ဟေ့ကလေးမ လာပါဦးကွဲ့ ”


အေးဘုံကို ခေါ်လိုက်တဲ့ အဘိုးကြီးဆီကို လျှောက်လာခဲ့တယ် ။ အဘိုးကြီးက အင်္ကျီအဖြူ လက်ရှည်နဲ့ လုံချည်ကို သေသေသပ်သပ် ဝတ်ထားတယ် ။ လက်ထဲမှာလည်း စိပ်ပုတီးနဲ့ ။ တော်တော် ဘာသာတရား ကိုင်းရှိုင်းတဲ့ လူကြီးလို့ အေးဘုံ တွေးလိုက်မိတယ် ။


“ ဟင်းရွက်တွေက ဒီလောက်ပဲလား ”


“ ဟုတ်ကဲ့ ဒီလောက်ပဲ ကျန်တော့တယ် ဘကြီး ” 


“ ဒီကန်စွန်းရွက် တစ်စည်း ဘယ်လောက်လဲ ” 


“ တစ်ရာပါရှင့် ” 


“ တစ်ရာ ဟုတ်လား ၊ ဈေးကြီးလှချည့်လား ၊ တစ်စည်းမှ ငါးဆယ်တည်းပါ ” 


“ ငါးဆယ် မရပါဘူး


ဘကြီးရယ် ၊ ကျန်နေတဲ့ ငါး စည်းလုံး ယူရင်တော့ လေးရာ နဲ့ ပေးလိုက်ပါ့မယ် ”


“ ကဲပါ ငါးစည်းလုံး ယူပါ့မယ် ၊ သုံးရာပဲ ထားလိုက် ၊ ဟုတ်ပြီလား ၊ ဘကြီးက ဥပုသ်စောင့် နေလို့ သက်သတ်လွတ် ချက်စားမှာ ၊ ကလေးမလည်း ကုသိုလ်ရတာပေါ့ ” 


“ ဟုတ်ကဲ့ ပေးလိုက်ပါ့မယ် ”


“ အေးကွယ် သာဓု သာဓု သာဓု ”


အေးဘုံ ရင်ထဲ ကြည်နူးသွားမိတယ် ။ မလှူနိုင် မတန်းနိုင်တဲ့ အေးဘုံ အတွက် ဒီလောက်လေးနဲ့ကို ပီတိဖြစ်လို့ မဆုံးဘူး ။ အဘိုးကြီးက ငွေသုံးရာကို ထုတ်ပေးပြီး တိုက်ကြီးထဲ ပြန်ဝင်သွားတယ် ။ ဟင်းရွက်တွေ အကုန်ရောင်းလို့ ကုန်ပြီမို့ အေးဘုံလည်း ပြန်လာခဲ့တော့တယ် ။


••••• ••••• •••••


၂ ။


ညဆယ်နာရီမို့ အမှောင်ထုက ပတ်ဝန်းကျင် တစ်ခွင်လုံးကို ဖြန့်ကြက်ထားတယ် ။ ဒါပေမဲ့ အေးဘုံ ရောက်နေတဲ့ နေရာမှာတော့ တိတ်ဆိတ်မှုတို့ ဆိတ်သုဉ်းလို့ နေတယ် ။ ပြိုးပြိုးပြက်ပြက် မီးရောင်စုံတွေ အကြား ခပ်ကြမ်းကြမ်း သံစဉ်တွေနဲ့ အတူ ခန္ဓာကိုယ် တစ်ခုလုံး ပြုတ်ထွက်သွားမတတ် ခုန်ပေါက်နေတဲ့ လူတွေ ။ သားကောင်တွေ မုဆိုးတွေ ပေါတဲ့ နေရာကို အေးဘုံ ရောက်နေတယ် ။ ဒီနေရာ ဒီဌာနက လျင်သူ စားတဲ့ နေရာ ။ ကိုယ် ညံ့ရင် ကိုယ်ခံ ။ မုဆိုးတွေရဲ့ ထောင်ချောက် ရှိသလို သားကောင် အရေခြုံထားတဲ့ မုဆိုးတွေလည်း ကျင်လည်ကျက်စားတဲ့ နေရာ ။ ဒီနေရာက အေးဘုံနဲ့ စိမ်းသက်လွန်းလှတယ် ။ အကျပ်အတည်း တစ်ခုကြောင့် ဒီနေရာကို အေးဘုံ ရောက်လာခဲ့တာ ။ အေးဘုံ ဒီကို ရောက်လာခဲ့တာလည်း အေးဘုံနဲ့ တစ်ရပ်ကွက်တည်း နေတဲ့ စိန်စိန် ကြောင့် ။ စိန်စိန်က ဒီလိုနေရာတွေနဲ့ စိမ်းလှတာ မဟုတ်ဘူး ။ အေးဘုံ သာ ဒီလိုနေရာမျိုးကို တစ်ခါမှ မရောက်ဖူးတာ ။ သီချင်းသံတွေ ခပ်ကြမ်းကြမ်းနဲ့ ပျံ့လွင့်နေတာ ကမ္ဘာပျက် နေသလိုပဲလို့ အေးဘုံ က ထင်မိတယ် ။


အေးဘုံရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ကျပ်လည်ဟိုက်အင်္ကျီနဲ့ ပေါင်လယ်လောက်သာ ရှိတဲ့ နောက်ခွဲစကဒ်က နေရာယူ ထားတယ် ။ ဖရိုဖရဲ ချထားတဲ့ ဆံပင် ။ ကာလာစုံ တင်ထားတဲ့ မျက်နှာ ။ အားလုံးက ပုရိသတို့ အသက်ရှူ မှားလောက်အောင် ဆွဲညှို့လို့ နေတယ် ။ ဒီလို ပုံစံမျိုးရအောင် စိန်စိန် ပဲ ပြင်ဆင် ပေးခဲ့တာလေ ။ ဒီလို ဝတ်စားရတာ အေးဘုံ မနေတတ် မထိုင်တတ် ဖြစ်နေမိတယ် ။


“ အေးဘုံရေ နင့်ကို နံပါတ်ကိုးဝိုင်းက ခေါ်နေတယ် ၊ ဒီညတော့ နင်ထောပြီ ၊ ရေလျှံနေတဲ့ ကြောင်အိုကြီးပဲ ၊ နင် ကိုင်တွယ်ရ လွယ်မှာပါ ၊ ဒါနဲ့ နင့်နာမည်က ဒေလီယာ နော် ၊ အေးဘုံလို့ မပြောမိစေနဲ့ ”


စိန်စိန်ရဲ့ စကားကြောင့် အေးဘုံ ရင်တုန် သွားရတယ် ။ အေးဘုံနာမည်က ဒေလီယာ တဲ့ ။ စိန်စိန် ကလည်း ရပ်ကွက် ထဲမှာသာ စိန်စိန်ပါ ဒီမှာကျတော့ နှင်းဆီဝိုင် တဲ့ ။ နံပါတ်ကိုး ဝိုင်းကို အေးဘုံ လျှောက်လာခဲ့တယ် ။ နံပါတ်ကိုး ဝိုင်းကို ရောက်တော့ အေးဘုံ နှာခေါင်းကို မသိမသာ ရှုံ့လိုက်မိတယ် ။ ကြည့်ပါဦးလေ ။ ခြောက်ဆယ်ကျော် အဘိုးကြီးက လူငယ်လေးလို ရှုပ်ယှက်ခတ် နေအောင် ဝတ်ထားလို့ ။ ခါးပတ် အပေါ်မှာ စူထွက်နေတဲ့ ဗိုက်ကြီးကလည်း ကောက်ညှင်းထုပ်ကြီးလို ။ ဒီကြားထဲ မွှန်ထူနေတဲ့ ရေမွှေးနံ့ကလည်း နှာခေါင်းထဲ အလုံးလိုက် ဝင်လာသေးတယ် ။ အဘိုးကြီးရဲ့အရက်ခိုးဝေနေတဲ့မျက်လုံးတွေက အေးဘုံ ဆီကို အဆက်မပြတ် ဝေ့ဝဲလို့ ။ နွားအိုမြက်နုကြိုက်တယ်လို့ပဲ ပြောရမလားပဲ ။


“ ကိုကြီး ဒေလီကို ခေါ် တယ်ဆို ”


စိန်စိန် သင်ပေးထားတဲ့ အတိုင်း အေးဘုံ ပြောလိုက်တယ် ။ အေးဘုံရဲ့ ခရာတာတာ အသံလေးက နွဲ့နွဲ့လေး ။ အံမယ် ကိုကြီးလို့ ခေါ်လိုက်လို့ ထင်ပါရဲ့ ။ ထူထဲနေတဲ့ နှုတ်ခမ်းထော်ကြီးက ပြုံး သွားလိုက်တာ နွားပြာကြီး အောက်သွား မရှိသလိုပဲ ။


“ နာမည်က ဒေလီတဲ့လား ၊ အသစ်လေး ထင်တယ် ၊ အရမ်းမိုက်တာပဲကွာ ၊ လူက နာမည်ထက်တောင် ပိုမိုက်သေးတယ် ”


အလဲ့ အဘိုးကြီးကလည်း မခေပါလား ။ မိန်းမကျမ်း ကျေနေတဲ့ပုံပဲ ။ ဒါပေမဲ့ အေးဘုံ စိတ်မဝင်စားပါဘူး ။ အဘိုးကြီး ဝတ်ထားတဲ့ ဟန်းချိန်းကြီးက ဘယ်နှကျပ်သားလောက် ရှိမလဲလို့ တွေးနေမိတယ် ။ ပြီးတော့ စားပွဲပေါ် တင်ထားတဲ့ အဘိုးကြီးရဲ့ ဖောင်းပွနေတဲ့ ပိုက်ဆံအိတ် ထဲက ငွေတွေကို အေးဘုံ ကြည့်နေမိတယ် ။


“ ရော့ ကိုကြီး အတွက် ”


“ အိုကေ ဒါက အလိုက်သိတဲ့ မိန်းမလှလေး အတွက် ”


အေးဘုံ အရက်ငှဲ့ပေးပြီး အနားမှာ ထိုင်လိုက်တော့ အဘိုးကြီး သဘောကျသွားတယ် ။ ပြီးတော့ ချက်ချင်း ဆိုသလိုပဲ အိတ်ထဲက ငွေတစ် ထပ်ယူပြီး လှမ်းပေးတယ် ။ ဒီကလည်း အေးဘုံ ပဲလေ ။ စိန်စိန် သင်ပေးထားတဲ့ အတိုင်း ငွေတစ်ထပ်ကို ယူသလိုလိုနဲ့ အဘိုးကြီးရဲ့ လက်ကို မထိတထိလေး လှမ်းကိုင်လိုက်တယ် ။


အံမယ် အဘိုးကြီးက ချက်ဆို နားရွက်က မီးတောက်ပြီးသားပဲ ။ အေးဘုံရဲ့ ပခုံးလေးကို ရဲရဲတင်းတင်းပဲ လှမ်းဖက်တယ် ။ အေးဘုံလည်း ဖန်ခွက်ထဲကို အရက် အပြည့် ဖြည့်ပေးလိုက်တယ် ။ အဘိုးကြီးက အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်တယ် ။ ရေချိန်နည်းနည်း ကိုက်လာတော့ အဘိုးကြီးရဲ့ ပါးစပ်တွေ လက်တွေ သွက် သထက် သွက်လာတယ် ။ အဘိုးကြီးရဲ့ အိတ်ထဲက ပိုက်ဆံတွေလည်း တဖြည်းဖြည်းနဲ့ အေးဘုံရဲ့ အိတ်ထဲကို ခုန်ဝင် လာတယ် ။


နောက်တော့ အဘိုးကြီး မှောက်သွားတော့တယ် ။ အဘိုးကြီးရဲ့လက်ကတော့ အေးဘုံရဲ့ပခုံးကို ဖက်ထားဆဲပဲ ။ အေးဘုံ ထရပ်လိုက်တော့ အဘိုးကြီးရဲ့လက်က ဗြုန်းခနဲ ပြုတ်ကျသွားတယ် ။ အဘိုးကြီး ကတော့ အရက် အရှိန်ကြောင့် လောကကြီးနဲ့ အဆက်သွယ် ပြတ်နေလေရဲ့ ။ လက်ထဲက ငွေတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အေးဘုံ လှည့်ထွက်လာခဲ့တော့တယ် ။


အခု အေးဘုံ ကျေနပ်လောက်တဲ့ ငွေရပြီ ။ အဘိုးကြီးကတော့ ဘာမှမသိဘဲ အရက်ရှိန် တက်လို့ ကောင်းတုန်းဖြစ်မှာပေါ့ ။ တကယ်တော့ အေးဘုံ ဒီအလုပ်ကို မလုပ်ချင်ပါဘူး ။ အကျပ်အတည်း တစ်ခုကို ဖြေရှင်းဖို့ အတွက် အေးဘုံ အရဲစွန့်လိုက်ရတာ ။ နောက်တစ်ခါ အေးဘုံ ဒီလိုမျိုး မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ။ ဒီလို စားနေကျ ကြောင်အိုကြီးတွေ ဆီက ငွေကို ယူလို့လည်း အပြစ် မရှိဘူးလို့ အေးဘုံ ထင်မိတယ် ။ ဒီငွေတွေက အဘိုးကြီးကို အရက်ငှဲ့ပေးတဲ့ အတွက် ရတဲ့ ငွေကြေးလို့ပဲ အေးဘုံ သတ်မှတ်လိုက် တယ် ။ တစ်ခါတစ်ရံ မုဆိုး ဟာ သားကောင် ဖြစ်တတ်သလို သားကောင် ဟာလည်း မုဆိုး ဖြစ်နေတတ်တာကို အဘိုးကြီး သတိရလာရင် ကောင်းကောင်း နားလည်သွားမှာ သေချာတယ် ။


••••• ••••• •••••


၃ ။


“ ဟင်းရွက်စုံ ရမယ်နော် ဟင်းရွက်စုံ ”


ထုံးစံအတိုင်း အေးဘုံရဲ့ ဟင်းရွက်စုံ အော်သံလေးက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လို့ လာတယ် ။


“ ဟေ့ လာပါဦး ”


ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ လက်ထဲမှာ ပုတီး ကိုင်ထားတဲ့ အဘိုးကြီး တစ်ယောက် ။ မနေ့က ဝယ်တဲ့ အဘိုးကြီး ပါပဲလား ။ အနားကို ရောက်တော့ အဘိုးကြီးက လှမ်းမေးတယ် ။


“ ဘာတွေပါလဲ ” 


“ အစုံပဲ ဘကြီး ၊ ချဉ်ပေါင်ကလည်း အခုမှ ခူးတာ ၊ ကန်စွန်းရွက်လည်း လတ်လတ်ဆတ်ဆတ်ပဲ ၊ ဒီနေ့ အသီးအရွက်တွေ တော်တော်လေး စုံတယ် ဘကြီးရဲ့”


“ ကန်စွန်းရွက် တစ်စည်း ဘယ်လောက်လဲ ”


“ တစ်ရာပါရှင့် ၊ ဘကြီးက သက်သတ်လွတ် စားမလို့ ထင်တယ် ။ အေးဘုံက ကုသိုလ်ရအောင် ငါးစည်း လေးရာနဲ့ ပေးပါ့မယ်နော် ”


“ ငါးစည်း သုံးရာ ထားပါ ကလေးမရယ် ”


“ မရလို့ပါ ဘကြီးရယ် ” 


“ ကဲ ဒါဆိုလည်း ခြောက်စည်း လေးရာ ထားလိုက် ၊ အဘလည်းဝ ကလေးမလည်း ကုသိုလ်ရတာပေါ့ ”


“ ယူလိုက်လေ ဘကြီး ၊ ဘကြီးမို့ ပေးတာနော် ၊ တခြား လူတွေဆို တစ်စည်း တစ်ရာပဲ ”


“ အေးပါကွယ် သာဓု သာဓု သာဓု ”


အဘိုးကြီးက ဝမ်းသာအားရ သာဓု ခေါ်ရှာတယ် ။ အေးဘုံလည်း ကျသင့်ငွေ လေးရာကို ယူပြီး ထွက်လာခဲ့တော့တယ် ။ အဲဒီအဘိုးကြီးကို အေးဘုံ ကောင်းကောင်း သိတာပေါ့ ။ အခုတော့ သူတော်ကောင်း လိုလို ဘာလိုလိုနဲ့ မခုတ်တတ်တဲ့ ကြောင်လို နေပေမဲ့ အဘိုးကြီးရဲ့ ဘီလူးမျက်နှာဖုံးကို အေးဘုံ မှတ်မိတယ် ။ မနက်ပိုင်းမှာ သက်သတ်လွတ် စားတယ် ဆိုတဲ့ အဘိုးကြီးက ညဘက်ဆို နိုက်ကလပ်တွေမှာ ရိက္ခာယူနေခဲ့တာ အေးဘုံ ကိုယ်တွေ့ ပဲလေ ။ အဘိုးကြီး ကတော့ အေးဘုံကို မှတ်မိတဲ့ပုံ မပေါ် ဘူး ။


အခုချိန်မှာ ငွေတစ်ရာ နှစ်ရာကို တွက်ကပ်နေတဲ့ အဘိုးကြီးက နိုက်ကလပ်တွေမှာ ငွေကို ရေလို သုံးပြီး နေနိုင်လိမ့်မယ်လို့ ဘယ်သူ ထင်မိလိမ့်မလဲ ။ လက်ထဲမှာ ပုတီးကိုင်ပြီး သက်သတ်လွတ် စားတယ်လို့ ကြွေးကြော်နေတဲ့ အဘိုးကြီးက ကြောင်သူတော် ကြွက်သူခိုး ဖြစ်နေတယ် ဆိုတာ ပြောပြရင် ဘယ်သူယုံ ကြမလဲ ။ အကြောင်းမသင့်ရင် ပြောတဲ့သူ ကိုတောင် အရူးလို့ အပြောခံရမှာ သေချာတယ် ။ အေးဘုံ ကတော့ ပြောမယုံလည်း ကြုံဖူးလို့ သိခဲ့ရပြီ ။ ချွေးသံ တရွဲရွဲနဲ့ ရပ်ကွက်တကာ လှည့်ပြီး ဟင်းရွက်ရောင်းနေတဲ့ အေးဘုံ ကိုရော ညက နိုက်ကလပ်မှာ သားကောင်ဖမ်းခဲ့တဲ့ ဒေလီယာ ပါလို့ လက်ညှိုးထိုး ပြောရင်တောင် ယုံကြမလား ။


“ ဟင်းရွက်စုံရမယ်နော် ဟင်းရွက်စုံ ”


ထုံးစံအတိုင်း အေးဘုံရဲ့ ဟင်းရွက်စုံ အော်သံလေးက ကျယ်ကျယ်လောင်လောင်နဲ့ ထွက်ပေါ် လာပြန်ပါတော့ တယ် ။


 ⎕ နတ်ရဲ ၊ ရူပဗေဒ ၊

📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း  

      ဇွန် ၊ ၂၀၁၃

Tuesday, June 3, 2025

ထိုထို အလင်္ကာ


 ❝ ထိုထို အလင်္ကာ ❞  

 ( နတ်ရဲ - ရူပဗေဒ )


၁ ။


နံနက် မိုးသောက် ရဲ့ လေပြည်ညင်း နဲ့ အတူ သတင်း တစ်ခု က အနံ့ပြင်းပြင်း နဲ့ ပျံ့လွင့်နေတယ် ။ “ မယ်မြိုင် တစ်ယောက် ရွာ က ပျောက်သွားပြီ ” ဆိုတဲ့ သတင်း ကို ကြားရသူ မှန်သမျှ အံ့သြ သွားကြတယ် ။ စိုးရိမ်တုန်လှုပ် သွားကြတယ် ။ မယ်မြိုင် ရဲ့ သတင်းကြောင့် ဖားချောင်း တစ်ရွာလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြတာ အမှန်ပဲ ။ 


“ ရွာထိပ် က ဇရပ် မှာ လည်း မတွေ့ဘူး ။ ဘုန်းကြီးကျောင်း မှာ လည်း ထမင်း လာ မစားဘူးတဲ့ ”


“ ဒုက္ခပါ ပဲဟယ် ၊ ဘယ်ကိုများ ထွက်သွားတာပါလိမ့် ”


မယ်မြိုင် အတွက် ကရုဏာသံတွေ ကလည်း နေရာ အနှံ့ ပြန့်ကျဲနေ တယ် ။ တစ်ရွာလုံး မှာ မယ်မြိုင် ကို မုန်းတဲ့သူ ရယ် လို့ တစ်ယောက် မှ မရှိဘူး ။ မယ်မြိုင် က အရူး သာ ဆိုတယ် ၊ တစ်ရွာလုံး ကို ဒုက္ခ ပေးနေတာမှ မဟုတ်တာလေ ။ သူ့ ဟာ သူ ရွာထိပ် က ဇရပ် မှာ နေ ၊ ဇရပ် မှာ အိပ် ။ ပြီးတော့ ဗိုက် ဆာရင် ဘုန်းကြီးကျောင်း မှာ သွား စားတယ် ။ ရွာ က လူ တွေ လည်း မယ်မြိုင့် ကို ကရုဏာ သက်ပြီး ပေးကမ်းစွန့်ကြဲ ကြတာပါပဲ ။


အခုတော့ မယ်မြိုင် ပျောက်သွားပြီတဲ့ ။ ဒီ ဇာတ်ထုပ် က ရွာလူကြီး ဦးထော် ရဲ့ခေါင်း ပေါ်ကို အလိုလို ရောက်လာတယ် ။ မယ်မြိုင် က အရူး ဆိုပေမဲ့ ဖားချောင်းရွာသူ ပဲ လေ ။ ကိုယ့် ရွာသူ တစ်ယောက်လုံး ပျောက်သွားတာ ကို ဘယ့်နှယ် စိတ်အေးလက်အေး နေနိုင်ပါ့မလဲ ။ ဒီတော့ ဦးထော် လည်း မယ်မြိုင် ကြောင့် ခေါင်းခဲရပြီ ။


မကြာပါဘူး ။ မယ်မြိုင့် ကိစ္စ နဲ့ ပတ်သက်လို့ ရွာသားတွေ တစ်ယောက် ပြီး တစ်ယောက် ရွာလူကြီး ဦးထော် ရဲ့အိမ်ရှေ့ ကို တဖွဲဖွဲ ရောက်လာကြတော့တယ် ။ ရွာသား တွေ စုံပြီ ဆိုတာနဲ့ ဦးထော် က ကွပ်ပျစ် ပေါ် ကနေပြီး ရွာသား တွေ အားလုံး ကြားရအောင် အော် ပြောတော့တာပဲ ။ 


“  ကဲ အားလုံး သိကြတဲ့ အတိုင်းပဲ ၊ အခု မယ်မြိုင် ပျောက်သွားပြီ ။ မယ်မြိုင် က လူကောင်း မဟုတ်လေတော့ ပိုပြီး စိုးရိမ်ရတယ် ။ ဒါကြောင့် မယ်မြိုင် ကို အမြန်ဆုံး တွေ့အောင် လိုက်ရှာကြမယ် ။ အားလုံး သဘောပေါက်ကြရဲ့လား ”


“ ဟုတ်ကဲ့ပါ ဦးကြီးထော် ”


အားလုံးက အားတက်သရော ဝိုင်း အော်ကြတော့ ဦးထော် ကျေနပ်သွားတယ် ။

တစ်ရွာလုံး တက်ညီလက်ညီ ဖြစ်နေတာ က အားတက်စရာ မဟုတ်ပါလား ။ ဒါကြောင့် အချိန် မလင့်ခင် ရွာသားတွေ နဲ့ အတူ မယ်မြိုင် ကို လိုက်ရှာကြတော့တယ် ။


ဒီလိုနဲ့ မနက် ကတည်း က မယ်မြိုင် ရှာပုံတော် ဖွင့် လာလိုက်တာ ညနေစောင်း တဲ့ အထိ သတင်း မထူးဘူး ။ ဖားချောင်း နဲ့ အနီးတစ်ဝိုက် က ရွာတွေ မှာ လည်း ရှာတာ နှံ့နေပြီ ။ မယ်မြိုင် ရဲ့ အရိပ်ယောင် ကို တောင် မတွေ့ရဘူး ။ နတ် ဝှက်တာများလား ဆိုပြီး နတ်ကနား ပေးကြည့်တယ် ။ ဒါလည်း မထူးပါဘူး ။ မယ်မြိုင် က ဘယ်အရပ်ဒေသ ကို များ ကြွမြန်းတော် မူနေတာလဲ မသိ ။ ရှာမတွေ့ကြတာတော့ အမှန်ပဲ ။


အချိန်တွေ ကလည်း တဖြည်းဖြည်း နဲ့ ကုန်လာခဲ့ ပြီ ။ လိုက်ရှာ နေတဲ့ သူတွေ

လည်း စိတ်ဓာတ် ကျစပြုနေပြီ ။ နောက်ဆုံး ည ခုနစ်နာရီ ထိုးမှ ရှာဖွေရေး ရပ်စဲလိုက်ကြတယ် ။ လိုက်ရှာကြတဲ့ နေရာ လည်း စုံနေပြီလေ ။ ဘယ်မှာ မှ ရှာလို့ မတွေ့တော့ အားလုံး လက်လျှော့ လိုက်ကြတော့တယ် ။ ဒါပေမဲ့ မယ်မြိုင့် အတွက် စိုးရိမ်စိတ်လေး က တော့ အားလုံးရဲ့ ရင် ထဲမှာ ရှိကြတယ် ။ မယ်မြိုင် ဘယ် ပျောက်သွားလဲ ဆိုတာ သိချင်ကြတယ် ။ မယ်မြိုင် ရဲ့ အစွဲ ကြောင့်လည်း အားလုံးက စိတ်ပူ မိကြတယ် ။ 


မယ်မြိုင် ရဲ့အစွဲ က မွေးကင်းစကလေးတွေ ကို မြင်ရင် မနေနိုင်ဘူး ။ လူ အလစ် ကို စောင့်ပြီး ကလေး ကို ခိုးသွား တတ်တယ် ။ ဒါပေမဲ့ အန္တရာယ် မပေးဘူး ။ ဘာလုပ်လဲ ဆိုတော့ ကလေး ကို ချော့မြူတယ် ။ နို့ချို တိုက်ကျွေးတယ် ။ ကလေး ပျောက်တဲ့ မိဘတွေ နေရာ အနှံ့ ဒေါင်းတောက်အောင် ရှာနေတဲ့ အချိန် မယ်မြိုင် က ရွာထိပ် က ဇရပ် မှာ ကလေး ကို ပွေ့ပြီး သားချော့တေး တွေ ဆို လို့ ။ ကလေးမိဘတွေ ကလည်း မယ်မြိုင့် ဆီမှာ ကလေး ကို ပြန် တွေ့တော့မှ စိတ်အေးရတယ် ။ ကလေး ယူသွားတဲ့ မယ်မြိုင် ကို လည်း စိတ်မဆိုးမိကြဘူး ။ ပို လို့ တောင် သနားကြလေရဲ့ ။


တကယ်တော့ မယ်မြိုင် အဲဒီလို လုပ်ရတဲ့ အကြောင်း အရင်း ကလည်း ရှိတယ် ။ မယ်မြိုင့် ဘဝ ရဲ့အနာတရကြီး ပေါ့ ။ ကံကြမ္မာ ရဲ့ လျှပ်တစ်ပြက် ရိုက်ချက် မှာ မယ်မြိုင် ရဲ့ ဘဝလေး ကျိုးပဲ့ ကြွေလွင့် သွားခဲ့ရတယ် ။ အေးစက် ဆွံ့အမှုတွေနဲ့ အတူ မယ်မြိုင် ရဲ့ ဘဝ အလင်း ပျောက်ခဲ့ ရတယ် ။ အတိတ် ကို တစ်ချက် ပြန် ငဲ့ကြည့်တိုင်း မယ်မြိုင် ရဲ့ သေရာပါ အနာဟောင်း က အက်ကြောင်း ထပ်နေဆဲပဲ ။ ဘာလိုလိုနဲ့ အချိန် စက်ဝန်း ရဲ့ လည်ပတ်မှုအောက်မှာ မယ်မြိုင် ရဲ့ဘဝ ကံဆိုးမိုးမှောင် ကျခဲ့တာ နှစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီပဲလေ ။


••••• ••••• •••••  


၂ ။


မယ်မြိုင် ရဲ့ အဖေ ဦးသာမြိုင် က အုန်းပင်တက်သမား ။ ရွာ မှာ အုန်းသီး ချတာ တို့ ၊ အုန်းပင် လှဲတာတို့ ဆို ဦးသာမြိုင် တို့ပဲ လုပ်ရတာ ။ ဒီတော့ ဦးသာမြိုင်ရဲ့ အမွေ ကို သမီး မယ်မြိုင် က ဆက်ခံ လာရတာပေါ့ ။ ဒါပေမဲ့ လွယ်လွယ်ကူကူ တော့ မဟုတ်ဘူး ။ ဦးသာမြိုင် က မယ်မြိုင့် ကို အုန်းပင် တက် မသင်ပေးဘူး ။ မိန်းကလေး ဖြစ်နေလို့လေ ။ ဒါကို မယ်မြိုင် က မသင်ပေး တဲ့ အလုပ် ကို မှ လုပ်ချင်လာတယ် ။ မသင်ပေးရင် အရက်သမား ကြွက်ကြီး ကို ယူမယ် လို့ ခြိမ်းခြောက်တော့တာပဲ ။ ဒီတော့မှ ဦးသာမြိုင် က ကြွက်ကြီး လို လူကို ယူတာ ထက် စာရင် အုန်းပင် တက်တာ က မှ မြတ်သော အလုပ် ဆိုပြီး သင်ပေး လိုက်ရတော့တယ် ။


မိတဆိုး သမီးလေး ဆို ပြီး အလိုလိုက် ထားတော့ မယ်မြိုင် က တစ်ဇွတ်ထိုး လုပ်တတ်တယ် ။ မယ်မြိုင် ကို အုန်းပင်တက် သင်ပေးခဲ့ပေမဲ့ အုန်းပင် တက်ဖို့ လာငှား ရင်တော့ ဦးသာမြိုင် ပဲ တက် တယ် ။ မယ်မြိုင် ကို မတက် ခိုင်းဘူး ။ ဦးသာမြိုင် နေမကောင်း ဖြစ်တာနဲ့ ရွာ က အလှူလုပ်တာ တိုက်ဆိုင်လာ လို့ အုန်းသီးချမယ် ဆိုရင် တောင် မယ်မြိုင် ကို အုန်းပင် မတက်ခိုင်းခဲ့ဘူး ။ ဦးသာမြိုင် ပဲ နေမကောင်း တဲ့ အကြား က အုန်းပင် တက်ခဲ့တာ ။ အဲသလောက် အထိကို မယ်မြိုင် ကို ချစ်ခဲ့ရှာတာ ။ ဦးသာမြိုင် ဆုံးတော့မှ ပဲ မယ်မြိုင် က အုန်းပင်တက်သမ ဖြစ်လာခဲ့ရတယ် ။


ဦးသာမြိုင် ဆုံးတော့ မယ်မြိုင် က အသက် နှစ်ဆယ် ရှိနေပြီ ။ မယ်မြိုင် က တခြား မိန်းကလေးတွေ လို စက်ချုပ်တာ တို့ ၊ ကောက်စိုက် ပျိုးနုတ်တာ တို့ လုံးဝ စိတ်မဝင်စားဘူး ။ အုန်းပင် တက်တဲ့ အလုပ် နဲ့ ပဲ အသက်မွေးခဲ့တယ် ။ နောက်တော့ ဖိုးခွား ဆိုတဲ့ ကရင်လေး နဲ့ အကြောင်း ပါတယ် ။ ဖိုးခွား ကလည်း အုန်းပင်တက်သမား တစ်ယောက်ပဲ ။ ဒီတော့ လင်ဓယား နှစ်ယောက် စလုံး အုန်းပင် တက်တဲ့ အလုပ် နဲ့ ပဲ အသက်မွေးဝမ်းကျောင်း ခဲ့ကြတယ် ။


မယ်မြိုင်တို့ လက်ထပ် ပြီး အချိန်တော်တော် ကြာလာတဲ့ အထိ သားသမီး မထွန်း

ကား လာခဲ့ဘူး ။ လင်မယားနှစ်ယောက်စလုံး ကလေး လိုချင်လိုက်တာ မှ အရူးအမူးပဲ ။ ဘုရား မှာ ဆုတောင်းရလွန်းလို့ လည်း မမောနိုင်ဘူး ။ တခြား သူတွေ ရဲ့ ကလေးတွေ မြင်တိုင်း ကလေး လိုချင်စိတ် တွေ တဖိတ်ဖိတ် ယိုစိမ့် နေခဲ့ တဲ့ မယ်မြိုင်တို့ ရယ်လေ ။ 


မယ်မြိုင်တို့ လင်မယား ကလေးရူး ရူးနေခဲ့ရင်း က ကံတရားက ဖေးမလို့လား မသိ ။ ကိုးနှစ် ကြာ မှ မယ်မြိုင် မှာ သားဦး ကိုယ်ဝန် ဆောင်လာ ခဲ့ရတယ် ။ မယ်မြိုင် တို့ ဝမ်းသာလွန်းလို့ အိပ်မပျော် ၊ စားဓဝင် တဲ့ အထိ ။ ဖိုးခွား ဆိုလည်း မယ်မြိုင့် ကို အရိပ် တကြည့်ကြည့် နဲ့ ။ ဘာမှတောင် မလုပ်ခိုင်းဘဲ ဖိုးခွား တစ်ယောက် တည်း အလုပ် တွေ သိမ်းကျုံး လုပ်တာပဲ ကြည့်တော့ ။


မယ်မြိုင် မှာ ကိုယ်ဝန် ရှိလာ ကတည်းက အုန်းပင် တက် တဲ့ အလုပ် ကို ဖိုးခွားပဲ

လုပ်တော့တယ် ။ မယ်မြိုင် က မပေါ့မပါး နဲ့ မို့ အိမ် မှာပဲ နေစေတယ် ။ ဒါပေမဲ့ မယ်မြိုင် က ဒီအတိုင်း မနေပါဘူး ။ အိမ်နောက် က မြေကွက်လပ် မှာ ဟင်းရွက်စုံ စိုက်တယ် ။ ပြီးတော့ အိမ်ရှေ့ မှာ ချရောင်း တယ် ။ အကြော် ရောင်းတဲ့ မငွေကြည် ကို လည်း ဟင်းရွက်တွေ ဖောက်သည် သွင်း တာပဲ ။ ရတဲ့ ငွေ ကို ခြစ်ခြစ် ကုတ်ကုတ် စုပြီး မီးဖွားစရိတ် အတွက် သီးသန့် ထားတယ် ။ ဖိုးခွား က လည်း အရင်ကထက် အလုပ် ကြိုးစားလာတယ် ။


ကိုယ်ဝန် ရှစ်လလောက် နေတော့ ကလေး အတွက် အင်္ကျီလေးတွေ ၊ အနှီးပိုင်း လေးတွေ စုရတာနဲ့ လင်မယား နှစ်ယောက်စလုံး မမောနိုင် မပန်းနိုင် ။ မွေးလာ မယ့် ရင်သွေးလေး အတွက် မဆုံးနိုင်တဲ့ မေတ္တာတွေ နဲ့ ပေါ့ ။ ဒါကို ကံကြမ္မာဂြိုဟ်ဆိုး က အရိပ် မိုးဖို့ ဘယ်အချိန် ကတည်းက ချောင်းနေခဲ့တာလဲ မသိဘူး ။ မယ်မြိုင့် ဘဝ တစ်ခုလုံး စုတ်ပြတ် သွားခဲ့တာပဲ ။ 


အဲဒီနေ့ က ဟိုဘက် ရွာ မှာ အလှူ ရှိလို့ ဖိုးခွား ကို အုန်းသီး ချဖို့ လာငှား သွားတယ် ။ မယ်မြိုင် ကလည်း ကိုယ်ဝန် နေ့စေ့လစေ့ကြီး နဲ့ ။ မကြာပါဘူး ၊ မယ်မြိုင် ဗိုက် နာလာတယ် ။ မယ်မြိုင် အော်သံကြောင့် အိမ်နီးချင်းတွေ လက်သည် ခေါ်လာပြီး မီးဖွား ဖို့ ပြင်ဆင်ကြရတယ် ။ သားဦးလေး မို့ ထင်တယ် ၊ ကလေး က တော်တော်နဲ့ မမွေးလာဘူး ။ မယ်မြိုင် ရဲ့ နာကျင်တဲ့ အော်သံ က လည်း အဆက်မပြတ် ထွက်ပေါ်လို့ ။ မိခင် တစ်ယောက် ရဲ့ အားမာန် အပြည့်နဲ့ ကလေး မျက်နှာမြင်ရဖို့ ဝေဒနာ ကို အံကြိ တ်ခံနေခဲ့တယ် ။ အချိန် အတော်လေး ကြာ မှ ကလေး က မွေးလာတယ် ။


“ ကလေးက အသေလေးတော့ ”


လွှတ်ခနဲ ထွက်သွားတဲ့ လက်သည်မိန်းမကြီး ရဲ့ အသံ ကို မယ်မြိုင် ကြားပြီး ငိုကြွေးလိုက်တာ မှ အသည်းခိုက် မတတ် ။ သွေးနုသားနု မှာ မငို ဖို့ အားလုံးက နှစ်သိမ့်နေကြတယ် ။ ဒါပေမဲ့ ကိုယ့်သွေး ၊ ကိုယ့်သား မဟုတ်လား ။


မယ်မြိုင် မှာ ဖြေမဆည်နိုင်အောင် ကို ဖြစ်လို့ ။ ရင်သွေး တစ်ယောက် ဆုံးရှုံးခဲ့ရတဲ့ မယ်မြိုင့် အတွက်တော့ အပူမီး တွေ ဆင့်ကဲ ပြီး လောင်မြိုက်ခဲ့ရတယ် ။


“ မယ်မြိုင်ရေ ... နင့် ယောက်ျား အုန်းပင် ပေါ်က ပြုတ်ကျလို့ ဆုံးပြီတဲ့ ” 


အိမ် အပြင်ဘက် က ရုတ်တရက် ထွက်လာတဲ့ အသံ တစ်သံက မယ်မြိုင့် ကို ပိုပြီး သွေးပျက် သွားစေတာပဲ ။ လာပြောတဲ့ သူကလည်း ရေးကြီးသုတ်ပျာမို့ မယ်မြိုင် မီးဖွား နေတာကို မသိဘူး ။ ပြောပြီး မှ သိလိုက်တာတဲ့ ။ ဒါပေမဲ့ အားလုံး လွန် ကုန်ကြ ပြီ ။ လင် လည်း ဆုံး ၊ သား လည်း ဆုံး နဲ့ မယ်မြိုင် တစ်ယောက် မပဋာ မြေလူး သလို ပါပဲ ။ ငိုလိုက်တာ မှ မနား စတမ်း ကို ငိုတာ ။ တက် မတတ် ချက် မတတ် ငိုနေတဲ့ မယ်မြိုင့် ကို မြင်ရသူတိုင်း စိတ်မချမ်းသာ ဖြစ်ရတယ် ။


အဲဒီ အချိန်က စပြီး မယ်မြိုင် အပြောင်းလဲကြီး ပြောင်းလဲ သွားတော့တာပဲ ။ စကား လည်း မပြောတော့ဘူး ။ အိမ် မှာ လည်း မနေတော့ဘူး ။ အချိန်တိုင်းလိုလို လျှောက်သွား နေတော့တာပဲ ။ ဘယ်သွားမှာလဲလို့ မေးရင် မယ်မြိုင် က တစ်ခွန်းတည်း ဖြေတယ် ။ သူ့ ကလေးကို လိုက် ရှာတာတဲ့လေ ။ ဒီတော့ မယ်မြိုင့် ကို ကြည့်ပြီး အားလုံး စိတ်မကောင်း ဖြစ်ရတယ် ။ 


မယ်မြိုင် က ဗိုက် ဆာရင် ဘုန်းကြီးကျောင်း ကို သွားတယ် ။ ပြီးတော့ ရွာ ထဲ အနှံ့ လျှောက် သွားတယ် ။ မယ်မြိုင် က သွက်သွက်ခါအောင် ရူးတာ မဟုတ်ပေမဲ့ စိတ်မနှံ့တော့ ဘူး ။ ယဉ်ယဉ်လေး နဲ့ ရူးသွားတယ် ဆို ပိုမှန်မယ် ။ ပုံမှန် အချိန်ဆို လူကောင်း လို ဖြစ်နေပေမဲ့ ကလေးတွေ ကို မြင်ရင် မယ်မြိုင် ရဲ့ စိတ်တွေ မူ မမှန်တော့ဘူး ။ ရွာ မှာ မီးဖွားတယ် လို့ သတင်း ကြားရင် မယ်မြိုင် ရောက်လာတယ် ။ ကလေး ကို ကြည့်ပြီး ရှိုက်ကြီးတငင် ငိုတယ် ။ ကလေး ကို ပွေ့ချီ နမ်းရှိုက်တယ် ။ မယ်မြိုင် က စိတ်မနှံ့တဲ့ သူမို့ ကလေး မိဘ တွေ က စိုးရိမ်ကြတယ် ။ ဒါပေမဲ့ မယ်မြိုင်က ကလေး ကို ကြည့်ရုံအပြင် ဘာမှ မလုပ်ဘူး ။ ဒီတော့မှ ကလေး မိဘ

တွေ လည်း စိတ်အေးရတော့တယ် ။


ဒါပေမဲ့ နောက်တစ်နေ့ ကျတော့ ကလေး က ပျောက်ချင်းမလှ ပျောက်သွားတယ် ။ အားလုံး ဝိုင်း ရှာကြတော့မှ ရွာ ထိပ်က ဇရပ် မှာ သွားတွေ့တယ် ။ မယ်မြိုင် ရယ်လေ ကလေး ကို နို့တိုက်ပြီး ချော့မြှူ လို့ ။ မယ်မြိုင် ကို ကြည့်ပြီး အားလုံး စိတ်မကောင်း ဖြစ်ကြရတယ် ။ မိခင်မေတ္တာတွေ ပြည့်သိပ် နေပေမဲ့ မိခင် ဖြစ်ခွင့်

မရလိုက်တဲ့ မယ်မြိုင့်အဖြ စ်ကို စာနာကြတယ် ။ ဘယ်လိုပဲ ရူးနေတယ် ပြောပြော မယ်မြိုင် လည်း မေတ္တာစိတ် ရှိတဲ့ လူသား တစ်ယောက် ပဲ လေ ။ ဒီတော့ အပြစ် မဆိုသာဘူးပေါ့ ။


••••• ••••• •••••  


၃ ။


“ မယ်မြိုင် ပြန်ရောက် လာပြီဟေ့ ၊ ရွာထိပ် ဇရပ်မှာပဲ ” 


ဒီသတင်း က နံနက်ခင်း ကို ပိုပြီး အသက်ဝင် လှုပ်ရှား သွားစေတယ် ။ မယ်မြိုင် အတွက် စိုးရိမ်နေကြတဲ့ သူတွေ အားလုံး ဝမ်းသာသွားကြတယ် ။ မယ်မြိုင် ရွာကနေ ပျောက်သွားတာ ဆယ်ရက် လောက် ရှိပြီလေ ။ ဘယ်သွားလို့ ဘယ်ရောက်နေ လဲမှ မသိတာ ။ အခု ပြန်လာပြီ ဆိုတော့ ဝမ်းသာကြတာပေါ့ ။ 


“ မယ်မြိုင့် လက်ထဲမှာ အနှီးပိုင်းနဲ့ ထုပ်ထားတဲ့ မွေးကင်းစ ကလေး တစ်ယောက် နဲ့ ” ဆိုတဲ့ နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ သတင်း က တော့ အားလုံး ကို အံ့အားသင့် တုန်လှုပ် သွားစေတော့တယ် ။ 


“ ဒုက္ခပါပဲဟယ် ၊ ဘယ်သူ့ ကလေးကို သွား ယူလာ တာပါလိမ့် ”


“ ကလေး ပျောက်တဲ့ မိဘတွေ တော့ အရမ်း စိတ်ပူ နေကြတော့မှာပဲ ” 


အားလုံးက စိုးရိမ်စိတ် အပြည့် နဲ့ မယ်မြိုင် နေတဲ့ ဇရပ် အနား ကို တဖွဲဖွဲ ရောက်လာ ကြတယ် ။ မယ်မြိုင် ကတော့ ဇရပ် ပေါ် မှာ ထိုင်ပြီး ကလေး ကို ပွေ့ပိုက်ထားတယ် ။ ညစ်နွမ်းနေတဲ့ အနှီးပိုင်းကြီး နဲ့ ထုပ်ထားလိုက်တာ ကလေး ကိုတောင် မမြင်ရဘူး ။ ပါးစပ် ကလည်း သားချော့တေး တွေ ကို အဆက် မပြတ် ဆို နေခဲ့တယ် ။


နောက်ဆုံးတော့ လည်း ဒီ ပြဿနာ က ဦးထော် ရဲ့ ခေါင်း ပေါ်ပဲ ရောက်လာတယ် ။ ဒါကြောင့် ဦးထော် လည်း မယ်မြိုင့် လက် ထဲက ကလေး ကို ယူဖို့ ပြင်ရတယ် ။ ဒါပေမဲ့ ဦးထော် လည်း ဇရပ် ပေါ်ကို လှမ်း တက်လိုက်ရော မယ်မြိုင် က တုတ်တစ်ချောင်း ကို ဆွဲယူ လိုက်တော့တယ် ။ ပြီးတော့ သူကြီး ကို ကြည့်ပြီး အသံကုန် အော်တယ် ။ 


“ သွား .. တက်မလာနဲ့ နော် ၊ တုတ်နဲ့ ရိုက်ပစ်လိုက် မယ် ၊ ငါ့ ကလေးကို လာမယူ နဲ့ ... သွား .. သွား .. ” 


မယ်မြိုင် ရဲ့ အသံကြောင့် ဦးထော် ရဲ့ ခြေလှမ်းတွေ နောက်ပြန် ဆုတ်သွားတယ် ။ မယ်မြိုင် က သားဇော နဲ့ မို့ ထင်ရဲ့ ။ အော်လိုက်တာ ငယ်သံတောင် ပါတယ် ။ ဇရပ် အနား မှာ ရှိနေတဲ့ သူတွေ ကို လည်း ကလေး လာ လုတယ် လို့ ထင်နေလား မသိဘူး ။ တုတ်တယမ်းယ မ်းနဲ့ ဂနာ မငြိမ် ဖြစ်နေတယ် ။ ဘယ်သူမှ လည်း မယ်မြိုင့် အနား ကို ဝင်ပြီး ကလေး မယူရဲကြဘူး ။ မယ့်မြိုင် က လည်း ကလေး ကို ယူဖို့မ ပြောနဲ့ အကြည့် တောင် မခံဘူး ။ ဒီတော့ အားလုံး ကိုယ့် နေရာ ကိုယ်

တပ်ဆုတ်ပြီး ပြန်လာခဲ့ ရတော့တယ် ။


ရွာနီးစပ် တစ်လျှောက် ကလေး ပျောက်တဲ့ သတင်း စုံစမ်းကြတယ် ။ ဒါပေမဲ့ အကြောင်း မထူးဘူး ။ ကလေး ပျောက်တယ် ဆိုတဲ့ သတင်း လည်း မကြားရဘူး ။ မယ်မြိုင် ကတော့ ဇရပ် မှာပဲ နေ တော့တယ် ။ ဇရပ် က ရွာထိပ် မှာ မို့ နည်းနည်း အလှမ်း ဝေးတယ် ။ ဒီတော့ မယ်မြိုင့် အကြိုက် ဖြစ်နေတော့တာပေါ့ ။ မယ်မြိုင် က သူ့ ကလေး ကို ဘယ်သူ မှ အကြည့် မခံဘူး ။ ပြီးတော့ မယ်မြိုင် က အရူး ဆိုပေမဲ့ လည်တယ် ။ ဘုန်းကြီးကျောင်း မှာ ထမင်း လာ စားတဲ့အခါ ကလေး ခေါ် မလာဘူး ။ ကလေး ကို ဝှက်ထားခဲ့တယ် ။ ဘယ်မှာ ထားခဲ့သလဲ ဆိုတာလည်း ဘယ်သူမှ မသိကြဘူး ။ မယ်မြိုင် ဘုန်းကြီး ကျောင်း မှာ ထမင်း သွားစား တဲ့ အချိန်ဆို ဦးထော်တို့ အဖွဲ့ က ကလေး ရှာဖွေရေး လုပ်ကြ တော့တယ် ။ အဲဒီ အချိန်မှာ ရွာသား တစ်ယောက် က မယ်မြိုင် အလာ ကို ကင်းစောင့်ရတယ် ။ မယ်မြိုင် လာပြီ ဆိုတာနဲ့ တစ်နေရာမှာ အမြန် ဝင်ပုန်းကြရတယ် ။


မယ်မြိုင် ကလည်း အကင်း ပါးတယ် ။ ပြန် ရောက်တာနဲ့ ဇရပ် အနီးတစ်ဝိုက် က နေရာကို တုတ်တစ်ချောင်း နဲ့ လိုက်ကြည့်တယ် ။ မယ်မြိုင် လက် ထဲက တုတ် ကို ကြည့် ပြီး ပုန်းနေတဲ့ ဦးထော် တို့ လူ တစ်စု ဘုရားတ , နေကြရ တယ် ။ မကြာပါဘူး ။ ဦးထော် တို့ ပုန်းနေတဲ့ နေရာ ကို မယ်မြိုင် ရောက်လာပါ လေရော ။ ဦးထော်တို့ ကို တွေ့တယ် ဆိုရင်ပဲ မယ်မြိုင် က တုတ်နဲ့ လိုက် ရိုက်တော့တာ ။ ဦးထော်တို့ အဖွဲ့ ပြေးလိုက် တာများ တန်း နေတာပဲ ။ ဒီအကြောင်း ပြောရင်း ရယ်လို့ တောင် မဆုံးကြဘူး ။ အရူး က တစ်မူးသာ သွားတယ်လို့ ပြောရမလားပဲ ။ နောက်ဆုံး ကလေး ရှာဖွေရေး ရပ်စဲလိုက်ရတော့တယ် ။ မယ်မြိုင် ကတော့ ဇရပ် မှာပဲ အချိန်ပြည့် နေတယ် ။ ဇရ အနား က ဖြတ်သွားတဲ့ လူ တွေ လည်း မယ်မြိုင် ရဲ့ အဆီအငေါ် မတည့်တဲ့ သားချော့ တေးသံတွေ ကို ကြားနေရတယ် ။ မယ်မြိုင် က သူ့ ကလေး ကို လက် ထဲ က ချ ထား တာတောင် မတွေ့ရဘူး ။ အမြဲ ထွေးပွေ့ထားတာပဲ ။ ကလေး အတွက် လိုအပ် တာ လာ ပေးတဲ့ သူတွေ တောင် ဝေးဝေး မှာ ချပေးရတယ် ။ လူတွေ ရှိ နေရင် လာ မယူဘူး ။ လူတွေ သွားမှ လာယူတာ ။ 


အရင်က ဆို မယ်မြိုင် က လူတွေ နဲ့ မစိမ်းလှပါဘူး ။ အခုမှ သားဇော နဲ့ မို့ ထင်ရဲ့ ၊ လူတိုင်း ကို သူ့ ကလေး လုမယ် ထင်ပြီး ကင်းကင်း နေတာ ။ တုတ် ကိုတောင် သူ့ အနားမှာ ထားတာ ကြည့်ပေ တော့ ။ ဒါကြောင့် မယ်မြိုင် ကို ဒီအတိုင်း လွှတ်ထားလိုက်ရတော့တယ် ။ ဒါပေမဲ့ ကလေး ကို ဘယ်မှာ ဝှက်ထားခဲ့သလဲ ဆိုတဲ့ သိချင်စိတ်လေး တော့ အားလုံးရဲ့ ရင် ထဲမှာ ကိန်းအောင်း နေခဲ့တယ် ။ 


တစ်နေ့တော့ ဇရပ် အနား က ဖြတ်သွားတဲ့ သူတွေ အပုပ်နံ့ တစ်ခုကို သတိထားမိ လာကြတယ် ။ အဲဒီ သတင်း က ဦးထော် ဆီ ရောက်လာ တော့ ဦးထော် ခေါင်းခဲရပြီ ။ တစ်ရွာလုံး ကလည်း အဲဒီ အပုပ်နံ့ ကြောင့် စိုးရိမ်တုန်လှုပ် လာကြတယ် ။ မယ်မြိုင့် ဆီ က ကလေးများ သေသွားခဲ့ပြီလား ။ ဘယ်က ယူလာလဲ မသိတဲ့ ကလေး က မယ်မြိုင့် လက် ထဲမှာ ကြာကြာ အသက်ရှင်ဖို့ ဆိုတာ ဘယ် ဖြစ်နိုင်ပါ့ လဲ ။ မယ်မြိုင့် လက်ထဲက အနှီးပိုင်းလေး ကို ကြည့်ပြီး မွေးကင်းစကလေး ရယ်လို့ အားလုံးက မှတ်ချက်ချ ထားခဲ့ကြတာ ။ မယ်မြိုင် ရဲ့ တုတ် ကို ကြောက်ပြီး ဘယ်သူမှ လည်း ကလေး ကို မထိရဲကြဘူး ။


ဟော .. အခုတော့ အပုပ်နံ့ က ထွက်လာခဲ့ပြီ ။ မယ်မြိုင့် လက်ထဲမှာ ကလေး သေသွားခဲ့တယ် ဆိုတာ သေချာသွားပြီ ။ မယ်မြိုင် က ရွာ က ပျောက်သွားပြီး ဘယ်က ကလေးတစ်ယောက် ကို သွား ခိုးခဲ့သလဲ ဆိုတာလည်း ဦးထော် တို့ မသိခဲ့ရဘူး ။ ဒါပေမဲ့ မယ်မြိုင် ရဲ့ အစွဲ ကြောင့် အခု ကလေး တစ်ယောက် အသက် ဆုံးရပြီ ။ မယ်မြိုင့် ကို အပြစ် မတင်ရက် ပေမဲ့ ဒါကို တွေးကြည့်တိုင်း ကလေး အတွက် စိတ် မကောင်း ဖြစ်ရတယ် ။


 ဒါကြောင့် မယ်မြိုင် နေ တဲ့ ဇရပ်လေး ကို ဦးထော် တို့ ထွက်လာခဲ့ကြတယ် ။ ဇရပ် အနား ကို ရောက်တော့ အနံ့ပြင်းပြင်း နဲ့ ပျံ့လွင့်လာတဲ့ အပုပ်နံ့ ကို ရလိုက်ကြတယ် ။ ပြီးတော့ မယ်မြိုင် ရဲ့ အဆီအငေါ် မတည့်တဲ့ သားချော့တေးသံ ကို ကြားလိုက်ရတယ် ။ ဦးထော် တို့ အားလုံး ဇဝေဇဝါ ဖြစ်သွားကြတယ် ။ မယ်မြိုင့် ကို ကြည့်လိုက်တော့လည်း အနှီးပိုင်းလေး နဲ့ ထုပ်ထားတဲ့ ကလေး ကို ပိုက်ပြီး သီချင်းတွေ အော် ဆိုလို့ ။ ဒါဆို အပုပ်နံ့ က ဘယ်က လာတာလဲ ။


ဦးထော် တို့ လူ တစ်စု လည်း ဇဝေဇဝါ နဲ့ ဇရပ် အနား တစ်ဝိုက် ကို သေချာ လိုက် ရှာကြတယ် ။ ဇရပ် အနား က ချုံပုတ် ထဲမှာ သေနေ တဲ့ ခွေးတစ်ကောင် ကို တွေ့ တော့မှ အံ့သြဝမ်းသာစိတ် နဲ့ သက်ပြင်း ချနိုင်ကြတော့တယ် ။


မယ်မြိုင့် လက် ထဲမှာ ကလေး က ဘေးကင်းရန်ကင်း နဲ့ ရှိနေတဲ့ အတွက်လည်း ဝမ်းသာ သွား ကြရတယ် ။ မယ်မြိုင် က တော့ သားချော့တေးတွေ ကို မနားတမ်း အော် ဆိုလို့ ။ ဦးထော် တို့ လည်း ခွေးသေ ကို မြှုပ် လိုက်ပြီး ဇရပ် နားက ထွက်လာခဲ့ကြတော့တယ် ။


••••• ••••• •••••  


၄ ။


“  သိပြီဟေ့ ... ကလေးကို ဝှက်ထားတဲ့ နေရာ ကို သိပြီ ”


မွန်းတည့် ဆယ့်နှစ်နာရီ လောက် ရှိပြီ ။ ဖိုးလူ တစ်ယောက် ရွာထိပ် ဇရပ်ကနေ

အရေးတကြီး ပြေးလာသည် ။ ပြီးတော့ ဒီအတိုင်း ပြေးလာတာ မဟုတ်ဘူး ။ ကလေး ဝှက် ထားတဲ့ နေရာ ကို သိပြီ ဆိုပြီး တစ်လမ်းလုံး အော် လာတာ ။ ဒီတော့ သိချင်လွန်းလှ သူတွေ ဖိုးလူ နောက် ကနေ တသီတတန်းကြီး လိုက်ပါလာကြတယ် ။ ဦးထော် အိမ် ရောက် မှ ဖိုးလူ အပြေး ရပ်တယ် ။ ဦးထော် က အိမ် ထဲ ကနေ အလန့်တကြား နဲ့ ပြေး ထွက်လာတယ် ။ 


“ ဟေ့ကောင် ဖိုးလူ ၊ ကလေး ထားတဲ့ နေရာကို သိပြီ ဆိုတာ အမှန်ပဲလား ” 


“ ဟုတ်တယ် ဦးကြီးထော် ရဲ့ ၊ ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာ ”


ဖိုးလူ ရဲ့ စကား ကို အားလုံး စိတ်ဝင်တစား နားထောင်နေကြတယ် ။ ကလေး ကို ဘယ်မှာ ဝှက်ထားလဲ ဆိုတာ သိချင်နေကြပြီ မဟုတ်လား ။ 


“ ဒါဆို ကလေး ကို ဘယ်မှာ ဝှက်ထားတာလဲ ၊ မြန်မြန် ပြောစမ်းပါဦး ” 


“ ကု က္ကိုပင် ပေါ် မှာ ဦးကြီးတော် ၊ ဇရပ် နောက် က ကုက္ကိုပင်ကြီး ပေါ်မှာ ” 


“ ဘာ ” 


ဦးထော် ရဲ့ “ ဘာ ” ဆိုတဲ့ အသံကြီး က အလန့်တကြား ထွက်လာတယ် ။ ကြားလိုက်ရတဲ့ သူတွေ လည်း ရင်ထိတ် သွားကြတယ် ။ ကလေး ကို သစ်ပင် ပေါ် ထားရတယ်လို့ ။ ကုက္ကိုပင်ကြီး က သက်တမ်း ကြာရှည် နေပြီ ။ အလုံးအထည် ကြီးပြီး အပင်က မြင့်တယ် ။ အကိုင်းအခက် အခွ တွေ လည်း များတယ် ။ မယ်မြိုင် က အုန်းတက်သမ ဆိုတော့ ကုက္ကိုပင်ကြီး ကို တက်နိုင်တာ မဆန်းပေမဲ့

ကလေး တစ်ဖက် နဲ့ တက်တယ် ဆိုတာ အရမ်း အန္တရာယ်များတဲ့ အလုပ် ။ မယ်မြိုင် တစ်ယောက် ကလေး ကို သူများ လုသွားမှာ စိုးပြီး မလုပ် သင့်တာ လုပ်နေပြီ ။ အင်း ... သူ လည်း လုပ်သင့် မလုပ်သင့် ဆိုတာ ခွဲခြားတတ်သူ မှ

မဟုတ်တာ ။ 


“ အခုချိန် ဆို မယ်မြိုင် ထမင်း သွား စားနေပြီ ၊ မြန်မြန် သွားကြရအောင် ။ မဟုတ်ရင် ကလေး ဒုက္ခ ရောက်လိမ့်မယ် ” 


ဦးထော်တို့ အားလုံး ဇရပ် ကို မာရသွန် ပြေးလာခဲ့တယ် ။ အချိန် ဆွဲနေလို့မှ မရ တာ ။ မယ်မြိုင် ရောက်လာရင် အားလုံး ဒုက္ခ ရောက်ကုန်မှာ ။ ဒီလိုနဲ့ ကုက္ကိုပင် အောက် ရောက်လာခဲ့တယ် ။ အပင် ပေါ် မော့ ကြည့်လိုက်ကြတော့ အမြင့်ဆုံး အကိုင်း အခွကြား မှာ တင်ထားတဲ့ ညစ်နွမ်းနွမ်း အနှီးပိုင်းလေး ကို မြင်လိုက်ရ တယ် ။ အကိုင်းအခွ က ကြီးမားလှတာ မို့ ကလေး တော့ မကျနိုင်ဘူး ။ မယ်မြိုင် က ဉာဏ် တော့ အကောင်းသား လို့ တွေးလိုက်ကြတယ် ။ မယ်မြိုင် မလာခင် ကလေး ကို အပင် ပေါ်က ယူချဖို့ ဖိုးလူ ကို အပင်ပေါ် တက်ခိုင်းတယ် ။ ဖိုးလူ အပင်ပေါ် တက်ဖို့ လုပ် နေတုန်းမှာပဲ တစ်ယောက် က ထ , အော်တယ် ။


“ မယ်မြိုင် ရောက်လာပြီဟေ့ ” 


အဲဒီ အသံလည်း ကြား ရော အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတယ် ။ ပုန်းဖို့ နေရာ ရှာ သူ က ရှာ ။ ပြေး တဲ့ သူ က ပြေး နဲ့ ပတ်ချာလည် သွားကြတယ် ။ မယ်မြိုင် က တော့ ကုက္ကိုပင် အနား မှာ လူ များ နေတာကို တွေ့လို့ ထင်ရဲ့ ။

ပြေး လာလိုက်တာ ခလုတ် တိုက်ပြီး လဲ သွားတယ် ။ အရှိ န်နဲ့ ပြေးလာတာမို့ မြေ ပေါ် မှာ နှစ်ပတ်လောက် လိမ့်သွားတယ် ။ ဒါပေမဲ့ လဲကျ နေရာ က ကပျာကယာ ထ,ပြေး လာပြီး ကုက္ကိုပင် ကို ကျော နဲ့ ကပ် ထားလိုက်တယ် ။ 


“ သွား ... သွားကြ ... ငါ့ ကလေး ကို လာ မလုနဲ့ ၊ မပေးဘူး မပေးဘူး ”  


မယ်မြိုင် က ငယ်သံ ပါ အောင် အော်တယ် ။ ကလေး အတွက် စိုးရိမ်စိတ် နဲ့ ငိုရှိုက် နေရှာတယ် ။ အဝတ်တွေ လည်း စုတ်ပြဲ လို့ ။ လဲကျလို့ ရတဲ့ ဒဏ်ရာ မှာ လည်း သွေး တွေ ထွက်နေတယ် ။ မယ်မြိုင့် ကို ကြည့်ပြီး အားလုံး မျက်ရည်ဝိုင်းကြတယ် ။ မိခင် ဖြစ်ခွင့် မရခဲ့ပေမဲ့ သွေးမတော် သားမစပ်တဲ့ ကလေး တစ်ယောက် ကိုယူပြီး မေတ္တာ အပြည့် နဲ့ စောင့်ရှောက်နေ လိုက်တာ အရူး ဆိုပေမဲ့ အရူး လို့ မထင်ရက်အောင်ပါပဲ ။ 


“ ကဲ ... အားလုံး ကိုယ့် နေရာ ကိုယ် ပြန်ကြရအောင် ၊ သူ့ ကို အနှောင့်အယှက် မပေး ကြနဲ့တော့ ”


ဦးထော် ရဲ့ စကား အဆုံး အားလုံး စိတ်မကောင်းစွာ နဲ့ လှည့်ထွက်လာခဲ့ကြတယ် ။ သွားရင်း နဲ့ မနေနိုင်လို့ နောက် ကို ပြန် လှည့်ကြည့်လိုက်တော့ ကုက္ကိုပင် ပေါ် ပြေးတက် သွားတဲ့ မယ်မြိုင့် ကို တွေ့လိုက်ကြရတော့တယ် ။


••••• ••••• •••••


၅ ။


“ မယ်မြိုင် ဆုံးပြီ ”


ဆိုတဲ့ သတင်းက အားလုံး ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတာ အမှန်ပဲ ။ သိလိုက်ရတဲ့ အချိန် ကလည်း ညနေ ငါးနာရီခွဲ ။ သတင်း လာ ပေးတဲ့ သူ က နွားကျောင်း သွား တဲ့ နီတွတ် ။ နေ့လယ် ကပဲ အကောင်း အတိုင်း ရှိနေသေးတဲ့ မယ်မြိုင် ။ အခုတော့ ဆုံးပြီးတဲ့ လေ ။ ဘယ်လို ဖြစ်တာလဲ ဆိုပြီး မေးတော့ မှ ကုက္ကိုပင် ပေါ် က ပြုတ်ကျတာတဲ့ ။


ဦးထော် နဲ့ ရွာသားတွေ သွား ကြည့်ကြတော့ အသက် ဝိညာဉ် ချုပ်ငြိမ်းနေပြီ ဖြစ်တဲ့ မယ်မြိုင် ကို တွေ့ကြရတယ် ။ မယ်မြိုင် ရဲ့ ခေါင်း မှာလည်း သွေးတွေ က မြင်မကောင်း အောင် စီးကျလို့ ။ အပင် ပေါ် ပြုတ်ကျတဲ့ အပြင် အပင် အောက် က ကျောက်တုံး ကို ခေါင်း နဲ့ ဆောင့်မိ သေးတယ် ။ မယ်မြိုင့် ကို ကြည့်ပြီး ငိုတဲ့ သူ က ငိုကြတယ် ။ 


“ ကလေး က ရော ... မယ်မြိုင် ယူလာတဲ့ ကလေး ” 


ရွာသား တစ်ယောက် က အလန့်တကြား နဲ့ ထ , အော်တယ် ။ ဒီတော့မှ ကလေး ကို သတိရ လိုက်ကြတယ် ။ ကုက္ကိုပင်ပေါ် ကြည့်လိုက်ကြတော့ အကိုင်းအခွတွေ အကြား က အနှီးပိုင်းလေး နဲ့ ထုပ်ထားတဲ့ ကလေး ကို တွေ့လိုက်ရတယ် ။ အခုမှ အားလုံး သဘောပေါက် သွားကြတယ် ။ မယ်မြိုင် ခမျာ သူ ချစ်တဲ့ ကလေး ဆီ တောင် ရောက်အောင် တက် မသွားနိုင်ခဲ့ပါ လား ။ ကလေး ဆီ ကို ရောက်အောင် တက်ရင်း အပင် ပေါ် က ပြုတ်ကျပြီး အသက် ပေးခဲ့တဲ့ အထိ မယ်မြိုင် ရဲ့ မေတ္တာတရား ကြီးမားခဲ့တာ ကို အံ့သြ ခဲ့ကြတယ် ။ မယ်မြိုင် ကို သနားပြီး ငိုတဲ့ သူ က ငိုနေကြတယ် ။ ရွာလူကြီး ဦးထော် တောင် မျက်ရည်တွေ လည်လို့ ။


“ ဦးကြီးထော် ” 


ခေါ်သံ ကြားလို့ ကြည့်လိုက်ကြတော့ ဖိုးလူ က အနှီးပိုင်း နဲ့ ထုပ်ထားတဲ့ ကလေး ကို ထွေးပွေ့ ပြီး ကုက္ကိုပင် ပေါ် က ဆင်းလာတယ် ။ ဖိုးထူ မျက်ဝန်း မှာတော့ မျက်ရည် တွေ စီးကျလို့ ။ 


“ ဦးကြီးထော် ... ဒီ ကလေး ကို မယ်မြိုင် နဲ့ ခွဲ မထားရက်ဘူးဗျာ ” 


ဖိုးလူ က ပြောပြီး ကလေး ကို မယ်မြိုင် ရဲ့ ရင်ခွင် ထဲ ထည့် ပေးလိုက်တယ် ။ မယ်မြိုင့် ရင်ခွင်ထဲ က ကလေး ကို လှမ်း ကြည့်လိုက်တော့မှ ငိုသံတွေ ပွက်ပွက်ညံ သွားတော့တယ် ။ သနားစရာ ကောင်းလိုက်တဲ့ မယ်မြိုင် ။ မေတ္တာတရား ကြီးမားလှတဲ့ မယ်မြိုင် ရယ် လေ ။ အရူး ဆိုပေမဲ့ အရူး လို့ မထင်ရက်အောင်ပါပဲလား ။


ဦးထော် နဲ့ ရွာသားတွေ အားလုံး မျက်ရည် ကျပြီး တစ်နေရာတည်း ကို လှမ်း ကြည့် နေကြတယ် ။ အဲဒါက မယ်မြိုင် ရဲ့ ရင်ခွင် ထဲ က အနှီးပိုင်းလေး နဲ့ အသေအချာ ထုပ်ထားတဲ့ ဘယ်အရပ် ဒေသက ယူလာခဲ့လဲ မသိတဲ့ ကလေးရုပ်လေး တစ်ရုပ် ။ 


 ▣  နတ်ရဲ ၊ ရူပဗေဒ ၊

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

      ဖေဖော်ဝါရီ ၊ ၂၀၁၆

Tuesday, February 13, 2024

သက်နွယ် ရဲ့ မောင်


 ❝ သက်နွယ် ရဲ့ မောင် ❞


အခါး ကို ကြိုက်တဲ့ ပျား ကမ္ဘာ ပေါ်မှာ ရှိမတဲ့လား ကွယ် ။ ရွေးချယ်ခွင့် နဲ့ ဖြစ်တည်ခွင့် သဟဇာတ မဖြစ်ခဲ့ရတာ ကို ကံကြမ္မာ ကြောင့် လို့ ယိုးမယ် မဖွဲ့ချင်တော့ဘူး ။ အဲဒီ ကံ ဆိုတာ ကို သက်နွယ် မုန်းလွန်းလှတယ် လေ ။


၁ ။


အဆိပ်ပြင်း တဲ့ အကြည့် ဆိုတာ အဲဒီလို မျိုး လား ။ စူးရှ တဲ့ အကြည့် အောက် မှာ အသက် ကို တောင် ဝ , အောင် မရှူမိတဲ့ သက်နွယ် ရယ် ပါ ။ မောင့် အရှေ့ မှာ ဆောက်တည်ရာ မဲ့ ညွှတ်ခွေကျလု မတတ် ဖြစ် နေတဲ့ ခြေအစုံ နဲ့ အားတင်းပြီး ရပ်နေခဲ့ ပေမဲ့ တုန်လှုပ် လွန်း လှပြီ ။ 


“ မင်း ပဲ သက်နွယ် ၊ အားလုံး ဟာ မင်း ကြောင့် ” 


သက်နွယ် ယစ်မူးတိမ်းညွတ် ခဲ့တဲ့ မောင့် နှုတ်ခမ်းပါး က တဆတ်ဆတ် တုန်ယင် လို့ ။ သက်နွယ် နှုတ်ခမ်းတွေ ဆွံ့အ , နေတယ် ။ ပြောစရာ စကား မရှိလို့ တော့ မဟုတ် ။ ဒီလောက် အထိ သွေးပျက် ချောက်ချား နေတဲ့ မောင့် ကို သက်နွယ် တစ်ခါ မှ မမြင်ဖူးခဲ့ လို့လေ ။ 


“ မင်းကြောင့် .. ” 


ခပ်တင်းတင်း အံကြိတ် ပြီး ပြော တဲ့ မောင် ရဲ့ စကားသံ အဆုံး မှာ သက်နွယ် ဒူးတွေ ညွတ်ခွေ ချင် လာတယ် ။ မောင့် ရဲ့ စွပ်စွဲမှုတွေ က ပြင်းထန်လွန်း လိုက်တာ ။ ဒီ အခြေအနေ က သက်နွယ် ကြောင့် ဆိုရင် တောင် နှစ်ဖက် တီး မှ မြည် တတ်တဲ့ လက်ခုပ် ရဲ့ သဘာဝ ကို မောင် နားလည် သင့်တယ် ။ ထားပါတော့ ။ သက်နွယ် ဘဝ မှာ မောင့် ကို ဘယ်တုန်း က များ

ငြိုငြင်ခဲ့ ဖူး လို့လဲ ။ မောင် က အဖြူ ဆို သက်နွယ် က အမည်း မှ မလုပ်ဝံ့ ခဲ့ ပဲလေ ။ 


“ ငါ့ ဘ ဝမှာ မိန်းမ နှစ်ယောက် နဲ့ ပတ်သက်ခဲ့ ဖူးတယ် သက်နွယ် ၊ အဲဒါက မင်း နဲ့ မမညိုမီ ပဲ ။ မမညိုမီ က အထက်တန်းလွှာ က အဆင့်အတန်း ရှိတဲ့ မိန်းမ တစ်ယောက် ၊ မင်း က ...”


မောင် က  စကားလုံး တွေ နဲ့ အသေသ,တ်တယ် ။ အထက်တန်းလွှာ တဲ့ ။ အဆင့်အတန်း တဲ့ ။ သက်နွယ် က အောက်ဆုံးအလွှာ က အဆင့်အတန်း မရှိ တဲ့ မိန်းကလေး ဆို တာ ထည့် မပြော ဘဲ အဓိပ္ပာယ် သက်ရောက်စေတဲ့ အထိ မောင့် စကား က ထိရောက် လွန်း လှတယ် ။ အထက်တန်းလွှာ ဆို တဲ့ အဆင့်အတန်း က သိက္ခာ နဲ့ တိုက်ရိုက် သက်ဆိုင် သလား သက်နွယ် တွေး ကြည့် မိတယ် ။ လူ တစ်ယောက် ရဲ့ သိက္ခာ ကို ချမ်းသာခြင်း ဆိုတဲ့ အလွှာ နဲ့ တိုင်းတာ လို့ ရ သတဲ့ လား ။ သက်နွယ် တို့ ဆီ ရောက် လာ တဲ့ အထက်တန်းလွှာ က လူကြီး လူကောင်းတွေ ရဲ့ သွေးသား ကို ဆေးဝါး လို တန်ဖိုး ထား ကြတဲ့ သိက္ခာတရားတွေ မောင့် ကို မြင်စေချင် လိုက်တာ ။


“ ငါ့ ဘဝ ကို ဖျက်ဆီး လိုက် တဲ့ မင်း ကို ဘယ်တော့ မှ ခွင့် မလွှတ်ဘူး သက်နွယ် ”


နောက်ထပ် ထွက်ကျ လာ တဲ့ မောင့် ရဲ့ စကား အဆုံး မှာ အကြိမ်ကြိမ် သေဆုံး နေတဲ့ သက်နွယ် က ကျင့်သားရ စွာ နဲ့ ပဲ သေဆုံး သွားခဲ့ပြန်တယ် ။ သက်နွယ် ဆို တဲ့ မိန်းမ က သေ ဆို ရင် ရှင် ဝံ့ တဲ့ သူ မှ မဟုတ်ခဲ့ ဘဲ လေကွယ် ။


  •••••   •••••   •••••


၂ ။


သက်နွယ် ရဲ့ ဘဝ ကောင်းကင် မှာ အစ ကတည်း က ကြယ် မစုံခဲ့ဘူး ။ ဒီလို ဘဝ ထဲ ကို မောင် က ကြယ် တစ်လုံး အဖြစ် နဲ့ ရောက် လာ ခဲ့တယ် ။ သက်နွယ် အတွက် အတောက်ပဆုံး ကြယ် တစ်လုံး အဖြစ် မောင် က ဖြစ်တည် ခဲ့တယ် ။ မောင် နဲ့ စ , တွေ့ခဲ့ တဲ့ ညနေ ကို လည်း သက်နွယ် မှတ်မိသေးတယ် ။


စားသောက်ဆိုင် မှာ  အရက် သောက် ပြီး ပိုက်ဆံ မရှင်းနိုင် တဲ့ မောင့် ကို သက်နွယ် စ , တွေ့ခဲ့တာပေါ့ ။ ဆီးရွက် လောက် ရှိတဲ့ မျက်နှာလေး နဲ့ မောင် က သနားစရာလေး ။ အဲဒီ သနားစိတ် က နေ အကြင်နာ ပိုပြီး မောင့် ရဲ့ ပြဿနာ ကို သက်နွယ် ဖြေရှင်း ပေးခဲ့တာပေါ့ ။ မောင် က လေလွင့် နေတဲ့ တေလေငှက် ၊ သက်နွယ် က အမှောင် မှာ တွယ်ငြိ မိ နေတဲ့ ညဉ့်ငှက် ။ အဲဒီ အချက်တွေ နဲ့ ပဲ သက်နွယ် နဲ့ မောင့် ရဲ့ ဘဝ နှစ်ခု ထပ်တူကျ ဖို့ အကြောင်းပြချက် ခိုင်လုံ သွားခဲ့ကြတယ် ။ 


သက်နွယ် က လူတိုင်း အတွက် အေးစက်တဲ့ နှလုံးသား နဲ့ အရုပ် တစ်ရုပ် ဖြစ်ခဲ့ ပေမဲ့ မောင့် အတွက် တော့ ပူနွေး တဲ့ နှလုံးသား နဲ့ စစ်မှန်တဲ့ သက်ရှိ လူသား တစ်ယောက် ဖြစ်ခဲ့တယ် ။


သက်နွယ် အနား မှာ မောင် ရှိ နေရုံ နဲ့ ပြည့်စုံ ပေမဲ့ မောင့် အတွက် တော့ သက်နွယ် ရှိ နေရုံ နဲ့ မဖြစ်ဘူး ဆိုတာ သိတဲ့ နေ့ က ငွေ ကို ပို ကြိုးစား ရှာ ရတယ် ။ ရင်နာစရာ ကောင်းတယ် ။ သက်နွယ် ရဲ့ အလုပ် ကို က အရမ်း ရင်နာ စရာ ကောင်းတယ် ။ တခြား ရင်ခွင် ကို ခိုဝင် ပြီး မှ ပြည့်စုံမှု ကို ရတဲ့ ဘဝမျိုး ဒီ တစ်ဘဝ တည်း နဲ့ လုံလောက် စေ ချင်ပြီ ။ 


အဖမ်းအဆီး များ လို့ အဆင် မပြေ တဲ့ ကာလတွေ မှာ မောင် ပိုက်ဆံ တောင်း ရင် သက်နွယ် ငို ချင်တယ် ။ မောင် မျက်နှာ မကောင်း ရင် အရမ်း စိတ်ညစ်တာပဲ ။ သက်နွယ် တို့ အလုပ် က တရားဝင် မှ မဟုတ် တာ ။ ခေါင်းပုံဖြတ်မှု ဆိုတာ ကလည်း စက္ကန့် နဲ့ အမျှ ရှိနေတယ် လေ ။ ခေါင်းကြေး တွေ နုတ် ရင် အပေါစား မိတ်ကပ် ဖိုး တောင် မိုင်းနပ်စ် ပြ နေခဲ့တာ ။


တစ်ခါတလေ ပတ်ဝန်းကျင် ရဲ့ စကားတွေ ကို ကြား ပြီး မောင့် ရဲ့ ပုတ်ခတ်မှုတွေ ပြင်းထန် လာတယ် ။ တကယ်တော့ ပတ်ဝန်းကျင် ဆိုတာ က လည်း အရေးပါ သား နော် ။ သက်နွယ် ရဲ့ ဝမ်း တစ်ထွာ ကို ပတ်ဝန်းကျင် က မဖြည့်တင်း ပေးနိုင် ပေ မဲ့ သက်နွယ် ဘဝ ကို အရောင် ဆိုး ဖို့ ကျတော့ ပါးစပ် မှာ စုတ်တံကြီး တွေ တပ်ထား သလား ထင်ရတယ် ။


ဒီ အလုပ် ကို ပျော်လို့ လုပ်တယ် ပြောတဲ့ သူ တွေ ကို သက်နွယ့် နေရာ မှာ တစ်ပတ် လောက် ပဲ နေစေချင် ရဲ့ ။ တစ်ရက် လောက် မှ ခံနိုင်ရည် ရှိရဲ့လား ဆိုတာ ကို ထိုင် ကြည့်ချင် မိတယ် ။ တကယ်တော့ ဒုက္ခ ဆိုတာ ကို အန်တု ဖို့ ရင်းနှီးစရာ ဆိုလို့ ဒီ ခန္ဓာကိုယ် တစ်ခု ပဲ ရှိတော့ လည်း ပြတ် ပြတ်သားသား ချ နင်း လိုက်ရ တာ ။ ဒီ အတွက် အားလုံး က ကဲ့ရဲ့ကြ လည်း ပြုံးပြုံးလေး ပဲ နေ မိတာ မျက်နှာပြောင် တိုက် တယ် ထင်လည်း ထင်ကြပါစေတော့ ။


နာတာရှည် ရောဂါ ခံစား နေရတဲ့ အမေ့ ကို ပဲပြုတ် ရောင်း ပြီး ကု ရ မလား ၊ ပန်း ရောင်းပြီး ကု ရမလား ။ အပူမီး တွေ ဝိုင်း ပြီး တစ်ကိုယ်လုံး ကျွမ်းလောင် လု မတတ် ဖြစ် နေတဲ့ အချိန် မှာ ငြင်းဆန် ခံ ရ တဲ့ အကူညီ တောင်းမှုတွေ ။ မျက်နှာလွှဲ ခဲပစ် လုပ်ရက်ကြ သူတွေ အကြား မှာ သက်နွယ် အသက် ခပ်ယဲ့ယဲ့ ပဲ ကျန် ခဲ့တယ် ။ ပြည်သူ့ဆေးရုံ ဆိုတာ

လည်း ငွေ ရှိ မှ ဝင် လို့ ရတာ ။ ဘယ်လောက်ပဲ ဆင်းရဲတယ် ပြောပြော အမေ့ ကို ဒီ အတိုင်း

သေမင်း လက် ထဲ ဝကွက် မအပ်နိုင် ခဲ့ဘူး ။ မီး ကို တိုး ဖို့ ပိုးဖလံ တစ်ကောင် လို သတ္တိ မွေး ခဲ့ တဲ့ နေ့ က အရှက် အကြောက်တရား တွေ အငွေ့ ပြန် သွားခဲ့တယ် ။ 


သက်နွယ် ဘဝ အကြောင်း ဘယ်သူ့ ကို မှ ရှင်း မပြချင်တော့ဘူး ။ ကတ္တား ဖြစ်ဖြစ် ၊ ကံ ဖြစ်ဖြစ် ဘဝ က ဘာများ ထူးခြား လာ မလဲ ။ အမေ့ ကြောင့် ဒီ ဘဝ ထဲ ခြေစုံ ပစ် ဝင်ခဲ့တယ်လို့ အကြောင်းပြချက် မပေးချင်ဘူး ။ သက်နွယ် ဘဝ နဲ့ ရင်းပြီး နာတာရှည်ရောဂါ ခံစား နေရတဲ့ အမေ့ ကို သုံးနှစ် တိတိ အသက် ဆက်ခွင့် ရခဲ့တာ ကိုပဲ သက်နွယ် အကြီးအကျယ် ကျေနပ် မိ ခဲ့တယ် ။


 •••••   •••••   •••••


၃ ။


“ ကိုယ် မမညိုမီ ဆီ သွားတော့မယ် သက်နွယ် ” 


မောင့် စကား တစ်ခွန်း မှာ သက်နွယ် ရဲ့ မျက်ရည်စက်ပေါင်း များစွာ စတေး လိုက်ရတယ် ။ သက်နွယ် ဘဝ မှာ သစ္စာ ဆိုတာ ကို မယုံ ရဲ ခဲ့ဘူး ။ သက်နွယ် အပေါ် မောင် သစ္စာ ရှိပါစေလို့ ပဲ အကြိမ်ကြိမ် ဆုတောင်း ခဲ့ တာ ။ ဆုတောင်း တိုင်း ဘယ်တုန်း က မှ မပြည့်ခဲ့ဖူးတာ က လည်း ကျိန်စာတွေ များ သင့် နေခဲ့ သလား မောင် ။ 


မောင့် ကို ချစ်တဲ့ စိတ် နဲ့ နှုတ်ဆိတ် နေခဲ့ ပေမဲ့ မောင် ခြေလှမ်း စ  ,ပျက် ကတည်း က သက်နွယ် စုံစမ်း ခဲ့တယ် ။ မမညိုမီ ဆိုတာ အရွယ် ကောင်းပြီး ချမ်းသာတဲ့ မုဆိုးမ ။ ရွှေပင် နား တော့ ရွှေကျေး တဲ့ ။ မောင် က ရွှေကျေး တစ်ကောင် ဖြစ်ချင် နေခဲ့ပြီ ။ 


သက်နွယ် က မောင့် ဘဝ ကို တောက်ပြောင် စေတဲ့ ရွှေပင် မှ မဟုတ်ခဲ့ပဲ ။ မောင့် ကို သက်နွယ် တားချင်မိ တယ် ။ သက်နွယ် မျက်ဝန်း က မျက်ရည်စက်တွေ ရဲ့ အတိမ်အနက် ကို နားလည် ခဲ့ မယ် ဆိုရင် မောင့် ခြေလှမ်းတွေ ကို အဲဒီ မှာ ရပ်တန့် ပေးပါ လား မောင် ။ 


တစ်လှမ်း .. ။ 


နှစ်လှမ်း ... ။ 


တဖြည်းဖြည်း နဲ့ မောင့် ခြေလှမ်းတွေ က သက်နွယ် နဲ့ အဝေးဆုံး ကို ရောက်သွား ခဲ့ပြီ ။ လက်ထပ်စာချုပ် မရှိတဲ့ မောင် နဲ့ သက်နွယ် အတွက် ကွာရှင်းစာချုပ် ဆိုတာ လည်း မရှိဘဲ ခြားနား သွားခဲ့ပြီ ။ ကျောခိုင်း သွားတဲ့ မောင့် ရဲ့ ကျောပြင် ကို ကြည့်ပြီး မျက်ရည်တွေ က မိုး လို ရွာတယ် ။ အပြောင်းအလဲ များ တဲ့ လောက မှာ သက်နွယ် ဘာ ကို တိုင်တည် ပြီး ငိုကြွေး ရ မလဲ ။ မောင် ပျော်ရွှင်ဖို့ ပဲ ဆုတောင်း ရတော့ မှာ ပေါ့ ။ မောင့် ဘဝလေး သာယာ ချမ်းမြေ့ပါစေကွယ် ။


 •••••   •••••   •••••


၄ ။


သက်နွယ် ဆုတောင်း တိုင်း မပြည့်တတ် တာ ကျိန်စာ တစ်ခု လား မောင်ရယ် ။ မှတ်မှတ်ရရ မောင် ထွက် သွားတာ နှစ်နှစ် ပြည့် တဲ့ နေ့ ။ ပြက္ခဒိန် ကြည့် စရာ မလိုဘဲ နှလုံးသား က နာနာကျင်ကျင် နဲ့ မှတ်မိ နေခဲ့တဲ့ သက်နွယ် နဲ့ မောင် ရဲ့ နောက်ဆုံး နေ့ ။ 


အဲဒီ နေ့ မောင့် ဆီ က ဖုန်း လာ တော့ သက်နွယ် ရင်တွေ တလှပ်လှပ် ခုန်မိတာ အရင် က အတိုင်းပဲ ။ ချက်ချင်း အလှတွေ ပြင် ပြီး မောင့် ဆီ အပြေး လှမ်း မိတဲ့ သက်နွယ် ရယ် ပါ ။ မောင့် ဆီ လည်း ရောက် ရော သက်နွယ် မထင်မှတ် ထားတဲ့ စကားလက်နက်တွေ နဲ့ ပစ် ပေါက် တော့ တာ ပါပဲ လား ။ 


“ မင်း ကြောင့် ငါ့ ဘဝ အညွန့် ကျိုးခဲ့ရပြီ သက်နွယ် ” 


စိမ်းသက် တဲ့ မျက်ဝန်း ၊ ခါးသက် တဲ့ အကြည့် တွေ က ချောက်ချားစရာ ကောင်းလိုက် တာ ။ အံ ကြိတ်ပြီး ပြောတဲ့ မောင့် ရဲ့ စကားသံ ထဲ မှာ အမုန်းတွေ ကြီးစိုး နေတယ် ။ မောင့် ရဲ့ စွပ်စွဲချက်တွေ က လည်း ပြင်းလွန်းလှတယ် ။ 


“ သက်နွယ် မှာ ဘာ အပြစ် ရှိလို့လဲ မောင် ရယ် ”


“ ဘာ ... ဟား ... ဟား ”


ဘုရား ... ဘုရား ။ မောင် ဟားတိုက် ရယ်တယ် ။ ပြီးတော့ မောင့် မျက်ဝန်း က မျက်ရည်တွေ စီးကျ နေတယ် ။ မောင့် မျက်ရည်တွေ ကို မြ င်ရတာ သက်နွယ် နှလုံးသား ထဲ မှာ နာတယ် ။ 


“ အဲဒီမှာ ကြည့် လိုက် သက်နွယ် ၊ အဲဒါ မင်း ငါ့ ကို လှလှပပလေး ပေး လိုက်တဲ့ လက်ဆောင် ပေါ့ ” 


မောင် ပစ် ပေး တဲ့ စာရွက် တစ်ရွက် သက်နွယ် ရှေ့ ကို လွင့်ကျ လာတယ် ။ တုန်ယင် တဲ့ လက်အစုံ နဲ့ ကောက် ယူ ဖတ် လိုက်တဲ့ အချိန် မှာ ကမ္ဘာ တစ်ခြမ်း မှောင်မိုက် သွားခဲ့တယ် ။


 •••••   •••••   •••••


၅ ။


မောင် အရမ်း ပိန်သွား တယ် ။ အရင် လို နုပျို စိုလက်မှုတွေ မောင့် ဆီ မှာ မတွေ့ရ တော့ဘူး ။ မောင့် မျက်ဝန်း က လည်း ဖျော့တော့ လို့ ။ စူးစိုက် ကြည့် လိုက်တဲ့ မောင့် အကြည့် တွေ က လည်း နွမ်း လို့ နေခဲ့ပြီ ။ မောင့် ကို ဒီလို ပုံစံမျိုး နဲ့ မြင် ရတာ နှလုံးသား ထဲ မှာ နာတယ် ။


“ မင်း ဘာ လာ လုပ်တာလဲ သက်နွယ် ”  


မောင့် အသံ တွေ က အရင် လို တင်းမာ နေဆဲ ။ သက်နွယ် လက် ထဲ မှာ အမှန်တရား တစ်ခု ကို ဆုပ်ကိုင် လာခဲ့တယ် မောင် ။ မောင့် ရဲ့ သံသယတွေ အမုန်းတွေ ကို ချေဖျက် နိုင်မယ့် အမှန်တရား တစ်ခု ပေါ့ ။ ဒါပေမဲ့ အဲဒီ အမှန်တရား က မောင့် အတွက် ခါးသီး နေ လေ မလား ။ 


“ ရော့ မောင် ၊ ဒါကို မောင့် အပေါ် မြတ်နိုးခဲ့တဲ့ သက်နွယ် ရဲ့ အမှန်တရား တစ်ခု အဖြစ် လက်ခံပေးပါ မောင် ” 


သက်နွယ့် လက် ထဲ က စာရွက် က မောင့် လက် ထဲ ရောက်သွား ခဲ့ပြီ ။ စာရွက် ကို မောင် ကြည့် နေတဲ့ အချိန်မှာ သက်နွယ် မျက်နှာ လွှဲ ထားခဲ့ တယ် ။ မောင့် မျက်နှာ ပေါ် က အရိပ်အယောင်တွေ ကို မဖမ်း ဆုပ် ချင်တော့ဘူး ။ မောင် နောင်တ ရ မှာ ကို သက်နွယ် မကြည့်ရက်ဘူး ကွယ် ။ 


“ သက်နွယ် ... ” 


မောင့် နှုတ်ဖျား က ထွက် ကျ လာတဲ့ နာမည် က သက်နွယ် တဲ့ လား ။ နူးညံ့လွန်းတယ် မောင် ။ မောင့် ရဲ့ ခေါ်သံ ကို ကြားရတာ နဲ့ တင် သက်နွယ် မျက်ဝန်း မှာ မျက်ရည်တွေ တာကျိုး ခဲ့ရပြီ ။ 


“ ကိုယ့် ဘဝ မှာ လေးစားစရာ အကောင်းဆုံး မိန်းမ တစ်ယောက် နဲ့ ဆုံခဲ့ရတဲ့ အတွက် သေပျော်ပါပြီ သက်နွယ် ၊ မင်း ထွက်သွားပါတော့ ” 


နောက်ဆုံးတော့ လည်း သက်နွယ် က အရှုံး နဲ့ ရင်ဆိုင် ရတာပါပဲလား မောင် ။ သက်နွယ် ဘယ်လိုပဲ မှန် နေပါစေ မောင့် အနား မှာ မှ နေခွင့် မရှိ တော့တာပဲ လေ ။ မောင် က သက်နွယ် ဘဝ ရဲ့ အချစ်ဆုံး နဲ့ အချစ်ဦး ပါ ပဲ မောင် ရယ် ။ 


“ နောက်ဆုံး အနေနဲ့ နမ်းခွင့် ပြုပါလား မောင် ” 


မောင် ခေါင်း မညိတ် ဘူး ။ ဒါပေမဲ့ သက်နွယ် ရဲ့ ခြေလှမ်းတွေ က ညင်သာစွာ နဲ့ မောင့် အနား ရောက် သွားခဲ့ တယ် ။ မောင့် ရဲ့ ပါးပြင်လေး ကို ခပ်ဖွဖွ ကိုင် တော့ မောင့် နှုတ်ခမ်းဖျားလေး တုန်ယင် သွားတယ် ။ သက်နွယ် မျက်လုံး ကို မှိတ်ပြီး မောင့် နဖူး ကို မြတ်မြတ်နိုးနိုး နမ်းရှိုက် လိုက်တယ် ။ မောင် တွန့်ခနဲ ဖြစ်သွား ပေမဲ့ သက်နွယ် ရဲ့ အနမ်း က ဟန်ချက် မပျက်ခဲ့ဘူး ။


အရင် က ပြောခဲ့ဖူးတာ ကို မောင် မှတ်မိ မှာ ပါ ။ ပါး ကို နမ်းတာ က ချစ် လို့ ။ နှုတ်ခမ်း ကို နမ်းတာ က ပိုင်ဆိုင်ချင် လို့ ။ နဖူး ကို နမ်းတာ က တော့ မြတ်နိုး တန်ဖိုးထားလို့ တဲ့ ။ အခုချိန် ထိ မောင့် ကို မြတ်နိုး တန်ဖိုး ထား ဆဲ ဆိုတာ မောင့် နဖူး ပေါ် မှာ ဖြစ်တည်ခဲ့ တဲ့ အနမ်း က သက်သေ ပါပဲ မောင်ရယ် ။ 


မောင့် ကို နမ်း ပြီးတဲ့ အချိန် မှာ သက်နွယ် အကြည့် က တဆတ်ဆတ် တုန် နေတဲ့ မောင့် လက် ဆီ ရောက် သွား တယ် ။ သက်နွယ် ပေးထား တဲ့ ဆေးစစ်ချက် စာရွက်လေး က ဖြင့် မောင့် လက် ထဲ မှာ နွမ်းကြေ လို့ နေခဲ့ပြီပဲ ။ အဲဒီ စာရွက် ထဲ က အမှန်တရား ကို မြင်တယ်မဟုတ်လား မောင် ။ HIV Negative တဲ့ ။ ဒီလောက် ဆို မောင့် ဆီ မှာ အမြစ်တွယ် နေတဲ့ ရောဂါဆိုး ရဲ့ မြစ်ဖျားခံရာ ကို သိ ရော ပေါ့ ။ ဒီ အလုပ် ကို လုပ် နေခဲ့ ပေမဲ့ သက်နွယ် ကိုယ့် ကိုယ် ကို အမြဲ ကာကွယ်ခဲ့ သူပါ ။ သုံးလ တစ်ခါ ဆေး စစ်ပြီး ဒီ ရောဂါဆိုး ကင်းရှင်းကြောင်း အတိအကျ သိခဲ့ပြီး မှ မောင့် ရင်ခွင် ထဲ ခိုဝင် ခဲ့တာပါ ။ လူ တစ်ယောက် ရဲ့ ကိုယ်ကျင့်တရား ဆိုတာ ကို မောင် လက်တွေ့ သိပြီ မဟုတ် လား ။ အထက်တန်း အလွှာ က ဂုဏ်သရေ ရှိတဲ့ သူတိုင်း မသန့်စင်ဘူး ဆိုတာ မောင် လက်ခံပြီ မဟုတ်လား ။ သူတို့ ကျတော့ ပတ်ဝန်းကျင် မှာ အနံ့ မထွက် အောင် ငွေကြေး ပကာသန တွေ နဲ့ ဖုံးလွှမ်း ထား နိုင်ခဲ့တာပေါ့ မောင် ။ 


သက်နွယ် တို့ ကျ တော့ ကိုယ့် ကိုယ် ကို ကာကွယ်စရာ ဆို လို့ အရည်သွေး မြင့် တဲ့ ကွန်ဒုံးတွေ ပဲ ရှိတာပါ ။ အလုပ် တွေ အများကြီး ထဲ က ဒီ အလုပ် ကို မှ ရွေး လုပ်ရသလား လို့

ပါးစပ်ဖျား က မဲ့ရွဲ့ ပြီး ပြောတဲ့ သူတွေ ကို သက်နွယ် မရှင်းပြ ချင်တော့ပါဘူး ။ မောင့် တစ်

ယောက် တည်း ကို ပဲ နောက်ဆုံး အနေနဲ့ ရှင်းပြခဲ့ပါရစေ ။ 


ဘယ် မိန်းမ က ကလက်တက်တက် ဝတ်စား ပြီး ကိုယ့် ဘ ဝကို အနင်း ခံချင် မလဲ မောင် ။ ငွေ ပေးပြီး သွန် လို သွန် မှောက် လို မှောက် ပြု သမျှ အနု ခံရအောင် မာန မရှိတဲ့ သူ ဖြစ် ချင်မလဲ ။ ပြီးတော့ ပတ်ဝန်းကျင် မှာ အညှီနံ့ ထွက်အောင် ဘယ် နေချင်ပါ့ မလဲ ။ ကိုယ့် ကို အော့အန်စရာ ကောင်းတဲ့ အကြည့် နဲ့ ကြည့် နေကြတာ ကို လည်း ဘယ် ရင်ဆိုင် ချင် ပါ့ မလဲ မောင် ။ သက်နွယ် လည်း ကတ္တီပါ ဖိနပ် စီး ပြီး ရွှေထီး ဆောင်း ချင်တာပေါ့ မောင် ။ ဒီ ဘဝ မှာ တော့ ကတ္တီပါဖိနပ် စီး ခွင့် မရ သလို ရွှေထီး လည်း မဆောင်းခဲ့ ရဘူး ။ ဒါပေမဲ့ အမေ့ ကို နောက်ဆုံး ထွက်သက် မတိုင်ခင် ကျေနပ် လောက် အောင် ပြုစုခွင့် ရ ခဲ့ပြီး မောင့် ကို ချစ်ခွင့်လေး ရ ခဲ့တာ နဲ့ တင် သက်နွယ် လူ ဖြစ်ရ ကျိုး နပ်ပြီ လို့ မှတ်ယူ လိုက်ပါ ပြီ မောင် ရယ် ။


◾နတ်ရဲ ၊ ရူပဗေဒ ၊


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း 

      ဧပြီ ၊ ၂၀၁၇


#ကိုအောင်နိုင်ဦး


.