Showing posts with label တင့်လွင်ကျော်ဖြိုး ( စလင်း ). Show all posts
Showing posts with label တင့်လွင်ကျော်ဖြိုး ( စလင်း ). Show all posts

Tuesday, June 3, 2025

ရွှေဘ ဝတ္ထု

❝ ရွှေဘ ဝတ္ထု ❞  

( တင့်လွင်ကျော်ဖြိုး - စလင်း )


( ၁ )


ကိုမိုးမြင့် ဆီ ရွှေဘ ရောက်လာတော့ တချို့က ပြောကြတယ် ။ “ ချိုကုတ် ရှိရာ ချိုထောင် မလာဘူး ” တဲ့လေ ။ ကျုပ်တို့ မြို့က မြို့ကလေး သာ ငယ်ပေမယ့် လက်ဖက်ရည်ဆိုင် ၊ စားသောက်ဆိုင် ၊ အရက်ဆိုင်တွေ ကတော့ ပေါသလား မမေးနဲ့ ။ လွှတ် ကို ပေါတာရယ် ။ နယ် က လည်း ကျယ်ပြီး ဆူဖြိုးသကိုး ။ စားသောက်ဆိုင်တွေ ထဲမှာ ‘ နဒီဧရာ ’ စားသောက်ဆိုင် က နာမည်အကြီးဆုံးပေါ့  ။တရုတ် ၊ မြန်မာ အစားအစာ ၊ ဘီယာတွေ ရသလို ဒီဆိုင် က မနက်စာ မုန့်တီ လည်း ကောင်းတယ် ။ ဆိုင် လာစားသူ ၊ ပါဆယ် ဆွဲသူတွေ တန်းစီလို့ပါ ။ ဆိုင်ရှင် ကိုမိုးမြင့် ဒီအလုပ် နဲ့ တင် အားမရနိုင်ပါဘဲ သူ့ စားသောက်ဆိုင် နဲ့ မျက်နှာချင်းဆိုင် မှာ တီဗီ ၊ ဗီစီဒီ ၊ ရေခဲသေတ္တာပြင်ဆိုင် ဖွင့်ထားသေးတယ်လေ ။ ဒီဘက်မှာ သူ ကျွမ်းကျင်လို့တော့ မဟုတ်ပါဘူး ။ ဆိုင်ခန်း ဝယ်ပြီး နားလည်တတ်ကျွမ်းသူ ကို ခေါ် ၊ အခကြေးငွေ ပေး ခိုင်းထားတာ ၊ စားသောက်ဆိုင် ရော ၊ တီဗီ ၊ ရေခဲသေတ္တာပြင်ဆိုင် ရော နှစ်ဆိုင်စလုံး အလုပ် ဖြစ်တာပါပဲ ။


ကိုမိုးမြင့် က စိတ်မြန်ကိုယ်မြန် ရှိပြီး ပါးစပ် က ပြောလိုက်တာ နဲ့ လက် ကလည်း ပါတတ်သူပါ ။ အဲဒီလို ဒေါသ ဖြစ်လွယ် ၊ လက် ပါလွယ်တယ် ဆိုပေမယ့် သူ က သဘောတော့ ကောင်းရှာတယ် ။ ဘယ်သူ့ ကို ဖြစ်ဖြစ် ကျွေးချင် မွေးချင် ပေးချင် ကမ်းချင်တယ် ။ သူ့ ဆိုင် က တပည့်တွေ ဆိုလည်း အစားကောင်း ကျွေးတယ် ။ အင်္ကျီလုံချည် က အစ ဆင်တယ် ။ အဲဒီလို သဘောကောင်း မနောကောင်း ပေမယ့် သူ က စိတ်တိုတာရယ် ၊ ဇွတ်တရွတ် လုပ်တတ်တာရယ်ကြောင့် သူ့ကို လူတွေ က လန့်ကြတယ်လေ ။ သူ စိတ်တို ရင် လူရှေ့သူရှေ့ မရှောင် အကြမ်းနည်း နဲ့ ဖြေရှင်းတတ်တာတွေ လည်း ပါသပေါ့လေ ။ လူတချို့ က သူ့ ကို ကောက်ချက် ချကြတယ် ။ 


“ ကိုမိုးမြင့် က တစ်ဦးတည်းသော သား ဆိုတော့ ဘယ် ကိုယ်ချင်းစာတတ်မတုံး ၊ သူ့ မှာ သားသမီး လည်း မရှိတော့ ပိုဆိုးတာပေါ့ ” “ ဒီ လူ က ပိုက်ဆံ ရှိတော့ အရာရာ မှာ ငွေ နဲ့ ဖြေရှင်းရင် ပြီးတယ်လို့ ထင်နေတာကွ ” “ ဗလအားကိုး တာကလည်း အလွန်ပဲ ၊ သူ က သိုင်းပညာတွေ ဘာတွေ သင်ဖူးတတ်ဖူးတယ် ဆိုတော့ နားထင် သွေးရောက်နေတာရယ် ”


ဘယ်သူတွေ ဘာ ပြောပြော ၊ ကိုမိုးမြင့် က တော့ သူ့ မူ နဲ့ သူ ရှေ့သို့သာ မှန်မှန်ကြီး ချီတက်နေလေရဲ့ ။


( ၂ )


ကိုမိုးမြင့် ခိုင်းစေနေတဲ့ တပည့် တွေ အများကြီး ထဲ က နောက် မှ ရောက်လာတဲ့ ရွှေဘ ကို တော့ သူ အတော် အားကိုးပုံ ရတယ် ။ အရေး လည်း ပေးတယ် ။ ရွှေဘ က တောသား ။ စာမတတ် ပေမတတ် ၊ မိဘ မရှိတော့ဘူး ။ တစ်ကောင်ကြွက် ရယ် ။ ဆံပင် ရှည်ရှည် ၊ မျက်လုံး ပြူးပြူး ၊ နဖူး ကျဉ်းကျဉ်း ၊ အသား ကတော့ မည်းလိုက်သမှ သပိတ် က တောင် ဆရာ ခေါ်ရလောက်တယ်လေ ။ တော မှာ လုပ်ငန်းကြမ်း လုပ်ခဲ့ရလို့လား ၊ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ခဲ့လို့လား မသိ ။ ဗလ သိပ်ကောင်းတယ် ။ စကား နည်းပေမယ့် ပြောလိုက် ရင် ဘုကန့်လန့်ချည်းပဲ ၊ အစပိုင်းတော့ သူ့ ရဲ့ အလုပ် က စားပွဲထိုး ပေါ့လေ ။ လူ ပုံ က ညှင်းသိုးသိုး ၊ ပြောပေါက်ဆိုပေါက် က ဆိုးတာနဲ့ ဆိုင်ရှေ့ မှာ မထား ဘဲ မီးဖိုချောင် ရောက်သွားရော ဆိုပါ တော့ ။ ဒီတော့ ရွှေဘ က အကြိုက်တွေ့တယ်လေ ။ သူ က အချက်အပြုတ် အကြော်အလှော် ဝါသနာ ပါသူကိုး ။ ဆိုင်ရှင် ကိုမိုးမြင့် က ရွှေဘ ကို သနားပုံ ရတယ် ။ ဆိုင် မှာ ဟိုလူ နဲ့ ရန်ဖြစ်  ၊ ဒီလူ နဲ့ ရန်ဖြစ် တွေ ရှိပေမယ့် ရွှေဘ ကို နှင် မထုတ်ဘူး ။ ရန်ဖြစ်ဖက်တွေ ရဲ့ ရှေ့မှာတင် ရွှေဘ ကို ထိုးလား ကြိတ်လား ၊ ဆဲလားဆိုလား လုပ်ပြီး ဆုံးမ လေ့ ရှိ တယ် ။ ပြီးတော့ သူ ပြောနေကျ စကား က 


“  လောက မှာ အိုးရွဲ့ ကို စလောင်း ရွှဲ့ နဲ့ ပိတ်မှ တော်ကာ ကျတာ ၊ မင်း မိုက် သလောက်ကတော့ကွာ ၊ ငါ အိပ်နေ သလောက် ရှိတယ် ”


အဲဒီလို ဆိုတော့လည်း ရွှေဘ ခမျာ မျက်လုံးလေး ပေကလပ် ပေကလပ် နဲ့ မခုတ်တတ်တဲ့ ကြောင်ကလေး လို ကုတ် လို့ပေါ့ ။ ဒါလည်း ကြောက်ရမယ့် သူ ရှေ့မို့ ထင်ပါရဲ့ ။ ခဏပါပဲ ။ ကြာတော့ ဒုံရင်းဒုံရင်း ဖြစ်သွားပြီး ထစ်ခနဲ စီစီညံညံ မကြားလိုက် နဲ့ သေချာပေါက် ဒွန်တွဲလျက် တစ်ဖက်က ရွှေဘ ပါမြဲပါပဲ ။


ကိုမိုးမြင့် က အလုပ်ချိန် မှာ တော့ တိကျ မှ ကြိုက်တယ် ။ အဲ ... အလုပ်ချိန် ပြီး ဆုံးသွားရင်တော့ လွတ်လပ်ခွင့် ပေးပါ တယ် ။ သူတို့ နဒီဧရာစားသောက်ဆိုင် က မနက်ပိုင်း အချိန်ရယ် ၊ နေ့လယ်ပိုင်း နဲ့ နေဝင်မိုးချုပ် တစ်ချက်ရယ် ပဲ လူရှုပ်တာပါ ။ ဒါလည်း အမြဲတမ်း တော့ မဟုတ်ဘူးရယ် ။ မနက်ပိုင်း တစ်ချက် ကမုန့်တီချိန် ဆိုတော့ ရွှေဘ နဲ့ မဆိုင်ဘူး ။ နေ့လယ်ပိုင်း နဲ့ ညနေ ဒါမှမဟုတ် ည ကိုးနာရီ လောက် တင် သူ နဲ့ ဆိုင်တာကလား ။ သူ က ခေါက်ဆွဲကြော် ၊ ကြာဆံ ကြော် လို ၊ ကုန်းဘောင်ကြီးကြော် ၊ ချိုချဉ်ကြော် လို တရုတ်စာ ကြော်ပေးရတာ ဟုတ်လား ။ အရက် နဲ့ မြည်းဖို့ အစားအစာတွေ လည်း သူ ပဲ လုပ်ပေးရတာလေ ။ ဒီဘက်မှာ ရွှေဘ က ဝါသနာ ပါ တော့ တတ်လွယ်တယ် ။ စိတ်ဝင်စား တော့ ကောင်းကောင်းကြီး ကို တတ်ကျွမ်းသူပါ ။ အစားအစာတွေ ကို လှလှပပ စားချင်စဖွယ် ပြင်ဆင်တတ်တယ် ။ တခြား နေရာမှာ မိုက်ကန်းပေမယ့် အကြော်ဆရာ နဲ့ ဆိုင်ရှင် ကိုမိုးမြင့် ကို တော့ အလွန် ရိုသေလေးစားသူပေါ့ ။ ဒီတော့ အကြော်ဆရာ ဦးဌေး က လည်း ရွှေဘကို ချစ်ရှာတယ် ။ ဆရာစား မချန် ဘဲ သင်ပေးရှာတယ် ။ ရွှေဘ က လည်း ဆရာ ကို ဆရာမှန်း သိတယ် ။ ညအိပ်ရာ ဝင်ခါနီး သူ့ ဆရာ ကို နင်းနှိပ်ပေးလား ၊ ပေးရဲ့ ။ လခထုတ်ရက် မှာ အရက် ဝယ်တိုက်လား ၊ တိုက်ရဲ့ ။ ဒီလိုနဲ့ သုံးနှစ်လောက် ရှိတော့ ဦးဌေး လေဖြတ် သွားတဲ့အခါ ရွှေဘ မီးဖိုချောင်ဘက် မှာ ဆရာကြီး ဖြစ်လာရော ။


( ၃ )


ရွှေဘ က အချက်အပြုတ် ဘက် မှာတင် ဆရာကြီး ဖြစ်လာတာ မဟုတ်ဘူး ။ သူ့ ဆရာ ကိုမိုးမြင့် ခေါ်ရာ နောက် လိုက်ရင်း အရက် လည်း သောက်တတ် ပြီ ၊ ဖဲ လည်း ကစားတတ်ပြီ ၊ မိန်းမ လည်း ပွေတတ် ရှုပ်တတ်ပြီလေ ။ သူ့ ဆရာ က သူ့ ကို အားကိုးတာ လည်း မပြောနဲ့ ၊ သူ က ဆရာသမား နဲ့ပတ်သက်လာရင် ပြဿနာ ဖြစ်တိုင်း ရှေ့က မားမားမတ်မတ် ရင်ဆိုင်ရဲသူ ကိုး ။ သူ့ ဆရာ အတွက် နဲ့ ဆေးရုံ လည်း ရောက်ဖူးရဲ့ ၊ အချုပ် ထဲ လည်း ရောက်ဖူးရဲ့ ။ ဒီလိုနဲ့ နဒီဧရာ စားသောက်ဆိုင် မှာ ရွှေဘ တစ်ယောက် ဘုန်းမီးနေလ တောက်ချင် တိုင်း တောက် နေပါတော့တယ် ။ ကိုမိုးမြင့် က ရွှေဘ နဲ့ ပတ်သက်ပြီး လင်မယားချင်း ရန်ဖြစ်တဲ့ အထိအောင် ဖြစ်လာပေမယ့် ရွှေဘ ဘက် က ရပ်တည်မြဲပဲ ။ ရွှေဘ နဲ့ ပတ်သက်လာရင် မိဘတွေ ပြောတာတောင် ကိုမိုးမြင့် နားမထောင်ဘူး ။ နဂိုကလည်း သူ လုပ်ချင်ရာ လုပ်ခဲ့တာပါပဲလေ ။ သူ တို့ သား ကို မနိုင်မှန်းသိပေမယ့် မအေ ဖြစ်သူက ကိုမိုးမြင့် ကို ပြောတယ် ။ 


“ မင်း ကတော့ သ ရဲမွေးသလို တစ်နေ့ ကိုယ့် ပြန် ဒုက္ခပေးတာ ခံရလိမ့်မယ် ” တဲ့ ။


ဘယ်သူတွေ သဘော တူတူ ၊ မတူတူ နဒီဧရာဆိုင် မှာ ရွှေဘ တစ်ယောက် မန်နေဂျာစားပွဲ မှာ အခန့်သား ထိုင်ပြီး ဘုန်းမီးနေလ တောက်ပလျက် သူ့ ခြေ ၊သူ့ လက် ၊ သူ့ မျက်လုံး ဖြစ်နေပါတော့တယ် ။ စာမတတ် ပေမတတ် နွားမူး ဆူးတိုး ၊ နွားသိုး ကြိုးပြတ် ဆိုတော့ ရွှေဘ ကို လုပ်ဖော်ကိုင်ဖက်တွေ ကလည်း ကြည့်မရကြဘူး ။ ပတ်ဝန်းကျင် က လည်း မျက်စိစပါးမွေး စူးနေကြတယ် ပေါ့ ။ ဘယ်သူတွေ ဘယ်လို ဖြစ်ဖြစ် ရွှေဘ ကတော့ ဘုမ မမှာ ၊ ဘာမှ မမှု ဆိုတဲ့ အထဲ ကပါပဲ ။ 


ပို ဆိုးတာက ... ရွှေဘ ဆိုင်ကယ် တစ်စင်း ပိုင်ဆိုင်သွားခြင်း ပေါ့ ။ သူ့ ဆရာ ကိုမိုးမြင့် က သူ့ တပည့် ကို အရစ်ကျစနစ် နဲ့ သွင်းခိုင်းပြီး ငွေစိုက် ဝယ်ပေးထားတာကလား ။ ရွှေဘ ဆိုင်ကယ် စီးပြီ ဆိုရင် အရမ်း မြန်တယ် ။ ပါဝါအိပ်ဇော အသံကျယ်ကြီး နဲ့ အသံ နဲ့ နှိပ်စက်ရုံ မျှ မက တွေ့ရာ လူ ပွတ်ကာသီကာ ရှောင်ပြီး ထီမထင် လုပ်တတ်ခြင်း ပါပဲ ။ ဝင်ငွေ က ကောင်းတော့ အဝတ်အစား အသစ်အဆန်း ပေါ်တာ နဲ့ အဦးအဖျား ဝယ်ဝတ်ပြီး ရှိုးထုတ်လေ့ ရှိတယ် ။ ဒီတော့ သူ့ အကြောင်း မသိသူ တချို့ ကောင်မလေးတွေ က ရွှေဘ ကို အထင်ကြီးတယ် ဆိုပါတော့ ။ ဒီလိုနဲ့ ရွှေဘ ဆိုင်ကယ် တဝီဝီ စီးလို့ ယာဉ်တိုက်မှု ဖြစ်လား ၊ ဖြစ်ရဲ့ ၊ တစ်ယောက်တည်း မူးမူး နဲ့ ဆိုင်ကယ် မှောက်လို့ ဆေးရုံ ရောက်လားရောက်ရဲ့ ။ ရန်ခိုက်ဒေါသ ဖြစ်လို့ ရုံးပြင်ကန္နား ရောက်လား ရောက် ရဲ့ ။ ပိုဆိုးတာက ဆိုင် ကို လာရောက် စားသောက်သူ အချို့နဲ့ ပြဿနာ ဖြစ်တတ် ခြင်းပေါ့ ။ ကြာတော့ ဧရာနဒီစားသောက်ဆိုင် အရောင်း ကျလာရော ။ ကျသမှ အဖတ်ဆယ် မရအောင်ပါ ။ ရွှေဘ ကို ကြည့် မရသူတွေ ၊ ရွှေဘ နဲ့ ပြဿနာ ဖြစ်ဖူးကြသူတွေ ကတော့ ကွယ်ရာမှာ  ပြောနေကြရဲ့ ။ 


“ တို့ကတော့ ရွှေဘ မျက်နှာ မမြင်ချင်တာ နဲ့ ဧရာနဒီ စားသောက်ဆိုင် ဆိုရင် တစ်သက်လုံး ဝေရာမဏိ ပဲ ဟေ့ ”


( ၄ )


ဆိုင်ရှင်ကိုမိုးမြင့် ခမျာ စားသောက်ဆိုင်က အလုပ် မဖြစ်တော့ ဘာ လုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရွှေဘ ကတော့ ဘာမှ ထူးခြားမှုမရှိပါဘူး ။ ပျော်ပျော်ပဲ ။ တစ်နေ့တော့ ရွှေဘ တစ်ယောက် “ ထားမူ ” ဆို တဲ့ ကောင်မလေး ကို ခိုးပြေးတယ် ။ သူ့ ရွာ ကို လေ ။ မွေးချင်း မကင်းတဲ့ အိမ် တစ် အိမ် ဆိုပါတော့ ။ ရွှေဘ တို့ လင်မယား ရွာ မှာ ကြာကြာ မနေနိုင်ဘူး ။ ကိုမိုးမြင့် ဆီ ပြန် ရောက်လာတယ် ။ ဆိုင် က အလုပ် မဖြစ်တော့ ဆိုင် မှာ လည်း နေလို့ မဖြစ်ပြန်ဘူး ။ နောက်ဆုံး ယောက္ခမအိမ် ပဲ မိန်းမ လက် ဆွဲ ရောက်သွားရော ။ ယောက္ခမ အိမ် ကလည်း တဲသာသာ ။ သားသမီး တွေ က လည်း များ ၊ သူ လို စရိုက်ကြမ်းကြမ်း မို့ အဆင် မပြေဘူးပေါ့လေ ။ နို့ပေမဲ့ ပြေးစရာ မြေ မရှိတော့ ယောက္ခမ အိမ် မှာပဲ ကပ်နေရတာကလား ။ အလုပ် က မရှိတော့ ဆိုင်ကယ်ရောင်းပြီး ရတဲ့ ငွေ နဲ့ လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ဝယ် ၊ ယောက္ခမ ပေးသင့် တာ ပေး ၊ ကျန်တဲ့ ငွေလေး နဲ့ ဆိုက်ကား တစ်စင်း ဝယ်ပြီး ရွှေဘ ခမျာ ဆိုက်ကား နင်း ရတယ်ပေါ့ ။ လင်မယားချင်း ကလည်း တကျက်ကျက် ရယ် ။

တစ်နေ့တော့ ရွှေဘ နဲ့ ထားမူ လင်မယားချင်း ရန်ဖြစ်ပြီး သူငယ်ချင်း ဖြူဖြူ အိမ် ထွက်သွားတယ် ။ ဟိုရောက် တော့ ရင်ဖွင့်တယ် ။


“ စိတ်ညစ်ပါတယ် အေ ၊ ရည်းစားဟောင်း နဲ့ အဆင်မပြေ လို့ အရွဲ့တိုက်ချင်တာနဲ့ ရွှေဘ ကို ကောက် ယူလိုက်ပါ တယ် ၊ စားသောက်ဆိုင် မန်နေဂျာ ၊ ဆိုင်ကယ်ပိုင်ရှင် ဆိုပြီး ဆိုင်ကယ် တဝီဝီ စီးရ မလား အောက်မေ့ပါတယ် ၊ အခုတော့ ဆိုက်ကားသမား မယား ဖြစ်ပါရော့လား ကောင်မရယ် ”


ဒီတော့ ဖြူဖြူ က ပြန် ပြောတယ် ။ 


“ တော်သေးတာပေါ့ အေ ၊ ငါ ကြည့်ဖူးတဲ့ “ မွန်းတည့်ချိန်မှာ နေဝင်သည် ” ရုပ်ရှင်ကား ထဲ က ချိုပြုံး ပြော သလို ဖြစ်မသွားလို့ ” 


ထားမူ တစ်ယောက် ဖြူဖြူ စကား ကြားရတော့ မျက်ခုံး တွန့်သွားပြီး စိတ် ဝင်တစား ဟို က အပြော မစောင့်နိုင်ဘဲ သိချင်ဇောနဲ့ ...


“ ဘာတဲ့တုံး ၊ ပြောစမ်းပါဟ မြန်မြန် ”


“ ဘာရမတုံးဟ ၊ ချိုပြုံး က ပြော တာလေ ၊ ဇာတ်ကား ထဲ မှာ ၊ စိတ်ညစ်ညစ် နဲ့ လောကကြီး ကို အရွဲ့တိုက်လိုက်တာ ၊ လောကကြီး က ဘာမှ မဖြစ်ဘဲ ကျွန်မ ပဲ “ ဖာ” ဖြစ်သွားသတဲ့လေ ” 


ဒီတော့ ထားမူ က ဖြူဖြူ ကို မျက်စောင်းထိုး ၊ နှုတ်ခမ်းစူ ပြလိုက်တယ် ။ 


ရွှေဘ တစ်ယောက် ကတော့ ဘယ်လိုပဲ ဆင်းရဲ ဆင်းရဲ ၊ ဒီလို ဘဝမျိုး တွေ ရိုးနေပါပြီ ။ သူ က ဆိုင်ကယ် မစီးရ လည်း ကိစ္စ မရှိ ။ ဘီယာ မသောက်ရ တော့လည်း ဈေးပေါပေါ နဲ့ ရတဲ့ ဘီအီး သောက်မယ် ။ ဆေးလိပ် ဆို လည်း ကြိုးစည်း မပါပါ ၊ မီးခိုး လာဖို့ပဲ လိုတယ် ဆိုတာမျိုး ။ အသားဟင်း မစားရလည်း

ထမင်းကြမ်းခဲ ယပ်ခတ် စားမယ် ။ ပြဿနာ ဖြစ်လည်း ပတ်ဝန်းကျင် က လူ

တွေက ဘာတွေပဲ ပြောပြော သူ ဘာမှ ခံစား နေလိမ့်မယ် မဟုတ်ဘူး ။ ဒါ့ထက်

ဆိုးဝါးတဲ့ ပြဿနာတွေ ဖြစ်လာခဲ့တာ တောင် သီချင်းဆို ပျက်တဲ့ လူ မှ မဟုတ်ဘဲကိုး ။ အခုလည်း ကြည့် ၊ ဆိုက်ကား နင်း ရင်း အော် ဆိုနေတာ ...


“ မိန်းမသစ္စာ ၊ မာယာ လောက် တော့ ပျင်းသေးတယ် ၊ ပျင်းသေးတယ် ၊ ပျင်းတောင် ပျင်းသေးတယ် ” တဲ့ လေ ။ 


  ▢ တင့်လွင်ကျော်ဖြိုး ( စလင်း )

📖 ရယ်စရာ မဂ္ဂဇင်း

      စက်တင်ဘာ ၊ ၂၀၁၂

 

Tuesday, August 27, 2024

အဖြူ နဲ့ အနက်


 

❝ အဖြူ နဲ့ အနက် ❞
━━━━━━━━━━━━━━━━
တင့်လွင်ကျော်ဖြိုး( စလင်း )
━━━━━━━━━━━━━━━━
( ၁ )

ကျွန်တော် က တိရစ္ဆာန်တွေ ကို မချစ်တတ်ဘူး ။ မချစ်တတ်ပေမဲ့ မရက်စက်တတ်ဘူး ။ ဒါနဲ့တောင် ကျွန်တော့် အိမ် မှာ ခွေး ကိုးကောင် ၊ ကြောင် ငါးကောင် ရှိ ရဲ့ ။ ဟင် ... တိရစ္ဆာန် မချစ်တတ်ဘူး လည်း ဆိုသေး ခွေး တွေ ကြောင် တွေ လည်း အများကြီး ။ ဘယ့်နှယ်ဟာတုံး လို့ မေးမယ် ဆိုရင် မေးစရာပေါ့ ။ မေး ရင် လည်း ဖြေရ မှာပဲ ။ ကိုယ်တွေ့ ကြုံခံစားရတာ  ၊ ရင် ထဲ ရှိတာ ဖြေရတာ ဘာဆန်းတာမှတ်လို့ ။

( ၂ )

ကျွန်တော် ပထမဦးဆုံး တိရစ္ဆာန်တွေ ကို စပြီး စိတ် ဝင်စား သွားတာ ဆရာတော်ကြီး တစ်ပါးကျောင်း ရောက်မှ ပါ ။ ဆရာတော်ကြီး က သူ ကိုယ်တိုင် သားကြီးငါးကြီး နဲ့ ကုန်းသတ္တဝါ မစားဘူး ရယ် ။ ပဲနှပ် လောက် ၊ အသီးအရွက် လောက် ဘုဉ်းပေးတာကလား  ။ နို့ပေမဲ့ သူ့ ကျောင်း က ခွေးတွေ ကြောင်တွေ အတွက်တော့ အသားကြော် ၊ ကြက်သွန်နီအကြွပ်ကြော် ၊ ဆီဝါချက် အမြဲ ကျွေးလေ့ ရှိပါတယ် ။ ကျောင်းသား ကိုရင်တွေ အဝယ် ခိုင်း ၊ ကြော် ခိုင်းပြီး အသား တစ်မျိုးမျိုး နဲ့ ကျွေးလေ့ ရှိတယ်လေ ။ သူ့ ကျောင်း က ခွေးတွေ ကြောင်တွေ ဆို ဝလို့ ဖီးလို့ ၊ အမွေးအရောင် ပြောင်လို့ ။

ခွေးတွေ ကြောင်တွေ က လိမ္မာရေးခြား ရှိတယ် ။ ဆရာတော် ပြောစကား နားထောင်တယ် ။ တချို့ကြောင် တွေ ဆိုရင် ရှိခိုး ဆို ခိုး ၊ ကျွမ်းထိုး ဆို ထိုး ၊ တချို့ ခွေး တွေ ဆိုရင် ထီး ချီခဲ့စမ်း ၊ ဖိနပ် ယူခဲ့စမ်း ၊ လွယ်အိမ် ဆွဲခဲ့စမ်း တစ်ခု မှ မလွဲစေရဘူး ။ အဲသလောက် နားလည်တာ ရယ် ၊ မေတ္တာ နဲ့ခိုင်းတာ ၊ ရိုက်နှက် ခိုင်းတာ မဟုတ်ဘူးရယ် ။ ဆရာတော် က သူ့ ခွေးတွေ ဘယ်သူ မာန်တာ မှ မကြိုက်ဘူး ။ ရိုက်ဖို့ တော့ ဝေးရော ။ သူ့ ခွေးတွေ ကြောင် တွေ မျက်နှာ ညှိုးတာ နဲ့ တိကုဆရာ ခေါ်ပြလားပြရဲ့ “ မင်း တို့ကောင် တွေ ငါ့ ခွေး ရိုက်လား ၊ ငါ့ ကြောင် ကိုယ်ထိလက်ရောက် စော်ကားလား ” မေးတော့ မြန်းတော့ ဆူတော့ ပူတော့တာပါပဲ ။

နောက်ပြီး ငှက်တွေ ကို တစ်နေ့ သုံးကြိမ် ကျွေးတယ် ။ မနက် ဆန် ၊ နေ့လယ် ထမင်း ၊ ညနေ ဆန် အမြဲ ကျွေးလေ့ ရှိတယ် ။ ဆက်ရက် တွေ ၊ စာကလေး တွေ ၊ ရှဉ့် တွေမနည်းဘူး ။ ဆရာတော့် ပခုံးပေါ် မှာ လက်ပေါ် မှာ တချို့ဝဲလျက် ၊ တချို့ မြေပြင် မှာ ကောက်စား လျက် ကြည် နူးစရာ ။ ပုရွက်ဆိတ် ကျတော့ အသားမီးခြစ်ဘူးတွေ ထဲ သကြား ထည့်ပြီး ကျွေးတာ ။ ဧည့်သည် လာလို့ ရေနွေး တည် ရင် လည်း ထွေးခံ အနား တန်း ချ ပေးတာရယ် ။ မြေပြင် ပေါ် ရေနွေးကျန် ပက်ရင် သတ္တဝါလေးတွေ ပူ လောင် သေကြေမှာ စိုးလို့တဲ့ သူ့ ကြောင် ၊ သူ့ ခွေးတွေ သေပြီလား ဆိုရင် ဆွမ်းသွပ်သေးတာ ။ သင်္ကန်းလှူသေးတာပါ ။ အဲသလောက်ပါဆို ။

( ၃ )

ကဗျာဆရာ ဌေးကြည် လည်း ဒီလိုပဲ ။ လမ်းဘေး တွေ့သမျှခွေးတွေ ကျွေးတာ ။ ရောက်ရာ အရပ်တိုင်းပဲ ။ မုန့်ပဲသားရေစာ ပေါ့ ။ ခိုတွေ ၊ စာကလေးတွေ လည်း ကျွေး တာပဲ ။ လှောင်အိမ် ထဲ က ငှက်ကလေးတွေ ဆိုလည်း ဝယ် လွှတ်တာပဲ ။ သူ နဲ့ ခင်တဲ့ လူတွေ ကိုလည်း ခွေးချစ် ၊ ကြောင်ချစ် ဖို့ ၊ ခိုစာကျွေး ဖို့ ၊ ငှက်ကလေး တွေ လှောင်အိမ် ထဲ က ဝယ် လွှတ်ဖို့ အမြဲ တိုက်တွန်းလေ့ ရှိရဲ့ ။ သူ့ အိမ် က ခွေးတွေ ၊ ကြောင်တွေ သေတော့မယ် ဆိုရင် တရား ဟောတယ် ။ အမျှဝေတယ် ။ သေရင် ငိုရော ။ အမှတ်ရ ဆွမ်းတွေ ဘာတွေ ပို့သေးတာကလား ။ စာရေးသူ နဲ့ သူ နဲ့ က အိမ်ချင်း လည်း ကပ် ၊ အနုပညာ ချစ်တာ ချင်းလည်း တူတော့ လမ်း တွေ့တဲ့ ခွေးပိန်လေးတွေ ခေါ် လာ သူ က ခရီးထွက် ၊ ဇာတ် နောက် လိုက် ၊ ဒါရိုက်တာ လုပ်နေတော့ နောက်ဆုံး ကျွန်တော့် အိမ် မှာ ချည်း သောင်တင် နေပါ တော့တယ် ။

“ ခင်ဗျား ကြောင်တွေ ခွေးတွေ လမ်းမှာ ပဲ ကျွေး ၊ ကျုပ် အိမ် ခေါ်မလာနဲ့ ခင်ဗျား အိမ် လည်း ခေါ်မလာနဲ့ ။ အဆုံးသတ်တော့ ကျုပ် အိမ် မှာချည်း သောင်တင် ကုန်တာ ။ ကြောင် ဆိုတာ ချစ်ရလေ ဒုက္ခ များလေ ၊ ဘာမှတ် နေတုံး ”

စိတ် မပါလည်း သူ ရှေ့ ခွေးတွေ ဆဲဆူ ရိုက်ပုတ်ရ တယ်လေ ။ ဒါမှ နောက် ခေါ် မလာမှာကိုး ။ ကြောင်တွေ ဆိုလည်း မနည်းဘူး ။ ဒါတောင် သ,တ်စားတဲ့ သူတွေ လက်ချက် နဲ့ သေကုန်လို့ ။ နို့မဟုတ်လို့ကတော့ ရာ နဲ့ ချီ ရှိလောက်ပြီ ။ ကြောင်တွေ အတွက် ငါးဝယ်ရတာတို့ ၊ ကြွက် ဝယ်ရတာတို့ အပြင် ကြောင်စာ ဝယ်ရတာလည်း မလွယ်ဘူး ။ နိုင်ငံခြား က လာတဲ့ ကြောင်စာ ဆိုရင် ဈေး ကြီးတယ် ။ တစ်ထုပ် ကို ၁ဝဝဝ တန် လည်း ရှိပြီး ၅ဝဝ တန် လည်း ရှိလို့ တော်သေးရဲ့ ။ ခက်တာက ဝယ် မရတာ က များတယ်လေ ။ နောက်ပိုင်း မှ မေးသူ များလာလို့ အစဉ် သဖြင့် ဆိုင်ပေါ် ကြောင်စာ တင်တော့တာရယ် ။ ဒါတောင် စောရင် ဆိုင် မဖွင့်သေးဘူး ။ နောက်ကျရင် လည်း ဆိုင် ပိတ်သွားပြီ ။ ရောင်းတဲ့ လူ က ဘုကလန့် ပြောတတ်လို့ မျက်နှာ ရှစ်ခေါက်ချိုး နဲ့ မို့ မျက်နှာချင်း မဆိုင်ချင်ပေမဲ့ ကျွန်တော်တို့ မြို့ မှာ သူ့ တစ်ဆိုင် ရှိတာမို့ မမြင်ချင် လည်းမြင်နေတာပါပဲ ။ ကြောင်တွေထဲ မှာ လိမ္မာတဲ့ ကြောင် တွေ ရှိသလို ၊ မလိမ္မာတဲ့ညကြောင်တွေလည်း ရှိရဲ့ ။ ဘယ် ကြောင် မှ မမြဲဘူးရယ် ။ ကြောင်ထောင်တဲ့ လူတွေ လက်ချက်နဲ့ သေတာတွေ  ၊ အိုလို့ နာလို့ သေတာတွေ  ၊ သူများ တောင်းလို့ ပေးလိုက်တာတွေ ဘယ် နည်းလို့တုံး ။ ကြောင်တွေ ထဲမှာ အခု လက်ရှိ “ နက်မ ” ဆိုတဲ့ ကြောင်ဟာ အဆိုးဆုံး ပေါ့  ။ မွေးသမျှ ကြောင်တွေ ငယ်တုန်း သာ ၊ ကြီးလာ ရင် အောက်ဆင်း မစင် စွန့်ကြတာချည်းပဲ ။ ဘယ်တော့မှ အိမ် ပေါ် မှာ မစွန့်ဘူး ။ သူ့ ကျတော့ လုံးဝ အောက် မဆင်း ၊ မိတ်လိုက်ချိန် တောင် အပြင် မထွက်ဘူး ။ အိမ်နီးချင်း ကြောင်တွေ က လာရတာ ။

သူ သားသမီးတွေ ရ လာလည်း ဝေးဝေးလံလံ သွား ပြီး အစာ မရှာဘူးရယ် ။ အိမ် ပေါ် က ကြွက် ပဲ ရှာ ခုတ်တာ ။ ဒီတော့ ရန်သူ မတွေ့တော့ဘူး ဆိုပါတော့ ။ အစာ စားတော့ မေးဦး အညှီအဟောက် မပါရင် လုံးဝ တာ့တာပဲ ။ နမ်း ကြည့်ပြီး ရှောင် သွားရော ။ အနား မသီတော့ဘူးမှတ် ။ ဆန်ကောစုတ်ထဲ ပြာ ထည့်ပြီး မစင် စွန့်ဖို့ လုပ်ပေးရတယ် လေ ။ ဒါတောင် မီးသွေးဖို ထဲ ၊ ဆန်ကွဲတောင်း ထဲ ၊ ခေါင်း အုံးပေါ်  ၊ စောင်ပေါ် အလွတ် မပေးဘူး ။ အဲသလောက် ညစ်ပတ်တာပါဆို  ။ တစ်ခြား ကြောင် တွေသာ လူ တောင်း လို့ လျော့ သေလို့ လျော့ နဲ့ “ နက်မ ” ကတော့ အပြင် ထွက် ဖို့ ဝေးလို့ အိမ်အောက် တောင် မဆင်းဘူးရယ် ။ ပေးဖို့ လုပ် ရင်လည်း လုံးဝ အဖမ်း မခံဘူးရယ် ။ တစ်ခြား မရောက် တဲ့ အပြင် ၊ မသေတဲ့ အပြင် ဝလို့ ဖီးလို့  ၊ ခုထိ အသက်ရှင် နေလေရဲ့ ။ မုန်းသူတို့ အသက်ရှည် လိုက်ပုံများ ၊ မုန်းစရာ ကောင်းလိုက်ပုံများ ။

( ၄ )

ခွေးတွေ ဆိုတာ လည်း ကျွန်တော့် အိမ် မှာ မနည်းဘူး ။ လူယူ သွားတာ ရော ၊ သေကုန်တာ ရော ၊ ဒီအထဲမယ် ထူးထူးခြားခြား “ မိဖြူ ” ဆိုတဲ့ ခွေးမ ကတော့ သိပ်လိမ္မာ သူပေါ့ ။ မျက်နှာရိပ် မျက်နှာကဲ နားလည်တယ် ။ ပြော ရင် နားလည်တယ် ။ လူ နဲ့ ဝေးဝေး မနေဘူး ။ သွားရာ နောက် တစ်ကောက်ကောက် ပဲ ။ ချေးမများဘူး ကျွေးရာ နဲ့ စားတယ် ။ ညည ဟောင်ဖော် ရတယ် ။ ဝိုင်း လုံ တယ် ။ စာရေးသူ က ခွေးတွေ ၊ ကြောင်တွေ မချစ်တတ်ပေမဲ့ သူတို့လေးတွေ မစားရ မှာ မဝမှာ သိပ် စိုးရိမ်တယ်လေ ။

အဲဒီက သံယောဇဉ် စတာပဲ  ။ မနက် လင်းတာ နဲ့ ငှက်စာ ကျွေးရပြီ ။ ည က ထမင်း ကျန်ရင် ထမင်း ။ ထမင်း မကျန် ရင် ဆန်ကွဲ ပက်ကျွေးရတယ်လေ ။ ဆက်ရက် တွေ ၊ စာ တွေ ၊ ရှဉ့် တွေ ဆိုတာ မနည်းဘူးရယ် ။ မနက်လင်းလို့ အစာ ကျွေးဖို့ မေ့တာနဲ့ တကျီကျီ တစာစာ အော်တာ ဆူလို့ညံလို့ ။ ခွေးစာ ၊ ကြောင်စာ ဆို ရင်လည်း အစောကြီး ထ ချက်ရပြုတ်ရတာကလား  ။ လူစာ က မနက်စာ မုန့်ပြားသလက် ၊ မုန့်ဟင်းခါး ၊ ခေါက်ဆွဲ ၊ လက်ဖက်ရည် ၊ ကော်ဖီဝယ်စား ၊ ဝယ်သောက်လို့လွယ် တယ် မဟုတ်လား ။ သူတို့ ကျတော့ ဆန် ချက် ကျွေးမှ တင်းတိမ်တာ ။ အများကြီး တာသွားတာ ။ သတ္တဝါတွေ က နည်းမှမနည်းတာကြီး ၊ မီး လာရင်တော်ပါသေးရဲ့ ၊ ပေါင်းအိုး နဲ့တည်ထား ၊ အချိန်တန် ငှဲ့နေစရာ မလို  ။ မီး ပျက်လို့ ကတော့ မီးသွေးဖို တည်ပေရော့ ။ ညစ်ပတ် ပေတေပေရော့ ။

ခွေးတွေ များစွာ ထဲက “ မိဖြူ ” ဆိုတာ ကဗျာဆရာ ဌေးကြည် ခေါ်လာတာပဲ ။ သူ အိမ်မှာ မရှိခိုက် ကျွန်တော့် အိမ် လာ နေရင်း မြဲသွားတာရယ် ။ မိဖြူ က သူ့ ချည်း နေ တုန်းတော့ မစွာဘူး ။ သူ့ သားသမီးတွေ ပေါက်ဖွား လာတော့မှ ဟို လူ့ ကိုက် ၊ ဒီ လူ့  ကိုက် လုပ်လာရော ။ စာရေး သူတို့ အိမ် က လမ်း နဲ့ နီးတော့ တဟဲ့ဟဲ့ နဲ့ “ မိဖြူ ” ကို ခြောက်ရတာ အမော ။ လမ်းဖြတ် သွားတဲ့ အမူးသမားတွေ မကြားတကြား ဆဲ သွားလည်း ခံရတာပဲ ။ ကိုယ့် ခွေး က အပြင် ထွက် ကိုက်တာကိုး ။ “ မိဖြူ ” က ကိုက်ခဲပါတယ် ။ မာန်ဖီပြီး ဟန်ရေးပြ ၊ သားသမီးဇော နဲ့လိုက်ခြင်း ၊ ကိုက်ခြင်း ၊ ဟောင်ခြင်းပေါ့ ။ အိမ် အမြဲ လာနေကျ လူတွေ တောင် အဲသလို လုပ်တာကလား ။ ကုန်ကုန် ပြောရရင် သူ့ အိမ်သား ဖြစ်ပြီး အတူနေ ရန်လုံကြီး ကို တောင် သားသမီးတွေ နား သီလိုက်တာ နဲ့ ထိုး ကိုက်တော့တာ ရယ် ။ အိမ် က ကြောင်တွေ ကို ခါတိုင်း ပါးရက်နားရက် နဲ့ ခုတော့ အကပ်မခံ ။

ပိုဆိုးတာက သားသမီးတွေ အတွက် တစ်ခါတလေ ကြက်တွေ ဘာတွေ သ,တ်ပြီး ချီလာခြင်းပေါ့ ။ အရိပ် သုံးပါးနားလည်တဲ့ “ မိဖြူ  ” ဟာ ဘယ်လို ဆုံးမ ဆုံးမ သားသမီးတွေ နဲ့ ပတ်သက် လာရင် မရတော့ပါဘူး ။ မနာ ခံတော့ပါဘူး ။ ခွေး ချီလာခိုက် အစာ နဲ့ ရှိတုန်း တုတ်သေးသေး နဲ့ ရိုက်လည်း မနာခံဘူး ။ သခင် ကို ပြန် ရန်လုပ်ခြင်း မာန်ဖီခြင်း တော့ မလုပ် ၊ ကလေးတွေ ရော မိဖြူ ကိုပါ နွားနို့ တိုက် ၊ ကြက်ဥကြော် ကျွေး ၊ သူတို့ ဗိုက် ဝ ရင် ကြက် တွေ ကို ကိုက်မှာ မဟုတ်လောက်ဘူး ဆိုတဲ့ အတွေးနဲ့ လေ ။ ဒီနည်း နဲ့ လည်း မအောင်မြင်ပါဘူး ။ လစ်ရင် လစ်သလို တွယ်တာပဲ ။

“ မိဖြူ ” သားသမီး ခုနစ်ကောင် က အဖြူကြား ၊ အဖြူ ဆွတ်ဆွတ် ၊ အဝါ ၊ အရောင်စုံ အသွေးစုံ ဝဝကစ်ကစ် ကလေးတွေ ချစ်စရာပါ ။ ဘယ်တုန်းက မှ အပြင်ထွက် ကြက် မဆွဲတဲ့ မိဖြူ ဒီ သားသမီးတွေ အများကြီး မွေးထား လို့ ပြောင်းလဲ သွားတယ်ထင်ပါ့ ။ ခွေးလေးတွေ က အမ သုံးကောင် ၊ အထီး လေးကောင် လိုချင်သူတွေ ဝိုင်းဝိုင်း လည်လို့  ။ ကဗျာဆရာဌေးကြည် က ခွေးလေးတွေ သူများ ပေးမှာ စိုးလို့ ကျွန်တော့် ကို မျက်နှာချိုလာ သွေးရတာ အမော  ။

“ ကျုပ် အစာဖိုး ပေးပါမယ် ဗျာ ။ အားရင် လာပြီးတော့ လည်း ကျွေးပါ့မယ် ။ ဘယ်သူမှ မပေးလိုက်ပါနဲ့ နော် ။ သူတို့လေးတွေ မိသားစု တစ်ကွဲတစ်ပြား ဖြစ်မှာ စိုးလို့ပါ ”

သူ က ကြောင်တွေ တုန်း ကလည်း ဒီလိုပါပဲ ။ ကြောင်လေးတွေ ပေါက်လာပြီလား ဆိုရင် တခြား လူ ပေးမှာ စိုးလို့ စိုးရိမ်စိတ် နဲ့ လာလာ ပြောလေ့ ရှိတာရယ် ၊ အိမ် က ကြောင်တွေ ၊ ခွေးတွေ က သူ့ ကြောင့် ပါးစပ် စည်းကမ်း ပျက် ကုန်တာလေ ။ အရင်တုန်း က ကျွေးသလို စားတယ် ။ နောက်တော့ သူ က အမဲခြောက် ဝယ်ပြီး ထုတ်ချ ကျွေးတာနဲ့ ဝက်သားဆုပ် ၊ အမဲသားဆုပ် ၊ ငါးကြော် ကျွေးရတာ နဲ့ ကြက်ဥကြော် ကျွေးရတာ နဲ့ မြိုးမြိုး မြက်မြက် မပါရင် မစားတော့ဘူး ။ ကြောင် ရော ၊ ခွေး ရော ကျွန်တော် က ဝဝလင်လင် ကျွေးတာ တစ်ခြား သတ္တဝါ တွေ လာ မကိုက်ရအောင် စောင့်ရှောက် ၊ ဒါလောက်ဆို တော်ပြီ ။ သူ ကတော့ သားသား ၊ မီးမီး ခေါ်ရတာ နဲ့ လူလို စကား ပြောရတာနဲ့ ၊ ခွေးသေ ကြောင် သေရင် ငိုရတာနဲ့ ၊ သေခါနီး တရားဟော အမျှဝေရတာနဲ့ ၊ ရက်လည် လလည် ဆွမ်းသွပ်ရတာနဲ့  ။

အရိပ် တကြည့်ကြည့် ကြည့်နေရာက တစ်နေ့ မနက်စောစော မိဖြူ ၊ ကြက် တစ်ကောင် ကိုက်ချီ လာတယ် ။ သူ လယ်ကုပ် မှာ လည်း ဓားဒဏ်ရာကြီး နဲ့ သွေးတွေ ဆိုတာ မြင်ရက်စရာ မရှိဘူး ။ တိကုဆရာဝန် ခေါ်ပြီး ဆေးကုသဖို့ လုပ်တော့ လည်း အနား အကပ် မခံ ။ သူ့ သား သမီးတွေ ကွယ်ရာ ခေါ်ပြီး ကြက် ကို ကျွေး ၊ နို့တိုက်လို့ ထင်ပါရဲ့ ။ ကွယ်ရာ ဆိုတာ ဘယ်နေရာ မှန်း ကို မသိပါ ဘူး ။ လိုက်ရှာလည်း မောရုံပဲ ။ မိဖြူ အလောင်း ပုပ်စော်နံ မှ မှ ရှာတွေ့တော့တာရယ် ။ စိတ်မကောင်း လိုက်တာ ။ ခွေးလေးတွေ ကတော့ မအေ သေတာ ကို လည်း မသိ ၊ ငိုကျွေး ရမှန်းလည်း မသိ ၊ ကဗျာဆရာ ဌေးကြည် ခရီးသွား ရာ က အပြန် ဘယ်လို ပြောရမလဲ ဆိုတာ စကား ရှာမရ အောင်ပါပဲ ။ ငိုဦးမယ် ၊ သ,တ်တဲ့ လူ ကို မေတ္တာပို့ ကျိန်ဆဲ ဦးမယ် ။

နောက်တစ်ပတ် လောက် ရှိတော့ ပြန်လာတာပဲ ။ လိမ်ညာ မရတော့လည်း အမှန်အတိုင်း ပြောလိုက်ရတာပဲ ။

“ ဘဝ ဆက်တိုင်း ဒီလို အဖြစ်ဆိုး နဲ့ မတိုးပါစေနဲ့ လို့ ဆုတောင်းပါရဲ့ မိဖြူ ရေ ခွေးထက် မိုက်တဲ့ ရက်စက်တဲ့ ခွေးတွေ နဲ့ လည်း မတွေ့ပါရစေနဲ့ကွယ် ။ လိမ္မာတဲ့ မိဖြူ ကတော့ သေရတယ် ။ မိုက်တဲ့ ခွေးသ,တ်သူတွေ ကျတော့ မသေဘူးဗျာ ... အီး .. ဟီး ... ဟီး ” 

သူ့ ကြည့်ပြီး သနားနေမိ ရဲ့ ။ ခွေးလေးတွေ မြင်ရတော့ ရင်ထဲ မချိအောင်ပေါ့ ။ ဌေးကြည် ပြောသလို လောကကြီး မှာ လိမ္မာတဲ့ သူတွေ ကျ တော့ အသက် မရှည်ကြဘူး ။ မိုက်မဲသူတွေ ကျတော့ အသက် ရှည်လိုက်တာ ၊ ချမ်းသာ လိုက်တာ ။ “ ကျိန်စာ ဝ လေ မောင် လှ လေ ” ဆိုတဲ့စကား မှန်လိုက်တာ ။ သို့သော် လည်း လူ မသေခင် သမိုင်း သေ နေတာတော့ သူတို့ သိကြမယ် မဟုတ်ပါ ။ အဲ ... သိရင် လည်း မသိချင် ယောင် ဆောင် နေတာပဲ ဖြစ်လိမ့်မယ်လေ ။   ။

⎕ တင့်လွင်ကျော်ဖြိုး ( စလင်း )

📖 Faces မဂ္ဂဇင်း
      ၂၀၁၅ ၊ ဧပြီ

#ကိုအောင်နိုင်ဦး

.