Showing posts with label မင်းသိင်္ခ. Show all posts
Showing posts with label မင်းသိင်္ခ. Show all posts

Friday, December 26, 2025

ပေတလူ၏ ဂမ္ဘီရနည်းလေး တစ်ခု နှင့် ဒေါ်ယုယ


 

❝ ပေတလူ၏ ဂမ္ဘီရနည်းလေး တစ်ခု နှင့် ဒေါ်ယုယ ❞
         ( မင်းသိင်္ခ )

တစ်နေ့သ၌ ရွှေပြည်သာ မြို့နယ် ၊ ဇီးကုန်းကျေးရွာရှိ သုံးပင် နှစ်ခန်းအိမ်ကလေးတွေ နေထိုင်သော အသက်ငါးဆယ်အရွယ် ဒေါ်ယုယ ဆိုသည့် အဒေါ်ကြီးသည် ရေနွေးကို ပွက်ပွက်ဆူအောင် တည်၍ လက်ဖက်နှင့် အကြော်များကို ထည့်ကာ ရေနွေးကြမ်းကို အကျအန အရသာခံ၍ သောက်နေလေ၏ ။ ထိုအချိန်၌ ၎င်း၏ အိမ်နှင့် မျက်စောင်းထိုးလောက်တွင် နေထိုင်သော ပေတလူ ဆိုသည့် အသက် ( ၁၂ ) နှစ် ၊ ( ၁၃ ) နှစ်အရွယ် သူငယ်လေးတစ်ဦးသည် ထို အဒေါ်ကြီး၏ အိမ်ရှေ့မှ ဖြတ်၍ လျှောက်သွားလေ၏ ။

ထိုအခါ ထိုအဒေါ်ကြီး ...

“ ဟေ့ ... သူငယ် ၊ ဟေ့ ... သူငယ် ”

ဟု ခေါ်လိုက်လျှင် ပေတလူ ဆိုသည့် သူငယ်လေးသည် အိမ်ပေါ်သို့တက် လာပြီး ..

“ ဘာလဲခင်ဗျ .. ”

ထိုအခါ ဒေါ်ယုယကြီးက ...
“ ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်ကလေး တိုက်ချင်ကျွေးချင်လို့ပါ ... ” ဟု ပြောလိုက်ရာ ...

၎င်း ပေတလူ က ပြုံးလေ၏ ။

“ အဒေါ်ကလည်း ဗျာ .. ၊ ကျွန်တော့်ကို ဧည့်ကောင်းဆောင်ကောင်းကျနေတာပဲ ... ” ဟု ပြောကာ ဒေါ်ယုယကြီး၏ လက်ဖက်ရည်စားပွဲ အနီးတွင် ဝင်၍ ထိုင်လေ၏ ။

“ သူငယ်ကလေးကို အဒေါ်က ဧည့်ကောင်းဆောင်ကောင်းလိုပဲ သဘောထားပါတယ် ... ” ဟု ပြောကာ ရေနွေးကြမ်းပန်းကန်တွင် ရေနွေးထည့်ပေးလေ၏ ။

ထို့နောက် ဒေါ်ယုယကြီး က ..

“ ရွာထဲမှာ မင်းနာမည်ကို လူတိုင်း သိတယ် .... ၊ မင်းအဖေနဲ့ မင်းအမေကို လူတိုင်း မသိဘူး ... ၊ ဒီရွာမှာ ရှိတဲ့ လူတွေ အားလုံးဟာ ပေတလူ ဆိုတဲ့ နာမည် မပါရင် စကား မပြောတတ်သလိုပဲ ... ၊ မင်းဟာ အတော်ကို နှံ့စပ်တဲ့ ကလေးလို့ သိရတယ် ၊ အဲဒါကြောင့် မင်းနဲ့ မိတ်ဆွေဖြစ်ချင်လို့ လက်ဖက်ရည်ကြမ်း ခေါ်တိုက်ပြီး မိတ်ဖွဲ့တာပါ ” ဟု ပြောလေ၏ ။

ထိုအခါ ပေတလူ က ...

“ အဒေါ်ကို ကျွန်တော် ဘာကူညီရမလဲ ပြောပါ ... ” ဆိုလေ၏ ။

ထိုအခါ ဒေါ်ယုယ က

“ ဒီလို ပေတလူ ရဲ့ ၊ အဒေါ်က ဒီမှာ အိမ်ကလေးတစ်လုံး ဝယ်ပြီး လာနေတာ ၊ နေစရာ အိမ်မရှိလို့ မဟုတ်ဘူး ၊ ဟိုး ... သင်္ဃန်းကျွန်း အလွန် ငမိုးရိပ်ရပ်ကွက် ၊ ငမိုးရိပ် ချောင်းကမ်းပါးမှာ အဒေါ် မှာ ခြံကြီးတစ်ခြံ ရှိတယ် ၊ ခြံကြီးက တစ်ဧကခွဲလောက် ကျယ်တယ် ၊ ခြံထဲမှာလဲ နှစ်ထပ် ပျဉ်ထောင်အိမ်မည်းမည်းကြီး တစ်လုံးလည်း ရှိတယ် ၊ အဒေါ့် ယောက်ျား မဆုံးခင် ကတော့ ခြံ သန့်ရှင်းဖို့ မာလီတွေ ဘာတွေနဲ့ အကျအန နေခဲ့တာပေါ့ ၊ ဒါပေမဲ့ အဒေါ့်ယောက်ျားလည်း ဆုံးရော အဒေါ်လည်း တစ်ယောက်တည်း မနေဝံ့တော့ဘူး ၊ ယောက်ျားအလုပ်သမားတွေလည်း မငှားဝံ့တော့ဘူး ၊ အဲဒါကြောင့် ဒီမှာ အိမ်ကလေးတစ်လုံး ဝယ်ပြီး လာနေတာ ၊ အဒေါ့် အခက်အခဲ ကတော့ သားထောက်သမီးခံ မရှိဘူး ၊ တစ်ကောင်ကြွက်ပဲ ၊ အဒေါ့် ဘဝ အတွက် အထောက်အကူပြုမယ့် ၊ အကူအညီပေးမယ့် လူတစ်ယောက် လိုချင်တယ် ... ၊ ယောက်ျားကလေးပဲ ဖြစ်ဖြစ် ၊ မိန်းကလေးပဲ ဖြစ်ဖြစ် ဘဝဖော်ပေါ့ကွယ် ၊ နောက်တစ်ခု ကတော့ အဲဒီအိမ်ကြီးနဲ့ ခြံကြီးကို ရောင်းပစ်ချင်တယ် ၊ နောက်တစ်ခုက မြန်မာပြည်အနှံ့မှာ ရှိတဲ့ ဘုရားစုံကို ဖူးချင်တယ် ၊ ဒါပါပဲကွယ် ... ” ဟု ပြောလေ၏ ။

ထိုအခါ ပေတလူ က ...

“ အဒေါ့်ခြံနဲ့ အိမ်ကြီးက ရောင်းလို့ မထွက်ဘူးလား ... ” ဟု မေးလိုက်လေ၏ ။

“ မထွက်ပါဘူး ... မောင်ပေတလူရယ် ၊ ပွဲစားလည်း အပ်ထားတယ် ၊ မေးမယ့်လူတောင် မရှိဘူး ၊ ခြံကြီးက အပင်တွေနဲ့ မှောင်ပိတ်နေတော့ လူတိုင်း ကြောက်ကြတယ်ကွယ့် ... ပြီးတော့ အိမ်ကြီးကလည်း အိမ်ဟောင်းကြီး ဆိုတော့ သရဲခြောက်မှာ ကြောက်ကြတာပေါ့ ၊ ရုပ်ရှင်ရိုက်တဲ့ လူတွေကတော့ လာပြီး ငှားကြပါတယ် ၊ သူတို့က လူဆိုးတွေ နေတဲ့ အိမ်အဖြစ် ... ဒါမှမဟုတ် သရဲခြောက်တဲ့ အိမ်အဖြစ် ရိုက်ကြမှာ ၊ အိမ်နဲ့ ခြံ နာမည်ပျက်မှာ စိုးလို့ မငှားပါဘူး ” ဟု ဒေါ်ယုယ က ပြောလိုက်လေ၏ ။

ထိုအခါ ပေတလူ က ...

“ ဒီလိုလုပ်ပါလား အဒေါ်ရယ် ၊ ပုတီးကို အဓိဋ္ဌာန်နဲ့ စိပ်ပြီး ဆုတောင်းပါလား ... ” ဟု ပြောလိုက်ရာ ...

ဒေါ်ယုယကြီး က ...

“ အောင်မယ်လေး မောင်ပေတလူရယ် ၊ ဟောဟိုက ဘုရားစင်မှာ ချိတ်ထားတဲ့ သစ်ကနက်ပုတီးက အဒေါ် စိပ်တာပေါ့ ... အဒေါ်က ပုတီးသမားပါ ကွယ် ... ” ဟု ပြောလေ၏ ။

ထိုအခါ ပေတလူ က ...

“ ပုတီးက စိပ်နေရင်တော့ ကုသိုလ်တော့ ရတာပေါ့ .. အဒေါ်ရယ် ” ဟု စကားစလိုက်ရာ ...

ဒေါ်ယုယကြီးက ...

“ ပုတီးကို စိပ်ရုံ မစိပ်လို့ ဘာလုပ်ရဦးမှာတုန်း ... မောင်ပေတလူရဲ့ ပြောစမ်းပါဦး ... ” ဟု ပြန်၍ မေးလေ၏ ။

“ ဒီလို အဒေါ်ရဲ့ ... ပုတီးစိပ်တဲ့ အခါမှာ ဂမ္ဘီရသဘော ထည့်လိုက်မှ လိုအင်ဆန္ဒတွေ ပြည့်ဝမှာ .... ဂမ္ဘီရပညာမှာ သော့ချက် နှစ်ခုရှိတယ် ၊ တစ်ခုက အတည်ပြုခြင်းလို့ ခေါ်တယ် ၊ တစ်ခုက အာရုံပြုခြင်းလို့ ခေါ်တယ် ၊ အဒေါ့် အနေနဲ့ ကုသိုလ်ရအောင် သမာဓိတည်အောင်လို့ ကြိုက်တဲ့ ပုတီးကို စိပ်နိုင်ပါတယ် ၊ အဲဒီလို ပုတီးစိပ်ပြီးတဲ့ အခါမှာ  အဒေါ်ရောင်းချင်တဲ့ ခြံနဲ့ အိမ်ကြီး ဘယ်နှရက် အတွင်း ရောင်းထွက်သွားပြီ ဆိုတာ ပါးစပ်နဲ့ ရွတ်ရမယ် ၊ အဲဒီလို ရွတ်ဆိုတဲ့ အခါမှာလည်း ခြံနဲ့ အိမ်ကြီးကို ရောင်းရလို့ ဘုရားဖူးကားကြီးနဲ့ လိုက်သွားပြီး ဘုရားတွေ လျှောက်ဖူးနေပြီလို့ အာရုံထဲမှာ မြင်အောင် စိတ်ကူးရတယ် ၊ ပြီးတော့ အဒေါ်နဲ့ အဖော်အဖြစ် နေမယ့်လူ တစ်ယောက်လည်း ရပြီလို့ ထည့်ပြီး အာရုံပြုရမယ် ၊ အဲဒီလို လုပ်လိုက်မယ် ဆိုရင် အဒေါ် ဖြစ်ချင်တာတွေ ဖြစ်လိမ့်မယ် ” ဟု ပေတလူက ပြောလေ၏ ။

ထိုအခါ ဒေါ်ယုယကြီး က .....

“ မောင်ပေတလူ ပေးတဲ့ အကြံအတိုင်း လုပ်ကြည့်မယ် ... ” ဟု ပြောလေ၏ ။

ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး ရက် ( ၄၀ ) ခန့် ကြာသောအခါ၌ ဒေါ်ယုယကြီး၏ ခြံနှင့် အိမ်ကို သရဲခြောက်သော အိမ်ကြီး ပြုလုပ်၍ ဝင်ကြေးဖြင့် အလုပ်လုပ်စားမည့် လူများ လာရောက် ဝယ်လေတော့၏ ။ ၎င်းတို့သည် ခြောက်လှန့်သော အသံများကို ဆောင်းဘောက်များဖြင့် စီမံလေ၏ ။  ခြောက်လှန့်သော အရုပ်များကိုလည်း ခလုတ်များဖြင့် စီမံလေ၏ ။ ထို့နောက် တစ်ခါ ဝင်ကြည့်လျှင် တစ်ဆယ်နှုန်း သတ်မှတ်လေ၏ ။ လူအမြောက်အမြား လာရောက်၍ အားပေး ကြည့်ရှုကြလေ၏ ။

ဒေါ်ယုယကြီး ကိုမူ ခြံနှင့်အိမ် အတွက် သိန်း ( ၂၀၀ ) ကျော် ပေးလိုက်လေ၏ ။ ဒေါ်ယုယကြီး သည် လက်ဝတ်လက်စားအချို့ ဝယ်၏ ။ ကျန်သော ငွေကို ဘဏ်တွင် အပ်၏ ။ ထို့နောက် ငွေထုပ် ပိုက်ပြီး ‘ နန်းဦးလှိုင် ’ ဘုရားဖူးယာဉ်ဖြင့် မြန်မာပြည်အနှံ့ ဘုရားဖူး လိုက်သွားလေ၏ ။ ၎င်း၏ ထိုင်ခုံတွင် ကပ်လျက်ကျသူမှာ တိုင်းရင်းဆေးဆရာတစ်ဦး ဖြစ်၏ ။ ဒေါ်ယုယကြီးနှင့် သက်တူရွယ်တူဖြစ်၏ ။ ထိုဆေးဆရာကြီး၏ အမည်မှာ ‘ ဆရာဦးနိုင်အေး ’ ဟူ၍ ဖြစ်၏ ။ ၎င်း ဆရာဦးနိုင်အေး သည် ဒေါ်ယုယကြီး ရေငတ်လျှင် ရေသန့်ပုလင်း ဆင်း၍ ဝယ်ပေး၏ ။ ဒေါ်ယုယကြီး ခေါင်းမူးသည် ဆိုလျှင် ပရုပ်ဆီဘူး ဆင်း၍ ဝယ်ပေး၏ ။

ဒေါ်ယုယကြီးက လေတိုက် မခံနိုင်သောကြောင့် နေရာချင်းလဲ ထိုင်ပေး၏ ။ ၎င်းတို့ နှစ်ဦးသည် လွန်စွာ ရင်းနှီးသွားကြလေ၏ ။ အလိုတော်ပြည့်ဘုရားသို့ ရောက်သောအခါ၌ ခေတ္တနားကြရာတွင် ၎င်းတို့ နှစ်ဦးသည် တရားရုံးသို့ သွားရောက်၍ အကြင်လင်မယား အဖြစ် ပေါင်းသင်းရန် လက်မှတ်ထိုး လိုက်ကြလေ၏ ။ နန်းဦးလှိုင်ဘုရားဖူးကားပိုင်ရှင် ကိုစံခြူး က သက်သေအဖြစ် လိုက်ပါခဲ့လေ၏ ။

ထို့နောက် ကားပေါ်တွင် ပါလာသော ခရီးသည် များအားလုံးအား ဒေါ်ယုယကြီး က ပုဂံမြို့သစ် ရှိ ထနောင်းရိပ်မြန်မာထမင်းဆိုင်တွင် ထမင်းကျွေးလေ၏ ။ ထမင်းကျွေးပြီးသောအခါ ရေခဲမုန့်များ ပါ မှာ၍ ကျွေးလေ၏ ။

ဘုရားဖူးမှ ပြန်လာသော အခါ၌ ဒေါ်ယုယကြီး က လမ်းထိပ်ရှိ အခန်းတစ်ခန်းကို ဝယ်ယူလိုက်၏ ။ ထိုအခန်းတွင် ဆရာ ဦးနိုင်အေး အား တိုင်းရင်းမြန်မာဆေးကုခန်း ဖွင့်လှစ်ပေးလိုက်လေ၏ ။

ထို့နောက် ပေတလူ နှင့် ဒေါ်ယုယကြီး တွေ့သောအခါ၌ ...

ပေတလူ က ...

“ ဘုရားဖူး ပြန်ပြီးမှ အဒေါ့်မျက်နှာကို ကြည့်ရတာ နှစ် ( ၂၀ ) လောက် ပြန်ငယ်သွား သလိုပဲ ... ” ဟု ပြောလိုက်ရာ ...

ဒေါ်ယုယကြီး က ...

“ မှန်တာပေါ့ .... မောင်ပေတလူ ရယ် ၊ အဒေါ့် ရင်ထဲမှာ ရှိတဲ့ အလိုတွေ ပြည့်သွားတာပေါ့ ၊ အဒေါ် လည်း နုပျိုပြီး ကျန်းမာသွားတာကိုး ... ၊ အရင်ကတော့ တရှောင်ရှောင်ပဲ မောင်ပေတလူရေ ... ” ဟု ပြောရာ ...

ပေတလူ က ...

“ မကျန်းမာမှာလည်း မပူပါနဲ့ တော့ အဒေါ်ရယ် ... ၊ အနားမှာ ဆေးဆရာ ရောက်နေပြီပဲ ... ၊ ကျွန်တော်တို့ တိုင်းရင်းဆေးတွေ က သိပ်ပြီး စွမ်းတာ ၊ ဆေးထိုးအပ် မပါဘဲ အဒေါ့် မှာ ရှိတဲ့ ရောဂါတွေကို ပျောက်အောင် ကုပေးနိုင်ပါတယ်... ” ဟု ပြောလိုက်ရာ ...

ဒေါ်ယုယကြီး က ရှက်ကိုးရှက်ကန်းဖြင့် ရယ်လေ၏ ။

“ ဟီ ... ဟိ ”

သဗ္ဗေသတ္တာ ကမ္မသကာ

▢  မင်းသိင်္ခ
📖 ဖတ်စရာဂျာနယ်
      အမှတ် ( ၂၂ )
      ၁၄ - ၆ - ၂၀၀၅

Saturday, September 27, 2025

မဖတ်ရသော စာတစ်စောင်


 

❝ မဖတ်ရသော စာတစ်စောင် ❞
         ( မင်းသိင်္ခ )

တစ်ချိန်က ကျွန်ုပ်သည် မင်္ဂလာဒုံ ရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းတွင် တက်ရောက်၍ စစ်ပညာ သင်ယူနေရသော အချိန် ဖြစ်၏ ။ ထိုလေ့ကျင့်ရေးကျောင်းမှ ကျွန်ုပ်တို့ ကဲ့သို့သော ရဲဘော်သစ်များကို တပ်ခွဲ ၅ ခွဲထားကာ သင်ကြားပေးလေ၏ ။ ကျွန်ုပ်သည် တပ်ခွဲ ( ၅ ) တွင် နေရလေ၏ ။ သင်တန်းမှာ ပင်ပန်းလှ၏ ။ နားရသည် ဟူ၍ မရှိအောင် လေ့ကျင့်သင်ယူရ၏ ။ ကျွန်ုပ်တို့ ရဲဘော်သစ်များ သည် သင်တန်း၌ ပင်ပန်းဆင်းရဲသော်လည်း ပျော်ကြကုန်၏ ။ တစ်ဦးနှင့် တစ်ဦး ခင်မင်ကြကုန်၏ ။ ထိုသင်တန်းတွင် ကျွန်ုပ်နှင့် အထူးခင်မင်သော လူနှစ်ဦး ရှိလေ၏ ။

တစ်ဦးမှာ မောင်မောင် ဆိုသူ ဖြစ်၏ ။ သူသည် မြစ်ဝကျွန်းပေါ်သား ဖြစ်၏ ။ ရုပ်ရည်ရူပကာ ချောမော၏ ။ ၎င်း၏ မိဘများသည် ချမ်းချမ်းသာသာရှိကြကုန်၏ ။ ၎င်း၏ ဖခင်ပိုင်သော မော်တော်ကို ရောင်း၍ ဖဲကစားရာ ဖဲရှုံး၍ မရှင်းနိုင်သောကြောင့် တပ်ထဲသို့ ဝင်လာသူ ဖြစ်၏ ။ ကျန်တစ်ဦး၏ အမည်မှာ အောင်ထူးဆန်း ဖြစ်၏ ။ သူ၏ အသားအရောင်မှာ ပုန်းရည်ကြီးအရောင်ကဲ့သို့ ရှိ၏ ။ ပါးစပ်လွန်စွာ ပြဲ၍ ဗိုက်လွန်စွာ ရွှဲ၏ ။ သူသည် စစ်ယူနီဖောင်း ဝတ်ချင်သော အကြောင်းတစ်ခုတည်းဖြင့် စစ်ထဲသို့ ဝင်လာခြင်း ဖြစ်၏ ။ နေ့စဉ်ဆိုသလို မင်္ဂလာဒုံစာတိုက်မှ စာများသည် တပ်ရင်းရုံးသို့ ရောက်တတ်၏ ။

ထိုစာများကို တပ်ရင်းရုံးမှ တပ်ခွဲလိုက် ခွဲပြီးလျှင် လာရောက်၍ ပို့တတ်မြဲဖြစ်၏ ။ ကျွန်ုပ်တို့ ရဲဘော်သစ်များ သည် မိဘဆွေမျိုးများ ထံမှ သို့မဟုတ် ခင်မင်ရင်းနှီးသော သူငယ်ချင်းများ ထံမှ သို့မဟုတ် ချစ်သူများ ထံမှ စားများကို မျှော်တတ်မြဲ ဖြစ်၏ ။ ကျွန်ုပ် တစ်ပတ်လျှင် တစ်စောင်မျှ ရတတ်မြဲ ဖြစ်၏ ။ ထို စာမှာ ကျွန်ုပ်သူငယ်ချင်း လှဖေ ထံမှ ပေးသောစာ ဖြစ်၏ ။ လှဖေ၏ စာကို ဖတ်လိုက်လျှင် ကျွန်ုပ် ပြုံးရလေ၏ ။

အဘယ်ကြောင့် ဆိုသော် သူသည် ကျွန်ုပ်အား ချစ်စနိုး သဘောဖြင့် စာ၏ ထိပ်တွင် “ ခွေးကောင်ကြီး ” ဟူ၍ လည်းကောင်း ၊ “ အမျိုးယုတ်ကြီး ” ဟူ၍ လည်းကောင်း ၊ “ အသေကောင်ကြီး ” ဟူ၍ လည်းကောင်း ရေးတတ်မြဲဖြစ်၏ ။

ကျွန်ုပ်တို့ တပ်ခွဲ ၅ တွင် စာ အလာဆုံးလူမှာ မောင်မောင် ပင်ဖြစ်၏ ။ နေ့စဉ် ၎င်း၏ စာ ကိုးစောင်ခန့်ရ၏ ။ ထိုစာများ ထဲတွင် ၎င်း၏ အဖေက ပေးသောစာ လုံးဝမပါပေ ။ ၎င်း၏ အဖေသည် ၎င်း အား တွေ့လျှင် သ,တ်မည်ဟု ကြိမ်းနေ၏ ။ မည်သူ့ဆီကမှ စာမလာသူမှာ ရဲဘော်အောင်ထူးဆန်း ဖြစ်၏ ။ ထို့ကြောင့် ကျွန်ုပ်တို့ ၎င်းအား -

“ မင်းကိုတော့ စာပေးမယ့်သူ လည်း မရှိဘူး ။ မဟုတ်မှ လွဲရော မင်းဟာ မိဘနှစ်ပါးက မွေးတာ မဟုတ်ဘူး  ။ သစ်ခေါင်းပေါက်ထဲက မွေးတာ ” ဟု ဝိုင်းဝန်းနောက် ပြောင်သော်လည်း အောင်ထူးဆန်းကြီးသည် စိတ်ဆိုးသည် မရှိ ၊ ပါးစပ်ကြီး ပြဲ၍ နေလေ၏ ။

တစ်နေ့သော် စာများ ဝေလေရာ မောင်မောင်သည် စာစုစုပေါင်း ၁၅ စောင် ရ၏ ။ ကျွန်ုပ်မှာ လှဖေ ထံမှ စာတစ်စောင်ရ၏ ။ ထိုအခါ မောင်မောင် သည် ကျွန်ုပ် အားကြွားလေ၏ ။

“ ငါ့လောက် စာလာတဲ့ သူ ဒီတပ်ခွဲမှာ တစ်ယောက်မှ မရှိဘူး ကွ ” ဟု ဟန်ပါပါ ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ်က -

“ လာမှာ ပေါ့ကွ ။ မင်းက အကြွေးတွေ ယူပြီး မဆပ်ဘဲ တပ်ထဲဝင်လာတော့ ကြွေးရှင်တွေက ကြွေးတောင်းတဲ့ စာတွေပါကွာ ။ အထင်ကြီးစရာ မရှိပါဘူးကွာ ” ဟု ကျွန်ုပ် ပြောလိုက်လျှင် မောင်မောင်သည် ကျွန်ုပ် အား ပြန်လည် ချေပခြင်းမပြုဘဲ အောင်ထူးဆန်း ဘက်သို့ လှည့်ကာ -

“ ငါတို့ သင်တန်းတာ ၂ လ ရှိပြီ ။ အဲဒီ ၂ လ အတွင်းမှာ ငါ့ဆီကို လာတဲ့ စာဟာ အစောင် ခုနှစ်ရာကျော်တယ်ကွ ။ စာတစ်စောင်မှ မလာတာကတော့ ဟော့ဒီ အောင်ထူးဆန်း ပဲ ။ ငါသာ သူ့လို စာတစ်စောင်မှ မရခဲ့ရတော့ အတော်အားငယ်မိမှာပဲ ။ ဒါပေမဲ့ အောင်ထူးဆန်းကြီးက အားမငယ်ဘူးကွ ။ ဘာမှ မဖြစ်သလိုပဲ ” ဟု ပြောလိုက်ရာ အောင်ထူးဆန်း က -

“ ငါလည်း အားငယ်ပါတယ်ကွာ ။ အဲဒါကြောင့် ဒီလိုစဉ်းစားတယ်ကွ ။ ငါ့ကိုတော့ ဘယ်သူမှ အရေးလုပ်ပြီး စာပို့မှာ လည်း မဟုတ်ဘူး  ။ ဒါပေမဲ့ ငါလည်း မင်းတို့လို့ တော့ စာအိတ်ကလေး ဖောက်ပြီး စာဖတ်ချင်တာပေါ့ကွာ ။ အဲဒီတော့ မောင်မောင် ရာ မင်းက စာတွေ အများကြီး ရတာ ဆိုတော မင်း မဖတ်ချင်တဲ့ စာအိတ်ကို ငါ့ကို ရောင်းကွာ ၊ မစားရက် မသောက်ရက် စုထားတဲ့ ပိုက်ဆံလေး ၅ ကျပ် ရှိပါတယ်ကွာ ။ ငါ ပေးပါ့မယ် ” ဟု ပြောရာ မောင်မောင်က သူ့ထံသို့ ရောက်လာသော စာအိတ် ၁၅ အိတ် အနက်မှ လက်ရေး လွန်စွာညံ့သော စာအိတ် တစ်အိတ်ကို ရွေးထုတ်၍ -

“ မင်း ငါ့ကို ပေးမယ့် ၅ ကျပ်နဲ့ ကန်တီးမှာ ဘားမားစတိတ် စီးကရက်တစ်ဘူး သွားပြီး ဝယ် ပေး ” ဟု ပြောသဖြင့် အောင်ထူးဆန်းလည်း ကန်တီးဆိုင်သို့ တဖုန်းဖုန်း ပြေးပြီး စီးကရက် တစ်ဘူး ဝယ်၍ မောင်မောင့် အားပေး၏ ။ ပြီးလျှင် မောင်မောင့် ထံသို့ လာသော စာအိတ်ကို သူ့ ထံသို့ လာသော စာအိတ်ကဲ့သို့ သဘောထားကာ ဖောက်၍ ဖတ် လေတော့၏ ။ ဖတ်ပြီးလျှင် ပြုံး၏ ။ ထို့နောက် -

“ မောင်မောင်တို့ ကတော့ ပိုင်တယ်ကွာ ” ဟုလည်း ပါးစပ်မှ ပြော၏ ။ ထိုအခါ မောင်မောင် က -

“ ဘယ်သူဆီက ပို့တဲ့ စာလဲကွ ” ဟု မေးရာ မောင်မောင် က -

“ ဘာဖြစ်လို့ ပြောရမှာလဲကွ ။ ဒီစာဟာ ငါ့စာလေကွာ ။ မင်းနဲ့ မဆိုင်တော့ဘူး ။ တစ်ခုတော့ ပြောနိုင်တယ် ။ အတော် အရေးကြီးတဲ့ စာကွ ။ မင်း မို့လို့ ၅ ကျပ် နဲ့ ရောင်း ရက်ပလေတယ်ကွာ ” ဟု ပြောလိုက်ရာ မောင်မောင်သည် မျက်နှာကြီး နီ၍ သွားလေတော့၏ ။ ထိုအခါ ကျွန်ုပ် က -

“ ဟေ့ မောင်မောင် ၊ ကိုယ့်ဆီကို ပို့တဲ့ စာကို ၅ ကျပ် နဲ့ ရောင်းတဲ့ ကောင်မျိုး တစ်ခါမှ မတွေ့ဖူးဘူးကွ ။ မင်း ဘယ်အရပ်သားလဲ ။ အဲဒီ အရပ်သားတော့ မျက်နှာပျက်ပါပြီကွာ ။ သေရေး ရှင်ရေး ကိစ္စဆိုရင် ဘယ့်နှယ့်လုပ်မလဲ ။ မင်းအတော် မိုက်ပါလားကွ ။ အောင်ထူးဆန်း မင်းအတွက် ဘာမှ အရေးမကြီးပါဘူးကွာ ။ သူ့အတွက်တော့ အရေးကြီးချင် ကြီးနေမှာကွ ” ဟု ကျွန်ုပ်က ပြောလိုက်ရာ အောင်ထူးဆန်း က -

“ အရေးကြီးတာတော့ အမှန်ပဲကွ ။ ဒါပေမဲ့ မပြနိုင်ဘူး ။ ငါလည်း ချွေးနဲစာနဲ့ ဝယ်ထားရတာ ။ အလကား ရတာမဟုတ်ဘူး ” ဟု အော်လိုက်လေ၏ ။ ထို့ကြောင့် ကျွန်ုပ် က -

“ ဟေ့ မောင်မောင် ၊ သူ့ ငါးကျပ် ပြန်ပေးလိုက်ကွာ ။ အဲဒီ စာကို ပြန်ယူချေ ” ဟု ပြောလိုက်ရာ အောင်ထူးဆန်း က -

“ ဒီဟာဟာ ငါ့စာ ဖြစ်နေပြီလေကွာ ။ ငါ ရောင်းချင်မှ ရောင်းမှာ ငါးကျပ်နဲ့ မရဘူးကွ ၊ သူက စာ အစောင်ပေါင်း ခုနှစ်ရာကျော် ရထားတာ ဆိုတော့ ခုနှစ်ရာ ပေးမှ ရောင်းနိုင်မယ် ” ဟု ပြောလေ၏ ။

မောင်မောင်သည် မျက်နှာ ပို၍ နီသွားလေ၏ ။

“ လူယုတ်မာ ... ငါးကျပ်နဲ့ ဝယ်ပြီး ခုနှစ်ရာနဲ့ ပြန်ရောင်း ဟုတ်လား ၊ မဝယ်ဘူး ” ဟု ပြောလိုက်လေ၏ ။ အောင်ထူးဆန်း ကလည်း -

“ မဝယ်ချင်နေ ငါ့လူ ၊ ဒီစာဟာ မင်းအတွက် ခုနှစ်သိန်းလောက် တန်တယ် ။ မင်းရဲ့ ဘဝ ဖြစ်ချင် ဖြစ်သွားမယ် ” ဟု ထပ်၍ ကွန့်လိုက်ရာ မောင်မောင်သည် စိတ်ဆိုးလွန်းသဖြင့် တောက်တစ်ချက် ခေါက်လိုက်လေ၏ ။ ထို့နောက်ပိုင်းတွင်ကား အောင် ထူးဆန်း သည် ထိုစာလေးကို မကြာခဏ ထုတ်၍ ဖတ်နေတာ ပါးစပ်မှလည်း -

“ မောင်မောင်ဆိုတဲ့ အကောင် အတော်မိုက်တယ် ၊ ကိုယ့်အတွက် အရေးကြီးတဲ့ စာကို ငွေငါးကျပ်နဲ့ ရောင်းပစ်တယ်ကွာ ” ဟု လည်း ရေရွတ်နေလေ၏ ။ မောင်မောင် သည် သူ့အတွက် ထုတ်ပေးထားသော တပ်မှ ပစ္စည်းများကို ကစ်ဘတ်အိတ်ကြီးထဲသို့ ထည့်နေလေ၏ ။ ထို့ကြောင့် ကျွန်ုပ်က ဘာလုပ်မလို့ လဲဟု မေးရာ မောင်မောင် က -

“ ဟို ခွေးမျိုးဆီက စာကို ပြန်ဝယ်ဖို့ ငွေခုနှစ်ရာ ငါ့မှာ မရှိဘူး ကွ ၊ ငါ့ရဲ့ လက်စွပ်ရော ၊ နာရီရော ဒါတွေပါ ရောင်းမှ ပြည့်မှာ ” ဟု ပြောပြီးလျှင် မင်္ဂလာဒုံရှိ ကန်တော်မင်ဈေးသို့ သွားကာ ရောင်းချပစ် လိုက်လေတော့၏ ။ ပြန်လာသောအခါ၌ အောင်ထူးဆန်း ထံမှ စာကို ခုနှစ်ရာ ပေး၍ ဝယ်လိုက်ရလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က -

“ မောင်မောင်ရာ ၊ မင်းပိုက်ဆံတွေ နှမြောလိုက်တာကွာ ” ဟု ပြောရာ မောင်မောင် ကလည်း -

“ ငါလည်း နှမြောတာပဲကွ ၊ ဒါပေမဲ့ မနေနိုင်ဘူးကွ ၊ ဒီစာထဲမှာ ဘာတွေပါလဲဆိုတာ ငါသိချင်တယ် ၊ ဒီကောင်ကလည်း ငါ့ကို နာရီမလပ် လာပြီး ကလိနေတယ် ၊ ဘာတွေပါသလဲဆိုတာ ငါသိပ်သိချင်တယ် ၊ အဲဒီ သိချင်စိတ်ဟာ ငါ့ကို ဒုက္ခပေးနေတယ်ကွ ၊ ငါ့အနေနဲ့ အတော့်ကို စိတ်ဆင်းရဲနေတယ်ကွ ၊ ဒါကြောင့် ပြန်ပြီးဝယ်တာ ”

မောင်မောင်က ငွေခုနှစ်ရာကို ပေးလိုက်လျှင် အောင်ထူးဆန်း ကလည်း စာကို ပြန်ပေးလေ၏ ။ မောင်မောင်သည် ထိုစာကို ရလျှင်ရချင်း အငမ်းမရ ဖတ်ကြည့်လေ၏ ။ ထိုစာမှာ ၎င်းတို့ နေသော နေအိမ် အနီးရှိ ဘုန်းကြီးကျောင်းမှ ကပ္ပိယကြီးက ရေးလိုက်သော စာ ဖြစ်၏ ။ စာထဲတွင် ကျောင်း ၌ မွေးထားသော ခွေးနက်မကြီး သေသွားကြောင်း ၊ ခိုတွေကို မကြာခဏ တက်၍ ခုတ်တတ်သော ကြောင်မကြီးလည်း ဘုန်းကြီးကျောင်းသားများ လက်ချက်ဖြင့် ဘဝတစ်ပါးသို့ ပြောင်းသွားပြီ ဖြစ်ကြောင်း ပါလေ၏ ။ စာဆုံးသွားသည် နှင့် မောင်မောင်သည် တောက်တစ်ချက် ခေါက်လိုက်လေ၏ ။

ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး သုံးရက်ခန့် အကြာတွင် ကျွန်ုပ်တို့ ရဲဘော်သစ်များအား ထုတ်ပေးထားသော စစ်ဝတ်ပစ္စည်းများ စုံမစုံစစ်ဆေးရာ မောင်မောင့် အနေဖြင့် ပစ္စည်းအမြောက်အမြား ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် တပ်ရင်းမှူးရုံးသို့ တင်၍ အမှုစစ်လေတော့၏ ။

တပ်ရင်းမှူးသည် မောင်မောင့် အား စစ်ဝတ်စစ်စား ပျောက်ဆုံးမှုဖြင့် ကျောပိုးအိတ်ထဲတွင် အုတ်ခဲ ၆ လုံး ထည့်ကာ ကျေားပိုးစေ၍ တပ်ရင်းကင်းရုံ ရှေ့တွင် နေ့ခင်း တစ်နာရီ မှ နှစ်နာရီထိ ခေါက်တုန့်ခေါက်ပြန် နှစ်ဆယ့်ရှစ်ရက်တိတိ ပြေးရန် အမိန့်ချမှတ်လိုက်လေတော့၏ ။ မောင်မောင် သည် နေပူကြီးထဲတွင် ချွေးတရွှဲရွှဲနှင့် မောမောပန်းပန်း ပြေးနေရလေ၏ ။ လွန်စွာမှ မောပန်းနေပုံရ၏ ။

ကျွန်ုပ်သည် ၎င်း၏ မလှမ်းမကမ်းသို့ သွားကာ -

“ မောင်မောင်ရေ ၊ ပြေးထားဟေ့ ၊ ခိုတွေကို တက်ခုတ်တဲ့ ကြောင်မကြီးလည်း ဘဝတစ်ပါးကို ပြောင်းသွားပြီ ၊ ပြေးသာ ပြေးဟေ့ ။ ဘုန်းကြီးကျောင်းက ခွေးနက်မကြီးလည်း သေပြီဟေ့ ။ ပြေးပေတော့ ” ဟု ပြောရာ ၎င်းက ကျွန်ုပ်အား မျက်စောင်းထိုး၍ ကြည့်လေ၏ ။ ထို့ထက်ဆိုးသည် မှာ အောင်ထူးဆန်း သည် စီးကရက်တစ်လိပ်ကို ပါးစောင်တွင် ခဲကာ ရာတန်နှစ်ရွက်ဖြင့် သူ့ကိုယ်သူ ယပ်ခတ်ပြလေ၏ ။

မောင်မောင်သည် သည်းမခံနိုင်သဖြင့် အောင်ထူးဆန်း အား လှမ်း၍ ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်လေတော့သတည်း ။

သဗ္ဗေသတ္တာ ကမ္မဿကာ

▢  မင်းသိင်္ခ
📖 ဖတ်စရာဂျာနယ်
      အမှတ် ( ၂၆ )
      ၁၂ - ၇ - ၂၀၀၅

Wednesday, September 3, 2025

မိုးသီး၏ အောင့်လုံး


 

❝ မိုးသီး၏ အောင့်လုံး ❞
         ( မင်းသိင်္ခ )

ကျွန်ုပ်၏ အမည်မှာ မိုးသီး ဟူ၍ ဖြစ်၏ ။ သို့ရာတွင် မည်သူ တစ်ယောက်မျှ မိုးသီး ဟူ၍ အပြည့်အစုံ ခေါ်သည် မရှိပေ ။ ချစ်စနိုးသဘောဖြင့် ငမိုး ဟု သာ အဖျားဆွတ် ခေါ်ဝေါ်ကြကုန်၏ ။ ကျွန်ုပ် ဆယ်တန်းသို့ ရောက်သော နှစ်တွင် မိဘနှစ်ပါးစလုံး ဆုံးပါးသွားသဖြင့် အဒေါ်၏ အိမ်တွင် မှီခိုကပ်လျက်နေ၍ ကျောင်းတက်ရလေ၏ ။

အဒေါ်၏ ယောက်ျားမှာ လွန်စွာ ဆိုး၏ ။ ကျွန်ုပ် ငြိမ်ငြိမ်ကလေး ထိုင်နေသည်ကို မရှုစိမ့်ဘဲ တစ်စုံတစ်ခု လုပ်ရန် ခိုင်းထားတတ်လေ၏ ။ ၎င်း၏ လုပ်ငန်းမှာ ဆေးဆိုးပန်းရိုက်လုပ်ငန်း ဖြစ်၏ ။ ပန်းရိုက်ပြီးသော အထည်အလိပ်များကို ကျွန်ုပ် တစ်ဦးတည်း လျှော်ရလေ၏ ။ ထိုအလုပ်မှာ သက်သာလှသည် မဟုတ်ပေ ။ လျှော်ပြီးလျှင် လှန်းရ၏ ။ လှန်းပြီးလျှင် ၂ ပိဿာခန့် လေးသော ကြေးမီးပူကြီးဖြင့် မီးပူတိုက်ရလေ၏ ။ ထိုသို့ အလေးအပင်ကို မ၍ မီးပူ တိုက်ရသောကြောင့် ကျွန်ုပ်၏ လက်မောင်း တစ်ဖက်သည် အခြားသော လက်မောင်းတစ်ဖက် ထက် သိသိသာသာကြီး ကြီး၍နေလေ၏ ။

ဆယ်တန်းစာမေးပွဲ ဖြေပြီး သောအခါ၌ ကျောင်းနေဖက် သူငယ်ချင်းတစ်ဦး၏ မွေးနေ့နှင့် တိုက်ဆိုင်သောကြောင့် ဦးလေးထံတွင် ခွင့်ပန်၍ ထိုမွေးနေ့ပွဲ၏ ညစာစားပွဲသို့ သွားရောက်ခဲ့လေ၏ ။ မွေးနေ့ပွဲတွင် သူငယ်ချင်း အားလုံး အရက်သောက်ကြကုန်၏ ။ ကျွန်ုပ် ကိုလည်း တိုက်၏ ။ ကျွန်ုပ် က ငြင်းဆန်၏ ။ ဦးလေး၏ အိမ်တွင် ကပ်၍ နေရသောကြောင့် အရက်စော် နံပြီး ပြန်သွားလျှင် ဦးလေးက ပြဿနာ ရှာမည် ဖြစ်ကြောင်း ပြောပြ၏ ။ သို့ရာတွင် သူငယ်ချင်းများ ကျေနပ်အောင် တစ်ခွက်လောက်တော့သောက်ရမည်ဟု အကျပ်ကိုင်သောကြောင့် ဖန်ကလပ်တွင် ထည့်ထားသော အရက်လေး အနည်းငယ်ကို မော့ချလိုက်ရလေ၏ ။ ထိုအခါ သူငယ်ချင်းများက ကျေနပ်သွားပြီးလျှင် လက်ခုပ်တီး၍ ဩဘာပေးကြ၏ ။ အိမ်သို့ ရောက်သွားသော အခါ၌ ကျွန်ုပ်၏ ဦးလေး က -

“ ဟေ့ကောင် ... မင်းပါးစပ်က အရက်စော် ထောင်းခနဲ ထနေတာပဲ ။ အရက်သောက်လာတယ် မဟုတ်လား ။ မင်းကတော့ လူဖြစ်မယ့်ကောင် မဟုတ်ဘူး တစ်သက်လုံး မြောင်းထဲ ကျနေမယ် ။ တစ်သက်လုံး သူများ အိမ်မှာ မှီခိုကပ်နေရမယ် ။ အခုလည်း ငါ့အိမ်မှာ မနေနဲ့ တော့ ထွက်သွား ” ဟု မောင်းထုတ်ကာ ကျွန်ုပ်၏ စာအုပ်များ အဝတ်အစားများကို လမ်းပေါ်သို့ လွှင့်ပစ်လေ၏ ။

ကျွန်ုပ်သည် ဦးလေး၏ ခြေထောက်ကို ဖက်၍ မောင်းမထုတ်ရန် တောင်းပန်၏ ။ ဦးလေး သည် ဖက်ထားသော ခြေထောက်ဖြင့် ကျွန်ုပ်၏ ရင်ဝကို ဆောင့်၍ ကန်လိုက်လေ၏ ။ ကျွန်ုပ်သည် နောက်သို့ လန်ကျသွား၏ ။

ကျွန်ုပ်၏ အဒေါ်က ထွက်၍ တောင်းပန် ပြန်၏ ။ ဦးလေးသည် အဒေါ်၏ ပါးကို ဖြန်းခနဲ ရိုက်ချလိုက်၏ ။ ထို့ကြောင့် ကျွန်ုပ်လည်း လမ်းပေါ်တွင် ပြန့်ကျဲနေသော စာအုပ်နှင့် အဝတ်အစားများကို ကောက်၍ ခြေဦးတည့်ရာသို့ ထွက်လာခဲ့လေ၏ ။

တစ်နေရာသို့ အရောက်တွင် ကျွန်ုပ်နှင့် ခင်မင်ရင်းနှီးသော ကိုနောင်ဘီ ဆိုသည့် လူတစ်ဦးနှင့် တွေ့ဆုံလေ၏ ။ ကိုနောင်ဘီ က အကျိုးအကြောင်း မေး၏ ။ ကျွန်ုပ် က အကျိုးအကြောင်း ပြောပြလိုက်၏ ။ ထိုအခါ ကိုနောင်ဘီ က ပြုံးလိုက်၏ ။ ထိုသို့ ပြုံးလိုက်ပြီးလျှင် -

“ မင်း ဦးလေးဟာ အရက်သောက်တာ မကောင်းဘူး ဆိုတာတော့ သိပုံရတယ်ကွ ။ အမှန်က လူဟာ သောက်တဲ့ ဘောင်ထဲ မှာလည်း မိ မနေစေနဲ့  ၊ အရက်သမား ဖြစ်သွားမယ် ။ တကယ်ကတော့ ကွာ သောက်ခြင်း ၊ မသောက်ခြင်းက လွတ်အောင် နေမှ အရက်နဲ့ ကင်းသွားမှာ ။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်က အရက် သောက်မှ အသက်ရှည်မယ် ပြောရင် မသောက်ဘဲ နေမလား ။ မသောက်ဘဲ နေပြီး အသေခံမလား ။ သွေးကြောပိတ်တဲ့ အချို့ရောဂါတွေဟာ အရက်နည်းနည်း သောက်ပေးမှ သွေးကြောက အလုပ် လုပ်တာကွ ။ အဲဒီ ရောဂါရှင်တွေကို ဆရာဝန်တွေက တစ်နေ့ကို အရက် တစ်ပက်လောက် သောက်ပေးဖို့ မေတ္တာရပ်ခံတယ်ကွ ။ အဲဒီ အခြေအနေမျိုးမှာ မသောက်တဲ့ ဘောင်ထဲမှာ ပိတ်မိနေတဲ့ လူဟာ သေမှာပဲ ။ အဲဒီလို မျှမျှတတ သဘောပေါက်ရမယ်ကွ ။ လွန်လွန်ကြူးကြူး ဘာကိုမှ မဆုံးဖြတ်ရဘူး ။ လွန်လွန်ကြူးကြူး ဆုံးဖြတ်ထားရင် အစွန်းထွက်သမား ဖြစ်သွားတတ်တယ် ။ စိတ်မပျက်နဲ့ကွာ ။ အစ်ကိုကြီး အိမ်ကို လိုက်နေပါ ။ ဆယ်တန်း အောင်တော့လည်း အစ်ကိုကြီး ကျောင်းဆက်ထားပေးပါ့မယ် ” ဟု ပြောလေ၏ ။

ထို့ကြောင့် ကျွန်ုပ်သည် ကိုနောင်ဘီ၏ အိမ်တွင် လိုက်ပါ၍ နေရလေ၏ ။ ထိုနှစ်တွင် ပင် ဆယ်တန်းအောင်သွားသောကြောင့် ကျောင်းဆက်၍ တက်လေ၏ ။ နောက်ဆုံးတွင် ဥပဒေဘာသာဖြင့် ဘွဲ့ရလေတော့၏ ။ တရားရေးဌာနတွင် ဝင်ရောက် အမှုထမ်းရန် မြို့နယ်တရားသူကြီး စ၍ လုပ်ရလေ၏ ။ လုပ်သက်ကလေး အတော်အတန် ရသောအခါ ခရိုင်တရားသူကြီး အဖြစ်သို့ တိုးမြှင့်ခဲ့ရလေ၏ ။

တစ်နေ့တွင် ကျွန်ုပ်၏ ရုံးသို့ ကျွန်ုပ်၏ ဦးလေးသည် လိမ်လည်မှု ပုဒ်မ ၄၂၀ တရားခံ အဖြစ်ဖြင့် ရောက်၍ လာလေတော့၏ ။ ကျွန်ုပ်သည် ထိုအမှုကို ကြားနာ စစ်ဆေးရလေ၏ ။ ကျွန်ုပ်၏ ဦးလေးကို စစ်ဆေးသောအခါ၌ ကျွန်ုပ်၏ ဦးလေးက ကျွန်ုပ်၏ မျက်နှာကို ကြည့်ပြီးလျှင် -

“ ဪ ... ငါ့အမှုကို စစ်မှာ လက်စသတ်တော့ ငမိုးကိုးကွ ” ဟု ပြောလေ၏ ။

ထိုအခါ ကျွန်ုပ်၏ ရှေ့ဖတ်စာရေးက ကျွန်ုပ်၏ ဦးလေးအား

“ ဒီမှာ ခင်ဗျားဟာ တရားခံ ဖြစ်တယ် ။ အခု အမှုစစ်မယ့် သူဟာ ခရိုင်တရားသူကြီး ဦးမိုးသီး ဖြစ်တယ် ။ အပြင်မှာ ခေါ်သလို လာမခေါ်ပါနဲ့  ။ လာပြီး မဆက်ဆံပါနဲ့ ။ ရုံးတော်ကို မလေးစားမှုနဲ့ ပုဒ်မ ထပ်ပြီး တိုးသွားမယ် ။ မင်းကြီးလို့ ခေါ်ရမယ် ” ဟု သတိပေး လိုက်လေ၏ ။ ထိုအခါ ၎င်း ငှားထားသော ရှေ့နေ ကလည်း ရှေ့ဖတ်စာရေးကြီး ပြောသည့် စကား မှန်ကြောင်းကို ဦးလေးအား ရှင်းပြလေ၏ ။ ထိုအမှု၏ နောက်ဆုံးပိတ်တွင် ဦးလေး လိမ်လည်ထားသည်မှာ အမှန် ဖြစ်သောကြောင့် ထောင်ဒဏ် တစ်နှစ် ကျခံစေရန် ကျွန်ုပ်ကိုယ်တိုင် အမိန့်ချလိုက်ရလေတော့၏ ။

ထိုနေ့က ဦးလေးသည် ထောင်ကျသည်ကို ဝမ်းမနည်းပေ ။ ကျွန်ုပ် အမိန့်ချသည်ကို ခံလိုက်ရခြင်း အတွက် မခံချိမခံသာ ဖြစ်နေပုံရ၏ ။ ထို့ကြောင့် ၎င်းက -

“ ငါ့အိမ်မှာ ကပ်ပြီး စားခဲ့တဲ့ကောင်က ငါ့ကို ထောင်တစ်နှစ် ချသတဲ့ ” ဟု မြည်တွန်တောက်တီး သွားလေ၏ ။

အထက်ပါ အဖြစ်အပျက်များ ဖြစ်သွားပြီး တစ်နှစ်ကျော်ကျော်ခန့် ကြာသောအခါ၌ ဦးလေး ထောင်မှ လွတ်လာ၏ ။ ၎င်း၏ ဆေးဆိုးပန်းရိုက်လုပ်ငန်း ပြုတ်သွားလေ၏ ။ ကျွန်ုပ်၏ အဒေါ် နှင့်လည်း အပြီးအပိုင် ကွဲသွားလေ၏ ။ ဦးလေးသည် နေ့ညမပြတ် အရက်သောက်နေသော အရက်သမားကြီး ဖြစ်သွားလေတော့၏ ။ နောင်တွင် အိမ်ကိုပါ ရောင်း၍ ဘုံဆိုင်တွင် သွားရောက်နေထိုင်ကာ အရက်သောက်နေသော ဆိုင်ကျွန် အရက်သမားကြီး ဖြစ်သွားတော့၏ ။

တစ်နေ့တွင် ကျွန်ုပ်သည် ရုံးမှ ကားဖြင့် ပြန်လာရာ မလှမ်းမကမ်းရှိ မြောင်းအတွင်းသို့ လူတစ်ယောက် ဒယီးဒယိုင်ဖြင့် ချော်ကျသွားသည်ကို မြင်လိုက်ရသောကြောင့် ကားကို ရပ်၍ ထိုသူ့ ထံသို့ သွားရောက် ပြီးလျှင် မြောင်းပေါ်သို့ ဆွဲတင်ရလေ၏ ။ ထိုသူ၏ တစ်ကိုယ်တည်းလုံး မျက်နှာပါ မကျန် ရွံ့အမည်းများ ပေကျံနေ၏ ။ ကျွန်ုပ်သည် ကားအတွင်းမှ ရေဖလားကို ယူ၍ ရေအိုင်မှ ရေတစ်ခွက် ခပ်၍ ပေးလိုက်ရာ ထိုသူသည် ထိုရေ ဖြင့်ပင် မျက်နှာသစ် လိုက်လေ၏ ။ ထိုအခါကျမှပင် ထိုသူ၏ မျက်နှာကို သဲသဲကွဲကွဲ မြင်လိုက်ရတော့၏ ။ ထိုအခါ ကျွန်ုပ် စိတ်ထဲတွင် ထောင်းခနဲ ဖြစ်သွား၏ ။

“ ဦးလေးကိုး ... ခင်ဗျား ကျုပ်ကို ပြောထားသော မှတ်မိသေးလား ။ မင်းကတော့ တစ်သက်လုံး မြောင်းထဲမှာ နေရမှာဆို ။ အခုတော့ မြောင်းထဲမှာ နေရတာ ကျုပ် မဟုတ်ဘူး ။ ခင်ဗျား ဖြစ်နေပြီ ။ ကျုပ်သာ လာပြီး မထူရင် ခင်ဗျားဟာ အဲဒီ မြောင်းထဲမှာ အအေးမိပြီး သေသွားမှာ ။ အဲဒါကြောင့် ခင်ဗျားကို ပြောလိုက်ဦးမယ် ။ လူတွေကို စကားကုန် အောင် မပြောနဲ့ဗျ ။ ကိုယ်က အထက်စီး ရတယ် ဆိုပြီး အနိုင်မကျင့်နဲ့ဗျ ။ လူ ဆိုတာ လူ ဆိုတဲ့ အတိုင်း အညွှန့်တလူလူ ရှိကြတာ ချည်းပဲ ” ဟု ဆိုကာ ၎င်းအား ငွေသုံးထောင် ထုတ်၍ ပေးလိုက်လေ၏ ။ ထိုသို့ ပေးပြီးလျှင်

“ ဒီပိုက်ဆံဟာ ... ခင်ဗျား အိမ်မှာ ကျုပ် စားခဲ့တဲ့ ထမင်းဖိုးပဲ ။ အဲဒါကြောင့် နောက်နောင် ... ကျုပ်နဲ့ တွေ့တဲ့အခါ ခင်ဗျား အိမ်မှာ ထမင်း ကပ်စားခဲ့တဲ့ ကောင်လို့ ပြောခွင့် မရှိတော့ဘူး ။ ပြီးတော့ ပြောလိုက်ဦးမယ် ။ ပိတ်အုပ်တွေ လျှော်ရတယ် ၊ မီးပူတိုက်ရတယ် ၊ အဲဒီ လုပ်ခတွေ တောင်းတိုက်ရင် ခင်ဗျား ပေးနိုင်မှာ မဟုတ်လို့ ထောင်ထပ်ကျ သွားဦးမယ် ။ နောက်တစ်ခု သတိထားဖို့ ကတော့ အမှု မဖြစ်အောင်နေ ၊ အမှု ဖြစ်ရင်လည်း ခရိုင်တရားသူကြီး ဦးမိုးသီးရဲ့ ရုံးကို ရောက်အောင်လုပ် ” ဟု မြိန်ရှက်စွာ ပြောလိုက်ရသဖြင့် ကျွန်ုပ်၏ ရင်၌ အနှစ်နှစ်ကာလ အောင့်အည်း၍ ထားရသော “ အောင့်လုံးကြီး ” သည် ဖုတ်ခနဲ ပြုတ်ကျသွားလေတော့သတည်း ။

သဗ္ဗေသတ္တာ ကမ္မဿကာ

▢  မင်းသိင်္ခ
📖 ဖတ်စရာဂျာနယ်
      အမှတ် ( ၂၅ )
      ၅ - ၇ -၂၀၀၅

Sunday, June 15, 2025

ဘီစကွတ်အကျိုး သံပုံး ၂ ပုံး


 

❝ ဘီစကွတ်အကျိုး သံပုံး ၂ ပုံး ❞
          ( မင်းသိင်္ခ )

တစ်နေ့သ၌ ကျွန်ုပ် ထံသို့ အသက် ( ၅၀ ) ကျော် အရွယ်ခန့် ရှိ ဒေါ်အေးလှ ဆိုသည့် မိန်းမကြီး တစ်ဦး ရောက်ရှိ လာလေ၏ ။ ကျွန်ုပ် ကို မြင်လျှင်မြင်ချင်း ဒေါ်အေးလှ က -

“ အမလေး ဆရာရယ် ၊ ရန်ကုန် မြို့ က ပျောက်သွားပြီး ဒီ တောထဲ ဆရာ ရောက်နေတာကိုး ၊ ဆရာ ပျောက်သွား ကတည်းက ကျွန်မ လည်း ဘယ်မှာ မှ ဗေဒင်မမေးဖြစ်တော့ပါဘူး ... ” ဟု အော်ကြီးဟစ်ကျယ် ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က -

“ ခင်ဗျား အခြေအနေလေး ပြောစမ်းပါဦး ... ” ဟု မေး လိုက်လေ၏ ။

ထိုအခါ ဒေါ်လှအေး က -

“ စီးပွားရေး ကို မေးတာလား  ၊ စီးပွားရေး ကတော့ ဇီးရိုးပဲ ဆရာ ရေ ... ” ဟု ပြောလေ၏ ။

“ တခြား အခြေအနေတွေ က ကောဗျာ ... ” ဟု ကျွန်ုပ် က မေး လိုက်ရာ ဒေါ်အေးလှ က -

“ တခြား အခြေအနေတွေ လည်း ဘာ တစ်ခု မှ မကောင်းပါဘူး ရှင် ၊ ကျွန်မယောက်ျားကြီး လည်း ဆုံးသွားပြီ ၊ ၁၅ နှစ် ရှိပြီ ၊ နိုင်ငံခြား ကနေ ငွေပို့ နေတဲ့ ကျွန်မ သား လည်း သေသွားပြီ ၊ ကျွန်မ အခု ... ၊ ညီမ တော်တဲ့ သီလရှင် တစ်ယောက် ဆီ မှာ သွားပြီး နေရ တယ် ။ သင်္ဃန်းကျွန်း က ကျွန်မ တို့ အိမ်ကြီး ကို တော့ ရောင်းမယ်လို့  ဆုံးဖြတ်ပြီး ပွဲစား ဆီ မှာ အပ်ထားတယ် ၊ ဘာလုပ်လို့ ဘာကိုင်ရမယ် မသိလို့  ၊ ဆရာ့ ကို မေးစမ်းပြီး ထွက်လာခဲ့တာပါ ၊ အံ့ရော ဆရာရယ် .. ၊ သူများ တွေက တော ကနေ မြို့ တက်ပြီး ကြီးပွားတယ် ၊ ဆရာ က တော့ မြို့ပေါ် က နေ

တော ကို မရမက ဆင်းသွားတယ် ၊ အံ့ပါရဲ့တော် ... ” ဟု အော်ကြီးဟစ်ကျယ်ပြောလေ၏ ။

“ ကျုပ် အကြောင်းနဲ့ ကျုပ် ဆိုပါ တော့ဗျာ ... ကျုပ် က မြို့ မှာ ထက် တော မှာ နေရတာ ပျော်တယ်ဗျ ” ဟု ပြောလိုက်လျှင် ဒေါ် အေးလှကြီး က -

“ ဟုတ်မှာ ပါလေ ... အဲဒါတွေ ထားစမ်းပါဦး ၊ ကျွန်မ က ဘာဆက် လုပ်ရမလဲ ... ” ဟု မေးလေတော့၏ ။ 

“ ဒီလို စဉ်းစားကြည့်ရအောင် ဒေါ် အေးလှ ရေ ၊ ခင်ဗျား မှာ က စီးပွားရေး ဆိုလို့ လည်း ဘာမှ မရှိ ဘူးဆိုတော့ လေ ဖြစ်သွားပြီ ပေါ့ ၊ ပြီးတော့ ခင်ဗျား ကိုယ်တိုင်လည်း အုပ်ချုပ်ကွတ်ကဲ မယ့် ယောက်ျား လည်း မရှိတော့ဘူး ၊ ငဲ့စောင်းကြည့်ရမယ့် သားလည်း မရှိတော့ဘူး ဆိုတော့ ခင်ဗျား လေ ဖြစ်ပြီး လွတ်လပ်သွားပြီပေါ့ ၊ အဲဒီတော့ ခင်ဗျားဟာ လေနှစ်ထပ် ကျနေတယ် .. ” ဟု ကျွန်ုပ် က ပြောလျှင် ဒေါ်အေးလှ က -

“ ဆရာ ပြောတဲ့ အတိုင်း ဆိုရင် တော့ အေးလှ တို့ ဘဝက လေစကွဲယားပေါ့ .. အဲဒီတော့ ဘာလိုလုပ်ရမလဲ ဆရာ ... ” ဟု မေးပြန် လေ၏ ။ ထိုအခါ ကျွန်ုပ် က -

“ လေ ဖြစ်နေမှာတော့ဗျာ ၊ ငြိမ်ငြိမ် ကို မနေနဲ့ လွင့်နေတာ အကောင်းဆုံးပဲ ၊ သွားချင်ရာတွေ လျှောက်သွား ၊ လည်ချင်ရာတွေ လျှောက်လည် ၊ ကိုယ့် စိတ်ကူးနဲ့ ဘာမှ လျှောက်ပြီး မလုပ်နဲ့  ၊ လေလွင့် နေရင် သူတစ်ပါးတွေ ဆီ က ရတဲ့ အကြံဉာဏ် နဲ့ အလုပ် လုပ်ကြည့်ပါလား ... ” ဟု ကျွန်ုပ် က ပြောလိုက်ရာ ဒေါ်အေးလှ က -

“ အဲဒီလိုလေလွင့် နေဖို့ ကလည်း ငွေလိုတယ် ” ဟု ပြောလေ၏ ။

“ မရှိ ရှိတာလေး ဖြုတ်ရောင်းပြီး ရှိသလောက်နဲ့ လေလွင့်ပေါ့ဗျာ ၊ ဒီအတိုင်းတော့ မလွင့်နဲ့ ဗျာ ၊ မြန်မာပြည်အနှံ့ ဘုရားတွေ လည်း ဖူးရင်း လေလွင့်တာ ပိုကောင်း တယ် .. ” ဟု ကျွန်ုပ် က အကြံပေး လိုက်ရာ ဒေါ်အေးလှ က -

“ အဲဒီလို သွားချင်ရာ သွားလို့ မဖြစ်ဘူး ထင်တယ် ၊ ၅၀ ကျော် သာ ဆိုတယ် ၊ ဒီက အလတ်ကြီး ရှိ သေးတာ ... ” ဟု ဆိုကာ ခန္ဓာကိုယ် ကို ဟိုဘက် ဒီဘက်လှည့် ပြလေ၏ ။ မှန်ပါပေသည် ။ ဒေါ်အေးလှကြီး သည် အသက် ၅၀ ကျော် သာ ဆိုတယ် ရုပ် က မကျသေးပေ ။ ဖြူဖြူချောချောကြီး ဖြစ်၏ ။ ကိုယ်လုံးကိုယ်ထည် မှာ လည်း တောင့်တောင့်တင်းတင်း ရှိသေး၏ ။

“ အဲဒီလို လေလွင့်ရင်း နဲ့ ခင်ဗျား ဘဝ ရဲ့ နေဝင်ချိန် အတွက် အဖော်ကောင်း ဖြစ်မယ်လို့ ယူဆရင်တော့ အပိုင် စည်းရုံးထားလိုက်ပေါ့ဗျာ .. ” ဟု ကျွန်ုပ် က ပြောလိုက်လျှင် ဒေါ်အေးလှ က ရယ်လေ၏ ။ ကျေနပ်အောင် ရယ်ပြီး နောက် -

“ ကိုယ် က မှီခိုရမလား ဆိုပြီး ယူ လိုက်တဲ့ ယောက်ျား က မမှီခိုရမယ့်သူ ဖြစ်နေရင် ဘယ်နဲ့ လုပ်မလဲ ဆရာ .. ” ဟု ပြောလေ၏ ။

“ ဒါကတော့ ကိုယ် မှီခိုရမှာလား ၊ ကိုယ့် ကို မှီခိုရမှာလား ဆိုတာ လေ့လာရမှာ ပေါ့ ... ၊ ဒေါ်အေးလှ က ညံ့တဲ့ သူ မှ မဟုတ်ဘဲ ... ၊ ဒလ ဘက် က ကိုးရွာအုပ် သူကြီးသမီး ပဲ ( ABM ) ကျောင်းမှာ ၁၀ တန်း ထိ ပညာ သင်ခဲ့ဖူးတယ်ဆို ... ” ဟု ကျွန်ုပ် က ပြောလိုက်လျှင် ဒေါ်အေးလှ က -

“ ဆရာ့ အကြံ ကို ကျွန်မ လိုက်နာမယ် ... ၊ ဒီက ပြန်တာနဲ့ နန်းဦးလှိုင်ဘုရားဖူးယာဉ် မှာ လက်မှတ် သွားပြီး ဖြတ်မယ် ... ” ဟု ဆိုကာ ပြန်သွားလေတော့၏ ။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး ၂ ပတ်ခန့် အကြာ၌ ဒေါ်အေးလှကြီး ပြန်၍ ရောက်လာပြန်၏ ။ ဆံပင်အရှည်ကြီး ကို ဂုတ်အထိ ဖြတ်၍ ကောက်ထားသောကြောင့် ကျွန်ုပ် သည် ရုတ်တရက် မမှတ်မိဘဲ ရှိလေ၏ ။ ထို့နောက်တွင် မှ ကျွန်ုပ် က -

“ အလိုလေး ... ဒေါ်အေးလှကြီး ပါလား ၊ ခင်ဗျား အသက် ၅၀ ကျော်တယ် ဆိုတာ ကျိန်ပြောရင် တောင် ယုံဖို့ မရှိတော့ဘူးဗျ ” ဟု ကျွန်ုပ် က ပြောလိုက်လျှင် ဒေါ်အေးလှကြီး က -

“ ဆရာ ပြောတာနဲ့ ကျွန်မ ဖြင့် ရှက်တောင် ရှက်သွားပြီ ... ” ဟု ဆိုကာ မျက်နှာ ကို လက်ဝါး နှစ်ဖက် ဖြင့် အုပ် လိုက်လေ၏ ။ ထိုအခါ ကျွန်ုပ် က -

“ ခင်ဗျား အခြေအနေ ပြောစမ်းပါဦး ... ” ဟု မေး လိုက်လေ၏ ။

“ အခြေအနေ အားလုံး ကောင်းတယ် ဆရာ ၊ ဘုရားဖူး လိုက်သွားတာ တောင်ငူ ရွှေဆံတော် မှာ ဘုရားဖူး နေတုန်း လေဖျန်းသွားလို့ ပါးရွဲ့သွားတယ် ဆရာ ၊ ကံကောင်းတာက ကျွန်မ နဲ့ ခုံချင်း ကပ်လျက် ထိုင်တဲ့ ဘုရားဖူးခရီးသည် အနှိပ်ဆရာ ဖြစ်နေတယ် ။ သူ က သိသိချင်းပဲ သူ့ မှာ ပါတဲ့ စပါးကြီးသည်းခြေတွေ ကိုကျွန်မ ပါးစပ်ထဲ ခွံ့တယ် ။ ပြီးတော့ နေဦးနီ ဆိုတဲ့ ပရုပ်ဆီ နဲ့ ကျွန်မ ကို လိမ်းပေးပြီး နှိပ်ချတယ် ၊ လေဖြတ်တာ မဟုတ်ဘူး လေဖျန်းတာလို့ ကျွန် မကို အားပေးပါတယ် ။ ကျွန်မ ပေါင်ထိပ် က အကြော ၂ ချောင်း ကို လက်မ နဲ့ ကော်ပြီး နှိပ်တော့တာပဲ ၊ ကျွန်မ က ပြန်လှည့်မယ် လုပ်သေးတယ် ။ ဒါပေမဲ့ သူ က မစိုးရိမ်ပါနဲ့ သူ ရှိပါ တယ်တဲ့ ၊ သူ ကူညီပါ့မယ်လို့ ပြောပြီး ခေါ်သွားလို့ ဆက်ပြီး လိုက်သွားရတာ ။ တစ်ကားလုံး မှာ ရှိတဲ့ ခရီးသည်တွေ ကလည်း ကျွန်မ အတွက် စိုးရိမ်ကြပါတယ် ။ မေတ္တာပို့ပေးကြပါတယ် ။ ကျောက်မြောင်း က မိန်းမ တစ်ယောက်ကတော့ အသက်ကြီးပြီး လှချင်လို့တော့ လက်ပြတ်အင်္ကျီဝတ်လာတာ ၊ လေ ထိ သွားတာပေါ့လို့ အတင်း ပြော ပါတယ် ။ ကျွန်မ စိတ်မဆိုးပါ ဘူး ... သူ ပြောတာလည်း မှန်ပါ တယ် ၊ ကျွန်မ ကို နှိပ်ပေးတဲ့ အနှိပ် ဆရာ ရဲ့ နာမည်က ကိုအေးမြင့် တဲ့ ၊ သူ က ဘာပဲပြောသလဲ ဆိုတော့ ၊ နှိပ်ရုံ နဲ့ သက်သာရုံပဲ သက်သာမယ် ၊ မပျောက်နိုင်ဘူးတဲ့ ၊ ဆေး သောက်မှ ပျောက်မှာ တဲ့  ၊ ဝယ်ရမယ့် ဆေးတွေ ကို လည်း သူ က ရေးပေးပါတယ် ၊ ကျွန်မက တောင်ငူမှာ ပဲ အဲဒီဆေးတွေ ပြည့်စုံအောင် ဝယ်ခဲ့ပါတယ် ၊ ထမင်း စားပြီးတိုင်း တစ်မျိုး ကို တစ်နေ့ တစ်လုံး သူ က မှန်မှန် တိုက်ပါတယ် ၊ သူ ရေးပေးတဲ့ ဆေးတွေ က -

( 1 ) PLUVIMIN ပလူဗီမင်
( 2 ) ALINAMIN အလီနမင်
( 3 ) B1 ဘီဝမ်း
( 4 ) B6 ဘီစစ်
( 5 ) B12 ဘီတွဲ

အဲဒီ ဆေးငါးမျိုးပါပဲ ၊ တစ်နေ့ တစ်လုံး မှန်မှန် သောက်လိုက်တာ ၅ ရက် လည်း ကြာရော ပါးရွဲ့တာ လည်း မရှိတော့ဘူး ၊ အကုန်လုံး ပျောက်သွားရော ... အရင်ကမှ သွားရလာရတာ လေးလေးပင်ပင် ရှိသေးတယ် ၊ အဲဒီ ဆေး သောက်ပြီး မှ လူ က ဖက်ရွက်ကလေး လို ပေါ့ နေတာပဲ .. ” ဟု ပြောလေ၏ ။

“ နေစမ်းပါဦးဗျာ ... ၊ ခင်ဗျား အနှိပ်သည် ပေးတဲ့ ဆေးတွေ က မြန်မာဆေး မှ မဟုတ်ဘဲ ၊ အင်္ဂလိပ် ဆေးတွေပဲ ... ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ဒေါ်အေးလှ က -

“ ဆရာကိုအေးမြင့် အင်္ဂလိပ်စာ ကောင်းကောင်း တတ်ပါတယ် ။ ကျောင်းပညာအရည်အချင်း လည်း အင်တာ အထိ နေဖူးပါ တယ် ။ အရင်က ရုံး မှာ လုပ်တယ် ။ အနှိပ်ပညာ ကို ဝါသနာ ပါလို့ ဆရာ ကို ပိုက်ဆံ ပူဇော်ပြီး သင်ယူခဲ့တာ ။ ပြီးတော့မှ ရုံး က ထွက်ပြီး အနှိပ်ဆရာ လုပ်နေတာ ။ ထိုက်သင့် သလောက် အင်္ဂလိပ်ဆေး ဗဟုသုတ လည်း ရှိပါတယ် ။ တိုတို ပဲ ပြောတော့မယ် ဆရာ ရယ် ။ ကိုအေးမြင့် ဟာ ဘုရားဖူးခရီး တစ်လျှောက်လုံး ကျွန်မ ကို ပြုစုတယ် ။ နည်းနည်းလေး ခေါင်းမူး တယ် ဆိုတာ နဲ့ ဇက်ကြော ဆွဲပေးတယ် ။ ခရီးဝေးလို့ ကျောတောင့်တယ် ဆိုတာ နဲ့ ကျွန်မ ရဲ့ ကျောကုန်းဘေး နှစ်ဖက် တောင့် နေတဲ့ အကြောကြီး နှစ်ချောင်း ကို သူ့ ရဲ့ လက်မ နဲ့ ထိုးပြီး ချေပေး တယ် ။ ဘုရားတက် ဖူးလို့ ခြေထောက် ညောင်းရင် ညို့သကျီး ဘေး က အကြော ကို ပရုပ်ဆီ နဲ့ ဆွဲချ ပေးတယ် ၊ သူ့ ရဲ့ ပရုပ်ဆီ မှာ ကလည်း အမြဲလိုလို အမွှေးနံ့သာ တွေ ထည့်ထားတော့ သူ့ လက်နှစ်ဖက် ဟာ အမြဲ မွှေးနေပါတယ် ။ ဒါကြောင့် ကိုအေးမြင့် ရဲ့ လက်ကို ကျွန်မ ကရမတ်သား ရွှေလက်ဖျား လို့ အမည် ပေးထားပါ တယ် ။ တိုတိုပဲ ပြောမယ် ဆရာရယ် ။ ကရမက်သားရွှေလက်ဖျား ဟာ တက် နေတဲ့ ကျွန်မ ရဲ့ ဇက်ကြောတွေ ၊ ခြေသလုံးကြောတွေ ကနေ တစ်ဆင့် နှလုံးသားစောင်းကြိုး ကို တီးခတ်တော့ တာပဲရှင် ... ၊ ကျွန်မ ရဲ့ စိတ် ဟာ လည်း ယောက်ျား သေတာ ၁၅ နှစ် ရှိပြီ ဆိုတော့ ၁၅ နှစ် အရွယ် ကောင်မလေး လို နုပျို လတ်ဆတ် နေပြီလေ ။ အဲဒီတော့ တိုတို ပြောမယ် ဆရာ ရယ် ... မန္တလေး လည်း ရောက်ရော ချမ်းမြသာစည် တရားရုံး မှာ တက်ပြီး ဂွတ်မဲရစ် လုပ်လိုက်တော့တယ် ။ ပြီးတော့ ကားပေါ်မှာ ပါတဲ့ ဘုရားဖူးတွေ အားလုံး ကို ဧရာဝတီရှုခင်းဟော်တယ် မှာ ညနေစာ လိုက်ကျွေးတယ် ။ သင်္ဃန်းကျွန်း က ကျွန်မတို့ အိမ်ကြီး လည်း ရောင်းလို့ ထွက်သွားပြီ ။ ရွှေပြည်သာ မှာ အိမ် တစ်လုံး ဝယ် လိုက်တယ် ။ ဆိုင်ခန်း တစ်ခန်း ဝယ်လိုက်တယ် ။ အဲဒီမှာ ကျွန်မ က အင်္ဂလိပ်ဆေးမျိုးစုံ ရောင်းတယ် ။ ကိုအေးမြင့်က ရောဂါကုတဲ့ အနှိပ်ခန်း ဖွင့်ထားတယ် ။ တိုတိုပဲ ပြောမယ် ဆရာရယ် ၊ ကိုအေးမြင့် ဟာ ရောဂါကုတဲ့ သူ မလာရင် ကျွန်မ ကို နှိပ်တယ် ။ အခုမှ ကျွန်မ အတွက် အဖော်ကောင်း ရတော့ တယ် ။ အဲဒါလည်း ဆရာ့ ကျေးဇူးပါပဲ ... ”

“ ဒေါ်အေးလှ က ခင်ဗျား ဘဝဟာ လေစကွဲယား ကျနေတယ် ”

“ အဲဒီတော့ လွင့်တော့လို့ ပြော လို့ ကရမတ်သား ရွှေလက်ဖျား နဲ့ တွေ့ရတာ ၊ အဲဒါကြောင့် ဆရာ့ ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဘီစကွက်စက်ရုံ က ဘီစကွက်အကျိုး သံပုံး ၂ ပုံး သွားဝယ် လာပြီး ကန်တော့ခဲ့တာပါ ။ ဘီစကွတ် ဟာ ဘီစကွတ်ပါပဲ ဆရာ ရယ် ၊ ကျိုး သွားလည်း အရသာ မပြောင်းပါ ဘူး ၊ မကျိုးဘူးဘဲ ထားဦး ၊ ပါးစပ် ထဲ ထည့်ပြီး ဝါး လိုက်ရင် ကျိုးကြေ သွားမှာ ပါ ... ” ဟု ပြောကာ ကျွန်ုပ် အား ဘီစကွတ်အ ကျိုး သံပုံး၂ ပုံး ကို ပေး၍ ဒေါ်အေးလှကြီး သည် မြီးကောင်ပေါက်မလေး သဖွယ် ကြွတကြွတ ဖြင့် လျှောက်ကာ ထွက်သွားပေတော့သတည်း ။

သဗ္ဗေသတ္တာ ကမ္မဿကာ

▢  မင်းသိင်္ခ
📖 ဖတ်စရာ ဝတ္ထုတိုများ

Wednesday, May 28, 2025

မိတ်ဆွေ ... ရေနွေးကြမ်းရောင်း သမားကြီး


 

❝ မိတ်ဆွေ ... ရေနွေးကြမ်းရောင်း သမားကြီး ❞ 
             ( မင်းသိင်္ခ )

ကျွန်ုပ် သည် နေ့စဉ်နေ့တိုင်း ဆိုသလို ကန်တော်ကြီး ဘေးမှ ပတ်ကာ ဗဟန်း ( ၃ ) လမ်း သို့ သွားရလေ၏ ။ ထိုအချိန် က ကျွန်ုပ် သည် ဗဟန်း ၃ လမ်း ရှိ စိန်ကုန်သည် ပန်းထိမ်ဆရာကြီး တစ် ဦး၏ တိုက်အသစ် ကို အတွင်းအပြင် ဆေးသုတ်ရန် အတွက် ကန်ထရိုက် ယူထားရလေ၏ ။ ထို့ကြောင့် ကန်တော်ကြီး ဘေး မှ ပတ် ကာ ဗဟန်း ၃ လမ်း သို့ နေ့စဉ် နေ့တိုင်း သွားရလေ၏ ။ ထိုသို့ သွားစဉ် ယခု ပန်းကန်လုံးကျွန်း ဟု ဆိုသော နေရာသို့ ရောက်သော အခါ၌ ပဲမုန့် ၊ ကော်ပြန့်ကြော် စသော စားသောက်ဖွယ်ရာများ ရောင်းသော တရုတ်ကြီး ထံ တွင် ဝင်၍ ပဲမုန့် နှင့် ရေနွေးကြမ်း တစ်ကရား ကို မှာယူ သောက်သုံးလေ့ ရှိလေ၏ ။

ထိုတရုတ်ကြီး ရောင်းသော ပဲမုန့် မှာ မချိုပေ ။ အနည်းငယ် ငန်၏ ။ ထို့ကြောင့် ကျွန်ုပ် က -

“ ပေါက်ဖော်ကြီး ... ခင်ဗျား မုန့် က မချိုဘူးဗျ ။ ငန်တယ် ” ဟု ပြောရာ မုန့်ရောင်းသော ပေါက်ဖော်ကြီး က -

“ ကျုပ် မုန့် က အချို လုပ်တာ မဟုတ်ဘူး အငန် လုပ်တာ ၊ ရေနွေးကြမ်း နဲ့ မြည်းဖို့ ဆိုတော့ အချို က သိပ် မကောင်းဘူး ၊ အငန် က ကောင်းတာ ၊ ကျုပ် က ခင်ဗျား တို့ကို မုန့် ရောင်းချင်တာ မဟုတ်ဘူး  ၊ ရေနွေးကြမ်း ရောင်းချင်တာ ၊ ခင်ဗျားတို့ ကို ရေနွေးကြမ်း သောက်စေချင်တာပါ ၊ ကျုပ် က ရေနွေးကြမ်း ကို အထူး ဂရုတစိုက် သောက်စေချင်တာပါ ။ ကျုပ် လည်း ရေနွေးကြမ်း ကို အထူး ဂရုတစိုက် လုပ်ထားတာ ၊ ရေနွေးကြမ်း ကို လည်း ဖြစ်သလို လုပ်တာ မဟုတ်ဘူး  ။ ကျုပ် အိမ် ဘေးမှာ စမ်းချောင်းကလေး ရှိတယ် ။ အဲဒီ စမ်းချောင်း ကို ကျောက်တုံးကြီးတွေ နဲ့ ကျုပ် က ပိတ်ဆို့ပြီး အဲဒီ ကျောက်တုံးကြီး က စိမ့်ပြီး ထွက်လာတဲ့ ရေ ကို တစ် ညလုံး စစ်ပြီး ခံထားရတာ ။ အဲဒီ ရေ နဲ့ ကျိုတဲ့ ရေနွေးကြမ်း ။ ပြီးတော့ လက်ဖက်ခြောက် ကို လည်း အရမ်း မသုံးဘူး ။ ‘ ပီမော်ကောင်း ’ လို့ ခေါ်တဲ့ မျောက်ဖြူ တံဆိပ် လက်ဖက်ခြောက် အစစ် နဲ့ သုံးတာ ” ပြောလေ၏ ။

“ ဒါပေမဲ့ ခင်ဗျား ရဲ့ ကရားလေး က သေးတယ်ဗျာ ။ ပန်းကန်လုံးလေးတွေ ကလည်း သေးလိုက်တာ မပြောပါနဲ့ တော့ ” ဟု ပြောရာ ဆိုင်ရှင် ပေါက်ဖော်ကြီး က -

“ ရေနွေးကြမ်း ကောင်းကောင်း ကို သောက်တဲ့ အခါ မှာ ဗုံးပေါလအော သောက်လို့ ကောင်းဘူး ။ နည်းနည်းချင်း အရသာခံ သောက်ရတယ် ။ ရေနွေးကြမ်း လို့ သဘော မထားဘူး ။ ‘ ရွှေရည် ’ လို့ သဘောထားပြီး သောက်စမ်းပါ ။ တန်ဖိုး ထားစမ်းပါ ။ ပန်းကန်ကလေး သေးသေးလေး နဲ့ အရသာခံ ပြီး သောက်စမ်း ပါ ။ ဉာဏ်ပွင့်မယ် ၊ စိတ်အေးချမ်းမယ် ၊ စိတ်ကူးကောင်းတွေ ပေါ်မယ် ။ ရေနွေးကြမ်း ကောင်းကောင်း သောက်တတ်တဲ့ အကျင့် ကို လေ့ကျင့်စမ်းပါဗျာ ” ဟု ၎င်း က ပြောလေ ၏ ။

ကျွန်ုပ် သည် ထို တရုတ်ကြီး နှင့် ခင်၍ သွားလေ၏ ။ ကျွန်ုပ် ကဲ့သို့ ၎င်း အား ခင်မင်သော ဖောက်သည်များ လည်း များစွာ ရှိလေ၏ ။ သူ သည် လွန်စွာ ကြီးမားသော သံအိုးကြီး ဖြင့် ရေနွေးကြမ်း ကို ကျိုလေ့ ရှိ၏ ။ ထို့ကြောင့် ကျွန်ုပ်တို့ က ‘ သံအိုး ကြီး ’ ရေနွေးကြမ်းဆိုင် ဟု ခေါ်လေ၏ ။ ကျွန်ုပ် ရောက်သွားသော အခါတိုင်း ၎င်း က ကျွန်ုပ် အား မိုးပြာရောင် ရေနွေးကရားလေး ချ ပေးလေ့ရှိ၏ ။ ကျွန်ုပ် ကို လည်း ၎င်း က ‘ ကိုမိုးပြာ ’ ဟု ခေါ်၏ ။

လူ ရှင်း၍ အားလပ်သော အခါ၌ သံအိုးကြီး က ပုံပြင် အတိုကလေး များ ပြောပြတတ်လေ၏ ။ ၎င်း ၏ ပုံပြင်ကလေးများ မှာ ရယ်စရာ ကောင်း၏ ။ မှတ်သားစရာ လည်း ကောင်းလေ၏ ။ တစ်ခါတွင် ကျွန်ုပ် က -

“ ခင်ဗျား ဒီနေရာ မှာ ဘာဖြစ်လို့ ရောင်းတာလဲ ” ဟု  မေးရာ ၎င်း က -

“ ကျုပ်ရဲ့ ရေနွေးကြမ်း ကို သောက်ရင်း ပန်း ကို ကြည့်လို့ ရအောင် ဒီနေရာ မှာ ရောင်း တာ ” ဟု ပြန်၍ ဖြေလေ၏ ။ ထိုအခါ ကျွန်ုပ် က -

“ ဘယ်မှာ ပန်း ရှိလို့ လဲ ။ ဟိုနား မှာ စက္ကူပန်းရုံကလေး တစ်ရုံ ပဲ ရှိ တာ ၊ ဒီ စက္ကူပန်းမျိုး ကတော့ ဗျာ ၊ ကျုပ် အိမ် ကို လိုက်ခဲ့စမ်းပါ ။ အိမ် ဘေး မှာ တောထ နေလို့ ခုတ် တောင် ပစ်နေရတယ် ” ဟု ပြောလိုက်လျှင် သူ က ပြုံးလေ၏ ။

သူ ၏ အပြုံး သည် နှစ်လိုဖွယ်ရာ ကောင်း၏ ။ သူ ၏ အပြုံး တွင် အဓိပ္ပာယ်များ စွာ နစ်မြုပ် နေ၏ ။ ကျေနပ်ခြင်း ကို လည်း ဖော်ပြနေ၏ ။

သူ ၏ အပြုံး သည် တစ်ဖက်လူ ကို အားပေး သလို ရှိ သကဲ့သို့ ရှုတ်ချ သကဲ့လည်း ဖြစ်နေတတ်၏ ။ အမျိုးပေါင်း များစွာ ပါဝင်နေသည် ဟု ဆိုနိုင်၏ ။ သူ သည် ကျေနပ်အောင် ပြုံးပြီး နောက် ကျွန်ုပ် အား -

“ ကိုမိုးပြာ ကလည်း ဗျာ ပန်းပင် ပွင့်တာ ကို မှ ပန်း လို့ ထင်နေတာ ကိုး ။ မျက်စိ ထဲ မှာ ကြည့်လို့ အရသာ ရှိတာ မှန်သမျှ ပန်း လို့ ယူ လိုက်စမ်းပါဗျာ ။ ဟောဟို သစ်ပင် မည်းမည်းခြောက်ခြောက်ကြီး ဟာ အရွက်တွေ တစ်ခု မှ မရှိဘူး ။ အကိုင်းတွေ ရှုပ် နေတာပဲ ။ မိုးပြာရောင် နောက်ခံ မှာ ဘယ်လောက် ကြည့် လို့ ကောင်းလိုက်သလဲ ။ အဲဒါလည်း ပန်း ပဲပေါ့ဗျာ ။ သစ်ကိုင်းခြောက်ပန်း လို့ ခေါ်လိုက်ပေါ့ ။ ရေ ထဲ မှာ ကျနေတဲ့ သူ့ အရိပ် က လည်း ကြည့်လို့ ကောင်းတယ် ။ လှုပ်နေတယ် ။ အဲဒါ အရိပ်ပန်း ပေါ့ဗျာ ။ ပြီးတော့ ဟောဟို ရေစပ် က ကျောက်တုံး မည်းမည်းကြီး က ရော ကြည့်လို့ မကောင်းဘူးလား ဗျာ ၊ ကျောက်တုံးပန်း ပေါ့ဗျာ ။ သူ့ ဘေးနား မှာ လုံချည်အဝါ ဝတ်ပြီး အဝတ်လျှော် နေတဲ့ ကု,လားမ က လည်း ကြည့်လို့ ကောင်းတာပဲ ။ သူ့ အသားအရောင် မည်းမ ည်းနဲ့ အဝါ နဲ့ ဘယ် လောက် ကြည့်လို့ ကောင်းသလဲ ၊ ကုလားမပန်း ပေါ့ ဗျာ ။ ပန်းချီဆရာ တစ်ယောက် သာ ဆိုရင် အဲဒီ အရောင်အသွေးတွေ ၊ အဲဒီ ပုံစံတွေ ကို မလွတ်အောင် ရေးယူမှာ ပဲ ။ ကိုမိုးပြာ ရဲ့ မျက်စိ ကတော့ ညံ့ပါ တယ်ဗျာ ။ ပန်းပင်ပွင့် မှ ပဲ ပန်း လို့ ထင်နေတာကိုး ။ အဲဒီတော့ ခင်ဗျား အတွက် ပန်း ဟာ ရှားတာပေါ့ ။ ကျုပ်တို့ လို ကြည့်တတ်တဲ့ လူ အဖို့ တော့ ပန်း ဟာ ပေါပါတယ် ဗျ ။ နေရာတိုင်း မှာ ပန်း ကို တွေ့နိုင်တယ် ။ အဲဒီလို တွေ့နိုင်အောင် လည်း လုပ် ယူလို့ မရဘူးဗျ ။ နှလုံးသား က သိမ်မွေ့ မှ ဖြစ်တဲ့ကိစ္စမျိုး ” ဟု ကျွန်ုပ် အား ပြောလေတော့၏ ။

ကျွန်ုပ် သည် သံအိုးကြီး နှင့် လွန်စွာ ရင်းနှီးခဲ့ပြီ ဖြစ်သည် ။ တစ်လခန့် ကြာသောအခါ၌ သံအိုးကြီး သည် ထိုနေရာ တွင် မရှိတော့ ပေ ။ နေရာ ပြောင်းသွားပြီ ဖြစ်၏ ။

သူ သည် တိရစ္ဆာန်ရုံ အနီး ခရစ်ယာန်သင်္ချိုင်းကလေး ရှေ့တွင် သူ ၏ ရေနွေးကြမ်း နှင့် မုန့် ကို သွား ၍ ရောင်းလေ၏ ။ ကျွန်ုပ် သည် ထိုနေရာ သို့ သွား၍ သောက် ရလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က -

“ သံအိုးကြီး .... ဘာဖြစ်လို့ ဒီနေရာ ကို ရွှေ့လာတာလဲ ” ဟု မေး ရာ ၎င်း က -

“ ဟိုနေရာ က ပန်းတွေ ကြည့်ရ တာ ရိုးသွားလို့ ဒီနေရာ က ပန်းတွေ လာကြည့်တာ ” ဟု ပြောလေ၏ ။

“ ဒီနေရာ က ပန်းတွေ အကြောင်း ရှင်းပြပါဦး ” ဟု ကျွန်ုပ် က မေးလိုက်ရာ သံအိုးကြီး က -

“ ဟောဟို ကို လှမ်း ကြည့်စမ်း ။ မန်ကျည်းပင်တန်းကလေး အောက် မှာ မြေနီလမ်းကလေး ဗျ ။ မန်ကျည်းပင် အရိပ်တွေ က ပြောက်တိပြောက်ကျား ကျနေတယ် ။ အရိပ်ကျ နေတဲ့ နေရာ က မြေနီတွေ က အနီရောင် မဟုတ် တော့ဘူးဗျ ။ ခရမ်းရောင် အဖြစ် ပြောင်းနေတယ် ။ ဘယ်လောက် လှ သလဲဗျာ ။ အဲဒါကို ကြည့်ရင်း ကျုပ် ရဲ့ ရေနွေးကြမ်း ကို အရသာ ခံ ရင်း သောက်စမ်းပါဗျာ ။ ခင်ဗျား ဟာ ပန်း ကို လည်း ချစ်တတ်သွားမယ် ။ ရေနွေးကြမ်း ကို လည်း ချစ်တတ်သွားမယ် ။ ရေနွေးကြမ်း ကို လည်း စွဲသွားမယ် ။ ရေနွေးကြမ်း စွဲတဲ့ လူ ရဲ့ စိတ်ဓာတ် ဟာ အတော် ရင့်ကျက်တဲ့ စိတ်ဓာတ် ။

ကျုပ် မှာ သား တစ်ယောက် ရှိတယ် ။ သူ့ နာမည် က ‘ ကောက်တွဲ ’ တဲ့ ။ ရေနွေးကြမ်း သောက် တတ်အောင် သင်လို့ ကို မရပါဘူး ဗျာ ။ ဆိုးလိုက်တာ လည်း လွန်ပါရော ။ အခုတော့ လိမ်လည်မှု နဲ့ ထောင် ထဲ ရောက်သွားပြီ ။ သူ့ အောက် အငယ်ကောင် ရှိသေးတယ် ။ ‘ ကောင်ပု ’ လို့ ခေါ်တယ် ။ သူ က တော့ ရေနွေးကြမ်း ကြိုက်တယ် ။ သူ က ကျုပ် ကို အများကြီး အကူအညီ ပေးတယ် ။ ကျောက်ကြား ထဲ က ထွက်လာတဲ့ ရေ ကို မနက် ရေနွေးကြမ်း ရောင်းဖို့ အတွက် သူ က တစ်ညလုံး ခံပေးတယ် ။

ပြီးတော့ ဟောဒီ ဈေးလှည်း ကို ဒီအရောက် တွန်းပို့ ပေးတယ် ။ ပဲမုန့်တွေ ၊ ကော်ပြန့်တွေ လည်း သူ ပဲ လုပ်ပေးတယ် ။ သူ ကတော့ အတော် ကောင်းတဲ့ လူ ပဲ ။ ဒါပေမဲ့ လက်သမားပညာ သင်ဖို့ မြစ်ကြီးနား က လက်သမားဆရာ အိမ် ကို ပို့ထား လိုက်ရပြီ ။ သူ က မြစ်ဆုံ က ရေ ကို ခပ်ပြီး ဆရာ ကို ရေနွေးကြမ်း ကျို တိုက်တယ် ။ အဲဒီက ငါး ကို ဖမ်းပြီး ဆရာ ကို ကင် ကျွေးတယ် ။ ဆရာ က အတော်ပဲ ချစ်ပါတယ် ။ လက်သမားပညာ လည်း အတော် တတ်နေပြီ ။ သစ်သား နဲ့ ရေ ထည့် တဲ့ စည် တောင် လုပ်တတ် နေပြီ ။ ဘာပဲဖြစ်ဖြစ် သူ ဟာ လက်သမားဆရာကြီး ဖြစ်သွားမှာ ပါ ။ အခု ခင်ဗျား ထိုင် နေတဲ့ ခွေးခြေပုကလေး ဟာ ပြီးခဲ့တဲ့ လ က သူလုပ်ပြီး .. ပို့လိုက်တာပါ ” ဟု ပြောလေ၏ ။

သံအိုးကြီး သည် ကျွန်ုပ် နှင့် လွန်စွာ ရင်းနှီးသွားပြီ ဖြစ်၏ ။ သူ သည် ငါးထပ်ကြီးဘုရား ၏ အနောက်ဘက် ပန်းစိုက်သော သူများ နေသည့် ပန်းခင်းများ အနီး တွင် နေသည် ဟု သိရ၏ ။

တစ်နေ့တွင် သံအိုးကြီး ဆိုင် မထွက်သဖြင့် စုံစမ်းကြည့်ရာ အသည်းအသန် နေမကောင်း ဖြစ်နေသည် ဟု သိရသောကြောင့် သူ ၏ နေအိမ် သို့ လိုက်သွားမိလေ၏ ။ သူ ၏ အိမ် မှာ တဲအိမ်ကြီး တစ်အိမ် ဖြစ်၏ ။ သူ ၏ အိမ်ဘေး တွင် စမ်းချောင်းကလေး ရှိ၏ ။ သူ့ စမ်းချောင်းကလေး ကို ကြည့်လိုက်သောအခါ သူ ပြောသကဲ့သို့ ပင် စမ်းချောင်းရေ ကို ကျောက်တုံးများ ဖြင့် ဆို့ပိတ်ထားသည် ကို တွေ့ရလေ၏ ။ သူ ၏ တဲ တွင် ကျွန်ုပ် ကဲ့သို့ ရေနွေးကြမ်း ဖောက်သည် များ ရောက်နေသည် ကို တွေ့ရ ၏ ။ တဲ အဝင်အဝ တွင် မြေဖြူ နှင့် ရေးထားသော အောက်ပါ စာ ကိုလည်း တွေ့ရလေ၏ ။

မိတ်ဆွေများ သောက်ဖို့ ရေနွေးကြမ်း တည်ထားပါတယ် ။

ပဲမုန့် အငန်တွေ လည်း လုပ်ထားပါတယ် ။

သုံးဆောင်ကြပါ ။ သံအိုးကြီး က တော့ ပန်းအလှတွေ ကို ကြည့် လို့ ဝလို့ လောကကြီး က အပြီး ထွက်သွားခဲ့ပါပြီ ။

ရေနွေးကြမ်း ကောင်းကောင်း သောက်ပြီး ပန်းအလှများ ကြည့်တတ်ကြပါစေ ။

သင်တို့ ၏
ရေနွေးကြမ်း မိတ်ဆွေ
သံအိုးကြီး

ကျွန်ုပ် သည် ထို စာကို ဖတ်ပြီး နောက် စိတ်ညစ် သွား၏ ။ သို့သော် ကရား တစ်လုံး ယူ၍ ရေနွေးကြမ်း ဖြည့် ကာ ရေနွေးကြမ်း တစ်ခွက် သောက် လိုက်လေ၏ ။ ထိုအချိန်၌ သံအိုးကြီး ၏ အိမ်နီးချင်း ပန်းစိုက် သမားတစ်ဦး က -

“ သူ့ မှာ က နှလုံးရောဂါ အခံ ရှိတယ် ။ ည က ရောဂါသည်းတယ် ။ ကျုပ် က သနား လို့ လာပြီး ဆရာဝန် ခေါ်ပေးမယ် လုပ်တော့ သူ က မခေါ်နဲ့ တဲ့ ။ စမ်းချောင်း ထဲ က ရေ သွားခပ်တဲ့ ။ ပြီးတော့ သံအိုးကြီး ထဲကို ထည့်ခိုင်းတယ် ။ မီးမွှေးပြီး ရေနွေးအိုး တည်ခိုင်းတယ် ။ ဒီ အိုးကြီး က တစ်ညလုံး တည်ထားတာ ။ ပဲမုန့်အငန် လုပ်ချင်တယ်တဲ့ ။

သူ့ အနား ကို ပစ္စည်းတွေ ယူခိုင်း လို့ ကျုပ် က ယူပေးရတယ် ။ သူ ပဲ မုန့်တွေ လုပ်တယ် ။ ပြီးတော့ လိမ္မော်ရောင် ဗုဒ္ဓသရဏံ ပန်းပင်တွေ နား ကို သူ့ ကို ပို့ခိုင်းတယ် ။ ကျုပ် က ပွေ့ပြီး ပို့ ပေးလိုက်တယ် ။ အဲဒီမှာ လိမ္မော်ရောင် ဗုဒ္ဓံသရဏံပန်းတွေ ကို ကြည့်ပြီး ဘုရားရှိခိုးတယ် ။ ပြီးတော့ သင်ပုန်း ယူခိုင်းပြီး မြေဖြူခဲ နဲ့ ဟောဟိုက စာ ကို ရေးတော့တာပဲ ။ ရေနွေးကြမ်း အမြဲ သောက်ဖို့ လည်း ပြောပြပါတဲ့  ။ အဲဒါ မောင်ရင့် ကို ပြောတာ ဖြစ်မှာပဲ ” ဟု ဆိုကာ ထို ပန်းစိုက်သမားကြီး သည် ကျွန်ုပ် အား မိုးပြာရောင် ရေနွေးကရားလေး ယူ၍ ပေးလိုက်လေ၏ ။ ထိုသို့ ပေးပြီးနောက် -

“ ဗုဒ္ဓံသရဏံ ပန်းပင်တွေ ကြား ထဲ မှာ ပဲ ပေါက်ဖော်ကြီး ဟာ ‘ ဗုဒ္ဓံသရဏံဂစ္ဆာမိ ’ လို့ ဆိုရင်း အသက်ပျောက် သွားရှာတယ် ” ဟု ပြောလိုက်လေ၏ ။

ထိုအခါ၌ ကျွန်ုပ် ၏ မျက်လုံးအိမ် မှာ မျက်ရည်နှစ်ပေါက် သည် လှိမ့်၍ ထွက် လာပြီးလျှင် ပါးပြင် ပေါ်သို့ စီးဆင်းကာ ပါးပြင် ပေါ် မှ တစ်ဆင့် မဟာပထဝီ မြေကြီး ပေါ်သို့ ဒေါက်ခနဲ ဒေါက်ခနဲ ကျသွားလေတော့၏ ။

ထိုအချိန်မှ စ၍ ကျွန်ုပ် ၏ မာကြောလှသော နှလုံးသားများ လည်း နူးညံ့သိမ်မွေ့ သွားပြီ ဖြစ်၏ ။ ထို့အတူ ရေနွေးကြမ်း သောက်ခြင်း ကို လည်း စွဲ၍ သွားပြီ ဖြစ်လေတော့သတည်း ။

သဗ္ဗေသတ္တာ ကမ္မဿကာ

▣  မင်းသိင်္ခ
📖 ဖတ်စရာ ဂျာနယ်
      အမှတ် ( ၂၁ )
      ၇ - ၆ - ၂၀၀၅

Friday, January 24, 2025

ဖြေဖို့ စိတ်မကူးနဲ့

 ❝ ဖြေဖို့ စိတ်မကူးနဲ့ ❞

       ( မင်းသိင်္ခ )


တစ်နေ့သ၌ မှော်ဘီမြို့စွန် ရှိ ကျွန်ုပ် ၏ အယူတော်မင်္ဂလာခြံ သို့ အသက် ( ၁၃ ) နှစ် ကျော် ၊ ( ၁၄ ) နှစ်ခန့် ရှိ သူငယ်မလေး တစ်ဦး ရောက်ရှိ လာလေ၏ ။ ထို သူငယ်မလေး မွေးကင်းစ အရွယ် က ပင် ကျွန်ုပ် အပါအဝင် အိမ်နီးချင်းများ က ထိန်းခဲ့ရ၏ ။ ထို သူငယ်မလေး သည် ထိုအချိန် က လွန်စွာ အငို သန်၏ ။ အငို သန်ရုံမျှ မက တအီအီ လည်း အော် နေတတ်၏ ။ လွန်စွာ မှ ထိန်းရချော့ရ ခက်လေ၏ ။ ထို့ကြောင့် ကျွန်ုပ်တို့ အိမ်နီးချင်း အားလုံး က ထိုကလေး အား “ အီ ” သည် ကို အကြောင်းပြု၍ “ အီတလီမ ” ဟု နောက်ပြောင်၍ ခေါ်ကြကုန်၏ ။


ထို အီတလီမလေး သည် ငယ်စဉ်က ပင် မိဘမဲ့ သွားသောကြောင့် ခရစ်ယာန်သီလရှင်ကြီး တစ်ပါး က မွေးစားခဲ့ရလေ၏ ။ ယခုအခါ ထို ကလေးသည် ( ၁၃ ) နှစ် ၊ ( ၁၄ ) နှစ် အရွယ် မိန်းကလေး တစ်ဦး ဖြစ်၍ နေပေပြီ ။ သူ သည် ကျွန်ုပ် ကို တွေ့လျှင် တွေ့ချင်း .. 


“ ဂွတ်ဒ်မောနင်း ... ” ဟု နှုတ်ဆက်လေ၏ ။ 


ကျွန်ုပ် က လည်း .. 


“ မောနင်း ... မောနင်း ... ” ဟု ပြန်၍ နှုတ်ဆက်မိလေ၏ ။ ထို့နောက် အီတလီမ က ကျွန်ုပ် အတွက် မြောင်းမြမုန့်ဟင်းခါး ဝယ်လာခဲ့ကြောင်း ပြောကာ ဟင်းရည် ထည့်ထားသော ချိုင့် နှင့် မုန့်ဖတ် ထည့်ထားသော ပလတ်စတစ်ထုပ် ကို ကျွန်ုပ် အား ပေးလေ၏ ။ ကျွန်ုပ် လည်း ထို မုန့်ဟင်းခါး ကို မြိန်ရေရှက်ရေ စား သောက်ခဲ့လေ၏ ။ 


ထို့ကြောင့် အီတလီမ က ... 


“ အဘ က မုန့်ဟင်းခါး သိပ် ကြိုက်တာကိုး ... သမီး လာတိုင်း ဝယ်ခဲ့ပါမယ် ... ” ဟု ပြော လေ၏ ။ 


“ ကောင်းတာပေါ့ အီတလီမ ရယ် ... ၊ ငါ က အောက်ပိုင်းသေ သလို ဖြစ်နေလို့ ရန်ကုန်မြို့ ထဲ ကို သိပ် မရောက်တော့ပါဘူး ... ၊ အဲဒီလို ဝယ်ခဲ့ရင်တော့ စားရတာပေါ့ကွယ် ... ” ဟု ကျွန်ုပ် က ပြောလိုက်လျှင် ...


အီတလီမ က ......


“ စိတ်ချ အဘ  ၊ သမီး တကယ် ဝယ်ခဲ့မှာပါ ... ၊ ဒီကို ရောက်ဖြစ် တဲ့ အခါတိုင်း ပါရပါစေ့မယ် မရောက်ရင် တော့ မပြောတတ်ဘူး အဘရေ ... ” ဟု ပြောလေ၏ ။ 


“ မင်းတို့ စတိုးဆိုင် က တစ်ပတ် ကို တစ်ရက် မင်းတို့ ကို အနားပေးတာပဲ ... ၊ ဒီကို မလာဘဲ တခြား ကို ဘယ်သူနဲ့ သွားစရာ ရှိသေးလို့ လဲ ... ” ဟု ကျွန်ုပ် က မေး လိုက်ရာ


အီတလီမ က .......


“ အိုးဂေါ့ဒ်  ၊ အိုးစွပ်မစား ခွပ်စွပ်မစား အဘ ရယ် ... ၊ ဘယ်သူနဲ့ မှ သွားစရာမရှိပါဘူး အဝတ်အစားတွေ လျှော်ရမယ် ၊ “ ရှော့ပင်း ” ထွက်ရမယ့် ကိစ္စတွေ ရှိ ရင်တော့ အဘ ဆီ ကို မရောက် ဖြစ်တော့ဘူးပေါ့ ... ” ဟု ပြုံးပြုံးကလေး ဖြင့် ပြန်၍ ဖြေလေ၏ ။ 


“ ( ၁၈ ) နှစ် မပြည့်ဘဲနဲ့တော့ ယောက်ျား နောက် လိုက် မပြေးနဲ့ နော်  ၊ မှတ်ပုံတင်လေး ဘာလေး လုပ်ထားဦး  ၊ မှတ်ပုံတင် မရှိဘဲနဲ့ ရုံး မှာ လက်ထပ်လို့ မရ ဘူး ... ” ဟု ကျွန်ုပ် က နောက်ပြောင် ပြောရင်း ရယ်မော လိုက် လေ၏ ။

အီတလီမ သည် တစ်စုံတစ်ရာ ပြန် မပြောဘဲ ပြုံးရုံ သာ ပြုံးနေ လေ၏ ။ ထို့ကြောင့် ကျွန်ုပ် က ...


“ ဟဲ့ ... အီတလီမ ၊ နင့် ကို ကြည့်ရတာ ( ၁၈ ) နှစ် မပြည့်ခင် ယောက်ျား နဲ့ ပါသွားဖို့ ရှိတယ် လို့ ငါတော့ မြင်နေတယ် ... ၊ အဲဒီလို ဖြစ်နိုင်တယ် မဟုတ်လား ... ” ဟု မေးရာ ...


အီတလီမ က တစ်စုံတစ်ရာ ဖြေဆိုခြင်း မပြုဘဲ အသံသဲ့သဲ့ကလေး ရယ်၍ နေလေ၏ ။


“ ဟဲ့ ... အီတလီမ ၊ ငါ မေးတာ ကို ဖြေစမ်းပါဦး ... ” ဟု ခပ်ငေါက်ငေါက် လေသံဖြင့် ပြောလိုက် ရာ


အီတလီမ က ...


“ ဒီလို အဘ ရဲ့ ၊ တစ်ခါတလေ အခြေအနေ က ဘယ်လိုပဲ ဖြေဖြေ မှားသွားနိုင်တဲ့ အခြေအနေမျိုးတွေ ရှိတယ် ... အဘ ရဲ့ ... ” ဟု ပြန်၍ ပြောလေ၏ ။ 


“ မဖြစ်နိုင်တာကွယ် ... ကိုယ် ဖြေလိုက်တဲ့ အဖြေ ဟာ မမှားဘူး ဆိုရင် မှန်ရမှာ ပေါ့ကွယ် ... ၊ ဘယ်လိုကြောင့် များ ဘယ်လို ဖြေ ဖြေ အမှား ဖြစ်ရမှာ တုန်း ... ” ဟု ကျွန်ုပ် က ပြန်၍ ပြောလိုက်မိလေ၏ ။


ထိုအခါ အီတလီမ က ...


“ အဘ ကို ... သမီး ပုံလေး တစ်ပုံ ပြောပြပြီး မှ မဖြေတာ အကောင်းဆုံးပဲဆိုတဲ့ အကြောင်း ကို ပြောပြမယ် ... ” ဟု ပြောလေ၏ ။ 


ထို့ကြောင့် ကျွန်ုပ် က ...


“ အဲဒီလို ဆိုရင်လည်း ပြောဗျာ ... ” ဟု ပြောလိုက်ရာ ..


အီတလီမ သည် ထိုင်ရာမှ ထ ပြီးလျှင် ...


“ လူတစ်ယောက် ဟာ လက်ပြန်ကြိုး အတုပ် ခံထားရတယ် .... အဲဒီ လူဟာ တောင်စောင်း တစ်ခု က နေ ချောက် ထဲ ကို လိမ့်ကျသွားတယ် အဘ ... သူ ဟာ ဆွဲမိဆွဲရာ ဖမ်းဆွဲဖို့ ပဲ  ၊ ဒါပေမဲ့ သူ့ လက် ကြိုး နဲ့ အတုပ် ခံထားရတော့ ဆွဲလို့ မရဘူးပေါ့ အဘ ရယ် .. ၊ ဒါပေမဲ့ အဲဒီလို အကျမှာ ပဲ တောင်စောင်း မှာ ပေါက် နေတဲ့ သစ်ပင်တစ်ခု နဲ့ တိုး မိတော့ သစ်ကိုင်း တစ်ခု ကို ပါးစပ် နဲ့ လှမ်းပြီး ကိုက်ထားမိ တယ် ... ၊ အဲဒီတော့ သူ ဟာ တောင်အောက် ကို မကျတော့ဘူး ပေါ့ ... ၊ 


အောက်မှာ လည်း ကျောက်တုံး အချွန်တွေ က အများကြီးပဲ ၊ အပေါ် ကို ထောင် နေတယ် တကယ်လို့ သူ ကျသွားတော့ ကျောက်တုံးအချွန်တွေ ကို ဝင်ပြီး ဆောင့်မိမှာ ပဲ ... မရှုမလှ သေရ မှာ ပဲ  ၊ ကျောက်တုံး အချွန်တွေ ကြား က ကျားတစ်ကောင် ဟာ လည်း သူ ကျလာရင် စားဖို့ ပါးစပ်ကြီး ဖြဲပြီး အပေါ် ကို မော့ပြီး စောင့်နေတယ် ... ၊


ဒါကြောင့် သူ ဟာ သစ်ကိုင်း ကို မြဲမြဲ ကိုက်ထားရတယ် ၊ သူ ကိုက်ထားတဲ့ နေရာ ရဲ့ အထက် နား မှာ လည်း စိမ်းလန်းစိုပြည် သန့်ရှင်းတဲ့ သစ်ရွက်ကလေး တစ်ရွက်ရှိတယ် ... ၊ အဲဒီ သစ်ရွက်ကလေး ရဲ့ အပေါ်တည့်တည့် မှာ က ပျားအုံ တစ်အုံ ရှိတယ် ... ၊ အဲဒီ ပျားအုံ က ပျားရည်တွေ ယိုစိမ့်ပြီး စောစောက ပြောတဲ့ သစ်ရွက်ကလေး ပေါ်ကို တစ်ချက်ချင်း ကျနေတယ် ... ၊ ဆက်တိုက် တော့ မဟုတ်ဘူး ... ၊ မိနစ်ဝက် လောက် နေမှ တစ်စက်လောက် ကျတာ  ၊ အဲဒီ သစ်ရွက် ပေါ် ကနေ တစ်ဆင့် ပျားရည်စက်ကလေး ဟာသူ့ ပါးစပ် ထဲ ကို လှိမ့်ပြီး ဆင်းလာတယ် .. ၊ အဲဒီတော့လည်း သူ ဟာ ချိုမြိန်တဲ့ အရသာ ကို ခံစားရရှာ တယ် ... ၊


ဒါကိုပဲ သူ က အကျေနပ်ကြီး ကျေနပ်နေတယ် ... ၊ ဒုက္ခအားလုံး ကို မေ့နေတယ်  ၊ သူ့ ဒုက္ခ က မသေးဘူးနော် ... ၊ အန္တရာယ် က လည်း မနည်းဘူးနော် ... ၊ သူ ကိုက် ထားတဲ့ သစ်ကိုင်း ရဲ့ အရင်း ဘက် မှာ ကြွက်ဖြူလေး တစ် ကောင် နဲ့ ကြွက်မည်းလေး တစ်ကောင် ဟာ သစ်ကိုင်း ကို မနားတမ်း ကိုက်ဖြတ် နေကြတယ်  ၊ အဲဒီ အချိန်မှာ ပဲ တောင်စောင်း ပေါ် ကနေ လူတစ်ယောက် က သူ့ ကို မြင် သွားတယ် ... ၊ အဲဒီ လူ က ... သူ့ ကို ကယ်ဖို့ မေ့နေတယ် .... ၊ ဒီလူ ကလည်း အကြောင်းအရာ တစ်ခု ကို အငမ်းမရ သိချင်နေတယ် ... ၊ လူ တွေ့တာနဲ့ မေးမယ် ဆိုပြီး အားခဲထားရတာ ၊ သူ့ ကို လည်း တွေ့ရော ဒီ လူက မေးပါလေရော ...


သစ်ကိုင်း ကို ကိုက်ပြီး ဆော့နေ တဲ့ မိတ်ဆွေ ... အရိမေတ္တယျ မြတ်စွာဘုရား ပွင့်ဖို့ ဘယ်နှ ကမ္ဘာ လိုသေးလဲဗျ .. ၊ သိပ် မလိုတော့ဘူး မဟုတ်လား ... ၊ တစ်ကမ္ဘာ ဆိုတဲ့ အချိန်ကာလ မှာ နာရီပေါင်း ဘယ်လောက် ရှိသလဲဗျာ ... ကျုပ် အထင် တော့ အချိန် သိပ် မစောင့်ရတော့ဘူးလို့ ထင်တယ် ... အဲဒီ တော့ သစ်ကိုင်း ကို ကိုက်ပြီး ကြိုးတန်းလန်း ဖြစ်နေတဲ့ လူ က အကြာကြီး မဟုတ်ဘူး .. ကိုယ့် လူရေ  ၊ အချိန်ကာလတွေ စောင့်ရဦး မှာ လို့ ဖြေလိုက်ချင် တယ် ... အဲဒီလို ဖြေလိုက်ရင် လည်း ဒီ လူ ဟာ ပြုတ်ကျပြီး မရှုမလှ သေသွားမှာ ပဲ ဒါမှမဟုတ် ...”


“ ဟုတ်တယ် ကိုယ့်လူ ရေ အရိမေတ္တယျ မြတ်စွာဘုရား ပွင့်ဖို့ သိပ်မစောင့်ရတော့ဘူး... ” လို့ ဖြေလိုက်ရင် လည်း ဒီ လူ ဟာ ပြုတ်ကျပြီး သေသွားမှာ ပဲ ... ၊ သူ့ အဖို့ ကတော့ ဘာကို မှ မပြောသင့်တဲ့ အချိန်ပဲ ... ဖြေတာ နဲ့ မှားပြီ ၊ ပြုတ်ကျပြီး သေမှာ ပဲ ... ” ဟု အီတလီမ က ရှည်လျားစွာ ပြော၍ သူ ၏ ပုံ ကို အဆုံးသတ် လိုက်လေ၏ ။


ထိုအခါ ကျွန်ုပ် က ...


“ အတော်လာတဲ့ အီတလီမ ပဲ .... ၊ နင် ပြောတဲ့ ပုံပြင်လေး ကို ငါ ကြား ဖူးပါတယ် ... ၊ ဘဝ ဆိုတာ သရုပ်ဖော် ထားတာပဲ ... စိတ်မချ ရတဲ့ ရှင်သန်မှုမှာကတ်သီးကတ်သတ် ကျလာတဲ့ ပျားရည်လေး တစ်စက် နဲ့ ကျေနပ်မေ့လျော့ နေရတယ် .... ကိုက် ထားတဲ့ သစ်ကိုင်း ရဲ့ အရင်း ကို ကြွက်ဖြူလေး တစ်ကောင် နဲ့ ကြွက်မည်းလေး တစ်ကောင် က ကိုက်ဖြတ်နေတယ် ဆိုတာကလည်း နေ့ နဲ့ ည အချိန်ကာလ ကို တင်စားထားတာပါ .. ” ဟု ပြော၍ ၎င်း သောက်ရန် အတွက်ရေနွေးကြမ်း တစ်ခွက် ကို ငှဲ့ ၍ ပေးလိုက်လေ၏ ။

ထိုအခါ အီတလီမ က ရေနွေးကြမ်း တစ်ခွက် ကို ကျေကျေနပ်နပ် ကျိုက်ချလိုက်ပြီးလျှင် ...


“ ဘာကိုမှ မဖြေတာ အကောင်းဆုံးပဲ ဆိုတာ ကိုတော့ အဘ လက်ခံသွားပြီလား ... ” ဟု ကျွန်ုပ် အား ပြုံးစစ မေး လိုက်လေတော့၏ ။ ထို့ကြောင့် ကျွန်ုပ် လည်း သူ ၏ စကား ကို ပြန်၍ မဖြေတော့ ဘဲ မုန့်ဟင်းခါး ကို ဆက်၍ စားနေလေ၏ ။


ထိုအခါ အီတလီမ က ...


“ အဘ က လည်း မဖြေတော့ဘူး ပေါ့ ... ” ဟု ပြောဆိုကာ တခစ်ခစ် ရယ်လေတော့၏ ။


ထို့နောက် ကျွန်ုပ် အတွက် ချုပ် လာသော လက်ကိုင်ပဝါလေး တစ်ထည် ကို ကျွန်ုပ် အား လက်ဆောင် ပေးလေ၏ ။ ထို လက်ကိုင်ပဝါလေး ၏ ထောင့်တွင် လည်း ပိုးချည်အနီ ဖြင့် အောက်ပါ စာ ကို ထိုးထားလေ၏ ။


“ အဘ နှပ်သုတ်ဖို့ သမီးအီတလီမ ရဲ့ ပရဲဆင့် အမြဲ ဆောင်ပါလေ ဒါ မှ အဆောင်အစစ် ”


ကျွန်ုပ် သည် ထို စာကို ဖတ်ပြီးနောက် ..


“ ခွေး,မ ... ငါ က လူတွေ ကို အဆောင်တွေ ပေးနေတာ ကို နင် က လာပြီးချွတ်တာပေါ့လေ... ” ဟု ပြောလိုက်ရာ ...


အီတလီမ က ပြုံး ၍ ......


“ အဘ ပေးတဲ့ အဆောင်တွေ က မဆောင် လည်း ရပါတယ် သမီး ပေးတဲ့ အဆောင် က တော့ ဆောင် ကို ဆောင်ရမယ်နော် ... မဆောင်ဘဲ နေရင် တကယ်လို့ နှပ်ချေး ထွက်လာရင် ဘယ်လို လုပ် မလဲ ... ” ဟု ပြောဆိုရယ်မောကာ ကျွန်ုပ် ၏ အဝတ်အစားဟောင်းများ ကို သိမ်းဆည်း၍ လျှော်ဖွပ်ပေးရန် ယူသွားလေတော့သတည်း ။


သဗ္ဗေသတ္တာ ကမ္မဿကာ


မင်းသိင်္ခ

ဖတ်စရာဂျာနယ်

အမှတ် ( ၁၃ )

၂၉ - ၃ - ၂၀၀၅

Sunday, June 23, 2024

မပူဆာတော့ဘူး


 

❝ မပူဆာတော့ဘူး ❞

ကျွန်ုပ် သည် အိမ်ခြံမြေပွဲစား ဖြစ်၏ ။ အရောင်းအဝယ် မဖြစ်သည် မှာ ကြာပြီ ဖြစ်သောကြောင့် ငွေကြေး ကျပ်တည်း နေ၏ ။ ငွေကြေး ကျပ်တည်းသော ကြောင့် အစစအရာရာ အဆင်မပြေ ဖြစ်နေ၏ ။ အိပ် ၍ လည်း ကောင်းကောင်း မပျော်ပေ ။ စား ၍ လည်း မဝင်ပေ ။

ယနေ့ အပြင် သို့ ထွက်ခါနီး မိန်းမ ဖြစ်သူ က ထမင်း ခူး ပေး သဖြင့် ထမင်း စား သော်လည်း ခံတွင်း မတွေ့ ၍ တစ်လုတ် နှစ်လုတ် စား ပြီးသော် လက်ဆေး လိုက်ရ၏ ။

ထိုအခါ မိန်းမ ဖြစ်သူ က ...

“ ထမင်း လည်း ကောင်းကောင်း မစားပါလား .. ဘယ်လို ဖြစ်နေတာလဲ ... ” ဟု မေးလေ၏ ။

“ ခံတွင်း မတွေ့လိုပေါ့ကွ ... ၊ ငါ က မင်း ကို ပြောတာ သုံးခါ ရှိပြီ ၊ ငါးရံ့အူ ကို မရမ်းပြား နဲ့ ချက်တာလေး စားချင်တယ် လို့ ပြောခဲ့ တယ် ၊ အဲဒါကို မင်း မချက်ခဲ့ဘူး ငါ့ စကား ကို မင်း အလေးအနက်မထားခဲ့ဘူး .... ” ဟု ကျွန်ုပ် ပြော လိုက်ရာ ...

ကျွန်ုပ် ၏ မိန်းမ က

“ ဒီလိုတော့ မပြောပါနဲ့ မောင် ရယ် ၊ ဆောင်း ဝင်ပြီး ကတည်း က ရန်ကင်း က စတိုးဆိုင် မှာ တွေ့ခဲ့တဲ့ ဆွယ်တာ အဖြူလေး ၊ မီးခိုးရောင် ပန်းပွင့်ကလေး တွေ နဲ့ ဟာ လေ သိပ်ပြီး ဘို ဆန်တာပဲ ခင် ကြိုက်တယ် ၊ ဝယ်ပေးပါ လို့ ပြောခဲ့တာလေ ၊ အခု ဆောင်း ပဲ ကုန် တော့မယ် ၊ အခုထိ မရ သေးဘူး ၊ ခင့် စကား ဆိုရင် မောင် က အလေးအနက် မထား ဘူး .. ” ဟု ကျွန်ုပ် အား ပြန် ၍ ပက်လေ ၏ ။

ထို့ကြောင့် ကျွန်ုပ် က

“ ဪ ... သိပြီ ... သိပြီ ... မင်း လိုချင်တဲ့ ဆွယ်တာ ဝယ်မပေး လို့ ငါ့ ကို ငါးရံ့အူဟင်း ချက် မကျွေးတာပေါ့ ... ဟုတ်လား တော်တော် ကောင်းတဲ့ မိန်းမ ၊ သေရင် တော့ ငရဲ ကျမှာ ပဲ ... ” ဟု ကျွန်ုပ် က ပြော လိုက်လျှင် ...

ကျွန်ုပ် မိန်းမ က ...

“ ခင် က ကျရုံ ကျမှာ ... မောင် က ပြန် ကို တက်ရမှာ မဟုတ်ဘူး ၊ ချိုး ကပ် မှာ ... ၊ ဘာတွေ ညာတွေ အပိုတွေ ပြော မနေနဲ့ မောင် မနက်ဖြန်ခါ ခေါင်းရင်းအိမ် က လှလှ တို့ ကျိုက်ထီးရိုးဘုရား တက် ကြမှာ ၊ ခင် လိုက်သွားမယ် ဒါပဲ ၊ အိမ် ကို စောစော ပြန်ခဲ့ ... ” ဟု စိတ်ဆိုးမာန်ဆိုး ဖြင့် ကျွန်ုပ် အား ပြော လေတော့၏ ။

“ စောစော ပြန်ခဲ့လေ ၊ ဘာတွေ မမှာ နဲ့ ကွ  ၊ အ လုပ် သွား လုပ်တာ ၊ သွားပြီး အလေလိုက် တာ မဟုတ်ဘူး ကွ ၊ အလုပ် ပြီး မှ ပြန်လို့ ရမှာ ပေါ့ ... ” ဟု ကျွန်ုပ် က
ပြော လိုက် လျှင် ...

ကျွန်ုပ် ၏ မိန်းမ က ...

“ မောင့် ကို ဘယ်သူ က မှ အလေလိုက်တယ် လို့ မပြောပါဘူး ၊ အိုး မလုံ အုံ ပွင့် မနေပါနဲ့ ၊ ရှင့် မျက်နှာ ဟာလေ အိမ် က မိန်းမ နဲ့ ဆိုရင် စူပုပ် နေတာပဲ ၊ ပွဲစားမ ဖင်ကောက်မ နဲ့ တွေ့ရင် မျက်နှာ ကို ရွှင်လို့ ၊ အဲဒါ လူတိုင်း သိတယ် ၊ ဟို စားသောက်ဆိုင် ဝင်လိုက် ၊ စား လိုက်ကြ ၊ သောက်လိုက်ကြ လုပ်နေတာ ပွဲစား လောက မှာ
ဟိုးလေးတကျော် ဖြစ် နေပြီ ၊ ကြည့်လည်း လုပ်ပါဦး မောင် ရယ် ၊ အိမ် က မိန်းမကြီး ကျတော့ ဆွယ်တာအင်္ကျီလေး တစ်ထည် ဝယ် ပေးဖို့ တွန့်တို နေ တယ် ။ ပွဲစားမ ကို အိမ် ပုံစံ လက်ကိုင်အိတ်လေး တစ်လုံး လက်ဆောင် ဝယ် ပေးတာ ဒီက သိနေတယ် နော် ၊ မပြောချင် လို့ မြုံနေတာ ... ” ဟု ကျွန်ုပ် မိန်းမ က ကျွန်ုပ် အား ပြောလေ၏ ။

“ မင်း နဲ့ ကွာ ၊ တို့ လောက ဟာ အပေးအယူ လောက ကွ ၊ အဲဒီလို အပေးအယူ ရှိမှ သူတို့ ဆိုင် ထားတဲ့ ပွဲလမ်း မှာ ကိုယ် က နောက်တိုး ဝင်ချင် ဝင်ခွင့် ရမှာ ကွ ၊ တို့ လောက မှာ က လက်ဆောင် ပေးတယ် ဆိုတာ က အလုပ် လုပ်တာကွ စားသောက်ဆိုင် မှာ တစ်ဝိုင်း ကျွေးတယ် ဆိုတာ က သူများ လုပ် ထား တဲ့ ခွင် ထဲ ကို ဝင်ဖို့ ဝင်ခွင့် လျှောက် တာကွ ၊ အိမ် မှာ အကြောင်း မရှိ အကြောင်း ရှာပြီး ဘုရားကိုးဆူ လုပ်တာ တို့ ၊ ကလေးကင်ပွန်းတပ် လုပ်တာ တို့ ဟာ တို့ လောက မှာ ကွန်ရက် ဖြန့်တာကွ ၊ အိမ် မှာ ဘယ် ဘုရား ကြွနေလို့ လာ ဖူးပါ ဆိုပြီး ဖိတ်တာ က ကုသိုလ် ရဖို့ ထက်
အရောင်းအဝယ် ကိစ္စ တွေ ပြောဖို့ က ပိုပြီး များ တယ်ကွ ၊ အဲဒါကို နားလည်စမ်းပါ မိန်းမ ရာ ၊ မနုံစမ်းပါနဲ့  ” ဟု ကျွန်ုပ် က ရှင်းပြလိုက်ရာ ...

ကျွန်ုပ် ၏ မိန်းမ က ...

“ မနုံပါဘူး တော် ၊ ပြည်သူ့ရင်ပြင် မှာ ဖင်ကောက်မ ရဲ့ ပခုံး ကို ကိုင် ပြီး ဓာတ်ပုံ အရိုက် ခံတာ က တော့ အလုပ်သဘော မဟုတ် ဘူး ထင်တယ်နော် အဲဒီ ဓာတ်ပုံ ထုတ် ရှိုး လိုက် ရင် မောင် ဘာပြော မလဲ ၊ ရေပန်းကြီး တွေ ကျ နေတဲ့ နားမှာ ရိုက်ထားတဲ့ ပုံ လေ ၊ အဲဒါကို ရော အလုပ် လုပ် တယ်လို့ ပြော မလို့ လား ... ” ဟု ကျွန်ုပ် အား ပြောပြန်လေ၏ ။

ထိုအခါ ကျွန်ုပ် က ...

“ ငါတို့ လောက မှာ က အလုပ် ဘယ်လောက် ဖြစ်သလဲ ဆိုတာ က ဘယ်လောက် ရ င်းနှီး နေ သလဲ ဆို တာပေါ် မူတည်နေတယ် ကွ ၊ ဖင်ကောက်မ နဲ့ ပတ်သက်တဲ့ ပွဲစား တွေ အကုန်လုံး အလုပ် ဖြစ် ကြ တယ် ၊ ဖင်ကောက်မ နဲ့ မကြည် တဲ့ ပွဲစားတွေ အကုန်လုံး ထီး ဖြူ ပြီး ဖိနပ် ပါး သွားကြတယ် ၊ မောင် ရှင်းရှင်းပဲ ပြောမယ် ၊ ဖင်ကောက်မ လို မိန်းမမျိုး မပြော နဲ့ တာဝတိံသာ က နတ်သမီး ဆယ်တွဲ နဲ့ လဲပါ ဆိုရင် တောင် ခင့် တစ်ယောက် နဲ့ မလဲနိုင်ပါဘူး မိန်းမ ရာ ... ” ဟု ကျွန်ုပ် က ပြောလို က်ရာ ...

ကျွန်ုပ် ၏ မိန်းမ သည် ပြုံးသွားပြီး လျှင် ...

“ အဲဒီ အပြောမျိုးတွေ ကြောင့် ဒီက ဟာမ က တော့ ဆွယ်တာ အင်္ကျီလေး တစ်ထည် မရဘဲ နဲ့ တောင် ကျေနပ် နေရတာပဲ မောင် ရေ ၊ အပြော ကောင်းတယ် ၊ ဇကော ကို တောင် တောင်း လို့ ပြောပြီး ရောင်း လို့ ရတယ် ၊ သွားပေတော့ ၊ သွားပေတော့ ၊ မြန်မြန် တော့ ပြန်လာ ၊ ဖင်ကောက်မ နဲ့ လျှောက်လည် မနေနဲ့ .. ” ဟု ပြော လိုက်လေ၏ ။

ကျွန်ုပ် လည်း အိမ် မှ ခပ်သွက်သွက် ထွက်လာခဲ့၏ ။ ကျောက်မြောင်း မှ မြေ တစ်ကွက် ရောင်းရ သော ကြောင့် ပွဲစားခ အဖြစ် ခြောက်သောင်း ရရှိ လေရာ ဖင်ကောက်မ သည် ကျန် ပွဲစား ဆယ်ယောက် ကို ဝေ လိုက်သောကြောင့် သူ့ အတွက် ခြောက်ထောင် ကျန်လေ၏ ။ ထို ခြောက်ထောင် အနက် မှ ကျွန်ုပ် အပါအဝင် ပွဲစား လေးဦး ကို ခွဲပေး လိုက်ရာ ၁၅၀၀ ရရှိ လေ၏ ။ ကျွန်ုပ် သည် လက်တွင်း သို့ ငွေ ၁၅၀၀ ရလိုက်သည် နှင့် တစ်ပြိုင်နက် ရန်ကင်းရှေ့ စတိုးဆိုင် သို့ ပြေး ၍ ကားငှား ရ လေ၏ ။

ထိုအခါ ဖင်ကောက်မ က ...

“ ဘယ်လိုလဲ .. ကိုအောင်ထွန်း ၊ ပိုက်ဆံလေး လက် ထဲ ရောက် တာ နဲ့ အိမ် က ချစ်ချစ် အတွက် ဆွယ်တာ ဝယ်ဖို့ ပြေးပြီလား ... ” ဟု လှမ်း၍ မေးလေ၏ ။

“ အမှန်ပဲ မကောက် ရေ ... ၊ အဲဒီ ဆွယ်တာ ဒီနေ့ ပါ မသွားရင် ကျုပ် မိန်းမ က ကျုပ် ကို သ,တ်တော့မယ် ” ဟု ကျွန်ုပ် က ပြော လိုက်ရာ

ဖင်ကောက်မ က ...

“ ကိုအောင်ထွန်း က လည်း မိန်းမ ကြောက် လိုက်တာ မပြောနဲ့ တော့ .. ” ဟု အပြစ် တင် လေ ၏ ။

ထို့ ကြောင့် ကျွန်ုပ် က ...

“ မိန်းမ ပဲဗျာ ဘာဖြစ်လို့ ကြောက်ရမှာ တုန်း ... ”

လှမ်း ၍ အော် ပြော လိုက်လေ၏ ။

ထိုအခါ ဖင်ကောက်မ သာ မက ကျန် လူများ က ပါ ဝိုင်း၍ ရယ်ကြ လေ၏ ။

ကျွန်ုပ် သည် ရန်ကင်းရှေ့ စတိုးဆိုင် သို့ သွား၍ မိန်းမ ကြိုက်သည် ဆိုသော ဆွယ်တာအင်္ကျီ ကလေး ကို ၈၀၀ ပေး ၍ ဝယ်ယူခဲ့လေ၏ ။

ထို့နောက် ကျွန်ုပ် သည် မိုးကောင်းဘုရား အနီး ရှိ ထမင်းဆိုင် သို့ ဝ င်၍ ထမင်း စား လေ၏ ။

“ ဘာ ဟင်းတွေ ရသလဲ ... ”

ကျွန်ုပ် က စားပွဲထိုးကလေး အား မေး ရာ ...

ကောင်တာ တွင် ထိုင် နေသော မိန်းမ က ...

“ ငါးရံ့အူ ဆီပြန် ရှိတယ် ... ” ဟု ပြောလိုက်ရာ ကျွန်ုပ် သည် သွားရည်များ ပင် ကျမိ လေ၏ ။ သို့ရာတွင် ကျွန်ုပ် သည် ကျွန်ုပ် ၏ မိန်းမ ဘုရား ဖူးထွက်ရန် အတွက် ငွေ ၇၀၀ လောက် ပေးလိုက်ရမည် ဖြစ်ရာ ထို ငွေ မှ လျော့ မသွားစေရန် အတွက် ထို မိန်းမ အား ...

“ နေပါစေဗျာ ... သက်သတ်လွတ် နဲ့ ပဲ စားချင်ပါ တယ် ... ” ဟု ပြော လိုက်ရာ ...

ကျွန်ုပ် ၏ စားပွဲ သို့ ထမင်းတစ်ပန်းကန် နဲ့ ပဲသီးကြော် တစ်ပန်းကန် လာ ၍ ချပေး လေ၏ ။ ကျွန်ုပ် လည်း ပဲသီးကြော် နှင့် ပင် ကုန်း ၍ လွေး ရလေတော့၏ ။ ထို့နောက် ရေခဲရေ တစ်ခွက် မှာ ပြီး အဝ သောက် လိုက် လေတော့၏ ။ ထို့နောက် မိုးကောင်းဘုရား ၊ တနင်္ဂနွေထောင့် ၌ သစ္စာပန်း ၊ သပြေပန်း တို့ ကို လှူဒါန်း ပြီး သက်သတ်လွတ် အဓိဋ္ဌာန် ( ၄၉ ) ရက် ယူ လိုက်လေ တော့၏ ။

ထိုသို့ အဓိဋ္ဌာန် ယူ ပြီး လျှင် အိမ် သို့ စောစော ပြန်ခဲ့လေ၏ ။ အိ မ်သို့ ရောက်လျှင် ...

ကျွန်ုပ် ၏ မိန်းမ က ...

“ မောင် ... ညနေစာ စောစော စား လိုက်လေ ၊ မောင် ထမင်းစား မကောင်းတာ ကြာပြီ ၊ အဲဒါကြောင့် ကျိုက်ထီးရိုး သွား ဖို့ စု ထားတဲ့ ပိုက်ဆံ ထဲ က ငါးရံ့အူ ဝယ်ပြီး ဆီပြန်လေး ချက်ထား တယ် ၊ မောင် ထမင်းစား လို့ မြိန်မှာ ပါ ၊ အဲဒါ ငါးရံ့အူဟင်း ထဲ မှာ နောက်ထပ် ဘာတွေ ထည့် ထားသေးသလဲ သိလား ၊ ခင့် ရဲ့ စေတနာတွေ ထည့်ထားတယ် ” ဟု ပြော လိုက်လျှင် ကျွန်ုပ် သည် ရင်ဘက် ကို လက်ဝါး နဲ့ ဖိပြီး ...

“ အောင်မယ်လေး ခင် ရယ် ၊ မောင် ဒီ မနက်ပဲ မိုးကောင်းဘုရား မှာ သက်သတ်လွတ် အဓိဋ္ဌာန် ယူခဲ့တယ် ၊ စားလို့ မဖြစ်ဘူး ”

ဟု ပြော လိုက်ရာ ကျွန်ုပ် မိန်းမ က

“ ခင် လည်း ဒီနေ့ ဘုရား မှာ အဓိဋ္ဌာန် ဝင်လိုက်တယ် ။ ဆွယ်တာအင်္ကျီ နဲ့ ပတ်သက်ပြီး မောင့် ကို နင်ပဲ ငဆ ပြောမိတယ် ၊ အဲဒါကို နောင်တ ရပြီး ၊ ဒီ တစ်သက် ဆွယ်တာအင်္ကျီ မဝတ် တော့ပါဘူးလို့ သစ္စာ ဆို လိုက်တယ် .. ” ဟု ပြော လိုက် လျှင် ကျွန်ုပ် သည် ရင်ဘတ် ကို လက်ဝါး ဖြင့် ဒုတိယအကြိမ် ဖိ၍ ...

“ အမယ်လေး ... ” ဟု အော် လိုက် မိလေ၏ ။

ထို့နောက် အိတ် အတွင်း မှ ဝယ်ယူ လာသော ဆွယ်တာအင်္ကျီလေး ကို ထုတ် ၍ ပေး လိုက်ရာ ကျွန်ုပ် ၏ မိန်းမ သည် ရှိုက်ကြီးတငင် ငိုကြွေး ပြီး လျှင် ထို အင်္ကျီ ကို ကတ်ကြေး ဖြင့် အစိတ်စိတ် အမြွှာမြွှာ ညှပ် ၍ ပစ် လိုက် လေတော့၏ ။

ထို့နောက် ကျွန်ုပ်တို့ လင်မယား သည် တစ်ဦး မျက်နှာ ကို တစ်ဦး ကြည့် ပြီး ကြလျှင် ဟက်ဟက် ပက်ပက် ရယ်လိုက်ကြလေတော့၏ ။ ကျေနပ်အောင် ရယ် လိုက်ပြီး နောက် တစ်ဦး ကို တစ်ဦး ပြေး ၍ ဖက်ထား ကြလေ၏ ။ ထိုသို့ ဖက်ထားရင်း ...

“ နောက် ကို ဘယ်တော့မှ ဘယ်ဟာ စားချင်တယ်လို့ မပြောတော့ဘူး ... ” ပြောလိုက်ရာ ကျွန်ုပ် ၏ မိန်းမ က

“ ခင် လည်း နောက်ကို ဘယ်တော့မှ ဘယ်ဟာ လိုချင်ပါ တယ် လို့ မပူဆာတော့ဘူး ၊ ကျိုက်ထီးရိုး လည်း မလိုက်ဖြစ်တော့ဘူး  ၊ ခေါင်းရင်းအိမ် က လှလှ တို့ ကား စောစောက ပဲ ထွက် သွားတယ် ... ” ဟု ဆို့နင့်နင့် လေသံကြီး ဖြင့် ပြော လိုက်လေ တော့ သတည်း ။

သဗ္ဗေသတ္တာ ကမ္မသကာ

◾ မင်းသိင်္ခ

📖 ဖတ်စရာ ဂျာနယ်
      အမှတ် ( ၁၇ )
      ၁၁ - ၅ - ၂၀၁၅

#ကိုအောင်နိုင်ဦး

.

Tuesday, May 14, 2024

ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် တစ်ဦး ( ၂ )


 ❝ ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် တစ်ဦး ❞


( အပိုင်း - ၂ )


ထိုအခါ နောက် မှ ရောက် လာသော လူကြီး နှစ်ဦး သည် ထို အတွဲ ကို မြင်တွေ့ သွား လေ၏ ။ မြင်သည် ဆိုလျှင်ပင် လူကြီး နှစ်ဦး အနက် မှ တစ်ဦး သည် ဝုန်းခနဲ ထ၍ ထို စုံတွဲ ရှိရာသို့ ပြေးလွှား ပြီး လျှင် မိန်းမ ကို လည်း ဆောင့်၍ တွန်း လိုက်၏ ။ ယောက်ျား ဖြစ်သူ ကို လည်း လက်သီး ဖြင့် ထိုး လေ၏ ။ ယောက်ျား လုပ်သူ က ပြန် ၍ ထိုး၏ ၊ မိန်းမ လုပ်သူ က ဖျန်ဖြေခြင်း မပြုဘဲ ဆိုင်အတွင်း မှ ခပ်သုတ်သုတ် ထွက် ပြေး၏ ။ ထိုအခါ ပေါက်ဖော်ကြီး က မပြေးနိုင် ရန် ပိတ်ဆို့ လိုက်ပြီး လျှင် ...


“ နည်းနည်းပါးပါး ဝင် ဖျဉ်ပါဦး ” ဟု ပြောပြီး ၎င်း ကိုယ်တိုင် က မူ ထွေးလုံးသတ်ပုတ် နေသော ယောက်ျား နှစ်ဦး အား ဝင်၍ ဖျဉ် လေ၏ ။ ၎င်း ဖျဉ်ပုံ မှာ ဘေး မှ ကြည့် လျှင် အလွန်ပင် ရယ်စရာ ကောင်း လှတော့၏ ။


“ လင်ကြီး တော်ပါဗျာ ၊ ဟေ့ လင်ငယ် က လဲ မလုပ်ပါနဲ့ ၊ ကျုပ် တောင်းပန်ပါတယ် ၊ လင်ကြီး က လဲ တုတ် ကို ချလိုက်ပါ ၊ ဟို လင်ငယ် က လဲ ပုလင်း ကို မကိုင်ပါ နဲ့ ကျုပ် က တောင်းပန်ပါတယ် ၊ ဟို လင်ငယ် နေတဲ့ မိန်းမ က လဲ ထိုင် မနေပါနဲ့ ကြိုက်ရာ တစ်ယောက် ယောက် ကို ဆွဲထား ပေးပါ ၊ လင်ငယ် ကို ပဲ ဆွဲဆွဲ ၊ လင်ကြီး ကို ပဲ ဆွဲဆွဲ ဆွဲထား ပေးပါ ၊ ကဲ ... တစ်ယောက် ယောက် ကိုတော့ ဆွဲထားပေးပါ ” ဟု အတော မသတ် အော်ဟစ်၍ ဖြန်ဖြေ လေ၏ ။ ကျွန်ုပ် လည်း ကူ၍ ဖျဉ် ရလေ၏ ။ ထိုသို့ ဖျဉ်ရင်း လင်ငယ် ဆိုသူ၏ မျက်နှာ အား ကျွန်ုပ် က လက်ဝါး ဖြင့် နှစ်ချက် ဆင့် ရိုက်ချ လိုက် လေ၏ ။


လင်ငယ် ဆိုသူ သည် မွှန်၍ သွား၏ ။ ထိုအခါ ကျွန်ုပ် သည် ထိုသူ ၏ လက် ထဲ မှ ပုလင်း ကို ယူ၍ ခေါင်း ကို ရိုက်ချ လိုက်လေ၏ ။ ထို့နောက်တွင် ကား ရပ်ကွက် ၏ အကူအညီ ဖြင့် ၎င်းတို့ သုံးဦး သား ဂါတ်တဲ သို့ ပို့ လိုက်လေ၏ ၊ လင်ကြီး လုပ်သူ က ကျွန်ုပ် ကို ညှာတာ၏ ။


“ ဒီမှာ ညီလေး ၊ မင်း ဘာမှ မပူနဲ့ ၊ ဟိုကောင့် ကို အစ်ကိုကြီး ရိုက်တယ် လို့ ထွက်ချက် ပေးမယ် ၊ မင်း နေခဲ့ ” ဟု ထို လင်ကြီး ဆိုသူ က ကျွန်ုပ်အား ကပ်၍ ပြော သွားလေ၏ ။


ပေါက်ဖော်ကြီး သည် ကွဲ သွားသော ပုလင်းများ ၊ ပန်းကန်လုံးများ ကို ကောက် ၍ စာရင်း တွက် နေ၏ ။ ထို့နောက် အမျိုးသမီး ထံ မှ ကျသင့်ငွေများ တွက်ချက် ၍ တောင်းယူ လိုက်လေတော့၏ ။ ၎င်းတို့ မရှိတော့သော အခါ၌ ကျွန်ုပ် က ပေါက်ဖော်ကြီး အား


“ ခင်ဗျား က လဲ ရန် ဖြစ်လို့ ဖျဉ် တာ ခင်ဗျား အသံ ချည်းပဲ ၊ ပြီးတော့လဲ ဗျာ ၊ လင်ငယ် တော် ၊ လင်ကြီး တော် နဲ့ဗျာ ၊ ကျုပ်ဖြင့် တစ်ခါမှ မကြားဖူးဘူး ” ဟု ပြောလိုက်ရာ ပေါက်ဖော်ကြီး က .. “ သူတို့ နာမည်တွေ ကို မှ ငါ မသိပဲကွာ ၊ အဲဒီတော့ ငါ နားလည် သလို ငါ ခေါ်ရတာပေါ့ ” ဟု ပြောလေ၏ ။


“ ခေါ်ပဲ ခေါ်စမ်းပါ ဦးဗျာ ၊ ဟို မိန်းမ ကို ခေါ်လိုက်ပုံ က ဖြင့် အတော့် ကို အားနာဖို့ ကောင်းတယ် ၊ လင်ငယ် နေတဲ့ မိန်းမ ဝိုင်း ပြီး ဖျဉ်ပေးပါဦး တဲ့ ၊ တစ်ယောက် ယောက် ကို ဆွဲပေး ထားပါဦးတဲ့ ၊ ခင်ဗျား လုပ်ပုံ က သိပ်ပြီး ရယ်ဖို့ ကောင်းတာပဲ ” ဟု ကျွန်ုပ် က ပြောလေ၏ ။ 


“ ရယ်ဖို့ ကောင်းမှာပေါ့ ၊ ဟာမိုနီ ပျက်သွားပြီ ကို ၊ လူလူချင်း ဒီလို ခေါ်လေ့ ခေါ်ထ မှ မရှိဘဲ ၊ ငါ က အဲ့ဒီလို ခေါ် လိုက်တော့ မင်း နား ထဲ မှာ တစ်မျိုးကြီး ဖြစ် သွားတာပေါ့ ၊ ဒါနဲ့ နေစမ်းပါဦး ၊ မင်း က ဘာမဆို ညာမဆိုင် နဲ့ လင်ငယ် ရဲ့ ခေါင်း ကို ပုလင်း နဲ့ ဝင် ရိုက်ရတာတုန်း ၊ မင်း နဲ့  ဘယ်လို မှ မပတ်သက်ဘူး ကွ ၊ လင်ကြီး ရယ် ၊ လင်ငယ် ရယ် ၊ လင်ငယ် နေတဲ့ မိန်းမ ရယ် ၊ သုံးပွင့်ဆိုင် အတော် လှ နေတာ ၊ မင်း ဝင် လိုက်တော့ ဇာတ် က တစ်မျိုးကြီး ဖြစ်သွားတယ် ၊ မင်း အဲ့ဒီလို လုပ် လိုက်တာကို တွေ့လိုက် တော့ ငါ ဖြင့် အတော့် ကို ရယ်ချင်သွားတယ် ၊ မင်း က ကြား ထဲ က အချောင် ဝင်ပြီး လင်ကြီး ဘက် က ဒေါပွ နေတာကိုး ကွာ ၊ ဒီ ကိစ္စ က ဒေါပွရမဲ့ ကိစ္စ မဟုတ်ဘူးကွ ၊ တစ်ဦး နဲ့ တစ်ဦး လက် မလွန်အောင် ထိန်းပေးရုံလေး ထိန်းပေး ရမှာ ၊ ဘာမှ ဝင် ပါစရာ မလိုဘူး ၊ ခုတော့ တော်သေးတာပေါ့ ကွာ ၊ လင်ကြီး လုပ်တဲ့ သူ က မင်း ဟိုကောင့် ကို ရိုက်လိုက်တာ ကို သူ က ဝန်ခံပါမယ် ဆိုပြီး ပြော သွားလို့ ၊ နို့မဟုတ်ရင် မင်း က လင်ကြီး လဲ မဟုတ် ၊ လင်ငယ် လဲ မဟုတ် အခြောက်တိုက် အချုပ် ထဲ ဝင်သွားရမယ် ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။ 


ထိုအခါ ကျွန်ုပ် က ...


“ ဒီမှာ အီးနောင် ကျုပ် က လင်ငယ် ဆိုတဲ့ ကောင် တင် မဟုတ် ဘူး ၊ အဲဒီ ကောင်မ ကို ပါး ရိုက်ချင်နေတာ ၊ ဒီ ကောင်မ သစ္စာ မရှိဘူး ” ဟု ပြော လိုက်ရာ ပေါက်ဖော်ကြီး က ...


“ ဒီကောင်မ သစ္စာ မရှိဘူး ဆိုတာ မင်း က ဘယ်သူ့ ဘက် က ပြောနေတာလဲ ” ဟု ပြော လိုက်လေ၏ ။


“ ဘယ်သူ့ ဘက် က ပြောရမှာတုန်း ဗျ ၊ လင်ကြီး ဘက် က ပြောတာပေါ့ ” ဟု ကျွန်ုပ် က ပြော လိုက်လေ၏ ။


“ ဟုတ်တယ်ကွ ၊ လင်ကြီး ဘက် က ကြည့် ရင်တော့ ဒီ မိန်းမ က သစ္စာ မရှိဘူး ၊ လင်ငယ် ဘက် က ကြည့် ရင်တော့ သစ္စာ ရှိတာကွ ၊ ချိန်းတဲ့ နေရာ ကို မဖြစ် ဖြစ်တဲ့ နည်း နဲ့ အရောက် လာ တယ်လေ ကွာ ၊ တကယ် သစ္စာ မရှိတာ က မင်း ကွ ၊ ကိုယ့် ဆိုင် ကို ယုံကြည် လို့ ဝင် ပြီး စားသောက်တဲ့ လူ ကို မင်း က ဝင်ပြီး ခေါင်း ကို ရိုက်ခွဲရ သတဲ့လား ကွာ ” ဟု အီးနောင် က ပြောလေ၏ ။


အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွား ပြီး ရက် အတန်ငယ် ကြာသော အခါ၌ ကျွန်ုပ် နှင့် ပေါက်ဖော်ကြီး အီးနောင် တို့ သည် ဆိုင်ရှေ့ ရှိ မြေကွက်လပ် ၌ ခုံ တစ်ခုံ စီ ဖြင့် ထိုင် နေကြလေ၏ ။ အချိန် မှာ အတော်အတန် မိုးချုပ် နေပြီ ဖြစ်၏ ။ ထို ည က ကျွန်ုပ် သည် စက်ရုံ သို့ မသွားရဘဲ အနား ရသော ည ဖြစ်၏ ။


လမင်းကြီး သည် ထိန်ထိန်သာ လျက် ရှိ၏ ။ ကျွန်ုပ် သည် ထို လမင်းကြီး ကို မော့ကြည့်၍ စိတ် တွင် ကြည်နူး နေ၏ ။ ပေါက်ဖော်ကြီး အီးနောင် က လည်း ကျွန်ုပ် ကဲ့သို့ပင် လမင်းကြီး ကို မော့ ကြည့်ပြီး တစ်ကိုယ်တည်း တရုတ် လို ပြောလျက်ရှိ၏ ။ 


ထို့ကြောင့် ကျွန်ုပ် က ... 


“ ခင်ဗျား တရုတ် လို ဘာတွေ ပြောနေတာလဲ ” ဟု မေး လိုက်လေ၏ ။


ထိုအခါ ပေါက်ဖော်ကြီး က ...


“ လ အကြောင်း ကဗျာ စပ် နေတာကွ ၊ ငါတို့ တရုတ်ကဗျာ က လေးကြောင်း စပ်ရတယ် ကွ ၊ ပထမ အကြောင်း က ကိုယ် တင်ပြ ချင်တဲ့ အကြောင်း ကို စပ် ရတယ် ၊ ဒုတိယ အကြောင်း က ပထမ အကြောင်း ကို ထပ်ပြီး ဖြည့်စွက် ရတယ် ၊ တတိယ အကြောင်း က ပထမ ဒုတိယ နဲ့ မဆိုင်တဲ့ အကြောင်း ကို ရေး ရတယ် ၊ နောက်ဆုံး အကြောင်း က တော့ ကဗျာ တစ်ခုလုံး ရဲ့ ဆိုလိုချက် ကို ရေး ရတယ် ၊ အဲဒါ ငါ တို့ ရှေးဟောင်း တရုတ်လူမျိုးတွေ ရဲ့ ကဗျာစပ်နည်း ပဲ ” ဟု ပြောပြလေ၏ ။


“ ခင်ဗျား ဥစ္စာ ကလဲ ၊ ကျုပ် နဲ့ ခင်ဗျား နဲ့ နှစ်ယောက် တည်း ရှိတာ ကို ခင်ဗျား က တစ်ယောက် တည်း တရုတ် လို စပ်တော့ ကျုပ် ဘယ်လို နားလည်မလဲ ၊ ကျုပ် နားလည် အောင် ဗမာ လို ပြန်ပြော ပြစမ်းပါဦး ” ဟု ကျွန်ုပ် က ပြော လိုက်လျှင် ပေါက်ဖော်ကြီး က ...


“ မင်း သိချင်ရင်တော့ လဲ ဗမာ လို ပြန်ပြီး ပြောပြမယ် ၊ ဒါပေမယ့် ငါ က ကာရန်တွေ ဘာတွေ မလုပ်တတ်ဘူး ကွာ ၊ အဓိပ္ပာယ် ကို ပဲ ပြောပြ နိုင်မယ် ” ဟု ပြောလေ၏ ။


ထိုအခါ ကျွန်ုပ် က ..


“ ရပါတယ် ဗျာ ၊ အဓိပ္ပာယ် သိရရင်လဲ ကောင်းတာပါပဲ ၊ ကာရန်တွေ ဘာတွေ မလိုပါဘူး ၊ ကျုပ် လဲ ကာရန်တွေ ဘာတွေ မသိပါဘူး ” ဟု ပြော လိုက်လျှင် ပေါက်ဖော်ကြီး က တရုတ်ဘာသာ ဖြင့် ၎င်း ကိုယ်တိုင် စပ်ဆိုသော ကဗျာ ကို အဓိပ္ပာယ် ပြန်ပြလေ၏ ။ 


လမင်းကြီး က ထိန်ထိန်သာ ၊

နှစ်ယောက်စလုံး ပိုင်တဲ့ ရတနာ ၊


ကျွန်ုပ် သည် ၎င်း ၏ ကဗျာ နှစ်ကြောင်း ကို နားထောင်ပြီး နောက် ...


“ ဒီမှာ ပေါက်ဖော်ကြီး ထိန်ထိန်သာ နေတဲ့ လမင်းကြီး ကို ခင်ဗျား နဲ့ ကျွန်တော် နဲ့ နှစ်ယောက်တည်း ပိုင်တယ် လို့ ဆိုချင်တာလား ၊ ဘယ် ဟုတ်မလဲဗျ ၊ လောကကြီး တစ်ခုလုံး က ပိုင်တာပေါ့ဗျ ” ဟု ကျွန်ုပ် က ဝေဖန် လိုက်လေ၏ ။


“ လောကကြီး တွေ ဘာ တွေ လုပ် မနေနဲ့ ၊ ခု လောလောဆယ် ဒီ နား မှာ မင်း နဲ့ ငါပဲ ရှိတာ ၊ မင်း နဲ့ ငါ နဲ့ နှစ်ယောက်စလုံး ပိုင်တယ် ပြော လိုက်ရင် ပြီးတာပဲ ၊ ဒီ ကိစ္စ အတွက် မင်း ဘာမှ အငြင်း ပွားစရာ မလိုဘူး ၊ ပြီးတော့ ငါ့ ရဲ့ကဗျာ က လဲ မဆုံးသေးဘူး ၊ နောက်ထပ် နှစ်ကြောင်း ကျန်သေးတယ် ” ဟု ပေါက်ဖော်ကြီး က ပြော လိုက်လေ၏ ။


“ ကဲဗျာ ၊ ဒီလို ဆို လဲ ကျန်တဲ့ နှစ်ကြောင်း ကို ပါ ဆက်ပြီး ဆိုစမ်း ပါဦး ” ဟု ကျွန်ုပ် က ပြောလိုက်မိလေ၏ ။ ထိုအခါ ပေါက်ဖော်ကြီး အီးနောင် သည် ဆက်၍ ဆိုပြန်လေ၏ ။ 


လမင်းကြီး က ထိန်ထိန်သာ ၊ 

နှစ်ယောက် စလုံး ပိုင်တဲ့ ရတနာ ၊

ပိုက်ဆံ ခိုးတဲ့ ကောင်လေးရယ် ၊

လ ကို ယူပြီး ပိုက်ဆံ ကို ပြန် ပေးပါလားကွယ် ။ 


၎င်း ၏ ကဗျာ ဆုံးသွားသော အခါ၌ ကျွန်ုပ် က ကျွန်ုပ် ၏ အိတ်ကပ် အတွင်းမှ ငွေငါးကျပ် ကို ထုတ်၍ ပေါက်ဖော်ကြီး အား ပေး လိုက်လေ၏ ။ ထိုအခါ ပေါက်ဖော်ကြီး က ကျွန်ုပ် ပေးသော ငွေငါးကျပ် ကို ယူကာ ...


“ မင်း ဖိနပ် ဝယ်ဖို့ ယူ ထားတာ မဟုတ်လား ၊ ဟောဟို ငါ ထိုင် တဲ့ ခုံ အောက် မှာ မင်း အတွက် ဖိနပ် တစ်ရံ ဝယ်ထားပြီးပြီ သွား ယူချေ ” ဟု ဆိုသဖြင့် ကျွန်ုပ် လည်း သွား ၍ ယူပြီး လျှင် စီး ကြည့်ရာ ကျွန်ုပ် ၏ ခြေထောက် နှင့် အံကျ ဖြစ် နေလေတော့၏ ။


“ မင်း အနေနဲ့ ဝယ် ရင် ငါးကျပ်တန် ပဲ ဝယ်မှာပါကွ ၊ ငါ က ခုနစ်ကျပ်တန် ဝယ်လာတာ ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။ 


“ ဟုတ်ပါတယ် ဗျာ ၊ ဖိနပ် ဝ ယ်မလို့ ယူ ထားတာပါ ၊ ခင်ဗျား က ကျုပ် ကို ခိုးတယ်လို့ စွပ်စွဲချင်လို့လား ” ဟု ကျွန်ုပ် က မေး လိုက်ရာ ပေါက်ဖော်ကြီး က ..


“ ဒီ လောကကြီး မှာ သူခိုး ဆိုတာ မရှိဘူးကွ ၊ မသိအောင် ယူတဲ့ လူ ပဲ ရှိတာ ” 


ထိုအခါ ကျွန်ုပ် က ...


“ မသိအောင် ယူရင် သူခိုး ပေါ့ ဗျ ” ဟု ပြန်၍ ပြော လိုက်ရာ ပေါက်ဖော်ကြီး က ..


“ ဒီလို ဆိုရင် မင်း သူခိုး ပေါ့ ၊ ငါ က မင်း ကို သူခိုး လို့ စွပ်စွဲ တာ မဟုတ်ဘူး ၊ မင်း စွဲချက် နဲ့ မင်း မိ နေပြီ ၊ နောက်ပြီး မင်း ဟာ တော်တော် အ တဲ့ ကောင် ၊ ငါ့ ဆီ က ငွေငါးကျပ် ကို မသိအောင် ယူပြီး ဖိနပ် အသစ် ဝယ်တယ်ပဲ ထားဦး ၊ အဲဒီ ဖိနပ် ကို ထုတ် စီးရင် ငါ က မသိတော့ဘူးတဲ့လား ကွာ ၊ များသောအားဖြင့် သူခိုး တွေ ဟာ ခိုး တဲ့ အခါ မှာ မသိပါဘူး ၊ သုံးတဲ့ အခါ မှာ မိ တာ ချည်းပဲ ” ဟု ပြော လေ၏ ။


“ ဖိနပ် ဝယ်ပြီး ရင် ခင်ဗျား ဘယ် မိ မလဲဗျာ ၊ ကျုပ် မှာ က စက်ရုံ က ပေးတဲ့ လခရှိ သေးတာပဲ ၊ အဲဒီ လခ ထဲ က ဝယ်တယ်လို့ ပြောမှာပေါ့ ၊ ဒါဆို ခင်ဗျား ယုံရမှာပေါ့ ” ဟု ကျွန်ုပ် က ပြောလိုက် ရာ ပေါက်ဖော်ကြီး က ရယ်လေ၏ ။


“ မင်း ရဲ့ စက်ရုံ က လခ အကြောင်း ကို မပြောနဲ့ ကွ ၊ မင်း မှာ တစ်ပြား မှ မရှိဘူး ၊ စက်ရုံ နား က အရက်ပုန်း ရောင်းတဲ့ ကောင်မလေး ကို မင်း အကုန် ပေးလိုက်တယ် ၊ ကောင်မလေး က လဲ လခ ထုတ်တာ နဲ့ အကုန် လာ သိမ်းသွားတာ ၊ မင်းတို့ နှစ်ယောက် လက်ထပ်မယ် ဆိုပြီး စု နေကြတာလေကွာ ” ဟု ပေါက်ဖော်ကြီး က ပြော လိုက်လေ၏ ။


ထိုအခါ ကျွန်ုပ် သည် မျက်လုံး ပြူး ၍ သွား လေတော့၏ ။ လွန်စွာမှ လည်း အံ့ဩသွား၏ ၊ ထိုကိစ္စ မှာ ကျွန်ုပ် ၏ ထိပ်တန်း လျှို့ဝှက် ကိစ္စဖြစ်၏ ။ ပေါက်ဖော်ကြီး သည် မည်သို့မည်ပုံ သိနေ သနည်း ဆိုသည် ကို မူ ကျွန်ုပ် သည် မစဉ်းစား တတ်အောင် ရှိနေလေတော့၏ ။


“ ခင်ဗျား ကတော့ အကုန်လုံး သိ နေတာပဲ ၊ ဘယ်လို လုပ်ပြီး သိ သွားရတာတုန်း ၊ ကျုပ် ကို ပြောပြစမ်းပါဦး ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ပေါက်ဖော်ကြီး က ...


“ မင်း ဟာမိုနီ ပျက်နေတယ်ကွ ၊ ညကြီးမိုးချုပ် စက်ရုံစောင့် ဖို့ သွားတဲ့ ဥစ္စာ ၊ အရင်နဲ့ မတူဘူး ၊ ညကြီးမိုးချုပ် ခေါင်းတွေ ဘာတွေ ဖြီး တယ် ၊ အင်္ကျီ အဝတ်အစား ကောင်းတွေ ဝတ်တယ် ၊ စက်ရုံ ထဲ က ဆီပီပါတွေ ကို ရှိုးပြ ဖို့ ဝတ်တာ မဟုတ်ပါဘူး ၊ ပြစရာ ရှိရင် လူ ကို ပဲ ပြရမယ် ၊ မင်းတို့ စက်ရုံ ညဂိုဏ်း မှာ လဲ မိန်းကလေး တစ်ယောက် မှ မရှိဘူး ၊ ယောက်ျား တွေ ချည်းပဲ ၊ အဲဒီတော့ စက်ရုံ အပြင်ဘက် က ဖြစ်ရမယ် ၊ အဲဒီလို စဉ်းစားလိုက်တဲ့ အခါမှာ စက်ရုံ နဲ့ နီးနီး လူတိုင်း ဝင်ထွက် လို့ ရတဲ့ နေရာ ကို စဉ်းစား လိုက်တယ် ၊ အဲဒါဟာ စက်ရုံ နား က အရက်ပုန်း ရောင်းတဲ့ အိမ် ပဲ ၊ အဲဒီ အိမ် မှာ မင်း နဲ့ ရွယ်တူ မိန်းကလေး တစ်ယောက် ရှိတယ် ၊ အဲဒါကြောင့် မင်း အလုပ် သွားတုန်း မင်း ရဲ့ လွယ်အိတ် ကို ငါ ရှာ ကြည့်တယ် ၊ မှတ်စုစာအုပ်လေး တစ်အုပ် တွေ့ တယ် ၊ အဲဒီ ထဲ မှာ မင်း ကောင်မလေး ကို ပိုက်ဆံ အပ်တဲ့ အကြောင်း ရေး ထားတာ တွေ့တယ် ၊ မင်း က ငွေ စု နေပြီပေါ့ ” ဟု ပြော လိုက်၏ ။


“ ဟုတ်တယ် ပေါက်ဖော်ကြီး ၊ ကျုပ် နဲ့ ကောင်မလေး နဲ့ ယူဖို့ ငွေ စုနေတယ် ၊ ခင်ဗျား သဘော တူတယ် မဟုတ်လား ” ဟု ကျွန်ုပ် က မေး လိုက် လေ၏ ။


“ ငါ သဘော တူတာ မတူတာ အရေး မကြီးဘူးကွ ၊ မင်း ကျေနပ်ဖို့ ပဲ အရေးကြီးတယ် ၊ လောကကြီး ဟာ ကျေနပ် ရင် ကောင်းတယ် ၊ မကျေနပ် ရင် မကောင်းဘူးကွ ၊ ဒါပေမယ့် ငွေ စုတာ ကို တော့ ငါ တယ်ပြီး သဘော မကျဘူးကွ ။ ဝယ်စရာ ရှိတာ ဝယ်ပြီး သုံးစရာ ရှိတာ သုံးပစ်ပါကွ ၊ မင်း အနေနဲ့ ငါ့ ဆီ မှာ ထမင်း အလကား စားနေရပြီပဲ ၊ လုံချည်ကောင်းကောင်းလေး တစ်ထည် ၊ အင်္ကျီကောင်းလေး တစ်ထည် တော့ ဝယ်သင့်တာပေါ့ ၊ အားလုံးလဲ စု ဖို့ မလိုပါဘူး ။ ဟို စကားပုံလေး လဲ မင်း ကြားဖူးတယ် မဟုတ်လား ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။ 


“ ဘယ် စကားပုံလဲ ဗျ ၊ လုပ်စမ်းပါဦးဗျ ” ဟု ကျွန်ုပ် က ပြောလိုက်လေ၏ ။


“ ချွေတာ စုဆောင်း ၊ ဖင် ဟောင်းလောင်း ဆိုတာလေ ကွာ ” ဟု ပေါက်ဖော်ကြီး က ပြော လျှင် ကျွန်ုပ် လည်း ရယ်ရလေတော့၏ ။ 


“ ခင်ဗျား က တော့ လုပ်ပြီ ၊ ဘယ်က လာ ချွေတာ စုဆောင်း ဖင်ဟောင်းလောင်း ရမှာတုန်း ၊ ချွေတာစုဆောင်း သူဌေးလောင်း ပါ ဗျ ”  ဟု ကျွန်ုပ် က ပြန် ၍ ပြောရလေ၏ ။


“ သူဌေးလောင်း ဟာ မှန်သလား ၊ ဖင်ဟောင်းလောင်း ဟာ မှန်သလား ဆိုတာ နောက်တော့ မင်း သိရမှာပေါ့ကွာ ” ဟု ပေါက်ဖော်ကြီး က ပြော၍ ရယ်နေလေ၏ ။


အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး တစ်နှစ် နီးပါး ကြာ သော အခါ၌ ကျွန်ုပ် နှင့် ယူ ရန် ကျွန်ုပ် အား ငွေစု ခိုင်းသော မိန်းကလေး သည် စက်ရုံ မကြာခဏ ဆီ လာ၍ သယ်လေ့ ရှိသော မော်တော်ကား မှ စပယ်ယာ နှင့် လိုက်၍ ပြေး လေတော့၏ ။ ကျွန်ုပ် စု ထားသော ငွေ ရှစ်ရာ ကျော် လည်း ပါ၍ သွားလေတော့၏ ။


ကျွန်ုပ် သည် လုံချည်ကလေး တစ်ထည် ကို ပင် မဝယ်ရက် ဘဲ ငွေ ကို စု လာခဲ့ သဖြင့် ထို မိန်းကလေး လင် နောက် လိုက်သွားသော အချိန် တွင် ကျွန်ုပ် ၏ လုံချည် မှာ အစိတ်စိတ် အမွှာမွှာ ဖြစ် ၍ နေ၏ ။ ကျွန်ုပ် သည် ထို လုံချည်စုတ် ကို ပင် အပ် ဖြင့် ချုပ် နေရ၏ ။ ကျွန်ုပ် ၏ အဖြစ် ကို ကြည့် လာသော ပေါက်ဖော်ကြီး အီးနောင် သည် ...


“ ဟေ့ ကောင်လေး ၊ ချွေတာစုဆောင်း သူဌေးလောင်း ဆိုကွ ၊ ခုတော့ ဖင်ဟောင်းလောင်း ဖြစ်သွားပြီ မဟုတ်လား ၊ မင်း ကို ငါ ပြော သားပဲ ၊ ပိုက်ဆံ မစုနဲ့ ဆိုတာလေ ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။ 


“ စု ရမယ် ပေါက်ဖော်ကြီး စုရမယ် ၊ ငွေ ဆိုတာ စုရမယ် ဗျ ၊ ဒီ တစ်ခါ ပါသွားတာနဲ့ ငွေ စုတာဟာ မှားတယ်လို့ ကျုပ် အနေနဲ့ မယူဆ နိုင်သေးဘူး ၊ ကိုယ့် ဟာ ကိုယ် တော့ စုထားရမှာ ” ဟု ကျွန်ုပ် က အကြောက်အကန် ငြင်းလေ၏ ။


“ ဒီလို မဟုတ်ဘူးကွ ၊ ငွေ ဆိုတာ တစ်ဦး လက် က တစ်ဦး ဖြတ်သန်း စီးဆင်း နေလေ ကောင်းလေပဲကွ ၊ အဲဒီလို ဖြတ်သန်း စီးဆင်း နေဖို့ က လဲ သုံးစွဲ နေမှ ဖြစ်တာ ၊ မင်း အနေ နဲ့ တစ်ခု စဉ်းစား ကြည့် လေ ၊ မင်း လိုပဲ လူတိုင်း ဟာ ရသမျှ ငွေ အားလုံး ကို မသုံးဘဲ စုထား ကြမယ် ဆိုပါတော့ကွာ ၊ ဘယ်လို ဖြစ် ကုန်မလဲ စဉ်းစားကြည့်လေ ၊ ဟာမိုနီ ပျက် ကုန်မယ်ကွ ၊ အားလုံး ကိုးရိုးကားယား ဖြစ် ကုန်မယ် ၊ လူအများ နဲ့ သက်ဆိုင်တဲ့ ကိစ္စ မှာ ဟာမိုနီ ပျက်ရင် အတော် ဒုက္ခကြီး တာကွ ၊ အဲဒါကြောင့် ငွေ ဆိုတာ ဟာမိုနီ အပျက် မခံရဘူး ၊ သုံးစရာ ရှိတာ သုံး ၊ ကုန်စရာ ရှိတာ ကုန် ၊ အဲဒီလို ဖြစ်နေရမယ် ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။


၎င်း ပြော သော စကား သည် မှန်သည် မှားသည် ကို မူ ကျွန်ုပ် အနေ ဖြင့် မဝေခွဲတတ်ပါ ။ သို့ရာတွင် ကျွန်ုပ် အနေ နှင့် ငွေ ကို မစုဆောင်း ဖြစ်ခဲ့ပါ ၊ ထိုသို့ မစုဆောင်း ဖြစ်ခဲ့သည် ကို ပင် ကျွန်ုပ် ၏ မိတ်ဆွေ အီးနောင်ကြီး က ...


“ အဲဒီလို မစုဘဲ သုံးစရာ ရှိတာ တွေ ကို သုံးပစ် နေတာ ကို က ငွေကြေးလှည့်ပတ်မှု ယန္တရား ကို  မင်း အနေနဲ့ တစ်နည်းတစ်ဖုံ ကူညီ နေတာပဲ ကွ ၊ နောက် တစ်ခု မင်း ကို ပြောလိုက်ဦးမယ် ၊ ငွေ စုလို့ ချမ်းသာတဲ့ သူရယ် လို့ မရှိဘူးကွ ၊ ချမ်းသာ တဲ့ လူတိုင်း ဟာ အလုပ် လုပ်တယ် ၊ ငွေ ကို သူ့ နေရာ နဲ့ သူ သုံးတတ်ကြလို့ ချမ်းသာတာ ၊ စုတယ် ဆိုတာ ငွေ ကို အိပ်ခိုင်းတာပဲ ကွ ၊ အိတ်တယ် ဆိုတာ သေတစ်မျိုး ပဲ မဟုတ်လား ၊ ဘယ်လို လုပ် ချမ်းသာ မလဲကွာ ၊ နောက် တစ်ခု က လဲ ချမ်းသာတယ် ဆိုတာ လူ တော်တော်များများ က ဉာဏ်ကြောင့် လို့ ပြောကြတယ် ၊ တချို့ကလဲ ဝီရိယ ကြောင့်လို့ ပြောကြတယ် ၊ ငါ က  တော့ ဒီလို မယုံကြည်ဘူးကွ ၊ ငါ့ မျက်စိ အောက် တွင် ပဲ အလုပ် လုပ် ရင်း ၊ ကြိုးစား ရင်း ၊ ဝီရိယာ တွေ ထုတ် ရင်း နဲ့ ပဲ တက်တက် ပြောင် အောင် မွဲ သွားတဲ့ လူတွေ အများကြီး တွေ့ ဖူးတယ် ၊ အမှန်ကတော့ ဘာကြောင့် မှ မဟုတ်ပါဘူး ကွာ ၊ ချမ်းသာ မှာ မို့ ချမ်းသာ တာ ပါ ၊ မွဲ မဲ့ ကောင် က တော့ ဘယ်လောက်ပဲ ဉာဏ် ရှိရှိ ၊ ဘယ်လောက်ပဲ ဝီရိယ ရှိရှိ ကုန်တာပါပဲကွာ ” ဟု ပြော လိုက်လေ၏ ။


ကျွန်ုပ်တို့ နှစ်ဦး စကား ပြောနေစဉ် ၌ ပင် ...


“ မီး ... မီး ...” ဟု အော်သံ ကြားသောကြောင့် ထ ၍ ကြည့် ကြ ရာ ကျွန်ုပ်တို့ နှင့် မလှမ်းမကမ်း အိမ် တစ်အိမ် တွင် မီး စွဲလောင် နေ သည်ကို တွေ့ရလေ၏ ။ လူအများ က ဝိုင်း ၍ ငြိမ်းသတ် နေ၏ ။ သို့ရာတွင် မီး သည် တစ်စ ထက် တစ်စ အရှိန် ပြင်း၍ လာလေ၏ ။ တစ်ရပ်ကွက် လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏ ။ ပစ္စည်းများ သယ်ကုန် ကြ၏ ။ ကျွန်ုပ် သည် လည်း ဆိုင်တွင်း သို့ ပြေးဝင် သွားပြီး လျှင် ပစ္စည်းများ ကို သိမ်းဆည်း လေ၏ ။


အီးနောင် က မူ လက်ဖက်ရည် နှစ်ခွက် ကို ဖျော် နေလေ၏ ။ နို့စိမ်းများ ပျစ် နေအောင် ထည့်၏ ။


ထို့နောက် ကျွန်ုပ် အား ...


“ ဟေ့ကောင် သယ် မနေနဲ့ ၊ ရော့ မင်း နဲ့ ငါ နဲ့ လက်ဖက်ရည် တစ်ခွက် စီ သောက်ကြရအောင် ” ဟု ဆိုကာ ကျွန်ုပ် အား လက်ဖက်ရည် တစ်ခွက် တိုက်၏ ။ ၎င်း ကိုယ်တိုင် လည်း သောက်၏ ။ 


“ ဒီ လက်ဖက်ရည် သောက်ပွဲ ဟာ မင်း နဲ့ ငါ နှုတ်ဆက်တဲ့ပွဲ ပဲ ၊ ဒီ မီး ဟာ မလွတ်နိုင် တော့ဘူး ၊ ဘာ မှ မသယ်နဲ့ ၊ ပိုက်ဆံတွေ ငါ့ အိတ် ထဲ မှာ ရှိတယ် ၊ ကျန်တဲ့ ပစ္စည်းတွေ က အကြီးကြီးတွေ က မင်း နဲ့ ငါ နှစ်ယောက်တည်း ဘယ်လို လုပ် သယ်မှာတုန်း ၊ အဲဒီတော့ လက်ဖက်ရည် ကောင်းကောင်းလေး တစ်ခွက် စီ သောက် ၊ စီးကရက် တစ်လိပ် စီ သောက်ပြီး မီး လောင် တာ ကို အရသာ ခံပြီး ကြည့် နေတာ ပေါ့ကွာ ” ဟု အီးနောင် က ပြောလေ၏ ။


ကျွန်ုပ် လည်း ပေါက်ဖော်ကြီး အား ပြန်လည် ငြင်းဆိုခြင်း မပြုတော့ ဘဲ လက်ဖက်ရည် ကို သောက် လိုက်လေ၏ ။ လွန်စွာ မှ ကောင်းလှပေသည် ။ နို့စိမ်းများ မတရား သဖြင့် ထည့် ထား သောကြောင့် လွန်စွာမှ လည်း ဆိမ့် လှပေသည် ။ ပေါက်ဖော်ကြီး က ကျွန်ုပ် အား စီးကရက် တစ်လိပ် ကို ပေး၏ ။ ကျွန်ုပ် လည်း လက်ဖက်ရည် သောက် ပြီးသော အခါ စီးကရက် ကို သောက် လေ၏ ။


“ ခင်ဗျား ဟာ အတော် သွေးအေးတဲ့ သူပဲ ” ဟု ကျွန်ုပ် က ပြော လိုက်လေ၏ ။


“ သွေး အေးတာ မဟုတ်ဘူးကွ ၊ နှလုံး အေးတာ ၊ ပူပန်မှု မရှိ အောင် နေ တတ်တာ ၊ ကဲ .. ဟေ့ကောင် လာ ၊ အပြင် ထွက်မှ ဖြစ်မယ် ” ဟု ပေါက်ဖော်ကြီး က ဆို သဖြင့် ကျွန်ုပ်တို့ လည်း ဆိုင် အပြင် သို့ ထွက်ခဲ့ကြလေ၏ ။


များမကြာမီ ၌ မီးသတ်ကားများ ရောက် ရှိလာ၏ ။ ထို့ကြောင့် ကျွန်ုပ် က ဝမ်းသာအားရ ဖြင့် ...


“ ပေါက်ဖော်ကြီး ... ပေါက်ဖော်ကြီး ၊ မီးသတ်ကား တွေ လာပြီ ၊ ကျုပ်တို့ ဆိုင် လွတ်ချင် လွတ်မှာ ” ဟု ပြော လိုက်ရာ ပေါက်ဖော်ကြီး သည် စီးကရက် သောက် လျက် ပြုံးပြ လေ၏ ။ ထိုသို့ ပြုံးပြ ပြီး နောက် ... 


“ မပူပါနဲ့ ငါ့ လူရာ ၊ အဲဒီ အတွင်း မှာ ပဲ တို့ ဆိုင်ကလေး မီး ထဲ ပါသွားမှာပါ ” ဟု ပြော လေ၏ ။


“ ခင်ဗျား ဟာ အတော် ကတ်သီးကတ်သတ် ပြောတယ် ၊ ရေ ပက် ဖို့ လာတာပဲ ” ဟု ကျွန်ုပ် က ပြန် ၍ ပြောလိုက်လေ၏ ။ ထိုသို့ ပြော နေစဉ်က မီး သည် ကျွန်ုပ်တို့ နှင့် နီး ၍ လာ သောကြောင့် နောက် သို့ ဆုတ် လိုက်ရလေ၏ ။ ထို အချိန်၌ မှာ ပင် ကျွန်ုပ်တို့ ဆိုင်လေး အား မီးတောက်မီးလျှံ က ဝါးမျို လိုက်လေတော့၏ ။


“ ကဲ ... ဟေ့ကောင် ၊ တို့ ဆိုင်လေးတော့ ပါ သွားပြီကွ ၊ သွားကြ စို့ ၊ မင်း နဲ့ ငါ လဲ ရေစက် ကုန်ပြီ ၊ ငါ က တော့ ပုသိမ်ခရိုင် ငပုတော ဘက် ကို သွားမယ် ၊ မင်း လဲ ကြိုက်ရာ ကို ကြွပေတော့ ၊ ရော့ ... မင်း ပိုက်ဆံ ”  ဟု ဆိုကာ ကျွန်ုပ် အား ငွေစက္ကူတစ်ထပ် ကို ထုတ် ပေးလေ၏ ။ ကျွန်ုပ် သည် ငွေစက္ကူ ထပ် အား လှမ်း ယူ ရင်း ၎င်း ၏ မျက်နှာ ကို ကြည့် လိုက်လေ၏ ။


“ ဘာလဲဗျ ၊ ခင်ဗျား က ကျုပ် ကို အမွေ ပေးတာလား ” ဟု ကျွန်ုပ် က မေးလိုက်ရာ ပေါက်ဖော်ကြီး အီးနောင် က ...


“ ဘာဖြစ်လို့ မင်း ကို အမွေ ပေးရမှာလဲကွ ၊ အဲဒါ မင်း ပိုက်ဆံပဲ ၊ မင်း အရက်ပုန်း ရောင်းတဲ့ ကောင်မလေး ဆီ မှာ စု ထားတဲ့ ပိုက်ဆံ လေ ကွာ ၊ အဲဒီ ကောင်မလေး ဆီကား က ကောင်နဲ့ လိုက် ပြေးမယ် အလုပ် မှာ ငါ က ဖမ်း ထားပြီး အဲဒီ ငွေ ကို အကျပ် ကိုင် ပြီး ပြန် တောင်းထား လိုက်တာ ” ဟု ပေါက်ဖော်ကြီး က ပြော လေတော့၏ ။


“ အဲဒီ ကောင်မလေး အဲဒီလို လိုက် ပြေးမယ် ဆိုတာ ခင်ဗျား က သိရက် နဲ့ ဘာဖြစ်လို့ ကျုပ် ကို မပြောတာလဲ ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ပေါက်ဖော်ကြီး က ...


“ ကောင်မလေး ရယ် ၊ လိုက် ပြေးမဲ့ ကောင်ရယ် ၊ ကျန်ရစ်ဖြစ်မဲ့ ကောင်ရယ် သူ့ ဟာ နဲ့ သူ အားလုံး ပြည့်စုံ နေတာကို ငါ က ဘာဖြစ် လို့ ဝင် ရှုတ်ရမှာလဲ ” ဟု ပြော လိုက်လေ၏ ။


ထို့နောက် ကျွန်ုပ် နှင့် ကျွန်ုပ် မိတ်ဆွေကြီး တို့ သည် လမ်း ခွဲ၍ သွားကြလေ တော့၏ ။ ကျွန်ုပ် သည် မိတ်ဆွေကြီး ပေး ခဲ့သော ငွေစက္ကူများ ကို ရေတွက် ကြည့်၏ ။ ရှစ်ရာလေးဆယ် နှင့် ခြောက်ကျပ် ရှိသည်ကို တွေ့ရ၏ ။ ထို့အပြင် လစဉ် ကျွန်ုပ် အနေဖြင့် အရက်ပုန်း ဆိုင် မှ မိန်းကလေး အား ပေးသွင်းခဲ့သော စာရင်းကလေး တစ်စောင် ရေး ထားသည့် စာရွက်ပိုင်းကလေး တစ်ခု ကို လည်း တွေ့ရလေ၏ ။ ထို စာရွက်ပိုင်းကလေး ၏ အောက် တွင် စုစုပေါင်း ရှစ်ရာလေးဆယ့် ခြောက်ကျပ် ဟု ရေးထားသည် ကို လည်း တွေ့ရလေ၏ ။


မီး သည် သဲသဲမဲမဲကြီး လောင် နေ၏ ။ မီးသတ်များ သည် ကြိုးစားပမ်းစား ငြိမ်းသတ် နေကြ၏ ။ ကျွန်ုပ် သည် ထို မီးလောင်ရာ အရပ် ကို ကျောခိုင်း ၍ ထွက်လာခဲ့ လေတော့၏ ။ ဤသို့ ထွက် လာခဲ့ရာ ကမာရွတ် အဝိုင်းကြီး အနီး သို့ ရောက်ရှိ လာ လေတော့၏ ။ ထို နေရာ သို့ အရောက် ဤ လောက ၌ ကျွန်ုပ် မတွေ့ချင်ဆုံးသော  လူ တစ်ယောက် ကို တွေ့ရ လေတော့၏ ။


ထို သူ မှာ ကျွန်ုပ် အား ယူပါမည် ဟု ပြောပြီး အခြားသူ နှင့် လိုက်ပြေး သွားသော အရက်ပုန်းဆိုင် မှ အမျိုးသမီး ဖြစ်၏ ။ ကျွန်ုပ် သည် ရှော င်၍ မရသည့် အဆုံး၌ မဲ့ပြုံးကလေး ပြုံး ပြ လိုက်လေ၏ ။ ထို့နောက် ထို မိန်းကလေး အား ...


“ မင်း ကို ငါ သိပ်ပြီး ကျေးဇူး တင်တယ် ၊ ငါ့ ကို မယူနိုင်တဲ့ တိုင်အောင် ငါ စုထားတဲ့ ငွေကလေး ကို ငါ့ ဆရာ ပေါက်ဖော်ကြီး ဆီ ကို ပြန် ပေးခဲ့တဲ့ ကျေးဇူး ကိုတော့ အသိအမှတ် ပြုရမှာပဲ ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ထို မိန်းကလေး က ...


“ ရှင် သိပ်ပြီး သနားဖို့ ကောင်းတဲ့ လူပဲ ၊ အဲဒီ ငွေ ကို ကျွန်မ က ဘယ်သူမှ ပြန် မပေးဘူး ၊ အဲဒီ ငွေ နဲ့ ကျွန်မ ယောက်ျား နောက် လိုက် ပြေးသွားတာ ” ဟု ဆိုကာ ထို မိန်းကလေး သည် ထွက်သွား လေတော့၏ ။ 


ကျွန်ုပ် သည် ငူငူကြီး ရပ် ၍ ကျန်ရစ်ခဲ့လေ၏ ။ ထို့နောက် ကျွန်ုပ် ၏ မိတ်ဆွေ ပေါက်ဖော်ကြီး အီးနုံ ( သို့မဟုတ် ) အီးနောင် ( သို့မဟုတ် ) အီးနု ဟု ခေါ်သော တရုတ်ကြီး ၏ အကြောင်း ကို စဉ်းစား နေမိလေ၏ ။


ဤ လူကြီး ကား ဗာဒံပင် နှင့် တူ၏ ။ အခေါ်ရ ခက်၏ ။ အသိရ ခက်၏ ။ သို့သော် ရင်းနှီး၏ ။ ထို လူကြီး သည် ထမင်းဆိုင်ရှင် တစ်ဦး ဖြစ်သောကြောင့် “ ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် ” ဟု ကျွန်ုပ် ၏ စိတ် ၌ မှတ်သား ထား၏ ။ ထို လူကြီး ကား ဆိုင် မီးလောင် ခံရသော ကြောင့် ရန်ကုန် ၌ မနေနိုင်တော့ ဘဲ ငပုတော သို့ အပြီးအပိုင် ပြောင်းရွှေ့ သွားပြီ ဖြစ်၏ ။ ကျွန်ုပ် နှင့် ဝေး သွားပြီ ဖြစ်၏ ။ သို့ရာတွင် ထို လူကြီး သည် ကျွန်ုပ် ၏ ရင် ၌ အစဉ် ရှိနေသော ကြောင့် နီးကပ်နေသည် ဟု လည်း ဆိုနိုင်ပေသည် တကား ။


◾ မင်းသိင်္ခ


📖 တူသော ... ဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး


.

ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် တစ်ဦး ( ၁ )


 

❝ ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် တစ်ဦး ❞
        
        ( အပိုင်း - ၁ )

သစ်ပင် တစ်ပင် သည် ရှိ၏ ။ ထို သစ်ပင် ကို အချို့ က ‘ ဗန်နာ ’ ပင် ဟု ခေါ်၏ ။ အချို့က ‘ ဗန်ဒါ ’ ပင် ဟု ခေါ်၏ ။ အချို့ က ‘ ဗာဒံ ’ ပင် ဟု ခေါ်၏ ။ ကျွန်ုပ် ကိုယ်တိုင် ပင် ထို သစ်ပင်ကို မည်သို့ ခေါ်ရမည် မသိ ။ “ ဗန်နာ ” ဟု ခေါ်သူများ နှင့် တွေ့ လျှင် ကျွန်ုပ် က ရော၍ ‘ ဗန်နာ ’ လိုက်၏ ။ ‘ ဗန်ဒါ ’ ဟု ခေါ်သူများ နှင့် တွေ့ လျှင် ကျွန်ုပ် က “ ဗန်ဒါ ” ဟု ပင် ပြော၏ ။ “ ဗာဒံ ” ဟု ပြောသူများ နှင့် တွေ့ လျှင် ‘ ဗာဒံ ’ ဟု ပင် ပြော၏ ။

အမှန်စင်စစ် ထို သစ်ပင် ၌ အမည် တစ်မျိုး တည်း သာ ရှိ၏ ။ ကျွန်ုပ်တို့ က မခေါ်တတ် သောကြောင့် သာ လျှင် နေရင်း ထိုင်ရင်း အမည် သုံးမျိုး ကွဲပြား သွားခြင်း ဖြစ်ပေသည် ။ ထို့အပြင် ကျွန်ုပ်တို့ သည် ထို အပင် ၏ အကြောင်း ကို ဂဃနဏ သိသူ နည်း၏ ။ ထို အပင် ကို အချို့ က မဇ္ဈိမဒေသ မှ ရောက် လာသော အပင် ဟု အယူ ရှိကြ၏ ။ အချို့ က လည်း ဂန္ဓာလရာဇ်တိုင်း မှ ရောက်လာသည် ဟု အယူ ရှိကြ၏ ။

အချို့ သည် ထို အပင် ကို မိမိ ခြံဝင်း အတွင်း ၌ မစိုက်ကောင်း ဟု ဆိုကာ ပေါက် လျှင် နုတ် ပစ် တတ်ကြ၏ ။ အချို့က လည်း “ ဗန်ဒါ ” ဆိုသည် မှာ “ ဘဏ္ဍာ ” ဟု အဓိပ္ပာယ် ရသော ကြောင့် ဥစ္စာဘဏ္ဍာ တိုးတက်ခြင်း နိမိတ် ပင် ဖြစ်သည် ။ ထို့ကြောင့် ခြံ ထဲ တွင် စိုက်ကောင်း သည် ဟု အယူ ရှိပေသည် ။

အချို့က ဆို လျှင် ထို အပင် တစ်ရပ် ကျော် လျှင် သရဲ ကပ်တတ် သည် ဟု ယုံကြည်၏ ။ အချို့ က လည်း ဗန်ဒါပင် အကိုင်း ခုနစ်ဆင့် တက် လျှင် ဘုံခုနစ်ဆင့် ဖြစ်၍ ရုက္ခစိုး ရောက်လာတတ်သည် ဟု အယူ ရှိပြန်သည် ။

အမှန်စင်စစ် ထို အယူများ ထို ယုံကြည်ချက်များ သည် ခြေခြေမြစ်မြစ် ရှိလှသည် မဟုတ် ။ မိမိ စိတ်သဘော အလျောက် ထင်ချင် ရာ ထင် ၍ ယုံချင် ရာ ယုံထားခြင်း မျှသာ ဖြစ်၏ ။

ကျွန်ုပ် သည် ‘ ဗာဒံ ’ ပင် ကို အများသူငါ ကဲ့သို့ ပင် ခြေခြေမြစ်မြစ် မသိလှပါ ။ သို့ရာတွင် ထို အပင် ကို ချစ်၏ ။ ရှုပ်ထွေးခြင်း မရှိသော သူ ၏ ပင်စည် နှင့် အကိုင်းများ ကို သဘောကျ၏ ။ ပုဝိုင်းဝိုင်း သဏ္ဌာန် ရှိသော သူ ၏ အရွက် ကို နှစ်သက်၏ ။ သူ ၏ အရွက် သည် အချိန် ကာလ အလျောက် အစိမ်းနုရောင် လည်း ရှိ၏ ။ အစိမ်းရင့်ရောင် လည်း ရှိ၏ ။ အဝါရင့် ရောင် လည်း ရှိ၏ ။ နီနီရဲရဲ လည်း ရှိ၏ ။ ထို့ပြင် သူ ၏ အသီး ကို ကျောက်ခဲ ဖြင့် ထု ၍ အထဲ မှ အဆန် ကို ငယ်စဉ် က အကြိမ်ပေါင်း များစွာ စားဖူးသော ကြောင့် ကျွန်ုပ် အဖို့ ငယ်ပေါင်း သူငယ်ချင်း ကဲ့သို့ ရှိ၏ ။

ကောက်ညှင်းပေါင်းသည် တို့ သည် ဗာဒံရွက် ကို အများဆုံး အသုံး ပြုကြ၏ ။ ကျွန်ုပ် သည် ကောက်ညှင်းပေါင်း ကြိုက်သော ကြောင့် ယခု ထက် တိုင် ဗာဒံရွက် နှင့် ရင်းနှီး နေဆဲ ရှိ၏ ။ သူ ၏ အကြောင်းကို ခြေခြေမြစ်မြစ် မသိဘဲ သူ ၏ နာမည် ကို မှန်မှန်ကန်ကန် မခေါ်တတ်ဘဲ လျက် ရင်းနှီးခင်မင်သော အရာ ကို ပြပါ ဆိုလျှင် ကျွန်ုပ် အဖို့ ဗာဒံပင် ကို သာ ပြရန် ရှိပေတော့၏ ။

ထို့ပြင် ကျွန်ုပ် ၌ ခင်မင်သော မိတ်ဆွေ တစ်ဦး ရှိ၏ ။ သို့ရာတွင် ကျွန်ုပ် အနေ နှင့် ထိုမိတ်ဆွေ ၏ အကြောင်း ကို ဂဃနဏ မသိပါ ။ ယုတ်စွ အဆုံး ထို သူ ၏ အမည် ကို ပင် မှန်မှန်ကန်ကန် မခေါ်တတ် ပါ ။ သို့သော် ကျွန်ုပ် သည် သူ့ ကို ခင်၏ ။ ထို့ကြောင့် ထိုသူ အား “ ဗာဒံပင် နှင့် တူသော မိတ်ဆွေ ” ဟု ဆိုရန် ရှိ၏ ။

ထို သူ သည် ထမင်း ရောင်း သောကြောင့် “ ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် ” ဟု လည်း ဆိုနိုင်ပေသည် ။

ထိုအချိန် က ကျွန်ုပ် သည် ဆီစက် တစ်စက် ၌ အလုပ် ဆင်း ရ၏ ။ အလုပ် ဆင်းသည် ဆိုသော် လည်း ကျွန်ုပ် အလုပ် မှာ ကြီးကြီးကျယ်ကျယ် မဟုတ်ဘဲ စက်ရုံ ၏ ညစောင့် ဒရဝမ် မျှ သာ ဖြစ်ပေသည် ။ ကျွန်ုပ် သည် စက်ရုံ သို့ ည ( ၆ ) နာရီ တွင် အလုပ် ဝင်၍ နံနက် ( ၇ ) နာရီ တွင် အလုပ် ထွက် ရ၏ ။

ထို စက်ရုံ သို့ သွားသော လမ်း တွင် ထမင်းဆိုင် တစ်ဆိုင် ရှိ၏ ။ ထို ထမင်းဆိုင် မှာ ကြီးမားသော ဗာဒံပင်ကြီး နှစ်ပင် အောက် တွင် ဖွင့်လှစ် ထားခြင်းဖြစ်၏ ။ ထို ထမင်းဆိုင် မှာ တရုတ်ထမင်းဆိုင် ဖြစ်၏ ။ သို့ရာတွင် မြန်မာထမင်းဟင်း လည်း မှာယူ စားသောက် ၍ ရ၏ ။

ကျွန်ုပ် သည် စက်ရုံ သို့ သွားသော အခါ ၌ ထို ထမင်းဆိုင် တွင် ဝင်၍ ထမင်း စား၏ ။ ထို ဆိုင် ၌ ပင် ဆေးလိပ် ၊ မီးခြစ် စသည့် ကျွန်ုပ် ၏ တစ်ညတာ လိုအပ်ချက်များ ကို ဝယ်ယူ၏ ။ ထို့နောက် မှ စက်ရုံ သို့ သွား လေ၏ ။ နံနက် မိုး လင်း၍ စက်ရုံ မှ ပြန်လာ လျှင် လည်း ထို ထမင်းဆိုင် တွင် ပင် ထမင်းကြော် နှင့် လက်ဖက်ရည် တစ်ခွက် ဝင် ၍ သောက် သေး၏ ။ ထို တရုတ်ထမင်းဆို င်၌ လက်ဖက်ရည် ကော်ဖီ လည်း ရ၏ ။ဆေးလိပ် ၊ မီးခြစ် လည်း ရ၏ ။ ခေါင်းကိုက်ပျောက်ဆေး ၊ ဝမ်းနုတ်ဆေး ၊ လက်နှိပ်ဓာတ်မီး ၊ ဘတ်သီး ၊ ဓာတ်ခဲ ၊ ဗလရှင်ဆေးပြား စသည် တို့ လည်း ရ၏ ။

ကျွန်ုပ် သည် စက်ရုံ မှ ပြန် လာ လျှင် အထက် က ဆိုခဲ့သည့် အတိုင်း ထမင်းကြော် နှင့် လက်ဖက်ရည် တစ်ခွက် သောက်သေး၏ ။ ထို့နောက် မှ သတင်းစာ လည်း ဖတ်သေး၏ ။ ထို့နောက် မှ ကျွန်ုပ် နေထိုင်ရာ တာမွေ ဘက် ဆီသို့ ကား အဆင့် ဆင့် စီး၍ ပြန် လေတော့၏ ။

ထို ဆိုင် ၌ အထက်က ဆိုခဲ့သည့် အတိုင်း နေ့ တစ်ခါ ၊ ည တစ်ခါ ဝင် ၍ စားသောက်သော ကြောင့် ထမင်းဆိုင်ရှင် တရုတ်ကြီး နှင့် မျက်မှန်းတန်း မိလာ၏ ။ ထို ထမင်းဆိုင်ရှင်ကြီး အား ထမင်း လာရောက် စားသောက်သူများ က ‘ အီးနုံ ’ ဟု ခေါ်သူ လည်း ရှိ၏ ။ တရုတ်ကြီး က ထူး၏ ။ အချို့က လည်း ‘ အီးနောင် ’ ဟု ခေါ်၏ ။ ထိုအခါ၌ လည်း တရုတ်ကြီး က ထူး၏ ၊ အချို့က လည်း ‘ အီးနု ’ ဟု ခေါ်၏ ။ တရုတ်ကြီး က ထူး၏ ။ ထို့ကြောင့် ကျွန်ုပ် က တစ်ခုသော နံနက် တွင် ..

“ နေစမ်းပါဦး ပေါက်ဖော်ကြီး ရယ် ခင်ဗျား ကို ‘ အီးနုံ ’ လို့ လဲ ခေါ်ကြတယ် ။ တချို့ ကလဲ ‘ အီးနောင် ’ တဲ့ ၊ တချို့ က လည်း ‘ အီးနု ’ တဲ့ ၊ ဘယ်ဟာ အမှန်လဲဗျာ ” ဟု ကျွန်ုပ် က မေး လိုက်ရာ ထမင်းဆိုင်ရှင် တရုတ်ကြီး က ...

“ ဘယ်ဟာ မှ မမှန်ဘူးကွ ၊ ပြီးတော့ အားလုံးလဲ မှန်တယ် ” ဟု ပြော ကာ ကျွန်ုပ် နံဘေး ရှိ ထိုင်ခုံ တွင် ဝင် ၍ ထိုင် လေ၏ ။

“ ပေါက်ဖော်ကြီး ခင်ဗျား စကား က လဲ နှစ်လုံး တည်း နဲ့ မျက်စိ လည်စရာကြီး ပါလား ၊ ရှင်းပြစမ်းပါဦး ” ဟု ကျွန်ုပ် က ပြန်၍ ပြော လိုက်လေ၏ ။

“ ဒီလိုလေကွာ ၊ တရုတ် လို ပေးထားတဲ့ ငါ့ နာမည် ကို ဗမာတွေ က ခေါ်တော့ ဘယ်လို လုပ် မှန်မှာတုန်း ကွာ ၊ တစ်ယောက် မှ မမှန် ဘူး ၊ မင်း ခေါ်ရင် လဲ မှန် မှာ မဟုတ်ဘူး ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။

“ ဒါဖြင့်ရင် အားလုံး မှန်တယ် လို့ ဘာကြောင့် ပြောရတာတုန်းဗျာ ” ဟု ကျွန်ုပ် က မေး လိုက်ရာ ပေါက်ဖော်ကြီး က ...

“ အားလုံး မှန်တာပေါ့ကွ ၊ အားလုံးဟာ ငါ့ ကို ခေါ်တာချည်း ပဲ မဟုတ်လား ၊ အီးနုံ ဆိုတာလဲ ငါ့ ကို ခေါ်တာပဲ ၊ အီးနောင် ဆိုတာလဲ ငါ့ ကို ခေါ်တာပဲ ၊ အီးနု ဆိုတာလဲ ငါ့ ကို ခေါ်တာပဲ မဟုတ်လား ၊ အဲဒါ ငါ့ ကို ခေါ်တာချည်း ပဲ ဆိုတော့ ငါ က ထူးတာပေါ့ ။ အဲဒါကြောင့် အားလုံး မှန်တယ် လို့ ပြောတာပေါ့ကွ ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။

“ ဒီလို ဆိုတော့လဲ ရှင်းပါပြီဗျာ ၊ အဲဒီတော့ ကျုပ် က နာမည် သုံးမျိုးတည်း မှာ ခေါ်ရလွယ်တာ ကတော့ အီးနောင် ပဲ ဗျ ၊ ခင်ဗျား ကို အီးနောင် လို့ ခေါ်မယ် ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ပေါက်ဖော်ကြီး က ပြုံးလေ၏ ။

ထို့နောက် ကျွန်ုပ် အား ...

“ နေစမ်းပါဦး ၊ မင်း က ဒီ က နေ ထမင်း စားပြီး ညနေတိုင်း အလုပ် ဆင်းတာကိုး ၊ ဆီစက် မှာ ဆင်းတာလား ၊ ညနေ အလုပ် ဆင်းပြီး မနက် မှ ပြန်လာရတယ် ဆိုတော့ မင်း အလုပ် ဟာ ညစောင့် နဲ့ တူတယ် ” ဟု ပေါက်ဖော်ကြီး က ပြောလိုက်လေ၏ ။

“ ဘာဖြစ်လို့ ကျုပ် ကို ညစောင့် လို့ ထင်ရတာတုန်း ၊ ညဆင်း အလုပ်သမား တစ်ယောက်ကော မဖြစ်နိုင်ဘူးလား ” ဟု ကျွန်ုပ် က မေးလိုက်ရာ ...

“ အဲဒီလိုလဲ ငါ စဉ်းစားလိုက်ပါသေးတယ် ကွာ ၊ ဒါပေမယ့် မင်း ရဲ့ ခြေဆံ ၊ လက်ဆံ ၊ ခြေချောင်း ၊ လက်ချောင်းတွေ ဟာ ပင်ပင်ပန်းပန်း အလုပ် လုပ်တဲ့ ပုံစံမျိုး မဟုတ်ဘူးကွ ၊ အဲဒီတော့ ဖြစ်စရာ ရှိရင် လဲ ညစောင့် ပဲ ဖြစ်ဖို့ရှိတယ် ” ဟု ပေါက်ဖော်ကြီး က ပြန်၍ ပြောလေ၏ ။

“ မှန်ပါတယ် ပေါက်ဖော်ကြီး ၊ ကျုပ် ဟာ ညစောင့် တစ်ယောက် ပါပဲ ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ပေါက်ဖော်ကြီး က. ..

“ နောက် တစ်ခု ငါ စဉ်းစား ကြည့်သေးတယ် ၊ ဒီ စက်ရုံ မှာ အမြဲတမ်း ညစောင့် ဆိုတာ မရှိတော့ဘူး ၊ ခန့် လဲ မခန့်တော့ဘူး ၊ သုံးကျပ်ဆယ့်ငါးပြား နဲ့ တွက်ပြီး လ ကုန်မှ ရှင်း ပေးလို့ ရတဲ့ ညစောင့် တွေ ပဲ ထားရတော့တယ် ၊ အဲဒီတော့ မင်း က သုံးကျပ်ဆယ့်ငါးပြား နဲ့ စောင့် တဲ့ ညစောင့် ပဲ ၊ ဒါပေမယ့် ညနေတိုင်း ငါ့ ဆီ မှာ မင်း ထမင်း ဝင်ပြီး စားတာ တစ်ကျပ်ခွဲ ကျတယ် ၊ ဆေးလိပ်ဖိုး ဘာဖိုး က ငါးမူး လောက် ကျတယ် ၊ မနက် ဘက် စက်ရုံ က အလုပ် ထွက်ပြီး ပြန် လာတဲ့ အခါ မှာ ထမင်းကြော် နဲ့ လက်ဖက်ရည် သောက်သေးတယ် ၊ အဲဒီမှာ တင် မနေ့ည က ထမင်းဖိုး နဲ့ ပါ ရောပြီး တွက် လိုက်ရင် သုံးကျပ် လောက် ကျ နေပြီ ၊ အိမ် အသွားအပြန် လမ်းစရိတ် ပါ ထည့် တွက် လိုက်ရင် မင်း ရတာတွေ တက်တက်ပြောင် ပြီပေါ့ ၊ ဒီအချက် ကို ကြည့်ရင် မင်း ဟာ သားမယား မရှိသူ တစ်ယောက် ဖြစ်ရမယ် ” ဟု ပြောပြန်လေ၏ ။

ထိုအခါ ကျွန်ုပ် က ...

“ ဟုတ်ပါတယ် ပေါက်ဖော်ကြီး ၊ ခင်ဗျား ပြောတာ မှန်ပါတယ် ၊ ကျုပ် ဟာ တစ်ကိုယ်ရေ တစ်ကာယ သမား တစ်ယောက် ပါ ပဲ ၊ ထမင်း ကို တော့ ညစာ တစ်နပ်ပဲ ခင်ဗျား ဆီ မှာ စားတယ် ၊ မနက်စာ ကို တော့ ခုလို ထမင်းကြော် ပဲ စားလိုက်တာပါပဲ ၊ မနက်စာ ရယ် လို့ သီးသန့် မစားတော့ပါဘူး ၊ ရှင်းရှင်း ပြောရရင် မစားနိုင်လို့ပါ ၊ အဲဒီတော့ ပေါက်ဖော်ကြီး စဉ်းစား ကြည့်စမ်းပါ ၊ လုံချည် တစ်ထည် ပြဲ သွားရင် နောက် တစ်ထည် ကျုပ် ဘယ်လိုလုပ် ဝယ်မလဲ ၊ အင်္ကျီ တစ်ထည် ပြဲ သွားရင် နောက်ထပ် ကျုပ် ဘယ်လို လုပ် ဝတ်မလဲ ၊ ကျု ပ် ရဲ့ အဖြစ် ဟာ အသူရကာယ် လိုပဲ ၊ ညနေ ရောက် လာရင် ညစာ ကို ခင်ဗျား ထမင်းဆိုင် မှာ စားတယ် ၊ တစ်ည လုံး ဆာလောင်ခြင်း မရှိဘဲ နေရတယ် ၊ ဒါပေမယ့် နောက် တစ်နေ့ တစ်နေ့လုံး ကျုပ် ဗိုက် ထဲ မှာ ခင်ဗျား ဆီ က ဝယ်စား သွားတဲ့ ထမင်းကြော်ကလေး နဲ့ လက်ဖက်ရည် ပဲ ရှိတယ် ၊ တစ်နေ့လုံး ဆာလောင် နေတော့တာပဲ ၊ အဲဒီအခါမှာ ကျုပ် ဟာ ရေ သောက်ပြီး အိပ်နေရတော့တာပေါ့ ” ဟု ကျွန်ု ပ်က ပြော လိုက်ရာ ပေါက်ဖော်ကြီး က ရယ်မော လေ၏ ။

“ ကောင်းတယ် ... ကောင်းတယ် ၊ မင်း ရဲ့ အစာအိမ် ဟာ မှန်မှန်ကြီး နားခွင့် ရတော့တာပေါ့ကွာ ၊ အသက် ရှည်ဖို့ အကြောင်း တစ်ခုပဲကွ ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။

“ ဘယ် က လာ ကောင်းရမှာလဲ ဗျာ ၊ လူ စင်စစ်က ပြိတ္တာ တစ်ကောင် လို စားရမဲ့ သောက်ရမဲ့ ဖြစ်နေတာ ဘယ်လို လုပ် ကောင်းရမှာ တုန်း ” ဟု ကျွန်ုပ် က ပြော လိုက်လေ၏ ။ ထိုအခါ၌ ပေါက်ဖော်ကြီး က ...

“ ဟုတ်တယ် .. ဟုတ်တယ် ၊ လုံးဝ မကောင်းဘူး ၊ လူ ဟာ ဝဝလင်လင် စားရမယ် ၊ ပြိတ္တာ တစ်ကောင် လို စားရမဲ့ သောက်ရမဲ့ ဖြစ်နေတာ ကျက်သရေ မရှိဘူး ” ဟု ပြောပြန် လေ၏ ။

“ ခင်ဗျား ပဲ အမျိုးမျိုး ၊ စောစောတုန်း က တော့ ကောင်းတယ်တဲ့ ၊ ခု မကောင်းဘူး တဲ့ ၊ တတ်လဲ တတ်နိုင်တယ် ” ဟု ကျွန်ုပ် က ပြောလိုက် လေ၏ ။

“ စိတ် မဆိုးပါနဲ့ကွာ ၊ ငါ ပြောချင်တာ က ဒါမဟုတ်ဘူး ၊ ကောင်းတယ် မကောင်းဘူး ဆိုတာ က ကာယကံရှင် ရဲ့ သဘောထား ပေါ် မှာ မူတည်တယ် ၊ မင်း ကို ထမင်း မဝတာ ကို ကောင်းတယ် လို့ ငါ က ပြော ကြည့်တယ် ၊ မင်း က လက်မခံဘူး ၊ အဲဒါကို မကောင်းဘူး လို့ မင်း က ခံယူတယ် ၊ အဲဒီတော့ မကောင်းဘူးပေါ့ကွာ ၊ အဲဒီ အဖြစ် အပျက် ကို မင်း က မကောင်းဘူး လို့ ယူဆ ထားတာကိုးကွ ၊ ဘယ်လို လုပ်ပြီး ကောင်းတော့မှာတုန်း ” ဟု ပေါက်ဖော်ကြီး က ပြန်၍ ပြောလေ၏ ။

“ ခင်ဗျား နဲ့ စကား ပြောရတာ တစ်မျိုးကြီး ပဲ အီးနောင်ရေ ” ဟု ကျွန်ုပ် က ညည်း လိုက်လေ၏ ။

“ ဒါတွေ ထားလိုက်ပါတော့ ငါ့ လူ ရာ ၊ ငါ့ အနေနဲ့ မင်း ကို ကူညီနိုင်တာ တစ်ခု ရှိတယ် ၊ တခြား အကြောင်း မရှိ ရင် မင်း ခု ပြန်အိပ် ရတဲ့ နေရာ ကို မပြန်နဲ့ တော့ ၊ ညနေကျ တော့ မှ ထမင်း စားပြီး စက်ရုံ သွား ၊ အဲဒီတော့ လမ်းစရိတ် သက်သာ သွားမယ် ၊ အဲဒါကို စုနိုင်တာပေါ့ ကွာ ၊ နေ့ခင်း နေ့လယ် မှာ အိပ် မနေဘဲ ငါ့ အလုပ် ကို ဝိုင်းပြီး ကူညီမယ် ဆိုရင်တော့ မင်း ထမင်းစားတဲ့ အတွက် ကော လက်ဖက်ရည် သောက်တဲ့ အတွက် ကော ငါ က ပိုက်ဆီမ ယူတော့ဘူး ၊ အဲဒီလို ဆိုရင် မင်းအ နေနဲ့ အင်္ကျီ အဝတ်အစားလေး ဘာလေး ဝယ် ပြီး ဝတ်နိုင်တာပေါ့ ” ဟု ပေါက်ဖော်ကြီး က ပြော လိုက်လေ၏ ။

“ သိပ်ပြီး ကောင်းတာပေါ့ ပေါက်ဖော်ကြီး ရယ် ၊ ကျုပ် ဒီ က နေ ပြန် နေရတာ ပြန်ချင်လို့ ပြန်နေရတာ မဟုတ်ဘူး ၊ အိပ်စရာ မရှိ လို့ ပြန် နေရတာ ၊ ခင်ဗျား ဆီ မှာ အိပ်စရာ နေရာ ရမယ် ဆိုရင် ကျုပ် အတွက် ကောင်းတာပေါ့ ၊ ဒါပေမယ့် ခင်ဗျား ဆီ မှာ အိပ်ပြီး ခင်ဗျား ကို ကူညီ ဖို့ ကတော့ စဉ်းစားရ လိမ့်မယ် ၊ ကျုပ် က အော်တာ ငေါက်တာ ကို မကြိုက်ဘူးဗျာ ။ ခင်ဗျား က ကျုပ် ကို အော်လား ငေါက်လား လုပ်ရင် ခင်ဗျား နဲ့ ကျုပ် ဟာ မိတ်ဆွေ က နေ ရန်သူ ဖြစ်သွားလိမ့်မယ် ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ပေါက်ဖော်ကြီး က ပြုံး ပြန်လေ၏ ။ ထိုသို့ ပြုံးပြီး နောက် ...

“ ဒီလိုတော့ ရှိတယ်ကွ ၊ အလုပ် လုပ်တဲ့ အခါ မှာ ငါ က သေသေ ချာချာ ပြထားပါ လျက် တလွဲတချော် တွေ လျှောက်ပြီး လုပ်မယ် ဆိုရင် တော့ ငါ က အော်တတ် ငေါက်တတ်တယ် ကွ ၊ ဒါပေမယ့် လဲ မင်း က အော်တာ ငေါက်တာ ကို မကြိုက်ဘူး လို့ ကြိုပြီး ပြော ထားတော့ ငါ က ငေါက်လို့ မဖြစ်လေဘူး ၊ ဒီတော့ ဒီလို လုပ်ကြရအောင် ၊ မင်း လုပ်တာ မှားသွား ရင် ငါ က “ မှားသွားပြီ ” လို့ မင်း ကို သတိ ပေး လိုက်မယ် ။ အဲဒီ အခါမှာ ငါ က မင်း ကို အော်ရ ငေါက်ရမဲ့ အစား မင်း က ငါ့ ကို အော်လိုက် ငေါက်လိုက် ကွာ ၊ ဘယ်လို အော်ငေါက် ရမလဲ ဆိုတော့ “ ခင်ဗျား ဟာ အလကား လူပဲ ၊ ကျုပ် လို ငတုံး ကို အလုပ် လုပ်ခိုင်းရ သလား ၊ အဲဒီတော့ မှား ကုန်တာပေါ့ ။ ကျုပ် လို အသုံးမကျတဲ့ ကောင် ကို ခိုင်းတယ် ဆိုတာ ခင်ဗျား ရဲ့ မိုက်မဲမှု ပဲ ၊ ခု ကြည့်စမ်း ခင်ဗျား ရဲ့ မိုက်မဲမှုကြောင့် အမှားမှား အယွင်းယွင်း ဖြစ် ကုန်ပြီ ၊ ခင်ဗျား သာ ကျုပ် ကို မခိုင်းရင် ခုလို ဖြစ်မှာ မဟုတ်ဘူး ” လို့ မင်း က ငါ့ ကို အော်ငေါက်ပေတော့ကွာ ” ဟု အီးနောင် က ပြောလေ၏ ။

“ ခင်ဗျား ဟာ ရယ်စရာကြီး ဗျာ ၊ ကျုပ် က လဲ မှား သေးတယ် ၊ ခင်ဗျား ကို လဲ အော်ငေါက်ရဦးမယ် ဆိုတော့ ဘယ်လို လုပ် ပြီး အဓိပ္ပာယ် ရှိမှာတုန်းဗျ ။ သူ့ ထုံးစံ က မှား တဲ့ လူ က အအော် ခံရမှာ ၊ ခုတော့ မှား တဲ့ လူ က အော်ရငေါက်ရမယ် ဆိုတော့ အဓိပ္ပာယ် မရှိပါဘူးဗျာ ၊ လူ ကြားရင်လဲ ရယ်စရာ ကောင်းပါတယ် ။ ကျုပ် ကိုယ်တိုင် လဲ အဲဒီလို ခင်ဗျား ကို အော်ရငေါက် ရ ရင် ရယ်မိမှာပဲ ” ဟု ကျွန်ုပ် က ပြောလိုက်လေ၏ ။

“ မင်း အခု ပြောတဲ့ ‘ ရယ်မိမှာပဲ ’ တို့ ၊ ‘ ရယ်စရာကြီး ’  တို့ ဆိုတဲ့ စကားတွေ ဟာ သိပ်ပြီး တန်ဖိုး ရှိတာပဲ ၊ လောကကြီး မှာ ရယ်စရာ ဖြစ်တယ် ဆိုတာ ကို မင်း အနေ နဲ့ သေသေချာချာ စဉ်းစား ကြည့်စမ်း ၊ ဘယ်လို အခါမျိုး မှာ ရယ်စရာ ဖြစ်သွားသလဲ ” ဟု အီးနောင် ဆိုသည့် ပေါက်ဖော်ကြီး က ကျွန်ုပ် အား မေးလေ၏ ။

ထိုအခါ ကျွန်ုပ် သည် မည်သည့် အခါမျိုး၌ ရယ်စရာ ဖြစ်တတ် သည် ကို စဉ်းစားရ လေတော့၏ ။ ကျွန်ုပ် သည် အကြိမ်ပေါင်း များစွာ ရယ်ခဲ့ဖူး၏ ။ သို့ရာတွင် မည်သို့သော အဖြစ်အပျက် ၊ မည်သို့သော အကြောင်းအရာများ သည် ၊ မည်သို့သော အကြောင်းကြောင့် ရယ် ခဲ့ ရသည် ကို မစဉ်းစားခဲ့ဘူးချေ ။

ရယ်စရာ ဆိုသည်မှာ မည်သည့် အရာ ကို ခေါ်သနည်း ဟု မိမိ ကိုယ် မိမိ အကျအန မမေးခဲ့မိဘူးချေ ။ ယခု ထို မေးခွန်း ကို မိမိ ဘာသာ မိမိ မေးလိုက်သော အခါ၌ အဖြေ မထွက်ဘဲ ရှိလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က ထမင်းဆိုင်ရှင် တရုတ်ကြီး အီးနောင် အား ...

“ ရယ်စရာ နဲ့ ပတ်သက်လို့ အနက်အဓိပ္ပာယ် ကို ကျုပ် မသိ ပါဘူးဗျာ ” ဟု ဝန်ခံ လိုက်လေ၏ ။ ပေါက်ဖော်ကြီး သည် ပြုံး၏ ။ ထို့နောက် ...

“ ပွဲ သွား ကြည့်တဲ့ အခါမှာ လူရွှင်တော် က ပြက်လုံးတွေ ကို ထုတ်တယ် ။ အဲဒီ အခါမှာ မင်းတို့ ငါတို့ တွေ က ရယ်တယ် ။ သူ က  ရယ်စရာတွေ ပြောတယ် ၊ ရယ်စရာတွေ လုပ် ပြတယ် ။ ဇာတ် တစ်ခု ကို ငါ သွား ကြည့်ဖူးတယ် ။ အဲ ဒီထဲ မှာ လူရွှင်တော် က သူတောင်းစား အဖြစ် သရုပ်ဆောင် ရတယ် ၊ သူ က အခြား သူတောင်းစား အဖြစ် သရုပ်ဆောင် တဲ့ လူရွှင်တော် ကို ဘာ ပြော လိုက်သလဲ ဆိုတော့ မင်း ပြောစရာ ရှိတာ ပြောပြီးရင် ပြန်တော့ ငါ့ အတွက် အချိန် မရှိဘူး ၊ သံရုံး က ဖိတ်ထားတဲ့ ညစာစားပွဲ သွားရ ဦးမယ် လို့ ပြောလိုက်တယ် ၊ အဲဒီအခါ မှာ ပရိသတ် က ‘ ဝါးခနဲ ’ ရယ်မောကြတယ် ၊ အဲဒီ ရယ်တဲ့ ထဲ မှာ ငါ လဲ ပါတယ်ကွ ၊ သူ ပြောတဲ့ စကား ကို တစ်လုံးစီ ကြည့်ရင် ရယ်စရာ ဆိုလို့ ဘာမှ မပါဘူးကွ ။ အဲဒီ စကား ကို သံအမတ် အဖြစ် သရုပ်ဆောင် ရ တဲ့ သူ က ပြောရင် ဘယ်သူမှ ရယ် မှာ မဟုတ်ဘူး ၊ အခု ရယ်တာ က သူတောင်းစား က ပြော လို့ ရယ်တာကွ ၊ အငြိမ့် တစ်ခု မှာလဲ ဒီလိုပဲ ကွ ၊ လူရွှင်တော် တစ်ယောက် က သူဌေး အဖြစ် သရုပ်ဆောင်တယ် ၊ မင်းသမီး က “ ကော်ဖီ ဖျော်လိုက်ဦးမယ် ၊ ခဏလေး စောင့်ပါ ” ပြောတယ် ၊ အဲဒီ အခါမှာ သူဌေး အဖြစ် သရုပ်ဆောင် တဲ့ လူရွှင်တော် က မဖျော်ပါနဲ့ ၊ မဖျော်ပါနဲ့ ၊ ကျုပ် အခုပဲ ဟိုတယ် က တောင်း သောက်လာတယ်လို့ ဆိုရင်ပဲ ပရိသတ်က “ ဝါးခနဲ ” ရယ်တော့တာပဲ ၊ အဲဒီ စကား ကို စောစောက သူတောင်းစား က ပြောရင်လဲ ရယ်မှာပဲ ကွ ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုတယ် ဆိုတာ ပိုက်ဆံ ပေးသောက်ရတာကွ ၊ တောင်း သောက်လို့ မရဘူး ။ ဟိုတယ် နဲ့ တောင်း သောက်ခြင်း ၊ ပေါင်း လိုက်တဲ့ အခါမှာ ရယ်စရာ ဖြစ်သွားတယ် ။ ပြီးတော့ မင်းသမီး ကို လူရွှင်တော် က လူပျိုစကား ပြောတဲ့ ထဲ မှာ ဘာ ပြောသလဲ ဆိုတော့ မင်း ငါ့ ကို မမုန်းပါနဲ့ကွာ ၊ မင်း အမေ ငါ့ ယောက္ခမကြီး မြင်းစီး ချင်တယ် ဆိုလို့ ငါ က တပင်တပန်း အုန်းလက်ကြီး ခုတ် ပေးခဲ့ရ တဲ့ သူ ပါ လို့ ပြောလိုက်တယ် ဆိုရင်ပဲ ပရိသက် က ရယ်ပြန်တာပဲ ၊ အဲဒီလိုပဲ ငါ့ လူ ရေ ဆပ်ကပ် ကို သွား ကြည့်တဲ့ အခါမှာ လူရွှင်တော် ပါတယ် ကွ ၊ သူ့ကို ‘ ကလောင်း ’ လို့ ခေါ်တယ် ။ အဲဒီ ကလောင်း တွေ ဟာ ဆပ်ကပ်ပညာ ကို ကောင်းကောင်း တတ်ကြတယ် ၊ ဒါပေမယ့် အဝတ်အစား ပျောက်တိ ပျောက်ကျား ကွက်တိ ကွက်ကျားကြီး တွေ ဝတ် ထားတယ် ၊ မျက်နှာ ကို လဲ ကိုးရိုးကားယားကြီးတွေ ချယ်လိမ်း ထားတယ် ၊ ခေါင်း မှာ လဲ ဦးထုပ် ချွန်ချွန်ရှည်ရှည်ကြီး ကို ကိုးရိုးကားယား ဆောင်း ထားတယ် ၊ ပြီးတော့ ကြိုးတ န်း ကို လျှောက်တတ် သလို နဲ့ လျှောက် ပြပြီး တစ်ဝက် လောက် မှာ မထိန်းနိုင် သလိုနဲ့ ချော်ကျ ပြတယ် ၊ လူတွေ အားလုံးက ချော်ကျ သွားပြီ လို့ ထင်တဲ့ အခါမှာ သူ က ကြိုးတန်း ကို ခြေထောက် နဲ့ ချိတ်ပြီး ပြန် တက်လာတယ် ၊ အဲဒီ အခါမှာ ပရိသတ် ဟာ ရယ်တော့တာပဲ ၊ ကောင်းကင်ဘား လွှဲတဲ့ အခါ မှာ လဲ ဟုတ်တိပတ်တိ လွှဲပြီး လူ က တစ်ဘက် ကို မရောက် ဘဲ ဘောင်းဘီကြီး ပဲ ကျွတ်ပါ သွားပုံ လုပ် ပြတယ် ။ အဲဒီ အခါမှာလဲ ရယ်ကြတာပဲ ။ အဲ့ဒီလိုပဲ ငါ တို့ ဟာ အကြိမ်ပေါင်း များစွာ လူရှေ့ သူရှေ့ မှာ ပုဆိုးကျွတ် ကျတဲ့ လူ ကို ရယ်ခဲ့ ကြဖူးတယ် ။ ဒေါက်မြင့်ဖိနပ်ကြီး ဟန် နဲ့ ပန် နဲ့ စီးလာတဲ့ မိန်းမတစ်ယောက် ချော်လဲရင် လဲ မင်းတို့ ငါတို့ ရယ်ခဲ့ကြတာပဲ ။ ဒါဖြင့်ရင် မင်းတို့ ငါတို့ အဖို့ ရယ်စရာ ဆိုတာ ဘာကို ဆိုတာလဲ ဆိုတာ စဉ်းစားဖို့ လို လာတယ် ၊ ဒီ လောကကြီး ဟာ ဟန်ချက်ညီညီ အချိုးညီ လို့ သင့်လျော် ညီညွတ်မှုတွေ နဲ့ စခန်းသွား နေရတဲ့ လောကကြီး ဖြစ်တယ် ကွ ၊ အဲ့ဒါကို အင်္ဂလိပ်စကားနဲ့ ‘ ဟာမိုနီ ’ လို့ ခေါ်တယ် ၊ အဲဒီသင့် လျော်ညီညွတ်မှုတွေ ပျက်ယွင်း သွားတာ ကို တော့ “ ဒစ်ဟာမိုနီ ”  လို့ ခေါ်တယ် ၊ အဲဒီ သင့်လျော် ညီညွတ်မှုတွေ ပျက်ယွင်း သွားတဲ့ အခါ မျိုး မှာ ကိုးရိုးကားရား ဖြစ် သွားတတ်တယ် ၊ အဆီအငေါ် မတည့် ဖြစ်သွားဘတတ်တယ် ၊ အဲဒီ အခါမှာ ရယ်စရာ ဖြစ် ကုန် တော့တာပဲ ၊ အဲဒီတော့ လူရွှင်တော် တို့ ၊ လူပျက် တို့ ကလောင်း တို့ ဟာ ဟာမိုနီ ကို ကောင်းကောင်း သိကြတယ် ၊ အဲဒီလို သိမှ လဲ ဟာမိုနီ ကို ဖျက် ပြီး ရယ်စရာ လုပ် ပြနိုင်တာပေါ့ ၊ မသိရင် လုပ် ပြလို့ မရဘူး ၊ ဒါကြောင့် ကုလသမဂ္ဂကြီး မှာ ကလောင်း လူရွှင်တော်ကြီး လေးယောက် ကို အကြီးဆုံး ရာထူး ပေးပြီး ခန့်အပ်လိုက်မယ် ဆိုရင် ကမ္ဘာကြီး ဟာ ဒီထက် မြန်မြန် ငြိမ်းချမ်းသွားဖို့ ရှိတယ် ၊ အဲဒီ လူရွှင်တော်ကြီး တွေ က ဟာမိုနီ ကို သိကြတယ်လေ ကွာ ၊ သူတို့ အနေ နဲ့ ကမ္ဘာကြီး ကို ဘယ် နေရာမှာ ဟာမိုနီ ပျက် နေတယ် ဆိုတာ ရှာ လိုက်တာနဲ့ ဒက်ခနဲ သိတာပေါ့ကွာ ၊ အဲ့ဒါဆို ပြီးပြီ ” ဟု ပြော ဆိုကာ ထမင်းဆိုင်ရှင် ပေါက်ဖော်ကြီး အီးနောင် သည် တဟဲဟဲ ရယ် နေလေတော့၏ ။

ထို့ကြောင့် ကျွန်ုပ် က ...

“ ခင်ဗျား ပြောတော့လဲ ဟုတ် သလိုလိုပဲ ” ဟု ပြော လိုက်လေ၏ ။ ထိုအခါ ပေါက်ဖော်ကြီး က ...

“ အခုပဲ မင်း စဉ်းစား ကြည့်လေ ၊ ငါ က အလုပ်ရှင် ၊ မင်း က အလုပ်သမား ၊ မင်း အလုပ် လုပ်လို့ မှား သွားတာ ကို တွေ့ရင် ငါ က မင်း ကို ကြိမ်းမောင်းရမယ် ၊ အဲ့ဒါ ဟာမိုနီပဲ ၊ အဲ့ဒါကို တို့ က ဘယ်လို လုပ်ကြမလဲ ဆိုတော့ အလုပ်သမား မှား သွားတာကို အလုပ်ရှင် က ကြိမ်းလား မောင်းလား မလုပ်ပဲ ၊ အလုပ်သမား က အလုပ်ရှင် ကို ကြိမ်းလားမောင်းလား လုပ်ကြဖို့ စီစဉ်ကြတယ် ၊ အဲ့ဒီမှာ ဟာမိုနီ ပျက် သွားတယ် ၊ ဟာမိုနီ ပျက် သွားရင် ရယ်စရာ ဖြစ်သွားတော့ တာပဲ ၊ သာမန် ကိစ္စတွေ မှာ ပျက် ရင်တော့ ၊ ဟာမိုနီ ပျက်မှု ဟာ ရယ်စရာ လောက်ပဲ ဖြစ်တယ် ကိုယ့် လူ ရေ ၊ လောက စည်းကမ်း မှာ သွားပြီး ပျက်ရ င်တော့ ငရဲကြီး တော့ တာပဲ ၊ မိဘ က သားသမီး ကို ရိုက်ရမဲ့ အစား ၊ သားသမီး က မိဘ ကို သွား ပြီး ရိုက် ကြည့်ပါလား ။ အဲဒါလဲ ဟာမိုနီ ပျက်တာပဲ ၊ အဲ့ဒါ ရယ်စရာ မဟုတ်တော့ဘူး ၊ အဝီစိ ကို ဆင်း သွားလိမ့်မယ် ” ဟု ထမင်းဆိုင်ရှင် တရုတ်ကြီး က ပြောလေ၏ ။

ထိုအခါ ကျွန်ုပ် က ...

“ ကျုပ် သဘောပေါက်ပါပြီဗျာ ” ဟု ပြော လိုက်လေ၏ ။

“ အေး အဲဒီလို သဘောပေါက် ရင် မင်း လုပ်တာ ကိုင်တာ မှားလို့ ငါ့ က ကြိမ်းလား မောင်းလား လုပ်ရင် မင်း လက်ခံပြီပေါ့ ” ဟု ထမင်းဆိုင်ရှင် တရုတ်ကြီး က မေး ပြန်လေ၏ ။

“ လက်ခံပါပြီဗျာ ၊ ခင်ဗျား က ပဲ ကျုပ် ကို ကြိမ်းလား မောင်းလား လုပ်ရမှာပေါ့ ၊ ကျုပ် က ခင်ဗျား ကို ပြန် လုပ် နေရင် ဟာမိုနီတွေ ပျက်ကုန်မှာပေါ့ ” ဟု ကျွန်ုပ် က ပြောလျှင် ပေါက်ဖော်ကြီး က ရယ်လေ ၏ ။ ကျွန်ုပ် လည်း ရယ်လေ၏ ။ ထိုအချိန် မှ စ၍ ကျွန်ုပ် သည် ပေါက်ဖော်ကြီး ၏ ဆိုင် တွင် နေထိုင် စားသောက်ခွင့် ရ သွားလေ တော့၏ ။

ကျွန်ုပ် သည် စက်ရုံ မှ ပြန် လာသော အခါတွင် တရေးတမော အိပ်၏ ။ ထို့နောက် အိပ်ယာ မှ ထ၍ ရေမိုး ချိုးပြီး လျှင် ပေါက်ဖော်ကြီး ၏ အလုပ် ကို ကူညီလေ၏ ။ စားပွဲခုံများ သုတ် ပေး၏ ။ တံမြက်စည်း လှည်းပေး၏ ။ ပန်းကန်များ ဆေးပေး၏ ။ ဝိုင်း ၍ စားပွဲထိုး ပေး၏ ။

ပေါက်ဖော်ကြီး ဆိုင် တွင် ထမင်း ကို ဝလင်စွာ စားရလေ၏ ။ တစ်နေ့ လျှင် လက်ဖက်ရည် သုံးကြိမ် သောက်ရလေ၏ ။

ကျွန်ုပ်တို့ ဆိုင် သည် ချောင် ကျသောကြောင့် စုံတွဲများ အများစု လာလေ၏ ။ တစ်နေ့ တွင် အတွဲ တစ်တွဲ သည် ရောက်ရှိ လာလေ၏ ။ စားသောက်ဖွယ်ရာ များ မှာ သဖြင့် ကျွန်ုပ် လည်း စားပွဲထိုး လေ၏ ။ မိန်းမ လုပ်သူ က ယောက်ျား လုပ်သူ ၏ လက် ကို ကိုင် ၍ ချော့ နေ၏ ။ တောင်းပန် နေ၏ ။ ယောက်ျား လုပ်သူ က မစား ဟု ဆိုသော ကြောင့် မိန်းမ လုပ်သူ က အတင်း ချော့၍ ကျွေးနေ၏ ။

ကျွန်ုပ် သည် အနည်းငယ် ဆန်း သကဲ့သို့ ဖြစ်သွား၏ ။ ဤ ဆိုင် ၌ အတွဲပေါင်း များစွာ ကို တွေ့ဖူး၏ ။ တွေ့ ဖူး သမျှသော အတွဲ တို့ တွင် ယောက်ျားက သာ မိန်းမ ကို ချော့၏ ။ ယခု အတွဲ မှာ မူ မိန်းမ က ယောက်ျား ကို ချော့ နေ၏ ။ ထို့ကြောင့် ကျွန်ုပ် သည် အီးနောင် ထံ သို့ သွား၍ အဖြစ်အပျက် ကို ပြောပြ လိုက်၏ ။

ထိုအခါ အီးနောင် က ...

“ မင်း ပြောသလို ဆိုရင် ဒီ အတွဲ ဟာ ဟာမိုနီ ပျက်နေပြီ ၊ ဒီတော့ ရယ်စရာကြီး ဖြစ်နေပြီ ၊ ဒီ အတွဲ ရဲ့ နောက်ကွယ် မှာ ရယ်စရာ မဟုတ်တဲ့ ဟာမိုနီ ဖြစ်တဲ့ အတွဲ တစ်တွဲ မုချ ရှိရမယ်ကွ ၊ အဲဒီတော့ တောင်းပန် နေတဲ့ အမျိုးသမီး ဟာ ဟာမိုနီ ကို ဖျက်ပစ်တဲ့ အမျိုးသမီး ပဲ ” ဟု ပြော လေ၏ ။

“ ပေါက်ဖော်ကြီး ၊ ခင်ဗျား ဘာတွေ ပြော နေတာလဲ ၊ ကျုပ် ဖြင့် တစ်လုံးမှ နားမလည်ဘူး ” ဟု ကျွန်ုပ် က ပြောရာ ပေါက်ဖော်ကြီး က ရယ်လေ၏ ။ ထိုသို့ ရယ် ပြီးနောက် ...

“ ဒီ မိန်းမ မှာ ယောက်ျားကြီး ရှိ လိမ့်မယ် ၊ ဒီ ကောင် က တော့ လင်ငယ် ဖြစ်လိမ့်မယ် ။ ငါ တွေ့ ဖူး သမျှ လင်ငယ်တွေ ဟာ လင်ကြီး လို မဟုတ်ဘူးကွ ၊ အားကြီး ဈေးကိုင်ကြတယ် ” ဟု ပြောလိုက်ချိန် ၌ ပင် မော်တော်ကား တစ်စီး သည် ဆိုင်ရှေ့ တွင် လာ ၍ ရပ်၏ ။ ထို့နောက် ယောက်ျားကြီး နှစ်ဦး ဆိုင် ထဲ သို့ ဝင်လာပြီး လက်ဖက်ရည် မှာ လေ၏ ။ ထိုသို့ လက်ဖက်ရည် မှာ သံ ကို စောစောက စုံတွဲ ကြား လျှင် လှုပ်လှုပ်ရှားရှား ဖြစ် သွားလေ၏ ။

( ဒုတိယပိုင်း ဇာတ်သိမ်း ဆက်ရန် )

◾ မင်းသိင်္ခ

📖 တူသော ... ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.