Showing posts with label မင်းလူ. Show all posts
Showing posts with label မင်းလူ. Show all posts

Saturday, September 20, 2025

ကြယ်တာရာ


 

❝ ကြယ်တာရာ ❞
     ( မင်းလူ )

သူသည် ပြိုင်မြင်းပျိုလေး တစ်ကောင်လို ကဆုန်ပေါက်ပြီး ပြေးလာတတ်သည် ။ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေ၏ ။ ထို့နောက် သူ သိချင်နေတာတွေကို တရစပ် မေးလေတော့သည် ။ မေးခွန်း ဆိုသော်လည်း အများစုမှာ အဖြေတွဲလျက် ပါပြီးသား ဖြစ်၏ ။

“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီလိုထင်တယ် ၊ ဟုတ်သလား ” ဆိုတာမျိုး ။

ကျွန်တော်က ဟုတ်ပါတယ် ဟု အတည်ပြုပေးရုံသာ ရှိ၏ ။ ထိုအခါ ကျေနပ်သွားဟန်ဖြင့် ပြုံးစေ့စေ့လုပ်ပြီး လှစ်ခနဲ ပြေးထွက်သွားသည် ။ တစ်ခါတလေ သူ ပြောသည်ကို သဘောမတူလို့ ငြင်းချက်ထုတ်မိသောအခါ စိတ်ကောက်သွားသော ကလေးငယ်တစ်ယောက်လို မှုန်တေတေ ပေစောင်းစောင်း ကြည့်နေပြီးမှ ချာခနဲ လှည့်ထွက်သွားတတ်သည် ။ တချို့ မေးခွန်းတွေကျတော့ တစ်ခါမှ မကြားဖူးသော ထူးထူးဆန်းဆန်းတွေ ။ ကြောင်တောင်တောင် နိုင်တယ်လို့လည်း ပြောနိုင်သည် ။ ပေါက်ပေါက်ရှာရှာ ကတ်သီးကတ်သတ် လျှောက်တွေးလေ့ရှိသော ကျွန်တော့်လို ကောင်မျိုးတောင် မစဉ်းစားမိသော ကိစ္စတွေ ။ ထို့ကြောင့် ချက်ချင်း မဖြေနိုင်သေးဘူး ဆိုပြီး နောက်ရက်ကို ချိန်းရသည် ။ သူ မေးထားတာကို စေ့စေ့စပ်စပ် သုံးသပ်ကြည့်လိုက်တော့ ကျွန်တော် ကိုယ်တိုင်လည်း သိချင်နေသော မေးခွန်းမျိုး ဖြစ်နေကြောင်း တွေ့ရှိလာရတတ်ပြန်လေသည် ။

နောက်တစ်နေ့ကျတော့ ကျွန်တော် ဉာဏ်မီသလောက် အဖြေထုတ်ပေးလိုက်သည် ။ သူ သိပ်ကျေနပ်ပုံ မရ ။ ဒါဖြင့် ခင်ဗျားကကော ဘယ်လိုထင်လို့လဲဟု ပြန်မေးတော့ သူ့အမြင်ကို ပြောသည် ။ သူ့ဟာသူလည်း သိပ်ဘဝင်ကျဟန် မတူ ။ တစ်ခါတလေ နှစ်ယောက်ပေါင်းလိုက်မှ အဆင်ပြေသွားသည် ။ တစ်ခါတစ်ရံမှာတော့ အဖြေချင်း ဆန့်ကျင်ဘက် ဖြစ်ပြီး ညှိလို့ မရသည့် ရက်ပေါင်းများစွာ မျောနေတတ်ပြန်သည် ။ မေ့သလောက် ရှိတော့မှ အလစ်အငိုက်မှာ ရုတ်တရက်ပေါ်လာပြီး သူ စဉ်းစားထားသော အဖြေကို ပြောပြသည် ။ ကျွန်တော် ပြန်မငြင်းနိုင်ခင်မှာပင် အနိုင်နှင့် ပိုင်းပြီး လှစ်ခနဲ ထွက်ပြေးသွားလေသည် ။

••••• ••••• •••••

ထို့နောက် လပေါင်းအတော်ကြာအောင် သူနှင့် မတွေ့ဖြစ်ဘဲရှိခဲ့သည် ။ နောက်တော့ သူ စာတွေ ပြန်ရေးကြောင်း သိရ၏ ။ အရင်ကလောင် အမည် ( ရွှေဘုန်းလူ ) မဟုတ်တော့ ။ “ တာရာမင်းဝေ ” ဖြစ်သွားပြီ ။ တစ်ရက်မှာ ( မူလ ) သရဖူမဂ္ဂဇင်းကို ဦးစီးတည်း ဖြတ်နေသော ဆရာ မောင်မြင့်မြတ်နှ င့် ဆုံသည် ။ ဆရာက မေးသည် ။

“ တာရာမင်းဝေ ဆိုတာ သိလား ”

“ သိတာပေါ့ အစ်ကိုရ ၊ ပေကတ်ကတ်နဲ့လေ ”

“ အံမယ် ၊ မင်းကပဲ ပြောရတယ်ရှိသေး ”

“ ဒီကောင်က ပိုဆိုးတယ်ဗျ ”

“ အေးလေ ငါတို့ငယ်ငယ်ကလည်း ဒီလိုပါပဲ ။ ဒါနဲ့ သူ့စာတွေ မင်း ဖတ်ဖူးသလား ”

“ ကဗျာတွေတော့ ဖတ်ဖူးတယ် ”

“ ဒီကောင် တော်တယ်ကွ ၊ သူ့ကို ငါ ဖြစ်အောင် တင်မယ် ”

ချွန်ချွန်ထက်ထက် ကလောင်သစ် တစ်ချောင်းကို တွေ့လိုက်ရသောအခါ ဝမ်းသာအားရဖြစ်သွားတတ်သော အယ်ဒီတာ တစ်ယောက် လေသံဖြင့်ပြောသည် ။

ဆရာ မောင်မြင့်မြတ် ဆိုတာ မြန်မာစာပေလောကတွင် အအောင်မြင်ဆုံး နံပါတ်တစ်ဖြစ်ခဲ့သော ရှုမဝမဂ္ဂဇင်းကြီး ကို တာဝန်ခံအယ်ဒီတာ အဖြစ် နှစ်ပေါင်းများစွာ ကိုင်တွယ်လာခဲ့သူ ဖြစ်၏ ။ သူ စင်တင်ပေးခဲ့၍ နာမည်ကြီး စာရေးဆရာ ဖြစ်လာသူတွေ အမြောက်အမြား ရှိသည် ။ ကျွန်တော်တို့တုန်းက ဆိုလျှင် “ မဆိုးဘူး ” ဟု မှတ်ချက်ပေးခံရတာလောက်ကိုပင် စာပေဆုရသလောက် ဝမ်းသာကျေနပ်ခဲ့ရတာ ။ ဆရာ့ နှုတ်က “ တော်တယ် ” ဟု ထုတ်ပြောခံရခြင်းမှာ နှယ်နှယ်ရရ မဟုတ် ။

မကြာခင်မှာပင် သရဖူ ၊ စာပေ ဂျာနယ် အပါအဝင် မဂ္ဂဇင်းများတွင် သူ့ဝတ္ထု ၊ ကဗျာ ၊ အက်ဆေးတွေ ဆက်တိုက်ပါဝင်လာသည် ။ အာလူးစားသူ များ ဝတ္ထုတိုဖြင့် “ ဖြူးမိတ်ဆွေများ စာကြည့်အသင်း ” ၏ စာပေဆုကို ရရှိသည် ။ ပန်းခေတ်က လမင်း လုံးချင်း ဝတ္ထု ထွက်လာသည် ။

သူသည် တစ်နှစ်အတွင်းမှာပင် ထိပ်ဆုံးသို့ ထိုးထွက်လာသည် ။ စာပေ နယ်ထဲမှာ အချိန်တိုတို အတွင်း ခုလို ဖြစ်လာဖို့ မလွယ်လှ ။ အထူးသဖြင့် အနုပညာအပိုင်းမှာရော ဈေးကွက်အရပါတစ်ပြိုင်တည်း အောင်မြင်ဖြစ်ထွန်း အလွန်ခက်သည် ။

ဒါမျိုးက စိုးရိမ်စရာလည်း ကောင်းသည် ။ အနုပညာလောကမှာ ရုတ်တရက် “ ဟုန်းခနဲ ” ထတောက်ပြီး သိပ်မကြာခင်မှာ “ ဟုတ်ခနဲ ” ပြန်ငြိမ်း သွားတာမျိုးဖြစ်တတ်၏ ။ မီးငြိမ်းပုံ အမျိုးမျိုး ရှိသည် ။ ဖယောင်းတိုင်မီး မှုတ်လိုက်သလို ချက်ချင်းငြိမ်းသွားတာ  ၊ ဖွဲမီးလို တငွေ့ငွေ့ တဖြည်းဖြည်း ငြိမ်းသွားတာ ။

သူကတော့ ဓာတ်ငွေ့အိုးပေါက်ကွဲသလို “ ဝုန်းခနဲ ” ငြိမ်းသွားခြင်းသာ ဖြစ်လေ၏ ။

••••• ••••• •••••

နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးတုံးတုံး လုပ်နေပြီ ဆိုလျှင် သူ လိုချင်တာ တစ်ခုခု ရရှိထားလို့ ဖြစ်ကြောင်း သိနိုင်သည် ။ တစ်ရက်မှာတော့ သူသည် ကျွန်တော့်ဆီသို့ ထိုအပြုံးမျိုးနှင့် ရောက်ရှိလာ၏ ။ တစ်ယောက်တည်း မဟုတ် ။ ကောင်မလေး တစ်ယောက်လည်း ပါလာသည် ။

ကောင်မလေးက ဖြူဖြူ ၊ သွယ်သွယ် ၊ ချောချောလေး ။ မျက်နှာက ကြောင်ပေါက်စလေးနှင့် တူသည် ။ အသံကလည်း ကြောင်လေးတစ်ကောင်လို ပါပဲ ။

တာရာမင်းဝေ က -

“ သူက မနော်ဟရီတဲ့ ၊ ဟင်းဟင်း ”  

ဟု မပွင့်တပွင့်ရယ်ရင်း မိတ်ဆက်ပေးသည် ။ ( သူ့ ရယ်သံက ထူးခြား သည် ။ “ ဟဲဟဲ ”  ဟု အသံမထွက်ဘဲ “ ဟင်းဟင်း ” ဟု မြည်တတ်၏ ။ )

ထို့နောက် ကောင်မလေး၏ အိတ်ကို ပိုင်စိုးပိုင်နင်း လှမ်းယူလိုက်ပြီး မှတ်စုစာအုပ်လေးတစ်အုပ်ကို ဆွဲထုတ်သည် ။ ကျွန်တော့်ကို ကမ်းပေးပြီး -

“ တစ်ခုခု ရေးပေးလိုက်ပါ ”

ဟုပြောသည် ။ အော်တိုစာအုပ်ထဲမှာ သူများတွေ ရေးထားတာ လျှောက်လှန်ဖတ်ကြည့်သည် ။ တစ်နေရာတွင် ကဗျာတိုလေးတစ်ပုဒ် ရေးပြီး အောက်မှာ တာရာမင်းဝေ ဟု လက်မှတ်ထိုးထားတာတွေ့ရ၏ ။ ဘေးမှာ စာတစ်မျက်နှာ လွတ်နေသည် ။ ကျွန်တော်က တစ်ဖက် စာမျက်နှာဆီ မြားထိုး ညွှန်ပြပြီး “ ဒီအတိုင်းပဲ ” ဟု ရေးပေးလိုက်သည် ။

ကာယကံရှင် ဖြစ်သော မနော်ဟရီ က ဖတ်ကြည့်ပြီး ရယ်မောနေပါလျက် သူကတော့ နှုတ်ခမ်းစူလိုက်ပြီး -

“ ကောင်းကောင်းလည်း ရေးမပေးဘူး ”

ဟု မကျေမနပ်လေသံဖြင့် ပြောလေ၏ ။

နောက်လအနည်းငယ် ကြာသောအခါ သူတို့နှစ်ယောက် ရောက်လာပြန်သည် ။ မင်္ဂလာဆောင်ဖိတ်စာ လာပေးခြင်းဖြစ်၏ ။ “ ဖိတ်စာထဲမှာ မင်္ဂလာဆောင် ကျင်းပမယ့် အိမ်လိပ်စာမြေပုံအညွှန်း ပါတယ် ” ဆိုသဖြင့် အသေးစိတ် မမေးတော့ဘဲ အမှတ်တမဲ့ နေလိုက်မိသည် ။

မင်္ဂလာဆောင်နေ့ ရောက်၍ လိပ်စာကို ကြည့်တော့ ဘုရင့်နောင်( လမ်းသွယ် ဆိုလား ၊ ( ၁ )လမ်း ဆိုလား မမှတ်မိတော့ ) ဟု ရေးထားသည် ။ မြေပုံအညွှန်းကို ကြည့်တော့လည်း ပြည့်ပြည့်စုံစုံ မပါ ။ ထုံးစံအတိုင်း ရန်ကုန်ဘက်မှ လာသော လမ်းကြောင်း ( တောင်မှ မြောက်သို့ ) ပြမထားဘဲ မြောက်မှ တောင်သို့သာ ဦးစားပေး ဆွဲထားသည် ။ ဘယ်လို စိတ်ကူးလဲတော့ မသိ ။ ဘယ်ကားလိုင်းကို စီးပြီး ဘယ်မှတ်တိုင်မှာ ဆင်းပါ ဆိုတာမျိုးလည်း မပါ ။

ကျွန်တော်လည်း ကိုယ့်စိတ်ကူးနှင့် ကိုယ် လမ်းကြောင်း ဆွဲရသည် ။ ဈေးဆိုလျှင်တော့ အကြားအမြင် များမှာပဲ ဆိုပြီး ဘုရင့်နောင်ဈေး အထိ သွားလိုက်၏ ။ ဆိုင်တွေ ၊ ဆိုက်ကားဆရာတွေ ၊ ကားသမားတွေ မေးကြည့်တော့ ဘုရင့်နောင်လမ်းသွယ်တို့ ၊ ၁ - လမ်းတို့ ဆိုတာ တစ်ခါမှ မကြားဖူးပါ ” ဟု ဆိုသည် ။ “ ချောင်းဝနားမှာ ထင်တယ် ”ဟု မရေမရာပြောသည့်လူလည်း ရှိသည် ။

ဘုရင့်နောင်လမ်း ဆိုတာက အရှည်ကြီး ။ လိပ်စာထဲမှာ သဲလွန်စတစ်ခုပဲ တွေ့သည် ။ မရမ်းကုန်းမြို့နယ် ။ ထို့ကြောင့် ကျွမ်းကျင်နှံ့စပ်သူတစ်ဦးကို မေးမြန်းပြီး ဘုရင့်နောင်လမ်းမကြီး၏ မရမ်းကုန်း အပိုင်း အတွင်းမှာ ရှာရသည် ။ တောင်ဘက်ခြမ်းမှ စပြီး မြောက်ဘက် သို့ ဘတ်စ်ကားစီးသည် ။ နှစ်မှတ်တိုင် တစ်ခါလောက် ဆင်းပြီး စုံစမ်းသည် ။ ဘုရင့်နောင်လမ်းနှင့် ထိစပ်နေသော မရမ်းကုန်း မြို့နယ်အပိုင်းက သိပ်မရှည်၍ တော်တော့သည် ။ ဒါတောင် ဟိုလျှောက် ဒီလျှောက် မေးရတာနှင့် လူက အတော် ထိနေပြီ ။ ဘယ်မှာမှလည်း စုံစမ်းလို့ မရ ။

နောက်ဆုံးတော့ ဘုရင့်နောင်တံတားထိပ်နားရှိ အငှားယာဉ်ဂိတ်တစ်ခုမှ လည်လည်ဝယ်ဝယ်ရှိပုံရသော ကားဆရာတစ်ယောက်ကို အကူအညီတောင်းရသည် ။

“ ဒီလိပ်စာကို ရအောင် ရှာပြီး ပို့ပေးပါ ။ ကျသလောက် ပေးပါ့မယ် ”

ကားဆရာ က -

“ ကျွန်တော် ဒီလမ်းကြောမှာ ဆွဲနေတာ ကြာပါပြီဗျာ ၊ ခင်ဗျား လိပ်စာက အမှားကြီးထင်ပါတယ် ”

“ မမှားပါဘူးဗျ ၊ ဒီမှာ လမ်းညွှန်မြေပုံတောင် ပါသေးတာပဲ ”

“ ဟင်း ၊ မြေပုံကလည်း ဘာသဘောနဲ့ ဒီလိုဆွဲထားမှန်း မသိဘူး ။ သူ့အိမ်ကို ရှာဖို့ထက် သူ့အိမ်ကနေ အပြင်ကို ပြန်ထွက်ဖို့ လမ်းညွှန်ထားသလို ဖြစ်နေတယ် ”

ဟု ပြောရင်း ဖိတ်စာပေါ်က နာမည်ကို တွေ့သွားတော့မှ –

“ ဩော် တာရာမင်းဝေရဲ့ မင်္ဂလာဆောင်လား ၊ ဒါကြောင့်ကိုး ”

ဟု မှတ်ချက်ပေးရင်း ရယ်မောနေလေ၏ ။

မင်္ဂလာဆောင်ကို မရောက်ရောက်အောင် သွားမယ်ဆိုသော စိတ်ကူးကို လက်လျှော့လိုက်ရသည် ။ မင်္ဂလာအချိန် က ညနေပိုင်း ။ အခု နေတောင် ဝင်စပြုပြီ ။ လူကလည်း တော်တော်ပင်ပန်းနေပြီ ။

တကယ်တော့ သူတို့ ညွှန်းသည့် ဘုရင့်နောင်လမ်း ဆိုတာက မြောက်ဥက္ကလာအစပ်နားမှာ ။ ကျွန်တော် သွားရှာသည့် နေရာနှင့်ဆို အရှေ့နှင့်အနောက် တခြားစီပဲ ။ ဘုရင့်နောင် ဆိုတာကလည်း လူကသာ တစ်ယောက်တည်း ၊ လမ်းတွေက အများသားကလား ။ ( နောက်မှ သိရတာက ကျွန်တော့်လိုပဲ အိမ်လိပ်စာ ရှာမတွေ့တဲ့လူ လေး ၊ ငါး ၊ ဆယ်ယောက်လောက် ရှိသတဲ့ ။ )

 ••••• ••••• •••••

“ တာရာမင်းဝေက ဆောင့်ကြွားကြွားနိုင်တယ် ”

ဟု တချို့က ပြောသည် ။ အင်း ဟုတ်သင့်သလောက်လည်း ဟုတ်တာပဲဟု ဝန်ခံရမည် ။ ကျွန်တော်တို့ အချင်းချင်းကြားမှာတောင် “ ခုတလော ရွှေဘုန်းတစ်ကောင် ကြွစောင်းစောင်း ဖြစ်နေတယ် ။ ကြည့်ပြောထားဦး ” ဟု တစ်ခါတစ်ခါ သတိပေး ခံရတတ်သည် ။ ထိုအခါမျိုးတွင် ကျွန်တော်က “ မန်ယူဘောလုံးအသင်းက ရွန်နီတို့ ၊ စီရော်နယ်ဒိုတို့ လိုပေါ့ဗျာ ” ဟု ကာပြော ပြောပေးရ၏ ။

သူကလည်း သူပဲ ။ ဝတ္ထုတွေ ၊ ကဗျာတွေ သာမက စာပေသဘော တရားဆောင်းပါးတွေလည်း ရေးသည် ။ ဝေဖန်ရေးလည်း လုပ်သည် ။ သဘောထား မတိုက်ဆိုင်သူတွေနှင့် တိုက်ပွဲဆင်သည် ။ သူက အငြင်းလည်း သန်သည် ။ သူတို့၏ မော်ဒန် ၊ ပို့စ်မော်ဒန် ဆိုတာတွေကလည်း တစ်ယောက်တည်း နှင့်တောင် ကိုယ့်ဘာသာကိုယ် ပြန်ငြင်းရတတ်တာမျိုးပဲကိုး ။

“ သူ သဘောကျတဲ့ စာရင်းထဲမှာ ပါတယ် ” ဆိုသော ကျွန်တော့် ကိုတောင် အလွတ်ပေးသည် မဟုတ် ။ ကျွန်တော့် ဝတ္ထုတွေထဲက သူ မကြိုက်သည့်အချက်တွေကို ထောက်ပြပြီး “ ဒီလို မရေးသင့်ဘူး ၊ ဟိုလို ရေးရမှာ ” စသဖြင့် ဝေဖန်ရင်း ဆရာလုပ်ချင်သေးသည် ။ ထိုအခါ -

“ ခင်ဗျား ကတော့ အတတ်ကြူးနေပြီ ”

ဟု ကျွန်တော်က သာသာနှင့် နာနာ ပြန်နှက်ရသည် ။ ( ခုလို စေ့စေ့စပ်စပ် ဖတ်တယ် ဆိုကတည်းက ကျွန်တော့်စာတွေ အပေါ်မှာ သူ အလေးအနက်ထားကြောင်းတော့ သိသာပါသည် ။ )

သူ့ စာဖတ်အားကလည်း လန့်စရာတောင် ကောင်းသည် ။ တချို့တွေလို ကိုယ်သန်ရာသန်ရာ ရွေးဖတ်တာမျိုး မဟုတ် ။ အကြောင်းအရာမျိုးစုံ ၊ ဘာသာရပ်ပေါင်းစုံကို မွှေနှောက်ဖတ်ထားခဲ့တာ ။ တဲရော့ကတ် နှင့် ဗေဒင်ဟောနည်းစာအုပ် ကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ပြီး မြန်မာလို ပြန်ရှင်းပြနိုင်သည် ။ အဂ္ဂိရတ်ကျမ်းတွေ ၊ သိုက်စာပေါင်းချုပ်စာအုပ်တွေကော ဖတ်ခဲ့သေးသလား မသိ ။ ကမ္ဘာနှင့် မြန်မာဂန္ထဝင်စာကြီးပေကြီးတွေ ဘယ်လောက်လေ့လာဖတ်ရှုခဲ့ပြီးပြီလဲ ။ မဟာလေးချိုးကြီးတွေ ၊ ရတုတွေ ၊ တေးထပ်တွေ ဘယ်နှပုဒ် အာဂုံဆောင်ထားခဲ့သလဲ ။ သူ မရှိတော့သဖြင့် သက်သေမပြနိုင်တော့ပါ ။ တကယ်တော့ သူသည် ပို့စ်မော်ဒန်သမား သက်သက်မဟုတ် ။ သူက ဝါဒတစ်ခုခု၏ လောင်းရိပ်အောက်မှာ ခိုလှုံနေချင်သူ မဟုတ် ။ ကိုယ်ပိုင် အတွေး အမြင် ၊ အယူအဆ တစ်ခုကို တည်ဆောက်လိုသူသာ ဖြစ်၏ ။ တစ်ခုခုကိုများ သူ တွေ့သွားသေးသလား ။ ဒါကြောင့်ပဲ သူ့ဝသီအတိုင်း အနိုင်နဲ့ ပိုင်းပြီး ထွက်သွားခဲ့တာလား ။ ဒါမှမဟုတ် ... သိုင်းဇာတ်လမ်းတွဲတွေ ၊ စုံထောက်ဇာတ်ကားတွေ ၊ စပိုင်ဝတ္ထုတွေထဲမှာ ကြားရ ၊ ဖတ်ရလေ့ရှိသော စကားတစ်ခွန်းကို သွားသတိရမိ၏ ။

“ မင်း သိတာ သိပ်များနေပြီ ”

••••• ••••• •••••

ဇနီးမောင်နှံဆိုသည်မှာ သဘောထားချင်း အမြဲတမ်းတစ်ထပ်တည်း ကျနေတာမဟုတ် ။ နှစ်ယောက်စလုံးက ရုပ်ရည်ချောမောလှပကြ၍ စိတ်ချင်းလည်း အကြိုက်ညီကြလိမ့်မည် ပြောလို့မရ ။ တစ်ချိန်မဟုတ် တစ်ချိန်တော့ ငြိစရာလေးတွေ ရှိကြမှာပဲ ။ တစ်ခါမဟုတ် တစ်ခါတော့ သည်းညည်းမခံနိုင်ဘဲ ကတောက်ကဆတ် ဖြစ်ကြတာ ဓမ္မတာပါပဲ ။ သူတို့ လင်မယား စိတ်ကောက်ကြ ပြီဆိုလျှင် ကျွန်တော် တယ်လီဖုန်း အကြာကြီး ပြောရလေ့ရှိ၏ ။ နှစ်ယောက်စလုံး အပေါ်မှာ သံယောဇဉ်ရှိသောကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ဘက်မလိုက် ။ ချော့ချော့မော့မော့ ပြောလျှင်လည်း ရောင့်တက်တတ်ကြသဖြင့် –

“ တစ်ယောက်ကလည်း မိန်းမကို အနိုင်ကျင့်တယ် ၊ တစ်ယောက်ကလည်း စွာကျယ်ကျယ်နဲ့ ၊ နှစ်ယောက်စလုံး အချိုးကို မပြေဘူး ”

ဟု အရင်ဦးအောင် ငေါက်ပစ် လိုက်ရသည် ။ တစ်ခါတစ်ခါတော့ စိတ်ပေါက်ပေါက်ရှိသဖြင့် -

“ ဒီမှာ ဒါဟာ တကယ့်လက်တွေ့ ဘဝဗျ ၊ ဝတ္ထုရေးနေတာ မဟုတ်ဘူး ။ ကိုယ် ကြိုက်သလို ဇာတ်လမ်းဆင် ၊ ကိုယ် လိုချင်သလို ဇာတ်ကွက်ချလို့ရတာ မဟုတ်ဘူး ။ ဝတ္ထုရေးတဲ့ အခါမှာတောင် တစ်ခါတလေကျရင် ဇာတ်ကောင်တွေက ကိုယ်ကို ပြန်ပြီး အာခံတာမျိုး ကြုံရသေးတာပဲ ”

ဟု ပြောမိ၏ ။

တကယ်တော့ ကံကြမ္မာဆိုတာ လောကမှာ အတော်ဆုံး ပို့စ်မော်ဒန် ဆရာကြီးတစ်ဆူဖြစ်ကြောင်း ကျွန်တော်တို့ မရိပ်မိခဲ့ကြ ။ “ ရှိမှု မသေချာခြင်း ” အကြောင်းကို သူ့လောက် ကျွမ်းသည့် လူ ဘယ်မှာ ရှိပါ့မလဲ ။

••••• ••••• •••••

မိုးတစိမ့်စိမ့်အေးနေသော ညဦးပိုင်း တစ်ခုမှာ တယ်လီဖုန်း လာသည် ။ ငါတို့စာပေမှ စန်းမွန်အောင် ဆက်ခြင်းဖြစ်၏ ။

“ ကိုရွှေဘုန်း ဆုံးပြီ ”

သူ့အသံက တိမ်ဝင်နေသည် ။ သူ့စကားကို သူ့ဘာသာလည်း စိတ်ချဟန် မတူ ။ နောက်တစ်ကြိမ် ထပ်ပြောသည် ။ ကျွန်တော်သည် ရုတ်တရက် တုန်လှုပ် ချောက်ချားသွားတာ မှန်သော်လည်း တအံ့တသြတော့ မဖြစ်မိ ။ ဒီအကြောင်းကို စောစောကတည်းက ကြိုတင်သိနှင့် ခဲ့ပြီးသားဟု ထင်နေမိတာ ထူးဆန်းသည် ။ ပြီးမှ တစ်ခု သွားသတိရ၏ ။

လွန်ခဲ့သော ရက်အနည်းငယ်က တာရာမင်းဝေ နှင့် ကျွန်တော် တယ်လီဖုန်းပြောဖြစ်သည် ။ သူသည် ကျွန်တော် ပြောသမျှကို ခါတိုင်းလို စောဒကမတာဘဲ “ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ” ဟု ရိုသေသေစားစွာ တုံ့ပြန်သည် ။ “ ဒီကောင် ထူးထူးဆန်းဆန်း အတော် အပိုးကျိုးနေပါလား ” ဟု ထင်မိသည် ။ တစ်ပြိုင်နက်တည်းမှာပင် ခု ပြောနေတာ သူ မဟုတ်သလို တစ်မျိုးကြီး ခံစားရသည် ။ အမှန်တော့ သူသည် ကျွန်တော့်ကို နောက်ဆုံးနှုတ် ဆက်စကားပြောနေခဲ့ခြင်းပင် ဖြစ်လေသည် ။ တယ်လီဖုန်း မြည်လာပြန်သည် ။

“ ကျွန်တော် အကြည်တော်ပါ ”

ဟု တစ်ဖက်က ပြောသည် ။

ကျွန်တော် က -

“ ခင်ဗျားလည်း သိပြီးပြီပေါ့ ”

“ ဟုတ်ကဲ့ ၊ အဲဒါ ကျွန်တော် ဘာလုပ်ရမလဲ ”

“ ခင်ဗျားက အရင်ဦးအောင် မေးတော့ ကျွန်တော် ဘယ်လိုဖြေရမလဲ ”

“ ကျွန်တော် ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး အစ်ကို ၊ ထိုင်ရမလို ထရမလို ၊ အိမ်မှာလည်း နေလို့မရဘူး ။ ဒါကြောင့် လမ်းပေါ်မှာ လျှောက်သွားနေမိတယ် ”

“ ဘာ ၊ ဒီလောက် မိုးအေးနေတဲ့ အချိန် လမ်းပေါ်မှာ လျှောက်သွားနေတယ် ဟုတ်လား ။ ကျုပ်တို့မှာ လူနည်းနေရတဲ့ ကြားထဲ ခင်ဗျားပါ လိုက်သွားချင်သေးလို့လား ”

ကျွန်တော် တစ်ယောက်ယောက်ကို တစ်ခုခု ပြောချင်နေတုန်းမှာ သူ့ဖုန်းက ကွက်တိ ဝင်လာခြင်းဖြစ်၏ ။ သူကလည်း ဒါမျိုး အပြောခံချင်သောကြောင့် တမင်တကာ ဆက်ခြင်းဖြစ်လိမ့်မည် ။

ထို့ကြောင့် -

“ ဟုတ်ကဲ့ ၊ ကျွန်တော် အခုပဲ အိမ်ပြန်ပါတော့မယ် အစ်ကို ”

ဟု ပြန်ပြောသည် ။

“ ဒါနဲ့ ခင်ဗျားက အခု ဘယ်ရောက်နေတာလဲ ”

ဟု မေးလိုက်တော့ -

“ အစ်ကို့ အိမ်ရှေ့မှာ ”

ကျွန်တော် ဖုန်းချပြီး အိမ်ပေါ်မှ ဆင်းသည် ။ ခြံဝင်းအဝကို သွားသည် ။ မိုးမှုန်တွေ ကျဆင်းနေသော လမ်းပေါ် မှာ ရှင်းနေသည် ။ လူတစ်ယောက်မျှ မရှိ ၊ ခပ်လှမ်းလှမ်းကို ကြည့်လိုက်တော့ ဆိုက်ကားတစ်စင်းကို မြင်သည် ။ ကျွန်တော့်ဘက်ကို ကျောပေးပြီးသွားနေသည် ။ ခရီးသည် တစ်ယောက်ပါသည် ။ အဲဒါ အကြည်တော်ပဲလား ။ စောစောက ဖုန်းထဲမှာ သူ ပြောတာ တကယ်ပဲလား ။ အစ်ကို့ အိမ်ရှေ့မှာလို့ ပြောတာလား ၊ အစ်ကို့ အိမ်ရှေ့တောင် ရောက်ခဲ့သေးတယ်လို့ ပြောတာလား ။ မသေချာ ။ ကျိန်းသေတာ တစ်ခုကတော့ နောက်ထပ် လူဘယ်နှယောက်လောက်က ဘယ်နှစ်ခါလောက် ဖုန်းဆက် အကြောင်းကြားသည်ဖြစ်စေ အဖြေက ပြောင်းလဲမှာ မဟုတ် ။ ပြီးတော့ တာရာမင်းဝေ ဆိုတာကလည်း တစ်ခါထက် ပိုပြီး အသေခံမှာ မဟုတ် ။

••••• ••••• •••••

သူသည် လဲလျောင်းနေရင်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားသည် ။ တစ်ခုခု အလိုမကျလို့ နှုတ်ခမ်းစူထားတာလား ။ သူ လိုချင်တာကို ရလိုက်လို့ ပြုံးစေ့စေ့ လုပ်နေတာလား ။ ဝေခွဲမရ ။

သူ့ နောက်ဆုံးခရီးသည် စည်ကားလှသည် ။ သူ့ သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ ၊ စာပေလောကသားတွေ ၊ ပရိသတ်တွေ အစုံအလင် ရောက်ရှိလာကြသည် ။ ဒီထဲမှာ မော်ဒန် ၊ ပို့စ်မော်ဒန်သမားတွေလည်းပါသည် ။ ဂန္ထဝင်တွေ ၊ ရှေးရိုးစွဲတွေ ၊ သရုပ်မှန်တွေ ၊ သရုပ်ဖော်တွေ ၊ မတူကွဲပြားသော အရောင်အသွေး မျိုးစုံပါဝင်သည် ။ သို့ရာတွင် ဝမ်းနည်းခြင်းဆိုသည်မှာ အယူဝါဒတစ်ခု မဟုတ် ။ ကျွန်တော်ကတော့ ထိုမြင်ကွင်းကို ကမ္ဘာပေါ်မှာ ကြေကွဲစရာ အကောင်းဆုံး ၊ အလှပဆုံး ၊ အနုပညာအမြောက်ဆုံး “ ပါဖောမင့် ”  ပြကွက်တစ်ခုဟု ထင်မြင်နေ မိလေသည် ။

( ဒီစာကို ရေး၍ ပြီးတော့ ညသန်းခေါင်ကျော်နေပြီ ။ ကျွန်တော်သည် ပြတင်းပေါက်မှာ သွားရပ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည် ။ ဒီညကျမှ ကြယ်တွေကလည်း များလိုက်တာ ။ တိတိကျကျ သိရှိပြီးဖြစ်ပါလျက် ခုနစ်စဉ်ကြယ်ကို တစ်လုံးချင်း ရေတွက်ကြည့်နေမိပြန်လေ၏ ။ )

မင်းလူ
( ၈ - ၃ -၂၀၀၈ )

 ▢  မင်းလူ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     နိုဝင်ဘာ ၂၀၁၄

Tuesday, July 1, 2025

ပျော်စရာတော့ အကောင်းသားနော်


 

❝ ပျော်စရာတော့ အကောင်းသားနော် ❞
           ( မင်းလူ )

လာနေကျ အချိန်အတိုင်း စနေနေ့ နေ့လယ် နှစ်နာရီတိတိ မှာ ဦးဝင်းမြင့် ရောက်လာသည် ။

ဦးခင်ဇော် ကလည်း “ လာဗျို့ ... ကိုဝင်းမြင့် ၊ ကျုပ်လဲ ထမင်းစားပြီး တစ်ရေးလောက် မှေးလိုက်တာ ခုပဲ နိုးတယ် ၊ မျက်နှာသစ် ပြီးပြီးချင်း ခင်ဗျားရောက်လာတာပဲ ” ဟု ထုံးစံအတိုင်း ပြောလိုက်သည် ။

ဦးဝင်းမြင့် ကလည်း “ ကျုပ် လဲ ခင်ဗျား အိပ်ရာက နိုးမယ့် အချိန်လောက် မှန်းပြီးလာတာပဲ ” ဟု ပြန်ပြောရင်း အိမ်ထဲ ဝင်လာသည် ။ ပြီးတော့ တစ်အိမ်လုံး ရှိရှိသမျှ လူနာမည်တွေ အော်ခေါ်၍ နှုတ်ဆက်သည် ။ ထို့နောက် သူတို့ နှစ်ယောက် ထိုင်နေကျ ဖြစ်သော လသာဆောင် အခန်းလေးသို့ လာခဲ့ကြသည် ။

ထိုအခန်းကလေးသည် အိမ် ၏ အစွန်းဘက်တွင် ထိုးထွက် နေသောကြောင့် အေးအေးဆေးဆေး နားနေနိုင်သည် ။

ဦးခင်ဇော် ၏ ကိုယ်ပိုင်အခန်း ဖြစ်သည် ။ စာဖတ်ခန်း လည်း ဖြစ်သည် ။ အခန်းထဲတွင် စားပွဲ တစ်လုံး ၊ ကုလားထိုင် တစ်လုံး ၊ စားပွဲပု တစ်လုံး နှင့် ပက်လက်ကုလားထိုင် နှစ်လုံး ရှိသည် ။ နံရံကပ်စာအုပ်စင်များတွင် နိုင်ငံခြားစာအုပ်များ ၊ မြန်မာစာအုပ်များ ရှိသည် ။ စားပွဲ ပေါ် မှာတော့ တိုင်း ၊ နယူးစ်ဝိခ်မဂ္ဂဇင်း များ နှင့် စစ်တုရင်ထိုးနည်း စာအုပ် တစ်အုပ် တင်ထား၏ ။

ပက်လက်ကုလားထိုင်များ ပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်မိ ကြပြီးနောက် ဦးခင်ဇော် က စားပွဲပုလေး ပေါ်မှ ယွန်းသေတ္တာ ကို ဖွင့်၍ ဆေးပြင်းလိပ် တစ်လိပ် ရွေးယူပြီး မီးညှိသည် ။

ဦးဝင်းမြင့် ကလည်း သူ့ သားရေအိတ်ကလေး ထဲ က ဆေး တံ နှင့် ဆေးအိတ် ကို ထုတ်ယူလိုက်သည် ။ ဆေးဖြည့် ပြီး မီးညှိသည် ။ ကျေနပ်လောက်အောင် ဖွာကြပြီးလျှင် စကားစပြောသည် ။ ထွေရာလေးပါး ပြောနေကြရာမှ ကမ္ဘာ့ဘောလုံးပွဲ အကြောင်းသို့ ရောက်သွားကြသည် ။

နှစ်ယောက်စလုံး စိတ်ဝင်စားသော အကြောင်းအရာဖြစ်သောကြောင့် အပြန်အလှန် ပြောကြသည် ။

“ ဘရာဇီး ရှုံးတာ နာတယ်ဗျာ ” ဟု ဦးခင်ဇော် က ပြောသည် ။

ဦးဝင်းမြင့် က “ ခင်ဗျား ဗီဒီယိုအခွေ ကြည့်ပြီးပြီလား ”

“ ကြည့်ပြီးပြီ ၊ ခြေအသာနဲ့ ကစား သွားတာဗျ ၊ ဇစ်ကို ပယ်နယ်တီ ကန်တာ ဝင်လိုက်ရင် ကိစ္စက ပြတ်ပြီ ၊ ပေါ့ပေါ့ဆဆ လုပ်လို့ ခံသွားရတာ ”

“ ဘရာဇီးအသင်း က ရှုံးသင့်လို့ ရှုံးသွားတာပါဗျာ ၊ ရှုံးသွားတာလဲ ခပ်ကောင်းကောင်းပဲ ”

“ ဘာဖြစ်လို့လဲဗျ ”

“ စဉ်းစားကြည့်လေ ... ဘရာဇီးအသင်း ဟာ ကြိုတင်ပြင်ဆင်ပြီး စနစ်တကျဖွဲ့စည်းလာတာ မဟုတ်ဘူး ၊ အသင်းမန်နေဂျာ တောင် လာခါနီးမှ ကပ်ပြီး ရွေးလာရတာ ၊ ဘောလုံးသမားတွေ နဲ့ မန်နေဂျာ နဲ့ လဲ အဆင်မပြေဘူး ၊ အဲဒီလို အသင်းမျိုး ဗိုလ်စွဲသွားမယ် ဆိုရင် ဘောလုံးလောကမှာ ပြောစမှတ် ဖြစ်သွားမယ် ၊ ကြိုတင် ပြင်ဆင်မှုတို့ ၊ အသင်းရဲ့ စည်းလုံးညီညွတ်မှု တို့ ဆိုတာ မလိုအပ်ပါဘူး ဆိုတဲ့ အစဉ်အလာကြီး ဖြစ်သွားတော့မှာပေါ့ ”

“ ဒါလဲ ဟုတ်တာပဲ ၊ ကျုပ် ကတော့ ပီလီတို့ ခေတ် ကတည်းက ဘရာဇီးအသင်းကို ပဲ စွဲနေခဲ့တာကိုး ”

“ ကျုပ် ကတော့ မာရာဒိုနာ ကို စွဲသွားပြီဗျာ ”

ဦးခင်ဇော် ၏ ဇနီး ဒေါ်ဥမ္မာ အခန်း ထဲ ဝင်လာသည် ။ လက်ဖက်သုပ် နှင့် ရေနွေးကြမ်း လာပို့ခြင်း ဖြစ်သည် ။ လင်ပန်း ကို စားပွဲ ပေါ် တင်နေတုန်း ဦးဝင်းမြင့် ကပြောသည် ။

“ ဒေါ်ဥမ္မာ တို့ ကတော့ စားကောင်းသောက်ကောင်း နဲ့ ဝပြီး ရင်း ဝ နေတာပဲနော် ၊ ကောင်းပါတယ်ဗျာ ၊ ကျုပ်တို့ နိုင်ငံရဲ့ ဂုဏ်ယူစရာ ပြယုဂ်ပေါ့ ”

“ ဘယ်လိုရှင့် ”

ဒေါ်ဥမ္မာ က ပြန်မေးသည် ။

“ ဪ ... စပါးဆန်ရေ ပေါများကြွယ်ဝတဲ့ သဘောပေါ့ဗျာ ၊ အင်း ... ကျုပ်မိန်းမကိုတော့ မြို့ထဲ ခေါ်မသွားရဲဘူးဗျ ”

“ ဘာဖြစ်လို့လဲ ”

“ နိုင်ငံခြားသားတွေ မြင်သွားရင် ကျုပ်တို့ နိုင်ငံအပေါ် .. တစ်မျိုးတစ်မည် ထင်သွားမှာ စိုးလို့ ”

သူ့ ဇနီး ပိန်လွန်းခြင်း ကို ရည်ညွှန်း၍ ပြောခြင်း ဖြစ်သည် ။

ဒေါ်ဥမ္မာ က .. “ ဒါနဲ့ ဟိုအရင်တုန်းကတော့ သွယ်သွယ်ကလေးမို့ ကြည့်လို့ကောင်းလှချေရဲ့ဆို ”

ဦးခင်ဇော် က ဝင်၍ ... “ ဟ .. ငါတောင် မင်း အပျိုတုန်းက ဇိုင်းဂနိုင်းမယ်ဘွဲ့ ရလို့ ကြိုက်ခဲ့တာ မဟုတ်လား ၊ ခုလို ဖြစ်လာမယ် မှန်းသိ .. ဘယ်ကြိုက်မလဲ ”

ဒေါ်ဥမ္မာ က ဦးခင်ဇော် ကို မျက်စောင်း တစ်ချက် ထိုးလိုက်သည် ။

“ ကဲ ... ကျွန်မ လဲ ဟိုဘက် အိမ်မှာ လူနာသတင်း သွားမေးလိုက်ဦးမယ် ”

“ ဟိုဘက်အိမ် ဘာဖြစ်လို့လဲ ”

“ ဦးကာဠု လေဖြတ်သွားလို့လေ ”

“ ဟာ ... ဟုတ်လား ”

“ အင်း ... ကျုပ်တို့ စောစောစီးစီး အရက်ဖြတ်လိုက်တာ သိပ်မှန်သွားတယ် ၊ ဦးကာဠု ကတော့ ဆက် ချနေတာကိုး ၊ ဒီလူ က ရေခဲများများ နဲ့ သောက်တတ်တာ ၊ လူက ဝ,တော့ စွပ်ကျယ်လက်ပြတ်ကလေး ဝတ် ၊ ပန်ကာ ဖွင့်ပြီး အအေးခံတာကိုး ”

ဒေါ်ဥမ္မာ က အိပဲ့အိပဲ့ နှင့် ပြန်ထွက်သွားသည် ။

“ ဒီနေ့ ဟိုကောင်တွေ တယ် ငြိမ်ပါလားဗျ ၊ ခါတိုင်းဆို ဆူညံနေတာပဲ ၊ မရှိကြဘူးလား ”

ဦးဝင်းမြင့် က မေးရာ ..

“ ရှိပါတယ် ၊ ကျောက်မြောင်းအိမ်သွားမလို့ ပြင်ဆင်နေကြတယ် ”

သမက် ၏ မိဘများအိမ်ကို ဆိုလိုသည် ။

“ ကဲ .. ဘယ်လိုလဲ ၊ ပွဲ စတော့မလား ”

“ လုပ်လေ .. ”

“ ဒီနေ့တော့ ခင်ဗျား ရှုံးမှာပါဗျာ ၊ ကျိန်းသေပါတယ် ”

“ ကြည့်ကြသေးတာပေါ့လေ ”

စစ်တုရင်ကွက် ကို စားပွဲပေါ် တင် ၊ အရုပ်တွေ စီပြီး ပွဲစသည် ။ ဦးခင်ဇော် က အနက် ၊ ဦးဝင်းမြင့် က အဖြူ ။

ပထမပွဲ မှာ ဦးခင်ဇော် နိုင်သွားသည် ။

“ ဘယ့်နှယ်လဲ ကျုပ် ပြောတယ် မဟုတ်လား ”

“ ပထမဦးဆုံးပွဲ မှာတော့ ခင်ဗျား က နိုင်နေကျပဲလေ ၊ နောက် ပွဲတွေ ကျတော့လဲ လက်ရေ ကျသွားမှာပါ ”

နောက်ပွဲ စသည် ။ ပွဲတစ်ဝက် ကျိုးခါနီးတွင် ဦးဝင်းမြင့် က နယ်ရုပ် တစ်ကောင် ၊ မြင်းတစ်ကောင် အသာရထားသည် ။

သူတို့ နှစ်ယောက် ၏ လက်ရည်သည် မကွာလှ ။ နှစ်အတော် ကြာ ကစားခဲ့ကြပြီး ဖြစ်၍ တစ်ယောက် အကြောင်း တစ်ယောက် သိနေပြီ ။ နောက်ဆုံး အနိုင်အရှုံး မှာ ထိုနေ့ အဖို့ ဘယ်သူက ကျန်းမာရေး အခြေအနေ ပိုကောင်းနေသလဲ ဆိုသည့် အချက်ပေါ်မှာ မူတည်သည် ။

“ ဖေဖေ သမီးတို့ သွားတော့မယ် ” ဟု ဦးခင်ဇော် ၏ သမီး က လာ နှုတ်ဆက်သည် ။

“ အေးအေး ... သိပ် ညဉ့်မနက်စေနဲ့နော် ၊ ကလေးတွေ အအေးမိ နေဦးမယ် ”

ဦးခင်ဇော် ၏ မြေးနှစ်ကောင် ကလည်း နှုတ်ဆက်ရင်း အကြီးကောင် က .. “ ဘိုးဘိုး သားပြောတာ မမေ့နဲ့နော် ” ဟု ပြောသည် ။

“ ဘာလဲကွ ”

“ ဒီဟာလေ ”

ကားလက်ကိုင်ဘီး လှည့်သည့်ဟန် လုပ်ပြသည် ။

“ ဪ .. အေးအေး ၊ ဘိုးဘိုး လုပ်ထားလိုက်ပါ့မယ်ကွာ ”

“ ဘာလဲဗျ ”

ဦးဝင်းမြင့် က မေးသည် ။

"သူ့ ကစားစရာကလေး ပျက်နေလို့ ပြင်ခိုင်းတာဗျ ၊ ဒီကောင်က ကျုပ် အသည်းစွဲပဲ ၊ အငယ်ကောင် ကတော့ ဘွားအေ ပဲ ကပ်တယ် ”

သူတို့ နှစ်ယောက်သည် လုပ်ငန်းခွင် မှာ ကတည်းက ခင်မင်ခဲ့ကြခြင်းဖြစ်သည် ။ ရာထူးချင်း လည်း တူသည် ။ တစ်ယောက် က ဦးစီးဌာန မှာ လုပ်ပြီး တစ်ယောက် က ကော်ပိုရေးရှင်း မှာ လုပ်သောကြောင့် ရာထူးအခေါ်အဝေါ် သာကွာသည် ။ လုပ်ငန်းချင်းကလည်း ဆက်စပ်နေသဖြင့် တစ်ယောက် နှင့် တစ်ယောက် အကူအညီပေးကြရင်း ခင်မင်သွားခဲ့ကြခြင်း ဖြစ်လေသည် ။

ဟိုစဉ်တုန်းက စနေနေ့ ရုံးတက်ရသေးသည် ။ ရုံးနေ့တစ်ဝက် ဆင်းလေသောအခါ နှစ်ယောက်သား ဆုံပြီး ဟိုတယ် တစ်ခုခု ၊ သို့မဟုတ် စားသောက်ဆိုင် တစ်ခုခု မှာ ဘီယာ သောက်ရင်း စကားပြောကြသည် ။

စနေနေ့တိုင်း မပျက်မကွက် ဆုံကြသည် ။

အငြိမ်းစား ယူပြီးကြသောအခါ အရက်ဖြတ်လိုက်ကြ သော်လည်း စနေနေ့တိုင်း ဆုံကြသည့် ကိစ္စကိုတော့ မပယ်ဖျက်ခဲ့ကြ ။ ဒီတစ်ပတ် ဦးခင်ဇော် အိမ်မှာ ဆုံလျှင် နောက်တစ်ပတ် ဦးဝင်းမြင့် အိမ် မှာ ဆုံသည် ။ ဦးခင်ဇော် အိမ်မှာဆိုလျှင် စစ်တုရင် ကစားကြပြီး ဦးဝင်းမြင့် အိမ်ကျတော့ ( xxxx ) ကစားကြသည် ။ လပြည့်လကွယ်နေ့များ တွင် ဘုရားတက်ကြသည် ။ လမ်းလျှောက်ရင်း ထွေရာလေးပါး စကား ပြောကြသည် ။

••••• ••••• •••••

နှစ်ပွဲစီ နိုင်ကြပြီး နောက်ဆုံးပွဲ ကို အကြိတ်အနယ် ယှဉ်ပြိုင် ကြသည် ။ ဦးဝင်းမြင့် တစ်ကွက် မှားသွားသဖြင့် ဦးခင်ဇော် နိုင်သွားသည် ။

“ ကဲ .. ကိုဝင်းမြင့် ဘယ့်နှယ်ရှိစ ”

“ ဟိုတစ်ပတ် က ကျုပ် က နိုင်ထားတာပါဗျာ ၊ ကျေရောပေါ့ ၊ ကဲ .. ညောင်းပြီဗျာ ၊ လမ်းကလေးဘာလေး လျှောက်ကြရအောင် ”

“ နေဦးဗျ .. ကျုပ် မြေး မှာသွားတာ လုပ်ရဦးမယ် ၊ ဂျီကောင် ပြန်လာလို့ မပြီးရင် ပွက်လောရိုက်နေလိမ့်မယ် ”

ဦးခင်ဇော် သည် စားပွဲအံဆွဲ ထဲက ကစားစရာ မော်တော်ကားကလေး ကို ထုတ်လိုက်သည် ။

ကားကလေး က ဓာတ်ခဲ နှင့် မောင်းရခြင်း ဖြစ်သည် ။ တကယ့် ဂျစ်ကားပုံစံ အတိုင်း လုပ်ထား၏ ။

ဦးခင်ဇော် က ဓာတ်ခဲ ထည့်သည့် အံကို ဖွင့်၍ စစ်ဆေးကြည့်သည် ။ ဝက်အူလှည့်သေးသေးလေး ကို ယူ၍ ဟိုထိုးကြည့် ဒီထိုးကြည့် လုပ်သည် ။

“ ကားက အသစ်ကြီးပါ ၊ ဘာဖြစ်နေပါလိမ့် ၊ ဩော် , ဟုတ်ပြီ ”

စသည်ဖြင့် ရေရွတ်နေ၏ ။ ဦးဝင်းမြင့် ကတော့ ရေနွေးကြမ်း သောက်ရင်း ဆေးတံခဲရင်း ဦးခင်ဇော် လုပ်သမျှ စိတ်ဝင်စားစွာ ကြည့်နေသည် ။ ခဏအကြာတွင် ဦးခင်ဇော် ကျေနပ်စွာ ပြုံးလိုက် သည် ။ ကား ထဲသို့ ဓာတ်ခဲ ပြန်ထည့်ပြီး ခလုတ် ကို ဖွင့်လိုက်သည် ။

စက်လည်သံ ကြားရသည် ။ ဦးခင်ဇော် မျက်လုံးက အရောင် လက်သွား၏ ။ ထို့နောက် အခန်းထောင့်ဆီသို့ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည် ။ ကားလေးကို ကြမ်းပေါ် ချပေးလိုက်၏ ။ ကားကလေး က ကြမ်းပေါ်မှာ ပြေးသွားသည် ။

ဦးဝင်းမြင့် ဘက်သို့ ရောက်လာပြီး ခြေထောက် ကို တိုက်မိမလို ဖြစ်သွားသည် ။ ဦးဝင်းမြင့် က ခြေထောက် ကို မ,ပြီး ဖယ်ပေးလိုက်၏ ။ တားကလေး သည် ရှေ့ဆက်သွားပြီး စားပွဲခြေထောက် နှင့် တိုက်မိသွားသည် ။

ဦးဝင်းမြင့် က ကောက်ယူမည် အပြုတွင် ကားကလေး ၏ နောက်မီးလင်းလာပြီး သူ့ အလိုအလျောက် နောက်ပြန် ဆုတ်သွား သည် ။ ပြီးတော့ ကွေ့ပြီး ပြန်ထွက်သွားသည် ။

“ ဟာ .. တယ်ဟုတ်ပါလား ”

ဦးဝင်းမြင့် က ပြောလိုက်သည် ။

“ ဒါတင် မကသေးဘူးဗျ ၊ ကြည့် ” ဆိုပြီး ကားလေး ကို စားပွဲ ပေါ် တင်၍ ခလုတ်ဖွင့်လိုက်သည် ။ ကားကလေး က မောင်းထွက်သွားသည် ။ စားပွဲစွန်းနားအရောက် တွင် ဦးဝင်းမြင့် က ပြုတ်ကျမည် စိုး၍ လက်လှမ်းလိုက်ရာ ဦးခင်ဇော် က အသာနေ ဆိုသော သဘောဖြင့် လက်ကာပြသည် ။

ကားကလေးသည် စားပွဲစွန်းနားမှာပင် ရပ်သွားသည် ။

ပြီးတော့ နောက်ပြန်ဆုတ်ပြီး ကွေ့ ထွက်သွား၏ ။

“ အေးဗျာ .. သိပ္ပံပညာ တိုးတက်မှုကတော့ ကလေးကစားစရာတောင်မှ အံ့ဩစရာ ဖြစ်အောင် လုပ်နိုင်နေပြီ ”

“ ဒါလောက်တင် ဘယ်ကမလဲဗျာ ၊ ခဏနေဦး ... ”

ဆိုပြီး ဦးခင်ဇော် အခန်း ထဲ က ထွက်သွားသည် ။ ခဏအကြာတွင် ကတ်ထူသေတ္တာ ခပ်ကြီးကြီး တစ်လုံးကို သယ်မပြီး ပြန်ဝင်လာသည် ။

သူက သေတ္တာထဲက အမွေးပွခွေးရုပ်ကလေးတစ်ရုပ် ကို ထုတ်ယူပြီး ကြမ်းပေါ်ချလိုက်သည် ။ ခလုတ်ဖွင့်လိုက်သောအခါ ခွေးရုပ်ကလေး က လမ်းလျှောက်သည် ။

ဦးခင်ဇော် က လက်ခုပ်သုံးချက် တီးလိုက်၏ ။ ခွေးရုပ်ကလေး လမ်းလျှောက်နေရာ မှ ရပ်သွားသည် ။ ထို့နောက် ခေါင်းကလေး ကို မော့်၍ ဝုတ်ဝုတ် ဟု ဟောင်သည် ။ ပြီးတော့ လမ်းပြန်လျှောက်နေသည် ။

“ ဒါက ဘယ်လိုလဲဗျ ” ဦးဝင်းမြင့်က မေးရာ ...

“ ရီမုတ်ကွန်ထရိုးပေါ့ ၊ အသံ ရဲ့ တုန်ခါမှုနဲ့ ထိန်းချုပ်ထားတာလေ ၊ ခင်ဗျား လက်ခုပ် တီးကြည့်ပါလား ”

ဦးဝင်းမြင့် က လက်ခုပ် တီးသည် ။

“ ကျယ်ကျယ်လေး တီးဗျ ၊ သုံးခါလောက် တီး ”

ဦးဝင်းမြင့် က ခပ်ပြင်းပြင်းကလေး တီးလိုက်ရာ ၊ ခုနလို ဝုတ်ဝုတ် ဟု ဟောင်ပြန်သည် ။

သူတို့ နှစ်ယောက် သဘောကျစွာ ရယ်လိုက်ကြ၏ ။

“ အံ့ဩစရာပဲဗျာ ”

“ ကလေးတွေ အဖေ က ... သင်္ဘော ခဏခဏ ထွက်ရတော့ ကစားစရာမှ အစုံပဲ ”

“ အေးဗျာ ၊ ကျုပ်တို့ ငယ်ငယ်က ဆိုရင် ဖိုးဝရုပ် တို့ ဇီးကွက်ရုပ် တို့ လောက်နဲ့ပြီးတာ ၊ သံပတ်ကား တောင် ကျုပ်တို့ လူပျိုလောက် ဖြစ်မှ ပေါ်တာ မဟုတ်လား ”

ဦးခင်ဇော် က ...

“ နေဦးဗျာ .. ပြစရာရှိသေးတယ် ”

ဆိုပြီး ကလေးရုပ်ကလေး တစ်ရုပ် ထုတ်လိုက်ပြန်သည် ။ ခလုတ်ဖွင့်လိုက်လျှင် အရုပ်ကလေး က အူဝဲအူဝဲ ဟု အော်ငိုတော့သည် ။ ဦးခင်ဇော် က နို့ဘူးသေးသေးလေး ကို ပါးစပ်ထဲထည့်လိုက်တော့မှ အငိုတိတ်ပြီး မျက်လုံးကလေး မှိတ်သွားသည် ။

နို့ဘူးကလေး ထဲ က နို့ ကုန်သွားသောအခါ ဦးခင်ဇော် က နို့ဘူး ကို ပြန်ထုတ်လိုက်သည် ။

အရုပ်ကလေးက .. မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြီး “ သိုင်းကျူး ၊ ဂွဒ်မောနင်း ” ဟု ပြောသည် ။

ဦးဝင်းမြင့် မျက်လုံး အပြူးသားဖြင့် အံ့ဩနေတုန်း မှာ ပင် အရုပ်ကလေး က သေးပေါက်ချလိုက်လေတော့သည် ။

“ ဟောဗျာ ... ”

ဦးဝင်းမြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည် ကို ဦးခင်ဇော် က သဘောကျစွာကြည့်ရင်း သေတ္တာ ထဲ က ရိုဘော့စက်ရုပ်ကလေး တစ်ရုပ် ကို ဆွဲထုတ်လိုက်ပြန်သည် ။

••••• ••••• ••••• 

ဒေါ်ဥမ္မာ လူနာသတင်းမေးရာ မှ ပြန်လာသည် ။ ဧည့်ခန်းထဲ ဖြတ်အလျှောက်တွင် ဦးခင်ဇော် ၏ စာဖတ်ခန်းထဲက တကျွိကျွိ မြည်သံကြားသဖြင့် သွားကြည့်သည် ။ အခန်းပေါက်ဝမှာ ရပ်လိုက်သောအခါ .. ဒေါ်ဥမ္မာ သည် အံ့ဩသလိုဖြစ်သွားပြီး ငေးကြည့်နေ၏ ။

အခန်းထဲမှာတော့ ဦးဝင်းမြင့် နှင့် ဦးခင်ဇော် တို့သည် အခန်း တစ်ထောင့်စီ မှာထိုင်နေကြသည် ။ တစ်ယောက် က ဆောင့်ကြောင့် ၊ တစ်ယောက် က ကြမ်းပေါ်မှာ တင်ပျဉ်ခွေလျက် ။ သူတို့ ဘေးမှာ လည်း မော်တော်ကားလေးတွေ ၊ စက်ရုပ်ကလေး တွေ ၊ ဝက်ဝံရုပ် ၊ ကလေးရုပ်ကလေးတွေ ဝိုင်းလျက် ပြန့်ကျဲနေသည် ။

ဦးခင်ဇော် က သူ့လက်ထဲက ကြွက်ရုပ်ကလေးကို ကြမ်းပေါ် ချလိုက်သောအခါ ကြွက်ရုပ်ကလေး က တကျွိကျွိ အော်ရင်း .. ဦးဝင်းမြင့် ဆီ ပြေးသွားသည် ။ ဦးဝင်းမြင့် က ကြွက်ရုပ်ကလေးကို ကောက်ယူ၍ ဦးခင်ဇော် ဆီ ပြန်လွှတ်မည် အပြုတွင် ဒေါ်ဥမ္မာ ကို မြင်သွားသည် ။

ဦးဝင်းမြင့် သည် ရှက်ကိုးရှက်ကန်းဖြင့် တဟဲဟဲ ရယ်လိုက်သည် ။ သူ့ လက်ထဲက ကြွက်ရုပ်ကလေး ကတော့ အမြီးကလေး တလှုပ်လှုပ်ဖြစ်နေတုန်း ။

••••• ••••• ••••• 

အဘိုးကြီးနှစ်ယောက် တို့သည် တုတ်ကောက် ကိုယ်စီဖြင့် ဘုရားဘက်သို့ လမ်းလျှောက်ထွက်ခဲ့ကြသည် ။ သူတို့နှစ်ယောက် သည် တစ်ယောက် နှင့် တစ်ယောက် အတော်ကြာအောင် စကားမပြောဖြစ်ကြ ။ မျက်နှာတွေကတော့ တစ်စုံတစ်ခုကို ကျေနပ်နှစ်သိမ့် နေသလို ပြုံးတုံ့တုံ့ ဖြစ်နေကြသည် ။ လမ်းလျှောက်ရာတွင် လည်း ခါတိုင်းနေ့များ ထက် ပို သွက်နေသည် ။

ခဏ အကြာမှာ ဦးခင်ဇော် က “ ပျော်စရာတော့ အကောင်း သားဗျနော် ” ဟု ခပ်တိုးတိုး ပြောလိုက်လေသည် ။

▢ မင်းလူ
📖စာပေလုပ်သား မဂ္ဂဇင်း
     ၁၉၈၆ ခု ၊ အောက်တိုဘာ

Thursday, March 6, 2025

တောင်မင်း နှင့် မြောက်မင်း



 

❝ တောင်မင်း နှင့် မြောက်မင်း ❞
           ( မင်းလူ )

ငွေ သည် အချိန် ကဲ့သို့ ကုန်လွယ်၏ ။ ထို့အတူ အချိန် သည်လည်း ငွေ ကဲ့သို့ပင် ကုန်လွယ်၏ ။ တစ်ခု ကွာခြားသည် က အချိန် သည် အလကား ရသည် ။ ကုန်ဆုံးသွားသော ကာလများ အတွက် အလိုအလျောက် အစားထိုး ဝင်ရောက် လာနိုင်သည် ။ ငွေ ကျတော့ ဒီလို မဟုတ် ။ အလိုအလျောက် ဖြည့်ဆည်း မပေးနိုင်ချေ ။

မည်သို့ပင် ဖြစ်စေ ၊ အချိန် နှင့် ငွေ သည် လူ ကို မစောင့်တတ်ချင်း တော့ အတူတူပင် ဖြစ်၏ ။

ဤသို့ဖြင့် အချိန် နှင့် အမျှ ငွေ က ကုန်နေပြီ ။ အချိန် နှင့် အမြန်နှုန်း ကို ငွေ က မီအောင် မလိုက်နိုင် သော အခါ သူ့ တွင် အကျပ်အတည်း ပေါ်လာလေတော့သည် ။

•••••   •••••   •••••

“ ကျွန်တော့် အလုပ် က ပုံမှန် ဝင်ငွေ ဆိုတာ မဟုတ်ပါဘူးဗျာ ” ဟု သူ ပြောလေ့ ရှိသည် ။ ပြောသည့် အခါတိုင်း လည်း ထို စကား အတွက် စိတ် ထဲ က ကြိတ်၍ ပြုံးမိမြဲ ဖြစ်သည် ။ ပုံမှန်ဝင်ငွေ မဟုတ်လျှင် ပုံမှား ဝင်ငွေပေါ့ ဟု တွေးမိသောကြောင့် ဖြစ်သည် ။

တကယ်တော့ သူ့ အလုပ်သည် လည်း ပုံမှန် အလုပ် မဟုတ်ချေ ။ ပုံနှိပ်လောက အတွင်း လှည့်လည်ကျင်လည် နေရသူ သာ ဖြစ်သည် ။ သူ သည် စက်နောက်ကြည့် ခေါ် စက်ဆရာ ၏ တပည့် လည်း လုပ်ဖူးသည် ။ စာ လည်း ဝင် စီကြည့်ဖူးသည် ။ စာပြင်ဆရာ လည်း လုပ်ဖူးသည် ။ စက္ကူရုံး ၊ စာပေစိစစ်ရေး စသည်တို့ ကို ထုတ်ဝေသူ ပုံနှိပ်သူတို့ ၏ ကိုယ်စား သွား ပေးရသည့် အလုပ် က လည်း လုပ်ဖူးသည် ။

တစ်ကိုယ်ရေ တစ်ကာယ နေခဲ့တုန်း က သိပ် အရေးမကြီး ။ ဖြစ်သလို နေ ၊ ဖြစ်သလို စား လို့ ရသည် ။ ပိုက်ဆံ မရှိ လည်း ပူစရာ မလို ။ သူငယ်ချင်း အပေါင်းအသင်း တစ်ယောက် ယောက် ဆီ က ဆွဲလိုက်ရုံပင် ။ ကျောချစရာ တစ်နေရာ တောင် မှ သူ့ အတွက် ပြဿနာ မရှိ ။ ပုံနှိပ်တိုက် စက္ကူပုံးများ သည် သူ့ အတွက် အကောင်းဆုံး ဇိမ်အရှိဆုံး မွေ့ရာများ ။

ထိုသို့ လုပ်ရင်းပင် အိမ်ထောင် ကျခဲ့သည် ။ ခုဆိုလျှင် ကလေး နှစ်ယောက် တောင် ရနေပြီ ။ သား နှင့် မယား နှင့် ဖြစ်လာသဖြင့် အရင်လို နေလို့ မရတော့ ။ အိမ်ထောင် တစ်ခု ကို ထူထောင်မိပြီ ဆိုသော အခါ ထို အိမ်ထောင် ၏ စားဝတ်နေရေး တာဝန် ကို မပျက်မကွက် ထမ်းဆောင် ရလေတော့သတည်း ။

စားဝတ်နေရေး ဆိုသည် ကလည်း နေ့စဉ်နှင့် အမျှ ရှိနေသော ဖြစ်စဉ် တစ်ရပ် ဖြစ်သည် ။ တစ်ရက် လောက် မစားဘဲ ၊ မဝတ်ဘဲ ၊ မနေဘဲ မရနိုင် ။ စားခြင်း ၊ ဝတ်ခြင်း ၊ နေခြင်း မှ ရှောင်လွှဲ၍ တစ်ရက် လောက် ခွင့်ယူမည် ဆိုလို့ မဖြစ်ချေ ။

ထို့ကြောင့် သူ သည် အလုပ် ကို ကြိုးကြိုးစားစား လုပ်ရသည် ။ အိမ်ထောင်ဦး ကာလတုန်း ကတော့ အဆင် ပြေ သယောင်ယောင် ရှိ၏ ။ သား တစ်ယောက် ရလာတော့ နည်းနည်း ကသီ လာ၏ ။ သမီး တစ်ယောက် ထပ်မံ ဖွားမြင်ခဲ့ ပြန်သောအခါ အများကြီး ကသီ လာ လေသည် ။ မကြာခဏ ဆိုသလို ငွေကြေး ပြတ်လပ်မှု နှင့် ကြုံရတတ်သည် ။

ခုလည်း သူ့ မှာ အခက်အခဲ တွေ့နေသည် ။ သူ သည် ပုံနှိပ်တိုက် တစ်တိုက် မှာ ဖောင်စား စာပြင် တစ်ယောက် အဖြစ် ဝင်ရောက် လုပ်ကိုင် နေခြင်းဖြစ်၏ ။ ဖောင်စား ဖြစ်သဖြင့် အလုပ် များ လျှင် များ သလို နည်း လျှင် နည်းသလို လုပ်ရသည် ။

ဒီလ ရက်ပိုင်း အတွင်း စက္ကူ အခက်အခဲ ကြောင့် ပုံနှိပ်တိုက် မှာ အလုပ် ပါးလာသည် ။ ထို့ကြောင့် သူ့ ဝင်ငွေ လည်း လျော့လာ၏ ။ မနေ့က စက်မောင်းတံ တစ်ခု ကျိုး သွားသည် ။ လေးငါးရက် လောက် ပြင်ရမည် ။ ထို ရက်များ အတွင်း သူ အလုပ် လက်မဲ့ ဖြစ် သွားသည် ဆိုသည့် သဘော ။

သူတို့ ပုံနှိပ်တိုက် က စနေနေ့ တိုင်း ငွေ ရှင်းပေးသည် ။ ဒီနေ့ မှ အင်္ဂါနေ့ ရှိသေးသည် ။ စနေနေ့ ရောက်သည့် တိုင် သူ့ အတွက် မျှော်လင့်ချက် မရှိချေ ။ တနင်္ဂနွေနေ့ က စက်ပိတ် သဖြင့် အလုပ် မလုပ်ဖြစ်ခဲ့ ။ မနေ့ က တနင်္လာ ၊ ညနေ့ပိုင်း စက်ကျိုး သွားသည် ။ ဒီတစ်ပတ် အတွင်း တစ်ရက်စာ သာ ရစရာရှိ၏ ။ ကြိုတင် ငွေကလေး ၊ ဘာလေး တောင်းလို့ ရချင် ရမည် ။ သိပ်တော့ မကျိန်းသေ ။ ပုံနှိပ်တိုက်ပိုင်ရှင် ကလည်း စက်ပြင်ရတာ နှင့် အလုပ်ပါးတာ နှင့် ဆိုလျှင် ငွေ ရှိချင် မှ ရှိမည် ။ ရှိလို့ ကြိုတင်ငွေ ထုတ်ပေးသည် ပင် ထားဦး ။ ထို ငွေ က အကြွေး အဖြစ် တင်ရှိ သွားပြီ ။

•••••   •••••   •••••

သည် ကြားထဲ သီတင်း က ကျွတ်လိုက်သေးသည် ။ မကင်းရာ မကင်းကြောင်း မင်္ဂလာဆောင်တွေ လာတော့မည် ။ နှစ်ဘက်မိဘ များ အနက် က တစ်ယောက်တည်း သာ ကျန်ရစ်ခဲ့သော အဖေအိုကြီး ကို ကန်တော့ ချင်သည် ။ ကလေး နှစ်ယောက် ကို လည်း အင်္ကျီလေး တစ်ထည်စီ လောက် ဝယ်ပေးသင့်သည် ။

ဒါတွေ ထားဦး ၊ လောလောဆယ် စားဖို့ သောက်ဖို့ က အရေးကြီးသည် ။ လက် ထဲမှာ ငွေနှစ်ဆယ် လျော့လျော့သာ ရှိတော့သည် ။ ဘယ်လိုပဲ စိစိစစ်စစ် သုံးသုံး ၊ နှစ်ရက် သုံးရက် လောက် ထက် ပိုပြီး ခံမည် မဟုတ် ။ မကုန်မဖြစ် အကုန်ခံရမည် ကိစ္စ က ရှိသေးသည် ။

လမ်းစရိတ် ။

သူ မြို့ ထဲ ထွက်ရမည် ။ ပိုက်ဆံ ရှာရမည် ။ ချေးတန် ချေးရမည် ၊ သူတို့ စက်ပိတ် ထားသည့် အချိန် အတွင်း အခြား စက် တစ်ခု ခုမှာ အလုပ်ကလေး ၊ ဘာလေး ရလို ရငြား စုံစမ်းရမည် ။ ပိုက်ဆံ လေးငါးကျပ် နှင့် အကြွေ ပြားလေးဆယ် ယူပြီး မြို့ ထဲ ဘက် ထွက်ခဲ့သည် ။ အိမ် က အထွက် တွင် သား အကြီးကောင် က “ ဖေဖေ ဟယ်လီကော်ပတာ ဝယ်ခဲ့ပါ ” ဟု မှာသည် ။ သူ့ အဖေ ကို များ မီလျံနာ မှတ်နေသလား ဟု တွေး မိသည် ။ လမ်းထိပ် ရောက် မှ သဘောပေါက် လာသည် ။ မီးပုန်း ထွန်းသည့် လှည်းကလေး မှာခြင်း ဖြစ်သည် ။ ဟယ်လီကော်ပတာ ၊ မော်တော်ကား ၊ လေယာဉ်ပျံ ၊ သင်္ဘော စသည်ဖြင့် မီးပုံးစက္ကူ ဖြင့် ပြုလုပ်ထားသော ကစားစရာ အရုပ်များ ရောင်းသော ဆိုင် ကို တွေ့ရသောကြောင့်ပင် ။

သားတို့ သမီးတို့ သည် လည်း သီတင်းကျွတ် မှာ တစ်ခြား ကလေးတွေ လို ကစားချင် ရှာပေလိမ့်မည် ။ အဝတ်အစားအသစ်တွေ မပူဆာသည် ကိုပင် ကျေးဇူး တင်ရဦးမည် ။

•••••   •••••   •••••

သူ အလုပ် လုပ်သော ပုံနှိပ်တိုက် ကို ရောက်တော့ ရှေ့ခန်း က စားပွဲ မှာ ခပ်ငိုင်ငိုင် ထိုင်နေသော တိုက်ရှင်မိန်းမ ကို တွေ့လိုက်ရသည် ။ ဒီ မိန်းမ ဆီ ကတော့ ငွေ ချေးလို့ ရနိုင်စရာ အကြောင်း မရှိ ။ ထို့ကြောင့် “ စက် ကောင်းသွားပြီလားလို့ လာကြည့်တာပါ ” ဟု အကြောင်းပြ လိုက်ရလေသည် ။ “ ဒီ အပတ် ထဲ ပြီးရင် ကံကောင်းပဲလို့ ပြောသံ ကြားတာပဲ ၊ ခုလဲ တွင်ခုံ သွားကြတယ် ... ”

သူ့ တိုက် မှာ ခဏ ထိုင်ပြီး နောက် ထွက်လာခဲ့သည် ။ သူ အရင် အလုပ် လုပ်ဖူးသော ပုံနှိပ်တိုက် တစ်တိုက် ကို သွားသည် ။ တစ်ခါတစ်ရံ ပုံနှိပ်တိုက်တွေ မှာ စာပြင်ဆရာ မလာသဖြင့် ပိုင်ရှင် ကိုယ်တိုင် ပြင်ရ သည့် အခါမျိုး ရှိသည် ။ ဒါမျိုး ကြုံလျှင် တစ်နေ့ တွက် လောက်တော့ အလုပ် ရနိုင်သည် ။

သို့ရာတွင် သူ ထင်သလို မဖြစ် ။ ထို ပုံနှိပ်တိုက် သို့ ဝင်ဝင်ချင်း စားပွဲ မှာ အခန့်သား ထိုင်နေသော စာပြင်ဆရာ တစ်ယောက် ကို တွေ့ လိုက်ရ၏ ။ တစ်ခြား တိုက်တွေ မှာ လည်း ထို့အတူပင် ။ တိုက် တစ်တိုက် ကတော့ စာပြင်ဆရာ မရှိ ဟု ဆိုသဖြင့် ဝမ်းသာသွားမည် ကြံကာ ရှိသေး ... ။

“ အဲဒါဗျာ ၊ ကျွန်တော့် ခယ်မလေး ကိုပဲ ခေါ် ပြင်ခိုင်း ထားရတယ် ၊ ဆယ်တန်း ဆိုတော့ တော်ရုံတန်ရုံ စာလုံးပေါင်း မှားတာလောက်တော့ ပြင်တတ်တာပေါ့လေ ၊ အလုပ် ကလဲ ပါး နေတော့ စာပြင်ဆရာ ရယ် လို့ ခေါ်မထားတော့ပါဘူးဗျာ ” ဟု ထို တိုက်ရှင်က အလိမ္မာ ဖက်၍ ပြောလိုက်သဖြင့် တပ်လန် ခဲ့ရ ပြန်သည် ။

သုံးဆယ့်သုံးလမ်း ထိပ်က ရွှေကြည်အေးလက်ဖက်ရည်ဆိုင် သို့ သွားသည် ။ ထို ဆိုင်မှာ စာပေ လောကသားများ ဆုံလေ့ ရှိ၏ ။ အလုပ်ကလေး ဘာလေး ခလုတ်တိုက်မိလို့ တိုက်မိငြား ။

ဆိုင်ထဲ ဝင်ပြီး လူရှင်းသော စားပွဲ မှာ ထိုင်၏ ။ စားပွဲထိုး က ဘာ သောက်မလဲ မေးသည် ။

“ မသောက်သေးဘူး ၊ ပြီးမှ ” ဟု ပြောလိုက်သည် ။ သူ့ လိုပင် လက်ဖက်ရည် တိုက်မည့် ဒါယကာ ကို ထိုင်စောင့်နေတတ် သူမျိုး ဒီ ဆိုင် မှာ ကြုံဖူးနေပြီ ဖြစ်သဖြင့် ဘာမှ ထွေထွေထူးထူး မပြောတော့ ဘဲ ပြန် လှည့်ထွက် သွားသည် ။ ဆိုင် ထဲ မှာ သူ နှင့် သိသူ တစ်ယောက် မျှ မရှိ ။

အတန်ကြာ မှ သူ နှင့် မျက်မှန်းတန်းမိ နေသော စာရေးဆရာ တစ်ယောက် ဝင် လာသည် ။ တစ်ခြား စားပွဲလွတ် မရှိ သဖြင့် သူ့ စားပွဲ မှာ လာ ထိုင်သည် ။

“ တစ်ယောက်တည်း လား ၊ ဘယ်သူ့ စောင့်နေတာလဲ ” ဟု နှုတ်ဆက်ရင်း မေးသည် ။

“ ကျွန်တော်တို့ တိုက် က စက်ကျိုးနေလို့ ဆရာရဲ့ ၊ အဲဒါ တစ်ခြား စက် တစ်ခုခုများ ခဏတစ်ဖြုတ် ဝင်လိုက်လို့ ရမလားလို့ ထွက်လာ ခဲ့တာ ”

“ ကျွန်တော် လဲ ထုတ်ဝေသူ ဆီ ငွေလေးဘာလေး ထပ်တောင်း မလားလို့ လာစောင့်တာပဲ ၊ သောက်ပြီးပြီလား ” ဟု တစ်ဆက်တည်း မေး သဖြင့် “ သောက်မလို့ ၊ ခုပဲ ရောက်တာ ” 

စာရေးဆရာ က လက်ဖက်ရည် နှစ်ခွက် မှာသည် ။ သူ သည် မျှော်လင့်ချက်ကလေး တစ်ခု စဉ်းစားမိသည် ။ စာရေးဆရာ ငွေ ရလျှင် ရှေ့မျက်နှာ နောက်ထားပြီး ငွေအစိတ် လောက် ချေးမည် ။ ထို စာရေးဆရာ က သဘော ကောင်းသည် ။ ထို အတွေးကလေး ဖြင့် ထုတ်ဝေသူ အလာ ကို ကူညီ၍ စောင့် ပေး နေလိုက်သည် ။

ထုတ်ဝေသူ က အကြာကြီး ကြာအောင် စောင့်ပြီးမှ ရောက်လာသည် ။

ရောက်ရောက်ချင်း ထိုင်တောင် မထိုင်ရသေးခင် ...

“ ဆောရီးပဲ ဆရာရေ ၊ စာတိုက်ကြီး သွားတာ နည်းနည်း နောက် ကျသွားလို့ ငွေ မထုတ်ခဲ့ရဘူး ။ ဟိုဟာ မနက်ဖြန် မှ ယူပါ ဆရာ ၊ ဖြစ်တယ် မဟုတ်လား ” ဟု ပြောလေ၏ ။

•••••   •••••   •••••

ညနေ စောင်းပြီ ။ လမ်းစရိတ် ပြားရှစ်ဆယ် နှင့် ဆေးလိပ်ဖိုး ပြားသုံးဆယ် သာ ကုန်သွားသည် ။ ဘာမျှ အလုပ် မဖြစ် ။ ပြန်ဖို့သာ ရှိသည် ။ ဆူးလေဘုရားလမ်း ကားမှတ်တိုင် သို့ လျှောက်ခဲ့သည် ။ ထိုစဉ် တစ်စုံတစ်ယောက် ကို ဖြတ်ကနဲ သတိရ လိုက်သည် ။ ကိုဂျော်ကီ ။

ကိုဂျော်ကီ သည် အစက စက္ကူပွဲစား တစ်ယောက် ဖြစ်သည် ။ အချီကြီး တစ်ချီ ပွပေါက် တိုး ပြီးနောက် ပုံနှိပ်စက်ပိုင်ရှင် ဖြစ်သွားသည် ။ စက် ကို ဈေးကောင်း ရသည့် အချိန် မှာ ရောင်းထုတ်ပြီး မော်တော်ကား ဝယ်ရောင်း လုပ်သည် ။ ဈေးအချောင် ရသည့် ကား ခပ်စုတ်စုတ်တွေ ဝယ်ပြီး ပြန်ပြင် ၊ ပေါက်ဈေးဖြင့် ပြန်ရောင်းခြင်း ဖြစ်သည် ။ လည်လည်ဝယ်ဝယ် ရှိသဖြင့် အတော် အကျိုး ဖြစ်သည် ဟု သိရ၏ ။

သူ သည် ကိုဂျော်ကီ စက္ကူပွဲစား ဘဝ ကတည်း က ခင်မင်နေခဲ့ခြင်း ဖြစ်သည် ။ ကိုဂျော်ကီ ပုံနှိပ်စက် ထောင် တုန်း ကလည်း သူ ကူခဲ့ ဖူးသည် ။ ကိုဂျော်ကီ နှင့် တွေ့ လျှင် ငွေငါးဆယ် လောက်တော့ ချေး လို့ ရနိုင်သည် ။ ပြန် မပေးပါနဲ့တော့ဗျာ ဟူ၍ပင် ပြောချင် ပြောပေ လိမ့်မည် ။

ဒီအချိန် ကိုဂျော်ကီ ဘယ်မှာ ရှိနိုင်သည် ကို သူ သိ၏ ။ ဒဂုံဟိုတယ် အပေါ်ထပ် ဘားခန်း မှာ ။

အလယ် မကျတကျ စားပွဲ မှာ ကိုဂျော်ကီ ကို တွေ့ ရသည် ။ ကံအားလျော်စွာ သူ့ စားပွဲ မှာ သူ တစ်ယောက်တည်း ပင် ထိုင်နေသည် ။ စားပွဲ နား လျှောက် သွားပြီး နှုတ်ဆက် လိုက်သည် ။ ကိုဂျော်ကီ က “ လာဗျာ ၊ ထိုင် ” ဟု ခရီးဦးကြို ပြုသည် ။ သူ ဝင် ထိုင်သည် ။ ကိုဂျော်ကီ ရှေ့မှာ ဖန်ခွက် တစ်ခွက် နှင့် ထည့်ထားသော ရမ်အရက် ကို တွေ့ သည် ။ ဖန်ခွက် က အပြည့် ။ ထပ် မှာ ထားတာ ဖြစ်မည် ။ ကိုဂျော်ကီ ပုံစံ က တော်တော် နှင့် မှန်ထားပြီးသား အခြေအနေ ။

ကိုဂျော်ကီ က စားပွဲထိုး ကို ဖန်ခွက် တစ်လုံး မှာ လိုက်သည် ။ သူ အရက် သောက်ဖို့ ငြင်းမည် ဟု စိတ်ကူးသေးသည် ။ မသောက်ပဲ နှင့် ဒီကို လာသည် ဆိုလျှင် ယုတ္တိ မရှိမည် စိုး၍ ဘာမျှ မပြောပဲ နေ လိုက်သည် ။

“ ဘယ်က လာလဲ ...  ”

ကိုဂျော်ကီ က မေးသည် ။

“ သုံးဆယ့်သုံးလမ်း ဘက်က ဗျာ ”

ကိုဂျော်ကီ က ခေါင်း ညိတ်သည် ။ ဘာမျှ ထပ် မပြော ။ ဒူးယားဗူး ကို သူ ဘက် တိုးပေးသည် ။ သူ တစ်လိပ် ယူပြီး မီးညှိ ရှိုက်ဖွာ နေသည် ။ ဘားခန်း ထဲ တွင် မီးခိုးငွေ့များ အရက်နံ့များ ဖြင့် မွှန်ထူ နေသည် ။

စားပွဲထိုး က ဖန်ခွက် တစ်လုံး လာ ချပေးသည် ။

“ ချဗျာ ” 

ကိုဂျော်ကီ က ပြောသဖြင့် ဖန်ခွက်ထဲ လက်တစ်လုံး လောက် ထည့်ပြီး ရေခဲ တစ်တုံး ဆိုဒါများများ ရောစပ်လိုက်သည် ။ အရက် ကို တစ်ငုံ ငုံသည် ။ တီးဝိုင်းအဖွဲ့ က မြန်မာတီးလုံး ဖြင့် စတင် ဧည့်ခံနေပြီး ကိုယ် လိုချင်တာ မပြောခင် သူ တစ်ပါး အကြောင်း အရင် မေးရသည့် လူမှုရေး ထုံးစံအရ သူစကားစသည် ။

“ ကိုဂျော်ကီ ၊ လုပ်ငန်းကိုင်ငန်း ကောင်းရဲ့လား ... ” 

“ မကောင်းဘူး .. ” 

ကိုဂျော်ကီ က ရှုံ့ရှုံ့မဲ့မဲ့ ပြန် ပြောသည် ။ မေးလိုက်တာ မှားသွားပြီ ဟု သိလိုက်၏ ။ ဘာမျှ မတတ်နိုင် ။ ကိုဂျော်ကီ သူ့ ကို အရက်တိုက်ခြင်း မှာ ပြောသမျှ နားထောင်ဖို့ အတွက် ဖြစ်သွားပြီ ။

“ ဘယ်လို ဖြစ်လို့လဲဗျာ ... ” 

စကားထောက် ပေး လိုက်ရသည် ။ ကိုဂျော်ကီ က ဖန်ခွက် ထဲ မှ အရက် လက်ကျန် ကို ရှင်းလိုက်ပြီ ။

“ အခြေအနေ တော်တော် ဆိုး နေတယ်ဗျာ ၊ သုံးဘီးကား နှစ်စင်း အချောင် ရလို့ ဝယ် လိုက်တာ ၊ ခုတော့ သုံးဘီးတွေ နယ် သွားရမယ် ဆိုလို့ ဈေးတွေ ထိုးကျ သွားပြီလေ ... ” 

အရက် ထပ် ထည့်သည် ။ ဆိုဒါ မထည့်တော့ ၊ ရေခဲ တစ်တုံး သာ ထည့်ပြီး တစ်ငုံ ငုံသည် ။ ဆက်၍ ...

“ ဃ ” နံပါတ်ကား တစ်စင်း လဲ ရှိသေးတယ် ။ ကား က တော်တော် စုတ်တယ် ၊ လက်ပူတိုက် ဖို့ တောင် အချိန် ရမှာ မဟုတ်ဘူး ။ သေချာပါတယ် နယ်နှင် ခံရမှာပဲ ... ” 

“ ဒီလိုလဲ ဘယ် ... ဟုတ်ဦးမလဲလေ ” ဟု သူ က မရေမရာ ဝင်ပြော၏ ။ သူ ပြောသည် ကို ကိုဂျော်ကီ ကြားတောင် ကြားဟန် မတူ ။ တီးဝိုင်း ဆီသို့ ငေးကြည့် နေပြီးမှ ...

“ လူများ အဆင် မပြေချင်ဘူး ဆို ဆက်တိုက်ပဲ ၊ ဒီကြားထဲ တယ်လီဖုန်းကြွေး က လာလိုက်သေးတယ်ဗျာ ၊ ပုံနှိပ်စက် ရောင်းထား တဲ့ အတွက် အမြတ်ခွန် လဲ သွား သွင်းရဦးမယ် ။ ကျွန်တော့် ဘဝပျက် တာပါပဲဗျာ ”  ဟု စိတ်ပျက်လက်ပျက် ပြောသည် ။ အရက် ကို သောက်ချလိုက် ပြန်သည် ။ ကိုဂျော်ကီ သည် စကား အဖြစ် သာ မဟုတ်ဘဲ တစ်ကယ် ဘဝ ပျက် နေသည့် ပုံစံမျိုး ဖြစ်နေသည် ။

“ ခင်ဗျားရော အလုပ်အကိုင် ကောင်းရဲ့လား ” ဟု ကိုဂျော်ကီ က လူမှုရေး အရ မေးသည့် ပုံမျိုးဖြင့် မေးသည် ။

“ မဆိုးပါဘူး ဗျာ ၊ ပုံမှန်ကလေးပေါ့ ”  ဟု သူ ဖြေသည် ။ ငွေ ငါးဆယ် ချေးဖို့ ကိစ္စ မပြောတော့ ဟု ဆုံးဖြတ်လိုက်သည် ။ ကိုဂျော်ကီ ကို အားပေးစကား အနည်းငယ် ပြောပြီး နှုတ်ဆက် ထွက် လာခဲ့သည် ။

ကိုဂျော်ကီ ၏ အဖြစ် နှင့် နှိုင်းစာ လိုက်သောအခါ သူ့ စိတ် ထဲ မှာ တော်တော် ပေါ့ပါး သွားသည် ။ သူ သည် သုံးဘီးကား ဝယ်ထားသူ မဟုတ် သဖြင့် ဆုံးရှုံးစရာ မရှိ တယ်လီဖုန်း လည်း မရှိ ။ အမြတ်ခွန် လည်း ဆောင်စရာ မလို ။ ကိုဂျော်ကီ ၏ သုံးဘီးကား တွေ ထက် သူ့ ဆီ မှာ လောလောဆယ် ရှိနေသော ငွေနှစ်ဆယ် လျော့လျော့ က ပို၍ တန်ဖိုး ရှိနေပြီ ။ သုံးရက် လောက် တော့ ထမင်း စားစရာ ရှိနေသေးသည် ။ ကဲ ... ဘာလိုသေးလဲ ဟု အားတက် သွားပြီး လျှင် ဒဂုံဟိုတယ် ပေါ် မှ ရင်ကော့ ၍ ဆင်းလာခဲ့လေသည် ။

▣  မင်းလူ
📖 သဘင် မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၁၉၈၅

Thursday, January 4, 2024

ဥပမာ အလင်္ကာ


 ❝ ဥပမာ အလင်္ကာ ❞


ဆံပင်ညှပ် ဆိုင် ထဲ သို့ ဝင်လာသော သူ ကို ဆံသဆရာ က “ ဆံပင် ညှပ် မလို့လား ” ဟု မေးသည် ။ ထို သူ က ခေါင်ညိတ် ပြပြီး ဆုံလည်ကု,လားထိုင် ပေါ် ထိုင်သည် ။ ဆံသဆရာ က ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာ ကို ယူ ပေးသည် ။ ထို့နောက် အဝတ်ဖြူစ ကို ကိုယ် ပေါ် မှာ လွှမ်းခြုံ ပေးသည် ။


“ ဘယ်လို ပုံစံ ညှပ်မလဲ ”


“ ခပ်ပါးပါး သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်ဗျာ ၊ နက်ဖြန် အင်တာဗျူး ဝင်စရာ ရှိလို့ ”


ဆံသဆရာ က ခေါင်း တစ်ချက် ဆတ်လိုက်သည် ။ ဆံပင် ကို ဘီး ဖြင့် ဖွပြီး ကတ်ကြေး ဖြင့် စ ၍ ညှပ်သည် ။ ညှပ် နေရင်း က လေ ထဲ မှာ ကတ်ကြေး ကို အလွတ် ကစား နေသည့် အသံ တစ်ချက် ချက် သည် စည်းချက် ညီညီ ထွက်ပေါ် နေ၏ ။


ပြီးလျှင် ခွ ကတ်ကြေး ဖြင့် ပါး သွားအောင် ညှပ် ပြန်သည် ။ စွန်းထွက် နေသော ဆံပင်များ ၊ ကော့လန် ကွေးကောက် နေသော ဆံစများ ကို ကတ်ကြေး ထိပ်ချွန် ဖြင့် သပ်ရပ် ညီညာသွားအောင် တိသည် ။


“ ဒီအနေ တော်ပြီလား ”  ဟု ဆံသဆရာ က မေးသည် ။ ရှေ့နောက် နှစ်ဖက် ညှပ်၍ တပ်ဆင် ထားသော မှန်များ ကြောင့် ရှေ့မှန် ထဲ မှာ ပင် နောက်ဘက် မြင်ကွင်း ပါ မြင်နေရ၏ ။


“ ရပါပြီ ”


ဆံသဆရာ သည် ရေဆွတ် ထားသော ဝက်မှင်ဘီးကလေး ဖြင့် ကုပ်သား တစ်လျှောက် ၊ နားသယ်စပ် တစ်လျှောက် လိုက် သုတ်ပေးသည် ။


သင်ဓုန်းဓါး ကို သားရေပြား ပေါ် မှာ တရွှီရွှီ မြည်အောင် ပွတ် သွေးသည် ။ ပြီးတော့ ဒေါက်တိ ပေးသည် ။ ဓါးဖြင့် ရိတ် ထားသော နေရာများ ကို ပေါင်ဒါ တို့သည် ။ မျက်နှာသုတ်ပဝါအသေး ဖြင့် ဆံပင်များ ကို ပွတ်ခါ ပေးသည် ။ ဆံပင် ကို သပ်ရပ် အောင် ဖြီးသင် ပေးသည် ။

 

ထို့နောက် သူ ညှပ်ပေး ထားသော ခေါင်း ကို ရှေ့နောက် ဝဲယာ တို့ မှ ရှုထောင့် အမျိုးမျိုး ပြောင်းလျက် ကြည့်သည် ။ သူ့ ပုံစံ မှာ သူ ကိုယ်တိုင် စိတ်ကြိုက် အနုစိတ် ထုလုပ် ထားသော ပန်းပုရုပ် တစ်ခု ကို တစ်စိမ့်စိမ့် အရသာ ခံ ၍ ကြည့်နေ သလိုမျိုး ပင် ။


( အချစ်ရေ ... ကိုယ် လည်း မင်း ကို အရိပ် တကြည့်ကြည့် နဲ့ နေခဲ့ပါတယ် နော် )


  •••••   •••••   •••••


ရွှေဂုန် ရုပ်ရှင်ရုံ ၏ ပန်းဆိုးတန်း ဘက် ဆင်ဝင် အောက် တွင် ဝက်သားတုတ်ထိုးသည် ၊ ကြာဇံသုတ်သည် ၊ ဆေးလိပ်သည် တို့ ကြား တွင် ခွေးခြေကလေး နှင့် လူ တစ်ယောက် ထိုင် နေသည် ။ ထို သူ ကား နားဖာကလော်ဆရာ ဖြစ်၏ ။


ခပ်ဝဝ လူကြီး တစ်ယောက် ရောက် လာပြီး ခွေးခြေ မှာ ဝင် ထိုင်သည် ။ နားဖာကလော်ဆရာ က သံဘူးကလေး ထဲ မှ ပစ္စည်းကိရိယာများ ကို ထုတ်သည် ။ လူကြီး ၏ နား ထဲ သို့ အုန်းဆီ အနည်းငယ် ထည့် ပေးပြီး နောက် လုပ်ငန်း စ လေသည် ။ လူကြီး က ခေါင်းကလေး ကို စောင်းပြီး မျက်လုံး မှေး ထားသည် ။


နားဖာကလော်ဆရာ သည် ကွန်ပျူတာ တစ်ခု ကို ပြုပြင် နေသူ တစ်ယောက် ၏ မျက်နှာထား ဖြင့် နားဖာကလော် ကိရိယာများ ကို သတိကြီးစွာ ကိုင်တွယ် ဆောင်ရွက် နေလေသည် ။


( အချစ်ရေ ... ကိုယ် လည်း မင်း ကို အရမ်း ဂရုစိုက်ခဲ့ပါတယ် နော် )


  •••••   •••••   •••••


လမ်းသုံးဆယ် မြေကွက်လပ် တစ်ခု တွင် လူ တစ်ယောက် သည် ကု,လားထိုင် တစ်လုံး ပေါ်မှာ ထိုင်လျက် ခြေထောက် တစ်ဖက် ကို ခုံပုကလေး ပေါ် ဟန်ပါပါ တင်ထားသည် ။ အခြားလူ တစ်ယောက် က ထို သူ ၏ ခြေသည်းများ ကို လှီးပေး နေသည် ။


“ ဖြည်းဖြည်း လုပ်နော် ၊ အသား ကို လှီးမိ ဦးမယ် ”


ထို သူ က ပြောသော အခါ ခြေသည်းလှီး ဆရာ က ...


“ စိတ်ချပါ ၊ ကျွန်တော် ဒီ အလုပ် လုပ်နေတာ ငါးနှစ် ကျော်ပါပြီ ။ ကျွန်တော့် လက် က တစ်ဆံခြည်မျှင် တောင် မလွဲပါဘူး ”  ဟု ပြန် ပြောသည် ။ ခုံပု ပေါ် တင်ထားသော ခြေထောက်သည် ခြေဆီတွေ ထွက်ပြီး ဖုန်တွေ လည်း ပေ နေ သဖြင့် မည်းညစ်ညစ် ဖြစ်နေ၏ ။


ခြေဖမိုး ပေါ် ရှိ သည်းကြိုးရာ တစ်လျှောက် မှာ လည်း ချေးကြောင်းရာ တွေ ထင် နေသည် ။ သို့ရာတွင် ခြေသည်းလှီး ဆရာ က တော့ ထို ခြေထောက်ကြီး ကို မိန်မလှလေး တစ်ယောက် ၏ မျက်နှာ ကို အလှ ပြင် ပေးနေ သကဲ့သို့ တယုတယ ကိုင်တွယ် လှုပ်ရှား နေသည် ။


( အချစ်ရေ ... ကိုယ် လည်း မင်း ကို သိပ် ကြင်နာခဲ့ပါတယ် နော် )


  •••••   •••••   •••••


မဟာဗန္ဓုလပန်းခြံလမ်း ထိပ် တွင် အိန္ဒိယအမျိုးသား ဖိနပ်ချုပ်ဆရာကလေး တစ်ဦး ရှိလေသည် ။ သူ သည် ခါလီးယား ဇာတ်ကား ထဲ မှ ဇာတ်ဝင်တေး သီချင်း တစ်ပုဒ် ကို ခပ်တိုးတိုး ညည်းလျက် မိန်းမစီး ဖိနပ် အဖြူကလေး တစ်ဖက် ကို ပြုပြင် နေ၏ ။


ပထမဦးစွာ ခေါင် မှ ပြုတ်ထွက် နေသော သည်းကြိုး ကို အပေါက် ထဲ ပြန် ထည့်သည် ။ နိုင်လွန်ကြိုး ဖြင့် ချုပ်သည် ။ အပ်ချက် တစ်ချက် က လွဲချော်ပြီး ခြေနင်း အဖြူ ပေါ် တွင် အခြစ်ရာကလေး နည်းနည်း ထင်သွား၏ ။ သူ သည် “ ကျွတ်ကျွတ် ”  ဆို စုတ်သပ် လိုက်ပြီး ဒဏ်ရာ တစ်ခု ကဲ့သို့ အသာအယာ ပွတ်သပ် လိုက်သည် ။


ခေါင်ချုပ် ပြီးသော အခါ ဖိနပ်ဦးပိုင်း က ဖတ်လတ် လန် နေသော “ ဆိုး ” ကို ကော် သုတ်သည် ။ ကော် သွေ့သွားအောင် တဖူးဖူး မှုတ်သည် ။


ထိုအခိုက် တွင် သီချင်း အညည်း ခဏ ရပ်၏ ။ သူ့ ခေါင်း က တော့ စည်းလိုက် သလို တလှုပ်လှုပ် ဖြစ်နေတုန်း ။ ကော် အနေတော် ဖြစ်သော အခါ ဖိကပ်ပြီး တူ နှင့် ခပ်ဖွဖွ ထုသည် ။ ထို့နောက် သံတုံး တစ်ခု ဖြင့် ဖိထားလို က်၏ ။


အတန်ကြာ သော အခါ ဖိနပ်သည်းကြိုး ကြား ကို လက်ညှိုး နှင့် လက်ခလယ် လျှို ထည့်ပြီး မျက်စိ နှင့် ရေပြင်ညီ ထား၍ ကြည့်သည် ။ သူ သည် ကျေနပ်စွာ ပြုံး လိုက်၏ ။ ဖိနပ်ကလေး ကို ကိုင်တွယ် ကြည့်ရှုပုံ မှာ ဘိုးဘွား လက်ထက် က ရရှိခဲ့သော အမွေပစ္စည်း တစ်ခု အတွက် နှစ်သိမ့်ဂုဏ်ယူ နေ သလိုမျိုး ။


( အချစ်ရေ ... ကိုယ် လည်း မင်း ကို အမြတ်တနိုး တန်ဖိုးထားခဲ့ပါတယ် နော် )


  •••••   •••••   •••••


“ ဖရဲသီးစိတ် ချိုချိုလေး ”


မိန်းကလေး သည် ကြွေရည်သုတ် ဗန်းကလေး ကို ခေါင်း ပေါ် ရွက်၍ တစာစာ အော်ရင်း လျှောက် သွားသည် ။ အတော် ဝေးဝေး လျှောက်ပြီး မှ သာ တစ်စိတ် နှစ်စိတ် ရောင်း ရ၏ ။


နီရဲသော ဖရဲသီးစိတ်များ ပေါ် တွင် ရေဆွတ် ထားသော အဝတ်စ ကို အုပ်ထား သဖြင့် အပူဒဏ် ကို မခံရဘဲ လန်းဆန်း နေသည် ။ သူ့ မျက်နှာ က တော့ နေရော င်ကို တိုက်ရိုက် အထိခံရ၏ ။


မျက်နှာ ပေါ် မှာ ချွေးစီးကြောင်း အသွယ်သွယ် ။ အိမ် က ထွက်ခါနီး လိမ်းလာခဲ့သော သနပ်ခါး မှာ နားရွက်ကြား မှာ သဲလွန်စ လောက် သာ ကျန်တော့သည် ။


သူ သည် လမ်းဘေး အုတ်ခုံ တစ်ခု မှာ ခဏ ထိုင် နားသည် ။ ဗန်း ထဲ မှာ ရှိသော အကြွေစများ ကို ရေတွက် ကြည့်သည် ။ ပြီးတော့ ခါးကြား ရှိ ဘော်လီအင်္ကျီ အိတ် ထဲ မှ ငွေစက္ကူအလိပ်လိုက်ကလေး ကို ထုတ်သည် ။ ငါးကျပ်တန် တစ်ရွက် နှင့် တစ်ကျပ်တန်များ ။ ငွေစက္ကူကလေးများ သည် ဟောင်းမြည့် နွမ်းနယ် နေသည် ။ သို့ရာတွင် ထို ငွေစက္ကူများ တွင် ရိုးသားမှု ချွေးစက်များ စိမ့်ဝင် နေလေ၏ ။


( အချစ်ရေ ... ကိုယ် ဟာ ဆင်းရဲပေမယ့် မင်း ကို ရိုးသား သန့်ရှင်းတဲ့ မေတ္တာ နဲ့ ချစ်ခဲ့ပါတယ် နော် )


  •••••   •••••   •••••


ခရီးသည် နှင့် ကုန်ပစ္စည်းများ တင်ပြီး နောက် မြင်းလှည်းဆရာ သည် လှည်း ပေါ် တက် လိုက်သည် ။ ဇက်ကြိုး သားရေပြား ဖြင့် မြင်း ၏ တင်ပါး ကို အသာ ပုတ် လိုက်ပြီး ...


“ သမီးရေ ၊ ရုန်းလိုက်စမ်းပါဦး ကွယ် ”


မြင်းမလေး က တုတ်တုတ် မျှ မလှုပ် ။


“ ဟော ... လုပ်ပြန်ပြီ ” 


ဇက်ကြိုး ကို ခတ်ဆတ်ဆတ် တစ်ချက် ဆွဲသည် ။ မြင်းမ သည် ခေါင်း ကို သာ မော့သည် ။ ခြေထောက်တွေ က ကြွ မလာချေ ။


“ ဪ ... ဒီ မြင်း ဟာ ပေကတ်ကတ် နဲ့ ”


ကြာပွတ် လက်ကိုင်တုတ် အဖျား နှင့် မြင်း တင်ပါး ကို တစ်ချက်နှစ်ချက် တို့သည် ။ မြင်း က နှစ်လှမ်း သုံးလှမ်း လှမ်း ပြီး တောင့်ခနဲ ရပ် လိုက်ပြန်၏ ။


မြင်းလှည်းဆရာ ဒေါသ ဖြစ်လေပြီ ။


“ တောက် ... ကမြင်းမ ဗွေဆိုး ဖောက် လာပြန်ပြီ ။ ကောင်းကောင်း ပြောလို့ မရဘူး ။ အသား နာ မှ သခင့် စကား နားထောင်မယ် ၊ ဟုတ်စ ... ကိုင်း ”


မြင်းလှည်းဆ ရာက ကြာပွတ် ကို ဝင့် ၍ ရွှမ်းခနဲ ရိုက် လိုက်သည် ။ မြင်းမ သည် တစ်ချက် တွန့်ခနဲ ဖြစ်သွားပြီး နောက် ကဆုန်ပေါက် ပြေး လေတော့သည် ။


( လွန်လေပြီးသော အချစ် ရေ  ၊ မင်း နဲ့ ငါ ချစ်နေခဲ့စဉ် က ကြာပွတ် ကို မသုံးခဲ့မိတာ ငါ့ ရဲ့ မဟာ အမှား ပေါ့  ) 


◾မင်းလူ


📖 ကလျာ မဂ္ဂဇင်း 

      ဧပြီ ၊ ၁၉၈၇


#ကိုအောင်နိုင်ဦး


.

Tuesday, November 7, 2023

လေထန်ကုန်း လက်သည်များ


 

❝ လေထန်ကုန်း လက်သည်များ ❞

ဒီ အကြောင်း ကို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေခဲ့မိ၏ ။ အရေး မပါလောက်ဘူး ဟု ထင်သောကြောင့် ဖြစ်၏ ။

သို့ရာတွင် အစဖော် သူများ ရှိလာ သဖြင့် ပြန်လည် စဉ်းစား သုံးသပ်ရပါတော့သည် ။

တစ်လောက အင်တာဗျူးဂျာနယ် မှာ အယ်ဒီတာများ ၏ တာဝန်ပေးချက် အရ ဆိုပြီး တူးတူးသာ ဆိုသော မိန်းကလေး ကျွန်တော့် ဆီ ရောက် လာသည် ။ သူ နှင့် ကျွန်တော် မှာ နဂိုကတည်း က သိကျွမ်း ပြီးသား ဖြစ်၏ ။ သူ သည် ကာတွန်းဆရာ အနောင် ၏ သမီး ဖြစ်ပြီး ဆရာအောင်ပြည့် ၏ တူမ လည်း ဖြစ်၏ ။ သူ က မေးစရာလေး ရှိလို့ပါ ဟု ဆို၏ ။

ကျွန်တော် သည် ခု နောက်ပိုင်း မှာ အင်တာဗျူးတွေ ကို ရှောင်လေ့ ရှိသည် ။ ပြောစရာ ထွေထွေထူးထူး လည်း မရှိလှ ။ ထူးထူးခြားခြား ရှိလာလျှင် လည်း ဂျာနယ်တွေ မှာ ဆောင်းပါး ရေးပြီး တင်ပြလို့ ရသောကြောင့် လည်း ဖြစ်၏ ။

ခု တစ်ခါတော့ မဗျူး လို့ မဖြစ်သည့် အခြေအနေ ။ တူးတူးသာ က ယခု လာရောက်ရသည့်ကိစ္စ မှာ သူ ၏ ဂျာနယ်သမား ဘဝ တွင် ပထဦးဆုံးသော အားထုတ်ကြိုးပမ်းမှု ဖြစ်ပါသည် ဟု ဆို၏ ။ ကျွန်တော့် အနေဖြင့် တက်ကြွ နေသော မျိုးဆက်သစ် လူငယ် တစ်ယောက် ၏ ပွဲဦးထွက် အတွေ့အကြုံ ကို အလဲလဲ အပြိုပြို တပ်လှန့် သွားတာမျိုး မဖြစ်စေချင် ။ ပြီးတော့ သူ က အင်တာဗျူး ဆိုသော်လည်း အားလုံးပေါင်း မှ မေးခွန်း တစ်ခုတည်း သာ မေးမှာပါ ဟု ဆို၏ ။

ဒီ မေးခွန်း က လည်း တစ်ခု ဆို ဆိုသလောက် ပါပဲ ။ သာမန် အားဖြင့်တော့ ဘာမှ အရေးကြီးသော ကိစ္စ မဟုတ် ။ စာပေလောက အတွက် လည်း သိပ် အကျိုးရှိတယ် လို့ မဆိုသာ ။ သို့တိုင်အောင် စာပေသမား အားလုံး နှင့် သက်ဆိုင် နေသည် ။ အထူးသဖြင့် နယ် က စာပေဝါသနာရှင်များ ၊ စာဖတ်ပရိသတ်များ စိတ်ဝင်စားကြသော ကိစ္စ ဖြစ်နေ၏ ။

ဒီတော့ ကျွန်တော် ဖြေ မှ ဖြစ်မည် ။

သူ့ မေးခွန်း က တော့ ...

“ ရန်ကုန်မြို့ သုံးဆယ့်သုံးလမ်း ရှိ စာပေသမားတို့ စုဝေးရာ လက်ဖက်ရည်ဆိုင်ကလေး ကို “ လေထန်ကုန်း ” ဟု ကျွန်တော် ( မင်းလူ ) က စတင် ကင်ပွန်းတပ် အမည် ပေးခဲ့သည် ဟု သိရကြောင်း ၊ ဘယ်လို စိတ်ကူး ၊ ဘယ်လို အကြောင်း နဲ့ ဒီ အမည်ကို  ပေးခဲ့ခြင်း ဖြစ်ပါသလဲဆိုတာ သိလိုပါ သတဲ့ ”

•••••   •••••   •••••

စာရေးဆရာများ သည် ကိုယ်ပိုင် ရုံးခန်းများ မှာ စတိုင်ကျကျ ထိုင်နိုင်ကြသူများ မဟုတ်ကြပါ ။ အများစု မှာ ရုံးခန်း မပြောနဲ့ ။ အိမ်ခန်း တောင် ကောင်းကောင်း ငှား နေနိုင်ကြသူများ မဟုတ် ။

စာရေးဆရာများ အနေဖြင့် စာပေကိစ္စ အတွက် မြို့ ထဲ ထွက်၍ သွားလာလှုပ်ရှား နေကြပြီးလျှင် အပန်းဖြေ နားနေရန် နေရာ တစ်ခု လိုသည် ။ အချင်းချင်း ချိန်းဆို တွေ့ဆုံနိုင်ရန် စုရပ် တစ်ခု လိုသည် ။

တချို့ကတော့ မဂ္ဂဇင်းတိုက် တွေ မှာ ဆုံကြ ၊ နားကြ၏ ။ သို့ရာတွင် မဂ္ဂဇင်းတိုက် တော်တော်များများ က နေရာ ကျယ်ကျယ်ဝန်းဝန်း မရှိ ။ တိုက်ခန်းကျဉ်းကျဉ်းကလေး ထဲ မှာ အယ်ဒီတာများ ထိုင်ကြရခြင်း ဖြစ်၏ ။ ဧည့်သည်တွေ အတွက် ကုလားထိုင် အနည်းငယ် သာ ရှိ၏ ။ မဂ္ဂဇင်းတိုက် ဆိုတော့ လူ အဝင်အထွက် များသည် ။ ကိုယ် က အလိုက်ကန်းဆိုး မသိဘဲ တစ်ချိန်လုံး ထိုင်နေလို့ ဖြစ်တာ မဟုတ် ။

ဒီတော့ လက်ဖက်ရည်ဆိုင်တွေ ကို သာ အားကိုးကြရသည် ။ လက်ဖက်ရည်ဆိုင် ဆိုရာမှာလည်း လက်ဖက်ရည်  ကောင်းတာ ၊ မကောင်းတာ အရေးမကြီး ။ ဆိုင်ရှင် သဘောကောင်းဖို့ သာ အရေးကြီးသည် ။ စာရေးဆရာတွေ က ငွေ ဖြုန်းနိုင်သူများ မဟုတ်ကြ ။ စာမူခ ရလာတဲ့ လူ က ရေးဖော်ရေးဖက်များ ကို ပြုစုတဲ့ အခါမျိုး မှာ သာ ပွဲတော်ကြီး ဖြစ်နိုင်သည် ။ ( ဒါတောင် ညနေ ယမကာဝိုင်း အတွက် အဓိက ထား ချန်ထားရဦးမည် )

များသောအားဖြင့် တော့ လူ လေးငါးခြောက်ယောက် ဝိုင်း ထိုင်ပြီး လက်ဖက်ရည် က နှစ်ခွက် လောက် ပဲ မှာ ၊ ဆေးလိပ် တစ်ဗန်း မှာ ပြီး ရေနွေး တစ်အိုး ပြီး တစ်အိုး မှာ သောက်ရင်း တစ်နေကုန် ထိုင်ကြသည် ။ တစ်ခါတစ်လေ ဘယ်သူ့ ဆီ မှ ပိုက်ဆံ မပါသဖြင့် လက်ဖက်ရည်မမှာသေးဘဲ ဒကာ ကို မျှော်ရင်း ထိုင် စောင့်ချင် စောင့်ကြသည် ။ ဒီအခါမျိုးမှာ ဆိုင်ရှင် က ရေနွေးကြမ်းအိုး အလိုက်သိစွာ ဖြည့် ပေးရသည် ။ ဒီကြားထဲ ဘယ်သူ လာရင် ဒီ စာအုပ်လေး ပေးလိုက်ပါ ဆိုတာမျိုး ၊ ဘယ်သူ လာရင် လေးဆယ့်ခုနစ်လမ်း ဆိုင် လိုက်ခဲ့ပါလို့ ပြောပေးပါ ဆိုတာမျိုး စာရေးဆရာ တို့ ၏ အချိန်းအချက် ကိစ္စတွေ ကူညီ ဆောင်ရွက် ပေးရသေးသည် ။ သိပ် ရင်းနှီး လာလို့ လက်ဖက်ရည် အကြွေး သောက်တာ ၊ ဆေးလိပ်ဖိုး မှတ်ထား ရတာ တစ်ခါတစ်လေ ပိုက်ဆံ တောင် ပြန် ချေးရတာမျိုး ရှိသေးသည် ။

ဒီလို စာရေးဆရာတွေ အပေါ် နားလည် သည်းခံတတ်သူ လည်း ဖြစ်ရမည် ။ ဆိုင် က လည်း အရိပ်အာဝါသ ကောင်းကောင်း ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ် ရှိမည် ။ သွားရေးလာရေး လည်း အဆင် ပြေမည် ။ မဂ္ဂဇင်းတိုက်များ ၊ စာအုပ်တိုက်များ နှင့် လည်း နီးမည် ဆိုလျှင် စာပေသမားတွေ ဆုံစည်းရာ လက်ဖက်ရည်ဆိုင် အဖြစ် ဂုဏ်ယူပေတော့ ။ ဒါမှမဟုတ် နာပြီသာ မှတ်ပေတော့ ။

အဖေ တို့ ခေတ် က စာရေးဆရာ အတော်များများ သည် ရှုမဝမဂ္ဂဇင်းတိုက် ကို အဝင်အထွက် ရှိကြ၏ ။ ဒီတုန်းက ရှုမ ဝသည် ဗိုလ်ချုပ်ဈေး ၏ အနောက်ဘက်တန်း မှာ ရှိသည် ဟု ဆို၏ ။ ရှုမဝ ကို လာသည့် စာရေးဆရာတွေ စတည်းချရာ လက်ဖက်ရည်ဆိုင် က တော့ အနောက်ဘက်တန်း ၏ အတွင်းဘက် အစွန်ရှိ ဘသန်းကဖီး ဟု မှတ်သားခဲ့ဖူးသည် ။ ထို လက်ဖက်ရည်ဆိုင် သည် တော်တော် သက်တမ်း ရှည် ခဲ့သည် ။ ကျွန်တော် တို့ တက္ကသိုလ်ကျောင်းသား ဘဝ အထိ ရှိနေသေးသည် ။ ဟိုအရင် စာရေးဆရာတွေ ထိုင်ခဲ့တဲ့ ဆိုင် ဆိုပြီး အမှတ်တရ သွား သောက်ခဲ့ဖူးသည် ။ ဒီဆိုင် ခုထိ ရှိသေးလား ၊ မရှိတော့ဘူးလား ဆိုတာတော့ သေချာ မသိတော့ ။

အဖေ တို့ စာရေးဆရာတွေ စုပေါင်း ပိုင်ဆိုင်သော ပဒေသာမဂ္ဂဇင်း ၊ ထို့နောက် အဖေ ၏ သစ္စာမဂ္ဂဇင်း တို့ ထုတ်ဝေခဲ့စဉ် က ဘယ် လက်ဖက်ရည်ဆိုင် ထိုင်ကြသလဲ မပြောတတ် ။ အဖေ လေးဆယ့်ခုနစ်လမ်း ပြောင်းပြီး စာသဘင်စာအုပ်တိုက် နှင့် ပုံနှိပ်တိုက် ထောင်သောအခါ သူငယ်ချင်း စာရေးဆရာတွေ အဖေ့ အိမ် မှာ စတည်းချ ကြသည် ။

သူတို့ ကို အဖေ က ထမင်း ကျွေးရသည် ။ လက်ဖက်ရည် တိုက်ရသည် ။ အရက်တော့ မတိုက် ။ အဖေ က အရက် ကို မုန်းသူ ဖြစ်၏ ။ ဒါတောင် ဆရာသော်တာဆွေ တို့ က မရ ရအောင် အရက်ဖိုး ညှစ်ကြသေးသည် ။ ထိုစဉ် က တော့ အဖေ့ အိမ် နှင့် နီးသော မမကြီးကဖီး မှာ ထိုင်ကြသည် ။ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် သိမ်ဖြူလမ်းထောင့် ခုံးတံတား အဆင်း မှာ ရှိသည် ။ နောက်ပိုင်း စိန်မမ ဟု အမည် ပြောင်းလိုက်တာ တွေ့ရသည် ။

•••••   •••••   •••••

ကျွန်တော် စာရေးဆရာပေါက်စ ဘဝ တွင် စာပေသမား တို့ စတည်းချရာ ဆိုင်မှာ ရွှေကြည်အေးကဖီး ဖြစ်၏ ။ သုံးဆယ့်သုံးလမ်း ထိပ် တည့်တည့် ( ယခု အိတ်ဇဲလင့် စားသောက်ဆိုင် နေရာ ) မှာရှိ၏ ။ သူ က သုံးဆယ့်သုံးလမ်း နှင့် အနော်ရထာ လမ်းထောင့် မှာ ။ ဆိုင်မျက်နှာစာ က နှစ်ဖက်ဖွင့် ဖြစ်၏ ။ ထို့ကြောင့် ဒီ ဆိုင် မှာ ထိုင်လျှင် လမ်း ထဲ ဝင်လာသမျှ လူ ကို ဆီး၍ မြင်နိုင်သည် ။ ကိုယ် တွေ့ချင် သူ ကို လွယ်လွယ်ကူကူ စောင့်နိုင်သည် ။ လမ်း ထဲ ဝင်သူ က လည်း ကိုယ် တွေ့ချင်သူ ကို ဆိုင် မှာ ရှိ မရှိ အလွယ်တကူ ရှာ နိုင်သည် ။ ဒီ ဆိုင် မှာ တစ်ဦး နှင့် တစ်ဦး ချိန်းဆို နိုင်သည် ။

ရွှေကြည်အေးကဖီး သည် လည်း နှစ်ပေါင်း အတော် ကြာ အောင် စာပေသမားတို့ အပေါ် နားလည်မှု ရှိစွာ ကူညီ ရပ်တည် ပေးခဲ့ကြောင်း ဂုဏ်ပြုမှတ်တမ်း တင် သင့်ပါသည် ။

တချို့ စာပေသမားတွေ က တော့ ကိုယ့် အုပ်စု နဲ့ ကိုယ် အဆင်သင့်ရာ ဆိုင်တွေမှာ စုရပ် လုပ်ကြသည် ။

ရှုမဝအဖွဲ့သားတွေ က ဗိုလ်ချုပ်ဈေး အတွင်း ရှိ နီနီမြင့်ကဖီး မှာ ထိုင်ကြသည် ။

ထိုအချိန်က မော်ဒန်အုပ်စု က ဆူးလေဘုရားလမ်း ရွှေလမင်းတီးဟောက်စ် မှာ ဆုံကြသည် ။ ဆရာဖေညွန့်ဝေ တို့ ကတော့ သုံးဆယ့်ရှစ်လမ်း ထိပ် က ခရေ မှာ အမြဲ ရှိသည် ။

ကာတွန်းဆရာတွေ က တော့ ဘားလမ်း ( ယခု မဟာဗန္ဓုလပန်းခြံလမ်း ) မှ ရွှေမင်းသမီး မှာ ။ သူတို့ က တော့ စာရေးဆရာတွေ လို မဟုတ် ။ စည်းကမ်း ရှိသည် ။ ကိုယ် စားတာ သောက်တာ ကိုယ့် ဘာသာ ရှင်းကြသည် ။ ကိုယ့် ဧည့်သည် ဆိုလျှင် ကိုယ် တာဝန်ယူ ရသည် ။ သူတို့ ဝိုင်း ထဲ ဝင် ထိုင်မိလျှင် ဆရာငွေကြည် ၊ ဆရာမောင်မောင် ၊ ဆရာမောင်ဝဏ္ဏ တစ်ယောက် ယောက် က  ကျွန်တော် သောက်သည့် လက်ဖက်ရည်ဖိုး ကို ရှင်း တတ်သည် ။

စာပေသမားတချို့ စက်ကျ တတ် သော ဆိုင် နှစ်ဆိုင် ရှိသေးသည် ။ တစ်ဆိုင် က ပြည်သူ့မုန့်တိုက် ။ ယခု ထရိတ်ဒါးစ်ဟိုတယ် ၏ ဗိုလ်ချုပ်လမ်းဘက်ခြမ်း နေရာ မှာ ရှိခဲ့သည် ။ တစ်ဆိုင် ကတော့ ပန်းဆိုးတန်း ၊ ပြည်သူ့ကုန်တိုက်ကြီး ၏ အောက်ထပ် က လက်ဖက်ရည်ဆိုင် ဖြစ်၏ ။ ထိုဆိုင်များ သည် အစိုးရကော်ပိုရေးရှင်းပိုင် ( ပြည်သူပိုင် ) ဆိုင်များ ဖြစ်ကြသည် ။ နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိသည် ။ လေဝင်လေထွက် ကောင်းပြီး အေးချမ်းချမ်း ရှိသည် ။ နေ့လည်ပိုင်း ဆိုလျှင် အမြဲလိုလို လူ ရှင်း နေတတ်သည် ။ စားပွဲထိုးဝန်ထမ်းတွေ က လည်း ပုဂ္ဂလိက ဆိုင်တွေ လို မျက်စိ နောက် လာအောင် ပျာယာခတ် နေတတ်တာမျိုး မရှိ ။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ပင် ဖြစ်၏ ။ ပြည်သူပိုင်ဆိုင်တွေ ဆိုတော့ ဘာမှ မစားမသောက်ဘဲ တစ်နေကုန် ထိုင် နေလည်း ကိစ္စ မရှိ ။ ဘယ်သူကမှ ဘာမျှ မပြော ။ ထို့ကြောင့် ဒီဆိုင်တွေ မှာ ရုံးခန်း တစ်ခု လို အသုံးပြုပြီး ကျောက်ချ ထိုင်ခဲ့သူတွေ လည်း ရှိ၏ ။

ကျွန်တော် က တော့ စာရေးဆရာ ပေါက်စ ဘဝ မှာ ဆရာအောင်ပြည့် နဲ့ အတွဲများ သဖြင့် သူ သွားလေ့ ရှိသော မဟာဗန္ဓုလပန်းခြံလမ်း မုတ်ဆိတ်ဆိုင် မှာ လိုက် ထိုင်သည် ။ ဆရာပြည့် ချယ်ရီမဂ္ဂဇင်း ကိုင်တော့ မှ ပင် မုတ်ဆိတ်ဆိုင် နှင့် အဆက် ပြတ် သွားသည် ။

ဆရာငြိမ်းကျော် ၏ ငွေတောင်စာအုပ် ရိုက်နှိပ် ရာ မှာ ကူညီလုပ်ကိုင် နေတုန်း က တော့ ပုဂံစာအုပ်တိုက် ဘေး ကပ်လျက် ဆိုင် မှာ ဖြစ်စေ ၊ ကန်တော်ကလေးစာတိုက် နား က ချိုချိုမြင့်ကဖီး မှာ ဖြစ်စေ ထိုင်ဖြစ်ခဲ့၏ ။

ကျွန်တော် တို့ သူငယ်ချင်းတွေ စုပြီး ကဗျာစာအုပ်ကလေးတွေ ထုတ်နေကြတုန်း က ညနေ စောင်း လျှင် မျိုးရာဇာညွန့် တို့ ဆေးဆိုင် ရှိရာ လဟာပြင်ဈေး ထဲ သွားကြသည် ။ သူ့ ဆိုင် သိမ်းပြီးနောက် စားသောက်ဆိုင်တန်း ရှိ စိန်သောင်းကဖီး မှာ ထိုင်ပြီး လက်ဖက်ရည်သောက်ရင်း ကဗျာစာအုပ် ထုတ် ဖို့ ကိစ္စများ ကို ဆွေးနွေး တိုင်ပင် လေ့ရှိကြ၏ ။

နောက်ပိုင်းမှာ ကျွန်တော် အများဆုံး ထိုင်ဖြစ်သော နေရာ က မဟာဗန္ဓုလပန်းခြံလမ်း မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံ နား က ကိုထွန်းရီလက်ဖက်ရည်ဆိုင် ပင်ဖြစ်သည် ။ ကိုထွန်းရီ က သဘော ကောင်းသည် ။ ဆက်ဆံရေး ပြေပြစ်သည် ။ အားလုံးနှင့် တည့်အောင် ပေါင်းတတ်သည် ။ သူ့ ဆိုင်ရှေ့ အုတ်ခုံ နှင့် ပလက်ဖောင်း မှာ ရော လမ်းတစ်ဖက် မျက်နှာချင်းဆိုင် ပလက်ဖောင်း မှာ ပါ စားပွဲပုလေးတွေ ၊ ခွေးခြေလေးတွေ ခင်းပြီး ထိုင် လို့ ရသည် ။  ပလက်ဖောင်း က ကျယ်သဖြင့် လွတ်လွတ်လပ်လပ် ရှိ၏ ။ များသောအားဖြင့် အခန်း တစ်ခန်း ၏ ရှေ့လှေကား အုတ်ခုံ မှာ ကျွန်တော်တို့ ထိုင်လေ့ ရှိ၏ ။

ဒီ ဆိုင် က လက်ဖက်ရည် လည်း ကောင်းသည် ။ သူငယ်ချင်းတွေ နှင့် လည်း ဆုံဖို့ လွယ်သဖြင့် ဒီ ဆိုင် မှာ ပင် နှစ် အတော် ကြာအောင် စွဲစွဲမြဲမြဲ ထိုင်ဖြစ်ခဲ့၏ ။ နောက်ကျတော့ ဒီ ဆိုင်လေး ထိုင်လို့ ကောင်းတယ် ဆိုပြီး ဆရာမောင်ခိုင်မာ တို့ အုပ်စု လည်း မကြာမကြာ လာ ထိုင်လေ့ရှိ၏ ။ ကျွန်တော် မြို့ ထဲ အရောက်အပေါက် နည်းသွားသည့် အချိန် မှာ လည်း ဟန်သစ် မဂ္ဂဇင်းဝိုင်းတော်သားများ ဖြစ်ကြသော ကိုတင်ကိုအောင် ၊ ကိုဝင်းမင်းထွေး ၊ ကိုခင်ဇော် တို့ သည် ညနေတိုင်း ဒီ ဆိုင် မှာ ထိုင်ဖြစ်သည် ဟု ဆို၏ ။

•••••   •••••   •••••

လွန်ခဲ့သော ဆယ်နှစ်ဝ န်းကျင် လောက်က သုံးဆယ့်သုံးလမ်း ( အထက်လမ်း ) ထဲ မှာ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ပေါ် လာသည် ။ ဆိုင်ရှင်တွေ က စာပေဝါသနာရှင် လူငယ်လေးတွေ ။ ထို့ကြောင့် စာရေးဆရာ တို့ ၏ အထာ ကို နားလည်သည် ။ ဆိုင် မှာ ဝင်ထိုင် လျှင် ဘာ သောက်မလဲ ဟု လာ မေးခြင်းဖြင့် စိတ်အနှောင့်အယှက် မဖြစ်စေရ ။ သောက်ချင် မှ လှမ်းမှာ ။ ရေနွေးကြမ်း အကြိမ်ကြိမ် ဖြည့်ပေးရခြင်း အတွက် ငြူစူခြင်း ၊ နှမြောတွန့်တိုခြင်း မရှိ ။

ဓမ္မာရုံရှေ့ အုတ်ခုံ ပေါ် မှာ ဆိုင် ကို တည်ထားခြင်း ဖြစ်၏ ။ တိုက်ဘေး လမ်းကြား မှာ လည်း တာလပတ် မိုးပေး ထား သဖြင့် မိုး ရွာ လျှင် ဝင် ခိုရင်း ထိုင် နိုင်သည် ။

အစပိုင်း က တော့ လမ်း ထဲ မှာ ပင် နီးနီးနားနား လွယ်လွယ်ကူကူ ရှိသဖြင့် ဝင် ထိုင်ကြခြင်းဖြစ်၏ ။ နောက်တော့ ထိုင်ရတာ အဆင် ပြေခြင်း ၊ အချင်းချင်း ချိန်းဆို တွေ့ဆုံဖို့ လွယ်ကူခြင်း ၊ ဆက်ဆံရေး ပြေပြစ်ခြင်း တို့ကြောင့် ဒီ ဆိုင်ကလေး ကို မျက်စိကျ လာ၏ ။ တဖြည်းဖြည်းလူသိ များပြီး စာပေသမား တို့ စတည်းချ နားနေရာ စုရပ်ကလေး ဖြစ်လာ၏ ။

အစပိုင်း တွင် ဆိုင်နာမည် ဟူ၍ မရှိသေး ။ ဓမ္မာရုံရှေ့ က ဆိုင် ဟူ၍ သာ ညွှန်းဆို ကြသည် ။ နောက်ပိုင်း ကျ တော့ “ လေထန်ကုန်း ” ဟု အမည် တွင် လာသည် ။

ပထမ တော့ ဒီဆိုင် လာနေကျ စာပေသမားတွေ သာ သိသည် ။ နောက်တော့ စာပေသမား အားလုံး သိလာသည် ။ နယ် က ကိစ္စ နှင့် ရောက်လာသူတွေ က လည်း ဒီ နာမည် ကို ပြန် သယ် သွားကြသည် ။ စာရေးဆရာတွေ က သူတို့ စာ ထဲ မှာ ထည့်ရေး ရာ မှ စာဖတ်ပရိသတ် တွေပါ သိပြီး လေထန်ကုန်းလက်ဖက်ရည်ဆိုင် သည် နိုင်ငံကျော် ဖြစ်လာခဲ့၏ ။ နယ် ၊ ရန်ကုန် မှ တက်သစ်စ လူငယ် စာပေသမားတို့ အဖို့ လေထန်ကုန်း မှ မရောက်ဖူး ရင် စာပေသမား မပီသ လောက် ထင်ပြီး တကူးတကန့် လာ ထိုင်ကြရ လောက် အောင် နာမည်ကြီး လာသည် ။

•••••   •••••   •••••

ဆရာမ ခင်ဆွေဦး ၏ စာ တစ်ပိုဒ် ထဲ တွင် “ လေထန်ကုန်း ” ဆိုသော အမည် ကို မင်းလူ က စတင် မှည့်ခေါ်ခဲ့သည် ဟု ရေးခဲ့သည် ။ ဆရာမောင်တင်ဆင့် က လေထန်ကုန်း ညနေခင်းများ အကြောင်း ရေးရာ မှာ လည်း ဒီ နာမည် ကို မင်းလူ က ပေးခဲ့ကြောင်း ရေးထား ပြန်၏ ။ ဒီအကြောင်း သတင်း သယ်ဆောင် လာသူ က ဆရာမောင်ခိုင်မာ ဖြစ်သည် ဟု သိရ၏ ။

ထိုအခါ အရင် က အမှတ်တမဲ့ နေမိရာ မှ ဒီ နာမည် ငါ များ တကယ် ပေးမိသလား ဟု ပြန်စဉ်းစား ကြည့်ရသည် ။ သေသေချာချာ မမှတ်မိ ။ မေ့ နေပြီ ။ စေ့စေ့စပ်စပ် တွေး ကြည့်သောအခါ ဖြစ်နိုင်သော အချက် နှစ်ချက် ကို တွေ့ရသည် ။

ကျွန်တော် က ဒီ ဆိုင် မှာ ဆရာမောင်သင်းခိုင် ၊ ဆရာမောင်ခိုင်မာ ၊ ဆရာမောင်လူမှိန် ၊ ဆရာမြမြင့်မိုရ် ၊ ဆရာမြင့်ဦးဦးမြင့် စသော ကဗျာဆရာများ နှင့် အတူ ထိုင်ဖြစ်တာ များသည် ။ တစ်ခါတစ်လေ ဆရာခင်မောင်တိုး ( မိုးမိတ် ) ၊ ဆရာမောင်တင်ဆင့် ၊ ဆရာယဉ်မင်းပိုက် တို့နှင့် လည်း ဆုံတတ်သည် ။

ဒီ ဆိုင် မှာ က စားပွဲ အားလုံး မှာ စာပေသမားတွေချည်း ဖြစ်၏ ။ အုပ်စု တူစွာ သို့မဟုတ် နီးစပ်ရာ ၊ ခင်မင်ရာ တချို့လည်း ကြုံရာဆုံရာ လူ နှင့် အတူ ထိုင်ကြပြီး စာအကြောင်းပေအကြောင်း ၊ စာသတင်း ပေသတင်း ၊ တခြားလူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေး တို့ ကို ပြောကြ ဆိုကြ ၊ ဆွေးနွေးကြ ၊ ငြင်းခုံကြသည် ။ တချို့က အေးအေးဆေးဆေး ၊ တိုးတိုးညင်သာ ၊ တချို့လည်း ဆူဆူညံညံ အာပေါင်အာရင်း သန်သန် ။

ဒါကို ကြည့်ပြီး ကျွန်တော် က ...

“ ဒီဆိုင် က တော့ တကယ့်ကို လေထန်ကုန်း ပါ ပဲ ဗျာ ”

ဟု ပြောကောင်း ပြောမိလိမ့်မည် ။ ဒီ စကား ကို ဆရာမောင်ခိုင်မာ ကြားတော့ သဘောကျပြီး “ မင်းလူ က တော့ ဒီ ဆိုင် ကို လေထန်ကုန်း လို့ နာမည် ပေးထားပြီ ”  ဟု ( သူ့ ဝါသနာ အတိုင်း ) လျှောက်ပြီး သတင်း လွှင့်မည် ။ ဒီလိုနှင့် တစ်ဆင့် စကားတစ်ဆင့် ပျံ့နှံ့ ကြားသိကုန်ကြ ရာ မှ ဒီ နာမည် တွင် သွား ဖြစ်နိုင်၏ ။

နောက် ... ဖြစ်နိုင်တာ တစ်ခု က တော့ ...

ကျွန်တော် သည် ဒီလိုမျိုး ချစ်စနိုး နှင့် နောက်တတ် ပြောင်တတ်ကြောင်း စာပေ မိတ်ဆွေများ သိကြသည် ။ ဥပမာ ...

ဆရာမောင်ခိုင်မာ ၏ သိင်္ဂါရငှက်များ ကဗျာစာအုပ် မှာ အကြောင်းကြောင်း ကြောင့် မထွက်နိုင်ဘဲ ကြန့်ကြာ နေစဉ် ကျွန်တော် က ...

“ အစ်ကို့ စာအုပ်ကို သိင်္ဂါရငှက်များ လို့ နာမည် မပေးဘဲ သင်္ခါရငှက်များ လို့ ပြောင်းလိုက် ” ဟု ပြောခဲ့သည် ။

တစ်လောဆီ က ဆရာချစ်ဦးညို ၏ စာအုပ် တစ်အုပ် ထွက်သည် ။ လူကြိုက်များပြီး တော်တော် ရောင်းအား ကောင်း ခဲ့သည် ။ ထို စာအုပ် ထွက်ခါနီး မှာ သူ နှင့် ကျွန်တော် ဆုံကြတော့ ကျွန်တော် က မေးသည် ။

“ ဘာ စာအုပ် ထွက် ဖို့ရှိသေးလဲ ”

သူ က ...

“ လောကဓံ နှင့် လမ်းလျှောက် အတူ ထွက်ခြင်း ဆိုတဲ့ စာအုပ် ထွက်စရာ ရှိတယ် ”

ထိုအခါ ကျွန်တော် က ...

“ ဘာလဲ ကိုကြီးညို ရဲ့ အိမ် က လေဒီကြီး ကို စောင်းပြီး ရေးထားတာလား ”

ဟု ကျီစယ် ခဲ့၏ ။ ဒါနဲ့ ပတ်သက်ပြီး သူ ၏ လေဒီဖယောင်းတိုင်ကြီး က တောင် “ လူ ကို အဲ့လို ချိုးချိုးဖဲ့ဖဲ့ များများ ရေးနိုင်ပါစေတော် ” ဟု ကောင်းချီး ပေးခဲ့ပါသေးသည် ။ ဒီအကြောင်းတွေ သိနေကြသော စာပေသမား တို့ စကားဝို င်းတစ် ခုတွင် တစ်ယောက် က ...

“ နေစမ်းပါဦး ။ ဒီ ဆိုင် ကို လေထန်ကုန်း လို့ ဘယ်သူ က နာမည် ပေးခဲ့တာလဲ ” 

ဟု မေးမည် ။ ထိုအခါ မောင်ခိုင်မာ က

“ ဒါမျိုး ပေါက်ပေါက်ရှာရှာ တွေးတတ် ပြောတတ် တာ ဘယ်သူ ရှိမလဲဗျာ ။ မင်းလူ ပဲ ဖြစ်မှာပေါ့ ” 

ဟု ပြန် ပြောလိမ့်မည် ။ ဒီ စကား အဆင့်ဆင့် ပျံ့နှံ့ သွားရာမှ ကျွန်တော် သည် “ လေထန်ကုန်း ဖန်တီးရှင် ” ဟု သတ်မှတ် ခံရခြင်း လည်း ဖြစ်ချင် ဖြစ်ပါမည် ။

တကယ်တော့ “ လေထန်ကုန်း ” ဆိုသော အမည် ၏ မူလ ပိုင်ရှင်မှာ ဆရာမင်းကျော် သာ ဖြစ်ပါသည် ။ ဆရာ က ဝူးသရင်းဟိုက် ဆိုသော စာအုပ် ကို မြန်မာပြန် ရာ တွင် “ လေထန်ကုန်း ” ဟု အမည် ပေး ခဲ့သည် ။ ထို အမည် မှာ မူရင်းအင်္ဂလိပ် အမည် နှ င့်ကိုက်ညီရုံ သာမက ဇာတ်လမ်း နှင့် လည်း အလွန် လိုက်ဖက် လှသည် ။ စကားလုံး ကျစ်လျစ်ပြီး အဓိပ္ပာယ် လည်း တာ သွားလှသည် ။ ကျွန်တော် က ထို အမည်လေး ကို အလွန် သဘောကျ ပြီး စိတ် ထဲ စွဲနေ၏ ။ ထို့ကြောင့် အကြောင်း တိုက်ဆိုင် လာသော အခါ လွှတ်ခနဲ ပါးစပ် က ထွက်သွားတာ ဖြစ်လေမလားမ သိ ။

တကယ် လို့ သာ ဒီ လက်ဖက်ရည်ဆိုင် ကို ဒီ နာမည် ပေးခဲ့တာ တကယ်ပဲ ကျွန်တော် ကိုယ်တိုင် ဖြစ်နေခဲ့ လျှင် လည်း ဆရာမင်းကျော် ကို ဂုဏ်ပြုရာ ရောက် သဖြင့် ဝမ်းသာရပါမည် ။

လေထန်ကုန်း ဆိုသော အမည် ကို ကျွန်တော် သို့မဟုတ် အခြားသူ တစ်ဦးဦး က အမှတ်တမဲ့ စတင် ပြောမိပြီး ဆရာမောင်ခိုင်မာ က တွင်ကျယ်အောင် သတင်း ဖြန့်ချိကာ ဆရာ မခင်ဆွေဦး နှင့် ဆရာမောင်တင်ဆင့် တို့ က စာ နှင့် ပေ နှင့် မှတ်တမ်း တင် ခဲ့သည် ဟု ဆိုလျှင် မျှမျှတတ ရှိပြီး ကျေနပ်လောက်သော အဖြေ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည် ။

ဘာပဲဖြစ်ဖြစ် လေထန်ကုန်း ဆိုသော အမည် ကို ဘယ်သူက စတင် ပေးခဲ့သလဲ ဆိုတာ အရေး မကြီးပါ ။ ခုချိန်မှာ ထို အမည် သည် စာပေသမား အားလုံး တို့ နှင့် သက်ဆိုင် သောဝေါဟာရ တစ်ခု ဖြစ်နေပါပြီ ။

လေထန်ကုန်း မှာ ထိုင်ကြသော စာပေသမားများ အနေဖြင့် ကိုယ် နှစ်သက်ယုံကြည်ရာ စာပေ အယူအဆတွေ အမျိုးမျိုး ရှိနေကြ သော် လည်း စာဖတ် ပရိသတ် အပေါ် ထားရှိသည့် စေတနာ က တော့ တူညီကြလိမ့်မည် ဟု မျှော်လင့် ယုံကြည်ပါသည် ။

နောက်ဆုံး ရရှိသော သတင်း  ( အင်တာဗျူးဂျာနယ် အတွဲ ၁ ၊ အမှတ် ၃ ) အရ လေထန်ကုန်း ဆိုသော အမည် ကို မိမိ စတင် ပေးခဲ့ခြင်း ဖြစ်ကြောင်း ဆရာလင်းဝေမြိုင် က တရားဝင်ထုတ်ဖော် ဝန်ခံခဲ့ပြီး ဖြစ်သဖြင့် လက်သည် ပေါ်ပြီ ဟု ယူဆ နိုင်ပါကြောင်း ။

•••••   •••••   •••••

နောက်ဆက်တွဲ

ဤ စာမူ မဂ္ဂဇင်း ထဲ ပါ လာပြီး နောက်မှ ထပ်မံ ကြားသိရပြန် သည် မှာ လေထန်ကုန်း ဆိုသော စကားလုံး ကို ရှေးမဆွ က ပင် မိမိ သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း ဆရာမောင်ရန်ပိုင် က ဂျာနယ် သို့ ဖွင့်ဟ ပြောကြားခဲ့ပါသည် ။ ထို့ကြောင့် လေထန်ကုန်း ကိစ္စ မှာ ဖောင်ပိတ် လို့ မရသေးဘဲ ဖြစ်နေပြန်ပါသည် ။

လေထန်ကုန်း ၏ မူလ ပိုင်ရှင် ဟု ကျွန်တော် ဆိုခဲ့သော ဆရာမင်းကျော် ( ကျော်လှိုင်ဦး ) ၏ သားဖြစ်သူ အံ့ဘွယ်ကျော် နှင့် တလောက ဆုံမိရာ မှ လေထန်ကုန်း နာမည် အကြောင်း စကားစပ် မိပါသည် ။

အံ့ဘွယ်ကျော် က -

“ လေထန်ကုန်း ဆိုသော အမည် သည် သူ့ ဖခင် ဆရာမင်းကျော် ၏ ကိုယ်ပိုင် အတွေး မဟုတ်ကြောင်း ဆရာကြီး တက်တိုး ၏ ဆောင်းပါး တစ်ပုဒ် ထဲ တွင် ပါဝင်သော စကားလုံး ဖြစ်ကြောင်း ၊ ထို စကားလုံးကလေး ကို ဆရာမင်းကျော် က သဘောကျ သဖြင့် ဆရာကြီး တက်တိုး ထံ ခွင့်တောင်းပြီး အသုံးပြုခဲ့ခြ င်းဖြစ်ကြောင်း ” ပြောပြပါသည် ။

ကျွန်တော် က တော့ ဒီလောက် လှပပြီး ဂန္ထဝင် ဆန်လှသည့်နာမည် စကားလုံး ကို တီထွင်ဖန်တီးနိုင်သူ ကို ( ဘယ်သူ ပဲ ဖြစ်ဖြစ် ) လေးစားစွာ ချီးကျူး ဂုဏ်ပြုအပ်ပါသည် ။

◾မင်းလူ

📖 နဝဒေး မဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၀၀

#ကိုအောင်နိုင်ဦး
8:09 PM 11/6/2023

.

Tuesday, March 28, 2023

ကိတ္တိမသားများ


 ❝ ကိတ္တိမသားများ ❞


ဟေ့ ... မင်းလူ


ဦးလေး က စာရေးဆရာ ဆိုတော့ ဆင်းရဲတယ် ကွ ။ ငွေတို့ ၊ ပစ္စည်းတို့ လက် မဖွဲ့နိုင်ဘူး ။ ဒါကြောင့် စကား လက်ဆောင် ပဲ ပါး လိုက်ရသကွ ... ။


ကျွန်တော် ၏ မင်္ဂလာဆောင် တွင် ဦးလေး သော်တာဆွေ စာအိတ်ကလေး တစ်အိတ် လက် ဖွဲ့ သဖြင့် ဖောက် ကြည့်ရာ အထက်ပါ အတိုင်း အစချီပြီး ရေးထားသော စာကလေးတစ်စောင် တွေ့ ရ၏ ။ စာ ထဲ မှာ ...


“ မင်္ဂလာ ဆောင်တိုင်း အိမ်ထောင် ကျသည် ဟု မခေါ်နိုင် ။ တစ်ယောက် နှင့် တစ်ယောက် နားလည်မှု မရှိ ၊ မိသားစု အတွင်း ပြဿနာ တွေ တက် ၊ နောက်ဆုံး ကွဲကြ ကွာကြ အထိ ဖြစ် ကြလျှင် အိမ်ထောင် ကျသည် ဟု မဆိုနိုင် ။ မိန်းမ ရခြင်း သာ ဖြစ်သည် ။


တစ်ဦး နှင့် တစ်ဦး အပေးအယူ မျှပြီး သာယာသော မိသားစု ဘဝ ဖြင့် တစ်သက်တာ လုံး မြဲမြံခိုင်မာ မှ သာ အိမ်ထောင် ကျခြင်း မည်၏ ” 


ဟု အဓိပ္ပာယ် ရသော ဆုံးမစကားလေးများ ရေး ထားသည် ။ 


•••••   •••••   •••••


ကျွန်တော်တို့ အဖေ စာပေ နယ် မှာ ကျင်လည် နေစဉ် က ကျွန်တော် မှာ တော်တော် ငယ်သေး သဖြင့် ကောင်းကောင်း မမှတ်မိ ။ ဦးလေးဆွေ တို့ အရက် ကြိုက်တတ်ကြောင်း ၊ အမေ ချက် ထားသည့် ဟင်းတွေ အရက် နှင့် ခိုးမြည်း ကြကြောင်း လူကြီးတွေ ပြောတာ သာ ကြားဖူးသည် ။ 


ကျွန်တော် သိ တတ်သည့် အရွယ် မှာ အဖေ က ရုပ်ရှင်နယ်ဘက် ရောက် နေပြီ ။ ဦးလေးဆွေ တို့ နှင့်လည်း တစ်ခါတစ်ရံ မှ သာ တွေ့ဖြစ် တော့ သည် ။ 


တစ်ရက် တွင် တရုတ်ကပြားလိုလို လူကြီး တစ်ယောက် အိမ် ကို ရောက် လာသည် ။ အဖေ နှင့် တွေ့ တော့ တစ်ယောက် ကို တစ်ယောက် “ ဟဲ့ သေခြင်းဆိုး ”  ၊ “ ဟေ့ မသာကောင် ”  စသည် ဖြင့် နှုတ်ဆက် ကြသည် ။ စာရေးဆရာ သော်တာဆွေ ဆိုတာ သူ ပဲ ဟု သိ ရသောအခါ “ ဪ ... အမေ ချက်ထားတဲ့ ဟင်းတွေ အရက် နဲ့ ခိုးမြည်းတယ် ဆိုတာ ဒီ ဦးလေး ကြီးကိုး ”  ဟု ပထမဆုံး အကြိမ် အသိအမှတ် ပြုရ၏ ။ 


အဖေ က သူ့ ကို ရုပ်ရှင် ထဲ မှာ တစ်ခန်း နှစ်ခန်းစ ထည့် ရိုက်ပြီး စမ်းသပ်သည် ။ နောက်တော့  ‘ ဖတ်စ်ကလပ် ’ ဆိုသော ဇာတ်ကား တွင် အဓိက ဇာတ်ဆောင် တစ်ဦး နေရာ မှာ ထည့်ပြီး ရိုက်သည် ။


ရုပ်ရှင် ရိုက်ရင်း ညနေ စောင်းသော အခါ ဦးလေးဆွေ က အရက် သောက်ချင် လာသည် ။ အဖေ့ ကို ပူဆာသည် ။ အဖေ က ...


“ နင့် အကြောင်း ငါ သိတယ် ၊ အရက် မူး လာရင် အလုပ် လုပ်လို့ ရမှာ မဟုတ်ဘူး ။ မတိုက်နိုင်ဘူး ”  


ဆိုပြီး ငြင်းသည် ။ ဦးလေးဆွေ မှာ အရက်သမား တို့ ထုံးစံအတိုင်း အချိန် တန် လို့ မသောက်ရတော့ နေမထိ ထိုင်မသာ ဖြစ်ပြီး သရုပ်ဆောင် လို့ မရတော့ ။


နောက်ဆုံး အဖေ က လက် လျှော့ပြီး ရမ် တစ်ပုလင်း ဝယ် ပေး ရသည် ။ 


“ နည်းနည်းပဲ သောက် နော် သေခြင်းဆိုး ” 


“ အေးပါဟ ၊ နင် တိုက်တဲ့ အရက် သောက် ရတာ အပင်း ဆို့ ရတာ ကျနေတာပဲ ”   


ဟု တစ်ဦး နှင့် တစ်ဦး ပဋိသန္ဓာရ စကား ပြောပြီး ဦးလေးဆွေ က အရက်ကလေး သောက် လိုက် ၊ တစ်ခန်း ရိုက်လိုက် နှင့် တော်တော် အဆင် ပြေ နေသည် ။ အစပိုင်း မှာ အာသွက် လျှာသွက် ရှိရုံ ဖြစ်သော် လည်း ရေချိန် ကလေး လွန် လာသောအခါ ပြော ရမည့် စကားလုံး တွေ မေ့ လို မေ့ ၊ တလွဲ တွေ ပြော လို ပြော ၊ ဘယ်ဘက် ကြည့်ပါ ဆို ညာဘက် ကြည့် ဆိုတာမျိုးတွေ ဖြစ် လာပြီး 


“ နင့် ကို ငါ အဲဒါကြောင့် အရက် မတိုက်ချင်တာ ၊ သောက်ကျင့် ကို မကောင်းဘူး ” 


“ အမယ် ... ဟေ့ကောင် သာဓု ၊ ငါ က ရုပ်ရှင် ထဲ ပါ ပါရစေ ဆိုပြီး နင့် ဆီ လာ လျှောက်တာ မဟုတ်ဘူး ။ နင် က ခေါ်လို့ ငါ လာ ရိုက် ပေးရ တာ ။ စာ အရေး တောင် ပျက်သေး ၊ မရိုက်ချင် နေ ”  


“ မရိုက်ဘူး ၊ နင့် လို အရက်သမား နဲ့ မရိုက်ဘူး ၊ ပြန်တော့ ”  


စသည်ဖြင့် အော်ကြီး ဟစ်ကျယ် စကား များ ကြသည် ။ နောက် တော့ လည်း ထုံးစံအတိုင်း တစ်ယောက် လည်ပင်း တစ်ယောက် ဖက်ပြီး ဆက် ရိုက်ကြပြန်သည် ။ ထို ဇာတ်ကား ပြ ပြီးတော့ ဦးလေးဆွေ မှာ သရုပ် ဆောင် ကောင်းသည် ဟု နာမည် ထွက်ပြီး အကယ်ဒမီ ရ မလိုလို တောင် သတင်း ဖြစ်ခဲ့ သေးသည် ။ 


•••••   •••••   •••••


ဦးလေးဆွေ နှင့် အတူ စာပေဟောပြောပွဲ သွားဖို့ ကြုံ လာသည် ။ မြစ်ဝကျွန်းပေါ် မြို့ တစ်မြို့ ကို သွား ရမည် ဖြစ်၏ ။ ဦးလေးဆွေ နှင့် တူတူ တစ်ခါ မှ ခရီး မထွက်ဖူးသေး ။ ကြားရသည့် သတင်းတွေ ကတော့ လန့် စရာပဲ ဖြစ်၏ ။ “ ဆရာသော်တာဆွေ က အရက် မူးရင် သွေး ဆိုးတယ် ၊ ပြဿနာ ရှာတတ်တယ် ” ဟု ပြော ကြသည် ။


မတတ်နိုင် ၊ သူ ဆိုးလည်း ခံလိုက်ရုံပဲ ။ အဖေ့ သူငယ်ချင်း စာရေး ဆရာ အဘိုးကြီး တစ်ယောက် ၏ ဒုက္ခ ကို ခံထိုက်သည် ဟု စိတ်နှလုံး တုံးတုံး ချပြီး လိုက် သွားခဲ့သည် ။


တကယ်တမ်း ကျတော့ ထင်ထား သလို မဟုတ် ။ ဘာမှ ပြဿနာ မရှိ ။ ဦးလေးဆွေ စိတ်ကောင်း ဝင် နေသော အချိန်မို့ ပဲ လား ။ အရင်က ပြဿနာ လုပ်တာ သူ့ စိတ် အခန့် မသင့်စရာ တွေ့  ခဲ့ရလို့ပဲလား မသိ ။ ကျွန်တော် နှင့် ကတော့ လုံးဝ အဆင် ချော နေသည် ။


ထမင်း စား ချိန် ရောက်တော့ တခြား ဟင်းတွေ အပြင် အထူးစပါယ် ရှယ် ငါးဟင်း တစ်ခွက် ပါသည် ။ အဆီ တဝင်းဝင်း နှင့် ဝမ်းပြင်းသား ကို မွှေးကြိုင်နေအောင် ချက် ထားခြင်း ဖြစ်၏ ။ 


ဦးလေးဆွေ က ငါးတစ်တုံး ကို ခပ် ကြည့်ပြီး ...


“ ဒါ ဘာငါးလဲ ဗျ ” 


ဟု မေးသည် ။ နယ်ခံ ပုဂ္ဂိုလ် က … 


“ ငါးမြင်း ထင်ပါရဲ့ ဆရာ ” 


ဦးလေးဆွေ က တစ်ချက် စောင်းငဲ့ ကြည့်ပြီး


“ ဟင်း ... မြစ်ဝကျွန်းပေါ်သား တဲ့ ဗျာ ။ ငါးမြင်း နဲ့ ငါးတန်တောင် မခွဲတတ်ဘူးလား ။ ဟောဒီမှာ အရေခွံ မည်း နေတာ မတွေ့ဘူးလား ။ ဒါ ငါးတန် ပါ ဗျ ” 


မြို့ခံပုဂ္ဂိုလ် မှာ ရယ်ကျဲကျဲ လုပ် နေ ရ၏ ။ ဦးလေးဆွေ မှာ ငါးအမျိုး အစား သာ မက အထီးအမ တောင် ခွဲခြားတတ်အောင် ကျွမ်းကျင်သူ ဖြစ် ၏ ။


ဦးလေးဆွေ မှာ ထမင်း မစားခင် အရက်ကလေး သောက်တတ်သူ ဖြစ်၏ ။ မြို့ခံပုဂ္ဂိုလ်များ က လည်း ဘရန်ဒီ တစ်ပုလင်း ဖြင့် ဧည့်ခံကြလေ သည် ။


ကျွန်တော် သည် အရက် ကို စွဲစွဲမက်မက် သောက်လေ့ ရှိသူ မဟုတ် ။ တစ်ခါတလေ ကြုံမှ တစ်ခွက်တလေ ဝင် သောက်တတ်သူ ဖြစ် ၏ ။ ဒီ ပွဲ မှာ တော့ ကိုယ် နှင့် သက်တူ ရွယ်တူ လည်း မပါသဖြင့် မသောက် တော့ပါဘူး ဟု စိတ်ကူး ထားသည် ။


ဦးလေးဆွေ သည် ပုလင်း ကို ဖွင့်ပြီး နောက် 


“ ဟေ့ကောင် ... မင်း ကော သောက်ဦးမလား ”  


ဟု မေးသည် ။ ကျွန်တော် က


“ ရပါတယ် ဦးလေး ၊ မသောက်တော့ပါဘူး ” 


ဟု ပြောရာ


“ အောင်မယ် မင်း ခွက်ပုန်း ချတတ်တာ ငါ သိ ပါတယ်ကွ ။ အေး .. ထမင်း စား ကောင်းရုံပဲ သောက် ” 


ဆိုပြီး တစ်ပက် သာသာ လောက် ထည့် ပေးသည် ။ ထမင်း စားကြသော အခါ မှာလည်း ...


“ ငါးဟင်း စားကြည့်ကွ ၊ ဒီလို လတ်လတ်ဆတ်ဆတ် က ဒီနေရာမျိုး မှာ မှ စား ရတာ ” 


ဆိုပြီး ငါးတန်ဗိုက်သား ကို ထည့် ပေးသည် ။ ကျွန်တော် က အဆီပြင် နှင့် အရေခွံ ကို မကြိုက်သဖြင့် ဖယ်ထုတ်ပြီး အသားချည်း ရွေး စား သည် ။ ဒါကို ဦးလေးဆွေ က ကြည့်ပြီး ... 


“ မင်း လည်း မင်း အဖေ သာဓု လို ပဲ ။ မင်းတို့ သားအဖတွေ ဟာ သောက်ကောင်း နဲ့ ကို မတန်ဘူး ” 


သူ သည် အဖေ့ ကို ဘယ်လောက် ချစ်ကြောင်း ထိုအချက် ကို ကြည့် လျှင် သိသာသည် ။ အဖေ ဘယ်ဟာ ကြိုက်တတ်ပြီး ဘာကို မကြိုက်တတ် ကြောင်း ဂရုတစိုက် မှတ်ထား သော ကြောင့် ပင် ဖြစ်၏ ။


ညစာ ထမင်း စား ကြသော အခါတွင် မနက် က ဘရန်ဒီပုလင်း မှာ တစ်ဝက် လောက် သာ ကျန်တော့သည် ။ နယ်ခံပုဂ္ဂိုလ်များက တောင်းပန် သည် ။ ခုရက်ပိုင်း အတွင်း သူတို့ မြို့ မှာ အရက် တွေ ပြတ် နေကြောင်း ၊ ဒီ တစ်ပုလင်း တောင် အပြင်ဆိုင် က နောက်ဆုံး လက်ကျန် ကို ဝယ် ထား ရခြင်း ဖြစ်ကြောင်း ၊ ထပ် ဝယ်လို့ မရသဖြင့် အားနာကြောင်း ပြောကြသည် ။


ဦးလေးဆွေ က ..


“ နေစမ်းပါဦး ဗျာ ၊ ခင်ဗျား တို့မြို့ က သူတော်ကောင်းတွေ ချည်း ပဲ နေ တာလား ။ အရက် ဆို ဘာ အရက် မှ မရှိတော့ ဘူးလား ”  


“ ချက်အရက်တွေ တော့ ရှိတာပေါ့ ဆရာ ရယ် ”  


“ အဲဒါလည်း အရက် ပဲ ပေါ့ ဗျ ။ သော်တာဆွေ ပေါင်းတည်သား ကိုယ်တိုင် အရက် ချက် သောက်ခဲ့တဲ့ ကောင် ၊ ဘာ အရက် ဖြစ်ဖြစ် သောက် တယ် ”  


ဟု ဆိုသဖြင့် ချက်အရက် ( တောအရက် ) တစ်ပုံး သွား ယူ လာပေး ကြသည် ။ လေးပုလင်းလောက် ဝင် မည့် ပလတ်စတစ်ပုံးကလေး ဖြစ်၏ ။ ဦးလေးဆွေ က ပုလင်း ထဲ က လက်ကျန် အိုးဘရန်ဒီ ကို ချက်အရက် ပုံး ထဲ လောင်း ထည့်ပြီး အနည်းငယ် လှုပ်သည် ။ ဖန်ခွက် ထဲ နည်းနည်း ထည့်ပြီး 


“ ဟေ့ကောင် မြည်း ကြည့်စမ်း ” 


နည်းနည်း ငုံ ကြည့်တော့ တကယ့် ဝီစကီ အတိုင်း ပဲ ။ အလွန် သောက်လို့ ကောင်း သည် ။ ဝီစကီ သိပ် မကြိုက်တတ်သော ကျွန်တော် ပင် သဘော ကျသွားသည် ။ 


ည ဘက် ကျတော့ အိပ်ခန်း ထဲမှာ သူ နှင့် ကျွန်တော် နှစ်ယောက် တည်း သောက် ဖြစ်ကြသည် ။ ကျွန်တော် က တော့ သူ အဖော် ရအောင် နည်းနည်း ဝင် သောက် ပေးခြင်း ဖြစ်၏ ။


“ စာရေးဆရာ ဆိုတာ ကြွားကြွားဝါဝါ မနေရဘူး ကွ ။ တတ်နိုင် သမျှ ရိုးရိုးကုပ်ကုပ် နေရတယ် ။ စကား သိပ် မပြောရဘူး ၊ စာ များများ ရေးရတယ် ”  


ဟု ဆုံးမ စကား ဆိုသည် ။


•••••   •••••   •••••


ဦးလေးဆွေ က ဒံပေါက်ထမင်း နှင့် အခေါက်ကင် စား ချင်သည် ဟု ဆိုသဖြင့် ကိုသုမောင် နှင့် ကျွန်တော် အင်းစိန် ၊ ဘိုကုန်း ရှိ သူ့ အိမ် သို့ သွား ကြသည် ။ သူ စားချင် တာ ကလည်း ကုလားစာ ဒံပေါက် နှင့် တရုတ်စာ အခေါက်ကင် တဲ့ ။ ဘယ်လိုအတွဲအစပ် လဲ မသိ ။ အသက် ကြီး လာတော့ စိတ်ကူး တည့် ရာကလေးတွေ စား ချင်သည့် သဘော ဖြစ်လိမ့် မည် ။ ကျွန်တော်တို့ က ပိုပိုလိုလို ဆိုပြီး ဘဲကင် ပါ ဝယ် သွားလိုက်သည် ။ စပါယ်ရှယ် ဘရန်ဒီ က တစ်ပုလင်း ။ 


ကျွန်တော်တို့ ရောက် သွားတော့ ဦးလေး က အရက်ဖြူ တစ်ပုလင်း ကို ဖွင့်ပြီး သောက်လက်စ ဖြစ်၏ ။ ကျွန်တော်တို့ ကန်တော့ သည့် ဘရန်ဒီ ကို တော့ နောက် ရက် မှ သောက်မည် ဆိုပြီး သိမ်း ထား လိုက်သည် ။


ထိုစဉ်က အန်တီမေ မှာ လေဖြတ်ပြီး အိပ်ရာ ထဲ လဲနေသည် ။ သူတို့ အဘိုးကြီး ၊ အဘွားကြီး လင်မယား နှစ်ယောက် ကို ကြည့်ပြီး ဦးလေးဆွေ ရေးခဲ့ဖူးသည့် ကဗျာ တစ်ပုဒ်ထဲ က 


“ မုဆိုးဖို မုဆိုးမရယ်လို့ 

မရချင် ရချင်ပဲငယ်နဲ့ 

လုရတဲ့ပွဲ ” 


ဆိုသော အဆုံးပိုဒ် ကလေး ကို သတိ ရ လိုက်မိ၏ ။


•••••   •••••   •••••


ဦးလေးဆွေ က အဖေ့ ကို စာကလေး မီး ကင် ထားတာ နှင့် တူသည် ဟု နောက်ပြောင် လေ့ ရှိ၏ ။ ကိုဝဏ္ဏ ကို ကျတော့ မျောက် ကို ပြာ သုတ်ပြီး အမွေး နုတ် ထားတဲ့ အတိုင်းပဲ ဟု တင်စားသည် ။ ကျွန်တော့် ကို ကျ တော့ ခွေး ပစ်တဲ့ တုတ် ဟု ဆိုသည် ။


သူ က အဖေ့ ကို တစ်ခု တော့ အားကျ ဟန် တူ၏ ။ ကျွန်တော်တို့ ညီအစ်ကို တစ်တွေ မှာ အဖေ့ ခြေရာ နင်းပြီး ရုပ်ရှင်သမား ၊ စာပေသမား တွေ ဖြစ် လာသော ကြောင့် ဖြစ်၏ ။ ဦးလေးဆွေ ကတော့ သူ ကိုယ်တိုင် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားသည့် စာရေးဆရာကြီး ဖြစ် ခဲ့သော်လည်း သူ့ သားသမီးတွေ ထဲ က တစ်ယောက် မှ စာရေးဆရာ ဖြစ် မလာခဲ့ ။


ထို့အတူ ကျွန်တော် တို့ ညီအစ်ကိုတွေ က လည်း ဦးလေးဆွေ ကို အားကျခဲ့ဟန် တူသည် ။ အကြောင်း မှာ အဖေ က အရက် ကို အလွန် မုန်း သော် လည်း သားတွေ ထဲ က အများစု မှာ အရက် ကြိုက်တတ်သူတွေ ဖြစ် နေကြသော ကြောင့် ပင် ။ ကျွန်တော် သည် လည်း ဟာသဝတ္ထု တွေ ရေး တတ်ခြင်း မှာ သူ့ ကို အားကျသော ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်လေသည် ။


တကယ်တော့ လည်း ဟာသဝတ္ထု ရေး နေကြသော လူငယ် ၊ လူလတ်ပိုင်း စာရေးဆရာများ မှာ သော်တာဆွေ ၏ ကိတ္တိမ မျိုးဆက်သစ် များ ဟု ဆိုနိုင်သည် မဟုတ်လား ။


◾မင်းလူ


📖 သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ


#ကိုအောင်နိုင်ဦး မှ မျှဝေသည်  ။


.

Thursday, February 23, 2023

ဉာဏ်စမ်းပုစ္ဆာ


 ❝ ဉာဏ်စမ်းပုစ္ဆာ ❞

 

ရှေးလူကြီးများ တော်တော် ပညာ ပြ ချင်တတ်သည် ။ နှောင်းလူတွေ ကို ဆုံးမ ချင်တာ ၊ မှာခဲ့ ချင်တာ ရှိသော အခါ တိုက်ရိုက် တည့်တည့် ပြော လိုက်လျှင် ရလျက်သား နှင့် ပဟေဠိ စကားထာတွေ နဲ့ ဦးနှောက် စား အောင် လုပ် တတ်သည် ။ သိုက်စာ ၊ အတိတ် ၊ တဘောင်တွေ ဆိုလျှင် ဘယ် အရပ် ကနေ မြောက်စူးစူး ကို ခရီးတာ ဘယ်လောက် သွား ၊ ဘာ ပင် တွေ့ လိမ့်မယ် ... အဲဒီ ကနေ အရှေ့တောင် ကို ခြေလှမ်း ငါးဆယ် လှမ်း ၊ ကျောက်ဂူ တွေ့မယ် ... ဒီလို မဟုတ်ပဲ အဓိပ္ပါယ် ဖော် ရ ခက်အောင် ကွယ်ဝှက်ပြီး ရေး ထားတော့ ရှာဖို့ ခက်သွားတာပေါ့ ... စ ကတည်း က မပေးချင်လည်း ဘာကြောင့် သိုက်ညွှန်း စာ ရေး နေသေးလဲ ၊ ရှေး ဘာဖြစ်မယ် ဆိုတာ ဟောကိန်း ထုတ်ချင် ရင် လည်း တည့်တည့် ပြောပါလား ... ဘာဖြစ်လို့ တဘောင်တွေ ၊ စနည်းတွေ လုပ် နေရတာလဲ ။

 

အဂ္ဂိရတ် မှာ လည်း ဒီလိုပဲ ။ ဓာတုဗေဒပညာ လို ပုံသေနည်းတွေ ၊ ညီမျှခြင်းတွေ နဲ့ တိတိကျကျ မပြောကြ ။ လင်္ကာတွေ ၊ စာချိုးတွေ နဲ့ မျက်စိ လည်အောင် လုပ် တတ်သည် ။ ဆေးညွှန်း ပေး တာတောင် စကားထာ ဝှက် သလို လုပ် ချင်သည် ။ သွားကိုက် ပျောက် ဆေးနည်း တစ်ခု မှာ “  ငါးပိ လက်လေးသစ် ” တဲ့ ။

 

ဘယ့်နှယ် ... ငါးပိ လက်လေးသစ် ဆိုတော့ သွား မှာ သိပ်ဖို့ နေနေသာသာ ပါးစပ် ထဲ တောင် ထည့် ဖို့ မလွယ် ။ အမှန်က ပါဝင်သော ဆေးအမယ်များ မှ ပထမ စာလုံးများ ဖြင့် အတိုကောက် မှတ်ထားခြင်း ဖြစ်၏ ။ င = ငရုတ်ကောင်း ၊ ပိ = ပိတ်ချင်း ၊ လက် = လက်ချား ၊ လေး = လေးညှင်း ၊ သစ် = သစ်ကြံပိုးခေါက် တို့ ဖြစ်သည် ။ ဒီနေရာ မှာ အဓိပ္ပါယ် အကောက် လွဲ သွား နိုင်သည် ။ “ င ” ကို ငရုတ်သီး ၊ “ လက် ” ကို လက်ထုတ်ကြီး ၊ “ သစ် ” ကို သစ်ဆိမ့်သီး ဆိုပြီး မှား ထင် မိလျှင် ဘယ်လို လုပ်မလဲ ။ ကိုယ် မရှိတော့တဲ့ အချိန်မှာ သားသမီးတွေ လိမ်မာ အောင် ၊ ဒုက္ခ မရောက်အောင် မှာကြား ဆုံးမ ရာ မှာတောင် ဇဝေဇဝါ ဖြစ်အောင် လုပ် ခဲ့ သေးသည် ။

 

ပုံပြင် တစ်ခု တောင် ရှိ သေးတယ် လေ ။ သူဌေးကြီး သေဆုံးတော့ သူ့ သား ကို မှာ ခဲ့တာ က …

 

( ၁ ) ခေါင်းတစ်ရာသား စားပါ ။

 

( ၂ ) အိမ် နောက်ဖေး ဈေးဆိုင် တည်ပါ ။

 

( ၃ ) ခေါင်းသုံးလုံး နဲ့ ပညာရှိ ကို ဆည်းကပ်ပါ ။

 

ဒီတော့ သား လုပ်တဲ့ သူ က ကြက် ၊ဘဲ ၊ သိုး ၊ ဆိတ် ၊ ဝက် ၊ အမဲ စသည် ဖြင့် အကောင် တစ်ရာ ဝယ် ပြီး ခေါင်းဖြတ် စားသည် ။ ငွေ တွေ သောက်သောက် လဲ ကုန် သည် ။ အိမ် နောက်ဖေး ဈေးဆိုင် ဖွင့် ရောင်းသည် ။ ဘယ်သူ မှ လာ မဝယ်သဖြင့် အကြီးအကျယ် ရှုံးသည် ။

 

နောက်ဆုံး ခေါင်းသုံးလုံး နဲ့ ပညာရှိ ကို လိုက် ရှာသည် ။ အသက်အရွယ် အိုမင်း လွန်း သဖြင့် ခါး ကိုင်း နေပြီး ဆောင့်ကြောင့် ထိုင် နေသော အခါ ဦးခေါင်း က ဒူး နှစ်လုံး ထဲ ရောက် နေသော အဖိုးအို တစ်ယောက် ကို တွေ့ ရ၏  ။ ရုတ်တရက် ကြည့် လိုက်လျှင် ဦးခေါင်း သုံးလုံး ဟု ထင် ရ၏ ။ ထို အဖိုးအို ကို မေး ကြည့်တော့ မှ သူ့ အဖေ မှာ ခဲ့သည့် အချက်များ ၏ ဆိုလိုရင်း ကို သိ ရလေသည် ။

 

“ ခေါင်းတစ်ရာသား ကို စားပါ ” ဆိုတာက ဈေး သက်သာသော ငါးသေးငါးဖွဲ တွေ ကို စားခိုင်းခြင်း နှင့် “ အိမ် နောက်ဖေး ဈေးဆိုင်တည် ” ဆိုတာက ဟင်းသီးဟင်းရွက် စိုက်ခိုင်းခြင်း ဖြစ် လေ၏ ။ စောစောစီးစီး က မသိ သဖြင့် သား ဖြစ်သူ မှာ အချိန် ကုန် ၊ ငွေ ကုန် ၊ လူပန်း ၊ ဦးနှောက် ခြောက် ဖြစ် ခဲ့လေသည် ။

 

တကယ်တော့ ခုလို ရှေးလူကြီးတွေ ကို ဝေဖန် မိတာ က လည်း သူ့ အဖေ ကြောင့် သာ ဖြစ်၏ ။ သူ့ အဖေ သည် သူ့ ခေတ် သူ့ အခါ ကတော့ ခေတ် အမြင် ရှိသူ ဖြစ်၏ ။ အသက် ကြီး လာသော အခါတွင် မှ ရှေးလူကြီး ဖြစ် သွားခဲ့သည် ။ သူ့ အဖေ ဆုံးခါနီး တွင် သူ့ ကို စာအိတ် တစ်အိတ် ပေး သွား ခဲ့သည် ။ အထဲ မှာ စာ တစ်စောင် ပါ သည် ။ စာ ထဲ မှာ လမ်းညွှန် မှာ ကြားချက်တွေ ရေး ထားသည် ။ ရှေးလူကြီး မပီသ မှာ စိုးလို့လား မသိ ၊ ပဟေဠိ ဆန်ဆန် ရေး ထားသည် ။

 

ပထမ လမ်းညွှန်ချက် က ...

 

“ နို့ အလုံးတစ်ရာ ကို စို့ ပါ ”

 

တကယ်ပဲ နို့ အလုံးတစ်ရာ ကို စို့ခိုင်းခြင်း တော့ မဟုတ်တာ သေချာသည် ။ ကိုယ့် သား ကို ပါး အချက် တစ်ရာ အရိုက် ခံရအောင် လို့ ဘယ် အဖေ မှ ချောက် တွန်း မှာ မဟုတ် ။ ဒါဖြင့် ဘာ အဓိပ္ပါယ် လဲ ။ ဘာကို ဆိုလိုတာလဲ ။ သွား စို့ လို့ ပါး ရိုက် မခံရ နိုင်တာက နွားမ တွေ ပဲ ရှိသည် ။ ဒါတောင် ချည်းကပ်နည်း မမှန်လျှင် အကန် ခံရနိုင်သည် ။ နွားမပေါင်း များစွာ က နို့များ ကို စုပေါင်းပြီး ချက် ထားသော နို့ဆီ ကို များပြော တာလား ... မဖြစ်နိုင် ။ ဟိုအရင် ကတည်း က လက်ဖက်ရည် ကို တစ်နေ့ သုံးခွက် လောက် သောက် ခဲ့တာပါ ။ လက်ဖက်ရည် သောက် တိုင်း နို့ဆီ ပါ နေခဲ့တာပဲ ။ စဉ်းစားလို့ မရသဖြင့် ခေါင်း ရှင်း သွားအောင် ရုပ်မြင်သံကြား ထိုင် ကြည့် နေ လိုက်သည် ။ အရေး ထဲ ကြော်ငြာတွေ က များ လိုက်တာ ၊ ဒီထဲ က မှ ကြော်ငြာတစ်ခု ကို သတိ ပြုမိ၏ ။ မိုးဒီ နှင့် စိုးမြတ်နန္ဒာ တို့ ပါဝင် သရုပ်ဆောင် ကြသော ကြော်ငြာ ၊ ဒီတော့မှ ဉာဏ် အလင်း ရ သွားသည် ။ သူ သည် ပဲနို့ရည် ကို ဝယ် သောက်လေတော့သည် ။

 

တစ်နေ့ တစ်ပုလင်း မှန်မှန် သောက် သည် ။ ပဲနို့ရည် မှာ ပရိုတင်းတွေ ၊ လိုင်ဆင်းတွေ ပါ နေသဖြင့် ကျန်းမာ ပြီး ဝဖြိုး လာလေတော့သည် ။

 

ဒုတိယ အချက် ကတော့ ...

 

“  အိမ် နောက်ဖေး မှာ ဘဏ်တိုက် ဆောက်ပါ ”

 

သူ့ အိမ် နောက် က ကွက်လပ်ကလေး မှာ ဘဏ်တိုက် နေနေသာသာ... အပေါင်ဆိုင် ဆောက် ဖို့ လောက်တောင် ကျယ်ဝန်းတာ မဟုတ် ။ ပြီးတော့ သူ့ ဝင်ငွေ ကလည်း ဘဏ် မှာ အပ်ပြီး စုဆောင်း ထားရအောင် ပိုလျှံ နေတာ မဟုတ် ၊ ဝင်ငွေ နဲ့ စားသောက်စရိတ် မျှတရုံ လောက်ပဲ ။ စုဆောင်းစရာ ဆိုလို့ ... အဲ ... ဟုတ်ပြီ … စားလိုက်တဲ့ အစာတွေ က ပျောက်ပျက်သွားတာ မဟုတ် … အသွင် ပြောင်း ပြီး ပြန်ထွက် လာတာလေ ။ ဒါတွေကို စုဆောင်း ထားဖို့ အတွက် အိမ်နောက်ဖေး ကွက်လပ်မှာ အိမ်သာ တစ်လုံး ဆောက် လိုက်သည် ။

 

တတိယ အချက် မှာ ...

 

“ ငရဲပြည် နှင့် ဆက်သွယ်ပါ ”

 

ငရဲပြည် ဆို တာ လူ ကိုယ်တိုင် သွားဖို့က လွဲပြီး ဆက်သွယ် နိုင်သည့် တခြား နည်းလမ်း မရှိ ၊ တယ်လီဖုန်း ဆက် လို့ ရတာ လည်း မဟုတ် ။ ဖက်စ်တွေ မေးလ်တွေ ပို့လို့ ရတာ လည်း မဟုတ် ၊ တစ်နည်း ပဲ ရှိသည် ။ မြေကြီး ကို ဖောက်ပြီး အဝီစိ ရောက် အောင် တူးဖို့ ။ ဒီလိုလျှောက် တွေးကြည့်မှ အဖြေပေါ် လာသည် ။ အဝီစီတွင်း တစ်တွင်း တူး လိုက်သည် ။ သူတို့ ရပ်ကွက် မှာ ရေ ရှား သည် ။ ထို့ကြောင့် အဝီစိတွင်း ရေ ကို ရောင်း စားသော အခါ တွက်ခြေ ကိုက် ကြောင်း တွေ့ရ၏  ။

 

ကဲ ... နောက် တစ်ခု ...

 

“  ခြေထောက် အရောင်းအဝယ် ပြုလုပ်ပါ ”

 

ဒါဟာ ဝက်ခြေထောက် စွပ်ပြုတ် ရောင်း ခိုင်းတာတော့ မဖြစ်နိုင် ။ ချိုင်းထောက် လုပ်ရောင်း လို့ လည်း စီးပွား ဖြစ် မှာ မဟုတ် ။ ထိုစဉ်မှာ သူငယ်ချင်း တစ်ယောက် ကားလေး နှင့် ရောက် လာသည် ။ လက်ဖက်ရည်ဆိုင် ထိုင် ကြရင်း သူ က ပြောသည် ။

 

“ ဟိုတစ်ခါ လာ တုန်းက ဒီ ကား မဟုတ်ပါဘူး ... ”

 

“ ဟို ကားလေး က မြတ်လို့ ရောင်း လိုက်ပြီ ၊ ဒီ ကား ကလည်း ဈေး ချောင် လို့ ဆွဲထားတာ ၊ ဝယ်ရောင်း လုပ်တာ မဆိုးဘူး ကွ ၊ လုပ်တတ် ကိုင်တတ် ရင် ဝင်ငွေ လည်း ရတယ်  ၊ ခြေထောက် လည်း ရတာပေါ့ ... ”

 

“ ဘာ .. ခြေထောက် ... ဟုတ်လား ... ”

 

“ အေးလေ ….. ငါတို့ လောက မှာတော့ ကား ဝယ်စီးတာ ကို ခြေထောက် တပ်တယ်လို့ ခေါ်တယ် ... မင်း လည်း ခြေထောက် တပ်သင့်တယ်ကွ ... ”

 

“ အင်း …. ဟုတ်တယ် ... ငါ သဘော ပေါက်ပြီ ... ”

 

သူ သည် အောက်ကားလေး တစ်စင်း ကို စ ဝယ်၍ ပြုပြင် မွမ်းမံပြီး ပြန် ရောင်းရာ အမြတ်ငွေ နည်းနည်းပါးပါး ရ သည် ။ လုပ်တတ် ကိုင်တတ် သွားတော့ အောက်ဈေး နှင့် ရှာ ဝယ်ပြီး တက်ဈေး မှာ ပြန် ရောင်းရင်း စီးပွားရေး အခြေအနေ တိုးတက်မှု ရှိ လာသည် ။

 

“  ကျင်ငယ်ရည် ထုတ်လုပ်သည့် စက် တည်ပါ ”

 

အဖေ ကတော့ အတော် ပေါက်ပေါက် ရှာရှာ ခိုင်းတာပဲ ဟု သူ တွေးသည် ။ အဓိပ္ပါယ် တော့ ဖော်လို့ မရ ၊ ကျင်ငယ်ရည် ဆိုတာ တစ်ခုခု ကို တင်စားထားတာပဲ ဆိုတာ ရိပ်မိသည် ။ ဘာလဲ ဆိုတော့ စဉ်းစားရ ခက်နေသည် ။ ထို့ကြောင့် အာရုံ အပြောင်းအလဲ ဖြစ်အောင် လမ်း ထွက် လျှောက်သည် ။ လမ်း မှာ ရပ်ကွက် ထဲ က ဝါရင့် ယမကာ သမားကြီး တစ်ယောက် နှင့် တွေ့သည် ။

 

“ ဘယ် သွားမလို့လဲ ကွ ... ”

 

ဟု မေးသဖြင့် သူ က ...

 

“ ပျင်းပျင်းရှိလို့ ထွက် လာတာပါ ... ဘီယာစတေရှင် သွား ထိုင်ရ ကောင်းမလားလို့ ...လိုက်ချင် လိုက်ခဲ့ပါလား ... ကျွန်တော် တိုက်ပါ့မယ် ... ” ဟု ပြောတော့ ယမကာသမားကြီး က ...

 

“ တော်ပါပြီကွာ ... ငါ က ဘီအီး က လွဲ ရင် ဘာမှ မကြိုက်ဘူး ... မင်း ဘီယာ က အများကြီး သောက် ပြီး မှ နည်းနည်းလေး မူးတာ ... ဆီး ခဏခဏ သွားရတာပဲ အဖတ် တင်တယ် ... ”

 

သူ့ ခေါင်း ထဲမှာ လက်ခနဲ အကြံ ရ သွားသည် ။ ဘီယာ သောက် လျှင် ဆီးရွှင် စေသည် ။ ကျင်ငယ်ရည် ထုတ်လုပ်သည့်စက် ဆိုတာ ဒါပဲကိုး ။ သူ သည် စည်ဘီယာဆိုင် ဖွင့် လိုက် လေသည် ။

 

နောက်ဆုံး အချက် ကတော့ ...

 

“ ဦးနှောက် မပါသော ပညာရှိ ကို ဆည်းကပ်ပါ ”

 

ဘယ်လိုလဲ ။ပညာရှိ ပါ ဆိုနေမှ ဦးနှောက် မပါလို့ ဖြစ် မလား ။ သာမန် လူပြိန်းတွေ တောင် ဦးနှောက် ကတော့ ပါ ကြတာပဲ ။ လူ မပြော နဲ့ ... တစ်ချို့ တိရစ္ဆာန်တွေ တောင် ဦးနှောက် ရှိကြသည် ။ လူ ရယ်လို့ ဖြစ်လာတာ လည်း တိရစ္ဆာန်တွေ ထက်ပိုပြီး အဆင့် မြင့် တဲ့ ဦးနှောက် ကို ပိုင်ဆိုင်ခဲ့ရလို့ပဲ မဟုတ်လား ။ ဒီ ဦးနှောက် ကို အားကိုး ပြီးတော့ပဲ ကမ္ဘာကြီး ကို မောင်ပိုင် စီးခဲ့တာ မဟုတ်လား ။ ဘာပဲဖြစ်ဖြစ် ဆိုလိုရင်း အဓိပ္ပါယ် ကိုတော့ ရအောင် ရှာ ရမည် ။ လူတို့သည် ဦးနှောက် ရှိသောကြောင့် တွေးတောကြသည် ။ ဒီအခါမှာ ကောင်းတာရော မကောင်း တာပါ တွေးမိသည် ။ တရားတာရော မတရားတာရော ကြံစည် စိတ်ကူးမိကြသည် ။ ထို့ကြောင့် ဦးနှောက် မရှိတာ က မှ ခပ်ကောင်းကောင်း ဟု ဆိုလိုချင်တာလား ။

 

မဖြစ်နိုင် ၊ ဦးနှောက် မရှိလျှင် အဆိုး သာမက အကောင်း ကိုပါ တွေးတော ဆင်ခြင်နိုင် မှာ မဟုတ်တော့ ။ တီကောင် တွေ ၊ ပိုးမွှား တွေ လို အဆင့်နိမ့် သတ္တဝါများ နှင့် ဘာ ထူးတော့မှာလဲ ။ ပဟေဠိ ရဲ့ အဖြေ ကို ရဖို့တောင် ဦးနှောက် ကို သုံးပြီး စဉ်းစား နေရတာပဲ လေ ။ ဒါဖြင့် ဦးနှောက် မပါတဲ့ ပညာရှိ ဆိုတာ ဘယ်လို ဟာလဲ ။ ဦးနှောက် မပါဘူး ဆိုလျှင် သက်ရှိ မဖြစ်နိုင်တော့ ။ သက်မဲ့ပဲ ဖြစ်ရမည် ။

 

သက်မဲ့ အရာဝတ္တု တစ်ခု က ပညာရှိ ဖြစ်နိုင်သလား ၊ သက်မဲ့အရာဝတ္တု တစ်ခု ကို ဆရာ တင်ပြီး ဆည်းကပ် သင့် သလား ။ ပညာရှိ ဆိုလျှင် မေးသမျှ ဖြေ နိုင်ရမည် ။ အကြောင်းအရာမျိုးစုံ ကို ခြုံငုံ သိရှိ နားလည်ရမည် ။ ဒါဆိုလျှင် …

 

သူ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည် ။ ကွန်ပျူတာ တစ်လုံး ဝယ်ဖို့ပင် ဖြစ်လေ၏ ။

 

◾မင်းလူ


📖 နှလုံးသား ၃၈၀ / ၅၄


#ကိုအောင်နိုင်ဦး


.

Friday, February 17, 2023

ဦးဖိုးစိန် နှင့် ဦးဖိုးသာ


 

❝ ဦးဖိုးစိန် နှင့် ဦးဖိုးသာ ❞

“ ဘုရားဒကာ ဦးဖိုးစိန်ကြီး များ ဦးလေး တို့ မြို့ ကို လာပြီလား ဆိုမှ ဖြင့် သင်္ဘောဆိပ် တောင် ဆင်း ကြည့်စရာ မလိုဘူး ၊ အိမ် မှာ ထိုင်နေရင်း ကို က သိနိုင်တာပဲ ”

ဦးလေး ဦးဖိုးသာ သည် စကား ကို ခဏ ရပ်သည် ။ ကြမ်းခင်း ကို ဖြတ်၍ ပတ္တာ တပ် ထားသော ပျဉ်ပြား ကို လှပ် ပြီး ကြမ်းပေါက် မှ ကွမ်းတံတွေး ထွေး ချ သည် ။ နှုတ်ခမ်းထောင့်စွန်း မှာ သီး နေသော ကွမ်းသွေးစ ကို လက်ဖမိုး ဖြင့် သုတ် လိုက်၏ ။

“ ဘာဖြစ်လို့လဲ ဦးလေး ”

ကျွန်တော် က စကား ဝင် ထောက် ပေးသည် ။

“ ဘာကြောင့် ဆို သင်္ဘောဦး မှာ ကြေးအမြောက် တစ်လက် ပါလာတာ ကိုး ၊ မြို့ အဝင် မှာ  ထိန်းခနဲ အမြောက် တစ်ချက် ဖောက် ပြီး မှ ဝင်လာတာ ၊ ပြီးတော့ ရေကင်းတီး ၊ ယိမ်းသမတွေ က,ရင်း သင်္ဘော ဝင် လာတာ တယ် ကျက်သရေ ရှိတာကိုး ”

ကျွန်တော် ဆက် နားထောင် နေသည် ။

“ သင်္ဘော ပေါ် က ဆင်းလာတဲ့ အခါကျတော့ လဲ ဘေး တစ်ဖက် တစ်ချက် စီ က ဘော်ဒီဂတ် နှစ်ယောက် ပါသေးတယ် ၊ အင်္ဂလိပ် အစိုးရ က ပေး ထားတဲ့ မျက်နှာဖြူ စစ်ဗိုလ်တွေ ပေါ့ ၊ အဲဒီ ကာလ မှာ မြန်မာလူမျိုး ကို အင်္ဂလိပ်မျက်နှာဖြူ က သက်တော်စောင့် ပေးရ တယ် ဆိုတာ တော်တော့ ဘုန်းကံလား ကွာ ”

သည်လောက်တော့ .. မဖြစ်နိုင်ဟု စိတ် ထဲ က တွေးလိုက်သည် ။ ဦးဖိုးစိန် ဇာတ်အဖွဲ့ ထဲ မှာ ကပြားတွေ ကို အလုပ် ခန့်ထား သည်ဟု ကြားဖူးသည် ။ ဒါကို အင်္ဂလိပ်လူမျိုး သက်တော်စောင့် ဟု ထင်ကြတာ ဖြစ် နိုင်သည် ။ ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်တွေ အုပ်စိုးနေ ချိန် တွင် အင်္ဂလိပ်လူမျိုး ကို မိမိ လက်အောက် မှာ အခစား လုပ်စေ ခြင်း ကတော့ ဦးဖိုးစိန် ၏ အရှိန်အဝါ ကို ဖော်ပြ နေ လေသည် ။

ကျွန်တော် ဘာမျှတော့ ပြန် မပြောလိုက် ။

“ အဲဒီ အခါမှာ ကြိုဆိုကြတဲ့ ပရိသတ် က ကမ်းလုံးညွတ်မျှ ပေါ့ စကား အဖြစ် ပြောတာ မဟုတ်ဘူး ၊ တကယ့်ကို .. ကမ်းလုံး ညွတ် တာ ၊ အဲဒီ လူအုပ် ထဲ မှာ ရှေ့ဆုံးတန်း က တိုးဝှေ့ ကြည့်နေတာ ဦးလေး ပေါ့ ၊ ဒီတုန်းက ဦးလေး က လူပျိုပေါက် အရွယ် ၊ဘုရားဒကာ ဦးဖိုးစိန်ကြီး ကို တစ်ခါမှ မမြင်ဖူးသေးဘူး ၊ ဟေ , တော်တော်ထူးခြား တဲ့ ပုဂ္ဂိုလ်ကွယ့် ၊ မှင်မောင်း ကလဲ တယ် ကောင်းတာပဲ ၊ ပြီးတော့ အသက်အရွယ် ကို လဲ ခန့်မှန်းလို့ မရဘူး ၊ ပါရမီ ထူးတဲ့ သူတွေ သာ ဒါမျိုး ဖြစ်တတ်တာ ၊ ပရိသတ် ကြား ထဲ က ဖြတ်လျှောက်ရင်း ဦးလေး တို့ ဘက် လှည့် ကြည့်ပြီး ပြုံးပြ သွားတာ ခုထိ မျက်စိ ထဲ က မထွက် ဘူး ၊ ဘယ်သူ ပြုံးပုံ နဲ့မှ မတူတာ အမှန်ပဲ ”
နှုတ်ခမ်းစွန်း တွင် ကွမ်းသွေး သီး လာ ပြန်သည် ။ သည်တစ်ခါ တော့ မထွေးဖြစ်သေးဘဲ ဦးဖိုးစိန်ကြီး ၏ အပြုံး ဆိုတာ ကို ပြန်လည် မြင်ယောင် ကြည့်နေဟန် တူ၏ ။ ဦးဖိုးစိန်အပြုံး ကတော့ ဘယ်လို နေမည် မသိ ။ ယခု ဦးလေး ဦးဖိုးသာ ၏ အပြုံး ကား တခြား ဘယ်သူ နှင့် မှ မတူတာ အမှန်ပင် ။

     •••••   •••••   •••••   •••••

ဦးလေး ဦးဖိုးသာ သည် ကျွန်တော့် သူငယ်ချင်း စိုးသောင်း တို့ အဖေ ဖြစ်သည် ။

ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်သည် တစ်ပတ် လျှင် တစ်ခါ နှစ်ခါ တော့ သူတို့ အိမ်မှာ ဆုံမြဲ ဖြစ်၏ ။ စိုးသောင်း က လမ်း များ တတ်သူ ဖြစ်သည် ။ မကြာခဏ ဆိုသလို အိမ် မှာ သူ မရှိဘဲ ဖြစ် နေ တတ်သည် ။ ဒေါ်လေး က လည်း သူ့ ချက်ရေးပြုတ်ရေး အလုပ် ဖြင့် သာ ရှုပ်နေ တတ်၏ ။ ထိုအခါ ဦးလေး ဦးဖိုးသာ နှင့် သာ စကား လက်ဆုံ ကျရင်း စိုးသောင်း အလာ ကို စောင့်ရတတ် လေသည် ။
စကားလက်ဆုံ ကျသည် ဆိုသော်လည်း လူကြီးသူမ တို့ ထုံးစံ အတိုင်း သူ ပြောသည် ကို ကျွန်တော် က နားထောင်ရခြင်း ဖြစ်၏ ။ ဦးလေး ဦးဖိုးသာ ပြောလေ့ ရှိသည့် အကြောင်းအရာများ ကား အစုံပင် ။ သူ စကား ပြောလျှင် လေးလေးမှန်မှန် သာ ပြောလေ့ ရှိသည် ။ သို့ရာတွင် ပျင်းစရာ မကောင်း ။

တချို့ လူတွေ လို သွက်သွက်လက်လက် မပြောတတ် သော် လည်း အကြောင်းအရာတွေ ဟိုရောက် သည်ရောက် မဟုတ်ချေ ။ စလယ်ဆုံး ရှင်း နေအောင် ပြောတတ်သည် ။

     •••••   •••••   •••••   •••••

ဦးဖိုးစိန် ကို ဘုရားဒကာဦးဖိုးစိန်ကြီး ဟု သူ သုံးနှုန်းလေ့ ရှိသည် ။

“ အဲဒီလို မင်းသားမျိုး က ရှားတယ်ကွ ၊ အေးလေ ၊ ရှားတာ မဟုတ်ဘူး ၊ သူ့ အပြင် ရှိကို မရှိတာ ၊ ပြောစရာ အပြစ် ကို ရှာလို့ မရဘူး ၊ ရုပ် လဲ ရှိတယ် ၊ အရပ် က မနိမ့် မမြင့် ၊ ကိုယ်လုံး က မပိန် မဝ ၊ ဇာတ် မင်းသားများ မှာ ကိုယ်လုံးကိုယ်ပေါက် အနေနဲ့ က လဲ လို သေးတယ် ၊ ဘုရားဒကာ ဦးဖိုးစိန်ကြီး ကျ တော့ မင်းသား အဆက်အပေါက်မျိုး ကွက်တိ ပဲ ၊ အသံ က လဲ ကောင်းတယ် ၊ ဘယ်လောက် အော် အော် အော် သလောက် ထွက် တာပဲ ။ အသံ ဝင်တယ် တိမ်တယ် မရှိဘူး အက , ကျတော့ ကော .. သူ့ ခြေ က , ဟာ တယ် ကြည့်ကောင်းတာ ကလား ၊ သူ မက ဘဲ လက်ပိုက် ပြီး ရပ် နေရင်တောင် က , နေ သလို လှတယ် ၊ အပြော လဲ ကောင်းတယ် ၊ လွမ်းပြီ ဆိုရင်လဲ ပရိသတ် ကျေနပ်လောက်အောင် လွမ်း နိုင်တာ ”

ဦးလေး ဦးဖိုးသာ သည် ဦးဖိုးစိန် ၏ “ အဟဲ ” ကို ဘယ်လောက်ထိ စွဲခဲ့သလဲ မသိ ။ သူ့ စကား တစ်ခွန်း နှင့် တစ်ခွန်း အဖြတ်အတောက် ကြား တွင် “ ဟဲ .. ဟ ” စသည်ဖြင့် “ ဇာတ်လေ ” ကလေးတွေ ပါ နေတတ် လေသည် ။

“ အပြောအဆို အငိုအက တွင် မကဘူး ၊ အသော လဲ ရတယ် ၊ များသော အား ဖြင့် ဇာတ်မင်းသား တွေ မှာ လူပြက်တွေ သောတာ ကို သာ ခံရတာ များတယ် ၊ ပြန် မပြောတတ်ဘူး ၊ ဘုရားဒကာ ဦးဖိုးစိန်ကြီး က တော့ လူပြက်တွေ နဲ့ ပြိုင် သော နိုင်တယ် ” ဆိုပြီး သူ အလွတ် မှတ် ထားသည့် ဦးဖိုးစိန် နှင့် မအေးစိန် နှစ်ပါးသွား မှ အကွက် တစ်ကွက် ကို ပြောပြ၏ ။

“ မအေး ရေ ”

“ ကိုကြီးစိန် ”

“ ကိုကြီးစိန် ကိုကြီးစိန် နဲ့ မအေး ဆိုတဲ့ အတိုင်း အေး ပေ့ဗျာ ”

(လူပြက် ကိုကြုံတိုင်း)
“ အေးတာ ကောင်းတယ် ဆရာ ရဲ့ ၊ ပူတာ မကောင်းဘူး ”

“ နားပူ နားဆာ တော့ မရှိပါဘူးကွယ် ၊ သနားစရာကလေး ပါပဲ ၊ ‘ သနားစရာလေးမို့ မယားကညာ အေး ရယ် ၊ တစ်ဖဝါးမှ မကွာ ထွေးမယ်ကွယ့် မယ်အေးရယ်' နော် ၊ မယ်အေး .. ”

( လူပြက် ) “ ကျွန်တော် က ဆရာ့ ဓားစာ သာ ကျွေး လိုက်ချင် တော့တာပဲ ”

( ဦးဖိုးစိန် ) “ ခွေးမသားကြီး ... သေသွားမယ် ၊ နင် က ငါ့ ဘာကြောင့် ဓားစာ ကျွေးချင်ရတာတုံး ”

( လူပြက် ) “ မယ်အေး အတွက်တွေ ပေါ့ ”

( လူပြက် - ၂ ) “ တို့ကတော့ ဆရာစိန် ကို အားသာ ပေးချင် တော့ တာပဲ ”

“ ဘာဖြစ်လို့လဲ ”

“ ရအောင် .. ရအောင် .. မယ်အေးကို ”

( ဦးဖိုးစိန် ) “ ဒါဖြင့် နင်တို့ ကုလားရှာပေးလိုက်လေ ”

( လူပြက် ) “ ဒါဖြင့် တို့ သိကြား ပါသေး လား ”

( ဦးဖိုးစိန် ) “ ကြုံတိုင်းတို့က ပေါနေပေါ့ကိုး ”

     •••••   •••••   •••••   •••••

ဦးဖိုးစိန် သည် ပထမ ကျောင်းသားသပိတ် ကို မထောက်ခံ ခဲ့ သဖြင့် ကျောင်းသားများ နှင့် ပြဿနာ ဖြစ်သည် ။ ကျောင်းသား များ က ဦးဖိုးစိန်ဇာတ် ကို မကြည့်ကြဘဲ သပိတ်မှောက် ကြရန် လှုံ့ ဆော်သည် ။ ပွဲကြည့်ပရိသတ်များ သည် ဦးဖိုးစိန်ဇာတ် ကို အလွန် ကြည့်ချင်ကြ သော်လည်း ကျောင်းသားများ ၏ ဆန္ဒ အတိုင်း သပိတ် မှောက် ကြ၏ ။ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ် သည် ပြည်သူများ တွင် တညီတညွတ်တည်း ရှိနေကြောင်း ဦးဖိုးစိန် သိ သွားသည် ။

သူ သည် ဗြိတိသျှအစိုးရ ကို ဂုဏ်ပြုသော သီချင်းများ သီဆို ခြင်း ၊ သူ့ ဇာတ် ထဲ တွင် ယူနီယံဂျက် အလံယိမ်း ကပြခြင်း များ ပြု လုပ် ခဲ့၏ ။ နောက်ပိုင်းတွင် မူ ဂျီစီဘီအေ အသင်း သို့ အလှူငွေများ လျှို့ဝှက်စွာ ထည့်ဝင် ခဲ့သည် ။

ထို့ကြောင့် သူ သည် အင်္ဂလိပ်အစိုးရ နှင့် သင့်မြတ်အောင် နေပြီး တစ်ဖက် က နယ်ချဲ့ ဆန့်ကျင်သူများ နှင့် ပြဿနာ မဖြစ် အောင် ကြားနေ နေကြောင်း သိ ရ၏ ။

ဦးလေး ဦးဖိုးသာ ၏ ပြောပြချက် အရ လူမှုရေး ကိစ္စများ မှာ တော့ ဦးဖိုးစိန် ရက်ရက်ရောရော ရှိတတ်သည် ဟု ဆို၏ ။ “ ကျောင်းသားတွေ နဲ့ ကိစ္စတုန်း က တော်တော် နာမည် ပျက် သွား သေးတယ် ၊ ပရိသတ်တွေ က ပါ ကျောင်းသားတွေ ဘက် က ပါပြီး ပွဲ မကြည့်ဘဲ နေကြတာ သုံးလေးလ လောက်ကြာတယ် ၊ ဦးဖိုး စိန်ကြီး ကိုယ်တိုင် ဝန်ချ တောင်းပန် မှ ပြေလည် သွားတယ် ၊ နိုင်ငံရေး တွေ ဘာတွေ သိပ် နားမလည် ရှာလို့ ဒီလို ဖြစ်ရတယ် ထင်ပါရဲ့ကွာ ၊ စိတ်ရင်း က တကယ် ကောင်းပါတယ် ၊ အင်္ဂလိပ်အစိုးရ နဲ့ အဆင် ပြေ တယ် ၊နာမည် ကျော်ကြားတယ် ချမ်းသာတယ် ဆိုပြီး မောက်မောက် မာမာ မရှိပါဘူး ၊ ပရိသတ် ကို သိပ် လေးစားတာ ၊ နေ မကောင်းလို့ ၊ ပွဲကူး လာရတာ ပင်ပန်းတယ် ဆိုပြီး လျှော့ က , တာမျိုး ဘယ်တော့မှ မလုပ်ဘူး ၊ သူ ပြောတာ တစ်ခု ရှိတယ် ၊ ကိုယ် က လျှော့ က , မှာ မို့ ရုံဝင်ခ ကို ကျတော့ လျှော့ ယူကြတာ မဟုတ်ဘူး ၊ အပြည့် ပဲ ယူကြ တာပဲ ၊ ဒီတော့ ကိုယ် ကလဲ အပြည့်ပဲ က , ပေးရမှာပေါ့ တဲ့ ၊ နောက် ပြီး ရှိသေးတယ် ၊ ငါ က မင်းသား ဆိုပြီး ဟိတ်ဟန် မလုပ်ဘူး ၊ပွဲ မက , ခင် ရုံနောက် က နေ သူ့ ကို သွား နှုတ်ဆက်တဲ့ လူတိုင်း ကို ဆင်းရဲချမ်းသာ မရွေး ကောင်းကောင်းမွန်မွန် ဧည့်ခံ လွှတ်လိုက်တာချည်းပဲ ၊ တစ်ခါ လဲ မှတ်မိသေးတယ် ... ”

ထိုနေ့က ပွဲသိမ်း ည ဖြစ်သည် ။

ဦးလေး ဦးဖိုးသာ သည် ပထမ နှစ်ည ဆက်တိုက် ကြည့်ခဲ့ပြီးပြီ ။ အားမရသေး ။ ဒီ ည ပါ ကြည့်ချင်သည် ။ နောက်ပိုင်းဇာတ် ကလည်း မင်းကုသ ဆိုတော့ သူ့ အသည်းစွဲ ။ သို့ရာတွင် ရုံဝင်ခ ပေး စရာ ပိုက်ဆံ ခြောက်ပဲ မရှိ ။ ပထမ နှစ်ည ကြည့်လိုက် သဖြင့် ကုန် သွားပြီ ။ မိဘတွေ ဆီ က ထပ် တောင်း လို့ လည်း ရတော့မည် မဟုတ်ချေ ။
ထို့ကြောင့် ရုံ နောက်ဘက် သွားပြီး ဦးဖိုးစိန် ကို ချောင်းကြည့် ခြင်း ဖြင့်သာ အာသာ ဖြေ ရလေသည် ။

ဦးဖိုးစိန် သည် ထရံကြား မှ ပြူတစ် ပြူတစ် လုပ်ရင်း ချောင်း ကြည့် နေကြသော ချာတိတ် တစ်သိုက် ကို မြင်သော အခါ ..

“ မင်းတို့ ဘာ ကြည့်ကြတာလဲ ကွယ့် ”

နှုတ်သွက်သော လူငယ်လေး တစ်ယောက် က ...

“ ဆရာကြီး ကို မမြင်ဖူးလို့ လာ ကြည့်ကြတာပါ ”

“ ဇာတ် ကနေတုန်း က မြင်ဖူးသား မဟုတ်လား ”

“ ဇာတ် ထဲ မှာ တော့ မြင်ဖူးတာပေါ့ ၊ ဒါပေမယ့် ကျွန်တော် တို့ က ဟိုး နောက်က ကြည့်ရတာ ဆိုတော့ ဘယ် သဲသဲကွဲကွဲ ရှိပါ့ မလဲဗျ ”

“ ဒါဆို .. ဒီ ည ရှေ့တန်း က ရအောင် လာ ကြည့်လှည့်ပေါ့ ”

“ မကြည့်နိုင်တော့ပါဘူး ဆရာကြီး ရာ ၊ ဟို နှစ်ည ကြည့်လိုက် တာ ကုန်ပါရောလား ၊ ဒီ ည အတွက်တော့ ရုံဝင်ခ တောင် မရှိတော့ ဘူး ၊ ဒါကြောင့် ဆရာကြီး အဝတ် လဲ တာပဲ အာသာပြေ ကြည့်ရ တော့မှာပဲ ”

“ ဩော .. ဒီလိုကိုး ... ကိုင်း .. ကိုင်း .. ဒီ ည အဖို့တော့ ကျုပ် က ပဲ ဒကာ ခံပြီး ပြပါ့မယ်ဗျာ ၊ ဟောဒီ နောက်ပေါက် က သာ ရုံ ထဲ ဝင်ကြပေတော့ ၊ ပွဲထွက်ချိန် လဲ နီး နေပြီ ၊ ဆိုင်းဝိုင်း နောက်နား မှာ ကျုပ် ဧည့်သည်တွေ အတွက် သီးသန့် နေရာ ရှိတယ် ၊ သွား ထိုင် ကြပေတော့ ၊ တစ်ယောက် ယောက် က လာ မေးရင် ကျုပ်တို့ ဖိုးစိန် ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ပဲ လို့ ခပ်တည်တည် သာ ပြော ၊ ကြားလား ”

ဒါကြောင့်လည်း ဦးဖိုးစိန် ကို ဦးလေး ဖိုးသာ တို့ စွဲတာပဲ ဟု ကျွန်တော် တွေး မိသည် ။

“ အဲဒီ နေ့က ဦးလေး တို့ မြင် လိုက်ကာ တစ်ခု ရှိတယ် ၊ ဦးလေး တို့ မြို့ပေါ် က ကြီးကြီး မာစတာကတော်ကြီး တွေ ၊ သူဌေးမကြီး တွေ ၊ သူတို့ သမီးတွေ ဦးဖိုးစိန် ကို လာပြီး မိတ်ဖွဲ့ကြတာ ၊ စားစရာ မုန့်ပဲသရေစာတွေ ၊ လက်ဆောင်ပစ္စည်းတွေ နဲ့ ပေါ့ ၊ တချို့ဆို ပွဲထိုင်ဆေး ပေါ့လိပ်ကြီးတွေ ပေးကြသကွယ့် ”
ကျွန်တော် ဣန္ဒြေ ဆည်ထားသည့် ကြား က .. မျက်နှာ ပြုံး ယောင်ယောင် ဖြစ် သွားသည် ။ ခုခေတ် မင်းသားကျော် များ ဖြစ် ကြသော သစ္စာမေတ္တာ ရွှေညီအစ်ကိုများ ၊ မိုးဝင်း ၊ နန်းဝင်း တို့ နှင့် တကွ ဦးဖိုးစိန် ၏ မြေးများ ဖြစ်ကြသော ရဲစိန် ၊ ညီဝင်းစိန် တို့ ဆိုလျှင် ပရိသတ် က ပန်းကုံး စွပ်ခြင်း ၊ ပန်းစည်းများ ပစ်ပေးခြင်း ၊ ဇာတ်စင် ပေါ် သို့ ဆီးသီးထုပ် ၊ မရန်းပြားထုပ်များ ပစ် တင်ခြင်း စသည် တို့ အပြင် ဇာတ်ရုံ နောက်ဘက် မှ လည်း လက်ဆောင်ပစ္စည်းများ ပို့ တတ် ကြရာ ၊ ဆေးလိပ် ဆို လျှင် ငါးသုံးလုံး စီးကရက် တစ်တောင့် လောက် က အနိမ့်ဆုံး ။ ခု ဦးဖိုးစိန် ကို ဆေးပေါ့လိပ် လက်ဆောင် ပေးတယ် ဆိုသဖြင့် ကျွန်တော် ပြုံးမိခြင်း ဖြစ်သည် ။

သို့ရာတွင် ...

“ ဆေးပေါ့လိပ် ဆိုလို့ ပေါ့သေးသေး မမှတ်နဲ့ ကွ ၊ ဆေးပေါ့လိပ် ဖင် မှာ ရွှေဒင်္ဂါးပြား ကပ်ပြီး ပေးတာ ”

“ ခင်ဗျာ ”

ထိုအခါ ကျ မှ ကျွန်တော် အံ့ဩ ရသည် ။ ရွှေဒင်္ဂါး တစ်ပြား လျှင် ငါးမူးသား ရှိသည် ဟု ကျွန်တော် သိထားသည် ။ ဟိုအရင် က တော့ မသိ ။ ခုခေတ် ဈေး နှင့် ဆိုလျှင် သုံးထောင် ပတ်ဝန်းကျင် လောက် တန်မည် ။ ဦးလေး ဦးဖိုးသာ ကတော့ ကျွန်တော် အံ့ဩ သွားသည် ကို ကြည့်၍ ကျေနပ်စွာ ပြုံး နေ လေသည် ။

     •••••   •••••   •••••   •••••

“ ငါတို့ .. လူပျိုပေါက် ဘဝ က နန်းရင်းဝန် ဖြစ်ချင် သလား ၊ ဦးဖိုးစိန် ဖြစ်ချင်သလား မေးရင် ဦးဖိုးစိန် ပဲ ဖြစ်ချင်တယ် လို့ ဖြေကြမှာ ပဲ ကွယ့် ”

.. ဟု ပြောခဲ့သော ဦးလေး ဦးဖိုးသာ သည် ကွယ်လွန်သွား ခဲ့ပြီ ဖြစ်ပါသည် ။

သူ ကွယ်လွန် သွားပြီး .. တစ်လခန့် အကြာ တွင် ကျွန်တော့် သူငယ်ချင်း စိုးသောင်း သည် သူ့ အဖေ ထံ မှ အမွေ ရ လိုက်သော သေတ္တာကလေး ကို ဖွင့် ကြည့်လေ၏ ။

ဦးလေး ဦးဖိုးသာ အမြတ်တနိုး ထားသော ပစ္စည်းကလေး တွေ စုဆောင်း ထည့်သွင်းထားသည့် သေတ္တာကလေး ဖြစ်ပါသည် ။ ကျွန်းသား ဖြင့် ပြုလုပ်ထားပြီး ကြေးဝါ လက်ကိုင် နှစ်ဖက် တပ်ထား သည် ။ မူလ သော့ပေါက် က ပျက် နေ သဖြင့် မျောက်လက် အသစ် တပ်ပြီး သော့ခလောက် နှင့် ခတ် ထားသည် ။

ထိုအချိန် က ကျွန်တော် လည်း ရှိနေ သဖြင့် သေတ္တာ ဖွင့်ရာ တွင် ကြည့်ခွင့် ရခဲ့သည် ။

သေတ္တာ ထဲ မှာ ငွေ ကွမ်းအစ်ကလေး တစ်လုံး ၊ တရားစာအုပ် လေးငါးဆယ်အုပ် ၊ စိပ်ပုတီး တစ်ကုံး ၊ မှတ်စုစာအုပ် တစ်အုပ် ၊ အိုဂျီဗယ် လက်ပတ်နာရီ တစ်လုံး ။ ပြီးတော့ ပလတ်စတစ်အိတ် ဖြင့် ထုပ်ထားသော ဦးဖိုးစိန်ဇာတ် ကြော်ငြာစာရွက်များ ၊ သူ့ လက်ရေး ဖြင့် ကူး ထားသော ဦးဖိုးစိန် သီချင်းများ ၊ ကတ္တီပါအိတ်ရှုံ့ကလေး ဖြင့် ထည့်ထားသော ခပ်ပြားပြား ခပ်ဝိုင်းဝိုင်း အရာ တစ်ခု ကို ကျွန်တော် တို့ စိတ်ဝင်စား မိ ကြသည် ။ စိုးသောင်း က အိတ် ကို ဖွင့်ပြီး ဆွဲ ထုတ် လိုက်သည် ။

ဓာတ်ပြား တစ်ချပ် ၊ ခွေးတံဆိပ် ဓာတ်ပြား ကုမ္ပဏီတံဆိပ် နှင့် ကာလကတ္တား တွင် အသံ သွင်းထားခြင်း ဖြစ်သည် ။ ဓာတ်ပြား တစ်ဖက် တွင် “ မောင်ဖိုးစိန် နှစ်ပါးသွား ဆို ” ဟု လည်းကောင်း ၊ ကျန် တစ်ဖက် တွင် “ မောင်အောင်ဗလ နှစ်ပါးသွား ဆို ” ဟု လည်းကောင်း မြန်မာအင်္ဂလိပ် နှစ်ဘာသာ ဖြင့် ရေး ထားသည် ။ ဓာတ်ပြား ပေါ် တွင် အင်္ဂလိပ်စာတန်း တစ်ခု ပါ သေးသည် ။

ဇာတ် နာမည် ကို ရေး ထားခြင်း ဖြစ်မည် ။ ကျွန်တော်တို့ နှစ်ယောက်သည် ထို စာတန်း ကို အမျိုးမျိုး အသံထွက် ကြည့်ကြ ၊ အမျိုးမျိုး အဓိပ္ပာယ် ဖွင့် ကြည့်ကြ သော်လည်း မရဘဲ ဖြစ်နေလေသည် ။ " Yamanezeshoe ' zat " ဟု ရေး ထား၏ ။ မည်သို့ပင် ဖြစ်စေ ကျွန်တော်တို့ အဖို့ အဖိုးတန်သော ပစ္စည်း တစ်ခု ရရှိခြင်း ပင် ဖြစ်သည် ။ ထို ဓာတ်ပြား ကို ဖွင့် နားထောင် နိုင်ရန် အတွက် ဓာတ်စက် လိုက် ရှာကြရသည် ။

ခု ခေတ် မှာ ကက်ဆက် ရီကော်ဒါခေတ် ဖြစ်၍ ဓာတ်စက် ကို လွယ်လွယ်ကူကူ ရှာ မရ ။ ကံအားလျော်စွာ တစ်ရက် တွင် ကျွန်တော်တို့ ရပ်ကွက် ထိပ် က ရေဒီယိုကက်ဆက် ပြင်ဆိုင် မှာ လာ အပ် ထားသော လက်လှည့် ဓာတ်စက် တစ်လုံး ကို တွေ့ ရသည် ။

တောင်းတောင်းပန်ပန် နှင့် ခဏ ငှားပြီး ဦးဖိုးစိန် ဓာတ်ပြား ကို ဖွင့် နားထောင် ကြည့် ကြ၏ ။ ဓာတ်စက် က သိပ် မကောင်း ။ ဓာတ်ပြား က လည်း ဟောင်း နေပြီ ။ နည်းနည်း အက်ကွဲ နေသည် ။ အချို့ နေရာများ တွင် အသံ ပီပီသသ ထွက် မလာ သဖြင့် သီချင်းစာသား ကို သဲသဲကွဲကွဲ မကြားရ ။ အက်ကွဲ နေသည့် နေရာ ကို အပ်သွား ဖြတ် သွားသည့် အခါ တွင် ဒုတ်ခနဲ ဒုတ်ခနဲ မြည် နေသည် ။

မည်သို့ပင် ဖြစ်စေ ကျွန်တော်တို့ နှစ်ယောက် သည် ထို ဓာတ်ပြား ကို အခေါက်ပေါင်း များစွာ နားထောင် ကြသည် ။ ဦးလေး ဦးဖိုးသာ တွင် ကိုယ်ပိုင် ဓာတ်စက် မရှိချေ ။

သို့ဖြစ်လျှင် ထို ဓာတ်ပြား ကို အဘယ်ကြောင့် သိမ်းဆည်း ထားရပါ သနည်း ။ အချို့ နိုင်ငံများ တွင် ကမ္ဘာကျော် အနုပညာရှင် တို့ ၏ အသုံးအဆောင်ပစ္စည်းများ ၊ လက်ရေးမူများ ၊ သူတို့ နှင့် ပတ်သက် နေသော ပန်းချီကားများ ၊ ဓာတ်ပုံများ ကို ငွေ သိန်းသန်း ချီ၍ ပေးဝ ယ်ပြီး အမြတ်တနိုး စုဆောင်း ထားကြသူများ ရှိသည် ။

ဦးလေး ဦးဖိုးသာ သည် လည်း ထို သဘောမျိုး ပင် ဖြစ်ပေလိမ့် မည် ။ အသေအချာ ပြောနိုင်တာ တစ်ခု တော့ ရှိသည် ။

ဦးလေးဦး ဖိုးသာ သည် ထို ဓာတ်ပြား ကို မကြာခဏ ထုတ် ကြည့်ပြီး ဓာတ်ပြား ပေါ် မှ အရေးအကြောင်းကလေးများ ကို ကြည့် ရင်း ဦးဖိုးစိန်ကြီး ၏ ဆိုဟန် ၊ ငိုဟန် ၊ ပြောဟန် များ ကို ကြားယောင် တတ်ပေ လိမ့်မည် ။

ခြေ တစ်ဖက် ရှေ့ ကို ထိုးပြီး ပြုံးပြုံးကလေး က , နေသည့် ဟန် ကို ကွမ်းတမြုံ့မြုံ့ ဝါးရင်း မြင်ယောင် ကြည့်တတ်ပေလိမ့်မည် ။

ကျွန်တော်တို့ သည် ဦးလေး ဦးဖိုးသာ ၏ ကျေးဇူးကြောင့် အဖိုးတန်သော ဓာတ်ပြား တစ်ချပ် ကို နားထောင်ခွင့် ရခဲ့ပါသည် ။

     •••••   •••••   •••••   •••••

( ဖိုးစိန် ဆို )

“ သစ္စာတော် ထား လို့ .. ယုံလောက်ဖွယ် စကား .. မောင့် မယား ဆိုပါ့မကွယ် နှမရယ် ”

“ ပြောစမ်းပါ မောင်ရေ့ ”

“  ... မြကျောက်စေတီ ၊ တူစုံဖူးမယ်လေး ၊ လက်လဲ လက် အုပ်ချီ ၊ လက်လဲ လက်အုပ်ချီ ၊ လက်လဲ လက်အုပ်ချီ .. သွေမဖည် မောင်လေးမောင် ရဲ့ စေတီငယ် မြကျောက်သံ ကို ကွယ် .. လေး လေး .. ဗလရယ် ... မောင်မောင့် မှာ .. ချစ်သူရယ် ယုံဖို့ နှင်း ပါတော့မယ် ... အလိုဗျ .. ပျိုဗလ သက်လယ် ၊ ပေါက္ကံပြည်ဝယ် စံကြစို့ရဲ့ ကွယ် ၊ တစ်သက်လုံးသာ မမုန်းအောင် ချစ်ပါ့မယ် ”

( အောင်ဗလ ဆို )

“ မောင်ကြုံတိုင်း တို့ ..

“ ဟုတ်ပါဗျ ”

“ ဪ ခုကာလ မှာ ရှေ့က ကြည့်ရင် ခပ်ပြုံးပြုံး ဆိုတဲ့ သီချင်း သွား ၊ အများက ကြားချင်ကြတယ် ”

“ တက္ကသိုလ် ကိုအောင်သိန်း က တောင် မှ ရှေ့က ကြည့်ရင် ... တဲ့ ၊ ဒီ အသွားများ အာရုံ နှစ်သက်ကြတယ် ”

“ ဟုတ်ပါ့ ..”

“ ဒါကြောင့် ခင် မူဦးမယ်နော် ”

“ မှန်ပါ ကောင်းပါဗျ ”

“ ဗလခင် လင် နဲ့  ခင်တွယ်ဇော ၊ မနောညွတ်စေဖို့ကွယ် ... ဗလခင် လင် နဲ့ ခင်တွယ်ဇော ၊ မနောညွှတ်စေဖို့ကွယ် .. သစ် .. သစ္စာ ဆိုမယ် ၊ မေတ် .. မေတ္တာ ပိုတယ် ၊ ချစ် .. ချစ်ပါ ကိုယ်ရယ် ............. ကိုယ့် လင် သာပင် ချောတယ် လှတယ် ထင် ၊ ကိုယ့် လင် သာပင် ချောတယ် လှတယ်ထင် ၊ ကိုယ့် လင် ကိုယ် ပင် ချောတယ် လှတယ်ထင် ၊ ကိုယ့် လင် ကိုယ်ပင် ချောတယ် လှတယ် ထင် ... ရှေ့ က ကြည့်ရင် ခပ်ပြုံးပြုံး .. နောက် က ကြည့်ရင် ခပ် ကုန်းကုန်း .. အထက်အောက် ...... ဖနောင့် ထိ ကြည့်လို့ ပင် မဆုံး ၊ ရှုလို့ ပင် မဆုံး ၊ ဗလင် ကိုစိန် အလှတကာ့ အလှဆုံး မမုန်းပေါင် .. မခွဲပေါင် .. မလွှဲပေါင်. . မသွေပေါင် .. ရယ် ရယ် .. ရယ် .. ရယ် ရယ် ရယ် ... တော့ .. တော့ .. တော့ သဘောတူ ချစ်စို့ကွယ် ... မမုန်းပေါင် .. မခွဲပေါင် .. မလွှဲပေါင် မသွေပေါင် .. ရယ် ရယ် ရယ် ၊ တော့ တော့ တော့ သဘောတူ ချစ်စို့ကွယ် ၊ .... တူနှစ်ဖြာ ၊ ကြည်ဖြူသဒ္ဓါတော် .. အခါခါတော် .. ဗလတစ်သက် ဖြင့် ခဏမကွက် နဲ့ မပစ်ပါနော် ၊ သဘောတူ ချစ် စို့ တော် ”

◾ မင်းလူ

📖 သဘင်မဂ္ဂဇင်း
      ၁၉၈၄ ခု ၊ ဇန်နဝါရီလ

#ကိုအောင်နိုင်ဦး

.