Wednesday, August 14, 2024

အကယ်ဒမီ မေဝင်းမောင်

❝ အကယ်ဒမီ မေဝင်းမောင် ❞

မင်္ဂလာပါ ခင်ဗျာ ၊ ဒီနေ့ ကျွန်တော် နဲ့ ကမာရွတ် မီဒီယာအဖွဲ့ နဲ့ ပူးပေါင်းပြီး လိပ်ပြာကူး ထူးခြားသူများ အစီအစဉ် မှာ တွေ့ဆုံမယ့် သူ က တော့ အကယ်ဒမီ မေဝင်းမောင် ဖြစ်ပါတယ် ။

▢ မင်္ဂလာပါ မမေ ။

❥ မင်္ဂလာပါ ဦးဝင်းငြိမ်း ။

▢ ဟုတ် ၊ ကျွန်တော် ပထမဆုံး မေးချင်တာ ကတော့ မမေ ရဲ့ ဖခင် ဖြစ်သူက တပ်မတော် က အရာရှိ ဖြစ်တယ်နော် ။ မမေ ဘယ်လိုကြောင့် အနုပညာ နဲ့ နီးစပ် သွားတာလဲ ။

❥ ရုပ်ရှင် က ကျွန်မ ငယ်ငယ်ကတည်းက ပေါ့နော် ၊ ကျောင်း ကပွဲ တွေ မှာ အမြဲ ပါဝင် ကပြခဲ့တယ်ဆိုတော့ ။

▢ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ပါ ။

❥ ဝါသနာလေး က အမြဲ တောက်လျှောက် ရှိနေခဲ့တယ် ။ ကြီး လာတော့ လည်း ကျွန်မ အမေ က မြန်မာ့အသံ မှာ သီချင်းတွေ ဘာတွေ ဆိုပါတယ် ။

▢ ဪ ... ။

❥ ဟိုတုန်းက ညိုနွဲ့ ဆိုတဲ့ နာမည် နဲ့ သနပ်ခါးတုံး တို့ ၊ ဗေဒါပွင့်လေးများရယ် သနားစဖွယ် တို့ အဲဒီလို သီချင်းလေး တွေ ဆို တော့ မြန်မာ့အသံ မှာ သွား သွားပြီး သီချင်း သွင်းရင် မြန်မာ့အသံ က အသစ် ပေါ့နော် ။ သူ က သူ က ဟိုး ... မြန်မာ့အသံ အဟောင်း ကတည်း က ဆိုခဲ့တာ ။

▢ ဟုတ်ကဲ့ ၊ ဪ ... ဝင်ဒါမီယာ မှာ ကတည်း က ဆိုတာပေါ့ ။

❥ ဟုတ်ကဲ့ ၊ ၀င်ဒါမီယာ မှာကတည်း က ဆိုခဲ့တာလို့ ကြားဖူးပါတယ် ။ နောက်တော့ ကျွန်မ တို့ သိလာတဲ့ အရွယ် ကျတော့ မှော်ဘီ လောက်မှာ အဖေ က လေထီးသင်တန်းကျောင်း မှာ တာဝန် ထမ်းဆောင် နေတဲ့ အချိန် မှာ အမေ က ဒီ ပြည်လမ်း က မြန်မာ့အသံ မှာ လာ လာပြီး အသံ သွင်းတယ် ။ ကျွန်မ က တော့ တစ်ခါတလေ လာ လာ ပြီးတော့ ၊ လိုက် လာ ပြီးတော့ တွေ့ဖူးပါတယ် ။

▢ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ။

❥ အဲဒီ ဟာလေးတွေ က ရှိနေတာပေါ့နော် ။ အတွေ့အကြုံလေး တွေ ရှိနေတာပေါ့ ။ ပြီးတဲ့ အခါကျတော့ ကျွန်မ က ငယ်ငယ် ကတည်း က ဝါသနာ ပါတော့ ကျောင်း မှာ ကဗျာလွတ်တွေက , တယ် ။ ကျောင်း ကပွဲတွေ မှာ ဝင်ဝင်ပြီး က,တယ် ။ အဖေ နဲ့ အမေကလည်း မန္တလေး ရောက်တဲ့အခါ ကျတော့ အကတွေ သင်ပေးတယ် ။ အဲဒီမှာ အမေ ဒေါ်သြဘာသောင်း တို့ ဆီ က နေပြီးတော့.. ။

▢ ဪ ... ဒေါ်သြဘာသောင်း တပည့် ပဲ ။

❥ ဟုတ်ကဲ့ ၊ ဒေါ်သြဘာသောင်းတပည့် ပါ ။ ကဗျာလွတ် ပထမအဆင့် ပေါ့ ။ ဒေါ်ခင်ဝင်းနွယ် က သင်ပေးတာပါ ။ ဒေါ်သြဘာသောင်း က တော့ ထိုင် နေပါတယ် ။ ရှိပါတယ် အနား မှာ ။

▢ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ။

❥ နောက်တော့ ရန်ကုန် ရောက် လာတော့ လည်း ဒီ ရန်ကုန်ပန်တျာ က ဆရာမကြီး ဒေါ်ခင်ညွန့် နဲ့ လည်း တစ်ခါ ရန်ကုန်ပန်တျာမူ နဲ့ လည်း သင်ပေး ပါတယ် ။ အဲဒီလိုနဲ့ နေနေရာ ကနေ နောက်တော့ ဦးဝင်းဦး က ၊ ဦးဝင်းဦး က လည်း အရင် က လေထီးသင်တန်းကျောင်း ကပါ ။

▢ ဟုတ်ကဲ့ ။

❥ ဦးဝင်းဦး ရဲ့ မိဘတွေ နဲ့ ကလည်း အရင် ကတည်း က အဆက်အစပ် ရှိတယ် ။ နောက်တော့ ကွဲသွား ကြတယ် ။ နောက်တော့ ပြန်ဆုံတယ် ။ ကျွန်မ တို့ မင်္ဂလာဒုံ ဘက် ကို ပြောင်းလာတဲ့အချိန် တုန်း က ကျွန်မ က အဲဒီ အချိန် တုန်း မှာ တော့ ရှစ်တန်း ၊ ကိုးတန်း ကျောင်းသူ အရွယ်ပေါ့ ။

▢ ဟုတ်ကဲ့ ... ဟုတ် ။

❥ အဲဒီ အချိန်မှာ ဦးဝင်းဦး က စန္ဒာမဂ္ဂဇင်း ထုတ်ခါစ ၊ တစ်ခု လား ပဲ ထွက်ပါသေးတယ် ။ နောက် တစ်ခု မှာ ကျွန်မ ကို မျက်နှာဖုံးလေး သုံးချင်တယ် တဲ့ ဆိုတာ နဲ့ ရိုက်ကြပါတယ် ။

▢ ဟုတ်ကဲ့ ။

❥ ရိုက်တဲ့ အခါကျတော့ မျက်နှာဖုံး ထွက်လာတာပေါ့ ။ ထွက် လာတဲ့ အချိန် မှာ ရှုမ၀ဦးကျော် က မေးတယ် တဲ့ ။

▢ ဪ... ။

❥ ဒီလ မျက်နှာဖုံးရှင်လေး က ဘယ်သူလေးလဲ ပေါ့ ။ ဆိုတော့ ဦးဝင်း ဦး က နောက်တော့ ကျွန်မ ကို ပြန်ပြောပြတယ် ။ ပြောလိုက်တယ်တဲ့ ။ ဒါ စန္ဒာ က နောက် တင်မယ့် မင်းသမီးပေါ့ ။ ဦးဝင်းဦး က အဲဒီလို ပြောတော့ ကျွန်မ က ရောဂါတွေ တက်တာပေါ့ ( ရယ်လျက် ) ။ ရောဂါတွေ တက်တော့ နောက် စမ်းချောင်း အ.ထ.က ၂ မှာ ကျောင်း တက် တော့လည်း ဦးချင်းစိန် ရုပ်ရှင်အစည်းအရုံး က ... ။

▢ ဪ ... ဟုတ်ကဲ့ ။

❥ အဲဒီ တုန်းက ရုပ်ရှင်အစည်းအရုံး တောင် ဖြစ်သေးရဲ့လား ၊ ကောင်စီ လား မသိဘူး ။ ဦးချင်းစိန် က အစည်းအရုံး က ဥက္ကဋ္ဌလား မသိဘူး ။ ဆို တော့ သူ က ပြောတယ် ။ ဒီ ကလေးမလေး ကတဲ့ မင်းသမီး ဖြစ်နိုင်တယ်လို့ ပြောတယ် ဆိုတာ ကျွန်မ က ဆရာမ တွေ ဆီ က ပြန် ကြားတယ် ။ အဲဒီတော့ ရောဂါတွေ က ပိုတက် ၊ ပိုတက် တော့ အဖေ နဲ့ အမေ ကို ခွင့်ပြုချက် တောင်း တာပေါ့နော် ။

▢ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ။

❥ အဖေ နဲ့ အမေ က ဆယ်တန်း ကို လည်း အောင်အောင် ဖြေရမယ် ၊ ဘွဲ့ ကို လည်း ... ။

▢ ရအောင် ယူရမယ် ။

❥ ပြီးဆုံးတဲ့ အထိ ရအောင် ယူရမယ် ။ အဲဒါ ဆိုရင်တော့ ခွင့်ပြုမယ် ဆိုပြီး တော့ သူတို့ ခွင့်ပြုပါမယ် ။ အမေ က တော့ ပထမ သဘော မတူဘူးပေါ့ ။ ဒါပေမဲ့ နောက်တော့ ခွင့်ပြုပါတယ် ။

▢ ဟုတ်ကဲ့ ။

❥ အဖေ က လည်း ဒါ အလုပ် လုပ်တာပဲတဲ့ ကိစ္စ မရှိဘူး လုပ်ပါစေ ဆိုပြီးတော့ ခွင့်ပြုတယ် အဖေ က ။

▢ အဲဒါဆို ပထမဆုံး ရိုက်တာ ဦးချင်းစိန် နဲ့ လား ။

❥ ဟုတ်တယ် ၊ ဇာတ်ဆရာကြီး ဦးချင်းစိန် ။ သူ က ဆရာ အရင်းပါ ။

▢ ဟုတ်ကဲ့ ။ ဘာကားပါလဲ ခင်ဗျာ ။

❥ လှချင်လျက် စက်စက်ယို ပါ ။ ဦးချင်းစိန် က စပြီး ဘယ်လို ပြောလဲ ဆိုတော့ သူ ကား လည်း တစ်ကား ရိုက်မယ် ။ အဲဒါက ဘာလဲဆိုတော့ သူ ကိုယ်ပိုင် ကား ဒီလိုဆို ချစ်ဘူးကွယ် ။ အဲဒီ ကားလည်း ရိုက်မယ် ၊ ပြီး တဲ့ အခါကျတော့ သုခုမရုပ်ရှင် က လှချင်လျက် စက်စက်ယို ဆိုတဲ့ ကား က ပထမ ဒေါ်စန္ဒာ နဲ့ ။

▢ ဟုတ် ... ဟုတ် ။

❥ ဦးကျော်ဟိန်း ၊ ဒေါ်စန္ဒာ ။ ဒါပေမဲ့ ဒေါ်စန္ဒာ က အဲဒီ အချိန်မှာ ကိုယ်ဝန်ကြီး နဲ့ ရှိနေတော့ မာမီနန်း တို့ က မရိုက်ချင်တော့ မင်းသမီး အသစ် ရှာနေတယ်ပေါ့ ။ အဲဒီ အချိန် မှာ အဲဒီ ဟာ အတွက် ကို လည်း သူတို့ သဘောတူ ရင် ၊ သဘောကျ ရင် တော့ အဲဒီမှာ လည်း ပါရမယ် ၊ ရိုက်ရမယ်ပေါ့ ။ အဲဒါနဲ့ ကျွန်မ တို့ ... ကျွန်မ က အစ က မသိဘူး ။ တစ်ရက် ကျတော့ ကိုကျော်ဟိန်း နဲ့ မစန္ဒာ တို့အိမ်မှာ မိတ်ကပ်တွေ ဘာတွေ လိမ်းကြတယ် ။ လိမ်းပြီး သူတို့ သီချင်းတွေ ဘာတွေ ဖွင့်ပြထားတယ် ကြိုပြီး PlayBack သီချင်း ။ ဒေါ်ခင်ခင် ဆိုတဲ့ ဟာ ။ ပြီးလည်း ပြီးရော အဲဒီမှာ သုခုမခြံ သွားကြ ပြီးတော့ တကယ့် တကယ် Audition , ကျွန်မ က Audition မှန်း မသိတော့ မကြောက်ဘူးပေါ့ နော် ။ Audition သာ ဆိုရင်တော့ ... ။

▢ ကြောက်နေမှာပေါ့ ။

❥ စိတ် က ကြောက် နေမှာပေါ့ ။ Audition မှန်း မသိဘူး ။ ကျွန်မ ရယ် ၊ ကေသွယ်မိုး ရယ် ၊ အဲဒီမှာ နှစ်ယောက် အမူအရာတွေ လုပ်ပြရတာပေါ့ ။ ဇာတ်ဝင်ခန်း တစ်ခန်း ကို လည်း စကား ပြောတဲ့ အခန်း တစ်ခန်း လည်း လုပ်ကြ ရတယ် ။ ပြီးတော့ သီချင်း ဆိုတဲ့ အခါ ကျတော့ သီချင်း တွေ ဘာတွေ ဆို ။ အဲဒါ တွေ လုပ်ပြပြီးတော့ သူတို့ က တကယ့် ကင်မရာတွေ ၊ မီးတွေ နဲ့ တကယ် တော့ အထဲ မှာ တော့ ဖလင် တော့ ပါချင်မှ ပါလိမ့်မယ် ။ တကယ်ရိုက်တဲ့ အတိုင်း ပေါ့ ။ ကျွန်မတို့ ကလည်း အဲဒီမှာ သရုပ်ဆောင် ပြရတာပေါ့ ။ အဲဒီလိုတွေ လုပ်လိုက်ပြီး တော့ မှ မာမီနန်း တို့ က ကျွန်မကို ရွေး လိုက်ပါတယ် ။

▢ ဟုတ်ကဲ့ ။

❥ ရွေးတော့ အဲဒီ လှချင်လျက် စက်စက်ယို ပေါ့ ။ ပထမဆုံး ကား ဖြစ်သွားပါတယ် ။ ကိုကျော်ဟိန်း ၊ ဒေါ်စိန်ခင် ၊ ဝေသာလီ ဦးဘုန်း ၊ ဦးအံ့ကျော် ၊ ဦးချီးဘူး ၊ ဒေါ်အေးကြည် သူတို့ တွေ ပါပါတယ် အဲဒီ ကားမှာ ။

▢ ဟုတ်ကဲ့ ၊ ဒါဆိုရင် “ လှချင်လျက် စက်စက်ယို ” က မမေ ရဲ့ ပထမဆုံး ကားပေါ့ ။

❥ ဟုတ်ကဲ့ ပထမဆုံး ကားပါ ။

▢ အဲဒါဆို ဦးချင်းစိန် ရိုက်တဲ့ ကား က နောက်မှ ထွက်လာတာပေါ့ ။

❥ ဟုတ်ပါတယ် ။ ဒီလိုဆို ချစ်ဘူးကွယ် က နောက်မှ ရိုက်တာပါ ။ ဒါက အရင်ဆုံး ရိုက်တာပါ ။ အဲဒါ ရိုက်နေတုန်းမှာပဲ ဒီလိုဆို ချစ်ဘူးကွယ် ၊ နောက်တစ်ခါ ကိုကျော်ဟိန်း နဲ့ စိန် သို့မဟုတ် စိမ် ကန်တော့ပွဲ တွေ ဘာ တွေ ပေးပါတယ် ။ ဒီကား မထွက်ခင် မှာပဲ စိန် သို့မဟုတ် စိမ် ကလည်း အစ က မစန္ဒာ နဲ့ ရိုက်မလို့ စီစဉ်ထားတယ် ထင်ပါတယ် ။ နောက်တော့ ကိုကျော်ဟိန်း က ကျွန်မ နဲ့ လှချင်လျက် စက်စက်ယို ရိုက် နေရင်းနဲ့ သူ နဲ့ ရိုက်မယ် ဆို စီစဉ်ပြီး ကန်တော့ပွဲ ပေးဖြစ်သွား ပါတယ် ရုပ်ရှင်အစည်း အရုံးမှာ ။

▢ “ စိန် သို့မဟုတ် စိမ် ” တော့ ကျွန်တော်တို့ မှတ်မိတယ်ပေါ့ နော် ။ ရှေ့က စိန် က “ စလုံး ” လုံးကြီးတင် နငယ်သတ် နဲ့ နောက်က စိမ် က “ စလုံး ” လုံးကြီးတင် “ မ ” သတ် နဲ့ “ စိန် သို့မဟုတ် စိမ် ” ။ အဲဒါကတော့ လူငယ်တွေ ကြား မှာလည်း တော်တော် ပေါက်တဲ့ ကားပါ ။

❥ ဟုတ်ကဲ့ ၊ ကိုကျော်ဟိန်း ကလည်း တော်တော် ကြော်ငြာပါတယ် ။ အဲဒါတွေ လည်း ပါမယ် ကျွန်မ ထင်တယ် ။

▢ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ။

❥ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ပန်းဆိုးတန်း မှာ ကြော်ငြာ တွေ ၊ ဘုတ်တွေ စစချင်း အချိန်မှာ သူ က ဘုတ် အကြီးကြီး တစ်ခုမှာ ကြော်ငြာပါတယ် ။ နောက် မဂ္ဂဇင်း တွေ မှာ လည်း ၊ မဂ္ဂဇင်းသုံးအုပ် လောက် မှာ လား မသိဘူး မျက်နှာဖုံး တွေ ထည့်ပါတယ် ။ အဲဒီမှာ လည်း ပရိသတ် က စိတ်ဝင်စား နေတယ် ။ နာမည် လေး ကလည်း ဆန်း တာကိုး ။

▢ ဟုတ်ကဲ့ ၊ “ စိန် သို့မဟုတ် စိမ် ” ဆိုတော့ နာမည် က ဆန်း တယ် ။ အဲဒီမှာ လည်း သူ က လူငယ်အကြိုက် အိုက်တင် တွေ လုပ်တယ် ။

❥ ဟုတ်တယ် ၊ ဟုတ်ပါတယ် ။

▢ အဲဒီတော့ သူ နဲ့ အတူ ပွဲ ပြီးတော့ မမေ ကို လည်း လူသိ များ သွားတယ်နော် ။

❥ ဟုတ်ပါတယ် ။

▢ ဒုတိယ ကား မှာ ကို လူသိ များသွားတာပေါ့နော် ။

❥ ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ။

▢ အဲဒီ ကား က နေ ဆက် ပြီးတော့ နောက် မမေ ရိုက်ခဲ့တာ ဘယ် နှကား လောက် ရှိလဲ ။ ဦးကြီးမြင့် နဲ့ ဘယ်အချိန် မှ တွေ့လဲ ။

❥ ပါးပါး နဲ့ ကျတော့ ကြည်ပြာ က ကျွန်မ ရဲ့ ကား ၃ဝ မြောက် မှာ ။

▢ ဪ ... ၃ဝ မြောက် ။

❥ ကား ၃ဝ မြောက် လောက် ဖြစ်သွားပါပြီ ။ အဲဒီမှာ ကျတော့ မှ ပါးပါး တို့ က လာ ပြီးတော့ အဲဒီ ကြည်ပြာ ဇာတ်ကား ၊ အဲဒီမတိုင်ခင် က တစ်ကား ပြောဖူးပါသေးတယ် ။

▢ ဟုတ်ကဲ့ ။

❥ အဲဒီ တုန်း က တော့ ဦးကြီးမြင့်ကိုယ်ပိုင် မဟုတ်ပါဘူး ။ သိင်္ဂီရုပ်ရှင် နဲ့ လား ၊ တခြား ကုမ္ပဏီ နဲ့လား အဲဒီ ကား က မဖြစ်လိုက်ပါဘူး ။ ဘာကြောင့် လဲ ကျွန်မ မမှတ်မိတော့ဘူး ။ အဲဒီမှာ ပါးပါး နဲ့  စ,သိရပါတယ် ။ နောက်တော့ အဲဒီ ကြည်ပြာ ကိစ္စ မှာ ကျတော့ ပါးပါး က လာပြီး ကမ်းလှမ်းတာမှာ လက်ခံပြီးတော့ ရိုက်ကူး ဖြစ်ပါတယ် ။

▢ ဟုတ် ... ဟုတ် ။

❥ အဲဒါ က တော့ မန္တလေး မှာပါ ။

▢ ဟုတ် ... မန္တလေး မှာ မိဘမဲ့သီလရှင်ကျောင်း မှာ နော် ။

❥ ဟုတ်ကဲ့ ၊ သီလရှင်ကျောင်း မှာ ။

▢ ဟုတ်ကဲ့ ၊ မမေ အဲဒီ ကား ရိုက်တဲ့ အချိန်မှာ ဘယ်လိုများ ထူး ထူးခြားခြား စိတ်နှစ် ထားလဲ မသိဘူး ။

❥ အဲဒီ ကားလေး ကလေ အဲဒီတုန်းက ကျွန်မတို့ ရောက်တဲ့ အချိန် မှာ ကျောင်း က လည်း တကယ့်ကျောင်း ၊ ကလေးတွေ လည်းရှိတယ် မိဘမဲ့ ကလေး တွေ ။ သူ က မိန်းကလေးတွေ ချည်း ပဲ လက်ခံတာ ။ အဲဒီ ကျောင်း က မိန်းကလေး မိဘမဲ့ကျောင်း ။ သီလရှင်ဆရာကြီး ၊ ဆရာလေးတွေ ကနေ ပြီးတော့ အုပ်ချုပ်ပြီးတော့ နောက် ... ကြီး တဲ့ ကလေးတွေ က နေ ပြီးတော့ ငယ် တဲ့ ကလေး တွေ ကို အုပ်ချုပ်ပြီး ... ။

▢ တစ်ဆင့် ပြီး တစ်ဆင့် ပေါ့ ။

❥ ဟုတ်ကဲ့ ၊ တစ်ဆင့် ပြီး တစ်ဆင့် ။ ကျွန်မ ရုပ်ရှင် ထဲ မှာ ပါတဲ့ အတိုင်း ပေါ့ ။ အဲဒီလိုလေးတွေ ပြန်ပြီး စောင့်ရှောက် သွားတာ ။ အဲဒီဟာ ဆိုလည်း ကလေးတွေ ကို လည်း တကယ် မြင်နေရတယ် ။ အဲဒီတော့ အထူးအထွေ ပိုပြီးတော့ ... ။

▢ Mood ထည့်စရာ မလိုဘူးပေါ့ ။

❥ ဟုတ် ... ဟုတ် ၊ Mood ထည့်စရာတောင် မလိုပါဘူး ။ ဟုတ်ကဲ့ Mood က အလိုလို ဝင်သွားပါတယ် ။

▢ စိတ် က အလိုလို ဝင်သွားတာပေါ့နော် ။

❥ ရိုက်တော့ လည်း အဲဒီ ကျောင်း မှာပဲ .. ကိုထွန်းထွန်းဝင်း နဲ့ပါ ။

▢ ဟုတ် ... ဟုတ်ကဲ့ပါ ။ အဲဒီ ကား က မမေ အတွက် အကယ်ဒမီ ရခဲ့တဲ့ ကားပေါ့နော် ။

❥ ဟုတ်ကဲ့ပါ ။

▢ ဘယ်နှခုနှစ် အတွက်လဲ ခင်ဗျာ ။

❥ ၈ဝ ခုနှစ် အတွက် ရိုက်တာကိုး ။ ၈၁ ခုနှစ် မှာ ပေးပါတယ် ။

▢ မမေ အတွက် ပထမဆုံး အကယ်ဒမီ ပေါ့နော် ။

❥ ဟုတ်ကဲ့ ပထမဆုံး ပါ ။ ပထမဆုံး နဲ့ နောက်ဆုံး ပေါ့လေ ။ ဟုတ်ကဲ့ ( ရယ်လျက် ) ။

▢ အဲဒီ ကား မှာ မမေ ရဲ့ သရုပ်ဆောင်ချက် က တော်တော်ကြီး လည်း အသက်ဝင် ပါတယ် ။ မိဘမဲ့ကလေးကျောင်း ဆိုတာနဲ့ Match ဖြစ်တယ်ပေါ့ နော် ။ မမေမု နဲ့ အဆင်ပြေတယ်ပေါ့နော် ။

❥ ဟုတ်ကဲ့ ... ဟုတ် ။

▢ နောက် ... ကျွန်တော် မှတ်မိတာ ကိုဝဏ္ဏ နဲ့ ရိုက်တဲ့ “ ချစ်တဲ့ သူငယ်လေ ” ။

❥ ဟုတ်ကဲ့ပါ ။

▢ “ ချစ်တဲ့ သူငယ်လေ ” က ကိုရူပ နဲ့ သရုပ်ဆောင် တာနော် ။

❥ ဟုတ်ကဲ့ ၊ ကိုရူပ နဲ့ ပါ ။

▢ ဒါကတော့ လူငယ်စရိုက်လေး ပေါ့နော် ။ ကိုရူပ နဲ့ မမေ နဲ့ ။

❥ ဟုတ်ကဲ့ ၊ ကိုရူပ က လည်း မင်းသား အသစ် ပါ ။ မင်းသားအသစ် တင် ရိုက်တာပေါ့ ။ ဇာတ်လေးကတော့ ကိုဝဏ္ဏ သူကိုယ်တိုင် ရေးတဲ့ ဝတ္ထုလေး ပါ ။ အဲဒီ ဝတ္ထုလေး ကို ရိုက်တာပါ ။

▢ မမေ က တကယ် စည်းကမ်းကြီးတယ် ဆိုတဲ့ ပါးပါး နဲ့ လည်း ရိုက်ဖူးတယ် ၊ ဦးကြီးမြင့် နဲ့ ရိုက်ဖူးတယ်ပေါ့နော် ။

❥ ဟုတ် ... ဟုတ်ပါတယ် ။

▢ ကိုဝဏ္ဏ က လည်း ရုပ်ရှင် ရိုက်ရင် တော်တော်လေး စည်းကမ်း ကြီးတယ် လို့ ကြားတယ် ။

❥ ဟုတ်ပါတယ် ၊ ကိုဝဏ္ဏ နဲ့ က ဒါက တကယ့် တကယ် ပထမကား မဟုတ်ပါဘူး ။

▢ ဪ ... ။

❥ ပထမ ကား က အတ္ထမဆန်လိုသောအတ္တ ဆိုတဲ့ ကားပါ ။

▢ ဟုတ်လား ။

❥ အဲဒီ ကား က ဦးညွန့်ဝင်း ၊ ဒေါ်နွဲ့နွဲ့မူ ၊ ကိုသုမောင် နဲ့ ကျွန်မ ပါ ။ အဲဒီမှာ ကိုဝဏ္ဏ နဲ့ ပထမဆုံး ရိုက်တာပါ ။

▢ ဪ ... ဩော် ။

❥ အဲဒီ ကား အဲဒီမှာ ကိုဝဏ္ဏ နဲ့ ပထမဆုံး ရိုက်ဖူးတာ ။ အဲဒီ ရိုက်ဖူးတဲ့ အချိန် မှာ ကျွန်မ အဖြစ်အပျက်ကလေး တစ်ခု ကို ပြန်ပြီးတော့ ပြောရမယ် ဆိုရင် အဲဒီနေ့ က ရုပ်ရှင်မြှင့်တင်ရေး မှာ ရိုက်တာပါ ။ ရိုက်တဲ့ အခါကျတော့ ကျွန်မ နဲ့ ကိုသုမောင် အခန်းလား မသိဘူး ရိုက်တော့ Over the Shoulder Shot တွေ ရိုက်တယ် ။ ရိုက်တဲ့အခါ ကျတော့ ကျွန်မ တို့ ထုံးစံ အရ က ကိုယ် က မလုပ်ပေမဲ့ လည်း တစ်ခါတလေ Camera Person တွေ က ပြောတယ် ။ အစ်မ နည်းနည်းလေး ကင်မရာ ခိုးပေးပါ ။ နောက် က ရိုက် နေပေမဲ့လည်း ကိုယ့် မျက်နှာ ကို ပေါ်အောင် နည်းနည်း ဒီလိုလေးတွေ ဘာတွေ နေရတယ်လေ ။ ကိုဝဏ္ဏ နဲ့ ကျတော့ ကျွန်မ က အဲဒီလို ပဲ လုပ်တော့ ကိုဝဏ္ဏ က ပြောတယ် ။ ကင်မရာ မခိုးနဲ့ တဲ့ ။ ရိုးရိုး ပဲ နေ ၊ ရိုးရိုး ပဲ သရုပ်ဆောင် ဆိုပြီးတော့ ကျွန်မ ကို ပြောတယ် ။ ကျွန်မ ကလည်း Happy , ဘာလို့လဲ ဆိုတော့ တချို့ကျတော့ ဂရုစိုက် ပြီးတော့ လုပ်ပေးရတာလေ ။ ဒါကျတော့ သဘာဝ အတိုင်းပဲ မင်းသား နဲ့ ပြောနေရုံပဲ ။ ဒီဟာ ကို သိပ် ပြီးတော့ ဂရုစိုက်စရာ မလိုတော့ဘူး ။ ကျွန်မ အဖို့က ပြဿနာ မရှိဘူး ။ အဲဒီတော့ ပျော်ပျော်ရွှင်ရွှင် ပဲ ၊ ဟုတ်ကဲ့ပါ ။ သူ က လည်း အဲဒီလို သဘာဝကျကျလေး ကြိုက်တယ် ဆိုတော့ သူ အဲဒီလိုလေး သင်ပေးဖူးပါတယ် ။ မှတ်မှတ်ရရ ပေါ့ ။ ကိုဝဏ္ဏ က စည်းကမ်း ရှိတယ်ဆိုတော့ ။

▢ ဟုတ် ... ဟုတ်ကဲ့ ။ ဒါက ကိုဝဏ္ဏတို့ သာဓုအုပ်စု ရဲ့ သဘာဝ ကျကျပေါ့နော် ။

❥ ဟုတ်ကဲ့ ၊ သဘာဝကျမှုပေါ့နော် ။

▢ မမေ ကင်မရာ ခိုးထား ရင် ခိုးထားမှန်း သိသာတယ်ပေါ့ ။

❥ ဟုတ်ကဲ့ ၊ ခိုးစရာ မလိုဘူးတဲ့ ဘာမှ ပြဿနာ မရှိဘူး ။ တစ်ခါတလေ ကျတော့ ကင်မရာမဲန်းတွေ က ခိုး ခိုင်းတော့ ကိုယ် က အကျင့် ဖြစ်နေတာပေါ့ နော် ။ ကိုယ် က လုပ်မိတာပေါ့ နော် ။ အဲဒီတော့ သူ က မလုပ်နဲ့ ဆိုတော့ ကိုယ် ကလည်း အိုကေ ဆိုပြီး ရိုးရိုးပဲ လုပ်ပါတယ် ။

▢ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ။

❥ လေးလေးစားစား ကိုဝဏ္ဏ နဲ့ ရိုက်ရတာ အဆင်ပြေပါတယ် ။ သူ့ ကိုလည်း လေး လည်း လေးစားပါတယ် ။ အများကြီးလေ ။

▢ ဟုတ်ကဲ့ ၊ ခုနက မမေ ပြောတဲ့အတိုင်း ဆိုရင် ပထမဆုံး စိတ်ဝင်စားတာ က ဦးဝင်းဦး လို့ ပြောရမယ်နော် ။ ဘာဖြစ်လို့လဲ ဆိုတော့ စန္ဒာမျက်နှာဖုံး ခေါ်ရိုက်တာ ။

❥ ဟုတ် ၊ ဦးဝင်းဦး က နောက်ပိုင်း တစ်ချိန် မှာ ပြောပါတယ် ။ သူ က ဒီ မချို နဲ့ ရိုက်ထားတဲ့ ကားလေး က ဒေါ်တင်တင်မြ နဲ့ ..

▢ “ တစ်ကျော့နှစ်ကျော့ တေးကိုသီ ” ။

❥ တစ်ကျော့နှစ်ကျော့ တေးကိုသီ မှာ တောင် သူ နည်းနည်း စဉ်းစားပါသေးတယ် လို့ ပြောပါတယ် ။

▢ ဟုတ်ကဲ့ ... ဟုတ် ။

❥ ဒါပေမဲ့ သူ က အဲဒီ အထဲ မှာ ... ။

▢ သီချင်း ဆိုတာ ... ။

❥ မဟုတ်ဘူး ၊ အရက်တွေ မူးပြီးတော့ မချို နဲ့ မှောက်မှား သွားတဲ့ အခန်းလေး ပါတော့ သမီး က နည်းနည်းလေး ငယ် နေတယ်တဲ့ ။ ဒီလို အခန်းလေး ရိုက်ဖို့ အခါကျတော့ ... ။

▢ မသင့်တော်ဘူး ။

❥ နည်းနည်းလေး ငယ်နေသေးတယ် တဲ့ ။ အဲဒါကြောင့် သမီး ကို မရိုက်သေးဘူး တဲ့ အဲဒီလို ပြောပါတယ် ။ ဦးဝင်းဦး နဲ့ ကျွန်မ ရိုက်ဖူးပါတယ် ။ တစ်ကား ။

▢ ဟုတ်လား ... ဪ ။

❥ နှစ်ယောက်တည်း နေချင်တယ် ဆိုတဲ့ ကား ။ ဟိုတုန်းက သူ့ ရဲ့ နှစ်ယောက်တည်း နေချင်တယ် ကို ပြန် ရိုက်တာပါ ။ ဒေါ်ချိုပြုံးရယ် ၊ ကိုအေးမင်းဝင်း ရယ် ။

▢ ဟုတ်တယ် အေးမင်းဝင်း ... အေးမင်းဝင်း ။

❥ ကိုအေးမင်းဝင်း ရယ် ၊ ကျွန်မ ရယ် ၊ သတိုးစော ရယ် ။ သတိုးစော က တော့ အငယ် နေရာ ကပေါ့ ။ ဦးဝင်းဦး က ဒါရိုက်တာ ပါ ။ အဲဒီမှာ ရိုက်ဖူးတာပါ ။ ကျွန်မက မဒေစီကျော်ဝင်း ၊ မဒေစီ ရဲ့ နေရာပါ ။ သမီး နေရာ ပေါ့ ။

▢ မချို ရဲ့ သမီး နေရာပေါ့ ။

❥ ဟုတ် ၊ သမီး နေရာ က ပါ ။ စိန်မောင်စတူဒီယို မှာ ရိုက်တာပါ ။

▢ မချို က တင်တင်မူ နေရာ က ။

❥ ဟုတ်ပါတယ် ။ ကိုအေးမင်းဝင်း က ဦးဝင်းဦး နေရာ ၊ ကျွန်မ က ဒေါ်ဒေစီကျော်ဝင်း နေရာ ၊ ဦးဝင်းဦး နဲ့ ရိုက်ဖူးလိုက်ပါတယ် ။

▢ ဪ... ရိုက်ဖူးလိုက်တယ်ပေါ့နော် ။

❥ ဟုတ်ကဲ့ပါ ။

▢ သူ ဒါရိုက်တာ အဖြစ်နဲ့ ရိုက်ဖူးလိုက်တာပေါ့ ။ သရုပ်ဆောင် အဖြစ်နဲ့ တော့ မတွဲဖူးဘူးပေါ့ ။

❥ ဟုတ်ကဲ့ ၊ သရုပ်ဆောင် အဖြစ် နဲ့ မတွဲဖြစ်လိုက်ပါဘူး ။

▢ အရင်တုန်းက နှစ်စဉ်နှစ်တိုင်း လိုလို ရုပ်ရှင်အစည်းအရုံး က ပြဇာတ်တင်ဆက် ပြီးတော့ ရန်ပုံငွေ ရှာတာတွေ ဘာတွေ ရှိဖူးတယ်လေ ။ ရုပ်ရှင်အစည်းအရုံး ရန်ပုံငွေလေ ။

❥ ဟုတ်ကဲ့ ၊ ဟုတ် ။

▢ မမေ က,ဖူးသေးလား ။

❥ ကျွန်မ ကဖူးပါတယ် ။ မှတ်မှတ်ရရ ဆို အဲဒီတုန်း က ရွှေတိဂုံဘုရား က ငလျင်လှုပ် တော့ ထီးတော် စောင်း သွားပါတယ် ။

▢ ဟုတ် ... ဟုတ် ။

❥ အဲဒီ အချိန်တုန်း က ကျွန်မ တို့ ရွှေတိဂုံဘုရား ရန်ပုံငွေကပွဲ ၊ အဲဒီ ဘုရားခြေရင်း မှာပဲ ။ အဲဒီမှာ က,ဖြစ်ပါတယ် ။ အဲဒီတုန်း က စစချင်း မှာ အစီအစဉ် နှစ်ခု မှာ ကျွန်မ ပါ,ပါတယ် ။ ဘဘဦးသုခက ဒါရိုက်တာ ။ ဦးသုခ ရဲ့ ရွှေတိဂုံဘုရားသမိုင်း ထဲ မှာ ကျွန်မ က ဝသုန္ဒရီနတ်သမီး လုပ်ရတယ် ။ ကျွန်မ က ဆံပင် ကို ရေတွေ နဲ့ ညှစ် လိုက်တာ ။ မာရ်နတ် က လာပြီး ဘုရား ကို တိုက်ခိုက်နှောင့်ယှက် တဲ့ အချိန် မှာ ဝသုန္ဒရီက ရေတွေ နဲ့ ညှစ်လိုက်တဲ့ အချိန်မှာ အကုန်လုံး က ရေတွေ နဲ့ မျောပါသွားကြတယ် ။ အဲဒီ အခန်း မှာ သရုပ်ဆောင် ရတယ် ။

▢ ဟုတ် ... ဟုတ် ။

❥ ဘဘဦးသုခ ကိုယ်တိုင် သင်ပေးပါတယ် အဲဒီမှာ ။

▢ ကျွန်တော် ထင်တယ် ။ အဲဒါက ရွှေတိဂုံ အနောက်ဘက်မုခ် က လပြည့်ဝင်း ဆိုတဲ့ ဇာတ်ရုံ ၊ ဒီလို နိမ့်လျှော နေရာ ထင်တယ် ။

❥ ဟုတ်မယ် ထင်တယ် ။ အဲဒါတော့ သေချာ မမှတ်မိဘူး ။ ဘုရား ခြေရင်း မှာ ဆိုတာတော့ မှတ်မိပါတယ် ။ ဇာတ်ရုံကြီး လည်း ဆောက်တယ် ထင်ပါတယ် ။

▢ အနောက်ဘက်မုခ် မှာပေါ့ ။

❥ ဟုတ်ကဲ့ အနောက်ဘက်မုခ် ။
နောက် တစ်ခု က အလှကိုယ်စီ ရှိ ကြသည် ဆိုတဲ့ ယိမ်းအကလေးပါ ။ အဲဒီမှာ မင်းသမီးတွေ အများကြီးပေါ့ ။

▢ ဟုတ်ကဲ့ ။

❥ အဲဒီ ယိမ်း မှာ တစ်ခု ၊ ပထမ နှစ်ခု နောက်ပိုင်း ကျတော့ က,နေရင်း နဲ့ ကိုဆန်းဝင်း က အဲဒီတုန်း က နှစ်ပါးခွင် တစ်ခုပါ ပါတယ် ။

▢ နှစ်ပါးခွင် ဟုတ် ... ဟုတ် ။

❥ နှစ်ပါးခွင် မှာ ဒေါ်မြင့်မြင့်ခိုင် နဲ့ ဒေါ်တိုးတိုးလွင် တို့ နှစ်ယောက် နဲ့ က,ပါတယ် ။ က,နေရင်း နဲ့ မင်းသား က ပြောပါတယ် ။ ခွင်က ကြီး နေ ပြီးတော့ မင်းသမီး က နည်း နေတယ် ဆိုတော့ မလှဘူးပေါ့နော် ။ အဲဒီတော့ မင်းသမီး နှစ်ယောက် ထပ်ထည့် ပေးပါဆိုတော့ မာမီနန်း တို့ ကလည်း အဲဒီအချိန်မှာ ရုပ်ရှင်အစည်းအရုံး က လူကြီးတွေ ဆိုတော့ အဲဒါနဲ့ သူလည်း သူ့ ရဲ့ ကိုယ်ပိုင် မင်းသမီးတွေပေါ့ ၊ ကျွန်မ နဲ့ ကေသွယ်မိုး ကို ထပ် ထည့်လိုက်ပါတယ် ။

▢ ဟုတ်ကဲ့ ... ဟုတ် ။

❥ ထပ် ထည့် လိုက်တော့ ကျွန်မ တို့ လေးယောက် ဖြစ်သွားပါတယ် ။ လေးယောက် ဖြစ်သွားတော့ ကိုဆန်းဝင်း က ပဲ အိမ် မှာ လာပြီးတော့ ကျွန်မ တို့ ကို အက သင်ပေးပါတယ် ။ သင်ပေး ပြီး နောက်တော့ က,ရင်း နဲ့ ဦးညွန့် ဝင်း ပါ ပါလာပါတယ် ။ နောက်ပိုင်း ကျတော့ မင်းသား နှစ်လက် ဖြစ်သွားတယ် ။

▢ ဪ ... ဟုတ် ၊ ဟုတ် ။

❥ ကျွန်မတို့ က တော့ အစက ကိုဆန်းဝင်း နဲ့ ပဲ ဆိုပြီးတော့ သဘောတူ ပြီးတော့ တိုက်ကြပါတယ် ။ နှစ်ခု မှာတော့ ပါပြီး နေပြီ ။ ဒါပေမဲ့ ကိစ္စ မရှိဘူး ။ ကိုယ့်ရဲ့ မာမီနန်း က လည်း ခိုင်းတယ် ဆိုတော့ ကိစ္စ မရှိဘူး ဆိုပြီးတော့ ဦးညွန့်ဝင်း ပါ ပါလာတယ် ။ ပိုမြိုင် သွားတာပေါ့ ။

▢ ဒါပေါ့ ။

❥ မင်းသား နှစ်လက် ၊ မင်းသမီး က လေးလက် ပေါ့ ။

▢ ဒါတောင်မှ မင်းသမီး လေးလက် ဆိုတာတောင် နည်းသေးတယ် ။

❥ နည်းသေးတယ် ။ တကယ့် ဇာတ် နဲ့ ယှဉ်ရင်တော့ နည်းပါတယ် ။ ဟုတ်ကဲ့ ။ ခွင် က မလှဘူး တဲ့ ။ မင်းသမီး သိပ် နည်းတယ် ဆိုတော့ နှစ်ယောက် ထပ် ထည့်လိုက်တာပါ ။

▢ ဟုတ်ကဲ့ ။

❥ အဲဒီမှာ ပါဖူးပါတယ် ။

▢ ဒါလေးတွေ က အမှတ်တရလေးတွေပေါ့ ။

❥ ဟုတ်ပါတယ် ။

▢ မမေ ကားတွေ တောက်လျှောက် ရိုက်ခဲ့ပြီးတဲ့ အခါ မှာ အေဝမ်း အုပ်စု နဲ့ တွဲဖူးတယ်နော် ။

❥ အေဝမ်းအုပ်စု နဲ့ က ခေတ္တရာ ခရီးသည် ဆိုတဲ့ အဲဒီ ကား ကလည်း မှတ်မှတ်ထင်ထင် ပါပဲ ။ ဘာလို့လဲ ဆိုတော့ သူတို့က ရန်ကုန်ကနေ ပြည် ကို သွားကြတာ ။ အမှန်မှာ တစ်ရက်တည်းနဲ့ ရောက်ရမယ့် ခရီး ။ ဒါပေမဲ့ လမ်းမှာ အမျိုးစုံတွေ ဖြစ်ပြီးတော့ ဆယ်ရက် လောက်ကြာသွားတယ် ။

▢ ဟုတ် ... ဩော် ။

❥ ဆယ်ရက် လောက် ကြာသွားတော့ ဆင်ဆာတွေ ဘာတွေ တော်တော် ပြဿနာ တက်လိုက်သေးတယ် ။ သူတို့ ရဲ့ ရည်ရွယ်ချက် က ဘာလဲပေါ့နော် ။ နောက်က Between the Line ပေါ့နော် ၊ ပြောမထားပေမဲ့  Between the Line ရဲ့ မီးနင်း က ဘာလဲ ဆိုပြီးတော့ ဆင်ဆာ က တွေးလား မသိဘူး ။

▢ ဪ ... ။

❥ အဲဒီတော့ အဲဒီ ကား ရဲ့ တော်တော်လေး ကြာ သွားပါသေးတယ် ဆင်ဆာ မှာ ။ ဒါပေမဲ့ နောက်ဆုံးတော့ ။

▢ Pass ဖြစ်သွားတယ် ။

❥ ဟုတ်ကဲ့ ၊ Pass ဖြစ်သွားပါတယ် ။

▢ မှတ်မိတယ် ။ အဲဒီ ကား လည်း “ ခေတ္တရာ ခရီးသည် ”... ။

❥ ခေတ္တရာခရီးသည် ဟုတ်ကဲ့ ။ ဌေးဌေးစိန် လည်း ပါတယ် မင်းသမီး နောက် တစ်လက် က ။ သမန်းကျား အဖွဲ့ ရယ် ၊ ကျွန်မ ရယ် ၊ ဌေးဌေးစိန် ရယ် ။

▢ ဟုတ်ကဲ့ ၊ နောက် ကား တစ်ခု ကျွန်တော် မှတ်မိသေးတယ် ။ “ သဘင်သည် မဝင်ရ ” ဆိုပြီးတော့ ကောလိပ်ဂျင်နေဝင်း နဲ့ ရိုက်နေတဲ့ ကား ။ ရိုက် နေရင်း တန်းလန်းမှာ ဦးနေဝင်း ဆုံးသွားတယ် ။

❥ ဟုတ်ပါတယ် ။

▢ ဆုံးသွားတော့ ဦးနေဝင်း နေရာမှာ ဦးစိန်မြင့် ဝင်လာ ပြီးတော့ ဆက် ရိုက်ကြတယ်ပေါ့နော် ။

❥ ဟုတ်ပါတယ် ။

▢ ကြား မှာ တော့ သူတို့ အသုဘအခမ်းအနား ပြလိုက်တယ်နော် ။ အဲဒီမှာ မင်းသား ပြောင်း လိုက်တယ်ပေါ့ ။

❥ ဟုတ်ပါတယ် ။ အဲဒီ ကားလေး ကျွန်မ ဟိုတလော က တောင် YouTube မှာ တွေ့လို့ ကြည့်လိုက်ပါ သေးတယ် ။ အရင် က မကြည့်ဖူးဘူး ။

▢ ဟုတ် ၊ ဟုတ်ကဲ့ ။

❥ အခု ဟိုတလော က မှ ကြည့်လိုက်ရပါတယ် ။

▢ ဟုတ်ကဲ့ ၊ အဲဒီမှာ လည်း မင်းသမီး အဖြစ် သရုပ်ဆောင် ရတာပေါ့နော် ။

❥ ဟုတ်ပါတယ် ။ သူ က ဒီလို ။ အဖေ က ... ဦးနေဝင်း နဲ့ ဒေါ်အေးအေးသင်း က လင်မယား ။ မအေး က ကတယ် ။ မအေး က အငြိမ့်မင်းသမီး ထင်တယ် အဲဒီဇာတ်မှာ ။ က,ရင်း နဲ့ ဦးအံ့ကျော်ကြီး က အငြိမ့်ဆရာ လား မသိဘူး ။ အငြိမ့်ဆရာ တော့ မဟုတ်ဘူး ။ ငွေ ထုတ်တဲ့ သူလား မသိဘူး ။ သူ က မအေး ကို သဘောကျ တော့ အဲဒီလို လုပ်နေရင်း နဲ့ တစ်ချိန်ကျတော့ မအေး ကို ခိုးပြေး သွားတာ ။ အဲဒီမှာ သမီးလေး တစ်ယောက် ရှိတယ် ။ မအေး က တကယ့်တကယ် အလိုတူ တော့ မဟုတ်ပေမဲ့ ပါသွားတော့ အဲဒီမှာ ဦးနေဝင်း က သမီးလေး ကို သူတစ်ယောက် တည်း ပြုစုပျိုးထောင်ကျန်ခဲ့တော့ အရမ်း စိတ်နာသွားတယ် ။ စိတ်နာ သွားတော့ သူ့ အိမ်ရှေ့ မှာပါ “ သဘင်သည် မဝင်ရ ” ဆိုပြီးတော့ ဆိုင်းဘုတ် လုပ်ထားတယ် ။ သမီး ကို ပါ သဘင် နဲ့ ပတ်သက်တာ ဘာမှ မလုပ်ခိုင်းဘူး ။ ဘာမှ မလုပ်ခိုင်းတာ ။

▢ ဟုတ်ကဲ့ ။

❥ သမီး က လည်း အမေ ရဲ့ သွေးပါလာတော့ မရဘူး ။ မက,ဘဲ မနေနိုင် ဘူး ။ ကျောင်းကပွဲတွေ မှာလည်း ခိုးက , အဲဒီ လုပ်တာပေါ့ ။ ဇာတ်မှာ ပါ သူ က ကျိတ်ပြီးတော့ သင် ။ ကိုထွန်းထွန်းနိုင် နဲ့ ။ ကိုထွန်းထွန်းနိုင် က သူ က ပါရမီဖြည့်ဖက်ပေါ့ ။ ကျောင်း က သူငယ်ချင်း လည်း ဖြစ်တယ် ။ ဇာတ်တွေ ဘာတွေ လုပ်တော့လည်း သူ က လုပ်ပေးရင်းနဲ့ ခိုးက,တာ ။ အဲဒီမှာ ဦးနေဝင်း က သိသွားတာ ။

▢ သိသွားတော့ ... ။

❥ သိသွားတော့ ဒေါသူပုန် ထ,တာပေါ့ ။ အဲဒီလို ဖြစ်တာ ။ အဲဒီမှာ ရိုက်နေရင်းမှာ ပဲ ဦးနေဝင်း ဆုံးသွားတာ ။

▢ ဦးနေဝင်း ဆုံးသွားတာ ။

❥ ကျွန်မတို့ မန္တလေး မှာ သွား ရိုက်တာ ။ ကိုနေဝင်း နဲ့ ဆင်း ( န) တွေ က မန္တလေး မှာ ရိုက်တာတွေပါ ။ ဆုံး သွားတော့ ကြား ထဲ မှာ အဲဒီ ကား တော်တော်လေး ကို ဟ,နေတယ် ။

▢ ဟုတ်တယ် ... ဟုတ်တယ် ။

❥ နောက်တော့ မှ ဦးစိန်မြင့် နဲ့ ပြန်ရိုက်တာ ။ ဒါပေမဲ့ ဟို တစ်နေ့ က ကျွန်မ ပြန် ကြည့်တော့ ဦးနေဝင်း ဆုံး သွားတယ် စာတန်း ထိုးတယ် ။ အသုဘ အခမ်းအနား အကြောင်း ။

▢ ဟုတ်တယ် ။

❥ နောက် ဦးစိန်မြင့် နဲ့ ဇာတ်ဝင်ခန်းတွေ ဆက် ပြတယ် ။ စိတ် ထဲ မှာ အတူတူပဲ ဆက်ပြီးတော့ ခံစား သွားလို့ ရတယ် ။ ခံစားလို့ ရတယ် ။

▢ ဟုတ်ကဲ့ပါ ၊ ဟုတ် ... ဟုတ် ။

❥ မဆိုင်ဘူး ... ဦးနေဝင်း လည်း မဟုတ်တော့ပါလား ဆိုပြီး ဖြစ်မသွားဘူး သိလား ။ မကွာဘူး ။

▢ ဟုတ်တယ် ၊ ရောသွားတာ ၊ ရောသွားတာ ။

❥ ဦးစိန်မြင့် က လည်း တော်တယ် ။ သူတို့ သရုပ်ဆောင် တာ က လည်း ကောင်းတယ် ဆိုတော့ ဆက်ပြီး ခံစား သွားလို့ ရတယ် ။ ကျွန်မ အဲဒါကြည့်ပြီး ကျွန်မ တော်တော်လေး သဘောကျ သွားတယ် ။

▢ ခုန်မသွားဘူး ။

❥ ဟုတ်ကဲ့ ၊ တစ်မျိုးကြီး ဖြစ်မသွားဘူး ။ ပရိသတ် အတွက် ကလေ အရသာ မပျက်သွားစေပါဘူး ။

▢ ဟုတ်ကဲ့ ... ဟုတ် ။ ကျွန်တော် တို့ “ ခိုင်မာလာနှင်းဆီ ” လို ပေါ့ ။ ဦးဝင်းဦး ဆုံးသွားတဲ့ အခါကျတော့ ရန်အောင် ဝင် လာတယ် ။

❥ ဟုတ်ကဲ့ ၊ အဲဒီ သဘောပါပဲ ။ ခိုင်မာလာနှင်းဆီ တော့ ကျွန်မ မကြည့်လိုက်ဘူး ထင်တယ် ။ဟုတ်ကဲ့ ... ဒီသဘောပဲပေါ့ ။

▢ ဟုတ်ကဲ့ ၊ မမေ ရိုက်ဖူးတဲ့ ကားပေါင်းများ မှတ်မိလား မသိဘူး ။

❥ ရုပ်ရှင်ကား ကတော့ ၆ဝ ကျော် ပါတယ် ။ ၆ဝ ကျော် လောက် ရှိပါတယ် ။ အဲဒီ အထဲမှာ Black & White တွေ ချည်းပဲ ။ ကာလာတစ်ကား ပဲ ပါတယ် ။ သိန်းသုံးဆယ် နဲ့ လူစိမ်းတစ်သိုက် ။

▢ “ သိန်းသုံးဆယ် နဲ့ လူစိမ်းတစ်သိုက် ” ။

❥ အဲဒီ တစ်ကား ပဲ ကာလာ ဖြစ်သေးတယ် ။ နောက်ပိုင်း ဗီဒီယိုတွေ ပေါ့ ။ ဗီဒီယိုကားတွေ က တော့ ၃ဝ ကျော် လောက် ရှိပါမယ် ။

▢ ဟုတ်ကဲ့ပါ ။

❥ ဗီဒီယိုတွေ ကတော့ ကာလာ နဲ့ ပေါ့နော် ။

▢ “ သိန်းသုံးဆယ် နဲ့ လူစိမ်းတစ်သိုက် ” မှာ ကျော်သူ နဲ့ ပေါ့နော် ။

❥ ကိုကျော်သူ ဟုတ်ကဲ့ ။ အမျိုးသားရုပ်ရှင် ကပါ ။ ကျွန်မ နောက်ပိုင်း အမျိုးသားရုပ်ရှင် နဲ့ လည်း ကား တော်တော် ရိုက်ဖြစ်ပါတယ် ။ ၁၀ ကား လောက် တောင် ရှိမလား မသိဘူး ။

▢ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ။

❥ ချိုကြီး ချိုလေး တို့ ၊ ပဝါနီနီ တို့ ၊ ဒိုး တို့ အဲဒီလို ကားတွေ ။

▢ ဟုတ်တာပေါ့ “ ဒိုး ” ။

❥ ဒိုး လည်း ပါတယ် ။ ၁ဝ ကားလောက် ရှိပါတယ် ။ သိန်းသုံးဆယ် က တော့ ကျွန်မ ရဲ့ ပထမဆုံး ဆေးရောင်စုံကား ပါ ။ ပထမဆုံး နဲ့ နောက်ဆုံး ပေါ့ ။ ဗီဒီယိုတွေ မပါရင်ပေါ့နော် ။ ကားကြီးတွေ ချည်းပဲ ။

▢ ဟုတ်ကဲ့ ၊ ကာလာ နဲ့ ပေါ့ ။ “ သိန်းသုံးဆယ်နဲ့. လူစိမ်းတစ်သိုက် ” က ဦးလှမျိုး ထင်တယ် ။

❥ ဟုတ်တယ် ။ ဦးလှမျိုး ပါ ။ ဟုတ်ကဲ့ ... ဦးလှမျိုး လည်း ရှိပါသေးတယ် ... အဲဒီတုန်းက ။

▢ ကျော်သူ ခေတ် ကို လည်း မမေ မီခဲ့တယ် ။

❥ ဟုတ်ကဲ့ပါ ။

▢ ကျော်သူ နဲ့ စင်ပြိုင်လို့ ပြောလို့ ရတယ်ပေါ့နော် ။ ကျော်သူ ၊ စိုးသူ ၊ ပြေငြိမ်း ပေါ်လာတယ်ပေါ့ ။ ပြေငြိမ်း နဲ့ လည်း ရိုက်ဖူးလား ။

❥ ဟုတ်ကဲ့ ၊ ကိုပြေငြိမ်း နဲ့ လည်း ရိုက်ဖူးပါတယ် ။ ရုပ်ရှင်ကားကြီး လည်း ရိုက်ဖူးပါတယ် ။ ဗီဒီယို လည်း ရိုက်ဖူးပါတယ် ။ ရုပ်ရှင်ကားကြီး က တော့ ဦးအောင်မြင့်မြတ် ရိုက်တာပါ ။ ဒီမျက်နှာလေးကို ချစ်တာ ဆိုတဲ့ ကား ။

▢ ဟုတ်ကဲ့ ...ဟုတ် ။

❥ ဟုတ်ကဲ့ ၊ အဲဒီ ကား မှာ တော့ ကျွန်မ က နှစ်ကိုယ်ခွဲ ပေါ့ ။ ကိုပြေငြိမ်း နဲ့ ပါ ။

▢ ပြေငြိမ်း နဲ့ တစ်ကား ပဲ လား ။

❥ ကားကြီး က တော့ အဲဒီ တစ်ကား ပဲလား မသိဘူး ။ သိပ် မမှတ်မိဘူး ။ နောက် ဗီဒီယို မှာ တော့ မြန်အောင်မြစိန် ရိုက်တာ ။ မြန်အောင်မြစိန် ရိုက်တဲ့ ကား က ကား နာမည် တောင် မေ့နေပြီ ။ YouTube မှာ ရှိပါတယ် ။ ကိုပြေငြိမ်း နဲ့ အဲဒီမှာ လှလှမိုး လည်း ပါပါတယ် ။ အဲဒီ ကား တစ်ကား လည်း ရိုက်ဖူးပါတယ် ။

▢ ဪ ... ဟုတ်ကဲ့ ၊ မမေ သီချင်း လည်း ဆိုဖူးတယ် ထင်တယ် ။

❥ သီချင်း ... ဟုတ်ကဲ့ ၊ ကျွန်မ လည်း ပထမပိုင်း မှာ စတီရီယို သီချင်းလေးတွေ ပေါ့ ။ ဒေါ်ဖြူ သီ တို့ ရဲ့ စတူဒီယို မှာ ။

▢ ဟုတ်ကဲ့ ၊ Oasis မှာ ။

❥ ဟုတ်ကဲ့ Oasis မှာ ပထမ သီချင်းလေးတွေ သွင်း ပြီးတော့ မြန်မာ့ အသံရုပ်မြင်သံကြား မှာ စစချင်းတုန်းက ပထမ ပေါ်ခါစတုန်းက အဆိုတော် တစ်ယောက် ကို သီချင်း ၅ ပုဒ် လွှင့်ခွင့်ရတယ် ။

▢ ဟုတ်တယ် ၊ ဟုတ်တယ် ။

❥ အဲဒီတော့ မေဝင်းမောင် ၏ တေးများ ဆိုပြီးတော့ အဲဒီတုန်းက တစ်ခါ လွှင့်ခွင့် ရခဲ့ပါတယ် ။ နောက်ပိုင်း ကျတော့ လည်း ကျွန်မ နံပါတ်များ နှင့် စကားပြောခြင်း စီးရီး တစ်ခွေ ထုတ်တော့ အဲဒီ ထဲ က သီချင်းလေးတွေ ကို လည်း မြန်မာ့အသံ မှာ ရိုက်ပါသေးတယ် ။

▢ လွှင့်ခဲ့သေးတယ် ။

❥ ဟုတ်ကဲ့ ။

▢ ဟိုတုန်းက တော့ မြန်မာ့အသံ က ခုနစ်နာရီခွဲ မှ စ,လွှင့်တာကိုး ။ ခုနစ်နာရီခွဲ က ရှစ်နာရီ အထိ က ခုနက မမေ ပြောသလို “ မေဝင်းမောင် ၏ သီချင်းများ ” ၊ “ ဟေမာနေဝင်း ၏ သီချင်းများ ” စသဖြင့်ပေါ့ ကိုယ် သဘောကျရတဲ့ သရုပ်ဆောင် ဆို စောင့်ကြည့် ကြရတဲ့ ခေတ်ကိုး ။

❥ ဟုတ်ပါတယ် ။

▢ ဒီလိုမျိုး ကြားဖြတ် မဟုတ်ဘူးလေ ။

❥ ဟုတ်ကဲ့ ၊ နောက်ပိုင်း ကျတော့ အဲဒီလို တေးတွေ မပေးတော့ဘူး တဲ့ ။ တစ်ခါ လွှင့်ရင် တစ်ပုဒ် ပဲ တစ်ယောက် ကို ၊ အဲဒီလို ဖြစ်သွားပါတယ် ။

▢ ဟုတ်ကဲ့ ... ဟုတ် ။

❥ ကြော်ငြာခေတ်ဦး ပေါ့ ။ ကြော်ငြာခေတ်ဦး မှာ လည်း အဲဒီတုန်းက မြန်မာ့အသံ ၊ တီဗွီ ပေါ်ခါစ မှာ ကြော်ငြာ ကို လူတွေ က အရမ်း စောင့်စောင့် ကြည့် ကြတာလေ ။ အဲဒီတုန်းက လည်း LUX ဆပ်ပြာ ပေါ့ ။ မေသန်းနု ရယ် ၊ ဇင်မာဦး ရယ် ၊ ဟေမာနေဝင်း ရယ် ၊ ကျွန်မ ရယ် အဲဒါညလေးယောက် ပေါ့ ရိုက် ကြပါတယ် ။ ကျွန်မ က အဝါရောင်ဆပ်ပြာ ရိုက်ရပါတယ် ။

▢ မမေ က ဗီဒီယိုခေတ်ဦး ကို လည်း မီခဲ့တယ်ပေါ့နော် ။

❥ ဟုတ်ကဲ့ပါ ။

▢ ဗီဒီယို ခေတ်ဦး မှာ ပေါ့ ဦးဝင်းဖေ နဲ့ ရိုက်ခဲ့ဖူးတဲ့ ကား တစ်ကား ရှိခဲ့ဖူးတယ်လို့ ထင်ပါတယ် ။

❥ ဟုတ်ကဲ့ပါ ၊ ကိုရာဇာနေဝင်း နဲ့ပါ ။ အဲဒီတုန်း က တော့ ကျွန်မ နဲ့ ရိုက်နေတုန်း ကတော့ သူ့ နာမည် ပေးထားတာ က တစ်မျိုးပါ ။ သူ နောက်ပိုင်း နာမည် ပြောင်းလိုက်တယ်လို့ ထင်ပါတယ် ။ ဦးဝင်းဖေ ရိုက်တာပါ ။ ကျွန်မ ဒီက နောက် တစ်ကြိမ် မထွက်ခင် ပေါ့ ။ နောက် တစ်ကြိမ် နိုင်ငံခြား မထွက်ခင် ။

▢ မှတ်မိတယ် ၊ ရာဇာနေဝင်း ရယ် ။

❥ နောက် ... ကျန်တဲ့ လူတွေ က တော့ မှတ်တောင် မမှတ်မိတော့ပါ ဘူး ။ ကားလေး တစ်စီး နဲ့ ဇာတ်လမ်းလေး က ဆုံးသွားတယ် မှတ်မိတာတော့ ။ အစက ဘယ်လိုလဲ တောင် သိပ်တောင်မမှတ်မိတော့ဘူး ။ ကားလေး က ကောင်းပါတယ် ။ ဆရာ ဦးဝင်းဖေ က အဲဒီကားလေး ကို သူ က Flash Back မဟုတ်ဘူး ။ သူ က Flash Forward စတိုင် နဲ့ သူ က ရိုက်ထားတာပါ ။ ရှေ့ မှာ ဖြစ်တာ ပြလိုက် ။ အခု ဖြစ်တာ ကို ပြလိုက် ။ အဲဒီ သူ ဆက်ထားတဲ့ စတိုင်လေး က နည်းနည်း တီထွင်ဆန်းသစ် ထားပါတယ် ။ ဟုတ်ကဲ့ ၊ အဲဒီလို စတိုင်လေး နဲ့ ရိုက်ထားတဲ့ ကားလေးပါ ။

▢ ဟုတ်ကဲ့ ။

❥ နောက်တော့ ကိုရန်အောင် နဲ့ လည်း ရိုက်ဖြစ်ပါတယ် ။ ကိုရန်အောင် နဲ့ က ဖြစ်ပါ့မလား မင်းနဲ့ငါ ဟာသကားလေး ပါ ။ စာရေးဆရာကြီး ကြူမွှေး ရဲ့ ဝတ္ထုပါ ။ အဲဒီ ဝတ္ထု ကို ပြန်ရိုက်တာပါ ။ အဲဒါကတော့ ဦးလှမျိုးရဲ့ သား ၊ ဆရာ ဦးလှမျိုး ရဲ့ သား ။

▢ အင်း ... အင်း ... ဖက်တီးမောင်မောင် လို့ ကျွန်တော်တို့ က ခေါ်နေကျ ( ရယ်လျက် ) ။

❥ ဟုတ်တယ် ၊ ဟုတ်တယ် ။ သူ့နာမည် ရှိပါတယ် ... ခင်စောမျိုး က ရိုက်တာပါ ။ ခင်စောမျိုး ဒါရိုက်တာ ။ ကိုရန်လေး နဲ့ ပါ ။ ဟုတ်ကဲ့ ၊ အဲဒီ ကား လေး ။ ဟာသကားလေး ပါ ။

▢ ဟုတ်ကဲ့ ၊ ဟုတ် ။

❥ အဲဒါလေး ရိုက်ဖြစ်ပါတယ် ။ ကား သုံးဆယ် လောက် တော့ ရှိပါ တယ် ။ တခြား ဟာတွေ လည်း ရိုက်ဖြစ် ပါတယ် ။ နောက် ... ခင်မောင်ဦး စိုးသိန်းထွဋ် နဲ့ လည်း ရိုက်ဖြစ်ပါတယ် ဗီဒီယိုကားလေး ထဲ မှာလည်း ။

▢ မမေ တချို့ ကားတွေများ သိမ်း ထားတာ ရှိလား ။

❥ ကျွန်မ မှာ ကြည်ပြာ အခွေလေး တော့ ရှိပါတယ် ။ တစ်ယောက် ယောက် က ကူးပေးလို့လား မသိပါဘူး ။ ကြည်ပြာ အခွေလေး တော့ ရှိပါတယ် ။ မနေ့က တော့ ချစ်တဲ့သူငယ်လေ တောင်း ထားပါတယ် ။ တခြား ကားတွေ တော့ သိပ် မရှိဘူး ။ ခုနက သဘင်သည် မဝင်ရ ကတော့ You Tube မှာ ရှိပါတယ် ။

▢ ဟုတ်ကဲ့ ... ဟုတ် ။

❥ အဲဒါတော့ တွေ့ပါတယ် ။ နောက် ဒိုး လည်း ရှိပါတယ် ။

▢ “ ဒိုး ” ရှိတယ် ။

❥ ဒိုး က ဟိုတလော က မှ ကျွန်မ ကြည့်ဖြစ်တယ် ။ ရိုက်ပြီး ကျွန်မ ထွက် သွားတော့ တစ်ခါ မှ မကြည့်ဖူးဘူး ။

▢ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ။ “ ဒိုး ” က သိပ် အများကြီးတော့ အိုက်တင် မလုပ်ရပါဘူးနော် ။

❥ မင်းသား ကား ပါ ။ ဦးကြည်စိုးထွန်း က တောင် ဟို တစ်နေ့ က ပြောနေ သေးတယ် ။ ကျေးဇူး တင်ပါတယ် တဲ့ ။ ဒီ ကား ကို ရိုက်ပေးတဲ့ အတွက် ပေါ့လေ ။ ကျွန်မတို့ မိခင်ကုမ္ပဏီ နဲ့ ဖြစ်တယ် ။

▢ ကိုကြည်စိုးထွန်း ရိုက်တာ ။

❥ ဟုတ် ဦးကြည်စိုးထွန်း ရိုက်တာပါ ။ ဦးကြည်စိုးထွန်း က လည်း ကိုယ် ယုံကြည်ပြီးသား ဖြစ်တယ် ။ ပြီးတော့လည်း အမျိုးသားရုပ်ရှင် နဲ့ ဆိုတော့ လည်း နောက် မောင်မောင် တို့ နဲ့ ၊ မောင်စိုးသူ ၊ ကိုကျော်သူ တို့ နဲ့ တွဲတယ် ဆိုတော့ ...။

▢ ကျော်သူ နဲ့ စိုးသူ နဲ့ ပထမဆုံး တွဲ တဲ့ ကားပေါ့ ။

❥ ဟုတ်ပါတယ် ။ ဇင်မာဦး လည်း ပါ,ပါတယ် ။ နောက် သရုပ်ဆောင် တွေ က လည်း အင်အားလေး လည်း ကောင်းတယ် ဆိုပြီးတော့ ကိုယ့် အခန်း နည်း ပေမဲ့လည်း ရိုက် ဖြစ်ပါတယ် ။ ဟုတ် ... ရိုက်ခဲ့ပါတယ် ။

▢ မျှ သွားတာပေါ့ ။ မမေ ရုပ်ရှင်မင်းသမီး တွေ ... မမေတို့ ခေတ် မှာပေါ့နော် ။ရုပ်ရှင်မင်းသမီး တွေ က တစ်ယောက် တည်း သရုပ်ဆောင် တာ ပဲ လုပ်ကြတယ် ။ အပြိုင် သရုပ်ဆောင် တာ မပါဘူးပေါ့ ။

❥ ဟုတ်ကဲ့ ။

▢ မမေ သရုပ်ဆောင် တဲ့ အခါမှာ ကျွန်တော် မှတ်မိတာ က ဦးအောင်မြင့်မြတ် ရိုက်တဲ့ “ မိန်းကလေးရှင် ရဲ့ ဆန္ဒ ” ဆိုရင် မင်းသမီး ၊ သမီးတွေ ချည်းပဲနော် ။ မဝါ က အမေ သရုပ်ဆောင် ပါတယ် ။ မမေ တို့ က သမီးတွေ အဖြစ်နဲ့ သရုပ်ဆောင်ရတယ် ။ အဲဒီတော့ မင်းသမီး အပြိုင်တွေ သရုပ်ဆောင် ကြရတာပေါ့နော် ။

❥ ဟုတ်ပါတယ် ။

▢ အဲဒီတော့ ကိုယ် ရ သလောက်တော့ ၊ ကိုယ် ရ သလောက်ပေါ့ ၊ ဒါပေမဲ့ အဲဒီ ခေတ် မှာ မမေတို့ က စ ပြီးတော့ အပြိုင်တွေ လုပ်လာနိုင် တာလို့ ယူဆရတယ်လေ ။ အဲဒီတော့ ဘယ်လိုကြောင့် လက်ခံ ဖြစ်တာ လဲ ဒီလို မင်းသမီး အပြိုင်တွေ ပါတာကို ။

❥ စဉ်းစားပုံလေး ကို ပြန် စဉ်းစားကြည့်မယ် ဆိုရင် တော့ တစ် က ဒါရိုက်တာ ပေါ့နော် ။ ဒါရိုက်တာ ကလည်း ... ။

▢ ယုံကြည်စိတ်ချလောက်တဲ့ ဒါရိုက်တာ ဖြစ်တယ် ။

❥ ကိုယ် ယုံကြည်စိတ်ချရတဲ့ ဒါရိုက်တာ ဖြစ်တယ် ။ ပြီးတော့ ဇာတ်ကလေး က လည်း ကောင်း ၊ သူ က ဝတ္ထု က လည်း ကောင်းတယ်လေ ။ ဆရာ ... ။

▢ မောင်သိန်းဆိုင် ။

❥ ဟုတ်ကဲ့ ၊ ဝတ္ထုလေး က လည်း ကောင်းတယ် ။ ပြီးတော့ ပါဝင်မယ့် သူတွေ က လည်း ကိုယ့် အခန်း က နည်းပါတယ် ။ ဦးအောင်မြင့်မြတ် က ပြော ပါတယ် စပြီး ငှား ကတည်း က ၊ လုပ်ကွက် က တော့ တစ်ခန်း လောက် တော့ သေချာလေး ရှိတယ်တဲ့ ။ ကျန်တာ က တော့ အမေ တွေ ၊ အစ်မတွေ ကို Support လုပ်ရမယ်တဲ့ နော် ။ မဝါ တို့ ၊ ဦးညွန့်ဝင်း တို့ ၊ နောက် မဂရေ့စ် ပေါ့ နော် ၊ မဆွေဇင်ထိုက် သူတို့ လည်း ပါတယ် ဆိုတော့ မိုးမမမျိုး ၊ နောက်တစ် ယောက် ပါသေးတယ် ။ နန်းဝါဝါ လား ၊ နန်းဝေဝေ လား မသိဘူး တစ်ယောက် ပါသေးတယ် ။ အဲဒီတော့ အခန်း တော့ နည်းတယ် ။ ဒါပေမဲ့ ဇာတ် က လည်း ကောင်းတယ် ။ ဒါရိုက်တာ ကို လည်း ယုံကြည်စိတ်ချမှု ရှိတယ် ။ ပါဝင်တဲ့ သရုပ်ဆောင်တွေ ကလည်း တကယ့် ဝါရင့် .. ။

▢ ကိုယ် နဲ့ လည်း ရင်းနှီးပြီးသား ဖြစ်တယ် ။

❥ ဟုတ်ကဲ့ ၊ သမ္ဘာရင့် ရင်းနှီးပြီးသား ၊ လေးစားပြီးသား သရုပ်ဆောင် တွေ လည်း ဖြစ်တယ် ။ အဲဒါကြောင့် လည်း လက်ခံ ရိုက်ကူး ဖြစ်ခဲ့တာပါ ။

▢ ဟုတ်ကဲ့ အဲဒါမျိုး အလားတူ မင်းသမီး အပြိုင် လုပ်ရတဲ့ ကား တွေ ရှိဖူးလား ။

❥ နောက် တစ်ကား က ကျတော့ ခင်သီတာထွန်း နဲ့ ပေါ့ ... သန်းသန်း နဲ့ ။

▢ ဟုတ် ... ဟုတ် ။

❥ အဲဒါမှာ လည်း တစ်ခါ ရိုက်ဖူးပါတယ် ။ ဦးအောင်မြင့်မြတ် ရိုက်တာ ပါ ။ အဲဒီ ကား မှာတော့ သူ က အပြိုင်ပေါ့ ။ မင်းသား က ကိုကျော်ဟိန်း ထင် တယ် ။ နည်းနည်းတောင် မေ့ နေပြီ ။ မင်းသမီး နှစ်ယောက် က အပြိုင်ပေါ့ ။ အပြိုင် အဲဒီလို ကားလေး တစ်ကား ရိုက်ဖူးပါတယ် ။ အဲဒါလည်း ဦးအောင်မြင့်မြတ် ဖြစ်လို့ပါ ။

▢ ဟုတ် ... ဟုတ် ။

❥ ဦးအောင်မြင့်မြတ် နဲ့ လည်း ဖြစ်တယ် ။ ကိုကျော်ဟိန်း ပါ မင်းသား က ကိုကျော်ဟိန်း ပါ ။ ဟုတ်ကဲ့ ၊ အဲဒီ ကား တစ်ကား ရိုက်ဖြစ်တယ် ။ ရိုက်တော့ ရိုက်ဖြစ်တယ် ။ နောက်ပိုင်းတွေ မှာ နည်းနည်း သိပ် အများကြီး မဟုတ်ပေမဲ့ ။

▢ ဟုတ်ကဲ့ ၊ ဟုတ် ။ အခု မမေ အမေရိကား မှာ နေ , နေတဲ့ အခါကျတော့ တစ်ခါတလေ အနုပညာ လုပ်ချင်တဲ့ စိတ် မပေါ်ဖူးလား ။

❥ ပေါ်ပါတယ် ။ ဒီက သွားခါစကတော့ ပို ဆိုးပါတယ် ။

▢ ဟုတ် ... ဟုတ် ။

❥ အိပ်မက် ထဲ မှာ ရုပ်ရှင်တွေ ရိုက် ၊ သွားခါစက ( ရယ်လျက် ) ။ အခု နောက်ပိုင်းကျတော့ သိပ်များများတော့ မလှုပ်ရှား ဖြစ်ပါဘူး ။ ဒါပေမဲ့ တစ်ခါ တုန်း က ကျတော့ ကိုဇယံဓ က သူ ရဲ့ တေးစီးရီးလေး လုပ်တော့ ၊ သူ့ ရဲ့ ဒုတိယ တေးစီးရီးလေး မှာ တေးသရုပ်ဖော် အနေနဲ့ ကျွန်မ ကတော့ သရုပ်ဆောင် ပေါ့ ။ သူ့ရဲ့ ကြားရင် အကြောင်းပြန်ပါ ဆိုတဲ့ တေးသီချင်းလေး ထဲမှာ တော့ ပါပြီးတော့ ကူညီပေးခဲ့ဖူးပါတယ် ၊ ဟုတ်ကဲ့ ။ အဲဒါလေး တစ်ပုဒ် ပေါ့ ။ ပြီးတော့ ဟိုက ပွဲတွေ မှာလည်း ကြုံရင် ကြုံသလိုပေါ့ ။ တစ်ခါတလေ သီချင်း လေးတွေ ဆိုဖြစ်ပါတယ် ။

▢ ကျွန်တော်တို့ သတင်းတွေ ထဲ မှာ လည်း ကြည့် ရပါတယ် ။ မမေ ဆိုတာတွေ ။

❥ ဟုတ်ကဲ့ ၊ တစ်ခါတလေ ကျရင်လည်း ခု သမီးလေး ကို လည်း နီနီဝင်းရွှေ ရဲ့ အမျိုးသား ကိုအောင်မင်းနိုင် ပေါ့ ၊ ကိုအောင်မင်းနိုင် က Network of Myanmar American Association ဆိုတဲ့ အဖွဲ့လေးတစ်ခု ထောင်ထားပါ တယ် ။ အဲဒီမှာ မျိုးဆက်သစ်လေး တွေ ကို မြန်မာ အကလေးတွေ သင် ပေးပါ တယ် ။ ဒီက ဆရာမကြီးတွေ ကို ပင့်ပြီးတော့ ၊ ဒေါ်နုနုစိန် တို့ ၊ ဒေါ်နုနုခင် တို့ ယဉ်ကျေးမှု က ဆရာမကြီးတွေ ကို ပင့်ပြီး ဟိုမှာ သင် ပေးပါတယ် ။ ကျွန်မက အဲဒီမှာ လည်း ဝင် ပြီးတော့ ကိုယ့် သမီးလေး ကို လည်း သင်ပေးတယ် ။ သင်ပြီး တော့ အခု ဒီက ပြန် ရင်တောင် Myanmar Day ဆိုပြီးတော့ လုပ်ပါမယ် ။ Musician တစ်ခု မှာ ၊ အဲဒီမှာ ကျွန်မ ပါဝင်ဖြစ်ဦးမလား တော့ မသိဘူး ။ ကိုမောင်မောင် ကတော့ ပြောထားပါတယ် ။ မြန်မာအကလေး ပေါ့နော် ၊ အဲဒီလိုလေးတွေ ။

▢ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ။

❥ တစ်ခါတလေ ကြုံကြိုက်ရင်ပေါ့ ၊ ကိုယ် လည်း အချိန် နည်းနည်း လေး ပေးနိုင်ရင် အများအားဖြင့် တော့ သမီး ကို ပဲ ပံ့ပိုးပေးပါတယ် ။ သီချင်းတွေ ဘာတွေ ကတော့ ဆိုဖြစ်ပါတယ် ။

▢ သမီး နဲ့ သား ဘယ် အရွယ်တွေ ရောက်နေကြပြီလဲ ။

❥ သမီးလေး က အခု ဆယ့်နှစ်နှစ်ခွဲပေါ့ ၊ ခုနစ်တန်း ကျောင်းသူလေးပါ ။ သားလေး ကတော့ အခု ဒီလကုန် သုံးဆယ်ရက်နေ့ ဆိုရင် ဆယ်နှစ် ပြည့်ပါပြီ ။ သူ က လေးတန်းပါ ။

▢ ဪ .. ဟုတ်ကဲ့ ။

❥ မေသန္ဒီဝင်း နဲ့ သိင်္လာမောင်ဝင်း ပါ ။ သမီး နဲ့ သား နဲ့ ။

▢ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ပါ ။ အဲဒီတော့ နောက် ၂၀၂၀ ရောက်ရင် ကျွန်တော် တို့ ရုပ်ရှင် နှစ် ၁ဝဝ ပြည့်ပါတော့မယ် ။ အဲဒီတော့ ရုပ်ရှင် မင်းသမီး တစ်ယောက် အနေ နဲ့ ဘယ်လိုများ Wish လုပ်ချင်ပါသလဲ ။

❥ ဟုတ်ကဲ့ ၊ ကျွန်မတို့ မြန်မာရုပ်ရှင် လောကကြီး အဓွန့်ရှည်ပါစေ ၊ အဓွန့် လည်း ရှည်နေပါတယ် ။ အဲဒီတော့ အဓွန့် ရှည်ပါစေ ၊ ဒီထက် လည်း ပိုပြီးတော့ တိုးတက်ပါစေ ။ ပြီးတော့ ပရိသတ် ရဲ့ နှစ်ခြိုက်မှုတွေ လည်း အမြဲတမ်း ရယူခံစား နိုင်ပါစေလို့ ဆုတောင်း ပါတယ် ။

▢ ကျေးဇူးပါ ခင်ဗျာ ။

◾ဝင်းငြိမ်း

📖 လိပ်ပြာကူး ထူးခြားသူများ

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment