❝ ရန်ကုန်ကြွက် ❞
━━━━━━━━━━━
ကြူးနှစ်
━━━━━━━━━━━
“ ညှက်စိ တစ်ယောက် ရန်ကုန် မှာ ကြီးပွား နေပြီတဲ့ ဟေ့ ၊ သူဌေးသမီး နဲ့ အိမ်ထောင် ကျပြီး တိုက် နဲ့ ကား နဲ့ ဖြစ်နေပြီ တဲ့ ။ ရန်ကုန်မြို့လယ်ကောင် က ဆူးလေဘုရားကြီး နား မှာ နေသတဲ့ ”
ယခု နှစ်ဆန်း မှ စ၍ အထက်ပါ ကဲ့သို့ သော အသံဗလံမျိုး ကို ဘွားမယ်စံ မကြာခဏ ကြားနေခဲ့ရ၍ နား မဆံ့ချင် တော့ပါ ။ ထို အသံမျိုး ကို ကြား ရ တိုင်း ရင် ထဲ မှာ အေးမြသော ပီတိလှိုင်း တွေ တသိမ့်သိမ့် ခံစား နေရသည် မှာ လည်း အမှန်ပါ ။ ညှက်စိ ( ဝါ ) ကျော်စိုးအောင် သည် ဘွားမယ် စံ ၏ တစ်ဒါဇင် ခန့်မျှ အရေအတွက် ရှိသော မြေးတွေ ထဲ မှ မြေး အကြီးဆုံး ယောက်ျားကလေး ၊ တစ်ဦးတည်း သော ဘွဲ့ရ ပညာတတ် လူလိမ္မာလေး မဟုတ်ပါလေလား ။ ပြောရမည် ဆိုလျှင်တော့ ညှက်စိ ၏ မွေးသဖခင် ကိုသံခဲ သည် ဘွားမယ်စံ ၏ ရင်သွေးရင်နှစ် သားချစ် သြရသ ဖြစ် သကဲ့သို့ ညှက်စိ သည်လည်း ဘွားမယ်စံ ၏ မေတ္တာငွေ့ ဖြင့် ဘွားမယ်စံ ၏ လက် ပေါ်တွင် ကြီးထွား ရွယ်ရောက် လူလားမြောက် ခဲ့သူ ဖြစ် ၏ ။ သည် ထက် စကား ကုန် ပြောရလျှင် ညှက်စိ ကို ပညာတတ် ဘဝ ရောက်အောင် ပို့ဆောင် ပေးခဲ့သူ စစ်စစ် မှာ ဖွားမယ်စံ သာ ဖြစ် ၏ ။
ကိုသံခဲ သည် လူ က လက်ကြော မတင်းသည့် လယ်သမား ငပျင်း ၊ ကလေး က များများ ၊ မယား က အသုံးအစား မတတ်သည့် မိန်းမညံ့ တစ်ယောက် ဖြစ်ရာ ညှက်စိ ပညာရေး မှာ ၈ တန်း နှင့် ဆုံးခန်းတိုင် ရတော့မည် ကဲ့သို့ အကျပ်အတည်း ကြုံနေစဉ် ဘွားမယ်စံ က သူမ ၏ ချွေးခံအင်္ကျီအိတ် ထဲ မှ ထာဝစဉ် လုံခြုံစွာ သိမ်းထုပ် ထားခဲ့သော အတွင်းပစ္စည်းလေးများ အသုံး ပြု၍ ညှက်စိ ကို ခရိုင်မြို့ကြီး ရှိ အထက်တန်းကျောင်း သို့ ပို့ ၏ ။ ညှက်စိ ဆယ်တန်း အောင် သော် ဘွားမယ်စံ ၏ အတွင်းပစ္စည်း တွေ လည်း ပြုတ်ပြုတ် ပြုန်း ကာ နား နှစ်ဖက် မှာ ရွှေတစ်မတ်သား နှင့် ဥဿဖယား နားကပ်အိုကြီး သာ လျှင် မုဆိုးမ အမယ်အို နှင့် အတူ သေကာ မှ ခွဲခွာမည် ဟူသော အဓိဋ္ဌာန်ဖြင့် ကျန်ရစ်ရှာခဲ့ပေ၏ ။
ညှက်စိ သည် ဆယ်တန်း စာမေးပွဲ ကို ဂုဏ်ထူး တစ်ခု ( သင်္ချာ ) ဖြင့် အောင်မြင်ခဲ့ပြီးနောက် ရန်ကုန် ရှိ ဆွေမျိုးနီးစပ် တစ်ဦး ၏ ပလတ်စတစ်ပစ္စည်းဆိုင် တွင် အရောင်းသမား လခစားကလေး အဖြစ် အသက်မွေး ၊ တစ်ဖက် က အဝေးသင်တက္ကသိုလ် တွင် ပညာဆည်းပူး ခဲ့ ၏ ။ ယခုတော့ ညှက်စိ သည် ဘွဲ့ လည်း ရ ၊ အိမ်ထောင် လည်း ကျ ပေပြီ ။
“ ရွာ ထဲ က လူပျင်း တွေ ညှက်စိ ကို အတု ယူကြ ။ ညှက်စိ ရဲ့ လမ်းစဉ် ကို လိုက်ကြ ။ ငါ့ သား သံခဲ အပျင်း ထူ သလောက် ငါ့ မြေး ညှက်စိ ထကြွလုံ့လ ရှိလို့ အခု ရန်ကုန် မှာ တိုက် နဲ့ ကား နဲ့ ကြီးပွား နေပြီ မဟုတ်လား ”
အသက် ၇၆ နှစ် အရွယ် ခေါင်းဖြူစွယ်ကျိုး အဘွားအို ဘွားမယ်စံ သည် ရွာ ထဲ တွင် တောင်ဝှေး တစ်ချောင်း ဖြင့် လမ်းလျှောက်ရင်း မီးရထား ပေါ် မှ ဆေးရောင်းသမား လို အာပေါင်အာရင်း သန်သန် ဖြင့် ဖွာလောင်ဖွာလောင် ဟစ်အော် နေ တတ်သည် ။
“ ညှက်စိ ဟာ ဘမျိုး ဘိုးတူ မဟုတ်ဘူး ။ ဘမျိုး ဘွားတူ ငါ နဲ့ တူလို့ အလုပ် အရမ်း ကြိုးစားပြီး ခုလို ကြီးပွား သွားတာ ။ ကံ ၊ ဉာဏ် ၊ ဝီရိယ သုံးပါး မယ် တို့ ကတော့ ဝီရိယ ကို ပိုပြီး အားထားသဟေ့ ”
တစ်ခါတစ်ရံ စာမတတ် ၊ ပေမတတ် လယ်ပိုင်ရှင်ဟောင်း လယ်သူမ အဘွားအိုကြီးသည် ပါမောက္ခကြီး တစ်ဦး ၏ ရင့်ကျက်ခံ့ထည်မှု မျိုး ဖြင့် ဤသို့ မိန့်ဆို နေတတ်ပြန်လေသည် ။
စင်စစ် ဘွားမယ်စံ သည် ဝီရိယ ကောင်းသော် လည်း ဆင်းရဲဇာတာ မှာ မလွတ်ခဲ့သူဖြစ်ချေသည် ။ အိမ်ထောင် ကျချိန် တွင် အမွေ ရခဲ့သည့် လယ်မြေ တွေ သည်ကား သားသမီးတွေ ပွားများလာသည် နှင့် အမျှ ဖြည်းဖြည်းချင်း ယုတ်လျော့ လာခဲ့ ၏ ။ အသက် ၄ဝ အရွယ် မှာ လင်သည် ဆုံးပါး၍ မုဆိုးမ ဖြစ်ချိန်တွင် ပိုင်ဆိုင်သမျှ လယ်တွေကို ငါးပုံ ပုံကာ သားသမီး လေးယောက် ကို လေးပုံ ခွဲလိုက်ပြီး ကျန် တစ်ပုံ ကို လူငှား တစ်ယောက် ငှား၍ သူမ ကိုယ်တိုင် ဦးစီးလျက် မိုး မှာစပါး ၊ ဆောင်း နှင့် နွေ မှာ ပဲမျိုးစုံ စိုက်လျက် ကျားစီး ဖားစီး ကြီးပွားဖို့ ကြိုးစားခဲ့ရှာသေးသည် ။ လုပ်သမျှ ဒုက္ခ နှင့် ချည်း ကြုံရသည် ။ နှစ်တိုင်း လယ်စရိတ် ရှုံးကာ နောက်ဆုံး လယ် ကို ရောင်းပစ် စွန့်လွှတ် လိုက်ရ သည် ။ လယ်မဲ့ ယာမဲ့ ဘဝ တွင် သူမ သည် အခြား သူများ ၏ လယ်လုပ်ခွင် ၊ ယာလုပ်ခွင်များ မှာ ( သားသမီးတွေ တားမြစ်သည့် ကြားမှ ) နေ့ကောက် အလုပ်သမ အဖြစ် ဝင်ငွေ ရှာခဲ့သည် ။ စားဖို့ နှင့် ရပ်ရေးရွာရေး ၊ သာသနာရေး အတွက် မဖြစ် စလောက် လှူနိုင်တန်းနိုင်ရုံ လောက်သာ ရခဲ့ ၏ ။ အလှူကြီး အတန်းကြီး ပေးဖို့ ရည်ရွယ်ချက် က သည်ဘဝ မှာ ပြည့်စုံတော့ မှာ မဟုတ်တော့ ။
ယခုအခါ သမီးအငယ်ဆုံး အိမ်ထောင်သည်မ ကို အမွေ ပေးခဲ့ပြီး ဖြစ်သည် ။ မိမိ ၏ အိမ်အိုလေး မှာ သားသမီးတွေ ပေးစာကမ်းစာ ကို စားလျက် အရိုး ထုတ်ရမည့် အချိန် ကို စောင့်ရင်း တတ်အားသမျှ တရားဘာဝနာ ပွားနေရ ခြင်း သည် သာလျှင် သူမ ၏ အရောင် မှိန်စ ပြုလာပြီ ဖြစ်သော ဘဝပန်းချီကားအို ဖြစ်နေပေသည် ။
ဤကာလမျိုး မှာ ... မြေးချစ်ကြီး ညှက်စိ က တင့်တောင့်တင့်တယ် ကြွယ်ဝချမ်းသာသူ ဘဝ သို့ လှမ်းတက် လာခဲ့ခြင်း ဖြစ်လေသည် ။
အိမ်ထောင် မကျမီ က ညှက်စိ သည် တန်ခူးလ တိုင်း ရွာ သို့ အလည် ပြန် လာပြီး ပြန်လာတိုင်း ဘွားအေအိုကြီး ကို ဟောလစ် ၊ အိုဗာတင်း စသည် က တစ်မျိုး ၊ ပါတိတ်ထဘီ စသည် က တစ်မျိုး ၊ ငွေ ငါးရာ ၊ တစ်ထောင် က တစ်မျိုး မပျက်မကွက် ကန်တော့ ပူဇော်လေ့ ရှိခဲ့ပါသည် ။ မင်္ဂလာဆောင် တော့ လည်း “ အမေကြီး ကို ခေါ်ခဲ့ပါ ” ဟု စာ ထဲ က ရိုသေစွာ ဖိတ်မန္တက ပြုခဲ့ပါသေးသည် ။ လိုက်တော့ လိုက်ချင်သား ဒူး က နာနေတာ က တစ်မျိုး ၊ အငယ်မ တို့ မိသားစု ရန်ကုန် မင်္ဂလာဆောင် သွားလျှင် အိမ်စောင့် မရှိ မှာ က တစ်ကြောင်း တို့ ကြောင့် ... ဘွားမယ်စံ မသွားဖြစ်ခဲ့ ။
“ ငါ တို့ ရွာမယ် ... ရန်ကုန် လည်း မရောက်ဖူး ၊ ရွှေတိဂုံ လည်း မဖူးဘူး နဲ့ သေသွားကြတဲ့ လူ ဖြစ်ရှုံးတွေ အများကြီး ပဲ နော် ။ မယ်စံ အခွင့်အရေး ရတုန်း ရန်ကုန် ကို နင် သွားသင့်တယ် ။ ဒီထက် အသက်ကြီး လာလို့ မသွားနိုင် မလာ နိုင်ဖြစ်လာရင် ရန်ကုန် နဲ့ ပို ဝေးသွားလိမ့်မယ် ဟဲ့ ”
အစ်ကိုဝမ်းကွဲ ဘပန်းမှုန် က မကြာခဏ နှိုးဆော် သော်လည်း ဘွားမယ်စံ သည် ရန်ကုန် သွားဖို့ စိတ် ထင့် နေပြန်သည် ။ စိတ် ထင့်ရပုံ မှာ သူငယ်ချင်း လည်း ဖြစ် ၊ သမီးယောက်မ လည်း တော်စပ်သူ သက်တူရွယ်တူ ဘွားမယ်သီ ကြောင့် ဖြစ်သည် ။
“ ရန်ကုန် ဆိုရင် တော်ပါပြီ တန်ပါပြီ အေ ၊ ရွှေမန်ကျည်းတောင့် အချိန် တစ်ဆယ်ပေးမယ် ဆိုရင်တောင် ငါ ဖြင့် မသွားဝံ့တော့ပါဘူး ။ အသက်ရှူ ရ လည်း ကျပ် ၊ ကားစီး တော့လည်း ကားမူးတာကြီး က ကွမ်းသီး မူးတာ ထက် ဆယ်ပြန် ဆိုးသေး ”
ဘွားမယ်စံ သည် ကွမ်း ကြိုက်သူ ၊ ကွမ်းစွဲသူ ဖြစ်ပါလျက် တစ်ခါတစ်ရံ မခန့်မသင့်ပါက ကွမ်းသီး မူးပြီး အိပ်ရာ ထဲ မှာ သုံးလေးရက်ခန့် မရှူနိုင် မကယ်နိုင် ဖြစ်နေတတ် ၏ ။ ဘွားမယ်သီ သတိပေး စကား ကို တထစ်ချ ယုံ ကာ ရန်ကုန် ကို မရောက်ဖူး မှသာ နေစေတော့ မသွားဘူး ဟု စိတ်နှလုံး တုံးတုံး ချ ထားခဲ့ ၏ ။ ရွှေတိဂုံစေတီကြီး ကို လည်း ညတိုင်း ရုပ်မြင်သံကြား ထဲ မှာ ဖူးခွင့်ရနေတာပဲ ။ ဘယ်လိုပဲ ဖူးရ ဖူးရ စိတ်သာရှင်စော ဘုရား ဟော မဟုတ် လော ဟု အကြောင်းပြချက် ရှာပြီး ရန်ကုန် ကို မေ့ထားခဲ့ပါလေ ၏ ။
သို့ရာတွင် တစ်လောက သားကြီး သံခဲ သည် ညှက်စိ ရန်ကုန် မှ လူကြုံ ပါး လိုက်သော စာ ကို ယူလာပြီး ဖတ်ပြ ၏ ။ တစ်နေရာ တွင် ( အမေကြီး ကို သေသေချာချာ ပြောပြပေးပါ အဖေ ။ ရန်ကုန် ကို အဖော် နဲ့ ရောက်အောင် လာခဲ့ပါလို့ ၊ ရန်ကုန် မှာ ပျော် လျှင် လည်း ကျွန်တော် က တစ်သက်လုံး တင်ကျွေး စောင့်ရှာက် သွား မှာပါလို့ ၊ သွားရေးလာရေး က လည်း အငှားကား ( ကက ) တွေ ပေါနေလို့ အမေကြီး ပင်ပန်း မှာ မဟုတ်ပါဘူး ။ ကျွန်တော့် အိမ် မှာ လည်း ကား အရှိသားပဲ ။ သူ သွားချင်ရာ လိုက် ပို့ပေး မှာပေါ့ ) ဟု ရေး ထားလေသည် ။ ထို ည က ထူးထူးခြားခြား ရွှေတိဂုံဘုရားကြီး ကို အိပ်မက် မက်ပြီး သည့် နောက် ဘွားမယ်စံ စိတ်ပြောင်း သွားခဲ့ရာ ။
“ အမေကြီး ... ဟို မှာ ရွှေတိဂုံဘုရား ကို လှမ်း မြင်နေရပြီ ။ အမေကြီး မြင်ရလား .. ဟင် ”
မနေ့ က မြစ်ဝကျွန်းပေါ် တစ်နေရာ မှ ထွက်ခွာလာခဲ့သော နှစ်ထပ် မော်တော် သည် ယနေ့ နံနက် ၇ နာရီ သာသာ တွင် တွံတေးတူးမြောင်း ကို ကျော်လွန် ၍ ခနောင်တိုချောင်း ထဲ သို့ ရောက် လာရာ လက်ဖက်ရည် အချို နှင့် မုန့်ဖက်ထုပ် စား ပြီး၍ ကွမ်း မြုံ့ နေသော ဘွားမယ်စံ ကို အဖော် ပါလာ သည့် မြေးမကလေး ယုယုထွေး က လက် တို့ ၍ တစ်နေရာ သို့ လက်ညှိုး ညွှန် လိုက်သည် ။ ဘွားမယ်စံ ၏ ဘေး မှ ထိုင် နေသော သားလတ် ကိုမောင်ပိန် က ဓလေ့လေသံ အသုံးအနှုန်းဖြင့်
“ အစ်မ ... ဒီ က နေ လှမ်း ဖူးလိုက်ဦးဗျ ။ အဝေး က ဖူးရတာ လည်း ကြည်နူးစရာတစ်မျိုး အစ်မရဲ့ ” ဟု ခပ်တိုးတိုး ပြော ၏ ။
တိုက်တာ တို့ ၏ အထက် တွင် စီးမိုး လျက် ဝါရွှေသော အဆင်း ဖြင့် ပြောင်ဝင်းတောက်ပ လျက် ရှိတော်မူသော သိင်္ဂုတ္တရတောင် ထက် မှ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး အား ဘွားမယ်စံ သည် မှုံတရေးရေး မျှ သာ ဖူး မြော်ခွင့် ရရှာသည် ။
“ ငါ့ မျက်စိ နဲ့ ဝါးတားတား ပဲ မြင်ရသဟေ့ ”
ဝါးတားတား သာ ဖူးတွေ့ခွင့် ရ ရှာ သော်လည်း ကြည်နူးမှု မှာ က အတိုင်း မသိ ကြီးမား အေးမြလှပါဘိ ။ လူ ဖြစ်ကျိုး နပ်ပဟဲ့ ... ဟု ဘွားမယ်စံ က ရင် ထဲ က ကျိတ်ပြီး အကြိမ်ကြိမ် ဥဒါန်း ကျူး နေမိတော့သည် ။
သင်္ဘော မှ ဆင်း လျှင် သားလတ် ကိုမောင်ပိန် က ရန်ကုန် ကို မကြာမကြာ ရောက်နေကျ ဖြစ်၍ ( ကက ) တစ်စီး ကို အလွယ်တကူ ငှားလိုက် ၏ ။ ဘွားမယ် စံကို ကား နောက်ဘက် ကူရှင်ခုံ မှာ ယုယုထွေး နှင့် အတူ ထိုင်စေသည် ။
“ အစ်မ ရှူဆေးဘူးလေး ကို ရှူ ပေးနော် ။ ကားဆရာ ဖြည်းဖြည်း သာ မောင်း ဗျာ ။ အဘွားကြီး က ကား တစ်ခါမျှ စီးဖူးတာ မဟုတ်ဘူး ။ ကား မူး မှာ စိုးလို့ ”
“ စိတ်ချ ၊ မြို့ ထဲ မှာ ကား မြန်မြန် မောင်းလို့လည်း မရဘူး ခင်ဗျ ။ တော်ကြာ တော က နွားလှည်း လောက် တောင် မမြန်ပါလား ဆိုပြီး အပြစ် တော့ မတင်ပါနဲ့ ဆရာကြီး ”
သား ဖြစ်သူ နှင့် ဒရိုင်ဘာ တို့ စကား ကို နားထောင် နေစဉ် ဘွားမယ်သီ ပြော သလို တောလေ ၊ တောရနံ့ နှင့် အလွန် ကွာခြားသော ကာဗွန်မိုနောက်ဆိုဒ် အနံ့ တွေ ကြောင့် ဘွားမယ်စံ သရိုးသရီ ဖြစ်လာသည် ။ ရှူဆေးဘူး ကို ရှူ နေရ သော်လည်း အနံ့ဆိုး တွေ ကြောင့် အသက် ရှူ ရသည် မှာ အားရပါးရ ဝဝလင်လင် မရှိ ။
“ ဒီ အနံ့မျိုး ရှူ နေကြတဲ့ ရန်ကုန်သား တွေ အသက် ရှည်နေကြတာ အံ့ သြစရာပါပဲတော် ” ဟု စိတ်ထဲ က နေ မြည်တမ်း လိုက် မိချေ ၏ ။
ဆယ်မိနစ် မကြာပါ ။ ညှက်စိ တို့ တိုက်ခန်း ရှေ့ သို့ ကား ထိုး ဆိုက်လာ ၏ ။
“ အစ်မ ရေ .. ညှက်စိ တို့ အိမ် ရှေ့ ရောက်ပြီဗျ ။ ဆင်းကြမယ် ”
ဘွားမယ်စံ သည် ‘ ညှက်စိ တို့ အိမ် ’ ဆိုသော နေရာ ကို စူးစမ်းကြည့် သည် ။ နံရံချင်း ကပ်လျက် တည်ရှိကြသော တိုက်တန်းလျားတွေ ထဲ မှ မြေညီထပ် တိုက်ခန်း တစ်ခန်း မှာ တောသူမ အဘွားအို ၏ အမြင်၌ မည်သို့သော ဝိသေသ မှ ရှိ မနေပါ ။ ဘွားမယ်စံ အတွက် ညှက်စိ တို့ အိမ် ဆိုသော သီးသန့် လက္ခဏာ မည်သို့မျှ ပေါ်ထွန်းမလာပါ ။ သူမ ၏ အမြင်ဝယ် ဧရာမ ခြအုံကြီး များ ကို တွေ့ရသည် သို့ သာ ဖြစ်နေသည် ။
“ အမေကြီး ရာ လာမယ့် ရက် ကို စာ လှမ်း ရေးလိုက်ရင် ကျွန်တော် သင်္ဘောဆိပ် မှာ ဆင်း ကြို မှာပေါ့ဗျာ ”
ယုယုထွေး က ပြေး ခေါ်၍ အပြေးကလေး ထွက် လာသော ညှက်စိ ( ခေါ် ) ကျော်စိုးအောင် သည် ပြူးတိပြူးကြောင် ဖြစ်နေသည် ။ ဘွားမယ်စံ ကို ပြေး ဖက်သည် ။ တစ်သွေးတစ်မွေး တစ်ကိုယ်လုံး မွေးကြိုင် နေသော မြေးချစ်ကြီး ၏ အသွင် သည် ထူးခြား ဆန်းသစ်သော ဝန်းကျင် ထဲ ၌ ယောင်ချာချာ ဖြစ် နေရှာသည့် အဘွားအို အား ကြည်နူး လန်းဆန်းမှု မဖြည့်စွမ်းနိုင်ခဲ့ပေ ။
“ လာ အမေကြီး အိမ် ထဲ သွား ရအောင် ”
ညှက်စိ က သူ ၏ ဘွားအေကြီး အား ကျဉ်းမြောင်း သည့် စင်္ကြံကလေး အတိုင်း လက်ဆွဲ ခေါ်သွား ၏ ။ စင်္ကြံ နှစ်ဖက် ၌ မှန်တွေ ကာရံ ထားသည့် အလုပ်ခန်း တွေ ရှိနေကြသည် ။ ဘာတွေ လုပ် နေမှန်းတော့ အဘွားအို မသိရှာပါ ။
စင်္ကြံ အဆုံး တွင် အပေါ် ထပ်ခိုး ပေါ် သို့ တက်ရာ မတ်စောက် သေးငယ် သည့် လှေကားခြေရင်း သို့ ရောက်လေ ၏ ။ လှေကားခြေရင်း အနီး တွင် သက်လက်ရွယ် မိန်းမ တစ်ဦး သည် မီးသွေးမီးဖို နှစ်လုံး တွင် ချွေး တလုံးလုံး နှင့် ချက်ပြုတ်နေသည် ။ လှေကား သို့ တက်ရသည် မှာ အသက် ၇၆ နှစ် အရွယ် အဘွားအို အတွက် လွယ်ကူသော စွန့်စားခန်း မဟုတ်ပါ ။ အပေါ် က နေ ယုယုထွေး က ဆွဲ တင်၍ အောက် က နေ ညက်စိ က ထိန်း မ ထားရပေသည် ။ အဘွားအို မော ရှာပြီ ။
ထပ်ခိုး ပေါ် အရောက် ဘွားမယ်အို စတင် တွေ့ရှိရသည် မှာ ကြောင်အိမ် တွေ ၊ ပန်းကန်စင် တွေ ၊ ဒန်အိုးဒန်ခွက် တွေ နဲ့ စားပွဲကုလားထိုင်များ ပြွတ်သိပ်စွာ နေရာ ယူ ထားသည့် ထမင်းစားခန်း ဖြစ်ပေသည် ။ ကြောင်ဝါကြီး တစ်ကောင် က စားပွဲပေါ် တွင် ခွေ အိပ် နေသည် ။
ထမင်းစားခန်း နှင့် ကပ်လျက် ခန်းဆီး ချ ထားသောအခန်း မှာ အိပ်ခန်း ဖြစ်ပုံ ရသည် ။ အိပ်ခန်း ကို လွန်မှ နံရံ တစ်ဖက် တွင် ကပ်လျက် ဆက်တီ ကု,လားထိုင် တွေ တန်းစီ ချထား ၊ ဖယောင်းပုဆိုး ခန်းလုံးပြည့် ခင်းထား ၊ ရုပ်မြင်သံကြားစက် ၊ ဘုရားစင် ၊ နတ်စင် တွေ အကျပ်ကျပ် အညပ်ညပ် နေရာ ယူ ထားသော ဧည့်ခန်း ကို ရောက်လေ ၏ ။ ပြတင်းပေါက် မရှိ ၊ သေးငယ်လှ တရုတ်ကပ်မှန် တံခါးပုကလေး မှ အလင်းရောင်ဖျော့ဖျော့ သာ ဧည့်ခန်း ထဲ မှာ လင်းလဲ့နေသည် ။
“ အမေကြီး ..ဒီ မှာထိုင် ”
ညှက်စိ က ဆက်တီ တစ်လုံး မှာ ဘွားမယ်စံ ကို တွဲ၍ အသာအယာ ထိုင် ချ ပေးသည် ။ အဘွားအို ၏ ပိန်ချောင်ချောင် အရေတွန့် မျက်နှာကြီး သည် အကျည်းတန် သည် ထက် တန် အောင် ရှုံ့မဲ့တွန့်မှောင် နေလေသည် ။
“ ဟဲ့ ... ညှက်စိ ၊ ဒါ နင့် အိမ်လား ”
ဘွားမယ်စံ ၏ လည်ချောင်းသံ ထဲ တွင် မောပန်းခြင်း နှင့် အလို မကျခြင်း တို့ လုံးထွေး လျက် ရှိလေသည် ။
“ ဟုတ်တယ်လေ အမေကြီး ရဲ့ ၊ ဘာဖြစ်လို့လဲ ”
“ နင့် မိန်းမ ဆိုတာကော ”
အမေအို က ဆင့်ကဲ မေးခွန်း ထုတ်ပြန်သည် ။
“ သူ က သိမ်ကြီးဈေး မှာ ဆိုင် သွား ထွက်နေပြီ အမေကြီး ရဲ့ ။ ကျွန်တော် က ထမင်းဟင်း ကျက် မှ ထမင်းချိုင့် နဲ့ နောက် က လိုက်သွား မှာ ။ အောက် မှာ ထမင်း ချက် နေတာ ကျွန်တော် တို့ ငှား ထားတဲ့ အိမ်ဖော် ထမင်းချက် ပေါ့ ”
ညှက်စိ က အဘွားအို ၏ ဘေး မှ ဆက်တီ ကို ထိုင် လျက် အဘွားအို ၏ လက်ကောက်ဝတ် ကို တယုတယ ဆုပ်ကိုင် ထားသည် ။
“ အောက်ထပ် က လည်း နင့် အိမ် ပဲ လား ညှက်စိ ”
“ ဟုတ်ကဲ့ ... အမေကြီး ၊ ကွန်ပျူတာ ပြင်တဲ့ သူတွေ နဲ့ တီဗီ ပြင် တဲ့ လူတွေ ကို ငှား ထားတာ တစ်လ ကို လေးသောင်း ရတယ် အမေကြီး ရဲ့ ”
အဘွားအို သည် လှောင်အိမ် ထဲ ရောက် နေသော ကြွက်ငယ် လို မျက်လုံး တွေ ဂနာမငြိမ် ဖြစ် နေရှာသည် ။
ထို့နောက် အဘွားအို သည် ရှူးခနဲ အသံ မြည်အောင် သက်ပြင်း ချ လိုက်သည် ။
“ ငါ့ မြေး ရန်ကုန် သူဌေး ဖြစ်နေပြီ ဆိုလို့ ဘုရား ဖူးရအောင် အမေကြီး လိုက် လာတာ ။ သူဌေး သာ ဆိုတယ် နေ ရတော့ လည်း ကြွက်တွင်း ထဲ မှာ လို ကျဉ်းကျဉ်းကျုတ်ကျုတ် နဲ့ပါလား ။ နင့် ဟာ ရန်ကုန်သူဌေး မဟုတ်ဘူး ညှက်စိ ၊ ရန်ကုန်ကြွက် ... ရန်ကုန်ကြွက် ဖြစ်နေပြီဟဲ့ ”
ညှက်စိ က အဘွားအို ကို ပွေ့ဖက် လျက် ခြောက်ကပ်ကပ် ရယ်သည် ။
“ ရန်ကုန် မှာ တော့ ဒီလိုပဲ နေကြတာပဲ အမေကြီး ရဲ့ ”
အဘွားအိုး က မြေး လက် ကို ဖယ်ချ ပစ် ၏ ။
“ ငါ ရွှေတိဂုံဘုရား ဖူး ဖို့ လာခဲ့တာ ညှက်စိ ။ သင်္ဘော ပေါ် ကတည်း က ဖူး ခဲ့ရပြီ ။ ဒီတော့ နင့် မှာ ကား ရှိတယ် ဆို ။ အဲဒီ ကား နဲ့ ငါ့ ကို သင်္ဘောဆိပ် ပြန် ပို့ ပေးပေတော့ ။ ဒီ ညနေ ထွက်မယ့် သင်္ဘော နဲ့ ငါ ရွာ ပြန်တော့မယ် ။ ရန်ကုန်ကြွက်တွေ နေ သလို ငါ မနေနိုင်ဘူး ။ အသက် ရှူလို့ မဝဘူး ။ မှောင်တိ မှောင်တောင် အခန်း ထဲ မှာ နေရတာ လည်း ငါ မနေတတ်ဘူး ။ ကဲ ... ငပိန် နဲ့ ယုထွေး သင်္ဘောဆိပ် ဆင်းဖို့ အထုပ်ပိုး ပြင် ဟေ့ ”
တစ်ဇွတ်ထိုး တစ်ယူသန် အဘွားကြီး ၏ စိတ် ကို ညှက်စိ ကောင်းကောင်း သိပါ ၏ ။ ထို့ကြောင့် ကြံရာ မရ သည့် မျက်နှာကလေး ဖြင့် ဘုရားစင် ရှိရာဆီ သို့ သာ အသနားခံ သကဲ့သို့ ကြည့် မိ ရှာလေသည် ။
◾ကြူးနှစ်
📖 သုညဂိမ်း နှင့် အခြား ဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment