❝ ရောင်စဉ်တန်း ❞
မအိ ကို တွေ့ရချိန် မှာ ချောမော လှပတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်တယ် လို့ ပထမ ဆုံး မှတ်ချက် ချမိတယ် ။
သူ့ ပုံစံ က ရွှင်လန်း တက်ကြွနေတယ် ။
သူ့ ရဲ့ ထူးခြားမှု ကတော့ မျက်ခုံးမွေး က နက်မှောင် နေတာပါ ။ ဆံပင် က သမင်ရောင်ရင့်ရင့် ။ ညာဘက် နား မှာ စိန်နားပန် တစ်ပွင့် ပန် ထားတယ် ။ ခေတ်ဆန်ဆန် ရွှေနားကွင်း ခပ်ကြီးကြီး ကို လည်း နား နှစ်ဖက် မှာ ဆင်မြန်း ထားတယ် ။ ရွှေဆွဲကြိုး ၊ ရွှေလက်ကောက် ၊ ရွှေလက်စွပ်တွေ ဝတ်ဆင်ထားပုံ ကို ကြည့်ပြီး သူ က ငွေရေးကြေးရေး အဆင်ပြေသူ တစ်ယောက် လို့ မှတ်ချက် ချနိုင်ပါတယ် ။
မအိ က အိတ်ချ်အိုင်ဗွီပိုး စွဲကပ် ခံထားရသူတွေ ဘဝ ကို ရဲရဲရင်ဆိုင် ဖြတ်သန်းဖို့ လက်တွဲ ခေါ်ယူ နေတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ် ။ သူ ကိုယ်တိုင် လည်း အိတ်ချ်အိုင်ဗွီပိုး စွဲကပ် ခံထားရသူ တစ်ယောက် ပါ ။
သူ ငယ်ငယ် က ဘယ် မှာ နေခဲ့တာလဲ လို့ သူ့ ဘဝ ကို ကျွန်တော် က မေး ကြည့်မိပါတယ် ။
“ မူလအစ ပထမ ကို ပြောရရင် နေခဲ့တာတွေ က များတော့ ဘယ် ရပ်ကွက် က စပြောရမှန်း မသိတော့ဘူး ” လို့ မအိ က ပြောပြီး ရယ်တယ် ။
ပြီးတော့ တည်ငြိမ်တဲ့ မျက်နှာ နဲ့ သူ့ အကြောင်း ကို ဆက် ပြောပါတယ် ။
“ ကျွန်တော့် မွေးပြီး ကတည်း က အဖေ ဆိုတာ ကို မမြင်ဖူးခဲ့ဘူး ။ အဖေ နဲ့ အမေ က သဘောထားချင်း မတိုက်ဆိုင်ကြလို့ ကွဲသွားကြတာပေါ့ ၊ အစ်ကို သုံးယောက် ရှိတယ် ”
မအိ က မန္တလေးသူ လေသံ ကျွန်တော် နာမ်စား နဲ့ သူ့ ကိုယ် သူ ပြောပါ တယ် ။ သူ့ ဖခင် က သက်ရှိထင်ရှား ရှိသေးသလား မေးတော့ ရှိသေးတယ် ၊ နောက် အိမ်ထောင် ပြုသွားပြီလို့ သူ က ပြောတယ် ။
“ အမေ က လည်း သမီး ငယ်ငယ် ကတည်း က နောက် အိမ်ထောင်ပြုလိုက် တယ် ။ နောက် အဖေ ကလည်း ကျွန်တော်တို့ အပေါ်မှာ အဖေအရင်း လိုပဲ ကောင်း တယ် ။ ကိုယ့် မိသားစု အပေါ် လည်း ကောင်းတယ် ၊ ကိုယ့် အမေ အပေါ် လည်း ကောင်း တယ် ။ အဖေ အရင်း လို ပဲ ချစ်တယ် ၊ ဒါကြောင့် အရင် အဖေ ကို မရှာမိတော့ဘူး ၊ အမေ က စက်ချုပ်ပြီး ကျွန်တော် တို့ ကို ကျွေးမွေးလာတယ် ”
သူ က မန္တလေးမြို့ မှာ သူတို့ နေထိုင်ခဲ့တဲ့ ရပ်ကွက်တွေ ရဲ့ အမည် ကို ပြောပြတယ် ။ သူ ပညာ သင်ယူခဲ့တဲ့ ကျောင်းတွေ ကို ပြောပြပါတယ် ။ အိမ် က ပြောင်း တော့ လူ က လည်း လိုက် ပြောင်းရတာပေါ့ လို့ ပြောပြီး မအိ က ရယ်တယ် ။ ကျွန်တော် က မသိသား ဆိုးဝါးလှစွာ အိမ် က ဘာကြောင့် ပြောင်းတာလဲ လို့ မေးတယ် ။
“ အိမ် က ကိုယ်ပိုင်အိမ် မရှိတော့ အမေတို့ ငှား နေတဲ့ အိမ်တွေ ကို ပြောင်း လိုက်ရတာပေါ့ ”
“ ဆယ်တန်း ကို ဘယ် ကျောင်း က အောင်သလဲ ”
“ ၂၂ မှာ ဆယ်တန်း တစ်နှစ် ကျတယ် ၊ အပြင်ဖြေ ကျမှ အောင်တာ ”
“ တက္ကသိုလ် ကျ ဘယ် ဆက် တက်သလဲ ”
“ တက္ကသိုလ် ဆက် မတက်ဘဲ စတိုးဆိုင် မှာ အလုပ် ဝင်လုပ်တယ် ၊ ဆယ်တန်း ကို အောင်အောင် ဖြေလိုက်တာ ကလည်း အမေ က ဆယ်တန်း အောင် ရင် ဘာလုပ်လုပ် လို့ ပြောထားလို့ ”
မအိ က ပြောရင်း ရယ်မောတယ် ။
ကိုယ် ကို လှုပ်ကာ ရယ်မောတာ မို့ သူ့ နားကွင်း တွေ က ဒန်းလွှဲ သလို
“ ဆယ်တန်း အောင်တော့ အလုပ် ရှာတယ် ။ --- ကုန်တိုက် မှာ ရတယ် ။ ဒါပေမဲ့ စကတ်တိုတို ဝတ်ရမယ် ဆိုလို့ အိမ် က မလုပ်ရဘူး ။ နောက် --- စတိုး က အဆင်ပြေတာ နဲ့ ဝင်လုပ်တာ ”
“ ဘာကြောင့် တက္ကသိုလ် မတက်ဘဲ အလုပ်ဝင် လုပ်ချင်ရတာလဲ ”
“ အခုမှ အမေ့ စေတနာ နားလည်တာ ၊ စတိုးဆိုင်မှာ ဝင်လုပ်တာ ကလည်း ကိုယ်ပိုင် ဝင်ငွေ ရှာမယ် ။ ပိုက်ဆံ ရှာချင်တာပေါ့ ။ အမေ ပင်ပန်းတာ မြင် ရတော့ အမေ့ ကို ပိုက်ဆံ အပ်ချင်တာပေါ့ ”
“ လခတွေ ရတော့ တကယ် ကော အမေ့ ကို အပ်သလား"
“ အကုန် အပ်တယ် ၊ နောက်ကျမှ အကုန် ပြန်တောင်း သုံးတာ ”
မအိ က ပြောပြီး ရယ်တယ် ။ သူ က ရွှင်ရွှင်ပျပျ နေတတ်တယ် ။
ပြီးတော့မှ သူ့ မိသားစု အကြောင်း ဆက် ပြောပါတယ် ။
“ ကျောင်းပိတ်တယ် ဆိုရင် မောင်နှမ လေးယောက်လုံး အလုပ်ဝင် လုပ် ကြတာ ”
“ မအိ က ဘာတွေ လုပ်ခဲ့တာလဲ ”
“ အမေ က စက်ချုပ်တော့ စက်ချုပ် လည်း သင်ဖူးတယ် ၊ ရွှေချည် ထိုးဖူး တယ် ၊ မုန့် ထုပ်ဖူးတယ် ၊ ကျောက်ဆစ်တန်း မှာ ဆိုရင် ဘုရားဆင်းတုတော် တွေ ကို အချောတိုက် တာတွေ ရှိတယ်လေ ၊ အဲဒါမျိုးတွေ လည်း ဝင် လုပ်ဖူးတယ် ၊ ဆယ်တန်း အောင် တော့ လည်း စတိုးဆိုင် မှာ ဝင် လုပ်တယ် ၊ ပိုက်ဆံ ရှာ ချင်တာလေ ၊ အိမ်ထောင် ပြုတော့ လည်း ပိုက်ဆံ အရှာ ကောင်း တဲ့ ယောက်ျား ကို ပဲ ယူလိုက်တာပဲ ”
သူ နဲ့ ကျွန်တော် ပြိုင်တူ ရယ်မောမိလိုက်ပါတယ် ။ ရယ်မောနေရင်း နဲ့ ဇာတ်လမ်း ကတော့ အဲသည် က စ လိုက်တာပါပဲ လို့ ပြောရင်း သူ က ဆက်ပြီး ရယ်မော နေသေးတယ် ။ နောက်မှ မျက်နှာ က တဖြည်းဖြည်း တည်လာပြီး သူ့ အကြောင်း ကို ဆက် ပြောတယ် ။
“ အမျိုးသား က ကျောက်စိမ်းလက်ကောက် ဝယ်ပြီး တရုတ်ပြည် ထဲ ကို တစ်လ ကိုးသီတင်း သွားပြီး ရောင်းတယ် ။ ဝင်ငွေ ကောင်းတယ် ။ စီးပွားရှာ ကောင်း တယ် ။ ကိုယ် လည်း အားကိုးနိုင်တယ် ။ ကိုယ့် မိဘ ကို လည်း ထောက်နိုင်တယ် ဆိုပြီး သူ့ ကို ယူ လိုက်တာ ”
“ စတိုးဆိုင် မှာ ဘယ်လောက် ကြာကြာ လုပ်ခဲ့တာလဲ ”
“ တစ်နှစ် တိတိပဲ ၊ စတိုးဆိုင် က အမျိုးသား နေတဲ့ ရပ်ကွက် ထိပ်မှာပဲ ၊ သူ က လိုတဲ့ ပစ္စည်းတွေ လာ ဝယ်ရင်းနဲ့ တွေ့ကြတာ ၊ ဝယ်နိုင် ခြမ်းနိုင် သုံးစွဲနိုင် တော့ အားကိုးတာ နဲ့ ယူလိုက်တာ ၊ ငယ်ငယ်ရွယ်ရွယ် နဲ့ ရသွားတာ ”
“ အိမ်ထောင်ကျ သွားပြီ ဆိုတော့ ဘယ်မှာ နေကြလဲ ”
“ ယောက္ခမ အိမ် လိုက် နေတာ ၊ အိမ်ထောင် ကျစ ကတော့ ခပ်ပျော်ပျော် ပါပဲ ။ ယောက်ျား တရုတ်ပြည် သွား ရင် လည်း လိုက် လည်တယ် ၊ ကျောက်ဝိုင်း ဆင်းတယ် ၊ ကိုယ် က စီးပွားဖြစ် မဟုတ်ဘူး ၊ လေ့လာတဲ့ သဘောပဲ ၊ စီးပွားဖြစ် က အမျိုးသား က လုပ်တာပါ ၊ ငါးနှစ်လောက် က သားသမီး မယူဘူး ၊ သမီး က ၁၉ နှစ် ၊ သူ က ၂၂ နှစ် ဆိုတော့ မိဘတွေ က ငယ်သေးတယ် ၊ ကလေး မယူကြနဲ့ဦးတဲ့ ၊ စီးပွားရေး လည်း အဆင်ပြေတာ နဲ့ ငါးနှစ် လောက် ကြာ မှ ကလေး ယူ လိုက်တာ ”
သူ့ ကိုယ် သူ ကျွန်တော် နာမ်စား သုံးနေရာ က သမီး လို့ ပြောင်းလဲ သုံး သွား တာကို သတိထား မိတယ် ။ သူ က လုပ်ငန်းဌာန တစ်ခု မှာ မန်နေဂျာ တာဝန်မျိုး ယူနေရသူမို့ စကား ပြောရာမှာ လေးလေးနက်နက် ပြောလေ့ ရှိပုံရတယ် ။ ကျွန်တော် နဲ့ စကားပြောနေရင်း သူ့ စိတ် က ကျွန်တော့် ကို ခင်မင်ရင်းနှီး လာပြီး သမီး နာမ်စား ကို ပြောင်း သုံးမိ သွားပုံရပါတယ် ။
“ ကလေး ရပြီးတော့ ကို ကလေးလေး ထားပစ်ခဲ့ပြီး သမီး က ကျောက်ဝိုင်း ဆင်းသေးတာ ၊ အဲဒီ အချိန်မှာ ကလေး ရလာပြီ ဆိုတော့ အပျော်သဘော မဟုတ် တော့ဘူး ၊ ရှာရမယ် ဆိုတဲ့ အသိစိတ် ဝင် လာတယ် ။ ကြီးကြီးမာစတာကြီး မဟုတ် တောင် မှ ကိုယ် နိုင်သလောက် စ လုပ်တယ် ”
သူ အိတ်ချ်အိုင်ဗွီ ရှိစ သိရတဲ့အကြောင်း ကို မအိ က ဆက်ပြောတယ် ။
“ ပထမကလေး နှစ်နှစ်ကျော် ၂ဝဝ၂ ခု လောက်မှာ အိတ်ချ်အိုင်ဗွီ ရှိတယ် ဆိုတာ သိကြရတယ် ။ ပထမ တော့ အမျိုးသား က ကျန်းမာရေး ဖောက်လာ တယ် ။ ဝမ်းတွေ လျှော ပြီး တရှောင်ရှောင် ဖြစ်နေတယ် ၊ ဘာဖြစ်မှန်း လည်း မသိဘူး ၊ ဒေါက်တာဝင်းအောင် က သွေး စစ်ခိုင်းတယ် ၊ အဲဒီမှာ အိတ်ချ်အိုင်ဗွီ တွေ့တယ် ”
“ နှစ်ယောက် တစ်ပြိုင် တည်း သွေး စစ်တာလား ”
“ မဟုတ်ဘူး ။ အမျိုးသား ကို တွေ့ပြီ ဆိုတော့ အမျိုးသမီး လည်း စစ်ရမယ် ဆိုပြီး နောက် နှစ်ရက် အကြာ မှာ သမီး သွေးစစ်တာ ”
“ ကိုယ် လည်း အိတ်ခ်ျအိုင်ဗွီ Positive ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ဘယ်လို ခံစားရသလဲ ”
“ ငါ သေတော့မှာပဲ ။ အဲဒီတုန်း က တီဗွီ ကလည်း လာတယ်လေ ၊ အိတ်ချ် အိုင်ဗွီ/အေအိုင်ဒီအက်စ် က ကုရာ နတ္ထိ ဆေး မရှိတဲ့ ၊ ဆေး မရှိဘူး ဆိုတော့ စိတ်ဓာတ် တအား ကျသွားတယ် ”
“ မငိုဘူးလား ”
“ ငိုတယ် ၊ လင်မယား ရန်တွေ တအား ဖြစ်ကြတယ် ၊ ဘယ်လို လုပ်ပြီး ဒီရောဂါ ယူလာခဲ့ရတာလဲပေါ့ ၊ သူ က တရားခံ ပဲ ၊ ကူးစက်နိုင်တာတွေ ကို လုပ် လာခဲ့တယ်ပေါ့ ၊ အမြဲတမ်း စကား များကြတယ် ၊ စီးပွား လည်း မလုပ်ချင်တော့ဘူး ၊ ရှိတာပဲ ထိုင်စား တော့မယ်ပေါ့ ”
သူတို့ စိတ် ထဲမှာ အနာဂတ် မရှိသလို ခံစား လိုက်ကြရမှာ ပဲလို့ ကျွန်တော် စာနာမိတယ် ။
“ ကလေး ကလည်း နှစ်နှစ်ခွဲ သုံးနှစ် ဆို မူကြို ထားတဲ့ အရွယ် ၊ အင်မတန် ချစ်စရာ ကောင်းတဲ့ အရွယ် ၊ ကလေး ကို သွေး မစစ်ရဲဘူး ၊ ၂၀၀၂ က သမီးတို့ သိတာ ၊ ကလေး ကို ၂၀၀၅ ကျ မှ သွေးစစ်တာ ၊ မခံစားနိုင်ဘူး ၊ ဒီ သုံးယောက် ထဲ မှာ ဘယ်သူက ဗွေသေမှာလဲ ၊ သေမယ့် အကြောင်းတွေ ပဲ နေ့စဉ် စဉ်းစား နေမိတော့တာ ပေါ့နော် ”
နားထောင်ရင်း ကျွန်တော် မသိမသာ သက်ပြင်း ချမိလိုက်တယ် ။
“ နေ ကောင်းအောင် နေမယ့် စိတ်ကို မစဉ်းစားမိဘဲ သေတော့မယ် ဆိုတာပဲ စဉ်းစားနေတယ် ၊ နောက်ထပ် တစ်ခု ကတော့ ( သူ က ပြောရင်း ရယ်လိုက်တယ် ) သေရင် ဘဝကူး ကောင်းအောင် ဆိုပြီး အလှူအတန်း လုပ်တာတို့ ၊ ကောင်းမှုကုသိုလ် လုပ်တာတို့ ၊ တရားစခန်း ဝင်တာတို့ တော့ လုပ်ဖြစ် သွားတယ် ၊ ရပ်ကွက် ထဲ က ဓမ္မာရုံ သွားပြီး နေ့စဉ် တရား နာတယ် ၊ စီးပွား ရှာတာတော့ မလုပ်တော့ဘူး ”
“ အဲဒီတော့ ပေါ့ပါး သက်သာလာသလား ”
“ ကိုယ် က ဘာမျှ တရား ရတဲ့သူ မဟုတ်တော့ တရားထိုင် နေရင်းလည်း ဒီ စိတ်ပဲ ဝင်နေတာပါပဲ ။ အဲဒီ စိတ် က အမြဲ လွှမ်းမိုးနေတာ ၊ သက်သာ လည်း တဒင်္ဂပဲ ၊ သေရမှာပဲ ကြောက်နေတယ် ၊ နောက် တစ်ခု က ဒါကို သူများတွေ သိသွားမှာ ကို စိုးရိမ်နေတယ် ၊ ဘာဖြစ်လို့ နေမကောင်းတာလဲ မေး လိုက်မှာ ကြောက်တယ် ၊ အဲဒီ ကတည်း က သမီး ကိုယ် သမီး ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကျမှာ ကြောက်ပြီး ကိုယ့် ကိုယ် ကိုယ် တအား ဂရုစိုက်တာ ”
ဒါကတော့ သူ့ ဘဝ အတွက် အင်မတန် ကောင်းတာပဲ ။
“ နောက် တစ်ခု က ကိုယ့် မှာ ကလေး ရှိသေးတယ်ပေါ့ ၊ အတတ်နိုင်ဆုံး ခံနိုင်ရည် ရှိအောင် နေမယ်လို့ ဆုံးဖြတ်တယ် ၊ ဟိုဘက်ပိုင်း တွေမှာ စိုးရိမ်စိတ်တွေ နဲ့ပဲ နေခဲ့ရတာ ”
“ ကုသမှု အပိုင်း ကျတော့ ကော ”
“ အေအာရ်ဗီဆေးတွေ ဆေးရုံ ကို သွား ယူရင် ရတယ်လို့ ဆရာဝန် က ပြောပေမယ့် မသွားဖြစ်ခဲ့ဘူး ၊ ဘုန်းဘုန်း ရဲ့ ဗဗာဆေးတွေ နဲ့ ပဲ ၊ တစ်နှစ် လောက် ကု နေသေးတာ ၊ နေလာရင်း ၂၀၀၅ လောက် မှာ အမျိုးသား က တီဘီ ဝင်သွားတာ ၊ တီဘီဆေးရုံ တက် ရတယ် ၊ အဲဒီမှာ အေအာရ်ဗီ စ သောက်ခိုင်း တော့တာ ”
“ စနစ်တကျ ဆေးကုသမှု ကို သုံးနှစ် လောက် နေမှ ယူဖြစ်တာပေါ့ ”
“ ဟုတ်ပါတယ် ၊ ဆေးသွား ယူရင်း စနေ ၊ တနင်္ဂနွေ မှာ သင်တန်းလေး တွေ လုပ်တာ သွား တက်ရင်းနဲ့ နားလည် လာတယ် ၊ ဆရာတွေ က သင်တာကြောင့် ပြန် စဉ်းစားမိတယ် ၊ ဟုတ်သားပဲ ၂၀၀၂ က သွေး စစ်ခဲ့တာ ခု ဆိုရင် သုံးနှစ် တောင် ရှိပြီ ၊ ဘာမျှ ထူးထူးခြားခြား ဖြစ် မသွားဘူး ၊ ကိုယ့် ကိုယ် ကိုယ် ကျန်းမာအောင် နေလို့ ရတယ် ၊ စီးပွား ရှာရမယ် ၊ ကလေး ကို လည်း သွေးစစ်ရမယ် ဆိုတဲ့ အသိ ရလာတယ် ”
ကလေး ကို သွေးစစ်တဲ့ နေ့ အကြောင်း ကို မေးပါတယ် ။
“ ကလေး က ငယ်သေးတော့ သူ့ကို ဘာကြောင့် စစ်တယ် ဆိုတာတော့ မသိဘူးပေါ့ ၊ သူ က တစ်တန်း လောက် ရောက် နေပြီ ၊ ကျောင်း မှာ လည်း သွေးအုပ်စု တွေ ခွဲဖို့ စစ်တော့ အဲဒါမျိုးပဲ သူ က ထင်နေတာ ”
“ သွေး အဖြေ က ချက်ချင်း မရဘူး ၊ အဲဒီ ကာလ မှာ မိခင် တစ်ယောက် အနေ နဲ့ ရင် ထဲ မှာ ဘယ်လို ခံစား နေရသလဲ ”
မအိ က မပြောခင် အားယူ လိုက်သလို ကိုယ် ကို မတ်မတ် ထိုင်လိုက်ပြီး အရင် ပြုံး လိုက်တယ် ။
“ သွေး စစ်ပြီးတော့ အိပ်လို့ ကို မပျော်ဘူး ၊ ကိုယ့် ကို သွေးစစ်တုန်း က ကာလ ပြန် ရောက်သွားတယ် ၊ သူ့ မှာ ရှိနေမှာလား ၊ သနားနေတယ် ။ ရှိမှာ ကို စိုးရိမ်ပြီး သုံးရက် လောက် ကို သွေးအဖြေ စောင့်ရတာ သုံးနှစ် လောက် ကြာ သလိုပဲ ၊ အိပ် မပျော်ဘူး ၊ အစားအသောက် တွေ လည်း ပျက်တယ် ၊ အဖြေ ရတဲ့ နေ့ကျတော့ ရင်တွေ ခုန်တယ် ၊ ရင်တွေ ခုန်တယ် ပြောကြတာ ၊ တကယ်ပဲ ကိုယ့် ရင်ခုန်သံ ကို ကိုယ် ပြန်ကြားနေရတာ ”
ကာယကံရှင် မိခင် မဆိုထား နဲ့ ကျွန်တော် တောင်မှ ရင်ခုန်လာတယ် ။ ကလေး ရဲ့ သွေး အဖြေ က ဘယ်လိုလဲ သိချင်နေတယ် ။
“ တအား စိုးရိမ်နေတာ ၊ သွေးစစ်ချက် ယူလာတဲ့ ဆရာမ ရဲ့ အမူအရာ ကို အကဲခတ် လှမ်း ကြည့် လိုက်တော့ ကောင်းတယ် ဆိုတဲ့ အမူအရာ ကို မြင်ရတယ် ၊ ကောင်းတယ် လို့ ဆရာမ က ပြော လိုက်တော့ ဝမ်းသာပြီး ငိုလိုက်မိတယ် ”
“ ကလေး က အိတ်ချ်အိုင်ဗွီ မရှိဘူး ဆိုတော့ ကိုယ့် မှာ အနာဂတ် ရှိလာ တယ်လို့ ခံစားလိုက်ရတယ် ၊ ခံယူချက် လည်း ပြောင်း သွားတယ် ၊ ကိုယ့် လို အိတ်ချ်အိုင်ဗွီ ရှိတယ် ဆိုတဲ့ သူတွေ ကို counselling ( နှစ်သိမ့်ဆွေးနွေး ပညာပေး ) ရတဲ့ နေရာတွေ မှာ ဝင်ပြီး ပါတယ် ၊ ကိုယ် က ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေ တော့ သွေး အဖြေ မကောင်းဘူး လို့ အဖြေ ထွက်တဲ့ သူတွေ ကို စေတနာ့ဝန်ထမ်း အနေ နဲ့ အကူအညီ ပေးဖို့ ဆရာတွေ က ပြောတယ် ”
တန်ဖိုးရှိတဲ့ လူသား တစ်ယောက် ပို ဖြစ်လာတာပေါ့ ။
“ တချို့က သွေး လာ စစ်ပြီး ဆေးသောက်ဖို့ ဆက် မလာတော့ဘဲ ပျောက် သွားတဲ့ သူတွေ ရှိတယ် ။ အဲဒီ လူတွေ က ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ ၊ ဆေး သောက်ဖို့ လိုတယ် ဆိုပြီး မန္တလေးမြို့နယ် ငါးခု မှာ သမီး တို့ ကို မြို့နယ် အလိုက် တစ်မြို့နယ် သုံးယောက် စီ ဦးဆောင်လုပ်ဖို့ တာဝန် ပေးတယ် ”
“ ကိုယ်တိုင် ကလည်း ကျန်းမာသန်စွမ်းတဲ့ မျက်မြင်သက်သေ ဖြစ်နေတာပဲလေ ”
“ ကိုယ် က ဒီဘက်ကို ခြေစုန်ပစ် ဝင်လိုက်တယ် ၊ လုပ်ရမယ် လို့ ခံယူထား တယ် ၊ အမျိုးသား က စီးပွား ရှာတယ် ၊ ကိုယ့် လို အိမ်ထောင်ရှင်တွေ မှာ ကလေးတွေ ရှိမှာပဲ ၊ ကလေးတွေ မိဘ စုံစုံလင်လင် နေရဖို့ ကိုယ် က ကျန်းမာရေး ကောင်းမွန်ဖို့ လိုအပ်တယ်လေ ”
“ ကိုယ်တိုင် အိတ်ချ်အိုင်ဗွီ ရှိတယ် ဆိုတာ သိလိုက်ရ တုန်းက အမျိုးသား ကို စိတ် မနာဘူးလား ”
မအိ က ဟက်ဟက်ပက်ပက် ရယ်မော လိုက်တယ် ။
“ ကိုယ့် မှာ မိန်းမ လည်း ရှိရဲ့သား နဲ့ ဘာကြောင့်များ ရောဂါ ရှိတဲ့ မိန်းမ နဲ့ ပတ်သက် ခဲ့ရသလဲ လို့ စိတ် နာတယ် ၊ ပိုက်ဆံ ပေါလို့ ဖြစ်တာ ပိုက်ဆံ မရှိပါစေနဲ့ လို့ ဆုတောင်း တဲ့ အခါလည်း ဆုတောင်း ရဲ့ ၊ သူ နဲ့ လည်း ဆက် မပေါင်းချင်တော့ဘူး ။ ကွဲ ရအောင် ကလည်း ကိုယ် က ၁၀ တန်း ပဲ အောင်တာ ၊ ဘာလုပ် စားရမှန်း မသိဘူး ”
သူ က ရယ်ရွှန်းဖတ်ရွှန်း နဲ့ ဆက်ပြောတယ် ။
“ တစ်အိမ်တည်း သာ နေတာ ၊ မပေါင်းဘဲ နေတယ် ၊ နောင်ကျ အေးအေး ဆေးဆေး စဉ်းစားတော့ ဘူတာ က ကိုယ့် ဆီ ပြန် ဆိုက်လာတာ ၊ ကိုယ် အထိန်းအသိမ်း ညံ့ လို့ ဖြစ်ရတာ ”
ကျွန်တော် က ရယ် လိုက်မိတယ် ။
မအိ က ပြုံးနေတယ် ။
“ အရင်ကတော့ ကိုယ့် မှာ အပြစ် မရှိဘူး ။ ကျွန်မ အမျိုးသား ဆီ က ကူးတာလို့ ကိုယ် အပြစ် လွတ်အောင် ပြောတာ ၊ ခုတော့ ကိုယ် အထိန်းအသိမ်း ညံ့ လို့ ဖြစ်ရတာ လို့ ကိုယ့် အားနည်းချက် ကို ဖော်ပြသလို ဖြစ်နေပါလား လို့ မြင်လာတယ် ”
မအိ က ရယ်တယ် ။
“ အခု အမျိုးသား ကျန်းမာရေး က ကော ”
“ ကောင်းတယ် ၊ အရင် ကတော့ ကလေး ကို ကူး မှာ စိုးလို့ ကလေး ထပ် ယူရဲဘူး ၊ ဆေး လည်း သောက်တာ ကြာပြီ ၊ ပိုးကောင်ရေ စစ်တော့ မရှိသလောက် နည်း သွားပြီ မို့ ကလေး ထပ် ယူ လိုက်တယ် ။ နောက်ထပ် ယူတဲ့ ကလေး ကို လည်း သုံးကြိမ် စစ်ပြီးပြီ ၊ ပိုး မရှိဘူး ”
“ ဘဝ ကို ပြန် ကြည့် လိုက်တော့ ဘယ်လို အမြင် ရှိသလဲ ”
“ အိတ်ခ်ျအိုင်ဗွီ ရှိတယ် ဆိုတာ သိပြီး မှ ပထမ သေရ မှာ ကြောက်တယ် ၊ နောက်ကျ ဘဝ ကို ပိုပြီး လေးနက် သွားတယ် ၊ အရင် က အသုံး မဝင် ၊ အသုံး သိပ် မကျတဲ့ လူ တစ်ယောက် လို ဖြစ်ခဲ့ရာ က ခုတော့ တော်တော်လေး လူတွေ အကျိုးပြု နိုင်ပါလား ဆိုတာ ကို တွေ့ရတယ် ။ ကျန်းမာ အောင် နေမယ် ၊ အကျိုး ပြုတဲ့ အလုပ်တွေ ကို ဆက် လုပ်မယ် ”
⎕ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ စုစည်းမှု - ၈
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment