Monday, August 12, 2024

ဗိုလ်သခင်ဆရာ


 

❝ ဗိုလ်သခင်ဆရာ ❞

စာရေးဆရာကြီး ဗိုလ်သခင်ဆရာ က ယခုအခါ အသက် ၉ဝ ရှိပြီ ။ အိမ်ပိုင် ယာပိုင် မနေဘဲ ယခုအခါ ရန်ကုန်မြို့ ၊ သမ္မတဟိုတယ် မှာ နေပါတယ် ။

ဆရာ့ သက်တမ်း တစ်လျှောက် မှာ ဗိုလ်သခင်ဆရာ ၊ သခင်တင်ဦး ၊ ဆရာကြင်ခဲ စတဲ့ ကလောင် အမည် အမျိုးမျိုး နဲ့ စာတွေ အများကြီး ရေးခဲ့တယ် ။ သူ ရေး တဲ့ စာတွေ ကို လူကြိုက် များတယ် ။

ဆရာ့ မှာ အတွေ့အကြုံ ပေါင်းစုံ ကြုံတွေခဲ့တယ် ။ ဆရာ က နေ့စဉ်မှတ်တမ်း ရေးတာ ဝါသနာ ပါတယ် ။ သူ့ အတွေ့အမြင် တွေ ကို စာအုပ်တွေ ရေးထားတယ် လို့ စာအုပ်သမား ကိုတင်မောင်လွင် က ပြောတယ် ။ သူ သက်ရှိထင်ရှား ရှိစဉ် မှာ သူ ရေး ထားတဲ့ စာအုပ် ၊ သူ့ နေ့စဉ်မှတ်တမ်း တွေ ကို ပုံနှိပ်ထုတ်ဝေ ရရင် စာဖတ်သူ တွေ ၊ သုတေသီ တွေ အတွက် အကျိုး ဖြစ်ထွန်းနိုင်တယ် လို့ ယူဆ တဲ့ အတွက် တော်ဝင်နှင်းဆီ ဖောင်ဒေးရှင်း က ဆရာ နဲ့ တွေ့ဆုံပြီး ခွင့်ပြုချက် တောင်းခံတယ် ။

တစ်ညနေခင်း မှာ ကိုတင်မောင်လွင် က ခေါ်လာ လို့ ဆရာ နဲ့ ကျွန်တော် ဆုံတွေ့ ခွင့် ရတယ် ။

မြန်မာ့နိုင်ငံရေး ရာဇဝင် အပါအဝင် ရေးသားထားတဲ့ စာအုပ် လေးအုပ် အကြောင်း ဆရာ က ပြောပြ ပါတယ် ။ ဆရာ ဗိုလ်သခင်ဆရာ က အသက် နဲ့ မမျှအောင် ကျန်းမာ သန်စွမ်းတယ် ။ ရွှေဖလားရောင် ရခိုင်လုံချည် ဝတ်ထားပြီး စတစ်ကော်လာ နဲ့ ရှပ်အင်္ကျီ ၊ ပင်နီတိုက်ပုံအင်္ကျီ တို့ ကို ဝတ်ဆင် ထားပါတယ် ။ တက်ကြွစွာ လှုပ်ရှား စကား ပြောတဲ့ အခါ သူ့ ရွှေကိုင်းမျက်မှန် က မီးရောင် မှာ လင်းလက် သွားတာ တွေ့ရတယ် ။

သူ က စကား ပြောဖို့ ထက်သန်တယ် ။ တွေ့ဆုံကြုံခိုက် မှာ ကျွန်တော် က ဆရာ ဖြတ်သန်းခဲ့တဲ့ ဘဝ ခရီး ကို မေးမြန်းမှတ်တမ်း တင်တယ် ။ ကိုစိုးဝင်းငြိမ်း က ဗီဒီယိုမှတ်တမ်း တင်တယ် ။

“ ကျွန်တော့် အကြောင်း ရေးမယ် ဆိုရင် ရွာကန့်လန့် ၊ မြစ်ကန့်လန့် ဆိုတာ က စ ရေးရမယ် ”

ဆရာ က ပြောပြီး ရယ်တယ် ။ ကျွန်တော် က ရွာကန့်လန့် ၊ မြစ်ကန့်လန့် ဆိုတာ ဘယ်လို အဓိပ္ပာယ် လဲ မေးတယ် ။

“ ဧရာဝတီမြစ် က မြောက် က နေ တောင် ကို စီး လာတယ် ၊ ခု ခံတပ် ဖြစ်တဲ့ မင်းလှ ကို ကျော်လာ ပြီးတော့ ပထနဂိုရ် ၊ အစိုးရ ရုံးစိုက် နေတယ်လေ ။ အဲဒီ နေရာ လည်း ရောက် ရော ၊ မြစ် က မြောက် ကနေ တောင် ကို စီးလာရာ က အနောက် က နေ အရှေ့ကို ပြောင်း စီးတာ ။ အဲဒီမှာ ကျွန်တော် မွေးတဲ့ မိချောင်းရဲ ရှိတယ် ”

“ ဆရာ က ရွာကန့်လန့် မှာ မွေးတယ်ပေါ့ ”

ဆရာဗိုလ်သခင်ဆရာ က ရယ်တယ် ။

“ ကျွန်တော် က ရွာကန့်လန့် မှာ မွေးတာ ။ ကျွန်တော့် အဖေ ရဲ့ အဖေ ( အဘိုး ) က ဆင်ပေါင်ဝဲ က ။ ကျွန်တော့် အဖေ ရဲ့ အမေ ( အဘွား ) က တောင်တွင်းကြီး က ။ တောင်တွင်းကြီး က ငါးရက် မှာ ဈေး တစ်ဈေး ။ ဈေး က တောင်တွင်းကြီး ဖြစ်လိုက် ၊ နောက်ရက် ကျ ဆတ်သွား ဖြစ်လိုက် ၊ မြို့သစ် ဖြစ်လိုက် ၊ မြို့လုလင် ဖြစ်လိုက် ၊ တောင်တွင်း ( ကြီး ) ပြန် ဖြစ်လိုက် ၊ ငါးရက် မှာ တစ်ဈေး ဖြစ်နေတာ ”

ဆရာ က ဆက်တီ ခုံတန်းလျားရှည် မှာ ထိုင် နေတာ ။ ခုံ က နိမ့် လို့ ထိုင်ရတာ သိပ် အဆင် မပြေဘူး ဆိုလို့ ကူရှင် တစ်ခု ထပ်ယူ ပေးတော့ ဆက်တီခုံ ပေါ် ကူရှင် ထပ်ပြီး ထိုင်တယ် ။

“ ကျွန်တော့် ဘွားအေ က ငါးရက် တစ်ဈေး လိုက်ရင်း မြို့သစ် မှာ ကျွန်တော့် အဖေ ကို မွေးတာ ၊ မြို့သစ် မှာ သစ် ပါတယ် ဆိုပြီး ကျွန်တော့် အဖေ ကို ဘသစ် လို့ နာမည် ပေး လိုက်တာ ”

“ ဆရာ က တော့ မိချောင်းရဲ မှာ မွေးတာပေါ့ ”

“ တောင်တွင်း မှာ မွေး ဖို့ ၊ အဖေ က တောင်တွင်း မှာ မွေးချင်တာ ။ အမေ က သူ့ အမေ ရှိတဲ့ မိချောင်းရဲ ကို သွား မွေးတာ ”

“ ဆရာ့ မိဘတွေ က ဘာ လုပ်ငန်း လုပ်ကြသလဲ ”

“ အဖေ က ပွဲစားကုန်သည် ဆိုတော့ အမေ က ပွဲကတော် ပေါ့ ။ ကျွန်တော့် အထက် မှာ ကလေး နှစ်ယောက် မွေးပေမယ့် ဆုံး သွားတယ် ။ အဖေ နဲ့ အမေ က သားသမီး လိုချင်တယ် ။ ကျွန်တော် လည်း ကိုယ်ဝန် ရှိရော သူတို့ ဥပုသ် စောင့်တယ် ။ သက်သတ် လွတ်စားတယ် ။ ကမ္မဋ္ဌာန်း ထိုင်တယ် ။ ကျွန်တော့် ကို မွေးပြီး ကျွန်တော် လေးနှစ်သား မှာ အဖေ ဆုံးသွားတယ် ”

“ ဆရာ က တစ်ဦးတည်း သော သား ပေါ့ ”

“ ဟုတ်တယ် ”

“ အမေ့ အကြောင်း လည်း ပြောပါဦး ”

“ အဖေ ဆုံးသွားတော့ အမေ က ရှိတဲ့ ပစ္စည်း ထိုင် စားတယ် ။ နောက်ပိုင်းကျ တော့ အမေ့ ညီမ လုပ်တဲ့ သူ က မမ ဒီလို ထိုင်စား နေလို့ မတော်ဘူးတဲ့ ။ အမေ က မုဆိုးမ ဘာမှ မလုပ်တတ်ဘူး ။ ညီမ လုပ်တဲ့ သူ က ပြောတော့ ငါ့ မှာ စက် ရှိတယ် ဆို ပြီး စက်ချုပ်တယ် ”

ဆရာ က ပြောလက်စ စကား ကို ခဏ ရပ်ပြီး ရေ တစ်ခွက် သောက် ပါတယ် ။

“ အဖေ က ခေတ်မီတယ် ။ အိမ် က အကြီးကြီး ၊ အိမ်ဝင်း က အကျယ်ကြီး ။ ရွာ က စာသင်ကျောင်း ဆောက်ချင်တယ် ဆိုတော့ ကျွန်တော့် တို့ အိမ် နေရာ ကို အဖေ က လှူတယ် ။ အဲဒီ နေရာ ရဲ့ အနောက်ဘက် တစ်လမ်း ကျော် ကို ကျွန်တော်တို့ ပြောင်း နေ ကြတယ် ”

ကျွန်တော် က ဆရာ ပြောတာ ကို “ ဟုတ်ကဲ့ ” နဲ့ စကား ထောက် ပေးတယ် ။

“ ကျောင်း နဲ့ အိမ် က ကပ် နေတော့ ငယ်ငယ်ကလေး ကတည်း က စာ နဲ့ ရင်းနှီး နေတာ ။ ကျွန်တော်တို့ အိမ်လမ်း မှာ ဇာတ်ရုံ ရှိတယ် ။ အမေ က ပွဲ က ရင် ဇာတ် သွား ကြည့် ခိုင်းတယ် ။ မကြည့်ဘဲ မနေရဘူး ။ သူ မကြည့် ပေမယ့် ကျွန်တော် က သွား ကြည့် ရတယ် ။ ဒါကြောင့် ဇာတ်သဘင် ဗဟုသုတတွေ ကျွန်တော် ရခဲ့တာ ”

ဆရာ က ဗိုလ်သခင်ဆရာ ကလောင် အမည် နဲ့ ကွက်စိပ်တွေ ရေးတယ် ။ သခင်တင်ဦး အမည် နဲ့ ဇာတ်သဘင် ဆောင်းပါး တွေ အများကြီး ရေးတယ် ။ ငယ်စဉ် က ပွဲတွေ ကြည့်ခဲ့တဲ့ အခံ ကြောင့် ရေးနိုင်တာ ဖြစ်မယ်လို့ ကျွန်တော် က တွေး နေမိတယ် ။

“ အဘိုး ဆုံး သွားတော့ အဖေ နဲ့ နှမ သုံးယောက် နဲ့ ကျန်ရစ်တယ် ။ အဖေ က သူ့ နှမတွေ ကို အလုပ် မလုပ်ရဘူး ။ ဈေးရောင်း ကျွေးတယ် ။ ပွဲစား လုပ် ကျွေးတယ် ။ အဖေ ဆုံး သွားတော့ အဖေ့ နှမတွေ က ကျွန်တော့် ကို သူတို့ မောင် ကိုယ်စား ဝိုင်း ချစ်ကြ တာ ။ ဟိုတုန်းက တော့ ဖျာခင်းပြီး ပွဲ ကြည့်ရတာ ။ အောင်မောင်း လာရင် ၊ ပန်းပဲ မောင်တင့်တယ် က တဲ့ ည ဆိုရင် ကျွန်တော် အစောကြီး သွားပြီး ဖျာ ခင်းရတယ် ။ ပန်းပဲ မောင်တင့်တယ် က နှမ နှစ်ယောက် ကို ရှာဖွေ ကျွေးတဲ့ အခန်း ထွက် လာရင် ”

ဆရာ က ပြောရင်း ဝမ်းနည်း လာပုံ ရတယ် ။ ဆို့ သွားတယ် ။ မျက်ဝန်း မှာ မျက်ရည်တွေ စို့လာတယ် ။

“ အဒေါ် နှစ်ယောက် က နောက်ကြောင်း တွေ ပြောပြပြီး ကျွန်တော့် ကို ဖက် ငို တာပဲ ။ မင်း အဖေ က အဲဒီ အတိုင်းပဲ တဲ့ ”

“ ဆရာ ပညာ သင်ခဲ့တာ လည်း ပြောပါဦး ”

“ မိချောင်းရဲ မှာ ခုနစ်တန်း အထိ နေတယ် ။ ခုနစ်တန်း က ကျော် တော့ ဆင်ပေါင်ဝဲ သွား နေရတယ် ”

“ မိချောင်းရဲ နဲ့ ဆင်ပေါင်ဝဲ ဘယ်လောက် ဝေးသလဲ ”

“ လှေ နဲ့ စုန် ရင် နှစ်နာရီ လောက် စုန်ရင် ရောက်တယ် ။ ဆင်ပေါင်ဝဲ က ဘုန်းကြီးကျောင်း မှာ ကျွန်တော် သွား နေရတယ် ။ နေရတာ သိပ် ဆင်းရဲတာ ။ ဘုန်းကြီးကျောင်း ဆိုတော့ ည မှာ ညစာ မရှိတော့ဘူး ။ မနက် က ဟင်း ကျန်ရင် ဟင်းပေါင်း ချက် စား ရ တာ ။ သိပ် ဆင်းရဲတယ် ။ ကျောင်း မှန်မှန် မတက်နိုင်ဘူး ။ အဲဒီမှာ ရှစ်တန်း ၊ ကိုးတန်း နေတယ် ။ ကိုးတန်း ရှုံး တော့ တောင်တွင်းကြီး က အဖေ့ နှမတွေ က သူတို့ ဆီ ခေါ်တယ် ။ အဲဒီမှာ ကိုးတန်း ၊ ဆယ်တန်း အောင်တယ် ”

“ တက္ကသိုလ် ဆက် တက် တာကော ”

“ တက္ကသိုလ် မရောက်ဘူး ။ ဆယ်တန်း အောင် ပြီးတော့ ပိုက်ဆံ ရှိတဲ့ မင်းတိုင်ပင် အမတ် ၊ ရွှေပန်းထိမ်ဦးဒွေး ရဲ့သား က ကျွန်တော့် ကို ဘယ် ကျောင်း နေချင်သလဲ ပြော ၊ သူ ဆက် ထားမယ်တဲ့ ။ ကျွန်တော် က ပထမ တစ်နှစ် သျှင်ဥက္ကဋ္ဌ ကျောင်း နေတယ် ။ နောက် တစ်နှစ် ဆရာဖြစ်သင် ကျောင်း နေတယ် ။ ဆရာဖြစ်သင် ကျောင်း က ကျောင်း ဆရာ စာမေးပွဲ အောင်တယ် ”

“ ကျောင်းဆရာ ဝင် လုပ်လိုက်သလား ”

“ အင်းပေါ့ … ၁၉၄ဝ ပြည့်နှစ် လောက် စစ် စ ဖြစ်ပြီး ခြောက်လ လောက် ပဲ လုပ် လိုက်ရတယ် ။ စစ် ဖြစ်တော့ ကျောင်းဆရာ ဆက် မလုပ်ဘဲ သခင် ဖြစ် သွားတယ် ။ သခင် ပေါက်စ ပေါ့ ”

“ သခင် ပေါက်စ ထောင် ခြောက်လ တဲ့ ။ ဆရာ အဖမ်း ခံရသေးသလား ”

“ ဖမ်းတယ် ။ ငယ်တယ် ဆိုပြီး ပြန် လွှတ်တာ ။ ကျွန်တော် က ၁၆ နှစ်သား ”

“ စစ် အတွင်း မှာ ဘာတွေ လုပ်ခဲ့သလဲ ”

“ ဘီအိုင်အေ ( ဗမာ့ လွတ်လပ်ရေးတပ်မတော် ) တက် လာတော့ ကျွန်တော် ဘီအိုင်အေ ထဲ ဝင်တယ် ။ မန္တလေး ၊ ညောင်ဦး မှာ တာဝန် ကျတယ် ။ ဝင်စ က စစ်သား ၊ နောက် စစ်ဗိုလ် ဖြစ် ၊ ဗိုလ်မှူး ဖြစ်တယ် ၊ ဗိုလ်လက်ျာ က သူ့ ညီ ကိုလှရွှေ နဲ့ ရုပ်ချင်း တူလို့ ကျွန်တော့် ကို သံယောဇဉ် ရှိတယ် ”

“ တပ် ထဲ မှာ ဘယ်လောက် ကြာသလဲ ”

“ တစ်နှစ်ကျော် လောက်ပဲ ။ အဲဒီ က နေ ကျွန်တော် က တော်လှန်ရေး ဘက် ဝင် ခဲ့တာ ။ အန်ဒါဂရောင်း ပေါ့ ။ ဗိုလ်ဗထူး နဲ့ အတူတူ ပဲ ။ လွန်လပ်ရေး မရခင် အထိ ပေါ့ ”

“ ဆရာ စာရေးဆရာ ဖြစ် လာတာလည်း ပြောပြပါဦး ”

“ လွတ်လပ်ရေး ရ ပြီးတော့ ကျွန်တော် ရန်ကုန် မှာ နေတယ် ။ ကျွန်တော် ဝတ္ထု တစ်ပုဒ် ရေးပြီး သွား ပေးတာ ။ ဝတ္ထုအမည် က ကလတက် ၊ ကလောင် နာမည် က သခင်တင်ဦး ၊ ဝတ္ထုတိုက် မှာ အယ်ဒီတာ က ဦးသန်းတင် ”

“ ဆရာဓူဝံ လား ”

“ ဟုတ်တယ် ဓူဝံ ။ သူ က မြန်မာ့အလင်း မှာ အယ်ဒီတာ အလုပ်ပါ ခေါ်တယ် ၊ ကျွန်တော် က စာ ပဲ ရေး ချင်တော့ အယ်ဒီတာ မလုပ်ဖြစ်ဘူး ။ မြန်မာ့အလင်း မှာ ဆောင်းပါး ရေးတယ် ။ မဂ္ဂဇင်းတိုက် တွေ မှာ ဝတ္ထု ရေးတယ် ”

“ စာ ရေးပြီး ရပ်တည် တာလား ”

“ ဟုတ်တယ် ၊ နောက်တော့ စာစောင်တွေ အပြိုင် ထွက် လာတော့ ဗိုလ်သခင်ဆရာ နာမည် ယူလိုက်တာ ”

“ ကလောင်နာမည် က ဆွဲဆောင်မှု ရှိတယ် ။ ဆရာ့ ဘဝ ကို လည်း ကိုယ်စား ပြုတယ် ။ ဆရာ ပထမဆုံး လုပ်ခဲ့တာ က ကျောင်းဆရာ ၊ နောက် သခင် လုပ်ပြီး ဘီအိုင်အေ ထဲ ဝင်တော့ ဗိုလ် ဖြစ်တယ် ။ ဆရာသခင်ဗိုလ် လို့ ဘာကြောင့် အစဉ်လိုက် မယူတာလဲ ”

ဆရာ က ရယ်တယ် ။

“ ဗိုလ် က ခေတ်စား တာကိုး ။ အဲဒီ အချိန် မှာ ထွန်းနေ့စဉ် ထွက်တယ် ။ ထွန်း နေ့စဉ် သတင်းစာ က ဖဆပလ အစိုးရ ဆန့်ကျင်တယ် ။ ရေး ဖို့ လူ မရှိတော့ ဦးထွန်းဖေ က လူ လိုက် ရှာတယ် ”

ဆရာ က ဟက်ဟက်ပက်ပက် ရယ် ပြန်တယ် ။

“ ဒါက လူမိုက် မှ ရမယ် ။ အဖမ်း ခံပြီး ရေး ရမှာ ။ ဗိုလ်သခင်ဆရာ ကို ခေါ် ရေး ခိုင်းပါလို့ ပြောတယ် ။ ထွန်းနေ့စဉ် မှာ အပတ်စဉ် ကျွန်တော် ရေးဖြစ်တယ် ”

“ အစိုးရ က ငြိုငြင်တာ ၊ အဖမ်း ခံရတာတွေ မရှိဘူးလား ”

“ ဦးသန့် နဲ့ ကျွန်တော် နဲ့ က ရင်းနှီးတယ် ။ ဦးသန့် က နောက်ပိုင်း မှာ ပြန်ပြော ပြတာ ။ ဝန်ကြီးချုပ်ဦးနု က ဦးထွန်းဖေ ကို ငြိုးတယ် ။ ကျွန်တော် က ထွန်းနေ့စဉ် မှာ ဝင် ရေးတော့ သူတို့ က ဖမ်းချင်တယ် ။ ထွန်းနေ့စဉ် အယ်ဒီတာချုပ် က သျှင်ဥက္ကဋ္ဌ ရဲ့တူ ဦးကိုလေး ။ ဦးကိုလေး က အလံနီ ၊ ကျွန်တော် က ဦးကိုလေး နဲ့ တွဲတော့ ကျွန်တော့် ကို လည်း အလံနီ လို့ သူတို့ က ယူဆတာ ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်လေး က အစည်းအဝေး မှာ ဦးထွန်းဖေ ဖမ်း ပြီး ရင် ဗိုလ်သခင်ဆရာ ဖမ်းလို့ ပြောတယ် ၊ ဦးသန့် က ဝန်ကြီး ၊ ဘာကြောင့် ဖမ်း မှာလဲ မေးတယ် ။ သူ က အလံနီ တဲ့ ။ ဦးသန့် က ကျွန်တော် သိသမျှတော့ သူ က အလံနီ မဟုတ်ဘူး ။ progressive ( လမ်းဟောင်း မလိုက် ၊ တိုးတက် တီထွင်တတ်သောသူ ) ပဲ လို့ ပြောလို့ မဖမ်းဘဲ တန့် သွားတာ ”

“ ဆရာ့ ကလောင် က ဟာသ လည်း ပါတယ် ။ ဟာသ နဲ့ ဝေဖန် တော့ တစ်ဖက် က ခံသာတာ လည်း ပါမယ် ထင်ပါတယ် ”

“ တစ်ခု က ဒီလို ။ ကျွန်ုပ် သာ ဘဝရှင်မင်းတြား ဖြစ်လျှင် ဆိုပြီး ကျွန်တော် အပတ်စဉ် ရေးတယ် ။ ဦးနု နဲ့ ဦးနုအစိုးရအဖွဲ့ ကို သရော်တယ် ။ နိဂုံး မှာ ဦးနု လို နိုင်ငံရေး ခေါင်းဆောင် ရှားတယ် ဆိုပြီး ကျွန်တော် က အမြဲတမ်း ထည့်တယ် ”

ဆရာ က ရယ်တယ် ။

“ ဘာသာရေး လည်း သိပ် လေးစားတယ် ။ ကိုကြီးနု လို ကိုယ်ကျင့်တရားမျိုး ပြည့်ဖို့ ဆိုတာ မလွယ်ဘူး ။ ကြိုးစားကြပါလို့ ထည့်တယ် ။ သတင်းစာ ဆောင်းပါး မှာ တောက်လျှောက် သရော်တယ် ၊ သရော်ပြီး နိဂုံး မှာ အဲဒါနဲ့ ပိတ်တယ် ”

ဆရာ က သူ လုပ်ခဲ့တာ သဘောကျပြီး အားရပါးရ ရယ်တယ် ။ ကျွန်တော်တို့ စကား ပြောခဲ့ကြတာ လည်း နည်းနည်း ကြာပြီ ။ ဆရာ လည်း ဆာ ရော့မယ် ။ ဧည့်ခန်း ထိုင်ခုံ မှာ ထိုင် နေရာ က စားပွဲဝိုင်း ကို ပြောင်း ထိုင်ကြတယ် ။ စားရင်းသောက်ရင်း ဆက် ပြောကြမယ် လို့ နေရာ ရွှေ့ပါတယ် ။

••••• ••••• •••••

အသက်အရွယ် ရလာပြီ ဖြစ်တဲ့ လူကြီး တစ်ယောက် အတွက် နာရီ နဲ့ ချီပြီး စကားတွေ ကို တရစပ် ပြောရတာ ပင်ပန်းမှာ ပဲလို့ ကျွန်တော် တွေးမိတယ် ။ စကားဝိုင်း သိမ်းမလား ပြောတော့ ဆရာ ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ကိုတင်မောင်လွင် က “ ရပါတယ် ၊ ကျွန်တော် နဲ့ စားရင်းသောက်ရင်း စကား ပြောကြတာ တစ်ခါတလေ မနက် ၃းဝဝ နာရီ လောက် အထိပဲ ” လို့ ဆိုတယ် ။ ကျွန်တော် က ဆရာ့ ဘဝမှတ်တမ်း ကို လိုချင် တယ် ။ ဒါကြောင့် စားဝိုင်းသောက်ဝိုင်း ဆက်တယ် ။ ဆရာ ပြောသမျှ ကို အသံ လည်း ဖမ်း သလို ကိုစိုးဝင်းငြိမ်း က ဗီဒီယို လည်း ရိုက်တာ မို့ ကျွန်တော် တို့ ရဲ့ ကင်မရာ တွေ ၊ မီး တွေ လည်း နေရာ ရွှေ့ပြီး ဆရာ ပြောတာ နားထောင်ကြပါတယ် ။

“ ဆရာ ရုပ်ရှင် ရိုက်တဲ့ အကြောင်းတွေ လည်း ပြောပြပါဦး ”

“ ကျွန်တော် က ရုပ်ရှင် ဝါသနာ ပါတယ် ။ ကျွန်တော် က ဒဂုန်မဂ္ဂဇင်း ရဲ့ ကလောင်ရှင် ၊ ဒဂုန် မှာ ရေး နေတော့ သူတို့ က ကျွန်တော့် ကို သိပ် လေးစားတာ ။ စာမူ သွား ပေးရင် သူတို့ ဆီ မှာ ထမင်းစား ၊ ကျွန်တော် က ရုပ်ရှင်ဝါသနာ ပါတော့ အေဝမ်း မှာ သူတို့ ရုပ်ရှင် ရိုက်တာ သွား ကြည့်တာ ။ လိုက် သင်တယ် ။ ကျွန်တော် က ကံကောင်းချင် တော့ ဒါရိုက်တာဦးအောင်ကြီး က ကျွန်တော့် ဆရာ ၊ ဦးအောင်ကြီး နဲ့ ဗလ ဆိုတဲ့ ကား ရိုက်တော့ script ( ဇာတ်ညွှန်း ) လိုက်ရေးတယ် ။ နောက် ဗြိတိသျှဘားမား မှာ ပြောင်း သင်တော့ ဆရာခန့် က ကျွန်တော့် ဆရာ ၊ ကျွန်တော် က အဲဒီလို ဆရာကောင်း တွေ ရတယ် ”

စားပွဲ ပေါ်  ကို တော်ဝင်နှင်းဆီ က ဧည့်ခံတဲ့ သီဟိုဠ်စေ့လှော် ၊ အကြော်အလှော် စုံ ၊ ဟင်းလျာတွေ ရောက် လာတယ် ။ သောက်စရာ အဖြစ် ဘီယာ ၊ ဝီစကီ ၊ သောက်ရေသန့် တွေ လည်း ရောက်လာတယ် ။

ဆရာဗိုလ်သခင်ဆရာ က ဝတ် ထားတဲ့ ရခိုင်လုံချည် က ရွှေဖလားရောင် ၊ တိုက်ပုံက ပင်နီရောင် ၊ ရွှေကိုင်းမျက်မှန် ကလည်း လျှပ်စစ်မီးရောင် နဲ့ လက်လက် ။ သူ့ ရှေ့ မှာ ချထားတဲ့ ဘီယာဖန်ခွက် ထဲ မှာ လည်း ရွှေရောင်အလုံးလေး တွေ က ပလုံစီ လို့ ။

ဆရာ က တော့ အစားအသောက် သိပ် မစား ဘဲ သူ့ ဘဝ အကြောင်း ပြောပြဖို့ ပိုပြီး ထက်သန်တာ တွေ့ရတယ် ။

“ ဆရာ ရေးတဲ့ ဝတ္ထုတွေ ရုပ်ရှင် ရိုက်တာ လည်း ပြောပြပါဦး ”

“ ကျွန်တော့် ဝတ္ထု “ ဟုတ်ပေါင်ယောင်လို့ ” ဆိုတဲ့ ဟာသဝတ္ထု ကို “ ဘယ် ဆုတောင်း မလဲချစ်သူ ” လို့ တင်အောင်မြင့်ဦး ရိုက်တယ် ။ သူ က တော်တော် တော်တယ် ။ ကျွန်တော် က ဇာတ်ညွှန်း ရေး ပေးတယ် ။ ကိုသုခ ရဲ့ ချစ်အဏုမြူ လည်း ကျွန်တော် ဇာတ်ညွှန်း ရေးတယ် ”

ကျွန်တော်တို့ စကားဝိုင်း မှာ အတူတူ ထိုင် နေတဲ့ ကိုတင်မောင်လွင် က အိန္ဒိယ မှာ ဆရာ ရုပ်ရှင် ရိုက်ခဲ့တဲ့ အကြောင်း ကို မေးတယ် ။

“ ၁၉၅၆ ခု က အိန္ဒိယ ၊ ဒေလီ မှာ လုပ်တဲ့ အာရှစာရေးဆရာများ ညီလာခံ ကို မြန်မာနိုင်ငံ ကိုယ်စားလှယ် အနေ နဲ့ ကျွန်တော် တက် ရတယ် ။ မြန်မာပြည် က လွှတ်ဖို့ အတွက် လူ ရွေးချယ်တော့ အင်္ဂလိပ် လို တတ်ရမယ် ။ မြန်မာစာပေ ကို ဟောနိုင် ပြောနိုင် ရမယ် ဆိုတော့ ကျွန်တော့် ကို ရွေးတာ ”

ဆရာ က ပြောလက်စ စကား ကိုရပ်ပြီး သီဟိုဠ်စေ့လှော် စားတယ် ။

“ အိန္ဒိယ က ဝန်ကြီးချုပ် နေရူး ၊ ဒုတိယသမ္မတ ဒေါက်တာရမ်ခရစ္စနာ တို့ ဆီ ကျွန်တော် က စာ လှမ်း ရေးတယ် ။ တွေ့ခွင့် ပေးပါ ။ ဆွေးနွေးပါရစေ ဆိုလို့ တွေ့ခွင့် ရတယ် ။ နေရူး တို့ နဲ့ ကက်ရှ်မီးယားပြဿနာ ကို ဆွေးနွေး ခဲ့ရတယ် ။ စာရေးဆရာ ညီလာခံ တက် တော့ အိန္ဒိယ မှာ စာရေးဆရာ ပေါင်းစုံ နဲ့ တွေ့ရတယ် ။ ဘုံဘေ က စာရေးဆရာတွေ နဲ့ အတူ ရုပ်ရှင် ရိုက်တာ လိုက် လေ့လာချင်တယ် ပြောတော့ လေ့လာ ရတယ် ”

“ ဘောလိဝုဒ် ပေါ့ ”

“ ဟုတ်တယ် ။ ကျွန်တော့် ကို နေရူး နဲ့ တွေ့လာ လို့ မင်းသား ၊ မင်းသမီး တွေ က သိပ် အထင်ကြီးတာ ။ သူတို့ က နေရူး ကို သိပ် ကြည်ညိုတာ ။ ဒါပေမဲ့ ကိုယ်တိုင် မတွေ့ဖူးဘူး ။ အဲဒီမှာ ကျွန်တော် ကိုယ်တိုင် ရုပ်ရှင် ရိုက်ချင်တယ် ပြောတော့ သူတို့ ကူညီမယ်တဲ့ ။ ဟိုက မင်းသား ၊ မင်းသမီးတွေ ရပ်ရှကပူး တို့ ထည့်ရိုက် လာပြီး ဒီမှာ ရိုက်တာ နဲ့ ပေါင်းပြီး “ လင်ကုန်ကူးမယ် ” ကား ကို ရိုက်တာ ”

“ ရုပ်ရှင်နယ် မှာ ဆရာ အောင်မြင်သလား ”

“ ကျွန်တော့် ဇာတာ မှာ စနေဂြိုဟ် နေရောင်အုပ်မှု ဖြစ်တယ် ။ မွေးတုန်း က စနေဂြိုဟ် နေရောင် အုပ်တယ် ။ အဲဒီလို ပုဂ္ဂိုလ် တွေ ဟာ ကိုယ်ပိုင်အိမ် မနေနိုင်ဘူး ။ အသင်းအဖွဲ့ တွေ မှာ ပါရင် အများ နဲ့ ဆန့်ကျင်ဘက် ဖြစ်မယ် ။ သောကြာဂြိုဟ် ညံ့တော့ ရုပ်ရှင်နယ် မှာ ဝင် ပါရင် ညံ့တယ် ။ ရုပ်ရှင် ကား မအောင်မြင်ဘူး ”

“ တစ်ခေတ် တစ်ခါ က မြန်မာနိုင်ငံ မှာ ရှုထောင့် ၊ အိုးဝေ ၊ ရွှေတူစတဲ့ဂျာနယ် တစ်ခေတ် ဖြစ်ခဲ့ဖူးတယ် ။ အဲဒီတုန်း က ဆရာ ရေးတဲ့ စာတွေ အများကြီး ဖတ်ခဲ့ရ တယ် ”

“ သခင်လွင် က ရေးခိုင်းလို့ ရှုထောင့်ဂျာနယ် မှာ ကျွန်တော် သုံးခန်း ရေး တယ် ။ သခင်တင်ဦး ၊ ဗိုလ်သခင်ဆရာ ၊ ဆရာကြင်ခဲ နာမည်တွေ နဲ့ ရေးတာ ”

“ ဆရာ့ မှာ အခြား ကလောင်အမည် တွေ ရှိသေးလား ”

“ မြဝတီ ၊ မနှောင်းရီ ၊ ရဲရဲတောက်သံချောင်း အမည်တွေ နဲ့ လည်း ရေးတယ် ”

“ ရေးရတာ လက် အတွေ့ဆုံး က ”

“ ဗိုလ်သခင်ဆရာ ”

“ ရှုထောင့် ၊ အိုးဝေဂျာနယ် တွေ နား သွားတော့ ကော ”

“ ရှုမဝမဂ္ဂဇင်း မှာ ကွက်စိပ် ရေးတာ ဆယ်နှစ် ကျော် ကြာတယ် ”

“ ဆရာ အိမ်ထောင် ကျတာ က ”

“ ဗိုလ်နေဝင်း တက်ပြီး တစ်နှစ် အကြာ ၁၉၆၃ မှာ ဒေါ်ညွန့်ညွန့်ဆွေ နဲ့ ”

“ ဘယ် အသိုက်အဝန်း ထဲ ကလဲ

“ သူ က အိမ်တွင်းပုန်း ၊ သူ က လှမ်းပြီး မိတ်ဆက်စာ ရေးတာ ”

“ နောက်တော့ ”

“ အိမ်ထောင် ကျပြီး သားသမီး နှစ်ယောက် ရတယ် ။ ကျွန်တော် နိုင်ငံရေး လုပ်လို့ အမျိုးသမီး အိမ် ပေါ် က ဆင်း သွားတာ ။ ကျွန်တော် က နိုင်ငံရေး လုပ်တော့ တစ်နှစ် ကို တစ်ခါ လောက် လာ ဖမ်းတယ် ။ အဲဒါကို အမျိုးသမီး က လက်မခံ နိုင်ဘူး ။ ကျွန်တော် က ထောင် ထဲ မှာ နှစ်နှစ် ကြာရင် နှစ်နှစ် အိမ် ပေါ် က ဆင်း သွားတာပဲ ။ ပြန် ထွက်လာ ရင် ပြန် ပေါင်း ၊ ပြန် ဖမ်းရင် အိမ် ပေါ် က ဆင်း သွား ပြန်ရော ။ ခဏခဏ အဖမ်း ခံရတော့ ခဏခဏ အိမ် ပေါ် က ဆင်းတာပေါ့ ။ လာဖမ်း ပါသွား ၊ လာဖမ်း ပါသွား နဲ့ ၁၂ နှစ် ကြာတယ် ။ အဲဒီလို နေတာ ။ နောက်ပိုင်း ကျတော့ သူ့ အမေ ကိုယ်တိုင် က ကွာပေးပါ ။ ဒီလိုသာ လာလာ ဖမ်း နေရင် သူ့ သမီး ဒုက္ခ ရောက် လိမ့်မယ်တဲ့ ။ ဒါနဲ့ ကြိုက်သလို လုပ်လို့ စာရေး ပေးလိုက်တယ် ”

“ ဒီလိုနဲ့ ပဲ ကွဲကွာ သွားကြကောလား ”

“ ကျွန်တော် က လည်း နိုင်ငံရေး မလုပ်ရ မနေနိုင် တော့ ကျွန်တော် ရေး ပေး လိုက်တဲ့ စာ ကို အတည် ယူပြီး ပြန် မလာတော့ဘူး ။ ကျွန်တော် လည်း လိုက် မခေါ်တော့ ဘူး ”

“ အိမ်ထောင်ဖက် မရှိတော့ မပျင်းဘူးလား ”

“ စာပေ နဲ့ နိုင်ငံရေး နဲ့ ဆိုတော့ မအားဘူး ။ ပျင်းချိန် မရှိဘူး ။ အထူးသဖြင့် ကျွန်တော် က ဇာတ်သဘင် ဆောင်းပါး ရေးတယ် ။ ညတိုင်း ပွဲ ကြည့်တယ် ။ ဇာတ် သဘင်လောက က မင်းသား ၊ မင်းသမီး ၄ဝ နဲ့ ကျွန်တော် တစ်လ တစ်ကြိမ် အသံ သွင်းတယ် ၊ ရှေးဟောင်း ဇာတ်သဘင် ဖော်ထုတ်ရေး ၊ ဟိုရှေးတုန်း က သီချင်း တွေ ၊ ငိုချင်း တွေ ၊ ဆိုင်းဆင့် တွေ ၊ နှစ်ပါးသွား တွေ ကို ကျွန်တော် က လိုက်စု ၊ ဆိုင်း နဲ့ ညှိပြီး အသံသွင်း ၊ ပြီးတော့ မြန်မာ့အသံ က တစ်လ တစ်ကြိမ် လွှင့် ပေးတယ် ”

“ ဆရာ က သဘင်ပညာရှင် တွေ နဲ့ နီးနီးစပ်စပ် နေခဲ့ရတော့ ဇာတ်မင်းသား တွေ အပေါ် ဆရာ့ သုံးသပ်ချက် သိချင်ပါတယ် ”

“ ဖိုးစိန် က ကံ မင်းသား ၊ ဦးစိန်ကတုံး က ဉာဏ် မင်းသား ၊ ရွှေမန်းတင်မောင် က ဝီရိယ မင်းသား ။ ဖိုးစိန်ကြီး က ရုပ်လည်း လှတယ် ။ သီချင်း လည်း ဆိုနိုင်တယ် ။ အခမ်းအနား လည်း ကောင်းတယ် ။ အကုန် ပြည့်တာ ။ ကံကောင်းတယ် ။ အနုပညာ လောက မှာ အနုပညာသမား နာမည် လမ်း ဖြစ်တာ ဖိုးစိန် တစ်ယောက် ပဲ ရှိတယ် ။ ရန်ကုန် မှာ ဖိုးစိန်လမ်း ရှိတယ် ”

“ ဦးစိန်ကတုံး က ကော ”

“ စိန်ကတုံး က အသံ မကောင်းဘူး ။ ဒါပေမဲ့ သီချင်း စပ်တတ်တယ် ။ က တတ်တယ် ။ ပညာကျ တော်တယ် ။ သူ က ပညာ နဲ့ အလုပ် လုပ်တာမို့ သူ့ ကို ကြိုက်တယ် ။ ရွှေမန်းတင်မောင် က တော့ ဝီရိယ နဲ့ ကြိုးစားတဲ့ မင်းသား ပေါ့ ”

“ ဆရာ စောစောက ပြောခဲ့တယ် ။ ဗေဒင်ကိန်းခန်း အရ ကိုယ်ပိုင်အိမ် နဲ့ မနေနိုင်ဘူး တဲ့ ။ ဒေါ်ညွန့်ညွန့်ဆွေ နဲ့ အိမ်ထောင် ကျတော့ ဘယ်မှာ နေသလဲ ”

“ အဲဒီတော့ ကိုယ်ပိုင်အိမ် ၊ တဲအိမ် ပေါ့ ။ ဗိုလ်ချုပ်အောင်ဆန်းအိမ် နဲ့ ပေ ၁ဝဝဝ လောက် ပဲ ဝေးတယ် ။ ဂျမား - ၁ ပေါ့ ။ ဗိုလ်ချိုရပ်ကွက် ပေါ့ ။ နောက်တော့ နှင်တဲ့ ဖျက်တဲ့ အထဲ ပါသွားတယ် ။ အိမ် ပါသွားတော့ ချက်ချင်း ဘယ်ရွှေ့ရမှန်း မသိဘူး ။ အစိုးရ က ငါးသိန်း ပေးတယ် ။ သမ္မတဟိုတယ် မှာ သား က ထားပေးတယ် ။ ယခု နေ တာလည်း သမ္မတဟိုတယ် မှာပဲ ”

“ သေခြင်းတရား အပေါ် မှာ ဆရာ ဘယ်လို မြင်သလဲ ”

“ ကျွန်တော့် မှာ ရောဂါ ခုနစ်ခု ရှိတယ် ။ သူ သေချင်တဲ့ အချိန်  သေမယ် ။ သေရင် တော့ စိတ်ချမ်းချမ်းသာသာ နဲ့ ပျော်ပျော်လေး သေမယ် ”

⎕ ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.Aug 12, 2024 06:27 PM

No comments:

Post a Comment