Thursday, August 22, 2024

သူ့ ထက် သူ လူစွမ်းကောင်း


 ❝ သူ့ ထက် သူ လူစွမ်းကောင်း ❞


ဟို ရှေးရှေးတုန်း က သမုဒ္ဒရာကြီး တစ်ခု အတွင်း ရှိ ကျွန်း တစ်ကျွန်း တွင် အလွန်တရာ ကြီးမားသော ငှက်ကြီး တစ်ကောင် ရှိ လေသည် ။ ထို ငှက် သည် သိုးများ နွားများ ကို ချီပြီး လေထဲ ၌ ပျံသန်းနိုင်စွမ်း ရှိလေ၏ ။


ထို့ကြောင့် ၎င်း ငှက်ကြီး သည် သူ့ ကိုယ် သူ အထင်ကြီး လျက် “ ဒီ လောက မှာ ငါ့ လောက် ကြီးတဲ့ ငှက် တော့ မရှိနိုင်ဘူး ” ဟု နေ့စဉ် လိုလိုပင် ဟစ်အော် ကြွားဝါ နေတတ်လေသည် ။ ထို ကြွားဝါသံ ကို တောင်ဘက်ပိုင်း မှ ပျံသန်း လာသော ပင်လယ် စင်ယော် တစ်ကောင် က ကြား သဖြင့် “ တောင်ပင်လယ် တစ်နေရာ မှာ ခင်ဗျား ထက် ကြီးတဲ့ သတ္တဝါတွေ အများကြီး ပဲ ရှိပါ တယ် ။ ခင်ဗျား မယုံရင် သွားပြီး ကြည့်ပါလား ” ဟု ရပ်တန့် ပြောကာ သူ အလိုရှိရာ သို့ ပျံသန်းသွား လေသည် ။


ထိုအခါ ငှက်ကြီး သည် ... “ ဟေ့ ... မင်း ပြောတာ တကယ်ပဲလား ကွာ ။ ငါ တော့ မယုံ ပါဘူးကွာ ။ ဒါပေမယ့် မင်း ပြောတာ ဟုတ် မဟုတ် သိရအောင် တော့ သွားပြီးကြည့်ဦးမှပဲ ” ဟု ဆို လျက် တောင်ပင်လယ် ဘက် ဆီသို့ ပျံသွားလေ၏ ။


တောင်ပင်လယ် ဆိုသည် မှာ အလွန်တရာ ကျယ်ပြန့်သော ရေပြင်ကြီး ဖြစ်သည် ။ ထိုသို့ ကျယ်ပြန့်သော ရေပြင်ကြီး ကိုဖြတ်၍ ငှက်ကြီး သည် မနားမနေ ပျံသန်း လာရသော အတောင်များ ညောင်း လာ လေသည် ။ ထို့ကြောင့် ငှက်ကြီး သည် ခေတ္တမျှ နား နေရန် အတွက် မြေများ ၊ ကျွန်းများ ကို ရှာဖွေ သော်လည်း တော်တော် နှင့် မတွေ့နိုင်ဘဲ ရှိလေသည် ။ အတန်ကြာသော် ထို ရေပြင်ကြီး ၏ တစ်နေရာ တွင် စိုက်ထူ ထားသော တိုင်ကြီး နှစ်တိုင်ကို တွေ့သည် နှင့် ထို တိုင်ကြီး တစ်တိုင် ပေါ် တွင် ဝင်၍ နား လိုက်လေသည် ။ ထို့သို့ နားလိုက်သည် နှင့် တစ်ပြိုင်နက် တိုင်ကြီး သည် လှုပ်ရှား သွားပြီးနောက် ရေပေါ် သို့ မြင့်တက် လေသည် ။ ထိုအခါ လှိုင်းတံပိုး များ ထကြွပြီး ထို လှိုင်းတံပိုးများ နှင့် အတူ ပုဇွန်ထုပ်ကြီး တစ်ကောင် လည်း ရေ ပေါ် သို့ ပေါ် လာပြီး “ ဟေ့ ... ငါ့ နှုတ်ခမ်းမွေး ပေါ် မှာ လာနားတာ ဘယ် က ငှက်ကလေး လဲ ကွ ” လို့ အော် ၍ မေး လေသည် ။


ထို ပုဇွန်ထုပ်ကြီး ၏မေးသံ ကို ကြားသော် ငှက်ကြီး သည် လန့်ဖျပ်သွားပြီး ” အလိုတော် တကယ် ကြီးတဲ့ ပုဇွန်ထုပ်ကြီး ပါလား ... ယှဉ် ကြည့် လိုက်မယ် ဆိုရင်တော့ ငါ ဟာ ငယ်တာပဲ ” ဟု ဟစ်အော် မြည်တမ်း ကာ သူ ၏ နေရပ်ဟောင်း သို့ ပျံပြေး လေသည် ။


ထိုအခါ ပုဇွန်ထုပ်ကြီး က လည်း ရယ်မော ကာ ...


“ ဟား ... ဟား ... ဟား တယ်လည်း ဟုတ်တာပဲ ။ ကမ္ဘာ ပေါ် မှာ ငါ အကြီးဆုံး ဆိုတာ သူ မသိရှာဘူး ထင်ပါရဲ့ .. ” ဟု လှမ်း၍ ပြောင် လိုက်လေသည် ။


ထို့နောက် များစွာ ကျေနပ်လျက် ရှိသော ပုဇွန်ထုပ်ကြီး သည် ” ဟေ့ ... ကမ္ဘာ ပေါ် မှာ ငါ အကြီးဆုံးကွ ” ဟု ကြုံးဝါး လိုက်လေသည် ။ ထို ကြုံးဝါးသံ ကို ပင်လယ် စင်ရော် ကြားပြန်သော အခါ ပုဇွန်ထုပ်ကြီး အား “ ဒီမှာ ကမ္ဘာ ပေါ် မှာ ခင်ဗျား အကြီးဆုံး ဆိုတာ မဟုတ်နိုင်သေးဘူးဗျ ။ ဟိုဘက် က ပင်လယ်တွေ မှာ ခင်ဗျား ထက် ကြီး တဲ့ သတ္တဝါ တွေ အများကြီး ပဲ ရှိသေးတယ် ” ဟု ပြောဆို ပြန်လေ၏ ။


ထိုအခါ ပုဇွန်ထုပ်ကြီး က မယုံ သဖြင့် စင်ရော် ပြောသည် ဟုတ်မဟုတ် သွားရောက် ကြည့်ရှုရန် များစွာ ဝေးလံသော အရပ် မှ ပင်လယ်များ ရှိရာ သို့ ထွက်ခွာ သွား ပြန်သည် ။ 


ဤသို့ အချိန် ကြာမြင့်စွာ သွားမိသော အခါ ရေပြင် ထက် တွင် ပေါ် နေသော တောင်ကြီး တစ်တောင် ကို တွေ့ရ လေသည် ။ ထို တောင်ကြီး ၏ အောက် တွင် ကြီးမားသော ဂူပေါက် နှစ်ပေါက် ရှိကြောင်း ကို လည်း တွေ့ရသည် ။


ထို ဂူပေါက်ကြီးများ အနီးသို့ ရောက်သော အခါ ပုဇွန်ကြီး သည် “ တယ် ကောင်းတဲ့ ဂူပေါက်ကြီး တွေ ပါလား ။ ငါ့ အဖို့ ဒီ ဂူပေါက်ကြီးတွေ ထဲ ခဏ လောက် ဝင် အိပ် ရရင်တော့ သိပ် ကောင်းမှာပဲ ” ဟု ဆိုလျက် သူ့ နှုတ်ခမ်းမွေးများ ကို ဟိုရမ်း သည်ရမ်း ရမ်းကာ ဂူပေါက်ကြီး တစ်ခု အတွင်း သို့ ဝင် သွား လေသည် ။


အမှန်မှာ ထို အပေါက်ကြီး နှစ်ပေါက် သည် ပုဇွန်ထုပ်ကြီး ထင်သည့် အတိုင်း ဂူပေါက်ကြီးများ မဟုတ်ပေ ။ ရေပြင် ထက် တွင် ခေါင်း တစ်ဝက် ဖော် ထားသော အလွန်တရာ ကြီးမား သည့် ဝေလငါးကြီး တစ်ကောင် ၏ နှာခေါင်းပေါက် နှစ်ပေါက် ဖြစ်လေသည် ။


ထို ဝေလငါးကြီး ၏ နှာခေါင်းပေါက် အတွင်းသို့ ပုဇွန်ထုပ်ကြီး က ဂူ အမှတ် ဖြင့် ဝင် သွားစဉ် ဝေလငါးကြီး သည် ပုဇွန်ထုပ်ကြီး ၏ လှုပ်ရှားသော နှုတ်ခမ်းမွေးများ ကြောင့် နှာခေါင်း ပေါက် တစ်ခုလုံး ယားယံပြီး“ ဟတ်ချိုး ” ဟု ချေလိုက် လေသည် ။


ထိုအခါ ပုဇွန်ထုပ်ကြီး သည် ဝေလငါးကြီး ၏ နှာခေါင်း တွင်း မှ ဝေးလံစွာ လွင့်ထွက် သွားပြီးနောက် မာကျောသော ကျောက်ဆောင် တစ်ခု ပေါ် သို့ ကျသွား လေသည် ။ ထိုသို့ ကျသွားသော အရှိန် မှာ ပြင်းထန်လွန်း သဖြင့် လည်း ပုဇွန်ထုပ်ကြီး ၏ ကျောရိုးများ သည် အပိုင်း ပိုင်း ကွဲအက် သွားလေသည် ။


ထိုအခါမှ ပုဇွန် လည်း “ ဤ ကမ္ဘာ ပေါ် တွင် ငါ့ ထက် အလွန်တရာ ကြီးမားတဲ့ သတ္တဝါ တွေ ရှိပါသေးကလား ” ဟု နောင်တ တရား ရကာ နေရင်း ဌာန သို့ ပြန် လေသည် ။


⎕ ခင်သက်ဝေ


◾ရှုမဝ မဂ္ဂဇင်း

      ၁၉၆ဝ ၊ ဇန်နဝါရီ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment