Friday, August 2, 2024

ကြေးစန္ဒီထွင်းတဲ့ ခံတွင်း


 

❝ ကြေးစန္ဒီထွင်းတဲ့ ခံတွင်း ❞

ဗာဒံရိပ် ကို ပထမဆုံး ရောက်တဲ့သူ က ထွန်းနောင် ပဲ ။ ရောက်ရောက်ချင်း သူ့ အဖော်တွေ ကို တွေ့လို့တွေ့ငြား ဘေးဘီကို ကြည့်တယ် ။ ဒီလူတွေနှယ် နောက်ကျလိုက် တာနော်လို့ တွေးမိရင်း လာမည့် လမ်းဆီ လှမ်းမျှော် ကြည့်နေတယ် ။ ဒီနေ့ သူ ဗိုက်တော် တော် ဆာနေပြီ ။ ဆာဆို မနက်စာ ကလည်း ဟုတ်တိပတ်တိ သူ စားခဲ့ရတာ မဟုတ်ဘူး ။

ဒုတိယ ရောက်လာတဲ့ သူက အုန်းကျော် ၊ နေကောင်းလို့ ညိုနေတဲ့ အသားရောင်ကြား က ဖွေးနေတဲ့ သွားတွေ ပေါ်အောင် သူက ပြုံးနေတယ် ။ တကယ်တော့ သွားတွေ က သိပ်ဖွေးလှ ဖြူလှတာတော့ မဟုတ်ဘူး ။ အသား က ညိုနေတော့ သွားတွေ ဖြူတယ်လို့ ထင်ရတာပါ ။ ဒီကောင် ဘာတွေများ သဘောကျ လာပါလိမ့်လို့ ထွန်းနောင် ဗိုက်ဆာဆာ နဲ့ ခပ်ချဉ်ချဉ် တွေးမိတယ် ။ ဧကန္တ ထမင်းချိုင့်က အတော်လေးပုံ ပေါက်တယ် ။ ဒါမှ မဟုတ် ဟင်းကောင်း ပါလာတယ်ထင်တယ်လို့ ကိုယ် လိုရာဆွဲ တွေးလိုက်တယ် ။

ခဏနေ တော့ ဒီနေ့ ထမင်း ဝယ်ဖို့ အလှည့်ကျတဲ့ ချစ်ရွှေ ရောက်လာတယ် ။ သူ့ ဆိုက်ကား ကို ရောက်နှင့် တဲ့ နှစ်စီး ဘေးကယှဉ်ပြီး ရပ်ထားလိုက်တယ် ။ ဦးလေးမြ အဖို့တော့ နေရိပ်ကောင်းကောင်းမှာ သူတို့ နေရာချန် ထားကြတယ် ။ ကြွပ်ကြွပ်အိတ် ထဲမှာ အငွေ့ တထောင်းထောင်း ထ နေတဲ့ ထမင်းတွေ ချွေးတွေ နဲ့ စိုကုန်မှာ စိုးလို့ ချစ်ရွှေ က ကြွပ်ကြွပ် အိတ်အဝကို လှပ်ထားလိုက်တယ် ။

အုန်းကျော် က ဖုန်သုတ်တဲ့ အဝတ်နဲ့ သူ့ ဆိုက်ကားကို လျှောက်ပွတ်နေတယ် ။ ချိန်းလျော့သလားလို့ လက်နဲ့အသာ ဖိကြည့်တယ် ။ ထွန်းနောင် လည် တဆန့်ဆန့် ဖြစ်နေ မှန်းသိလို့ ဦးလေးမြ လာတော့မှာပါ ၊ ငါ ထွက်လာတော့ ဦးလေး လည်း ချိုင့်တွေ ဆင့် နေပြီလို့ ချစ်ရွှေက ပြောတယ် ။ အုန်းကျော် ကတော့ မိုးရွာရင် ခရီးသည် ရဲ့ ပစ္စည်းတွေ အုပ်ဆိုင်းတဲ့ ပလတ်စတစ်စ ကို မြေပေါ်မှာ ပြန့်ပြန့်ပြူးပြူး ဖြစ်အောင် ခင်းနေတယ် ။ ဒီပလတ်စတစ်စ ဟာ သူတို့ အတွက် အခုအချိန်မှာ စားပွဲခင်းပဲ ။

သိပ်မကြာပါဘူး ။ ဦးလေးမြ ရောက်လာတယ် ။ ထွန်းနောင် က ဦးလေးမြ ဆိုက်ကား ပေါ်က ထမင်းချိုင့် နှစ်ချိုင့်ကို ဆီးယူလိုက်တယ် ။ သုံးဆင့်စတီးချိုင့် နှစ်လုံး ။ ချိုင့်တွေ ကို လှမ်းယူရင်း လက်က ဆကြည့်မိတယ် ။ ဘယ်ချိုင့်က ပိုလေးသလဲလို့ ။ ဒီနေ့တော့ နှစ်ချိုင့် စလုံး သိပ်မကွာကြဘူး ။ အုန်းကျော် က ဦးလေးမြ ရဲ့ ဆိုက်ကားကို ယူပြီး နေရိပ် အကောင်း ဆုံး ဗာဒံပင်ရဲ့ပင်စည်ရင်းကို သွားထားမယ် လုပ်တော့ ဦးလေးမြ က အထားမခံဘူး ။ သူ့ ဘာသာ တွန်းပြီး သွားထားတယ် ။

သူတို့ လူစုံမှ ထမင်းလက်ဆုံ စားကြတဲ့ ထုံးစံရှိတယ် ။ ဒီထုံးစံက ဦးလေးမြ စလိုက်တဲ့ ထုံးစံပဲ ။ ဘဝတူတွေ ၊ တစ်ယောက် နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် သိုက်သိုက်ဝန်းဝန်း မျှတစားကြရအောင် ဦးလေးမြ စီစဉ်တာပါ ။ သူတို့ နေ့လယ်စာ ကို ဒီအချိန် စုစားနေကျ ။ နေ့တိုင်းတော့ မဟုတ်ဘူး ။

စတီးချိုင့်တွေ ၊ ပလတ်စတစ်ချိုင့်တွေ ဖွင့်လိုက်တော့ ဦးလေး ကလွဲလို့ ကျန်တဲ့လူငယ် တွေရဲ့မျက်လုံးတွေ က အရောင်တွေ ထွက် နေသလိုပဲ ။

သူတို့ လူငယ်သုံးယောက် ရဲ့ အသက်တွေ က မတိမ်းမယိမ်းတွေ ။ ထွန်းနောင် နဲ့ ဦးလေးမြတို့က တစ်နယ်တည်းသားတွေ ။ မြင်းမူနယ်သားတွေ ။ အုန်းကျော်က မတ္တရာ နယ် ၊ ချစ်ရွှေ ကတော့ ဒီမြို့သား ။ ဦးလေးမြ ကျေးဇူး သူတို့ အပေါ်မှာ ရှိတယ် ။ ဦးလေးမြ အဆက်အသွယ် နဲ့ အခုလို သူတို့ ဆိုက်ကား နင်းနိုင်တာ ။ လိုင်စင်က အစ ဆိုက်ကား အဆုံး ဦးလေး လုပ်ပေး ၊ စီစဉ်ပေး ထားတာလေ ။

ချစ်ရွှေ နဲ့ အုန်းကျော် တို့ရဲ့ အုံနာ က တစ်ယောက် ၊ မလွန်ချင်းတန်းထဲမှာ နေတယ် ။ ထွန်းနောင် ရဲ့ အုံနာ က မြို့ သစ်က ။ ဦးလေးမြ ကတော့ ကိုယ်ပိုင် ။ ဆိုက်ကားနင်းလာတာ ပဲ နည်းတဲ့ နှစ်တွေလား ။ ဒါပေမယ့် ဦးလေးမြ ဇနီး ဒေါ်လေးမေ က အသိမ်းအဆည်း အစုအဆောင်း ကောင်းလို့ ဦးလေး က ကိုယ်ပိုင် ဖြစ်နေတာ ။ သူ့ သဘော အတိုင်း သာဆို ရင် ဆိုက်ကား ဝယ်နိုင်ဖို့ ဝေးလို့ လက်ကိုင် မှာ တပ်ထားတဲ့ နှိပ်လိုက်ရင် ဘော်ခနဲမြည် တဲ့ ဟွန်းတောင် မှ ဝယ်နိုင်မှာ မဟုတ်ဘူး ။

ဦးလေး က အပေါင်းအသင်း သိပ်ခင်တတ်တဲ့သူ ။ သူလိုကိုယ်လို ထဲက ဘယ်သူ့ ကို မဆို လက် မနှေးဘူး ၊ အိတ်ထဲကချည်း ထုတ်ချင်တာ ။ ချေးငှား သွားကြတဲ့ လူတွေ ကလည်း အများကြီး ။ တချို့ ကလည်း တကယ်ကို မပေးနိုင်ကြရှာတာ ။

အုန်းကျော် ယူလာတဲ့ ချိုင့်ကို ဖွင့်လိုက်တော့ ကြက်သွန် နဲ့ မွှေပြီး ကြော်ထားတဲ့ ကြက်ဥကြော်နည်းနည်းနဲ့ ဆီတို့ဟူးက ခဲဖျက် လောက် နှစ်လုံး ရှိသေးတယ် ။ ထမင်း ကလည်း လက်ဖက်ရည်ပန်းကန် တစ်လုံး လျော့လျော့ ရှိနေသေးတယ် ။ ချစ်ရွှေ က သူ့ရှေ့ မှာရှိတဲ့ ချိုင့်တွေကိုဖြုတ်ပြီး အစီအရီ ချနေတယ် ။ ဗိုက် သိပ်ဆာနေတဲ့ ထွန်းနောင် က ချစ်ရွှေ ဝယ်လာတဲ့ ထမင်းကို လျော့နေ လွတ်နေတဲ့ ချိုင့်တွေ ထဲကို ဝေပြီး လိုက်ထည့်နေ တယ် ။ ဦးလေးမြ အတွက် တော့ ဦးချတဲ့ အနေနဲ့ အရင်ဆုံး ဝေတယ် ။

မြေပဲဆန်ကြော် ၊ အစိမ်းကြော် ၊ ဝက်ရိုးဟင်းချို ၊ မုန်ညင်းချဉ်ချက် စတဲ့ဟင်းတွေက သူတို့ ရှေ့က ချိုင့်ကလေးတွေ ထဲမှာ အသီးသီး နေရာယူ ထားကြတယ် ။ စတီးဇွန်း ကိုယ်စီ နဲ့ သူတို့ ထမင်းစားပွဲက ဖြတ်သွားဖြတ်လာတွေ ငေးချင်စရာပါ ။ တချို့ ဆိုက်ကားဆရာ တွေက သူတို့ကို လည်ပြန် လှည့်ကြည့်သွားတယ် ။

ခပ်လှမ်းလှမ်းမှာ ဆောက်လက်စ တိုက်မြင့်ကြီး တစ်လုံးမှာ အလုပ်လုပ် နေကြတဲ့ ပန်းရံသမတွေ ရဲ့ ထမင်းဝိုင်း သုံးလေးဝိုင်း လည်း ရှိတယ် ။

သူတို့ အထဲမှာ ဝါအရင့်ဆုံး ဖြစ်တဲ့ ဦးလေးမြ က ကလေးတွေနဲ့ အကျိုး ပေးတယ်လို့ ပြောရလိမ့်မယ် ။ ဈေးချို ထဲ မှာ အထည်ဆိုင် ထွက်ကြတဲ့ မိသားစု တစ်စုရဲ့ ကလေးတွေ ကနေ အစပြုခဲ့တာပါ ။ သူတို့ မိသားစုက ( ၃၃ ) လမ်း ထဲမှာ နေကြတယ် ။ အဲဒီ အိမ်က ကလေး လေးယောက် ကို မနက် ( ၅ ) နာရီခွဲ မှာ သွားခေါ်ရတယ် ။ ပြီးတော့ ( ၇၉ ) လမ်းက တရုတ်စာသင်ကျောင်း ကို ပို့ရတယ် ။ ( ၇ ) နာရီ မှာ တရုတ်ကျောင်း ကနေ ကလေးတွေကို အိမ်ပြန်ပို့ ၊ အိမ်မှာ ကျောင်းဝတ်စုံလဲကြ ၊ မုန့်စားကြပြီး ကျောင်း ကို တစ်ခါ ပို့ရတယ် ။ ကျောင်းပို့ ပြီးရင် ဦးလေးမြ ဈေးကို ကုန်ရှိရင် ပို့ပေးရတယ် ။ မရှိရင် နေ့လယ်ကျ ကျောင်း ကို ထမင်း သွားပို့ရတယ် ။ ကလေးတွေ ငယ်တုန်း ထမင်း ပို့ရုံတင် မကပါဘူး ။ ထမင်းပါ စောင့်ကျွေး ခဲ့ရတာ ။ ပြီးရင် ထမင်းချိုင့် ကို အိမ်ပြန်ပို့ပေးရ ၊ ဈေးကို ထမင်းချိုင့်ပို့ ၊ ကျောင်း ပို့ကျောင်းကြို ၊ ကျူရှင်ကြိုနဲ့ ဦးလေးမြ ခမျာ တစ်ခါတလေ ဒီပြင်တောင်မှ အငှားမလိုက် ရဘူး ။ ဒီမိသားစုရဲ့ ကိစ္စတွေ နဲ့ပဲ တစ်နေ့ကုန် သွားတာလေ ။ သူတို့က ဦးလေးမြ ကို လခပေးတယ် ။ တစ်ခါတလေ အဝတ်ဟောင်းလေးတွေ ဆင်တယ် ။ အခု ကိုယ်မှာ ဝတ် ထားတဲ့ ရင်ဘတ်မှာ သူ မဖတ်တတ်တဲ့ စာတန်းနဲ့ တီရှပ်အစိမ်းကြီး လည်းပါတာပေါ့ ။ သူတို့ရဲ့ ရိုးရာနဲ့ ဆိုင်တဲ့ နေ့ရက်တွေမှာ ထမင်း လည်းကျွေးတယ် ။ များရင် အိမ်မှာကျန်တဲ့ မိသားစုအတွက် ထမင်းတွေ ဟင်းတွေ ထည့်ပေး လိုက်သေးတယ် ။ ကျောင်းကြိုကျောင်းပို့ ဖို့က လခ သတ်သတ် ၊ ဒီပြင် အလုပ်တွေ ခိုင်းတာတွေ အတွက် က သတ်သတ် နေ့ချင်း ရှင်းပေးတယ် ။

အကြီးဆုံးကောင် အားလီ ၊ နောက်ကောင်မလေး က အားဟွာ ၊ နောက်ပြီးတော့ အားဖုန် ၊ နောက်ဆုံး ကောင်ကလေး က အားကွေ့  ။

သူတို့ တစ်တွေ ဦးလေးမြ လက်ပေါ် ၊ ဆိုက်ကား ပေါ်ကြီးရတာ ။ အခုတော့ သူတို့ တော်တော် လူလားမြောက် နေကြပြီ ။ ဘွဲ့ရပြီးလို့ အိမ်ထောင် ကျတဲ့ သူတွေ ကျကုန်ကြပြီ ။ တက္ကသိုလ် တက်တဲ့ သူ တက် နဲ့ သူတို့ က မွေးတဲ့ ကလေးတွေ နဲ့ တခြား မိတ်ဆွေသစ်တွေ ရဲ့ ကလေးတွေ ကို အုန်းကျော် တို့ ချစ်ရွှေ တို့ ကျောင်း အပို့အကြို လုပ်နေရတာလေ ။ ဦးလေးမြ ရဲ့ ဆက်ဆံရေး ကောင်းမှုကြောင့် ဒီပြင် မိသားစုတွေ နဲ့လည်း သူ မိတ်ဆွေဖြစ် ပြီး ကလေးတွေ ကျောင်းအကြိုအပို့ လုပ်နေတုန်း ။

မနက် ကျောင်း သွားခါနီးရင် မုန့်ဖိုး တဂျီဂျီ ငိုယို တောင်း တတ်တဲ့ ကလေး လည်း ကြုံရတယ် ။ အဘွားအေ ခြေသေးတရုတ်မကြီး က မုန့်ဖိုး ထပ်ပေးမှ အငိုတိတ်တဲ့ ကလေး မျိုး ။

သူတို့ မိဘခေတ် ကလို တစ်မတ် ငါးမူး နဲ့ သူတို့ ကျောင်း မသွားချင်ကြဘူး ။ အုန်းကျော် တို့ကို အသက်ရှူ မှားလောက်အောင် မုန့်ဖိုး ပေးလိုက်ရတာလေ ။

မနက်အစောကြီး ဆိုက်ကား ပေါ်မှာ အားဟွာ တို့ ၊ အားဖုန် ၊ အားကွေ့ တို့ကို သြကာသ သင်ပေး ၊ ဂုဏ်တော်ကိုးပါး သင်ပေးခဲ့တာ ဦးလေးမြ ပေါ့ ။ အခုလည်း သူ့ ဆိုက်ကား ပေါ်က ကလေးတွေ ကို သင်ပေးလျက်ပဲ ။

ထွန်းနောင် ရဲ့ ဆိုက်ကား ပေါ်က ကလေးတွေ ကတော့ ဘာမှအကြောက်အလန့် မရှိ ကြဘူး ။ သိပ်ဆော့ကြတဲ့ ကလေးတွေ ။ အကြီးဆုံး အားလီ က ညနေ ကျောင်းဆင်းရင် ဆိုက်ကား ကိုနင်းပြီး အိမ်ပြန်တယ် ။ ထွန်းနောင် က နံဘေးက လက်ကိုင် နည်းနည်း ထိန်း ပေးရုံပဲ ။ မနင်းပါနဲ့ ၊ လူကြီးတွေ တွေ့ ရင် ၊ အမား က တွေ့ ရင် ဆူခံရလိမ့်မယ် ပြောတာ လည်း မရဘူး ။ အားလီ က အိမ် နဲ့ နီးရင်တော့ နေရာပြောင်းပြီး ထိုင်လိုက်လာတယ် ။

ထမင်းပွဲ က နေ့တိုင်း စားလို့ မြိန်တဲ့ ထမင်းဝိုင်းပါပဲ ။ စတီးချိုင့် ကို စတီးဇွန်းခြစ်သံ တွေ ထွက်လာအောင် သူတို့ စားပစ်လိုက်ကြတယ် ။ အုန်းကျော် က ဒီလို ထမင်းစားတိုင်း သူ့ သားသမီးတွေ ကို သတိရတယ် ။ ချစ်ရွှေ မိန်းမ ကတော့ ညနေ ပြန်လာရင် နေ့လယ်က တော်တို့ ဘာဟင်းတွေနဲ့ စားကြသတုံးလို့ မေးတတ်တယ် ။ ချစ်ရွှေ က ဟင်းစပ် ကိုပြော ပြတဲ့အခါ ငေးပြီး နားထောင်တတ်တဲ့ သူ့ ဇနီးရဲ့မျက်နှာလေး ကို မြင်ယောင်နေတယ် ။ တချို့ ဟင်းတွေတော့ သူလည်း မခေါ်တတ်လို့ မပြောတတ်ဘူး ။

ထမင်းစား ပြီးကြလို့ ပြန်ခါနီး ကျတော့ ချစ်ရွှေ က ဒီနေ့ ဘာနေ့လဲလို့ လှမ်းမေးလိုက် တယ် ။ အုန်းကျော် က သူ့ အကျင့်အတိုင်း ပုဆိုးစနဲ့ ဆီပြန်နေတဲ့ ပါးစပ်ကို သုတ်နေတယ် ။ ဦးလေးမြ က ဘယ်သူ ဖြေမှာလဲလို့ စောင့်ရင်း အကဲခတ် နေတယ် ။ ဘယ်သူမှ မဖြေ တော့မှ ‘ သောကြာနေ့ ’ လို့ ဦးလေး က ခပ်လေးလေး ဖြေတယ် ။ ဦးလေး ရဲ့ အဖြေကို ကြားတော့ ဘယ်သူ့ဆီ ကလည်း မသိ ၊ သက်ပြင်းချသံ ခပ်တိုးတိုး တစ်ချက် ကြားလိုက် ရတယ် ။ သူတို့ မျက်နှာလေးတွေ က ခပ်တွေတွေလေးတွေ ဖြစ်သွားကြတယ် ။

ခုနက ချလိုက်တဲ့ သက်ပြင်းချသံ ကို သူတို့ ချင်းပဲ ခံစားနိုင်ကြတယ်လေ ။ သူတို့ လည်း ကျောင်းမှာ မုန့်ရောင်းကြတဲ့ မုန့်သည်တွေ လိုပါပဲ ။  ။

⎕ ညီပုလေး

📖 မြားနတ်မောင် မဂ္ဂဇင်း
      ၁၉၉၉ ၊ အောက်တိုဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment