Tuesday, August 20, 2024

ကိုယ် က သဲဖြူ ချစ်သူ က လှိုင်း


 

❝ ကိုယ် က သဲဖြူ ချစ်သူ က လှိုင်း ❞
━━━━━━━━━━━━━━━━
        မောင်သာရ
━━━━━━━━━━━━━━━━
ဇာတ်လမ်း က ငယ်တို့ အိမ် သို့ ဦးသက်ထွန်း တို့ ရောက်လာသည့် အခန်း က စသည် ။ ငယ် တို့ အိမ် က နွမ်းပါးသော ရပ်ကွက် တခု မှာ ငှား နေရသော အခန်းကျဉ်းကလေး သာမို့ အနည်းငယ် တော့ အားနာစရာ ကောင်းသည် ။ သို့သော် ဆင်းရဲသည် ကို တော့ ငယ် မရှက်ချေ ။

ငယ် ၌ အားကိုးရသော ဖေဖေ မရှိသည် မှာ လည်း ကြာခဲ့ပြီ ။ မေမေ နှင့် အတူ မေမေ သင်ကြား ပေးထားသော စက်ချုပ်ပညာ နှင့် တဝမ်းတခါး ကို ပင် မနည်း ကြိုးစား၍ ရှာဖွေ စားသောက် နေရသော ဘဝ ဆိုတော့လည်း ဆင်းရဲသည် မှာ မဆန်းတော့ပြီ ။

သို့သော် ငယ့် ၌ သင့်တင့်သော ရုပ်ရည် ရှိသည် ။ စက်ချုပ်သူ အလှတော တွင် တော့ ငယ် က အချောဆုံးပေတည်း ။

ငယ် က သီချင်းပေါင်း မြောက်မြားစွာ ကို လည်း ဆိုနိုင်သည် ။ ဆိုတတ်သည် ။ ဝါသနာ လည်း ပါသည် ။ အသံ က လည်း ကြည်မြသည် ။ အကယ်၍ ငယ် သည် သာ သည့် ထက် ရုပ်ကလေး ပိုလှမည် ဆိုလျှင် အဖက်ဖက် မှ ပြည့်စုံသည့် ရုပ်ရှင်မင်းသမီး တယောက် ဖြစ်လာနိုင်ဘွယ်ရာ ရှိချေ၏ ။

ယခုလည်း ဦးသက်ထွန်း တို့ ပင် အိမ် သို့ ရောက်လာရ ချေပြီ မဟုတ်လော ။ ဦးသက်ထွန်း က ရုပ်ရှင်ကုမ္ပဏီကလေး တခု ကို ပိုင်သည် ။ ဦးသက်ထွန်း တို့ ရုပ်ရှင်ကုမ္ပဏီ က သူတို့ ၏ တတိယမြောက် ဇာတ်ကား အတွက် အသင့်အတင့် ရုပ်ရည် ရှိသော ၊ ငယ်ရွယ်သော ၊ အဆိုကောင်းသော မင်းသမီး တယောက် အလိုရှိသည် ဟု သတင်းစာများ ထဲ မှ ကျေညာသည် ။ ငယ် တို့ က လည်း ဝါသနာ သန့်သန့် နှင့် သူငယ်ချင်း တစု ကိုယ်စီ ကိုယ်ငှ လျှောက်ခဲ့ကြသည် ။

မလျှောက်မီ ချွေးနှီးစာ ထဲ မှ ဆံပင်များ ကို လှပစိမ့်သောငှာ ဆိုင် တဆိုင် ၌ ကောက်ခဲ့ ကြရသေးသည် ။ ထို့နောက် အလှခြယ် ပေးတတ်သည့် ဓာတ်ပုံဆိုင် တဆိုင် ၌ လည်း ဓာတ်ပုံ ရိုက်ခဲ့ကြရသေးသည် ။ သည်လ အတွက် မေမေ့ ကို ပေးရဘို့ ပင် ခပ်ခက်ခက်တည်း ။

သို့သော် အလုပ် ဆိုသည်မှာ စွန့်စားရချေမည် ၊ ရင်းရချေမည် မဟုတ်လော ။ ယခု သော် ရင်းရကျိုး ၊ စွန့်စားရကျိုး နပ်ပေပြီ ။

ဦးသက်ထွန်း က လာမည့် တနင်္ဂနွေနေ့ ၌ သူ့ ရုပ်ရှင်ခြံ သို့ လာရန် မှာနေပေပြီ ။ ရုပ်ရှင် ခြံ၌ ငယ့် အသံ ကို လည်း စမ်းသပ်ကြည့်မည် ၊ အဆို လည်း ခိုင်းကြည့်မည် ၊ ဓာတ်ပုံများ လည်း ရိုက်ကြည့်မည် ဟု ဆိုသည် ။ အသံ လှသော လေ ကို စမ်းကြည့်မည် ဆိုသည် ကို ငယ် နား မလည်နိုင်ပေမည့် ငယ် ခေါင်းညိတ်ခဲ့မိသည် ။ ဓာတ်ပုံ ရိုက်မည် ဆိုသဖြင့် လည်း ဓာတ်ပုံ များ ရတော့မည် ဟု ယူဆကာ ဝမ်းသာမိသည် ။ အဆို ဆိုဘို့ အတွက်တော့ ငယ် က နည်းနည်းမျှ မကြောက်ချေ ။ သို့သော် ဦးသက်ထွန်း ပြန်သွား ကတည်း က ငယ် ၏ နှုတ် ၌ တပုဒ် မဟုတ် တပုဒ် သီချင်းတို့သည် အစဉ် ရှိနေတတ်ချေ၏ ။

ဦးသက်ထွန်း တို့ ရုပ်ရှင်ခြံ သို့ မေမေ့ ကို ပါ ခေါ်သွားရသည် ။ မေမေ ကလည်း ငယ် ရုပ်ရှင်မင်းသမီး ဖြစ်တော့မည် အထင် နှင့် သိပ် ကျေနပ်သည် ။ ငယ် ကြီးပွားတော့မည် မို့ ဝမ်းလည်း သာသည် ။ သို့သော် သက်ရင့်တို့ဟန် အပြင်သို့ ဆန်ထွက် မလာချေ ။

သူ့ ကို ဦးသက်ထွန်း တို့ ရုပ်ရှင်ခြံ ထဲ မှာ စ၍ တွေ့သည် ။ သူ က ဦးသက်ထွန်း ၏ သား အငယ်ဆုံး ဟု ဆိုပြန်တော့လည်း ပို၍ပင် အားကိုးမိသည် ။ သူ က သူ ကိုယ်တိုင် သည် တတိယမြောက် ရိုက်မည် ဖြစ်သော ဇာတ်ကား ၌ မင်းသား အဖြစ် ပါမည် ဆိုပြန်တော့ လည်း ပို၍ ပို၍ပင် ခင်မင်မိ ပြန်သည် ။

သို့သော် သူဌေးသား က မင်းသား လုပ်မည် ဆိုသည် ကို တော့ ငယ် နားမလည်ချေ ။ ရုပ် က မူ ယောက်ျားဆံ၍ ချောပေ၏ ။ အသက် က ငယ်သည် ဟု ထင်ရ သော်လည်း ဦးသက်ထွန်း ပြောပြ၍ သိရသောအခါ ငယ် နှင့် တနှစ်တည်း မွေးခဲ့သူတည်း ။

ဇာတ်လမ်း က တော့ ငယ်ရွယ်သူ တို့ သဘာဝ ကို ပြ၍ မဆုံးမ တတ်သော မိဘ ကို ဆုံးမ လာတတ် စိမ့်သောငှာ သင်ခန်းစာ ပေးသည့် ဇာတ်လမ်း ပင် ဖြစ်သည် ။ ဇာတ်ကွက်ဇာတ်လမ်းများ ကမူ ထုံးစံအတိုင်း အချစ် ၊ အလွမ်း ၊ အကြည် ၊ အရွှင်ကလေးများ ပါမည် ဟု ဦးသက်ထွန်း က ပြောပြ၍ ငယ် လည်း သိခဲ့ရသည် ။

မည်သို့ပင် ဖြစ်စေ ၊ ငယ့် ဘက် က ငယ့် ပခုံး ထက် သို့ ကျလာမည့် တာဝန် ဟူသမျှ ကို မူ အကျေအပွန် ထမ်းဆောင်မည် ဟု ပိုင်းဖြတ် ထားသည် ။ အထူးသဖြင့် သူ နှင့် တွဲရမည် ဆိုတော့ လည်း ငယ့် ရင် မှာ ခုန်ပေမည့် ၊ ပို၍ ကြိုးစားချင်စိတ် ရှိလာသည် ။

သူ က တော့ ငယ့် ရင်မှာ မည်သို့ ဖြစ်နေသည် ကို သိမည် မထင်ပေ ။ ပထမဆုံး ငယ့် ကို အသံ သွင်းကြည့်မည် ဟု ဆိုကာ သီချင်း ဆို ခိုင်းတော့ သူ က အနား ၌ လာ ရပ်ကြည့် နေသည် ။ သူ ကြည့်ပုံ မှာ ဆန်းသည် ဟု မစွပ်စွဲဝံ့၍ မစွပ်စွဲ လိုသော်လည်း ရိုးသားသည် ဟု တော့ ဆိုနိုင်မည် ငယ် မထင်ချေ ။ သူ က ငယ့်မျက်နှာ ကို ရဲရဲပင် ကြည့်သည် ။ ငယ် က ဟန်ဆောင်တတ်ပါသည် ။ သူ ကြည့်သောကြောင့် ငယ့် ရင် မှာ လှိုင်း တမျှ လှုပ်ရှားရပေမည့် ၊ ငယ် ကလည်း ရဲသောဟန် ပြန် ဆောင်ရသည် ။ မင်းသမီး လုပ်တော့မည် ဆိုမှတော့ အကြည့် မျှ ကို မဆိုထားဘိ ၊ အဆွဲ ပင် ခံရချေမည် မဟုတ်လော ။

ထို့ကြောင့် ငယ် က လည်း သူ့ ကို ရဲရဲပင် ပြန် ကြည့်ခဲ့သည် ။ ရဲရဲပင် ပြောဆိုဆက် ဆံခဲ့သည် ။ သူ က သူဌေးသား ဆိုပြန်တော့ သူ ကြိုက်ဖို့ ကလည်း လိုလိမ့်မည် ထင်သည် ။ တယောက်တည်း အမျိုးမျိုး လှည့်ပတ် ရိုက်ပြီးသောအခါ နှစ်ယောက်တွဲ ရိုက်မည် ဆိုတော့ သူ က ငယ့် ကို အားနာဟန်ဖြင့် မက်ုင်ရဲ မထိရဲသည် ကိုလည်း ငယ် ကပင် “ ကိုင်ပါ ၊ အား မနာပါနဲ့ ” ဟု ပြောယူခဲ့ရသည် ။ ဪ... ကောက်ညှင်း က မစေးဘဲ ဆန်ကြမ်း က စေးခဲ့ ရခြင်းပါတကား ။

••••• ••••• •••••

သည် တခါ ဦးသက်ထွန်း လာတော့ သူ ပါလာသည် ။ သည် တခါတော့ သူ ပါလာ၍ ငယ် တို့ ၏ ဆင်းရဲရသည့် အဖြစ်ကို ရှက်မိသည် ။ နာ လည်း နာကျည်းမိသည် ။ သို့သော် ငယ်တို့ ဆင်းရဲသည် ကို သိထားဘို့တော့ လို ပေလိမ့်မည် ၊ ငယ် ထင်သည် ။ ငယ် မလိမ်ချင်ပေ ။ ကိုယ့် ဘဝ အမှန်အတိုင်း ကို သူ သိစေ့ချင်သည် ။ သည်တော့မှ သူ ကလည်း ပို၍ သနား သက်ညှာ လာလိမ့်မည် ငယ် ထင်သည် ။

ဦးသက်ထွန်း က မေမေ့ ကို မပြောမီ မှာပင် သူ က သင်ဖြူး ပေါ် မှ ငယ် ထိုင် နေရာ ကြမ်းပေါ် သို့ ရွှေ့၍ တိုး လာကာ ငယ့်ကို စကား စသည် ။ ငယ့် ပုံများ ကို လည်း စက္ကူအိတ်ကြီး နှင့် အပြည့် ပေးသည် ။ ငယ် က ဓာတ်ပုံ ထဲ တွင် အပြင် က လောက် မလှကြောင်း လည်း ပြောသည် ။ သို့သော် ငယ့် ရုပ်ကို ငယ် သိပါသည် ။ ဓာတ်ပုံများ ကို ဖွင့် ကြည့်မိသော အခါ ငယ် သည် ဓာတ်ပုံများ ထဲ၌ အပြင် မှာ ထက် များစွာ ပို၍ လှနေသည် ကို တွေ့ရ၏ ။ တန်တော့ ငယ် သိပြီ ။ သူ ငယ့် ကို လာ၍ ရိပြီ ထင်၏ ။

ငယ် ကလည်း သူ့ ကို ခင် ပါသည် ။ သူ လာလျှင် ငယ့် ဘက်က အစဉ် ခွင့်လွှတ်လိမ့် မည် ဟုလည်း ငယ် ထင်၏ ။ အမှန်ကို ဝန်ခံရလျှင် ငယ် သူ့ ကို ချစ်သည် ။ သူ က အယုအယခံ ဘဝ ၌ သာ နေခဲ့ရသူမို့ ငယ့် ထက် နုပုံတော့ ရသည် ။ ထို့ကြောင့် သူ့ ကို ငယ့် ၌ မရှိဘူးသော မောင်ငယ် တယောက် အရာ၌ ငယ် ထားကြည့် ချင်၏ ။ သူ့ ကို အစစအရာရာ အလို လည်း လိုက်မည် ။ သူ က နွဲ့ဆိုး ဆိုး၍ ငယ့် ကို ညှဉ်းမည် ၊ အနိုင်ယူမည် ဆိုလျှင် လည်း ငယ် ကျေ နပ်မည် ။ ငယ် ပျော်မည် ။ သို့သော် သူ နှင့် ငယ် နှင့် ဆိုသည် မှာ နေ့ နှင့် ည နှယ်ပါတကား ။

သူ က ဆက်၍ ငယ့် ကို စာချုပ်ရမည် ဟု ပြောလာ ပြန်၏ ။ သူတို့ ဘက် မှ ဇာတ် ကား ရိုက်မည် ဖြစ်စေ ၊ မရိုက်သည် ဖြစ်စေ ၊ ငယ့် အတွက် လခ အဖြစ် ဖြင့် တလ လျှင် တရာ့ငါးဆယ် ပေးမည် ဟုလည်း ဆိုပြန်သည် ။ သည် တရာ့ငါးဆယ် ဆိုသည် မှာ ငယ် တို့ အဖို့ တခါ မျှ လုံးကနဲ ခဲကနဲ ရဘူး ကိုင်ဘူးသည် မဟုတ်ချေ ။ ဤသည်ကို ပင် သူ က အားနာ နေပြန်၏ ။ သည် ငွေ မှာ နည်းပါသည် ။ သည်မျှ မက ပေးသင့်ပါသည် ။ သို့သော် လောလောဆယ် လည်း ဇာတ်ကား မှာ ရိုက်ဦးမည် မဟုတ်သဖြင့် ဇာတ်ကား မရိုက်မီ မှာ မူ သည်မျှ နှင့် ကျေနပ်ပါ ။ စသည်ဖြင့် သူ က တောင်းပန် နေပြန်၏ ။ ငယ် မည်သို့ ပြောရပါမည်နည်း ။

တဖန် သူက ဆက်၍ ခွင့်ပန်လှာ၏ ။ စက်ချုပ် အလုပ် မပျက်စိမ့်သောငှာ ဇာတ် တိုက်မည် ဆိုလျှင် လည်း ညဘက် ညဘက်များ ၌ သာ တိုက်ပါမည် ။ သို့ ညဘက် ညဘက် များ၌ ဇာတ်တိုက်ရသည့် အတွက် သူတပါး အထင်အမြင် လွဲမှား လျှင် လည်း သူတို့ ကို ခွင့်လွှတ်ပါ ဟု ဆို၏ ။ ညရေးညတာ အသွားအလာ အတွက် အခက်အခဲများ ကို လည်း ဘဇာမျှ မပူပါနှင့် ၊ သူ ကိုယ်တိုင်ပင် အကြိုအပို့ လုပ်မည် ဟု လည်း တာဝန်ခံ ပြန်သည် ။ ဪ ... မိငယ်မ တို့ တက်မည့် တက်တော့ လည်း မိုးမျှ မကပါတကား ။

သို့နှင့် အားသော တရက် တွင် ငယ် တို့ ကို သူ လာခေါ်ပြန်သည် ။ သည်တခါမူ ရုပ်ရှင်ခြံ မှာ မဟုတ်မူ၍ သူ့ တိုက် မှာ ဖြစ်၏ ။ သူတို့ တိုက်မှာ ရုပ်ရှင် ထဲ မှ သူဌေးတိုက် နှယ်ပင် ခမ်းနားလှပချေ၏ ။ တိုက် ၏ မျက်နှာစာ ၌ လည်း အဆင်စုံဆန်း နှင့် ပန်းတို့ သည် ပွင့်နေကြ ကုန်သတည်း ။

ထိုနေ့ က စာချုပ် ရသည် ။ စာချုပ် ပြီးသည် နှင့် တပြိုင်နက်တည်း ပထမဆုံး လခ ကို ငယ် လက်ခံ ရရှိခဲ့သည် ။ အလုပ် ဆို၍ လည်း ပြုံး၍ မျှပင် ပြုံး မပြရပါဘဲလျက် လခ က အလျင် ရနှင့်ပြီ ဆိုတော့လည်း ငယ် လက်မခံ လိုချေ ။ သို့သော် သူ က ဤသည်မှာ ရုပ်ရှင်တို့ ထုံးတမ်း ဟု ဆို၏ ။ ရုပ်ရှင် ပြသည် ကို ငယ် က ကြည့်သာ ကြည့်တတ် ခဲ့သည် ။ သူတို့ ထုံးစံ အစဉ်အလာ ကို ငယ် မသိခဲ့ချေ ။ သိရပြီ ဆိုတော့ လည်း ရုပ်ရှင်မင်းသမီးများ တိုက် နှင့် ခြံ ကား နှင့် ဘဇာ့ ကြောင့် နေနိုင်သည် ကို ငယ် ကောင်းစွာ သဘောပေါက် လာ၏ ။ စာချုပ် ၌ လက်မှတ်ထိုး စဉ်၌ပင် ငယ် သည် အများကြီး စိတ်ကူး၍ ကြည့်လိုက်မိ၏ ။ ငယ့် ဘဝ သည် ယနေ့ ယခု မှ အစပြု၍ လည်း ပြောင်းလာပြီ ဟု ထင်လိုက်မိသည် ။

သူ က ငယ့် ကို ဤသို့ စာချုပ် ဖြစ်သည့် အတွက် ဝမ်းသာသည် ။ သူ့ ဖေဖေ က အင်မတန် ချေးများသည် ။ သူ့ စိတ်ကြိုက် ဖြစ်ခဲ့သည် ။ ယခုမူ ငယ့် ကို တခါတည်း နှင့် ရွေးခဲ့သည် ။ လျှောက်လာသူ စုစုပေါင်း နှစ်ဆယ်ကျော် ခန့် အနက် မှ ငယ် တယောက် တည်း ကို သာ သူ့ စိတ်ကြိုက် နှင့် တွေ့သည် ။ စသည် စသည်ဖြင့် လည်း စကားပို လာ၍ ဖွဲ့နေပြန် ၏ ။ သူ ပြော နေစဉ် သူ့ ကို ငယ် အသေအချာ အကဲခတ် ခဲ့သည် ။ သူ ပြောသော စကားများ မှာ တခွန်းမျှ အပို ဟန် မတူချေ ။ သူ ဟန်ဆောင်ကောင်းကောင်း နှင့် ဟန်လုပ်၍ နေသည် ဟု ယူဆရ အောင်လည်း သူ သည်မျှ တတ်နိုင်လိမ့်မည် ငယ် မထင်ချေ ။ အဘယ့်ကြောင့် ဆို သော် တွေ့တွေ့ဆိုင်ဆိုင် ဆိုတော့ သူ က ငယ့် ကိုပင် ရှက်ချင်ချင် ရှိနေသောကြောင့် တည်း ။

သူ စကား ပြောလျှင် နည်းနည်း ထစ်ချင်၏ ။ ရံဖန်ရံခါ စကား ကို လိုရာသို့ မရောက်နိုင်ဘဲ တအဲအဲ နှင့် လည်နေတတ်၏ ။ ငယ် က မျက်လုံး ကို လှန်၍ ကြည့် လိုက်ပြီ ဆိုတော့လည်း ငယ့် ကို ကြည့်နေတတ်သော သူ့ မျက်လုံးများ မှာ တချိုးတည်း အဖက်ဖက် သို့ လှည့်ထွက် သွားတတ်ကုန်၏ ။ သို့သော် ငယ့် ကို သူ ခင်မင်နေပြီ ဆိုသည်မှာ ထင်လျားပါချေ သည် ။ သူ က ငယ့် ကို ငယ် ဟူ၍ပင် ခေါ်၏ ။ ငယ် ကလည်း သူ့ အိမ်သားများ က သူ့ ကို ခေါ်သည့် အတိုင်း ထွန်းထွန်း ဟု ပင် ခေါ်ခဲ့ရသည် ။ ငယ် နှင့် ထွန်းထွန်း တို့၏ အဖြစ်ကား သည်မှာပင် စခဲ့ရပြီ ။

••••• ••••• •••••

အစ ကတည်း က ကောင်းတော့ မကောင်းခဲ့ချေ ။

တနေ့ သူ လာခေါ်တော့ မေမေ က ဖျားနေသည် ။ အိမ် မှာ မေမေ့ မောင် ၏ မိန်းမ ကား ရှိပါ၏ ။ သို့သော် ယောက်မတို့ ဓမ္မတာ မေမေ နှင့် ငယ်တို့ မတတ်သာ၍ လာရောက် ခိုကိုး နေသည် ကို ပင် ကြည်ဖြူသူ မဟုတ်ချေ ။ မေမေ့ မောင် ဆိုသည် ကလည်း မိန်းမ ကို စကား ယဉ် နှင့် ပြောရလျှင် အလိုလိုက်ရသည် ။ မိန်းမ က ပါ လာသော ကလေး တယောက် ကို သူ နှင့် ရသော ကလေး နှစ်ယောက် ထက် လည်း ပို၍ ချစ်ရသည် ။ ကလေးငယ် ကို ငယ် က ထိန်း ရသည် ။ ထမင်းဟင်း စသည် တို့ ကို ချက်ရာ၌ လည်း မေမေ့ ကို ငယ် က ကူရသည် ။ အဝတ်ဟောင်း တို့ကို လည်း ကလေး အိပ်ချိန်၌ ငယ် ပင် လျှော် ခဲ့ရသည် ။ အားသည့် အချိန် ကလေး များ ၌သာ ငယ် စက်ခုံ တွင် ထိုင်ခွင့်ရခဲ့၏ ။ မေမေ ဆိုလျှင် ည ညများ၌ စက်ချုပ်ရ၍ အိပ် ရသည်ပင် မရှိခဲ့ရချေ ။

ယခုနှယ် သွားဟယ် လာဟယ် နှင့် ပြင်လား ၊ ဆင်လား လပ်လျားလျား လုပ်နေ ကြသည် ဆိုတော့ မေမေ နှင့် ငယ့် ကို သူတို့ မျက်နှာကြော မတည့်ကြတော့ချေ ။ ဦးဦး ကိုယ်တိုင် ကပင် တညနေ က မေမေ့ ကို ဖွင့်ပြောလာ၏ ။ မေမေ က အရှည် ကိုကြည့်၍ လုပ်ရကြောင်း ၊ အလုပ်ကလေး တည်တည်ငြိမ်ငြိမ် ရှိလာလျှင် သည် အိမ် မှ ဆင်းမည် ဖြစ်ကြောင်း ပြန် ရှင်းပြမှ ပင် ၊ ဦးဦး နောက်ဆုတ် သွားတော့သည် ။

ယခုသော် စမည် မှ မကြံခင် မေမေ က လဲချေပြီ ။ ဆေးဖိုးဝါးခ အဖို့မူ ထွန်းထွန်း ကျေးဇူးကြောင့် ရှိပါ၏ ။ သို့သော် မည်သူက ကြည်ကြည်ဖြူဖြူ ၊ ပြုစုပါ့မည်နည်း ။ အမေ တခု သမီး တခု မို့ မေမေ့ အနားမှာ ငယ် ပြုစုခဲ့ပါ၏ ။ ယခုနှယ် ကုမ္ပဏီ က လာခေါ် ခေါ်ပြီဆို တော့ မေမေ့ အနားမှာ ငယ့်ကိုယ်စား ၊ မည်သူ့ကို ထားရစ်ခဲ့ပါမည်နည်း ။

သို့သော် ပခြုပ်တွင်း မှ ထွက် လျှင် ထွက်ချင်း ပါးပျဉ်း နှင့် ပါတကားဟု အထင်မှား မခံရစိမ့်သောငှာ မေမေ့ ကို သည်အတိုင်းပင် ပစ်ထားခဲ့ရ၏ ။ ထွန်းထွန်း က မေမေ မပါ၍ မေးသည် ကို ပင် ငယ် လိမ်၍ ပြောခဲ့သည် ။ မေမေ ဖျားနေသည် ဟု ပြောလျှင် ထွန်းထွန်း က အစီအစဉ် ကို မုချ ပြောင်းပစ်မည် မှာ သေချာ၏ ။ သို့သော် ဦးသက်ထွန်း တို့ လူကြီးပိုင်း က မူ ကျေလည်မည် မထင်ချေ ။

ကား ပေါ် သို့ ရောက်သော အခါ ထွန်းထွန်း က ငယ့်ကို စကားဆန်း တခု ပြော၏ ။ သူတို့ ရုပ်ရှင်နယ် မှာ လူဆိုး ၊ လူကြမ်း ၊ လူသော့သွမ်း တို့ က အပြည့် ။ ရုပ်ရှင် ထဲ မှ မင်းသားချော မှာ အပြင်ဘက် ၌ များသောအားဖြင့် လူကြမ်းများ သာ ဖြစ်တတ်ချေသည် ။ သရုပ်ပြဆရာ တို့ မှာလည်း များသောအားဖြင့် ကောင်းခဲ၏ ။ မင်းသမီး ဖြစ် လိုသော မိန်းမငယ်များ ကို လည်း ဖျက်ဆီး တတ်ကြသည် ။ ငယ့် အနေနှင့် လည်း အထူး သတိထား စေလိုသည် ။ သည် တတိယမြောက် ဇာတ်ကား ၌ လည်း ရိုက်မည့် ရုပ်ရှင်ဆရာ သည် သည်ဘက်၌ ကြောက်ဖို့ အင်မတန် ကောင်းသည် ။ သူတို့ အလိုသို့ လိုက်လျှင် မင်းသမီး ကား ဖြစ်နိုင်တတ်ပါ၏ ။

သို့သော် ကိုယ် သာ အကျိုးနည်း ၍ ကျန်ရစ်ခဲ့ရတတ်ချေသည် ။ စသည် စသည် ဖြင့် ရုပ်ရှင်နယ် ၏ အန္တရာယ် ကို ဋီကာ ချဲ့၍ စေတနာ စကား ပြောကြားလာချေ၏ ။ ထွန်းထွန်း ၏ စကားက ရုပ်ရှင်နယ် နှင့် ဘာမျှ မဆိုင်ချေ ။ ထွန်းထွန်း သည် ငယ့် အပေါ်၌ မည်မျှ စေတနာ ထားသည်မှာ ထင်လျားပါချေသည် ။ ထို့ကြောင့်လည်း ထွန်းထွန်း ကို ငယ် ပို၍ ချစ်ခဲ့မိ၏ ။ ထွန်းထွန်း ကို ငယ် ကြည့်သည် ။ ထွန်းထွန်း ၏ ရုပ်ရည် သည် ရိုးသားသန့်စင် လှပေ၏ ။

သို့သော် ငယ် က ခက်သည် ။ သူ ကဲ့သို့ မနေနိုင်ချေ ။ ထွန်းထွန်း ကို ငယ် ချစ်သည် ။ ထို့ကြောင့် ထွန်းထွန်း တို့ တိုက် သို့ မရောက်မီ ငယ် အပြင်မှာ တခုခု စားချင်သေးသည် ဟု ထွန်းထွန်း ကို ပူဆာမိ၏ ။ သည်အချိန်ကလေး ကို ထွန်းထွန်း သည် အလိုက်သိစွာ အဆုံးချ တတ်ပါစေသတည်း ။

သို့နှင့် ဆူးလေဘုရားလမ်း မှ ဆိုင် တဆိုင် တွင် ဝင်၍ ထိုင်ခဲ့ကြသည် ။ သည် အထိ ထွန်းထွန်း က မည်သို့မျှ စကား စမလာချေ ။ သည်တော့လည်း ငယ် ပင် လက်လျှော့ခဲ့ရချေ တော့၏ ။

ဪ နွံ ထဲ ၌ လည်း ကြာ တို့ မည်သည် ရှိနေတတ်ပါတကား ။

တိုက် မှ တဆင့် ခြံသို့ ရောက်သော အခါ ရုပ်ရှင်ဆရာ ဆိုသူ နှင့် ပထမဆုံး ငယ် တွေ့ရ၏ ။ ရုပ်ရှင်ဆရာ ကို ဦးသက်ထွန်းက ငယ် နှင့် မိတ်ဆက် ၍ ပေးသည် ။ ရုပ်ရှင်ဆရာ က ငယ့် ကို အသေအချာ ကြည့်၏ ။ ကိုယ့် ကိုယ် ကို ခပ်တင်းတင်း ရပ် ၍ ငယ် ပြလိုက်သည် ။ သူ့မျက်လုံး မှာ အခိုး တို့ ကို ကြောက်မိ ရွံ့မိ သော်လည်း သူ နှင့် ပတ်သက် နေရဦးမည် မို့ ငယ့် မျက်နှာ ကို ခပ်ပြုံးပြုံး ခပ်ကြည်ကြည် ပင် ထားခဲ့၏ ။ သူ က ငယ့် ကို အရပ် ခိုင်း၍ နှစ်ပတ် သုံးပတ်မျှ ပတ်ချာလှည့်ကာ ကြည့်သည် ။ ကြည့်၍ အားရတော့မှ သောက်လက်စ ဖန်ခွက် ကို ဆက်လက် သောက်ကာ ထိုင် စဉ်းစား ဟန် ပြု၏ ။ အတန်ကြာသော် သူ့ တပည့် ကို ခေါ်၍ စာရွက် နှစ်ရွက် သုံးရွက် ခန့်ပေးခဲ့ကာ တိုးတိုး တိုး တိုး နှင့် မှာသည် ။ သူ့ တပည့် က ခေါင်း ညိတ်၏ ။ ဦးသက်ထွန်း က နား ကို ရုပ်ရှင်ဆရာ ၏ အနား သို့ ကပ်၍ နာခံသော် သူ က နှုတ် ဆက်၏ ။ တနေရာ၌ အခြား ဇာတ်ကား တကား အတွက် ချိန်းဆိုထားသောကြောင့် ဟု အကြောင်း ပြကာ သူ့ ကိုယ်ပိုင်ကားကလေး ဖြင့် ခြံ ထဲ မှ ထွက်သည် ။

သူ့ တပည့် လက်ထောက်ဆရာ ကမူ သူ နှင့် စာ လျှင် အနည်းငယ် သဘောကောင်း လိမ့်မည် ၊ ငယ် ထင်သည် ။ ငယ့် ကို လည်း ခပ်ချိုချိုပင် ဆက်ဆံတတ်၏ ။ သူ့ အသက် နှင့် ငယ့် အသက် မှာ တော်တော် ကွာသော်လည်း ငယ့် ကို ညီမလေး ဟုပင် ခေါ်၏ ။ ငယ့် အနေနဲ့ မူ သူ့ ကို ဦးလေး ဟု သာ ခေါ်ချင်၏ ။ သို့သော် သူ က ကြိုက်မည် မဟုတ်ချေ ။ ဆရာ ဟု သာ ခေါ်ရချေမည် ။ သို့သော် သူ့ ကို ဆရာ ဟုသာ ခေါ်ရချေမည် ။ သို့သော် သူ့ ကို ဆရာ ဟုခေါ် လျှင် သူ့ ဆရာ ရုပ်ရှင်ဆရာ ကို မည်သို့ ခေါ်ရပါမည်နည်း ။ ဒီတော့ သူ ကြိုက်လိမ့်မည် ဟု ထင်ရသော “ အကို ” ဖြင့်ပင် မနှစ်မြို့ လှ သော်လည်း ခေါ်ရချေ တော့မည် ။ ဇာတ်လမ်း ထဲ မှ စကားများ ကို သူ က ခွဲ၍ ပေး၏ ။ ထွန်းထွန်း ကို လည်း ထွန်းထွန်း နှင့် ပတ်သက်သမျှ ထွန်းထွန်း ပြောရမည့် စကား မှန်သမျှ ပေးသည် ။ ငယ် တို့ ပထမ သော် အလွတ် ကျက်ကြရ၏ ။ “ ရပြီ ကို ” ဟု ငယ် က ပြုံးပြုံးချိုချို ဆိုတော့ သူ လည်း ပြုံးလာသည် ။ သူ့ အသက်အရွယ် ၊ သူ့ရုပ် ရည်နှင့် “ အကို ” ဟု အခေါ် ခံရသည် ကို အတော် ကျေနပ်ပုံရ၏ ။ မည်သို့ပင် ဖြစ်စေ ၊ သည်မျှ စိတ် အညစ်ကလေး အနည်းငယ် ခံကာ ခပ်ရွံ့ရွံ့ “ အကို ” ဟု ခေါ်ရုံမျှဖြင့် ငယ့်အဖို့ နောင် အခါ၌ များစွာ အထောက်အပံ့ ရနိုင်စေမည် မဟုတ်ပါလော ။

ထိုနေ့ အဖို့မူ ငယ့် ဘဝ သည် သာယာနိုင်ခဲ့ပါ၏ ။ ငယ် က စကား လေးကြိမ် ပြော ရ၍ ထွန်းထွန်း က ငါးကြိမ် ပြောရသည် ။ အမူအရာ စသည်တို့ကို မူ နောက်မှ သင်ကြား မည်ဟု လက်ထောက်ဆရာ က ဆို၏ ။ စကား ကို သံနေသံထား မှန်မှန် ဖြင့် ပြောတတ်ဖို့ ကို ပင် ပထမ ကြိုးစားကြရ ဦးမည် ဟု လည်း ပြော၏ ။ ထို စကား လေးခွန်း ကို ငယ် ကမူ ကောင်းစွာ ပိုင်ပိုင် ပြောနိုင်သည် ။ ငယ့် ဘက် ကမူ တာဝန်ကျေသည် ဟု လည်း ထို လက်ထောက်ဆရာ က ချီးမွမ်း၏ ။ ဦးသက်ထွန်း က လည်း ကျေနပ်၏ ။ ထွန်းထွန်း ကို မူ “ မဟုတ်သေးဘူး ” “ မဟုတ်သေးဘူး ” နှင့် ခပ်နာနာ ပြောကာ ဖိ၍ ဖိ၍ အထပ်ထပ် အခါခါ သင်ပြကြရ၏ ။ ထွန်းထွန်း ကိုယ်စား ငယ် ပင် လျှင် အားငယ်၍ လာမိသည် ။ ငယ် သာ ထွန်းထွန်း ၏ နေရာ ၌ နေရပါ က တရက်တည်း နှင့် စိတ်ပျက် လက်လျှော့ မိမည်မှာ သေချာ၏ ။ သို့သော် ထွန်းထွန်း အပြုံးမပျက် ခံနိုင်ရည် ရှိသည် ကို ကြည့် ကာ ငယ် စိတ်သက်သာရာ ကား ရပါသည် ။ ထွန်းထွန်း က ကြိုးစား လည်း ကြိုးစား၏ ။ စိတ် လည်း မပျက်တတ်ချေ ။ ထွန်းထွန်း ကို ငယ် ပင် စိတ် ထဲမှာ ကျိတ်၍ ချီးမွမ်းမိ၏ ။ ထွန်းထွန်း သည် ဘဝ က သည်ဘက် ၌ ပါရမီ နည်းပုံ ရ သော်လည်း သူ့ ဇွဲ ၊ သူ့ လုံ့လ နှင့် ဆိုလျှင် တနေ့ မုချအောင်မြင်လာလိမ့်မည် ဟု ငယ် မြှော်လင့်မိသည် ။

ငယ့် ဘက် မှ တာဝန် ကျေ၍ ငယ် အနား ရချိန် တွင် ဦးသက်ထွန်း က ငယ့် အနား သို့ ချဉ်းကပ်လာ ကာ ထွန်းထွန်း ၏ အကြောင်း ကို ပြောလှာ၏ ။ ထွန်းထွန်း သည် သူ့ သား သုံးယောက် အနက် အငယ်ဆုံး ဖြစ်သည် ။ အကြီးဆုံး က ခရိုင် စစ်အင်ဂျင်နီယာ အဖြစ် မန္တလေး တွင် ရောက် နေသည် ။ အလတ် က ယခုနှစ် ပြီးလျှင် တက္ကသိုလ် မှ ဝိဇ္ဇာဘွဲ့ ရတော့မည် ။ ပညာအရာ ၌ အင်မတန် တော်သည် ။ ထွန်းထွန်း ကျမှ ဉာဏ် လည်း ထိုင်း ၊ ဖျင်း လည်း ဖျင်း ၊ ပျင်းလည်း ပျင်းသည် ။ အလုပ် ဆိုလျှင် ဘဇာ တခုမျှ မည်မည်ရရ လုပ်ချင် ကိုင်ချင်သည် မရှိ ။ ပန်းချီ ဆွဲလိုက် ၊ ဓာတ်ပုံ ရိုက်လိုက် ၊ ကဗျာ စပ်လိုက် နှင့် တော မရောက် တောင် မရောက် ဟိုစပ်စပ် သည်စပ်စပ် သာ လုပ်ချင်သည် ။ ထို့ကြောင့် သူ့ နောင်ရေး ကို စိတ်ချရ စိမ့်သောငှာ ဤသို့ သူ နှင့် နဲနဲ နီးစပ်သည် ဟု ထင်ရသည့် ရုပ်ရှင်နယ် ၌ ထည့် သုံးရခြင်း ဖြစ်သည် ။ တက္ကသိုလ်ဝင် သင်တန်း ကို လည်း အခါခါ ဖြေပါလျက် နှင့် မအောင်တော့သည့် အတူတူ ထီ ထိုး သည့်နှယ် သည်ဘက် ၌ ထည့် သုံးကြည့်ခြင်း သာလျှင် ကျန်တော့သည် ။ ဤသို့ အားဖြင့် ဦးသက်ထွန်း ပြောရာ၌ ကျန် သား နှစ်ယောက် ကို အသား ပေး၍ ထွန်းထွန်း ကိုမူ နှိမ့်ချ နေကြောင်း မှာ ထင်ရှား၏ ။ ငယ် ကတော့ ထွန်းထွန်း သာ ချစ်သည် ။ ထွန်းထွန်း ၏ အကို တက္ကသိုလ် မှ လူ ကို တိုက် ၌ တခါ မြင်ဘူးပါ၏ ။ မျက်နှာ က တပြည်လုံး သူ့ လုပ်စာ စားနေ ရသည့် မာန်မျိုး ဟန်မျိုးနှင့် မို့ ငယ် ရွံသည် ။ မုန်းသည် ။

ဦးသက်ထွန်း ပြောပြခါ မှပင် ထွန်းထွန်း ကို မူလ က ချစ်ရုံသာ ချစ်ခဲ့ရာမှ ပို၍ ချစ်လာခဲ့မိရချေ၏ ။ သနား လည်း သနားခဲ့မိပြန်၏ ။ ထွန်းထွန်း ဘက် ကပင် မနေနိုင် ၍ စိတ် ထဲ ၌ ကျိတ်၍ ကြုံးဝါး ခဲ့မိရတော့သည် ။ “ တနေ့ ရုပ်ရှင်မင်းသား ဖြစ်လာခါ မှ ဦးသက်ထွန်း ကိုယ်တိုင် ပင် ပြန် ခရမည် ။ ထိုအခါ ကျ မှ စကား တမျိုး ပြင်၍ မပြောပါနှင့် ” ဟူ၏ ။

••••• ••••• •••••

သို့သော် ဦးသက်ထွန်း က စကား တမျိုး ပြင်၍ ပြောလာခဲ့ချေပြီ ။

သူ မပြောလာမီ နံနက် ကတည်း က ငယ် သိခဲ့ရပါ၏ ။ ငယ့် ဦးဦး က နံနက် လက်ဖက်ရည်ဆိုင် မှ အပြန် ဆိုင် က သတင်းစာ ကို ယူလာကာ ပြသည် ။ သတင်းစာ ထဲ တွင် ဦးသက်ထွန်း ၏ ရုပ်ရှင်ခြံ ၌ ကန်တော့ပွဲ ပေးသော အခမ်းအနား ဓာတ်ပုံ ပါလာ၏ ။ ဇာတ်ကား ၏ အမည် မှာ “ ကလျာ ဖူးစသစ် ” ဖြစ်၍ ဝတ္ထု က မူ စာရေးဆရာ မောင်သက်လျာ ၏ ဝတ္ထု ဖြစ်၏ ။ ငယ် နှင့် ရိုက်မည် ဆိုသည်မှာ လည်း သည် ဝတ္ထု ပင် ဖြစ်သည် ။ ထို့ကြောင့် မကျေနပ်၍ ကန်တော့နေသော မင်းသား မင်းသမီးများ ကို အသေအချာ ကြည့်မိ၏ ။ သေချာပါသည် ။ မင်းသား ကလည်း ထွန်းထွန်း ပင်တည်း ။ မင်းသမီး က မူ တနှစ် က မှ ရုပ်ရှင်နယ် ထဲ ရောက်လာသော် လည်း ဇာတ်ကား နှစ်ကား ထဲ နှင့် အကယ်ဒမီဆု ကို ယူနိုင်ခဲ့သော နိုင်ငံကျော် မင်းသမီးလေး မူမူမိုး ပေတည်း ။

ဦးသက်ထွန်း ပြောပြ၍ သိထားရသော ဇာတ်လမ်း အရ ဆိုပါမူ ထို ဇာတ်ကား တွင် ဒုတိယ မင်းသမီး တယောက် တည်း ပါနိုင်၏ ။ ငယ် က ယခု မှ စ၍ ဝင်လာသူ မို့ ငယ့် ကို ခေါင်းဆောင် မင်းသမီး အဖြစ် ဖြင့် မလွှတ်ရဲ ၊ မတင်ရဲ သောကြောင့် ဒုတိယ မင်းသမီး နေရာ မှာသာ ရာထားဟန် တူသည် ဟု မြှော်လင့်ခဲ့တော့သည် ။ မှန်၏ ။ မင်းသား က လည်း အသစ် ၊ မင်းသမီး က လည်း အသစ် ဆိုတော့ တော်ပင် တော်၍ ကောင်းပင် ကောင်းမည် မှန် သော်လည်း ရုပ်ရှင်ကြည့် ပရိသတ် ကို ကြို၍ ညှို့နိုင်မည် မဟုတ်ချေ ။ သို့ မညှို့နိုင်၍ ပရိသတ် ၏ တောင်းဆိုမှု နည်းခဲ့သော် စီးပွားရေး အရ ကုမ္ပဏီ ၌ နစ်နာပေလိမ့်မည် ။ ထို့ကြောင့် နာမည်ရ မင်းသမီး ကို ထိပ် က တင်ခြင်း ဖြစ်ပေလိမ့်မည် ဟု ငယ် က ယူဆ၏ ။ သည် အထိ ငယ် ခွင့်လွှတ်ပါသည် ။ ငယ် က တခါမျှ သရုပ်ဆောင်ဘူးသူ မဟုတ်သဖြင့် ငယ် ကျေနပ်ပါသည် ။

သို့သော် ထို ဒုတိယ မင်းသမီး ၏ နေရာ ကို ပင် ငယ် မရနိုင်ခဲ့ပါတကား ။

ဦးသက်ထွန်း သည် အေးငြိမ်း သွားဟန် ဖြင့် သူ့ ၌ ပါလာသော နိုင်ငံခြားဖြစ် စက္ကူ ဆေးလိပ် ကို မီးညှိတည့်၍ စကား စ ကို ဆက် လာပြန်၏ ။ သူတို့ အပေါ်တွင် ကောင်းခဲ့သည့် အတွက် ငယ့် ကိုလည်း ပစ်ထားမည် မဟုတ်ကြောင်း ၊ ဤအတိုင်း ပင် စာချုပ် ပါ အခွင့်အရေး များနှင့် ဆက်လက် ၍ ဇာတ်တိုက် လေ့ကျင့် သွားမည် ဖြစ်ကြောင်း ၊ သို့မှလည်း နောက် မကြာမြင့်မီတွင် စ၍ သည် ဇာတ်ကား နှင့် တပြိုင်နက်တည်း ရိုက်မည့် စတုတ္ထမြောက် ဇာတ်ကား ၌ ငယ့် အတွက် ပိုမိုသက်သာ လွယ်ကူလာမည် ဖြစ်ကြောင်း ၊ ထို စတုတ္ထ ဇာတ်ကား ကိုမူ သူ ကိုယ်တိုင် ရိုက်မည် ဖြစ်၍ မင်းသမီး နေရာ အတွက် စိတ်ချစေလိုကြောင်း ၊ ဤအခါ ထွန်းထွန်း ကလည်း နာမည် ရနှင့်ပြီ မို့ ထွန်းထွန်း နှင့် တွဲ၍ပင် ရိုက်နိုင်မည် ဖြစ်ကြောင်း ၊ ထို ဇာတ်ကား မှာ လည်း နာမည်ကျော် စာရေးဆရာ တယောက် ၏ ဝတ္ထု ဖြစ်၍လည်း ကျေနပ်မိကြောင်း ၊ သူ ကိုယ်တိုင် လည်း ထို ဇာတ်ကား နှင့် ပင် နာမည် ရယူမည် ဖြစ်ကြောင်း ၊ ကုမ္ပဏီ ဆိုသည် မှာ အနုပညာ သက်သက် ကိုယ့် စိတ်ကြိုက် ကို လည်း ရိုက်ရဲရမည် ဖြစ်ကြောင်း ၊ သို့ ရိုက်၍ ရှုံးခဲ့ လျှင် လည်း ခံနိုင်စိမ့်သောငှာ တဖက် က ဝင်ငွေ ကောင်းမည် ဟု ထင်ရသော ပရိသတ်ကြိုက် ဇာတ်ကား ကို လည်း နာမည်ကြီး နှင့် ရိုက်ရကြောင်း ၊ ထို့ကြောင့် စတုတ္ထမြောက် ဇာတ်ကား ကို သူ့ စိတ်ကြိုက် အချိန် ယူ၍ အနုပညာ သက်သက် အရှုံးခံ ရိုက်မည် ဖြစ်ကြောင်း ၊ ထို့ကြောင့် ငယ့် ကို လည်း စိတ် မပျက်စေလိုကြောင်း ၊ ထို ကား အတွက် ယခု အတိုင်းပင် ထွန်းထွန်း နှင့် တွဲ၍ လေ့ကျင့် စေလိုကြောင်း ၊ စသည် စသည် ဖြင့် တနေကုန် မျှ ပြောပြ နေပြန်၏ ။

ငယ် တွေးကြည့်သည် ။ သိက္ခာ အကျ မခံလို၍ ဆက်လက် ကမ်းလှမ်း လာသော သူ့ လက် ကို ငယ် ပုတ်ထုတ်လိုက်ပါက ငယ် မည်သို့ဖြစ်မည်နည်း ။ ရုပ်ရှင်နယ် နှင့် ဝေး သည် ထက် သာ ဝေးရချေမည် မဟုတ်လော ။ ငယ် ရည်မှန်း ထားခဲ့သော လမ်း ၊ ငယ့် စိတ်ကူး နှင့် တည်ဆောက် ခဲ့သော အဆောက်အဦ တို့ သည် ဤ တဒင်္ဂ မှာ ပင် ပြိုလဲပျက်ပြားရချေ တော့မည် ။ ထို့ထက် ဆိုးသည် က ထွန်းထွန်း နှင့် ခွဲရချေတော့မည် ။

ထို့ကြောင့် ထွန်းထွန်း မျက်နှာ ကို မြင်ယောင်ကာ ငယ် ဆုံးဖြတ်ချက် တရပ် ကို အလျင်အမြန် ပင် ကျစေ လိုက်ရ၏ ။ ထွန်းထွန်း ကို ငယ် မခွဲနိုင်ချေ ။ ပြီးတော့ စားနေရမှု ၊ ဝတ်နေရမှု ၊ နေနေရမှု အကျပ်အတည်းများ က လည်း ရှိသေးသည် မဟုတ်လော ။

“ ဦးလေး တို့ သဘော တခုပါ ၊ ငယ် ကတော့ ထားရာ က နေရမယ့် လူပါ ရှင် ” ဟု ဟန်ဆောင် ၍ ပြောရုံမှ တပါး ငယ့် အဖို့ ရွေးစရာလမ်း မရှိတော့ပြီ ။ ထို့ကြောင့်လည်း ရိုသေ အားကိုးဟန် ဆောင် ကာ ငယ် ဆုံးဖြတ်သည့် အတိုင်း ပြောခဲ့မိပါ၏ ။

ငယ့် စကား အပြန် ကို ရသောအခါ ဦးသက်ထွန်း သည် ထိုင်ရာ မှ အချိန် နှင့် ချိန်း ထားသော အလုပ် တခု ကို ယခု မှ သတိရလေဟန် ဖြင့် ရုတ်တရက် ထကာ အိပ်ရာ ထဲမှ မေမေ့ ကို လှမ်းနှုတ်ဆက်သည် ။ ငယ့် ကိုလည်း မေမေ နေကောင်း လာ သည် အထိ အိမ် မှာ ပင် အနားယူ နေဦး ဟု ကြည်ကြည်ဖြူဖြူ ခွင့်ပြုကာ အိမ် မှဆင်းလေ၏ ။

ဪ ... သူယောင် တို့ တော မှာ မောရပါဘိခြင်း ။

••••• ••••• •••••

တနေ့ တနေ့နှင့် ငယ့် ဘဝ သည် သိသိသာသာ ပင် ပြောင်းခဲ့ချေပြီ ။ မမှန်သော စကား ကို ဆိုရမည် ဆိုလျှင် ဝန်လေးတတ်ခဲ့ရာ မှ ယခုမူ မမှန်သော စကား တို့ သည် သာ ဘဝ ၏ နားလည်ရာ ဖြစ်လှာ၏ ။ သူတို့ ဝန်းကျင်တွင် ဟန်ဆောင်ခြင်း သည် အတတ်ပညာ တရပ် ဖြစ်၍ ထို အတတ် ပညာ ၌ ကျွမ်းကျင်သူ ကို ယဉ်ကျေး သိမ်မွေ့သူ ဟု ခေါ်သည် ။ ငယ် သည် လည်း တစတစ နှင့် ထို ပညာ ကို အတုမြင် အတတ်သင်ခဲ့ချေ၏ ။ ယခုမူ မုသားတို့ သည် ထို ဝန်းကျင် ၏ စကား အဖြစ် သာမက ငယ် ၏ စကား လည်း ဖြစ်လာချေပြီ ။ ငယ် ကြိုးစား၍ သန့်သန့်စင်စင် နေ ကြည့်ခဲ့ပါ၏ ။ သို့သော် မနေနိုင်ချေ ။ သစ္စာစကား ကို ဆိုလျှင် သူတို့ ၏ မျက်နှာများ သည် ရုတ်ခြည်း ညိုကုန်သည် ။ ငယ့် ကို လည်း အတွေ့အကြုံ မရင့်သူ ဟု ထင်ကြကုန်သည် ။ သည် တော့လည်း ရောမမြို့၌ ရောမသူ တို့ ထုံးနှင့်ပင် နေရချေတော့မည် မဟုတ်လော ။

တနေ့တော့ သူ ပြန်လာသည် ။ သူ မလာသည် မှာ ကြာ၍ ငယ်တို့ ကပင် စိတ်ပူ နေ၏ ။ ထွန်းထွန်း ကျန်းမာပါစေ ဆိုသည်မှာ ငယ် ၏ မုသား မနှောသော သစ္စာတော် စကား ဖြစ်ပါချေသည် ။ မေမေ က ပင် နေကောင်း လာသည် နှင့် တပြိုင်နက် ထွန်းထွန်း ကို တမ်းတ ခဲ့၏ ။ ယခုသော် ထွန်းထွန်း လာပြီ ။

ယနေ့ည ဇာတ်တိုက် လေ့ကျင့်မည် ။ ညနေ ကျရင် လာ ခေါ်မည် ဟု ထွန်းထွန်း က မှာသည် ။ ငယ် တို့ လည်း ဝမ်းသာမိ၏ ။ ဦးသက်ထွန်း က စိတ် အပြောင်းအလဲ မြန်တတ်သည် ။ သည် ပစ္စည်း တခု ထဲ ပင် တယောက် က ဖြူ ဆိုလျှင် သူ က ပါ လိုက်၍ ဖြူ ပစ်လိုက်တတ်၏ ။ နောက် အခြား တယောက် နှင့် တွေ့၍ ထို တယောက် က သည်ပစ္စည်းသည် ညိုသည် ဟု ဆို လျှင် လည်း ဦးသက်ထွန်း သည် လိုက် ညို တတ်သူတည်း ။ သည်ဘက် ၌ ဦးသက်ထွန်း က အားနည်းသည် ။ ကိုယ်ပိုင် ဆုံးဖြတ်တတ်ခြင်း ၊ ဆုံးဖြတ်နိုင်ခြင်းလည်း မရှိချေ ။ ထို့ကြောင့် ရုပ်ရှင်ဆရာသစ် ၏ စကား ကို နားဝင်ကာ ငယ် တို့ ကလည်း ပစ်ထားခဲ့ပြီဟု ပင် အောက်မေ့ ခဲ့မိရ၏ ။ ရုပ်ရှင်ဆရာသစ် နှင့် ငယ် တို့ ၌ မည်သို့သော အကြောင်း နှင့်မျှ ပတ်သက်ခဲ့ဘူးခြင်း မရှိသော်လည်း ငယ် က သူ့ လူ မဟုတ်ချေ ။ သူ့ လူ မဟုတ်လျှင် ငယ့် ကို မမြင်ဘူးပေမည့် ဦးသက်ထွန်း က ငယ့် အပေါ် ကြည်ဖြူနေသည် ကို ကြိုက်နိုင်လိမ့်မည် ငယ် မထင်ချေ ။ တနေ့ ငယ် သည် မင်းသမီး ဖြစ်လာမည် ။ ထိုအခါ သူ့ လူတို့ အတွက် စားကျက် ကျဉ်းလာလိမ့် မည်ဟု ယူဆ ကာ မုချ ကြိုတင် ကာကွယ် ပေလိမ့်မည် ။ ခြံ ကျယ် ပါ လျက် အိမ် ကို ချဲ့ဘို့ မကြိုးစားမူ၍ အိမ်နေ လူဦးရေ လျှော့ချရန် သာ ကြံစည်တတ်သူ ပါတကား ။

သို့သော် ယခု ထွန်းထွန်း ရောက်လာချေပြီ ။ မည်သို့မျှ အကြောင်း တစုံတရာ မပြောကြားမူ၍ ဇာတ်တိုက်ရန် ပင် လာရောက် မခေါ်ငင်သည် မှာ ဆယ့်တရက် ခန့် ရှိခဲ့ ချေပြီ ။ ပထမသော် “ ကလျာဖူးစသစ် ” ရိုက် နေ၍ မအားလပ်သောကြောင့် ဟုသာ ငယ် တို့ ထင်မိခဲ့၏ ။ သို့သော် “ ကလျာ ဖူးစသစ် ” မှာ မင်းသမီး မူမူမိုး နေမကောင်း သောကြောင့် တရက် သာ ရိုက်ရသေးသည် ။ မူမူမိုး နေမကောင်း ဟု ဆိုရာမှာလည်း သားပျက်ကျခြင်း ဖြစ်သဖြင့် အနည်းဆုံး တလခွဲ ခန့်တော့ ဆက်၍ နားရဦးမည် ဟု တဆင့် စကား တဆင့် နား နှင့် ငယ် တို့ ကြားခဲ့ရချေသည် ။ ရုပ်ရှင်နယ် ဆိုသည်မှာ လူ့လောက ၏ အမှောင်ဆုံး နယ် တနယ် ဖြစ်သောကြောင့် ရုပ်ရှင်နယ် ထဲ မှ ထွက်လာသော စကား ဟူသည် မတည်ကြည်ချေ ။ သို့သော် ကောင်းသတင်း သာ လွဲတတ်သော်လည်း မကောင်း သတင်း ဆိုလျှင် ရာခိုင်နှုန်းပြည့် မျှ မှန် တတ်ချေ၏ ။

မည်သို့ဆိုစေ ၊ ထွန်းထွန်း ရောက်လာသော အခါ ငယ် တို့ ပျော်ခဲ့ကြရသည် ။ ပျော် သဖြင့် လည်း ထွန်းထွန်း ကို ခေတ္တ စောင့်ခိုင်းကာ ဧည့်ဝတ်ကျေကျေ ပြုစုရ၏ ။ ထွန်းထွန်း က စိတ်ရင်း ဖြူသည် ။ ရုပ်ရှင်နယ် ၌ ခြေ တဖက်ချထားသူ ပေမည့် ယဉ်ကျေးသိမ်မွေ့သူ မဟုတ် ချေ ။ ပွင့်ပွင့်ပင် ပြောဆိုပြုမူ တတ်၏ ။ ထို့ကြောင့် ထွန်းထွန်း ကို မူ ငယ် ချစ်သည် ။ ချစ် သဖြင့် လည်း ထွန်းထွန်း ကို လမ်းပင် ခင်းပေးခဲ့မိသည် မဟုတ်လော ။

သို့သော် ထွန်းထွန်း က ရိုးသားတည်ကြည်သည် ။ သော့သွမ်း ကြော့ကြမ်းသော အလေ့ မရှိချေ ။ သို့သော် သည်တခါမူ ထွန်းထွန်း ပြောလာသော စကားတို့ တွင် မူမူမိုး ဟူ သော အမည် သည် အထပ်ထပ် အဖန်ဖန် ပါလာ၏ ။ မူမူမိုး ၏ ပညာခန်း ကို ထွန်းထွန်း က ဖွင့်သည် ။ သူ့ ကို လည်း မူမူမိုးက ခင်မင်ကြောင်း ရိုက်မစစ်ရဘဲ နှင့် ဝန်ခံနေ၏ ။ ထွန်းထွန်း ၏ စကားကြောင့် ငယ့် ရင် မှာ ပူပန်လှိုင်း က ထ လာသည် ။ မေတ္တာရိုင်း က ကြွ လှာသည် ။ ဪ ... အိပ်သော ကျား လည်း နိုး ပြီထင့် ။

ကိုယ် နှင့် မဆိုင်သော်လည်း ငယ် မနေနိုင်ချေ ။ ထို့ကြောင့် ခပ်ပွင့်ပွင့် ပင် ထွန်းထွန်း ကို ငယ် မေး လိုက်မိသည် ။ ငယ်  မှား လျှင် ငယ် ခံမည်တည့် ။

“ ငယ် နဲ့ ဆိုင်တော့ မဆိုင်ပါဘူး ထွန်းထွန်း ရယ် ၊ သို့ပေမယ့် ထွန်းထွန်း ကိုတော့ ခင်လို့ မေးရအုံးမယ် ၊ စိတ်မဆိုးနဲ့နော် ” ဟု ပထမ ပလ္လင်ခံ၏ ။ ထွန်းထွန်း က မူ မည်သည့် အကြောင်း မေးမည်ကို မသိသဖြင့် လွယ်လွယ်ပင် ခွင့်ပြုသည် ။

“ မူမူမိုး က ထွန်းထွန်း ကို ခင်တာ ရိုးရိုးသားသားဘဲ ထင်ပါရဲ့နော် ၊ ငယ် က ပူလို့ မေးတာပါ ၊ မူမူမိုး ဇာတ် ကလဲ အရှုပ်သား မဟုတ်လား ”

စကား နှင့် တဆက်တည်းပင် မရယ်ချင်ဘဲ လျက် ကိုယ့် စကား ကို ပေါ့စိမ့်သောငှာ ငယ် ရယ်ပစ်လိုက်ရ၏ ။ ထွန်းထွန်း ကလည်း ရော၍ ရယ်လာ၏ ။ သည်တော့မှ ပင် ငယ် လည်း စိတ်ချမ်းသာ နိုင်တော့သည် ။ အကယ်၍ သာ မူမူမိုး ၏ အပေါ်၌ သူ အလေးအနက် ထားပါ လျှင် ငယ့် စကား သည် သူ့ လမ်း ကို ဖျက်ဆီး နေပြီမို့ မည်သည့် နည်းနှင့်မျှ သူ ရယ်နိုင်လိမ့် မည် ငယ် မထင်ချေ ။

“ ရိုးရိုး ခင်တာပါ ငယ် ရယ် ၊ မူမူမိုး ရဲ့ အကြောင်း ကို လဲ ငယ် တို့ သိတယ် ဆိုတာ ကျွန်တော်တို့ အကျဉ်းချုပ် ပြော သလောက် ရှိမှာပါ ”

“ ပြောစမ်းပါအုံးကွယ် ၊ ငယ် တို့ လဲ သင်ခန်းစာ ယူသင့် ယူရအောင် ”

ထွန်းထွန်း ငယ် တို့ အိမ် မှာ နှစ်နာရီ ခန့်မျှ ထိုင်၍ မူမူမိုး ၏ အကြောင်း ကို လည်း ခရေစေ့ တွင်းကျ ငယ် သိခဲ့ရသည် ။ သူ့ ဘဝ သည် ကြေကွဲဘွယ်ရာ လည်း ကောင်းချေ၏ ။ သနားဘွယ်ရာ လည်း ကောင်းချေ၏ ။ သို့သော် သူ့ ဘုရားကား ငွေ သာတည်း ။

သည်နှယ် ထွန်းထွန်း ကိုယ်တိုင် က မူမူမိုး ၏ ဘဝ ကို သနားစရာ ၊ ကြေကွဲစရာ ဖြင့် စ ပြောကာ ရှုတ်ချခြင်းဖြင့် အဆုံးသတ်ပြီ ဆိုတော့လည်း ထွန်းထွန်း အတွက် ငယ် စိတ်ချ မိချေသည် ။ မူမူမိုး နှင့် ပတ်သက်လိမ့်မည် မဟုတ်ကြောင်း မှာ လည်း ထွန်းထွန်း ၏ စကားများ အရ သေချာ၏ ။ သည်တော့မှပင် ငယ့် ရင် မှာ လည်း ရွှင်လာနိုင်တော့သည် ။

ထွန်းထွန်း ပြန်သော် ထွန်းထွန်း သောက်ထားရစ် ခဲ့သော စက္ကူ ဆေးလိပ်တိုကလေး များ ကို ငယ် စု ၍ လွှင့် မပစ်ရက် သဖြင့် သိမ်းထားခဲ့မိ၏ ။ နောက်ဆုံး ဆေးလိပ်တို မှ စိုနေသော အပိုင်းကလေး ကို လည်း ငယ့် နှုတ်ခမ်းများ နှင့် ထိ ကြည့်မိပြန်သည် ။ ဤသည် ကို မေမေ က မြင်သော် ဆေးလိပ် သောက်သည် အထင် ဖြင့် လှမ်း ငေါက်လေ၏ ။ ငေါက် သော မေမေ ၏ ပါးစပ် ၌ လှမ်း ကြည့်သော် ဖက်ဖြူဆေးလိပ်ကြီး နှင့် ပါတကား ။

••••• ••••• •••••

ညနေ ကတည်း က ပင် အကျ ပြင်ဆင်၍ ထွန်းထွန်း ကို မျှော်နေမိ၏ ။ စောင့်ရသူ တို့ အဖို့ရာ၌ အချိန် သည် ကုန်နိုင်ခဲလှပါချေသည် ။ သို့သော် မိုးချုပ်သည် အထိ ထွန်းထွန်း က ပေါ်မလာချေ ။

ငယ် တို့ နေရာမှာ ကား အဝင်အထွက် ပါးသော လမ်းမို့ ကတ္တရာ လမ်းပေါ်  ၌ ကား မီးရောင် မြင်လျှင် ပင် ထွန်းထွန်း လာပြီ ဟု ပိုင်ပိုင် အောက်မေ့ လိုက်နိုင်၏ ။ မှန်သည် ။ ထွန်းထွန်း ပင်တည့် ။

ထွန်းထွန်း က အပိုဆု ပေါက် နေ၍ ဤသို့ အရောက် နောက်ကျရခြင်း ဖြစ်သည် ဟု ဆို၏ ။ ငယ် တို့ အနေနှင့် သူ့စကား ကို နားမလည်ချေ ။ ထိုအခါ တိုက် သို့ လာသည့် ဧည့်သည် များ ကို ရန်ကင်းဘက် သို့ လိုက် ပို့နေရသည့် အတွက် အရောက် နောက်ကျရသည် ဟု ထွန်းထွန်း က ရှင်းပြမှပင် အားလုံး ရယ်နိုင်ကြ တော့သည် ။ သို့သော် ရန်ကင်း ဟု ဆိုလိုက်သည့် အတွက် ငယ့် ရင် မှာ လှုပ်ရှား လာရပြန်၏ ။ မူမူမိုး က လည်း ရန်ကင်း မှာ နေသောကြောင့်တည့် ။

မည်သို့ဆိုစေ ၊ ဤသည်ကို သူ က အပိုဆု ၊ တနည်းအားဖြင့် အလုပ် ပို ဟု ဆို၏ ။ ငယ် တို့ထံ လာရန်မှာ သာ အလုပ်ရင်း ဟူသော သဘော သက်ရောက်သည် ။ သည်တော့ လည်း ထွန်းထွန်း ၏ အဖို့ရာ၌ ငယ် နှင့် တွေ့ရရေးသည် ပို၍ အဓိက ကျနေ၏ ။ ငယ့်အတွေး သည် လိပ် ဆံလှပေမည် ။ သို့သော် ငယ့် စိတ်ကို မူ သည် အတွေး က များစွာ ချမ်းမြကြည်ရွှင်ခဲ့ပါ ချေသည် ။

ခြံ ထဲ သို့ ရောက်၍ တိုက်ကြရ ပြန်တော့လည်း သည်ည တိုက်ကြရသည့် ဇာတ်လမ်း မှာ အချစ် အတွက် သဝန်တိုရသည့် အခန်း ဖြစ်နေ၏ ။ ဇာတ်လမ်း အရ ဆိုပါမူ ထွန်းထွန်း နှင့် ကျောင်းနေဘက် မိန်းကလေး တယောက် က ထွန်းထွန်း ၏ အိမ် သို့ လာ၍ ထွန်းထွန်း နှင့် ရင်းရင်းနှီးနှီး နေထိုင်ပြောဆို သွား သည် ကို ငယ် က မြင်၍ စိတ်ဆင်းရဲ ရသည့် အခန်း ဖြစ်သည် ။ စိတ် ဆင်းရဲ၍ မိန်းကလေး ပြန်သွားသည် နှင့် တပြိုင်နက် ထွန်းထွန်း ကို ဖွင့် ပြောမိရ၏ ။ ထိုအခါ ထွန်းထွန်း က ငယ် မှ တပါး မည်သူ့ ကို မှ မချစ်ကြောင်း ၊ ငယ် က ထို မိန်းကလေး ထက် လည်း အဆများစွာ ပို၍ လှကြောင်း ၊ စသည် စသည် ဖြင့် ငယ့်အကြိုက် လိုက်၍ ချော့ရသော အခန်း သာတည်း ။

အမှန်တော့ ဇာတ်တိုက်ကြရာဝယ် ထို မိန်းကလေး ပါသည် မဟုတ်ချေ ။ သို့သော် သဏ္ဌာန် လုပ်၍ သရုပ်ဆောင် ရာတွင် ငယ့် အဖို့၌ ထို မိန်းကလေး သည် တကယ် ရှိနေ၏ ။ မူမူမိုး ကို ငယ် က မုန်းသည် ။ ငယ့် လက် ထဲ မှ ထွန်းထွန်း ကို တနေ့ လုယူလိမ့်မည် ဟု ချည့် ထင် နေမိ၏ ။ ထိုအခါ ဇာတ်တိုက်ရာ ၌ ကိုယ့် ဘဝ ကို ပင် ပြန် ပြ နေရသည်ဟု ငယ် အောက်မေ့မိသည် ။ သည်တော့လည်း ဆရာ က ငို နိုင်ရင် ငိုစမ်း ဟု ဆိုသည်နှင့် တပြိုင်နက် ငိုချ ပြလိုက်နိုင်၏ ။ ဆရာ မခိုင်းဘဲ နှင့်ပင် ငိုရင်း ပြောသော ငယ့် အသံများ မှာ တုန် နေပြန်ချေ သည် ။ ထွန်းထွန်း ကလည်း ငယ် တကယ် ငို နေသည် မြင်သောအခါ ပို၍ အသက်ဝင် လာသည် ထင်ရ၏ ။ ထိုအခါ ဇာတ်လမ်း အရ ပြောခိုင်း၍ ပြောရသော ထွန်းထွန်း ၏ စကား တို့ ကို ငယ် က အဟုတ်ပင် ထင်မိပြန်သည် ။ အမှန်တော့လည်း ထွန်းထွန်း ကို ငယ် က ဇာတ်လမ်း ထဲ ၌ သာ ချစ်ရ၍ ထွန်းထွန်း ၏ မေတ္တာ ကို လည်း ငယ် သည် ဇာတ်လမ်းထဲ ၌ သာ ပိုင်ဆိုင်ခွင့် ရခဲ့သူပါတကား ။

သိခေါက်လျက် နှင့် အဝင်နက်သည် ဆိုသော စကား မှာ ငယ် မှ မှန်၏ ။ ဇာတ် ကို ဘဝ ဟု ယူဆကာ ဘဝ ကို ဇာတ် ဟု သိလျက် နှင့် ပင် ငယ် ထင်ခဲ့သည် ။

နောက်တခါ တည မှာ ထွန်းထွန်း လာပြန် တော့လည်း သည် အကြောင်း ကို ပင် ငယ် က စကား စ၍ ဆက်ခဲ့မိ၏ ။ ထို ည က သရုပ်ဆောင် ရသည်မှာ အပြင်ဘက် ၌ အမှန် ဖြစ်နေရ သကဲ့သို့ ငယ့် ရင် မှာ ခံစားမိသည် ဟု လည်း ငယ် ဝန်ခံ လိုက်မိသည် ။ ထွန်းထွန်း သာ နားလည်တတ်မည် ဆိုလျှင် ထို စကား မှာ ငယ် က စ၍ ပြောရသော ရည်းစားစကား ဖြစ်၏ ။ သို့သော် ထွန်းထွန်း က နားမလည်ချင် ယောင် ဆောင်သည် ။ ဝေ့လည်ကြောင်ပတ် လုပ်ပစ် လိုက်၏ ။ ဇာတ်လမ်း အရ နှစ်ယောက်သား လျှောက်၍ ပျော်ကြရမည့် အခန်း တွင် ဆိုပါက အပြင်ဘက် ၌ သူ တကယ် ပျော်ခဲ့ရဘူးသည့် စာမေးပွဲအောင်သော နေ့များ ကို ပြန်စဉ်းစား ကာ ပျော် လာအောင် စိတ် ကို ဖန်တီးယူရသည် ဟု ထွန်းထွန်း က ဆို၏ ။ စာမေးပွဲ အောင်၍ ပျော်ရခြင်း နှင့် ချစ်သူတို့ ဘဝ ရွှေလည်တွဲ၍ ပျော်ရခြင်း မှာ များစွာ ကွာခြားလှပါချေသည် ။ သို့သော် သူ က ပင် လမ်း ကို ပြောင်းပစ်နေပြီ ဆိုတော့ လည်း ငယ့် အနေနဲ့ လက်လျှော့ရန်သာ ရှိတော့၏ ။ ဪ မပြေးတတ်သူ က ပြိုင်၍ အနိုင်ယူခြင်းပါတည်း ။

••••• ••••• •••••

စင်စစ်မှာတော့ ထွန်းထွန်း က မပြေးတတ်သူ မဟုတ်ချေ ။ ပြေးတတ်လိုက်သည် မှ ငယ် လိုက်၍ မသိနိုင်အောင် ပြေးတတ်သူသာတည်း ။

သူ့ အကြောင်း ကို ငယ် လည်း သည်တော့မှ ပင် သိရတော့သည် ။

တည ဇာတ်တိုက်ကြရပြန်၏ ။ သည်အခါ တွင် ဇာတ်တိုက်ရာ ၌ ရုပ်ရှင်ဆရာ သည် မူမူမိုး နှင့် နွယ်နွယ်မိုး တို့ ကို ပါ ခေါ်လာသည် ။ ရုပ်ရှင်ဆရာ က အဘယ့်ကြောင့် ဇာတ်လမ်း ကို ဤသို့ ကြိုတင် လေ့ကျင့်နေရမည့် အကြောင်းကို မူမူမိုး တို့ အား ပြောပြနေ၏ ။ မူမူမိုး က အကယ်ဒမီဆုရ မင်းသမီး ဆိုတော့ ရုပ်ရှင် ထဲ တွင် ထွန်းထွန်း ဘက် က မခံရအောင် သင်နေ ရခြင်း ဖြစ်သည် ။ ရိုက်တော့မည် ဆိုမှ သင်မည် ဆိုလျှင် ထွန်းထွန်း က ထုံထိုင်းသူ မို့ ကြာ မည် ၊ အချိန် ကုန်မည် ။ ကူတိုက်ရသည့် မူမူမိုး အဖို့ လည်း ပင်ပန်းမည် ။ မင်းသား ဘက် က မင်းသမီး နှင့် သိပ် ကွာ၍ ညံ့နေမည် ဆိုလျှင်လည်း သူဌေး က ကြိုက်မည် မဟုတ် ။ သူ့ သား ကို ဇာတ်ကား တကား တည်း နှင့် သ,တ်သည် ဟု ထင်မည် ။ ထို့ပြင် ထွန်းထွန်း က အရိုင်း မို့ မိန်းကလေးများ နှင့် ယဉ်ပါး လာစေရန်လည်း ရည်ရွယ်သည် ။ စသည် စသည်ဖြင့် ငယ် တယောက် လုံး မျက်မှောက် မှာ ရှိနေသည် ကိုပင် ဂရုမစိုက်ဖဲ ပြောနေ၏ ။ ငယ့် ရင် ထဲ မှာ မူကား မီး ဟုန်းဟုန်း တောက်ခဲ့ရချေသည် ။

ငယ့် ဘဝ သည် ဆိုးဝါးလှချေ၏ ။ ငယ် သည် သူစိမ်း ယောက်ျားကလေး တယောက် အဖို့ မိန်းမ နှင့် ယဉ်ပါး လာတတ်ရေး အတွက် အသုံးချ ခံရသူပါတကား ။

ထွန်းထွန်း ၏ တိုးတက်ရာ တိုးတက်ကြောင်း ကို ငယ် လိုလားပါ၏ ။ ငယ် မင်းသမီး မဖြစ်ရသည် ကို ပင် ငယ် ဂရု မစိုက်ခဲ့ချေ ။ ထွန်းထွန်း အဖို့ ဆိုလျှင် ဘဇာ ကို မဆို ငယ် လုပ်ဝံ့ပါ၏ ။ လုပ်နိုင်ပါ၏ ။ ထွန်းထွန်း ၏ အနာဂတ် ဘဝ သာယာချမ်းမြေ့ရေး အတွက် ငယ် ကျိတ်မှိတ်၍ သည် ဘဝ တွင် နေခဲ့ပါ၏ ။ သို့သော် ငယ် ကြိုးစားသမျှ တို့သည် ထွန်းထွန်း နှင့် ငယ် တို့ လွဲ ရရေး အတွက်ချည့် ဖြစ်လာ၏ ။ ငယ် နှင့် ကျင့်၍ ယဉ်ပါးတတ် မှ မူမူမိုး နှင့် အံကိုက် ရအောင် ကျင့်ပေး သကဲ့သို့ ဖြစ်လှာ၏ ။ “ ငယ့် ကို ရဲရဲသာ ကိုင်ပါကွယ် ၊ ကိုယ့် ချစ်သူ ကို ကိုယ် နဲ့ တွေ့တဲ့ အခါ စိတ် ထဲမှာ ဘယ်လို သဘော ထားမလဲ ၊ အဲသည်အတိုင်း ပေါ့ ထွန်းထွန်း ” စသည် စသည်ဖြင့် ထွန်းထွန်း အတွက် မိန်းမတန်မဲ့ ပြောခဲ့ရသော စေတနာ တို့သည် ယခု တော့ မရွှေ မူမူမိုး အတွက်ချည့် ဖြစ်ကုန်၏ ။ သင်း ကို ကိုင်ရဲရေး ၊ ပြောရဲရေး ၊ ချစ်ရဲရေး အတွက် ငယ် က ကျင့်ပေး နေရသူ ဆိုတော့ လည်း ငယ့် ဘဝ က အဖြည့်ခံ ဆံလှချေသည် ။

သည်အကြောင်းများ ကို ထွန်းထွန်း သည် သိလျက်နှင့် ဘဇာ့ကြောင့် ထွန်းထွန်း ကို အသက်တမျှ ချစ်နေမိသော ငယ့် ကို မှရွေး၍ သည် ဇာတ်လမ်း ကို အက ခိုင်းရသနည်း ။

ရက်လည်း ရက်စက် နိုင်ပါပေ၏ ။ ငယ် က ဆင်းရဲပါသည် ။ ဆင်းရဲသော သူများ ကို ရက်စက်ခြင်းသည် ကား သဘာဝ တော့ ကျပါ၏ ။ သို့သော် ခံရသူ အဖို့၌ မည်မျှ ဆင်းရဲရ မည်ကို ထွန်းထွန်း တွေးကြည့်တတ် ဖို့တော့ ကောင်းပါသည် ။

ထွန်းထွန်း ကိုယ်တိုင် က ငယ့် ကို သည်ကဲ့သို့ သဘော ထားခဲ့သည် ဆိုလျှင်တော့ ငယ့် ဘဝ သည် ဆုံးပါပြီ ။ သည်သို့မူ ထွန်းထွန်း ၏ စိတ် ၌ မအောက်မေ့ပါစေနှင့် ၊ ဦးသက်ထွန်း ကို အစီအစဉ် အရသာ သူ လိုက်လုပ်နေခြင်း ဖြစ်ပါစေ ဟု ပထမ သော် ထွန်းထွန်း ကို ပင် ချန်လှပ်၍ ငယ် ဆုတောင်းမိသေး၏ ။ သို့သော် ငယ့် ဆုတောင်း မှာ မပြည့်ခဲ့ချေ ။ ငယ် လိုချင် သည့်အတိုင်း သည် လုပ်ကြံမှု ထဲ၌ ထွန်းထွန်း လည်း မနေခဲ့ချေ ။ အစ ကတည်း က ပင် ထွန်းထွန်း လည်း သိ၏ ။ ထွန်းထွန်း ကိုယ်တိုင် က လည်း တလျှောက်လုံး ငယ့် ကို ဖုံးထားနိုင်ခဲ့၏ ။ လိမ်နိုင်ခဲ့၏ ။ ဩော် ဇာတ်လိုက်မင်းသား မဖြစ်မီ ကပင် ဟန်ဆောင် ကောင်းလှသည်တကား ။

သည်တော့မှ ပင် တရေးရေး ပြန်၍ မြင်မိရတော့၏ ။ ငယ့် ကို က လည်း အ ပါသည် ။ ရုပ်ရှင်ဆရာ တို့ က အဘယ့်ကြောင့် ထွန်းထွန်း ကို ချည့် ဖိသင်ခဲ့ကြသနည်း ။ အဘယ့်ကြောင့် ငယ့် ကိုမူ တော်ရုံတန်ရုံ နှင့် ကျေနပ်ခဲ့ကြသနည်း ။ ဤသည်တို့ ၏ အဖြေ ကို ငယ် ယခုမှ ပင် သိတော့သည် ။ ယခုမှ ပင် မြင်တော့သည် ။ ငယ် လည်း ထိပ်ချ မှ ပင် ဓားပြ မှန်း သိတော့သည် ။

မှန်သည် ။ သူတို့ လိုချင်သည် မှာ ထွန်းထွန်း မင်းသား ဖြစ်ရေး သာ ဖြစ်သည် ။ ထွန်းထွန်း ကို သာ ဖိ၍ ဂရုစိုက်၍ သင်ကြပေမည် ။ ငယ် ကြိုးစား၍ သရုပ်ဆောင် ခဲ့ရသည် တို့မှာ ယခုသော် အချည်းနှီးချည့်တည်း ။

“ ထွန်းထွန်း က မရသေးဘူး ၊ သည်ကောင် သိပ်ညံ့တယ် ၊ ငယ် ကတော့ ရပါပြီ ၊ ငယ်ကတောင် သူ့ အရင် မင်းသမီး ဖြစ်လိမ့်အုံးမယ် ” စသည် စသည်ဖြင့် ဦးသက်ထွန်း တို့ ၊ ရုပ်ရှင်ဆရာ တို့ မကြာခဏ ပြောခဲ့သော စကား တို့ ၏ အဓိပ္ပာယ် မှန် ကို လည်း ငယ် နားလည် ရတော့၏ ။ သည်တော့ လည်း ငယ့် ဘဝ သည် ဆုံးပါပြီ ။

ထွန်းထွန်း ကိုယ်တိုင် က လည်း ခေါင်းတိမ်းခဲ့ချေပြီ ။ ထွန်းထွန်း ၏ သန့်စင်သော မျက်နှာကလေး သည် ရုတ်ခြည်း ညို လာသည် အောက်မေ့ရ၏ ။

မူမူမိုး တို့ ကို ဆရာ သည် အဘယ့်ကြောင့် သည် ယနေ့ မှ သည်နေရာ သို့ ခေါ်လာကာ သည် စကား ကို ပြောဘိ သနည်း ။ အဓိပ္ပာယ် တော့ ရှိပေမည် ။

မှန်သည် ။ ဇာတ်ကား က လည်း ပြီးလုပြီ ဖြစ်၏ ။ နောက် နှစ်ရက် သုံးရက် ခန့် ရိုက် လျှင် ဇာတ်ကား က ပြီးတော့မည် ။ သတင်းစာများ တွင်လည်း ကြော်ငြာများ က ပလူ ပျံ နေချေပြီ ။ မူမူမိုး နှင့် တလှည့် ၊ နွယ်နွယ်မိုး နှင့် တလှည့် တွဲထားသော ထွန်းထွန်း ပုံများ မှာ လည်း မကြည့်ချင့် အဆုံးပင်တည်း ။

သည်တော့ ငယ့် အခန်း ကုန်ပြီ ။ ခံပန်းခိုင် ယာယီရွေ့ရတော့မည် ။

အလုပ်ထုတ် ပစ်ပုံကလေး ကလည်း ယဉ်လှပါ၏ ။ ပညာသား ပါလှပါ၏ ။ ငယ် က ငယ် သော်လည်း နားလည်နိုင်ပါသည် ။ နောက် တနံနက် မှာပင် ငယ် မပျော်ပိုက်၍ သည် အလုပ် မှ ထွက်ပါရစေဟူ စာဖြင့် အကြောင်း ကြားခဲ့၏ ။

မမြှော်လင့်ဘဲ အိမ် ရှေ့သို့ ကား ဆိုက်လာသည် ။ ဦးသက်ထွန်း တယောက် တည်း သာ ပါလာ၏ ။ ဦးသက်ထွန်း က အပြုံး မပျက် ပင် ဝင်လာ၍ ၊ သူ ပါ စိတ် မကောင်းမိကြောင်း ပြောလှာသည် ။ ရုပ်ရှင်ဆရာ ဆိုသူ ကို ချည့် လှည့် အပြစ် ဖို့၏ ။ သူ့ ကိုယ်သူ လူကောင်းကြီး အဖြစ် တင်ပြသွား၏ ။

“ ဪ …. ဒါ့ထက် ပြောရအုံးမယ် ၊ တိုက် မှာ လဲ ထွန်းထွန်းတကောင် မရှိတော့ ဘူး ၊ မိန်းမ ခိုးသွားတယ်လေ ၊ အငယ် ရဲ့ ကောင်ကတော့ သည်လို အကောင်ပါ ၊ သိပ် ပွေတဲ့ အကောင်ဘဲ ၊ အေးလေ ၊ စုန်းပြူးတစေ့ ဆိုတာကတော့ ပါစမြဲပေါ့ ”

ဦးသက်ထွန်း ၏ မျက်နှာမှာ မည်သို့မျှ ပူပန်ခြင်း မရှိသည် ကို မြင်နေရ၏ ။ အဘယ့်ကြောင့် မပူပန် ရသနည်း ။

••••• ••••• •••••

နောက်နေ့ နံနက် သတင်းစာများ တွင် ထွန်းထွန်း နှင့် နွယ်နွယ်မိုး တို့ ၏ သတင်း သည် ဇာတ်လမ်းပမာ ရှည်လျားစွာ ပါလာ၏ ။ ဪ... ဦးသက်ထွန်း တို့ ကုမ္ပဏီ က နွယ်နွယ်မိုး ကို ရာသက်ပန် စာချုပ်လိုက်လေပြီ တကား ။

တော ဟူသည် မှာ သားရဲ တို့ ဖြင့် ပြည့်ဘိ၏ ။ သို့သော် တော သည် ခမ်းနား၏ ။ တောပရိယာယ် သည် ကျယ်ဝန်း၏ ။ အကြင်သူ သည် တောနက် ထဲ သို့ ဝင်အံ့ ။ ထို သူ သည် တော ၏ အစာသာ လျှင်တည်း ။

နွယ်နွယ်မိုး က မူ မုဆိုး ပီပီ တော နှင့် တကွသော တောကောင် တို့၏ အကြောင်း ကို ပိုင်နိုင် ကျွမ်းကျင်၏ ။ ငယ့် မှာ သာ နှစ်ဖက်လွတ် ကတိမ်းကယိမ်း ငါးစိမ်း လည်း ရေ သို့ ဝင် ၊ ငါးကင် ကို လည်း ခွေးစား ခံရသော ဘဝဖြင့် ကျန်ရစ်ခဲ့ရသည် ။

ငယ့် ဘဝ သည် ပြောင်းခဲ့ရချေပြီ ။ ငယ့် အကြောင်းတို့ သည် လည်း အပြင် ၌ လွင့် ၏ ။ တူရူ သို့ ကြည့်သော် ဘဇာကိုမျှ ငယ် မမြင်ရတော့ချေ ။

⎕ မောင်သာရ

📖 သွေးသောက် မဂ္ဂဇင်း
      ၁၉၆၂ ခု ၊ ဧပြီလ ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment