Monday, August 26, 2024

စည်းဝိုင်းထဲမှာ


 

❝ စည်းဝိုင်းထဲမှာ v❞
━━━━━━━━━━━━
   သျှီ ( အင်ကြင်း )
━━━━━━━━━━━━
ထိုည က ဧည့်ခံပွဲ မှ ပြန်လာတော့ ည ( ၁၀ ) နာရီ ကျော်လေပြီ ။ ယမကာ ကို အမြဲ မမီဝဲတတ် သော်လည်း ဧည့်ခံပွဲများ နှင့် ဆုံလျှင် စကားများများ ပြောတတ် သလို အသောက်များများ သောက်တတ်သော ကိုကိုကြီး ကတော့ ပြန်ရောက်သည် နှင့် အိပ်မောကျ သွားလေပြီ ။ တင်တင်နွယ် သည် အဝတ်အစားများ ကို ညဝတ်အင်္ကျီ ရှည်ကြီး နှင့် လဲလှယ် ဝတ်သည် ။ သွားတိုက် ၊ မျက်နှာ သန့်စင်ပြီး မှန်ရှေ့ မှာ ထိုင် ကာ ညလိမ်းကရင် ကို ခပ်ပါးပါးလေး လိမ်း ပြီးသည် အထိ ရင်ထဲ က အစိုင်အခဲ သည် တင်းကျပ် နေဆဲ ဖြစ်သည် ။

ဖျတ်ခနဲ ဆုံ လိုက်ရသော မျက်လုံး တစ်စုံ ။ တင်တင် နွယ် ၏ အမှတ်မထင် လှုပ်ရှားမိ သွားသော အပြုအမူ တစ်ခု နှင့် လျှပ်တစ်ပြက် အတွင်း အရောင် ပြောင်းသွား သော ထို မျက်လုံးတစ်စုံ ထဲ တွင် အံ့သြဝမ်းနည်းခြင်း ၊ ကြေကွဲခြင်း ၊ သရော်ခြင်း စသော ခံစားမှုတွေ ပျော်ဝင် နေကြောင်း တင်တင်နွယ် သိလိုက်သည် ။

“ ဒါ … ငါ့ အမှားပဲ ” ဟု မည်သူ မှ မသိအောင် တင်တင်နွယ် ၏ စိတ်တွင်း မှ ဝန်ခံပါသည် ။ ထို အမှား ကို ပြင်ဆင်ရမည် ဟု တွေးသည် ။ သို့သော် ထို အတွေး ထဲ မှာပင် တင်တင်နွယ် ၏ စိတ် ကို ချောက်ချားစေသော ၊ နှလုံးသား ကို နာကျင်စေသော ထို မျက်လုံး အစုံ က ခြောက်လှန့် နေဆဲ ပင် ဖြစ်သည် ။

ထိုည က တင်တင်နွယ် သည် တမှေးပင် မမှေး လိုက်ရဘဲ မိုးစင်စင် လင်းလေပြီတည်း ။

••••• ••••• •••••

“ ဆရာမ ဧည့်သည် ”

စာသင်နေစဉ် ကလေးငယ် တစ်ယောက် ၏ အော်သံ ကြောင့် ခြံဝ သို့ လှမ်း ကြည့်လိုက်သည် ။ ဌာနဆိုင်ရာ ကားတစ်စီး ပေါ်မှ ခေတ်ဆန်ဆန် လှလှပပ အမျိုးသမီး တစ်ယောက် ဆင်းလာသည် ။ ဝဲယာ စံပယ်ရုံပန်းချုံများ အလယ် မှ နွဲ့နွဲ့လေး လျှောက်လာသော ထို အမျိုးသမီး ကို အနီး ရောက်မှ တင်တင်နွယ် မှတ်မိ သွားသည် ။

“ ဟယ် ... သူဇာ ”

အပြေး ထွက်ကာ နှုတ်ဆက်ရင်း သူငယ်ချင်း နှစ်ယောက် ရင်းနှီးစွာ ပွေ့ဖက်မိကြသည် ။ အချိန် စေ့၍ ကလေးတွေ ကို ဆင်းပေးပြီး ဧည့်ခန်း ထဲ မှာ သူငယ်ချင်း နှစ်ယောက် စကား ပြောဖြစ်ကြသည် ။

“ မောင့် အလုပ်တာဝန် က မိတ္ထီလာ ကို ပြောင်းရ တော့မယ် ဆို ကတည်း က သူဇာ က နွယ် နဲ့ တွေ့ ရတော့မယ် ဆိုပြီး ပျော်နေတာ ”

သူဇာ ကား ကျောင်းတုန်းက အတိုင်း ရုပ်ရည် ရော ၊ စိတ်ထား ပါ ပြောင်းလဲပုံ မပေါ်ပါ ။ သူဇာ သည် ယခင် က အတိုင်း လှပဆဲ ၊ ပြည့်စုံဆဲ ၊ စိတ်မနော ဖြူဆဲ ။ တင်တင်နွယ် အပေါ် ခင်မင်ရင်းနှီးစိတ် ၊ ညှာတာစိတ်ထား များ ကလည်း ယခင် အတိုင်း မပြောင်းလဲသေးမှန်း သိရသည် ။

အမေ က သူဇာ့ အတွက် ပုစွန်ခြောက် နိုင်နိုင် ဖြူး လက်ဖက်သုပ် နှင့် ရေနွေးကြမ်း တည်ခင်း ထားသော ဧည့်ခံသည် ။

“ သမီး မိနွယ် ပြောဖူးတဲ့ သူဇာ ဆိုတာ မိန်းကလေး ပဲကိုး ။ ထင်ထားတာ ထက် လှလိုက်တာကွယ် ” ဟု ပြုံးရွှင်စွာ ပြောသည် ။ အမေ့ အပြုံး ထဲတွင် ချစ်ခင်ခြင်း နှင့် အတူ ကျေးဇူးတင် အားကျစိတ် တွေ စီးဝင် နေတာ သိသာပါသည် ။

သူဇာ ဆိုတာ တနင်္သာရီတိုင်း က စက်လှေပိုင်ရှင် သူဌေးကြီး တစ်ဦး ၏ သမီးထွေးလေး ဖြစ်ပြီး တက္ကသိုလ် တက်စဉ် ( ၄ ) နှစ် လုံးလုံး သမီး မိနွယ် နှင့် အတူတူ တွဲသူ ဖြစ်မှန်း အမေ သိပြီး ဖြစ်သည် ။ ပြီးတော့ သူဇာ သည် မနောဖြူစွာပင် ငွေကြေး ချို့တဲ့သော တင်တင်နွယ် ကို အစစ ၊ အရာရာ အကူအညီ ပေးခဲ့သူ ဖြစ်ကြောင်း လည်း အမေ က သိပြီး ဖြစ်လေ၏ ။ တစ်ခါတစ်ရံ တင်တင်နွယ် အတွက် ကျောင်းလခ သွင်းရန် ၊ စာအုပ်ဖိုး ပေးရန် ငွေ ကြေး အခက်အခဲ ဖြစ်လျှင် သူဇာ က ထို အခက်အခဲ ကို အလွယ်တကူ ကူညီ ပေးသည် ။ တင်တင်နွယ် မှာ အဆင် ပြေ၍ ပြန်ဆပ်၍ လည်း မယူတော့ပေ ။

“ နွယ့် မှာ တခြား လိုတာ ရှိရင် သုံးပါ ။ သူငယ်ချင်း ချင်း မလိုပါဘူး နွယ်ရယ် ။ သူဇာ လည်း ကူညီနိုင်တဲ့ အနေအထား မို့ပါ ” ဟု ပြောကာ ငြင်းဆိုတတ်သည် ။

အတူတူ အပြင် ထွက် လည်လျှင် လည်း ကုန်ကျ စရိတ်ကို သူဇာ ကပင် ဦးဆောင် ထုတ်ပေးသည် ။ တစ်ခါ တစ်ရံ သူဇာ သည် အပြင်မှ အဝတ်အစားတွေ ဝယ်လာ ရင်း တင်တင်နွယ် အတွက် တစ်ထည်တလေ ဝယ်ပေး တတ်သူ ဖြစ်သည် ။

“ မိနွယ် ... ဒီလိုပဲ အပျိုကြီး လုပ်နေတော့မှာလား ” အမေ ထွက်သွားချိန် သူဇာ က တိုးတိုး မေးသည် ။ တင်တင်နွယ် သည် မျက်နှာပန်းရောင်သွေး ပြေးသွား သည် ။ ပြီးမှ လေသံလေးဖြင့် ...

“ တော်ပါပြီ သူဇာ ရယ် ၊ ဒီခေတ် မေတ္တာ ဈေးကွက် ကို တိုးဝင်ဖို့ တို့မှာ အင်အား မရှိပါဘူး ။ စာရိတ္တ ဆုံးရှုံးရင် အားလုံး ကို ဆုံးရှုံးသွားရတတ်တယ် လို့ သင်ကြားမှု အောက် မှာ ကြီးပြင်း လာတဲ့ နွယ့် အတွက်တော့ ဥစ္စာ ဆင်းရဲခြင်း သည် အားလုံးကို ဆုံးရှုံးစေတတ်တယ် လို့ လက်ခံရမယ့် သဘော ဖြစ်နေပါပြီ ”

“ ဆောရီး … နွယ် ” ဟု သူဇာ နှုတ် မှ လွှတ်ခနဲ ထွက် လာသည် ။ ပြီးမှ...

“ ကိုအောင်လင်း ကို မေတ္တာရေး မှာ ဈေးတွက် တွက် မယ်လို့ လုံးဝ မထင်ခဲ့ဘူး နွယ် ရယ် ၊ ဒါနဲ့ အဲဒီ လူရော ဒီ မြို့မှာပဲလား ”

“ ရှိပါ့ သူဇာရယ် ။ ယောက္ခမ ထောင်ပေး ထားတဲ့ ကိုယ်ပိုင်ဆေးရုံ ကို ကိုယ်တိုင် ဦးစီး နေပါတယ် ။ အခု သား တစ်ယောက် ၊ သမီး တစ်ယောက် နဲ့ တင့်တင့်တယ် တယ်ပါပဲ ”

“ မပူနဲ့ မိနွယ် ၊ သူ့ ထက် သာတာ သူဇာ ရှာပေးမယ် ”

သူဇာ က နောက် သလိုလို ပြောတာကို တင်တင်နွယ် က တကယ် ထင် သွားသလို

“ တော်ပါပြီ သူဇာ ရယ် ၊ ယောက်ျားတွေ ဆို ကြောက်
ပါပြီ ” ဟု ဆိုကာ ခေါင်း တခါခါ လက် ကာ ပြီး ငြင်းလေ၏ ။

ထိုနေ့ က အဖေ နှင့် အမေ က ခြံထွက် နှင်းဆီပန်း တွေ ခူးပြီး လက်ဆောင် ပေးတော့ နှင်းဆီ ကို ချစ်သော သူဇာ သည် ပျော်ရွှင် နေသည် ။ တင်တင်နွယ် သည် လည်း ဟန်ဆောင်မှု ကင်းသော သူငယ်ချင်း ကို ပြန်လည် ဆုံ တွေ့ရ၍ ဝမ်းသာလှချေ၏ ။

••••• ••••• •••••

မြို့ကို ပြောင်းလာပြီး တစ်လခန့် အကြာ သူဇာ တို့ ဇနီးမောင်နှံ က အိမ်တက် မင်္ဂလာ ကျင်းပကြသည် ။ အခမ်းအနား မှာ ပန်းအလှထိုးခြင်း ကို တင်တင်နွယ် က တာဝန် ယူပေးသည် ။ သူဇာ ၏ ခင်ပွန်း ကိုအောင်နိုင်ထွန်း ကလည်း ကျောင်း မှာ တွဲ ကတည်း က သိနေသူ ဖြစ် သည် ။ တင်တင်နွယ် သည် ခြံ ထဲ မှ နှင်းဆီပန်းများ ၊ ဒေစီ ပန်းများ ကို တပွေ့တပိုက် ယူသွားသည် ။ ဘုရားလှူရန် စံပယ်ပန်းကုံးများ ကို တစ်ညလုံး သူ ကိုယ်တိုင် သီကုံး သည် ။ နွယ့် အပေါ် အမြဲ ကောင်းခဲ့သော စိတ်သဘော ဖြူသူလေး သူဇာ ကို မိမိ တတ်နိုင်သည့် ဘက် က လုပ်ကိုင် ပေးခွင့် ရ၍ တင်တင်နွယ် ဝမ်းသာကျေနပ်လှပါ၏ ။ ပန်း အလှထိုးပညာ ကို ဝါသနာ အရင်းခံပြီး လေ့လာထား သော အတတ်ပညာ နှင့် စေတနာပေါင်းစပ်ကာ သူဇာ
တို့ အိမ်တက်မင်္ဂလာ တွင် လှပသော ၊ အရောင်သွေး စုံ သော ၊ မွှေးရနံ့ကြိုင်သော ပန်းများ ဖြင့် တင့်တယ်လှပ နေလေ၏ ။

အိမ်တက်မင်္ဂလာပွဲ သို့ တက်ရောက်သော ဧည့်သည် တိုင်း က အလှထိုးပန်းအိုးများ ၏ အနုပညာမြောက်မှု ကို ချီးမွမ်းကြသည် ။ ထိုအခါမျိုး တွင် သူဇာ က တင်တင်နွယ် ကို ပွဲထုတ်ကာ ...

“ သူဇာ့ သူငယ်ချင်း နွယ် ရဲ့ လက်ရာတွေ ပါ ။ နွယ် က ရပ်ကွက် ထဲ က မူလတန်းကျောင်း မှာ ဆရာမ လေ ။ သူတို့ ခြံ ထဲ မှာ ပန်းမျိုးစုံ စိုက်ထားတာ ။ ပန်းသည် တော်တော် များများ က သူတို့ ခြံ က ဖောက်သည် ယူကြတာပေါ့ ”

ဟု ပြည့်ပြည့်စုံစုံ မိတ်ဆက် ပေးတတ်သည် ။

ဧည့်သည်များ ကလည်း သူဇာ ၏ သူငယ်ချင်း ဖြစ်သည် ဆိုသော အချက်နှင့် ပင် အထင်ကြီး လေးစားစွာ ဆက်ဆံကြသည် ။ သူဇာ့ အမျိုးသား ၏ ရာထူးဂုဏ်ရှိန် သည် သူဇာ နှင့် နွယ်သော တင်တင်နွယ် ကို ပင် တောက်ပ နိုင်စွမ်း ရှိလေ၏ ။

ထို အိမ်တက်မင်္ဂလာပွဲ မှာ ပင် နောင် တစ်ချိန် မှာ ‘ ကိုကိုကြီး ’ ဟု နွယ် ကိုယ်တိုင် အမြတ်တနိုး ခေါ်ရမည့် သူ ကို စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည် ။ နွယ် က စတင် တွေ့ သည် ဟု ဆိုရမည် ထက် ကိုကိုကြီး က နွယ့် ကို စတင် တွေ့သည်ဟု ဆိုရမှာ ဖြစ်သည် ။

“ မိနွယ် တို့တော့ ဒီတစ်ခါ အစွံပဲဟေ့ ”

ပွဲအပြီး မှာ သူဇာ တစ်ယောက် မိနွယ် ထံ ရောက် လာပြီး ပြောသည် ။

“ မောင့် အထက် အရာရှိ ဆိုတော့ အသက် တော့ နည်းနည်း ကြီးတာပေါ့ နွယ် ရယ် ။ သူ့ ခမျာ မိန်းမ ဆုံးတာ မကြာသေးဘူး ။ သမီးလေး နှစ်ယောက် ကို လည်း အမျိုးသမီး ရဲ့ မိဘများ က သေသွားတဲ့ သမီး ရဲ့ကိုယ်စား ဆိုပြီး ခေါ်ယူ စောင့်ရှောက် ထားကြတာလေ ။ အသက်ကြီး တဲ့ မုဆိုးဖို ဆိုပေမဲ့ စိတ်သဘောထား ကောင်းတယ် နွယ် ။ သူ့ ရာထူး ကို မက်ပြီး သူ့ မဟေသီ ဖြစ်ချင်ကြတဲ့ အမျိုးသမီးတွေ လည်း အများကြီး ရှိတယ် ။ ဒါပေမဲ့ ဘယ်သူ့ ကို မှ စိတ်မဝင်စားဘဲ နွယ့် ကို တွေ့ပြီး မှ စိတ် ဝင်စား နေတာလေ ။ နွယ့် အကြောင်း မောင့် ဆီ ကို မေးတာ မှ စုံလို့ပဲတဲ့ ”

သူဇာ က ဝမ်းသာစွာ ပြောသည် ။ ‘ သင့်တော်တယ် ’ ဆိုသော တိုက်တွန်းမှု တစ်ခု ထဲ နှင့်တော့ မည်သည့် ယောက်ျား ကို မှ နွယ် လက်မထပ်လိုပါ ။ သို့သော်လည်း နောင် တစ်ချိန် မှာတော့ ကိုကိုကြီး ၏ မေတ္တာကို ယုံကြည် လက်ခံစိတ် ဖြင့် ကိုကိုကြီး ကို နွယ် လက်ထပ်ခဲ့သည် ။

“ ကိုအောင်နိုင်ထွန်း တို့ အိမ် မှာ စ တွေ့ ကတည်း က နွယ့် ကို ကိုကိုကြီး က ချစ်သွားတာ ။ နွယ် ပြင်ထားတဲ့ ပန်းတွေ နဲ့ အပြိုင် နွယ် က လှနေတာလေ ။ ကျောင်းစိမ်းလုံချည်လေး နဲ့ အင်္ကျီဖြူလေး ဝတ်ထားတဲ့ နွယ့် ကို မြင် ပြန်တော့ နွယ် တို့ ခြံ ထဲ က စံပယ်ပွင့်လေးတွေ လို နွယ့် အလှက ဖြူစင် နေပြန်ရော ”

နွယ် ထက် ( ၁၀ ) နှစ်ခန့် ကြီးသော ကိုကိုကြီး က ဤသို့လျှင် ကဗျာ ဆန်တတ်သူ လည်း ဖြစ်သည် ။ နွယ် သည် ကိုကိုကြီး ၏ ဇနီးမယား အဖြစ် နေခွင့်ရခြင်း အပေါ် ကျေနပ်နှစ်သိမ့်လာသည် ။ နွယ် ၏ ဘဝ မှာ ပြီးပြည့်စုံပြီး အဓိပ္ပာယ် ရှိလာသည် ဟု ခံစားရသည် ။ နွယ် နှင့် ကိုကို ကြီးတို့ လက်ထပ်ပြီး မကြာခင် မှာ သူဇာ တို့ အခြား မြို့ တစ်မြို့ သို့ ပြောင်းရွှေ့ သွားသည် ။

သူဇာ ၏ ခင်ပွန်း ကိုအောင်နိုင်ထွန်း နှင့် ကိုကိုကြီး မှာ မိခင်ဌာနချင်း တူသော်လည်း ဝန်ထမ်း သဘာဝ ဟိုရွှေ့ သည်ပြောင်း နှင့် ဆုံနိုင်ရန် ခဲယဉ်းလှသည် ။ သို့သော် သူဇာ နှင့် နွယ် ကား အဆက်အသွယ် မပြတ် ပါချေ ။ သူငယ်ချင်း နှစ်ယောက် ၏ ခင်မင်မှု မှာ ဖြူစင် နေဆဲ ။ အရောင် ကင်းမဲ့ နေဆဲ ဖြစ်သည် ။

ခင်ပွန်း လင်တွေ ရာထူး အဆင့်ဆင့် တိုးတော့ ဇနီး မယားတွေ က ရေမြင့် ကြာနှယ် တင့်တယ် လာချေ၏ ။ ရာထူးဂုဏ် တိုးမြှင့် လာသော ခင်ပွန်းများ ၏ အရှိန်အဝါ ကြောင့် လည်းကောင်း ၊ ပါရမီဖြည့်ဖက်များ အနေဖြင့် လည်းကောင်း အဆင့်မြင့်ဧည့်ခံပွဲများ ကို အတူယှဉ်တွဲ တက်ရသည် ကို လည်း နွယ် က သဘာ ကျတတ်သည် ။

နွယ့် နှလုံးသား ကို အရှိန် ပြင်းစွာ တုန်လှုပ်စေမည့် အဖြစ်အပျက် သည် ထို အဆင့်မြင့် ဧည့်ခံပွဲ တစ်ခု မှ အစ ပြု တာ ဖြစ်သည် ။ မည်သူ မပြု မိမိမှု ပေပဲ ။ ဒါ နွယ့် အပြစ် တွေ ဟု နွယ် သည် မိမိ ကိုယ် ကို အခါခါ အပြစ် တင် မိ လေ၏ ။

••••• ••••• •••••

နိုင်ငံတော် အဆင့် ညစာစားပွဲ တစ်ခု တွင် ဖြစ်သည် ။ ပွဲ နှင့် လိုက်ဖက် တင့်တယ်သော ပိုးချိတ် ၊ ဇာပဝါများ ဝတ်ဆင်လျက် ၊ တော်ဝင်သဇင်ပန်း သုံးလေးခက် ပန်လျက် ကိုကိုကြီး နှင့် အတူ ယှဉ်တွဲပြီး နွယ် တက်ရောက် ခဲ့သည် ။ ကိုကိုကြီး တို့၏ ရာထူးတူ အသိုင်းအဝိုင်း တွင် နွယ် သည် အလှဂုဏ် မှာ ငယ်ဂုဏ် ဆင့်၍ တင့်တယ် နေတတ်သည် ။ ကိုကိုကြီး လည်း နွယ့် အလှ နှင့် ငယ်ဂုဏ် အတွက် ထာဝရ ဂုဏ်ယူ နေတတ်သူ ဖြစ်သည် ။

ညစာစားပွဲ မှာ ထိုင်ရင်း နောက် ခပ်လှမ်းလှမ်း ဝိုင်း မှာ သူဇာ ကို လှမ်း မြင်လိုက်သည် ။ နွယ် က သူဇာ ကို တွေ့ မြင်လိုက် သလို သူဇာ က လည်း နွယ့် ကို မြင်သွား သည် ။ ခဏချင်းမှာ မျက်လုံးချင်း ဆုံသွားသည် ။ မမျှော် လင့်ဘဲ တွေ့ ဆုံလိုက်ရချိန် မှာ ဝမ်းသာမှုဖြင့် မျက်နှာတွေ  ဝင်းပ သွားသည် ။

နွယ် သည် သူဇာ့ ကို နှုတ်ဆက်ရန် ထ သွားရန် ပြင် လိုက်ချိန်မှာ တစ်ဆက်တည်း အထိုင်မပျက် ပြန်နေရင်း သူဇာ့ ထံ မှ မျက်နှာ လွှဲ ထားလိုက်သည် ။ ပဝါ နှစ်စ ကို မလို အပ်ဘဲ ပြင် ခြုံရင်း သူဇာ့ ထံ အကြည့် က ပြန်ရောက် သွားသည် ။

ထို အပြုအမူများ သည် လျှပ်တစ်ပြက် အတွင်း မှ တကယ့် ကို လျှပ်တစ်ပြက် အတွင်း ဖြစ်သည် ။ နွယ့် ကို စူးစိုက်ကြည့် နေရာမှ ဖျတ်ခနဲ လွှဲ သွားသော သူဇာ ၏ မျက်လုံး အစုံ မှာ အံ့သြခြင်း ၊ ဝမ်းနည်းခြင်း ၊ ကြေကွဲခြင်း ၊ သရော်ခြင်း စသော အဓိပ္ပာယ်တွေ များစွာ ပါဝင် နေ ကြောင်း နွယ် ခံစားရသည် ။

ဟုတ်ပါသည် ။ သူဇာ သည် နွယ့် ကို အပြီးအပိုင် မျက်နှာ လွှဲသွားခဲ့ခြင်း ဖြစ်သည် ။ ဧည့်ခံပွဲ အပြီး မှာ သူဇာ့ ကို နှုတ်ဆက်ရန် နွယ် ရှာသော်လည်း သူဇာ ကို မတွေ့ ရတော့ပါချေ ။

“ ငါ မှားသွားပြီ ” ဟု တင်တင်နွယ် တွေးမိသော် လည်း ပြင်မရသော အမှား တစ်ခု ဖြစ်လိမ့်မည် ဟု နွယ် ထိုစဉ်က နွယ် မတွေးထင် ခဲ့မိပါချေ ။

••••• ••••• •••••

နောက် တစ်နေ့ မနက်တွင် နွယ် ပထမဆုံး လုပ်သော အလုပ် သည် သူဇာ ထံ ဖုန်းဆက်ခြင်းဖြစ်သည် ။ ဖုန်းကိုင် သော ကောင်မလေး က သူဇာ မရှိဘူး ဟု ပြောခြင်း အပေါ် နွယ် သံသယ ဝင်သည် ။ လက်ကိုင်ဖုန်း ကို ဆက် တော့ လည်း သူဇာ က လုံးဝ  မကိုင်ပေ ။ သူဇာ နယ် မပြန်ခင် နွယ် ကိုယ်တိုင် သွား တွေ့ သည် ။ ကောင်မလေးတွေ က “ မမ အပြင် ထွက်သွားတယ် ” ဟု ဆိုသော်လည်း နွယ် ထိုင် မစောင့်တော့ပါ ။ အဘယ်ကြောင့် ဆိုသော် သူဇာ စီး နေကျ ကားငယ်လေး ကို ဆင်ဝင် ရှေ့ မှာ ရပ်ထားတာ တွေ့ နေသောကြောင့် ဖြစ်သည် ။

သူဇာ က နွယ် ၏ အဆက်အသွယ် မှန်သမျှ ကို ငြင်းဆန်လေ နွယ် ၏ ရင်တွင်း က ပူလောင် လာလေ ဖြစ် သည် ။ ဧည့်ခံပွဲနေ့ တွင် နောက်ဆုံး တွေ့ လိုက်ရသော သူဇာ ၏ မျက်လုံး အစုံ သည် နွယ့် စိတ် ကို အစဉ် ခြောက် လှန့်နေသည် ။

ထိုကာလများ ဖြတ်ကျော်ဆဲညအတွင်း မှာ ပင် ပို၍ ချောက်ချားဖွယ် ကောင်းသော အဖြစ်အပျက် တစ်ခု ကို နွယ် ရင်ဆိုင် ရ ပြန်သည် ။

“ ဒေါ်ခင်သူဇာ ၊ အသက် ( ၄၈ ) နှစ် ” ဟူသော နာရေးသတင်း ကို သတင်းစာ မှာ အမှတ်မထင် ဖတ် လိုက်ရသည် ။ အချစ်ဆုံး သူငယ်ချင်း နွယ့် ကို ပင် ကို အောင်နိုင်ထွန်း က အကြောင်း မကြားခြင်း အပေါ် ချင့်ချိန် သော် သူဇာ ၏ နာကြည်းမှု အစိုင်အခဲ ကို နွယ် မြင်လာ သည် ။

“ ဖြစ်ရေလေ သူဇာ ရယ် ”

ယူကျုံးမရ မျက်ရည် တာကျိုးသည့် နှယ် ငိုကြွေး ရင်း သူဇာ ၏ ရုပ်ပုံလွှာတွေ ကို မြင်ယောင် လာသည် ။ ရုပ် ချောလှပ သလို စိတ်ထား ဖြူစင်သော ၊ သဘောကောင်း သော ၊ တစ်ဖက်သား ကို ကြင်နာတတ်သော ၊ ကူညီတတ် သော သူဇာ ။ အထူးသဖြင့် နွယ့် အပေါ် သူငယ်ချင်း ကောင်း ပီသသော သူဇာ ။

နွယ် နှင့် ကိုကိုကြီး လက်ထပ်ပွဲ မှာ သူငယ်ချင်း အတွက် ဂုဏ်ယူ ပျော်ရွှင်ပေးသော သူဇာ ၏ မုဒိတာ စိတ်ထားလေး ကို ယခု မှ နွယ် သတိပြုမိသည် ။

“ စိတ် ကို ဖြေမှာပေါ့ နွယ် ၊ ဒါ သဘာဝတရား လို့ နှလုံးသွင်း မှပေါ့ ”

ကိုကိုကြီး က နွယ့် ကို နှစ်သိမ့်စကား ဆိုသည် ။

“ သဘာဝတရား တဲ့ လား ကိုကိုကြီး ရယ် ၊ ရာထူး မြင့်တဲ့သူ က ရာထူးနိမ့်တဲ့ သူတွေ ရဲ့ ဝိုင်း ကို သွားပြီး နှုတ်ဆက်စကား မဆိုသင့်ဘူး ဆိုတဲ့ ဘယ်သူမှ သတ်မှတ် မထားတဲ့ စည်းတံတိုင်းကြီး က သဘာဝ တဲ့ လား ဟင် ။ ဘယ်လောက်ကြီးမားတဲ့ စည်းတံတိုင်းတွေ ခြား ထားထား သူဇာ ဟာ နွယ့် ရဲ့ အချစ်ဆုံး သူငယ်ချင်း ကျေးဇူးရှင် ဆိုတာတွေ ကို နွယ် ဘာလို့ မေ့ထားမိတာ လဲ ။ နွယ့် အမှားတွေ ကို တောင်းပန်ဖို့ ကြိုးစားခဲ့တာ ကို သူဇာ ဘာလို့ ငြင်းခဲ့တာလဲကွယ် ၊ သေတဲ့ အထိ နွယ့် ကို ခွင့်မလွှတ်ဘူးလို့ ပြောခဲ့ချင်တာလား သူဇာ ရယ် ”

ရှိုက်သံ နှင့် ဗလုံးဗထွေး ပြောနေသော နွယ် ၏ မပီမသ စကားတွေ ကို ကိုကိုကြီး နားမလည် မှာ သေချာပါသည် ။ အစာအိမ်ကင်ဆာ နောက်ဆုံး အဆင့် ခံစား နေရသော သူငယ်ချင်း သူဇာ ၏ ဝေဒနာ ကို နွယ် သိခွင့် လည်း မရ သလို အားပေးခွင့် လည်း မရခဲ့ခြင်း အတွက် နွယ် ၏ အပြစ် ကို နွယ် ပင် ခွင့်လွှတ်၍ မရနိုင်တော့ပါချေ ။

နွယ် သည် ဧည့်ခံပွဲ မှာ နောက်ဆုံး တွေ့ လိုက်ရသော သူဇာ ၏ မျက်လုံးများ ကို ပြန်လည် မြင်ယောင်လာသည် ။ အို ... အဓိပ္ပာယ် များစွာ ပျော်ဝင် နေသော မျက်လုံး အကြည့်များ နှင့် အတူ သူဇာ ၏ နှုတ်ခမ်း လှလှလေး တစ်ချက် မဲ့သွားသည် ဟု ထင်ပါ၏ ။

⎕ သျှီ ( အင်ကြင်း )

📖 ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း
      ၂၀၁၅ ၊ ဇွန်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment