❝ ဆီညော်ဈင်အောင် သို့မဟုတ် ကိုဆေးရိုး ❞
စာတည်းအဖွဲ့ က ပေးလိုက်တဲ့ လိပ်စာ အတိုင်း ကျွန်တော် တွေ့ဆုံရမယ့် စာရေးဆရာ ရှိရာ ကို လိုက်လာ ခဲ့ပါတယ် ။ ရန်ကုန်မြို့တော် ရဲ့ ဆင်ခြေဖုံး မြို့သစ် တစ်မြို့ ဖြစ်တဲ့ သာကေတမြို့ ကိုပါပဲ ။ ကျွန်တော် ဦးတည် လာနေတာ က “ အောင်သပြေ ” လမ်း ၊ ကားလမ်း တစ်ဖက် မှာ အိမ်တွေ အပြည့် ရှိ နေပေမယ့် တစ်ဖက် မှာ တော့ စိမ်းလဲ့ နေတဲ့ လယ်ကွင်းတွေ က ရှုမဆုံး အောင် ရှိနေတယ် ။ မဟာရန်ကုန် မှ ဟုတ်ပါလေစ လို့ တွေးယူရ လောက်အောင် မြင်ကွင်း က ပြောင်းလွန်းလှပါတယ် ။ “ အောင်သပြေ ” ၅ လမ်း ထဲ ကို ဝင် လိုက်ပြီး ရေကန်ကြီး တစ်ခု အနား ရောက်ချိန်မှာ တော့ ရက်ကန်းခတ်သံ ကိုပါ ကြားလိုက် ရပါတယ် ။
ရောက်ခဲ့ပါပြီ ။ ကျွန်တော် တွေ့ဆုံ ပေးရမယ့် ...
“ ကိုဆေးရိုး ” ၊ “ မကျည်းဒန် ” တို့ကို ဖန်တီးခဲ့တဲ့ ဆရာ ဆင်ဖြူကျွန်းအောင်သိန်း သို့မဟုတ် လယ်သမား အရေးတော်ပုံ တွေကို ရေးသား ဖော်ထုတ် ပေးနေတဲ့ ဆရာ သို့မဟုတ် ဇာတ်သဘင် ရဲ့ နောက်ကွယ် က ရင်မောစရာ တွေ ကို ဟာသဆန်ဆန် ရေး နေတဲ့ ဇင်အောင် ၊ သို့မဟုတ် ကလိ တဲ့ စာ ၊ ရိ တဲ့ စာ ၊ သရော် တဲ့ စာ တွေ ကို စိုင်းဈင်အောင် ၊ ဆီညော်ဈင်အောင် စတဲ့ စတဲ့ ကလောင်နာမည်တွေ နဲ့ ဖန်တီး နေတဲ့ ဆရာဆင်ဖြူကျွန်းအောင်သိန်း ရဲ့ အိမ်ပါပဲ ။
••••• ••••• •••••
“ ဆရာ နဲ့ ပတ်သက်လို့ ကဏ္ဍ လေးခု လောက် ခွဲခြား မေးသွားချင်ပါတယ် ။ တစ်ပိုင်း က ဆရာ က “ ဆင်ဖြူကျွန်းအောင်သိန်း ” ဆိုတဲ့ ကလောင်နာမည် နဲ့ ပင်တိုင်ဇာတ်ကောင် ဖြစ်တဲ့ “ ကိုဆေးရိုး နဲ့ မကျည်းဒန် ” တို့ကို ဦးတည်ပြီး တောင်သူလယ်သမား ဘဝ သရုပ်ဖော်တွေ ရေးတယ် ။ ဒီ ကလောင်နာမည် နဲ့ ပဲ “ ဂဠုန်ဆရာစံ ” ၊ “ နီရဲသော ဗိုလ်ဥတ္တမ ” ၊ “ လယ်သမားသူပုန် ” စတဲ့ တောင်သူလယ်သမား အရေးတော်ပုံ တွေ နဲ့ ပတ်သက်တဲ့ အတ္ထုပ္ပတ္တိ ဆန်ဆန် ဝတ္ထု တွေ ရေးတာ တွေ့ရပြန်ပါတယ် ။ နောက် တစ်ခု ကတော့ “ ဇင်အောင် ” ဆိုတဲ့ ကလောင် နာမည် နဲ့ “ ပြည်တော်ချစ်မင်းသားချော မင်္ဂလာ စိုင်းဈင်အောင် ” ဆိုတဲ့ မင်းသား ကို ပင်တိုင် ဇာတ်ကောင် ထားပြီး ဇာတ်သဘင် နဲ့ ပတ်သက်တဲ့ ပြည်ဖုံးကား နောက်ကွယ် က ရင် မောစရာ တွေ ကို ဝတ္ထု အဖြစ် တင်ပြပြန်တယ် ။ စတုတ္ထပိုင်း က တော့ “ စိုင်းဈင်အောင် ” ၊ “ ဆီညော်ဈင်အောင် ” စတဲ့ ကလောင်အမည်တွေ နဲ့ ဆရာ တွေ့ရာ ၊ မြင်ရာ ၊ အမြင်မတော်တာ တွေ ကို သရော်စာ ရေးတဲ့ အပိုင်းပါပဲ ။
ပထမပိုင်း ဖြစ်တဲ့ ကိုဆေးရိုး နဲ့ ပတ်သက်တာတွေ ကို အရင် ဆွေးနွေးချင်ပါတယ် ။ ကိုဆေးရိုး ၊ မကျည်းဒန် ဇာတ်လမ်း တွေ ဟာ ဆရာ့ ဘဝ အတွေ့အကြုံ ကနေ ပေါက်ပွားလာတာတွေ လို့ ယူဆပါတယ် ။ ဟုတ်ပါ သလား ဆရာ ။ ဟုတ်ပါတယ် ဆိုရင် ဆရာ ကိုယ်တိုင် လယ်သမား ၊ ယာသမား အဖြစ် ကျင်လည်ခဲ့ဖူးပါ သလား ။ လယ်သမား ဘဝ ကနေ စာရေးဆရာ ဘဝ ဘယ်လို ပြောင်းလဲလာခဲ့တာပါလဲ ”
“ ကိုရင် ဝင်းငြိမ်း က ကတ်သီးကတ်သတ် အတော် မေးတဲ့လူပဲ ။ လူတွေ ဟာ ဘာကြောင့် ထမင်း စား သလဲ မေးရင် ဖြေဖို့ အတော် ခွကျသွားမယ် ။ ဆာ လို့ စားတာ ဆိုတဲ့ အဖြေ ဟာ မမှားတာ သေချာပါတယ် ။ ဒါပေမဲ့ မှန် မှ မှန်ရဲ့လား ၊ ငါ ထမင်း စား တာဟာ ဆာ လို့ စားတာ မှ ဟုတ်ရဲ့လား ဆိုတဲ့ သံသယ ဖြစ်ရ သလိုပါပဲ ။
ကြာပြီပဲ ။ စာရေးသက် နှစ်ပေါင်း သုံးဆယ် ကြာပြီ ဆိုတော့ စာ စတင် ရေးစဉ် ကတော့ ရည်ရွယ်ချက် ရှိမှာ သေချာ ပါတယ် ။ ကြာလာတဲ့ အခါကျတော့ ငါ ဟာ တစ်စုံတစ်ရာ ရည်ရွယ်ချက် ယုံကြည်ချက် နဲ့ စာ ရေးတာ မှ ဟုတ်ရဲ့လားလို့ ထင် ... ထင် လာမိတယ် ။ ပိုက်ဆံ လိုချင်လို့ ရေးတာလား ၊ နာမည်ကြီး ချင်လို့ ရေးတာလား ၊ တခြား မလုပ်တတ် ၊ မကိုင်တတ် လို့ ရေးတာလား သံသယ တွေ ကိုယ့် ဘာသာ ကိုယ် ပြန် ပြန်ပြီး ဖြစ်ရတဲ့ အကြောင်း ကတော့ ပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်မှု ၊ ဖိစီးမှုကြောင့် ဖြစ်များဖြစ်မလား မသိဘူးလေ ။
သေချာတာ က တော့ ကိုယ့် ကိုယ် ကိုယ် မယုံကြည် တာရယ် ၊ စာပေရေးရာ မှာ အားရထက်သန်မှု မရှိတာ ကတော့ အမှန်ပဲ ။
ထားပါလေ ။ ကျုပ် ဖျစ်ညှစ်ပြီး စဉ်းစားကြည့် ရင် ပေါ်လာမှာပေါ့ ။ အဲ ... ဟုတ်ပြီ ။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါနီး မှ “ လယ်ခွန်တော် နှစ်ဆ ၊ သီးစားခ ” ဆိုတဲ့ အမိန့် ထွက်လာတော့ လယ်ကလေး ဆီးရွက် လောက် သာ ရှိတဲ့ ကျုပ် အမေ ငိုကြီးချက်မ ဖြစ်တာ နဲ့ ကိုယ့် လယ်ကလေး သူတစ်ပါး လက် ထဲ မရောက်အောင် ကျုပ် မှာ ကျောင်း က ထွက်ပြီး လယ် ထဲ ဆင်းရတာပေါ့ဗျာ ။
နွား ကို အခု မှ ကိုင်ဖူး ၊ ထွန် ကို အခုမှ စီးဖူး တဲ့ လူပဲ ။ ဘယ်မှာ ချက်ချင်း ဦးစီး ဖြစ်မလဲ ။ စာရင်းငှား ရဲ့ နောက် လိုက်ပေါ့ ။ ဒါပေမဲ့ ကန်သင်း ပေါ်မှာ လျှောက် နေရင် ဖြစ်သားပဲ ။ ကျုပ် က ရှည်ပြီး ဝင် ထွန်တယ် ။ ဝင် ထွန် တော့ လည်း စာရင်းငှား မှာ မော ရတဲ့ အထဲ ကျုပ် ကို သင်ရ ပြရ နဲ့ ပိုပြီး မော ပြန်တာပေါ့ဗျာ ။
ကျုပ်တို့ ဟာ ကိုယ့် လယ် ကို ကိုင်တိုင် လုပ်ပေမယ့် ကျုပ် အစ်ကို လည်း မထွန်တတ်ဘူး ။ အဖေ လည်း မထွန် တတ်ဘူး ။ ကျုပ် တစ်ယောက် ပဲ ဒီ တမန်း ဟာ စိုက်နိုင်ပြီလား ။ မစိုက်နိုင်သေးဘူးလား သိတဲ့ အဆင့် မှာ ရှိတယ် ။ အစ်ကို တို့ ၊ အဖေ တို့ ပိုင် တာ က ခြံဥယျာဉ်လုပ်ငန်းပဲ ။
ကျုပ် ရဲ့ လယ်သမား သက်တမ်း ဟာ မရှည်လှပါဘူး ။ သုံးနှစ် ကျော် လေးနှစ် လောက် ပဲ ရှိမှာပါ ။ မဂ္ဂဇင်း ကို ခါးကြား ထိုးပြီး လယ် ထဲ သွားတဲ့ လယ်သမား ဆိုလို့ မင်းဘူးခရိုင် ထဲမှာ ကျုပ် တစ်ယောက် ပဲ ရှိမယ် ထင်ပါရဲ့ ။ လယ်နီးချင်း တွေရဲ့ မျက်စိ ထဲ မှာ အတော် နောက်မှာပဲ ။
အဲဒီလို မဂ္ဂဇင်း ခါးထိုးတဲ့ လယ်သမား ဖြစ်ရတဲ့ အကြောင်းရင်း က ကျုပ် က ဒုတိယ ကမ္ဘာစစ် ဖြစ်စ မှာ ခုနစ်တန်း ၊ စစ်အတွင်း မှာ ရှစ်တန်းကျောင်းသား ဖြစ်ခဲ့ဖူးတာကိုး ။ မူလတန်း မှာ ကတည်းညက ဂျာနယ်တွေ ဘာတွေ ဆွဲ ဖတ်ရင် ဆရာ က မဟန့်တားဘူးဗျ ။ အလယ်တန်း လည်း ရောက် ရော ပိုပြီး လေ မိ တော့တာပေါ့ဗျာ ။ အတန်းပိုင် ဆရာ က စာသမား ကလား ။ စာစီစာကုံး ဆု ပေးရင် ဗလာစာအုပ် တို့ ၊ ခဲတံ တို့ မပေးဘူး ။ ဆယ်သန်းဂျာနယ် တို့ ၊ ဒီးဒုတ်ဂျာနယ် တို့ ၊ သူရိယမဂ္ဂဇင်း တို့ ပေးသဗျ ။ ပိုး ဝင်မှန်း မသိ ဝင် ၊ ရောဂါ ဖြစ်မှန်း မသိ ဖြစ် နေပြီလေ ။
စစ်ကာလ အတွင်း မှာ ချောက်မြို့ က အမျိုးတွေ ရွာ ကို ပြေးလာကြပြန်တော့ စာအုပ်တွေ အနည်းအပါး ပါ လာကြတာ ကို ဖတ်ခွင့်ရတာ ကလည်း တစ်ကြောင်း ၊ အဂင်္လိပ်စာကလေး ဘာကလေး နည်းနည်းပါးပါး တတ် တဲ့ အပေါင်းအသင်း တစ်ယောက် က လည်း ကျုပ် နဲ့ ပေါင်းပါ မှ ကျုပ် ဆီ က ရောဂါ ကူးပြီး စာအုပ်တွေ ဝယ်ဝယ် လာတယ် ။ သူ က ဆန်ကုန်သည် ဆိုတော့ ကျုပ် ထက် တတ်နိုင်တယ် လေ ။ အဲ ... သူ နဲ့ ရင်းနှီးတာ လည်း တစ်ကြောင်းပေါ့လေ ။
အဲဒီ အချိန်က “ ပဒေသာ ရုပ်စုံမဂ္ဂဇင်း ” ခေတ်ဗျ ။ အဲဒီ မဂ္ဂဇင်း က ကလောင်သွေး ကြပါ ဘာညာ ဖိတ်ခေါ် လှုံ့ ဆော်တယ် ။ ဒီက ကောင်တွေ က လည်း အရွယ် က ငယ်ငယ် ၊ ရွပိုး က ထိုးထိုး သိပ် ရေးချင်တာပေါ့ ။
ရေးချင်တာ ကတော့ ဟုတ်ပါပြီ ။ အသုံးမကျ လိုက်ပုံများ က လည်း ဘယ်လို ရေးမလဲ ဆိုတာ ကို စဉ်းစား ရမှန်း မသိဘူး ။ ဘာ ရေးမလဲ ဆိုတာ ကို သာ စဉ်းစားရမှန်း သိတယ် ။ အဲဒီမှာ ဒုက္ခ ရောက်ပြီ ။
ဝတ္ထုတို တွေ ဖတ်လိုက်ရင် ... “ မောင့်ဂိုမာရီလမ်း ” ( ရွှေဘုံသာလမ်း ) အတိုင်း အရှေ့ မှ အနောက် သို့ မောင်း လာသော ကားကလေး သည် ၃၁ လမ်း အရောက် တွင် လက်ဝဲဘက် သို့ ချိုးကွေ့ လာပြီး မကြာမီ ခမ်းနား သော တိုက် တစ်လုံး ရှေ့၌ ...”
ကျုပ် မှာ မောင့်ဂိုမာရီလမ်း ( ရွှေဘုံသာလမ်း ) တို့ ၊ ဖရေဇာလမ်း ( အနော်ရထာလမ်း )တို့ ၊ ဂေါ်ဒဝင်လမ်း ( မြို့မ ကျောင်းလမ်း ) တို့ သိမှ စာ ရေးလို့ ဖြစ်မယ်ပဲ ထင် နေတာပေါ့ ။ ဟား ... ဒီလို ဆိုရင်တော့ ရန်ကုန် မှာ နေမှ ဖြစ်မှာပဲ ဆိုပြီး ရန်ကုန် ကို မဖြစ် ဖြစ်တဲ့နည်း နဲ့ ရောက်အောင် လာပြီး အခြေချ ရတာပေါ့ ။
ရန်ကုန် ရောက်လို့ အလိုလေး ဂလုပ်ရုံ (ဂုဏ်ရုံ ) ဆိုတာ ဒါပါကလား ။ ခရစ်လမ်း ( ဗိုလ်မြတ်ထွန်းလမ်း ) ဆိုတာ ဒါပါကလား ဆိုတာ သိလာပြန် တော့လည်း ရေးချိန် မရပါဘူး ။ မရေးဖြစ်လို့သာပေါ့ ။ ရေးများ ရေးဖြစ်ရင် ရွာ ပြန် ပြေးမိမလား မသိဘူး ။
ရန်ကုန် မှာ နေသားတကျ ရှိမှ စာ ပြန်ဖတ်ဖြစ်သဗျား ။ အဲဒီအခါ ကျတော့မှ ရောဂါ ကလည်း ပြန်ထ ။ ထီလာစစ်သူ တို့ ၊ မြင့်သူ တို့ ၊ မြင့်ဩ ၊ ကြည်ညို ၊ ဝေနိုင် တို့ ၊ ပန်းတနော် စိုးသိမ်း တို့ ၊ တင့်ထူး တို့နဲ့ တွေ့ပြီး ကဗျာ ရေးဖြစ်ပါလေရော ။ အမယ် ... မဆိုးဘူးဗျ ။ ရုပ်ရှင်ဒါရိုက်တာ လှအောင် အယ်ဒီတာ လုပ်တဲ့ တိုင်းသစ် ဂျာနယ် မှာ တစ်ခါ ရေး တစ်ခါ အသုံးချ ခံရတာပဲ ။ ဒီလိုနဲ့ပဲ လယ်သမား ဘဝ ကနေ စာသမား ဖြစ်လာ တာပေါ့ ဗျာ ”
“ ကိုဆေးရိုး ၊ မကျည်းဒန် တို့ ရဲ့ ဘဝအတွေ့အကြုံတွေ တင်ပြ နေတာနဲ့ ပတ်သက်ပြီး ဆရာ့ ရင် ထဲ မှာ သီးခြား ရည်ရွယ်ချက် ရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ အဲဒီ ရည်ရွယ်ချက်ကို သိပါရစေ ”
“ အဲဒီလို ကဗျာသမား ဖြစ်နေတုန်း မှာ မောင်ထင် ရဲ့ ငဘ ကို ဖတ်မိတော့ “ အင်း ... မောင့်ဂိုမာရီလမ်း ( ရွှေဘုံသာလမ်း ) မပါဘဲ လည်း ဝတ္ထု ရေးလို့ ရသားပဲ ” လို့ သိလာသဗျ ။ ဒါပေမဲ့ မရေးဖြစ်ပါဘူး ။ ဒီ ကြားထဲ မှာ ဆရာမန်း ရဲ့ ကိုဖိုးလုံး တွေ ဖတ်ရတဲ့ အခါ ထိန်တော မိုးညို ဘက် က လယ်သမား မဟုတ်လား ။ ဆည်ရေ သောက် တဲ့ ကျုပ်တို့ အရပ် က လယ်သမား နဲ့ ဘယ် တူမလဲ ။
ဒီ အချိန်တုန်းက အညာဓလေ့ ကို ရေးတဲ့ လူ ဆိုလို့ အောင်စိုး ပဲ ရှိတာကလား ။ ကိုအောင်စိုး တို့ အရပ် ကျတော့ လည်း လယ်စိုက် ဖို့ ရေ ဝေးလို့ လူ သောက်ဖို့ ရေတောင် အနိုင်နိုင် မဟုတ်လား ။ သူတို့ က သူတို့ တွေ့ တာ မြင်တာတွေ ၊ သူတို့ အရပ်က အကြောင်းအရာ တွေ ရေး သလို ဒါလည်း ငါ့ အရပ် က လယ်သမား ၊ အိုးသမား တွေ အကြောင်း ရေး ရရင် ဪ ... မြန်မာပြည် မှာ ရေသွင်းပြီး စိုက်တဲ့ လယ် ဆိုတာလည်း ရှိပါ သေးကလား လို့ သိကြတန်ရဲ့ ဆိုတဲ့ စိတ် ပေါ်လာရာ က ကိုဆေးရိုး ၊ မကျည်းဒန် ဆိုတာ ပေါ်လာတယ် လို့ ထင်ပါတယ် ။ ထင်ပါတယ် လို့ ပြောတာ ဟာ နှစ်ပေါင်း သုံးဆယ် က စိတ် နဲ့ ကနေ့ စိတ် ဟာ မတူတော့လို့ပါပဲ ။
အောက်ပြည် အောက်ရွာ က လယ်သမား ဟာ ဘယ်လောက်ပဲ မွဲမွဲ ငတ်ငတ် ငါး တော့ စားရသေးတာ ။ အဲဒီ ငါး ကိုပဲ ငါးပိ သိပ်ထားပြန်တော့ ငါးပိ လည်း ဖောချင်းသောချင်း ။
အဲ ... ကျုပ်တို့ အရပ် က လယ်သမား ။ လယ်သမား ကိုပဲ ပြောသေးတာနော် ။ လယ်သမား ထက် ဆိုးတဲ့ ယာခြောက် သမားတွေ မပါသေးဘူး ။ အဲဒီ လယ်သမား မွဲပြီလား ၊ ငတ်ပြီလား ဆိုမှ ဖြင့် ငါးပိ ဆိုတာ နှမ်းဖတ် ခဲ နဲ့ ဆန်မှုန့် ၇၅ ရာခိုင်နှုန်း လောက် ရောထားတဲ့ အမည်ခံ ငါးပိ ကို စားရတာ ။ ငါး ဆိုတာ တော့ ဝေးစွ ခြောက်ပါး ။ အဲဒါကြောင့် အဲဒါတွေ ပြောပြချင်တာလည်း ပါကောင်း ပါပါလိမ့်မယ် ”
“ ၁၉၆၃ ခုနှစ် က ပုံဂံတိုက် က ထုတ်ခဲ့တဲ့ ဆရာ့ ရဲ့ “ ကိုဆေးရိုး ” ဝတ္ထုတို ပေါင်းချုပ် အတွက် ဆရာဒဂုန်တာရာ က အမှာစာ ရေးရာမှာ -
“ ဆိုရှယ်လစ် သရုပ်ဖော်စာပေ ရေးသား တည်ဆောက်ကြရာ၌ ယနေ့ ကျွန်တော်တို့ စာပေလောက အခြေ အနေ အရ ပြဿနာ များစွာ နှင့် ရင်ဆိုင် ကြရပေသည် ။
စာရေးဆရာများ သည် လူလတ်တန်းစား သားသမီးများ ၊ သို့မဟုတ် လူလတ်တန်းစား ပတ်ဝန်းကျင် ၌ ကြီးပြင်း နေထိုင်သူများ ဖြစ်သည့် အတိုင်း သူတို့ မနေထိုင် ခဲ့သော အလုပ်သမား လယ်သမား ဘဝ ကို သရုပ်ဖော် မည် ရှိသောအခါ အခက်အခဲ တွေ့ကြရ ပေသည် ။ စာရေးဆရာ သည် သူ မသိသော ၊ သူ ခံစား ၍ နား လည်သော ၊ အသိ မရှိသော အလုပ်သမား ၊ လယ်သမား ၊ ဆင်းရဲသား ဘဝ ဖွဲ့ရန် မလွယ်ပေ ။ အပြင်ပ မှ လေ့လာကြည့်ရှု အကဲခတ်ရုံ မျှ ဖြင့် သတင်း သာဓက မျှသော အဖွဲ့အနွဲ့ သာ ရရှိပေလိမ့်မည် ။
သို့သော် စစ်ပြီးခေတ် ၌ ကား အချို့သော စာရေးဆရာများ သည် တော မှ တက်လာသူများ ဖြစ်ကြသည့် အလျောက် တောင်သူလယ်သမား ဘဝ နှင့် နီးစပ်ကြသည် ။ သူတို့ သည် တောဝတ္ထုများ ၊ တောသား ဘဝ သရုပ်ဖော်များ ရေးတတ် ကြသည် ။ ယင်းတို့သည် ဆိုရှယ်လစ် သရုပ်ဖော် စာပေ ဦးတည်ချက် စက်ဝိုင်း ထဲ ၌ ရောက်နေ တတ်ကြပေသည် ။ ပဏာမ အဆင့် အနေဖြင့် ယင်းတို့ ကို ဆိုရှယ်လစ် သရုပ်ဖော် စာပေ ၏ မုခ်ဦး ဟု ဆိုသင့်ပေသည် ” လို့ ရေးထားတာ တွေ့ရပါတယ် ။
“ ကျွန်တော် ဆွေးနွေးချင် တာ က တကယ် တော က တက်လာတဲ့ တောင်သူလယ်သမား သားသမီး မှ ပဲ တောသူ တောင်သားဘ ဝကို သရုပ်ဖော် နိုင်လိမ့်မယ်လို့ ဆရာ ကိုယ်တိုင် ကော ယုံကြည်ပါသလား ။ လူလတ်တန်းစား သားသမီး ၊ ပတ်ဝန်းကျင် ကကော မရေးနိုင်ဘူးလား ။ ဥပမာ - မိုးမိုး ( အင်းလျား ) က “ သုံးလွန်းတင် မှ ကြိုး ” ဆိုတဲ့ လယ်သမား ဘဝ သရုပ်ဖော် ကို အောင်အောင်မြင်မြင် ရေးပြခဲ့ပြီပဲ ။ ဆရာ့ စာအုပ် မှာ ပါတဲ့ ဆရာဒဂုန်တာရာ ရဲ့ အမှာစာ အပေါ် ဆရာ့ အမြင် သိချင်ပါတယ် ”
“ ကိုဆေးရိုး ဝတ္ထုတို ပေါင်းချုပ် သုံးအုပ် ထုတ်ခဲ့ရာ မှာ ပထမအုပ် မှာ သူတစ်ပါး နဲ့ မတူအောင် ဒီ စာအုပ် အပေါ် ဝေဖန်စာ ကို ဒီ စာအုပ် ထဲ မှာပဲ ထည့်သွင်း ဖော်ပြခဲ့တယ် ။ ဆရာ ဒဂုန်တာရာ နဲ့ ဆရာတက်တိုး တို့ရဲ့ အမှာ ဆိုပေမယ့် ဝေဖန်စာ တွေပါ ။
ဒဂုန်တာရာ က “ ကိုဆေးရိုး ဟာ မြေရှင်စနစ် ဆန့်ကျင်ရေး မပါဘူး ” လို့ အဲဒီ စာအုပ်မှာ ဝေဖန်တယ် ။ အဲဒီလို သူ ဝေဖန်တော့ မှ မြင်တာ တွေ့တာတွေချည်း ရေး နေလို့ မဖြစ်ဘူး ။ ရည်ရွယ်ချက် ၊ ဦးတည်ချက် ဆိုတာ ဖန်တီး ထည့်သွင်းရဦးမှာပါလားလို့ ပိုပြီး သတိမူ မိ လာပါတော့တယ် ။
အခု ကိုရင် ထောက်ပြတဲ့ အကြောင်း ဟာ လည်း ငြင်းစရာ မရှိဘူး ထင်ပါတယ် ။ ကနေ့ တက် လာတဲ့ မဂ္ဂဇင်း ကလောင်သစ် တွေ ထဲမှာ အောင်ခိုင်လင်း ကို ပဲ ကြည့် ၊ သူတို့ ဟာ သူတို့ ကျင်လည် ပိုင်နိုင်တဲ့ ဒေသ က အကြောင်းအရာ တွေမို့ ဒါလောက် အကြာကြီး ရေးနေနိုင်တာပဲ ။ ကြယ်နီ တို့ လူ သေပေမယ့် သူ့ ကို တမ်းတ ကျန်ရစ် ခဲ့အောင် ရေးနိုင်တာ ဟာ သူ ရေးတဲ့ အကြောင်းအရာ ထဲ မှာ နစ်မြုပ်ပြီး ကျင်လည်ခဲ့လို့ပဲ ။ လင်းယုန်သစ်လွင် တို့ ၊ မောင်သိက္ခာ တို့ မြင်တံငါ ဝတ္ထုတိုတွေ ကို ကောင်း အောင် ရေးနိုင်တာ ဟာ လည်း ဒီသဘော ပါပဲ ။
မိုးမိုး ရဲ့ ဝတ္ထု ကို မဖတ်မိလို့ သူ ဘာတွေ ရေးထားတယ် ၊ သူ ဘယ်လောက် သေသပ် ထိမိအောင် ရေးထား တယ် ဆိုတာ မသိပါဘူး ။ ကိုရင် လည်း ဆောင်းပါးတွေ မကြာခဏ ဖတ်ဖူးမှာပါ ။ လေ့လာတယ် ဆိုတာ တစ်ရက် ၊ နှစ်ရက် ၊ တစ်သီတင်း ၊ နှစ်သီတင်း လေ့လာရုံ နဲ့ မပိုင်နိုင်ဘူး ၊ မငုံမိဘူး လို့ ရေးကြ တာလေ ။
အဲဒါကြောင့် ကိုယ် ရေးချင်တဲ့ အကြောင်းအရာ ထဲ မှာ လ နဲ့ ချီပြီး နစ်နေ မြုပ်နေနိုင်ရင် ကောင်းတယ် ။ နှစ် နဲ့ ချီ ပြီး နေနိုင်ရင် ပို ကောင်းတယ် ။ အဲဒီလိုမှ မဟုတ်ရင်တော့ တစ်ပုဒ်တလေ ပဲ ရေးနိုင်မယ် ။ တစ်ပုဒ်တလေ တောင် အဆင် မသင့်ရင် အပြစ် ပြောစရာတွေ တောင်ပုံကန်သင်း ဖြစ်နေနိုင်သေးသဗျား ။
ဒီတော့ ပထမပိုင်း ကို နှုတ်ခမ်းသတ် ရရင် ငွေ လိုချင်လို့ စာ ထ ရေးတာ မဟုတ်ဘူး ဆိုတာတော့ သေချာ တယ် ။ စာ အဖတ် များရာ က စာ ရေးချင် လို့ ထ ရေးတဲ့ အတွက် စာမူခ ရမှန်း တောင် မသိဘူး ။ ရေးရင်း က မှ ဦးတည်ချက် ဆိုတာတွေ စာပေသစ္စာ တွေ ကို လေ့လာ သိရှိပြီး လိုက်နာ နေနိုင်အောင် ၊ စောင့်ထိန်း နိုင် အောင် တတ် စွမ်းသမျှ ကြိုးစားတာပါပဲ ”
“ တောင်သူလယ်သမား အရေးတော်ပုံတွေ ကို အခြေခံပြီး ရေးခဲ့တဲ့ ဆရာ့ ဝတ္ထု တွေ ထဲ မှာ “ လယ်သမားသူပုန် ” က ဆရာနတ်နွယ် ရဲ့ “ မြန်မာပြည်မြောက်ပိုင်း ” လိုပဲ မျိုးဆက်အလိုက် အဖိနှိပ်ခံ ဘဝ ကို တော်လှန် ကြတာ ကို ရေးထားရာမှာ အသက်ဝင်လှပါတယ် ။ ဒုတိယတွဲ အဖြစ် “ သတ်ရဲသည် သေရဲသည် ” ထွက်ပြီးတဲ့ နောက် နောက်ဆက်တွဲ တွေ ဘာဖြစ်လို့ ဆက် မထွက်လာပါသလဲ ၊ ဆက် ရေးဖို့ အစီအစဉ် ရှိပါ သလား ”
“ လယ်သမားသူပုန် ဝတ္ထု နဲ့ သူ့ ရဲ့အဆက် သတ်ရဲသည် သေရဲသည် ဒါမှမဟုတ် လယ်သမားသူပုန် ဒုတိယ တွဲ ကို ရေးရာမှာ စိတ်ကူး နဲ့ ခွင် ချတုန်းကတော့ အတော် ကျယ်ပြန့်တယ် ။ တိုင်းရင်းသား အားလုံး ရဲ့ နယ်ချဲ့ ဆန့်ကျင်ရေး တော်လှန်ပုန်ကန်မှု တွေ ပါဝင်အောင် ထည့်မယ် စိတ်ကူး ထားတာ ။ ဒုတိယတွဲ ထွက် အပြီး မှာ ထုတ်ဝေသူ က တတိယတွဲ မတောင်းတာ နဲ့ မရေးဖြစ်ဘူး ။ အခုတော့ သွေးအေး သွားပြီ ။ စိတ်အား ထက်သန်မှု လည်း ၉ဝ ရာခိုင်နှုန်း လောက် လျော့ပါး သွားပြီ ။ ထုတ်ဝေချင်သူ ပေါ်လာသည့် တိုင်အောင် ရေးဖြစ် ဖို့ မသေချာဘူး ။ ရေးဖြစ်တယ် ထားဦး ၊ အာရုံ ပြန်သွင်းရမယ် ။ အချက်အလက် တွေ ကို အပန်းတကြီး ပြန်ပြီး လေ့လာရဦးမယ် ။ အင်း ... တယ်ပြီး မလွယ်ပါဘူး ”
“ နေမင်း လမင်း သိန်းရာထောင် ” ဆိုတဲ့ လယ်သမား ဘဝသရုပ်ဖော် ပြဇာတ် တစ်ပုဒ် ဆရာ ရေးခဲ့တာ ဖတ်ခဲ့ ရပါတယ် ။ ဆရာ ပြဇာတ် ဘယ်နှပုဒ် ရေးဖူးပါသလဲ ။ ပြဇာတ်စာပေ ( ဖတ်ဇာတ် ) မထွန်းကားမှု နဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ ”
“ နေမင်း လမင်း သိန်းရာထောင် ပြဇာတ် ဟာ ကျုပ် ရဲ့ ပထမဆုံး ပြဇာတ်ပဲ ကိုရင်ရဲ့ ။ အဲ ... ဦးဆုံးသော လုံးချင်းပြဇာတ် လည်း ဖြစ်တယ် ။ ဒုတိယလုံးချင်း ပြဇာတ် က မြန်မာစာပေတိုက် မှာ ။ ဘယ်တော့ ထွက်မယ် မထွက်ဘူးတော့ မစုံစမ်းမိဘူး ။
အဲဒီ နေမင်း လမင်း သိန်းရာထောင် ပြဇာတ် ကို ကောင်းလှချေရဲ့ ၊ ကြိုက်လှချေရဲ့နဲ့ ပြောကြပေမယ့် ကျုပ် မှာတော့ သင်ရေး ရေးတာ မို့ တထိတ်ထိတ်ပဲဗျ ။ အဲဒါကြောင့် လည်း ပြကွင်းပြကွက် တွေ စကားပြော တွေ ကို မကြိုက်လှဘူး ။
အရှည် ရေးပြီး တော့မှ ကြိုးကြားကြိုးကြား အတိုကလေးတွေ ရေး ဖြစ်တယ် ။ အထူးသဖြင့် အောင်ကျော်စည် နဲ့ ပေါင်းမိ မှ ပိုပြီး ရေးဖြစ်တာ ။ သူ က ပြဇာတ်သမား ကိုး ။ ကျုပ် အထက် က ပြဇာတ် ရေးတဲ့ ဆရာတွေ ထံမှာ ပြဇာတ် အကြောင်း နည်းနာ ခံချင်လို့ ဆွေးနွေးတဲ့အခါ သိပ်ပြီး မဆွေးနွေးနိုင်ကြဘူးဗျ ။ အဲ ... အောင်ကျော်စည် နဲ့ ကျတော့ အများကြီး ဆွေးနွေးလို့ ရတယ်။
အောင်ကျော်စည်နဲ့ ဆွေးနွေးတဲ့ အတွက် “ အဖတ်ပြဇာတ် ” သဘော ကို ကျုပ် ယုံကြည်လာတာဗျ ။ သူ က စင်တင်ပြဇာတ် ဟာ သူ့ ဘာသာသူ စင်ပေါ် မှာ နေ ၊ အဖတ် ပြဇာတ် ဟာ စာအုပ် ထဲ မှာ နေတဲ့ အတွက် သီးခြား ဖြစ်ရမယ် ။ အဲဒီ သဘော ရှိတယ် ။ အဖတ်ပြဇာတ် ဆိုရင်တော့ ပရိသတ် ကို အခုထက်များ စည်းရုံး နိုင်ပြီး ပြဇာတ်ဖတ် ပရိသတ် အခုထက် တိုးပွား စေချင်တဲ့ စေတနာ ပါပဲလေ ။
ကျုပ် လည်း ဘာလိုလို နဲ့ ပြဇာတ် မရေးဖြစ်တာ အတော် ကြာသွားပြီဗျ ။ အဲ ... ရေးဖူးသမျှ စုစုပေါင်း ဆိုရင် နှစ်ဆယ် တော့ ကျော် မလားဘဲ ။
ရသစာပေ မှာ ကဗျာ ၊ ဝတ္ထု နဲ့ ပြဇာတ် ပဲ ရှိတာဗျ ။ အခုတော့ ကဗျာ နဲ့ ဝတ္ထု ပဲ ကျန် နေပြီး ပြဇာတ် က တိမ်မြုပ် နေတော့ နှမြောစရာ ပေါ့ဗျာ ။ ကိုရင် တို့ လို အောင်မြင်တဲ့ မဂ္ဂဇင်း တွေ က မှ ပြဇာတ် ကို တစ်နှစ် အတွင်း လေးငါး ခြောက်ပုဒ် လောက် နေရာ မပေးရင် ဘယ်သူက နေရာ ပေးမှာလဲ ။ ဒီလို ဆိုရင် ပြဇာတ် ဟာ ဒီလိုပဲ တစ်သက်လုံး သေနေရတော့မလား ။
ပြဇာတ် ရေးကြတဲ့ အခါမှာ မည်ကဲ့သို့ ပြင်ဆင်ထားစေ ၊ မည်သူ ထွက်လာစေ ဆိုတာ ဟာ မဏိကတ် ပြဇာတ်ခေတ် က ရေးပုံကြီးပဲ ။ အဲဒီ အချိန် တုန်း က ကပြဖို့ အတွက် ရေးတဲ့ ဇာတ်ညွှန်း ပဲ ။ အဖတ် ပြဇာတ် မှာ အဲဒီလို ရေးတော့ ဘယ်လို လုပ်ပြီး စာဖတ်သူ အာရုံ ငြိမှာလဲ ။
တချို့ ပြဇာတ်များ ဆိုရင် လူများ က စက်ဝိုင်းပုံ ရပ်နေစေ ၊ ဒိုးပတ်ဝိုင်း က သင့်လျော်ရာ တေးတစ်ပုဒ် ကို တီးမှုတ် နေစေတဲ့ ။ စာဖတ်သူ မှာ ခံစားလို့ရမယ် မထင်ဘူးလေ ။
အဖတ်ပြဇာတ် မထွန်းကား တာကတော့ -
တစ် - ပရိသတ် စုပြီးသား ရှိတဲ့ မဂ္ဂဇင်းတွေ က အားပေးမှု နည်းလို့ပါ ။
နှစ် - ပြဇာတ် ကို သူများ ရေး သလို ငါ လည်း ရေးတတ်တာပဲ ဆိုပြီး ထ ရေးကြပေမယ့် ပြဇာတ် ရေးရမယ့် ဇာတ်လမ်း နဲ့ ပြဇာတ် မရေးရမယ့် ဇာတ်လမ်း တောင် ခွဲခြား မသိဘဲ ရေးကြလို့ ၊ တကယ် ရေးတတ်သူ နည်းပါး လို့ ရယ်လို့ ပြောကြပါစို့ ။
သုံး - ရေးတတ်သူ က ရေးပြန်တော့ လည်း ပြဇာတ် ရဲ့ အညွန့်အတက် ကို ဖဲ့ ပြီး မှ ရေးနေကြရတဲ့ အတွက် ။
လေး - လေးအချက် ကတော့ ပရိသတ် စိတ်မဝင်စားလို့ပါ ”
“ ဇာတ်သဘင် နဲ့ ပတ်သက်ပြီး နောက်ကွယ် က အဖြစ်အပျက်တွေ ကို သရုပ်ဖော် ထားတာ တွေ့ရပါတြယ် ။ ဒီနေ့ ဇာတ်သဘင် လောက အပေါ် ဆရာ ဘယ်လို မြင်ပါသလဲ ”
“ ဇာတ်သဘင်တွေရဲ့ ချို့ယွင်းချက်တွေ ကို ဖော်ပြပြီး ဖြစ်ကောင်းတာ ။ ဖြစ်သင့်တာ ကလေးတွေ ကို ဟာသ ဝတ္ထုတိုတွေ ကျုပ် ရေးပေမယ့် အမျိုးသား အနုပညာရပ် တစ်ခု မှန်မှန် ကန်ကန် တိုးတက်ကြီးပွား စေချင်တဲ့ စေတနာ ပဲ ရှိတာပါ ။ ဘယ်လို မြင်တယ် ဆိုတာ အထိ ပြောလောက် တဲ့ လူ ဟုတ်မယ် မထင်ပါဘူး ။
ဇာတ်သဘင် ဟာ ဖွဲ ပုံ ပေါ် က ရဲတိုက် ပဲ ။
ကိုရင် ကြည့်လေ ၊ ဇာတ် တစ်ဖွဲ့ မှာ စာပေ နဲ့ အနီးဆုံး ပုဂ္ဂိုလ် ဟာ စာရေးဆရာ ပဲ ။ အဲဒီ စာရေးဆရာ ဟာ ဗုဒ္ဓဝင် ကို မှန်မှန်ကန်ကန် မသိဘူး ဆိုရင် ကိုရင် ယုံမလား ။ အဲလေ ... သူ တောင် မှ အဟုတ် မဟုတ်ရင် ကျန် တဲ့ လူတွေ မဟုတ်တာ ပြောမနေနဲ့တော့ ။
ဇာတ်အဖွဲ့ တစ်ဖွဲ့ ရုံဝင် က နိုင်ဖို့ အတွက် ရုံခ လည်း ကြီးတယ် ။ ရုံ ဆောက်စရာ မြေဈေး လည်း ကြီးတယ် ။ ပွဲကျ ပြန်တော့လည်း ဖျာနေရာ နေရာကောင်းတွေ က ပိုက်ဆံ မရရှာကြဘူး ။ အဲဒီ အခါမှာ ပွန်းပြတ် ပြတ်ကုန် တယ်လေ ။ ပွန်းပြတ် ပြတ်ကုန်တော့ ဘယ်သူ ဝင်လာသလဲ ၊ ငွေရှင် ပေါ့ ။ ငွေရှင် ဆိုတာ က ထုံးစံ အတိုင်း ငွေ အတွက်ပဲ မြင်တဲ့ ကြည့်တဲ့ အခါ သူ့ အိတ်ထဲ ရောက်နေတဲ့ အနုပညာသည်များ မှာ မတော်တာ တွေ လုပ်ကြ ရတော့တယ် ။ တချို့ ပညာသည်ကြီး တွေ မှာ သိပေမယ့် မလွန်ဆန်နိုင်လို့ ငြိမ် နေကြရတယ် ။
အချိန်မီ သတိရပြီး အမျိုးသားအနုပညာ မပျက်စီး မပပျောက်အောင် ကာယကံရှင် သဘင်သည် တွေ ကိုယ်တိုင် ထိန်းနိုင်ရင် ထိန်း ၊ မထိန်းနိုင်ရင် ရာစုတစ်စိတ် အတွင်း မှာ တောင်ရှည်ပုဆိုး နဲ့ ခေါင်းပေါင်း ဟာ ဇာတ်ခုံ ပေါ် က ပျောက်သွား နိုင်တယ် ”
“ ဇာတ်သမား တော်တော် များများ က “ ဝေဖန်ရေး ” ကို အော့ကြောလန်ကြတယ် ။ ကိုယ့် ကိုယ် ကိုယ် လည်း ဝေ ဖန်မှု မရှိကြဘူး ။ ဆရာ ဘယ်လို မြင်ပါသလဲ ”
“ ဝေဖန်ရေးကို ဇာတ်သမားများ သာ မဟုတ်ပါဘူး ၊ ရုပ်ရှင်သမား ၊ ဂီတသမား နဲ့ စာပေသမား လည်း အော့ကြောလန် တာပါပဲ ။ ကိုယ့် ကိုယ် ကိုယ် ဝေဖန်ရေး မလုပ်ကြတာ မှာ လည်း အတူတူပါပဲ ။ ဘာကြောင့်လဲ ဆို တော့ အများအားဖြင့် တိမ်တိမ် ကလေးတွေပဲ ။ ဘယ်လောက် အထိ တိမ်သလဲ ဆိုရင် ခြေဖမိုး တောင် မမြုပ် ဘူး ။
အနုပညာ မှာ ရိုးဖြောင့်တဲ့ ဝေဖန်ရေး ဟာ အလွန် လိုအပ်တာပေါ့ ။ ကျွမ်းကျင်ပြီး တင်ပြတတ်တဲ့ ဝေဖန်ရေး သမား ဆိုရင် ပိုပြီး အဖိုးတန် ပါတယ် ။ အခုတော့ သူတစ်ပါး ဝေဖန်တာ လည်း မခံနိုင် ၊ မိမိ ကိုယ် ကို ဝေဖန်ရေး လည်း မလုပ်ကြတော့ အနုတ် လက္ခဏာ မှာ ပဲ ကျောက်ချ နေကြပါပကော ”
“ ဇာတ်တစ်ဖွဲ့ ရဲ့ အရည်အချင်း ကို ဘာနဲ့ အကဲဖြတ်ကြမလဲ ။ မီးပစ္စည်း တွေ နဲ့ လား ၊ ဆက်တင် တွေ နဲ့ လား ၊ မင်းသမီး အား နဲ့ လား ၊ မင်းသား ချောတာ နဲ့ လား ၊ ပြဇာတ် ကောင်း တာ လား ၊ နှစ်ပါးခွင် နိုင်နင်းမှု နဲ့ လား ”
“ ဘယ် အနုပညာသည် ပဲ ဖြစ်ဖြစ် ထမင်း တစ်လုတ် အတွက် ပြည်သူ ကို အဆိပ် မကျွေးသင့်ပါဘူး ။ နယ်လှည့် ပြီး အဆိပ်တွေ ဖြန့်ဝေရာ မရောက်အောင် ၊ အရပ်တကာ လှည့်ပြီး မကောင်းမှု ကျူးလွန် နေကြတယ်လို့ အဆို မခံရအောင် လုပ်ကြဖို့ ၊ သတိထားဖို့ ကောင်းတာပေါ့လေ ။
ဇာတ်အဖွဲ့ တစ်ဖွဲ့ မှာ ဆက်တင် တွေ ၊ မီး တွေ ဟာ အဓိက မဟုတ်ပေမယ့် မပါရင် မပြီးတဲ့ အခြေကို ရောက်နေ ပြီ ။ အဆို ၊ အက ၊ အငို နဲ့ ဇာတ်စီး ဇာတ်နင်း နိုင်ခြင်း ဟာ အဓိက အနှစ်သာရပါ ။ ပိုက်ဆံ ရတာ ၊ မရ တာ နဲ့ တိုင်းတာ ရင်တော့ အမှန် ကို မရောက်ဘူးနော် ။
ကျုပ် ပြောခဲ့ပြီပဲ ။ ကျုပ် ဟာ ပိုက်ဆံ ရလို့ စာ ရေးတာ မဟုတ်ပါဘူးလို့ ။ စာ ရေးရင်း ရေးရင်း နဲ့ သိလာ ခံယူ လာ တာက စာပေ နဲ့ အလုပ်သမား ၊ လယ်သမား ၊ စာပေ နဲ့ နိုင်ငံတော် စာပေ နဲ့ နယ်ချဲ့ဆန့်ကျင်ရေး ပဲ ။ ဒီတော့ ကိုယ့် စေတနာ ကို ကိုယ် ယုံကြည် တဲ့ အတွက် စေတနာ နဲ့ ရေးတာပါပဲ ။
အတိုချုပ် ရရင်တော့ အကွပ်မဲ့ တဲ့ ကြမ်း ထဲ က အနိဌာရုံ တွေ ရှင်းလင်း သွားဖို့ အရေးကြီးဆုံး အခြေခံ က မျိုးချစ်စိတ် ပါပဲ ။ မျိုးချစ်စိတ် လို့ ဆိုတာနဲ့ တစ်ပြိုင်နက် သင့်လျော် လျောက်ပတ်တဲ့ အမျိုးသားယဉ်ကျေးမှု နဲ့ ခြေမြစ် ခိုင်မာ တဲ့ အမျိုးသား ဓလေ့ထုံးတမ်းတွေ ကို ရှင်သန်အောင် အားထုတ် ဖို့ ပါပဲ ။
ကျုပ် က ကိုယ်တွေ့ဗျ ။ ခြင်းယိုင် ခတ်ပညာ ထဲ က ခြင်းပေါက်တွေ ကို အမေရိကန် က လာတာ မဟုတ်လား လို့ မေးတာ နား နဲ့ ဆတ်ဆတ် ကြားရတယ် ။ တစ်ထောင် မှာ တစ်ယောက် ပါ လို့ ပြောပြော ၊ သန်း ၃ဝ မှာ တစ်ယောက် ပါ လို့ ဆင်ခြေ တက်တက် ပြေးတဲ့ အတွက် ထင်ကျန်ခဲ့တဲ့ ကန်ရာပဲဗျ ။
အဲဒါကြောင့် အမျိုးသား ယဉ်ကျေးမှု ဆုတ်ယုတ် နေတာ ကို ခေတ် နဲ့ အညီ တိုးတက်ခြင်းပဲ ၊ ခေတ်သဘော ပဲ လို့ မြင် မနေကြရင် အကွပ်မဲ့ တဲ့ ကြမ်း ထဲက အနုတ် လက္ခဏာတွေ လျော့နည်း ပပျောက် သွား ကောင်း ပါရဲ့ ”
“ ဒီနေ့ မြန်မာစာပေလောက ကို ဆရာ့ စာပေ အတွေ့အကြုံ အရ ဘယ်လို မြင်ပါသလဲ ဆရာ ”
“ စာပေ အတွေ့အကြုံ အရ ကတော့ ငွေ လိုချင်လို့ စာ ရေးတာ မဟုတ်တဲ့ လူ ဟာ ကြည်ညိုစရာ အကောင်းဆုံး ပါပဲ ။ ကျည်ဆန် တစ်တောင့် ဟာ လူ တစ်ယောက် ကို သာ သေစေပေမယ့် မကောင်းတဲ့ စာ ဟာ လူပေါင်း များစွာ ကို သေစေနိုင်တဲ့ အတွက် ငါ့ စာ ဟာ အဆိပ် မဖြစ်စေရဘူး ဆိုတဲ့ သစ္စာတရား ဦးထိပ် ထားတဲ့ လူ ကို ပိုပြီး ကြည်ညို ရပါတယ် ။
စာပေ ကို မြတ်နိုးမှု ၊ လေးစားမှု မရှိတဲ့ လူ ဟာ ဘယ်လောက်ပဲ စာတွေ ရေး နေနေ စာပေသစ္စာ ၊ စာပေရဲဘော် စိတ် အလွန် ခေါင်းပါး ပြီး ဘဝ တူ တွေ ကို ရန်သူ ထင် နေတဲ့ အတွက် ရွံစရာ ကောင်းပါတယ် ။ အဲဒါကြောင့် အဲဒီလို လူမျိုး နဲ့ ဆန့်ကျင်ဘက် လူ ဟာ ကြည်ညိုစရာ အကောင်းဆုံး ပါပဲ ။
စာပေလောက အတွေ့အကြုံ တွေ လျှောက် ပြောရရင် တော့ ဘာ တစ်လုံး မှ မသိတဲ့ မဂ္ဂဇင်း အယ်ဒီတာ တွေ အကြောင်း ပါ ကုန်လို့ ဘယ် မဂ္ဂဇင်း က မှ ကျုပ် စာတွေ မသုံးဘဲ နေပါဦးမယ် ။ ငွေသမား တွေ ဝင် နှောက်တဲ့ အတွက် စာပေ မှာ လည်း ခွကျ နေတာပါပဲ ။ ကျုပ်တို့ ဝမ်းသာအားရ တလေးတစား နဲ့ ကြိုဆိုရတဲ့ ကလောင်သစ် တချို့ ၊ သူတစ်ပါး ရေး ပေးတဲ့ စာကို ကိုယ့် စာ လုပ်ပြီး ထုတ်လာကြ တဲ့ အထိ ငွေသမား ဟာ နှောက် နေတာ ပါ ။
ဘာသာပြန် လုံးချင်းတွေ ရောင်းရတယ် ကြား တော့ အလိုလေး အင်္ဂလိပ်စာ ရော မြန်မာစာ ပါ ဘယ်ဟာ မှ ကောင်းကောင်း တတ်ပုံ မပေါ်တဲ့ လူတွေ က ပါ ထ ပြန်ကြတော့တာဆို ။ ဟုတ်ပြီ ။ ကောင်းကောင်းမွန်မွန် ဟုတ်ဟုတ်ဟတ်ဟတ် ပြန်ထားတဲ့ စာအုပ်တွေ ကော ၊ ဘာတွေလဲ ။ ဗိုက်အငှား နဲ့ ဓားထိုးခံ ဆိုတာ လို သူ တစ်ပါး ရဲ့ မကောင်းတဲ့ ယဉ်ကျေးမှု ကို စေတနာ့ဝန်ထမ်း ဖြန့်ချိ ပေးတာတွေ တွေ့ရတယ် ။ စုံထောက် ဝတ္ထု အောက် နိမ့်ကျတဲ့ သိပ္ပံစွန့်စားခန်း တွေ လည်း အများကြီးပဲ ။ ဖတ်မိရင် တော့ လက် က မချနိုင်ဘူး ။ ဖတ် လို့ လည်း ပြီးရော အိမ် လေး မှာ စိုးလို့ လွှင့်ပစ် လိုက်ရတယ် ။
ဒါပေမဲ့ ကိုရင် ရေ ... မဂ္ဂဇင်းတွေ ကတော့ တယ် အားရစရာ ကောင်းတာပဲ ။ အတွင်း က လည်း လှ ၊ အပြင် က လည်း လှ သိပ် လှတာပဲ ။ လုံးချင်း တွေ ကလည်း လှတာပဲ ”
“ ဒါဆိုရင် ကျွန်တော်တို့ ပေဖူးလွှာ မဂ္ဂဇင်း အပေါ် ဆရာ့ အမြင် အားမနာတမ်း ပြောပြစေချင်ပါတယ် ”
“ ပေဖူးလွှာ မဂ္ဂဇင်း ကို အပျော်ဖတ် ပါ လို့ ပြောနေသံတွေ ၊ ကျုပ် နဲ့ လာ ဆွေးနွေးတာတွေ ကြားနေ တွေ့ နေပေ မယ့် ကျုပ် မှာ ကိုရင် တို့ ကိုယ်စား ချေပ ချင် ပေမယ့် ချေပစရာ စကား ရှာ မတွေ့ဘူး ။ ဟုတ်တယ် လေ ၊ လေးနက် တဲ့ ဆောင်းပါး ၊ ကောင်းလှချေရဲ့ ပြောနိုင်တဲ့ ဝတ္ထု က အားလုံးသော မဂ္ဂဇင်း တွေ မှာ ရှားပါး ကုန်ပေါ့ကိုး ။
နောက်မှ စဉ်းစားမိတာ က တော့ နောက် က လိုက် လာရတဲ့ မဂ္ဂဇင်း တစ်စောင် ဟာ ရှေ့က လူတွေ ကို အမီ လိုက်ဖို့ ၊ ကျော်တက်ဖို့ အတွက် အပြစ် ကင်းတဲ့ နည်း နဲ့ ကြိုးစားဖို့ ဒီ လမ်းပဲ ရှိတာပဲလို့ ။ အခု စောင်ရေ ကလေး အတော် ရလာချိန် မှာ စာမူကောင်း ကို ဦးစားပေး တဲ့ သဘော နဲ့ ကလောင်သစ်တွေ ကို များများ သုံး လာပြီ လို့ ထင်ရတာပဲ ။ ကဲ ... တော်ရောပေါ့ ”
“ ဆရာ့ ဝေဖန်ချက် အတွက် ကျေးဇူး တင်ပါတယ် ဆရာ ။ ကျွန်တော် တို့ မဂ္ဂဇင်း မှာ ရွေးထားတဲ့ စာမူ တွေ က သုံးနိုင်တဲ့ အင်အား ထက် ရှစ်ဆ လောက် ပိုပါတယ် ။ ကလောင်သစ် တွေ ထဲ မှာ တကယ် အရည်အသွေး ရှိတဲ့ သူတွေ လည်း အများကြီး ပါလာတာ တွေ့ရပါတယ် ။ စာတည်းအဖွဲ့ က စိတ်ကြိုက် တွေ့ လို့ သုံးဖို့ ရည်ရွယ်ပြီး ရွေးထားသည့် တိုင်အောင် အလှည့်ကျ ဖို့ ရာ တော်တော်ကလေး စောင့်ရ ပါတယ် ။ ပေဖူးလွှာ က ကလောင်သစ် ၊ ဟောင်း မရွေးဘဲ နေရာပေး ကြိုဆိုပါတယ် ။ ဥပမာ ဆိုရင် “ မြနှောင်းညို ” ကို ပေဖူးလွှာ က စင်တင်ခဲ့လို့ “ အသည်းပန်း မှာ ဆူးတွေနဲ့ ရယ် ” ကို ရုပ်ရှင်လောက က တောင် တော်တော် စိတ်ဝင်စား တဲ့ အထိ အောင်မြင်ခဲ့ပြီပဲ ။ အဲဒီလိုပဲ လစဉ် ကလောင်သစ် တွေ ရဲ့ ဝတ္ထုတို ၊ ဝတ္ထုရှည် တွေ ကို သုံးတဲ့ နေရာမှာ လည်း အရည်အသွေး ပြည့်ဝ တာ တွေ တွေ့ရပါလိမ့်မယ် ။ နောင် လည်း ဒီထက် ပို ကောင်းအောင် ကျွန်တော် တို့ ကြိုးစားကြဦးမှာပါပဲ ။
အပျော်ဖတ် ဆိုတာ နဲ့ ပတ်သက်လို့ ကတော့ ကျွန်တော်တို့ ကျေနပ်ပါတယ် ။ ပေဖူးလွှာ ကို ဖတ်ရတဲ့ အတွက် စာချစ်သူ ရဲ့ ရင်ထဲ မှာ ပျော်သွားမယ် ၊ ကျေနပ်သွားမယ် ဆိုရင် ကျွန်တော်တို့ ကြိုးပမ်းရကျိုး နပ်တာပဲ မဟုတ်လား ဆရာ ။ တကယ်တော့ အပျော်ဖတ် အနေ နဲ့ သာမန် ဖတ်တဲ့ လူ တစ်ယောက် က သာ ပြောတာပါ ။ “ ကြည့် သော သူ သည် မြင်၏ ” ဆိုတာလိုပဲ တကယ် လေးလေးနက်နက် ဖတ်ကြည့် ရင် ရသ မြောက် တဲ့ စာတွေ အများကြီး ပါပါတယ် ။ ပေဖူးလွှာ လူကြီး ၊ လူလတ် ၊ လူငယ် ကြိုက် အားလုံး ဖြစ်အောင် စီစဉ် ထား တာပါ ။ ဆရာ့ ဝေဖန်ချက် ကို လည်း စာတည်းအဖွဲ့ ကို တင်ပြပါမယ် ။
ကျွန်တော့် အတွက် အချိန်ပေး ခဲ့လို့ ဆရာ့ ကို လည်း ကျေးဇူး အထူး တင်ပါတယ် ဆရာ ”
⎕ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၂၉
အောက်တိုဘာလ ၊ ၁၉၈၃ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment