Friday, August 23, 2024

သူခိုး ဓားရိုးကမ်း


 

❝ သူခိုး ဓားရိုးကမ်း ❞

“ ဟေ့ … မောင်သောင်း ၊ တယ် ဂိုက်များ နေပါကလား ၊ ပိုးလုံချည်အသစ် နဲ့  ၊ အောင်မာ ... အစ်တယ်တီယန်ကွတ် အပေါ် အင်္ကျီတွေများ ထုတ် ဝတ်လို့ပါကလား ၊ မင်း ဘယ် သွား မလို့လဲ ” ဟု သူငယ်ချင်းဖြစ်သူ မောင်ဘထွန်း က မေးလေလျှင် မောင်သောင်း သည် ပခုံးစွန်း နှစ်စွန်း ကို မြှောက်၍ ဟန်ပြင်ရင်း -

“ မမညွန့် ဆီပေါ့ကွ ” ဟု အသံပြတ် နှင့် ဖြေ လိုက်လေသည် ။ ဟု

“ ဪ … ဪ … အပျို ဆီ သွားမှာလိုက်လို့ကွာ ၊ ဂိုက်ထုတ်ရန်ကော ၊ ဒါ့ထက် မင်း နားရွက် ကြား ထဲ က ပေါင်ဒါတွေပါကလား ၊ ဖျက်ပါဦး ငါ့လူရာ ” ဟုပြောလျှင် ‘ ဟုတ်လား ’ ဟု မေးပြီး တို့ပတ်ပဝါ ဖြင့် နားရွက် ကို တိုက်လေ၏ ။

မောင်သောင်း သည် ဈေးရုံတွင်း သို့ ရောက်သော အခါ နှာခေါင်း ရှုံ့မိ၏ ။ ထို ရုံသည် မန္တလေးဈေးချို တွင် ရုပ်ချောဈေးသည် အပေါဆုံးဖြစ်လျက် ဈေးသည်များ သည် တစ်ခုလပ် ခြံကျော် မကျန် သနပ်ခါး ကို တစ်ကိုယ်လုံး ကြမ်းထားကြ၏ ။

သို့သော်လည်း သနပ်ခါး အနံ့သည် ငါးပိနံ့ ၊ ငံပြာရည်နံ့ တို့ နှင့် စစ်တိုက်ရာ အရေး နိမ့် သဖြင့် သခင်မ ၏ ပါးအနီးတွင်သာ ပုံ့ပုံ့ကလေး နေရရှာလေ၏ ။ ငါးပိ မှ စိမ့်ယိုသော ငါးပိရည် ၊ ငံပြာရည်အိုး နှုတ်ခမ်း မှ စီးကျသော ငံပြာရည် ၊ ဈေးသည် မမတို့ ငါးပိငါးခြောက် ကိုင်ပြီး လက်ဆေးသော ရေတို့ သည် ပေါင်းစု၍ သမံတလင်း ပေါ်တွင် စီးသွား နေကြ၏ ။ မောင်သောင်း သည် ချော်မလဲရန် ဂရုစိုက်ရသဖြင့် တဒေါက်ဒေါက် ဂိုက်ဖြင့် လျှောက်မည့် အကြံ ကို ဖျက်လိုက်ရပေသည် ။

မညွန့်မေ သည် ငါးရံ့ခြောက် ၊ ပုစွန်ခြောက် ၊ ငါးသိုင်းခြောက် ၊ ငါးပိ ဗျပ်များ ခြံရံလျက် ထိုင် နေလေ၏ ။ မညွန့်မေ မှာ ဖြူဖြူဝဝ ၊ အလွန် အချိုးကျသော အသက် ၃ဝ အရွယ် အပျိုကြီး ဖြစ်၏ ။ မညွန့်မေ သည် ကြည်လင် လှပသော မျက်လုံး ၊ နီရဲသော နှုတ်ခမ်း နှင့် ဖောင်းအိစိုပြည်သော တင်များ အတွက် အပျို ဖြစ်စက ယခုတိုင် ကျော်စော ခဲ့လေသည် ။ မညွန့်မေ သည် မောင်သောင်း ကို မြင်သည်နှင့် တစ်ပြိုင်နက် ရွှင်ပြုံးသွားပြီး −

“ ဪ … ငါ့ မောင်ကလေး လာပါပကောလား ၊ ထိုင်ဟေ့ အဲဒီရသေ့လျောင်း ပေါ်မှာ ထိုင်ကွယ် ၊ ဪ... ဪ ရေတွေ စိုနေပါပကော ၊ အင်း ... ဟောဒီ အဝတ်စုတ်နဲ့ သုတ်ပစ် လိုက် ” ဟု ပြောပြီး မျက်နှာသုတ်ပဝါစုတ်ကြီး တစ်ခု ကို ပစ်ပေးလိုက်၏ ။

“ မမညွန့် ဈေးရောင်း ကောင်းရဲ့လား ” ဟု ခုံ သုတ်ရင်းပြောပြီး စကားပြန် မစောင့်ဘဲ

“ မမညွန့် ဝယ်ပေးတဲ့ လုံချည် နဲ့ ကျွန်တော် နဲ့ လိုက်ကဲ့လား ” ဟု မေးရင်း ထိုင်လေ၏ ။

“ သိပ် ဂိုက်ကျတာပဲကွာ ၊ ငါ့ မောင် က အရင်က ထက် ပို ချောသွားပြီ ၊ မမ ကို ထပြ ပါဦးကွ ”

မောင်သောင်း လည်း မတ်တတ် ရပ်လျက် ပုဆိုးစ ကို ဆွဲထောင်၍ ပြလေ၏ ။

“ ဒါမှ ငါ့ မောင်ကလေးကွ ၊ ဒါကြောင့် မမ က ချစ်တာပဲ ၊ မကြာခင် ပိုးအင်္ကျီဝယ် ပေးမယ် ၊ ဆောင်းတွင်း  ကျတော့ ဘလေဇာ ဝယ်ပေးမယ်နော် ”

“ ကျွန်တော် က လည်းလေ မမညွန့် ချောတယ်  ထင်ရင် ပြီးရောပဲ ၊ မမညွန့် ဆင်တာ ဝတ်မှာပဲ ” ဟူသော စကားများ သည် “ ငါ တယ်ဟုတ်တဲ့ လူပဲ ၊ ဒါကြောင့်လည်း မမညွန့် ဟာ အသည်းစွဲချစ်နေတာပဲ ၊ မမညွန့် ချစ်လေ ၊ ငါ ကော်လေပဲ ” ဟူသော အကြံများ ပေါ်ပေါက် နေရာ စိတ် ထဲ မှ ပြူထွက် လာကြလေသည် ။

“ မမမောင်လေး ဘာစားမလဲ ၊ ဟေ့ … ပေါက်ဖော် မြီးရှည်ယူခဲ့စမ်း ၊ မောင်သောင်း ရော့ ၊ ယပ်ခတ်နေ ” ဟု ယပ်တောင်ကလေး ကို ယူပေးလေ၏ ။ မောင်သောင်း သည် မမညွန့် ၏ ချိုသာပုံ ၊ မိမိအား ချစ်ခင်ယုယပုံ ၊ ရုပ်လှပပုံ ၊ အသံသာယာပုံတို့တွင် ပျော်ရွှင်ခြင်း ကို တွေးနေခိုက် ယပ်ခတ် လိုက်ပြန်သဖြင့် ချိုရာသကာလောင်း ဆို သကဲ့သို့ သာ ရှိလေ၏ ။ ငါးပိနံ ၊ ငံပြာရည်နံ့များ ကိုလည်း မခံစားရတော့ ၊ ချွေးပေါက်ကလေးများ အတွက် လည်း စိတ်မဆင်းရဲ ရတော့ ။ မညွန့်မေ လည်း မိမိ ပြုစုပျိုးထောင်ခဲ့ရသဖြင့် လူပျိုမားမားကလေး ဖြစ်လာသော လူချောလူလှ မောင်သောင်းကို ကြည့်နေရသည့် အတွက် ဝမ်းမြောက်နေ၏ ။ မောင်သောင်း ဝတ်ဆင် စားသောက် နေပုံကို ကြည့်မြင်ရခြင်း တွင် အရသာပီတိ တွေ့ နေလေ၏ ။ တစ်နေ့လုံး ချွေးတလုံးလုံး ၊ ယပ်တဖျပ်ဖျပ် နှင့် ဈေးရောင်းခဲ့ရသည့် စိတ်၏ ဆင်းရဲခြင်း သည် နေရောင်ခြည် ရှေ့၌ ပျောက်ပြယ်သော ဆီးနှင်းလို ပျောက်ပျက်သွားလေ၏ ။ မောင်သောင်း အပေါ်၌ ချထားအပ်သော စေတနာသည် မိမိ နှင့် ဘာမျှ မတော်မစပ်သည် ကို လုံးလုံး သတိမရရှာတော့ချေ ။ ဆိုင်နားနီးချင်း မှ အေးစိန် ၊ လှရင် ၊ တင်မေ ၊ ဒေါ်ထွေး တို့သည် မျက်ရိပ်ပြ၍ လည်းကောင်း ၊ စကား တီးတိုး၍ လည်းကောင်း ။ “ လင်တော်မောင်ကလေး လာလို့ ပျော်နေပြီဟေ့ ၊ တော်တော် လာတဲ့ အပျိုကြီးပဲ ။ ဒါကြောင့်လည်း ကောင်ကလေး စွဲနေတာပေါ့ ၊ အရှက် လည်း မရှိကြဘူး ၊ ကြည့်စမ်း ... ကြည့်စမ်း ၊ မောင်ကလေး က သူ့ပန်း ခေါင်း က အတင်း ဖြုတ်ယူပြီး ပြောင်နေတယ် ။ လူတွေ ကလည်း လာလိုက်ကြ ၊ အရှက် လည်း မရှိဘူး ” စသည်ဖြင့် ကဲ့ရဲ့ နေကြသည် ကို မရိပ်မိရှာချေ ။

ညနေ ဈေးသိမ်း လျှင်လည်း မောင်သောင်း နှင့် မညွန့်မေ တို့သည် မြင်းရထား အတူတူ စီး၍ ဝါးတန်းလမ်း က ဖြတ်ပြန်လျှင် လမ်းလျှောက်၍ ပြန်ကြသော ငါးပိတန်း က ဈေးသည် များသည် “ ဟေ့... စိန်ရေ ၊ ဟော့ဟို မြင်းရထားထဲမှာ စုံတွဲ ပါသွားပါပကော ၊ တစ်ခုံ တည်း စီးသွားတာ စိန် ရဲ့ ။ သူတို့ က ကပ်နေတာပဲ ၊ ဒါနဲ့များ မောင်လိုနှမလို တဲ့ စိန်ရယ် ” ဟု ပြော သော စကားများ ကို မညွန့်မေ ကြားရန် နား တစ်ပေါက် နောက်ထပ် ဖောက်ပေးရမည် ကဲ့သို ရှိနေလေ၏ ။

မောင်သောင်း သည် မိမိ အိမ်သို့ မပြန်သေးဘဲ မညွန့်မေ တို့အိမ် ၌ ထမင်း စား၏ ။ “ မောင်သောင်း စားကွယ့် ၊ ဟင်းကလည်း သိပ် မကောင်းဘူး ၊ ဟောဒါ ပဲသီးဟင်းချို ၊ ရွှေပုစွန်နဲ့ ချက်ထားတာ ။ ဒါက မန်ကျည်းသီးစိမ်းချက် ၊ မင်း ဘက်က ဟာက စားတော်ပဲ နဲ့ မျှစ်ကြော် ထားတာကွဲ့ ၊ ငါးရံ့ခြောက်ကြော်နဲ့ လိုက်တယ်ရော့ ” ဟု ပြောကာ ငါးရံ့ခြောက်ကြော် များကို မောင်သောင်း ပန်းကန် ထဲ သို့ ထည့်လေ၏ ။ “ ဘဲသားဟင်း သွားဝယ်တာ ကြာလိုက် တာ ၊ ဟော ... ပြောတွင်းဆိုတွင်း ရောက်လာပြီ ။ မေမေ လည်း စားလေ ” ဟု မိခင်ကြီး အား ပြောပြီး ဘဲသားများ ကို မောင်သောင်း ပန်းကန် ထဲ သို့ ချပြန်လေ၏ ။ မိခင်ကြီး ကိုကား အတူတူ စားနေကျ ဖြစ်၍လော မသိရာ ဘာမျှ အရေး မလုပ်ပေ ။

••••• ••••• •••••

‘ ရွှေဝသွား ပါးလိုက်တဲ့ ဆောင်းပါးလေ ၊
လွမ်းသူ့စာခွေ ၊
သည်စာခွေ အထွေထွေ ပါလေရဲ့လား ၊
စီလို့သာ ကုံးရ ၊
စာလုံး တယ်မလှလေဘူး ၊ မိန်းမလက်ရေး ’

“ ကဲ ... မမ ဆို ပြီးပြီ ၊ မောင်သောင်း အလှည့် ကျန်တော့တယ် ဆိုလေ ၊ အို ... ဆိုပါ ဆိုနေတာ ” ဟူသော သီချင်းသံ နောက်မှ လိုက်လာသော စကား သည် မန္တလးမြို့ ရိုး အရှေ့ဘက် ကျုံးလမ်း ပေါ်တွင် တဂျုန်းဂျုန်း တခွမ်းခွမ်း ပြေးနေသော မြင်းရထား ထဲ မှ သာယာစွာ ပေါ်ထွက် လာသော အသံ ဖြစ်လေသည် ။

“ မမ က ဘယ်သူ့ ဆီများ စာရေးလိုက်လို့တုံး မမ ရဲ့ ”

“ ဪ …  မောင်သောင်း ကလည်း သီချင်း ရှိလို့မို့ ဆိုရှိတာပေါ့ ၊ ကဲပါ ... သီချင်း သာ ဆိုပါ ” ဟု ပြောလေ၏ ။

“ အောင်မာ … မဆိုဘူး ၊ မမ ဘယ်သူ့ဆီ စာပေးသလဲ ၊ မပြောရင် မဆိုဘူး ၊ ပြောပါ မမရ ”

“ အို … မောင်သောင်း ကလည်း ဘယ်သူ့ ဆီ မမ ပေးရမှာလဲ ၊ သီချင်း သာ ဆိုပါကွာ ။ မဆို ရင် မမ က ခေါင်းပုတ် လိုက်မှာနော် ”

“ ပုတ်ချင်ပုတ်လေ ရော့ ” ဟု ခေါင်းငုံ့ ၍ မညွန့်မေ ၏ ရင်ခွင် ဆီသို့ ခေါင်းထိုးပေး
လေ၏ ။

“ တောက် … ကောင်လေး ၊ ပုတ်လိုက်ရ သေသွားရော့ ၊ မပုတ်ပါဘူးတဲ့ ဆရာသောင်း ရယ် ” ဟုပြောကာ ခေါင်းကလေးကို လက်ဖြင့် ယုယစွာ မ , သယ်ပြီး မောင်သောင်း ၏ ကျော ကို ပွတ်ရင်း

“ ဘုရား ကို စူးစေရဲ့ ၊ မမ မှာ ဘယ်က ရည်းစား မှ မရှိဘူး ၊ ကဲကွာ ... သီချင်း သာ ဆိုပါ ” ဟု ပြောလေ၏ ။ ရထားကြီး ကလည်း ချိုင်းခနဲ ခုန်လိုက် သဖြင့် မောင်သောင်း သည် တခြား ဘက်သို့ လဲသွားမည်ရှိရာ မညွန့်မေ သည် ဖက်ထား လိုက်ရလေ၏ ။

မညွန့်မေ ၏ လက်မောင်း နှင့် ကိုယ် ၏ ပူနွေးသော အငွေ့သည် မောင်သောင်း အား မျက်စိ ပြာသွားစေ၏ ။ အေးမြသော လေပြည်ကလေး သည် ရေပြင် ကို ဖြတ်၍ တိုက်လာရင်း ယူဆောင် လာသော ပူနွေးသည့် ရေငွေ့ ဓာတ်ကို ခံယူရသည် ထက် ပို၍ စည်းစိမ်ရှိ၏ ။ မညွန့်မေ သည် လက်များ ကို ရုပ်သိမ်း လိုက်မှ မောင်သောင်း သည် ဆယ့်ခြောက်နှစ်သား မောင်သောင်း ပြန်ဖြစ်ပြီး ( ဝါ ) မမညွန့် ၏ မောင်ကလေး ပြန်ဖြစ်ပြီး -

“ မမ ရာ ဟောဒီကျုံး ၊ ဟောဒီမြို့ရိုး ၊ ဟောဟို ပြအိုး ၊ ဟောဟို တန်ဆောင်း ၊ ဟောဟို က နန်းတော် ၊ ဟိုဘက် က ဗဟိုရ်စည်တွေ မြင်ရလျက် က နဲ့ ဗဟိုရ်စည်သံတော့ မကြားရတော့ဘူးနော် ၊ အဲဒီတော့ -

ရွှေဗဟို စည်သံများကိုလ ၊
မကြားရ ကြာချေပြီ ၊ လေးလ ရာသီ ၊
တိုင်းဌာနီရယ်လေ ၊ မဟုတ်ကယ်ပါပြီမို့ ၊
ကြက်သံကို ပဟိုရ်ပြုရတယ် ၊
( မမရယ် ) ( မမညွန့်ရယ် ) တောသူရွာမို့ ၊

လို့ ဆိုရတော့မှာပဲ ၊ ကျွန်တော်တို့ ရတနာပုံမြို့ကြီး ဟာ ပဟိုရ်စည်သံ နဲ့ ဝေးတဲ့ တောလက်ကျေး ဖြစ်ပြီ မမညွန့် ရဲ့ ”

“ မမတို့ မန္တလေးမြို့ကြီးဟာ ချမ်းအေးပူအိုက် ၊ ခြင်ကိုက် ဖုန်ထူ ၊ နေပူလွန်းတဲ့ အရပ်ဖြစ်နေပြီ ၊ ဟိုရှေးငယ်တစ်မူနှင့် မတူလေဘဲ

မာလာရုံကွန်းမှာလ ၊ ချွေညွှန်းပျံကြူ ၊
ဟိုရှေးငယ်တစ်မူနှင့် မတူလေဘဲ ၊
ပေါရံချွဲငယ်နှင့် ၊ သဲဝါပုံဆောင် ၊
သီပေါသခင် ၊
ဘမဟာကွန်းမှာလေး ၊
ထွန်းနေလရောင် ၊
ဆိုဆိုပေသားငယ်နှင့် ၊ ပျိုနားမထောင် ၊
ရိုးပြာမြေ တိုင်အောင်ပ ၊ ကြံရွယ်ဟောင်း ၊
ရှေးသူကောင်းငယ်တို့ ၊ ပုံသက်သေ ၊
နိမှ သောင် ၊ နောင်မှ သိမယ်လေး ၊
ထုံးရှိလျက်ပေ ”

စသည်ဖြင့် ရသမျှ ဘောလယ် မှ ထုတ်ဆိုပြီး မြို့ရိုး ငေးစိုက်ကြည့် နေသော မညွန့်မေ သည် ပူဆွေးဟန် လက္ခဏာ ရှိလေ၏ ။

“ မမ ၊ ကဲ ... တောင်ပေါ် တက်ကြစို့ ”

“ အို လူတွေ က တယ်ပေါပါကလား မောင်သောင်း ရာ ”

“ ပေါတော့ ပျော်တာပေါ့ မမညွန့် ရာ ၊ လာလာ တက်ကြစို့ ” ဟု ပြောဆိုကာ မောင်သောင်းနှင့် မညွန့်မေ တို့သည် ဘေးပန်း ယှဉ်ကာ တက်သွားကြလေ၏ ။ လမ်းနံဘေး စီတန်း ထိုင်နေကြသော လူပျိုကလေးများ သည် မညွန့်မေ ကို စိုက်ကြည့်ကြလေ၏ ။ မောင်သောင်း သည် မညွန့်မေ ကို ကြည့်ရမည်လော ဟု ဒေါသ ထွက်၏ ။ မျက်စောင်း ထိုး၍ ကြည့် ၏ ။ ၎င်းတို့ အား ကျော်တက်မိ လေလျှင် -

“ ယောက်ဖ ” ဟု နောက် မှ ခေါ်သံ ကို ကြားလိုက်ရလေ၏ ။

မြတ်စောညီနောင်ဘုရား သို့ ရောက်သောအခါ ဘုရားဖူးကြလေ၏ ။ ဗေဒင်ဆရာ တစ်ယောက် သီဟိုဠ် ( သီရိလင်္ကာ ) ပြန် နှင့် တွေ့သဖြင့် မညွန့်မေ သည် မောင်သောင်း ကို အနား တိုးလာဖို့ ခေါ်ပြီး

“ မောင်သောင်း ရေ ၊ မမ ဗေဒင် မေးချင်တယ်ကွာ ”

“ မေးတာပေါ့ မမ ရဲ့ ၊ သီဟိုဠ် ( သီရိလင်္ကာ ) ပြန်ဆိုတော့ တော်တော် မှန်မှာပဲ ၊ ကျွန်တော် လည်း မေးမယ်နော် ”

“ မမ မောင်သောင်း ကို ဖွင့်ပြောစရာ တစ်ခုရှိတယ် ။ အရေး သိပ်ကြီးတာပဲ ၊ ဒီ စကား ကို ဘယ်သူ့မှ မပြောရဘူး ၊ မပြောပါဘူးလို့ သစ္စာ ဆိုရင် မောင်သောင်း ကို ဒီစကား ပြောပြီး ဗေဒင်မေးမယ် ”

“ မမ က မပြောစေချင်ရင် ကျွန်တော် က ဘာလို့ ပြောရမှာလဲ ။ ကဲ ဘုရားမှာ သစ္စာဆိုမယ် ၊ မမ က သစ္စာတိုင်ချေ ”

“ တပည့်တော် မောင်သောင်းသည် ( တပည့်တော် မောင်သောင်းသည် ) ၊ မမညွန့် ပြောသမျှကို ( မမညွှန့်ပြောသမျှကို ) ၊ ဘယ်သူ့မှ ဖွင့်မပြောပါ ( ဘယ်သူ့မှ ဖွင့်မပြောပါ ) ၊
ဖွင့်ပြောမိပါသော် ( ဖွင့်ပြောမိပါသော် ) ... ”

ထိုသို့ ဘုရားရှေ့တွင် သစ္စာပြု နေကြသည် ကို တောင်ပေါ် သို့ တက်လာကြသော အေးစိန် ၊ လှခင် ၊ တင်မေ တို့ လူစု သည် မြင်လျှင် “ စိန် ရေ ၊ ဟော့ဟို မှာ စုံတွဲ ဘုရားဖူးပြီး သစ္စာနှံ နေကြ ထင်ပါ့ကွယ် ၊ အပျိုကြီး မို့ စောစောက မစွံခဲ့သမျှ အတိုးနှင့် ချွဲနေတာပါ ၊ မြမျိုးလွင် ရဲ့ တပည့်မတွေများလား မပြောတတ်ပါဘူး စိန်ရယ် ” ဟုပြောပြီး တစ်ယောက် ကို တစ်ယောက် တံတောင် နှင့် တွက်ပြီး ဆက် တက် သွားကြလေ၏ ။

“ ( ဖွင့်ပြောမိပါသော် ) ၊ လူအညွန့် တုံးပါ စေသော် ( လူအညွန့် တုံးပါစေသော် ) ” ဟူ၍ ဆုတောင်းကြ၏ ။

“ မောင်သောင်း ” ဟု ဆွဲကြိုး ကို လက်တစ်ဖက် ဖြင့် ကိုင်၍ “ မမ ယုံလို့ ပြောပြီနော် ” ဟု မညွန့်မေ က ပြောလေ၏ ။

“ ပြောမှာသာ ပြောပါ ၊ မမညွန့် ရယ် ” ဟု လက်တစ်ဖက် ထောက်လျက် မေးငေါ့ကာ နားထောင်နေလေ၏ ။

ညွန့်မေ သည် မျက်တောင်ကို စင်းထားပြီး “ ဒီလိုကွယ့် ၊ မောင်သောင်း နှင့် မမ လေ ဒီလော က်ကြာကြာ ချစ်ခင်နေကြပေမဲ့ ( မောင်သောင်း အသည်းနှလုံး သည် တဒိတ်ဒိတ် ခုန်နေလေ၏ ။ ) မမ ရဲ့ နောက် က အဖြစ်အပျက် ကို မောင်သောင်း မသိဘူးနော် ” ဟု ပြောပြီး မျက်စိ ကို လက်ညှိုးဖြင့် ပွတ်လေ၏ ။

“ မသိတာ မမညွန့် က မပြောဘဲကိုး ”

“ အေး အေး ၊ ခုတော့ မမပြောမယ် ၊ အရင်ကတော့ ပြောလို့ မတော်သေးလို့ပေါ့ ။ မမတို့ မှာ လေ အခု ငွေ သိပ် ကျပ်တာပဲ ၊ ဈေး ရောင်းတာ ကလည်း ခုနေအခါ သိပ် ပါးတာပဲကွယ် ၊ တစ်ခါတစ်ရံများကွယ် သနပ်ခါးဖိုး မှ မကျေဘူးကွ ။ တစ်ခါတစ်ရံ အိမ် က မြင်းရထားခ တွေတောင် စိုက်ရသေး ၊ ဒီတော့ မောင်သောင်း မပါလာရင် မမ ခြေကျင် လျှောက်တာပဲ ”

“ မမညွန့် ရယ် ကျွန်တော့် အတွက် နဲ့ ဖြင့် မြင်းရထားကြီး ၊ ဘာကြီး နှင့် မလုပ်ပါနဲ့ ၊ ကျွန်တော် ခြေကျင် ပဲ ”

“ ဪ … မောင်သောင်း တို့လို လူပျိုကလေးတွေ ဆိုတော့ ဟန်ပေးနိုင် မှ တော်ကာ ကျတာပဲ ။ အိမ် က မေမေများ ဈေး လာရင် ဘယ်တော့ဖြစ်ဖြစ် ခြေကျင် ပဲ လာရှာတာကွဲ့ ၊ ခုလို ဆင်းရဲတာဟာ တခြားကြောင့် မဟုတ်ဘူး ၊ မမ တို့ အဖေ နေမကောင်းလို့ ”

“ အို …  နို့ မမညွန့် က မမညွန့် ဖေဖေ ဆုံးပြီးပြီ ဆို ”

“ ဒါက အကြောင်း မပြောချင်လို့ဘဲ ၊ မမတို့ အဖေ ဟာ ဟိုဘက် ဘုရားကြီး ရှမ်းဈေး ထဲမှာ ကောကွဲ့ ၊ မင်းတိုင်ပင်အမတ် ဦးမောင်မောင်ကြီး တို့ အိမ်နား မှာပေါ့ ၊ သူတို့ က ဝံသာနု တွေ ထဲ မှာ နေတယ် ၊ မမ တို့ က ၂၁ ဦး ဆိုတော့ ဝါးတန်း မှာ နေတယ် ။ မမ ဖေဖေက ဦးလူလှ တဲ့ ၊ ပွဲစားကြီး ၊ ပစ္စည်း ပေါတယ် ”

“ ဪ … နို့ ဘာဖြစ်လို့ ကွဲလာကြတာလဲ မမညွန့် ရဲ့ ”

“ မမ တို့ ဖေဖေ က မိန်းမငယ် နေလို့ပေါ့ကွာ ၊ လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းက မင်းတို့ ငယ်ငယ်ကလေး ရှိဦးမှာပေါ့ ၊ ဟို သြဘာသောင်း တို့ အငြိမ့်ထဲ က ပွဲဦးထွက်ခင်ကြည် ဆိုတာ ရှိတယ် ။ မမတို့ ဖေဖေ က အစမှာတော့ အပျော်အပါး သက်သက် ဆိုပြီး ခင်ကြည့် ကို ပိုးတယ် ၊ နောက် မယားငယ် အဖြစ်နှင့် အိမ်ငှား ထားတယ် ၊ ဒီတော့ မေမေ လည်း အသိသားပဲ ။ သို့ပေမဲ့ ဘာမှ မေမေ က ဖေဖေ့ ကို အပြစ် မဆိုဘူး ။ နောက် ခင်ကြည် တို့ က ဆေး နဲ့ လုပ်တယ် ထင်ပါရဲ့ကွယ် ၊ ဖေဖေ က ခင်ကြည် ကို သိပ်စွဲနေရော့ ၊ ခင်ကြည် ပြောသမျှ နားထောင်တာပဲ ၊ ခင်ကြည် ကို တစ်နေ့ မတွေ့ ရ မနေနိုင် ဖြစ်နေတာပေါ့ ၊ မကြာခင် ခင်ကြည် ကို အိမ် ခေါ်လာ ပါလေရော့ကွယ် ၊ ဒီတော့ မေမေ က ဆူတာပေါ့ ။ ဆူပေမဲ့ ကျွဲပါးစောင်းတီးပဲ ဖြစ်နေတာပဲ ”

“ ဟာ … မမ နှယ် လူပျက်ဘလှိုင် ပြောသလို ဒိန်းဒလိန်းနတ် စွဲနေပေါ့ ထင်ပါရဲ့ ”

ညွန်မေ သည် ပါးအို့လေးများ ပေါ်တွင် အချိုင့်ကလေးများ ပေါ်လာအောင် ပြောပြီး

“ အေး ... ဒါထဲကပဲ ၊ နောက်လေ သူ့ မယားငယ် ကို မမ က မခေါ်လား ဆိုပြီး ဖေဖေ က ကြိမ်းတယ် ၊ ရုပ်ရှင် သွားလည်း အတူတူ သွားရမတဲ့ ။ တစ်ခါ ဆိုင်းတန်းရုံ မှာ ရုပ်ရှင်သွား ကြည့်တော့ သူ့ မယားငယ်လေး နှင့် အတူတူမို့ မမ က ‘ အငြိမ့်မင်းသမီး ဖက်ခွက်စား နှင့် အတူတူ မသွားချင်ဘူး ’ ဆိုတော့ မမ ကို ရိုက်လိုက်တာလေ ၊ မမ လည်း ဘယ်တော့မှ စိတ်မချမ်း သာရဘူး ၊ တို့ ဖေဖေ က မယားလေး စကား သာ နားထောင်တယ် ။ လူတကာ က ဦးလူလှ ကတော့ ဆေးမိပြီ ပြောကြတာပဲ ။ မေမေ့ ကို ခဏခဏ ရန်လုပ် ၊ ဆဲမောင်း ပုတ်မောင်း လုပ် ရော့ ၊ မေမေ လည်း မမ အတွက်နှင့် စိတ်မအေး ၊ သူ့ အတွက် စိတ်မအေးမို့ ငတ်ချင် ငတ်ပေ စေတော့ ၊ အေးရာ သွားမှပဲ ဆိုပြီး ပြောင်းလာခဲ့ကြတာပဲ ။ တို့ ဖေဖေများ ဘယ့်လောက် အသည်း နာစရာ ကောင်းသလဲ ၊ သူ မယားကလေး သာ ဂရုစိုက်တာပဲ ၊ တို့ ထွက်သွားတာ သူ သတိရနိုး ရနိုး နဲ့ စောင့်နေတာ ၊ အခု ထက်တိုင်ပါရောကွာ ။ ဪ ... တစ်ခု ကျန်သေးတယ် ၊ တို့ ဖေဖေ က မမ ကို ယောက်ျား ပေးစားမယ် လုပ်ရော ၊ မမ က လည်း သူ ပေးစားတာ မလိုချင်လို့သာပြီး အိမ် က ဆင်းဖြစ်တာပေါ့လေ ”

“ ယောက်ျား က ဘယ်ကလဲ ”

“ အို ... မပြောပါရစေ နဲ့တော့ကွာ ၊ မမ ထက် နည်းနည်း ကြီးတယ် ။ သို့ပေမဲ့ မကြိုက် လို့ မယူတာဘဲ ”

“ ငယ်ငယ်ကြီးကြီး မမ ရယ် ၊ ကြိုက်မှ ယူတာပေါ့ ”

“ အေးပေါ့ကွ ၊ ဒါနဲ့ တို့ ဝါးတန်း မှာ နေတယ် ၊ ပါလာတဲ့ ပစ္စည်းကလေး ထုခွဲပြီး အိမ်ဝယ် ၊ ဆိုင်ဝယ် နေကြတာပဲ ။ ခုတော့ ဆိုင် က အလကား လိုလို ဖြစ်နေတာပဲ ၊ ဒီတော့ တစ်နေ့က ဓာတ်ဆရာ တစ်ယောက် နဲ့ တွေ့တယ် ။ ဒီဓာတ်ဆရာ က ဖေဖေ့ မှာ ဆေးမိ နေတာ ကို ပျောက်အောင် လုပ်ပေးမယ်တဲ့ ။ မမတို့ကို ပြန်ခေါ်စေမတဲ့ ၊ ငွေ ကလည်း ၃ဝဝ တောင်
ပေးရမတဲ့ ၊ မမ တို့ ဆိုင်ထားတယ် ။ ငွေ က လည်း လက်ထဲ မရှိသေးတော့ တကယ်လို့ ပေါင်နှံပြီး လုပ်လိုက်ရင် ရမှာပေါ့ ။ သို့ပေမဲ့ ဟန်ကျမယ့် ဇာတာ မရှိရင် ဖွတ်မရ ဓားမဆုံး ထဲ က နေမှာ ကြောက်တယ် ။ ဒီတော့ ဗေဒင်ဆရာ ကို မေးမယ်ကွယ် ၊ သေချာရင် ငွေ ၃ဝဝ ကျပ်ကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် ရှာပေးလိုက်မယ် ”

“ ကောင်းသားပဲ မမရာ ၊ မေးတာပေါ့ ။ ကဲ ကဲ ... သွားကြစို့ ဗေဒင်ဆရာ အနားကို လေ ” ဟု ပြောပြီး စားပွဲပုကလေး နောက်၌ တင်ပျဉ်ခွေလျက် ထိုင် နေသော ဗေဒင်ဆရာ အနီးသို့ ကပ်ကြလေ၏ ။ ဗေဒင်ဆရာကြီး သည် ရွှေကိုင်းတပ် ကျောက်သလင်း မျက်မှန်ကြီး ကို တင်ထားလေ၏ ။ ခေါင်းပေါင်း မှာလည်း အစိမ်းကြီး ဖြစ်၏ ။ စားပွဲပေါ်၌ ကျောက်သင်ပုန်း တစ်ချပ် နှင့် ကျောက်တံတို တစ်ချောင်း ရှိလေ၏ ။

“ ကြွကြပါ ၊ ကြွကြပါ ၊ အဲ အဲ ” ဟု ဗေဒင်ဆရာ က နေရာပေးလေ၏ ။

ထိုင်၍ ဗေဒင် မေးကြလေရာ ညွန့်မေ ၏ ကြံစည်ချက်သည် ဧကန်မုချ ငါးလ အတွင်း အောင်ရလိမ့်မည် ဖြစ်ကြောင်း ၊ လာမည့် တော်သလင်းလဆန်း ၉ ရက်နေ့ နံနက် ၅ ချက်တီး အချိန်တွင် ဓာတ်ရိုက် ဖို့ သင့်ကြောင်း ၊ ဆေး အင်း အိုင် စီစဉ်သင့်ကြောင်းများ ကို ဟောလိုက် သဖြင့် ညွန့်မေ သည် အလွန် ဝမ်းမြောက် နေလေ၏ ။ ဗေဒင် ၁၅ မူး ပေးခဲ့ကြ၏ ။

“ ကဲလာ ၊ မောင်သောင်း ဆင်းကြစို့ ” ဟု ပြောပြီး မြင်းရထားဖြင့် ပျော်ရွှင်မြူးထူးစွာ သီချင်း တကြော်ကြော် ဆိုရင်း ပြန်ကြလေ၏ ။

••••• ••••• •••••

“ မမညွန့် ကနေ့ည ရုပ်ရှင် သွားကြည့်ရအောင် ” ဟု ပြောပြီး မောင်သောင်း သည် ဟင်းချိုဇွန်း ကို တောင်ခနဲ ချလိုက်လေ၏ ။ ထမင်းလုတ် ကို ပါးစပ် ထဲ မသွင်းသေးဘဲ ပြန်စကား စောင့်နေ၏ ။

“ မမညွန့် မအားဘူးကွာ ၊ နောက်မှ သွားတာပေါ့ ” ဟု သရက်ချဉ်သုပ် ကို ထမင်းထဲ မြုပ်ရင်း ပြောလေမှ -

“ ဘာလုပ်စရာ ရှိလဲ မမညွန့် ရယ် ၊ ဒီနေ့ နောက်ဆုံးနေ့ မမညွန့် ရဲ့ ၊ ပဲရော့ က ‘ အပျိုကြီး ’ ဆိုတဲ့ကား ကောင်းတယ်လို့ ပြောကြတာပဲ ”

ညွန့်မေ တွေနေလေ၏ ။ ၎င်း၌ ငွေ ၁ ကျပ် သာ ရှိ၏ ။ သွားခလာခ ပွဲကြည့်ခ ဖြင့် ငွေ ၁ ကျပ် ဘယ်နည်းနှင့်မျှ မလောက်နိုင် ။ ထိုငွေ ၁ ကျပ် သုံးလိုက် ပြန်ကလည်း နက်ဖြန် အခက်အခဲ တွေ့ဖို့ ရှိ၏ ။

“ ဒါဖြင့် မောင်သောင်း ချည်းသွားပေါ့ ၊ မမ ပိုက်ဆံ ပေးလိုက်မယ် ”

“ အို … ကျွန်တော် တစ်ယောက် တည်း တော့ မသွားဘူး ၊ မမ လိုက်မှ သွားမှာ ။ သွားရ အောင် မမ ရ ”

ညွန့်မေ သည် မောင်သောင်း ကို စိတ် မညှိုးငယ်စေလို ၊ မောင်သောင်း စိတ်တိုင်းကျလျှင် မိမိ လည်း စိတ်တိုင်းကျ၏ ။ မောင်သောင်း ကျေနပ်အောင် နည်းလမ်း ရှာလေ၏ ။ ဖောင်တိန် ကလေး သည် ‘ သခင်မ ကျွန်တော် ဟာ သခင်မ အတွက် ဘာမျှ ဆောင်ရွက်မပေးရပါ ။ သခင်မ မှာ ကျောင်းသူ လည်း မဟုတ် ၊ စာတိုက်စာရေး လည်း မဟုတ် ။ ကျွန်တော့် ကို သိပ် အလိုမရှိ ထင်ပါသည် ။ ကျွန်တော် သည် ဂန္ဓာလရာဇ်တိုင်း က မိတ်ဆွေများ နှင့် အတူတူ တစ်လ ၊ နှစ်လ နေရလျှင် သခင်မ မှာ ယခုလိုသော ငွေ ကို ရနိုင်ပါလိမ့်မည် ’ ဟု မိမိ အား ပြောနေသည်ဟု ထင်မှတ်လေ၏ ။

“ ပဲရော့ က တဲ့လား ”

“ ဟုတ်တယ် မမ ”

“ ဒါဖြင့် သိပ်ကောင်းမယ် မထင်ဘူး ”

“ ဒီ ကားတော့ တော်တယ်လို့ ဘထွန်း က ပြောတာပဲ ”

“ ကဲ ... ဒါဖြင့် သွားကြမယ် ”

“ အပျိုကြီး ” ဇာတ်ကား ကြည့်ကြသောအခါ ခင်နု သည် အပျိုကြီးတို့ ဓမ္မတာ လင် လို ချင်ပါ သော်လည်း မျိုသိပ်ခါ နေ၍ အောင်ခင် ကို တိတ်တိတ်ပုန်း ကြိုက်နေပုံ ကို မြင်ရသော ညွန့်မေ သည် ‘ အုံ့ပုန်းမ ’ ဟု ကဲ့ရဲ့ပြစ်ဆို၏ ။ တစ်ခါတစ်ရံ အောင်ခင် နှင့် မောင်သောင်း ၊ မိမိ နှင့် ခင်နု ယှဉ်ကြည့်သော်လည်း မောင်သောင်း မှာ အောင်ခင် ထက် အပုံကြီး ငယ်ပါကလား ဆိုပြီး ဖောက်ပြန်ခြင်း ကို တားမြစ်ရတော့၏ ။ မောင်သောင်း ၏ စိတ်ကား မဆွတ်ခင်က ညွှတ်ချင်သော ပန်း နှင့်တူ၏ ။ နဂိုကပင် ဆန်းပြားချင်သော စိတ် သည် “ အပျိုကြီး ” ဇာတ်ကား မှ လမ်းစ ရလာသော အခါ ခင်နု က အောင်ခင် အား နောက် တစ်နေ့၌ ချစ်ကြောင်း ကြိုက်ကြောင်း ဖွင့်ဟ ပြောသလို မမညွန့် ကလည်း မိမိ အား ချစ်ကြောင်းကြိုက်ကြောင်း စတင် ပြောလိမ့် မည်ဟု ယုံကြည် နေလေ၏ ။ အိုးချင်း ထား အိုးချင်း ထိ ဆိုသည့် စကား ကို လည်း ယုံကြည်သည့် အတိုင်း ညွန့်မေ နှင့် အမြဲ ပူးကပ် နေလေ၏ ။ “ ဪ … မမညွန့် မမညွန့် ၊ မိန်းမတို့ ဓမ္မတာ လူတကာ မသိ ၊ အပြင် အေးလို့ အထဲ ပူတယ် ၊ ငရဲသူ နှိုင်းစို့တန္တိ ဆိုတာလို ငါ့ ကို တကယ်ပင် ထင် အမှတ် နှင့် အတွင်း က ပွက်ပွက်ဆူအောင် ကြိုက်နေတာပဲ ။ မမညွန့် ဟာလေ ဟောဒီ ကား ထဲက ပါတဲ့ ခင်ခင်နု ထက် ပဲ လှသေးတယ် ၊ ခင်ခင်နု ဟာ နာမည် သာ ကြီးတယ် ၊ ပိန်ခြောက်ခြောက် နဲ့ ။ ဟောဒီက မမညွန့် ကတော့ တစ်ဖက် တထောကြီး ၊ ဝဝစက်စက်ကြီး ။ မမညွန့် မမညွန့် ၊ ခင်ဗျား လည်း တစ်နေ့တော့ ဒီ ငသောင်း ကို ချစ်ကြောင်းကြိုက်ကြောင်း ဖွင့် ပြောရမှာပေါ့ဗျာ ” ဟု ဝမ်းတွင်း မှာ ဓားကြိမ်း ကြိမ်းရင်း ညွန့်မေ ကို ကြည့်လိုက် ၊ ခင်နုကို ကြည့်လိုက် ဖြင့် အဓိပ္ပာယ် ပေါက်နေလေ၏ ။ နောက်ပိုင်း ခင်နု နှင့် အောင်ခင် ထီး ကို ကာပြီး တူတူရေဝါး လုပ်သည် ကို မြင်ရသောအခါ မောင်သောင်း သည် ရိုးတိုးရွတ ဖြစ်နေလေ၏ ။

“ မောင်သောင်း မင်း အိမ်တော့ လိုက် မပို့နိုင်တော့ဘူး ၊ ၁ဝ နာရီ မှာ လူ တစ်ယောက် နဲ့ ချိန်းထားတယ်ကွယ့် ။ ဒီတော့ မမ တို့ အိမ် ကိုသာ လိုက်ခဲ့ပါတော့ ၊ အိမ် မှာ အိပ်တာပေါ့ကွယ် ”

“ အိပ်တာပေါ့ ၊ ဘာ ခဲယဉ်းတာလိုက်လို့ ” ဟု ဝမ်းမြောက်ဝမ်းသာစွာ လက်ခံလိုက်လေ၏ ။

အိမ်သို့ ရောက်သောအခါ ရုံတော်ကြီး မှ ရှပ်ဆိုင်ပိုင်ရှင် ကိုချစ်မောင် ကို အခန့်သင့် တွေ့ ရလေ၏ ။ ကိုချစ်မောင် မှာ အသက် ၃၅ နှစ် အရွယ် မုဆိုးဖိုကြီး ဖြစ်၏ ။ သျှောင်တစောင်း နှင့် အလွန် ဟန်များသူ ဖြစ်လေသည် ။ ၎င်းသည် ညွန့်မေ ကို ပိုး နေသူဖြစ်၏ ။ သို့သော် ညွန့်မေ ကား နုနုထွတ်ထွတ် လူပျိုကလေးတွေ ကို ပင် လက်မခံ ငြင်းပယ်ခဲ့ဖူး သဖြင့် မိမိ ကဲ့သို့ သော တစ်ပတ်ရစ် လူပျို ကို စိတ်ကူး ထဲမှာ သွင်းမည် ဟု မထင်သဖြင့် ကြောက်ကြောက်ရွံ့ရွံ့ နှင့် ပိုးရှာလေ၏ ။ ညွန့်မေ သည် ပန်ချင်း ပန် က နှင်းဆီပန်း နီတျာတျာ လန်းဆတ်ဆတ် ကို သာ ပန်မည် ၊ အပန်းခံပြီး ငါ လို ဒေါနပန်း ကို ပန်ဆင်မယ် မထင်ပါဘူး ဟု ထင်မိသော် လည်း ဒေါနပန်း တို့ မည်သည် ခြောက် နေသည့် တိုင်အောင် အနံ့ မပြယ်ဘဲ စာအုပ် ကြား ၊ လုံချည် ကြား ၊ အိတ်ထောင် ကြား တို့၌ ထားက သင့်လျော်တတ်သေး၍လား မသိရ ။ ယနေ့ မှ ညွန့်မေ သည် မိမိ ထံ မှ အားကိုးတစ်ခု ပြု၍ ငွေ ၄ဝဝ ကျပ် ချေးပြန် သဖြင့် ချစ်မောင် သည် မျှော်လင့်ခြင်းတည်း ဟူသော လေယာဉ်ပျံ ကိုစီး၍ ညွန့်မေ တည်းဟူသော မြို့တော်ကြီး ပေါ်၌ ရစ်ဝဲ၍နေလေ၏ ။

ညွန့်မေ သည် မောင်သောင်း အား ခပ်ဝေးဝေး တွင် သွားပြီး စာကြည့် နေရန် ခိုင်းပြီး ကိုချစ်မောင် ထံသို့ လာခဲ့လေ၏ ။

“ ဪ … ကိုချစ်မောင် ရောက်နေတာ ကြာပြီလား ”

“ ဟုတ်ကဲ့ ၊ တော်တော် ကြာသွားပြီ ။ ဒေါ်ဒေါ်  တောင် ပဲ အိပ်ချင်တယ် ဆိုလို့ ကိုချစ်မောင် ကို စောင့်နေပါတဲ့ ။ နောင်မှ သာ ငါ သိမယ်တဲ့ ၊ ဒါနဲ့ စောင့်နေတယ် ၊ ဒေါ်ဒေါ် တော့ သွားအိပ်လေရဲ့ ” ဟု ပြောပြီး အိတ် ထဲ မှ ငွေ ထုတ်လေ၏ ။

ညွန့်မေ သည် အနီး၌ ရှိသော ကု,လားထိုင် ပေါ် တွင် ဘေးစောင်း ထိုင်ပြီး

“ ဟုတ်ပါရဲ့ရှင် ၊ ဟောဟိုက မောင်သောင်း က ရုပ်ရှင် ကြည့်ချင်တယ် ပူဆာတာ နဲ့ သွားပြရတယ် ”

မောင်သောင်း သည် နှစ်ပြားတန် မြန်မာ့ဦးစွန်း သတင်းစာ ကို လက် က ကိုင်ရင်း ညွန့်မေတို့ ဆီ ကို လှမ်း၍ လှမ်း၍ ကြည့်လေ၏ ။

“ ဪ ဒါထက် မောင်သောင်း က ညွန့်တို့ နှင့် ဘာတော်သလဲ ”

“ ကျွန်မ ကိတ္တိမ မောင်ပေါ့ ကိုချစ်မောင် ရဲ့ ၊ ဒါနဲ့ ကျွန်မ အချိန်နည်းနည်း နောက်ကျ သွားတာ ၊ ကိုချစ်မောင် စောင့်နေရတဲ့ အတွက် သိပ်အားနာတာပဲ ” ဟု မျက်ခုံး တစ်ဖက် ကို အထက် မြှင့်၍ ပြုံးကာ ပြောလေ၏ ။

“ အို .. စောင့်ရတာ ဒုက္ခ တစ်ခု လို့ ကိုချစ်မောင် က အမှတ် မပြုပါဘူး ။ ဟောသည်မှာ ငွေ ၄ဝဝ ကျပ် ”

“ ကောင်းပါပြီရှင် ၊ ကျေးဇူး တင်လှပါတယ် ။ ကိုချစ်မောင် တို့ ဟော့ဒီ က နှမ ကိုလည်း ထိုက်သင့်တဲ့ ကိစ္စများ ရှိရင် ခိုင်းစေပါ ၊ အားမနာပါနဲ့ ။ ခုနေအခါ နှမများ မှာတော့ ဒါလောက်ပဲ ကျေးဇူး ဆပ်နိုင်ပါတယ် ”

မောင်သောင်း သည် “ ကျေးဇူး ဆပ်နိုင်ပါတယ် ” ဟူသော စကား ကို ကြားရလျှင် ခေါင်းကြီး သွားလေ၏ ။ မြန်မာ့ဦးစွန်း ဆိုသော စာတမ်းကလေး သည် ၎င်း ၏ မျက်စိ ရှေ့တွင် ချာချာလည် သွားသည် ဟု ထင်ရလေ၏ ။ သတင်းစာ ပါ စာလုံးတိုင်း စာလုံးတိုင်း သည် နှစ်ကိုယ်ခွဲ ၍ နေကြသည်ဟု မြင်ယောင်ယောင် ရှိနေလေ၏ ။

ကိုချစ်မောင် ၏ မျှော်လင့်ချက်တည်း ဟူသော လေယာဉ်ပျံကြီး သည် ဒွိဟီဟီ နှင့် မရပ် မနား မြန်သည်ထက် လျင်မြန်စွာ ပျံဝဲနေလေ၏ ။

“ အင်း ... ငွေ ငွေ ဘယ်လိုပင် တန်ဖိုး ရှိတဲ့ ငွေ ၊ ညွန့်မေ ဆိုတဲ့ အချောအလှ အယဉ် အလိမ္မာမကလေး ထံမှ ဒီလို စကားမျိုး ထွက်စေ သည့် ငွေ ၊ ညွန့် ကို ငါ ရအောင်ချမယ် ။ ငါ တည်း ဟူသော ဒေါနပန်းခြောက် ၏ အနှစ်အရသာ ဖြစ်တဲ့ အနံ့ ကို သင်းကလေး ရှူစေမယ် ” ဟု တွေးပြီး ပြုံးနေလေ၏ ။

“ ကျေးဇူးရယ် လို့ မအောက်မေ့ပါနဲ့ ညွန့် ရယ် ၊ ကျေးဇူး ဆပ်ချင်တာ ကို သိရလျှင် တော်ပါပြီနော် ။ နောက်ထပ် တစ်ရာ လောက် ထပ် ယူချင် ယူပါဦးလား ၊ အားမနာပါနှင့် ”

“ တော်ပါပြီရှင် ၊ ကဲ ကဲ စာချုပ်များ ကို သာပေးပါ ၊ လက်မှတ် ထိုးရအောင် ”

“ ဪ … စာချုပ် မေ့တောင် နေတယ် ၊ ရော့ ရော့ လက်မှတ် ထိုးတာပေါ့လေ ”

ထို့နောက် စကားလက်ဆုံ ကျ၍ ၁၁ နာရီခွဲ မှ ပြန်သွားလေ၏ ။

မောင်သောင်း လည်း အိပ်ရာ ပေါ် ၌ ခွေခွေကလေး သာ နေရသော်လည်း အိပ် မပျော်နိုင် ၊ အိပ် ရန်လည်း မကြံရွယ်ချေ ။ ယနေ့ ည သည် ၎င်း၏ တစ်သက်လုံး ကို ပြုပြင်ပြောင်းလဲ မည့် ည ဖြစ်သည် ။ ယနေ့ အရေးကြီး၏ ။ ယနေ့ ည သူ သည် မမညွန့် ၏ လှုပ်ရှားသံ ကို အာရုံခံ၍ နားထောင် နေလေ၏ ။ ချွတ် ... ချွတ် ... ချွတ် …  ။

( ဤ ဝတ္ထု အဆုံးသတ်ပိုင်း ပါရှိသော ဒီးဒုတ် သတင်းစာများ ကို ရှာဖွေ မတွေ့ရှိရပါ ။ တွေ့ရှိခဲ့လျှင် မူ ထပ်မံ ပုံနှိပ်ခြင်းများ ၌ ဖြည့်စွက် ထည့်သွင်းမည် ဖြစ်ပါသည် ။ )

⎕ သိန်းနေနွယ်

📖 ဒီးဒုတ် သတင်းစာ
      အတွဲ - ၁၁
      အမှတ် - ၄၇
      ၇ စက်တင်ဘာ ၊ ၁၉၃၅
      အမှတ် - ၄၈
      ၁၄ စက်တင်ဘာ ၊ ၁၉၃၅

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment