❝ နတ်ကယ်ပေါက် ❞
“ မဲပင်သူ မကြေးခွံ .. နတ်ဖြစ်လို့ .. နတ်ဖြစ်လို့ ... ” ဆိုတဲ့ စကားကို ကျွန်မတို့ မိဘများ ဆီ က စကား ရောက်တိုင်း ကြားနေကျပါ ။ ကျွန်မတို့ က မကြေးခွံ ဆိုတဲ့ မိန်းမတစ်ယောက် လူ စင်စစ်က နတ်သမီး ဖြစ်သွား တာပဲလို့ ငယ်ငယ် က ထင်ခဲ့ကြတယ် ။ သိပ်ပြီးတော့ လည်း ထူးထူးဆန်းဆန်း မဟုတ်သလိုလို ခံစားမှုနဲ့ နေခဲ့ကြရာက တစ်ရက် အမေတို့ ၊ ကြီးတော်တို့ စကားဝိုင်း မှာ ပြောနေကြတာ ကြားရတော့ မှ နတ်စိမ်း ဖြစ်မှန်း သိရတာပါ ။ ကျွန်မတို့ က ငယ်ငယ်ရယ် ။ ပြီးတော့ ရွာကလေ မြင်းခြံ ကို ပြောင်းပြီး ကျောင်းတက်ကြရတာ ဆိုတော့ အရွယ်အားဖြင့် ခြောက်တန်း ၊ ခုနစ်တန်း သိတတ်ကာစ အရွယ် ။ အမေတို့ ပြောပြောနေ ကြတာ ကြားရတာတင် ကြောက်စရာ ။
ကျွန်မတို့ မြင်းခြံအိမ် ကို ရွာ က အမျိုးတွေ တစ်အုပ် မဟုတ် တစ်အုပ် ရောက်နေကျ ၊ တည်းနေကျ ဆိုတော့ ရွာ့သတင်း ရွာပုလင်း က မပြတ် ကြားနေရတာပါ ။ တောသူတောင်သားတွေ ဆိုတော့ တခြား စကား လည်း ဝေဝေဆာဆာ ပြောတတ်ကြတာ မဟုတ်တော့ ရွာမှာ ဖြစ်သမျှ ပျက်သမျှ ထူးထူးဆန်းဆန်းတွေပဲ ပြောကြတာ များ တယ် ။ ရွာ မှာ ဓားပြတိုက်တာ တို့ ၊ နွားခိုးပူတာ တို့ ၊ ဘယ်သူ့ ကို တော့ ရွာမြောက်ဘက် လက်ပံပင်အောက် က သရဲခြောက်လိုက်လို့ တို့ ၊ ဘယ်သူတော့ ဘယ်သူ နဲ့ လင့်နောက် လိုက်ပြေးတာ တို့ ၊ ပဲဈေး နှမ်းဈေး မမားလို့ သာပေါ် တို့ သည် နှစ် မလှူနိုင်ဘူး တို့ ၊ ဘယ်သူတော့ဖြင့် မမာ လို့ ၊ ဘယ်သူတော့ ဖြင့် သေလို့ စသဖြင့် ဒါတွေချည်း ပြောကြတာပါ ။
သည် အထဲ မှာ နတ်ကတော် မကြေးခွံ နတ်ဖြစ်တာ က အမြဲတမ်း ပါ နေကျ ။ မဲပင် က ကျွန်မတို့ မိဘများ ရွာ နဲ့ နည်းနည်း လှမ်းတဲ့ အညာ ခေါင်ပေါ်ရွာ ပါ ။ ကျွန်မ တောင် မှတ်မှတ်ရရ အမေကြီး ( အမေ့အမေ ) နဲ့ သုံးလေးနှစ်သမီး က တစ်ခေါက်လား ရောက်ဖူးတယ် ပြောပါတော့ ။ မဲပင်ရွာ နဲ့ ကပ်လျက် အနားမှာ သဲကျင်း ဆိုတဲ့ ရွာ ရှိတော့ ရွာတွေ က မဲပင် သဲကျင်း ခေါ်ကြတယ် ။ အမှန်တော့ တစ်ရွာစီ ပါ ။ ကျွန်မတို့ ရွာတွေ ဘက်မယ် သည် လို နှစ်ရွာတွဲ ခေါ်ကြတာ ' လေ့ ' တယ် ။ ကြည်ရွာ ဥဒယ ၊ ကန်တော် ဇလပ်ကုန်း ၊ သိမ်တိုင် ရွာသစ် ၊ မိုးဖြူ မိုးကွဲ .. စသဖြင့်ပေါ့ ။ အခု နတ် ဖြစ်တယ် ဆိုတဲ့ မကြေးခွံ တို့ ရွာ က မဲပင် ။ လူကြီးတွေ ပြောကြတဲ့ စကားတွေ ကောက်နိုင်ပြီ ဆိုတဲ့ အရွယ် ရောက် မှ တွင်းဟောင်းရေဝင် သိရ တာပါ ။
မကြေးခွံ လို့ ခေါ်နေ ပြောနေကြတာပေမယ့် တကယ် က အသက် ရှစ်ဆယ်ကျော် အမေကြီး ကြေးခွံ ပါ ။ မဲပင် က အမေကြီး ကြေးခွံ ရဲ့ သား သမီးတွေ က ပေါက်တဲ့ နောက်ပေါက် တွေ က ကျွန်မတို့ ရွာ ဥဒယ ကို ရောက်ကြတိုင်း ကျွန်မတို့ အမျိုးတွေအိမ် မှာ တည်းကြတာ များ တယ် ။ ဆွေကြိုးမျိုးကြိုး ထုံးရင် အမေကြီးကြေးခွံ တို့ ကလည်း ကျွန်မတို့ အမျိုး တွေထဲ က အထုံး တစ်ထုံးပါ ။ သို့ပေသိ ခပ်ဝေးဝေးထဲက ဆိုတော့ ကျွန်မ တို့ နဲ့ အနေဝေး အတွေ့ ဝေးကြရာက အရောက်အပြုလည်း ဝေးကြ တယ် ။ မဲပင် က လာသူတွေ ကတော့ ဆွေတစ်မတ် မျိုးတစ်မတ် မပြတ် စေရ ဆိုတဲ့ မူနဲ့ ဝင်ကြတယ် ။ တည်းကြတယ် ။
“ မကြေးခွံ နတ်ကတော် ဖြစ်တော့ပဲ အသက် ရှစ်ဆယ်ကျော် ပေါ့ .. ချောက်ချီးချောက်ချက် နတ်ကတော် ပါ အေ ... မဲပင် မှာ မကြေးခွံ သေတော့ နတ်ဖြစ်နေတယ် လို့ အိပ်မက် ပေးသတဲ့ ... ပန်းမကိုင် နန်းမထိုင် နတ် ဆိုတော့ အစကတော့ လူတွေ က မယုံကြဘူး .. သားသမီးတွေ က စကားပို သာ နေမှာ ပါအေ လို့ ထင်ကြသာကော .. ကိုယ့် မအေ သေလို့ မကျွတ် သာ ကို ဂုဏ်လုပ်ကြသယ်ရယ် လို့ .. အမြင်တောင် ကပ်ကြသေး ... ဒါပစိ မဟုတ်ဘူး သဲ့တော် .. တကယ် နတ်ဖြစ်သွားသာ သဲ့ .. အိမ်ဝိုင်း ထဲ တောင် နတ်ကွန်း ဆောက်ပြီး ကိုးကွယ်နေကြသာသဲ့ တော် ... ”
“ နေပါဦး .. ကျုပ် မေးပါဦးမယ် .. မကြေးခွံ နဲ့ ကျုပ်တို့ နဲ့ က ဘယ်လို တော်သာပါလိမ့် .. ကျုပ် လည်း ဇဝေဇဝါဖြစ်နေလို့ ... ”
“ ဝေးပါသယ်အေ ... ၊ ညည်းအဖေ ဘိုးကံသာ အေ ... ဘိုးကံသာ့ အဖေ ဘိုးသာထန် အေ ... အဲသည် ဘိုးသာထန် နဲ့ မကြေးခွံ အမေ နဲ့ မောင်နှမ ဝမ်းကွဲ ဆိုတော့ အဆက် က ဝေးသယ် .. ဒါပေသိ မကြေးခွံ မသေခင် က အမေ့ အမျိုးရယ် လို့ အဝင်အထွက် သိပ် ရှိရှာသာသဲ့ .. ပြောသာ ပြောရသာ ... တို့ တောင် မကြေးခွံ ကို သီသီ မမီလိုက်ပါဘူး ... တစ်ဆင့် စကား ကြားရသာပဲ ”
“ မကြေးခွံ နတ် ဖြစ်သာ ကြာပြီပေါ့ ”
“ မကြေးခွံ က အသက် ရှစ်ဆယ်ကျော် မှ ဂရုန်းဂရင်း နတ် ထ ဖြစ်သာ ပါအေ ... ကြာပါပြီ .. ရှိရောပေါ့ အနှစ် ရှစ်ဆယ် ၊ ကိုးဆယ် တော့ ... ”
နှစ်ပေါင်း ကိုးဆယ်၊ တစ်ရာ က မဲပင်သူ မကြေးခွံ ဆိုတဲ့ ကျွန်မတို့ ရဲ့ ဘေးမကြီး ဘင်မကြီးတောသူ အမေကြီး တစ်ယောက်အကြောင်း ကို မနေ့တစ်နေ့ကပဲ သေသလိုလို ပြောနေကြတာ ကို ကျွန်မ နားမလည်နိုင် ဘူး ။ ဒါပေမဲ့ အမေကြီးကြေးခွံ နတ်ဖြစ်နေပြီ ဆိုတာတို့ ၊ နတ်ကွန်း တစ်ဆောင် ဆောက်ပြီး နန်း နဲ့ ကွန်း နဲ့ အပူဇော် ခံနေပြီ ဆိုတာ တို့ ၊ ဆွေထဲမျိုး ထဲ က အမှုကိစ္စ ပေါ်ရင် မဲပင်နတ်ကွန်း ပြေးကြပြီး နတ်အကူ တောင်း တာ တို့ တော့ ကျွန်မတို့ ခေတ် အထိ ကြားနေရတာပါ ။
အတွင်း သုံးဆယ့်ခုနစ်မင်း ၊ အပြင် သုံးဆယ့်ခုနစ်မင်း ၊ ဝင်း သုံးဆယ့်ခုနစ်မင်း စာရင်းထဲ ယောင်လို့ တောင် မသီနိုင်ပေမယ့် ကိုယ့် နတ် ကိုယ့် ဒေသ ထဲ မှာ တော့ အမေကြေးခွံနတ် ရယ် လို့ သူ့ ဂုဏ် နဲ့ သူ့ ဒြပ် နဲ့ ၊ သူ့ ဟိတ် နဲ့ သူ့ ဟန် နဲ့ နတ်စာရင်း ပေါက်တာ တော့ လည်း ရှိတယ် ။
ထားပါတော့ ... ။ အမေကြေးခွံ နတ်သမိုင်း က တစ်ကိစ္စ ။ အမေကြေးခွံ အကြောင်း ကျွန်မတို့ က လည်း သည် လောက်ပဲ သိကြရတာပါ ။ အမေ တို့ ၊ ကြီးတော်တို့ တောင် ဒီးတိုက်အောင် သိကြတာ မဟုတ်ဘူး ရယ် ။
( ၂ )
အမေကြေးခွံနတ် ကို မိသားစု တစ်ပိုင်တစ်နိုင်နတ် ၊ ကိုယ့်ခြံ ကိုယ့်ဝိုင်း ထဲ နတ်ကွန်းဆောက်ပြီး သားတွေ ၊ သမီးတွေ ၊ ဆွေဆွေမျိုးမျိုးတွေ လောက်ကပဲ ပသကြတဲ့ နတ်အဖြစ် သဘောထားကြရာ က သည်ဘက် အနှစ်နှစ်ဆယ် အစိတ်လောက် ရောက်တော့ နတ်သလင်း ကြီး လာခဲ့သတဲ့ ။ တစ်ခါတလေ ကျွန်မတို့ နေတဲ့ မန္တလေး ကို ရှားရှားပါးပါး ရောက် လာတတ်တဲ့ အမေကြေးခွံ ရဲ့ အဆက်အနွယ် အချို့ထဲက ပြောကြတာပါ ။ ကျွန်မတို့ ကလည်း ခပ်ပေါ့ပေါ့ပဲ ။ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တွေ ကို သာ ပူဇော်သက္ကာယ ရှိကြပေမယ့် ပဋိသန္ဓေ နိမ့်တဲ့ အောက်နတ် ဆို တာတွေ ကို စိတ်မဝင်စားတာ လည်း ပါပါတယ် ။ သည် ကြားထဲ က အမေကြေးခွံ လို နတ်မျိုးတော့ ဟုတ်လောက်တယ် မထင်တာလည်း ပါတာပေါ့လေ ။ ဒါပေမဲ့ ဘယ်ဟုတ်လိမ့်မလဲ ။ သည် ဘက်ခေတ် ရောက်လာ မှ နတ်ကွန်းကြီး ရွာ ပြင် ထုတ်ပြီး အများဆိုင် နယ်ဆိုင် နတ် ရယ်လို့ နတ်ထိန်းနတ်နေ တွေ ဘာတွေ နဲ့ ဖြစ်လာသတဲ့ ။ အမျိုး ထဲ က နတ်ကတော် တစ်ယောက် အမြဲ ထိုင်ပြီး နတ်မေးနတ်မြှူတွေ ဘာတွေတောင် လုပ်ပေးနေ ရသတဲ့ ။
“ တို့ ပြောပြောနေလဲ့ မကြေးခွံနတ် က အခု ပါဝါ တိုးနေပြီ ဆိုကြပါ ကောအေ့ .. ရွာပြင် ကွက်လပ်ကြီးမှာ နတ်ကွန်းကြီး ထိုးထားသာများ က နားကြီး နန်းကြီးတောင် ဖြစ်နေသ သဲ့ ... ဟို တစ်နေ့က မကြေးခွံ အဆက် ထဲ က လာလို့ ကြားရသာ ... ”
တစ်ရက် အမေ့အိမ် ရောက်သခိုက် အမေ က ဆီး ပြောလို့ သူ့ ယုံကြည်မှု နဲ့ သူ ပါလား လို့ တွေးမိခဲ့တယ် ။ နတ်မိန်းမတွေ ထဲ က ပုန်းမကြည် ရှင်မနတ် ၊ မဟာမြိုင်နတ် ၊ ပြာပုံတော်ရှင်မနတ် ၊ ကျောက်တိုင်ရှင်မနတ် ၊ မနှင်းဆီနတ် ၊ ပျဉ်ထောင်ရှင်မနတ် ၊ ဂူတော်ရှင်မနတ် ၊ မစောခင်နတ် ၊ နို့ထိန်းမယ်တော်နတ် ၊ မယ်ဖြူမယ်ညိုနတ် တွေ လိုပဲ မကြေးခွံနတ် ရယ် လို့ နတ်လောက မှာ စာရင်းပေါက်ပြီ ဆိုတော့ လည်း ဂုဏ်ယူရတော့ မလိုလို ကိုး ။
အမေ ပြောပြလို့ ရယ်ရတာ လည်း ရှိသေးတယ် ။ မကြေးခွံနတ် ကို အပအသ အရောက်အပေါက်များ လာတော့ လာဘ်သပ်ပကာ က လည်း များ လာတော့ ဝေပုံကျ ခွဲကြတဲ့ အခါ မျိုးနီးမျိုးဝေး သူ ရချင် ငါ ရချင် တွေ များ လာရာက အမျိုးထဲ စကားမပြောကြတာတွေ ရှိလာတယ် ။ လူ့ သဘာဝ တစ်သက်လုံး လှည့် မကြည့်တဲ့ အမျိုးတွေက လည်း နတ်ကွန်း အရောက် လာကြပြီး နတ်ရုပ် ခေါင်းတိုက်ကြ သတဲ့ ။ ဒါကို မဲပင်ရွာခံ အမျိုးတွေ က “ ညည်းတို့ မရိုမသေ မလုပ်ကြနဲ့ ... ညည်းတို့ ဉာဏ်တွေ မသိဘူးမှတ်လို့ လား ” ဆိုရာ က နတ်စင်ရှေ့ နပန်းလုံး ကြတာ အရှက်မလုံကြဘူး ဆိုတာလည်း ပါရဲ့ ။ သည်ဘက် နှစ်တွေ မတော့ ဆွေဇယား မျိုးဇယား ဆွဲပြီး နတ်ကွန်းရှေ့ ချိတ်ထားရတဲ့ အထိ ဖြစ်ကုန်ပါပြီ ။ ဆိုပါ တော့ ... ။ အမေကြေးခွံ နဲ့ ဘယ်သူ နဲ့ အိမ်ထောင်ကျတဲ့ အခါ ဘယ်သူ ဘယ်သူတွေ မွေးတယ် ။ အဲသည် အမ က ပေါက်လိုက်ကြတာ ဘယ်သူ ဘယ်သူတွေ ... ။ အဲသည် လို နှစ်တစ်ရာ လောက် က ပေါက်လာကြတဲ့ အုပ်ကြီးသင်းကြီး ကို ဇယား ဆွဲဖို့ ခက်တော့ တစ်အုပ်စု တစ်ခွဲတမ်း လုပ်လိုက်တော့ မှ ခပ်ကျဉ်းကျဉ်း နဲ့ ပြီးရတော့တာပါ ။ တကယ်တော့ ရသမျှ ခွဲတ မ်း ခွဲတော့ လည်း ဘယ်သူမှ ဘယ်လောက် မှ ရကြတာ မဟုတ်ပါဘူး ။
“ လာဘ် လိုချင်သာ ထက် နတ်ရိုးနတ်ဆက် ထဲ ပါရသယ် ဆိုသာ ကို ဂုဏ်လုပ်ကြသာပါအေ .. သည် ကြားထဲ နတ်ထိန်း နတ်နေတွေ များ တော့ နတ်အုပ် ကို အမျိုး ထဲ က ဒေါ်အုပ် ကို အပ်ကြသယ် .. ဒေါ်အုပ် က ခေါင်ပေါ့ အေ .. သူ့ စကား အတည်ပေါ့ .. နာမည် က လည်း မအုပ် .. နတ် ရာထူး က လည်း နတ်အုပ် .. သည် ကြားထဲ သူ က ပို ပိုအုပ် နေလို့ အမျိုး ထဲမှာ စာချိုး ထားကြသတဲ့ ”
“ ဘာတဲ့ တုံး အမေရဲ့ ... အမေ က ဒါတွေ ဘယ်လို လုပ်ကြားတာတုံး ...”
အမေ က ခရေစေ့တွင်းကျ ပြောနေလို့ ကျွန်မက အမေ့ ကို မေးရ တယ် ။ ကျွန်မတို့ မန္တလေး ရောက်ကြတာ နှစ် မနည်းတော့ပါဘူး ။ ကိုယ့် ဇာတိရပ်ရွာ တောင် တစ်ခေါက်တစ်ကျင်း မနည်းရောက်ရတာ ။ မဲပင် ဆို တာတော့ ဝေးရော့ ။ သည်ကြားထဲ အမေ က ငရုတ်ကောင်းစေ့ နဲ့ သင်္ဘောစေ့ ခွဲခွဲ ပြနိုင်လို့ ကျွန်မ အံ့ဩမိတယ် ။ နတ်ပွဲကြီး စည်လာလို့ အမျိုး ထဲ အလုအယက် တွေ ၊ လောဘသက္ကာရ တွေ များ လာရာက အတိုင်အတော တွေ များ လာတော့ မန္တလေး က ဘကြီးဘုန်းကြီး ကို လာလာ လျှောက်ကြ တိုင်ကြ သတဲ့ ။ ဘုန်းကြီး ကို လျှောက်ပြီးတာ နဲ့ အသာ မနေဘူး ၊ ရပ်ကွက် ထဲ လာလာ ရင်ဖွင့်ကြရာ က ကြားရတာ ဆိုတော့ မှ သတင်းလမ်းကြောင်း ကို သိရတာပါ ။ ကျွန်မ က ပြောပါဦးဆိုတော့ အမေ က စကား ဆက်တယ် ။
“ တို့ ဥဒယ နေတုန်းက မဲပင်သတင်း သည် လောက် မကြားရဘူး .. အခု တို့ မန်းလေး ရောက်မှ မဲပင် က နတ်မျိုးတွေ မန်းလေး ကို နတ်လမ်း ပေါက် လိုက်ကြသာ ဖုန်တထောင်းထောင်း ထလို့ ပါအေ .. နတ်အုပ် လုပ် နေတဲ့ ဒေါ်အုပ် ကို အမျိုးတွေ က စာစပ်ကြသတဲ့ ... ‘ နတ်ကတော် မအုပ် နှလုံးပုပ် .. ဝမ်းထဲ ရှိသာ အကုန်ထုပ် ... နတ်ရုပ် ’ သဲ့ ... ၊ နတ်ပွဲ က ရ သာ ခိုး ကဲ့ ထားသာ အားမရလို့ နတ်ရုပ် တောင် ဗိုက်ထဲ မျိုထားသာလို့ ပြောသာ ...”
အမေ ပြောပြတာ ပိုပြီးတော့တောင် အံ့ဩစရာတွေ ပါပါသေးတယ် ။ မဲပင်ရွာ ရှေ့ ကွင်းကြီးထဲ နှစ်စဉ် နတ်တော်လ ထဲ ရောက်ရင် အရွာရွာ က ကနားတွေ ထိုးပြီး နတ်ကွန်းတွေ ဆိုင်ခန်း ဖွင့်သလို ဖွင့်ကြတာတဲ့ ။ ပခန်းကိုကြီးကျော်ပွဲ၊ တောင်ပြုန်းပွဲကိုသာ မမီရင် ရှိရမယ်၊ သူ့ အရပ်နဲ့ သူ့ ဇာတ် တောသုံးရွာသုံး ပစ္စည်းတွေ၊ မြို့သုံး နတ်သုံးပစ္စည်းတွေ နတ်ပွဲ ထဲ အကုန် ရကြလို့ မကြေးခွံနတ်ပွဲ .. မကြေးခွံနတ်ပွဲ နဲ့ ဟိုးဟိုးထ လို့ တဲ့ ။ အမေ က သည်နှစ် နတ်တော်လ ထဲ မဲပင်ရွာ ဘက် သွားကြရအောင်လို့ တောင် ပြောနေတာပါ ။ အမေ့ စကားနဲ့ တင် ကျွန်မတို့ ကလည်း သွား ချင် နေကြပြီ ။ ကျွန်မ က မရှင်းတာလေး အမေ့ မေးရသေးတယ် ။
“ နေပါဦး အမေ ရဲ့ .. အခု မကြေးခွံနတ် က အရုပ် နဲ့ လား .. ဘယ်သူ က ထုပေးတာတဲ့ တုံး ... ”
“ မန်းလေး ဘုရားကြီး ထဲ က ပန်းပုဆိုင် အပ်ကြသယ် ပြောသာပဲ .. မကြေးခွံ ကို ဘယ်သူမှ မမီ လိုက်လေတော့ ပန်းပုဆရာ စိတ်ထဲ ရှိသာ ထု ပေးလိုက်သာ ကို မကြေးခွံ လုပ်ကြ ထင်ပါရဲ့ အေ ... ”
( ၃ )
ဒါပါပဲ ။ ကြာတော့လည်း မကြေးခွံနတ် ကိစ္စ ခေါင်းထဲ မရှိကြတော့ ပါဘူး ။ အမေကလည်း စိတ်ရှိတုန်း စကားအဖြစ် ပြောတာပါ ။ အသက် ခုနစ်ဆယ်ကျော် အိုကြီးအိုမ ဘယ့်နှယ် လုပ်ပြီး မဲပင်နတ်ပွဲ သွားနိုင်မှာ တုံး ။ ကျွန်မ က ပိုတောင် ဝေးပါသေးတယ် ။ စိတ် က သွားချင်ပေမယ့် လူ က မရောက်နိုင်ပါဘူး ။ တစ်ရက်တော့ ကျွန်မ မောင်ဝမ်းကွဲ တစ်ယောက် အိမ် ရောက်လာတယ် ။ ကားဝယ် ထားတော့ ကားတစ်စီး နဲ့ မန္တလေး က အမျိုးတွေ အိမ် အနှံ့ လျှောက်သွားရာက ကျွန်မတို့ အိမ် ရောက်လာတာပါ
“ အောင်မယ် .. ပါကျဲ ... နင် တောင် ကားတွေ ဘာတွေ နဲ့ ပါလား .. နင့် မိန်းမ ဘက် က မကြေးခွံနတ် မ တာနဲ့ တူတယ် ”
ကျွန်မ က ခေါင်းထဲ ပေါ်လာလို့ စ လိုက်တာပါ ။ မကြေးခွံနတ် က ကျွန်မ နဲ့ ငရုတ်သီးဆယ်တောင့်စာ တစ်တောင့် မစပ်တဲ့ နတ် ဆိုပေမယ့် ကျွန်မ မောင်ဝမ်းကွဲ ပါကျဲ ရဲ့ မိန်းမ သန်းနု နဲ့ ကျတော့ သွေးရင်းမျိုးရင်း တော်တာကိုး ။ ကျွန်မတို့ က ဝူခုံးမျောက်ကား ထဲ က ဗိုက်စူစူ ဝမ်းပူပူ ပါ ကျဲ နဲ့ တူလို့ ပါကျဲ လို့ ခေါ်ကြပေမယ့် နာမည်ရင်းက အောင်ညွန့် ပါ ။ အသံ ကလည်း အစ်တစ်တစ် နဲ့ ဆိုတော့ ပါကျဲ နဲ့ ပိုတောင်တူသေး ။ ကျွန်မ က နင့် မိန်းမ ဘက်က နတ် မ တာလား ဆိုတာကို ပါကျဲ က ရယ်တယ် ။
“ လူတကာ က အဲသလို ထင်သာပါ မမရာ .. ငါ့ ပိုက်ဆံ နဲ့ ငါ ဝယ်သာပါ ... ဒါပေမဲ့ ကားဝယ် ပြီးတော့ အမေကြေးခွံ နတ် ပြရမယ် ဆိုလို့ ငါ နတ်ပွဲ ရက် ထဲ ရွာရောက်ရသေးပါကော ... ”
“ ဟုတ်လားဟဲ့ .. တို့ ရွာကော ရောက်ခဲ့လား .. ”
“ ရောက်ခဲ့ပါဗျာ .. ငါ က လည်း ကား ကြွားချင်ချင် ဆိုတော့ မန်းလေး က မိန်းမအမျိုးတွေ တစ်ပြုံတောင်ကြီး တင်သွားသာ .. ကံကောင်းလို့ လေးမကျိုးသယ် ... ”
ကျွန်မတို့ ရွာတွေ ဘက် မယ် တစ်ရွာ့ တစ်ရွာ ကူးတဲ့ လမ်း က ဆိုးတဲ့ နေရာ က ဆိုးသလို ၊ သဲထူ လို့ ကား မရုန်းနိုင်တာ တွေ လည်း ရှိတတ်တယ် ။ လှည်းလမ်းရိုး ကို ခွမောင်း ရတဲ့ နေရာတွေ လည်း ရှိတာ ဆိုတော့ တော်တော့် ကား ဘယ်သွားရလိမ့်မတုံး ။ ပါကျဲ က သူ့ ကား နဲ့ မဲပင် အထိ ရောက်တယ် ဆိုလို့ ကျွန်မ အံ့သြရတယ် ။ ကျွန်မ က နတ်ပွဲ စည်လှ ဆိုလို့ မေးတော့ ပါကျဲ က ဘာ စည်သလဲ မမေးနဲ့ တဲ့ ။ မဲပင်ရွာကွင်းကြီး ထဲ နတ်တန်းလျားကြီး ထိုးပြီး နတ်ကတော် ယောက်ျား မိန်းမတွေ ပလုံစီထိုး နေလိုက်တာ နှမ်း သာ ဆို ဆီ ကြိတ်လို့ တောင် ရတယ်ဗျာ ဆိုလို့ ကျွန်မ ဖြင့် ရယ်မိတယ် ။
တောင်သူသုံး ထွန်တုံး ထွန်တံ ၊ လှည်းပစ္စည်း နွားပစ္စည်း ၊ ကြိုးထမ်းပိုး ၊ ချူကုံး လည်ခွေ က အစ တောင်းပလုံး ၊ ဆန်ကောဆန်ခါ ၊ စိတ်တင်း ခွဲတင်း ၊ ရောင်းတောင်း လောင်းတောင်း အလယ် ၊ ပေါက်တူးပေါက်ချွန်း ၊ ငန်းပြား ၊ တူရွင်းအဆုံး တောင်ပုံရာပုံ ။ ကရေကရာ ၊ ညာတရာ ၊ စလူမုန့် ၊ အနုဆုပ် ၊ နှာရည်ဆုပ် မုန့် လို အညာမုန့်တွေ ကလည်း တပ်တန်းထိုး ကြလို့ ။ ဝါးပစ္စည်း ၊ နှီးပစ္စည်း ၊ နှီးချောဖျာ ၊ ထန်းခေါက်ဖျာတန်း ကလည်း မျက်စိ တစ်ဆုံး ။
“ မမနှယ် .. ခါတိုင်း ပခုက္ကူပွဲ ၊ ရေစကြိုပွဲများ သွားရင် တွေ့ရသဲ့ ဈေး ဆိုင်တွေလိုပဲ .. အစုံရှိသယ် .. လက်ဖက်ရည်ဆိုင် ၊ ထမင်းဆိုင် ၊ အချိုရည်ဆိုင် ၊ အရက်ဆိုင် ... ပြီးတော့ဗျာ ကလေးကစားစရာဆိုင် ၊ အထည်ဆိုင် ၊ ဖိနပ်ဆိုင် ၊ အလှကုန်ဆိုင်တွေဆိုတာ ခြေချင်းလိမ်လို့ ဗျာ .. နတ်ကနား ပွဲ တွေ ကလည်း အုန်းအုန်းထ လို့ .. စည်ချက် ရက်စက်သယ် ”
ပါကျဲ စကား ကြားရတော့ နတ်ပွဲကွင်း ကို မျက်စိထဲ မြင်ယောင် လာ တယ် ။ ကြည့်ချင်ပွဲ ၊ ဇာတ်ပွဲ ၊ မျက်လှည့်ပွဲ လို ပွဲတွေ မပါပေမယ့် တစ်နှစ်စာ ၊ အခါလယ်စာ သည် လိုပွဲတွေမှာ ဝယ်ရတာဆိုတော့ အညာဘုရားပွဲ ၊ နတ်ပွဲ တွေ ဆိုရင် စည်တာများ တယ် ။ အိုးတန်း ၊ ဖျာတန်း ၊ တောင်တန်း ၊ သရေစာတန်း ၊ ဆေးရွက်ကြီးတန်း ၊ ပြောင်းဖူးဖက်တန်း .. စသဖြင့် တောသူတောင်သားတွေ အသုံးများ တဲ့ ပစ္စည်းတွေ က သည် လိုနေရာ မှာ များများ တွေ့နိုင် ဝယ်နိုင်တာလည်း ပါတာကိုး ။ ကျွန်မ နားမလည်နို င်တာ က ကျွန်မတို့ ငယ်ငယ် က နားစွန်နားဖျား ကြားခဲ့ဖူးတဲ့ အညာ ခေါင်ခေါင် မဲပင်ရွာကလေး က ချောက်ချီးချောက်ချက် ၊ မကြေးခွံနတ် က ဘယ့်နှာကြောင့် သည် လောက် ဟုန်းဟု န်းထသွား ရတာလဲဆိုတာကို ပါ ။ ပါကျဲ ပြောတဲ့ အထဲ မှာ အလောင်းအစားသမား တွေ က အမေကြေးခွံ နတ် ကို ပိုပြီး အဆက်အသ များ တယ် ဆိုလို့ အံ့သြရတယ် ။
“ နေစမ်းပါဦး ပါကျဲ ရဲ့ .. မဲပင်နတ်ပွဲ က အဲသလောက်တောင်လားဟဲ့ ...”
“ ဒါထက် ပိုသေးတယ် မမ နှယ် ... ဆိုင်တွေ မှာ ပေးထားသဲ့ နာမည် တွေကို က ဘောလုံးအသင်းနာမည်တွေ ဗျာ ... ကိုင်း .. မန်ယူ ဘဲဥမုန့် သိုင်းခြုံ တဲ့ .. အာဆင်နယ် မုန့်ခေါင်းအုံး သဲ့ .. အာကြီး နှမ်းမနဲ သဲ့ ... ပခုက္ကူ လီဗာပူး အထည်ဆိုင် တို့ ... မြင်းခြံ စီရော်နယ်ဒို ချည်ချော အထည်ဆိုင် တို့ ... မန်းလေး ရီးရဲမက်ဒရစ် ဖိနပ်ဆိုင် တို့ ... ချယ်ဆီးဗန္ဓုလ ဦးထုပ်ဆိုင်တို့ .. နင့် နှယ်.. နတ်ကွန်း တစ်ခုပဲ လပ် ရဲ့ ကျန်တာ ဘောလုံးအသင်း နာမည်တွေ ချည်းပဲ ”
အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်း တွေ လို ၊ အီတလီ စီးရီးအေ ဘောလုံးကလပ်အသင်း တွေ လို ၊ ဂျာမန် ဘွန်းဒစ်လီဂါ ဘော လုံးကလပ်အသင်းတွေလို ကလပ်အသင်းကြီး တွေ က ကမ္ဘာကျော် ဘောလုံးသမားတွေ ရဲ့ နာမည်တွေ တောမှာ ပါ ပေါက်နေလေတော့ ကိုယ့် အစွဲ နဲ့ ကိုယ် ၊ ကိုယ့် အကြိုက် နဲ့ ကိုယ် နာမည်တွေပေးကြတာ သည် ခေတ်မှာ မဆန်းတော့ပါဘူး ။ ကျွန်မတို့ မန္တလေးမြို့သစ် မှာ တောင် မန်ယူကွမ်းယာ တဲ့ ။ ဒိုလေးအကြော်ဆိုင် တဲ့ ။ ဖာဂူဆန် လက်ဖက်အကြော် စုံတဲ့ ။ အာစင်ဝင်းဂါး ရေခဲချောင်း တဲ့ ။ သို့ပေသိ အမေကြေးခွံနတ်ပွဲ မှာ သည်လို ဆိုင်နာမည်တွေ မှိုလို ပေါက် နေတာကို ကျွန်မ စဉ်းစား လို့ မရ တာပါ ။
“ မမ နှယ် .. အံ့ဩစရာပါ ဟာ .. ငါ့ ကား နတ်ပြတော့ အဝေး က နေ အ မေကြေးခွံ နတ်ကွန်း ဆီ ကား ကို ခေါင်းတည်ပြီး ရှေ့ထိုး နောက်ငင် ဦး သုံးကြိမ် တိုက်ရသယ် .. ပြီးမှ ကနားစီး တစ်ယောက် ဆီမှာ နတ် နဲ့ ကား တရားဝင်အောင် ဆက်ရ ၊ သရသာ ဗျား ... ကနားစီးတွေ က တောင် ဒရော့ဘာ သဲ့ .. ကာကာ သဲ့ .. အီတူး သဲ့ .. နင့် နှယ် ... ”
ဘယ်လိုကြောင့်တုံးဟဲ့ ဆိုတော့ ပါကျဲ က လည်း ဂဃနဏကြီး ရှင်း မပြတတ်ပါဘူး ။ လူ က လည်း ဂယောက်ဂယက် ဆိုတော့ သူ့ စကား လည်း အတည် ယူဖို့ အခက်သား ။ ရွာ က နေ မြို့တက် လာတဲ့ သူချင်း အတူတူ သူ ကလည်း သူများ ယောင်လို့ ယောင် အမောင် တောင်မြောက် မသိ ဆိုတဲ့ အထဲ ကပဲ မဟုတ်လား ။
( ၄ )
ပါကျဲ ဂဃနဏ ရှင်းမပြတတ်တဲ့ အမေကြေးခွံနတ်ပွဲ ကိစ္စ ကို ရွာ က ကျွန်မ အမျိုးတွေ လာမှ ရှင်းခနဲ လင်းသွားတော့တာပါ ။ ပူပူနွေးနွေး နတ်ပွဲ လိုက်ပြီး မန္တလေး ထ လာခဲ့ကြတာ ဆိုတော့ နတ်ပွဲမုန့်တွေ တောင် ပါ လာလိုက်သေး ။ အမေ့ ဖို့ က ကရေကရာ တွေ ၊ စလူမုန့် တွေ တစ်ထုပ်ကြီး ပါလာကြတယ် ။ ကျွန်မ က ပါကျဲပြောတဲ့ ဘောလုံးအသင်းနာမည်တွေ နဲ့ ရောင်းတဲ့ ဆိုင်တွေ က နေမှာ လို့ တွေးနေမိတယ် ။ အမေ နဲ့ ကျွန်မ ကို လည်း နတ် နဲ့ ဆွေမျိုးဝေးတယ် ဆိုပေသိ နတ်ကိုးနတ်ဆက် လုပ်ကြစမ်း ပါ ။ အကျိုးပေးလွန်းလို့ ပါအေ လို့ တိုက်တွန်းတော့ ဟုတ်ကဲ့ပါ ပြောရတယ် ။
“ မမြတင် နှယ် .. ကျုပ် က စာ တတ်သာ မဟုတ်တော့ ခေါင်း ကလည်း မကောင်းဘူး .. ရွာ က နတ်ပွဲ ဒုတ်ဒုတ်ထိ မလိုက်နိုင်ကြသဲ့သူတွေ က တစ်ဆင့်ခံ နတ်ဆက်လိုက်ကြသာလေ .. ဆွေမျိုးတွေ ပေးလိုက်ကြသဲ့ နတ်ဆက် ငွေတော်ကလေးတွေ လိပ်လိပ်ပြီး ရက်ကန်းချည်ရောင်စုံ နဲ့ ပတ်ပြီး မှတ်ယူ သွားရ သာ .. ချည်နီ က ဘသိန်း ချည်စိမ်း က မဲတူ .. ချည်ဖြူ က ပေသီး တို့ အမေ သေးတာ .. ချည်ဝါ က မိလှ .. ဟိုကျတော့ မအုပ် လက် ထဲ နာမည် ပြောပြီး ထည့်လိုက်ရသာပဲ ... ”
ကြီးတော် အေးမ က ပြောင်းဖူးဖက်လိပ်ကြီး လက်ကြား ညှပ်ရင်း က နတ်ပွဲ အကြောင်း ပြောနေတာပါ ။ နတ်ပွဲကြီး စည်ပုံ က အစ၊ အပြန် လှည်းဝင်ရိုး ကျိုးတဲ့ အထိ အကုန် ပါတော့တာပါ ။ ဝင်းစိန် နဲ့ ဝင်းရှိန် ညီအစ်မ ကတော့ ကျုပ်တို့ က နတ်ခွဲတမ်း မရပါဘူးတော် .. ဆွေနတ်မျိုးနတ် ရယ် လို့ နန်းထိနန်းရောက် သွားကြတာပါတဲ့ ။ ဝင်းစိန် ရဲ့ ယောက်ျား မောင်ကြည် က တော့ ကျုပ် က ဘောလုံးပွဲတွေ နိုင်အောင် မ စပါ ... ဘောလုံးရာသီ တစ်နှစ် ကုန် လို့ နိုင်ငွေ များ ရင် လာ ကန်တော့ဦး မယ် ဆုတောင်းခဲ့ သတဲ့ ။ သည် တစ်ခါတော့ ကျွန်မ မနေနိုင်တော့ဘူး ။ မောင်ကြည့် ကို မေးရတယ် ။
“ နေပါဦး မောင်ကြည် ရဲ့ ... မင်းတို့ အမျိုးနတ် နဲ့ ဘောလုံးပွဲ နဲ့ ဘယ်လိုပတ်သက်တာတုံး .. ပါကျဲ က လည်း ပြောသွားတယ် ... အလောင်းအစားသမားတွေ လာကြတာ မနည်းဘူး ဆို ... အဲဒါ မရှင်းလို့ မေးတာ ”
မောင်ကြည် က လည်း သူများ က ဆုတောင်းလို့ သာ တောင်းလာပုံ ပေါ်ပါရဲ့ ။ ဘာမှ မဖြေတတ်ဘူး ။ မျက်လုံးကြီး ပြူးပြီး အ ခံနေတော့ သူ့ မိန်းမ ဝင်းစိန် က ဝင်ဖြေတယ် ။
“ မမထူး က ငကြည့် များ သွား မေးနေသယ် ... သူ ဘာမှ မသိဘူးရယ် .. သူ က မန်ယူသမား .. ဟောဒီ ဝင်းရှိန်ယောက်ျား က အာဆင်နယ်သမား .. အမေကြီးကြေးခွံ ကို ဆုတောင်းရင် နိုင်သယ် .. မ သယ် ကြားသာနဲ့ နတ် ပွဲ ထလိုက်ကြသာ ... ”
“ အေးပါ .. နတ်တို့ ဘောလုံးပွဲ နဲ့ ... ”
“ သည် လို မမထူး ရေ ... နတ်ကွန်း မှာ နတ်ရုပ် မရှိတော့ အမေကြီး ကြေးခွံနတ်ရုပ် ကို ဘုရားကြီး က ပန်းပုဆရာ ဆီ မှာ အပ်ကြကရော .. ပန်းပုဆရာ က ဘယ်လို ပုံ လိုချင်သာတုံး မေးတော့ နတ်အုပ် လုပ်သဲ့ အမေ ကြီးအုပ် က လက် တစ်ဖက် က ငွေထုပ်ပိုက်ပြီး လက် တစ်ဖက် က ရွှေတုံးကလေး တစ်တုံး မြှောက်ပြနေပုံ ထုခိုင်းကရော ... ပန်းပုဆရာ က ထု ပေးလိုက်တော့ အဲသည့် ပုံတော်ပါပဲ ”
ဝင်းစိန် က သည်လောက် ပြောပြီး စကား ရပ် ထားလို့ ကျွန်မ က ဇွတ် မေးရတယ် ။ ဝင်းစိန် ပြောတဲ့ အထိ က အဖြေ မဟုတ်သေးဘူးလေ ။ ဒါပေမဲ့ ဝင်းစိန် က ဆက် မပြောဝံ့ သလို လုပ်ပြီး လက်အုပ်တွေ ချီ နဖူး ကို ကပ် တဲ့ ပြီး ပါးစပ် က တတွတ်တွတ် ရွတ် နေတာ အကြာကြီး ။
“ နတ်ပုံတော် ရလို့ ရွာ ကို ပင့်တော့ ရွာ က ဘောလုံး ပိုက်ပြီး ခရာမှုတ် နေသဲ့ အရုပ် နဲ့ တူသယ် ပြောကြရာ က ဘောလုံးဝါသနာ ပါသဲ့ လူတွေ အဆက် အသ လုပ်ကြသာပဲ .. အဲသည် ကနေ နာမည်ကျော် သွားသာကော မမထူး ရဲ့ ... နှစ်တိုင်း ယုံယုံကြည်ကြည်နဲ့ ကို လာကြသာ မမထူး ရေ .. အခုတော့ ဘောလုံးနတ် ဖြစ်နေပြီ ”
ခါတိုင်း ဘယ်လို လူ ကို ဖြစ်ဖြစ် အမြင်မတော် ၊ အကြားမတော် ရင် ပိုးခနဲ ပက်ခနဲ ပြောတတ်တဲ့ အမေ လည်း သည် တစ်ခါ ငြိမ် လို့ ။ နတ်ပွဲ ပြန်တွေ ပေးတဲ့ ကရေကရာ တစ်ဖဲ့ မြုံ့လိုက်လို့ ။ ကျွန်မ မှာ သာ ငိုရခက် ရယ်ရခက်ကိုး ။ မောင်ကြည် ကတော့ မန်ယူ စွပ်ကျယ်ရဲကြီး တရမ်းရမ်း နဲ့ ။ ရွာတွေ မှာ ဘောလုံးအင်္ကျီတွေ ဆိုတာ ပလူပျံလို့ ဆိုပါလား ။
ကျွန်မက အမေကြီးအုပ် တို့ က နတ်ပုံတော် ကို ဒိုင်လူကြီး နဲ့ တူတယ် ပြောတာ စိတ်မဆိုးဘူးလား ဆိုတော့ ဝင်းစိန် က မဖြေဘူး ။ ဝင်းရှိန် က ဖြေတယ် ။
“ စိတ်ဆိုးဖို့ နေနေသာသာ မမထူး နှယ်... ဘာနဲ့ တူတူ အေ .. နတ်ပွဲ စည်ဖို့ လိုသာသဲ့ .. အမေကြီးအုပ် က စာ သာ မတတ်သယ် .. မန်ယူသမား လာ ရင် မန်ယူဆုပေး .. အာဆင်နယ်သမား လာ ရင် အာဆင်နယ်ဆုပေး တွေ ကျက်ထားသာ .. ဖြောင့်လို့ .... ”
အဖြစ်က ရယ်စရာ ပါ ။ သို့ပေသိ ကျွန်မ မှာ မရယ်နိုင်ခဲ့ဘူး ။ ဪ .. ဖြစ်ရလေလို့ လည်း အောက်မေ့မိတယ် ။ လွန်ခဲ့တဲ့ နှစ် ကိုးဆယ် ၊ တစ်ရာ က နတ် ဖြစ်တယ် ဆိုတဲ့ အမေကြေးခွံနတ် နဲ့ သည် ဘက်ခေတ် တွေ မှာ မှ ဝါးတစ်ရုံလုံး ဘုန်းကြီးတောင်ဝှေး ဖြစ်လာတဲ့ ဘောလုံးကလပ်အသင်း တွေ ဘယ်လိုများ ဆက်စပ် ပစ်လိုက်တာပါလိမ့်လို့ လည်း တွေးမိတယ် ။ ပြည့် တာ မပြည့်တာထား ၊ ဆုတော့ တောင်းလိုက်ကြသေးတာ မဟုတ်လား ။
ဆုတောင်းတဲ့ သူတွေ က ဆိုင်ရာ ဘောလုံးအင်္ကျီတွေ ဝတ်ပြီး ဆုတောင်းကြ သတဲ့ ။ နတ်အုပ်ကြီး အမေအုပ် က လည်း ကလပ်အသင်း အလိုက် ဆုတောင်းတွေနဲ့ ‘ ပြည့်စေ ’ လုပ်နေ သတဲ့ ။ နောက်ဆို အမေကြေးခွံနတ်ရုပ် ကို တောင် မန်ယူအင်္ကျီဝတ်ပြီး ကနားကြီး ခံရင် ခံကြဦးမလား မပြော တတ်ဘူး ။ လူ ဆိုတော့လည်း အားကိုး ရှာကြတာ သဘာဝပေကိုး ။ လူ တွေ က ပိတ်နေတယ် ထင် ရင် ကြွက်တွေ လို ဂယ်ပေါက် ( ကယ်ပေါက် ) ရှာ ထွက်ကြ သလို နတ်တွေ လည်း နတ်ဂယ်ပေါက် ရှာထွက်ကြထင်ပါ့ ။
⎕ ခင်ခင်ထူး
📖 ပေဖူးလွှာ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၀၉
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment