❝ ကမ္ဘာ ❞
ငါ နေထိုင်တဲ့ ဒီ ကမ္ဘာ
ပင်လယ်အိုင်ကြီးပါ
ခုန်ကာပေါက်ကာ ဆော့ကစား
ငါဟဲ့ ကိုရွှေဖား ။
တစ်နေ့ မှာ မြွေ တစ်ကောင် ဟာ အောင်မြင်ခန့် ညားလှတဲ့ အဲ့ဒီ ကဗျာရွတ်သံကြီး ကို ကြားလိုက်ရ သတဲ့ ။ ‘ ဖား ’ ဆိုလို့ စိတ်ဝင်စားပြီး အသံ ကြားရာ ဆီ ကို လိုက် ကြည့် တော့ ရေတွင်းပျက် တစ်ခု ထဲ က ဖြစ်နေတယ် ။ ကဗျာရွတ် ဆိုသူ ကတော့ ရေတွင်းပျက် ထဲ က ရေစပ်စပ် မှာ နေထိုင်သူ ဆူဖြိုးလှတဲ့ ဖားကြီး ပေါ့ ။
အဲ့ဒီ ဖားကြီး ကို မြွေ က အတော် သွားရည် ကျ မိ တယ် ။ ဒါပေမဲ့ ရေတွင်းပျက် ထဲ ကို သူ မဆင်းရဲဘူး ။ ပြန် တက်ဖို့ မလွယ်တဲ့ ရေတွင်း ဖြစ်နေတယ် ။ အဲ့ဒီတော့ ဖား ကို ပဲ စိတ်ဆင်းရဲအောင် သူ လုပ်လိုက်တယ် ။
“ တော်စမ်းပါ ကိုရွှေဖားရယ် ... ခင်ဗျား ရဲ့ ကမ္ဘာ ဆိုတာက ကျဉ်းကျဉ်းကလေးပါ ၊ ဒါလောက်လေး ကို ကမ္ဘာ လို့ မခေါ်ပါဘူး ၊ ကမ္ဘာ ဆိုတာ က မြေတွင်း တွေ ၊ ရေကန် တွေ ၊ သစ်ပင် တွေ ၊ ကြွက် တွေ ၊ အများကြီး ရှိတယ် ”
ဖား က သူ ပြောတာ ကို ဂရုမစိုက်ပါဘူး ။ ဘာမှ လည်း ပြန် မပြောဘူး ။ သူ့ ကဗျာ နဲ့ သူ ပဲ ခုန်ပေါက် ဆော့ ကစား နေတယ် ။ မြွေ လည်း စိတ် လျှော့ပြီး လှည့်ပြန် သွားတယ် ။
သိမ်းငှက် တစ်ကောင် ကလဲ အဲဒီလိုပဲ ကဗျာရွတ်သံ ကြား လို့ လာ ကြည့်တယ် ။ ဖား တစ်ကောင် ရေတွင်း ထဲ က ရွတ်ဆို နေတာမို့ တခစ်ခစ် ရယ် ရင်း ပြောတယ် ။
“ တော်စမ်းပါ ကိုရွှေဖား ရယ် ... ခင်ဗျား ရဲ့ ကမ္ဘာ ဆိုတာက ကျဉ်းကျဉ်းလေး ပါ ၊ ဒါလောက်လေး ကို ကမ္ဘာ လို့ မခေါ်ပါဘူး ။ ကမ္ဘာ ဆိုတာက တောင်တန်း တွေ ၊ တိမ်တိုက် တွေ ၊ အသိုက် တွေ အများကြီး ရှိတယ် ”
သူ့ ထုံးစံ ထင်ပါရဲ့ ဖား က ဂရုမစိုက်ဘူး ။ ဘာမှ လည်း ပြန် မပြောဘူး ။ သူ့ ကဗျာ နဲ့ သူ ပဲ ခုန်ပေါက် ဆော့ ကစား နေတယ် ။ သိမ်းငှက် လည်း စိတ် လျှော့ပြီး လှည့်ပြန် သွားတယ် ။
တောလည် ထွက်ရင်း ခဏ အမောဖြေ နေတဲ့ မုဆိုး တစ်ယောက် ခမျာ လည်း မနေသာဘူး ။ ရေတွင်း ထဲ ငုံ့ ကြည့်ပြီး ဖား ကို နားချ ယူတယ် ။
“ တော်စမ်းပါ ကိုရွှေဖား ရယ် ခင်ဗျား ရဲ့ ကမ္ဘာ ဆိုတာက ကျဉ်းကျဉ်းလေးပါ ၊ ဒါလောက်လေး ကို ကမ္ဘာ လို့ မခေါ်ပါဘူး ။ ကမ္ဘာ ဆိုတာ က တော တွေ ၊ ရွာ တွေ ၊ မြို့ တွေ ၊ ဈေး တွေ ၊ သားကောင် တွေ အများကြီး ရှိတယ် ”
ဖား ကတော့ မကြား သလိုပါပဲ ၊ သူ့ ကဗျာ နဲ့ သူ ကျွမ်းထိုး ဆော့ကစား နေတယ် ။ မုဆိုး လည်း စိတ် လျှော့ပြီး လှည့် ပြန် သွားတယ် ။
တစ်ခု တော့ ရှိတယ် ။ သူတို့ စိတ် လျှော့တယ် ဆိုတာက လုံးလုံးလျားလျား စိတ်လျှော့တာမျိုး မဟုတ်ဘူး ။ ကြုံ ရင် ကြုံ သလိုတော့ အဲ့ဒီ စကားတွေ ကို ဖား ကို ဝင်ဝင် ပြော နေကြတာပေါ့ ။ သူတို့ချင်း မဆုံမိကြတာပဲရှိတယ် ။
တစ်နေ့ ...
မြွေ က ဖား ကို အဲ့ဒီ စကားတွေ ကို လာ ပြောနေ တုန်း ... ဗြုန်းကနဲ သိမ်းငှက် က သူ့ ကို ချီသွားတယ် ။ ချက်ချင်း ဆိုသလိုပဲ မုဆိုး က သိမ်းငှက် ကို လေး နဲ့ ခွင်းတယ် ။ မြွေအသေ နဲ့ သိမ်းငှက်အသေ ကို ဝမ်းသာအားရ ပွေ့ပိုက် ပြီး ပြန်လှည့် အလာ မှာ မုဆိုး ဟာ အမှတ်တမဲ့ ဖြစ်ပြီး သူ ဆင် ထားတဲ့ ထောင်ချောက် ကို သူ ပြန် နင်းမိတယ် ။ မုဆိုး လည်း သေသွားတယ် ။
ရေတွင်း ထဲ မှာ ရှိနေတဲ့ ဖား က တီးတိုး ပြောတယ် ။
“ ခင်ဗျားတို့ မသိလို့ပါဗျာ ၊ တကယ်တော့ ငြိမ်းချမ်းလွတ်လပ်စွာ စွမ်းနိုင်တဲ့ နေရာ ကိုသာ ‘ ကမ္ဘာ ’ လို့ခေါ် တယ် ...”
စကား အဆုံး မှာ ကဗျာ တစ်ပုဒ် ကို သူ ရွတ်ဆိုလေရဲ့ ။
ငြိမ်းချမ်းလွတ်လပ် ရှင်သန်ပါ
အဲ့ဒါမှ ကမ္ဘာ ။ ။
ထိုအရာတွေ ပျောက်ဆုံးတော့ ကမ္ဘာ လက်မဲ့ပေါ့ ... ။
⎕ တာရာမင်းဝေ
📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment