Friday, August 16, 2024

အကယ်ဒမီ ခင်သီတာထွန်း

❝ အကယ်ဒမီ ခင်သီတာထွန်း ❞


▢ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ ။ သန်းသန်း ရေ လူငယ်ပရိသတ် တွေ သိအောင်လို့လေ သန်းသန်း စ , ရိုက်ဖြစ်တဲ့ ကားလေး က စပြော ပါဦး ။


❥ ဆူးမွေ့ယာ လေ ။ အဲဒါလည်း မမျှော်လင့်ဘဲနဲ့ ရိုက်လိုက်ရတာပါ ။ 


▢ ဒါရိုက်တာ က ... ။


❥ ဒါရိုက်တာက ဖေဖေ ပဲ ။ မမျှော်လင့်ဘဲ ရိုက်လိုက်ရတာ ။ ဒေါ်စန္ဒာ ရဲ့ ကား ။ အဲဒါ ငယ်ငယ်တုန်း က ကျတော့ ကိုယ် က ကလေးသရုပ်ဆောင် လည်း ရိုက်ထားတာ ။ အဲဒီ ချစ်ထုံးရဲ့ ဖြေ ပထမဆုံး ရိုက်တာ ။ အန်တီဝါ နှစ်ကိုယ် ခွဲ ။ အဲဒီမှာ အစ်မ နဲ့ ညီမ နဲ့ မှာ နောက်ကြောင်းပြန်တဲ့ အခါ ကျတော့ အစ်မ က ညီမ လုပ်တဲ့ သူ ကို လက်ကလေး ဆွဲပြီးတော့ လှေကား ပေါ် တက်လာ ၊ အပေါ် လည်း ရောက်ရော အစ်မကြီး ကို ဦးမျိုးငြိမ်း က မဟားတရား အဲဒီ အခန်း မှာ လေ ကိုယ် က ငေးကြည့် နေတာလေ ။ အပေါ် တက် လာတာပါတယ် ။ နောက် ငေး ကြည့်ရင်း နဲ့ အဖေ က စစ်တုရင်လေး ကစားခိုင်းထားတယ် ။ အဲ ... ကျား ကွက်ကလေး ၊ ကျားကွက်ကလေး ကစား ခိုင်းထားတယ် ။ အဲဒါလေး လှမ်း ကြည့်လိုက် ၊ အဖေ က သမီး ဘာမှ မလုပ်နဲ့ လှမ်း ကြည့်လိုက် ။ အဖေ့ စကား တော့ နားထောင်တယ် ။ ကျန်တဲ့ မောင်နှမတွေ ကတော့ ထွက်ထွက် ပြေး တယ် ။ ခိုင်းလို့ မရဘူး ( ရယ်လျက် ) ။ အဲဒါနဲ့ ဒုတိယကား ကျတော့ သစ္စာ ရင်မှာ ပိုက်လို့ရယ် ။ စာရေးဆရာ ကိုညွန့်ဝင်း ။ အဲဒါ ဟိုတလော က သူ ဆုရတယ် ဆိုတော့ ဝမ်းတွေသာ နေတာ ။ အဲဒါကျတော့ တော်တော်များ တယ် ။ ဦးညွန့်ဝင်း ငယ်ငယ် က မောင်မြင့်ဌေး ၊ အန်တီဝါ ငယ်ငယ် က ကိုယ် ။ အဲဒါနဲ့ အများကြီးပဲ ။ ကား သုံးပုံတစ်ပုံလောက် ထိ ကို ကလေးခန်း များတယ် ။ 


▢ ကလေးသရုပ်ဆောင် ပေါ့ ။


❥ အဲဒါကျတော့ ရှစ်နှစ်ခွဲ ကိုးနှစ် လောက် ပေါ့ ။ ခုနက ဟာ ကျတော့ ပြတော့ ခုနစ်နှစ် ကျော်ကျော် ပေါ့နော် ။ ပြီးတာနဲ့ ဆက် ရိုက်တယ် ။ ဒါပေမဲ့ အရွယ် က ဟ,တယ် ။ နောက် ... ဆယ့်နှစ်နှစ် နဲ့ ဆယ့်သုံးနှစ် ကျတော့ ဒါရိုက်တာ ဝိုင်းတင်အောင်မြင့်ဦး က မော်လမြိုင် ဘက် ခေါ်သွားပြီးတော့ ပန်းခင်းသောလမ်း ။ ဒါပေမဲ့ အဲဒါကျတော့ အန်တီဝါ ရဲ့ သား က မောင်မြင့်ဌေး လုပ်ရတယ် ။ ကိုယ် က ကျတော့ အိမ်နား က သူငယ်ချင်း အခန်း ။ နည်း ပါတယ် ။ အဲဒါလည်း ရိုက် ပြီး ရော ဖေဖေ ကလ ည်း စိစိစစ်စစ် သုံးစွဲတတ် တယ်လေ ။ အဲဒါမှာ ဒေါ်စန္ဒာ ကို ဆူးမွေ့ယာ အတွက် ငှားထားတာပေါ့ ။ အဲဒီတော့ အစ်ကို ရယ် ... နှစ်ငါးဆယ် ရွှေရတုသဘင် ဆိုတာ ရုပ်ရှင်အစည်း အရုံး က နေပြီးတော့ ရုပ်ရှင်သမားတွေ ကို တဲ့ နယ် မထွက်ရပေါ့နော် ... ဒီအချိန် မှာ နယ်မထွက်ရ ဆိုတော့ ဒါပေမဲ့ ရန်ကုန် မှာ လည်း ကြိုရိုက်မယ် ဆို သူတို့ ထွက်ထွက် သွားတယ် ။ ဒေါ်စန္ဒာ ကို ရိုက်ဖို့ ခေါ်ပြီး ထွက် သွားတယ် ။ ဒါပေမဲ့ နေ့ခင်း ရောက်တော့ ကား က ပြန် လာရော ။ အဲဒီတုန်းက ကိုယ်ဝန် အခက်အခဲ ပေါ့နော် ။ သွေးတွေ သွန်တယ် ... ဘာဖြစ်တယ် ၊ မင်းသမီး က မရဘူးတဲ့ ။ အဲဒါနဲ့ ဦးညွန့်ဝင်း နဲ့ ဒေါ်အေးအေးသင်း က ဖေဖေ့ ကို ကဲ ... ဇာတ်ကား ထဲ မှာ မင်းသမီး က ရှစ်တန်းကျောင်းသူ ၊ အခု ဟိုမှာ သမီး က ငယ်ငယ်တုန်း ကတည်း က ရိုက်နေတာ ။ အခု သူ က အပြင် မှာ ကိုးတန်း ကျောင်းသူ ဖြစ် နေပြီ ။ သူ့ ကို သာ ရိုက်လိုက်ပါတော့ဆိုတာ ဦးညွန့်ဝင်း နဲ့ ဒေါ်အေးအေးသင်း တို့ ကောင်းမှု လို့ ခေါ်ရမှာပေါ့ ( ရယ်လျက် ) ။ အဲဒါနဲ့ ရုတ်တရက်ကြီး ကောက် ပြီးတော့ မင်းသမီး ဖြစ်သွားတာ ။ ဖြစ်သွားတော့ အဲဒါနဲ့ သူငယ်ချင်းတွေ ကို ဟဲ့ ... ငါ သွား ရိုက်ရတော့မယ်လို့ ။ အဲဒီမှာ စာနယ်ဇင်းတွေ က လာသေး တယ် ။ ဖေဖေ က ဖိတ်သေးတယ် ။ နာမည် ပေးတာ ဦးလေး အငယ် က ဒါရိုက်တာ တင်အောင်မြင့်ဦး က ခင်သီတာထွန်း နဲ့ ဝင်းပပထွန်း ကြိုက်တာ ယူ ငါ့ တူမ ဆိုတော့ အဲဒါနဲ့ စာနယ်ဇင်းတွေ က လာတော့ တော်ကြာ ခင်သီတာထွန်း ပေးလိုက်ပြန် ရော ၊ ခဏနေကျ ရင် ဝင်းပပထွန်း ဆိုပြီးတော့ သွား ပေး လိုက်ပြန်ရော ။ အဲဒါကျတော့ အဒေါ် က နောက်တယ် ။ “  ပပ ... ပပ ” ဆိုပြီးတော့ နောက်တာ နဲ့ ခင်သီတာထွန်း ပဲ လုပ်တော့ နေရ ခက်တယ် ။ ဘယ်လိုကြီးမှန်း မသိဘူး ဆိုပြီးတော့ ။ အဲဒါနဲ့ သူငယ်ချင်း တွေ ကို ဟဲ့ ... ငါ မင်းသမီး ကား သွား ရိုက်ရမယ် လို့ သူတို့ က မယုံဘူး ။ နောက်တော့ စာအုပ်တွေ အကုန် ပေးခဲ့ပြီး စာကူးပေးပါဟယ် လို့ ။ နောက်နေ့ ကျတော့ မှ သတင်းစာ ထဲ မှာ ခေါင်းလေး တစ်ပိုင်း နဲ့ ခင်သီတာထွန်း ဆိုပြီး ပါလာတယ် ။ အဲဒီအခါ ကျတော့ သူတို့ ယုံ သွားကြတယ် ။ အဲဒီလိုနဲ့ ပဲ ဖြစ်သွားတာပေါ့နော် ။ 


▢ အဲဒါ ပထမဆုံးကားပေါ့ ။


❥ ဒုတိယ ကား ကျတော့ ဖေဖေ က အချစ်ရူး ၊ ဦးလေး က ဖက်ဖူးရောင် ။ ဒါနဲ့ပဲ ဖေဖေ့ မိတ်ဆွေ အပေါင်းအသင်း လက္ခဏာ ဦးကိုကြီး တို့ ၊ အမျိုးသား ရုပ်ရှင် ဦးစိန်တင် တို့ အကုန်လုံး က သမီး ကို ပေးရိုက်ပါ ဆိုတော့ ဖေဖေ က ကဲဟယ် ... ငါ့ မိတ်ဆွေတွေ သွား ရိုက်ပေးလိုက် ဆိုတော့ အဲဒါနဲ့ တင် တဖြည်းဖြည်း မိတ်ဆွေ တွေ ၊ ဒေါ်သင်းသင်းယု ၊ ဦးအောင်မြင့်မြတ် အကုန်လုံးပေါ့နော် ။ ဦးလှမျိုး ၊ နောက် ဦးမျိုးမြင့်အောင် အဲဒီလိုမျိုး စသဖြင့် ပေါ့ ။ မိတ်ဆွေတွေ ကား တွေ ကို လိုက် ရိုက်ပေးတယ် ။


▢ ဒါရိုက်တာ ပေါင်းစုံ ဖြစ်သွားတာပေါ့ ။ ခုနက သန်းသန်း ပြောတဲ့ အထဲ “ ဖက်ဖူးရောင် ” က ... ။


❥ လဝန်းကလေး နဲ့ တူတယ် မေ့ ကို လားကွယ် ဆိုတဲ့ အဲဒီ သီချင်း လေး အဲဒီ ကားထဲ မှာ ။


▢ တင်အောင်မြင့်ဦး က သရုပ်ဆောင် အသစ် ခေါ်ခဲ့တာ ။ 


❥ ခေါ်ခဲ့တာ ဟုတ်တယ် ။ ပြိုင်ပွဲ ရှိတယ် ။ ပြိုင်ပွဲ အစ်ကို ပါလား အဲဒီနေ့ က .. ။


▢ မပါဘူး ... ညီ တစ်ယောက် ။


❥ အဲဒါ ဘီသုံးလုံး ခြံ ထဲမှာ ခုနက ပြောတဲ့ အကြီးဆုံး အစ်ကိုကြီး သူ့ မှာ စတူဒီယို အကြီးကြီး ရှိတယ် ။ အဲဒီ ဘီသုံးလုံးခြံ က ဦးသာဓုခြံ နဲ့ ကပ်လျက်ပဲ ။


▢ အဲဒီ ပြိုင်ပွဲ က နေ ပြီးတော့ ဦးဇော်လင်း နဲ့ ၊ ထွန်းထွန်းဝင်း နဲ့ ဖြစ်လာခဲ့တာနော် ။


❥ ဟုတ်တယ် ... ဟုတ်တယ် ။ 


▢ “ ဖက်ဖူးရောင် ” မှာ ရော ။


❥ အဲဒီတုန်းက ကိုယ် က မင်းသမီး လုပ်ဖို့ မပါသေးဘူး ။ အဲဒီ ရွေးချယ်ပွဲ ကို ကိုယ် ကလည်း သွားတယ် စကတ်ကလေး နဲ့ ။ ပြီးတော့ ကိုထွန်းထွန်းဝင်း က ဘာလေးလဲ မသိဘူး ၊ လျှောက်လွှာ အလိပ်လေး ကိုင်ပြီးတော့ တိုက်ပုံ အနက်ကလေး နဲ့ သူ့ ကို မြင် လိုက်တော့ ဟယ် ... ဦးငယ် ၊ ဦးငယ် သူ့ ကို ရွေး ... ရွေး ( ရယ်လျက် ) ။ သန်း ရွေးထားတာ နော် ၊ ကိုထွန်းထွန်းဝင်း ကို အမြဲ ပြောတယ် ။ သန်း ရွေးထားတာနော် လို့ ခုထက် ထိ ။


▢ ဦးဇော်လင်း လည်း အဲဒီမှာ ပါတယ် ။


❥ ဦးဇော်လင်း က ကျတော့ အဒေါ် က ရှာ ထားတာ ။ မင်းသား က ... သူ က မော်လမြိုင် က ။


▢ အဲဒီမှာ သူတို့ ပထမဆုံး သရုပ်ဆောင် အောင်မြင် သွားကြတယ် ။


❥ အောင်မြင် သွားကြတယ် ။


▢ သန်းသန်း လျှမ်းလျှမ်းတောက် အောင်မြင်သွားတဲ့ ကား ပေါ့ နော် ၊ “ တစ်ခါက တစ်ဘဝ ” ။


❥ တစ်ခါက တစ်ဘဝ ။


▢ “ တစ်ခါက တစ်ဘဝ ” အဲဒီ ကား ဘယ်သူ ရိုက်တာလဲ ။ 


❥ အဲဒီ ကား က ဒါရိုက်တာ မောင်တင်ဦး ပေါ့နော် ။ ပထမတုန်း က သူ က ဇာတ်လမ်း အဆန်း ၊ သန်း က အပျို ကတည်း က အဲဒီ ဝတ္ထု ကို ဖတ် ရ တာပေါ့ ။ ငယ်ငယ်တုန်း ကတော့ သီချင်းတွေ ဆို လိုက် ၊ ဝတ္ထုလေး ဖတ် လိုက် ၊ စိတ်ကူး ယဉ်လိုက် ၊ ခင်စိန်လှိုင်ဝတ္ထု တွေဆို  အဲဒီ ထဲ က နော်လူးလူး တို့ ဘာတို့ ဆို သိပ် ဖြစ်ချင်တာ ။ အပြင် မှာ သာ လူ က မြန်မြန်ဆန်ဆန် လှုပ်ရှား ပြေးဟယ်လွှားဟယ် အဲဒီလိုမျိုး သာ ဖြစ်ပေမဲ့ အတွင်းစိတ် မှာတော့ မိန်းမစိတ် တော့ တော်တော် ရှိတယ် ။ အဲဒါလေး ကျရင် စိတ် က ဝင် ဝင်သွားတယ် ။ အဲဒီအတိုင်းပဲ တစ်ခါက တစ်ဘဝ တုန်း က လည်း အဲဒီ အတိုင်းပဲ ။ အဲဒီ အချိန်တုန်း က ကိုယ် က ရိုက်တာ တော့ ရိုက် နေပြီ ။ ပတ္တမြားကြီးကိုးလုံး တို့ ဘာတို့ ရိုက်နေပြီ ။ နောက်ကျတော့ စာရေးဆရာ ဦးဝင်းဖေ ၊ ပန်းချီဆရာကြီး ဦးဝင်းဖေ ၊ ဒါရိုက်တာ ဦးဝင်းဖေ က သူ က မန္တလေး မှာ နေတာ ။ ဖေဖေ က အဲဒီမှာ နည်းနည်းလေး စ ပြီးတော့ နေမကောင်း ဖြစ်တယ် ။ ဖြစ်တော့

တို့အချစ် က ဒီလို ကို လည်း ဦးအောင်မြင့်မြတ် ကို ရိုက်ခိုင်း ပြီးတော့ ဦးဝင်းဖေ ကိုကျတော့ မေ့မေတ္တာက ပိုပါတယ် ကို ဒါရိုက်တာ ပေး လုပ် တယ် ။ ဦးဝင်းဖေကြီး က သန်း တို့ ပြည်သာယာ မှာ ပဲ သူ က နေတယ် ။ 


▢ ပြည်သာယာ မှာ ပဲ နေတယ် ။


❥ မနီးမဝေး မှာ ။ အဲဒီတော့ အိမ် ကို အမြဲ လာတယ် ။ သူ အပေါ်ထပ် မှာ ၊ သန်းသန်းတို့ ရဲ့ ပြဇာတ် အပေါ်ထပ် မှာ ဇာတ်ညွှန်း ရေးနေတယ် ။ သန်းသန်း လာပါဦး ၊ ဒါလေး ခဏလောက် ဖတ်ကြည့်ပေးပါ ဆိုတော့ သန်း က ဖတ်ကြည့်တယ် ။ ဟင် ... ဒါ ဘာလဲ ဆိုတော့ တစ်ခါက တစ်ဘဝ လေ တဲ့ ။ တတိယ အသည်းနှလုံး တဲ့ ။ ဟာ ... ဟုတ်လားလို့ ၊ အဲဒါ ဘာလဲလို့ ။ ရုပ်ရှင် ရိုက်မှာလေ တဲ့ ။ ဘယ်သူနဲ့ ရိုက်မှာလဲ ဆိုတော့ မင်းသမီး က တင်တင်ညို ၊ မင်းသား က ဇော်ဝမ်း ၊ ဒါရိုက်တာ က ပန်းချီစိုးမိုး တဲ့ ။ ဒေါ်တင်တင်ညို ဆိုတော့ စဉ်းစားနေတာ ။ အဲဒီတုန်းက မမညို က တကယ့် ကို မြို့သူဌေးသမီး လေ ။ ကုဋေရှစ်ဆယ်သူဌေးသား တို့ ဘာတို့ အဲဒီလို နုနုရွရွ လေးတွေ လေ ၊ တကယ် သူ က လေ ဂျပန်မလေး လို ၊ ကော်ပတ်ရုပ်လေး လို ရုပ်မျိုးလေးဆိုတော့ ဟိုက တံငါသည် က လည်း ကမ်းစပ် မှာ ပြေးဟယ် လွှားဟယ် ။ နောက်ဆုံးမှာ မင်းသား နဲ့ ပြေးတဲ့ အခန်း ဝတ္ထု ထဲ မှာ ကိုယ် က သိ တယ် ။ နောက်ဆုံးမှာ ထွက်ပြေးတဲ့ အခန်းတွေ ဘာတွေ ပါတယ် ။ ခွေး တစ်ကောင် က လည်း ပါသေးတယ် အရေး ထဲ မှာ ။ ကိုယ် က စဉ်းစား ကြည့်လိုက်တဲ့ အခါကျတော့ ဟင် လို့ ... ဦး ရေးထားတာ ကောင်းပါတယ်လို့ ၊ ဒါပေမဲ့ သန်း နဲ့ ရိုက်ရင် ပို ကောင်းမယ်လို့ သူ့ကို နောက်ပြီး ပြောပြီး ဆင်း သွားတာ ( ရယ်လျက် ) ။ နောက်ပြီးကျတော့ ကံကြမ္မာ က ကိုယ့် ဆီ ကို တကယ်ပဲ ရောက် လာပြီး ဒါရိုက်တာ မောင်တင်ဦး ၊ မင်းသား ကျော်ဟိန်း ၊ မင်းသမီး ခင်သီတာထွန်း ။ အဲဒီလို ဖြစ်သွားတာပေါ့လေ ။


▢ တကယ် ပေါက်ခဲ့တဲ့ ကား နော် ။


❥ အင်း ... အဲဒါလေ အစမ်း ကို ဦးဝင်းဖေ က သွား ကြည့်လာတာ ။ ဝင်းတံခါး ကနေ ပြေး လာတယ် ။ ပြီးတော့ ဟဲ့ နင် အကယ်ဒမီ ရမလား မသိဘူး ၊ ငါ ကြည့်ခဲ့တာ တော်တော် ကောင်းတယ်တဲ့ ။ ဟုတ်လို့လား ဆိုတော့ ဟုတ်တယ်တဲ့ သူ အားပေးလိုက်သေးတယ် ။ ဦးဖေကြီး နဲ့ လည်း အဲဒီလိုမျိုး ခင်ကြတယ် ။


▢ အဲဒီ ကား မှာ သန်းသန်း တစ်ယောက်တည်း လား ... မဟုတ်ဘူးနော် ။


❥ ဟင့်အင်း ... အန်တီချို ပါတယ် ။ လက်စသတ်တော့ မြို့တစ်ပိုင်း ၊ သူ နဲ့ ကိုယ် နဲ့ က မတွေ့တော့လေ ။ သူ က နည်းပါတယ် ။ နည်းနည်းလေး ပေါ့နော် ။ မင်းသား နဲ့ စေ့စပ်ထားတဲ့ တစ်ယောက် ပေါ့ နော် ။ အဲဒီလိုမျိုး နည်းပါတယ် ။


▢ အကယ်ဒမီ ရတာ ရော ။


❥ အကယ်ဒမီ ရတာက သန်း တို့ ဇာတ်ကားဆု ရတယ် ။ ဒါရိုက်တာ ရတယ် ။ သန်း ရတယ် ။ ဦးဖိုးပါကြီး ရတယ် ။ အဲဒီခေတ် က များ အကယ်ဒမီ ရှား လိုက်တာ ... ဦးဖိုးပါကြီး က လေ ငယ်ငယ်တုန်း က ဖိုးပြုံးချို တစ်ကား ရ ပြီးမှ တစ်ခါက တစ်ဘဝ ကျ မှ သန်း နဲ့ အတူတူ ရတာ ။ အဲဒီလို သန်း တို့ က လည်း အဲဒီတုန်း က ဆို ဇာတ်ကားပေါင်း ၉၅ ကား လောက် ရှိတာ ။ အဲဒီထဲ က မှ တစ်ယောက် တည်း ရတာ ၊ ၇၈ ခုနှစ် အတွက် ပေါ့ ။ ဒုတိယ တစ်ဆု ကျတော့ ၊ ၈၃ ခုနှစ် အတွက် ကျတော့ အဲဒါကျတော့လည်း ၇၅ ကား လောက် တော့ ဖြစ်သွားပြီ ။ 


▢ ဪ ... ။


❥ ဣတ္ထိယခေါ် မိန်းမတို့သည် က ရတာ ။ ပြီးတော့မှ ၈၅ ခုနှစ် အတွက် ကျတော့လည်း ပန်းသီတဲ့ကြိုး ကလည်း ဒီအတိုင်းပဲ ။ အဲဒါကျတော့ လည်း ၆၅ ကား လောက် ရောက်သွားပြီ ။ ဒီနှစ် အခု သန်းတို့ အကယ်ဒမီ ရွေးချယ်ပွဲ အတွက် ကျတော့ ၅၃ ကား အထိ ပြန်တက်လာတယ် ။ မဆိုး ဘူး ... မဆိုးဘူး ။ ကြားထဲ နှစ်ကတော့ အရမ်း အခြေအနေ ဘယ်လို ခေါ်မလဲ တော်တော့်ကို ထိန်းထားရတာပေါ့ ။ ၁၂ ကား တို့ ၊ ၁၅ ကား တို့ ။ ဒါပေမဲ့ သွားတော့ သွားနေသေးတော့ တော်သေးတာပေါ့ ။


▢ “ တစ်ခါက တစ်ဘဝ ” အကြောင်း ပြောကြရအောင် ။ 


❥ ဟုတ်ကဲ့ အစ်ကို ။


▢ “ တစ်ခါက တစ်ဘဝ ” မှာ ကောင်မလေး က တံငါရွာ က ။ 


❥ ဟုတ် ။


▢ လုလုနော် .. လုလု ။


❥ လုလု ... လုလု နဲ့ အရမ်း ကို ပရိသတ် ကြားထဲ မှာ လည်း နာမည်ကြီး သွားတယ် ။ “ လုလု ” ၊ “ စက္က ” ဆိုပြီးတော့ ။


▢ ဦးကျော်ဟိန်းက သင်္ဘော ပျက်ပြီးတော့ တံငါရွာလေး ကို ရောက် လာတယ်နော် ။ အတိတ် မေ့နေတာနော် ။ 


❥ ဟုတ်ကဲ့ ၊ အတိတ်မေ့နေတယ် ။


▢ အတိတ် မေ့နေပြီး လုလု နဲ့ ချစ်သွားကြတယ်ပေါ့ ။ နောက်တစ်ခါ ကျတော့ ဦးကျော်ဟိန်း က ... ။ 


❥ မသိတော့ဘူး ။


▢ ရန်ကုန် ပြန်ရောက် သွားတယ် ။


❥ ရန်ကုန် ပြန်ရောက်သွားတယ် ။ သူ နည်းနည်း စိတ်မှန်ပြီးတော့ မသိတော့ဘူး ။


▢ ရန်ကုန် ပြန်ရောက်သွားတယ် ၊ ဒီကျတော့ လုလု က အခြေအနေ ဆိုးနေတယ် ။


❥ လုလုက အခြေအနေ ဆိုးနေတယ်တဲ့ ... ။ တမ်းတမ်းစွဲ ဖြစ်ပြီးတော့ စိတ်တွေ က ကယောက်ကယက် ဖြစ်နေတယ်တဲ့ ။ လုလု က တစ်ခါ ရူးကြောင်ကြောင် ပြန်ဖြစ်သွားတယ် ( ရယ်လျက် ) ။ ဂေါက်တောက်တောက် တစ်ခါ ပြန်ဖြစ်သွားတယ် ။ အဲဒါနဲ့ သူ ပြန်လာတာပေါ့နော် ။ ပြန်လာပြီးတော့ ဟန်ဆောင် ပြီးတော့မှ ဒီလိုတွေနဲ့ပဲ ပြန်ကောင်းသွားတယ် ။


▢ ပြန် သတိရလာတယ် ။


❥ အင်း ... ပြန် သတိရလာတဲ့ ဒီဇိုင်းလိုပဲပေါ့နော် ။ အဲဒီဇာတ်ကား တောင် မှ ဆက်ဖို့ကောင်းတယ် ။ ဟိုတလောတုန်း က တောင် မှ ကျွန်မ က နှင်းဆီပါမောင် လည်း အဲဒီ အတိုင်းပဲ ။ နောက်ထပ် ဆက်စေချင်သေးတယ် ။ သူ က အတွဲကလေး က လေ ကြည့်လို့ ကောင်းတယ် အဲဒီလိုမျိုးလေး ။ သူတို့ က မေမြို့က အိမ်ကလေး မှာ အဆုံးသတ်သွားတယ် ။ အဲဒီမှာ သူတို့ နှစ်ယောက် ဘယ်လိုလေးတွေ ဆက်နေတယ် ။ ဘာညာ နဲ့ ကြည့်ချင်သေးတယ် ။ တချို့ဇာတ်ကားတွေ က အဲဒီလိုမျိုးလေ နောက်ထပ် ဆက် ကြည့်ချင်စိတ် ပေါက်တယ်ပေါ့နော် ။ အဲဒီလိုမျိုးပေါ့ ။


▢ ဒါကလည်း ဇာတ်ကောင်းတယ်ပေါ့ ။


❥ အောင်မြင်ပါတယ် ။ ဟုတ် ... အောင်မြင်ပါတယ် ။


▢ အဲဒီတုန်းက လုလု နဲ့ စက္က ဆိုတာက သင်္ကြန် မှာ တကယ် ... တစ်ယောက် နဲ့ တစ်ယောက်ကို အော်ကြတာတဲ့ ဇာတ်ကား ထဲ လို ဖြစ်ခဲ့တယ်လေ ။


❥ ပြေးပြီးတော့လေ သူတို့.. နောက်ကြတာ ( ရယ်လျက် ) ။ အဲဒီမှာ အခက်အခဲ တစ်ခု ဖြစ်သေးတယ် ။ သန်း တို့ က ကမ်းခြေ မှာ တကယ်ကို အပြင် Weather လေး နဲ့ အပြင်လေလေးနဲ့ပေါ့နော် ....တကယ် အဲဒီမှာ အော်ရမှာ “ စက္က ” ဆိုပြီးတော့ ။ အပြင်အသံ နဲ့ အတွင်းအသံနဲ့ မတူဘူး ။ 


▢ မတူဘူးလေ ။


❥ အဲဒီအချိန်တုန်းက သူတို့ ကားဆက်တာနဲ့ ဘာနဲ့ နောက်ဆုံး အချောသတ်ခါနီး ကျမှ အဲဒီ အသံ သွင်းချင်တယ် ဆိုတော့လေ “ စက္က ” “ လုလု ” ဆိုတဲ့ “ စက္က ” အသံသွင်းချင်တယ်ဆိုလို့လေ အဲဒီအချိန်မှာ ပထမကလေး ခင်ပန်းနုပြုံး ၊ ပန်းနုလေး ကို မွေးဖို့ ပထမ ကိုယ်ဝန်မှာ တော်တော် ကြီး ကို ကိုယ်ဝန်က တော်တော် ကြီးနေပြီ ။ အဲဒီအချိန်မှာ လာ အော်ခိုင်းတာ ။ ပြည်သာယာ အိမ်ပေါ်ထပ် မှာ အော်ရတာ Feeling ကို မပါဘူး ။ အသံကြီး က လေ ခြောက်နေတယ် ။ ကိုယ့် ဟာ ကိုယ် သိတယ် ။ ပရိသတ် က သာ သူတို့ အဲဒီအထဲ မျောနေလို့ အသံ ကို မသိတာ ။ ကိုယ် က တော့ သရုပ်ဆောင်တဲ့ လူ ဆိုတော့ သိတယ် ။ ကိုယ့် ဟာ ကိုယ် မိတ်ကပ် ကို စိတ်တိုင်း မကျဘဲ လုပ်တာ မျိုးလည်း ကိုယ့် ဟာ ကိုယ် မကြိုက်ဘူးပေါ့နော် ။ ဒါပေမဲ့ ပရိသတ် က မျော သွားရင် သူတို့ က မသိတော့ဘူး ။ အဲဒီ အချိန်မှာ အော်ရတာ ကိုးရိုးကားရားကြီး ဖြစ်နေတယ် ။ ဗိုက် ကို ဖိထားပြီး တော့ မှ “ စက္က ... ” ဆိုပြီးတော့ အတင်းကြီး အော်နေ ရတာပေါ့နော် အဲဒီလို ။


▢ “ ဣတ္ထိယခေါ် မိန်းမတို့သည် ” အကြောင်း ပြောပြပါဦး ။ 


❥ ဣတ္ထိယခေါ် မိန်းမတို့သည် ကတော့ တကယ့် မိန်းမဇာတ်စစ် စစ်ကြီး ။ အဲဒီတုန်းက ... ။


▢ အဖေ ရိုက်တာနော် ။ 


❥ ဖေဖေ ရိုက်တာ ။ အဲဒီ ဝတ္ထု ကို လည်း သိပ် မသိလိုက်ဘူး ။ ဖေဖေ တို့ တာဝန်ပေးတဲ့ အတိုင်းပေါ့နော် ။ အဲဒီ အချိန်တုန်း က မောင့်ချစ်သူ နွယ်နွယ်ထွန်း ပါတယ် ။ ဦးညွန့်ဝင်း နဲ့ ရိုက်ရမယ် ဆိုလည်း ရိုက်ပေးလိုက်တယ် ။ ဦးဇော်လင်း နဲ့ ရိုက်ပေးရမယ်ဆိုလည်း ရိုက်ပေးလိုက်တယ်ပေါ့နော် ။ အဲဒီလို အတိုင်းအတာ လောက် မှာ ရိုက်ပေးတာ တစ်ခု ပဲ ရှိတယ် ။ အကွေ့များတယ် ။ အဲဒီ ကားလေး က တော်တော်လေး ခက်တယ် ။ ကိုယ့် ကို ကြိုက်လားလို့ မေးရင် ဟင့်အင်း ... အဲဒါမျိုးတော့ သိပ်မကြိုက်ဘူး ။ သိပ် ဝါသနာ မပါဘူး ။ အရမ်းကြီး မိန်းမဆန်ဆန် နဲ့ .. ဟိုဇာတ်ရှုပ် ၊ ဒီဇာတ်ရှုပ် နဲ့ အဲဒါကြီးတော့ သိပ်မကြိုက်ဘူး ။ သန်း ကြိုက်တာ အဲဒီ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် အဲဒီလိုမျိုး ဖိုက်တင်တွေ ကြိုက်တယ် ( ရယ်လျက် ) ။ ကိုယ် နဲ့ တောင် ဆုံတယ် ။ အဲဒီ ဂျေမောင်မောင် တို့ ဘာတို့ ဖိုက်တင်ကား ၊ မြင်းစီးတာ တွေ ဘာတွေ အဲဒီလိုလေး တွေ သဘောကျတယ် ။ ဒါပေမဲ့ ဖြစ်အောင်လုပ် ပါတယ် ။ အဲဒီ နှစ်က တစ်ခု အစ်ကို ရဲ့ တတိယအရွယ် ဒုတိယဝေဒနာ နဲ့ သွားပြီးတော့ တိုက်တယ် ။ တိုက်တော့ နှစ်ကားလုံး က ကောင်းတယ် ။ ကောင်းတော့ ဖေဖေ နဲ့ သန်း နဲ့ က ရသွားတယ် ။ ဒါရိုက်တာ နဲ့ မင်းသမီး က ဣတ္ထိယခေါ် မိန်းမတို့သည် ။ ဒီဘက် က ဦးညွန့်ဝင်း နဲ့ ၊ ဇာတ်ပို့ နဲ့ ဇာတ် ဆောင် ဦးညွန့်ဝင်း နဲ့  ဦးထွန်းဝေ က တတိယအရွယ် ဒုတိယဝေဒနာ အဲဒီလို ပေးလိုက်တာ ။


▢ အမှန်မှာတော့ နှစ်ကားလုံး ကောင်းတယ် ။


❥ ကောင်းပါတယ် ။ ဟုတ်ကဲ့ အစ်ကို ။


▢ တစ်ခါကတော့. အန်ကယ် ဦးထွန်းမြင့် နဲ့ ရုပ်ရှင် အတူတူ ထိုင် ကြည့်ဖူးတယ် ။


❥ ဪ .... ဟုတ်ကဲ့ ။


▢ ဘာကားလဲ ဆိုတော့ မောင်သိန်းဇော် နဲ့ ရိုက်တဲ့ “ စက်ဘီးကလေး ” ။


❥ ဪ ... စက်ဘီးကလေး ။


▢ သန်းသန်း မရှိဘူး ၊ နိုင်ငံခြား မှာ ။


❥ ဟုတ်တယ် ၊ သန်းသန်း တို့ ကလေ အဲဒီ ခေတ် က ခုခေတ် လို ဗီဒီယို ရိုက်သလို ၊ တချို့ကလည်း အခုဆို ရုပ်ရှင် ကို ဗီဒီယို နဲ့ တွဲထားတယ် ။ ပြီးရင် ကိုယ့် အမူအရာ ကို ဗီဒီယို မှာ ကြည့် ပြီးတော့မှ မကြိုက်ဘူး ဆိုတော့ ပြန် ပြီးတော့မှ လုံးဝ အဲဒီ အချိန်ကျ ပြန် ရိုက်ကြတာပေါ့နော် ။ အဲဒီတုန်းက ဗီဒီယို မရှိတော့ သန်း တို့ တစ်ခါတည်း အပြီး ကောင်းအောင် လုပ်ပေးရတယ် ။ မကြည့်ဖြစ်ဘူး ။ ကိုယ် က ထွက်သွားရတယ် ။ အဲဒီလိုမျိုး ။


▢ အဲဒီတော့ ကြည့်နေရင်းနဲ့ အန်ကယ် က ပြောတယ် ။ သန်းသန်း အိုက်တင် နဲ့ ပတ်သက်ပြီး ပြောတော့ ကျွန်တော် က အရင် ပြောတာ ။ သန်းသန်း က အိုက်တင်လုပ်တယ် ဆိုပေမဲ့လို့ သူ မဟုတ်သလိုပဲ လုပ် နေတာလို့နော် ။ အထူကြီးတော့ မဟုတ်ဘူးပေါ့ ။ ပါးပါးလေး နဲ့ ပဲ လုပ် သွားတာ ဆိုတော့ ... အန်ကယ် က ပြောတယ် ။ ဟုတ်တယ်တဲ့ ။ သန်းသန်း အိုက်တင်က အဲဒီ အတိုင်းပဲတဲ့ ။ ပါးပါး ပဲ သူ လုပ်တယ်ပေါ့နော် ။ သန်းသန်း အိုက်တင် နဲ့ ပတ်သက်ပြီးတော့ သူ ပြောဖူးတယ် ။ အတူတူ ကြည့်ကြရင်းနဲ့ ပေါ့နော် ။ အဲဒီတော့ ခုနက ပြောတဲ့ “ ဣတ္ထိယခေါ် မိန်းမ တို့သည် ” ပြီးတဲ့ အခါကျတော့ နောက်ဆုံးကျတော့ ... ။ 


❥ ပန်းသီတဲ့ကြိုး ။ အဲဒီမှာ ကိုယ် မပါသလိုပဲ ။ 


▢ အင်း ... ဟုတ်တယ် ။


❥ ကိုယ့် စိတ်ထဲမှာ ကိုယ် မပါသလိုပဲ ခံစားရတာ ။ ဘယ်လို အကယ် ဒမီရသွားလဲ ကိုယ်လည်း မသိဘူး ။ အဲဒီမှာ သန်း က စိတ်ပူ နေတာ က စ , ရိုက်တုန်း က ခင်စိုးပိုင် တို့ကို လည်း ကြောက် နေတာ ။ မင်းသမီးကြီး ဆို တော့ ကြောက်နေတာ ။ ဟယ် ... မကြောက်ပါနဲ့လို့ ။ အရေးထဲ ... သူ က သူဌေးသမီး လုပ်မှာ ၊ ကိုယ် က မုန့်ဟင်းခါးသည် လုပ်ရမှာ ။ အဲဒီတော့ သူ က ပိုလန့်တယ် ။ အဲဒီတော့ အကုန်လုံး က အားပေးတယ် ။ နောက် ဦးနေအောင် နဲ့ ရိုက်တယ်ဆို ဦးနေအောင် က လည်း နည်းနည်းလေး နာမည်ကြီး လာတော့ ဟာ ... ဆီးထုပ် ကိစ္စ တွေ ၊ ပြက္ခဒိန် ကိစ္စ တွေ တရားစွဲမယ် တို့ ဘာတို့ ၊ သူ့ ကို ပိုက်ဆံ မပေးလို့ ဘာတို့ သူ က အဲဒီ အထဲပဲ အာရုံ ရောက်နေ တယ် ။ သန်း က လည်း စာကျက် ၊ ဟဲ့ ... ရပြီလား ၊ စကား ရပြီလား ဆိုပြီး ဦးဝင်းဖေ ကလေ ။ ဘာဖြစ်နေတာလဲ ၊ သူ့ ဟာ သူ ရအောင် လုပ်မှာ ပေါ့တဲ့ ။ မဟုတ်ဘူး ။ သန်း ကလေ တစ်ယောက် မရဘူး ဆိုရင် ကိုယ် က လုပ်လို့ မရဘူး လို့ ၊ သူ ပါ မှ ရမှာ ။ ကိုယ် ပါ လုပ်လို့ရမှာ ။ သူ မရရင် ကိုယ် က လုပ်လို့ မရဘူး လို့ ။ သူ မရမချင်း ကိုယ် က ပြန် ပြောရတာ Feel က ဘာဖြစ် နေမှန်းမသိဘူး ။ သူပါ ရ မှ ၊ သူ ရတဲ့ အထိ ကိုယ် က ထိုင်စောင့် သွားတာပေါ့ ။ အဲဒီလိုမျိုးတွေ အခက်အခဲ တော့ ရှိတယ် ။ ဒါပေမဲ့ အဲဒီ ကား မှာ သူတို့ ကို အားပေးရင်း နဲ့ ကိုလွှမ်းမိုး တို့ ၊ ခင်စိုးပို င်တို့ .. အားပေးရင်း နဲ့ .. ကိုယ် က ဘယ်လို ဖြစ်လို့ အကယ်ဒမီ ရသွားလဲတော့ သိတောင် မသိလိုက်ဘူး ။


▢ ခုနက သန်းသန်း ပြောလိုက်တာ ရှိတယ်လေ ။ တကယ့်တကယ် မိန်းမ ဆန်တဲ့ဇာတ်ကားတွေ သိပ် Feel မရှိဘူး ၊ အက်ရှင်ကားတွေ ကို Feel ဖြစ်တယ် ။ နာမည်အကြီးဆုံး က တော့ “ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် ” ပေါ့နော် ။


❥ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် အဲဒီ ကား က လည်း ... ။ သန်း နောက်ကို လိုက်တာ ။ တစ်ခါတည်း ၁၇ နှစ် သမီး ကတည်း က လိုက်တာ ။ ဦးဆွေလှိုင်ဦး က ပြောတယ် ။ မျက်နှာဖုံးပုံ ထား ချင်လို့ပေါ့နော် ။ အဲဒီ မအေးပွင့် မြင့်မြင့်စန်း ကို သန်း ကလည်း အဲဒီတုန်း က ဘာမှန်း ကို မသိဘူး ။ ရုပ်ရှင် တစ်မျိုး ပဲ ရိုက်တယ် ။ ဟင့်အင်း မလုပ်ဘူး ။ စံပယ်ဦးသန်းလွင် သူ က လည်း ကက်ဆက်ဇာတ်လမ်း မအေးပွင့် ကို လုပ်ချင် လား ၊ ဟင့်အင်း မလုပ်ဘူး အဲဒီလိုပဲ ။


▢ ကက်ဆက် ဇာတ်လမ်း ။


❥ နောက် အဲဒီတုန်းက ဦးချစ်မင်းလူ နဲ့ ဦးအောင်မြင့်ထိပ် သူတို့ နှစ်ယောက် ပေါင်းပြီး အဲဒီ ဇာတ်လမ်း ကို ပဲ တင်တာ ၊ ရုပ်ရှင် တင်တာ မကျဘူး ။ 


▢ ဟင် ... ။


❥ အဲဒီ ဇာတ်လမ်း က အဲဒီလို ကိုယ့် နောက်ကို လိုက်တာ မပြီးဘဲ နဲ့ နောက်ဆုံး ဖေဖေ ဆုံးတော့ သန်း က ရက်လည် ကို စင်ကာပူ က နေ ပြန်လာ တာ ။ ပြန်လာတော့ မှ သီဟကျော်စိုး နဲ့ တွေ့ ပြီးတော့ အစ်မ တဲ့ ... အစ်မ အဲဒီကား ရိုက်သေးတယ် မဟုတ်လားတဲ့ ။ ဟယ် ... ဘယ်လိုဖြစ်လို့ ဒီ ဇာတ်လမ်း က ငါ ငယ်ငယ် ကတည်း က ငါ့ နောက် ကို လိုက်နေတာ ။ ဒီ အရွယ် ကြီး ကျမှ တစ်ခါ ၊ သုံးဆယ်ကျော် ကျမှ တစ်ခါ ပြန်ပြီးတော့ လို့ ။ အစ်မ မရိုက်ပေးလို့ မရဘူး ။ အစ်မ နဲ့ မှ လိုက်တာ ဘာညာ နဲ့ ။ ဟဲ့ ငါ က ဖေဖေ ဆုံးလို့ ငါ့ ဘာသာ ရက်လည် ပြန်လာတာလို ၊ ရိုက်ဖို့ မဟုတ်ဘူးလို့ ၊ အစ် မရိုက်လို့ မရဘူးလို့ ။ ကျွန်တော်တို့ က လည်း ကျွန်တော် တို့ အဖေ ... ၊ သူတို့ အဖေ လည်း ဆုံးတယ် ။ ဆုံးတော့ တဲ့ ကျွန်တော်တို့ အိမ် က မရောင်းရသေးတော့ ငွေရေးကြေးရေး က လည်း အခက်အခဲ ဖြစ်နေတယ် ။ အစ်မ တစ်ပြား မှ မယူ နဲ့ဦးတဲ့ ။ ကျွန်တော် ရိုက်ပြီးတော့ ရုံတင် ပြီးတော့မှ ဆိုတော့ အဲဒါ တစ်ပြား မှ မယူဘဲ နဲ့ ရိုက်လိုက်တာ ( ရယ်လျက် ) ။ တစ်ခါတည်း မဟာဝိဇ္ဇာဓိုလ် တွေ ရော ၊ တစ်ခါတည်း အဲဒီ သန်း တို့ က ပြည် က နေ ဇီးကုန်း ၊ ဇီးကုန်း က နေ ဘော်ကင်ရွာ က နေ မှ သန်း တို့ က လှည်းတွေ နဲ့ အဲဒီ တော ထဲ ကို ဝင်ပြီး ဆင်စခန်း မှာ အဲဒီလို နေ့တိုင်း ၊ တစ်ခါတလေ ဘာ လှည်း မှ မပါဘူး ။ လမ်းလျှောက် သွား ၊ လမ်းလျှောက် ပြန် ။ လူကြမ်းတွေ နဲ့ ပြိုင်လျှောက် ဘာညာ အဲဒီလိုပေါ့ ။ ကလေး မွေး ထားတာ ကို လည်း မဆင်မခြင် နဲ့ အဲဒီလိုတွေ အရမ်း ပြေးလွှား လုပ်တော့ အခုတော့ ခြေထောက်တွေ ဘာတွေ နာ နေပြီ ( ရယ်လျက် )  ။ အဲဒီတုန်းက အသည်းအသန် တွေ လုပ်ထားတာတွေပေါ့ ။ အဲဒီ ကား လည်း အောင်မြင်ပါ တယ် ။ အဲဒီမှာ မမနု နဲ့ ၊ အကယ်ဒမီ ရွေးချယ်တော့ သန်း တို့ က ခုနစ်စဉ် အလွမ်း နဲ့ သွားပြီးတော့ တိုက် နေတယ် ။


▢ ဟုတ်တယ် ။


❥ တိုက်နေတော့ မအေးပွင့် က ကာလာ ။ သန်း တို့က စ , ပေးရင် ကာလာဆု ၊ ကိုယ်က ကာလာ ပထမဦးဆုံး အကယ်ဒမီလေး လိုချင်တာ ။ မမနု ခုနစ်စဉ် အလွမ်း က တရုတ်ဖလင်ကြီး ။ ဦးဝဏ္ဏ တို့ ရိုက်တာ ။ အကယ်ဒမီ ပြကွက်တွေ ပြ လိုက်တော့ ဖလင် က အကွက်အကွက်တွေ နဲ့ ဆီတွေ မစင်ဘူး အဲဒီလို ။ နောက် မမနု က ကျတော့ အဲဒီ မှာ အိမ်ထောင်သည်လေး ပဲ လုပ်ရတာ မောင်ရေ ...ဘာညာ နဲ့ အဲဒါလောက်ပဲ ရှိတယ် ။ အဲဒီတော့ သန်း တို့ က ကျတော့ တစ်ခါတလေ အကယ်ဒမီ ပေးမယ် ဆိုရင် ယှဉ်ကြည့်ရမယ် ။ ခုနစ်စဉ် အလွမ်း မှာ လုပ်နိုင်လား ၊ သူ က မအေးပွင့် မှာ လုပ်နိုင်လား ။ အဲဒီလိုမျိုး မဟုတ်ဘူး ။ တစ်ခါတလေ ယှဉ်စေချင်တယ် ။ မဟုတ်ဘူး အဲဒီတုန်း က တော့ မိန်းမ အာဇာနည် လိုလို ၊ မိန်းမ သူရဲကောင်း လိုလို အဲဒီကား က ဖြစ်နေတာ နဲ့ ကိုယ် က ပြုတ် သွားတာ ။ ပြုတ် သွားပြီး မမနု ခမျာကလေ အဲဒီမှာ မပေးရင် သူ့ ရဲ့ ဒုတိယ ဆု က သူ က ငယ်ငယ်လေး ထဲ က ကိုယ်ရယ် စိုးရယ် တိုးတိုးရယ် နဲ့ တစ်ကား ရ ပြီးတော့ အကြာကြီးပဲ သူတို့ ခမျာလေ ။ အကယ်ဒမီ ရဖို့ ဆိုတာလေ ရှေးတုန်းက မင်းသမီးတွေ အရမ်း သနားဖို့ ကောင်းတာပဲ ။ ကြား ထဲ မှာ သေတောင် သွားနိုင်တယ် ။ အဲဒီကျမှ ဒုတိယဆု ရရှာတာ ။


▢ ဟုတ်တယ် ... ဟုတ်တယ် ။ 


❥ ခုနစ်စဉ်အလွမ်း ကျမှ ။


▢ ဟုတ်တယ် ။ အဲဒီတော့ အဲဒီ ကားမှာ အဓိက ပရိသတ် ကြည့်တဲ့ အခန်း ပေါ့ ( ရယ်လျက် ) ။


❥ အဲဒါကလည်း တကယ်တမ်း ကျတော့ သန်း တို့ မနှစ် က အထိ ကို အစ်ကို တို့ က အစ အကုန်လုံး က စ , နေတာပေါ့နော် ။ ဒီ မှဲ့ကြီးသုံးလုံး ကို စ , နေတော့ စဉ်းစားပြီးတော့ မနှစ် က မှ အဖြေ က ပေါ်တာ ။ ဘာဖြစ်လို့လဲ ဆိုတော့လေ ဦးဆွေလှိုင်ဦး က သန်း ကို ထိုင်ကြည့် နေတာ ။ သူတို့ တွေ က မင်းသမီး တစ်လက် ပေါ်လာပြီ ဆို တစ်ခါတလေ ဇာတ် ကို ဆင် ပြီးတော့ ရေးလိုက်တာတွေ ဘာတွေ ရှိတယ် ။ ဘာဖြစ်လို့ မအေးပွင့် မှာ အဲဒီ ဟာ ကို ပဲ အဓိက ထား ရေးနေတာပါလိမ့် ဆိုတော့ ... ။ ဟုတ်တယ်လေ သန်း မှာ ဒီ ပါး မှာ တစ်လုံး ရှိတယ် ။ ရင်ဘတ် မှာ တစ်လုံး ရှိတယ် ။ ရှိပြီးသား ဒါ နဂိုမှဲ့ ပဲ ။ နောက် ... သန်း က ရေကူး နေတော့ သူ က မြင်တယ်လေ ။ နောက် ပေါင် မှာ တစ်လုံး ရှိတယ်လေ အကြီးကြီးပဲ ။ အဲဒါကို သူ က သိနေတော့လေ အဲဒီလို ဖြစ်နေတာကိုး ။ နောက်တော့ ဪ ... လက်စသတ်တော့ ငါ့ ကို ကြည့် ပြီး သူ ရေးနေတာကိုး ။ ဘာဖြစ်လို့ သုံးလုံး ဖြစ်နေပါလိမ့်ပေါ့ ( ရယ်လျက် ) ။ အဲဒီလိုမျိုး ... လက်စသတ် တော့ သူ က လူ ကို ကြည့်နေတော့ မြင်းစီး တာတွေ လည်း ပါတယ် ။ ရေကူးတာ တွေ လည်း ပါတယ် ။ အကုန်လုံး ။ မင်းသမီး တစ်ယောက် တက်လာပြီ ဆို ၊ အခုဆို ... ကဲ ဝတ်မှုံရွှေရည် နဲ့ ဖွေးဖွေး ဆို သူတို့နဲ့ လိုက်ဖက်မယ့် ဇာတ် ကို ပရိုဂျူဆာ က လည်း ရှာ ၊ စာရေးဆရာ တွေ က လည်း ရေးကြတယ်လေ ။ ဒီ မင်းသမီး နဲ့ လိုက်အောင် ရေးတော့ ပရိုဂျူဆာ က လည်း ဒါကိုပဲ ယူ ပြီးတော့ ၊ ဒါရိုက်တာ က လည်း ရိုက် တော့ အဆင်ပြေတယ် ။ ပြေတာပေါ့ လျှောခနဲ ။ လိုက်ဖက်ညီတာ ကို လုပ်သွားတဲ့ အခါကျတော့ အားလုံးပဲ သက်သာတယ် ။ အံဝင်ခွင်ကျ လည်း ဖြစ်တယ် ။ 


▢ အင်းပေါ့ ၊ Target လုပ်ပြီး ရေးထားတာကိုး ။


❥ တစ်ခါတလေ မလိုက်တာ ကို ဇာတ်ပို့ ဖြစ်ဖြစ် ၊ ဇာတ်ဆောင် ဖြစ်ဖြစ် ထည့် ထားရင် သူ လည်း လုပ်ရ ခက်တယ် ။ ဇာတ်ကား ထဲ မှာ လည်း ချော် နေ တယ် ။ ဘာမှန်းလည်း မသိဘူး ။ အဲဒီလို တွက်ရမယ် ။ 


▢ အဲဒီတော့ သန်းသန်း အက်ရှင်ကား တွေ ... ။


❥ မအေးပွင့် ကတော့ အောင်မြင်ပါတယ် ။ ဟုတ်ကဲ့ ။ အခု ဒုတိယ မအေးပွင့် ကျတော့ အေးမြတ်သူ ကျတော့ လည်း ကိုသီဟကျော်စိုး က အကူအညီတောင်းတယ် ။ အစ်မရေ လုပ်ပါဦးတဲ့ ။ အစ်မတို့ က မြင်း စီးတာ ငယ်ငယ် ကတည်းက စီး နေတာ ကျွမ်းကျင်နေတယ် တဲ့ ။ မင်းသမီး က ကျတော့ မြင်း တောင်မှ တစ်ခါမှ အနား ကပ်ဖူးတာ မဟုတ်ဘူးပေါ့နော် ။ အဲဒီတော့ သန်း တို့ Sae Game တုန်း က အဖွဲ့ ထဲ မှာ မြင်းပေါ်မှာ အမျိုးမျိုး ဆပ်ကပ် ပြ သလိုမျိုး အမျိုးမျိုး အစွမ်းပြ သွားတဲ့ တစ်ယောက်ရှိတယ် ။ အဲဒီ ကိုဟန်ထွန်း ... သူ့ ကို ပဲ ဖုန်းဆက် ပြီးတော့ သူ့ မှာ အဲဒီ မြင်း ကလည်း လိမ္မာတယ် ။ သူ့ မြင်း နဲ့ ဆို အေးမြတ်သူ လည်း အဆင်ပြေမယ် ဆိုပြီးတော့ ကိုဟန်ထွန်း ကို ဖုန်းဆက် ပြီးတော့ လုပ်ပေးပါဦးလို့ ။ ဒီ မင်းသမီး က လည်း မြင်း နား ခုမှ ကပ်ရမှာ လို့ ၊ ဖြစ်မလားလို့ ဒီ မြင်းနဲ့ ။ တော်ကြာ သူ တစ်ခု ခု ဖြစ်ရင် သန်း က တာဝန် ကြီးတယ်လို့ ။ ဟာ ... ဖြစ်တယ် ၊ ကျွန်တော် လုပ်ပေးလိုက်မယ် အစ်မ တဲ့ ။ အဲဒါနဲ့ အေးမြတ်သူလေး အဆင်ပြေ သွားတယ် ။ ဒါပေမဲ့ အေးမြတ်သူလေး ဖုန်း ဆက်တော့ သူ့ ကို ပြောလိုက်တယ် ။ သမီး ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဘယ်သူမှ ကိုယ့် ဘေးနား ရှိတာ မဟုတ်ဘူး ။ အဲဒီတော့ မြင်း တစ်ခုခု လုပ်တာ နဲ့ ဒူး သာ အသေညှပ်ထားနော် လို့ ဒီကောင် ကို လို့ အဲဒီလို ပြောလိုက် တော့ နောက်တစ်ခါ ဟိုတလော က ထပ် တွေ့သေးတယ် ။ အန်တီရယ် တဲ့ ရိုက်တုန်းက အန်တီ ပြောသလိုပဲ ဒီကောင်ကြီး က ထ,မတ်တတ် ရပ် မလို လုပ်သေးတယ်တဲ့ ။ အန်တီ ပြောသလို အန်တီပြောတာ နားထောင်ပြီး ဒူး နဲ့ အတင်း ညှပ်ပြီး ဖက်ထားတာတဲ့ ။ အဲဒါ ကံကောင်းလို့တဲ့ ။ အဲဒါနဲ့ ကိုယ် က ကျေနပ်ရတာ အောင်မြင်သွားတယ် သူတို့ လည်း ( ရယ်လျက် ) ။


▢ အင်း ... ကိုပြုံး နဲ့ ကား တစ်ကား ရိုက်ဖူးတယ်နော် ။ 


❥ ကိုပြုံး နဲ့ က လေးကား လောက် ရိုက်ဖြစ်တယ် ။


▢ ဪ ... လေးကား တောင် ဖြစ်သွားတာလား ။ ဘာတွေလဲ မသိဘူး ။


❥ ပထမဆုံးက ကိုကို နဲ့ ပဲ နေချင်တယ် ၊ နောက်ကျတော့ အဖေ နဲ့ အမေ ၊ နောက် လနဲ့နေ မြနဲ့ရွှေ ၊ နောက် အရောင်အသွေးတို့က ဆန်း ကြယ်တယ် ဆိုလား အဲဒါ ပီးပေါ် အဖေ က ပရိုဂျူဆာ ပေါ့ ။ အဲဒီတုန်းက အရောင်အသွေးတို့က ဆန်းကြယ်တယ် ဆိုတာလေ ၊ အဲဒီ နှစ် မှာ ဖေဖေ က ပြောတာပါ ။ ငါ ကွာ ... ဒီနှစ် တဲ့ ဒီ့ပြင် မင်းသားတွေ ကို ငါ့ မျက်စိ နဲ့ သိပ် မတွေ့ ဘူးတဲ့ ။ မင်း အမှတ်တရ ငါ့ ကို ရိုက်ပေးပါကွာတဲ့ ။ အဲဒါနဲ့ သူလ ည်း စင်ကာပူ က နေ ခဏ ဒီကို ပြန်လာလည်တာ ။ အဲဒါနဲ့ သူ ရိုက်ပေးလိုက်တာ ပေါ့နော် ။ ဒါနဲ့ပဲ သူ လေးကား ဖြစ်သွားတာ ။ သန်း က လေ ဟာ ... စိတ် အရမ်း ပူတာ ။ ဘယ်လိုလုပ် ဖြစ်ပါ့မလဲပေါ့ ။ ဖေဖေ က သမီး မပါနဲ့ ။ အဲဒါနဲ့ စိန်မောင်ခြံ မှာ ကိုကိုနဲ့ပဲ နေချင်တယ် မေမြို့ အခန်းမှာ ။ အဲဒါကို သူ က ဂျက်ကက်ကြီး နဲ့ ၊ ကိုပြုံး က ဂျက်ကက်ကြီး နဲ့ ပြီးတော့ အထူကြီး ။ အဲဒီမှာ မိုးကာသားလိုမျိုး ဂျက်ကက် အဖောင်း အဖောင်းကြီးတွေနဲ့ လေ ၊ ချွေးတွေ က လည်း ရွှဲလို့ အဲဒီ အခန်း ထဲ မှာ ။ အဲဒါ ကိုယ် က စိတ်ပူလို့ သွားကြည့် ၊ အဖေ က မလာနဲ့ ၊ မလာနဲ့ ( ရယ်လျက် ) ။ အဲဒီမှာ ဟန်ကျ နေတာ သမက် နဲ့ ယောက္ခမ ။ မေမြို့အခန်း ကို အနွေးထည် ဝတ်ပြီး ရိုက်တာ ချွေးတွေ က ရွှဲ နေတာ ( ရယ်လျက် ) ။


▢ အဲဒါဆိုရင် ကိုပြုံး မင်းသား လုပ်ဖြစ်တာ က သန်းသန်း ပယောဂ မဟုတ်ဘူးပေါ့ ။


❥ မဟုတ်ဘူး ... မဟုတ်ဘူး ၊ ဖေဖေ ။ သန်း က မပါဘူး ။ မလုပ်စေချင်ဘူး ။ မင်းသား ဆိုတာက အားလုံးနဲ့ ဖော်ဖော်ရွေရွေ ပေါ့နော် ။ ဘကြီးမောင် လို ၊ ဆရာမောင် လို ကန့်လန့် မတိုက်ရင် ၊ သူ က လည်း လေ ဟဲ့ နှုတ် ဆက်လိုက်ပါဦးဟဲ့ ၊ ဟိုကလည်း ကျော်သူ ၊ ကျော်သူ ဆိုပြီး အော်နေတာ ။ ဟယ် ... လုပ်ပါဟယ် ၊ ဟိုမှာ ကြည့်ပါလားဆို ဘာလုပ် ကြည့်ရမှာလဲ ၊ ဘာလို့ ကြည့်ရမှာလဲ ။ သူ က အဲဒီလိုမျိုး ( ရယ်လျက် ) ။ ဘုကန့်လန့် ၊ ခွ ။ ဒါပေမဲ့ သူတို့ က ဒီ နယ်မြေ ထဲနေတာ ပြဿနာ မရှိဘူး ။ ကိုပြုံး က လည်း သိပ်ပြီး အေး လွန်းတယ်လေ ။ သိပ်ပြီးတော့ အရမ်း အေးလွန်းအားကြီးတယ် ။ အရုပ်လေး တစ်ရုပ် လို ပဲ ဆိုတော့လေ သူ့ ပညာ နဲ့ သူ က သတ်သတ်ပေါ့လေ ။ 


▢ ဒါပေါ့ ... ဒါပေါ့ ။


❥ အမှတ်တရ တော့ ရိုက်ပေးလိုက်တယ်ပေါ့လေ ။ အဲဒါလေးက အဆင်ပြေ သွားတာ တော်သေးတယ် ။ သူ့ က ကံကောင်းတယ် ။ သူ လေး ကားပဲ ရိုက်ရတာ ၊ ကိုကိုနဲ့ပဲ နေချင်တယ် က မြန်မာ့အသံ က ခဏခဏ ပြန်ပြန် ပြနေတာ ( ရယ်လျက် ) ။ ကံကောင်းတယ် ။ ပြီးတော့ အဖေ နဲ့ အမေ က ကာလာလေး လည်း လာတယ် ။ ကာလာ က အဲဒီ တစ်ကား ရသွားသေး တယ် ။ အဲဒီတော့ သန်း တို့ ရုပ်ရှင်လုပ်ငန်းကနေ စီစဉ် ပေးတော့ အဲဒီတုန်း က ဖလင်တွေ ကလည်း အရမ်း တန်ဖိုးရှိတယ် ။ ဖေဖေ ဆိုရင် ဒိုင်ယာလော့ ကို အသေကျက်ထား ၊ ပြန်ရိုက်ရတာတွေ ဘာတွေ ဆို ဖလင် က ဒေါ်လာ နဲ့ ဝယ်ရတဲ့ အခါကျတော့ .. အရမ်း တန်ဖိုးကြီးတော့ သေချာကျင့်ပြီး တော့မှ ရိုက်ရတော့ ကာလာတွေ ခေတ်ပြောင်းတော့ လည်း ခုနစ်ကား ပဲ ရိုက်တယ် ။ အဲဒီမှာ သန်း က ... ။


▢ “ ချစ်လျက်ပါ မဟင်္သာ ” ။


❥ ချစ်လျက်ပါ မဟင်္သာ ။ အိမ် က ကား ။ အဖေ နဲ့ အမေ ရယ် ၊ မေတ္တာကြိုးမျှင် ရယ် အဲဒီ သုံးကား ပဲ ရိုက်ဖြစ်တယ် ။ နောက်ကျ မှ သာ နေမင်းသို့ ခြေလှမ်းကိုးဆယ် တို့ ၊ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် အဲဒီလို ဖြစ်သွားတာ ရှိပါတယ် ။


▢ အဲဒါကျတော့ ကာလာတွေ ဖြစ်ကုန်ပြီနော် ။


❥ အင်း ... အဲဒါကျတော့ ကာလာတွေ ဖြစ်ကုန်ပြီး ၊ ပထမ မဟင်္သာ တို့ ဘာတို့ က မမှန်သေးဘူး ၊ ပြာ ရင် လည်း အရမ်း ပြာ ၊ နီ ရင် လည်း အရမ်း နီ ။


▢ ကား က တုန် နေသေးတယ် ။


❥ တုန် သေးတယ် ။ အဲဒါ သန်း တောင် နာမည် ပေးလိုက်သေးတယ် ။ တုန်လျက်ပါ မဟင်္သာ ဆိုပြီးတော့လေ ။


▢ အဲဒီလို သရုပ်ဆောင် လုပ်နေရာက နေပြီး ထူးထူးဆန်းဆန်း လုပ်တာ တစ်ခုရှိတယ် ။ အယ်လ်ခွန်းရီ ရဲ့ စီးရီး ကယ်လီယိုပက်ထရာ ၊ ကယ်လီယိုပက်ထရာကို  သရုပ်ဖော် တဲ့ MTV ပေါ့နော် ။ ဒါ မြန်မာပြည် မှာ ပထမဦးဆုံး လုပ်တဲ့ MTV လို့ ထင်တယ် ။ ဦးမောင်မောင်လှမြင့် ရိုက်ခဲ့တာနော် ။ အဲဒီ အကြောင်း ပြောပြပါဦး ။


❥ သန်း က Music ကို အရမ်း ကြိုက်တာ ။ အဲဒီလို Play Back တို့ ၊ BG တို့ ဘာတို့ တအား ကြိုက်တာပဲ ။ သီချင်း ကို လည်း ကြိုက်တယ် ။ Music ကို လည်း ကြိုက်တယ် ။ သီချင်း ဆို ရှေးက အစ အခု နောက်ဆုံး အထိ အကုန် လုံးကို အရမ်း နှစ်သက်တယ် ။ တီးလုံးသံတွေ ကို လည်း နှစ်သက်တယ် ။ အဲဒီ အချိန်မှာ အဲဒီ အခွေ ထဲ မှာ က လည်း မအယ်လ်ခွန်းရီ တို့ ကလည်း မြန်မာ့ ရုပ်မြင်သံကြား မှာ သူတို့ က လူလုံး ထွက် မပြဘူး ။ သီချင်းလေးတွေ ပဲ လာ တယ် ။ ပြီးတော့ သူ့ အသံ ကိုလည်း အရမ်း ကြိုက်တယ် ။ အဲဒီ အခွေ မှာ ပြီးတော့ တီးလုံး ကလည်း Aces က လည်း တကယ် တီးထားတာ ။ အခု ခေတ် လို မျိုး ကွန်ပျူတာ နဲ့ ပဲ တီးတာ မဟုတ်ဘဲ တူရိယာတွေ နဲ့ တကယ် တီးထား တာ ။ Aces က နာမည်ကြီး ။ တီးလုံးလေး တွေ ကလည်း အရမ်း ကောင်းတာပဲ ။ အမှတ်တရ တော့ လုပ်လိုက်ဦးမှပဲ ဆိုပြီးတော့ ဒါမှ မအယ်လ်ခွန်းရီ ကို လည်း ဂုဏ်ပြုရာ ရောက်မယ် ။ သူ့သီချင်း ၊ သူ့ အသံလေး ကိုလည်း ကြိုက်တယ် ဆိုပြီးတော့ သူ က အသံ ၊ ကိုယ် က အရုပ် ဆိုပြီးတော့ အမှတ်တရလေး ။ အဲဒီတုန်း က လည်း ကိုယ့် လက် ထဲ မှာ ကားရိုက် ထားတော့ ၊ လက် ထဲ မှာ လည်း ပိုက်ဆံလေးတွေ ကလည်း ရှိနေတော့ ကိုယ် လုပ်ချင်တာလေး ထ , လုပ်တဲ့ သဘောပေါ့နော် ။ လူတွေ ကြိုက်ပါတယ် ။ ဒါပေမဲ့ ခေတ်ဆန် လွန်းလို့ ဆိုပြီး တော့ ပိတ် လိုက်တာပေါ့ ။ ပိတ်ပေမဲ့ နှစ်ပတ် ဖြန့်ပြီးသား ဖြစ်နေတော့ လူတွေ လက် ထဲ ကို တော့ ရောက်ကုန်တာပေါ့ အစ်ကို ရယ် ။ နာမည်တော့ လည်း ရသွားပါတယ် ။ အဲဒါနဲ့ ဟိုတလော က ကြည်ဖြူသျှင် က ၊ တူမ ဒါရိုက်တာ ကြည်ဖြူသျှင် က ဟယ် ... တီတီ တဲ့ ပြန် တင်မယ်တဲ့ ။ အခု ဆင်ဆာတွေ ပိတ်ထားတဲ့ ဟာတွေ ပြန် ပေးတယ်တဲ့ ။ အဲဒီတုန်း က ကိုဇင်ဝိုင်း ဥက္ကဋ္ဌ ၊ အခုမှ သူ က ဥက္ကဋ္ဌ ပြန်ဖြစ်တာ ။ အဲဒီတုန်း က ကိုဇင်ဝိုင်း က သူများတွေ ဆင်ဆာရပေမဲ့ အစ်မ မပါဘူးတဲ့ ( ရယ်လျက် ) ။ ဘာဖြစ်လို့လဲ ဆိုတော့ အနှစ်အစိတ် အောက် ကို ပဲ ပေးတာ ။ အစ်မ က အနှစ် အစိတ် ကျော် သွားလို့တဲ့ ။ အမယ်လေး ဟဲ့ ... လို့ ။ အဲဒါနဲ့ ကြည်ဖြူသျှင် က အနှစ်အစိတ် ကျော်တော့ ပိုတောင် တန်ဖိုးကြီးသေးတယ် ။ ပေးရမှာ တဲ့ ။ အဒေါ် ရဲ့ အခွေ ကို တဲ့ ။ ကြိုက်တယ် ၊ အရမ်းကြိုက်တယ် ။ အဲဒီ Play Back ကို ။ 


▢ ပြန် ထွက်ရင်လည်း ထွက်လာမှာပေါ့ ။ 


❥ ပြန် ထွက်လာရင်လည်း အမှတ်တရ ပေါ့ ။


▢ ဒါပေါ့ ။ များသောအားဖြင့် မင်းသမီး ၊ မင်းသား ဆိုတာက ကိုယ် Leading လုပ်ရမယ့် ဇာတ်မျိုး သာ ရွေးတတ်တယ်ပေါ့နော် ။ ဇာတ် လာ ပေးလို့ ရှိရင် လည်း ဖတ်ကြည့် လိုက်ရင် ကိုယ် လုပ်ပိုင်ခွင့် များများရမယ့် ဟာမျိုး လုပ်တတ်တယ် ။ ဒါမျိုး လက်ခံတယ်ပေါ့နော် ။ လုပ်ပိုင်ခွင့် နည်း ရင် များသောအားဖြင့် ပယ် တတ်တယ် ။ အဲဒီတော့ ဦးတင်ဦး က မို့မို့မြင့်အောင် ကို တင်တဲ့ အချိန်ပေါ့နော် ။ “ နှလုံးသားမြို့ တော် ” ဆိုတဲ့ ဇာတ်ကား Black & White ရိုက်ခဲ့တယ် ။


❥ ဟုတ်ကဲ့ ။


▢ အဲဒီ အချိန်မှာ ရော သန်းသန်း ကို Offer လုပ်တဲ့ အချိန် မှာ ဘယ်လို စဉ်းစားပြီး လက်ခံလဲ ။


❥ ဪ ... အစ်ကို ရယ် ပြောရရင် ဦးတင်ဦး ဆိုတာ ကိုယ့် ရဲ့ ဦးလေး လို ကို ဖြစ်သွားတာ ။ နောက်ဆုံး စေ့စပ်တဲ့ အခန်းမှာ တစ်ခန်း ပဲ တဲ့ မင်းသမီး က ပါရမယ် တဲ့ ။ အဲဒါ ရိုက်မယ်နော် ဆိုတာနဲ့ ရိုက်လိုက်ပါလို့ ။ နောက်ကျတော့ ကိုယ့် ရဲ့ မိတ်ကပ်ဆရာ ကိုပဲ သုံးမယ် ဆိုတော့လည်း ပေးသုံး လိုက်တယ် ။ အဲဒါနဲ့ပဲ သူ လည်း အောင်မြင်သွားတယ်ပေါ့နော် ။ နောက်တော့ ရိုက်ရင်း နဲ့ လည်း မင်းသမီး ကို အကြိုက် တွေ့ လို့ ပေါ့လေ အများကြီး ဖြစ်သွား တယ်ပေါ့နော် အခန်းတွေ ဘာတွေ ။ ကိုယ်ကတော့ ကိုယ့် ရဲ့ ဝတ္တရား အရ ယူနီဖောင်း ကို သေချာကျကျနန ချုပ် လို့ ။ အဲဒါ သန်း ကို တောင် အဆူ ခံ ထိ သေးတယ် ။ အဲဒီ ရဲတွေ ငါးဆယ် ဘယ်နှလမ်း မှာ လည်း အဲဒီ ကို သွား ပြီးတော့ အဲဒီ တကယ့် ရဲချုပ်ရှေ့ မှာ သန်း ရယ် ၊ ခင်နုနု ရယ် ၊ နောက်ထပ် နှစ်ယောက် ပါ သေးတယ် ။ တန်စီ ပြီးတော့လေ သူ က ပြောရင်း ပြောရင်း နဲ့ ၊ ဇာတ်ကား နား ပြီးတော့ မင်းတို့ ဒါက အရေးကြီးတယ် ဘာညာ ပြီးတော့မှ လေ မင်းတို့ က  သရုပ်ဆောင်တွေ နော်တဲ့  ( ရယ်လျက် ) ။ သူတို့ က လည်း တကယ် ဈာန်ဝင် သွား တယ် ။ အဲဒါနဲ့ ရဲဌာန က နောက်ဆုံးမှာ ဒီ ဇာတ်ကား အောင်မြင်သွားတော့ လေ မိန်းကလေး အများကြီး ရဲမေ တွေ ဝင် လာတာ ။ အများကြီး လာဝင်တယ် ကျေးဇူးတင်တယ် တဲ့ ။ တိုင်းပြည် ရဲ့ နှလုံးသားလေး တွေ အများကြီး ပဲ ဖြစ် လာတယ်တဲ့ ။


▢ အင်းပေါ့ ။


❥ အဲဒီ ကားလေး က လည်း အောင်မြင်သွားတယ် ။


▢ ဒါ “ နှလုံးသားမြို့တော် ” ရဲ့ Effect ပေါ့နော် ။ 


❥ နှလုံးသားမြို့တော် ၊ သင်္ကြန်မိုး လည်း သန်း က ကပ်ပြီး လွဲသွားတာ ။


▢ ဪ ... ။


❥ ဦးတင်ဦး အစီအစဉ် က နည်းနည်း ကြမ်းတာ နဲ့ ပဲ မပါဖြစ်လိုက်တာ ။ 


▢ အရေးကြီးတဲ့ ကိစ္စ တစ်ခု ပေါ့နော် ။


❥ ဟုတ်ကဲ့ပါ အစ်ကို ။


▢ ၁၉၈၈ ခုနှစ် လောက်မှာ ။


❥ ၈၈ အင်း ... ။


▢ ၈၈ ခုနှစ် မှာ အစိုးရ ကို တော်လှန် တဲ့ လူထုလှုပ်ရှားမှု ပေါ် ပေါက် လာတယ်ပေါ့နော် ။ အဲဒီမှာ ဆေးရုံကြီး ရှေ့ မှာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တရားပွဲ လုပ်မယ် ဆိုတော့ လူတွေ လည်း အဲဒီ အထဲ မှာ အပြည့်ပေါ့ ။ ရုံးစုရုံးစု ဖြစ်နေကြတယ် ။ အဲဒီမှာ သန်းသန်း ရယ် ၊ လှလှမိုး ရယ် နှစ်ယောက် ဒေါ်အောင်ဆန်းစုကြည် ဘေးမှာ ရှိခဲ့တယ် ။ အခု အဲဒီ ဓာတ်ပုံတွေ ပြန် ကြည့်ရင်လည်း သန်းသန်း တို့ နှစ်ယောက် ကို တွေ့နေဆဲ ပဲ ။ အဲဒီတုန်း က သန်းသန်း ပါဖြစ်ခဲ့တယ် ဆိုတဲ့ အကြောင်း ပြောပြပေးပါလား ။


❥ ဟုတ်တယ် ။ အနုပညာသမား တွေ က လည်း တိုင်းပြည် ကို သေနတ် မကိုင်တတ်လို့ ၊ မိတ်ကပ် လိမ်းပြီးတော့ ပါကြရတာပေါ့နော် ( ရယ်လျက် ) ။ အဲဒါကို ဘယ်သူ က စ ပြီးတော့ နှိုးဆော် ပေးတာလဲ ဆိုတော့ သန်း ဦးလေး ဒါရိုက်တာ ဝိုင်းတင်အောင်မြင့်ဦး ရယ် ၊ သန်း ရဲ့ ယောက္ခမ ဒုဗိုလ်မှူးကြီး တင်ထွန်း ၊ ကိုပြုံး အဖေ ။ သူ က လည်း ပါတယ် ။ သူ က လည်း ပြောတယ် ။ ဟဲ့ ... သမီး သူများတွေ အကုန်လုံး မြို့ ထဲ မှာ လှုပ်ရှား နေပြီ ။ သမီး မသွား သေးဘူးလား ( ရယ်လျက် ) ။ သူ က လည်း ပြောတယ် ။ အဲဒါ ဘာကြောင့် ဖြစ်လဲ ဆိုတော့ ဦးအောင်မြင့်မြတ်ကြီး က အိမ် ကို ရောက်လာတာ ။


▢ ဟုတ်ကဲ့ ။


❥ ရောက်လာ ပြီးတော့ ဖေဖေ့ ကို ပြော နေတော့ လက်မှတ် လာ ထိုးခိုင်း တာတဲ့ သူ က ။ သန်း က မီးဖိုချောင် ရောက် သွားတာ ။ နားထောင် နေတာ ။ ကြောက်လာတာ ။ အဲဒါ ဖေဖေ က လေ ဒီမှာတဲ့ ... သူ့ ယောက်ျား ဦးပြုံးမောင်မောင် နိုင်ငံခြား မှာ တဲ့ ။ တော်ကြာ တစ်ခုခု ဖြစ်ရင် ကျွန်တော် မကောင်း ဘူးတဲ့ ။ သူများတွေပါပေမဲ့ သမီး မပါ ရင် ဖြစ်တယ် မဟုတ်လား တဲ့ ။ အဲဒါနဲ့ ဦးအောင်မြင့်မြတ်ကြီး က ဘာမှ မပြောဘူး ။ ကိုယ် က လည်း နားထောင် နေပြီး တော့မှ ဦးလေး တွေ ကို ဆက် လိုက်တာ ။ အစော ကတည်း က ကိုပြုံး အဖေ က တိုက်တွန်းပြီး သား သူ က ။ ကိုယ် က လည်း ရွစိရွစိ ဖြစ်နေတယ် ။ ငါ လည်း ပါချင်တယ် ၊ ပါချင်တယ် ဆိုပြီး အဲဒီလို ဖြစ်နေတာ ။ အဲဒါနဲ့မှ လေးလေး ဦးထွန်းဝေ ကို လေးလေး မနက်ဖြန် မြို့ ထဲ မှာ သွားမလား ။ ဘာလုပ် မလို့လဲ သမီး ၊ မြို့ ထဲ မှာ လက်မှတ် ထိုးရမယ် ပြောတယ် ။ အဲဒါ သမီး လက်မှတ် လိုက် ထိုးချင်လို့ ။ မနက်ဖြန် ကျရင်လည်း သမီး က ၃၂ နှစ်ပြည့် မွေးနေ့ ။ အဲဒါ အမှတ်တရလေး လက်မှတ်လေး ထိုးချင်တယ် ။ အဲဒါ အမေ တို့ ၊ အဖေ တို့ ကို လည်း မပြောဘူး ။ မပြောဘဲ နဲ့ အဲဒီလို လုပ်မိတယ်  ကိုယ် က လည်း ။ လေးလေး က အေး .. အေး ပြန် ဆက်မယ် ၊ ဖုန်း ပြန်ဆက်မယ် တဲ့ ။ ပြီးတော့ ကျတော့ သူ က ဖုန်း ပြန်ဆက်တယ် ။ မနက်ဖြန် ကျရင်တဲ့ မိန်းကလေး နဲ့ တူအောင်လေး ဝတ်ထားပေးတဲ့ ။ မြန်မာမလေး နဲ့ တူအောင်လေး ဝတ်ထား ပေးတဲ့ ။ ဟင် ... ဘာဆိုင်လို့လဲ လို့ဆိုတော့ အဲဒီလိုလေး သာ ဝတ်ထား ပေး တဲ့ ။ စောင့် နေနော် အိမ် မှာ တဲ့ ။ ပြီးတော့ ကျ တော့ လင့်ရိုဗာကားကြီး နဲ့ အတင်း ခြံ ထဲ ဝင်ချလာတာ ။ ဝင်ချ လာပြီးတော့ လာ ကဲ .... တက်တက် တဲ့ ။ အဲဒါနဲ့ အလယ် က တက် ပြီးတော့ ၊ လှလှမိုး ရဲ့ ဘေး က တက် ပြီးတော့ သန်း တို့ က မြို့ထဲ သွားမယ်ပဲ ထင်တာ ။ ပြီးတော့မှ အဲဒီ တက္ကသိုလ်ရိပ်သာ လမ်း မှာ အန်တီစု အိမ်ရှေ့ ကို ဝင်းတံခါး မှာ ကား ကို ဆိုက်လိုက်တာ ။ ဟယ် .. လေးလေး ဘယ် သွားတာလဲ ။ ဒါ မြို့ ထဲ မှ မဟုတ်တာ ။ ဒါ အရေးကြီးတဲ့ ပုဂ္ဂိုလ် ရဲ့ သမီး အိမ် ပဲ ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတော့ “ ဟမ် ” ဆို ပြီးတော့ လန့်သွားတာ ။ နှစ်ယောက်သား လန့် သွားတာ ။ အဲဒါနဲ့ အိမ် ထဲ ရောက်တော့ ထိုင် နေကြတာ ။ အဲဒီမှာ မိုက်ကယ် ၊ အန်တီစု အမျိုးသား မိုက်ကယ် အဲရစ် က နေပြီးတော့ သူ က မြန်မာ လို ပြောတတ်တယ် ။ ထမင်း စားပြီးပြီလား တဲ့ ။ မြန်မာ လို လိုက် မေးနေတာ ။ စားပြီးပြီ ဆိုတော့ အဲဒါနဲ့ လေးလေး နဲ့ ထိုင် စောင့် နေတာ ။ နောက်ကျတော့ အန်တီစု က ရောက်လာပြီးတော့ အမေ နေမကောင်းတာ တောင် စုစု လည်း မကြည့်အားဘူး တဲ့ ။ အလုပ်တွေ အရမ်း ရှုပ်နေလို့ ။ ကဲ ... ပြောပါဦးတဲ့ ။ လေးလေး ဘယ်လို စီစဉ်ထားလဲ ။ အဲ ... မဟုတ်ဘူး ၊ ဆရာ တဲ့ ... ဆရာ လို့ ခေါ်တာ ။ ဆရာ ဘယ်လို အစီအစဉ်လဲ ။ ခဏပါ တဲ့ ။ အဲဒါ လေးလေး ပဲ စီစဉ်တာလား တော့ မပြောတတ်ဘူး ။ သူတို့ ဟာ သူတို့ နဂို အစီအစဉ် တော့ ရှိမှာပေါ့လေ ။ ခဏပါ ဆိုတော့ သန်း တို့ လည်း အူတိအူကြောင် နဲ့ နေ နေကြတာပေါ့လေ ။ အဲဒါနဲ့ ကဲ ... ကား ပေါ် တက် တက် ဆိုတော့ ပါသွားတာ ။ အနောက်က ဟိုင်းလက်စ် မှာ ရှေ့ မှာ က အန်ကယ် ဦးသော်က ရဲ့ တူမ လား မသိဘူး သူ လည်း ပါတယ် ။ သန်း တို့ က ဒီ ဘက် အခြမ်း မှာ ။ သန်း က အတွင်း အစွန်ဆုံး မှာ ။ ပြီးတော့ အန်တီစု ၊ အန်တီစု ပြီးတော့မှ ဒီပြင် လူတွေ ။ ဦးအောင်လွင် လည်း ပါတယ် ။ အကုန်လုံး က သွားတော့ ကမ်းနားလမ်း ရောက်တော့ ကား က မသွားတော့ဘူး ။ ပိတ် နေပြီ အကုန်လုံး ။ ဪ.. ဆေးရုံကြီး သွားမှာ မဟုတ်လား လို့ ။ သန်း က လျှာက ရှည်နေတာ ။ အဲဒီမှာ ဒီအတိုင်း သွားလိုက်ရင် ရတာပဲ လို့ ။ လမ်းလျှောက် ပြီး သွားရအောင် လို့ ။ အဲဒီမှာ အန်တီစု က ဒီ မျက်နှာ က ရတယ် ၊ ဒီ မျက်နှာ က မရဘူး တဲ့ ။ အဲဒီလို ပြောလိုက်တော့ ကိုယ် က မင်းသမီး ဆိုတော့ ရုပ် က လည်း ခြယ်သ , ထားသေးတယ် အရေးထဲ မှာ လိမ်း ထားသေးတယ် ။ သူ က တော့ ရိုးရိုး အင်္ကျီအဖြူ နဲ့ ပါတိတ် နဲ့ နာ့စ်မ လို ပဲ ။ သူ့ ကို ဘယ်သူ မှ လည်း သိပ် မမှတ် မိဘူး အဲဒီတုန်း က လေ ။ နောက်တော့ သူ က ပြောတယ် ။ သိတယ်တဲ့ ။ ကိုပြုံး နဲ့ မြင်းကွင်း မှာ တွေ့တာ မဟုတ်လားတဲ့ ။ စာတွေ ဖတ်ရတယ် တဲ့ ။ သမီး နှစ်ယောက် ရှိတယ် မဟုတ်လား တဲ့ ။ သူ က အကု န်သိပြီးသား ဖြစ်နေတယ် ။ အဲဒါ နောက်ကျတော့ လေးလေး ဦးထွန်းဝေ က ပြောသေးတယ် ။ သန်ဘက်ခါ ကျရင်တဲ့ ရွှေတိဂုံ မှာ တဲ့ တစ်ခါတည်း ဖိတ်ထားပြီနော် တဲ့ ။ အဲဒါ သမီး လိုက်ရမယ် တဲ့ ။ သန်း အခုတောင် မေမေ ငိုနေပြီ ။ အခုတောင် သန်း ဒီနေ့ မွေးနေ့ အမှတ်တရမလို့ ထွက်လာတာလို့ ( ရယ်လျက် ) ။ အဲဒါ ပြောလိုက် တယ် ။ အဲဒါနဲ့ ဆေးရုံကြီး ဝင်းထဲ ရောက်သွားတော့ အန်တီစု တို့ က အပေါ် တက် သွားတယ် ။ ကိုယ် တွေ က အောက်မှာပဲ နေတယ် ။ နောက်ကျတော့ အပေါ် ကို ဘယ်လို တွန်း တင်လိုက်လဲ မသိဘူး ။ ကိုယ် တွေ လည်း အပေါ် ဘယ်လို ရောက်သွားမှန်း မသိဘူး ။ အဲဒီမှာ အန်တီစု တက် တော့လည်း အောက် က မငြိမ်ကြသေးဘူး ။ ဆူညံ နေတယ် ။ အဲဒါ ကိုယ် တွေ လည်း တက် သွားတော့ ဟိုမှာ ခင်သီတာထွန်း ၊ ခင်သီတာထွန်း ဆို ဝိုင်း အော်ကြတယ် ။ ပြီးတော့ အန်တီစု က စ , ပြောတာပေါ့နော် ။ ဒါက စည်းကမ်း မရှိဘဲနဲ့ အခုလိုမျိုး မငြိမ်မသက် အလုပ်တွေ လုပ်နေမယ် ဆိုရင် ဒါတွေဟာ ဖြစ်မှာ မဟုတ်ဘူး ။ အကုန်လုံး က စည်းကမ်း ရှိမှ အောင်မြင်မှာ ။ တိုင်းပြည် က ဘာညာ ဆိုပြီး တော့ ခပ်တိုတို ပဲ ။ ခပ်တိုတိုလေး ပဲ ပြောတယ်ပေါ့နော် ။ သန်း က ဒါကို ရေးကြီးတယ် မထင်ဘူး ။ ငါ  လက်မှတ် မထိုးရသေးဘူး ။ လေးလေး သန်း က လက်မှတ် ထိုးရဦးမယ်လေ လို့ ( ရယ်လျက် ) ။ အဲဒါနဲ့ ပြန်ပါ သွားပြန်ရော ။ အန်တီစု အိမ် ကို ပြန် ပါသွားတာ ။ ပြန်ပါ သွားတော့ အန်တီစု နဲ့ မိုက်ကယ် အဲရစ် က ဓာတ်ပုံ တွဲ ရိုက်ပေးတယ် ။ ဓာတ်ပုံတွဲ ရိုက်ကြပေါ့နော် ။ ဓာတ်ပုံ တွဲ ရိုက် တော့ အဲဒီမှာ သန်း က သန်း ကို ပို့ပေးဦးလေ ဆိုတော့ အဲဒီမှာ ကိုမျိုးမြင့်ညိမ်း တို့ က လား မသိဘူး သန်း ကို ပို့ပေးလိုက်တယ် ။ ဘားလမ်း မှာ ရောက် တဲ့ အခါ ကျတော့ ကိုယ် က အဲဒီ ဘားလမ်း ပထမအခန်း မှာ ကိုဇာဂနာ နဲ့လည်း တွေ့တယ် ။ သူ့ အသံကြီး က အရမ်း ကျယ်တာပဲ ။ လူ တစ်ယောက် ရဲ့ လေးယောက် စာ သူ့ ဆီ မှာ ရှိတယ် ။ ဟဲ့ နင့် အသံကြီး က သိပ်ကျယ်လွန်းတယ်နော် ၊ ဒါဆို အခြေအနေ မကောင်းဘူး ထင်တယ်လို့ သူ့ ကို ပြောလိုက်သေးတယ် ။ နောက် လည်း ပြောပြီးရော သူ လည်း ဝင်သွားရော ။ ဪ ... ဟိုမှာ လက်မှတ် ထိုး လိုက်သေးတယ် ။ စံပယ်ဦး တို့ အခန်း သွား ပြီးတော့ သီဟတင်စိုး တို့ က ငယ်သေးတယ် လေ ။


▢ စံပယ်ဦးစာပေတိုက် ။


❥ အင်း ... အဲဒီမှာ လက်မှတ် ထိုးဖြစ်တာ ။ အဲဒီမှာ မှ ထိုးဖြစ်တာ ။ ထိုး ပြီးတော့ မှ စင်ပေါ် မှာ ပြော ၊ ပြောပြီးတော့ မှ နောက် တစ်လမ်း သွားပြော လိုက်သေးတယ် ။ ပြီးတော့ကျ မှ အစ်ကို က စ , တော့တာပဲ ။ မနက် က သတင်း ကြားတယ်တဲ့ ။ စင်ပေါ် ရောက်သွားတယ်တဲ့ ။ ဒေါ်အောင်ဆန်းစုကြည် က ပြောတယ်တဲ့ ။ သူ သမ္မတဖြစ်ရင် ခင်သီတာထွန်း ကို ပြန်ကြားရေးဝန်ကြီး ထားမယ်တဲ့ ။ အစ်ကို က စ , လိုက်သေးတယ် ။ ပြန်ကြားရေးဝန်ကြီး ခန့်မယ် တဲ့ ( ရယ်လျက် ) ။ နောက်ကျတော့ မှ လူကြီးတွေ ဘက် က ကဲ ... စင်ပေါ် ကို ဒီအတို င်းတက်လို့ မရဘူး ။ အထူးသဖြင့် မင်းသား ၊ မင်းသမီးတွေ တက်ရင် လူတွေ က ဘာမှန်း မသိဘူး ။ အဲဒီလိုမျိုး ကိုယ်ပြောလိုက်တဲ့ ဟာ အမှား ဖြစ် သွားနိုင်တယ် ။ အမှား တစ်ခု ခု ပြောမိ သွားနိုင်တယ် ။ အခု လုပ်တာ ထားလိုက် တော့ ဆိုပြီး အဲဒီလိုမျိုး သူတို့ လည်း ဘာမှ မှတ်တမ်းမှတ်ရာတွေ မထား တော့ပါဘူး ။ အဲဒါနဲ့ ရောက်သွားတာ အစ်ကို ရေ ။ ဒါပေမဲ့ ကျေနပ်တာပေါ့နော် ။ တကယ့် သမိုင်းဝင် ၊ သမိုင်းမှတ်တိုင် ဖြစ်သွားတာပေါ့ နော် ။ 


▢ သမိုင်းဝင်ဓာတ်ပုံ တစ်ပုံ ဖြစ်သွားတာပေါ့ ။


❥ အင်း ... တချို့ နိုင်ငံခြားသား တွေ ဆို လာ နှု တ်ဆက်တယ် ။ အမယ် လေး ... အဲဒီပုံ ကို သူတို့ က သိတယ် ။ တစ်ခါတည်း နှုတ်ဆက်တယ် ။ သဘောတွေ ကျနေကြတာ အရမ်းပဲ ။


▢ အဲဒီတော့ အခု သရုပ်ဆောင် အနေနဲ့ နောက်ဆုံး ဘာကား ရိုက်ခဲ့ဖူးလဲ ။


❥ နောက်ဆုံး က တော့ ကိုနေတိုး နဲ့ စိုးပြည့်သဇင် နဲ့ မိုးညအိပ်မက်မြူ ပေါ့ ။


▢ အင်း ... အင်း “ မိုးညအိပ်မက်မြူ ” ။


❥ အဲဒီမှာ ကျတော့ အမေခန်း ဖြစ်သွားတယ် ။ အဲဒီ ဇာတ်လမ်း က လည်း သန်း နောက် လိုက်လာတာ ။ ဟိုတုန်း ကတည်းက  မောင်သိန်းဇော်လေး က ဗီဒီယို ရိုက်ချင်လို့ ။ အဲဒီမှာ လွဲ သွားတာ ကိုယ် နဲ့ ။ ဗီဒီယို ကို စက်ဘီးကလေး ပြီးတော့ အဲဒီကားလေး ဆက် ရိုက်ချင်တာ ။ ကိုယ် က လည်း ခရီး သွားရမယ် အဝေးကြီး ၊ နိုင်ငံခြား သွားရမယ် ဆိုတော့ မဖြစ်နိုင်တော့ သူ့ ရိုက်ရက် နဲ့ လွဲ သွားတယ် ။ လွဲသွားပြီး တော့မှ ဒီ ကား မှာ အဲဒါတောင် မှ ကိုယ် က အမေရိကား ရောက်နေတာ ။ သမီးကြီး က မြေးလေး ... ၊ ကလေး မွေးမယ် ဆိုတော့ မြေးလေး ဆိုတော့ အဲဒါနဲ့ ရောက်နေတာ ။ ကြည်ဖြူသျှင် က တီ တို့ ကို စောင့် နေမယ်တဲ့ ။ တီတီ ပါရမယ်တဲ့ ။ ဟာ ... ဒီ့ပြင် တစ်ယောက် ကို ရိုက်လိုက်တော့ လေလို့ ဒါ အမေခန်း ပဲ ။ မဟုတ်ဘူး ... မဟုတ်ဘူး တီတီ ပါရမယ် ... တီတီ ပါရမယ် ဆိုတော့ ပြန်လာတော့ သူတို့ ရအောင် ထည့်ရိုက်တော့ အမေ နေရာ ရောက်သွားတာပေါ့ ။


▢ အင်း ... ကြည်ဖြူသျှင် ။


❥ ဒါပေမဲ့ ကျေနပ်တယ် ။ သန်း က ဘာကို ကျေနပ်သွားလဲ ဆိုတော့ ထူးတော့ ထူးဆန်းတယ် သိလား ။ တစ်ခါက တစ်ဘဝ ဆို ကိုယ် နဲ့ တွဲလိုက် တာ ဦးဖိုးပါကြီး က အကယ်ဒမီ ရသွားရော ၊ နှလုံးသားမြို့တော် ဆိုလည်း မို့မို့ ရတယ် ။ အဲဒါတော့ ဒေါ်ခင်သန်းနု က ပြောတယ် ။ အမယ်လေး ... မင်းသမီး တစ်ယောက် ဖြစ်ဖို့ ကို လေ မိဘတွေ ရော ၊ ငွေတွေ ရော ၊ အသိုင်းအဝိုင်းတွေ ရော အကုန် ခံပြီးမှ ဖြစ်လာတာ ။ လွယ်လွယ်ကူကူ ပဲ တခြား တစ်ယောက် အယှဉ် ခံရတာပဲ ။ ဟာ ... ခင်သီတာထွန်း လောက် တော့ မင်းသမီး အသစ်လေး က လုပ်နိုင်ပါတယ် ။ သူတို့ က ဒီ ဇာတ်ပို့ဆု ကို အချောင် ယူယူ သွားကြတာ ။ မို့မို့ ၊ နောက် ... ခင်စိုးပိုင်လေး လည်း ပန်းသီတဲ့ကြိုး မှာ ရ သွားတယ် ။ မေတ္တာအသင်္ချေ သန်း တွဲ ပေးလိုက်တာ ခိုင်ခင်ဦး ရ သွား တယ် ။ အဲဒီတော့ ကျေနပ်တာပေါ့နော် ။ အဲဒီလိုမျိုး ... နောက်တော့ တင်နီလာဝင်း က လေ အစ်မ ၊ အစ်မ နဲ့ တွဲ ရင်လေ သမီး တို့ အကယ်ဒမီ ရ တယ်လေ ။ အဲဒီတော့ ရိုက်ပေးပါ ဆိုတော့ ရိုက်ပေး လိုက်သေးတယ် ။ ချိန်း၍ မရွာသောမိုး ဆိုတာ ရန်အောင် နဲ့ ။ ဒါပေမဲ့ ဒါရိုက်တာ ဦးအောင်မြင့်ထိပ် ဖြစ်တော့ နာမည်ကြီး မဟုတ်တော့လေ လမိုင်း မကပ်ဘူးပေါ့နော် ။ အဲဒါနဲ့ သူ့ခမျာ မရရှာဘူး ။ မရရှာဘဲ နဲ့ အခု မိုးညအိပ်မက်မြူ မှာ ပဲ သန်း အတွဲခံ ပေးပြီး နေတိုး ကို အော်တာတို့ ဘာတို့ ပေါ့နော် ၊ သမီး လုပ်တဲ့သူ ကို အော်တာတို့ ဘာတို့ ကလေးတွေ ကို ကိုယ် က ပြန်ပြီး ဇာတ်ပို့ ပေါ့နော် ။ အဲဒီမှာ သူတို့ နှစ်ယောက်လုံး လည်း ရ သွားတယ်ပေါ့နော် ။ အဲဒီမှာ ကျေနပ် တယ်ပေါ့နော် ။ အဲဒီလိုမျိုး ကိုယ် က အားပေး နိုင်တယ်ပေါ့ ကလေးတွေ ကို ။


▢ ဟုတ်ပါပြီ ၊ အဆုံးမသတ်ခင် မှာ မကြာခင်မှာ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်တော့မယ် ။ အဲဒီတော့ သန်းသန်း အနေနဲ့ နှစ် ၁ဝဝ ပြည့် အတွက် Wish ကလေး တစ်ခု လောက် ပြောပေးပါလား ။


❥ ဝမ်းသာပါတယ် အစ်ကို ရယ် ။ လူကြီးတွေ က ပြောကြတယ် ။ အဲဒီ နှစ် ကို ရောက်ပါ့မလား ၊ ငါ တို့ မီပါ့မလား ဆိုတော့ ကိုယ် က လည်း မီနိုင်တယ် ထားပေါ့နော် ။ အဲဒီတော့ ကိုယ် လည်း မီမယ် ။ ဒေါ်ခင်သန်းနု တို့ ၊ ဒေါ်ဝါဝါဝင်းရွှေ တို့ စသဖြင့် သူတို့ လည်း မီ ကြမယ် ။ အားလုံး က ဝမ်းမြောက် ဝမ်းသာ နဲ့ ဒီ ပွဲကြီး မှာ လုံးဝ ကျန်းကျန်းမာမာ နဲ့ အမှတ်တရ စပါယ်ရှယ် မှတ်တိုင်ကြီး ပေါ့နော် ။ အထူး ရုပ်ရှင်နှစ် ၁ဝဝ အောင်မြင်တဲ့ ပွဲကြီး ကို ဆင်နွှဲနိုင်ကြပါစေလို့ပဲ ဆုတောင်းပါတယ် ။


▢ ဟုတ်ကဲ့ ၊ တောင်းတဲ့ဆု နဲ့ ပြည့်ပါစေဗျာ ။ 


❥ ပေးတဲ့ဆု နဲ့ ပြည့်ပါစေ ။


◾ ဝင်းငြိမ်း 


📖 လိပ်ပြာကူး ထူးခြားသူများ


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment