Tuesday, August 6, 2024

ချစ်သေးရဲ့လား နွဲ့ငယ်


 

❝ ချစ်သေးရဲ့လား နွဲ့ငယ် ❞
   ⎯⎯⎯⎯⎯⎯⎯⎯⎯ 
         ဒေါက်တာငွေစိုး
    ⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺

စိတ် သည် ခု တစ်လော ဘယ့်နှယ် နုနယ်နေသည် မသိ ။

ပြင်သစ် ၊ ဂျပန် ၊ အိန္ဒိယ စသည့်နိုင်ငံ တို့ မှ အချစ် သရုပ်ဖော် ရုပ်ရှင်ကားများ ကို ကြည့်စဉ် ခိုက်တွင် ရင်သည် လှိုင်းကြက်ခွပ်ကလေးများနှယ် သိမ့်သိမ့်ကလေး လှိုက် မောနေတတ်သည် ။ ယုတ်စွအဆုံး မြန်မာရုပ်ရှင်ကားများ ၏ တစ်ခန်းတလေသော ပြကွက်မှ တစ်ခွန်းတလေ သော စကားလုံး တစ်လုံးသည် ပင် နက်ရှိုင်းသော ရင် ၏ အတွင်း ပိုင်း တစ်နေရာကို တစ်စုံတစ်ရာ စူးစူးရှရှ ဖြစ်ပေါ်စေသည် ဟု ထင်နေသည် ။

လေးနက်သော မေတ္တာဖွဲ့ ဝတ္ထုများကို ဖတ်ရသော အခါ လေးနက်မှု ကို ရရှိ၏ ။ နုနွဲ့သော ခေတ်အရေး ၊ ခေတ်အတွေး ဝတ္ထုများကို ဖတ်မိ ပြန်သော အခါ နုနွဲ့မှုကို ရရှိ၏ ။

ရံခါ၌ ဘယ်နေရာ ဌာန က ဟု အတပ်မပြောနိုင် သော်လည်း ဝေ့ဝဲလွင့်ပါး နား တွင် ကြားလာရသည့် အသံ သွင်းကြိုးခွေကလေးများ ကလည်း ချစ်စရာ ကောင်း နေပြန်သည်လေ ။

အနုပညာ နှင့် မကင်းရာ မကင်းကြောင်း ရှိခဲ့သော ဘဝ နောက်ခံ ကြောင့် ဝတ္ထုရေးချင် သလိုလို ရှိလာ၏ ။ စိတ် အာရုံ တို့ သည် လူနာတို့ ၏ ညည်းညူသံ နှင့် ဝေဒနာမကင်း သော မျက်နှာ အမူအရာများ အောက်တွင် ငုပ်လျှိုး ကွယ်ပျောက် ခဲ့ရသည်ချည်း ။ ဆရာဝန် ၏ လုပ်ငန်းဆောင်တာ တို့ သည်လည်း စိတ်ခံစားမှု နှင့် ကင်းကွာ၍ နေတတ်သည် ဟု မရှိစကောင်း ။ ခုဆို ဝန်ထမ်း စာရေးဆရာတွေ လည်း နည်း မှ မနည်းတော့ပဲ ။

တစ်ခါတစ်ခါ တော့လည်း နာမည် ရှေ့က ဒေါက်တာ ဟူသော အခေါ်အဝေါ် ကို မကြားချင် ။ နားကျပ် နှင့် ဆေး ထိုးအပ်များ ကိုပင် မမြင်ကွယ်ရာ တွင် ထိုးသိပ် သိမ်းထား ပစ်လိုက် ချင်သည် ။ အဆီအဆိမ့် ချည်း စားနေရ သဖြင့် အတို့အမြှုပ်ကလေး နှင့် လွေးချင်သည့် သဘောလား ဟု အချို့က ထင်ကောင်း ထင်မည် ။ ထင်လိုရာ ထင်ကြပါ စေတော့ ။

ခံစားမှု အလှအပကလေးများ နှင့် ကြွကြွရွရွ ဖြစ်နေ သော သည်အခိုက်အတန့် တွင် အာဘောင်အာရင်း သန်သန် နှင့် ဆွေးနွေးလို စိတ် မရှိသည် မှာ အမှန်ပါ ။

“ ကို ... ဒီနေ့ လေဟာပြင်ဈေး မသွားတော့ဘူး မဟုတ်လား ”

“ ဟင့်အင်း ၊ မသွားတော့ဘူး ၊ ဆေးတွေ မနေ့ ကတည်းက အားလုံး စုံအောင် ဝယ်လာခဲ့ပြီ ၊ ဘာဖြစ် လို့လဲ ”

“ ဘာမှ မဖြစ်ပါဘူး ၊ ဝတ္ထု တစ်အုပ် ၊ ကက်ဆက် တစ်လုံး ၊ စာရေးစက္ကူ တစ်ထပ်နဲ့ ငြိမ့်နေလို့ သေချာအောင် မေးကြည့်တာပါ ၊ ဘယ်မှ မသွားရင် ဆီထမင်း ထိုးမလို့ ၊ ကြိုက်တယ် မဟုတ်လား ”

“ ကောင်းသားပဲ ၊ အားပေးရတာပေါ့ ”

ဇနီးသည် ကို ရွှတ်တွတ်တွတ် ပြန်ပြောရင်း ကက်ဆက် ခလုတ် ကို နှိပ်ဖွင့် လိုက်သည် ။ ကိုင်ဇာ ၏ လူငယ် ဘာဝ အရိုးခံ အချစ်တေးကလေးများ ကို ဒုတိယအကြိမ် ပြန်၍ ဖွင့်မိပြန်လေသည် ။

ကျွန်တော့် ဇနီးသည် ရုံးအားရက် ဖြစ်သော တနင်္ဂနွေ လို နေ့မျိုးတွင် ပို၍ အလုပ်များသည် ဟု အဆိုရှိ၏ ။ ဈေး သွား ခြင်း ၊ ထမင်းဟင်း ချက်ခြင်းတည်း ဟူသော ခေါင်းစဉ် နှစ်ခု အောက် မှာပင် အသေးစိတ် အစီအမံတွေ များလှဘိခြင်း ။ သူ့ အကြိုက် ဟင်း ၊ ကျွန်တော့် အကြိုက် ဟင်း ၊ နှစ်ယောက် စလုံးအကြိုက် ဟင်း ။ ရုံးနေ့ အတွက် ကြိုတင်လျာထား ရသော ဟင်း ၊ အသုပ် ၊ ဟင်းချို ၊ တို့စရာ ၊ အချိုအချဉ် ။ သားသမီး သာ ရှိလျှင် ရုံး တစ်ဖက် ၊ အိမ် တစ်ဖက် ၊ ကလေး ဗာဟီရ တစ်ဖက် နှင့် ဘယ်သို့ လှုပ်ရှား နေရလိမ့်မည်လဲ တွေးကြည့် မိသောအခါ တွေးရုံသာ တွေးရသူပင် မော လာ၏ ။

ခုပဲ ကြည့် ။

ထမင်း စားပြီး ထမင်းဝိုင်း သိမ်းဆည်း ပြီးသည်နှင့် အဝတ်လျှော်မည် ။ အဝတ်လျှော်ပြီးလျှင် သူ ရေချိုးမည် ၊ ခေါင်းလျှော်မည် ။ ပြီးလျှင် အိမ်ရှေ့ ၊ အိမ်လယ် ၊ အိမ်နောက် လှည်းကျင်းမည် ။ ပြီးလျှင် မီးပူတိုက်ကောင်း တိုက်မည် ။ သည်ကြားက ဘယ်အချိန် တွင် ဆီထမင်း ထိုးလိမ့်ဦးမည် မသိ ။

ကက်ဆက်ခွေ ၏ ဒုတိယ တစ်ဖက်ခြမ်း ပြီးဆုံးသွား သောအခါ နောက် အသစ်တစ်ခွေ အလဲအလှယ် မလုပ် တော့ဘဲ နားကို အနားပေး ထားလိုက်သည် ။ တိပ်ခွေ ထဲက သီချင်းသွား ကို ပြန်၍ ရေရွတ်ကြည့်မိသည် ။ ကိုယ့် ဘာသာ ကိုယ် ချစ်တာ ဘာဖြစ်လဲ ။

ဟုတ်တယ်လေ ၊ ဘာဖြစ်လဲ ၊ ဘယ်သူ ဘာဖြစ် လို့လဲ ၊ ငယ်ရွယ်သူတို့၏ ပွင့်လင်းသော ပေါက်ကွဲမှုပေပဲ ။

ပီတိ ဖြစ်စဉ် တဒင်္ဂကလေး မှာပင် မနက် က လိုက်လံ ကြည့်ရှုခဲ့ရသော လူနာ တစ်ဦး ထံ စိတ် က ရောက် သွားပြန်သည် ။

ဆေးရုံ က ပြန်၍ လွှတ်လိုက်ပြီ ဆို ကတည်း က သူ့ မိသားစု သည် အခြေအနေမှန် ကို ရိပ်မိခဲ့ပြီ ။ ကင်ဆာ အထူးကုသည် ဆိုသော ဆရာ တစ်ယောက် နှင့် ပြကြည့် မည် ဟု မိသားစု က ထပ်မံ စဉ်းစား ဆုံးဖြတ်ထားကြောင်း ကို လည်း ပြောကြသည် ။ လူနာ စိတ်ချမ်းသာရုံ အားဆေး လေး ၊ အနာ သက်သာရုံ ဆေးလေး ထိုးနှံပေးပါ ဟု တောင်းပန် ပြောကြားသဖြင့် အားလုံးကျေနပ်ရုံ ကုသမှုများ ပေးခဲ့ရ သည် ။ ဟုတ်သည် ။ ကင်ဆာ ။

လူနာ ကိုယ်တိုင် ကမူ သူ့ အနာဂတ် ကို သူ မသိသေး သယောင် ခပ်အေးအေးပင် ရှိနေ၏ ။

အို ... ဒါလည်း မဖြစ်နိုင် ။ ဘေးလူအများ စိတ်ချမ်းသာ အောင် ဟန်ဆောင်ပြီး ပြုံးပြနေသည်လား မသိ ။ သူ့ အကြောင်း သူ အသိဆုံး နေမည်ပ ။

လူနာ ၏ မိသားစု ကို ကြည့်ရသည် မှာ ငွေရေးကြေး ရေး ခက်ခဲနွမ်းပါးနေမှန်း သိသာ လှသည် ။ ရောဂါ ကို နီးစပ် ရာ မှာ ကုရင်း စုဆောင်း ထားသမျှလည်း ကုန်လောက်ပြီ ။ ကြွေးမြီ ပင် တင်ရှိ နေလောက်ပြီ ထင်၏ ။ နယ် မှ လာသော လူနာ ဖြစ်သဖြင့် လမ်းပန်းခရီး စရိတ်ပင် ကုန်ရသည် မှာ နည်းရော့မည် မဟုတ် ။

အင်းလေ ၊ အိမ်ထောင်ဦးစီး လူသူ တစ်ယောက်လုံး က မမာမကျန်း ဖြစ်နေ ဆိုတော့ တွေးသာ ကြည့်ပေရော့ ။

လူနာမိသားစု လာရောက် တည်းခိုနေသော အိမ် မှ ကျောင်းဆရာ လင်မယား နှင့် ကျွန်တော် သည် မျက်မှန်း တန်းမိကြသည် ။ ထို့ကြောင့် မလွဲသာမရှောင်သာ ကျွန်တော် လိုက်၍ ကြည့်ခဲ့ရခြင်း ဖြစ်သည် ။

“ ဆရာ ရယ် ၊ အခြေအနေ မကောင်းမှန်းတော့ သိတယ် ၊ ဒါပေမဲ့ ဘယ်လောက် ခံမယ် ဆိုတာ ဆရာ ခန့်မှန်းပြီး ကျွန်မ တို့ကို တိုးတိုးတိတ်တိတ် ပြန်ပြောပါဦး ဆရာ ၊ တော်တော်ကြာ အိမ်ပေါ်မှာ ပိုးစိုးပက်စက် ဖြစ်ရင် ခက်မယ် ၊ သူတို့ အားလုံးလဲ နယ်က မဟုတ်လား ၊ တော်နေကြာ အားလုံး ဟိုက လိုက်လာကြရင် ဒီ အခန်း ကလေး ကျဉ်းကျဉ်းကျပ်ကျပ်ရယ် ၊ စာရေးသောက်ရေး ၊ အို ... အားလုံးပဲ ဆရာရေ ၊ ခက်ကုန်တော့မှာ ”

“ ဆေးရုံ က ဆရာဝန်ကြီးတွေ က ဘာပြောလဲ ”

“ ခြောက်လ အတွင်း သွားမှာပဲတဲ့ ၊ ဆေးရုံ မှာ ကိုပဲ တစ်လ ကျော်ခဲ့ပြီလေ ”

“ အခြေအနေ ကြည့်ရတာ တစ်လ လောက်တော့ နေရဦးမယ် ထင်ရဲ့ ၊ ဒါကလဲ ဒီကြားထဲ ဘာရောဂါ မှ မဖောက်ပါမှ ၊ အစာလေး ဝင်ပါမှ ၊ မဟုတ်ရင်တော့ ဘာကို မှ အတပ် မပြောနိုင်ဘူးပဲ ”

“ နားလည်ပါတယ် ဆရာ ၊ လူမမာ ဆိုတော့လဲ သူ့ သားမယား က စိတ်တိုင်းကျ ကုချင်ဦးမှာပေါ့ ၊ ကျွန်မ တို့လဲ နားလည်ပါတယ် ၊ မလိုလားတာလဲ မဟုတ်ပါဘူး ၊ လက်တွေ့ကျကျ ပြောတာပါ ”

ကျောင်းဆရာမ ဖြစ်၍လား မသိ ။ စကားလုံးသုံး နှုန်းပုံ ထိမိ၏ ။ လက်တွေ့ကျကျ ။

လက်တွေ့ကျကျ ဟူသော စကားလုံး က ယခု နားနားနေနေ ထိုင်နေသည် ထိ ၊ ကိုယ့် အိမ် ကိုယ် ပြန်လာခဲ့ပြီး သည် အထိ နား ထဲ တွင် ကပ်ငြိ ပါလာသည် ။

“ ဆေးခန်း သုံးလေးခန်း ပြေးပြီးထိုင်တာ ကိုသာ မင်း က ဝေဖန်တာကိုးကွ ၊ ငါ့ အိမ် မှာ မိသားစု သုံးခုတောင် ၊ ငါ့ အမေ နဲ့ ညီမမိသားစုရယ် ၊ ငါ့ သားမယား မိသားစုရယ် ၊ မုဆိုးမ ငါ့ အဒေါ် မိသားစုရယ် ၊ ဒီ လူတွေ အားလုံးအတွက် ကျောထောက်နောက်ခံ လုပ်ပေးရတာတွေ ၊ ငါ့ ကိုယ်ပိုင် အသုံးစရိတ်တွေ ၊ ဒါတွေ အတွက် စီးပွားရေးသမား လိုလို နာမည်ပျက် ခံပြီး လုပ်နေရတယ်ကွ ၊ လက်တွေ့ မှာ မလွယ် ဘူး ” ဟူ၍ မနေ့ က လေဟာပြင်ဈေး တွင် ဆေး လာဝယ် သော သူငယ်ချင်း ဒေါက်တာစိန်မြင့်ဦးနှင့် ဈေးထဲ တွင် တွေ့ကြရင်း စကားစပ်မိရာမှ ထို စကား ထဲ တွင် “ လက်တွေ့ ” ဆိုတာ ပါခဲ့သေးသည် မဟုတ်လား ။

ပထဝီဘာသာ ကို အဓိကထား လေ့လာ သင်ယူခဲ့ ပြီး သမဝါယမ တွင် အခြေအနေ အရ ငွေစာရင်း ထိုင် တွက်နေရသည့် ညီမငယ် တစ်ယောက် နှင့် ရူပဗေဒ သိပ္ပံ ဘွဲ့ရပြီး မဟာသိပ္ပံတန်း ဆက် မတက်ဖြစ်တော့ဘဲ အထက်တန်းရှေ့နေ စာမေးပွဲ ဖြေဖို့ ကြိုးပမ်းနေသူ သူငယ်ချင်း တို့ ကရော လက်တွေ့ ဆန်လွန်းကြတာပဲလား ။

နောက်ဖေး မီးဖိုချောင် မှ ဇနီးဖြစ်သူ ၏ ထုထောင်း သံ ကို ကြားနေရသည် ။ ပုစွန်ခြောက် ၊ နှမ်းတို့ ထောင်း ပြီး လျှင် ကြက်သွန်ကြော် ရွရွကလေး ရအောင် လှီးချွတ်ကြော် လှော် နေလိမ့်ဦးမည်ကို ကြိုတင် သိနေ၏ ။

ရုံး အားရက်တွင် အနား မယူတတ်ဘဲ အိမ်မှုကိစ္စ များနှင့် လုံးထွေးနေရသည့် ဇနီး ကို ကျွန်တော် သတိပေး ပေါင်းများပြီ ။ ခန္ဓာကိုယ် အနားယူခြင်း နှင့် အတူ ဦးနှောက် အနားယူခြင်း ဆိုသည်မှာ လွယ်မယောင် နှင့် ခက်ကြောင်း တို့ကို ပြောပေါင်းများခဲ့ပေပြီ ။

ကျွန်တော့် အမေ သည် ဤသို့ပင် အနား မယူဘဲ အလုပ် မပြတ် လုပ်ခဲ့ခြင်းကြောင့် အသက် တိုခဲ့လေသလား ဟု ကျွန်တော် သံသယ ရှိခဲ့မိသည် ။ ခု ... ဇနီးသည် မှာ လည်း ထိုနည်းလည်းကောင်း ၊ ရုံးအလုပ် ၊ အိမ်အလုပ် တို့ကို ပင်ပင်ပန်းပန်း လုပ်နေပြန်ပြီ ။

“ အကြော်စုံ ၊ အကြော်စုံ ပူပူနွေးနွေး ”

လမ်းပေါ် မှ အကြော်သည် အမျိုးသမီးကြီး က အိမ်ဘက် သို့ လှည့် အကြည့် ၊ အိမ်ဝင်း ထဲ ဝင်လာရန် ကျွန်တော် လက် ပြ၍ လှမ်း ခေါ်လိုက်သည် ။

အော်ခေါ်ခြင်း မဟုတ်သဖြင့် ဇနီးသည် လည်း အတွင်းမှ ကြားမည် မဟုတ် ။ သန့်သန့်ရှင်းရှင်း ဈေးသည် ဖြစ် သဖြင့်လည်း ခေါ်လိုက်ခြင်း ဖြစ်ပါသည် ။ မဟုတ်လျှင် ဆရာဝန့်ဇနီး က ဆရာဝန် ထက် အသန့် ကြိုက်သေး ။

“ ဘူးသီးကြော် ၊ ပဲကပ်ကြော် ၊ ငှက်ပျောကြော် ၊ ပုစွန်ကြော် ၊ ဘာယူမလဲဆရာ ၊ ဈေးထိပ် မှာတင် ကြော်ခဲ့ တာ ၊ ပူပူနွေးနွေးပဲ ”

“ ဘူးသီးကြော် လေးခု ၊ ပဲကပ်ကြော် နှစ်ခု ပေးပါဗျာ ”

“ စက္ကူအိတ် နဲ့ ပဲ ထည့်ပေးခဲ့မယ်နော် ဆရာ ”

“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ၊ ရော့ဗျာ ၊ အမ်းယူလိုက်ပါ ”

အကြော်သည် အမျိုးသမီးကြီး သည် ကျွန်တော် လှမ်းပေးသော ငါးကျပ်တန် ကို ယူကာ ပိုငွေကို ပြန်အမ်းပြီး အိမ် မှ ပြန် ထွက် သွားလေသည် ။

ဆီထမင်းပူပူ ၊ ဘူးသီးကြော်နွေးနွေး ဖြင့် နေ့လယ်စာ ဟန်ကျပြီ ဟု တွေးကာ အကြော်ထုပ် ကို ကိုင်ပြီး အိမ် နောက်ဖေး ဘက် သို့ ဝင်မည် ပြုစဉ် အကြော်ထည့်ထား သော စက္ကူအိတ် ပေါ် က စာများ ကို အမှတ် ထားလိုက်မိ သည် ။ မင်ပြာ နှင့် ရေးထားသော ဝိုင်းဝိုင်းစက်စက် သပ်သပ်ရပ်ရပ် လက်ရေးကလေးများ ပါကလား ။ မိန်းကလေး တစ်ဦး ၏ လက်ရေး ပင် ဖြစ်ဟန် တူပါရဲ့ ။

      “ ...ဒီလို ဆိုရင် နောက် ကို တွေ့ကြမှာ မဟုတ်ဘူး ၊ အရေးကြီးတာ က မောင် ပါ ။

      မောင့် ကို သဘော မတူလို့ မဟုတ်ဘူး ၊ အလုပ်ကိစ္စ သေချာရင် အားလုံးက ပိုပြီး ကြည်ဖြူ မှာပေါ့ ၊ နွဲ့ငယ် စိတ် ကို မောင် အသိဆုံးပဲ ၊ တစ်ယောက် ဆို တစ် ယောက် ဆိုတဲ့ အစားထဲ က ၊ နွဲ့ငယ် တစ်ခု ပဲ စိုးရိမ်တယ် ၊ မောင် က နွဲ့ ကို ရရင် ပြီးရော ၊ ရှေ့ရေး ... ”

စာ က သည်လောက်သာ ဖတ်ရသည် ။ နွဲ့ငယ် ဆို သူ အမျိုးသမီး တစ်ယောက် သူ့ ချစ်သူ ထံ ရေးသည့် စာပေ ပဲ ။ စက္ကူအိတ် ၏ အခြား တစ်ဖက် သို့ လှည့်၍ ကြည့်လိုက် သော အခါတွင် လည်း ကျွန်တော့် အတွက် စိတ်ဝင်စားစရာ တစ်ခု ဖြစ်လာပြန်သည် ။

      “ .. ညကျောင်း တက်နေရတဲ့ အခြေအနေ တွေ ကြောင့် စာမေးပွဲ အောင်ပါ မလားလို့ ပူတာ ဟုတ်ရဲ့လား ။ လူကြီး တွေက မောင့် ကို အထင်သေးတာ ထားပါ တော့ ။ နွဲ့ငယ် က ပါ မောင့် ကို အထင်သေး နေပုံရတာ မောင် စိတ်မကောင်းဘူး ၊ အစစ အရာရာ ပြည့်စုံအောင် စောင့်ရင်း အချိန် နှောင်းသွားမှာ ၊ နွဲ့ငယ် နဲ့ ဝေးရမှာ မောင် သိပ် စိုးရိမ်နေတယ် ။ မောင် ကတော့ မောင့် နောက် ကို ချက်ချင်း လိုက်စေချင်တယ် ။ မောင့် ကို အရင်က လို ချစ်သေးရဲ့လား နွဲ့ငယ် ၊ နွဲ့ငယ်ရဲ့ အချစ်တွေ .. ”

ဤ တစ်ဖက်မှာ က မင်အနက် နှင့် ရေး ထားသော လက်ရေး ရှည်သော့သော့ ။ နွဲ့ငယ် ချစ်သူ ၏ လက်ရေး ။

စာ အသွားအလာ အရ အကြောင်းအရာချင်း နီးစပ် မှုရှိသည် ။ စာ နှစ်စောင် အပြန်အလှန် သဘော ဆောင် သည် ။ ဘယ်နှယ့် ဘယ်နှယ့် သည် စာအိတ် တစ်အိတ် ထဲ တွင် ဤ စာ နှစ်စောင် ပူးလျက်သား စက္ကူအိတ် လာဖြစ် နေပါလိမ့် ။ ယခု နွဲ့ငယ် တို့ မောင် တို့ နှစ်ယောက် ဘယ် လိုများ ။

“ အမယ် ... စက္ကူအိတ် တစ်လုံး နဲ့ ဘာတွေ ပီတိ ဖြစ်နေလဲ ၊ ကြည့်စမ်း ၊ အကြော်တွေ ဝယ်လိုက် ပြန်ပြီ ၊ ဒီမှာဖြင့် ကြော်ရ ၊ လှော်ရ ၊ ထောင်းရ ၊ ထုရ နဲ့ ”

မီးဖိုဘက် မှ အိမ်ရှေ့ ထွက် လာသော ဇနီး က ထုံးစံ အတိုင်း ရေရွတ်ရင်း အိတ် ကို လှမ်း၍ ယူ လိုက်သည် ။

“ ကဲ ...ကဲ … ပေး ၊ ပန်းကန် ထဲ သွား ထည့်  လိုက်မယ် ၊ ဆီထမင်း စားတော့မလား စားချင်ရင် ယူခဲ့မယ် ”

“ နေစမ်းပါဦး သက် ရာ ၊ ဒီမှာ ဒီ အိတ်ကလေး က စိတ်ဝင်စားစရာ ကောင်း လွန်းလို့ ၊ ဟောဒီမှာ ... ”

ဇနီးသည် မှာ စိတ် မပါ့တပါ့ လှမ်း ယူပြီး ဟိုဘက် ဒီဘက် ခပ်သုတ်သုတ် ဖတ် နေပေသည် ။

“ သူတို့ နှစ်ယောက် ဘယ်လို ဖြစ်သွားကြသလဲ လို့ ဆက်တွေးမယ် ဆိုရင် အရှည်ကြီး တွေးလို့ ရတယ် ၊ သူတို့ မပြေလည်ဘူးပဲထား ... ”

“ ဘယ်က မပြေလည်ရမှာလဲ ၊ သူတို့ ယူ ကို ယူဖြစ်ကြရမယ် ၊ ကို ကလဲ ဒီလောက်တောင် ဖြစ်နေ ကြတာ ”

“ ဟ ... ပိုင်လှချည်လား ၊ ဘယ်လိုကြောင့် ဒီလောက် အပိုင် ပြောနိုင်ပါလိမ့် ”

“ ကို ပဲ စဉ်းစားကြည့်လေ ၊ သမီးရည်းစား နှစ်ယောက် ကွဲကြပြီ ဆိုပါတော့ ၊ တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် ရေးခဲ့တဲ့ စာတွေ ပြန်ပြီး တောင်းကြ ပေးကြ လုပ်ကြမှာပဲ ၊ ဒါ အခုလို နှစ်ဦး နှစ်ဖက် ရေးတဲ့ စာ နှစ်မျိုး ဟာ တွဲလျက် ဘယ်လိုမှ မရှိနိုင်ဘူး ”

“ အင်း ... မိန်းကလေး က ဖြစ်ဖြစ် ၊ ယောက်ျား က ဖြစ်ဖြစ် မာန နဲ့ ပေါ့လေ ၊ ရော့ နင့် စာတွေ ၊ ငါ့ စာတွေ တော့ ပြန်ပေးစရာမလိုဘူး ၊ ဆိုခဲ့ရင်တော့ တစ် ဘက်ဘက် မှာ နှစ်မျိုးစလုံး တွဲပြီး ရှိမနေနိုင်ဘူးလား ”

“ အဲသလောက် ဖြစ်လာရင်လဲ မီးရှို့ပစ်တာတို့ ၊ ဆုတ်ပစ်တာတို့ ၊ လွှင့်ပစ်လိုက်တာတို့ လုပ်မှာပဲ ၊ အခု ဟာ က သူတို့ ယူ ကို ယူ ဖြစ်ကြရမယ် ”

ဇနီးသည် က စကား ကို ခေတ္တ ဖြတ်လိုက်ကာ စဉ်းစားဟန် ပြုပြီးမှ ဆက်၍ ပြောသည် ။

“ ညကျောင်း မှာ တက် နေကြတယ် ဆို ကတည်း က အနည်းဆုံး ဆယ်တန်း နှစ်ခါ တော့ ကျဖူးရမယ် ၊ ဒါလဲ အမြင့်ဆုံးအတန်း ကို ပြောတာ ၊ မရေမရာ မှာ ယူကြရော ၊ စာတွေ ဟာလဲ ဘာမှ အဓိပ္ပာယ် မရှိတဲ့ စာရွက်တွေ ဖြစ်လာ ရော ၊ ဈေးဖိုး လိုလို့ ရည်းစားစာ အဟောင်းတွေ ကိုပါ ကု,လားချ ရောင်း ၊ အဲဒီကမှ စာအိတ် လုပ်တဲ့ ဆီ ရောက်သွား တာလဲ ဖြစ်နိုင်တယ် ။ ဒီလို မဟုတ်လဲ တစ်ဖက်တစ်လမ်း က ဝင်ငွေလေး မှ ရပါစေတော့ ဆိုပြီး စက္ကူအိတ် ကလေးတွေ လုပ်ပြီး ဟိုဆိုင် သည်ဆိုင် သွင်းတာမှာ အပြန် အလှန် ရေးခဲ့တဲ့ ဒီ ရည်းစားစာတွေ ပါ စက္ကူ စာအိတ် ဖြစ် ကုန်တာလဲ ဖြစ်နိုင်တယ် ။ ဘာပဲဖြစ်ဖြစ် အချစ် ဆိုတာ ကို တယုတယ တသသ လုပ်မနေနိုင်တဲ့ အနေအထားမျိုး မို့ လို့သာ ဒါတွေလဲ ဒီလို ဖြစ်ကုန်တာ နေမှာပေါ့ ။ ကောင်လေး ရေး ထားတဲ့ စာသား အတိုင်း သက် က လက်တွေ့ လိုက်ရှာပြီး မေးကြည့်လိုက်ချင်သေးတယ် ”

“ ဘာကိုလဲ ”

“ ဪ ... သူ့ စာ ထဲ မှာ ပါတယ် မဟုတ်လား ၊ ‘ အရင် က လို ချစ်သေးရဲ့လား နွဲ့ငယ် ’ ဆိုတာလေ ”

ကိုင်း ... ကျွန်တော့် ဇနီးသည် ဇာတ်လမ်း ဆင်ပုံ နှင့် ဆက်စပ်တင်ပြပုံ ကျွန်တော့် ထက် သာ နေမှတော့ ကျွန်တော် ဝတ္ထု ရေးဖို့ လိုပါဦးတော့ မလား ။

ကနဦး ရှိရင်းစွဲ အနုအလှ ခံစားမှုကလေးများ လည်း စုပ်စမြုပ်စ ပျောက်လွင့် ကုန်ချေ၏ ။ စိတ်ကူး နှင့် လက်တွေ့ တို့ သည် များသော အားဖြင့် ဆန့်ကျင် ဝေးလံကြ၏ ။

⎕ ဒေါက်တာငွေစိုး

📖 မြဝတီ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၁၉၈၄

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment