Saturday, August 17, 2024

ပင်လယ်ထဲက မျက်ကန်းများ


 

❝ ပင်လယ်ထဲက မျက်ကန်းများ ❞
━━━━━━━━━━━━━━━━
       မော်မော့်မောင်
━━━━━━━━━━━━━━━━
( ၁ )

ဝါတွင်း ဥပုသ်နေ့ သာ ဆိုတယ် ၊ ရွာကလေး ရဲ့ တစ်ခုတည်းသော ရွာဦးကျောင်း က ငြိမ်သက်တိတ်ဆိတ် လို့ ။ လူဆိုလို့ ကျောင်းထိုင် ဆရာတော် ဦးနန္ဒဝံသနဲ့ ကိုရင် လေးတွေရယ် ၊ ကပ္ပိယကြီး ဦးဘမှီ ရယ်ပဲ ရှိတယ် ၊ ရွာဦး ကျောင်းမှာ ဥပုသ် လာစောင့်သူ တစ်ယောက်မှ မရှိဘူး ။ အရင်ကဆို ဒီလို ဘယ်ဟုတ်လိမ့်မတုံး ။ ဝါတွင်း ဥပုသ်နေ့မှာ ကျောင်း ကို လာကြတဲ့ ဥပုသ်စောင့်မယ့် သူတွေ ဆိုတာ ကျောင်းပေါ်မှာ အပြည့်ပဲ ။ ပြောရရင်တော့ ဝါတွင်းဥပုသ်နေ့မှ မဟုတ်ပါဘူး ။ ကြားရက်တွေမှာ လည်း ကျောင်းကို လာကြသူတွေ ရှိပါတယ် ။ ခေါင်းစဉ် အမျိုးမျိုး အကြောင်းကိစ္စ ကြီးငယ်နဲ့ ဦးနန္ဒဝံသ ကို ဦးတိုက်လာကြသူတွေကလည်း အများသား ။

ဦးတိုက်မယ် ဆိုရင်လည်း ဦးတိုက်ချင်စရာပဲလေ ။ ဦးနန္ဒဝံသ က မည်ကာမတ္တ ဘုန်းကြီးမျိုးမှ မဟုတ်တာ ။ မဟာဂန္ဓာရုံကျောင်းထွက် စာတတ်ပေတတ်ပုဂ္ဂိုလ် ။ ဝိနည်းသိက္ခာနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာမရှိဘူး ။ အကျင့်သီလ ကလည်း ဘာပြည့်စုံသလဲ မမေးနဲ့ ။ ပရိယတ္တိ ဘက်မှာရော ပဋိပတ္တိ ဘက်မှာပါ ကြိုးစား အားထုတ်ပုံက ကြည်ညိုချင်စရာ ။ ဒီရွာနဲ့ တန်တောင် မတန်ဘူးဆိုရင် လွန်တယ်ထင်မယ် ။ အမှန်က မလွန်ဘူး ရယ် ။ ဦးနန္ဒဝံသ ရဲ့ အရည်အချင်း မျိုးနဲ့ဆိုရင် မြို့မှာ နာမည်ကြီး ဆရာတော်တစ်ပါး ဖြစ်နေရမှာ ။

ဒါပေမဲ့ ဦးနန္ဒဝံသ က ပုထုဇဉ်ပဲ ရှိသေးတာမဟုတ် လား ။ ဘုန်းကြီး ဆိုပေမဲ့ ကိလေသာ တို့ တဏှာ တို့ မကုန်ခန်းသေးဘူးလေ ။ သံယောဇဉ်တို့ ဇာတိချစ်စိတ် တို့ ရှိသေးတာပေါ့ ။ အဲဒါကြောင့် ကျောင်းထိုင် မဲ့နေတဲ့ သူ့ ရွာကျောင်းမှာ လာပြီး ကျောင်းထိုင် နေတာကလား ။ ဒီရွာမှာပဲ ကျောင်းထိုင် အဖြစ်နဲ့ အရိုးထုတ်ရင်း ရွာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် လည်း ရှိတယ် ။ ရှိတဲ့အတိုင်း လုပ်သလို ရွာကလည်း တိုးတက်သင့်သလောက် တိုးတက်ခဲ့တာပါပဲ ။ သူ့ စေတနာကို နားလည်တဲ့ ရွာသူရွာသားတွေကလည်း ကျောင်းကို အဝင်အထွက် စိပ်ခဲ့တယ် ။ ဦးနန္ဒဝံသ နဲ့ ရွာသူရွာသားတွေ ရဲ့ ဆက်ဆံရေး ဟာ ရေနဲ့ကြာလို ပနံ သင့်လို့ ။

အဲသလို ကောင်းပြီ ကောင်းရက် နေလာကြရင်း ရွာသူရွာသားတွေ ဘက်က အချိုးတွေ ပြောင်းလာတယ် ။ ဦးနန္ဒဝံသ ဆီကို သိပ်မလာကြတော့ဘူး ။ ရွာဦးကျောင်း မှာ သူတို့ အတွက် ကန့်သတ်နယ်မြေလို့ သဘောထားပြီး အသွားအလာ ကျဲကုန်ပြီ ။ ဦးနန္ဒဝံသ ကိုလည်း မစား ကောင်းတဲ့ အဆိပ်သီး လို ရှောင်ဖယ်ရှောင်ဖယ်နဲ့ ။ အတိတ်ကို အတိတ်မှာပဲ ချန်ထားရစ်ခဲ့ကြပုံက ဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် အခုပဲကြည့်လေ ။ ဝါတွင်း ဥပုသ်နေ့ကြီး မှာတောင် ကျောင်းကို ဥပုသ်လာမစောင့် ကြတော့ဘူး ။

သူတို့ဘက်က သာ ဒိုင်မင်းရှင်းတွေ ရွေ့လျားကုန် ကြတာပါ ။ ဦးနန္ဒဝံသ ကတော့ ဟိုအရင်တုန်းက အတိုင်းပါပဲ ။ အနေအထိုင် အပြောအဆို ဘာတစ်ခုမှ ပြောင်းလဲ သွားတာမျိုး မရှိဘူးရယ် ။ သူတို့ အကြည်ညို ပျက်ချင်စရာ ဘုန်းကြီးကျင့်ဝတ် ၊ ဘုန်းကြီးသိက္ခာ ဖောက်ဖျက်တာမျိုးလည်း ယောင်လို့မှ မလုပ်ခဲ့ဖူးဘူး ။ အဲသလို လုပ်မိလို့ ဦးနန္ဒဝံသ ကို ရွံပြီး မကိုးကွယ်ချင် ကြတော့တာ ဆိုရင်တော့ တစ်မျိုးပေါ့ ။ အခုကျ ဘုန်းကြီး ပီပီသသ ကျင့်ကြံ နေထိုင်တဲ့ ဦးနန္ဒဝံသ အပေါ် ရှိသင့်တဲ့ ဝတ္တရားတွေ ပျက်နေကြတယ် ။ ပြီးတော့ အမေကျော် ဒွေးတော် လွမ်းပြီး တခြား ရွာက ရွာဦးကျောင်း ကို ရောက် ကုန်ကြပြီ ။

တော်သေးတာပေါ့ ။ ရွာဦးကျောင်း ကို အလှည့်ကျ ဆွမ်းပို့တဲ့ ဝတ္တရားလေး မပျက်ကြသေးလို့ ။ မဟုတ်ရင် ဦးနန္ဒဝံသ ရဲ့ ဆွမ်းကိစ္စက အခက်အခဲ ရှိလာနိုင်တယ် ။ သူ့မှာ တချို့ဘုန်းကြီးတွေလို ဝင်ငွေ ရပေါက်ရလမ်းမှ မရှိဘဲကိုး ။ ရှိတယ်ပဲ ထားဦး ၊ ဦးနန္ဒဝံသ က အဲဒါမျိုးတွေ လုပ်ဖို့ ဝသီ မပါဘူး ။ ဗုဒ္ဓ ရဲ့ အဆုံးအမ အတိုင်း လိုက်နာ ကျင့်ကြံပြီး သံသရာ စက်ဝိုင်းထဲက လွတ်မြောက်အောင် ရုန်းထွက်နိုင်ဖို့ပဲ စိတ်ကူးရှိတယ် ။ အဲဒါကြောင့်ပဲ ရွာသူ ရွာသားတွေ ရဲ့ အကြိုက်ကို သိပေမဲ့လည်း မလိုက်ဘဲ နေတာပေါ့ ။ သူသာ မူပြောင်းလိုက်မယ် ဆိုရင် ရွာသူ ရွာသားတွေ သူ့ဆီ ပြန် ကပ်လာမယ်မှန်း ဦးနန္ဒဝံသ သိသားပဲ ။ ဒါပေမဲ့ သူက မူမပြောင်းဘဲ နေမြဲအတိုင်း နေတယ် ။ ရွာသူရွာသားတွေ သူ့ကို ဆေးဖော်ကြောဖက် သိပ်မလုပ်ကြတော့ သူ့အတွက် တရား အားထုတ်ချိန် ပိုရတယ်လို့ ဦးနန္ဒဝံသ က နှလုံးသွင်း ထားတာကလား ။

ဒီလိုမျိုး ဖြစ်လာတာ သိပ်မကြာသေးပါဘူး ။ လွန် ခဲ့တဲ့ နှစ်လကျော် သုံးလလောက်ကမှပါ ။ ဒီမီးကို စတင် မွှေးသူ ၊ ပြဿနာမျိုးစေ့ကို ဆောင်လာသူ ၊ အဖြစ်အပျက် တစ်ခုလုံး အတွက် သတ္တုချရမယ့် သူကတော့ ဦးနန္ဒဝံသ နဲ့  သားချင်းမကင်းသူ တစ်ယောက်ပဲ ။ သူ့ နာမည် က မိငြိမ်း တဲ့ ။

( ၂ )

မိငြိမ်း ကို ဒီရွာမှာပဲ မွေးတယ် ။ သူ မွေးတုန်းက ဦးနန္ဒဝံသ က ရွာမှာ မရှိဘူး ။ မဟာဂန္ဓာရုံကျောင်းမှာ စာသင်သား အဖြစ်နဲ့ ရှိနေလို့ ။ ဆိုတော့ သူနဲ့ မိငြိမ်း က သားချင်းမကင်းပေမဲ့ သူစိမ်းတွေလိုပါပဲ ။ တစ် ယောက်နဲ့ တစ်ယောက် ကြားမှာရှိတဲ့ အသက် ကွာခြား ချက်က ကြီးမားနေသလို အနေကလည်း ဝေးလွန်းနေခဲ့တာကိုး ။

မိငြိမ်းတို့ မိသားစုထဲမှာ မိငြိမ်း က တစ်ရုပ်ထွက် တယ် ။ အသားအရေက ပြောသလောက် မမည်းဘဲ ညို ပြေပြေလေး ။ ခန္ဓာကိုယ်က ပြည့်ပြည့်ဖြိုးဖြိုး ဝဝကစ်ကစ် နဲ့ ။ ဉာဏ် ကလည်း ကောင်းတယ် ပြောပါတော့ ။ တကယ်လို့ မိငြိမ်းသာ ပြည့်စုံတဲ့ မိသားစုက ပေါက်ဖွား လာသူဆိုရင် ပညာရေးမှာ ထွန်းထွန်းပေါက်ပေါက် ရှိမယ့်ပုံပဲ ။ ဒါပေမဲ့ သူ့ခမျာ ကံမကောင်းရှာဘူး ။ မူလတန်း အပြီးမှာ ကျောင်းထွက်လိုက်ရတယ် ။ ပြီးတော့ တခြားသော လယ်ကူလီ တို့ရဲ့သမီး ၊ သားတွေရဲ့လမ်းစဉ် ကို လိုက်ရတော့တာပဲ ။ ဒီအတွက်တော့ မိငြိမ်း က ထူးပြီး ဝမ်းနည်းမနေပါဘူး ။ ဝမ်းနည်းခွင့်လည်း မရှိဘူးလေ ။ ဒါက သူတို့ ဘဝတွေ အတွက် ပြဋ္ဌာန်းထားပြီးသားလို့ ပြောရမယ့် ပုံစံတစ်ခုပဲ ဥစ္စာ ။ ကျေကျေနပ်နပ်ပဲ ဖြစ်ဖြစ် ၊ မကျေမနပ်ဘဲ ဖြစ်ဖြစ် လက်ခံလိုက်ရုံကလွဲပြီး ဘာတတ် နိုင်တာမှတ်လို့ ။

အဲသလိုနဲ့ပဲ မိငြိမ်း အရွယ် ရောက်လာခဲ့တယ် ပြော ပါတော့ ။ နေပူစပ်ခါးမှာ လုပ်ကိုင်ရသူ ဆိုပေမဲ့ အရွယ်ရောက်လာတဲ့ မိငြိမ်း အလှက ညှိုးမသွားဘူး ။ နေရောင်ကို အန်တုပြီး ငွားငွားစွင့်စွင့်ပွင့်တဲ့ နေကြာပန်း တစ်ပွင့်လိုပဲ ။ သူ့ သတင်းက ဒီရွာ ထဲမှာတင် မကဘဲ တခြားရွာတွေ အထိ မွှေးတယ် ။ သူ့ကို ကြိုက်ကြတဲ့သူ တွေ ဆိုတာလည်း ပေါမှပေါ ။ တချို့များဆို သူ့အတွက်နဲ့ ရန်တွေဘာတွေတောင် စောင်ကြသေးဆိုပဲ ။ ကျီးကန်း တွေကြားမှာ ဥသြက သရဖူ ဆောင်းထားတယ်လို့ ပြော ရင် ရမယ်ထင်ပါရဲ့ ။ မိငြိမ်း က အဲသလောက်ထိ နာမည် ကြီးတာ ။

ကာလသားတွေ ကြားမှာ ရေပန်းစားနေမှန်း သိပေ မဲ့ မိငြိမ်း က ဘာသိဘာသာပါပဲ ။ ဘဝင်မြင့်တာမျိုး မာန်တက်နေတာမျိုး မရှိပါဘူး ။ ခါတိုင်းလိုပဲ သွားသွား လာလာ ရှင်သန်လှုပ်ရှားတယ် ။ မိငြိမ်း ကသာ အေးအေး ဆေးဆေး နေနိုင်တာပါ ၊ သူ့မိဘတွေ ကတော့ စိတ် မအေးနိုင်ကြဘူး ။ မိငြိမ်း တစ်ယောက် အန္တရာယ် တွေ့ မှာ ဒါမှမဟုတ် မတော်တရော် ဖြစ်သွားမှာကို စိုးရိမ်ကြ တယ် ။ ဒါနဲ့ သူတို့ မျက်စိ မမှိတ်ခင် စိတ်ချချင်တယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ မိငြိမ်း ကို ယောက်ျား ပေးစားလိုက် ကြပါရော ။

မိငြိမ်းယောက်ျား ကျော်စိုး ကလည်း ဒီရွာသားပဲ ။ အသက် ကတော့ မိငြိမ်းထက် နှစ်နှစ်လောက် ကြီးတယ် ။ မိငြိမ်း မိဘတွေက သူတို့သဘောကျ ရွေးချယ်ပြီး ပေးစား ထားတာ ။ သဘောကျ , ကြမှာပေါ့ ၊ ကျော်စိုးက လူ ဆင်းရဲပေမဲ့ စာရိတ္တ မဆင်းရဲဘူး ။ ရိုးရိုးသားသားနဲ့ ပိုက်ဆံ ရမယ်ဆိုရင် ပင်ပန်းချင် ပင်ပန်းပါစေ ဘာပဲ ဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ လူစားမျိုး ။ မိငြိမ်း ကို ချစ်လိုက် တာလည်း တုန်လို့ ။ ဘယ်လောက်ထိ ချစ်သလဲ ဆိုရင် သူနဲ့ ယူပြီးတာနဲ့ မိငြိမ်း ကို ဘာအလုပ်မှ မလုပ်ခိုင်းတော့ တာပဲ ကြည့် ။

ကလေး မရခင် အထိတော့ မိငြိမ်း အလုပ်မလုပ်တာ ပြဿနာမရှိပါဘူး ။ လင်မယား နှစ်ယောက်တည်း ရှိတာ မို့ ကျော်စိုးရဲ့ ဝင်ငွေလေးနဲ့ အဆင်ပြေတယ် ။ စုမိဆောင်း မိတာမျိုးတော့ မဟုတ်ဘူးပေါ့လေ ။ ရရစားစား ဝါးဝါး မျိုမျိုနဲ့ကသီလင်တ မနိုင်တာကိုပြောတာ ။ တဖြည်းဖြည်း အိမ်ထောင်သက် ရင့်လာပြီး ကလေးတွေရ ၊ ပါးစပ်ပေါက် တွေ တိုးလာချိန်မှာတော့ မိငြိမ်း အိမ်မှာ ထိုင်နေလို့ မရ တော့ဘူး ။ ပွားစီးထားတဲ့ သားသမီးတွေ ရှိလာပြီမို့ ကျော်စိုး ရဲ့ ဝင်ငွေလေးနဲ့တင် မိသားစုစားဝတ်နေရေး ကို ကျားကန်ဖို့ ဆိုတာ မနိုင်ဝန် တစ်ခုလိုဖြစ်လာပြီ မဟုတ်လား ။ ဆိုတော့ မိငြိမ်း အလုပ်လုပ်ဖို့ စဉ်းစားရပြီ ။

မတတ်သာလို့သာ မိငြိမ်း ကို အလုပ်လုပ်ဖို့ ခွင့်ပြုရပေမဲ့ ကျော်စိုးက တစ်ခု ပြောထားတယ် ။ တအားကြီး ပင်ပန်းမယ့် အလုပ်မျိုး ရှာမလုပ်ဖို့ပေါ့ ။ ဒါနဲ့ မိငြိမ်း ဘာမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်သေးဘူး ။ ကျော်စိုး သဘောနဲ့ ကိုက်ညီမယ့် အလုပ်မျိုးကို စိစစ်ရွေးချယ်နေလို့ ။ အဲသလို ဖြစ်နေတုန်းမှာပဲ မိငြိမ်း အတွက် အသင့်တော်ဆုံး အလုပ် တစ်ခု ကို တွေ့တယ် ။ ပင်ပင်ပန်းပန်းကြီး လုပ်နေဖို့ မလို သလို ကိုယ် လုပ်နိုင်ရင် လုပ်နိုင်သလောက် ပိုက်ဆံရမယ့် အလုပ်မျိုး ။ တစ်နေ့ နှစ်ခေါက် ရွာ နဲ့မြို့  ကို အသွားအပြန် လုပ်နိုင်ဖို့ရယ် ၊ ပါးရည်နပ်ရည် ရှိဖို့ရယ်တော့ လိုတာပေါ့ ။ ဒါမှလည်း လိုအပ်လာရင် ရှောင်နိုင်တိမ်းနိုင်မှာ လေ ။ ဘာဖြစ်လို့လဲ ဆိုတော့ မိငြိမ်း လုပ်ရမှာက နှစ်လုံး ၊ သုံးလုံး လက်ခွဲ အလုပ် ဖြစ်နေလို့ပါ ။

ကျော်စိုး က ဒီအလုပ်ကို ဥပဒေနဲ့ မလွတ်ကင်းလို့ ခွင့်မပြုပေမဲ့ မိငြိမ်းကို တားလို့ မရဘူး ။ ဆွေမျိုးတွေ က လည်း မိငြိမ်း ဘက် ခပ်ပါပါမို့ ကိုယ့် အန္တရာယ်တော့ ကိုယ် ကြည့်ရှောင်ပေါ့ကွာဆိုပြီး လက်လျှော့လိုက်ရ တယ် ။ မိငြိမ်း လက်ခွဲ စလုပ်ချိန်မှာ ဦးနန္ဒဝံသက ဒီရွာမှာ ကျောင်းထိုင် နေတာ တစ်ဝါတောင် ဆိုခဲ့ပြီးပြီ ။

( ၃ )

လက်ခွဲ စလုပ်ခါစ တုန်းကတော့ မိငြိမ်း ရဲ့ စားကျက် က ရွာ ထဲတင်ပါပဲ ။ လုပ်ခါစမို့ မရဲသေးတာရယ် ၊ တခြား ရွာတွေ သွားဖို့ ကိုယ်ပိုင်ယာဉ် မရှိတာရယ်ကြောင့်ပေါ့ ။ တဖြည်းဖြည်းနဲ့ လုပ်သက်ရင့်လာပြီး စက်ဘီးဟောင်း လေးတစ်စီး ဝယ်နိုင်ချိန် မှာတော့ မိငြိမ်း ရဲ့ခြေလှမ်းတွေ ကျဲလာတယ် ။ တခြား ရွာနီးချုပ်စပ်တွေ အထိပါ စက်ဘီး တစ်စီး နဲ့ပတ်ပြီး ဈေးကွက် ချဲ့ထွင်တော့တာပဲ ။ ကိုယ် ရောင်းအား ကောင်းရင် ကောင်းသလောက် ကော်မရှင် ရတာမို့ များများ ရချင်တဲ့ လောဘစိတ်က မိငြိမ်းဆီမှာ ကပ်ငြိနေပြီ ။ ဒီကြားထဲ ပေါက်သီး ပါတဲ့ သူတွေဆီက မုန့်ဖိုးပဲဖိုးလေး ရသေးတာကလား ။ ဆိုတော့ မိငြိမ်း စက်ဘီး တစ်စီးနဲ့ ရွာစဉ်လှည့်တာ ကိုလည်း အပြစ် ပြော ချင်လို့ မရဘူး ။ ပရိယေသန အတွက် ဒီလောက် ရုန်းကန်နိုင်မှ တော်ရုံကျမှာ မဟုတ်လား ။

အဲသလို ရွာစဉ်လှည့်ရင်း မိငြိမ်း က သတင်းတွေ သယ်သယ်လာတတ်တယ် ။ သူ သယ်လာတဲ့ သတင်း တွေထဲမှာ ရွာသူရွာသားတွေ အနှစ်သက်ဆုံး သတင်း တစ်ခု ရှိလေရဲ့ ။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး ။ ဒီရွာ ရဲ့ မြောက်ဘက် တစ်ရွာ ကျော်မှာ ရှိတဲ့ ရွာကျောင်း ဆရာတော် ဆီက ထွက်ပေါ်လာတဲ့ စကားလေး တစ်ခွန်း ပါ ။ အဲဒီ နှုတ်ထွက် စကားဟာ ခပ်တိုတို ဖြစ်ချင် ဖြစ်မယ် ၊ ဒါမှမဟုတ် ရှည်ချင် လည်း ရှည်နိုင်တယ် ။ ဘာပဲဖြစ်ဖြစ် သေချာတာ တစ်ခုကတော့ သူ့ နှုတ်ထွက်စကား ဟာ ဒီရွာ အပေါ်ကြီးမားတဲ့ သြဇာသက်ရောက်မှု ရှိတယ် ။ သူ့ စကား ရဲ့ အနက်အဓိပ္ပာယ် ကို ဒီရွာက လူတွေ ခေါင်းချင်းဆိုင် ဘာသာပြန် ဖော်ထုတ်တတ်ကြတယ် ဆိုတာပဲ ။

ရောဂါတစ်ခု ကို အချိန်မီ မကာကွယ်နိုင်ရင် ဒါမှ မဟုတ် လက်ခံ မွေးမြူထားမယ် ဆိုရင် ကြီးထွားလာတတ် စမြဲ ။ ဒီရွာက လူတွေ လည်း အဲဒီလိုပဲ ပြောပါတော့ ။ မိငြိမ်း ဆီက တစ်ဆင့် ကြားရတဲ့ စကားသံကို နားထောင် ရင်း ရောဂါက ရင့်သန်လာတယ် ။ တစ်ဆင့် စကား ကို နားထောင်ရရုံနဲ့တင် မကျေနပ် မတင်းတိမ် နိုင်ကြတော့ဘူး ။ ကိုယ်တိုင် ကိုယ်ကျ နားနဲ့ ဆတ်ဆတ် ကြားချင် ကြတဲ့ အာသီသတွေ သူတို့ ကိုယ်ထဲမှာ ရွပိုးထိုးလို့ ။ ဒီမှာတင်ပဲ သူတို့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ် တွေဟာ တောင်လေ မတိုက်ဘဲ မြောက်ကို လွင့်ပါ ရောက်ရှိသွား ကြရော ။

ခုဆိုရင် အခြေအနေက တော်တော်ကို ဆိုးရွားနေ ပြီ ။ လူ ကြားလို့တောင် မကောင်းဘူးလို့ ပြောရမယ် ။ ဝါတွင်းဥပုသ်နေ့ မှာတောင် ကိုယ့်ရွာ ရဲ့ ရွာဦးကျောင်း မှာ ဥပုသ်စောင့်မယ့်သူ မရှိ ဖြစ်နေတာ ။ တခြား ရွာမှာရှိတဲ့ ကျောင်းဆီ ရောက်နေကြတယ် ဆိုတာ တကယ်လည်း လူကြားလို့မှ မကောင်းဘဲကိုး ။

ဒီကိစ္စကြီး က မဖြစ်သင့်မှန်း ၊ ပြုပြင်ပြောင်းလဲသင့် မှန်း ဦးနန္ဒဝံသ သိတယ် ။ ကပ္ပိယကြီး ဦးဘမှီ ကလည်း တိုက်တွန်းတာ ခဏခဏပါပဲ ။ ရွာသူရွာသားတွေ ရွာဦး ကျောင်း ကို အရင်လို သွားသွားလာလာ ပြန်ဖြစ်အောင် လုပ်ဆောင်ဖို့ကိုပေါ့ ။ ဦးဘမှီ ကလည်း တိုက်တွန်းရုံတင် တိုက်တွန်းတာ မဟုတ်ဘူး ။ ဘယ်လို ဘယ်ပုံ ပြန်လည် စည်းရုံး သိမ်းသွင်းရမယ် ဆိုတာကိုပါ ချပြတယ် ။ ဒါပေမဲ့ သူ့ ကြိုးပမ်းမှုက သဲထဲ ရေသွန် တာလောက် တောင် အရာမထင်ဘူးလို့ ပြောရမယ် ။

ဟုတ်တယ်လေ ။ ဦးဘမှီ အာပေါက်မတတ် မဲဆွယ် ပေမဲ့ ဦးနန္ဒဝံသ ရဲ့ စိတ်က ဆံခြည်တစ်မျှင်စာ လောက်တောင်မှ ယိုင်နဲ့ မလာဘဲကိုး ။ ဦးနန္ဒဝံသ စိတ်က တစ်သမတ်တည်းပဲ ။ လျှာပေါ် မြက်ပေါက် လာရင် တောင် အဲဒီ မြက်ပင် ကိုပဲ ပြန်နုတ်စားမယ် ။ လာဘ် လာဘ မရချင်နေ ၊ ကယ်တင်တာ လိုလိုနဲ့ နွံထဲ ဆွဲနှစ် နေတဲ့ အလုပ်မျိုး ကိုတော့ မလုပ်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုး ။ ဆိုတော့ ဦးဘမှီ ခပ်မဆိတ်ဘဲ နေလိုက်တယ် ။ ထပ် ပြော နေရင်လည်း လေကုန်တာပဲ အဖတ်တင်မှန်း သိပြီး သားဥစ္စာ ။

ကိုးနာရီခွဲလောက် မှာ ဦးဘမှီ ကျောင်းပေါက်ဝရှေ့ ကို မယောင်မလည် ထွက်လာခဲ့တယ် ။ လူ က ကျောင်း ရှေ့မှာ ရပ်နေပေမဲ့ အကြည့်တွေ က တခြား တစ်နေရာ ဆီ ရောက်နေလေရဲ့ ။ မြောက်ဘက် က ရွာတွေ နဲ့ ဒီရွာ ကို ဆက်ပြီး ဖောက်ထားတဲ့ လမ်းမ ဆီကိုပါ ။

ဦးဘမှီ ကြည့်နေတုန်းမှာပဲ စက်ဘီး နင်းလာတဲ့ လူ တစ်ယောက် သူ့ မြင်ကွင်း ထဲ ဝင်လာတယ် ။ မြောက်ဘက်ရွာ ရဲ့ ရွာဦးကျောင်း က ပြန်လာတဲ့ ညိုဝင်း ပါပဲ ။ ညိုဝင်း အနားရောက်လာတော့ ဦးဘမှီ က လှမ်းမေးလိုက် တယ် ။ သူ့ ပုံစံ က သိချင်လွန်း လို့ မရိုးမရွ ဖြစ်နေဟန် အပြည့်နဲ့ ။

“ ညိုဝင်းရေ ၊ ဒီနေ့ ဘာပြောလိုက်သလဲ ဟ ”

“ ဆုပ် လည်း စူး ၊ စား လည်း ရူး တဲ့ ကပ္ပိယကြီးရေ ”

ညိုဝင်း စက်ဘီး ကို မရပ်ဘဲ ဦးဘမှီ ရဲ့ အမေးကို ဖြေသွားတယ် ။ ဦးဘမှီ လည်း ကျောင်း ထဲ က သူ့ ဘုံ ဗိမာန်ဆီ ပြန်ဝင်လာခဲ့ပါရော ။ “ ဆုပ် လည်း စူး ၊ စား လည်း ရူး ရဲ့ အဓိပ္ပာယ် ကို ခြေရာကောက်ဖို့ ဦးနှောက် ကို အပြင်းအထန် အလုပ်ပေးရဦးမယ်လေ ။  ။

⎕ မော်မော့်မောင်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း    
      ၂ဝ၁၅ ၊ မေ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment