❝ အဖြူ နဲ့ အနက် ❞
━━━━━━━━━━━━━━━━
တင့်လွင်ကျော်ဖြိုး( စလင်း )
━━━━━━━━━━━━━━━━
( ၁ )
ကျွန်တော် က တိရစ္ဆာန်တွေ ကို မချစ်တတ်ဘူး ။ မချစ်တတ်ပေမဲ့ မရက်စက်တတ်ဘူး ။ ဒါနဲ့တောင် ကျွန်တော့် အိမ် မှာ ခွေး ကိုးကောင် ၊ ကြောင် ငါးကောင် ရှိ ရဲ့ ။ ဟင် ... တိရစ္ဆာန် မချစ်တတ်ဘူး လည်း ဆိုသေး ခွေး တွေ ကြောင် တွေ လည်း အများကြီး ။ ဘယ့်နှယ်ဟာတုံး လို့ မေးမယ် ဆိုရင် မေးစရာပေါ့ ။ မေး ရင် လည်း ဖြေရ မှာပဲ ။ ကိုယ်တွေ့ ကြုံခံစားရတာ ၊ ရင် ထဲ ရှိတာ ဖြေရတာ ဘာဆန်းတာမှတ်လို့ ။
( ၂ )
ကျွန်တော် ပထမဦးဆုံး တိရစ္ဆာန်တွေ ကို စပြီး စိတ် ဝင်စား သွားတာ ဆရာတော်ကြီး တစ်ပါးကျောင်း ရောက်မှ ပါ ။ ဆရာတော်ကြီး က သူ ကိုယ်တိုင် သားကြီးငါးကြီး နဲ့ ကုန်းသတ္တဝါ မစားဘူး ရယ် ။ ပဲနှပ် လောက် ၊ အသီးအရွက် လောက် ဘုဉ်းပေးတာကလား ။ နို့ပေမဲ့ သူ့ ကျောင်း က ခွေးတွေ ကြောင်တွေ အတွက်တော့ အသားကြော် ၊ ကြက်သွန်နီအကြွပ်ကြော် ၊ ဆီဝါချက် အမြဲ ကျွေးလေ့ ရှိပါတယ် ။ ကျောင်းသား ကိုရင်တွေ အဝယ် ခိုင်း ၊ ကြော် ခိုင်းပြီး အသား တစ်မျိုးမျိုး နဲ့ ကျွေးလေ့ ရှိတယ်လေ ။ သူ့ ကျောင်း က ခွေးတွေ ကြောင်တွေ ဆို ဝလို့ ဖီးလို့ ၊ အမွေးအရောင် ပြောင်လို့ ။
ခွေးတွေ ကြောင်တွေ က လိမ္မာရေးခြား ရှိတယ် ။ ဆရာတော် ပြောစကား နားထောင်တယ် ။ တချို့ကြောင် တွေ ဆိုရင် ရှိခိုး ဆို ခိုး ၊ ကျွမ်းထိုး ဆို ထိုး ၊ တချို့ ခွေး တွေ ဆိုရင် ထီး ချီခဲ့စမ်း ၊ ဖိနပ် ယူခဲ့စမ်း ၊ လွယ်အိမ် ဆွဲခဲ့စမ်း တစ်ခု မှ မလွဲစေရဘူး ။ အဲသလောက် နားလည်တာ ရယ် ၊ မေတ္တာ နဲ့ခိုင်းတာ ၊ ရိုက်နှက် ခိုင်းတာ မဟုတ်ဘူးရယ် ။ ဆရာတော် က သူ့ ခွေးတွေ ဘယ်သူ မာန်တာ မှ မကြိုက်ဘူး ။ ရိုက်ဖို့ တော့ ဝေးရော ။ သူ့ ခွေးတွေ ကြောင် တွေ မျက်နှာ ညှိုးတာ နဲ့ တိကုဆရာ ခေါ်ပြလားပြရဲ့ “ မင်း တို့ကောင် တွေ ငါ့ ခွေး ရိုက်လား ၊ ငါ့ ကြောင် ကိုယ်ထိလက်ရောက် စော်ကားလား ” မေးတော့ မြန်းတော့ ဆူတော့ ပူတော့တာပါပဲ ။
နောက်ပြီး ငှက်တွေ ကို တစ်နေ့ သုံးကြိမ် ကျွေးတယ် ။ မနက် ဆန် ၊ နေ့လယ် ထမင်း ၊ ညနေ ဆန် အမြဲ ကျွေးလေ့ ရှိတယ် ။ ဆက်ရက် တွေ ၊ စာကလေး တွေ ၊ ရှဉ့် တွေမနည်းဘူး ။ ဆရာတော့် ပခုံးပေါ် မှာ လက်ပေါ် မှာ တချို့ဝဲလျက် ၊ တချို့ မြေပြင် မှာ ကောက်စား လျက် ကြည် နူးစရာ ။ ပုရွက်ဆိတ် ကျတော့ အသားမီးခြစ်ဘူးတွေ ထဲ သကြား ထည့်ပြီး ကျွေးတာ ။ ဧည့်သည် လာလို့ ရေနွေး တည် ရင် လည်း ထွေးခံ အနား တန်း ချ ပေးတာရယ် ။ မြေပြင် ပေါ် ရေနွေးကျန် ပက်ရင် သတ္တဝါလေးတွေ ပူ လောင် သေကြေမှာ စိုးလို့တဲ့ သူ့ ကြောင် ၊ သူ့ ခွေးတွေ သေပြီလား ဆိုရင် ဆွမ်းသွပ်သေးတာ ။ သင်္ကန်းလှူသေးတာပါ ။ အဲသလောက်ပါဆို ။
( ၃ )
ကဗျာဆရာ ဌေးကြည် လည်း ဒီလိုပဲ ။ လမ်းဘေး တွေ့သမျှခွေးတွေ ကျွေးတာ ။ ရောက်ရာ အရပ်တိုင်းပဲ ။ မုန့်ပဲသားရေစာ ပေါ့ ။ ခိုတွေ ၊ စာကလေးတွေ လည်း ကျွေး တာပဲ ။ လှောင်အိမ် ထဲ က ငှက်ကလေးတွေ ဆိုလည်း ဝယ် လွှတ်တာပဲ ။ သူ နဲ့ ခင်တဲ့ လူတွေ ကိုလည်း ခွေးချစ် ၊ ကြောင်ချစ် ဖို့ ၊ ခိုစာကျွေး ဖို့ ၊ ငှက်ကလေး တွေ လှောင်အိမ် ထဲ က ဝယ် လွှတ်ဖို့ အမြဲ တိုက်တွန်းလေ့ ရှိရဲ့ ။ သူ့ အိမ် က ခွေးတွေ ၊ ကြောင်တွေ သေတော့မယ် ဆိုရင် တရား ဟောတယ် ။ အမျှဝေတယ် ။ သေရင် ငိုရော ။ အမှတ်ရ ဆွမ်းတွေ ဘာတွေ ပို့သေးတာကလား ။ စာရေးသူ နဲ့ သူ နဲ့ က အိမ်ချင်း လည်း ကပ် ၊ အနုပညာ ချစ်တာ ချင်းလည်း တူတော့ လမ်း တွေ့တဲ့ ခွေးပိန်လေးတွေ ခေါ် လာ သူ က ခရီးထွက် ၊ ဇာတ် နောက် လိုက် ၊ ဒါရိုက်တာ လုပ်နေတော့ နောက်ဆုံး ကျွန်တော့် အိမ် မှာ ချည်း သောင်တင် နေပါ တော့တယ် ။
“ ခင်ဗျား ကြောင်တွေ ခွေးတွေ လမ်းမှာ ပဲ ကျွေး ၊ ကျုပ် အိမ် ခေါ်မလာနဲ့ ခင်ဗျား အိမ် လည်း ခေါ်မလာနဲ့ ။ အဆုံးသတ်တော့ ကျုပ် အိမ် မှာချည်း သောင်တင် ကုန်တာ ။ ကြောင် ဆိုတာ ချစ်ရလေ ဒုက္ခ များလေ ၊ ဘာမှတ် နေတုံး ”
စိတ် မပါလည်း သူ ရှေ့ ခွေးတွေ ဆဲဆူ ရိုက်ပုတ်ရ တယ်လေ ။ ဒါမှ နောက် ခေါ် မလာမှာကိုး ။ ကြောင်တွေ ဆိုလည်း မနည်းဘူး ။ ဒါတောင် သ,တ်စားတဲ့ သူတွေ လက်ချက် နဲ့ သေကုန်လို့ ။ နို့မဟုတ်လို့ကတော့ ရာ နဲ့ ချီ ရှိလောက်ပြီ ။ ကြောင်တွေ အတွက် ငါးဝယ်ရတာတို့ ၊ ကြွက် ဝယ်ရတာတို့ အပြင် ကြောင်စာ ဝယ်ရတာလည်း မလွယ်ဘူး ။ နိုင်ငံခြား က လာတဲ့ ကြောင်စာ ဆိုရင် ဈေး ကြီးတယ် ။ တစ်ထုပ် ကို ၁ဝဝဝ တန် လည်း ရှိပြီး ၅ဝဝ တန် လည်း ရှိလို့ တော်သေးရဲ့ ။ ခက်တာက ဝယ် မရတာ က များတယ်လေ ။ နောက်ပိုင်း မှ မေးသူ များလာလို့ အစဉ် သဖြင့် ဆိုင်ပေါ် ကြောင်စာ တင်တော့တာရယ် ။ ဒါတောင် စောရင် ဆိုင် မဖွင့်သေးဘူး ။ နောက်ကျရင် လည်း ဆိုင် ပိတ်သွားပြီ ။ ရောင်းတဲ့ လူ က ဘုကလန့် ပြောတတ်လို့ မျက်နှာ ရှစ်ခေါက်ချိုး နဲ့ မို့ မျက်နှာချင်း မဆိုင်ချင်ပေမဲ့ ကျွန်တော်တို့ မြို့ မှာ သူ့ တစ်ဆိုင် ရှိတာမို့ မမြင်ချင် လည်းမြင်နေတာပါပဲ ။ ကြောင်တွေထဲ မှာ လိမ္မာတဲ့ ကြောင် တွေ ရှိသလို ၊ မလိမ္မာတဲ့ညကြောင်တွေလည်း ရှိရဲ့ ။ ဘယ် ကြောင် မှ မမြဲဘူးရယ် ။ ကြောင်ထောင်တဲ့ လူတွေ လက်ချက်နဲ့ သေတာတွေ ၊ အိုလို့ နာလို့ သေတာတွေ ၊ သူများ တောင်းလို့ ပေးလိုက်တာတွေ ဘယ် နည်းလို့တုံး ။ ကြောင်တွေ ထဲမှာ အခု လက်ရှိ “ နက်မ ” ဆိုတဲ့ ကြောင်ဟာ အဆိုးဆုံး ပေါ့ ။ မွေးသမျှ ကြောင်တွေ ငယ်တုန်း သာ ၊ ကြီးလာ ရင် အောက်ဆင်း မစင် စွန့်ကြတာချည်းပဲ ။ ဘယ်တော့မှ အိမ် ပေါ် မှာ မစွန့်ဘူး ။ သူ့ ကျတော့ လုံးဝ အောက် မဆင်း ၊ မိတ်လိုက်ချိန် တောင် အပြင် မထွက်ဘူး ။ အိမ်နီးချင်း ကြောင်တွေ က လာရတာ ။
သူ သားသမီးတွေ ရ လာလည်း ဝေးဝေးလံလံ သွား ပြီး အစာ မရှာဘူးရယ် ။ အိမ် ပေါ် က ကြွက် ပဲ ရှာ ခုတ်တာ ။ ဒီတော့ ရန်သူ မတွေ့တော့ဘူး ဆိုပါတော့ ။ အစာ စားတော့ မေးဦး အညှီအဟောက် မပါရင် လုံးဝ တာ့တာပဲ ။ နမ်း ကြည့်ပြီး ရှောင် သွားရော ။ အနား မသီတော့ဘူးမှတ် ။ ဆန်ကောစုတ်ထဲ ပြာ ထည့်ပြီး မစင် စွန့်ဖို့ လုပ်ပေးရတယ် လေ ။ ဒါတောင် မီးသွေးဖို ထဲ ၊ ဆန်ကွဲတောင်း ထဲ ၊ ခေါင်း အုံးပေါ် ၊ စောင်ပေါ် အလွတ် မပေးဘူး ။ အဲသလောက် ညစ်ပတ်တာပါဆို ။ တစ်ခြား ကြောင် တွေသာ လူ တောင်း လို့ လျော့ သေလို့ လျော့ နဲ့ “ နက်မ ” ကတော့ အပြင် ထွက် ဖို့ ဝေးလို့ အိမ်အောက် တောင် မဆင်းဘူးရယ် ။ ပေးဖို့ လုပ် ရင်လည်း လုံးဝ အဖမ်း မခံဘူးရယ် ။ တစ်ခြား မရောက် တဲ့ အပြင် ၊ မသေတဲ့ အပြင် ဝလို့ ဖီးလို့ ၊ ခုထိ အသက်ရှင် နေလေရဲ့ ။ မုန်းသူတို့ အသက်ရှည် လိုက်ပုံများ ၊ မုန်းစရာ ကောင်းလိုက်ပုံများ ။
( ၄ )
ခွေးတွေ ဆိုတာ လည်း ကျွန်တော့် အိမ် မှာ မနည်းဘူး ။ လူယူ သွားတာ ရော ၊ သေကုန်တာ ရော ၊ ဒီအထဲမယ် ထူးထူးခြားခြား “ မိဖြူ ” ဆိုတဲ့ ခွေးမ ကတော့ သိပ်လိမ္မာ သူပေါ့ ။ မျက်နှာရိပ် မျက်နှာကဲ နားလည်တယ် ။ ပြော ရင် နားလည်တယ် ။ လူ နဲ့ ဝေးဝေး မနေဘူး ။ သွားရာ နောက် တစ်ကောက်ကောက် ပဲ ။ ချေးမများဘူး ကျွေးရာ နဲ့ စားတယ် ။ ညည ဟောင်ဖော် ရတယ် ။ ဝိုင်း လုံ တယ် ။ စာရေးသူ က ခွေးတွေ ၊ ကြောင်တွေ မချစ်တတ်ပေမဲ့ သူတို့လေးတွေ မစားရ မှာ မဝမှာ သိပ် စိုးရိမ်တယ်လေ ။
အဲဒီက သံယောဇဉ် စတာပဲ ။ မနက် လင်းတာ နဲ့ ငှက်စာ ကျွေးရပြီ ။ ည က ထမင်း ကျန်ရင် ထမင်း ။ ထမင်း မကျန် ရင် ဆန်ကွဲ ပက်ကျွေးရတယ်လေ ။ ဆက်ရက် တွေ ၊ စာ တွေ ၊ ရှဉ့် တွေ ဆိုတာ မနည်းဘူးရယ် ။ မနက်လင်းလို့ အစာ ကျွေးဖို့ မေ့တာနဲ့ တကျီကျီ တစာစာ အော်တာ ဆူလို့ညံလို့ ။ ခွေးစာ ၊ ကြောင်စာ ဆို ရင်လည်း အစောကြီး ထ ချက်ရပြုတ်ရတာကလား ။ လူစာ က မနက်စာ မုန့်ပြားသလက် ၊ မုန့်ဟင်းခါး ၊ ခေါက်ဆွဲ ၊ လက်ဖက်ရည် ၊ ကော်ဖီဝယ်စား ၊ ဝယ်သောက်လို့လွယ် တယ် မဟုတ်လား ။ သူတို့ ကျတော့ ဆန် ချက် ကျွေးမှ တင်းတိမ်တာ ။ အများကြီး တာသွားတာ ။ သတ္တဝါတွေ က နည်းမှမနည်းတာကြီး ၊ မီး လာရင်တော်ပါသေးရဲ့ ၊ ပေါင်းအိုး နဲ့တည်ထား ၊ အချိန်တန် ငှဲ့နေစရာ မလို ။ မီး ပျက်လို့ ကတော့ မီးသွေးဖို တည်ပေရော့ ။ ညစ်ပတ် ပေတေပေရော့ ။
ခွေးတွေ များစွာ ထဲက “ မိဖြူ ” ဆိုတာ ကဗျာဆရာ ဌေးကြည် ခေါ်လာတာပဲ ။ သူ အိမ်မှာ မရှိခိုက် ကျွန်တော့် အိမ် လာ နေရင်း မြဲသွားတာရယ် ။ မိဖြူ က သူ့ ချည်း နေ တုန်းတော့ မစွာဘူး ။ သူ့ သားသမီးတွေ ပေါက်ဖွား လာတော့မှ ဟို လူ့ ကိုက် ၊ ဒီ လူ့ ကိုက် လုပ်လာရော ။ စာရေး သူတို့ အိမ် က လမ်း နဲ့ နီးတော့ တဟဲ့ဟဲ့ နဲ့ “ မိဖြူ ” ကို ခြောက်ရတာ အမော ။ လမ်းဖြတ် သွားတဲ့ အမူးသမားတွေ မကြားတကြား ဆဲ သွားလည်း ခံရတာပဲ ။ ကိုယ့် ခွေး က အပြင် ထွက် ကိုက်တာကိုး ။ “ မိဖြူ ” က ကိုက်ခဲပါတယ် ။ မာန်ဖီပြီး ဟန်ရေးပြ ၊ သားသမီးဇော နဲ့လိုက်ခြင်း ၊ ကိုက်ခြင်း ၊ ဟောင်ခြင်းပေါ့ ။ အိမ် အမြဲ လာနေကျ လူတွေ တောင် အဲသလို လုပ်တာကလား ။ ကုန်ကုန် ပြောရရင် သူ့ အိမ်သား ဖြစ်ပြီး အတူနေ ရန်လုံကြီး ကို တောင် သားသမီးတွေ နား သီလိုက်တာ နဲ့ ထိုး ကိုက်တော့တာ ရယ် ။ အိမ် က ကြောင်တွေ ကို ခါတိုင်း ပါးရက်နားရက် နဲ့ ခုတော့ အကပ်မခံ ။
ပိုဆိုးတာက သားသမီးတွေ အတွက် တစ်ခါတလေ ကြက်တွေ ဘာတွေ သ,တ်ပြီး ချီလာခြင်းပေါ့ ။ အရိပ် သုံးပါးနားလည်တဲ့ “ မိဖြူ ” ဟာ ဘယ်လို ဆုံးမ ဆုံးမ သားသမီးတွေ နဲ့ ပတ်သက် လာရင် မရတော့ပါဘူး ။ မနာ ခံတော့ပါဘူး ။ ခွေး ချီလာခိုက် အစာ နဲ့ ရှိတုန်း တုတ်သေးသေး နဲ့ ရိုက်လည်း မနာခံဘူး ။ သခင် ကို ပြန် ရန်လုပ်ခြင်း မာန်ဖီခြင်း တော့ မလုပ် ၊ ကလေးတွေ ရော မိဖြူ ကိုပါ နွားနို့ တိုက် ၊ ကြက်ဥကြော် ကျွေး ၊ သူတို့ ဗိုက် ဝ ရင် ကြက် တွေ ကို ကိုက်မှာ မဟုတ်လောက်ဘူး ဆိုတဲ့ အတွေးနဲ့ လေ ။ ဒီနည်း နဲ့ လည်း မအောင်မြင်ပါဘူး ။ လစ်ရင် လစ်သလို တွယ်တာပဲ ။
“ မိဖြူ ” သားသမီး ခုနစ်ကောင် က အဖြူကြား ၊ အဖြူ ဆွတ်ဆွတ် ၊ အဝါ ၊ အရောင်စုံ အသွေးစုံ ဝဝကစ်ကစ် ကလေးတွေ ချစ်စရာပါ ။ ဘယ်တုန်းက မှ အပြင်ထွက် ကြက် မဆွဲတဲ့ မိဖြူ ဒီ သားသမီးတွေ အများကြီး မွေးထား လို့ ပြောင်းလဲ သွားတယ်ထင်ပါ့ ။ ခွေးလေးတွေ က အမ သုံးကောင် ၊ အထီး လေးကောင် လိုချင်သူတွေ ဝိုင်းဝိုင်း လည်လို့ ။ ကဗျာဆရာဌေးကြည် က ခွေးလေးတွေ သူများ ပေးမှာ စိုးလို့ ကျွန်တော့် ကို မျက်နှာချိုလာ သွေးရတာ အမော ။
“ ကျုပ် အစာဖိုး ပေးပါမယ် ဗျာ ။ အားရင် လာပြီးတော့ လည်း ကျွေးပါ့မယ် ။ ဘယ်သူမှ မပေးလိုက်ပါနဲ့ နော် ။ သူတို့လေးတွေ မိသားစု တစ်ကွဲတစ်ပြား ဖြစ်မှာ စိုးလို့ပါ ”
သူ က ကြောင်တွေ တုန်း ကလည်း ဒီလိုပါပဲ ။ ကြောင်လေးတွေ ပေါက်လာပြီလား ဆိုရင် တခြား လူ ပေးမှာ စိုးလို့ စိုးရိမ်စိတ် နဲ့ လာလာ ပြောလေ့ ရှိတာရယ် ၊ အိမ် က ကြောင်တွေ ၊ ခွေးတွေ က သူ့ ကြောင့် ပါးစပ် စည်းကမ်း ပျက် ကုန်တာလေ ။ အရင်တုန်း က ကျွေးသလို စားတယ် ။ နောက်တော့ သူ က အမဲခြောက် ဝယ်ပြီး ထုတ်ချ ကျွေးတာနဲ့ ဝက်သားဆုပ် ၊ အမဲသားဆုပ် ၊ ငါးကြော် ကျွေးရတာ နဲ့ ကြက်ဥကြော် ကျွေးရတာ နဲ့ မြိုးမြိုး မြက်မြက် မပါရင် မစားတော့ဘူး ။ ကြောင် ရော ၊ ခွေး ရော ကျွန်တော် က ဝဝလင်လင် ကျွေးတာ တစ်ခြား သတ္တဝါ တွေ လာ မကိုက်ရအောင် စောင့်ရှောက် ၊ ဒါလောက်ဆို တော်ပြီ ။ သူ ကတော့ သားသား ၊ မီးမီး ခေါ်ရတာ နဲ့ လူလို စကား ပြောရတာနဲ့ ၊ ခွေးသေ ကြောင် သေရင် ငိုရတာနဲ့ ၊ သေခါနီး တရားဟော အမျှဝေရတာနဲ့ ၊ ရက်လည် လလည် ဆွမ်းသွပ်ရတာနဲ့ ။
အရိပ် တကြည့်ကြည့် ကြည့်နေရာက တစ်နေ့ မနက်စောစော မိဖြူ ၊ ကြက် တစ်ကောင် ကိုက်ချီ လာတယ် ။ သူ လယ်ကုပ် မှာ လည်း ဓားဒဏ်ရာကြီး နဲ့ သွေးတွေ ဆိုတာ မြင်ရက်စရာ မရှိဘူး ။ တိကုဆရာဝန် ခေါ်ပြီး ဆေးကုသဖို့ လုပ်တော့ လည်း အနား အကပ် မခံ ။ သူ့ သား သမီးတွေ ကွယ်ရာ ခေါ်ပြီး ကြက် ကို ကျွေး ၊ နို့တိုက်လို့ ထင်ပါရဲ့ ။ ကွယ်ရာ ဆိုတာ ဘယ်နေရာ မှန်း ကို မသိပါ ဘူး ။ လိုက်ရှာလည်း မောရုံပဲ ။ မိဖြူ အလောင်း ပုပ်စော်နံ မှ မှ ရှာတွေ့တော့တာရယ် ။ စိတ်မကောင်း လိုက်တာ ။ ခွေးလေးတွေ ကတော့ မအေ သေတာ ကို လည်း မသိ ၊ ငိုကျွေး ရမှန်းလည်း မသိ ၊ ကဗျာဆရာ ဌေးကြည် ခရီးသွား ရာ က အပြန် ဘယ်လို ပြောရမလဲ ဆိုတာ စကား ရှာမရ အောင်ပါပဲ ။ ငိုဦးမယ် ၊ သ,တ်တဲ့ လူ ကို မေတ္တာပို့ ကျိန်ဆဲ ဦးမယ် ။
နောက်တစ်ပတ် လောက် ရှိတော့ ပြန်လာတာပဲ ။ လိမ်ညာ မရတော့လည်း အမှန်အတိုင်း ပြောလိုက်ရတာပဲ ။
“ ဘဝ ဆက်တိုင်း ဒီလို အဖြစ်ဆိုး နဲ့ မတိုးပါစေနဲ့ လို့ ဆုတောင်းပါရဲ့ မိဖြူ ရေ ခွေးထက် မိုက်တဲ့ ရက်စက်တဲ့ ခွေးတွေ နဲ့ လည်း မတွေ့ပါရစေနဲ့ကွယ် ။ လိမ္မာတဲ့ မိဖြူ ကတော့ သေရတယ် ။ မိုက်တဲ့ ခွေးသ,တ်သူတွေ ကျတော့ မသေဘူးဗျာ ... အီး .. ဟီး ... ဟီး ”
သူ့ ကြည့်ပြီး သနားနေမိ ရဲ့ ။ ခွေးလေးတွေ မြင်ရတော့ ရင်ထဲ မချိအောင်ပေါ့ ။ ဌေးကြည် ပြောသလို လောကကြီး မှာ လိမ္မာတဲ့ သူတွေ ကျ တော့ အသက် မရှည်ကြဘူး ။ မိုက်မဲသူတွေ ကျတော့ အသက် ရှည်လိုက်တာ ၊ ချမ်းသာ လိုက်တာ ။ “ ကျိန်စာ ဝ လေ မောင် လှ လေ ” ဆိုတဲ့စကား မှန်လိုက်တာ ။ သို့သော် လည်း လူ မသေခင် သမိုင်း သေ နေတာတော့ သူတို့ သိကြမယ် မဟုတ်ပါ ။ အဲ ... သိရင် လည်း မသိချင် ယောင် ဆောင် နေတာပဲ ဖြစ်လိမ့်မယ်လေ ။ ။
⎕ တင့်လွင်ကျော်ဖြိုး ( စလင်း )
📖 Faces မဂ္ဂဇင်း
၂၀၁၅ ၊ ဧပြီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment