Sunday, August 4, 2024

နှလုံးသွေး နဲ့ ရေးတဲ့ သံစဉ်


 ❝ နှလုံးသွေး နဲ့ ရေးတဲ့ သံစဉ် ❞ 


ဇာတ်ခုံ ပေါ် မှာ ကပြရတဲ့ သဘင်သည်တွေ ဟာ ဇာတ်ညွှန်းဆရာ စေခိုင်းရာ ကို သရုပ်ဆောင်ပြီး ကပြကြရတယ် ။ လောကဇာတ်ခုံ ပေါ် မှာတော့ ဘဝဇာတ်ဆရာ စီစဉ်ဖန်တီးရာ ကို လူသားတွေ လိုက်နာရတယ် ။ ဇာတ်သမားတွေ ကို ငိုလိုက်စမ်း ၊ ရယ်လိုက်စမ်း စေခိုင်းနေတဲ့ ဇာတ်ဆရာ မြေလတ်စောလှိုင် တစ်ယောက် သူ့ ဘဝ တစ်လျှောက် မှာ ဘဝဇာတ်ဆရာ ဖန်တီးရာ ကပြ အသုံးတော်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေ က စိတ်ဝင်စား စရာ ဖြစ်ပါတယ် ။ ဆရာဦးစောလှိုင် ကို မန္တလေးမြို့က ဘိုဓာတ်ပုံတိုက် မှာ တွေ့ဆုံပြီး သူ့ ဘဝ အတက်အကျ ကြိုးပမ်းခဲ့ရပုံတွေ ကို ကျွန်တော် လေ့လာသိရှိခွင့် ရခဲ့ပါတယ် ။ 


“ ဆရာ့ ဘဝ မှာ ရွှေထီး ဆောင်းခဲ့ရတဲ့ ကာလက ဘယ်အချိန်ပါလဲ ” 


ကျွန်တော့် မေးခွန်း ကို ကြားတော့ အိမ်ရှင် ဓာတ်ပုံကိုဇော်ဇော် က ကျွန်တော့် မေးခွန်း က သုခုမဇာတ်သံ ပါတယ်လို့ ပြောပြီး ရယ်တယ် ။


“ ကျွန်တော် မွေးဖွားပြီးတဲ့ နောက် ကိုးနှစ် ကနေ ၂၂ နှစ် လောက် အထိ ကျွန်တော်တို့ ဘဝ အလျောက် တင့်တင့်တယ်တယ်လေး နေခဲ့ရပါတယ် ”


“ ကိုးနှစ် က ဆိုတော့ မိဘ အရိပ် အောက်မှာပဲလား ” 


“ မိဘအရိပ် အောက်မှာပါပဲ ၊ ၁၅ နှစ်သား လောက် ၁၉၆၂ ခုနှစ်မှာ မန္တလေး ပန်တျာကျောင်း တက် ရပါတယ် ၊ ပန်တျာကျောင်း တက်ပြီး ၂၂ နှစ် လောက် အထိ သက်သောင့်သက်သာ နေခဲ့ရပါတယ် ၊ ၂၂ နှစ် ကနေ ၃၅ နှစ်လောက် အထိ ကြမ်းကြမ်း တမ်းတမ်း ဘဝမျိုးကြီး ထဲကို ဆင်းရဲဒုက္ခပေါင်း များစွာနဲ့ ဖြတ်ကျော် လာခဲ့ရတယ် ” 


“ အဲဒါ ဘယ်လိုကြောင့်လဲ ဆရာ ၊ ဘာကြောင့် ကြမ်းတမ်းတာလဲ ” 


“ ပန်တျာကျောင်း မှာ ကျွန်တော် သင်ခဲ့တာ လည်း မင်းသားပညာဆိုတော့ ကိုယ်ပိုင် ဇာတ်လေး ထောင်တယ် ။ ပန်တျာဝင်းအောင် အမည် နဲ့ ထောင်တာ ။ လုံးဝ အဆင် မပြေဘူး ”


“ ပန်တျာဝင်းအောင် ဆိုတာ က .... ”


“ ကျွန်တော့် ရဲ့ ဒုတိယ နာမည် ၊ ဗေဒင် က ပေးတဲ့ ဇာတ်မင်းသား နာမည် ” 


“ ဆရာ့ ရဲ့ နာမည် အရင်း က  ”


“ ဒေါင်းပို ၊ ဦးဒေါင်းပို ၊ ပန်တျာကျောင်း က ဆင်းတော့ ကိုယ်ပိုင်ဇာတ် ထောင်မယ် လို့ ဗေဒင်ဆရာ ကို နာမည် မေးတော့ ပန်တျာဝင်းအောင် လို့ နာမည် ပေးတာ ။ အဲဒီမှာ အဆင်မပြေဘူး ။ နှစ်နှစ်လောက် အဆင် မပြေတာနဲ့ နာမည် ကြောင့် လားဆိုပြီး သူရိယစိန်လှကြည် အမည်သစ် ပြောင်းပြန်တယ် ။ သုံးနှစ်လောက် စွန့်စား ကြည့်ပေမယ့် အဆင်မပြေ လို့ ဇာတ် ကို ရပ်ပစ် လိုက်တယ် ” 


“ ဘာတွေကြောင့် အဆင် မပြေခဲ့တာလဲ ”


“ မပြောမဖြစ် မပါမဖြစ်တာ က ကံတရား ဖြစ်မယ် ။ နောက် တစ်ချက်က ဇာတ်အဖွဲ့ တစ်ဖွဲ့ ရဲ့ တန်ဆာဆင်မှု ပြည့်စုံမှု မရှိတာ ။ ငွေကြေးအင်အား မပြည့်စုံ ၊ အတွေ့အကြုံ နည်းတာကြောင့် အောင်မြင်မှု မရှိတာ ”


“ ဇာတ်လောက မှာ ဆက်ပြီး ရှင်သန်ပုံ ပြောပါဦး ဆရာ ”


“ မန္တလေးစိန်ကြိုင် ဆိုတဲ့ မင်းသား က မေမြို့ ဉာဏ်တောဘုရားပွဲ မှာ က ပေးဖို့ ခေါ်တယ် ။ ကျွန်တော် က ဇာတ်မင်းသား ကဖို့ ဆံပင်အရှည်ကြီး ထားတာ ။ ပြဇာတ် ကရတော့မှာ မို့ ဆံပင်ရှည်ကြီး ကို ဖြတ် လိုက်တယ် ။ မျက်ရည် တောက် တောက်ကျတယ် ။ ဆံပင်တွေ ကို စုစည်းပြီး မဟာမုနိဘုရားကြီး ကို လှူတယ် ” 


“ ပြဇာတ် ကတော့ အဆင်ပြေသလား ”


“ ဉာဏ်တောဘုရားပွဲ မှာ ပြဇာတ် က ကြည့်တယ် ၊ ပရိသတ် က ကျွန်တော့် ကို မကြိုက်ဘူး ၊ ဒုတိယည ၊ တတိယည ကကြည့်တယ် ၊ မကြိုက်ပါဘူး ၊ ကိုယ်က ပြဇာတ်မင်းသား မှ မဟုတ်ဘဲ ဆိုပြီး ဆက် ကြိုးစားတယ် ၊ စဉ့်ကိုင်မြို့နယ် သားများပါ ဘုရားပွဲမှာ ဆက် ကတယ် ၊ မကြိုက်ဘူး ။ ဘယ်ကျမှ ပရိသတ် လက်ခံ သလဲ ဆိုတော့ မန်းရွှေစက်တော် ဘုရားလမ်း က သွားရတဲ့ ပဒန်းမြို့နယ် ကန်ဒီ ကန်တုတ် ဆိုတဲ့ ရွာရောက်မှ အားပေးတယ် ။ မိတ္ထီလာနယ် ဆည်ကုန်း ၊ စဉ့်ကိုင် မြို့နယ် ကန်ကြီးရွာ တွေ မှာတော့ လက်ခံကြပြီ ။ ပုပ္ပားတောင်ခြေရင်း က သီးပင်ရွာ က တော့ အထူး အောင်မြင်သွားပါတယ် ”


“ နောင်နှစ် မှာ မြဝင်းအောင်ဇာတ် ၊ တက္ကသိုလ်ရွှေပြည်သာဇာတ်တွေမှာ ကတယ် ၊ မြေလတ်စောလှိုင် အမည် နဲ့ ကတာ ၊ အထွတ်အထိပ် ရောက် အောင် အောင်မြင် သွားပါတယ် ။ မန္တလေး ဇာတ်သဘင် ရဲ့ အထွတ်အထိပ် နေရာ တစ်ခု ကို ရောက်ခဲ့ဖူးတယ် ”


“ အသက် က ဘယ် အရွယ်လဲ ”


“ အသက် ၃၀ ဝန်းကျင်ပေါ့ ”


“ စ ကခါစက မအောင်မြင် တာ ဘာကြောင့်လဲ ”


“ ကျွန်တော် က ပြဇာတ် ဇာတ်ဝင် သီချင်းတွေ ၊ စကားတွေ ရေးပေးနေတာ ဆိုတော့ ဝင် ကရင် ဖြစ်မယ် ထင်ပြီး ကတာ ၊ တကယ်တော့ အတွေ့အကြုံ နဲ့ အလေ့ အကျင့် မရှိဘူး ”


“ က တာ က ကိုယ်ပိုင် ဇာတ်ထုပ်လား ”


“ ဟုတ်တယ် ၊ ည က ပြီးတော့ ဘာတွေ လိုသလဲ ပြန် သုံးသပ်တယ် ။ က ပြီးလို့ သူများတွေ အိပ်ပေမယ့် ကိုယ် က မအိပ်နိုင်ဘူး ။ ဇာတ်ခုံ နောက်က သစ်ပင် ခြေရင်း မှာ နောက် တစ်ည ကဖို့ ပြန်စဉ်တယ် ။ နံနက်ပိုင်း ဇာတ်သမားတွေ အိပ်ရာ ထ ထမင်းစားဖို့ ခေါ်တဲ့ အချိန် ပြန်စုပြီး ဇာတ် စီးတယ် ခေါ်တာပေါ့ ။ ပြင်ဆင်တယ် ၊ အဲဒီလို ဖြတ်သန်းလာခဲ့လို့ အထွတ်အထိပ်လေး တစ်ခု ကို ရောက်ခဲ့တာပေါ့ ” 


“ က နေရင်း အိုးနင်းခွက်နင်း ဖြစ်ဖူးလား ”


ဦးစောလှိုင် က ရယ်ပါတယ် ။


“ ဖြစ်တယ် ဖြစ်တယ် ၊ အခြား ဇာတ်သမားတွေ က ပြစိုး က အယိုင်ပါကွာ ၊ ဟပ်ထိုးပါကွာ ၊ ပုံချန်ပါကွာ ဆိုပြီး သဘင် ဝေါဟာရ တွေနဲ့ နှိမ့်ချပြီးပြောတာ ခံရ တယ် ၊ ဒါပေမဲ့ ကျွန်တော် ကျေနပ်တယ် ”


“ ကိုယ့် ကို နှိမ့်ချတာ ဘာကြောင့် ကျေနပ် နေရတာလဲ ”


“ သူများ နှိမ့်ချလေလေ ကိုယ်က ကြိုးစားလေလေ ဖြစ်နေလို့ ၊ ကိုယ့် ကို ကြိုးစားအောင် အားပေး သလို ဖြစ်နေလို့ ”


“ အသက် ဘယ်အရွယ် အထိ ဆရာ ပြဇာတ် ကခဲ့တာလဲ ”


“ အသက် ၃၇ နှစ် အထိ ”


“ ငွေကြေး အရလည်း အဆင်ပြေမှာပေါ့ ”


“ ငွေ က ရပေမယ့် ဝင်ငွေ နဲ့ ထွက်ငွေ နဲ့ က မမျှဘူး ၊ အဆင် မပြေခဲ့ဘူး ”


ကျွန်တော် က ဆရာ့ မိသားစုရေး ၊ အိမ်ထောင်ရေး ကို စိတ်ဝင်စား လို့ အသက် ဘယ် အရွယ်က အိမ်ထောင် ကျသလဲ ၊ အိမ်ထောင်ဖက် က ဘယ် နယ်ပယ် ကလဲ မေးတယ် ။


“ အသက် ၂၂ နှစ် ၊ ကျောင်း ပြီးတာနဲ့ အိမ်ထောင် ပြုတယ် ၊ သူ ကလည်း မင်းသမီးလေး ပါပဲ ”


“ ဆရာ ဘာကြောင့် ပြဇာတ် မကဘဲ နားတာလဲ ” 


“ အဆင် မပြေမှုတွေ ကြောင့်ပေါ့ ၊ အဲဒီ အချိန်မှာ ပန်တျာအောင်မျိုး ဆိုတဲ့ မင်းသားလေး နဲ့ ထောင် တဲ့ဇာတ် ကို ဇာတ်စီး အဖြစ် တာဝန်ယူတယ် ” 


“ ဇာတ်စီး ဆိုတာက ... ”


“ တစ်ဇာတ်လုံး ကို ကပြမှု ပညာပိုင်းဆိုင်ရာ စီစဉ်သင်ကြား ဆောင်ရွက် ရတာပါ ၊ ကိုယ်တိုင် လည်း နောက်ပိုင်းမင်းသားကြီး အဖြစ်နဲ့ ကတယ် ၊ ကျွန်တော် ပန်တျာကျောင်း တက် တုန်းက ဇာတ်ဆရာ တက်ခေတ်စိန် ဆီ မှာ မင်းသားအက ပညာ သင်ဖို့ ပန်တျာ က ဆရာမြသွင် က မိတ်ဆက်စာ နဲ့ လွှတ် ပေးတယ် ၊ အဲဒီက အတွေ့အကြုံ နဲ့ အတတ်ပညာ တော်တော်လေး ရရှိ ထားလိုက်တယ် ” 


“ ဆရာ ကိုယ်တိုင် ဇာတ် စီးတာ ဆိုတော့ ပြဇာတ် ဝင် မကဘူးလား ” 


“ မကတော့ဘူး ၊ မင်းသား မင်းမင်းစိုး ၊ ညီမင်းစိုး ၊ မောင်မျိုးသန့် တို့ ကိုပဲ တင်ပေးတာ ၊ သရုပ်ဆောင် တဲ့ အထဲ မပါတော့ဘူး ၊ သီးသန့်နေရာ တစ်ခုပဲ နေချင်တော့တယ် ၊ အုတ်ရောရော ကျောက်ရောရော မလုပ်တော့ဘူး ” 


“ ဘယ် ဇာတ်အဖွဲ့ တွေနဲ့ ဆက်ပြီး လက်တွဲခဲ့သလဲ ”


“ ပန်တျာမြကြည် ရဲ့ နေဝင်းအောင်ဇာတ် ၊ ရွှေသရဖူဇာတ် ၊ ရွှေမေတ္တာဇာတ် ၊ ပန်တျာအောင်မျိုးဇာတ် ၊ နောက် ပြည်သူ့သမိုင်းသစ် ဆိုပြီး ကိုယ်ပိုင် ဇာတ်ကလေး ထောင်တယ် ။ အဆင်ပြေတာရော ၊ မပြေတာရော တရွတ်တိုက်ပြီး သုံးနှစ် ထောင် လိုက်တယ် ။ အဆင် မပြေတော့ ဇာတ် နား လိုက်ပြီး အရှေ့တိုင်းဇာတ် ၊ ပန်တျာဇော်ရှိန်း ၊ ပန်တျာရဲဇော် ၊ အမြင်သစ် ၊ ယခု မန္တလာထိပ်ခေါင် နဲ့ ၊ မန္တလာထိပ်ခေါင် နဲ့ လေးနှစ် ရှိသွားပြီ ၊ အကြာဆုံးပါပဲ ၊ ဇာတ်သက် ဘယ်လောက် ရှည်မှာလဲ မေးရင် အသက်ရှည်သရွေ့ပါ ”


“ ဆရာ တစ်ဖွဲ့ က တစ်ဖွဲ့ ပြောင်းရတဲ့ အခါ လုပ်ဖော်ကိုင်ဖက်ချင်း သံယောဇဉ် ရှိပေမယ့် ဒီလိုပဲ ခွဲလာခဲ့ရတာပဲလား ”


“ ခွဲလာခဲ့ကြရတာပါပဲ ၊ ဒီပွဲ ကတော့ တို့ အတူတူ ကတာ ၊ နောက်ဆုံးပွဲ ပဲ ၊ ဒီပွဲ ပြီးပြီ ဆို နှစ်ကျွတ်ပြီ ၊ နှစ်ကျွတ်ပြီ ဆို ငိုကြရတယ် ။ ဇာတ်ဆရာ အိမ် ပြန်ချိန် ရောက်လို့ ကိုယ့် အထုပ် ကိုယ် ဆွဲ ပြန်ချိန်မှာ တော်တော် နဲ့ မခွဲနိုင်ကြဘူး ” 


ဓာတ်ပုံ ကိုဇော်ဇော် က အဲသည် အချိန်က နွေဦးရာသီဥတု ကလည်း လွမ်းစရာ လို့ ပြောတယ် ။


“ ဆရာတို့ ဇာတ်တွေ တစ်နေရာ က တစ်နေရာ ပွဲ ကူးကြရာမှာ တစ်ခါ တလေ အဝေးနယ် ရောက်နေပြီး ပွဲဆက် ကူးစရာ နေရာ မရှိဘဲ သောင်တင် နေတဲ့ အခါ တော်တော် ဒုက္ခ ရောက်သလား ”


“ ရောက်တာပေါ့ ၊ အောက်ပြည် အောက်ရွာ မှော်ဘီ မှာ လ ချီပြီး ဒုက္ခ ရောက်ဖူးတယ် ၊ တွံတေးဆိပ်ကမ်း မှာ သောင်တင် နေလို့ အနီးအနား က ဘဲခြံ က ဘဲတွေ တောထဲ ဥတာ လိုက် နှိုက်ပြီး ကြော်စားရတာ ၊ သောင်ပြင် မှာလှန်းထားတဲ့ ရေချိုငါးပိ ယူဖျော် ၊ နုနေတဲ့ တမာရွက်တွေ တက်ခူး ပြုတ်တို့ စားကြတာမျိုး ကြုံခဲ့ရတယ် ၊ အခု ပြောတာ က ပင်ပန်းမှုဒုက္ခ ရဲ့ အစွန်အဖျားပဲ ရှိသေးတယ် ၊ အဲဒီထက် တွင်းနက်တဲ့ ဒုက္ခတွေ လည်း အများကြီးပဲ ” 


“ တစ်ခုလောက် ပြောပြပါဦး ”


“ ပန်တျာမြကြည်အဖွဲ့ နဲ့ သန်လျင် ဘက် ကို သွားကြတယ် ၊ စက်လှေကြီး ပေါက်တယ် ၊ နစ်တော့မယ် ၊ လှေသမားတွေ က ပွဲ့လျက်တွေ ၊ ဖွဲတွေ နဲ့ နယ်ပြီးဆို့ ၊ အောက်ပြည် အောက်ရွာ က လတာပြင် ခေါ်မှာပေါ့ ၊ ဗွက်တွေ ၊ နွံတွေ ထဲ ထိုးဆိုက် လိုက်ရတာပေါ့ ”


“ ကိုယ် က အညာသား ၊ ရေ က မကျွမ်း ”


“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ပင်းဒယကျုံးပွဲတော် သွားတုန်းက ဓားပြ တိုက်ခံရတာ ၊ အညာသီဟတော ဘုရားပွဲ က အပြန် ရွှေဘိုနန္ဒာ ကန်ပေါင်ရိုး မှာ ကား ထိုး ကျပြီး အကုန်လုံး ကား ပေါ်က လွင့်စဉ်ကျတယ် ၊ ကျိုးတဲ့ လူ  ကျိုး ၊ နာ တဲ့ လူ နာ ၊ မြစ်သား ရွှေဂူကြီးဘုရားပွဲ သွား တုန်းက ကား လဲဖူးတယ် ၊ ကား ကို သုံးကြိမ် ထိ ဖူးတယ် ”


“ ဆရာ့ ဘဝ မှာ အဆိုးဆုံး ကာလ ဘယ်အချိန်လဲ မေးရင် .... ”


“ အဲဒါ ကိုယ်ရေးကိုယ်တာ နဲ့ တော်တော် ပတ်သက်ပါတယ် ၊ အသက် ၄၆ နှစ် မှာ တော်တော် ဆိုးပါတယ် ၊ ဇာတ်သမား လို ပြောရရင်တော့ ကျွန်တော် က ကြီးမိုက် ဘွဲ့ထူး ယူ လိုက်တာကိုး ။ နောက် အိမ်ထောင် တစ်ခု ထူထောင်လိုက်မိတာကိုး ၊ ကျွန်တော့် ပညာ နဲ့ သမ္ဘာ အရ စားဝတ်နေမှု က အဆင်ပြေပါတယ် ၊ ဒါပေမဲ့ ကိုယ့် ကိုယ် ကိုယ် တော့ ဒါအတွက် ခွင့်မလွှတ်နိုင်ဘဲ ဖြစ်နေရတယ် ”


⎕ ကျော်ရင်မြင့်


📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment