Tuesday, August 13, 2024

စမ္ပာနဂိုရ် ပြားသွားပြီ


 

❝ စမ္ပာနဂိုရ် ပြားသွားပြီ ❞

“ ပြား သွားပြီ ၊ အကုန်လုံး ပြား သွားပြီ ”

သေချာတယ် ။ ဒါ သာဝ ရဲ့အသံပဲ ။ ငသောင်းတို့ ထန်းတဲ မှာ ငှက်ခါးတောင်လေး နဲ့ ဆက်ရက်မင်း စည်းစိမ် ခံစားနေခဲ့တဲ့ မောင်တင့် ၊ ဇော်ထွီး နဲ့ အောင်ဘု တို့ သုံးယောက် အသံ ကြားကြားချင်း ထွက် ကြည့်လိုက် တယ် ။ သင်္ချိုင်းကုန်း ကို ဖြတ်ပြီး ရွာဘက် ဖုန် တထောင်း ထောင်း ထအောင် ပြေးဝင် သွားတဲ့ သာဝ ရဲ့ ကျောပြင်ကို ပဲ မြင်လိုက်ရတော့တယ် ။ ဒါပေမဲ့ သေချာတယ် ။ ဒါ သာဝ ရဲ့ အသံပဲ ။ သင်္ချိုင်းကုန်း က နေ အဲဒီလို ကဆုန် ပေါက် ပြေးလာရင်း က စမ္ပာနဂိုရ် တစ်ရွာလုံး ကို လန့်ဖျပ် သွားအောင် အော်ပစ်နိုင်တဲ့ သူ ဆိုလို့ ဒီ ရွာ မှာ သာဝ တစ်ယောက် ပဲ ရှိတယ် ။ ဧကန္တ သာဝ တစ်ယောက် သုသာန်ကျောင်း ဘက် က ပြန်လာတာပဲ ဖြစ်ရမယ် ။ ဟုတ်တယ် လေ ။ အဲဒီလို သင်္ချိုင်းကုန်း ကို ဖြတ်ပြေးလာရင်းက ငယ်သံငယ်ရင်း ပါအောင် သာဝ အော်ဟစ်ခဲ့တာ ဒါ ပထမ ဆုံး အကြိမ် မှ မဟုတ်ဘဲကိုး ။

••••• ••••• •••••

တစ်မြန်နှစ် မိုးအကုန် ဆောင်းဦးပေါက် လောက်က ဖြစ်မယ်ထင်တယ် ။ သင်္ချိုင်းကုန်း ကို ဖြတ် ပြေးလာရင်း ငယ်သံငယ်ရင်း ပါအောင် အော်ဟစ် လိုက်တဲ့ သာဝ အသံ ကြောင့် စမ္ပာနဂိုရ် တစ်ရွာလုံး အကြီးအကျယ် ထိတ်လန့် သွားခဲ့တယ် ။ ဘာတဲ့လဲ ၊ ဘယ်သူ ပြောတာတဲ့ လဲ လှိုင်းကြီး လာပြီ ဆိုတာ ။ တတိယလှိုင်း ဆိုပဲ ။

ဘယ်သူ ပြောလဲ မေးမနေနဲ့ ။ သာဝ အော်သွားတာ မကြားဘူးလား ။ မြန်မြန်လုပ် ၊ ချောင်း ညာဘက်မှာ မိုး တွေ ညို့နေပြီ ။ ရွာ အောက်ပိုင်း က ဟန်ရွှေ နဲ့ ထွန်းအံ့ တို့တောင် ကောက်လှိုင်းတွေ ရွှေ့နေပြီ ။ တစ်ယောက် တစ်ပေါက် ပြောရင်း စမ္ပာနဂိုရ် တစ်ရွာလုံး ကောက်လှိုင်း သယ်ကြ ၊ တလင်းပြေးကြ နဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကြ တယ် ။ ဟုတ်တယ်လေ ။ တတိယလှိုင်း ဆိုတဲ့ အသံကို တစ်ရွာလုံး ဘယ်သူမှ မကြားချင်တော့ဘူး ။ မိုးဦးနဲ့ မိုးလယ် မှာ လှိုင်းတွေ ၊ ရေတွေ နှစ်ကြိမ် တောင် ကြီးခဲ့ လို့ အိမ်ခေါင်မိုး တက်ပြီး မြွေပါးကင်းပါး နဲ့ အတူ နေရ ။ ပျိုးတွေ ပြန်ပစ်ရ ။ လယ်တွေ ပြန်စိုက်ရ နဲ့ ဒုက္ခသုက္ခ ရောက်ခဲ့ပြီးပြီ ။ တစ်ရွာလုံး ရေသံလှိုင်းသံ ကို ဘယ်သူမှ ထပ် မကြားချင်ကြတော့ဘူး ။ ရိတ်သိမ်းချိန် ရောက်ခါမှ တော့ ဘယ်သူမှ ထပ်ပြီး အမြုပ် မခံနိုင်တော့ဘူး ။ လှိုင်း ဆိုတာ လူ မဟုတ်လို့ သာပေါ့ ။ နို့မို့များ ။

ဆိုပါစို့ ။ အဲဒီ ည က တတိယလှိုင်း ဆိုတဲ့ အသံ ကြောင့် စမ္ပာနဂိုရ် တစ်ရွာလုံး ယောက်ယက်ခတ် ပြီး ခြေကုန်လက်ပန်း ကျ သွားခဲ့တယ် ။ အနိမ့်ပိုင်း က ကောက်လှိုင်းတွေ အမြင့် ရွှေ့ရ ၊ အောက်ဘက် က စပါးပုံ တွေ အထက်ဘက် ရွှေ့ရ ၊ တစ်ရွာလုံး ဖတ်ဖတ်မော သွား တယ် ။ ချောင်းနား ဆင်းပြီး ရေ အခြေအနေ စောင့်ကြည့် နေတဲ့ ဒူးကြီး တို့ ဆီ ကလည်း လူလွှတ် မေး လိုက်တိုင်း ရေ က ငြိမ်လို့ ချည်းပဲ ပြောတယ် ။ တဖြည်းဖြည်း စမ္ပာနဂိုရ် က လူတွေ စိတ်မရှည် ကြတော့ဘူး ။ နေပါဦး ။ ဘယ်ကောင် ပြောတာလဲကွ ။ တတိယလှိုင်းကြီး ဆိုတာ ။

အဲဒီညက စမ္ပာနဂိုရ် ရွာသားတွေ ဟာ သောက နဲ့ မောရတဲ့ အထိ ဒေါသတွေ အလိပ်လိပ် တက်တော့တယ် ။ စမ္ပာနဂိုရ် သူကြီး ဦးအောင်ဗလ တောင် မှ မျက်ထောင့်ကြီး နီရဲလာပြီး ဖြောင်းခနဲ တက် ခေါက် လိုက်တယ် ။ ပြီးတော့ “ သွားခေါ်စမ်း ၊ သာဝ ကို သွား ခေါ်ပြီး ခြောက်ပေါက် ထဲ ထည့် လိုက်စမ်း ” ပြောလိုက်တယ် ။

အင်မတန် ခြေမြန်လက်မြန် ရှိတဲ့ မောင်တင့် နဲ့ ဇော်ထွီး က သာဝ ကို ကုပ်ဆွဲ ခေါ်လာပြီး ခြောက်ပေါက် ထဲ ထည့်တော့ သာဝ ရယ် အော် လိုက်တာလေ ။ သာဝ အအော် ရပ်တော့မှ အောင်ဘု နဲ့ ထွန်းအံ့ က သေသေချာချာ စစ် တော့တာ ။

သာဝ အဆို ကတော့ တတိယလှိုင်း အကြောင်း ပြော တာ သူ မဟုတ်ပါဘူး တဲ့ ။ ကိုဟန်တင် ဆိုလား ၊ ဟာဗားနား ဆေးပြင်းလိပ် ခဲထားတဲ့ ပါမောက္ခကြီး က ပြောတာ ပါတဲ့ ။ ဒါဆို အဲဒီ ကို ဟန်တင် ဆိုတဲ့ လူ သွားခေါ်စမ်း ဆိုတော့ ကိုဟန်တင် ကို သူ မသိပါဘူးတဲ့ ။ ကိုဟန်တင် တို့ ၊ တောဖလား တို့ ရေးတဲ့ စာတွေ ကို သုသာန်ကျောင်း က ကပ္ပိယစိန်ပေါက် က ဖတ်ပြီး သူ့ ကို ပြန် ပြောတာပါ တဲ့ ။ အစ ကတော့ တတိယလှိုင်း ကို စ ပြောတာ တောဖလား ပါတဲ့ ။ နောက်တော့ ကိုဟန်တင် က ပြောတာတဲ့ ။ ဒါပေမဲ့ ကိုဟန်တင် ပြောတာ နဲ့ တောဖလား ပြောတာ နဲ့ မတူဘူးတဲ့ ။ ကိုဟန်တင် ဆိုတာ ကလည်း ယဉ်ကျေးမှု တွေ ဟာ ကြီးတော်တို့ အိမ် က ချိုကုပ် နဲ့ ချိုထောင် လို ခတ်တိုးတိုက် ကုန်ပြီလို့ ပြောခဲ့တဲ့ လူပါပဲတဲ့ ။

သာဝ ပြောတာတွေကို သူကြီးအောင်ဗလ က နား ထောင်ပြီး စိတ်တိုသည် ထက် တိုလာတယ် ။ ဒီကောင် အစ ကတည်း က မရူးမကောင်း ဆိုတာလည်း တစ်ရွာလုံး အသိ ။ သူကြီး စိတ် တိုတိုင်း နားပန်ကျင်း နေရပြန်ရင် လည်း သာဝ အရိုး နဲ့ အရေပဲ ကျန်တော့မယ် ။ ကိုင်း .. သွားခေါ်ကြစမ်းကွာ ။ သုသာန်ကျောင်း က ကပ္ပိယ စိန်ပေါက် ဆိုတဲ့ လူကို ။ ဒါမျိုးဆို အလွန် ဖင်ပေါ့တဲ့ မောင်တင့် နဲ့ ဇော်ထွီးက ထလိုက်တော့ အောင်ဘု က သူ လည်း လိုက်မယ် ဆိုပြီး ထ လိုက်သွားတယ် ။ ဟန်ရွှေ နဲ့ ထွန်းအံ့ က သူကြီး မျက်နှာရိပ် မျက်နှာကဲ လှမ်း ကြည့်လိုက်ပြီး စိန်ပေါက် အတွက် ခြောက်ပေါက် တစ်ခု အသင့် လုပ် ထား လိုက်တယ် ။ စမ္ပာနဂိုရ်ရွာသားတွေ လည်း ပွဲကောင်း ကြည့်ရတော့မယ် ဆိုပြီး စောင့်စား နေခဲ့ကြတယ် ။

ဟော .. လာပြီ ။

ကွမ်းနှစ်ယာညက် လောက် အကြာ မှာ ရွာသားတွေ ကြား ကနေ တိုးဝှေ့ခွဲပြီး လူ တစ်ယောက် ဝင် လာတယ် ။ အသားညိုညို ၊ မျက်မှန်ထူထူ ၊ မုတ်ဆိတ်ကျင်စွယ် နဲ့ အသက် ၄ဝ အရွယ် လူ တစ်ယောက် ဝင်လာတယ် ။ သူ့ နှာခေါင်း ပေါ် လျှောကျ နေတဲ့ မျက်မှန်ထူထူကြီး က လွဲရင် သူ့ ပုံစံက စမ္ပာနဂိုရ်သားတွေ နဲ့ သိပ် မထူးပါဘူး ။ သိတဲ့အတိုင်း ဒီမှာက ဒီလို ပုလင်းဖင်ကွဲ လောက် မျက်မှန်ကြီး ကို ဘယ်သူမှ မတပ်ခဲ့ကြဘူး ။ ရွာသားတွေ က သူ ကြီး ရဲ့ ဒေါသအိုး ပေါက်ကွဲ ထွက်မယ့် အချိန် ကို ငံ့လင့် နေတုန်းမှာပဲ သူကြီး ဆီက အသံ ထွက် မလာဘဲ ထူးဆန်း လှစွာ မျက်မှန်ကြီး ဆီ က အသံ ထွက် လာခဲ့တယ် ။

“ ဦးလေးအောင်ဗလ မဟုတ်လား ။ ကျွန်တော် က ဦးလေး သူငယ်ချင်း ကိုဆင်ပေါက် သားလေ ”

“ ဟေ ”

အောက်လင်းမီးရောင် ထဲ စိန်ပေါက် မျက်နှာ ကို ထင်းထင်းမြင်ဖို့ စူးစိုက် ကြည့်နေတဲ့ သူကြီး မျက်နှာကြီး အဲဒီ တစ်ခွန်း နဲ့ပဲ ဝင်းခနဲ လက်သွားတယ် ။ ထင်တော့ ထင်သား ။ လတ်စသတ်တော့ ဆင်ပေါက် သား ကိုး ။

ကိုစိန်ပေါက် ပြောတာ ကတော့ တတိယလှိုင်း ဆို တာ စမ္ပာနဂိုရ် ရေကြီးတာကို ဆိုလိုတာ မဟုတ်ပါဘူးတဲ့ ။ အယ်လ်ဗ်တော်ဖလာ က လှိုင်း သုံးလှိုင်း အကြောင်း စပြော ခဲ့ပြီး နောက်မှ ဟားဗတ်တက္ကသိုလ် ပါမောက္ခ ဟန်တင်တန် က တတိယလှိုင်း အကြောင်း ပြောတာပါတဲ့ ။ အဲဒီ ဧရာမ ပုဂ္ဂိုလ်ကြီးတွေ ရဲ့ အင်မတန် ခမ်းနားကြီးကျယ်တဲ့ ဟောချက်တွေ ကို ကျွန်တော် တို့ ရဲ့ စာတော်ပြန်တွေ အသေအချာ စောင့်ကြည့်ပြီး သူတို့ အနက် ပေါက် သလို ဖြည့်စွက် မွမ်းမံ ပြန်ဆိုပါသတဲ့ ။ အဲဒါကို ကပ္ပိယစိန်ပေါက် က စောင့်ဖတ်ပြီး သာဝ ရှေ့ လွှတ်ခနဲ ပြောမိရာ က ခုလို အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရတာပါတဲ့ ။ လှိုင်း ဆိုတာ တကယ်တော့ ပညာရှင်တွေ က လူ့အဖွဲ့အစည်း ကို ပိုင်းခြား သုံးသပ်ပြီး ပြောတာပါတဲ့ ။

ကိုစိန်ပေါက် ပြောလိုက်တာ က တစ်မျိုး ၊ သာဝ နားလည် သွားတာက တစ်မျိုး ။ ဖြစ်တာဟာ ပါရာဒိုင်း ရွေ့ သွားတဲ့ သဘောပါတဲ့ ။ ဒါမျိုး ကမ္ဘာ မှာ မဆန်းတော့ပါဘူး ။

စမ္ပာနဂိုရ် မှာ သာ ဆန်း နေတာပါပဲတဲ့ ။ သို့သော် ကမ္ဘာ ဆိုပေမဲ့ လည်း ကမ္ဘာ ဟာ စမ္ပာနဂိုရ် လို ရွာကြီး တစ်ရွာ ဖြစ်နေပါပြီ တဲ့ ။ ဂလိုဘယ်ခေတ် မှာ ကမ္ဘာ ဟာ လည်း ‘ ဂလိုဘယ်ဘဲလိတ်ချ် ’ ဆိုလား ဖြစ်သွားပါပြီတဲ့ ။

စိန်ပေါက် က ဂလို ပြောလိုက်တာ ကို သူကြီး နဲ့ ရွာသားတွေ က ရုတ်တရက် နားမလည် လိုက်ပေမဲ့ စကားလုံး မျက်လှည့်ဆရာ တွေ ရဲ့လက်ထဲမှာ “ ဟေ့ ... ကမ္ဘာကြီး ဆိုတာ တို့ စမ္ပာနဂိုရ် လို ရွာကြီး တစ်ရွာ ဆိုပဲကွ ” လို့ ကိုယ့် မွေးရပ်ဇာတိမြေ အတွက် ကိုယ်စီ ကိုယ်စီ အား မနာတမ်း ဂုဏ်ယူ လိုက်ကြပြီး မောမော နဲ့ ပြန်အိပ်ခဲ့ ကြတယ် ။ သူကြီး ဦးအောင်ဗလ က တော့ ပြောလိုက် သေးတယ် ။

“ အေးပါ မောင်စိန်ပေါက် ရာ ။ နောက်ဆို မင်း ဖတ် ထား မှတ်ထားတာလေး ပြန်ပြောချင် ရင် တို့ရွာ က ဥပုသ်ကျောင်း ကို လာခဲ့ပါကွာ ။ သာဝ ရှေ့တော့ အထူးအဆန်း တွေကို အရမ်းအရမ်း မပြောလိုက်ပါနဲ့ ”

သူကြီး ရဲ့ အဲဒီ စကား တစ်ခွန်းတည်း နဲ့ ကပ္ပိယစိန်ပေါက် ဟာ စမ္ပာနဂိုရ် မှာ တော်တော် လူရာ ဝင်သွားတယ် ။ သူကြီး ရဲ့ ခြောက်ပေါက် ကို ပြန်လည် နေရာ ချထားနေတဲ့ မောင်တင့် ၊ ဇော်ထွီး နဲ့ အောင်ဘ တို့က စိန်ပေါက် ရဲ့ မျက်နှာ ကို အထင်ကြီး လေးစားတဲ့ မျက်လုံးတွေ နဲ့ ကြည့် လိုက်တယ် ။ တကယ်တော့ သူတို့ သုံးယောက်စလုံး က ထစ်ခနဲ ရှိ တုတ်ဆွဲ ၊ ဓားဆွဲ နဲ့ ဗလ အားကိုး မိုက်လွန်း လို့ သူကြီး က အသာ ချော့ပြီး လက်သပ် မွေးထားတာ ။ ဗလကြီး ခေါင်းသေး ဆိုပေမဲ့ သူတို့ လည်း လူရာ ဝင် ချင်ကြ တယ် ။ တစ်နေ့ တစ်နေ့ ငသောင်း ထန်းတဲ မှာချည်း အချိန် ကုန်တာ နဲ့ စာရင် ကိုစိန်ပေါက် ဆီ တပည့်ခံရ ကောင်း မလား စဉ်းစားကြတယ် ။ သူတို့ အတွက် စိန်ပေါက် က ဟီးရိုး ဖြစ်သွားပြီ ။

••••• ••••• •••••

စိန်ပေါက် ဆိုတာ တကယ်တော့ သူကြီး အောင်ဗလ တို့ရဲ့ ငယ်သူငယ်ချင်း ကိုဆင်ပေါက် ရဲ့ တစ်ဦးတည်း သော သား ပဲ ။ သူ့ အဖေ ကိုဆင်ပေါက် က သား စိန်ပေါက် ကို စမ္ပာနဂိုရ်ရွာကျောင်း မှာ လေးတန်းထိ တန်းကုန် အောင် ထားခဲ့ပြီး လိမ္မာအောင် ၊ ယဉ်ကျေးအောင် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ပျံလွန်တော် မူခဲ့တဲ့ ဆရာတော် ဦးသောဘိတ ကျောင်း မှ နမက္ကာရ ၊ ပရိတ်ကြီး ၊ ရတနာရွှေချိုင့် ၊ အတွင်းအောင်ခြင်း ၊ အပြင်အောင်ခြင်း စတာတွေ သင် ကြားစေခဲ့တယ် ။ ဦးပဉ္စင်းလေး ဣန္ဒာဝဿ ကလည်း ဆရာတော် ခိုင်းတဲ့ အတိုင်း စိန်ပေါက် ကို ကိုယ်ဖိရင်ဖိ သင်ပေးတယ် ။ သင်္ဂြိုဟ် ကိုးပိုင်း တက်မယ့် အချိန် လည်း ရောက်ရော စိန်ပေါက် လည်း ရွာ က နေ ထွက်ပြေး သွား ရော ဆိုတော့ သူ့ အဖေ ကိုဆင်ပေါက် ဟာ အကြီး အကျယ် ဒေါသူပုန် ထ ခဲ့တယ် ။ စိန်ပေါက် တစ်ယောက် မြို့ပေါ်မှာ ပညာ ဆက် သင်သလား ၊ မသင်ဘူးလား အသေအချာ မသိရပေမဲ့ မြို့ပေါ်  မှာ ပဲ အိုးအိမ်ထူ ၊ အိုးအိမ်ပျက် ဖြစ်ခဲ့တာတွေ ကို ရွာ က သဲ့သဲ့ ကြားခဲ့ရတယ် ။ အနှစ် နှစ်ဆယ် နီးပါး ကြာလို့ စိန်ပေါက် တစ်ယောက် ရွာ ပြန် ရောက်လာတဲ့ အခါမှာတော့ သူ့ အဖေ ကိုဆင်ပေါက် မရှိရှာ တော့ဘူး ။ လယ်တွေ ၊ ကိုင်းတွေ လည်း မရှိတော့ တာ နဲ့ စိန်ပေါက် ဟာ စမ္မနဂိုရ်ရွာ ကို ပြန်မလာ ဖြစ်တော့ ဘဲ သုသာန်ကျောင်း က သူ့ ဘဒွေး ဘုန်းကြီးအိုကြီး ဆီမှာ ပဲ ကပ္ပိယ လုပ် နေတော့တယ် ။

သုသာန်ကျောင်း ဆိုပေမဲ့ သဲပွက် ၊ ရိုးဖျား ၊ အုန်း ပင်စုရွာတွေ နဲ့ သူ့ ဂေါစကံ နဲ့သူ ရှိနေတာ တစ်ကြောင်း ၊ သုသာန်ကျောင်း နဲ့ စမ္ပာနဂိုရ်ရွာ အကြား သင်္ချိုင်းကုန်း တစ်ခု ခြား နေတာ တစ်ကြောင်း ကြောင့် စမ္ပာနဂိုရ် က လူ တွေဟာ သုသာန်ကျောင်း ဘက် အရောက်အပေါက် နည်း တယ် ။ သုသာန်ကျောင်း ဘုန်းတော်ကြီး နဲ့ ဆွေရိပ်မျိုးရိပ် မကင်းတဲ့ သာဝ တစ်ယောက် သာပဲ မကြာမကြာ သွား ရာ က ကပ္ပိယစိန်ပေါက် နဲ့ ရင်းနှီးပြီး မထော်မငန်း ပြန် ပြန် အော်နေတာ ။

ခက်တာက သာဝ ဟာ ငယ်ငယ် ကတည်းက ဝမ်း တွင်းရူး ဆိုတော့ကာ စိန်ပေါက် က ထူးထူးဆန်းဆန်း တစ်ခုခု ပြောလိုက်တယ် ဆိုရင်ပဲ ချက်ချင်း သင်္ချိုင်းကုန်း ကို ဖြတ် ပြေးပြီး ငယ်သံငယ်ရင်း ပါအောင် အော် တော့ တာ ။ တစ်ခါလည်း ...

“ ပြိုသွားပြီ ။ ပြိုကျသွားပြီ ”

သာဝ အော်ပြေး လာတာကို မြက်ရိတ် သွားရာက ပြန်လာတဲ့ ဒူးကြီး တို့ တစ်သိုက်က ကြားလိုက်မိတာ နဲ့ ဦးပဉ္စင်းလေး ဣန္ဒဝဿ ရဲ့ ဆွမ်းစားကျောင်း ဆီ ပြေးကြ တာပေါ့ ။ စမ္ပာနဂိုရ် မှာ ပြိုကျလုဆဲဆဲ အဆောက်အအုံ ဆို လို့ ဦးပဉ္စင်းလေး ရဲ့ ဆွမ်းစားကျောင်း ပဲ ရှိတာ ။ ဘုန်းကြီးဦးသောဘိတ ပျံလွန်တော် မမူခင် ကတည်းက ဆွမ်း စားကျောင်း ပြင်ပေးဖို့ သူကြီးအောင်ဗလ ကို တဖွဖွ ပြော နေခဲ့တာ ။ ခု ဦးပဉ္စင်းလေး လက်ထက် ရောက်တော့ လည်း မပြင်ဖြစ်သေးဘူး ။ တစ်နှစ် ပြင်မယ် ၊ တစ်နှစ်ပြင်မယ် နဲ့ ခုတော့ ပြင် ရင်လည်း ဘာမှ မထူးဘူး ။ ပြန် ဆောက် မှ ကို ဖြစ်တော့မှာ ။ အဲဒီတော့ ပြောရရင် ရွာ မှာ ပြိုကျတော့မယ့် အဆောက်အအုံ ဆိုလို့ ဆွမ်းစားကျောင်း ပဲရှိတော့ ဒူးကြီး တို့က အဲဒီကို စိုးရိမ်တကြီး ပြေးကြည့် ကြတာပေါ့ ။ မရှေးမနှောင်း ဆိုသလိုပဲ သူကြီး လွှတ်လိုက် တဲ့ ဇော်ထွီး ၊ အောင်ဘု တို့လည်း ရောက်လာတော့တာ ပေါ့ ။

ဆွမ်းစားကျောင်း ဘာမှ မဖြစ်ဘူး ဆိုတာလည်း သေ ချာရော ရွာ ကို ထိတ်လန့်အောင် လုပ်ခဲ့တဲ့ သာဝ တစ်ယောက် တည်း သူကြီးအိမ် က ခြောက်ပေါက် ထဲ ဝင်ရ ပါလေရော ။ သာဝ မျက်ရည်လည်ရွဲ နဲ့ ဖြစ်နေတာကို ဇော်ထွီး နဲ့ အောင်ဘု က ကြည့်ကောင်းကောင်း နဲ့ အားရ အောင် ကြည့် နေသေးတယ် ။

ပြီးတော့မှ မေးတယ် ။

“ ဆွမ်းစားကျောင်း ဘာမှ မဖြစ်ဘဲနဲ့ နေပါဦး မင်း က ဘာပြိုလို့ အော် ပြေးတာလဲ ”

“ ဆွမ်းစားကျောင်း မပြိုပါဘူးဗျ ။ ပြိုတာ က ဘာလင်တံတိုင်းပါဗျ ”

“ ဟေ … ဟုတ်လား ။ ဘာလင်တံတိုင်းကြီး ဘယ် တုန်းက ပြိုသွားတာလဲ ”

အမှန်တော့ ဇော်ထွီး နဲ့ အောင်ဘု တို့ က ဘာလင် တံတိုင်း ဆိုတာ ဘယ်နား ရှိလဲ သေသေချာချာ သိတာ မဟုတ်ဘူး ။ သာဝ လို ဝမ်းတွင်းရူး က သိပြီး သူတို့ က မသိဘူး ဆိုရင် ညံ့ရာ ကျမှာ စိုးလို့ မေးမိမေးရာ လျှောက် မေး နေတာ ။ သာဝ က ခြောက်ပေါက် ထဲ နေရတဲ့ ကောင် ဆိုတော့ ရိုရိုသေသေ ဖြေတာပေါ့ ။

“ ဘာလင်တံတိုင်း ပြိုသွားတာ ဆယ့် ... ဆယ့်ရှစ်နှစ် လောက် ရှိပြီတဲ့ ဗျ ”

“ နင့်မေကလွှား … ဆယ့်ရှစ်နှစ် က ကိစ္စ ခုမှ ဘာလို့ ထ အော်နေတာလဲ ”

မေးပြန်ရော ။

“ ဒါ …. ဒါတော့ ဘယ် သိမလဲဗျ ။ ဖွတ်ကလိရာမ က ဒါပဲ ပြောနေတဲ့ဟာ ကို ”

ဇော်ထွီး နဲ့ အောင်ဘု တို့ တစ်ယောက် မျက်နှာ တစ် ယောက် ကြည့် လိုက်ကြတယ် ။ ဘယ်သူလဲ ‘ ဖွတ်ကလိ ရာမ ’ ဆိုတာ ဘယ်သူလဲ ။ သူတို့ နှစ်ယောက် ဧရာမ အကျပ်တည်း ဖြစ်နေတာကို ရိပ်မိတဲ့ ဒူးကြီး က စဉ်းစဉ်း စားစား နဲ့ ထင်မြင်ချက် ပေး လိုက်တယ် ။

“ ဖွတ်ကလိရာမ ဆိုတာ ကြိုးကြာကွင်း က အင်ဒူစမြား ရဲ့ ယောက်ဖ ကိုရာမ ပြောတာ ဖြစ်မှာပေါ့ ”

အဲဒီတော့မှ ဇာတ်လမ်း က ပို ရှုပ်ကုန်တယ် ။ သူကြီး အချိန်မီ ရောက်လာခဲ့ပြီး မေးတော့ ဖွတ်ကလိရာမ ဆိုတာ စိန်ပေါက် ပြောတာတွေ ကို သာဝ က နားစွန်နားဖျား ကြား ပြီး ထင်ရာမြင်ရာ လျှောက် အော် နေတာလို့ သိလိုက်ရ တယ် ။

“ ကဲ … စိန်ပေါက် ခေါ် ချေစမ်းကွာ ”

ဆိုတော့ ဇော်ထွီး နဲ့ အောင်ဘု တို့ သုသာန်ကျောင်း ဘက် ပြေးရ ပြန်တယ် ။

စိန်ပေါက် ရောက်လာ တော့ မှပဲ ဖွတ်ကလိရာမ ဆိုတာ အင်ဒူစမြား ယောက်ဖ ကိုရာမ မဟုတ်ဘဲ နိုင်ငံရေး သိပ္ပံပါရဂူကြီး ဖရန်စစ် ဖူကာယာမား ဆိုတဲ့ ပုဂ္ဂိုလ်ကြီး လို့ သိ လိုက်ရတာ ။ အံမာ ... အဲဒီ ဧရာမကြီး က တယ်စွမ်း သတဲ့ ။ သူကြီး လည်း အံ့သြလွန်း လို့ မျက်လုံးကြီး ပြူး ကြည့် နေလိုက်တယ် ။

စိန်ပေါက် တစ်ခေါက် လာ လိုက်တာနဲ့ မကြားဖူး တာ တစ်ခါ ထပ်ကြားရ ၊ တစ်ခါ ဗဟုသုတ တိုးရ ဆို တော့ သူကြီး စဉ်းစားတယ် ။ စိန်ပေါက် ကို ဥပုသ် ကျောင်း သာမက ရွာ ထဲ မှာ အလှူအတန်း ရှိရင်လည်း လာဖို့ ဖိတ်ထားရ ကောင်းမလားပေါ့ ။ တစ်ချိန်တည်း မှာ ပဲ ဇော်ထွီး နဲ့ အောင်ဘု တို့ ကလည်း စိန်ပေါက် ဆီ တပည့် ခံ ထားရင် နောင်အခါ အခု ထက်ပိုပြီး လူရာ ဝင်မလား စဉ်းစားကြ သတဲ့ ။ ဇော်ထွီး က မောင်တင့် နဲ့ အတူ မြို့ ကျောင်း မှာ ခုနစ်တန်း လောက် အထိ ဒွတ်ဒက်ရွှတ်ယှက် လုပ်ခဲ့ဖူးသေး မဟုတ်လား ။

ဒီလိုနဲ့ မောင်တင့် ၊ ဇော်ထွီး နဲ့ အောင်ဘု တို့ သုံးယောက် ဟာ ပညာရှိ စိန်ပေါက် ဆီမှာ တပည့်ခံ ဖို့ အခွင့် အရေး ရသွားတယ် ။ ဥပုသ်နေ့ တို့ ၊ အလှူအတန်း ရွာ ထဲမှာ လုပ်တဲ့နေ့ တို့ ဆို သူတို့ သုံးယောက် က စိန်ပေါက် အနားက ကို မခွာတော့ ဘူး တဲ့ ။ တောက်တဲ့ ကပ်ပြီး စိန် ပေါက် ပြောသမျှ လိုက် မှတ် နေတော့တာ ။ တချို့နေ့များ ဆို သုသာန်ကျောင်း ပဲ သွား နေတော့တာ ။ စိန်ပေါက် ရောက် မလာနိုင်တဲ့ ဥပုသ်နေ့ တွေ ကျတော့ ဥပုသ် ကျောင်း မှာ သူတို့ သုံးယောက် က တော်တော်စွာ ဆိုပဲ ။ ဒွတ်ဒက်ရွှတ်ယှက် နဲ့ ပြောနေလိုက်တာများ စမ္ပာနဂိုရ် တစ်ရွာလုံး က ငေးကြည့် နေရတာတဲ့ ။

တလောက ဥပုသ်ကျောင်း ကို စိန်ပေါက် ရောက် မလာနိုင်တဲ့ နေ့ တစ်နေ့ မှာ ဇော်ထွီး တို့ သုံးယောက် “ သံလွင်ပင် လက်လီလက်ကား စပ်ရောင်း ” တဲ့ ဖရိုင်းမင်း အကြောင်း ပြောတာ တော်တော် နားထောင် ကောင်း သတဲ့ ။ ဖရိုင်းမင်း ဆိုလို့ ဇော်ထွီး က သူ့လူ တွေ ကို “ မင်း တို့ က ဖရိုင်းမင်း ၊ ဖရိုင်းမင်း ဆိုပြီး လူတွေ နားရှုပ် အောင် မပြောပါနဲ့ကွာ ” လို့ ပြောသတဲ့ ။ မောင်တင့် က “ ဒါဆို ဖရိုင်းမင်း ကို ဘယ်လို ပြောမလဲ ” ဆိုတော့ ဇော်ထွီး က “ ဖရိုင်ဒ် ဆိုတာ ကြော်တာလေကွာ ။ ဖရိုင်းဒ်မင်း ဆိုတော့ အကြော် ကြော်တဲ့ လူ ၊ အကြော်သည် ပေါ့ ” လို့ ပြောလိုက် တယ် ။

ဒါကို အားကျတဲ့ မျက်လုံးတွေ နဲ့ ငေးကြည့် နေတဲ့ ဟန်ရွှေ နဲ့ ထွန်းအံ့ က “ ဇော်ထွီး တော့ တော်တော် တောင် တတ်နေမှပဲ ” ဆိုပြီး အထင်ကြီး လေးစားတဲ့ မျက်လုံး တွေ နဲ့ ပြူးကြည့်နေခဲ့ သတဲ့ ။ အဲဒီနေ့ က စိန်ပေါက် ရောက် မလာခဲ့ပေမဲ့ စမ္ပာနဂိုရ်ရွာသား တွေ ကောင်း ကောင်းကြီး ဗဟုသုတ ရ သွားကြတယ်လေ ။

••••• ••••• •••••

“ ပြား သွားပြီ ။ အကုန်လုံး ပြား သွားပြီ ”

သင်္ချိုင်းကုန်း ဘက်ကနေ ရွာ ထဲ အော်ပြေး လာတဲ့ သာဝ ကို ဟန်ရွှေ နဲ့ ထွန်းအံ့ က ဆီး ဖမ်းလိုက်ပြီး သူကြီး အောင်ဗလ ဆီ ခေါ် သွားတယ် ။ အမှန်က သူကြီး စဉ်းစားနေတာ ။ တစ်ခါတုန်း ကလည်း သာဝ က ပြိုသွားပြီ လို့ အော်ခဲ့ဖူးတယ် ။ ဒါပေမဲ့ ဆွမ်းစားကျောင်း မဟုတ်ခဲ့ ဘူး ။ ဘာလင်တံတိုင်း တဲ့ ။ ဒီတစ်ခါ တော့ ပြားသွားပြီ တဲ့ ။ ပြားသွားနိုင်တာ လည်း ဒီ ရွာမှာ ဦးပဉ္စင်းလေး ရဲ့ ဆွမ်းစားကျောင်း ပဲ ဖြစ်ရမယ် ။ သာဝ ရောက် လာတော့ ငိုသံပါကြီး နဲ့ ပြောတော့တယ် ။

“ သူကြီး ရေ … ဒီတစ်ခါ ပြားသွားတာ လည်း ဆွမ်း စားကျောင်း မဟုတ်ဘူးဗျ ။ ဒီတစ်ခါ ပြားသွားတာ က တော့ ကမ္ဘာကြီး ဗျ ”

ကမ္ဘာကြီး လုံး နေတယ်လို့ တစ်သက်လုံး သင်ကြား မှတ်သားခဲ့တဲ့ သူကြီး က ဘယ် လက်ခံ နိုင်ပါ့မလဲ ။ ဟန်ရွှေ နဲ့ ထွန်းအံ့ ကလည်း လက်မလျှော့ဘူး ။ သာဝ က လည်း ဒီတစ်ခါ မခံဘူး ။ “ ကမ္ဘာကြီး ဟာ ရိုက်ချက် ၁ဝ ချက် ကြောင့် ပြား သွားတာပါ ” လို့ သာဝ က ဆက် ပြော နေတော့ သူကြီး က လုံးဝ လက် မခံဘူး ။

“ နင့်မေကလွှား တဲ့ မှပဲ ။ တစ်သက်လုံး လုံး နေတဲ့ ကမ္ဘာကြီး ဟာ ဆယ်ချက် မက လို့ အချက် တစ်ရာ ပဲ ရိုက် ရိုက် နံပြား မှ မဟုတ်ဘဲ ။ ဘာလို့ ပြားရမှာလဲ ”

ဆိုပြီး သာဝ ကို ဖြောင်းခနဲ နားရင်း အုပ် ပစ်လိုက် တယ် ။ သာဝ က သူ့ နားထင်ကလေး သူ လက်ဝါး နဲ့ အသာ အုပ်ရင်း “ အမလေးဗျာ ... ကျွန်တော် ပြောတာ မဟုတ်ပါဘူးဗျာ ” နဲ့ ထုံးစံ အတိုင်း လုပ် ပြန်တယ် ။ ဒါဖြင့် ဘယ်သူ ပြောလဲ ဆိုတော့ ဂျာနယ်လက်ပွေ့ ရောင်းတဲ့ သူ နေပါဦး …. သူ့ နာမည် က ရုတ်တရက် မေ့နေလို့ ။ အဲဒီ လူ က ၁၉၈၉ ခုနှစ် ကတည်းက ကမ္ဘာ မှာ ‘ တံတိုင်းတွေ ပြို ၊ ဝင်းဒိုးတွေ ပွင့် ’ ခဲ့တာတဲ့ ။ အဲဒါ ပထမ ရိုက်ချက် တဲ့ ။ ဪ … ပြောတဲ့ လူ သတိရပြီ ။ ဂျာနယ်လက်ပွေ့ ရောင်းတဲ့ ဖရိုင်းမင်း တဲ့ ။ အဲဒီလို ပြောတာ ကိုပဲ ငသောင်း ရဲ့ ထန်းတဲ ကနေ ပြန်ရောက် လာတဲ့ မောင်တင့် ၊ ဇော်ထွီး နဲ့ အောင်ဘု တို့ က ကြား သွားတယ် ။ ဖရိုင်းမင်း ဆိုတာ ဂျာနယ်လက်ပွေ့ ရောင်းသူ မဟုတ်ဘဲ ဂျာနယ်လစ် တစ်ဦး ဖြစ်တဲ့ အကြောင်း ၊ သူ့ ရဲ့ နာမည် ကို တိုက်ရိုက်မြန်မာမှု ပြုရင် ‘ အကြော်သည် ’ လို့ အဓိပ္ပာယ် ရကြောင်း ဇော်ထွီး က ပြောတယ် ။ အဲဒီမှာတင် စိန်ပေါက် ကို အရင် ဆရာ တင် ခဲ့တဲ့ သာဝ က သူ့ နောက်မှ ဆရာ တင်ခွင့် ရတဲ့ ဇော်ထွီး ဟာ သူ့ ထက် ကျောပြီး တတ်နေ သိနေရ ကောင်းလား ဆိုပြီး အကြီးအကျယ် ဒီဘိတ် လုပ် တော့တယ် ။ ဇော်ထွီး ကတော့ ဖရိုင်းမင်း ကို အကြော်သည် လို့ မြန်မာမှု ပြု လိုက်နိုင်တဲ့ အတွက် စမ္ပာနဂိုရ် မှာ ( စိန်ပေါက် က လွဲရင် ) သူ့ လောက် တော်တဲ့ လူ တစ်ယောက် မှ မရှိတော့ဘူး ဆို တဲ့ မျက်နှာမျိုး နဲ့ အပေါ်စီး ကလေ ။

ကမ္ဘာကြီး ပြားသွားတယ် ဆိုတာကို ဘယ်လိုမှ လက်မခံ နိုင်တော့ဘဲ သူကြီး ဦးအောင်ဗလ ကတော့ နား ပူ မခံနိုင်တော့တဲ့ အဆုံး “ သွားကြစမ်း ၊ သွားကြစမ်း ။ သုသာန်ကျောင်း သွားကြစမ်းကွာ ” လို့ သူ့ တပည့်တွေ ကို မောင်းထုတ် လိုက်တော့တယ် ။

••••• ••••• •••••

နွေဦးရာသီ ရဲ့ တစ်ခုသော နေ့ရက်မှာ ဦးပဉ္စင်းလေး ဣန္ဒာဝဿ ရဲ့ ဆွမ်းစားကျောင်း ဟာ တအိအိ ပြိုကျ သွား ခဲ့တယ် ။ အဲဒီ နေ့မှာ သာဝ ကလည်း ငယ်သံငယ်ရင်း ပါ အောင် မအော်ခဲ့ဘူး ။ တစ်ရွာလုံး လည်း အထိတ်တလန့် မဖြစ်ခဲ့ဘူး ။ ဆွမ်းစားကျောင်း ကတော့ မြေ ပေါ် မှာ အပြုံ လိုက် ပြိုကျ ပိပြား သွားခဲ့ပြီ ။

ဘာလင်တံတိုင်း ပြို သလောက် အုတ်အော်သောင်း တင်း မဖြစ်ခဲ့ဘူး ။ ကမ္ဘာကြီး ပြားသွား သလောက် ထိတ် လန့်တကြား မရှိခဲ့ဘူး ။ စမ္ပာနဂိုရ် ကို အင်မတန် သံယောဇဉ် ကြီးတဲ့ သူကြီးဦးအောင်ဗလ ကတော့ အိုမင်းမစွမ်း ဖြစ် လာချိန် ကျမှ ကျောင်းကြီး ပြိုသွားခဲ့တာ ကို စိတ်လက် မချမ်းမသာ ဖြစ်ပြီး “ မင်းတို့ လူငယ်တွေ ကြည့် လုပ်ကြ စမ်းပါဦးကွာ ” လို့ စိန်ပေါက် ၊ မောင်တင့် နဲ့ ဇော်ထွီး တို့ အဖွဲ့ ကို လွှဲအပ် လိုက်တယ် ။

ပြောရရင် အဲဒီလို လွှဲအပ်လိုက်တဲ့ အကြောင်းတွေ ရှိတယ် ။

ဆွမ်းစားကျောင်း ပြိုကျ မသွားခင် လေးငါးလ လောက် ကတည်း က စမ္ပာနဂိုရ် က ကာလသား တော်တော်များများ ဟာ သုသာန်ကျောင်း က ကပ္ပိယစိန်ပေါက် ရဲ့ အန္တေဝါသိက တပည့်တွေ ဖြစ်သွားခဲ့တယ် ။ စမ္ပာနဂိုရ် ရဲ့ အစဉ်အဆက် တစ်ခါ မှ မကြားဖူးတဲ့ စကားလုံးတွေ ကို လည်း စမ္ပာနဂိုရ် ကာလသားတွေ ကိုယ်တိုင် လှိုင်လှိုင်ကြီး သုံးစွဲ ပြောဆိုတတ် နေပြီ ။ သူကြီး အောင်ဗလ ကို လူကြီးပိုင်း က ကြားရတာ နားယားလှပါပြီ ဆိုတဲ့ သိုးဆောင်း လိုလို ၊ ပါဠိ လိုလို ၊ ပေါရာဏ လိုလို ၊ မဂဓ လိုလို ပဉ္စလက် ဆန်ဆန် စကားလုံး တွေ ကို သုံးစွဲပြောဆို နေကြ ပြီ ။

ဒီတော့ သူကြီးအောင်ဗလ က “ လုပ်ကြည့်စမ်းလကွယ် ” ဆိုတဲ့ သဘောနဲ့ “ ကြည့်လုပ်စမ်းပါ ” လို့ လွှဲအပ် လိုက်တာကလား ။

ဘာပဲဖြစ်ဖြစ် ကပ္ပိယ စိန်ပေါက် က သူကြီး ပေးတဲ့ အာဏာ နဲ့ စမ္ပာနဂိုရ် ရွာသားတွေ ကို ဆွမ်းစားကျောင်း နေရာ မှာ လာရောက် စုရုံးဖို့ ဆင့်ခေါ် လိုက်တယ် ။ မောင်တင့် ၊ ဇော်ထွီးနဲ့ အောင်ဘု တို့က ရွာဖျားရွာဆုံး လိုက်လံပြီး ဗျိုး ဟစ် လိုက်တယ် ။ ဟန်ရွှေ နဲ့ ထွန်းအံ့ က မောင်းတဒူဒူ ထု ပေးတယ် ။

ဆွမ်းစားကျောင်း ပြန် ဆောက်ဖို့ ကိစ္စ အတွက် စုရုံး တာပဲလို့ သိနေကြတဲ့ စမ္ပာနဂိုရ်ရွာသား တွေ က ပေါက်တူးတွေ ၊ ဓားတွေ ၊ တူရွင်းတွေ ကိုင်စွဲပြီး ဆွမ်းစား ကျောင်းဘက် ရောက် လာကြတယ် ။

လူတော်တော် စုံပြီ ဆိုတာနဲ့ ကပ္ပိယစိန်ပေါက် က ပရိသတ် ရှေ့မှာ မတ်တတ် ရပ်ပြီး ချောင်း ဟန့်လိုက် တယ် ။ စမ္ပာနဂိုရ်ရွာသား တွေ က ဘယ်သူ ဝါးခုတ်ရမလဲ ၊ ဘယ်သူ ဓနိပျစ်ရမလဲ ၊ ဘယ်သူ တိုင်တွင်းတူးရမလဲ ဘာပဲဖြစ်ဖြစ် ကပ္ပိယစိန်ပေါက် က တာဝန် ပေးရင်တော့ တို့ ဦးပဉ္စင်းလေးကျောင်း ပြန် ကောင်းဖို့ ကိစ္စ လုပ်ရတော့ မှာပဲလို့ မျှော်လင့် နေခဲ့ကြတယ် ။ ဒါပေမဲ့ …

“ စမ္ပာနဂိုရ်ရွာသား တို့ ။ ဘာလင်တံတိုင်းကြီး ပြိုကျ သွားခဲ့ပြီး နှစ်ပေါင်း နှစ်ဆယ် နီးပါး အကြာမှာ ကမ္ဘာကြီး ဟာ ပြားသွားပြီ ဖြစ်တဲ့ အတွက် ဦးပဉ္စင်းလေး ရဲ့ ဆွမ်း စားကျောင်း ပြိုကျ သွားခဲ့တာ ဟာ မဟာပြိုကွဲမှုကြီး လို့ မဆိုနိုင်ပါဘူး ”

ကပ္ပိယစိန်ပေါက် ရဲ့ နိဒါန်းစကား ကြားလိုက်ရ တော့ စမ္ပာနဂိုရ် ရွာသားတွေ က “ မဟာပြိုကွဲမှု လို့ ဘယ်သူက ပြောလိုက်ပါလိမ့် ” ဆိုပြီး ဇဝေဇဝါ ဖြစ်သွးခဲ့ကြ တယ် ။ ဒါပေမဲ့ ကပ္ပိယစိန်ပေါက် က အာပေါင်အာရင်း သန်သန် နဲ့ ဆက် ပြောနေတာ ကို နားထောင် ကောင်းကောင်း နဲ့ ဆက်ပြီး နားထောင် နေကြတယ် ။

ဆွမ်းစားကျောင်း ပြိုသွားတာ ဟာ မဟာ ပြိုကွဲမှုကြီး လို့ မဆိုနိုင်ပေမဲ့ စမ္ပာနဂိုရ်ရွာသားတွေ အဖို့တော့ “ စိန်ခေါ်မှု ” ဖြစ်ကြောင်း ၊ ဒါကြောင့် ဆွမ်းစားကျောင်း ပြန် ဆောက်ဖို့ ကိစ္စအတွက် ‘ တက်ကနိုလိုဂျီ ’ အသစ် ၊ ‘ နည်း ဗျူဟာ ’ အသစ်တွေ ချမှတ်ဆောင်ရွက်ဖို့ လိုကြောင်း သြဝါဒစကား စ ပြောတယ် ။ သူ့ စကား ကို မောင်တင့် နဲ့ ဇော်ထွီး က ထောက်ခံတယ် ။ ပြန်ဆောက်ဖို့ ကိစ္စ ကို အိုင် ဒီယော်လော်ဂျီသစ် နဲ့ ဦးနှောက်မုန်တိုင်း ဆင်နိုင်ဖို့ လို ကြောင်း မောင်တင့် ပြော လိုက်တယ် ။ ဟုတ်တယ် ။ ဒီ ကိစ္စ က ‘ စပိ ’ မြန် မှ ဖြစ်မယ်လို့ ဇော်ထွီး က ပြောတယ် ။ ဇော်ထွီး ကို ကြည့် မရတဲ့ သာဝ က ပရိသတ် ထဲ ကနေ ထပြီး “ ဟေ့ … မင်းတို့ ယဉ်ယဉ်ကျေးကျေး ပြောကွာ ” လို့ သတိပေး လိုက်တယ် ။ အောင်ဘု က ကျောင်းအိုကြီး ပြိုကျ သွားတာဟာ ‘ ကိစ္စကောင်း ’ မဟုတ်သလို ‘ ကိစ္စဆိုး ’ လည်း မဟုတ်ကြောင်း ၊ ရွာသားအားလုံး က ပြန် လည် ပြုပြင်တည်ဆောက်ဖို့ ‘ တိမ်းညွှတ်မှု ’ ရှိတယ်ဆို ရင် စမ္ပာနဂိုရ် ရဲ့ ‘ ပတိရူပ အနာဂတ် ’ ကို မုချ တွေ့ရဖို့ သေချာလှတဲ့ အကြောင်း ပြောတယ် ။ ဒါကို စိတ်မရှည် နိုင်တော့တဲ့ ငသောင်း က ထတဲ့ပြီး ...

“ ဟေ့ ... အောင်ဘု ။ မင်း သမူဟ ဖြစ်အောင် သင်္ခေပ ပြောကွာ ။ ငါတို့ က ထန်းတဲ က ဘိဇနက် ကို ဖျက်ပြီး လာရတာကွ ။ ဂလိုဘယ်ခေတ် မှာ နောလိတ် ကို ရှဲ လုပ်တယ် ဆိုတာ အက်ပီဖနီ ဖြစ်ဖို့ လို သလို ၊ လိုတိုရှင်း ဖြစ်ဖို့ လည်း လိုသကွ ။ လိုတိုရှင်း စာအုပ်တွေ ရှာဖတ် ကွာ ”

အောင်ဘု ရုတ်တရက် ကြောင်ပြီး မတုံ့ပြန်နိုင်သေး ခင် ထွန်းအံ့ က ဝင် ထိန်း လိုက်တယ် ။

“ မလောကြပါနဲ့ကွာ ။ ဒီ ကိစ္စက ဒိုင်မင်းရှင်း စုံမှ ဂလိုဘယ်ဆပ်ပလိုင်း ချိန်း ထဲက ကီးပလေယာတွေ ဟာ ပရောဂျက် အောင်မြင်ဖို့ အတွက် မဟာ တိမ်းညွှတ်မှု နဲ့ ဦးနှောက် ကို ဆွ ရမှာ မဟုတ်လား ”

“ ဆွ မှာ ဖြင့် မြန်မြန် ဆွကွာ ။ ငါ့ လယ်တဲ မှာတော့ ကောက်ဆွ တို့ ၊ ထွန်ခြစ် တို့ အစုံ ရှိတယ် ။ ဘယ်သူ့ ခေါင်း ဘယ်လောက် ရှုပ်ရှုပ် ငါ့ ကောက်ဆွ နဲ့ ဆွ လို့ ဖြစ်ရင် လာ … ယူ ”

ဒူးကြီး က ဘုမသိ ဘမသိ ဝင် ပြောတော့ “ ဒီကောင် ခြောက်ပေါက် ထဲ ရောက်တော့မှာပဲ ” လို့ တချို့ စိုးရိမ် သွားတယ် ။ ဒါပေမဲ့ ထွန်းအံ့ ကိုယ်တိုင် လည်း သူ့ စကား သူ နားလည်ပုံ မရဘူး ။

ဒီလိုနဲ့ ... ။

တူရွင်း ၊ ဓား ၊ ပေါက်တူး စတဲ့ ရရာ လက်နက် ကိရိယာတွေ ကိုင်စွဲလာတဲ့ စမ္ပာနဂိုရ်ရွာသားတွေ ဟာ တစ်နေ့ တစ်နေ့ ‘ တောက်ပြောင် ’  ၊  ‘ ခမ်းနား ’  ၊ ‘ ဆန်းပြား ’ ၊ ‘ ကြီးကျယ် ’ တဲ့ ဧရာမ စကားလုံးကြီး တွေ ကို နားထောင် ရင်း အားအင်တွေ ကုန်ခန်း လာခဲ့တယ် ။ ညနေ နေဝင်ရီ တရော ဆိုရင် မူးမူးဝေဝေ နဲ့ အိမ်ပြန် လာခဲ့တယ် ။ နေ့ တွေ ၊ ရက်တွေ ၊ ကုန်လွန်ခဲ့ ပေမဲ့လည်း ဝါး တစ်လုံး မခုတ် ရသေးဘူး ။ ဓနိ တစ်ရွက် မပျစ်ရသေးဘူး ။ တိုင်တွင်း တစ်တွင်း မတူးရ သေးဘူး ။ နှီး တစ်စိတ် မဖြာရသေးဘူး ။ တစ်နေ့ ထက် တစ်နေ့ သူတို့ အသက်တွေ ကြီးရင့်လာခဲ့ ပေမဲ့ ဆွမ်းစားကျောင်း ပြန် ဆောက်ဖို့ အလုပ် မစနိုင်သေး ဘူး ။

စကားလုံးတွေ နဲ့ ဆောက်လို့ ရနိုင် မှတော့ ဦးပဉ္စင်း လေး ရဲ့ ဆွမ်းစားကျောင်း ဟာ ဝေဇယန္တာနန်းပြာသာဒ် လောက် ဖြစ်ရောပေါ့ ။ ခုလို အပြားလိုက်ကြီး ပုံကြီး ဘယ် ဇာတ်မျော နေတော့မလဲ ။  ။

⎕ မောင်ရင့်မာ ( ကျောင်းကုန်း )

📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂၀၀၇ ၊ မတ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment