❝ ပန်းကျိန်စာ ❞
⎯⎯⎯⎯⎯⎯⎯
စုထား
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
မိုးစက်ကလေးများ သည် ပြတင်းတံခါး မှ ခုန် ကျော်၍ ဝင်ရောက် လာကြသည် ။ ပြတင်းပေါက် ဘက် သို့ ကိုင်း နေသော ညမွှေးပန်းပင် ၏ အကိုင်း သည် ယိမ်းခါလှုပ်ရှား နေလေသည် ။ ပန်းငုံလေးများ ပေါ်၌ တင် နေသော မိုးရေစက်လေး များသည် တံခါးပေါင် ပေါ်သို့ တစ်ပေါက်ချင်း ကျ လာသည် ။ သည် အခန်း ကို မိ သဘောကျ ပြောင်းရွှေ့ ယူထားခြင်း ဖြစ်သည် ။ အိပ်ခန်း ပြတင်းပေါက် မှ အပြင် သို့ ကြည့် လိုက်လျှင် မိ တို့ ၏ ခြံ ကို လှမ်း မြင် နေရသည် ။ ခြံ ဟု ဆိုရ သော်လည်း မိ တို့ ခြံ တွင် သူငယ်ချင်း လေးမော် တို့၏ ခြံ မှာ ကဲ့သို့ ဖြူဖွေး မွှေးကြိုင်သော စံပယ်ပန်းများ လည်း မရှိပေ ။ အရောင်အဆင်း လှပသော နှင်းဆီပန်း ၊ ဇော်မွှားပန်း ၊ လက်ထပ်ပန်းများ လည်း မရှိပေ ။ ခြံထောင့် ရေတွင်း နား မှ ပုန်းညက်ပင် ကိုင်းကိုင်း နှင့် မိ အခန်း နား မှ ညမွှေးပန်းပင် သည်သာ မိ တို့ ခြံ တစ်ခုလုံး ၏ ပန်းပင်များ သာ ဖြစ်သည် ။ ကျန်သော ခြံ ၏ အစိတ်အပိုင်းများ ကို မူ ခုတ်ဖြတ်ခြင်း မခံရသော မြက်ပင်ရှည်ရှည် ရိုင်းရိုင်းများ သာ ဖုံးလွှမ်း နေကြသည် ။
ဆယ်နှစ်နီးပါး ကာလ သက်တမ်း တွင် မြက်ရိုင်း ရှည်ရှည်တွေ ကို မိ ချစ်တတ် လာသည် ။ မြက်ရိုင်းပင် တွေ ကြား မှ တိုးဝှေ့ လာသော လေကလေးတွေ ၏ သီချင်း သီသံ ကို မိ ခံစား၍ ရလာ ခဲ့သည် ။ မြက်ပင်လေး တွေ ၏ လျှို့ဝှက်သိပ်သည်းမှု ကို မိ တွေးတောစ ပြုနိုင် ခဲ့သည် ။ မြက်ပင်များ ၏ ထိရှသော ခံစားမှု ကို လည်း မိ နှစ်သက်တတ် လာသည် ။ ဝတ်ဆံအဝါရောင် နှင့် ပုန်းညက်ပန်း ဖွေးဖွေး ကို အရွက်စိမ်းများကြား တွေ့ ရသော အခါ ခြံ ၏ လှပတင့်တယ်ခြင်း ပြည့်စုံခဲ့ လေပြီ ။
ကျဲပါးစွာ ရွာ နေသော မိုးရေ တို့သည် သိပ်သည်း ထူထပ် လာသည် ။ အနောက်ဘက် ကောင်းကင်စပ် တွင် ထင် လာခဲ့သော နီစွေးစွေး အရောင် သည် တဖြည်းဖြည်း ညိုမှောင် လာသည် ။ မိုးရေစိပ်စိပ်များ သည် ပြတင်း ပေါက် အနီး ရှိ စာရေးခုံပေါ်သို့ အဆက်မပြတ် ကျလာသည် ။ မိုးရေစက်များ သည် မိ မျက်နှာ သို့ တိုင် ထိမှန် လာသော် လည်း မိ နေရာ မရွှေ့မိပေ ။ လက် ထဲ မှ စက္ကူဘူးငယ် ၏ ထောင့်လေးများ ကို သေသပ် သွားစေရန် ကော် နှင့် ကပ် ပေးလိုက်သည် ။ အလည် လွန် နေသော စာကလေး တစ်ကောင် သည် အတောင် တဖျပ်ဖျပ် ခတ်၍ ဝင် လာသည် ။ အခန်း ထဲ တွင် မနားဘဲ အပြင် သို့ အပြေး ပျံထွက် သွား သည် ။ စာကလေးငှက် ၏ မြည်သံ သည် အခန်း ထဲ တွင် ခေတ္တမျှ ကျန်ရစ်ခဲ့လေသည် ။
စားပွဲ ပေါ် ရှိ ပန်းအိုး ထဲ မှ နှင်းဆီပွင့် ပန်းရောင်လေး ကို ခူး လိုက်ပြီး နောက်ဘက် သို့ စောင်းငဲ့ ကြည့်လိုက် သည် ။ ဒေါ်ကြီး များ လာ နေ မလားပဲ ။ ဒေါ်ကြီး သာ တွေ့ခဲ့ လျှင်တော့ သူ အလှပြင် ထားသော ပန်း ကို ခူးသည့် အတွက် မကျေမနပ် နှင့် ပြောမဆုံး ဖြစ် နေတော့မည် ။ ပန်းပွင့်ဖတ်များ ကို ဖဲ့ခြွေပြီး စက္ကူဘူးငယ် ထဲ သို့ ထည့် လိုက်သည် ။ ပွင့်ဖတ်လေးများ ကို ပြန့်ပြူးအောင် ဖြန့် ပေး ပြီးသောအခါ စားပွဲပေါ် မှ အဝါရောင် လိပ်ပြာသေလေး ကို ယူ၍ တင် လိုက်ရသည် ။ အပြစ် ရှိခဲ့တဲ့ သူ ဟာ ကောင်းမှု ကုသိုလ် လုပ်ပြီး မိမိ ရဲ့ အပြစ်တွေကို ချေဖျက် ပျက်ပြယ်အောင် လုပ်ရမယ် ။ မိ အခန်း ထောင့် တွင် ပုရွက်ဆိတ်များ ဝိုင်းအုံ နေသည့် လိပ်ပြာဝါလေး ကို မိ မနက် က ကောက်ယူ ထားခဲ့ခြင်း ဖြစ်သည် ။ သေနေသော အကောင်ငယ်များ ကို တွေ့ ရလျှင် သေတ္တာဘူးငယ် ထဲ ထည့် ၊ ပန်းပွင့်လေးတွေ ဖုံးပြီး မြက်ပင်လေးတွေ ကြား တွင် တွင်း တူး၍ မိ မြှုပ်နှံ နေကျ ဖြစ်သည် ။ တစ်ခါက လိပ်ပြာသေလေး တစ်ကောင် ကို မိ မြှုပ်ရန် ပြင်ဆင် နေစဉ် ဖေဖေ တွေ့ သွား၍ မိ ကို အော်ဟစ် ဆူပူခဲ့သည် ။ နောက်ပြီး လိပ်ပြာလေး ကို ပြတင်းပေါက် မှ နေ၍ မြက်ရိုင်းတော ထဲ သို့ လွှင့်ပစ်ခဲ့သည် ။ ဒါပေမဲ့ မိ ပြုနေကျ အပြုအမူလေးများ ကို မိ မစွန့်ပစ် နိုင်ခဲ့ပေ ။ အထူးသဖြင့် လိပ်ပြာလေးတွေ ကို ၊ မိ လိပ်ပြာလေးတွေ ကို ချစ်တတ်ခဲ့ သည်မှာ ကြာပြီ ။
ထိုနေ့က အိပ်မက် ထဲ တွင် သည်းသည်း ရွာ နေ သော မိုးရေများ ကြား၌ မိ တစ်ယောက် တည်း ပြေး နေရ သည် ။ အပြာ ပေါ် တွင် အဖြူရောင် ဘောလုံးလေးများ ပါသည့် မိ ၏ ဂါဝန်ပါးပါးလေးသည် မိ ကိုယ်ပေါ် တွင် စိုကပ် နေလေသည် ။ လေတွေ တဝေါဝေါ တိုက်ခတ် လာသည့် အခါ မိ မှာ ချမ်း လွန်း၍ ခိုက်ခိုက်တုန် လာ သည် ။ မိ နောက်က ကြောက်မက်ဖွယ် ကောင်းသော အသံတွေ ထက်ကြပ် မကွာ လိုက်ပါ လာလေသည် ။ မိ ဖေဖေ့ ကို အော်ခေါ်သည် ။ အသံ ထွက် မလာ ။ ဒေါ်ကြီး ကို အော်ခေါ် မိပြန်သည် ။ အသံ က ထွက် မလာ ။ မေမေ လို့ အော်ခေါ် မိစဉ်မှာပင် မိ လန့်နိုး လာသည် ။ အိပ်မက် ၏ အပြင်ဘက် တွင် မိုး သည် သဲသဲမဲမဲပင် ရွာသွန်း နေသည် ။ မပိတ် ထားခဲ့သော တံခါး မှ မိုး နှင့် လေ တွေ တွန်းတိုး ဝင် လာသည် ။ မိ တံခါး ကို ဆွဲ ပိတ် လိုက်သည် ။ မှန်ပြတင်း ကို ရိုက်ခတ် လာသော မိုးစက်များ ၏ အသံ သည် မြင်းခွာသံ လိုပင် ဆူညံ လှိုင်းထ နေလေသည် ။ မိုး ထစ်ချုန်း လိုက်သည့်အခါ ပြတင်းတံခါး မှန်တွေ တုန်ယင် အက်ကွဲ သွားသည် ဟု ထင်ရသည် ။ ဘယ်က ဝင်ရောက် လာသည် မသိသော လေ ကြောင့် မိ ၏ အခန်းဝ မှ ခန်းဆီး ပြာပြာ သည် ယိမ်းနွဲ့ လှုပ်ရှား နေလေသည် ။ ညအလင်း ရောင် ပြာမှိန်မှိန် အောက် တွင် မိ ၏ အခန်းငယ်လေး သည် ကြောက်စရာ ဂူပျက်ကြီး လိုပင် မည်းမှောင်ချောက် ချားဖွယ်ရာ ဖြစ်နေသည် ။ လှုပ်ရှား နေသော ခန်းဆီးပြာ သည် တစ္ဆေပုံပြင်များ ထဲ မှ မကောင်းဆိုးဝါး တစ်ကောင် နှယ် ။
မိ ခုတင် ပေါ် မှ ဆင်းပြီး အခန်းဝ သို့ ပြေးထွက်လာ ခဲ့သည် ။ မိ ၏ ညဝတ်အင်္ကျီ ရှေ့မှ တိုးရှသော အသံ ကို ပင် မိ တစ်ဖန် ပြန် ကြောက် နေသည် ။ မိ ၏ အခန်း ရှေ့က မိ ဒေါ်ကြီး ၏ အခန်း ကလည်း မည်းမှောင် တိတ်ဆိတ် နေလေသည် ။ ဒေါ်ကြီး အခန်း တစ်ဆစ်ချိုး ကို ကျော်လွန် လာသောအခါ အိမ်ခန်း တစ်ခုလုံး သည် မိ အခန်း နှင့် ခြားနားစွာ မီးများ ထိန်လင်း နေသည် ။ မိ သည် ဧည့်ခန်း ကို ဖြတ်၍ ဖေဖေ့ အခန်း ဆီသို့ တောက်လျှောက် ပြေးလာ ခဲ့သည် ။ ကြောက်ရွံ့ နေသော မိ ကို ဆီးပွေ့ ယူမည့် ဖေဖေ့ အစား သော့ခတ် ပိတ်ထားသော ဖေဖေ့ အခန်း ကို သာ မိ တွေ့ရလေသည် ။ မိ သည် ကြောက်ရွံ့ခြင်း ၊ အားကိုးရာမဲ့ခြင်း ၊ တုန်လှုပ်ခြင်း ၊ တမ်းတခြင်း ရောပြွမ်း ဖိစီးစွာဖြင့် ပိတ်ထားသော အခန်းတံခါး ကို ငေးမော ကြည့်နေမိ သည် ။ ဖေဖေ အိမ်သို့ ပြန် မရောက်လာသေး ။ မိုးခြိမ်းသံ တစ်ချက် ကျယ်လောင်စွာ မြည်ဟည်း လာသည် ။ မပိတ် ထားသော တံခါး ၏ ပြင်းထန်စွာ ရိုက်ခတ်သံ ကို ကြား ရသည် ။ မီးများ လင်း နေသော ဧည့်ခန်း ဆီသို့ မိ ပြန် လျှောက်လာခဲ့သည် ။ မျက်တောင်လေးများ မှေးစင်း နေ ဟန် မေမေ့ ဓာတ်ပုံ ရှိရာ ဗီရိုပုပုလေး ဆီသို့ မိ လျှောက် သွား နေမိသည် ။ မေမေ့ ဓာတ်ပုံ အောက် မှ လိပ်ပြာ အဝါလေး တစ်ကောင် ထပျံ သွားလေသည် ။ လူ ၏ လိပ်ပြာ ဝိညာဉ် ။ ဒေါ်ကြီး ခဏ ခဏ ပြောတတ်သည် ။ နောက် ဘဝ ၌ မေမေ သည် လိပ်ပြာလေး ဖြစ်နေသည် ထင်ပါ သည် ။ မိ လည်း နောက် ဘဝ တွင် လိပ်ပြာလေး ပဲ ဖြစ် ချင်ပါသည် ။ လိပ်ပြာလေး တွေ ကို မိ ချစ်သည် ။
မိ တို့ ခြံ သည် သူငယ်ချင်း လေးမော် တို့ ၏ ခြံ လိုသာ ပန်းတွေ ဖူးပွင့် နေလျှင် လိပ်ပြာလေး တွေ အများကြီး ပျံဝဲ ပျော်ရွှင် နေကြမည် ။ မိ တို့ ခြံ ထဲ တွင် လိပ်ပြာဝါဝါလေး များ ကို သာ တွေ့ ရတတ်သည် ။ လေးမော် တို့ ခြံ တွင်မူ လိပ်ပြာလေးတွေ ရောင်စုံ တွေ့ ရတတ်သည် ။
လေးမော် ၏ မွေးနေ့ ဖြစ်သည့် တစ်ရက် တွင် လေးမော် နှင့် လေးမော် ဖေဖေ က မိ ကို လာခေါ်၍ လေးမော် တို့ ခြံ သို့ မိ ရောက်ခဲ့ဖူးသည် ။ လေးမော် တို့ ခြံ တွင် ပန်း ရောင်စုံတွေ ဖူးပွင့် မွှေးပျံ့နေကြသည် ။ မိ တို့ ခြံ ထဲ တွင် ရှိသော မြက်ပင်ရှည်ရှည် တွေ လည်း မရှိပေ ။ လေးမော် တို့ ခြံ ထဲရှိ ပိတောက်ပင် အောက် တွင် ဖျာတွေ ခင်း၍ ထိုင်ကြ သည် ။ လေးမော် မေမေ ချက်ကျွေးသော မုန့်ဟင်းခါး ကို စားရသည် ။ မုန့်ဟင်းခါး စားပြီးသော အခါ ဆနွင်းမကင်း စားရသည် ။ ဆနွင်းမကင်း စားနေသော အခါတွင် လေးမော် ၏ ဖေဖေ က ဂစ်တာ တီးပြီး သီချင်း ဆိုပြသည် ။ ရေဒီယို မှ လာလျှင် မိ ကြိုက်သော သားတို့ သမီးတို့ နှင့် ဖေဖေကြီး သီချင်း ဖြစ်သည် ။ “ ဖေဖေကြီး .. ဖေဖေကြီး .... ဖေဖေကြီးကို ချစ်တယ် ” ဆိုသော နေရာ တွင် မိ တို့ အားလုံး ဝိုင်း အော်ဆိုကြသည် ။ “ သားတို့ သမီးတို့ စကားချိုတယ် ၊ ဖေဖေကြီး မှာ စိတ် မချမ်းသာပါတယ် ” ဟု သီချင်း ကို ဖျက် ဆိုသောအခါ မိ တို့ အားလုံး ရယ်ကြ ပြန်သည် ။ မိ တွင် ဖေဖေ နှင့် ဒေါ်ကြီး သာ ရှိသော်လည်း လေးမော် တွင် မူ ဖေဖေ လည်း ရှိသည် ။ မေမေလည်း ရှိသည် ။ ကိုကို လည်း ရှိသည် ။ မမမော် လည်း ရှိသည် ။ ညီမလေး ထွေးမော် လည်း ရှိလေသည် ။ ညီမလေး ထွေးမော် ရယ်လိုက်သော အခါ သူ့ ပါးလေး နှစ်ဖက် ၌ ပါးချိုင့် လေးတွေ ထင် လာသည် ။ ကြွေကျ နေသော သစ်ကိုင်းခြောက် ကို ကောက် ၍ မိ တို့ ကို လိုက် ရိုက် တတ်သည် ။ ပန်းကန် ထဲ တွင် ထည့် ထားသော ဆနွင်းမကင်း အတုံး လေးများ ကို ဆုပ်ချေပစ်ပြီး ရယ် နေတတ်သည် ။ လေးမော် မေမေ က ရိုက်ဟန် ပြုသော အခါတွင် ယိုင်ထိုး ယိုင်နဲ့ ပြေးရင်း လဲကျ လေသည် ။ လေးမော် မွေးနေ့ တွင် လေးမော် ဖေဖေ က ရောင်စုံခဲတံဘူး ဝယ်ပေးသည် ။ မေမေ က ဖဲကြိုးအနီရောင်လေး တစ်ခု ပေးသည် ။ ကိုကို က ပုံဆွဲစာအုပ် ပေးသည် ။ မမအေးမော် က ခဲတံလှလှလေး တွေ ခြောက်ချောင်း ပေးသည် ။ ဒေါ်ကြီး ကို လေးမော် မွေးနေ့ အကြောင်း ပြောခဲ့သည့် အခါ က ဒေါ်ကြီး က ဘိုမရုပ်လေး တစ်ရုပ် ကို လေးမော် အား ပေးရန် အတွက် ဝယ်ပေး ခဲ့သည် ။ တကယ့် ဆံပင်လေးတွေ လို လုပ်ထား သည့် ဘိုမရုပ်လေး ကို လေးမော် က အကြိုက်ဆုံး တဲ့ ။ မိ ကတော့ တစ်ခါမျှ မိ မွေးနေ့ မှာ လေးမော် ကို မုန့် မကျွေး ခဲ့ဖူးပေ ။ မိ လည်း ဖေဖေ့ ဆီ မှ ဒေါ်ကြီး ဆီ မှ မွေးနေ့လက်ဆောင် တစ်ခါမျှ မရခဲ့ဖူးပေ ။ မိ ကို မွေးခဲ့သည့် ဇူလိုင်လ ငါးရက် နေ့ မှာတော့ မိ တို့ အိမ် ၌ ဘုန်းကြီးများ ဆွမ်းကပ် လေ့ ရှိပါသည် ။ မိ အသက် ရှစ်နှစ် ပြည့်သော မွေးနေ့ က မေမေ ဆုံးတာ ရှစ်နှစ် ပြည့်တဲ့ နေ့ ဟု ဆွမ်းကျွေး သို့လာ သော မေမေ ၏ သူငယ်ချင်း ဆိုသော အန်တီဝေ ပြောခဲ့ ဖူးသည် ။
ထိုနေ့ က မိ သိပ် ပျော်နေခဲ့ သဖြင့် စကားတွေ အများ ကြီး ပြောခဲ့သည် ။ ဖေဖေ ၊ ဒေါ်ကြီး နောက်ပြီး တော်တော် များများ ပြောကြသည့် “ မိကြောင့် ” ဆိုသော အကြောင်း တွေ ကို လည်း ပြောဖြစ်သည် ။ လေးမော် မေမေက သူ့ အင်္ကျီပွပွ ကို လှန်ပြီး “ ညီမလေး ထွေးမော် ကို မေမေ့ ဗိုက် ထဲက ခွဲထုတ် မွေးခဲ့တာ ” ဟု ပြောသည် ။ ညီမလေး ထွေးမော် ကိုတော့ ထွေးမော် ကြောင့် ဟု အပြော မခံရပေ ။ ဦးဦးမော် က ရော အန်တီ က ရော လေးမော် တို့ ကပါ ဝိုင်း ချစ်ကြသည် ။ “ မေမေ့ သမီးလေး ကံကောင်းလို့ အသက် ရှင်ရတာ ” ဟု ထွေးမော် ပါးလေး ကို နမ်း ပြီး အန်တီ က မချင့်မရဲလေး ပြောသည့်အခါ မိ မျက်ရည် တွေ ဝဲလာ သည် ။ ထွေးမော် နှင့် မိ သည် လူ့ ဘဝ ထဲ သို့ ဆင်ဆင် တူတူ ရောက်ခဲ့ရပါလျက်နှင့် မိ ကျမှ ဘာလို့များ “ သည် ကောင်မလေး ကြောင့် ဆိုသည့် စကားကို ကြားရပါ သနည်း ။ မိ တွေး၍ မရနိုင်ပေ ။ ထွေးမော် က သူ့ မေမေ ဗိုက်မှ ခွဲစိတ်ရာ ကို “ မေမေ နာ .. နာ ” ဟု ပွတ်ပေး သော အခါ အားလုံးက ဝိုင်း ရယ်ကြသည် ။ မိ ကို မွေးခဲ့သော ကြောင့် ရှိနေမည့် မိ မေမေ ၏ ဝမ်းပြင် မှ ဒဏ်ရာ ကိုလည်း မိ ပွတ်သပ် ပေးချင်ပါသည် ။
မိ ကို ညစာ ထမင်း ကျွေးပြီး မှ လေးမော် ဖေဖေ က အိမ်ပြန် ပို့ပေးခဲ့သည် ။ လေးမော် တို့ အိမ် တွင် ထမင်း စားကြသော အခါ စားပွဲခုံ တွင် လူအပြည့် ဖြစ်သည် ။ မိ အတွက် ခုံ မရှိ၍ မမအေးမော် က သူ့ စာကြည့်စားပွဲ မှ ထိုင်ခုံကို သွား ယူ ပေးရသည် ။ မမအေးမော် ခုံ သွား ယူ နေစဉ် မမအေးမော် ၏ ပန်းကန် ထဲ မှ ထမင်းပုံ အောက် တွင် ဦးဦးမော် က ငရုတ်သီးစိမ်း အတောင့် သေးသေးလေး တစ်ခု ကို မြှုပ်ထား လိုက်သည် ။ မမအေးမော် ပြန် လာ၍ ထမင်း စားသော အခါ မိ တို့ အားလုံးက သိသော် လည်း မပြောကြပေ ။ ကျန်ရှိ သူတွေ က ထမင်း ကို ဟန် မပျက် စား နေနိုင်ကြ သော်လည်း မိ နှင့် လေးမော် က တိုးတိုးလေး ကျိတ်ရယ် နေကြသည် ။ “ မိ နဲ့ လေးမော် ထမင်း စားတုန်း မရယ်ရဘူး ” ဟု မမအေးမော် က ပြောပြီး ထမင်း စား လိုက်သောအခါ ငရုတ်သီး ကို ဝါးမိလေ သည် ။ ရေ သောက်လိုက် သကြားပုလင်း ထဲ မှ သကြား ယူပြီး စားလိုက် ဖြစ်နေသည့် မမအေးမော် ကို ကြည့်၍ မိ တို့ အားလုံး ဝိုင်း၍ ရယ်ကြသည် ။ မိ တို့ အိမ် မှာတော့ ထမင်း စားလျှင် မိ တစ်ယောက် တည်း သာ ဖြစ်သည် ။ စားပွဲထိပ် တွင် ထိုင်ပြီး ရှည်လျားပြီး လူ တစ်ယောက် မျှ မရှိသည့် စားပွဲခုံကြီး ကို ငေး ကြည့်ရင်း မိ ထမင်းစား နေကျ ဖြစ်လေသည် ။
“ မိ ရေ … မှောင် နေပြီ မီး မဖွင့်ဘူးလား ”
ဒေါ်ကြီး ၏ အသံ နှင့် အတူ ခန်းဆီး ကို တွန်းဖယ်သံ ကြားရသည် ။ စားပွဲ ပေါ်၌ ရှိနေသည့် လိပ်ပြာလေး ထည့် ထားရာ ဘူးကလေး ကို စာအုပ် တစ်အုပ် အောက်တွင် ဝှက်ထား လိုက်သည် ။ ဒေါ်ကြီး က မီးခလုတ် ကို ဖွင့်လိုက် သည် ။ အခန်း တစ်ခုလုံး သည် မီးရောင် အောက်တွင် တောက်ပ လင်းထိန် လာသည် ။ အိမ် အပြင် ဘက် တွင် မိုးသည်းထန်စွာ ရွာသွန်းဆဲ ဖြစ်သည် ။ ဒေါ်ကြီး ၏ ခြေသံ သည် မိ အနီးသို့ တိုးကပ် လာသည် ။ လိပ်ပြာဘူးလေး ပေါ် မှ စာအုပ်လေး ကို မိ မသိမသာ ဖိကိုင် ထားလိုက် သည် ။
“ မိ စာမကျက်ဘဲ မှောင်ကြီး ထဲ ဘာထိုင် လုပ်နေ တာတုံး ”
“ ဖေဖေ ပြန် မလာသေးဘူးလား ဒေါ်ကြီး ”
ဒေါ်ကြီး ၏ အမေး ကို ပြန် မဖြေဘဲ မိ က ပြန် မေး လိုက်သည် ။ အိပ်ရာ ပေါ် တွင် ခင်းထားသော အိပ်ရာခင်း အဖြူ ကို ရုပ်၍ ဒေါ်ကြီး က ခေါက် နေလေသည် ။
“ မိ အဖေ ဒီအချိန် ဘယ်တုန်းက ပြန်ရောက်ဖူး လို့လဲ ”
နေရာ ပျက်ယွင်း သွားသော ခေါင်းအုံးလေး တွေ ကို ပြန် စီစဉ်ရင်း ဒေါ်ကြီး က ခပ်ဆောင့်ဆောင့် ဖြေလေ သည် ။ ဖေဖေ နှင့် ပတ်သက်လျှင် ဒေါ်ကြီး သည် အလို မကျဟန် အမြဲ ရှိတတ်လှသည် ။ တစ်အိမ်တည်း နေသော် လည်း ဒေါ်ကြီး နှင့် ဖေဖေ သည် စကား ပြောခဲလှပါ သည် ။ ထို့အတူ ပင် မိ နှင့် ဒေါ်ကြီး ၊ မိ နှင့် ဖေဖေ သည် လည်း စကား ပြောဆိုခဲပါသည် ။ “ ဖေဖေကြီး ... ဖေဖေကြီး ၊ ဖေဖေကြီး ကို ချစ်တယ် ” ဟု ရေဒီယို မှ သီချင်းသံ နှင့် အပြိုင် သီဆို နေကြသော လေးမော် တို့ မောင်နှမ တစ်တွေ နှင့် လေးမော် ဖေဖေ့ ကို မြင်ယောင်ရင်း မိ မွန်းကျပ် လာပါ သည် ။
“ ဒီနေ့ ဖေဖေ လာတဲ့ ထိ မိ စောင့်နေမယ် ”
ဖေဖေ့ ကို မိ မတွေ့ဖြစ် ခဲ့သည်မှာ ကြာခဲ့ပြီ ။ မိ အိပ်ရာ ဝင်သည် ထိ ဖေဖေ ပြန် မရောက် ။ မိ အိပ်ရာ မှ ထ၍ ကျောင်း သွားရသည် ထိ ဖေဖေ အိပ်ရာ မှ မနိုးသေး ချေ ။ လေးမော် တို့ အိမ် မှာတော့ အိပ်ခါ နီးလျှင် မောင်နှမ တွေ စု၍ ဘုရားရှိခိုးကြရသည် တဲ့ ။ ခုတင်ကြီး ပေါ်တွင် လေးမော် တို့ မောင်နှမ တစ်တွေ စီတန်း အိပ်ကြ လျှင် လေးမော် ဖေဖေ က ခုတင် ဘေး တွင် ကု,လားထိုင် တစ်လုံး နှင့် ထိုင်ကာ ပုံ ပြောပြ တတ်သည် ။ “ မနေ့ က ဖေဖေ ပြောပြတဲ့ ပုံပြင် လေ ၊ သိပ် ကောင်းတာပဲ ။ အဲဒီထဲက မင်းသမီးလေး က သေသွားတော့ ငှက်ဝါကလေး ဖြစ်သွား ရောတဲ့ ။ သူ့ သားလေး ငိုသံ ကြားတော့ သူ က ပြတင်းပေါက် မှာ လာနားပြီး သီချင်းတွေ ဆိုပြတာတဲ့ ။ ငါ လေ မင်းသမီးလေး ကို သနားလို့ စောင်ကြီး ခေါင်းမြီး ခြုံပြီး ငို လိုက်ရတာ ” ဟု လေးမော် က ပြန် ပြောတတ်ပါသည် ။ “ နင် က ဘာလို့ တိတ်တိတ်ကလေး ငိုရတာလဲ ” ဟု မိ က မေးတော့ “ ပုံပြင် နားထောင်ပြီး တို့တွေ ငိုရင် ဖေဖေ က သိပ် စတာပဲ ။ ဖေဖေ မသိအောင် တိတ်တိတ်လေး ငိုရတာ ” ဟု ပြန်ဖြေပါသည် ။ မိ လည်း ဖေဖေ ပြောသည့် ပုံပြင် လေးတွေကို နားထောင်ပြီး စောင် ခေါင်းမြီး ခြုံကာ တိတ် တိတ်ကလေး ကျိတ်၍ ငိုဖူးချင်ပါသည် ။ မိ က လေးမော် လို မဟုတ်ဘဲ တစ်ယောက်တည်း သမီး ဆိုတော့ ဖေဖေ့ လက် မောင်း တွေ ကြား တိုးဝှေ့၍ ငိုနိုင်မည် ဖြစ်သည် ။ ဒါပေမဲ့ ဖေဖေ့ တွင် လေးမော် တို့ ဖေဖေ့ မှာ လို ပုံပြင် တွေ မရှိချေ ။ လေးမော် က တော့ ပုံပြင်တွေ အများကြီး သိလေသည် ။ သူ့ ဖေဖေ ပြောသော ပုံပြင်များ ကို ကျောင်း ရောက် လျှင် မိ အား ပြန်ပြောပြတတ်သည် ။ လေးမော် သိသည့် စနိုးဝှိုက် ၊ စင်ဒရဲလား ၊ မထွေးလေး ၊ မြွေမင်းသားလေး ၊ ဂျူဒါ တို့ ညီအစ်ကို တွေ ကို မိ အိပ်မက် မမက်ဖူးခဲ့ပါ ။ လေးမော် ပြန်ပြောပြခဲ့သည့် ကြက်ကလေး အီး ပေါက်၍ စဉ့်အိုးကြီး ကွဲသွားသည့် ပုံပြင်မျိုး ဖေဖေ သာ ပြောပြမည် ဆိုလျှင် မိ အားရပါးရ အော် ရယ်မိမှာ ဖြစ်သည် ။
“ စောင့်လို့ ဘယ်ဖြစ်မှာလဲ မိ ရဲ့ ။ မိ အဖေ က ရှစ်နာရီ ထိုး ပြီးရင် အိပ်ရမယ် ပြော ထားတာ ခုတောင် ခုနစ်နာရီခွဲ တော့မယ် ”
ဒေါ်ကြီး က စားပွဲတင်နာရီ ကို မယူ ကြည့်ပြီး ပြော လိုက်သည် ။
“ မိ ဖေဖေ့ ကို ပုံပြင် ပြောပြခိုင်းမလို့ ”
“ ကြံကြီးစည်ရာ မိ ရယ် ၊ ဟိုက ညဉ့်နက်သန်းခေါင် မှ ပြန်လာတဲ့ ဟာ ။ ဒေါ်ကြီး ပြောပြမယ်လေ ”
“ နေပါစေတော့ ဒေါ်ကြီး ရယ် ”
ဖေဖေ ပြောပြခဲ့ဖူးပါသည် ။ ဖေဖေ ပြောတာ ကို ကြားခဲ့ဖူးပါသည် ။ ပုံပြင် တော့ မဟုတ် ။ “ သူ ကျွန်တော့် အပေါ် မှာ သိပ်ညှာခဲ့တယ် မမရယ် ။ သူ့ ကို ကျွန်တော် မချစ်ပါဘူး ။ ခုထိလည်း မချစ်ဘူး ။ သနားတယ် ။ ကျွန်တော် ကလေး ချစ်တတ်လို့ မိ ကို သူ မွေးခဲ့တာ ၊ မိ ကို မွေးလို့ သူ ဆုံးရတာ ကျွန်တော် မိ ကို မကြည့်ချင်ဘူး မမ ရယ် ။ မိ ကို မြင်ရင် သူ့ ကို သတိရတယ် ။ ကျွန်တော့် မှာ အပြစ် မကင်း သလိုပဲ ။ သူ့ ကို နောက်ဆုံး ချိန်ထိ ကျွန်တော် ပစ်ထားခဲ့တယ် ။ နောက်ပြီး မိ က သူ့ ရုပ် သူ့ ပုံတူလိုပဲ ”
ပုလင်း နှင့် ဖန်ခွက်သံတွေ ရော နေသော စကား တွေ ကို မိ အိပ်ရာ မှ တစ်ရေးနိုး စဉ် ကြားခဲ့ရသည် ။ မိ နှင့် ကြာရှည် တွေ့ ရတိုင်း ညှိုးရော် သွားသော ဖေဖေ့ မျက်နှာ ကို မိ မြင်ယောင် ကြည့်မိသည် ။ ပြတင်းပေါက်တံခါး များ ကို ဒေါ်ကြီး ဆွဲ ပိတ်လိုက်သည် ။
“ မခင်လေး ကို ခဏ နေရင် နွားနို့ ပို့ခိုင်း လိုက်တော့ မယ် ။ သောက်ပြီး သွားတိုက် ၊ မျက်နှာသစ် ၊ ခြေလက် ဆေး ၊ ဘုရားရှိခိုး ပြီး မှ အိပ် ”
ဒေါ်ကြီး က ညတိုင်း ပြောနေကျ စကားများ ကို အရှည်အလျား ရေရွတ်ရင်း အပြင် သို့ ထွက်သွားလေ သည် ။ စာအုပ် အောက် မှ လိပ်ပြာဘူးလေး ကို ယူ၍ ဖွင့် လိုက်သည် ။ ပန်းပွင့်လွှာများ ကြားတွင် လိပ်ပြာငယ် သည် အိပ်မောကျ နေ သလိုပင် ။ ဂန္ဓမာပန်းဖြူဖြူတွေ ဝန်းရံ ထား သော မေမေ့ မျက်နှာ ကို မြင်ယောင် လာသည် ။ မေမေ ဆုံးတုန်းက ရိုက်ထားခဲ့တဲ့ ဓာတ်ပုံတွေ ။ မိ လက်ဖျား တွေ အေးစက် တုန်ယင် လာသည် ။ မိုးများ ဖုံးလွှမ်းသော ညမှောင်မှောင် ကို တုန်လှုပ်စွာ ငေးကြည့် နေမိ သည် ။ “ ကလေး အသက် နဲ့ အမေ့ အသက် လဲ ယူလိုက် ရတာ ”
“ မိ မေမေ ရဲ့ ကျေးဇူး က သူများ အမေ တွေ ထက် ကြီးတယ် ။ မိ ကို မမြင်ဖူးခဲ့ပေမယ့် မိ ကို မိ မေမေ က ချစ်ရှာတာ ။ ကလေး အသက် ကို ရအောင် ယူပါ ။ သူ သေ ချင် သေပါစေတဲ့ ” မိုးသံများ နှင့် ရောယှက်၍ ဒေါ်ကြီး အသံ ၊ ဘွားဘွား အသံ တို့ ကျယ်လောင်စွာ မြည်ဟည်း လာသည် ။ စားပွဲခုံစွန်း ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် ထားလိုက်သည် ။ မှန်ပြတင်း တွင် လာရောက် ရိုက်ခတ် နေသော ညမွှေးပန်းဖြူဖြူလေး ကို ငေးကြည့် မိသည် ။ မိ မှာ အပြစ် ရှိတယ် ။ မိ အပြစ်တွေ တဲ့ ၊ မိကြောင့် တဲ့ ။ မိ ဘာလုပ်ပေးခဲ့ရင် အပြစ်တွေ ပျောက်သွား မှာလဲဟင် ”
“ မိ ”
မခင်လေး ဝင်လာပြီ ။ မိ နို့ သောက်ရတော့မည် ။
“ မိ သောက် ပြီးရင် မခင်လေး ကို ခေါ်လိုက်နော် ”
နို့ဖန်ခွက် ကို မိ ရှေ့စားပွဲ ပေါ်တွင် တင်၍ မခင်လေး က ပြောလိုက်သည် ။
“ ဟင့်အင်း .. နေဦး မမခင်လေး ၊ မိ မသောက် ချင်ဘူး ။ မမခင်လေး သောက်လိုက်ပါ ”
“ မသောက်လို့ ဘယ် ဖြစ်မှာလဲ မိ ရဲ့ ။ မမခင်လေး သောက်တာ သိရင် မမကြီး က မမခင်လေး ကို ဆူ မှာပေါ့ ”
“ မမခင်လေး သောက် လိုက်ပါဆို မိ မပြောရင် ဒေါ် ကြီး လည်း မသိပါဘူး ”
“ မခင်လေး မှ နွားနို့ မကြိုက်တာ မိ ရဲ့ ”
“ နေပေါ့ ”
မိ က နွားနို့ဖန်ခွက် ကို ကောက် ကိုင်ပြီး ပြတင်းပေါက် ကို ဖွင့်၍ အပြင် သို့ လှမ်း ပက် လိုက်သည် ။ မိုးရေစက်များ သည် ညမွှေးပန်းကိုင်း မှ ကျော် ၍ အခန်း ထဲ သို့ ဝင် လာသည် ။ တံခါး ကို ဆောင့် ၍ မိ ပိတ်လိုက်သည် ။
“ မိ တော်တော် ဆိုးနော် ၊ ကိုကိုကြီး နဲ့ တိုင်ပြောလိုက် မယ် ”
ပြောပေါ့ ။ ပြောလို့ ဖေဖေ က ဆူ လည်း ဆူပေ့စေ ပေါ့ ။ ရိုက်ချင် လည်း ရိုက်ပေ့စေပေါ့ ။ ဖေဖေ မိ ကို ဆူလည်း ဆူစေ ချင် ပါသည် ။ ရိုက် လည်း ရိုက်စေ ချင် ပါသည် ။ ဖေဖေ ဆူလို့ ရိုက်လို့ စိတ်ကောက်ပြီး ငိုတဲ့ အခါ ဖေဖေ က ချော့စေချင် ပါသည် ။ မနက် ၆ နာရီ အိပ်ရာ ထ စာကျက် ၊ ညနေ ၅ နာရီ ထမင်းစား ၊ ည ၈ နာရီ အိပ်ရာဝင် ဆိုတဲ့ စကားတွေ ကို စားပွဲ ရှေ့ မှာ ကပ် ထားသည့် စက္ကူ မှာ မဟုတ်ဘဲ ဖေဖေ့ နှုတ်ဖျား တွင် သာ ရှိစေချင် ပါသည် ။
“ မိ အိပ်တော့မယ် ... မမခင်လေး ”
နို့ဖန်ခွက် ကို ကောက်ယူ နေသော မမခင်လေး က အိပ်ရာ ပေါ် တက် လိုက်သော မိ ကို လှည့် ကြည့်ရင်း ..
“ သွားတိုက် ၊ ခြေလက် ဆေးချေဦးလေ မိ ရဲ့ ။ မိ ဖေဖေ သာ သိရင် ... ”
“ မိ မှ မလုပ်ချင်တာ ”
မခင်လေး ကို ဖြတ် အော် ပြောရင်း မိ မျက်ရည်တွေ ဝေ့ဝဲ လာသည် ။ ဖေဖေ သိရင် ဖေဖေ သိရင် သည် စကား တွေ ကို မိ မုန်းပါသည် ။ ဖေဖေ ကိုယ်တိုင် သည် စကား တွေ ကို မိ ကို ပြောလှည့်ပါလား ။ မိ မျက်ဝန်း မှ မျက်ရည် တွေ ကို မခင်လေး မမြင်အောင် တစ်ဖက် သို့ မျက်နှာ လှည့်လိုက်သည် ။
“ ကောင်မလေး ကို က ဂျစ်ကန်ကန် နဲ့ ၊ လူကြီး က ကောင်းတာ လုပ်ပေးရင် သူ က ကလန်ကဆန် လုပ်ပြီ ”
မခင်လေး က ပါးစပ် မှ တီးတိုး ရေရွတ်ရင်း ခြင်ထောင် ကို ဆွဲချ လိုက်သည် ။ အနားစတွေ ကို မွေ့ရာ အောက် သို့ ထိုးထည့်ရင်း မိ မျက်နှာ ကို လှမ်း ကြည့်သည် ။ မိ က စောင် ကို ခေါင်း အထိ အုပ်အောင် ဆွဲ ခြုံပြီး မခင်လေး ၏ စကားတွေ ကို မကြားချင် ယောင် ဆောင် နေမိ သည် ။ မခင်လေး ၏ စကားတွေ က မိ အတွက် ရိုးနေ ခဲ့ပြီ ။ တစ်ခါတလေ ‘ ဂြိုဟ်ကောင်မလေး ’ လို့ လည်း ခေါ် တတ်သည် ။ ပန်းတွေ ခပ်များများ ပန်ပြီး နှုတ်ခမ်း ကို နီရဲ နေအောင် ဆိုး တတ်သည့် ဒေါ်ကြီး ၏ ဧည့်သည် မိန်းမကြီး က တော့ “ သည် ကလေး က ခိုက်တယ် ထင် တယ် ။ သူ့ မွေး လို့ အမေ လည်း သေရ ၊ အဖေ လည်း စီးပွား ပျက်ပြီး အရက်သမား လုံးလုံး ဖြစ်ရတော့ တာပဲ ” တဲ့ ။ သိပ် မုန်းစရာ ကောင်းတဲ့ မိန်းမကြီး ။ ဖိနပ် ချွတ် မှာ ချွတ် ထားသည့် သူ ၏ ဒေါက်မြင့်ဖိနပ် ကို မြက်တော ထဲ သို့ မိ လွှတ်ပစ်ခဲ့သည် ။ ဖိနပ် ရှာ မရ၍ ဒေါ်ကြီး ၏ ဖိနပ်အဟောင်း ကို မတော်တရော် စီး သွားရသောအခါ မိ အခန်း ထဲ ဝင်၍ တစ်ယောက် တည်း ရယ် ပစ်လိုက် သည် ။ ဒေါ်ကြီး က လည်း စိတ်ဆိုးသည့် အခါတွင် မိ ကို အဇာတသတ် တဲ့လေ ။ လေးမော် တို့ ဖေဖေ က ပြောတော့ အဇာတသတ် ဆိုတဲ့ လူ က သူ့ အဖေ ကို သ,တ်တာတဲ့ ။
ကြောက်စရာ ကောင်းတယ်နော် ။ ဘာလို့များ ကိုယ့် အဖေ ကို သ,တ်တာပါလိမ့် ။ ဦးဦးမော် က တော့ ထီးနန်း လိုချင် လို့တဲ့ ။ ထီးနန်း ဆိုသည့် အရာ သည် ကိုယ့် အဖေ ကို သ,တ်ရလောက်အောင် လိုချင်စရာ ကောင်း နေမလား ။ မိ မသိ ။ မိ ကို ဘာကြောင့်များ အဇာတသတ် လို့ နှိုင်း ပြောရသလဲ ။ မိ ထီးနန်း လည်း မလိုချင်ပါ ။ မိ ထီး တောင် မလိုချင်ခဲ့ ။ ဖေဖေ့ ကို မပူဆာခဲ့ ။ နောက်ပြီး မိ ဘယ်သူ့ ကို မှလည်း မသ,တ်ရဲပါဘူး ။ လိပ်ပြာလေးတွေ ကို ပင် မိ မသ,တ်ပဲ ။ ဒေါ်ကြီး က မှ ပုရွက်ဆိတ် လည်း သ,တ်သည် ။ ပိုးဟပ် လည်း သ,တ်သည် ။ ဒါပေမဲ့ ဒေါ်ကြီး တို့ကတော့ မေမေ သေရတာ မိ ကြောင့် တဲ့ ။ ဟုတ်တယ် ၊ ဒေါ်ကြီး လည်း ပြောတာပဲ ။ မခင်လေး လည်း ပြောဖူးတယ် ။ အန်တီဝဝကြီး လည်း ပြောဖူးတယ် ။ မိ တို့ ဆီ တစ်ခါ တစ်ခါ လာ လည်တဲ့ ဘွားဘွား နဲ့ ဘိုးဘိုး ကတော့ မပြော ဖူးပါဘူး ။ အို …. မေ့ နေလို့ ၊ ဖေဖေ က လည်း ပြောခဲ့တာ ပါပဲ ။
ထို ည တစ်ည ကိုတော့ မိ မှတ်မိ နေပါသည် ။ ထိုနေ့ ညနေ ကပင် မိ တို့ အိမ် တွင် လူတွေ အများကြီး ရောက် နေ ကြသည် ။ နောက် တစ်နေ့ မိတို့ အိမ် ၌ ဘုန်းကြီး ဆွမ်းကျွေးမည် ဟု မမခင်လေး က ပြောသည် ။ နောက်ပြီး နက်ဖြန် မိ အသက် ရှစ်နှစ် ပြည့်ပြီ ဟုလည်း ပြောပါ သည် ။ ဆွမ်းကျွေးမည် ဆိုသော စကား ကို မိ စိတ်မဝင် စားလှသော်လည်း ဒေါ်ကြီး ၊ မခင်လေးတို့ ဖြင့်သာ တိတ်ဆိတ် ခြောက်သွေ့ နေတတ်သော အိမ် တွင် ဧည့်သည် တွေ ဖြင့် ဆူညံစည်ကား နေသည် ကို တော့ မိ နှစ်သက်ပါ သည် ။ နောက်ပြီး ဖေဖေ လည်း နေ့လယ် ကတည်း က အိမ်ပြန် ရောက်နေခဲ့သည် ။ ဒေါ်ကြီး ၊ မခင်လေး နှင့် ဧည့်သည် မိန်းမကြီး တွေ က နောက်ဖေး မီးဖိုခန်း ထဲ တွင် အလုပ် များ နေကြသည် ။ ဖေဖေ က ဖေဖေ့ သူငယ်ချင်း တွေ နှင့် ဧည့်ခန်း ထဲ ၌ အရက်ဝိုင်း ဖွဲ့ သောက် နေကြပါ သည် ။ မိ က တော့ မိ အခန်း ထဲ မှာ တိတ်တိတ်လေး ထိုင် နေခဲ့သည် ။ မိ ပုံ ကို မိ မှန် ထဲ မှာ ကြည့်ရင်း နက်ဖြန် အသက် ရှစ်နှစ် ပြည့် လာသည့် အခါ မိ ဘယ်လို ဖြစ်လာ မှာလဲ ဟု မိ တွေးကြည့် နေမိသည် ။ မိ အရပ် ပို ရှည်လာ မည်လား ။ မိ ဆံပင်တွေ ပို ရှည်လာမည်လား ။ မိ အင်္ကျီ တွေ ပို ကျပ်သွားမည်လား ။ လေးမော် က မိ ထက် အရင် ရှစ်နှစ် ပြည့်သည် ဟု လေးမော် ပြောခဲ့ဖူးသည် ။ ဒါပေမဲ့ လေးမော် အရပ် လည်း ရှည် မလာပါ ။ အင်္ကျီအဟောင်း တွေ လည်း ကျပ် မသွားပါ ။ မိ ဘာသာ မိ သိရအောင် နက်ဖြန် အထိ သည်နေ့ ဝတ်ထားသော အင်္ကျီလေး ကို ပင် ဝတ်ထားမည် ဟု မိ တွေးနေစဉ် မှာပင် မခင်လေး ရောက်လာခဲ့ပြီး “ ဖေဖေ က ခေါ်နေတယ် ” ဟု ပြောလေ သည် ။
ဖေဖေ့ ကု,လားထိုင် နား ရောက်သည် အထိ မိ မဝံ့မရဲ လေး တိုးကပ် သွားမိသည် ။ ဖေဖေ က မိ ဘက် သို့ တစ်ချက် လှည့် ကြည့်၍ သူ့ ဘေးနား ရှိ ထိပ်ပြောင်ပြောင် နှင့် ဦးဦး အား ...
“ ကိုမင်းဦး မွေးပေးတဲ့ သမီး လေ ”
ထိပ်ပြောင်ပြောင် ဦးဦး နှင့် အတူ ကျန်သည့် လူကြီး တွေ က ပါ မိ ကို ဝိုင်း ကြည့်ကြသည် ။
“ ………နောက်ဆုံး မှ ကလေး ကို ခွဲထုတ် ယူ လိုက်ရတယ် ။ နည်းနည်း နောက်ကျ သွားရင် ကလေးပါ မရှင်နိုင်တော့ဘူး ”
မိ ကောင်းကောင်း နားမလည် တာမို့ အင်္ဂလိပ် လို ရော ပြောလိုက်မှန်း သိလိုက်သည် ။
“ မြွေပွေးလေးတွေ လေ အမေ့ ဗိုက် ကို ဖောက်ထွက် မွေး လာပြီး မြွေပွေးမလေး သေရော ၊ ကျွန်တော် ခဏခဏ တွေးမိတယ်ဗျာ ။ ဒီလို သဘောမျိုးပဲ ”
အရက်သံ ကြောင့် စကား လေးလေးကြီး ကို ဖေဖေ ပြောတာ မဟုတ်ပါဘူး ဟု မိ တွေးရင်း လှုပ်ရှား နေသော ဖေဖေ့ နှုတ်ခမ်းတွေ ကို မိ ငေးကြည့် နေမိခဲ့သည် ။ မြွေ တွေ လို မိ က မေမေ့ ဗိုက် ကို ဖောက်ထွက် လာတာတဲ့ ။ လေးမော် မေမေ့ ဗိုက် က မျှော့ကြီး တစ်ကောင် လို တွန့်နေ သည့် ခွဲစိတ်ရာကြီး ကို မြင်ယောင်လာသည် ။ မဟုတ်ပါ ဘူး မေမေ ရယ် ၊ မိ ကြောင့် မဟုတ်ပါဘူး ။
“ သမီး နာမည် ဘယ်သူလဲ ”
ဦးဦး တစ်ယောက် က မိ လက်မောင်း ကို ဖမ်းကိုင် ရင်း မေးလိုက်သည် ။ မိ က နောက်ကို တစ်လှမ်း ဆုတ် လိုက်ရင်း ‘ မိ ’ ဟု ခပ်တိုးတိုး ဖြေသည် ။ ထို ဦးဦး က မကြား ။
“ မိ လို့ပဲ သူ့ ကို နာမည် ပေးထားတယ် ။ သူ နဲ့ သူ့ အမေ နဲ့ လဲယူခဲ့ရတာ ကို အမှတ်တရ ”
ဦးဦး ကိုင်ထားသည့် မိ ၏ လက် ကို ရုန်းယူ လိုက်ပြီး နောက် ဒေါ်ကြီး တို့ ရှိရာ ဘက် ဆီ ပြေးထွက် လာခဲ့သည် ။ ဖေဖေ တို့ စားပွဲ ပေါ်မှ မိ စားချင် နေသော ဝက်အူချောင်းကြော် ကို လည်း မိ မေ့သွားပြီ ။
“ ကလေး က လူ ကြောက်တယ် နော် ”
ဦးဦး တစ်ယောက် ၏ စကားသံ က နောက်ဘက် မှာ ဝေးကျန်ရစ်ခဲ့သည် ။ ကြက်သွန်နီဥတွေ အခွံနွှာ နေသော ဒေါ်ကြီး နား မိ ရပ်လိုက်သည် ။
“ ဒါ မိ ရဲ့ သမီးလေး လား ၊ တော်တော်တောင် ကြီးလှပြီ ။ အင်းလေ .. မိ ဆုံး တာတောင် ရှစ်နှစ် ပြည့်ပြီပဲ ”
“ ကလေး က သူ့ အမေ နဲ့ တစ်ပုံစံတည်း ပဲနော် ။ အင်း ... မိ က ရုပ်လေး လှသလောက် စိတ်ရင်း ကောင်းရှာ ပါတယ် ။ မိဘ ပေးစားလို့ ယူခဲ့ရပေမယ့် မောင်ဝေလွင် ကို ချစ် လည်း ချစ်ရှာတယ် ။ အနစ်နာ လည်း ခံတာပါပဲ ။ မောင်ဝေလွင် မူးရူးပြီး ပြောသမျှ ဆိုသမျှ ကြိတ်မှိတ် ခံခဲ့ရှာတာ ”
“ ဟုတ်တယ်နော် ၊ မိခင်စိတ် လည်း ရှိတဲ့ ကလေးမ လေးပဲ ။ ကလေး မယူသင့်ဘူး လို့ ဆရာဝန်တွေ က ပြောကြ ၊ တားကြရက်နဲ့ ”
ဒေါ်ကြီးတို့ နား ကနေ မိ ပြန်လှည့် ထွက်ခဲ့သည် ။ ဖေဖေ တို့ ၏ ပြောဆိုသံတွေ ၊ ဒေါ်ကြီးတို့ ၏ စကားသံတွေ သဲ့သဲ့ ကြား နေရသည့် အခန်းလေး ထဲမှာ မိ တစ်ယောက် တည်း ငိုနေခဲ့သည် ။
မိ စဉ်းစားရင်း မျက်ရည်တွေ ရစ်ဝဲ လာသည် ။ မိ မေမေ့ ကို မသ,တ်ပါဘူး မေမေ ရယ် ။ မေမေ့ ကို မိ မြင် တောင် မမြင်ဖူးခဲ့တာ ။ မိ ကြည့်ခဲ့ဖူးသည့် ရုပ်ရှင် ထဲ မှ မိန်းမ တစ်ယောက် ကို ခေါင်းအုံး ဖြင့် ဖိသ,တ် နေသော လူဆိုးပုံ ကို မြင်ယောင် လာသည် ။ မိ လေ လိပ်ပြာလေး တွေ ကို တောင် မသ,တ်ခဲ့ပါဘူး ။ မနက် က တွေ့ ရတဲ့ လိပ်ပြာလေး က လည်း သူ့ ဘာသာ သေနေတာပါ ။
‘ မိ ’ လို့ မိ ကို တစ်ယောက် ယောက် က ခေါ်လိုက်ရင် မိ သိပ် ငိုချင်တာပဲ ။ မေမေ့ နာမည် လည်း ‘ မိ ’ တဲ့ ။ မိ လို့ အခေါ် ခံလိုက်ရသည့် ခဏလေး တွင် မိ ဖျတ်ခနဲ မေမေ့ ကို မြင်ယောင် လိုက်မိသည် ။ မိ ၏ မိ ဆိုသည့် နာမည် သည် မေမေ့ ကို အမှတ်တရ မဖြစ်စေခဲ့ပဲ မိ အား အပြစ် ရှိသူ ၏ စိတ်နှလုံး လို သေးသိမ် ဝပ်စင်း သွားစေတာ ကို မိ ၏ ဖေဖေ မသိနိုင်ခဲ့ပေ ။
ဆူညံ နေသော မိုးရွာသံများ ရုတ်ခြည်း ရပ်စဲ သွား သည် ။ လိပ်ပြာလေး ကို မြှုပ်ရန် မိ သတိရသည် ။ သို့သော် မှောင်နေပြီ ဖြစ်၍ ခြံ ထဲ ကို မဆင်းနိုင်တော့ ။ ဒေါ်ကြီး သည် တစ်ခါက ရေကန် ထဲ ကျလာသော စာ ကလေး တစ်ကောင် အား ဆယ်တင် ခဲ့သည် ။ ဒေါ်ကြီး ၏ လက် ထဲမှ စာကလေး ပျံသွားသည့် အခါတွင် ဒေါ်ကြီး က ‘ နင့်အသက် တစ်ခါ လွှတ် ငါ့ အသက် ဆယ်ခါ လွှတ် ’ ဟူ၍ ဆုတောင်းပါသည် ။ မိ ပန်းများနှင့် အတူ မြှုပ်နှံ ပေးခဲ့သော လိပ်ပြာလေးများ သည် နောင် ဘဝ ၌ မေမေ နှင့် တွေ့ စေရန် မိ ဆုတောင်း လိုက်သည် ။
မျက်ခွံ ကို အတင်း မှိတ်ထား သော်လည်း မိ အိပ် မပျော်ခဲ့ ။ တစ်ခါတစ်ခါ ညဉ့်နက် ထိ တိုင်အောင် အိပ် မပျော်ဘဲ ဖြစ်နေတတ် ခဲ့သည် ။ ထိုအခါတွင် မိ ၏ အခန်းပြာပြာလေး သည် ကျပ်တည်း မည်းမှောင် လာ သည်ဟု မိ ထင်လာခဲ့သည် ။ ညတိတ်ဆိတ်ခြင်း ၏ ဆူညံမှု ကို မိ ကြားယောင် ရင်း ခံစားရင်း ဖြင့် မိ တစ်ယောက် တည်း ငို နေမိတတ်သည် ။ လေးမော် ဖေဖေ ဦးဦးမော် က အိပ် မပျော် လျှင် တစ်နှစ်သုံးလေး စိတ် ထဲမှာ ရေ နေရတယ် ဟု ပြောခဲ့ဖူးသည် ။ မိ စိတ် ထဲ မှ နေ၍ ဂဏန်း တွေ တစ်လုံးချင်း ရွတ်ဆို နေမိသည် ။ တစ်နှစ်သုံးလေး အသံများ သည် ဝေးလိုက် နီးလာလိုက် ။ မှိတ်ထားသော မျက်စိ ထဲ တွင် တွေ့ ရသည့် စာလုံးများ သည် ကြီး လာ လိုက် ၊ သေးငယ် သွားလိုက် ။ လိပ်ပြာရောင်စုံလေးတွေ က တောင်ပံ တဖျပ်ဖျပ် ခတ် နေကြသည် ။
ဆူညံသော အသံ တစ်ခု ကြောင့် မိ မျက်လုံးများ ဖွင့် ကြည့်မိသည် ။ မီးရောင် ပြာလဲ့လဲ့ အောက် တွင် မိ ၏ အခန်းလေး မှာ တိတ်ဆိတ် နေသည် ။
“ ဖြည်းဖြည်းလုပ်ပါ ဝေလွင် ရယ် ။ ကလေး နိုးသွား ပါ့မယ် ”
ဒေါ်ကြီး ၏ စကားသံ တိုးတိုး ကြားရသည် ။ မိ အိပ်မက် မက် နေခြင်း မဟုတ်ပေ ။ ဖေဖေ့ စကားသံ ကို လည်း ကြားရသည် ။ တိတ်ဆိတ်သော ည တွင် ဖေဖေ့ အသံ သည် ဆန့်ကျင်စွာ ပေါ်ထွက် လာခဲ့သည် ။
“ မင်း ဘဝ မှာ သည် အရက် နဲ့ မိန်းမ တွေ နဲ့ ပဲ ဖျက်ဆီး ပစ် ”
“ ကျွန်တော့် ဘဝ က ဘယ်လောက် ငြီးငွေ့စရာ ကောင်းလဲ မမ ရယ် ။ နောက်ပြီး ကျွန်တော် နေလို့ ရသလို နေပါရစေ ”
“ ......နောက် အိမ်ထောင် ပြုမယ် ဆိုရင် ဝါဝါကျော် ဟာ ခုထိ မင်း အပေါ် မှာ... ”
“ ကျွန်တော့် ကြောင့် မိ ရောဂါ ပို ဆိုးလာတယ် ။ ကျွန်တော့် ကြောင့် မိ ဆုံးခဲ့တယ် ။ အားလုံးက ဒီလိုပဲ ပြောခဲ့ကြတယ် ။ နောက် သမီး မိ ကလည်း ရှိသေးတယ် ။ ဝါဝါ့ အပေါ် မှာ ကျွန်တော့် ကြောင့် ဆိုတဲ့ ဘဝ အပြစ် တစ်ခု မရချင်တော့ဘူး မမ ရယ် ။ ကျွန်တော် နေတတ် သွားပါပြီ ၊ နေလို့ ရပါပြီ ”
ခြင်ထောင် ကို မ၍ မိ ငုံ့ ထွက် လိုက်သည် ။ ခြေဖျားလေး ဖြင့် ကြမ်းပြင် ကို ကုပ်တွယ် ထားမိသည် ။ မိ လက်မလေး ကို သွား များဖြင့် ဖိကိုက် ထား လိုက်သည် ။ အခန်း ၏ မျက်နှာကြက် ဆီ မှ အိမ်မြှောင် တစ်ကောင် ၏ စုတ်ထိုးသံ ကို ကြားရသည် ။
“ မိ ကြောင့် မိ အတွက် နဲ့ ကျွန်တော့် ဘဝ ပျက်စီး ဆုံးရှုံးခဲ့ရတယ် ။ သူ့ သမီး အတွက် တော့ ခြောက်သွေ့ တဲ့ ကျွန်တော့် ဘဝ ကို အသက် ရှည်ရဦးမှာပေါ့ ”
ရယ်စရာ စကား မဟုတ် သော်လည်း စကား အဆုံး တွင် ဖေဖေ က အော် ရယ် လေသည် ။ ဖေဖေ့ စကား အလုံးစုံ မိ နားမလည် ။ ဒါပေမဲ့ မိ ၏ မျက်လုံးအိမ် ထဲ မှ မျက်ရည်များ လျှံကျ လာသည် ။ မိ အတွက် မေမေ သေခဲ့ ရတယ် ဆိုတာ အမြဲတမ်း အမှတ်ရ နေဖို့များ ‘ မိ ’ လို့ နာမည် ပေးခဲ့တာလား ။
••••• ••••• •••••
ဖေဖေ့ ကို ပြောပြစရာ စကားများ ဖြင့် မိ ၏ အိမ် အပြန် ခရီး မှာ လေးလံလျက် ပေါ့ပါးသွက်လက် နေသည် ။ လေးမော် ဖေဖေ က မိ တို့ ကို ဘုရားကြီး သို့ လိုက် ပို့ပေး သည် ။ မန္တလေးတောင် သို့ လည်း လိုက် ပို့ပေးသည် ။ မိ ၊ လေးမော် တို့ မောင်နှမတွေ အပြင် လေးမော် တို့ အိမ် နား က လေးမော် တို့ သူငယ်ချင်း တွေ လည်း ပါသည် ။ မန္တလေး တောင်ခြေ ရှိ ဦးဦးမော် အသိ ဘုန်းကြီး တစ်ပါး က “ ဒကာကြီး လေ့လာရေးခရီး ထွက်လာတာလား ” ဟု မေးခဲ့ သည် ။ “ တပည့်တော် မွေးနေ့ပါ ” ဟု ဖြေပြီး လေးမော် တို့ ဖေဖေ က ရယ် နေသည် ။ မလေးမော် ဖေဖေ သည် ကလေး တွေ ကို သိပ် ချစ်တတ်သည် ။ ကလေးတွေ ကလည်း လေးမော် ဖေဖေ ကို သိပ် ချစ်ကြသည် ။ မိ ဖေဖေ တွင် မူ ဖေဖေ ကို ချစ်သည့် ကလေးတွေ မရှိပေ ။ လေးမော် တို့ ကရော လေးမော် ဖေဖေ က ပါ မိ ကို မိ လို့ ခေါ်ကြသော် လည်း အိမ် မှာ လို မိ စိတ် ထဲ ဝမ်းနည်း နစ်မွန်း မနေခဲ့ပေ ။
ဧည့်ခန်း ထဲ သို့ ဝင် လိုက်သောအခါ မိ အံ့ဩ ဝမ်းသာ သွားသည် ။ ဧည့်ခန်း ထဲ တွင် တစ်ယောက်တည်း ထိုင် နေသော ဖေဖေ့ ကို တုန်လှုပ် ပျော်ရွှင်စွာဖြင့် မိ ရပ် ကြည့် နေမိသည် ။ ဖေဖေ က လက် တစ်ဖက် တွင် ဖန်ခွက် တစ်ခု ကို ကိုင်ပြီး စာဖတ် နေသည် ။ တံခါးဝ တွင် နေရာ မရွှေ့မိဘဲ မိ တွေငေးငေးလေး ရပ် နေမိသည် ၊ မိ ၏ အရိပ် ကို မြင်၍ထင့် ၊ ဖေဖေ က ဖြည်းဖြည်း မော့လိုက်သည် ။ ငေးငေးလေး ကြည့် နေသော မိ ကို တွေ့လိုက်ရ သော် လည်း ဖေဖေ့ မျက်နှာ သည် အပြောင်းအလဲ လှုပ်ရှားမှု ကင်းမဲ့လှသည် ။ ဖန်ခွက် ကို နှုတ်ခမ်းတွင် တေ့၍ မော့ သောက် လိုက်သည် ။ မိ ဖေဖေ့ နား သို့ တစ်လှမ်းချင်း တိုးကပ် လာမိသည် ။ ခန်းဆီးရှည် ကို လေ ဖြတ်သန်းသွား သည့် အသံများ ကြား ရသည် ။ အဝေး ဆီ မှ ငှက်ငယ် တစ်ကောင် ၏ အော်မြည်သံ ကို ကြား လိုက်ရသည် ။ ကျောင်း ဆုပေးပွဲ တွင် ဆုသွား ယူ နေစဉ် က လို မိ တုန်ယင် မောဟိုက် လာသည် ။
“ ဖေဖေ ”
ဖေဖေ က မိ ဘက် သို့ ငဲ့ ကြည့်သည် ။ ဖေဖေ့ ကို ပြောရန် စီစဉ်ထားသော စကားတွေ ကို မိ မေ့ သွားသည် ။ လက် ထဲ တွင် ကိုင် ထားသော ပန်းရောင် နှင်းဆီပန်းစည်း ကို တင်းတင်း ဆုပ်ကိုင် ထားလိုက်သည် ။
“ ဘာလဲ .. ဘာပြောစရာ ရှိလို့လဲ ။ ပြောစရာ ရှိရင် ရဲရဲ ပြောလေ ။ ဒီလို တွန့်ဆုတ်ဆုတ် လုပ်တာ ဖေဖေ မကြိုက်ဘူး လို့ ပြောထားတယ် မဟုတ်လား ”
ဖေဖေ သည် လက် ထဲ မှ ဖန်ခွက် ကို စားပွဲခုံ ပေါ် သို့ အသံ မြည်အောင် ချ လိုက်သည် ။ မိ ဖေဖေ့ ကို မော် ကြည့် လိုက်သည် ။ နောက် မိ ကြိုးစားပြီး အသံ ထွက် ကြည့်သည် ။
“ ဟို ... ပန်းတွေ ”
“ ပန်းတွေ က ဘာလုပ်ဖို့လဲ ”
မိ ၏ နှလုံးခုန်သံတွေ ပိုမို မြန်လာသည် ။ နှင်းဆီပန်းကိုင်းများ ကို ဆုပ်ကိုင် ထားသော လက် တွင် ချွေးများ ဖြင့် စိုနစ် လာသည် ။ လေးမော် တို့ ခြံ ထဲ မှ မိ တောင်းယူ လာသော ပန်းများ ဖြစ်သည် ။ မေမေ့ ဓာတ်ပုံ အနီး မှ ခြင်္သေ့ ကျောက်ရုပ်လေး ကို မိ လှမ်း ကြည့် လိုက်သည် ။
“ ဟို ခြင်္သေ့ရုပ် ကို မိ ရှိခိုး ”
“ ဘာရယ် ”
မိ ၏ စကား အဆုံးသတ် သည် တိမ်ပျော့ သွားသည် ။ မိ တို့၏ အသံကြောင့် ဒေါ်ကြီး ပြေးထွက်လာ သည် ။ ဒေါ်ကြီး ၏ နောက် မှာ မမခင်လေး ။ မိ နှုတ်ခမ်း ဖျား ကို တစ်ချက် ကိုက်လိုက်သည် ။
“ ဦးဦးမော် က လေ မိ ကို ပြောတယ် ။ မင်းသားလေး က သူ့ အဖေ ခြင်္သေ့ ကို သ,တ်မိလို့ ခြင်္သေ့ရုပ် ထု ပြီး ရှိခိုး ”
မိ ၏ ပါးပြင် နှစ်ဖက် ပေါ် သို့ မျက်ရည်တွေ စီးကျ လာသည် ။ ဖေဖေ့ ကို လည်း မိ မမြင် ။ မမခင်လေး နှင့် ဒေါ်ကြီး ကို လည်း မိ မမြင်တော့ ။ ဖေဖေ့ ဘေးနား က ဖြတ်ပြီး မိ အခန်း ရှိရာ သို့ ပြေး လာခဲ့သည် ။ မျက်ရည်တွေ ကြား မှ မေမေ့ ဓာတ်ပုံ ကို ဝိုးတဝါး တွေ့ လိုက်ရသည် ။
အခန်းဝ တွင် မိ ရပ် လိုက်သည် ။ မိ ၏ လက်ထဲ မှ နှင်းဆီပန်းလေးများ အောက်သို့ ပြုတ်ကျ ပြန့်ကျဲ သွား သည် ။ ဖြူဖွေးသော အခင်း တွင် နှင်းဆီပန်းများ ဖရိုဖရဲ ။ ဒေါ်ကြီး နှင့် ရောက်ခဲ့ဖူးသည့် မေမေ ၏ အုတ်ဂူ ။ ကျောက်သားဖြူ ပေါ်တွင် နှင်းဆီပွင့်တွေ ဖွေး နေလေ သည် ။ နှင်းဆီပန်းများ ပေါ် မှ ဖြတ်၍ မိ လျှောက် လာခဲ့ သည် ။ ပြတင်းပေါင် ကို ကျော် ၍ ညမွှေးပန်း အငုံကိုင်းလေး ငိုက်ကျ နေသည် ။ ကျိန်စာ သင့် တဲ့ ပန်းလေးတွေ ဟာ ည မှာပဲ ပွင့်နိုင် မွှေးနိုင် တော့တယ် တဲ့ ။ လေးမော် ပြန် ပြောပြသော ပုံပြင်လေး ကို မိ စဉ်းစား ကြည့် နေမိ သည် ။ ညမွှေးပန်းငုံလေး ကို မိ လှမ်း ခူးလိုက်သည် ။ ပန်းငုံများ ပေါ် မှ အဝါရောင် လိပ်ပြာလေး တစ်ကောင် ထ ပျံသွား လေသည် ။ အပြင်ဘက် ဧည့်ခန်း ထဲ မှ ပုလင်း နှင့် ဖန်ခွက်များ ကွဲသံ ကို ကြား လိုက်ရသည် ။ ပြတင်း ပေါက် ပေါင် ကို တင်းတင်းလေး ဆုပ်ကိုင်ပြီး မိ ခေါင်းငုံ့ လိုက်သည် ။ မျက်ရည်များ ပါးပြင် နှစ်ဖက် ပေါ် သို့ ဖိတ်လျှံကျ လာလေသည် ။
ညမွှေးပန်း တို့ မပွင့်သေးချေ ။
⎕ စုထား
📖 ရှုမဝ မဂ္ဂဇင်း
၁၉၈၅ ၊ အောက်တိုဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment