Thursday, August 1, 2024

ပိုးမင်းသမီး


 

❝ ပိုးမင်းသမီး ❞
⎯⎯⎯⎯⎯⎯⎯
  မောင်ယဉ်နွယ်
  ⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
ရှေးရှေးတုန်းက မိခင်ဖခင် ကို ရိုသေလေးစားသော အချောအလှ မင်းသမီးကလေး တစ်ပါး ရှိလေသသည် ။ ထို မင်းသမီးကလေး သည် ကလေးများ နှင့် ပျော်ပါးရန် ဥယျာဉ်တော် နှင့် လှပဆန်းကြယ်သည့် နန်းတော်ကြီး အတွင်းဝယ် အေးချမ်းလှစွာ ပျော်မြူးခဲ့ပေသည် ။ အခါ တစ်ခါတစ်ပါး၌ သမီးကလေး ၏ အသက် ၁၅ နှစ် မျှ ရှိသော အချိန်တွင် ရက်စက်ကြမ်းကြုတ်သော  တောတွင်း စစ်ဘုရင်တစ်ပါးနှင့် နောက်လိုက်နောက်ပါ သူခိုးဓားပြ များစွာတို့သည် နန်းတော် ကြီး အတွင်း ဝင်ရောက် လုယက် တိုက်ခိုက် ဖျက်ဆီး ကြလေသည် ။ မင်းသမီးကလေး ၏ ဖခမည်းတော် ဘုရင်ကြီး ကိုလည်း ဖမ်းယူ ခေါ်ဆောင်သွားလေသည် ။

သမီးတော်ကလေး သည် ဘာကိုမျှ မစားတော့ဘဲ တစ်နေကုန် တစ်နေခမ်း ဘုရင့် မြင်းစောင်း ထဲ၌ အစဉ် ထိုင်၍သာ နေပေတော့သည် ။ သခင် ဆုံးရှုံးရသဖြင့် သမီးတော် ကလေး ကဲ့သို့ပင် ပူဆွေးတသဟန် ရှိနေရှာသော ဘုရင်မင်းမြတ် ၏ အချစ်တော် မြင်းဖြူကြီး နှင့် သာ ဝမ်းနည်းပူဆွေးမှုကို အတူတကွ ဝေစုခွဲ၍ ခံစားနေပေသည် ။

မိဖုရားကြီး သည် ဘုရင်မင်းမြတ်ကြီး ပြန်အရောက် နှေးပါက သမီးတော်ကလေး ခန္ဓာ ကြွေမည်ကို အထူးစိုးရိမ် နေရှာသည် ။ ထိုကြောင့်ပင် “ ဘုရင်မင်းမြတ်ကြီး အား နန်းတော် အရောက် ပြန်လည် ပို့နိုင်စွမ်းသော သူ အား သမီးတော်ကလေး နှင့် စုလျားရစ်ပတ် လက်ထပ် ပေးမည် ” ဟူသော ကြေညာချက်ကို မိဖုရားကြီး သည် လှည်းနေ ၊ လှေအောင်း မြင်းစောင်းမကျန် အနယ်နယ်အရပ်ရပ် သို့ မောင်းကြေးနင်း ခတ်လေသည် ။

နှစ်လည်း ပြောင်းခဲ့ပေပြီ ။ မှူးနွယ်ဝင် ၊ မတ်နွယ်ဝင် လူရည်တတ်များလည်း လက်လျှော့ကာ သူတို့၏ ပျော်ပွဲရွှင်ပွဲများသို့ပြန်လည်သွားပေပြီ ။ ဇာနည်စစ်သားများ လည်းစစ်စခန်း သို့ ပြန်လည် ရောက်ရှိခဲ့ကြပြီ ...  ။ ဘုရင်မင်းမြတ်ကြီး ကိုကား ရှာဖွေမတွေ့ ၊ ပျောက်ဆုံးနေဆဲ ပင် ဖြစ်သည် ။ တစ်နေ့တွင် သမီးတော်ကလေး သည် “ ဘုရင်မင်းမြတ်ကြီး အား နန်းတော် အရောက် ပြန်လည် ပို့ဆောင်နိုင်သူ မည်သူမဆို သမီးတော်ကလေး အား သတို့သမီး အဖြစ် ပေးအပ်ရန် မိဖုရားကြီး က တာဝန်ကတိ ထားရှိကြောင်း ” ကို မြင်းဖြူကြီး အား ပြောကြားမိသည် ။ သမီးတော်ကလေး ၏ ပူဆွေးတသမှုကို ဖွင့်ဟခွန်းဆိုနိုင်သည်ကား ဤ မြင်းဖြူကြီး သာလျှင် ရှိပေသည် ။

ဤအကြိမ်တွင်မူ သူသည် လည်ဆံမွေးများ ကို ခါ၍ မတ်တပ်ရပ်သည် ။ ဟီ လည်း ဟီ နေပေသည် ။ သူ့ အား နှောင်ဖွဲ့ထားသော ကြိုးများကို ဆွဲဖြတ်၍ မြင်းစောင်း အတွင်းမှ ကဆုန်ပေါက်ခါ ပြေးလေသည် ။ ပျင်းရိသော မြင်းထိန်းများ သည် သူ့အား ဖမ်းဆီးရန် အပြင်သို့ ထွက်မလာနိုင်မီပင် သူ၏ ခွာသံများက ပျောက်ကွယ် သွားခဲ့ပေသည် ။ နောက် နှစ်ရက်မျှ ကြာသောအခါတွင် နန်းတော်တံခါးဝ တူရူသို့ အပြင်းနှင်၍လာခဲ့ပေသည် ။ သူ၏ ကျောပြင်ပေါ် တွင် ပျော်ရွှင်စွာ ပြုံးရယ်နေသော ဘုရင်ကြီး လည်း ပါလာပေသည် ။ ဘုရင်ကြီး ပြန်လည် ရောက်ရှိ လာသည်ကို တစ်တိုင်းပြည်လုံး . ရွှင်လန်းဝမ်းမြောက်ခြင်းဖြင့်သာ ပြည့်လျှံနေပေ သည် ။ ပျော်ပွဲရွှင်ပွဲများ ကိုလည်း ကျင်းပနေကြတော့သည် ။

နန်းတွင်းသူ နန်းတွင်းသားများ ၏ သာယာပျော်ရွှင်မှုကို နှောင့်ယှက်လျက် ရှိနေ သည်ကား ဘုရင့် မြင်းဖြူတော်ကြီးပေတည်း ။ နေ့ရောညရော အဆက်မပြတ် ၎င်း၏ ခွာဖြင့် ရှပ်တိုက်ကာ ဟီကာ လုပ်နေပေသည် ။ မိဖုရားကြီး သည် စိုးရိမ်ပူပန်လာကာ ဘုရင်ကြီး အား “ အို ... ဘုရင်မင်းမြတ် အရှင်မင်းမြတ် ပျောက်ဆုံး နေစဉ်က အရှင်မင်းမြတ် အား နန်းတော် အရောက် ပြန်လည် ပို့ဆောင် နိုင်သူအား သမီးတော်ကလေး နှင့် ထိမ်းမြားပေးမည် ဟု ဝန်ခံ ကတိ ပေးခဲ့ပါသည် ။ သမီးတော်ကလေး ကလည်း ဤ မြင်းဖြူကြီး နှင့် နေ့စဉ် စကားပြောဆို နေကြသဖြင့် ဤ ဝန်ခံကတိ အကြောင်း ကို ပြောကောင်း ပြောလိုက်ပါလိမ့်မည် ။ ယခု မြင်းဖြူကြီး ဟီ နေခြင်းသည် သမီးတော်ကလေး အတွက် ကတိစကား ဖြစ်နိုင်ပါသည်ဘုရား ” ဟု လျှောက် ထားလေသည် ။ “ ထို ကိစ္စသည် ရယ်ဖွယ်သာ ဖြစ်သည် ” ဟု ဘုရင်ကြီး က မိန့်ကြား လိုက် လေသည် ။ ထို့ကြောင့်လည်း အထူးပင် နူးညံ့ပျော့ပျောင်းသော အစားအစာများ ကို ကျွေးမွေး ခြင်းဖြင့် မြင်းဖြူကြီး ကျေနပ်စေရန်ကြိုးပမ်းကြ၏ ။ သို့သော်လည်း မြင်းဖြူကြီး သည် ကျွေးသမျှ အစာကို မစားသောက်ပေ ။ ဘုရင်ကြီး က စီးရန် စမ်းသော အခါတွင်လည်း မြင်းဖြူကြီး သည် မတ်တတ်ရပ်လိုက်ကာ ကိုယ် ကို သွက်သွက် ခါအောင် လှုပ်ချပေသည် ။ ဘုရင်မင်းမြတ် သည် စိတ်တော်မရွှင် အမျက်တော် ဝင်ကာ လေးနှင့်မြားအား ကိုင်ဆွဲယူလျက် မြင်းဖြူကြီး အား ပစ် လိုက်လေသည် ။ ထို့နောက် မြင်းထိန်းများကို ဆင့်ခေါ်ပြီး မြင်းဖြူကြီး ၏ အရေကိုဆုတ်၍ အခြောက်လှန်း ထားရန် အမိန့် ချမှတ်လိုက်လေသည် ။

တစ်နေ့သ၌ သမီးတော်ကလေး သည် နေပူတွင် အခြောက်အလှန်း ခံထားရသော မြင်းရေကြီး အနီး ဖြတ်သွားမိလေသည် ။ သစ္စာရှိ ကျေးကျွန်ကြီး အတွက် မျက်ရည်ဖြိုင်ဖြိုင် ကျမိသည် ။ မြင်းရေကြီး သည် တရွရွ လှုပ်ရှားလာကာ မြေပြင် မှ မြောက်တက်၍ သမီးတော် ကလေးကိုယ်အား လွှမ်းခြုံရစ်လိပ်လျက် မိုးကောင်းကင်တိမ်ဖျားဆီ သို့ သယ်ဆောင်ကာ ပျံ သန်း သွားလေသည် ။ နန်းတော်သူ နန်းတော်သားများ နှင့် တိုင်းသူပြည်သားများ ပါ ဝမ်းနည်း ပူဆွေးကြပြန်သည် ။ သီတင်း နှစ်ပတ်သာ ကုန်လွန်ခဲ့သည် ။ သမီးတော်ကလေး အရိပ်အရောင် ကား ပေါ်မလာခဲ့ပေ ။ တစ်နေ့တွင် အစေခံ တစ်ဦး သည် ဘုရင်ကြီး ထံ အပြေးလာ၍ သံတော်ဦး တင်လေသည် ။

“ အို ... အရှင်မင်းကြီး ... မြင်းဖြူရေကြီးသည် ပြန်လည် ရောက်ရှိခဲ့ပါပြီ ဘုရား ။ အရှင်မင်းမြတ် ၏ ဥယျာဉ်တော် အတွင်းရှိ ပိုးစာပင် ခြေရင်းတွင် ရှိနေပါသည် ။ သမီးတော် ကလေး သည် အတွင်း၌ ရှိနေဟန် တူပါသည်ဘုရား ။ ကျွန်တော်မျိုး ကိုယ်တိုင်ပင် သမီးတော် ကလေး ၏ ဝတ်ရုံနီအား တွေ့မြင်ခဲ့ရပါသည် ဘုရား ” ဟု လျှောက်ထားလေသည် ။ ဘုရင် မင်းမြတ် နှင့် မိဖုရားကြီးအပြင် နန်းတွင်း ရှိ မူးမတ် အချွေအရံ အားလုံးပင် ဤ ထူးဆန်းထွေလာမှု ကို ကြည့်ရှုကြရန် အပြေးအလွှား သွားကြလေသည် ။ ဥယျာဉ်အတွင်းသို့ ရောက်လျှင် ရောက် ချင်းပင် သူတို့ အားလုံးသည် မြင်းရေကြီး အတွင်း မှ သမီးတော်ကလေး လှမ်း ထွက်လာသည် ကို မြင်ကြရလေသည် ။

သမီးကလေးသည် ရုတ်တရက်ပင် ပြာမွဲမွဲ ပိုးကောင်ကလေး အသွင် ပြောင်းလဲသွား လေသည် ။ ထို့နောက် ပိုးကောင်ကလေး သည် ပိုးစာပင် ပေါ်သို့ တရွေ့ရွေ့ တက်သွားပြီး ပိုးစာရွက်များ စား နေသည်ကို သူတို့ အားလုံးမြင်ကြရပြန်သည် ။

မင်း ၊ မိဖုရားနှစ်ပါး တို့သည် တစ်နေ့လုံးပင် ပိုးစာပင်ကလေး အား စိုက်၍ကြည့်နေကြ ပေသည် ။ ထို့နောက် ဘုရင်ကြီး သည် ပိုးစာပင်ကလေး အား စောင့်ကြပ်နေကြရန် အစောင့် တစ်ယောက် ချထားပြန်သည် ။ သမီးတော် မင်းသမီးကလေး နဂိုအသွင် ပြန်လည် အသက်ဝင် လာပါက ညဉ့်နက်သန်းခေါင် ပင်ဖြစ်စေ သူ့အား ချက်ချင်း လာရောက် အကြောင်းကြားရန်ကို လည်း မှာကြား ထားလေသည် ။ လူအများပင် ပိုးစာကောင်ကလေး နှင့် ခွန်းစဆိုကြည့်လေ သည် ။ သို့သော်လည်း ပိုးကောင်ကလေး သည် တကယ့် ပိုးကောင်ကလေး ကဲ့သို့ပင် ပိုးစာရွက် များကို စား၍ နေပေသည် ။

တစ်နေ့တွင် ပိုးစာကောင်ကလေး သည် ပြောင်လက်လက် ဖြစ်နေသည့် ပိုးမျှင်တန်း ကလေးများ ကြားတွင် သူ့ ကိုယ် သူ ရစ်ပတ်ထားသည် ကို စောင့်ကြည့်နေသူများ က ဂရုပြုမိ လိုက်ကြသည် ။ ပိုးကောင်ကလေးသည် ရစ်ပတ်ရင်းဖြင့် ပြောင်လက်တောက်ပနေသော ပိုးစာ အိမ်ထဲတွင် ကွယ်ပျောက် သွားခဲ့ပြန်လေသည် ။ ထိုအခါ ဘုရင်ကြီးသည် သူ၏ ပိုးစာကောင် သမီးတော်ကလေး အားတွေ့လိုစိတ်ဖြင့် ပိုးစာအိမ် ကိုဖွင့်ရန်ကြိုးစားလေသည် ။ သို့သော်လည်း ပိုးစာမျှင်များ ကလည်း သူ့အား နှင့် အဆမတန် အောင်ပင် တောင့်တင်းခိုင်မာလွန်းနေပေသည် ။ “ ငင် ” ဖူးခဲ့သမျှ ပိုးမျှင်များတွင် ဤ ပိုးမျှင်သည် အစဦး ပိုးမျှင်ပင် ဖြစ်သည် ။ ဘုရင်ကြီးသည် ဓားထက်ထက် တစ်ချောင်းကို ထောင်၍ အသာအယာ အမျှင်များ ကြားမှ လှီးဖြတ်လိုက် လေသည် ။ သို့သော်လည်း အထဲတွင် ဘာမျှမရှိချေ ။ ပိုးစာကောင်ကလေး ကိုပင် မတွေ့ မြင်ရ တော့ပေ ။

တစ်နေ့သောအခါ ဘုရင်ကြီး သည် အမှတ်မထင်ပင် ထက်ကောင်းကင်သို့ မော့၍ ကြည့်မိသည် ။“ ဟို ... တိမ်တိုက်ကြီးကို ကြည့်လိုက်စမ်းပါ မိဖုရားကြီး ။ နောက်လိုက်နောက်ပါ ချွေရံသင်းပင်းတွေ ခြံရံပြီး သမီးတော်ကလေး ဟာ မြင်းဖြူကြီး စီးနေတာနဲ့ မတူဘူးလား ” ဟု ဘုရင်ကြီး က မေးလိုက်သည် ။ မှန်လည်း မှန်ပေသည် ။ ထို တိမ်တိုက်ကြီးသည် တိမ်တိုက် တိမ် စိုင်များ မဟုတ် ၊ သမီးတော်ကလေး ကိုယ်တိုင်ပင် မြင်းဖြူကြီး စီးနေခြင်း ဖြစ်ပေသည် ။ သမီးတော်ကလေး သည် အစေအပါးများ နှင့်တကွ မြေပြင် သို့ နိမ့်ဆင်းလာပြီး ဖခင် နှင့် မိခင်တို့ အနီးရှိ ဥယျာဉ်တော်သို့ ဆင်းသက်ခဲ့လေသည် ။ ဝမ်းသာအားရဖြင့် ခမည်းတော် ၊ မယ်တော်တို့ အား ဖက်လှဲတကင်း ပြုပြီးနောက် သမီးတော်ကလေး က

“ ခမည်းတော်နှင့် မယ်တော်တို့ သမီးတော်ကလေး အတွက် ငိုမြည်တမ်းတ နေသည် ကို သမီးတော်ကလေး သည် စိတ်ညစ်ညူးမှုမရှိ ပျော်ရွှင်စွာ ရှိသည် ။ ထို့အတွက် သမီးတော် ကလေးသည် မြေပြင်သို့ ဆင်းသက် လာခဲ့ပါသည် ။ ကျောက်စိမ်းဘုရင်ကြီး သည် သမီးတော် ကလေးအား သူ ၏ နန်းတော်သို့ ခေါ်ဆောင် သွားခဲ့ပါသည် ။ ဖခင် အပေါ် သမီးတော်ထားရှိသော မေတ္တာ ၊ စေတနာ အဟုန်ကြောင့် ကျောက်စိမ်း ဘုရင်မင်းမြတ် ကလည်း သွေးရင်းနှင့်မခြား သမီးတော်ကလေး အား မွေးမြူထားပါသည် ။ ပိုးစာပင် မှ ပိုးစာမျှင်ကို ငင်သော ပိုးစာကောင် ကလေးများ ကို စောင့်ရှောက်ကြည့်ရှုရန် သည်သမီးတော်ကလေး၏ တာဝန်သာ ဖြစ်သည် ။ တိုင်းသူပြည်သားများအား ပိုးရက်လုပ်နည်းကို သင်ကြားပြသပေးရန်ကိုလည်း သမီးတော် တာဝန် ဖြစ်ပါသည် ။ သမီးတော်ကလေး ၏ ပိုးစာကောင်ကလေးများမှ ငင်ထားသော ပိုးမျှင် များကို ဖခင် သည် တယုတယ ဖြေယူရပါမည် ။ ဤ ပိုးစာမျှင်ကလေးများ သည် ပိုးချည်မျှင်ကြီး အဖြစ် ကျစ်လစ်ယူရပါမည် ။ ဤပိုးချည်များမှ ငင်ရက်ဖူးခဲ့သော အထည်များ ထက် ပို၍ ခိုင်မာ တောင့်တင်းသည့်ပြင် တောက်ပြောင်လှပသော အထည်များကို ရရှိပါလိမ့်မည် ” ဟု ခမည်း တော် နှင့် မယ်တော် အားရာသက်ပန် မခွဲမခွာမီ ပိုးမင်းသမီးကလေး က ပြောလိုက်ပြန်သည် ။

“ အို ... ဂုဏ်ပေါင်းရံ ခရာဖြစ်သော ခမည်းတော်နှင့် မယ်တော်တို့ သမီးတော်လေး အတွက် ပူဆွေးမှု မဖြစ်ကြပါလင့် ။ သမီးတော်ကလေး သည် ပိုးစာကောင်ကလေးများကို စောင့် ရှောက်ရင်း အထက်နတ်နန်း ၌ ထာဝစဉ် ပျော်ရွှင်စွာနေနိုင်ပါလိမ့်မည် ”

ထို့နောက် သမီးတော် ကလေးသည် မိခင် နှင့် ဖခင်ကြီး အား ဦးညွတ် အရိုအသေပေးကာ မြင်းဖြူကြီး ပေါ်သို့တက်၍ ခဏခြင်းအတွင်းပင် လေထဲသို့ ပျံဝဲ သွားလေတော့သည် ။ မိုးတိမ်မိုးစိုင်ကြီး အား လေတိုက် ထား သကဲ့သို့ ကောင်းကင်ပြင် တွင် နွယ်တန်းကြီးသည် သာ ကျန်လျက်ရှိနေပေတော့သည် တကား ။

⎕ မောင်ယဉ်နွယ်

◾ရှုမဝ မဂ္ဂဇင်း
      ၁၉၅၉ ၊ ဇူလိုင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment