Monday, August 5, 2024

သရဲ


 

❝ သရဲ ❞
⎯⎯⎯⎯⎯⎯
    မောင်မိုးသူ
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
လောကကြီး မှာ သရဲ ရှိပါသလား ။

သရဲ အခြောက် ခံရဖူးသလား ။

မောင်မိုးသူ ကတော့ မယုံရေးချ မယုံ ။ မရှိရေးချ မရှိဘဲ ။ နိုး ... နိုး .. ပဲ ။ နိမ်း မန်ကတားပဲ ။

အဲဗျ .. အဲဒီလို ငနဲ က သရဲ နဲ့ တွေ့ ရတယ် ။

ပြန် ပြောတော့ ငနဲသား နှစ်ယောက် က မယုံဘူး ။ ဘယ်သူ ရှိရမှာ ။ ရုပ်ရှင်မင်းသား ညွန့်ဝင်း နဲ့ အောင်လွင် ပေါ့ ။

••••• ••••• •••••

ဖြစ်ပုံ က ဒီလိုလေ ။

မေလ ၁၆ ရက်နေ့ ည ၈ နာရီ မှာ မောင်မိုးသူ ရန်ကုန် ကနေ ကလော ကို မော်တော်ကား နဲ့ ထွက်လာ ခဲ့တယ် ။ မိတ္ထီလာ ဝန်ဇင်းဟိုတယ် မှာ မောင်ညွန့်ဝင်း ကို ဝင် ခေါ်တယ် ။ ကလော ကို တက်ခဲ့တယ် ။ အေးအေး ဆေးဆေး လာကြတာမို့ ၁၇ ရက်နေ့ ညနေ ၆ နာရီ လောက် မှ ရောက်တယ် ။ ပါလာတဲ့ အဖွဲ့သားတွေ ကို တည်းခို တဲ့ အိမ် မှာ ထားခဲ့ ၊ မောင်မိုးသူ နဲ့ ညွန့်ဝင်း တို့ က ကလောဟိုတယ် ကို သွားတယ် ။ ဒီမှာ ရောက်နှင့်ပြီးသား အောင်လွင်ကြီး က အခန်း ယူထားပြီးသားပါ ။ ထုံးစံ အတိုင်း မောင်ညွန့်ဝင်း နဲ့ အဖော် ညီငယ် က အခန်း ၂၇ ၊ မောင်မိုးသူ ၊ အောင်လွင် တို့ က ၂၆ ။ အခန်း ၂၆ ကတော့ နေနေကျ အခန်း ဖြစ်နေပါပြီ ။

၁၇ ရက်နေ့ ကျတော့ ကား စရိုက်မယ်ပေါ့ ။ မနက် ပိုင်း အောင်လွင် က အရေးကြီး တဲ့ အခန်း အတွက် ညောင်ရွှေအင်းစပ် မှာ သွား ပြင်ဆင်တယ် ။ မောင်မိုးသူ နဲ့ မောင်ညွန့်ဝင်း တို့ က ဟိုတယ် မှာပဲ နေခဲ့တယ် ။ နေ့ခင်း မှ ကား စ ရိုက်မယ်ပေါ့ ။ အဲ ... အဲ ကားရိုက်မယ် ၊ ကားရိုက်မယ် နဲ့ ဘာကား ရိုက်မယ် ဆိုတဲ့ အကြောင်း မရေးရ သေးဘူး ။ ဇာတ်ကား က ‘ ကိုးတောင်ကျား ’ ပါ ။ ၈၆ နိုဝင်ဘာလ တုန်းက ဒီ ကလော ကို တက်ပြီး ရိုက်ခဲ့တဲ့ ကား ။ လားရှိုး သွား ရိုက်ခဲ့တဲ့ ကား ။ တာချီလိတ်  သွား ရိုက်ခဲ့တဲ့ ကားပါပဲ ။ အခု လက်စသတ် ရိုက်စရာကလေး တွေ လာ ရိုက်တာပါ ။

နေ့ခင်း ကျတော့ မိုး က အတော် အုံ့ လာပြီ ။ အောင်လွင်ကြီး ပြန် လာလို့ ညွန့်ဝင်း လည်း မိတ်ကပ် ပါ လိမ်း အပြီး ဟိုတယ် က ထွက်မယ် လုပ်တုန်း မိုး က ရွာချပါ လေရော ။ ရွာတာ က မတိတ်တော့ဘူး ။ ဒုက္ခ ။ နောက်ဆုံး တော့ လုံးဝ လက်လျှော့ လိုက်ရပါတယ် ။ ‘ ဒိုင် ’ လျော် တယ် ခေါ်ရမှာပေါ့ ။

နောက်နေ့ ကတော့ ပြင်ဆင်ထားတဲ့ အတိုင်း ညောင်ရွှေ ကို သွားကြတယ် ။ ညောင်ရွှေ က နေပြီး အင်းစပ် က ကျွန်းကလေး တစ်ခု ကို သွားကြတယ် ။ အဲ ... အဲ လက်ဖက်ရည်ဆိုင် မှာ စာရေးဆရာ မြင့်မောင်မောင် နဲ့ ဆုံတယ် ။ သူ က ကလောဟိုတယ် မှာ လာ တည်းပြီး စာ လာ ရေးနေတာ ။ ကလောဟိုတယ် မှာ က မြင့်မောင်မောင် စာ လာ ရေး နေတယ် ။ သခင်ခင်ညွန့် ( စာပေလောက ) အနား လာ ယူ နေတယ် ။ ကမ္ဘာကြီး က အကျဉ်း ကလေး ပဲ ။ ဒါနဲ့ လက်ဖက်ရည်ဆိုင် က မြင့်မောင်မောင် ကို ရိုက်ကွင်း လိုက်ခဲ့ဖို့ ခေါ်တယ် ။ အံမယ် ... သူ က အခေါ်ရ ခက်သားခင်ဗျ ။ နှစ်ခါ မခေါ်ရဘူး ။ တစ်ခါပဲ ခေါ်ရ သေးတယ် ‘ လိုက်မယ် အစ်ကိုကြီး ’ ဆိုပြီး ကားပေါ် ပါလာ လေရဲ့ ။

ရိုက်ကွင်း နေရာ ကို အောင်လွင်ကြီး ဟာ ဘယ်တုန်းက ဘယ်လိုများ ရှာ ထားသလဲ မသိပါဘူး ။ အင်မတန် နေရာ ရွေး တတ်တဲ့ ကိုကျော်ဆွေ တို့ ၊ ကိုလှမျိုး တို့ တောင် မတွေ့မိဘူး လို့ ကင်မရာမင်း ချစ်မင်းလူ က ပြောပါ တယ် ။ ညွန့်ဝင်း က လည်း ဒီလို ရှုခင်းမျိုး သူ့ ကို ဘာဖြစ် လို့ မပြတာလဲ ဆိုပြီး အောင်လွင် ကို ရိ ပါတယ် ။ ရှုခင်း က မက်လောက်စရာပါပဲ ။ ရေစပ်စပ် ညွန်တော နေရာမျိုးမှာ ညောင်မုတ်ဆိတ်ပင်ကြီးတွေ က ယှက်ပြီး ပေါက်နေတာ ။ ညောင်မုတ်ဆိတ်ပင် ကိုင်းကြီးတွေ က တစ်ပင် နဲ့ တစ်ပင် ဆက်လို့ ။ တာဇံ လုပ်ပြီး သစ်ကိုင်းတွေ ပေါ်က လျှောက် ပြေးရင် ရမယ် ။ အကိုင်းတိုင်း ကလည်း မြေပြင်ရေစပ်ကို မုတ်ဆိတ်ဖားဖားကြီးတွေ ကျနေတော့ ရုပ်ရှင်ကားတွေ ထဲမှာ မြင်မြင်နေရတဲ့ ဖလော်ရီဒါ က ညွန်တော လိုလို ၊ တောင်အမေရိကတိုက် က ညွန်တော လိုလိုပဲ ။ ရိုက်ကွင်း က သာ လှတယ် ၊ လူတွေ ကတော့ နေစရာ မရှိဘူး ။ မြေမြင့်မြင့် ရှိတဲ့ သစ်ပင်ခြေရင်းဆိုတာက ရေပေါ် မှ တစ်တောင် လောက်ပဲ မြင့်တာ ။ မြေကြီး သာဆိုတယ် သစ်ရွက်ခြောက် ။ အဲလေ ... သစ်ရွက်စို ၊ ညောင်မုတ်ဆိတ် စိုတွေ ပုံ နေတာ ပျော့အိအိ စိုထိုင်းထိုင်းနဲ့ ။ ဒီတော့ လူတွေ နေစရာ ရှိတာက ဖြာထွက်နေတဲ့ ညောင်ကိုင်း ကြီးတွေ ပေါ်ရယ် ၊ ယူလာခဲ့တဲ့ မော်တော်ကြီး ပေါ်ရယ် ဒါပဲ ။

ရုပ်ရှင်အဖွဲ့သားတွေ ကတော့ မနေ့ ကတည်း က ပြင်ဆင် ထားတဲ့ ကြိုးကရိန်းတွေ ပေါ်မှာ လှုပ်ရှား နေ ကြပြီ ။ ခဏကြာတော့ ရိုက်ကွင်း အရ အောင်လွင် က ရှေ့ က ပြေး ၊ ညွန့်ဝင်း က နောက် က လိုက် ၊ သေနတ် တဒိုင်းဒိုင်း နဲ့ ပစ်လို့ပေါ့ ။ ပြေးတဲ့ လူ ကလည်း ညွန်ထဲ ရေထဲ ညောင်မုတ်ဆိတ်တွေ အကြား မှာ ပြေးရတာ ။ လိုက်ရတဲ့ လူ ကလည်း ထိုနည်းလည်းကောင်းပဲ ။ အဲဒါကို ကြိုးကရိန်း ပေါ် က ထိုင်ပြီး ကိုက် ၅ဝ ကျော်ကျော် လိုက်ရိုက်တဲ့ လူ က ရိုက်ရတာလေ ။ ကြိုးကရိန်းပုခက် ကြီး ပေါ် က ပြေးသူ လိုက်သူ နှစ်ယောက် ရဲ့ လှုပ်ရှားမှုနဲ့ အံဝင်အောင် အလျှော့အတင်း ဆွဲပေးရသူ တွေက အောက် မှာ လေးငါးယောက် ။ ပင်ပန်းလိုက်တာ ။

လှေ ပေါ် မှာ ရပ်ပြီး ဟိုဟာ လိုသေးတယ် ။ ဒီဟာ က ဘာဖြစ်နေတယ် ဆိုပြီး လှမ်းအော် နေတဲ့ လူ က မောင်မိုးသူ ။

တစ်ခါတော့ ဆယ်ခါလောက် ပြေးပြီး ဖြစ်နေတဲ့ အောင်လွင် က လှမ်းပြောတယ် ။

“ မောင်ရင် အဲဒီက လှမ်း ပြောနေရတာ လွယ်တယ် ၊ ဒီက ကောင်တွေက မောလှပြီ ” တဲ့ ။

ဟုတ်ပါတယ် ။ အင်မတန် ပင်ပန်းကြပါတယ် ။ ထူးထူးဆန်းဆန်း ၊ လှလှပပ ပြချင်တဲ့ လူတွေ ဆိုတော့ အပင်ပန်း ခံကြရတာပေါ့ ။

ဟိုတယ် ပြန် ရောက်တော့ ရွှံ့ထဲ ရေထဲ သစ်ကိုင်း ပေါ်တွေမှာ တစ်နေကုန် ခက်ခက်ခဲခဲ ကြမ်းကြမ်း တမ်းတမ်း ပြေးလွှား နေကြတဲ့ ညွန့်ဝင်း နဲ့ အောင်လွင် က ဘာမှ မဖြစ်ဘူး ။ တစ်ချိန်လုံး ခြေထောက် ရေ မစိုတဲ့ နေရာ ဟို လျှာရှည် ၊ ဒီ လျှာရှည် လုပ်နေတဲ့ မောင်မိုးသူ က ဘယ်ဘက် ခြေထောက် မျက်တော်မူပါတယ် ။ ဒါနဲ့ နောက်နေ့ … အင်းစပ် က ရိုက်ကွင်း သွားတော့ မောင်မိုးသူ မလိုက်ဘဲ နေဖြစ်ခဲ့တာပေါ့ ။

ဒီမှာတင် သရဲ နဲ့ တွေ့ တာလေ ။

••••• ••••• •••••

ဟိုတယ် ဆိုတာ အေးချမ်းဆိတ်ငြိမ်တဲ့ အရပ်မျိုး မှာ ဆောက် ထားရတာ ။ ကလော ဆိုတာက ကုန်သည်ဈေးမြို့ မဟုတ်ဘူး ။ လူမရှုပ်ဘူး ။ ဒီကြားထဲ မှ မြို့ထဲ နဲ့ အတော် လှမ်းတဲ့ ကုန်းမြင့်လေး မှာ ဆောက်ထားတဲ့ ကလောဟိုတယ် ဆိုတော့ လူပိုရှင်း ၊ ပိုပြီး တိတ်တာပေါ့ ။ ဒါကြောင့် သရဲ ခြောက်တယ် ၊ ဘာဘာညာညာ ပြောကြ တာပါ ။ အလကား ကြံကြံဖန်ဖန်စကားတွေ ။ မောင်မိုးသူ နယ်မြေစုံ ရောက်ဖူးပြီ ။ သရဲ ခြောက်တယ် ဆိုတဲ့ ဟိုတယ် တွေ ၊ ဗိုလ်တဲတွေ အများကြီး တည်းဖူးတယ် ။ တစ် ယောက် တည်း မကြာခဏ နေ့နေ့ညည နေဖြစ်တယ် ။ တစ်ခါမှ အခြောက် မခံရဘူး ။ ရှိတယ်လို့လည်း မယုံဘူး ။

ဒီ ကလောဟိုတယ် အခန်း ၂၆ ဆိုတာ အပိုဆောင် တိုက်အိမ်မည်းမည်း ရဲ့ အစွန်ဆုံး အခန်း ။ လူသူနဲ့ ဝေး လွန်းလို့ တမင် ရွေးပြီး နေနေကျ အခန်း ။ အရင် တစ်ခေါက် “ ကိုးတောင်ကျား ” ရိုက်တုန်း ကလည်း သူများတွေ ရိုက်ကွင်း သွားရင် မောင်မိုးသူ တစ်ယောက် တည်း နေနေ ကျအခန်း ။ ဘာ သရဲ မှ မခြောက်ဘူး ။ ဘာမှ မရှိဘူး ။

တိုက်ဆိုင်ချင်တော့ ဈေးနေ့ ။ ဈေးနေ့ ဆိုတော့ မနက်ပိုင်း ဈေး ထဲ မှာ ယောင်ပေပေ လုပ်နေမိသေးတယ် ။ ပြီးမှ ထမင်းစား ၊ ဟိုတယ်ကိုပြန် ၊ ဗိုက်ကလေး တင်းတင်း ။ ကလောဈေး နဲ့ ဟိုတယ် က တစ်မိုင်ပျော့ပျော့ ခရီးလောက် လမ်းလျှောက် လာတာကလေးပါ ပေါင်းလိုက်တော့ အခန်း ရောက်တာနဲ့ တန်း အိပ်တော့တာပါပဲ ။ နေ့ခင်း အိပ်တယ် ဆိုတာ တစ်နာရီ ဟာ အကြာကြီး အိပ်ရတယ် လို့ မှတ်ရတာပဲ ။ တစ်နာရီခွဲ လောက် နိုး လာတော့ အူကြောင်ကြောင်ကြီး ။ မိုးကလေး က ခပ်ဖြောက်ဖြောက် ရွာ နေတယ် ။ တည်းတဲ့ လူတွေ လည်း ဘယ်သူမှ မရှိ သလိုပါပဲ ။ တစ်ဆောင်လုံး မှ မောင်မိုးသူ တစ်ယောက် ပဲ ရှိတယ် ထင်ပါရဲ့ ။ မောင်မိုးသူ လည်း ပျင်းပျင်း ရှိတာနဲ့ ဟိုတယ်မကြီး ရှိရာ ကူးလာခဲ့တယ် ။ ဘားထဲကို ဟိုလူ ဒီလူ ရှိနိုး ဝင် ကြည့်တယ် ။ ကြည့်မယ့် သာ ကြည့်ရတာ ပါ ။ မြင့်မောင်မောင် က လည်း အရက် သောက် တော့ တာ မဟုတ် ၊ သခင်ခင်ညွန့် ကလည်း ညထမင်း မစားခင် လောက်မှာ ဟတ်ပက် လောက်သောက်တာ ။ ဘား ထဲ မှာ တော့ လူငယ်ဝိုင်း တစ်ဝိုင်းရှိတယ် ။

ဘားထဲ ရောက်မှ မထူးတော့ပါဘူး ဆိုပြီး ဘီယာ တစ်လုံး မှာ လိုက်တယ် ။ လူငယ်ဝိုင်း က မောင်မိုးသူ ကို လှမ်းကြည့်ကြတယ် ။ ဟုတ်သားပဲ ။ မိုးတစိမ့်စိမ့်နဲ့ ကလော လို ခပ်အေးအေး ရာသီဥတု မှာ ထူးခြားပြီး ဘီယာ မှာ သောက် နေတာကို တွေ့ ရတာကိုး ။ အမှန်က မောင်မိုးသူ လည်း ဘာရယ် မဟုတ်ပါဘူး ။ ရန်ကုန် မှာ ဘီယာ ဆိုတာ အရက်ဆိုင် ကောင်တာမှာ မမြင်ဖူးတာ ကြာပြီမို့ ထူးထူးဆန်းဆန်း တွေ့ ရတာနဲ့ ကြောင်ပြီးမှာ လိုက်တာပါ ။

ဘီယာတစ်လုံး ကို ခပ်ဖြည်းဖြည်း သောက်နေတုန်း စောစောက လူငယ်ဝိုင်း က မောင်မိုးသူ ဆီ ကို ကူးလာကြ တယ် ။ ဟိုတယ်စားပွဲထိုး လူငယ် တစ်ယောက် က နာမည် ပြောလိုက်တာနဲ့ လာ မိတ်ဖွဲ့ကြတာ ။ စာပေ ဝါသနာရှင်တွေပါပဲ ။ သူတို့က အရက်တွေ အတင်း မှာ တိုက်တာနဲ့ မောင်မိုးသူ လည်း ဘီယာ တစ်လုံး အပြင် ရမ် သုံးပက်လောက် သောက် ဖြစ်သွားတယ် ။ မောင်မိုးသူ အရက် မသောက်ဖြစ်တာ ကြာပါပြီ ။ ရန်ကုန် မှာဆို မသောက်ဖြစ်သလောက်ပါပဲ ။ ဒီတော့ ဘီယာ တစ်လုံး ၊ ရမ် သုံးပက် ဝင်သွားတော့ မူးတာပေါ့ ။

စကားဝိုင်း ပြတ်တော့ လေးနာရီ ကျော်ကျော်ရှိပြီ ။ အားလုံး ကို နှုတ်ဆက်ပြီး အခန်း ကို ပြန်ခဲ့တယ် ။

မောင်မိုးသူ အခန်း ၂၆ က အပေါ်ထပ် ထောင့်စွန်း အခန်း ။ လှေကားထိပ် ရောက်လို့ အခန်း ဘက် ကို လှမ်း ကြည့်လိုက်တော့ အခန်းပေါက် အပေါ်နားမှာ အငွေ့ လိုလို ၊ အကောင် လိုလို တစ်ခုတွေ့ ရတယ် ။ ပုံကတော့ လူပုံပန်းပါပဲ ။ ဒါပေမဲ့ ပီပီသသ မဟုတ်ဘူး ။ ရိုးတိုး ရိပ်တိပ်ရယ် ။ ထွားထွားကျိုင်းကျိုင်း ၊ အားကောင်း မောင်းသန် ပုံမျိုးလည်း မဟုတ်ဘူး ။ အငွေ့လိုလို မဟုတ် လား မသိပါဘူး ။ ခပ်ယဲ့ယဲ့ ခပ်နွဲ့နွဲ့ ရယ် ။ ဘာပဲပြောပြော ဒီပစ္စည်းဟာ ကြမ်းပြင်ပေါ်မှာလည်း မထိဘူး ၊ လေ ထဲမှာ ဝဲ သလိုလည်း ဖြစ်နေတော့ မောင်မိုးသူ စိတ်ထဲမှာ ဧကန္တ သရဲ ဆိုတာ ဒါပဲလို့ အောက်မေ့ သွားတယ်လေ ။

လောကကြီးမှာ သရဲ နဲ့ မိန်းမ မကြောက်တဲ့ လူ ဘယ်သူမှ မရှိဘူးဆိုတဲ့ စကား ကြားဖူးသလား ။ ဟာဟ .. ရယ်စရာကောင်းလိုက်တာ ။ မောင်မိုးသူ တော့ဖြင့် အရက် သာ ဝင်ထား မိန်းမ လည်း မကြောက်ဘူး ၊ သရဲ လည်း မကြောက်ဘူး ။

ပြီးတော့ ဒီ သရဲ ရဲ့ ပုံ ကလည်း ကြောက်စရာ မကောင်းတဲ့ပြင် ဖြူဖျော့ဖျော့ ပိန်လျလျ နဲ့ သနားဖို့ တောင် ကောင်းနေသေး ။

လှေကားထိပ် ကနေ မောင်မိုးသူ က သရဲ ကို လှမ်း မြင်ရသလို သရဲ ကလည်း မောင်မိုးသူ ကို မြင်ပုံရတယ် ။

သရဲ လွင့် နေတဲ့ နေရာ က ထောင့်အစွန် ။ မောင်မိုးသူ ရဲ့ အခန်းပေါက်တည့်တည် ။ သရဲ ကြည့်ရတာက ဖြစ်နိုင်ရင် မောင်မိုးသူ ကို မြင်တာနဲ့ ရှောင်ပြေးချင်ပုံပဲ ။ အခန်းတံခါး ကို ဖောက်ဝင် ထွက်သွား လို့ရရင် ဒါမှမဟုတ် တခြား အပေါက် တစ်ပေါက်ပေါက် ရှိရင် လစ်ပြေးချင်တဲ့ပုံပဲ ။ အဲ … ဒါပေမဲ့ ပြေးစရာ နေရာက မရှိဘူးလေ ။ စောစောက ပြောသလို တံခါး ပဲ ဖြစ်ဖြစ် ၊ နံရံ ကိုပဲ ဖြစ်ဖြစ် ဖောက်ဝင် ထွက်ပြေးမှ ဖြစ်မှာ ။

မောင်မိုးသူ ကတော့ ကိုယ့် အခန်း ရှိရာကို တန်းလာ တာပဲ ။ အင်းလေ ... လာရင်း ကတည်းက အခန်း ပြန်လာ တာပဲ ၊ အိပ်ဖို့ ပြန်လာတာပဲဟာ ။ တဖြည်းဖြည်း မောင်မိုးသူ နဲ့ သရဲ နီး လာတယ် ။ သရဲ ဟာ ဟို မျက်နှာကြက် တိုး ၊ ဒီ မျက်နှာကြက် တိုး လုပ်ကြည့်ပါသေးတယ် ။ မရတော့ဘူး ။ ဒီတော့ သူ ခပ်နိမ့်နိမ့် ဆင်းလာတယ် ။ မောင်မိုးသူ နဲ့ မျက်စိ တစ်ပြေး လောက် အထိ ဆင်းလာ တယ် ။ လက်ချောင်းတွေ ကို ကွေးကွေးကြီး လုပ် ရှေ့ စိုက်ပြီး ပါးစပ် ကို လည်း ဖြဲ လိုက်တယ် ။ ပြီးတော့ အသံ ပြုတယ် ။

“ ဗြဲ ”

အဲဒီ အချိန်မှာ မောင်မိုးသူ က သူ့ အနား အတော် ရောက် နေပြီ ။ မောင်မိုးသူ က သရဲ ရဲ့လုပ်ပုံ ကို သိပ် နားမလည်ဘူး ၊ မရှင်းဘူး ။

“ ဟေ့ကောင် .. မင်း ဘာကောင်လဲ ”

သရဲ က မျက်နှာထား တင်းတင်းထားပြီး ( သူ့ မျက်နှာ ထားကလည်း ကြိုးစားတင်းထားရပုံမျိုးပါ ။ အား မရှိ မာန် မရှိ )

သူ က ...

“ ကျုပ် လား ၊ သရဲ ပေါ့ ”

“ အေး .. ထင်တော့ ထင်သားပဲ ၊ ဒါပေမဲ့ ငါ က သရဲ ဆိုတာ တစ်ခါမှ မမြင်ဖူးလို့ သေချာအောင် မေးရတာပါကွာ ။ ဒါထက် စောစောက ‘ ဗြဲ ’ ဆိုတာ ဘာလုပ်တာလဲ ”

“ ခြောက်တာပေါ့ဗျ ”

မောင်မိုးသူ က ခေါင်းယမ်း လိုက်ရပါတယ် ။

“ မင်း ကွာ ... ခြောက်နည်းကြီး က အောက်တန်းကျ လိုက်တာ ၊ မင်း မှော်ဆရာမှတ်တမ်း တို့ ၊ မြစက်ရှင် တို့ ၊ မြစကြာ တို့ မဖတ်ဖူးဘူးလား ”

“ မဖတ်ဖူးဘူးဗျ ၊ ကြားရုံပဲ ကြားဖူးတာ ။ ကျုပ်တို့ ခေတ် ကျတော့ အဲဒီလို စာအုပ်မျိုးတွေ မထုတ်ရတော့ဘူး ”

“ အင်းလေ ... ဟုတ်တာပေါ့ ၊ ဟုတ်မှာပေါ့ ”

မောင်မိုးသူ သရဲ ကို ဖြတ်ပြီး အဲ ... သရဲ က မောင်မိုးသူ ရဲ့ ရှေ့တည့်တည့် မှာ ရပ်နေ ၊ အဲ ... လွင့်နေတာလေ ။ အမှတ်မထင်ဘဲ မောင်မိုးသူ က သော့ ထုတ်ပြီး သရဲ ကို ဖြတ်ပြီး သွားမိတယ် ။ အံမယ် ... ရသဗျ ၊ သရဲ ဆိုတာ လက်စသတ် တော့ ရုပ်ဒြပ် မှ မရှိဘဲကိုး ။

ဒါနဲ့ မောင်မိုးသူ လည်း သော့တံ ကို သော့ပေါက် မှာ ထည့်တယ် ၊ တံခါး ဖွင့်တယ် ၊ တံခါး ပွင့်သွားပြီး မှ မောင်မိုးသူ က သရဲ ဘက်လှည့်ပြီး..

“ လာလေ ... ဟေ့ကောင် ၊ အထဲဝင်ပါဦး ”

သရဲ က ဘာမှ ဆင်ခြေ ပေးမနေဘူး ၊ အခန်း ထဲ ဝင် လိုက်လာတယ် ။

အခန်း ထဲ မှာက ခုတင် နှစ်လုံး ၊ ရေဓာတ်ဘူး ၊ စားပွဲ တင်မီးတင်တဲ့ခုံ တစ်စုံ ၊ ကု,လားထိုင် တစ်လုံး ရှိတာ ။ မောင်မိုးသူ က အိပ်ရာပေါ် ထိုင်လိုက်တယ် ။ ပြီးတော့ အူကြောင်ကြောင် ဖြစ်နေပုံရတဲ့ သရဲ ကို ...

“ ဟေ့ကောင် ... ထိုင်လေကွာ ”

သရဲ က စဉ်းစားပုံရတယ် ။

“ သရဲ ဆိုတာ ထိုင်လို့ မတော်ဘူး ထင်တယ်ဗျ ၊ လေ ထဲ မှာ လွင့် နေမှ သရဲ ပီသမယ် ထင်တယ် ”

မောင်မိုးသူ စိတ်ညစ် သွားတယ် ။

“ လုပ်မနေစမ်းပါနဲ့ကွာ ၊ ငါ နဲ့ တွေ့တုန်း အစဉ် အလာတွေ ဘာတွေ စဉ်းစား မနေနဲ့ ။ အဲဒီ ခုတင်ပေါ်မှာ ထိုင် ၊ ညောင်းရင် လှဲချင်လှဲ ။ ဟေ့ ... ဒါထက် နေပါဦး ။ မင်း က ဒီ ဟိုတယ်မှာ အစ ကတည်းက ရှိတဲ့ သရဲ ဟုတ် မယ် မထင်ပါဘူး ။ မင်း ကြည့်ရတာ ယောင်တောင် တောင် နဲ့ ”

သရဲ ဟာ တစ်ဖက် က ကိုအောင်လွင် အိပ်တဲ့ ခုတင် ပေါ်မှာ ခပ်ဖွဖွပဲ ထိုင်တယ် ။

“ ဟုတ်ကဲ့ ... ခင်ဗျ ၊ ဒီက မဟုတ်ပါဘူး ။ မနေ့ ည က မိုးရွာ လေတိုက်တုန်း လွင့်ပါလာတာ ခင်ဗျ ။ အောက်ထပ် က ဟိုချောင်ကလေး ထဲမှာ မနေ့ည က အိပ်ပါ တယ် ။ ဒီနေ့ မနက်ပိုင်းလည်း တခြား ထွက်ဖို့ပါပဲ ။ လူ မချောင်တာနဲ့ ခုမှ လူရှင်း သွားလို့ ရောက်တုန်း ပေါက်တုန်း လျှောက် ကြည့်ဦးမယ် ဆိုပြီး ကြည့်နေတာ ။ ခင်ဗျား လှေကား ပေါ်က တက်လာတာ တွေ့ ရတာပဲ ”

မောင်မိုးသူ ဟာ စားပွဲ ပေါ် က ဆေးပေါ့လိပ် တစ်လိပ် ကို ယူပြီး မီးညှိပါတယ် ။

“ အေးလေ ... ငါ့ ကို တွေ့ တာနဲ့ မင်း က ဘာဖြစ်လို့ ခြောက်ရတာလဲ ”

သရဲ ဟာ သူ့ မာန ထိခိုက်သွားပုံ ရတယ် ။ လေသံ ခပ်တင်းတင်းနဲ့ ။

“ သရဲ ပဲဗျ ၊ ခြောက်ရမှာပေါ့ ”

မောင်မိုးသူ ပြုံးရပါတယ် ။

“ အေးပါကွာ ၊ မင်း ဟာ သရဲ ပီသပါပေတယ် ။ ငါ့ ကို ခြောက်ပြပြီးပါပြီကွာ ။ ဒါထက် မင်း က ဘယ် တုန်းက သရဲ ဖြစ်တာတုံး ”

“ မကြာသေးဘူးဗျ ”

“ ဟုတ်ပါတယ် ၊ မောင်ရင့် ကြည့်ရတာ သရဲဆားဗစ် သိပ် ရှိပုံမရဘူး ။ နေပါဦး ၊ မင်း သရဲ မဖြစ်ခင် ... လူ့ ဘဝ တုန်း က ဘာလုပ်တုံး ”

“ ကျောင်းဆရာ ခင်ဗျ ”

“ ဟေ ”

ခုမှ မောင်မိုးသူ သရဲ ကို အသေအချာ အကဲခတ် ကြည့်မိပါတယ် ။ ဟုတ်ပေသားပဲ ။ သရဲပုံပန်း က ခပ်နွဲ့နွဲ့ ၊ ဟန်ပန် အမူအရာတွေ ကလည်း ရည်ရည်မွန်မွန် နဲ့ ။ အသက် ကလည်း သိပ် ကြီးပုံ မရသေးဘူး ။ ဒါနဲ့ …

“ မင်းက ပီ အေ တီ ( မူလတန်းပြဆရာ ) လား ”

“ ဟုတ်ကဲ့ ... ခင်ဗျ ”

“ ဒါဆို ဘွဲ့ရပြီးသားပေါ့ ”

“ ဟုတ်ကဲ့ ... ဘီ အေ ဘားမိစ် ( မြန်မာစာ ) ပါ ”

“ ကျောင်းဆရာ က လုပ်ရတာ အဆင်ပြေရဲ့လား ”

“ မပြေပါဘူးဗျာ ၊ ရတဲ့ လခနဲ့ စားလောက်ရုံပါပဲ ။ ဒါတောင် တစ်ယောက်တည်း သမားမို့နော် ။ မိန်းမတွေ သားသမီးတွေ များ ရှိရင် တွေးတောင် မတွေးရဲပါဘူး ”

“ မင်း က ရှော်တာကိုးကွ ၊ ဒီခေတ် က ကျူရှင်ခေတ် ကွ ၊ မူလတန်းကွာ ။ မူကြိုတောင် ကျူရှင်ပြ နေကြတာပဲ ဟာ ။ မင်း ကျူရှင် မပြဘူးလား ။ အေး ... ဝိုင်းသာ လုပ်ဖြစ် ရင်တော့ ထောကြောပဲ မောင်ရေ ”

“ ကျုပ်တို့ နေရာ က တောဗျ ၊ ကလေးတွေ က စာအုပ် ဖိုးတောင် အနိုင်နိုင်ရယ် ။ မိဘတွေကို ကလေးတွေ ကျောင်း ထားအောင် ၊ ကျောင်း လွှတ်အောင် တောင် မနည်း စည်းရုံး နေရတာဗျ ။ ကျူရှင်တွေ ၊ ဝိုင်းတွေ ဘယ်ရှိနိုင်ပါ့ မလဲ ။ ကျုပ် က ညနေပိုင်း စေတနာနဲ့ အခမဲ့ စာပြပေးပါ မယ် ။ လာကြပါလို့ ဆိုတာတောင် မိဘတွေ က ကလေးတွေ မအားကြဘူး ဆိုပြီး မလွှတ်ကြဘူးဗျ ”

“ ဒါဆိုတော့ မင်း အဖြစ်က မလွယ်ပါလားကွာ ”

“ ဟုတ်ကဲ့ ...  ခင်ဗျ ၊ ဒါထက် ခင်ဗျား က ကော ဘာလဲ ၊ ဘာအလုပ် လုပ်တာလဲ ”

“ စာရေးဆရာ ကွ ”

“ ဒါဆို ဘာထူးလဲဗျာ ၊ ကျောင်းဆရာ နဲ့ ဘာကွာ တာမှတ်လို့ ”

“ အောင်မာ … သရဲက လူပါးဝ ... အဲလေ ... သရဲပါး ဝလို့ ၊ စာရေးဆရာ ဆိုတာ ကျောင်းဆရာ ထက် အဆင့် အတန်း မြင့်တယ်ကွ ။ ခု ငါ့ ပဲကြည့် ၊ ကလောဟိုတယ် လို ဈေးကြီး ပေးပြီး တည်းခိုတဲ့ နေရာမျိုး မှာ လာ တည်းနိုင် တာ ကြည့် ”

“ လုပ်မနေစမ်းပါနဲ့ဗျာ ၊ ခင်ဗျား ရုပ်ရှင်အဖွဲ့ နဲ့ လိုက် လာလို့ တည်းနိုင်တာပါ ”

“ ဘာကွ ၊ အဲဒါကို မင်း ဘယ်လိုလုပ်ပြီး သိတာလဲ ”

“ ကျွန်တော် ပြောပြီးပါပြီကော ၊ မနေ့ည ကတည်းက ဒီ ဟိုတယ် ကို ကျွန်တော် ရောက်လာတာလို့ ခင်ဗျား နဲ့ တစ်ခန်းတည်း နေတဲ့ ကိုအောင်လွင် တို့ ၊ ဒီဘက်ခန်း မှာ နေတဲ့ ကိုညွန့်ဝင်း တို့ ကို တွေ့ နေရတာပဲဟာ ။ ကျုပ် က တောကျောင်းဆရာ ပေမယ့် ရုပ်ရှင်မင်းသား တွေ ကိုတော့ သိပါတယ်ဗျာ ”

မောင်မိုးသူ သည် ရုတ်တရက် ဘာပြန် ပြောရမည် မသိပါ ။ နောက် ချက်ချင်း စဉ်းစားမိသွားပြီ ...

“ ငါ့ ကိုတော့ ထားပါလေ ၊ ခု ဒီဟိုတယ်မှာပဲ ပိုဈေးကြီးတဲ့ ပင်မဆောင်မှာ စာရေးဆရာမြင့်မောင်မောင် ရှိတယ်ကွာ ။ စာပေလောက စာအုပ်တိုက် ဦးခင်ညွန့် ရှိတယ်ကွာ ။ ဟိုနေ့က စာရေးဆရာမ ဝေဝေအောင် တို့ မိသားစုတောင် ရှိဆိုလားပဲ ။ အေး .. ပြီးတော့ ငါ့ သူငယ် ချင်း အထောက်တော်လှအောင် ဆို ဒီ ဟိုတယ် မှာ အမြဲ စာ လာရေးတာကွ ။ ခုတလောမှ ဘိုင်ကျ နေလို့ မလာ နိုင်ဘူး ပြောတယ် ။ ကဲ ... ဘာပြောချင်သေးလဲ ”

သရဲ က မျက်လုံးကလေး ပေကလပ် ပေကလပ် ဖြစ်သွားပါတယ် ။ သူ့ ကြည့်ရတာ ပြန်ပြီး ငြင်းခုံချင်သေးပုံ ရပါတယ် ။ ဒါပေမဲ့ မငြင်းတော့ဘဲ ...

“ ထားပါဗျာ ၊ ကျွန်တော် ခင်ဗျားနဲ့ အငြင်းအခုံ မလုပ်ချင်ပါဘူး ။ အကူအညီပဲ တောင်းချင်တာပါ ။ ခင်ဗျား က စာရေးဆရာ ဆိုတော့ အတော်ပဲပေါ့ ”

မောင်မိုးသူ သည် လေလုံး ထွားခဲ့ပြီးမှ အကူအညီ ဆိုတဲ့ စကားလုံး ကြားလိုက်ရ တာနဲ့ ဖျားချင် သလိုလို ဖြစ်သွားပါတယ် ။ မောင်မိုးသူ ဟာ ‘ အကူအညီ ’ ဆိုတဲ့ စကားလုံး ကို ကြောက်တတ်တဲ့ ရောဂါ ရှိပါတယ် ။

“ ဘာ … ဘာများလဲကွာ ”

သရဲ ကတော့ မောင်မိုးသူ ရဲ့ ထစ်အ သွားတဲ့ စကား သံကို သတိထားမိပုံ မပေါ်ပါ ။ သူ့ ဘာသာ ရိုးရိုး သားသား ဆက်ပြီး ...

“ ဒီလိုပါ ၊ ကျွန်တော့် အနေနဲ့ကတော့ ပြီးခဲ့တဲ့ လူ့ ဘဝ က ကျောင်းဆရာ အကြောင်း မစဉ်းစား ချင်တော့ဘူးဗျ ။ အဲဒါက ပြီးခဲ့ပြီပဲ ။ ကျွန်တော် စဉ်းစား နေတာက ခု ဖြစ်နေတဲ့ သရဲဘဝ ကိုပဲ ”

ကြည့်စမ်း .. သရဲ က အနိမ့်စား သရဲ ပါကလား ။ ပစ္စုပ္ပန်တည့်တည့် ကြည့်ရှုဖို့ နားလည်ပါကလား ။ မောင်မိုးသူ စွာကျယ်စွာကျယ် နဲ့ လေကျယ်ခဲ့တာတော့ မှားပြီ ထင်တယ် ။ ဒါပေမဲ့ ဟန် ကိုယ့်ဖို့ပဲလေ ။

“ အေး ... ဒါ အမှန်ပေါ့ကွ ၊ လူ ဆိုတာ အဲလေ ...  ဘယ်သူပဲ ဖြစ်ဖြစ် ပစ္စုပ္ပန် တည့်တည့် ကို ကြည့်ရှုလိုက် ပေါ့ကွ ။ အဲဒီတော့ ...  ”

သရဲ ကတော့ သူ့ အတွေး နဲ့ သူ စဉ်းစားပြီး နေပုံ ရပါတယ် ။ သူ က ..

“ ကျွန်တော့် ပြဿနာ က ကျွန်တော် ခု သရဲဘဝ မှာ ဘာလုပ်ရမလဲ ဆိုတာပဲဗျ ”

“ ဟေ ”

မှတ်ဟ ... နေရာတကာ မှာ ဆရာ လုပ်ချင်တဲ့ မောင်မိုးသူ ဟာ ပါးစပ် အဟောင်းသား ဖြစ်ပြီး ခွကျ သွား ပါတယ် ။ ပြီးမှ စဉ်းစားမိသွားပြီး ...

“ ဒါတော့ ငါ လည်း ဘယ် သိမလဲကွ ၊ ငါ သရဲ မှ မဖြစ်ဖူးတာ ။ နေပါဦး ၊ မင်း က သရဲ ဖြစ်တာ မကြာသေး ဘူးနဲ့ တူတယ် ”

“ ဟုတ်ကဲ့ .. မကြာသေးဘူး ခင်ဗျ ၊ ရက်ပိုင်း ပဲ ရှိသေးတယ် ”

“ ဒါကြောင့် နေမှာပါကွာ ၊ နောက်ကျတော့လည်း … သရဲနည်း သရဲဟန် နဲ့ သရဲ လုပ်တတ်သွားမှာပါ ”

“ ဟုတ်တော့ ဟုတ်ပါတယ်လေ ၊ ဒါပေမဲ့ ကျွန်တော် စဉ်းစားနေတာက သရဲ ဆိုတာ ဘာလဲ ၊ သရဲ အလုပ် က ဘာလဲ ဆိုတာဗျ ”

ရော .. ခက်ရချည့် ။ အစစအရာရာ ကို အကျိုးနဲ့ အကြောင်း ဆက်စပ် တွေးခေါ်ချင်တဲ့ ပုဂ္ဂိုလ် နဲ့ မှ လာဆုံ နေပြီကော ။ မောင်မိုးသူ ကို လည်း စာရေးဆရာ ဆိုပြီး အထင်တကြီး နဲ့ လာမေး နေတော့တာကိုး ။ မောင်မိုးသူ လည်း ဘယ်လို ကျိုးကြောင်း ညီညွတ်တဲ့ ဖြီးနည်း နဲ့ ဖြီးရမလဲလို့ စဉ်းစားပါတယ် ။ ရုတ်တရက် ခေါင်း ထဲ လည်း ဘာမှ ပေါ်မလာ ။ ဒီတော့ မသိချင် ယောင် ဆောင်ပြီး စားပွဲကလေး ပေါ်က ဆေးပေါ့လိပ် ကို ယူ ၊ မီးညှိ ၊ ထိုင် နေရာ က ထ ပြီး လမ်းလျှောက် နေလိုက်ပါတယ် ။

သရဲ ကတော့ သူ့ အတွေး နဲ့ သူ ဆက် တွေးနေပုံ ရပါ တယ် ။ ပြီးမှ ..

“ ဟုတ်တယ်နော် ၊ သရဲ ဆိုပြီး လက်နှစ်ဖက် ရှေ့ ထုတ်ပြီး ဗြဲခနဲ ခြောက်ပုံမျိုး ကတော့ ဘယ်နိပ်မလဲဗျ ။ အမှန်တော့လည်း ဒါဟာ သရဲခြောက်နည်း အစစ်ဖြစ် ချင်မှ ဖြစ်မှာ ။ အိုဗျာ ... ဖြစ်မယ်လို့ မထင်ပါဘူး ။ အဲဒါ ကလေး တွေ ကစားတဲ့ နည်း တစ်နည်းပဲ ဖြစ်မှာပါ ”

ရွှေကိုယ်တော် သရဲ သည် အတော် ဆက်စပ် တွေး တောနိုင်သော ငနဲ ပါကလား ။ မောင်မိုးသူ သည် ယခုမှ ဖျားချင်ချင် ဖြစ်လာပါတော့တယ် ။ သရဲ နဲ့ တွေ့ရုံနဲ့ မကြောက်ခဲ့တဲ့ မောင်မိုးသူ ဟာ ခုမှ ကြောက်ချင်ချင် ဖြစ်လာပါတော့တယ် ။ ခေါင်း ထဲ မှာ လည်း ဘာမှ တွေးလို့မရ ။ ပါးစပ် က လည်း ဘာမှ မထွက်ရဲ ။ ရေငုံ နှုတ်ပိတ် ဖြစ်နေပါတော့တယ် ။

သရဲ ကမူ မောင်မိုးသူ ၏ ကိုယ်နှုတ် အမူအရာ ကို သတိထားမိပုံ မရပါ ။

“ ကျွန်တော် ဖတ်ဖူး မှတ်ဖူးသမျှ သရဲ ဆိုတာ လူတွေ ကို ထိတ်လန့်အောင် ခြောက်တယ် ၊ ကုပ်ချိုးစား တယ် ။ ဘာဘာညာညာ မကောင်းတဲ့ အလုပ်ကို လုပ်တာ ချည့်ပဲဗျ ”

“ ဟုတ်တယ်ဟေ့ ၊ ငါ ဖတ်ဖူးသမျှ သရဲဝတ္ထုတွေ အားလုံးထဲ က သရဲတွေ မှန်သမျှ မကောင်းတာ လုပ်တာ ချည့်ပဲကွ ”

“ သရဲ က ကောင်းတာ လုပ်လို့ မရတော့ဘူးလား ၊ ကျွန်တော် က မကောင်းတာကို မလုပ်ချင်ဘူးဗျ ။ ကောင်း တာကိုပဲ လုပ်ချင်တာ ”

“ ကောင်းတာ လုပ်ချင်တဲ့ စိတ် ရှိတာ ကို က ကောင်း တာပဲကွ ။ ဟေ့ .. ဒီမှာ နေပါဦး ၊ ကောင်းတာ ကို မင်း လုပ် ချင်တယ် ဆိုတော့ မင်း ဘာ လုပ်နိုင်သလဲ ၊ ဘယ်လောက် အစွမ်းအစ ရှိသလဲ ”

“ အဲဒါ ကျွန်တော် မသိဘူးဗျ ၊ သရဲ ဖြစ်တာ က လည်း မကြာသေးဘူး ၊ ဘယ်သူ ကမှ ကျွန်တော့် ကို သင်တန်း တွေ ဘာတွေ လာမပေးဘူး ။ ဘယ်လို အရည်အချင်းတွေ ရှိတယ် ၊ ဘယ်လို အစွမ်းအစ ရှိတယ်ဆိုတာ မသိဘူးဗျ ”

မောင်မိုးသူ လည်း သရဲစကား နဲ့ ရောယောင် လိုက် ပါသွားပြီး တကယ်ပဲ စိတ်ဝင်တစား တွေးကြည့်မိပါ တယ် ။ သရဲ ဘယ်လို ကောင်းကျိုး ကောင်းရာ တွေ ကို လုပ်နိုင်ပါလိမ့် ။ ရုတ်တရက် ခေါင်း ထဲ မှာ အကြံ တစ်ခု ပေါ်လာပြီး ...

“ မင်း မှောင်ခိုစနစ်ကြီး ကို ဖျက်နိုင်မလား ”

သရဲ ဟာ စဉ်းစား လိုက်ပါတယ် ။ ပြီးမှ ... 

“ မဖျက်နိုင်ဘူး ထင်တယ်ဗျ ”

“ ကုန်ဈေးနှုန်း ကျအောင် လုပ်နိုင်မလား ”

“ မလုပ်နိုင်ဘူး ထင်တယ်ဗျ ”

မောင်မိုးသူ လည်း နောက်ထပ် ဘာ မေးရမှန်း မသိ တော့ဘဲ ဆေးလိပ် သောက် လမ်းလျှောက် နေမိပါတယ် ။

သရဲ က မောင်မိုးသူ လမ်းလျှောက်ပုံ ကို ကြည့်ပြီး ...

“ ခင်ဗျား ခြေထောက် က ဆာတာဆာတာ နဲ့ ဘာဖြစ် တာလဲ ”

“ အေးကွာ .. ဘာဖြစ်မှန်း မသိပါဘူး ၊ မျက်တက် တက် ဖြစ်နေလို့ ကနေ့ ကားရိုက် တောင် လိုက် မသွားနိုင် တာ ”

သရဲ က ရုတ်တရက် အကြံ ရသွားသလို ဖြစ်ပြီး ... 

“ အဲဒါကို ကျွန်တော် နှိပ်ပေး ကြည့်မယ်လေ ၊ ပျောက်မလား မပျောက်ဘူးလား သိရအောင် ”

အဲဒီ အချိန်ကလေး မှာပဲ ဟိုတယ်ဝင်း ထဲ ကို မော်တော်ကား တစ်စီး ဝင် လာသံ ကြားရပါတယ် ။ ပြတင်း ပေါက် က လှမ်း ကြည့်လိုက်တော့ ကားရိုက် ပြန်လာကြတဲ့ ကိုညွန့်ဝင်း တို့ ၊ ကိုအောင်လွင် တို့ ။

••••• ••••• •••••

“ ဟေ့ လူကြီး .. ခြေထောက် မျက်သွားတာ ဘယ့် နှယ့်လဲ ၊ သက်သာပြီလား ”

ကိုညွန့်ဝင်း က ခရီး ရောက် မဆိုက် မေးပါတယ် ။

ကိုအောင်လွင် က တော့ ရယ်ဖြဲဖြဲနဲ့ ...

“ ဒီ ငနဲ ခြေထောက် နာရတာ က ကျွန်တော်တို့ ကို ပြိုင်ပြီး ဘောင်းဘီ ဝတ်လို့ဗျ ”

မှန်ပါတယ် ။ ရန်ကုန် ကတည်း က ကားရိုက်ကွင်း ဆိုတာ အထူးသဖြင့် ဒါရိုက်တာ စံရွှေမောင် ( အောင်လွင် ) ရဲ့ ရိုက်ကွင်း ဆိုတာ တောင်တက်ရ ၊ ခုန်ရ ၊ ကျော်ရနဲ့ မို့ ဘောင်းဘီ ဝတ်မှ ဆိုပြီး သားကြီး ရဲ့ ဂျင်းဘောင်းဘီရှည် တစ်ထည် ထည့်ယူခဲ့ပါတယ် ။ ပြီးတော့ ဖိုက်တင် ရိုက်ကွင်း သွားတာမို့ မနေ့က ဝတ်သွား ခဲ့မိပါတယ် ။ တကယ် တော့ မောင်မိုးသူ ဟာ ကြီး မှ ဘောင်းဘီ မဝတ်ဖူးပါ ။

မောင်မိုးသူ က ...

“ ပျောက်သွားပါပြီဗျာ ၊ သရဲ က နှိပ်ပေးသွားလို့ ”

“ ဘာ … ဘာပြောတယ် ”

နှစ်ယောက် စလုံး က မောင်မိုးသူ ကို တအံ့တသြ ပြိုင်တူ မေးလိုက်ကြပါတယ် ။ ဒါနဲ့ မောင်မိုးသူ လည်း နေ့ခင်း က အဖြစ်အပျက်တွေ ကို အစအဆုံး ပြန်ပြော လိုက်ပါတယ် ။ ဒီတော့ နှစ်ယောက်စလုံး က မကျေ မနပ်နဲ့ ။

“ ခင်ဗျား ဗျာ ... နောက်စရာ မရှိ ကြံကြံဖန်ဖန် ”

ဟုတ်ကဲ့ ... သူတို့ နှစ်ယောက်စလုံး မောင်မိုးသူ စကား ကို မယုံကြပါ ။ မောင်မိုးသူ လည်း သူတို့ ယုံအောင် ဘယ်လို သက်သေပြရမှန်း မသိပါ ။ မောင်မိုးသူ ပြစရာ သက်သေ က တော့ ..

“ ဒီမှာ ကြည့်လေ ၊ သရဲ နှိပ်ပေး သွားလို့ ကိုယ့် ခြေထောက် မမျက်တော့ ဘူးလေ ။ ကောင်းသွားပြီ ”

ကိုအောင်လွင် က ...

“ မဟုတ်တာ ။ မနက် က တေဇောဘမ်း တွေ လိမ်း ၊ မောင်မျိုးမင်းဆိုင် က လင်နမင်တွေ လိမ်း လိုက်လို့ ပျောက်တာ နေမှာပေါ့ ”

ကိုညွန့်ဝင်း က မူ ပြုံး၍ ...

“ အလကားပါဗျာ ၊ ဒီ လူကြီး ကျုပ်တို့ ကို သက်သက် စ နေတာဗျ ။ စာရေးဆရာ ဆိုပြီး ဇာတ်လမ်းတွေ ထွင် ပြောနေတာ ”

မောင်မိုးသူ ဟာ နောက်ထပ် စောဒက တက် မနေ တော့ပါ ။ ဆက်ပြီး ငြင်းခုံ နေ လို့လည်း အကြောင်းထူး တော့မည် မထင်ပါ ။ စိတ် ထဲ မှာ တော့ သူတို့ အဖွဲ့ ဝင် မလာ ခင် မောင်မိုးသူ ရဲ့ ပေါင် ကို နှိပ်နယ် ပေးသွားတဲ့ သရဲ ရဲ့ လှုပ်ရှားပုံ ကို မြင်ယောင် နေမိပါတယ် ။ သရဲ နှိပ် ပြီးတော့ မောင်မိုးသူ လမ်း လျှောက်ကြည့် ပါတယ် ။ မျက်တက် တက် ဝေဒနာ မရှိတော့ပါ ။ ဒါနဲ့ မောင်မိုးသူ သရဲ ကို ကျေးဇူးတင်စကား ပြော မလို့ ပြင်နေတုန်း လှေကား ပေါ် တက်လာကြတဲ့ အဖွဲ့ ရဲ့ ခြေသံ ကို ကြားပြီး သရဲ ဟာ ပြတင်းပေါက် က လွင့်ပျံပြီး ထွက်သွားပုံ ကို လည်း မျက်စိ ထဲ က မထွက်ဘဲ ရှိနေပါတယ် ။

ဒီ သရဲလေး နောက်ထပ် ကောင်းရာကောင်းကျိုး ဘာတွေများ လုပ်နိုင်ပါလိမ့်မလဲ ။  ။

⎕ မောင်မိုးသူ

📖 ရင်ခုန်ပွင့် မဂ္ဂဇင်း
      ၁၉၈၈ ၊ သြဂုတ်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment