❝ ဒေဝဒတ် နှင့် သူ့ နောက်လိုက်များ ❞
⎯⎯⎯⎯⎯⎯⎯⎯⎯
မောင်ထင်
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလာန် ၊ အရှင် ကဿပ ၊ အရှင်အာနန္ဒာ စသော မထေရ် တို့ အား ကျန်းမာ ချမ်းသာ ပါ၏ လော ဟု ပဋိသန္ဓာရ ပြုလျက် ဥဒဟို ဝင်ထွက် သွားလာ နေကြကုန်သော မြတ်စွာဘုရား ၏ တပည့် သား မြေး တို့ ကို မြင်လတ်သော် ဝန်တို ဣဿာ တရား တို့ သည် သူ ၏ နှလုံးသား ကို ကြွက် ခဲ ဘိ သကဲ့သို့ ခဲလေ၏ ။
ထိုစဉ်အခါက မြတ်စွာဘုရား သည် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်းတော် ၌ သီတင်းသုံး နေတော်မူ၏ ။ ထိုအခါ ပရိသတ်တို့ သည် ကျောင်းတော် သို့ ပန်းပျားခတ်မျှ လာရောက် ကြကုန်သောကြောင့် မိမိတို့ လှူဒါန်း ပူဇော် လိုသော ရဟန်းသံဃာတော် တို့ ၏ အမည်နာမ ကို မစုံစမ်း မမေးမြန်းဘဲ လာရောက် သူသည် မျက်စိ လည်ဖွယ်ရာ ရှိသည် ။ ထို့ကြောင့် အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလာန် ၊ အရှင်ကဿပ ၊ အရှင်အာနန္ဒာ တို့အား ဖူးမြော် လိုသော ပုဂ္ဂိုလ် တို့သည် နီးစပ်ရာ ၊ နီးစပ်ရာ ရဟန်းသံဃာ တို့အား ထို အရှင် တို့ ၏ အမည်နာမ ကို ထုတ်ဖော်မေးမြန်း ကြရကုန်သည် ။ ထို့ကြောင့် ဃောသိတာရုံ ကျောင်းတော် ၌ ထို အရှင်သူမြတ် တို့၏ အမည်နာမ တို့သည် သာလျှင် ပဲ့တင်ထပ် လျက် ရှိသည် ။ တစ်ခါတစ်ရံ ၌ မူကား ထို နာမည်ကြီး သော အရှင်မြတ် တို့ ၏ အမည် ကို သာမက သာမန် မျှ သာ ဖြစ်သော ကမိလ မထေရ် ကဲ့သို့သော အရှင်သူမြတ် တို့ ၏ အမည်နာမ ကို ပင် လျှင် ရိုသေ လေးစားစွာဖြင့် မေးကြမြန်းကြသည် ။
သို့ပါသော်ငြားလည်း သူ့ အား မည်သူ က မျှ ရှိသည် ဟု အမှတ် မပြုကြလေ ။
ထို့ကြောင့် ကျောင်းတော် သို့ လာရောက်ကြသော ဒါယကာ ဒါယိကာမ တို့ က အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလာန် ၊ အရှင်ကဿပ ၊ အရှင်အာနန္ဒာ စသဖြင့် မပြတ်မလပ် ခေါ်ဝေါ် ကြသော အသံ တို့ ကို ကြား လျှင် သူ ၏ စိတ်၌ အနည်းဆုံး မခံချိ ဖြစ်မိသည် ။
တစ်နေ့သော် သူ သည် ဤသို့ တွေးမိ၏ ။
“ အရှင်သာရိပုတ္တရာ ၊ မောဂ္ဂလာန် ၊ ကဿပ ၊ အာနန္ဒာ စသော သူတို့နှင့် အလားတူ ငါ သည် ရဟန်း ပြုခဲ့သည် ။ ထိုသို့ ရဟန်း ပြုကြသော ငါတို့ အားလုံးသည် မြင့်မြတ်သော မျိုးရိုးဇာတိ ရှိကြသည် ချည်းပင် ။ စင်စစ် ငါ သည် ကား သူတကာ ထက် မြင့်မြတ်သော မင်း မျိုး၌ ဖြစ်၏ ။ ထိုမှ တစ်ပါး တုံလည်း ငါ သည် ဗုဒ္ဓဂေါတမ ၏ ညီဝမ်းကွဲ လည်း တော်၏ ။ ဂေါတမ သည် သိဒ္ဓတ္ထမင်းသား ဘဝ ၌ ငါ ၏ နှမတော် ယသော်ဓရာ ကို ဆောင်နှင်းသည် ။ ထိုကြောင့် ငါ သည် ဗုဒ္ဓဂေါတမ ၏ ယောက်ဖ လည်း တော်၏ ။ သို့ပါလျက် နှင့် ငါ့ အား ကြည်ညိုမည့် သူ မရှိ ၊ ပူဇော်သက္ကာရ ပြုမည့်သူ မရှိ ၊ မထင်မရှား ဖြစ်ရလေသည် တကား ”
ဤ အတွေး သည် စိတ် ထဲသို့ ဝင်လာ၍ သူ ၏ နှလုံးသား ကို အိုင်းအမာ ထွင်းဖောက် ၍ စားဘိ သကဲ့သို့ စား လေသည် ။
ဃောသိတာရုံကျောင်း ၌ သီတင်းသုံး ကြသော ရဟန်း တို့သည် လာဘ်လာဘ ရွှင်လန်း၍ ချမ်းသာဝပြော ကြကုန်၏ ။ သူ့ မှာ ကား လာဘ် လာဘ ဆိတ်သုဉ်း၍ သူဆင်းရဲ ကဲ့သို့ ဖြစ်၏ ။ တစ်ရံရော အခါက ဒေဝဒဟဘုရင် သုပ္ပဗုဒ္ဓမင်း ၏ သားတော် အဖြစ် ဖြင့် ထင်ရှားခဲ့ သူသည် ယခုအခါ ကိုယ်ထီးကျန် ဘဝ ၌ ကျရောက်ခဲ့ရချေပြီ ။
ထို့ကြောင့် ငါ ဟူ၍ မှ ရှိပါသေး၏ လော ဟု တွေးတောမိ၏ ။ သူ့ အဖို့ ဤကဲ့သို့ အညတြ ဘဝ၌ သည်းခံ၍ နေအပ်သောငှာ မတတ်နိုင်ချေ ။ ထို့ကြောင့် သူ့ အား သင်္ဂြိုဟ် ထောက်ပံ့မည့် ဒါယကာ ကို ရှာလေဦး မှ ဟု စဉ်းစားမိသည် ။ ဤသို့သော ဒါယကာ ကို တွေ့ လျှင် ဗုဒ္ဓမြတ်စွာဘုရား ၏ တပည့် သံဃာတော် အားလုံး ထက် မြင့်မြတ်သော နေရာ ကို ရအောင် ကြံစည် နိုင်လိမ့်မည် ဟု အောက်မေ့ မိလေသတတ် ။
ထို့ကြောင့် သူ သည် ရှေးဦးစွာ၌ ဗိမ္ဗိသာရမင်းကြီး ကို သတိရ မိ၏ ။ ထိုနောက်၌ လည်း ပသေနဒီ ကောသလမင်းကြီး ကို လည်း သတိရ မိ၏ ။ သို့သော် ထို မင်း နှစ်ပါး တို့သည် သူ့ အကြောင်း အစဉ်းသိ ဖြစ်ကြသည် ။ ဗိမ္ဗိသာရမင်း ၏ သားတော် အဇာတသတ် ကား အဖ က အလိုလိုက်သော မသိ မလိမ္မာ အရွယ် သားငယ် ဖြစ်သည် ။ ထို ငယ်ရွယ်သူ မင်းသား ကို မိမိ လွှမ်းမိုး နိုင်ခဲ့ပါလျှင် သူ့ အား မျက်ကန်း နောက်လိုက် တစ်ဦး အနေဖြင့် အသုံးချ သွားပါမူ ငါ မှ ငါ တည်း ဟူသော မာနတံခွန် ကို စိုက်ထူ နိုင်ပေ လိမ့်မည် ။
ဤသို့ စဉ်းစားမိသည် နှင့် သူ သည် အဇာတသတ် ရှိရာ ရာဇဂြိုဟ် ပြည် သို့ သွား၍ သတို့သားငယ် အသွင် ဖန်ဆင်း၍ ၊ လက် ခြေ ဦးခေါင်း တို့၌ အခွေ အခွေ ရှိသော မြွေ တို့ဖြင့် တန်ဆာ ဆင်၍ အဇာတသတ် ၏ ရင်ခွင် ထက်၌ ကိုယ်ထင် ပြလေ၏ ။ မင်းသား လည်း ထိတ်လန့်သည် ဖြစ်၍ “ အသင် အသူနည်း ” ဟု တုန်ချိသော အသံ ဖြင့် မေး၏ ။
“ ငါ ကား ဒေဝဒတ် တည်း ” ဟု ဖြေ၏ ။
ထိုအခါ အကြောက်ပြေ လာပြီ ဖြစ်သော မင်းသား က “ ဒေဝဒတ် ဟု ဆိုသော် ပကတိ အသွင် ကို ပြပါ ” ဟု တောင်းပန်၏ ။
ဒေဝဒတ် လည်း ပကတိ ရဟန်း အသွင် ကို ပြလေသည် ။
ဤသည်တွင် မင်းသား သည် ဒေဝဒတ် ကား တန်ခိုး အာနုဘော် ကြီးမားလှဘိ၏ ဟု အောက်မေ့သည် ။ အဇာတသတ် သည် ခမည်းတော် ကိုးကွယ်သော ဗုဒ္ဓမြတ်စွာဘုရား ၏ အကြောင်း ကို ကြားဖူး၏ ။ သို့သော် မြတ်စွာဘုရား သည် တန်ခိုးအာနုဘော် နှင့် ပြည့်စုံသည် တို့ကို မကြားဖူး ၊ မမြင်ဖူးချေ ။ ယခု ကိုယ်တိုင် တွေ့ ရသော ဒေဝဒတ် ကား တန်ခိုး ကြီးလှပေ၏ ။ တန်ခိုးဣဒ္ဓိပါဒ် တို့သည် အဇာတသတ် ၏ စိတ်နှလုံး ကို သိမ်းကျုံးယူငင် ခဲ့လေပြီ ။
ဤနည်းဖြင့် ဒေဝဒတ် သည် အဇာတသတ် ၏ ဆရာတော် ဖြစ်လာ လေသည် ။ အဇာတသတ် လည်း မိမိ ၏ ဆရာ ကို နေ့စဉ် ဝတ်ကြီး ဝတ်ငယ် ပြု၍ ပူဇော်၏ ။ ယခုအခါ ဒေဝဒတ် သည် နောက်လိုက် နောက်ပါ ငါးရာ မျှကို စုဆောင်းမိပြီ ဖြစ်ရကား အဇာတသတ် သည် ထို ငါးရာ မျှသော အခြွေအရံ တို့ကို နိစ္စဘတ်ဆွမ်း ဝတ်ပြု၏ ။ ထို့ကြောင့် ဒေဝဒတ် သည် အဇာတသတ် ၏ ပူဇော် သက္ကာယ ပြုသော လာဘ်လာဘ တို့၌ နစ်မွန်းလျက် မာန်ယစ် လာလေသည် ။
တစ်ရံခါသော် ဒေဝဒတ် သည် မြတ်စွာဘုရား ၏ သံဃာတော် အပေါင်းတို့ အား ငါ ဆောင်အံ့ ဟု အကြံ ဖြစ်လေ၏ ။ ဤသို့ အကြံ ဖြစ်သည် နှင့် တစ်ပြိုင်နက် ဒေဝဒတ် ၌ ရှိသော ဣဒ္ဓိပါဒ် တို့လည်း ကွယ်လေသည် ။
ထို့နောက်၌ ကား ဒေဝဒတ် သည် နောက်လိုက် ရဟန်း ငါးရာ ခြံရံ လျက် မသမာသော အကြံ ဖြင့် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော် ၌ ပြောင်းရွှေ့ သီတင်းသုံး လျက် ရှိနေတော် မူသော မြတ်စွာဘုရားသခင် ထံပါး သို့ ချဉ်းကပ်၍ မြတ်စွာဘုရား ၏ တပည့် သံဃာတော် အပေါင်း တို့အား သူ့ ထံ လွှဲအပ်ပါရန် တောင်းဆို လျှောက်ထား လေ၏ ။
“ အရှင်ဘုရား ၊ အရှင်ဘုရား သည် ယခုအခါ အိုမင်းခြင်း သို့ ရောက် ပါပြီ ။ သံဃာ အဖွဲ့အစည်း ကို အုပ်ချုပ် ထိန်းသိမ်းခြင်း လုပ်ငန်း၌ ကြောင့်ကြမှု မရှိစေရ လေအောင် အရှင်ဘုရား ၏ ဘိက္ခု ဘိက္ခုနီ ၊ ဥပသကာ ဥပသကီ တို့ အား အကျွန်ုပ် ထံ အပ်နှင်းပါ လော့ ” ဟု လျှောက်လေ၏ ။
ဘုရားရှင် ကိုယ်တော်မြတ် လည်း “ ချစ်သား ဒေဝဒတ် ၊ သင် သည် သင် ၏ လွတ်မြောက်ရေး အတွက် ရှေးဦးစွာ ကျင့်ဦးလော့ ။ ငါ ၏ တပည့်သား ရဟန်းရှင်လူ တို့သည် ငါ ဘုရား ကို ရည်မှန်း၍ ရဟန်း ပြုကြကုန်သည် ။ ငါ သည် သင့် ကို မဆိုထားဘိ ၊ သာဝက တို့ ၏ အထွတ် သို့ ရောက်သော ရှင်သာရိ ပုတ္တရာ ၊ ရှင်မောဂ္ဂလာန် တို့ ကိုပင် သံဃာကို မအပ်သေးတုံ ။ သင့် ကို မူကား အဘယ်မှာ အပ်နိုင်ပါမည်နည်း ” ဟူ၍ မိန့်တော်မူ ပြီးလျှင် ဒေဝဒတ် ၏ အဆို ပြုချက် ကို ရှုတ်ချတော်မူ၏ ။
ဒေဝဒတ် သည် အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလာန် စသော မကြား လိုသော အမည်များ ကို ထပ်မံ၍ ကြားရပြန် ချေပြီ ။ ထို အမည် တို့ ကို ကြားတိုင်း ကြားတိုင်း သူ၏ နှလုံးသားသည် ကိုက်ခဲ နာကျင်၏ ။ ထို သာဝက တို့ ကား ဗုဒ္ဓမြတ်စွာ ၏ သူကောင်းပြုခြင်း ခံရသော သာဝက တို့ ပင်တည်း ။ မိမိ မှာ တစ်မူကား အပယ်ခံ ဘဝ ၌ သာ တည်သည် ။ ယခု လည်း ဘုရားရှင် သည် ယောက်ဖ တော် သော ငါ့ ကို ပင်လျှင် ရှုတ်ချသည် ။ သူတစိမ်း မျိုးခြား ဆင်းရဲသား တို့ကို မူကား အထွတ် ၌ တင်သည် ။ ဒေဝဒတ် သည် ဤကဲ့သို့ နှလုံး မသာမယာဖြင့် ဘုရားရှင် အား ရန်ငြိုးကြီး ဖွဲ့လေသည် ။
ဘုရားရှင် လည်း အရေးအခင်း တို့ ကြီးကျယ်လာမည် ကို သိတော်မူ သည် ။ ဒေဝဒတ် ၏ မကောင်းကြံမှု တို့ ကို ဟန့်တားခြင်း မပြုခဲ့ပါလျှင် သံဃာ အဖွဲ့အစည်း ၏ ညီညွတ်မှု သည် အန္တရာယ် ဖြစ်လာဖွယ်ရာ ရှိသည် ။ ထို့ကြောင့် ဘုရားရှင် လည်း သံဃာ တို့ ကို ခေါ်ယူ စည်းဝေး စေပြီးလျှင် ရာဇဂြိုဟ်ပြည် သို့ သွား၍ ရှင်ဒေဝဒတ် ၏ ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါး တို့သည် ဘုရား ၏ အလိုတူ ဟူ၍ လည်းကောင်း ၊ တရား ၏ အလိုတူ ဟူ၍ လည်းကောင်း ၊ သံဃာ ၏ အလိုတူ ဟူ၍လည်းကောင်း မယူမှတ်ကြ ကုန်လင့် ။ ဒေဝဒတ် ပြုသော အမှု သည် ဘုရား ၊ တရား ၊ သံဃာ တို့ကို ကိုယ်စား မပြု ၊ သူ ၏ ကိုယ် ကို သာလျှင် ကိုယ်စားပြုပေသည် ဟု ကြေညာစေရန် ညွှန်ကြားတော် မူ၏ ။ မြတ်စွာဘုရား ၏ ညွှန်ကြားချက် အတိုင်း ရဟန်း တို့ လည်း ဒေဝဒတ် ကို ပကာသနိယကံ ပြုကြ ကုန်၏ ။
ထိုအခါ ဒေဝဒတ် လည်း “ ယောက်ဖတော် ဂေါတမ ၏ အကျိုးမဲ့ ကို ပြုတော့အံ့ ” ဟု ကြုံးဝါးလေ၏ ။
ထို့နောက် ဒေဝဒတ် သည် ဘုရားရှင် အား ကျဆုံးစိမ့်မည် ဟူသော မနောဆိုး ဖြင့် အဇာတသတ်မင်း ကို ချဉ်းကပ် ပြီးသော် ဤ ဘဒ္ဒကမ္ဘာ တွင် အကြီးအကျယ်ဆုံး ဖြစ်သော လုပ်ကြံမှုကြီး ကို ကျူးလွန်ရန် သူခိုးသေဖော် ညှိ သတည်း ။
ဒေဝဒတ် လည်း အဇာတသတ် ကို ပြစ်မှု၌ ဖက်စပ် ပါဝင်စေရန် ရည် သန်၍ “ အသင် မင်းသား ... ရှေးသရော အခါ က လူတို့ သည် အသက် ရှည်ကြ ကုန်၏ ။ ယခုခေတ်၌ မူကား လူတို့ သည် အလွန် အသက် တိုကြသည် ။ သင် သည် ယခုအခါ ငယ်ရွယ်လှ သေးသည် ။ သို့သော် သင် သည် မည်သည့် နေ့တွင် သေရမည် မသိနိုင်ရာ ။ သင် ၏ ဖခင် လည်း အသက်အရွယ် အားဖြင့် ပျိုမျစ်ဆဲ ပင် ဖြစ်၏ ။ လောကဓမ္မတာ အတိုင်း အသင် ၏ ဖခင် အသက်ထက် ဆုံး နေသွားသည် ကို အသင် စောင့်ဆိုင်း၍ နေရသည် ရှိသော် သင်သည် အိုကြီးအိုမ ကုန်းကွကွ အရွယ် သို့ ရောက်မှ ပင် လျှင် ဖခင် ၏ အရိုက်အရာ ကို ခံရ လတ္တံ့ ။ ဤသို့ အရွယ်လွန်မှ ထီးနန်းစည်းစိမ် ကို ခံစားရမည် ဆိုသော် အဘယ်မှာ လျှင် အကျိုး ရှိအံ့နည်း ။ ထိုသော အခါမှ ခံစားရသော မင်း ချမ်းသာ သည် မည်သို့မျှ အရသာ ရှိလိမ့်မည် မဟုတ် ။ ထို့ကြောင့် အသင် မင်းသား သည် အဖ ကိုသ,တ်၍ မင်း ပြုလေ ။ ငါ သည် လည်း ယောက်ဖတော် ဂေါတမ ကို သ,တ်၍ ဘုရား လုပ်အံ့ ” ဟု သွေးဆောင်လေသည် ။
အဇာတသတ် လည်း ဆရာ ပေးသော အကြံသည် သင့်၏ ဟု ယူဆ၍ ဒေဝဒတ် လှုံ့ဆော်ပေးသည့် အတိုင်း ပြု၏ ။ အဖ ဗိမ္ဗိသာရမင်း ကို ရှေးဦးစွာ လုပ်ကြံရာ၌ မအောင်မြင်ချေ ။ သို့ရာတွင် သားတော် အပေါ် ၌ အချစ် ကြီးလှစွာသော ဖခမည်းတော် သည် သားမိုက် အား အပြစ်မပြု သည့် အပြင် ထီးနန်း ရိုက်ရာ ကို ပါ လွှဲအပ်တော် မူလေ၏ ။
အဇာတသတ် သည် မင်း အဖြစ် ကို ရသော်ငြားလည်း မိမိ ရအပ်သော စည်းစိမ်၌ တင်းတိမ်ခြင်း မရှိနိုင်လေ ။ အဘယ့်ကြောင့် ဟူမူ ဒေဝဒတ် သည် ဗိမ္ဗိသာရမင်း အား အပြီးအပိုင် ဖယ်ရှား သုတ်သင်စေရန် သွေးဆောင်လျက် ပင် ရှိနေသောကြောင့် တည်း ။
တစ်နေ့သ၌ ဒေဝဒတ် သည် အဇာတသတ်မင်း ထံ လာ၍ “ အသင် မင်းသား ၏ ဖခမည်းတော် အသက်ရှင် နေသမျှ ကာလပတ်လုံး အမှု ပြီးမည် မဟုတ် ။ တစ်နေ့သော အခါ အသင် မည်သို့ ဖြစ်မည် ကို သိနိုင်ရာ သလော ” ဟူ၍ တီးတိုးစကား ဖြင့် သွေးထိုး လှုံ့ ဆော်ပြန်လေသည် ။
ထို့ကြောင့် ဆရာဒေဝဒတ် အလိုအတိုင်း တပည့် အဇာတသတ် သည် ဖခမည်းတော် အား ထောင်သွင်း အကျဉ်းထား ကာ အမျိုးမျိုး နှိပ်စက် ညှဉ်းပန်းလေရာ စိတ်နှလုံး ကောင်းသော မင်းကြီး လည်း ကြီးစွာသော ဆင်းရဲ ခြင်း ဖြင့် အနိစ္စ ရောက် လေ၏ ။
ထိုအခါ မကောင်းသူ ၏ စေစားရာ ကို ခံရသော မင်းသား က အကောက်ကြံသူ ဆရာ ဒေဝဒတ် အား “ အရှင်...အကျွန်ုပ် အမှု ကား ပြီးလေ ပြီ ၊ အရှင် ပြုရန် အမှု သာ ကျန်ပေတော့သည် ” ဟု ဆိုလေ၏ ။
ဒေဝဒတ် လည်း ဤသို့တပြီးကား “ အသင် မင်းကြီး ၏ လေးသမား သုံးကျိပ်နှစ်ယောက် ကို ငါ့ အား ပေးလော့ ” ဟု တောင်းဆိုပြီးလျှင် ဘုရားရှင် ကို သ,တ်ရန် ကြံ လေ၏ ။ ဒေဝဒတ် ၏ ယုတ်မာသော အကြံကား ပထမ စေလွှတ်သော လေးသမား တစ်ဦး က ဘုရား ကို လုပ်ကြံရန် ၊ ထို လုပ်ကြံရာ မှ ပြန်လာသော လေးသမား ကို ဒုတိယ စေလွှတ်သော လေးသမား နှစ်ဦး က လုပ်ကြံရန် ၊ ထို လေးသမား နှစ်ဦး ကို တတိယ စေလွှတ်သော လေးသမား လေးဦး က လုပ်ကြံရန် ၊ ဤသို့ အဆင့်ဆင့် လုပ်ကြံစေခြင်း ဖြင့် လုပ်ကြံမှုကြီး ၌ သက်သေ ရှာ မရစေရန် ကြံရွယ်သော အကြံ ဖြစ်သည် ။
ထို သုံးကျိပ်နှစ်ယောက် သော လေးသမား တို့ လည်း မြတ်စွာဘုရား တရားဓမ္မ ပြသရာ နေရာသို့ သွားကြသည် တွင် မြတ်စွာဘုရား သည် ယင်းတို့ အား ဝဋ်ဒုက္ခ တို့ မှ ကုန်ရာကုန်ကြောင်း ဖြစ်သော တရားဓမ္မခန် တို့ ကို ညွှန်ကြားပြသ ဆိုဆုံးမသည် နှင့် ထို သူတို့ လည်း သတိ သံဝေဂ ရကာ ဥပသကာ ချည်း ဖြစ်ကုန်ကြလေသည် ။
ဒေဝဒတ် လည်း ဘုရား အား သ,တ်ရန် ပထမ လုံ့လပြုရာ၌ မအောင်မြင် လေသော် “ ငါကိုယ်တိုင် သတ်အံ့ ” ဟု ကြံလျက် ဣရိယာပထ မျှတစေခြင်း ငှာ ဂိဇ္ဈဂုတ်တောင် အရိပ် ၌ ကြွ နေသော ရှင်တော်ဘုရား အား ဂိဇ္ဈဂုတ် တောင်ထက် မှ နေ၍ စက်ယန္တရား ဆင် ပြီးလျှင် ကျောက်တုံး ကို လှိမ့်ချလေ၏ ။ မြတ်စွာဘုရား ၏ ခြေမတော် သည် ကျောက်တုံး ခ ၍ သွေးစိမ်းရှင်ရှင် ထွက် လေသည် ။ သို့သော် ထိုမှတစ်ပါး အခြား ဘေးဒဏ် ခပ်သိမ်း တို့မှ ငြိမ်းသည် ။ ကျောက်တုံး ခ သော ခြေမ ကို ဆရာဇီဝက ကုသ ပေးသဖြင့် မကြာမီ ကျန်းမာ ပကတိ ရှိတော် မူလေသည် ။
ဒေဝဒတ် ၏ နောက်ဆုံး လုပ်ကြံမှုကား အရက် တိုက် သဖြင့် မူးယစ်နေသော နာဠာဂီရိဆင် ကို ဘုရားရှင် ထံ သို့ စေလွှတ်ခြင်း ဖြစ်၏ ။
နာဠာဂီရိ ဆင်မူး လည်း ဘုရားရှင် ကို တိုက်အံ့ဟု လာလေ၏ ။ အရှင်အာနန္ဒာ လည်း မြတ်စွာဘုရား အား ကာကွယ်ရန် အလို့ငှာ ရှေ့တော် ထံ သို့ တက်၏ ။ ထိုအခါ မြတ်စွာဘုရားက “ ချစ်သား အာနန္ဒာ ၊ ငါ ဘုရား ကို ချစ်သား ကယ်ရမည် မဟုတ် ။ နာဠာဂီရိဆင် သည် ငါ့ အထံ သို့ လာစေလော့ ” ဟု ဆို၍ ရှင်အာနန္ဒာ အား ဖယ်ရှား လေ၏ ။
နာဠာဂီရိဆင် သည် မြတ်စွာဘုရား ထံမှောက် သို့ ဦးတိုက်၍ လာ သည်ကား မှန်ပါ၏ ။ သို့သော် မြတ်စွာဘုရား သည် နာဠာဂီရိဆင် အား သြဓိသမေတ္တာ ဖြင့် ဆွတ်ဖျန်းလေပြီးရကား နာဠာဂီရိ လည်း ဘုရား ၏ ခြေတော်ရင်း ၌ ဝပ်စင်း တုပ်ပျပ်လေသတည်း ။
ထိုအခါ ဤ အခြင်းအရာ ကို မြင်ကြကုန်သော ရာဇဂြိုဟ် ပြည်သူ ပြည်သား တို့သည် ဒေဝဒတ် အား ရှုတ်ချကြ ကုန်သည် ။ ထို့နောက် လူထု သည် အဇာတသတ် ၏ မင်းရင်ပြင် သို့ ချီတက်၍ ဒုစရိုက်အိုး နှင့် အပေါင်းအဖော် ပြုသော အဇာတသတ်မင်းသား အား ပြစ်တင်ကဲ့ရဲ့ ကြလေသည် ။
ထိုနောက်တွင် ကား ဒေဝဒတ် သည် မိမိ တစ်ဦးတည်း ကို သာလျှင် အဖော် ပြု၍ နေလေသည် ။ သို့သော် ဒေဝဒတ် ကား ယုတ်မာသော အကြံ ကို မလျှော့သေးချေ ။
ယခုအခါ မြတ်စွာဘုရားသခင် သည် အိုမင်းရင့်ရော် ခဲ့ပြီ ဖြစ်၏ ။ တစ်နေ့သ၌ ဒေဝဒတ် သည် မြတ်စွာဘုရား နှင့် ခွဲခြား လိုသော အကြံဖြင့် ဘုရားရှင် ထံသို့ ချဉ်းကပ်၍ ဘုရားရှင် ၏ တပည့်သံဃာ တို့ အား အရညကင် ဓူတင် ကို သာ ဆောင်စေရန် ၊ အသက်ရှည် သမျှ ကာလပတ်လုံး ဆွမ်း ခံ၍ စားစေရန် ၊ ပံ့သကူ သင်္ကန်း ကို သာ ဝတ်ဆင်စေရန် ၊ သစ်တစ်ပင်ရင်း ဝါး တစ်ပင် အောက် ၌ ရုက္ခမူ နေစေရန် ၊ ငါး အမဲ ကို မသုံးဆောင်ဘဲ မြေ မှ ပေါက် သော ဝတ္ထု ကို သာ စားစေရန် တည်း ဟူသော အကြောင်း ငါးပါး ကို ပညတ် တော် မူပါရန် တောင်းဆိုလေ၏ ။
မြတ်စွာဘုရား လည်း “ ချစ်သား ဒေဝဒတ် ၊ သင် တောင်းပန်အပ်သော အကြောင်း တို့ သည် သာသနာ အဓွန့်ရှည်ရာသော အကြောင်း မဟုတ် ။ ငါ သည် ဝဋ်ဆင်းရဲ မှ လွတ်ရာ ဖြစ်သော မဇ္ဈိမ ပဋိပဒါတရား တို့ကို ဟောကြား ပြသခဲ့ပြီ ။ သံဃာတော် သည် အရညကင်ဓူတင် ဆောင်၍ တော ၌ နေလို လည်း နေစေ ၊ ရွာဦးကျောင်း ၌ နေ လို လည်း နေစေ ။ ဒါယကာ တို့ ပို့သော ဆွမ်းဖိတ်သော ဆွမ်းကို ဆောင်လို သူ လည်း ဆောင်စေ ။ ဆွမ်းခံ ၍ သုံးဆောင် လိုလည်း သုံးဆောင်စေ ။ သုသာန်တစ သင်္ချိုင်းဝ ၌ ရအပ်သော သင်္ကန်း ကို ဝတ်လို သူ လည်း ဝတ်စေ ၊ ဒါယကာ တို့ ပေးလှူသော သင်္ကန်း ကို လည်း ဝတ်စေ ။ ရုက္ခမူဓူတင် ကို ကျင့်လိုသော သံဃာ တို့ တန်ဆောင်မုန်းလပြည့် မှ နယုန်လပြည့် တိုင်အောင်သော ကာလ အတွင်း ၌ သာ ကျင့်စေရန် ငါ ခွင့်ပြု သည် ။ မိမိ အဖို့ ဟု ရည်ရွယ်ရင်း မရှိသော ၊ ရည်ရွယ်ခြင်း မသိသော အမဲ သား ငါးကို စား လို လည်း စားစေ ” ဟု ပညတ်တော် မူပြီးလျှင် ဒေဝဒတ် တောင်းပန် အပ်သော အချက်တို့ ကို ပယ်တော်မူလေ၏ ။
ဒေဝဒတ် ၏ ဝေဝုစ် ကို နားမလည် ရှာသော ပုဂ္ဂိုလ်တို့ သည် ဒေဝဒတ် အား အကျင့်ကောင်း အကျင့်မြတ် ကို ကျင့်ကြံသူ တို့၏ ဦးစီးခေါင်းဆောင် ဟု ယူမှတ်ကာ ဒေဝဒတ် နောက် သို့ လိုက်ကြသည် နှင့် ဒေဝဒတ်လည်း အခြွေအရံ နှင့်တကွ ပြည့်စုံ လာပြန်သည် ။ ဤနည်းဖြင့် ဒေဝဒတ် သည် သံဃာ အဖွဲ့ အစည်း ကို စင်ပြိုင် ထောင်လေသည် ။
တစ်နေ့သ၌ အရှင်သာရိပုတ္တရာ သည် ဘုရားရှင် အား ချဉ်းကပ်၍ ဝေသာလီ မှ သံဃာ ငါးရာ ကို ဒေဝဒတ် သည် ဂယာသီသ သို့ သွေးဆောင် ခေါ် ယူ ပြီးလျှင် ယင်းအရပ် ၌ သံဃာ နှင့် သင်းခွဲလျက် ရှိကြောင်း တင်လျှောက်လေ သည် ။ ထိုအခါ မြတ်စွာဘုရား လည်း မသိ နားမလည်၍ သွေဖည်ကြ ကုန် သော သံဃာ ငါးရာ အား ဆုံးမစိမ့်သောငှာ အရှင်သာရိပုတ္တရာ အား စေလွှတ် တော်မူသည် ။
အရှင်သာရိပုတ္တရာ လည်း သွေဖည်သူ သံဃာ ငါးရာ တို့ အား တရား ဓမ္မ ဟောကြား ပြသလေသော် ထို သံဃာ ငါးရာ တို့သည် မိမိ တို့၏ အမှား ကို မိမိတို့ မြင်လာကြ ပြီး လျှင် ဒေဝဒတ် ကို စွန့်၍ အရှင်သာရိပုတ္တရာ နှင့်အတူ ဝေဠုဝန် ကျောင်းတော် သို့ ပြန်လာကြလေသည် ။
ဤသည်တွင် အပြစ် ကြောင့် စိတ်မလုံ ဖြစ်နေသော ဒေဝဒတ် သည် ကြီးစွာသော စိတ်ဒုက္ခ ဖြင့် သွေးပွက်ပွက် အန်လေ၏ ။
နောက်ဆုံး၌ ဒေဝဒတ် လည်း သတိ သံဝေဂ ရလာသော အခါ မိမိ နှင့် အတူ နေ ရဟန်းအနည်းငယ် တို့ ကို “ ငါ့ အား ဘုရား ရှိရာ သို့ ဆောင်လော့ ” ဟု ဆို၏ ။ ထိုကြောင့် နောက်လိုက် ရဟန်း အနည်းငယ် တို့သည် ဒေဝဒတ် အား ထမ်းစင် ၌ တင်၍ ဘုရား ရှိရာ ဇေတဝန် ကျောင်းတော်ရာ သို့ ဆောင်ခဲ့ကြ သည် ။ သို့ရာတွင် ဒေဝဒတ် ကား ဘုရားအား ဖူးမြင်ခြင်းငှာ မရကောင်းသော အခြေ သို့ ဆိုက်ခဲ့ပြီ ။
ဇေတဝန်ကျောင်းတော်ရာ သို့ သွားရာ လမ်းခရီး ၌ ရေကန် တစ်ခု ရှိလေသတတ် ။ ထို ရေကန် သို့ ရောက်သော် ဒေဝဒတ် အား ဆောင်ယူလာ သော ရဟန်းတို့ သည် ရေချိုးအံ့ ဟု ထမ်းစင် ကို ချလေ၏ ။
ဒေဝဒတ် လည်း ထမ်းစင် မှ ခေတ္တ ဆင်းရန် ခြေ ကို မြေသို့ ချသည် တွင် ဤ မဟာပထဝီမြေကြီး သည် ဒေဝဒတ် ၏ ဒုစရိုက် ဝန်ထုပ်ဝန်ပိုး တို့ ကို ချီပိုး ခြင်းငှာ မတတ်နိုင်ရကား ကြောက်မက်ဖွယ်ရာသော အသံ ဖြင့် ပြင်းစွာ လှုပ် လေ၏ ။ ဒေဝဒတ် လည်း မြေကြီး ကို ကျွံ ၍ အဝီစိ သို့ ဆင်းလေသည် ။
ဤသို့လျှင် ဒေဝဒတ် သည် အပြစ် ခံရလေ သတည်း ။ ကျမ်းဂန် အလို၌ ဒေဝဒတ် ကို မြေ မျိုသည် ဟု ဆိုသည် ။
အဇာတသတ် ကား နှစ်ပေါင်း များစွာပင် မင်း ပြုရ၏ ။ ထို မင်းသည် မြတ်စွာဘုရား သက်တော် ထင်ရှား ရှိစဉ် ဘုရားရှင် အား ပစ္စည်းလေးပါး ဖြင့် လုပ်ကျွေးပြုစု၏ ။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုပြီး နောက်၌ လည်း သာသနာ ၏ အကျိုးစီးပွား ကို ဆောင်၏ ။
သို့ပါသော်ငြားလည်း အဖ ကို သ,တ်သော သား သည် သား ၏ အသ,တ် ကို ခံလိုက်ရလေသည် ။
⎕ မောင်ထင်
📖 ငွေတာရီ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၆၈
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment