Saturday, August 10, 2024

အကယ်ဒမီ အေးအေးသင်း


 

❝ အကယ်ဒမီ အေးအေးသင်း ❞

မင်္ဂလာပါ ။ ကျွန်တော် နဲ့ အတူ Kamayut Media အဖွဲ့သားများ က ဒေါ်အေးအေးသင်း ကို မေးသင့် မေးထိုက်တာလေးများ မေးမြန်း ပြီးတော့ မှတ်တမ်း တင် မှာ ဖြစ်ပါတယ် ခင်ဗျာ ။

▢ မင်္ဂလာပါ အစ်မ ရေ ။

❥ မင်္ဂလာပါ ။

▢ ကျွန်တော်တို့ KamayutMedia အဖွဲ့ နဲ့ ကျွန်တော် နဲ့ အစ်မ တို့ ရုပ်ရှင်မင်းသမီးကြီး တွေ ကို ကျွန်တော် တို့ က “ လိပ်ပြာကူး ထူးခြားသူ များ ” ဆိုတဲ့ ခေါင်းစဉ် နဲ့ အဲဒီ ခေါင်းစဉ် နဲ့ အင်တာဗျူး လုပ်တာပေါ့ ။ လိပ်ပြာကူး ထူးခြားသူများ ဆိုတော့ အစ်မ တို့ က ဇာတ်လမ်း တစ်ပုဒ် ကို ရုပ်ရှင် အဖြစ် ရိုက်တဲ့ အခါ အစ်မတို့ က အေးအေးသင်း မဟုတ်တော့ဘူး ။

❥ မဟုတ်တော့ဘူး ။

▢ ဇာတ်လမ်း ထဲ က ဇာတ်ကောင် ဖြစ်သွားပြီပေါ့ ။

❥ ဟုတ်ကဲ့ ။

▢ အဲဒီလိုမျိုးကြောင့် ဒီ ခေါင်းစဉ်လေး ကျွန်တော် တို့ ယူထားတာ ပါ ။ ပထမဆုံး ကျွန်တော်တို့ အထူးသဖြင့် လူငယ်တွေ ကို သိစေချင်တာပေါ့ ။ လွန်ခဲ့တဲ့ အေးအေးသင်း ဆိုတာ လူငယ်တွေ သိချင် မှသိမယ် ၊ အဲဒါကြောင့် အစ်မ ရုပ်ရှင်လောက ကို စ,ရောက်တာလေး က ပြောပြပေး ပါလား ။

❥ စ,ရောက်တာ ဆိုရင်တော့ ၆ဝ ခုနှစ် ပေါ့ ။ ၆ဝ ခုနှစ် ကနေ ရုပ်ရှင် လောက ထဲ ကို စ,ပြီး ရောက်လာတာပေါ့ ။ အသက် ၁၅ နှစ် လောက် ရှိမှာပေါ့ ။ အဲဒီက နေ ရန်ကုန် ကို အမေ နဲ့ အတူ ပြောင်း လာပြီးတော့ နောက် သီချင်း ဆိုတယ် ။ သီချင်း အရင် ဆိုတယ် ။ သီချင်း ကတော့ ဂီတာသိမ်းစိုး တူရိယာ အဖွဲ့ ၊ ဆရာ က ဂီတာသိမ်းစိုးပဲ ။ အဲဒီ အဖွဲ့ မှာ ဆရာ က နည်းနည်း နည်းနည်း စမ်းပြီး ဆိုခိုင်းတယ် ။ ဟဲ့ မဆိုးဘူး မိအေး က ၊ ဒီကောင်မလေး က မဆိုးဘူး ။ ခိုင်းရင် ရတယ် ဆိုပြီးတော့ ခေါ်ခေါ် သွားတယ် ။ မင်္ဂလာဆောင် တွေ သူများ တွေ ဆို ပြီးမှ ကိုယ် က နောက်ဆုံး မှ ဆိုရတယ် ။ အဲလိုပေါ့ ။ အလှူတွေ လည်း ခေါ် သွားတယ် အဲလိုပဲ ။ အလှူ ဆိုလည်း အလှူ နဲ့ ပတ်သက်တဲ့ သီချင်း ပေါ့ ၊ အဲဒီ သီချင်း ပေါ့ ။ အဲဒီ သီချင်းတွေ ဆိုရတယ် ။ မင်္ဂလာဆောင် ဆိုလည်း မင်္ဂလာဆောင် နဲ့ ပတ်သက်တဲ့ သီချင်း ဆိုရတယ် ။ အဲဒီက နေပြီးတော့ ကိုသိန်းတန် နဲ့ တွေ့တယ် ၊ တွံတေးသိန်းတန် နဲ့ ။ သူ က လည်း ရောက်ရှိ နေတယ် ၊ ကိုယ် က လည်း ရောက်ရှိ သွားတယ် ။ ရောက် သွားတော့ တစ်ဆရာ တည်း တပည့်တွေ ပေါ့ တွံတေးသိန်းတန် နဲ့ ။

▢ အစ်မ ကျွန်တော် ဖြတ် မေးလိုက်မယ် ။ ကလေးတွေ မသိမှာ စိုး တော့ ။ ဂီတာ သိမ်းစိုး ဆိုတာ ဂီတာ ပေါ့နော် ။

❥ ဟုတ်ကဲ့ ဗမာဂီတာ ။

▢ အခု ကလေးတွေ တီး နေတဲ့ ဂစ်တာ မဟုတ်ဘူးပေါ့နော် ။

❥ ဂီတာ တင်အုန်း တို့ ၊ ဂီတာ သိမ်းစိုး တို့ ဆိုတာ ညီအစ်ကိုရင်း တွေပါ ။

▢ အဲဒီတော့ အစ်မ တွံတေးသိန်းတန် နဲ့ တွေ့တယ် ။ သီချင်း ဆို ကြတယ် ။ အဲဒီကနေ ရုပ်ရှင် ဘယ်လို ကူးသွားတာလဲ ။

❥ အဲဒီကနေ ရုပ်ရှင် ဘယ်လို ကူးလဲဆိုတော့ ရွှေခြင်္သေ့ကော်ဖီ က ပြက္ခဒိန် ထုတ်မယ် ဆိုပြီးတော့ ရွှေခြင်္သေ့ကော်ဖီ ကော်ဖီပြက္ခဒိန် ရိုက်ဖို့ လာ ပြီးတော့ ပြောတယ် ။ ပြောတော့ ဓာတ်ပုံ ရိုက်မယ်ပေါ့ ။ ရိုက်တော့ ရေကူးဝတ်စုံ နဲ့ ။ ဒီ ကောင်မလေး က မဆိုးဘူး ။ ကိုယ်လုံးကိုယ်ပေါက် လည်း ဖြောင့်တယ် ၊ တောင့်တယ် ပေါ့ ။ ရေကူးဝတ်စုံ နဲ့ အဲဒီ နှစ် က ထုတ်တယ် ။ ထုတ်တော့ သဘောကျ ကြတယ်ပေါ့ ။ သဘောကျ သွားပြီးတော့ မြဇော်ဖလင် သူ က သဘောကျ သွားတယ် ။ သဘောကျ သွားပြီး အဲဒီ ကောင်မလေး ခေါ်ခဲ့စမ်းပါ ၊ ကြည့်ချင်လို့ ဆိုပြီးတော့ ဝဏ္ဏကျော်ထင် စိန်မြမောင် ကို ပြော တယ် ။ စိန်မြမောင် နဲ့ ကိုခင်လတ် နဲ့ သူတို့ ကို ပြောတယ် ။ ပြောတော့ သူတို့ နှစ်ယောက် က ခေါ်သွားတယ် ၊ မြဇော်ခြံ ထဲ ကို ။ ခေါ်သွား ပြီးတော့ အမူအရာတွေ ဘာတွေ လုပ် ခိုင်းတယ် ။ နင် ဝါသနာ ပါလား ၊ ပါတယ် ။ ငါ့ ကို ဒါလေး ဒါလေး လုပ်ပြ ၊ ဒါလေး ဒါလေး စကား ပြောပြ ဆိုတော့ အဆင် ပြေ တယ်ပေါ့ ။ သူ့ ကို ဇာတ်ဝင်ခန်း ရဲ့ ဒိုင်ယာလော့ခ် တစ်ခုကို ပြောခိုင်းတယ် ။ ပြောရတဲ့ စကား က လည်း တကယ် ရိုက်တဲ့ အခါကျတော့ ကိုညွန့်ဝင်း နဲ့ ကိုယ် နဲ့ ပြောရတယ် ။ အဲဒါလေး ကို ပြောခိုင်းတော့ အဆင် ပြေတယ် ။ အဆင် ပြေ တော့ ငါ တော့ သဘော ကျပြီ ၊ ရိုက်မယ် ဆိုပြီး သူ့ အတွက် အဝတ်အစား တွေ ချုပ် ဆိုပြီးတော့ အဝတ်အစား တွေ တိုင်း ပြီးတော့ ချုပ်တယ် ၊ ပြီးတော့ သတို့သမီး အလိုရှိသည် ကို ရိုက်တာ ။ အဲဒီ က စရိုက်တာ ။

▢ ကိုညွန့်ဝင်း ရဲ့ ပထမဆုံး ကား ဖြစ်မလား ။

❥ မဟုတ်ဘူး ။ ကိုညွန့်ဝင်း ရဲ့ ဒုတိယကား ။ ဒုတိယကား ရယ် လို့လည်း မဟုတ်ဘူး ။ ကိုညွန့်ဝင်း စ ပြီးတော့ ရိုက်နေတယ် ၊ အကုန်လုံး ကို စုပြုံပြီး တော့ ရိုက် နေတယ် ။ အဲဒါက ပထမ က ကိုဝင်းဦး နဲ့ ရိုက်တာပေါ့ ။ ကိုဝင်းဦး နဲ့ အဆင် မပြေတော့ ကိုဝင်းဦး ကို ဖယ် ပြီးတော့ ကိုညွန့်ဝင်း နဲ့ ပြောင်းရိုက် တာပါ ။

▢ အဲဒီက နေ စ ပြီးတော့ မမအေး ဘယ်သူနဲ့ အရိုက် များလဲ ။

❥ အရိုက် များတာကတော့ ဒီဘက် နောက်ပိုင်း မှာ ကောလိပ်ဂျင်နေဝင်း ၊ ကိုညွန့်ဝင်း ၊ ဇော်ဝမ်း ၊ ကျော်ဟိန်း အရိုက် များတယ် ။ ကျန်တဲ့ဟာ ကတော့ ကြိုးကြား ကြိုးကြား ပဲ ။

▢ သူတို့ နဲ့ ရိုက်တဲ့ အခါမှာ ကျွန်တော် မြင်တာကတော့ မမအေး Leading နေရာရမယ့် အစား အမျိုးသမီး ဇာတ်ပို့ နေရာ ရောက် နေတယ် ။ အဲဒါ ဘာကြောင့်ပါလဲ ။

❥ ဇာတ်ပို့နေရာ ရောက် တာတော့ ကားရိုက် လာ ငှားတဲ့ အခါမှာ အဲဒီ ဇာတ်ပို့ နေရာ ပဲ ငှားတယ် ။ ဇာတ်ပို့ နေရာ ပဲ ငှားတယ် ။ အဲဒီ နေရာ က မအေး က လွဲပြီး ဘယ်သူမှ မလုပ်နိုင်ဘူး ။ မင်းသမီး က လူတိုင်း လုပ် နိုင်တယ် ။ အဲဒီ နေရာက မလုပ်နိုင်ဘူး ။ အဲဒီ နေရာပဲ ၊ အဲဒီ ဟာ စွဲနေတာ ။ နောက် ကိုယ့် ဘာသာ ကိုယ် ရိုက်ရင်း ရိုက်ရင်း နဲ့ တဖြည်းဖြည်း ပြောင်း ယူ ရတယ် ။ မင်းသမီး နေရာ ကို ဝင် အောင်လို့ တဖြည်းဖြည်း ပြောင်း ယူရတယ် ။

▢ မမအေး ပါတဲ့ ကားတိုင်း မှာ မမအေး နေရာ က ဘယ် မင်းသမီး မှ အစားထိုး လို့ မရတဲ့ နေရာတွေပေါ့ ။

❥ ဟုတ်တယ် အဲဒီလိုတွေ ဖြစ်တာ ။

▢ ဥပမာ ကိုဝဏ္ဏ ရိုက်တဲ့ “ ဇာခန်းဆီး နောက်ကွယ် ” ဟုတ်လား ။ မမအေး က ကောလိပ်ဂျင်နေဝင်း ကို “ ဖြန်း ” ဆို ပါး ရိုက် လိုက်တယ် ။ ရိုးလွန်း အားကြီးလို့ ။ အဲဒီ အခန်းကို ကျွန်တော်တို့ အကယ်ဒမီ ရတဲ့ အချိန် မှာ ပြန်ပြတဲ့ အခါ အရမ်း တော်ကြတာ ။ အဲဒီလို နေရာမျိုးမှာ ကျွန်တော် တို့ လည်း အစားထိုး တာပေါ့နော် ၊ အခြား မင်းသမီး ကို ၊ မမအေး နေရာ ကို ဘယ်သူ မှ မရနိုင်ဘူး ။ နောက် တစ်ခု က ဦးအောင်လွင် ရိုက်တဲ့ “ မာယာ ထောင်ချောက် ”  ။ “ မာယာထောင်ချောက် ” မှာ လည်း မမအေး သရုပ် ဆောင်ချက် က အရမ်း ပီပြင်ပါတယ် ။ အဲဒီတော့ ရုပ်ရှင်လောက မှာ အေးအေးသင်း ရယ် လို့ ဖြစ်သွားတာ ။ အကယ်ဒမီ ရ တာ က တော့ “ မာယာ ထောင်ချောက် ” ရယ် ၊ “ ဇာခန်းဆီး နောက်ကွယ် ” ရယ် ပေါ့နော် ။ ဒီကား နှစ်ကား နဲ့ အကယ်ဒမီ ရခဲ့တာပေါ့ ။

❥ ၂ နှစ် ဆက်တိုက် ရခဲ့တာပေါ့ ။

▢ မဟုတ်ဘူး မမအေး ၊ ၇၁ နဲ့ ၇၃ နဲ့ ။

❥ ၇၂ က ဆုပေးပွဲ မရှိဘူး ။

▢ အဲဒါဆိုတော့ မမအေး ၂ နှစ် ဆက်တိုက် ရ လိုက်တာပေါ့ ။ မမအေး အဲဒီ ကား ထဲမှာ ကောင်း တာလည်း မှန်တယ် ၊ အကယ်ဒမီ ရတာ လည်း မှန်တယ် ။ သို့သော်လည်း တကယ့် တကယ် ကျွန်တော် တို့ စိတ် ထဲမှာ စွဲနေတာ ကတော့ ဝင်းဦး နဲ့ ရိုက် တဲ့ “ ဆောင်းအိပ်မက် ”  ၊ “ ဆောင်းအိပ်မက် ” မှာ ဖျာပုံမယ် တင်တင်အေး နဲ့ မမအေး နဲ့ နှစ်ယောက် ပါတာတော့ ဟုတ်တယ် ။ သို့သော် တကယ့် Leading အနေ နဲ့ ကြည့်မယ် ဆိုရင် မမအေး က Leading အနေနဲ့ ဖြစ်တယ် ။ မတင်အေး က သူ က မင်းသား နဲ့ ယူရတဲ့ အမျိုးသမီး တစ်ယောက် အနေနဲ့ ပဲ ပါတယ် ။ တကယ် ဇာတ်သား က မမအေး အပေါ် မှာ ပဲ မူတည်တယ် ။ ဘာလို့လဲ ဆို တော့ များသောအားဖြင့် အခန်းတွေ က မမအေး အခန်းတွေ ။ ချောက်ချား တာ က လည်း မမအေး က ပဲ ချောက်ချားခဲ့တာပေါ့နော် ။ ဦးဝင်းဦး က လည်း အရမ်း တော်ပါတယ် ။ အဲဒီ “ ဆောင်းအိပ်မက် ” သည် ၊ တကယ့်တကယ် ကျတော့ အဲဒီ “ ဆောင်းအိပ်မက် ” သည် အိပ်ဘောက် ထဲ က လက်ရွေးစင် ၊ ဝင်းဦး က ဒရင်းဘောက် ဆိုတဲ့ ဝတ္ထု ကို ဟာသခန်းလေး က အစ ပေါ့ နော် ။ မမအေး ကို လည်ပင်းညှစ်သ,တ်ပြီးတော့ တွန်းတာ ပြောတာတွေ ရယ် ။ မမအေး နဲ့ ဦးဝင်းဦး နဲ့ ဒီ ကား နဲ့ ပတ်သက်ပြီး ဘယ်လို အပေးအယူ လုပ်ခဲ့ ကြလဲ ။

❥ အပေးအယူ က တော့ ဘာမှ မရှိဘူး ။ မိအေး ဒါကို ဒီလို လုပ်မယ် ၊ ဒီဟာကို ဒီလို လုပ်မယ် ကြိုပြီးတော့ ပြောတဲ့ ထုံးစံမျိုး မရှိဘူး ။ ရိုက်တဲ့ အချိန် ရိုက်ကွင်း မှာပဲ ပြောမယ် ၊ ငါ ဒါလု ပ်မယ် ရိုက်ကွင်း မှာ ပဲ ပြောတယ် ။ နင် ဒီနေ့ ငါ့ ကို ပိုက်ဆံအိတ်ကလေး လက်ညှိုးကလေး နဲ့ လှည့်ပြီး “ မောင့် မယား နုနုမာ လေ သေရွာ ပြန်လာခဲ့တာ ၊ မောင် မမှတ်မိတော့ဘူးလား ” ဆိုတဲ့ ဒီနေရာလေး ကို က “ နု ပါ မောင် ရဲ့ ” ဆိုတဲ့ လေသံလေး ကို ကျွန်မ မလုပ်တတ် လို့ လေးငါးခါ ပြန်လုပ်ရတယ် ။ “ မောင် ပါ ၊ နု ပါ မောင် ရဲ့ ” ဆိုတာလေး ကို မလုပ်တတ်လို့ ။ ရုပ်ရှင် ပြန် ကြည့်တဲ့ အခါ အဲဒီ နေရာလေး က အင်မတန် လို သွားတာ ။ ဩော် ငါ ညံ့ လိုက်တာ ။ ဆရာ ကောင်း လျက်သား နဲ့ ၊ သေချာ သင် လျက်သား နဲ့ ငါ ညံ့ လိုက်တာ ဆိုပြီးတော့ အဲဒီလို ဖြစ်တာ ၊ အဲဒီ နေရာလေး ။

▢ မမအေး အဲဒီ ကား မှာ အရမ်း ကောင်းပါတယ် ၊ ချောက်ချား အောင် လုပ် ထားတာ ။ ဘာလို့လဲ ဆို သူ က မီးရထားချင်း တိုက် လို့ နုနုမာ ပါသွားပြီ လို့ ထင်တာ ။ ဒါပေမဲ့ သူ သေပြီလို့ အောက်မေ့ ထားတဲ့ သူ့ မိန်းမ က ပြန်လာတယ် ဆိုတော့ အင်မတန် ချောက်ချားတာ ။

❥ အဲဒီ အခန်း ရိုက်တော့ လည်း သေတဲ့ အခန်းကြီး ရိုက်တာပေါ့ ။ သေတော့ ဟိုကျောက်သေတ္တာကြီး ကနေ လက်ကြီး ထွက် လာပြီးတော့ အခန်း ကနေ “ ဗြုန်း ” ဆို မျက်နှာကြီး ပြတာ ။ ငါ ဒီလို ရိုက် ချင်တယ် ။ သူ က အခေါင်းကြီး ကို တည့်တည့် မချဘူး ၊ ထောင် ထားတယ် ။ အဲဒီ ထောင် တဲ့ အတိုင်းကြီး လုပ်ရတာ ။ အဲဒီမှာ တင်တင်အေး က ဆွဲယူ လိုက်တော့ “ ဗြုန်း ” ဆို လက်ကြီး ဒီလို ထွက် ပေးရတယ် ။ မတ်တတ်ကြီး ပေါ့ ။ သူ ရိုက်တာတွေ က လည်း ဆရာ ဦးဝင်းဦး က လည်း ဆန်းပြားပါတယ် ။

▢ ဘာပဲဖြစ်ဖြစ် မမအေး အဲဒီ မှာ “ ဇာခန်းဆီး နောက်ကွယ်မှာ ” လည်း ဒါ ကိုဝဏ္ဏ ရိုက်တာ ။ သူ မမအေး ကို သင်ရ ပြုရ တာ များ တွန့် နေ မလား ။

❥ တွန့်တော့ မတွန့်ပါဘူး ။ မတွန့်ဘူး ။ ကြိုတင် ပြီးတော့ လျှောက်လွှာ စာရွက် နဲ့ သုံးမျက်နှာခွဲ လေးရွက် ပေါ့ ။ သုံးမျက်နှာခွဲ ရိုက်ထားတဲ့ လက်နှိပ်စက် နဲ့ ရိုက်ထားတဲ့ ဒိုင်ယာလော့ခ် တွေ ပေး ထားတယ် ၊ ပေး လိုက်တယ် ။ အဲဒီ နေ့ ကျရင် ရိုက်မယ် တဲ့ ။ ရိုက်မယ် ဆိုတဲ့ နေရာမှာ တစ်ခါတည်း ရိုက်မယ် ၊ ဘာမှ မပြုမပြင်ဘူး ဆိုတော့ ကျက် လိုက်ရတာ အသက်ထွက်တော့မယ့် အတိုင်းပဲ ကျက်လိုက်ရတာ ။ တစ်ခါတည်း ရပြီလား ၊ ရပြီလား အစ်မ ။ ရပါပြီ ။ မှား ရင်လည်း သည်းခံပေါ့နော် ရိုက်မယ် ။ ကိုနေဝင်း နဲ့ အသွားအပြန် ၊ အသွားအပြန် ပြောပြီးတော့ နောက်ဆုံး ကိုနေဝင်း ကို ချလိုက်တာပေါ့ ။ တကယ် ရိုက် လိုက်တာ အားတောင် အားနာတယ် သိလား ။ “ ဖြောင်း ” ဆို ။ ဟဲ့ ကောင်မ ငါ တော့ သွားတွေ ကျွတ် ကုန်ပြီ ။ ကိုနေဝင်း က နင် ဆော်လိုက် တာဟာ ။ အဲဒီလို ရိုက်လည်း ရိုက် ပြီးရော ကိုယ် က ဘာမှ မဖြစ်ဘူး ၊ ဟို ဖလင်မင်း က ဖလင် ကုန်သွားလို့ ။ ဆဲလိုက်တာ ကိုဝဏ္ဏ မွှန် နေတာပဲ ။ ဒီလောက် ကောင်း တဲ့ ကဒ်တွေ ကို အကုန်လုံး ဒီလို လုပ်ရမလား ။ မင်း တို့ အစ ကတည်း က ကြည့်ပါလား ။ ဒီထဲမှာ အပြည့် ရှိလား မရှိလား ဆိုတာ ။ ငါ က တိုက်ရိုက် ရိုက်ချင်တာ ။ ကဒ် ရိုက် လိုက်ရတယ် ။ “ ဖြန်း ” ဆိုတဲ့ ဟာ ကို တစ်ခါ သတ်သတ် ရိုက် လိုက်ရတယ် ဆို ။ ဟို တိုက်ရိုက် ရိုက် တာလည်း သူ ယူ ထားတယ် ။ သူ ဘယ်ဟာ သုံး လဲတော့ မသိဘူး ။ အဲဒါ ရိုက် ပြီးတော့ နောက် တစ်ခါ ဆက် ရိုက်ရတယ် အဲဒီ အခန်း ။

▢ မမအေး ရိုက်တဲ့ ကားတွေ ထဲ မှာ ပါးရိုက်တဲ့ အခန်း တော်တော် များများ ပါတယ် ။ အဲဒါကို မမအေး က လွှဲရိုက်တတ် သလား သို့တည်း မဟုတ် လွှဲ မရိုက်တတ်ဘူးလား ။

❥ မရိုက်တတ်ဘူး ။ လွှဲ မရိုက်တတ်ဘူး ။ ဆော်ထည့် လိုက်တာပဲ ။ ပြန်ပါ နဲ့ ချစ်လိပ်ပြာ မှာ ခင်သန်းနု နဲ့ နှစ်ယောက် ။ အမှန်မှာ ကိုယ် က သာ ခင်သန်းနု ကို ရိုက်တဲ့ အခန်း ပါတာ ။ ခင်သန်းနု က ကိုယ့် ကို ပြန် ရိုက်တဲ့ အခန်း မပါဘူး ။ အဲဒါကို ဒါရိုက်တာ က အားနာ ပြီးတော့ ခင်သန်းနု ကို ပြန် ရိုက်ခိုင်း တာ ။ ဟာ ပြောထားတုန်း က မပါဘူးလေ ၊ အခု ဘာလို့ ရိုက်တာလဲ ကိုယ့် ကို ဆို ပြီးတော့ ပြောတဲ့ အခါ ကျတော့ တောင်းပန်တာ အရမ်း တောင်းပန်တာ ပဲ ။ ဒီကနေ ရိုက်ထည့် လိုက်တာ ၊ ခင်သန်းနု ကိုယ့် ကို ရိုက်ထည့် လိုက်တာ ဒီကနေ နားကပ် က လွင့်ပြီးတော့ ဒီမှာ တစ်ခါတည်း စီး ပြီးတော့ သွေးတွေ စီးကျ လာတာ ။ တောင်းပန်တယ် ။ သူတို့ တောင်းပန်ပါတယ် ။ ခင်သန်းနု က လည်း တောင်းပန်တယ် ။ နု တောင်းပန်ပါတယ် ဘာညာနဲ့ ။ မဟုတ်ဘူးလေ ၊ ကား ထဲ မှာ မပါဘူး ၊ မပါဘဲ ဘာဖြစ်လို့ လုပ်တာလဲလို့ မကျေနပ်ဘူး ။ ကျွန်မ အဲလို ရိုက်တာ ကို မပါဘဲနဲ့ လည်း အလုပ် ခံရတယ် တစ်ခါတလေ ကျရင် ။ မင်းသမီး ကျေနပ်အောင် ဒါရိုက်တာ လုပ်ပေးတာ ။

▢ ရုပ်ရှင်ကားတွေ ဆက်တိုက် ရိုက်ခဲ့တာပေါ့ ။ မမအေး အဲဒီ ခေတ် က တော်တော်ကြီး အောင်မြင် ခဲ့တယ် ။ ရုပ်ရှင်ကား တွေ လည်း ဆက်တိုက် လက်ခံပြီး ရိုက်ခဲ့ရတယ် ။ ကားပေါင်း ဘယ်လောက် လောက် ရိုက်ဖြစ်ခဲ့လဲ မှတ်မိလား ။

❥ ကားပေါင်း ၃၀၀ တော့ ကျော်မယ် ထင်တယ် ။

▢ ဒီကြားထဲ မှာ မမအေး က ကက်ဆက်ခွေ ဇာတ်လမ်း တွေ သွင်း သေးတယ် ။

❥ အဲဒါလည်း သုံးလေးရာ လောက် ရှိတယ် ။

▢ အဲဒီမှာ လည်း အတွဲ များတာ ကောလိပ်ဂျင်နေဝင်း ။

❥ ကောလိပ်ဂျင်နေဝင်း ၊ ထွန်းဝေ ၊ ကြိုးကြား ကြိုးကြား တခြား မင်းသားတွေ ပေါ့ ။

▢ အဲဒါကျတော့ ဘယ်လောက် လောက် အချိန် ပေးရလဲ ။ တစ်နေ့ ပဲလား ။

❥ နေ့ရော ညနေရာ ၊ နေ့ရော ညရော ။ အစ်ကို ရေ အဲဒီမှာ အစ်ကို နဲ့ ပဲ နေတော့မယ် ၊ အိမ် မပြန်တော့ဘူး ။ အိမ် မပြန်တော့ဘူး အစ်ကို နဲ့ ပဲ နေတော့မယ် ။ အေး ကောင်းသားပဲ တဲ့ ဟို ကလည်း ။ နေ့ လည်း နေ့ ကို ကောလိပ်ဂျင်နေဝင်း ၊ ည ထွန်းဝေ ။ နောက် နေ့ က ကောလိပ်ဂျင်နေဝင်း ၊ ည ထွန်းဝေ ။ အဲဒီလို ဖြစ်နေတာ ။ အိမ် မှ မပြန်ရဘဲ ။ အိမ် က ထမင်း ပို့ပေး ဘာ ပို့ပေး အကုန်လုံး လုပ်ပေးတာ ။ နေ့ဆိုင်း ၊ ညဆိုင်း နဲ့ အကုန် ဝင်ကြတာ ။ မင်းသမီး ကို ရအောင် ယူတာပေါ့ ။

▢ ကျွန်တော် သတိထား မိတာ မမအေး သီချင်း ဆိုသေးတယ် ။

❥ ဆိုတယ် ၊ ဆိုတယ် ။

▢ ကျွန်တော် ဘယ်မှာ သတိထား ကြည့်ဖူးလဲ ဆိုတော့ ဗဟန်း ၊ မြေပဒေသာကျွန်း မှာ အဲဒီမှာ ။

❥ ပြဇာတ်တွေ က,တယ် ၊ သီချင်းတွေ ဆိုတယ် ။

▢ ဇော်မင်းလေး နဲ့ အတွဲ ။

❥ “ မမအေး ” သီချင်း ။

▢ ရွှေမင်းသမီးလေး နဲ့ ... ။

❥ “ မမအေး ”  “ မမအေး ”  ဟုတ်တယ် ။ “ ဟဲ့ ကောင်လေး ဟဲ့ ကောင်လေး ” ဆိုတယ် ။ အဲဒီ သီချင်းလေး က နှစ်များစွာ ပေါက်တယ် ။

▢ အဲဒီ သီချင်း က မမအေး ဇော်မင်းလေး နဲ့ ဆိုတာလောက် ပဲလား ။

❥ မဟုတ်ဘူး ။ တခြား လူတွေ နဲ့ လည်း ဆိုတယ် ။ မြန်မာပြည်သိန်းတန် နဲ့ လည်း ဆိုတယ် ။ သီချင်းတွေ မအောင်မြင်ဘူး ။ မြန်မာပြည်သိန်းတန် တက်ခါလေး ပဲ ။ မတိုးဘူးပေါ့ ၊ မပေါက်ဘူးပေါ့ သီချင်း ။ ဆိုပါတယ် ၊ ဟိုလူ နဲ့ နည်းနည်း ဒီလူ နဲ့ နည်းနည်း အဲလို ဆိုတယ် ။ တွံတေးသိန်းတန် နဲ့ လည်း အတွဲလိုက် သီဆိုတာ ။ “ အချစ်မြားနတ်ရှင် မိန်းကလေး ” တို့ ၊ “ နှစ်ဆောင်ပြိုင် အိမ်ကြီးရှင် ” တို့ အဲဒါတွေ ကိုသိန်းတန် နဲ့ အတူတူ ဆိုတာ ။

▢ သီချင်းရော မမအေး ဘယ်နှပုဒ် လောက် မှတ်မိလဲ ။

❥ သီချင်းတော့ စီးရီးလိုက်ပဲ ။ စီးရီး သွင်းတာ ၊ စီးရီး နှစ်စီးရီးပဲ ။ အင်း သုံးစီးရီး ပေါ့ ။ “ ကိုကြီးကျော် နဲ့ အပြိုင် ” ရယ် ၊ “ သဇင်မ ” ရယ် ၊ နောက်တစ်ခါ “ မယ်ဝဏ္ဏ ” ရယ် သုံးစီးရီး သွင်းတယ် ။ စီးရီး သုံးခွေ ။

▢ ခုနက ကျွန်တော်ပြောတဲ့ ဇော်မင်းလေး နဲ့ ကျတော့ရော ။

❥ ဇော်မင်းလေး က အထက် ။ ဇော်မင်းလေး နဲ့ က အဲဒီ မတိုင်ခင် ဟိုး အထက် က ။

▢ မမအေး က အလုပ် စုံတယ် ၊ အလုပ်ပညာ တော်တော်စုံတယ် ။

❥ စုံတယ် ၊ စုံတယ် ။ အားကို မအားရဘူး ။

▢ စာ လည်း ရေးသေးတယ် ။

❥ စာ လည်း ရေးသေးတယ် ။ ဝတ္ထု က လေးအုပ် ၊ ငါးအုပ် လောက် ရေးတယ် ။

▢ လေးအုပ် ၊ ငါးအုပ် လောက် ရေးခဲ့တယ် ။ နောက်ဆုံး ရေးခဲ့တဲ့ ဝတ္ထု ရော မှတ်မိလား ။

❥ နောက်ဆုံး ရေးခဲ့တဲ့ ဝတ္ထု က “ မောင့်မမ မြနန္ဒာလှိုင် ” ။

▢ ဒါတွေက မမအေး ရေးတဲ့ မျက်နှာဖုံးတွေ ပေါ့ နော် ။

❥ ဟုတ်တယ် ၊ ဟုတ်တယ် ။ Coverတွေ ။ “ စိတ္တဇရှိုက်သံ ” မျက်နှာဖုံး Coverတွေ ။ နောက်တစ်ခါ ... မမှတ်မိတော့ဘူး ၊ လေး,ငါးအုပ် တော့ ရေး တယ် ။

▢ မမအေး အဲဒီတုန်း က ကျွန်တော် တို့ ၈၈ အရေးအခင်း ဖြစ်တော့ အနုပညာရှင် တော်တော်များများ လည်း ပါလာတယ်ပေါ့နော် ။

❥ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ။

▢ အိမ်ရှေ့ ပူ အိမ်နောက် မချမ်းသာ ဆိုသလို တိုင်းပြည် နဲ့ လူမျိုး ခံစားရတဲ့ အချိန် မှာ ကိုယ်တို့ အနုပညာသမား တွေ က ဝင် ပါကြတယ် ။ ပါကြပြီးတော့ ၈၈ အရေးအခင်း ပြီးသွားပြီ ။ နဝတ ၊ နအဖ တက် လာတဲ့ အချိန်မှာ တချို့အနုပညာရှင် တွေ ကတော့ သူတို့ ပါမိတာ မှားပါတယ် ဆိုပြီးတော့ ဝန်ခံချက် လက်မှတ် ထိုးကြတယ် ။ ကျွန်တော်တို့ ကြားဖူး တာ ကတော့ နော် ဦးထွန်းဝေ ၊ မမအေး ၊ နောက် ဟာသမယ် မသန်းရွှေ သူတို့ ကတော့ မထိုးကြဘူး ။ မထိုးကြတဲ့ အတွက် ကားရိုက်တွေ လည်း မလုပ်ရဘူး ၊ ဟောပြောပွဲတွေ လည်း မလုပ်ရဘူး ၊ ပိတ် လိုက်တယ် ။ မမအေး ဘာကြောင့် မထိုးတာလဲ ။

❥ မသန်းရွှေ နဲ့ မအေး က တစ်တွဲတည်း ။ ဘယ် သွားသွား ၊ ဘယ် လာလာ တစ်တွဲတည်း ။ အိမ် မှာ စား ၊ အိမ် မှာ နေ ၊ အိမ် မှာ အိပ် တစ်တွဲတည်း ဖြစ်နေတဲ့ အတွက် မထိုးရခြင်း အကြောင်းအရင်း က နှစ်ယောက် တိုင်ပင်ပြီး မထိုးလိုက်ကြတာ ။ တို့တွေ နိုင်ငံတော် အတွက် ၊ ပြည်သူ အတွက် အလုပ် လုပ်တာ ၊ အလုပ် လုပ်ခဲ့တာ ဖြစ်တဲ့ အတွက် အလကား အနုပညာသည် တွေ အဖြစ် မခံနိုင်ဘူးနော် ။ ငါ တန်ဖိုး ရှိတဲ့ အနုပညာသည် ပဲ ဖြစ်မယ် ။ မထိုးဘူး ၊ ငတ်သေသွားပါစေ ။ ကိုအောင်လွင် က လာ ပြောတယ် ၊ ညီမလေး လက်မှတ် ထိုး လိုက်တဲ့ ။ ဘာဖြစ်လို့လဲ လို့ ။ သူများတွေ ထိုးနေတာ ။ သူများတွေ ထိုးတိုင်း ထိုးရမလားလို့ ၊ မထိုးပါဘူး ။ သူများတွေ ရဲ့ ခံယူချက် နဲ့ ကိုယ့် ရဲ့ ခံယူချက် တူတာ မှ မဟုတ်တာလို့ ၊ မထိုးဘူး အစ်ကို လို့ ။ မျက်စိရှေ့ မှာ ကလေးတွေ သေတာတွေ ၊ မျက်စိ ရှေ့ မှာ သ,တ်တာတွေ အကုန် မြင် နေရတယ် ။ ဒါတွေကို ဘယ်လိုလုပ် ဖျောက် ပစ်လို့ရမှာလဲ ၊ မဖျောက် ပစ်ခဲ့နိုင်ဘူးလို့ ။ မဖျောက် ပစ်နိုင်တော့ ဒါတွေလည်း မလုပ်နိုင်ဘူးလို့ ။ လက်မှတ် လည်း မထိုးနိုင်ဘူးလို့ ။

▢ ကလေးတွေ ရဲ့ မျက်နှာ ကို ထောက်ထားပြီးတော့ပေါ့ ။

❥ ဟုတ်တယ် ၊ မလုပ်နိုင်ဘူး ။ တို့အရေး တို့အရေး နဲ့ သ,တ်သ,တ်သွားတာတွေ အများကြီးပဲ ။ အစ်ကို ရော ထိုးလား ၊ ငါ က တော့ ထိုးတယ် ။ အစ်ကို နဲ့ ညီမ က တော့ Sory ပဲလို့ ၊ ခံယူချက်ချင်း မတူဘူး ၊ မထိုးဘူး လို့ ။ အေး ပြီးရော ဆိုပြီး ပြန်သွားတယ် ။

▢ မမအေး မျက်နှာ ကို ကြည့်လိုက်မယ် ဆိုရင် မမအေး ရဲ့ နှုတ်ခမ်း ပေါ်မှာ ရှိတဲ့ မှဲ့ ၊ မျက်ခုံး ပေါ်မှာ ရှိတဲ့ မှဲ့ ။ ဒီ မှဲ့ နှစ်ခု ကြောင့် မမအေး ရဲ့ မျက်နှာ က တင်းတာနော် ။

❥ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ။

▢ မမအေးတို့ ခေတ် က ဒီ မှဲ့ ကို ဖျက်ပစ်လိုက်မယ် လို့ စိတ်ကူး မရှိဘူးလား ။

❥ မရှိဘူး ၊ မရှိဘူး ။ ငါ အဲ ဒီ မှဲ့ ကြောင့် မျက်နှာကြော တွေ တင်း နေရင် တင်း နေတယ် ။ အဲဒီတော့ ငါ သရုပ်ဆောင် တဲ့ အခါမှာ မျက်နှာကြော တွေ လျော့ သွားအောင် ငါ ဘယ်လို လုပ်ရမလဲ ဆိုပြီးတော့ အဲဒီလို ပေါ့နော် ။ အဲဒီ တော့ ငါ အိုက်တင် ကို လျှော့ ရမယ် ဆိုပြီးတော့ အိုက်တင် ကို လျှော့တယ် ။ ကိုဝင်းဦး ရိုက်တဲ့ ငွေလှိုင်းဇာပေါ်မှာ သူတောင်းစားမ လေ ။ သူတောင်းစားမ ကလေး မွေး တာလေ ၊ ဘူတာရုံ အောက် မှာ ဒီ ကလေး မွေးတာလေ ။ အဲ အဲဒီ လို လျှော့ ပစ်လိုက်လို့ ဟိုက အကုန် လျှော့ခိုင်းတာ ။ အိုက်တင်တွေ လျှော့ လျှော့ခိုင်းတာ ။ နောက်တော့ ကလေးလေး မွေး လာတော့ ကလေးလေး တွဲလောင်း ခေါ်ပြီးတော့ မန္တလေး နာရီစင်ကြီး အောက် မှာ ခွက်ကလေး နဲ့ တောင်းပြီးတော့ ကလေးလေး နဲ့ တယောလေး ထိုး ပြီးတော့ အဲဒီလို ။ ဘယ်လို ခေါ်မလဲ ၊ ရုပ် ကို ချ လည်းချ လိုက်တယ် ၊ အိုက်တင် လည်း ချ လိုက် တယ်ပေါ့ ။ အစ်ကို က လည်း ခိုင်းတယ် ။ ပီပြင်အောင် လုပ်နိုင်တာပါ ၊ အဲဒါကတော့ ။

▢ မမအေး အဲဒီ ခုန ကျွန်တော် မေးလိုက်တာ တစ်ခုရှိတယ် ။ Leading မဟုတ်ဘဲ နဲ့ Supporting Role တွေ ပဲ သွားရတယ် ။ အဲဒါသည် လည်း Supporting Role တွေ လည်း အစ်မ က လွဲရင် လူစား ထိုးလို့ မရတဲ့ နေရာတွေ ကို ။ အဲဒီတော့ တချို့တွေ ကျတော့ နားမလည်တာ ရှိတယ် ။ အေးအေးသင်း ဆိုရင် ဗီလိန် ပဲ ၊ နောက်ပိုင်းမှာကျတော့ စန္ဒရားခင်နုနု စသဖြင့် ပေါ့နော် Bland သ,တ်သ,တ် လုပ်တဲ့ လူတွေလည်း ရှိတယ် ။ အဲဒီ တော့ Bland လုပ်တာက ရုပ်ရှင် ထဲ မှာလုပ်တာ ။ တကယ့်တကယ် ကျ တော့ အပြင် မှာ ကတော့ မမအေး တို့ က သာမန် လူပဲလေ ။ တချို့ကျတော့ နားမလည် နိုင်ဘူးပေါ့နော် ။ အဲဒါမျိုးတွေ များ မမအေး အပြင် မှာ ကြုံဖူးလား ။

❥ ရှိပါတယ် ၊ ကြုံဖူးတာပါတယ် ၊ ရှိပါတယ် ။ သရုပ်ဆောင် တဲ့ နေရာ မှာ အမျိုးစုံ ပုံစံအမျိုးစုံ နဲ့ ပေါ့နော် သရုပ်ဆောင် ရတယ် ။ ငါ ... လုပ်နည်း ကို လုပ်ရမယ် ။ ဆရာဦးသုခ နည်း က လုပ်ခိုင်းတယ် ။ လုပ်ခိုင်း တော့ ငါ ဒါကြီး ကို လုပ်လိုက်ရင် ပြောတဲ့ အတိုင်း လုပ်ရရင် ငါ့ ကို မုန်းတော့မယ် ၊ လူတွေ မုန်း တော့မယ် ။ အဲဒီတော့ ငါ ဘယ်လို လုပ်ရမလဲ ။ ကိုယ့် ကို ချစ်အောင် အိုက်တင် ၊ အသံ ၊ အကုန်လုံး ရုပ်ကော အကုန်လုံး ကို ချိန်းပြီးတော့ မျက်လုံး ပါ တစ်ခါတည်း သ,တ်ပစ်လိုက်တာ ။ သ,တ်ပစ်လိုက်တဲ့ အခါ ကျတော့ လျှော့သွား တာပေါ့ ။ လျှော့သွားတော့ နောက်ဆုံး အားလုံးကိုခြုံပြီး ပြောမယ်ဆိုရင် အေးအေးသင်း ဘတ် ဘတ် ဘတ် နဲ့ ရိုက်နေပေမဲ့ အေးအေးသင်း ကို ပြည်သူ က တော့ ချစ်တယ် ၊ ပြည်သူ က လက်ခံတယ် ။ အေးအေးသင်း လာပြီ ဆိုရင် ဘီလူးဆိုင်း တီးတယ် ။ ဆိုင်း က လည်း အစ ဘီလူးဆိုင်း တီးတယ် ။ နောက်ပိုင်းကျတော့ ချစ်ခင်လာတယ် သူတို့ ။ ချစ်ခင်လာတယ် ၊ အေးအေးသင်း ပါလာပြီ ၊ အေးအေးသင်း ပါလာပြီ ။ အခုထိ အေးအေးသင်း မသေ သေးဘူးတော် ၊ အေးအေးသင်းကြီး ရှိသေးတယ်တော် ဆို ဖြစ်နေရတာပေါ့ နော် ။ အဲဒီလို ချစ်ခင်အောင် နေရတာပေါ့ ။ ပရိသတ် ထဲ မှာ လူ လို နေချင် တယ် ၊ လူတွေ လို သိချင်တယ် ၊ လူတွေ ဘယ်လိုနေလဲ သိချင်တယ် ။ အဲဒါ တွေ လိုက်ပြီးတော့ လေ့လာစုံစမ်း တာပေါ့ ။ အင်း အင်း ။ အမြင် ရှင်းအောင် ပေါ့ ၊ သူတို့တွေ ။ နေရတဲ့ ဘဝ ကို အမြင် ရှင်းအောင် ၊ သိအောင်လို့ ပေါ့ လုပ်တာ ။ သိ မှ လည်း ကိုယ် အိုက်တင် လုပ် တဲ့ အခါ ၊ သရုပ်ဆောင် တဲ့ အခါ အပြင် ရဲ့ အကုန်လုံး သိတယ် ။ တစ်ခါတလေ ဘတ်စ်ကားတွေ ဘာတွေ စီးပါတယ် ။ ဟိုး တာမွေ က နေပြီးတော့ မြို့ ထဲ ကို စီးတယ် ၊ စီးတဲ့ အခါ ကျတော့ မိုးတွေ ရွာ ။ ဒါလေး ဆောင်း ပြီးတော့ တွန်း ပြီးတော့ တွယ် တွယ် သမီးလေး တွယ်ထား တွယ်ထား ၊ အမေ့ ကို ခါး ဖက်ထား ၊ တွယ် ပြီးတော့ ဒီလိုပဲ စီးရတယ် ။ စကော့ဈေး ကျတော့ ဆင်း ရတာပေါ့ ၊ ဆင်း ပြီးတော့ ခါခတ် ချ ပြီးတော့ ဈေးဝယ်ပေါ့ ။ ဈေး က အပြန် ကျတော့လည်း ဒီလိုပဲ တိုးတာပေါ့ ၊ အဲလို နေရ တာပေါ့ ။ မိန်းမပျက်ခန်း ၊ ဖြစ်နေတဲ့ မိန်းမပျက်တွေ အများကြီး ပဲ ၊ အဲဒါတွေ သွားကြည့် ၊ သူတို့ ဘယ်လို ပျက်လဲ ၊ ဘာကြောင့် ပျက်တာလဲ ပေါ့ ။ ဪ ဒီလိုပါလား ၊ အပြင် မှာ အများကြီးပဲ ။ ချောချောလှလှလေး အပျက်လေးတွေ အများကြီးပဲ ။ ဒီလိုပဲ နေရတာပဲ ။

▢ နောက်ဆုံး ရိုက်ခဲ့တာ ဘယ်တုန်းကလဲ ။

❥ နောက်ဆုံးကတော့ ခုနှစ် တော့ မမှတ်မိ လိုက်တော့ဘူး ။ နွေမ နွေမ ၊ ဆရာကြီး ဦးခင်ဇော် ၊ ဒါရိုက်တာ ဦးခင်ဇော် ရိုက်ခဲ့တာ ။ ချစ်ချစ်ဇော် နဲ့ နွေမ ဇာတ်ကား အဲဒီဟာ နောက်ဆုံးပဲ ရိုက်တာ ။

▢ မမအေး ဘာကြောင့် သရုပ် မဆောင်တော့တာလဲ ။

❥ ဘာကြောင့် သရုပ် မဆောင်တော့တာလဲ ဆိုတော့ ဟို ဟို ဟို အစိုးရ ဟို အစိုးရ မတည့်တော့ဘူး ။ သူတို့ က မတည့်တာပါ ၊ ကိုယ် က အနုပညာသမားပဲ အနုပညာ အလုပ် လုပ် နေရရင် ပျော်တာပဲဟာ ။ အဲဒါ အေးအေးသင်း အနုပညာ နဲ့ လုပ်စားခွင့် အကုန် ပိတ် ။ သီချင်း သီဆိုခွင့် ၊ က,ခွင့် ၊ ဘာညာ အကုန်အကုန် ဟောပြောခွင့် အကုန်အကုန် ပိတ် ပစ် လိုက်တာ ။ လာ ငှားတဲ့ လူတွေ လာ ငှားတယ် ။ သွားမေးပါဦး အေးအေးသင်း ကို ငှားလို့ ရမလားလို့ ။ မရဘူး ပိတ် ၊ အကုန် ပိတ်တာ ။

▢ မမအေး ၊ ဦးထွန်းဝေ ။

❥ ဟုတ်တယ် ၊ အကုန် ပိတ် ပစ်လိုက်တာ ။ မလုပ်ရတော့တာ ။ အဲဒီထဲ က ပြီးသွားပြီလေ ။ အဲဒီ ကတည်း က အနုပညာ နဲ့ လုံးဝ အဟပ် ကွာသွားပြီပေါ့ ။

▢ တကယ် စိတ် မကောင်းစရာ ဖြစ်လိုက်တာ ။

❥ ဟုတ်ကဲ့ပါ ။

▢ မမအေး ခင်ပွန်းသည် က ဗိုလ်ကြီး ။

❥ အေးမြင့် ၊ ဗိုလ်ကြီးအေးမြင့် ။ ဟုတ်ကဲ့ ။

▢ မမအေးတို့ သားသမီး မထွန်းကားဘူးနော် ။

❥ မထွန်းကားပါဘူး ။

▢ မမအေး က တစ်ယောက် တည်း ဒီမှာ နေနေတာပေါ့ ။

❥ ဟုတ်ကဲ့ ၊ တစ်ယောက် တည်း ဟို သမီးလေး နဲ့ ။ မွေးစားသမီးလေး နဲ့ ၊ သူ က အကုန် လုပ်ပေးတယ် ။ ရှိတာတွေ ၊ ပစ္စည်းဥစ္စာတွေ ကတော့ ဆရာတော့် ကို အကုန် လှူလိုက်တယ် ။ ဒီ ခြံကြီး တစ်ဝန်းလုံး ကို လေးဧက ၊ လေးဧက ရှိတယ် ။ အဲဒါကို အကုန်လုံး လှူလိုက်တယ် ။ လှူလိုက်တော့ ခြံထဲ မှာ ရှိတဲ့ ပစ္စည်း မှန်သမျှ အကုန်လုံး သာသနာ့မြေ ၊ သာသနာ့ပစ္စည်း အဖြစ်ပေါ့ လှူလိုက်တယ် ။ ဒီ အိမ် လည်း မသေခင် နေမယ် ၊ သေရင် တော့ သာသနာ့ ပစ္စည်း အကုန်လုံးပဲ ။ အဲဒီလို လှူလိုက်တယ် ။

▢ ကြားရတာ သာဓု ခေါ်ပါတယ် ။

❥ ဟုတ်ကဲ့ပါ ၊ ဟုတ်ကဲ့ပါ ။

▢ မမအေး ကျန်းမာရေး အခြေအနေ ဘယ်လို ရှိလဲ မသိဘူး ။

❥ အခုက ကျန်းမာရေး အခြေအနေ ကတော့ ငါ့ မျက်နှာ မနက်ဖြန် ကျရင် ရှိပါ့မလားပေါ့ ။ အဲဒီလို ခဏခဏ နှလုံး က ခုန် ၊ နှလုံး က ဖြစ်နေတဲ့ အခါ ကျတော့ မော မော မော ၊ မနက်ကျတော့ ကောင်း သွားပြန်ရော ။ ကောင်းနေ ပြန်တော့ ငါ ရှိသေးတယ်ပေါ့ ။ ငါ အသက် ရှိသေးတယ်ပေါ့ ။ အဲဒီလိုပဲ အဲဒီလိုလေး လည်း နဲ့ မျှဉ်းမျှဉ်းလေးပေါ့ ၊ မျှဉ်းမျှဉ်းလေး နေ နေရတာပေါ့ ။

▢ အစ်မ အခု ၇၃ ၊ ကျွန်တော် ၇၂ ။

❥ အင်း တစ်နှစ် ကြီးတယ် ။

▢ အဲဒီတော့ ၂၀၂၀ မှာ ကျွန်တော်တို့ က မြန်မာ့ရုပ်ရှင် နှစ် တစ်ရာ ပြည့် တော့မယ် ။

❥ ဟုတ်ကဲ့ ဟုတ်ကဲ့ ။

▢ အစ်မ မီမှာပါ ။

❥ မီပါစေ ဆုတောင်းရ မှာပဲလေ ။

▢ အဲဒီတော့ အဲဒီဟာ အတွက် ကို ဘယ်လိုများ အစ်မ ဆုတောင်း ပေးချင်လဲ ။

❥ အေးအေးသင်း ဆိုတာ ရှိသေးတယ် နော် ။ ရှိသေးတာ ကို ဒီမှာ ပိတ်ကား ပေါ် မှာ မြင်ရဦးမယ် ။ မြင်ချင်သေးတယ် ၊ ပြချင်သေးတယ်နော် အေးအေးသင်း က ဒါပဲဆိုတာ ။ နောက်ပြီးတော့ ဟိုတုန်းက မင်းသမီးတွေ ဟာ ဘယ်လို လုပ်ခဲ့ရတယ် ဆိုတာ ရုပ်ရှင်တွေ ပြမှာပါနော် ။ ပြတဲ့ အခါမှာ ဟိုတုန်းက မင်းသမီးတွေ ဒီလို ဒီလို လုပ်ခဲ့ရတယ် ဆိုတာကို အခုခေတ် ကလေးလေးတွေ သိစေချင်တယ် နော် ။ ဝတ်စားဆင်ယင် အမူအရာ က စပြီး အကုန်လုံး ကို သိစေချင်တယ်နော် ။ အနုပညာဆန်ဆန် ၊ မြန်မာအမျိုးသမီး ပီပီ မြန်မာအမျိုးသမီး နဲ့ ကိုက်ညီတဲ့ ဝတ်စားတန်ဆာတွေ ကို ဝတ်ဆင်ပါလို့ ပြောချင်ပါတယ် ။ နောက်ပြီးတော့ သရုပ်ဆော င် တဲ့ နေရာ မှာ လည်း သရုပ် ဆောင် နဲ့ အံဝင်ခွင်ကျ အဝတ်အစား ကို သာ ဝတ်ပါလို့ ။ ကာရိုက်တာ နဲ့ ညီ တဲ့ ဝတ်စားဆင်ယင်မှုမျိုးလေး လုပ်ပေးပါလို့ ။ ဒါလေး ပြောချင်ပါတယ် ။

▢ ကျေးဇူးတင်ပါတယ် ။ ကျွန်တော် တို့ Kamayut Media အတွက် အခုလို ... ။

❥ ကလေးတွေ လည်း လိုက်နာကြပါလို့ ၊ ဟုတ်ကဲ့ ။

▢ အခုလို အပင်ပန်း ခံ ပြီးတော့ ဖြေကြားပေးတဲ့ အတွက် ကို ကျေးဇူး အများကြီး တင်ပါတယ် ။

❥ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ။ မအေး က လည်း အများကြီး ဝမ်းသာပါတယ် လို့ ။

◾ဝင်းငြိမ်း

📖 လိပ်ပြာကူး ထူးခြားသူများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment