❝ နောက်အမေ ❞
နောက် လင် ပဲ ကြားဖူးပါတယ် ... ။ နောက် အမေ ရယ် လို့ ရှိပါ့ မလားရယ်လို့ .... ။ မဟုတ်ဘူး ။ ဖခင် ဖြစ်သူ က နောက် အိမ်ထောင် ထူထောင် လိုက်ရင် နောက် အမေ တစ်ယောက် ဖြစ်လာတာပေါ့လို့ ဆင်ခြေ ပေးကောင်း ပေးလိမ့်မယ် ။ ဒါလည်း လုံးလုံးလျားလျား နောက် အမေ မဟုတ်ပြန်ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အမေ ဆိုတဲ့ ဂုဏ်ပုဒ်ကြီး က နည်းနည်းနောနော မှ မဟုတ်တာ ။ ဝမ်း နဲ့ လွယ် မွေးရတယ် ဘာညာ ဆိုတာ ... မှတစ်ပါး အခြား မရှိပြီ ဆိုတဲ့ ဟာမျိုး ။ ဘယ်လောက် ကောင်းကောင်း ဘယ်သူ လိုက် မီမှာလဲ လို့ ။
ဘယ်သူ မဆို အမေ တစ်ယောက် တည်း က ကိုယ်ပိုင် မွေးထုတ် လိုက်ကြတာ ချည်း ပါပဲ ။ နောက်တော့ ကျောင်း နေ အရွယ် ရောက်တယ် ။ ကျောင်း မှာ ဆရာ ၊ ဆရာမ တွေ က ထိန်းကျောင်းပဲ့ပြင် ဆုံးမပေးတယ် ။ ဒါ ဆရာ ဂိုဏ်းဝင် အဆင့်ပဲ ရှိပါလိမ့် မယ် ။ အမေ အဆင့် တော့ တက်လှမ်းလို့ မဖြစ်သေး ။ ဘယ်လောက် ကောင်းကောင်း ပေါ့ ။ အဲဒီမှာ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ၊ ကျူရှင်ခန်း က ဆရာ ၊ ဆရာမ ၊ အိမ် မှာခေါ်သင်တဲ့ ဆရာ ဆရာမ ၊ ရပ်ကွက်ပတ်ဝန်းကျင် က ဝိုင်းဝန်းကြည့်ရှု ဆုံးမ သွန်သင်ကြသူတွေ ၊ သီတင်းကျွတ် ရောက် ရင် သာ ကန်တော့ ရင် ကန်တော့မယ် ။ အမေ နေရာ နဲ့ ယှဉ်ပြီးတော့ ဘယ်သူ့ ကို မှ မထားနိုင်ပါဘူး ။ အဲ .. အထက်တန်း ပြီးမြောက် အောင်မြင်လို့ တက္ကသိုလ် ကျောင်းသား ဖြစ်မှ နောက် အမေ ဆိုတာ ဒက်ထိကြီး ပေါ်လာရတယ် လို့ ဘယ် လိုမှ ငြင်းလို့ မရတဲ့ မေတ္တာ တရားတွေ အုံနဲ့ ကျင်းနဲ့ ... ။
••••• ••••• •••••
လှည်းတန်း ပတ်ဝန်းကျင် ဆိုတာ တက္ကသိုလ် ကျောင်းသားတွေ ရဲ့ ခြေရာချင်း ထပ်ရာ နယ်မြေ ၊ ရပ်ကွက် အတွင်းပိုင်း က အိမ် တစ်အိမ် မှာ အခမ်းအနား တစ်ခု တိတ်တဆိတ် လုပ်ဖို့ စီစဉ်ကြတယ် ။ ကျောင်းသားကြီး တွေ ဦး ဆောင်ပြီး ကိုယ်တွေ လို ကျောင်းသားငယ်တွေ က အခမ်းအနား ပြင်ဆင်ရေးပိုင်း မှာ ခုံသယ် ၊ စာလုံးကပ် ဒီ အဆင့် ။ ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် နှစ်ပတ်လည် ပွဲ ။ တကယ် လုပ်မယ့် ရက် ကျတော့ အခမ်းအနား ပြင်ဆင်ရေး ကနေ လုံခြုံရေး တာဝန် ပြောင်း သွားတယ် ။ ဘာ နားလည်မှာလဲ ၊ လုပ်ရ ပြီး ရော ၊ ပါရ ပြီးရော ။
အခမ်းအနား လုပ်မယ့် အိမ် နားတောင် မကပ်ရပါ ဘူး ။ အတွင်းဘက် လမ်းဆုံ တစ်ခု က လက်ဖက်ရည်ဆိုင် ထဲမှာ စမူဆာ ပျော့စိစိ ဝါးပြီး ဒန်ရေနွေးကရား ထဲ က လက်ဖက်ခြောက်ဖတ် တွေ နှိုက်စား နေတာပေါ့ ။ ကိုယ်တွေ ကို ထိန်းကျောင်းမယ့် ကျောင်း သားကြီး တစ်ယောက် လည်း ပါတယ် ။ သူ က မျက်စိ လျင်တယ် ။ လက်ကုတ်ပြီး ပြေး ပြေး ဆိုတော့ ပြေးရ တာပေါ့ ။ လမ်းမတန်း ထိပ် ဘက် ကနေ တီအီးအလဲဗင်း စစ်ကားကြီး တွေ ထိုး ဆိုက် လာတယ် ။ ကား ပေါ် က ဘက်နက်တပ် သေနတ်ကိုင် ထား တဲ့ စစ်သား သုံးယောက် ကိုယ် တွေ ပြေး တဲ့ ဆီ တည့်တည့် သုတ်သုတ် လျှောက် လာတာ မြင်တော့ ... ။
ပြေးမိပြေးရာ ပြေးတာ ပဲ ။ ကျောင်းသားကြီး ဦးဆောင်ရာ ပြေးပေမဲ့ နောက် လှည့် ကြည့်လိုက်တော့ လိုက် လာတဲ့ စစ်သားကြီး တွေ နဲ့ တဖြည်းဖြည်း နီးလာပြီ ။ မတော် လှမ်း ပစ်ထည့်လိုက် ရင် သေ မှာ ။ ဒါနဲ့ တွေ့ရာ လမ်းသွယ် ထဲ ချိုး ချလိုက်မိ တယ် ။ ကံ ဆိုး တာလား ၊ ကံ ကောင်း တာလားရယ် မပြော တတ်ဘူး ။ စစ်သား သုံးယောက် က ဟို နှစ်ယောက် နောက် မဲပြီး လိုက် သွားတယ် ။ ကံ ဆိုးတာ က ခြေလှမ်း နှစ်ဆယ် စာ လောက်ပဲ ပြေးရသေး ၊ လမ်း က ဆုံးသွားပြီ ။ တစ်ဖက်ပိတ် လမ်းတိုလေး ။ တွေ့ရာ အိမ် ထဲ စွတ် ဝင်လိုက် တာ ကံကောင်းတယ် ပြောရ မလားပဲ ။ မျက်မှန် နဲ့ ဦးကြီး တစ်ယောက် က အခြေအနေ ကို ရိပ်စားမိပုံ နဲ့ အိမ်နောက်ဖေး ဆွဲခေါ် သွားတယ် ။ တံခါး ဖွင့်ပြီး အပြင် တွန်းလွှတ် လိုက်တော့ ပြီးပါလေရော ။ တံခါး ကို အတွင်း က ဂျက် ( ချက် ) ထိုးပိတ်သံ ကြားရတော့ ဘဝ က ဆုံးပြီ ။ အိမ်နောက်ဖေး မှာ က အိမ်သာ ရယ် ၊ တစ်ရပ် သာသာ မြင့်တဲ့ အုတ်တံတိုင်း ကြီးရယ် ဒါပဲ ရှိတယ် ။ စိတ် ကူးဉာဏ် တစ်ချက် လက်ခနဲ ပွင့်ပြီး အိမ်သာ ခေါင်မိုး ပေါ် ကုတ်ဖဲ့ တက်လိုက်တယ် ။ ဝိုး .. အုတ်တံတိုင်း ရဲ့ ဟို ဘက်မှာ ကွင်းပြင်ကျယ်ကြီး ပဲ ။ အိမ်သာ ခေါင်မိုး က တစ်ဆင့် အုတ်တံတိုင်း ပေါ် ကူးပြီး တစ်ဖက်ခြမ်း ကို ခုန်ချလိုက်တော့တယ် ။ မြက်ပင်ရိုင်းတွေ ပေါက် နေတဲ့ ကွင်းပြင်ကျယ် ကြီး ။ ဟိုး တစ်ဖက်ခြမ်း ကပ် ကပ်မှာတော့ ဝန်ထမ်း တန်းလျားလို အိမ် စုစုကလေး ။ ဖြစ်ချင်ရာ ဖြစ် အဖြေ တော့ ရှိမှာပဲ ဆိုပြီး အုတ်တံတိုင်း ဘေး ကပ်လျှောက် လာလိုက် တာ ထောင့်ချိုး အဆုံးမှာ ကားလမ်းမ ကျယ်ကြီး ဘွား ခနဲ ပေါ်လာတော့တာပဲ ။ လူ တစ်ယောက် စာ သာသာ သံတိုင်တွေ နဲ့ လုပ်ထားတဲ့ တံခါး က စေ့ထားရုံ ရှိတာမို့ သူ လို ကိုယ် လို ခပ်တည်တည် ထွက် လာခဲ့တယ် ။ ကား အသွားအလာ ကျဲပါးတဲ့ လမ်းမကြီး က သူ ဘာမှ မသိ သလို စန့်စန့်ကြီး လဲလျောင်း လို့ ။ ကိုယ် လည်း ဘာမှ မဖြစ်သလို စိတ် မွေးရင်း ဖြစ်ခဲ့ရာ ဘက် ကျောခိုင်း လျှောက် လာခဲ့တယ် ။
••••• ••••• •••••
ရွာ က အမေ သိရင် ဆွေ့ဆွေ့ခုန် နေမှာ ။
အခုတော့ ခေါင်းပေါင်း ကြီး ပေါင်းပြီး သီးပင်စားပင် တွေ ကြား ရောက် နေမှာပေါ့ ။
လက်နက်ကိုင် တော်လှန်ရေး လုပ်မယ် ဆိုတဲ့ အကြောင်း ကို ပါ ။ သေနတ်ကြီး မြင် တာနဲ့ ကြောက်ပြီး ပြေး ရတာလေ ။ အဖမ်း ခံရတဲ့ အစ်ကိုတွေ အများကြီး ပါ သွားတယ် ။ ဒါကြောင့် ကိုယ် တွေ မှာ သာ လက်နက် ရှိနေရင် ဘာမှ ကြောက်စရာ မလိုဘူး ဆိုတဲ့ အတွေး ၊ ဒီ လောက နဲ့ ဆက်စပ်ပေးတဲ့ အစ်ကို တစ်ယောက် က ဦးဆောင်ပြီး နာရီ ရောင်း ၊ ဆွဲကြိုး ရောင်း ပြီး မော်လမြိုင် ထိ ရောက်ခဲ့ကြ တယ် ။ ပြီးတော့ ဘားအံ ဘက် ကူးတယ် ။ ဒေါနတောင်တန်းကြီး ပေါ်ရောက် အောင် သွား နိုင်ရင် ကျောင်း သားတပ်မတော် နဲ့ တွေ့ရပြီ ဆိုပဲ ။ လမ်းပြ ငှား ဘာ ငှား နဲ့ အန္တုရွာ ရောက်တော့ ပေါ်တာ ဆွဲတာ နဲ့ တိုးလို့ ခဏ ရှောင်နေ ရသေးတယ် ။ ဂျိုင်းတံတား အစပ် မှာ စစ်တပ် နဲ့ တိုးပြီး လမ်းပြ တခြား ၊ ကိုယ်တွေ တခြား ပြေးလိုက်ရတာ ။ ကိုယ်တွေ သွားဖူး လာဖူး ရှိတဲ့ ရန်ကုန် မဟုတ်ဘူးလေ ။ ကိုယ် တစ်ယောက် ပဲ နောက်ကြောင်း ပြန် ပြေးမိလျက်သား ဖြစ်နေတယ် ။ ဒါနဲ့ ဘားအံ ပြန် ရောက်သွားရော ပြောပါတော့ ။ ကိုယ့် အတွက် ကတော့ ကယ်တင်ရှင် အမြဲတမ်း ကြုံရ တယ် ။ သင်္ဃန်းကျွန်း ဘက် မှာ ကျောင်းဆရာ လာ လုပ် ဖူးတဲ့ ခြေတစ်ဖက် မသန်တဲ့ ဦးလေးကြီး ။
“ ဟေ့ကောင် ကျောင်းသားတပ်ဖွဲ့ ဆိုတာ လည်း ဟို က ထားရာ နေ ၊ စေရာ သွား ၊ မင်းတို့ လုပ်ချင်တာ တွေ ကို သူတို့ က ကူ လုပ်ပေးမယ် ထင် လို့လား ။ သူတို့ က သူ တို့ နယ်မြေ အတွက်ပဲ ဦးတည်ချက် ထားတာ ။ ဒီတော့ မင်း ဟို ကို ပြန် ၊ မြေ ပေါ် က တရားဝင် လုပ် ၊ ငါ စီစဉ်ပေးမယ် ”
ပိုက်ဆံ လည်း တစ်ပြား မှ မရှိတော့ဘူး ။ ဘယ်သွား လို့ ဘယ် ပြေးရမှန်း မသိတော့ တဲ့ အခြေအနေ မှာ ဦးလေးကြီး စီစဉ်တဲ့ အတိုင်း လိုက်နာရတော့တာပေါ့ ။ ဒါနဲ့ပဲ နောက် အမေ ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ရတယ် ။
••••• ••••• •••••
ကလေးတွေ ၊ ခွေးတွေ ဗုံ စီ သလို ပေါများပြီး အသီး အပွင့် အကိုင်းအခက်တွေ ရှုပ်ယှက်ခတ် နေတဲ့ ပျံကျ ရပ်ကွက် တစ်ခုပါပဲ ။ ဆိုက်ကားဆရာ နဲ့ လက်လုပ်လက် စားတွေ သူတင် ကိုယ်တင် ငြင်းခုံ ကြတယ် ။ “ စံပျော်ရာ ” ဆိုတဲ့ ဆိုင်တော် မဟာကြီး မှာ မဒမတိုင် ထူပြီး ထရံကာ သွပ်မိုး ရဲ့ အတွင်းပိုင်း မှာ ခြေထောက်လေးချောင်း နဲ့ ခပ် မြင့်မြင့် ရှည်မျောမျော စားပွဲခုံ တွေ ၊ သစ်သား နဲ့ လုပ်ထားတဲ့ ညစ်တီးညစ်ပတ် ကု,လားထိုင်တွေ ၊ ကြွေရည်သုတ် သောက်ရေခွက်တွေ ၊ ရှောက်သီးစိတ်တွေ ၊ ငှက်ပျောဖူး ပုလင်းတွေ နဲ့ အတူ ဒရင်းဘက် လို့ အင်္ဂလိပ်နာမည် တပ် ဇိမ်ခံ ပစ္စည်း ပေါ် မှာ သနပ်ခါးအဖွေး သားနဲ့ ပုံ့ပုံ့ကြီး လဲလျောင်း နေ တာ ။ ဟုတ်တာပေါ့ ၊ အဲဒါ ကိုယ်တွေ ရဲ့ နောက် အမေ ဒေါ်တင်ညွန့် ကြီး ။ ပျော်စံရာ ရဲ့ အရှင်သခင် ဖြစ်သလို ရပ်ကွက်ကလေး ရဲ့ မီးခိုးတိတ် စရိတ်ငြိမ်း စေသူ ဆို လည်း မမှားပါဘူး ။
“ သေနာကောင် တွေ အရည် ဝင်ပြီး မူးမယ် ရမ်းမယ်တော့ မကြံနဲ့နော် ။ ကြိုက် တတ်လို့ လာ သောက်ပြီးရင် ပိုက်ဆံ ကုန်ရကျိုး နပ်အောင် ကိုယ့် အိမ်ပြန် ဇိမ်ခံ နေလိုက် ၊ ငါ့ ဆိုင် က သောက်လာပြီး ပြဿနာ ဖြစ်တယ်လို့ အသံ မကြားချင်ဘူး ”
အပြော ကြမ်းတယ် ၊ အပေးအကမ်း ရက် ရောတယ် ။ ပြဿနာ ကို ဖြေရှင်း နိုင်တယ် ။ တစ်ရပ်ကွက်လုံး ကို လွှမ်းမိုး ထားနိုင်တယ် ဆိုတဲ့ အား က ရပ်ကွက်လူကြီး မလုပ်ချင်လို့ ပြောရမယ့် ပုံ ။ စံပျော်ရာ ဆိုင်းဘုတ် ရဲ့ နောက် ကျောကပ် နှစ်ထပ် အိမ်ကြီး ပေါ်မှာ ကိုယ်တွေ စတည်း ချ ရတယ် ၊ နှုတ်ခမ်းနီ ပါးနီ ညှီစို့စို့ မိန်းမတွေ နဲ့ ရောပြီး ။ ဒီ မိန်းမတွေ က လမ်းမ ထွက် နေကြတာ များ ပါတယ် ။ ညဘက် လည်း လူစုံတက်စုံ မရှိတာ များ တယ် ။ ပြောမယ် ဆို အပေါ် ထပ် ခေါင်းရင်းခန်း မှာ ကိုယ် တစ်ယောက် တည်း ရယ် ။
“ ဟိုဟာမတွေ နော် ၊ ငါ့ သား အခန်းနား ကို ယောင်လို့ တောင် မကပ်ကြနဲ့ ။ ငါ့ သား က ပညာတတ် တက္ကသိုလ်ကျောင်းသား ၊ ညည်းတို့ နဲ့ လားလား မှ မသက်ဆိုင်ဘူး ။ ထင်ယောင်ထင်မှား တွေ့ မိလို့ ကတော့ ငါ့ အဆိုး မဆိုနဲ့ ”
လုပ်စာကိုင်စာ တစ်ပြားသား မှ ကို မရှိဘဲ အလကား မတ်တင်း နဲ့ ထမင်းပွဲ ရှေ့ရောက် စားသောက် နေထိုင်ရ တာ ၊ သေချာတာ ကတော့ အမေ ဒေါ်တင်ညွန့် မှာ သား ထောက်သမီးခံ မရှိဘူး ။ ယောက်ျား ရှိ ခဲ့ဖူး သလား ဘာလား လည်း မသေချာ ။ ပညာတတ် လူရည်မွန် သား ကလေး တစ်ယောက် တော့ ဆာလောင် နေတာ သေချာ တယ် ။ မော်လမြိုင် က ခြေ တစ်ဖက်နိမ့် ကျောင်းဆရာ ဦးလေးကြီး နဲ့ တော့ တစ်နည်းတစ်ဖုံ ပတ်သက် နေတာ မြေကြီး လက်ခတ် မလွဲ ။
••••• ••••• •••••
“ ကျွန်တော် အလုပ် တစ်ခု လုပ်မလို့ အမေ ”
“ အမေ ငွေ ထုတ်ပေးရ မှာလား ၊ ဘယ်လောက်လဲ ”
“ မဟုတ်ဘူး အမေ ငွေစိုက်ထုတ် ပေးမယ့် အဖွဲ့အစည်း တစ်ခု ရှိတယ် ။ ကျွန်တော်တို့ က ရန်ကုန် အထိုင် နဲ့ ဂျာနယ် တစ်စောင် ထုတ်ပေးရမယ် ”
“ အဲဒါ တွေတော့ အမေ လည်း နားမလည်ဘူး ငါ့ သားရယ် ၊ တစ်ခု ရှိတာက ငါ့ သား က လူသိ ခံလို့ ဖြစ်တာ မဟုတ်ဘူးနော် ၊ ဒီမှာတောင် မကောင်းတာတွေ ကြား ထဲ ရော ထားလို့ မျက်စိ မှောက်နေတာ ”
“ ဟုတ်ကဲ့ပါ ၊ အခု လုပ်မှာ က လည်း အမေ့ အိမ်မှာ လုပ်ချင်လို့ ။ ဟို လူအများကြီး ဝင်ထွက် သွားလာမှာ မဟုတ်ဘူး အမေ ။ အမေ့ ဆိုင် ကို လာ သောက်တဲ့ စားတဲ့ လူ ထဲ ကပဲ မသိမသာ အိမ် ပေါ် တက် လာမှာ ။ နေရာ လည်း အကျယ်ကြီး မလိုဘူး ။ နောက် ဖေးခန်း လောက် ဆိုလည်း ရ တယ် ။ လုပ်မှာ က ကျွန်တော် တစ်ယောက် တည်း ဒိုင်ခံလုပ်မှာ ”
“ အမြတ်အစွန်း ငွေ ကြေး ကြောင့် လုပ် မှာလား သားလေး ၊ အဲဒါ ဆိုရင်တော့ မလိုဘူးနော် ၊ သားလေး ထက် အမေ က ပိုပြီး ငွေ ရှာတတ် တယ် ”
“ အမြတ်အစွန်း က တော့ ရမှာ မဟုတ်ဘူး အမေ ၊ စိုက်ထုတ်ပြီး အကုန်အကျခံ ပေးမယ့် အဖွဲ့အစည်း ရှိတယ် ။ ပြည်သူတွေ သိသင့်တာတွေ သိသွားတယ် ဆိုရင်ပဲ လုပ်ရ ကျိုး နပ်တယ် ခေါ်ရမှာပါ ။ အဲဒီလို အလုပ်မျိုး ”
လက်နက်ကိုင် တော်လှန်ရေး ဆီ မရောက်ဘဲ ပြန်လာတဲ့ သူရယ် ၊ တပ်လန်ပြီး ပြေးလာတဲ့ သူရယ် ၊ လက်ရှိ အခြေစိုက် လှုပ်ရှားနေတဲ့ သူရယ် ပေါင်းပြီး အခြား အဖွဲ့အစည်း တစ်ခု ရဲ့ ငွေကြေးထောက်ပံ့မှု နဲ့ လုပ်ငန်း စတင် ကြတယ် ။ ကွန်ပျူတာ ဆိုတာ ကို အဲဒီကျမှ ဒေါ်တင်ညွန့် သေသေချာချာ မြင်ဖူးတော့ တာ ။ တယ်လီဖုန်း လို ဆက် သွယ်လို့ရတဲ့ စကားပြော တဲ့ ဟာတွေ လည်း တွေ့ရတယ် ။ ပျော်စံရာ အရက်ဆိုင် မှာ နောက် က ဘုလုံးကြီး ပါတဲ့ တီဗွီ မျက်နှာပြင်ကျယ်ကြီး ထားပေမဲ့ ရပ်ကွက် ရေစီးကြောင်း အရ ဒီနေ့ ထွက် ကားသစ် နဲ့ အင်္ဂလိပ်ကားတွေ ပဲ အရုပ် ၊ အသံ ပြပေးတာ ၊ ဒါနဲ့ ချိတ်ဆက်မှု မရှိတဲ့ စလောင်း ဗန်းကြီး တစ်ခု ဒေါ်တင်ညွန့် ကြီး ရဲ့အိမ် နောက်ဖေး ခေါင်မိုးစောင်း မှာ တိတ်တဆိတ် ပန်ဆင် ထားလေရဲ့ ၊ ဆေး အမည်းတွေ သုတ်ပြီး ။
ကိုယ်တွေ လုပ်ချင်ရာ လုပ်ပြီး နောက် အမေ ဘက် ပြန် မကြည့်တာ မေတ္တာတရား ကို စော်ကားတာ ။ ထောက် လှမ်းရေးခေတ် မှာ ဘေးလွယ်အိတ်တွေ ခြေရှုပ် လာတယ် ။
“ ဟေ့ ငါ့ ဆိုင် ထဲ ကို အရက်သမားစစ်စစ်တွေ ပဲ အဝင် ခံတယ်နော် ။ ဒီ ရပ်ကွက် မှာ ငါ ဘာလုပ် စားတယ် ဆို တာ အားလုံး သိ ၊ ခိုးကြောင် ခိုးဝှက် ဘယ်တော့မှ မလုပ် ဘူး ။ မကျေနပ်ရင် ငါ့ ကို ဖမ်း သွား ၊ သူခိုးကျင့် သူခိုးကြီး တော့ မကြံနဲ့ ”
သတင်းတင်ဆက်မှု တွေ ပေါက်ရောက်တယ် ။ ဂျာနယ်တစ်စောင် ကတော့ ပုဇွန်တောင်စက်ဆန်း ဘက် ကနေ ပုံမှန် ထွက်နေတယ် ။ အယ်ဒီတာအဖွဲ့ ထဲမှာ ကိုယ် တွေ မပါ ၊ စာပေလောက မှာ လူသိ ထင်ရှားရှိတဲ့ အယ်ဒီတာ တွေ ၊ သူတို့ လည်း စိတ် ရှိလို့ သာ ကူ ညီ ကြတာပေါ့ ။ အပေးအယူ ကို စံပျော်ရာ အရက်ဆိုင် ထဲ မှာပဲ လုပ်ကြ တယ် ။ တစ်ရက် တော့ အမေ ညွန့် ကိုယ်တိုင် အိမ် မှာ ရှိတဲ့ မိန်းမ တစ်ယောက် နဲ့ ထည့် ပေးလိုက်တယ် ။ ကိုယ် လည်း ဂဃနဏ မသိဘူး ။ မြို့သစ် ဘက် က တည်းခိုခန်း တစ်ခု မှာ သွား အိပ်ချိန် ၊ အိမ် ကို ဧည့်စာရင်း ဝင်တယ် ဆိုပဲ ။ ခြေရာ လက်ရာတွေ တွေ့သွားရင်တော့ ပါပြီ မှတ်တာ ။ နောက် တစ်နေ့ မနက် မှာ အမေညွန့် က ပြန် ခေါ်တယ် ။ သူ ပတ် ကြမ်းတိုက် ထုတ်လိုက်တာနဲ့ ကိုယ်တွေ စတည်းချတဲ့ အခန်း ဆီ မရောက်လိုက်ဘူး ပြောတာပဲ ။
••••• ••••• •••••
စိတ် ပြင်းပြရင် ဦးတည်ချက် ဆီ မတ်မတ်သွားတယ် ။ ခေတ် အခြေအနေက သွေးထိုး ရင် ပိုပြီး သွေးဆိုး လိမ့်မပေါ့ ။
ဧရာမခေါင်းစဉ်ကြီး တစ်ခု နိုင်ငံတကာ သတင်းဌာန ကနေ လွှင့်တင်ဖော်ပြ အပြီး မှာ အမေ ဒေါ်တင်ညွန့် အပိုင် ထဲ ကို အလုံးအရင်း နဲ့ ဝင် မွှေ တော့တာပဲ ။ ပျော်စံရာ ထဲ ရောက်နေမှန်း အမေ သိတာ နဲ့ ရပ်ကွက် ထဲ က ပင်တိုင် အသောက်သမားတွေ ကို ရန် ရှာတော့တာ ။ အော်ဟယ် ဟစ်ဟယ် အသံထွက် နဲ့ ။ နောက်ဖေးအိမ် ကူးမယ့် အပေါက် ကို ပိတ်ပြီး “ မသာတွေ ၊ သေခြင်းဆိုးတွေ ၊ ငါ အရက် ရောင်းနေတယ် ဆိုတာ နင် တို့ ငတ်ငတ်ပြတ်ပြတ် နဲ့ ယင်း မထ အောင် လုပ်ပေးနေတာ ဟဲ့ ။ လိုင်စင် နဲ့ ဘာ နဲ့ တရားဝင် ရောင်းရအောင် နင့် အမေ လင် တွေ က မတန်တဆ တောင်းတာ ။ ငါ လည်း မပေးနိုင်ဘူး ။ ဒီလို ခိုးဝှက် ရောင်း နေမှန်း တစ်ရပ်ကွက်လုံး သိ တယ် ။ ငါ လည်း ရပ်ရေးရွာရေး မှာ လက် နှေး တဲ့ သူ မဟုတ်ဘူးနော် ။ အေး ... ငါ့ ဆိုင် ကိုတော့ မယုံသင်္ကာ နဲ့ သွေးတိုး လာမစမ်းနဲ့ ၊ မိတင်ညွန့် တို့ မကောင်းတဲ့ ဟာ လုပ်စားတယ် ဆိုတာလည်း တစ်ရပ်ကွက်လုံး သိတယ် ။ အားလုံးကို လည်း အဆင်ပြေ အောင် ပေးကျွေး ထားတဲ့ ကြား က ပြဿနာ ရှာမယ် ဆို ရင်တော့ အသက်ချင်း လဲပြီး ကြိုးစင် တက်သွား လိုက်မယ် ဘာမှတ်လဲ ”
ကိုယ်တွေ အတွက် ရှောင်ချိန် တိမ်းချိန် ရလိုက် တယ် ။ အမေညွန့် ရဲ့ အော်ကြီး ဟစ်ကျယ် အသံ ထွက် က အချက်ပေး ခေါင်းလောင်းသံ ။ အပေါ်ထပ် ပြတင်းပေါက် က နေ ကျော်ချပြီး တစ်ဖက် ခြံ ထဲ က နေ အသာ လျှို ထွက် လိုက်တယ် ။ ဖိနပ် မပါ တော့ တွေ့ရာ ဆိုက်ကား ပေါ် တက် ၊ ရပ်ကွက် အတွင်းလမ်း တွေ က ထွက်ခဲ့ ပြီး နောက် .... ။ လက် စ မရှင်းနိုင်ခဲ့တာ စာရွက်စာ တမ်းတွေ ရယ် ၊ ကွန်ပျူတာ ထဲ က မှတ်တမ်းမှတ်ရာ တွေ ရယ် ၊ နိုင်ငံတကာ ချိတ်ဆက် ထားတဲ့ ဖုန်း ရယ် သိမ်းဆည်း ခံရပြီးတဲ့ နောက်တော့ အမေညွန့် လည်း တရားခံ လက်ခံ ထားသူ တစ်ယောက် အဖြစ် နဲ့ ထောင် ထဲ ရောက်ခဲ့ ရတော့ တယ် ။
ဒါတွေကို ရွာ က အမေ ဘာမှ မသိ နားမလည်ပေမဲ့ ကိုယ်တွေ ရင်ဘတ် ထဲ မှာတော့ အမေညွန့် က နောက်အမေ တစ်ယောက် ပဲ ဆိုတဲ့ အသိ နဲ့ ရုံးချိန်း မှာ ဖြစ်တဲ့နည်း နဲ့ သွား တွေ့မယ် လို့ ဆုံးဖြတ်ရင်း ... ။
◾အဲလိုထူး
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဒီဇင်ဘာလ ၊ ၂၀၁၈ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment