❝ ကောင်းခြင်းခု သည်ချိန်ခါ ❞
“ ဟင် မင်း လုပ်ငန်း မစရ သေးဘူးလား ”
“ မိုး ကုန် ပါစေ ဦးတော့ လို့ကွာ ”
“ အေး ဟုတ်တာပေါ့ကွာ ။ မိုးတွင်းကြီး ဆိုတော့ တောက လူတွေ မြို့ပေါ် တက် မလာနိုင်ကြသေးဘူး ။ တော မှာ အရေး ကောင်းတုန်း ၊ ထွန်တုန်း ယက်တုန်း စိုက်တုန်း ၊ ပျိုးတုန်း ၊ ရိတ်သိမ်း တုန်းကွာ ”
၂၀၀၁ ခုနှစ် ၊ ဩဂုတ်လ က အောင်လံမြို့ တရော်ကုန်း ရပ်ကွက် မှ ကျောင်းနေဖက် သူငယ်ချင်း မောင်ပွ နဲ့ တွေ့တော့ ပြောမိတဲ့ စကား ခင်ဗျ ။
မိဘ အမွေ အိမ် ကို ရောင်းပြီး ညီအစ်ကို မောင်နှမ ၁၁ ယောက် ဝေလိုက်ကြတော့ မောင်ပွ က ကျပ် ခုနစ်သိန်း ရတယ် ခင်ဗျာ ။
သည် အရင်းကလေး နဲ့ ဈေး ကြီး ထဲမှာ ကုန်ခြောက်ဆိုင်ကလေး ဖွင့်မယ်လို့ တာစူ နေတာ ။
“ ဘယ်နေရာ မှာ ဆိုင် ဖွင့်ထားလဲဟ ၊ ငါလာခဲ့မယ် ”
“ မဖွင့် ဖြစ်သေးပါဘူးကွာ ၊ ကျောင်းပိတ်ရက် ဆိုတော့ မြို့ပေါ် လူခြောက်တယ်ကွ ၊ သိပ် ရောင်းကောင်း မှာ မဟုတ်သေးဘူးလေ ”
“ ဟေ ဟုတ်ပါ့ ၊ အဲဒါ ငါ သတိမထားမိဘူးကွာ ”
ဒုတိယအကြိမ် တွေ့တော့ နွေရာသီ ကျောင်း ပိတ်ရက်ကြီး ခင်ဗျာ့ ။
“ အိုကေ မှာ စိုပြေ နေပြီ မဟုတ်လား ”
“ ဘာမှ မလုပ်ဖြစ် သေးပါဘူးကွာ ၊ ဘိလိယက်ခုံ ထောင်ရ ကောင်းမလား စဉ်းစားတုန်း ဟ သူငယ်ချင်း ရ ”
“ အေး အဲဒါလဲ ကောင်းသားပဲ ကွ ၊ ခေတ်ကြီး နဲ့ အညီ ”
“ ဟ ဟေ့ကောင် မင်းတို့ ဆိုင်က တစ်နေ့ ထက် တစ်နေ့ စုံစုံလာပါလားဟ ၊ အစ က ကွမ်းယာဆိုင်ကလေး အခုတော့ လိုတရ အိမ်ဆိုင်ကြီး ဖြစ်နေပါလားကွာ ”
ကျွန်တော် တစ်နေ့ လမ်းထိပ် က ကွမ်းယာဆိုင် သွားပြီး ငှက်ပျောသီး ဝယ်တော့ ဆိုင်ရှင် ဟီဟီ နဲ့ တွေ့တယ် ခင်ဗျာ ၊ နာမည်ရင်း တော့ ရှိမှာပါပဲ ။ သူ က တွေ့သမျှ လူတိုင်း ကို ပါးစပ်ဖြဲ ပြပြီး ၊ တဟီဟီ ရယ်ပြီး နှုတ်ဆက်တတ် လွန်းလို့ ဟီဟီ ဖြစ်နေတာ ။
“ မလုပ်လို့ မဖြစ်ဘူး အိုကေကြီး စားအိုးကိုလဲ ကြည့်ဦး ”
သူ့ ကလေးများ ကို လက်ညှိုးထိုး ပြ၍ ဆိုလေ၏ ။ သူ့ မိန်းမ မွေးအား ကလည်း ကောင်းပါဘိ ။ တစ်နှစ် တစ်ယောက် များ မွေး နေရော့သလား ။ ပုစုခရု နည်းတဲ့ ကလေးတွေ မဟုတ်ပါဘူးဗျာ ။ သူ့ မိန်းမ မွေးအား ကြီးလွန်းလို့ ဟီဟီ က သူ့ ကို “ မွေးမ ” လို့ ခေါ်လေ့ ရှိသဗျာ ။
ဝက်မ ဆို ပို ဟန်ကျမှာ ၊ ဝက်ပေါက်ကလေးတွေ အရမ်း ဈေးကောင်းနေတာ ။
ဟီဟီ နဲ့ သူ့ မွေးမ တို့ဟာ အလွန် အလုပ် ကောင်း ကြပါတယ် ။ နံနက် ငါးနာရီ ဆိုင်ဖွင့် ပြီးနေပြီ ။ ည ၁ဝ နာရီ ၁၁ နာရီ ဈေးရောင်း ကောင်းတုန်းဗျာ ၊ အိပ်ချိန် နည်းနည်း လုပ်ချိန် များများ ။
အဲသည် ဆိုင်ကလေး ဟာ မျက်စိ အောက်တင် ဖြစ်ထွန်း လာတာ ၊ အလွန်ဆုံး ကြာ လေးငါးနှစ် ပေါ့ ၊ မွေး လာတဲ့ ပါးစပ်ပေါက် တွေ ကို ကျွေးနိုင်တဲ့ အပြင် ဆိုင် ပေါ် မှာ ပစ္စည်းတွေ တင်လိုက်သမှ စုံလို့ပါ ။
“ ဟေ့ကောင်တွေ မဟုတ်မှ လွဲရော မင်းတို့ တိတ်တိတ်ကလေး ထီပေါက် ထားကြတယ်နဲ့ တူတယ် ၊ ဘာလဲ ကျွေးရမှာ ကြောက်လို့ ဒိုင်လျှို လုပ်ထားကြတာ မဟုတ်လား ”
“ ကြံကြံဖန်ဖန် အိုကေကြီး ရာ ၊ လုပ်နိုင်လွန်းလို့ ဖြစ်လာတာပါဗျာ ၊ ဘာမှ ထီပေါက် ဘာ အမွေ မှ မရ ရှိတာလေး နဲ့ စခဲ့ပြီး ကုန်းရုန်း ရှာ နေရတာပါဗျာ ။ စီးပွား ရှာတယ် ဆိုတာ ရန်ကုန် မှာ ဘတ်စ်ကား တိုး စီး ရသလိုပဲ အိုကေကြီး ”
“ အမယ် ဆိုစမ်း ”
“ ဘတ်စ်ကား စီးဖူးလား ”
“ ငါ ရန်ကုန် မှာ ၁၅ နှစ် လောက် နေခဲ့တာကွ ၊ ဘတ်စ်ကား လဲ တိုး စီးဖူးတယ် ။ ဘတ်စ်ကား လဲ ခိုးစီးဖူးတယ် ။ ရုပ်ရှင်လက်မှတ် လဲ မှောင်ခို ရောင်းတယ် ။ တချိန်တုန်း က ရန်ကုန်ကြမ်းပိုး ကွ ။ နေစမ်းပါဦး ၊ စီးပွားရေး နဲ့ ဘတ်စ်ကား စီးတာ ဘာ ဆိုင်လို့လဲကွ ”
“ ဘတ်စ်ကား လူကြပ်တဲ့ အခါ တိုး မတက်ရဘူးလား ”
“ တိုးတက်ရတာပေါ့ မောင် ၊ တစ်တောင်ဆစ် ကြို တစ်တောင်ဆစ်ကြား ၊ ဒူးကြို ဒူးကြား အတင်း ဖြဲဝင်ရတာဟ ။ တစ်ခါတလေ ပုဆိုးတောင် ကျွတ်ကျတယ် ”
“ ပြီးတော့ နေရာ မရဘူးလား ”
“ ပထမတော့ ခြေ တစ်ချောင်း လက် တစ်ဖက်စာ နေရာရ ၊ နောက် တော့ ခြေ နှစ်ချောင်း လက် နှစ်ဖက်စာ နေရာရ ။ လူချောင် တော့ တဖြည်းဖြည်း အထဲ ရောက်သွား ။ တော်တော်လေး ကြာတော့ ထိုင်ခုံ မှာ နေရာရ ”
“ စီးပွား ရှာရာမှာလဲ ဒီ သဘောပဲ ဗျာ့ ”
“ ဟယ် ငါ နားမလည်ဘူး ”
“ ငါ့ ရှေ့မှာ လူတွေ ပြည့် နေပြီ ၊ ငါ့ဖို့ နေရာ ရှိဦးမလား ၊ အဲသလို ချီတုံ ချတုံ ဖြစ်နေပြီး နေ့ရွှေ့ ညရွှေ့ ရွှေ့မနေရဘူး ။ အကြိုအကြား က နေ အတင်းသာ ဖြဲတိုး ဝင် လိုက်ဗျာ ။ ကြာတော့ နေရာရရော ပေါ့ ”
“ တကယ်ပဲလားကွာ ”
“ ကျွန်တော် က လက်တွေ့ ဗျာ ၊ ကျွန်တော်တို့ မြို့မှာ တစ်ခါက ရုပ်ရှင် လာ ရိုက်ကြတော့ ကျွန်တော် ကလဲ ကလေး ဆိုတော့ ရုပ်ရှင်မင်းသမီး ကို မြင်ဘူးချင်တာ နဲ့ လူအုပ်ကြီး ထဲ အတင်း ဝင်တိုး ၊ ကျစ်တိုး ၊ ကုန်းရုန်းတိုး ၊ နောက် တဖြည်းဖြည်း ရှေ့ ရောက် ရောက် သွားပြီး ရုပ်ရှင်မင်းသမီး ကို အရှင်လတ်လတ်ကြီး မြင်ရတော့တာပါပဲဗျာ ။ ကိုင်ဘူးတယ် ဟဲ့ ဆို ရအောင် မင်းသမီး လက်ကလေး ကို အသာ တို့ ကြည့် မိခဲ့သေးတယ် ”
“ အာဂကောင်ပါလားဟ ”
ထိုအခါ ကျွန်တော့် သူငယ်ချင်း မောင်ပွ ကို သတိရမိ လေ၏ ။ မိုး ရွာလို့ နေ ပူလို့ အချိန် စောင့် နေသော မောင်ပွ ကား ရထားတဲ့ အမွေကလေး လုံး ပါးပါး လေတော့၏ ။
ကောင်းခြင်းခု သည်ချိန်ခါ ။
◾မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၅ ဩဂုတ်လ ၊ ၂၀၀၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment