Saturday, August 10, 2024

အကယ်ဒမီ ဝါဝါဝင်းရွှေ

❝ အကယ်ဒမီ ဝါဝါဝင်းရွှေ ❞ 

        ( ပထမပိုင်း )


မင်္ဂလာပါ ခင်ဗျာ ။ ဒီနေ့ တင်ဆင်မယ့် အစီအစဉ် ကတော့ ကျွန်တော် ဝင်းငြိမ်း နဲ့ Kamayut Media တို့ ပူးပေါင်း တင်ဆက်နေတဲ့ “ လိပ်ပြာကူး ထူးခြားသူများ ” ဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ် ။ ဒီနေ့ ကျွန်တော် တွေ့ဆုံမယ့် သူ ကတော့ အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေ ဖြစ်ပါတယ် ။ ဒေါ်ဝါဝါဝင်းရွှေ က သရုပ်ဆောင် ဖြစ် သလို ဒါရိုက်တာ အဖြစ် လည်း ဆောင်ရွက်နေသူ ဖြစ်ပါ တယ် ။ ယခု အချိန် အထိ လည်း ကားရိုက် နေဆဲ ဖြစ်ပြီးတော့ မကြာသေးခင် က ပဲ ရှင်ဥပဂုတ္တ ဇာတ်ကား ကို ရိုက်ကူး ထားတာ ဖြစ်ပါတယ် ခင်ဗျ ။ 


▢ အစ်မ မင်္ဂလာပါ ခင်ဗျာ ။ 


❥ မင်္ဂလာပါ မောင်လေး ။ 


▢ အစ်မရေ ... ။ 


❥ ရှင် ။


▢ ကျွန်တော် က ဒီ အစီအစဉ် မှာ Kamayut Media နဲ့ ပေါင်းပြီး တော့ လူကြီးတွေ ပဲ လိုက်ပြီး အင်တာဗျူး လုပ်နေတယ် ။


❥ အရမ်း ကောင်းပါတယ် ။


▢ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် လည်း သွားနိုင် လာနိုင်တုန်း ၊ အစ်မတို့ လည်း ဖြေနိုင်တုန်း မှတ်မိတဲ့ အချိန်လေး မှာ မှတ်တမ်း တင် ထားခဲ့ချင်တယ်ပေါ့ ။ 


❥ အကောင်းဆုံး အစီအစဉ် ပါ မောင်လေးရေ နော် ။


▢ အစ်မ ကို ကျွန်တော် စ,သတိထား မိတာ ၊ စ,သိတာ ။ ပရိသတ် သိတာပေါ့နော် ကျွန်တော် နဲ့ အတူတူ “ စိတ် ”  ဇာတ်ကား ပေါ့ ၊ “ စိတ် ”  ဇာတ်ကား မှာ ။ အဲဒီတော့ အစ်မ က ထူးထူးဆန်းဆန်း ဒီ အားလုံး တပ်မက် တဲ့ ဆေးကျောင်း မှာ ဆေးပညာ သင်ကြား နေရာကနေ ရုပ်ရှင်လောက ကို ပြောင်းလာခဲ့ ဖြစ်တဲ့ အတွက် အစ်မ ဘာကြောင့် ဆေးကျောင်းသူ အဖြစ် နဲ့ ဆက် မတက်ဘဲ ဘာကြောင့် ရုပ်ရှင်မင်းသမီး ဖြစ်လာခဲ့တာလဲ ဆိုတာ စ , ပြောပြပါဦး ။


❥ အနုပညာလောက ထဲကို ရောက်ရခြင်း အကြောင်းအရင်း ကတော့ အစ်မ ရဲ့ ယုံကြည်မှု က အတိတ်ဘဝ ကံ ကံ၏ အကြောင်းတရား ပေါ့နော် ဒါကတော့ နံပါတ်တစ် ပေါ့ ။ နောက်ပြီးတော့ ဆေးကျောင်းသူ ဘဝ ကို အစ်မ က အရမ်း ကို ဖြစ်ချင်တယ် ။ ဒါ လူ့ သဘာဝစိတ် ၊ ဒီ ဆေးကျောင်း ကို လည်း တက်ခဲ့တယ် ။ ဒါပေမဲ့ နံပါတ်နှစ် ကတော့ အနုပညာ ကို အဲဒီ ကတည်း က အစ်မ က ဝါသနာ ပါတယ် ။ ဝါသနာ ပါခြင်း အကြောင်း ကတော့ အနုပညာ နဲ့ ပတ်သက်တာ ဆိုလို့ ရှိရင် ဂီတ ပေါ့နော် ။ ဂီတ ဆို အဖေ က စောင်း တီးတယ် ။ အဲဒါလေး က နည်းနည်း ပါလာတာပေါ့နော် ။ နောက် အဖေ စောင်း တီး တော့ အစ်မ က စောင်း တီးတယ် ၊ စန္ဒရား သင်တယ် ။ နောက်တစ်ခါ ပန်းချီဆရာကြီး ဦးငွေကိုင် အဖေ လို ပဲ ဖြစ်သွားရော ။ သူ က လေ အစ်မ ကို ပန်းချီဆွဲ တဲ့ ပညာလေး သူ သင်ပေးတယ် ။ အဲဒါကလည်း အနုပညာ ပဲ ဖြစ်သွားပြန်ရော ။ ဂီတ ရယ် ၊ ပန်းချီ ရယ် ။ အစ်မ ရင် ထဲမှာ အနုပညာ နဲ့  ပတ်သက်တာတွေ ကို ဖန်တီးရမယ်ဆိုရင် ကြည့်ရတာ လည်း ပျော်တယ် ။ အဲဒီတုန်းက အစ်မ တို့ က ကျောင်းသူ ဘဝ ပေါ့ ။ အဓိက အကြောင်းအရင်း က အစ်မ အဒေါ်ကြီး တွေပေါ့ ။ အဒေါ်ကြီးတွေ က ကျောင်း လာ ကြိုရော ။ ကျောင်း လာ ကြိုပြီးတော့ သူတို့ က ရုပ်ရှင် သွား ကြည့်ရအောင် ၊ ရုပ်ရှင် သွား ကြည့်ရအောင် ဆိုပြီး အဲဒီ ကျောင်း ဝတ်စုံ နဲ့ပဲ အစ်မ ပါသွားတာ ။ ၈ တန်း ၊ ၉ တန်း ဘဝ ကတည်း က ပါသွား တာ ။ မြန်မာကားတွေ ပေါ့နော် ။ အဲဒါတွေ က အကုန်လုံး အကုန်လုံး အကုန် စေ့အောင် ကြည့်တာ ။ မြန်မာကား ကုန်ရင် အင်္ဂလိပ်ကား ကြည့် ၊ အင်္ဂလိပ် ကား ကုန်ရင် နိုင်ငံခြားကား ၊ ကု,လားကား အကုန်ကြည့်တာ ။ ခိုးခိုး ကြည့်တာ ။ ပြန် ရောက်တာ နောက်ကျရင် အမေ က ဟယ် နောက်ကျလိုက်တာ ဆိုရင် ကျူရှင် သွားပို့ နေတယ် ဆိုပြီးတော့ အဲဒီ ရောဂါပေါ့နော် ။ အဲဒီက စ ဝင်သွား တာပေါ့နော် မောင်လေး ရယ် ။


▢ အဒေါ်တွေ စိတ်ဝင်စားရာ ကနေ အစ်မ ကိုယ်တိုင် စိတ်ဝင်စား သွားတာပေါ့နော် ၊ အနုပညာ စိတ်ဝင်စား တာပေါ့ ။


❥ ဟုတ်တယ် ။


▢ အဲဒီတော့ အစ်မ ရန်ကုန် ရုပ်ရှင် နဲ့ ပထမဆုံး ကားဖြစ်တဲ့ “ စိတ် ” ဇာတ်ကား ရိုက်ဖြစ်ဖို့ အတွက် ဘယ်လိုများ ချိတ်မိ သွားတာလဲ ။


❥ အဲဒါလည်း ကျောင်း မှာ ပဲ ။ မမတူး ဆိုတာလေ သုခုမ ဒေါ်နန်း ၊ ဒေါ်နန်း ရဲ့ သမီး က အစ်မ တို့ ထက် ကြီး တာပေါ့ ။ သူ က မမခင်စန်းရီ ပေါ့ ။ သူ က လည်း မင်းသမီး လုပ်သေးတယ်လေ ။ ညီမလေးရယ် စိုးရိမ်မိတယ် မှာ ။ အဲဒါနဲ့ အစ်မ အရမ်း Close ဖြစ်တဲ့ အခါကျတော့ အဲဒီမှာ သုခုမ ရုပ်ရှင်ခြံ ထဲ မှာ စတူဒီယိုကြီး ရှိတယ်လေ အဲဒီတုန်းက ။ အဲဒီအခါ ကျတော့ ရေစီးတစ်ခါ ရေသာတစ်လှည့် နော် ဒါရိုက်တာကြီး ဦးချစ်ခင် ရိုက်နေတာ ။ အဲဒီတော့ ရှုတင် ကို တစ်ခါမျှ မမြင်ဖူးဘူး ၊ ရှုတင် ရိုက်တာ ကိုလေ ။ ဒီ Live ကို အရမ်း မြင်ချင်တာ ။ မြင်ချင်တော့ ဒီ ကျောင်းဝတ်စုံလေး အပြင် အစ်မ ခိုး လုပ်တာ ပထမဦးဆုံး အကြိမ်ပဲ ။ အိမ် က ဝတ်စုံလေး တစ်စုံ ထည့် လာတယ် ။ မှတ်မှတ်ရရပဲ အင်္ကျီအဖြူ လက်ပြတ်ကလေး ၊ ကော်လာကလေး နဲ့ ။ ထဘီ က ပိုးနီနီရဲရဲ မှာ အဖြူစက်အလုံးလေးတွေ ။ အဲဒါလေး ကို ထည့် လာပြီးတော့ မမတူး က ပြီးလည်း ပြီးရော ဝင် ပြီးတော့ အဝတ်အစား လဲကြ တယ် ။ အဝတ်အစား လဲ ပြီးတော့ သူ ခေါ်သွားတာ ။ သုခုမ ရုပ်ရှင်စတူဒီယို ခြံကြီး ထဲ ကို ရောက် သွားတယ် ။ ရောက် သွားတော့ အခုလို ပေါ့ ဟာ မီးတွေ ၊ ဟာ မီးတွေ အကုန် အကုန် ။ အဲဒီခေတ် က စတူဒီယိုကြီးတွေ က အရမ်း အပေါ် က မီးTop Light အခုခေတ် နဲ့ ပြောရင် Top Light တွေရော ၊ 5K တွေ ၊ 2K တွေ မီးလုံးကြီးတွေ မီးလုံးကြီးတွေ နဲ့ အစ်မ အထဲ ကို မဝင်ရဲပါဘူး ။ အထဲ ကို မဝင်ရဲဘူး ။ မမတူးကြီး ကို ကိုင် ပြီးတော့ အနောက် ကနေ ကုပ်ပြီး တော့ ချောင်း ကြည့် တာပေါ့နော် ။ ဒါကြောင့်မို့ အခု မင်းသား မင်းသမီး တွေ ရိုက်တဲ့ အချိန် မှာ အစ်မတို့ ကလေ သူများ အစ်မ တို့ ကို လာ ကြည့်တယ် ဆိုရင် အစ်မတို့ ဖြစ်ခဲ့တာ ဟိုးတုန်း က ။ အဲဒါ အနောက်ကလေး ကနေ ဒီလို ထောင့်နေကပ် ကနေ ချောင်းပြီးတော့ အဲလို ကြည့်တာ ။ ဒါပေမဲ့ ဒါကြောင့် ဒါရိုက်တာ ဆိုတာ မျက်လုံး က အင်မတန် စူးတာ ။ အဲဒီမှာ ပိုးကြီး က ဘယ်လို စ,ဝင်လာလဲ ဆိုတော့ ဆရာ ဦးချစ်ခင် အစ်မ ကို မြင်တဲ့ အခါကျ တော့ မမတူး ကို ပြောတယ် ၊ မမတူး ကို ခေါ်လိုက်တယ် ။ နင် နဲ့ ပါလာတာ ဘယ်သူလဲ တဲ့ ၊ ခေါ်ခဲ့စမ်းတဲ့ အဲဒီ ကောင်မလေး ငါ့ ဆီ ကို ဆိုတော့ ဆရာ ဦးချစ်ခင် ဆီ ကို မမတူး က လာ လာတဲ့ ၊ ဟိုမှာ ဆရာ ဦးချစ်ခင် က တွေ့ချင်လို့ တဲ့ ။ ဘာဖြစ်လို့ တွေ့ချင်တာလဲ ၊ သူများ ခိုးလုပ်ရတဲ့ ထဲမှ ။ မဟုတ်ဘူး ၊ ခဏလေး လိုက်ခဲ့တဲ့ ဆိုပြီးတော့ တော်တော် ဝေးဝေးလေး ကို လိုက်သွားတာ ။ လိုက် သွားတော့ ဆရာ က တစ်ခွန်းတည်း မေးတာ ။ သမီး မင်းသမီး လုပ် မလားတဲ့ ။ အဲဒီဟာကြီး က ဒုန်း ဆို ၊ မင်းသမီး လုပ်မလား ဆိုတဲ့ ဆရာ့ ရဲ့ အသံကြီး အခုထက်ထိ ကို ကြားယောင်နေတာ ။ အဲဒီ အချိန်မှာ အစ်မ လေ တုန်တုန် နေ တာပေါ့နော် ။ သမီး မင်းသမီး လုပ်မလား ဆိုတာ ဘဝကြီး မှာ တစ်ခါမှ မကြားဖူးတဲ့ စကား ၊ ကိုယ့် ပတ်ဝန်းကျင် မှာလည်း ဘယ်သူမှ မရှိတဲ့ စကားကြီး ပေါ့နော် ။ အဲဒီ ကတည်း က စပြီး အိပ်မပျော် ၊ စားမဝင် အိမ်ပြန် ကတည်း က မင်းသမီး လုပ်ချင်တာ ။ မင်းသမီး လုပ်ချင် တဲ့ ပိုး က ဆရာ ဦးချစ်ခင် က စပြီး သွင်းလိုက်တာ ။ ရိုက် တော့လည်း အစ်မ တစ်ကား တည်း နဲ့ ပြောရမယ် ဆို ရင် အစ်မ ကျောင်းသူ ဘဝ ကနေ ရိုက်လိုက်တာ ပေါ့နော် ရန်ကုန် ရုပ်ရှင် ။ အဲဒီတော့ ဖလင်တက်စ် လုပ်မယ် ဆိုပြီးတော့ လုပ်တယ် ။ တစ်ခါမှ ဒီလို မီးရောင် အောက်မှာ တစ်ခါမှ မဝင်ဖူးဘူး ။ ဒိုင်ယာလော့ခ် လည်း တစ်ခါမှ မပြောဖူးဘူး ။ ဒါပေမဲ့ ကြား တဲ့ ဒိုင်ယာလော့ခ် ကို တစ်ခါတည်း နဲ့ အစ်မ အလွတ် ရ လိုက်တယ်နော် ။ လုပ်ခိုင်းတဲ့ အိုက်တင် ကိုလည်း အစ်မ On The Spot လုပ်ခိုင်းတာ က လည်း ရိုးရိုး ဟာ မဟုတ်ဘူး ။ တကယ့် ပရီအက် တင်စီးရီး ။ ဒေါက်တာ မောင်သင် နဲ့ လေ ။ တစ်ခါတည်း ခြေကျိုး သွား ပြီးတော့ ပြန် တွေ့တာလေ ။ Effect to renumber နော် ။ ဒိုင်ယာလော့ခ် ပြောပြီးတော့ ငိုရတာ ဆိုတော့ ဒိုင်ယာလော့ခ် ပြောရင်း နဲ့ ပြောရင်း နဲ့ ပေါက်ပေါက်ကျ လာပြီး မျက်ရည်တွေ ငို လိုက်တာပဲ ။ အဲလို ၊ အဲလို ။


▢ ဗီဇ က ရှိပြီးသား ဆိုတော့ ။


❥ ဟုတ်တယ် ၊ ဟုတ်တယ် ။ အဲဒါကြောင့် Gifted လို့ အစ်မ ပြော တာ ။ Gifted နဲ့ Gifted ပေါ့နော် ။ ဗီဇနဲ့ ကိုယ့် ရဲ့ အတိတ်ဘဝ ပါလာတဲ့ ဟာ ပေါင်းပြီးတော့ အဲဒီ တစ်ကား တည်းနဲ့ ပဲ အောင်မြင် သွားရော ။ အောင်မြင် သွားတဲ့ အချိန်မှာ ပြဿနာတွေ အကြီးအကျယ် တက်တာ ။ ရုံ တင် လိုက်တဲ့ အချိန်မှာ အဲဒီတုန်း က အစ်မ မှတ်မိသလောက် ဆိုရင် ဒေါက်တာ မောင်မောင်ခ ၊ ပါမောက္ခ လေ ။ အစ်မ တို့ တက္ကသိုလ် က ဒေါက်တာ မောင်မောင်ခ ။ အဲဒီ မောင်မောင်ခ က နေ ပြီးတော့ တစ်ဆင့် ခေါ်တွေ့တယ် အစ်မ ကို ။ အဲဒီ တော့ သမီး နှစ်ခု ရွေးရမယ် တဲ့ ။ သမီး ရုပ်ရှင် ဘက် ကို လိုက်မလား ၊ ဆေးကျောင်း ဘက် ကို  လိုက်မလား ။ အဲဒီ မေးခွန်း ကို ဖြေတဲ့ အချိန်မှာ အစ်မ က ကလေး လည်း ကလေး ပေါ့လေ ။ အဲဒီတုန်း က ၁၆ နှစ် ကျော်ကျော် ပဲ ရှိနေသေးတယ် ။ ၁၆ ၊ ၁၇ ဆို တော့ ချက်ချင်း ဘာပြန် ဖြေရမှန်း မသိဘူးပေါ့နော် ။ နောက်တော့ ပြောလိုက်တယ် အစ်မ က နှစ်ခုစလုံး လုပ်ချင်တာလို့ သမီး က လို့ ။ နှစ်ခုစလုံး လုပ်ချင်လို့ တော့ မရဘူးတဲ့ ။ ဆေးကျောင်း ဆိုတာ အင်မတန် မှ ခက်ခဲနက်နဲတဲ့ ဒီ ဆေးပညာပေါ့ ။ ၇ ရက် သားသမီး တွေ အသက် ကိုယ့် လက် ထဲ ထည့်ပြီး ကယ်တဲ့ ဟာတဲ့ ဆိုတဲ့ အခါကျတော့ သမီး အရမ်း အောင်မြင်နေပါပြီတဲ့ ။ အောင်မြင်တဲ့ အတွက် ကြောင့် သမီး စဉ်းစား ပြီး သမီး ကြိုက်တဲ့ဟာ ရွေးပါလို့ ဆရာ ဦးမောင်မောင်ခ က ပြောတယ် ။ ပြောတော့ အစ်မ က အဲဒါဆို သမီး ရုပ်ရှင်မင်းသမီး ပဲ လုပ်တော့မယ် လို့ ဆိုပြီးတော့ ရွေးလိုက်တယ် ။ ရွေးလိုက်တဲ့ အချိန် မှာတော့ ဆရာ ဦးအောင်ဖေ က အရမ်း စိတ်ဆိုးတာပဲ ။ အရမ်း စိတ်ဆိုးတော့ သူ က Physical , Chemical သင်တာပေါ့နော် ။ ကျွန်မ က Sing ယူတာကို ။ အဲဒါရယ် မြန်မာဆရာ သူတို့ ကလေ သူတို့ က ဒေါသ ဖြစ်တယ် ။ ဒေါသ ဖြစ်တယ် ဆိုတာလေ တော်တော် ဒေါသ ဖြစ်တာ ။ အစ်မ ကို စာအုပ်တွေ မီးပုံရှို့ ၊ စာအုပ် တွေ ချ မီးပုံရှို့ ။ ပညာတတ် တွေ ရုပ်ရှင်လောက ထဲ မဝင်ကြသေးတဲ့ အချိန် ဆိုတော့လေ နည်းနည်း တော့ သူတို့ စိတ် ထဲ မှာ မကျေနပ်ဘူးပေါ့ ။ အဲဒီတော့ နင် ငတ် နေလို့လား ၊ နင် ကား မစီးရလို့လား ။ အဲဒီလို မေးခွန်းပေါင်း များစွာနဲ့ ငိုပဲ ငိုနေရတာပါပဲ ။ ဆရာတွေ ကို လည်း ပြန် မပြောရဲ ပါဘူး ။ မျက်ရည် ပေါက်ပေါက် ကျပြီးတော့ ပေါ့နော် အဲဒီက နေ ပြီးတော့ ဆရာတွေ ကို လည်း ကန်တော့ ၊ ကန်တော့ ပြီးတော့ အဲဒါ ဒီ လောက ထဲ ကို ယနေ့ အထိ တောက်လျှောက် ဖြစ်လာတာ ။


▢ အခုခေတ် တော့ ဆရာဝန် မင်းသမီးတွေ က အများကြီးပါပဲ ။ 


❥ ဟုတ်တယ် ၊ ဟုတ်တယ် ။  အဲဒါလည်း ကောင်းပါတယ် ။ ငယ်တဲ့ အချိန်တော့ မင်းသမီး လုပ်ပေါ့ ၊ နောင် ကြီးတဲ့ အချိန် ကျတော့ သူတို့ ရဲ့ ဆေး ပညာ နဲ့ သူတို့ ပြန် လုပ်စားလို့ ရတယ် ။ အစ်မ တို့ တုန်း ကတော့ အဲဒီ အခွင့်အရေး မရခဲ့ဘူး ။


▢ ရုပ်ရှင်ကြည့် ပရိသတ်တွေ က သတ်မှတ်ထားတာ က တော့ ဝါဝါဝင်းရွှေ ဆိုရင် ဒရာမာ ။ ဝါဝါဝင်းရွှေ ကား ကြည့်ရင် ဒါ ငိုရမယ် ။ အစ်မ က ဒရာမာဘက် ကို ပို သန်တယ် လို့ ယူဆရတယ် ပေါ့နော် ။ ခပ်ပေါ့ပေါ့ ကားတွေ အစ်မ မရိုက်ခဲ့ဘူး ။ ဟဲဗီး လုပ်ရမယ့် ကားမျိုး သာ အစ်မ ရိုက်ခဲ့တာ များတယ် ပေါ့နော် ။ ကျွန်တော် က ၈ တန်း ၊ ၉ တန်းလောက် မှာ ကတည်း က မန္တလေးမြို့ မှာ ရိုက်ကွင်း တွေ ရှိရင် လိုက်လိုက် ကြည့်နေ ကျဆိုတော့ အစ်မ ရိုက်ခဲ့တဲ့ မန္တလေး ရုပ်ရှင် က “ ကံ ” ဇာတ်ကား “ ကံ ”  ဇာတ်ကား က သီလရှင် နော် ။ အင်္ဂလိပ်သီလရှင် ပေါ့နော် ။ အဲဒီလို သရုပ်ဆောင် ခဲ့တာကို လည်း ရိုက်ကွင်း မှာ မြင်တွေ့ခဲ့ရ ဖူးတယ် ။ နောက်တစ်ခါ ရွှေမန်း ရုပ်ရှ ရဲ့ စတူဒီယို ထဲမှာ “ အရိုင်းစံပယ် ” ဇာတ်ကား ရိုက်တဲ့ အချိန် ဦးချစ်ခင် ရိုက်နေတဲ့ အချိန် မှာလည်း တကယ့် အခန်း ကိုလည်း ကြုံခဲ့ဖူးတယ် ။ အဲဒီ အခန်း က “ မ ” ကို “ မော် ” က ပါး ရိုက် တဲ့ အခန်းနော် ။ ပါး ရိုက်တဲ့ အခန်း ဆိုတော့ “ မော် ” အဖြစ် သရုပ်ဆောင် တဲ့ ဒေါ်သန်းသန်းဆင့် က “ မ ” အဖြစ် သရုပ်ဆောင် တဲ့ ဒေါ်ဝါဝါဝင်းရွှေ ကို ပါး ရိုက်ရမှာ ။ ညီမ က နေ အစ်မ ကို ပါး ရိုက်တာ ဆိုတော့ ရိုက်တာတော့ လွှဲလွှဲ ရိုက်နေကြ ။ မရဘူး ။ နောက်ပြီးတော့ ဦးချစ်ခင် က သန်းသန်းဆင့် ကို ဘာခေါ် ပြောလိုက်လဲ မသိဘူး ။ စ,လည်းရိုက်ရော အစ်မ ကို “ ဖြောင်း ” ဆို ရိုက်လိုက်တာ အစ်မ မျက်ရည်တွေ ပေါက်ပေါက် ကျလာ တာ ။ အဲဒါလည်း မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ဖူးတယ် ။ အဲဒီတုန်း က ကျွန်တော် တို့ က ငယ်သေးတဲ့ အခါကျတော့ အစ်မ ကို လည်း ဒီလို မရင်း နှီးသေးဘူးနော် ။ အဲဒီမှ ဦးထွန်းဝေ နဲ့ အစ်မ နဲ့ နော် ၊ ကိုဘခက် နဲ့ “ မ ” နဲ့ နော် ။ “ မ ” ရယ် “ မော် ” ရယ် ၊ “ မိ ” ရယ် ။ အရမ်း ကောင်း တဲ့ ကားပါ ။ နောက် ပြန် ရိုက်တဲ့ အခါ ကျတော့ ကျော်သူ နဲ့ မို့မို့မြင့်အောင် ရိုက်ခဲ့ကြ တယ် ။ ဒါပေမဲ့ “ အရိုင်းစံပယ် ”  အရမ်း အဲဒီ ခေတ်တုန်း က အောင်မြင်တဲ့ ကား ဖြစ်ခဲ့တယ် ။ အဲဒီခေတ် ကတော့ ကျွန်တော်တို့ က တကယ့် ဒရာမာ တွေ က အောင်ပွဲခံ တဲ့ ကာလ ပေါ့နော် ။


❥ ဇာတ်အိမ်ကြီး တွေ ဝတ္ထုကြီး တွေ ပေါ့နော် ။ ဆရာ အောင်လင်း ရဲ့ ဝတ္ထုကြီး တွေ ။


▢ အဲဒီမှာတော့ အစ်မ က အဒေါ်ကြီးတွေ နှစ်ယောက် ကြား မှာ ထိုင်ရတာ ။


❥ ဘယ်အချိန် က ခိုးကြည့် ထားလဲ မသိဘူး ။


▢ ကင်မရာ က အဲဒီ အနား ဆိုရင် အဒေါ်ကြီး နှစ်ယောက် က ခုံ သုံးခုံ ချပြီး ထိုင်စောင့် နေကြတာ ။ နှစ်ဖက် မှာ တော့ အဒေါ်ကြီး တွေ ထိုင်တယ် ။ အစ်မ က အဲဒီ က နေပြီး ကဒ် ဆိုလို့ ရှိရင် ပြန်လျှောက် လာပြီးတော့ အဒေါ် ကြီး နှစ်ယောက် ကြားမှာ ထိုင်တယ် ။ အဒေါ်ကြီး နှစ်ယောက် က ဘာလုပ် ထားလဲ ဆိုရင် ရေခဲရေ အဆင်သင့် လုပ်ထားတယ် ။ ရေခဲရေ သောက် ။ အဲဒီမှာ ဦးထွန်းဝေ ပြောတာ ကျွန်တော် မှတ်မိတယ် ။ မောင်ထွန်းဝေ အသက် ကတော့ ရေနွေးကြမ်း ဗျာ ။ ဘာဖြစ်လို့ဆို အစ်မ က ရေခဲရေ ဆို သူ က ရေနွေးကြမ်း ။ အဲဒီဟာလေး တွေ လည်း ကျွန်တော် မှတ်မိပါတယ် ။ အစ်မ ရိုက်ခဲ့တဲ့ ကားတွေ ထဲ မှာ အစ်မ ပထမဦးဆုံး အကယ်ဒမီ ရခဲ့တာ က “ ချစ်သမီး ” ။ 


❥ ချစ်သမီး ။


▢ “ ချစ်သမီး ” မှာလည်း ဦးကျောက်လုံး လည်း ရတယ်နော် ။ 


❥ ဟုတ်တယ် ၊ ဟုတ်တယ် ။


▢ အစ်မ နဲ့ “ ချစ်သမီး ” မှာ အကယ်ဒမီ ရကြတယ် ။ အဲဒီ “ ချစ်သမီး ”  နည်းနည်း ထူးခြားတယ်လို့ ကျွန်တော် ထင်တယ် ။ ဘာဖြစ်လို့ ဆို “ ချစ်သမီး ” ကို ဇင်မာဦး နဲ့ ရိုက်တဲ့ အခါမှာ လည်း ဇင်မာဦး အဲဒီမှာ အကယ်ဒမီ ရတယ်နော် ၊ အစ်မ နေရာမှာ သရုပ်ဆောင် တာ သူ လည်း အကယ်ဒမီ ရတယ် ၊ ဒီ ဇာတ်ကား က တော့ ထူးခြားတယ်ပေါ့ ။ 


❥ ဟုတ်တယ် ။


▢ နောက်တစ်ခါ အကယ်ဒမီ က “ ချစ်သူဝိုင်းဝိုင်းလည်  ” လား ။ 


❥ မဟုတ်ဘူး ။ ချစ်သူဝိုင်းဝိုင်းလည် က အစ်မ မရဘူး ။ ချစ်သူဝိုင်း ဝိုင်းလည် က အစ်မ ဒါရိုက်တာ လုပ်တယ် ။ အစ်မ မရဘူး ။ ကိုညွန့်ဝင်း ရသွားတယ် ။


▢ ကိုညွန့်ဝင်း ရတယ်နော် ။ အဲဒီတော့ အစ်မက ဒါရိုက်တာ “ ချစ်သူဝိုင်းဝိုင်းလည် ”  ။ 

နောက် အကယ်ဒမီ က ဘာလဲ အစ်မ ။ 


❥ ချစ်သမီး ရယ် ၊ ချောင်းကို ကူး၍ မြစ်ကိုရှာ ဆရာ ဦးချစ်ခင်ရိုက်တာ ။


▢ စိုးနိုင် နဲ့ နော် ။


❥ ဟုတ်တယ် ။ ကိုဇော်လွင် ရော ၊ ကိုစိုးနိုင် ရော ။ နှစ်ကိုယ်ခွဲ ၃ ဘဝ ။ နှစ်ကိုယ်ခွဲ ၃ ဘဝ အဲဒါမျိုးတွေ အရမ်း ပင်ပန်းတာ ။ တကယ့် ပင်ပန်း တဲ့ ဟာတွေလေ ။


▢ နောက်ဆုံး အကယ်ဒမီ က ... ။


❥ နောက်ဆုံး အကယ်ဒမီ က တော့ မိန်းကလေးရှင်ဆန္ဒ ဆရာ ဦးအောင်မြင့်မြတ် ။


▢ ကိုယ်တိုင် ပထမဆုံး ဒါရိုက်တာ လုပ်တဲ့ ကားမှာပဲ ကိုညွန့်ဝင်း က ရသွားတယ် ။ “ ချစ်သူဝိုင်းဝိုင်းလည် ” အကယ်ဒမီ ရသွားတယ် ။ အဲဒီ တုန်းက အစ်မ ကို မှန်းကြတာပေါ့ ၊ များသောအားဖြင့် ။


❥ မှန်းကြတယ် ဆိုတာထက် အစ်မ က လေ အမှန်က စောစောတုန်း က ပြောသလိုပဲ အဲဒီတုန်းက လိုချင်စိတ် ရယ် ၊ ဘာရယ် လို့ မဟုတ်ဘူး ။ အကောင်းဆုံး ဖြစ်အောင် တော့ အစ်မ ရိုက်လိုက်တာ ပေါ့နော် ။ ရိုက်လိုက်တဲ့ အခါကျတော့ ဒီ ဥစ္စာ အခု ပြန်ရိုက် ဆိုရင်လည်း မရိုက်နိုင်ဘူး မောင်လေး ။ ဒီ ဇာတ်လမ်းမျိုး လည်း ရှားသွားပြီပေါ့နော် ။ အစ်မ ပြောတာလေ ဒီ ဥစ္စာ က မြန်မာ့ယဉ်ကျေးမှု သုခုမ တွေ ပါတယ် ။ နောက်ပြီးတော့ အဲဒီ ထဲ မှာ အစ်မတို့ သီချင်းတွေ ဆိုလို့ ရှိရင်လည်း မန္တလေး က ဆရာကြီး ဦးဘသိန်း ကို လေယာဉ်ပျံ နဲ့ ခေါ်ပြီး ဒီမှာ သီချင်း တွေ စပ်ခိုင်းတယ် ။ ဆရာ စိန်ဝေလျှံ ၊ စိန်လှမောင် အဲဒီလို တကယ့် မြန်မာသံစဉ်တွေ ပေါ့နော် ။ အခု ဘာခေါ်လဲ ဆိုင်းတွေ ဝိုင်းတွေ နဲ့ နော် အဲဒီလို ဟာမျိုးတွေ ။ နောက်ပြီးတော့ လည်း အက ဆိုလို့ ရှိ ရင် အမေဗလပျံ တို့ နော် အဲဒါတွေနဲ့ သေချာ အစ်မတို့ ကြိုတင်ပြီးတော့ ၃ လ လောက် ပြင်ဆင် ပြီးတော့ ဇာတ်စင် တွေ ၊ ဇာတ်စင် တွေ ၊ ဇာတ်စင် တွေ ၊ ခေတ်အဆက်ဆက် ဇာတ်စင်တွေ ကို တစ်ပြိုင်တည်း ။ အဲဒီအချိန် က တစ်ခု ဟိုဟာ ဖြစ်တာ အဓိက ကတော့ မင်းသား ရော ၊ မင်းသမီး ရော ဇာတ် ။ ဒါပေမဲ့ ဦးညွန့်ဝင်း ကတော့ ငယ်ရာ က နေ ကြီး ရုံပဲ ။ အစ်မ က နှစ်ကိုယ် တစ်ခါ ထပ် ခွဲလိုက်ရတာပေါ့လေ ။ အဲဒီမှာ မိတ်ကပ်တွေ ဘာတွေ ရော ၊ ဆံပင်ထုံးဖွဲ့ မှု ရော အကုန်လုံး ဒီ ဝတ်စားဆင်ယင်မှု ရော အားလုံး သပ်သပ်ရပ်ရပ် နဲ့လေ ။ အဲ ဇာတ် က တော့ အစ်မ ရဲ့ ဘဝ ၊ ပထမဦးဆုံး ကျောက်တိုင် ပေါ့လေ ။ အစ်မ စိုက်ထူခဲ့တာ ။ အကယ်ဒမီ ရခြင်း မရခြင်း က တော့ ကံတရား ပေါ့လေ ။ ဒါပေမဲ့ အဲဒါမျိုး အခု ပြန်ကြည့်ရင်တော့ ဪ ရင် ထဲ မှာ အဲဒီတုန်း က ဟာ ရသင့်တယ် ၊ ရသင့်တယ် ၊ ရသင့်တယ် လို့ အဲဒီလို ရင် ထဲ မှာ ဖြစ်တာပေါ့နော် ။


▢ အဲဒီခေတ် တုန်း က အစ်မတို့ အဲဒီလို ရိုက်တဲ့ ခေတ်တုန်းက ကျွန်တော် မှတ်မိတာ အစ်မ က မငွေလှိုင် ။ အငြိမ့်မင်းသမီး မငွေလှိုင်  အစ်မ အက ဘယ်သူနဲ့ သင်ခဲ့တာလဲ အဲဒီတုန်းက ။


❥ အမေဗလပျံ ၊ ခေတ် အမျိုးမျိုး ပေါ့နော် ။ ဟိုးရှေးရှေး တုန်း က ပထမ ဦးဆုံးခန်း ဆီမီးခွက် မငွေလှိုင် အငယ်ခန်း ၊ အငယ်ခန်း အတွက်က က, ကွက် တစ်မျိုး ၊ နောက် တစ်ခါ သမီး မင်္ဂလာဆောင် မှာ လေ တစ်ခါတည်း လာပြီးတော့ ဧည့်ခံတဲ့ အငြိမ့် မင်းသမီးကြီး ဒေါ်ငွေလှိုင် ရဲ့ ဘဝ မှာ ဆိုတော့ ဒီ စည်းတွေ ၊ ဝါးတွေ ၊ က,တဲ့ အချိုးတွေ အဲဒီတုန်းက အချိုးတွေ က ၇ ခု တောင် မှ ပြောင်း ပြီးတော့ သင်ထားကာ အမေဗလပျံ လေ ။ 


▢ အဲဒီတော့ အစ်မ တကယ်လည်း ကတတ် သွားပြီလား ။ 


❥ က,တတ် သွားပြီ ။


▢ တကယ် က,တတ် သွားပြီနော် ။ ဘာဖြစ်လို့လဲ ဆိုတော့ စနစ်တကျ လည်း သင်ခဲ့ကြရတာကို ။ အခုတော့ တစ်ခါလောက် လက် ချိုးလို့ ရရင် တော်ပြီ ဆိုပြီးတော့ အလုပ် လုပ်နေတယ် ။


❥ ဟုတ်တယ် ။ ဆက်တင် တွေ ဆိုလည်း မောင်လေး အဲဒီတုန်းက အစ်မ အဓိက ဦးညွန့်ဝင်း က အဲဒီတုန်းက အရမ်း နေ့ ရော ၊ ည ရော ရိုက် နေရတဲ့ အချိန် ။ အစ်မ လည်း အဲဒီလို နေ့ရော ၊ ညရော ရိုက်နေရတဲ့ အချိန် အပြင် သူ က ဟိုဒင်း မှာ ဇာတ် က,တာ ၊ ပဲခူး မှာ ပွဲက,တာ ။ ပွဲ က တော့ အစ်မ ကို အဲဒီ အရမ်း ကျပ် နေတဲ့ အထဲ မှာ ဒီလောက် ကြီးတဲ့ ဇာတ်အိမ်ကြီး ကို ဦးညွန့်ဝင်း က ၇ ရက် ပဲ ပေးတယ် ။ အစ်မ လေ ဇွဲတော်တော် ခတ်တယ် ။ အခုလို မနက် ၉ နာရီ လောက် ရှုတင် စ , လိုက်တယ် ဆိုရင် တစ်နေ့လုံး ရိုက်ရော ။ ၁၂ နာရီ မှာ ဘရိတ် နား လိုက်တယ် ။ ဘရိတ် နား ပြီးတော့ တောက်လျှောက် ရိုက်လိုက်တာ ညနေ ၇ နာရီ မှာ ဘရိတ် လုပ် လိုက်တယ် ။ ထမင်း စား ပြီးတာနဲ့ တစ်ညလုံး ရိုက် လိုက်တာ အဲဒီ အငြိမ့်ခန်းတွေ ကို မိုး လင်း ။ အဲဒီက နေ ပြီးတော့ ၈ နာရီလောက် အိပ် ပြီးတာနဲ့ ထ ထ ထကြ ဆိုပြီးတော့ အစ်မ လည်း မိတ်ကပ် လိမ်း ၊ သူတို့ လုပ် ၊ လုပ် ပြီးတော့ တစ်ခါ ၉ နာရီ ၁ဝ နာရီ ပြန်ရိုက် ။ အဲဒီလို ဦးညွန့်ဝင်း ပါတဲ့ အခန်းတွေ ကို ၇ ရက် နေ့ည အစ်မ ပြီးအောင် ရိုက်လိုက်တာ ။


▢ တကယ်လည်း ကောင်းခဲ့တဲ့ ကားပါ ။ အဲဒီတော့ အစ်မ အဲဒီလို မျိုး အလုပ်တွေ ထဲမှာ နစ် နေခဲ့တယ်ပေါ့နော် ။ ကားတွေ တစ်ခု ပြီး တစ်ခု ဆက် ရိုက်နေတဲ့ ကြား က နေပြီးတော့ နှလုံးသားရေးရာ က ဘယ်လိုများ ပေါ်ပေါက် လာတာလဲ ။ ဘာဖြစ်လို့ဆို အစ်မ နဲ့ တွဲရိုက်ဖူးလား ကျွန်တော် တော့ မမှတ်မိဘူး ။


❥ ဆရာ ဦးပြည့်စုံ ရဲ့ “ ဖြေနိုင်ပေါင် ” ရိုက်တယ် ။ စောစောက မိန်းကလေးရှင် ဆန္ဒ ။


▢ “ ဖြေနိုင်ပေါင် ” က ဦးပြည့်စုံ လား မသိဘူး ။


❥ ဟုတ်တယ် ။ ဒါရိုက်တာ ဦးပြည့်စုံ ။ “ ဖြေနိုင်ပေါင် ” မှာ တွဲရိုက်တာ ပေါ့နော် ။ ဦးညွန့်ဝင်း လည်း ပါတယ် ။ ဇာတ်ညွှန်း သိမ့် ဇာတ်ကား မှာ ဇာတ်ညွှန်း ရေးပေးတယ် ။ အဲဒီတုန်းက အစ်မ တို့ အိမ်ထောင် မကျသေးဘူး ။ 


▢ အစ်မ အိမ်ထောင် ကျတာ ဘယ်နှခုနှစ်ကလဲ ။


❥ လာပြန်ပြီ ၊ ဟိုနေ့က လို ရက်တွေ မှားကုန်ပြီ ။ ၇၀ ခုနှစ် ၊ အခုလို သြဂုတ်လ မှာ အစ်မတို့ လက်မှတ် ထိုး တာပေါ့နော် ။ လက်မှတ် ထိုးပြီးတဲ့ အခါကျတော့ အဲဒီတုန်းက အင်းယားလိတ် တစ်ခု တည်း ရှိတယ် ။ မောင်လေး ရယ် Reception လုပ်ဖို့က ။ ဆိုတဲ့ အခါ ကျတော့ အင်းယားလိတ် မှာ Booking စောင့်ရတာလေ ။ အဲဒီတော့ နှစ်ကူး သွားတာပေါ့ ။ ၇၁ ခုနှစ် ။ ၇၁ ခုနှစ် မှာ မှ Reception အင်းယားလိတ် လုပ်ရတယ် ။ ၇၂ ၊ ၇၃ အစ်မ ကားတွေ ဆက် ရိုက်တယ် ။ ၇၄ မှာ မှ ဝင်းထွဋ်ဝင်း ( ချစ်စု ) ကို မွေးပါတယ် ။ ဟိုနေ့က ၄၈ နှစ် ကို အတင်း ခံ ငြင်း နေတယ် ။


▢ အဲဒါကြောင့် အစ်မ အခုဆို မကြာသေးခင် က လုပ်ခဲ့တာ ၄၈ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် နေ့ ပေါ့နော် ။ အစ်မ အဲဒီလိုမျိုး ကိုယ် က အပျိုမင်းသမီး လေ ၊ အပျို မင်းသမီးဘဝ တုန်း က မင်းသားတွေ မင်းသားတွေ နဲ့ တွဲပြီး သရုပ်ဆောင် ခဲ့ရတယ် ။ နှလုံးသားရေးရာ က ... ၊ ဘာဖြစ်လို့ ဆို ဖက်တဲ့ အခန်းလည်း ပါတာပဲလေ ။ ကိုသန်းထွဋ် ကို ကျ မှ စိတ်ဝင်စား သွားတာလား ။


❥ အဲဒါကလေ ဖက်တာ နဲ့ လည်း မဆိုင်ဘူး ။ ဖက်တာ နဲ့ လည်း မဆိုင် ဘူး မောင်လေး ရဲ့ အစ်မတို့ က သရုပ်ဆောင် တာ ။ သရုပ်ဆောင် တဲ့ အချိန်မှာ အစ်မတို့ က သရုပ်ဆောင် တာ ။ အစ်မ တို့ က တကယ် အဲဒီတုန်းက အရမ်း စောစောတုန်း ကပဲ အစ်မ ကြည့်ရင်း နဲ့ အရမ်း စိတ် ထဲ မှာ အစ်ကို တစ်ယောက် လိုပဲ တမ်းတတယ် ၊ လွမ်းဆွတ်တယ် ၊ ရင် ထဲ မှာလေ အမှတ်ရ နေသေးတယ် ကောလိပ်ဂျင်နေဝင်း ကို ။ အစ်ကို တစ်ယောက် လို  ကိုနေဝင်းကြီး လေ အစ်မ နဲ့ အတွဲ အများဆုံး ပေါ့နော် ။ သူ က တော့ တစ်ခါတည်း ဖက်တယ် ရက်တယ် သိတယ်မလား ။ဒါပေမဲ့ မောင်နှမအရင်း လို နေခဲ့တယ် ။ ကိုညွန့်ဝင်းကြီး လည်း ဒီလိုပဲ ၊ ကိုဝင်းဦး တစ်ခါတည်း ပဲ ပြော လိုက်မယ် ။ ကိုဝင်းဦးကြီး က တော့ အစ်မ ကို Propost လုပ်ဖူးပါတယ် ။ သူ က သူ နှစ်နှစ်ကာကာ မေတ္တာ ရှိပါတယ် တဲ့ ၊ အဲဒါလေး တစ်ခုပဲ ။ ဒါပေမဲ့ မထိပါဘူး အစ်မ ။ ဆင်းန် ပေါ် က လူ သိတဲ့ အတိုင်းပဲလေ အဘွားကြီး လေ ။ အဲလို အဲလို ။ ကိုသန်းထွဋ် က ကျ တော့ အစ်မ စဉ်းစားပါတယ် ။ အစ်မတို့ ကလေ ဗုဒ္ဓဘာသာတရား နဲ့ ဆိုရင် ဒီ မွေး ကတည်း က နဖူး မှာ ရိုက် လွှတ် လိုက်တယ် ။ ဘယ်သူ နဲ့ ဘယ်သူ နဲ့ အိမ်ထောင်ကျ ၊ နဖူးစာ နဖူးစာ ဆိုတာ အဲဒါပဲ ။


▢ အစ်မတို့ တုန်းက ဒီ ဖက်တယ် ဆိုတာ ကိုယ့် မောင်နှမ လို သဘော ထားပြီး သရုပ်ဆောင် ခဲ့ကြတာပေါ့နော် ။ အဲဒီတော့ အစ်မ ကားတွေ အကြောင်း ပြန် ဆက်ရရင် ကျွန်တော် မှတ်မှတ်ရရ “ မယ်မင်းကြီးမ ” နော် ။ “ မယ်မင်းကြီးမ ” ဆို အစ်မ တော်တော့် ကို ဟဲဗီးကြီး လုပ်ရ တယ် ။ ဒါလည်း ကိုယ်တိုင် ရိုက်ခဲ့တာပဲ ။


❥ ဟုတ်တယ် ။ အစ်မတို့ ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေး ကပဲ ။ အစ်မ ဒါရိုက်တာ လုပ်ပြီးတော့ အဲဒီ မယ်မင်းကြီးမ ရိုက်ခဲ့တယ် ။


▢ အဲဒီမှာ “ မယ်မင်းကြီးမ ” မှာ ဆိုရင် အဖွင့် က အကြော်သည် ကောင်မလေး ။ အကြော်သည် ကောင်မလေး က အိပ်မက် မက် နေတဲ့အခါ ကျ မင်းသား ၇ လက်နဲ့နော် ။ မေမြို့ ၊ ကန်တော်ကြီး ပန်းခြံ ထဲ မှာ သီချင်း ဆိုပြီး ပျော်နေကြတဲ့ အခန်း က အစ်မ စ , ဖွင့်ထားတယ်နော် ။ နောက်တော့မှ ဒေါ်မြင့်မြင့်ခင် က အမေ လုပ်တဲ့ သူ က ရိုက် နှိုး တာပေါ့နော် ။


❥ Madonna စပြီး နာမည်ကြီး တဲ့ အချိန်က သူ့ သီချင်းလေ ။ အဲဒါကို ယူပြီးတော့ “ စံပယ်ဖြူဖွေးဖွေးလေး ” ဆိုပြီးတော့လေ ။ 


▢ အဲဒီကား လည်း ပရိသတ် ... ။


❥ အဲဒီအရှေ့မှာ စန်းစန်းဝင်း အကြောင်း လည်း ပြောချင်သေးတယ် ။ စန်းစန်းဝင်း အဲဒီ မယ်မင်းကြီးမ ကား ထဲမှာ သူ အကြော်သည် လေ ။ အစ်မ က အစ အကြော်သည် ဘဝလေ ။ နောက်တော့ ဘဝ မေ့ သွားတော့ လေ အောက် က လာအော်တယ် ။ ဟဲ့ ကောင်မ ၊ ဆင်းခဲ့စမ်း ဆိုပြီးတော့လေ ။ အဲဒါက မန္တလေး မှာ ရိုက်ခဲ့တာလေ ၊ မောင်လေး ပြောပြဦးမယ် ။ အဲဒီမှာ စောစောက ပါး ရိုက် သလိုပဲ ဟုတ်ပြီ နင် ရိုက် ၊ အားရပါးရ ရိုက် နော် ငါ့ ကို ။ အဲဒီတော့ ကျမယ့် နေရာ ကို ရှင်းထားတယ် အနားမှာ ။ အပီ ချပြီ ဆိုပြီးတော့ သူ နဲ့ နပန်းဖက် လုံးပြီး ပါး ချတာ ၊ ချ ချ ဆိုပြီးတော့ ချ လိုက်တာ သူ့ အား က ဘယ်လောက် ပြင်းလဲ ဆို ရှင်းထားတဲ့ နေရာ ကို မရောက်ဘဲနဲ့ ကျော် ပြီးတော့ ရောက် သွားပြီးတော့ ကျောက်တုံး နဲ့ ခေါင်း နဲ့ သွား ဆောင့်မိတာ အစ်မ ဒါကတော့ အခံရ ဆုံးပဲ ။ မေးတွေဘာတွေ ခိုင် သွား ပြီးတော့ ပါးစပ် မဟ,နိုင် ဘူး ။ ထမင်း မစားနိုင်ဘူး ၊ ရေလေး ကို ဖြည်းဖြည်းလေး သောက် ရတယ် ။ အဲဒါ အမရပူရ မှာ အစ်မ နား နေရတယ် ၊ အဲဒါ တစ်ခု ။ စောစောက ဆရာ ဦးချစ်ခင် ရိုက်တဲ့ အစ်မ အကယ်ဒမီ ရတဲ့ ချောင်းကိုကူး၍ မြစ်ကိုရှာ အဲဒါလည်း ထောင် ထဲ မှာ ရိုက်တာ ။ တကယ့် ထောင် ထဲ မှာ သွားရိုက်ရတာ ကို ။ အဲဒီမှာ သမီးဓာတ်ပုံလေး ကို ထုတ် ကြည့်တဲ့ အချိန်မှာ မှ ဟို ထောင်သမ တစ်ယောက် ကလေ အဲဒါ မချေမငံ ပြောတော့ ဖက်သ,တ်ပြီးတော့ လှဲချလိုက် တော့ တကယ့် ထောင် ထဲ မှာလေ အဲဒီမှာလေ မျှော့တွေ ရော ၊ ကျွတ်တွေ ရော ။ အဲဒီထဲမှာ လှိမ့် ခိုင်းတာ ဆရာ ဦးချစ်ခင် က ။ လှိမ့်ခိုင်း ပြီးတော့ ဖက်သ,တ်ခိုင်း ပြီးတော့မှ အပေါ် က နေ ပုဆိန် နဲ့ ပေါက်ချလိုက်တဲ့ အခန်း ။ အို စုံရော စုံရော ။ ဒိုင်ယာလော့ခ် ကို “  အစ်မ မကျက်တတ်ဘူး ၊ မကျက်တတ်ဘူး ။ By ear rest , နားမှာ လာပြော ။ တစ်ခေါက် ပြော အစ်မ မှတ်ထား လိုက်တယ် ။ ဒုတိယ တစ်ခေါက် က အစ်မ Accept လုပ် လိုက်ပြီ ၊ ယူလိုက်ပြီ ။ တတိယ အခေါက် ကျတော့ ရပြီ ဆိုတော့ သူတို့ က အံ့သြလို့ ။ အစ်မ မိတ်ကပ်တွေ ဘာတွေ လိမ်း နေတုန်း ဘေး ကနေ လာပြော ၊ တတိယအကြိမ် လည်း ကျရော မဟုတ်ဘူး နဲ့ တူတယ် ဆိုပြီး ကျွန်မ ပြန်ပြောပြရမလား ဆိုပြီးတော့ အဲဒီ အတိုင်း ပြန် ပြောပြလိုက်တယ် ။ အဲဒါကတော့ မှတ်ဉာဏ် အရမ်းကောင်းတယ် ။


▢ ဒါကတော့ ဆေးကျောင်းသူ ဖြစ်ခဲ့တာ ကို ။ ကျွန်တော်တို့ ဟို ဘက် ခေတ် တုန်းကတော့ ဆေးရောင်စုံရုပ်ရှင်ကား တွေ ရှိခဲ့ဖူးတယ် ။ ဥပမာ ဒေါ်ကြည်ကြည်ဌေး ရိုက်တဲ့ “ ချစ်ခဲ့တာ အမှန်ပါပဲ ” တို့ ၊ ဒေါ်မြင့်မြင့်ခင် ပါတဲ့ “ သစ္စာလွင်ပြင် ” စသဖြင့် ပေါ့နော် နောက် “ အလောင်းတော် ရာမ ”  အဲဒီလို မျိုး ကားတွေ ကာလာ နဲ့ ရှိခဲ့ဖူးတယ် ။ ဒါပေမဲ့ အဲဒီ ခေတ် ကုန်သွား ပြီးတော့ Black & Whiteမှာ သံသရာ တွေ လည်ခဲ့ကြ ပြီးတော့ ကာလာတွေ ပြန် လုပ်တော့မယ့် အချိန် မှာ ဝါဝါဝင်းရွှေ Productior ကနေ ပြီးတော့ “ အချစ်ရေ ” ဆိုတဲ့ ဇာတ်ကား အစ်မ ပဲ ရိုက်ခဲ့တယ်နော် ။


❥ အဲဒါကျတော့ စောစောက မောင်လေး ပြောသလိုပဲ ဒီဘက် ခေတ် ရဲ့ ကာလာ က ရှားရှားပါးပါး ၆ ထုပ် ပဲ လာတယ် မောင်လေး ရဲ့ အဲဒီတုန်းကလေ ။ ၆ ထုပ် ပဲ လာတဲ့ အခါ ကျတော့ အစ်မ တို့ ရုပ်ရှင်မြှင့်တင်ရေး မှာ အစ်မ ကို  ခေါ်ပြီးတော့ အစည်းအဝေး မှာ ဆိုတော့ အဲဒီ ၆ ကား မှာ အစ်မ တစ်ကား ပါ မယ် ၊ အစ်မ တစ်ကား ပါသွားတယ် ။ ဝါဝါဝင်းရွှေထုတ်လုပ်ရေး ဒါရိုက်တာ ဝါဝါဝင်းရွှေ က နေပြီးတော့ အဲဒီ ၆ ဦး ထဲ မှာ အစ်မ တစ်ကား ပါ လိုက်ရတယ် ။ ပါပြီးတဲ့ အခါ ကျတော့ အစ်မ အဲဒီမှာ လည်း မင်းသားတွေ က အကုန် အရမ်း ကျပ်နေပြီ ။ အဲဒါနဲ့ ကိုသန်းထွဋ် နဲ့ အစ်မ အဲဒီ အချစ်ရေ ကို ရိုက်တယ် ။ ရိုက်တဲ့ အချိန် မှာ အစ်မက Musical အနေ နဲ့ ရော ၊ သူ က ကာလာ ဆိုတော့ ဖန်စီလေးတွေ လည်း ပါတယ်လေ အဲဒီ စတူဒီယိုကြီး မှာ ပဲ အစ်မတို့ တစ်ခါ ရောင်စုံ အမျိုးစုံ သီချင်း တွေ ရိုက်ခဲ့တယ် ။ ပထမဦးဆုံး လည်း ပြရတယ် ။ 


▢ ဟုတ်တယ် ။ “ အချစ်ရေ ” ပြီး နောက် မှ ထွက်လာတဲ့ ကားကျ တော့ သူ က တုန်နေတယ် ။ ပိတ်ကားတွေ မှာ ကြည့်ရတာ ကို က အရုပ် တွေ က တုန်နေတယ် ။


❥ “ နော် မောင်မောင်နော် ”  ။


▢ အဲဒီကား နာမည် ကို “ တုန်လျက်ပါ ” ဘာညာ ပေါ့နော် ရုပ်ရှင် ကား နာမည် ပြောင်းပြီးတော့ နာမည်ပြောင် နဲ့ ခေါ်ကြတယ်ပေါ့ ။ အစ်မ အခု အဲဒီ အစ်မတို့ ခေတ် က ရိုက်ရတဲ့ “ အချစ်ရေ ” ခေတ် က ရိုက်ခဲ့ရတာ နဲ့ အခု ကာလာတွေ နဲ့ ဘာ ကွာလဲ မသိဘူး ။ အခုက DCP တွေ ပြောင်း သွားကြပြီဆိုတော့ ။


❥ အစ်မ ပြောရမယ် ဆိုရင်တော့ အဲဒီတုန်း က တော့ အစ်မတို့ ကာလာ ဖလင်တွေ ပေါ့နော် ။ Reading တွေ ဖြစ်တယ် ။


▢ ကျွန်တော်တို့ ဖလင်ခေတ် ပဲ ရှိသေးတယ် ။


❥ ဖလင်ခေတ် ပဲ ရှိ သေးတယ် ။ နောက်ပြီးတော့ အဲဒီမှာ ဘာ အခက်အခဲ တွေ စ,ဖြစ်လဲ ဆိုတော့ အစ်မ ရိုက်တဲ့ အချိန် မှာ Color Correction မမှန်ဘူး ။ အဲဒီတော့ အစ်မ က ရိုက်ပြီးခဲ့တဲ့ဟာ အဝတ်အစားတွေ ကို အစ်မ Suit Case ထည့် ပြီးတော့ အဲဒီ Color Correction လုပ်တဲ့ ရုပ်ရှင်မြှင့်တင်ရေး က Color Lad ထဲ မှာကို ဝင် ပြီးတော့ အရောင် လိမ္မော်ရောင် ဆို လိမ္မော်ရောင် အစစ် မဟုတ်ဘူး ရဲ နေတာလေ ။ အဲဒါက အရောင် ကို ပြန် ခရစ်ဒင် ချ ပြီး ခိုင်းပြီးတော့ လိမ္မော်ရောင်အနုလေး ။ အဝတ်အစား ရော ဘာရော မျက်နှာ မိတ်ကပ်တွေ ဘာတွေ မှား သွားရင် အရမ်း ရုပ်ဆိုးတာ ။ အဲဒီကာလ Conditions အခု ဆုံးသွားပါပြီ ကိုမြသန်း နဲ့ အစ်မ ကိုယ်တိုင် ဝင် လုပ်ခဲ့တာ ။ ကားဆက် တာလည်း အပေါ် မှာ ကိုတင်မြင့် နဲ့ အဲဒီမှာ အစ်မ က အကုန် OT ယူထား လိုက်တာ ။ Overtime တွေ အကုန် ယူ ထားလိုက်တယ် ။ ရိုက်တယ် ၊ ဆေး တယ် ၊ အပေါ် မှာ ဆက်တယ် ။ ပြီးတော့ တစ်ဝန်းလုံး အစ်မ OT ယူထားလိုက် တယ် ။


▢ ဒါ ကိုယ် က လည်း ပထမဆုံး ကား အနေနဲ့ ပွဲဦးထွက် လုပ်ရတာ ကို ။ Technician ကလည်း ကျွမ်းကျင်မှု နည်းသေးတဲ့ ကာလပေါ့ ။


❥ ဟုတ်တယ် ။ နော် မောင်မောင်နော် တို့ ဘာတို့ ကျတော့ တော် တော် ဟုတ်သွားပြီ ။ ကျော်သူ နဲ့ ရိုက်တာလေ ။ ကျော်သူ နဲ့ ရိုက်တာ ။ 


▢ အစ်မ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ခဲ့တဲ့ ကား ဘယ် လောက်လောက် ရှိသွားပြီလဲ ။


❥ ၃ဝ ၊ ၄ဝ လောက်ရှိပြီ ။


▢ ၃၀ ၊ ၄၀ လောက်ရှိပြီ ။ အခု နောက်ဆုံး ရိုက်တာ က “ ရှင်ဥပ ဂုတ္တ ”  ပေါ့နော် ။


❥ ဟုတ်တယ် ၊ ဟုတ်တယ် ။ အစ်မ အဲဒီတုန်းက အစ်မတို့ ကလေ Quality ကို အရမ်း ထိန်းတဲ့ အခါကျတော့ တစ်နှစ် ကို နှစ်ကား ပဲ ရိုက်တယ် ။


▢ အစ်မ ရိုက်ခဲ့တဲ့ ကားတွေ ထဲမှာ ၊ သရုပ်ဆောင် ခဲ့တဲ့ ကားတွေ ထဲ မှာ ဇာတ်ကောင် နာမည် က စီး သွားတဲ့ ကားတွေ ရှိတယ် ။ ဥပမာ “ ဒေါင်ဒေါင်မြည်တဲ့ အသည်း ”  ဇာတ်ကား မှာ ဇာတ်ကောင် နာမည် က “ ဘဲဥမ ”  ပေါ့ ။ အဲဒီတော့ ပရိသတ် က ကြာတဲ့ အခါကျတော့ “ ဒေါင်ဒေါင်မြည်တဲ့ အသည်း ” က ပျောက်သွားပြီး “ ဘဲဥမ ” ဖြစ်သွားတယ်နော် ။ “ ဘဲဥမ ” ပြီးတော့ “ စနေမ ”  ၊ နောက်တစ်ခု က ... ။ 


❥ ဘဲဥမ ၊ စနေမ ၊ မယ်မင်းကြီးမ ။


▢ “ မယ်မင်းကြီးမ ” ကတော့ ကျွန်တော် ခုန ပြောတယ်ပေါ့နော် ။ ဇာတ်ကောင် ကနေ ဇာတ်ကား ကို လွှမ်းမိုး သွားမှာတွေ ရှိတယ်ပေါ့နော် ။ အဲဒါတွေ အပြင် အစ်မ ရိုက်ခဲ့တဲ့ ဒါကတော့ ဦးတင်ဦး နဲ့ ရိုက်တဲ့ ပထမ ဆုံးကားလား မပြောတတ်ဘူး ။ “ ဒဿဂီရိအသည်း ” ကိုနေအောင် နဲ့ သရုပ်ဆောင် တာ ။ “ ဒဿဂီရိအသည်း ” က ဆရာ ကျော်မင်းဦး ရဲ့ ဝတ္ထု ကို ရိုက်တာနော် ။ အဲဒီ ကား လည်း ကျွန်တော်တို့ မှတ်မှတ်ရရ ရှိတဲ့ ကားပဲ ။


❥ ဟုတ်တယ် ၊ တကယ့် အရမ်း စီးတာပေါ့ ။ 


▢ အစ်မ ဗီဒီယို ရိုက်ဖြစ်သေးတယ်နော် ။


❥ ရိုက်ဖြစ်တယ် ။ ရိုက်ဖြစ်တယ် ဆိုတာ အစ်မ ပထမဦးဆုံး အဲဒီ မောင်လေး စောစောက ပြောတယ်မလား အစ်မ က ဒရာမာတွေ ရိုက်တာ များတယ် ဆိုတာ ဟုတ်တယ် ၊ ခေတ်ဦး ကတည်း က ။ စောစောတုန်းက အစ်မ မောင်လေး လာ ကြည့်တဲ့ မန္တလေး ရုပ်ရှင်ခြံကြီး ထဲ က စပြီးတော့ ကံ တို့ ၊ အရိုင်းစံပယ် တို့ က စပြီးတော့ ဘုရားမှာ တစ်ခါဆုံတယ် အဲဒီလို ။ ဇာတ်ကြီး တွေ ဇာတ်ကြီးတွေ ရိုက်ပြီးတော့ နောက်ပိုင်းကျတော့ အစ်မ ပါရင် လူတွေ က ငိုရတယ် ၊ အစ်မ ပါရင် ငိုရတယ် ဒရာမာတွေ က ဆိုပြီး ဖြစ်နေတဲ့ အချိန် မှာ မှ အစ်မ က တစ်ခါ အဲဒီမှာ အက်ရှင်တွေ ပေါ်တော့လေ စောစောက မောင်လေး ပြောတဲ့ စနေမ အချိုးလေး ပြောင်းတာပေါ့နော် ။ အဲဒီ စနေမ ကလည်း ပဲ ဒါလည်း အစ်မ ဘဝမှာ မှတ်တမ်း တကယ့် ကို တင်ရတဲ့ ကား ။  ၊ ဘာဖြစ်လို့ဆို အဲဒီ စနေမ ကို ရိုက်တဲ့ အချိန် မှာ အစ်မ ထူးထူးခြားခြားလေး ပြောပြမယ် မောင်လေး ကို ။ မောင်လေး မသိတဲ့ ဟာတွေ ။ အစ်မ မြင်း မစီးတတ်ဘူး ။ မြင်း မစီးတတ်ဘဲ နဲ့ အစ်မ မြင်း တက်စီးတယ် ။ အဲဒီ မြင်းထိန်း က လည်း အရမ်း ကျွန်တော့် မြင်း က လိမ္မာတယ် ။ တကယ်လည်း လိမ္မာတယ် ။ အလိမ္မာ လွန် သွားတာ ပြောပြမယ် ။ အဲဒီတော့ အစ်မ တက် စီး ဆို စီး လည်း စီးရော မြင်းထိန်း က သူ က ဟိုး ရှေ့ ကနေ ပြေးပြီးတော့ စောင့်နေတာ ။ အစ်မ ခွ ပဲ တစ်ခြမ်း ပဲ တက်ရ သေးတယ် မြင်းထိန်း က ပြေး လည်း ပြေး ရော မြင်း က သူ့ သခင် နောက် ကို တန်း လိုက်တာ တစ်ခါတည်း ကဆုန်ပေါက် ပြေးတာ ။ အစ်မလေ တစ်ခြမ်းစောင်းကြီး နဲ့ ပါ သွားတယ် ။ အဲဒီလို တစ်ခြမ်းစောင်းကြီး တစ်ခြမ်းစောင်းကြီး ပါ သွားတာ ကျလုဆဲဆဲ မှာမှ မြင်းရှင် ရဲ့ ရင်ခွင် ထဲ ကို တစ်ခါတည်း ဖမ်း ရောက် သွားတာ ။ အဲဒါမျိုးတွေ အစ်မ လုပ်ရတာ ။ 


▢ စွန့်စွန့်စားစား ။


❥ စွန့်စွန့်စားစားတွေ ။ အဲဒါနဲ့ မြင်းတပ်ကြီးရယ် ဟို ... ကျော်ဟိန်း လေ ၊ ကျော်ဟိန်း နဲ့ အစ်မ အပေးအယူ ကျော်ဟိန်း လည်း အရမ်း တော်ပါ တယ်နော် ပြောမယ် ဆိုရင်လေ ။ ရင် ထဲ မှာ သရုပ်ဆောင်တွေ ကို ပြောရင်း ပြောရင်း နဲ့ တကယ့် ကိုယ့် အနုပညာ မောင်နှမအရင်းတွေ လို ခံစားရတယ် ။ အခု လည်း မျက်စိ ထဲ မှာ ပြန်မြင်တယ် ကျော်ဟိန်း ကို ။ ဖိုးကျော် ဖိုးကျော် အစ်မ တို့ သွားလိုက်တာ ဒီကနေ ကူမဲ က နေ ထန်းတလုပ်ချောင်း ။ သူတို့ က ဆင်းန် အရင် သွားကြည့်တာ ဦးသန်းထွဋ် နဲ့ ။ အဲဒါလေး ကလည်း တော်တော့် ကို မှတ်တမ်းလေး မို့လို့ ။ အဲဒီ ခေတ်က ဒေါ့ဂျစ်ကြီး တွေ ပဲ ရှိတယ် ။ လမ်း က လည်း ဒီလို ဒီလို ဆိုးတာ ။ အဲဒါ အစ်မ က အဲဒီ ဒေါ့ဂျစ် ပေါ် မှာနော် ဘောင်းဘီတို နဲ့ ၊ စက်အဖွဲ့တွေ နဲ့ အစ်မ အပေါ် ကနေ တန်း ကို ကိုင် ပြီးတော့ အဲဒီလို မတ်တတ် လိုက်တာ ။ မတ်တတ် လိုက် ပြီးတော့ ဆင်းန် ပေါ် ။ ထန်းတလုပ်ချောင်း က ဆင်းန် အရမ်းလှတာပဲ ။ တစ်ခါတည်း လမ်း မှာ တွေ့တဲ့ ပန်းခင်းကြီး ကို ချချ ရပ်ရပ် ကရိန်းတွေချချ ဆင်းဆင်းဆို အရမ်း ပျော်တယ် မောင်လေး ။ အဲဒီ ဘဝ တုန်းက တက်ညီလက်ညီ လေ ။ ကင်မရာခရုတွေ ရော ၊ ဘာတွေ ရော တည်းစရာ ခိုစရာ လည်း မရှိဘူး ။ ဘုန်းကြီးကျောင်း မှာ နေရတာ ။ ဘုန်းကြီးကျောင်း မှာ အပေါက်တွေ မှာ ။ အဲဒီမှာ တစ်စတစ်စ နဲ့ အစ်မတို့ နေရင်းနေရင်း နဲ့ လူတွေ က သိသိ ပြီးတော့ ရွာနီးချုပ်စပ် ကပါ အကုန် လာပြီးတော့ ဘုရားပွဲကြီး လို ဖြစ်သွားတာ ။ ဟို အစားအသောက်တွေ ရော ဘာတွေရော အကုန်လုံး ရွာ က လာကြတဲ့ လူတွေ က တဖြည်းဖြည်း အုံအုံ ပြီးတော့ တော်တော် များ လာတာ ။ အဲဒါ အဝတ် လဲ ရင်တောင် အဲလို အပေါက်ကလေး ကို ခန်းဆီး ကာပြီးတော့ လဲရတာ ။ လဲ ပြီးတော့ အစ်မတို့ အဲဒီ ချောင်း ထဲ မှာ သွားရိုက် ၊ နောက်ပြီးတော့ အဲဒီမှာပဲ ဆက်တင် လုပ် ။ ဆက်တင် လုပ်ပြီးတော့ ဦးထွန်းဇ လေ ဘဘဦးထွန်းဇ တို့ ၊ ကိုအောင်မြိုင် တို့ နောက် အဲဒီ လူကြမ်းအဖွဲ့ တွေ လေ ။ သိပ် ချစ်ဖို့ ကောင်းပါတယ် ။ လူကြမ်းအဖွဲ့ တွေ ကလေ ဓားခုတ်တာ တွေလည်း အစ်မတို့ ကို သင် ၊ သင် ၊ အစ်မတို့ ကို သင် ခုတ်ကြ ။ နောက်ပြီးတော့ ခေါင်းစွပ် တာ လည်း စနေမ က မျက်နှာတစ် ခြမ်းကြီး ကို အုပ်ထားတာလေ ။ ဓားဒဏ်ရာကြီး ရှိတဲ့ အခါ ကျတော့ ။ အဲဒါကြီး ကို အုပ်ထားတော့ ဆံပင်ကြီး က မျက်လုံး တစ်ဖက် တည်း နဲ့ ကြည့်ရတာ ။ ဝတ်ထား တာလည်း ရှမ်းအင်္ကျီ နဲ့ ဘောင်းဘီ နဲ့ ။ နဖူးက ချွေး ခြေမ ကျတယ် ဆိုတာ ဒီလို ပေါက်ကလေး ကျတာ မဟုတ်ဘူး ။ မတ်တတ်ရပ် နေရာ ကနေ ပြီးတော့ စီး ပြီးတော့ ကိုယ် ထဲ ကနေ ခြေထောက် က နေ ပြန် ထွက်တာ ။ တကယ် အဲဒါ  နဖူးကချွေး ခြေမ ကျတယ် ဆိုတာ ပေါက်ခနဲ ကျတယ် မထင်နဲ့ ။ ကိုယ် ထဲ ကနေ စီးဆင်း စီးတာ ။ ရေ က ငတ်လွန်း အားကြီးတော့လေ ဟို ဦးကျော် နဲ့ အစ်မက ရေခဲရေသမား ဆိုတော့ အဲဒီ ရေခဲရေ ကို တစ်ခါတည်း ရှုတင်မန်နေဂျာ က မနက် ဆို ထွက် ဝယ်တာပေါ့နော် ။ ရှုတင် ထမင်း အတွက် ဝယ် ရင်း နဲ့ ရေခဲတုံး ရော ၊ မြင်းသမားတွေ ရော ပေါ့နော် ။ အဲဒီမှာ သရက်သီး တွေ လည်း ပေါ်တော့ သရက်သီး တွေ စားလိုက် ၊ ရေခဲရေ တွေ သောက်လိုက် ။ နောက်ဆုံး ကျတော့ အိုးလေးတွေ ရွက်ပြီးတော့လေ စမ်းချောင်း က နေ ရေအိုး လေးသမားတွေ ကို ဖိုးကျော် ရော အစ်မ ရော လာ လာ လာ ဆိုပြီးတော့ အဲဒီ ရေတွေ တောင်းယူကြတယ် အစ်မတို့ ။ သရက်သီးတွေ စား ပြီးတော့ ဝမ်းတွေ လျှောကြ စက်အဖွဲ့တွေ သိလား ။ အဲဒါ ဓားခုတ်ကြ ၊ ကျောချင်းကပ် ပြီးတော့ အစ်မတို့ တွေ ဓားခုတ် ။ အစ်မ အဲဒါ ရိုက်တာ ရက်ပေါင်း ၆ဝ နော် စနေမ ရိုက်တာ ။ အဲဒီမှာ ရိုက်ရင်း နဲ့ ဘာဖြစ်လဲ ဆိုရင် အစ်မ ပါ ဝမ်းလျှော ရော ။ ဝမ်းလျှော ပြီးတော့ အစ်မ ဘယ်လိုဖြစ်လဲ ဆိုတော့ မေမြို့ က နေ ပြီးတော့ Drip ချိတ် လာရတယ် ။ Drip ချိတ် ပြီးတော့ အစ်မ သတိ ရတဲ့ အချိန်မှာ ကျတော့ ဖိုးကျော် က အစ်မ ခြေဖဝါး ကို လက် နဲ့ နှိပ်ပြီးတော့ အစ်မ အစ်မ သတိရလား သတိရလား ဆိုတော့ ဆေးရုံ ရောက် နေပြီ ။ မန္တလေး ဆေးရုံ ရောက် နေပြီ ။ အခုနဲ့ ဘယ်လို ကွာလဲ ဆိုရင် စောစောက မောင်လေး မေးတဲ့ အဖြေ ကို လေ ဒစ်ဂျစ်တယ် ခေတ် မှာ အသံ ရော ၊ အရုပ် ရော က ဖလင် လည်း မဟုတ်တော့ဘူး ။ ဟိုတုန်းက အစ်မ တို့ ဒီ ဆောင်းဖလင်လေးတွေ ကို ယူပြီးတော့ ကားဆက် တာ Dreambed မှာ ။ ဒီ ဖလင်လေးတွေ တစ်ကဒ် ချင်း တစ်ကဒ် ချင်း ကော် ကပ်ရတယ် ၊ ဖြတ်ရတယ် ၊ တောက်ရတယ် ၊ ဆက်ရ တယ် ။ နောက်ပြီးတော့ အဲဒီမှာ ဘာလုပ်ရလဲ ဆိုတော့ အသံ ကို သွင်းမယ် ဆို လို့ ရှိရင် ဓားဓားချင်း ဆို ချွင် ၊ တုတ် တုတ်ချင်း ဆို ဒုတ် ။ ဒုတ် ချွင် ၊ ချွင် ဒုတ် ။ ဟိုမှာ တုတ် ချင်း ဆို ဒုတ် ၊ ချွင် ဆို ချွင် ၊ ဒုတ်ချွင် ချွင်ဒုတ် အဲဒါလေး တွေကို အသေးစိတ် ဘေး ကနေ တစ်ခါတည်း ကားဆက် တာကို မိုးလင်း ကနေ မိုးချုပ် ဆက်တာ ။ အဲဒီ စနေမ က အသွင်ပြောင်း သွားတာပေါ့လေ ။ စောစောက ပြောသလို ဒရာမာ က နေ အက်ရှင် ဘက် ကူး သွားတာ ။ အက်ရှင် က နေမှ စောစောက ဘဲဥမ တို့ ဘာတို့ ကျတော့ မယ်မင်းကြီးမ တို့ ကျတော့ ဒါကတော့ သဘာဝ ၊ လူ့ သဘာဝတွေ ကို ရိုက်တာ ။


▢ အစ်မ ကို တစ်ခု မေးချင်တာ ။ အခုတော့ ကျွန်တော်တို့ တော် တော်များများ နိုင်ငံခြား ထွက်ရိုက်တာတွေ ဘာတွေ ရှိနေကြပြီလေ ။ 


❥ ဟုတ်ကဲ့ ။


▢ ဘန်ကောက် မှာ ရိုက်ကြတယ် ၊ များသောအားဖြင့် စင်ကာပူ သွားရိုက်တယ် စသဖြင့် ရိုက်နေကြတယ်ပေါ့နော် ။ ကျွန်တော် မှတ်မိသလောက် ကတော့ ဟိုးဘက် ခေတ် က ဒေါ်မြင့်မြင့်ခင် တို့ခေတ်မှာ “ မွှေး ”  ဇာတ်ကား ကို မဒရပ် မှာ သွားရိုက်တယ်လို့ ကြားဖူးတယ်နော် ၊ ဆေးကုတဲ့ အခန်းတွေ ဘာတွေ ။ ဒေါ်မြင့်မြင့်ခင် နဲ့ ဦးချစ်ခင် နဲ့ သွားပြီး တော့ ရိုက်ကြတယ် ။ ဟိုမှာ သူတို့ တော်တော်လေး ဒုက္ခ ရောက်ခဲ့တယ် လို့ ကြားဖူးတယ် ။


❥ ဟုတ်တယ် ၊ ဟုတ်တယ် ။


▢ ဒီဘက်ခေတ် ရောက်တဲ့ အခါ ကျတော့ အစ်မတို့ခေတ် ရောက် တဲ့ အခါ ကျတော့ အစ်မ ပဲ ပထမဆုံး ဘန်ကောက် မှာ ရိုက်တာလို့ ထင်တယ် ။ ဘန်ကောက် မှာ ရိုက်ဖူးတယ်နော် ။


❥ ဘန်ကောက် မှာ ၊ ဟုတ်တယ် ။ အဲဒီတုန်းက စောစောက ဆေးရောင်စုံတွေ ပေါ်ပြီးတဲ့ နောက်ပိုင်း မှာ အစ်မ က ရန်အောင် လေ ၊ ရန်လေး နဲ့ အစ်မ နဲ့ က ဘန်ကောက် မှာ ရုပ်ရှင်ကား တစ်ကား ၊ ဗီဒီယိုကား ဗီဒီယိုခေတ်ဦး ပေါ့ အဲဒါ ။ ဗီဒီယို စ,ပေါ်တဲ့ ခေတ်ဦး ။ အဲဒီမှာ ရိုက်ကြမယ် ဆိုပြီး သွားရော ။ အဲဒါလည်း အထူးအဆန်း ပြောဦးမယ် ။ ဟိုမှာ ရိုက်တော့ အစ်မတို့ ရိုက်မယ် ဆိုတော့ အဲဒီက ကင်မရာမင်း ၊ အဲဒီက ကင်မရာ နဲ့ ၊ စကားပြန် ၊ ယိုးဒယား စကားပြန် ကနေ အစ်မတို့ ခပ်တည်တည် နဲ့ အစ်မ တို့ တစ်ခါတည်း ဗုဒ္ဓမုံထုံ ဘုရားကြီး မှာ ပထမဆုံး စ,ဖွင့်တာပေါ့ ။ ရန်လေး နဲ့ အစ်မတို့ နဲ့ ။ အစ်မ က ကင်မရာ ချောင်း တတ် တဲ့အကျင့်က အစ ကတည်းက ရှိတယ် ။ ရှိတဲ့ အခါ ကျတော့ ရီဟာဇယ် လည်း လုပ်ပြီးရော ကင်မရာ လည်း ချောင်းလိုက်ရော ဟယ် ... ဘယ်လို ဖြစ်တာလဲ ၊ အဲဒီ ကင်မရာကြီး က ။ ဟိုဟာ ဖြစ်နေတာ ။ စီနီမာစကုပ် ဖြစ် သွားတာ ။ အစ်မတို့ က ဒီမှာ ရိုက် နေတာ ရိုးရိုး LED နဲ့ ရိုက်တာ ။ သူတို့ဆီမှာ ရိုးရိုး LED မရှိတော့ဘူး ။ အဲဒီအချိန်မှာ စီနီမာစကုပ် LED ဆိုတော့ ကြည့် လည်း ကြည့် လိုက်ရော ဒါကြီးက ဖလင်ပြား က အရှည်ကြီး ဖြစ်နေပြီ ။ အဲ ကင်မရာမင်း ခေါ်ပါဦး ခေါ်ပါဦး ဆိုပြီးတော့ အစ်မတို့ စီနီမာစကုပ် LED  ။ စဉ်းစား လိုက်တော့ ဘာ အခက်အခဲ လဲ ဆိုတော့ ဒီက ရုပ်ရှင်တွေ ထဲ မှာ စီနီမာစကုပ် LED မရှိဘူး ။ ပြလို့ရှိရင် ဘယ်လို လုပ်မလဲ ။ ဒါရိုက်တာ လည်း ရိုက်ပြီး နေပြီ ဆိုပြီးတော့ရတယ် ကိစ္စမရှိဘူး ၊ အစအဆုံးပဲ ပြီးအောင် ရိုက်မယ် ဆိုပြီးတော့ စင်နီမာစကုဒ် LED နဲ့ ရိုက်ပြီးတော့ ကံအား လျော်စွာ ပဲ အဲဒီ ခေတ် က ပြောင်းပြောင်း သွားတာ အစ်မတို့ ပြီးခါနီးအချိန် မှာ နယ်တွေ က လွဲရင် ရန်ကုန်ရုံ တွေ အကုန်လုံး စီနီမာစကုပ် Lense ရောက်လာတယ် ။ အဲလို ၊ အဲလို ။


▢ အစ်မ အခုရိုက်တဲ့ “ ရှင်ဥပဂုတ္တ ” ဇာတ်ကား ဆိုရင် အစ်မ ရိုက်ခဲ့ ပြီးပြီ ။ ကျွန်တော် ကြားတာ က အစ်မ ကိုယ်တိုင် Dubbing တီးလုံးတွေ ကို အစ်မ အိမ် မှာ ခေါ်ပြီး တီးခိုင်းတယ်ဆို ။


❥ ကြားတာ မဟုတ်ဘူး ။ ဒီလို ဒီလို မောင်လေးရေ ။ ဒီ ဥစ္စာ သူ ကလေ ဒီ ရဟန္တာကြီး ကျတော့ အစ်မ အခု အလှည့် မှာ ကျတော့လေ အစ်မ က သာသနာပြုတဲ့ ကားပေါ့နော် ။ ကိုယ် က မင်း ကိုးကွယ်တဲ့ အခါကျတော့ အစ်မ အရမ်း အချိန်ယူရပါတယ် ။ ၁ဝ နှစ် နော် ၊ ၁၀ နှစ် တိတိ အစ်မ ဒီ ကားရိုက်ဖို့ ကြိုးစားခဲ့တယ် ။ ၁ဝ နှစ် ကြာတယ် ။ ဒါက အစ်မတို့ ကလေ အမှား မခံဘူး ၊ အမှား မခံဘူးနော် ။ အဲဒီတော့ အစ်မ ဒီ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုပြီးတော့ နှစ်ပေါင်း ၂၅၀ ရဲ့ အဝတ်အစားတွေ ဘာတွေ ကို အဲဒီ မန္တလေး က တမ္ပဝတီ ဦးမင်းမောင် တကယ့် ပညာရှင်ကြီး ပေါ့နော် အဲဒီ ခေတ်ရဲ့ ။ သူ က ပုဂံခေတ် လည်း မဟုတ်ဘူး ၊ ရိုးရိုး ရိုက်နေကျ ခေတ်လည်း မဟုတ်ဘူး ဆိုတဲ့အခါ ကျတော့ တံငါသည်တွေ ဘယ်လို ဝတ်သလဲ ၊ ဘုရင် ဘယ်လို ဝတ်သလဲ ၊ သူ့ရဲ့ မှူးမတ်တွေ ဘယ်လို ဝတ်သလဲ ၊ ငယ်သားတွေ ဘယ်လို ဝတ်သလဲ ။ အဆောင်အယောင်တွေ အကုန် သလွန် က  စ ပြီးတော့ အခု ခေတ် မတူတဲ့ ဟာတွေ အဲဒါတွေကို သူက ဟိုက နေ ပြီးတော့ သေချာ အကုန် ပြုစုပေးပါ တယ် ။ ပြုစုပေး ပြီးတော့ ဒီမှာ အစ်မတို့ ယဉ်ကျေးမှုဌာ နက ဦးမြင့်ဦး က လည်းပဲ သူ က အဲဒါတွေ ကို အကုန်ဆက် ကက်ရှည် ဆွဲပြီး တော့မှ ပဝါချနည်း တွေ ၊ အဝတ်တန်ဆာ ဆင်နည်း ၊ ခေါင်း က သရဖူတွေ ဘာတွေ အဲဒါတွေပါ အစ်မ တို့  အချိန် တော်တော် ယူတယ် ။ အချိန် တော်တော် ယူရပါတယ် ။ ရိုက် တဲ့ အခါလည်းပဲ ပထမ တော့ အစ်မ မပါဘူးလို့ ။ ဒါပေမဲ့ ဇာတ်လမ်း ထဲ မှာ လည်း ရာဇဂြိုဟ်ပြည် ရဲ့ ဘုရင် နဲ့ မိဖုရား နေရာ မှာ ရန်လေး နဲ့ အစ်မ နဲ့ ဝင်တော့ ရိုက်တယ် ။ ဝင် ရိုက်တော့ ဒီ အဝတ်အစားကြီး တွေ ဝတ်ရတာ ကို နေ့ဝက် ကုန်တာပေါ့လေ အစ်မတို့ ။ အဲဒါလည်း အချိန် ဒီဟာ ရိုက်တာ ဆိုလို ရှိရင် မကြာဘူး ဆိုရင် ၃၅ ရက် လောက် ကြာတယ် ။ ဂျူတီ ပေါင်း ၆ဝ လောက်ရှိတယ် ။ ရိုက်ရက် များတယ် ၊ တစ်နေ့ ကို နည်းနည်း နည်းနည်း ပဲ အစ်မတို့ ရိုက်နိုင်တယ် ။ အဲဒီဟာတွေ ပြီးတဲ့ အခါကျတော့ အက်ဒစ် လုပ်တော့ လည်း အစ်မ အိမ် မှာ ပဲ လုပ်လိုက်တယ် ။ ကား ဆက် တဲ့ ကလေး ခေါ် ပြီးတော့ အိမ် မှာ ပဲ လုပ်တယ် ။ လုပ် ပြီးတော့ အဲဒါလည်း ကိုယ့် စိတ်ကြိုက် ဖြစ်ချင်တာလေ ။ Editing ဘေး မှာကို ထိုင် ပြီးတော့ လုပ်ပေး တာပေါ့ ။ အဲဒါ ပြီးပြန်တော့ ဒါဘင် ကျတော့ အစ်မ က ဒါ ရိုးရိုး ခါတိုင်းကတော့ ဒါဘင် လုပ်တဲ့ ပုဂ္ဂိုလ် တွေ ဆီကို ပေးတယ် ။ ဒါကျတော့ အစ်မ ဒီ ဆိုင်းဝိုင်းကြီး တွေ ဘာကြီးတွေ လည်း ပါချင်တယ် ။ ပါချင်တော့ အဲဒါကို ဒီ မြန်မာမှုတွေ ပေါ့နော် အဲဒါနဲ့ ဟိုနေ့ က ဆိုင်းဝိုင်းကြီး တွေ ၊ နှဲတွေ နဲ့ ၊ တယောတွေ နဲ့ ၊ ဗုံတွေ နဲ့ အဲဒါ ဒီမှာ လုပ်တယ် ။


▢ အစ်မ အဲဒီ “ ရှင်ဥပဂုတ္တ ” အခြေအနေ ဘယ်ရောက် သွားပြီလဲမသိဘူး ။


❥ ပြောမယ်ဆိုရင် ဒါဘင် ကလည်း 2th လောက် ပြီး သွားပြီ ။ အစ်မ တို့က အခု CG အဆင့် ၊ CG အဆင့် က ကျတော့ ၃ လ လောက် အချိန် ပေးရ တယ် ။ ဒီမှာ အစ်မတို့ ပြောမယ် ဆိုရင် အစ်မတို့ ဒီ တိုင်းပြည် မှာ လေ ကလေး တွေ အစ်မ အရမ်း လေးစားတယ် ။ CG လုပ်တဲ့ ကလေးလေးတွေ က လည်း ပဲ သူတို့ က ပညာရှင်တွေ ။ သူတို့က လုပ်နိုင်တယ် မောင်လေး ။ ပစ္စည်း နည်းနည်းလေး သူတို့ မှာ နည်းနေကြတော့ အချိန် ကို အန်တီ ရယ် သားတို့ ကို များလည်း များတယ် ၊ ဒီ ရဟန္တာကြီး နဲ့ မာရ်နတ် နဲ့ တန်ခိုး ပြိုင်တာလေ ။ တန်ခိုးပြိုင် တာကို အစ်မ က တကယ့် အပီ ပေါ့နော် ။ နဂါး တွေ ရော ၊ ဂဠုန် တွေ ရော ၊ ဓားမိုး တွေ ရော ၊ လှံမိုး တွေ ရော ၊ မီးကျီးမိုး တွေရော အဲဒါတွေ တော်တော် များပါတယ် လုပ်ရတာ ။ အခု လုပ်နေတဲ့ ကလေးတွေ က သူတို့ Group နဲ့ လုပ် နေကြတယ် ။ လုပ် နေကြတော့ သူတို့ အဲဒီ CG ပေါ့လေ ၊ အထူးပြု တွေ ပေါ့နော် အဲဒီဟာ ကို ၃ လ အချိန် ပေးထားတယ် ။ သူတို့ ပြီးရင် တော့ ပြီးပါပြီ ။ နှစ်လ တော့ ပြီးသွားပြီ ။


▢ အစ်မ က အစ်မ တင် မဟုတ်ဘဲနဲ့ အစ်မ သား နှစ်ယောက် ကို လည်း အနုပညာ လမ်းကြောင်း ထဲ ဆွဲခေါ် လာခဲ့တယ် ။ ဒါကတော့ အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်း ကတော့ သူတို့ အနုပညာ ပါရမီ အတိုင်းပေါ့ နော် ။ အစ်မ ဝင်းထွဋ်ဝင်း ကို ဘယ်နှကား ရိုက်ပေးခဲ့လဲ မသိဘူး ။


❥ ဝင်းထွဋ်ဝင်း က မို့မို့မြင့်အောင် နဲ့ ကားကြီး တစ်ကား ၊ အဲဒါက ပုတီးကုန်း မောင်စိန်ဝင်း ရဲ့ ဝတ္ထု ကို အစ်မ က နှင်းဆီပြာ ကဗျာတစ်ပုဒ် ဆိုတဲ့ နာမည် နဲ့ ရုပ်ရှင်ကားကြီး ။ အဲဒီတုန်းက လည်း ဘာပဲဖြစ်ဖြစ် အောင်မြင်တယ် လို့ ခေါ်ရမယ် ။ အဲဒီတုန်း ကတော့ ခေါင်းဆောင် မင်းသား ပေါ့နော် ။ နောက် တစ်ခါ ဗီဒီယို မှာ ကျတော့ အစ်မ က ထွန်းအိန္ဒြာဗို နဲ့ လေ ဝင်းထွဋ်ဝင်း နဲ့ က အဲဒီ လှရက်ပါပေ့ကွယ် ။ အဲဒီထဲ မှာ လည်း မခိုင် လှလိုက်တာ ၊ နာမည် နဲ့ ကို လှတာ ၊ ဘယ်လို လှမှန်း မသိဘူး ။ အဲဒီ ကား က မှတ်မှတ်ရရ ပေါ့နော် အဲဒီ ကား လည်း ရိုက်တယ် ။ နောက်ပြီးတော့ စိုးမြတ်သူဇာ နဲ့ ဝင်းထွဋ်ဝင်း နဲ့ ရိုက်ဖူးတယ် ။ နောက်ပြီးတော့ လင်းဇာနည်ဇော် နဲ့ ဝင်းထွဋ်ဝင်း နဲ့ ရိုက်ဖူး တယ် ။ အဲဒီတော့ သူတို့ သည် ဘာပဲပြောပြော အစ်မ ရဲ့ အနုပညာဖူးလေး တွေ သူတို့ ကိုယ် ထဲ ကို ဝင် သွားရင် ကျေနပ်တယ် ။ အခု စောစောက ပြော သလိုပဲ ၊ စောစောက မောင်လေး ပြောသလိုပဲ အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်း တွေ က မင်းသား မှ မဟုတ်ဘူး ၊ အစ်မ ဒါ အနုပညာရှင် သရုပ်ဆောင် ပဲ ပေါ့နော် ။ သူ က Actor ကို ဝါသနာ မပါဘဲနဲ့ ပရိုဂျူဆာ ကို ဝါသနာ ပါ သွား တယ် ။ Actor ကို ရူးတာ က ဝါဇင် ။ ဝါဇင် က တော့ သူ က သရုပ်ဆောင် အလုပ် ကို လုပ်ချင်တာ ၊ သူ က ။ မာမီ မရိုက်သေးဘူးလား ၊ မာမီ မရိုက်သေးဘူးလား ဆိုပြီး တော့ အဲလို အမြဲ ပြောတယ် ။ အဲဒါနဲ့ သူ့ ကို လည်းပဲ အင်းလေး မှာ ရိုက် တယ် ၊ လရောင်ဖြာတဲ့အင်းလေး မှာ ။ အဲဒါလည်းပဲ အရမ်း ပင်ပန်းပါတယ် မောင်လေး ရယ် ။ အစ်မတို့ က စောစောတုန်းက ပြော သလိုပဲ ဒီ ဒရာမာကြီး တွေ နဲ့ ဇာတ်အိမ်ကြီးတွေ ရိုက်ခဲ့တဲ့ စိတ်ကလေး က အစ် မမှာ မကုန်တဲ့ အတွက်ကြောင့် အဲဒီ လရောင်ဖြာတဲ့ အင်းလေး မှာ အစ်မ အရမ်းကြီးသော ဇာတ်လမ်းကြီး ကို ရွေး လိုက်မိတယ် ။ ဒါကတော့ အစ်မ ကိုယ်တိုင် ဒါရိုက်တာ မလုပ်ပါဘူး ။ ဦးရီ ကို လုပ်ခိုင်းလိုက်တယ် ။ ညီမ က တော့ အနုပညာ အကြံပေး ပေါ့ အစ်မ လိုအပ်တာတွေ အကုန်လုံး သူ့ ကို ပြော ။ ဘေး က နေပြီးတော့ အတူတူ မိုးလင်း က မိုးချုပ် ကနေ အကုန်လုံး ပေါ့နော် ။ အဲဒီမှာ အစ်မ တို့ စက်လှေတွေ က အစီး ၅ဝ လောက် ငှားရတယ် ။ လူပေါင်း ၁၅၀ လောက် ပါသွားတယ်နော် ။ အဲဒီတော့ ရေလမ်း က ကျတော့ အစ်မ တို့က အလုပ် မတွင် ဘူး ။ ဆရာ ဦးချစ်ခင် အမြဲ ပြောတယ် ။ ရုပ်ရှင်လောက မှာတဲ့ လှေ ရယ် ၊ ရေ ရယ် ၊ တိရစ္ဆာန် ရယ် ရိုက်ရ အခက်ဆုံးပဲတဲ့ ။ စိတ် ရှိတိုင်း မပါနိုင်ဘူးလေ ။ အဲဒီလောက် နိုက်ဆင်းန်တွေ များတဲ့အခါကျတော့ နိုက်ဆင်းန်တွေ ရိုက်ပြီး တော့ အစ်မတို့ ဟိုတယ် ကို ပြန်တယ် ဆိုလို့ရင် လမ်း မှာ တစ်နာရီ စက်လှေ ပေါ်မှာ ထိုင်ပြီးတော့ ပြန်တယ် ။ အစ်မ အစောဆုံး ပြန်တာ ၁၂ နာရီ ။ တစ်ခါတလေ ကျရင် မနက် ၃ နာရီ ။ အဲဒီ Pre - ending တွေ ရိုက်တုန်း က ဆိုရင် မိုးစင်စင် လင်းခါ နီးနေပြီ ၊ သူတို့ က မပြန်စေချင်ဘူး ။ ဘာဖြစ်လို့ ဆို ညဘက် ဒီ လှေ နှစ်စီး က ထိပ် မှာ မီးလုံးလေး တွေ ပါတယ် ။ မီးသီး မီးသီးချင်း တွေ့လို့ ရှိရင် သူ က မမြင်ရဘဲ နဲ့ တိုက်ကြတယ် ။ အဲဒါ မသိဘူး ကိုယ် က ၊ အဲဒီက လူတွေ က အန်တီရယ် မပြန်ပါနဲ့လား ။ မဟုတ်ဘူး ပြန်မယ် ပြန်မယ် ဆိုပြီးတော့ အဲဒီ မနက် ၅ နာရီ မှောင် နေတာပဲ လမိုက်ညကြီး နော် ။ လမိုက်ည လည်း ပြန်ဖူးတယ် ၊ လပြည့်ည လည်း ပြန်ဖူးတယ် ။ လပြည့်ည ဆိုတော့ တော်သေးတာပေါ့ ကောင်းကင် က လင်း နေတော့လေ ။ ဘေးမှာ တောင်တန်းတွေ နဲ့ အရမ်း သာယာပါတယ် ။ ရှုမျှော်ခင်းတွေ ရော တော်တော့် ကို အင်းလေး ရဲ့ သဘာဝ အစစ် ၊ အင်းလေး ရဲ့ အလှအပ အစစ် ၊ ရိုးရာအစစ် သီချင်းတွေ ရော အကုန် အားလုံးကို အစ်မ ထောင့်စေ့အောင် အကုန်လုံး စိတ်တိုင်းကျ ရိုက်ခဲ့တယ်ပေါ့နော် ။ အဲဒီလို ပြန်တဲ့ အချိန်မှာ စဉ်းစားလိုက် တယ် ၊ ဪ ငါ ဒီ အသက်အရွယ် မှာ မလုပ်သင့်တော့ဘူး ။ တကယ်လို့ ရေနစ် ရင် လည်း ဘယ်သူမှ သိမှာ မဟုတ်ဘူး ၊ ရေ လည်း မကူးတတ်ဘူး ။ မနက် ၄ နာရီ ၊ ၅ နာရီ ဆိုတော့ မှောင်နေပြီ လမိုက်ည မှာလေ ။ လှေ တစ်စီး ပဲ ၊ ကိုယ့် လှေ အချင်းချင်း တော့ ရှိတယ် ။ ဒါပေမဲ့ တော်တော်လည်း တစ်ယောက် တစ်ယောက် ဝေးကြတယ် ။ Lifejacket က လည်း အစ်မ က ဝတ် မထားဘူး ။ အဲဒီတုန်းက အဲဒီလို နောင်တ ရပြီး အဲဒီ နောင်တ ပျောက် သွားပြီ ။ အမြဲတမ်း အဲဒီလို ဖြစ်ခဲ့တယ်ပေါ့နော် ။


❥ အဲဒီ ကား ကို ရုံတင်တယ် ၊ ရုံတင်တဲ့ အခါကျတော့ အစ်မတို့ က ဒရာမာ ချိုး လိုက်တာပေါ့လေ ။ ထရန်စစ် ။ အဲဒီတော့ ဘာ Effect တွေ အစ်မ ပြန် ခံစားရလဲ ဆိုတော့ မှန်၏ ၊ ပရိသတ်တွေ ကြည့်ရင် ကြိုက်တယ် ၊ အများစု မကြိုက်ဘူး ။ ဒါကို အစ်မ ခံစားလို့ ရတယ် ။ ဘာလို့ အများစု မကြိုက်လဲ ဆိုတော့ အများစု က သူတို့ ၂ နာရီ အတွင်း မှာ ပျော် ပဲ ပျော်ချင် တယ် ၊ ရယ် ပဲ ရယ်ချင်တယ် ။ အဲဒါလေး ကို ကိုယ် က နားလည် လိုက်တာ ပေါ့ ။ ဒါပေမဲ့ ကိုယ့် ရဲ့ လိုင်း ကို တော့ မဖျောက်ပါဘူး ။ အခု ဒီ ရှင်ဥပဂုတ္တ ရဟန္တာကြီး ဆိုရင် လည်း ဒါ အင်မတန် ကြီးသော ဇာတ်လမ်းကြီး ပဲ ပေါ့နော် ။ သား တို့ ရိုက်တာတော့ သူတို့ လည်း သူတို့ ခေတ်လူငယ် တွေ အရ Clebrity ကနေ သူတို့ ရိုက်တာပေါ့ ။ ဝါဝါဝင်းရွှေ ထုတ်လုပ်ရေး က တော့ ပုံမှန်ပဲ ၊ ဒီအတိုင်းပဲ သွားပါမယ် ။


▢ သား နှစ်ယောက် ပြီးတော့ မြေး ပါ အစ်မ ဆွဲသွင်းပြန်ပြီ ။ 


❥ ထိသွားပြီ ။ အဲဒါကလည်း ဝါလေးလေး ပေါ့ ။ ဝါရေအနွယ်သွေးဝင်း က ၁၆ နှစ် ဆိုတော့ အစ်မ က ပြောတယ် ။ သမီးလေး လို့ ဘွားဘွား ၁၆ နှစ် တုန်း က မင်းသမီး ဖြစ်တော့မယ် ၊ သမီး လည်း ၁၆ နှစ် ဖြစ်ပြီ ။ သူ အိုက်တင် အရမ်း ရတယ် မောင်လေး ။ ဒါပေမဲ့ သူ ကျောင်း တစ်ဖက် နဲ့ မို့လို့ ။ ကဲ ဘွားဘွား ကိုတော့ Sunday တစ်ရက် ကို သူ့ ကို အဝတ်အစားတွေ ချုပ် ပေးတယ် ၊ သူ ရိုက်ပေးမယ် ဆိုတဲ့ အခါ ကျတော့လေ ။ အဲဒါနဲ့ Film Test သဘော ပေါ့ ။ မင်းသမီး အငယ်ခန်း ပေါ့နော် ။ အဲဒီမှာ ဝါရွှေ ပါတယ် ။ 


▢ “ ရှင်ဥပဂုတ္တ ” မှာ ပေါ့နော် ။


❥ ရှင်ဥပဂုတ္တ မှာ ပါတယ် ။ ဝါရွှေနွယ်သွေးဝင်း အားပေးကြပါလို့ ။ 


▢ အစ်မ လည်း ရုပ်ရှင်လောက ထဲမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်း ဘယ်လောက် လောက် ရှိပြီလဲ ။


❥ ၅၅ နှစ် ။


▢ သြ ... ၅၅ နှစ် ။ မြန်မာ့ရုပ်ရှင် က ၂၀၂၀ မှာ နှစ် ၁ဝဝ ပြည့် ။ အစ်မ က သက်တမ်း တစ်ဝက် ကျော်ကျော် လောက် ပါလာခဲ့ တာ ဆို တော့ ၂ဝ၂ဝ မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝ ပြည့်ပွဲ အတွက် အစ်မ ရဲ့ Wish လေး ကြားချင် ပါတယ် ။


❥ အစ်မ က ဒီ ၁၆ နှစ် က စပြီး ယနေ့ အထိ ပေါ့နော် အနုပညာ ကို ချစ်တဲ့ စိတ်ကြီး နဲ့ အစ်မ ဒီ အနုပညာလုပ်ငန်း တွေ ကို အမြဲမပြတ် လုပ်ကိုင်ခဲ့ တယ် ။ သရုပ်ဆောင် လုပ်ခဲ့တယ် ၊ ဒါရိုက်တာ လုပ်ခဲ့တယ် ၊ ဝါဝါဝင်းရွှေ ထုတ်လုပ်ရေး လုပ်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက်ကြောင့် မို့ လို့ အခု အစ်မ ရဲ့ ရုပ်ရှင်အသက် ၅၅ ပြည့် ပြီး နောက် ၂ နှစ်ကလေး စောင့် လိုက်ရင် ရုပ်ရှင် သက် အနှစ် ၁ဝဝ ကြီး ကို အစ်မ ပျော်ပျော်ကြီး ဆင်နွှဲ ချင်ပါတယ် ။ 


▢ ကျေးဇူးတင်ပါတယ် အစ်မ ။


◾ ဝင်းငြိမ်း 


📖 လိပ်ပြာကူး ထူးခြားသူများ


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment