❝ ပူပူနွေးနွေး ❞
━━━━━━━━━
ညီပုလေး
━━━━━━━━━
မနက်စောစော မှာ ခွေး တစ်ကောင် ကို ကားတိုက် သွားတယ် ။ ကား က မှားတာလား ၊ ခွေး မှားတာလား တောင် မသိလိုက်ကြပါဘူး ။ မှောင်မှောင် မည်းမည်းကြီး ထဲ တိုက်သွားတာ ။ ပတ်ဝန်းကျင် က တိတ်ဆိတ် နေတော့ “ ဒုန်း ” ခနဲ မြည်လိုက်တဲ့ အသံ ဟာ ခွေး ကို တိုက်တဲ့ အသံ လို့ တောင် မထင်ရ ဘူး ။ တကိန်ကိန် အော်မြည်သံ တွေ ကြားနေရ လို့ သာ ခွေးတစ်ကောင် ကို တိုက်သွားပါပကောလို့ သိကြရတာ ။
အရှိန် ပြင်းလို့ပဲလား ။ ချက်ကောင်း ကို တိုက်မိတာလား တော့ မသိဘူး ။ ခွေးခမျာ မှာ လွင့်သွားတဲ့ နေရာ ကနေ မထနိုင်ဘူး ။ လမ်း ပေါ် ကျကျ တစ်နေရာ မှာ လဲ နေတာကြောင့် နောက် တစ်ခါ ကား ထပ် အကြိတ် မခံ ရအောင် အမြင် မတော်တဲ့ ဆိုက်ကားဆရာ တစ်ယောက် က ခွေး ကို ပလက်ဖောင်း ဘက် ဆွဲရွှေ့ လိုက်တယ် ။ တရွတ်တိုက် ပါသွားတာပါပဲ ။ အနီးကပ် မြင်ရတော့ မှ သိတယ် ။ ခွေးမကြီး ပဲ ။ သနားပါတယ် လို့ ဆိုက်ကားဆရာ တွေးမိသေးတယ် ။
ဒီ ခွေးမ က ဒီ အရပ် ထဲ က လမ်းဘေး ခွေးလေခွေးလွင့် တွေ ထဲ က တစ်ကောင် လေ ။ အရောင် က အဝါခြောက် ၊ နှုတ်သီးမည်းမည်း ၊ ခြေလေး ချောင်း မှာ အမည်းရောင် နည်းနည်း စွက်တယ် ။ ဘာမျိုး နဲ့ ဘာမျိုး စပ်ပြီး ကျတဲ့ ခွေးလို့ ပြောရမှန်း မသိဘူး ။ ဒိပြင် ခွေးလေခွေးလွင့် ထက် ဒီ ကောင်မကြီး က ဒေါက် ယောင်ယောင်လေး မြင့်တယ် ။ ခါးလျား နည်းနည်း ပို ရှည်တယ် ။ လူ ဆိုရင် အရာရှိကတော် လို့ နှိုင်းကြမလား မသိ ။ လူ ဆိုရင် ဒေါက်မြင့်ဖိနပ် မကူရတဲ့ အလုံးအရပ်မျိုး ။
ပွဲစားအိမ် ရှေ့က ရေအိုးခြမ်းကွဲ ဟာ ဒီ ခွေးမကြီး နှိုက်နေကျ စားခွက် ပဲ ။ ပွဲကတော် အစွန့် ခိုင်း အပစ် ခိုင်းတာ ဒီကောင်မကြီး တစ်ကောင် တည်း ဒိုင်ခံ စားရတာ ၊ သူ စား လို့ မကုန် မှ ဒိပြင် နှာတို တို့ ၊ မြီးတို တို့ ၊ ခွေးတွေ စားကြရတာ ။ ပွဲကတော် က လည်း သူ့ ကို ရည်ရွယ်ပြီး ကျွေး တာပါပဲ ။ သူ က ည ဆို အပေါ့အပါး စွန့် သူတွေ ၊ ငမူးငရူး တွေ ကို ဟောင်ဖော်ပြုဖော် ရတယ်လေ ။ ပွဲစား ပွဲကတော် တို့ အိမ် တစ်ဝိုက် ဒီ ခွေးမကြီး ကြောင့် လုံတယ် ဆိုရမှာပဲ ။
ပွဲကတော် မှ မဟုတ်ပါဘူး ။ ပွဲစားကြီး က လည်း ဒီ ကောင်မကြီး ကို ချစ်တယ် ။ ဒီ ကောင်မကြီး က လည်း ခွေး ဆိုပေမဲ့ ဒိပြင် ခွေးတွေ လို မဟုတ်ဘူး ။ သူတို့ အချိန် သူတို့ အခါ ရောက်ရင် တွေ့ကရာ ကြုံရာ ခွေး ကို လက်သင့် ခံတာ မဟုတ်ဘူး ။ ခေါက်ဆွဲဆိုင် ရှေ့ က ခွေးဖြူကြီး နဲ့ ပဲ နှစ်ကောင် သွားတာ ။ ပွဲစားကြီး က သူတို့ နှစ်ကောင် ကို ကောင်းကောင်း မှတ်မိတယ် ။ ဒိပြင် ခွေးတွေ အကပ် ခံတာ မဟုတ်ဘူး ။ နားရွက် ပြတ် သွားမယ် ၊ ပါးစောင် ပြဲ သွားမယ် ၊ လည်ကုပ် စုတ် သွားမယ် ငါ့ များ ဘာမှတ် နေသလဲ ဆိုတဲ့ အာဂ ခွေးမ ။ ဒီ ခွေးဖြူကြီး နဲ့ ကို သုံးလေးသား ကျပြီးပြီ ။ တစ်ခါကျ ငါးကောင် ၊ မှန် လို့ ။
ကားသမား က လည်း ဘောလုံးပွဲ ကြည့် လာလို့ အိပ်ရေး ပျက်လာတဲ့ ကားသမား လား ၊ ဘောလုံးပွဲ ပဲ ရှုံးလာလေ သလား ... ၊ ခွေးမကြီး ကို တိုက် လိုက်တဲ့ အသံကြီး ကြားလိုက်ရသူတွေ ကတော့ ကား လည်း အတော် နာ မယ် ဆိုတာ တွက်ပြီးသား ။
တကယ်တော့ ဒဏ်ရာ က ပြင်းလွန်းပေမဲ့ ခွေးမကြီး ခမျာ ချက်ချင်း အသက် ထွက်ရှာတာ မဟုတ်ဘူး ။ ပါးစပ် က သာ သွေး နည်းနည်း ထွက်တာ ၊ မျက်လုံး နှစ်လုံး ဖွင့်လျက်ကြီး ။ ဘယ် အာရုံကြော ကို ကား က တိုက် လိုက်တယ် မသိဘူး ၊ လှုပ်တာတော့ တစ်ကိုယ်လုံး မလှုပ်နိုင်တော့ဘူး ။
ဖွင့်ထားတဲ့ မျက်လုံး ထဲ မှာ စည်ပင်သာယာ က တံမြက်စည်း လှည်း သူ ရဲ့ ခြေထောက် နဲ့ ဖိနပ် ကို သူ မြင်တယ် ။ မိန်းမ က ပိန်ပိန် ၊ ဖိနပ် ကတော့ ဟို လူ ပေး ဒီ လူ ပေး ဖိနပ် အမျိုးစုံ စီးတဲ့ မိန်းမ ။ လမ်းလျှောက် ရင် လျှပ် လျှပ် နဲ့ လျှောက်တဲ့ မိန်းမ ။ သူ့ ဇော နဲ့ သူ မို့ တံမြက်စည်း တစ်ချောင်း ကိုင် ပြီး ငိုက်စိုက် ငိုက်စိုက် နဲ့ သွား နေတာ သွေးအိုင် ထဲက ခွေးမကြီး ကို သူမမြင်ဘူး ။ အိပ်ချင်မူးတူး နဲ့ လည်း ဖြစ်ချင် ဖြစ်မှာပေါ့ ။
ကုန်စိမ်း တွေ ကိုင်းတန်းဈေး က နေ ယူပြီး မြို့သစ် ကို သွားရောင်း ကြမယ့် ဈေးသည်တွေ စီးလေ့ ရှိတဲ့ မြင်းလှည်း ၊ သူ့ အနား မရောက် ခင် ခပ်လှမ်းလှမ်း ကတည်း က မြင်းခွာသံ ကို ခွေးမကြီး ကြားတယ် ။ ဒီ မြင်းလှည်း က အသွား ရော အပြန် ပါ အတော် အချိန် မှန်တဲ့ မြင်းလှည်း ။ ဒီ မြင်းလှည်း ဖြတ် သွားပြီး မကြာခင် မှာ မျက်မှန် ပြင်တဲ့ ဆရာ အိမ် က ကြေးစည်ထု အမျှဝေ သံ ကြားရလိမ့်မယ် ။
မြင်းလှည်း က လဲ နေတဲ့ ခွေးမကြီး နဲ့ နှစ်ပေ လောက် က ဖြတ်သွားတာ ကိုပဲ အလင်းရောင် က အားနည်း နေတော့ ခွေးမကြီး ကို ဘယ်သူ မှ မမြင်ကြ ဘူး ။ မြင်းလှည်း က လည်း ဒီဇယ်မီးခွက်လေး တောင် မပါရှာဘူးလေ ။
အရှေ့ဆီ က ရောင်နီ သန်း လာတယ် ။ ခေါင်းရွက်ဗျပ်ထိုး ပန်းသည် တွေ ၊ ဆွမ်းခံ ကြွတဲ့ ကိုယ်တော် တွေ ၊ ကျူရှင် တက် ကြမယ့် ကျောင်းသူ ကျောင်းသား တွေ ၊ ဈေး မှာ ကုန်ထမ်း ကြမယ့်သူ တွေ ၊ မနက်စောစော လက်ဖက်ရည် ပါဆယ် ထွက် ဆွဲသူ တွေ ၊ ကျန်းမာရေး အတွက် လမ်းလျှောက် သူ တွေ ၊ ကားကြီးကွင်း ကို ကား သွား စီးမယ့် ခရီးသည် တွေ ၊ လက်တွန်းလှည်း တွန်းသူ တွေ ၊ ပဲပြုတ်သည် တွေ ၊ ဘုရားကြီး သွားဖူးကြမယ့် သူ တွေ ၊ မီးဖိုချောင် မှာ မီးခိုး ထွက် ဖို့ ဈေးသွား ရောင်းသူ ဈေးသွား ဝယ်သူ တွေ ။
တဖြည်းဖြည်း နေမြင့် လာတာ နဲ့ အမျှ ပုဆိုး ဝတ်တွေ ရော ၊ ဘောင်းဘီ ဝတ်တွေ ရော ၊ သားရေဖိနပ် စီးသူတွေ ရော ၊ ရာဘာဖိနပ် စီးသူတွေ ရော ၊ တိုက်ပုံဝတ်တွေ ရော ၊ ဖီးလ်ဂျက်ကက်ဝတ်တွေ ရော ၊ တရုတ်အနွေးထည် ဝတ်တွေ ရော ၊ ဖျာပုံ အနွေးထည်ဝတ်တွေ ရော ၊ ထဘီတိုတို ဝတ်သူတွေ ရော ၊ ထဘီ မဝတ်သူတွေ ရော လမ်း မှာ တဖြည်းဖြည်း လူတွေ များ လာတယ် ။ လေ ရဲ့ အလျဉ် နဲ့ ပြေး နေတဲ့ ကားတွေ စက်ကုန် ဖွင့် တဲ့ ဆိုင်ကယ် တွေ မကြာခဏ ဥဒဟို ပြေးလွှား နေတယ် ။ ဆိုက်ကား တွေ လည်း ပါစင်ဂျာ ပါ သူ ပါ ၊ မပါတဲ့ သူ က လည်း မပါဘူး ။
တိုက်ပန်းကန်ပြား လောက် ရှိတဲ့ သွေးကွက် ထဲ မှာ ခပ်စောင်းစောင်း လဲ နေတဲ့ ခွေးမကြီး ကို မြင် သူ လည်း ရှိ သတိမထားမိ သူ လည်း ရှိတယ် ။
ကျူရှင် တက်ကြမယ့် ကျောင်းသူလေး တွေ က ခွေးမကြီး ကို ကြည့်ပြီး ကြောက်လန့် သွားကြတယ် ။ သူတို့ ခြေလှမ်း တွေ တောင် ပျက်လို့ ။
ဆွမ်းခံ ကြွတဲ့ ဦးဇင်း က တော့ မမြဲတဲ့ အနိစ္စ ကို မြင်တယ် ။ ခွေးမကြီး ကောင်းရာမွန်ရာ ရောက် ဖို့ မေတ္တာ ပို့တယ် ။
တံမြက်စည်း လှည်း တဲ့ အမျိုးသမီး က တစ်လမ်းလုံး ရှိတဲ့ အမှိုက်တွေ စုလှည်း လာပြီး မှ ခွေးမကြီး အနား ရောက်တော့ ကွင်းပြီး လှည်း သွားတယ် ။ ဈေးသွား ဈေးပြန် တွေ လည်း စုတ် သပ် သူ သပ် ၊ ခွေးမကြီး ကို ကြည့်ပြီး အတိတ် ကောက် သူ ကောက်ပေါ့ ။
ပွဲကတော် က တော့ ဆန်ဆေး နေတဲ့ မိန်းမ ကို ခွေးမကြီးအတွက် တစ်ဆုပ် လောက် ပို ထည့်ဖို့ သတိ ပေး နေတယ် ။ ခွေးမကြီး ကားတိုက် ခံရတာ ပွဲကတော် မသိရှာဘူး ။
မျက်မှန်ပြင် ဆရာ အိမ် က ကြေးစည်သံ တဝေဝေ နဲ့ ဝေနေယျ သတ္တဝါ အပေါင်း ကို မေတ္တာပို့ အမျှဝေ နေတယ် ။ ခွေးမကြီး ရဲ့ ဒဏ်ရာ က အတော် ပြင်းတာ ကလား ။ ဒီ ဝေဒနာကြီး ကို ဆက် မခံချင်တော့ဘူး ။ ခွေးမကြီး သေလို့ ရရင် သေလိုက်ချင်တယ် ။ သူ သေသွားရင် တော့ နောက်ဆုံး ပေါက် ထားတဲ့ ခွေးကလေးတွေ ဘယ်သူ စောင့်ရှောက်ပါ့မလဲ ။ အငယ်ဆုံး အကောင် က နို့ပြတ်သေးတာ မဟုတ်ဘူး ။ အမေ့ အလစ် မှာ နို့ ခိုးခိုးစို့ တဲ့ အကောင် ။ တွေး နေရင်း နဲ့ နို့တွေ သက်လို့ နို့အုံ တင်းလာတယ် ။ မကြာခင် မှာ အမှိုက် ကား လာတယ် ။
အမှိုက်ကား ရှေ့က ခေါင်းလောင်း ထိုးတဲ့ သူ က ခွေးမကြီး ကို စမြင် တယ် ။ အိမ်တွေ တိုက်တွေ ကနေ အမှိုက်တောင်း အမှိုက်အိတ် တွေ ထွက် သွန် ခဲ့ကြတယ် ။ အမှိုက်ကား ပေါ် က လူတွေ က သွန်သမျှ အမှိုက် ကို စက္ကူ သပ်သပ် ၊ ချပ် သပ်သပ် ၊ ပလတ်စတစ် သပ်သပ် ကျွမ်းကျွမ်းကျင်ကျင် မြန်မြန်ဆန်ဆန် ခွဲခြား နေကြတယ် ။
အောက် က နေ လှမ်း တင် လိုက်တာ ချပ်သေတ္တာ လည်း မဟုတ် ၊ စက္ကူ တွေ လည်း မဟုတ် ၊ ခွေးမကြီး တစ်ကောင် မလှုပ်မယှက်ကြီး ပါလား ။
အမှိုက်ကား ပေါ် က လူငယ်လေး က ခွေးမကြီး ကို အမှိုက်တွေ ရဲ့ တစ်နေရာ ကို ဆွဲယူ နေရာ ချထားလိုက်တယ် ။ ပူပူနွေးနွေးကြီး ပါလား ။ သူ လှမ်းဆွဲ လိုက်တာ နဲ့ သူ့ မျက်နှာ က ပြုံးရိပ်သန်းတာ နဲ့ ပြိုင်တူပဲ ။ တံတွေး မျိုလို့ လှုပ်သွားတဲ့ စလုတ်ကြီး ကို ဘယ်သူ မှ မမြင်လိုက်ဘူး ။ သူ့ အပြုံး ကို သူ ပဲ အဓိပ္ပာယ် ဖော်နိုင်လိမ့်မယ် ။
⎕ ညီပုလေး
📖 အဆန်းနော် လိုရာကွန့်နိုင်တဲ့
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment