Wednesday, August 7, 2024

အကယ်ဒမီ မြင့်မြင့်ခင်


 ❝ အကယ်ဒမီ မြင့်မြင့်ခင် ❞ 


မင်္ဂလာပါခင်ဗျာ ။ ဒီနေ့ ကျွန်တော်တို့. Kamayut Media အဖွဲ့ နဲ့ “ လိပ်ပြာကူး ထူးခြားသူများ ” ဆိုတဲ့ အစီအစဉ် ကို တင်ဆက် နေတာ ဖြစ်ပါတယ် ။


▢ မင်္ဂလာပါ အန်တီဘေဘီ ။


❥ မင်္ဂလာပါ ကိုဝင်းငြိမ်း ။


▢ အန်တီဘေဘီ ကျွန်တော် ပထမဦးဆုံး သိချင်တာ ပေါ့နော် ကျွန်တော်တို့ အသက်အရွယ် တောင် မသိဘူးဆိုတော့ ဒီခေတ် ကလေး တွေ သိမှာ မဟုတ်တဲ့ အတွက် အန်တီဘေဘီ မှာ ရုပ်ရှင်မျိုးရိုး မရှိဘဲနဲ့ ဘယ်လိုကြောင့် ရုပ်ရှင်နယ် ထဲ ရောက်လာတာလဲ ။


❥ အဲဒါကတော့ နည်းနည်း မျိုးရိုးတော့ မရှိဘူးပေါ့ ။ မျိုးရိုး လည်း မရှိဘူး ၊ ဒါပေမဲ့ ဝါသနာလေး ကတော့ နည်းနည်းတော့ ပါတာပေါ့ ။ အဆက်အသွယ် လည်း မရှိဘူး ။ အဆက်အသွယ် မရှိဘဲ နဲ့ အန်တီဘေဘီ က အခု ခေတ် ပြောရရင်တော့ ပရဟိတ ပေါ့နော် ။ ပရဟိတ လုပ်တဲ့ အခါမှာ အဲဒီမှာ ဟိုတုန်းက Sein Kyun Amulet ဆိုတာ ရှိတယ် ။ အဲဒီမှာ အန်တီဘေဘီ တို့ အမြဲတမ်း လုပ်အား သွားသွား ပေးတယ် ။ လုပ်အား သွား သွားပေးတဲ့ အချိန် ကျတော့ အဲဒီမှာ သူတို့က Sein Kyun Amulet အတွက် ကို ရန်ပုံငွေ ရှာမယ် ဆိုပြီးတော့ ပြဇာတ် လုပ်မယ် ဆိုပြီးတော့ လုပ်တယ်ပေါ့ ။ အန်တီဘေဘီ က ရှင်းရှင်း ပြောရရင် အစွန်းအစလေး နည်းနည်း ရှိတယ်ပေါ့နော် ။ ရှိတော့ အဲဒီက နေပြီးတော့ သူတို့ က တခြား မင်းသား မင်းသမီးတွေ လည်း မခေါ် ဘူး ။ ဒီမှာ ပါဝင်ပြီး တော့ လုပ်အားပေးတဲ့ လူတွေ ကိုပဲ မင်းသား မင်းသမီး လုပ်ခိုင်းပြီးတော့ ပြဇာတ် တင်တာပေါ့ ။ “ အချစ်ကရုဏာ ” ဆိုတဲ့ ပြဇာတ် လုပ်တယ် ။ အဲဒီ အချိန် မှာ ပြဇာတ် က အပြင်က ဒါရိုက်တာ ကို ခေါ်ရတာ ပေါ့ ။ အပြင်က ဒါရိုက်တာ က ဘယ်သူလဲ ဆိုတော့ ဒါရိုက်တာ ဦးအေးမြင့် ၊ ကိုဝင်းငြိမ်း တို့ ကတော့ မှတ်မိမှာ မဟုတ်ဘူး ။ သူ က ပြဇာတ်ဒါရိုက်တာပေါ့ ၊ သူ့ ကို ခေါ်ပြီးတော့ ပြဇာတ် လုပ်ရတာပေါ့ ။ လုပ်တဲ့ အချိန် မှာ အဲဒီမှာ ပြဇာတ် က က,တဲ့အခါ ကျမှ ဦးအေးမြင့် က နည်းနည်း အန်တီဘေဘီ ရဲ့ သရုပ်ဆောင် တာတွေ ကို သဘောကျ သွားတယ်နဲ့ တူပါတယ် ။ သူ က ပြဇာတ်တွေ ဘာတွေ က,မလား ဘာညာနဲ့ မေးတာပေါ့လေ ။ အန်တီဘေဘီ နာမည် က အဲဒီတုန်း က မခင်ကြည် တဲ့ ။ မခင်ကြည် တဲ့ က,မလား ဆိုတော့ အန်တီဘေဘီ လည်း စမ်းကြည့် ချင်တာပေါ့လေ ။ အဲဒါက နေ စပြီးတော့ ပြဇာတ်က,ဖြစ်လိုက် တာပေါ့ ။


▢ ပြဇာတ်က,တာ ဘယ်မှာလဲ ခင်ဗျ ။ 


❥ “ ဇော် ” ရုံ မှာ ။


▢ “ ဇော် ” ရုံ ဆိုတာ တကယ့် ပရော်ဖက်ရှင်နယ်တွေ က,တဲ့နေတဲ့ ရုံပေါ့နော် ။


❥ ရေကျော် ကပေါ့ ၊ ရေကျော် မှာပေါ့ ။ မင်းသား သထုံသန်း ၊ မင်းသမီး က ရှယ်လီမြတ် ။


▢ ရှယ်လီမြတ် ကြားဖူးတယ် ။


❥ ကြားဖူးမှာပေါ့ ။ သူတို့ နဲ့ ဇာတ်ရုံလေး သဘောပေါ့ ။ အဲဒီကနေ စပြီးတော့ ဝါသနာ ပါသွားတာပေါ့ ။ အန်တီဘေဘီ က ငယ်ငယ်တုန်းက အန်တီဘေဘီ မိသားစု က အမေ က မုဆိုးမ ပေါ့ ။ မုဆိုးမ ဆိုတော့ သားသမီး ၅ ယောက် ရှိတယ် ။ ၅ ယောက် ရှိတဲ့ အခါ ကျတော့ အန်တီဘေဘီ က မိဘ ကို သိပ်ပြီးတော့ လုပ်ကိုင် ကျွေးချင်တဲ့ ဆန္ဒရှိတယ် ။ တစ်ဖက်တစ်လမ်း က နေပြီးတော့ ။ ဘယ်လို ပုံစံနဲ့ လုပ်ကျွေးရပါ့မလဲ ဆိုပြီးတော့ စဉ်းစားလိုက် တဲ့အခါ ကျတော့ ဒီလို လုပ်ရင် ဖြစ်မလား မသိဘူးပေါ့နော် စဉ်းစားလိုက်တဲ့ အခါ အဲဒီမှာ ဦးအေးမြင့် နဲ့ ဆက်သွယ်ပြီး ပြဇာတ် က,တယ် ။ ပြဇာတ် က, ရင်းနဲ့ နောက်မှ ရုပ်ရှင် ထဲ ကို ရောက်သွားတာ ။


▢ ပြဇာတ် ကနေ ရုပ်ရှင် ဘက် ကူးတော့ ဘယ်သူနဲ့ အဆက်အသွယ် ... ။


❥ ရုပ်ရှင် ကို ကူးသွားတဲ့ အခါ ကျပြန်တော့လည်း အန်တီဘေဘီ က ကျောင်း နေလို့လေ ။ အဲဒီတော့ ၆ ၊ ၇ တန်း ပေါ့ ။ အဲဒီမှာ ဗြိတိသျှဘားမား ကားကြီး က အဲဒီ ဂျပန်စပတ်လောင် ကို အမြဲ မင်းသား ကို လာလာ ကြိုတယ် ။ အရင်တုန်း က ရှုတင်ကား တွေ ဆိုရင် ရုပ်ရှင်ကားကြီး တွေ က ကုမ္ပဏီ က နေ ကြိုရတယ် ။ ကိုယ့် ကား နဲ့ ကိုယ် လာနိုင်တာ ဆိုတာ တော်တော် ရှားတာပေါ့ လေ အဲဒီခေတ် တုန်းက ။ အဲဒီမှာ ကား လာ ကြိုလို့ ရှိရင် အဲဒီ ကား ကို ထွက် ထွက်ကြည့် ကြတာပေါ့ ။ မုန့်စား လွှတ်ချိန် ဆိုရင် အဲဒီမှာ မင်းသားတွေ ၊ မင်းသမီးတွေ ပါတယ်ဆို ထွက်ထွက် ကြည့်ကြတာ ။ သူတို့ က လည်း လက်ပြ ၊ ကိုယ်တွေ က လည်း လက်ပြပေါ့ ။ နည်းနည်းလေး ရင်းနှီး သွားတော့ ၊ ခင်သွား တော့ မင်းသမီး လုပ်မလားပေါ့ ။ အန်တီဘေဘီ တို့ကို မင်းသမီး လုပ်မလား ဆို တော့ အန်တီဘေဘီ က စမ်းကြည့်ချင်တယ်ပေါ့ ။ သူငယ်ချင်း ကို ပြောတော့ သူငယ်ချင်း က သူ က အားပေးတဲ့ သူပေါ့ ။ အန်တီဘေဘီ က လုပ်မယ် ဆိုပြီး တော့ ရွေးချယ် လိုက်တာ ။ အိမ် က လုံးဝ မသိဘူး ။ အမေ က လုံးဝ မသိဘူး ။ အန်တီဘေဘီ အမေ က မုဆိုးမကြီး ။ အသက် က ငယ်ငယ်ပဲ ရှိသေးတာ ဆို တော့ ။ လုပ်မယ်ဆို ၊ နေဦး ငါတို့ ကုမ္ပဏီကို ပြော ကြည့်ဦးမယ် ဆိုလည်း ဆို ရော ။ အဲဒါလည်း လာ လည်း ခေါ်တော့ အန်တီဘေဘီ က ယူနီဖောင်း ကျူးနစ်ကလေး နဲ့ပဲ ။ ဟိုကျ ရောက် ဖလင်တက်စ်  ဆီမှာ ရှိသေးတယ် ။ အန်တီ က မင်းသမီး တင်တင်မူ ကို သိပ်ကြိုက်တာ ။ တင်တင်မူ က နေပြီးတော့ စီနီယာ ဖြစ်တာပေါ့ ။ လာ ခေါ်မယ်တဲ့ ၊ နင် မုန့်စားလွှတ်ချိန် ကျရင် နင်တို့ လစ်လာကြတဲ့ ။ ဆိုတော့ အန်တီတို့ က သူငယ်ချင်း နဲ့ ဘရိတ် နားတဲ့ အချိန် လစ်သွားကြတာ ။ ဟိုလည်း ရောက်ရော တင်တင်မူ့ အင်္ကျီ ၊ ဟိုတုန်းက ကုမ္ပဏီ မှာ ထားတာလေ အဝတ် အစားတွေ ၊ ကုမ္ပဏီ က ချုပ်ပေးတာ အကုန်လုံး ။ ဆိုတော့ တင်တင်မူ အင်္ကျီ တွေ ဘာတွေ Fit ပဲ တစ်ခါတည်းပဲ ။ တစ်ခါတည်း အခုခေတ် မော်ဒယ်လ် ပဲ ။ မော်ဒယ်လ် လို လမ်းတွေ ဘာတွေ လျှောက် ။ နောက်တော့ ဦးအောင်ကြီး က လည်း ကားရိုက်တော့မယ် ဆိုတော့ မင်းသား ရဲ့ ညီမလေး အခန်း ကနေ ထည့် ပေးမယ် ဆိုပြီးတော့ ခေါ်တာ ။


❥ တော်တော်လေး ကို အဲဒါ ကျောင်း ကနေ လစ်လစ်ပြီး ရိုက် နေတာ အိမ် က အမေ က လုံးဝ မသိဘူး ။ လုံးဝ မသိတဲ့ အခါကျတော့ ကြော်ငြာ ထွက် လာ ၊ အဲဒါလည်း မြင့်မြင့်ခင် ဆိုတာ ဒါရိုက်တာ ဦးအေးမြင့် က ပေး လိုက်တာ မြင့်မြင့်ခင် ဆိုတာ ။ အန်တီဘေဘီ က မခင်ကြည် ၊ သူ က ဦးအေးမြင့် ဆိုပြီး တော့ သူ က မြင့်မြင့်ခင် ဆိုပြီးတော့ ပေးလိုက်တာ ။ ကြော်ငြာ ထွက်လာ တော့ အန်တီဘေ့ အမေ က ကြည့်နေတာ ။ ဟဲ့ မိဘေဘီ နင် နဲ့ တူလိုက် တာ ။ ညာ နေသေးတာပဲ ၊ ညာ နေသေးတာ ။ အဲလိုပဲ ညာ နေရင်း နဲ့ နောက်ဆုံး မရတော့ဘူး ။ မရတော့တဲ့ အချိန်ကျတော့မှ အဘိုးကြီး က သိသွားတာပေါ့ ။ ဦးညွန့်ကြီး က သိသွားတော့ အဲဒါ အမေ က လည်း သိတော့ ငိုတာပေါ့ ။ မုဆိုးမ ဆိုတာ ၊ နောက် သားသမီး လည်းဖြစ်တယ် ၊ နောက်ပြီးတော့ ဒီလောက မှာ ဒီလိုပေါ့နော် အနုပညာသမားတွေ ကို ဟိုတုန်းက အထင် မကြီးကြ ဘူး ၊ ကြားဖူးမှာပါ ။ ဖက်ခွက်စား ဘာညာ ဆိုပြီးတော့ ။ အစ်ကိုအကြီး ကဆို ရှက်လို့ ဆိုပြီးတော့ စစ်ထဲ ဝင်သွားတာ ။ တော်တော် ရှည်တယ် ပြောရရင်တော့ ရှက်လို့ဆို ပြီးတော့ ။ သူငယ်ချင်းတွေ က မင်း ညီမက ဘာပဲညာပဲ ဆိုပြီးတော့ ရှက်ပြီးတော့ သူ ကလည်း ၁၉ နှစ်သား လောက်ပဲ ရှိဦးမှာကိုး ။ ကိုယ် ၁၄ , ၁၅ နှစ် ဆိုတော့ ။ အဲဒီမှာ ဦးမျိုး က ခင်ဗျားတို့ ဘယ်လိုမှ စိတ်ထဲ မအောက်မေ့ ပါနဲ့ ။ ကျွန်တော်တို့ ဒါကြီး ကလည်း ရိုက်လက်စ ဖြစ်နေပြီ ။ ဖြစ်နေတဲ့ အတွက် ဒါကို ဆက်ရိုက်မယ် ၊ ကလေး ကို လည်း မေးကြည့်ပါ ။ အန်တီဘေဘီ က လည်း လေ လုံးဝ ကျောင်း မနေချင်တော့ဘူး သိလား ။ ဒီက ပိုက်ဆံ ရရင် အမေ ကို ပေးမယ် ဆိုတဲ့ စိတ်က ၊ အမေ ကို တစ်ဖက် တစ်လမ်းက ၊ အမေဒုက္ခ ရောက်တော့ တစ်ဖက် တစ်လမ်း က ကူညီချင်တယ် ဆိုပြီးတော့ အန်တီ က အဲဒီလို လုပ်လိုက်တာ ။ လုပ်လိုက်တဲ့ အခါကျတော့ အဘိုးကြီး က သမီး ကျောင်းဆက် နေချင်ရင်နေ ၊ ဇာတ်လမ်း ကြုံတဲ့အခါ ထည့်ရိုက်မယ် ။ မဟုတ် ဘူး ၊ ရိုက်မယ်ပဲ ။ ရိုက်မယ် ဆိုပြီးတော့ ပထမဆုံး အန်တီဘေဘီ တို့ကို ပေးတာ ၅ဝဝ ပဲ ။


▢ အဲဒီတုန်းက ၅ဝဝ က နည်းတာမှ မဟုတ်ဘဲ ။ အဲဒါ ဘယ်နှခုနှစ် လောက်ကလဲ ။


❥  ဒီ ၅ဝဝ ကို ဘာတွေ လုပ်ရမှန်း ကို မသိတော့ဘူး ။ အမေ့ ကို တစ်ခါတည်း အမေ က လည်း ဝမ်းသာ ဝမ်းနည်းကြီးပေါ့နော် အဲလို ဖြစ်တာ ။ အဲတော့ အမေ့ ကို အဲလိုပဲ လုပ်ကျွေးချင်တာ ။ ဟိုတုန်းကဆိုရင် ၇ တန်း အောင်လို့ ရှိရင် စာရေးမတွေ ဘာတွေ လုပ်လို့ရတယ် ။ အသက် က တော့ ငယ်ပေမဲ့ ၊ ဒါပေမဲ့ ၇ တန်း မအောင်ဘူးလေ ။ ၆ တန်း နဲ့ ၇ တန်း ကြားမှာ ဖြစ်သွားတာ ဆိုတော့ ။


▢ အန်တီဘေဘီ အဲဒါ ရိုက်တာ အသံတိတ်လား ။ 


❥ အသံတိတ်ပေါ့ ။


▢ ဘာကားလဲ မသိဘူး ။


❥ မာယာရှင် ။ ဒါရိုက်တာ ဦးအောင်ကြီး ။ ပထမဆုံး ဆက်သွယ်ပေး တာကတော့ ကိုကျော်ဖေ ပေါ့ ။ အန်တီဘေဘီ နဲ့ တွဲတဲ့ မင်းသား က ရဲမြင့် ။ ကိုကျော်ဖေ နဲ့ တွဲတာက ခင်ခင်တင့် ။


▢ ဒါ ပထမဆုံးကား ဖြစ်သွားတာပေါ့ ။ အန်တီဘေဘီ အဲဒီမှာ အသက် ဘယ်လောက် လောက်ရှိပြီလဲ ။


❥ ၁၅ နှစ် ပဲ ရှိသေးတယ် ။


▢ ၁၅ နှစ် နဲ့ ရုပ်ရှင်မင်းသမီး ဖြစ်သွားတာပေါ့ ။


❥ ၁၅ နှစ် နဲ့ မင်းသမီး ဖြစ်ပြီးတော့ အိုက်တင် လည်း မလုပ်တတ်ဘူး ။ မလုပ်တတ်ဘူး ဆိုတာက သဘောမပေါက်တတ်ဘူးပေါ့နော် ။ ဒါရိုက်တာ ပြရင် ပြသလောက်ပဲ လုပ်တတ်တယ် ၊ ပို မလုပ်တတ်ဘူးပေါ့ ။ 


▢ ကိုယ့်ဟာ ကိုယ် မထည့်တတ်သေးဘူးပေါ့ ။


❥ မထည့်တတ်ဘူး ၊ ငိုဆို ငိုလိုက်တာပဲ ။ ပရုပ်ဆီလေး ထည့်ပြီး ဒီလို ထည့် ငိုဆို အဲလို ငိုလိုက်တာပဲ ။ မှန်တွေကို ထိုး မှန်တွေကို မျက်စိ ကို တည့်တည့် ထိုး ။ အဲဒီက မျက်ရည်တွေ ကျတော့ အဲလိုဟာမျိုးတွေ ။ ဒါ တဖြည်းဖြည်း နဲ့ တော့ အလုပ် ကနေ သင်သွားတာပေါ့လေ အဲလိုဖြစ်အောင် ။ အမှန်ကတော့ အမေ ကို အရမ်း ကူညီချင်စိတ် ၊ လုပ်ကျွေးချင်တဲ့စိတ် ။ အဲဒါကြောင့်လည်း အခုအချိန်ထိ အန်တီဘေဘီ အောင်မြင်နေတယ်လို့ ထင်တာပဲပေါ့နော် ။ အမေ ကို လုပ်ကျွေးတဲ့ ကျေးဇူးကြောင့်ပေါ့နော် ။ အမေ က အသက် တော်တော် ငယ်တာ မုဆိုးမ ဖြစ်တော့ အဲဒါကြောင့် ။


❥ ရွှေပြည်စိုး ရုပ်ရှင် ကလားမသိဘူး ၊ တော်တော်လည်း ကြာပြီဆို တော့ ရွှေမန်း ဦးထွန်းတင့် ပေါ့ ၊ မင်းသား ကာယဗလမောင် ၊ ကိုဇေယျကြီး ရှေ့ထက် သူ က စောတယ် ။ ကိုဇေယျကြီး က နောက်ကျတယ် ။ အဲဒါက အနိုင်မခံသူ ဆိုတဲ့ကား ။ အနိုင်မခံသူ ရိုက်ဖူးတယ် ၊ နောက်ပြီးတော့ တောပုန်းကြီး စံဖဲတို့ ဘာတို့ ဆိုလည်း .. ။


▢ အားလုံး ဘယ်နှကား လောက် ရိုက်ခဲ့လဲ အသံတိတ် ။ 


❥ အန်တီဘေဘီ အသံတိတ်က ပျဉ်းမျှခြင်း ဆိုလို့ရှိရင် ၄ , ၅ , ၁ဝ ကား လောက်တော့ ရိုက်ဖြစ်မယ် နဲ့တူတယ် ။ စပ်ကူးပေါ့ ၊ အသံထွက် နဲ့ အသံတိတ် ။ အန်တီဘေဘီ တို့က အသံထုတ်သွင်း နဲ့လည်း ရိုက်ဖူးတယ် ။ အသံထုတ်သွင်း က ကိုကျော်ဆွေ နဲ့ ပထမဦးဆုံး သက်ပြင်း နဲ့ စံရှား ဆိုတာ ။


▢ “ သက်ပြင်း နဲ့ စံရှား ”  ကျွန်တော်တို့ ကြားဖူးတယ် ။


❥ ကြားဖူးလား ။ ဒါရိုက်တာ တက္ကသိုလ်ဝင်းဖေ ၊ ကိုဝင်းဖေ မဟုတ် ဘူး ။ တက္ကသိုလ်ဝင်းဖေ က အသားမည်းမည်းနဲ့ ပုပု ။ 


▢ ပြည်တန်တဲ့ ကျည်ဆန် ။


❥ ဟုတ်တယ် ၊ ဟုတ်တယ် ပြည်တန်တဲ့ကျည်ဆန် ရိုက်တဲ့ ဒါရိုက်တာ ။ အဲဒါ အသံစုံသွင်း ။ အဲဒါ ကိုကျော်ဆွေ နှစ်ကိုယ်ခွဲ ။ 


▢ အဲဒီခေတ် မှာကို နှစ်ကိုယ်ခွဲတွေ ရိုက်ပြီနော် ။ 


❥ ဟုတ်တယ် ၊ နှစ်ကိုယ်ခွဲ ရိုက်ပြီ ။


▢ အဲဒီ အသံစုံသွင်းခေတ် ရောက်ပြီးတဲ့ နောက်မှာ အသံထွက် က ဘယ်အချိန်မှာ ပြောင်း သွားတာလဲ ။


❥ အသံထွက် က အန်တီဘေဘီ ပထမဆုံး ရိုက်တာ က မြဲတဲ့သစ္စာ ။ 


▢ “ မြဲတဲ့သစ္စာ ” ကျွန်တော် ကြည့်ဖူးတယ် ။ လင်ဖုံးမို သီချင်း ဆိုတာ ။ အန်တီဘေဘီ နဲ့ ဒေါ်မေသစ် နဲ့ ၊ ဇေယျ နဲ့ အေးကြူ နဲ့ ။ သူတို့ က ညီအစ်ကို နှစ်ယောက် ၊ ဒီက ညီအစ်မ နှစ်ယောက် ။ တောက မိန်းကလေးတွေ ။ အန်တီဘေဘီ က ယောက်ျားလေး လို ဝတ်ပြီးတော့ ဒေါ်မေသ စ်က မိန်းကလေးဝတ်တာ အဲဒီကား ကျတော့ ။ 


❥ အဲဒါ ကြည့်ဖူး လိုက်တယ်ပေါ့ ။


▢ အဲဒါ ကြည့်ဖူးတယ် ၊ မှတ်မိတယ် ကျွန်တော် ။ အဲဒီ ကားကို လုံးဝ မှတ်မိတယ် ။ ကျွန်တော် “ ချစ်ညီမ ” ကို ကောင်းကောင်း မမှတ်မိ ဘူး ။ ကျွန်တော် ငယ် လည်း ငယ်သေးတယ် ။ “ ချစ်ညီမ ” ကို သိပ်မမှတ် မိဘူး ။


❥ ချစ်ညီမ က အခု ရှိမယ် ဆိုရင် ၂၈ နှစ် ၊ ချစ်ညီမ ရိုက်တော့ ၂၂ နှစ် ပဲ ရှိသေးတာကို ။


▢ ကျွန်တော် မှတ်မိတဲ့ ကား ဆိုရင် “ ဖြေလျှော့ခွေ ”  ။ 


❥ ဖြေလျှော့ခွေ က ချစ်ညီမ နဲ့ သိပ်မကွာဘူး ။


▢ ဒါပေမဲ့ “ ဖြေလျှော့ခွေ ” ကို ကျွန်တော် မှတ်မိတယ် ။ ဘာကို မှတ်မိလဲ ဆိုတော့ အန်တီဘေဘီ “ ဧရာဝတီ ” သီချင်း ဆိုတာ ။ 


❥ “ မြစ်ကြီးဧရာဝတီ ”  သင်္ဘောပေါ်မှာ ။


▢ “ မြစ်ကြီးဧရာဝတီ ” ကို တကယ် ဧရာဝတီ ထဲ မှာ သွား ရိုက်ထားတာလား သို့တည်းမဟုတ် စတူဒီယိုက ကန်မှာ ရိုက်တာလား ။ 


❥ စတူဒီယို က ကန်မှာ ရိုက်တာ ။


▢ ဒါပေမဲ့လို့ တကယ့်ကို ဧရာဝတီမြစ် ထဲ မှာ ရိုက်သလိုပုံစံ ။ 


❥ တကယ့်ကို ရိုက်ထားသလို ပုံစံဖြစ်တယ် ။


▢ လ ကလည်း သာနေတယ် ။


❥ ဒါက ကင်မရာမင်း ဝှိုက်ကြည့်တော်တာပေါ့ ။


 ❥ အန်တီဘေဘီ တို့က သင်္ဘောဦးပိုင်းလေး လုပ်ထားတယ်ပေါ့ ။ သင်္ဘောဦးပိုင်းလေးပဲ လုပ်ထားပြီးတော့ တန်းကလေးနဲ့ ၊ အဲဒီတန်းလေး မှာ မှီပြီးတော့ အဲဒီအောက်က ရေကန်လေး လုပ်ထားတယ် ။ အဲဒီ ရေကန်လေးက နေ မီးထိုး ပြီးတော့ လှိုင်းလေးတွေ ၊ နောက်ပြီးတော့ မျက်နှာလေး ကို တစ်လှည့် စီရိုက်တယ် ။ အဲဒီမှာ ဧရာဝတီ ဆိုပြီး ။


▢ အဲဒီသီချင်းက ရုပ်ရှင် ထဲမှာတင် မဟုတ်ဘူး အပြင် မှာလည်း ပေါက်တယ် ။


❥ ဒါပေမဲ့ ပြန်ဆိုတဲ့ လူ က နည်းတယ် ။ သိပ်မဆိုဘူး ။ 


▢ အန်တီဘေဘီ ဆိုခဲ့တာပဲ ရှိတယ် ။


❥ ဟုတ်တယ် ။


▢ မန္တလေးရုပ်ရှင် က “ ဤလူ့ဘောင်တွင် ”  ။ “ ဤလူ့ဘောင်တွင် ” လည်း အရမ်းကောင်းတဲ့ ကား ။ ဇာတ်လည်း ကောင်းတယ် ၊ အန်တီဘေဘီ တို့ သရုပ်ဆောင်ချက်တွေလည်း ကောင်းတယ် ။ 


❥ နောက်ပြီးတော့ စင်နီမာစကုတ်လေ ။


▢ စင်နီမာစကုတ် ဟုတ်တယ် ။ မန္တလေးရုပ်ရှင် က ရိုက်ပြီ ဆို စင်နီမာစကုတ် ကို ရိုက်တယ် ။ ဦးမောင်မောင်တာ နဲ့ ... ။


❥ အဲဒီတော့ မန္တလေးရုပ်ရှင် က လူတွေ က လည်း အရမ်း သိပ်ပြီး အားတက် နေတဲ့ အချိန်လေ ။ သူတို့တွေ ကလည်း ရှယ်ယာဝင် လူတွေ ခေါ်ပြီး တော့ တကယ့်သူဌေးတွေ ဦးသန့် တို့ ၊ ဦးအေးမောင် ၊ ကိုကျော်ဝင်း တို့ ၊ ကိုကျော်မင်းတို့ ။


▢ အဲဒီထဲကပဲ ကျွန်တော် မှတ်မိတာ သီချင်း ရှိသေးတယ် “ စန္ဒာ ” ။ 


❥ “ စန္ဒာ ” ၊ အဲဒီ သီချင်းလည်း ပြန် သိပ်မဆိုကြဘူး ။


▢ ဟုတ်တယ် သိပ် မဆိုကြဘူး ။ “ စန္ဒာ ”  ကျွန်တော် မှတ်မိတယ် ။ အဲဒီဟာကလည်း လသာနေတဲ့ အချိန်ပဲ ။ တံတားလေး တစ်ခုပေါ်မှာ ။ 


❥ အဲဒါလည်း စတူဒီယိုမှာပဲ တံတားလေးနဲ့ ခုံးလေးနဲ့ ။ မန္တလေး ရုပ်ရှင် သူတို့ ခြံထဲမှာ သူတို့ လုပ်ထားတာ ။ သူတို့က တစ်ခါတည်း ခြံခွင်ကြီး ကို ဝယ်ပြီးတော့ စတူဒီယို ဆောက် ဖြစ်လိုက်တာပေါ့ ။


▢ နှင်းဆီခြံဘက် မှာ ဆိုတော့ ခြံကျယ်ကြီး ဝယ်ထားလိုက်တာကို ။ 


❥ မန္တလေးရုပ်ရှင်ရယ် ၊ ရွှေမန်းရုပ်ရှင် နှင်းဆီခြံ ဘက်မှာ သူတို့ စတူဒီယိုတွေ နဲ့ လုပ်ကြတာ ။


▢ နောက် အဲဒီမှာပဲ နာမည်ကြီး တာ ရှိသေးတယ်လေ ။ “ ရွှေမန်းဆီသို့ ”  ။


❥ အဲဒါက Title ပေါ့ ။


▢ “ ရွှေမန်းဆီသို့ ” က ကားထဲမှာ အန်တီဘေဘီ ဆိုတာလား ၊ မစိမ်းစိမ်း ဆိုတာလား ။


❥ အန်တီဘေဘီ ဆိုတာ ။


▢ နောက် ဓာတ်ပြား သွင်းတော့ ... ။ 


❥ အဲဒါက မစိမ်းစိမ်း သွင်းတာ ။


▢ အန်တီဘေဘီ က အဲဒီလို မျိုးပေါ့ ၊ ကားထဲ မှာ ဆိုပြီးတော့ အပြင် မှာ ဓာတ်ပြားသွင်းတော့ သူများ သွင်း သွားတာတွေရှိတယ် ။ ဥပမာ ဒေါ်မာမာအေး နာမည်ကြီး တဲ့ “ ချစ်သူ့နယ်မြေ ” ။ “ ချစ်သူ့နယ်မြေ ” က အန်တီဘေဘီ စ,ဆိုခဲ့တာ “ ရေစီးတစ်ခါ ရေသာတစ်လှည့် ” ။ “ ရေစီး တစ်ခါ ရေသာတစ်လှည့် ” က ဦးထွန်းဝေ နဲ့ ကျွန်တော် မှတ်မိတယ် ။ 


❥ ဟုတ်တယ် ။


▢ အဲဒီ ကားမှာ ဆိုခဲ့တာမလား ။


❥ ဟုတ်တယ် ။ နောက်ပြီးတော့ အန်တီဘေဘီ ဆိုခဲ့တဲ့ သက်လည် ဇာတ်ကား ထဲက ချစ်စိတ်ရည် ။


▢ “ ချစ်စိတ်ရည် ” က နောက်ကျတော့ ဒေါ်ကြည်ကြည်ဌေး နဲ့ သီချင်း သွင်းဖြစ်သွားတယ် ။


❥ ဟုတ်တယ် ။ အဲဒီတုန်းက အန်တီဘေဘီ က ရှင်းရှင်း ပြောရရင် ကိုခင်မောင် က အန်တီဘေဘီ ကို အဆို နုသေးတယ်ပေါ့ ။ အဆို နုသေးတယ် ဆိုတော့ ဓာတ်ပြားကော်မရှင် ကို ကျတော့ အန်တီ မှာ မရှိဘူးလေ ။ ရုပ်ရှင် ကားအနေနဲ့ပဲ သုံးထားတာ ။ ရုပ်ရှင်ကား ထဲကျတော့ အိုက်တင် လည်း လုပ်ရတယ် ၊ သီချင်း လည်း ဆိုရတယ်ဆိုတော့ ဒါဖီလင်တစ်မျိုး နဲ့ ဆိုရတာ ဆိုတော့ ရတယ် ။ ဟိုကော်မရှင် ကိုကျတော့ တကယ့် အပီ ဆိုရတော့မှာ လေ ။ အဲဒီမှာ အန်တီ ချစ်စိတ်ရည် မဆိုရဘူး ။ နောက်ပြီးတော့ ရွှေမန်း ဆီသို့ လည်း ဒီလိုပဲ ။ ရွှေမန်းဆီသို့ ကျတော့ အန်တီ က စာချုပ်တော့ မရှိ ဘူး ။ ဒါပေမဲ့ ဦးဘသိန်းကြီး က သူ့ တပည့် ဖြစ်လိမ့်မယ်ပေါ့နော် ။ တပည့်ဖြစ် တော့ ဓာတ်ပြား သွင်းတော့ မစိမ်းစိမ်း ကို ခေါ်သွင်းတယ် ။ အမှန်က အန်တီ သီချင်း က Title Soung , Opening ဟုတ်တယ်မလား ။


▢ ဘုရားတက်လာပြီးတော့ ဆင်းလာပြီးတော့ အန်တီဘေဘီ ဆွဲခြင်းကြီး နဲ့ လေ ။ ကိုမောင်မောင်တာ က ကားမောင်းထွက်တော့ ရွှံ့တွေ စင်လို့ ပါးရိုက်တာ ကျွန်တော် မှတ်မိတယ် ။ အဲဒါကလည်း နှစ်ပုဒ်စလုံး ပေါက်တဲ့ သီချင်း ။ “ ရွှေမန်းဆီသို့ ” ၊ “ စန္ဒာ ”  ။


❥ အဲဒါကလည်း ရှင်းရှင်းပြောရရင် နှစ်ပုဒ်လုံး ပေါက်တဲ့သီချင်း ။ ဦးဘသိန်း ရေးတာပဲ ။


▢ ကောင်းတယ် ။ အဲဒီ သီချင်းလေး က လည်း ကောင်းတယ် ။ ဒါပေ မဲ့ အခု ပြန်ဆိုသူ တအား နည်းသွားပြီပေါ့ ။


❥ နည်းတယ် ၊ မဆိုဖြစ်ဘူး ။ အန်တီဘေဘီ့ သမီး ကိုယ်တိုင် တောင် အဲဒီ သီချင်းကို မဆိုဖြစ်ဘူး ။


▢ အဲဒီ ကားတွေ အပြင် ကျွန်တော် နောက်ပိုင်း မှတ်မိတာကတော့ “ မှတစ်ပါး အခြားမရှိ ” အန်တီဘေဘီ အကယ်ဒမီ ရတဲ့ကား ။ အဲဒီကား ဆိုရင်လည်း အန်တီဘေဘီ သရုပ်ဆောင်သွားတာ ဆရာမ မိုးမိုး ရဲ့ ဝတ္ထုကို ရိုက်တာ ။ ကိုစိမ်းအောင် အကယ်ဒမီရတယ် ၊ အန်တီဘေဘီ လည်း ရတယ် ။ သူက တကယ်တမ်းကျ ကိုစိမ်းအောင် က ဒါရိုက်တာ နော် ။ ဒါရိုက်တာပေမဲ့ ဒီကား မှာ Actor ဝင် လုပ်လိုက်တယ် ။


❥ သူ့ကို အဲဒီမှာ ဆိုးပေ တို့ ၊ မောင်မဲ တို့က ခေါ်ထည့် ရိုက်လိုက်တာ ။ သူ့ ပုံကြီး ကို ကြည့်ပြီးတော့ သဘောကျပြီး သူ အဲဒီမှာ Actor ဖြစ်သွားတာ ။


▢ အဲဒီမှာ အန်တီဘေဘီရော ကိုစိမ်းအောင် ရော အကယ်ဒမီ ရကြတယ် ။


❥ ဟုတ်တယ် ။


▢ အဲဒီလို ကားမျိုးတွေ ပေါ့နော် ။ ဝတ္ထု ဖတ်တဲ့လူ နည်းသွားတာ လား ဘာလားတော့ မသိဘူး ။ အဲဒီလို ကားမျိုးတွေ မထွက်တော့ဘူး ။


❥ ဟုတ်တယ် ။ ဝတ္ထုတွေ က ထွက်မှ မလာတော့ဘဲ ။ ဝတ္ထုတွေ က လည်း အခု ပေါ်ပင်လို ဟာမျိုးတွေပဲ ထွက်လာတာလေ ။ လူတွေက ဖတ်အား လျော့သွားတဲ့ အခါကျတော့ အန်တီဘေဘီ တို့ ဟိုတုန်းက ဆို မွှေး တို့ ဘာတို့ တအား ကောင်းတာ ။


▢ “ မွှေး ” ဆိုလို့ “ မွှေး ” အကြောင်း ကျွန်တော် ပြောဦးမယ် ။ “ မွှေး ” ကို အန်တီဘေဘီ တို့ မဒရပ် မှာ သွား ရိုက်တာနော် ။ ဒေါ်ခင်နှင်းယု ဝတ္ထု ။ မဒရပ် မှာ ၊ ဟိုတုန်းက မြန်မာပြည် မှာ တီဘီရောဂါကို ကုနိုင်တဲ့ နေရာ မရှိသေးဘူး ။ ဟိုတုန်းက တီဘီ ဖြစ်ပြီ ဆိုလို့ရှိရင် မဒရပ် မှာ သွားကုရတယ် ။ အဲဒီတော့ ဒေါ်ခင်နှင်းယု က သူ့ ဇာတ်ကောင် “ မွှေး ” ကို လည်း မဒရပ် ကို ပို့လိုက်တယ် ။ မဒရပ် ကို ပို့လိုက်တော့ အန်တီဘေဘီ တို့ မဒရပ် သွားရိုက်ရတယ် ။ သွားရိုက်တဲ့ အခါ အန်တီဘေဘီ တို့ ဒုက္ခ ရောက်တယ်လို့ ပြောတယ် ။


❥ ဟိုမှာ အကုန်လုံး ပြန် ငှားရတာလေ ။ အကုန်လုံး စက်အဖွဲ့တွေ ရော ဘာတွေရော မဒရပ်မှာ ငှားရတယ် ။ ငှားတဲ့ အခါကျတော့ သူတို့တွေက အန်တီဘေဘီတို့ ဒီမှာ သုံးတဲ့ ဖလင်တွေ ဘာတွေ မသုံးဘူး ။ သူတို့ ဖလင် နဲ့ ၊ သူတို့ ကင်မရာ နဲ့ သူတို့ ဆိုတော့ ကြားထဲမှာ ကိုညွန့် က တော်တော်လေး ကို စေ့စပ်ရတာပေါ့ ။ လာပြီးတော့ မှ လည်း မပြန်ချင်ကြတော့ဘူးလေ ။ အဲဒီလို ဟာမျိုးလေး တွေ တော့ ရှိတယ် ။ နောက်ပြီးတော့ တချို့ နေရာတွေ ကျတော့ လျှောက်ရတယ်လေ ။ အခု အန်တီဘေဘီ တို့လို မြို့တော်ခန်းမ တို့ ရိုက်မယ် ဘာညာ နဲ့ ဆိုရင် ကြိုပြီးတော့ လျှောက် ရတယ် ။ အန်တီဘေဘီ တို့လို အဲဒါ တွေ မရှိဘူး ။ မရှိတဲ့ အခါကျတော့ ခိုး ရိုက်ရတာပေါ့ ။ ခိုး ရိုက်တော့ ဒီကင်မရာ ခရူတွေ နဲ့ နည်းနည်း ညှိရတာပေါ့ သူတို့တွေကို ။ အန်တီဘေဘီ တို့ ကလည်း သူတို့ မသိအောင် သူတို့ က ကင်မရာ နဲ့ ကားထဲ က နေ နေပေါ့ ။ မိတာ နဲ့ ပြဿနာ ဖြစ်မှာလေ အဲလိုပေါ့ ။ မဒရပ် လို နေရာမျိုး လာတယ်ဆို သူတို့ ဆီက အထင်ကရ နေရာတွေကို လည်း ထည့် ပြမှလည်း ဖြစ်မှာလေ ။ အဲဒါလေးတွေ ကသီတယ် ။ သွားနေတဲ့ အချိန်မှာ တစ်ခါ ဘာဖြစ်လို့လဲ မသိဘူး သူတို့ ရုံးပိတ် ရက် နဲ့လည်း ဆုံတဲ့အခါကျတော့ တော်တော်လေး ကသီလင်တလေး ဖြစ် သွားတယ် ။ ကိုကျော်ဆွေ ကလည်း စိတ်တွေ ဆိုး ၊ ဒီတစ်ချီ ကို ပြန်ပြန်ပြီး တော့ ။ ဦးရဲမြင့် တို့ ၊ ဦးကျော်စိုး တို့ သူတို့တွေက ရှယ်ယာဝင်တွေ နဲ့ တူပါ တယ် သူတို့တွေ ပြန်ကြီး ဘာကြီးတွေ ဆိုတော့ ။ အန်တီဘေဘီတို့ လင် မယား တွေ့ ရင်လည်း သူ က မနာလိုဘူး နင်တို့ ။ မနာလို မဖြစ်နဲ့ ဘေဘီ က တော့ စိတ်မကောင်းဘူး ။ ဘာလို့ဆို ဘေဘီ ယောက်ျား ပါတာ အားတော့ ရှိတယ် ။ ဒါပေမဲ့ ဘေဘီ က မိန်းမချင်း ဆိုတော့ တိုင်ပင်ဖော် တိုင်ပင်ဖက် ဆိုတော့ အဲဒီလိုလေးတွေ ကသီလင်တ ဖြစ်တယ် ။ နောက်ပြီးတော့ အန်တီ ဘေဘီ က မဒရပ် ရောက်တော့ ဗုဒ္ဓဂါယာ သွားချင်တာပေါ့ ။ သူ က လည်း မြန်မာပြည် မှာ အမှုတွေ ချိန်းထားတယ် မနေဘူး ၊ ပြီးတယ်ဆို ပြန်မယ် ။ ဟိုက လူတွေ ကလည်း မောင်ညွန့် ရယ် နေပါကွာ ၊ မင်း မိန်းမ ဒီလောက် ။ အန်တီဘေဘီ က ငိုတာ သိလား ။ အန်တီဘေဘီ့ စိတ်ထဲမှာ ဘုရား ဆိုတာ ဖူးထိုက်မှ ဖူးရတယ် ဆိုတာ ယုံသွားတယ် အန်တီဘေဘီ ။ ရောက်လျက်နဲ့ မဖူးလိုက်ရဘူး ။ ဒါပေမဲ့ အန်တီဘေဘီ သမီး နဲ့ အင်္ဂလန် ကို သွားတဲ့အချိန် ကျ တော့ မဒရပ် ကို ရောက်သွားတယ် ၊ ဘုရား ကို သွားဖူးတယ် ။ အဲဒီအခါကျ တော့ ပြန် သတိရသွားတယ် ယောက်ျား ကို လေ ။ ဩော် ဟိုတုန်းက အတူတူ ဖူးရမယ့်ဟာ အခု ။ ဘုရား ဆိုတာ ဖူးထိုက်မှ ဖူးရတယ် ဆိုတာ အရမ်းယုံကြည် သွားတယ် ။


▢ အဲဒီလို ဘဝ ထဲ ကနေ “ မွှေး ” ကို ရိုက်တဲ့ ခေတ်တုန်းက ဦးချစ်ခင် နဲ့ ရိုက်တာ ။ အဲဒီလို ခေတ်တုန်းက တောင်မှ နိုင်ငံခြား သွားပြီး ကျွန်တော် တို့ ရိုက်နိုင်သေးတယ် ။ အော်ဖစ်ရှယ်လိ ဖြစ်တာ မဖြစ်တာတော့ ဘေးချိတ်ထားပေါ့ ။ အခု ကျွန်တော်တို့ ကားတွေ ဆိုလည်း ကိုသက် တို့ ထုတ်တဲ့ TT & DOUNT တို့ ဘာ တို့ဆို နိုင်ငံခြားမှာ သွား ရိုက်နေကြတာ ရှိပါတယ် ။ Bangkok to Mandalay တို့ ဆိုရင်လည်း နိုင်ငံခြား နဲ့ ဆက်စပ် ပြီးတော့ ရိုက်တာ ရှိပါတယ် ။ အဲဒီတော့ အန်တီဘေဘီ ကျွန်တော် တစ်ခု သိချင်တာရှိတယ် ။ ကိုယ် က ဒီ ဇာတ်ကားထဲမှာ ရောက်သွားပြီ ဆိုလို့ရင် မြင့်မြင့်ခင် မဟုတ်တော့ဘဲနဲ့ ဇာတ်ကောင် ရဲ့ စရိုက် ကို ဖြစ်သွားအောင် အန်တီဘေဘီ စိတ်သွင်းရပြီ ။ အဲဒီအခါကျတော့ အိမ်မှာ ပြဿနာ တစ်ခု ရှိချင် လည်း ရှိမယ် ၊ အန်ကယ် နဲ့ စကား များခဲ့တာ ဖြစ်ချင်လည်း ဖြစ်မယ် ၊ မဆွေ ကို ပြောမရလို့ စိတ်ရှုပ်တဲ့ အခါလည်း ဖြစ်ချင်ဖြစ်မယ် ။ သို့သော် အွန်ဆင်းန် ရောက်သွားပြီ ဆိုရင်တော့ ... ။


❥ မရှိတော့ဘူး ။


▢ မရှိတော့ဘူး ။ အဲဒါကို အန်တီဘေဘီ ဘယ်လိုများ စိတ်ပြောင်းယူလဲ ။


❥ အန်တီဘေဘီ က လေ မွှေး ဇာတ်ကား ဆိုလို့ရှိရင် တစ်အုပ်လုံး လိုလို အန်တီဘေဘီ က ကျေနေပြီ ။ အန်တီဘေဘီ ဒီနေ့ ရိုက်မယ့် ဆင်း န်ကို အန်တီဘေဘီ ကို ပြင်ဆင်လိုက် ဆို စာမျက်နှာ ဘယ်နား ရောက်နေပြီ ဆိုတာ ကို အန်တီဘေဘီ သိတယ် ။ အဲဒီလောက်ကို အန်တီဘေဘီ တို့က ကျေတယ် ။ အဲဒီတော့ နောက်ပိုင်းက ကိစ္စတွေကို အန်တီဘေဘီက လုံးဝ ဟိုဟာ မဖြစ် ဘူး ။ ဒါကြောင့်မို့ အန်တီဘေဘီ က ရုပ်ရှင်သမားတွေ ကို အရမ်းချစ်တယ် ဆို တာ ပြောတာ ။ ဘာဖြစ်လို့ ချစ်လဲ ဆိုတော့ အန်တီဘေဘီ မိသားစု နဲ့ နေရ တာ နည်းတယ်လေ ။ ဒီရုပ်ရှင်သမားတွေ နဲ့ နေရတာများတဲ့ အတွက် အိမ်က မိသားစု ကို ဒီလောက် မခင်တွယ်ဘူး ၊ ဟိုဟာတွေကို အရမ်း ခင်တွယ်တယ် ။ အဲဒီတော့ တစ်နေ့လောက် ကားမရိုက် ရ ရင် ကို မနေနိုင်ဘူး ။ ဒီ လူတွေကို မတွေ့ရရင် မနေနိုင်ဘူး ။ ကိုယ့် ကလေးတွေ မတွေ့ရရင် ၊ ကလေးတွေ က ဆို အန်တီဘေဘီ က ကလေးတွေ မွေးစ ကဆို ကလေးတွေ က ကိုယ် ပြန်လာရင် ကိုယ့်ကို မမှတ်မိဘူး ။ အဲဒီ ထိန်းတဲ့ အဘွားကြီးပဲ ၊ အဲဒီ အမိုးကြီး ကိုပဲ ။ အန်တီ ဘေဘီ ခေါ် လို့ ရှိရင် ငိုမဲ့ပြီးတော့ ။ ကလေးတွေ က တောင်ပြောသေး မာမီ ရုပ်ရှင်ကားတွေ ဒီလောက် အများရိုက်ပြီး ကလေးတွေ လည်း မွေးတယ် ။ ဘယ်လိုလုပ် ၊ ငါ ကြည့်ရတာမှ မဟုတ်ဘဲလို့ ။ ကိုယ်မှ မကြည့်ရတာ ကိုယ်မှ မကြည့်တော့ ကိုယ့်လည်း ကလေး က မခင်တွယ်ဘူး ၊ ကိုယ် ကလည်း သိပ် မခင်တွယ်ဘူး ရှင်းရှင်းပြောရင်လေ ။ သူတို့ နည်းနည်းလေး ကြီးလာ တော့မှ အန်တီဘေဘီ နည်းနည်း ကားရိုက်ကျဲ ပစ်လိုက်တယ် ။ သူတို့တွေ က အပျိုလေးတွေ ဖြစ်လာပြီ ဘာညာ ဆိုတော့ ။ တစ်ခါတည်း သူတို့ ၄ တန်းတွေ ဖြစ်လာပြီ ဆိုတော့ ပူဆာကြတယ် ။ သမီးတို့ ၄ တန်းဖြေမယ် ၊ မာမီ စာမေးပွဲ လိုက်ပြီးတော့ စောင့်ပေးပါ ၊ အဲဒီလို သွားစောင့်ပေးတာလေးတွေ ဘာလေးတွေ ရှိလာပြီ ။


▢ သူတို့ လည်း နည်းနည်းလေး အရွယ် ရောက်လာပြီ ဆိုတော့ ကိုယ် က အမေ အုပ်ထိန်းမှုရှိရမယ် ။


❥ အဲဒီလောက်ကို အန်တီဘေဘီ တို့က ရုပ်ရှင်ကားပေါ် ဝတ္ထုကို ရိုက်မယ် ဆိုရင် အဲဒီလောက် ကို ကျေညက်အောင် ။ စိတ် ကလည်း ဝင်စားလာ တဲ့အခါကျတော့ အလိုလို ဖီးလ်ဝင်လာတာပေါ့ ဘာပဲဖြစ်ဖြစ်လေ ။ ဖီးလ်ဝင် တော့ ရုပ်က ပေါ်လာတာပဲ ။ ငါမင်းသမီး ဆိုတဲ့ဟာ ရှိနေတဲ့ ကာလပတ်လုံး ။ နောက်ပြီး မျက်လုံး အရေးကြီးတာ မျက်လုံး ။ ဒီထဲက ရှိမှ မျက်လုံး က စကား ပြောတာ ။ ဗေလုဝ အကယ်ဒမီ ရတုန်းက ဗေလုဝ မျက်လုံး စကားပြောတယ် ဆိုတော့ ။ တခြားသူ ကတော့ သိချင်မှ သိမှာလေ ကိုယ်ကတော့ ကိုယ် နဲ့ ခံစားချက်ချင်း တူတဲ့သူတွေ ကတော့ သိတာပေါ့ အဲလိုဟာမျိုးတွေ ။ ကိုကျော်ဆွေ ငိုတာ ဘယ်တုန်းက မျက်လုံး မျက်ရည် ထွက်လို့တုံး ။ ကျောကုန်း နဲ့ ငိုတာ များတယ် ။


▢ ဟုတ်တယ် ၊ ဦးကျော်ဆွေ ခေတ်တုန်းက ယောက်ျားတွေ မငိုဘူး ။ ယောက်ျားတွေ ငိုတာ မျက်ရည်ကျမဟုတ်ဘူး ။ ဦးကျော်ဆွေ ရဲ့ မျက်နှာဖီလင် ကို ကြည့် လိုက်တာနဲ့ သူ ငိုတယ် ဆိုတာကို ပရိသတ်က သိတယ် ။


❥ ကျောကုန်းကို ကြည့် လိုက်တာနဲ့ သိတယ် ၊ ကိုကျော်ဆွေ ငိုတယ် ဆိုတာကို ။


▢ အခုဟာက ပြော ရရင်တော့ ဦးဝင်းဦး တို့ ခေတ် က စပြီး ယောက်ျားတွေ က မျက်ရည် အလုံးလိုက် အလုံးလိုက်ကြီး ။


❥ ပိုတောင်မှ သူတို့ က ရှိုက်ကြီးတငင် ငိုနေတာ ၊ ကလေးကြီး ငိုနေသလို ။ ဒီလို ယောက်ျားရင့်မာကြီး က အဲဒီလို မငိုဘူး ။ ကိုကျော်ဆွေ တို့ ငိုတာ အဲဒီလို မဟုတ်ဘူး ။ ကိုထွန်းဝေ ဟုတ်လား ။


▢ သူ ဆွေးပြနေတာ ကို က ငိုနေတယ် ဆိုတာ ပရိသတ် က နား လည်ပြီးသား ဖြစ်သွားရော ။


❥ မွှေး ဇာတ်ကားသိမ်း ကိုမောင်ကြီးသီချင်း နဲ့ “ ဝေးပြီ မွှေးရယ် ” ဆို ဂျာကင်လေး ပခုံး ပေါ် တင်ပြီးတော့ ဆိုတာ စွဲသွားတာပဲ ပရိသတ် သဘော ပြောပြတာပါ ။ တချို့ကျတော့ ဒါက ဒါရိုက်တာ ပေါ်မှာပဲ တည် သလားတော့ မပြောတတ်ဘူးလေ ။


▢ “ မွှေး ” ကတော့ ထားလိုက်တော့ ဝတ္ထု ရှိနေတဲ့ အတွက် ကို အန်တီဘေဘီ ကြိုဖတ် ထားတယ် ၊ ကြို ခံစားလို့ရတယ် ထားလိုက်တော့ ။ “ မှတစ်ပါး အခြားမရှိ ” ဆိုပါတော့ ဒါကလည်း အန်တီဘေဘီ မှာ သားသမီးချင်း စာနာ လိုက်မယ်လို့ ပြောရအောင် ကိုယ် မွေးထားတာက သမီး တွေ ၊ ဟိုမှာ က သားတွေ ။ ဆိုးတဲ့ သားပါတယ် ၊ လိမ္မာတဲ့ သားပါတယ် ။ အဲဒီဟာ ကျရော သား နဲ့ သမီး နဲ့ ပြောင်းယူရတာပေါ့ ။


❥ အန်တီဘေဘီ က ရှင်းရှင်းပြောရရင် အခု သမီး ၅ ယောက်ပေါ့ နော် ။ သမီး ၅ ယောက် က အိမ်ထောင်ကျတာ ၄ ယောက် ၊ အပျိုကြီး တစ်ယောက် ကျန်သေးတယ် ။ ဒါပေမဲ့ အန်တီဘေဘီ က သား သိပ်လိုချင်တာ ။ လိုချင်တဲ့ အတွက် ဇာတ်ကား ရိုက်တဲ့အခါ ကျရင် သားဆို အရမ်းမက်မော တယ်ပေါ့ ။ ထူးခြားတာကတော့ အန်တီဘေဘီ မှတစ်ပါး အခြားမရှိ က ပထမဆုံး အမေခန်း လုပ်တာလေ ။ မှတ်မိမှာပေါ့ ပထမဆုံး ။


▢ ဟုတ်တယ် ၊ မှတ်မိတယ် ။ ဘာဖြစ်လို့ ဆို မင်းသမီး ကနေပြီး အမေခန်း ပြောင်းလုပ်တဲ့ကား ။


❥ သားကို သိပ် လိုချင်တပ်မက် မက်မောတဲ့ အတွက်ကြောင့်မို့လား မသိဘူး သားဇာတ်ကား တွေ ဆို အန်တီဘေဘီ က အရမ်း ပြောင်မြောက် တယ် ။ သမီးချစ်တာ နဲ့ ကို မတူဘူး ။ စိတ်သွင်းလို့လေ ပိုပြီးတော့ ဖြစ်တယ် ။ ကံအားလျော်စွာပဲ ရတဲ့ သမက်တွေ ကလည်း အရမ်း အန်တီဘေဘီ ကို ချစ်တယ် ။ အန်တီဘေဘီ ကလည်း ချစ်တယ် ၊ သူတို့တွေ ဘာပဲပြောပြော ။ တစ်ခါတလေ ကျတော့ သမီးတွေ ကတောင် ချွေးမ ဖြစ်နေတယ် ၊ သူတို့က သား ဖြစ်နေတယ် အဲဒီလိုကို ဖြစ်ခဲ့တာ ။


▢ အန်တီဘေဘီ တွဲခဲ့တဲ့ မင်းသား ဆိုရင် ကျော်ဆွေ နဲ့ တွဲခဲ့ဖူး တယ် ၊ ထွန်းဝေ နဲ့ တွဲဖူးတယ် ၊ ကျော်ဖေ လည်း တွဲဖူးတာပဲ ၊ မောင်မောင်တာ ။ “ မျှော်တလင့်လင့် ” တင်တင်ညို က သမီး ၊ မောင်မောင်တာ နဲ့ ၊ အန်တီဘေဘီ နဲ့ ၊ ဗိုလ်ဘကို နဲ့ အထင်လွဲပြီးတော့ ... ။


❥ ဟုတ်တယ် ။ ဒါ စစ်သားမိသားစု ရဲ့ ပုံစံလေး ကို ရိုက်ထားတာလေ ။ တော်တော် ကောင်းတယ် ။


▢ အဲဒီ ကားလေး ကို လည်း ကျွန်တော် တော်တော် သဘောကျတယ် ။


❥ အဲဒီကား မှာလည်း မောင်မောင်တာ နဲ့ လက်ထပ်တဲ့ အခန်း က ချာ့ဂျ် မှာ လေ ၊ ထူးထူးခြားခြားလေး ။


▢ အဲဒီလို ကားတွေက အခုတော့ ရှားပါးသွားပြီနော် အန်တီဘေဘီ ။


❥ ဟုတ်တယ် ၊ ရှားပါးသွားပြီ ။ နောက်ပြီးတော့ မောင်သင် နဲ့ လည်း ရိုက်ဖူးတယ် ။ ကောလိပ်ဂျင်နေဝင်း လေ ကောလိပ်ဂျင် ဇာတ်ကား ။ 


▢ နောက်ပြီးတော့ ... ။


❥ မြင့်အောင် ၊ မင်းသား တင်ခဲ့တာလေ ။ ညွန့်ဝင်း ၊ မမထား နဲ့ အပါ လေ ။ သတို့သမီး အလိုရှိသည် က ကြည်စိုး နဲ့ ကိုညွန့်ဝင်း နဲ့ ။ အန်တီ ဘေဘီ ရဲ့ အသံတိတ်ကား ကို မမီဘူးနော် ။


▢ မမီဘူး ကျွန်တော် မမီဘူး ။ အန်တီဘေဘီ ဝင်းဦး နဲ့ အကြောင်း ပြောပါဦး ။ ဝင်းဦး နဲ့ က “ မုန်းပါတယ် မောင့်ကို ”  ။


❥ မုန်းပါတယ်မောင့်ကို က ဘယ် ပထမ ဟုတ်မလဲ ။ သစ္စာတူပြိုင် လေ ။


▢ မဟုတ်ဘူး ၊ “ မုန်းပါတယ်မောင့်ကို ” က အကယ်ဒမီ ရတဲ့ကား ။ 


❥ ဟုတ်တယ် ။


▢ ရှေ့မှာ လည်း ရှိသေးတယ် ။


❥ ရှေ့မှာ က သစ္စာတူပြိုင် လေ ။


▢ “ သစ္စာတူပြိုင် ” က Home Decoration အိမ်အလှဆင် ။ 


❥ ဟုတ်တယ် ၊ ဟုတ်တယ် ။ Home Decoration ။


▢ အဲဒီ ကျွန်တော်တို့ “ တိမ်လွှာမို့မို့လွင် ” ဆိုရင် ဝင်းဦး လည်း ပါတယ် ၊ အောင်လွင် လည်း ပါတယ်နော် ။ အဲဒီ ကား မှာ တကယ် ဆိုရင် ဒေါ်ခင်လေးဆွေကြီး က အန်တီဘေဘီ ကို တော်တော် ကို ပို့နိုင်တယ် ။ 


❥ ဟုတ်တယ် ၊ သူ ရမယ် ထင်တာ ။ 


▢ သူ ရမယ်လို့ ထင်ခဲ့ကြတယ် ၊ မပေးခဲ့ဘူး ။


❥ အဲဒီမှာ ဒေါ်ခင်လေးဆွေ က ရထိုက်ပါတယ် ။


▢ အဲဒီ ကား က သီချင်းလေး လည်း နာမည်ကြီးတာပဲ ။ အန်တီ ဘေဘီ ဆိုခဲ့တဲ့ “ အလှကမ္ဘာမြေ ” တို့ ဘာတို့ ။


❥ ဟုတ်တယ် အေဝမ်းတွတ်ပီ ရေးတာလေ ။ သုံးယောက်တွဲ ဆိုတာ ။ ဤကမ္ဘာမြေ ကမ္ဘာတစ်လွှား မှာ သူငါ များတို့ရယ် ။


▢ အဲဒီ ကားလေး လည်း ကောင်းတာပဲ ။ အန်တီဘေဘီ နဲ့ ဦးဝင်းဦး နဲ့ တွေ့ခဲ့တာ သစ္စာတူပြိုင် ၊ မုန်းပါတယ်မောင့်ကို ... ။ တိမ်လွှာမို့မို့လွင် ၊ ချစ်သူ ကြင်သူ မြတ်နိုးသူ ။ ၈ ကိုယ်ခွဲ ရှိသေး တယ်လေ ။ ချစ်ဝဲလည် ၊ ချစ်သူကြင်သူ မြတ်နိုးသူ က အန်တီဘေဘီ မျက်စိ မမြင်တာလေ ရိုက်ခဲ့တာလေ ။ ရိုက်ခဲ့တဲ့ ကားတွေ အများကြီး ပါပဲ ။


❥ အများကြီး အများကြီး ပြောမနေနဲ့ ။


▢ အန်တီဘေဘီ နောက်ဆုံး ဘာကား ရိုက်ခဲ့လဲ ။


❥ အခု နောက်ဆုံး ဇမ္ဗူထွန်းသက်လွင် နဲ့ ရိုက်တာ ။ အန်တီ ဘေဘီရယ် ၊ မြင့်မြင့်ခိုင် ရယ် ၊ မေသန်းနု ရယ် ၊ ရဲအောင် ရယ် ၊ လူမင်း ၊ သက်မွန်မြင့် ။ အန်တီဘေဘီ က အဘွား လုပ်တာ ။ လူမင်း ရဲ့ အဘွား လုပ်ရတာ ။ ဇမ္ဗူထွန်းသက်လွင် ရဲ့ “ အပြင်းစားအချစ် ” ဆိုတာ ရိုက်ရတာ ။


▢ ဒါ နောက်ဆုံးကားပဲလား ။


❥ အင်း ကားကြီးပေါ့ ။


▢ အခု ရိုက်ခဲ့တဲ့ ထဲမှာ နောက်ဆုံးကား ပေါ့ ။ 


❥ နောက်ဆုံးကား အဲဒီ နှစ်မှာ အဲဒါ ရိုက်တယ် ။ နောက်ပြီးတော့ ဟိုဟာ ရိုက်သေးတယ်လေ ။ အခု နာမည်ကြီး ကြီးနေတဲ့ ဂျပန်အဆိုတော်လေးကလေ ဘာ အဝင်း အဝင်း အဝင်း နဲ့ ခေါ်နေကြတဲ့ သူတို့က အဖျား ဆွတ်ပြီး အဝင်း အဝင်း အဲဒီ ကောင်လေး နဲ့ ရိုက်ရသေးတယ် ။ အဲဒါ ကြည်ဖြူသျှင် ပဲ ။


▢ ဒါလည်း အဘွား ပဲ ၊ အဘွားခန်း ရောက်လာပြီ ။


❥ ဒါလည်း အဘွား ပဲ ။ တော်သေးတာပေါ့ အဘွားခန်း ရိုက်ရလို့ ။ အခု နောက် တစ်ကား ရိုက်ရသေးတယ် ။ အသည်းလေးတွေပေးပါ ဆိုတာ ။ အဲဒါက သူတို့ အခုခေတ် ကွန်ပျူတာတွေ ဘာတွေ နဲ့ လုပ်တဲ့ ခေတ် ။ ကိုယ် တော့ နားမလည်ဘူး ။ အဲဒါလည်း လူမင်း ရဲ့ ယောက္ခမ လုပ်ရတာ ။ မေသဉ္ဇာဦး ရဲ့ အမေ လုပ်ရတာ ။ အန်တီဘေဘီ ထင်တာ ကတော့ ကြည့်ရ တာလေ ကိုရီးယားကား ဆန်ဆန်လေးတွေပေါ့ ။ အပိုင်းလေးတွေ ၊ သူ့ အတွဲ လေး သူ့ အတွဲလေး သူ့ အတွဲလေးတွေ နဲ့ပေါ့ အဲဒီလို ။ ဖေ့စ်ဘွတ်ခ် ကိစ္စပေါ့ အန်တီ ဘေဘီ တို့ကတော့ နားမလည်ဘူး ၊ ခေတ်လည်း မမီဘူးပေါ့ လို့ ပြောရမှာပေါ့ အဲဒါတွေ ဆိုတော့ ။ ကား လာတော့မှ ကြည့်ရမှာပေါ့ ၊ ငါ ဒါပဲ လား ဆိုပြီးတော့ ။ တစ်ခု ရှိတာကတော့ အခု လုပ်ရတာ ဟိုးတုန်းက ဆိုရင် အန်တီဘေဘီ တို့ က ဇာတ်ကား တစ်ခု ကို အကုန်လုံး ကို ၊ ကိုယ် က ဇာတ်ညွှန်း ဆိုလည်း အကုန်လုံး ကို ကိုယ် က သိထား နေတော့ ဒီ ရှေ့မှာ ဘာဖြစ်မယ် ၊ ဒီ နောက်မှာ ဘာဖြစ်မယ် ဆို လုပ်လို့ ရတယ် ။ အခုက အန်တီဘေဘီ တို့က လုပ်လို့ မရဘူး ။ အခု ကလေးတွေ ပြောတာ ၊ နင်တို့ သိပ် တော်တာပဲလို့ သူတို့ ကို ပြောတာ ။ ချက်ချင်း သွင်း နိုင်တယ်ပေါ့နော် ၊ Mood သွင်းနိုင်တယ် ။ အန်တီဘေဘီ တို့ မရဘူး ။ အန်တီဘေဘီ တို့ က အရှေ့ နဲ့ အနောက် နဲ့ သိချင် တယ် ။ အခုက မသိရဘူး ။


▢ ဘယ်လောက် တန်ဖိုး ထားရမလဲ ။


❥ မသိရဘူး ၊ အဲဒီလို ဖြစ်နေတယ် ။ နည်းနည်း အန်တီဘေဘီ အထင် တစ်ခါတလေ ကျရင် လိုနေတယ် ထင်တယ် ။ ကိုယ် လုပ်တာလေးတွေ ရှေ့ နဲ့ အနောက် နဲ့ ကိုယ် က မသိထား ရတော့ ချိန် လို့ မရဘူး ။ နောက်ပြီးတော့ အခု တစ်ခါတလေ ကျရင် ဥပမာ မောင်ဝင်းငြိမ်း နဲ့ အန်တီဘေဘီ နဲ့ စကား ပြောနေတယ် ဆိုလို့ ရှိရင် မောင်ဝင်းငြိမ်း မပါဘဲ အန်တီဘေဘီ ဘယ်လိုလုပ် စကား ပြောလို့ ရမလဲနော် ။


▢ ဒါပေါ့ ၊ ဒါပေါ့ ။ မပါဘဲ နဲ့ ရိုက်ရတာ ဘယ်ခံနိုင်မလဲ ။


❥ မပါဘဲနဲ့ ရိုက်ရတာ ။ အဲဒီဟာ တစ်ယောက် ထိုင် ခိုင်း ၊ သား ကို ခေါ် ပြီး ထိုင်ခိုင်း ။ ငါ မောင်ဝင်းငြိမ်း ကို မှ မျက်စိ ထဲ မှာ မမြင်ဘဲ ငါ ဘယ်လို လုပ် လို့ ရမလဲလို့ ။ အဲဒီဟာ ဟိုတုန်းက ခေတ် ကတည်း က ရှိတယ် ။ ဟိုတုန်းက ဘယ်ခေတ် လဲ ဆိုရင် ဇော်ဝမ်း အရမ်း နာမည်ကြီးတဲ့ ခေတ် ။ 


▢ သူတို့ ဆိုင်း တွေ နဲ့ လျှောက် ရိုက်နေတာ ။


❥ အရမ်း ရိုက်ရတော့ အဲဒါ ဘာကားလဲ ဆိုတော့ မုန်းလေတဲ့ ငပလီ ။ ကောင်မလေးတွေ က လည်း အရမ်း ဟိုဟာ ဖြစ်နေတဲ့ အချိန် ဆိုတော့ သူ က အန်တီဘေဘီ နဲ့ ရိုက်မယ် ဆိုလို့ ရှိရင် Confirm ရိုက်မယ်ဆို ဘာပဲပြော ပြော သူ အန်တီဘေဘီ နားမှာ နေရမှာပေါ့ ၊ ဟုတ်တယ် မလား ။ မပါ ပါပါ လေ ။ ရပါတယ်ဆို သူက ၊ မရဘူး ပြောလိုက်တယ် ။ ငါ မကြည့်နေနိုင်ဘူး ။ အစ်မ ထိုင် ပေးလိုက် ၊ ထိုင် ပေးလိုက်တဲ့ ။ မထိုင်ဘူးလို့ ၊ မထိုင်နဲ့လို့ ။ ငါ ပါအောင် ငါ ဇော်ဝမ်း လို မကြည့်နိုင်ဘူး လို့ ။ ငါ ကြည့်လို့ ရှိရင် ဇော်ဝမ်း ကို ငါ့ မျက်နှာ ကို သေချာကြည့် လို့ ၊ ငါ လည်း နင့် မျက်နှာကို သေချာကြည့်မှာ ။ ငါ အဲဒီလိုပဲ ရိုက်တတ်တယ်လို့ ။ သူ က အန်တီဘေဘီ ကို တစ်ယောက်တည်း ရိုက် နေရင် သူ က ကောင်မလေးတွေ နဲ့ သွားပြီးတော့လေ ။ အခု ခေတ် လည်း အဲဒီလို ပုံစံလေးတွေ ။ တချို့ဟာလေးတွေ ရိုက်ရတယ် ။ မင်းသား ရောက်မလာ ဘူးဆို ... ။


▢ မင်းသား နောက်ကျ တာတို့ ၊ မင်းသမီး က နောက်ကျ နေတာတို့ ဆို ခွဲရိုက်ကြရတာ ။


❥ အဲဒါက ဘာပဲပြောပြော မပြည့်ဘူး ။ အန်တီဘေဘီ တို့ အမြင်တော့ အပြည့် မရနိုင်ဘူး ။ ဘာဖြစ်လို့ ဆို စကား ပြောတယ် ဆိုတာ လူ တစ်ယောက် မျက်နှာ ကြည့်ပြီးမှ ရတဲ့ ဥစ္စာ ။ အန်တီဘေဘီ က စကား ပြောရင် မျက်နှာ ကို စိုက်ကြည့်ပြီး တည့်တည့် ပြောတာ ။ ရပါတယ် ၊ ရပါတယ် ဆို မရဘူးလို့ ။ အခုခေတ် လည်း အဲဒီလို ရပါတယ် ဆိုပြီး ရိုက်ခဲ့တာတွေ ရှိခဲ့ဖူးတယ် ။ ဒါပေမဲ့ အပြည့် မဖြစ်ဘူးပေါ့ ။ အန်တီဘေဘီ တို့ အမြင်ပေါ့လေ ။ အန်တီ ဘေဘီ ရဲ့ ခံစားချက် ၊ သူတို့ ရဲ့ ခံစားချက်ပေါ့ ။ တစ်ခါတလေ ကျရင် အဲဒီက နေ ထွက် ပြီးတော့ တယ်လီဖုန်း သွား ပြော ၊ လာ ပြန်ပြီးတော့ အိုက်တင် လုပ် တာ ။ ကိုယ် က တောင် မှာ “ ဟ ... တော်လှချည့်လား ၊ ဘယ်လို ဖြစ်နေတာ လဲ ” အံ့အားကြီးသင့် ၊ အဲဒီလိုလေ ။ သူတို့ က အများကြီး Talent ပို ရှိတယ် လို့ ပြောရမှာပေါ့လေ ။ အန်တီဘေဘီ တို့ ကတော့ ရှေးရိုးဆန်တာပေါ့လေ ။


▢ နောက်တစ်ခါ ကျွန်တော် သိချင်တာ က အခုတော့ ကျွန်တော် တို့က ရုပ်ရှင်ရိုက်မယ် ဆိုလို့ ရှိရင် အိမ် တစ်အိမ် ငှားလိုက်တာပေါ့နော် ။ 


❥ ဟုတ်တယ် ။


▢ အိမ် တစ်အိမ် ကို ငှား လိုက်တယ် ။ အိမ် တစ်အိမ် ငှားပြီး ဒီမှာပဲ ရိုက်ကြတယ် ။. ခုန ကျွန်တော် ပြောသလို ပစ္စည်းတွေ တောင်ရွှေ့ ၊ မြောက်ရွှေ့ ရွှေ့ကြတယ် ၊ ရိုက်ကြတယ် ။ ဟိုတုန်း ကတော့ အန်တီဘေဘီ တို့ ခေတ်မှာ ဒီလို အိမ်ငှား ရိုက်တာမျိုး ရှိလား သို့တည်းမဟုတ် ရုပ်ရှင်ဆက်တင် မှာ ရိုက်တာလား ။


❥ ဆက်တင် မှာ ရိုက်တာ ။ အဲဒါကို ပြောပြမယ် ။ အန်တီဘေဘီ တို့ မောင်ဝင်းငြိမ်း ဤလူ့ဘောင်တွင် ကြည့်ဖူးလား ။ ကြည့်ဖူးတယ် မလား ။ 


▢ ကြည့်ဖူးတာပေါ့ ။


❥ ကိုမောင်မောင်တာ ဂျစ်ကား နဲ့ ဝင်လာတာလေ ။ ပေါ်တီကိုကြီး က အဲဒါ အတုကြီး ၊ ဆက်တင်ကြီး ။ အန်တီတို့ ဟိုတုန်းက အိမ်တွေ ရိုက်တယ် ဆိုတာ အဝင်အထွက် ပဲ ရိုက်တာ ။ ဒီအထဲခန်း က ဆို စတူဒီယို ထဲမှာ အကုန် လုပ်တာ ။ နောက်ပြီးတော့ သူများတွေ ရိုက်တယ် ဆိုတာ ဒီနေ့ ဒီပန်း ထိုး ထားရင် နောက်နေ့ ကျရင် ဒီပန်း ထိုးထားချင် မှ ထိုးမှာလေ ။ ဟုတ်တယ် မလား အိမ် ဆိုတာလေ ။ သူ့ အိမ် သူ လှအောင် ပြင်ထားတာ ဆိုတော့ ။ အဲဒီ ပန်း က အဆက်မပြတ်ဘူး ဆို ဘယ့်နှယ် လုပ်မလဲ ၊ ရှာဦး ။ သဘော ပြောပြတာလေ ။ အဲဒီလို ဟာမျိုးတွေ ။ နောက်ပြီး ရိုက်ရတာ ကိုယ့် စတူဒီယို ထဲမှာ ကိုယ့် လူ နဲ့ ကိုယ် ရိုက်ရတာ အကောင်းဆုံးပဲ ။ အဲဒါကြောင့် ဝင်းဦး က ဘယ်တော့မှ သူများ အိမ် မှာ မရိုက်ဘူး ။ စတူဒီယို ထဲ မှာ တောင် အပြင်လူ လာ ကြည့်ရင် မရိုက်တော့ဘူး ။


▢ သူ့ ရိုက်ကွင်းမှာ မျက်နှာစိမ်း တစ်ယောက် တွေ့တာ နဲ့ ရပ်ပစ် လိုက်ရော ။ အဲဒီနေ့ ရှုတင် ဖျက် ပစ်လိုက်တာ ။


❥ အန်တီဘေဘီတို့ ကလေးတွေ ငယ်ငယ်တုန်း က သူ နဲ့ တိမ်လွှာ မို့မို့လွင် ရိုက်တော့ သေနတ်ပစ်တဲ့ အခန်း ကလေးတွေ ကလည်း ငယ်သေး တယ်လေ ။ ငယ်သေး တော့ အမေ ကားရိုက်တယ် ဆိုရင် လိုက်ချင်ကြတာ ပေါ့ ၊ စတူဒီယို ထဲ မှာ ကို ။ မာမီရယ် လိုက်မယ် ဆိုပြီးတော့ လိုက်တဲ့ အခါကျ တော့ ခေါ်လာတာ ရီဟာဇယ် လုပ်တော့ ကလေးတွေ က ကြည့်ပြီး “ ဟား ... ဟား ...” ဆို ကလေးတွေ က ဟားကြတာပေါ့ ။ မြသိန်း ခေါ်သွားစမ်း ၊ ဆီးထုပ် နဲ့ လွှတ်လိုက်စမ်း ၊ ဆီးထုပ် နဲ့ သွားကြစမ်း ၊ ဆီးထုပ် နဲ့ သာ အဲဒါ ။ မြသိန်း က ကလေး အကုန် ခေါ် သွားပြီးတော့ အပြင် မှာ စားစရာတွေ ကျွေး ထားရတယ် ။ အဲဒါ သူတို့ က ဝင်းဦး က လည်း “ ငါ ဖီလင် မလာတော့ဘူး ၊ ငါ ဖီလင် မလာတော့ဘူး ။ နင်တို့ တွေ သွားကြ ၊ ထွက်သွားကြစမ်း ” ဆို တစ်ခါတည်း စတူဒီယိုကြီး ပိတ်ထားတာ ။ အဲဒီတော့ မတူဘူးလေ ။ သူ ဘာပဲဖြစ်ဖြစ် အဲဒီ သေနတ်ပစ်တဲ့ အခန်း ကြည့်ရတယ်မလား ၊ အဲဒါ လုပ်ထား တဲ့ အိုက်တင် လည်း ကောင်းတယ်လေ ။ ဘာမှ အပြင် ရဲ့ အနှောင့်အယှက် မရှိဘူး လေ ။ အခုဆို အန်တီဘေဘီ တို့ ရိုက်တဲ့ မီးရထားလမ်း ၊ မီးရထားသံ ကြားရမယ် ၊ ဟိုဟာ အသံကြားရမယ် ။ အဲဒါတွေက ကင်မရာမင်း နဲ့ လူ နဲ့ က လည်း အဝေး ကြီး ။ အွန် ... ဆို ဖျပ် ... ဖျန်းဆို အဲဒီလို လုပ်ရတာ ။ ကြားထဲ မှာ လည်း ကားကြီးတွေ နဲ့ အဝေးကြီး အဲဒီ ဟာမျိုးတွေပေါ့ ။ ဘာပဲဖြစ်ဖြစ် အခုတော့ စတူဒီယို ဆောက်ကုန်ပြီ ။ အဲဒီလိုဟာတွေ များများ ရှိရင် မင်းသမီး ၊ မင်းသား တွေ ရဲ့ အိုက်တင်တွေ ဒိထက် ပိုကောင်းမယ် လို့ အန်တီ ထင်တယ်လေ ။ ဘာဖြစ်လို့ဆို အန်တီဘေဘီ တို့ ခေတ် က လုပ်ခဲ့တဲ့ ပုံစံမျိုးပေါ့ ၊ မီးတွေ ထိုးတာ ဘာညာ နဲ့ ဆိုတော့ ။ ဟိုတုန်းက ဟိုဟာက မေးသေး ဂရေ့စ် က မေးသေးတယ် ။ အန်တီဘေဘီ တဲ့ အဲဒီ အခန်း တုန်း က ဦးမောင်မောင်တာကြီး က ဂျစ်ကားကြီး နဲ့ အန်တီဘေဘီ ကို လာပြီး နှုတ်ဆက် ပြီးတော့ ပဝါလေး ပေး သွားတာ အန်တီဘေဘီ လမ်းလျှောက် နေတာ အဲဒီနေရာ ဘယ်နား မှာ ရိုက်တာလဲ တဲ့ ။ ဟင် ၊ အေး ၊ အဲဒါ မန္တလေး ရုပ်ရှင် က ခြံထဲ မှာ ။ အမယ်လေး ... အဲဒါတောင် သူတို့ မမီတော့ဘူး ။ အဲဒီလို ခေတ်မျိုး မရိုက်ခဲ့ရဘူး ၊ ရိုက်ချင်တယ်တဲ့ ။ အန်တီဘေဘီ က ရှင်းရှင်း ပြောရရင် တော်တော် ခေတ်မီ တာပေါ့နော် ။ အသံတိတ် ၊ အသံထုတ်သွင်း ၊ ဆေးရောင်စုံ ၊ စင်နီမာစကုတ် ၊ တော်တော် လုပ်သက်ရှည်တယ် လို့ ပြောရမှာပေါ့နော် ။ ရုပ်ရှင်သက် တော်တော် ရှည်တယ်လို့ ပြောရမှာပေါ့ ။ အဲဒီလို ဟာမျိုးတွေ ကြုံခဲ့ရတယ် ။


▢ ဒါပေမဲ့ ရိုက်ချင်တုန်းပဲ မလား ။


❥ ရိုက်ချင်တုန်းပဲ ။ အခု မောင်ဝင်းငြိမ်း မေးတဲ့ အချိန်မှာ အန်တီ ဘေဘီ ပြောနိုင်တုန်း ပြောချင်တယ် ။ နောက်ပြီးတော့ ပရိသတ် ကလည်း ကိုယ့် ကို ကြည့်လို့ ကောင်းနေတုန်း အရွယ်လေး ၊ အသက်အရွယ်လေး မဟုတ်ဘူး ရုပ်ပေါ့ ။ ရှင်းရှင်း ပြောတာ ဒီလောက် ဆို ၈၄ နှစ် ဆို အိုစာ ဘာညာ ဖြစ်ပြီး စိတ်ဓာတ် ကျသွားတဲ့ လူ နဲ့ ။ အန်တီဘေဘီ က အခု အချိန် အခါ ၈၄ နှစ် ဆိုပေမဲ့ အန်တီဘေဘီ စိတ် ထဲမှာ စိတ်ဓာတ် မကျသေးဘူး ။ အန်တီဘေဘီ ကို အခု သီချင်း ဆိုဖို့ လာခေါ် သွား ဆိုသေးတာပဲ ။ အန်တီ ဘေဘီ ရုပ်ရှင် ရိုက် လိုက်ရတယ် ၊ သီချင်း ဆို လိုက်ရတယ် ဆိုရင် ပိုပြီးတော့ အသက်ရှည် သွားတယ်လို့ ထင်တယ် ။ တချို့တွေ က ပြောကြတယ် ၊ စိပ်ပုတီး ကိုင် ဘာညာ ဆိုပြီး ။ စိပ်ပုတီး ကိုင်တာ က ကိုင်တာ ပဲ လို့ ။ သူ့ ကဏ္ဍလေး နဲ့ ၊ သူ့ ကဏ္ဍလေး နဲ့ တော့ ရှိရမှာပေါ့ ။ အန်တီဘေဘီ တို့ ရုပ်ရှင်လောက အန်တီ ဘေဘီ ရုပ် ကို ကြည့်ရင်းနဲ့ တရား က တွေ့နိုင်တယ် ။ ကိုယ့် ကားလေးတွေ ပြန်ကြည့် ၊ အဲဒီတုန်းက ငါ ရုပ် က ဘယ်လို ဖြစ်နေပြီ ၊ အခု ဘယ်လို ဖြစ်နေ တယ် ။ ဒါပေမဲ့ ငါ နဲ့ သက်တူရွယ်တူတွေ နဲ့ ယှဉ် လိုက်ရင် ငါ က နည်းနည်း တော့ တော်သေးတယ် ဆိုတဲ့ စိတ်ကလေ ။ တစ်ခုတော့ နားလေး မကောင်း တာ တစ်ခုတည်း ပေါ့ ။ ဒါကတော့ ဘယ် တတ်နိုင်မလဲ ။ နား မကောင်းရင် နား ကြပ် တပ်မယ် ၊ မျက်စိ မကောင်းရင် မျက်မှန် တပ်မယ် ၊ သွား မကောင်းရင် သွားတု တပ်မယ် ၊ ဆံပင် ဖြူရင် ဆိုးမယ် ဒါပဲ ။


▢ အန်တီဘေဘီ က ရုပ်ရှင် ရိုက်တာလေ ၊ ရုပ်ရှင် ရိုက်တယ် ဆိုတာ ခုန ပြောသလို မိုးချုပ် မှ ပြန် ရောက်ပေါ့ ၊ မနက်အစော ဆိုရင် ခုန ရှုတင် ကား နဲ့ ထွက်သွား ။ အဲဒီလို ကြားထဲ ကနေ အန်ကယ် ဦးခင်မောင်ညွန့် နဲ့ ဘယ်လိုများ တွေ့ သွားတာလဲ ။


❥ ဟာ ... အဲဒါက ပြောရရင် လည်း တစ်ထောင့်တစ်ည ဖြစ်သွားလိမ့် မယ် ။ သူက ပြဇာတ် သိပ် သဘောကျ တာတဲ့ ။


▢ ပြဇာတ်ခေတ် ကတည်း က သဘောကျတာ ။


❥ အန်တီဘေဘီ က အဲဒီ ရုပ်ရှင် ရိုက်ပြီးတော့ ပြဇာတ် ပြန် က,သေး တာ ။ ပြန်က,သေးတယ်လေ ။ စုဖုရားလတ်တို့ ဘာတို့ ကို က,လိုက်သေး တယ် ။ အန်ကယ့် ရဲ့ အဒေါ် က ပြဇာတ် သဘောကျတာ သူက ။ အမြဲတမ်း စနေ ၊ တနင်္ဂနွေ ဆိုရင် ပြဇာတ် ဝယ်ဝယ် ပေးရတယ်တဲ့ ။ အဲဒီမှာ ပြဇာတ် အန်တီဘေဘီ ကို သူ တွေ့ဖူးတယ် ။ နောက်တစ်ခါ ချစ်ညီမ မရိုက်ခင် တောင်ပြုန်းမင်းညီနောင် တို့ ဘာတို့ ရိုက်သေးတယ် ။ အဲဒီအချိန်မှာ ဦးမောင်မောင်စိုး တို့ အိမ် မှာ တွေ့တာ အန်တီဘေဘီ ကို ။ တကယ့် တကယ် ကျတော့ အန်တီဘေဘီ က မင်းသမီး ဆိုတော့ လူတွေ က အရင်တုန်း က အန်တီဘေဘီ တို့ မင်းသမီးတွေ ကို အထင် မကြီးဘူးပေါ့ ။ အထင် မကြီးတော့ အန်တီဘေဘီ လို့ မထင်ဘူးပေါ့ ။ ဒီထဲက မောင်မောင်စိုး သမီး ထဲ က တစ်ယောက် ယောက် ပဲလို့ ထင်တာပေါ့ ။ ဒါပေမဲ့ အန်တီဘေဘီ ကို ပရိုပို့စ် လုပ်တာ ၊ အန်တီဘေဘီ က အံ့အားကြီးတွေ သင့် ပြီးတော့ တစ်ခါတည်း ချုံးပွဲချ ပြီးတော့ မယုံနိုင်ဘူး ။ အဲဒါ သူ က မောင်မောင်စိုး ကို ပြောပြတာ ။


▢ “ ဪ မိန်းမ ” နဲ့ ပတ်သက်ပြီး ကျွန်တော် မေးချင်တာ က ကျွန်တော် ကြားဖူးတဲ့ ဟာ ပေါ့နော် ။ အန်တီဘေဘီ က ပါးရိုက်တဲ့ အခန်း ဆိုရင် လက်လွှဲ မရိုက်တတ်ဘူးတဲ့ ။ ဒါကြောင့်မို့ “ ဪ မိန်းမ ” မှာ ဦးဇေယျကြီး ကို တကယ် ချလိုက်တယ်လို့ ပြောတယ် ဟုတ်လား ။


❥ ဟုတ်တယ် ။ အောက်ဒိုး ပေါ့ ။ အောက်ဒိုး မှာ ရိုက်ရတာ ဆိုတော့ အန်တီဘေဘီ က လက်သံ က လည်း ပြောင်တယ်လေ ။ ပြောင်တော့ ပါးရိုက် လိုက်တာလေ ဟိုက Clip အောက်မေ့လို့ ပိတ် ပစ်လိုက်တာ အသံ ကို ။ Clip ထင် ပြီးတော့ ပိတ် လိုက်တာ ။ အဲဒါ ဆရာ က လေ ဒီဟာ ပြန် မရိုက်ဘူး တဲ့ ။ အဲဒီ Mood အကောင်းဆုံးပဲ တဲ့ ။ အဲဒီ အတိုင်းပဲ ပြန်ဆက်တာ ။ ကိုဇေယျကြီး က ဟမ် ... ဆိုပြီးတော့ တောင် ဖြစ်သွားတယ် ၊ တစ်ခါတည်း ။ 


▢ အန်တီဘေဘီ တောင်းပန်ရတယ်တယ် ဆို ။


❥ တောင်းပန်ရတာပေါ့ ။ အရမ်း တောင်းပန်ရတာ ။ နောက်ပြီးတော့ အန်တီဘေဘီ တို့ အဲဒီ ခေတ် တုန်းကလေ သေတ္တာတို့ ဘာတို့ ၊ အခု များ သောအားဖြင့် သေတ္တာ ဆွဲတာတို့ သေတ္တာ ဘာလုပ်တာတို့ ဆို ဟောင်းလောင်းကြီးတွေ ဆွဲတယ် သိလား ။ ထည့်ရမယ် ၊ ပစ္စည်း ထည့်ရမယ် ။ ဒါမှ သရုပ် ပါအောင် ။ အန်တီဘေဘီ အဲဒီ ဩော် မိန်းမ မှာ ဆို အုတ်ခဲတွေ ထည့် ပေးထားတာ သေတ္တာ ထဲ ကို ။ ခေါင်းကြီး ရွက်တော့ ပုဟောင် နေတယ် ။ အဲဒီလိုပေါ့ ။ အခု ကိုရီးယားကား ကြည့်ကြည့် ဘာကား ကြည့်ကြည့် ပေါ့ပေါ့ ကြီးတွေ ချည်းပဲ ။ ထမင်းထုပ် က အစ စက္ကူလေး နဲ့ ထုပ်ပြီး ပေါ့ပေါ့ကြီး ရိုက် တယ် ။ ဘာပဲဖြစ်ဖြစ် ဆရာ ဦးသုခ တို့ ကျတော့ အဲဒါတွေ အရမ်း အသေးစိတ် ပေါ့နော် ။ အန်တီဘေဘီ တို့ကို အသေးစိတ် ကြည့် တတ်တယ် ။ သေတ္တာ ကြီး က အလွတ်ကြီး ပဲ ဆိုတာ မျက်နှာ မှာ လည်း ပေါ်တယ် ။ အန်တီဘေဘီ ဟိုတုန်းက Mood မသွင်းတတ်တဲ့ ဟာကို ပြောပြရရင် ခိုင်မြဲတဲ့သစ္စာ ဒါ နည်းနည်းလေး ပြန်ပြီးတော့ ပြောပြတာပါ ။ အဲဒီတုန်းက အန်တီဘေဘီ က ကလေး မွေးပြီးတော့ သွေးတက် ပြီးတော့ သေရမယ့် အခန်း ရိုက်ရမှာ ဆိုတော့ မောရမယ် ။ မောရမယ် ဆိုတော့ မမောတတ်ဘူး ။ ဘယ်လိုမှ ကို မမောတတ် ဘူး ။ မမော တတ်တော့ ဦးလေးတင် က ဘယ်လောက်များ ဆို အန်တီဘေဘီ တို့ က လျှပ်စစ်ခြံ ။ လျှပ်စစ်ခြံကြီး ရှိတယ် ရှေ့မှာ ။ အဲဒီ ခြံကို ပြေးခိုင်းတာ ၊ ပတ်ပြီးတော့ ပြေးခိုင်းတာ ။ ရပ် ၊ မမောသေးဘူး ပတ်ပြေး ၊ မမောသေးဘူး ပြေး ၊ ၃ ပတ်လောက် ပြေးပြီးတော့မှ ကဲ အိပ် ။ အဲဒီတော့မှ သွေးတက်ပြီး မောတော့တာ ။ မသွင်းတတ်တာလေ ဟိုတုန်းက ၊ Mood မသွင်းတတ်တာ တွေ ။ အခု Mood သွင်းတတ်ရင် သက်သက်သာသာ နဲ့ သွင်းမှာပေါ့ ။ ဟို တုန်းကတော့ ဆရာခိုင်း ခိုင်းသလို အတိုင်း တစ်ခါတည်း ပတ်ပတ် ပြေးရ တာလေ ၊ အဲဒီဟာလေးတွေပေါ့ ။


▢ အန်တီဘေဘီ လက်သံ ပြောင်တာ နောက် တစ်ကား ကျွန်တော် မေးဦးမယ် ။ ဆရာအောင်လင်း က သူ ကိုယ်တိုင် မင်းသား ၊ ဆရာ ရန်ကုန် ဘဆွေ က အဖေခန်း ၊ အန်တီဘေဘီ နဲ့ ရိုက်တာ ။ “ ဗေဒါ ” ဆိုတဲ့ ကား နော် ။ အဲဒီမှာလည်း အန်တီဘေဘီ အောင်လင်း ကို လည်း ရိုက်ခဲ့သေးတယ် မလား ။


❥ ဟုတ်တယ် ၊ ရိုက်ခဲ့သေးတယ် ။ လက်သံပြောင်ပြောင် နဲ့ ရိုက်ခဲ့တာ ။ ကွမ်းတွေ တောင် ထွက်သွားသေး ။


▢ ဒါလည်း ပြန် ကန်တော့ရတာပဲ ။


❥ ကန်တော့ရတာ အဲဒါ ။ အန်တီဘေဘီ က အခု ရိုက်တာတွေ က ဟန်တွေ နဲ့ ပါး ရိုက်ရင် ရွှေ့လိုက်တာ ။ ရိုက်ပါလို့ ပြောရင်း နဲ့ ငါ မလုပ်တတ် ဘူးလို့ ။ ငါ လည်း သူများ ရိုက်ရင်ရိုက် ၊ သူတို့ က မခံဘူး ။ အန်တီဘေဘီ က ငါ ကတော့ ရိုက်ချင်ရင် ရိုက် ရတယ် ၊ ငါ က တော့ လွှဲလည်း မရိုက်တတ်ဘူးလို့ ။ ဒါပေမဲ့ အခုတော့ ကံကောင်းပါတယ် ၊ အသက်ကြီး လာတော့ ဘယ်သူမှ မရိုက်ရဘူး ၊ ရိုက်စရာ အခန်း ကို မရှိတော့ဘူး ။


▢ အဲဒီလို တကယ် သရုပ်ဆောင် ရတဲ့ အခန်းတွေပေါ့နော် ကျွန် တော် မှတ်မိတာ ဦးညွန့်ဝင်း ကို ပထမဆုံး တင် တဲ့ ကားပေါ့ ၊ “ မမထား နဲ့ အပါ ” ။ “ မမထား နဲ့ အပါ ” မှာ ဆိုလည်း သူ က True Story ကို ။ တကယ် ကျတော့ သူ က နိုင်ငံရေးသမား ပေါ့ “ မမထား ” က ၊ နိုင်ငံရေးသမား ပေါ့ နော် ။ အဲဒီတော့ ဒီ ကောင်လေး က သူ့ ထက် အသက်ကြီးတဲ့ မိန်းမကြီး ကို ချစ်မိသွားတာပေါ့နော် ။ အဲဒီတော့ ကိုညွန့်ဝင်း က ဇာတ်စင် က နေ ပြောင်း လာတာလား သို့တည်းမဟုတ် အစိမ်းသက်သက် ရုပ်ရှင်လောက ထဲ ကို ဝင် လာတာလား ။


❥ သူ က လား ၊ သူ က ဒါဂျီလင် မှာ ကျောင်းသွား တက်ပြီး ပြန်လာပြီး တော့ နားတဲ့ အချိန်မှာ ဘယ်လို ဘယ်လို ဦးလေးတင် တို့ နဲ့ ဆက်သွယ်မိ လည်း မသိဘူး ၊ အဲဒီမှာ စ,ရိုက်တာ ။ ဇာတ် က နောက် မှ က,တယ် နဲ့ တူတယ် ။ 


▢ အဲဒီမှာ ဦးတင်မောင် တို့က အန်တီဘေဘီ ကို ရွေးတာပေါ့နော် “ မမထား ” နေရာ ။


❥ ဟုတ်တယ် ၊ ဟုတ်တယ် ။ အဲဒါက ပရိုဂျူဆာ က အသစ် ။ ဒါကြောင့် မို့လို့ အေဝမ်း မှာ ဒီကား က မရှိတာပေါ့ ။ မရှိတော့ဘူး ကား က ။ တကယ့် တကယ့် ကျရင် ညွန့်ဝင်းရဲ့ Master Piece ။


▢ ဟုတ်တယ် ၊ Master Piece  ။ ပထမဆုံး ကား သာ ပြောတယ် Master Piece ။


❥ သူ တကယ် အိုက်တင် အကောင်းဆုံး ၊ နောက် ဟာတွေ က ဖို့စ် တွေပါတယ် ။ သတိထား မိလိုက်လား ၊ နောက် ဟာတွေ က ဖို့စ်တွေ ပါတယ် ။ အဲဒီ တကယ် Simple တကယ့် မသိသေးတဲ့ ကောင်လေး အတိုင်း ကြည့် တဲ့ မျက်လုံး က အစ ဘာညာ နဲ့ ဆို အရမ်း ကို စမု ဖြစ်တယ် ။ အဲဒါနဲ့ တောင် မတူဘူး ။ “ မောင့်မမငြိမ်း ”  ကျတော့ နည်းနည်း ဟိုဟာ ဖြစ် လာတယ် ၊ မတူ ဘူး ။ လူတွေ က ပြောတယ် ၊ နင် မိန်းမ ရ နေပြီမလားလို့ ။ ဟာ ... အစ်မ က လည်း မဟုတ်ပါဘူးတဲ့ ။ နောက်တော့ ပေါ်တာပဲ ။ ဘယ်လိုသိလဲ ၊ သိတယ် လို့ ။ နင် “ မမထား နဲ့ အပါ ” ကိုင် တုန်း က ပုံစံ နဲ့ “ မောင့်မမငြိမ်း ” ကိုင်တဲ့ ပုံ မတူဘူးလို့ ဆို ဟာ ... အစ်မ ဗျာ ၊ အစ်မ က တော်တော် အသေးစိတ် ကို တော်တော်ကို သိတယ်တဲ့ ။ သိတာပေါ့ဟာလို့ ။ နင် တို့ ၊ ကိုကျော်ဆွေ တို့ အို ပွတ် လိုက်တာ ငါ့ ပွတ်လိုက် လက်မောင်းတွေ ကို ကြီးရော တစ်ခါတည်း ။ တစ်ခါတလေ ဖီးလ် ဝင် လာလို့ ညှစ်ထား လို့ ရှိရင် အိမ် ကို ပြန် လာရင် ယောက်ျား က ကြည့်ပြီး မိန်းမ ဘယ်လို ဖြစ်နေတာလဲ ဆိုရင် ကိုကျော်ဆွေ နှိပ်စက်ထားလို့ ။ အဲဒီလို မောင်နှမတွေ လိုပဲ သိပ် ရင်းနှီးတာလေ ။ 


▢ ဘာပဲဖြစ်ဖြစ် ပွင့်လင်းတယ်လေ ။


❥ အဲဒီတုန်းက ရယ်စရာ တစ်ခု ပြောမယ်နော် ။ ယောက်ျား ရဲ့ အူတို တာလေးတွေပေါ့နော် ။ ယောက်ျား ရဲ့ သဘာဝ အူတိုတာလေးတွေ ။ တစ်ခါမှ Love Scene ရိုက်လို့ ဘာလို့ ညာလို့ ယောက်ျား က အူတိုတာတို့ ဘာတို့ တစ်ခါမှ မပြောဘူး ။ မောင်သင် နဲ့ ရိုက်တဲ့ အခါကျမှ မနေနိုင်တော့ဘူး ။ သူ က အရက်သောက် တာလေ ။ အရက်သောက် တော့ မူးရော ။ သူ က ကြောက်တာကို ၊ Love Scene ရိုက်ရမှာ ကြောက်တော့ အရက် ကို သောက် သောက် သောက် နဲ့ အရက်က များတဲ့ အခါကျတော့ ခေါင်းကြီး က အန်တီ ဘေဘီ ရင်ဘတ် ထဲ ကို ဝင်လာတာပေါ့ ။ ယောက်ျား က ကြည့် နေပြီး တော်ပြီ ဟေ့ ၊ တော်ပြီ တော်ပြီ ။ မရိုက်နဲ့တော့ ၊ ဒီနေ့ တော့ မရိုက်နဲ့တော့ ။ မဖြစ်ဘူး မဖြစ်ဘူး ကိုသင် တော်တော် လွန်နေပြီ ။ ကိုသင် က နောက်နေ့ မှ တောင်းပန်တယ် ။ ဂျာလေး ရယ် ကျွန်တော် နည်းနည်း ဒေါ်လေး ကို ကြောက်လို့ ၊ သူ့ အိုက်တင် ကို ကြောက်လွန်းလို့ပါတဲ့ ။ ကြောက်လို့ ကျွန်တော် က ရဲဆေး တင်ရင်း တင်ရင်း နဲ့ လွန်သွားတာပါဆိုတော့ ။ နောက်ပြီး တော့ အန်တီဘေဘီ က ရုန်းလို့ လည်း မရဘူးလေ ။ အန်တီဘေဘီ တို့က သစ်ပင် ခွကြား ထဲ မှာ နေပြီး စကား ပြောရင်း နဲ့ စကားပြောရင်း နဲ့ ခေါင်း က တဖြည်းဖြည်း နဲ့ အန်တီဘေဘီ ရင်ခွင် ထဲ ရောက် လာပြီး ယောက်ျား က ကြည့် ပြီးတော့ ဟင်း ... ဟင်း ... ဆိုပြီးတော့ ။ အဲဒီတော့မှပဲ သူ အူတို ဖူးတယ် ။ တစ်ခါတစ်ခါ ၊ ဒေါ်မေချစ်ကြီး က တစ်ခါတစ်ခါ သူ လာလို့ ရှိရင် ဟေး ကလေး လုပ်တဲ့ စက်ကြီး လာပြီ ။ ငါတို့ ကား က မရိုက်ရသေးဘူး ၊ နင်တို့ မိန်းမ က ဗိုက်ပူ ပြန်ပြီ ၊ ရယ်စရာတွေ ပြောတာလေ ပြေး ရော ။ မမချစ်ကြီး တွေ့ ရင် ပြေးတာပဲ တစ်ခါတည်း ရှက်လို့ ။ ကလေးတွေ က လည်း အံ့သြကြတယ် လေ ။ ဒီလောက် အလုပ်တွေ များထဲမှာ ကလေး ၅ ယောက် ကို မွေးတာ ။ အန်တီ က လည်း ယောက်ျားလေး လိုချင်လို့ ရနိုး ၊ ရနိုးနဲ့ ဖြစ်သွားတာပါ ။ ဒါပေမဲ့ ကောင်းပါတယ် ၊ ကလေး ၅ ယောက် မွေး တာလည်း ။


▢ အန်တီဘေဘီ အဲဒီတုန်း က အန်တီဘေဘီ နဲ့ ဦးကျော်ဆွေ နဲ့ ရိုက်တယ် ။ ဦးကျော်ဆွေ ဆိုတာ မိန်းမကိစ္စ အင်မတန် နာမည်ကြီး တဲ့ မင်းသား တစ်ယောက် ပေါ့နော် ။ မင်းသားပေါင်းစုံ နဲ့ လည်း ရိုက်ခဲ့ဖူးတယ် ။ ကိုယ့် မောင်နှမတွေ လို သဘော ထားတယ် ။ ဖက်စရာ ရှိ ဖက်ကြတယ် ၊ သမီးရည်းစား အခန်း ဆိုလည်း သရုပ်ပေါ်အောင် ၊ လင်မယားခန်း ဆိုလည်း သရုပ်ပေါ်အောင် လုပ်ကြတယ် ။ အဲဒီတုန်းကတော့ ကျွန်တော် တို့ အပြင် လောက မှာ ဘယ် မင်းသား နဲ့ ဘယ် မင်းသမီး နဲ့ ကြိုက်ကြတယ်ဆိုတဲ့ အသံ မကြားဖူးဘူး ။ ကျွန်တော်တို့ ပဲ ဝေးလို့လား မပြောတတ်ဘူးပေါ့ နော် ။ အခုကျတော့ တစ်မျိုးပေါ့နော် ။ တွဲလိုက်ပြီ ဆိုရင် ငြိလိုက်ကြတဲ့ စကား ပဲ ကြားရတယ် ။ အဲဒီတုန်း က ဘယ်လို စိတ်တွေနဲ့ နေခဲ့ကြလို့လဲ ။


❥ မောင်နှမ စိတ်တွေပဲ ရှိတာကိုး ။ အဲဒီလို သရုပ်ဆောင် တဲ့ အချိန်ကျမှ သာ သရုပ်ဆောင်တဲ့ ပုံစံ ဖြစ်တယ် ၊ ရိုက်တယ် ဒါပဲပေါ့ ။ အဲဒီ ချွေးနဲ့ သွေးနဲ့ ရင်းသည့်မြေ ရိုက်တုန်းက ဒီ သမီးအငယ်ဆုံးမလေး ကိုယ်ဝန် ရှိ နေတာပေါ့ ။ ကိုယ်ဝန် ရှိ နေတုန်း ကောလိပ်ဂျင်နေဝင်း နဲ့ ရိုက်တာပေါ့ ။ လယ်ကွင်းကြီး ထဲ မှာ ရိုက်တာ ။ အရမ်း အစ်ကိုရေ မခံနိုင်တော့ဘူး ။ ကိုယ်ဝန် ရှိခါစ ကျတော့ နေတွေ ပြင်းတော့ လယ်ကွက် တွေ ထဲ မှာ ကျတော့ မခံနိုင်ဘူး ။ အစ်ကိုရေ ခဏလေး အစ်ကို့ ပေါင်ပေါ်ပဲ လှဲ အိပ်လိုက်ပြီ ဆို “ အေး အေး ရတယ် ” ဆို သူ့ ပေါင်ပေါ် မှာပဲ ။ နေကောင်း သွားပြီလား ၊ နေကောင်းသွားပြီ ဆို ထ,ရိုက် ။ အဲဒီလို တစ်ယောက် နဲ့ တစ်ယောက် က အရမ်း ကြင်ကြင်နာနာ နဲ့ စောင့်ရှောက်ကြတယ်ပေါ့ ။ အန်တီဘေဘီ တို့ မင်းသမီး ။ ကိုကျော်ဆွေ တို့ ဆို သူတို့ ဘာသာ သူတို့ နောက်ပိုင်း ဖြစ်တာ ကိစ္စ က တစ်မျိုးလေ ။ အခုဟာ တွေက သိပ် ပွင့်လင်းတယ်နော် ။


▢ အခုဟာတွေ က တော့ အပွင့်လင်း လွန်နေတယ် ။


❥ ပွင့်လွန်းအားကြီး ပြီးတော့ ကွဲ သွားလည်း ကိစ္စ မရှိဘူးနော် ။ ဘာမှ Don't Careပဲ ။ အန်တီဘေဘီ တို့ဆို အန်တီဘေဘီ အန်ကယ် နဲ့ ကိုညွန့် နဲ့ ယူတော့မယ် ဆိုရင် စဉ်းစားလိုက်ရတာ ။ ငါ ယောက်ျား ယူလိုက်ရင် နာမည် များ ကျသွား မလားပေါ့နော် ။ ပရိသတ် က ကိုယ့် ကို ချစ်နေတာ ဘယ်လိုလဲ ၊ တချို့ကျတော့ မျှော်လင့်ချက်ကြီးနဲ့လေ ။ အန်တီဘေဘီ ဆို အန်ကယ် နဲ့ ယူ မယ် ဆိုတော့ ဒါရိုက်တာတွေ ရော အကုန်လုံး ဖျက်တာ ။ “ ခေါ်လာခဲ့ ၊ ခေါ်လာ ပြီးတော့ သူ့ကို ဝန်ခံချက် လုပ်ခိုင်းရမယ်တဲ့ ။ ယူပြီဆို့ ရှိရင် ကားမရိုက်ရ ဘူးလို့ ဘာတို့ ဆိုရင် မပေးစားဘူး ၊ နင် က လည်း နားထောင်ရမယ် ” ။ “ ဟုတ်ကဲ့ ” ။ အားလုံး ဝန်ခံချက် “ ကျွန်တော် သူ့ ရဲ့ သရုပ်ဆောင်ချက် ကို ကြိုက်လို့ ကျွန်တော် ယူတာ ။ အဲဒီတော့ ကျွန်တော် လုပ်ခိုင်းမယ် စိတ်မပူ နဲ့ ” ။ ဆိုတော့ လုပ်ရတာပဲ ။


▢ ဟုတ်ပြီ ၊ အန်တီဘေဘီ ရယ် ကျေးဇူးတင်ပါတယ် ။


❥ ရပါတယ် ။


▢ ကျွန်တော် က အဲဒီလို မျိုးပေါ့ ။ မင်းသမီးကြီးတွေ ကို မှတ်တမ်း မှတ်ရာ လုပ်ထားချင်တယ်ပေါ့နော် ။ အန်တီဘေဘီ ပြောတဲ့ အခါမှာ ကျွန်တော်တို့ မသိတဲ့ အကြောင်းအရာတွေ အများကြီးပါတယ် ။ မှတ်တမ်း မှတ်ရာ ဖြစ် သွားတယ် ။ နောင်တစ်ချိန် အန်တီဘေဘီ မရှိတော့တဲ့ အခါပဲ ဖြစ်ဖြစ် ၊ ကျွန်တော် မရှိတော့တဲ့ အခါပဲ ဖြစ်ဖြစ် အမှတ်တရလေး ဖြစ် သွားအောင် ။


❥ အန်တီဘေဘီ က လည်း ဝမ်းသာပါတယ် ။ ဘာပဲပြောပြော မောင်ဝင်းငြိမ်း တို့ မေးတဲ့ အချိန် မှာ အန်တီဘေဘီ ပြောနိုင်တုန်း ပြောချင် တယ် ။ နောက်ပြီးတော့ နှစ် ၁၀၀ ပြည့် ကိုလည်း မီချင် သေးတယ် ။ ကြားထဲ မှာ ဘာမှ မဖြစ်ပါစေနဲ့ ၊ ဘာမှ မဖြစ်ပါစေနဲ့ ကိုယ့် ကိုယ် ကို တောင့်ထား တာလေ ။ ဘာလို့လဲ ဆိုတော့ နွှဲချင်တယ် ။ ရွှေရတု ၊ ငွေရတု ၊ စိန်ရတု အကုန်လုံး မီခဲ့တာလေ ။ မီခဲ့တယ် ဆိုတော့ ဘာပဲပြောပြော နှစ် ၁ဝဝ ကို တော့ မီလိုက်ချင်သေးတာပေါ့ ။ ၈၄ နှစ် ဆိုတာ ကတော့ မပြောနိုင်ဘူး ။ ဒီနေ့ ကောင်း နေပေမဲ့ မနက်ဖြန် ကောင်းချင် မှ ကောင်းမှာ ။ 


▢ ကောင်းမှာပါ ၊ ကောင်းမှာပါ ။


❥ တစ်ခု ပြောချင်တာပေါ့ ။ ကလေးတွေ ကို ဘာပြောချင်လဲ ဆိုတော့ ဒီ လောကထဲ ကို ကိုယ် ဝင်လာတဲ့ အခါ ကျလို့ ရှိရင် ဒီ လူတွေ ဒီ လူတွေ ကို ချစ်ကြပါ ။ ချစ်မှ သာလျှင် ကိုယ့် ကို ပြည်သူလူထု က လည်း ပြန် ချစ်မယ် ။ ပေါ်ပင်လေးတွေ ကို လည်း မလိုက်ပါနဲ့နော် ။


▢ ဟုတ်ပါပြီ အန်တီဘေဘီ ။ ကျွန်တော်တို့ လည်း အန်တီဘေဘီ စည်သူဘွဲ့ ရတယ်လို့ ကြားဖူးတယ်ပေါ့နော် ။


❥ ကြားလိုက်တယ်ပေါ့ ။


▢ ကျွန်တော် မမြင်ဖူးဘူး ၊ အဲဒါ ပြပါဦးလို့ ။


❥ ပြမယ် ၊ ပြမယ် ။ ဒီမှာ ဒီမှာ ။


▢ ဝါး ... ရွှေ နဲ့ ၊ ကျောက်စိမ်း နဲ့ ၊ အပေါ် က နိုင်ငံတော်တံဆိပ် ပါ တာပဲ ။ အန်တီဘေဘီ ဆွဲပြပါဦး ။


▢ ရုပ်ရှင် နှစ် ၁ဝဝ အတွက် ဆန္ဒလေး ပြောပြပေးပါဦး ။ 


❥ ရုပ်ရှင် နှစ် ၁ဝဝ အတွက် ကို အန်တီဘေဘီ က လည်း အသက်ရှည် ရှည်နဲ့ နေချင်တယ် ။ ဒီ ရုပ်ရှင်လောကသား တွေ လည်း ဒီ ရုပ်ရှင် နှစ် ၁ဝဝ ပြည့် မှာ အားလုံး အားလုံး အားကြိုးမာန်တက် နဲ့ ဝိုင်းဝန်းပြီး ဒီ နှစ် ၁၀၀ ကြီး ကို အောင်အောင်မြင်မြင် နဲ့ ၊ ကြိုးကြိုးစားစား နဲ့ အကုန်လုံး ပါဝင်ကူညီ ကြပါလို့ ပြောချင်ပါတယ် ။ အားလုံး သက်ရှိထင်ရှား ရှိတဲ့ လူတွေ ကို လည်း အသက် ရှည်ရှည် နဲ့ စောင့်နေကြပါလို့ ပြောချင်ပါတယ် ။ 


▢ ဟုတ်ကဲ့ ၊ ကျေးဇူး တင်ပါတယ် ။


⎕ ဝင်းငြိမ်း


📖 လိပ်ပြာကူး ထူးခြားသူများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment