Thursday, August 29, 2024

ဆယ်ပြား မလို ဆယ်ပြား ပို


 

❝ ဆယ်ပြား မလို ဆယ်ပြား ပို ❞
   ━━━━━━━━━━━━━━
         ကိုလှိုင်ကြည်ဝင်း
   ━━━━━━━━━━━━━━
သူ့ ကို ဒီလို ပုံစံ နဲ့ တွေ့လိုက်ရ တော့ အနှောင်း စိတ် ထဲ မှာ  ၊ ရင် ထဲ မှာ  ၊ အသည်းနှလုံး ထဲ မှာ တင်း ခံနိုင်ရိုးလား ။

သူ့ ခင်ပွန်းလောင်း ကို တောင် ဂရု မစိုက်နိုင်ဘူး ။ သူ ရှိရာ ကို အပြေး လာ မိတယ် ။ ပြီးတော့ ... သူ့ ကို အော် ခေါ်မိတယ် ။

“ ပေတူး ”

ပဲ့တင်သံတောင် ပြန် လာလေရဲ့  ။

“ ပေတူး ... ”

“ ပေတူး ...” 

“ ပေတူး ...”

•••••   •••••   •••••

“ လူသား အားလုံး ချေး ( ဂျီး ) မများကြပါနဲ့ ဗျာ ။ ကျွန်တော် ရာဇာပေတူး တောင်းပန်ပါတယ် ။ ပြီးတော့ ကိုယ်ပိုင်ကား စီးတာ မဟုတ်လို့ ကိုယ် ထိုင် ပြီး ကား တာ မလုပ်ကြပါနဲ့ ။ အားလုံး မျှမျှတတ ပေါ့ ”

သူ့ အသံ ၊ သူ့ အမူအရာ ၊ သူ့ ဒီဇိုင်း ကြောင့် အားလုံး ပြုံး မိကြတယ် ။ “ ဤ ပုံ ကို ကြည့်ပါ ၊ အဝေး က ပင် မြင်နိုင်ပါသည်” ပေါ့ ။ အပေါ် က အင်္ကျီအနီရောင် အကျပ် လက်တို မှာ လက်မောင်း တစ်ဝက် သာသာ ၊ ခါး မှာ ဖျာပုံထည် ထဲ က ဘောင်းဘီ အပွ ၊ ဘောင်းဘီအိတ် က လည်း ရေ လို့ တောင် မရ ဘူး ။ ခါးပတ် မှာ စတီးကြိုး တွေ ရော ၊ သော့ချိတ် တွေ ရော စုံလို့ ။ ခြေထောက် မှာ တော့ ရွာ က အရန်မီးသတ် တွေ စီး တဲ့ သားရေဖိနပ် အနက်ကြီး စီး လို့ ။ ခေါင်း မှာ လျှာထိုးဦးထုပ် ကို ပြောင်းပြန် ဆောင်း ထားတယ် ။ လည်ပင်း မှာ စတီးနန်းကြိုး အသေး တစ်ကုံး ၊ ခပ်တုတ်တုတ် အရှည် က တစ်ကုံး အပြင် သူ့ ကိုယ်ပိုင် အမှတ်တံဆိပ် ဝီစီ ချိတ်လို့ ။

ဆွဲကြိုး မှာ နေကာမျက်မှန် တစ်လက် ပါ ချိတ် ထားတယ် ။ ဘိုလို မှုတ် ရ ရင် တော့ ရာဇာနေဝင်း Crazy ပေါ့ ။ အဘိဓာန် ထဲ မှာ တော့ Crazy ကို ရူးသွပ်သော ၊ စိတ်မနှံ့သော လို့ ဖွင့် ထားတာပဲ ။ သူ့ နာမည် အရင်း က ပေတူး ။ ဒါပေမဲ့ သူ့ ဘာသာ သူ ကင်ပွန်းတပ် ထားတဲ့ ရာဇာပေတူး လို့ ခေါ် မှ သဘော ကျတယ် ။ အသက် က ဆယ့် ခြောက်နှစ် ပတ်ဝန်းကျင် လူပျိုပေါက် ဆိုပါတော့ ။ ဒါပေမဲ့ ဆယ်ပြား လို ပြောပါ တော့ ။ စကား တောင် ခုနစ်နှစ် ၊ ရှစ်နှစ်သား လောက် မှ ပြော တတ်တာ ။ ကျပ် မပြည့် ရှာဘူး ။ လူကြီး ဦးနှောက် နဲ့ ကလေး သာသာ ပဲ တွေးတတ် သေးတယ် ။

“ ရာဇာ ရေ ထွက် ရအောင် ၊ လူ က ပြည့် နေပြီ ”

“ ဟုတ်ပါ့ ၊ ဒီ ထက် သာ နင် တို့ ကား ဆက် တင် ရင် ဖျာ ချ တင် မှ ဆံ့တော့ မှာ ”

“ ဟေ့ကောင် ... နေ ပူလှပြီ ကွ ။ ထွက်မယ် ... ထွက်တော့မယ် ဆိုပြီး ခု ထိ မထွက်သေးဘူး ။ နောက် ဘုရား ပွင့်တဲ့ အထိ စောင့်ရမှာ လား ” 

ကားဝမ်း ထဲ က ရော ၊ ကားခေါင်းမိုး က သူ တွေ ရော ပွစိ ပွစိ ဖြစ်ကုန်ပြီ ။ နေ ကလည်း အတော် ပူလာတာ ကိုး ။

ပေတူး ခမျာ ခရီးသည် တွေ ပွစိပွစိ ဖြစ်နေတာ ကို တောင်းပန်လိုက် ၊ အဝေး လှမ်းကြည့် လိုက် ၊ နောက် ဈေး ထဲ ဝင် သွားလိုက် နဲ့ မျောက် ငပိ ကိုင်မိ သလို ဖြစ်နေ တယ် ။

“ ဟာ .. မမနှောင်း ကြာလိုက်တာ ဗျာ ။ ပေး ခြင်းကြီး ကျွန်တော့် ပေး ” 

“ ပွဲရုံ က နှမ်းဈေး မပြတ်လို့ ဟ ။ ဒီနေ့ ဈေး မကြိုက်တာ နဲ့ အသုံးပဲ တောင်း လာခဲ့တယ် ။ နောက် လေးငါးရက် ဆို တက်ကောင်း ရဲ့ ” 

ပေတူး က ပြောပြောဆိုဆို အနှောင်း ရဲ့ လက် ထဲ က ခြင်း ကို ယူပြီး ကား ပေါ် တင်တယ် ။ ပြီးတော့ နေရာ ရ အောင် လုပ် ပေးတယ် ။

“ မအေးသာကြီး က ဒူးကြီး မကား နဲ့ လေ ။ ဟို ခင်ဝင်း က နင့် ခြင်းပေး ။ အမိုး ပေါ် တင် ၊ မယ်စိန်ချောကြီး က ခင်ဗျား လင် ကား မဟုတ်ဘူး  ။ ခြေထောက် ကျုံ့ ဗျာ ”

မကြာပါဘူး အနှောင်း နေရာကောင်း ရ သွားတယ် ။

“ ပေတူး က နင့် ဟာလေး ကျ သိတတ် လိုက်တာ ”

ကား ပေါ် ရှိ မိန်းမ တစ်ယောက် အသံ ကြောင့် ပေတူး မျက်စောင်း ထိုး ကြည့် တယ် ။

“ ဟာ ဒီလို တော့ မပြောနဲ့ ဗျာ ။ ရာဇာပေတူး အများကြီး အများကြီး စိတ်ဆိုးတယ် ”

ပေတူး က ရာဇာနေဝင်း အမူအရာ လေသံ နှင့် ပြောလိုက်သော ကြော င့် ကား ပေါ် ရှိ ခရီးသည် များ ဟာသ တစ်ခု ဖြစ်သွားသည် ။ ဖြစ်ကို ဖြစ်ရ မယ်လေ ။ လေ သာ မဟုတ် ၊ ကေ က လည်း တကယ့် ကို အပီ အပြင် ။

“ ပေတူး ဟဲ့ ဟဲ့ ပြော သာ ပြော ၊ နင့် လက်ကြီး က ငါ့ မျက်လုံး လာ ထိုး မိဦးမယ် ”

အနား ရှိ ဒေါ်စိန်ချော စကား ကြောင့် ထပ်ဆင့် ပွဲကျ သွားပြန်သည် ။

“ ဗျို့ ကိုထွေး ၊ လက်ဖက်ရည် ကို ဇိမ်ခံ သောက်မနေနဲ့ ။ ခရီးသည် တွေ အားနာ ဖို့ ကောင်းပြီ ”

ပေတူး စကား ကြောင့် ကိုထွေး လက်ဖက်ရည် ကို ကမန်းကတန်း မော့ ချတယ် ။ သူ က အုံနာဒရိုင်ဘာ ပေမဲ့ ပေတူး ကို မလွန်ဆန်ရဲဘူး ။ ကား ရှေ့ခန်း ကို အပြေး ပဲ တက် ရတယ် ။

“ ဟဲ့ ဟဲ့ ငါ့ ယောက်ျား ကိုဘိုတင့် မလာသေး လို့ စိန်တောင်ကြီး သွား သောက် နေပြီ ထင်တယ် ။ ရာဇာ ခဏ စောင့်ပါဦး ။ ခဏလေး ပါ ။ မသာကောင် က လည်း ရွာကျ မှ အေးအေးဆေးဆေး သောက် တာ မဟုတ်ဘူး  ။ စောင့်ပါဦး ဟဲ့ ”

မစိန်ချော စကား ကြောင့် ကိုထွေး စက်နှိုး ထား ပေမယ့် ကလပ် ကို မလွှတ် သေးဘူး ။

“ ဟာဗျာ ၊ ခင်ဗျား ယောက်ျား ကြွက်တွင်း သာ စောင့် ရရင် ရာဇာ တို့ သန်းခေါင် ထမင်းချက် စား ရ လိမ့်မယ် ။ ကား ပေါ် ပါတဲ့ ခရီးသည် တွေ အားနာ မှ ပေါ့ ။ နောက် မှာ ထွေလာ တစ်စီး ရယ် ၊ ၄၅ဝ၂ ရယ် ရှိ သေးတယ် ။ လိုက် လာ လိမ့်မယ် ”

ပြောပြောဆိုဆို သူ့ လည်ပင်း မှာ ဆွဲကြိုး နဲ့ ဆွဲ ထားတဲ့ ဝီစီ ကို မှုတ်လိုက်တယ် ။
ကိုထွေး မနေရဲတော့ဘူး ။ ကလပ် ကို လွှတ် ပြီး လီဗာ ကို နင်း လိုက်တယ် ။ ဒေါ်စိန်ချောကြီး က တော့ တစ်လမ်းလုံး တဗျစ်တောက်တောက် နဲ့ မျက်စောင်း ထိုး ရင်း ပေတူး ကို မေတ္တာ ပို့ရ င်း လိုက်ပါ လာတယ် ။

•••••   •••••   •••••

ပေတူး တို့ ရွာ က ချောင်းရိုးတန်းရွာ ပါ ။ နာမည် နဲ့ လိုက်အောင်ပဲ ချောင်း တွေ ရိုး တွေ က ရစ်ပတ် နေတယ် ။ မြို့ က နေ ဆယ့်လေးမိုင် လောက်ပဲ ကတ္တရာလမ်းပေါ် မှာ ဇိမ် နဲ့ လိုက်လို့ ရတယ် ။ ဆယ့်လေးမိုင် ပြီး လို့ ညာဘက် မြေနီလမ်း အတိုင်း ရွာဘက် ကို ချိုးကွေ့ လိုက်တာ နဲ့ ကား ပေါ် ပါလာသူ တွေ အားလုံး သူတော်ကောင်း  ဖြစ်သွားတယ် ။

ဗုဒ္ဓေါ ၊ ဘုရား ၊ ဘုရား ၊ ဘုရား ၊ သမ္ဗုဒ္ဓေ စုံလို့  ။ မသာ တစ်ခေါက် ကျောင်း ဆယ်ခေါက် ဆိုတာ ထက် ။ ချောင်းရိုး ကားစီး တစ်ခေါက် ၊ နိဗ္ဗာန် ရောက် လို့ တောင် ကမ္ပည်း တင် လိုက်ချင်သေးတယ် ။ နွေ နဲ့ ဆောင်း ဆိုရ င် မသိသာပေ မဲ့ မိုးတွင်း ဆို ဒုက္ခ ရောက်ပြီ ။ အချို့ ချောင်း တွေ က ရေ ကျ လွန်း ရင် တန်း ကူး မရဘူး ။ ရေ အကျ စောင့် ပြီး ကူးရတယ် ။ ချောင်း တွေ ထဲ မှာ ကျော်လှချောင်း က အဆိုးဆုံး ပဲ ။ နဂိုက ချောင်း မှာ နာမည်မ ရှိဘူး  ။ ကိုကျော်လှ ဆိုတဲ့ သူ ဒူးဆစ် လောက် ရှိတဲ့ ရေ ကို မူးမူးနဲ့ ရတယ် ဆိုပြီး ကူး တာ ။ ချောင်း တစ်ဝက် လောက် မှာ နောက်ထပ် ရေ ကျလာတာ နဲ့ ချောင်း နဲ့ မျောပြီး သေရှာပါရော့ လား ။

ချောင်းရိုးတန်း မှာ ကား နှစ်စီး နဲ့ ထွေလာ တစ်စီး ရှိတယ် ။ ကား က တော့ ၅၂၈ နဲ့ ၄၅ဝ၂ ပေါ့ ။ ဒီဘက် မှာ တော့ အုံနာနာမည် ထက် ရှေ့အက္ခရာ မတပ်ဘဲ ကား နံပါတ် သုံးတာ များ တယ် ။ အုံနာတိုင်း က ပေတူး ကို သဘောကျ တယ် ။ လိုချင်တယ် ။ သူ လိုက်တဲ့ ၅၂၈ က ကုန် မရတဲ့ အခါ မရှိဘူး ။ ပေတူး က ဖင် ပေါ့တယ် ။ နှုတ်သွက် တယ် ။ လူ က ကျပ် မပြည့်တော့ သူ ဘာပြော ပြော ဒေါက်တာအုန်းမောင် က သူ့လူနာ ဘာ ပြောပြော ခွင့်လွှတ် ထား သလို ခွင့်လွှတ် ထားတာပါပဲ ။ အားလုံး  ချစ်လည်း ချစ် ၊ သနား လည်း သနား ကြတယ် ။ လူက ကျပ် မပြည့်ပေမဲ့ မုဆိုးမ မျက်စိမမြင် တဲ့ သူ့ အမေကြီး ကို သူ ပဲ လုပ်ကျွေး နေ တာ ကိုး ။ နောက် မြို့ မှာ မော်တော်ပီကယ် က အစ ပေတူး ကို ချစ်ကြတယ် ။ သူတို့ က တောင် ပေတူး ကို ပြန်ပြီး ကျွေးသွား တတ်ကြတယ် ။ သူ့ အမူအရာ ဒီဇိုင်း တွေ က တစ်ခါ မြင်ဖူးရင် ဒိုင်းခနဲ မှတ်မိ လွယ်တယ် ။ နောက် ရွာ မှာ သာရေး ၊ နာရေး ရှိရင် အောက်ခြေသိမ်း ဒိုင်ခံ လုပ်တယ် ။ သူများ တွေ မနေလို ၊ မလုပ်လို တဲ့ ပန်းကန်ဆေး ၊ ထင်းခွဲ ၊ ရေခပ် နေရာ မှာ ပျော်ပျော်ပဲ ။

အဲ ... တစ်ခု တော့ ရှိတယ် ။ သာရေး ၊ အလှူ ၊ မင်္ဂလာဆောင် တွေ မှာ ဆိုင်း ၊ တီးဝိုင်း ပါရင် တော့ မိုက် ကိုင်ရမှ ။ ဆိုင်းဆရာ သူ ပြောတဲ့ ရာဇာနေဝင်းသီချင်း ဘယ်တီးတတ်ပါ့ မလဲ ။ ကြား တောင် ကြားဖူးဟန် မတူဘူး ။ အလှူရှင် က ဆိုင်း ဆရာ ကို မျက်စိ တစ်ဖက် မှိတ်ပြ မှ သဘော အပီ အစစ်အမှန် ပေါက်သွားတယ် ။ ခုတလော အလှူတိုင်း မှာ ဖွင့်နေ ၊ တီးနေ ၊ ဆိုနေ တဲ့ သီချင်း ကို ဟာသ သဘောမျိုး လုပ်တယ် ။ မန္တလေးသိန်းဇော် ရဲ့ မြတ်ဆုမွန် ကို ခပ်တည်တည် ကောက် တီးပစ်တာ ။

ဆိုင်းဆရာ က တီးချင် တာ တီး ၊ ပေတူး က ရာဇာနေဝင်း ဒီဇိုင်းနဲ့ ဆိုချင် တာ ဆို နဲ့ လာသမျှ ပရိသတ် ပတ်တုတ် မရဘူး ။ အချို့ အရယ်သန် သူ မယ်ချဲ တွေ ဆို သေး တောင် ထွက်ကျတယ် ။ မယ်ချဲ ဆို တာ ဒီ နယ်ဘက် မှာ တော့ အသက်ခြောက်ဆယ် ကျော် ၊ ခုနှစ်ဆယ်ကျော် အဘွားကြီး တွေကို  ပြောတာပါ ။ ယောက်ျားကြီး တွေ ဆိုရင် တော့ ဖိုးချဲ ပေါ့ ။

အဲ ... တစ်ခု တော့ ရှိတယ် ။ ပေတူး က ဘယ် အလှူ ၊ ဘယ် မင်္ဂလာဆောင် ဖြစ်ဖြစ် တီးဝိုင်း ပါ ရင် သီချင်း နှစ်ပုဒ် ပဲ ဆိုတယ် ။ ရာဇာနေဝင်း သီချင်း ဆိုပြီး နောက် တစ်ပုဒ် ကို တော့ ဆိုင်းဆရာ လာ မနောက် နဲ့ မရဘူး ။ တစ်ခါတုန်း က ဆို သူ ဆိုမယ့် သီချင်း အတော ကို မတီး ဘဲ စတဲ့ အနေ နဲ့ မဟုတ်တာ သွား တီး မိတယ် ။ အမှန် က စ တာပါ ။

“ ဒီမှာ ဆိုင်းဆရာ ၊ ခင်ဗျား ရာဇာပေတူး ကို စော်ကားတယ် ။ ရာဇာ့ အနုပညာ ကို မလေးမစား လုပ်တယ် ။ ရာဇာ အများကြီး ဝမ်းနည်းတယ် ။ ခင်ဗျား ကျုပ် ကို ကျပ်မပြည့်တဲ့ ကောင် မှတ်နေလား ”

တကယ့် ကို ရာဇာနေဝင်း စတိုင် နဲ့ အပီ ဟောက်တာ ။ ဆိုင်းဆရာ တော့ မှတ်ကရော့ ပဲ ။

အမယ် ဆိုင်းဆရာ က အပီ တီးရုံတင် မကဘူး ၊ အော်ဂင် ပါ တွဲ ထား တော့ ဝိုင်း က ပို မြိုင်သွားတယ် ။

“ မွေးဌာနေ .. အညာမြေဆီ က ချစ်ရတဲ့ ရှင်နှောင်း ရေ ”

အခုလို ဟဲပြန် တော့ လည်း သူ မဟုတ်တော့ တဲ့ အတိုင်းပဲ ။ မထင်ကြ တာ ကိုး ။ လက်ခုပ်သံ တွေ ၊ လေချွန်သံ တွေ နဲ့ သဘော ကို ကျ လို့ ။ အလှူရှင် ရော ၊ ကောင်မလေး တွေ ရော ၊ ဆု တွေ ထ ထ ပြီး ချ ကြတာ မနည်းဘူး ။ ဝိုင်းသိမ်း ရင် အောက်ခံ တစ်ထောင် တော့ အနည်းဆုံး အဆင့် ပဲ ။ တစ်ခု တော့ ရှိတယ် ။ နောက် တစ်ခါ ပွဲ မတောင်း နဲ့ မရတော့ဘူး ။ ဆု ချမယ် ၊ ပိုက်ဆံ ပေးမယ် ပြောလည်း မဆိုဘူး ။

အဲ ... ပြောလိုက်သေးတယ် ။

“ ရာဇာပေတူး ကို ခွင့်လွှတ်ပါ ” တဲ့ ။ ဒါကြောင့် နောက်ပိုင်း အလှူ ၊ မင်္ဂလာဆောင် တီးဝိုင်း ၊ ဆိုင်းဝိုင်း ပါ လို့ ရာဇာနေဝင်း မပါ ရင် တစ်ခု ခု လို နေသလိုပဲ ။

•••••   •••••   •••••

“ ရာဇာ မနက်ဖြန် မြို့ ကို မမနှောင်း တို့ အိမ် က နှမ်း နဲ့ ထန်းလျက် တင်မှာ နော် ”

အဲဒီလို ပြောလိုက်ရ င်ပဲ ပေတူး ပျော် သွားပြီ ။ အနှောင်း ကား ပေါ်ပါ လာ ရင် ရာဇာပေတူး မြူး နေတာပဲ ။ ရွာ မှာ ဘယ် ကားသမား မှ အနှောင်း ကုန် ကို မတင်ရဲ ။ ပေတူး က လည်း အနှောင်း ကား ပေါ် ပါ လာလျှင် နှုတ် က သွက်ပါပေ့ ။

တစ်လမ်း လုံး အနှောင်း မျက်နှာလေး ကို မြင် နေရ ရင် သူ ပျော် နေပြီ ။ ကိုထွေး က ပြောဖူးတယ် ။

“ ရာဇာ မင်း ကို အနှောင်း က သံယောဇဉ် တွယ် နေတယ် ထင်တယ် ။ အနှောင်း က တို့ ကား မှ တို့ ကား ။ အဲဒါ  ...  မင်းကြောင့် မင်း သံယောဇဉ် ကြောင့်  ”

အဲဒီလို ပြောတော့ ပေတူးခ မျာ မျက်နှာ က စပ်ဖြီးဖြီး ပီတိ ကို ဖြစ်လို့  ။ ဟို ...  မြန်မာ့ရိုးရာ ဟာသပုံပြင် ထဲ က လို “ ဟုတ်တော့ လည်း ဖုံးမရဘူး ” ဆို တဲ့ ဒီဇိုင်း နဲ့ ပေါ့ ။ ရွာ ထဲ က ကာလသား ၊ ကာလသမီး တွေ ရော ဝိုင်း စကြ တာ ။ ကြာ တော့ ပေတူး မသိစိတ် ထဲ မှာ အနှောင်း နဲ့ သူ ဟာ ချစ်သူ ပေါ့ ။

အနှောင်း က တော့ ပေတူး ကို တကယ့် ကျပ် မပြည့်တဲ့ ကောင်လေး လို သဘောထား ပြီး စတာ ။ ပေတူး အမေ ကို “ အမေ ” တဲ့  ။ “ ယောက္ခမကြီး ” တဲ့ ။ ကြာလေ ပို ဆိုးကုန်ပြီ ။ နေ မြင့်လေ အရူး ရင့် လေ ပေါ့ ။ ပေတူး ဆိုတာ အနှောင်း လက်ပေါ် မှာ ကြီး လာတာပါ ။ ကျပ် မပြည့်တဲ့ အရူးအပေါလေး ဆိုပြီး ပျော်စေ ပျက်စေ ခဏ ပေါ့ ။ ဒါကို အဟုတ် ထင် နေတာက ပေတူး ။

“ ပေတူး အနှောင်း က မင်း ကို တကယ် ယူ မှာ လား ”

ဘေး က လူတွေ က အဲဒီလို စ ရင် ပေတူး မကြည်တော့ဘူး ။ သူ့ မှာ အ နှောင်း နဲ့ ပတ်သက် လာ ရင် တကယ့် ကို အရူး ။ နဂို ကတည်း က မှ ကျပ် မပြည့် တာ အချစ်ရူး ထပ် စွက် တော့ ပို ရှုပ် ကုန်တာပေါ့ ။

“ ရာဇာ မင်း မမနှောင်း ကို တကယ် လက်ထပ် မှာ ဆိုရင် ပိုက်ဆံ စု နော် ။ မမနှောင်း အိမ် က တင့်တောင့်တင့်တယ် တောင်း မှ လက်ခံ မှာ နော် ”

အဲဒီလို စ တာ ကို အဟုတ် ထင် လို့ ။ နောက် တစ်နေ့ မြေအိုးစုဘူးလေး တွေ ဝယ်ပြီး စု ပါ လေ ရော ။ ကား တစ်ခေါက် ပြန် လာတိုင်း ဆယ်တန် ၊ ငါးဆယ်တန် ၊ တစ်ရာကျပ်တန် ကို အဆင်ပြေ ပြေ သလို ထည့်တယ် ။ မ ထည့် တဲ့ အခါ တော့ မရှိဘူး ။ မနက် လင်း ရင် ရွာ ထဲ က အိမ် တွေ မှာ ဘက်ထရီအိုး လိုက် စုတယ် ။ ထမ်းပိုးလေး နဲ့ ပေါ့ ။ ရှေ့နောက် ဘက်ထရီအိုး ဆယ့်လေးငါးလုံး အပြည့် ။ ရွာ မှာ အားသွင်းစက် မှ မရှိတာ ။ မြို့ မှာ အား သွင်း ရတာ ကိုး ။ ဘက်ထရီအိုး က တစ်လုံး ဆို သူ့ အတွက် နှစ်ဆယ် ကျန် တယ် ။ တစ်အိုး ကို သူ က ငါးဆယ် နဲ့ ယူတယ် ။ ကိုထွေး ကို တစ် ဆယ် ၊ ကားခ ပေါ့ ။ ကိုထွေး က မယူတဲ့ အခါ များ ပါတယ် ။

“ အမေ သီတင်းကျွတ် ရင် မမနှောင်း ကို တောင်းပေးရ မှာ နော် ။ မမနှောင်း က သူ့ ကို ယူဖို့ ပိုက်ဆံ စု တဲ့ ။ အခုဆို ကျွန်တော် လေ စု ထားတာ စုဘူးလေး တွေ ဆယ်လုံး ရှိပြီ ”

သူ့ အမေ က တော့ သူ့ သား မျက်နှာ မမြင်ရပေမဲ့ ပြုံး နေတယ် ။ ကျပ် မပြည့် တဲ့ သူ့ သား အကြောင်း သိပြီးသား ကိုး ။

“ အေးပါ သားရယ် ” ပေါ့ ။

အနှောင်း က လည်း ဘာရယ် မဟုတ်ပါဘူး ။ ပေတူး ရာဇာနေဝင်း ကို ကြိုက် တတ်မှန်း သိလို့ ရာဇာနေဝင်း ပြက္ခဒိန် နဲ့ ဓာတ်ပုံ တွေ ဝယ်ပေးတတ်တယ် ။ ခိုင်းစရာ ရှိရင် ဖင် ပေါ့တာကိုး ။ ဒါကို “ မမနှောင်း က ငါ့ အတွက် ဝယ်ပေးတာ ” ဆိုပြီး ကြွား ရတာ အမော ။ အင်း အချစ် ရူး ထက် အရူး ချစ် က ပိုမယ် ထင်တယ် နော့ ။

•••••   •••••   •••••

ရွာ ထဲ မှာ လှုပ်လှုပ်ရွရွ ဖြစ် သွားတယ် ။ ဟုတ်တယ်လေ .. ဘယ်သူမှ ထင်မထားတာကိုး ။ အနှောင်း က လည်း သိုသိပ်လွန်းလှတယ် ။ ဒီနေ့ ချောင်းရိုးတန်း ရွာကလေး သိမ့်သိမ့်တုန် သွားတာပဲ ။ မြို့ ပေါ် ဧရာဝတီပွဲရုံ က သူဌေးသား က အနှောင်း ကို လာ နားဖောက်တာ တဲ့ ။

ရွာ ထဲ မှာ ကား တွေ ၊ ဆိုင်ကယ် တွေ ဆိုတာ ဝီခတ် နေတာပဲ ။

အနှောင်း က ချောင်းရိုးတန်းရွာ အချောအလှ စာရင်း မှာ ဝမ်းတူးတန်း ( န် ) ပေါ့ ။ အသက် က သုံးဆယ် ဝန်းကျင် ဆိုတော့ အလှ မှာ ဣန္ဒြေ က ဆင့်ထားသေး သကိုး ။ အနှောင်း တို့ အိမ်ရှေ့ မှာ ရပ်မိရပ်ဖတွေ စုံ လို့ ဟိုဘက် က မိသားဖသား ပီပီ လာ တောင်းတော့ ဒီဘက် က လည်း မနေ သာပြီ ကိုး ။

မြို့သား ၊ ဘွဲ့ရ ၊ သူဌေးသား ၊ ရုပ် က လည်း ဖြောင့်တယ် ။ ဘာ ငြင်းစရာ ရှိတုန်း ။ နောက် မင်္ဂလာဆောင်ကြေး အကြို တစ်သောင်း ။ ရွာ က ကာလသား တွေ ပျော်ပွဲစားဖို့ သုံးထောင် ။ ဘာ လိုသေးလဲ ပေါ့ ။ ကိုယ့် ရွာသူ လင်ကောင်း သားကောင်း ရသွားတာပဲ ။ ကျေနပ်ကြ ပြီလေ ။

“ ကိုင်း ... ရက် ရွေးပေါ့ ”

မြို့ မှာ မင်္ဂလာ ဆောင်မယ် ။ ရွာ ကို အုပ် လာ တင်မယ် ။ ရွာ အုပ်တင်ဧည့်ခံ အတွက်လည်း သတို့သား ဘက် က ပဲ အကုန်ကျ ခံမှာ ပါ ။ ဝက်သား မစား အမဲ ။ အမဲ မစား ငါး ပေါ့ ။ ဒါမှ မရသေး ရင် ကြက် လေ ။ တစ်ခါ မှ ကြုံဖူးဘူး ။ အားလုံး က အနှောင်း အတွက် မုဒိတာ ပွားကြပါတယ် ။

ဧရာဝတီပွဲရုံ ဆိုတာ က ရွာ နဲ့ မကင်းဘဲ ကိုး ။ အနှောင်း ရှိ နေရင် ကိုယ့် ရွာခံ ပဲ ။ ပိုအဆင်ပြေ တာပေါ့ ။ မဟုတ်ဘူး လား ။ ပြဿနာ တစ်ခု တော့ ရှိ တယ် ။

အဲဒါက ပေတူး ပဲ ။ သူ က နောက်တာ ကို အတည် ပေါက် မှတ် နေတာ ကိုး ။ သူ့ အမေ ကို ငို တိုင်တယ် ။ တကယ့် ကလေး အတိုင်း ပဲ ငိုကြီးချက်မ နဲ့ ပေါ့ ။

“ အမေ ဟီး ... ဟီး ... ဟီး .. မမနှောင်း ရာဇာပေတူး ကို အသည်းခွဲ သွားတယ် ။ အခု ရာဇာ စုဘူး တွေ ဘာ လုပ်ရမှာ လဲ ၊ ဟေ့ စုဘူးလေး တွေ မင်း တို့ ရဲ့ သခင်မ ငါ့ ကို သစ္စာ ဖောက် သွားပြီ ။ ရာဇာ အချစ်စုဘူး တွေ ကွဲ ကုန်ပြီ ”

ပြောပြောဆိုဆို စုဘူး တွေ ကို ရိုက်ခွဲ တော့ တာပဲ ။ ပေတူး တစ်ယောက် ဆူညံဆူညံ လုပ်တာနဲ့ ပတ်ဝန်းကျင် က အုံ လာကြတယ် ။ လူကြီး ကလေး ၊ ဘုစုခရုစု စုံလို့  ။ ပေတူး အိမ်နား မှာ မျက်လှည့်ပြ ၊ ဆေးရောင်း နေတဲ့ တိုင်းပဲ ။

“ ရာဇာ ရယ် စိတ် လျှော့ပါကွာ ။ မင်း က ယောက်ျား ပဲ ။ သူ ကြင် မှ ကိုယ် ကြင် ပေါ့ ။ မိန်းမ မရှားပါဘူး ။ ရွာ ထဲ မှာ မင်း ကို သဘောကျ တဲ့ ကောင်မလေး တွေ ပေါ မှ ပေါ ”

ပေတူး ကို သူ့ အုံနာ ကိုထွေး က တရား ချတယ် ။

“ ကိုထွေး ရာဇာ ကို လာ တရား မချနဲ့ ။ ကျွန်တော့် ဘဝ မှာ မမနှောင်း တစ်ယောက် ပဲ ရှိတယ် ။ မမနှောင်း ကို သေ သည့် အထိ ချစ် သွားမယ် ။ ဒါ ဟာ ဘယ်တော့မှ မဖောက်ပြန် တဲ့ ရာဇာ ရဲ့ ပရမတ္တသစ္စာ ပဲ ”

“ ဗုဒ္ဓေါ ” ပြောကာမှ ပိုရှုပ်ကုန်ရော ။ လူတွေ က လည်း များ သထက် များ လာရော ။

“ ကဲ ... လူသား အားလုံး ရာဇာပေတူး လွန် သလား ။ မမနှောင်း သိပ်ရက်စက်တယ်ဗျာ ။ အစ က တော့ ရာဇာ ကို ယူမယ် ။ ပိုက်ဆံ စု တဲ့ ။ ရာဇာပေတူး မှာ တော့ အဟုတ် မှတ် လို့ .. အဟီး ... ဟီး ... အခု ဒါတွေ ဘာ လုပ်ရ မှာ တုန်း ”

ကြည့် နေတဲ့ သူတွေ ခမျာ ငို ရ မလို ၊ ရယ် ရ မလို ၊ ထိုင် ရ မလို ၊ ထ ရ မလို ဖြစ်လို့  ။ ပေတူး က တော့ အစွမ်းကုန် ပေါက်ကွဲ နေလေရဲ့ ။ သနား လည်း သနား ၊ အူ လည်း တက်ချင် ပေါ့ ။ မန်ကျည်းသီး တစ်ဝက် ၊ ထန်းလျက် တစ်ဝက် မျက်နှာ ဆိုတာ ဒါမျိုး မျက်နှာ တွေ ကို ခေါ်မလားပဲ ။

“ ငါ့ ဘဝ မှာ ဒါတွေ မလိုအပ်တော့ဘူး ။ ရာဇာပေတူး ဘဝမှာ ဒါတွေ မလိုအပ်တော့ဘူး ။ အလကား ပဲ ၊ ဖွဲ ပဲ ၊ အမှိုက် ပဲ ရှုပ်တယ် ။ ရာဇာပေတူး ရင်ထဲ မှာ မီးမုန်တို င်း တိုက် နေပြီ ”

ပြောပြောဆိုဆို စုဘူး တွေ ကို မြေ မှာ ပေါက်ခွဲတယ် ။ ကလေး တွေ က  ပြန့်ကြဲ ထွက် လာတဲ့ ပိုက်ဆံ တွေ ကို အလုအယက် ကောက် လို့ တိုးကြ ဝှေ့ကြ နဲ့ တကယ့် ကို ပျော်ပွဲကြီး ဖြစ်လို့ ။

•••••   •••••   •••••

“ မေတ္တာ ဆိုတာ ပေးဆပ်ခြင်း ပါ မမနှောင်း ။ ရပါတယ် ၊ ရပါတယ် ။ ရာဇာ သဘောထား မနုပါဘူး ။ အခု မမနှောင်း လုပ်ပုံ က ရာဇာ့ ကို အထင်သေး တာပဲ ။ မမနှောင်း မှာ အပြစ် မရှိ ၊ ချစ် မိတဲ့ ရာဇာ သာ အပြစ် အပြစ် ”

မမနှောင်း က မျက်နှာ ပူ လို့ သူတို့ ကား နဲ့ မြို့ မလိုက်ဘဲ ၄၅ဝ၂ ကိုမြင့်ဆွေ ကား နဲ့ လိုက်ဖို့ လုပ်တယ် ။ ပေတူး က ၄၅၀၂ ကား ပေါ် က အနှောင်း ရဲ့ ကုန် တွေ ကို ပြန်ဆွဲ ချ ပြီး သူတို့ ကား ပေါ် တင်တယ် ။ ၄၅ဝ၂ ကားပိုင် ရှင် ကိုမြင့်ဆွေ က တော့ ရယ် ပဲ နေတယ် ။ ငါ့ ကော င်တော့ လုပ်ချလိုက် ပြီ ပေါ့ ။ ဘယ် ကားသမား ချင်း ကိုယ့် ကုန် လုတာ ဘယ်သူ ခံမှာ တုန်း ။ အခု လို ပုံစံ လုပ်ကြည့် မဏိကွမ်းစား သွား ပြီပေါ့ ။ ခေါင်းကွဲ သွားမယ် လို့ ဆို လိုတာပါ ။ အခု ဟာ က ပေတူး လေ ။ ကျပ် မပြည့် တဲ့ ကောင် ဆိုပြီး ဒီလိုပဲ ခွင့်လွှတ် ထားရတာ ။ ဟို က ကျပ် သာ မပြည့်တာ ။ သူ့ သွား မေး ကြည့် တစ်ကျပ် ဟိုဘက် ကို ကျော် သေးတယ် ပြော မှာ  ။

ည က ပဲ ရွာ ထဲ က ငထွန်း ရဲ့ ဗီဒီယို နဲ့ ကာရာအိုကေရုံ မှာ ပေတူး ကဲ နေ တယ် ။
လွမ်းရတဲ့ ရှင်နှောင်း ၊ ဂုဏ်မြင့်သူ လှည့်စားရက်တယ် ၊ သူများ နဲ့ ညားတဲ့ ငါ့ရည်းစား ကို ထပ်ခါ တလဲလဲ ဟစ် နေလို့ ။ အတော် တောင်းပန် ယူ ရတယ် ဆိုပဲ ။ ဘယ်သူ က ဘယ်လို မြှောက် ပေးလဲ မသိဘူး ။ မသောက်စဖူး သောက်ထား သေးရဲ့ ။ နောက်ဆုံး သီချင်း ဆိုခ တောင် မယူဘဲ အတင်း ချော့မော့ ပြန် လွှတ် လိုက် ရတယ် ။

တကယ်ဆို ဒီနေ့ အနှောင်း မြို့ သွားမှာ ကိစ္စ ရှိတယ် ။ မင်္ဂလာဆောင် ကိစ္စ က အဓိက ပေါ့ ။ သတို့သားလောင်း က ဟို မှာ ကိုး ။ မြို့ ရောက်တော့ ဧရာဝတီပွဲရုံ မှာ အနှောင်း ကုန် ချတယ် ။ ပေတူး က သတို့သားလောင်း လက် ကို ဆွဲပြီး ဘိုလို ပါ မှုတ် နေလေရဲ့ ။

“ ကွန်ဂရက်ကျူလေးရှင်း ကိုမောင်မောင် ၊ ခင်ဗျား အတွက် ရာဇာပေတူး ဂုဏ်ယူပါတယ် ။ အရမ်း အရမ်း ကို ပါပဲ ”

လူ က အမဲခြောက် ဖုတ်ထား သလို ပြော တော့ သဘော ကျ ကုန်ရော ။ ပြီးတော့ ဆက် လိုက်သေးတယ် ။

“ ခင်ဗျား တို့ မင်္ဂလာပွဲ ကျ ရင် ရာဇာပေတူး အကောင်းဆုံး လက်ဖွဲ့ မှာ ပါ ။ မမနှောင်း ဟာ ခင်ဗျား နဲ့ အထိုက်တန်ဆုံး ပါ ။ ရာဇာပေတူး ရင် ထဲ မှာ ငို နေပေမဲ့ ဝမ်းသာတယ်ဗျာ ။ တကယ် ... တကယ် ”

ကိုမောင်မောင် က ပေတူး အကြောင်း သိပြီးသား ပဲ ။ အလိုက်သင့် ပေါ့ ။ ပေတူး က မျက်ရည် တွေ တောင် ဝဲ လို့ ။ ကိုမောင်မောင် တောင် စိတ် မကောင်း ဖြစ် သွားရတယ် ။

အပြန် ကား ထွက်တော့ နောက်ကျ တယ် ။ မိုးနံ့လေး လေ ထဲ မှာ သင်းပျံ့ လာတယ် ။ မကြာပါဘူး မြို့ အထွက် မှာ တဖွဲဖွဲ ဖြစ် လာတယ် ။ ဆယ့်လေးမိုင် ကျော်လို့ ရွာဘက် ချိုးတယ် ဆိုရင်ပဲ မိုး က ပုဆိန်ပေါက် ရွာ ချ လာတယ် ။ လေက လည်း တဟူးဟူး နဲ့ ပေါ့ ။ ကျော်လှချောင်း ရောက် တော့ ရေ က ကျ နေတယ် ။ အထက်ဘက် ဆီ က မိုး ပိုသည်း နေတာကိုး ။ စောင့်ပေတော့ပဲ ။ မစောင့် လို့ လည်း မဖြစ်ဘူးလေ ။ ရေ က ဝါးလုံးထိုး ကျ နေတာကိုး ။ ကား ပေါ် မှာ တော့ ရေ အကျစောင့် ရင်း စကား ဝိုင်း ဖွဲ့ကြ တာပေါ့ ။ အဆိုးဆုံး က ထုံးစံ အတိုင်း မိန်းကလေးဝို င်း ပေါ့ ။

“ ဟဲ့ မိနှောင်း နင့် မင်္ဂလာဆောင် မှာ ဝတ်ဖို့ အဝတ်အစား ဝယ်လာတယ် ဆို ။ မှန်း ... ကြည့်ရအောင် ။ ဟယ် ... ချိတ်အဆင်လေး က အပျံစားပဲ ။ ဂွတ်ရှယ် ပဲ ”

“ ဟယ် ..လှတယ်နော် ။ အရောင် ရော ၊ အဆင် ရော ”

“ ခြုံမယ့် ပဝါ က လည်း လှ လိုက်တာ ။ နင် ရွေး တာလား ။ ကိုမောင်မောင် ရွေး တာလား ”

ဟို က ယူ ကြည့် ၊ ဒီ က ယူ ကြည့် နဲ့ ရှုပ်ရှက်ခတ် နေတာပဲ ။

လေ တစ်ချက် အသုတ် မှာ နောက် တစ်ယောက် ဆီ လက် ကူးတဲ့ ဇာပဝါပြာလေး က လေ နဲ့ အတူ လိုက် သွားပြီး ချောင်း ထဲ ကျ သွားတယ် ။ ကား က ချောင်း အစပ် မှာ ရပ် ထားတာ ကိုး ။

“ ဟယ် ... သွားပါပြီ ဟာ ။ မင်္ဂလာဆောင် အတွက်ဟာ လေး ”

အနှောင်း က မချိတင်ကဲ လေသံလေး နဲ့ ပေါ့ ။ ပဝါလေး က တော့ ဝါးလုံးထိုး စီး နေတဲ့ ရေ နဲ့ အတူ အရှိန် ပြင်းစွာ မျော လို့ လိုက်ပါ သွားတယ် ။ အဲဒီလို အချိန် မှာ ဘယ်သူ မှ မထင်မှတ် ဘဲ ဝုန်း ဆို ချောင်း ထဲ ကို ဒိုင်ဗင် ထိုး ချ လိုက်တယ် ။

“ ဟဲ့ .. ပေတူး ၊ မလုပ် နဲ့ ရေစီး သန်တယ် ။ ပြန်လာ ပြန်လာ ”

ရေ ထဲ မျော နေတဲ့ ဇာပဝါလေး နောက် ကို လိုက် ဆယ်ဖို့ သူ ကြိုးစား ကူးခတ် နေတယ် ။ ရေစီး က တဝုန်းဝုန်း နဲ့ ပေါ့ ။ အထက်ဘက် ဆီ က မိုးသား တွေ ဟာ ပို ညိုမည်း လာတယ် ။ ချောင်း ရေ က ကျ သ ထက် ကျ လာတယ် ။

နောက် တစ်နေ့ ရေ အကျ ချောင်းရိုး အကွေ့ တစ်ခု မှာ ပေတူး ကို တွေ့ ရတယ် ။
သူ့ လက် ထဲ မှာ တော့ သူ့ ရဲ့ အရူး ချစ် ရော ၊ အချစ် ရူး ရော ပေါင်း ပြီး ချစ်သက်သေ ပြသွားလေရဲ့ ။

သူ့ လက် ထဲ မှာ ဇာပဝါ အပြာလေး ကို ကျစ်ကျစ်ပါ အောင် ဆုပ် လို့ ဘေးနား က လူ တွေ ဆိုတာ စုတ် တသပ်သပ် နဲ့ ပေါ့ ။

ပိုပြီး စိတ် မကောင်း ဖြစ်ရတာက ပေတူး အမေ ပါ ။ မျက်စိ က မမြင် ရှာ ဘဲ ကိုး ။
အဖော် သုံးလေး ယောက် ဖေးကူ လို့ ၊ သူ့ သား နား ရောက် တော့ လက်ကလေး နဲ့ စမ်း တဝါးဝါး ။

“ ပေတူး လူလေး ၊ သားလေး ရယ် ။ မင်း မမနှောင်း ကို အဲဒီလောက် တောင်  ချစ်ရသလား ။ ကျော်လှချောင်း အကြောင်း မင်း အသိသား နဲ့  ။ မိနှောင်း ... မိနှောင်း နင့် ကို လေ ကျပ် မပြည့် တဲ့ ငါ့ သား က အရူးအမူး ချစ် တာပါ တော့ ။ ပေတူး အမေ ဘယ်လို ဖြေရ မှာ တုန်း ။ အစ်မနှောင်း ကို လက်ထပ်ဖို့ စုဘူးလေး တွေ စု ထားတာ ။ ဘယ်နှလုံး ရှိပြီ တုံး ။ ပေတူး ၊ သား လေး ၊ ရာဇာပေတူး လေး ။ တကယ့် ကို ပေ တဲ့ တူး တဲ့ ပေတူးလေး ”

အသည်း ခိုင်ပါတယ် ဆိုတဲ့ ယောက်ျားသားကြီး တွေ တောင် တင်း မခံနိုင်ဘူး ။ တစ်ဖက်ကို မျက်နှာ လွှဲ ကုန်ကြတယ် ။

ပေတူး က တော့ ဘယ်သူတွေ ပြော နေ ၊ ငို နေ ၊ ဆို နေ စေ ။

လက် ထဲ မှာ ဖြေ မရအောင် ဘဲ ဇာပဝါပြာလေး ကို ကျစ်ကျစ် ပါ အောင် ဆုပ် ထားရင်း ပြုံးပြုံးလေး နဲ့ ပေါ့ ။

•••••   •••••   •••••

သူ့ ကို ဒီလို ပုံစံနဲ့ တွေ့ လိုက်ရတော့ အနှောင်း စိတ် ထဲ မှာ  ၊ ရင် ထဲ မှာ  ၊ အသည်းနှလုံး ထဲ မှာ တင်း ခံနိုင်ရိုးလား ။

သူ့ ခင်ပွန်းလောင်း ကို တောင် ဂရု မစိုက်နိုင်ဘူး ။

သူ ရှိရာ အပြေး လာ မိတယ် ။

ပြီးတော့ သူ့ ကို အော် ခေါ်မိတယ် ။

“ ပေတူး ”

ပဲ့တင်သံ တောင် ပြန် လာလေရဲ့ ။

“ ပေတူး ”  

“ ပေတူး ” 

“ ပေတူး .. ”

◾ကိုလှိုင်ကြည်ဝင်း

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၆၅
      သြဂုတ်လ ၊ ၂ဝဝ၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment