❝ သေမင်း ကို သစ္စာနှံသည် ❞
( ၁ )
“ အဲမွန်ဒယာ နင် အတောင် ရှိ၍ ပျံမည်လော ၊ နဂါးဖြစ်၍ မြေလျှိုး မည်လော ... ၊ မာယာ ဖြင့် သာ နင်ဝင်ရသည် ... ”
ဒလမြို့ ကို ရေကြောင်း , ကြည်းကြောင်း အထပ်ထပ်ပိတ်ဆို့ ဝန်းရံ ထား သော မင်းရဲကျော်စွာ ၏ တပ်များ အနက် ဒလမြို့ရိုး နှင့် အနီးကပ်ဆုံးသော တပ် မှ မြို့တွင်း သို့ ဟစ်၍ မေးလိုက်သံသည် ဟိန်း၍ ပေါ်ထွက်လာလေ သည် ။
“ ငါ ဆက်ဆက် ထွက်မည် ၊ နင်တို့ သာ စောင့်၍ နေတော့ ... ”
အဲမွန်ဒယာ ၏ မကြောက်မတွန့် မရွံ့မရှား ပြန်၍ ဖြေကြားလိုက်သော အသံ မှာ မင်းရဲကျော်စွာ အတွက် အခံရ ခက်ရုံ မက ရှက်လည်း ရှက်စဖွယ် ဖြစ်နေလေသည် ။
“ အဲမွန်ဒယာ ၊ နင် လှည့်ပတ်ပြောဆိုသည် ကို ငါတို့ မလေးမစား ပြု၍ သာ နင် ဒလမြို့တွင်းသို့ ဝင်ရသည် ။ နင် မြို့တွင်း ကထွက်၍ ပဲခူး သို့ ပြန်နိုင် သော် နင် လူစွမ်းကောင်း ဖြစ်သည် ”
“ နက်ဖြန် ပင် ငါ ပဲခူး သို့ တက်မည် ၊ နင်တို့ ဖမ်း နိုင်လျှင် စောင့်၍ ဖမ်းကြ .. ”
“ ဟယ် ... အဲမွန်ဒယာ ၊ ဒလမြို့ကို ငါတို့ ကြည်း အထပ်ထပ် , ရေအထပ်ထပ် ဝန်းရံထားသည် ။ နင့်တွင် ပျံ၍ ပြေးရန် အတောင် ရှိသော ငှက် မဟုတ် ၊ မြေလျှိုး ၍ ပြေးရန် အမောက် ရှိသော နဂါး မဟုတ် ။ နင် တကယ် စွမ်းသော် နင် ဆိုတိုင်း ထွက်လော့ ... ”
“ နက်ဖြန် ငါ ဆက်ဆက်ထွက်မည် ။ နင်တို့ စွမ်းသော် မိအောင် ဖမ်းတော့ ... ”
အဲမွန်ဒယာ ထံ မှ နက်ဖြန် ဒလမြို့မှ ထွက်၍ ပဲခူး သို့ တက်မည့် အကြောင်း ကို ကိုယ်တိုင် ကိုယ်ကျ နား နှင့် ဆတ်ဆတ် ကြားသိရပြီ ဖြစ်၍ မင်းရဲကျော်စွာ သည် တပ်မင်း , စစ်ကဲ ဟူသမျှ တို့အား အဲမွန်ဒယာ မထွက် သာအောင် ကြည်းကြောင်း , ရေကြောင်း အထပ်ထပ် စောင့်စေရမည် ။ သတိ ဝီရိယ ရှိစေရမည် ဟူသော အမိန့် ကို ထုတ်ဆင့်လိုက်လေ၏ ။
( ၂ )
ဒလမြို့ အား ကြည်းကြောင်း ၊ ရေကြောင်း မှ အထပ်ထပ် ဝန်းရံပိတ်ဆို့ ထား သော မင်းရဲကျော်စွာ ၏ တပ်သားများ သည် ကိုယ့် အဖွဲ့ နှင့် ကိုယ် ကင်း စောင့် သူစောင့် ၊ မြား ချွန် သူ ချွန် ၊ ယမ်းထောင်း သူ ထောင်း ဖြင့် အလုပ် များ နေကြ၏ ။ မိမိ တို့ ကင်း စောင့်ရမည့် အလှည့် ပြီးသွားသဖြင့် ဝိုင်းဖွဲ့၍ စကား ပြောနေ ကြသော တပ်သား အချို့ သည် တစ်ချက် တစ်ချက် တွင် အဲမွန်ဒယာ ဒလ မြို့တွင်း သို့ လှည့်ဖြား ၍ ဝင်သွားသည့် အကြောင်းသို့ စကားဦး ရောက်သွားကြ လေသည် ။
“ အဲမွန်ဒယာ က ဒလ ခြင်္သေ့ဆိပ်နား မှာ ရပ် နေတာကို ကျုပ်တို့ဘက် က မြို့တောင်စား က မြင်သတဲ့ ရောင်းရင်း ရဲ့ ။ သည်တော့ မြို့တောင်စား က ခေါ်ပြီး မေးသတဲ့ .. ” ဟု တပ်သား တစ်ယောက် က ပြောလိုက်သောကြောင့် နောက် တစ်ယောက် က လည်း သူ ကြားခဲ့ပုံကို အားကျမခံ ပြန်၍ ပြောလို သော သဘော ဖြင့် ...
“ ဟုတ်တယ် ... အဲမွန်ဒယာ က ဘယ်လို ပြောသလဲ ဆိုတော့ - ကျွန်တော် သည် ကျွန်တော် ၏ သခင် ကို ကောင်းရာ ကောင်းကြောင်း လျှောက်ထားပါသည် ။ ထိုသို့ လျှောက်ထားသည် ကို အလိုတော် မကျ ၊ မျက်တော် မူ သဖြင့် ကျွန်တော် စိတ်နာဝမ်းနည်း ၍ သူရဲကောင်း တို့ အရည်အချင်း ကို အထူး သိတတ်သော မင်းရဲကျော်စွာ ထံ အမှုထမ်း လိုသောကြောင့် လာခဲ့ခြင်း ဖြစ်ပါသည် ဆိုပြီး မြို့တောင်စား ကို လျှောက်သတဲ့ ။ သည်တော့ မြို့တောင်စား ကလည်း သူ လျှောက်တာ ကို ယုံကြည်ပြီး အိမ်ရှေ့ကိုယ်တော်ကြီး မင်းရဲကျော်စွာ ဆီ ကို ပို့သတဲ့ ။ အိမ်ရှေ့ကိုယ်တော်ကြီး ကလည်း ယုံကြည်တော် မူပြီး လက်ခံ ထားသတဲ့ ... ” ဟု လေရှည်ကြီး လျှောက်၍ ပြောနေစဉ် တတိယ တပ်သား တစ်ဦးက ...
“ သည်ဟာတင် ဘယ်ကမလဲ ရောင်းရင်းတို့ ရဲ့ ၊ ဆုတွေ လာဘ်တွေ တောင် ပေးသေးတယ် ဆိုကိုး ။ အဲ ... နောက် တစ်နေ့ မိုးသောက်တော့ မှ ဟောဒီ ဒလမြို့ ရဲ့ တံခါးပြင် , ကျုံးပြင် စတဲ့နေရာတွေမှာ ထွက် နေတဲ့ ရာဇာဓိရာဇ် ရဲ့လူတွေ ကို ကျုပ်တို့ ဘက်က တပ်သားတွေ က ထွက်ပြီးခုတ်တော့ အဲမွန်ဒယာ က ပါ လိုက် ခုတ်သေးသတဲ့ ၊ တော်တော် ဉာဏ်များတဲ့ တလိုင်း ပဲ ... ” ဟု ပြော၍ မဆုံးမီ ပထမတပ်သား က သူ သာ အသိဆုံးဟူသော အနေ ဖြင့် ...
“ ဒါလောက် ဉာဏ်များတာလောက်တော့ ထည့် ပြောဖို့တောင်မလိုဘူး ။ ကြည့်လေ ... ဘယ်လောက် နာသာခံခက် ဖြစ်အောင် ပရိယာယ် များသလဲ ဆိုရင် တစ်ရက် ကျတော့ အဲမွန်ဒယာ က ဆင်ဦး က စီး ၊ ကျုပ်တို့ ဘက် က စလင်းစား က ကုန်းလယ် က စီးပြီး တပ်တွင်း ကနေ မြို့ကျုံး အနား ရောက် အလာ မှာ ရာဇာဓိရာဇ် လူတွေ က မြို့တွင်းက နေ ထွက် တိုက်တယ် ။ အဲသည် လို တိုက်တော့ စလင်းစား မှာ ပါတဲ့ ကျုပ်တို့ ဘက်သားတွေ ထွက်ပြေးကြပါ ရောဗျား ။ သည်တော့ မှ အဲမွန်ဒယာ က ကျွန်တော် ကိုယ်တိုင် ဆင်းပြီး ခုတ်ပါ့ မယ် ဆိုပြီး ဆင် ပေါ် ကဆင်း ထွက်တိုက်တဲ့ လူတွေ ကို ခုတ်မယ့် ဟန် လုပ်ပြီး ဒလမြို့ ထဲ ဝင်ပြေးတာပါပဲဗျား ၊ ဘယ်လောက်များ နာသာ ခံခက်ဖြစ်အောင် လုပ်သလဲ ... ” ဟု မကျေမချမ်းနှင့် အဆုံးသတ်လိုက်သည် တွင် ဒုတိယ တပ်သား က ဆေးလိပ် ဖွာ နေရာ မှ ရပ်တဲ့ပြီး ...
“ ရာဇာဓိရာဇ် လူ ဆိုရင် ရာဇာဓိရာဇ် လိုပဲ ရှိမှာပေါ့ သွေးသောက်ရဲ့ ။ ရာဇာဓိရာဇ် လည်း ကြည့်စမ်းပါလား ၊ ဗညားနွဲ့ ဆိုတဲ့အမည် နဲ့ မင်းသား ဘဝ မှာ ရှိတုန်းက မယားကြီး တလမည်းဒေါ ကို ပစ်ပြီး ဒဂုန်ဆံတော်ရှင် ဘုရား က ပန်းသည်မ မွေမနိတ် အအိုစိုး ကို ကောက် ယူတာလေ ။ နောက်ပြီး ရာဇပလ္လင်ကလေး ဖင်ကပ် လာတယ် ဆိုရင်ပဲ သားတော် ဗောလောကျန်းတော ကို ထီး လုမယ် ၊ နန်းလုမယ် ဆိုပြီး သ,တ်ပစ်တာလေ ... ” ဟု မှတ်ချက် ချ လိုက်ရာ တစ်ယောက် က ..
“ ရာဇာဓိရာဇ် က သ,တ်ခိုင်းတာ မသ,တ်ရသေးပါဘူး ကိုရင် ရဲ့ .. ။ ဗောလောကျန်းတော ဟာ ဗောလောကျန်းတော အဆိပ်သောက်ပြီး သ,တ် သေတာပါ ။ အေးလေ .. သူ့ ဟာ သူ သ,တ်သေပေမယ့် ရာဇာဓိရာဇ် က သ,တ်ဖို့ ခိုင်းထားတော့ တယ် မထူးဘူးပေါ့ .. ” ဟု ကန့်ကွက်တော့ မလိုလိုနှင့် ထောက်ခံ လိုက်လေသည် ။
သူများတကာ စကားဝင်း တွင် တစ်ခွန်း မှ ဝင် မပြောဘဲ မြား ကိုသာ ဂရုစိုက်၍ ချွန်နေသော တပ်သားကြီး တစ်ယောက် က ယခု အချိန်တွင် ပါးစပ် ပိတ်၍ မထားနိုင်တော့ သလို ...
“ ဗညားနွဲ့ ဟာ ဘယ်လောက်များ လူကျင့်လူကြံ မကြံသလဲ ဆိုရင် ကျုပ်တို့ ဘုရင်မင်းခေါင် ရဲ့ နှမတော် ရော , မိဘုရား ရော အားလုံး သိမ်းပိုက် တာသာ ကြည့်တော့ ။ တကယ် ဆိုရင် နှမတော် ကို သိမ်းပိုက်ထားမင့်ဟာ သမီးတော် ကို သူ့ သား နဲ့ သာ လက်ဆက် ပေးဖို့ ထုံးတမ်းစဉ်လာ ရှိတယ် မဟုတ်လား ။ ခုတော့ ... ကြည့်ကြစမ်းပါဗျာ ၊ ရှင်ဘုရင် ဆိုပြီး ရှင်ဘုရင်ကျင့် ရှင်ဘုရင်ကြံ မကြံ တဲ့ ဗညားနွဲ့ လုပ်ပုံ နည်းနည်း မှ မတရားလို့ ပြောနေတာ ” ဟု လက်သီးလက်မောင်း တန်း၍ ပြောလိုက်၏ ။
ထိုအချိန် တွင် ကင်းမှူး ၏ “ နိုးနိုးကြားကြား အိပ်ကြဟေ့ ” ဟူသော နိုးဆော်သံ ပေါ်ထွက်လာသဖြင့် တပ်သားများ လည်း မိမိတို့ နေရာဌာန အသီးသီး သို့ လူစု ခွဲ၍ သွားကြလေ၏ ။
( ၃ )
ဒလမြို့တွင်း သို့ ဝင်လာနိုင်ခဲ့ပြီဖြစ်သော အဲမွန်ဒယာ မှာ ရာဇာဓိရာဇ် ၏ သားတော် ဗညားဒလ နှင့်တကွ တလိုင်းသူရဲကောင်း သမိန်အင်းငနိုင် အမှူးရှိသော တပ်မှူး , တပ်ကဲ , တပ်သားများ ၏ ချီးကျူးထောမနာ ပြုခြင်း ကို ခံယူ နေရလေသည် ။
မင်းရဲကျော်စွာ ၏ တပ်များ က ကြည်း အထပ်ထပ် ရေအထပ်ထပ် ရံကာ ဝိုင်းဝန်းပိတ်ဆို့ခြင်း ကို ခံနေရ သဖြင့် ပဲခူး ရှိ ရာဇာဓိရာဇ် နှင့် အဆက်အသွယ် ပြတ် နေသောကြောင့် ဝိုင်းရံထားသော မင်းရဲကျော်စွာ ၏ တပ်များ ကို မည်သို့ မည်ပုံ ပြန်လည် တွန်းလှန်ရန် မကြံတတ်အောင် ရှိနေသည့် အထဲတွင် မြို့တွင်းမှ ကာကွယ်ခုခံ နေရသော တပ်သားများ မှာလည်း ရက် ကြာ၍ လာ သည်နှင့် အမျှ စိတ်ဓာတ် ကျဆင်း နေချိန်၌ အဲမွန်ဒယာ က ရာဇာဓိရာဇ် ထံ မှ သတင်းစကားများ နှင့် တကွ တပ်သားများ အား ဝေငှရန် ရွှေ ငါးပိဿာ ကို ဆောင်ကျဉ်း၍ ယူလာ နိုင်ခဲ့၏ ။
ထို့ကြောင့်လည်း စိတ်ပန်းကိုယ်ပန်း ဖြစ်နေကြသော ဗညားဒလ ၏ တပ်သားများ မှာ ယနေ့ည အဖို့ ရွှင်လန်းအားတက်၍ လာကြရပြန်သည် ။ မင်းရဲကျော်စွာ အပေါ်တွင် မိမိ တို့ ဘက်မှ သူရဲကောင်းကြီး အဲမွန်ဒယာ က ပရိယာယ် ဖြင့် အောင်ပွဲ ဆင်နိုင်ခဲ့သောကြောင့် လည်း ရန်သူ ကို အောင်ရမည် ဟူသော ဇွဲသတ္တိ က တိုး၍ တက်လာလေသည် ။
“ နက်ဖြန် မနက် အရုဏ် တက်ရင်တော့ ကျုပ်တို့ ဘက် က အဲမွန်ဒယာ နဲ့ ဟိုဘက် က မင်းရဲကျော်စွာ တစ်ပွဲတစ်လမ်း အကဲစမ်း တာတော့ ကြားရဦးမှာ သွေးသောက် ရေ ” ဟူသော တပ်သားအချင်းချင်း အားတက်သရော ပြောသံ ဆိုသံများ မှာ ဒလမြို့တွင်း တွင် ယနေ့ည အဖို့ ရေပန်းအစားဆုံး သော စကား ဖြစ်နေလေသည် ။
ဗညားဒလ ၏ အဆောင်တော်တွင်း မှ သာယာငြိမ့်ညောင်းစွာပေါ်ထွက် လာသော တူရိယာ ဂီတသံ သည် ဒလမြို့ရိုး ကို ကျော်ကာ မင်းရဲကျော်စွာ တပ်စွဲ နေသော နေရာ ပေါ် တွင် ပျံဝဲလာ၏ ။ အဲမွန်ဒယာ ၏ ပရိယာယ် ဖြင့် အနိုင်ယူ သွားခြင်း ကို အရှုံးပေးလိုက်ရသော မင်းရဲကျော်စွာ သည် စိတ်မော လူမော ဖြစ်ကာ လဲလျောင်း နေရာမှ ရုတ်တရက် ထ ထိုင်ရင်း ...
“ သယ် ... ဘာ မဟုတ်တဲ့ အောင်ပွဲကလေး ကိုများ သင်းတို့ က တကယ် ကြွားစရာ ထင်နေသည်မှာ ရှက်စဖွယ် ကောင်းလှသည် ” ဟု မိန့်တော်မူပြီး တစ်ဆက်တည်း ပင် ဗိုလ်မှူး , တပ်မှူးများ စခန်းချရာ နေရာသို့ ကြွချီတော် မူ သွား သဖြင့် ကိုယ်ရံတော်များ လည်း ရေးကြီးသုတ်ပျာ နှင့် နောက်မှ လိုက်ပါ၍ သွားကြရလေ၏ ။
••••• ••••• •••••
ဒလမြို့ရိုး ၏ အပြင်ဘက် တွင် မင်းရဲကျော်စွာ နှင့် ဗိုလ်မှူး, တပ်မှူးများ က အဲမွန်ဒယာ လွတ်ထွက်၍ မသွားနိုင်အောင် ကြောင်တစ်ကိုယ်စာ ဝင်နိုင် သည့်အပေါက် ကိုပင် မလစ်စေရဘဲ စောင့်ကြပ်ပိတ်ဆို့ ထားကြရန် အမိန့် ပေးရုံ မျှမက ကိုယ်တိုင်ကိုယ်ကျ လိုက်လံကြည့်ရှု စစ်ဆေး နေခြင်းဖြင့် အလုပ်ရှုပ် နေ သကဲ့သို့ ဒလမြို့ရိုး ၏ အတွင်းဘက် တွင်လည်း ရာဇာဓိရာဇ် သားတော် ဗညားဒလ , သူရဲကောင်း သမိန်အင်းဝနိုင် နှင့် အဲမွန်ဒယာ တို့ မှာ သံကွန်ချာခုနစ်လွှာ နှင့် ထပ်ကာထပ်ကာ အုပ်၍ ထားသလို ဝန်းရံပိတ်ဆို့ စောင့်ကြပ်ထားသည့်အကြား မှ လွတ်ထွက်နိုင်မည့် ယိုပေါက် ကို သုံး ယောက်သား ခေါင်းချင်း ဆိုင်၍ တိုင်ပင် နေကြလေသည် ။
“ ကျွန်တော်မျိုးကြီး သည် အတောင် ပါသော ငှက် မဟုတ်၍ ပျံ မပြေးနိုင် သော်လည်း စိတ်ပူပန်ဖွယ်ရာ မရှိပါ ။ အမောက် ပါသော နဂါး မဟုတ်၍ မြေ မလျှိုးနိုင် သော်လည်း ကြောင့်ကြတော်မူပါနှင့် ။ အရှင့်သား သာ စံမြဲတိုင်း စံနေတော်မူပါ ” ဟု အဲမွန်ဒယာ က သုံးယောက်သား ခေါင်းချင်းဆိုင် တိုင်ပင် နေရာ မှ လျှောက်တင်လိုက်သောကြောင့် ဗညားဒလ က ပြုံးတော်မူ ကာ .. “ သည်ဟာကြောင့်လည်း ဖခမည်းတော် က အားကိုးတော်မူသည် ထင်ပ .. ၊ ဘယ်ကိစ္စ ဘယ်အကြောင်း ကို ရှာပြီး ဘယ်ကဲ့သို့ ပဲခူး ကို တက်နိုင် ပါ့မလဲ လျှောက်ထားစမ်းပါဦး ” ဟု မိန့်တော်မူလိုက် သဖြင့် အဲမွန်ဒယာ သည် ခဏမျှ စဉ်းစားလိုက်ပြီး ...
“ ယောက်ျားတို့ စွမ်းပကားသည် စကား တွင် လည်း တည်ပါသည် ။ လက်ရုံးအား တွင်လည်း တည်ပါသည် ။ နှလုံးသား တွင် လည်း မှီပါသည် ။ မင်းခေါင် ၏ သားတော် မင်းရဲကျော်စွာငယ် မှာ အသက်အရွယ် ငယ်စဉ် ကတည်း ကပင် နှလုံးအား ကို မသုံး ၊ နှုတ်အား ကို မသုံးဘဲ လက်ရုံးအား တစ်ခုတည်း နှင့်သာ စစ်သွေးစစ်မာန် ဖြင့် စိတ်လိုက်ကိုယ်ပါ ပြုတတ်သူ ဖြစ်၍ ကျွန်တော်မျိုးကြီး အား လွတ်ပေါက် မရှိအောင် သံကွန်ချာ ခုနစ်ထပ် ကာ၍ ထား သကဲ့သို့ ဝိုင်းဝန်းပိတ်ဆို့ ထားသော်လည်း ကျွန်တော်မျိုးကြီး လွတ် ထွက် နိုင်မည့် အချက် ကို ကွက်ခနဲ မြင်မိပြီးသား ဖြစ်ပါသည် ။ သို့ရာတွင် ကျွန်တော်မျိုးကြီး ဆောင်ရွက်ရမည့် အမှု မပြီးစီးခင် ကြိုတင်၍ မလျှောက်ထား လိုသေးပါဘုရား ” ဟု ပြန်၍ လျှောက်ထားလိုက်၏ ။
ဗညားဒလ သည် ခေါင်း ကို လက်နှင့် အယား ဖျောက်တော်မူရင်း ..
“ အင်း … အင်း … လျှောက်တင်ချက်ကဖြင့် သင့်မြတ်လှသည် ။ မင်းရဲကျော်စွာငယ် မှာ လျှောက်တင်သည့်အတိုင်း နှလုံးရည် ကို မသုံး ၊ လက်ရုံးရည် ကို သာ သုံးသူ ဖြစ်သည် ။ မင်းရဲကျော်စွာငယ် ၏ ဖခမည်းတော် မင်းခေါင်မှာ လည်း ညီတော် ရှင်သိဒ္ဓတ် နန်းတင် ပေး၍ ရှင်ဘုရင် ဖြစ်လာရသူ သာ ဖြစ်သည် ။ ဖခမည်းတော် ရာဇာဓိရာဇ် ကဲ့သို့ နှလုံးအား , လက်ရုံးအား , ဘုန်းအား ရှိသူ မဟုတ် ။ ငါတို့ က ကြံ ရသော် သင်းတို့ ခံနိုင်ဖွယ် မရှိ ... ” ဟု မိန့်တော်မူကာ အဲမွန်ဒယာ လျှောက်ထားပုံ ကို အားရတော်မူလှ သဖြင့် လက်ဆွဲတော် ရွှေဓားကို အဲမွန်ဒယာ အား ဆုတော် လာဘ်တော် အဖြစ် ပေးသနားတော် မူလိုက်လေသည် ။
( ၄ )
အရုဏ်ကျင်း ၍ အလင်း သို့ လုလာသည်နှင့် အမျှ မင်းရဲကျော်စွာ ၏ တပ် များသည် ပိုးပုရွက်ဆိတ်များ ကဲ့သို့ လှုပ်လှုပ်ရွရွ ဖြစ်နေကြ၏ ။
ကြည်းဘက် တွင် တာဝန်ကျသော တပ်သားများ က ကြောင်တစ်ကိုယ်စာ ဝင်နိုင် ထွက်နိုင်သော အပေါက် ကို မဆိုထားဘိ ၊ ယင် တစ်ကောင်စာ မျှသော အပေါက် ကို ပင် ပိတ်ထားနှင့်ပြီးဖြစ်ကြသလို ရေ တွင် တာဝန်ကျ သော လှေတပ်သားများ ကလည်း ငါးကလေး တစ်ကောင် ပင် လွတ် မပြေး နိုင်အောင် စောင့်ကြပ်ပြီး ဖြစ်နေလေသည် ။
ဤ ဒလမြို့အတွင်းတွင် ကား တိတ်ဆိတ် နေ၏ ။ ခါတိုင်း ကြားနေကျ အော်သံ , ဟစ်သံ ကျုံးဝါးသံများ ကို ပင် မကြားရ ... ။
ထိုသို့ တိတ်ဆိတ်ငြိမ်သက် နေရာမှ ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေး လိုက်သော မိန်းမ တစ်ယောက် ၏ အသံ သည် မင်းရဲကျော်စွာ ၏ လှေတပ်သားများ စောင့်ကြပ် နေသော ဒလမြို့ မြစ်ကမ်း တစ်နေရာ မှ ဝမ်းနည်း ကြေကွဲစဖွယ် ပေါ်ထွက်လာလေသည် ။
လူ နှစ်ယောက် သည် လူသေအလောင်း တစ်ခု ကို ထမ်းစင် ဖြင့် ထမ်း၍ မြစ်ဆိပ် သို့ ယူဆောင် လာခဲ့ကြ၏ ။ ထမ်းစင် နောက် မှ မိန်းမ လေးငါး ယောက်မှာ ဦးစံဖားလျား သနားစဖွယ် ငိုယိုမြည်တမ်း ကာ လိုက်ပါလာ
ကြလေသည် ။
အလောင်းစင် ကို ထမ်းယူလာသော လူ နှစ်ယောက် သည် အလောင်းစင် ကို မြစ်ဆိပ် ကမ်းစပ် တွင် ချပြီး နောက် လူသေကောင် ကို ရေမျှောရသည့် ထုံးစံ အတိုင်း လူသေကောင် ၏ ကိုယ် တွင် နနွင်းများ လိမ်းကျံ ပေး၏ ။ ပြီး လျှင် သပေါ့ဖျာ တစ်ချပ် ဖြင့် အလောင်းကောင် ကို လိပ် ၍ အနီးတွင် အသင့် ရှိ သော ငှက်ပျောဖောင် ထက် သို့ တင်ကြလေသည် ။
မိန်းမများ ၏ ရင်ဘတ်စည်တီး တမ်းတငိုယို လိုက်သော အသံသည် အရုဏ်ကျင်း ၍ အလင်း သို့ လုနေသည့် အချိန်မျိုးတွင် ကြေကွဲဖွယ်ရာ , လွမ်း ဆွတ်ဖွယ်ရာ , သနားဖွယ်ရာ ဖြစ်နေလေသည် ။
ဖောင် ထက် သို့ တင်ပြီးဖြစ်သော အလောင်းကောင် ၏ ခေါင်းရင်းတွင် မြေပန်းကန် နှင့် ဆန်တစ်ခွက် ၊ ကြက်သူငယ် တစ်ခု တို့ ကို ထား ပြီးလျှင် ဆီမီး ညှိ၍ ဖောင်ကို ရေလယ် သို့ တွန်း လိုက်ကြ၏ ။
မိန်းမများ သည် ကမ်းပေါ် မှ နေ၍ ဖောင် မျှောရာ ဘက်သို့ ရင်ဘတ် စည်တီး ရှိုက်ကြီးတငင် ငိုယိုမြည်တမ်းရင်း ပြေး၍ လိုက်ကြသည် ။ “ မောင်မင်း သည် ငါတို့ကို ပစ်၍ သွားတော့မည်လော ... ” ဟူ၍ မိန်းမ တစ်ယောက် ၏ အော်ဟစ်မြည်တမ်းသံ မှာ ကြားရသူတိုင်း အတွက် သနားစရာ ဖြစ်နေ လေသည် ။
ဆီမီးရောင် တလက်လက် ထွန်းညှိ၍ ပါလာသော လူသေကောင် တင်သည့် ဖောင်သည် ကမ်း မှ တဖြည်းဖြည်း ဝေး၍ ဝေး၍ လာလေသည် ။ မင်းရဲကျော်စွာ ၏ လှေတပ်သားများသည် မိမိတို့ လှေ အနီးသို့ ရောက် လာသော ငှက်ပျောဖောင်ကို ထိုးဝါး ဖြင့် တွန်း၍ ထုတ်ကြရ၏ ။ ရေ မှာ တက်ရေ ဖြစ်သည့်အတိုင်း ငှက်ပျောဖောင် သည် တစ်နေရာ မှ တွန်း၍ ထုတ်လိုက်လျှင် အခြား တနေရာ သို့ အရှိန်နှင့် မျောသွား ပြန်လေသည် ။
ရေပြင် တစ်ခုလုံး မှာ မင်းရဲကျော်စွာ ၏ လှေတပ် ဖြင့် ပြည့်လုဘနန်း ရှိနေ သဖြင့် ငှက်ပျောဖောင် ပင် တောက်လျှောက် မျောပါ သွားရန် လမ်း မရှိ သလို ဖြစ်သောကြောင့် လှေတပ်သားများသည် မိမိ တို့ လှေများကို ကမ်းဘေး တစ်ဖက် တစ်ချက် သို့ ကပ်ကာ ဖောင် မျောနိုင်ရန် အူမကြောင်း ဖောက် ၍ ပေး ကြရလေသည် ။
နေ မှာ တဖြည်းဖြည်း မြင့်၍ လာပြီ ဖြစ်၏ ။
ကြည်းတပ်သားများ နှင့် လှေတပ်သားများ သည် ဆည်ဝ မှ ဗျိုင်းစောင့် သကဲ့သို့ အဲမွန်ဒယာ ထွက်လာမည် ကို သတိ ကြီးစွာထား၍ စောင့် နေကြ လေသည် ။
ဒလမြို့ အတွင်း တွင်ကား တိတ်ဆိတ်မြဲ တိတ်ဆိတ် နေ၏ ။ မြစ်ကမ်းပါး ပေါ်တွင် ထိုင်၍ ယခုတိုင် ရှိုက်ငို၍ မဆုံးနိုင်သေးသော မိန်းမ တစ်ယောက် ၏ ငိုသံ သည် သာ သဲ့သဲ့ကလေး လှုပ်ရှားနေလေသည် ။
“ မောင်မင်း သည် ငါတို့ အား စွန့်ပစ်၍ သွားလေပြီတကား … ”
မိန်းမငယ် သည် သူ့ ချစ်လင် အား အသက်နှင့် ထပ်တူ ချစ်သောသူ ဖြစ်ပေလိမ့်မည် ။ ဦးဆံနှင့် ထပ်တူ မြတ်နိုးသူ ဖြစ်ပေလိမ့်မည် ။
သူ ၏ ငိုရှိုက်သံ သည် လှိုင်းကြက်ခွပ်ကလေးများ ကို စီးကာ သူ့ ချစ်လင် နောက် သို့ တကောက်ကောက် လိုက်နေပေလိမ့်မည် ။
အရုဏ်ကျင်း ၍ အလင်းသို့ လုနေသည့် အချိန်မှ ငိုကြွေးခဲ့၏ ။
ယခုမူ နေမြင့် လာခဲ့ပေပြီ ။ အချိန်က တဖြည်းဖြည်း တစ်စစ ညောင်းခဲ့သည့် နည်းတူ သူ့ အသက် နှင့် ထပ်တူ ချစ်သော ဦးဆံ နှင့် အတူ မြတ်နိုးသော သူ့ ချစ်လင် ၏ အလောင်း သည်လည်း သူ နှင့် ဝေး၍ ဝေး၍ သွားပေပြီ ။
နေ သည် မြင့်ရာ မှ တိမ်းကာ တိမ်းရာ မှ စောင်းလာသည် ။ နောက် တော့ ချုပ် ၍ ပင် ကွယ်သွားပြီ ဖြစ်၏ ။
နံနက် မိုးမသောက်မီ အချိန်မှ မိုးချုပ် နေဝင်သည့် တိုင် တစ်ယောက် ထီးတည်း ငိုကြွေးခဲ့သော မိန်းမငယ် ၏ ရုပ်သဏ္ဌာန် သည် ပင် မှောင်ရိပ်ဝယ် ပျောက်ကွယ်ခဲ့ပြီ ဖြစ်၏ ။ သူ ၏ ရှိုက်ငိုသံ ပင် တိတ်၍ သွားခဲ့ပြီ ဖြစ်၏ ။
မင်းရဲကျော်စွာ ၏ တပ်သားများကား အဲမွန်ဒယာ ထွက်လာမည် ဆို၍ လည် တဆန့်ဆန့် လက် တပြင်ပြင် နှင့် စောင့်နေရသည် မှာ မော၍ နေပေပြီ ။ နံနက် မိုးမသောက်မီ အချိန်မှ မိုးချုပ် နေဝင်သည့် တိုင် အဲမွန်ဒယာ ၏ အရိပ် အယောင် မျှ ကို ပင် မမြင်ရ ။
“ နက်ဖြန် ဆက်ဆက် ထွက်မည် ” ဆိုသော အဲမွန်ဒယာ ကား အရိပ် အယောင် မျှပင် မပြဝံ့ပါတကား ... ။
( ၅ )
စိတ် မရှည်နိုင်ပြီ ဖြစ်သော မင်းရဲကျော်စွာ သည် သွေးသောက်ကြီးတစ်ယောက်အား ဒလမြို့တွင်းသို့ ဟစ်၍ မေးမြန်းစေလေသည် ။
“ အဲမွန်ဒယာ ထွက်မည် ဆိုသည် ၊ မထွက်တကား ”
မင်းရဲကျော်စွာ နှင့် တကွ တပ်မင်း , စစ်ကဲ , တပ်သား ဟူသမျှသည် ဒလ မြို့တွင်း မှ ပြန်၍ ပေးမည့် အဖြေ ကို နားစွန့် နေကြ၏ ။
“ အဲမွန်ဒယာ သည် နံနက် က ပင် ပဲခူး သို့ တက်လေပြီ ။ နင်တို့ မသိလိုက် ဟန်တကား ... ”
“ အဲမွန်ဒယာ သည် ငှက် မဟုတ် - မပျံနိုင် ၊ နဂါး မဟုတ် - မြေမလျှိုးနိုင် ။ အဲမွန်ဒယာ ထွက်လေပြီ ဆိုသည် ကား ရယ်ဖွယ်ကောင်းတော့သည် ... ”
မင်းရဲကျော်စွာ စေခိုင်းသော သွေးသောက်ကြီး က အချက်ကျကျ ပြန်၍ ပြောလိုက်သောကြောင့် မင်းရဲကျော်စွာ နှင့်တကွ တပ်မင်း , စစ်ကဲ , တပ်သား များပါ သဘောကျ သွားကာ ပြင်းစွာ ရယ်မောလိုက်ကြလေသည် ။
ရယ်၍ မဆုံးမီပင် ဒလမြို့အတွင်း မှ ဟစ်၍ ပြောလိုက်သော အသံ ကို ကြားပြန်ရ၏ ။
“ အဲမွန်ဒယာ သည် ငှက် မဟုတ်သော်လည်း ပျံ လေပြီ ၊ နဂါးမဟုတ် သော်လည်း မြေလျှိုး လေပြီ ၊ မယုံသော် ပဲခူး သို့ တက်၍ ကြည့်လော့ ... ”
ထို အသံ နှင့် အတူ ဒလမြို့တွင်း ရှိ ဗညားဒလတပ်သား တို့၏ အော်ဟစ် ကြွေးကြော်သံ ပါ နောက်မှ ထက်ကြပ် ပါ၍လာလေသည် ။
မင်းရဲကျော်စွာ သည် စိတ် မသက်မသာ ဖြစ်တော်မူ၏ ။ ချက်ချင်းပင် ယုံမှားသံသယ ကင်းရန် အတွက် ပဲခူးသို့ လူ စေလွတ်၍ အဲမွန်ဒယာ ကို အကြည့် ခိုင်းလေသည် ။
“ အဲမွန်ဒယာ ကို တွေ့မြင်ရသော် ယခု ပေးလိုက်သော ရွှေ ကသည့်မြင်း တစ်စီး , ကတ္တီပါဝတ်လုံ ကို ပေးလော့ ”
မင်းရဲကျော်စွာ စေလွှတ်လိုက်သော မင်းချင်းယောက်ျား သည် မင်းရဲကျော်စွာ ပေးလိုက်သော မြင်းတစ်စီး နှင့် ကတ္တီပါဝတ်လုံ ကို ယူကာ ရာဇာဓိရာဇ် ၏ နန်းတော်တံခါးဝ သို့ ရောက်လာလေသည် ။
နန်းတော်ဆောင် တစ်ခုလုံး ကား မှူးကြီးမတ်ရာ သေနာပတိ တို့ဖြင့် ပြည့်လျက် သောသောညံအောင် ပျော်မြူးရွှင်ပျ နေကြလေသည် ။
မင်းချင်းယောက်ျား သည် ရာဇာဓိရာဇ် ရှေ့တော် မှောက်တွင် ခစားမိ လျှင် ပင် အဲမွန်ဒယာ ကို တွေ့မြင်ရလေသည် ။
မင်းရဲကျော်စွာ က ဆုတော်လာဘ်တော် အဖြစ် ပေးလိုက်သော ရွှေ က,သည့် မြင်းတစီး နှင့် ကတ္တီပါဝတ်လုံ ကို အဲမွန်ဒယာလက် သို့ အပ်ရင်း သိချင်ဇောဖြင့် မေးလိုက်၏ ။
“ ငှက် ဖြစ်၍ ပျံလေသလော ၊ နဂါး ဖြစ်၍ မြေလျှိုးလေသလော ... ”
အဲမွန်ဒယာ သည် ကျေနပ်အောင်မြင်သော အပြုံး ကို ပြုံးကာ မင်းချင်းယောက်ျား ၏ အမေး ကို အဖြေ ပေးလိုက်လေသည် ။
“ သင့် အရှင် ကို လျှောက်ပါဘိ ၊ ငါ သည် သေမင်း ကို သစ္စာနှံ ၍ ပြန်ခဲ့သည် ... ”
⎕ တက္ကသိုလ်နန္ဒမိတ်
📖 မြဝတီ မဂ္ဂဇင်း
📖 ကိုတောလူ နှင့် အခြားဝတ္ထုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment