❝ ကိုယ့် လောဘ နဲ့ ကိုယ် ❞
“ ဟင် အဖေ ကလဲ ချက်ချင်းကြီးပဲ ပြန်တော့ မလို့လား ”
“အေး ဟိုမှာ ဆိုက်ကား စောင့်ခိုင်း ထားတယ် ။ ပြန်လိုက်ဦးမယ်ကွာ ၊ နောက် မှ အေးဆေး တစ်ခေါက် လာပါဦးမယ် ”
၂၀၀၃ ခုနှစ် ၊ မတ်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့ က ခင်ဗျာ ၊ ကျွန်တော် က ပြည်မြို့ လာပြီး ဝင်းသီရိပွဲရုံ က မြေပဲဆန် ကို လာ ဝယ်တာ ၊ သည်အချိန် ပြည် မှာ ကျွန်းပဲဆန် လှလှချောချောကြီးတွေ ရတတ်တယ် ။ မြေပဲ ဆားလှော် အတွက် တော်တော်လေး အဆင်ပြေတယ် ။
ပဲဆန် ချိန် ၊ ချုပ် ၊ ကားသမား နဲ့ ချိတ် ၊ ကား ပေါ် တင် ၊ အချိန် တစ်နာရီ လောက် ရနေသေးတာ နဲ့ ရွှေတောင်ဂိတ်နား မှာ ဖွင့်ထားတဲ့ ရိုမီယို အအေးဆိုင် က သား အငယ်ကောင် ဆီသွား ၊ ရောင်းအား ဘယ်လို နေလဲ အကျိုးအကြောင်း မေး ၊ ဆိုက်ကား ပေါ် ပြန်တက် ၊ အအေးဆိုင် မှ ပြန်ထွက်ခဲ့ ။
သားအဖ ချင်း ခဏလေး တွေ့ ၊ စကားစမြည် အေးအေးလူလူ မပြောအား ၊ သူ က လည်း သူ့ ဆိုင် အတွက် အလုပ်ရှုပ် နေ ၊ ကျွန်တော် က လည်း ကျွန်တော့် မြေပဲဆားလှော် အတွက် အရေးကြီး နေ ။
ကိုယ့် လောဘ နဲ့ ကိုယ် ဖြစ်နေလိုက်ကြတာဗျာ ။ လောဘ ဆိုတာကြီး က နောက် က နေ သံချွန် နဲ့ ထိုး ၊ ဖနောင့် နဲ့ ပေါက် ၊ အတင်း ဆောင့်ကန် ၊ ကျွန်တော်တို့ မှာ ရှေ့ ဟပ်ထိုး လဲကျတော့မယ် ။
“ ဟယ် နင် ဘယ်ကို ”
“ ရန်ကုန် ကို အဖေ ”
“ ဘာလုပ် ”
“ ရေခဲစက် မှာ သုံးတဲ့ ဝါရှာ ပြတ်သွားလို့ ရန်ကုန် ဆင်း ဝယ်ရမယ် ”
“ ပြည် မှာ မရဘူးလားဟယ် ”
အဲသည် ဝါရှာ က နိုင်ငံခြားဖြစ် ခင်ဗျာ့ ၊ အောင်လံ မှာ မရှိ ၊ ပြည် မှာ မရ ရန်ကုန် မှာ မှ ရမတဲ့ဗျာ ။ ကျွန်တော့် သမီး က တစ်ယောက်တည်း ရန်ကုန် ဆင်းပြေး လေ၏ ။
ည ကား စီး ၊ နံနက် ရောက် ၊ ရှာဝယ် ၊ ည ကား ပြန်စီး ။ နောက်နေ့ နံနက် အစောကြီး အောင်လံ ပြန် ရောက် လာလေ၏ ။
အခု အချိန်က နွေရာသီ ပူလာပြီ ။ ရေခဲရာသီ ရောက်လာပြီ ။ အရပ်အခေါ် နို့အေးချောင်း ရောင်းကောင်းတဲ့ အချိန် ။
သည်အချိန် မှာ ရေခဲစက် သမား ဗျာများ ၊ ကျောင်းသားတွေ တောင်းဆို သလောက် မုန့်လုပ် ပေးနိုင်ဖို့ အရေးကြီး ၊ စက် ကို အချိန်ပြည့် လည်ပတ်နိုင် မှ အလျဉ်မှီ မှာ ၊ အထစ်ထစ် အငေါ့ငေါ့ မဖြစ် မှ ကောင်းမှာ ။
ဒါကြောင့် လိုတာ ပြေးဝယ် ၊ မကောင်းတာ လဲပစ် ။
“ မင်း ဆီ မလာဖြစ်တာ ကြာပြီကွာ ၊ ငါ့ အလုပ် နဲ့ ငါ ရှုပ်နေလို့ ”
လာပြန်ပြီဟ တစ်ယောက် ။
သူ က ကျွန်တော့် အစ်ကို အရင်း ဝါး ၊ သက်ကယ် ၊ ဓား ရွှေခြမ်း ၊ မျောတိုင် ရောင်းတယ် ။ သည် အချိန် က ပစ္စည်း စုရမယ့် အချိန် ၊ မကြာခင် မိုးကျတော့မှာ ၊ မိုး တစ်ပေါက် နှစ်ပေါက် ကျပြီ ဆို လိုချင်သူတွေ က ပြေးလာ ကုန်ပြီ ။ အဲသည် အတွက် အဆင်သင့် ဖြစ်အောင် ခု ကတည်း က စုရတာ ။
“ မင်း ကောင်တွေ ရှိသားပဲကွာ ၊ တော်တော် တန်တန်လဲ လွှဲထားပေါ့ ”
“ မင်း က ပြော ပြန် တာ ပဲ ။ တောင် ကို လွှတ် မြောက် ကို ရောက်သွားတဲ့ ကောင်တွေ ၊ တစ်ခါတလေ ထမင်းစားချိန် တောင် ပြန် မရောက် ဘူး ။ ညအိပ်ရာဝင်များ သူတို့ ကို စောင့်ရတာ အမော ၊ အငယ်ကောင် လာ တံခါးဖွင့် ပေးလိုက် ၊ အကြီးကောင် လာ ဖွင့်လိုက် ၊ ငါ့ မှာ ဒရဝမ် ကို ဖြစ်လို့ပါကွာ ”
“ အမယ်လေကွာ ၊ ဒါများ ဘာ ခက်တာ မှတ်လို့ ”
“ ဘယ်လို လုပ်ရမလဲကွာ ”
“ လွယ်လွယ်လေးပါကွာ၊ မင်း ကောင်တွေ အရွယ် ရောက်နေပြီပဲ ၊ မိန်းမ ပေးစား လိုက်ပေါ့ကွ ”
“ မိန်းမ ပေးစားပြီး လုပ်ငန်းတွေ ထူထောင် ပေးလိုက် ၊ အိမ်ခွဲ ပေးလိုက် ကွာ ၊ အဲဒီ အခါကျတော့ သူ့ လောဘ နဲ့ သူ လုပ်လွန်းလို့ ”
“ အင်း ကောင်းသလိုလိုပဲ ”
“ ကောင်းသလိုလို ပဲ မဟုတ်ဘူး ၊ ကောင်း ကို ကောင်းတာ ၊ တို့ တောရွာ မှာ ဒီလိုပဲ ၊ ယောင်ပေယောင်ပေ နဲ့ အပိုး မကျိုးတဲ့ အကောင် ၊ လတ်လျားလတ်လျား လုပ် နေ တဲ့ အကောင် အိမ်ထောင် ချ ပေးလိုက်တာပဲကွ ၊ သူ့ လုပ်ခင်း လုပ်ကွက် နဲ့ သူ့ အိုး သူ့ အိမ် နဲ့ ဆိုတော့ မခိုသာတော့ဘူးကွာ ၊ မိန်းမ ရ သားတွေ သမီးတွေ ထွန်းကားလာတော့ အလုပ် သဲသဲမဲမဲ လုပ်ပါ့ကွာ ။ မိဘ အိမ်တောင် တစ်လ ကြာလို့ တစ်ခေါက် မရောက်နိုင်ပါဘူး ”
သူများတော့ မသိဘူး ။ ကျွန်တော်တို့ မှာတော့ သည်အတိုင်းပဲ ခင်ဗျာ ။ သားတွေ သမီးတွေ အိမ်ထောင်ချပေး ။ သူတို့ စီးပွားရေး နဲ့ သူတို့ ၊ ကျွန်တော့် စီးပွားရေး နဲ့ ကျွန်တော် ။
ကိုယ့် လောဘ နဲ့ ကိုယ် အလုပ်ရှုပ် နေလိုက်ကြတာ ၊ စကား တောင် အဖြောင့် မပြော အားကြပါဘူးဗျာ ။
◾မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၂၅ ဇူလိုင် ၊ ၂၀၀၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment