❝ သကြားနည်းနည်းလျှော့ ❞
ကိုရင်မောင်သည် သေမင်းကို အလွန်ကြောက်သူဖြစ်သည် ။ မမယ်မက သေခြင်း တရား၏ မလွန်ဆန်နိုင်ပုံကို တစ်ခါတစ်ရံ ဓမ္မသဘောဖြင့် ပြောဆိုလာတိုင်း နိမိတ်မရှိသော စကားများအဖြစ် မျက်စိပျက် မျက်နှာပျက် တားမြစ်တတ်သည် ။
အထူးသဖြင့် ယခုတလော ကိုရင်မောင်အဖို့ ပို၍ပင် ချောက်ချားဖွယ် ကြုံလာရ၏ ။ အကြောင်းမှာ သူငယ်ချင်းဖြစ်သူ ဒေါက်တာမြင့်ထွန်းသိန်းသည် ရုတ်တရက် ရှောင်တခင် အသည်းကင်ဆာရောဂါဖြင့် သေဆုံးသွားသောကြောင့် တည်း ။
ဒေါက်တာမြင့်ထွန်းသိန်းသည် အသည်း၌ ကင်ဆာရောဂါ စွဲကပ်နေပြီ ဟု ဆရာဝန်များ၏ စစ်ဆေးတွေ့ရှိချက်များအရ အသေအချာ သိရှိရပြီးနောက် သုံးလအတွင်း ပြည်သူ့ဆေးရုံကြီးတွင် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်၌ ကွယ်လွန်သွားခဲ့ရှာသည် ။ အရွယ်မှာ လေးဆယ့်နှစ်နှစ်သာရှိသေးသည် ။
သွားလေသူ ကာယကံရှင်မှာ သေမည်ကိုသိလျက် အပြုံးမပျက် ရင် ဆိုင်သွားခဲ့သည် ။ သူ၏ နောက်ဆုံးဝတ္ထုတစ်ပုဒ်ကို ဆေးရုံပေါ်တွင် တည်ငြိမ်သောလက်ဖြင့် ရေးသွားခဲ့နိုင်သည် ။
ကိုရင်မောင် ဝယ်ပေးသော ရေခဲမုန့်ကိုပင် မသေခင်တစ်နေ့က တစ်ဝ တစ်ပြဲစားရင်း ...
“ ကျွန်တော်က သူများအသည်းတွေ စားခဲ့တဲ့သူ မဟုတ်လား ၊ ဒါကြောင့် အခု အသည်းရောဂါနဲ့ သေရမှာဗျ ”
ဟူ၍လည်းကောင်း ၊
“ ကင်ဆာဆိုတာ ကိုယ်တွင်းနယ်ချဲ့ အမျိုးအစားတစ်ရပ်ပဲဗျ ၊ သူ့ လက် တွေဟာ အော်ဟိုပတ်ကောင်တွေရဲ့ လက်လိုပဲ ၊ ပွားလာပြီး တစ်ကိုယ်လုံး လျှောက် ပျံ့တော့တာပဲ ၊ အဲဒီကင်ဆာလက်တွေကို ကျွန်တော်တိုက နယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံ နဲ့ တိုက်ဖျက်ပစ်နိုင်မှရမယ် ”
ဟူ၍လည်းကောင်း ၊
“ ကျွန်တော့်အဒေါ်က ကျွန်တော့်ကိုလာကြည့်ရင်း ပရိတ်ကလေး ဘာလေး ရွတ်ဖို့ တိုက်တွန်းသွားတယ် ။ ဘဝကူးကောင်းအောင်ပေါ့ဗျာ ။ ဟားဟား ဒါပေမယ့် ရှိပြီးသား ဘုရားပရိတ်တွေထဲမှာ ကင်ဆာနှင်တဲ့ပရိတ် မပါတော့ ခက်နေတာပေါ့ ။ ဒါကြောင့် ကင်ဆာပရိတ်တစ်ပုဒ်လောက်တော့ တီထွင်ဖို့ ကောင်းပြီ ”
ဟူ၍လည်းကောင်း ၊
တဝါးဝါး တဟားဟားဖြင့် .. ရယ်ရယ်မောမော နောက်ပြောင်သွားနိုင်ရှာသည် ။
မြင့်ထွန်းသိန်းသည် သူ၏ စရိုက်ဝသီအတိုင်း ပြောင်ချော်ချော်ဖြင့် သေမင်းနောက်ကို လိုက်သွားနိုင်သော်လည်း ကြားထဲမှ အချောင် တုန်လှုပ် ချောက်ချားရသူမှာ ကိုရင်မောင် ဖြစ်သည် ။ နေမထိ ထိုင်မသာ အိပ်မပျော် စားမဝင်ဖြစ်ကာ ဣန္ဒြေမဲ့ရသူမှာ ကိုရင်မောင်ဖြစ်သည် ။ ပို၍ဆိုးသည်ကား ယခု တလော မိမိမိတ်ဆွေ အပေါင်းအသင်းများထဲမှ သီးကင်းကြွေသလို တဖြုတ်ဖြုတ် ဘဝကြွကုန်သဖြင့် အိမ်သို့ ယပ်တောင်တစ်ချောင်းပါလာတိုင်း ကိုရင်မောင်အဖို့ ရောဂါထွေလာတော့သည် ။
တစ်ခါတစ်ရံ ရင်ဘတ်က အောင့်သလိုလို ဖြစ်လာ၏ ။ ဤသို့သော အခါတွင် အဆုတ်ရောဂါဖြစ်ပြီဟု ကိုရင်မောင် စိုးရိမ်လာ၏ ။ ထိုကြောင့် ဆေးလိပ် ဖြတ်ဖို့ ဆုံးဖြတ်လိုက်သည် ။ ဤသို့မှ ထူးခြားမှု မရှိလာသောအခါ ကိုရင်မောင့် သောက အေးငြိမ်းသွားပြီး ပါးစပ်မှ ခေါင်းတိုင်မီးခိုးထွက်သလို ဆေးလိပ်ကို ပြန် သောက်ပြန်သည် ။
တစ်ခါတစ်ရံ မိမိစာသင်ရာ ကျောင်းအပေါ်ထပ်သို့ အမှတ်တမဲ့ ပြေး တက်မိခြင်းကြောင့် မောပန်းမိသောအခါ နှလုံးရောဂါဖြစ်ပြီ ဟု ထင်လာပြန်သည် ။ လမ်းကို ဖြည်းဖြည်းလျှောက်သည် ။ အသက်ထက်တော့ ငွေကို မနှမြောနိုင်ဟု အကြောင်းပြကာ ဘတ်စ်ကားမစီးဘဲ သုံးဘီးကား ငှားစီးသည် ။
ဤသို့ဖြင့် စိုးရိမ်မှုသံသရာလည်ကာ နောက်ဆုံး ကိုရင်မောင် ဗိုက်နာလာပြန်သည် ။
တစ်ခုသောညနေ ကျောင်းကအပြန်တွင် အမူအရာပျက်ပျက်ဖြင့် ယာဘက်ဗိုက်ကို လက်ဖြင့်နှိပ်ရင်း ရှုံ့ရှုံ့မဲ့မဲ့ ယိုင်နဲ့နဲ့ ပြန်လာသော လင်တော်မောင်ကို မြင်လိုက်ရသော မမယ်မသည် ပျာယာခတ်သွားတော့သည် ။
“ ဘာဖြစ်လာတာလဲ မောင် ၊ မျက်နှာတွေလည်း ညှိုးလို့ပါလား ” ဟု အမောတကော မေးလိုက်၏ ။
ကိုရင်မောင် ကတော့ မချိတရိ ယဲ့ယဲ့ကလေး ပြုံးကာ အိပ်ရာပေါ် ပစ်လှဲလိုက်ရင်း ...
“ ဘာဖြစ်ရမလဲ မ,ရယ် ၊ အသည်း ပေါ့ ၊ အသည်းက စကား ပြောလာပြီလေ ”
မမယ်မ က နားမလည်သေး ။ မျက်လုံးအကြောင်သားဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ခုတင်ဘေးတွင် ရပ်လာသည် ။ ဤတော့မှ ကိုရင်မောင်သည် ညင်ညင် သာသာ လေသံမျှဖြင့် အိပ်နေရာမှ ဆက်လက်ရှင်းပြသည် ။
“ မောင့်အသည်းတော့ ကင်ဆာလား ၊ အသည်းကျွမ်းတာလား မသိဘူး ။ တစ်ခုခုတော့ တစ်ခုခုပဲ ။ နာနေတာတော့ သုံးလေးရက်ရှိပြီ ။ မ, စိတ်မကောင်း ဖြစ်မှာစိုးလို့ မောင်မပြောဘဲနေတာ ၊ ဒီနေ့တော့ မခံနိုင်အောင် နာလာတယ် ”
မမယ်မသည် ကိုရင်မောင်၏ စကားများကြောင့် ရင်ဘတ်ကို လက် နှစ်ဖက်ဖြင့်ဖိကာ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်သွား၏ ။
“ ဟာ … ဒီလိုနေလို့ ဘယ်ဖြစ်မလဲ မောင်ရယ် ၊ ဆရာဝန် ပြမှ ဖြစ်မှာ ပေါ့ ၊ ဒါပေမယ့် လေနာများ ဖြစ်နေမလားမသိဘူး ၊ လေဆေးလေး သောက် ကြည့်ပါလား မောင်ရယ် ... ဟင်“
“ အို ... မ ရာ ၊ မောင်က ဆရာဝန်မဟုတ်ပေမယ့် အနာတော်မီ ကို မတောက်တခေါက်တော့ ဖတ်ဖူး လေ့လာဖူးပါတယ် ။ အခုနာနေတာက ဟောဒီ ညာဘက်နံရိုးအောက်ကကွ ၊ အဲဒါ အသည်းရှိတဲ့နေရာပဲ ၊ မောင့် စိတ်ထင်တော့ ရောဂါတောင် ကျွမ်းနေပြီထင်တယ် ။ ဟောဒီ သုံးရက်အတွင်း အလေးချိန် နှစ်ပေါင် ကျသွားတယ်ကွ ၊ မောင် ကျောင်းကပြန်လာတိုင်း လမ်းဘေးမှာ ဆယ့်ငါးပြားနဲ့ ချိန်ချိန်ကြည်လာတာ ”
“ ကဲ .. ဒီလိုဆို မဖြစ်ဘူး မောင် ၊ ကိုနေလင်း ဆီ အခုပဲ သွားကြရအောင် ”
ဤသို့ဖြင့် အင်းမလှုပ် အဲမလှုပ် ဖြစ်နေသော ကိုရင်မောင်ကို မမယ်မ က အတင်းဆွဲယူရင်း မရမက ဆွဲခေါ်ကာ သုံးဘီးကားစီး၍ ဒေါက်တာနေလင်း၏ “ မြသန္တာ ” ဆေးတိုက်ခန်းသို့ ရောက်သွား၏ ။
••••• ••••• •••••
ကိုရင်မောင်တို့ ဇနီးမောင်နှံသည် တိုကင်ပြားများဖြင့် တန်းစီ၍ စောင့်နေသော လူနာများကို ခပ်တည်တည်ပင် ကျော်လွှား၍ ဆရာဝန် တိုက်ခန်းတွင်းသို့ အခန်သား ဝင်သွားကြရာ နောက်မှ ညည်းသံညူသံ အပြစ်တင်သံ ရန်တွေ့သံများကို အတိုင်းသား ကြားနေရ၏ ။
“ ကဲ ကဲ လာ ၊ ဒီလင်မယား ဘာဖြစ်လာကြတာလဲ ”
ဒေါက်တာနေလင်းက ဆီးကြို၍ မေးလိုက်သည် ။
“ ဆရာ့သူငယ်ချင်းကိစ္စပဲ ဆရာ ”
မမယ်မက နိဒါန်းပျိုးလိုက်ရာ ကိုရင်မောင်က ဆက်လက်၍ ရှုံ့မဲ့မဲ့ မျက်နှာဖြင့် ဗိုက်ကို လက်နှင့်နှိပ်ရင်း ...
“ လစ်ဗာက ဒုက္ခပေးနေပြီထင်တယ် သူငယ်ချင်း ၊ စမ်းကြည်စမ်းပါဦး ” ဟု အခြေအနေကို တင်ပြလိုက်သည် ။
“ ကဲ ဒါဖြင့် ကြွ ၊ ကုတင်ပေါ်ကို ”
လူနာကုတင်ပေါ်သို့ ကိုရင်မောင်တက်ပြီးနောက် ဒူးနှစ်ဖက်ကို ကွေး စေကာ ဒေါက်တာနေလင်းသည် နားကြပ်ဖြင့် တစ်မျိုး ၊ လက်နှင့်တစ်မျိုး ကိုရင်မောင်အား အမျိုးမျိုးစမ်းသပ်၏ ။ ထို့နောက် မိမိစားပွဲပေါ်သို့ ပြန်လာကာ ငြိမ်သက်၍ စဉ်းစားနေ၏ ။
ကိုရင်မောင်ကမူ ကုတင်ပေါ်က ဆင်းလာပြီးနောက် မမယ်မ၏ ဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်ကာ လင်မယားနှစ်ယောက် တုတ်တုတ်မျှမလှုပ်ဘဲ တရားသူကြီး ၏ စီရင်ချက်ကို နားစွင့်နေသော တရားခံ ကဲ့သို့ ဒေါက်တာနေလင်း ၏ မျက်နှာကိုသာ စူးစိုက်၍ ကြည်နေကြ၏ ။
“ ကျွန်တော်တော့ ဘာမှ စမ်းလို့မတွေ့ဘူး ”
ဒေါက်တာနေလင်း ထံမှ စကားသံထွက်လာသောအခါတွင်မူ လင်မယား နှစ်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည် ။
“ ကိုယ်တော့ တကယ်နာနေတာပဲ သူငယ်ချင်း ”
“ အေး … အဲဒါကို ကျွန်တော် စဉ်းစားနေတာပေါ့ ၊ ဒါမျိုးက ခက်သားပဲ ၊ သာမန်လက်နဲ့ စမ်းသပ်လို့ မရနိုင်တာလည်းရှိတယ် ၊ လစ်ဗာရောဂါဆိုတာက အမျိုးမျိုးရှိတယ် ၊ အကောင်းဆုံး စိတ်အေးရအောင် စပယ်ရှယ်လစ်နဲ့ ပြပါလား ဗျာ ၊ ကျွန်တော်လိုက်ပို့ပေးမယ် ”
“ ဘယ်သူနဲ့ပြရင် ကောင်းမလဲ ”
“ ကျွန်တော့်ဆရာရှိတယ် ၊ ဖစ်စီရှင်ပဲ ။ ကျောင်းတုန်းက ကျွန်တော် နဲ့ ရင်းနှီးပါတယ် ၊ ရွှေဘုံသာလမ်းမှာ ဆေးခန်းဖွင့်ထားတယ် ၊ ဒေါက်တာ ဦးသာဂေါင် လေ ၊ ခင်ဗျားတို့လည်း ကြားဖူးမှာပေါ့ ”
“ သိတယ့်သိတယ် ၊ နာမည်ကြီးပဲ ။ ဆရာပဲ ပြဖို့ စီစဉ်ပေးပါနော် ”
မမယ်မ က ဝင်ထောက်လိုက်သည် ။
“ ကောင်းပါပြီဗျာ ၊ ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပါ့မယ် ”
••••• ••••• •••••
ဒေါက်တာနေလင်း ၏ ကိုယ်တိုင်ကိုယ်ကြပ် လိုက်လံမိတ်ဆက်ပြသပေးမှုကြောင့် သမားတော်ကြီး ဒေါက်တာဦးသာဂေါင် နှင့် ကိုရင်မောင်သည် ရှောရှောရှူရှူ စမ်းသပ်ခွင့်ရခဲ့သည် ။
သမားတော်ကြီးက ဒေါက်တာနေလင်းမှတစ်ဆင့် သွေး ၊ ဆီး ၊ ဝမ်းများကို စစ်ဆေးရန်လည်းကောင်း ၊ အသည်းကို အဏုမြူရောင်ခြည်ဖြင့် ဓာတ်ပုံ ရိုက်ရန် လည်းကောင်း ၊ ထို့ပြင် ရင်ဘတ်နှင့် သရက်ရွက်တို့ကို ဆေးအမျိုးမျိုး သွင်း၍ ဓာတ်မှန်ရိုက်ရန်အတွက် လည်းကောင်း ညွှန်ကြားစာ တစ်ထပ်ကြီး ပေးလိုက် သည် ။
သို့သော် စမ်းသပ်နေစဉ်အတွင်း သမားတော်ကြီးသည် ကိုရင်မောင် ၏ ပြောဆိုတင်ပြချက်များကို ဂရုစိုက်၍ နားထောင်ပုံလည်းမရ ၊ ဟုတ်တိပတ်တိ စကားတစ်ခွန်းမှလည်း မပြော ၊ ရောဂါအခြေအနေကိုလည်း ရှင်းလင်းမပြဘဲ ဆေးညွှန်း စာတစ်ထပ်ကြီး ကိုသာ ရေးပေးလိုက်ပြီး လွှတ်လိုက်သဖြင့် .. ကိုရင်မောင် သည် အောင့်သက်သက်ဖြင့် အခန်းပြင်သို့ ထွက်လာရသည် ။ အပြင်မှ သိလိုဇောဖြင့် စောင့်နေသော မမယ်မ ကို ပခုံးသာ တွန့်ပြလိုက်လေသည် ။
“ ဘယ်လိုလဲ သူငယ်ချင်းရ ၊ မောင်ရင်တို့ ဆရာ က တေမိဆရာဝန်လား ကွ ၊ မေးလို့လည်းမဖြေ ၊ ဘာမှလည်း မပြော ၊ လူကို လူ မထင်သလိုပဲကွာ ”
ကိုရင်မောင်၏ မကျေမနပ်အရေးဆိုသံ ကြားရသောအခါ ဒေါက်တာ နေလင်းသည် ပြုံးပြုံးရယ်ရယ်ဖြင့် ...
“ ဒီလိုဗျ ကိုရင်မောင်ရ ၊ ကျောင်းမှာ ကျွန်တော်တို့ကို လက်ချာပေး ကတည်းက မှာထားဖူးတယ် ၊ လူနာကို ဘယ်တော့မှ စကားများများ မပြောနဲ့တဲ့ ။ အပိုလည်း တစ်ခွန်းမှ မပြောနဲ့တဲ့ ။ ဘာကြောင့်လဲဆိုရင် လူနာဟာ ဆရာဝန် ရဲ့ စကားကို အရေးတကြီးထားတတ်တယ် ။ အပိုပြောရင်လည်း လွဲကုန်လိမ့်မယ် ။ များများပြောရင်လည်း သူတို့ နားလည်မှာမဟုတ်ဘူး ။ အဲဒီလို သူ့ စကားအတိုင်း သူ ကျင့်သုံးတာဖြစ်ပါလိမ့်မယ် ။ အခု သူ ခင်ဗျား ကို စစ်ဆေးဖို့ အကုန်လုံး ပေးလိုက်တာပဲ ၊ ဒါတွေ စစ်ဆေးပြီးရင် ခင်ဗျား ခန္ဓာအတွင်းမှာ ရောဂါမှန်သမျှ အကုန်ပေါ်မှာပဲ ၊ ရှိရင်ပေါ့လေ ”
ထိုရက်မှစ၍ ကိုရင်မောင်သည် ဆေးခွင့်ဆယ်ရက် ယူကာ ပြည်သူ့ ဆေးရုံကြီးသို့ လည်းကောင်း ၊ သွေးစစ်ရာ ၊ ဆီးစစ်ရာ ၊ ဓာတ်မှန်ရိုက်ရာ ဌာနပေါင်း များစွာသို့ လည်းကောင်း ဌာနပေါင်းစုံကို အခေါက်ခေါက် အခါခါ သွားရပြီးနောက် ဆေးမှတ်တမ်း တပွေ့တပိုက်ကြီးကို ရရှိလာကာ သမားတော်ကြီး ဒေါက်တာ ဦးသာဂေါင် ထံ သွားရပြန်သည် ။
ဤတစ်ခါတော့မူ သမားတော်ကြီး ဆေးခန်းအတွင်း သို့ မမယ်မ ပါ လိုက်လာခဲ့၏ ။
သမားတော်ကြီးသည် ကိုရင်မောင် က ခပ်ရို့ရို့ တင်ပြလိုက်သော ဆေး မှတ်တမ်းများကို စကားတစ်ခွန်းမျှ မပြောဘဲ တုံဏှိဘာဝေဖြင့် ကြည်ရှုစစ်ဆေး ပြီးနောက် သူ၏ အမည်နှင့် ဘွဲ့တစ်ပြုံကြီးရိုက်နှိပ်ထားသော စာရေးစက္ကူ တစ်ရွက်ပေါ်တွင် ဖတ်၍ မရသော အင်္ဂလိပ်စာတစ်ကြောင်းကို ရေးခြစ်ကာ ကိုရင်မောင် အား လှမ်းပေးလိုက်သည် ။ ပြီးနောက် ....
“ ဒါကို ဆရာနေလင်း ကို ပြလိုက်ပါ ။ သူ ကြည့် လုပ်လိမ့်မယ် ၊ အပြင် မှာ ဆယ့်ခြောက်ကျပ်ပေးခဲ့ ” ဟုပြောရင်း မျက်နှာလွှဲသွားသည် ။
ကိုရင်မောင် ကမူ မရဲတရဲဖြင့် ...
“ ကျွန်တော့်မှာ ဘာရောဂါရှိလဲ ဆရာ ” ဟု လှမ်းမေးလိုက်သည် ။
“ ဆရာနေလင်း ပြောလိမ့်မယ် ၊ သူ့ ဆီသာ သွားပါလေ ”
ကိုရင်မောင်သည် ဆရာဝန်၏ ငေါက်ဆတ်ဆတ် ပြောလိုက်မှုကြောင့် မိမိ မေးလိုသော နောက်ထပ်မေးခွန်းကို မဆက်ရဲဖြစ်သွားသည် ။ သို့သော် ရောက်တုန်းပေါက်တုန်း စမ်းသပ်ခဆယ့်ခြောက်ကျပ် ပေးရမယ့်အတူတူ မေးသင့် တာကိုတော့ အရဲစွန့်၍ မေးလိုက်ဦးမည်ဟု စိတ်ကိုတင်းကာ ...
“ ဆရာ ... တစ်ခု မေးပါရစေ ၊ ကျွန်တော် က လက်ဖက်ရည် သိပ်ကြိုက် ဆရာ ၊ အဲဒါ ကျွန်တော့်ရောဂါနဲ့ တည့်ပါ့မလား ၊ သိချင်တယ် ဆရာ ”
သမားတော်ကြီး သည် ကိုရင်မောင် အား တစ်ချက်စိုက်ကြည်ကာ မပြော ချင် ပြောချင်ဖြင့် ...
“ သောက်တော့ သောက်ပေါ့ ။ အဲ ... သကြား တော့ နည်းနည်းလျှော့သောက် ၊ ဒါပဲ ။ ကဲ ... သွားတော့ ”
အပြင်သို့ ရောက်သောအခါ ကိုရင်မောင်တို့ ဇနီးမောင်နှံသည် သမားတော် ကြီး၏ စကားတစ်ခွန်းကြောင့် အတော်ပင် တုန်လှုပ်ချောက်ချားသွားတော့သည် ။
“ မ,ရေ ၊ သေချာပြီကွ ။ မောင်တော့ ဆီးချိုရောဂါ ရှိနေပြီ ”
“ ဟုတ်တယ်နော် မောင် ၊ သကြားလျှော့သောက် ခိုင်းကတည်းက ဆီးချို ရောဂါရှိတယ် ဆိုတာ သွယ်ဝိုက်ပြီး ပြောလိုက်တာပဲ ။ ဒေါက်တာနေလင်း ဆီ အခုပဲ သွားလိုက်တာ ကောင်းမယ်ထင်တယ် ”
“ အေး ... သွားကြစို ၊ ရောဂါဆိုတာ စောစောသိ စောစောကုတာကောင်းတယ် ”
••••• ••••• •••••
ဒေါက်တာနေလင်းသည် သမားတော်ကြီး ဒေါက်တာဦးသာဂေါင် ၏ ဆေးလက်မှတ် ကို သေသေချာချာဖတ်ကြည့်ပြီးနောက် . . .
“ အိုကေပဲ ကိုရင်မောင် ၊ ခင်ဗျားမှာ ဘာရောဂါမှ မရှိဘူး ။ အထွေထွေ အားနည်းချက်လို့ ရေးထားတယ် ။ အားဆေးထိုးလို့ ညွှန်ထားတယ် ။ ကျွန်တော်ဆီ နေ့တိုင်းလာထိုးပေါ့ဗျာ ”
“ ဟ .. သူငယ်ချင်းရ ၊ သေသေချာချာ ကြည့်ပါဦး ၊ ဆရာ က သကြား လျှော့သောက်လို့ မှာလိုက်တယ် ။ ဆေးမှတ်တမ်းမှာ ဆီးချိုရောဂါတွေ့လို့ သူ မှာလိုက်တာဖြစ်မယ် ”
“ ဘယ်မလဲ ဆေးမှတ်တမ်းတွေ ပြပါဦး ”
ကိုရင်မောင် ထုတ်ပေးသော စာရွက်တစ်ထပ်ကြီးကို ဒေါက်တာနေလင်း က သေသေချာချာ ဖတ်ကြည့်သည် ။ အထူးသဖြင့် ဆီးစစ်ထားသော စာရွက် ကို ဂရုတစိုက်ဖတ်ကြည်သည် ။
“ ဆီး မှာလည်း ဘာမှ မပါဘူးဗျ ။ ရှူးဂါးရှိတယ်လို့ ဖော်ပြမထားဘူး ၊ ခင်ဗျားမှာ ဆီးချိုမရှိပါဘူး ”
“ ကဲ ဒါဖြင့် ဘာဖြစ်လို့ သကြားလျှော့သောက်ခိုင်းတာလဲ ”
“ အဲ ... အဲဒါ ပြဿနာပဲ ၊ ကျွန်တော့် ဆရာကလည်း စကား အပိုပြော တဲ့ လူမဟုတ် ၊ သူ့ ဝါဒကိုက လူနာကို စကားအပို မပြောရဘူးလို့ မှာထားတော့ ဒါ စဉ်းစားစရာပဲ ”
“ ကြည့်လုပ်ပါဦး သူငယ်ချင်းရာ ၊ ကိုယ်တော့ ရှင်းရှင်းလင်းလင်း ဖြစ်ချင်တယ် ”
ဒေါက်တာနေလင်း သည် အတန်ကြာ ငိုင်တွေ့၍ စဉ်းစားနေပြီး ..
“ ကဲ .. ဒီလိုလုပ် ၊ မနက်ဖြန် ဆေးရုံကြီး သွားပြီး သူ့ဝါ့ဒ်မှာ ကျွန်တော် သွား မေးလိုက်မယ် ။ ခင်ဗျား ဆေးမှတ်တမ်းတွေထားခဲ့ ၊ ဒီညတော့ စိတ်အေးအေး ထားပြီး ပြန်ပါဗျာ ၊ မနက်ဖြန် အဖြေသိရမှာပေါ့ ”
ကိုရင်မောင်တို့ ဇနီးမောင်နှံသည် ညစ်ညူးရှုပ်ထွေးသော စိတ်တို့ဖြင့် အိမ်သို့ ပြန်သွားကြလေသည် ။
ထိုညအဖို့ ကိုရင်မောင်သည် သူသောက်နေကျ လက်ဖက်ရည်ကို စွန့် စွန့်စားစား မသောက်ဘဲနေလိုက်၏ ။ အလေ့အကျင့် ဖြစ်နေသော မမယ်မက လက်ဖက်ရည်ဖျော်ပြီး ပက်လက်ကု,လားထိုင်တွင် တွေဝေငေးမောနေသော ကိုရင်မောင်ရှေ့သို့ လာချမိရာ ကိုရင်မောင်သည် မမယ်မအား ရန်လိုသော မျက်နှာ ဖြင့် ကြည့်ကာ..
“ မောင့်ကို သေကြောင်းကြံတာလား မ ” ဟု ကြိမ်းမောင်း အော်ဟစ် လိုက်သဖြင့် မမယ်မခမျာ လက်ဖက်ရည်ပန်းကန် ကို မီးဖိုခန်းသို့ သယ်ဆောင် သွားရသည် ။
••••• ••••• •••••
ဒေါက်တာနေလင်း သည် ဆေးရုံအတွင်း လှည့်ပတ်၍ လူနာစစ်ဆေးနေသည် သမားတော်ကြီး ဒေါက်တာဦးသာဂေါင် ကို စိတ်ရှည်စွာ စောင့်စားနေရသည် ။ မိမိ အဖို့ တစ်ဖက်တွင် သူငယ်ချင်း ၏ စိုးရိမ်ကြောင့်ကြမှုက ရှိနေသည် ။ ဤမှာဖက် တွင် ဆရာ တစ်ယောက်ကို မေးရစမ်းရမည်ဖြစ်သဖြင့် ကျောင်းသားတစ်ဦး ၏ အလေ့အကျင့် အရ ရွံ့တွန့်တွန့် ဖြစ်နေသည် ။ မေးရမည်ကိစ္စကလည်း ရောဂါနှင့် ပတ်သက်နေသဖြင့် တစ်စုံတစ်ခု ချွတ်ချော်တိမ်းပါး အမေးမှားသွားပါက ဆူပူရဲ့ ချခြင်း ၊ အထင်သေးခြင်းခံရပေဦးမည် ။ ဤသို့ တအုံနွေးနွေးဖြင့် စောင့်နေရာ နောက်ပါအလုပ်သင်ဆရာဝန်များ တသိုက်တမြုံကြီး နှင့် ဒေါက်တာနေလင်း ရပ် စောင့်နေရာသို့ သမားတော်ကြီး ရောက်လာသည် ။
ဒေါက်တာနေလင်း က မရဲတရဲဖြင့် လှမ်းနှုတ်ဆက်ရင်း...
“ ဆရာ … ဆရာ့ ဆီ ကျွန်တော်လိုက်ပို့ခဲ့တဲ့ လူနာက သူ ဆီးချိုရောဂါ ရှိတယ်ဆိုပြီး ပြောနေတယ်ဆရာ ”
သမားတော်ကြီးက ဒေါက်တာနေလင်း အား တစ်ချက်စွေကြည့်ပြီး နောက် ...
“ ငါ ဘာရေးပေးလိုက်လဲ ” ဟု လှမ်းမေးလိုက်ရာ…
“ အားဆေး ထိုးပေးဖို့ပဲ ရေးလိုက်ပါတယ် ”
“ ယူရင်း မှာ ကော ဘာရေးထားလဲ ”
“ ဘာမှမပါဘူးဆရာ ၊ နိုးရှူးဂါးပဲ ”
“ အဲဒီတော့ .. ”
“ ဒါပေမယ့် ဆရာ ၊ ဆရာက သူ့ကို လက်ဖက်ရည်သောက်ရင် သကြား လျှော့သောက်ဖို့ မှာလိုက်တာကို စွဲစွဲလမ်းလမ်းဖြစ်နေတယ် ”
သမားတော်ကြီးသည် သဘောပေါက် လာဟန်ဖြင့် ခေါင်းတညိတ်ညိတ် ပြုရင်း ...
“ ဪ…. ဒါကိုလား ၊ ဖြစ်မှဖြစ်ရလေကွယ် ၊ သကြားနည်းနည်းလျှော့ သောက်ခိုင်းတာက ချို မှာ စိုးလို့ကွ သိပြီလား ၊ လူနာ က မေးနေတော့ ငါ ကလည်း ပြောစရာ မရှိတာနဲ့ ပြောလိုက်ရတာ ၊ ခက်တာပဲ ”
ပညာရှိတို့ ၏ ပြုံးခြင်းဖြင့် ပြုံး၍ ထွက်သွားသော ဆရာဝန်၏ နောက် ကျောကို ငေး၍ကြည့်ကာ ဒေါက်တာနေလင်း သည် ရယ်ရအခက် ၊ ငိုရအခက် ဖြစ်ရင်း ကျန်ရစ်ခဲ့သည် ။ သမားတော်ကြီး နောက်မှ ပါလာသော အလုပ်သင် ဆရာဝန်မလေး တစ်ဦး က မချိုမချဉ်မျက်နှာဖြင့် သရော်သလိုလို ဒေါက်တာနေလင်း အား လှည့်၍ ကြည့်လိုက်ရာ ဒေါက်တာနေလင်း သည် မခံချင်သောစိတ်ဖြင့် ဘုကြည့် ပြန်ကြည် လိုက်ပြီးနောက် ဆရာဝန်တို့၏ စရိုက် ကို မဖျောက်ဖျက်နိုင်သည့် အထိမ်းအမှတ် အဖြစ် လျှာထုတ် ပြလိုက်လေသည် ။
⎕ မောင်ကိုယု
📖 ရှုမဝ မဂ္ဂဇင်း
အမှတ် ( ၃၀ဝ )
၁၉၇၉ ခုနှစ် ၊ ဇန်နဝါရီလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment