Sunday, August 25, 2024

ပန်းကလေးများ နွမ်းကြသည်


 

❝ ပန်းကလေးများ နွမ်းကြသည် ❞ 
━━━━━━━━━━━━━
       ငြိမ်း ( ရွှေလီ )
━━━━━━━━━━━━━
အမည်ရင်း က ‘ မေစုလှိုင် ’ အသက် က ( ၃၄ ) နှစ် ။

‘ အပျိုကြီး ’  ဟု ခေါ်လျှင် စိတ်မဆိုး တတ် သော်လည်း ‘ အပျိုကြီး မစပ်စု ’ ဟု နောက်ပြောင် ခေါ်လျှင် တော့ ဒေါသ ဖြစ် တတ်သည် ။

“ ဟဲ့ ငါ က စပ်စုတာ မဟုတ်ဘူး ။ နင်တို့ ပဲ ငါ့ ဆိုင် လာလာပြီး အရပ်တကာ အတင်းအဖျင်း ပြောနေကြ တာ မဟုတ်လား ကောင်မတွေ ”

ဟု ပြန်အော်တတ်သည် ။

“ တစ်ခါ ဝါကျွတ်သွားပြန်ပြီ ၊ တို့ အပျိုကြီး ကတော့ ဘာသံ မှ မကြား ငြိမ်လှပါလား ”

ဟု စကြ လျှင်တော့ ..

“ မငြိမ်လို့ ထ နေရမလား ၊ လင်ယူတယ် ၊ မယား ယူတယ် ဆိုတာ ဟိုဒင်း ဖြစ်တဲ့ လူတွေ အလုပ်ဟဲ့ ၊ ငါတို့ ဘယ်နေရာက မှ ဟိုဒင်း မဖြစ်ဘူး ။ လင်စော် လည်း မနံ ဘူး ။ အပျိုကြီး တစ်ကိုယ်တည်း အေးလို့ မွှေးလို့ ကြိုင်လို့ ”

ဟု ပြန်တွယ်တတ်သည် ။ မကျေနပ်သေးလျှင်

“ နင်တို့ သာ မနေနိုင် မထိုင်နိုင် လင်ယူ အားအား ယားယား ကလေးတွေ ပြွတ်ထိုးမွေး ၊ ဝအောင် လည်း မကျွေးနိုင် ၊ လှအောင် လည်း မမွေးနိုင် ၊ ကိုယ် ပေးတဲ့ ဒုက္ခနဲ့ လူသားတွေ ကို ကမ္ဘာမြေကြီး ပေါ်မှာ ထားပစ်ခဲ့ မယ့်ဟာမတွေ ”

ဟု ခပ်ပြင်းပြင်း နှက်တတ်သည် ။

“ အားလားလား အပျိုကြီး ကလည်း ရင့်လှတယ် ၊ အပျိုကြီး လို သာဖြင့် မျိုးတုံး ကုန်မှာပေါ့ ။ ကျွန်မတို့က လူသား မျိုးဆက်တွေ ထုတ်လုပ် ပေးနေတာပါ ”

ဟု မချိုမချဉ် ပြန်ပြော လာလျှင်တော့

“ မျိုးဆက် ... ဘာလုပ်ဖို့ မျိုးဆက်လဲ ၊ ခုပဲ လူတွေ ကမ္ဘာကြီး ပေါ်မှာ ပြည့်ကျပ် နေပြီ ၊ နေရာလု နေကြရပြီ ၊ ဝဝလင်လင် မစားကြရတော့ဘူး ၊ နောင် ဆိုရင် ပုရွက်
ဆိတ် တွေ လို ကျိုင်းကောင် တွေ လို မျိုးပွားလွယ်တဲ့ တိရစ္ဆာန်တွေ ကို အဆိပ်ထုတ် ၊ သိပ္ပံနည်းနဲ့ အများကြီး မွေးမြူ ထုတ်လုပ်ပြီး လူတွေ စားဖို့ လုပ်ရမှာတဲ့ ၊ အဲဒါ နင်တို့ကို အရင် မြည်းခိုင်းရမယ် ။ ဘာမှ အကြားအမြင် ဗဟုသုတ မရှိ တစ်ဗိုက်ပြီး တစ်ဗိုက်မွေး ၊ ကလေးတွေ ကို ဒုက္ခပေးနေတဲ့ ကမြင်းမတွေ မွေးတတ် ရင် ကျွေးတတ် မှ ဟဲ့ ”

ဘယ်လမ်း က လာလာ နောက်ဆုံးတော့ ဒီ ဘူတာပဲ ဆိုက်လေသည် ။ ဆိုက်ဆို အိမ်နီးချင်းကလေး ၊ လမ်း ထဲ ကလေး ၊ ရပ်ကွက် ထဲ က ကလေး မလှမပ မကျန်းမမာ ဘုစုခရလေးများကို မြင်ရတိုင်း စိတ်ထိခိုက်တတ် ၊ အကြင်နာ ယိုဖိတ် တတ်သည့် အပျိုကြီး ပေကိုး ။ ထိုအခါ များတွင် တတ်နိုင်သရွေ့ ကူညီပေးတတ်သလို အဖေ တွေ ကို လည်း မီးခိုးမဆုံး မိုးမဆုံး မြည်တွန်တောက်တီး နေလေတော့သည် ။

ကြည့်လေ ...

“ ကျိုညီး ဟီးဟီး ”

ကျောနောက်ဘက် ရုတ်တရက် ထွက်လာသော ကလေးသံ ကြောင့် ထုပ်လက်စ တစ်ရာတန် မီးသွေးအိတ် ကို လွှတ်ချ မိသွားကာ လှည့် ကြည့်လိုက်သည် ။ နှစ်နှစ်သား ၊ သုံးနှစ်သား လောက် ကလေး တစ်ယောက် မျက်နှာ မှာလည်း မျက်ရည်တွေ နှပ်တွေ ပေပွလျက် မျက်စောင်းထိုး အိမ်ရှေ့ တွင် ကစား နေကြသော ကလေးအုပ်စု ထဲမှ ထွက်လာခြင်း ဖြစ်သည် ။ ထိုအိမ် မှ ကလေးလေး....

“ ဘာလဲ သားသား ”

“ ဗိုက်ချာတယ် ဟီးဟီး ”

ခါတိုင်း အပျိုကြီး ကျွေးသော မုန့်များ ကို စားရနေ ကျမို့ မုန့်လာတောင်း နေသည်မှာ မဆန်းသော်လည်း ငိုသံက ဆန်းနေသည် ။ လက် က ကလေး နဖူး ပေါ် ရောက် သွားသည် ။

“ မှန်းစမ်း သားသား နေကောင်းရဲ့လား ”

ထင်သည့် အတိုင်းပင် ။ ကလေး က ကိုယ်ပူနေ သည် ။ ဆိုင် မှာ ချိတ် ထားသော ကွေကာအုတ် တစ်ထုပ် ကို ဖောက်ကာ ဓာတ်ဘူး ထဲက ရေနွေး နှင့် မြန်မြန် ဖျော် လိုက်သည် ။ ပြီးလျှင် တစ်ဇွန်းချင်း အေး အောင် မှုတ်ကာ စိတ်ရှည်လက်ရှည် တိုက်ပေး နေတော့သည် ။ ကွေကာအုတ် မကုန်ခင် မျက်စောင်းထိုး အိမ် ထဲ က ဗိုက်ကြီးသည် တစ်ယောက် အိပဲ့အိပဲ့ နှင့် ထွက်ကာ လမ်းကျဉ်းကလေး ကို ကူးလာသည် ။

“ သား ပျောက်သွားလို့ အမေ လိုက်ရှာနေတာ ”

ဟူ ပြောစကား မဆုံးခင်ပင် အပျိုကြီး အသံ ထွက်လာသည် ။

“ ညည်းတို့အေ ကိုယ့် ကလေး ကိုယ် ဘယ်ရောက် လို့ ရောက်မှန်းမသိ ။ ကလေး ကဖြင့် ကိုယ်တွေ ပူလို့ ၊ ဗိုလ်ဆာ လို့တဲ့ လာ တောင်း နေတာ ၊ ဆေးခန်းလေး ဘာ လေး မပြဘူးလား သင်းသင်းအေး ရယ် ”

မေးလိုက်ခါမှ မရွှေဗိုက်က မျက်ရည်တွေ ဝဲလာ သည် ။ မေးနေလို့ အပိုပါပဲ ။ အိမ်နီးနားချင်း ဓာတ်သိ နှမ်းဖတ်ချဉ်တွေ ၊ ဆိုင် က ပိုက်ဆံခြင်းလေး ထဲ က တစ်ထောင်တန် တစ်ရွက် နှိုက်ပေးလိုက်သည် ။

“ သွား ... သွား ဆေးခန်း သွားပြလိုက် ၊ ငါးနာရီ ထိုးပြီးပြီ ဆေးခန်းဖွင့် ရောပေါ့ ၊ ရော့ ဆန်ပြုတ်ထုပ်ကလေး လည်း ယူသွားဦး ၊ ညနေစာ ရေနွေး နဲ့ ပျစ်ပျစ်ကလေး လုပ်ပြီး တိုက်ပေး ၊ ညည်း ယောက်ျား ကရော ပိုက်ဆံကလေး ဘာလေး မပေးဘူးလားအေ ”

“ သူ့ အဖေ ပြန် မလာတာ တစ်ပတ်လောက် ရှိပြီ ”

လမ်းကူး နေကြသည့် သားအမိ ၏ နောက်ကျော ကို ငေးကြည့်ရင်း အပျိုကြီး ခမျာ အသက်ရှူဖို့ မေ့နေ တော့သည် ။ တကယ်တော့ ဖျား နေသော ကလေး ၏ ဟိုတစ်ဖက် တွင် အမြွှာပူး ယောကျ်ား တစ်ယောက် ရှိ နေသေးသည် ။ သူတို့ နှစ်ယောက် အထက် တွင် အကြီးဆုံး သမီးလေး ရှိသည် ။ လင်မယား နှစ်ယောက်စလုံး အလုပ်အကိုင် မည်မည်ရရ မရှိ ကြုံရာကျပန်း လက်လုပ် လက်စား ။

အပျိုကြီး မြင်ကွင်း ထဲ က ထရံကာကပ်မိုး နှစ်ထပ် အိမ်အိုကြီးကား ပဲ့သည့် နေရာကပဲ့ ။ စုတ်သည့် နေရာက စုတ် ။ ပေသုံးဆယ်ပတ်လည် ရှိသည့်ဝင်းနှင့် အိမ်အိုကြီး ကို သင်းသင်းအေး ၏ ယောက္ခမ ( ထီး ) တစ်ဦးတည်း ပိုင်သည် မဟုတ် ။ မိတ်ဆွေတစ်ဦး နှင့်စပ်ကာ သူ က သုံးပုံတစ်ပုံ ပါဝင်သည် ဆိုလား ။ ဟိုးလွန်ခဲ့သည့် နှစ်နှစ် ဆယ်လောက် မန္တလေးမြို့သစ်တွေ ပေါ်စက ဘာမျှ ဈေး ရှိသည်မဟုတ် ။ ယခုတော့ သိန်းရာဂဏန်း ကို လက် သုံးချောင်းထောင် ၍ ဈေးဆို နိုင်နေလေပြီ ။

ထားတော့ အဲဒီ အိမ်အိုကြီး ထဲ မှာ လူတွေ ဘယ် နှစ်ယောက် ရှိသည်ဟု အပျိုကြီး တပ်အပ် မပြောနိုင် ။ နှစ်ဆယ် လား ၊ အစိတ် လား ၊ အတော်တော့ များသည် ။ အပေါ်ထပ်မှာ သင်းသင်းအေး ယောက္ခမ ဦးဘ၀င်း မိသားစု နေသည် ။ အသက်ခြောက်ဆယ်ခန့် ဦးဘဝင်း ၏ မိအို ဖအိုနှစ်ယောက် ဦးဘဝင်း က တင်ကျွေးထား သည် ။ သူ့ အလုပ်က ပန်းရန်ဆရာခေါင်း ဖြစ်သည် ။ ဦးဘဝင်း ၏ မိန်းမ က ဒေါ်တိုး ။ အရုပ်ဆိုးဆိုး ၊ သွား ကျိုးကျိုး ဦးဘဝင်း ၏ သမီးအကြီးဆုံး ခင်နှင်းစိန် က သမီး နှစ်ယောက် နှင့် တစ်ခုလပ် ။ ကိုင်းတန်းဈေးဘက် မှ သစ်သီးသစ်နှံများကို မနက် လေးနာရီ လိုင်းကား နှင့် သွား.ဝယ်ကာ ရပ်ကွက် ထဲမှာ လှည့်ရောင်းသည့် ခေါင်းရွက် ဗျပ်ထိုး ဈေးသည် ။ အကြီးမလေး တောင် ဗန်းသေးသေး ရွက်လို့ ဈေးရောင်း ကူဖော် ရနေပေပြီ။ ခင်နှင်းစိန်  အောက် မိုးမြင့်အောင် က “ လူပျိုကြီး ” ။ သူ့ အဖေ အလုပ် ထဲမှာ ‘ သံလျက်ကိုင် ’

သင်းသင်းအေး ယောက်ျား စိုးမြင့်မောင် က ကျောက်ဝိုင်း သွားလိုက် ၊ ဂျင်ဝိုင်း သွားလိုက် ၊ ဆိုင်ကယ်ဟောင်း တစ်စီး နှင့် ကယ်ရီ လိုက်သည့်အခါ လိုက် ၊ ရုပ်က ခပ်ဖြောင့်ဖြောင့် ၊ စတိုင်ကျကျ လည်း ဝတ်တတ်စားတတ် ၍ စာရေးယောင်ယောင် ခွေးယောင်ယောင်၊ မြာ လည်း စွံသည်၊ ဝါသနာ လည်း ပါသည်။ အိမ် က သုံးယောက် နဲ့ တစ်ဗိုက်မကြီး ကိုတော့ ငွေလေး မစို့မပို့ ကို မပေး တစ်ချက် ပေးတစ်ချက် ။ ဦးဘဝင်း မိသားစု က ဝိုင်းကျွေး ထားရသည် ။ ကိုရီးယားကားတွေ ခေတ်စားစ က လင်နောက် လိုက်ခဲ့သည့် အသက် ဆယ့်ခုနစ်နှစ် အရွယ် ရှစ်တန်းကျောင်းသူ သင်းသင်းအေး တစ်ယောက် ယခု အချိန် မှာတော့ နောင်တ နှင့် မျက်ရည် မှ တစ်ပါး အခြား မရှိတော့ ။

သူ့ ကလေးတွေ ကို ချစ်ကြ၊ ထိန်းကြ၊ ကျွေးကြ သည့် ယောက်မ အပျို သုံးယောက် ကိုသာ တည့်အောင် ပေါင်း ရတော့သည် ။ သူတို့ က အလုပ်အကိုင် ကိုယ်စီ နှင့် ။ တစ်ယောက် က ‘ တူ ’ ထုတ်သည့် အလုပ်ရုံ မှာ ။ တစ်ယောက် က စားသောက်ဆိုင် မှာ ။ တစ်ယောက် က စည်ပင်သန့်ရှင်းရေးဌာန မှာ တဲ့။ သူတို့ ပြောသံ ကြား တာပါ။ ဝင်ငွေတော့ အတော် ကောင်းပုံရကြသည်။ ဝတ်ပုံစားပုံတွေ က အပျံစား ၊ နေပုံ ထိုင်ပုံတွေ က တလွှားလွှား ။

အိမ်အောက်ထပ် ထရံ ကန့်ထားသည့် အခန်း သုံးခန်း မှာတော့ အိမ်ငှားတွေ နေကြသည် ။ လူဟောင်းတွေ ထွက် သွားလိုက် ။ လူသစ်တွေ ရောက်လာလိုက် ။ သေချာ တာကတော့ တစ်ခန်း တစ်ခန်း မှာ မိသားစု ခုနစ်ယောက် ၊ ရှစ်ယောက် ခန့် ရှိနေခြင်းပင် ။ အပျိုကြီး စပ်စု မနေပါ။

“ ဆီတစ်ရာဖိုး၊ ငါးပိ ငါးဆယ်ဖိုး ။ ဟင်းချိုမှုန့် ငါးဆယ်ဖိုး ”

“ကြက်ဥ တစ်လုံး ကော်ဖီမစ် တစ်ထုပ်၊ ရေခဲမုန့် တစ်ခု ”

ဟူ၍ လာ လာ ဝယ်ကြသည့် ကလေးများ ထို ခြံထဲ မှ ထွက်လာကြသောကြောင့် သိနေခြင်း ဖြစ်ပါသည် ။

သူတို့ လမ်းသွယ်လေး ၏ အနောက်ဘက် ထိပ် ‘ ၅၅ ’ လမ်းမကြီး ၏ ဟိုဘက်ခြမ်း က ပန်းရန်တော်ချောင်းရေ လျှံ၍ သူတို့ လမ်းကျဉ်းလေး ထဲ ရောက်လာပြီ ဆိုလျှင်ဖြင့် တုံးသိ တုံးလုံးကလေးများ ရေဆော့ကြ ၊ ပြေးကြလွှားကြ လုံးထွေးအော်ဟစ်ဆူညံနေကြတော့သည် ။ ထိုမြင်ကွင်း များကို ကြည့်ရင်း အပျိုကြီး ကိုယ်တိုင် အပျော်တွေ ကူး စက်ခံစားနေရလေသည် ။ ပြီးလျှင်တော့ အိမ်ထဲ က ပစ္စည်းများ ကို သိမ်းဆည်း ထုပ်ပိုးရတော့သည် ။ အရေး အကြီးဆုံး က သူ့ ဘဝအဖော်မွန် များဖြစ်သည့် လူ့မိတ် ဆွေ တွေ ရေမစိုစေရန် အမြင့် မှာ တင်ထားရေးပင် ဖြစ်သည် ။

မတော် တမြန်နှစ်ကလို ကြိုတင်မကြေညာဘဲ မတ္တရာဆည်တော်ကြီး က ရေတွေလွှတ်ချလိုက်မှ ဖြင့် အဲဒီတုန်းက ပန်းရန်တော်ချောင်း ဘေးဝဲယာရပ်ကွက် တွေက လူတွေ ... သေတဲ့လူတွေ သေ ၊ ငတ်တဲ့လူတွေ ငတ် ၊ ခွေးပြေး ၊ ဝက်ပြေး ပြေးလိုက်ကြရတာ ။ ကယ်ဆယ်ရေးတွေ လည်း တစ်မြို့လုံး အုံးအုံးကျွက်ကျွက် ။

ရှိကြီးခိုးပါရဲ့ ။ နောင်များဖြင့် မရက်စက်တော်မူ ကြပါနဲ့ ။ ဆည်မြောင်းအာဏာပိုင်ကြီးတို့ရယ် ။

အမေ ဖြစ်သူ က အိမ်မှ ပစ္စည်းများ ရေ လွတ်ရာသို့ ရွှေ့နေခိုက် သုံးနှစ်သားကလေး ရေထဲ သို့ မျောပါသွား သော သတင်းသည် ရက်အတော် ကြာသည့်တိုင် အပျိုကြီး ရင်ထဲ တွင် တနုံ့နုံ့ ။

•••••   •••••   •••••  

“ ဟေ့ ဒီသားအမိတွေ ဘာဖြစ်နေကြပြန်ပြီလဲ ဟဲ့ ”

အရှေ့ဘက် လမ်းထိပ် မှ မုန့်စား အပြန် ငိုယို နေ သော သားငယ် နှင့် ရိုက်မယ် တကဲကဲ အော်ဟစ်ကြိမ်း မောင်းနေသော မိခင်တို့ အသံကြောင့် နေခြည်လင်းသော နံနက်ခင်းသည် အပျိုကြီး အတွက် ထင်သလောက် မသာယာ ။

“ မပြောချင်ပါဘူး အပျိုကြီးရယ် ”

“ အေးလေ ခင်ထားကြည် ရယ် ဘာကြောင့် မပြော ချင်တဲ့ အကြောင်း ပြောပြပါဦး ”

အိမ်ကလေးမျက်နှာစာ မှ စက်ဘီးပြင်ဆိုင်လေး ကို တစ်ချက် ဝေ့ကြည့်ရင်း မေးလိုက်သည် ။ ဆိုင် မှာ ခင်ထားကြည် ယောက်ျား စက်ဘီးပြင်ဆရာ လည်း မရှိ သလို စက်ဘီး လာပြင်သူ လည်း မရှိ ။

“ ကျောင်း နေချင်လို့တဲ့ အပျိုကြီး ရေ ၊ သူများတွေ ကျောင်းသွားကြတာ မသွားရလို့တဲ့ ၊ တငိုငို တရယ်ရယ် လုပ်နေတာ ၊ ကြာရင် ရိုက်မိလိမ့်မယ် ။ မိဘတွေ ဘယ်လို နေရစားရမှန်းမသိ ”

“ ဪ .... သနားပါတယ်ကွယ် မရိုက်ပါနဲ့ အေး ကျောင်း နေချင်လည်း ထားလိုက်ပေါ့အေ ၊ အိမ်မှာ လည်း ဘာ သုံးလို့ရတဲ့ အရွယ် မှ မဟုတ်တာ ညည်းတောင် အထိန်း သက်သာသေး ”

ခင်ထားကြည် ရင်ခွင် ထဲမှ နို့စို့နေသော သမီးငယ်လေး နှင့် မြေကြီးပေါ်တွင် ဆော့နေသော သားလေး ကို ကြည့်ကာ ပြောလိုက်သည် ။

“ မပြေလည်ဘူး အပျိုကြီး ရယ် ၊ သူ့ အဖေ ရဲ့စက်ဘီး ပြင်ဆိုင် ကလည်း အလုပ်သမားတွေ အလုပ်နားတဲ့ ဥပုသ်နေ့ လောက်ပဲ လူကျတာ ၊ ကျန်တဲ့ နေ့တွေက နေ့စားဘာညာ ကြုံသလို လျှောက်လုပ်နေရတာ ၊ စားဖို့ မှ အနိုင်နိုင်ရယ် ၊ သူ့ ကျောင်းက ဘာနဲ့ အပ်မလဲ ၊ အဝတ် အစားဖိုး ၊ စာအုပ်ဖိုး ၊ ကျောင်းဝင်ကြေး ဘာတွေက ဘယ်လောက်မှန်း မသိ ကုန်မှာတွေက ”

“ ဒီလို လုပ်ပါအေ ၊ အခု အစ်မ ငွေသုံးထောင် ပေးခဲ့ မယ် ၊ အင်္ကျီဖြူနဲ့ ကျောင်းစိမ်းဘောင်းဘီရှည်လေး တစ်စုံ ရအောင်ချုပ်ထား ၊ ဒီ သောကြာနေ့ ဆိုတော့ စနေ  ၊ တနင်္ဂနွေ ၊ အေး တနင်္လာနေ့ တော့ အစ်မ လာခဲ့မယ် ။ ဟိုဘက် ရပ်ကွက် က ဆရာတော်တွေ ဖွင့်ထားတဲ့ ပရဟိတ ကျောင်းကလေး ကို သွား ကြည့်ရအောင် ၊ ငွေ လည်း သိပ် မကုန်ဘူး ၊ ဂရုစိုက်လည်း သင်တယ်တဲ့ ၊ အဆင်ပြေရင် အပ်ထားခဲ့ကြတာပေါ့ ။ ကုန်ကျစရိတ် လည်း အစ်မ ပေးပါမယ် ”

“ ဟုတ်ကဲ့ ... ဟုတ်ကဲ့ အပျိုကြီး ရယ် ၊ သူ့ အဖေ သိရင် ဝမ်းသာမှာပဲ ”

သူ ပေးသော ငွေသုံးထောင် ကို လှမ်းယူရင်း ခင်ထားကြည် မျက်ရည်ဝဲ နေရှာသည် ။ သူ ကိုယ်တိုင် ကတော့ အိမ် အပြန် ခြေလှမ်းများက ပေါ့ပါး နေသော် လည်း ရင်ထဲ မှာ တော့ လေးလံနေသယောင်

•••••   •••••   •••••  

“ အပျိုကြီး သား ကို ကြည့်လိုက်ပါဦး ”

ခင်ထားကြည် က ပြုံးရယ်ရင်း သူသား အောင်အောင် အေး ကို မေးငေါ့ ပြ သဖြင့် အပျိုကြီး သတိထားကြည့် လိုက်ရာ သူပါရော၍ ပြုံးမိတော့သည် ။ ချည်လွယ်အိတ် အနီလေး ကို စလွယ်သိုင်း ထားကာ ကျောင်းဝတ်စုံ ကလေးနှင့် လက် နှစ်ဖက်ကို အားနှင့် ရမ်းကာ ခြေလှမ်းများ ကလည်း မြောက်ကြွ မြောက်ကြွနှင့် သွက် လက်လှသည် ။ သူ့ အပျော်များ က လူကြီးများ ကို ကူးစက် စေတော့သည် ။

ရပ်ကွက်အစွန် မှ ဘုန်းတော်ကြီးကျောင်းဝင်း ခပ် ကျယ်ကျယ် အတွင်း ၌ ဆရာတော်များ သီတင်းသုံးရာ နှစ်ထပ်တိုက်ကျောင်း တစ်လုံး နှင့် သိမ်ကျောင်း အပြင် အုတ်ခံသွပ်မိုးထရံကာ နှစ်ထပ် အဆောက်အအုံ နှစ်ခု ကား စာသင်ကျောင်းဆောင်များ ဖြစ်သည် ။ စိမ်းမြသော သစ်ပင်ရိပ်များ အောက်မှ ကျောင်းဝင်း မြက်ခင်းပြင်တွင် အမှိုက် တစ်စ မရှိ ။ နှစ်ထပ်တိုက် ကျောင်းအောက်တွင် ကျောင်းသားသစ် လက်ခံသည် ။ စားပွဲကြီး တစ်လုံးတွင် ဆရာတော် သုံးပါးက စာရင်း ယူနေကြသည် ။ အပျိုကြီး နှင့် ခင်ထားကြည်တို့က သူတို့ ဆွဲလာသော ပလတ်စတစ်အိတ်ကြီး မှ လင်ပန်း နှင့် အချိုရည်ပန်းကန် များကို စားပွဲကြီး ပေါ်တင်ကာ အသင့် ထည့်လာသော ရေနွေး ဓာတ်ဘူး ။ ကော်ဖီမစ်ထုပ်များ နှင့် ကော်ဖီ ဖျော်ကြသည် ။ အိမ်မှ လှီးယူလာသော ကိတ်မုန့်များနှင့် မုန့်မျိုးစုံကို ပန်းကန်ပြား နှစ်ချပ်နှင့် ထည့်သည် ။ ပြီးလျှင် ဆရာတော် များ ကို ဆက်ကပ်ကာ ဒူးချ ဦးချ ကန်တော့ကြလေသည် ။ ယခုခေတ် ပိုက်ဆံအိတ် ချိုင်းကြား ညှပ်၍ ကလေး ကျောင်းအပ်သော ပုံစံကို အပျိုကြီး က မနှစ်မြို့ ။ သူတို့ ငယ်စဉ်က လက်ဖက်ရည်ပွဲ နှင့် ကျောင်းအုပ်ကြီး ထံတွင် ကျောင်းအပ်ရသည့် အလေ့ကို ပြန်လည် လွမ်းဆွတ် သည် ။ ထို့ကြောင့် ဤ လက်ဖက်ရည်ပွဲ ကို မင်္ဂလာယူ၍ စီစဉ်ခဲ့ခြင်း ဖြစ်လေသည် ။ ဆရာတော်များ က ရွှင်လန်းစွာ ဘုဉ်းပေး ကြသည်ကို မြင်ရသော် သူ့ ရင်တွင် ပီတိ က အတိုင်းမသိ ။

ကျောင်းသား စာရင်း သွင်းသည့်အခါ ငွေတစ်ပြား တစ်ချပ် မျှ မထည့်ရ ။ မည်သည့် ကြေးမျှ မကောက်ခံချေ ။

“ ဘုန်းကြီးတို့ ကျောင်း က မတတ်နိုင်တဲ့ ကလေးတွေ ပညာ မသင်ရ မရှိအောင် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဖွင့်ထား တာ ၊ ကျောင်းဝတ်စုံ က အစ တတ်နိုင်ရင် ဝတ် ၊ မတတ်နိုင် ရင်ရှိတဲ့ အဝတ်အစားပဲ ဝတ်လာ ၊ ခွင့်ပြုတယ် ၊ အေး သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် တော့ ရှိရမယ် ၊ ခန္ဓာ ကိုယ် လည်း ကျန်းမာရေးနဲ့ အညီ သန့်ရှင်း သပ်ရပ်ရမယ် ၊ အဲဒါ ကျောင်းစည်းကမ်း ထဲမှာ ပါတယ် ”

“ တင်ပါ့ ဘုရား ကျောင်းရန်ပုံငွေ အတွက် ဘယ်လို စီစဉ်ပါသလဲ ဘုရား ”

“ ဒါကတော့ ဘုန်းကြီးတို့ မှာ သာသနာ့ဝန်ထမ်း ဆို တော့ အလှူငွေ နဲ့ ဆောင်ရွက်ကြရတာပေါ့ ဒကာမကြီး ”

“ သာဓု ... သာဓု ... သာဓု ”

သူ က ငွေရှစ်ထောင် နှင့် ခင်ထားကြည် က ငွေနှစ် ထောင် စုပေါင်း၍ လှူခဲ့ကြသည် ။ ကိုရင်လေး တစ်ပါး က အောင်အောင်အေး ကို သူ စာသင်ရမည့် အခန်းသို့ ပို့ပေးရာ အပျိုကြီး တို့လည်း အတန်းပိုင်ဆရာမလေး ကို နှုတ်ဆက်စကား ပြောကာ ပြန်ခဲ့ကြသည် ။

“ ညနေ အမေ လာကြိုမယ်နော် ၊ ကျောင်းပေါက် က စောင့် နေ ”

လက်နှစ်ဖက်လုံး ဝှေ့ရမ်း နှုတ်ဆက်နေသည့် အောင်အောင်အေး ၏ မျက်နှာချိုချိုလေး က အပျိုကြီး ၏ အမြင်အာရုံထဲတွင် ကပ်ပါလာတော့သည် ။

•••••   •••••   •••••  

‘ လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ ’ ဆိုသော စကား ကို သူ့ မျက်စိ ရှေ့တွင်ပင် မြင်နေရ ပြန်တော့သည် ။ သင်း သင်းအေး ကိုပဲ ကြည့်လိုက်ပါတော့ ။ သူ့ ယောက်ျားက နောက်မိန်းမ ယူသွားပြီတဲ့ ။ မန္တလေး ထဲ မှာပင် ရှိနေသေး သလိုလို ။ နောက် မိန်းမ နှင့် ဖားကန့် ဘက် တက်သွားကြ ပြီ ဆိုသလိုလို ။ သေချာသည် ကတော့ အိမ် ကို လုံးဝ ပြန် မလာတော့ခြင်းပင် ။ လွမ်းလောက်စရာ မရှိသော်လည်း ယောက္ခမ အိမ်တွင် မှီခိုနေရသော သင်းသင်းအေး အဖို့ ပို၍ မျက်နှာ ငယ်ရတော့သည် ။ မကြာမီပင် သမီး မိန်း ကလေး ကို မျက်နှာ မြင်သည် ။ ကလေးများ နှင့် ပတ်သက် လာလျှင် အသည်းလွယ်သော အပျိုကြီးခမျာ မနေစိမ့် နိုင် ။ မီးနေသည် အတွက် လိုအပ်ရာရာကလေးများ သွား ပို့ရသေးသည် ။ အထူးစပ်စု မနေရပါဘဲ သိလာရ သည့် အကြောင်း တစ်ခုမှာ အသက်က လေး ငါးဆယ် မျက်နှာစိမ်း မိန်းမ တစ်ယောက်ကို ထိုအိမ်တွင် တွေ့ ခဲ့ ရခြင်းဖြစ်ပြီး ဦးဘဝင်း နှင့် လည်း အတော်ပင် ရင်းရင်း နှီးနှီး ရှိနေခြင်းဖြစ်သည် ။ ညှိုးငယ်နေသော ဒေါ်တိုး ၏ မျက်နှာကို မြင်ရခြင်းက သူ့ စိတ်ကို စနိုးစနောင့် ဖြစ်စေ တော့သည် ။

နောက် နှစ်လ သုံးလ အတွင်း ဦးဘဝင်း တို့ လင် မယား ရန်ဖြစ်သံ ၊ ရိုက်နှက်သံများ ကို မကြာ မကြာ ကြားနေရလေသည် ။ ထို အိမ် တွင် သူ တွေ့ခဲ့ရသော မိန်းမ သည် ဦးဘဝင်း၏ ‘ မယားငယ် ’ တဲ့ ။ ‘ မယားငယ် ’ မဖြစ် စေရန် လက်ရှိ မယားကြီး ကို အိမ်ပေါ်မှ ရိုက်ထုတ် နှင်ချ နေခြင်း ဖြစ်သတဲ့ ။ ဪ .. ကြားရ ကြားရ နားဝမသက် သာပါတကား ။

သင်းသင်းအေး ၏ သမီး အကြီးလေး ကို ခေါ်ကာ ဇာတိရပ် ရွာသို့ ဒေါ်တိုး ပြန်သွားသည်နှင့် မရှေးမနှောင်း ပင် သင်းသင်းအေး တို့ သားအမိတစ်တွေ လည်း ထို အိမ်ကြီး မှ ပြောင်းရွှေ့ သွားကြတော့သည် ။

“ ကျောက်မီး ကို ပြောင်းတော့မယ် အပျိုကြီး ရယ် ။ အမေတို့ ဆီမှာ ခဏ သွား ခိုဦးမယ် ။ နောက်မှ ရောက် ရာပဲ ။ အမေတို့ လည်း အဆင် မပြေလှဘူး ”

အကြောင်းသိ ဖြစ်သော အပျိုကြီး ခမျာ သက်ပြင်း ပူပူတစ်ချက် ကိုသာ ချမိတော့သည် ။ ပြီးလျှင် အမြွှာညီနောင် လက်ထဲသို့ ငါးထောင်တန် တစ်ရွက်စီ ထည့်ပေး ကာ နှုတ်ဆက် လိုက်ရလေသည် ။

“ လွတ်လပ်ရေးကို ××× အထွတ်အမြတ်ပေးလို့ ××× ကျုပ်တို့ဖလှယ် ×××  အဲဒီအခါတုန်းကတော့ အားလုံးညီပါတယ် ×××  လွတ်လပ်ပြီးမှ သစ္စာဖောက်လို့ × × × တစ်ယောက်ကို ပင် တစ်ယောက်က မယုံတယ်××× ကိုယ့် ပြည် ကိုယ် မင်းလုပ်ကာ × × × သူတစ်လူ ငါ တစ်မင်းနဲ့ ××× ဗမာ အချင်းချင်း ရန်မူပြန်ကြတယ် × × × ”

အားနာစရာ တော့ အကောင်းသား ။ ထမင်းအိုး ဆေးနေတုန်း တန်းလန်း ဖုန်းဝင်လာတော့ ရုတ်တရက် မကိုင်နိုင် ။ အဖေ သင်ပေးခဲ့သည့် သီချင်းဟောင်းကလေး ကို ကြိုက်လွန်း၍ သူ့ အသံ နှင့် ဖုန်းထဲ သွင်းထားသည့် သီချင်းသံ က အကြာကြီး ထွက်နေသည် ။ လက်ခံ ကို အမြန် နှိပ်ပြီး ထူး လိုက်ရသည် ။ မည်သူ့ ဖုန်းနံပါတ် မှန်း သူ သိပ် မမှတ်မိ ။

“ ဟုတ်ကဲ့ ပြောပါရှင် ”

“ ငယ်ချစ်လား မောင်ပါ ”

“ ဪ ... တိုး ပြောလေ ဘာကိစ္စရှိလို့လဲ ”

“ ကိစ္စရှိမှ ဆက်ရမှာလား ငယ်ချစ်ရာ ၊ မောင် မန္တလေး ကို ဆင်းခဲ့မလို့ အဲဒါ ငယ်ချစ် ဘာ မှာဦးမလဲ လို့မေးတာပါ ။ နောက်ပြီး ဘာ စားချင်သလဲ ပြော ”

“ နေပါစေ တိုး ရယ် ၊ စု ဘာမှ မမှာပါဘူး ။ ဘာမှ လည်း မစားချင်ပါဘူး ။ တိုး အလုပ်ရှုပ် နေပါ့မယ် ”

“ စကားစိမ်းတွေ မပြောပါနဲ့ ငယ်ချစ်ရာ ၊ မောင် က ဘာဖြစ်လို့ ငယ်ချစ် အတွက် အလုပ်ရှုပ်ရမှာလဲ ၊ အပိုတွေ မပြောနဲ့ကွာ ၊ မောင် ဘာလုပ်ခဲ့ရမလဲသာ ပြောတော့ ”

တိုး အသံကို နားထောင် နေရင်း သူ့ ခေါင်းထဲသို့ အတွေး တစ်ခု ဝင်လာသည် ။

“ ဪ တိုး ရေ ၊ စု တစ်ခု သတိရတယ် ။ တိုး ကူညီနိုင်ရင်လေ ”

“ နှစ်ခု သတိရလိုက် နှစ်ခု ... နှစ်ခု ”

“ တိုး က လည်း နောက် နေပြန်ပြီ ။ တိုး လာရင် ငွေနည်းနည်း ပိုထည့် လာပါလား ၊ လှူရမယ့် နေရာလေး တစ်ခု တွေ့ထားတယ် ။ တိုး ရောက်မှ ပြောပြမယ်လေ ။ လိုက်လည်း ပို့ပေးမယ်လေ ... နော် ”

“ အိုကေ ... အိုကေ မောင် သန်ဘက်ခါ ရောက် မယ် ။ ထောင့်ငါးရာ ယူလာမယ် ၊ ငယ်ချစ် အတွက် ထောင့်ငါးရာ ”

“ တိုး ရယ် ကလေး ကျနေတာပဲ ”

ဖုန်းကို အသာချာ သူ ပြုံး နေမိသည် ။ တိုး တစ်ယောက် ကတော့ အမြဲတမ်း ဒီလိုပါပဲ ။ ငယ်ချစ် အတွက် ငယ်ချစ် အတွက် နဲ့လေ ။

ခွင့်ပြုထားသည် မဟုတ်သော်လည်း မတားရက် တော့သဖြင့် ' တိုးဝင်းအောင် ' ခေါ် တိုး တစ်ယောက် သည်သို့ပင် အမြတ်တနိုး ခေါ်ဝေါ်သုံးစွဲနေမြဲ တကယ် တမ်းလည်း သူတို့ နှစ်ယောက် ငယ်ချစ်ပင် ။ ဧရာဝတီ ရွှေလီမြစ်ဆုံ က ရွာကြီး ၏ ရပ်ကွက် တစ်ခုတွင် အိမ်ချင်း ကပ်လျက် သူတို့ မွေးဖွားခဲ့ကြသည် ။ နေထိုင်ခဲ့ကြသည် ။ ရင်းနှီးခဲ့ကြသည် ။ ချစ်ခင်ခဲ့ကြသည် ။ တောသဘာဝ နှစ်အိမ့် တစ်အိမ်နှင့် ခြံတစ်ခြံ အသက်ငါးနှစ် ကွာသော အစ်ကို သက်တူ ရွယ်တူ ထက် တိုး ကို ပိုခင်သည် ။ တိုး နှင့် ပိုတွဲမိသည် ။ ကစားအတူ စားအတူ ကျောင်းသွား အတူတူ ။

“ ငယ်တော့ စားဖော်စားဖက် ကြီးတော့ အိပ်ဖော် အိပ်ဖက် ”

သူတို့ ကလေး တစ်သိုက် စကားထာ ဝှက်တမ်း ကစားကြ လျှင်

“ ဝါး ”

ဟုအော်၍ ဖြေကြမြဲ ။ ဟုတ်သည်လေ ၊ ဝါးပင်နုနု ‘ မျှစ် ’ ကို စားရသည် ။ ကြီးလာတော့ ဝါး နှင့် အိမ်ဆောက် ရသည် ။ အဖြေ က သူတို့ နှင့် ယဉ်ပါးပြီးသား ။ ဝါးပင် ကြီး ရင့်လာလျှင် ဘေးက အကာ ‘ ဝါးဖတ် ’ များ ကွာသွား တတ်သည် ကိုလည်း

“ ငယ်ခါ ထဘီဝတ် ၊ ကြီးခါ ထဘီချွတ် ”

ဟု စကားထာ ဝှက်ခဲ့ကြသည့် အဖြူရောင် ဘဝလေး များ ဟော ... ရင်ခုန်တတ်သည့် အရွယ်လေးတွေ ရောက်လာတော့ ...

“ ငယ်တော့ ကစားဖော် ကစားဖက် ၊ ကြီးတော့ ချစ်ဖော် ချစ်ဖက် ”

ဟု တိုး က စကားထာ ဝှက်ချင်လာသည် ။

“ စု မှာ အဲဒီ စိတ်မျိုး မရှိဘူး တိုး ရာ ”

“ မောင် က ငယ်ချစ်နဲ့ တစ်သက်လုံး အတူ နေသွားချင်တာ ”

“ ဘယ်လိုကြီးတွေ ခေါ်နေ သုံးနေတာလည်း တိုး ရယ် ၊ သူများတွေ ကြားကုန်ရင် ရှက်စရာ ၊ ခုတိုင်းလည်း တစ်သက်လုံး ခင်လို့ နေလို့ရတာပဲဟာ ”

“ တစ်သက်လုံး အတူ နေကြဖို့ ၊ ချစ်ကြဖို့ ပြောတာပါ ငယ်ချစ်ရေ ”

“ စု ပေးနိုင်တဲ့အချစ်နဲ့ တိုး လိုချင်တဲ့ အချစ်နဲ့ မတူ တာ ခက်တယ် ”

သူ မျက်နှာ ကို ငေးစိုက် ကြည့် နေခဲ့သည် တိုး မျက်လုံးများကို ညှိုးညှိုးလျော်လျော် နွမ်းနွမ်းလျလျ ။ သည်လိုနှင့် အထက်တန်း အတူတူ အောင်ခဲ့ကြ သည် ။ မန်းတက္ကသိုလ် အတူတူ တက်ခဲ့ကြသည် ။ အင်္ဂလိပ်စာ အဓိက ဖြင့် ကျောင်း ပြီးခဲ့ကြသည် ။ ဤ အတောအတွင်း သူ မိဘနှစ်ပါး ကွယ်လွန်ခဲ့ရာ မန္တလေး တွင် အိမ်ထောင်ကျ ခါ အခြေချ နေထိုင်နေပြီ ဖြစ်သော အစ်ကို ထံ သို့ အပြီးအပိုင် ပြောင်းရွှေ့လာခဲ့သည် ။ ဝန်ထမ်းများ ဖြစ်သည့် အစ်ကို နှင့် ယောက်မ ကျောင်း နေဆဲ တူ တူမ တို့ကို ကူညီလုပ်ကိုင်ရင်း အိမ်တွင် ကုန်မျိုးစုံ ဆိုင်ကလေး ဖွင့်ရင်း ကလေးငယ်များ ကို ချစ်ခင်သနား ရင်းဖြင့် သူ့ ဘဝ နေသားကျခဲ့လေပြီ ၊ အဲ တစ်ခါ တစ်ခါ တိုး နှင့် ဖုန်း ပြောရင်း လက်ခံတွေ့ ဆုံရင်းပေါ့လေ ။

အင်း .. တိုး ကတော့ရော ။ တိုး က တော့ ရွာ မှာ ပါ ပဲ ။ တစ်ဦးတည်း သား ဖြစ်၍ အရွယ်ထောက် လာသော မိဘများ ကို ခွဲမထားခဲ့နိုင် ။ ဆိုင်ကယ်ပစ္စည်းအရောင်း ဆိုင်နှင့် ဆိုင်ကယ်ဝပ်ရှော့ ကို တွဲ၍ ဖွင့်ထားသည် ။ တစ်ချိန်တည်းမှာပင် “ စေတနာကျောင်း ” ကလေး တစ်ခုလည်း ဖွင့်ထား သေးသည် ။ ထို ကျောင်းကလေး တွင် အထက်တန်း ကျောင်းသူ ကျောင်းသားများ ( ရှစ်တန်း ၊ ကိုးတန်း ၊ ဆယ်တန်း ) အချိန်မရွေး အင်္ဂလိပ်စာ လာ သင်နိုင်သည် ။ လာ မေးနိုင်သည် ။ သတ်မှတ် အတန်းချိန် ကျောင်းသား ဦးရေ ကျောင်းလခ ... ဘာမျှမရှိ ။ စာမေးပွဲ နီးလျှင် လာ၍ စုပေါင်း စာကျက်နိုင်သည် ။ လိုအပ်သည့် စာအုပ် စာတမ်း ငွေကြေး အကူအညီ တောင်းနိုင်သည် ။ ကလေးများ အားလုံး ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ။ ကျောင်းနာမည် ဆိုင်းဘုတ်ကလေး က ......

“ ချစ်စုတိုးအောင် ” ဆိုပဲ ။

သူနှင့် ပတ်သက်လာလျှင် တိုး တစ်ယောက် စိတ်ကူးယဉ်တတ်လွန်းလှသည် ။ သူမန္တလေး ကို အပြီးအပိုင် ပြောင်းတော့မည် ဆုံးဖြတ်ပြီ အိမ် နှင့် ခြံ ကို ရောင်းသည့် အခါ တိုး တို့ မိသားစု က ဝယ်လိုက် လေသည် ။

“ မောင်တို့ လက်ထပ် ပြီးတဲ့အခါ ငယ်ချစ် ရွာမှာ နေချင်ရင်လည်း နေရအောင်ပေါ့ ”

ဟု ဆိုခဲ့သေးသည် ။ သူ ကတော့ ပြုံး၍ သာ နေခဲ့ လေသည် ။ တိုး ဆန္ဒ အတိုင်းသာဖြင့် ဖုန်း လည်း ခဏ ခဏ ဆက်ချင်သတဲ့ ။ မန္တလေး ကို လည်း ခဏခဏ ဆင်းခဲ့ချင်သတဲ့ ။ နှစ်ယောက်သား ဘုရားစုံ ဖူးကြချင် သတဲ့ စုံလို့ ... စုံလို့ ... ။

“ အလုပ်ရှိမှ ဆင်းခဲ့ပေါ့ တိုးရယ် ၊ လာမယ်ဆိုမှ ဖုန်းဆက် အချိန် ရရင် လာလည်ပေါ့ ”

ဟု သူ စည်းကမ်း သတ်မှတ်ပေးတော့ လည်း တိုး လိုက်နာခဲ့သည်သာ ။

တကယ်တာ့ တိုး တစ်ယောက် ရွာမှာ ‘ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် ’ ဖြစ်သည် ။ ရုပ်ရည် ၊ ပညာ ၊ ငွေကြေး ၊ အစစ ပြည့်စုံသူမို့ မိန်းကလေးများ ရွှေလက်တွဲချင် ကြသည်မှာ ဝိုင်းဝိုင်းလည် ။

“ တိုး ရာ မောင်မောင် ခေါ်သူတွေ ဒီလောက်များ နေ မှပဲ စိတ်ကြိုက် ရွေးပြီး ထူးလိုက်စမ်းပါ ” ဟု စလိုက်မိသောကြောင့် စိတ်ကောက် ကာ ရုတ်တရက် ထပြန် သွားခဲ့ဖူးသည် ။

•••••   •••••   •••••  

တိုး က ပေါင်းတင်း ( ကောက်ညှင်းကျည်တောက် ) သုံးချောင်း ကို ထမ်း၍ သူက ငါးချဉ်ထုပ်အိတ် ကို ဆွဲကာ နှစ်ယောက်သား စကား တပြောပြော နှင့် ပရဟိတ စာသင်ကျောင်းကလေး ဆီ သို့ လမ်းလျှောက်လာခဲ့ ကြသည်မှာ ငယ်ဘဝ က လိုပင် ပျော်စရာကောင်းနေ သည် ။ တိုး ယူလာသည့် စားသောက်ဖွယ်များကို တစ်ဝက် ခွဲကာ ကျောင်း အတွက် ယူလာခဲ့ကြသည် ။ ဖုန်း ထဲ တွင် သူ ပြောခဲ့သည့် လှူရန် ကိစ္စ အတွက် သူတို့ ကျောင်း သို့ လာခဲ့ကြခြင်းပင် ။

တိုး က ဆရာတော်များ ထံ ကျောင်းရန်ပုံငွေ ကျပ် တစ်သိန်း ကပ်လှူ ကာ အလှူရှင်အမည်ကို

“ မောင်တိုးဝင်းအောင် နှင့် မမေစုလှိုင် ” ဟု စာရင်းပေး လေသည် ။

အပြန်လမ်းတွင်တော့

“ တွေ့တယ် မဟုတ်လား ၊ မောင်တို့ နှစ်ယောက် နာမည်တွဲ ပေးလိုက်တာ ၊ ပိုင်တယ်နော် ”

ဟု တိုးကပြုံး၍ ပြောရာ

“ ဟုတ်တယ်လေ ၊ နှစ်ယောက် တွဲ လာတာပဲဟာ ၊ အဲဒါ ဘာဖြစ်လဲ ”

“ သိပါဘူးကွာ ၊ မောင် က မင်္ဂလာဦးအလှူ လို့ မှတ်နေ့တာ ၊ အခု မဟုတ်သေးရင်နောက်တစ်ခေါက် ဟုတ်ကြပါစို့ ငယ်ချစ်ရယ် ။ တို့ နှစ်ယောက် သားတွေ သမီးတွေ သိုက်သိုက်ဝန်းဝန်း နဲ့ ပျော်စရာမိသားစု ဘဝလေး ကို တည်ဆောက် ကြပါစို့ကွာ ”

“ ဟင့်အင်း တိုး ရယ် ၊ အဲဒီ လင်ယူသားမွေး ကိစ္စ တွေ စု စိတ်မဝင်စားဘူး ၊ အိမ်ထောင်သည် ဘဝ ရဲ့တာဝန် တွေ အဖိစီး မခံချင်သလို ၊ ကိုယ့် ပယောဂ နဲ့ လောကကြီး ထဲကို လူတွေ ရောက်လာပြီး ဒုက္ခ ဖြစ်နေကြမှာကို စု မလို လားဘူး ”

“ အဲဒီလိုလည်း မယူဆပါနဲ့ စု ရယ် ။ ဒုက္ခ ရောက် တယ် ဆိုတာ လူတိုင်း မဟုတ်ပါဘူး ။ သူ့နည်းသူ့ဟန် နဲ့ အဆင်ပြေ နေကြသူတွေလည်း အများကြီးပါ ”

“ စု ကတော့ အဲဒီလို မမြင်ဘူးတိုး ၊ ဟောဒီ လောကီဘုံကြီး က ဒုက္ခဘုံကြီး ၊ သတ္တဝါ မှန်သမျှက ဒုက္ခ သည်တွေ ၊ အားလုံးအတွက် အမှန်တရား က ဒုက္ခသစ္စာ လို့ ဘုရားဟောခဲ့တာပဲ တိုး ရယ် ။ အားလုံးဟာ ခန္ဓာဝန် ကို ထမ်းကြရ ၊ စားဝတ်နေရေး အတွက် ရုန်း ကန်ကြရ ၊ ဆင်းရဲတဲ့ မိဘက မွေးတဲ့ ကလေးတွေ ကို ကြည့်လိုက်စမ်း ၊ လမ်းဘေးမှာ ၊ အမှိုက်ပုံမှာ ၊ ဆိုင်တွေ မှာ ၊ လူမှ မဖြစ်ရသေးဘူး ၊ ဆိုင်တွေမှာ ၊ လူမှ မဖြစ်ရသေး ဘူး ။ ငတ်တစ်လှည့် ပြတ်တစ်လှည့် ၊ အခိုင်းခံ ၊ အဖိ နှိပ်ခံ ၊ မဂ္ဂဝစား ၊ မလှမပတ် ၊ ဖြစ်သလို နေကြရ ၊ မွေးရာပါ မကျန်းမာတဲ့ ကလေးတွေ တိုး စဉ်းစားကြည့် ၊ သူတို့ ကို မွေးထုတ်လိုက်တဲ့ လူတွေ သာ မရှိရင် ၊ သူတို့သာ လောကကြီး ထဲကို ရောက်မလာရင် သူတို့ အပြစ် မရှိဘဲ ဒီလို ဒုက္ခခံနေရတာတွေ မဖြစ်တော့ဘူးပေါ့ ”

“ သားသမီး ဆိုတာကတော့ ကိုယ် မယူချင်လည်း ရတာပါပဲ ”

“ ဟုတ်တယ်လေ ၊ အိမ်ထောင်သည် ဘဝလည်း မယူချင် ရတာပဲပေါ့ တိုးရယ် ”

“ မိဘပြည်သူများ ခင်ဗျား ( ဘ . ၁၅ ) ရပ်ကွက် ၊ ၅၁ လမ်း နဲ့ ၅၂ လမ်းကြား ဥယျာဉ်ကြီးဝင်း နေ ကိုခင်မောင်ကြိုင် ၊ မနီနီဝင်း တို့ ၏ သား ဖြစ်သူ မောင်းလင်းလင်းနိုင် အသက် ( ၇ ) နှစ်သည် ယနေ့နံနက် ( ၉ ) နာရီခန့် တွင် ပျောက်ဆုံးသွားပါ၍ တွေ့ရှိသူများ ( ဘ . ၁၅ )ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးရုံး သို့လည်းကောင်း ၅၁ လမ်း × ၅၂ လမ်းကြား ဥယျာဉ်ကြီးဝင်း ကိုခင်မောင်ကြိုင် ၊ မနီနီဝင်း တို့ ထံသို့ လည်းကောင်း ပြန်လည် ပို့ဆောင် ပေးကြပါရန် ပန်ကြားအပ်ပါသည် ။ မောင်လင်းလင်းနိုင် မှာ ဘောင်း ဘီရှည်အပြာရောင် ကို ဝတ်ဆင်ထားပြီး အသားညိုညို ၊ ပိန်ပိန်နှင့် ဝဲဘက် ပါး ပေါ်တွင် အမာရွတ် တစ်ခု ရှိပါသည် ။ ကျေးဇူးပြု၍ ကူညီပေးကြပါခင်ဗျား ”

ကားတစ်စီး ပေါ်မှ အသံချဲ့စက် ဖြင့် ထပ်ကာထပ်ကာ ကြေညာနေသော လူပျောက်ကြော်ငြာသံ ကို သူတို့ ကြားလိုက်ကြရသည် ။ နှစ်ယောက်သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိကြသည် ။

“ စောစောက စု ပြောခဲ့တာတွေကို တိုး သဘော ပေါက်ပြီ မဟုတ်လားဟင် ”

“ ပေါက်ပါပြီ ငယ်ချစ်ရယ် ”

သူတို့ စကား မပြောဖြစ်ကြတော့ ၊ အတွေးကိုယ်စီနှင့် .... ။

•••••   •••••   ••••• 

ယနေ့ ဥပုသ်နေ့ ဖြစ်၍ မန္တလေးထုံးစံ အလှူခံတွေ ပေါလှသည် ။ ကားကြီးကားငယ် ဆိုက်ကားခြေကျင် ၊ အသံချဲ့စက်မိုက်ခွက် ၊ ကြေးစည် ၊ စည်းဗျောက် ၊ ဘုန်းကြီး ၊ မယ်သီလရှင် ၊ ကိုရင် ၊ လူအဖွဲ့လိုက် တစ်ဦးချင်း အကြောင်းအရာ အမျိုးမျိုး ခေါင်းစဉ် အဖုံဖုံ စုံလှတော့ သည် ။ နေထွက် က နေဝင် ၊ နားတွေ လည်း အူနေလေ သည် ။ သူ ကတော့ အလှူခံတိုင်း ကို မလောင်း ။ ဘုန်းကြီး ၊ မယ်သီလရှင် ၊ ကိုရင်နှင့် သားသည် မအေများ ကို သာ လောင်းသည် ။ ဟောကြည့် ။

လသားကလေးငယ် နီစပ်စပ်ကလေး ကို ချီပိုး ကာ ဝါးဖတ်ခမောက် အကြီးကြီး တစ်ချပ်ကို ဆောင်းထား သော မိန်းမငယ် တစ်ယောက် ။ ငါးရာတန် တစ်ရွက် ကို ပေးရင်း ။

“ ကလေး က အခု မှ မွေးတယ် ။ လိုက် တောင်း နေရ တဲ့ ဘဝ ကတော့ မကောင်းပါဘူး ညီမရယ် ။ နောက်ထပ် ကလေး မယူပါနဲ့တော့အေ ၊ သားဆက်ခြား စီမံကိန်း တို့ ဘာတို့ ရှိတာပဲ ။ နီးစပ်ရာ ဆရာဝန် ၊ ဆရာမ တွေ နဲ့ ဆွေးနွေးကြည့်ပေါ့ ”

ဟု သူ ပြောလိုက်မိ သေးသည် ။

ညနေစောင်း လျှင်တော့ ကျောက်မီးရွာ ရှိရာ အရှေ့ ဘက် သို့ ဆိုင်ကယ်ဖြင့် ထွက်လာခဲ့သည် ။ ကျောက်မီး တွင် သူ့ ဖောက်သည် ဆန်စက် ရှိသည် ။ ဆန်အိတ်
အလုံး အစိတ် သုံးဆယ် လောက် ဝယ်ရလိမ့်မည် ။ သည်လို ဆန်သစ်ပေါ်ချိန် တွင် ဝယ်မှ အမြတ်အစွန်းကလေး ကျန်နိုင်သည် ။ ခရီး တစ်ဝက်လောက်အရောက်တွင် သူ့ ဆိုင်ကယ် ထိုးရပ် သွားလေသည် ။ ဟုတ်ပ ဆိုင်ကယ်ဆီ ထည့်ရန် သူ မေ့ခဲ့သည် ။ အနီးရှိ ဘုန်းကြီးကျောင်းဝင်း အတွင်း တွင် ဦးပဉ္စင်း ၊ ကိုရင်များ ဘောလုံး ကန် နေကြရာ ဘောလုံးကောက် ပေးနေကြသော ကိုရင်ငယ်လေး နှစ်ပါး သူ့ အနီး ရောက်လာကြသည် ။

“ ဟင် မောင်မောင်တို့ နောင်နောင်တို့ မဟုတ်လား ၊ သင်းသင်းအေး ရဲ့ သားလေးတွေ မဟုတ်လား ၊ ကြီးကြီး က ပျိုကြီးလေ ၊ ဒီနား မှာ ဓာတ်ဆီဆိုင် မရှိဘူးလား ”

ကလေးများ က သူ့ ကို မမှတ်မိကြသော်လည်း

“ အမေ ဟိုမှာ ရှိတယ် ၊ ဓာတ်ဆီ ရောင်းတယ် ”

ဟု လက်ညှိုးညွှန် ပြရာ ကျောင်းနောက်ဘက်လမ်း သို့ ဆိုင်ကယ် ကို ချိုးကွေ့ကာ တွန်း လာခဲ့သည် ။ ကျောင်းအုတ်တံတိုင်း ကို ကျောနံရံပြုကာ ဝါးတန်းထိုး အမိုး မိုး၍ မိုးကာနှစ်ဖက် ကာထားသော တဲကလေး တွင် သင်းသင်းအေး နှင့် သမီးကလေး တစ် ယောက် ကို တွေ့ရ သည် ။ သင်းသင်းအေး ၏ ဗိုက်စုံ့စုံ့ ကို ကြည့်ကာ သူ စိတ်မသက်မသာ ဖြစ်နေခိုက်

“ အမေတို့ ဆီမှာ အဆင် မပြေဘူး အစ်မရယ် ။ အိမ်ထောင် ပြုလိုက်ရတယ် ”

ဟု သင်းသင်းအေး က ပြောသည်ကို ဘာမျှပြန် မပြောမိ ။ ဆီနှစ်ပုလင်း ထည့်ခိုင်းကာ ငါးထောင်တန် တစ်ရွက် ထုတ်ပေးလိုက်သည် ။

“ မအမ်းပါနဲ့တော့အေ ။ ကလေးတွေ မုန့်ဖိုး ယူထားလိုက် ”

ဟု ဆိုကာ သူ ထွက်လာ ခဲ့သည် ။ လမ်းတစ်ဖက် မူလတန်းကျောင်းလေး မှ ကလေးငယ်များ ကဗျာရွတ်သံ နား ထဲ ဝင်လာသည် ။

“ ပန်းကလေးများ ပွင့်တော့မည် × × × ဖူးတံဝင့်လို့ချီ × × × ”

ခေါင်းထဲ မူးဝေ နောက်ကျိ နေသော သူ က ထိုသို့ မကြားမိ ။

“ ပန်းကလေးများ × × × နွမ်းကြသည် ဖူးတံညှိုးခြောက်ပြီ × × × ” 

ကျောက်မီးရွာ ကို ဖြတ်မောင်း လာခဲ့သည် ။ ဆန်စက် ရှိရာ ရွာစွန်သို့ ရောက်လာသည် ။ သူ့ ရှေ့ တူရူမှာ အအေး ဆိုင် အမည်ခံ အရက်ဆိုင် တစ်ခု ရှိနေသည် ။ ထိုကိစ္စ က ဘာမှ မဆန်းသော်လည်း ကလေးနီစပ်စပ် ကို ချီပိုးကာ ဝါးဖတ်ခမောက်ကြီး ဆောင်း ထားသော မိန်းမတစ် ယောက် အရက်အိတ်ထုပ်ကလေး ဆွဲကာ ထို ဆိုင်ထဲမှ ထွက်လာခြင်း က သူ့ မျက်စိ ကို ပြာဝေ သွားစေသည် ။ ရင်ထဲ မှာ ဒေါသ နှင့် သောကတို့ ဆူဝေလျက် ။ ဆန်စက်ရုံ ဆိုင်းဘုတ် ကို မြင်လိုက်ရသည့်ခဏ ဆိုင်ကယ် အရှိန် လျှော့မိလေသလား ၊ မလျှော့မိလေသလား မသိ ။ သူ က ကားကြီး ကို ဝင်တိုက်လေသလား ၊ ကားကြီး က သူ့ကို ဝင်တိုက်မိသေလား မသိ ။ သူ့ ဆိုင်ကယ် ပစ်လဲကျသွား ကာ လမ်းနှင့် ခေါင်းနှင့် ဆောင့်မိသည့် အခိုက် လူအများ ဝိုင်းအော်ကြသံကို နောက်ဆုံး ကြားလိုက်ရ တော့သည် ။

သူ သတိရ လာတော့ ခုတင် ( ၃၀၀ ) ဆေးရုံ မှာ ။ ခေါင်း က ပတ်တီးစည်းလျက် ၊ ခြေလက်များ ပွန်းပဲ့ ကာ ပတ်တီး ၊ ပလာစတာများ ဖြင့် ဆေးထည့်ထားသည် ။ ဘယ်ဘက် ခြေထောက်က မ,လို့မရ ။ ဓာတ်မှန်ရိုက် သည် ။ ဒူးခေါင်းရိုး အက်သွားကြောင့် ကျောက်ပတ်တီး စည်းရလေသည် ။ အနားတွင် အစ်ကို နှင့် ယောက်မရှိ သည် ။ ဆန်စက်ပိုင်ရှင်က သူ့အိမ်ကို သွား ရောက် အကြောင်းကြားပေးခဲ့သည်တဲ့ ။

သူ့ ကို တူမလေး က လာ စောင့်ပေးသည် ။ ဆေးရုံ ပေါ် သုံးရက် အရတွင် ဖုန်းဝင်လာသည်ကို တူမလေး က ကိုင်ပေးသည် ။

“ ဟုတ်ကဲ့ရှင် ”

“  ............. ”

“ ဪ ဦးလား ၊ ဒေါ်ဒေါ်လှိုင် ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်လို့ ခုတင် ( ၃၀၀ ) ဆေးရုံ ရောက်နေတယ် ။ ဒူးခေါင်းရိုး အက်သွားလို့ ကျောက်ပတ်တီး ကိုင်ထားရတယ် ”

“  ............. ”

“ ခုတင် ( ၃၀၀ ) ဆေးရုံ ၊ အရိုးအကြောဌာန ၊ စပယ်ရှယ်ခန်း ( ၂ ) မှာ ဦး ”

တူမလေး က  ဖုန်း ကို ပိတ် လိုက်ကာ

“ ဦးတိုး ဆက်တာ ဒေါ်ဒေါ် ။ သူ ဒီ မနက် မန္တလေး ရောက်လာတာတဲ့ ။ အခု လာခဲ့မယ်ပြောတယ် ”

ဟု ပြောလေသည် ။

နာရီဝက်ခန့် အကြာတွင် တိုး ရောက်လာသည် ။ လက်ထဲ မှ မုန့်ထုပ်ကြီး ကို တူမလေး အား ပေး ကာ သူ ၏ ဒဏ်ရာများ ကို စေ့စေ့စပ်စပ် ကြည့် နေလေသည် ။ ပါးစပ်
က လည်း

“ ဖြစ်မှ ဖြစ်ရလေ ငယ်ချစ်ရယ် ၊ မသေကောင်း မပျောက်ကောင်းကွာ ”

ဟု တတွတ်တွတ် ရေရွတ် နေတော့သည် ။

လျှော်ထားသော အဝတ်များ လှမ်းရန် တူမလေး ထွက်သွားလျှင် တိုး က သူ့ လက် ကို ကိုင် ကာ

“ ငယ်ချစ် တစ်ယောက်တည်း မောင် မထားနိုင်တော့ ဘူးကွာ ။ ခြေထောက်နာတွေ ပျောက်ရင် လက်ထပ်ဖို့ မောင် စီစဉ်တော့မယ် ။ ငယ်ချစ် လုံးဝ မငြင်းနဲ့တော့ ”

စိတ်အားငယ် နေချိန်မို့လား ။ ရင် မှာ ကြည်နူးသွားသည် ။ အားရှိ သွားသည် ။ ရင်ခုန်သံ မြန်ချင်လာသည် ။ ချစ်စကားတွေ တဖွဖွ ပြောနေသော တိုး ကို ကြည့်ကာ ခေါင်းညိတ် မိတော့မယောင် ။ တိုး လက်ကို အားကိုး တကြီး ဆုပ်ကိုင်မိတော့ မယောင် ။

သူ့ လက် ကို အသာ နုတ်လိုက်သည် ။ တိုး သက် ပြင်းချသံ ကို ကြား လိုက်ရသည် ။ သူ မျက်လုံး မှိတ်လိုက် သည် ။ ရီဝေ နေသော တိုး ၏ မျက်လုံးများ ကို မမြင်ရက် ။ တိုး က သူ့ လက် ကို မလွှတ် ။ ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည် ။

“ ဟား ... မောင် မေ့ နေလိုက်တာ ငယ်ချစ်ရာ ။ ခုမှ သတိရတယ် ၊ မောင် မန္တလေး ကို ပြောင်း လာမယ် ။ မိသားစု လိုက် အကုန် ပြောင်းလာမယ် ။ အဖေ တို့ အမေ တို့ လည်း အသက်တွေ ကြီးကြပြီ ဆိုတော့ ကျန်းမာရေး အတွက် ပို အဆင်ပြေတယ် ။ ကျောင်း ကိုတော့ သူငယ်ချင်းတွေ ကို အပ်ထားခဲ့ရမှာပဲ ။ လိုအပ်တာတွေ ပို့ပေး ရမှာပေါ့ ။ မောင် ငယ်ချစ် နဲ့ ဘယ်လိုမှ ခွဲ မနေနိုင်တော့ ဘူး ။ အတူ မနေရတောင် အနီးဆုံးမှာနေမယ် ။ အနီးဆုံး မှာ လာ နေမယ်ကွာ ။ ဟုတ်ပြီနော် ၊ ဟုတ်ပြီ မဟုတ်လား ဟင် ”

အရူး တစ်ယောက် လို ရေရွတ်ရင်း သူ့ လက် ကို တိုး က ရင်အုံ တွင် ကပ်ထားသည် ။ ရင်ခုန်သံ မြန်မြန် က သူ့ လက် ကို ဆောင့်တိုး နေသည် ။ အနီးဆုံး သို့ ရောက် လာမည့် “ ၅၂၈ ” ။

သူ ပြုံးပြလိုက်မိလေလား ။ ခေါင်းညိတ် လိုက်မိလေသလား ။

တကယ်တော့ ပြုံး ၍ ခေါင်းညိတ် လိုက်မိလေသည်သာ ။ 

အပြစ်ကင်း ၊ အဆင်းလှပါစေ ။

⎕ ‌ငြိမ်း ( ရွှေလီ )

📖 စုံနံ့သာ မဂ္ဂဇင်း
     စက်တင်ဘာလ ၊ ၂၀၁၄

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment