Saturday, August 24, 2024

ကဗျာ စပ်၍ မရသူ


 

❝ ကဗျာ စပ်၍ မရသူ ❞

ကိုထင်အောင် က ခင်မေ ကို ခင်မင်ပါသည် ၊ ကြင်နာပါသည် တွေ သုံးစဉ် က မနှစ်သက်သူ မှာ ကျွန်တော် ပင် တည်း ။ ကျွန်တော် သည် သူငယ်ချင်း ကိုထင်အောင် ကို မိမိ ကိုယ် ထက် ပိုအထင် ကြီးသူ ဖြစ် သဖြင့် မခင်မေ လို သာမန် မိန်းကလေး ၊ နိုင်လွန် ဝတ်တတ်ရုံ ၊ နှုတ်ခမ်း ဆိုးတတ်ရုံ မိန်းကလေး နှင့် တွဲဖက်ဖို့ ရာ နာအံ့ ထင်သေးသည် ။ မခင်မေ သည် ညံ့လွန်းသေးသည် ထင်သည် ။ တစ်နေ့ တွင် ကြီးကျယ်မည့် သူ ၏ မယား ကောင်း ဖြစ်မည် မထင် ။ ကိုထင်အောင် ကို တစ်နေ့ တွင် ကြီးကျယ်မည့်သူ ဟု ကျွန်တော် ယူဆသည် ။ အကြောင်း ကား ကျွန်တော် နှစ်လုံး ကျက် မှ အောင်ရုံ ရသော စာမေးပွဲ ဟူသမျှ ကို ကိုထင်အောင်သည် အတန်း လည်း မတက် ၊ စာမေးပွဲ နီး မှ သူများ ဆီ မှ မှတ်စုများ ကို ငှားရမ်း ကာ ကောင်းကောင်း ဖတ်၍ အမှတ် များများ နှင့် အောင် တတ်သောကြောင့် တည်း ။ ကျွန်တော် သည် သူငယ်ချင်း ၏ ဉာဏ်ပါရမီ ကို အစဉ်မပြတ် အံ့အားသင့် ခဲ့ရလေသည် ။

“ မခင်မေ ကို ခင်ဗျား ချစ်တာ မဟုတ်ပါဘူးဗျာ ၊ နီးစပ် လို့ ယဉ်ပါးတာပါ ” ဟု ကျွန်တော် က ဆိုသည် ။

“ ချစ် လည်း ချစ်တယ် ၊ နီး လည်း နီးစပ်တယ်လို့ ဆိုပါဗျ ” ဟု သူ က မခံချင်ဟန် နှင့် ပြော၏ ။

“ မချစ်ပါဘူး ၊ သေချာပါတယ် ”

“ ဘာဖြစ်လို့ ”

“ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျား ဟာ သူငယ်ချင်း ကို တောင် အထင်ကြီး မှ တကယ် ခင်လို့ရတဲ့ သူမို့ ပေါ့ ၊ ခင်ဗျား မခင်မေ ကို အထင်ကြီး သလား ”

“ မကြီးဘူး ”

“ သဘော ကျစရာရယ်လို့ ကော တွေ ရဲ့လား ” 

“ သဘောကျ တာ ရှိတာပေါ့ဗျ ” 

“ ကိုယ်လုံး ကိုယ်ပေါက် တောင့်သလား ” 

“ သူ့မှာ အဲဒါ အရုပ် အဆိုးဆုံး ပဲ ”

“ ဒါဖြင့် ခင်ဗျား ဟာ သူ့ ကို မကြိုက်ပါဘူးဗျ ၊ ယုံပါ ” ဟု ပြော၍ နှစ်ယောက် ရယ် မိကြ သော်လည်း ကျွန်တော် သည် ဆက်လက်၍ ငြင်းဆိုမြဲ ပင် ။

နောက်ဆုံး၌ ကိုထင်အောင် က စိတ်ဆိုး၏ ။

“ ကျုပ် ဟာ ကျုပ် ကြိုက်တာ မကြိုက်တာ စိတ် ထဲ က စေတနာ ကို ခင်ဗျား က အပြင် ကနေပြီး ဘယ်လို သိနိုင်သလဲ ၊ မခင်မေ ဟာ သူ လို ကိုယ် လို ထဲ က ဖြစ်တော့ ကော ကျွန်တော်  က ဘုရင့် သား မို့ လား ၊ ခင်ဗျား တိတ်တိတ် နေရင် ကောင်းမယ် ”

ကျွန်တော် တိတ်တိတ် နေ လိုက်သော်လည်း ထို ခဏမျှ သာ ပင် ။

ကိုထင်အောင် က မူ ချစ်သူ တွေ့သော အခြား အခြားသော ကျောင်းသားများ လို ပင် မခင်မေ နေသော အင်းလျားဆောင် သို့ ညနေ မှန်မှန် သွား၏ ။ သို့သော် ကျွန်တော် သာ မခင်မေ ဆိုလျှင် သူ့ ကို အားမရ ။ သူ သည် မရူးမူး ချေ ။ ဣန္ဒြေ ရသည် ။ ဘောလုံးပွဲ ကောင်း သော ညနေ ၌ မခင်မေ ဘယ်လို စောင့် လို့ မှ မပေါ်လာ ။ မြို့ ထဲ သူငယ်ချင်းများ နှင့် လည်မည် ကြံ လျှင် မခင်မေ ဘယ်လို ဖျက်လို့ မှ မရ ။ ညတိုင် မှာ ဝတ္ထု ကောင်းကောင်း ရ လာသည့် ည များ က လွဲ၍ ဘယ်တော့မှ မျက်စိ မကြောင် ၊ ကျွန်တော့် ကို လည်း ချစ်သူ အကြောင်း တတွတ် တွတ် မပြော ။

သူတို့ နှစ်ယောက် ရုပ်ရှင် ထွက် ကြည့်ကြပြီး ပြန်လာလျှင် သာ ကိုထင်အောင် သည် စိတ်လှုပ်ရှား ပျော်ရွှင်မှုကလေး နည်းနည်း ပြသည် ။

ထိုအခါ ကျွန်တော် က မေးသည် ။

“ ကိုထင်အောင် ရာ ၊ ခင်ဗျား ဒီ ကလေးမ နဲ့ ဟာ ကျောင်း က ထွက် ၊ အလုပ် လုပ် တော့ လစဉ် သူ့ လက် ထဲ လခ အပ် ၊ သူ နဲ့ သားသမီး မွေး ၊ သူ ချက် တဲ့ ထမင်း စားပြီး သေခါနီး အဘိုးကြီး ဖြစ်တဲ့ အထိ စိတ် မပျက်ဘဲ အတူ နေသွားမယ် ဆိုတာ ဖြစ်နိုင်ရဲ့လား ဗျာ ”

“ ခင်ဗျား တော်တော် စော်ကားတဲ့ လူပဲ ” ဟု သာ သူ က ပြောပြီး အနည်းငယ် တွေဝေ နေ၏ ။

“ ခင်ဗျား သူ့ ကို လက်ထပ်မယ် လို့ ကတိ ပေးပြီး ပြီလား ”

“ အဲဒါ နဲ့ စပြီး လူပျိုစကား ပြောတာ ”

ကျွန်တော် သည် စိတ်ဆိုး သလိုလို ဝမ်းနည်း သလိုလို တစ်ချိန်လုံး ဖြစ်နေသည် ။ နောက်မှ ‘ ငါ က သူ့ အဖေ မဟုတ်ဘူး ၊ ဘာမှ မပိုင်ဘူး ’ ဟု ဒေါသ ဖြင့် ဖြေရသည် ။ တဖြည်းဖြည်း တော့ လည်း လက်လျှော့ မိ ကာ သူ နှင့် ပင် အင်းလျားဆောင် သို့ အလည် လိုက်မိ၏  ။ မခင်မေ နှင့် တစ်စ တစ်စ ခင်မင် ရ၏ ။ မိန်းကလေး က သိပ် မဆိုးလှပါဘူး ဟု ဖြစ်လာ၏ ။ မခင်မေ က ကိုထင်အောင် အပေါ် စွဲလမ်းစိတ် ၊ လွမ်းကြင်စိတ်ကလေးတွေ ကို ကြား က ကျေနပ် လာရ၏ ။

“ ဒါပေမဲ့ ခင် က အချော့ သိပ် ကြိုက်တာဗျ ၊ ကျွန်တော် က အချော့ ပျင်းတယ် ၊ ဒါနဲ့ အမြဲရန်ဖြစ်ရတယ် ” ဟု ကိုထင်အောင် က ဆိုပြန်လာ၏ ။

“ ခင် ဟာ အတော် လူရည် မလည်တဲ့ သူငယ်မ ပဲ ” ဟု လည်း ပြောချင် ပြောတတ်၏ ။

“ ဒီနေ့ အထိ သူ့ လက် မထိဖူးပါဘူး ” ဟု ပြော လျှင် တော့ ကျွန်တော် က

“ ဖြစ်မှ ဖြစ်ရလေ ကိုထင်အောင် ရာ ၊ ဘယ်လို အကြောင်းကြောင့် လဲ ၊ တရား စွဲမယ် ဆိုထားလို့လား ” ဟု မေး မိလေ၏ ။

“ တွေ့တဲ့ အခါ သတိ မရလို့ ”

ထိုအခါ ကျွန်တော့် စိတ် တွင် အူကြောင်ကြောင် ဖြစ်ရ၏ ။ ထို့ ထက် ခင်မေ ထံ ကျွန်တော် တစ်ယောက် တည်း ရောက်သွားသည့် အခါ ကိုထင်အောင့် အကြောင်း ဆီးတိုင် စ ပြုသည် ကို နားထောင်ရ သဖြင့် တစ်ယောက် တည်း မတွေ့ ဝံ့ တော့ချေ ။ မခင်မေ သည် အင်းလျားဆောင် ဧည့်ခန်းမ တွင် ပင် မကြာခဏ ငိုရသည် ။ ကိုထင်အောင် က တော့ မချော့ တတ်သော နဂိုမူ အတိုင်း နှင့် ပင် ရှိလေသည် ။

တစ်နေ့၌ ကိုထင်အောင် သည် ကျောင်းဆောင် မှ မြို့ထဲ ပြောင်းမည် ဟု ပစ္စည်း များ ကို သိမ်း၏ ။ သူ ၏ ဗရပွဲ ကြဲ သော အဝတ်များ ကို ကျွန်တော် က ခေါက် သိမ်းရင်း

“ ဘာကိစ္စ ပြောင်းချင်ရတာတုံး ၊ ကျွန်တော့် လည်း စောစောက တိုင်ပင်ရမှန်း မသိ ဘူးလား ” ဟု မနှစ်လိုစွာ မေးမိ၏ ။ ကိုထင်အောင် ခွဲခွာသွားမည် ကို ကျွန်တော် ဝမ်းနည်း နေ၏ ။ သို့သော် သူ သည် ကျွန်တော် က ခင်မင် သလောက် ပြန်လှန် ခင်မင်စိတ် မရှိချေ ။ ဒါကတော့ နှစ်ဦး စလုံး လက်ခံထားသော အသိ တစ်ရပ် ပင် ။

“ မြို့ ထဲ မှာ နေဖို့ ဖြစ်လာတယ် ဗျ ၊ ဒါပဲ ”

“ ခင်ဗျား က လျှို့လျှို့ဝှက်ဝှက်တွေ လုပ်လာသလား ”

“ မလုပ်ပါဘူး လေ ၊ ခင်ဗျား သာ ခုလောက် မအ , ရင် သိမှာပေါ့ ၊ ကျွန်တော် အခု မြို့ထဲ က အိမ် ကို ညစဉ် သွားနေရတာ မသိဘူးလား ၊ မိုးချုပ် မှ ခဲခဲယဉ်းယဉ်း ကျောင်း ကို ပြန်ရ တာ မကြိုက်ဘူး ၊ ပင်ပန်းလှပြီ ၊ တင်မောင် တို့ အိမ် မှာ သွား နေရင် ကောင်းမှာဗျ ” 

သည်ထက် ပို မပြောတော့ဘဲ စာတစ်စောင် ထုတ်ပေး၏ ။ သူ့ စာ မှာ ရှည်ပုံ ရ ၍ လျှောက်လွှာစက္ကူ နှင့် ရေး ထားသည် ။

“ ဒါက ဘာတုံး ”

“ အင်းလျား သွားပြီး ခင့် ကို ပေး လိုက်ပါ ” 

“ ကျွန်တော် ခိုး ဖတ်ရမှာလား ”

“ ကောင်းသားပဲ ၊ ဒါမှ ခင်ဗျား လည်း ရေလည်ပြီး ကျုပ် ကို မေးခွန်းများများ မထုတ်ဘဲ နေမှာ ၊ ပြီးတော့ အင်္ဂလိပ် လို ရေးထားတာ မို့ သူငယ်မ က နားမလည် ရင် ခင်ဗျား က အဓိပ္ပာယ် ပြန်ပေး ဖို့ လိုသေးတာ က တစ်ကြောင်း ခင်ဗျ ”

ကျွန်တော် သည် ကြာရှည် မငေးငိုင် အား ဘဲ စာ ကို ဒရောသောပါး ဖောက် ဖတ် ဆဲ ၊ သူ့ အတွက် ဂျစ်ကား လာ ခေါ်ရာ သတိရ ပြီး လှမ်း မေးရသေးသည် ။

“ မြို့ ထဲ အိမ် က ကလေးမ က လှရဲ့လား ”

“ ကျွန်တော့် မျက်စိ ထဲ ကတော့ အလှဆုံးပဲ ဗျို့ ၊ သိပ်ပြီး လည်း တတ်သိ လိမ္မာတာ ပဲ ဗျာ ၊ နှစ်ယောက် မရှိဘူး ၊ စာမေးပွဲ ပြီး မှ တွေ့ရင် ဘယ်လောက် ကောင်းမလဲ ၊ ဘီအေ တော့ အောင်ဦး မှ ကောင်းမှာ ၊ သား ကျွေးမှု မယား ကျွေးမှု လေ ... အေးလေ ၊ ဒီလို ဆိုတော့လည်း တခြား လူ ဝင် ဂေါ်သွား မှာ ကြောက်ရ သဗျ ၊ နောက်တော့ တွေ့ကြဦးမပေါ့ လေ ၊ သွားမယ် ၊ ခင်ဗျား ညနေ ကျ တင်မောင့် အိမ် လိုက် လာရင် စောစော လာနော် ၊ မှောင် ရင် ကျွန်တော် မရှိဘူး ၊ သိသား နဲ့ ”

ကိုထင်အောင် က လက်ညှိုး တစ်ချောင်း ကွေးကောက် ၍ နောက်ပြောင် ပြ သွားသေး၏ ။

သူ ရေးသော  စာ ကို တတ်သိသမျှ နှင့် မြန်မာ လို ပြန်ရ လျှင် ...

ချစ်ဆွေ မခင်မေ ...

အထူးသဖြင့် ချစ်ရေး ကိစ္စ မှာ ရိုးဖြောင့်မှု ဟာ အလိုဆုံး လို့ ထင်ပါတယ် ။ ဒါကြောင့် ကျွန်တော် ဟာ အားနာ ရက် နဲ့ ပိုပြီး ညှာတာချင်ရက် နဲ့ ခုလို ရှင်းရှင်းဖွင့် ရေးရတော့တယ် ။ နှုတ် က ပြောတော့ မခင်မေ ငို မှာ တွေ ၊ နှုတ်လှန် ရန်တွေ့ ဦးမှာ တွေ ၊ အပြစ်တင် ထိုက်တယ်လို့ ထင်ရမယ့် ကျွန်တော့် ကို အပြစ်တင် မှာ တွေ ရှုပ်နေမှာ မို့ စာ နဲ့ ဖြောင့်ဖြောင့် ရေးလိုက် ရတယ် ။ ဒီ စာ ဖတ်ပြီးချိန် မှာ ကျွန်တော် လာ တွေ့ ပါဦးမယ် ။ မခင်မေ ပြောစရာ ရှိရင် နားထောင် ရအောင် ၊ မခင်မေ ဟာ ဒီ ကိစ္စ မှာ ခါတိုင်းလို ပဲ ကျွန်တော့် ကို စိတ်ခက်မာတယ် လို့ ထင်ပြီး စွပ်စွဲဦး မှာပဲ ။ ဒါပေမဲ့ အမှန် ကို ပြောလိုက်တာ ပာာ တကယ် ကြင်နာညှာတာ ရာ ရောက်တယ် ဆိုတာ တော့ လူတိုင်း ယုံကြည်ရပါ လိမ့်မယ် ။ ကျွန်တော် ဟာ လိမ်မယ် ၊ ဝေ့လည်ကြောင်ပတ် လုပ်မယ် ဆိုရင် ခဏပဲ နားအေးအေး ၊ မျက်နှာပူ သက်သာသက်သာ ဆိုပြီး လုပ်လို့ တော့ ရမှာပါပဲ ။ ဒါပေမဲ့ မလုပ်ချင်ဘူး ၊ ပျင်းစရာပဲ ။

ကျွန်တော်တို့ နှစ်ယောက် ချစ်ကြ ကြိုက်ကြ ပါတယ် ဆိုတဲ့ အဖြေ ကို ရောက်လာတာ က စ , ရမယ် ထင်တယ် ။ ဒီ ကိစ္စ မှာ အကျုံးဝင်သူ နှစ်ဦး အနက် ထုံးစံ အတိုင်း ယောကျ်ား ဖြစ်တဲ့ ကျွန်တော် က ပဲ စ , ရတယ် ။ မငြင်းပါဘူး ။ ကျွန်တော် က ပဲ စတင် လို့ အဆုံးသတ် ချင်တယ် ဆိုတာ လည်း မငြင်းပါဘူး ။ သို့သော် စ , တုန်း က ကျွန်တော် က အသိဉာဏ် ပွင့်လင်းစွာ လုပ်ခဲ့တာ မဟုတ်ဘူး ဆိုတာတော့ သိခဲ့တာ ကြာပြီ ၊ အခြေအနေ က မိန်းကလေး နဲ့ ယောက်ျား တို့ ရဲ့ ပတ်လည် မှာ သိပ်ပြီး လှပသာယာလို့ ပါပဲ ၊ တကယ်တော့ မခင်မေ ဟာ ကျွန်တော် အိပ်မက် မက်လေ့ ရှိတဲ့ မိန်းကလေးမျိုး မဟုတ်ပါ ။

အရွယ် ရောက်ပြီး ချစ်ချင် ၊ ကြိုက်ချင် ၊ သစ္စာတွေ ဘာတွေ တန်ဖိုးထားချင် တဲ့ ယောက်ျားလေး တစ်ယောက် ဟာ မခင်မေ လို ပြုံးရွှင်မူရာ ရှိတဲ့ မိန်းကလေး တစ်ယောက် ကို တစ်မြို့သားချင်း ရယ် လို့ ရည်းစား ထားခွင့် ရတဲ့ ကောလိပ်ကျောင်း မှာ လာပြီး စောင့်ရှောက် ဖို့ ကြုံလာရင် ၊ ကြာတော့ ချစ်တယ် ကြိုက်တယ် ဆိုတာ ဖြစ်လာမှာ ပဲ လို့ ထင်တယ် ၊ ဟုတ်ပါ တယ် ။ သာမန် လူငယ် ပေါ့ ။ စိတ်လိုက်မာန်ပါ နဲ့ မကြီးရင့်သေးတဲ့ လူငယ်ပေါ့ ။ နီးစပ်ရာ ကို မတွန်းလှန် နိုင်သေး သူ ပေါ့ ။ ကျွန်တော် ဟာ အဲဒီ လူမျိုး ဖြစ်ခဲ့တယ် ။ အထင် မကြီးတတ်တဲ့ လူစားမျိုး ပဲ ကိုယ်တိုင် ဖြစ်ခဲ့တယ် ။ ဒီ တစ်ခု အတွက် ကျွန်တော့် ကိုယ် ကျွန်တော် တော်တော် စိတ် ဆိုးတယ် ။ သို့ မဟုတ်ရင် မခင်မေ ကို ကျွန်တော် ဟာ တကယ် ချစ်စိတ် မရှိ ၊ ခဏ သာယာ လှုပ်ရှား တဲ့ စိတ်ကလေး နဲ့ လက်ထပ်မယ် ဆိုတဲ့ စကား အထိ ရောက်အောင် စတင် မိ မှာ မဟုတ်ဘူးပေါ့ ။

အဲဒီတုန်း က အခွင့်အရေး ကို က စိတ် ကြည်နူးစရာ ဖြစ်နေတာပဲ ။ မခင်မေ ရဲ့ ကြီးတော် အိမ် က အင်းလျား ကို ပြန်ပို့ ပေးရတာ မှတ်မိမှာ ပေါ့ ။ ည က မှုန်ရီ ပြီး ကြယ် ပဲ ရှိတယ် ။ ကုက္ကိုင်းလမ်း တစ်လျှောက် ပဲ ရိပ်ခနဲ ရိပ်ခနဲ ကျန်ရစ်တဲ့ စိန်ပန်းပင်တွေ ဟာ အပွင့် ရော ၊ အရွက် ရော ည မို့ သိပ် မည်းနက် နေပြီး တစ်လောကလုံး မှာ ကျွန်တော် တို့ နှစ်ယောက် တည်း ရှိတာ ကျနေတာပဲ ။ လူရိပ် လူယောင် က လည်း ခြောက်သွေ့ နေ လိုက်တာ ၊ ဒါနဲ့ ကျွန်တော်တို့ ငယ်ရွယ်သူ နှစ်ယောက် ဟာ လမ်းလျှောက် လာ ရင်း ကိုယ်ချင်း နီးကပ် လာ တယ် ။ ကျွန်တော်တို့ နှစ်ယောက်လုံး ဟာ အဲဒီ အချိန် မှာ ဘာကိုမှ မငြင်းဆန် ချင်တော့ဘူး ။ မခုခံ ချင်တော့ဘူး ။ စောင့်စားလို့ ပဲ နေ မိတယ် ။ ဒါပေမဲ့ ကျွန်တော် ဟာ မှတ်မှတ်ရရ စစ်အတွင်း က သေ သွားတဲ့ သူငယ်ချင်း တစ်ယောက် နဲ့ ခုလို ညည စကား ဘာမှ မပြောဘဲ လမ်းချည်း ကြာရှည် လျှောက်ဖူးကြတာ ကို သွား သတိရ ပြီး စိတ်ပြောင်း သွားလေတော့ မခင်မေ ရော ကျွန်တော် ရော အန္တရာယ် က ခဏ လွတ်ခဲ့တယ် ။

ဒီလိုနဲ့ ပဲ ကျွန်တော်တို့ ဟာ နီးစပ်သည် ထက် နီးစပ် လာတယ် ၊ နောက်ဆုံး တော့ ကျွန်တော် က စ မိတော့တယ် ။

သို့သော်လည်း ကျွန်တော်တို့ နှစ်ယောက် ဟာ တစ်ယောက် အဖို့ တစ်ယောက် မွေးဖွားလာ တာ မဟုတ်ဘူး ၊ ကျွန်တော်တို့ နှစ်ယောက် ဟာ သမီးရည်းစား ဖြစ် ကတည်း က မပျော်တော့ပါဘူး ။ ဘယ်လို ညနေ လမ်းလျှောက်ခြင်း ဟာ လည်း မသာယာတော့ပါဘူး ။ မခင်မေ ကို သာ သနားတာ ပါ ပဲ ။ ကျွန်တော် လည်း စိတ် တော့ ဆင်းရဲတာပဲ ။

အစက တော့ ကျွန်တော် ဟာ ခေါင်း မာပြီး ဇွတ် မှိတ်မယ် စိတ်ကူး သေးတယ် ။ ဒါပေမဲ့ မခင်မေ နဲ့ ကျွန်တော် ဟာ သားသမီးကလေးတွေ ချီပိုး လက်တွဲ ပြီး စကား ကြည်ရွှင် ပြောလို့နေတဲ့ ဘဝ ရောက်မယ် မထင်ဘူး ။ စိတ်ကူး လို့ မရနိုင်ပါဘူး ။ အားတော့ နာပါတယ် ။ မခင်မေ လည်း ခေါင်းအေးအေး နဲ့ စဉ်းစားရင် ကျွန်တော် ဟာ မခင်မေ အဖို့ စိတ်တိုင်းကျ လင်သား ဖြစ်မှာ မဟုတ်ဘူး ဆိုတာ သိလိမ့်မယ် လေ ။

ကျွန်တော် နောက်ထပ် ဇွတ်မမှိတ် နိုင်တဲ့ အချက် တစ်ခု ကတော့ ကျွန်တော် ဟာ မကြာခင် ပဲ တစ်သက်လုံး အတွက် ရယ် လို့ ရွေးချယ်ဖြစ်သူ နဲ့ ယူတော့မယ်မို့ ပါပဲ ။

မခင်မေ ကို စော်ကားနေတယ် ထင်ရင်တော့ သိပ် ဝမ်းနည်းစရာ ကောင်းတာပဲ ။ ကျွန်တော် ဟာ မခင်မေ ရဲ့ မိန်းကလေးတို့ ဂုဏ် ကို ရိုသေချင်ပါ သေးတယ် ။ ငဲ့ညှာချင်ပါ သေးတယ် ။ တကယ်တမ်း ငဲ့ညှာရာ ရောက်အောင် လည်း ခုလို ပြောပြ လိုက်ရတာပါ ။ ကျွန်တော့် စေတနာ ကို နားလည်မယ် ထင်ပါတယ် ။

မခင်မေ ရဲ့ သူငယ်ချင်း အဖြူ တို့ ၊ ဒိုရသီ တို့ က တော့ ကျွန်တော့် ကို စကား ပြော ချင်ကြပါတော့ မလား မသိဘူး ။ ကျွန်တော့် သူငယ်ချင်း တချို့ လည်း ယောက်ျား မပီသဘူး ၊ သစ္စာ မတည်ဘူး လို့ လည်း ဆိုကြမယ် ။ ဒီ စာ ရေးနေတုန်းပဲ ဆိုသူ က ဆိုပြီး ပါပြီ ။

ကျွန်တော် ယူဆတာ ကတော့ သစ္စာ ဆိုတာ ချစ်ခြင်းမေတ္တာ နဲ့ သာ အတူ ရှင် နိုင် ၊ လန်း နိုင် တယ်ပေါ့ ။ ချစ်ခြင်း မေတ္တာ ပျက်ပြယ်သွား တာ နဲ့ တစ်ပြိုင်နက် သစ္စာ ဆိုတာ ရှာလို့ မရတော့ပါဘူး ။ မလိုအပ်တော့ပါဘူး ။

ပထမ တော့ ကျွန်တော် စိတ် မချမ်းသာ တော်တော် ဖြစ်သေးတယ် ။ အချစ် မှာ ယုံသူ ၊ အချစ် ကို တန်ဖိုးထားသူ မို့ မခင်မေ အပေါ် ပျက်ပြယ်လာပြီ ဆိုတာ သိတဲ့ အချိန် က စပြီး ကိုယ့် ကိုယ် ကိုယ် မကျေနပ်နိုင် ၊ ခွင့်မလွှတ်နိုင် ဖြစ်ရတယ် ။

ဒါပေမဲ့ တကယ် ချစ်တဲ့သူ ( ဒီ မိန်းကလေး နာမည်တော့ မခင်မေ သိချင်မယ် မထင် ဘူး ၊ သိချင် ရင် လည်း မကြာခင် သတင်း ကြားတော့မှာ မို့ မပြောတော့ဘူး လေ ) ကို တွေ့ တော့ ကျွန်တော့် စိတ်တွေ က မဖြစ်စဖူးစွာ ပဲ ဖောက်ပြန်ကုန်တာ တွေ့ ရပါတယ် ။ ကျွန်တော် ဟာ ချစ်သူ အကြောင်း တွေး ရင် ဇာတ်လိုက် သိပ် ဆန်နေတော့တယ် ။ တကယ် လည်း ပျော်ရွှင်သုခ ကို ရခဲ့တယ် ။ တကယ် လည်း ပူဆွေးသောက ဖြစ်ပြန်တယ် ။ လူ့ ဘဝ မှာ ခုမှ နက်နဲ ဆန်းကြယ်တဲ့ အတွေ့အကြုံ တစ်ခု ကို တိုးရတော့တယ် ။ အချစ် ဆိုတာ ဟောဒါပါပဲရယ် လို့ ပြောပြနိုင်ရပါတယ် ။

ဒီတော့ ကျွန်တော် လည်း စိတ် နည်းနည်း သက်သာတယ်ပေါ့ ၊ အချစ် မှာ တိုးလို့ ယုံကြည်တယ်ပေါ့ ။ ကျွန်တော် ဟာ မခင်မေ ကို ချစ်တုန်း က ချစ်ပြီး နောက် မှ ပျက်ပြယ်တာ မဟုတ်ဘူးလို့ သိရတယ် ပေါ့ ။ အမှန်တော့ အချစ် ဆိုတာ ဒီလောက် မသေးနုပ်ဘူး ၊ ဖြစ်လွယ်ပျက်လွယ် မဟုတ်ပေဘူး ။

မခင်မေ ရယ် ... ။ ကျွန်တော်တို့ ကိစ္စ ကို ငယ်ရွယ်သူကလေး တို့ တွေ့ကြမြဲ လှပချစ်စရာ ခလုတ်တိုက်တာကလေး တစ်ခု လို့ မှန်တဲ့အ တိုင်း ခေါ်လိုက်ပါတော့ ၊ ကျွန်တော် က စပြီး ကျွန်တော် က ဆုံးရတဲ့ အတွက် လည်း ကျွန်တော့် ကို အပြစ် တင်စရာ မြင်ရင် တင် ပြီး ခွင့်တော့ လွှတ်စေ လိုပါတယ် ။

အမြဲတမ်း မိတ်ဆွေ ဖြစ်နိုင်ပါတယ် ။
               ထင်အောင်

ကိုထင်အောင် ၏ စာ ကို ဖတ်ပြီး သော် ကျွန်တော် သည် ဘယ်နည်း နှင့် မျှ မခင်မေ ကို သည် စာ သွား မပေးနိုင် ဟု ဆုံးဖြတ်၏ ။

ကိုထင်အောင် က ဘယ်လို ပင် ရိုးဖြောင့် ချင် သော် လည်း ရိုးဖြောင့်ခြင်း ကို မခင်မေ လိုချင်ဦး မှ ၊ လက်ခံဦး မှ ဆိုတာ ရှိသေး၏ ။ နဂို ကတည်း က ပြောခဲ့ သလိုပင် သာမန် မိန်းကလေး ပင် ဖြစ်သည် ။ ကိုထင်အောင် က မျှော်မှန်းဦး တော့ မခင်မေ သည် နားလည် နိုင်မည် ၊ နားလည် ချင်မည် မဟုတ် ။ မခင်မေ ၌ မိန်းမတကာ တို့ ၏ စွန့်ခြင်း စွန့်လျှင် ကိုယ် က စ ၍ စွန့်ပစ် နိုင်သော မာန်မာန အစိုင်အခဲ ရှိသည် ။ မလိုအပ်သည့် အခါ ၌ ချစ်ပါသည် လို့ ဆိုသူ ကိုလည်း မကောင်းကြံ စကား ပြောကြားနိုင်ဦးမည် ။ ကျွန်တော် ကြားယောင် သေး၏ ။

“ အို ဒီ ကိုထင်အောင်ကြီး က မောင်လို အစ်ကို လို ခင် နေတာ မနေချင်ဘူး ၊ အရေး ပေး လို့ စမ်းချင်တယ် ထင်ပါရဲ့ ၊ ခင် က ကြီးကြီး တို့ အပ်ထားလို့ ၊ လူကြီးတွေ နဲ့ ခင်လို့ လက်ခံ နေတာ ၊ ခုတော့ ဆန်ပြုတ် သောက်ပြီး ပြန်ရှာပြီ လေ ”

ထိုအခါ အဖြူ တို့ ဒေါ်ရသီ တို့ လည်း

“ ဟုတ်တယ် ၊ ဒီ လူကြီး ဟာ ရိုးပုံ ရိုးလက် နဲ့ ၊ ဒါထက် ခု သူ က မိန်းမ ယူတော့ မယ် ဆို ၊ ဘယ်သူတဲ့ လဲ ၊ ဘယ်က ဟာ လဲ ၊ ကျောင်း က တော့ ဟုတ်မယ် မထင်ပါဘူး ”  စသည် ဖြင့် အတိုင် အဖောက် ညီညာစွာ ပြော ကြမည် ။ အကြောင်း က တော့ မိန်းကလေး တို့ သည် လူ တစ်ယောက် နှင့် ဖြောင့်ဖြူးစွာ ချစ်ကြိုက်ဖူးသည် ဆိုတာထက် သည်လူ နှင့် ရုပ်ရှင်ကြည့် ၍ ညထွက် လည်ရုံ မှာ မကြိုက်ဘဲ သက်သက် လက်ခံ ရုံ ၊ အကြိုက် ခံ ရုံ သာ ဖြစ်သည်ဆိုတာ ကို ပို၍ ဂုဏ်ရှိသည် ၊ ဣန္ဒြေ မပျက်သည် ဟု ယူဆကြသောကြောင့် ပင် ။

များစွာသော မိတ်ဆွေ သူငယ်ချင်း တို့ က မေး လာသည် ။

“ ကိုထင်အောင် နဲ့ မခင်မေ က ဘယ့်နှယ် ဖြစ်တာတုံး ဗျ ” 

သတင်း တို့ , တိ ကြားပြီးကြ သော် ...

“ ကိုထင်အောင် က တယ် လျှော်တာပဲ ၊ ယောက်ျား က ခွာခွာ မိန်းမ က ခွာခွာ ” ဟု သာ ဖြေ လိုက်ပါသည် ။

ကိုထင်အောင် ၌ အပြစ်တင်စရာလေး တွေ ရှိချင် လည်း ရှိမည် ။ သို့သော် လူငယ် ချင်း မို့ ကျွန်တော် ခွင့်လွှတ် နိုင်၏ ။ ယောက်ျား အချင်း ချင်း အနေ နှင့် လည်း နားလည်နိုင်၏ ။ သူ့  ချို့ယွင်းချက်ကလေးတွေ ကို ကျွန်တော် သဘောပေါက်၏ ။ သို့သော် စာ ကို တော့ မခင်မေ ကို မပေးလိုက်ပါ ။ မခင်မေ ရဲ့ စိတ်ဒဏ်ရာ ဖြစ်မှု ကို လည်း မလိုလားပါ ။ ကိုထင်အောင် က လိုလေးသလားရယ် လို့ လည်း စိတ် မဥပါဒ် မိ ။ ကိုထင်အောင် သည် လုပ်ချင် လျှင် သိပ် မစဉ်းစားတတ်သော အကျင့် စာအုပ် မှ ကွာသော အပြင် လောက ၌ သိပ် မပြေပြစ်တတ် သော သဘော တို့ ကို ကျွန်တော် ပစား ပေး လိုက်သည် ။

ကိုထင်အောင် သည် ကလေး တစ်ယောက် ဖခင် ဖြစ်လာသော် ဖုထစ်သော အကျင့် တချို့ ချောပြေ လာသည် ထင်၏ ။ တစ်ခါ ဖြုန်းခနဲ မေးသည်မှာ ...

“ ဟို စာ မခင်မေ ကို ပေးဖြစ်သေးလား ”

“ ပေးတယ် ”

“ မရေးဘဲ နေလိုက်ရင် ပို ကောင်းမလား မသိဘူး ”

ကျွန်တော် က တိတ်တိတ် နေလိုက်လေ၏ ။

နောက် အချိန်များ ကုန်လင့်ကုန် သော် ကိုထင်အောင် ကို အကဲခတ် နေ သော်လည်း စာအကြောင်း မေ့ပျောက် သွားသည် ကို သာ တွေ့ ရ၏ ။ စာ ပေး ဖြစ်သည် ၊ မပေးဖြစ်သည် ကို သူ ဂရု မစိုက်တော့ ချေ ။ သူ့ ၌ ဂရုစိုက်စရာ ချစ်မယား နှင့် ချစ်သား ရှိပြီ ၊ ကျွန်တော် ဘာမှ ပြန်လည် စတင်ဖို့ မလိုသည် ကို တွေ့ ၏ ။ ကျွန်တော့် အဖို့ အရေးကြီးသည် မှာ တော့ သူငယ်ချင်း ပျော်ရွှင်ဖို့ ပေ တည်း ။

အစ က နည်းနည်း ရှောင်ဖယ်ဖယ် လုပ်နေသော မခင်မေ နှင့် လည်း ခင်မင်ကြသော တစ်မြို့တည်းသား သူငယ်ချင်းများ သည် မယုံတယုံ နှင့် အနား ကပ်ရာမှ နောက်တော့ ကိုထင်အောင် တို့ အိမ် ၌ တနင်္ဂနွေ နေ့ တိုင်း ဖဲဝိုင်း ထောင်ကြလေ၏ ။ ကိုထင်အောင် ကြိုက်သော မိန်းမ သည် မဖော်ရွေ လှ သော်လည်း သူငယ်ချင်း တစ်သိုက် ကို တော့ ပျော်စေ၏ ။ စားစရာ ရှိသမျှ ထုတ် ကျွေး၏ ။ အနည်းဆုံး လက်ဖက်သုပ် ကျွေး၏ ။ အိမ် ရှေ့ ၌ ဆူညံလွန်း လျှင် ကလေး ကို ချီ ၍ နောက်ဖေးဆောင် ၌ သိပ်၏ ။ သူ ရှိပါသည် ဆိုသည့် အချက် ကို ဘယ်တော့ မှ လင်သည် နှင့် ဧည့်သည်များ အရှေ့ လာ မပြ ၊ ပြန်ခါနီး သာ နှုတ်ဆက် ရ အောင် ထွက်လာ သည် ။

တောမြို့သူကလေး မို့ မာန ကင်းရှာသည် ထင်သည် ။ သူကလေး ဟာ လင်သည် အား သည့် တစ်ပတ် လျှင် တစ်ရက် တနင်္ဂနွေ မှာ နောက်ဖေးချောင် ၌ ပန်းဇာများ ထိုးလေပလား ၊ ကျွန်တော့် ထက် အရိပ်အကဲ ပို၍ သိချင် လျှင် သိနေ တတ်သော ကိုထင်အောင် က မမေးဘဲ နှင့် ပြောသည် မှာ ...

“ သူ က တော ထဲ က ပေမဲ့ သာသနာပြုကျောင်းသူ ဆရာ ၊ တို့ ထက် အင်္ဂလိပ်စာ ဖတ်သေးတယ် ၊ ညညများ သူ ဝတ္ထု ဖတ် နေရင် ပျင်းလွန်း လို့ သားသား နဲ့ ဆော့နေရတယ် မောင် ”

ကိုထင်အောင် က ပျော်ရွှင် ရယ်မော ၍ ပြောပြီး မျက်နှာ အနည်းငယ် သွေးရောင် ဖြန်း လာပါသည် ။ ဘာကြောင့်လဲ လို့ တိတိကျကျ မပြောတတ်ပါ ။ သူ အကျေနပ်ကြီး ကျေနပ်နေ သည် ကို တော့ သိရပါသည် ။ မခင်မေ နဲ့ ဆိုလျှင် တော့ သည်လို နေမည် မထင်ပါ ။ ကိုထင်အောင် က လည်း ဘာဖြစ်ဖြစ် ၊ သူ ဘာ အလိုရှိသည် ဆိုတာ ကို တော့ သိတတ်ပေသည် ။

◾ ကြည်အေး

📖 ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်
      ၁၉၅၅

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment