Monday, August 12, 2024

ရောက်ရာအရပ်


 

❝ ရောက်ရာအရပ် ❞
⎯⎯⎯⎯⎯⎯⎯⎯
      ဇေယျာလင်း
  ⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
( ၁ )

ထိုည တွင် သမီးလေး ...  ။

( ၂ )

အိပ်မက် မက် နေသည် ကို အိပ်မက် မက် နေမိသည် ။ အပြင်ခန်း၏ တံခါးဝမှ အတွင်းခန်းထဲသို့ ကြည့်နေမိ သလို ။

သို့သော် တစ်ချိန်တည်း တွင် စိတ် သည် အခန်း နှစ်ခန်းလုံး ၏ ပြင်ပသို့ ရောက် နေပြီး နှစ်ခန်းလုံး ကို ပြန် ကြည့်နေမိသည် ။

ထိုအတိုင်း အတွင်း အိပ်မက် ကို အပြင် အိပ်မက် က ကြည့်နေသည် ကို အိပ်မက်ရင်း နှင့် သိနေမိပြန်သည် ။

ဘာအကြောင်းအရာ ကို မက်နေသည်တော့ မသိ ။ သို့သော် အတွင်း အိပ်မက် မှ ဆွတ်ပျံ့ ကြေကွဲမှုရသ ကို အပြင် အိပ်မက် မှ မြည့်မြည့်လေး ခံစား နေမိသည် ။ မနက် ရောက်သော် အားလုံး ပျောက်သွား၏ ။

( ၃ )

အိပ်မက်တို့ ဘယ်သွားကြသလဲ ?

ဘယ်က ပြန်လာကြသလဲ ?

( ၄ )

သဲကန္တာရလား ၊ ဘာလား မသိ ။

ကျောက်ဆောင် ၊ ကျောက်ကမ်းပါး လည်း ဖြစ်နိုင်သည် ။

ငုပ်စ နေခြည် ကို ကျောခိုင်း ၍ လူရိပ်သဏ္ဌာန် တစ်ခု မျောလာနေသည် ။ တရွေ့ ရွေ့ ၊ မည်းမည်းသဏ္ဌာန် သာသာ ။

အသေအချာ စိုက်ကြည့်သော် ပိုမည်းသွားသည် ။

တစ်ချိန်တည်း တွင် မျက်လုံးစူးသွားသည် ။

“ အင့် … ” “ ကျွီ … ” “ အင့် …. ” “ ကျွိ ... ” “ အင့် .. ”

လေဟာနယ် ထဲတွင် ပြတင်းတံခါးတစ်ချပ် သူ့ ပတ္တာတွင် လည်နေသည် ။

“ အင့် …. ” “ ကျွိ ...  ” “ အင့် …. ” “ ကျွိ ... ” “ အင့် ...  ” “ ကျွီ .. ”

မည်းမည်းသဏ္ဌာန် သည် တရွေ့ရွေ့ ၊ နီးလည်း မလာ ။

( ၅ )

မျက်လုံးများ စိုက်ကြည့်နေသည် ကို သတိထား လိုက်မိမိချင်း လန့်သွားသည် ။

ထူးဆန်းအံ့သြသော အမူအရာ ။ တချို့လည်း ထိတ်လန့်သော အမူအရာ နှင့် ။ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး မှာ ပြုံးစစနဲ့ အမူအရာ နှင့် မျက်လုံးများ ။

ကျွန်တော့် ကို သူတို့ စိုက်ကြည့် နေကြသည် ။

နံပါတ် ( ၁၇ ) အမြန်ယာဉ်ပေါ် မှ ခရီးသည်များ .. ။

မိမိ ကိုယ် မိမိ ရှက်ရွံ့သလို ဖြစ်သွားမိသည် ။

ကျွန်တော့် အတွေးများ သူတို့ မြင်သွားကြသလား ။

ထိုသို့ တွေးမိ မှ သတိရမိတော့သည် ။

ကတ္တရာမည်းမည်းကြီး ...  ။

တစ်ချိန်တုန်းက အတွင်းအိပ်မက် ။

ကိုယ့် ဣန္ဒြေ ကိုယ် ပြန်ဆည်မိလိုမိငြား နှင့် လက်ပတ်နာရီ ကို ကြည့် လိုက်သည် ။ ထို့နောက် မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်ကာ လွယ်အိတ် ကို ရင်ခွင်၌ ပို၍ ပိုက်ထားလိုက်မိသည် ။

“ ပိုက်ဆံ မပေးရသေးရင် နှိုက်ထားကြ ... ဟလား ၊ ကျေးဇူးတင်တယ် ”

စပယ်ယာ ၏ မာဆတ်ဆတ် ကျေးဇူးမဲ့ ကျေးဇူး စကား နားထဲ ခါးသက်သွား၏ ။

( ၆ )

ဖြတ်ကျော်သွားပြီးမှ ခြေလှမ်း ရုတ်ခနဲ တန့်သွား မိသည် ။ အလိုလို တန့်သွားသလား ၊ သိစိတ် ၏ စေခိုင်းချက်လား ။ မမှတ်မိတော့ ။

မိုးသည်း ထဲ တွင် ခေါက်ထီးနက်ကလေး ဘွားခနဲ အဝင့် မျက်လုံးချင်း ဆုံမိကြသည် ။ သူ့ မျက်လုံး ထဲ တွင် ကြယ်ကြွေ သွားသလို လင်းလက် သွားပြီး သူ့ နှုတ်ခမ်း များ က နှုတ်ဆက် ပြုံးဟန် ပြုမလိုနှင့် ခေါက်ထီး ဖြင့် ပြန်ကွယ်ပစ်လိုက်သည် ။

တကယ် မြင်လိုက်သလား ?

စိတ် ၏ လှည့်စားချက်လား ?

မဟုတ်ဘူး ။ တကယ်တွေ့ လိုက်သည် ။

မှတ်မိ သလိုလို နှင့် မမှတ်မိ ။ အဝေးကြီး က လို ၊ အကြာကြီး ကလို ...  ။

သို့သော် အတော် ကျွမ်းခဲ့သလို ။

( ၇ )

သိစိတ် ရရချင်းပင် ပြန်လှည့်ကြည့်လိုက်သည် ။ ထီးနက်များစွာ ။ လူများစွာ ။

( ၈ ) သီးသန့်ပေါ် တက်သွားသလား ?

( ၁၇ ) အမြန်ယာဉ်ဆီသို့လား ?

ပန်းခြံ ထဲကို ဝင်သွားသလား ?

စိတ်ထဲ က ဖျောက်လိုက်သည် ။ အလုပ်ကိစ္စ တို့ ဦးခေါင်း ထဲ လေးလံ နေသည် ။

လူ မှားတာ ဖြစ်လိမ့်မည် ။

ဒီ အရွယ်လောက် ရှိမလား ?

‘ မ ’ ကို ဒီကိစ္စ ပြောရဦးမည် ။

“ ငမ်းနေတာပဲ မဟုတ်လား ” သူ့ လက်သုံး စကား ။

ဖြေရှင်း လည်း နားလည်မည်မထင် ။

မှတ်စုတွေ လှည့် မှ လှည့် ပြီးရဲ့လား မသိ ။

သို့သော် ...

ရင်ထဲ ဆွေးမြည့်မြည့်လေး ဖြစ်သွားသည် ။ မသိမသာ ။

( ၈ )

ဘုရားရှိခိုးကျောင်းအိုကြီး သည် ရေနံဝ၍ တုတ်တုတ်ခိုင်ခိုင် ရှိလှသည် ။ ဓမ္မတေးသံတို့ ပျံဝဲနေသည် ။ လူအုပ် ၏ ဟာမိုနီ နှင့် ပီယာနိုခလုတ်များ ပြေးတန်း လိုက်တန်း  ၊ ဝိုင်းကြီးပတ်ပတ် ။

“ မေမေ ရေ ... သား ကို ခေါ်သွားပါ ။ သား အိပ် လည်း မငိုက်ဘူး ။ ငိုလည်း မငိုဘူး ။ သား လည်းလိုက်ချင် … တယ် ။ သား ကို ခေါ်ပါနော် ”

“ ခေါ်ချင်ပါတယ် သားရယ် ။ ဒါပေမဲ့ သား ဖေဖေ က ဘာပြောထားလဲ ။ သား ကို ရှင်ပြုပေးမယ်လို့ ပြောထားတယ် မဟုတ်လား ။ ဖေဖေ သား ကို ကျက် ခိုင်းတဲ့ ဘုရားစာတွေ ကော ရပြီလား ”

“ သား ကျက်ပါ့မယ် ။ ဒါပေမဲ့ မေမေနဲ့ ဘုရားရှိခိုး ကျောင်းလိုက်ချင်တယ် ။ တစ်ခါပဲ ခေါ်ပါနော် ။ နော် ...  မေမေနော် ”

“ အင်း…. ကဲ … ကဲ ၊ သွား ... အဝတ်အစား လဲ ”

ကျွန်တော် အလွန် ပျော်သွားမိသည် ။ ဘုရားရှိခိုး ကျောင်းထဲကို ရောက်ရတော့မည် ။

ကျွန်တော် ခုန်ပေါက်ပြီး လိုက်မည်အပြု..

ဘာမှ မကြာမိဘဲ ရင်ထဲအေးစက်သွားသည် ။

သို့သော် အတွင်း တစ်နေရာ မှ တစ်စုံတစ်ယောက် က အော်လိုက် သလို နားထဲ ပဲ့တင် .. ပဲ့တင် ။

ခြေဖနောင့် သည် မာကျောသောအရာ ကို ဆောင့်မိ သည် ။ အောက် ကို ကြည့်လိုက်သောအခါ မြေပြင် သည် အတော်လှမ်းနေ၏ ။

အဝေး တွင် စစ်တွေလေယာဉ်ကွင်း ။

ဝဲဘက် တွင် ကတ္တရာလမ်းမ ။

အရှေ့ဘက် ခြံဝင်းကြီး ထဲတွင် ရေနံဝ နေသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းအိုကြီး ။

တစ်ချက်တစ်ချက် သစ်ရွက်လေတိုးသံ တရှဲရှဲ မှ အပ အားလုံး တိတ်ဆိတ်နေ၏ ။

ကျွန်တော့် ကျောထဲ စိမ့်သွားသည် ။

“ ဝေသာလီဆောင် ” ၏ အပေါ်ထပ် တစ်ခန်း ရှိ ပြတင်း တစ်ပေါက် ပေါင်ပေါ်တွင် ကျွန်တော် တက်ထိုင် ၍ ခြေအစုံ ကို လွှဲနေခဲ့မိသည် ။

ဖနောင့် နှင့် နံရံတိုက် မိ မှ ...

ပြတင်းဘေးပေါင် နှစ်ဖက် ကို အသေအချာ ဆုပ်ကိုင်ပြီးမှ အခန်းတွင်း သို့ ပြန်ဝင်လိုက်သည် ။ ထို့နောက် ပြတင်းတံခါး နှစ်ချပ်စလုံး ကိုပိတ်ပြီး ချက်ချလိုက်သည် ။

နေရောင်နီစ ပြုနေပြီ ကို မှတ်မိလိုက်သည် ။

( ၉ )

အရဟံ ... အရဟံ ... အရဟံ ... အရဟံ ... အရဟံ ... အရဟံ ... အရဟံ ...  ။

ထိသိ ... ထိသိ ... ထိ ... ထိသိ ... ထိသိ ... ထိသိ ...  ထိသိ ... ထိသိ ...  ။

ရှူထုတ် ၊ ရှူထုတ် ၊ ရှူ .. ထုတ် .. ။

ဗီရို ပေါ်မှ နာရီစက်သံ နှင့် အတူ အရဟံ ... အရဟံ တို့သည် လျှာလိပ် ပေါ် ရောက်လာလိုက် ၊ ပြန်လျှောကျ သွားလိုက် ၊ လျှာ နှင့်လိပ်ပြီး ပြန်ယူလိုက် ၊ ပြန်လျှောသွား လိုက်နှင့် ။

အရဟံ ... အရဟံ ... အရဟံ ... အရဟံ ... အရဟံ ... အရဟံ တွေ ကြားမှ ဘယ်အချိန် က ဘာဖြစ်သွားသည် မသိ ။ သတိပြုလိုက်သောအခါ ညာဘက် ဖဝါး သည် ဘယ်ဘက် ဖမိုး ကို ဖြည်းညင်းစွာ ပုတ်သပ် နေမိသည် ကို သိလိုက်သည် ။ ဘယ်တုန်းက သမာဓိ ပျက်သွား သည်ကို စဉ်းစားဖို့ သတိမရလိုက် ။ မိမိ ကိုယ် မိမိ ပွတ်သပ်မှုထဲ တွင်သာ ငြိမ့်ညောင်း သာယာ နေမိသည် ။

‘ မ ’ ကို သတိ မရမိသည် မှာ အမှန် ။ ‘ မ ’ နှင့် မတွေ့တာ ကြာပြီ ။ သူ့ ငယ်ရည်းစား နှင့် ...  ။

…  ... .  ... .  ... .! !

မတွေးချင် ...  ။

ပုတီး တစ်လုံး ကို လက်မ နှင့် လက်ညှိုး ကြား လုံး လိုက်သည် ။ နောက် တစ်လုံး အရဟံ ...  ။

နောက် တစ်လုံး အရဟံ ၊ နောက်တစ်လုံး ...  ။

ပင့်သက်ရှည်လျားစွာ မှုတ်ထုတ်လိုက်ပြီး ပုတီး ကို လည်တွင်စွပ်ကာ လှဲ အိပ်ချလိုက်သည် ။

တစ်ရေးနိုးသော် အိပ်မက်ဆိုး မက် နေခဲ့မှန်း သိရသည် ။ အိပ်မက် လိုလို ၊ ထို့နောက် ပြန်အိပ် သွားမိ သည် ။

‘ သည်တစ်ညရယ် အိပ်မက်ဆိုးမှ မနိုးထခဲ့တော့ ဘူးဆိုရင် ’ ထိုစာကြောင်း ကို အိပ်မက် ထဲ တွင် ရွတ်နေမိ ခဲ့သည်ထင်၏ ။

( ၁၀ )

သမီးလေး နေမကောင်း ၊ အပြင်းဖျား နေသည် ။

အပြင်ဆေးခန်း တွင် ပြကြည့်သော်လည်း တစ်ပတ် ကြာသွားသည် ။ အဖျား မကျ ၊ တစ်နေ့လုံး အလုပ်ပန်း နေသည့် ကြား မှ သမီးလေး ဆီ စိတ် ရောက်နေသည် ။ ညနေ အလုပ် ဆင်းဆင်းချင်း သမီးလေး ရှိရာ ကလေး ဆေးရုံ သို့ ပြေးမည် ။

‘ မ ’ စောင့်နေလိမ့်မည် ။

‘ မ ’ ဆိုသည် မှာ ရံဖန် နာမည် တစ်လုံး သာ ဖြစ်နေ သည် ။ အနှစ် မရှိ ။ အချစ် မရှိတော့ ။

ကတောက်ကဆ မှ ကြီးကျယ်သွားကာ ခေတ္တ ကွဲခဲ့ဖူးသည် ။

( ‘ အိပ်မက်ဆိုး ဆိုက်ဗီးရီးယားကာလများ ’ ဒိုင်ယာရီ ထဲ မှတ်သားခဲ့သည် ။ )

သူ့ ငယ်ရည်းစား ထံ သူ ပြန်မသွားခဲ့ ။ သို့သော် သွားခဲ့လျှင် ကောင်းမည် ။ ကျွန်တော့် ရင်ထဲ ရှင်းသွား မည် ။

သူ ပြန်လာသည် ။ ကျွန်တော် လက်ခံသည် ။

တစ်ခါတစ်ရံ မိန်းမ ၏ အိညက်မှုကို တမ်းတ မွတ်သိပ်သည် ကတစ်ကြောင်း ၊ ဝတ္တရားတွေ ရှိသည်က တစ်ကြောင်း ၊ ရည်းစား ဖြစ်ဖူးသည် လည်း တစ်ကြောင်း ။

ကျွန်တော် ‘ မ ’ ကို ယူလိုက်သည် ။

သမီးလေး သည် ကျွန်တော့် ကို ပြန် အသက်သွင်း ပေးခဲ့သည် ။

( ၁၁ )

အခန်း(  ...  ...  ) ။

တံခါးဝ အပေါ် နံရံ တွင် စာလုံးမည်းကြီး နှင့် ။

တံခါးဝ မှ ကြည့်လိုက်သော် အခန်း တစ်ခန်း ကို မြင်ရ၏ ။

လူနာခုတင်များ ၊ ကလေးငယ်များ ၊ လူများ ။

ထို အခန်း ကို ဖြတ်၍ အတွင်းခန်း ထဲ သို့ ဝင်ခဲ့လိုက်သည် ။

လူနာခုတင် လေးလုံးသာ ။ အထူးခန်း ။

‘ မ ’ ကို တွေ့လိုက်သည် ။ မျက်နှာ မကောင်း ။

တကယ် မျက်နှာ မကောင်းတာလား ။ မကောင်း ပြ တာလား ။ သူ့ကို မယုံ ။

ကျွန်တော့် ကို သူ ဂူသွင်းခဲ့ဖူးသည် ။ သမီးလေး သည် ငြိမ်သက်နေသည် ။ ဖြူဖြူဖွေးကလေး ။ ပါးလေး တွေ ချိုင့်လို့ .. ။

အပြစ် ကင်းစင်သော ၊ လောက အညစ်အကြေး မတင်သေးသော ၊ ဖောက်ပြန်မှု ကို နားမလည်သေးသော ချစ်သမီးလေး ။

ဖြစ်လိုက်ရင် သိုးလေး တွေ ၊ ဝံပုလွေ တွေ ၊ မြွေ တွေ ကျတော့ ဘာကြောင့် ကျန်းမာကြသလဲ ။

ပြတင်းပေါက် မှ ငေးကြည့်နေမိသည် ။

သဲကန္တာရ လိုလို ၊ ကျောက်ဆောင် ကျောက်ကမ်းပါး လိုလို ။

( ၁၂ )

“ အင့် ...  ”

“ ဒိုင်း ”

ကျွန်တော် ခုန်လုမတတ် လန့်သွားသည် ။ နားကွဲသွား သလိုပင် ဖြစ်သွားသည် ။

‘ မ ’ က မူ ဘာမှ မဖြစ် ။

ပိတ်သွားသော ပြတင်းချပ် ကို ‘ မ ’ က ထ၍ ပြန် တွန်း ဖွင့်လိုက်သည် ။ ဆေးပုလင်းလွတ်လေးတစ်လုံး နှင့် ထောင့်တွင် ခုထားလိုက်သည် ။

ထို့နောက် ပြန် ထိုင်ပြီး ကျွန်တော့် ကို ကြည့်သည် ။

သူ့ အကြည့် ကို ကျွန်တော် မမြင်ချင် ။ ပြုံးစနဲ့နဲ့ မျက်လုံး နှင့် ပင် ဖြစ်လိမ့်မည် ။

“ မေ .. မေ … သမီးလေး အတွက် ဆုတောင်းပေးပါ ။ ထာဝရဘုရားသခင် ဟာ လူတွေကို ချစ်တယ် ဆို ”

ဓမ္မတေး သည် ငိုချင်းရှည် လို နားထဲ ဝင်လာသည် ။

“ သုတိ မသာတေး ”

“ မဟုတ်ဘူး ”

“ မောင် …. မောင် ၊ ဘာဖြစ်တာလဲ ”       

‘ မ ’ ၏ အလန့်တကြား မေးသံ ကို ကြား မှ သိလိုက်မိသည် ။ ကျွန်တော့် အတွေး နှင့် ကျွန်တော် အော်လိုက်ခဲ့မိသည် ။

ကျွန်တော် ခေါင်းယမ်း ပြလိုက်ပြီး တိုက်ပုံအိတ် ထဲ လက်နှိုက် လိုက်ကာ ပုတီး ကို ဆုပ်ကိုင် ထားမိသည် ။

လျှာ ပေါ် တွင် ဘာမှ မရှိ ။ ဘာမှ မသိ ။

ချက်ချင်း နဖူးကြောများ တွန့်သွားသည် ။

သမီးလေး ...  ။

ချစ်သမီးလေး ...  ။

ဘာမှ မကြားလိုက်ဘူးလား ။

( ၁၃ )

ထိုည တွင် သမီးလေး ...  ။

⎕ ဇေယျာလင်း

📖 စံပယ်ဖြူ မဂ္ဂဇင်း
      ၁၉၈၅ ၊ ဒီဇင်ဘာလ

#ကိုအောင်နိုင်ဦး

.Aug 13, 2024 11:44 AM

No comments:

Post a Comment